ဟီရာကလိ
Vol. 3 Ch. 168
ညဦးပိုင်းရောက်လာတဲ့အချိန်ကျတော့ နက်ဆန်က ပါစီဗယ်ကို ထွက်လာခိုင်းပြီးတော့ သူ့မြူတွေနဲ့ ဆီးနိတ်အဆောက်အအုံ အနီးအနားတစ်ဝိုက်ကို လုံခြုံရေးယူခိုင်းလိုက်ပါတယ်။ နက်ဆန် ကိုယ်တိုင်ကတော့ အနက်ရောင်ကျောက်သားပလ္လင်ပေါ်မှာ ထိုင်နေပြီးတော့ သူ့ရဲ့အစေခံတွေဖြစ်တဲ့ နာတာရှာ၊ မော်လီနဲ့ အိုလီရာနာတို့က ခန်းမရဲ့ဘေးတစ်ဖက်တစ်ချပ်စီမှာ ရပ်နေကြတယ်။ ပါစီဗယ်ကိုယ်တိုင်ကတော့ ပလ္လင်ရှိတဲ့ နေရာနဲ့ဘေးဘက်တည့်တည့်မှာ ရပ်နေတယ်။ နက်ဆန်ပြောတာတော့ သူတို့က တန်းတူစာချုပ်ချုပ်ထားတာမလို့ အဲဒီလိုရပ်ခွင့်ရှိတယ်တယ်။
တကယ်တော့... ရှက်စရာကောင်းပေမဲ့.... ပြောရရင်လေ။ ကျွန်မကိုယ်တိုင်လည်း နက်ဆန့်ဘေးမှာရှိနေခဲ့တာပါ။ ပြီးတော့ ကျွန်မလက်ထဲမှာ ရွှေလဝန်းမျက်နှာဖုံးကို ကိုင်ထားရတယ်။ နက်ဆန်က ကျွန်မကိုပြောလိုက်သေးတယ်။
“အချိန်ကျလာရင် အဲဒီမျက်နှာဖုံးကို ငါ့မျက်နှာမှာတပ်ပေးဖို့ မမေ့နဲ့နော်။”
ကျွန်မကတော့ ဒူးတွေပါတုန်နေပြီး ပြန်မေးလိုက်ပါတယ်။ “ဒါကြီးက မင်းမြှောက်တန်ဆာမဟုတ်ဘူးလား။ အခမ်းအနားအတွက် နန်းမြှောက်ဖို့အတွက်ဆိုရင် မော်လီတို့ နာတာရှာတို့လိုမျိုး တခြားတစ်ယောက်ယောက်က လုပ်သင့်တာမဟုတ်ဘူးလား။ ပြီးတော့ ကျွန်မက အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်တောင်မဟုတ်ဘူးလေ။”
ကျွန်မက ငြင်းဖို့ကြိုးစားပေမဲ့ မော်လီက ရှေ့ထွက်လာပြီးတော့ ကျွန်မကိုလှမ်းသတိပေးတယ်။ “သခင်ပေးတဲ့လစာကို နင်ယူနေကတည်းက နင်က သခင့်လက်အောက်ခံဖြစ်နေပြီလို့ ပြောလို့ရတယ်။ အခုလည်းသခင်က နင့်ကိုဆီနိတ်တာအဖြစ် ရွေးချယ်ဖို့ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ငြိမ်ငြိမ်လေးနေပြီ သခင်ပြောတဲ့အတိုင်း လုပ်လိုက်တော့။”
“....” ဘာပြောရမှန်းကို မသိတော့ဘူး။
အစတုန်းက နက်ဆန်က ဆီနိတ်တာရာထူးကို ပါစီဗယ်ကိုပေးဖို့ ကြိုတင်စီစဥ်ထားခဲ့ပေမဲ့ ငရှုပ်ကောင်က တစ်ချိန်လုံး စျေးကိုင်နေခဲ့ပြီးတော့ လက်မခံခဲ့ဘူးလေ။ ဒီလိုနဲ့ပြဿနာက ကျွန်မခေါင်းပေါ်ကိုရောက်လာတော့တာ။
