← Chapters

အိပ်ပျော်နေသော မင်းသမီးလေး (၂)

Vol. 4 Ch. 192

အိပ်ပျော်နေသော မင်းသမီးလေး (၂)

Vol. 4 Ch. 192

“ကောင်းပြီ။ ကျုပ်တို့ကို ဒူးထောက်စရာမလိုဘူး။ တတ်နိုင်သလောက် ကြည့်ပေးပါ့မယ်။” နက်ဆန်က ကျွန်မရှေ့မှာ ဒူးထောက်နေတဲ့လူကြီးကို ပခုံးကနေကိုင်ပြီး ပြန်ထူပေးလိုက်ပါတယ်။ ကျွန်မတို့နဲ့အတူရှိနေတဲ့ အယ်မာက သက်ပြင်းချလိုက်လေရဲ့။

သူ့ကြည့်ရတာ ကျွန်မတို့ ဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် လက်ခံလိုက်လို့ ဝမ်းသာနေတဲ့ပုံပဲ။ နက်ဆန်က မိန်းကလေး မာစီးဒီးရဲ့အခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှု လိုက်ပါတယ်။ အဲဒီနောက်တော့ မွန်စီယာဖရက်ဒရစ်ကို မေးကြည့်လိုက်ပါလေရော။

“ခင်ဗျားမှာ ရန်သူတွေဘာတွေရှိလား။”

ဖရက်ဒရစ်က သက်ပြင်းချလိုက်တာ ကျွန်မမြင်ရတယ်။ သူ့ပုံစံက ဆယ်နှစ်စာလောက်ပိုပြီး အိုစာသွားသလိုပါပဲ။

“ကျုပ်က နိုင်ငံရေးသမားတစ်ယောက်လေ ညအရှင်၊ ရန်သူကတော့အများကြီးပဲ။ EUOCထဲမှာ ပြိုင်ဖက် ကိုယ်စားလှယ်တွေရှိမယ်။ ကျုပ်တို့အဖွဲ့ကရှင်းခဲ့တဲ့ သဘာဝလွန်ရာဇဝတ်အဖွဲ့တွေရှိမယ်။”

ဒါက အဓိပ္ပါယ်ရှိတယ်လို့ ကျွန်မထင်တယ်။ အစိုးရအဖွဲ့ မဟုတ်တဲ့ အမှောင်ကျောင်းတော်တောင်မှ သဘာဝလွန် ကမ္ဘာကြီးအတွင်းမှာ လှုပ်ရှားသွားလာနေရင်းနဲ့ ရန်သူတွေ တိုးလာနေတာမဟုတ်လား။

“ထွက်သွားပေး....” နက်ဆန်က မွန်စီယာဖရက်ဒရစ်တို့ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။ အစောင့်နှစ်ယောက်က ဒေါသထွက်လာပုံရပြီး မှော်နှင်တံတွေမြှောက်လိုက်တော့ မိုနီကာကရှေ့ထွက်လာပြီး

“ရှင်ပြောတဲ့အတိုင်းဆို ကျိန်စာတိုက်နိုင်ခြေရှိတဲ့ လူစာရင်းကို ချုံလိုက်လို့မရဘူး။ မှော်အစီအရင်တစ်ခုခုနဲ့ စစ်ကြည့်မှ ဖြစ်လိမ့်မယ်။ ကျွန်မတို့ကို နေရာပေးနိုင်မလား။” နက်ဆန့် ပုံစံက တိတ်ဆိတ်လွန်းပြီး ရန်စသလိုဖြစ်နေခဲ့တယ်မဟုတ်လား။

“ကောင်းပါပြီ။ ညအရှင်တို့ သေချာအချိန်ယူပြီး စစ်ဆေး ကြည့်ပါ။” ဖရက်ဒရစ်နဲ့သူ့လူတွေက ထွက်သွားပေးတယ်။ ဒါပေမဲ့အယ်မာကတော့ ရှိနေတုန်းပဲ။

“အစ်မကြီး၊ ရှင်ကရော ဘာလို့ထွက်မသွားသေးတာလဲ။” ကျွန်မက အထွန့်တက်ပြီးမေးလိုက်တော့ အယ်မာက

“နင်တို့ ဒီမိန်းကလေးကို တစ်ခုခုလုပ်မှာစိုးလို့လေ။”

