← Chapters

အိမ် (၅)

Vol. 3 Ch. 142

အိမ် (၅)

Vol. 3 Ch. 142

“နင်ဒီပိုက်ဆံမရမယ့် အလုပ်တွေပဲ လုပ်နေလိုက်။”

မနက်စောစောစီးစီး အိုင်မက်စ်ဂျီသရီး ကွန်ပျူတာရှေ့ထိုင်ပြီး ကြော်ငြာဒီဇိုင်းတစ်ခုအတွက် အကြံဉာဏ် ထုတ်နေတဲ့အချိန်မှာပဲ နောက်ကနေ အအော်ခံလိုက်ရတဲ့အတွက် လူငယ်လေးလူကာ ထိုင်နေရာကနေ ထခုန်မိတော့မလိုပဲ။

အခန်းတံခါးကို ကိုယ်တိုင်ပိတ်ထားခဲ့တဲ့ အိမ်က စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သော့တပ်ပေးမထားတာမလို့ အမေက သူ့အခန်းထဲ ဝင်ချင်တိုင်းဝင်လို့ရနေတာရယ်။

“အမေရယ်၊ သင်တန်းပြီးသွားရင် အလုပ်ရမှာပါ။”

“နင့်မလဲ၊ အဲဒီလိုပြောပြီး တကယ့်အလုပ်မရှာဘဲနဲ့ သင်တန်းတစ်ဆင့်ပြီးတစ်ဆင့်တက်နေတာ နှစ်နှစ်ကျော်ပြီ။ သူများကလေးတွေ ဆေးကျောင်းဒုတိယနှစ်တို့ဘာတို့ ဖြစ်နေပြီဟဲ့။”

လူကာက ငယ်ငယ်ကတည်းက ပန်းချီပညာမှာ ဝါသနာကြီးခဲ့တဲ့ သူတစ်​ယောက်။ တခြားကလေးတွေက ကျောင်းပန်းချီချိန်ဆို အိပ်နေတတ်ပေမဲ့ လူကာကတော့ ရအောင်သင်တယ်။ ရှစ်နှစ် ကိုးနှစ်လောက်ကတည်းက အဖေနဲ့အတူကားလိုက်စီးတဲ့အခါတိုင်း ကားလမ်းမဘေး ဘေလ်ဘုတ်ကြော်ငြာကြီးတွေပေါ်က ကြော်ငြာ ဒီဇိုင်းနဲ့စာတန်းတွေကို လိုက်ဖတ်ပြီး ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူး ကိုယ့်ဘာသာလိုက်မှတ်ချက်ပေးတတ် နေပြီ။

အထက်တန်းကျောင်းပြီးတော့လည်း လူကာက တက္ကသိုလ်တက်ရ ပျင်းနေတာနဲ့ အီတလီမှာရှိတဲ့ နာမည်ရခါစ ကွန်ပျူတာဂရပ်ဖစ် သင်တန်းတစ်ခုမှာ တက်ဖို့အတွက် စာရင်းသွင်းဖြစ်သွားပါတယ်။

အချိန်က နှစ်ထောင်ခုနှစ်အစောပိုင်း၊ ကွန်ပျူတာနဲ့ အင်တာနက် စတင်ခေတ်စားစအချိန်။ ဂရပ်ဖစ်ဒီဇိုင်းအတွက်အရေးပါတဲ့ အဒိုဘီနဲ့တခြားဆော့ဝဲလ်တွေ ရှိလာနေပြီဆိုပေမဲ့ ​မြေစမ်း ခရမ်းပျိုးဆိုသလို ရိုးရာကြော်ငြာဒီဇိုင်းလုပ်ငန်းနဲ့ ဒီဂျစ်တယ် ကြော်ငြာဒီဇိုင်းပညာတို့ ယှဥ်ပြိုင်နေရစဥ်ကာလ။ အီတလီက ဥရောပနိုင်ငံတစ်ခုပေမဲ့ ကွန်ဆာဗေးတစ်ဆန်တဲ့ ခရစ်ယာန် ဘာသာစွဲကြီး ဗဟိုလက်ရာယိမ်း ပါတီတစ်ခု လက်ကနေလွတ်လာကာစ။ စီးပွားရေးလူမှုရေး အကုန်ပြောင်းလဲ နေချိန်ဖြစ်ပြီးတော့ အီးယူထဲဝင်ခါစမလို့ စီးပွားရေးက ဖွံဖြိုးဆဲ အခြေအနေမှာ။

