ပစ်မှတ်နေရာပြောင်းပြီ
Vol. 3 Ch. 165
ကျွန်မတို့တွေ ရောမမြို့ကိုသွားဖို့အတွက် အထုပ်အပိုးတွေ ပြင်နေကြပြီ။ ဒီနေ့ညနေမှာ အယ်ဒါဆက်ခံပွဲကို ကျင်းပကြမှာပါ။ ကျွန်မလည်း အခန်းထဲမှာပြန့်ကျဲနေတဲ့ ပစ္စည်းတွေအားလုံးကို အိတ်ထဲတစ်စုတစ်စည်းထဲ ဖြစ်အောင်ထည့်ပြီးတဲ့နောက် အိတ်ကလေးကိုဆွဲပြီး အိမ်အပြင်ထွက်လာခဲ့တယ်။
အနက်ရောင်ဘင်ကားတစ်စီးက ခြံဝင်းထဲမှာ ရောက်နေနှင့်ပြီးသား။ ဘာအထုပ်အပိုးမှ ထွေထွေထူးထူးမရှိတဲ့ အိုလီရာနာကတော့ ကားပေါ်မှာ နက်ဆန်နဲ့အတူတက်ထိုင်နေနှင့်ပြီ။ နက်ဆန်က ကျွန်မဆင်းလာတာကိုမြင်တော့ လှမ်းမေးလိုက်တယ်။
“မိုနီကာ မလာသေးဘူးလား။”
ကျွန်မလည်း ခေါင်းခါပြလိုက်တာပေါ့။ မိုနီကာရဲ့အခန်းက အိမ်အပေါ်ထပ်မှာ။ ကျွန်မက သူရောက်နှင့်လောက်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒီလိုမဟုတ်တဲ့ပုံပဲ။ ဒါကြောင့် ကျွန်မလည်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကြည့်ရတာ အဝတ်အစားတွေထည့်နေတုန်းနဲ့တူတယ်။ ကျွန်မသွားကြည့်လိုက်မယ်လေ။”
ကျွန်မလည်း အဲဒီလိုပြောပြီးတော့ အထုပ်အပိုးတွေကို ကားနောက်ခန်းထဲထည့်၊ တံခါးကိုပြန်ပိတ်ပေးပြီးနောက် အိမ်ထဲကိုပြန်ဝင်ပြီး မိုနီကာကိုခေါ်ဖို့လုပ်ရပါတယ်။ လှေကားအတိုင်း အပေါ်ထပ်ကို တက်ပြီးနောက်မှာတော့ မိုနီကာ့အခန်းတံခါးကို ကျွန်မခေါက်လိုက်တယ်။
ဒေါက်... ဒေါက်... ဒေါက်....
“မိုနီကာရေ၊ ကားထွက်တော့မယ်နော်။” ကျွန်မလှမ်းအော် လိုက်ပေမဲလို့ အထဲကနေပြန်ဖြေသံမကြားဘူး။ အဲဒါနဲ့ တံခါးလက်ကိုင်ကိုထိကြည့်လိုက်တော့ တံခါးသော့ခတ် မထားပါဘူး။ အဲဒါနဲ့ တံခါးကိုဖွင့်ပြီး ဝင်လိုက်တော့...
