← Chapters

ချောကလက်အိမ်ကလေး (၆)

Vol. 4 Ch. 216

ချောကလက်အိမ်ကလေး (၆)

Vol. 4 Ch. 216

ပြခန်းမကြီးရဲ့အလယ်ကိုရောက်တော့ သာမန်အိမ်တစ်ခုစာ နေရာလွတ်ကြီးမှာ စက်ပစ္စည်းတွေတပ်ဆင်နေတဲ့ အုပ်စု တစ်ခုကိုတွေ့လိုက်ရတယ်။ သူတို့ကိုဦးဆောင်နေတဲ့ သူကတော့ ဟိုတစ်ရက်က ချောကလက်သွားဝယ်တုန်း ကျွန်မတွေ့ခဲ့တဲ့ ဘဏ္ဍာစိုးမိန်းကလေးပါ။ အခုသူက လက်ထဲမှာ မိုက်တစ်ခုကိုကိုင်ထားပြီး စကားပြောဖို့ ပြင်လိုက်တယ်။

“အဟမ်း.... အားလုံးပဲ ဂရုစိုက်ပေးပါ။ အခုဆိုရင် ကျွန်မတို့ အယ်ဘတ်တိုင်းချောကလက်ဆိုင်က ဘာလင်ရဲတိုက်ကြီးကို တည်ဆောက်တော့မှာဖြစ်ပါတယ်။ ဘာလင်ချောကလက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးဆုံးချောကလက် အဆောက်အဦးကြီးဖြစ်လာမှာမလို့ ကြည့်ရှုကြပါဦး။”

မိုက်ခရိုဖုန်းရဲ့အသံကြောင့် ကျွန်မတို့အုပ်စုထဲက ဆယ်ဗီတောင်မှ စိတ်ဝင်စားပြီးလာကြည့်ပါတယ်။ တခြားသူတွေလည်း အလားတူပါပဲ။ မကြာခင်မှာပဲ စက်လက်တံတွေက စတင်လှုပ်ရှားလာပြီးတော့ ခမ်းနားကြီးကျယ်တဲ့ ရဲတိုက်ကြီးတစ်ခုကိုစတင်ပြီး တည်ဆောက်ပါတယ်။

“ဝိုးဝိုးဝိုး... အကြီးကြီးပဲ... ဒါတွေအားလုံးစားလိုက်ရင် တစ်လလောက်ဘာမှမစားဘဲ နေလို့ရမလားမသိဘူး။”

ဆယ်ဗီရဲ့မျက်လုံးတွေကတော့ တောက်ပနေပြီးတော့ ချက်ချင်းပြေးဝင်စားတော့မလိုပါပဲ။ ကျွန်မကတော့ ဒီစက်ကြီးတွေရဲ့လှုပ်ရှားမှုကို မြင်ဖူးပြီးသားဖြစ်လို့ သိပ်ပြီးအံ့အားမသင့်ခဲ့ဘူး။

“ဒါပေမဲ့ ဟန်နာ့ဆိုင်က ဘယ်မှာပါလိမ့်။”

ကျွန်မထပ်ပြီး မျက်လုံးကစားလိုက်တော့ မကြာခင်မှာပဲ ပြခန်းရဲ့ထောင့်နားက နေရာသေးသေးလေးမှာ တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့ ဟန်နာ့ကို တွေ့လိုက်ရရော။

“ဒါလင်... ဟိုဘက်မှာ ဘာတွေရောင်းနေလဲမသိဘူး။ သွားကြည့်ရအောင်...”

