← Chapters

အပြောင်းအလဲများ

Vol. 6 Ch. 278

အပြောင်းအလဲများ

Vol. 6 Ch. 278

သီရာသတိပြန်ရလာတော့ ဘုရားကျောင်းငယ်လေးတစ်ခုထဲက အခန်းတစ်ခန်းတည်းမှာပဲ သိလိုက်ရတယ်။ သွေးစွန်းဘုန်းတော်ကြီးက အခန်းထဲမှာရှိနေပြီး သူ့ကိုရပ်ကြည့်လို့။

“ဘာတွေဖြစ်သွားတာလဲ...” သီရာက သူ့ခေါင်းကိုယ်သူ ဆုပ်ကိုင်ပြီး စဥ်းစားကြည့်ပေမဲ့ အဖြေရမလာပါဘူး။ သူ့မှတ်ဉာဏ်တွေက ကြီးမားတဲ့စွမ်းအင်တွေ ခန္ဓာကိုယ်ထဲ ရောက်ရှိလာခြင်းနဲ့အတူ အဆုံးသတ်သွားခဲ့တယ်မဟုတ်လား။

“ရဟန်းမင်းကြီးပီးယပ်ကို ဘုရားသခင်က ခေါ်ဆောင်သွားခဲ့ပြီ။ အရှင်မက သစ္စာဖောက်လောက်ကောင် ဆားဗီးရပ်ကို အသက်နဲ့ရင်းပြီး နှိမ်နင်းခဲ့တာပါ။”

သွေးစွန်းဘုန်းတော်ကြီးက တစ်ခုခုကိုထိန်ချန်ထားပုံရပေမဲ့ သီရာရဲ့နောက်ဆုံးမှတ်ဉာဏ်အပိုင်းအစတွေနဲ့ ကိုက်ညီနေလို့ ငြင်းစရာအကြောင်းပြချက် ရှာမရခဲ့ဘူး။

“ငါ့ရဲ့မောင်လေး... နီကိုလပ်ရော...” အဖြေကိုသိနေပြီးဖြစ်ပေမဲ့ သီရာက ထပ်မေးတယ်။ ကြုံတွေ့ခဲ့သမျှက အိပ်မက်ပါလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားချင်ပေမဲ့လည်း ဆုတောင်းတိုင်း မပြည့်နိုင်တဲ့ လောကကြီးပါ။

“လှံသူတော်စင်နီကိုလက်က အရှင်မရဲ့ရှေ့မှောက်မှာပဲ သေဆုံးသွားခဲ့တာပါ။ အခုဆိုရင် ဒိုင်းသူတော်စင်နဲ့အရှင်မပဲ ရဟန်းမင်းလောင်းလျာအဖြစ်ကျန်တော့တာပါ။ အရှင်မမှာ ဒိုင်းကလွဲလို့ ကျန်လက်နက်သုံးခုစုံနေပြီမလို့....”

သွေးစွန်းဘုန်းတော်ကြီးက ရဟန်းမင်းဆက်ခံပွဲဓလေ့အတိုင်း ဆက်လုပ်ဖို့တိုက်တွန်းချင်ပေမဲ့ အဲဒီစကားတွေက သီရာနားထဲကို မဝင်ဘူး။ သီရာက သွေးစွန်းဘုန်းတော်ကြီးရဲ့ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ သူ့လက်သည်းတွေက အသားထဲ ဖောက်ဝင်သွားတဲ့အတွက် သွေးစတချို့ထွက်လာခဲ့ပေမဲ့ သွေးစွန်းဘုန်းတော်ကြီးဆီကနေ ညည်းသံတစ်ချက်မှ မကြားရဘူး။

“တပ်မှူးကြီး၊ ရှင်က ကျောင်းတော်မှာ ရဟန်းမင်းကြီးပြီးရင် ဝါတော်အရင့်ဆုံးပဲ။ ကျွန်မမောင်လေးကို ကယ်လို့ရမယ့် နည်းလမ်းရှိရင်ပြောပြပေးပါ။”

