မြင်လှည်းတစ္ဆေ (C)
Vol. 1 Ch. 20
ဒီလိုနဲ့ ကျွန်မတို့သုံးယောက် ဖွန်တီနာမြို့ရဲ့လမ်းတွေပေါ် ညဖက်ကြီး ထွက်လာဖို့ဖြစ်လာခဲ့ပါတယ်။ နွေရာသီပေမဲ့ မြို့က ကမ်းခြေမြို့ကလေးမလို့ လေတအားတိုက်ပြီး အပြင်မှာအေးလွန်းတယ်။ အိမ်ကထွက်ခါစက အေးမယ် မထင်တာနဲ့ သူနာပြုဝတ်စုံအပြင် တခြားဘာမှဝတ်မလာမိတော့ အပြင်ရောက်ရောက်ချင်း ခိုက်ခိုက်ကိုတုန်လို့။
“ဒါကိုခြုံထားလိုက်...” အပြင်ကိုရောက်လာပြီးနောက် ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ ဘာမှမပြောခဲ့တဲ့ ကိုတေမိနက်ဆန်က ကျွန်မတဆတ်ဆတ်တုန်နေတာ သတိထားမိသွားပြီး သူ့ဝတ်ရုံရှည်ကြီးကို ပစ်ပေးတယ်။ အိမ်စေမော်လီက ကျွန်မနဲ့ဘေးချင်းယှဥ်လျှောက်ရင်း ရွှေရောင်မြင်းခွာတစ်ခုကို ကျွန်မလက်ထဲ ထည့်ပေးတယ်။
“ဒါက ဒူလာဟမ်ကို မသတ်နိုင်ပေမဲ့ သူနင့်ကို ရန်မပြုအောင်တော့ တားပေးနိုင်တယ်။ သခင့်ကို အနှောင့်အယှက်မဖြစ်စေဖို့ ဆောင်ထားလိုက်။”
ကျွန်မလည်း ရွှေမြင်းခွာကို လက်ထဲကိုင်ကြည့်လိုက်တယ်။ သတ္တုသားက နူးညံ့ပြီး ကိုင်လို့ကောင်းနေတာနဲ့ ပါးစပ်နဲ့ကိုက်ကြည့်လိုက်တော့ တကယ်ပဲအိဝင်သွားတယ်။ ဒါကြောင့် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ မော်လီကိုကြည့်မိတော့...
“ ဒူလာဟမ်ကိုတားဖို့ ရွှေအစစ်နဲ့လုပ်ထားတဲ့ မြင်းခွာကို ခဏငှားပေးရုံအပြင် မတတ်နိုင်ဘူး။ အပိုင်ပေးတာ မဟုတ်မှန်းတော့ ရှင်နားလည်ပါတယ်နော်။”
ဒါပေါ့၊ ဒီရွှေမြင်းခွာလေးတစ်ခုကတင် ယူရိုထောင်ချီပြီး တန်မှာပါ။ ကျွန်မလိုလူမျိုးကို သူတို့က ဘယ်လိုလုပ် အပိုင်ပေးမှာလဲ။
“သတိထား...” ရုတ်တရက် အားကုန်မောင်းလာတဲ့ ဆိုင်ကယ်တစ်စင်းက ကျွန်မတို့အုပ်စုဆီ တည့်တည့် တိုးဝင်လာတဲ့အတွက် နက်ဆန်က အော်ဟစ်လိုက်တယ်။ မော်လီက ရုတ်တရက်လှုပ်ရှားလိုက်ပြီး ကျွန်မပခုံးကို လက်နဲ့ဆုပ်ကိုင်ကာ ကားလမ်းမဘေးကို ရှောင်ထွက်ပါတယ်။ ကျွန်မ ရပ်နေခဲ့တဲ့ နေရာတည့်တည့်ကို ဆိုင်ကယ်က ဖြတ်ဝင်လာပြီး ဟန်မချက်မငြိမ်တာကြောင့် လဲကျသွားပါတယ်။ ဆိုင်ကယ်ပေါ်က ဆိုင်ကယ်စီးဝတ်စုံနဲ့လူကလည်း ဆိုင်ကယ်ကို အလျင်အမြန်ပြန်ထူပြီးနောက် ကျွန်မတို့ကို တောင်းပန်ပြီးထွက်သွားတယ်။
