← Chapters

ပြန်လည်ဆုံစည်းခြင်း

Vol. 3 Ch. 129

ပြန်လည်ဆုံစည်းခြင်း

Vol. 3 Ch. 129

ကျွန်မတစ်ကိုယ်လုံးကို သတ်ဖြတ်ချင်စိတ်တွေက ဖုံးလွှမ်း သွားခဲ့တယ်။ အန္တရာယ်ကို အာရုံခံမိလို့လားမသိ။ ဒိုင်းနဲ့ မိန်းကလေးက တရုတ်မလေးရှေ့မှာ ဝင်ကာလိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ကို ရွှေရောင်စွမ်းအင်တွေနဲ့ ကာထားခဲ့ပေမဲ့ ဓားကအဲဒီစွမ်းအင်တွေကို လစ်လျူရှုသွားပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စတင်ဖြတ်တောက်တယ်။

မကြာခင်မှာပဲ အဲဒီမိန်းကလေးက သွေးအလိမ်းလိမ်းနဲ့ ဒူးထောက် ကျသွားခဲ့ပါပြီ။

“ရူဘီ...” ချီပေါင်ဝတ်စုံနဲ့ကောင်မလေးက ဒိုင်းနဲ့မိန်းကလေးကို နောက်ကနေ ဖေးမထားရင်းကနေ သူ့ကျောပေါ်ကိုပြောင်းတင် လိုက်တယ်။ သူတို့ကိုကြည့်ရတာ ဒီနေရာကနေ ထွက်သွားဖို့ ကြိုးစားနေတဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်မလက်ထဲကဓားက သွေးဆာ နေဆဲဖြစ်တာမလို့ နောက်တစ်ယောက်ကိုပါ တိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့

“ဆယ်ဗီ.... တော်လောက်ပြီ။”

ကိုယ်တိုင်ဒဏ်ရာရထားတဲ့ နက်ဆန်က ကျွန်မရှေ့ကိုရောက်လာပြီး ကျွန်မဓားကိုင်ထားတဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ အဲဒီနောက် ကျွန်မလက်ထဲကဓားကို ဆွဲလုလိုက်ပါတယ်။

“မင်းကို ဒီဓားမသုံးဖို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား။”

သူက ကျွန်မလက်ထဲကဓားကို လုယူပြီးတဲ့နောက် မဟန်နိုင်ဘဲ လဲကျသွားတယ်။ ဟိုရန်သူဖြစ်ပုံပေါ်တဲ့နှစ်ယောက်ကတော့ ဆေးရုံထဲကနေ ထွက်ပြေးသွားခဲ့ပါပြီ။

“.....” ကျွန်မ ဆေးရုံပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ လူမပြောနဲ့ ကြောင်တစ်ကောင်တောင်မှ ရှိမနေဘဲနဲ့ ကျွန်မ တစ်ယောက်တည်းရယ်။ ပြီးတော့ နက်ဆန်ကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားသေးတယ်။ ဘယ်လိုလုပ်ရမလဲ။

ကျွန်မတွေးရင်းတွေးရင်းနဲ့နောက်တော့ နက်ဆန့်လက်ထဲက ခွဲစိတ်ဓားကို အသာလေးပြန်ခိုးယူလိုက်တယ်။ နောက်တော့ အထဲက ဘီယန်ကာကိုဆက်သွယ်ပြီး...

“ဟေး... နင်က ဆရာဝန်မဟုတ်လား။ ဒီဆေးရုံက ဆရာဝန်တွေ ထွက်ပြေးသွားပြီဆိုတော့ နင်ဒီကိစ္စကိုတာဝန်ယူရမယ်။ ငါက သူနာပြုဆိုပေမဲ့ အတွေ့အကြုံများတာမဟုတ်ဘူးလေ။ ဒါပေမဲ့ ပေါက်ကရတွေလျှောက်လုပ်မယ်ဆိုရင်တော့ နင့်ကို အိမ်သာကျွင်းထဲ ပစ်ချပစ်မယ်။”

“.....” ဘီယန်ကာက ကျွန်မကိုတစ်ခုခုဆိုးဆိုးဝါးဝါး ပြန်ပြောချင်တဲ့ ပုံပေါ်ပေမဲ့ ကျွန်မကိုကြောက်နေတဲ့အလား တုန်ယင်နေပါတယ်။ အရင်က ကျွန်မကိုအမြဲလိုလို ထိန်းချုပ်ခဲ့တဲ့ဒီဓားက အခုတော့ နာခံတတ်နေပြီ။

နောက်တော့ ကျွန်မက နက်ဆန်ကို ကုန်းပိုးခေါ်ပြီး ဆေးရုံကုတင် တစ်ခုမှာတင်ထားပေးကာ အရေးပေါ်ကုသမှုတွေကို စတင်ပြုလုပ် ဖြစ်ခဲ့တယ်။

.....