သွေးစွန်းဘုန်းတော်ကြီးက သက်ပြင်းချလိုက်တယ်။ ဒီလို တုံ့ပြန်မှုမျိုးကို သူမျှော်လင့်မထားတာမျိုးတော့မဟုတ်ပါဘူး။ သီရာရဲ့ရူးကြောင်ကြောင်မျက်လုံးတွေအရ သီရာဘယ်လောက်ထိ အသည်းအသန်ဖြစ်နေလဲဆိုတာ အသိအသာပဲ။ ဒါကလည်း သူလိုချင်နေတဲ့အရာပဲမဟုတ်လား။

သွေးစွန်းဘုန်းတော်ကြီးက သီရာရဲ့လက်တွေကိုဖယ်ရှားလိုက်ပြီး အခန်းထဲက စားပွဲပေါ်မှာ သက်သောင့်သက်သာထိုင်စေတယ်။ ရေနွေးခရားထဲကနေ လက်ဖက်ရည်အနည်းငယ်ငှဲ့ပေးပြီးနောက် စိတ်ငြိမ်တဲ့အထိ ထိုင်နေစေတာပေါ့။ သီရာရဲ့အခြေအနေ တည်ငြိမ်သွားပြီဆိုတော့မှ...

“ဒီလောကကြီးမှာ သေသူကို ပြန်ရှင်သန်နိုင်စေတဲ့အစွမ်းနဲ့ အနီးစပ်ဆုံးအရာကို ပိုင်ဆိုင်ထားတဲ့သူက ညကျောင်းတော်ရဲ့ အရှင်သခင်နက်ဆန်ပါပဲ။ ဒါပေမဲ့...”

ဒီအကြောင်းက ကျောင်းခြောက်ကျောင်းလောကမှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်ဘူး။ နက်ဆန်မှာ ဖုတ်ကောင်နောက်လိုက်များစွာ ရှိနေပြီးတော့ သူတို့ထဲက တချို့ဆိုရင် တကယ်ကျော်ကြားတဲ့ အယ်ဒါအဆင့် တိုက်ခိုက်ရေးသမားတွေလေ။

“ဒါပေမဲ့... သူက ကျွန်မကို ကူညီပေးဖို့စိတ်မရှိဘူးလို့ ပြောချင်တာလား။” သီရာရဲ့ခန္ဓာကိုယ်က တုန်ယင်နေတယ်။ သူ့ခန္ဓာကိုယ်က အမာရွတ်တွေနဲ့သွေးနီရောင်ဆံပင်တွေကြောင့် စုန်းမအိုကြီး မန္တန်ရွတ်နေသလိုပဲ။

သွေးစွန်းဘုန်းတော်ကြီးက သူကိုယ်တိုင်အတွက်ပါ လက်ဖက်ရည်ငှဲ့ရင်းနဲ့ စိတ်ရှည်ရှည်နဲ့ ပြန်ဖြေရှာပါတယ်။

“သူက စိတ်ရှိတယ်ဆိုရင်တောင် လှံသူတော်စင်ကို ပြန်အသက်သွင်းဖို့ မဖြစ်နိုင်မှာစိုးရိမ်မိတယ်။ ညအရှင်အနေနဲ့ ဖုတ်ကောင်တွေကိုအသက်သွင်းဖို့ အဲဒီဖုတ်ကောင်ရဲ့မူလခန္ဓာနဲ့ ဝိဉာာဥ်ကိုလိုအပ်တယ်။ လှံသူတော်စင်ရဲ့မူလခန္ဓာကိုယ်ကတော့ ပျက်စီးသွားခဲ့ပါပြီ။”

သီရာက သူ့လက်တွေကို ဖြန့်ကြည့်လိုက်တယ်။ အဲဒီခံစားချက်ကို သူမေ့လို့မရခဲ့ဘူး။ အချစ်ဆုံးလူတစ်ယောက် သူ့လက်ထဲမှာတင် အငွေ့ပျံသွားတဲ့ ခံစားချက်။ အဲဒီမြင်ကွင်း၊ အထိအတွေ့နဲ့ အနံအသက်တွေက သူ့မှတ်ဉာဏ်တွေထဲမှာ အတင်းရိုက်နှက် သွက်သွင်းထားသလိုပါပဲ။

“ဒါဆိုရင် မဖြစ်နိုင်ဘူးပေါ့...”

