← Chapters

ငရဲတံခါးသော့

Vol. 6 Ch. 274

ငရဲတံခါးသော့

Vol. 6 Ch. 274

ဆားဗီးရပ်က ကွန်စတန်တီနိုပယ်မြို့ကောင်းကင်ယံမှာရပ်နေပြီး မြေပြင်ကိုငုံကြည့်လိုက်တယ်။ မြို့ကြီးတစ်ခုလုံးကို နီညိုရောင် တိမ်တိုက်တွေက ဖုံးလွှမ်းထားပြီး ရွှေအိုရောင်ဝင်္ကပါမှော် သင်္ကေတတွေကတော့ မြို့ရိုးတွေမှာတောက်ပလို့နေပါတယ်။ မြို့အတွင်းအပြင်နှစ်ခုလုံးမှာ လှုပ်ရှားသွားလာနေတဲ့ လူရိပ်လူယောင်လုံးဝမတွေ့ရဘဲ မွန်းကျပ်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းလို့နေပါတယ်။

“တစ်မြို့လုံးက လူသားတွေကို အမြဲတမ်းဝတ်ပြုနေရုံကလွဲလို့ ဘာမှမသိတော့တဲ့လူတွေအဖြစ် ပြောင်းလဲပစ်လိုက်တာလား။”

ဆားဗီးရပ်ရဲ့မျက်လုံးတွေက မြို့ထဲမှာရှိနေတဲ့ ဘုရားကျောင်းတွေ ဆီကနေထွက်ပေါ်နေတဲ့ ရွှေရောင်စွမ်းအင်စီးကြောင်းတွေကို သေချာစောင့်ကြည့်နေတယ်။ အဲဒီစွမ်းအင်တွေထဲကတချို့က မြို့အကာအကွယ်အစီအရင်ထဲကိုစီးဝင်သွားပြီး တခြားတစ်ခုက တိမ်တိုက်တွေထဲကိုစီးဝင်ကာ နီညိုရောင်တိမ်တိုက်တွေကို ပိုမိုကြီးထွားလာအောင် ကူညီပေးလို့ပေါ့။

“ကိုးကွယ်ယုံကြည်မှုစွမ်းအားကို ငရဲစွမ်းအားအဖြစ် ပြောင်းလဲပစ်တာ။ အဲဒီပီးယပ်က တကယ်အတည်ကြီး လုပ်နေတာပဲ။”

ဆားဗီးရပ် ဒီလိုကောက်ချက်ချလိုက်တဲ့အချိန်မှာပဲ မြို့ထဲကနေ ဥက္ကာပျံတစ်ခုရဲ့အရှိန်နဲ့ပြေးထွက်လာတဲ့ အရာတစ်ခုက သူ့ဆီကို ချဥ်းကပ်လာတယ်။ သေချာကြည့်လိုက်တော့ သွေးနီရောင် တောင်ပံသုံးစုံကို အားပြုပြီးပျံသန်းနေတဲ့ နီကိုလက်ပါ။ သူ့အရှိန်က နောက်ဆုံးပေါ် အသံထက်မြန်တဲ့တိုက်လေယာဥ် တစ်စင်းနဲ့ယှဥ်နိုင်လုနီးပါးပဲ။

“အစ်မတော်ကို လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်။” နီကိုလပ်ရဲ့လှံက ရွှေရောင်စွမ်းအားတွေဖြာထွက်နေရမယ့်အစား သွေးနီရောင်စွမ်းအားတွေသာ ဖြာထွက်လို့။ ဆားဗီးရပ်ကတော့ အဲဒီမြင်ကွင်းကို ထီမထင်ဟန်ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ရွှေရောင်စွမ်းအားတွေနဲ့ အလင်းဓားတစ်ချောင်းကို ဖန်တီးကာ ခုခံလိုက်တယ်။

ဖောင်း....

