← Chapters

အဇာဇယ်

Vol. 6 Ch. 276

အဇာဇယ်

Vol. 6 Ch. 276

အဇာဇယ်ဟာ ကျရှုံးအိန်ဂျယ်တွေထဲကမှ ရှေးအကျဆုံးတစ်ပါးပါ။ သူ့ရဲ့နေရာဟာ ဆာတန်ပြီးရင်ဒုတိယနေရာမှာရှိတယ်။ အဇာဇယ်ကို သမ္မာကျမ်းတွေထဲမှာ လွတ်လပ်လဟာလို့ရေးသားထားတတ်ပေမဲ့ သူ့အကြောင်းကို တမင်သက်သက်ရှောင်ကွင်းပြီး မပြောချင်သလို အနေအထားမျိုးနဲ့တင်ဆက်ပြသခဲ့တယ်။ အဇာဇယ်ရဲ့နာမည် အနက်အဓိပ္ပါယ်ဟာ ဖုန်းဆိုး​မြေလို့အဓိပ္ပါယ်ရတဲ့အတွက်ကြောင့် သမ္မာကျမ်းအရေးအသားတွေမှာ နေရာတစ်ခုကိုပြောသလိုလို တည်ရှိမှုတစ်ခုကိုပြောသလိုလိုနဲ့ ဝေါဟာရတွေကိုပညာရှိရှိအသုံးပြု ရှောင်ကွင်းဖော်ပြခဲ့ကြတာ။

သမ္မာကျမ်းတွေထဲမှာ သူ့အကြောင်းအများဆုံးပါတဲ့စာပိုဒ်က ဝတ်ပြုရာကျမ်းမှာဖြစ်ပါတယ်။ အာရုန်ရဲ့အပြစ်တွေကိုဖြေဖို့ စာရေးတံမဲကျသိုးနှစ်ကောင်ကိုရွေးချယ်ရပြီး တစ်ကောင်ကို ဘုရားသခင်အတွက်ရည်စူးကာ အပြစ်တွေကိုပြေပျောက်ဖို့ ယဇ်ပူဇော်ရပါတယ်။ တခြားတစ်ကောင်ကိုတော့ အဇာဇယ်အတွက် ရည်စူးလို့ ဘေးမဲ့လွတ်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီစာသားတွေက အဇာဇယ်တည်ရှိမှုကို ပြောတာမဟုတ်ဘဲ ဒီအတိုင်းဖုန်းဆိုးမြေမှာ ဘေးမဲ့လွတ်ဖို့ ပြောသလိုလည်း အနက်သက်ရေုက်ပြန်ပါတယ်။

သူ့အကြောင်းကို အသေးစိတ်ကျကျနဲ့ဖော်ပြထားတာက သမ္မာကျမ်းမဟုတ်တဲ့ Book of Enoch လိုမျိုး ဂျူးတွေရဲ့တခြားကိုးကွယ်ယုံကြည်မှုဆိုင်ရာကျမ်းတွေမှာပါ။ အဲဒီကျမ်းစာတွေမှာဆိုရင်တော့ အဇာဇယ်ဟာ နဖလင်လို့ခေါ်တဲ့ လူတစ်ပိုင်းအိန်ဂျယ်တစ်ပိုင်းသတ္တဝါတွေကို ဖန်တီးသူဖြစ်သလို လူသားတွေကို အောက်လမ်းအတတ်တွေ သင်ကြားပေးသူလည်းဖြစ်ပါတယ်။ ဂျိုင်းယန့်မျိုးနွယ်တွေ၊ အောက်လမ်းဆရာတွေနဲ့နက်ဖလင်တွေကို စုစည်းပြီးတော့ မိုးကောင်းကင်ကိုပုန်ကန်ခဲ့သူလည်းဖြစ်တယ်။

