← Chapters

ဆယ်ဗီ ခိုးရာလိုက်ပြေးသွားပြီ

Vol. 4 Ch. 217

ဆယ်ဗီ ခိုးရာလိုက်ပြေးသွားပြီ

Vol. 4 Ch. 217

ပေါ်... ပေါ်....

ဥရောပညအိပ်ရထားကြီးကတော့ ဂျုံးဂျုံးဂျက်ဂျက်နဲ့ ပန်းတိုင်ရှိရာနေရာကို ဆက်သွားနေတော့တာပေါ့။ အပြင်ကို ကြည့်လိုက်မယ်ဆိုရင် မှောင်မိုက်နေပြီဖြစ်ပြီးတော့ ဖြတ်သွားတဲ့ မြို့ငယ်လေးတွေရဲ့ဗသုကာပုံစံတွေလည်း ပြောင်းလဲသွားခဲ့ပါပြီ။ အတော်များများက တစ်ပုံစံတည်း စက်ရုံကနေထုတ်ထားသလိုမျိုး ကျဥ်းကျဥ်းကျပ်ကျပ် တိုက်ခန်းလေးတွေရယ်။

“ပိုလန်က ဗိသုကာပုံစံတွေက ပျင်းစရာကြီးနော်။”

ကျွန်မ ရေရွတ်လိုက်ရင်းနဲ့ စားပွဲရှေ့ကိုပြန်ကြည့်မိတယ်။ အခုကျွန်မက ရထားပေါ်က ညစာစားတွဲခန်းထဲရောက်နေတာ ဖြစ်ပါတယ်။ ဟင်းပွဲတွေကတော့ ရောက်မလာသေးပါဘူး။ ကျွန်မရှေ့မှာတော့ ပါစီဗယ်ရှိနေတာ။ သူက သားရေ မျက်နှာဖုံးသက်သက်အုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေရင်းကနေ သက်ပြင်းချလိုက်တယ်။

“ကြည့်ရတာ တခြားရွေးစရာမရှိတော့ဘူးပဲ။” လို့တောင် ပြောလိုက်သေးတာ။

ကျွန်မကတော့ ခါတိုင်းပျော်ပျော်နေတတ်တဲ့ ပါစီဗယ်ကို အခုလိုလေးနက်တဲ့ပုံစံမျိုးနဲ့ ထပ်တွေ့ရမယ်ထင်မထားတဲ့ အတွက်ကြောင့် ပြုံးလိုက်မိတာပေါ့။

“ပါစီဗယ်၊ ရှင်တစ်နေ့တစ်နေ့ ဘာစာအုပ်တွေ ဖတ်နေတာလဲဟင်။ အရင်က အဲဒီလိုမဟုတ်ပါဘူး။”

ကျွန်မ စကားနှိုက်ကြည့်တော့ ပါစီဗယ်က သူ့စာအုပ်ကို မြူတွေထဲ ပြန်သိမ်းထားလိုက်ရော။ အဲဒီနောက်မှာတော့ ရှက်နေတဲ့မိန်းကလေးလိုပုံစံမျိုးနဲ့ ကျွန်မကိုပြောပြတယ်။

“စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ မဒမ်မူဆဲဆယ်ဗီရဲ့။ ကျွန်တော်က အခုခေတ်မိန်းကလေး... အဲလေ... လူတွေနဲ့ အတော်လေးအဆက်ပြတ်နေတော့ သူတို့ကိုနားလည်အောင် စာဖတ်နေတာ။”

တွေးကြည့်ခါမှ ပါစီဗယ်က ဒုတိယကမ္ဘာစစ်ကာလပိုင်းမှာ ကြီးပြင်းလာတဲ့သူလေ။ ကျွန်မတို့တွေခေါ်တတ်ကြတဲ့ Boomer ဆိုတဲ့လူကြီးမျိုးဆက်မဟုတ်လား။ ဒါပေမဲ့ သူကငယ်ရွယ်ပြီး ပျော်တတ်တဲ့ပုံပေါက်နေတော့ အဲဒီလိုမတွေးခဲ့မိတာရယ်။

