← Chapters

မော်လီရဲ့တစ်နေ့တာ

Vol. 5 Ch. 254

မော်လီရဲ့တစ်နေ့တာ

Vol. 5 Ch. 254

အမှောင်ထုထဲမှာရှိနေတဲ့ကျွန်မက အလိုလိုနေရင်းမျက်လုံးကို ဖွင့်လိုက်ပြီး ရေရွတ်လိုက်မိတယ်။

“မနက်စာပြင်ဆင်ဖို့အတွက် အချိန်ရောက်ပြီ။” ကျွန်မပတ်ဝန်းကျင် တစ်ခုလုံးက အမှောင်ထုနဲ့ဖုံးလွှမ်းနေတဲ့နေရာဖြစ်ပြီး ဒီနေရာက သခင်လေးရဲ့အမှောင်ဘုံပါ။ နတ်ဘုရားခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကြီးမားလှတဲ့ ဒိုင်မေးရှင်းတစ်ခုဖြစ်ပြီး မြို့ငယ်တစ်ခုစာလောက် အရွယ်အစားရှိတယ်။ ဒီအထဲက တစ်နေရာကတော့ ကျွန်မနေတဲ့ နေရာပါ။

“အပြီးပြည့်စုံဆုံးဖြစ်နေရမယ်။” ဒီအတွေးနဲ့အတူ ကျွန်မရဲ့ခန္ဓာကိုယ်က အဝတ်ဗီရိုဆီမျောလွင့်သွားလိုက်ပြီး ကောင်းမွန်စွာလျှော်ဖွက်ထားတဲ့ အိမ်စေအဝတ်အစားတွေကို ပြင်ဆင်ဝတ်စားလိုက်တယ်။ လက်မှာ ပိုးသားလက်အိပ်ကို ဝတ်ဆင်ပြီးတဲ့အခါမှာတော့ သခင့်ရဲ့အရိပ်ထဲကနေ ကျွန်မ ထွက်လိုက်ပါပြီ။

“သခင်... မအိပ်သေးဘူးလား။” ကျွန်မအပြင်ကိုရောက်တော့ မအိပ်သေးဘဲစာအုပ်ဖတ်နေတဲ့ သခင့်ကိုမြင်လိုက်ရရော။ မနေ့က အိမ်ပြန်နောက်ကျပြီးမှရောက်လာတာဖြစ်ပေမဲ့ မနက်လေးနာရီ ထိုးတဲ့အထိ စာထိုင်ဖတ်နေတုန်းပဲ။ မနက်ဆိုရင်လည်း ဆယ်ဗီနဲ့ အတူရှိဖို့အတွက်ဆိုပြီး တော်တော်နဲ့အိပ်တာမဟုတ်ဘူး။

“နေ့မအိပ် ညမအိပ်လုပ်နေရင် ကျန်းမာရေးထိခိုက်လိမ့်မယ်နော်။” ကျွန်မ သခင်လေးလက်ထဲက စာအုပ်ကို ဆွဲယူလိုက်တော့ သခင်က နီရဲနေတဲ့မျက်လုံးတွေနဲ့ ကျွန်မကိုကြည့်တယ်။

“မော်လီ... ခဏလောက်ပါပဲ။”

ကျွန်မကတော့ သူ့ကိုခေါင်းခါပြလိုက်တာပေါ့။ အခုလိုမျိုး ဆက်လုပ်နေရင် သခင်လေးပြိုလဲသွားလိမ့်မယ်။

“အိပ်ချိန်တန်အိပ်စားချိန်တန်စားရမယ်။ သခင်လေး အခုလိုလုပ်ရင်း တစ်ခုခုဖြစ်သွားရင် သခင်ကြီးတို့ကို ကျွန်မ ဘယ်လိုမျက်နှာပြရမလဲ။ ဗင်းဆင့်အိမ်တော်မှာ သခင်လေးပဲ ရှိတော့တာလေ။”

အိမ်စေတစ်ယောက်အနေနဲ့ဆိုရင်လည်း ကျွန်မမှာခစားစရာ သခင်တစ်ယောက်ပဲရှိပါတယ်။ သခင်လေးနက်ဆန်ကသာ ကျွန်မတည်ရှိနေရတဲ့အကြောင်းအရင်းဖြစ်နေခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ။

