← Chapters

ခေါင်းမာတဲ့သူ

Vol. 6 Ch. 271

ခေါင်းမာတဲ့သူ

Vol. 6 Ch. 271

ပြင်ဆင်လို့ပြီးသွားတဲ့နောက် ဆယ်ဗီတို့အဖွဲ့က ဇာရာဇိုရာမြို့ လမ်းမတွေပေါ်ကိုထွက်လာခဲ့တယ်။ ဆယ်ဗီက လက်ကို နောက်ပစ်ပြီးရှေ့ကနေဦးဆောင်လျှောက်နေတဲ့အချိန်မှာ အယ်မာကတော့ နားအတွင်းထဲမှာတပ်ထားတဲ့ စပိုင်ရေဒီယို သေးသေးလေးနဲ့အလုပ်များနေတယ်။

“ပစ်မှတ်ထွက်လာပြီ၊ အယ်ဖာအဖွဲ့ နောက်ကနေ မသိမသာလေး လိုက်မယ်။ ဒယ်တာအဖွဲ့ခေါင်မိုးတွေပေါ်မှာ နေရာယူထား။ ပစ်မှတ်နားကို သဘာဝလွန်အရာတွေမချဥ်းကပ်စေနဲ့။”

နေသိပ်မပူပေမဲ့ ထီးနက်ကြီးစောင်းပြီး ဆယ်ဗီနောက်က လိုက်လာတဲ့ မော်လီက အယ်မာတီးတိုးပြောနေတဲ့စကားတွေကို နားထောင်လိုက်ပြီး ခေါင်းခါလိုက်တယ်။ လမ်းမပေါ်မှာ ဘယ်ကြည့်ကြည့် EUOCရဲ့အရပ်ဝတ်ယူနီဖောင်းဖြစ်တဲ့ နက်ပြာရောင်ကုတ်အင်္ကျီတွေဝတ်ထားတဲ့ လူတွေချည်းပဲ။ သူတို့တွေက သမ္မတလုံခြုံရေးတပ်ဖွဲ့လိုမျိုး လှုပ်ရှားနေကြတာ။

“အယ်... ဟိုနားက လူကိုကြည့်ပါဦး၊ သူ့ကုတ်ကို အရပ်ရှည်ရှည် အကောင်ကြီးတစ်ကောင် ခွစီးနေတာလားလို့။”

ဆယ်ဗီက ကားမှတ်တိုင်တစ်နေရာကို ကြည့်လိုက်ပါတယ်။ ဦးလေးကြီးတစ်ယောက်က ကားမှတ်တိုင်ခုံပေါ်မှာထိုင်ရင်း ဇက်ကြောတက်နေဟန်နဲ့ သူ့ပခုံးကို သူနှပ်နယ်နေပြီး သူ့ကုတ်ကို အရပ်ကြီးကလန်ကလားနဲ့ မျက်နှာမပါတဲ့ကောင်ကြီး တက်ခွစီးနေတာကို သတိမထားမိဘူး။

“ဆယ်ဗီက စပ်စုချင်စိတ်နဲ့ရှေ့တက်သွားခါနီးမှာပဲ အယ်မာက ဆယ်ဗီရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီး ကောင်းကင်ပေါ်ကို လက်ညိုး ထိုးပြလိုက်တယ်။”

“ဟိုမှာ လေယာဥ်ပျံကြီး...”

“အယ်... ဘယ်မှာလဲ။” ရုတ်တရက် အံ့အားသင့်သွားတဲ့ ဆယ်ဗီလည်း ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အေးဂျင့်နှစ်ယောက်က ဦးလေးကြီးအနားကပ်ပြီး တစ်ယောက်က ဦးလေးကြီးကို ကြင်နာတဲ့မျက်နှာနဲ့ ကိုလာတစ်ဘူး ကမ်းပေးလိုက်ပြီး တခြားတစ်ယောက်ကတော့ လူတွေအလစ်မှာ မှော်ဂါထာတချို့ကို သုံးလိုက်တယ်။

ကုတ်ပေါ်ကကောင်ကြီးလည်း သူ့မျက်နှာပြောင်ကြီးကို လက်နှစ်ဖက်နဲ့အုပ်ပြီး ‘ဝူးဝူး'လို့အော်ကာ ထွက်ပြေးသွားပါလေရော။ အေးဂျင့်နှစ်ယောက်ကတော့ အဲဒီကောင်ကြီးနောက်ကို လိုက်သွားတော့တာပေါ့။

“အယ်မာကလည်း... ဘာလေယာဥ်မှမရှိပါဘူးဆို။ ဒါနဲ့၊ ဟိုအကောင်ကြီးရော....”