“ရှင်... ရှင်ဒါဘာလုပ်တာလဲ။”
“.....” မိတ်ကပ်တွေသေသေချာချာ မှုန်နေအောင်လိမ်းပြီး ဝတ်နေကျဂေါ့သစ်ဂါဝတ်ကို ကြိုးသိုင်းမထားရသေးတဲ့ မိုနီကာကို ကျွန်မမြင်လိုက်ရရော။ သူ့ပုံစံက ကပိုကရို အရှက်ကြီးနေတဲ့ပုံစံမျိုးဆိုပေမဲ့ တမင်လုပ်ထားမှန်း သိသာလိုက်တာ။ ပြီးတော့ ဝင်လာတဲ့သူက ကျွန်မဆိုတာလဲသိရော စိတ်အကြီးကြီးပျက်သွားပြီး နှုတ်ခမ်းကို ဖိကိုက်ထားတော့တာပဲ။
“ငါက ဒါလင်မှတ်နေတာ၊ လက်စသတ်တော့ အရူးမဖြစ်နေတာကိုး။”
“ဘယ်သူက အရူးမလဲ။” ကျွန်မလည်း ဒေါသထွက်လာပြီး အနားကပန်းအိုးနဲ့ သူ့ကိုကောက်ပေါက်ချင်လာမိတဲ့အထိပဲ။ ဒါပေမဲ့ စိတ်ကိုထိန်းထားရင်းနဲ့ ငှက်မွှေးမွေ့ရာခင်းထားတဲ့ သူ့အိပ်ရာပေါ် ဝင်ထိုင်ဖြစ်တယ်။ နောက်တော့ လှလှပပ ပြင်ဆင်ထားပြီးတော့ အဝတ်လဲတာကို အပြီးသတ်နေတဲ့ မိုနီကာကို ကျွန်မလှမ်းကြည့်ဖြစ်မိတယ်။
ကိုယ်လုံးကိုယ်ပေါက်လေးက မဆိုးသလို၊ မျက်နှာက ချစ်စရာ၊ မိန်းမချင်း မနာလိုစရာကောင်းလောက်အောင် လှပပေမဲ့လို့ ဒီမိန်းကလေးက သူ့ကိုပြန်မချစ်နိုင်မှန်း သိသာနေတဲ့ အမျိုးသားတစ်ယောက်ကိုပဲ အသေရရ အရှင်ရရ တွယ်ကပ်နေခဲ့ပါတယ်။ ဒါကြောင့်ကျွန်မလည်း သက်ပြင်းချလိုက်မိပါတယ်။
“နက်ဆန်ကိုယ်တိုင် နင့်ကိုလာခေါ်အောင်လို့ တမင်သက်သက် အချိန်ဆွဲနေတာမဟုတ်လား။”
ကျွန်မကမေးလိုက်တော့ သူက ငြင်းဆန်ဖို့ဆန္ဒရှိပုံမရဘဲ တိုက်ရိုက်ပဲ ပြန်ဖြေပါတယ်။
“နင်သိရင်လဲ ပြီးတာပဲ။ ဒါလင်က ကိုယ်တိုင်မလာဘဲ နင့်ကိုလွှတ်လိုက်တာတစ်ခုပဲ ငါစိတ်ဆင်းရဲရတာ။”
မိုနီကာက ဂါဝန်ကိုအပြီးဝတ်ပြီးတဲ့နောက် ကျွန်မဘေးမှာ လာထိုင်တယ်။ အရွယ်ရောက်ပြီး မိန်းမပျိုလေးနှစ်ယောက် ကိုယ်အလေးချိန်ကြောင့် ကုတင်က ညွှတ်ကျသွားတယ်။ မိုနီကာက ကျွန်မနဲ့အလွန်နီးကပ်နေတဲ့အတွက် သူ့ရဲ့သဘာဝကိုယ်သင်းနံကို ကျွန်မရနေပါတယ်။ တော်ရုံ သသာဓိရှိတဲ့သူတွေကိုတောင် သတိလစ်ဟင်းသွားစေနိုင်တဲ့ စကူးဘတ်တွေရဲ့ အားသာချက်တစ်မျိုးပေါ့။
“ဒါပေမဲ့ နင်ဘာလို့ နက်ဆန်ကိုမှ ကြိုက်မိသွားရတာလဲ။ စကူးဘတ်တစ်ယောက်အနေနဲ့ နင်ကိုယောက်ျားလေးတွေ အများကြီးက နှစ်သက်ပြီး လိုက်ပိုးပန်းကြဖူးမှာပဲ မဟုတ်လား။”
ဒါက ကျွန်မကိုယ်တိုင်သိချင်နေတဲ့ မေးခွန်းတစ်ခုပါ။ မိုနီကာလိုလှပတဲ့ စကူးဘတ်မိန်းကလေးတစ်ယောက်မှာ ယခင်ချစ်သူရည်းစားမရှိတာ မဖြစ်နိုင်ဘူးမဟုတ်လား။ အနည်းဆုံးတော့ သူ့ကိုလိုက်ပိုးပန်းတဲ့သူတော့ ရှိမှာပဲလေ။
မိုနီကာက ကျွန်မအမေးကြောင့် နှုတ်ခမ်းကိုလက်နဲ့ကာရင် ညင်သာစွာ ရယ်မောလိုက်တာပေါ့။
“ဒါပေါ့၊ ရှိတာပေါ့။ ပြောရရင် သူတို့မျက်နှာတွေကို မမှတ်မိနိုင်လောက်တဲ့အထိကို များခဲ့တာ။ လူသားတွေရော မိစ္ဆာတွေရော အများကြီးရှိခဲ့တာပေါ့....”