သူလုပ်ခဲ့တဲ့အပြစ်တွေကများလွန်းလို့ လောကကြီးမှာရှိသမျှ မကောင်းမှုတိုင်းဟာ သူကအစပြုတယ်လို့တောင် ဆိုတတ်တယ်။ အပြစ်ဖြေဓလေ့ထုံးတမ်းမှာ ဘေးမဲ့ပေးခံရတဲ့သိုးဟာလည်းပဲ ကောင်းတဲ့အဓိပ္ပါယ်နဲ့မဟုတ်ဘဲ လူသားတွေရဲ့အပြစ်မှန်သမျှကို အဇာဇယ်ဆီ ပြန်ပုံချတဲ့ဓလေ့ဖြစ်ပါတယ်။

အခုတော့ ငရဲတံခါးကြီးပွင့်လာခဲ့ပြီဖြစ်ပြီး အဲဒီသတ္တဝါကြီးဟာ ငရဲတံခါးကနေခေါင်းပြူလို့ သူ့ရှေ့ကမြင်ကွင်းတွေကိုကြည့်တယ်။ ငရဲတံခါးကနေတစ်ဆင့် မြင်နေရတဲ့အရာကြီးဟာ တောင်တန်းတစ်ခုစာလောက်ကြီးမားတဲ့ အရိုးစုငှက်ကြီးပါ။ သူ့ခေါင်းတစ်ခုတည်းကတင် တောင်ကြီးတစ်ခုစာလောက်ရှိပြီး ပုပ်အဲ့အဲ့အနံတွေ လေထုထဲမှာပြန့်နှံလာခဲ့တယ်။

“ဟားဟားဟား.... ဥယျာဥ်တော်တံခါးလည်း ပွင့်လာပြီပေါ့။”

ငရဲတံခါးရဲ့ဆန့်ကျင်ဘက်မှာတော့ ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်ကနေ ရွှေရောင်နွယ်တွေပေါက်လာပြီး ဂိတ်တံခါးတစ်ခုဖြစ်လာတယ်။ တံခါးရဲ့တစ်ဖက်မှာတော့ ခရမ်းရောင်အကိုင်းအခတ်တွေရှိတဲ့ တောအုပ်ကြီးတစ်ခုကိုမြင်နေရပြီး ဂိတ်တံခါးကနေထွက်လာတဲ့ လေထုနဲ့တင် လူသားတွေရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ အညစ်အကြေးတွေ သန့်စင်သွားစေသလိုမျိုး ခံစားရစေတယ်။

“အရှင်၊ အရှင့်အတွက် ကျွန်တော်ကြိုးစားထားတာတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် လူသားတွေကို အဆုံးသတ်ပေးပါ။”

ရဟန်းမင်းကြီးပီးယပ်က သူ့လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ယှက် ဒူးထောက်ရင်း နတ်ဆိုးကြီးကို ဂါရဝပြုလိုက်တယ်။

ဝုန်း....

ရုတ်တရက်မြေပြင်တစ်ခုလုံးလှုပ်ခါသွားပြီး အာကာသ အက်ကွဲကြောင်းတွေဖြစ်တည်လာခဲ့တယ်။ အရိုးစုငှက်ကြီးက တစ်ဖက်ကနေ လူသားကမ္ဘာကိုကူးလာချင်ပေမဲ့ သူ့ခန္ဓာကိုယ်က ရှေ့ဆက်လို့ မရပါဘူး။ အဲဒီအစား ငရဲတံခါးအတွင်းထဲကနေ သွေးနီရောင် မီးတောက်အများအပြားသာထွက်လာခဲ့ပြီး ကြောင်ကြည့်နေတဲ့ သီရာရဲ့ခန္ဓာကိုယ်ကို ဝါးမျိုသွားခဲ့ပါပြီ။

သီရာရဲ့ဆံပင်တွေဟာ သွေးနီရောင်ပြောင်းသွားပြီး မျက်လုံးတွေကတော့ ငွေရောင်ဖြစ်သွားတယ်။ အဲဒီနောက်တော့ သူ့လည်ပင်းမှာ အဇာဇယ်ရဲ့အရိုးစုငှက်အမှတ်အသားပေါ်လာပြီး ​ကောက်ကျစ်စွာပြုံးလိုက်တယ်။