သွေးစွန်းဘုန်းတော်ကြီးက ဘာမှမပြောဘဲ သဲနာရီတစ်ခုကို သီရာရဲ့လက်ထဲထည့်ပေးလိုက်တယ်။ အတွင်းထဲကနေ ရွှေရောင်အလင်းဖျော့ဖျော့ထွက်နေပြီး ခုန်နေတဲ့နှလုံးသားလိုမျိုး ခံစားရတယ်။

“ပုံမှန်ဆိုရင်တော့ သေသွားတဲ့သူတွေရဲ့ဝိညာဥ်က တမလွန်ကို သွားရမှာ။ ဒါပေမဲ့ ဒီအဖိုးကြီးက အသုံးလိုမလားဆိုပြီးတော့ နတ်ဘုရားချိပ်ပိတ်နာရီနဲ့ ကောင်လေးရဲ့ဝိညာဥ်ကို သိုလှောင် ထားလိုက်တယ်။”

သီရာရဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်အနည်းငယ်ဖြတ်သန်း ပြေးထွက်သွားတယ်။ သူ့လက်တွေက သဲနာရီကို အသေအချာ ဆုပ်ကိုင်လိုက်ပြီး မျက်ရည်တွေစီးကျလာတော့တာပေါ့။ သွေးစွန်းဘုန်းတော်ကြီးကလည်း...

“ဒါပေမဲ့ ခန္ဓာကိုယ်တစ်ခုကို ပြန်တည်ဆောက်ပေးဖို့ကတော့ လွယ်တာမဟုတ်ဘူး။ သေဆုံးသူရဲ့ဝိညာဥ်ကို ရေရှည်ဆက်ရှိနေဖို့ ကိုးကွယ်ယုံကြည်မှုစွမ်းအားလည်း အများကြီးလိုသေးတယ်။”

အဖိုးအိုက အလွန့်အလွန်ခက်ခဲလိမ့်မယ်ဆိုတဲ့ပုံစံနဲ့ သက်ပြင်းတချချလုပ်တယ်။ သီရာကတော့ ဆုံးဖြတ်ပြီးတဲ့ပုံစံနဲ့ ထိုင်ရာကနေထလိုက်ပြီး ကြေညာလိုက်ပါပြီ။

“ကောင်းကင်ပေါ်အထိတက်ရမယ်ဆိုရင်တောင် ကျွန်မ မဖြစ်ဖြစ်အောင်လုပ်မယ်။ ဘာလုပ်ရမလဲသာပြောပါ။”

သွေးစွန်းဘုန်းတော်ကြီးက သီရာရဲ့ရဲဝင့်တဲ့ပုံစံကိုမြင်တော့ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး သီရာကို ကျောခိုင်းကာ ဘုရားကျောင်းပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကိုကြည့်လိုက်လေရဲ့။

“သူတော်စင်အရှင်မ ​ကြားဖူးမလားမသိပေမဲ့ လောကကြီးမှာ နတ်ဘုရားတွေချန်ထားရစ်ခဲ့တဲ့ ဗျာတိတ်တစ်ခုရှိတယ်။ အမှောင်ကြယ်နဲ့အလင်းကြယ် တစ်ခုပဲကျန်ရစ်ခဲ့တဲ့အချိန်ကျရင် နတ်ဘုရားတွေက တောင်းဆုတစ်ခုကိုဖြည့်ပေးလိမ့်မယ်တဲ့။ အဲဒီဆုတောင်းက ကမ္ဘာကြီးကို ပြောင်းလဲစေမယ် ဆိုရင်တောင်ပေါ့။”