‘မော်လီသာ နည်းနည်းလေးနောက်ကျရင် ငါသေနေလောက်ပြီ။’ လို့တွေးမိတယ်။ နက်ဆန်ကတော့ ‘စနေပြီ။’လို့ပဲ တစ်ခွန်းတည်းပြောလိုက်တယ်။ သူက တည့်တိုးမပြောပေမဲ့ အခုလိုကံဆိုးတာဟာ ကျိန်စာရဲ့ အကျိုးသက်ရောက်မှုကြောင့်ဆိုတာ ကျွန်မသိနေတယ်။
“ဒါနဲ့၊ ကျွန်မတို့တွေ ဒူလာဟမ်ကို ဘယ်လိုရှာကြမှာလဲ။ ဖွန်တီနာက မြို့သေးသေးလေးဆိုပေမဲ့ တစ်မြို့လုံးကို လမ်းလျှောက်ရှာလို့တော့ မဖြစ်နိုင်ဘူးမဟုတ်လား။”
“သခင့်မှာ နည်းလမ်းရှိပါတယ်။ ပါးစပ်ပိတ်ပြီးတော့သာ စောင့်ကြည့်နေပါ။” မော်လီက ကျွန်မကို အပြစ်တင်တဲ့ လေသံနဲ့ပြောလိုက်တယ်။ နက်ဆန်ကတော့ လမ်းမဘေး သစ်ပင်အိုကြီးတစ်ပင်အောက်မှာ ရပ်လိုက်ပြီး သူ့မျက်လုံးကို မှိတ်ထားလိုက်တယ်။ သူမျက်လုံး ပြန်ဖွင့်လိုက်ချိန်မှာတော့ ကျွန်မတို့နားက ပတ်ဝန်းကျင် တစ်ခုလုံးက တူမတူအောင် ပြောင်းလဲနေပါပြီ။
အ... အ... အ...
မျက်လုံးနီနီနဲ့ကျီးကန်းငှက်တွေက အနီးအနားမှာရှိတဲ့ သစ်ပင်တွေ၊ ဓာတ်တိုက်တွေနဲ့အိမ်ခေါင်မိုးတွေပေါ်မှာ လာရောက်နားခိုကြတယ်။ သူတို့အားလုံးရဲ့အကြည့်က သစ်ပင်အောက်က နက်ဆန်ဆီရောက်နေပြီး သူ့ကိုခစားနေကြသလိုပါပဲ။
“သခင်အလိုရှိတဲ့အခါ ညကောင်းကင်မှာကျက်စားတဲ့ သတ္တဝါတွေအားလုံး လာရောက်ခစားကြတယ်။” မော်လီကတော့ အေးစက်စက်နဲ့ပဲ ကျွန်မကို ပြောတယ်။ နောက်တော့ နက်ဆန်က ကျွန်မနားမလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့ ငှက်တွေကိုပြောလိုက်ပြီး ငှက်တွေက ဖွန်တီနာမြို့ရဲ့အရပ်ရှစ်မျက်နှာကို အုပ်စုခွဲပျံသန်းထွက်ခွာသွားတယ်။ မကြာခင်မှာပဲ ငှက်တစ်ကောင်က ပြန်လာပြီး နက်ဆန်ရဲ့ပခုံးပေါ်မှာ ပြန်လာနားတယ်။ ငှက်က ‘တအအ’မြည်သံပြုပြီးတဲ့နောက် နက်ဆန်က မျက်လုံးတွေကို မှေးထားလိုက်ပါတယ်။