“ဒါကြောင့် ခဏလေးဖြစ်ဖြစ် မှိန်းလိုက်ပါ။ မနက်စာအသင့်ဖြစ်မှ ကျွန်မ ပြန်လာနှိုးမယ်။” ကျွန်မ သခင်လေးလက်ကို ဆွဲပြီးတော့ အိပ်ရာပေါ်အတင်းလဲအိပ်ခိုင်းလိုက်တယ်။ ပြီးမှ စောင်ကိုသေချာလုံအောင်ခြုံပေးပြီး အခန်းမီးပိတ် အပြင်ကို ထွက်လာခဲ့တယ်။ လက်ထဲမှာတော့ သခင်ဖတ်နေတဲ့စာအုပ်က ပါလာသေးတယ်။ စာအုပ်က အမှောင်ကျောင်းတော်ရဲ့မှတ်တမ်း တစ်ခုဖြစ်ပြီးတော့ ဒဏ္ဍာရီထဲက မသေဆေးတွေအကြောင်းကို ရေးသားထားတာ။

“သခင်လေးက တခြားသူတွေအတွက် အမြဲစိတ်ပူနေတော့တာပဲ။”

သခင်လေးကို သဘောကျနေတဲ့ စကူးဘတ်မင်းသမီးမိုနီကာက နေမကောင်းဖြစ်နေတာကြာပြီ။ သခင်က သူ့ကိုချစ်လှတယ် မဟုတ်ပေမဲ့လို့ ခရီးတစ်လျှောက်လုံး ပေးဆပ်မှုပေါင်းများစွာကို ပြုလုပ်ပြီးတဲ့နောက်မှာ အပြန်အလှန် ဂရုစိုက်ပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ရေကျောင်းတော်မှာ နုပျိုခြင်းရေပန်းရှိတယ်ဆိုတဲ့ ကောလာဟလ အများအပြားပြန့်နှံနေပေမယ့် ဘယ်တုန်းကမှ အတည်ပြုနိုင်ခဲ့တာ မဟုတ်ဘူး။ ပြောရရင် အဲဒီအချက်ကိုဆန့်ကျင်နေတဲ့အရာတွေ အများကြီးပဲ။ ရေကျောင်းတော်မှာ အသက်ရှည်စေနိုင်တဲ့ရေပန်း တစ်ခုရှိနေတယ်ဆိုရင် ဘာကြောင့် သူတို့အယ်ဒါတွေက သာမန်လူတွေလိုပဲ သေဆုံးနေရတာလဲ။

“သခင်လေး စိုးရိမ်နေတာလည်း ဖြစ်သင့်ပါတယ်လေ။” တကယ်လို့ ကောလာဟလက ကောလာဟလပဲဖြစ်နေခဲ့ရင် မိုနီကာအတွက်​ သေမိန့်ချလိုက်သလိုဖြစ်သွားမှာ။ သခင်လည်း တစ်သက်လုံး အပြစ်ရှိစိတ်တွေနဲ့ ရှင်သန်သွားရတော့မှာပါ။ သခင်ဝမ်းမနည်းဖို့ နုပျိုခြင်းရေပန်းကို ရှာတွေ့စေချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မရင်ထဲမှာ မနှစ်မျို့သလို ခံစားနေရတယ်။

သခင်လေးရဲ့ဘဝထဲကို တခြားသူတွေဝင်မလာခင်တုန်းက ကျွန်မက သခင်လေးအနားမှာ တစ်ယောက်တည်းရှိနေပေးခဲ့သူ ဖြစ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက သခင်လေးနေမကောင်းဖြစ်ရင် ပြုစုတာလည်းကျွန်မပဲ၊ ကျောင်းပို့ကျောင်းကြိုဆိုရင်လည်းကျွန်မပဲ ဖြစ်ခဲ့ပြီးတော့ သခင်လေးရဲ့ကြင်နာမှုနဲ့ ရှားပါးတဲ့ အပြုံးတွေကလည်း ကျွန်မအတွက်ပဲ ဖြစ်နေခဲ့တာပါ။

အခုတော့ သခင်လေးမှာချစ်ရတဲ့သူတွေရှိလာပြီး ကျွန်မနဲ့ အနေဝေးသွားသလိုခံစားရတဲ့အတွက် မခုန်တော့တဲ့နှလုံးသားဟာ နာကျင်နေသလိုပဲ။