“လူသားတွေ... အတ္တကြီးတယ်... တစ်ကိုယ်ကောင်းဆန်တယ်... လောဘကြီးတယ်... အာဏာမက်တယ်... စစ်တွေ အမြဲမပြတ်ဖြစ်ပွားတယ်။ အစကတည်းက သူတို့ကိုအသိဉာဏ် မပါအောင်ဖန်ဆင်းခဲ့ရမှာ။ ဒါပေမဲ့ ဖခမည်းတော်က ငါ့ရဲ့အကြံပေးချက်တွေကို လစ်လျူရှုပြီးတော့ သူ့ရဲ့အကြိုက်ဆုံးအရုပ်တွေလို ဆက်ဆံခဲ့တယ်။ အခုတော့ အားလုံးကို သူ့နေရာနဲ့သူပြန်ပို့ပေးရမယ့်အချိန်ရောက်ပြီ။”

မဟာနတ်ဘုရားကြီးယာဝေဟာ တခြားပါသီနွန်ကနတ်ဘုရားတွေ နည်းတူပဲ လူသားတွေကိုဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့လူသားတွေကို သူမဖန်ဆင်းခင်ကတည်းက အိန်ဂျယ်လို့ခေါ်တဲ့ စွမ်းအားကြီး မျိုးနွယ်တစ်ခုကိုဖန်တီးထားပြီး သူ့ပါသီနွန်မှာ သူတစ်ပါးတည်းသာလျင် အုပ်စိုးနိုင်အောင် ကူညီစေခဲ့ဖူးတယ်။

အိန်ဂျယ်တွေကို သူ့အာဏာစက်ကိုဖြန့်ကျက်ပေးနိုင်တဲ့ ကိရိယာတွေလို့မြင်ပေမဲ့ လူသားတွေပေါ်ပေါက်လာချိန်မှာတော့ လူသားတွေရဲ့အလားအလာကိုမြင်ခဲ့တယ်။ အစောပိုင်းမှာ မေးခွန်းထုတ်စရာဆုံးဖြတ်ချက်များစွာကိုလုပ်ခဲ့ဖူးတယ်ဆိုပေမဲ့ ဖခင်ကောင်းတစ်ယောက်ပီသနိုင်ဖို့ကြိုးစားရင်း တမန်တော်များစွာ ကို စေလွှတ်ခဲ့တယ်။

လူသားတွေကို အစေခံလို၊ အရုပ်တစ်ရုပ်လိုမြင်ကြတဲ့ နတ်ဘုရား များစွာနဲ့ယှဥ်မယ်ဆိုရင်တော့ ဖခင်ကောင်းတစ်ယောက်ပီသဖို့ အားထုတ်နေတဲ့ယာဝေက အများကြီးပိုကောင်းတယ်ဆိုပေမဲ့လို့ တမန်တော်အသစ်ယောက်စေလွှတ်တိုင်း ကျမ်းစာအသစ်တစ်အုပ်နဲ့ ဘာသာရေးအသစ်တစ်မျိုး ပေါ်လာတတ်ပြီး နှစ်ထောင်ချီကြာညောင်းတဲ့ စစ်ပွဲကြီးတွေ ဖြစ်စေတာမလို့ သူ့ပြဿနာနဲ့သူပါပဲ။ အဲဒီကနေမှာတစ်ဆင့် ဆင့်ပွားလာခဲ့တဲ့ နောက်ပြဿနာကတော့ လူသားတွေကို တချို့အိန်ဂျယ်တွေက မနာလိုဖြစ်လာတာပါပဲ။

လူစီဖာက အဗျာဟန်မစ်ပါသီနွန်ရဲ့တစ်ဦးတည်းသောနတ်ဘုရားနေရာကို ယာဝေနဲ့ယှဥ်ပြိုင်ဖို့ ပုန်ကန်ခဲ့တာဆိုပေမဲ့ အဇာဇယ်ဦးဆောင်တဲ့ နက်ဖလင်အုပ်စုကတော့ လူသားတွေကိုမနာလိုဖြစ်ရာကနေစပြီး ပုန်ကန်ခဲ့တာပါ။