ဝါကျရဲ့ဒုတိယပိုင်းကိုရောက်တော့ မိုနီကာရဲ့လေသံက တိတ်တဆိတ်တိုးဝင်သွားခဲ့တယ်။ သူ့နှလုံးသားနက်ရှိုင်းတဲ့ အတွင်းပိုင်းမှာ မျိုသိပ်ထားခဲ့တဲ့ ခံစားချက်တချို့ကို ပြန်လည်ဖော်ထုတ်ယူပြီး ကျွန်မကိုပြသဖို့ ကြိုးစားနေသလိုပဲ။
“ သူတို့ထဲက တချို့က ငါ့ကိုမင်းသမီးတစ်ပါးလိုမျိုး ဆက်ဆံကြတယ်။ တချို့က ငါ့ကိုမြင်ရုံနဲ့ အရူးအမူး ဖြစ်သွားကြတယ်။ တချို့ကတော့ ငါ့ကိုပိုင်ဆိုင်ရဖို့ အင်အားသုံးဖို့တောင် ဝန်မလေးကြတော့ဘူး။ ဒါပေမဲ့...”
မိုနီကာက နှုတ်ခမ်းကိုဖုံးအုပ်ထားတဲ့ လက်ကိုဖယ်လိုက်တယ်။ သူ့မျက်လုံးတွေက အန္တရာယ်ရှိစွာ တောက်ပနေခဲ့ပြီးတော့ ကြောက်စရာကောင်းတဲ့ ဟိုအရင်က အဖြစ်အပျက်တွေကိုတောင် ကျွန်မပြန်တွေး လာခဲ့မိတယ်။
“ငါက လူသားတွေကို အစားအစာအနေနဲ့ပဲ မြင်ခဲ့တာ။ လူသားအများစုကလည်း ငါ့ကိုချစ်တယ်ဆိုတာထက် ငါ့ရဲ့အလှအပတွေကိုပဲ မက်မဲကြတာ။ မိစ္ဆာတွေကတော့ ငါ့ကိုတကယ်ချစ်တာထက် ငါ့အမေက ဘုရင်မတစ်ပါးဖြစ်နေလို့ နိုင်ငံရေးအရ လက်ထပ်လိုကြတာ။”
သူ့ပုံစံက အလွန်ခံပြင်းနေပုံပေါက်သလို သိပ်ကိုအထီးကျန် ဆန်တဲ့ပုံစံမျိုးလည်းပေါ်နေတယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ မရှင်းလင်းတာတွေရှိနေဆဲပါ။ မိုနီကာက ဘယ်လိုစိတ်မျိုးနဲ့ သူ့ကိုပိုးပန်းခဲ့တဲ့သူတွေထဲမှာ သူ့ကိုချစ်တဲ့သူမရှိဘူးလို့ ကျိန်းသေပြောနိုင်ရတာလဲ။
“နင်ဆိုလိုတာက နင့်ကိုတကယ်ချစ်တဲ့သူ မရှိနိုင်ဘူးလို့ ပြောချင်တာလား။”
“တကယ်လို့ တစ်ယောက်ယောက်က ငါ့ကိုတကယ်ချစ်ခဲ့ရင်တောင် ငါက ပြန်ဂရုမစိုက်မှာမှ မဟုတ်တာ။ ဒီတော့ သူတို့ချစ်တာမချစ်တာက ငါ့အတွက် ဘာထူးခြားသေးလို့လဲ။”
ရုတ်တရက် မိုနီကာရဲ့လေသံက မြင့်တက်လာခဲ့တယ်။ ကျွန်မလည်း အဲဒီအတွက် နည်းနည်းစိုးထိတ်မိတာပေါ့။ သူက သူ့ခေါင်းကဆံပင်တွေကို ဆုပ်ကိုင်ထားလိုက်ရင်း ပြောလာပါတယ်။