ကျွန်မလည်း အဲဘတ်တိုင်းဆိုင်ဘက်ကို အာရုံရောက်နေတဲ့ ဒါလင်ကိုဆွဲပြီး ဟန်နာရဲ့ဆိုင်ဆီကို သွားဖြစ်ခဲ့တာပေါ့။ အနားရောက်တဲ့အခါမှ အဲလတ်တိုင်းဆိုင်ဘက်ကို လူတိုင်းလိိုလိုအာရုံရောက်နေပေမဲ့ ဟန်နာ့ဆိုင်ရှေ့မှာ လူသုံးလေးငါးယောက်ရှိနေသေးမှန်း သတိထား မိလိုက်ပါတယ်။

“ဆိုင်ရှင်၊ မရသေးဘူးလား။ အကြာကြီးဖြစ်နေပြီနော်။”

“တောင်းပန်ပါတယ်ရှင့်၊ မုန့်ဖုတ်စက်တစ်လုံးတည်းပဲ ယူလာမိလို့ပါ။”

ဟန်နာက ကျွန်မရောက်လာတာတောင်မှ သတိမထားမိဘူး။ မုန့်တွေဆက်လုပ်ဖို့အတွက်ပဲ အာရုံရောက်နေခဲ့တာပါ။ မကြာခင်မှာပဲ ကလင်ဆိုတဲ့အသံတစ်ချက်နဲ့အတူ မုန့်ဖုတ်စက်တံခါးသော့ ပွင့်သွားတယ်။

ချောကလက်တွေ၊ ဂျုံမှုန့်တွေနဲ့ပေကျံနေတဲ့ စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဟန်နာက စက်အဖုံးကို ဖွင့်လိုက်တော့ သင်းပျံတဲ့သကြားညိုနံက လေထုထဲ ပြန့်နှံလာခဲ့ပါတယ်။

“ မွှေးလိုက်တာ... စားကောင်းမယ့်ပုံပဲ။” ဆယ်ဗီလည်းပဲ ရဲတိုက်ကြီးကို စိတ်ဝင်စားနေရာကနေ ကျွန်မတို့နဲ့အတူတူ လာတန်းစီပါတယ်။ အဲဘတ်တိုင်းဆိုင်မှာရှိနေတဲ့ လူအုပ်ထဲက တချို့လည်းရောက်လာပါတယ်။ အားလုံး မဟုတ်ပေမဲ့လို့ ဟန်နာ လုပ်နေတဲ့အရာက အတော်လေး ကောင်းတယ်ဆိုတာရဲ့သက်သေပေါ့။

ရှေ့ကလူတွေ သူတို့စားစရာရသွားပြီးနောက် ကျွန်မတို့အလှည့် ရောက်လာတယ်။ ဟန်နာရဲ့ ဆိုင်ရှေ့မှာဖြန့်ခင်းထားတဲ့ ချောကလက်မုန့်တွေကို ကျွန်မတွေ့လိုက်ရတော့ အတော်လေးအံ့ဩမိသွား တော့တာ။

“ဆရာမ၊ ဒါက ဘာလေးတွေလဲ။ ခေါင်းအုံးလေးတွေလား။”

ကျွန်မရှေ့မှာရှိနေတာက ချောကလက်ကွက်ကီးလေးတွေ။ ဒါပေမဲ့ ခေါင်းအုံးပုံစံနဲ့ပါ။ ဖောင်းဖောင်းပွပွလေးဖြစ်ပြီး အတွင်းထဲမှာ အစာသွပ်ထားတယ်ဆိုတာသိသာတယ်။

“မို... မိုနီကာလား....” ဟန်နာလည်း ကျွန်မကိုမှတ်မိသွားပြီး နှုတ်ဆက်လိုက်တယ်။ နောက်တော့ ကျွန်မလက်တွဲထားတဲ့ ဒါလင့်ကိုမြင်ပြီး ပြုံးလိုက်တယ်။

“မိုနီကာ.. ဒါက....”

ရှူး....

