အခန်း (၁၆၉-၁၇၂)
Vol. 9 Ch. 169-172
အပိုင်း(၁၆၉)ရည်ရွယ်ချက်
ဒင်… D အဆင့် မစ်ရှင် - စစ်သားတစ်စုအား ရှန်ဟိုင်းမြို့ရှိ လျှို့ဝှက်စစ်အခြေစိုက်စခန်းသို့ လိုက်ပါပို့ဆောင်ရန်။
မစ်ရှင်လိုအပ်ချက်- စစ်သားအရေအတွက်မှာ ကျိုးရိချန် အပါအဝင် ခြောက်ဦးထက်မနည်း ကျန်ရှိရမည်။
အချိန်ကန့်သတ်ချက် - တစ်ပတ်။
စနစ်၏ မစ်ရှင် အသိပေးသံက လော်ယွမ်၏စိတ်ထဲတွင် ပေါ်ထွက်လာသည်။ သူ၏မျက်နှာအမူအရာမှာ တစ်ချက်ကြောင်သွားပြီး စနစ်က ရုတ်တရက်ကြီး မစ်ရှင် တစ်ခု ထုတ်ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက လျင်မြန်စွာ သတိပြန်ဝင်လာပြီး သေချာ စဉ်းစားလိုက်သည်။ ကျိုးရိချန်က လိမ်ညာနေပုံမပေါ်ပေ။ ရှန်ဟိုင်းမြို့တွင် လျှို့ဝှက်စစ်အခြေစိုက်စခန်းတစ်ခု အမှန်တကယ် ရှိနေလောက်သည်။ ထိုအခြေစိုက်စခန်းကို ကျိုးရိချန် လမ်းမညွှန်ပါက သာမန်လူများ လုံးဝရှာမတွေ့နိုင်ပေ။ ထို့ကြောင့် ကျိုးရိချန် အသက်ရှင်နေရန် လိုအပ်သည်။
လူဦးရေလိုအပ်ချက်မှာမူ အလွန်နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်သားအုပ်စုတွင် ဆယ့်နှစ်ယောက် ရှိသောကြောင့်ဖြစ်သည်။ D- အဆင့် မစ်ရှင် မှာလည်း လော်ယွမ်အတွက် အလွန်အန္တရာယ်များလှသည်ဟု မဆိုနိုင်ပေ။ အနည်းဆုံးတော့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။
ဤအချက်က သူ့ကို အလွန်အားတက်သွားစေသည်။ စွန့်စားမှုတစ်ကြိမ် ပြုလုပ်ရုံဖြင့် မစ်ရှင်တစ်ခုပြီးနိုင်မည်ဖြစ်ရာ ဤထက်ပို၍ တန်သောကိစ္စ မရှိတော့ပေ။
တစ်ခုတည်းသော စွန့်စားရမည့်အချက်မှာ နောက်ဆုံးတွင် ကျိုးရိချန်က သူ၏ကတိအတိုင်း တည်မတည်ကို ခန့်မှန်းရခက်ခြင်းပင်။ မစ်ရှင် တွင်လည်း ထိုအကြောင်းကို အသိပေးထားခြင်းမရှိရာ နောက်ဆက်တွဲအကျိုးဆက်ကိုလည်း ခန့်မှန်းနိုင်ခြင်းမရှိပေ။ ယခင်စီစဉ်ထားသည့်အတိုင်း ခရီးဆက်ရမလား… သို့မဟုတ် တစ်ကြိမ်စွန့်စားကြည့်မလား…။
လော်ယွမ်က ခဏမျှသာ စဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ရှန်ဟိုင်းမြို့သည် ကျားဖိန်မြို့အနီးတွင်သာ တည်ရှိပြီး စုစုပေါင်း မိုင်၆၀ကျော်သာ ဝေးသည်။ ဤသည်မှာ ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်ပြီး မျှော်လင့်ချက် အနည်းငယ်မျှသာ ရှိသည့်တိုင် အမိအရဖမ်းနိုင်ဖို့လိုသည်။ နောက်ဆုံးတွင် အဆင်မပြေသည့်တိုင် မူလခရီးစဉ်ကိုရက်အနည်းငယ်သာ ကြန့်ကြာသွားစေမည်ဖြစ်သည်။
အန္တရာယ်အတွက်မူ ယခုအချိန်တွင် အန္တရာယ်မရှိသောနေရာဟူ၍ မရှိပေ။ D- အဆင့် မစ်ရှင် ကိုတော့ အနည်းဆုံး လော်ယွမ် တောင့်ခံနိုင်သေးသည်။
ကျိုးရိချန်က လော်ယွမ်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်ပြီး အမူအရာကို အကဲဖတ်ရန်ကြိုးစားလိုက်သည်။ သို့သော် တစ်ဖက်လူမှာ မျက်မှောင်ကြုတ်ထားပြီး သူသေကောင်တစ်ကောင်ကဲ့သို့သော မျက်နှာထားဖြင့် မည်သည့်အမူအရာကိုမျှ ဖတ်ရှု၍မရပေ။ ထိုအချိန်တွင် တစ်ဖက်လူ၏ မျက်မှောင်မှာ အနည်းငယ် ပြေလျော့သွားပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူရာ သူ၏နှလုံးမှာ ချက်ချင်းပင် အခုန်မြန်သွားတော့သည်။
"ခင်ဗျားဘယ်လောက်ထိ သေချာလဲ" လော်ယွမ်က သူ့ကိုကြည့်ကာ မေးလိုက်သည်။ "ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့အားလုံးကို လေယာဉ်ပေါ် ခေါ်သွားပေးနိုင်ဖို့ ပြောတာ"
