ကန့်သတ်ချက်
Vol. 5 Ch. 267
“သတ်....”
ကောင်းကင်တစ်ခွင်လုံးမှာ လက်နက်ချင်းထိခတ်မိသံတွေ၊ ကြုံးဝါးသံတွေနဲ့ သေလုမျောပါး အော်ဟစ်သံတွေ ပဲ့တင်းသံ ထွက်လို့နေပါတယ်။ စစ်မြေပြင်ဟာ သွေးရောင်လွှမ်းလို့ လူသားစစ်တပ်ကြီးဟာတော့ ကြေးဝါချပ်ဝတ်တွေ၊ ဓားလှံတွေကို ကိုင်ဆွဲရင်း သူတို့ရဲ့ရန်သူကို တိုက်ခိုက်လို့နေတယ်။
သောင်းသိန်းသော စစ်သည်အလောင်းတွေဟာ မြေပြင်မှာ ပြန့်ကျဲနေပြီး စီးဆင်းနေတဲ့သွေးတွေကတင် မြစ်တစ်စင်းကို ဖန်တီးလို့ထားတယ်။ ဒါပေမဲ့လူသားစစ်သည်တွေဟာ သူတို့မှာ ရှိနေတဲ့အားအင်အကုန်နဲ့ ချီတက်နေကြဆဲ။
သူတို့ရဲ့မျက်လုံးအိမ်တွေထဲမှာ ကြောက်ရွံမှုကိုမြင်နေရပေမဲ့ သူတို့ရဲ့ရန်သူဆီကို ချီတက်နေကြဆဲ။ သူတို့ရဲ့ရန်သူဟာတော့ သွေးတွေကြောင့် အနီရောင်ပြောင်းနေပြီဖြစ်တဲ့ လှံကိုကိုင်ရင်း စစ်မြေပြင်အလယ်မှာ တစ်ယောက်တည်းရပ်လို့။
“ဘာလဲ... နင်တို့လုပ်နိုင်တာ ဒါအကုန်ပဲလား။ လာခဲ့၊ ငါ့ဆီလာခဲ့ကြ။ သေမှာကိုမကြောက်ဘဲ လာခဲ့ကြ။”
ကြေးချပ်မိန်ညိုတွေကိုဝတ်ဆင်ထားတဲ့ အညိုရောင်အသားအရေ ကျစ်လစ်တဲ့ကြွက်သားတွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးဟာ ဟစ်ကြွေးလိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ လူသားတွေရဲ့သွေးနဲ့ ပေကျံလို့။ လူတိုင်းဟာ သူ့ကိုကြောက်ရွံနေကြပေမဲ့ သူ့ကို သူသေကိုယ်သေတိုက်ခိုက်ဖို့ကလွဲပြီး တခြားမရှိတော့ပါဘူး။
လူသားစစ်သည်တွေထဲကတစ်ယောက်က တုန်ရင်နေတဲ့ သူ့လက်ထဲက ဓားကိုငုံကြည့်လိုက်တယ်။ အဲဒီနောက်တော့ စစ်တပ်ကြီးနောက်ကိုလှည့်ကြည့်ပါတယ်။ ကြောက်ရွံနေတဲ့ အရပ်သားမိသားစုဝင်တွေ မြို့တံတိုင်းကြီးအောက်ခြေမှာရှိနေပြီး သူတို့ကို မျှော်လင့်စွာစောင့်စားလို့။ သူ့ရဲ့မိသားစုကလည်း အဲဒီသေဖို့စောင့်နေတဲ့ လူအုပ်ထဲမှာ။
“ဟား....” စစ်သည်က သူ့ဓားကိုမြှောက်လိုက်တယ်။ မိုးသားထက် တိမ်လိပ်မည်းတွေလွှမ်းမိုးနေပြီး နေရောင်ခြည်ကိုသေချာမမြင်ရ တော့ဘူး။ သူတို့အတွက် အချိန်နည်းနေပါပြီ။
