ချောကလက်အိမ်ကလေး (၄)
Vol. 4 Ch. 214
“ဝိုး၊ ဆရာမမှာ ချောကလက်ဆိုင်ကြီးတစ်ခုလုံး ရှိနေတာလား။ တကယ့်ပရိုပဲ။”
ကျွန်မကို ချောကလက်လုပ်နည်းသင်ပေးမယ့် ဆရာမဆီ လိုက်လာတော့ ကျွန်မသွားခဲ့တဲ့အဲဘတ်တိုင်းဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဆိုင်ပိစိလေးကိုပိုင်တာဖြစ်မှန်း သိလိုက်ရပါတယ်။ ဆန့်ကျင်ဘက်ဆိုင်မှာ လူတွေအများကြီး ရှိနေပေမဲ့ ဆရာမရဲ့ဆိုင်မှာတော့ လူတွေရှိမနေပါဘူး။
“တကယ်က... အဖေ့ဆိုင်ပါ...” ချစ်စရာကောင်းတဲ့ မျက်မှန် အဝိုင်းလေးကို မှန်သုတ်နေရင်းနဲ့ဆရာမက ကျွန်မကိုပြောတယ်။ သူ့ပုံစံကရှက်နေပြီး ဆိုင်ထောင့်တစ်နေရာမှာကပ်နေသလိုမျိုး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမျိုး ရှိတဲ့ပုံမပေါ်ဘူး။ ဒေါ်ရသီထက် ပိုဆိုးတဲ့ အုံ့ပုန်းပုံစံပေါက်နေတာ။
“ဒါဆိုမာစတာရှိသေးတာလား။ ကျွန်မနဲ့မိတ်ဆက်ပေးလို့မရလား။”
“တကယ်က အဖေဆုံးသွားတာ ကြာပြီပေါ့။”
“ဒါဆို ဆရာမက ဒီဆိုင်ရဲ့မာစတာဖြစ်နေပြီပေါ့။ ကျွန်မကို ပညာစားမချန်ဘဲ သင်ပေးပါ။ တောင်းပန်ပါတယ်။”
ကျွန်မ သူ့ကိုဒူးဖက်ပြီးတောင်းပန်တော့ သူ့ခန္ဓာကိုယ်က ပိုပြီးသေးကျုံသွားသလိုပါပဲ။ ဒါပေမဲ့ သူကခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
“ကျ... ကျွန်မက ချောကလက်လုပ်တာ သိပ်မတော်တဲ့အတွက် ကောင်းမယ်လို့တော့ အာမမခံနိုင်ဘူးနော်။”
“ဆရာမကို ကျွန်မယုံကြည်ပြီးသား။”
“ပြီးတော့ ကျွန်မနာမည်က ဟန်နာပါ။ ဆရာမလို့မခေါ်ပါနဲ့လား။”
“ဟုတ်၊ ဆရာမ။”
...