ကျွန်မ လက်ညိုးထောင်ပြပြီး တိတ်တိတ်နေခိုင်းလိုက်မှ ဟန်နာဆက်မပြောဘဲ ရပ်သွားတော့တာပါ။ မဟုတ်ရင် ကျွန်မစီစဥ်ထားတာတွေအားလုံး ပျက်သွားတော့မှာပါ။

“နှစ်ယောက်က သိနေကြတာလား။” ဒါလင်က မေးတော့ ဟန်နာရောကျွန်မပါ ခေါင်းညိတ်ပြလိုက်တယ်။

“မနေ့က ကျွန်မတို့နှစ်ယောက် စျေးဝယ်ထွက်ရင်းနဲ့ တွေ့တာလေ။ ဟန်နာက ပစ္စည်းကောင်းလေးတွေ သိတယ်။”

ပုံတုံးတုံးရိုးအအ ဟန်နာပြောလိုက်ရင် အကုန်ပေါ်မှာ စိုးတဲ့အတွက်ကြောင့်မလို့ ကျွန်မကပဲ ခပ်ဝေဝေဝါးဝါး အ​ဖြေတစ်ခုကို ပေးလိုက်ပါတယ်။ ဒါလင်ကလည်း ကျွန်မမှာ ပြောမပြချင်တဲ့အကြောင်းတစ်ခုရှိမှန်းသိနိုင်ပေမဲ့လို့ ဆက်ပြီးမမေးတော့ဘူး။ အဲဒီအစား ကျွန်မ ချောကလက်မုန့်တစ်ခုကိုကောက်ယူလိုက်ပြီး ဟန်နာကို မေးလိုက်တယ်။

“ဟန်နာ၊ ဒီမုန့်နာမည်ကို ဘယ်လိုခေါ်လဲ။”

ဟန်နာက သူ့မုန့်အကြောင်းကို ကျွန်မဂရုတစိုက်နဲ့မေးတာ မြင်ရတဲ့အတွက်ကြောင့် ဝမ်းသာသွားတဲ့ပုံစံနဲ့ ကျွန်မကို အဲဒီမုန့်အကြောင်းတွေပြောပြတော့တာပဲ။

“မိုနီကာ၊ ရှင်မနေ့က ပြောခဲ့တယ်လေ။ ကျွန်မက တခြားသူတွေရဲ့နှလုံးသားကိုမကြည့်ဘဲ ချောကလက်တွေကို လုပ်နေခဲ့တာဆိုပြီးတော့လေ။ ဒါပေမဲ့ ကျွန်မတွေးကြည့်မိတယ်။ လူတစ်ယောက်ရဲ့နှလုံးသားကို သိဖို့က သိပ်ခက်ခဲတယ်ဆိုတာကိုပေါ့။

ဒါကြောင့်ပဲ လူသားတွေရဲ့နှလုံးသားက ဒီချောကလက် ခေါင်းအုံးလေးအောက်မှာ ဖုံးကွယ်ထားတဲ့ အရသာနဲ့ အတူတူပဲ ဖြစ်နေမှာမဟုတ်လား။ အတွင်းထဲက အရသာကို လွယ်လွယ်နဲ့ မသိနိုင်ဘူးလေ။ ဒါကြောင့် ဟောဒီက မှော်ဆန်တဲ့ ချောကလက်ခေါင်းအုံးချော်ရည်ကွတ်ကီးကို လုပ်ဖြစ်ခဲ့တာ။”

ဟန်နာရဲ့စကားကြောင့် ကျွန်မလက်ထဲက မုန့်လေးကို ကြည့်လိုက်တယ်။ အထဲမှာ ဘာအရသာရှိနေတာပါလိမ့်နော်။ သိချင်စိတ်အပြည့်နဲ့ ကျွန်မပါးစပ်ထဲ ထည့်လိုက်တဲ့အခါမှာ အပြင်ဘက်ချောကလက်မုန့်သားအခွံက အရည်ပျော်ပြီး အတွင်းထဲက ချဥ်ပြုံးပြုံး ပတ္တမြားချောကလက်ထောပတ် အရသာက ပေါက်ကွဲထွက်လာခဲ့တယ်။