“ငါဘာတွေ လျှောက်တွေးနေတာလဲ။ သခင်လေးက ကလေးက ကလေးမဟုတ်တော့ဘူး။ သူအရွယ်ရောက်လာလို့ ငါကဝမ်းသာရမှာ။” ခေါင်းထဲက မကောင်းတဲ့အတွေးတွေကို မောင်းထုတ်ပြီးတဲ့နောက်တော့ အပေါ်ထပ်ကနေဆင်းပြီး မီးဖိုချောင်ထဲဝင်လိုက်တယ်။ မနေ့ညက ပြင်ဆင်ထားသမျှကို ထုတ်လိုက်ပြီးတော့ မနက်စာချက်ဖို့လုပ်တယ်။

ချလက်...

မနက်လေးနာရီခွဲ၊ နေထွက်စပြုပြီဖြစ်တာကြောင့် ပြတင်းပေါက် လိုက်ကာတွေကိုအရင်ပိတ် ဆန်ကိုရေသေချာဆေးပြီးတဲ့နောက် ထမင်းအိုးတည်လိုက်ပြီ။

ကျွန်မတို့က စပိန်နိုင်ငံရောက်နေပြီး သခင်လည်း ပြင်သစ် စားစရာတွေကို ငြီးငွေ့နေပြီလို့ယူဆရတဲ့အတွက်ကြောင့် ဒီရက်ပိုင်း စပိန်ဟင်းချက်နည်းတွေကို ကျွန်မလေ့လာဖြစ်တယ်။ ဒီနေ့ချက်ဖို့ ပြင်ဆင်ထားတဲ့ မနက်စာတစ်ခုက စပိန်စတိုင်အာလူးကြက်ဥကြော် တော်ရီယာပါတာတာပါ။ လုပ်ရတာလွယ်ပြီး အရသာရှိတယ်။ သခင်လေးကြိုက်ရင် ဒီဟင်းချက်နည်းကိုဆယ်ဗီကိုချက်ကျွေးဖို့ သူ့ကိုပြန်သင်ပေးခိုင်းဦးမှာ။

“သခင်လေးက ဟင်းချက်နေတဲ့အချိန်ဆိုရင် သိပ်ချစ်စရာ ကောင်းတာ။” သခင်ဟင်းချက်သင်တုန်းက ပုံရိပ်တွေကို ပြန်မြင်ယောင်မိတော့ ကျွန်မအလိုလိုပြုံးလိုက်မိပါတယ်။

ဒေါက်... ဒေါက်... ဒေါက်....

ပထမဆုံးအနေနဲ့ ကြက်သွန်နီဥကြီးကြီးတစ်လုံးကိုရွေးပြီးတော့ အခွံနွှာ ဓားနဲ့ပါးပါးလေးတွေဖြစ်အောင် လှီးချလိုက်တယ်။ ဖုတ်ကောင်တစ်ကောင်ဖြစ်တဲ့အတွက် ကြက်သွန်နီကြောင့် ငိုချင်စိတ်မရှိတော့တဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ အိုးမကပ်ဒယ်စောက်ထဲကို သံလွင်ဆီဖြူးပြီးနောက် ကြက်သွန်ကို ရွှေရောင်သန်းလာတဲ့အထိ ဆီသတ်ရပါတယ်။

ကြက်သွန်ဆီသတ်ပြီးတော့ တခြားဒယ်အိုးတစ်ခုတည်းမှာ အာလူးကို လေးထောင့်တုံးသေးသေးလေးတွေတုံးပြီးတော့ ထည့်ကြော်ရတယ်။ အာလူးက ကြက်ဥထက် အကျက်နှေးတော့ သူ့ကိုသက်သက်ကြော်တာ အကောင်းဆုံးပဲ။

အာလူးကြော်နေတုန်း ကြက်သွန်နီဆီသတ်တာပြီးသွားတဲ့အတွက် ပန်းကန်သက်သက်နဲ့ဖယ်လိုက်ပြီး ဆီစုပ်စက္ကူခင်းထားတဲ့ လင်ပန်းပေါ်ဖြန့်တင်ဖြစ်တယ်။ အာလူးတွေအသားပျော့ပျော့ ဖြစ်ပြီးနူးအိလာချိန်မှာတော့ အိုးပေါ်ကချပြီး ဆီစုပ်စက္ကူပေါ်မှာ အလားတူဖြန့်ခင်းလိုက်ရပြန်ပါတယ်။