အဲဒီနောက်တော့ ပါဝင်ပစ္စည်းတွေကို မီးဖိုချောင်စားပွဲပေါ်မှာ ဖြန်ခင်းပြီးတော့ အလုပ်စဖို့ကြိုးစားရပါတယ်။ ပထမဆုံးအနေနဲ့ ဆရာမက ဖန်ပန်းကန်လုံးတစ်ခုကိုထုတ်လိုက်ပြီး ကျွန်မဖို့လည်း တစ်ခုထုတ်ပေးပါတယ်။
“ပထမဆုံးအနေနဲ့ ဘက်စုံသုံးဂျုံကို ၂၇၀ ဂရမ်ထည့်ဖို့ လိုတယ်။ ကျွန်မလုပ်တဲ့အတိုင်းလိုက်လုပ်ရင် အဆင်ပြေမှာပါ။”
ဆရာမက ဂျုံခပ်တဲ့ဇွန်းကြီးနဲ့ ပန်းကန်လုံးထဲကို ဂျုံနှစ်ဇွန်းနဲ့ တစ်ခွက်စာဖြည့်လိုက်တယ်။ ကျွန်မလိုက်လုပ်တော့ ဂျုံတွေက ပန်းကန်လုံးထဲကိုမဝင်ဘဲ ပြန့်သွားပြီးတော့ နှစ်ယောက်လုံး ဂျုံမှုန့်တွေနဲ့ ဖြူဖွေးကုန်တော့တာ။
“အဟွက်... အဟွက်.... ဆရာမ.. ကျွန်မထည့်ထားတာ အဆင်ပြေလားဟင်။”
“ဂရမ်လေးရာလောက်ရှိမယ်နဲ့တူတယ်။ နည်းနည်းလျှော့ဦး။”
“ဒါပေမဲ့ များများထည့်မှ ဒါလင်များများစားရမှာမဟုတ်ဘူးလား။”
ကျွန်မက အထွန့်တတ်လိုက်တော့ ဆရာမကချက်ချင်းငိုတော့မယ့် ပုံစံနဲ့ခေါင်းခါပြတော့တာပဲ။ “မ...မ...မဟုတ်ဘူးလေ... ကျွန်မတို့က တစ်ယောက်စာအတွက်လုပ်နေတာ။ အများစာနဲ့တစ်ယောက်စာလုပ်တာက အများကြီးကွာခြားတယ်။ ပါဝင်ပစ္စည်းအချိုးအစားတိုးလိုက်ရင်တောင် အ... အရသာက... မတူတော့ဘူး။”
“အဲဒီလိုလား... ဟင်း....” ကျွန်မလည်း ထပ်ပြဿနာရှာမနေဘဲ ဂျုံမှုန့်တချို့ကို ပြန်နုတ်ရတယ်။ ပြီးမှနောက်တစ်ဆင့်တက်ရတယ်။ မုန့်ဖုတ်ဆိုဒါထည့်၊ ဆားထည့်ပြီး သမမျှတအောင်မွှေရတာ။
“ဖြည်း... ဖြည်းဖြည်းမွှေလေ... အ...အကုန်လုံးဖိတ်ကျနေပြီ။” ကျွန်မစိတ်ထဲ ဒါလင့်အကြောင်းတွေးနေတာနဲ့ပဲ မွှေဆာအားပါပြီး ဂျုံမှုန့်တွေအကုန်ဖိတ်ကျ။ အကုန်အစကနေ ပြန်လုပ်ရပြန်ရော။ ငါးခါလောက်လုပ်ပြီးမှ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။
“ဒီတစ်ခါက ထောပတ်နဲ့သကြားရောရမှာ... ဒါနဲ့သကြားဖြူ ဝယ်ခဲ့တာလား။” ဆရာမက ပြောလာတယ်။
ကျွန်မလည်း နဂိုဝယ်ခဲ့တဲ့ပါဝင်ပစ္စည်းတွေထဲကိုကြည့်လိုက်တော့ တကယ်ပဲ သကြားဖြူဝယ်ခဲ့တာဖြစ်နေပါတယ်။ အွန်လိုင်းပေါ်က မုန့်လုပ်နည်းထဲမှာ သကြားလို့ပဲရေးထားတာမလို့ပါ။
“ရိုးရိုးသကြားပဲ သုံးကြတာမဟုတ်ဘူးလား။”ကျွန်မမေးတော့ ဆရာမက ခေါင်းခါပြရော။
“တကယ်က... ရိုးရိုးသကြားထက် သကြားညိုသုံးလိုက်ရင် အနံပိုကောင်းတယ်။”
“တကယ်လား... သွားဝယ်လိုက်မယ်လေ။” တစ်နေကုန် လှုပ်ရှားသွားလာနေခဲ့ရတာမလို့ ပင်ပန်းနေပြီဆိုပေမဲ့ ဒါလင်အတွက် အနံမွှေးတဲ့ကွက်ကီးလေးလုပ်နိုင်မယ်ဆိုတာ တွေးမိတော့ တစ်ကမ္ဘာတစ်ဖက်ကိုတောင် ချက်ချင်းပြေးသွားချင် တော့တာပဲ။