ကျွန်မလည်း နှုတ်ခမ်းကိုဆူထားပြီး တစ်ဖက်ခြမ်းမှာရပ်နေတဲ့ ပါစီဗယ်ကိုကြည့်လိုက်ပါတယ်။ သူက စစ်ဗိုလ်ဝတ်စုံကို သေချာစနစ်တကျ ဝတ်ဆင်ထားပြီးတော့ လက်စွဲတော် ဆေဘာကိုလည်း ခါးမှာချိတ်ထားသေးတယ်။ သူက ကျွန်မသူ့ကို ကြည့်နေတာကို သတိထားမိတော့ အလွန်ကြည့်လို့ကောင်းတဲ့ ပုံစံမျိုးနဲ့ ပြန်ပြုံးပြတယ်။ တော်ရုံမိန်းကလေးတွေသာဆိုရင် ဒီအကျိုးနည်းတစ္ဆေကောင်ကို ပစ်ကြွေသွားမှာဆိုပေမဲ့ ကျွန်မကတော့ ဖိနပ်နဲ့ကောက်ပေါက်ချင်နေပါပြီ။
“မာစတာ မက်ဆီမက်နဲ့ မာစတာ ဩတေဗီယန်တို့ ရောက်ရှိလာပါပြီ။” ရုတ်တရက် ခန်းမအဝင်ဝမှာရပ်နေတဲ့ ပါစီဗယ်ရဲ့စစ်သားတစ်ယောက်က ရောက်ရှိလာတဲ့သူတွေရဲ့ နာမည်ကိုကြေညာလိုက်တဲ့အတွက် ကျွန်မတို့ စကားစပြတ်သွားတယ်။ နက်ဆန်လည်း ထိုင်ခုံကနေထလိုက်ပြီး အဖိုးအိုနှစ်ယောက်ကို သွားနှုတ်ဆက်ပါတယ်။
မကြာခင်မှာပဲ မာစတာမိုက်ကယ်နဲ့အဖွဲ့လည်းပဲ ရောက်ရှိလာခဲ့တယ်။ အစောင့်စစ်သားက ဝင်လာသမျှ လူတွေအားလုံးရဲ့နာမည်တွေကို အားလုံးကြားစေဖို့အတွက် အော်ပြောနေခဲ့ပြီး ခန်းမထဲကိုဝေ့ပတ်ကြည့်တော့ ဆဲလ်ဆာကောင်စီရဲ့ရင်းနှီးနေတဲ့ အဖွဲ့ဝင်တွေရဲ့မျက်နှာကို ကျွန်မမြင်ရပါတယ်။ ပြီးတော့ အခုတစ်ခါမှာတော့ ကျွန်မသိတဲ့ လူတွေလည်းပါပြီး လူဦးရေကပိုများပါတယ်။
“ဟုတ်သားပဲ၊ ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးက အမှောင်ကျောင်း အဖွဲ့ဝင်တွေ လာကြတာမဟုတ်လား။”
ကျွန်မပြုံးလိုက်မိတယ်။ ဒီတစ်ခါတော့ ဆဲလ်ဆာအဖွဲ့ဝင်တွေရဲ့ မျက်နှာတွေပေါ်မှာ အပြုံးတွေကိုမြင်နိုင်ပြီး အရင်ကလိုမျိုး နက်ဆန်အပေါ်အေးစက်မနေတော့ပါဘူး။
“သခင်က အရင်အဲလ်ဒါသခင်ကြီးအတွက် လက်စားချေဖို့ ရိုမြူလက်ချက်ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို မီလန်မြို့တိုက်ပွဲမှာလည်း ရိုမြူလက်သူတော်စင်တွေကို ပြန်တိုက်ထုတ်နိုင်ခဲ့ပြီး နတ်ဘုရားတစ်ပါးကိုလည်း ပြန်ပို့နိုင်ခဲ့တယ်လေ။ ဒါပေါ့၊ နင်နတ်ဘုရားဆိုတဲ့အချက်ကို ဖုံးကွယ်ထားဖို့အတွက် ဒီသတင်းတွေကို စူပါရီယာဂျင်နရယ်နဲ့ သခင်ကဖန်တီးခဲ့တာ။ ဒါပေမဲ့ အဲဒါက သူ့ပုံရိပ်ကို အများကြီးတက်လာစေတယ်။”
မော်လီက ခါတိုင်းလိုပဲ ကျွန်မကိုစိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်တယ်။ အဖွဲ့အစည်းက နက်ဆန်ကို ပြောင်းပြီးထောက်ခံလာပြီလို့ ယူဆလို့ရပြီပေါ့။ ဟီရာကလိကို တွေးမိတော့ လူတိုင်းအတွက်မဟုတ်ပုံပဲလို့ ယူဆလိုက်ပါတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်နေတုန်း ကျွန်မလည်း ခန်းမထဲမှာ လူတစ်ယောက်လျှော့နေတာကို သတိထားမိလိုက်ပြီး ပါစီဗယ်ကိုမေးလိုက်မိတယ်။