“အမေနော်၊ သားအလုပ်ရခါမှ မချီးကျူးနဲ့။” လူကာက ငယ်သေးသူတစ်ယောက်ပီပီ အမေဖြစ်သူကို ခံပြောမိတယ်။ လူကာ့အမေကလည်း ခေါင်းခါစွာနဲ့ သူ့သားကို စူးစူးရဲရဲစိုက်ကြည့် လိုက်ပြီး

“အေးပါ၊ ငါကလည်း နင့်လုပ်စာ ထိုင်စားမှာမှမဟုတ်တာ။”

လူကာ့အမေက လူကြီးပီပီ စိတ်ဆိုးတုန်းခဏ ဘုကန့်လန့်ပြောတာ ဆိုပေမဲ့လို့ အဲဒီစကားက လူငယ်မလို့မာနရှိခါစ လူကာရင့်ကို ပြေးကန်လိုက်သလိုပါပဲ။

“အင်း...” သူစကားတစ်ခွန်းပဲပြောခဲ့တယ်။ ဒါပေမဲ့သူ့မျက်လုံးထဲ တောက်ပနေတဲ့ အလင်းရောင်တွေကတော့ ပိုပြီးပြင်းထန်လို့ လာခဲ့တာပေါ့။

....

တစ်နေ့တော့ လူကာက သူဆွဲလို့ပြီးသွားတဲ့ ဒီဇိုင်းကို သင်တန်းက သူ့ဆရာလူဂီနီဆီကို လှမ်းပို့လိုက်တယ်။ ပထမကတော့ သင်တန်းက အိမ်စာပြီးပြီဖြစ်လို့ ကွန်ပျူတာရှေ့မှာထိုင် အေးအေးဆေးဆေး နေရင်းနဲ့ ယူကျူ့ဖွင့်လိုက်တယ်။ ဗီဒီယိုထဲမှာ တီရှပ်အနီ၊ ဂျင်း ဘောင်းဘီဝတ်ထားတဲ့ လူတစ်ယောက်က ကနေပြီးတော့ ပရိသတ်တွေအများကြီးက ဝိုင်းအော်ဟစ်အားပေးနေကြတယ်။ ကြည့်ရှုသူအရေအတွက်ကိုကြည့်တော့ ၁၂သန်းကျော်နေပြီ။

သူသတိထားမိတဲ့အချိန်ရောက်တော့ နေ့လယ်စာစားချိန်တောင် ကျော်နေခဲ့ပါပြီ။ အစကတော့ အိမ်အောက်ဆင်းတော့မလို့ဆိုပေမဲ့ ဆရာလူဂီနီဆီက အီးမေးလ်ဝင်လာတဲ့အတွက် သူဖွင့်ဖတ်တယ်။

“မင်းအတွက် သတင်းကောင်းပဲ လူကာရေ။ အချိုရည်ပုလင်း အထဲကနေပြီး ဆေးရောင်စုံတွေထွက်လာတဲ့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းကို ဆိုဒါကုမ္ပဏီတစ်ခုက ငါ့သူငယ်ချင်း ဒါရိုက်တာ တစ်ယောက် အမှတ်မထင်မြင်ပြီး သဘောကျသွားတယ်ကွ။ သူက ဆွဲတဲ့သူကို ချက်ချင်းအလုပ်ခန့်ချင်တယ်ချည်းပြောနေလို့ မင်းကို ပြောပါရစေဦးဆိုပြီး ခဏတားထားရတယ်။”

နောက်တော့ လူကာ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။ သူက နိုကီရာခေါက်ဖုန်းဆီ လက်ရောက်သွားပြီး ချက်ချင်းပဲ နံပါတ်တစ်ခုကိုခေါ်လိုက်တယ်။ တစ်ဖက်ကနေပြီး လူလတ်ပိုင်း တစ်ယောက်ရဲ့ပြန်ဖြေသံ ကြားရတဲ့အခါမှာတော့...