“မနေ့က နေရာမှာပဲ။ သေချာပေါက် ဒူလာဟမ်က ငါ့ကို လက်တုံ့ပြန်ဖို့အတွက် ဒီကိစ္စတွေကို လုပ်ခဲ့တာပဲ။”
အရင်က ကျွန်မကြုံဖူးတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် သဘာဝလွန်ဖြစ်တည်မှုတွေဟာလည်း လူသားတွေလိုပဲ ဉာဏ်ကောင်းနိုင်တယ်ဆိုတာ သက်သေပြနေတယ်။ ဂလူတိုနီတွေကိုတော့ မပြောတတ်ပေမဲ့ မှန်သရဲတွေက ကြောက်စရာကောင်းလောက်အောင် မာယာများကြတယ်လေ။ ဒါကြောင့် ဒူလာဟမ်ကလည်း အသိဉာဏ်မြင့်မားနေတာ အံ့ဩစရာမဟုတ်ဘူး။
နာရီဝက်လောက်ကြာတော့ ကျွန်မတို့တွေက ဖွန်တီနာမြို့နဲ့ တခြားမြို့တွေကိုဆက်သွယ်ပေးထားတဲ့ အဝေးပြေး လမ်းမကြီးပေါ်က ဥမင်လိုဏ်ခေါင်းဆီကို ရောက်နေပြီ။ အနက်ရောင်ရထားလုံးကြီးက ဥမင်လိုဏ်ခေါင်းကို ပိတ်ရပ်ထားပြီး ကျွန်မတို့ကို စောင့်မျှော်နေပုံပဲ။ ဒါပေမဲ့ ဒူလာဟမ်နဲ့အရိုးစုမြင်းတွေကိုတော့ မမြင်ရသေးဘူး။
ဟော...
ကျွန်မဒူလာဟမ်ကို လိုက်ရှာနေတုန်းမှာပဲ အစိမ်းရောင် မီးတောက်တွေက ရထားလုံးရဲ့မြင်းထိန်းခုံမှာ ပေါ်လာပြီး ဒူလာဟမ်နဲ့မြင်းတွေဖြစ်လာတယ်။ ဒူလာဟမ်ရဲ့လက်ထဲမှာတော့ မြင်းထိန်းကျာပွတ်ကို ကိုင်ထားပြီး ခေါင်းမပါပေမဲ့ သူ့အကြည့်တွေက နက်ဆန်ဆီမှာမှန်း ကျွန်မခံစားလို့ရတယ်။
“မင်းက ညရဲ့ကျက်သရေကိုဖျက်ဆီးရုံတင်မကဘဲ ငါ့ကိုပါ အာခံရဲတဲ့ကောင်ပဲ။ ဒီအတွက် မင်းမှာအနာဂတ်ဆိုတာ မရှိစေရဘူး။”
နက်ဆန်က ခြေဆောင့်လိုက်တယ်။ သူ့အရိပ်ထဲကနေ သရဲသတို့သားနဲ့သရဲသတို့သမီးထွက်လာပြီး ဒူလာဟမ်ကို ဝိုင်းရံတိုက်ခိုက်တယ်။ ဒူလာဟမ်ကတော့ မြင်းဇက်ကြိုးကို ဖြန်းခနဲမြည်အောင်ရိုက်လိုက်ပြီး ကျွန်မတို့ လူအုပ်ထဲကို အတင်းပြေးဝင်လာတယ်။
“ ရှောင်ကြ...” ကျွန်မလည်း မြင်းရထားလုံးနဲ့ မတိုက်မိချင်တာနဲ့ လမ်းဘေးကို ရှောင်ထွက်လိုက်တယ်။ နက်ဆန်ကတော့ ဒေါသတကြီးနဲ့မော်လီကိုကြည့်လိုက်တယ်။ တစ်ခဏအတွင်းမှာပဲ မော်လီက တံစဥ်အဖြစ်ကို ပြောင်းလဲသွားပြီး ရထားလုံးဘီးကို ခုတ်ချလိုက်တယ်။
ဘုန်း...