“ဟုတ်တယ်၊ လာခဲ့။ ငါ့ကိုတိုက်ခိုက်ပြီး အသေခံကြ။ ငါ့ကိုသတ်ဖို့ ကြိုးစားကြ။ ငါ့ကိုဖြတ်ကျော်နိုင်တဲ့သူတွေပဲ အဲဒီသင်္ဘောပေါ်ကို တက်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်။”
အမျိုးသမီးက ရူးသွပ်နေတဲ့လူတစ်ယောက်လို အော်ဟစ်နေပြီး အဲဒီစစ်သည်ရဲ့နှလုံးသားတည့်တည့်ကို လှံနဲ့ထိုးဖောက်လိုက်တယ်။ သူခြေချရာနေရာတိုင်းမှာ အသက်ကင်းမဲ့သွားတဲ့ စစ်သည်တွေရဲ့ အလောင်းတွေထပ်နေပြီး မျှော်လင့်ချက်ကင်းမဲ့မှုက စိုးမိုးလို့။
‘ငါတို့လူသားတွေက စစ်နတ်ဘုရားတစ်ပါးကို ဘယ်လို ကျော်ဖြတ်ရမှာလဲ'ဒီအတွေးက လူသားစစ်သည်တွေအပေါ် ကြီးစိုးထားလို့။
“အမာ....” ရုတ်တရက် လူသားတစ်ယောက်ရဲ့အော်သံက စစ်တပ်ကြီးထဲက ဟိန်းထွက်လာတယ်။ခွန်အားဗလနဲ့ပြည့်စုံတဲ့ လူငယ်တစ်ယောက်က ကြေးဝါပုဆိန်ကို ကိုင်ဆွဲပြီး ရှေ့ကိုတက်လာတယ်။
လူသားစစ်တပ်က အဲဒီလူကို လေးလေးစားစားနဲ့ဖယ်ပေးတယ်။ လူငယ်က နတ်ဘုရားမရဲ့ရှေ့မှာရပ်လိုက်ပြီး ဒူးထောက်ချတယ်။ ပြီးတဲ့နောက်...
“တကယ်ပဲ နတ်ဘုရားတွေဘက်က ရပ်တည်တော့မှာလား။ တကယ်ပဲအမေက သူတို့နဲ့အတူတူပဲလား။”
လူငယ်လေးကို နတ်ဘုရားမက ငုံကြည့်လိုက်တယ်။ ပြီးတဲ့နောက် သွေးစွန်းနေတဲ့လက်တွေနဲ့ လူငယ်လေးရဲ့မျက်နှာကိုထိဖို့အတွက် ကြိုးစားလိုက်ပေမဲ့ လေထဲမှာပဲရပ်လိုက်ပြီး ရေရွတ်လိုက်တယ်။
“အာလ္လင်... မဟာနတ်ဘုရားကြီးတွေက မင်းလုပ်ခဲ့တဲ့ ပုန်ကန်တဲ့အပြုအမူတွေကြောင့် လူသားမျိုးနွယ်ကို အပြစ်ပေးဖို့ အမိန့်ချပြီးသွားပြီ။ သူတို့က မင်းတို့အားလုံးကိုပျောက်ကွယ် သွားစေချင်တာ။
အဲဒီတော့ ငါက သူတို့နဲ့အလောင်းအစားတစ်ခုလုပ်ခဲ့တယ်။ ငါစောင့်နေတဲ့တောင်ကြားကို အသက်ရှင်လျက်ဖြတ်သွားနိုင်တဲ့ သူတွေ ဥနာပစ္စတင်ရဲ့သင်္ဘောပေါ်ကို တက်ခွင့်ရမယ်။”
“ဒါဆိုရင်တော့ သူတို့အတွက် တံတားတစ်ခု ကျွန်တော် ဖြစ်ပေးမယ်။” အာလ္လုင်က နတ်ဘုရားမကို တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။ နတ်ဘုရားမကလည်း သူ့ရဲ့လှံကို ဝေ့ယမ်းလိုက်ပြီ။
မိုးကောင်းကင်က မိုးစက်မိုးပေါက်တွေ မြေပြင်ပေါ်ကို ကျဆင်းလာတဲ့အချိန်မှာတော့ ကမ္ဘာတုန်ဟီးလုမတတ် တိုက်ပွဲတစ်ခုဖြစ်လာခဲ့တော့တယ်။
....