“သုံးဆောင်ပါရှင့်....” ခဏနေတော့ ရထားမယ်လေး တစ်ယောက်က ကျွန်မတို့မှာထားတဲ့ စားစရာတွေကို လာချပေးပါတယ်။

ကျွန်မတို့ရဲ့ရထားက ပိုလန်နိုင်ငံရဲ့အရှေ့ပရပ်ရှားဒေသထဲ ဦးတည်သွားနေတာဖြစ်လို့ မှာထားတာတွေကလည်းပဲ ပိုလန်စားစရာတွေပါ။ ဒါပေမဲ့ ကျွန်မမှာသိပ်ပြီးတော့ မျှော်လင့်ချက်ရှိတာမဟုတ်ဘူး။ ပြောရရင် အမှောင်ကျောင်း အဖွဲ့ဝင်တွေထဲက နာတာရှာဆိုရင် ဟင်းချက်တော်တော်ကြီး ဆိုးတာမဟုတ်လား။

“ရထားပေါ်မှာရောင်းတာဆိုတော့ စားလို့ကောင်းမှာပါ။” ဒီအတွေးနဲ့အတူ ဟင်းပွဲတွေကို ကျွန်မကြည့်လိုက်တယ်။

ပထမဆုံးစားစရာကတော့ ခရိုကပ်တီလို့ခေါ်တဲ့ ပန်ကိတ် တစ်မျိုးပါ။ ပန်ကိတ်အပြားကြီးကြီးကို ကြက်သားမျှင်၊ မှိုနဲ့တခြားဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီးတော့ အလိပ်ကလေးလုပ်ထားတာမျိုး။ အဲဒီလိုလိပ်ပြီးတဲ့ အခါကျမှ ပေါင်မုန့်မှုန်ပါတဲ့မုန့်နှစ်နဲ့စိမ်ပြီးပြန်ကြော် ထားလိုက်တာ။ ဒါကြောင့်အပြင်သားက ကြွပ်ရွပြီး မျက်နှာပြင်ပေါ်မှာ နှမ်းနည်းနည်းဖြူးထားပြီး မုန့်အလွှာပေါ်မှာအဆီလွှာ အနည်းငယ်ရှိတယ်။

စားချင်စိတ်ရှိလာအောင် တမင်မှာထားတဲ့စားစရာမလို့ ဓားနဲ့ခက်ရင်းကိုကိုင်ပြီး သေးသေးလေးလှီးစားကြည့်တော့ ထင်မထားဘဲ ကောင်းသားရယ်။ ကြွပ်ရွတယ်၊ ချိုတယ်၊ နူးညံ့တယ်။ ဒါကြောင့် တစ်ထိုင်တည်းထပ်စားဖြစ်တယ်။

အားလုံးကုန်သွားတဲ့အချိန်မှာ ဆီများတဲ့အစားအစာ ဖြစ်တဲ့အတွက် လည်ချောင်းထဲကပ်နေသလိုဖြစ်နေတာနဲ့ ကိုလာတစ်ခွက်လောက် သောက်ဖြစ်လိုက်သေးတယ်။

“ကြည့်ရတာ နာတာရှာမလို့ကို ဟင်းချက်ညံ့တာလား မသိပါဘူး။” ဆိုပြီးတော့ တွေးမိတော့တာ။

ပထမဟင်းပွဲပြီးသွားတော့ ကျွန်မအကြည့်က ဒုတိယမြောက်အဓိကဟင်းပွဲဆီ ရောက်သွားရော။ ဒီတစ်ခုကတော့ ဂေါ်လကီလို့ခေါ်တယ်။ ဂေါ်ဖီရွက်ကို ဖက်ထုပ်လိပ်တဲ့အရွက်အဖြစ်သုံးပြီး ဆန်၊ ကြက်သားနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေကိုထောင်းထားတဲ့ ဟင်းအနှစ်ကိုလိပ်ထားတာမျိုး။ အငွေ့တထောင်းထောင်း ထနေပြီးတော့ ကြည့်လိုက်ရင်ကို ဗိုက်ဆာနေတော့တာ။

အဲဒါနဲ့ပဲ ငရုတ်အချဥ်ရည်လောင်းထည့်ပြီး ပူပူနွေးနွေး ဂေါ်ဖီဖက်ထုပ်လိပ်တစ်ခုကို ပါးစပ်ထဲပလုပ်ပလောင်း ထည့်မိလိုက်တယ်။

“အွန်း....”