“ခဏနေပါဦး... ကျွန်မမှာရှိပါတယ်။” ဆရာမက ကျွန်မရဲ့အင်္ကျီ လက်ကိုဖမ်းဆွဲထားလိုက်တယ်။ နောက်တော့ ဗီရိုထဲကနေပြီး သကြားညိုဘူးတစ်ဘူးထုတ်လာတယ်။
“အဖေက သူလုပ်တဲ့ကွက်ကီးတွေထဲမှာ သကြားညိုပဲ သုံးတာမလို့လေ။” ဆရာမကပြောလိုက်ပြန်တယ်။ ပြီးတော့ ကျွန်မတို့တွေဆက်ပြီး ကွတ်ကီးလုပ်ဖြစ်ကြပြန်တယ်။
ထောပတ်နဲ့သကြားကိုနှံနေအောင်မွှေပြီးတဲ့နောက် ကြက်ဥနဲ့ ဗင်နီလာရောထည့်ပြီး သမအောင်ထပ်မွှေရပြန်ပါတယ်။ ဆရာမကတော့ ကျွန်မကြက်ဥခွဲရင်း လက်ရှသွားတာမြင်တော့ အနာကပ်ပလာစတာတွေအလိပ်လိုက်ယူလာတော့တာ။
“ဒဏ်ရာရထားတာပဲ... နားလိုက်ပါလား။ ကျွန်မလုပ်လိုက်မယ်လေ။ ရှင့်ကိုကြည့်ရတာ ဒါမျိုးတွေတစ်ခါမှမလုပ်ဖူးသလိုပဲ။”
ဒါပေမဲ့ကျွန်မကတော့ ခေါင်းခါပြလိုက်ပါတယ်။ “ဟင့်အင်း... သေချာပေါက် ဒါလင်က... ကျွန်မရဲ့လက်ရာကိုပဲ စားချင်မှာမလို့ ဘယ်လိုပဲလုပ်ရလုပ်ရ ကျွန်မကိုယ်တိုင်လုပ်ပေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားတာလေ။”
ဆရာမကတော့ ကျွန်မကို နားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ကြည့်တယ်။ နောက်တော့ ကျွန်မဆီကနေ အလင်းရောင်တွေအများကြီး ဖြာထွက်နေလို့ မကြည့်ရဲသလိုမျိုး နောက်ဆုတ်သွားခဲ့တယ်။
“ရှင်က တအားတက်ကြွတာပဲ။”
ကျွန်မကလည်း ပြုံးလိုက်ပြီးတော့ “ဒါပေါ့၊ ဒါလင်က လောကကြီးမှာ ကျွန်မအနှစ်သက်ဆုံး လူတစ်ယောက်ပဲလေ။ အတူရှိနေခွင့်ရတုန်းလေးမှာ ဒါလင့်အတွက် အကောင်းဆုံး အမှတ်တရတွေကို ချန်ထားပေးခဲ့ချင်တယ်။”
အဲဒီနောက်တော့ ကျွန်မတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့ပြီး လုပ်စရာရှိတာဆက်လုပ်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာကိုပလာစတာ ကပ်ပြီးတဲ့နောက်မှာ ထောပတ်နဲ့ကြက်ဥကိုသမနေအောင် နယ်ပြီးတော့ ဂျုံမှုန့်အရောအနှောနဲ့ပေါင်းပြီးနယ်ရပြန်တယ်။ အနေတော်လေးဖြစ်မှ ပုံသွင်းပြီးသား ချောကလက်ပြားနဲ့ ကိုကိုးမှုန့်ကိုထည့်ပြီး ထပ်နယ်ရပြန်တယ်။ နယ်ပြီးရင်းနယ်ပေါ့။
မုန့်နှစ်အသင့်ဖြစ်ပြီးနောက်မှ နာရီဝက်လောက် လေသလပ်ခံ ထားခဲ့ရတယ်။ ပြီးတော့မှ ဂျုံလုံးလေးတွေလုံးပြီး မုန့်ဖိုထဲ ဆယ့်ငါးမိနစ်လောက်ထည့်ဖုတ်ကြတာ။ ထွက်လာတော့ အညိုရောင်ဒင်္ဂါးပြားအရွယ် ချောကလက်ကွတ်ကီးပြားလေးတွေ ထွက်လာပြီးတော့ လေထုထဲမှာမွှေးရနံတွေ ပျံနှံနေရော။
“မြည်းကြည့်ကြမယ်... မြည်းကြည့်ရမယ်....”