“......”
ဆယ်ဗီ အိပ်ရာပေါ်မှ ထထိုင်လိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားတဲ့ ငှက်မွှေးစောင်က လျှောကျသွားခဲ့တယ်။ ပိတ်ထားတဲ့ မှန်ပြတင်းပေါက်မှာ မိုးရေစက်တွေစီးကျနေပြီး အပြင်ဖက်မှာတော့ ပုစွန်ဆီရောင်နေရောင်အောက်က မိုးစက်မိုးပေါက်တွေကို မြင်နိုင်တယ်။
“မိုးရွာနေတာလား...” ဆယ်ဗီက ရေရွတ်လိုက်ပြီးတော့ သူ့ရဲ့လက်တွေကို ပြန်ငုံကြည့်လိုက်တယ်။ နွေးထွေးတဲ့ အထိအတွေ့နဲ့ သွေးရေစက်တွေက သူ့လက်ချောင်းတွေ ကြားထဲကနေ စီးကျနေတယ်လို့ မြင်လိုက်မိပေမဲ့လို့ သူ့မျက်လုံးကိုမှိတ်ပြီး ပြန်ဖွင့်ကြည့်ချိန်မှာတော့ ဘာမှ ရှိမနေတော့ပါဘူး။
“ငါက လူသားတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ လူတစ်ယောက်လား။” ဆယ်ဗီ သူ့အိပ်မက်တွေကို မှတ်မိနေဆဲပဲ။ သူ့ခြေထောက်အောက်မှာပုံထပ်နေတဲ့ အလောင်းတွေ၊ သွေးမြစ်ကြီးတွေနဲ့ အာလ္လုင်ရဲ့အမျက်ဒေါသတွေကို မှတ်မိနေဆဲပဲ။
ဆယ်ဗီ အိပ်ရာပေါ်ကနေ ဆင်းလိုက်ပြီ။ အိပ်မက်ထဲက နိုးထလာစမလို့လားမသိပေမဲ့ သူ့စိတ်တွေထုံထိုင်းလေးလံနေပြီး ဒီနေရာကနေ ထွက်သွားချင်စိတ်က လွှမ်းမိုးလို့ထားတယ်။ ချစ်ရတဲ့ လူရဲ့မျက်နှာကို ပြန်တမ်းတမိတဲ့အချိန်မှာတော့ သူမနေနိုင်ဘဲ ရေရွတ်လိုက်မိတာပေါ့။
“နက်ဆန်... ကျွန်မက ဘယ်တုန်းကမှ အပြစ်ကင်းစင်တဲ့ သူနာပြုမိန်းကလေး မဟုတ်ခဲ့ပါဘူး။”
နှစ်ပေါင်းထောင်ချီ မေ့ပျောက်နေခဲ့တဲ့မှတ်ဉာဏ်တွေ တဖြည်းဖြည်းချင်းပြန်ရောက်လာခြင်းနဲ့အတူ အင်နာနာရဲ့ စစ်မှန်တဲ့အသိစိတ်က တစ်စတစ်စနိုးလာတဲ့နောက်မှာတော့ ဆယ်ဗီဆိုတဲ့ အသိစိတ်ကလေးက သေးငယ်သည်ထက် သေးငယ်လာခဲ့တယ်။ အဆုံးသတ်မှာတော့....