သူ၏စကားပြောပုံမှာ နှေးကွေးပြီး လေသံမှာလည်း နူးညံ့သော်လည်း ဘာကြောင့်မှန်းမသိ ကျိုးရိချန်အပေါ် ကြီးမားသောဖိအားတစ်ခုကို သက်ရောက်စေသည်။ သူသည် ပါးစပ်က ရုတ်တရက်ထွက်တော့မည့်စကားကို မပြောမိဘဲ မျိုချလိုက်ရပြီး အထက်အရာရှိတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူက အသေအချာစဉ်းစားပြီးမှ စကားလုံးများကို ဂရုတစိုက်ရွေးချယ်ကာ ပြောလိုက်သည်။ "အမှန်တိုင်းပြောရရင် ကျွန်တော်မသေချာဘူး… သူတို့နဲ့အဆက်အသွယ်ပြတ်သွားတာ အရမ်းကြာပြီဆိုတော့ ကျွန်တော့်အတန်းဖော် တာဝန်ထမ်းဆောင်နေတုံးလားဆိုတာ မသိနိုင်ဘူး… သူတာဝန်ကျနေတုံးပဲဆိုရင်တောင် သူ့မှာလုပ်ပိုင်ခွင့်ရှိမရှိ မသေချာဘူး… ဒါကတစ်ချက်… နောက်တစ်ချက်က အဲ့လိုစစ်စခန်းမျိုးက လုံခြုံရေးအရမ်းတင်းကြပ်တာ… အပြင်လူမပြောနဲ့ ဌာနအတွင်းကလူတောင် ဝင်ချင်တိုင်းဝင်လို့ရတာမဟုတ်ဘူး"
"အဲ့တော့ ကျွန်တော့်မှာယုံကြည်မှုတော့ တစ်စက်မှမရှိဘူး… ဒါကအလောင်းအစားသက်သက်ပဲ… ခင်ဗျားတို့လုပ်ပေးနိုင်ရင်တော့ ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားပေးမယ်… ခင်ဗျားတို့ဘာမှမနစ်နာစေရဘူး"
"သူတို့ရိက္ခာတွေလိုက်စုဆောင်းရင်းနဲ့ အသက်ရှင်တဲ့သူတွေကိုပါ တစ်ခါတည်း မကယ်ကြဘူးလား"
လော်ယွမ်က မေးလိုက်သည်။
ကျိုးရိချန်က တစ်ချက်ကြောင်သွားပြီး အိတ်ကပ်ထဲမှ ရှုံ့တွန့် နေသော စီးကရက်တစ်လိပ်ကို ထုတ်ကာ အသာအယာ ရှူရှိုက်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ပြန်လည်ထူထောင်ရေးဇုန်တွေက တည်ဆောက်နေတာ တော်တော်ကြာပြီ… အခုလောက်ဆိုသိတဲ့သူတွေ သိနေလောက်ပြီ… ပြီးတော့နောက်ပိုင်း အစိုးရကအကြီးစားရွှေ့ပြောင်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့လို့ အဲ့မှာရှိတဲ့လူဦးရေက သန်း၁ရာ၊ ၂ရာအောက်မလျော့ဘူး… အဲ့ထဲမှာ အများစုက နယ်ပယ်အမျိုးမျိုးမှာ ကျွမ်းကျင်တဲ့သူတွေ… ဒီလောက်များတဲ့လူဦးရေက ပြည်လည်ထူထောင်ရေးဇုံကို မြန်မြန်နလန်ထူစေနိုင်သလို ဖိအားတွေလည်း တိုးလာတယ်"
"အစားအသောက်၊ လူသုံးကုန်၊ ရိက္ခာတွေ၊ ကာကွယ်ရေး… စတဲ့လိုအပ်ချက်တွေကိုကြည့်ရင် အစိုးရက အတော်လေးအကျပ်ရိုက်နေလောက်ပြီ"
"အမှန်တိုင်းပြောရရင်တော့… ပြန်လည်ထူထောင်ရေးဇုံအတွက် သာမန်လူတွေက လုံလောက်တာထက် ပိုလွန်းနေပြီ… အင်းပေါ့ ခင်ဗျားတို့အားလုံးက သန္ဓေပြောင်းလူသားတွေဆိုရင်တော့ မျှော်လင့်ချက် ၅၀၊ ၆၀ရာခိုင်နှုန်းလောက်ရှိတယ်"
တရုတ်လူမျိုးဦးရေမှာ အလွန်များပြားလှသည်။ တာကလမကန် သဲကန္တာရတစ်ခု၏ သယံဇာတနှင့် ပထဝီအနေအထားက ထိုမျှများပြားသောလူဦးရေကို မထောက်ပံ့နိုင်ပေ။ လော်ယွမ်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ "ဒါကခင်ဗျားရဲ့ ခန့်မှန်းချက်ပဲမလား… ဖြစ်နိုင်ခြေနည်းနည်းလောက်ရှိရင်တောင် ကျွန်တော်ကြိုးစားကြည့်ချင်တယ်" ဟု ဆို၏။
"ခင်ဗျား သဘောတူတယ်လို့ ဆိုလိုတာလား" ကျိုးရိချန်၏ရင်ထဲတွင် လှိုင်းထန်သွားပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒီခရီးက အရမ်းအန္တရာယ်များမှာ သေချာတယ်… အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဂရုစိုက်ဖို့လိုတယ်… ပြီးတော့ ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်ရအောင်… ခင်ဗျားတို့ ဘယ်လိုလက်နက်တွေ လိုအပ်လဲ"
"သေနတ်ရှိလား… သေနတ်ရှိရင်ရတယ်… ကျွန်တော့်အဖွဲ့သားတွေက သေမင်းလက်ကနေ အကြိမ်ကြိမ်လွတ်လာကြတာ… သူတို့အားလုံးက သေနတ်ပစ်တော်တဲ့ သူတွေချည်းပဲ… မူလကလူ၄၀၀ကျော်ကနေ အခုဒီလောက်ပဲကျန်တော့တာ… အဲ့ကျန်တဲ့သူတွေက အကုန်လက်ရွေးစင်တွေ" ကျိုးရိချန်က နောက်ပိုင်းတွင် မျက်ရည်များပင် ဝဲလာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လော်ယွမ်က တစ်ကြိမ်ကြားဖူးထားသော်လည်း ဤစစ်သားအုပ်စု၏ ခရီးတစ်လျှောက် ကြမ်းတမ်းကြုံတွေ့ခဲ့ရပုံများကို ကျိုးရိချန်၏ပါးစပ်မှ ထပ်မံကြားရသောအခါ တုန်လှုပ်မိဆဲပင်။ ဤသို့သောအခြေအနေတွင် အသက်ရှင်ကျန်ရစ်နိုင်ခြင်းမှာ အခြားအရာများကို ထည့်မတွက်လျှင်ပင် စိတ်ဓာတ်ကြံ့ခိုင်မှုတစ်ခုတည်းဖြင့်ပင် လော်ယွမ်ကို အထင်ကြီးလေးစားသွားစေသည်။ စိတ်ဓာတ်အနည်းငယ် ပျော့ညံ့သူဆိုလျှင် အစောပိုင်းကတည်းက မိမိကိုယ်ကို သတ်သေသွားလောက်ပြီဖြစ်သည်။