ဒီအရသာနဲ့အတူတူ ကျွန်မနှလုံးသားက စတင်လှုပ်ရှားလာ ခဲ့ပါတယ်။ ဒါလင့်ကို ပထမဆုံးတွေ့ဖူးခဲ့တဲ့အချိန်ကလိုမျိုး ခံစားချက်ကို ပြန်အမှတ်ရလာပြီး အမှတ်တရတွေက ခေါင်းထဲမှာပြည့်လျှံလာသလိုပဲ။

“ဒါလင်... စားကြည့်ပါဦး....” ကျွန်မလည်း နောက်ထပ် ချောကလက်ခေါင်းအုံးလေးကိုယူပြီး ဒါလင့်ကိုခွံကျွေးတယ်။

ပထမတော့ ဒါလင်က အံ့ဩသွားခဲ့ပေမဲ့ နောက်တော့ တစ်ချက်ပင့်သက်ရှိုက်လိုက်တယ်။

“ခါးတယ်... အဲဒါက ဝေးကွာသွားတော့မယ့် အရာတစ်ခုကို ကြည့်နေရသလိုပဲ။”

ဒါလင်က ချောကလက်အနက်ရောင်ကိုရခဲ့တာလား။ ဒါပေမဲ့ ကျွန်မဘာမှမပြောရသေးခင်မှာပဲ ဆယ်ဗီက ကျွန်မတို့ နှစ်ယောက်ကြားထဲကိုဖြတ်ဝင်ပြီး သူကိုယ်တိုင်ချောကလက် ခေါင်းအုံးလက်တစ်ဆုပ်စာကိုယူပြီး စားကြည့်တော့တာပဲ။

“ဝိုး... မိုက်တယ်... ပါးစပ်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်နေသလိုပဲ။”

ဒါပေမဲ့ ကျွန်မတို့တွေ ဆိုင်ရှေ့မှာရပ်နေတာ ကြာပြီဖြစ်လို့ နောက်မှာစောင့်နေတဲ့သူတွေ စိတ်မရှည်ဖြစ်နေကြပါပြီ။

“ ရှေ့က အစ်ကိုလေးအစ်မလေးတို့ရေ၊ နောက်ကလူတွေကို အားနာပါဦးဗျ။ စားချင်လို့သေတော့မယ်။”

ဒီတော့မှ ကျွန်မတို့တွေလည်း တစ်ယောက်ကိုတစ်ယောက် ပြုံးပြပြီးတော့ နေရာကနေ ထွက်လာခဲ့ပါတယ်။ ဟိုဟိုဒီဒီ လိုက်ကြည့်ပြီးတော့ ကျွန်မတို့တွေ သတိထားမိတာက အဲလ်ဘတ်တိုင်းဆိုင်က ချောကလက်ရဲတိုက်ကြီးကို တည်ဆောက်ပြီးသွားပြီး ဓာတ်ပုံရိုက်ပြီးတဲ့နော​က်မှာ ပြန်ဖြိုချရင်း ပြပွဲကလူတွေကိုလိုက်ဝေပေးခဲ့ပါတယ်။ စားကြည့်ရသလောက်တော့ သာမန်နို့ချောကလက် ဖြစ်တဲ့အတွက်ကြောင့် သိပ်ထူးထူးခြားခြားမဖြစ်ခဲ့ဘူး။

ဆန့်ကျင်ဘက်မှာတော့ ဟန်နာ့ဆိုင်လေးက လူတွေပိုအုံ လာခဲ့ပြီးတော့ ပစ္စည်းပြတ်သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပြိုင်ပွဲကျင်းပချိန်ပြီးဆုံးသွားပြီး မဲပေးရမယ့်အချိန်ကို ရောက်လာခဲ့ပါတယ်။

ပြိုင်ပွဲကိုလာတဲ့သူတိုင်းက အိုင်ဒီနံပါတ်ပါတဲ့စတေကာ တစ်ခုစီရခဲ့တယ်။ ကျွန်မတို့အုပ်စုကတော့ ညီညွတ်စွာနဲ့ မဲပေးတဲ့ဘုတ်ပြားပေါ်က ဟန်နာ့နေရာမှာပဲ စတေကာကို ကပ်ပေးခဲ့ပါတယ်။