“ဒါပေမဲ့အခုတော့ အချစ်ဆိုတာဘာလဲ ငါသိပြီထင်တာပဲ။ အဲဒါက ဝီစကီပြင်းပြင်းတစ်ခွက်ကို ရေမရောဘဲ သောက်ချလိုက်ရသလိုပဲ။ စူးရှပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသလိုပဲ။
နင်သိလား... နက်ဆန်က ငါ့အတွက်သိပ်ကိုထူးခြားတယ်။ သူ့မျက်လုံးတွေက... သူ့မျက်လုံးတွေက... ငါ့ကိုရွံရှာတာ မဟုတ်ရင်တောင် ထူးမခြားနားတဲ့ပုံစံမျိုးနဲ့ပဲ အမြဲစိုက်ကြည့်နေခဲ့တာ။
ငါသိနေခဲ့တယ်... ငါသူ့ကိုရှုံးနိမ့်သွားခဲ့တဲ့အချိန်ကတည်းက ငါသူ့ကို ချစ်မိသွားတော့မယ်ဆိုတာကိုပေါ့။”
သူပြောတဲ့ စွဲလမ်းစိတ်ကြီးတဲ့ စကားတွေထဲက တစ်ဝက်နီးပါးကို ကျွန်မနားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်း နက်ဆန့်အနားမှာဘာကြောင့် ဆက်နေချင်နေရတာလဲဆိုတဲ့အကြောင်းကိုလည်း ပြန်စဥ်းစားကြည့်မိတယ်။
“အင်းနော်... အချစ်က အဲဒီလိုပဲနေမှာ။”
“အရင်က ကျွန်မဘဝမှာ ဘာမှထူးခြားတာမျိုး မရှိခဲ့ဘူး။ နေ့တိုင်း သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းခဲ့ရပြီးတော့ ဘယ်သူ့အတွက်မှ ထူးခြားတန်ဖိုးမရှိတဲ့လူအဖြစ်နဲ့ပဲ နေခဲ့ရတာ။ သာမန်ဆန်တဲ့ မိန်းကလေးတစ်ယောက်၊ သာမန်ဆန်တဲ့ ကျောင်းသူလေးတစ်ယောက်၊ သာမန်ဆန်တဲ့ သူနာပြုမိန်းကလေးတစ်ယောက်အနေနဲ့ပေါ့။ နောက်တော့ ကျွန်မဘဝထဲ သူဝင်လာခဲ့တယ်။”
ကျွန်မ မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။ ပထမဆုံး အကြိမ် ကျွန်မတို့စတွေ့တုန်းက နက်ဆန်ကျွန်မကို ကာကွယ် ပေးခဲ့တဲ့ပုံစံကို ခုထိမမေ့နိုင်သေးဘူး။ အဲဒီတုန်းက သူ့ရဲ့နောက်ကျောက သိပ်ကိုကြီးမားပြီး ဖြိုချလို့မရနိုင်တဲ့ တောင်တန်းကြီးတစ်ခုလို ခံစားရစေတယ်။