ဆယ်ဗီ ဘတ်စကားမှတ်တိုင်ကို ပြန်ကြည့်လိုက်တော့ အကောင်ကြီး ရှိမနေတော့ဘူး။ လူစိမ်းတစ်ယောက် ပေးသွားတဲ့ကိုလာကို သောက်သင့်မသောက်သင့် ထိုင်စဥ်းစားနေတဲ့ ဦးလေးကြီးပဲရှိတော့တယ်။

“နင်ညက ကောင်းကောင်းမအိပ်လို့ အမြင်မှားနေတာနေမှာပါ။” မော်လီက ဆယ်ဗီရဲ့ပခုံးပေါ်ကို လက်တင်လိုက်ပြီး အယုံသွင်းတယ်။

“.....” ပထမတော့ ဆယ်ဗီက ယုံတဲ့ပုံမရပေမဲ့ ဗိုက်ဆာလာပြီမလို့ တခြားကိစ္စတွေကို အာရုံဖြတ်ပြီး မြန်မြန်ပိုလျှောက်ပါတယ်။

“ဆိုင်က ဒီနားလေးမှာတင်။ ကြက်ကြော်လေးတွေရေ၊ ငါ့ကို စောင့်နေကြနော်။”

ဒါပေမဲ့ ဆိုင်ရှိတဲ့လမ်းကြားထဲ ချိုးဝင်လိုက်တော့ တစ်မိုင်လောက် ရှည်လျားတဲ့ လူတန်းကြီးကို တွေ့လိုက်ရရော။ အကုန်လုံးက ကြက်ကြော်ဆိုင်ရှေ့မှာ တန်းစီးနေကြတာ။

“အယ်ဟယ်... ဒီလောက်တောင် တန်းစီးရမှာလား။” ဆယ်ဗီခင်ဗျာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေမဲ့ သူများတွေလိုပဲ လူကြားထဲ ဝင်တန်းစီလိုက်တယ်။ အယ်မာနဲ့မော်လီတို့လည်းအလကားနေရင်း ဝင်တန်းစီရတော့တာပေါ့။ အယ်မာကတော့ သူ့ဖုန်းကိုထုတ်ပြီး သူတို့စားမယ့်ဆိုင်အကြောင်း ရှာကြည့်လိုက်တယ်။

“ဒီကြက်ကြော်ဆိုင်က သေးသေးလေးရယ်။ ထိုင်စားဖို့အတွက် နေရာမရှိဘူး။ ယူသွားရမှာ။ မီနျူးလည်း သိပ်မစုံသလို စားစရာတွေကလည်း KFC လိုမျိုး အမြန်စားစရာ ဆိုင်ကြီးတွေလောက် အရသာမကောင်းဘူး။ ဒီတော့ ခဏခဏ ဒစ်စကောင့်ချပြီး သာမန်အလုပ်သမားလူတန်းစားတွေ အားပေးအောင်လုပ်ထားတာ။ အကျိုးဆက်အနေနဲ့ အခုလို ပိတ်ရက်မနက်ခင်းမျိုးဆိုရင် လူတန်းကြီးဖြစ်သွားတော့တာပဲ။”

မော်လီကတော့ ချက်ချင်းပြန်မဖြေသေးဘဲ ကောင်းကင်ပေါ်က နေကိုမော့ကြည့်လိုက်တယ်။ သူ့ပုံစံကစထွက်လာတုန်းကနဲ့ယှဥ်ရင် အိပ်ချင်နေတဲ့ရုပ်နဲ့။

“နေမြင့်လာပြီ။ ဆက်ပြီးတန်းစီနေရင် ဒစ်စကောင့်ချတာ ပြီးသွားလိမ့်မယ်။”

