← Chapters

အခန်း (၁၆၁-၁၆၄)

Vol. 9 Ch. 161-164

အခန်း (၁၆၁-၁၆၄)

Vol. 9 Ch. 161-164

ပြီးခဲ့သည့်ဇာတ်လမ်းအကျဉ်း

---------------------------

လော်ယွမ်က ပင်လယ်ကူးတံတားအောက်ကနေ ဆင်းသွားရတဲ့ တောအုပ်ထဲမှာ စခန်းချထားတဲ့ ရွာငယ်လေးကနေ ကျိုးယလီကိုခေါ်ပြီး ဖွတ်ကြီးကိုစီးကာ တံတားအောက်က ရေခမ်းနေတဲ့ ရွံနွံပြင်ကြီးအတိုင်း ခရီးဆက်ခဲ့ကြပါတယ်။ တံတားအောက်က ရေခမ်းပြီး ရွံနွံပြင်ကြီးဖြစ်နေပေမယ့် တစ်ချို့နေရာတွေမှာ ရေအိုင်တွေရှိနေလို့ သူတို့ကွေ့ပတ်သွားရပါတယ်။ နောက်ဆုံးတံတားတစ်ဘက်ကမ်းကို မြင်နေရတဲ့အချိန်မှာ အဆုံးအစမရှိရှည်လျားတဲ့ ရေအိုင်ကြီးကဆီးခံနေပါတယ်။ ရေအိုင်ကြီးရဲ့အစကိုမမြင်ရတော့ ရှောင်ကွင်းသွားဖို့မဖြစ်နိုင်တဲ့အတွက် အရဲစွန့်ပြီး ဖွတ်ကြီးကိုရေအိုင်ထဲဆင်းခိုင်းလိုက်ရပါတယ်။ ရေအိုင်အလယ်ရောက်တော့ ဖွတ်ကြီးကခြေချော်ပြီး ယိုင်သွားပါတယ်။ အဲ့မှာချောင်လင်းရေထဲပြုတ်ကျပြီး ပြန်ဆွဲတင်တော့ သူမရဲ့ကိုယ်ထဲမှာ ကပ်ပါးကောင်တွေအပြည့်ဖြစ်နေပါပြီ။ လော်ယွမ်ပါ မတတ်နိုင်တော့တဲ့အချိန်မှာ နောက်ဆုံး စိတ်စွမ်းအားနဲ့ စမ်းကြည့်ဖို့သတိရပြီး လုပ်ကြည့်လိုက်တာ ကပ်ပါးကောင်တွေအကုန်သေပြီး ချောင်လင်း အသက်ပြန်ရှင်သွားပါတယ်။ ဝမ်ရှီရှီကလည်း ရေထဲပြုတ်ကျတော့ ကြောက်လန့်တကြားနဲ့ စိတ်စွမ်းအင်သုံးလိုက်တာ လေထဲကိုပျံတက်သွားပါတယ်။ အဲ့လိုနဲ့သူတို့ တစ်ဘက်ကမ်းကိုရောက်တော့ ခံတပ်စခန်းမှာ ခဏနားကြပါတယ်။ အဲ့ဒီမှာ ကမ်းစပ်မှာဥလာဥတဲ့ အစိမ်းရောင်အဆင့် လိပ်ဘီလူးကြီးနဲ့ကြုံလိုက်ရပါတယ်။

သူကလိပ်ဘီလူးကြီးရဲ့ဥကို တူးယူပြီး ခွဲလိုက်ကာ ဥအရည်များကို သိမ်းဆည်းပြီး အနှစ်တွေကို အစာတောင့်တွေအဖြစ် လုပ်လိုက်ပါတယ်။ ဥအရည်အနည်းငယ်ကို အဖွဲ့သားတွေဆီ ခွဲဝေပေးလိုက်တာ ချန်ရှင်းဖုံက ကံကောင်းပြီး ဆင့်ကဲပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ကံဆိုးတော့ မအောင်မြင်ပဲ ဆင့်ကဲပြောင်းလဲတာ ကျဆုံးပြီး လူတစ်ပိုင်း ဘီလူးတစ်ပိုင်းလိုဖြစ်သွားပါတယ်။ လူစိတ်ပျောက်လိုက် ပေါ်လိုက်ဖြစ်နေတဲ့ ချန်ရှင်းဖုံကို နောက်ကနေ ခပ်ခွာခွာလိုက်ခိုင်းပြီး သူတို့အဖွဲ့ ကျားဖိန်မြို့မှာ ရိက္ခာဖြည့်တင်းဖို့ လာခဲ့ကြပါတယ်။ မြို့ထဲကိုရောက်တော့ အလွန်တိတ်ဆိတ်နေပြီး သန္ဓေပြောင်းသတ္တဝါကြီးကြီးမားမား တစ်ကောင်မှမရှိတာကို တွေ့လိုက်ပါတယ်။

သူတို့ထူးဆန်းတယ်လို့ခံစားရပြီး ဆက်သွားရင်း ကယ်ပါ ဆိုတဲ့မိန်းမတယောက်အသံကိုကြားလိုက်ရတယ် အဲ့မှာကယ်ဖို့သွားတော့ လမ်းမအလယ်ခေါင်မှာ ဆံပင်ဖားလျားချပြီး မျက်နှာမမြင်ရတဲ့ ကိုယ်တုံးလုံးနဲ့ မိန်းမတစ်ယောက်က ပါးစပ်ကနေ ကယ်ပါလို့အော်နေတာကိုတွေ့လိုက်ပါတယ်။ ခဏကြာတော့ ပုံမှန်မဟုတ်သိပြီး လော်ယွမ်က ပြန်လှည့်ဖို့လုပ်တော့ အဲ့မိန်းမက အသံတိတ်ကြိမ်နှုန်းသမျိုးနဲ့ အော်ဟစ်လိုက်ပါတယ်။ ခဏကြာတော့ သူတို့ရပ်နေတဲ့မြေပြင်က အလွန်အမင်းတုန်ခါလာပါတယ်။ ခဏကြာတော့ ဇွမ်ဘီးလိုလူတွေရော သန္ဓေပြောင်းသားရဲတွေရော အုပ်လိုက် သူတို့စီကိုပြေးဝင်လာတာတွေ့လိုက်ပါတယ်။ လော်ယွမ်ဦးဆောင်ပြီး အဆောက်အအုံထဲပြေးဝင်ပြီး မြေအောက်ဂိုထောင်ထဲပြေးဆင်းပါတယ်။ လူ့ဘီလူးဖြစ်သွားတဲ့ချန်ရှင်းဖုံက အဝမှာကျန်ခဲ့ပြီး အရိုးတင်းပုတ်ကြီးနဲ့ သားရဲအုပ်ကြီးကို ခုခံနေပါတယ်။ ဒါပေမဲ့သားရဲအုပ်က များလွန်းလို့ အဆောက်အအုံ မျက်နှာကြက်နဲ့ နံရံတွေပါ ပြိုကျကုန်ပါတယ်။ လော်ယွမ်က သေနတ်မသုံးခိုင်းပဲ အဖွဲ့ကို ဓားနဲ့ခုတ်ဖို့ပြောပါတယ်။ အဖွဲ့သားတွေက အားတင်းပြီး ဓားနဲ့ခုခံကြပေမယ့် လော်ယွမ်လည်း တခါတရံဝင်ကယ်ပေမယ့် အရမ်းများလွန်းတာကြောင့် အားလုံးဒဏ်ရာကိုယ်စီရသွားကြပါတယ်။

အပိုင်း(၁၆၁)ဖောက်ထွက်ရန်

အဆောက်အအုံပေါ်မှ နွယ်ပင်များမှာ ရေတံခွန်ကဲ့သို့ ထူထပ်စွာ တွဲလောင်းကျနေသဖြင့် ကိုင်ဆွဲစရာမရှိမည်ကို စိုးရိမ်စရာမလိုချေ။

သူတို့အဖွဲ့က မျောက်များကဲ့သို့ လျင်မြန်စွာ တက်သွားကြသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသောကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော ကျိုးယလီပင်လျှင် အခက်အခဲမရှိဘဲ အားလုံး၏နောက်မှ တက်လိုက်လာနိုင်သည်။ အဆောက်အအုံမှာ မမြင့်မားလှဘဲ သုံးထပ်သာရှိရာ တစ်မိနစ်ပင်မပြည့်မီ အမိုးပေါ်သို့ အားလုံး ရောက်ရှိသွားကြသည်။

ဟွမ်ကျားဟွေက ပစ္စတိုကိုထုတ်ကာ အောက်ထပ်သို့ အဆက်မပြတ် ပစ်ခတ်ပြီး သန္ဓေပြောင်းသားရဲအချို့ကို တစ်ကောင်ချင်း သတ်ဖြတ်လိုက်သည်။ ထို့နောက် အောက်မှ လော်ယွမ်ကို လှမ်းအော်လိုက်သည်။

"အပေါ်ကို အမြန်တက်ခဲ့…"

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဓားအလင်းတစ်ချက်ဖြင့် ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲအချို့ကို ခါးလယ်မှ ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ကျန်းမာတောက်ဓားကို ဓားအိမ်ထဲသို့ ထည့်ကာ လက်တစ်ဖက်ဖြင့် နွယ်ပင်ကို ဆွဲကိုင်ပြီး ခြေနှစ်ချောင်းဖြင့် ညှပ်ကာ လျင်မြန်စွာ အပေါ်သို့ တက်သွားသည်။ သူက လက်တစ်ဖက်တည်း အားစိုက်ရုံသာမက လက်ထဲ၌ ဝမ်ရှီရှီကိုပါ သယ်ဆောင်ထားသော်လည်း သူ၏အရှိန်မှာ အခြားသူများထက် မနှေးလှချေ။

သန္ဓေပြောင်းသားရဲအချို့က သူ့ထံသို့ ပြေးဝင်တိုက်ခိုက်ရန် ကြိုးစားသော်လည်း လေထဲသို့သာ လက်ဗလာဖြင့်သာ ကုတ်ခြစ်မိလိုက်ကြသည်။

လော်ယွမ်က အမိုးပေါ်သို့ တက်ရောက်ပြီး ဝမ်ရှီရှီကို ချထားကာ ဟွမ်ကျားဟွေကို ပြုစုခိုင်းလိုက်သည်။

အမိုးပေါ်မှ နွယ်ပင်များမှာ ဖျာကဲ့သို့ ထူထဲပြီး သစ်ရွက်များ ဝေဆာနေကာ တောအုပ်ငယ်တစ်ခုနှင့် ပင်တူလှသည်။ လော်ယွမ်က နည်းနည်းလေးမှ မပေါ့ဆရဲဘဲ ပတ်ဝန်းကျင်ကို သေချာစေ့စပ်စွာ စစ်ဆေးပြီး ပုန်းအောင်းနေသော သန္ဓေပြောင်းသားရဲအချို့ကို တစ်ကောင်ချင်း ရှင်းလင်းလိုက်သည်။

သူက အောက်ထပ်ကို တစ်ချက်ကြည့်လိုက်ရာ နွယ်ပင်များအတိုင်း တက်လာသော သန္ဓေပြောင်းသားရဲမှာ အလွန်နည်းပါးပြီး ဤလူအနည်းငယ်ဖြင့်ပင် အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။

"ဒီနေရာက အန္တရာယ်မရှိလောက်ဘူး… အားလုံးဒီမှာခဏနေကြဦး… ငါခဏသွားပြီးရင် ပြန်လာခဲ့မယ်" ဟု လော်ယွမ်က ဆို၏။

"ရှင် ဘယ်သွားမလို့လဲ" ဟွမ်ကျားဟွေက မေးလိုက်သည်။

"ငါဖွတ်ကြီးနဲ့ ဟိုခွေးကြီးကို‌ သွားကြည့်လိုက်ဦးမယ်… သိပ်မကြာဘူး ခဏနေပြန်လာခဲ့မယ်"

"ဒါဆိုသတိထားသွားနော်" ဟွမ်ကျားဟွေက လော်ယွမ်၏ အစွမ်းအစကို သိသည်။ အပြင်ဘက်မှ သားရဲလှိုင်းက အလွန်ကြီးမားသော်လည်း ပတ်ဝန်းကျင်၌ အဆောက်အအုံများ ထူထပ်ပြီး မြေမျက်နှာသွင်ပြင်မှာ ရှုပ်ထွေးသောကြောင့် သူကအသက်အန္တရာယ်မရှိဘဲ ကိုယ်လွတ်ရုန်းနိုင်မည်ဖြစ်သည်။

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး အောက်ထပ်မှ ပြည့်ကျပ်နေသော သားရဲအုပ်ကြီးကို တစ်ချက်ကြည့်ကာ မဆိုင်းမတွပင် ခုန်ချလိုက်သည်။

နောက်တစ်ခဏ၌ သူ၏ခြေဖျားက သန္ဓေပြောင်းသားရဲတစ်ကောင်၏ ဦးခေါင်းထိပ်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားသည်။ ခွေးကြီးတစ်ကောင်နှင့်တူသော ထိုသန္ဓေပြောင်းသားရဲ၏ လည်ပင်းမှာ တစ်ဖက်သို့ လည်ထွက်သွားပြီး အရိုးကျိုးသံကဲ့သို့ ကြည်လင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။ ၎င်းမြေပေါ်သို့ မကျမီမှာပင် လော်ယွမ်၏ခန္ဓာကိုယ်က လေထဲသို့ ထပ်မံပျံတက်သွားပြီး ၁၅ပေခန့် မြင့်တက်သွားသည်။

