← Chapters

ခရီးစဥ်သစ်

Vol. 4 Ch. 188

ခရီးစဥ်သစ်

Vol. 4 Ch. 188

အားလုံးပြန်ဆုံဖြစ်ကြတော့ ကျွန်မတို့တွေ ဂရီမိုနီစာအုပ်ဆိုင်ရဲ့ရုံးခန်းထဲ ဝင်ထိုင်ဖြစ်ကြတယ်။ မော်လီကတော့ သာမန်အတိုင်းအိမ်စေဝတ်စုံကြီးကို ပြန်ပြောင်းဝတ်ထားပြီး စားပွဲနှစ်ခုဆက်ထားတဲ့နေရာက ညာဖက်ခြမ်း ထိပ်ဆုံးခုံနဲ့အနီးဆုံးမှာ ဝင်ထိုင်ပါတယ်။ ကျွန်မကတော့ တွေ့ကရာခုံမှာဝင်ထိုင်လိုက်တာဖြစ်လို့ ဘယ်ဘက်ခြမ်းနောက်ဆုံးမှာ။

ပါစီဗယ်ကတော့ ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာရှိနေပြီး ကျွန်မကိုပြုံးပြနေပါတယ်။ နက်ဆန်ကတော့ ထိပ်ဆုံးမှာ။ ပြီးတော့ ထိုင်ခုံတစ်နေရာစာလွတ်နေပေမဲ့ မိုနီကာက ဝင်မထိုင်ဘဲ နက်ဆန်ကိုအတင်းဖက်တွယ်ထားရင်း ကျွန်မကိုကြည့်ကာ စပ်ဖြီးဖြီးပြုံးပြနေတယ်။

‘ဂါး.... ရိုက်လွှတ်ချင်လာပြီ။'

ကျွန်မ သူ့ကိုကြည့်နေရင်းနဲ့ တော်တော်စိတ်တိုလာတာ။ ပြီးတော့ မိုနီကာက နက်ဆန်ကိုလွှတ်ပေးဖို့အတွက် စိတ်ကူးလုံးဝရှိပုံမပေါ်ဘူး။ တမင်သက်သက်ကို လုပ်နေတာ၊ တမင်သက်သက်။

မိုနီကာက နက်ဆန်ကို တုန်နေလောက်အောင်ချစ်ပြီး အသက်စွန့်ဖို့အထိ အသင့်ဖြစ်နေတာကို ကျွန်မသိပေမဲ့ ကျွန်မရင်ထဲက တစ်ထောင့်တစ်နေရာမှာတော့ ဝန်တိုစိတ်က ရှိနေဆဲပါ။

နောက်ပြီးတော့...

အရင်ကလိုမျိုး နက်ဆန်က မိုနီကာကို အေးစက်စက် မဆက်ဆံတော့ဘူး။ အများကြီးနွေးထွေးပြီး တစ်ခါတရံ ပြုံးယောင်သန်းသွားတာမျိုးတောင်ရှိတာ သတိထားမိတယ်။ ကျွန်မ အဲဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘဲ ခေါင်းကို ငုံထားလိုက်မိတယ်။

ဒီအပြုအမူက မိုနီကာရဲ့ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်တဲ့အရာတစ်ခုဆိုပေမဲ့ ကျွန်မရင်ထဲမှာ လက်မခံနိုင်သေးဘူး။ အရင်ကလိုမျိုး နက်ဆန်ကို ကျွန်မတစ်ယောက်တည်း ပိုင်ဆိုင်ထားချင်နေတုန်းပဲ။

“ဒါကတော့ အရှင်နက်ဆန်လက်ထက် ဒုတိယအကြိမ် ဆီနိတ်တာတွေနဲ့တွေ့ဆုံတဲ့အစည်းအဝေး ဖြစ်ပါလိမ့်မယ်။ ပါရီဌာနခွဲရဲ့ဒီအစည်းအဝေးမှာ ပါရီဆီနိတ်တာဖြစ်တဲ့ ကျွန်မနဲ့ စိန့်ပီတာဇဘတ်ရဲ့ဆယ်ဗီတို့ရှိနေမှာပါ။ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ အရှင်ပါစီဗယ်နဲ့ မင်းသမီးမိုနီကာက တက်ရောက်ခွင့်ရပါတယ်။”