အယ်မာကလည်း သူ့ခြေထောက်တွေကို ငုံကြည့်လိုက်ပါတယ်။ ခြေဖနောင့်လေးတွေနီရဲလို့။ ဒေါက်ဖိနပ်တွေကိုကြိုက်လို့ ဆက်ဝတ်နေသေးတာဆိုပေမဲ့ ကလေးဝိတ်ကတိုးတိုးလာတော့ သိပ်အဆင်ပြေလှတယ်မဟုတ်ဘူး။ ဒါကြောင့်သူလည်းအကြာကြီး မစောင့်ချင်ဘူး။

“ဆယ်ဗီ၊ ညီမလေး... ဒီနားမှာ KFCတို့၊ မယ်ရီဘရောင်းတို့ ရှိသေးတယ်။ လူစောင့်စရာမလိုလို့ ချက်ချင်းထိုင်စားရုံပဲလေ။”

အယ်မာက ဆယ်ဗီကို ညင်ညင်သာသာလေးပြောလိုက်ပေမဲ့ ဆယ်ဗီက သူ့ကိုငိုတော့မယ့်မျက်ဝန်းတွေနဲ့ ပြန်စိုက်ကြည့်တယ်။ အဲဒီနောက် ကလေးဆိုးကြီးလေသံနဲ့...

“ဒါပေမဲ့ သူတို့ဟာတွေက ဒစ်စကောင့်ချရင်တောင် စျေးကြီးတယ်။ အိမ်မှာနက်ဆန်လည်းရှိတာမဟုတ်ဘူး။ ကျွန်မလခအကုန် သုံးမိရင် မော်လီက မုန့်ဖိုးမပေးဘဲ အိမ်ချက်တွေပဲ စားခိုင်းတော့မှာ။”

မော်လီကတော့ နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး လက်သီးကိုပါ ဆုပ်ထားလိုက်ပါတယ်။ သူက မျက်လုံးကိုမှိတ်လိုက်ပြီး ဆယ်ဗီကို တစ်ခုခုမလုပ်မိအောင်စိတ်ထိန်းတဲ့အနေနဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်ပါတယ်။ ပြီးတဲ့နောက် အလွန့်အလွန်ကို နောင်တရ စိတ်မကောင်းဖြစ်နေတဲ့လေသံနဲ့...

“ဒီအစေခံရဲ့လက်ရာက လမ်းဘေးကြက်ကြော်ဆိုင်နဲ့တောင် မယှဥ်နိုင်မှန်း သတိမထားခဲ့မိဘူး။ ဒီလောက်ဆိုးဝါးတဲ့ စားစရာတွေကို တစ်သက်လုံးသည်းခံပြီးစားပေးခဲ့တဲ့ သခင်လေးလည်း ဒုက္ခအတော်ခံခဲ့ရမှာပဲနော်။ သခင်လေးကို အရှက်ရစေခဲ့မိပြီ။”

မော်လီကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးသွားပြီး လောကကြီးကို လက်လျှော့အရှုံးပေးလိုက်တဲ့ပုံပါပဲ။ သူ့ကိုယ်က ရွှေရောင်အလင်းတန်းတွေဖြာထွက်လာပြီး တစ်ကိုယ်လုံး ထွင်းဖောက်မြင်ရလုနီးပါးပဲ။ အယ်မာလည်း အမြင်လှည့်စား ဂါထာတစ်ခုကိုသုံးပြီး ပျောက်ကွယ်သွားတော့မလိုဖြစ်နေတဲ့ မော်လီကို နောက်ကနေ ဖေးမထားလိုက်ရရော။

“မော်... မော်လီ၊ နင်ဒီနေရာမှာ ကျွတ်လွတ်သွားလို့မဖြစ်ဘူးလေ။ နင်တမလွန်တိုင်းပြည်ကိုရောက်သွားရင် နက်ဆန်က ငါ့ကိုသတ်လိမ့်မယ်။”

“သခင်လေးအကြိုက် ဟင်းလျာတွေကို ချက်မပေးနိုင်မှတော့ ဒီအသေကောင်ကြီးက ဆက်ရှိနေရင်လည်း ဘာထူးတော့မှာလဲ။ ငါ့ကို အေးချမ်းစွာအနားယူခွင့်ပေးပါတော့။”