“ပါစီဗယ်၊ နင်မိုနီကာကို မြင်မိသေးလား။”
ပါစီဗယ်ကတော့ လူချောတို့ထုံးစံအတိုင်း ရင်ဘတ်ပေါ်လက်တင် ကျွန်မကို မင်းသမီးလေးကို ဦးညွှတ်ပြသလိုဦးညွှတ်လိုက်ပြီး “ကိုယ့်ရဲ့နတ်ဘုရားမလေးက အခုလိုမျိုးစကားစလာလို့ ပျော်မိပေမဲ့ အဲဒီစကူးဘတ်အရူးမ ဘယ်ရောက်နေလဲဆိုတာ သတိမထားခဲ့ဘူး။ ဟောဒီက ကျွန်တော်မျိုးမျက်လုံးတွေက နတ်သမီးလေးဆီမှာမလို့လေ။”
ရွံ့စရာကောင်းလိုက်တာ....
ကျွန်မအလိုလို မဲ့လိုက်မိတယ်။ ဒီကောင်က ဒုတိယကမ္ဘာစစ်က ဘိုးတော်မှန်းသိပေမဲ့ သူ့စကားတွေက အောက်ဒိတ်ဖြစ်လွန်းလို့ ကျွန်မသူ့မျက်နှာကို ရိုက်မိလုနီးနီးပဲ။ ဒါပေမဲ့ စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချထားလိုက်ရင်း သူ့ကိုကျွန်မ ပြောလိုက်တယ်။
“ဒါဆိုရင် ကျွန်မ မိုနီကာကို လိုက်ရှာလိုက်ဦးမယ်။ ပွဲကလည်း ခဏနေမှစမှာမဟုတ်လား။”
“ကိုယ်နောက်ကလိုက်ပေးရမလား။” ပါစီဗယ်က ကျွန်မတစ်ယောက်တည်း မိုနီကာကိုသွားရှာမှာကို သဘောမတူဘူး။ ဒါပေမဲ့ကျွန်မအနားမှာ ဒီအဖျက်ကောင် ရှိနေရင် ပိုပြီးကျောချမ်းစရာကောင်းတယ်လို့ ခံစားရတဲ့အတွက် ငြင်းလိုက်တယ်။
“ရပါတယ်၊ ရှင်က ဒီညပွဲအတွက် လုံခြုံရေးတာဝန်ယူထားတာမလို့ အလုပ်ရှုပ်နေမှာပဲလေ။”
ကျွန်မသူ့ကို လက်ကာပြပြီးတော့ စင်မြင့်ပေါ်ကနေ ဆင်းလိုက်တယ်။
“မိုနီကာ အဝေးကြီးတော့ သွားလောက်မယ်မထင်ဘူး။” ကျွန်မတွေးလိုက်ပြီး သူဘယ်နေရာမှာရှိနေလောက်မလဲ ဆိုပြီးတော့ တွေးလိုက်မိတယ်။ နောက်တော့ သူ့ကိုယ်သင်းနံ ခပ်ဖျော့ဖျော့ကို အာရုံခံမိတာနဲ့ ဆီးနိတ်အဆောက်အဦး အနောက်ဘက်ပေါက်ကနေထွက်ပြီး ချောင်ကျတဲ့ ရှေးအပျက်အစီးတွေရှိတဲ့ နေရာတစ်ခုဆီကို ကျွန်မသွားဖြစ်ခဲ့တယ်။
ပြိုကျနေတဲ့နံရံတစ်ခုနောက်မှာကွယ်ပြီး သဘာဝမကျစွာ မီးတောက်တွေအများကြီးထွက်ပေါ်နေတဲ့ အနက်ရောင်ဖယောင်းတိုင်ကိုကိုင်ထားတဲ့ အနက်ရောင် ဆံပင်ပိုင်ရှင် မိန်းကလေးကို မြင်ရချိန်မှာတော့ ကျွန်မပြုံးလိုက်မိတယ်။
