← Chapters

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

အပိုင်း(၁၆၅)အဆိပ်စမ်းသပ်ခြင်း

ရက်အနည်းငယ်အတွင်းမှာပင် ကျားဖိန်မြို့တစ်မြို့လုံးသည် အလောင်းပုပ် အနံ့ဆိုးများဖြင့် ပြည့်နှက်သွားသည်။ ထိုပုပ်ဟောင်နေသော အနံ့က အသေကောင်စား ယင်ကောင်အုပ်များကို ဆွဲဆောင်လျက်ရှိ၏။

ဤသန္ဓေပြောင်းယင်ကောင်များ၏ ခန္ဓာကိုယ်အရွယ်အစားမှာ ဖားပြုတ်တစ်ကောင်မျှ ကြီးမားပြီး ပုံသဏ္ဌာန်မှာ အလွန်အရုပ်ဆိုးလှသည်။ တစ်ကိုယ်လုံးမှာ တလက်လက်တောက်ပနေသော အစိမ်းရောင်ဖြစ်ပြီး ပျံသန်းသည့်အခါတွင် ဖုန်မှုတ်စက်ကြီးတစ်လုံး၏ အသံကဲ့သို့ ကျယ်လောင်သော ဆူညံသံကို ဖြစ်ပေါ်စေသည်။ အကယ်၍ ဤသတ္တဝါများ၏ စွမ်းဆောင်နိုင်ရည်က ထိုမျှသာဖြစ်ခဲ့လျှင် အရေးမကြီးလှပေ။ ဆူညံသံကို ဖြစ်ပေါ်စေပြီး လူကို စိတ်အနှောင့်အယှက်ဖြစ်စေရုံသာ ရှိမည်ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ၎င်း၏ အန္တရာယ်မှာ လုံးဝ မသေးလှချေ။

ဤသန္ဓေပြောင်းသတ္တဝါများက ပြည်တည်နေသော ဒဏ်ရာများကို စားသုံးရုံသာမက သွေးပါစုပ်ယူတတ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးမားသော သွေးပမာဏကိုပင် စုပ်ယူနိုင်သည်။ လူသားတို့၏ နူးညံ့သော အရေပြားက ဤသန္ဓေပြောင်းသတ္တဝါများ၏ ပါးစပ်အစိတ်အပိုင်းကို ခုခံနိုင်စွမ်း လုံးဝမရှိပေ။ တစ်ချက်အစုပ်ခံလိုက်ရလျှင် သွေး မီလီလီတာ ရာပေါင်းများစွာ ဆုံးရှုံးသွားနိုင်သော်လည်း တောနက်ထဲတွင် တစ်လနီးပါး အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သော အသက်ရှင်ကျန်ရစ်သူများအတွက်မူ ဤသို့သော အန္တရာယ်သည် ထည့်တွက်စရာပင် မရှိတော့ချေ။

အသက်ရှင်ကျန်ရစ်သူတစ်စုသည် ရေညှိများဖုံးလွှမ်းနေသော လမ်းမပေါ်တွင် သတိကြီးစွာဖြင့် လျှောက်လှမ်းနေကြသည်။ သူတို့၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်းဖြင့် ညစ်ပတ်နေသည်။ လူတိုင်းနီးပါး၏ ကိုယ်ပေါ်တွင် အနက်ရောင် သွေးကွက်များ စွန်းထင်းနေပြီး တစ်ကိုယ်လုံးမှာလည်း ကြီးငယ်မဟူသော အမာရွတ်များဖြင့် ပြည့်နှက်နေ၏။ အချို့ဒဏ်ရာများမှာ အပြည့်အဝ မကျက်သေးဘဲ အပေါ်မှ ပြည်နှင့်သွေးများ အဆက်မပြတ် စီးကျနေသည်။ အချို့နေရာများတွင် လောက်ကောင်များပင် လှုပ်ရှားနေသည်ကို မြင်ရသည်မှာ ခေါင်းနပမ်းများပင် ကြီးသွားလောက်အောင် ရွံရှာဖွယ်ကောင်းလှသည်။

သူတို့သည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်ဖွဲ့ဖြင့် အချင်းချင်း ထူမတ်ကာ ရှေ့သို့ သတိဖြင့် လျှောက်လာနေကြသည်။

အသားညိုပြီး ခန္ဓာကိုယ်ကျစ်လစ်သော လူငယ်တစ်ဦးက ရှေ့ဆုံးမှ လျှောက်လှမ်းနေသည်။ သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေစဉ် ရုတ်တရက် သူ၏ လက်မောင်းတွင် စူးခနဲ ခံစားလိုက်ရသည်။ သူက လှည့်ပင်မကြည့်ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သွေးစုပ်ရန် ကြိုးစားနေသော ယင်ကောင်မှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။ တောနက်ထဲတွင် အရေးကြီးဆုံးမှာ တုံ့ပြန်မှုပင်ဖြစ်ပြီး များသောအားဖြင့် သေခြင်းနှင့် ရှင်ခြင်းမှာ တစ်ခဏအတွင်းတွင်သာ ဆုံးဖြတ်လေ့ရှိသည်။

သို့သော် သူ၏ လှုပ်ရှားမှုက အနည်းငယ် နောက်ကျသွားခဲ့သည်။ သန္ဓေပြောင်းယင်ကောင်၏ အသေကောင်မှ သွေးများ ပန်းထွက်လာပြီး ၎င်းက ယင်ကောင်၏သွေးဖြစ်သည်မှာ ထင်ရှားသည်။ အသားညိုညိုနှင့်လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး ယင်ကောင်၏ အလောင်းကို ကောက်ယူကာ သေချာစွာ ကြည့်လိုက်သည်။ ဤသန္ဓေပြောင်းသတ္တဝါတွင် ထူးခြားသောအရောင်အသွေးမရှိသလို စူးရှသော အနံ့လည်းမရှိရာ အဆိပ်ရှိပုံမရပေ။ သူက ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဤသန္ဓေပြောင်းယင်ကောင်များမှာ အရေအတွက်မနည်းလှဘဲ အဖွဲ့အတွက် စားသုံးရန် လုံလောက်သည်ကို တွေ့လိုက်ရသည်။

သူတို့အဖွဲ ရိက္ခာပြတ်လပ်နေသည်မှာ တစ်ရက်လုံးလုံး ရှိပြီဖြစ်သည်။ ယခင်က သိုလှောင်ထားသော အသားခြောက်များမှာ ကုန်ဆုံးသွားခဲ့ချေပြီ။ ထိုအသားခြောက်များအတွက် လူ့အသက်သုံးချောင်းဖြင့် လဲလှယ်ခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ဤယင်ကောင်ကို စားသုံးနိုင်မည်ဆိုလျှင် အဖွဲ့၏ ယနေ့အတွက် အစားအသောက်မှာ အဆင်ပြေသွားမည်ဖြစ်ပြီး ရက်အနည်းငယ်စာအတွက်ပင် စုဆောင်းထားနိုင်ပေမည်။

အရေးကြီးဆုံးအချက်မှာ အစားအသောက်ရရှိရန် ပေးဆပ်ရမည့် တန်ဖိုးက မပြောပလောက်အောင် နည်းပါးခြင်းပင်ဖြစ်သည်။ လက်ရှိ အဖွဲ့၏ "လက်နက်မဲ့" အခြေအနေအရ ဤသတ္တဝါသည် အကောင်းဆုံး အစားအသောက်အရင်းအမြစ်ဖြစ်သည်မှာ ထင်ရှားသည်။

ကမ္ဘာပျက်ကာလတွင် အစားအသောက်က ပြဿနာကြီးတစ်ခုဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါများ နေရာအနှံ့ရှိနေသည်မှန်သော်လည်း အင်အားကြီးသော သတ္တဝါများကို ရန်သွားစ၍ မရပေ။ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများမှာမူ ယခုအချိန်အထိ အသက်ရှင်နိုင်ခဲ့သည်ဖြစ်ရာ ပို၍ ပါးနပ်လာကြပြီး နေရာအနှံ့ ထင်သလို သွားလာခြင်းမရှိတော့ပေ။ ကျည်ဆန်မရှိဘဲ တစ်ကောင်ဖမ်းမိရန်ပင် အလွန်အားစိုက်ထုတ်ရပေမည်။ သို့သော် အဖွဲ့တွင် လူများစွာရှိပြီး အများစုမှာ ဒဏ်ရာရထားသူများဖြစ်ရာ ရံဖန်ရံခါ တစ်ကောင်ဖမ်းမိရုံဖြင့် အားလုံးဝမ်းဝရန် လုံးဝမလုံလောက်ပေ။

ထို့ပြင် သတ္တဝါအားလုံးကလည်း စား၍ရသည်မဟုတ်။ အချို့သတ္တဝါများက စားမိလိုက်သည်နှင့် လူကို သေစေနိုင်သည်။ ဤသည်မှာ လူတစ်ယောက်၏ အတွေ့အကြုံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်သည်။ ယခင်က တောတွင်းဗဟုသုတများပင်လျှင် တစ်ခါတစ်ရံ အသုံးမဝင်တော့ပေ။ သာမန်ဟုထင်ရသော သတ္တဝါတစ်ကောင်တွင်ပင် ပြင်းထန်သော အဆိပ်များ ပါဝင်နေနိုင်သည်။ ထို့ကြောင့် လူ့အသက်ကိုရင်း၍ တစ်ခုချင်း စမ်းသပ်ရတော့သည်။ ကံကောင်းလျှင် ရက်အနည်းငယ် ဗိုက်အောင့်ရုံသာဖြစ်ပြီး ကံဆိုးလျှင်မူ အသက်ဆုံးရှုံးရပေမည်။ အဖွဲ့ထဲတွင် အစာအဆိပ်သင့်၍ သေဆုံးခဲ့ရသူပင် ငါးယောက်ထက်မနည်း ရှိခဲ့ချေပြီ။

ယခင်က လူ့အသက်ဖြင့် ရယူခဲ့သော အတွေ့အကြုံများမှာလည်း စိတ်မချရတော့ပေ။ ဆင့်ကဲပြောင်းလဲပြီးနောက် သတ္တဝါအမျိုးအစားများမှာ အလွန်များပြားလာပြီး သဘာဝလောကတစ်ခုလုံးမှာ ပြင်းထန်သော ဓာတ်ကူပစ္စည်းတစ်မျိုး ထည့်သွင်းခံလိုက်ရသကဲ့သို့ သတ္တဝါအားလုံးမှာ ရူးသွပ်သော ပြိုင်ဆိုင်မှုအခြေအနေသို့ ဝင်ရောက်သွားကြသည်။ မျိုးစိတ်တူညီသော သတ္တဝါတစ်ကောင်ပင်လျှင် ကမ္ဘာပျက်ပြီးနောက် ထောင်ပေါင်း၊ သောင်းပေါင်းများစွာသော ဆင့်ကဲပြောင်းလဲမှုပုံစံများ ပေါ်ပေါက်လာနိုင်သည်။ ဒေသမတူညီလျှင် ဆင့်ကဲပြောင်းလဲမှုမှာလည်း ကွဲပြားခြားနားသွားသည်။ ထို့ကြောင့် လူခန္ဓာကိုယ်ဖြင့် အဆိပ်စမ်းသပ်ခြင်းကိုသာ အဆက်မပြတ် အားကိုးနေရသည်။ သူက မျက်နှာတွင် ချီတုံချတုံဖြစ်သွားပြီးနောက် ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။

"စည်းမျဉ်းအရဆို ဒီတစ်ခါ ငါ့အလှည့်ပဲ" နောက်တွင် လျှောက်နေသော မျက်နှာဖြူဖျော့နေသည့် အမျိုးသားတစ်ဦးက အသက်ကို မမှန်မကန်ရှူရင်း ဆိုသည်။ ပဲစေ့အရွယ် ချွေးစက်များသည် သူ၏ နဖူးပေါ်မှ အဆက်မပြတ် ကျဆင်းနေပြီး နှာခေါင်းတွင်လည်း ချွေးသီးများဖြင့် ပြည့်နှက်နေသည်။ သူ၏ ခြေထောက်တစ်ဖက်မှာ သွေးများဖြင့် စိုရွှဲနေပြီး ပေါင်ကို အဝတ်စဖြင့် တင်းကျပ်စွာ စည်းထားသော်လည်း သွေးများမှာ ရပ်တန့်မသွားဘဲ စီးကျနေဆဲဖြစ်သည်။ သွေးလွှတ်ကြော ပေါက်သွားသည်မှာ ထင်ရှားပြီး လမ်းလျှောက်လိုက်တိုင်း ရှည်လျားသော သွေးလမ်းကြောင်းတစ်ခုကို ကျန်ရစ်ခဲ့သည်။ ဤသို့သော ဒဏ်ရာဖြင့် ဘေးမှ လူတစ်ယောက်က ထိန်းပေးမထားလျှင် တစ်ယောက်တည်း လှုပ်ရှားနိုင်မည်မဟုတ်တော့ချေ။

ထိုလူငယ် ချီတုံချတုံဖြစ်နေသည်ကို မြင်သောအခါ သူက အားနည်းစွာ ပြုံးလိုက်သည် "စည်းမျဉ်းကိုတော့ ဖောက်ဖျက်လို့မဖြစ်ဘူးလေ... ငါလည်းမရတော့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါတယ်... အသက်ရှင်မှာမဟုတ်တော့ဘူး အခုအားလုံးက ငါ့အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဝိုင်းကူပေးနေရတာ ဒီတိုင်းဆက်သွားရင် အဖွဲ့ကို ဝန်ပိစေတာကလွဲလို့ ဘာအကျိုးမှမရှိတော့ဘူး... ငါ့ကိုယ်ထဲကသွေးတွေ အကုန်မကုန်ခင် အဆိပ်စမ်းသတ်တဲ့အလုပ်ကို ငါ့တာဝန်ထားလိုက်... ငါအခုလမ်းလည်းလျှောက်မရတော့ဘူးဆိုတော့... သေခါနီးမှာ အဖွဲ့အတွက် တစ်ခုခုလုပ်ပေးခဲ့တယ်လို့ ပြောလို့ရတာပေါ့"

"ချင်ချုံးလက်မလျှော့လိုက်နဲ့… ငါတို့တပ်ခွဲသုံးက ဘယ်အဖွဲ့သားကိုမှ မစွန့်လွှတ်ဘူး… အနည်းဆုံးတော့မသေခင်အထိပေါ့"

သူ သေဆုံးရန် စိတ်ပိုင်းဖြတ်ထားသည်ကို သိလိုက်သောအခါ မျက်နှာတည်ကြည်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချင်ချုံး၏ ရှေ့သို့ အမြန်လျှောက်လာပြီး နာကျင်သော အမူအရာဖြင့် ဆိုသည်။