မော်လီက ပါစီဗယ်ကို အရှင်လို့ခေါ်လိုက်တာ သူကတန်းတူ စာချုပ်ချုပ်ထားတဲ့သူမလို့လေ။ ဒါပေမဲ့ ကျွန်မသိချင်တာ အများကြီးရှိသေးတယ်။ ဘာလို့နက်ဆန်က ဒီကိုရောက်လာ ရတာလဲ။ သူကျွန်မနောက်ကို လိုက်လာတာများလား။

“ပထမဆုံးအနေနဲ့ ဆီနိတ်တာဆယ်ဗီက ရာထူးကို စိတ်ရောလက်ပါလက်ခံလိုက်ပြီလို့ ကျွန်မပြောချင်ပါတယ်။ ဒီလအတွင်းမှာဖြစ်ခဲ့တဲ့ အကောင်းဆုံးတိုးတက်မှုလို့ ဆိုရမယ်။”

ကျွန်မ ဘာကြောင့်မှန်းမသိ နက်ဆန်ကို မျှော်လင့်ချက် များစွာနဲ့ကြည့်လိုက်မိတယ်။ သူ့ဆီကနေ ချီးကျူးစကား တစ်ခုခုကိုကြားရမယ်လို့ ထင်ထားခဲ့ပေမဲ့ သူက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းသာညိတ်ပြပါတယ်။ ဒါကြောင့် ကျွန်မမျက်နှာပေါ်က အပြုံးတောင်မှ အေးခဲသွားခဲ့ပါတယ်။

ဒါပေမဲ့ သူက မော်လီကိုလှည့်ကြည့်လိုက်ပြီး “ငါ့ကို အစီအရင်ခံထားတဲ့အတိုင်းဆိုရင် တစ်ယောက်လွတ်သွားတယ် မဟုတ်လား။ မင်းကို ပါရီမြို့မှာကျန်ခဲ့ပြီး အဲဒီတစ်ယောက်ကိုလိုက်ရှာစေချင်တယ်။”

“အမိန့်အတိုင်းဖြစ်စေရပါမယ်အရှင်။” မော်လီက နက်ဆန်ကို ဦးညွှတ်လိုက်တယ်။

နောက်တော့ နက်ဆန်က ကျွန်မတို့အားလုံးကို ကြည့်လိုက်ပြီး

“အခုလောလောဆယ် ဦးစားပေးရမယ့်ကိစ္စက လမျက်နှာဖုံး ကိစ္စပဲ။ အရင်က မင်းကိုခိုင်းထားတဲ့ကိစ္စအတွက်ရော တစ်ခုခုသိရပြီလား။”

နက်ဆန်က ကျွန်မကို ဆက်တိုက်လစ်လျူရှုထားပြီး မော်လီကို အလုပ်ကိစ္စထပ်ပြောနေပြန်ပြီ။ ဒါကြောင့် ကျွန်မနှုတ်ခမ်းကို စူထားလိုက်မိတယ်။ ဒီက ဒီမှာရှိနေတာလေ၊ ဒီမှာ။ ပြီးတော့ AC&Bကို ရှာတွေ့ခဲ့တာ ကျွန်မမဟုတ်ဘူးလား။ ဘာလို့လဲ။

“ဂရီမိုနီမှတ်တမ်းတွေထဲမှာတော့ မျက်နှာဖုံးကို ထိန်းချုပ်နိုင်တဲ့နည်းလမ်း ရှာမတွေ့ခဲ့ပါဘူး။”