“ကဲ... အရင်ဆုံးမင်းကနေစတာပေါ့...” အဇာဇယ်က ပီးယပ်ကို လည်ပင်းကနေကိုင်မြှောက်လိုက်တယ်။ လည်ပင်းအညှစ်ခံရပြီး သေတော့မလိုဖြစ်နေပေမဲ့ ပီးယပ်က ဝမ်းသာအားရရယ်မောရင်း ပျော်လို့ကျတဲ့ မျက်ရည်တွေတောင်ကျလို့။

“ကျုပ်ကို ပထမဆုံးသေခွင့်ပေးလို့ကျေးဇူးပါ။” ပီးယပ်စကားဆုံးတာနဲ့ အဇာဇယ်က ပီးယပ်လည်ကိုချိုးလိုက်ပြီး ဥယျာဥ်တော်တံခါးဆီကို စတင်လျှောက်လှမ်းလိုက်ပါတယ်။

“ခမည်းတော်ချိပ်ပိတ်ထားတဲ့ ကျုပ်ရဲ့စွမ်းအားတွေပြန်ယူဖို့ ခမည်းတော်ရဲ့ဥယျာဥ်ကို ခဏခိုးသုံးပါရစေ။”

ကျရှုံးအိန်ဂျယ်တွေဖြစ်တဲ့ အဇာဇယ်လို အဆင့်မြင့်နတ်ဆိုးတွေက ပုံမှန်အားဖြင့် တကယ့်အိန်ဂျယ်တွေထက် အားနည်းကြပါတယ်။ သူတို့ရဲ့စွမ်းအားရင်းမြစ်ဖြစ်တဲ့ ကောင်းကင်ဘုံနဲ့အဆက်အသွယ် ဖြတ်တောက်ခြင်းခံထားရတယ်မဟုတ်လား။ ဒါကြောင့်လူသား ဝိညာဥ်တွေနဲ့ငရဲစွမ်းအားတွေကိုအသုံးပြုပြီး ကျင့်ကြံကြရတယ်။ ဒါပေမဲ့ ဧဒင်ဥယျာဥ်တော်ကိုပျက်ယွင်းစေပြီး စွမ်းအားရင်းမြစ်လို အသုံးပြုနိုင်ခဲ့မယ်ဆိုရင်တော့...

“ဒါဆိုရင် အဲဒီကောင် ဆာတန်တောင် ငါ့ရှေ့မှာ ဦးညွှတ်ရလိမ့်မယ်။”

အဇာဇယ်ဟာ လူစီဖာရဲ့အောက်နံပါတ်နှစ်အဖြစ် အမြဲလိုလို သတ်မှတ်ခံရခြင်းကို သဘောမကျခဲ့ဘူး။ အရာအားလုံး ပြောင်းလဲသွားဖို့က လက်တစ်ကမ်းအလိုမှာပဲရှိတော့တာ ဖြစ်ပေမဲ့လို့...

ဂျိန်း....

ရုတ်တရက်ကောင်းကင်ပေါ်ကနေ မိုးကြိုးပစ်ချလာတယ်။ အဇာဇယ်က လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ပူးထားတာ ဖြစ်တဲ့အတွက်ကြောင့် ရုတ်တရက်တုန့်ဆိုင်းသွားပြီး ကိုယ်ကိုကျုံလိုက်မိတယ်။ မျက်စိပြန်ဖွင့်လိုက်ချိန်မှာတော့ သန့်စင်တဲ့စွမ်းအားတွေဖြာထွက်နေခဲ့တဲ့ ဥယျာဥ်ဂိတ်တံခါးကို သူမမြင်ရတော့ဘူး။

“ဘာ....”

“ဂိတ်တံခါးကို ရှာနေတာဆိုရင်တော့ ငါဖျက်ဆီးပစ်လိုက်ပြီ...”