ရထားလုံးရဲ့ဝင်ရိုးကျိုးသွားပြီး လမ်းပေါ်မှာ အနက်ရောင် သစ်သားရထားလုံးကြီးက တအိအိပြိုလဲကျသွားတယ်။ ဒါပေမဲ့ ဒူလာဟမ်က မြင်းထိန်းခုံပေါ်ကနေ အရိုးစုမြင်းပေါ်ကို ခုန်တက်လိုက်ပြီး ကြိုးတွေကိုဖြုတ်ပစ်ကာ နက်ဆန်ကို မြင်းနဲ့ပတ်ချာလည်လှည့်ပြီး ကျာပွတ်နဲ့ရိုက်တယ်။
နက်ဆန်ကလည်း ပြန်ခုခံပေမဲ့ သူ့ဒဏ်ရာတွေကြောင့် အခက်တွေ့နေခဲ့ပြီး တစ္ဆေသတို့သားနဲ့တစ္ဆေသတို့သမီး လာကူညီမှပဲ ကျာပွတ်နဲ့အရိုက်ခံနေရရာကနေ လွတ်လာတယ်။ ဒါပေမဲ့ သရဲစုံတွဲကလည်း ဒူလာဟမ်ကို နာကျင်အောင် မလုပ်နိုင်ဘူးဖြစ်နေပြန်တယ်။
နက်ဆန်ရဲ့အရိပ်က ရုတ်တရက်ကြီးထွားလာပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့မကိုက်ညီစွာ လှုပ်ရှားလာတယ်။ အရိပ်က လက်ကိုဆန့်ထုတ်ပြီး ဒူလာဟမ်ကို ဖမ်းကိုင်လိုက်ပေမဲ့ ဒူလာဟမ်ကို မထိခိုက်မိဘဲ လေကိုကိုင်မိသလိုသာဖြစ်သွားတယ်။ ပြီးတဲ့နောက်တော့ နက်ဆန်ရဲ့ခန္ဓာကိုယ်ကနေ မီးလောင်သလိုမျိုး အခိုးအငွေ့တွေထွက်လာပြီး အရိပ်က ပြန်ကျုုံ့ဝင်သွားတယ်။
“သခင်...” တံစဥ်ကနေ လူပြန်ဖြစ်လာတဲ့ မော်လီက နက်ဆန်ကို ဘေးကနေ ဖေးမထားလိုက်တယ်။ ကြည့်ရတာ ဒီလူရဲ့နတ်ဘုရားပုံစံက အသုံးပြုဖို့ တန်ကြေးအတော်ကြီးပုံပဲ။
တစ်ဖက်မှာလည်း နက်ဆန်ရဲ့ခံစစ်တွေကြောင့် ဒူလာဟမ်က နက်ဆန်ကို ထိခိုက်အောင် မလုပ်နိုင်ပြန်ဘူး။ ဒီလိုနဲ့ ဒူလာဟမ်က ကျွန်မကို ကြည့်နေတယ်လို့ ခံစားလိုက်ရပြီး မြင်းစီးနေတဲ့ ဒူလာဟမ်က ကျွန်မဆီကို ကျာပွတ်ကိုင်ပြီး လှည့်လာတော့တာပဲ။
“မလာနဲ့၊ ဝေးဝေးသွားစမ်း။” ကျွန်မလည်း မျက်လုံးကိုမှိတ် ရွှေရောင် မြင်းခွာကိုထုတ်ပြီး လက်နှစ်ဖက်နဲ့ကိုင်မြှောက်ထားလိုက်တယ်။
“ဒူလာဟမ် မရှိတော့ဘူး...” နက်ဆန်ရဲ့စကားကို ကြားရတဲ့အတွက် ကျွန်မမျက်လုံးဖွင့်ကြည့်တော့ အစိမ်းရောင်မီးတောက်တွေနဲ့ ခေါင်းပြတ်မြင်းစီးတစ္ဆေကြီးကို ကျွန်မမတွေ့ရတော့ဘူး။ ဒါပေမဲ့ ဝင်ရိုးကျိုးနေတဲ့ အနက်ရောင်ရထားလုံးကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်း။