နက်ဆန်ကလည်း အယ်မာကိုစိုက်ကြည့်လိုက်တယ်။ ပြီးတာနဲ့ “EUOCက လူတွေအားလုံးထွက်သွား။ မှော်အစီအရင်လုပ်နေတဲ့အချိန် နှောင့်ယှက်နိုင်မယ့် တခြားသူတွေ ရှိနေတာ ကျုပ်သဘောမကျဘူး။”

သူတို့နှစ်ယောက်က စက္ကန့်အတော်ကြာတဲ့အထိ အကြည့်ချင်း ပြိုင်နေခဲ့ပြီးနောက်မှ အယ်မာက အလျှော့ပေးလိုက်တယ်။

“ကောင်းပြီလေ၊ အယ်ဒါတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ်မျိုး မလုပ်ဘူးလို့တော့ မျှော်လင့်ရတာပဲ။” နောက်တော့ အယ်မာလည်းပဲ အခန်းထဲကနေ ထွက်သွားခဲ့ပါတယ်။

ကျွန်မတို့ပဲ ကျန်ရစ်တဲ့အချိန်မှာတော့ နက်ဆန်က မှော်ဆရာသေတ္တာကိုဖွင့်လိုက်ပြီး စားပွဲဝိုင်းပေါ်တင်ကာ မိန်းကလေးရဲ့အိပ်ရာဘေးက ထိုင်ခုံမှာ ထိုင်လိုက်တယ်။

ကျွန်မအနေနဲ့ သူဒီလိုမျိုး တစ်စုံတစ်ခုကိုအာရုံစိုက်ပြီး လုပ်ကိုင်နေတာမျိုး မတွေ့ရတာကြာပြီ။ ပြောရရင် ကျွန်မတို့ ကွန်စတန်တီနိုပယ်ကို သွားခဲ့တဲ့ခရီးပြီးကတည်းက တိုက်ပွဲတွေချည်း ဆက်တိုက်ဖြစ်နေခဲ့တာဖြစ်ပြီးတော့ အခုလိုပယောဂတစ်ခုခုကို ဖြေရှင်းရတဲ့ကိစ္စမျိုးနဲ့ မကြုံဖူးသေးပါဘူး။

“မိုနီကာ၊ ငါ့ကိုကူပေး။” နက်ဆန်က ပြောလိုက်ရင်းနဲ့ သေတ္တာထဲက ငွေဓားကို မိုနီကာဆီကမ်းပေးတာ ကျွန်မမြင်တယ်။ မိုနီကာက သူ့လက်ကိုဖြတ်လိုက်ပြီး နက်ဆန်ရဲ့ရွှေခွက်ထဲ ပန်းရောင်နည်းနည်းသန်းနေတဲ့ သွေးစက်တချို့ ချပေးလိုက်တယ်။

နက်ဆန်ကတော့ ဆားနဲ့တခြားဆေးဖက်ဝင်အပင် အမှုန့်တချို့ကိုရောစပ်လိုက်ပြီး မှော်နှင်တံနဲ့ခွက်ကို ထောက်လိုက်တယ်။

“အစ်ဂရစ်...” နောက်တော့ မီးတောက်တစ်ခုတောက်လာပြီး သွေးနဲ့ဆေးဝါးအရောအနှောတွေကို စတင်ကျိုချက်တယ်။ ကျွန်မက နှုတ်ခမ်းကိုစူထားလိုက်ပြီးတော့ မနေနိုင်ဘဲ ပြောလိုက်မိတာပေါ့။

“ သွေးလေးနည်းနည်းလိုတာများ ကျွန်မလည်းကူလို့ ရပါတယ်နော်။”

ကျွန်မစကားလည်းဆုံးရော မိုနီကာက လက်ကိုပတ်တီး စီးနေရင်းကနေ ကျွန်မကိုရယ်ပြလိုက်တယ်။ ပြီးတဲ့ အခါမှာတော့...