“ကြက်ဥအာလူးကြော်တွေက ဆီအများကြီးပါတဲ့စားစရာပေမဲ့ ဆီနည်းအောင်လုပ်မှ ကျန်းမာရေးအတွက် ကောင်းမှာမလား။” ကျွန်မဘာသာရေရွတ်ရင်း နောက်တစ်ဆင့်ကိုစလုပ်ဖြစ်ပါတယ်။ တစ်မိသားစုလုံးအစာ ကြက်ဥငါးလုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီး ဆားနဲ့ငရုတ်ကောင်းထည့် နာနာခေါက်။ ကြက်သွန်ကြော်နဲ့အာလူးကို အိုးထဲထည့်ပြန်နွှေးပြီးနောက်မှ ကြက်ဥမွှေပြီးသားကို အလိုက်သင့်ထည့်ပေးရတယ်။

မီးကိုမနည်းလွန်းမများလွန်းတဲ့အနေအထားမှာထားပြီး အောက်ခြေကျက်လောက်ပြီဆိုခါမှ တစ်ဖက်ကိုလှန်လိုက်တာ်။ မကြာခင်မှာပဲ ကြက်ဥကြော်ရဲ့မွှေးရနံက မီးဖိုချောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် နှစ်ဖက်လုံးကျက်သွားချိန်မှာ ပန်းကန်ပြား ခပ်ကြီးကြီးထဲပြောင်းထည့်လိုက်တယ်။

“ မွှေးလိုက်တာ... ဘာတွေချက်နေတာလဲဟင်။” နောက်ကနေပြီး ထွက်ပေါ်လာတဲ့စကားသံကြောင့် ကျွန်မမျက်စောင်းထိုးပြီးတော့ ကြည့်လိုက်မိတယ်။ စားဖို့သောက်ဖို့ကလွဲလို့ ဘာမှအားမကိုးရတဲ့ ဆယ်ဗီဆိုတာတော့ ခန့်မှန်းနေစရာမလိုဘူး။

အဝတ်အစားလဲထားပေမဲ့လို့ ဆံပင်က ဖီးသင်မထားဘဲ ဟိုထောင်ဒီထောင်နဲ့ မိုးကြိုးပစ်ခံထားရသလိုပါပဲ။ နှုတ်ခမ်းနားမှာ သွားတိုက်ဆေးအမြုပ်တွေရှိနေပြီးတော့ ဟင်းအနံရလို့ ချက်ချင်း အိပ်ရာထရေမိုးချိုးအဝတ်လဲပြီး အခန်းထဲကနေထွက်လာပုံပဲ။

“နည်းနည်းမြည်းကြည့်လို့ရမလားဟင်...” ကျွန်မ ဘာမှမပြောရသေးခင် ဆယ်ဗီကအနားရောက်လာပြီး ကြက်ဥကြော်ကို နှိုက်မြည်းဖို့ကြိုးစားပေမဲ့ ကျွန်မ သူ့လက်ကိုဖမ်းဆွဲလိုက်တယ်။

“မမလေးဆယ်ဗီ၊ ဧည့်ခန်းထဲကနေ ထိုင်စောင့်နေပေးလို့ရမလား။ ကျွန်မဟင်းချက်နေတုန်း အနှောင့်အယှက်မဖြစ်အောင်လေ။”

အခုနေ သူနှိုက်စားလိုက်ရင် ကျွန်မကြိုးစားလုပ်ထားလို့ ကိတ်မုန့်လို သေသေသပ်သပ်ဖြစ်နေတဲ့ စပိန်ကြက်ဥကြော်ရဲ့ပုံစံက နွားချေးပုံ နောက်ချေးပိုးထိုးကောင်ဝင်နှောက်သလို ပွထနေတော့မှာ။ ရိုးရိုး ပြောရင်မရမှာစိုးလို့ ကြောက်ရွံခြင်းအရှိန်အဝါတချို့ပါ ထုတ်ပြလိုက်တော့ ဆယ်ဗီက ကြောင်လေးတစ်ကောင်လိုမျိုး နောက်ဆုတ်သွားရော။

“သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလိုမိန်းကလေးမျိုးကို ချစ်မိသွားတာလဲ။” ကျွန်မနားမလည်နိုင်ဘူး။

သခင်လေးက မိုနီကာကိုတန်ဖိုးထားပေမဲ့ တကယ်ချစ်တဲ့သူက ဆယ်ဗီပါ။ ဂရုမစိုက်ဘူးလို့ထင်ရပေမဲ့ အမှန်က ဆယ်ဗီကို အလိုလိုက်ထားတာ။ ပြီးတော့ ဆယ်ဗီကလည်း တကူးတက ဂရုစိုက်ပေးရလောက်အောင် အားနည်းနေတာမျိုးမဟုတ်ဘူး။ ပြောရရင်သန်မာလွန်းလို့ ပြဿနာမဖြစ်အောင် သခင်က သူ့ကို ပြဿနာတွေနဲ့ဝေးရာမှာထားချင်တာ။

ပထမဆုံးဟင်းပွဲပြီးတဲ့နောက်မှာ ဒုတိယဟင်းပွဲနဲ့အချိုပွဲကို ကျွန်မ ဆက်ပြီးပြင်ရတယ်။ အချိုပွဲအတွက်တော့ မက်မွန်ကိတ်တစ်မျိုးကို ပြင်ဆင်ထားပြီးတော့ ဒုတိယဟင်းပွဲကတော့ ပေါင်မုန့်ကြွပ်ကို အသားနဲ့တွဲဖက်ကြော်တဲ့ မီဂက်စ်ဟင်းပါ။ ဒီဟင်းကလည်း စပိန်မှာတော်တော်လေး နာမည်ကြီးပါတယ်။

ဟင်းပွဲတွေအားလုံးအသင့်ဖြစ်တော့ မနက်ခြောက်နာရီထိုးပြီ။ ချက်ထားတဲ့ထမင်းခလုတ်လည်းတက်လာပြီဖြစ်တဲ့အတွက်ကြောင့် ဟင်းပွဲတွေကို လက်တွန်းလှည်းလေးပေါ်ပြောင်းတင်ပြီးတော့ ဧည့်ခန်းထဲထွက်လာခဲ့တယ်။

ခင်ကြီးကျယ်ဆယ်ဗီကတော့ ဧည့်ခန်းစားပွဲဝိုင်းမှာထိုင်ငိုက်နေပြီး ဟင်းနံရတာနဲ့ ချက်ချက်နိုးလာတော့တာ။ ကျွန်မလည်း သူ့အတွက် ဟင်းပွဲတွေကို ပြင်ဆင်ချထားပေးပြီးနောက် သတိပေးလိုက်တယ်။

“မမလေးဆယ်ဗီ၊ ကျွန်မက စားစရာတွေကို စားပွဲပေါ်တင်ပြီးတော့ သခင်လေးနဲ့ မမလေးမိုနီကာကို သွားနှိုးမှာဆိုပေမဲ့ မက်မွန်ကိတ် ဘယ်နှစ်ပိုင်းရှိတယ်ဆိုတာ သေချာမှတ်ထားတယ်နော်။ ကျန်တဲ့ သူတွေဖို့စားဖို့မကျန်ရင် မမလေးဆယ်ဗီအတွက်နေ့လယ်စာ ချက်ပေးတော့ဘူး။”

“......” မမလေးဆယ်ဗီက နားလည်တဲ့အကြောင်းချက်ချင်းပဲ ခေါင်းညိတ်ပြတယ်။ ဒီလိုကျတော့နာခံတတ်သား။

နောက်မိနစ်ဝက်လောက်နေတော့ ကျွန်မသခင့်အခန်းရှေ့ ပြန်ရောက်လာပြီးတံခါးဖွင့်လိုက်တယ်။ တစ်နာရီခွဲလောက်ပဲ အိပ်ရသေးတာဆိုပေမဲ့ သခင်အနားရလောက်မှာပါ။

ကျွန်မ သခင့်အိပ်ရာနားကိုဖြည်းဖြည်းချင်းကပ်သွားပြီးနောက် ခါးကိုကိုင်းပြီး သခင့်ကို တိုးတိုးလေးခေါ်ဖြစ်လိုက်တယ်။. “သခင်... မနက်စာအသင့်ဖြစ်ပါပြီ။”

ဒါပေမဲ့ သခင်က ချက်ချင်းနိုးမလာတာကြောင့် သခင့်ပခုံးပေါ် ကျွန်မလက်တင်ဖြစ်လိုက်တာပေါ့။

“သခင်လေး....”