သူတို့နှင့်နှိုင်းယှဉ်လျှင် ဟွမ်ကျားဟွေ၊ ဟော်တုံတို့မှာ အလွန်သက်သာလွန်းလှသည်။
"သေနတ်တွေ အများကြီးရှိတယ်… ဒါပေမဲ့ ဒီမှာမဟုတ်ဘူး ဒီနေရာနဲ့သိပ်မဝေးတဲ့ ခံတပ်ထဲမှာ… မောင်းပြန်တို့ စက်သေနတ်တို့ စနိုက်ပါရိုင်ဖယ်တို့ အကုန် ကျွန်တော် ယူပေးနိုင်တယ်… ခင်ဗျားတို့ သံချပ်ကာကား မောင်းနိုင်ရင်လည်း ရှိတယ်… ဒါပေမဲ့ ကားမယူတာတော့ အကောင်းဆုံးပဲ… ရှေ့ဆက်သွားရမယ့်ခရီးက ရှုပ်ထွေးပြီး တောဖြစ်နေတာဆိုတော့ သိပ်ကြာကြာမောင်းရမှာ မဟုတ်ဘူး" လော်ယွမ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့တာတွေနဲ့ဆိုရင်တော့… ကျွန်တော်တို့ ဘာကိုမှမကြောက်တော့ဘူး" ဟု ကျိုးရိချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
………………………………
ထိုအချိန်တွင် ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
"သေစမ်း…အဲ့တာ သန္ဓေပြောင်းသားရဲပဲ"
"မဟုတ်ဘူး… သန္ဓေပြောင်းလူသား"
"အားလုံး အမြန်အကာအကွယ် ယူကြ"
စစ်သားများ၏မျက်နှာများမှာ ထိတ်လန့်တကြားဖြစ်သွားပြီး တရကြမ်းနောက်ဆုတ်သွားကြသည်။ စစ်သားအချို့မှာ ထောင့်တစ်နေရာသို့ လှိမ့်ဝင်သွားပြီး လက်ထဲတွင် ဓားမြှောင်များကို ဆွဲထုတ်ထားကြသည်။
အရပ်၉ပေကျော်မြင့်ပြီး တစ်ကိုယ်လုံးတွင် မာကျောသောအခွံများဖြင့် ဖုံးလွှမ်းနေသော လူသားပုံသဏ္ဌာန် သတ္တဝါတစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် မြေအောက်ဘူတာရုံခန်းမထဲသို့ ဝင်ရောက်လာသည်။ သူ၏မျက်နှာမှာ လူသားတစ်ဦး၏ပုံစံကိုပင် မမြင်နိုင်တော့ဘဲ တစ်ကိုယ်လုံးမှာ သံချပ်ကာဝတ်စုံတစ်စုံဖြင့် ဖုံးအုပ်ထားသကဲ့သို့ ရှိ၏။
အပြင်လူများ၏အမြင်တွင် ချန်ရှင်းဖုံ၏ပုံစံမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှသည်။ ယပ်တောင်ပမာကြီးမားသော ညာဘက်လက်တွင် ၆ပေခန့်ရှည်ပြီး ပေါင်လုံးခန့်တုတ်သော ကြောက်မက်ဖွယ်အရိုးတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ တုတ်ပေါ်တွင် လတ်ဆတ်သောသွေးများနှင့် ဦးနှောက်များပင် ကပ်ငြိနေသေးသည်။ ဘယ်ဘက်လက်တွင်မူ ၉ပေကျော်ရှည်ပြီး ၃ပေကျော်မြင့်သော ကြွက်နှင့်တူသည့်သတ္တဝါတစ်ကောင်ကို ဆွဲလာသည်။ အမဲလိုက်ရာမှ မိမိ၏ဂူသို့ပြန်လာသော လူ့ဘီလူးကြီးတစ်ကောင်နှင့်ပင် တူနေတော့သည်။
ထိုအော်ဟစ်သံများကြောင့် လန့်သွားဟန်ဖြင့် ချန်ရှင်းဖုံသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စိမ်းလဲ့သောမျက်လုံးများက ပတ်ဝန်းကျင်မှ သူစိမ်းများကို လှည့်ပတ်ကြည့်ရှုနေသည်။ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောအရောင်များ မကြာခဏဆိုသလို ဖြတ်ပြေးသွားပြီး ကြောက်မက်ဖွယ်အစွယ်များမှာ အနည်းငယ်ပေါ်ထွက်နေသည်။ အချိန်မရွေး ကြမ်းကြုတ်သောတိုက်ခိုက်မှုကို စတင်တော့မည့်ဟန်တူသည်။ သူသည် ပိုမို၍ စိတ်မငြိမ်မသက်ဖြစ်လာချိန်တွင်…
လော်ယွမ်၏အသံက ရေခဲရေတစ်ပုံးကို ခေါင်းပေါ်မှ လောင်းချလိုက်သကဲ့သို့ ချန်ရှင်းဖုံကို ရုတ်တရက် လန့်သွားစေသည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ကြမ်းကြုတ်သောမျက်လုံးများကို အနည်းငယ် အောက်စိုက်ကာ သူ၏အကြည့်ကို ဖုံးကွယ်လိုက်သည်။
"ချန်ရှင်းဖုံ၊ စိတ်ထိန်းစမ်း... လက်ထဲကအမဲကောင်ကိုချထားပြီး နောက်ထပ်အကောင်နည်းနည်းလောက် သွားဖမ်းခဲ့" ဟု လော်ယွမ်က ပြောလိုက်သည်။
ချန်ရှင်းဖုံသည် အသံအုပ်အုပ်ဖြင့် အဖြေပေးလိုက်ပြီး မြေအောက်ဘူတာရုံမှ လျင်မြန်စွာ ထွက်ခွာသွားသည်။
"ညီလေးယွမ်... ဒါ… ဒါက…" ဟု ကျိုးရိချန်က အံ့ဩတကြီး မေးလိုက်သည်။
"ဆင့်ကဲပြောင်းလဲမှု မအောင်မြင်တဲ့ရလဒ်ပဲ... ကံကောင်းတာက အသိစိတ်နည်းနည်း ကျန်သေးတယ်" လော်ယွမ်သည် ကျိုးရိချန်၏အတွေးကို သိမြင်ဟန်ဖြင့် ဆက်ပြောသည်။ "ကျွန်တော်ရှိနေသရွေ့ သူဘယ်သူ့ကိုမှ ဒုက္ခပေးရဲမှာမဟုတ်ဘူး... သူကအရမ်းလည်း စွမ်းအားကြီးတယ်... အရင်ကကျွန်တော်တို့တစ်ဖွဲ့ထဲသားချင်းတွေ ဖြစ်ခဲ့တာ လောလောဆယ် အခြေအနေကို စောင့်ကြည့်နေတာ"