မော်လီရဲ့အဖြေက နက်ဆန်ကို တော်တော်စိတ်ပျက် သွားစေခဲ့တဲ့ပုံပဲ။ ကျွန်မရှေ့မှာတင် သူကလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စားပွဲရှေ့မှာချထားတဲ့ ငွေလမျက်နှာဖုံးကို စိုက်ကြည့်နေတယ်။ သူ့ကိုကြည့်ရတာ အလိုမကျတာထက် စိုးရိမ်ပူပန်နေပုံ ပိုရပါတယ်။

“ဒါပေမဲ့....” မော်လီက စကားကို ပြန်ဆက်လိုက်တယ်။

“အဲဒီနည်းလမ်းကို ရှာတွေ့နိုင်မယ့်နည်းလမ်းကိုတော့ ကျွန်မရှာတွေ့ခဲ့တယ်။”

မော်လီက စာအုပ်တစ်အုပ်ကိုဆွဲယူလိုက်ပြီး စားပွဲပေါ်မှာ ဖြန့်ပြီးလှန်လိုက်ပါတယ်။ သိုးရေစက္ကူစာအုပ်ဖြစ်ပြီးတော့ မျက်နှာဖုံးက ဖတ်လို့မရလောက်အောင် အိုဟောင်းနေပြီ။ အတွင်းပိုင်းမှာပုံတွေနဲ့ အလယ်ခေတ်ပြင်သစ်စာတွေ ပါတယ်။

“ အမှောင်ကျောင်းတော်ရဲ့အယ်ဒါဖြစ်တဲ့ ဂျိုရှားဗင်းဆင့်က အမှောင်မျက်နှာဖုံးကိုနောက်ဆုံး အသုံးပြုနိုင်တဲ့သူဖြစ်ခဲ့တာ။ သူ့လက်ထက် ပိုလန်ပြည်မှာ အမှောင်ကျောင်းတော်နဲ့ ရိုမြူလက်ဘုရားကျောင်းတို့စစ်ဖြစ်ခဲ့ကြသေးတယ်။ သာမန်လူတွေကတော့ ကျူတာနစ်အရေးတော်ပုံလို့ သိကြပေမဲ့ အဲဒီခေတ်အဲဒီအခါက ရှေးအယ်ဒါကြီးတွေ ဝင်ပါခဲ့တဲ့တိုက်ပွဲပဲ။”

နက်ဆန်က စိတ်ဝင်စားလာပုံရပြီး စာအုပ်ကို သူ့ဘက် ယူကြည့်တယ်။ ကျွန်မလည်း ထိုင်နေရာကနေထပြီး လိုက်ကြည့်မိတာပေါ့။ ရေးထားတဲ့စာလုံးတွေကို မဖတ်တတ်ဘူးဆိုပေမဲ့ပေါ့။

“ဂျိုရှားဗင်းဆင့်က တိုက်ပွဲတစ်ခုမှာ တစ်ဖက်ရဟန်းမင်း တိုက်ခိုက်တာခံရပြီး သေဆုံးခဲ့တယ်။ ရုတ်တရက်မလို့ လက်အောက်ငယ်သားတွေက လမျက်နှာဖုံးကိုပဲယူပြီး ပြန်ပြေးလာခဲ့တာ။ သူ့ရဲ့တခြားပစ္စည်းတွေတော့ မပါခဲ့ဘူး။”

နက်ဆန်က လေးလေးနက်နက် စဥ်းစားနေတဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်လိုက်တာ ကျွန်မမြင်ပါတယ်။ ကျွန်မက ကျွန်မစိတ်မဝင်စားတဲ့ကိစ္စတွေကို နားထောင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ထိုင်ခုံမှာပြန်ထိုင်နေလိုက်ရင်းနဲ့ မော်လီချပေးထားတဲ့ ကွတ်ကီးတွေကို စားနေမိတာပေါ့။

“တစ်နည်းအားဖြင့် သူ့ရဲ့အရိပ်စာအုပ်လည်း သူနဲ့အတူ ကျန်ရစ်ခဲ့တယ်လို့ဆိုလိုတာလား။ အဖိုးကျုပ်ကိုပေးခဲ့တဲ့ အရိပ်စာအုပ်မှာ အဲဒီခေတ်မတိုင်ခင်က မှော်ဂါထာတချို့ ပါမနေတာ ဒါကြောင့်ကိုး....”