နောက်တစ်နေ့မနက်။

ကျွန်မကိုင်ထားခဲ့တဲ့ နက်ဆန်ရဲ့လက်က လှုပ်ရှားလာတဲ့အတွက် အလိုလိုနေရင်း မျက်လုံးကိုဖွင့်လိုက်မိတယ်။ နက်ဆန်က နိုးလာပြီ ဖြစ်ပုံရပြီး တစ်ကိုယ်လုံးမှာ ပက်တီးတွေနဲ့ပြည့်နေတဲ့ သူ့ကိုယ်သူ ပြန်စမ်းဆစ်ကြည့်နေပါတယ်။

“ငါမင်းကို ထွက်သွားခိုင်းခဲ့တာလေ။ ဘာလို့ ဒီကိုရောက်နေရ ပြန်တာလဲ။”

သူ့ကြည့်ရတာ ကျွန်မသူ့စကားကို နားမထောင်တဲ့အတွက် တော်တော်စိတ်ဆိုးနေပုံပဲ။ ဒါပေမဲ့ ကျွန်မက စိတ်ဆိုးတာကို ဂရုစိုက်မှာမဟုတ်ဘူး။ ဘာလို့ဆိုရင် ကျွန်မကိုယ်တိုင်က သူ့ကို အလွန့်အလွန် စိတ်ဆိုးနေခဲ့လို့ပါ။

“ကျွန်မကို ရှင်မောင်းထုတ်ခဲ့တဲ့ ရှင့်အနားမှာ ရန်သူတွေ ဝိုင်းနေပြီမလို့ မဟုတ်လား။”

နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်မက သူ့ကိုပိုပြီးတော့ လေးလေးနက်နက်စိုက်ကြည့်တယ်။ သူက မသက်မသာဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ကုတင်ဟိုဖက်ကိုရွှေ့ဖို့လုပ်ပေမဲ့ ကုတင်က တစ်ယောက်ပဲ အိပ်လို့ရတဲ့ ဆေးရုံကုတင်ငယ်လေးဆိုတော့ ရှောင်ထွက်စရာ နေရာမရှိဘူးရယ်။

“ဒါဖြင့်လည်း ရှင်ကျွန်မကို ရှင်းရှင်းလင်းလင်းပြောပေါ့။ အလုပ်ထုတ်လိုက်ပါပြီတို့ဘာတို့ ပြောစရာလား။ ရှင့်ကိုယ်ရှင် ပြန်ကြည့်ဦး။ ကျွန်မသာ ရောက်မလာရင် ရင်ခွဲရုံရောက်နေတာ ကြာပေါ့။”

“......” သူက ကျွန်မဆူသမျှကို ငြိမ်ငြိမ်လေးနားထောင်နေပြီး ပြန်မပြောဘူး။ ဘာတွေဖြစ်ခဲ့တာလဲ ကျွန်မမသိပေမဲ့ ကျွန်မမရှိတဲ့ အချိန်တိုအတောအတွင်းမှာ သူဒုက္ခတော်တော်ရောက်ခဲ့တဲ့ပုံပဲ။

“ဒီမယ် ကိုနက်ဆန်...” ကျွန်မက ထိုင်နေရာကနေ ထလိုက်ပြီး သူ့ကို ခါးထောက်ကြည့်လိုက်တော့ သူက အတော်ကြောက်နေတဲ့ပုံပဲ ကိုယ်ကိုကျုံထားလိုက်ပြီး ကျွန်မကို ကြည့်လိုက်ပါတယ်။

“အင်း....” အခုတော့ ဒီတေမိမင်းသားက မဟုတ်တာလုပ်ထားမိတဲ့ ကျောင်းသားလေးတစ်ယောက်အတိုင်းပဲ။

“နောက်တစ်ခါ ရှင်ကျွန်မကိိုမတိုင်ပင်ဘဲ တစ်ခုခုလုပ်မယ် ဆိုလို့ကတော့ ကျွန်မရှင့်ကို အကြီးကြီးမုန်းပစ်ပြီး တစ်သက်လုံး သေခန်းပြတ်ပစ်မှာ။ အခုတော့....”