ကျိုးရိချန်၏စိတ်ထဲမှ အတွေးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထိုသန္ဓေပြောင်းသားရဲကို တစ်စုံတစ်ယောက်က ဆွဲယူသွားပြီး ချက်ပြုတ်ရန် ပြင်ဆင်ကြသည်။ ကျိုးရိချန်က တိတ်ဆိတ်စွာ အကဲခတ်နေသည်။ နာရီဝက်ခန့် အတူရှိရုံဖြင့် သူက လော်ယွမ်၏စိတ်ကို ရှင်းလင်းစွာ သဘောပေါက်သွားသည်။ အာဏာပြင်းပြီး စကားတစ်ခွန်းတည်းသာ ပြောတတ်ပြီး၊ ပြတ်သားသည်။ သာမန်စကားပြောဆိုမှုများတွင်ပင် ကြီးမားသောဖိအားကို ခံစားရပြီး အလိုအလျောက် နာခံလိုစိတ်ကို ဖြစ်ပေါ်စေသော စွမ်းအားတစ်မျိုး ရှိနေသည်။
ဤသို့သောအခြေအနေမျိုးကို စစ်တပ်၏ အမြင့်ဆုံးခေါင်းဆောင်ထံမှပင် သူ မခံစားခဲ့ရဖူးပေ။ ဖြစ်နိုင်လျှင် သူက လော်ယွမ့်အနားသို့ပင် မကပ်ချင်ပေ။
ဤလူကား ဤရှင်သန်ကျန်ရစ်သူအဖွဲ့၏ အဓိကဒေါက်တိုင်ဖြစ်သည်မှာ သေချာသည်။
"ခေတ်ပျက်ကာလမှာ သူရဲကောင်းတွေ ပေါ်ထွက်တတ်တယ်ဆိုတာ ဒီလိုလူမျိုးကို ပြောတာဖြစ်မယ်" ဟု ကျိုးရိချန်က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
………………………………
သူတို့ရေနွေးအမြောက်အမြားကို ကျိုချက်လိုက်ကြသည်။
ကျားဖိန်မြို့သည် ရေပေါများသောဒေသတွင် တည်ရှိပြီး ရေသွယ်လမ်းများဖြင့် ပြည့်နှက်နေရာ ရေရှားပါးမှု လုံးဝမရှိပေ။
ဟော်တုံ၊ လင်းရှောင်ကျီနှင့် စစ်သားအချို့က ဒဏ်ရာရသူများ၏ဒဏ်ရာများကို ဂရုတစိုက် ဆေးကြောပေးနေကြသည်။
ဤဒဏ်ရာအများစုမှာ ဒဏ်ရာဟောင်းများဖြစ်ပြီး အပေါ်တွင် ပြည်တည်နာများဖြင့် ပြည့်နှက်နေကာ လောက်ကောင်များက အတွင်းထဲတွင် တိုးဝှေ့သွားလာနေကြသည်။ ဟော်တုံနှင့် လင်းရှောင်ကျီတို့သည် မျက်နှာရှုံ့မဲ့ကာ ကြည့်ရင်း ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာပြီး မည်သို့ကိုင်တွယ်ရမည်ကို မသိဖြစ်နေသည်။ ထိုအခါ စစ်သားတစ်ဦးက အနည်းငယ်မကျေမနပ်ဖြင့် "ကျွန်တော်တို့လုပ်လိုက်မယ်... ခင်ဗျားတို့မှာ ဓားရှိလား" ဟု မေးလိုက်သည်။
"ရှိတယ်.. ရှိတယ်" ဟော်တုံ၏မျက်နှာမှာ အနည်းငယ် ပူ့သွားပြီး အလျင်အမြန် ပြောလိုက်သည်။ သူက ခါးကြားမှ ဓားမြှောင်တစ်ချောင်းကို လျင်မြန်စွာ ထုတ်ပေးလိုက်သည်။
ထိုစစ်သားက ဓားကိုယူပြီးနောက် မီးပုံထဲတွင် ကင်လိုက်ပြီး ဒဏ်ရာရသူကို "တောင့်ထား" ဟု ပြောလိုက်သည်။
ဒဏ်ရာရသူက အားကုန်သုံးကာ ခေါင်းညိတ်ပြသည်။ "လုပ်လိုက်... ခဏပဲနာမှာ"
စစ်သားက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားမြှောင်ကို ဒဏ်ရာထဲသို့ ဖြည်းညင်းစွာထိုးထည့်ကာ အနီးအနားမှ ပုပ်နေသောအသားများကို တစ်ခုပြီးတစ်ခု ဂရုတစိုက် လှီးဖြတ်ထုတ်လိုက်သည်။ သူ၏လှုပ်ရှားမှုမှာ ပေါ့ပါးပြီး ကျွမ်းကျင်လှသည်။ သွေးအစစ်များ ထွက်လာမှသာ ရပ်တန့်လိုက်သည်။ ထိုအချိန်တွင် ဒဏ်ရာမှာ လက်ဖက်ရည်ပန်းကန်လုံးခန့်ကျယ်သော အပေါက်ကြီးဖြစ်သွားပြီး ဖြူဖွေးနေသောအရိုးကိုပင် မြင်နေရသည်။ သူက ဟော်တုံဘက်သို့ လှည့်ကာ "ကျည်ဆန်နည်းနည်းလောက် ရရင်ပေးပါလား" ဟု ပြောလိုက်သည်။
"ဒီလောက်ဆိုရလား" ဟော်တုံက ကျည်ဆန်တစ်ဆုပ်ကို ထုတ်ပေးလိုက်သည်။
"များလေကောင်းလေပဲ... ဒီမှာဒဏ်ရာရထားတဲ့သူတွေက များတယ်"
ဟော်တုံသည် ကျည်ဆန်တစ်ဆုပ်ကို ထပ်မံထုတ်ပေးလိုက်သည်။
စစ်သားသည် ထူးဆန်းသောပစ္စည်းဖြင့်ပြုလုပ်ထားသော ဤကျည်ဆန်များကို သေချာ ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
နောက်ဆက်တွဲမြင်ကွင်းမှာ အလွန်သွေးထွက်သံယိုနိုင်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။ မျက်စိကျိန်းလောက်သောမီးပွားများ ဖြတ်ပြေးသွားပြီးနောက် ဒဏ်ရာရသူမှာ အသံတိုးတိုးဖြင့် ညည်းညူလိုက်ပြီး ခန္ဓာကိုယ်မှာ တစ်ချက်ဆန့်ငင်ဆန့်ငင်ဖြစ်သွားသည်။ သူ၏နဖူးတွင် ချွေးစေးကြီးများဖြင့် ပြည့်နှက်နေသော်လည်း သတိလစ်သွားခြင်းမရှိပေ။