“ဒီမှော်အစီအရင်က မိစ္ဆာတစ်ကောင်ရဲ့သွေးကို လိုအပ်တယ်။ မကောင်းတဲ့စွမ်းအင်ကိုရှာဖို့ မကောင်းတဲ့စွမ်းအင်ကို သံလိုက်အဖြစ်သုံးတာပဲ။”

ကျွန်မကတော့ ခေါင်းကုပ်လိုက်ပြီး နက်ဆန်ကိုမေးလိုက် မိတော့တာပေါ့။

“နက်ဆန်၊ ရှင်ကျွန်မအတွက်သုံးခဲ့တဲ့ မှန်အစီအရင်ကို ဘာလို့မသုံးတာလဲ။”

“သိပ်အန္တရာယ်များတယ်....” နက်ဆန်က တစ်ခွန်းပဲ ဖြေလိုက်တယ်။ မိုနီကာကလည်း ခေါင်းညိတ်လိုက်တယ်။

“နင်ပြောတဲ့အစီအရင်က ကျိန်စာတိုက်တဲ့သူကိုတိုက်ရိုက် ရှာတဲ့အစီအရင်မဟုတ်လား။ အဲဒါက အစွမ်းထက်ပေမဲ့ စီရင်ရခက်ခဲတယ်။ ကျိန်စာတိုက်ထားတဲ့သူက ပြန်ပြီးတော့ တန်ပြန်တိုက်ခိုက်လာနိုင်ခြေလည်းရှိတယ်။ နက်ဆန်သာ နင့်အတွက် အသက်နဲ့ရင်းပြီး ကျိန်စာဖြေပေးဖို့အတွက် ဆန္ဒမရှိခဲ့ရင် သုံးမှာမဟုတ်ဘူး။”

အဲဒီနောက်တော့ မိုနီကာက နက်ဆန်ရဲ့ရွှေခွက်ထဲက ပွက်ပွက်ဆူလာနေတဲ့သွေးတွေကို ကြည့်လိုက်ပါတယ်။ “ငါတို့အခုလုပ်နေတဲ့အစီအရင်က ကျိန်စာကိုသီးသန့် ရှာတာမျိုးမဟုတ်ဘူး။ မကောင်းတဲ့စွမ်းအင်သက်သက်ကို ရှာဖွေတာပဲ။ သရဲတစ္ဆေကိုရှာတွေ့တာမျိုးဖြစ်နိုင်သလို ကျိန်စာအမှတ်အသားကိုရှာမိတာမျိုးလည်းဖြစ်နိုင်တယ်။ အများကြီးအားနည်းပြီး ကျိန်စာတိုက်တဲ့သူကိုရော ကျိန်စာအမျိုးအစားကိုပါမသိနိုင်ပေမဲ့ နစ်နာသူက ကျိန်စာမိထားတာဟုတ်မဟုတ်တော့ ရှာဖို့ဖြစ်နိုင်တယ်။”

ကျွန်မ တစ်စတစ်စနားလည်လာပါတယ်။ နက်ဆန် အခုလုပ်နေတာက ကနဦးစုံစမ်းတဲ့ပုံစံမျိုးနဲ့ဆင်တူတယ်။ မိုနီကာက တဖြည်းဖြည်းနဲ့ခမ်းခြောက်လာတဲ့သွေးတွေကို ကြည့်နေရင်းနဲ့ထပ်ပြီး ပြောလိုက်ပြန်တယ်။

“ဒါပေမဲ့ ငါတို့အဲဒါကိုမကြိုးစားကြည့်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အခုနည်းနဲ့အဖြေမထူးခြားရင် သူစမ်းကြည့်လိမ့်မယ်။”

ခဏနေတော့ သွေးတွေအကုန်လုံးအငွေ့ပျံသွားခဲ့ပေမဲ့ ဘာမှထူးခြားတာဖြစ်မလာခဲ့ပါဘူး။ နက်ဆန်ရဲ့မျက်နှာက မည်းမှောင်သွားခဲ့တယ်။

“မကောင်းတဲ့စွမ်းအားဆိုလို့ ဒီအခန်းထဲမှာရော ဒီအိမ်မှာပါ ရှိမနေဘူး။” နက်ဆန်ရဲ့ကောက်ချက်ကြောင့် ကျွန်မလည်း ခေါင်းချာချာလည်သွားတယ်။ တကယ်လို့ဘာမှမရှိဘူးဆိုရင် ဒီမိန်းကလေးက ဘာလို့တစ်နှစ်တိတိ အိပ်ပျော်နေရတာလဲ။

