← Chapters

ဖုတ်ကောင်ဘုရင်မ (B)

Vol. 1 Ch. 9

ဖုတ်ကောင်ဘုရင်မ (B)

Vol. 1 Ch. 9

နောက်ပိုင်းကာလတွေမှာ သခင်လေးက ကျောင်းက ကျောင်းသားတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ကိစ္စကို လက်လျှော့လိုက်ပုံပါပဲ။ အမြဲတမ်း ကျောင်းကို တစ်ယောက်တည်းသွားပြီး တစ်ယောက်တည်း ပြန်လာတတ်တယ်။ ကျွန်မနဲ့သခင်ကြီးကလွဲလို့ တခြားဘယ်သူနဲ့မှ စကားမပြောတော့ဘူး။

စိတ်မကောင်းစရာကိစ္စတစ်ခုက ခုနှစ်ပိုင်းအတွင်း သခင်ကြီးလောဟန်ရဲ့ကျန်းမာရေး ဆိုးဝါးသည်ထက် ဆိုးဝါးလာတာပါပဲ။ လူကြီးရောဂါလို့ပဲဆိုရမလား ဆီးချိုတက်လိုက်၊ သွေးတိုးလိုက် နှလုံးကဖောက်လာလိုက်နဲ့ တစ်နေ့မှာတော့ သခင်ကြီး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီး သတိပြန်မလည်လာတော့ဘူး။

ဆရာဝန်တွေအဆိုအရ ဦးနောက်သွေးကြောပေါက်သွားတာလို့ဆိုပြီး ပြန်ပြီး သက်သာလာဖို့အတွက် အလွန်ခဲယဥ်းတယ်။ ခွဲစိတ်ကုသပြီးတာတောင် သတိက ပြန်ကောင်းကောင်း မလည်လာတော့ဘူး။ မကြာခင်မှာပဲ အိပ်ရာပေါ်မှာတင် သေမယ့်အချိန်ကို စောင့်နေရတဲ့ကာလ ရောက်လာပါတယ်။

....

တစ်နေ့၊ ကျွန်မသခင်ကြီးနားမှာရှိနေပြီး စားပြီးသား ပန်းကန်တွေကို ပြန်သိမ်းနေတုန်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်နေတဲ့သခင်ကြီးက ကျွန်မလက်ကို ဖမ်းဆွဲပြီး အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ကြားကနေ မရအရ စကားတစ်ခွန်းပြောလိုက်တယ်။

“သေတမ်းစာ... ဖတ်ပြလိုက်၊ ငါ့ရှေ့နေကို ခေါ်...”

စကားတွေက ဗလုံးဗထွေးဖြစ်နေပြီး သခင်ကြီးရဲ့ရောဂါ ပြန်ဖောက်လာပုံပါပဲ။ လူက အလွန်အမင်းမောပန်းနွမ်းနယ်နေပြီး အသက်ကို လုရှုနေရတာ။

“သခင်ကြီး နေမကောင်းဘူးလား။ ကျွန်မဆရာဝန်ခေါ်လိုက်မယ်....”

“ ရှေ့နေပဲခေါ်... မြန်မြန်...”

...

ဒီလိုနဲ့နောက်နာရီဝက်ရောက်ကြာတော့ သခင်ကြီးခေါ်ခိုင်းတဲ့ရှေ့နေရော ကျွန်မသဘောနဲ့ကျွန်မခေါ်ထားတဲ့ ဆရာဝန်ပါရောက်နေပြီ။ ဆရာဝန်ကတော့ တဖြည်းဖြည်း အားနည်းပြီးသတိပြန်မလည်လာတော့တဲ့ သခင်ကြီးကိုကြည့်ပြီး ခေါင်းခါပြပါတယ်။

“သခင်ကြီးက နောက်ဆုံးအချိန်ကိုရောက်နေပါပြီ။ သူ့ဆန္ဒအတိုင်း သေတမ်းစာဖတ်ပြတာ ကောင်းပါလိမ့်မယ်။”