"ဟုတ်ပြီ... ဆက်လုပ်"
စစ်သား၏လက်မှာ တစ်စက်မျှမရပ်မနားဘဲ ပြည်တည်နာများကို တစ်ခုပြီးတစ်ခု ဖြေရှင်းသွားသည်။ မီးပွားတစ်ချက်ဖြစ်ပေါ်တိုင်း အံကြိတ်ထားသောညည်းညူသံတစ်ချက်နှင့်အတူ သူ၏ကိုယ်ပေါ်တွင် မည်းနက်သောအပေါက်တစ်ခု တိုးလာသည်။
ထိုအခါမှ ဟော်တုံသည် အသစ်ထပ်တိုးလာသောအပေါက်များအပြင် သူ၏ကိုယ်ပေါ်တွင် ထိုသို့သောအပေါက်များ အများအပြားရှိနေသည်ကို သတိပြုမိလိုက်သည်။ မွေးကင်းစခလေး၏ပါးစပ်ပေါက်များပမာ နေရာအနှံ့ရှိနေပြီး မြင်ရသူကို ကြက်သီးမွေးညင်းများ ထသွားစေသည်။ ခွဲစိတ်မှု ဤမျှကျွမ်းကျင်သည်မှာ အံ့ဩစရာမရှိတော့ပေ၊ လေ့ကျင့်ထားခြင်းကြောင့်ဖြစ်သည်။
ဟော်တုံက ခဏစဉ်းစားပြီး မေးလိုက်သည်။ "ခင်ဗျားတို့မှာ ကျည်ဆန်မရှိဘူးလား"
"ရှိတယ်... အများကြီးမဟုတ်ဘူး... ဒီလိုနေရာမျိုးမှာဖြုန်းပစ်လို့ မရဘူးလေ... အရေးကြုံရင်သုံးဖို့ သိမ်းထားရတာ" ဟု စစ်သားက ခေါင်းပင်မလှည့်ဘဲ ပြောလိုက်သည်။ သူ၏အဖြေမှာ ယုတ္တိတန်လှသည်။
ဟော်တုံသည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ကြောင်ငေးနေသော လင်းရှောင်ကျီကို ဆွဲကာ ထထွက်လာလိုက်သည်။
"ဒီလူတွေက စက်ရုပ်တွေလားမသိဘူး... ဒဏ်ရာဒီလောက်ပြင်းတာတောင် လမ်းလျှောက်နိုင်သေးတယ်... မကြောက်တတ်တဲ့သူ တွေ့ဖူးပေမယ့် ဒီလောက်စိတ်မာတဲ့ သူတွေကိုတော့ မတွေ့ဖူးဘူး" ဟု လင်းရှောင်ကျီက ရှားရှားပါးပါး အကန်စကားမဆိုဘဲ ပြောလိုက်သည်။ သူသည်လည်း အလွန်တုန်လှုပ်နေသည်။
"ဟုတ်တယ်... ငါကြားတာတော့ သူတို့လည်း ဟော်တုံမြို့ကနေ လာခဲ့ကြတာတဲ့... ဒီအထိရောက်လာနိုင်တာ မယုံနိုင်စရာပဲ... လမ်းမှာလူတွေ တော်တော်သေခဲ့တယ်လို့လည်းကြားတယ်... အခုကျန်နေတဲ့သူတွေကို အရမ်းတော်တဲ့သူတွေလို့ပြောလို့ရတယ်" ဟော်တုံက သက်ပြင်းချကာ ပြောလိုက်သည်။ မိမိကိုယ်တိုင် ဤနေရာအထိ လျှောက်လာရသည်မှာပင် အလွန်ခက်ခဲလှပြီး အကြိမ်ကြိမ် သေတော့မည်ဟုပင် ထင်ခဲ့ရသည်။ ခေါင်းဆောင်ယွမ်၏ကာကွယ်မှုကြောင့်သာ ယခုအချိန်ထိ အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။ လက်နတ်များအားကိုးဖြင့် လာခဲ့ရသောထိုစစ်သားအုပ်စုအကြောင်းကိုတော့ ပြောစရာပင်မလိုတော့ပေ။
"လူရာချီသေခဲ့လောက်တယ်... သူတို့ကတပ်ခွဲတစ်ခုဆိုတော့ အရေအတွက်က ရာဂဏန်းရှိတယ်" ဟု လင်းရှောင်ကျီက ဆိုသည်။ "ဒါပေမဲ့ ခွန်အားခြင်းတော့ ယှဉ်လို့မရဘူး... သူတို့မှာ လက်နတ်သာမရှိရင် ငါမပြောနဲ့ မင်းတောင် သူတို့ကိုအေးဆေး သတ်နိုင်တယ်"
ဟော်တုံက သူ့ကို လှည့်ကြည့်လိုက်သည်။ လင်းရှောင်ကျီ၏မျက်နှာမှာ တည်ကြည်နေပြီး လှောင်ပြောင်သည့်အရိပ်အယောင် တစ်စက်မျှမရှိပေ။ သို့သော် အဘယ်ကြောင့် ကြည့်ရင်းကြည့်ရင်း ပို၍မုန်းစရာကောင်းလာသည်မသိပေ။
"ရှင်တို့နှစ်ယောက် အဲ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ... ဒီမှာလာကူဦး" ချောင်လင်းက အော်ဟစ်လိုက်သည်။
"ငါ အရင်သွားကူလိုက်ဦးမယ်" ဟော်တုံက ဖုန်များကိုခါကာ လျင်မြန်စွာ ထွက်သွားတော့သည်။
………………………………………
သန္ဓေပြောင်းသားရဲ၏အရေခွံတစ်ခုလုံးကို ခွာချပြီးနောက် ဗိုက်ကိုခွဲ၊ ကလီစာများကိုထုတ်ကာ ဆေးကြောပြီး အတုံးများတုံးလိုက်သည်။ ပြီးနောက် အတွင်းကလီစာများပါမကျန် ဧရာမကျောက်အိုးကြီးထဲသို့ ထည့်လိုက်သည်။ အတွင်းမှရေမှာ ဆူပွက်နေပြီဖြစ်ပြီး မကြာမီမှာပင် စားချင်စဖွယ် ဆီများ ဝေ့တက်လာသည်။ အသားပြုတ်နံ့သင်းသော မွှေးရနံ့တစ်ခုက မြေအောက်ဘူတာရုံတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