လေထုပေါက်ကွဲသံတစ်ချက်နဲ့အတူ ဆားဗီးရပ်ရဲ့ဝတ်ရုံဟာ ပြင်းပြင်းထန်ထန်လှုပ်ခါသွားပေမဲ့ ဘာဒဏ်ရာမှမရခဲ့ပါဘူး။ သူ့ရဲ့အလင်းဓားက နီကိုလပ်ရဲ့လက်ထဲက အစစ်အမှန်လှံတံကို တားဆီးလိုက်နိုင်တယ်။

“ကိုယ်ပိုင်စွမ်းအားနဲ့မဟုတ်ဘဲ ဒီအဆင့်ထိရောက်လာတဲ့ နောက်တစ်ယောက်လား။ မင်းက ငါ့ဓားထုတ်ဖို့တောင် မထိုက်တန်ဘူး။”

ဟုတ်တယ်၊ ဆားဗီးရပ်က သူ့ဓားကိုဓားအိမ်ထဲကမထုတ်ဘဲ လေထုထဲမှာပဲ အတောင်ပံမပါဘဲ ဆွဲငင်အားကိုဆန့်ကျင်ပြီး ရပ်နေခဲ့တာ။ သူ့လက်ထဲက အလင်းဓားက သူ့နှလုံးသွေးဆီက လာခဲ့တာ။

ဘုန်း....

ဆားဗီးရပ်က နီကိုလက်ကို ညာခြေနဲ့ကန်လိုက်တယ်။ နီကိုလက်က အဲဒီကန်ချက်ကို လှံနဲ့တားဆီးလိုက်ပြီး နောက်ကိုပြန်ဆုတ်တယ်။ အဲဒီနောက် ဆားဗီးရပ်ကို အခဲမကျေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး

“ငါက မင်းရဲ့ပြိုင်ဖက်မဟုတ်ဘူးဆိုရင်တောင် ဒီတစ်မြို့လုံးက လူတွေရဲ့ပြိုင်ဖက်ဖြစ်နိုင်မှာလား။ ကိုးကွယ်ယုံကြည်မှု စွမ်းအားတွေ ငါ့ဆီလာခဲ့။”

နီကိုလက်က သူ့အင်္ကျီအိတ်ထဲကနေ ရွှေရောင်လက်ဝါးကပ်တိုင် တစ်ခုကိုထုတ်လိုက်တယ်။ ကွန်စတန်တီနိုပယ်မြို့ကိုကာကွယ် ပေးထားခဲ့တဲ့ အထိုင်ချအစီအရင်ဝင်္ကပါက ချက်ချင်းဆိုသလို အသက်ဝင်လာပြီး ရွှေရောင်စွမ်းအားပမာဏများစွာကို နီကိုလက်ဆီ တိုက်ရိုက်ထိုးသွင်းလိုက်တယ်။

နီကိုလက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာပြီး သူ့ကျောနောက်က တောင်ပံတွေဟာလည်း တစ်ဖက်ကို ပေနှစ်ဆယ်ကျော်လောက်အထိ ရှည်လျားလာခဲ့ပါပြီ။

“အပြစ်သားကို သတ်....” ဒီအချိန်မှာတော့ နီကိုလပ်ရဲ့လေသံက လူတစ်ယောက်တည်းပြောနေတဲ့လေသံနဲ့မတူညီတော့ဘဲ တစ်မြို့လုံးကလူသားတွေတစ်ပြိုင်နက်တည်း ပြောလိုက်တဲ့ လေသံနဲ့ဆင်နေတယ်။ ဒါပေမဲ့ ဆားဗီးရပ်ကတော့ သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ အဲဒီမြင်ကွင်းကိုကြည့်ရင်း စတင် ရယ်မောလိုက်ပါတော့တယ်။

“ဟားဟားဟား... နောက်ထပ်ပြင်ပအကူအညီတွေလား။ တကယ့်စွမ်းအားအစစ်အမှန်ဆိုတာ ဘာလဲပြပေးရသေးတာပေါ့။”