“ကိစ္စပြတ်သွားပြီလား။” ကျွန်မက ကြောက်ကြောက်နဲ့ မေးလိုက်တော့ နက်ဆန်က ခေါင်းခါပြတယ်။ မော်လီက
“မြင်းခွာက လောလောဆယ် ဒူလာဟမ်ကို မောင်းထုတ်လိုက်တာပဲရှိတာ။ ကျိန်စာက ရှိနေသေးပြီး မကြာခင် ဒူလာဟမ်ကလည်း ပြန်လာမှာပဲ။ ငါတို့ သူ့ရဲ့ခေါင်းကို မြန်မြန်ရှာတွေ့မှဖြစ်မယ်။”
ဒူလာဟမ်ရဲ့ခေါင်းကို ရှာရဦးမယ်ဆိုတာကြားတော့ ကျွန်မစိတ်ပျက်သွားမိတယ်။ ခုထိ ဘာသဲလွန်စမှ မရသေးဘူးလေ။
“ငါတောင်းပန်ပါတယ်...” နက်ဆန်က ကျွန်မကို တောင်းပန်တဲ့အကြည့်နဲ့ ပြောလိုက်တယ်။ ဒီကျိန်စာကို အချိန်မီမဖြေနိုင်ရင် ကျွန်မသေတော့မှာ။ ကြည့်ရတာ သူ့ကျီးကန်းတွေလည်း ဒူလာဟမ်ရဲ့ခေါင်းကို တွေ့အောင်မရှာနိုင်ဘူးနဲ့တူတယ်။
“ရထားလုံးကို အဝေးပြေးလမ်းမပေါ်ကနေ ဖယ်ပေးမှဖြစ်မယ်။ မနက်ဖက် ကားတွေလာတဲ့အခါ အန္တရာယ်ဖြစ်ကုန်လိမ့်မယ်။”
မော်လီက သူတစ်ယောက်တည်းပြောပြီး တစ်ကိုယ်တည်းပဲ ဝင်ရိုးကျိုးနေတဲ့လှည်းကြီးကို တစ်ဖက်ကနေမပြီး လမ်းဘေးကို ဆွဲယူသွားတယ်။ သူက လူမဟုတ်ဘူးဆိုတာသိပေမဲ့ တကယ့်ကို သန်မာအားကောင်းတဲ့အမျိုးသမီး။ ဒါပေမဲ့ ကျွန်မ သူနဲ့ရထားလုံးကို ကြည့်နေရာကနေ အကြံတစ်ခုရလာပြီး...
“ဟုတ်သားပဲ... ဒူလာဟမ်က သဘာဝလွန်အရာတစ်ခုပေမဲ့ ဒီရထားလုံးကတော့ သာမန်ပဲမဟုတ်လား။ အဲဒီရထားလုံးကို သူဘယ်က ယူလာတာလဲ သိကြလား။ အဲဒီနေရာမှာ သွားရှာမယ် ဆိုရင်ရော။”
ရထားလုံးယူလာတဲ့နေရာကိုသိရင်တောင် သူ့ခေါင်းကို ရှာတွေ့ဖို့ဖြစ်နိုင်ခြေက နည်းနေသေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ နက်ဆန်လည်း ခေါင်းကို ညိတ်လိုက်ပြီး ရထားလုံးကို အကဲခတ်လိုက်ပါတယ်။ ရထားလုံးရဲ့ဘေးတံခါးမှာရေးထားတဲ့ စာကိုမြင်ရပြီး ကျွန်မသိလိုက်ရတာကတော့ ရထားလုံးဘယ်ကလာလဲဆိုတာ သိရဖို့မခက်ဘူးဆိုတာပါပဲ။
“ဖွန်တီနာမြို့ မြူနီစပယ်သချိုင်းလား။ ဒီတော့ ဒီရထားလုံးက သုဘရာဇာရထားလုံးကြီးပေါ့။”
...