“ဟယ်လို....”

“ဆရာ၊ အလုပ်ကမ်းလှမ်းတာက တကယ်ပဲလား။”

“အေးကွ၊ မင်းကံကောင်းတယ် ပြောရမလား။ သူက အမေရိကန် နိုင်ငံ အတ္တလန်တာမှာ ရုံးစိုက်တဲ့ ဆိုဒါကုမ္ပဏီကြီးတစ်ခုကပဲကွ။ မင်းလည်း အဲဒီအချိုရည်ကိုနေ့တိုင်းသောက်နေတော့ သိမှာပါ။ သူက မင်းကိုလိုချင်နေပေမဲ့ ငါက မင်းလက်ခံမခံမေးချင်လို့။”

“ဘာလက်မခံနိုင်စရာရှိလို့လဲ ဆရာရယ်။”

“ငါ့ကောင်ရ၊ အဲဒီဒါရိုက်တာက သူတို့ဌာနချုပ်ကဟ။ ဒီအီတလီ ဌာနခွဲက ဒါရိုက်တာမဟုတ်ဘူး။ မင်းဒီအလုပ်ကို လက်ခံလိုက်ပြီ ဆိုတာနဲ့ သူတို့ကုမ္ပဏီရဲ့တစ်ကမ္ဘာလုံးက ကြော်ငြာတွေကို ဒီဇိုင်း ထုတ်ပေးမယ့် အဖွဲ့ထဲရောက်သွားမှာ။ သိပ်ကိုတာဝန်ကြီးတယ်။ ပြီးတော့ မင်းအမေရိကန်ကို သွားအလုပ်လုပ်ရမှာနော်။ မင်းမိသားစုနဲ့ ခွဲနိုင်ဖို့လိုတယ်။”

“ရပါတယ်ဗျ။” လူကာက တစ်ချက်လောက် စဥ်းစားနေခဲ့ပေမဲ့ သူ့အမေရဲ့ခေါင်းမာတဲ့ပုံစံကိုမြင်ရတော့ နှုတ်ခမ်းကိုဖိကိုက်ပြီး စွန့်စားဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။

...

“သား၊ ဟိုရောက်ရင်လည်း အမေ့ကိုဖုန်းခေါ်။ အစစအရာရာ ဂရုစိုက်။ နိုင်ငံကြီးမှာသွား အလုပ်လုပ်ရမှာဆိုတော့ သတိလေး ဘာလေးလည်းထားဦး။ လူပေါင်းမမှားစေနဲ့ ကြားလား။”

ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရတယ်ဆိုတော့ မယုံနိုင်လောင်အောင် အံ့ဩမိသွားတာက အမေဖြစ်သူပါပဲ။ လူကာသွားရခါနီးလေလေ အထပ်ကစကားတွေကို ထပ်ခါထပ်ခါမှာလေပါပဲ။

ဒါပေမဲ့ မာနကြီးတဲ့လူကာကတော့ အမေစိတ်ဆိုးတုန်းခဏ ပြောခဲ့တဲ့စကားကို အတည်မှတ်ထားခဲ့ပြီး ကျိတ်မနိုင်ခဲမရ ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ သူနိုင်ငံခြားကို ရောက်သွားတော့...

“ဟိုကောင်လေး၊ မပြီးသေးဘူးလားကွ။ မြန်မြန်လုပ်။ အရောင်းမန်နေဂျာရောက်လာလို့မှ အလုပ်လုပ်ထားတာ ပြစရာမရှိရင် ခက်လိမ့်မယ်နော်။”

“ဟုတ်ကဲ့ခင်ဗျ။”

“အရောင်စပ်ထားတာတွေက တလွဲကြီး၊ အဲဒီလို ရူးကြောင်ကြောင် အရောင်တွေကို တီဗီကြော်ငြာမှာထည့်ရင် ငါတို့ဆိုဒါကုမ္ပဏီကို ပရိသတ်တွေက ဝုတ်(Woke)နေတယ် ထင်မှာပေါ့ကွ။”