အလိုအလျောက်ပင် စစ်သားအားလုံး၏ဗိုက်ထဲမှ အက်စစ်အချဉ်ရည်များ ဆူပွက်တက်လာပြီး တံတွေးများမှာ မထိန်းနိုင်အောင် ထွက်ကျလာသည်။ မျက်လုံးများမှာလည်း ထိုအိုးကြီးဆီသို့ မကြာခဏဆိုသလို ရောက်သွားသည်။ ကျိုးရိချန်ပင်လျှင် မနေနိုင်မထိုင်နိုင် ဖြစ်လာသည်။
"မွှေးတယ်... အရမ်းမွှေးတာပဲ" စစ်သားတစ်ဦးက မအောင့်နိုင်ဘဲ ပြောလိုက်သည်။
"ငါ… ငါ အဲ့ကျောက်အိုးကြီး တအိုးလုံးကိုတောင် မျိုချပစ်လိုက်ချင်တယ်" ဟု စစ်သားတစ်ဦးက နှုတ်ခမ်းကိုသပ်ကာ အသံခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။
"မင်းတစ်ယောက်ထဲလား... ငါလည်း အဲ့တစ်အိုးလုံး အကုန်စားနိုင်တယ်" ဟု စစ်သားတစ်ဦးက အနိုင်မခံဘဲ ပြောလိုက်သည်။
"အားလုံး သိက္ခာရှိရှိနေကြစမ်းပါ... သူများအမြင်မှာ လှောင်စရာမဖြစ်စေနဲ့" ဟု စစ်သားတစ်ဦးက မျက်လုံးများကို ထိုနေရာသို့မရောက်စေရန် အစွမ်းကုန်ကြိုးစားရင်း အနီးအနားမှ လူများကို သတိပေးလိုက်သည်။ သို့သော် သူ၏လည်ချောင်းမှာမူ အလိုအလျောက် တံတွေးများ မျိုချနေမိသည်။
"ဟိုအစာတောင့်လေး နည်းနည်းထည့်လိုက်ရမလား" ဟု ဝမ်ရှကွမ်က ကျောက်အိုးကိုမွှေရင်း ပြောလိုက်သည်။
"ငါတို့ဆီမှာလည်း သိပ်မကျန်တော့ဘူး... ထားလိုက်... နည်းနည်းလောက်ထည့်တာက ဘာမှမဖြစ်ဘူး... အရမ်းမများစေနဲ့ ၃ပုံ၁ပုံလောက်ပဲထည့်လိုက်... အားနည်းနေချိန်မှာ အဲ့လိုစွမ်းအားမြင့်တဲ့ အာဟာရမျိုးနဲ့မတည့်ဘူး... များသွားရင် သူတို့ကို ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်" ဟွမ်ကျားဟွေက စဉ်းစားပြီးနောက် နှမြောတသစွာ ပြောလိုက်သည်။ ဤရက်များတွင် ထိုအစိမ်းရောင်အဆင့် စွမ်းအားမြင့် အစာများကို သန္ဓေပြောင်းသားရဲနှစ်ကောင်အပေါ်တွင် အများအပြားသုံးစွဲခဲ့ရရာ ယခုအခါတွင် ဆယ့်ခုနစ်တောင့်သာ ကျန်တော့သည်။
ဤပစ္စည်း၏တန်ဖိုးကို ပိုမိုချဲ့ကားပြောဆိုရန်မလိုပေ။ ဤသည်မှာ အလွန်အရေးပါသည့် ပစ္စည်းဖြစ်ပြီး အရေးပေါ်အချိန်တွင် လူတစ်ယောက်၏အသက်ကိုပင် ကယ်တင်နိုင်သည်။ တစ်ခုချင်းစီကို စေ့စပ်သေချာစွာ သုံးစွဲဖို့လိုအပ်သည်။ သို့သော် ဤလူများက အလွန်အားနည်းနေကြရာ သူတို့အားမရှိပါက ခရီးဆက်လက်ထွက်ခွာနိုင်မည်မဟုတ်ပေ။
"သမီးသွားယူလိုက်မယ်" ဝမ်ရှီရှီက အလျင်အမြန် တာဝန်ယူလိုက်ပြီး ခုန်ပေါက်ကာ လျှို့ဝှက်သောထောင့်တွင်ထားရှိသော အထုပ်ဆီသို့ သွားလိုက်သည်။ သူမက အတောင့်တစ်တောင့်ကို ထုတ်ယူကာ လှပသောဓားမြှောင်ဖြင့် လက်သန်းလုံးခန့် အပိုင်းလေးတစ်ပိုင်းကို လှီးဖြတ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ငါးကြော်ခိုးစား၍ အောင်မြင်သွားတဲ့ ကြောင်တစ်ကောင်ကဲ့သို့ ရှိနေသည်။
အမှန်တကယ်တွင် ဤအစာတောင့်၏အရသာမှာ သိပ်မကောင်းလှသော်လည်း ထူးဆန်းသောဆွဲဆောင်မှုတစ်မျိုး ရှိနေပြီး လူကို စားချင်စိတ်ဖြစ်ပေါ်စေသည်။ ထို့အပြင် စားပြီးနောက်တွင် တစ်ကိုယ်လုံး ပူနွေးလာပြီး ရေနွေးဖြင့် ရေချိုးလိုက်ရသကဲ့သို့ သက်တောင့်သက်သာဖြစ်စေသည်။ သရေစာမရှိသော ကမ္ဘာပျက်ကပ်ကာလတွင် ဤသည်မှာ မိန်းကလေးငယ်တစ်ဦးအတွက် အကောင်းဆုံးအချိုတည်းစရာပင်။
အချိန်မဆွဲရဲဘဲ သူမက ဂရုတစိုက်ဖြင့် သုံးပုံတစ်ပုံကို လှီးဖြတ်ယူကာ အလျင်အမြန် ပြန်လာခဲ့သည်။
ဤအစာတောင့်အပိုင်းလေးကို ထည့်လိုက်ပြီး မကြာမီမှာပင် ဖော်ပြ၍မရနိုင်သောရနံ့တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။ ဤရနံ့မှာ မူလက အသားပြုတ်နံ့နှင့် တူသယောင်ရှိသော်လည်း ကွဲပြားမှုများလည်း ရှိနေသည်။ ဤသည်မှာ ဆွဲဆောင်မှုရှိသောရနံ့ဖြစ်ပြီး လူကို စိတ်လှုပ်ရှားစေကာ သွေးများပင် လျင်မြန်စွာ စီးဆင်းလာသကဲ့သို့ ခံစားရသည်။
ဤလှုပ်ရှားမှုမှာ မျိုးရိုးဗီဇ၏နက်ရှိုင်းသောနေရာမှ လာသကဲ့သို့ဖြစ်ပြီး အစားအစာအပေါ် အခြေခံအကျဆုံး တောင့်တမှုပင်ဖြစ်သည်။
စစ်သားအချို့မှာ မအောင့်နိုင်တော့ဘဲ ထသွားကြပြီး အလိုအလျောက် ဝိုင်းအုံလိုက်ကြသည်။
ဆက်ရန်...