လျှာပေါ်မှာ ပူပူနွေးနွေးနဲ့ပြန့်နှံလာတဲ့ နူးညံ့အိစက်လှတဲ့ အချိုအရသာကြောင့် တစ်ကိုယ်လုံးသိမ့်သိမ့်တုန်သွား တော့တာပါပဲ။ ကောင်းကင်ဘုံဆိုတာ ဒါမျိုးများလား။ အဲဒီနောက်တော့ ဟင်းပွဲမကုန်မချင်း အကုန်စားပစ် မိတော့တာ။

“ပိုလန်နိုင်ငံက ဟင်းပွဲလေးတွေရေ ကျွန်မတောင်းပန်ပါတယ်။ နာတာရှာဆိုတဲ့ဟာမ လက်ရာကိုပဲစားမိပြီး ရှင်တို့ကိုအထင်လွဲမိသွားပြီ။ နောက်တစ်ခါ နာတာရှာကိုတွေ့ရင် ရှင်တို့တိုင်းရင်း အစားအသောက်တွေကို ဂုဏ်သိက္ခာကျစေမှုနဲ့ ကောင်းကောင်းဆုံးမပါ့မယ်။”

ကျွန်မအခုလိုမျိုး သစ္စာဆိုလိုက်မိတယ်။

.....

ကွန်စတန်တီနိုပယ်မြို့၊ အမှောင်ကျောင်းဌာနခွဲ။

နာတာရှာက ဝတ်နေကျ အမှောင်ကျောင်းတော်အရာရှိ ဝတ်စုံအစား စပိုင်တွေဝတ်လေ့ဝတ်ထရှိတဲ့ သားရေကိုယ်ကျပ်ဝတ်စုံမျိုး ပြောင်းဝတ်ထားတယ်။ သူ့ရှေ့မှာတော့ သွေးစုပ်ဖုတ်ကောင်မင်းသမီးနဲ့ သမန်းဝံပုလွေဘုရင်အဲဘတ်တို့ ရှိနေကြတယ်။

“ဒိုင်းသူတော်စင်နဲ့ဓားသူတော်စင် အပြင်ထွက်သွားတယ်ဆိုတာ သေချာလား။”

နာတာရှာက မေးလိုက်တော့ အဲဘတ်က ခေါင်းညိတ်ပြတယ်။ “သတင်းက မှားစရာအကြောင်းမရှိပါဘူး၊ ဆီနိတ်တာ။ ကျွန်တော့်ညီအစ်ကိုတွေက သူတို့တွေ ဆိုင်ကလော့ မျိုးနွယ်စုရဲ့နယ်မြေထဲ ဝင်သွားတာတွေ့လိုက်တယ်။”

“ဒါဆိုရင် ဘုရားကျောင်းမှာ သူတော်စင်နှစ်ယောက်ပဲ လောလောဆယ်ရှိနေတယ်။ လေးသူတော်စင်က ဒဏ်ရာရထားတုန်းပဲဆိုတော့ လှံသူတော်စင်နဲ့သွေးစွန်း ဘုန်းတော်ကြီးလောက်ပဲ ထည့်တွက်ရတော့မယ်။”

နာတာရှာရဲ့အမြင်အရ ဘုရားကျောင်းထဲကိုခိုးဝင်ရင် ရဟန်းမင်းကြီးပီးယပ်နဲ့တိုက်ရိုက်တွေ့ဖို့ အခွင့်အလမ်း နည်းပါးတယ်။ ဒီလောက်ရာထူးကြီးတဲ့လူတစ်ယောက်က နယ်မြေကိုကိုယ်တိုင် ကင်းလှည့်နေမှာမဟုတ်လို့ပါ။