အဲဒီနောက်တော့ သူ့သားသမီးတွေဖြစ်တဲ့ ပီချူနီးယားနဲ့ လောဟန်ဂျူနီယာတို့ပါရောက်လာပြီး အတင်းဖျစ်ညှစ် ထားတဲ့ရုပ်တွေနဲ့ ငိုပြတော့တာပါပဲ။ သခင်လေးလည်း ရောက်လာပေမဲ့ မျက်ရည်နည်းနည်းပဲကျပြီး နောက်မှာ မငိုတော့ဘူး။ သူက သူ့လက်ကို ဆန့်ထုတ်လိုက်ပေမဲ့ သတိနည်းနည်းပဲရှိတော့တဲ့ သခင်ကြီးက ခေါင်းခါပြတယ်။ တခြားသူတွေက နားလည်ပုံမရပေမဲ့ ကျွန်မကတော့ နားလည်ပါတယ်။ သခင်ကြီးက သခင်လေးကို တားမြစ်ထားတဲ့စွမ်းအားကိုမသုံးဖို့ ပြောနေတာ။

သခင်လေးရဲ့စွမ်းအားက တိရစ္ဆာန်အသေတွေကို ပြန်လည်အသက်ဝင်လှုပ်ရှားလာအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ လူသားတွေအပေါ်မှာ တစ်ခါမှမသုံးဖူးပေမဲ့ ဖြစ်နိုင်တယ်လို့ကျွန်မမြင်တယ်။ ဒါပေမဲ့ လုပ်နိုင်တာနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာက မတူညီတဲ့ကိစ္စတစ်ခု။ သခင်လေးရဲ့အစွမ်းက သေသူတွေကို ပြန်သက်ဝင်စေပေမဲ့ အသက်ရှင်လာတာမျိုးမဟုတ်ဘူး။ အသက်သွင်းထားတဲ့ဖုတ်ကောင်တွေမှာ သွေးခုန်နှုန်းမရှိ၊ နှလုံးခုန်နှုန်းမရှိနဲ့ ဆက်ပြီး အသက်ရှင်နေဖို့ဆိုရင် သခင်လေးက သူတို့ကိုနေ့တိုင်း စွမ်းအင်ပြန်ဖြည့်ပေးဖို့လိုပြန်တယ်။ ဒီလိုပုံစံမျိုးနဲ့ သခင်ကြီးက ဆက်အသက်ရှင်ချင်ပါ့မလား။

“ငါ့ရဲ့သားအကြီး လောဟန်ဗင်းဆင့်က ဘဝမှာ ဘာကိုမှ အောင်အောင်မြင်မြင်လုပ်ဖူးတဲ့သူမဟုတ်ဘူး။ အရက် သေစာကို အလွန်အကျူးစွဲလမ်းနေသူဖြစ်ပြီး မိသားစုကို စီမံခန့်ခွဲဖို့အတွက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သားအရင်းဆိုတဲ့ဆက်နွယ်မှုကိုထောက်ထားပြီးတော့ ပဲရစ်မြို့ပေါ်က ကွန်ဒိုတိုက်ခန်းတစ်ခန်း၊ ကားဂိုထောင်ထဲက မာစီးဒီးကားနဲ့ ယူရိုနှစ်သန်းကို အမွေအဖြစ်ပေးအပ်မယ်။”

သခင်လောဟန် ဂျူနီယာက ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ကျေနပ်တဲ့ပုံမပေါ်ဘူး။ သူက သခင်ကြီးကို မကျေမနပ်ကြည့်ပြီးတော့ လေသံမာမာနဲ့ပြောတော့တာပဲ။