ဒီဟောကိန်းက ကျောင်းခြောက်ကျောင်းမှာလူသိများပေမဲ့ ဘုရားကျောင်းမှာပဲအနေများတဲ့ သီရာအတွက်တော့ အခုမှကြားဖူးတာပါ။ သွေးစွန်းဘုန်းတော်ကြီးကတော့ တာဝန်ရှိတဲ့အတိုင်း ဆက်ရှင်းပြတယ်။

“နှစ်ပေါင်းများစွာလေ့လာပြီးတဲ့နောက် ကျုပ်သိခဲ့ရတာက ရှေးဟောင်းကျမ်းဂန်တွေမှာညွန်ပြထားတဲ့ အလင်းကြယ်ဟာ အရှင်မနဲ့ထပ်တူညီနေတယ်ဆိုတာပဲ။ အမှောင်ကြယ်ကတော့ နတ်ဆိုးဝင်စားသူဖြစ်တဲ့ ညအရှင်နက်ဆန်ပေါ့။”

ပြောလို့ပြီးတဲ့နောက်မှာတော့ သွေးစွန်းဘုန်းတော်ကြီးက နောက်ကိုပြန်လှည့်ကြည့်လိုက်ပြီး သီရာကိုပြုံးပြရင်းနဲ့ “ဒီလောက်ဆို ဘာလုပ်ရမလဲသိပြီလား။”လို့ စကားကို အဆုံးသတ်လိုက်တာပေါ့။

သီရာက မျက်လုံးကိုမှိတ် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီးမှ “ပထမဆုံးအနေနဲ့ နီကိုလပ်ရဲ့ဝိညာဥ်ကို ထိန်းသိမ်းထားဖို့ ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေ စုဆောင်းရမယ်။ ပြီးရင် အမှောင်ကြယ်ကိုဖျက်ဆီးရမယ်။”

သီရာက ရေရွတ်လို့ပြီးသွားတော့ သွေးစွန်းဘုန်းတော်ကြီးက ထပ်ဖြည့်စွက်ပြီးပြောလိုက်ပြန်တာပေါ့။ “အခုညအရှင်က ကျောင်းခြောက်ကျောင်းနဲ့ ဆက်ဆံရေးကောင်းတယ်။ သူ့ကို တခြားအယ်ဒါတွေက အလွယ်တကူလက်လျှော့မှာမဟုတ်ဘူး။ ရိုမန်ကက်သလစ်တွေကလည်း ကျုပ်တို့ကိုဆန့်ကျင်ဦးမှာပဲ။ ဒါကြောင့် အကောင်းဆုံးက ကမ္ဘာ့အနှံရောက်နေတဲ့ ဘုရားကျောင်း စစ်တပ်ကိုပြန်ခေါ်ပြီး ဥရောပတစ်ခွင်လုံးကို တိုက်စစ်စင်တာပဲ။”

“ဒါပေမဲ့ အဲဒီအမိန့်ကိုပေးနိုင်တာက ရဟန်းမင်းကြီးပဲရှိတယ်။” သီရာက ချက်ချင်းသဘောပေါက်သွားပြီးတဲ့နောက် အခန်း တစ်နေရာမှာပုံထားတဲ့ အထွတ်အမြတ်ဓား၊အစစ်အမှန်လှံနဲ့ ရှေးဟောင်းလေး လက်နက်သုံးခုလုံးကို ကောက်ယူလိုက်တယ်။

“ကျွန်မကို ဒိုင်းသူတော်စင်ဘယ်မှာရှိနေလဲ ပြောပါ။”

သွေးစွန်းဘုန်းတော်ကြီးက ဒီမြင်ကွင်းကိုမြင်တော့ သဘောတကျ ပြုံးလိုက်တယ်။ တစ်ချိန်တည်းဆိုသလိုပဲ ခေါင်းကို ခါယမ်းလိုက်တော့တာပေါ့။

....