ဂိတ်တံခါးရှိနေခဲ့တဲ့နေရာမှာတော့ ပုဆိန်ကိုင်ထားတဲ့မျက်နှာဖုံးနဲ့ လူတစ်ယောက်ရှိနေတယ်။ သူ့အနားကလေထုက ပျက်ယွင်းနေပြီး တစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နေရတဲ့ သံကြိုးတွေက သူ့ရဲ့ခြေတွေလက်တွေကို တုပ်နှောင်ထားတယ်။ ခန္ဓာကိုယ်ကနေ အငွေ့တွေထွက်နေပြီး အသက်ရှုဖို့တောင်ရုန်းကန်နေရပုံပဲ။

“မင်းဘယ်သူလဲ....” အဇာဇယ်က သူ့ရဲ့ဂိတ်တံခါးဖျက်ဆီးခံရတဲ့ အတွက်ကြောင့်ဒေါသထွက်လာပြီး လက်ကိုဝေ့ယမ်းလိုက်ပါတယ်။ ငရဲတံခါးဝကနေ ငရဲစွမ်းအင်တွေထွက်ပေါ်လာပြီး သွေးနီရောင် ငရဲမီးတောက်တွေက မျက်နှာဖုံးဝတ်လူကိုလောင်ကျွမ်းစေဖို့ စတင်အားထုတ်တယ်။ မျက်နှာဖုံးဝတ်လူကတော့ လှလှပပပဲ ရှောင်ရှားလိုက်ပြီး ပုဆိန်ပေါ်ကသွေးကြောတွေဟာ ခရမ်းရောင် ရှေးစာလုံးတွေနဲ့တောက်ပလာခဲ့တယ်။

“ငါ့မှာ အဲဒီအတွက်အချိန်မရှိဘူး....” မျက်နှာဖုံးဝတ်လူက ငရဲတံခါးထဲကနေစွမ်းအင်တွေနဲ့အတူထွက်လာနေတဲ့ နတ်ဆိုးဝိညာဥ်တွေကိုတွေ့တော့ ဒေါသနဲ့ပြောလိုက်ပါတယ်။

“ငါက ငရဲတံခါးကိုပိတ်ဖို့လာခဲ့တာ။” မျက်နှာဖုံးဝတ်လူသားက အဇာဇယ်ကိုလစ်လျူရှုပြီး ငရဲတံခါးဆီကိုတိုးဝင်ဖို့လုပ်တယ်။ အဇာဇယ်ကလည်း ငရဲတွင်းဝက တက်လာကာစဖြစ်တဲ့အတွက် စွမ်းအားအပြည့်မရှိသေးတာနဲ့ သီရာရဲ့လေးကိုကောက်ကိုင်ကာ သူ့စွမ်းအားတွေနဲ့ညစ်ညမ်းစေပြီးမှ မျက်နှာဖုံးဝတ်ကိုလေးနဲ့ပစ် ဟန့်တားတယ်။

“မင်း... မင်းလည်းငါနဲ့အတူတူပဲမဟုတ်လား။ အဲဒီသံကြိုးနဲ့ ကျိန်စာတွေ။ ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ အပြစ်သားတွေမှာပဲ အဲဒီလိုအရာမျိုးရှိတာ။ ဘာလို့ ငါတို့မပူးပေါင်းနိုင်ရမှာလဲ။”

သွေးနီရောင်မြားတွေက မျက်နှာဖုံးဝတ်ဆီကို ပြေးဝင်သွားပေမဲ့ မျက်နှာဖုံးဝတ်က ငရဲတံခါးဆီကို အသာလေးရောက်သွားခဲ့ပြီး ငရဲတံခါးရှေ့မှာ ပုဆိန်ကိုမြှောက်လိုက်တယ်။

“ငါတို့တွေက မတူဘူးကွ....”

....

ညနေပိုင်း...