"တပ်ခွဲမှုး… ကျွန်တော့်အခြေအနေ ကျွန်တော်သိပါတယ်… ကျွန်တော်လူတိုင်းကို တစ်ကယ်ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ဘူး… ကျွန်တော့်ကိုထားခဲ့လိုက်ပါတော့… ဒီထက်ဆက်ပြီးမခံနိုင်တော့ဘူး" သူက ပြုံးလိုက်ပြီး ဘေးမှ ထိန်းထားသော တပ်သား၏ လက်ကို တွန်းဖယ်ကာ ယိုင်နဲ့စွာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေကြီးပေါ်သို့ အားယူထိုင်ချလိုက်သည်။

"ကျွန်တော့်ကိုပေး… သေရမယ်ဆိုရင်တောင် ဗိုက်ဝပြီးသေချင်တယ်"

သူက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။ လမ်းတစ်လျှောက်လုံး မရေမတွက်နိုင်သော သေရေးရှင်ရေးအခြေအနေများကို ဖြတ်သန်းခဲ့ရပြီး သူ၏ ရဲဘော်ရဲဘက်များ တစ်ယောက်ပြီးတစ်ယောက် သူ၏ မျက်စိရှေ့တွင် လဲကျသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ယခုလေးတင် သူနှင့် စကားပြောနေသေးသောသူက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်သည်။ သူက သေခြင်းတရားကို လက်ခံထားနိုင်ခဲ့ပြီးဖြစ်သည်။

"သူ့ကို ပေးလိုက်တော့" တပ်ခွဲမှူးက အားယူ၍ လက်ကို ဝှေ့ယမ်းလိုက်သည်။

အသားညိုညိုနှင့်လူငယ်၏ ပါးစပ်များ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမျှ မဆိုဖြစ်တော့ပေ။ ဤသို့သော အဖြစ်အပျက်မျိုးသည် အဖွဲ့တွင် အကြိမ်များစွာ ဖြစ်ပွားခဲ့ပြီး သူမှာမူ အစောကတည်းက ထုံကျင်နေခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော် ယခုချိန်ထိ မခံနိုင်သောသူများမှာ အစောကတည်းက သေသူသေ သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြပြီဖြစ်သည်။

ချင်ချုံးသည် အသားညိုညိုနှင့်လူငယ် ပေးသော ယင်ကောင်အသေကို လှမ်းယူပြီး သေချာပင်မကြည့်ဘဲ တစ်ကိုယ်လုံးကို အတုံးငယ်များအဖြစ် ခွဲကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အားကုန်သုံး၍ ဝါးလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မျိုချလိုက်သည်။

ယင်ကောင်ကို စားပြီးနောက် သူ၏ မျက်နှာမှာ ပို၍ ဆိုးရွားလာပြီး ချွေးများမှာ ရေစီးသကဲ့သို့ စီးကျလာကာ အသက်ရှုနှုန်းမှာလည်း ပို၍ မြန်ဆန်လာသည်။ အဖွဲ့သားတစ်ယောက် ပြေးလာသည်ကို မြင်သောအခါ သူက အားယူ၍ လက်ကို ယမ်းပြကာ အနားမကပ်ရန် တားဆီးလိုက်သည်။

"အဆိပ်… မရှိဘူး စား… စားလို့ရတယ်" ဆယ်မိနစ်ကျော်အကြာတွင် ထူးခြားမှုတစ်စုံတစ်ရာ မခံစားရသောအခါ ချင်ချုံးသည် သေခါနီးမီးထတောက်သကဲ့သို့ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။

ထို့နောက် သူသည် နောက်ဆုံးကျန်ရှိသော အင်အားတစ်စက်ကို ကုန်ဆုံးသွားသကဲ့သို့ မြေကြီးပေါ်သို့ ဖြည်းညင်းစွာ ပျော့ခွေကျသွားသည်။ သူ၏ အောက်တွင်မူ သွေးအိုင်တစ်ခု ဖြစ်ပေါ်နေခဲ့ချေပြီ။

ဘေးမှ တပ်သားတစ်ဦးက သူ၏ သွေးခုန်နှုန်းကို စမ်းကြည့်ပြီးနောက် မျက်နှာပျက်စွာဖြင့် ခေါင်းခါပြလိုက်သည်။

အဖွဲ့တစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားသည်။

…………………………………………………

"ဆက်လျှောက်ကြ… ငါတို့အခု ရှန်ဟိုင်းမြို့နဲ့ ၆၂မိုင်ပဲဝေးတော့တယ် ပုံမှန်အတိုင်း ခပ်မြန်မြန်လျှောက်မယ်ဆိုရင် တစ်ရက်တည်းနဲ့ရောက်နိုင်တယ်… အခုလို… ဖြည်းဖြည်းချင်း လျှောက်ရင်တောင် သုံးလေးရက်ပဲကြာမှာ… ငါတို့ဒီအထိတောင် ရောက်လာပြီဆိုမှတော့ ရှန်ဟိုင်းမြို့ကို တရွတ်တိုက်သွားရမယ်ဆိုရင်တောင် မရောက်ရောက်အောင် သွားဖို့လိုတယ်"

တပ်ခွဲမှူးက အသံကိုနှိမ့်၍ အားပါသော လေသံဖြင့် ဆိုသည်။

တစ်ကယ်တော့ သူတို့ သုံးလေးရက်အတွင်း ရောက်နိုင်မည်မဟုတ်သည်ကို သိရှိသည်။ သူတို့လျှောက်နေရသည်မှာ ကမ္ဘာမပျက်မီက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော လမ်းများမဟုတ်ဘဲ အန္တရာယ်များဖြင့် ပြည့်နှက်နေသော တောနက်ကြီးဖြစ်သည်။ အနည်းငယ် သတိလွတ်သွားသည်နှင့် အချိန်မရွေးအသက်ဆုံးရှုံးနိုင်သည်။ ထို့ပြင် သူတို့အဖွဲ့က ယခင်ကဲ့သို့ ကျန်းမာတောင့်တင်းသော ခန္ဓာကိုယ်များလည်း မဟုတ်ကြတော့ပေ။ အဖွဲ့တွင် လူတိုင်းနီးပါး ဒဏ်ရာကိုယ်စီရှိကြပြီး ဒဏ်ရာဟောင်း၊ ဒဏ်ရာသစ်များဖြင့် အားတင်းကာ ရပ်တည်နေကြရသည်။ တစ်ညတာကုန်ဆုံးသွားပြီး နောက်တစ်နေ့တွင် နိုးထမလာနိုင်တော့တာလည်း ဖြစ်နိုင်သည်။ ထို့အပြင် အစားအသောက်၊ သောက်သုံးရေနှင့် အိပ်စက်ခြင်းတို့မှာလည်း ပြဿနာကြီးများ ဖြစ်နေသည်။

တကယ်တမ်းတွင် တစ်လခွဲအတွင်း အဖွဲ့ကို အသက်ရှင်လျက် ရှန်ဟိုင်းမြို့သို့ ခေါ်ဆောင်သွားနိုင်လျှင်ပင် သူ ဝမ်းမြောက်မိပေလိမ့်မည်။ သို့သော် လက်တွေ့အခြေအနေ၏ ရက်စက်မှုက ဤသည်မှာ စိတ်ကူးယဉ်မျှသာဖြစ်သည်ကို သူ့အား နားလည်သဘောပေါက်စေခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်က သားရဲအုပ်အလုံးအရင်းနှင့် ကြုံတွေ့ပြီးနောက် ပင်မတပ်ဖွဲ့ကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ အစပိုင်းတွင် လူနှစ်ရာကျော်ရှိခဲ့ရာမှ ယခုအခါ ဆယ်ယောက်ကျော်သာ ကျန်တော့သည်။ စစ်မြေပြင်တွင် လက်ပြတ်သွားသည့်တိုင် မျက်မှောင်မကြုတ်သော တပ်သားအချို့ပင်လျှင် ဤသို့သော ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်ဘဲ တိတ်တဆိတ် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြသည်။ ထိုအဖြစ်ကိုကြည့်လျှင် ရက်စက်မှုမှာ မည်မျှလောက်ရှိမည်ကို စဉ်းစားကြည့်နိုင်သည်။

အဖွဲ့သားများထံမှ မည်သည့်တုံ့ပြန်မှုမျှ ပြန်မကြားရတော့ပေ။ သေခြင်းတရား၏ အငွေ့အသက်များ ပြင်းထန်စွာ လွှမ်းခြုံနေပြီး အားလုံးက ခေါင်းငုံ့ကာ လမ်းဆက်လျှောက်နေကြသည်။

ထိုအချိန်တွင် အဖွဲ့သားတစ်ယောက်က ထူးခြားမှုတစ်ခုကို ခံစားမိဟန်ဖြင့် ရုတ်တရက် ဆိုသည် "တပ်ခွဲမှူး… ဒီနေရာကပုံမှန်မဟုတ်ဘူး… အရမ်းတိတ်ဆိတ်လွန်းနေတယ် "

ထိုအခါမှ လူတိုင်း သတိဝင်လာပြီး ခြေလှမ်းများကို အလျင်အမြန် ရပ်တန့်လိုက်ကြသည်။ လမ်းတစ်လျှောက်လုံးတွင် သူတို့ မှတ်သားလောက်သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကိုမျှ မတွေ့ခဲ့ရပေ။ ဤအဖြစ်က တစ်ကယ့်ကို လုံးဝပုံမှန်မဟုတ်ပေ။

ဆက်ရန်…

အပိုင်း(၁၆၆)မျှော်လင့်ချက်ရောင်ခြည်

အင်အားကြီးမားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ နယ်မြေပင်လျှင် ဤမျှ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိနိုင်ပေ။ ဤနေရာ၌ အားနည်းသော သန္ဓေပြောင်းယင်ကောင်အချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိချေ။

လမ်းတစ်လျှောက်လုံး၌ ဤသို့သော အခြေအနေနှင့် ဆင်တူသည့် တစ်ခုတည်းသောနေရာမှာ အနုမြူဓာတ်ရောင်ခြည်သင့်ဒေသသာ ဖြစ်သည်။ သို့သော် ယခုနေရာ၌ အပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး နွယ်ပင်အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိုစည်ကားနေရာ ဓာတ်ရောင်ခြည်သင့်ဒေသ မဟုတ်သည်မှာ ထင်ရှားလှ၏။

"တပ်ခွဲမှုး… ဒီနေရာက အရမ်းထူးဆန်းနေတယ် နောက်ပြန်လှည့်ကြရင် ကောင်းမလား" ဟု အဖွဲ့သားတစ်ယောက်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဆိုလိုက်သည်။

အားလုံးက တဖြည်းဖြည်း စုဝေးလိုက်ကြသည်။ မူလကတည်းက အသက်မဝင်သော မျက်ဝန်းများမှာ ပို၍ မှောင်မိုက်သွားပြီး လူတိုင်းထံမှ သေခြင်းတရား၏ အငွေ့အသက်များ လွှမ်းခြုံနေသည်။

တပ်ခွဲမှုးက လူအုပ်၏အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲ၌ တုန်လှုပ်သွားသည်။ ဤသို့သော မျက်ဝန်းမျိုးကို သူ အလွန်ရင်းနှီးနေခဲ့သည်။ ဤမျက်ဝန်းမျိုးကို မြင်တွေ့ရတိုင်း နောက်တစ်နေ့နံနက်၌ မိမိကိုယ်ကို အဆုံးစီရင်ထားသော အလောင်းအချို့ တိုးလာမည်ဟု အဓိပ္ပာယ်ရသည်။ ဤနေရာအထိ ဆက်လက်ရပ်တည်နိုင်ခြင်းမှာ အားလုံးက စိတ်ခွန်အားကို အားကိုးနေရခြင်းကြောင့် ဖြစ်သည်။ စိတ်ဓာတ်အင်အား ပြိုလဲသွားသည်နှင့် ဤခွန်အားမှာလည်း ပျောက်ကွယ်သွားပြီး ရှင်သန်လိုစိတ် ကင်းမဲ့သွားပေလိမ့်မည်။

သူက အသံခြောက်ကပ်ကပ်ဖြင့်…

"ငါတို့ပြန်လှည့်လို့မရတော့ဘူး… ရှေ့ဆက်သွားရုံကလွဲပြီး ငါတို့မှာ ရွေးစရာမရှိတော့ဘူး… ဆက်လျှောက်ကြ"

"သေချင်သေပါစေ ငါတို့ဆက်လျှောက်မယ်… တပ်ရင်း၃၁၂မှာ သရဲဘောကြောင်တဲ့သူ တစ်ယောက်မှမရှိဘူး" ဟု တစ်ဦးက လေသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်သည်။

"သေရင်တောင် လမ်းမှာပဲ အသေခံလိုက်မယ်" ဟု နောက်တစ်ဦးက ပါးစပ်ကို လှုပ်ရှားရင်း ရေရွတ်လိုက်သည်။

အဖွဲ့သားအားလုံး၏ မျက်နှာများမှာ ခံစားချက်မဲ့နေကြပြီး မျက်ဝန်းများမှာ လူသေကောင်များကဲ့သို့ အသက်မဲ့နေသည်။ သူတို့အဖွဲ့က ယိုင်ထိုးယိုင်ထိုးဖြင့် ရှေ့သို့ တုံ့ဆိုင်းစွာ ချီတက်နေသည်။ ရုတ်တရက် အဖွဲ့သားတစ်ဦး မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး ရုန်းကန်ကြည့်သော်လည်း ထပ်မံ၍ မတ်တပ်မရပ်နိုင်တော့ချေ။ ရှည်လျားသော ခရီးကြမ်းက တပ်သားများ၏ နောက်ဆုံးကျန်ရှိသော ခွန်အားနှင့် စိတ်ဓာတ်တို့ကို ကုန်ဆုံးသွားစေခဲ့ပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှ အနံ့ဆိုးတစ်ခု ထွက်ပေါ်နေသည်။ အဖွဲ့သားတဦးက သူ၏အင်္ကျီကို ဆွဲဖြဲလိုက်ရာ ရင်ဘတ်မှာ လုံးဝ ပုပ်ပွနေပြီး အရိုးများကို မထင်မရှား မြင်နေရကာ မရေမတွက်နိုင်သော လောက်ကောင်များက ထွေးယှက်လူးလွန့်နေသည်မှာ မြင်ရသူကို ကြက်သီးမွေးညင်း ထစေသည်။

ခေတ္တမျှ ငြိမ်သက်စွာ ဝမ်းနည်းခြင်းပြုပြီးနောက် အဖွဲ့က ရှေ့သို့ ဆက်လက်ချီတက်ခဲ့သည်။ ရှေ့သို့ ပိုရောက်လေ၊ သန္ဓေပြောင်းယင်ကောင်များ ပိုများပြားလေဖြစ်ပြီး နောက်ဆုံး၌ အုပ်စုဖွဲ့၍ပင် ပျံသန်းနေကြတော့သည်။

တစ်ကောင်ချင်းစီသာဆိုလျှင် သန္ဓေပြောင်းယင်ကောင်များက အန္တရာယ်မရှိသလောက်ဟု ပြော၍ရသည်။ သာမန်လူတစ်ဦးပင်လျှင် ၎င်းကိုလွယ်ကူစွာ သတ်ဖြတ်နိုင်သည်။ သို့သော် အရေအတွက် များပြားလာသည်နှင့်အမျှ အန္တရာယ်မှာလည်း တဟုန်ထိုး တက်လာသည်။