ဒါပေမဲ့ သူတော်စင်တစ်ယောက်နဲ့အယ်ဒါတစ်ယောက်ဆိုတာ သူ့အတွက် အန္တရာယ်ရှိနေသေးတယ်။ ဒါကြောင့် အရံသင့် အစီအစဥ်တစ်ခုကိုစတင်ဖို့ ပြင်ဆင်လိုက်တော့တာပေါ့။ ဒါပေမဲ့ စကားပြောနေရင်း တန်းလန်းမှာပဲ အဆက်မပြတ် နှာချေပါလေရော။

“ကောင်းပြီ၊ မင်းတို့တွေ ဘုရားကျောင်းကို အာရုံလွှဲဖို့.... ဟက်.... ဟက်ချိုး... ဘယ်သူငါ့.... ဟက်ချိုး.... အတင်းပြော... ဟက်ချိုး... နေတာလဲဟဲ့။”

.....

ဒုတိယဟင်းပွဲပြီးသွားတော့ နောက်ဆုံးလက်ကျန် တတိယဟင်းပွဲဆီ ကျွန်မကြည့်လိုက်မိပါတော့တယ်။ နောက်ဆုံးဟင်းပွဲဆိုတဲ့အတိုင်းပဲ ဒီတစ်ခုက အချိုတည်းဖို့။

ပန်းကန်ပြားဖြူဖြူပေါ်မှာ သကြားဖြူဖြူးထားတဲ့ ပေါင်မုန့်လုံးလေးတစ်ခုပဲရှိနေတယ်။ အတွင်းထဲ ယိုတွေအပြည့်အသိပ်ထိုးထည့်ထားတာမလို့ အပေါက်ကနေတောင် စတော်ဘယ်ရီယိုတွေ စီးကျနေသေးတာ။ အပေါ်ဘက်မျက်နှာပြင်မှာတော့ သကြာရည်လောင်းပြီး ခပ်မာမာအခွံလေးတစ်ခုကို ပြုလုပ်ထားတယ်။

“အားမနာတော့ဘူးနော်....” ကျွန်မပေါင်မုန့်ကို ပါးစပ်ထဲ ထည့်ပစ်လိုက်တယ်။

ပိုလန်ဒိုးနတ်လို့လူသိများတဲ့ ပန်ရှကီမုန့်လေးတွေက ပိုလန်စကားနဲ့ဆို အိတ်သေးသေးလေးလို့အဓိပ္ပါယ်ရတယ်။ နာမည်အတိုင်းပဲ ပေါင်မုန့်သားက အိတ်ကလေးနဲ့တူပြီး အတွင်းမှာယိုအပြည့်ဖြည့်ထားတာမလို့လေ။

ပေါက်ကွဲထွက်လာတဲ့ ယိုအရသာနဲ့နူးညံ့မှုကိုခံစားပြီးတဲ့ နောက်မှာတော့ တစ်နေကုန်ဆာလောင်နေခဲ့တဲ့ဗိုက်က ငြိမ်ကျသွားပြီး ကျွန်မကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံကို သတိထားမိလိုက်တယ်။

ပါစီဗယ်က သူမှာထားတဲ့စားစရာတွေကိုမစားဘဲနဲ့ မေးကိုလက်ထောက်ပြီး ကျွန်မကိုပဲ ငေးကြည့်နေခဲ့တာပါ။ ဒါကြောင့် ကျွန်မရှက်ရှက်နဲ့မျက်နှာလွှဲဖို့အတွက် ကြိုးစားလိုက်ပေမဲ့ သူကတစ်ရှူးတစ်ခုကိုဆွဲထုတ်လိုက်ပြီး ကျွန်မနှုတ်ခမ်းကို သုတ်ပေးလိုက်တယ်။

“ဆယ်ဗီ... မင်းနှုတ်ခမ်းထောင့်နားလေးမှာ ငရုတ်ဆီတွေ ပေနေတယ်။”

“......”