ကျွန်မ ပထမဆုံးကွတ်ကီးချပ်ကို လက်နဲ့ထိကြည့်လိုက်တော့ အထင်အမြင်နဲ့ကွဲလွဲစွာနဲ့ မာကျွတ်မနေဘဲ ပွပွရွရွကွတ်ကီး အမျိုးအစားမျိုးလုပ်နေခဲ့တာဖြစ်မှန်း သတိထားမိပါတယ်။ ပါးစပ်ထဲထည့်လိုက်တော့ ချိုစိမ့်ခါးသက်နေရော။
“အားဟားဟားဟား... ဒီကွတ်ကီးကိုသာ ဟိုကျိန်စာသံလိုက်မ စားမိသွားလို့ကတော့ ငါ့ဆီကထပ်ရဖို့အတွက် ဒူးထောက်ပြီး တောင်းပန်နေတော့တာပဲ။”
ကျွန်မစိတ်ထဲမှာ ထပ်စားချင်လို့ ငိုယိုပြီး သူတောင်းစားမလေးလို ဖြစ်နေမယ့် ဆယ်ဗီ့ပုံစုံကို မြင်ယောင်လိုက်တယ်။ နောက်တော့ ခေါင်းကိုခါယမ်းလိုက်ရင်း...
“ဘာလို့နင့်ကိုကျွေးရမှာလဲ... ဒီကွတ်ကီးတစ်ချပ်ချင်းစီက ဒါလင့်အတွက်ပဲ။” ဆိုပြီးတော့ အကျယ်ကြီးပြောမိလိုက်ရော။
နောက်တော့ ကျေးဇူးတင်လွန်းလို့ ဆရာမကိုအတင်းဖက်ထား မိတော့တာပဲ။ “ ကျေးဇူးတင်လိုက်တာ။ ဒီလိုသာဆိုရင် ဒါလင်ရဲ့ဝမ်းဗိုက်ကို ကျွန်မသိမ်းပိုက်နိုင်လောက်ပြီ။”
“ရှင့်ကောင်လေးရဲ့နှလုံးသားတံခါးကို ဖွင့်နိုင်ဖို့ သော့တစ်ချောင်း ရှာတွေ့သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအဖေက ချောကလက်တွေကို လူသားတွေရဲ့နှလုံးသားတံခါးကို ဖွင့်နိုင်တဲ့ အရာတစ်ခုလို့ အမြဲယုံကြည်ခဲ့တာ။”
ဆရာမက ကျွန်မအတွက် ဝမ်းသာကြောင်းပြောခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ စိတ်မချမ်းသာသလိုပဲ။ ဒေါ်ရသီကတော့ ရှေ့တက်လာရင်း ကျွန်မကို သတိပေးလိုက်ပါတယ်။
“သခင်မလေးမိုနီကာ၊ ညခုနစ်နာရီထိုးပါပြီရှင့်။ ထပ်နောက်ကျနေရင် သခင်စိတ်ပူနေပါလိမ့်မယ်။”
ဒါပေမဲ့...