အားလုံးက အလွန်သတိထားနေသော်လည်း တစ်ယောက်ပြီးတစ်ယောက် သန္ဓေပြောင်းယင်ကောင်များ၏ သွေးစုပ်ခြင်းကို ခံရပြီး အသံတိတ် လဲကျသွားကြသည်။

တပ်ခွဲမှုးသည် လက်ကျန်အနည်းငယ်မျှသာရှိသော အဖွဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ၏ မူလက တည်ကြည်သော မျက်နှာပေါ်၌ပင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင်မူ ကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

ထိုအချိန်၌ အဖွဲ့သားတစ်ဦးက ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်သည်။

"ရှေ့မှာ သန္ဓေပြောင်းသတ္တဝါအလောင်းတွေ တွေ့တယ်... လတ်လတ်ဆတ်ဆတ်ပဲ အရိုးတောင် မကျသေးဘူး"

တောနက်ထဲ၌ အလောင်းကောင်များသည် ကြာရှည်စွာ ရှိမနေနိုင်ချေ။ လောလောလတ်လတ် သတ်ဖြတ်ထားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပင်လျှင် အခြားသားရဲများ လာရောက်မစားသုံးပါက သဘာဝအတိုင်း ပုပ်သိုးဆွေးမြေ့သွားရန် နှစ်ရက်၊ သုံးရက်ပင် မလိုချေ။ သန္ဓေပြောင်းလောက်ကောင်များနှင့် ဘက်တီးရီးယားအမြောက်အမြားက ဤရှားပါးသော အစာကို လျင်မြန်စွာ စားသုံးဖြိုခွဲသွားကြမည်သာ ဖြစ်သည်။

ယခုကဲ့သို့အလောင်းများပုံမပျက် ရှိနေခြင်းက ဤသန္ဓေပြောင်းသတ္တဝါများ သေဆုံးသည်မှာ သုံးရက်ထက် မပိုသေးဟု အဓိပ္ပာယ်ရသည်။

"ကျည်ဆန်ထွင်းဖောက်သွားတဲ့ အရာတွေ ရှိတယ်... ဒီနေရာကို လူလာသွားတာ မကြာသေးဘူး"

"ဒီမှာ ကျည်ဆန်ခွံတစ်ခုတွေ့တယ်"

"၁၀ပေကျော်မြင့်တဲ့ ဒီလိုသန္ဓေပြောင်းသတ္တဝါကို ဓားနဲ့ပိုင်းဖြတ်နိုင်တယ်ဆိုတော့ အဲ့လူက အားကြီးရင်ကြီး မဟုတ်ရင် တော်တော်ကောင်းတဲ့ ဓားတစ်လက်ရှိနေတာ ဖြစ်ရမယ်" အဖွဲ့သားတစ်ဦးက မယုံကြည်နိုင်သော လေသံဖြင့် ဆိုလိုက်သည်။

အဖွဲ့သားများက အလောင်းများကို တစ်ခုပြီးတစ်ခု တွေ့ရှိလာကြပြီး ပို၍ ပို၍ များပြားလာသည်။ ရှေ့ဆုံး၌မူ လမ်းမတစ်ခုလုံးပင် ပိတ်ဆို့နေပြီး လေထုထဲ၌ ပြင်းထန်သော အပုပ်နံ့က လွှမ်းခြုံနေသည်။

အလောင်းများကြောင့် ရှေ့မှ သန္ဓေပြောင်းယင်ကောင်များမှာ ပို၍ များပြားလာပြီး အစိမ်းရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရာ အားလုံး ရှေ့ဆက်မသွားရဲကြတော့ဘဲ အဆောက်အအုံတစ်ခု၌ ယာယီ ပုန်းခိုလိုက်ရသည်။

"အားလုံးလူစုကြစမ်း... ငါတို့သေချာတိုင်ပင် ဆွေးနွေးရအောင်" ဤယိုယွင်းနေသော အဆောက်အအုံ၏ အခြေအနေကို အလျင်အမြန် စစ်ဆေးပြီးနောက် တပ်ခွဲမှုးက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"အခုကြည့်ရသလောက်ဆို ဒီနေရာမှာ လွန်ခဲ့တဲ့၂ရက်၃ရက်လောက်က ရှင်သန်ကျန်ရစ်သူအဖွဲ့တစ်ဖွဲ့တိုက်ပွဲဖြစ်သွားတဲ့ပုံပဲ... အလောင်းတွေအရဆို အဖွဲ့ကအရေအတွက်နည်းမှာ မဟုတ်ဘူး... ရှင်သန်ကျန်ရစ်သူအဖွဲ့ကြီးတစ်ခုတောင် ဖြစ်နေနိုင်တယ်" ဟု တစ်ဦးက ဆို၏။

"သူတို့မှာသေနတ်တွေ များများစားစား မရှိလောက်ဘူး... ကျွန်တော်ကျည်ခွံတွေ အများကြီးမတွေ့ဘူး ဒဏ်ရာအများစုက ဓားဒဏ်ရာတွေချည်းပဲ... ဒါပေမဲ့တစ်ခုမသေချာတာက ဒီမြို့က သန္ဓေပြောင်းသတ္တဝါတွေကို အဲ့ရှင်သန်ကျန်ရစ်သူအဖွဲ့ ရှင်းလိုက်တာလားဆိုတာကိုပဲ... သူတို့ရှင်းလိုက်တာသာဆိုရင် အဲ့အဖွဲ့ရဲ့အင်အားက စစ်တပ်ရဲ့အဆင့်အတန်းနဲ့တွက်မယ်ဆို တပ်မကြီး တစ်ခုစာလောက်ရှိလိမ့်မယ်" ဟု နောက်တစ်ဦးက ဆိုလိုက်သည်။

အားလုံးက အသက်ရှူမှားသွားကြသော်လည်း မျက်ဝန်းများမှာမူ ပို၍ တောက်ပလာကြသည်။ ၎င်းမှာ မျှော်လင့်ချက်၏ အလင်းရောင်များပင် ဖြစ်သည်။

တပ်မကြီးတစ်ခုတွင် လူနှစ်ထောင်မှ ခြောက်ထောင်အထိ ရှိပြီး တင့်ကား၊ သံချပ်ကာကား၊ အမြောက်များ ပါဝင်သည်။ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ပါက အဆင့်လေး (အပြာရင့်ရောင်အဆင့်) သန္ဓေပြောင်းသတ္တဝါ ဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာကိုပင် အောင်မြင်စွာ ချေမှုန်းပစ်နိုင်ပေသည်။

"ကျည်ဆန်တွေ အများကြီး မသုံးဘဲ ဓားကို အဓိကသုံးတယ်ဆိုရင်တော့ သူတို့မှာ သန္ဓေပြောင်းလူသားတွေ တော်တော်များများ ရှိနေမှာ သေချာတယ်"

"သန္ဓေပြောင်းလူတွေက အဲ့လောက်မစွမ်းနိုင်ပါဘူး... ကျွန်တော်သူတို့ကို တစ်ခါမှမတွေ့ဖူးပေမယ့် တိုက်ပွဲ၅ကြိမ်၊ ၆ကြိမ်လောက် နွှဲဖူးတဲ့ ဝါရင့်စစ်သားတွေကို လက်နတ်အပြည့်အစုံသာ ပေးထားရင် သူတို့ကို အသာလေးအနိုင်ယူပြီး ရှင်းပစ်လို့တောင် ရနိုင်တယ်"ဟု တစ်ဦးက ဆို၏။

"သန္ဓေပြောင်းလူတွေက အဲ့လောက်မရိုးရှင်းဘူးကွ" တပ်ခွဲမှုးက ခေါင်းခါရင်းဆိုလိုက်သည်။ "တစ်ကယ်အစွမ်းထက်တဲ့ သန္ဓေပြောင်းလူတစ်ယောက်ကို နည်းနည်းပါးပါးလေ့ကျင့်ပေးလိုက်ရုံနဲ့ အတွေ့အကြုံနဲ့ လေ့ကျင့်ချိန် ငါးနှစ်၊ ခြောက်နှစ်ရှိတဲ့ အထူးစစ်သားတွေထက်တောင် ပိုစွမ်းနိုင်သေးတယ်... ပြီးတော့သူတို့ရဲ့အလားအလာကလည်း အများကြီးပိုသာတယ်"

သူ၏ရာထူးကြောင့် သူက အခြားသူများထက် ပို၍ သိရှိထားသည်။ အကယ်၍ သန္ဓေပြောင်းလူများမှာ အမှန်တကယ် ပျော့ညံ့ပါက အစပိုင်း၌ စစ်တပ်နှင့် အစိုးရက သန္ဓေပြောင်းလူများကို အကြီးအကျယ် စုံစမ်းရှာဖွေခဲ့မည် မဟုတ်ချေ။ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အပြင် သူတို့ကို စည်းရုံးသိမ်းသွင်းခြင်းက အဓိကအကြောင်းရင်း ဖြစ်သည်။ ထို့အပြင် သူတာဝန်ကျသော တပ်မကြီးတွင်ပင် သန္ဓေပြောင်းလူများဖြင့်သာ ဖွဲ့စည်းထားသော အထူးတပ်ဖွဲ့တစ်ခု ရှိပြီး ဝင်ရောက်သည်နှင့် ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူးအဆင့် ရရှိကာ သူကဲ့သို့ သာမန်တပ်ခွဲမှုးတစ်ဦးထက် များစွာ သာလွန်သော အခွင့်အရေးများကို ရရှိသည်။ သူတို့အတွက်အစိုးရပေးသော အခွင့်အရေးများကို သေချာမသိသော်လည်း ကောင်းမွန်မည်မှာ သေချာသည်။

"ဒီလိုအရေးမကြီးတဲ့ကိစ္စတွေကို ဆက်မငြင်းကြနဲ့တော့... သူတို့ကျားဖိန်မြို့က သတ္တဝါတွေကို ရှင်းလိုက်တာဆိုရင် ဒီမြို့ကထွက်မသွားလောက်သေးဘူး... ကျားဖိန်မြို့ကိုပဲ ခြေကုပ်ယူပြီး စခန်းချဖို့လုပ်နေတာတောင်ဖြစ်နိုင်တယ်... မဟုတ်ရင်ဒီလိုလုပ်စရာအကြောင်းမရှိဘူး... ငါတို့အခုလုပ်ရမှက သူတို့ကိုအမြန်ရှာပြီး ရိက္ခာဖြည့်တင်းဖို့နဲ့ အနားယူဖို့ပဲ... တပ်စုမှုးဝမ် မြေပုံထုတ်လိုက်" သူက ရုပ်သေးပိုးကောင်များကဲ့သို့ သတ္တဝါများ ရှိနေသည်ကို မသိဘဲ ဤရှင်သန်ကျန်ရစ်သူအဖွဲ့က ကျားဖိန်မြို့ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ ရေရှည်တည်ငြိမ်စွာ နေထိုင်ရန် ပြင်ဆင်နေသည်ဟု ထင်မှတ်လိုက်သည်။

မျက်နှာပေါ်၌ အမာရွတ်ရှိသော အမျိုးသားတစ်ဦးက ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ထဲမှ ပလတ်စတစ်အိတ်ဖြင့် သေချာစွာ ထုပ်ပိုးထားသော မြေပုံကို ထုတ်ယူကာ ဂရုတစိုက် ဖွင့်လိုက်သည်။

၎င်းမှာ ကျန်းနန်ပြည်နယ်၏ မြေပုံဖြစ်ပြီး အလျား၃ပေခွဲ၊ အနံ၃ပေခွဲ ရှိသည်။ အရွယ်အစားကြီးမားသောကြောင့် ကျားဖိန်မြို့၏ အဓိကလမ်းမကြီးများမှာ မြေပုံပေါ်၌ ရှင်းလင်းစွာ မြင်သာနေသည်။

"အခုလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ဆို သူတို့ရွေးနိုင်မယ့်နေရာက များများစားစားမရှိဘူး... ဗုံးခိုကျင်းတွေ၊ မြေအောက်ရထားဘူတာတွေနဲ့ စစ်ခံတပ်အချို့လောက်ပဲရှိတယ်... ဒါပေမဲ့ ကျားဖိန်မြို့က အစောကြီးကတည်းက ကျဆုံးသွားတာဆိုတော့ ပထမ၂ခုက ပိုပြီးဖြစ်နိုင်ချေများတယ်... သားကောင်အလောင်းတွေက ဒီနားတဝိုက်မှာတွေ့ရတာမို့ သူတို့နေရာက ဒီနေရာနဲ့ သိပ်မဝေးနိုင်ဘူး...အလောင်းတွေနဲ့၃မိုင်ပတ်လည်မှာ ဖြစ်နိုင်ချေအများဆုံးပဲ" သူက မြေပုံပေါ်၌ စက်ဝိုင်းတစ်ခုကို ဆွဲကာ အားဖြင့် ဖိ၍ ဆိုလိုက်သည်။

"ဒါပေမဲ့ဒီနားတဝိုက်မှာ မြေအောက်ရထားဘူတာ ၃ခုနဲ့ ဗုံးခိုကျင်း၁ခုတောင် ရှိနေတာ" ဟု တစ်စုံတစ်ဦးက စိတ်ပျက်စွာ ဆိုလိုက်သည်။

"ဒါဆိုတစ်ခုချင်းစီ ရှာရမှာပေါ့ကွ... ငါတို့ဘာမှမသိပဲ ဆင်ကန်းတောတိုးနေတာထက်စာရင် အများကြီးတော်သေးတယ်" ဟု တပ်ခွဲမှုးက မေးခွန်းထုတ်မခံသော လေသံဖြင့် ဆိုလိုက်သည်။ "ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတွေက ဒီမှာပဲနေခဲ့... ကျန်တဲ့သူတွေထဲက တိုက်ခိုက်နိုင်သေးတဲ့သူတွေ အဖွဲ့၄ဖွဲ့ခွဲပြီး ရှာကြမယ်... မင်းတို့သွားတဲ့နေရာမှာ သူတို့ကိုရှာမတွေ့တာနဲ့ ချက်ချင်းပြန်ဆုတ်ရမယ်... လုံးဝမနှောင့်နှေးစေနဲ့... သူတို့ကိုရှာတွေ့ရင်တော့ အမြန်ဆုံးသာ အကူအညီတောင်... ငါတို့အခုအခြေအနေက သူတို့ကူညီမှရမှာ... ဒါကြောင့်မို့ငါတို့ရဲ့အမူအရာ အပြုအမူက ကောင်းမွန်ဖို့လိုတယ်... နောက်ဆုံး သူတို့အဖွဲ့ထဲကိုဝင်မှ ကူညီနိုင်မယ်ဆိုရင်တောင် ချက်ချင်းလက်ခံရမှာပဲ"

ဤသို့သော စကားမျိုးကို အရင်ကသာ ပြောခဲ့လျှင် ကန့်ကွက်သူများ ရှိနေမည်မှာ သေချာသည်။ စစ်တပ်ဆိုသည်မှာ စည်းကမ်းအတင်းကြပ်ဆုံး အဖွဲ့အစည်းဖြစ်ပြီး အရင်ကဆိုလျှင် ဤအပြုအမူက သစ္စာဖောက်မှုဖြစ်ကာ အပြင်းထန်ဆုံး ရာဇဝတ်မှု ဖြစ်ပေသည်။ သို့သော် ယခုအခါ၌မူ မည်သူမျှ ကန့်ကွက်ခြင်း မရှိချေ။

"ဒါဆိုအဲ့လိုပဲလုပ်ကြတာပေါ့... ငါတို့နာရီဝက်နားပြီးရင် စထွက်ကြမယ်" တပ်ခွဲမှုး၏ မျက်နှာမှာ အနည်းငယ် စိတ်ဓာတ်တက်ကြွလာဟန်ရှိသည်။

ဆက်ရန်...

