အနက်ရောင်မုဆိုးမ (C)
Vol. 1 Ch. 7
ဒီလူ့နားမှာနေရတာ ကျက်သီးထလာတာနဲ့ ကျွန်တော် သူ့ကိုတွန်းဖယ်ပြီး အိမ်ဖက်ကို ပြန်ပြေးလာခဲ့တယ်။ သူကတော့ ကျွန်တော်မှတ်မိသလောက် ကျွန်တော့်ကိုပဲ စိုက်ကြည့်နေခဲ့ပြီး ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီနေ့ တစ်နေ့လုံး စိတ်ထဲမသိုးမသန့် ခံစားမိတာတော့ အမှန်ပဲ။
ကျန်တာကတော့ ဘာမှမပြောင်းလဲဘူးလို့ ပြောရမှာပဲ။ ညနေစောင်းလာတော့ လမ်းပေါ်မှာ အနက်ရောင်ဝတ်စုံနဲ့ သွားနေတဲ့ မိုနီကာကို တွေ့ရပြန်တယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း ပြတင်းပေါက်ကိုဖွင့်ပြီး အိတ်ထဲကနေ ခိုးထွက်လာခဲ့တယ်။ နေ့တိုင်းလိုလို သူနဲ့တွေ့နေကျမလို့ ခိုးလိုက်တယ်လို့ ပြောမယ့်အစား အတူသွားတယ်လို့ ပြောလို့ရနိုင်နေပြီ။ အကြောင်းက ကျွန်တော်လည်း သူ့နောက်ကနေလိုက်မယ့်အစား သူနဲ့ဘေးချင်းယှဥ်လျက် လမ်းလျှောက်နေလို့ပဲ။
“ဒီနေ့ဆောင်းက ပိုပြီးအေးနေသလိုပဲ။” ကျွန်တော် ပြောလိုက်တော့ သူက ‘စိတ်ထင်လို့ပါ။’လို့ ပြန်ဖြေတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ခြေရာတွေကတော့ လမ်းမပေါ်က နှင်းတွေပေါ်မှာ ထင်ကျန်ရစ်လို့။
ဆောင်းရာသီရဲ့အအေးဆုံးကာလကို ရောက်နေပြီမလို့လားတော့မသိ ချက်ကျောင်းမရောက်ခင်မှာပဲ နေအလင်းရောင်က လုံးဝပျောက်သွားပြီ။ တစ်ခုထူးဆန်းတာက ဒီလောက် နှင်းလေပြင်းတွေကြားထဲမှာ ကျီးကန်းတွေရှိနေတာပဲ။ ညဖက်ပေမဲ့ ကျီးကန်းတွေဆီက တအအအော်သံတွေ ကြားနေရပြီး သစ်ပင်သစ်ကိုင်းတိုင်းမှာ သူတို့နားနေကြတယ်။ နှင်းလေပြင်းတွေကြောင့် လွင့်ပါမသွားအောင် အတောင်တဖြတ်ဖြတ်ခတ် ဟန်ချက်ထိန်းကြရင်းပေါ့။
“သူတို့ ငါတို့ကိုကြည့်နေတာလား။” ညမှောင်မှောင်ထဲ ကျက်သီးထစရာအတွေးတစ်ခုကို နှုတ်ကနေ ထုတ်ပြောမိတော့ မိုနီကာက ကျွန်တော့်ကို အသာလှည့်ကြည့်တယ်။
“ရှင်စိတ်ထင်လို့နေမှာပါ၊ ညဖက်ကြီး နိမိတ်မကောင်းတာတွေ မပြောနဲ့။”
“ဟုတ်ကဲ့....”