“အဖေ့လုပ်ငန်းတွေကရော ဘယ်မှာလဲ။ ဆေးဖိုးကြောင့် အကုန်လုံးရောင်းလိုက်ရပြီလို့တော့ မပြောနဲ့နော်။ လုပ်ငန်းတွေမရှိဘဲနဲ့ ကျုပ်က ဘယ်လိုလုပ်ပြီး ပိုက်ဆံရှာမှာလည်းဗျ။”

ရှေ့နေက သေတမ်းစာဖတ်ပြနေရင်းကနေ ရပ်လိုက်တယ်။ လောဟန်ဂျူနီယာက သူဆက်ဖတ်လို့မရလောက်အောင်ကို ဆူညံ့နေတာကိုး။ သခင်မ ပီချူနီးယားကတော့ နားရွက်တက်ချိတ်အောင် ပြုံးနေပြီး သူ့အစ်ကိုကို နှစ်သိမ့်တဲ့အနေနဲ့ ပခုံးပုတ်ပေးပါတယ်။ ဒါပေမဲ့ စိတ်ရင်းတော့မပါ။ အမွေတွေ သူအကုန်ရတော့မှာဆိုတဲ့သဘော။

ရှေ့နေကတော့ သူတို့နှစ်ယောက်ကို ဆန်ကုန်မြေလေးတွေဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး စာကိုဆက်ဖတ်တယ်။

“ငါ့ရဲ့သမီးငယ် ပီချူနီးယားကတော့ အသုံးအဖြုန်းကြီးလွန်းပြီး အလှမက်တယ်။ အိမ်ထောင်လေးဆက်ရှိပြီး အခုထိဘယ်ယောက်ျားကိုမှ အတည်မတွဲဖူးဘူး။ ရမ္မက်ကြီးပြီး အပျော်မက်လွန်းတယ်။ ရှေ့ရေးကိုစဥ်းစားကြည့်တော့ မိသားစုရဲ့အမွေခံဟာ အခုလိုဖြစ်နေလို့မရဘူးလို့ယူဆတယ်။ ဒါပေမဲ့ သားသမီးသံယောဇဥ်ကို ငဲ့ညှာပြီး လန်ဒန်မှာရှိတဲ့ နွေရာသီစံအိမ်နဲ့ ယူရိုငွေ ၂သန်းကို အမွေအဖြစ် ချန်ထားရစ်တယ်။”

“အဖေက ယူရိုသန်းတစ်ရာလောက် ချမ်းသာတယ် မဟုတ်ဘူးလား။ ဘာကြောင့်နှစ်သန်းတည်းလဲ။ အဖေက ကျွန်မတို့ကို လမ်းပေါ်မှာငတ်ပြတ်ပြီး သေစေချင်တာလား။”

အဲဒီနောက်တော့ ပီချူနီးယားက ငိုယိုပြီးတော့ သခင်ကြီးနားကိုသွား သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့သခင်ကြီးပခုံးကို လှုပ်ယမ်းတော့တာပဲ။

“သခင်မ၊ အဲဲဒီလိုလုပ်ဖို့မသင့်ပါဘူး။” ကျွန်မလည်း သူ့ကို တောင်းတောင်းပန်ပန်နဲ့ ပြန်ဆွဲခေါ်လာရတာပေါ့။ ရှေ့နေကတော့ မလှုပ်မယှက်ပါပဲ။ ဆက်ပြီးတော့ သေတမ်းစာကိုဖတ်တယ်။