“နင်ကဒီမှာလား...” ဖယောင်းလိုဖြူဖျော့နေတဲ့ အသားအရေကို မြင်တာနဲ့ မိုနီကာရဲ့လူပုံစံမှန်း ကျွန်မသတိထားမိလိုက်ပြီး ခြေသံလုံလုံနဲ့အနားကပ်သွားခဲ့တယ်။ အနားကိုရောက်လာတော့ မိုနီကာက မီးတောက်ကိုကြည့်ပြီး စကားပြောနေတာကို သတိထားမိတဲ့အတွက် သူ့ကိုလှမ်းမခေါ်တော့ဘဲ ချောင်းနားထောင်ဖို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်မတောင်းဆိုတာကို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးဘဲလ်တာ။”
အဲဒီနာမည်ကိုကြားလိုက်တော့ ကျွန်မကျက်သီးထသွားတယ်။ အဲဒါအဲလ်ဘတ်ကိုကူညီဖို့ မိုနီကာစာချုပ်ချုပ်ခဲ့တဲ့ နတ်ဆိုးမဟုတ်လား။ သေချာကြည့်မှ မီးတောက်ကခြေထောက်တွေအများကြီးပါတဲ့ ခြင်္သေ့ခေါင်းပုံ ဖြစ်နေတာကို မြင်ရတယ်။
“ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်အတွက်က မင်းသမီးက ဒီလောက်ရူးမိုက်တဲ့ စာချုပ်မျိုးကို ကျုပ်ဆီက တောင်းဆိုလိမ့်မယ် ထင်မထားဘူး။”
ဘဲလ်တာရဲ့မီးတောက်က တုန်လှုပ်နေပြီး အသံထွက်မလာပေမဲ့ သူဘာပြောလဲဆိုတာ အလိုလိုကျွန်မနားလည်နေပါတယ်။
“ဒါပေမဲ့... အသင်က သခင်မရဲ့သွေးသားရင်းဖြစ်တယ်ဆိုရင်တောင် လင်ဘိုဘုံရဲ့ဥပဒေတွေကို ချိုးဖောက်လို့မရနိုင်ဘူး။ သေတွင်းခံတွင်းဝကိုရောက်နေတဲ့ မကောင်းဆိုးဝါးကို ကယ်တင်တာက အဖိုးမတန်တဲ့ဝိညာဥ်တချို့ဆီကစွမ်းအားကို ရရုံနဲ့မလုံလောက်ဘူး။ သင့်ဆီကနေ တန်ဖိုးကြီးတဲ့ တစ်စုံတစ်ရာကို ကျုပ်ယူရလိမ့်မယ်။”
ကျွန်မ မျက်စိရှေ့မှာပဲ မီးတောက်က ပိုပြီးလာပြီး မိုနီကာရဲ့ ဆံပင်တွေကိုလှုပ်ခါသွားတဲ့အထိ လေပြင်းတွေထွက်ပေါ်လာတယ်။ မိုနီကာရဲ့ဆံပင်တွေက ခရမ်းရောင်နုနုအဖြစ်ပြောင်းသွားပြီး ချိုနဲ့တောင်ပံတွေလည်း ပေါ်လာပါတယ်။ မီးတောက်ကိုကြည့်ရတာ မိုနီကာဆီကနေ တန်ဖိုးရှိတာတစ်ခုခုရှာနေသလိုပဲ။
“စိတ်ပျက်စရာပဲ... သိပ်ကိုစိတ်ပျက်ဖို့ကောင်းတယ်... မင်းမှာ သက်တမ်းတစ်နှစ်ပဲကျန်တော့တာလား။ အဲဒီကလေးမက မင်းရဲ့ဒဏ်ရာတွေကို အပေါ်ယံပဲကုပေးနိုင်တာ။ မင်းဆီမှာ ကျုပ်လိုချင်တာတစ်ခုမှမရှိသလောက်ပဲ။ ဒါပေမဲ့၊ ဒီတစ်ခုကတော့ အသုံးတည့်လိမ့်မယ်။”
မီးတောက်တွေက လက်ကြီးတစ်ဖက်အဖြစ်ကို ပြောင်းသွားပြီး မိုနီကာရဲ့ကျောနောက်မှာထွက်နေတဲ့ လင်းနို့အတောင်ပံတွေကို ဆုပ်ကိုင်လိုက်တယ်။ မီးအပူချိန်ကြောင့် မိုနီကာငယ်သံပါအောင် တစ်ချက်အော်ဟစ်လိုက်ရပြီးနောက်မှာတော့ သူ့ဆီမှာ အတောင်တွေမရှိတော့ဘူး။
မီးတောက်ကလည်း ပြန်သေးငယ်နေပြီဖြစ်ပြီး မကြာခင် ငြိမ်းသွားတော့မလိုပဲ....