ကျွန်မ ဆရာမကိုထပ်ကြည့်လိုက်တယ်။ သူ့ကြည့်ရတာ အခက်အခဲတစ်ခုခုနဲ့ ကြုံနေရပုံပဲ။ ကျွန်မကိုတစ်နေကုန် ကူညီပေးခဲ့တဲ့သူတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ထားခဲ့ရမှာ ကျွန်မသဘောမကျဘူး။
“ဆရာ... မဟုတ်ဘူး... ဟန်နာ။ စိတ်အနှောင့်အယှက် ဖြစ်နေတာတစ်ခုခုရှိရင် ကျွန်မကိုပြောပြပါလား။ ဟောဒီက မိုနီကာက တချို့ကိစ္စတွေမှာ သာမန်လူတွေထက်ပိုပြီးတော့ အတွေ့အကြုံရှိတယ်။”
ကျွန်မက အခုလိုပြောလိုက်တော့ ဟန်နာက မဟန်နိုင်တော့ဘဲ စပြီးငိုတော့တာပဲ။ ကျွန်မလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး။
“အာ... ဟိုလေ... ကျွန်မရှင့်ကို ငိုအောင်လုပ်မိတာလား။ တောင်းပန်ပါတယ်။”
“ဘယ်... ဘယ်သူမှ... ကျွန်မချောကလက်တွေကို မကြိုက်ကြဘူး.... ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲဟင်.... ကျွန်မဘာအမှားလုပ်မိလို့လဲ။”
အဲဒီနောက်တော့ နောက်ထပ်နာရီဝက်လောက်ကြာတဲ့အထိ ဟန်နာရဲ့အခက်အခဲတွေကို ကျွန်မနားထောင်ပေးဖြစ်ခဲ့တယ်။ ကျွန်မက ကျွမ်းကျင်ပညာရှင်တစ်ယောက်မဟုတ်ပေမဲ့ အဆုံးသတ်မှာ ကောက်ချက်တစ်ခုချနိုင်ခဲ့ပါတယ်။
“ဟန်နာ... နင်က ချောကလက်တွေကို တစ်ချိန်လုံး အဖေ့အတွက် အကောင်းဆုံးကြိုးစားမယ်ဆိုပြီးတော့ ပြုလုပ်နေခဲ့တာ မဟုတ်လား။”
“အင်း....” ဟန်နာက ခေါင်းညိတ်ပြပါတယ်။
ကျွန်မလည်း ဒီချစ်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိတဲ့မိန်းကလေးရဲ့ပါးကို ညီမလေးတစ်ယောက်ကိုတွေ့သလိုမျိုး ဆွဲညှစ်မိလိုက်မိတာပေါ့။
“ဟန်နာ... နင်ဘယ်တုန်းကမှ နင့်ရဲ့ဝယ်သူတွေရဲ့နှလုံးသားကို ဖွင့်လှစ်ဖို့ မကြိုးစားခဲ့ဘူးမဟုတ်လား။”
“ရှင်....” ကျွန်မရဲ့သုံးသပ်စကားကို ကြားရတဲ့အချိန်မှာတော့ ဟန်နာအံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ ကျွန်မကတော့ ကျွန်မရဲ့အမြင်ကို ဆက်ပြောဖြစ်ခဲ့ပါတယ်။
“ဟန်နာ... မာစတာက ပြောခဲ့တယ်လေ။ ချောကလက်တွေက လူသားတွေရဲ့နှလုံးသားကို ဖွင့်လှစ်ပေးနိုင်တဲ့ သော့တံတွေတဲ့။ နင်ကတော့ အဖေ့အတွက်... အဖေ့ဆိုင်လေးအတွက်ဆိုတာကိုပဲ ဦးစားပေးနေခဲ့တာမလို့ ဆိုင်ကိုလာတဲ့သူတွေရဲ့နှလုံးသားကို ဖွင့်လှစ်ဖို့ ကျရှုံးသွားခဲ့တာ။ သူတို့ဘာအလိုရှိလဲဆိုတာကို မေ့သွားခဲ့တာ။”