“သူ့အနားမှာရှိနေတိုင်း ကျွန်မက တခြားတစ်ယောက်ဖို့ တန်ဖိုးရှိတဲ့လူတစ်ယောက်လို့ ခံစားရတယ်။ အဲဒီတန်ဖိုးကပဲ ကျွန်မကို ထူးခြားတဲ့လူတစ်ယောက်လို ခံစားရစေတာ။ တည်ရှိဖို့ထိုက်တန်တဲ့ လူသားတစ်ယောက် ဖြစ်နေသေးတယ်လို့ ကျွန်မကိုယ်ကျွန်မ အမြဲအမှတ်ရစေတဲ့အရာပေါ့။”
ကျွန်မမျက်လုံးကိုဖွင့်ပြီး လက်ကိုဆန့်တန်းလိုက်မိတယ်။ အဲဒီခံစားချက်က ဖော်ပြရခက်ပေမဲ့ ကျွန်မပြောတာနဲ့တင် မိုနီကာနားလည်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ကျွန်မလည်ပင်းမှာ စူးခနဲခံစားလိုက်ရပြီးတဲ့နောက် ကျွန်မပိုက်ဆံအိတ်ထဲက ခွဲစိတ်ဓားက တုန်ခါသွားတယ်။
“သတိမဲ့လိုက်တာ....” ဘီယန်ကာက ပြောလိုက်တယ်။
ကျွန်မသတိဝင်လာတော့ မိုနီကာရဲ့လက်က လက်သည်းက ကျွန်မလည်မျိုကို ထောက်ထားပြီးသားဖြစ်နေပြီး မိုနီကာက တစ်ချက်ရယ်လိုက်ရင်း...
“ဒါပေမဲ့ ဒီနေရာပဲ နင့်ကိုသတ်လိုက်ရင် ငါ့ဒုက္ခတစ်ဝက်လောက် အေးချမ်းသွားမယ်လို့ မထင်ဘူးလား။ သူ့အနေနဲ့ငါ့ကိုမုန်းပြီး လိုက်သတ်မယ်ဆိုရင်တောင်မှ ငါတစ်ယောက်တည်းပဲ သူ့ရဲ့အာရုံစိုက်မှုကို ရတော့မှာလေ။”
ကျွန်မကျက်သီး တဖြန်းဖြန်းထသွားတယ်။ အတူရှိနေတာ တစ်ခဏလောက်ရှိပြီဖြစ်လို့ မိုနီကာက ဘယ်လိုလူစားလဲ ကျွန်မခဏလောက် မေ့သွားခဲ့ပုံပဲ။
“မင်းသူ့ကို ထိရဲထိကြည့်၊ မင်းရော လင်ဘိုဘုံရော ပြာကျသွားစေရမယ်။”
ရုတ်တရက် အခန်းထဲတစ်ခုလုံးကို အမှောင်ရိပ်ကြီးတစ်ခု လွှမ်းမိုးသွားသလိုမျိုး ကျွန်မခံစားလိုက်ရတယ်။ တံခါးဝကို ကြည့်လိုက်တော့ နက်ဆန်က မိုနီကာကို မီးထတောက်လုမတတ် မျက်လုံးတွေနဲ့ကြည့်နေပြီ။ မိုနီကာက သူ့ကိုချက်ချင်းပြုံးပြလိုက်ရင်း ကျွန်မလည်ပင်းပေါ်က လက်သည်းတွေကို ဖယ်ပေးလိုက်တယ်။
“အား.... ဒါလင်က ဒေါသထွက်ရင် သိပ်ချစ်ဖို့ ကောင်းတာပဲ။”