မကြာခင်မှာပဲ မဲရေတွက်မယ့်အချိန်ကို ရောက်လာခဲ့တယ်။ ရေတွက်ပြီးတဲ့နောက်မှာတော့ ပွဲစီစဥ်သူက ရလဒ်တွေကိုစ ကြေညာပါတယ်။

“မစ်ဟန်နာရဲ့ဟောင်းဝပ်ချောကလက်ဆိုင်က မဲရှစ်ရာ့ငါးဆယ်နဲ့ တတိယဆု။

ဂျီရော့ချောကလက်ရေခဲမုန့်ဆိုင်က မဲကိုးရာ့နှစ်ဆယ်နဲ့ ဒုတိယဆု။

အဲဘတ်တိုင်းဆိုင်က မဲတစ်ထောင့်နှစ်ရာနဲ့ပထမဆု။”

ဟန်နာက ဆုတစ်ခုတော့ရခဲ့တယ်။ သူပျော်နေမယ်ထင်ပြီး ကျွန်မသူ့နေရာကိုကြည့်လိုက်ပေမဲ့ အဲဒီလိုမဟုတ်တဲ့ပုံပါပဲ။ အဲဒီအစား ဆုလက်ခံပြီးတာနဲ့ ပြခန်းထဲကနေ ထွက်သွားတယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဟန်နာ့ရဲ့​ချောကလက် ခေါင်းအုံးတွေက အများကြီးပိုကောင်းတဲ့ဥစ္စာကို။”

ဆယ်ဗီကတော့ ထုံးစံအတိုင်း သွေးရူးသွေးတမ်းနဲ့ ဒိုင်အဖွဲ့ကို သွားပြဿနာရှာဖို့လုပ်နေလို့ ဒေါ်ရသီက နောက်ကနေဖမ်းဆွဲထားရတယ်။ ကျွန်မလည်းပဲ သက်ပြင်းချလိုက်မိတာပေါ့။ ဒိုင်အဖွဲ့ကဘာမှမလုပ်ဘဲ ပေးမဲနဲ့ပဲ ဆုံးဖြတ်ခဲ့တာလေ။

“ဟန်နာ့ချောကလက်တွေက ပိုကောင်းပေမဲ့ လူတွေက အထူးအဆန်းဖြစ်တာတို့၊ ကြီးကျယ်တာတို့ကိုပဲ ကြိုက်တာကြောင့်ဖြစ်မယ်။”

ကျွန်မအခုလို သုံးသပ်လိုက်မိတယ်။ ဘဏ္ဍာစိုးအမျိုးသမီး ကတော့ အောင်ပွဲခံနေပါပြီ။ ဒါပေမဲ့ ကျွန်မတကယ်ပဲ ဟန်နာ့ကို ဒီအတိုင်းလွှတ်ထားပေးလို့ဖြစ်ပါ့မလား။

“ဒါလင်... ကျွန်မသွားစရာရှိသေးတယ်။” ကျွန်မ ဒါလင့်လက်ကိုလွှတ်လိုက်ပြီး ပါးကိုအနမ်း​ပေးကာ ပြောလိုက်တယ်။

“မိုနီကာ... ကိုယ်လိုက်ခဲ့လို့ရတယ်လေ။”

ဒါပေမဲ့ ကျွန်မသူ့စကားကိုနားမထောင်ဘဲ ပြခန်းနောက်ကို ပြေးထွက်သွားခဲ့ပါတယ်။ ပြခန်းအပြင်ဘက် ကားပါကင်ကို ရောက်တဲ့အခါမှာတော့ နံရံကိုမှီထိုင်ပြီး ငိုနေတဲ့ဟန်နာ့ကို မြင်ရတော့တာပဲ။

“ဟန်နာ....”