“ဟုတ်၊ ဟုတ်။”

“လိုဂီပုံကို အလယ်မှာမထည့်နဲ့ မအေဘေးလေးရဲ့။ သရုပ်ဆောင် မျက်နှာကြီးကိုဖုံးနေမှာပေါ့။ ဟောဒီလို ထောင့်လေးမှာထည့်။”

“မှတ်ထားပါ့မယ်ခင်ဗျ။”

ဌာနကို မရောက်ခင်တုန်းကတော့ လူကာတစ်ယောက် သူ့ကိုယ်သူ အထင်ကြီးနေခဲ့တာ။ ဒါပေမဲ့ တကယ်အတွေ့အကြုံရှိတဲ့သူတွေ ရှေ့ကိုရောက်သွားချိန်မှာတော့ အတန်းထဲမှာ ပုံတွေခိုးဆွဲနေတဲ့ ကလေးတစ်ယောက်ပြန်ဖြစ်သွားသလိုပါပဲ။

ဒါပေမဲ့ လူကာက သူ့အလုပ်ကိုတကယ်ချစ်ပြီး ကြိုးစားတဲ့သူမလို့ ရှိသမျှမန်နေဂျာတွေရော လုပ်ဖော်ကိုင်ဖက်တွေဆီကနေပါ ချီးကျူးစကားတွေရခဲ့တယ်။

တင်...

ခေါက်ဖုံးလေးက မီးလင်းလာတဲ့အတွက် လူကာဖုန်းကိုဖွင့်ကြည့် လိုက်ပါတယ်။ စာလုံးပေါင်းအမှားတွေပါတဲ့ အီးမေးလ်တစ်စောင် ရောက်နေတယ်။ အမေဆီကဖြစ်ပုံရပြီး တခြားသူတစ်ယောက်ကို အကူအညီတောင်း ရေးခိုင်းထားပုံပဲ။

“သားရေ၊ ဘယ်နေ့ပိတ်လဲ။ ပိတ်ရက်ကျရင် သားဗီဇက်အိုဆိုတဲ့ ဆော့ဝဲလ်ကြီးနဲ့ အိမ်ကိုဖုန်းခေါ်ပါဦး။”

လူကာက သူ့ဖုန်းကို ဘေးဖယ်ထားလိုက်ပြီး သက်ပြင်းချတယ်။ ပြီးတဲ့နောက် ကွန်ပျူတာကို ပင်ပန်းနေတဲ့မျက်လုံးတွေနဲ့ ပြန်ပြီး ကြည့်လိုက်တယ်။ ဆိုဒါဖန်ပုလင်းက စားပွဲပေါ်မှာလဲကျနေပြီး ငြိမ်းချမ်းရေးချိုးငှက်လေးတွေ ပုလင်းထဲကနေ ပျံထွက်နေတဲ့ ပုံပါတယ်။

“စဥ်းစားထားတဲ့ ခေါင်းစဥ်တောင် ဘယ်ရောက်သွားမှန်း မသိဘူး။ ဆိုဒါနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်ပါလားဘာလား....”

အိမ်ကိုအဆက်အသွယ်မလုပ်ဖြစ်ဘဲ ဟန်မပျက်အလုပ်လုပ်နေရင်း အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့တယ်။ ဂျူနီယာ ဂရက်ဖစ် ဒီဇိုင်နာကနေ ဂရပ်ဖစ်ဒီဇိုင်နာ၊ ဂရပ်ဖစ်ဒီဇိုင်နာကနေ စီနီယာ၊ စီနီယာကတော့ ဂရပ်ဖစ် ဒါရိုက်တာ။ ရာထူးတွေအဆင့်ဆင့် တက်လာခဲ့ပြီး အချိန်တွေအများကြီးကုန်ဆုံးခဲ့ပေမဲ့ အမေ့ဆီကို ဖုန်းဆက်ဖို့နေနေသာသာ အီးမေးလ်ကိုတောင် ပြန်ဖြေဖို့ မအားခဲ့ဘူး။