အယ်မာက အထက်မြင့်တိုက်ခန်းတစ်ခန်းရဲ့ရှေ့မှာရပ်နေတယ်။ သူက ပိုက်ဆံအိတ်ကို ဗိုက်ရှေ့မှာကာထားပြီး လူခေါ်ဘဲလ်ကို အကြိမ်ကြိမ်နှိပ်နေခဲ့ပေမဲ့ အတွင်းကနေတုန့်ပြန်သံမကြားရတဲ့ အတွက်ကြောင့် စိတ်ပူလာနေတယ်။

“ဒီလူ... ဘယ်ရောက်နေတာလဲ။ အရေးအကြောင်းဆိုရင် ရှာမရတော့ဘူး။”

အယ်မာက ဇာရာဇိုရာမှာရှိနေတာဆိုပေမဲ့ EUOCရဲ့ထိပ်ပိုင်း အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် ကွန်စတန်တီနိုပယ်မှာဖြစ်နေတဲ့ တိုက်ပွဲအကြောင်းသတင်းပို့ချက်တွေကို ရရှိပြီးနေပါပြီ။ စစ်စင်ရေးဌာနမှူးအနေနဲ့ ဒီအဆင့်တိုက်ပွဲက သူတို့ဝင်ပါလို့မရမှန်း နားလည်ပေမဲ့ ငရဲတံခါးပွင့်လာချိန်မှာတော့ စီစဥ်စရာရှိတာတွေကို စီစဥ်ရတော့မယ်လေ။

ဒါပေမဲ့ ကုန်း​မြေတိုက်အဆင့် ကပ်ဘေးတစ်ခုအတွက်ပြင်ဆင်ဖို့ နိုင်ငံတွေကို တိုက်တွန်းဖို့ လူတစ်ယောက်ရဲ့အမိန့်ကိုသူလိုနေတယ်။ အဲဒီလူကို သူလာရှာတာ ဆိုပေမဲ့လို့ အခုတော့အိမ်မှာမရှိတဲ့ပုံပဲ။

“ဌာနမှူးအယ်မာ....” ရုတ်တရက် အနားကိုတစ်စုံတစ်ယောက် ရောက်လာတာခံစားမိတဲ့အတွက် လှည့်ကြည့်လိုက်တော့ အာလ္လုင်အတွက် ကားမောင်းပေးနေကျ ဒရိုက်ဘာကို သူမြင်လိုက်ရပါတယ်။

“ရှင်က....”

“ကောင်မရှင်နာမင်းကြီးကို ရှာနေတာဆိုရင်တော့ သူသွားနှင့်ပြီလို့ ပြောပါတယ်။ ပြီးတော့ ခင်ဗျားကို ဒါတွေပေးလိုက်ဖို့ ကျုပ်ကိုမှာသွားပါတယ်။”

ဒရိုက်ဘာက အယ်မာဆီကို အနက်ရောင်ကတ္တီပါဘူးတစ်ဘူးနဲ့ စာရွက်စာတမ်းတချို့ကိုပေးလိုက်တယ်။ စာအုပ်လေးတစ်အုပ်လဲ ပါတာပေါ့။ အယ်မာက ကတ္တီပါဘူးကိုဖွင့်လိုက်တော့ EUOCရဲ့ ကောင်မရှင်နာမင်းကြီးတံဆိပ်တုံး ရှိနေတာကိုမြင်လိုက်ရပြီး ရင်ထဲစို့နင့်သွားတော့တယ်။

“ဒီလူ... အရာအားလုံးကို သူတစ်​ယောက်တည်း ခါးစည်းခံဖို့ လုပ်ပြန်ပြီလား။ မနေ့တုန်းက အဖြစ်အပျက်တွေက သူနှုတ်ဆက်ချင်ရုံ သက်သက်ပဲလား။”

....

အဇာဇယ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့ ငရဲဂိတ်တံခါးကိုပါ ကြည့်လိုက်တယ်။ အခုဆိုရင် သူဟာလူသားဘုံမှာ လုံးဝပိတ်မိ သွားခဲ့ပါပြီ။ ကောင်မရှင်နာမင်းကြီးအာလ္လုင်တစ်ဖြစ်လည်း မျက်နှာဖုံးဝတ်လူသားက အဇာဇယ်ကိုလှည့်ကြည့်လိုက်တယ်။