အဲဒီနောက်တော့ ကျွန်တော်တို့တွေ ဘုရားကျောင်းထဲ ဝင်ထိုင်ဖြစ်ပြီး ရောက်တတ်ရာရာ ပြောဖြစ်ကြပြန်တယ်။ ညနည်းနည်းနက်လာတော့ ကျွန်တော့်ရဲ့စိတ်ကို သူ့ရဲ့ကိုယ်သင်းရနံက ဆွဲဆောင်လာပြန်တယ်။ သူ့အနားမှာထိုင်နေရင်းကနေ ကျွန်တော်သူ့မေးကို လက်နဲ့ဆုပ်ကိုင်ထားမိပြီး နှုတ်ခမ်းပေါ်ကို အနမ်းပေးဖို့ ပြင်လိုက်တယ်။ သူကလည်း ကျွန်တော့်ကို ပြုံးကြည့်လို့။
ခလွမ်း....
ရုတ်တရက် ချက်ကျောင်းပြတင်းပေါက်မှန်တစ်ချက် ကွဲသွားပြီး ပျံသန်းနေတဲ့အရာတစ်ခုက မိုနီကာရဲ့ခေါင်းဆီကို ဦးတည်ပြီးရောက်လာတယ်။ ကျွန်တော်လည်း ရုတ်တရက်အဖြစ်အပျက်ကြောင့် ဘယ်လိုတုန့်ပြန်ရမလဲမသိဖြစ်သွားပေမဲ့ မိုနီကာကတော့ ပြဇာတ်ဆန်ဆန်ပဲ ခေါင်းကိုနောက်ကိုယိမ်းပြီး ရှောင်လိုက်လေရဲ့။ ပျံသန်းနေတဲ့အရာက ကျွန်တော့်မျက်စိရှေ့ကနေဖြတ်သွားပြီး အေးစက်စက်လေတွေက ကျွန်တော့်မျက်နှာကို လာတိုက်မိတယ်။
ခရက်...
အဲဒီပစ္စည်းက နောက်ဆုံးတော့ တရားဟောစင်မြင့်ကို ထိမှန်ပြီးရပ်တန့်သွားတယ်။ ကျွန်တော့်ဦးနောက် ပြန်ပြီး အလုပ်လုပ်လာချိန်မှာတော့ သိလိုက်ရတာက အဲဒီပစ္စည်းဟာ မီးသတ်သမားတွေသုံးတဲ့ ရဲတင်းကြီး ဖြစ်နေတာပါပဲ။
ကျွီ...
နောက်ဆက်တွဲအနေနဲ့ ချက်ကျောင်းတံခါးက တွန်းဖွင့်သူမရှိဘဲ အလိုလိုပွင့်သွားတယ်။ အနက်ရောင် ဂျာကင်နဲ့သူကတော့ တံခါးဝမှာရပ်လို့။ အဲဒီလူပဲ၊ မနက်က ကျွန်တော်တွေ့ခဲ့တဲ့သူ။
“ လူဆိုတာ အသိဉာဏ်ရှိရတယ်။ ငါမင်းကို သတိပေးခဲ့ပြီးပြီ။ အဲဒီမိန်းမနဲ့ ဝေးဝေးမှာနေပါလို့။”
မိုနီကာကတော့ အဲဒီလူကိုမြင်တာနဲ့ ကြောက်လန့်သွားဟန်နဲ့ ကျွန်တော့်ပခုံးကိုဖက်ပြီး နောက်မှာဝင်ပုန်းတယ်။
“ အဲဒီလူက ဘယ်သူလဲ။ ကျွန်မကြောက်တယ်။”
တကယ်လည်း ကြောက်စရာလေ။ ဒီလူက မပြောမဆိုနဲ့ ကျုပ်တို့ကို ရဲတင်းနဲ့ပစ်ထားတာ။ ကျွန်တော်လည်း မီးဖိုနားက မစိုက်ရသေးတဲ့ ထင်းချောင်းကိုဆွဲမြှောက်ပြီး ထိုင်နေရာကနေ ထလိုက်တယ်။
“ဟေ့ကောင်၊ မင်းဘယ်သူလဲ။ မင်းကို ဘယ်သူက ဒီနေရာမှာ လက်နက်ကိုင်ပြီး ရမ်းကားခွင့်ပေးထားလို့လဲ။”