အစွမ်းထက်သော ကြွက်သားထိန်းချုပ်နိုင်စွမ်းနှင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်းတို့ကြောင့် သူက သားရဲလှိုင်းထဲ၌ လူသူကင်းမဲ့သော နေရာတစ်ခုတွင် လှုပ်ရှားနေသည့်အလား ရှိနေသည်။ ခုန်ပျံမှုအနည်းငယ်အပြီးမှာပင် သူကပေ၁၈၀ခန့်အကွာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရုပ်သေးပိုးကောင်များက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ မည်သည့်သတ္တဝါမှန်းမသိသော သန္ဓေပြောင်းသားရဲတစ်ကောင်က ရုတ်တရက် အကျယ်လောင်ဆုံး ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများမှာ အလျင်အမြန် ရှဲသွားကြသည်။ ထို့နောက် ၎င်း၏တစ်ကိုယ်လုံးမှ ဝင်ရိုးစွန်းအလင်းတန်းကဲ့သို့ လှပသော အလင်းမြူများ ထွက်ပေါ်လာသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ရန် ပြင်နေသော လော်ယွမ်၏ ရင်ထဲ၌ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး မျက်နှာ ပျက်ယွင်းသွားကာ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လေထဲတွင် ခေတ္တမျှ တန့်သွားပြီး ထိုသတ္တဝါကြီး၏ရှေ့ ၁၅ပေအကွာ၌ ရပ်တန့်လိုက်သည်။

ထိုအခါမှ လော်ယွမ်က ထိုအလင်းမြူများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်တွေ့လိုက်ရသည်။ ထွက်ပြေးရန် အချိန်မမီလိုက်သော သန္ဓေပြောင်းသားရဲအချို့မှာ ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်များ တောင့်တင်းကာ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ ရုပ်သေးပိုးကောင်အချို့သည်လည်း နှာခေါင်းပေါက်များမှ လျင်မြန်စွာ တွားသွားထွက်လာပြီး လေးဘက်လေးတန်သို့ ထွက်ပြေးသွားကြသည်။

ဤမြင်ကွင်းက လော်ယွမ်၏ ကြောထဲကို စိမ့်သွားစေပြီး ခန္ဓာကိုယ်က အလိုအလျောက် နောက်သို့ ဆုတ်မိလိုက်သည်။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားကောင်းလှသော်လည်း ဤသို့သော အပြင်းစားအဆိပ်ကို ခုခံရန် ခက်ခဲလှပေမည်။

သူ့မျက်လုံးထောင့်စွန်းမှ အလားတူ သန္ဓေပြောင်းသားရဲအချို့ ဤဘက်သို့ အလျင်အမြန် တိုးဝင်လာနေသည်ကို သတိပြုမိလိုက်သည်။ အကယ်၍သာ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရပါက သူပင်လျှင် အခက်အခဲတွေ့နိုင်ပေသည်။

သူအလိုအလျောက် ကျောပိုးအိတ်ထဲမှ လှံတိုကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း လက်က ရပ်တန့်သွားသည်။

သူက အကွာအဝေးကို ခန့်မှန်းကြည့်လိုက်ရာ ထိုမျှလောက်အကွာအဝေးက အဖွဲ့သားများရှိနေသော အဆောက်အအုံအပေါ်သို့ သက်ရောက်မှုမရှိနိုင်ဟု ခံစားမိလိုက်သည်။

ထို့နောက် သူ၏နဖူးမှ သွေးကြောများမှာ ထောင်ထလာပြီး လည်ပင်းမှ သွေးကြောများမှာ တီကောင်များကဲ့သို့ လူးလွန့်ကာ ပျံ့နှံ့လာသည်။ ခန္ဓာကိုယ်မှ သွေးများမှာ အရှိန်ပြင်းစွာ စီးဆင်းနေပြီး အရေပြားများပင် နီမြန်းလာသည်။ သူက ခြေထောက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ သူမြှောက်လိုက်သည်မှာ သူ၏ခြေထောက်မဟုတ်ဘဲ ခြေထောက်အောက်မှ ပေ၃၀ဂဏန်းပတ်လည်ရှိ မြေကြီးတစ်ခုလုံးဖြစ်သည့်အလား မြေပြင်တစ်ခုလုံးမှာ ညင်သာစွာ တုန်ခါလာသည်။

တစ်ခဏအတွင်းမှာပင် သူကခြေထောက်ကို အားကုန် နင်းချလိုက်သည်။

လေထုထဲ၌ ထူးဆန်းသော လှိုင်းတစ်မျိုးက ဖြတ်သန်းသွားသည့်အလား ဖြစ်ပေါ်သွားသည်။

နောက်တစ်ခဏ၌ မြေပြင်သည် မြေမြုပ်မိုင်းပေါက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး မာကျောသော ကွန်ကရစ်မြေပြင်မှာ ချက်ချင်း အမှုန့်အဖြစ် ကြေမွသွားကာ ပေပေါင်းများစွာ မြင့်တက်သွားသည်။ ထိုဧရိယာအတွင်းမှ မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများမှာ ကြီးမားလှသော လှိုင်းတစ်ခုကြောင့် လေထဲသို့ လွင့်စင်သွားကြပြီး မြေပြင်ပေါ်သို့ မကျမီမှာပင် ခန္ဓာကိုယ်များ စုတ်ပြဲသွားကာ သွေးစက်များနှင့် အပိုင်းအစများအဖြစ် ကြွေကျလာကြသည်။

တစ်ချိန်တည်းမှာပင် အနီးအနားမှ ဆွေးမြေ့နေသော အဆောက်အအုံအချို့မှာလည်း တုန်ခါမှုအရှိန်ကြောင့် တစ်လုံးပြီးတစ်လုံး ပြိုကျသွားရာ မီးခိုးငွေ့များက ကောင်းကင်တစိတ်တပိုင်းကို ဖုံးလွှမ်းသွားသည်။

ဤသတ္တဝါအများစုမှာ အဖြူရောင်အဆင့်နှင့် အပြာနုရောင်အဆင့်များသာဖြစ်ပြီး အပြာရောင်အဆင့်မှာ ရာဂဏန်းတွင် တစ်ကောင်မျှသာ ရှိသည်။ သူတို့သည် "မြေလှိုင်း"အစွမ်းမှ ဖြစ်ပေါ်လာသော ပြင်းထန်သည့် တုန်ခါမှုကို မည်သို့မျှ မခုခံနိုင်ချေ။ မီးခိုးငွေ့နှင့် သွေးမြူများ ပျောက်ကွယ်သွားသောအခါ တုန်ခါမှုဧရိယာတစ်ခုလုံး၌ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ ခန္ဓာကိုယ်နှင့် ရုပ်သေးပိုးကောင်များအားလုံးမှာ အသားစများအဖြစ် ကြေမွသွားကြသည်။

လူ့နားဖြင့် မကြားနိုင်သော အသံလှိုင်းများမှာ မြို့၏ ကောင်းကင်ထက်၌ ယှက်ဖြာနေသည်။

ယခင်တိုက်ခိုက်မှုများ၌ လော်ယွမ်သည် ရုပ်သေးပိုးကောင်များကို သတ်ရန် အထူးတလည် ကြိုးစားခဲ့ခြင်းမရှိဘဲ ကပ်ပါးခန္ဓာကိုယ်ကိုသာ သတ်ဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးပိုးကောင်များမှာ အလွန်သေးငယ်ပြီး သားရဲလှိုင်းမှာမူ များပြားလှသဖြင့် သတ်၍ကုန်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အရင်က သူ့လက်ချက်ဖြင့် သေဆုံးသွားသော ရုပ်သေးပိုးကောင်အရေအတွက်မှာ ၁၀ကောင်ပင် မရှိပေ။

သို့သော် ဤတစ်ကြိမ်၌မူ အချိန်တိုအတွင်း ရုပ်သေးပိုးကောင် ရာပေါင်းများစွာ သေဆုံးသွားခဲ့ရာ ဤသို့သော သေဆုံးမှုကြောင့် သားရဲလှိုင်းတစ်ခုလုံးမှာ ခေတ္တမျှ ရပ်တန့်သွားသည်။

တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများက ဒီရေကဲ့သို့ ဤဘက်သို့ စီးဝင်လာကြသည်။ အကယ်၍ အမြင့်တစ်နေရာမှ ကြည့်နိုင်မည်ဆိုလျှင် ဖွတ်ကြီးနှင့် အဝါလေးတို့ကို ဝိုင်းရံထားသော သန္ဓေပြောင်းသားရဲများထဲမှ တစ်စိတ်တစ်ပိုင်းမှာ လမ်းကြောင်းခွဲထွက်ကာ လော်ယွမ်ရှိရာဘက်သို့ တိုးဝင်လာနေသည်ကို မြင်တွေ့ရပေမည်။

"သားရဲလှိုင်း… အားလုံးထဲမှာ ငါမကြောက်ဆုံးက သားရဲလှိုင်းပဲ" လော်ယွမ်က သူ၏ခန္ဓာကိုယ်ပေါ်တွင် လာခြိတ်နေသော အူတစ်ခွေကို ပစ်ချလိုက်ပြီး မျက်နှာပေါ်၌ အေးစက်သော အပြုံးတစ်ချက် ဖြတ်ပြေးသွားသည်။

သူက နောက်မဆုတ်ဘဲ ရှေ့သို့တိုးကာ ကျန်းမာတောက်ဓားကို ဆွဲ၍ သားရဲအုပ်စီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ ထိုအချိန်၌ သူ၏ရင်ထဲတွင် ထိတ်ကခနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်က အလိုအလျောက် လေပေါ်သို့ ခုန်တက်လိုက်သည်။

တစ်ခဏအတွင်းမှာပင် မြေပြင်က ပွင့်ထွက်သွားပြီး ကျောက်စများ လွင့်စင်ကာ မီးခိုးငွေ့များကြားမှ တီကောင်ပုံသဏ္ဌာန် သတ္တဝါငါးကောင်က မြေအောက်မှ လျှပ်စီးကဲ့သို့ ခေါင်းထွက်လာကြသည်။ ၁ပေခွဲခန့်ကျယ်သော ပါးစပ်ကြီးများက လေထဲ၌ ပြင်းထန်စွာ ကိုက်ချလိုက်ရာ သတ္တုချင်းရိုက်ခတ်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။

တိုက်ခိုက်မှု လွဲချော်သွားသောအခါ ထိုသန္ဓေပြောင်းသတ္တဝါများက မြေအောက်၌ ထပ်မံပုန်းခိုရန် ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့ ပြန်ကျရောက်လာသော လော်ယွမ်က သူတို့၏ ခန္ဓာကိုယ်များကို လျင်မြန်စွာ ပိုင်းဖြတ်ချလိုက်သည်။

ခုနကမှ အနည်းငယ် ပေါ့ပါးသွားသော စိတ်အခြေအနေမှာ ထပ်မံတင်းကြပ်လာပြန်သည်။ ရုပ်သေးပိုးကောင်များက ငှက်ကဲ့သို့ ပျံသန်းနိုင်သော သတ္တဝါများကို ထိန်းချုပ်မထားသည့်အတွက် အနည်းငယ် ကံကောင်းသည်ဟု သူခံစားမိလိုက်သည်။

သို့သော် သူ၏ကံကောင်းမှုက စောလွန်းနေသည်ကို လျင်မြန်စွာ သိရှိလိုက်ရသည်။ အဝေးမှ ကောင်းကင်ယံ၌ ပျံသန်းနေသော အင်းဆက်များနှင့် သန္ဓေပြောင်းငှက်အမြောက်အမြား ဤဘက်သို့ အရှိန်ပြင်းစွာ ပျံသန်းလာနေကြသည်။ ကံကောင်းသည်မှာ အရေအတွက်က မများလှဘဲ မြေပြင်ပေါ်မှ သားရဲလှိုင်းနှင့် နှိုင်းယှဉ်လျှင် ထောင်ဂဏန်းမျှသာ ရှိသည်။

ပျံသန်းနိုင်သော သတ္တဝါများ၏ အရှိန်မှာ အလွန်မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အထက်သို့ ရောက်ရှိလာကြသည်။

သူက အဖွဲ့သားများရှိနေသော အဆောက်အအုံကို လှည့်ကြည့်လိုက်ရာ ဤပျံသန်းနိုင်သော သတ္တဝါများက ထိုဘက်သို့ မသွားသည်ကို ကံကောင်းထောက်မစွာ တွေ့ရှိလိုက်ရသည်။ ရန်ငြိုးအားလုံးက လော်ယွမ်ထံသို့ ဦးတည်နေမှန်း ထင်ရှားလှ၏။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ သားရဲလှိုင်းက ထပ်မံဝိုင်းရံလာပြန်သည်။

လော်ယွမ်၏ သတ်ဖြတ်မှုများ များပြားလာသည်နှင့်အမျှ သူရင်ဆိုင်ရသော တုံ့ပြန်မှုမှာလည်း လျင်မြန်စွာ မြင့်တက်လာသည်။ မြေအောက်မှသာမက ကောင်းကင်ယံမှ တိုက်ခိုက်မှုများပါ စတင်ပေါ်ပေါက်လာသည်။