“နောက်ထပ်အပေးအယူ ထပ်မလုပ်ရတော့ဖို့ မျှော်လင့်ပါတယ် စကူးဘတ်မင်းသမီး။ ဘယ်လိုပဲဖြစ်ဖြစ် အသင်ကတန်ကြေးကို တတ်နိုင်မှာမှမဟုတ်တာ။”
“......” သူ့ကိစ္စက ပြီးလုနီးပြီဖြစ်တာကြောင့် ကျွန်မကိုမိမသွား စေချင်တာနဲ့ နေရာကနေထွက်သွားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မလည်ပင်းပေါ်မှာ အေးစက်ပြီးစူးရှတဲ့အရာတစ်ခုကို ခံစားလိုက်ရချိန်မှာတော့ နောက်ကျနေခဲ့ပြီမှန်း ကျွန်မသတိထားမိခဲ့တော့တာ။
“ခိုးနားထောင်ပြီးတော့မှ ဘာမှမပြောဘဲ ထွက်သွားလို့ရမယ်လို့ ထင်နေတာလား။” မိုနီကာရဲ့လေသံတိုးတိုးက ကျွန်မရဲ့ဘယ်ဘက် နားကနေ အေးစက်စွာဝင်လာတယ်။ သူ့ကိုယ်သင်းနံကို ကျွန်မသေချာရနေပြီး နွေးထွေးတဲ့ခန္ဓာကိုယ်အထိအတွေ့က ကျွန်မကို စိတ်သက်သာရာရစေမယ့်အစား ရေအေးအေးနဲ့ အပက်ခံရသလိုမျိုး ခံစားရစေပါတယ်။
“မိုနီကာ... နင်တစ်ယောက်တည်း ဒီကိစ္စတွေကို ဘယ်အချိန်ထိ လျှို့ဝှက်ထားမလို့လဲ။”
ကျွန်မသူ့ကိုမေးလိုက်ပေမဲ့ သူက လက်ကိုပိုအားစိုက်တဲ့အတွက် အရေပြားတချို့ပြဲသွားပြီး သွေးစအနည်းငယ် ကျွန်မလည်ပင်းက ကျဆင်းလာတယ်။
“နင်အကုန်လုံး ကြားသွားပြီဆိုတော့ နင့်ကိုသတ်လိုက်တာ အကောင်းဆုံးပဲ။”
“မိုနီကာ၊ ငါ့ကိုသတ်လိုက်လည်း အလကားပဲလေ။ ငါက ပြန်ရှင်လာမှာပဲမဟုတ်လား။”
ကျွန်မကိုယ်ထဲမှာ ရှေးကျလှတဲ့ နတ်ဘုရားမအိနာနာရဲ့စွမ်းအား ရှိနေတာကို ကျွန်မသိနေပြီးသား။ ကျွန်မကိုသတ်လိုက်ရင်လည်း အရင်တစ်ကြိမ်လိုပဲ အိနာနာကို နိုးထလာစေတာအပြင် မိုနီကာအဖို့ ဘာအကျိုးအမြတ်မှမရှိပါဘူး။
“အဲဒီအစား ငါတို့တွေ နည်းလမ်းတစ်ခုခုရှာရအောင်လေ။ နင့်အခြေအနေကို ဖြေရှင်းနိုင်တဲ့အရာတစ်ခုခု ရှိမှာပါ။”
ရုတ်တရက် မိုနီကာဆီကနေ ငိုသံသဲ့သဲ့ထွက်လာတာကို ကျွန်မသတိထားလိုက်မိလို့ လှည့်ကြည့်ဖို့ကြိုးစားပေမဲ့ မိုနီကာက အော်ဟစ်တားဆီးလိုက်တယ်။
“ငါ့ကိုလှည့်မကြည့်နဲ့....”