“မိုနီကာ... ကျွန်မရှုံးသွားတယ်။” ဟန်နာက ကျွန်မကို မော့ကြည့်လိုက်တယ်။ မျက်ရည်တွေကြောင့် သူ့မျက်မှန်မှာ ရေငွေ့တွေရိုက်လို့။

ကျွန်မသူ့ကို နှစ်သိမ့်ပေးဖို့ လက်ကိုဆန့်ထုတ်လိုက်ပေမဲ့ သူပြုံးလိုက်တာ မြင်လိုက်ရတဲ့အတွက် ကျွန်မအံ့ဩမိသွားတယ်။

“ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မပျော်တယ်သိလား။”

ဟန်နာက ကျွန်မရဲ့ခါးကိုလက်နဲ့သိုင်းဖက်ပြီး ကျွန်မညာဘက်ပါးကို နမ်းလိုက်တယ်။ အသက်တစ်ရှိုက်စာကြာမှ လူချင်းခွာလိုက်ပြီး ကျွန်မလက်ဖဝါးနှစ်ဖက်ကို သူ့လက်ဖဝါးတွေနဲ့ ဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။

“မိုနီကာ... ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မအတွက် ချောကလက်တွေက ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိခွင့်ရခဲ့မှာမဟုတ်ဘူး။ ကျွန်မ ဒီချောကလက်တွေနဲ့ လူတွေကိုပျော်အောင်လုပ်နိုင်တယ်ဆိုတာ သိခဲ့ရပြီ။ ကျွန်မရဲ့ချောကလက်တွေကို စားတဲ့သူတိုင်းကို ပျော်ရွှင်စေချင်တယ်။ ကျွန်မရဲ့ဆိုင်လေး ပိတ်လိုက်ရရင်တောင် ချောကလက်တွေကို ဆက်လုပ်နေဦးမှာ။”

အဲဒီနောက်တော့ ဟန်နာက ကျွန်မကိုလွှတ်ပေးလိုက်ပြီး ခြံဝင်းထဲကနေ ထွက်ခွာသွားခဲ့တယ်။

“ပြီးတော့ ရှင့်ရဲ့ကြိုးစားအားထုတ်မှုလေးတွေကို ခုနက အချောလေးကိုပေးဖို့ မမေ့နဲ့ဦးနော်။ ဒါမှသူ့နှလုံးသား တံခါးလေးကို အရဖွင့်နိုင်မှာလေ။”

“......” ကျွန်မလည်း သဘောတူတဲ့အနေနဲ့ခေါင်းညိတ်ပြပြီး ခန်းမထဲကိုပြန်ဝင်ဖို့ နောက်ကိုလှည့်လိုက်တယ်။ ဒါပေမဲ့ မျှော်လင့်မထားတာက ကျွန်မနောက်မှာ ဒါလင်နဲ့မျက်နှာ တစ်ခုလုံးနီရဲနေတဲ့ ဆယ်ဗီတို့ ရောက်နေပြီသားဆိုတာပါပဲ။

“မို... မိုနီကာ... နင်ယုတ်မာလိုက်တာ။ နင်က နက်ဆန့် နောက်ကွယ်မှာ ဒီလိုဟာမလေးနဲ့ဖောက်ပြန်နေတာလား။ ရှက်ဖို့ကောင်းလိုက်တာ ရှက်ဖို့ကောင်းလိုက်တာ။”

ဆယ်ဗီက ကျွန်မကိုမကြည့်ချင်တော့တဲ့ပုံစံနဲ့ တစ်ခါတည်း ထွက်ပြေးသွားတော့တာပဲ။ ကျွန်မလည်း နောက်မှ ရောက်လာခဲ့တဲ့ ဒေါ်ရသီကို စစ်ကူခေါ်ပြီး ဒါလင့်ကို ရှင်းပြခိုင်းဖို့ကြိုးစားတော့တာပေါ့။

“ဒေါ်ရသီ....မြန်မြန်ဒါလင့်ကို ရှင်းပြလိုက်လေ။ နင်လည်း အဲဒီနေ့က အတူတူရှိနေတာပဲဥစ္စာ။ ငါနဲ့ဟန်နာ့ရဲ့ ဆက်ဆံရေးက အဲဒီလိုမဟုတ်ဘူးလို့။”

ဒါပေမဲ့ ရုတ်တရက်ကြီး ဒေါ်ရသီရဲ့မျက်နှာပေါ်မှာ ခပ်တောင့်တောင့်အပြုံးပေါ်လာပြီး...