မိုနီကာက ကျွန်မအပေါ် စိတ်ဝင်စားမှု လုံးဝပျောက်သွားပြီး နက်ဆန်ဆီကိုပြေးသွားကာ လည်ပင်းကိုသိုင်းဖက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို သစ်မြစ်တွေက ချုပ်နှောင်လိုက်ပြီး အန္တရာယ်ရှိ စိတ်ရောဂါရှိသူတစ်ယောက်ကို ချုပ်နှောင်ထားသလိုမျိုးပါ။ နက်ဆန်နောက်ကနေ အိုလီရာနာကထွက်လာပြီး ပြောလိုက်တယ်။
“သခင်၊ ဒီအရူးမ တစ်လမ်းလုံးမမွှေနိုင်အောင် ကျွန်မ အာခမံပေးမယ်။”
ကျွန်မ နက်ဆန်ကိုကြည့်လိုက်တော့ နက်ဆန်ကဘာမှမပြောဘဲ အခန်းထဲကနေပြီး ထွက်သွားနေပြီ။
“ရှင်ကျွန်မကို စိုးရိမ်လို့လိုက်လာတာလား။” ဆိုပြီး မေးလိုက်တော့ သူကတိုက်ရိုက်မဖြေဘဲ တစ်ခဏတာ ခြေလှမ်းကိုသာရပ်ပြီး ခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့ ကျွန်မလည်း သူ့နောက်ကနေ ပြေးလိုက်ဖြစ်တာပေါ့။
....
ကားပေါ်ကိုရောက်တော့ ဒါရိုက်ဘာက အိပ်ငိုက်မှာစိုးလို့ လက်ဖက်ရည်တောင်သောက်နေပြီ။ ထိပ်ပြောင်ပြောင်နဲ့ မျက်မှန်တပ်ထားတဲ့သူကြီးဖြစ်ပြီး အမေရိကန်ဘိန်းချက် ဇာတ်ကားထဲက ဝဲလ်တာဝှိုက်ကြီးနဲ့တောင်တူသေးတယ်။
ကျွန်မ၊ အိုလီရာနာနဲ့ မိုနီကာတို့ နောက်ခုံမှာထိုင်ပြီး နက်ဆန်က ရှေ့ခုံမှာဝင်ထိုင်တော့ ဝဲလ်တာဝှိုက်ကြီးက နက်ဆန့်ကို သတ္တုမျက်နှာဖုံးတစ်ခု ကမ်းပေးပါတယ်။ ပြုံးနေပုံပေါ်တဲ့ ရွှေရောင်မျက်နှာဖုံးပါ။
“အရှင်၊ ပြင်သစ်ကစံအိမ်ဆီ မာစတာမက်ဆီမက်က ပြန်သွားပြီး အရှင့်အတွက် အဲလ်ဒါအဆောင်အယောင် ရွှေလဝန်းမျက်နှာဖုံးကို ပို့ပေးလိုက်ပါတယ်။ အခမ်းအနားည အယ်ဒါအဖြစ်ကြေညာပြီးရင် ဒီမျက်နှာဖုံးကို ဝတ်လိုက်ပါ။ ဒဏ္ဍာရီတွေအရ ညနတ်ဘုရားမနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ဆိုပါတယ်။”
“ကောင်းပြီ။” နက်ဆန်က မျက်နှာဖုံးကို ယူလိုက်တယ်။ ဒီတော့ ကျွန်မတို့ကားဒရိုက်ဘာက သာမန်လူစိမ်း တစ်ယောက်မဟုတ်ဘဲ အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင် ဖြစ်တဲ့ပုံပဲ။
....