“ကျွန်မက ဟန်ဆောင်မှုသက်သက်ပဲလေ။” ဆယ်ဗီက အခန်းတံခါးကို ဖွင့်လိုက်တယ်။ အဲဒီနောက် ဒုတိယထပ်ကနေ ဆင်းလာပြီးတော့ မီးဖိုချောင်ရှေ့ကနေ ဖြတ်လျှောက်ပါတယ်။ ဟင်းပွဲတွေကို စားပွဲပေါ်မှာကူခင်းကျင်းနေတဲ့ ဒေါ်ရသီက ဆယ်ဗီ့ကိုမြင်တော့ ပြုံးပြီးတော့နှုတ်ဆက်ပါတယ်။
“အာ...မမလေးဆယ်ဗီ နိုးလာပြီလား။ ဟင်းတွေအခုလေးမှ ကျက်တာ။ စားတော့မလို့လား....”
ဆယ်ဗီက ဒေါ်ရသီကို လစ်လျူရှုလိုက်ပြီး အိမ်အပြင်ကို ထွက်သွားခဲ့တယ်။ သူမသိလိုက်ခင်မှာပဲ မိုးတဖွဲဖွဲရွာနေတဲ့ ဇာရာဇိုရာမြို့လမ်းမတွေထက်မှာ ခြေဗလာနဲ့လမ်းလျှောက် နေခဲ့မိပြီ။
“မင်း... ဘယ်သွားမလို့လဲ...” ရုတ်တရက် ဆယ်ဗီရဲ့ခေါင်းပေါ် ကျဆင်းနေတဲ့ မိုးစက်မိုးပေါက်တွေ ရပ်တန့်သွားတယ်။ နေရောင်ကို အရိပ်တစ်ခုက တားဆီးလိုက်ပြီ။ ဆယ်ဗီ ရှေ့ကိုတည့်တည့်ကြည့်လိုက်တော့ ညကောင်းကင်ကြီးပေါ်က ကြယ်တွေလိုတောက်ပတဲ့ အပြာရောင်မျက်လုံးအစုံကို မြင်လိုက်ရတယ်။
နက်ဆန်... သူက ထီးတစ်ချောင်းနဲ့အတူ ဆယ်ဗီနောက်ကို လိုက်လာခဲ့တာ။
“ကျွန်မက ရှင်ကြိုက်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ရှင်သိလား...”
“ငါသိတယ်...”
“ကျွန်မက လူတွေအများကြီးကိုသတ်ခဲ့တာ။ ရှေ့ဆက်ပြီးတော့ ရပ်တန့်သွားမယ့်ပုံလည်းမရဘူး။ ရှင်ဒါကို လက်ခံနိုင်ရဲ့လား။”
“ကိစ္စမရှိဘူး...”
“ပြီး... ပြီးတော့ ကျွန်မက ရှင့်အပေါ်မှာလည်း ဆိုးဝါးတာတွေ လုပ်မိရင်လုပ်မိဦးမှာ။” ဆယ်ဗီက ရုတ်တရက် အင်နာနာ ဝင်ပူးနေတဲ့အချိန်မှာဖြစ်ခဲ့တာတွေ သတိရသွားပြီးတဲ့နောက် ထပ်ထည့်ပြောလိုက်တယ်။ နက်ဆန်ကတော့ ထွက်ခွာမသွားဘဲ ဆယ်ဗီရဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ဘတ်ထဲဆွဲသွင်းလိုက်တယ်။
“ကိုယ်ချစ်တဲ့သူက အမြဲတမ်းမင်းပဲ ဖြစ်ခဲ့တာ။ မင်းဘာသာမင်း စစ်နတ်ဘုရားမ မကလို့ နတ်ဆိုးမကြီးပဲဖြစ်သွားဖြစ်သွား။ မင်းကို ကိုယ့်အနားမှာရှိစေချင်တယ်။ မင်းကို ကိုယ့်အနားကနေ ထွက်မသွား စေချင်ဘူး...”