သူ့မျက်လုံးထဲမှာ တစ်ခုခုကိုစိုးရွံနေတဲ့ အရိပ်အယောင်တွေ ပေါ်နေတာ ကျွန်မမြင်ရတယ်။ ကျွန်မ သူ့ကိုမုန်းသွားမှာကို သူဒီလောက်တောင် ကြောက်တာလား။ ဒါဆိုရင်လည်း ဘာလို့ အခုလိုကိစ္စတွေ လုပ်ခဲ့တာလဲ။

“ဒီတစ်ခါတော့ ကျွန်မရှင့်ကို ခွင့်လွှတ်ပေးလိုက်ဦးမယ်။ ဟုတ်ပြီလား။”

သူ့ကို ပြောစရာရှိတာပြောပြီးတဲ့နောက် နာရီကိုကြည့်လိုက်တယ်။ မနက်ရှစ်နာရီထိုးနေပြီမလို့ နေတောင်မြင့်နေပြီ ပြောလို့ရတယ်။ ပြီးတော့ နက်ဆန်က ဒဏ်ရာတွေရထားတဲ့အပြင် ဆေးရှိန်လည်း ပြယ်စပြုလာပြီမလို့ ဒဏ်ရာတွေက ပြန်နာလာတော့မှာ။

“ရှင်ဆေးသောက်ဖို့ ကျွန်မတစ်ခုခုလုပ်ပေးမယ်။ ခုတော့ နားနားနေနေ နေလိုက်ဦး။”

ကျွန်မသူ့ကို အကျိုးအကြောင်းပြောပြီးတဲ့နောက် ဆေးရုံကုတင်က ထိုင်နေရာကနေ ထလိုက်တယ်။ ဆေးရုံထဲမှာ လူသူကင်းမဲ့နေပြီး တိုက်ပွဲမဖြစ်ခင်ကတည်းက အထဲကလူတွေကို နက်ဆန်က ပြောင်းရွှေ့ထားခဲ့ပုံပေါ်တယ်။ ဒါပေမဲ့....

“ဘာလို့ ညတုန်းက ခွဲစိတ်ခန်းထဲကနေ ဆရာဝန်တွေ ထွက်လာပါလိမ့်။ ပြောင်းရွှေ့ဖို့မဖြစ်နိုင်တဲ့ အရေးပေါ် လူနာတစ်ယောက်ကို ကုသနေတာများလား။”

ကျွီ....

ကျွန်မအတွေးနက်နေတဲ့အချိန်မှာပဲ ကျွန်မတို့ရှိနေတဲ့ လူနာဆောင် တံခါးက အလိုလိုပွင့်သွားတယ်။ နောက်တော့ ဂေါ့သစ်ဂါဝန် ဝတ်ထားတဲ့ အနက်ရောင်ဆံပင်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ အသားဖြူဖျော့ဖျော့ရှိတဲ့ မိန်းကလေးက ကျွန်မနားကနေ ဖြတ်ပြေးသွားပြီး အိပ်ရာပေါ်လဲနေတဲ့ နက်ဆန်ပေါ်ကို ခုန်တက်တော့တာပဲ။

“ဒါလင်.... နိုးလာလာချင်း ကျွန်မက ရှင့်ကိုမတွေ့လို့ စိုးရိမ်နေတာ။”

“မို... မိုနီကာ...” နက်ဆန်ဆီကနေ တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တဲ့ စကားသံထွက်လာတယ်။ ကျွန်မလှည့်ကြည့်လိုက်တော့ မိုနီကာက နက်ဆန်နဲ့အန္တရာယ်ရှိလောက်တဲ့အထိ ပူးကပ်နေပြီး မျက်နှာပေါ်ကို အနမ်းမိုးတွေရွာသွန်းဖို့ ကြိုးစားနေတယ်။

“နာ... နာ.... နာတယ်....” မိုနီကာရဲ့တံထောင်က နက်ဆန်ရဲ့အဓိက ဒဏ်ရာတစ်ခုကိုတက်ဖိထားလို့ နက်ဆန်က အော်ဟစ်နေခဲ့ပေမဲ့ မိုနီကာက သတိထားမိပုံမပေါ်ဘူး။ ပြီးတော့ နက်ဆန်ကခါတိုင်းလို ချက်ချင်းမောင်းထုတ်တဲ့ပုံစံမျိုးမရှိဘူး။

ဒီမြင်ကွင်းကို ကျွန်မကြည့်နေရင်းကနေ ရင်ထဲမှာ ဒေါသတွေ အလိပ်လိုက်ထွက်လာပြီး ကျွန်မအမြင်မှန်သမျှကို ဒေါသတွေ ဖုံးလွှမ်းသွားတာ ခံစားမိလိုက်တယ်။ ကျွန်မကိုယ်ထဲက စွမ်းအင်တွေ တိုးတက်လာပြီး နဖူးမှာတစ်ခုခုတပ်ဆင် ထားရသလိုမျိုး ခံစားမိတယ်။ နောက်တော့ လက်နဲ့သူတို့ကို တွန်းထုတ်သလို ပြုမူလိုက်မိပြီး အကျယ်ကြီးအော်လိုက်မိတယ်။

“နင်တို့တွေ ဘယ်လိုဖြစ်နေတာလဲ။”

ဝုန်း....