“ နှောင်းပညာရှင်တွေက အယ်ဒါတွေ ဆက်ခံသူကို လက်ဆင့်ကမ်းပေးတဲ့စာအုပ်ကို ပြန်လည်ရေးသားခဲ့ဟန်ပါပဲ။”

ကျွန်မလည်း ပျင်းလာတာနဲ့ ကွတ်ကီးအကွင်းလေးတစ်ခုကို စားနေရင်းကနေ နားစွန်နားဖျားကြားရတဲ့အရာတွေကို ပြန်စဥ်းစားကြည့်ပြီး ပြောလိုက်မိတယ်။

“ဒါဆို ကျွန်မတို့က ရှင့်ဘိုးဘေးကြီးရဲ့စာအုပ်ကို လိုက်ရှာရမှာပေါ့။ ဒါပေမဲ့ တိုက်ပွဲထဲမှာသေတာဆိုတော့ သေချာအသုဘချပေးဖို့အချိန်ရော ရရဲ့လား။ ပိုလန်တစ်ပြည်လုံးကို မြေတူးပြီးရှာရမယ်ဆိုရင်တော့ လွယ်မှာမဟုတ်ဘူးနော်။”

ကျွန်မစကားကြောင့် မော်လီက ကျွန်မကိုစိုက်ကြည့်တယ်။ ပြီးတဲ့နောက်မှာတော့ စာအုပ်ကိုကျွန်မဘက်တွန်းပို့ပြီး မြေပုံတစ်ပုံကို လက်ညိုးနဲ့ထောက်ပြတယ်။

“ရာဇဝင်ရေးသူတွေက တည်နေရာအတိအကျကိုသိတယ်။ အယ်ဒါဂျွန်ရှားက အရှေ့ပရပ်ရှားဒေသ ရွာလေးတစ်ရွာမှာကျဆုံးခဲ့တာ။ ရှေးအယ်ဒါနှစ်ယောက်တိုက်ခိုက်ခဲ့တာမလို့ မြေမျက်နှာ သွင်ပြင်တွေမှာ ပြောင်းလဲမှုတွေဖြစ်ခဲ့မှာပဲ။ ကျွန်မတို့တွေ အဲဒီရွာကိုသွားပြီး သေချာလေ့လာဖို့ပဲလိုမယ်။”

ဒီလိုဆိုတော့လည်း အဓိပ္ပါယ်ရှိသားလို့ ကျွန်မတွေးမိ လိုက်ပါတယ်။ ဟိုဓားသူတော်စင်ဆိုတဲ့ကောင်နဲ့ နက်ဆန်တို့ တိုက်တုန်းကတောင် ဘုရားကျောင်းကြီးပြိုကျသွားတာလေ။ သူတို့ပြောတဲ့အတိုင်းဆို ရှေးအယ်ဒါတွေက ပိုကြမ်းတယ် မဟုတ်လား။ တောင်တွေကိုခွဲခြမ်းပြီး တစ်နေရာရာမှာ ပက်လန်ကြီးသေနေတာလဲ ဖြစ်ရင်ဖြစ်မှာ။

အဲဒီအတွေးနဲ့အတူ ပန်းကန်ထဲမှာ နောက်ဆုံးကျန်နေတဲ့ ကွတ်ကီးကို ကျွန်မအဆုံးသတ်လိုက်ပြီ။ အဲဒီနောက်တော့ ကပ်နေတဲ့ မုန့်အမှုန်တွေကို လက်ခါဖယ်ရှားလိုက်ရင်း..