နက်ဆန်ရဲ့ပခုံးကို မေးတင်ထားတဲ့ဆယ်ဗီက ပြုံးလိုက်တယ်။ ဒါပေမဲ့ အဲဒီအပြုံးက ပုံမှန်ထက်ပိုပြီးတော့မာကျောခက်ထန် နေသလိုပါပဲ။ နောက်တော့ ဆယ်ဗီက နက်ဆန်ရဲ့လည်ပင်းကို ဖွဖွလေးကိုက်လိုက်တယ်။
“အား...” နက်ဆန် နာသွားပြီး ဆယ်ဗီကိုလွှတ်ပေးလိုက်တော့ ဆယ်ဗီက သူ့ကို တောက်ပတဲ့မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပြီ။ နက်ဆန်က တစ်ခုခုလွဲနေမှန်း သတိထားမိလိုက်ပြီး နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။ အဲဒီအကြည့်နဲ့ အဲဒီမောက်မာမှုတွေကို သူသေချာပေါက် သိတာပေါ့။
“မင်း....”
“စကားပြောကောင်းသားပဲ လူသား....” ဆယ်ဗီ (အင်နာနာ)က ရှေ့ကို တစ်လှမ်းတက်လိုက်ပြီး နောက်ဆုတ်နေတဲ့နက်ဆန်ရဲ့ ပခုံးကိုဆုပ်ကိုင်တယ်။ အဲဒီနောက်တော့ မေးကိုလက်နဲ့ထိလိုက်ပြီး
“ဒါပေမဲ့ ဒီအရှင်မက မင်းစကားမင်း ဘယ်လောက် တည်နိုင်လဲဆိုတာပဲ စိတ်ဝင်စားတယ်။ နောက်တစ်ခါထပ်ပြီး ကျရှုံးပြန်ပြီနော်။”
“ကျွန်တော် သိတယ်...” နက်ဆန်က မျက်လွှာကိုချထားပြီး ခေါင်းကိုငုံဖို့ကြိုးစားပေမဲ့ အင်နာနာက သူ့ကို စိုက်ကြည့်နေအောင်ပဲ ဖိအားပေးထားလို့။
“လူသား... နင်အခုပဲ ငါ့ကိုသဘောကျတယ်လို့ပဲ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ကြောက်နေတာလဲ။”
“.....” အင်နာနာရဲ့စကားကြောင့် နက်ဆန်ဘာပြောရမှန်း မသိတော့ဘူး။ အင်နာနာက ဆယ်ဗီရဲ့တခြားတစ်ဖက် ဖြစ်တဲ့အတွက် သူပြောလိုက်တဲ့စကားတွေက အဲဒီသဘောမျိုး သက်ရောက်နေခဲ့တာ။ နက်ဆန်က ပြန်ဖြေဖို့အတွက် ပါးစပ် ဟလိုက်တော့ အင်နာနာရဲ့မျက်နှာက သူနဲ့နီးကပ်လွန်းနေတာ သတိထားမိလိုက်ပြီး နှုတ်ခမ်းချင်းကပ်မိလျက်သား ဖြစ်သွားတော့တာပေါ့။
“အယ်... ရှင်၊ လူဆိုး...” ခဏလောက်ကြာတော့ ဆယ်ဗီက ရှက်သွားတဲ့ပုံစံနဲ့ နက်ဆန်နဲ့ကိုယ်ချင်းခွာလိုက်ပြီး သူ့ကို မကျေမနပ်စိုက်ကြည့်လိုက်တာပေါ့။ အင်နာနာ ထွက်သွားပြီ။ ဒါပေမဲ့ အဲဒီတစ်ခဏတာလေးက သိပ်ကိုကြောက်စရာ ကောင်းလွန်းတယ်။
...