“ငါ့ရဲ့သားငယ်ရိုဝင်ရဲ့ကလေး နက်ဆန် ဗင်းဆင့်က ငယ်သေးပေမဲ့ ပညာရေးထူးချွန်ပြီး လိမ္မာရေးခြားရှိတယ်။ အကြီးကိုအကြီးလိုသိပြီး လေးစားမှုရှိတယ်။ အလားအလာကောင်းတွေရှိနေတာမလို့ အနာဂတ်မှာ ထူးခြားတဲ့သူဖြစ်လာမယ်လို့ မျှော်လင့်ထားတာမလို့ ဗင်းဆင့်စံအိမ်၊ ယူရိုငွေသန်းလေးဆယ်နဲ့ မိသားစုပိုင် လုပ်ငန်းတွေကို လွှဲပေးခဲ့မယ်။ ဒါပေမဲ့ နက်ဆန်က ငယ်သေးတဲ့အတွက် သူ့ရဲ့အမွေထိန်းအဖြစ် အိမ်တော်ထိန်းမော်လီက အရွယ်မရောက်သေးခင်အထိ ဆောင်ရွက်ရမယ်။”

သခင်ကြီးက သခင်လေးကို အမွေလွှဲပေးမယ့်ကိစ္စကို ကျွန်မမျှော်မှန်းထားခဲ့ပြီးသားပါ။ ကျွန်မအမွေထိန်း ဖြစ်လာဖို့ကိုပဲ မျှော်မှန်းမထားခဲ့တာ။ ဩဇာရှိပြီး မိတ်ဆွေပေါများတဲ့ ဗင်းဆင့်မိသားစုခေါင်းဆောင် လောဟန်စီနီယာအဖို့ ရွေးချယ်မယ်ဆိုရင် တခြားသူမရှားပါဘူး။ ဒါပေမဲ့ သူက ကျွန်မကိုရွေးချယ်ခဲ့တယ်။

“ကောင်းရော၊ ရှိသမျှအမွေတွေအကုန်လုံးကို ဘာမဟုတ်တဲ့ကလေးနဲ့အိမ်ဖော်မကို ပေးခဲ့တယ်တဲ့လား။”

ဒါပေမဲ့ သေတမ်းစာက အသက်ဝင်နေပြီမလို့ အဲဲဒီနှစ်ယောက်လုံး ဘာမှလုပ်လို့မရခဲ့။ သေတမ်းစာ ဖတ်ပြတဲ့နေ့အပြီး နောက်တစ်ရက်မှာပဲ သခင်ကြီးက လုံးဝသတိလည်မလာတော့ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ သခင်ကြီးရဲ့စျာပနအခမ်းအနားပြီးနောက်မှာတော့ သူ့သားသမီးနှစ်ယောက်လုံး ဗင်းဆင့်စံအိမ်ကနေ ထွက်သွားကြပြီ။ အမွေကိုနည်းနည်းပဲရတယ်ဆိုပေမဲ့ ယူရိုနှစ်သန်းနဲ့အိမ်တစ်လုံးဆိုတာက တန်ကြေးကြီးနေတုန်းပဲ။ သူတို့သာ ဉာဏ်ရှိမယ်ဆိုရင် တစ်သက်လုံး သက်သောင့်သက်သာနဲ့နေသွားနိုင်မှာ။

သခင်ကြီးမရှိတော့တဲ့နောက်ပိုင်း စံအိမ်က အရင်ထက် ပိုပြီးခြောက်ကပ်သွားသလိုပဲ။ သခင်ကြီးရှိတုန်းကဆို အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေတွေက ကျွန်မတို့ဆီကို လာလည်တတ်ကြတယ်။ မှော်ပညာတွေနဲ့ ကျောင်းတော်တွေရဲ့လောကအကြောင်း ကျွန်မဘာမှ နားမလည်ပေမဲ့ အမှောင်ကျောင်းတော်ဟာ သခင်ကြီး သေဆုံးခြင်းနဲ့အတူ နစ်မြုပ်ပျောက်ကွယ်သွားသလိုပဲ။ အသစ်တက်မယ့်ခေါင်းဆောင်ကို ရွေးချယ်ခြင်းမရှိ၊ အဖွဲ့ဝင်တွေကလည်း ကြက်ပျောက်ငှက်ပျောက်။

...