ဆားဗီးရပ်က သူ့လက်ထဲက အလင်းစွမ်းအင်ဓားကိုလက်နဲ့ ထိတွေ့လိုက်တယ်။ ရိုးရိုးအလင်းဓားက ရွှေရောင်မီးလျံတွေနဲ့ တောက်ပလာခဲ့ပြီး ကောင်းကင်မှာ ဒုတိယနေမင်းကြီးတစ်ခု ဖွားမြင်လာသလိုပါပဲ။ အဲဒီနောက်တော့ သူက နီကိုလပ်ဆီကို ရူးသွပ်စွာနဲ့ပြေးဝင်သွားခဲ့ပါပြီ။

“ငါက လေ့ကျင့်မှုဆိုတာ ဘာမှန်းမသိဘဲ ကိုယ့်ကိုယ်ကိုယ် စစ်သည်လို့ခေါ်နေတဲ့ကောင်တွေကို အမုန်းဆုံးပဲကွ။”

ဘုန်း....

အဟုန်တဟီးဟီးတောက်ပနေတဲ့ အလင်းဓားသွားက နီကိုလက်ရဲ့ ပခုံးကာပေါ်ကို ကျဆင်းသွားတယ်။ နီကိုလက်က သူ့လှံနဲ့တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ဆားဗီးရပ်ကမြန်လွန်းခဲ့တယ်လေ။ ပခုံးကာက တစ်စစီပြိုကွဲသွားပြီး နီကိုလက် ကောင်းကင်ပေါ်က နေပြုတ်ကျတယ်။

မြေပြင်မှာရှိနေတဲ့ အဆောက်အဦးပေါင်းများစွာ တစ်စစီဖြစ် ဖုန်မှုန့်အဖြစ်ပြောင်းသွားပြီးနောက် သူတို့နှစ်ယောက်ကိုဗဟိုပြုပြီး အပျက်အစီးကွင်းပြင်ကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။

နီကိုလက်က ပခုံးကိုကြည့်လိုက်တယ်။ အသစ်တိုးဝင်လာ​နေတဲ့ စွမ်းအားတွေကသူ့ ပခုံးကာကို ပြုပြင်ပေးလိုက်တယ်ဆိုပေမဲ့ မြို့ကိုဖုံးလွှမ်းထားတဲ့ စွမ်းအားတော်တော်များများကျဆင်းသွားတာ ခံစားမိလိုက်တယ်။

“မင်းက ငါ့ပြိုင်ဖက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး။”

မြေပေါ်ရောက်တာနဲ့ ဆားဗီးရပ်က မြေပြင်ကိုခြေဆောင့်ကန်ပြီး နီကိုလပ်ဆီကိုပြေးဝင်လာပြန်တယ်။ နီကိုလက်က လှံကိုသုံးပြီး သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုခြားထားဖို့အတွက် ကြိုးစားပေမဲ့အလားပါပဲ။

ချလွမ်....

နီကိုလက်ထက် နှစ်ဆလောက်မြန်နေတဲ့ဆားဗီးရပ်က နီကိုလက်ရဲ့ချပ်ဝတ်ရင်ကာကို ညာပင့်ခုတ်ချက်တစ်ခုနဲ့အတူ ဖျက်ဆီးပစ်လိုက်တယ်။ နောက်ထပ်စွမ်းအင်တွေအများကြီး စီးဝင်နေသေးပေမဲ့ ချပ်ဝတ်ကိုပြန်ပြင်ဖို့နောက်ကျသွားခဲ့ပါပြီ။

“သုံးချက်ပဲ... သုံးချက်ပဲ မင်းခံနိုင်တာလား။ လူသန်းပေါင်းများစွာဆီက စွမ်းအားတွေရထားတောင်မှလေ။”