အပိုင်း(၁၇၀)ပင်လယ်ရေမျက်နှာပြင်
ကျိုးရိချန်း၏ အကြိမ်ကြိမ် ဟန့်တားအော်ငေါက်မှုအောက်တွင် စစ်သားများသည် မကျေမနပ်ဖြင့် မိမိတို့၏ နေရာများသို့ ပြန်ထိုင်လိုက်ကြသော်လည်း သူတို့၏ မျက်လုံးများမှာမူ ကျောက်အိုးကြီးကိုသာ စိုက်ကြည့်နေကြပြီး မျက်လုံးများက တလက်လက် တောက်ပနေ၏။
ကျိုးရိချန်း၏ မျက်နှာကြီးတစ်ခုလုံး နီမြန်းတက်လာပြီး အောင့်သက်သက်ဖြင့် ဆိုသည်။ "တစ်ကယ်ပြောမရတဲ့ ကောင်တွေပဲ…"
လော်ယွမ်က ရယ်မောလိုက်သည်။ "ခင်ဗျားတို့ တော်တော်ဆာနေကြပြီနဲ့တူတယ်... ခဏလောက် စောင့်ကြပါဦး... ထမင်းလည်းမချက်ရသေးဘူးဆိုတော့ အဲ့အတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ကြပေါ့"
ကျိုးရိချန်းက လော်ယွမ်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ သူက တစ်ဖက်မှ လူအချို့၏ သပ်ရပ်သောပုံစံကို ကြည့်လိုက်ပြီးနောက် မိမိတို့လူများ၏ ပုံစံကို ပြန်ကြည့်လိုက်သည်။ ရွှံ့ဗွက်အိုင်ထဲမှ လူးလှိမ့်ထွက်လာသော သူတောင်းစားများအလားပင်။ တစ်ကိုယ်လုံးမှ ထွက်နေသော အနံ့ဆိုးကိုတော့ ပြောဖွယ်ရာပင်မရှိချေ။ မိမိကိုယ်တိုင်သာဖြစ်လျှင်ပင် ဤသို့သော လူများနှင့် အတူထမင်းစားရမည်ဆိုလျှင် စားချင်စိတ်ရှိမည်မဟုတ်ပေ။
ထို့နောက် ရေနွေးတည်ခြင်း၊ ရေချိုးခြင်းတို့ကို ပြုလုပ်ကြသည်။
ထိုအချိန်အတွင်း ချန်ရှင်းဖုံသည် တစ်ဖန်ပြန်ရောက်လာပြီး သေးငယ်သော သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ကို ပစ်ချကာ ထောင့်တစ်နေရာတွင် သွားရောက်ခွေအိပ်နေလိုက်သည်။ သူ၏ ကြမ်းကြုတ်သော မျက်လုံးတစ်စုံဖြင့် အရာအားလုံးကို တိတ်တဆိတ် အကဲခတ်နေ၏။ သို့သော် သတိကြီးသော စစ်သားအချို့မှလွဲ၍ မည်သူမျှ သူ့ကို အာရုံမစိုက်ကြပေ။ နေ့စဉ်နေ့တိုင်း ဤသို့ပင်ဖြစ်နေရာ အသားကျနေပြီဖြစ်သည်။
လော်ယွမ် စောစောက ပြောခဲ့သော ထမင်းမှာ အမှန်တကယ်ပင်ဖြစ်သည်။ သို့သော် ဆန် သို့မဟုတ် ဂျုံမှုန့်ကဲ့သို့သော အရာများတော့ မဟုတ်ပေ။
ကမ္ဘာမပျက်မီက ဤအစားအစာများသည် ယခုအခါ စားလို့ကုန်သွား၍ဖြစ်စေ၊ ထောင့်တစ်နေရာရာတွင် တဖြည်းဖြည်းဆွေးမြေ့သွား၍ဖြစ်စေ ပျောက်ကွယ်လုနီးပါးဖြစ်နေချေပြီ။
လော်ယွမ်ပြောသော ထမင်းဆိုသည်မှာ သန္ဓေပြောင်းအပင်တစ်မျိုးဖြစ်သည်။ မူလက မည်သည့်အပင်ဖြစ်သည်ကို မည်သူမျှမသိသလို မည်သူကမျှလည်း ဂရုမစိုက်ပေ။ ၎င်းမှာ ဘတ်စကက်ဘောအရွယ်ခန့်ရှိသော အလုံးတစ်လုံးနှင့်တူပြီး မာကျောသော အပြင်ခွံနှင့် သန်မာထူထဲသော အမြစ်များဖြင့် ဖုံးအုပ်ထားသည်။ တကယ်တမ်းတွင် ဤအခြေအနေမှာ ပျိုးပင်ဘဝတွင်သာ ရှိသေးသည်။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသောအခါ အပြင်ခွံ ကွဲအက်သွားပြီး တစ်ညတာအတွင်းမှာပင် ၁၅ပေကျော်မြင့်သော အပင်ပေါက်လေးအဖြစ်သို့ လျင်မြန်စွာ ကြီးထွားလာနိုင်သည်။
သဘာဝတရားနှင့် အလိုက်သင့် ရှင်သန်ခြင်း။ ဤသည်မှာ အပင်များက ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် မျိုးစိတ်ဆက်လက်ရှင်သန်နိုင်ရန်အတွက် ဖြစ်ပေါ်လာသော ဆင့်ကဲပြောင်းလဲခြင်း၏ အံ့ဖွယ်တစ်ရပ်ပင် ဖြစ်သည်။
တစ်ညတာအတွင်း ၁၅ပေကျော်မြင့်သော သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားနိုင်စေရန် ဤအလုံးတစ်လုံးထဲတွင် ပြည့်သိပ်နေသော ကစီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးမျိုး အမြောက်အမြား ပါဝင်သည်။ ဘတ်စကက်ဘောအရွယ် အလုံးတစ်လုံး၏ အလေးချိန်မှာ ဆယ့်ငါးကီလိုဂရမ်ခန့် ရှိပြီး အပြင်ခွံကို ဖယ်ရှားပြီးလျှင် တစ်လုံးတည်းဖြင့် လော်ယွမ်တို့အဖွဲ့ ငါးရက်၊ ခြောက်ရက်ခန့် စားသုံးနိုင်သည်။ မပုပ်သိုးသွားပါက တစ်ပတ်ခန့်ပင် စားသုံးနိုင်ပေသည်။
ထို့အပြင် အရသာမှာလည်း မဆိုးလှပေ။ ပါးစပ်ထဲတွင် နူးညံ့ပျော့ပျောင်းပြီး စားလိုက်သည့်အခါ မွှေးကြိုင်သောရနံ့ကို ရရှိသည်။ ထို့ကြောင့် တွေ့ရှိသည်နှင့် လော်ယွမ်က အမြောက်အမြား သိုလှောင်ထားခဲ့သည်။ သို့သော် ကံမကောင်းသည်မှာ ဤအပင်မျိုးက ပေါက်ရောက်မှု အလွန်နည်းပါးပြီး ရှာဖွေရလည်း ခက်ခဲလှရာ သူ နေရာအနှံ့ ရှာဖွေခဲ့သော်လည်း ဆယ့်နှစ်လုံးသာ ရ့ရှိခဲ့သည်။
ထမင်းက မကြာမီမှာပင် ကျက်သွားသည်။ ထို့နောက် စားသောက်ကြသည့် မြင်ကွင်းမှာမူ မျက်စိဖြင့် မကြည့်ဝံ့လောက်အောင်ပင် ဖြစ်သည်။ အကယ်၍သာ ထမင်းနှင့်ဟင်း ပမာဏကန့်သတ်မထားခဲ့ပါက ဤလူများ ဗိုက်ကွဲပြီး သေသွားမည်ကိုပင် လော်ယွမ် စိုးရိမ်မိသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ထမင်းဖြစ်စေ၊ အသားဖြစ်စေ၊ အိုးထဲမှ ဟင်းရည်ဖြစ်စေ၊ တစ်စက်မျှမကျန်အောင် စားသောက်လိုက်ကြသည်။ ဒဏ်ရာရထားသူများပင်လျှင် အစားစားနိုင်စွမ်းမှာ တစ်စက်မျှ မလျော့ကျပေ။