“အင်း....” သူက ကျွန်မကိုမျက်လုံးဖွင့်ကြည့်တယ်။ သူ့မျက်လုံး ပြာပြာတွေကကျွန်မနဲ့ အကြည့်ချင်းဆုံသွားပြီ။

“မမလေးဆယ်ဗီတောင် အောက်မှာစားနှင့်နေပါပြီ။” ကျွန်မက ပြုံးပြီးပြောလိုက်တော့ သခင်ကိုယ်တိုင်လည်းအိပ်ရာကထွက်ပြီး ကျွန်မကိုပြန်ပြုံးပြတယ်။

“ ကျေးဇူးပါမော်လီ။”

“သခင်အဝတ်အစားလဲဖို့ ကျွန်မကူညီပေးရဦးမလား။”

“ငါ့ဘာသာ လုပ်လိုက်မယ်။”

တက်ကြွမှုအပြည့်နဲ့သခင့်ကို ကြည့်ပြီးနောက်မှာတော့ သခင့်အခန်းက ထွက်ပြီးနောက် မမလေးမိုနီကာ့အခန်းကို သွားဖြစ်ပါတယ်။

ဒေါက်... ဒေါက်... ဒေါက်....

“မမလေးမိုနီကာ....” ကျွန်မအခန်းတံခါးကိုခေါက်လိုက်တော့ အခန်းတံခါးက ပိတ်မထားတဲ့အတွက် ချက်ချင်းပွင့်သွားတယ်။ အဲဒီနောက်တော့မပြောမဆိုနဲ့ ဖက်လုံးကြီးတစ်လုံးကျွန်မဆီကို ပြေးဝင်လာတော့တာပဲ။

“ရှင်လူယုတ်မာ....” မမလေးမိုနီကာရဲ့ဒေါသတကြီးအသံကပါ တွဲပါလာသေးတာ။ ကျွန်မ ဖက်ခေါင်းအုံးကိုလက်နဲ့ဖမ်းပြီးတော့ အခန်းထဲကိုကြည့်လိုက်တော့ ခုံမှာထိုင်ပြီးအဝတ်လဲနေတဲ့ မမလေးမိုနီကာကကျွန်မကို စိတ်ပျက်စရာအကြည့်နဲ့ ကြည့်နေတယ်။

“ဟင်း.... ဒီနေ့လည်း နင်ပဲလား။ ဒါလင်က ဘာလို့ငါ့ကို ကိုယ်တိုင်လာမနှိုးတာပါလိမ့်။” မမလေးမိုနီကာက အတွင်းခံအင်္ကျီချိပ်ကို အပြီးသတ်တပ်ဆင်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ ကျွန်မလည်း အမှန်အတိုင်းပြောလိုက်တာပေါ့။

“မမလေးမိုနီကာအနေနဲ့ သခင့်ကိုလှည့်စားချင်တယ်ဆိုရင် တခြားဗျူဟာပြောင်းသင့်ပြီလို့ အကြံပေးပါရစေ။ ဒီနည်းက ပထမအကြိမ်မှာ အလုပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ နေ့တိုင်းဆိုရင်တော့ သခင်က ငြီးငွေ့သွားပြီး ကျွန်မကိုပဲလွှတ်တော့မှာလေ။”

တကယ်တော့ ကျွန်မတို့ဒီအိမ်ကိုစရောက်ရောက်ချင်း မိုနီကာရဲ့ ဒီမာယာကြောထဲမှာ သခင်နစ်သွားသေးတယ်။ အဝတ်လဲနေတဲ့ ကောင်မလေးရဲ့အခန်းထဲကို မပြောမဆိုဝင်လာတဲ့ နှာဘူးကောင်ကြီးအဖြစ် တံဆိပ်ကပ်ခံရပြီးတော့ပေါ့။ အဲဒီကတည်းက သခင်က မိုနီကာရဲ့အခန်းထဲကို တစ်ယောက်တည်း မဝင်တော့တာပဲ။