လူနာဆောင်ထဲမှာ ဧရာမငှက်ကြီးတစ်ကောင် အတောင်ပံ ခတ်လိုက်သလိုမျိုး လူနာကုတင်တွေ ပက်လက်လန်ကုန်တယ်။ နက်ဆန့်ကုတင်တစ်ခုပဲ အကောင်းအတိုင်းကျန်ရစ်ခဲ့ပြီးတော့ လူသားပုံစံနဲ့ရှိနေတဲ့ မိုနီကာကတော့ အခြေအနေမကောင်းပါဘူး။ လေပြင်းတွေနဲ့အတူမျောပါသွားပြီး နံရံနဲ့ဝင်ရိုက်မိတယ်။

“ဂစ်....” နောက်တော့ ပါးစပ်ကနေ သွေးတွေထွက်လာပြီး လူသားပုံစံပျောက်ကာ ဆံပင်ဖြူတွေအများကြီးနဲ့ဖြစ်နေတဲ့ ချိုနဲ့ကောင်မလေးအဖြစ်ကို ပြောင်းလဲသွားတယ်။

ကျွန်မကိုယ်ထဲက စွမ်းအားတွေကတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုမျိုး ပျောက်ကွယ်သွားပြီ။ ဒါပေမဲ့ ကျွန်မလည်း နံရံကိုမှီကာ ခေါင်းငိုက်စိုက်ကျနေတဲ့ မိုနီကာကိုမြင်တော့ မတတ်နိုင်ဘဲ စိတ်ထဲစိုးရိမ်မိသွားတယ်။

“ဟောတော်... သေသွားပြီလားမသိဘူး။”

ကျွန်မကို ဒေါသစိတ်တွေ ဖုံးလွှမ်းသွားခဲ့တာ အမှန်ပဲဆိုပေမဲ့ မိုနီကာကို ထိခိုက်စေဖို့အထိ ရည်ရွယ်မထားဘူး။ ပြီးတော့ ကျွန်မက သာမန်လူတစ်ယောက်လေ။ စိတ်နှလုံးအရ တိုက်ချင် ခိုက်ချင်စိတ်လုံးဝမရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်မရဲ့ ဘာမှန်းမသိတဲ့စွမ်းအားတွေကြောင့် တစ်ယောက်ယောက် သေသွားရင် မခက်ပေဘူးလား။

‘သူနာပြုတစ်ယောက် စိတ်ရူးပေါက်ပြီး ဆေးရုံထဲမှာ လူသတ်' ဆိုတဲ့ ခေါင်းစည်းကြီးနဲ့ ကျွန်မပုံကြီး သတင်းစာမှာပါလာရင် ဘယ်လို လုပ်ရမလဲ။ တကယ်အကျိုးနည်းကုန်မှာ။

မိုနီကာက စကူးဘတ်မလို့ လူသတ်မှုနဲ့ ကျွန်မကိုတရားစွဲလို့ရမရ မသေချာပေမဲ့ပေါ့။

“မသေနဲ့ဦးနော်... ငါနင့်ကို သတ်ချင်လို့လုပ်တာမဟုတ်ဘူး။”

ကျွန်မအနားကိုသွားပြီး မိုနီကာအသက်ရှိမရှိ စမ်းကြည့်တယ်။ နှလုံးတော့ခုန်နေသေးပြီး မျက်ဖြူဆိုက် သတိလစ်နေတာလေး တစ်ခုပါပဲ။ သူကိုယ်တိုင်လည်း ဒဏ်ရာရထားပုံရပြီးတော့ ကျွန်မကြောင့် သွေးတိတ်ပြီးသားဒဏ်ရာတွေ ပြန်ပွင့်သွားပြီး ရှော့ခ်ရသွားတာကြောင့် သတိလစ်သွားတာ။

“ ခက်တော့တာပါပဲ။ မြန်မြန်ဒဏ်ရာတွေကို ပြန်ချုုပ်ပေးမှဖြစ်မယ်။”

ဒီလိုနဲ့ ကျွန်မအလုပ် ထပ်များသွားတယ်။

...