အပိုင်း(၁၆၇)သုံးသပ်ခြင်း

၃ရက်လုံးလုံး အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

ဤရက်ပိုင်းအတွင်း လော်ယွမ်တို့ကဲ့သို့သော ရှင်သန်ကျန်ရစ်သူများအတွက်မူ ဤသုံးရက်မှာ အလွန်တရာ ဇိမ်ကျလှသော သုံးရက်ပင်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ကြပြီး သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလို၊ မနက်ဖြန်ရာသီဥတု သာယာမည်လော၊ မှိုင်းညို့မည်လောကို ပူပန်စရာမလိုဘဲ နောက်တစ်ခဏတွင် အသက်သေဆုံးသွားမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။

ယခုအခါတွင် ကျားဖိန်မြို့ကို ရှင်းလင်းပြီးဖြစ်ရာ အခြားဒေသများမှ သန္ဓေပြောင်းသတ္တဝါများ ဤကွက်လပ်ကို ပြန်လည်ဖြည့်တင်းရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေဦးမည်။ အနည်းဆုံး ဆယ်ရက်၊ ဆယ့်ငါးရက်အတွင်း ဤနေရာမှာ လုံခြုံနေပေလိမ့်မည်။

ဤသည်မှာလည်း လော်ယွမ်အား သူ၏စွမ်းရည်များကို သေသေချာချာ စီစဉ်သုံးသပ်ရန် အချိန်နှင့်အခွင့်အရေးကို ပေးစွမ်းခဲ့သည်။

ယခုအချိန်တွင် လော်ယွမ်က မြေအောက်ဘူတာရုံ၏တံခါးဝ၏ ခပ်ဝေးဝေးနေရာတွင် တင်ပလ္လင်ခွေထိုင်နေပြီး မျက်လုံးများကို ညင်သာစွာမှိတ်ထားသည်။ သူ၏ရှေ့တွင် အနက်ရောင်ဓားရှည်ကြီးတစ်လက် ကွန်ကရစ်မြေပြင်ထဲသို့ တည့်တည့်မတ်မတ် စိုက်ဝင်နေသည်။

ထိုဓားရှည်ကြီးမှာ မမြင်နိုင်သော ဩဇာအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေပြီး မြင်ရသူတိုင်းကို ကြောက်ရွံ့စိတ်ဖြစ်ပေါ်စေကာ တစ်ကိုယ်လုံး အေးစက်သွားစေသည်။ သာမန်လူတစ်ယောက်ပင်လျှင် တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ထူးခြားမှုကို ခံစားမိနိုင်သည်။ အဝေးမှ သန္ဓေပြောင်းယင်ကောင်အချို့မှာ စိတ်လှုပ်ရှားစွာဖြင့် ပျံဝဲနေသော်လည်း ဤနေရာသို့ မည်သို့မျှ မချဉ်းကပ်ဝံ့ကြပေ။

ထိုအချိန်တွင် အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ဓားရှည်ကြီးမှာ ရုတ်တရက် အနည်းငယ် တုန်ခါလာသည်။ အစပိုင်းတွင် အမြင်မှားသည်ဟု ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဓားရှည်ကြီး၏ တုန်ခါမှုမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် "အုန်းအုန်း" မြည်သော တုန်ခါသံပင် ထွက်ပေါ်လာသည်။ ဤသည်မှာ ဓားကိုယ်ထည်၏ ကြိမ်နှုန်းမြင့်မားစွာ တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များပင်ဖြစ်သည်။

အချိန်မှာ ဆက်လက်ကုန်လွန်နေပြီး အခိုက်အတန့်တစ်ခုတွင် လော်ယွမ် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

"အုန်းအုန်း" မြည်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူက မတ်တပ်ထရပ်လိုက်ပြီး ဓားရှည်ကြီးကို ဆွဲထုတ်ကာ သေချာစွာ ကြည့်ရှုလိုက်ရာ မျက်လုံးထဲတွင် ဝမ်းသာမှုအရိပ်အယောင်များ ပေါ်ထွက်လာသည်။

ဤသည်မှာ လော်ယွမ် မကြာသေးမီကမှ တွေ့ရှိခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ အမှန်တော့ ဤဖြစ်စဉ် အစပျိုးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျန်းမာတောက်ဓားကို ကြာကြာအသုံးပြုလေလေ ပိုသက်သောင့်သက်သာရှိလာလေဖြစ်ပြီး နောက်ဆုံးတွင် ဓားနှင့်ကိုယ့် တစ်သားထဲကျသလို ဖြစ်လာသည်။ ၎င်းက စိတ်ထဲတွင်ထင်နေခြင်းမဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကျန်းမာတောက်ဓားက မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ၎င်းကို သူ ခံစားမိနိုင်သည်။ ဟွမ်ကျားဟွေကို သူ ကြိုတင်သိမထားသော ထောင့်တစ်နေရာတွင် ဝှက်ထားခိုင်းလျှင်ပင် သူ့စိတ်မှာ ဓားရှိနေသည့်နေရာကို ခံစားမိနေသည်။ ထို့အပြင် ခံစားနိုင်သည့်အကွာအဝေးမှာ အတော်ပင်ဝေးကွာပြီး သူ၏အာရုံခံနိုင်စွမ်းကိုပင် ကျော်လွန်နေသည်။ အနည်းဆုံး ပေ၁၅၀၀အတွင်းတွင် သူ ၎င်းကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ထိုကဲ့သို့အစွမ်းမျိုး ဝမ်ရှီရှီတွင်လည်း ရှိသည်။ သူမ၏စိတ်စွမ်းအင်မှာ လော်ယွမ်ကဲ့သို့ ပြုလုပ်နိုင်ရုံသာမက စူးပျံကို ထိန်းချုပ်ကာ ပျံသန်းနေသောဓားတစ်စင်းကဲ့သို့ လေထဲတွင် အရှိန်ပြင်းစွာ ပျံသန်းစေနိုင်သည်။ သူမနှင့်နှိုင်းယှဉ်လျှင် လော်ယွမ်မှာ အပေါ်ယံသဘောလောက်သာ တတ်ကျွမ်းသေးသော်လည်း ဤသည်မှာပင် လော်ယွမ်ကို ဝမ်းသာစေရန် လုံလောက်နေပြီဖြစ်သည်။ အနည်းဆုံးတော့ နောင်တစ်ချိန်တွင် မိမိလည်း ဤကဲ့သို့သော စွမ်းရည်မျိုး ရှိလာနိုင်ပေမည်။ ဝမ်ရှီရှီကဲ့သို့ မွေးရာပါ ပါရမီရှင်တစ်ဦးနှင့် မယှဉ်နိုင်သော်လည်း အရည်အချင်းတစ်မျိုး၊ နည်းလမ်းတစ်မျိုးပိုလာခြင်းမှာ ဤရက်စက်ကြမ်းတမ်းသော ကမ္ဘာပျက်ကာလတွင် ရှင်သန်နိုင်စွမ်းကို များစွာတိုးတက်စေမည်ဖြစ်သည်။

လော်ယွမ် ခံစားမိသည်မှာ ဤဖြစ်စဉ်က ယခင်ကထင်မြင်ခဲ့သော အာရုံခံနိုင်စွမ်းနှင့်မဟုတ်ဘဲ စိတ်စွမ်းအားနှင့် သက်ဆိုင်ဟန်ရှိသည်။

သူ ဓားကိုအာရုံခံနိုင်သော အကွာအဝေးမှာ ပုံမှန်အာရုံခံနိုင်စွမ်း၏ ရောက်ရှိနိုင်သော အကွာအဝေးကို ကျော်လွန်နေသည်။ ပေ၁၅၀၀အကွာအဝေးဆိုသည်မှာ မျက်စိဖြင့်ကြည့်လျှင်ပင် ဓားတစ်လက်က ခြင်တစ်ကောင်ထက် သိပ်မကြီးလှပေ။ ၎င်းက ကမ္ဘာမပျက်မီက ခြင်ကိုဆိုလိုခြင်းဖြစ်ရာ အာရုံခံနိုင်ဖို့ဆိုသည်မှာ ပြောဖွယ်ရာပင်မရှိချေ။

ဤဖြစ်စဉ်ဖြစ်ပေါ်လာရခြင်းမှာ မိမိ မကြာခဏ စိတ်စွမ်းအားဖြင့် ကျန်းမာတောက်ဓားကို သန့်စင်ခဲ့သောကြောင့် နောက်ဆုံးတွင် ဓားပေါ်၌ စိတ်စွမ်းအားသင်္ကေတ ကျန်ရစ်ခဲ့ပြီး စိတ်ဝိညာဉ်သင်္ကေတ တစ်မျိုး ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်နိုင်သည်။

ပြောရလျှင် အနည်းငယ် ဆန်းကြယ်လှပြီး ရှေးစိတ်ကူးယဉ်ဝတ္ထုများကဲ့သို့ပင်။ သို့သော် လက်တွေ့ဘဝတွင် ဤဖြစ်စဉ်မျိုးမှာ ရှားပါးသည်တော့မဟုတ်ပေ။ ဥပမာအားဖြင့် စားဖိုမှူးတစ်ဦးအတွက်ဆိုလျှင် တပုံစံထဲတူညီသော ဟင်းလှီးဓားနှစ်လက်ကို လက်ထဲတွင်ကိုင်ရုံဖြင့် ဘယ်ဓားက မိမိဓားဟုတ်မဟုတ်ကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။ လက်ဖြင့်အသားကျနေသော အရာများတွင် အမြဲတမ်း သေချာသော ရင်းနှီးကျွမ်းဝင်မှုတစ်ခု ရှိနေတတ်သည်။

စိတ်စွမ်းအားကို စုစည်းနိုင်ပြီး ကိရိယာပေါ်တွင် စိတ်စွမ်းအားသင်္ကေတပင် ချန်ထားနိုင်သူအတွက်မူ ဤခံစားချက်က ပို၍ပင် ရှင်းလင်းလှသည်။

ဤရက်ပိုင်းအတွင်း လော်ယွမ်က သူ၏စွမ်းအားများကို စီစဉ်သုံးသပ်နေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူက လူသားတစ်ဦးဟုပင် ခေါ်ဆို၍မရတော့ပေ။ အနည်းဆုံးတော့ လူသားတို့၏စံနှုန်းနှင့် မကိုက်ညီတော့ပေ။ သူ့ခန္ဓာကိုယ်၏ သာမန်ထက်ကျော်လွန်သော အချက်အလက်များဖြစ်စေ၊ ခန္ဓာကိုယ်၏ ထူးခြားသောစွမ်းဆောင်ရည်များဖြစ်စေ သူက အခြားသက်ရှိတစ်မျိုးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။

ဥပမာအားဖြင့် သူ၏အဆုတ်ပမာဏမှာ သာမန်လူထက် ခုနစ်ဆ၊ ရှစ်ဆပိုကြီးပြီး အသက်ကိုပြင်းပြင်းတစ်ခါရှူသွင်းကာ မိနစ်သုံးဆယ်ကြာ အသက်အောင့်ထားနိုင်သည်။ သူသည် တစ်နေ့တွင် သာမန်လူ ဆယ်ရက်စာထက်ပို၍ စားသုံးနိုင်သလို ငါးရက်၊ ခြောက်ရက်ခန့် အစာမစားဘဲ တိုက်ခိုက်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်သည်။ သူ၏အမြင်အာရုံမှာ ပေ၃၀၀၀အကွာမှ ငှက်တစ်ကောင်ကို ရှင်းလင်းစွာ မြင်နိုင်ပြီး တစ်ချိန်တည်းမှာပင် ပုံရိပ်များကို အနှေးကွက်ကင်မရာတစ်လုံးကဲ့သို့လည်း ဖမ်းယူနိုင်သည်။ သာမန်ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ သူ့အမြင်အာရုံအတွက် တစ်ပုံချင်းစီ ရပ်တန့်နေသော ပုံရိပ်များသာဖြစ်သည်။ သူ၏အနံ့ခံအာရုံမှာ ခွေးတစ်ကောင်၏ နှာခေါင်းနှင့်ပင် ယှဉ်နိုင်ပြီး လေထုထဲမှ အားနည်းသော အနံ့အမျိုးမျိုးကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။ လေထုထဲမှ ရေငွေ့ပါဝင်နှုန်းကိုပင် အနံ့ခံ၍ ယနေ့ ရာသီဥတု သာယာမည်လော၊ အုံ့မှိုင်းမည်လောအပြင် ရေအရင်းအမြစ်၏ တည်နေရာကိုပင် ဆုံးဖြတ်နိုင်သည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများမှ ရရှိလာသော စွမ်းရည်များသာဖြစ်သည်။

(သာမန်ရုပ်ရှင်တစ်ခုက ၁စက္ကန့်ကို ပုံ၂၄ပုံပြေကာင်းပါတယ်။ 24fps လို့ခေါ်ပါတယ်။ အဲ့ဒီ ၂၄ပုံတစ်ခါပြောင်းမှ ရုပ်ရှင်ထဲက လက်ချောင်းလေးလှုပ်သွားတဲ့အခန်းတစ်ခန်းမျိုးရတာပါ။ လော်ယွမ်ရဲ့ အမြင်အာရုံက ကင်မရာလို အနှေးကွက်ကြည့်လို့ရတဲ့အတွက် သူက ရုပ်ရှင်တစ်ခုကို အဲ့အစွမ်းသုံးပြီးကြည့်ရင် သာမန်ရုပ်ရှင်ဇာတ်ကွက်ကို မြင်ရမှာမဟုတ်ပဲ ၁စက္ကန့်မှာ ရုပ်ရှင်ဇာတ်ကွက်တစ်ခုဖြစ်ဖို့ ပြောင်းလဲသွားတဲ့ ပုံ၂၄ပုံလုံးကို တစ်ပုံချင်းစီ မြင်နေရမှာပါ။ ပြောရမယ်ဆိုရင် လက်ချောင်းလေးလှုပ်သွားတာကို မမြင်ရတော့ပဲ လက်ချောင်းပုံကြီးပဲ ၂၄ပုံကို တစ်ပုံချင်းစီ ရှင်းရှင်းလင်းလင်းမြင်နေရမှာပါ။ ဒီလိုမျိုးက အဆင်မြင့် အနှေးကြည့်ကင်မရာတွေမှာလည်း လုပ်လို့ရပါတယ်။)