ဒါပေမဲ့ အနက်ရောင်ဝတ်စုံနဲ့သူကတော့ ကျွန်တော့်ကို ရှိတယ်လို့တောင် ထင်ပုံမရဘဲ ကျွန်တော့်ပခုံးကိုကျော်ပြီး မိုနီကာကိုပဲ စိုက်ကြည့်နေပါတယ်။
“ဘီဖရိုဆာ... မင်းကိုတွေ့ပြီ။” သူက လက်ကိုဖြန့်လိုက်တယ်။ တရားဟောစင်မှာ စိုက်ဝင်နေတဲ့ ပုဆိန်က သဘာဝကိုလွန်ဆန်ပြီး သူ့အလိုလိုလှုပ်ရှားလာကာ သူ့လက်ထဲ ပြန်ရောက်သွားတယ်။ မရောက်ခင် အသွားက မိုနီကာရဲ့လည်ကို ထိမိလုနီးနီးပဲဆိုပေမဲ့ မိုနီကာက ကိုယ်ကိုနည်းနည်းယိမ်းလိုက်တာနဲ့ လွတ်သွားတယ်။ တကယ့်ကို ကံသီလို့။
“မင်း တော်တော်လွန်လာပြီ....” ကျွန်တော်လည်း ဒီလောက်ရမ်းကားလွန်းတဲ့သူကို သည်းမခံနိုင်တာနဲ့ ထင်းချောင်းနဲ့ဝင်ရိုက်တယ်။ ဒါပေမဲ့ ထင်းချောင်းက သူ့ပခုံးနဲ့ထိတယ်ဆိုရင်ပဲ ‘ဂျွတ်’ခနဲကျိုးသွားပြီး သူက နည်းနည်းလေးတောင် ဖြုံတဲ့ပုံမပေါ်ဘူး။ အဲဒီအစား သူက ကျွန်တော့်ကို လက်နဲ့တွန်းထုတ်လိုက်တယ်။
“ ဘာ...” နဂိုကတည်းက ဒီလူသန်မှန်းသိပေမဲ့ ကျွန်တော့်ကို တစ်ချက်တွန်းထုတ်ရုံနဲ့ ချက်ကျောင်းနံရံမှာ ကပ်မိသွားတဲ့အထိ လုပ်နိုင်မယ် ထင်မထားမိဘူး။
“ဒီလောက် မျက်စိရှေ့မှာ မူမမှန်မှုကို မြင်နေရတာတောင် သတိမထားမိဘူးလား။ မစိတ်မွှန်နေတော့လည်း ဘယ်တတ်နိုင်မလဲ။ မော်လီ၊ တစ္ဆေမီးအိမ်ကို ထုတ်လာခဲ့။”
လူငယ်က သူ့လက်ထဲက ပုဆိန်ကို သူ့အရိပ်ထဲ ပစ်ချလိုက်တယ်။
“အမိန့်ရှိပါ၊ သခင်။” မကြာခင်မှာပဲ ချက်ကျောင်းထဲမှာ စတုတ္ထလူတစ်ယောက်ရဲ့စကားသံ ထွက်ပေါ်လာတယ်။ သူ့အရိပ်ထဲကနေ မိန်းမတစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်က မြင့်တက်လာတယ်။ သေချာကြည့်တော့ အိမ်စေဝတ်စုံ ဝတ်ထားတဲ့ အသက်သုံးဆယ်ကျော် မိန်းမတစ်ယောက်ဖြစ်ပြီး ဆံပင်က အညိုပေမဲ့ သံချေးရောင်ထနေတယ်။ မျက်နှာက အမျိုးသားလိုပဲ လူသေရုပ်ပေါက်နေပေမဲ့ ပိုထူးခြားတာက လေထုထဲမှာ ပုပ်အဲ့အဲ့အနံရှိနေတာ။ အဲဒီမိန်းမက လက်ထဲမှာ အပြာရောင်မီးတောက်တောက်လောင်နေတဲ့ ရှေးပုံစံမီးအိမ်တစ်လုံးကို ကိုင်ထားတယ်။