“သခင်ရှင့်၊ မိုနီကာက သခင့်နောက်ကွယ်မှာ ကောင်မလေး တစ်ယောက်နဲ့ဖောက်ပြန်နေတာကို ကျွန်မမျက်လုံးတွေနဲ့ သေချာပေါက်မြင်ခဲ့ရပါတယ်။”

ခရက်....

ရုတ်တရက် ကျွန်မနှလုံးသားတစ်ခုလုံး ကြေမွသွားသလို ခံစားလိုက်ရတယ်။ ဒေါ်ရသီ... ငါကနင့်ကို ငါ့ဘက်သားလို့ ထင်ထားတာလေ။

ကျွန်မပြိုလဲကျသွားတော့မယ့်အချိန်မှာပဲ ဒါလင်က ကျွန်မကို စီးဖမ်းထားလိုက်တယ်။ အခုကျွန်မတစ်ကိုယ်လုံး ဒါလင်ရဲ့ ရင်ခွင်ထဲရောက်နေပါပြီ။ သူက ကျွန်မရဲ့မေးကိုဆုပ်ကိုင်ပြီး သူ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံသွားအောင် လုပ်လိုက်တယ်။

“မိုနီကာ... ကိုယ်နားလည်ပါတယ်....”

“ဘာ... ဘာကိုနားလည်တာလဲ။” ဒါလင်က ကျွန်မတခြား ကောင်မလေးတစ်ယောက်နဲ့ကျီစယ်နေတာကို လက်ခံပေးဖို့ ကြိုးစားနေတာလား။ မဟုတ်ဘူးနော်၊ ဒါလင် ကျွန်မက ဒါလင့်တစ်ယောက်တည်းကိုပဲ ချစ်တာပါ။

“မင်းက ငါ့ကို လက်ဆောင်ပေးဖို့အတွက် အများကြီး ကြိုးစားထားခဲ့တာမဟုတ်လား။”

ဒါလင်က ကျွန်မအိတ်ထဲမှာထည့်ထားတဲ့ ကွတ်ကီးဘူးကို ဆွဲယူလိုက်ပြီး ကျွန်မရှေ့မှာတင်ဖွင့်ဖောက်လိုက်ပါတယ်။

“ကိုယ်ကောင်းကောင်း တန်ဖိုးထားပါ့မယ်။”

“......” ကျွန်မတစ်ကိုယ်လုံး ထူပူသွားသလိုပဲ။ ဒါလင်က ဒီကိစ္စတွေကို သိထားပြီးသားလား။ ဒါဆိုရင်ဘာလို့ ကျွန်မကို မပြောဘဲနေနေရတာလဲ။

“ဒါလင်... ရှင်ဟန်နာနဲ့ကျွန်မသိတာကို တွေ့ပြီးကတည်းက သိနေခဲ့တာလား။”

“အင်း....” ကျွန်မရဲ့မေးခွန်းကို ဒါလင်က မရှောင်နေခဲ့ဘူး။

“ဖြစ်နိုင်ရင် ကိုယ်က မင်းရဲ့အစီအစဥ်ကို ပျက်မသွားစေချင်ဘူးလေ။ ဒါကြောင့်ပါ။”

ဒါလင်က ကျွန်မရဲ့ချောကလက်ကွတ်ကီး တစ်ခုကို စားလိုက်တယ်။ သူ့နှုတ်ခမ်းတွေက စိတ်ကျေနပ်မှုကြောင့် ကွေးညွှတ်သွားပြီး...

“ဒါက ကိုယ်စားဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်မယ် ထင်တာပဲ။”

ဒါလင် ရှင်က မိန်းကလေးတစ်ယောက်ကို ဘယ်လို စကားပြောရမလဲ နားလည်တာပဲ။

....