ဉာဏ်ရည်မှ ရရှိလာသော ကွန်ပျူတာကဲ့သို့ အရှိန်မြင့်တွက်ချက်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းမှ ရရှိလာသော ဒုတိယအမြင်အာရုံနှင့် လှုပ်ရှားမှုကိုခြေရာခံနိုင်စွမ်းတို့အပြင် စိတ်စွမ်းအား၏ "ဆန္ဒအတိုင်းဖြစ်နိုင်စွမ်း" တို့မှာမူ စိတ်ကူးယဉ်ဝတ္ထုများထဲကကဲ့သို့ပင် အစွမ်းထက်လှသည်။

အရည်အသွေးတစ်ခုချင်းစီကို သီးခြားထုတ်ကြည့်လျှင် ကြောက်ဖို့သိပ်မကောင်းနိုင်သော်လည်း အရည်အသွေးအားလုံးကို ပေါင်းစပ်လိုက်သောအခါ အဆပေါင်းများစွာ အရည်အသွေးပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အဓိကအချက်က ဤအရည်အသွေးများကို မည်သို့ပေါင်းစပ်ပြီး အမြင့်ဆုံးအစွမ်းကို ထုတ်ဖော်ရန်သာဖြစ်သည်။ အမှန်တကယ်တွင် ဤကာလအတွင်း အနည်းငယ် လိုက်လျောညီထွေမဖြစ်မှုကို သူ ခံစားနေရသည်။ ဟယ်တုံမြို့မှ ထွက်ခွာလာပြီးနောက် အချိန်တိုအတွင်း သူ့အစွမ်းက အလွန်အကျွံ တိုးတက်လာခဲ့သည်။ ဤတိုးတက်မှုမှာ တစ်လှမ်းချင်းစီ အခိုင်အမာ လေ့ကျင့်ပြီးတိုးတက်လာခြင်းမဟုတ်ဘဲ စနစ်မှပေးအပ်ခြင်းဖြစ်သောကြောင့် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် စိတ်ကိုအမြဲတမ်းသတိမပြတ်ထားနေရပြီး အနည်းငယ်မျှ လျှော့ချချိန်မရှိခဲ့သဖြင့် တိုးလာသောအစွမ်းများနှင့် အသားကျအောင် သေချာမလေ့ကျင့်ရသေးပေ။ ထို့ကြောင့် မိမိ၏စွမ်းအားကို ရှင်းလင်းစွာ မသိရှိခြင်းကြောင့် တိုက်ပွဲများတွင်ရရှိသောအခွင့်အရေးများကိုလည်း မှားယွင်းစွာ ဆုံးဖြတ်မိခဲ့သည်။ သူ၏မြင့်မားသောအစွမ်းနှင့် ကံကောင်းမှုတို့ကြောင့် အကြိမ်တိုင်းကျော်လွှားနိုင်ခဲ့သော်လည်း ဤအဖြစ်က လော်ယွမ်အား သတိပေးလိုက်သကဲ့သို့ပင်။

စက်တစ်လုံး၏ စွမ်းရည်ကို တိုင်းတာရာတွင် လုပ်ဆောင်နိုင်စွမ်းများအပြင် တိကျမှုလည်း ပါဝင်သကဲ့သို့ပင် လူသားမှာလည်း ရှုပ်ထွေးသောစက်တစ်မျိုးဖြစ်ရာ တိကျမှုမှာ အလွန်အရေးကြီးသည်။

အကယ်၍ လူတစ်ယောက်က မိမိ မည်မျှမြင့်အောင် ခုန်နိုင်သည်၊ မည်မျှမြန်အောင် ပြေးနိုင်သည်ကိုပင် မသိပါက သူ၏တိုက်ခိုက်ရေးစွမ်းရည်အပြည့်အဝကို ထုတ်ဖော်နိုင်မည်ဟု မည်သို့မျှော်လင့်နိုင်မည်နည်း။ မိမိ၏အစွမ်းအစကို ရှင်းလင်းစွာ မသိရှိခြင်းက တစ်ခါတစ်ရံ ရန်သူ၏အစွမ်းအစကို ရှင်းလင်းစွာ မသိရှိခြင်းထက် ပို၍အန္တရာယ်များသည်။

သာမန်အားဖြင့်ဆိုသော် လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်မှုက မလုံလောက်ခြင်းပင်ဖြစ်သည်။

လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်မှုမလုံလောက်လျှင် လုပ်ရမည်မှာ အပြင်းအထန်လေ့ကျင့်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း လော်ယွမ်က နေ့စဉ်နေ့တိုင်း အခြေခံလေ့ကျင့်ခန်းများပြုလုပ်ရန် အချိန်များစွာကို အသုံးပြုခဲ့ရသည်။ ပြင်းထန်သောအားကစားအမျိုးမျိုး၊ ဓားရှည်ကြီးနှင့် အာရုံခံဆက်သွယ်မှုတို့အပြင် လော်ယွမ် အများဆုံးပြုလုပ်သည်မှာ သက်ကြီးရွယ်အိုများကဲ့သို့ ထိုက်ချိကစားခြင်းပင်ဖြစ်သည်။

ပြောရလျှင် ထိုက်ချိပညာကို ဟွမ်ကျားဟွေက သင်ပေးခဲ့ခြင်းဖြစ်ပြီး ထူးထူးခြားခြားမရှိပေ။ ပန်းခြံတွင် လူအများစုကစားလေ့ရှိသော အမျိုးအစား သို့မဟုတ် ကျွမ်းဘားအမျိုးအစားသာဖြစ်ပြီး မည်သည့်သတ်ဖြတ်နိုင်စွမ်းမျှမရှိပေ။ သာမန်လူတစ်ယောက်၏မျက်လုံးထဲတွင် လမ်းဘေးရန်ပွဲများမှ လက်သီးထိုးချက်များလောက်ပင် အဆင့်မရှိနိုင်ပေ။ ၎င်းကကျန်းမာရေးအတွက်မှလွဲ၍ အခြားအသုံးမဝင်ပေ။ သို့သော် လော်ယွမ်၏လက်ထဲသို့ ရောက်သောအခါ မကြာမီမှာပင် ၎င်း၏အနှစ်သာရကို ခံစားမိသွားသည်။

ပညာရပ်တစ်ခုကိုတတ်မြောက်လျှင် အခြားသက်ဆိုင်သည့်ပညာရပ်များကိုပါ နားလည်နိုင်သည် မဟုတ်ပါလား။

ထို့အပြင် ဓားသိုင်းမှာ မူလက လက်သိုင်း၏ အဆက်ဖြစ်ရာ ဓားသိုင်းပညာရှင်ဖြစ်နေပြီဖြစ်သော လော်ယွမ်အတွက် ဓားသိုင်းတိုးတက်လာသည်နှင့်အမျှ လက်သိုင်းမှာလည်း အလိုအလျောက် တိုးတက်လာသည်။ သီးသန့်လေ့ကျင့်ခြင်းမရှိဘဲ စနစ်မှ ဓားသိုင်းပညာရှင်အဖြစ် အသိအမှတ်ပြုချိန်တွင် လက်သိုင်းမှာလည်း ဆယ့်ငါးမှတ်ကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ထိုက်ချိလက်ဟန်ကို လော်ယွမ်က တစ်ခါသင်ရုံဖြင့် အလုံးစုံတတ်မြောက်သွားသည်။

သုံးရက်မျှသာ လေ့ကျင့်ပြီးနောက် လော်ယွမ်က တိုင်ချိလက်သိုင်း၏ အနှစ်အရသာကို ခံစားမိသွားသည်။ တစ်ချိန်တည်းမှာပင် လက်နက်မဲ့တိုက်ခိုက်မှုမှာလည်း ၁၉ မှတ်သို့ တိုးတက်လာပြီး ကျွမ်းကျင်မှုအဆင့်သို့ တစ်လှမ်းသာ လိုတော့သည်။ သူ လက်သိုင်းကစားနေသည်ကို ကြည့်လျှင် မည်သူမဆို ဤသည်မှာ ဆယ်နှစ်ကျော်ကြာ ပြင်းထန်စွာလေ့ကျင့်ထားသော လက်သိုင်းဆရာကြီးတစ်ဦးဖြစ်သည်ဟု ထင်မှတ်ပေလိမ့်မည်။

တိုက်ခိုက်ရေးစွမ်းရည်ရှိမရှိကိုမူ လက်တွေ့တိုက်ပွဲများတွင် ထပ်မံစစ်ဆေးပြီး နားလည်သဘောပေါက်ရန် လိုအပ်သေးသည်။ သို့သော် မိမိ၏ခွန်အားကို လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ရာတွင်မူ ၎င်း၏အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်သည်။ နှေးကွေးသောလှုပ်ရှားမှုများဖြင့် သူ၏စွမ်းအားများကို ထိန်းချုပ်မှုအောက်သို့ပြန်ရောက်အောင် အဆက်မပြတ်လှုပ်ရှားဆောင်ရွက်နိုင်သည်။

ထိုအချိန်တွင် လော်ယွမ် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး အေးစက်စွာ "ဘယ်သူလဲ... ထွက်ခဲ့စမ်း" ဟု ဟစ်အော်လိုက်သည်။

မြေအောက်ဘူတာရုံနှင့်မလှမ်းမကမ်းတွင် နွယ်ပင်များဖြင့် ဖုံးကွယ်ထားသော လူရိပ်တစ်ခု ထောင့်တစ်နေရာတွင် မလှုပ်မယှက် ဝပ်တွားနေသည်။ အကယ်၍ လော်ယွမ်က အသက်ရှူလိုက်တိုင်း ထိုသူ၏ခန္ဓာကိုယ်မှာ မသိမသာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်ကို အာရုံမခံမိပါလျှင် သူ့အာရုံမှ လွတ်သွားလုနီးပါးပင်ဖြစ်သည်။

ထိုသူက မလှုပ်မယှက်ဖြင့် တွေဝေနေဟန်တူသည်။ သို့သော် အကြာကြီးမစောင့်လိုက်ရပေ။ သူက ကိုယ်ပေါ်မှ ဖုံးကွယ်ထားသောအရာများကို ဖယ်ရှားလိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ အကြာကြီးဝပ်တွားနေသောကြောင့် သွေးကြောများမလျှောက်ဘဲ သူ၏ကိုယ်မှာ အနည်းငယ် ယိုင်နဲ့နေသည်။

သူက ခြေတစ်လှမ်းချင်းစီ မြေအောက်ဘူတာရုံတံခါးဝသို့ လျှောက်လာပြီး တံခါးဝတွင် ပုံထားသော အရိုးပုံကြီးကို တစ်ချက်ကြည့်လိုက်သည်။ ဤအရိုးများမှာ လူသားနှင့် သန္ဓေပြောင်းသတ္တဝါများ၏ အရိုးများဖြစ်ပြီး အချို့မှာ သွေးစက်လက်ဖြင့် အလွန်လတ်ဆတ်နေသည်။ ဤအမှောင်ထုဖုံးလွှမ်းနေသော မြေအောက်ဘူတာရုံကို ကြည့်ရင်း လူကို မိစ္ဆာအသိုက်တစ်ခုအလား စိတ်ထဲမှ ထင်မြင်မိစေသည်။

သို့သော် ယခုအချိန်တွင် အခြားနည်းလမ်းမရှိတော့ပေ။ သေခြင်းရှင်ခြင်းဖြင့် လောင်းကြေးထပ်ရုံသာရှိသည်။

သူက အံကိုကြိတ်လိုက်ပြီး မြေအောက်ဘူတာရုံထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်။

ဤလူကိုကြည့်ရင်း လော်ယွမ်၏မျက်နှာမှာ အနည်းငယ် အံ့ဩသွားသည်။ သူ၏အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ရွှံ့နွံနှင့်သွေးများဖြင့် စွန်းထင်းနေသည်။ ဤသည်ကို အဝတ်အစားဟုဆိုရခြင်းထက် ကိုယ်ပေါ်တွင် ရစ်ပတ်ထားသော အဝတ်စများဟုဆိုလျှင် ပိုမှန်ပေမည်။ ဆံပင်များမှာလည်း အဖတ်လိုက်ဖြစ်နေပြီး အပေါ်တွင် မည်သည့်အကောင်မှန်းမသိသော ပိုးကောင်ငယ်လေးများ တွားသွားနေသည်။ သူ၏ရုပ်ရည်ကိုမူ ခွဲခြား၍မရနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထူထဲသောအညစ်အကြေးများဖြင့် ဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။

လော်ယွမ်မှာ ရှင်သန်ကျန်ရစ်သူများစွာကို တွေ့ဖူးသော်လည်း သူကဲ့သို့ ညစ်ပတ်သူကိုမူ တစ်ယောက်မျှ မတွေ့ဖူးပေ။

ကမ္ဘာမပျက်မီက သူတောင်းစားများနှင့်နှိုင်းယှဉ်လျှင်ပင် ထိုသူတောင်းစားများကို အလွန်အမင်း သန့်ရှင်းလွန်းနေသည်ဟု ဆိုနိုင်မည်။

လော်ယွမ်က သူ့ကို အပေါ်အောက် တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ့၏ကိုယ်ဟန်မှ အချက်အချို့ကို တွေ့ရှိလိုက်ကာ လေးနက်စွာ "မင်းကစစ်သားတစ်ယောက်ပဲ... ဒါမှမဟုတ်စစ်မှုထမ်းဖူးရမယ်... ဒီကိုဘာလာလုပ်တာလဲ"

ဖိအားတစ်ရပ်က ထိုစစ်သား၏မျက်နှာမူရာသို့ တိုးဝင်လာသည်။ ဓားသိုင်းပညာရှင်အဆင့်သို့ တက်လှမ်းပြီးနောက် ယခုအချိန်အထိ သူ၏အရှိန်အဝါကို စိတ်သွားတိုင်းကိုယ်ပါ မထိန်းချုပ်နိုင်သေးပေ။ မရည်ရွယ်ဘဲ စိမ့်ထွက်နေသော အရှိန်အဝါပင်လျှင် ထိုသူအား လေးလံသောဖိအားကို ခံစားစေသည်။

သူ၏ကိုယ်မှာ ယိုင်နဲ့သွားပြီး အံကိုကြိတ်ကာ "ဟုတ်ပါတယ်... ကျွန်တော်ကစစ်သားတစ်ယောက်ပါ... ဒါပေမဲ့ပင်မတပ်ဖွဲ့နဲ့ကွဲသွားလို့... အခုကျွန်တော့်မှာညီအကိုတစ်စုကျန်နေသေးတယ်... သူတို့အကုန်လုံးအသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်... ကျွန်တော်တို့တပ်ခွဲမှုးက..."