မီးရောင်က မိုနီကာရဲ့ခန္ဓာကိုယ်ပေါ်ကို ကျတာနဲ့ ဟင်ခနဲဟာခနဲဖြစ်စရာ ပြောင်းလဲမှုတွေဖြစ်လာတော့တာပဲ။
မိုနီကာရဲ့ခေါင်းပေါ်မှာ သိုးချိုနဲ့တူတဲ့ ချိုတစ်စုံရှိနေပြီး သူ့ပါးစပ်မှာ အစွယ်တွေအပြည့်ရှိနေတယ်။ ဆံပင်က အနက်ရောင်မဟုတ်ဘဲ ခရမ်းရောင်တယ်။ ကျောမှာ လင်းနို့တစ်ကောင်ရဲ့အတောင်တွေနဲ့။
“သိုးချို၊ လင်းနို့အတောင်နဲ့ ခရမ်းရောင်ဆံပင်။ ပြီးတော့ ညို့ဓာတ်ပါတဲ့ ကိုယ်သင်းရနံ။ သေချာပေါက် လူသားတွေကိုမြူဆွယ်ပြီး အသက်ဓာတ်ကိုစုပ်ယူတဲ့ စကူးဘတ်မိစ္ဆာမျိုးနွယ်ဝင်ပဲ။ ပြီးတော့ စကူးဘတ် တော်ဝင်မျိုးနွယ်ဝင်ဖြစ်တဲ့ ဘီဖရိုဆာ။”
ဘီဖရိုဆာလို့အခေါ်ခံလိုက်ရတဲ့ မိုနီကာကတော့ အဲဒီစကားတွေကို ငြင်းနေမယ့်အစား ငြိမ်သက်စွာနဲ့ပဲ လူငယ်ကို မျက်စိမှေးပြီးကြည့်လိုက်တယ်။ ကျွန်တော်လည်း မီးရောင်အောက်မှာ လူငယ်ကို ကြည့်လိုက်တော့ သူကိုယ်တိုင်မှာလည်း ပြောင်းလဲမှုတွေ ရှိနေတာကို သတိထားမိလိုက်တယ်။
အခုသူ့အရိပ်က အခန်းတစ်ခုလုံးမှာပြည့်နေပြီး သူ့ကျောနောက်မှာ ကျီးကန်းငှက်မွှေးတောင်တွေနဲ့ အတောင်တစ်စုံရှိတယ်။ အိမ်စေမိန်းမကတော့ အစောပိုင်းကပုံစံအတိုင်းပဲ။ ဒါပေမဲ့ သူ့အသားအရေက ဖြူဖျော့နေတာမဟုတ်ဘဲ သွေးမရှိတာမှန်း ကျွန်တော်သိလိုက်ရပြီ။ သူက လမ်းလျှောက်နေတဲ့ လူသေအလောင်းကောင်။
“အပြာရောင်မျက်လုံး အနက်ရောင်ဆံပင်နဲ့လူ။ ပြီးတော့ ဖုတ်ကောင်ဘုရင်မကို အိမ်စေအဖြစ်ထားနိုင်တဲ့သူ။ ကြည့်ရတာ ရှင်က ကောလာဟလတွေထဲက အမှောင်မင်းသားဖြစ်ပုံပဲ။”
လူငယ်ကတော့ ဘာမှမပြောတော့ဘဲ လက်ဖျောက် တစ်ချက်တီးလိုက်တယ်။ အိမ်စေမိန်းမက အရိပ်အဖြစ် ပြန်ပြောင်းသွားပြီး သူ့လက်ထဲမှာ ပုဆိန်ဖြစ်သွားတယ်။ ပြီးတော့ အဲဒီပုဆိန်က တဖြည်းဖြည်းကြီးလာပြီး သေမင်းတွေကိုင်တဲ့ ကောက်ရိတ်တံစဥ်လိုအရာဖြစ်သွားပြီး မိုနီကာကို ခုန်ချတယ်။ မိုနီကာက အတောင်ကိုဖြန့်ပြီး နောက်ကို ခုန်ရှောင်သလို လူငယ်ကလည်း သူ့အတောင်ကိုခတ်ပြီး နောက်ကနေ တစွတ်ထိုးလိုက်တယ်။
ထန်း...