သူဟာ ဝင်လာတုန်းကလိုမျိုး ခွန်အားမကြီးမားတော့ပါဘူး။ ထွင်းဖောက်မြင်နေရတဲ့သံကြိုးတွေအောက်မှာ သူ့ခန္ဓာကိုယ်က စတင်ပျက်စီးလာနေပြီဖြစ်ပြီး ကျိန်စာသက်ရောက်မှုကိုအာခံ စွမ်းအားအပြည့်ထုတ်သုံးခဲ့တဲ့ အကျိုးဆက်ပါပဲ။

အဇာဇယ်က ဒါကိုမြင်တော့ ရယ်မောလိုက်တယ်။ “မင်း... မင်းကို ငါမှတ်မိပြီ။ လူသားတွေရဲ့ပထမဆုံးဘုရင် အာလ္လုင်ပဲ။ မင်းကို နတ်ဘုရားတွေက ဒီလောက်ရက်စက်ခဲ့တာတောင် ငါ့လမ်းကို ဘာလို့တားဆီးနေရတာလဲ။”

“မင်းကလည်း နတ်ဘုရားတွေလိုပဲ လူသားတွေကို အရုပ်တစ်ရုပ်လို ဆက်ဆံဦးမှာမလို့ပဲ။”

အာလ္လုင်က တတိယမြောက်ပုဆိန်ခုတ်ပိုင်းချက်ကို ထုတ်ဖော်တယ်။ သူ့ခန္ဓာကိုယ်က အချိန်မရွေးပြိုလဲသွားတော့မလို ဖြစ်နေပြီးတော့ သူ့မျက်လုံးတွေထဲမှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုမြင်နိုင်တယ်။ သူ့အတွေးတွေကတော့ ရောက်တတ်ရာရာ။

“အမာ... ခင်ဗျားရဲ့စေတနာကိုနားလည်ပေမဲ့ ဒီဘုရင်မှာ မလုပ်မဖြစ်လုပ်ရမယ့်အရာတွေရှိနေလို့ ကိုယ့်ကိုယ်ကိုယ် စတေးရတော့မယ်။”

“ကျုပ်သေဆုံးသွားပြီးတဲ့အခါ ကမ္ဘာကြီးက ပြောင်းလဲသွားလိမ့်မယ်။ ကျုပ်စီစဥ်ထားတဲ့အတိုင်း အရာရာဖြစ်မြောက်လာပြီးတော့ လူသားတွေ လွတ်လပ်သွားဖို့ မျှော်လင့်ရတာပဲ။”

အာလ္လုင်ရဲ့ပုဆိန်က အဇာဇယ်နဲ့နီးကပ်လာတယ်။ အဇာဇယ်က သူ့မှာရှိသမျှစွမ်းအားတွေကိုပေါင်းစည်းပြီး ခုခံလိုက်ပေမဲ့ လူသားရဲ့ဘုရင်ရဲ့စွမ်းအားတွေက စွမ်းအားအပြည့်မရှိသေးတဲ့ အဇာဇယ်ထက် များစွာသာလွန်နေခဲ့ပြန်တယ်။

“သီရာ... နက်ဆန်... အခုကစနေပြီး အရာအားလုံးက မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်။”

ဘုန်း....

ပုဆိန်ချက်က အဇာဇယ်ပေါ်ကျရောက်ခါနီးမှာ ရပ်တန့်သွားတယ်။ ဒါပေမဲ့စွမ်းအားကတော့ ရပ်တန့်မသွားဘူး။ အဲဒီအစားကြီးမားတဲ့ အရှိန်တစ်ခုကိုဖန်တီးပြီး သီရာကိုဝင်ပူးထားတဲ့အဇာဇယ်ကို ခန္ဓာကိုယ်ကနေ အတင်းဆွဲခွာပစ်လိုက်တယ်။ အဇာဇယ် ခန္ဓာကိုယ်မရှိဘဲ နာမ်သက်သက်ပဲ ကျန်ရစ်ခဲ့ချိန်မှာတော့ အာလ္လုင်ရဲ့ စွမ်းအင်မုန်တိုင်းက အဇာဇယ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်တော့တယ်။

တစ်ချိန်တည်းမှာပဲ အာလ္လုင်ရဲ့ခန္ဓာကိုယ်ကလည်း ပြာပုံအဖြစ်ကို ပြောင်းလဲသွားတော့တာပေါ့။

.....