“အဲဒီလိုမဟုတ်ဘူးလေ။ နင်ချက်တဲ့ဟင်းတွေက ကောင်းပါတယ်။ နက်ဆန်ကလည်း နင်ချက်တာပဲ စားနေတာကြိုက်လို့ပေါ့ဟ။ အဲဒီအရူးမဆယ်ဗီကိုက ဟင်းအကောင်းစားတွေမစားဘဲ အမှိုက်စာတွေစားရတာကြိုက်နေတာ။ စိတ်ဓာတ်ကျနေမယ့်အစား နင်သူ့ကို အနိုင်ယူဖို့ဗျူဟာပြောင်းသင့်တယ်မထင်ဘူးလား။”

“ဒါလည်းဟုတ်တာပဲ။ ဒီနေ့ကစပြီး အရူးမကိုအနိုင်ယူဖို့ စစ်ဆင်ရေးဆင်နွဲရမယ်။”

မော်လီက ချက်ချင်းအားအင်အပြည့်နဲ့ဖြစ်သွားတယ်။ ဒါပေမဲ့ လူကတော့ တန်းစီနေရတုန်းပဲ။ နေ့ခင်းဘက်ရောက်ခါနီးတော့ နေက မခံနိုင်လောက်အောင်ပူလာပြီ။ စိုထိုင်းဆကလည်း များနေတော့ နေရတာအိုက်စပ်စပ်ကြီးနဲ့ ဆယ်ဗီတစ်ကိုယ်လုံး ချွေးတွေစိုရွဲလို့။

“နည်းနည်းပဲ လိုတော့တာပဲ... နည်းနည်းပဲ....” ဆယ်ဗီက ဝေဝါးနေတဲ့မျက်လုံးတွေနဲ့ ရှေ့ကိုကြည့်လိုက်တယ်။ ဆိုင်ရှေ့ ရောက်ဖို့လူတစ်ယောက်နှစ်ယောက်ပဲလိုတော့တာ။ ရေဓာတ် ခမ်းခြောက်ပြီးတော့ မူးမေ့တော့မလိုဖြစ်နေပေမဲ့...

“ကြက်သားကြော်လေးနဲ့ ကိုလာနဲ့ဆိုရင် အေးမြပြီး တစ်နေကုန် အားအင်အပြည့်နဲ့​ ဖြစ်နေတော့မှာပဲ။”

ဆယ်ဗီက စိတ်ကူးလိုက်ပြီး ပါးစပ်ထဲကနေ သွားရည်တမြမြ ကျလာတယ်။ နောက်ဆုံးတော့ ရှေ့မှာရှိနေတဲ့ လူတွေထွက်သွားပြီး သူ့အလှည့်ရောက်လာပြီ။ အော်ဒါမှာဖို့အတွက် လက်ညိုး တစ်ချောင်းထောင်လိုက်တယ်ဆိုပေမဲ့....

“ကျွန်မတို့ဆိုင်လေးကို လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဆယ့်နှစ်နာရီထိုးပြီမလို့ ပရိုမိုးရှင်းကာလလေးပြီးပါပြီနော်။ နေ့လယ်ပိုင်းနားချိန်က ညနေနှစ်နာရီအထိမလို့ အဲဒီအချိန်ကျမှပဲ ဆက်ရောင်းပေးပါမယ်ရှင့်။”

ချောက်....

အဲဒီနောက်တော့ ဆိုင်ဝန်ထမ်းကောင်မလေးက ဆိုင်ပြတင်းကို ဆွဲပိတ်လိုက်တယ်။ နောက်မှာတန်းစီနေတဲ့သူတွေလည်းပဲ စိတ်ပျက်လက်ပျက်နဲ့ပြန်သွားရော။

“ငါ... နောက်ကျသွားတာလား....” ဆယ်ဗီတစ်ယောက်တည်းပဲ ပိတ်သွားတဲ့ဆိုင်ပြတင်းပေါက်ကို စိုက်ကြည့်ပြီးပြန်နေရစ်တာ။

ကောင်းကင်ပေါ်မှာကျီးအတချို့ဖြတ်ပျံသွားတယ်။ ဆယ်ဗီရဲ့မေး အစွန်းကနေ ချွေးစက်တချို့ မြေပြင်ပေါ်ကိုစီးကျသွားတယ်။ အဲဒီနောက်တော့ ကြောက်စရာကောင်းလှတဲ့ အရှိန်အဝါဖိအားကြီးတစ်ခုက ရာဇာဇိုရာမြို့လေးအပေါ်ကို ဖိစီးလာတော့တာပဲ။

“ဒစ်စကောင့်လွတ်သွားပြီ... ကြက်ကြော်မရှိဘူး... ကိုလာလည်းမရှိဘူး...”