တစ်ချက်မှာတော့ မိုနီကာရဲ့လက်ကနေ အနက်ရောင် လက်သည်းတွေရှည်ထွက်လာပြီး လူငယ်ကို တန်ပြန် ပြန်တိုက်တယ်။ လူငယ်က တံစဥ်နဲ့တားဆီးလိုက်ပေမဲ့ တခြားလက်သည်းတစ်ဖက်က သူ့အပေါ်ကျဆင်းလာတဲ့ အတွက်ကြောင့် သူက တံစဥ်ကိုလက်လွှတ်လိုက်ပြီး ရေရွတ်လိုက်တယ်။
“မော်လီ...” တံစဥ်က ဖုတ်ကောင်ဘုရင်မအဖြစ် ပြန်ပြောင်းသွားပြီး ဖုတ်ကောင်ဘုရင်မလက်ထဲမှာ ချိန်းကြိုးတပ်ပုဆိန်အသေးနှစ်လက်ရှိနေတယ်။ တစ်လက်က နဂိုတားထားတဲ့ မိုနီကာရဲ့လက်သည်းကို ဆက်ပိတ်ဆို့ထားပြီး နောက်တစ်ဖက်က ထပ်ဝင်လာတဲ့ လက်သည်းကိုခုခံလိုက်တယ်။
“သရဲသတို့သားနဲ့သရဲသတို့သမီး... ထွက်လာတော့။”
သူဒီလိုပြောတော့ ဒီကောင့်မှာ ထပ်ပြီးခိုင်းစရာသရဲတွေ ရှိနေသေးတာလားဆိုပြီး တွေးမိတဲ့အထိပဲ။ မကြာဘူး မင်္ဂလာဆောင်အဝတ်အစားတွေဝတ်ထားတဲ့ စုံတွဲတစ်တွဲက ပေါ်လာပြီး မိုနီကာကို ပြိုင်တူကန်ထုတ်လိုက်တယ်။ နောက်တော့ သူတို့အုပ်စုက လေးယောက်ပေါင်းပြီး မိုနီကာကို အရေအတွက်နဲ့ လွှမ်းမိုးဖို့ စလုပ်ကြတယ်။ တိုက်ပွဲရဲ့အကျိူးဆက် အနေနဲ့ ချက်ကျောင်းထဲကခုံတွေကျိုးပဲ့ကုန်ပြီး ပြတင်းပေါက်တွေလည်း အက်ကွဲကုန်တယ်။
ဘုန်း...
မိုနီကာက ကောင်းကောင်းခုခံနေပေမဲ့ အငိုက်မိသွားတဲ့ တစ်ချက်မှာတော့ ဖုတ်ကောင်ဘုရင်မရဲ့ပုဆိန်နဲ့ ပခုံးကို ခုတ်ခံလိုက်ရပြီး ကြမ်းပြင်ပေါ် ပြုတ်ကျလာတယ်။ ရေချိန်က ပြောင်းသွားပြီဖြစ်လို့ မိုနီကာက သူတို့ကို ဆက်မတိုက်တော့ဘဲ နံရံမှာကျောကပ်ပြီး တိုက်ပွဲကို ကြည့်နေတဲ့ ကျွန်တော့်ဆီကို အံ့မခန်းမြန်နှုန်းနဲ့ ရောက်လာပါလေရော...