“နားလည်ပြီ၊ ငါးခုမြောက် အတားအဆီးကျိုးပျက်သွားပြီပေါ့။ အခုလောက်ဆိုရင် အမာက ဒီလောကကြီးထဲကို တစ်စိတ်တစ်ပိုင်း ပြန်ရောက်လာပြီဆိုတဲ့သဘောပဲ။ သူနဲ့ငါတို့ဆက်သွယ်လို့ရသွားပြီ။ ဒါပေမဲ့ အဲဒီကောင်လေး သိဖို့လိုတာတွေရှိသေးတယ်။”
ကောင်မရှင်နာမင်းကြီး အာလ္လုင်က ရုံးခန်းထိုင်ခုံမှာထိုင်နေရင်းနဲ့ ဝိုင်ခွက်ကိုလှုပ်သောက်နေတယ်။ သူ့ရှေ့မှာတော့ သုတေသနဌာန ဌာနမှူးဖြစ်တဲ့ ဂျော်ဒန်ရှိလို့နေပါတယ်။
“အယ်မာကနေတစ်ဆင့် ငါ့စကားကို နက်ဆန်ဆီ ပို့လိုက်။” အာလ္လုင်က စာရွက်တစ်ရွက်ပေါ်မှာ ဝါကျတချို့ချရေးလိုက်ပြီး ချိပ်ပိတ်ကာ ဂျော်ဒန်လက်ထဲကို ထည့်ပေးလိုက်လေရဲ့။
“ဒီကိစ္စကို အမှောင်ကျောင်းတော်က နက်ဆန် တစ်ယောက်ပဲသိရမယ်။ အမာသိသွားလို့လုံးဝ မဖြစ်ဘူး။”
ဂျော်ဒန်က နားလည်ကြောင်းခေါင်းညိတ်ပြလိုက်ပြီးတော့ စာကို ယူလိုက်ပါတယ်။ အဲဒီနောက်တော့ အာလ္လုင်က ဝိုင်ခွက်ကိုကိုင်ပြီး မတ်တပ်ရပ်လိုက်ပေမဲ့ ရုတ်တရက် သူ့လက်ထဲကဝိုင်ခွက် တိမ်းစောင်းသွားပြီး...
ခလွမ်း... ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။
“အရှင်....” နှလုံးနေရာကို နာကျင်စွာနဲ့ဆုပ်ကိုင်ထားရတဲ့ အာလ္လုင်ကို ဂျော်ဒန်က ဖေးမထားလိုက်တယ်။ အာလ္လုင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရွှေအိုရောင်ကျူလစ်ဖောင်းအက္ခရာတမ်းတွေ ပျော်လာပြီး သူ့နှလုံးသားကိုထိုးနှက်နေတယ်။ အက္ခရာတိုင်းက အပြစ်သားလို့အဓိပ္ပါယ်ရတယ်။
“ဘာမှမဖြစ်ပါဘူး... ဒဏ်ရာဟောင်းတွေ ပြန်ထလာရုံပါပဲ။” အာလ္လုင်က ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး ရုံးခန်းရဲ့မှန်အပြည့် ပြတင်းနံရံကြီးကို ကြည့်လိုက်တယ်။ ညနေခင်းနေရောင်နဲ့အတူ ကျဆင်းနေတဲ့ မိုးရေစက်တွေက သူ့ကိုအရင်အချိန်တွေဆီ ပြန်အမှတ်ရစေခဲ့တယ်။
...
“အိုရာ့... ငါက နင်တို့ကိုလိုက်ရှာနေတာ။ အပြင်ထွက်ပြီး ဒိတ်နေကြတာပေါ့လေ။” နက်ဆန်တို့အိမ်ပြန်ရောက်တော့ အယ်မာကို စားပွဲဝိုင်းမှာထိုင်လျက်သားတွေ့ရပါတယ်။ အယ်မာရဲ့ဗိုက်ကရှေ့ကိုပိုပြီး ဆူထွက်လာပြန်ပြီ။ ခရမ်းရောင် အသားကပ် ရင်ဟိုက်ဂါဝန်တိုကိုဝတ်ထားတဲ့အတွက်ကြောင့် ဧရာမပူဖောင်းကြီးကို တမင်ဖော်ထားတယ်လို့ကိုထင်ရတာ။
“ဒီနေ့အလုပ်ပိတ်တာလား...”