“စီနီယာ၊ ကျွန်မဆွဲထားတဲ့ လိုဂီလေး အဆင်ပြေရဲ့လား။” ချစ်စရာကောင်းတဲ့ ဂရပ်ဖစ်ဒီဇိုင်နာမလေးတစ်​ယောက်က သူ့အနားကို သိသိသာသာတိုးကပ်လာတယ်။ ရေမွှေးနံသင်းသင်း ရနိုင်ပြီး မိန်းကလေးက သေချာအလှပြင်ဆင်ထားပုံပေါ်တယ်။

လူကာကတော့ မိန်းကလေးဆီအာရုံမရောက်ဘဲ လိုဂိုအသစ်ကို ကြည့်လိုက်ပြီးတော့ ခေါင်းခါလိုက်တယ်။ “လိုဂီအသစ်က မူရင်း လိုဂိုနဲ့သိပ်ကို ကွဲထွက်နေတယ်။ ဆိုဒါကုမ္ပဏီကြီးတွေက လိုဂီသစ် ဆွဲတဲ့အခါတိုင်း မူရင်းနဲ့သိပ်မကွဲအောင် သတိထားပြီး လုပ်လေ့ရှိတယ်။ သာမန်လူတွေကတော့ ငါတို့ဒီဇိုင်နာတွေ အပျင်းထူတယ်ထင်ပေမဲ့ တကယ်က နှစ်ရှည်လများသုံးစွဲလာတဲ့ စားသုံးသူတွေနဲ့ငါတို့ကြားမှာရှိနေတဲ့ ရင်းနှီးမှုကို မဖျက်ဆီးပစ် ချင်လို့ပဲ။ သေချာလေးပြန်စဥ်းစားပြီး ပြန်လာခဲ့။”

ကောင်မလေးက စီနီယာဆူတာခံလိုက်ရပေမဲ့ အပြုံးပျက်မသွားဘဲ ထပ်မေးလိုက်တယ်။ “ဒါနဲ့စီနီယာ၊ ဒီနေ့က ကျွန်မမွေးနေ့လေ။ စီနီယာက ကျွန်မအလုပ်စဝင်ကတည်းက ကူညီပေးခဲ့တာဆိုတော့ ညစာလိုက်ကျွေးလို့ရမလား။”

“တောင်းပန်ပါတယ်၊ ကိုယ်အလုပ်မအားဘူး။” လူကာက ယတိပြတ်ပဲ ငြင်းခဲ့တယ်။ ရုံးထဲကလူတွေ ဒီဂျူနီယာလေး လူကာ့ကိုသဘောကျနေတာကြာပြီမှန်း သိကြပေမဲ့ အခုလိုအငြင်းခံရမယ်ဆိုတာ သူတို့သိပြီးသား။ ဌာနထဲ စရောက်လာကတည်းက ရုပ်ရည်အခံရှိတဲ့ လူကာ့ကို သဘောကျတဲ့ မိန်းကလေးတွေအများကြီးရှိပြီး ရာထူးမြင့်တဲ့သူ၊ နိမ့်တဲ့သူတွေ မကလို့ စီအီးအိုသမီးတောင်ပါလိုက်သေး။ ဒါပေမဲ့ သူကတော့ တေမိဇာတ်ခင်း အကုန်ငြင်းလွှတ်တာချည်းပဲ။

ကြာတော့ ‘ရေခဲမျက်နှာလူကာ'လို့တောင် ဌာနထဲနာမည်တွင် လာတော့တာပဲ။

တီ... တီ... တီ...

နောက်ဆုံးတော့ အီတလီက တစ်စုံတစ်​ယောက်က သူ့ဆီကို ဖုန်းဆက်ခေါ်လာခဲ့တယ်။ အသံပိတ်ထားတဲ့ဖုန်းက စားပွဲပေါ်မှာ တုန်ခါလို့။ အလုပ်တွေလက်စသတ်ပြီးတဲ့အထိ အကြိမ်ကြိမ် ဖုန်းခေါ်နေတဲ့အတွက် သူဖုန်းကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ မိသားစုထဲကဆိုပေမဲ့ အမေမဟုတ်ဘဲ သွေးဝေးတဲ့ အမျိုးတစ်ယောက်ပါ။ ကြားလိုက်ရတဲ့သတင်းက