လော်ယွမ်က မြေအောက်မှ ထွက်ပေါ်လာသော တီကောင်တစ်ကောင်ကို ခုတ်ဖြတ်လိုက်ရာ မီးခိုးရောင်အဆင်းရှိပြီး ရှည်လျားချွန်ထက်သော နှုတ်သီးများပါရှိသည့် လက်ဖဝါးအရွယ် ငှက်ကလေးများ ဒါဇင်ပေါင်းများစွာက ကောင်းကင်ထက်မှ ထိုးစိုက်ကျလာကြသည်။

လေထုထဲမှ အရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိုးညှင်းသော အသံလှိုင်းပေါက်ကွဲသံများက သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ကိုယ်ထည်အရွယ်အစားကြည့်ရုံဖြင့် လျှော့တွက်၍ မရနိုင်ကြောင်း ပြသနေသည်။

လော်ယွမ် ၎င်းတို့ကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ၌ ပတ်ဝန်းကျင်မှာ သားရဲလှိုင်းဖြင့် ပြည့်ကျပ်နေပြီး လှုပ်ရှားရန် နေရာပင် မရှိတော့သောကြောင့် ဖြစ်သည်။ လော်ယွမ်က သူ၏ တိုက်ခိုက်မှုအရှိန်ကိုသာ အားကိုးနိုင်တော့သည်။ သူ၏ကျန်းမာတောက်ဓားက လျင်မြန်စွာ ခုတ်ပိုင်းလိုက်ရာ နှစ်ပိုင်းပြတ်သွားသော သန္ဓေပြောင်းငှက်အလောင်းများမြေပေါ်သို့ တဖွဲဖွဲ ကျဆင်းလာကြသည်။

သို့သော် ဤတစ်ကြိမ်၌ အရေအတွက်မှာ အလွန်များပြားလှသဖြင့် လော်ယွမ် အစွမ်းကုန် ကြိုးစားသော်လည်း သန္ဓေပြောင်းငှက် တစ်ဒါဇင်ကျော်၏ နှုတ်သီးချွန်များက သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ထိုးစိုက်မိသွားသည်။

ခန္ဓာကိုယ်ပေါ်မှ အစိမ်းရောင်အဆင့် ကျည်ကာအင်္ကျီက ချက်ချင်း အစွမ်းပြကာ တိုက်ခိုက်မှုအားလုံးကို အကုန်အစင် တားဆီးပေးလိုက်သည်။

တိုက်ခိုက်လာသော ငှက်များ၏ ခန္ဓာကိုယ်များမှာ အသားစများအဖြစ် ကြေမွသွားပြီး အင်္ကျီပေါ်၌ ကပ်ညိသွားကြသည်။

ဤသတ္တဝါများသည် ဆင့်ကဲပြောင်းလဲမှု၏ အစွမ်းကုန်အဆင့်သို့ ရောက်ရှိနေကြပြီး တစ်ကိုယ်လုံးက ချွန်ထက်သော ပုံသဏ္ဌာန်ရှိနေသည်။ နှုတ်သီးတစ်ခုတည်းကပင် ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့် ရှည်လျားသည်။ ဤသို့သော ကိုယ်ထည်ပုံသဏ္ဌာန်ကြောင့် လေထု၏ ခုခံမှုကို များစွာ လျှော့ချပေးသည်။ သူတို့က ငှက်လောက၏ လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ ဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်က အသံထက်မြန်သော အရှိန်ဖြင့် ဝင်တိုးတိုက်ခတ်မှု၏ ပြင်းထန်သော အားအင်ကို မခံနိုင်ကြချေ။ ၎င်းတို့က တိုက်ခိုက်မိသည်နှင့် သေဆုံးခြင်းသို့ ရောက်ရှိကြတော့သည်။

သို့သော် အစိမ်းရောင်အဆင့် ကျည်ကာအင်္ကျီက တိုက်ခိုက်မှုများကို ခုခံနိုင်သော်လည်း ၎င်းတို့နှင့်အတူ ဖြစ်ပေါ်လာသည့် ပြင်းထန်သော အရှိန်ကိုမူ အပြည့်အဝ မဖယ်ရှားနိုင်ချေ။ လော်ယွမ်သည် နောက်သို့ အဆက်မပြတ် ဆုတ်နေရပြီး မူလနေရာ၌ နက်ရှိုင်းသော ခြေရာများ ဆက်တိုက် ကျန်ရစ်ခဲ့သည်။

သို့သော် မကြာမီမှာပင် ဆက်လက်မဆုတ်နိုင်တော့ဘဲ ခြေထောက်တစ်ဖက်က တုံ့ဆိုင်းသွားသည်။ သူခုတ်ဖြတ်ထားသော တီကောင်ပြတ်တစ်ပိုင်းက သူ့ခြေထောက်ကို တင်းကျပ်စွာ ရစ်ပတ်ထားခြင်းဖြစ်သည်။ သူ မရုန်းထွက်နိုင်မီမှာပင် သားရဲလှိုင်းက ညီညာစွာ ဘေးသို့ရှဲပေးလိုက်ကြပြီး ချိုတစ်ချောင်းပါသော ကြံကဲ့သို့ သန္ဓေပြောင်းသားရဲတစ်ကောင်က အရှိန်ပြင်းစွာ ပြေးဝင်လာကာ သူ၏ချွန်ထက်သော ချိုဖြင့် ရင်ဘတ်ကို ပြင်းထန်စွာ တိုက်ချလိုက်သည်။

လော်ယွမ်က သားရဲလှိုင်းထဲသို့ အရှိန်ဖြင့်လွင့်စင်သွားပြီး မတ်တပ်ထရပ်မနိုင်မီမှာပင် သန္ဓေပြောင်းသားရဲအမြောက်အမြားက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကြသည်။

ထိုစဉ်စက်ဝိုင်းကဲ့သို့ ဓားအလင်းတစ်ချက်က ပွင့်ထွက်လာပြီး ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများမှာ ချက်ချင်း အသားစများအဖြစ် ကြေမွကုန်ကြသည်။

"ဝုန်း…"

မြေပြင်က နောက်တကြိမ် ပြင်းထန်စွာ တုန်ခါသွားသည်။

"မြေငလျင်လှိုင်း"

မြေကြီးများက အမှုန့်အဖြစ် ကြေမွသွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အလောင်းများမှာ နေရာအနှံ့ ပြန့်ကြဲသွားသည်။

သူက အသက်ကိုမောဟိုက်စွာ ရှူလိုက်သည်။ "မြေလှိုင်း" အစွမ်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုလိုက်ရသဖြင့် မြေပြင်တုန်ခါမှုစွမ်းအားကြောင့် မကုန်မခမ်းနိုင်သော သက်လုံရှိနေသည့် လော်ယွမ်ပင်လျှင် ပင်ပန်းနွမ်းနယ်မှုကို အနည်းငယ်ခံစားနေရသည်။

သူသည် အပျက်အစီးပုံပေါ်၌ ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သန္ဓေပြောင်းသားရဲများက လျော့နည်းသွားသည့် အရိပ်အယောင်မရှိဘဲ ဒီရေကဲ့သို့ ဆက်လက်စီးဝင်လာနေဆဲပင် ဖြစ်သည်။ ဧရိယာကျယ်ပြန့်သော တိုက်ခိုက်မှုနှစ်ကြိမ်ကြောင့် သေဆုံးသွားသော သန္ဓေပြောင်းသားရဲအရေအတွက်မှာ သားရဲလှိုင်းတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် လျစ်လျူရှုနိုင်လောက်အောင်ပင် နည်းပါးလှသည်။

ဤရုပ်သေးပိုးကောင်များက သေရမည်ကို မကြောက်ဘဲ ရှေ့သို့ အဆက်မပြတ် တိုးဝင်လာနေကြပြီး အရူးအမူး ဖြစ်နေကြသည့်အလား ရှိနေသည်။

ဤအတိုင်း ဆက်တိုက်နေ၍ မဖြစ်နိုင်တော့ဟု သူခံစားမိလိုက်သည်။ သူ၏ခွန်အားဖြင့် "မြေလှိုင်း" အစွမ်းငါးကြိမ်သာ အသုံးပြုနိုင်သည်။ သူ တခြားနည်းလမ်းတစ်ခုခု ရှာဖွေရပေတော့မည်။

ဆက်ရန်…

အပိုင်း(၁၆၂)အရည်အသွေး ပြောင်းလဲခြင်း

ယခင်က အဆောက်အဦအမိုးပေါ်မှ မြင်တွေ့ခဲ့ရသော အခြေအနေအရ ဤနေရာမှ ဧရိယာအားလုံးကို သားရဲအုပ်ကြီးက သိမ်းပိုက်ထားပြီးဖြစ်ကာ အရေအတွက်မှာ ရေတွက်၍ပင် မကုန်နိုင်ပေ။ ဤလမ်းမတစ်ခုတည်းတွင်ပင် သားရဲအုပ်ကြီးမှာ သုံး၊လေးမိုင်အထိ ပျံ့နှံ့နေပြီး အခြားနေရာများမှာလည်း ဤအတိုင်းပင်ဖြစ်မည်ဟု ယူဆရသည်။

လော်ယွမ် အကြမ်းဖျင်းခန့်မှန်းကြည့်ရာ သားရဲအုပ်ကြီး၏ သိပ်သည်းမှုအရ ဤဧရိယာတစ်ခုလုံးရှိ သန္ဓေပြောင်းသတ္တဝါအရေအတွက်မှာ ငါးသိန်းထက်မနည်းသည်မှာ သေချာသည်။ ဤသည်မှာ မျှော်လင့်ချက်ကင်းမဲ့သွားစေသော အရေအတွက်ပင်ဖြစ်သည်။ လူသားတို့၏ခွန်အားဖြင့် ဤမျှကြီးမားသော သားရဲအုပ်ကြီးကို မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သူက သားရဲအုပ်ကြီးကို ရင်မဆိုင်နိုင်သော်လည်း ဤသားရဲအုပ်ကြီးထဲမှ လွတ်မြောက်နိုင်သည်ဟုတော့ ယုံကြည်သည်။ သို့သော် သူ့ကိုယ်သူမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်နိုင်မည်မဟုတ်ပေ။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများမှာ မြေကြီးထဲမှ အဆက်မပြတ်ထွက်ပေါ်နေပြီး ခြေဖဝါးမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်ကာ သူ၏ခွန်အားကို ဖြည့်တင်းပေးနေသည်။ သို့သော် စောစောက သုံးစွဲလိုက်သော အလွန်များပြားသည့် စွမ်းအင်များနှင့်နှိုင်းယှဉ်လျှင် ပင်လယ်ထဲမှ ရေစက်သာမျှသာ ရှိသည်။ ယခုလို အနားယူနေသည့်အခြေအနေတွင်ပင် စောစောကသုံးစွဲခဲ့သော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် နှစ်နာရီ၊ သုံးနာရီခန့် လိုအပ်ပေမည်။

သို့သော် ယခုကဲ့သို့သောအခြေအနေတွင် လုံးဝမဖြစ်နိုင်ပေ။ သူ၏ခွန်အားကို ပြန်လည်ဖြည့်တင်းရန် အချိန်တစ်စက္ကန့်မျှပင် မရနိုင်ပေ။

ကောင်းကင်၊ မြေအောက်နှင့် မြေပြင် သုံးနေရာပေါင်းစပ်ထားသော ဘက်စုံတိုက်ခိုက်မှုမှာ မုန်တိုင်းထန်သော လေပြင်းမိုးပြင်းကဲ့သို့ပင်ဖြစ်ပြီး အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိပေ။ ခြေတစ်လှမ်းတိုင်းက အလွန်ခက်ခဲလှပြီး သွေးများ၊ အသားအပိုင်းအစများက သူနှင့်အတူလိုက်ပါလာသည်။ ကံကောင်းသည်မှာ သန္ဓေပြောင်းသတ္တဝါများက သိပ်မသေးငယ်လှသောကြောင့် သူ့ကိုတစ်ပြိုင်ထဲ ဝင်တိုက်နိုင်သည့် အရေအတွက်မှာ အကန့်အသတ်ရှိနေခြင်းပင်။ ထို့အပြင် သတ္တဝါတစ်ကောင်နှင့်တစ်ကောင်ကြားတွင်လည်း နေရာလပ်အနည်းငယ်ရှိနေသေးရာ သူ၏တုံ့ပြန်မှုအရှိန်ဖြင့် အနိုင်နိုင်ထိန်းထားနိုင်သေးသည်။ အကယ်၍ ပုရွက်ဆိတ်ကဲ့သို့သော သန္ဓေပြောင်းသတ္တဝါများနှင့် ကြုံတွေ့ရပါက သူ၏ခွန်အားမည်မျှပင်မြင့်မားပါစေ နောက်ဆုံးသေခြင်းတရားနှင့်သာ ကြုံတွေ့ရပေလိမ့်မည်။