ဆယ်ဗီက စကားတစ်ခွန်းတည်းကိုပဲရေရွတ်နေပြီးတော့ မျက်နှာ အမူအရာကပိုပိုပြီးတင်းမာလာနေပါတယ်။

“ဒီအရှင်မစားချင်တာတွေ စားလို့မရတော့ဘူး....” နောက်ဆုံးတော့ လေသံပါပြောင်းသွားပြီး ဆယ်ဗီလားအင်နာနာလားဆိုတာပါ ခွဲမရတော့ဘူး။ အကုန်လုံးသေတော့မယ်လို့ အယ်မာထင်လိုက်တဲ့ အချိန်မှာပဲ ဆိုင်အနောက်ဘက်ကနေ ဝန်ထမ်းလေးတစ်ယောက်က ကိုကာကိုလာ တစ်လီတာခွဲဘူးကြီးတစ်ဘူးနဲ့ KFC မိသားစုဘူးကြီးတစ်ဘူးကို သယ်လာပြီး ဆယ်ဗီရဲ့လက်ထဲထည့်ပေးလိုက်တယ်။

“စောင့်နေရတဲ့အတွက် အားနာလိုက်တာ။ အစ်မက ကျွန်တော်တို့ဆိုင်ကို တစ်သန်းမြောက်လာဝယ်တဲ့သူမလို့ အလကားပေးတာပါ။ နောက်လည်းလာအားပေးပါဦး။”

“တ.... တကယ်...” အင်နာနာဝင်ပူးနေတဲ့ဆယ်ဗီက ကြက်ကြော်ဘူးနဲ့ အချိုရည်ပုလင်းကိုကြည့်နေရင်း အားရပါးရ ပြုံးလိုက်တယ်။ အဲဒီနောက်တော့ နတ်ဣန္ဒြေကိုတောင် မထိန်းနိုင်တော့ဘဲ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြက်ပေါင်တစ်ချောင်းကို ကိုင်ပြီး အားရပါးရဆွဲကိုက်၊ ကိုလာဘူးကြီးကိုဆွဲဖွင့်ပြီး တစ်ဝက်လောက်ကျသွားတဲ့အထိ မော့သောက်တယ်။

“အဟား... ကောင်းလိုက်တာ... ခေတ်တွေပြောင်းသွားပေမဲ့ နင်တို့လူသားတွေရဲ့စားစရာတွေက အံ့ဩစရာကောင်းနေတုန်းပဲ။”

လာတဲ့ဆိုင်ကြက်​ကြော်တံဆိပ်နဲ့ စားနေတဲ့တံဆိပ်မတူတာတောင် သူဂရုမစိုက်နိုင်တော့ဘူး။ အယ်မာနဲ့မော်လီကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်တော့တာပေါ့။ အနည်းဆုံးတော့ ဇာရာဇိုရာမြို့လေး မြေပုံပေါ်က ပျောက်မယ့်ဘေးက လွတ်သွားပြီ။

အယ်မာကတော့ ခေါင်းကိုခါယမ်းလိုက်ရင်း လမ်းကြားလေးထဲက အသာထွက်လိုက်တယ်။ သူခြေလှမ်းလိုက်တိုင်းမှာပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်ကတုန်ခါလို့။ လမ်းဘေး ကားပါကင်တစ်နေရာကို ရောက်တဲ့အခါမှာတော့ အယ်မာက ကားနက်တစ်စီးရဲ့ပြတင်းကို လက်နဲ့ခေါက်လိုက်တယ်။ ကားမှန်အောက်ချပြီးတဲ့နောက် သတ္တုမျက်နှာဖုံးဝတ်ထားတဲ့လူတစ်ယောက်ကို မြင်လိုက်ရပြီ။

“ရှင်ရောက်နေတာပဲ၊ ဘာလို့သူ့ကို ဆင်းမတွေ့တာလဲ။ သူက ကမ္ဘာပေါ်မှာ ရှင်အတွေ့ချင်ဆုံးလူ မဟုတ်လား။”