ပြတ်သားလွန်းတဲ့သူ့ရဲ့လေသံကြောင့် ကျွန်မနေရာမှာပဲ တောင့်တောင့်ကြီးရပ်နေခဲ့မိတယ်။ မိုနီကာက ကလေးတစ်ယောက်လို ငိုကြွေးနေခဲ့ပြီးတော့ သူ့မျက်နှာကို ကျွန်မမြင်ရပေမဲ့ သူ့မျက်ရည်ပူတွေက ကျွန်မပခုံးပေါ်ကို ဆက်တိုက်ကျဆင်းလို့ရယ်။
“ ငါ့ရန်သူက ငါ့ကိုသနားတာမျိုး မလိုချင်ဘူး။”
ဒီမိန်းကလေးက....
အခုအချိန်ထိ...
ကျွန်မကို...
ပြိုင်ဘက်တစ်ယောက်လို သဘောထားနေတုန်းပဲ။
“ငါ့မှာ တောင်းဆိုစရာတစ်ခုရှိတယ်။ နင်လက်ခံမယ်ဆိုရင် ငါနင့်ကို ဆက်ပြီးမကောင်းကြံတာမျိုး မလုပ်တော့ဘူး။”
“ကောင်းပြီလေ....” ကျွန်မ သူ့ကတိကိုမယုံပေမဲ့ သူ့ကို အခွင့်အရေးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“သူ့ကို ဒီအကြောင်းတွေမပြောပြပါနဲ့။ နောက်ဆုံးအချိန်အထိ ငါသူ့အနားမှာ အပူအပင်ကင်းကင်းနဲ့ နေချင်လို့ပါ။”
...
မိုနီကာရဲ့အခြေအနေ တည်ငြိမ်လာပြီးနောက်မှာတော့ ကျွန်မတို့ ခန်းမထဲကို ပြန်လာဖြစ်ကြတယ်။ ဆဲလ်ဆာအဖွဲ့ဝင်တွေက ဆီနိတ်တာလောင်းလျာတွေကို မဲပေးနေကြပါပြီ။ ကျွန်မလည်း မိုနီကာကိုခေါင်းညိတ်ပြပြီး နက်ဆန်ဘေးမှာအတူတူဝင် ရပ်လိုက်တယ်။
“ပါရီမြို့တော်ဒေသအတွက် အမှောင်ကျောင်းတော် ဆီနိတ်တာအဖြစ် မော်လီကို ထောက်ခံသူတွေ လက်ထောင်ပါ။”
အခမ်းအနားမှူးအဖြစ်တာဝန်ယူထားတဲ့ ပက်တီးစစ်သားက ကြေညာလိုက်တယ်။ အခန်းထဲကလူတွေအများကြီး လက်ထောင်ကြပြီး တချို့တလေပဲမထောင်ကြတာပါ။
“ထောက်ခံမဲ ၅၆၂မဲ၊ ကန့်ကွက်မဲ ၃၈မဲ”
ဆဲလ်ဆာကောင်စီထဲမှာ နက်ဆန်ရဲ့ဆီနိတ်တာအသစ်တွေကို ဆန့်ကျင်သူတချို့ရှိပေမဲ့ အများကြီးတော့မဟုတ်ခဲ့ပါဘူး။
“ဖွန်တီနာ မဟာကျောင်းတော်ဒေသအတွက် အိုလီရာနာ”
“ထောက်ခံမဲ ၅၅၇၊၊ကန့်ကွက်မဲ ၄၃”
“ရောမမြို့ဆီနိတ်တာနေရာအတွက် မက်ဆီမက်”
“ဘာလင်အတွက် ဩတေဗီယန်”
“ဘိုဟီးမီးယားဒေသ ပရက်ဂ်မြို့အတွက် မိုက်ကယ်”
“ ရုရှား၊ စိန့်ပီတာဇဘတ်အတွက် ဆယ်ဗီ။”
ကျွန်မနာမည်အခေါ်ခံရတဲ့အလှည့်ရောက်တော့ ကျောချမ်းသွားတယ်။ ထောက်ခံမဲ ၄၅၉နဲ့ ကန့််ကွက်မဲ ၁၅၁ မဲရခဲ့တာမလို့ ဆီနိတ်တာအသစ်တွေထဲမှာ ကျွန်မက မဲရအနည်းဆုံးပဲ။