ညနေစောင်းမှပဲ မိုနီကာ သတိပြန်ရလာတော့တယ်။

“ဟဲ့၊ နင်ငါ့ကို ဘာကိစ္စ ပုစွန်ထုပ်လိုတုပ်ထားရတာတုန်း။ ငါက အရူးမှမဟုတ်တာ။”

မိုနီကာက နိုးလာလာချင်းပဲ ကျွန်မကိုအထွန့်တက်ပါတယ်။ ကျွန်မက သူ့လိုအန္တရာယ်များမယ့်လူတစ်ယောက်ကို ဒီအတိုင်း ထားမယ်ထင်လို့လား။ နိုးလာလာချင်း နက်ဆန်ပေါ်ကိုထပ်ပြီး ခုန်တက်နေမှာစိုးလို့ စိတ်ရောဂါဝေဒနါသည်တွေ သူတို့ကိုယ် သူတို့အနာတရဖြစ်အောင်မလုပ်နိုင်အောင်သုံးတဲ့ လူသား ပုစွန်ထုပ်အိတ်ထဲ မိုနီကာကိုထည့်ချုပ်ထားလိုက်တာ။

“ပြောရရင် နင်က ရူးနေတာပဲမဟုတ်ဘူးလား။ ငါ့ကို အဆိပ်ခတ် သတ်ဖို့ကြံသလို နက်ဆန်ကိုလည်း ပေါက်ကရဆေးတွေ ခတ်ခဲ့သေးတယ်။”

“.....” ဒီတော့မှ မိုနီကာက ရုန်းကန်နေတာကို ရပ်လိုက်တယ်။

“ငါက ရူးတယ်ဆိုပေမဲ့ အချစ်ရူးရူးနေတာဟဲ့။ အဲဒီတော့ ဘာဖြစ်လဲ။” နောက်တော့ သူ့ကိုယ်သူရူးနေတာကို ဂုဏ်ယူစရာ ကောင်းတဲ့ကိစ္စတစ်ခုလိုမျိုး အော်ကြီးဟစ်ကျယ်ပြောတော့တာပဲ။

“ငါက ဒါလင်ကို သေမတတ်စွဲလမ်းနေတာ။ သူ့အသံလေးကိုမှ မကြားရရင် စားမဝင်အိပ်မပျော်သလိုပဲ။ သူ့ကိုမမြင်ရရင် တစ်ကိုယ်လုံး ယားယံပြီး မနေတတ်တော့သလိုမျိုး ခံစားရတယ်။ သူဝတ်ပြီးသားအဝတ်က ကိုယ်သင်းနံလေးကိုမှ ခိုးမရှုရရင် အသက်ရှင်မနေရသလိုပဲ.... @(2&#*+!.... 2!#*&$^2(“

ကျွန်မ သူပြောတာတွေကို နားထောင်ရင်းနဲ့ ကျောချမ်းလာတယ်။ အစပိုင်းက ပုံမှန်ရူးရုံလောက်ပဲဆိုပေမဲ့ နောက်ပိုင်းပြောတာတွေက လူသာမန်ဆိုတဲ့စံနှုန်းကိုကျော်သွားပြီး စကူးဘတ်တွေသာလျှင် နားလည်နိုင်မယ့် ရူးကြောင်ကြောင်ကိစ္စတွေဖြစ်နေတာမလို့ ကျွန်မ နားထောင်နေတာကို ရပ်လိုက်ရတယ်။

ပြောရရင် ဒီအရူးရောဂါက ကူးစက်နိုင်မနိုင် ကျွန်မသိရတာ မဟုတ်ဘူးရယ်။

နောက်တော့ ကျွန်မက နက်ဆန်ဘက်ကို လှည့်ပြီးတော့ မေးတယ်။ “ဒီတော့ ဘာတွေဖြစ်တဲ့တာလဲ ကျွန်မကို ရှင်းပြနိုင်မလား။”

နက်ဆန်က ကျွန်မကိုကြည့်လိုက်တယ်။ နောက်တော့ မိုနီကာကို ကြည့်လိုက်ပြီးတော့ ကျွန်မကိုဖြစ်ခဲ့သမျှ တစ်ခွန်းမကျန်ပြန်ပြီး ရှင်းပြခဲ့ပါတယ်။ ရိုမြူလက်ဘုရားကျောင်းက အိန်ဂျယ်တစ်ပါးကို ဖမ်းဆီးပြီး ကိုယ်မထိန်းချုပ်နိုင်တဲ့စွမ်းအားတွေနဲ့ ဆော့ကစားနေပုံ ၊ ဆီနိတ်တာရော့ဝဲလ်နဲ့နက်ဆန်တို့ ဘုရားကျောင်းကိုရင်ဆိုင်ခဲ့ပုံ၊ ရှုံးပြီးပြေးရပုံနဲ့ ဒိုင်းသူတော်စင်ရူဘီနောက်ကလိုက်လာတာကို ခုခံရတဲ့အကြောင်းတွေအထိ ကျွန်မကြားသိခဲ့ရတယ်။