လင်ဘိုဘုံ။

ကောင်းကင်ကြီးရဲ့တစ်ခြမ်းက ခရမ်းရွှေရောင်စွမ်းအားလှိုင်းတွေ ပြည့်နှက်နေခဲ့ပြီး တခြားတစ်ခြမ်းကတော့ သွေးနီရောင်တွေ ဖုံးလွှမ်းလို့။ မြေပြင်မှာတော့ စစ်တပ်နှစ်ခုက စစ်သည်သိန်းသန်းချီ ရင်ဆိုင်တွေ့နေကြပါပြီ။

ခရမ်းရောင်အလံတွေကို ကိုင်ဆောင်ထားတဲ့စစ်တပ်မှာ ဘီလူးတွေ၊ သမန်းဝံပုလွေတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ ပါဝင်တိုက်ခိုက်နေကြပြီး တခြားတစ်ဖက်မှာတော့ လင်းနို့တောင်ပံရှိတဲ့ ဂါဂေါ်လီနဲ့ အဆင့်နိမ့်နတ်ဆိုးတွေက တိုက်ခိုက်လို့နေပါတယ်။

ဒါပေမဲ့ မဟာစစ်တပ်ကြီးနှစ်ခုရဲ့တိုက်ခိုက်မှုက လိုက်ပွဲမျှသာဖြစ်ပြီး တကယ့်အဓိကတိုက်ပွဲကတော့ စစ်တပ်ကြီးနှစ်ခုရဲ့အလွန် မိုင်သောင်းချီရှည်လျားတဲ့ ​တောင်တန်းကြီးတွေပေါ်မှာပါ။

“မဆိုးဘူးပဲ... လောကကြီးမှာ ပထမဆုံးမွေးဖွားလာတဲ့ မိစ္ဆာဆိုတဲ့အတိုင်းပဲ။”

အနက်ရောင်ဝတ်ရုံရှည်ကြီးဝတ်ထားတဲ့ လူတစ်ယောက်က သူ့ရန်သူကို ချီးကျူးလိုက်တယ်။ သူ့အရပ်ကရှစ်ပေလောက်မြင့်ပြီး နားရွက်တွေက သာမန်ထပ်ရှည်လျားတယ်။ အသားအရေက နက်မှောင်တာထက်လွန်လို့ပြာနှမ်းနေပြီး မျက်လုံးတွေက သွေးနီရောင် ဒေါင်လိုက်ပါ။

ကျောနောက်မှာ အိန်ဂျယ်တွေအတိုင်း တောင်ပံခြောက်ခုပါပေမဲ့ ငရဲစွမ်းအားတွေနဲ့သွေးနီရောင်တောက်ပလို့ လက်ထဲမှာတော့ လေးလံလှတဲ့ ကြိုးတပ်သံဆူးလုံးကို ကိုင်ဆောင်ထားလို့ပေါ့။

“ငရဲပြည်ရဲ့အုပ်စိုးသူဆီကနေ ဒီစကားမျိုးကြားရမယ် မျှော်လင့်မထားဘူး။”

အရပ်မြင့်မြင့်လူရဲ့တစ်ဖက်မှာရှိနေတဲ့ ပြိုင်ဘက်ကလည်း စကားစလိုက်တယ်။ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ ခြေဖနောင့်ထိရောက်နေတဲ့ ခရမ်းနုရောင်ဆံနွယ်တွေရှိတယ်။ ဂေါ့သစ်ဂါဝန်ခပ်တိုတိုကို အနက်ရောင်စတော့ကင်နဲ့တွဲဝတ်ထားပြီး အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ ပြစ်မျိုးမှဲ့မထင်ပါပဲ။ ခေါင်းမှာချိုတစ်စုံရှိပြီး လင်းနို့အတောင်ပံတွေရှိနေလို့သာ သာမန်မိန်းကလေးတစ်ယောက်မဟုတ်မှန်း ပြောနိုင်တာပါ။

ဒီမိန်းကလေးရဲ့လက်သည်းတွေက ဓားတွေလိုချွန်ထက်နေပြီး သူ့ကိုဧရာမစကျင်ကျောက်တိုင်ကြီးတွေက ဝန်းရံထားပါတယ်။ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်ကနေ သွေးစတချို့စီးကျနေတဲ့အတွက် တိုက်ပွဲမှာအရေးနိမ့်နေမှန်းသိနိုင်တယ်။