“လူကာ၊ မင်းအမေဆုံးပြီ။ အသုဘအခမ်းအနားအတွက် မင်းခဏလောက် အချိန်ပေးနိုင်မလား။”

လူကာ အိမ်ကိုပြန်လာခဲ့တယ်။ သူ့အိမ်မှာ သွေးဝေးတဲ့အမျိုးတွေ အားလုံးရောက်နေခဲ့ပြီး သူကတော့ နောက်ဆုံးပါပဲ။ အားလုံးက သူ့ကိုသိပ်မကြည်ကြ။ သူ့ရဲ့စိမ်းကားမှုတွေကို လူတိုင်းသိတယ်။ လူကာဟာ သူ့မျိုးနွယ်အတွင်းမှာ သင်းကွဲတစ်ကောင်လိုမျိုး ဖြစ်နေခဲ့တယ်။ သေသူအတွက် အမှတ်တရစကားပြောရမယ့် အချိန်ကိုရောက်တော့ လူကာ့မှာ ပြောစရာစကား ရှိမနေခဲ့ဘူး။

နောက်ဆုံးတော့ သူ့ဘဝအောင်မြင်ခဲ့ပြီး ရုံးတက်စရာမလိုဘဲ အိမ်မှာအလုပ်လုပ်ခွင့်ရခဲ့ပြီ။ ဒါပေမဲ့ သူ့အနားမှာ မိသားစုဝင် ရှိမနေတော့ပါဘူး။

မကြာခင်မှာပဲ လူကာက အထီးကျန်ဆန်မှုကို ဆိုးဆိုးဝါးဝါး ခံစားလာခဲ့ရတယ်။ ဂိမ်းတချို့ကစားခဲ့ပြီး စိတ်ပြေလက်ပျောက် နေဖို့ကြိုးစားခဲ့ပေမဲ့ ဂိမ်းထဲကဇာတ်ကောင်တွေကို လူအစစ်လိုမျိုး စကားပြောလာပြီး လက်တွေ့နဲ့ဂိမ်း မခွဲ​ခြားနိုင်တော့တဲ့အတွက် ဆရာဝန်ပြခဲ့ရတယ်။

နောက်တော့ အထီးကျန်မှုတွေကနေ ထွက်ပြေးနိုင်မလားဆိုပြီး သူနဲ့သူ့အမေနေခဲ့တဲ့ အိမ်လေးကိုရောင်းပြီး ​မီလန်မြို့ထဲကို ပြောင်းလာဖြစ်ခဲ့တယ်။

...

ဟီးဟီးဟီး... ဟားဟားဟား...

ပထမဆုံးအကြိမ် ကလေးတွေ သူ့အနားမှာကစားနေတဲ့ဖြစ်ရပ်နဲ့ ကြုံခဲ့ရတော့ သာမန်လူတွေလိုပဲ သူအတော်ကြောက်လန့်သွားတယ်။ မီလန်မြို့လယ်ခေါင်က အိမ်တစ်အိမ်ဖြစ်ပြီး စျေးပေါနေရတဲ့ အကြောင်းအရင်းကို သူနားလည်မိသွားပြီ။ ပထမကတော့ သူ့နဂိုစိတ်ရောဂါအခံကြောင့် မရှိတာတွေလျှောက်မြင်နေတယ် ထင်ခဲ့မိပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး တခြားနေရာပြောင်းနေတဲ့ အခါမျိုးမှာ မကြုံရတဲ့အတွက်ကြောင့် ဒီအိမ်နဲ့ပဲဆိုင်တယ်ဆိုတာ သူသိလာခဲ့တယ်။

နောက်တော့ ထပ်စမ်းသပ်ကြည့်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးတော့ သူ့အိမ်အောက်ထပ်ကို Airbnbပေါ်တင်ပြီး ယာယီအိမ်ငှားတွေ လက်ခံခဲ့ပါတယ်။ အိမ်ငှားတွေထဲကတချို့က ကလေးတွေ လာဆော့တာနဲ့ကြုံရပြီး တချို့ကတော့ အဲဒီလိုကိစ္စမျိုးနဲ့ လုံးဝ မကြုံရပါဘူး။