နက်ဆန်ကတော့ သူ့ပစ္စည်းတွေကို ပြန်သိမ်းလိုက်ပြီးတော့ ဝိညာဥ်မီးအိမ်ကိုထုတ်လိုက်တယ်။ မိုနီကာကတော့ နက်ဆန် ဘာမှမပြောသေးခင်မှာပဲ အခန်းမီးခလုတ်ကိုပိတ်လိုက် လေရဲ့။ နောက်ဆုံးတော့ အခန်းထဲမှာ နက်ဆန့်လက်ထဲက မီးအိမ်ကနေထွက်နေတဲ့ အပြာရောင်မီးတောက်အလင်းပဲ ကျန်ရစ်ခဲ့လေရဲ့။

“ဟမ်...” ကျွန်မ မိုနီကာကိုကြည့်လိုက်မိတယ်။ မိုနီကာက လူယောင်ဆောင်ထားပြီး စဘူးဘတ်ပုံစံကိုထုတ်ပြ မထားခဲ့ပေမဲ့ မီးအိမ်အလင်းရောင်အောက်မှာတော့ သူ့ရဲ့ချိုနဲ့အမြီးကို မြင်နေရပါတယ်။ ဒါပေမဲ့အတောင်ပံ ရှိမနေတော့ဘူး။ အသားအရေပေါ်မှာ အက်ကွဲကြောင်း တချို့ကိုတောင်မြင်ရပါတယ်။

“နင်သေခါနီး မိစ္ဆာတစ်ကောင်ကို မမြင်ဖူးဘူးလား၊ ဆယ်ဗီ။” မိုနီကာက ကျွန်မကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်းနဲ့ပြောတယ်။ ဒီမိန်းကလေးက ဘာမှမဖြစ်သလိုမျိုး အခုအချိန်ထိ လှုပ်ရှားသွားလာနေနိုင်သေးတာ အံ့ဩစရာပါပဲ။

“မရှိဘူး... ဘာမှရှိမနေဘူး....” မာစီးဒီးရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးသွားတဲ့ နက်ဆန်က သက်ပြင်းချပြီးတော့ ပြောလိုက်ပါတယ်။ ဒါကြောင့်မိုနီကာလည်းပြန်ပြီးတော့ မီးဖွင့်လိုက်တယ်။ မီးအိမ်ကိုပြန်သိမ်းလိုက်တာကြောင့် မိုနီကာရဲ့မိစ္ဆာပုံစံကို မြင်နေရတာလည်းရပ်သွားတယ်။ နက်ဆန်က နောက်ဆုံးကြိုးစားမှုအနေနဲ့ အရိပ်ထဲက ပါစီဗယ်ကိုမေးလိုက်တယ်။

“မင်းရော မြူလိုစွမ်းအားတစ်ခုခုနဲ့ ဖုံးကွယ်ထားတာမျိုး ရှိတယ်လို့ထင်လား။” ပြောခါမှ ပါစီဗယ်ရဲ့မြူတွေက ဝိညာဥ်မီးအိမ်ကို အတိုင်းအတာတစ်ခုအထိခုခံနိုင်တယ်။ အင်း၊ အလုံးစုံပိတ်ဆို့ထားတာမျိုးတော့မဟုတ်ပေမဲ့ပေါ့။

“မြူစွမ်းအားအရိပ်အယောင်တောင် ရှိမနေဘူး။” ဒီအဖြေ ထွက်လာပြီးနောက်မှာတော့ ကျွန်မတို့တစ်အုပ်စုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။

ကျွန်မကတော့ မာစီးဒီးရဲ့ကြွေရုပ်လိုမျက်နှာလေးကို ကြည့်ဖြစ်လိုက်တယ်။ အဲဒီနောက်တော့ မိန်းကလေးရဲ့ လက်မှာ အပြာရောင်ကျောက်တစ်လုံးပါတဲ့ ငွေလက်စွပ် ဝတ်ဆင်ထားတာ သတိထားမိတယ်။ စေ့စပ်လက်စွပ်ဝတ်တဲ့ ဘယ်ဘက်လက်သူကြွယ်မှာပဲ။

...