ဆားဗီးရပ်က အလင်းဓားကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်တယ်။ အလင်းဓားရဲ့အရွယ်အစားက နှစ်ဆတိတိကြီးထွားလာနေပြီး မြေပြင်ကျောက်သားတွေ အက်ကွဲကုန်တယ်။ အနီးအနားမှာရှိတဲ့ ကားတွေက သတ္တုတွေအရည်ပျော်ကုန်ပြီး ပြတင်းပေါက်မှန်တွေ အက်ကွဲကုန်တယ်။ နီကိုလက်က ရှောင်ဖို့ကြိုးစားပေမဲ့ နောက်ကျသွားပြီ။ ဆားဗီးရပ်ရဲ့ဓားဦးက သူ့နှလုံးသားဆီကို တည့်တည့်တိုးဝင်လာခဲ့ပြီမဟုတ်လား။

ဘုန်း...

....

သီရာ သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ တကယ်တော့ နီကိုလက် ထွက်သွားကတည်းက သူ့စိတ်ထဲမှာလေးပင်နေခဲ့တာပါ။ ဒါကြောင့် စောင့်နေပါလို့ အတန်တန်မှာထားကတည်းက အိပ်ရာပေါ်ကနေ အားယူထပြီး စားပွဲပေါ်က မြင့်မြတ်လေးကိုယူလို့ အခန်းအပြင်ကို ထွက်လာခဲ့တာ။

အပြင်ထွက်ထွက်ခြင်းမြင်လိုက်ရတာကတော့ သွေးနီရောင် တိမ်တိုက်တွေပြည့်နှက်နေတဲ့ ကောင်းကင်ယံပေါ်မှာရှိနေတဲ့ တိုက်ပွဲပါပဲ။

ဘုန်း....

“မဖြစ်ဘူး....” ဆားဗီးရပ်ရဲ့ဓားချက်ကြောင့် နီကိုလက်ပြုတ်ကျတာ မြင်လိုက်ရချိန်မှာတော့ သီရာမနေနိုင်တော့ဘူး။ ရှိသမျှခွန်အားကုန် အသုံးပြုပြီးတော့ ပြုတ်ကျသွားတဲ့နေရာကို ပြေးသွားဖြစ်ခဲ့တယ်။

သူ့မျက်စိရှေ့မှာတင် မြို့တစ်ဝက်လောက်က ပြာဖြစ်သွားခဲ့ပြီး နှစ်ပေါင်းထောင်ချီရှိနေခဲ့တဲ့ မြို့တံတိုင်းကြီးတွေ အုတ်ပုံတွေအဖြစ် ပြိုလဲကျသွားတာကို မြင်ခဲ့ရပေမဲ့ မျှော်လင့်ချက်တစ်ခဲ့အတူ ရှေ့ကိုဆက်နေဆဲပါ။

“မောင်လေး၊ နင်သေသွားလို့မဖြစ်ဘူး။ ဘာလို့ဒီလောက်တောင် မိုက်မဲရတာလဲ။”

နီကိုလက်အကြောင်းတွေကိုတွေးမိတဲ့အခါတိုင်း နီကိုလက်ရဲ့ အသံကို သီရာကြားယောင်လာမိတယ်။ နီကိုလက်ဟာ သူ့အတွက် ထူးခြားတဲ့လူတစ်ယောက်ပါ။ တခြားသူတွေက သူ့ကို သူတော်စင်တစ်ယောက်၊ သန့်စင်တဲ့မိန်းမပျိုတစ်ယောက်လို့ မြင်ခဲ့ပေမဲ့လို့ နီကိုလက်ကတော့ သီရာ့ကို သီရာလို့ပဲမြင်ခဲ့တာ။