ကျွန်မတို့တွေ ခန်းမထဲပြန်ဝင်လာတော့ ဆယ်ဗီကလည်းပဲ မကောင်းတတ်တဲ့ပုံစံနဲ့ ဒါလင့်အတွက် ချောကလက် လက်ဆောင်ပေးတယ်။ ဘယ်ဆိုင်ကဝယ်လာမှန်းမသိတဲ့ စျေးပေါပေါ ချောကလက်ခွက်ကိတ်တစ်ခုဖြစ်ပြီး အပေါ်မှာ တန်ဆာဆင်ထားတဲ့ ချယ်ရီသီးလေးပျောက်နေတယ်။ ပါးစပ်က တစ်ခုခုဝါးနေပုံထောက်တော့ စိတ်မထိန်းနိုင်ဘဲ စားပစ်လိုက်ပုံပဲ။

“ကျွန်မလည်း ရှင့်ကိုလက်ဆောင်ပေးဖို့ မမေ့ပါဘူးနော်။” တဲ့။

...

ဒီလိုနဲ့ ရက်အနည်းငယ်လောက် ဘာလင်ဌာနခွဲမှာ ဆက်နေပြီးတဲ့နောက် ကျွန်မတို့တွေ ခရီးဆက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

ခရီးဆက်မထွက်ခင် ကျွန်မ ဟန်နာ့ဆီကို သွားလည်ခဲ့ပါသေးတယ်။ အရင်ကနဲ့မတူဘဲ လူတွေဝိုင်းအုံနေပေမဲ့ ဆိုင်လေးရဲ့ပြတင်းပေါက်မှာ ရေးထားတဲ့”ရောင်းမည်”ဆိုတဲ့ဆိုင်းဘုတ်ကြောင့် ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဟန်နာကတော့..

“ပိုကောင်းတဲ့ချောကလက်တွေလုပ်ဖို့ အခုကနေစပြီး ကမ္ဘာပတ် လေ့လာရေးခရီးထွက်တော့မယ်။” ဆိုပြီး ကျွန်မကိုစိတ်မပူဖို့ပြောခဲ့တယ်။ အတော်လေး တက်ကြွနေတဲ့ပုံပဲ။

အယ်ဘတ်တိုင်းချောကလက်ဆိုင်ကတော့....

အင်း... အယ်ဘတ်တိုင်းဆိုင်ဖြစ်နေတုန်းပါပဲ။ အရင်လိုပဲ နှလုံးသားမပါ၊ အရည်အသွေးအတူတူဖြစ်ပြီး စျေးကြီးတဲ့ နို့ချောကလက်တွေကို ပုံသွင်းရောင်းနေဆဲပါ။ ဘဏ္ဍာစိုးအဒေါ်ကြီး(ကျွန်မ စိတ်ကောင်းမဝင်တော့လို့ အစ်မကြီးလို့မခေါ်တော့တာ)ကတော့ ရုံးခန်းထဲမှာ ပိုက်ဆံတွေထိုင်ရေနေလေရဲ့။

“အာရာ... သခင်လေးဂရီဂိုရီရေ...ဘာလင်က နောက်ထပ် ဘယ်စီးပွားရေးလုပ်ငန်းကို ကျွန်မစိုးမိုးရင်ကောင်းမလဲ။” ဆိုပြီးရေရွတ်နေတာတောင် ကြားခဲ့သေးတယ်။

ဒါပေမဲ့ ဒီကိစ္စတွေက ကျွန်မတို့နဲ့မဆိုင်တော့ပါဘူး။ ဒီရေဂို အယ်ဘတ်တိုင်းဆိုတဲ့ကောင်ကိုတွေ့ရင် ပေါင်ခွကြားကို ဖြတ်ကန်ရမယ်ဆိုပြီး တွေးမိရုံကလွဲလို့ပေါ့။

All Chapters