“....” ဟန်နာက အကြာကြီးတိတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ တိတ်ဆိတ်နေပုံထောက်ရင် ကျွန်မရဲ့အမြင်ကို သူလက်ခံခဲ့ပုံပါပဲ။
“အခုနားလည်သွားပြီလား။” ကျွန်မက သေချာအောင် ထပ်မေးတော့ ဟန်နာက ငိုလျက်နဲ့ပဲ ခေါင်းညိတ်ပြတယ်။
“ဟုတ်... အခုဘာလုပ်ရမလဲ ကျွန်မသိပါပြီ။” ဟန်နာက ပြောရင်းနဲ့ပဲ မီးဖိုခန်းထဲကနေ ထွက်သွားလိုက်ပါတယ်။ အဲဒီနောက် ပိုစတာလေးတစ်ခုနဲ့ပြန်လာပြီး ပိုစတာကိုကျွန်မလက်ထဲ ထည့်ပေးလိုက်တယ်။
“စိန့်ဘလက်တိုင်းနေ့ကျရင် ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ထားတာမလို့ သေချာပေါက်လာခဲ့ပေးပါ။ ကျွန်မ... ဟန်နာ... ဟန်နာက ရှင့်ကိုစိတ်မပျက်စေရဘူး။”
...
အဲဘတ်တိုင်း ချောကလက်ဆိုင်။
ဆိုင်ပိတ်ချိန်ရောက်ပြီဖြစ်ပေမဲ့ ဆိုင်ဝန်ထမ်းတွေကတော့ မပြန်ရသေးပါဘူး။ ဆိုင်မန်နေဂျာဖြစ်တဲ့ ဘဏ္ဍာစိုးဝတ်စုံနဲ့ မိန်းကလေးက ဆိုင်ရဲ့ချောကလက်ပညာရှင်တွေဆီကို လျှောက်သွားလိုက်ပြီး မေးလိုက်တယ်။
“ ဒီနှစ်အတွက် ဘာလင်စိန့်ဘလက်တိုင်း ချောကလက်ပြိုင်ပွဲ အတွက် အသင့်ဖြစ်ပြီလား။”
အင်ဂျင်နီယာတစ်ယောက်ဖြစ်ပုံပေါ်တဲ့ လူငယ်တစ်ယောက်က ရှေ့ထွက်လာပြီး ပြောလိုက်တယ်။ “ဟုတ်ကဲ့၊ မနက်ဖြန်မှာသုံးမယ့် အဆင့်မြင့်ဉာဏ်ရည်တုသုံး X33 မော်ဒယ်ချောကလက်စက်က အိမ်တစ်လုံးအရွယ်အစားရှိတဲ့ လန်ဒန်နာရီစင်ကြီးကို ချောကလက်သက်သက်နဲ့ ပြိုမကျအောင်ဆောက်နိုင်ခဲ့ပါတယ်။ အရင်စံချိန်ဟောင်းဖြစ်တဲ့ ဟောင်းဝပ်ဆိုင်က ချောကလက်အိမ်ကို အသာလေးနိုင်မှာပါ။”
“ကောင်းတယ်။” ဘဏ္ဍာစိုးမိန်းကလေးက ခေါင်းညိတ်လိုက်တယ်။ ပညာရှင်တွေထဲက အဖိုးကြီးတစ်ယောက်ကတော့ ရှေ့ထွက်လာပြီးတော့
“မစ်ဖလေးခင်ဗျ။ စက်ကထွက်လာတဲ့ ချောကလက်တွေက စက်ရုံထွက် သာမန်နို့ချောကလက်နဲ့အရသာ အတူတူပါပဲ။ ဒိုင်တွေကို အံ့အားသင့်စေပါ့မလား။”
“အံ့အားသင့်ကုန်မှာပေါ့၊ ဘယ်လူသားမှ ဒီလောက်ကြီးတဲ့ ချောကလက်အဆောက်အဦးမျိုးကို ပြိုင်ပွဲချိန်အတွင်း ပြီးအောင်မှမဆောက်နိုင်တာ။”
ဘဏ္ဍာစိုးမိန်းကလေးဖလေးက လေသံမာမာနဲ့ပြောလိုက်တဲ့ အတွက်ကြောင့် အဖိုးကြီးငြိမ်ကျသွားတယ်။ ဖလေးကတော့ အဲဒီအပေါ်ဂရုမစိုက်တော့ဘဲ တခြားတစ်ယောက်ကိုကြည့်ပြီး မေးလိုက်ပါတယ်။
“ဟောင်းဝပ်ဆိုင်အခြေအနေကရော....”