မကြာခင်မှာ သခင်လေး အသက်ဆယ့်နှစ်နှစ်ပြည့်တော့မယ်။ လူပျိုဖော်ဝင်တော့မှာဖြစ်ပြီး ဆယ်ကျော်သက်ဘဝ စတင်ခဲ့ပါပြီ။ ကျွန်မလည်း အသက်ကရလာပြီ။ ဒီအိမ်ကို သခင်လေးထက် နည်းနည်းပဲကြီးတဲ့အရွယ်ကနေ စရောက်ခဲ့တာ အခုဆိုသုံးဆယ်ကျော်ပြီ။ မိန်းမပျိုလေးကနေ အဒေါ်လို့အခေါ်ခံရမယ့် အရွယ်ထဲဝင်လာပြီ။ ဒါပေမဲ့ သခင်လေးက ငယ်ငယ်ကအတိုင်း မမကြီးလို့ခေါ်နေတုန်း။

...

သခင်လေးရဲ့မွေးနေ့မတိုင်ခင်ည၊ မိုးသည်းတဲ့ ညဦးပိုင်းအချိန်မှာ ကျွန်မခုလိုတွေးမိတယ်။

“အင်း... သူ့မွေးနေ့မှာ တစ်ခုခုထူးခြားတာများ လုပ်ပေးရင်ကောင်းမလား။”

ကျွန်မစဥ်းစားမိတယ်။ သခင်လေးရဲ့အရင်မွေးနေ့တွေ အားလုံးကို ကျွန်မနဲ့သခင်လေး နှစ်ယောက်တည်းပဲ ဖြတ်သန်းခဲ့ရတာ။ သခင်လေးမှာ သူငယ်ချင်းမရှိသလို တခြားမိသားစုဝင်တွေလည်း ရှိမနေဘူးလေ။

“ ကိုယ်လက်သန့်စင်ပြီးပါပြီလား သခင်လေး။ ညစာစားဖို့အတွက် ပြင်လိုက်ပါ့မယ်။”

ကျောင်းကနေပြန်လာပြီး ရေသွားချိုးတဲ့သခင်လေး အိမ်အပေါ်ထပ်ကနေ အဝတ်အစားအသစ်နဲ့ပြန်ဆင်းလာတော့ ကျွန်မမေးလိုက်တယ်။ ဒါပေမဲ့ သူပြန်မဖြေရသေးခင်မှာပဲ အပြင်ကနေ တံခါးခေါက်သံ ကြားလိုက်ရလေရော။

ဒေါက်... ဒေါက်... ဒေါက်....

“ဘယ်သူပါလဲရှင့်။” ကျွန်မအိမ်တံခါးရဲ့မှန်ဘီလူးကနေ အပြင်ကိုကြည့်လိုက်တော့ ပီချူနီးယားနဲ့လောဟန်ဂျူနီယာတို့ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ နှစ်ယောက်လုံး မိုးမိထားပုံရပြီး တစ်ကိုယ်လုံးစိုရွဲနေတာပဲ။

“သခင်လေး၊ သခင်လေးရဲ့အဒေါ်နဲ့ဦးလေးပါ။ မိုးလည်းမိထားပုံပဲ။ ဝင်ခွင့်ပေးလိုက်ရမလား။”

သခင်လေးက စကားနည်းစွာနဲ့ပဲ ခေါင်းညိတ်ပြတဲ့အတွက် ကျွန်မတံခါးဖွင့်ပေးလိုက်တယ်။ အဲဒီနောက်တော့ အဲဒီနှစ်ယောက်က သခင်လေးရှေ့မှာဝပ်ဆင်းပြီး ငိုယိုတောင်းပန်ကြတော့တာပဲ။

“တူလေး၊ ဦးလေးတို့ကို ဒီအိမ်မှာနေခွင့်ပေးပါကွာ။ ငါ့မှာနေစရာမရှိ စားစရာမရှိနဲ့ နေ့တိုင်းဒုက္ခရောက်နေလို့ပါ။”