ရှက်လိုက်တာ.... ရှက်ဖို့ကောင်းလိုက်တာ။

ဒါပေမဲ့ အခုကျွန်မနဲ့ရှိနေတာက အရူးကောင်ပါစီဗယ်လေ။ နက်ဆန်မဟုတ်တော့ သိပ်ဂရုစိုက်စရာမလိုဘူးထင်တာပဲ။

“ဟီးဟီး...” ကျွန်မပြုံးပြလိုက်တယ်။

ပါစီဗယ်ကလည်း ပြန်ပြုံးပြပါတယ်။ အဲဒီနောက်မှာတော့ သူက ကျွန်မနားကိုကပ်လာြပီး တီးတိုးလေးပြောပါတယ်။

“ဒါနဲ့၊ ဆယ်ဗီရေ။ ပိုလန်မှာ ဆုတောင်းပြည့်တဲ့ ငန်းရေကန် ရှိတာသိလား။”

“ဟင်... ဘယ်လိုဆုတောင်းပြည့်တာလဲ...” ကျွန်မက ထူးထူးဆန်းဆန်းအကြောင်းအရာတစ်ခုကို ပါစီဗယ် ဆီကနေပြီးတော့ ထူးထူးခြားခြားကြားလိုက်ရတာမလို့ စိတ်ဝင်စားသွားခဲ့တယ်။

“ဘာဆုတောင်းဆုတောင်း ပြည့်တာမျိုးလေ။ ဥပမာ အချစ်ရေးတို့ဘာတို့ပေါ့။ ဟိုးရှေးရှေးကတည်းက ငန်းရေအိုင်ကြီးမှာ ဆုတောင်းခဲ့ကြတဲ့သူတွေရဲ့အချစ်က အချစ်စစ်မှန်ရင် မကွေကွင်းဘူးတဲ့။ ငန်းရေကန်ကိုစောင့်တဲ့ ငန်းဖြူနတ်သမီးလေးက ဖြည့်ဆည်းပေးတာမလို့လေ။”

‘အချစ်ရေး ဆုတောင်းပြည့်တယ်။’ ကျွန်မတွေးမိတယ်။ အခုတလော ဟိုစကူးဘတ်မက နက်ဆန်အနားကိုကပ်နေတာ တအားလွန်လွန်းနေပြီထင်တာပဲ။ ကျွန်မကိုလည်း နက်ဆန်က မမျှမတဆက်ဆံတာမျိုးမဟုတ်ပေမဲ့လို့ အစားကြီးတယ်ဆိုပြီးတော့ချည်း ဆူပဲဆူနေတာလေ။

‘အဲဒီအရူးမကို အဝေးရောက်သွားအောင်ရော ဆုတောင်းလို့ရမလား။' မကောင်းတဲ့အတွေးတစ်ခုက ကျွန်မခေါင်းထဲဝင်လာတယ်။

“ဒါနဲ့လေ၊ ပါစီဗယ်။ အဲဒီနေရာကို တစ်ယောက်တည်းသွားပြီး ဆုတောင်းလို့ရလား။”

ကျွန်မမေးလိုက်တယ်။ အဲဒီနေရာကို ပထမတုန်းကတော့ နက်ဆန်နဲ့အတူတူသွားဖို့စဥ်းစားမိတယ်ဆိုပေမဲ့ ဟိုစကူးဘတ်မကပါ ပါလာမှာသေချာနေလေတော့ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ။ ကျွန်မဘာသာ တစ်ယောက်တည်းသွားပြီး နက်ဆန်နဲ့ပေါင်းဖက်ရပါစေ ဆိုပြီးတော့ ဆုတောင်းလိုက်မယ်။ ဒါဆိုရင် စကူးဘတ်မ ကျန်ရစ်ကြီးဖြစ်နေခဲ့မှာပဲ။

“အင်း... ရမယ်လို့တော့ထင်တာပဲ။” ပါစီဗယ်က ပြောတာနဲ့ ကျွန်မ သူ့လက်ကိုဖမ်းဆွဲလိုက်မိတယ်။

“ပါစီဗယ်၊ ကျွန်မကို လိုက်ပို့ပေး။”

“......” ပါစီဗယ်က နည်းနည်း တုန့်ဆိုင်းနေတဲ့ပုံစံနဲ့ ကျွန်မအကြည့်ကိုရှောင်လိုက်တယ်။ ဒါပေမဲ့သူက မငြင်းခဲ့ပါဘူး။

“ကောင်းပြီလေ၊ မဒမ်မူဆဲဆယ်ဗီက အလိုရှိမှတော့ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။ နောက်ဘူတာမှာ ရထားစိုက်ရင် တိတ်တိတ်လေးခိုးဆင်းကြတာပေါ့။”

....