နီကိုလက်အတွက်တစ်ယောက်တည်းသော မိသားစုဝင်ဟာ သီရာဖြစ်သလို သီရာအတွက်လည်းအလားတူပါပဲ။

ဒါကြောင့် သူစိုးရိမ်မိတယ်။

“မောင်လေး၊ နင်အရူးမဟုတ်ဘူးမလား။ နင်သူ့ကို မနိုင်ဘူးဆိုရင် သိသိချင်းထွက်ပြေးမယ်မဟုတ်လား။ နင့်မှာအဲဒီစွမ်းအားရှိတယ်။ သူက နင့်အတွက်လာတာမဟုတ်ဘူးလေ။ ကလဲ့စားချေချင်စိတ်ကို မေ့ထားပြီး ထွက်ပြေးတော့။”

သီရာက လာရာလမ်းတစ်လျှောက်မှာ အရူးတစ်ယောက်လိုမျိုး တတွတ်တွတ်ပြောနေခဲ့တယ်။ ဒါပေမဲ့ အပျက်အစီးတွေအပြည့်နဲ့ ကွင်းပြင်ဆီကို ရောက်ရှိချိန်မှာတော့ မျှော်လင့်ချက်တွေအားလုံး တစ်စစီကြေမွလို့။

“မောင်လေး....” သီရာ လူတစ်ယောက်ဆီကိုပြေးသွားခဲ့တယ်။ လူတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အရာတစ်ခုလို့ပြောရမလား။

ကွင်းပြင်ရဲ့အလယ်မှာရှိတဲ့ ကျောက်သားကြမ်းပြင်ဟာ ပြင်းထန်တဲ့အပူချိန်နဲ့ထိတွေ့ခဲ့ရဟန် မည်းနက်လို့နေတယ်။ အဲဒီကြမ်းပြင်ရဲ့အပေါ်မှာတော့ ဒူးထောက်နေဟန် အနက်ရောင် ရုပ်ထုတစ်ခုရှိနေခဲ့တယ်။

သီရာအနားကို တဖြည်းဖြည်းတိုးကပ်သွားခဲ့တယ်။ အတူးလွန်တဲ့ အသားညှော်နံက မသတီဖွယ်ရာသူ့နှာခေါင်းထဲတိုးဝင်လာတယ်။ သူ့ရဲ့အသိစိတ်က အဲဒီအရာကိုရုပ်ထုတစ်ခုလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားဖို့ကြိုးစားနေပေမဲ့ မသိစိတ်ကတော့ အမှန်တရားကို ပြောပြလို့နေပါတယ်။

“မဖြစ်ရဘူး... မဖြစ်ရဘူး... မောင်လေးက အစ်မနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ အချိန်တွေအများကြီး ရှိနေသေးတာလေ။”

သီရာက အဲဒီရုပ်ထုရဲ့မျက်နှာကို လက်ဖဝါးနဲ့ဖွဖွလေးထိတယ်။ လက်မှာပူခနဲခံစားလိုက်ရပြီး ဟန်ချက်ပျက်သွားခဲ့တဲ့လူပုံသဏ္ဍာန် ပြာပုံကတော့ ကျိုးပဲ့ပြီးမြေပေါ်အပုံလိုက် ပြိုလဲသွားခဲ့တာပေါ့။

“နီကိုး... နီကိုး... နင်အဲဒီလိုအဆုံးသတ်သွားလို့မဖြစ်ဘူးလေ။” သီရာက ကြမ်းပြင်မှာဒူးထောက်ချလိုက်တယ်။ ကျောက်ပြားဟာ လူသားတစ်ယောက်ရဲ့အသားအရေကို လောင်ကျွမ်းစေနိုင်တဲ့အထိ ပူလောင်နေဆဲပဲဆိုတာကို သူလစ်လျူရှုထားရင်း ပြာပုံထဲကို လက်နှိုက်ကာ မရှိတော့တဲ့လူတစ်ယောက်ကို လိုက်ရှာနေခဲ့တယ်။

“နီကိုး... စမနေနဲ့တော့လေ၊ ထွက်လာခဲ့တော့။ မဟုတ်ရင် အစ်မတကယ်စိတ်ဆိုးတော့မှာ။”