“လူစီဖာ၊ လင်ဘိုဘုံက ရှင်အုပ်ချုပ်တဲ့ ငရဲဘုံမဟုတ်ဘူး။ ကျွန်မ သေတဲ့အထိ ရှင့်ကိုခုခံမှာ။”

မိန်းကလေးက ရန်စလိုက်ရင်း ကျောက်တိုင်ကြီးတွေနဲ့ ရန်သူကို ပစ်ပေါက််လိုက်တယ်။ လူစီဖာလို့အခေါ်ခံလိုက်ရသူကလည်း ပြုံးလိုက်ရင်း ကျောက်တိုင်ကြီးတွေကို ကြိုးတပ်သံလုံးနဲ့ခွဲပစ်တယ်။

“အချိန်က ငါ့အတွက် အပေါဆုံးအရာပဲ လီလစ်။ မင်းဒူးထောက် ကျသွားတဲ့အထိ ငါတိုက်မယ်။” လူစီဖာက စပြီးတန်ပြန်တိုက်တယ်။ သူ့အတွက်လည်း လင်ဘိုဘုံကအရေးပါတယ်။ ငရဲတံခါးက ပွင့်နေပြီဆိုပေမဲ့ လူသားကမ္ဘာနဲ့ငရဲကြားက လင်ဘိုဘုံကိုသိမ်းနိုင်မှ တပ်ချပြီး အလုံးအရင်းကျူးကျော်နိုင်မှာ။

လူစီဖာ လက်တစ်ချက်ဝေ့ယမ်းလိုက်တာနဲ့ သွေးနီရောင်စွမ်းအားတွေက ရာချီတဲ့သွေးလက်ကြီးတွေ အဖြစ်ပြောင်းသွားပြီး လီလစ်ကိုသတ်ဖြတ်ဖို့ ကြိုးစားတယ်။ လီလစ်ဟာဆက်တိုက်ဖိနှိပ်ခံနေရပေမဲ့ ဆက်ပြီးတောင့်ခံနေဆဲပါ။

သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြောင့် လင်ဘိုဘုံကတောင်တန်းတွေ မြေပြန့်အဖြစ်ကိုပြောင်းလဲသွားခဲ့ပြီ။ အချိန်တစ်ခုကြာချိန်မှာ လီလစ်ရဲ့နောက်ဆုံးကျောက်တိုင်ပျက်စီးသွားပြီး ဒူးထောက်ကျသွားတယ်။

“ကြည့်ရတာ ဆော်လမွန်ရဲ့ကျောက်တိုင်တွေမှာလည်း အကန့်အသတ်ရှိပုံပဲ။”

လူစီဖာက လီလစ်ကိုအဆုံးသတ်ဖို့ပြင်လိုက်ပေမဲ့ ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးတုန်ခါသွားပြီး သွေးနီရောင် စွမ်းအားတွေက ရုတ်ချည်းယုတ်လျော့သွားတယ်။

“ငရဲတံခါးပျက်စီးသွားတာလား... အဲဒီခွေးကောင် အဇာဇယ်ကတော့....”

လူစီဖာက ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ကျိန်ဆဲလိုက်တယ်။ လူစီဖာအာရုံပျက်သွားတုန်း လီလစ်က စိတ်ချရတဲ့နေရာအထိ ဆုတ်ခွာသွားပြီးမှပြောလိုက်တယ်။

“ကြည့်ရတာ လူ့ပြည်ကိုတက်သွားတဲ့ ရှင့်ရဲ့မနာခံတတ်တဲ့ငယ်သား သေသွားတဲ့ပုံပဲ။” လီလစ်က လှောင်ပြောင်တဲ့အနေနဲ့ပြောတာ။ အဇာဇယ်က ငရဲဘုံရဲ့နံပါတ်နှစ်ပေမဲ့ လူစီဖာက ငရဲကမ္ဘာအုပ်စိုးသူ ဖြစ်တဲ့အတွက်ကြောင့် အဇာဇယ်က အောက်သက်သက်နဲ့ ငယ်သားအဖြစ်နေခဲ့ရတာ။