အားလုံးကို ရှင်းပြပြီးတဲ့နောက်မှာတော့ နက်ဆန်က ကျွန်မကို ပြောလိုက်တယ်။

“ပြောရရင် လက်ရှိအမှောင်ကျောင်းတော်ရဲ့အခြေအနေက သိပ်ကို အန္တရာယ်များနေတယ်။ မိုနီကာကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ထားတာမလို့ သူ့အသက်ဓာတ်ကိုပြန်ပြင်နိုင်မယ့်နည်း ရှာဖို့လိုတယ်။ ဒါကြောင့် မင်းငါတို့နားကနေ ထွက်သွားတာ အကောင်းဆုံးပဲ။”

ကျွန်မ ခေါင်းခါလိုက်တယ်။ အန္တရာယ်များတဲ့အခြေအနေကို သိရပြီးတဲ့နောက်မှာ ကျွန်မရင်တွေ မွန်းကျပ်သွားခဲ့တယ်ဆိုပေမဲ့ ထွက်သွားဖို့တော့ မတွေးခဲ့မိပါဘူး။

အဲဒီအစား ကျွန်မနက်ဆန်ရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့မိတယ်။ “ဟင့်အင်း၊ ကျွန်မထွက်သွားမှာမဟုတ်ဘူး။ ကျွန်မရှင်နဲ့အတူ ကမ္ဘာကြီးပေါ်က လှပတဲ့အရာတွေအားလုံးကို မြင်ခဲ့ရပြီးပြီ။ ဘာကြောင့် ရှင်နဲ့အတူတူ ကမ္ဘာကြီးပေါ်က ဒုက္ခမျိုးစုံကို မခံစားရဲဘဲ နေမှာလဲ။ ကျွန်မကို ရှင့်အနားမှာနေခွင့်ပေးပါ။”

နက်ဆန်က ဒီစကားကြောင့် အချိန်အတော်ကြာအောင် တိတ်ဆိတ် သွားခဲ့ပြီးတော့ ငေးငိုင်နေခဲ့တယ်။ နောက်တော့ အရေးကြီးကိစ္စ တစ်စုံတရာကို ပြန်သတိရသွားဟန်နဲ့ ပြောလိုက်တယ်။

“လောလောဆယ် ဒီနေရာကနေ ရွှေ့ကြရအောင်။ ဒိုင်းသူတော်စင် ထွက်ပြေးသွားပြီဆိုပေမဲ့ တခြားသူတော်စင်သုံးယောက်က ငါတို့ ဒီမှာရှိနေတာကို သိနေလောက်ပြီ။ မကြာခင်ရောက်လာနိုင်ခြေ ရှိတယ်။”

ကျွန်မခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ ဒီမြို့လေးကနေ ထွက်သွားဖို့အတွက် ပြင်ဆင်ကြပါတယ်။

...

နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ ကျွန်မတို့တွေက ကျောက်ရုပ်ထုဧကရာဇ်ကြီးရဲ့မြို့ကို ချန်ထားရစ်ခဲ့ပြီးတော့ ဥရောပပတ် အမြန်ရထားလမ်းပေါ်က ရထားတစ်စင်းပေါ်မှာ ရောက်နေပါပြီ။ ခါတိုင်းလိုပဲ အထူးတွဲမှာ။ ပုံမှန်ထက်ထူးခြားတာ ဆိုလို့ အမြဲလိုလိုကျွန်မတို့နောက်က ခိုးကြောင်ခိုးဝှက်လိုက်လာလေ့ ရှိတတ်တဲ့ မိုနီကာက ကျွန်မတို့နဲ့အတူထိုင်နေတာပဲ။ ပြီးတော့ ဒေါသထွက်စရာကောင်းလောက်အောင် နက်ဆန်နဲ့နီးကပ် နေလွန်းတယ်။

“စကူးဘတ်မ.... နင့်ကိုငါကြည့်ရင်း ဒေါသထွက်လာပြီ။ တစ်နေကုန် မျှော့လိုပဲနေတော့မှာလား။”