ဒီလူက EUOCရဲ့ကောင်မရှင်နာဆိုတာ ရှင်းပြစရာမလိုဘူး။ သူ့ဆီကနေရယ်သံသဲ့သဲ့ထွက်လာပေမဲ့ မကြာခင်မှာပဲ ချောင်းဆိုးသံအဖြစ်ကို ပြောင်းလဲသွားတယ်။

“အမာ... ပျော်နေတာတွေ့ရရင်ပဲ ကျုပ်ဝမ်းသာပါတယ်။” အဲဒီနောက်တော့ သူ့မျက်လုံးတွေကလမ်းကြားလေးထဲမှာ အမူးသမားလိုထိုင်ကိုလာသောက်နေတဲ့ ဆယ်ဗီကိုဆက်ကြည့်လို့။ ဒါပေမဲ့ သူ့အတွေးတွေက လက်ရှိဘဝကြီးမှာမရှိတော့တာ ကြာပါပြီ။

...

လူသားတွေရဲ့ပထမဆုံးဘုရင် အင်နာနာက သူ့ရှေ့က အသားညိုညိုနဲ့မိန်းကလေး စားသောက်နေတာကို ကြည့်နေခဲ့တယ်။ အဲဒီမိန်းကလေးက ပေကျံနေတဲ့ဖျင်ကြမ်း ဂါဝန်ကိုဝတ်ထားပြီး ဖရိုဖရဲနိုင်လွန်းတယ်။ ဆံပင်တွေကို သေချာဖီးသင်ထားခြင်းမရှိဘဲကသောင်းကနင်းဆန်လို့။ ဒါပေမဲ့ အဲဒီပုံစံလေးကိုက အရိုင်းဆန်တဲ့အလှကို ပေါ်လွင်စေတာ။

“အာဟား... နင်တို့လူသားတွေက အံ့ဩစရာပဲ။ ဂျုံတွေကို ကဇော်ဖောက်ပြီးတော့ ဘီယာဆိုတဲ့ဟာကိုလုပ်လိုက်တာလား။ ပြီးတော့ဒီကြက်ကင်က... ပုံမှန်ကြက်ကင်နဲ့မတူဘူးပဲ။”

အင်နာနာက သူ့ညာလက်ထဲမှာရှိနေတဲ့ အညိုရောင်သန်းနေတဲ့ ကြက်ကင်ကိုကြည့်လိုက်တယ်။ ကြက်သွန်နီအကွင်းတချို့အပြင် ထူးခြားတဲ့ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကို အပေါ်မှာဖြူးထားတယ်။

“ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ ကြက်ကင်ပါ။ သိုးထိန်းတချို့က ကြက်သွန်နီ၊ ကိုကုမံနဲ့ဟင်းနံ့သာလို ဟင်းခတ် အမွှေးအကြိုင်တွေကို ကြက်ကင်မှာလိမ်းကြံပြီးကင်ရင် အရသာပိုကောင်းမှာရှာတွေ့ခဲ့ ကြတာ။”

အင်နာနာကတော့ သူ့ကိုတစ်ခုချင်းစီရှင်းပြနေတဲ့ အာလ္လုင်ကို ညင်သာစွာပြုံးပြခဲ့တယ်။ “ငါလူရွေးမမှားခဲ့ဘူးပဲ။ လူသားတွေက နင့်လက်အောက်မှာ လွတ်လွတ်လပ်လပ်နေရင်း အများကြီး တိုးတက်လာပြီ။” တခြားနတ်ဘုရားတွေက လူသားတွေကို သူတို့ကို အခစားပြုဖို့ဖန်တီးထားတယ်မြင်ကြပေမဲ့ အင်နာနာကတော့ လူသားတွေကို သူတို့ဘာသာ ကြီးထွားခွင့်ပေးခဲ့သူပါ။ ဒါကို အာလ္လုင်နားလည်တယ်။ ဒါပေမဲ့..

....