ဒူလာဟမ်ရဲ့ရထားလုံး လာတဲ့နေရာကို သိရပြီးနောက်မှာ ကျွန်မတို့တွေအချိန်မဆိုင်းဘဲ မြူနီစပယ်သချိုင်းရှိရာဆီ ထွက်လာကြပါတယ်။ ဖွန်တီနာမြို့လေးက နှစ်ရာချီတဲ့ သမိုင်းရှိသလိုပဲ မြူနီစပယ်သချိုင်းကလည်း မြို့တည်ကတည်းက ရှိနေတာမလို့ တူညီတဲ့သက်တမ်းကို ပိုင်ဆိုင်ထားတယ်။
သချိုင်းက မြို့ပြင်က တောင်ကုန်းတစ်ခုမှာရှိတာဖြစ်ပြီး ဥမင်လိုဏ်ခေါင်းအလွန် ကာလမ်းဘေးတစ်နေရာမှာပါ။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့သိပ်အလှမ်းမဝေးပေမဲ့ တစ်နာရီ ကြာအောင်တော့ လမ်းလျှောက်ရပါသေးတယ်။
“ကျွန်မခဏလောက် နားလို့မရဘူးလား။ ခြေထောက်တွေ နာလှပြီ။”
ကျွန်မ ဓာတ်တိုင်အိုကြီးတစ်ခုကိုတွေ့တာနဲ့ ပြေးသွားပြီး ဓာတ်တိုင်ကိုလက်တစ်ဖက်နဲ့မှီ တခြားလက်တစ်ဖက်နဲ့ ကျွန်မရဲ့အဖြူရောင်လေဒီရှုးဖိနပ်ကို ချွတ်လိုက်တယ်။ ခြေဖဝါးမှာ အရည်ကြည်ဖုတွေထောင် ထွက်နေပြီ။ အရင်က ခုလောက်အထိ လမ်းအဝေးကြီး မလျှောက်ခဲ့ဖူးဘူး။
ကျွီ...
ရုတ်တရက် အပေါ်ကနေ တစ်ခုခုပြုတ်ကျလာတဲ့ အသံကို ကျွန်မကြားလိုက်ရတယ်။ ခဏနေတော့ မော်လီက ကျွန်မအနားကိုရောက်နေပြီဖြစ်ပြီး သူ့ကို ကျွန်မမော့ကြည့်လိုက်တော့ သူ့လက်ထဲမှာ လမ်းမီးတိုင်က မီးလုံးရဲ့ပလက်စတစ်အဖုံးကြီးကို ကိုင်ထားတာ တွေ့လိုက်ရတယ်။ ပလက်စတစ်အဖုံးပေမဲ့ မီးတိုင်မီးလုံးက အတော်ကြီးတာမလို့ အုတ်ခဲတစ်ခဲစာ လေးပါသေးတယ်။ ကျွန်မခေါင်းပေါ်သာ ပြုတ်ကျရင် ပွဲချင်းပြီးသေသွားနိုင်တယ်။
နက်ဆန်ကတော့ ကျွန်မကို ခေါင်းခါပြလိုက်ပြီး ဆက်လျှောက်တယ်။ ‘နောက်ထပ် မတော်တဆမှုမဖြစ်ခင် ဆက်သွားရအောင်။’လို့ ပြောချင်တဲ့သဘော။