“ကောင်လေး၊ နင်ငါ့ကို သဘောကျတယ်မဟုတ်လား။ နင့်အသက်ဓာတ်ကို ငါ့ကိုပေး။”
ခါတိုင်းလို နူးညံ့အေးစက်တဲ့အလှအပဂေးနဲ့မတူဘဲ မိုနီကာက ကျွန်တော့်မေးကို အတင်းဖမ်းဆုပ်ပြီး အတင်းနမ်းဖို့လုပ်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်ပါးစပ်ထဲကနေ အဖြူရောင်အခိုးအငွေ့တွေ ထွက်လာတာကိုပါ မျက်ဝါးထင်ထင် မြင်လိုက်ရပြီ။
ပြီးတော့ ကျွန်တော်ရုတ်ချည်းအားနည်းလာပြီး သတိလစ်လုမတတ်ဖြစ်လာတာပဲ။
“အဲဒီလိုဖြစ်ခွင့်ပေးမယ် ထင်နေလား။” ကံကောင်းတာက ပုဆိန်ကိုင်ထားတဲ့လူငယ်က အချိန်မီရောက်လာပြီး မိုနီကာကိုခုတ်ချလိုက်တာပဲ။ မိုနီကာလည်း မတတ်နိုင်တော့တဲ့အတွက် ကိုယ်ကိုလှိမ့်ရှောင်ပြီး ပြတင်းပေါက်တစ်ခုဆီကို ပျံပြေးသွားတယ်။
“ဒီတစ်ခါတော့ ရှင်နိုင်သွားပြီ။ ဒါပေမဲ့ ကျွန်မတို့တွေ နောက်ထပ်ထပ်တွေ့ကြဦးမှာပါ။ အမှောင်ထုရဲ့သားတော်။ လူသားတစ်ဝက်အနေနဲ့ ရှင်က တော်တော်သန်မာသားပဲ။”
မိုနီကာက ဒဏ်ရာကိုလက်နဲ့ဆုပ်ကိုင်ထားရင်းကနေ လူငယ်ကို မျက်စောင်းထိုးလိုက်တယ်။ အဲဒီအကြည့်မှာ အမုန်းတချို့ပါသလို ဆုံးဖြတ်ရခက်တဲ့ ရမ္မက်ဆန္ဒတချို့လည်း ပါနေတယ်။ နောက်တော့ သူက အကျယ်ကြီးအော်ရယ်ပြီး အတောင်ကိုအားကုန်ဖြန့် ထွက်ပြေးသွားတော့တာပဲ။
ကျွန်တော်ကိုယ်တိုင်ကတော့လား။ တစ်ကိုယ်လုံး နုံးချိနေပြီဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ သတိလစ်သွားတော့တယ်။
...
“မင်းနိုးလာပြီလား...”
ကျွန်တော် မျက်လုံးကိုဖွင့်လိုက်တော့ ရင်းနှီးနေတဲ့ ချက်ကျောင်းရဲ့ခေါင်မိုးရယ် အမှောင်မင်းသားဆိုတဲ့ လူငယ်ရဲ့မျက်နှာရယ်ကိုပဲ မြင်လိုက်ရတယ်။ မနက်နေရောင်က ပြတင်းပေါက်တွေကနေတစ်ဆင့် ခန်းမထဲကို ဖြာကျနေပြီ။ မိုနီကာကို တွေ့ရမလားဆိုပြီး လိုက်ရှာမိပေမဲ့ မတွေ့ရဘူး။
“သူဘာဖြစ်သွားပြီလဲ... ခင်ဗျားသူ့ကိုသတ်လိုက်ပြီလား... ကျုပ်ကိုပြောစမ်းပါ။” ကျွန်တော် သူ့ပခုံးကိုဆုပ်ကိုင်ပြီး စိုးရိမ်တကြီးမေးလိုက်မိတယ်။ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် စိုးရိမ်သင့်ပေမဲ့ပေါ့။