လောဟန်ဂျူနီယာက စုတ်ပြတ်နေတဲ့ အဝတ်အစားကိုဝတ်ထားပြီး ဆံပင်တွေလည်းရှည်လို့၊ ရှည်တဲ့ဆံပင်တွေကြားထဲမှာမှ ဆံပင်ဖြူတွေကို အတိုင်းသားမြင်နေရတယ်။ အရက်နံကလည်း တထောင်းထောင်း။ ကြည့်ရတာ ဒီအမှတ်မရှိတဲ့လူတော့ သူ့ငွေတွေကို နှစ်အနည်းငယ်အတွင်း အကုန်ကုန်အောင် ဖြုန်းတီးလိုက်နိုင်ပုံပဲ။

“တူလေးရယ်၊ ဒီက ဒေါ်လေးကိုလည်းသနားပါဦး။ ဒေါ်လေးရဲ့ရည်းစားကို ယုံမှတ်လို့ပုံအိပ်မိလိုက်တာ ဒေါ်လေးစည်းစိမ်တွေအကုန်လုံးကိုယူပြီး တခြားမိန်းမတစ်ယောက်နောက်လိုက်သွားပြီကွဲ့။”

ကြည့်ရတာ ဒီမိန်းမအိုကြီးကလည်း ကောင်လေးငယ်ငယ်လေးတွေကို အအမ်းလွန်ပြီး ဘဝပျက်လာပုံပဲ။

“အနည်းဆုံးတော့ ငါတို့အဖေ့အိမ်မှာ ပြန်နေပါရစေကွာ။”

သူတို့နှစ်ယောက်က ဗင်းဆင့်စံအိမ်ဟာ လောဟန်ဗင်းဆင့်ရဲ့အိမ်ဖြစ်လို့ သူတို့နေခွင့်ရှိသလိုမျိုး ပြောနေတာ။ ကျွန်မသဘောအရဆိုရင် နေခွင့်မပေးချင်ပေမဲ့ နှလုံးသားနူးညံ့တဲ့ သခင်လေးက ဝင်ပြောလာတယ်။

“ သူတို့ကို ခဏလောက်နေခွင့်ပေးလိုက်ပါ၊ မော်လီ။”

...

နောက်တစ်နေ့မနက်၊ သခင်လေးရဲ့မွေးနေ့ပွဲအတွက် ကိတ်မုန့်ကိုပြင်ဆင်ပြီး မုန့်ဖိုထဲ ကျွန်မထည့်ထားခဲ့တယ်။ သခင်နှစ်ယောက်ကတော့ သူတို့နေခဲ့တဲ့အခန်းဟောင်းတွေမှာပဲ နေနေကြတယ်။ ဒီကိစ္စကို ကျွန်မကအကောင်းမမြင်ပေမဲ့ အနည်းဆုံးတော့ သခင်လေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေ ရှိနေတော့ပိုကောင်းတာပေါ့လို့ ကျွန်မအကောင်းမြင်ကြည့်တယ်။

ဒီလိုနဲ့ကိတ်မုန့်ကျက်မယ့်အချိန်ကိုစောင့်နေရင်း အောက်ထပ်မှာ သန့်ရှင်းရေးစလုပ်ဖြစ်တယ်။ ပီချူနီးယားရဲ့အခန်းနားကို ကျွန်မဖြတ်လျှောက်မိတော့ အထဲကနေ သူတို့နှစ်ယောက်တိုးတိုးတိတ်တိတ်ကျိတ်ပြီး တိုင်ပင်နေတဲ့စကားတွေကို ကျွန်မကြားတော့တာပဲ။

“ဟဲ့... နင့်ဆေးက အလုပ်ဖြစ်ပါတယ်နော်။”