သို့သော် လော်ယွမ်က ယခင်ကကဲ့သို့ ခုန်ပျံ၍ရှေ့တိုးရန် မဝံ့ရဲတော့ချေ။ ကောင်းကင်ယံကို ငှက်များက သိမ်းပိုက်ထားသည့်အခြေအနေတွင် ခုန်ပျံကျော်လွှားခြင်းက အလွန်အန္တရာယ်များသောကိစ္စတစ်ခုဖြစ်သည်။ လေထဲခုန်တက်ပြီးနောက် ခန္ဓာကိုယ်က လေထဲတွင် လှုပ်ရှားရခက်ခဲသွားပြီး သန္ဓေပြောင်းငှက်များအတွက်မူ အကောင်းဆုံးပစ်မှတ်ဖြစ်သွားပေလိမ့်မည်။

ထိုသို့သောအခြေအနေကို ရင်ဆိုင်ရချိန်တွင် လော်ယွမ်မှာ နည်းလမ်းကောင်းတစ်ခုမျှ မစဉ်းစားနိုင်တော့ပေ။ သူတစ်ခုတည်းသောလုပ်နိုင်သည့်အရာမှာ ဖွတ်ကြီးနှင့် အမြန်ဆုံးပြန်လည်ဆုံစည်းရန်ပင်ဖြစ်သည်။

ယခုအချိန်တွင် ဖွတ်ကြီးနှင့် အဝါလေး တို့၏ ဟိန်းဟောက်သံများမှာ တဖြည်းဖြည်း အားနည်းလာပြီဖြစ်သည်။ ထိုအသံများထဲမှ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ကြောက်ရွံ့မှုတို့ကို သူ ရှင်းလင်းစွာ ခံစားမိနေသည်။

သို့သော် ယခုလိုမြေလှိုင်းအစွမ်း အသုံးပြုထားသောအခြေအနေတွင် လော်ယွမ်၏စိတ်က လုံးဝတည်ငြိမ်နေပြီး လှိုင်းဂယက် အနည်းငယ်မျှပင် မထပေ။ သူ၏ဓားထုတ်သည့်အရှိန်ကလည်း တဖြည်းဖြည်း ပို၍မြန်ဆန်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်အလင်းလွှာတစ်ခု ဝန်းရံလင်းလက်နေသည့်အလားပင်။ သန္ဓေပြောင်းသတ္တဝါအများအပြားမှာ အနီးသို့ရောက်လာသည်နှင့် ရုတ်တရက်ရပ်တန့်သွားပြီး ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားသည်။ ၎င်းတို့၏အလောင်းကောင်များမှာမူ နောက်မှသားရဲအုပ်ကြီး၏ နင်းခြေမှုအောက်တွင် ချက်ချင်းပျောက်ကွယ်သွားသည်။

အချိန်မှာ ဖြည်းညှင်းစွာ ကုန်လွန်သွားသည်။ သတ်ဖြတ်မှုတွင် နစ်မြုပ်နေသော လော်ယွမ်မှာ သူ၏ကိုယ်ပတ်ပတ်လည်မှ လေထု တဖြည်းဖြည်း လှုပ်ရှားထကြွလာသည်ကို လုံးဝသတိမပြုမိခဲ့ပေ။ မရေမတွက်နိုင်သော ဖုန်မှုန့်များမှာ အလွန်မြင့်မားသော ကြိမ်နှုန်းဖြင့် ပြင်းထန်စွာ တုန်ခါနေပြီး တဖြည်းဖြည်းနှင့် မြေပေါ်မှ ကျောက်စရစ်ခဲလေးများပင် ခုန်ပေါက်လာကြသည်။

အလွန်လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက လေထဲတွင် ဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။ တစ်ခဏအတွင်း လော်ယွမ်၏ဦးနှောက်ထဲသို့ လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသည့်အလား တစ်စုံတစ်ခု အစပျိုးပေါက်ဖွားလာတော့မည်ဟူသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ သူ တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်သလို၊ မမိလိုက်သလိုဖြစ်နေသည်။

ဒင်… အပြင်းအထန်လေ့ကျင့်မှုများကြောင့် ဓားပညာ +၁

ထိုအခိုက်အတန့်မှာပင် စနစ်၏အသိပေးသံက စိတ်ထဲမှ ထွက်ပေါ်လာသည်။ သူ ချက်ချင်းပင် ထိုဉာဏ်အလင်းရောင်ခြည်မျှင်တစ်စကို ဖမ်းဆုပ်လိုက်နိုင်ပြီး သူ၏မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ့ ပတ်ဝန်းကျင်မှာပင် အနည်းငယ် မတူညီတော့သည်ကို ခံစားလိုက်ရသည်။ ဓားချက် တစ်ချက်ချင်းစီက ခုတ်ပိုင်းလိုက်တိုင်း ပို၍ချောမွေ့လာသည်။ မူလက အတားအဆီးဖြစ်နေသောလေထုမှာ ယခုအခါတွင် အတားအဆီးမဟုတ်တော့သည့်အပြင် ဓားခုတ်ပိုင်းလိုက်တိုင်း ဆွဲငင်ခြင်းခံနေရသကဲ့သို့ အတူလိုက်ပါနေသည်။

အမှန်တော့ လေထုက ဓားခုတ်ပိုင်းမှုကြောင့် ဆွဲငင်ခံရခြင်းမဟုတ်၊ သူ၏စိတ်စွမ်းအားနှင့် အာရံခံနိုင်စွမ်းတို့ကြောင့် ဆွဲငင်ခံရခြင်းဖြစ်သည်။

သူတိုက်ခိုက်ရန် ပြင်ဆင်လိုက်တိုင်း အနီးအနားမှလေထုမှာ စတင်ရွေ့လျားလာကြောင်း လော်ယွမ် ရှင်းလင်းစွာ သတိပြုမိလိုက်သည်။ သူက စကားပုံတစ်ခု သတိရမိသည်။ "ကံကောင်းချိန်ရောက်လျှင် တလောကလုံးက ကိုယ့်ဘက်ကရှိနေပြီး ကံဆိုးလျှင်တော့ သိကြားမင်းဆင်းကယ်လျှင်တောင် မရနိုင်တဲ့"။ ကံအရှိန်အဝါရှိလျှင် မည်သည့်အရာကိုလုပ်သည်ဖြစ်စေ အကျိုးသက်ရောက်မှုမှာ နှစ်ဆဖြစ်ပြီး၊ ကံအရှိန်အဝါမရှိတော့လျှင် သိကြားမင်းပင်လျှင် အားမလိုအားမရဖြင့် လက်မှိုင်ချရုံသာတတ်နိုင်ပေသည်။ ဓားပညာက အဆင့်တစ်ခုသို့ရောက်သောအခါ "ဓားအရှိန်အဝါ" ကို စတင်နိုင်ပြီး ကိုယ်နှင့်လိုက်ဖက်သည့် အခြေအနေနှင့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်မှာ ထင်ရှားသည်။

ကံမကောင်းသည်မှာ လက်ရှိအဆင့် "ဓားအရှိန်အဝါ" ၏အစွမ်းမှာ မရှိသလောက်နီးပါးဖြစ်ပြီး လှုပ်ရှားမှုတွင် လေပြေအနည်းငယ်ပါလာသည်မှလွဲ၍ မည်သည့်သတ်ခိုက်နိုင်စွမ်းမျှမရှိပေ။ ဓားထုတ်သည့်အရှိန် အနည်းငယ်မြန်ဆန်သွားရုံသာဖြစ်သည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာဖြစ်ပြီး အဆင့်တိုးလာသည်နှင့်အမျှ နောင်တစ်ချိန်တွင် အစွမ်းမှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာမည်ဟု သူယုံကြည်သည်။

ထိုအချိန်တွင် လော်ယွမ်မှာ အစက မုန်တိုင်းထန်သော လေပြင်းမိုးပြင်းကဲ့သို့သော တိုက်ခိုက်မှုများက ယခုအခါ နှေးကွေးသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သားရဲများ၏ တိုက်ခိုက်မှုများက ယခင်ကကဲ့သို့ သိပ်သည်းခြင်းမရှိတော့ပေ။ ထို့အပြင် သန္ဓေပြောင်းသတ္တဝါများ၏ လှုပ်ရှားမှုက ယခင်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ် တောင့်တင်းနေပြီး လှုပ်ရှားမှုများမှာ သိသိသာသာ ထစ်ငေါ့နေသည်။ ရုပ်သေးပိုးကောင်များမှာ သန္ဓေပြောင်းသတ္တဝါများ၏ကိုယ်ထဲတွင် ခက်ခက်ခဲခဲ အမိန့်ပေးနေရသကဲ့သို့ ဖြစ်နေ၏။

မြေပြင်မှသားရဲများအတွက်မူ ထိုအဖြစ်က အများဆုံး ၎င်းတို့၏လှုပ်ရှားမှုအရှိန်ကိုသာ သက်ရောက်မှုရှိသော်လည်း ငှက်များအတွက်မူ သေမင်းတမန်ပင်ဖြစ်သည်။ အရှိန်ပြင်းစွာ ပျံသန်းနေစဉ်တွင် အကယ်၍ လှုပ်ရှားမှုမှာ ရုတ်တရက် တုံ့ဆိုင်းသွားပါက သူတို့ကိုစောင့်ကြိုနေသည်မှာ သေခြင်းတရားသာဖြစ်သည်။

ဒါဇင်ချီသော လော်ယွမ်ထံသို့ ဦးတည်လာသည့် "ကျည်ဆန်ငှက်"များမှာ စွမ်းအားတစ်ခုဖြင့် ဆွဲငင်ခံလိုက်ရသည့်အလား တုံ့ပြန်ချိန်မရမီမှာပင် အောက်စိုက်ကာ သားရဲအုပ်ကြီးထဲသို့ ထိုးကျသွားသည်။ အသံထက်မြန်သော အရှိန်ဖြင့် ပျံသန်းနေသော ဤငှက်များ၏ အရှိန်မှာ စိတ်ကူး၍မရနိုင်အောင်ပင်။ ၎င်းတို့က ဒုံးကျည်များကဲ့သို့ သားရဲအုပ်ကြီးထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားကြသည်။

သားရဲအုပ်ထဲမှ အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ဦးခေါင်းနှင့် ကျည်ဆန်ငှက်တစ်ကောင် ပြင်းထန်စွာ တိုက်မိသွားရာ ချက်ချင်းဆိုသလို ဦးခေါင်းတစ်ခုလုံးက ဖရဲသီးတစ်လုံးကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ အဆင့်ပိုနိမ့်သော သတ္တဝါများမှာမူ တခါတည်း နှစ်ပိုင်းပြတ်သွားပြီး သွေးနှင့်အသားများ နေရာအနှံ့လွင့်စင်သွားသည်။

ကောင်းကင်ယံတွင် ထိုဒါဇင်ချီသော ငှက်အုပ်သာမဟုတ်ဘဲ ငှက်များက ထောင်သောင်းချီအောင် ရှိနေသေးသည်။ ဤတစ်သုတ် ရုတ်တရက် သေဆုံးသွားသည်နှင့် သန္ဓေပြောင်းငှက်အသစ်များမှာ ရှေ့မှတစ်သုတ်ပြီးတစ်သုတ် သားရဲအုပ်ကြီးထဲသို့ ထိုးစိုက်ဝင်ကာ ပေါက်ကွဲပြီး သွေးမြူခိုးများ ဖြစ်ပေါ်သွားသည်။

ဤသန္ဓေပြောင်းငှက်များ၏ "အကူအညီ" ကြောင့် လော်ယွမ်၏ဖိအားမှာ ချက်ချင်းလျော့ကျသွားသည်။ သူက ဤထူးဆန်းသောမြင်ကွင်းကို ခံစားရင်း စိတ်ထဲတွင် အတွေးတစ်ချက်ဝင်လာသည်။ ဤသည်မှာ ဓားအရှိန်အဝါ၏ အာနိသင်လော။

သို့သော် အဆင့်၁ဆင့်သာ တိုးသွားသော ဓားသိုင်းက ဤကဲ့သို့ အကြီးအကျယ်ပြောင်းလဲသွားခြင်းမှာ မယုံနိုင်အောင်ပင်။

လော်ယွမ်က အာရုံအနည်းငယ်လွှဲကာ အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။ ကျွမ်းကျင်မှုကဏ္ဍတွင် မူလက "ဓားသိုင်းကျွမ်းကျင်မှု - ၁၉" မှာ "ဓားသိုင်းပညာရှင် - ၀" အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။ ဤသို့ဆိုလျှင် အံ့ဩစရာမရှိတော့ပေ။ အဆင့်တစ်ဆင့်သာ တက်သွားသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတွင် အလွှာကြီးတစ်ခုလုံး မြင့်တက်သွားခြင်းဖြစ်သည်။ ထိုမှဖြစ်ပေါ်လာသော အရှိန်အဝါ မှာလည်း သဘာဝအတိုင်း ပိုမိုအားကောင်းလာသည်။

ရုပ်သေးပိုးကောင်များမှာ မည်မျှပင် ထူးဆန်းပြီး အစွမ်းထက်ပါစေ၊ ၎င်းတို့၏ပင်ကိုယ်သဘာဝအရ အားနည်းသော ပိုးမွှားတစ်မျိုးသာဖြစ်သည်။ ကပ်ပါးနေထိုင်ရာ ခန္ဓာကိုယ်အခွံနှင့် ကင်းလွတ်သွားပါက သာမန်လူတစ်ယောက် အနည်းငယ်အားစိုက်လိုက်ရုံဖြင့် ပင် ၎င်းကို နင်းသတ်နိုင်သည်။