“ဟုတ်ပြီလေ၊ ဒါဆိုရင် ပိုလန်ကိုသွားမှာမဟုတ်လား။ လေယာဥ်လက်မှတ်ဖြတ်ပြီးပြီလား။ ဆီနိတ်တာတစ်ယောက် အနေနဲ့ ကျွန်မလိုက်ခဲ့မယ်လေ။”

အစကတော့ ကျွန်မက သာမန်လူတွေကို သဘာဝလွန် တည်ရှိမှုတွေက ထိခိုက်အောင်လုပ်တာကို ကာကွယ်ပေးဖို့ ရာထူးကိုတကယ်လက်ခံဖို့တွေးမိခဲ့ရုံပဲဆိုပေမဲ့ နက်ဆန်နားမှာ ပြိုင်ဖက်မရှိ ချွဲပစ်ပြနေတဲ့ မိုနီကာမကို တွေ့ရတော့ စိတ်ထဲမနေနိုင်တော့ဘူး။ သူ့ကိုသနားမိပေမဲ့ နက်ဆန်က ကျွန်မအပိုင်... အဲလေ... နက်ဆန်ကို ကျွန်မလည်းချစ်တာဆိုတော့...

အရင်က အဲဒီကောင်စုတ် ကျွန်မကိုဘာပြောထားပြောထား ခွင့်လွှတ်ရမှာပဲ။

ဒါပေမဲ့မော်လီက ကျွန်မကို တုံးအတဲ့လူတစ်ယောက်လို ကြည့်လိုက်ပြီး...

“စိတ်မကောင်းစွာနဲ့လက်ရှိအချိန်မှာ ပိုလန်အပါအဝင် အရှေ့မြောက်ပိုင်း ဥရောပနိုင်ငံတွေက မြေကျောင်းတော်နဲ့လေကျောင်းတော် ပိုင်နက်ထဲမှာရှိတယ်။ လေယာဥ်နဲ့တိုက်ရိုက်သွားမယ်ဆိုရင် မြေပေါ်ကဆင်းတာနဲ့ ကျွန်မတို့တွေဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို တန်းသိသွားမှာပဲ။”

ကျွန်မကတော့ ဆားနယ်ထားတဲ့ သားသေကြီးတစ်ကောင်လို မျက်လုံးတွေနဲ့ မော်လီကိုကြည့်လိုက်မိတယ်။ ဓာတ်ပြားအို ဓာတ်ပြားဟောင်းကြီးကို ပြန်စဖွင့်ပြန်ပြီ။ စိတ်မချရလို့ ဘာလို့တို့ပြောပြီးတော့ ဥရောပတစ်ခွင် ရထားပတ်စီးရဦးမှာမှတ်လား။

“သခင်၊ ကျွန်မရဲ့ပါရီဌာနခွဲအပြင် ညကျောင်းတော်မှာ ဘာလင်နဲ့ပရက်ဂ်မြို့ ဌာနခွဲတွေလည်းရှိပါတယ်။ ဒါကြောင့် သာသနာစောင့်ရောမအင်ပါယာပိုင်နက်ဟောင်းအတွင်း ကျွန်မတို့တွေရထားစီးသွားရင်းနဲ့ ဌာနခွဲတွေကိုစစ်ဆေးတဲ့ ပုံစံမျိုးဟန်ဆောင်ရပါမယ်။”

ပြောခါမှ အမှောင်ကျောင်းတော်မှာ အဲဒီလိုဌာနခွဲတွေလည်း ရှိနေသေးတာပဲ။ ကျွန်မ ခပ်ရေးရေးလေး ပြန်မှတ်မိလာပြီ။ နက်ဆန်ကတော့ မော်လီပြောသမျှကို ခေါင်းညိတ်ပြီးတော့ နားထောင်နေတယ်။

“အခုဆိုရင် သခင်က ဖွန်တီနာနဲ့ပါရီမြို့တွေကို စစ်ဆေးပြီးပြီမလို့ တခြားဌာနခွဲနှစ်ခုကိုစစ်ဆေးတာ သာမန်ပဲ။ ပြီးမှ စိန့်ပီတာဇဘတ်ကိုသွားမလိုလိုနဲ့ ပိုလန်ကိုဖြတ်ရမယ်။”