သွေးစွန်းဘုန်းတော်ကြီးက ကွန်စတန်တီနိုပယ်မြို့အဖြစ်ကနေ ဖုန်းဆိုးမြေအဖြစ်ပြောင်းလဲသွားတဲ့မြေပြင်ပေါ်မှာ တစ်ကိုယ်တည်းလျှောက်နေခဲ့တယ်။ တိုက်ပွဲပြီးသွားပြီဖြစ်ပြီး သူ့ကိုအန္တရာယ်ပေးနိုင်တဲ့အရာ ဒီနယ်မြေမှာမရှိတော့ပါဘူး။

တစ်နေရာရောက်တော့သူက ရပ်လိုက်တယ်။ မြေပြင်ပေါ်မှာ သေဆုံးနေတဲ့ ပီးယပ်နဲ့ ဆားဗီးရပ်တို့ရဲ့အလောင်းတွေကို သူမြင်နိုင်တယ်။ တတိယမြောက် လဲကျနေတဲ့သူလည်းရှိပြီး အဲဒါကတော့ သီရာပါ။

“ကြည့်ရတာ ပီးယပ်ရဲ့အစီအစဥ်က နောက်ဆုံးခြေလှမ်းရောက်မှ ကျရှုံးသွားတဲ့ပုံပဲ။” သွေးစွန်းဘုန်းတော်ကြီးက ခနဲ့တဲ့တဲ့ရယ်ရင်း သီရာအနားကို ချဥ်းကပ်သွားတယ်။

သီရာရဲ့ဆံပင်အရောင်က သွေးနီရောင်ဖြစ်နေဆဲဖြစ်ပြီးတော့ အရေပြားပေါ်မှာ မီးလောင်ဒဏ်ရာတွေကို အထင်းသား မြင်ရတယ်။ တစ်ချိန်က သူတော်စင်နတ်မိမယ်လေးလိုလှပတဲ့ သီရာဟာ အခုအချိန်မှာတော့ ငရဲကတက်လာတဲ့ နတ်ဆိုးမလိုပါပဲ။ သွေးစွန်းဘုန်းတော်ကြီးက သီရာရဲ့လည်ပင်းပေါ်ကို လက်တင်ပြီး စမ်းသပ်ကြည့်လိုက်တယ်။

“အသက်ရှင်နေသေးတာပဲ။ ကြည့်ရတာ ဒီအဖိုးကြီးကပဲ အရံအစီအစဥ်ကို ဆက်အကောင်အထည်ဖော်ရမယ်ထင်တယ်။”

သွေးစွန်းဘုန်းတော်ကြီးက ရှေးဟောင်းလေးကို ကျောမှာတင်၊ အထွတ်အမြတ်ဓားကို ခါးမှာချိတ်ပြီး အစစ်အမှန်လှံကို လက်ထဲမှာ ကိုင်ထားလိုက်တယ်။ ပြီးတဲ့နောက် သီရာကို မင်းသမီးတစ်ပါးကို ချီသလိုပွေ့ချီလိုက်ပြီး...

“ကလေးမ... အခုကစပြီးမင်းက ရိုမြူလက်ဘုရားကျောင်းရဲ့ ရဟန်းမင်းလောင်းလျာဖြစ်လာတော့မယ်။ ရဟန်းမင်းဖြစ်ဖို့ ဒိုင်းတစ်ခုပဲ လိုတော့တာ။ ကျန်တာကတော့ အစီအစဥ်အတိုင်းပဲ ရှေ့ဆက်ကြတာပေါ့။”

အဲဒီနောက်တော့ သွေးစွန်းဘုန်းတော်ကြီးက သီရာကိုသယ်ပြီး ဖုန်းဆိုးမြေကြီးကနေ တဖြည်းဖြည်းချင်း ထွက်ခွာသွားလေရဲ့။

All Chapters