သီရာရဲ့လေသံက တုန်ယင်နေတယ်။ မျက်ရည်တွေစီးကျ မလာပေမဲ့ သူ့မျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် ပြူးကျယ်လာခဲ့ပြီး အတင်းလုပ်ယူထားတဲ့အပြုံးကလည်း တစ္တေသရဲတစ်ကောင်လိုပဲ။ သီရာဟာ သိသာနေတဲ့အမှန်တရားကို မယုံကြည်ဖို့အတွက် အတင်းကြိုးစားနေသူတစ်ယောက် ဖြစ်နေခဲ့ပြီမဟုတ်လား။

“တူတူပုန်းတိုင်းကစားမယ်ဆိုရင်လည်း အစ်မကိုပြောမှပေါ့။”

ဒါပေမဲ့ လက်တွေ့ဘဝကြီးက ရက်စက်လွန်းတယ်။ သီရာရဲ့ညာဖက်လက်က ကြမ်းပြင်မှာကျနေတဲ့ သတ္တုလှံကို စမ်းသပ်မိသွားခဲ့တယ်။ သတ္တုတချို့အရည်ပျော်သွားလို့ ပုံပျက်​နေတဲ့ အစစ်အမှန်လှံကိုမြင်ရချိန်မှာ သီရာတစ်ကိုယ်လုံး ဆတ်ခနဲ​တုန်သွားတယ်။

သူ့မျက်နှာပေါ်မှာ ကြောက်ရွံတဲ့ ခံစားချက် အရိပ်အယောင်တချို့ ဖြတ်သန်းသွားခဲ့ပါပြီ။

‘နင်မရှိဘဲ ဒီဘဝကြီးကို ငါဘယ်လိုခရီးဆက်ရမှာလဲ။' ‘နင်ငါ့ကို တကယ်ထားပြီး ထွက်သွားခဲ့တာလား။'

အဲဒီနောက် သူ့ခံစားချက်တွေက ဝမ်းနည်းမှုအဖြစ်ကိုပြောင်းလဲပြီး ညာဖက်ပါးပြင်ပေါ်ကို မျက်ရည်တစ်စက်စီးကျလာခဲ့တယ်။ မျက်နှာပေါ်ကအပြုံးလည်းပျောက်သွားခဲ့ပြီ။ အပြီးသတ်မှာတော့ ပြာတွေနဲ့ပေကျံနေတဲ့သူ့ကိုယ်သူပွေ့ဖက်ထားရင် ရင်ကွဲလုမတတ် အော်ဟစ်လိုက်ပါတော့တယ်။

....

ဆားဗီးရပ်က ဘုရားကျောင်းရဲ့ပင်မဝတ်ပြုခန်းမဆောင်ကို သွားတဲ့လှေကားတွေအတိုင်း တက်လာခဲ့တယ်။သူ့လက်ကို ဓားရိုးပေါ်တင်ထားပြီး သွားပေါ်လုမတတ်ပြုံးထားပါတယ်။

“အဖွား၊ နောက်ဆုံးတော့ ကျွန်တော်အဖွားအတွက် လက်စားချေပေးနိုင်တော့တယ်။”

ရဟန်းမင်းကြီးပီးယပ်က အရင်မျိုးဆက်ဓားသူတော်စင်ဖြစ်သလို သူ့ဆရာလည်းဖြစ်တဲ့ မွေးစားအဖွားကို သတ်ခဲ့တယ်။ အခုတော့ ဆားဗီးရပ်ဆိုတဲ့သူဟာ လက်ရှိကမ္ဘာမှာလူသားတစ်ယောက် ရယူနိုင်တဲ့ အမြင့်ဆုံးစွမ်းအားအဆင့်ကိုရရှိခဲ့ပြီး သူ့ရန်သူဆီကို ချီတက်လာနိုင်ခဲ့ပြီလေ။

“ပီးယပ်ရေ... မင်းရဲ့သေမင်းလာနေပြီ။ လှလှလေးသေဖို့ ပြင်ထား။” ဆားဗီးရပ်က ရယ်သံတစ်ဝက်နဲ့ဒီစကားတွေကို ရေရွတ်နေခဲ့တာ။ စကားဆုံးတဲ့နောက်မှာတော့ နှုတ်ခမ်းကို လျှာနဲ့သတ်လိုက်ပြီး သွေးဆာနေတဲ့လေသံနဲ့...