[တင်းတောင်... ခရီးသည်များရှင့်၊ အယ်ဘင်းမြို့သို့ ရထားစိုက်ရောက်ပါပြီရှင်။ ဆင်းမည့်ခရီးသည်များ အနေဖြင့်....]

“သခင်နဲ့သခင်မလေး... ကျွန်မတို့ဆင်းရမယ့်နေရာကို ရောက်ပါပြီ။”

တစ်ယောက်ယောက်က လှုပ်နှိုးလိုက်တဲ့အတွက်ကြောင့် နက်ဆန်မျက်လုံးဖွင့်လိုက်တယ်။ ပထမဆုံးအနေနဲ့ ဒေါ်ရသီရဲ့မျက်နှာကိုမြင်လိုက်ရတယ်။ အဂ္ဂိရတ်ရုပ်သေး တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒေါ်ရသီကအိပ်စရာမလိုဘဲ အခုလိုအခြေအနေမှာ နှိုးစက်လိုဖြစ်လာတာပါ။

ဒါပေမဲ့ သူ့ခန္ဓာကိုယ်က လေးနေတယ်ခံစားမိတဲ့အတွက် ခေါင်းငုံကြည့်လိုက်တော့ မိုနီကာက သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတာကို သတိထားမိလိုက်ရော။

“ထူးဆန်းလိုက်တာ....” ပုံမှန်ဆိုရင် ညအိပ်ချိန်တိုင်းမှာ ဆယ်ဗီက မိုနီကာကို သူ့အနားအကပ်ခံတာမဟုတ်ဘူး။ မိုနီကာအိပ်မပျော်မချင်းစောင့်ကြည့်ပြီးမှ အိပ်တာရယ်။ ဒါကြောင့် မိုနီကာသူ့အပေါ်ရောက်နေတာ ကိစ္စကြီးပဲ။

“သူဘယ်ရောက်နေတာလဲ။” ဒီလိုနဲ့ နက်ဆန် ဆယ်ဗီ ရှိနေသင့်တဲ့နေရာကိုကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေပါဘူး။

သူမှတ်မိသလောက် ညက ဆယ်ဗီညစာစားဦးမယ်ဆိုပြီး ထွက်သွားတယ်။ စောင့်ရင်းစောင့်ရင်းကနေ မနက်မိုးလင်းခါနီးအထိပြန်မလာတာနဲ့ သူအိပ်ပျော် သွားခဲ့တာပါ။

“ဆယ်ဗီ၊ ပြန်ရောက်မလာဘူးလား။” နက်ဆန်က ဒေါ်ရသီကိုမေးတော့ ဒေါ်ရသီက ခေါင်းခါပြပါတယ်။

“ညက သခင်မလေးဆယ်ဗီရော သခင်ပါစီဗယ်ပါ ပြန်ရောက်မလာပါဘူး။”

“ဟုတ်သားပဲ။” နက်ဆန် ထခုန်လိုက်မိတယ်။ ဒါကြောင့် မိုနီကာလည်း လန့်နိုးသွားရော။

“ဒါလင်... ဘာဖြစ်တာလဲ။”

နက်ဆန်ကတော့ မိုနီကာကို အာရုံမထားနိုင်ဘဲ ထပြီးထိုင်လိုက်ပါတယ်။ မနေ့ညက ဆယ်ဗီကို စိတ်မချတာနဲ့ ခါတိုင်းလိုပဲ ပါစီဗယ်ကို အစောင့်အနေနဲ့ ထည့်လိုက်မိတာ။

“မြန်မြန် ညစာစားတွဲခန်းထဲ သွားကြည့်ရအောင်။”

နက်ဆန်က ချက်ချင်းပဲလှုပ်ရှားလိုက်တယ်။ ဒေါ်ရသီနဲ့ မိုနီကာကတော့ နောက်ကနေလိုက်ရတော့တာပေါ့။

ညစာစားတွဲခန်းထဲရောက်တော့ စားပွဲတစ်ခုပေါ်မှာ ချိပ်ပိတ်ထားတဲ့ စာတစ်စောင်တွေ့ရပါတယ်။ စာပေါ်ရေမွှေးဖြန်းထားသေးပြီး သို့/နက်ဆန် မှ/ဆယ်ဗီ ဆိုပြီးတော့ရေးထားသေးတာ။

နက်ဆန်ဖွင့်ဖတ်ကြည့်လိုက်တယ်။ ရေးထားတဲ့စာကတော့ မိန်းကလေးလက်ရေးမျိုးဖြစ်ပြီး တော်တော်လှပါတယ်။

[ချစ်ရတဲ့ နက်ဆန်ရေ...