ဦးလေးကြီးလူကာက ထမင်းပန်းကန်သုံးချုပ်ကို စားပွဲပေါ်မှာဖြန့်ခင်းရင်း ကြည်နူးစွာနဲ့ကြည့်လိုက်တယ်။ ရွှေညိုရောင်သန်းနေတဲ့ ထမင်းကြော်ပန်းကန်တွေဖြစ်ပြီး အပေါ်မှာတော့ နာနတ်သီးတချို့တင်ထားတာမြင်နိုင်တယ်။
“သစ်သီးစုံထမင်းကြော်က လူတိုင်းမကြိုက်ဘူးဆိုပေမဲ့ အယ်မာဆိုရင်တော့ ကြိုက်လောက်တယ်မဟုတ်လား။”
ကျွီ...
အဲဒီအချိန်မှာပဲ တံခါးက ရုတ်တရက်ပွင့်သွားပြီး အနည်းငယ် မူးနေဟန်ရတဲ့အယ်မာက ဒယိမ်းဒယိုင်နဲ့ ဝင်လာတယ်။ နောက်တော့ ဦးလေးကြီးလူကာပခုံးကို ဖမ်းဆွဲပြီး...
“အိုးအချစ်... ကျွန်မတော့ ရှင့်ကိုလွမ်းနေတော့မှာပဲ။”
ပြွှတ်.... ပြွှတ်....
အယ်မာက အိန္ဒြေတောင်မထိန်းတော့ဘဲ ဦးလေးလူကာကို ရုတ်တရက်ကြီး နှုတ်ခမ်းပေါ် နှစ်ကြိမ်တိုင် ဖိနမ်းချလိုက်တဲ့အတွက် လူပျိုကြီးရဲ့နားတွေ နီရဲသွားလေရဲ့။ နောက်တော့ သူလည်းအယ်မာကို သူ့ကိုယ်ပေါ်က ဖယ်ရှားလိုက်ရင်း...
“မစ်အယ်မာ... ဘာတွေဖြစ်လာတာလဲ။”
“ရုံးက ပြောင်းရွှေ့မိန့်ကျလာလို့လေ။ ပစ်မှတ်က ဒီမြို့ကနေထွက်သွားပြီး ရောမမြို့ကိုသွားတော့မှာတဲ့။ တို့တော့ ရှင်နဲ့ခွဲရတော့မယ်ထင်တယ်။”
“......”
ဦးလေးကြီးလူကာရဲ့ဦးနောက်က အလျင်အမြန် အလုပ်လုပ်နေရင်းတွေးလိုက်တယ်။ ‘ပစ်မှတ်တဲ့... ဒါဆိုထင်ထားတဲ့အတိုင်းပဲ အယ်မာက ထောက်လှမ်းရေး အေဂျင်စီတစ်ခုခုအတွက် အလုပ်လုပ်နေတာပေါ့။ ပြီးတော့ မူးမူးနဲ့လျှို့ဝှက်ချက်တွေ ငါ့ကိုပြောနေတာဆိုတော့ ငါ့အသက်လေးတော့ သွားပြီနဲ့တူတယ်....’
ဦးလေးကြီးလူကာက အစိုးရိမ်လွန်ပြီး တရှိုက်ရှိုက်နဲ့ စငိုတယ်။ အယ်မာကတော့ ဒါကိုကြည့်ရင်း အထင်လွဲကာ
“မငိုပါနဲ့အချစ်ရယ်၊ ကျွန်မအချိန်ရရင်ရသလို ရှင့်ကိုလာကြည့်ပါမယ်။ ကျွန်မက တိုင်းပြည်တကာပတ်နေပေမဲ့ တစ်ရွာတစ်ကျီဆောက်တဲ့ မိန်းမမျိုးမဟုတ်ရပါဘူး။”
အယ်မာက ပြောရင်းဆိုရင်း တတိယအကြိမ်မြောက်အဖြစ် လူကန်ကိုနမ်းလိုက်တယ်။ ဒီတစ်ခါတော့ ပြင်သစ်အနမ်း။ အယ်မာ့နောက်ကပါလာတဲ့ ဒါလီယာကတော့ အဲဒီမြင်ကွင်းကို မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိုက်ကြည့်လို့။