“ဖြစ်ပါတယ်ဟ၊ ဒီဆေးက တစ်စက်တည်းနဲ့တင် လူနှစ်ဆယ်လောက်ကို သတ်နိုင်တဲ့ဆေးပဲ။ အရောင်မရှိ အနံမရှိနဲ့ ဆေးပညာနဲ့စစ်ရင်တောင် ကျောက်ကပ်ပျက်စီးပြီး သေတယ်လို့ပဲ အဖြေထွက်လာမှာ။”

‘အဆိပ်လား... ဘာအတွက်လဲ။’ ကျွန်မလည်း စိတ်ထဲ ထင့်သွားပြီး တံခါးနားကပ်နားထောင်ဖြစ်တယ်။

“ညီမသာ ဥပဒေအကြောင်းအရ ငါတို့အမွေရအောင် လုပ်စမ်းပါ။”

“မပူပါနဲ့၊ အမွေဆိုတာ အောက်မှာဆက်ခံသူမရှိရင် အထက်ကိုဆန်တယ်။ ကောင်လေးရော ဟိုအိမ်ဖော်မရောကို ငါတို့ရှင်းလိုက်တာနဲ့ ကိစ္စပြီးပြီ။ ပြီးတော့ ဒီနယ်ဘက်က ပြင်သစ်မှုခင်းရဲတွေကိုလည်း ငါတို့ပိုင်တာပဲဥစ္စာ။”

“ဟိဟိ... ဒီအိမ်ကြီးက အစ်မပြောသလိုဆိုရင် ရီနေးဆန့်ခေတ်က နာမည်ကြီးဗိသုကာပညာရှင်ရိုးဖွတ် ဆောက်ခဲ့တာမဟုတ်လား။ ဒီအိမ်ကိုရောင်းလိုက်ရင် ယူရိုသန်းတစ်ရာလောက်တော့ အသာလေးပဲ။ အဲဒီငွေနဲ့ အကြွေးဆပ်ကြတာပေါ့။”

‘သခင်လေးမှာ အန္တရာယ်ရှိနေပြီ...’ ကျွန်မ ဒီလူတွေကို လျှော့တွက်ခဲ့မိတာပဲ။ ဒီလူတွေက ကလေးတစ်ယောက်ကိုတောင် ချမ်းသာမပေးချင်ကြဘူး။

ကျွန်မတစ်ယောက်တည်း ဒီကိစ္စကို ကိုင်တွယ်နိုင်မှာမဟုတ်လို့ ရဲကိုဖုန်းဆက် အကြောင်းကြားဖို့ အကြံရလာတယ်။ ဒီလိုနဲ့ လှေကားရင်းက တယ်လီဖုန်းဆီကို အမြန်ဆုံးပြေးခဲ့ပေမဲ့ မထင်မှတ်ထားဘဲ လမ်းမှာ ပန်းအိုးတစ်လုံးကို ကျွန်မဝင်တိုက်လိုက်မိတယ်။

ခလွမ်း...

“ဘယ်သူလဲ...” ပီချူနီးယားနဲ့လောဟန် ဂျူနီယာနှစ်ယောက်လုံးက တံခါးကိုချက်ချင်းဖွင့်ပြီး ကြည့်လိုက်တယ်။ ကျွန်မကလည်း သူတို့နဲ့ မနီးမဝေးမှာ ရှိနေတုန်းပဲ။

“မင်္ဂလာနံနက်ခင်းပါ... သခင်နဲ့သခင်မဗင်းဆင့်တို့။” ကျွန်မက သူတို့ကို ဘာမှမဖြစ်သလိုမျိုးနှုတ်ဆက်လိုက်ပေမဲ့ လောဟန်က ပန်းအိုအကွဲကိုမြင်ပြီးနောက် မျက်နှာကွက်ခနဲပျက်သွားပြီး...

“ ပီချူနီးယားရေ... ဒီဟာမ ငါတို့ပြောတာကို ကြားသွားတာ သေချာပြီ။” လို့ ပြောလိုက်ပါလေရာ။

All Chapters