ကျွန်မလည်း လက်ခံနိုင်စရာကောင်းတဲ့ကိစ္စတစ်ခုလို့ တွေးမိပေမဲ့ ဘာလို့အမှောင်ကျောင်းတော်က တခြားကျောင်းတော်တွေကို ဒီလောက်သတိထား နေတာလဲ စဥ်းစားမရဘူး။ ဒါကြောင့်မလို့ ကျွန်မလက်ထောင်ပြီး မေးလိုက်မိတယ်။

“ဒါနဲ့ဘာလို့ မြေကျောင်းနဲ့လေကျောင်းကို ကျွန်မတို့ သတိထားဖို့လိုတာလဲဟင်။”

ဒီတစ်ခါတော့ နက်ဆန်က ကျွန်မကိုကြည့်လိုက်တယ်။ အခုမှပဲ သူကျွန်မကို အာရုံစိုက်အောင်လုပ်နိုင်တော့တယ်။ သူက သက်ပြင်းချလိုက်ပြီး...

“အရင်ပါရီဆီနိတ်တာဖြစ်တဲ့ ရော့ဝဲလ်က လေကျောင်းနဲ့ မြေကျောင်းတွေက နတ်တစ်ပိုင်းတွေကိုအနိုင်ယူပြီး သူတို့နတ်ခန္ဓာတွေကို ခိုးယူခဲ့လို့လေ။

“......”

ကျွန်မ ရုတ်တရက်ကြီး ပြဿနာတောထဲ တိုးဝင်လာမိပြီလို့ ခံစားလာမိတယ်။ ဆီနိတ်တာရာထူးကနေ အခုထွက်ဖို့ နောက်မကျလောက်သေးပါဘူးနော်။ ကျွန်မတို့ရဲ့ ချစ်လှစွာသော အမှောင်ကျောင်းတော်က လူတိုင်းနဲ့ ရန်စရှိနေသလိုပဲ။

ကျွန်မ မိုနီကာကိုလည်းကြည့်လိုက်မိတယ်။ အဲဒီဟာမလေး တစ်ခုခုဖြစ်သွားရင်လည်း အမှောင်ကျောင်းတော်က စကူးဘတ်တွေနဲ့ စစ်ခင်းရဦးမလားမသိဘူး။ ထားတော့၊ အဲဒီအကြောင်းကိုတွေးမိလေ ခေါင်းကိုက်လေပဲ။

ဒါပေမဲ့ ကျွန်မတို့ကျောင်းတော်ရဲ့အင်အားက ဒီလောက် အားမနည်းလောက်ဘူးမဟုတ်လား။ မော်လီဆိုရင်လည်း သူတော်စင်တချို့ထက်တောင် ပိုအားကောင်းတာလေ။ တွေးကြည့်ရင် ကျွန်မတို့ရဲ့ဆီနိတ်တာတွေနဲ့နက်ဆန်က တခြားကျောင်းတော်တွေနဲ့ယှဥ်ရင် အင်အားကြီးတယ်။ ပါစီဗယ်တောင် ကျွန်မကိုသယ်ပြီး မီးလျှံကျောင်းတော်က ဆီနိတ်တာတွေလက်ထဲကနေ လွတ်အောင်ပြေးနိုင်တယ်။

“ဒါပေမဲ့ ကျွန်မတို့က အင်အားအပြည့်နဲ့သွားမှာဆိုတော့ စိတ်ပူစရာမရှိလောက်ဘူး မဟုတ်လား။ ပြီးတော့လည်း ကျွန်မတို့နဲ့သူတို့နဲ့က စစ်ဖြစ်နေတာမျိုးမှမဟုတ်တာ။ အဲဒီရော့ဝဲလ်ဆိုတဲ့လူကြီးက ရှင့်အမိန့်မပါဘဲ လျှောက်လုပ်ခဲ့တာ မဟုတ်ဘူးလား။”