“ငါ့လူတွေ သူ့ကိုတစ်ညလုံး လိုက်ရှာခဲ့ပေမဲ့ မတွေ့ရဘူး။ ဘီဖရိုဆာက နှစ်ထောင်ချီသက်တမ်းရှိတဲ့ မိစ္ဆာတစ်ကောင်ပဲ။ သူ့မှာ ငါ့လက်ကနေ လွတ်နိုင်တဲ့ လှည့်ကွက်တွေအများကြီးရှိနိုင်တယ်။”
ကြည့်ရတာ ဒီလူလည်း အစွမ်းထက်ပေမဲ့ အကန့်အသတ်တချို့တော့ ရှိသေးပုံပဲ။ ပြီးတော့ အဲဒီအတွက် ကျွန်တော်ဝမ်းသာမိသလိုပဲ။ ညတိုင်းလိုလို အတူစကားပြောဖြစ်ခဲ့တဲ့မိန်းကလေး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အတွက်ပေါ့။
“သခင်... ကျွန်မတို့အသုံးမကျပါဘူး။” မကြာခင်မှာပဲ အိမ်စေဝတ်စုံနဲ့မိန်းမနဲ့အတူ သရဲစုံတွဲပြန်ရောက်လာတယ်။ သူတို့တစ်ကိုယ်လုံးကနေ မီးခိုးတွေထွက်နေပြီး နေလောင်ညှော်နံက တော်တော်ကို ပြင်းတာ။
“မြန်မြန် ငါ့အရိပ်ထဲပြန်ဝင်ကြတော့။” သရဲတွေက ခေါင်းညိတ်လိုက်ပြီးနောက် လူငယ်ရဲ့အရိပ်ထဲ ပြန်ဝင်ရောက် ပျောက်ကွယ်သွားတယ်။ နောက်တော့ သူက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
“မင်းရင်ဘတ်က ညို့ယူခြင်းကျိန်စာကို ဖျက်ပြီးတာတောင် မင်းက အဲဒီမိန်းကလေးကို သဘောကျနေတုန်းပဲ။ ဘီဖရိုဆာက ဆွေမျိုးအသုဘမှာ ကြေကွဲနေတဲ့ သတို့သမီးလောင်းလိုဟန်ဆောင်ပြီး ယောက်ျားတွေကို ထောင်ချောက်ဆင်ဖမ်းနေတာ ရာစုနှစ်နဲ့ချီနေပြီ။ ဒါတောင်မှ မင်းက သူ့ကိုတကယ်ချစ်နိုင်သေးတာလား။”
‘တကယ်ချစ်နိုင်သေးတာလား’ဆိုတဲ့စကားက ကျွန်တော့်အတွက် အလွန်အရေးပါတယ်။ ဒီလူငယ်က လောလောဆယ် ကျွန်တော့်ဘာသာကျွန်တော် မဖြေနိုင်တဲ့ မေးခွန်းတစ်ခုကို အတည်ပြုပေးသွားပြီးပြီ။ ကျွန်တော်ပြုံးလိုက်မိပါတယ်။
“ဆိုပါတော့ဗျာ... ဒီနှစ်တွေထဲမှာ ကျွန်တော့်ကို ရင်ခုန်စေမယ့် မိန်းကလေးမျိုးမတွေ့ဖူးသေးဘူး။ သူ့ဘာသာ မိစ္ဆာမကြီးမကလို့ ဘာဖြစ်ဖြစ် ဆက်ချစ်မိနေဦးမယ်ထင်တယ်။” ကျွန်တော် အတည်ပေါက်ပြောနေတာ။ လူငယ်ကတော့ ရယ်လိုက်ပြီး ကျွန်တော့်ပခုံးပေါ်ကို လက်တင်လိုက်တယ်။
“ကံကောင်းတာက ငါတို့အသိစောတာပဲ။ မင်းအသက်ဓာတ်က အများကြီးမထိခိုက်သွားဘူး။ သေချာကျန်းမာအောင်နေရင် ပြန်ကောင်းလာမှာပါ။ ဒါပေမဲ့ မင်းဦးလေးအတွက်တော့ စိတ်မကောင်းပါဘူး။”
ဒီနောက်တော့ သူက အင်္ကျီကို ဖုန်ခါလိုက်ပြီး ဘုရားကျောင်းထဲကနေ ထွက်ခွာဖို့လုပ်တယ်။
“နေပါဦး... ခင်ဗျားနာမည်က...”