ပုံမှန်ဆိုလျှင် လော်ယွမ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် ထိုသာမန်မျှသာ အစွမ်းရှိသော ပိုးကောင်များက အနီးသို့ပင် မကပ်ဝံ့ကြပေ။ သူတို့ အချိန်မီ မထွက်ပြေးနိုင်ခဲ့ပါက တောင့်တင်းကာ သေဆုံးသွားနိုင်သည်။ စောစောက ရုပ်သေးပိုးကောင်များမှာ သူတို့ထိန်းချုပ်ထားသော ခန္ဓာကိုယ်အခွံက ကာကွယ်ပေးထားသောကြောင့် လော်ယွမ်၏အရှိန်အဝါက ၎င်းတို့ကို မလွှမ်းမိုးနိုင်ခဲ့ပေ။ ယခု အရှိန်အဝါမှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ပေါ်သွားသောအခါ ဤခန္ဓာကိုယ်အခွံများက အနည်းငယ်မျှပင် မကာကွယ်နိုင်တော့ဘဲ ကပ်ပါးပိုးကောင်များကို တိုက်ရိုက်ထိသွားခြင်းဖြစ်သည်။

"ဒါပေမဲ့… ဒီလောက်နဲ့မရသေးဘူး " လော်ယွမ်က အေးစက်စက် ရယ်မောလိုက်သည်။

ပြီးနောက် သူ၏မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး စွမ်းအင်များကို စုစည်းလိုက်ရာ ယခင်ကထက် ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ယခင်အရှိန်အဝါမှာ ပင်ကိုယ်အသိစိတ်ဖြင့်သာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏သက်ရောက်မှုမှာ တစ်ကယ့်အာနိသင်၏ သုံးပုံတစ်ပုံပင်မရှိပေ။ ယခု အစွမ်းကုန်ထုတ်လွှတ်လိုက်သောအခါ ပေ၃၀ပတ်လည်ရှိလေထုမှာ အပူချိန်မြင့်မားစွာဖြင့် အပူပေးခံလိုက်ရသကဲ့သို့ ချက်ချင်းပင် လှိုင်းများထကာ ဝေဝါးသွားပြီး ထိုအထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်လိုသော သတ်ဖြတ်စိတ်က အထိန်းအချုပ်မဲ့ ပျံ့နှံ့နေသည်။

အရှိန်အဝါလွှမ်းခြုံထားသော ဧရိယာအတွင်းမှ သန္ဓေပြောင်းသတ္တဝါများ၏ လှုပ်ရှားမှုမှာ တဖြည်းဖြည်း တောင့်တင်းလာပြီး ရှေ့သို့ခြေတစ်လှမ်းလှမ်းရန် စက္ကန့်အနည်းငယ်ပင် ကြာမြင့်သည်။ လော်ယွမ်အနီးသို့ ရောက်ရှိလာသော အချို့မှာမူ လှုပ်ရှားမှုရပ်တန့်သွားပြီး ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။ လော်ယွမ် သူတို့၏ရှေ့သို့ လျှောက်သွားလျှင်ပင် သတိပြုမိဟန်မတူကြတော့ပေ။

လော်ယွမ်က ညင်သာစွာ တွန်းလိုက်ရာ ဤလူပုံစံ ကပ်ပါးသားရဲမှာ တောင့်တင်းစွာပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်မယှက်ရှိနေသည်။

လူ့အာရုံဖြင့် မကြားနိုင်သော အသံလှိုင်းများမှာ သားရဲအုပ်ကြီး၏အပေါ်တွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး သန္ဓေပြောင်းသတ္တဝါများက ဤနေရာသို့ တဖွဲဖွဲတိုးဝင်လာကြသည်။ သို့သော် လော်ယွမ်အနီးသို့ မရောက်မီမှာပင် မှော်ဖြင့်ပြုစားခံလိုက်ရသည့်အလား တစ်ကောင်ချင်းစီ မူလနေရာတွင် တောင့်တင်းသွားကြသည်။

ထိုနေရာတွင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။ လော်ယွမ် ခြေတစ်လှမ်းချင်းစီ ရှေ့တိုးသွားသည်နှင့် သူသွားရာလမ်းတစ်လျှောက်မှ အနီးအနားရှိ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများမှာ ချက်ချင်းတောင့်တင်းသွားကြသည်။ လော်ယွမ် ထွက်ခွာသွားသည်နှင့် ဤတောင့်တင်းနေသော သန္ဓေပြောင်းသတ္တဝါများမှာ နောက်မှသန္ဓေပြောင်းသတ္တဝါများ၏ တွန်းတိုက်မှုကြောင့် လဲကျသွားပြီး မရေမတွက်နိုင်သော ခြေထောက်များ၏ နင်းခြေခြင်းကို ခံရကာ တဖြည်းဖြည်း ထူထဲသော အလောင်းပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ လော်ယွမ်မှာ မိမိကိုယ်တိုင် လက်လှုပ်ရှားရန်ပင်မလိုဘဲ လမ်းလျှောက်သွားရုံဖြင့် သန္ဓေပြောင်းသတ္တဝါတစ်အုပ်ပြီးတစ်အုပ် သေဆုံးသွားကြသည်။

ဆက်ရန်…

အပိုင်း(၁၆၃)ဆုတ်ခွာခြင်း

လေထုသည် မှုန်ဝါးလှိုင်းထနေပြီး လော်ယွမ်ကို ဗဟိုပြု၍ ပေ၃၀ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်နယ်မြေတစ်ခု ဖြစ်ပေါ်နေသည့်အလားရှိနေ၏။

အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်က သူ၏စိတ်ဝိညာဉ်ကို မြင်နိုင်ပါက လော်ယွမ်၏စိတ်ဝိညာဉ်သည် တောက်လောင်နေသော နေလုံးကြီးတစ်လုံးကဲ့သို့ ပြင်းထန်သောအလင်းရောင်များ ထုတ်လွှတ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သူ၏အလင်းရောင်နှင့် နှိုင်းယှဉ်လျှင် သန္ဓေပြောင်းသတ္တဝါများထဲရှိ ရုပ်သေးပိုးကောင်များ၏ စိတ်ဝိညာဉ်များမှာမူ မှိတ်တုတ်မှိတ်တုတ် ပိုးစုန်းကြူးလေးများသဖွယ် ဖြစ်နေသည်။

ဤကြယ်ပွင့်လေးများသဖွယ် ပိုးစုန်းကြူးများသည် ပြင်းထန်သောအလင်းဖိအားအောက်တွင် လေပြင်းမုန်တိုင်းထဲ၌ ရှိနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေကြသည်။ မရေမတွက်နိုင်သော အလင်းစက်လေးများသည် လျင်မြန်စွာ လွင့်စဉ်သွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ဆွဲဆန့်ခံလိုက်ရသည်။ ပိုးစုန်းကြူးများ၏အလင်းရောင်သည် လျင်မြန်စွာ မှိန်ဖျော့သွားပြီး စက္ကန့်ဝက်မျှအတွင်းမှာပင် ပုံမှန်အခြေအနေကို မထိန်းသိမ်းနိုင်တော့ဘဲ ဖောင်းခနဲ ပေါက်ကွဲကာ အလင်းမှုန်များအဖြစ်သို့ ပြန့်ကျဲပြီးနောက် လောကကြီးထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် လော်ယွမ်သည် လူသူကင်းမဲ့သော နေရာ၌ လမ်းလျှောက်နေသကဲ့သို့ သားရဲအုပ်ကြီးထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေပြီး သူ၏နောက်တွင် တောင့်တင်းနေသော အလောင်းများ တန်းစီကျန်ရစ်ခဲ့သည်။ သူ၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်ပြီး ဆယ်မိနစ်မျှအတွင်းမှာပင် သွားလိုသောနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ အလောင်းများဖြင့် ဖွဲ့စည်းထားသော တောင်ပူစာလေးတစ်လုံးဖြစ်ပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများက ထိုအလောင်းပုံကို ကျော်ဖြတ်တက်နေကြသည်။ တခါတရံ ကြီးမားသောစွမ်းအားတစ်ခု၏ လွှဲပစ်ခြင်းကိုခံရကာ သားရဲများကောင်းကင်ယံသို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ကျလာရာ ခန္ဓာကိုယ်များက ပုံပျက်ပန်းပျက်ဖြစ်သွားကြသည်။ သို့သော် ဤသို့သော တိုက်ခိုက်မှုမျိုးမှာ တဖြည်းဖြည်း နှေးကွေးလာပြီဖြစ်သည်။ လော်ယွမ် အနားသို့ရောက်ရှိချိန်တွင် တစ်မိနစ်ခန့်ကြာသည်အထိ ထိုကဲ့သို့တိုက်ခိုက်မှုမျိုး မပေါ်ပေါက်တော့ပေ။ ဧရာမဖွတ်ကြီးက နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

အလောင်းပုံမှာ ပေ၃၀ကျော်မြင့်မားပြီး အနီးအနားတွင် ဤသို့သော အလောင်းပုံများစွာ ရှိနေသေးသည်။ ဧရာမဖွတ်ကြီးနှင့် မိဝါတို့ မည်မျှများပြားသော သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်ခဲ့သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ အလောင်းပုံ၏ ကာဆီးထားမှုကြောင့် လော်ယွမ်သည် သူတို့၏ပုံရိပ်ကို သေချာမမြင်ရဘဲ ဧရာမဖွတ်ကြီး၏ အားနည်းဖျော့တော့သော ဟိန်းဟောက်သံကိုသာ သဲ့သဲ့ကြားနေရသည်။ မိဝါမှာမူ လုံးဝအသံတိတ်နေပြီဖြစ်သည်။

လော်ယွမ်၏အရှိန်မှာ တစ်ဖန်ပြန်လည် မြန်ဆန်လာသည်။ သူက ကျန်းမာတောက်ဓားကို တစ်ဖန်ပြန်လည် ဆွဲထုတ်ကာ လမ်းကိုပိတ်ဆို့နေသော သန္ဓေပြောင်းသတ္တဝါများကို တစ်ကောင်ချင်းစီ ခုတ်ပိုင်းလိုက်သည်။ သူထွက်ပေါ်လာခြင်းက အမှောင်ထဲမှ မီးလုံးတစ်လုံးကဲ့သို့ဖြစ်နေပြီး လုံးဝဖုံးကွယ်၍မရပေ။ မူလက ဧရာမဖွတ်ကြီးကို တိုက်ခိုက်နေသော သန္ဓေပြောင်းသတ္တဝါများမှာ ပစ်မှတ်ပြောင်းကာ လော်ယွမ်ထံသို့ ပြေးဝင်လာကြသည်။

သို့သော် ဤသည်မှာ အချည်းနှီးသာဖြစ်သည်။ သူတို့ အနားသို့မကပ်နိုင်မီမှာပင် ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းရောင်မှာ သူ၏ အရှိန်အဝါ ကြောင့် လွင့်စဉ်သွားပြီး ခန္ဓာသေ၍ ဝိညာဉ်ပြိုကွဲသွားကြသည်။

ဧရာမဖွတ်ကြီးသည် လော်ယွမ်၏အနံ့ကို ရလိုက်သည့်အလား အနည်းငယ် ဟိန်းဟောက်လိုက်ရာ အသံထဲတွင် ဝမ်းသာအားရမှုများ ပါဝင်နေသည်။ မူလက မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် ဝပ်နေသော ခန္ဓာကိုယ်ကို အားတင်း၍ မတ်တပ်ထရပ်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင် သန္ဓေပြောင်းသတ္တဝါ ဒါဇင်ပေါင်းများစွာ တွယ်ကပ်နေဆဲဖြစ်သည်။ သူ၏တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး တစ်ကိုယ်လုံး ဒဏ်ရာမရှိသည့်နေရာ တစ်နေရာပင် မရှိတော့ပေ။

သူက ပြင်းထန်စွာ အသက်ရှူမောနေပြီး ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသည်။ စေးပျစ်သောသွေးများသည် ချောင်းငယ်လေးတစ်ခုသဖွယ် ဒဏ်ရာအသီးသီးမှ မရပ်မနား စီးကျနေသည်။ ခဏတာ မတ်တပ်ရပ်ပြီးနောက် သူသည် ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရာ သူ၏ကိုယ်ပေါ်တွင် ဝိုင်းကိုက်တွယ်ကပ်နေသော သန္ဓေပြောင်းသတ္တဝါအချို့ကို အသားစိုင်အဖြစ်သို့ ကြိတ်ခြေပစ်လိုက်သည်။

သူ၏ကိုယ်ပေါ်တွင် သန္ဓေပြောင်းသတ္တဝါအချို့မှာ သူ၏အသားများကို ရူးသွပ်စွာ ကိုက်ဖြတ်နေဆဲဖြစ်သည်။ သို့သော် အပြာရင့်ရောင်အဆင့် ဧရာမဖွတ်ကြီးက အမြင့်ဆုံး အပြာရောင်အဆင့်သာရှိသော ဤသန္ဓေပြောင်းသတ္တဝါများအတွက် အလွန်အမင်း သန်မာလွန်းလှသည်။ သူခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော မာကြောမှုကြောင့် အားကုန်မကိုက်ပါက ကိုက်ဖြတ်၍မရနိုင်ပေ။