ကျွန်မက ပေါ့ပေါ့ပါးပါးနဲ့ပြောလိုက်မိတော့ မော်လီက ကျွန်မကို ခေါင်းခါပြတယ်။ နက်ဆန်ကတော့ ပိုပြီးတော့ လေးနက်သွားပုံပဲ။

“စိတ်မကောင်းစွာနဲ့၊ ကျောင်းခြောက်ကျောင်းထဲက တစ်ယောက်ယောက်က သခင့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပြီးပြီ။”

နက်ဆန်က စားပွဲကိုလက်နဲ့တစ်ချက်ထုလိုက်ရင်းနဲ့ ကျွန်မကို အဖြေပြန်ပေးတယ်။

“ဖွန်တီနာမှာရှိနေတုန်း AC&Bက ငါ့ကိုတိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ဒီကိုလာတဲ့လမ်းမှာ နာတာရှာဆီကနေ အစီရင်ခံစာတစ်ခု ရခဲ့တယ်။ AC&Bကို ပိုက်ဆံပေးခဲ့တာ အဲဒီကျောင်းတော်နှစ်ခုလုံးပဲ။”

‘ဟယ်... သူတို့ဘက်ကသေနတ်မောင်းဆွဲပြီးနေပြီလား။’

ကျွန်မတော့ ဒီခရီးစဥ်က မုန်တိုင်းထန်တော့မယ်လို့ မြင်ယောင်လာနေမိပြီ။ ကျွန်မစိုးရိမ်နေတုန်းမှာပဲ မော်လီက ထပ်ဆင့်ပြောလိုက်တယ်။

“ဆီနိတ်တာတွေက အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ သူများနယ်အနီးတစ်ဝိုက်မှာ မလှုပ်ရှားသင့်ဘူး။ မဟုတ်ရင် ရန်စသလိုဖြစ်နေလိမ့်မယ်။ ဒါကြောင့် ငါအပါအဝင် ဆီနိတ်တာဖြစ်လာတဲ့ သခင့်ကိုယ်ရံတော်အများစုက ကိုယ့်ဌာနမှာကိုယ် ဆက်နေရလိမ့်မယ်။ ဒီခရီးစဥ်ကို နင်၊ မိုနီကာနဲ့ ပါစီဗယ်တို့သုံးယောက်ပဲ သခင်နဲ့အတူလိုက်ရမှာ။”

ကျွန်မ ပါစီဗယ်နဲ့ မိုနီကာကိုကြည့်လိုက်မိတယ်။ ကျွန်မ ကိုယ်တိုင်က စွမ်းအားတွေရှိလာပြီဆိုပေမဲ့ သိပ်ပြီးတော့ အတွေ့အကြုံရှိတာမဟုတ်ဘူးလေ။ ပြီးတော့မိုနီကာက ကျန်းမာရေးအခြေအနေလေးတွေကြောင့် တိုက်နိုင်ခိုက်နိုင် သိပ်ရှိပုံမပေါ်ဘူး။ ပါစီဗယ်ကတော့... အင်း... မဆိုးဘူး ဆိုသလောက်လေး။

“ဟိုလေ... ကျွန်မ ပါရီမှာပဲနေခဲ့လို့မရဘူးလား။ မော်လီ၊ ရှင်လိုက်ရင်လိုက်သွားလေ။ ကျွန်မ ရှင့်အစား ဆိုင်စောင့်ပေးမယ်။”

ကျွန်မ ခေါင်းထဲမှာပေါ်လာတဲ့ ပေါက်ကရစိတ်ကူးအတိုင်း ပြောလိုက်မိတော့ မော်လီက ကျွန်မကိုအထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ရင်း တစ်ခွန်းတည်းပြောလိုက်လေရဲ့။

“မရဘူး...”

All Chapters