ရုပ်ရေသာမန်ရှိတဲ့ ဝန်ထမ်းမိန်းကလေးတစ်ယောက်က ရှေ့တက်လာပြီး အခြေအနေကိုတင်ပြတယ်။
“အင်တာနက်ပေါ်မှာ ကြယ်တစ်ပွင့်ရီဗျူးအတုတွေဖြန့်တာရော စာသုံးသူအတုတွေလွှတ်ပြီး ကွန်ပလိန်းတက်တာရောလုပ်ခဲ့တဲ့ အတွက်ကြောင့် ဆိုင်နာမည်အတော်လေးကျနေပြီး လူတွေ မလာတော့ပါဘူး။
ကျွန်မတို့ဆိုင်ကထုတ်တဲ့ ချောကလက်တွေနဲ့ စျေးနှုန်းလည်း တအားကွာနေတာမလို့ ဖောက်သည်တွေတောင် မဝယ်တော့တဲ့အခြေအနေပါ။ ဆိုင်ရှင်မိန်းကလေးကိုယ်တိုင်လည်း စိတ်ဒဏ်ရာရပြီး ချောကလက်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ပုံပါပဲ။
လျှပ်စစ်မီတာတွေပိုတက်အောင် ကျွန်မတို့ဆိုင်မီတာနဲ့ လဲချိတ်ပေးထားလို့ မီတာမတန်တဆဆောင်ရပြီး ဘဏ္ဍာရေးခက်ခဲနေပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲတော့ ဝင်ပြိုင်ဦးမယ်လို့ထင်တယ်။”
ဟားဟား...
ဘဏ္ဍာစိုးမိန်းကလေးက ရယ်မောလိုက်တယ်။ “သေခါနီး ပုရွက်ဆိတ်လေးတစ်ကောင်ရဲ့နောက်ဆုံး အားထုတ်မှုပေါ့လေ။ ကောင်းတယ်။ ကောင်းတယ်။”
ဘဏ္ဍာစိုးမိန်းကလေးက ခြေတစ်ဖက်ကိုအားပြုပြီးတော့ ခန္ဓာကိုယ်ကိုချာခနှဲလည်အောင်လှည့်ပြီး တစ်ချက်ကတယ်။
“ဒီအတိုင်းဆိုရင် ဘာလင်ရဲ့ချောကလက်စီးပွားရေးလုပ်ငန်းကို ငါစိုးမိုးနိုင်ဖို့သေချာပြီ။ အယ်ဒါရာထူးကိုဆက်ခံဖို့အတွက် ကြိုးစားနေတဲ့ သခင်လေးဒီရေဂိုအတွက်လည်း အများကြီး အထောက်အကူဖြစ်မှာပဲ။”
နောက်တော့ ဘဏ္ဍာစိုးမိန်းကလေးက သူ့ရင်ဘတ်ပေါ်ကို လက်တင်လိုက်ပြီး ချစ်စိတ်တွေပြည့်လျှံနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“သခင်လေး ဒီရေဂို။ ဒီဆီနိတ်တာက သခင်လေးအတွက် ရေခြားမြေခြားမှာ အများကြီးကြိုးစားပေးနေပါတယ်။ သခင်လေးကျွန်မကိုပြန်မချစ်ရင်တောင် ကျွန်မက သခင်လေးအတွက် ကူညီပေးနေဦးမှာပါ။”