“အော်... ငါက မင်းကိုအပိုင်းပိုင်းဖြတ်ပြီး မီးကင်ပစ်မှာပဲ။ ဒီတော့ မသာလှလှလေး ဘယ်ဖြစ်တော့မလဲ။ ဟားဟားဟား....”

ဆားဗီးရပ်က ရယ်မောနေရင်းနဲ့ လှေကားထစ်နောက်တစ်ထစ်ကို တက်လိုက်တယ်။ သူ့ရှေ့မှာ ဝတ်ပြုခန်းမကြီးကိုမြင်နေရပါပြီ။ ခန်းမကြီးရဲ့တံခါးရှေ့မှာတော့ သွေးစွန်းဘုန်းတော်ကြီးက လက်ပိုက်ပြီးရပ်နေတယ်။ သူ့မျက်နှာအမူအရာကနေ သူ့ရည်ရွယ်ချက်ကို သိမြင်နိုင်ဖို့က ခက်ခဲလွန်းပါဘိ။

“ သွေးစွန်းဘုန်းတော်ကြီး... ခင်ဗျားက ကျုပ်ကိုတားမလို့လား။”

သွေးစွန်းဘုန်းတော်ကြီးက ခေါင်းကိုခါပြလိုက်တယ်။ သူက “ငါမင်းကို မတားနိုင်ဘူး။ ဒါပေမဲ့ ငရဲတံခါးအတွက်သော့က မငြှိမ်းသတ်နိုင်တဲ့ အမုန်းတရားဖြစ်ပြီး ဥယျာဥ်တော်ရဲ့သော့က နတ်တမန်ရဲ့နှလုံးသားဖြစ်တယ်ဆိုတာ မင်းကိုအသိပေးမလို့ပါ။”

သွေးစွန်းဘုန်းတော်ကြီး ပြောလို့ပြီးတော့ ဆားဗီးရပ်က သူ့ဆံပင်တွေကိုလက်နဲ့ဆုပ်ကိုင်ရင်း ရယ်မောလိုက်ပါပြီ။

“ခင်ဗျားက ကျုပ်ကို ကိုယ့်သေတွင်းကိုယ်တူးနေတယ်လို့ ပြောတာလား။ ခင်ဗျား ကျုပ်ကို မတားနိုင်ရင်ဖယ်စမ်း။ ကျုပ် အဲဒီငမိုက်သားကို ဘယ််လိုဆွဲဖြဲမလဲဆိုတာကို ချောင်မှာကပ်ပြီး ကြည့်နေ။”

သွေးစွန်းဘုန်းတော်ကြီးက သက်ပြင်းချလိုက်တယ်။ အဲဒီနောက် ဆားဗီးရပ်ကို ဘာမှမပြောတော့ဘဲ ခန်းမတံခါးရှေ့ကနေဖယ်လို့ ဘုရားကျောင်းလှေကားထစ်တွေအတိုင်း အသာတကြည် ဆင်းသွားခဲ့ပါတယ်။

ဆားဗီးရပ်ကတော့ ဧရာမတံခါးကြီးနှစ်ချပ်ပေါ်ကို လက်တင်ပြီး အားနဲ့တွန်းဖွင့်လိုက်တော့တာပေါ့။

“ပီးယပ်ရေ... ကျုပ်ဝင်လာပြီနော်။”

All Chapters