"ဟုတ်ပါတယ်၊ ကျွန်တော်က စစ်သားပါ၊ ဒါပေမဲ့ တပ်ဖွဲ့နဲ့ ကွဲကွာသွားခဲ့ပါတယ်၊ အခု ညီအစ်ကိုတစ်စု ကျန်သေးတယ်၊ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်၊ ကျွန်တော်တို့ တပ်ခွဲမှုးက..."

သူ ရုတ်တရက် ဤပုဂ္ဂိုလ်ကို မည်သို့ခေါ်ဆိုရမည်ကို မသိတော့ဘဲ အတွေးများ လျင်မြန်စွာ လည်ပတ်သွားသည်။ "...တပ်ခွဲမှုးက ကျွန်တော်တို့ကို ခေါင်းဆောင်တို့အဖွဲ့ဆီ လက်ခံပေးဖို့ မျှော်လင့်ထားတယ်"

"လက်ခံပေးရမယ်ဟုတ်လား... မင်းတို့မှာလူဘယ်လောက်ရှိလဲ" လော်ယွမ်၏စိတ်မှာ လှုပ်ရှားသွားပြီး မေးလိုက်သည်။

"၁၃ယောက်... ဒါမှမဟုတ်ဒီထက် နည်းနိုင်တယ်" ထိုစစ်သားက ပြောသည်။

"ဘာလို့အဲ့လိုပြောရတာလဲ" လော်ယွမ်က စပ်စုစွာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့... ကျွန်တော်တို့အဖွဲ့ခွဲပြီးမရှာခင် စုစုပေါင်း ၁၄ယောက်ရှိတာ" စစ်သား၏မျက်နှာအမူအရာမှာ မည်သို့မျှမပြောင်းလဲဘဲ အသံမှာသာ အနည်းငယ် တုန်ယင်သွားသည်။ သူနှင့်အတူ ခရီးထွက်ခဲ့သော ရဲဘော်တစ်ဦးမှာ လမ်းတွင် ထာဝရလဲကျကျန်ရစ်ခဲ့ပြီဖြစ်သည်။

လော်ယွမ်၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ "မင်းတို့ ဘယ်ကလာကြတာလဲ"

"ဟယ်တုံမြို့ကပါ... ကျွန်တော်တို့က ဟယ်တုံမြို့ကို သားရဲအုပ်ကြီးဝင်တိုက်တော့ ကွဲသွားတာ... လူရာချီရှိတဲ့အဖွဲ့ကနေ အခုဒီလောက်ပဲကျန်တော့တာ လူသားအချင်းချင်းဆိုတဲ့မျက်နှာနဲ့ ထောက်ထားပြီး ကျွန်တော်တို့ကို ကယ်ပေးပါလား... ကျွန်တော်တို့က တိုက်ပွဲအလီလီကြုံဖူးတဲ့ စစ်သားတွေပါ ခေါင်းဆောင်တို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး" စစ်သားက လေးနက်စွာဆိုသည်။ လော်ယွမ်မှာ မျက်နှာအမူအရာမပြောင်းလဲဘဲ ရှိနေသည်ကိုမြင်လျှင် ရုတ်တရက် အံကိုကြိတ်လိုက်ပြီး မြေပေါ်သို့ ပြင်းထန်စွာ ဒူးထောက်ချလိုက်ကာ ကျယ်လောင်သောအသံများထွက်သည်အထိ ဦးခေါင်းဖြင့် မြေကိုဆောင့်တော့သည်။ မာကျောသော စကျင်ကျောက်ကြမ်းပြင်မှာ "ဘုန်းဘုန်း" မြည်သံများ ထွက်ပေါ်လာသည်။

လော်ယွမ်၏ မျက်နှာအမူအရာမှာ လှုပ်ရှားသွားပြီး ကိုယ်ကိုတစ်ချက်လွှဲကာ သူ့ကို ထူပေးလိုက်သည်။ နဖူးမှာ သွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့ရသော်လည်း ထိုသူမှာ မျက်မှောင်ပင်မကြုတ်ပေ။ လော်ယွမ်မှာ ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ "ငါဘယ်တုန်းက မင်းတို့ကိုမကယ်ဘူးပြောလို့လဲ... မင်းတို့တည်နေရာကိုပြော"

ထိုသူမှာ မျက်နှာဝင်းပသွားပြီး ကျေးဇူးအကြိမ်ကြိမ်တင်ပြီးနောက် အလျင်အမြန်ပင် ထုံးကျောက်တစ်တုံးကိုရှာကာ မြေပြင်ပေါ်တွင် ပုံဆွဲပြလိုက်သည်။

လော်ယွမ် ကြည့်လိုက်ရာ ဤနေရာနှင့် မဝေးလှဘဲ ၂မိုင်ခန့်သာရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက မေးခွန်းအနည်းငယ်ကို သေချာစွာမေးမြန်းပြီးနောက် ဝိုင်းအုံလာကြပြီဖြစ်သော လူအုပ်ကို "ခင်ဗျားတို့ဒီမှာပဲ နေခဲ့ကြဦး... ကျွန်တော်ဒီကမိတ်ဆွေနဲ့ သိပ်မကြာခင်ပြန်လာခဲ့မယ်"

ပြီးနောက် ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့အား မျက်ရိပ်ပြလိုက်ရာ နှစ်ဦးမှာ သဘောပေါက်နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

တစ်ဖက်လူမှာ လိမ်ညာခြင်းမရှိဟု ထင်ရသော်လည်း သတိဆိုသည်ကား ပိုသည်ဟူ၍မရှိချေ။ ကမ္ဘာပျက်ကာလတွင် လူတို့၏စိတ်မှာ ကြောက်မက်ဖွယ်ကောင်းလှရာ မည်မျှပင်သတိထားသည်ဖြစ်စေ လွန်သည်ဟု မဆိုနိုင်ပေ။

ဆက်ရန်...

အပိုင်း(၁၆၈)တပ်ခွဲမှုးကျိုး

တံခါးဝမှ ထွက်လိုက်သည်နှင့် လော်ယွမ်က လေချွန်လိုက်သည်။

ထိုစစ်သားသည် အစပိုင်းတွင် လော်ယွမ်၏အပြုအမူကို အနည်းငယ် နားမလည်နိုင်ဖြစ်နေသော်လည်း ထို့နောက်တွင် သူ၏မျက်လုံးများမှာ ပြူးကျယ်လာပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကာ သူ၏လက်မှာ အလိုအလျောက်ပင် ခါးမှ ဓားမြှောင်နေရာကို စမ်းလိုက်မိသည်။

မြေပြင်သည် အနည်းငယ် တုန်ခါသွားပြီးနောက် တောင်ကုန်းတစ်ခုအလား ကြီးမားသော သတ္တဝါကြီးတစ်ကောင်သည် ပေ၃၀၀ခန့်အကွာ လမ်းထောင့်မှ မတ်တပ်ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ပေ၃၀ကျော်ရှည်သော သတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး အမြင့်မှာလည်း ၁၈ပေခန့်ရှိသည်။ သူ၏တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အကြေးခွံများစွာမှာလည်း ပြန်မပေါက်သေးဘဲ နီရဲနေသော အသားစိုင်များကို မြင်နေရသည်။ သို့သော် ဤသည်မှာ သူပေးနိုင်သော အန္တရာယ်ကို မလျှော့ကျစေသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပို၍ပင် တိုးစေသည်။ ၎င်းက ကောင်းကင်သို့မော့၍ နှာတစ်ချက်မှုတ်လိုက်ရာ ပေ၃၀ကျော်ရှည်သော မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ထိုအထဲတွင် မီးပွားများပင် လွင့်စင်နေကာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သူက ခေါင်းကိုတစ်ချက်ခါယမ်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်နှင့် မလိုက်ဖက်သော ပေါ့ပါးသွက်လက်မှုဖြင့် လျင်မြန်စွာ ပြေးဝင်လာရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ သူပြေးဝင်လာသော အရှိန်အဝါကို ဖော်ပြရန် ခက်ခဲလှသော်လည်း တစ်နာရီ မိုင်၁၅၀နှုန်းဖြင့် သွားနေသော အမြန်ရထားတစ်စင်း မိမိထံသို့ တရှိန်ထိုးပြေးလာသည်ကို မြင်ယောင်ကြည့်လျှင် သိနိုင်ပေသည်။

စစ်သား၏မျက်နှာမှာ ဖြူဖျော့သွားသည်။ ဤသို့သော မြင်ကွင်းမျိုးကို သူတစ်ကြိမ်သာ ကြုံဖူးသည်။ ထိုအဖြစ်အပျက်မှာ သူ၏တစ်သက်မမေ့နိုင်သော အမှတ်တရတစ်ခုဖြစ်ပြီး သားရဲအုပ်ကြီးထဲတွင် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ သူတို့၏တပ်ရင်းသည် ဤသို့သော အဆင့်ရှိ သတ္တဝါကြီးတစ်ကောင်နှင့် ထိတ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ပစ်ခတ်မှုအားနည်းမှုကြောင့် အဆင့်လေး သန္ဓေပြောင်းသတ္တဝါတစ်ကောင်က ကာကွယ်ရေးစခန်းထဲသို့ ပြေးဝင်လာခဲ့ပြီး ဝင်တိုက်လိုက်ရုံမျှဖြင့် သူ၏တပ်ရင်းမှ စစ်သားခုနစ်ယောက်၊ ရှစ်ယောက် သေဆုံးခဲ့ရပြီး သံချပ်ကာကားနှစ်စီးပင် မှောက်သွားခဲ့သည်။ ထို့နောက်ပိုင်း ရမ်းကားသောင်းကျန်းမှုများအကြောင်းကိုမူ ပြောဖွယ်ရာမရှိတော့ပေ။ နောက်ဆုံးတွင် လေယာဉ်ပစ်စက်အမြောက်ဖြင့် ပစ်သတ်နိုင်ခဲ့သော်လည်း သေဆုံးသူအရေအတွက်မှာ ငါးဆယ်ကျော်အထိ ရှိခဲ့သည်။

သူ၏အမြင်တွင် ဤအဆင့်ရှိ သတ္တဝါကြီးများက သေမင်းပင်ဖြစ်ပြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အတုံးအရုံးသေဆုံးမှုများက လိုက်ပါလာသည်။

သို့သော် လော်ယွမ်၏ လေချွန်သံကို ပြန်စဉ်းစားမိသောအခါ သူက အဖြစ်အပျက်၏ အကြောင်းအရင်းကို အကြမ်းဖျင်းနားလည်လိုက်သည်။ စိတ်ထဲမှစိုးရိမ်နေသော်လည်း အကြိမ်ကြိမ်စဉ်းစားပြီးနောက် ထွက်ပြေးခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်မိအောင် ထိန်းချုပ်ထားလိုက်သည်။ သူက တံတွေးကိုမျိုချလိုက်ပြီး ပါးစပ်မှ ခက်ခဲစွာဖြင့် စကားတစ်လုံးထွက်လာသည်။ "ခင်ဗျား..."

"စိတ်မပူနဲ့... မင်းတို့နေရာက နည်းနည်းလှမ်းတော့ လမ်းလျှောက်သွားရင် အချိန်ကုန်တယ်... ငါ့ဧရာမဖွတ်ကြီးစီးသွားတာ ပိုမကောင်းဘူးလား" လော်ယွမ်က မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

စကားသံဆုံးသည်နှင့် ဧရာမဖွတ်ကြီးသည် ခြေလှမ်းများကို နှေးလိုက်ပြီး လော်ယွမ်၏ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။

သုံးရက်တာ အနားယူပြီးနောက် အစိမ်းရောင်အဆင့် စွမ်းအင်မြင့်မားသော အစားအစာများကို အများအပျား ကျွေးမွေးခဲ့သည့်အပြင် သူ၏ကြောက်မက်ဖွယ်ကောင်းသော ကိုယ်တိုင်ကုသနိုင်စွမ်းကြောင့် ၎င်းက တစ်ဝက်ကျော် ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ကြည့်လိုက်လျှင် ဒဏ်ရာများပြင်းထန်နေသေးသော်လည်း အမှန်တကယ်တွင်မူ ကြီးကြီးမားမား ပြဿနာမရှိတော့ပေ။

ဧရာမဖွတ်ကြီးသည် လော်ယွမ်၏ရင်ဘတ်ကို ချစ်ခင်စွာဖြင့် ပွတ်သပ်လိုက်ရာ ချွဲနွဲ့နေသော ခွေးတစ်ကောင်နှင့်ပင် တူနေတော့သည်။ သို့သော် အခြားသူများ၏မျက်လုံးထဲတွင်မူ ဤမျှ ချစ်စရာမကောင်းလှပေ။

လော်ယွမ်က ဧရာမဖွတ်ကြီး၏ကျောကုန်းကို ပုတ်လိုက်ပြီး သူလိမ္မာစွာ ဝပ်ချလိုက်သောအခါ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ "မင်းလည်း တက်ခဲ့လေ"

စစ်သား၏နားထင်ကြောများမှာ တဒုတ်ဒုတ်ခုန်နေပြီး အံကိုကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

သေမင်းတမန်များနှင့် ရင်ဆိုင်ခဲ့ရသော စစ်သားပီပီ သာမန်လူများကဲ့သို့ ကြောက်လန့်၍ ခြေထောက်များ ပျော့ခွေမသွားသည်ကို လော်ယွမ်က စိတ်ထဲမှ ချီးကျူးလိုက်သည်။ သို့သော် သူက ထိုစစ်သားကို ဆွဲတင်လိုက်သောအခါတွင်မူ ထိုသူ၏ကြွက်သားများမှာ တောင့်တင်းနေပြီး တစ်ကိုယ်လုံးမှာ ကျောက်တုံးတစ်တုံးကဲ့သို့ တင်းမာနေသည်ကို တွေ့လိုက်ရသည်။

လော်ယွမ်၏ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သည်။

နှစ်မိုင်၊ သုံးမိုင်အကွာအဝေးက ပြောသလောက်မဝေးပေ။ လမ်းလျှောက်သွားလျှင် ဆယ်မိနစ်ကျော်အတွင်း ရောက်နိုင်သည်။ ဧရာမဖွတ်ကြီးကို ခေါ်ဆောင်သွားရန် လုံးဝမလိုအပ်ပေ။ ခေါ်ဆောင်သွားရသည့်ရည်ရွယ်ချက်မှာ အင်အားပြရန်သက်သက်ဖြစ်သည်။ ဓားသုံးသည်ဖြစ်စေ၊ သေနတ်သုံးသည်ဖြစ်စေ ဧရာမဖွတ်ကြီးကဲ့သို့သော ကြီးမားသည့်သတ္တဝါလောက် လူကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့်အရာ မရှိပေ။