အဖြေရှာမရတဲ့နောက်မှာတော့ ကျွန်မတို့တွေ ဧည့်ခန်းထဲ ပြန်ထွက်လာကြတယ်။ ဧည့်ခန်းမှာတော့ ဖရက်ဒရစ်က ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ ဗျာများနေတယ်။ ကျွန်မတို့ကိုတွေ့တော့ မျှော်လင့်ချက်ကြီးစွာနဲ့ ပြေးလာတယ်။

“ညအရှင်၊ တစ်ခုခုထူးခြားလား။”

နက်ဆန်က ခေါင်းခါလိုက်ပြီးတော့မှ “ကျိန်စာရော၊ မူမမှန်တာရော သတိမထားခဲ့မိဘူး။ ခင်ဗျားသမီးက ဆေးပညာအရကိုမာဝင်နေတာတို့ အမြဲအိပ်စက်နေတဲ့ ရောဂါတို့ရှိနေတာတော့ မဟုတ်ပါဘူးနော်။”

ဒါကလည်း ဖြစ်နိုင်ခြေတစ်ခုပဲ။ တစ်ခါတလေမှာ မူမမှန်တာတွေဖြစ်တိုင်း သဘာဝလွန်ကိစ္စရပ်လို့မှ ပြောလို့မရတာ။ ဦးလေးဖရက်ဒရစ်ကတော့ သက်ပြင်းတချချနဲ့ပေါ့။

“တခြားပညာရှင်တွေလည်း အဲဒီလိုပြောတာပါပဲ။ ဒါပေမဲ့ ကျုပ်ပြဖူးတဲ့ဆရာဝန်တိုင်းကလည်း အဖြေရှာမရဘူးပဲ ပြောပြတယ်။ သူ့ဦးနောက်လှုပ်ရှားပုံက သာမန်အိပ်နေတဲ့ လူတွေနဲ့အတူတူပဲတဲ့။ အလွန်အကျွံအိပ်မောကျတဲ့သူနဲ့ မတူဘူးတဲ့။”

နက်ဆန်က ခုံမှာဝင်ထိုင်လိုက်ရင်း “နားလည်ပြီ၊ မနက်ဖြန် လောကကြေးမုံအစီအရင်ကို စီရင်မှာမလို့ နေရာတစ်ခု ပြင်ဆင်ပေးပါ။”

နောက်ဆုံးတော့ နက်ဆမ်က ပညာကုန်ထုတ်သုံးဖို့အတွက် ရွေးချယ်လိုက်ပြီပဲ။ ဦးလေးဖရက်ဒရစ်လည်း ဝမ်းသာလုံး ဆို့သွားပြီးတော့ ထခုန်လိုက်ပါတယ်။

“ ည... ညအရှင်... ခင်ဗျားတကယ်ပြောတာနော်။ အဲဒါခင်ဗျားတို့ မှော်ကျောင်းတော်ရဲ့အထွတ်အမြတ် မှော်ပညာတွေထဲက တစ်ခုမဟုတ်လား။ ခင်ဗျားတို့ လိုချင်တာသာပြောပါ။ ကျုပ်ရအောင်လုပ်ပေးမယ်။”

ဒါပေမဲ့ အပြန်အလှန်အနေနဲ့ နက်ဆန်က ဘာမှမတောင်းဆို ခဲ့ပါဘူး။ ခဏနေတော့ ကိုယ်ရံတော်နှစ်ယောက်ထဲက တစ်ယောက်က ဖရက်ဒရစ်နားနားကိုကပ်ပြီးတစ်ခုခု လာပြောပါတယ်။ ဖရက်ဒရစ်မျက်နှာလည်း တည်ကြည်သွားပြီး

“အဖွဲ့အစည်းအဝေးရှိလို့ ကျွန်တော်သွားလိုက်ပါဦးမယ်။ နောက်မှပဲ ကောင်းကောင်းဧည့်ခံတော့မယ်။ အစီအရင်ဖို့ မနက်ဖြန်လုပ်လိုက်ပါ့မယ်။”

ဖရက်ဒရစ်နဲ့သူ့လူတွေက အိမ်ထဲကနေထွက်သွားတယ်။ ကျွန်မတို့ကိုတော့ အိမ်မှာနေသာသလိုနေစေဖို့ ခွင့်ပေး ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့နဲ့ ကော်ဖီကိုမှုတ်ပြီး စိတ်လေလက်ပျောက် အပန်းဖြေနေတဲ့ အယ်မာရယ်၊ မျက်နှာကျက်ကိုကြောင်တောင်ကြီးငေးနေတဲ့ ကောင်မလေးတို့ပဲ ကျန်ရစ်ခဲ့တယ်။

“အယ်မာ၊ ရှင်ကဘာလို့ ကျွန်မတို့နဲ့အတူတူကျန်ရစ်တာလဲ။”