ခေတ်ပညာတတ်တစ်ယောက်ဖြစ်တဲ့လူကာက အကြောင်းအရင်း သေချာသိရဖို့အတွက် သုတေသနအသေးစားလေးတစ်ခု လုပ်ခဲ့ပြီး ကလေးတွေနဲ့ကြုံခဲ့ရတဲ့ အိမ်ငှားတွေဆီကနေ စစ်တမ်းတစ်ခု ကောက်ကြည့်ခဲ့တယ်။

အဲဒီလူအများစုက သူတို့ဘဝမှာ အထီးကျန်ဆန်တဲ့အချိန်တစ်ခု မဟုတ်တစ်ခုနဲ့ ကြုံခဲ့ရတဲ့သူတွေချည်းပဲ။ ကလေးတွေလာကစားလို့ သူတို့တွေ အစပိုင်းလန့်ဖြန့်သွားကြတယ်ဆိုပေမဲ့ နောက်ပိုင်းမှာ မသက်မသာမခံစားရသလို ဘာဆိုးကျိုးမှလည်း မဖြစ်ခဲ့ပါဘူး။

ကလေးတွေနဲ့အတူအိပ်မက်ထဲ မီးခိုးခေါင်းတိုင်ထဲလိုက်ဖူးတဲ့သူ အလွန်ရှားပြီး လူကာတစ်​ယောက်သာ ဒီလိုလုပ်ခဲ့ဖူးတာပါ။ သရဲ​ခြောက်တဲ့ကိစ္စက လိုင်းပေါ်ပြန့်နှံသွားပြီးနောက် Airbnbက သူ့အိမ်ကို ဝက်ဆိုက်ဒ်ပေါ်တင်ခွင့်ပြုထားပေးပေမဲ့ အိမ်ငှားတွေ မလာတော့တာ လနဲ့ချီကြာနေပါပြီ။

ဒါပေမဲ့နေ့တိုင်းလိုလို ကလေးတွေက သူနဲ့လာကစားလေ့ရှိပြီး သူကလည်း အတူလိုက်ပါကစားလေ့ရှိတယ်။ ကြာလာတဲ့ အချိန်မှာတော့ လူကာဟာ ဒီကလေးတွေကို သရဲတစ္ဆေတွေလို့ မြင်တော့ပါဘူး။ အဲဒီအစား တစ်အိမ်တည်းအတူနေနေတဲ့ မိသားစုဝင်တွေလို့ မြင်လာခဲ့တယ်။

“မိသားစုဆိုတာ သွေးသားတော်စပ်မှ မိသားစုဝင်တွေ ဖြစ်လာတာ မဟုတ်ဘူး။” ဒီစကားကို လူကာက သူ့အတွေ့အကြုံနဲ့ ပြောခဲ့တာ။

ဒါပေမဲ့ သူ့အီမ်ကိုရောက်လာ​တဲ့အိမ်ငှားအသစ်က သူနားလည်ဖို့ မဖြစ်နိုင်လောက်အောင် ထူးခြားဆန်းကျယ်နေခဲ့ပြီး ဒီအိမ်ကြီးက ကလေးတွေကို ကျွတ်လွတ်သွားအောင်လုပ်ဖို့ ကြံစည်လာတဲ့ အခါမှာတော့။

“သဘောမတူနိုင်ဘူး၊ ကျုပ်လုံးဝ သဘောမတူနိုင်ဘူး။ ဒီကလေးတွေက ကျုပ်ရဲ့မိသားစုဝင်တွေပဲ။ သူတို့လေးတွေက ဘယ်သူ့ကိုမှ အန္တရာယ်ပေးဖူးတာမဟုတ်ဘူး။”

လူကာရဲ့မျက်နှာတစ်ခုလုံး နီရဲလာခဲ့ပြီး သူ့ရှေ့မှာရှိနေတဲ့ ဆန်းကြယ်တဲ့လူငယ်လေးကို ကန့်လန့်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

All Chapters