“ဆိုပါတော့... ဆေးရုံသွားပြပြီး အာထရာဆောင်း ရိုက်လာသေးတယ်။ သမီးလေးတဲ့လေ။”
အယ်မာက အရင်ကထက် တက်ကြွနေတဲ့ပုံစံနဲ့ပြောလိုက်တယ်။ ရေကျောင်းတော်ကိစ္စတွေပြီးကတည်းကဆိုရင် သူတို့ဒီမှာရှိနေတာ အတော်ကြာပြီဖြစ်လို့ ဧပြီလကုန်လို့ မေလထဲရောက်လာခဲ့ပြီ။ အယ်မာရဲ့ကိုယ်ဝန်သက်တမ်းကလည်း ခြောက်လထဲရောက်ပြီ ဆိုရမှာပေါ့။
“ဒီအိမ်ကိုလာတာ ကလေးအကြောင်းကြွားရုံသက်သက်တော့ မဟုတ်လောက်ဘူးမလား။” မော်လီကို မီးဖိုချောင်ထဲမှာ ဝိုင်းကူလုပ်ပေးနေတဲ့ နာတာရှာက ဘဲသားမုန့်ပန်းကန်ကို ကိုင်လျက်သားထွက်လာတယ်။ ဆယ်ဗီကတော့ နက်ဆန့်နားက ချက်ချင်းပျောက်သွားပြီး ဗန်းထဲကမုန့်တွေကို သွားကိုင်နေပြီ။
“အဲဒီလိုပဲဆိုပါတော့... ရေကျောင်းတော်မှာ ဘာဆက်ဖြစ်သွားလဲ ဆိုတဲ့ကိစ္စနဲ့ နက်ဆန်ငါ့ကို ရှာခိုင်းထားတဲ့အချက်အလက်တွေ ယူလာပေးတာလေ။”
အယ်မာက ပြောပြောဆိုဆိုနဲ့ ပိုက်ဆံအိတ်ကိုဖွင့်လိုက်ပြီးတော့ စာရွက်စာတမ်းတချို့ကို စားပွဲပေါ်တင်လိုက်ပါတယ်။ အဲဒီထဲမှာ အဖြူအမည်းအာထရာဆောင်းပုံရိပ်တွေလည်းပါတာပေါ့။
“ပထမဆုံးအနေနဲ့ ရေကျောင်းတော်အမွေဆက်ခံသူကိစ္စကို လေကျောင်းတော်ရဲ့အယ်ဒါရှားလော့ခ်က ကြီးကြပ်ပြီးတော့ အဆင်ပြေအောင်လုပ်ပေးခဲ့တယ်။ နင်တို့သိပြီးကြတဲ့အတိုင်းပဲ ခရစ်စတိုဖာ အယ်ဘတ်တိုင်းက အယ်ဒါဖြစ်လာပြီးတော့ ရိုဆယ်လီယာရဲ့ဘွဲ့ကို တရားဝင်လွှဲယူလိုက်ပြီ။”
ဒီစကားကိုကြားတော့ အားလုံးပြုံးလိုက်မိကြပါတယ်။ မော်လီက နောက်ဆုံးဟင်းပွဲကိုကိုင်ပြီး စားပွဲပေါ်မှာချပေးလိုက်တော့ လူတွေ အားလုံး ညစာစားပွဲအတွက်အသင့်ဖြစ်နေကြပါပြီ။ အယ်မာက နက်ဆန့်လက်ထဲကို စာရွက်စာတမ်းတွေထိုးထည့်ပေးလိုက်တယ်။
“ဒါတွေက နင်ရှာခိုင်းထားတဲ့ အသက်ရှည်ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ။ တချို့ဟာတွေက လျှို့ဝှက်ချက်တွေဆိုပေမဲ့ ကောင်မရှင်နာက နင့်အတွက်အထူးခွင့်ပြုချက်ပေးထားတာ။”