“ငါ့နာမည်က နက်ဆန်။ အဲဒီအတိုင်းပဲ မှတ်ထားလိုက်။ ကောင်မလေးအကြောင်းတွေပဲ စဥ်းစားမနေနဲ့ဦး။ ပိတ်ရက်ပြီးရင် စာမေးပွဲဖြေရတော့မှာမဟုတ်လား။”
အဲဒီနောက်တော့ သူက လက်ပြပြီး တကယ်ထွက်ခွာသွားတယ်။ ကျွန်တော်ကတော့လား၊ အိမ်ကို ဒယိမ်းဒယိုင်နဲ့ပြန်လာဖြစ်ခဲ့တယ်။ အိမ်အပြန်မှာ တဖြည်းဖြည်းနဲ့မိုနီကာရဲ့မျက်နှာကို မေ့လျော့လာမိတယ်။ သူက ကျွန်တော့်အတွက် တကယ်မတည်ရှိခဲ့သလိုမျိုးပဲ။ ဖြတ်ကျော်ခဲ့တဲ့ နေ့ရက်တိုင်းက အိပ်မက်လိုခံစားရတယ်။
“စကူးဘတ်တဲ့လား.... စာအုပ်တွေထဲတော့ အိပ်မက်ထဲမှာ ပေါ်လာတဲ့ မကောင်းဆိုးဝါးတွေလို့ ပြောကြတာပဲ။ ဒီတော့ ငါ့အတွက်ဒီဖြစ်ခဲ့သမျှ ကိစ္စတိုင်းက အိပ်မက်တွေအဖြစ်နဲ့ နောက်ဆုံးမှာ ပျောက်ကွယ်သွားမှာလား။”
တခြားသူတွေဘာလို့ မိုနီကာကို မသိကြသလဲဆိုတာ ကျွန်တော်သတိထားမိလာပြီ။ သူတို့အတွက် သူ(မ)ရဲ့ တည်ရှိမှုက အိပ်မက်နဲ့တကယ့်လက်တွေ့ဘဝကြားမှာ ရှိနေတဲ့အရာဖြစ်လို့။ အခုလည်း ကျွန်တော့်အတွက် အတူတူပါပဲ။ သူနဲ့ဝေးကွာပြီး မကြာခင်မှာတင် ကျွန်တော့်မှတ်ဉာဏ်တွေ ဝေဝါးလာခဲ့ပြီလေ။
အိပ်ကိုပြန်ရောက်ချိန်မှာတော့ သူ(မ)ရဲ့အသံနဲ့ ညင်သာနူးညံ့တဲ့အထိအတွေ့တွေကို မေ့လျော့စ ပြုလာပြီ။ ချစ်မိလို့ ဘာကောင်းကျိုးမှရှိမှာမဟုတ်တဲ့ မိန်းမတစ်ယောက်ကို မေ့သွားတာ အကောင်းဆုံးဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ အနည်းဆုံးတော့ သူ့ကိုမေ့မသွားစေချင်ဘူး။
နောက်ဆုံးတော့ ကျွန်တော်ဆုံးဖြတ်လိုက်တဲ့အရာက မှတ်မိသမျှကို ကျွန်တော့်ရဲ့မှတ်စုစာအုပ်ထဲ ဝတ္ထုအဖြစ် ချရေးဖို့ပါပဲ။ ပထမဆုံးအနေနဲ့ ခေါင်းစဥ်တပ်လိုက်မိတာကတော့ ‘အနက်ရောင်မုဆိုးမ’ တဲ့။