နောက်တစ်ခဏအကြာမှာပဲ အာလ္လုင်ရဲ့စိတ်က အေးစက်နေတဲ့ စစ်မြေပြင်ဆီ ပြန်ရောက်သွားတယ်။ အင်နာနာရဲ့လှံဖျားက သူ့နှလုံးသားကိုထိတယ်ဆိုရုံလေးထိနေပြီး ဆက်တိုးမလာတော့ဘူး။ သူကိုယ်တိုင်ကတော့ ခွန်အားကင်းမဲ့စွာနဲ့လဲကျလို့။

“အမာ... ဒီလိုလုပ်မှဖြစ်မှာလား....” သူတို့တိုက်ခိုက်နေတုန်း လူသားတွေအများကြီး တောင်ကြားကိုဖြတ်ကျော်သွားနိုင်ခဲ့မှန်း အာလ္လုင်နားလည်ခဲ့တယ်။ အင်နာနာက သူ့ကိုလွယ်လွယ်နဲ့ အနိုင်ယူနိုင်ပေမဲ့ အားလုံးထွက်သွားနိုင်တဲ့အထိစောင့်ခဲ့တာ။ အစောပိုင်းကတိုက်ပွဲနဲ့သေခဲ့တဲ့သူတွေက အင်နာနာမသတ်မဖြစ်လို့ သတ်ခဲ့ရတာ။

“နင့်မြို့သားတွေတစ်ဝက်လောက် သင်္ဘောပေါ်ရောက်သွားပြီ။ ကျန်တဲ့သူတွေကတော့ နင်နဲ့ဒီနေရာမှာကျန်ရစ်ခဲ့ရလိမ့်မယ်။ ငါ့ကို ခွင့်လွှတ်ပါ။ နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် မပြောင်းလဲနိုင်တဲ့အရာတွေ အများကြီးရှိနေတုန်းပဲ။”

နောက်ဆုံးမှာတော့ အင်နာနာဟာ စစ်နတ်ဘုရားမတစ်ပါးပါပဲ။ ကောင်းကင်ဘုံတစ်ခုလုံးကို အနိုင်မယူနိုင်ဘူး။ သက်ဆိုင်ရာ ပါသွန်နွန်တွေတိုင်းမှာ အင်နာနာလိုခွန်အားနဲ့သူတွေအများကြီးပဲ။ မဟာနတ်ဘုရားကြီးတွေအလိုကျ ကပြရင်းနဲ့လူသားအများစုဖို့ မလွယ်ပေါက်ကိုဖွင့်ပေးရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။

အာလ္လင်က သူ့နှလုံးသားကို ကျိန်စာတစ်ခု တုပ်နှောင်သွားတာ ခံစားလိုက်မိတယ်။ သူ့စွမ်းအားတွေထိန်းချုပ်ခံရပြီးတော့ အိပ်ချင်လာပြီ။ သူ့မျက်နှာပေါ်ကို မိုးစက်မိုးပေါက်တွေ ကျဆင်းနေတာခံစားမိပေမဲ့ အင်နာနာရဲ့တည်ကြည်တဲ့ မျက်နှာကိုသာ စိတ်မကောင်းချင်းများစွာနဲ့စိုက်ကြည့်နေမိတယ်။

“အာလ္လုင်... အခုကနေစပြီးတော့ နင်ထာဝရနီးပါးအိပ်ပျော် သွားတော့မယ်။ လူသားတွေကိုတော့ ငါဆက်ကာကွယ်နေဦးမှာ။ ဒါပေမဲ့ နင်နိုးလာရင် လောကကြီးက ပြောင်းလဲသွားတာကို မြင်ရလိမ့်မယ်။ အခုကနေစပြီးတော့ လောကကြီးကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့တော့။ နင့်ရဲ့ဘဝကိုပဲ အေးအေးချမ်းချမ်း ဖြတ်သန်းပါတော့။”

.....

အာလ္လုင်ရဲ့စိတ်က လက်တွေ့ဘဝကိုပြန်ရောက်လာပြီးတဲ့နောက် စကားလေးတစ်ခွန်းကိုသာ ရေရွတ်လိုက်လေရဲ့။

“တောင်းပန်ပါတယ်အမာ၊ အမာ့စကားကို နားမထောင်နိုင်ဘူး။ သားတော်ရဲ့ထာဝရအသက်ကိုရင်းပြီး လူသားတွေ လွတ်မြောက်နိုင်မယ့် မျှော်လင့်ချက်တစ်ခုကို ဖန်တီးပေးချင်သေးတယ်။”

All Chapters