“ဒါနဲ့နေပါဦး၊ စိန့်ပီတာဇဘက်မှာ ဆီနိတ်တာဟီရာကလိရှိပြီးသားမလား။” ကျွန်မက နဂိုကတည်းက သိထားရမယ့်အရာကိုမေးလိုက်တော့ နက်ဆန်ကပြုံးတယ်။
“အဲဒီကောင်က ဆဲလ်ဆာဘုတ်ကဆင့်ခေါ်တာကိုမလာမှတော့ အလိုလိုထုတ်ပယ်ခံလိုက်ရပြီးပြီ။” မော်လီက နက်ဆန်အစား ပြန်ဖြေပေးတယ်။
“နောက်ဆုံးတော့ အချိန်ကျလာပြီ။” နက်ဆန်က ခေါင်းခါလိုက်ပြီး ထရပ်လိုက်တယ်။ ဒီတစ်ခါတော့ ပက်တီးပတ်စစ်သားအစား ပါစီဗယ်က ပြောလိုက်တယ်။
“အခုတစ်ခါတော့ အမှောင်ကျောင်းတော်ရဲ့၁၂၆ဆက်မြောက် အယ်ဒါအဖြစ် အမှောင်ထု၏သားတော်၊ နတ်ဆိုးဝင်စားသူ နက်ဆန် လောဟန့်ကို တင်မြှောက်ဖို့ ဆီနိတ်တာအဖွဲ့က လျာထားပါတယ်။ ကျေးဇူးပြုပြီးမဲပေးကြပါ။”
“ကျုပ် ဗီတိုအာဏာသုံးပြီး ကန့်ကွက်တယ်။”
ဘုန်း....
ကျယ်လောင်တဲ့အော်သံနဲ့အတူ ခန်းမကြီးရဲ့ကြေးသားတံခါးတွေ ပွင့်သွားပြီး သားမွှေးအင်္ကျီကြီးဝတ်ကာ စစ်သုံးပုဆိန်ကြီးနှစ်လက် လက်ထဲမှာကိုင်ထားတဲ့ လူကောင်ကြီးကြီး သက်လတ်ပိုင်း အမျိုးသားက ခန်းမထဲကိုဝင်လာခဲ့ပါပြီ။
“ဆီနိတ်တာ... ဟိရာကလိ...” ဆဲလ်ဆာ အဖွဲ့ဝင်တွေ တီးတိုးပြောနေတာကို ကျွန်မကြားနေရတယ်။ ဒီတော့ သူက နက်ဆန့်ကိုမနာခံတဲ့ ဆီနိတ်တာလား။
အဲဒီလူကြီးက နက်ဆန့်ကို ပုဆိန်ကြီးတစ်လက်နဲ့ညွန်ပြရင်းပြောတယ်။ တကယ့်ကိုကြောက်စရာမြင်ကွင်းပဲ။
“မင်းသားနက်ဆန်က ဆဲလ်ဆာအဖွဲ့ကိုဖိအားပေးပြီး ဆီနိတ်တာတွေကို တရားမဝင်ခန့်အပ်တယ်။ အယ်ဒါမဟုတ်တဲ့ သူ့မှာဒီအခွင့်အရေးမရှိလို့ သူခန့်အပ်တဲ့ ဆီနိတ်တာတွေက တရားမဝင်ဘူး။ ယခင်အဲလ်ဒါခန့်အပ်ခဲ့တဲ့ ကျုပ်သာလျင် ဆီနိတ်တာအစစ်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းယဥ်စွန်းတန်း ညီလာခံဟာ တရားမဝင်ဘူးလို့ ကြေညာတယ်။
တခြားဆီနိတ်တာတွေလည်း သေကုန်ပြီဆိုတော့ ဒီနေရာမှာပဲ အရေးပေါ်အခြေအနေကြေညာပြီး ကျုပ်ကိုဒီတေဒါအဖြစ် ခတ္တခန့်အပ်ပေးဖို့ ဆဲလ်ဆာအဖွဲ့ကို တောင်းဆိုပါရစေ။”
https://mmxianxia.com/wp-content/uploads/2025/10/1000134181.webp