ကျွန်မက နက်ဆန်ရဲ့ဘေးမှာထိုင်နေတဲ့ မိုနီကာကိုကြည့်ရင်းနဲ့ ပြောလိုက်တယ်။ မိုနီကာက နက်ဆန့်ပခုံးကိုနှီထားပြီးတော့ လက်မောင်းကိုလည်း ဖက်ထားသေးတယ်။

“အာရာ...ဒါကတော့ နင့်ကံကိုနင် အပြစ်တင်လေ။ လက်မှတ်ရောင်းတဲ့အစ်မကြီးက ငါ့ကို ငါ့ဖူးစာဖက်နဲ့ အတူထိုင်လို့ရအောင်လို့ အခုလိုစီစဥ်ပေးလိုက်တာတော့ ဘယ်တတ်နိုင်မလဲ။”

“အဲဒါ နင်သူ့ကို မျက်စပစ်ပြလိုက်လို့မဟုတ်ဘူးလား။”

“ဒါလည်း ကံကြမ္မာအရ ငါ့မှာပါလာတဲ့ အရည်အချင်းတစ်မျိုးပဲ။”

“ဂါး....” ကျွန်မ လူတစ်ယောက်ဖြစ်ပေမဲ့ ကြောင်တစ်ကောင်လို မာန်ဖီလာမိတယ်။ နောက်တော့ သည်းမခံနိုင်တော့ဘဲ နှစ်ယောက်ပဲ ထိုင်လို့ရတဲ့ခုံတန်းမှာ ကျွန်မကိုယ်တိုင် အတင်းတိုးပြီးဝင်ထိုင်ဖို့ ကြိုးစားရာကနေ မိုနီကာနဲ့ကျွန်မတို့ သတ်ပုတ်ပွဲအသေးစားလေး ဖြစ်သွားတယ်။

“ကောင်မလေးနှစ်ယောက်ကြောင့် စိတ်ညစ်နေပြီလားသခင်။”

ခဏနေတော့ နက်ဆန့်အရိပ်ထဲကနေ မော်လီခေါင်းပြူ ထွက်လာပြီးမေးလိုက်တယ်။

“မော်လီလား၊ ရှင်ပြန်လာပြီဆိုပေမဲ့ ဒဏ်ရာရပြီးအိပ်နေရတယ် ကြားတာ။”

“ခုတော့ ပြန်နိုးလာပြီလေ။ အကုန်ပြန်ကောင်းဖို့ လိုသေးပေမဲ့ပေါ့။”

မော်လီကလည်း ကျွန်မကိုကြည့်လိုက်ပြီး နှုတ်ဆက်လိုက်တယ်။ “ငါတို့ရဲ့အမှိုက်မလေးလည်း သခင့်အနားကို ပြန်ရောက်နေပြီပဲ။ ဒါနဲ့၊ သခင်က ဘယ်ကိုခရီးဆက်ဖို့ ဆုံးဖြတ်ထားတာလဲ။”

နက်ဆန်က မော်လီရဲ့အမေးကြောင့် သူသောက်နေတဲ့ ဘလက်ကော်ဖီခွက်ထဲ ငုံကြည့်လိုက်ရင်းပြောလိုက်တယ်။ ထင်မှတ်မထားတာက ကျွန်မနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတယ်။

“ဆယ်ဗီရဲ့စွမ်းအားက ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ တိုးတက် လာနေတယ်။ သူ့နောက်ကွယ်က နတ်ဘုရားကို ငါတို့သိဖို့လိုတယ်။ ဒီတော့ ဒယ်ဖိုင်နတ်ကျောင်းကိုချီတက်ပြီး နတ်ဆရာမကို ရှာကြတာပေါ့။”

....

မစ်ထရက်မြို့ဆေးရုံ။

နေရာတိုင်းမှာ EUOCက အေးဂျင့်တွေပြည့်နေပြီး တိတ်အဝါတွေ ပတ်ထားကာ ဆေးရုံတစ်ခုလုံးကို သာမန်လူတွေမလာနိုင်အောင် ချိတ်ပိတ်ထားတယ်။

“တပ်မှူးအယ်မာ၊ ဒေသခံတွေအဆိုအရတော့ မနေ့ညက ဒီနေရာမှာ မြူတွေဆိုင်းပြီး ထူးဆန်းတာတွေဖြစ်သွားတယ်တဲ့။ လေ့လာလို့ ရသလောက်တော့ အမှောင်စွမ်းအားတွေနဲ့ အလင်းစွမ်းအင်တွေ ဒီနေရာမှာတိုက်ခိုက်ခဲ့ပုံပဲ။”