ရှင်က ကျွန်မကိုဂရုမစိုက်ဘဲ အဲဒီရင်ပြားစကူးဘတ်မ၊ သေချင်းဆိုးမကိုပဲ အာရုံစိုက်နေတဲ့အတွက်ကြောင့် ကျွန်မရှင့်ကို စိတ်ကုန်သွားပါပြီ။

ဒါကြောင့်မလို့ ကျွန်မကိုအများကြီးဂရုစိုက်ပြီးတော့ ကျွန်မတစ်ယောက်တည်းကိုပဲချစ်တဲ့၊ ယောကျ်ားပီသပြီး အားကိုးရတဲ့၊ မင်းသားလေးတစ်ပါးလိုချောမောတဲ့ ဗိုလ်မှူးကြီးပါစီဗယ်နောက်ကိုပဲ လိုက်သွားပါပြီ။

ကျွန်မကို လိုက်မရှာပါနဲ့တော့။

ရှင့်ရဲ့/ ဆယ်ဗီ။]

နက်ဆန်က စာရွက်ကိုချက်ချင်း ဆွဲဖြဲပစ်လိုက်တယ်။ ပြီးတဲ့နောက် ဒေါ်ရသီက အလိုက်သတိကမ်းပေးတဲ့ မီးခြစ်ကိုယူပြီး စာအိတ်အလှကိုရောစာကိုပါ မီးရှို့ပစ်လိုက်တယ်။ ရထားတွဲထဲမှာ မီးသတိပေး ခေါင်းလောင်းမြည်လာပေမဲ့ သူဂရုမစိုက်ပါဘူး။

“သခင်... ဒီလက်ရေးက သေချာပေါက် သခင်မလေး ဆယ်ဗီလက်ရေးမဟုတ်ပါဘူး။ သခင်ပါစီဗယ်ရဲ့ လက်ထောက်ပီအေသရဲမလက်ရေးဖြစ်ပါလိမ့်မယ်။ ပြီးတော့ သခင်မလေးဆယ်ဗီက သခင့်အတွက်စာရေးပြီး ထားသွားရင်တောင်မှ စာအိတ်ကိုရေမွှေးဆွတ်ပြီး ချန်ထားခဲ့တဲ့ လူမျိုးမဟုတ်ဘူး။”

ဒေါ်ရသီက ဘေးကနေပြီး အခြေအနေကိုသုံးသပ်ကာ ပြောလိုက်တယ်။ တကယ်က ဒေါ်ရသီမပြောရင်တောင် နက်ဆန်သိထားပြီးသားပါ။ သူ့လောက် ဆယ်ဗီကို နားလည်တဲ့သူ ကမ္ဘာပေါ်မှာမရှိဘူး။

“ပိုလန်ပြည်ထဲမှာရှိနေတဲ့ အမှောင်ကျောင်းတော် အဖွဲဝ့င်အားလုံးကို သတင်းဖြန့်လိုက်။ အဲဒီတစ္ဆေဘုရင်ကို တွေ့ရင် ချက်ချင်းသတင်းပို့ခိုင်း။ အဲဒီကောင်ကို ငါတွေ့တာနဲ့ တစ်စစီလုပ်ပစ်မယ်။”

“အမိန့်တော်အတိုင်းပါ သခင်။” ဒေါ်ရသီက သတင်းရတာနဲ့ နောက်ကိုချာခနဲ လှည့်ထွက်သွားပြီး အမိန့်အတိုင်းလုပ်ဖို့ ပြင်ဆင်ပါတယ်။ နက်ဆန်ကတော့ ဒေါသထွက်လွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေရဲ့။

All Chapters