ဒီစကားကြောင့် နက်ဆန်မျက်ခုံးပင့်လိုက်တယ်။ ဒါက သာမန် အပေးအယူထက်ပိုနေပြီမဟုတ်လား။ ပုံမှန်ဆိုရင်လည်း မစ်ရှင်တချို့လုပ်ပေးရင် သတင်းဝယ်လို့ရမယ်ဆိုပေမဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကိုတော့ မရနိုင်ပါဘူး။
နက်ဆန်က ဖိုင်တွေကိုကြည့်နေတုန်းမှာ အယ်မာက အနားကို ကပ်လာပြီးတော့ တီးတိုးပြောလိုက်တယ်။ “အဲဒါထက် ကောင်မရှင်နာက နင့်အတွက်စကားပါးလိုက်သေးတယ်။ နှစ်ယောက်တည်း စကားပြောလို့ရမလား။”
နက်ဆန်က ခေါင်းညိတ်လိုက်ပြီး အယ်မာကို အိမ်နောက်ဘက်ကို ခေါ်သွားလိုက်တယ်။ အယ်မာကတော့ နောက်ကနေ ဒေါက်မြင့်ဖိနပ်နဲ့ထိန်းလျှောက်ရင်း ဖြည်းဖြည်းချင်း လိုက်လာတယ်။ အနားမှာ ဘယ်သူမှမရှိတာသေချာတဲ့ အချိန်ရောက်မှ အယ်မာက နက်ဆန်ကိုပြောလိုက်တယ်။
“ကောင်မရှင်နာရဲ့အဆိုအရ နောက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့တဲ့ လူသားတွေနဲ့နတ်ဘုရားတွေရဲ့တိုက်ပွဲပြီးကတည်းက လူသားဘုံကို နတ်ဘုရားဘုံနဲ့အဆက်အသွယ်ဖြတ်ထားပြီးပြီ။ နတ်ဘုရားတချို့ ခိုးဆင်းလာလို့ရပေမဲ့ ရေရှည်ဒီမှာနေလို့မရဘူး။ ဒီလိုမှမဟုတ်ရင် သူတို့ကို အတင်းပြန်ခေါ်လိမ့်မယ်။”
ဒီစကားကြောင့် နက်ဆန်က ဒါလီယာကို ဖမ်းခေါ်သွားခဲ့တဲ့ မိုးကောင်းကင်က လက်ကြီးကိစ္စကို သတိရသွားခဲ့ပါတယ်။ အယ်မာက သက်ပြင်းချလိုက်ပြီး...
“အဲဲဒီစည်းမျဥ်းက စွမ်းအားကြီးတဲ့နတ်ဘုရားတွေအပေါ်မှာ ပိုတင်းကျပ်တယ်။ ကောင်မရှင်နာက ဘာကိုဆိုလိုချင်တာလဲ နင်သိမှာပါ။”
“......” နက်ဆန်ဟာ အတွေးကြောထဲနစ်မြုပ်သွားခဲ့တယ်။ အင်နာနာရဲ့အတားအဆီးတွေ လုံးဝပျက်စီးသွားဖို့အတွက် နောက်ထပ်ကန့်သတ်ချက်နှစ်ခုပဲလိုတော့တယ်။ လောလောဆယ် အင်နာနာက ဆယ်ဗီပဲဖြစ်နေသေးတာဆိုပေမဲ့ အင်နာနာအဖြစ် လုံးဝပြောင်းလဲသွားတဲ့အခါကျရင်...
“သူငါ့အနားကနေ ထွက်သွားရမှာလား....”
Volume 5 ပြီးပါပြီ။