အဖွဲ့တစ်ဖွဲ့က အခြားအဖွဲ့တစ်ဖွဲ့ကို လျင်မြန်စွာ ပေါင်းစည်းလိုလျှင်၊ အထူးသဖြင့် လူနည်းသောအဖွဲ့က လူများသောအဖွဲ့ကို ပေါင်းစည်းလိုလျှင် အင်အားကြီးသော ခေါင်းဆောင်တစ်ဦးမရှိဘဲ မဖြစ်နိုင်ပေ။ အင်အားကြီးခြင်းဆိုသည်မှာ စိတ်ဓာတ်ခိုင်မာခြင်းမဟုတ်ပဲ၊ အစွမ်းအစကို ဆိုလိုသည်။ အထူးသဖြင့် တစ်ဖက်အဖွဲ့မှာ တပ်ရင်းတစ်ရင်းမှ စစ်သားများဖြစ်နေပြီး ဤသို စုစည်းညီညွတ်ပြီး စည်းကမ်းတင်းကြပ်သောအဖွဲ့မှာ အများအားဖြင့် ပေါင်းစည်းရန် အခက်ခဲဆုံးဖြစ်ပြီး ပဋိပက္ခများ ဖြစ်ပွားလွယ်သည်။

လော်ယွမ်က သူတို့ကို လုံးဝလက်အောက်ခံဖြစ်လာစေရန် မမျှော်လင့်၊ စိတ်လည်းမကူးထားပေ။ ထိုစစ်သားများကြောင့် နောင်တွင် မည်သည့်ပြဿနာမျှ မဖြစ်ပွားရန်သာ မျှော်လင့်သည်။

ဧရာမဖွတ်ကြီးက ပြေးမသွားသော်လည်း နှစ်မိုင်၊ သုံးမိုင်ခရီးကို သုံးမိနစ်မျှဖြင့် ရောက်ရှိသွားသည်။

အောက်သို့ခုန်ဆင်းသည့်အခါ စစ်သား၏ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

လော်ယွမ်သည် အဆောက်အအုံအပေါက်ဝကို ကြည့်လိုက်ပြီး ဝင်သွားရန် အစီအစဉ်မရှိဘဲ "မင်းသွားပြောပြီး လူတွေအကုန်ခေါ်ခဲ့လိုက်" ဟု ဆိုသည်။

ထိုစစ်သားက စကားနည်းသူ သို့မဟုတ် သူစိမ်းများနှင့် စကားပြောရန် အကျင့်မရှိသူဖြစ်မည်မှာ ထင်ရှားသည်။ သူက တောင့်တင်းစွာ ခေါင်းညိတ်ပြပြီး ပျက်စီးနေသော အဆောက်အအုံထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

လော်ယွမ်က ဧရာမဖွတ်ကြီး၏ကျောကိုမှီကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

မိနစ်အနည်းငယ်မျှသာ စောင့်လိုက်ရပြီး ခေါင်းဆောင်ဖြစ်ဟန်တူသော ဆံပင်ဖွာလန်ကျဲနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အဆောက်အအုံ၏အပေါက်မှ ထွက်လာပြီး သူ၏နောက်တွင် သူနှင့်ပုံစံတူ လူငါးယောက် လိုက်ပါလာသည်။ သူတို့သည် ရှေ့မှသတ္တဝါကြီးကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ကြသည်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း ခြေလှမ်းများမှာ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် မဆိုင်းမတွဘဲ လျင်မြန်စွာ လျှောက်လှမ်းလာကြသည်။

"မင်္ဂလာပါ... ကျွန်တော့်နာမည်က ကျိုးယိချန်ပါ... ဒီတပ်ရဲ့တပ်ခွဲမှုးပေါ့... ခင်ဗျားနာမည်ကို သိလို့ရမလား" လူလတ်ပိုင်းအရွယ်က အပြုံးတစ်ခုကို အားတင်းဖန်တီးကာ ဆိုသည်။ သူက အားကုန်ပြုံးရန် ကြိုးစားနေသော်လည်း အချိန်အတော်ကြာ မပြုံးခဲ့ရသောကြောင့် ဖြစ်မည်၊ ကြွက်သားများမှာ အလွန်တောင့်တင်းနေသည်။

"ကျွန်တော်ကလော်ယွမ်ပါ... တပ်ခွဲမှုးကျိုး မိတ်ဆက်တာတွေ ကျော်လိုက်ရအောင်... ခင်ဗျားတို့ကျွန်တော့်အဖွဲ့ထဲ ဝင်ချင်တယ်လို့ကြားတယ်" လော်ယွမ်က တည့်တိုးမေးလိုက်သည်။

လူလတ်ပိုင်းအရွယ်မှာ သူ၏အပြုအမူကြောင့် ခဏတာကြောင်သွားပြီး သက်ပြင်းတစ်ချက်ချကာ "ဟုတ်ပါတယ်... ဒါကရှက်စရာလည်းမရှိပါဘူး... ကျွန်တော်တို့က နောက်ဆုံးအခြေအနေ ရောက်နေပြီ သေဖို့စောင့်နေရုံပဲ ရှိတော့တာ... ဒီတပ်ဖွဲ့ရဲ့တပ်မှုးအနေနဲ့ ကျွန်တော်က သူတို့ကို သေလမ်းဆီတွန်းမပို့ချင်ဘူး... ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကို လက်ခံပေးဖို့ တောင်းပန်ပါတယ်" ဟု ဆိုသည်။

"တပ်ခွဲမှုးကျိုး အားနာနေစရာမလိုပါဘူး... အခုရှင်သန်ကျန်ရစ်သူတွေက နည်းသထက်နည်းလာပြီ... ကျွန်တော်တို့တတ်နိုင်ရင် အချင်းချင်းကူညီကြဖို့လိုတယ်... ဒါပေမဲ့ကျွန်တော့်အဖွဲ့က ပျော့ညံ့ပြီး အင်အားနည်းတယ်... ကျွန်တော်တို့မှာ အမျိုးသမီးတွေလည်းရှိနေတယ်... အဲ့တော့နောက်ပိုင်းဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ အထင်မှားတာတွေအတွက် ကျွန်တော့် စကားအချို့တော့ ကြိုပြောထားမှဖြစ်မယ်" လော်ယွမ်က အေးစက်စွာ ဆိုသည်။

လူလတ်ပိုင်းအရွယ်နှင့် စစ်သားအချို့မှာ ထိုကြောက်မက်ဖွယ် ဧရာမဖွတ်ကြီးကို ခိုးကြည့်လိုက်ကြရာ ဆိုလိုရင်းမှာ အထင်အရှားပင်။ လူလတ်ပိုင်းအရွယ်၏အပြုံးမှာ အနည်းငယ် အားတင်းထားရပြီး "ပြောစရာရှိတာကို ပြောပါ" ဟု ဆိုသည်။

"တခြားအရာတွေကိုတော့ မပြောတော့ဘူး... ခင်ဗျားတို့စစ်သားတွေရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ အမိန့်နာခံပုံတွေကို ကျွန်တော်ယုံတယ်... ဒါပေမဲ့ခင်ဗျားတို့ တသွေမသိမ်း လိုက်နာရမယ့် အရာတစ်ခုတော့ရှိတယ်... ဒါကတော့ကျွန်တော့်ရဲ့ စည်းမျဉ်းနဲ့အမိန့်ပဲ... ခင်ဗျားတို့အဲ့တာကို မလိုက်နာနိုင်ရင်တော့ လာခဲ့တဲ့နေရာကိုတာ ပြန်ကြတော့... ဘယ်လိုလဲတပ်ခွဲမှုးကျိုး... ခင်ဗျားနဲ့ခင်ဗျားလူတွေ အဲ့လိုလုပ်နိုင်လား" လော်ယွမ်က တစ်ချက်ကြည့်ကာ ဆိုသည်။

ကျိုးယိချန်သည် မျက်လုံးများကို အသာမှိတ်လိုက်ပြီး ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်ရာ အမူအရာမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။ "ဒါက လုပ်ကိုလုပ်ရမယ့်အရပဲ... ကျွန်တော်နားလည်ပါတယ်"

သူက အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အခြားစစ်သားများဘက်သို့ လှည့်ကာ "အခြေအနေကဒီအဆင့်ထိ ရောက်နေပြီ... အားလုံးလည်း အစွမ်းကုန်ကြိုးစားခဲ့ကြပြီးပြီပဲ... အခုကစပြီးငါကမင်းတို့ရဲ့တပ်ခွဲမှုး မဟုတ်တော့ဘူး... မင်းတို့ကလည်းစစ်သားတွေ မဟုတ်တော့ဘူး... ငါပြောတာကြားလား"

"ဟုတ်"

"ဟုတ်"

...

တစ်ယောက်တစ်ပေါက်အသံများ ထွက်ပေါ်လာသည်။ အချို့က ပြတ်သားပြီး အချို့မှာ တွန့်ဆုတ်သည်။ အချို့မှာ မျက်ရည်များဝဲနေပြီး အချို့မှာမူ နှုတ်ဆိတ်နေကြသည်။

လော်ယွမ်က လူတိုင်း၏အမူအရာကို မျက်စိထဲတွင် မှတ်သားထားလိုက်သည်။ သို့သော် ဤလူများမှာ အမှန်တကယ် စိတ်ရင်းမှန်ဖြင့်ဖြစ်စေ၊ ဟန်ဆောင်နေခြင်းဖြစ်စေ အရေးမကြီးပေ။ အရာအားလုံးကို နောင်တွင်သာ ကြည့်ရမည်ဖြစ်သည်။

သူက ကျိုးယိချန်ဘက်သို့ လှည့်ကာ "၁၀ယောက်ကျော်ရှိတယ်ဆို... ဘယ်လိုလုပ်၆ယောက်ပဲ ရှိတာလဲ" ဟု မေးသည်။

"ငါးယောက်က ဒဏ်ရာရထားတယ်... နှစ်ယောက်က အခုထိ ပြန်မလာသေးဘူး" ဟု ကျိုးယိချန်က ခါးခါးသက်သက်ဖြင့် ဆိုသည်။

"ဒဏ်ရာရထားတယ်ဟုတ်လား"

ကျိုးယိချန်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဒဏ်ရာရသူတစ်ဦးသည် ရှင်သန်ကျန်ရစ်သူအဖွဲ့တစ်ဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်သည်။ သူက လော်ယွမ်၏သဘောထားနှင့် မေးခွန်း၏ဆိုလိုရင်းကို မခန့်မှန်းနိုင်ဖြစ်နေ၍ "သူတို့ လမ်းလျှောက်နိုင်ပါသေးတယ်။ သူတို့က အရည်အချင်းရှိတဲ့ စစ်သားတွေပါ... ခဏ... အနားယူလိုက်ရင် ကောင်းသွားမှာပါ" ဟု အလျင်အမြန် ဆိုသည်။

"ခင်ဗျားအထင်လွဲနေပြီ... ဒဏ်ရာရထားတဲ့သူတွေကို ခေါ်ထုတ်လာခဲ့... ကျွန်တော့်ယာယီစခန်းကိုပြန်ရောက်ရင် သူတို့ကိုကုပေးနိုင်တဲ့နည်းလမ်းရှိတယ်" လော်ယွမ်က သူတို့၏စိတ်ကို ခန့်မှန်းမိ၍ ဆိုလိုက်သည်။

"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ" ဟု ကျိုးယိချန်က ဝမ်းသာအားရ ဆိုသည်။

စစ်သားအချို့၏မျက်နှာများတွင်လည်း ဝမ်းသာအားရသည့်အမူအရာများ ပေါ်ထွက်လာသည်။ စိတ်လောသူအချို့မှာ အပေါက်ထဲသို့ဝင်ကာ ဒဏ်ရာရသူများကို ထူမ၍ ထွက်လာကြသည်။

"ပြန်မရောက်သေးတဲ့ နှစ်ယောက်အတွက်... သူတို့သွားတဲ့နေရာ ကျွန်တော့်ကိုပြော... ကျွန်တော်သွားရှာကြည့်ပေးမယ်" လော်ယွမ်က ဆက်ပြောသည်။

"သိပြီ.. သိပြီ" ကျိုးယိချန်က ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်ကာ "တစ်ယောက်ယောက် ငါ့ဆီမြေပုံအမြန်ယူခဲ့စမ်း" ဟု ဆိုသည်။

................................................

လော်ယွမ်သည် ဧရာမဖွတ်ကြီးကိုစီးကာ ထွက်သွားပြီး မကြာမီမှာပင် ပြန်ရောက်လာခဲ့သည်။ လာသည့်အခါတွင် တစ်ယောက်သာ ပါလာပြီး အခြားတစ်ယောက်မှာ သေဆုံးနေပြီဖြစ်သည်။

လော်ယွမ် ဤသတင်းကို ပြောပြသည့်အခါ လူတိုင်း တိတ်ဆိတ်သွားသည်မှလွဲ၍ ကြီးမားသော တုံ့ပြန်မှုမရှိကြပေ။ သေခြင်းတရားသည် ငရဲမှရုန်းကန်ထွက်လာသော ဤရှင်သန်ကျန်ရစ်သူများအတွက် အလွန်ပင် သာမန်ဖြစ်နေပြီဖြစ်သည်။

အချိန်မဆိုင်းဘဲ အဖွဲ့က လျင်မြန်စွာ ထွက်ခွာခဲ့ကြသည်။

ဆယ့်နှစ်ယောက်နှင့် လော်ယွမ်ပေါင်း ဆယ့်သုံးယောက်က တောင်ကုန်းတစ်ခုအလား ကြီးမားသော ဧရာမဖွတ်ကြီးအတွက် ဘာမှမပြောပလောက်ပေ။ ကျယ်ဝန်းသောကျောကုန်းသည် ထိုလူများကို လုံလောက်စွာ တင်ဆောင်နိုင်သည်။ နာရီဝက်အကြာတွင် အဖွဲ့က ယာယီစခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒဏ်ရာရသူအားလုံးကို ချက်ချင်းပင် မြေအောက်ဘူတာရုံထဲသို့ သယ်ဆောင်သွားကြသည်။

"အစားအသောက် တော်တော်များများနဲ့ရေနွေးတွေ ပြင်ဆင်လိုက်... ငါတို့ဒဏ်ရာကိုသန့်ရှင်းဖို့လိုတယ်... ပြီးတော့ချန်ရှင်းဖုံရောက်ပြီလား" ဟု လော်ယွမ်က လမ်းလျှောက်ရင်း ဆိုသည်။

"နေ့လယ်စာမတိုင်ခင် ပြန်ရောက်လောက်တယ်" အနီးမှ ချောင်လင်းက အလျင်အမြန် ဆိုသည်။

"အင်း... သူလာရင်ငါ့ကိုပြော" လော်ယွမ်က ခေါင်းညိတ်ပြီး ကျိုးယိချန်ဘက်သို့ လှည့်ကာ "ကျွန်တော်တို့အခြေအနေက အကန့်အသတ်ရှိနေတော့ သေချာဂရုစိုက်ပေးနိုင်မှာတော့ မဟုတ်ဘူး... ခင်ဗျားတို့လိုတာရှိရင်ကျွန်တော့်ကို ပြောဟုတ်လား"