“ငါက နင်တို့နဲ့ဆက်သွယ်ဆွေးနွေးဖို့ ခန့်အပ်ခံထားရတဲ့ ကိုယ်စားလှယ်လေ။ ဒီတော့နင်တို့ကို အနီးကပ်စောင့်ကြည့် နေတာပဲ။”

“.....” သူက ကျွန်မကိုပြုံးပြီး ခင်မင်ရင်းနှီးတဲ့ပုံစံနဲ့ ပြောလိုက်ပေမဲ့ အသက်မပါသလိုပဲ။ ပြောရရင် သူ့နေရာက အရင်ကနာတာရှာလုပ်ခဲ့တဲ့ပုံစံမျိုးပဲနေမှာ။

“ဒါနဲ့၊ အယ်မာက လေဒီမာစီးဒီးနဲ့ ရင်းနှီးလားဟင်။” နက်ဆန်က စဥ်းစားခန်းဝင်နေပြီး မိုနီကာက နက်ဆန်ကို တစ်ဖက်သတ်အကြည်ဆိုက်နေတဲ့ အချိန်မျိုးမှာ ကျွန်မတစ်ဦးတည်း အထီးကျန်မနေချင်တာမလို့ အယ်မာနဲ့စကားဆက်ပြောနေဖို့ ဆုံးဖြတ်လိုက်တယ်။

“ရင်းနှီးတယ်လို့တော့ ပြောလို့မရဘူး။ သိရုံလောက်ပဲ ရှိလိမ့်မယ်။ အရင်က အလုပ်ကိစ္စနဲ့ ဒီကိုလာရင်းကနေ တွေ့ဖူးတာမျိုးပေါ့။”

အယ်မာက မျက်တောင်မခတ်ဘဲ ဒီစကားကိုပြောခဲ့တာမလို့ အမှန်လိုခံစားရပေမဲ့ ဒီကိစ္စကဒီထက်ပိုတယ်လို့ ကျွန်မခံစားမိနေတယ်။ သက်သေရယ်လို့မရှိပေမဲ့ မိန်းမချင်း သိတဲ့အသိစိတ်မျိုး။

“ဒါဆိုရင် လေဒီမာစီးဒီးအခုလိုဖြစ်မသွားခင်က ဘယ်လို ပုံစံမျိုးလဲဟင်။”

ကျွန်မမေးတော့ အယ်မာက သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့မငြင်းဘဲ ပြောတော့ပြောပြပေးဖော်ရတယ်ဆိုရမလား။

“ထက်မြက်တယ်၊ ဖော်ရွေတယ်၊ အမြဲတမ်း တက်ကြွပြီး တောက်ပနေသလိုမျိုး။”

စကားဆုံးတဲ့နောက်တော့ အယ်မာက ကော်ဖီကိုကိစ္စဖြတ် ထိုင်ရာကနေလိုက်ပါတယ်။ နောက်တော့ဒါလီယာလက်ကို ဆွဲလိုက်တယ်။

“ပြောခါမှ...” သူက ထွက်မသွားခင် ကျွန်မဘက်ကို ပြန်လှည့်ကြည့်တယ်။ ကျွန်မသူ့ကို ကြည့်လိုက်တော့ သူကဘလေဇာအင်္ကျီအောက်ကနေ ပန်းရောင်အဖုံးနဲ့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ကျွန်မဆီကမ်းပေး လိုက်ပါတယ်။

“နင်တို့အတွက် ဒီစာအုပ်က အနည်းအပါးလောက်တော့ အသုံးဝင်မယ်ထင်တာပဲ။”

ကျွန်မ ဒိုင်ယာရီစာအုပ်ကို လက်ခံယူပြီးနောက်ကိုင်ကြည့် လိုက်ပါတယ်။ အဖုံးမှာ မာစီးဒီးလို့လက်ရေးလှလှနဲ့ ရေးထားတယ်။ မွှေးပျံတဲ့နှင်းဆီရေမွှေးနံလည်း ရနေပါသေးတယ်။ တစ်ခုခုလှမ်းပြောမယ်ပြင်တော့ အယ်မာက အိမ်အပြင်ရောက်သွားပြီ။

“ကြည့်ရတာ ဒီစာအုပ်ထဲမှာ သဲလွန်စတစ်ခုခုရှိမယ် ထင်တယ်။” ကျွန်မ တွေးလိုက်မိလေရဲ့။

All Chapters