မကြာခင်မှာပဲ ကျွန်မတို့တွေ ဖွန်တီနာမြို့ရဲ့မြူနီစပယ် သချိုင်းကိုရောက်လာတယ်။ မြို့က သိပ်မကြီးပေမဲ့ နှစ်ရာချီသက်တမ်းရှိတဲ့မြို့ဖြစ်လို့ သချိုင်းမြေက အတော်လေးကျယ်နေပါပြီ။ သချိုင်းမြေထဲမှာ ခြံဝင်းတချို့လည်းရှိပြီး မိသားစုသချိုင်းတွေပါ။ သချိုင်းကို ကော်လံနှစ်ခုခွဲထားပြီး အလယ်မှာ ကျောက်ပြားခင်းလမ်းကလေးရှိတယ်။ ဘေးတစ်ဖက်တစ်ချပ်စီမှာတော့ အိုဟောင်းနေတဲ့ အုတ်ဂူတွေနဲ့သစ်လွင်နေတဲ့အုတ်ဂူတွေကို ယှဥ်တွဲမြင်နိုင်ပြီး စိမ်းစိုနေတဲ့မြက်ခင်းပြင်တွေကြောင့် သေချာထိန်းသိမ်းထားတဲ့နေရာဖြစ်မှန်း သိနိုင်တယ်။
“ရောက်တော့ရောက်လာပြီဆိုပေမဲ့ သချိုင်းတစ်ခုလုံးက အုတ်ဂူတွေကိုလှန်လျောပြီးတူးရှာရမယ်ဆိုရင်တော့ မဟန်သေးဘူးနော်။ အချိန်က လောက်ပါ့မလား။”
ကျွန်မက စောဒကတက်လိုက်ပေမဲ့ နက်ဆန်ကတော့ သချိုင်းအလယ်က အသုဘအိမ်ကို လက်ညိုးညွန်ပြပြီး “ ရှေ့ကိုဆက်လျှောက်ရအောင်။” လို့ပဲ ပြောလိုက်တယ်။
ဒီတော့မှ ကျွန်မလည်းအတွေးလွဲနေတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးမိသွားတယ်။ ခက်တဲ့နေရာမှာ ပစ္စည်းတစ်ခုကို မရှာခင် လွယ်တဲ့နေရာမှာ အဲဒီပစ္စည်းကို အရင်ရှာသင့်တယ်မဟုတ်လား။ ဒူလာဟမ်ရဲ့ခေါင်းက ခက်ခက်ခဲခဲနေရာတစ်ခုမှာ ဝှက်ထားတာမဟုတ်တာလဲ ဖြစ်နိုင်တာပဲ။
‘နေပါဦး၊ ဝှက်ထားတာ။ ဘယ်သူက ဒူလာဟမ်ရဲ့ခေါင်းကို ဒီလိုနေရာမျိုးမှာ ဝှက်ထားရတာလဲ။’ ကျွန်မခေါင်းထဲမှာ မေးခွန်းတွေ ပိုများလာတယ်။ နက်ဆန်ပြောခဲ့သလောက် ဒူလာဟမ်က ရှားပါးတဲ့ သဘာဝလွန်တည်ရှိမှုတစ်ခု။ သာမန်အနေနဲ့ဆို သဘာဝအတိုင်းပေါ်လာဖို့ခဲယဥ်းတဲ့အရာပဲ။ တစ်စုံတစ်ယောက်က ဒူလာဟမ်မြို့ထဲမှာပေါ်လာစေဖို့ ဒူလာဟမ်ခေါင်းကို သချိုင်းမြေမှာမြုပ်ခဲ့ပုံပဲ။ ဖွန်တီနာ ဆေးရုံမှာတုန်းကလည်း အစီအရင်တစ်ခုနဲ့ ဂလူတိုနီတွေ သောင်းကျန်းအောင် မသမာသူတစ်စုက လုပ်ခဲ့သေးတာဆိုတော့....
“ဒီမြို့လေးကို တစ်ယောက်ယောက်က ဒုက္ခပေးဖို့ ကြံနေတာများလား။” ဒါကတော့ ကျွန်မထင်ကြေး သက်သက်ပါ။