ကျိုးယိချန်က သက်ပြင်းတစ်ချက်ချကာ "ခင်ဗျားတို့ကို ဒုက္ခပေးမိပါပြီ" ဟု ဆိုသည်။

လော်ယွမ်က လက်ကာပြလိုက်သည်။ "တစ်ဖွဲ့ထဲဖြစ်နေပြီ အားနာနေဖို့မလိုပါဘူး... ခင်ဗျားလူတွေ အမြန်သက်သာမှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာပေါ့... ပြီးတော့ကြိုပြောထားရဦးမယ် ဒါကယာယီစခန်းတစ်ခုသက်သက်ပဲ... ဒီမှာကျွန်တော်တို့ကြာကြာနေမှာ မဟုတ်ဘူး... နောက်၆ရက်၇ရက်လောက်နေရင် ဒီကသွားတော့မှာ... ခင်ဗျားတို့သေချာစဉ်းစားကြဦး... ကျွန်တော်တို့နဲ့မလိုက်ပဲ ထွက်သွားချင်ရင်လဲရတယ်"

ကျိုးယိချန်၏စိတ်ထဲတွင် လှုပ်ရှားသွားပြီး "ညီလေးယွမ်တို့က ဘယ်ကိုသွားကြမလို့လဲ" ဟု မေးသည်။

"ဒီနေရာက တစ်ဖြည်းဖြည်းအန္တရာယ်များလာပြီ... အထူးသဖြင့်ကျန်းနန်ပြည်နယ်က ကမ်းရိုးတန်းနဲ့နီးတော့ ပိုအန္တရာယ်များတယ်... ဒီကစောစောခွာနိုင်လေ အသက်ရှင်နိုင်ခြေပိုများလေပဲ" လော်ယွမ်က ထိုကြောက်မက်ဖွယ် လိပ်ကြီးကို ပြန်သတိရသွားပြီး အမူအရာမှာ အနည်းငယ်တွေဝေသွားသည်။ အမှန်တကယ်တွင် သူက အမြဲတမ်း စိတ်မလုံမခြုံဖြစ်နေသည်။ ပင်လယ်သမုဒ္ဒရာသည် တစ်ကမ္ဘာလုံး၏ ၇၀ ရာခိုင်နှုန်းကို နေရာယူထားရုံသာမက ဇီဝသတ္တဝါအရေအတွက်မှာလည်း ကုန်းမြေထက် အဆမတန်များပြားလှသည်။ ဤမျှအချိန်ကြာပြီးနောက်တွင် ကုန်းမြေထက် များစွာအားကောင်းသော စူပါသတ္တဝါကြီးများ ပေါ်ထွက်လာလောက်ပြီဖြစ်သည်။ ဤသတ္တဝါများ သို့မဟုတ် အနည်းငယ်မျှသော အရေအတွက်သာ ကုန်းပေါ်သို့ တက်လာပါက ကုန်းမြေ၏ဂေဟစနစ်အတွက် လုံးဝပျက်စီးဖွယ်ရာပင်ရှိသည်။

သူသတိပြန်ဝင်လာပြီး ဆက်ပြောသည်။ "အနောက်မြောက်ဘက်ကို သွားဖို့ပြင်နေတာ... တာကလာမန်ကန် သဲကန္တာရတစ်ဝိုက်ပေါ့... အဲ့ဒီမှာ ပြန်လည်တည်ထောင်ရေးဇုန် ဆောက်နေတယ်လို့ကြားတယ် ပိုပြီးလုံခြုံလောက်တယ်"

ကျိုးယိချန်က အမူအရာမပြောင်းဘဲ "မင်းတို့ ဘယ်လမ်းကြောင်းက သွားမှာလဲ" ဟု မေးသည်။

"ကျားဖိန်ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဟွေးပြည်နယ်... အဲ့ကနေမြောက်ပိုင်းကန်ပြည်နယ်ကို ဖြတ်သွားမယ်... အတွင်းပိုင်းကို ပိုရောက်လေ နောက်ပိုင်း ပိုလုံခြုံလေပဲ" လော်ယွမ်က မြေပုံကို အကြိမ်ကြိမ်ကြည့်ကာ စဉ်းစားထားပြီးဖြစ်သည်။ ဤလမ်းကြောင်းသည် တစ်စိတ်တစ်ပိုင်း ကျဆုံးနယ်မြေများနှင့် လုံခြုံသောနယ်မြေများကို ဖြတ်သွားရာ ဘေးအကင်းဆုံးလမ်းဖြစ်သည်။

ကျိုးယိချန်၏မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းသွားပြီး ပြောသင့် မပြောသင့် ချိန်ဆနေသည်။ အတန်ကြာမှ "ဘာလို့ ရှန်ဟိုင်းကနေ မသွားတာလဲ" ဟု ဆိုသည်။

လော်ယွမ် ကြောင်သွားပြီး တစ်ဖက်လူ၏စကားထဲတွင် ဝှက်ထားသောအဓိပ္ပာယ်ကို သတိပြုမိလိုက်သည်။ သူ၏မျက်လုံးများက တစ်ဖက်လူကို စူးစိုက်ကြည့်ကာ "ခင်ဗျားကျုပ်ကို မပြောရသေးတဲ့ဟာ တခုခုရှိနေတာလား… ဒါမှမဟုတ် ခင်ဗျားတခုခုသိထားတာလား" ဟု လေသံခပ်မာမာဖြင့် မေးလိုက်သည်။

ကျိုးယိချန်သည် ကောင်းကင်ကြီး ရုတ်တရက် မှောင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်မှလေထုပင်လျှင် ပိုမိုသိပ်သည်းလာသကဲ့သို့ ခံစားရကာ အသက်ရှူရခက်ခဲလာပြီး နှလုံးမှာ တဒိန်းဒိန်းခုန်နေ၏။ သူ၏စိတ်ထဲတွင် ကြီးမားသောအန္တရာယ်ကျရောက်တော့မည်ဟူသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။

သွေးမြေကျတိုက်ပွဲများကို ကျော်ဖြတ်ခဲ့ရသော သံမဏိစိတ်ဓာတ်က သူ့ကို တည်ငြိမ်အောင် ထိန်းထားသည်။ သူ၏မျက်လုံးထောင့်များမှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ဤနေရာမှ ထူးခြားမှုကို မည်သူမျှ သတိမပြုမိသည်ကို တွေ့လိုက်ရသည်။ ဤနေရာက ပတ်ဝန်းကျင်နှင့် သီးခြားဖြစ်နေသကဲ့သို့ပင်။

ထိုစဉ် သူ၏မျက်စိရှေ့တွင် အမှောင်ဖုံးလာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သတိလစ်မေ့မြောခြင်း၏ ရှေ့ပြေးလက္ခဏာပင်။

သူသတိလစ်တော့မည်ဟု ခံစားနေရစဉ်မှာပင် ထိုအရှိန်အဝါက ရုတ်တရက်ပေါ်ထွက်လာသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။

"တစ်ကယ် တောင်းပန်ပါတယ်… ကျွန်တော့်အရှိန်အဝါကို သေချာမထိန်းချုပ်နိုင်သေးလို့"

လော်ယွမ်က အားနာသည့်အမူအရာဖြင့် ဆိုသည်။ ဤသို့သောအဖြစ်အပျက်မျိုးမှာ ဤရက်ပိုင်းအတွင်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ ယခုအခါ လော်ယွမ်၏အနားသို့ မည်သူမျှ မကပ်ရဲတော့ပေ။

သို့သော် ကျိုးယိချန်မှာမူ ဤအချိန်တွင် စကားမပြောနိုင်တော့ပေ။ သူက ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ပါးစပ်ဟကာ အသက်ကိုလုရှူနေရသည်။ သူ၏ဦးနှောက်မှာ ယခုအချိန်အထိ မူးဝေနေသေးပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာကာ စိတ်ထဲတွင် ကြောက်လန့်တကြားဖြစ်နေသည်။

"ဘာ… ဘာမှမဖြစ်ဘူး… ကျွန်တော်ကလည်း ရှင်းရှင်းလင်းလင်း မပြောမိလိုက်လို့… ဒီလိုအချိန်မျိုးမှတော့ လျှို့ဝှက်ချက်လို့လည်း ပြောလို့မရတော့ပါဘူး" ကျိုးယိချန်က ဤမှလွဲ၍ ဘာပြောနိုင်ဦးမည်နည်း။ ခုနကအခြေအနေမှာ တမင်တကာဖြစ်စေ၊ သူပြောသကဲ့သို့ မထိန်းချုပ်နိုင်၍ဖြစ်စေ ၎င်းက အစွမ်းပြ၍ ခြိမ်းခြောက်ခြင်းတစ်မျိုးပင်ဖြစ်သည်။

သူတစ်ပါးလက်အောက်တွင် နေရမှတော့ ရှိသင့်ရှိထိုက်သော သဘောထားမျိုး ရှိရပေမည်။

သူက စကားလုံးများကို စုစည်းလိုက်ပြီး ဖြည်းညင်းစွာ ဆိုသည်။ "ပြန်လည်ထူထောင်ရေးဇုန်က တရုတ်နိုင်ငံရဲ့ နောက်ဆုံးဆုတ်ခွာရာနဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် နောက်ဆုံးအခြေစိုက်စခန်းဖြစ်တာကို ခင်ဗျားသိမယ်ထင်တယ်"

လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သူနားလည်သည်။ သမိုင်းတွင် ဤသို့သောအဖြစ်အပျက်မျိုး အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ဤသည်မှာ အချိန်ရရန် အချိန်ရရန် နယ်မြေများအဆုံးရှုံးခံခြင်းသာဖြစ်ပြီး "သုံးဆင့် ခံတပ်ဗျူဟာ" ဖြစ်သည်။ ယခင်က ရန်သူမှာ လူအချင်းချင်းဖြစ်သော်လည်း ယခုမူ သန္ဓေပြောင်းသတ္တဝါများသာ ဖြစ်သည်။

(အချိန်ရရန် နယ်မြေများအဆုံးရှုံးခံခြင်း ဆိုတာက ကာကွယ်ဖို့ခက်ခဲတဲ့ နယ်မြေတွေကို လုံးဝစွန့်လွှတ်လိုက်ပြီး စိတ်ချရတဲ့နေရာမှာ တပ်ဖွဲ့ကြီးကို အလုံးအရင်းနဲ့ ပြည်တည်ဆောက်တာကိုပြောတာပါ။ "သုံးဆင့်ခံတပ်ဗျူဟာ" ဆိုတာက ရိက္ခာတွေ တပ်ဖွဲ့တွေကို အန္တရာယ်များတဲ့ နယ်စပ်ဒေသတွေကနေ နိုင်ငံရဲ့အလယ်ပိုင်းဒေသကိုအကုန်ရွှေ့ပြီး ခံတပ်၃ဆင့်တည်ဆောက်တဲ့နည်းလမ်းပါ။ ဒီနည်းလမ်းက နယ်စပ်ဒေသတွေကျသွားရင်တောင် အလယ်ပိုင်းဒေသကို သိမ်းယူဖို့ ခံတပ်တွေ အဆင့်ဆင့်ကျော်ဖြတ်ရမှာပါ)

"အင်းပေါ့… အစိုးရက အစကတည်းက အဲ့လိုသေချာစီစဉ်ထားတာ… ဒါပေမဲ့အဖြစ်အပျက်တွေက အရမ်းမြန်လွန်းတော့ ဘယ်သူမှ ပြင်ဆင်ချိန်တောင် မရလိုက်ဘူးဖြစ်ကုန်တာ"

"ကျွန်တော်သိသလောက်ဆို အဲ့ဒီတည်ဆောက်ရေးလုပ်ငန်းတွေက ပထမအကျော့နဲ့ ဒုတိယအကျော့ပဲ ပြီးသေးတာ… စက်ကိရိယာတွေနဲ့ ကုန်ကြမ်းတွေအများကြီးလိုနေတာကို အလွယ်တကူဖြည့်ဆည်းလို့မရဘူးလေ"

"ရှန်ဟိုင်းကတော့ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးနဲ့ နည်းပညာအရ အချက်အချာအကျဆုံးပဲ… သူကတရုတ်နိုင်ငံတစ်ခုလုံးမှာ အစားထိုးမရတဲ့နေရာတစ်ခုဆိုတော့ ကျဆုံးသွားရင် သူ့တန်ဖိုးကခန့်မှန်းလို့တောင် မရဘူး… အထူးသဖြင့်နိုင်ငံရဲ့အကြီးစားဓာတ်ခွဲခန်းတွေနဲ့ အဆင့်မြင့်စက်ပစ္စည်းတွေအတွက် ကိရိယာတွေပေါ့… နိုင်ငံတော်ကရှန်ဟိုင်းကို စွန့်လွှတ်မှာမဟုတ်သလို စွန့်လွှတ်လို့လည်းမရဘူး… မဟုတ်ရင်ပြည်လည်ထူထောင်ရေးဇုံရဲ့ နည်းပညာက နှစ်ပေါင်း၂၀၊ ၃၀လောက် လျော့ကျသွားလိမ့်မယ်"

"ဒီလိုမြို့မျိုးတွေ နောက်ထပ်အများကြီးရှိသေးတယ်… အစိုးရက ဘယ်မြို့ကိုမှ အပြီးတိုင်စွန့်လွှတ်မှာမဟုတ်ဘူး"

"ခင်ဗျား ဒါတွေ ဘယ်လိုလုပ်သိတာလဲ" ဤသို့သောသတင်းမျိုးမှာ နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်ဖြစ်ပြီး ပေါက်ကြားသွားပါက ကျဆုံးပြီး စွန့်ပစ်ခံလိုက်ရသောနယ်မြေများမှ ရှင်သန်ကျန်ရစ်သူများကို ရူးသွပ်သွားစေနိုင်သည်။

"ရှန်ဟိုင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ကျွန်တော့်နဲ့စစ်တက္ကသိုလ်မှာ အတန်းဖော်တွေလေ… သူကျွန်တော့်ကို လျှို့ဝှက်ပြီး စာပို့ပေးခဲ့တာ… နှမျောဖို့ကောင်းတာက အဲ့ဂြိုလ်တုဖုန်း ပျက်စီးသွားတာပဲ" ကျိုးယိချန်က မျက်နှာကိုတည်လိုက်ပြီး လော်ယွမ်ကို စိုက်ကြည့်ကာ "ကျွန်တော်တို့ကို ရှန်ဟိုင်းကို ပို့ပေးပါ… ကျွန်တော် ခင်ဗျားတို့ကို ပြန်လည်တည်ဆောက်ရေးဇုန်ကို ခေါ်သွားပေးမယ်… ရှန်ဟိုင်းကနေ ထွက်ခွာမယ့် အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်မှာ လူလေးငါးယောက်လောက် အပိုလိုက်ဖို့က ပြဿနာမဟုတ်ဘူး" ဟု တည်ကြည်စွာ ဆိုသည်။

ဆက်ရန်…

All Chapters