ပို၍အဆင့်နိမ့်သော သတ္တဝါများမှာမူ ကိုက်တွယ်ထားနိုင်ရုံသာရှိပြီး ဒဏ်ရာကြီးကြီးမားမား မဖြစ်စေနိုင်ပေ။

လော်ယွမ်က ဧရာမဖွတ်ကြီး၏ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လက်ထဲမှဓားဖြင့် ဆက်တိုက်ခုတ်ပိုင်းကာ သူ၏ကိုယ်ပေါ်တွင် ကိုက်တွယ်နေသော သန္ဓေပြောင်းသတ္တဝါများကို တစ်ကောင်ချင်းစီ သတ်ဖြတ်လိုက်သည်။ အမှန်တကယ်တွင် လော်ယွမ် အနားသို့ရောက်ရှိချိန်မှာပင် ၎င်းတို့က သူ၏ အရှိန်အဝါ ကြောင့် သေဆုံးနေကြပြီဖြစ်သော်လည်း ပါးစပ်များမှာမူ ဧရာမဖွတ်ကြီး၏ကိုယ်ပေါ်တွင် တင်းကျပ်စွာ ကိုက်တွယ်နေဆဲဖြစ်သည်။

ဧရာမဖွတ်ကြီးက လော်ယွမ်ကို အားယူ၍ တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ရိုသေချစ်ခင်မှုများ ပါဝင်နေပြီးနောက် တစ်ဖန်ပြန်လည် မှေးစင်းသွားသည်။

"သစ္စာစောင့်သိမှု +၅"

စနစ်၏အသံက စိတ်ထဲတွင် ပေါ်ထွက်လာသည်။ လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်ထဲမှ လိပ်ဘီလူးဥဖြင့် ပြုလုပ်ထားသော အစာတောင့်တစ်တောင့်ကို ထုတ်ယူလိုက်သည်။ ခဏစဉ်းစားပြီးနောက် နောက်ထပ်နှစ်တောင့်ကို ထပ်မံထုတ်ယူကာ ဧရာမဖွတ်ကြီး၏ရှေ့သို့ လျှောက်သွားသည်။

ဧရာမဖွတ်ကြီး၏ အနံ့ခံအာရုံမှာ အလွန်ထက်မြက်လှသည်။ အနားသို့မရောက်မီမှာပင် သူ၏မျက်ခွံများက တစ်ဖန်ပြန်လည် ပွင့်လာသည်။ သစ္စာစောင့်သိမှု တိုးတက်လာသောကြောင့် ဖြစ်မည်၊ ဤတစ်ကြိမ်တွင် ယခင်ကကဲ့သို့ စိတ်လွတ်မသွားဘဲ လော်ယွမ်ကို အရင်တစ်ချက်ကြည့်လိုက်သည်။ လော်ယွမ် ခေါင်းညိတ်ပြသည်ကို မြင်မှ သူက လျှာကိုလိပ်ကာ လော်ယွမ်၏လက်ထဲမှ အစာတောင့်များကို ဗိုက်ထဲသို့ မျိုချလိုက်သည်။

ဤသို့သော စွမ်းအင်မြင့်မားသည့် အစားအစာ၏ အစွမ်းမှာ အလွန်အမင်း အားကောင်းလှသည်။ စက္ကန့်သုံးဆယ်မျှအတွင်းမှာပင် ဧရာမဖွတ်ကြီး၏ စိတ်အခြေအနေမှာ များစွာကောင်းမွန်လာသည်။ သူ၏ခန္ဓာကိုယ်မှာ မတုန်တော့ဘဲ ဒဏ်ရာများမှ ကြွက်သားများမှာ ဖြည်းညင်းစွာ ပြန်ဆက်သွားပြီး သွေးထွက်မှုမှာ အလွန်လျော့နည်းသွားသည်။

ဧရာမဖွတ်ကြီး အသက်အန္တရာယ်မရှိတော့သည်ကို မြင်သောအခါ သူက မိဝါကို စတင်ရှာဖွေတော့သည်။

မိဝါမှာ ပျောက်ဆုံးနေပြီဖြစ်သည်။ သို့သော် အရှင်ဖြစ်စေ၊ အသေဖြစ်စေ လော်ယွမ်အတွက် အသုံးဝင်သည်။ သူ၏ခန္ဓာကိုယ်သည် အနည်းဆုံးတော့ ကောင်းမွန်သော ကုန်ကြမ်းတစ်ခုဖြစ်သည်။ မြေလှိုင်းကြိမ်နှုန်းအခြေအနေတွင် ရှိနေသော လော်ယွမ်က မယိမ်းယိုင်သော ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားပြီး မလိုအပ်သော စိတ်ခံစားမှုများ လုံးဝမရှိပေ။

သူရှာဖွေပြီး မကြာမီမှာပင် အနီးအနားတွင် သဲလွန်စတစ်ခုကို တွေ့ရှိလိုက်သည်။ ၎င်းမှာ မီးနီရောင် အမွေးတစ်ပင်ဖြစ်ပြီး အမွေးများမှာ ပွယောင်းချောမွေ့နေသည်။ အပူချိန်မှာ မမြင့်မားသည့်အပြင် အနည်းငယ် အေးစက်နေသည်။

သူက "အမျိုးအမည်ခွဲခြားအစွမ်းကို" အသုံးပြုလိုက်သည်။

အမည် - မီးလျှံခွေး၏ အမွေး

အသုံးဝင်ပုံ - ကုန်ကြမ်းပစ္စည်း

အခြေပြုဓာတ် - မီး

ရှားပါးမှုအဆင့် - အပြာရင့်ရောင်

အလေးချိန် - ၁၀၀ ဂရမ်

ထပ်တိုးအစွမ်း - မြင့်မားသောအပူချိန်ကို စုပ်ယူနိုင်ခြင်း

သုံးသပ်ချက် - မီးလျှံခွေးသည် မီးအခြေပြုဓာတ်ရှိသော ဉာဏ်ရည်ထက်မြက်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းသည် ခွေးမျိုးနွယ်များ၏ ဂုဏ်သတ္တိအများစုကို အမွေဆက်ခံထားသည်။ သူ၏အမွေးများသည် သဘာဝလေပေးစက်တစ်ခုဖြစ်ပြီး အပူချိန်ကွာခြားချက်ကို အသုံးပြု၍ မြင့်မားသောအပူချိန်များကို စုပ်ယူနိုင်သည်။

၎င်းက တစ်ကယ်ပင် မိဝါ၏အမွေးဖြစ်သည်။ သူ အနီးအနားတွင် ရှိနေသည်မှာ ထင်ရှားလှသည်။ လော်ယွမ်ကအာရုံခံနိုင်စွမ်းဖြင့် မြေပြင်မှ အလောင်းများကို မရပ်မနား စစ်ဆေးနေသည်။ အကြိမ်အနည်းငယ် လျှောက်ကြည့်ပြီးနောက် သူက မိဝါကို "မြင်" တွေ့လိုက်သည်။ သူ၏အာရုံခံနိုင်စွမ်းက မိဝါ၏ကိုယ်ကို မထိုးဖောက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူ မသေသေးသည်မှာ ထင်ရှားလှသည်။

လော်ယွမ်က အာရုံခံမိသောနေရာသို့ လျှောက်သွားပြီး သန္ဓေပြောင်းသတ္တဝါအလောင်းများကို လျင်မြန်စွာ ဘေးသို့ ပစ်ထုတ်လိုက်သည်။

တစ်မိနစ်မျှအတွင်းမှာပင် လော်ယွမ် မိဝါ၏ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်။ သူ၏အခြေအနေမှာ ဧရာမဖွတ်ကြီးထက် များစွာဆိုးရွားလှသည်။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး ခန္ဓာကိုယ်မှာ မလှုပ်မယှက်ဖြစ်နေသည်။ သူ၏ကိုယ်အပူချိန်နှင့် အားနည်းသော နှလုံးခုန်သံကို မခံစားမိပါက မည်သူမဆို သေဆုံးနေပြီဟု ထင်မှတ်ကြမည်ဖြစ်သည်။

သူ၏ပုံစံမှာ အလွန်အမင်း ဆိုးရွားလှသည်။ ခြေတစ်ဖက်မှာ ကိုက်ဖြတ်ခံထားရပြီး အမြီးမှာလည်း ပျောက်ဆုံးနေသည်။ ပို၍ဆိုးသည်မှာ အရေပြားတစ်ခုလုံး စုတ်ဖြဲခံထားရပြီး နေရာများစွာတွင် ဖြူဖွေးသောအရိုးများကိုပင် မြင်နေရသည်။ ယခုအချိန်အထိ မသေသေးခြင်းမှာ အံ့ဩဖွယ်ရာတစ်ခုပင် ဖြစ်သည်။

လော်ယွမ်က ထိုမြင်ကွင်းကိုတွေ့သောအခါ မဆိုင်းမတွပင် သူ၏ကိုယ်ပေါ်မှ အစာတောင့်အားလုံးကို ထုတ်ယူလိုက်ပြီး ၎င်း၏ပိတ်ထားသော ပါးစပ်ကြီးကို အားဖြင့် ဖွင့်ကာ ကြေမွနေသော အစာတောင့်များကို လည်ချောင်းထဲသို့ ထည့်သွင်းလိုက်သည်။ ပြီးနောက် သူက တောင့်တင်းနေသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ရှာဖွေပြီး လည်ပင်းကို အားဖြင့် လိမ်ချိုးကာ ရင်ဘတ်ခေါင်းထဲမှ ထွက်လာသော သွေးများကို မိဝါ၏လည်ချောင်းထဲသို့ လောင်းထည့်လိုက်သည်။ ဤနည်းဖြင့် အစာတောင့်များကို အစာအိမ်ထဲသို့ ရောက်ရှိစေပြီး ၎င်း၏အစာခြေစုပ်ယူမှုကို အရှိန်မြှင့်ရန် ကြိုးစားခြင်းဖြစ်သည်။ နောက်ဆုံးတွင် အသက်ရှင်နိုင်၊ မရှင်နိုင်မှာမူ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။

ထိုစဉ် လော်ယွမ်သည် အနီးအနားတွင် တောင့်တင်းနေသော သန္ဓေပြောင်းသတ္တဝါတစ်ရာကျော်မှလွဲ၍ သားရဲအုပ်ကြီးက တိတ်တဆိတ် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ သူတို့ တိတ်တဆိတ် ရောက်ရှိလာသကဲ့သို့ ယခုလည်း တိတ်တဆိတ် ထွက်ခွာသွားကြသည်။ မြေပြင်နှင့် ကောင်းကင်မှာ တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့သည်။

လော်ယွမ်သည် ဆယ်မိနစ်ခန့် ဆက်လက်စောင့်ဆိုင်းပြီးနောက် စနစ်မှ မစ်ရှင်ပြီးမြောက်ကြောင်း အသံထွက်ပေါ်လာမှ သူတို့ အမှန်တကယ် ပျောက်ကွယ်သွားပြီး ပြန်လာတော့မည်မဟုတ်ကြောင်း သေချာသွားတော့သည်။

ရုပ်သေးပိုးကောင်များသည် သေရမည်ကိုမကြောက်သည့်ပုံရှိသော်လည်း သက်ရှိတိုင်းတွင် မျိုးစိတ်ရှင်သန်ရေးအတွက် အကျိုးရှိရာကိုရွေးချယ်ပြီး အန္တရာယ်ကိုရှောင်ရှားတတ်သော ပင်ကိုဗီဇတစ်ခု ရှိကြသည်။ သေဆုံးမှုက ပမာဏတစ်ခုအထိ များပြားလာသောအခါ ဆုတ်ခွာခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော အရာတစ်ခု ဖြစ်လာသည်။

သူ ညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မြေလှိုင်းကြိမ်နှုန်းအခြေအနေကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်သွားပြီး ခေါင်းထဲတွင် မူးဝေသွားသည်။ မကြာမီမှာပင် ပြန်လည်မတ်မတ်ရပ်နိုင်သွားပြီး ခန္ဓာကိုယ်၏ နက်ရှိုင်းသောနေရာမှ ပင်ပန်းနွမ်းနယ်မှုတစ်ခု ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံး နေရာအနှံ့ ကိုက်ခဲနာကျင်နေတော့သည်။

နောက်ဆုံးတော့ ပြီးဆုံးသွားချေပြီ။ သူသည် မြေပြင်ပေါ်မှ သွေးများပြည့်နေသည်ကို ဂရုမစိုက်ဘဲ ထိုင်ချလိုက်သည်။ မိနစ်အနည်းငယ် အနားယူပြီးနောက် အရည်အသွေးပြဇယားကို ဖွင့်ကာ မစ်ရှင်ပြီးမြောက်မှုအခြေအနေကို စစ်ဆေးလိုက်သည်။

ဒင်... Dအဆင့်မစ်ရှင် - အန္တရာယ်မှလွတ်အောင်ပြေးရန်

မစ်ရှင်လိုအပ်ချက် - အနည်းဆုံးလူလေးဦးလွတ်မြောက်ရန် အောင်မြင်သွားပါပြီ။

မစ်ရှင်ကြာချန် - သုံးနာရီနှင့် မိနစ်သုံးဆယ်

မစ်ရှင်အကဲဖြတ်ချက် - ထူးချွန်

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၆၀%

အတွေ့အကြုံမှတ် +၉၆၀၀ x ၆၀% ရရှိသည်။

အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၆၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၂၉၅၂၀/၃၈၄၀၀

တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၄၀%

အတွေ့အကြုံမှတ် +၉၆၀၀ x ၂၀% ရရှိသည်။

အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၆၀% ရရှိသည်

စုစုပေါင်းအတွေ့အကြုံမှတ် - ၉၃၀၀/၉၆၀၀

လော်ယွမ်က ကျန်ရှိသော အတွေ့အကြုံကို ကြည့်လိုက်ရာ အဆင့်ကိုးသို့တက်ရန် ကိုးထောင်မပြည့်တပြည့်သာ လိုတော့သည်။ ဧရာမဖွတ်ကြီးမှာမူ ရာဂဏန်းအနည်းငယ်သာ လိုတော့သည်။ ကံကောင်းပါက Dအဆင့် မစ်ရှင်တစ်ခု သို့မဟုတ် E+အဆင့် မစ်ရှင်နှစ်ခု ထပ်မံပြီးမြောက်ပါက အဆင့်တက်နိုင်ပြီဖြစ်သည်။

သူ ဒဏ်ရာကုသနေသော ဧရာမဖွတ်ကြီးနှင့် မိဝါကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ဒဏ်ရာများအရ အချိန်တိုအတွင်း ကောင်းမွန်လာမည်မဟုတ်သည့်အပြင် လှုပ်ရှားနိုင်မည်လည်း မဟုတ်သေးပေ။ ဤမြို့တွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရဦးမည်မှာ ထင်ရှားလှသည်။ ကံကောင်းစွာဖြင့် သားရဲအုပ်ကြီး ဆုတ်ခွာသွားပြီဖြစ်ရာ အချိန်တိုအတွင်း ထပ်မံတိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။ ဤနေရာသည် အပြင်ဘက်က တောအုပ်ကြီးထက် ပိုမိုလုံခြုံသည်။

ယခု အရေးကြီးဆုံးအရာမှာ အခြားသူများကို သွားခေါ်ပြီး ဤအနီးအနားတွင် စတည်းချစရာ နေရာတခု ရှာဖွေရန် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၁၆၄)အနားယူပြင်ဆင်ခြင်း

မိဝါသည် အံ့ဩဖွယ်ရာကောင်းလောက်အောင် အသက်ရှင်နိုင်ခဲ့သော်လည်း သူ၏အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ အသွေးအသားအများစု ကိုက်ဖြတ်ခံထားရသည့်အပြင် အတွင်းကလီစာများပင် ပေါက်ပြဲနေပြီး နေရာအတော်များများတွင် အရိုးများကိုပင် မြင်နေရသည်။ အရေခွံဆုတ်ထားသော ဇွမ်ဘီးခွေးတစ်ကောင်နှင့်ပင် တူနေ၏။ လိပ်ဘီလူးဥဖြင့် ပြုလုပ်ထားသော အစာတောင့်ဖြင့်သာ အသက်ဆက်မထားပါက အသက်ရှင်နိုင်ခြေ လုံးဝမရှိပေ။ သို့သော် ထိုသို့ဖြစ်လင့်ကစား သူက အချိန်တိုအတွင်း၌ ပြန်လည်ထနိုင်ဦးမည် မဟုတ်ပေ။

ဧရာမဖွတ်၏အခြေအနေမှာ မိဝါထက် အနည်းငယ်သာသော်လည်း သိပ်မထူးခြားလှပေ။ သားရဲနှစ်ကောင်လုံး၏ ဒဏ်ရာအခြေအနေအရ ခရီးဝေးဆက်လက်ထွက်ခွာရန် မဖြစ်နိုင်တော့သောကြောင့် လော်ယွမ်တို့အဖွဲ့သည် ကျားဖိန်မြို့၌ အချိန်အတိုင်းအတာတစ်ခုထိ အနားယူရန် ဆုံးဖြတ်လိုက်ရသည်။

သူတို့အဖွဲ့ မကြာမီမှာပင် မြေအောက်ဘူတာရုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ မြေအောက်ရထားလမ်းသည် မြို့၏အဓိကသွေးကြောဖြစ်သလို စစ်ဖြစ်ချိန်တွင် ဗုံးခိုကျင်းအဖြစ်လည်း အသုံးပြုနိုင်သောကြောင့် သာမန်အဆောက်အဦများထက် များစွာပိုမိုခိုင်ခံ့သည်။ မြို့မှာ မည်မျှပင် ဆွေးမြေ့ပျက်စီးနေစေကာမူ ဤနေရာမှာမူ မူလပုံစံမပျက် တည်ရှိနေဆဲဖြစ်သည်။

ဝင်ပေါက်သို့ရောက်သည်နှင့် အချိန်ကြာမြင့်စွာ လှောင်ပိတ်နေသော ညှီစို့စို့အနံ့က မျက်နှာကိုလာရောက်ရိုက်ခတ်ပြီး ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ဘူတာအတွင်း၌ အရိုးများနေရာအနှံ့ရှိနေ၏။ ဤနေရာတွင် ယခင်က အသက်ရှင်ကျန်ရစ်သူများ နေထိုင်ခဲ့သည်မှာ ထင်ရှားသော်လည်း ယခုအခါတွင်တော့ နေရာအနှံ့ အရိုးဖြူများသာ ကျန်ရှိတော့သည်။

ဤနေရာတွင် ရက်အနည်းငယ်ကြာ နေထိုင်ရမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို မည်မျှပင် ဂရုမစိုက်သူဖြစ်စေ နေ့စဉ်နေ့တိုင်း အနံ့ဆိုးထွက်နေသော အရိုးများနှင့် အတူသည်းခံပြီးနေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို စစ်ဆေးပြီးနောက် သူတို့အဖွဲ့ မြေအောက်ဘူတာရုံသို့ ဝင်ရောက်ပြီး ပထမဆုံးပြုလုပ်သည့်အလုပ်မှာ ထိုအရိုးများကို ရှင်းလင်းခြင်းပင်ဖြစ်သည်။

အားလုံး၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသည်။ နာရီဝက်အကြာတွင် မြေအောက်ဘူတာရုံမှ အရိုးများအားလုံးကို အပြင်သို့ ပစ်ထုတ်ပြီးစီးသွားသည်။ လေဝင်လေထွက်မကောင်းသောကြောင့် ဤနေရာမှ အပုပ်နံ့မှာ ပြင်းထန်နေဆဲဖြစ်သော်လည်း အချိန်ကြာလာသည်နှင့် နှာခေါင်းမှာ အနံ့နှင့်ကျင့်သားရသွားသောအခါ ဘာမှမဖြစ်တော့ပေ။ အမှန်တကယ်တွင် ကမ္ဘာပျက်ကပ်ကာလ၌ ဤသို့ခိုင်ခံ့လုံခြုံသော နေရာတစ်နေရာကို ရှာဖွေတွေ့ရှိနိုင်ခြင်းမှာပင် အလွန်ကံကောင်းလွန်းနေပြီဖြစ်သည်။

ကျိုးယလီသည် ကြောက်စိတ်ကို ထိန်းချုပ်ကာ ဤအလုပ်များကို အားကုန်လုပ်ဆောင်ပြီးနောက် ဒယိမ်းဒယိုင်ဖြင့် ထောင့်တစ်နေရာကိုရှာဖွေကာ ပျော့ခွေစွာ ထိုင်ချလိုက်သည်။ သူမ၏တစ်ကိုယ်လုံးမှာ တုန်ရီနေ၏။

လော်ယွမ်က ကျိုးယလီကို အမြဲတစေ အကဲခတ်နေခဲ့ရာ ဤမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းတစ်ချက် မချမိဘဲမနေနိုင်တော့ပေ။

"အမယလီ... အဆင်ပြေရဲ့လား" လော်ယွမ်က လျှောက်သွားရင်း မေးလိုက်သည်။

"အဆင်ပြေပါတယ်" ကျိုးယလီက ခေါင်းကိုငုံ့ကာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ရာ ခန္ဓာကိုယ်တုန်ရီနေခြင်းမှာလည်း ရပ်တန့်သွားသည်။

လော်ယွမ်သည် တိတ်ဆိတ်နေပြီး ခဏအကြာမှ "နောက်ဆို အသားကျသွားမှာပါ... အသားမကျရင်တောင် မြင်ပါများရင် ရိုးသွားလိမ့်မယ်" ဟု ဆို၏။

ကျိုးယလီသည် ဤစကားကိုကြားသောအခါ မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးကာ တုန်ရီနေသောအသံဖြင့် "ဒါပေမဲ့... ကျွန်မ... ကျွန်မကြောက်တယ်... ကျွန်မဒီနေ့သေပြီလို့တောင် ထင်လိုက်တာ... မိဝါဆိုသေခါနီးနီးပဲ... ကျွန်မက ငယ်ငယ်ကတည်းက အရမ်းကြောက်တတ်တာ... မသာအလောင်းကိုတောင် မကြည့်ရဲဘူး... ဒါပေမဲ့သူများတွေ တစ်မျိုးထင်မှာဆိုးလို့... ကျွန်မစောစောက လူအရိုးခေါင်းခွံတွေ ကိုယ်တိုင်ကောက်ပစ်ခဲ့ရတယ်..." ဟု ပြောလိုက်သည်။

ကျိုးယလီ၏ နူးညံ့သောခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ခါနေပြီး စကားများရှေ့နောက်မညီတော့ဘဲ မိမိ၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုနေသည်။ "ကျွန်မရှင့်ကို အပြစ်တင်လို့မရမှန်း သိပါတယ်... ဒါပေမဲ့ရှင့်ကိုမုန်းတယ်... ဘာလို့ကျွန်မကိုအတင်းခေါ်လာတာလဲ... ကျွန်မက သာမန်မိန်းမတစ်ယောက်... ဝမ်ရှကွမ်တို့ ဟွမ်ကျားဟွေတို့လို အစွမ်းအစရှိတာလည်း မဟုတ်ဘူး ဝမ်ရှီရှီနဲ့ဆို ပိုလို့တောင် ယှဉ်လို့မရသေးတယ်... ကျွန်မကရိုးရိုးအေးအေးပဲနေချင်တာ... ခုလိုမျိုး ဘယ်ချိန်သေရမယ်မှန်း မသိရတဲ့ဘဝမျိုးကို နေချင်တာမဟုတ်ဘူး"

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤခရီးလမ်းမှာ အလွန်ရှည်လျားပြီး အလွန်အန္တရာယ်များလှသည်။ သူကိုယ်တိုင်ပင် အကြိမ်ကြိမ် အကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ကျိုးယလီကဲ့သို့သော သာမန်လူတစ်ယောက်အတွက် ပြောစရာပင်မလိုတော့ပေ။ အသက်မှာ ဖန်ခွက်ကဲ့သို့ ကြွပ်ဆတ်ပြီး အချိန်မရွေး ကြေမွသွားနိုင်သည်။

သို့သော် ဆက်မသွားပဲ ရပ်လိုက်လျှင်လည်း ခဏတဖြုတ်သာ လုံခြုံမည်ဖြစ်ကြောင်း လေယာ်ယွမ် ကောင်းကောင်းသိသည်။ ဤကျဆုံးသွားသော နယ်မြေတွင် အချိန်ကြာမြင့်လာသည်နှင့်အမျှ သန္ဓေပြောင်းသားရဲများ၏စွမ်းအားမှာ ပိုမိုကြီးမားလာလိမ့်မည်။ လူသားများ၏စုပေါင်းအင်အားမရှိဘဲ ၎င်းတို့နှင့်ယှဉ်ပြိုင်ရန်မဆိုထားနှင့် ရှင်သန်ရန်ပင် ခက်ခဲလှပေလိမ့်မည်။ အနောက်ဘက်သို့ရောက်မှသာ အမှန်တကယ် လုံခြုံမည်ဖြစ်သည်။

သို့သော် ၎င်းက ကျိုးယလီအတွက်တော့ အကြောင်းပြချက်တစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမအတွက်ဤအရာမှာ အလွန်အလှမ်းဝေးပြီး လက်တွေ့မကျသောကြောင့်ဖြစ်သည်။ လမ်းတစ်ဝက်ပင်မရောက်မီမှာပင် သူမအသက်ဆုံးရှုံးသွားရနိုင်သည်။

သူ ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်သည်။ "ငါနည်းနည်းတကိုယ်ကောင်ဆန်ပြီး နင့်ကိုသေဘေးနီးတဲ့ ခရီးကိုအတူခေါ်ခဲ့မိတယ်ထင်တယ်... အခုငါတို့ဒီမြို့မှာ ခဏနားကြမယ်... နင်တစ်ကယ်ငါနဲ့မလိုက်ချင်ဘူးဆိုရင် နင်နေတဲ့နေရာကို ငါပြန်လိုက်ပို့ပေးမယ်... မိဝါလည်းရှိတော့ ကျန်တဲ့သူတွေ နင့်ကိုဘာမှမလုပ်ရဲလောက်ဘူး"