အေးဂျင့်တစ်ယောက်က နာတာရှာနဲ့ဆင်တူတဲ့ဝတ်စုံ ဝတ်ထားတဲ့ အရာရှိမိန်းမတစ်ယောက်ကို ဦးညွှတ်လိုက်တယ်။ အဲဒီမိန်းမမှာ အနက်ရောင်နဲ့ရွှေရောင်ရောနေတဲ့ဆံပင်တွေရှိပြီး ယောက်ျား တစ်ယောက်လိုမျိုး ဗိုလ်ကေညှပ်ထားတယ်။ စကပ်တိုဝတ်ထားတဲ့ အတွက်ကြောင့် ပေါင်မှာရှိနေတဲ့ မြွေပုံတက်တူးကိုမြင်နိုင်ပြီး လက်ထဲမှာလည်း မှော်နှင်တံနဲ့ပါ။

“ငါနဲ့အဆင့်တူတပ်မှူးတစ်ယောက်ကို ဖုတ်ကောင်အဖြစ်ပြောင်းလို့ EUOC အကြီးပိုင်းတွေ အရေးယူဖို့သင့်မသင့် ဆွေးနွေးနေကြတဲ့ တစ်ယောက်လား။ အခုလည်း ဘုရားကျောင်းကိုရန်သွားစပြီး EUOC တားမြစ်ထားတဲ့ ဆေးရုံလိုနေရာမျိုးမှာ တိုက်ခိုက်ရဲတယ်။ ဒီလိုလူကိုသာ အနိုင်ယူလိုက်မယ်ဆိုရင် ငါရာထူးတက်ဖို့အတွက် ကျိန်းသေသွားပြီ။”

EUOCက ဥရောပတစ်ခုလုံးကို လွှမ်းခြုံထားတဲ့အဖွဲ့တစ်ခု ဖြစ်တဲ့အတွက်ကြောင့် နာတာရှာလိုမျိုး စစ်ဆင်ရေးမှူးတွေ များစွာပိုင်ဆိုင်ထားပါတယ်။ အယ်မာကလည်း သူတို့ထဲက တစ်ယောက်ပါ။

“ဌာနချုပ်ကိုဆက်သွယ်လိုက်၊ နက်ဆန်နောက်ကို ငါလိုက်နေပြီလို့။ ဒါလီယာလည်း ငါနဲ့အတူပါမှာဖြစ်လို့ မစိုးရိမ်နဲ့လို့။”

“ဒါပေမဲ့ တပ်မှူး၊ ဌာနချုပ်က မဆုံးဖြတ်ရသေးဘူးလေ။”

“မလိုဘူး၊ ငါသူ့ကို အခုမလိုက်ရင်သူလွတ်သွားလိမ့်မယ်လို့ အကြောင်းပြလိုက်။”

နောက်တော့ တပ်မှူးအယ်မာက သူ့နောက်မှာရှိနေတဲ့သူ တစ်ယောက်ကိုကြည့်လိုက်တယ်။ မျက်ဝန်းတွေက ပျားရည်လို အညိုမကျအဝါမကျရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အသားအရေကတော့ ဂျုံရောင်လိုမျိုး ညိုညှက်ညှက်ရှိတယ်။ အနည်းငယ်အရပ်ပုပြီး ငယ်ရွယ်သယောင်ရကာ ရှေးခေတ် အီဂျစ်အမျိုးသမီးတွေဝတ်ဆင်ထားတဲ့ ဂါဝန်မျိုးကိုဝတ်ဆင် ထားကာ လက်ထဲမှာတော့ သော့ခ်နတ်ဘုရားရဲ့သင်္ကေတပါ နှင်တံကို ကိုင်ဆောင်ထားတယ်။

ကျောနဲ့လက်မောင်းအနှံမှာ အမာရွတ်တွေအထင်အရှားရှိနေပြီး ကျာပွတ်လိုအရာမျိုးနဲ့ရိုက်နှက်ခံထားရပုံပေါ်တယ်။ မျက်လုံးတွေ၊ အဲဒီမျက်လုံးတွေက ခံစားချက်မဲ့နေပုံပေါ်ပြီး အယ်မာပြောသမျှကို နားထောင်ဖို့ အသင့်ဖြစ်နေပုံပါပဲ။

အယ်မာက ပြုံးလိုက်တယ်။ “EUOCရဲ့လျှို့ဝှက်လက်နက် လူလုပ်နတ်တစ်ပိုင်း ဒါလီယာရှိနေမှတော့ ညမင်းသားကို ကြောက်စရာလိုသေးလို့လား။”

All Chapters