ငရဲတွင်းကိုဖွင့်ပြီး လူ့ပြည်ကိုအတင်းကျူးကျော်တဲ့အကြံကလည်း အဇာဇယ်က သူ့တွက်ကိန်းနဲ့သူ လူစီဖာကိုပေးခဲ့တာ။ ငရဲဘုံက ပြေးပြီး လူ့ဘုံမှာလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စီမံကိန်းနဲ့ပေါ့။

“လူ့ဘုံက ငါထင်ထားသလောက် အားမနည်းဘူးပဲ။ ပိုဆိုးတာက အဇာဇယ်က ငါနဲ့စာချုပ်ချုပ်ထားတဲ့သူကိုပါ သူ့လူငါ့ဘက်သားလုပ် သတ်လိုက်တာလား။ နောက်ထပ်လက်ခံကောင်ကလည်း ရင့်မှည့်လာဖို့ အချိန်တိုအတွင်း မဖြစ်နိုင်သေးဘူး။”

လူစီဖာက ခေါင်းကိုခါယမ်းလိုက်တယ်။ လီလစ်နဲ့တိုက်ပွဲမှာ သူနိုင်သွားပေမဲ့ ဆက်မတိုက်တော့ပါဘူး။ သူက လီလစ်ကို ကျောခိုင်းလိုက်တယ်။

“ရှင်နိုင်နေပြီပဲ၊ ဘာလို့ကျွန်မကိုမသတ်တာလဲ....” လီလစ်က လှမ်းမေးလိုက်ပေမဲ့ လူစီဖာကတော့ ​ပျင်းရိစွာလက်ယမ်းပြရင်း နှုတ်ဆက်လိုက်တယ်။

“နောက်တစ်ခါ လင်ဘိုဘုံကို ကျူးကျော်တဲ့အခါကျရင် စိတ်ဝင်စားစရာပြိုင်ဘက် မရှိမှာစိုးလို့လေ။ နောက်မှ ထပ်တွေ့ကြမယ်။”

လူစီဖာက ပြောပြောဆိုဆိုနဲ့ သူ့ရှေ့ကနေပျောက်သွားတယ်။ လီလစ်ကတော့ နှုတ်ခမ်းကိုဖိကိုက်ထားလိုက်ပါတယ်။ လူစီဖာလို ပြိုင်ဘက်မျိုးက သူနောက်တစ်ခါထပ်တွေ့ချင်တဲ့သူမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မဟာနတ်ဘုရားကြီးယာဝေပြီးရင် စွမ်းအားအကြီးဆုံးဖြစ်တည်မှုအဖြစ် ကြေညာထားတဲ့သူ မဟုတ်လား။

ဒါပေမဲ့ ထာဝရအသက်ရှင်သူတွေဖြစ်တာကြောင့် အချိန်စီးကြောင်းရဲ့တစ်ကွေ့ကွေ့မှာ သူတို့တွေ့ကြရဦးမှာ။

“အရှင်မ၊ အဆင်ပြေရဲ့လား....” မကြာခင်မှာပဲ လီလစ်ရဲ့နောက်လိုက်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ရောက်လာကြတယ်။ လီလစ်က ဒဏ်ရာရနေပေမဲ့ ငယ်သားတွေစိတ်မပူစေဖို့ လက်ကာပြလိုက်ပြီး...

“ငါက အဆင်ပြေတယ်။ နင်တို့တွေ လင်ဘိုဘုံမှာ ငရဲကမ္ဘာကကောင်တွေ တစ်ယောက်မှမကျန်အောင်သာ ဂရုစိုက်ကြ။”

“ဟုတ်ကဲ့...” နောက်လိုက်တွေ ထွက်ခွာသွားပြီးနောက်မှာတော့ လီလစ်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။

“သမီးလေးဆီကိုလွှတ်လိုက်တဲ့ အီလက်ထရာဆီကနေလဲ ဘာသတင်းမှမရဘူး။ ကြည့်ရတာ ငါကိုယ်တိုင်သွားကြည့်မှ ဖြစ်မယ့်ပုံပဲ။”

All Chapters