ကျိုးယလီ၏ရှိုက်သံများ ရပ်တန့်သွားသည်။ သူမသည် လော်ယွမ်ကို ကြောင်ငေး ကြည့်လိုက်သည်။ ထိုအခါမှ သူ၏မျက်နှာမှာ ယခင်ကလို နုနယ်ပျိုမျစ်မှုမရှိတော့ဘဲ လောကဓံ၏အထုအထောင်းကို ခံထားရသည့်ဟန်ဖြင့် ဒေါသမထွက်ဘဲ အကျိုးသင့် အကြောင်းသင့်ရှိနေသည်ကို သူမ သတိပြုမိလိုက်သည်။ သူ၏မျက်လုံးများမှာလည်း ယခင်ကလို ရင်းနှီးဖော်ရွေမှုမရှိတော့ဘဲ နက်ရှိုင်းပြီး အေးစက်စက်ဖြစ်နေသည်။ ထိုတစ်ခဏတွင် သူမသည် ရင်းနှီးမှုမရှိတော့သလို ခံစားလိုက်ရသည်။ သူသည် ယခင်က သူမကို "အစ်မယလီ" ဟု ရင်းနှီးစွာခေါ်ခဲ့သော လော်ယွမ် မဟုတ်တော့သကဲ့သို့ပင်။

…………………………………………

နောက်ရက်များတွင် အခြေအနေမှာ တည်ငြိမ်အေးချမ်းနေသည်။ သားရဲလှိုင်းကြီးမဆိုထားနှင့် သန္ဓေပြောင်းသားရဲတစ်ကောင်စ နှစ်ကောင်စ ကိုပင် မြင်တွေ့ရခြင်းမရှိပေ။

ပတ်ဝန်းကျင်လုံခြုံရေးကို သေချာစေရန်အတွက် ဤကာလအတွင်း လော်ယွမ်က အကြိမ်အနည်းငယ် အပြင်ထွက်လေ့လာခဲ့ပြီး မြို့တစ်ဝက်ခန့်ကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ သာမန်သန္ဓေပြောင်းသားရဲအနည်းငယ်ကို တွေ့ရှိခဲ့သည်မှလွဲ၍ ရုပ်သေးပိုးကောင်တစ်ကောင်မျှပင် မတွေ့ရှိခဲ့ရပေ။ ယခင်က ပြင်းထန်သောတိုက်ပွဲကြောင့် ရုပ်သေးပိုးကောင်များမှာ အလွန်အထိနာသွားပြီး ၎င်းတို့၏သဘာဝရန်သူဟုပင် ခေါ်ဆိုနိုင်သော လော်ယွမ်၏အနီးသို့ ထပ်မံချဉ်းကပ်ရန် မရဲတော့ဘဲ ဤမြို့မှ အဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်မှာ ထင်ရှားလှသည်။

မြို့တစ်မြို့လုံးတွင် သေးငယ်သောသန္ဓေပြောင်းအင်းဆက်များနှင့် အစွန်အဖျားတွင် ကျန်ရှိနေသော သန္ဓေပြောင်းသားရဲအနည်းငယ်မှလွဲ၍ အခြားမည်သည့်သက်ရှိမျှမရှိတော့ဘဲ လုံးဝမြို့ပျက်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ယခင်က ရုပ်သေးပိုးကောင်များက ဤမြို့ကို လုံးဝစိုးမိုးအုပ်ချုပ်ခဲ့သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဤအခြေအနေက လော်ယွမ်ကို ပြန်တွေးလိုက်တိုင်း ကြက်သီးထမိသည်။ အရေးကြီးသောအချိန်တွင် သူ၏ဓားသိုင်းပညာက ဓားပညာရှင်အဆင့်သို့ တိုးတက်သွားပြီး သူ၏ အရှိန်အဝါ မှာလည်း အရည်အသွေးပိုင်း ပြောင်းလဲသွားခဲ့၍သာ တော်တော့သည်။ သို့မဟုတ်ပါက ဤမြို့မှလွတ်မြောက်ရန်အတွက် ကြီးကြီးမားမား မပေးဆပ်ဘဲ လုံးဝမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ ဧရာမဖွတ်နှင့် မိဝါကို ကယ်တင်နိုင်မည်မဟုတ်သလို လော်ယွမ်မှလွဲ၍ အခြားသူများလည်း ရှင်သန်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။

ဤအချက်က လော်ယွမ်ကို အရှိန်အဝါ ၏အရေးပါမှုကို ပိုမိုတန်ဖိုးထားလာစေသည်။ ဤရက်များအတွင်း စမ်းသပ်မှုများအရ လော်ယွမ်သည် အရှိန်အဝါ ၌ အဆင့်အလိုက် လွှမ်းမိုးနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။ အပြာရင့်အဆင့် သန္ဓေပြောင်းသားရဲနှင့် မကြုံတွေ့ရသေးသလို၊ ဒဏ်ရာရနေသော ဧရာမဖွတ်နှင့် မိဝါကိုလည်း စမ်းသပ်ရန်မကောင်းခြင်းတို့ကြောင့် တိကျသောအခြေအနေကို မသိရှိရသေးသော်လည်း အနည်းဆုံး အပြာရောင်အဆင့်ကိုတော့ လုံးဝလွှမ်းမိုးနိုင်စွမ်းရှိသည်။

ဤလွှမ်းမိုးနိုင်စွမ်းမှာ အပြတ်အသတ်အနိုင်ယူနိုင်သောအစွမ်းဖြစ်သည်။

လော်ယွမ်က သူ၏ အရှိန်အဝါ ကို ထုတ်လွှတ်လိုက်သည်နှင့် အပြာရောင်အဆင့် သန္ဓေပြောင်းသားရဲများမှာ တိုက်ခိုက်နိုင်စွမ်း လုံးဝဆုံးရှုံးသွားသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ခြေလေးချောင်းကို ကွေးကာ ဝပ်တွားနေပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နှက်ကာ တစ်ကိုယ်လုံး တုန်ရီနေကြသည်။ အနည်းငယ်ပိုမိုအစွမ်းထက်သော သို့မဟုတ် လော်ယွမ်နှင့် အလှမ်းဝေးသော သားရဲများမှာမူ ချက်ချင်းနောက်လှည့်ကာ ထွက်ပြေးသွားကြပြီး တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးသွားကြသည်။ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

ပိုမိုအဆင့်နိမ့်သော အပြာနုရောင်အဆင့်များမှာ သတိလစ်မေ့မြောသွားကြသလို ရုတ်တရက်သေဆုံးခြင်းများပင် ဖြစ်ပေါ်တတ်သည်။

ထို့ထက်ပိုမိုနိမ့်ကျသော အဖြူရောင်အဆင့်များမှာမူ တစ်ကောင်မကျန် သေဆုံးကြသည်။ အရှိန်အဝါ ကို ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေမင်းတမန်၏နယ်မြေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤတွေ့ရှိမှုက လော်ယွမ်ကို အံ့အားသင့်စေသလို ဝမ်းသာစေခဲ့သည်။ ဝမ်းသာရခြင်းမှာ ဤ အရှိန်အဝါ က အလွန်အစွမ်းထက်သောကြောင့်ဖြစ်ပြီး နောင်တွင် အင်အားနည်းသော သားရဲလှိုင်းလုံးကြီးများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုတော့ပေ။ အစွမ်းထက်သော သက်ရှိများနှင့် တိုက်ခိုက်ရာတွင်လည်း ကျားကို အတောင်ပံ တပ်ဆင်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ လက်ရေတူတိုက်ပွဲတစ်ခုတွင် ရုတ်တရက် လော်ယွမ်က အရှိန်အဝါ ကို ထုတ်လွှတ်လိုက်ပါက လွှမ်းမိုးရန်ပင်မလို၊ တစ်ဖက်သား အနည်းငယ်မျှ တန့်သွားသည်နှင့် ထိုတိုက်ပွဲ၏ အနိုင်အရှုံးက ပြောစရာပင်မလိုတော့ပေ။ သူအံ့အားသင့်ရခြင်းမှာ မြေအောက်ဘူတာရုံထဲတွင် မစမ်းသပ်မိ၍ တော်သေးသည်၊ သို့မဟုတ်ပါက ကြေကွဲစရာအဖြစ်ဆိုးကြီး ဖြစ်ပွားသွားနိုင်သည်။

သို့သော် စမ်းသပ်နေစဉ်တွင် သူ့ အရှိန်အဝါ ၏အရည်အသွေးပြောင်းလဲမှုမှာ အစွမ်းထက်သော်လည်း ပေးဆပ်ရမှုများရှိသည်ကို တွေ့ရှိခဲ့သည်။ ၎င်းက စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းကို ယခင်ကထက် များစွာပိုမိုကုန်ခမ်းစေပြီး သက်ရောက်ချိန်မှာလည်း အလွန်တိုတောင်းသွားသည်။ ရေဘုံဘိုင်ခေါင်းကို ဖွင့်လိုက်သကဲ့သို့ စွမ်းအင်များမှာ လျင်မြန်စွာ စီးထွက်သွားပြီး အချိန်တိုအတွင်းမှာပင် စိတ်ပင်ပန်းနွမ်းနယ်လာကာ ခေါင်းမူးခေါင်းကိုက်ခြင်းများပင် ဖြစ်ပေါ်လာသည်။

ဟုတ်ပေသည်။ တိုးတက်လာသောစွမ်းအားနှင့် နှိုင်းယှဉ်လျှင် ဤအရာများက လျစ်လျူရှုနိုင်သော ပြဿနာငယ်လေးများသာ ဖြစ်သည်။ သားရဲလှိုင်းလုံးကြီးလိုမျိုးနှင့် မကြုံတွေ့လျှင် အရှိန်အဝါ ကို အချိန်အကြာကြီး ထုတ်လွှတ်ထားရန် မလိုအပ်ပေ။ အဖွဲ့သားများရှေ့တွင် အရှိန်အဝါ ထုတ်လွှတ်ခြင်းကိုမူ အကြိမ်အနည်းငယ် တဖြည်းဖြည်း လေ့ကျင့်ပေးပါက သူတို့လည်း တဖြည်းဖြည်း ကျင့်သားရလာနိုင်ပြီး သူတို့၏ စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းကိုပင် တိုးတက်စေနိုင်ဖွယ်ရှိသည်။

နောက်ဆက်တွဲ အရည်အသွေးများဖြစ်သော ဉာဏ်ရည်၊ အာရုံခံနိုင်စွမ်းနှင့် စိတ်စွမ်းအားတို့မှာ အမြဲတစေ ဆန်းကြယ်သောအနေအထားဖြင့် တည်ရှိနေခဲ့သည်။ လော်ယွမ်သည် ၎င်းတို့၏ အပြန်အလှန်ဆက်စပ်မှုကို နားမလည်နိုင်ပေ။ တိုက်ရိုက်မြင်တွေ့နိုင်သော ခန္ဓာကိုယ်ဆိုင်ရာ အရည်အသွေးများနှင့် နှိုင်းယှဉ်လျှင် လော်ယွမ်က ခန့်မှန်းရုံသာ တတ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ဤအရည်အသွေးသုံးခုမှာ သက်ရှိတို့၏ အဆန်းကြယ်ဆုံးနှင့် သက်သေပြရန်အခက်ခဲဆုံးဖြစ်သော "ဝိညာဉ်" ကို ညွှန်ပြနေသောကြောင့်ဖြစ်သည်။ လက်ရှိသိပ္ပံပညာအဆင့်ဖြင့် ဝိညာဉ်၏တည်ရှိမှုကို တိုက်ရိုက်ဖော်ပြရန် သို့မဟုတ် ခိုင်လုံသောသက်သေပြရန် မဖြစ်နိုင်သေးဘဲ အရာအားလုံးမှာ လူသားတို့၏ စိတ်ကူးနှင့် ခန့်မှန်းချက်များသာ ဖြစ်သည်။

သို့သော် စနစ်၏ နောက်ဆက်တွဲ အရည်အသွေးများကမူ လူသားတို့၏ခန္ဓာကိုယ်အတွင်း၌ ဆန်းကြယ်သော အတွင်းပိုင်းတည်ရှိမှုတစ်ခု ရှိနေကြောင်းကို ကိန်းဂဏန်းများဖြင့် တိုက်ရိုက်ဖော်ပြနေသည်။ ထို့အပြင် အမျိုးမျိုးသော မစ်ရှင် များ၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းနှင့် အရည်အသွေးမြှင့်တင်နိုင်စွမ်းတို့ကြောင့် စနစ် လူသားတို့၏ နည်းပညာထက် များစွာသာလွန်သော ဖန်တီးမှုတစ်ခုဖြစ်နိုင်သည်ဟု သူခန့်မှန်းမိသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စနစ်၏တည်ရှိမှုကို ပြီးပြည့်စုံစွာ ထောက်ပံ့ပေးနိုင်သော သီအိုရီတစ်ရပ်မျှ မရှိသေးသောကြောင့်ဖြစ်ပြီး သီအိုရီကို လက်တွေ့နည်းပညာသို့ ပြောင်းလဲရန် လိုအပ်သောအချိန်ကို ထည့်သွင်းစဉ်းစားပါက အနည်းဆုံး နှစ်ငါးဆယ်မှ တစ်ရာအတွင်း လူသားများတွင် ဤသို့သောစွမ်းရည်မျိုး ရှိလာနိုင်မည်မဟုတ်ပေ။

သို့သော် ဤသို့သော ခန့်မှန်းချက်များက ဘာကိုမျှ ပြောင်းလဲနိုင်မည်မဟုတ်ဘဲ အပိုအတွေးများသာ ဖြစ်သည်။

ဆက်ရန်...

All Chapters