“ဒါဆိုရင် ရုပ်ရှင်အတူသွားကြည့်တာကရော အကြံကောင်း ဖြစ်လောက်မလား။ မှောင်မိုက်နေတဲ့ ရုပ်ရှင်ရုံအခန်းလေးထဲက ရိုးမန့်လေးတွေလေ။ နင်က ငါတို့ထက်ကြီးတော့ အတွေ့အကြုံ ရှိတယ်မဟုတ်လား။ ငါ့ကို အကြံလေးဘာလေးပေးလေ။”

ကျွန်မ မမလေးမိုနီကာကို ဂေါ့သစ်ဂါဝန်ကူဝတ်ပေးပြီးတဲ့နောက်မှာ သူက မှန်တင်ခုံပေါ်တင်ထားတဲ့ ရုပ်ရှင်လတ်မှတ်လေးနှစ်စောင်ကို ကျွန်မကိုထုတ်ပြတယ်။ ကျွန်မကတော့မျက်စိကိုမှေးလိုက်ပြီး ကလေးကွက်တွေနဲ့စကူးဘတ်ကို တည့်ပဲပြောလိုက်တာပေါ့။

“ပြောရမှာ စိတ်မကောင်းပေမဲ့ အချစ်ရေးအကြံတောင်းချင်တာ ဆိုရင်တော့ လူမှားနေပြီလို့ပြောပါရစေ။ သခင့်နောက်လိုက်ဖြစ်တဲ့ ဒီအိမ်စေက သခင်ကလွဲရင် ဘယ်ယောက်ျားနဲ့မှ မထိတွေ့ မဆက်ဆံဖူးလို့ပါ။”

မိုနီကာက ကျွန်မကို ဗလာဟင်းလင်းဖြစ်နေတဲ့မျက်လုံးကြီးတွေနဲ့ ကျွန်မကိုကြည့်လိုက်တယ်။ နောက်တော့ ကျွန်မကို သနားစရာ သတ္တဝါတစ်ကောင်လိုမျိုးကြည့်ရင်း...

“မော်လီ... နင်က အသက်သုံးဆယ်ကျော်လောက်ပြီမဟုတ်လား။ အခုထိ အချစ်ရေးအတွေ့အကြုံမရှိဘူးဆိုတော့...”

“ကျွန်မဘဝက သခင်လေးရှိနေတာနဲ့တင် ပြီးပြည့်စုံနေပါပြီ။ အချစ်ရေးအတွေ့အကြုံရှိနေဖို့မလိုပါဘူး။” ကျွန်မ ကိုယ့်ရပ်တည်ချက်အတိုင်းပဲဖြေလိုက်တယ်။

သခင်လေးရဲ့အိမ်စေအနေနဲ့ ကျွန်မရဲ့တာဝန်က သခင်လေးရဲ့ဝေရာဝစ္စတွေကိုလုပ်ပေးဖို့ သက်သက်ပဲလေ။ ဒီလိုကိစ္စတွေမှာ အတွေ့အကြုံရှိနေစရာမှမလိုတာ။

“နင်က တော်တော်လက်ပေါက်ကပ်တဲ့ အပျိုကြီးပဲ။ ငါ့ကို အောက်ထပ်လိုက်ပို့ပေးဦး။” နောက်ဆုံးတော့ မိုနီကာ လက်လျှော့သွားပြီ။ ကျွန်မလည်း သူ့ကို ထိုင်ခုံပေါ်ကနေ ဝှီးချဲပေါ်ပြောင်းထိုင်စေပြီး ဧည့်ခန်းမဆီခေါ်သွားရတာပေါ့။

ကျွန်မတို့ဧည့်ခန်းထဲကိုရောက်တော့ ဆယ်ဗီက သခင့် ကိတ်မုန့်တွေကိုပါ စားပြီးနေပြီ။ သခင်ကတော့ ပြုံးပြုံးကြီးနဲ့ကို တစ်ခုပြီးတစ်ခုကျွေးနေတော့တာ။ ဖြစ်နိုင်ရင် အဲဒီဝက်မကို အိမ်အပြင်ကန်ထုတ်ချင်ပေမဲ့ သခင်ပျော်နေတာတွေ့တဲ့အတွက် စိတ်လျှော့ထားရတာပေါ့။

“ဒါက ငါ့ရဲ့တစ်နေတာ တာဝန်တစ်ခုပဲမဟုတ်လား။”လို့ ရေရွတ်ရင်းနဲ့ပေါ့။

All Chapters