ထို့ကြောင့် သူပင်လျှင် နေ့လယ်စာအတွက် ထမင်းတစ်ပန်းကန်သာ စားလိုက်ရသည်။ လော်ယွမ်၏ စိတ်ပျက်နေသော မျက်နှာကိုကြည့်၍ မိန်းကလေးအချို့မှာ တခစ်ခစ် ရယ်မောနေကြသည်။
ထိုလူများက ထမင်းစားပြီးသည်နှင့် မျက်နှာများ နီမြန်းလာပြီး အရက်မူးနေသကဲ့သို့ ဖြစ်လာသည်။ ထို့နောက် သမ်းဝေခြင်းများ ဆက်တိုက်ဖြစ်ပေါ်လာပြီး အိပ်ချင်စိတ်များ လွှမ်းမိုးလာသည်။ ဤသည်မှာ စွမ်းအင်မြင့် အစားအစာ၏ အာနိသင်ပင်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ချည့်နဲ့နေပြီး ခန္ဓာကိုယ်ယန္တရားကြီး ရပ်တန့်ရန် အချက်ပေးခေါင်းလောင်းများ မြည်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ စိတ်ခွန်အားဖြင့်သာ ထိန်းထားခြင်းမရှိခဲ့ပါက သူတို့ အစောကတည်းက လဲကျသွားလောက်ပြီဖြစ်သည်။ စွမ်းအင်မြင့် အစားအစာက သူတို့၏ ကုန်ခမ်းနေသော ခန္ဓာကိုယ်အတွက် မိုးခေါင်ရေရှားနေချိန် မိုးရွာသွန်းလာသကဲ့သို့ပင် ဖြစ်ရာ အာနိသင်မှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး အလွန်ပြင်းထန်လှသည်။
ကျိုးရိချန်းတို့အဖွဲ့မှာမူ အကြောင်းရင်းကို နားမလည်ဘဲ မိမိတို့ အိပ်ရေးပျက်သည်မှာ ကြာပြီဖြစ်၍ စိတ်ကို လျှော့ချလိုက်သည်နှင့် အိပ်ချင်စိတ် တိုးဝင်လာသည်ဟုသာ ထင်မှတ်နေကြသည်။ စစ်သားအချို့မှာ ထမင်းစားပြီးသည်နှင့် ထိုင်နေရင်း စားပွဲပေါ်သို့ မှောက်ကျကာ အိပ်ပျော်သွားကြသည်။ မကြာမီမှာပင် ဟောက်သံများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတော့သည်။
အခြေအနေမမှန်သည်ကို မြင်သောအခါ လော်ယွမ်က တဲနှစ်လုံးကို ရှင်းလင်းခိုင်းပြီး စစ်သားများကို အနားယူစေလိုက်သည်။ သူကိုယ်တိုင်မှာမူ အစာတုံးတစ်ခုကို ယူဆောင်၍ မြေအောက်ဘူတာရုံမှ ထွက်ခွာလာခဲ့သည်။
သူက လေချွန်သံရှည်ကြီးတစ်ခုကို မှုတ်လိုက်ရာ မြေကြီးတုန်ခါလာပြီး ဧရာမဖွတ်ကြီးက မကြာမီမှာပင် လော်ယွမ်၏ ရှေ့သို့ ရောက်ရှိလာသည်။
သူက အစာတုံးကို ပစ်ပေးလိုက်ရာ ဧရာမဖွတ်ကြီးမှာ အနည်းငယ် မှင်သက်သွားဟန်တူသော်လည်း နောက်တစ်ခဏမှာပင် ရုတ်တရက် ခုန်ထကာ လည်ပင်းကိုဆန့်၍ အစာတုံးကို တိကျစွာ ဖမ်းယူပြီး ဝါးပင်မဝါးဘဲ တိုက်ရိုက်ပင် မျိုချလိုက်၏။ ၎င်းမှာ အလွန်စိတ်လှုပ်ရှားနေပုံရပြီး ဦးခေါင်းဖြင့် လော်ယွမ်၏ ရင်ဘတ်ကို အဆက်မပြတ် ပွတ်သပ်နေရာ လော်ယွမ်ပင်လျှင် နောက်သို့ အကြိမ်ကြိမ် ယိုင်လဲသွားသည်။
လော်ယွမ်က အပြုံးတစ်ခုကို ဖန်ဆင်းလိုက်ပြီး ဧရာမဖွတ်ကြီးပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။ သူ၏ လမ်းညွှန်မှုအောက်တွင် ဧရာမဖွတ်ကြီးက အဝေးသို့ ရူးသွပ်စွာ ပြေးထွက်သွားတော့သည်။
အစာတုံးမှာ တန်ဖိုးရှိသော်လည်း အချိန်က ပို၍ တန်ဖိုးရှိသည်မှာ ထင်ရှားသည်။
မစ်ရှင်မှာ တစ်ပတ်အတွင်း ပြီးမြောက်ရန်ဖြစ်ပြီး အချိန်က လုံလောက်သည်ဟု မဆိုနိုင်ပေ။ လမ်းခရီးက မိုင်၆၀ကျော်သာ ရှိသော်လည်း ဤစစ်သားများ အနားယူရန် လိုအပ်သည့်အပြင် သတ္တဝါကြီးနှစ်ကောင် ပြန်လည်နာလန်ထူရန်မှာလည်း အချိန်လိုအပ်သည်။ ဧရာမဖွတ်ကြီးမှာ အနည်းငယ် တော်သေးပြီး တိုက်ခိုက်ရေးစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကောင်းဆုံးအခြေအနေနှင့် မနှိုင်းယှဉ်နိုင်သော်လည်း မူလစွမ်းအား၏ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်သည်။ မိဝါမှာမူ ဒဏ်ရာပြင်းထန်နေဆဲဖြစ်ပြီး ယခုအချိန်အထိ လမ်းလျှောက်လျှင်ပင် တုန်ယင်နေဆဲဖြစ်သည်။ ဤသို့သော ဒဏ်ရာဖြင့် အနည်းဆုံး နှစ်ရက်၊ သုံးရက်အတွင်း ခရီး သွားနိုင်ဦးမည်မဟုတ်ချေ။
ထို့အပြင် လမ်းတစ်လျှောက်မှ အန္တရာယ်များ၊ မခန့်မှန်းနိုင်သော အခြေအနေများနှင့် မည်သည့် ကြန့်ကြာမှုမဆို မစ်ရှင်ကျရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့် သတ္တဝါကြီးနှစ်ကောင်၏ စွမ်းအား တစ်စတိုးလာလျှင် အန္တရာယ်မှာ တစ်စလျော့သွားပြီး ပို၍ ဘေးကင်းလာမည်ဖြစ်သည်။ ဤသို့သော အကျိုးအမြတ်ကို သူ ကောင်းစွာနားလည်သည်။ ဤတစ်ကြိမ်တွင် အစာတုံးအားလုံးကို မထိန်းသိမ်းနိုင်တော့သည်မှာ သေချာသည်။
သို့သော် ပြောစရာတစ်ခုမှာ ဤအချိန်အတောအတွင်း အစာတုံးများဖြင့် အမြဲတမ်းကျွေးမွေးခဲ့သဖြင့် ဧရာမဖွတ်ကြီး၏ သစ္စာစောင့်သိမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ယခင်က မကြုံဖူးသော ၈၅ မှတ်အထိပင် ရှိနေသည်။ ဤအရာများမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်သော အတုအယောင်များသာ ဖြစ်သော်လည်း ဧရာမဖွတ်ကြီးက ဤအချိန်အတောအတွင်း များစွာ လိမ္မာယဉ်ကျေးလာသည်မှာမူ အမှန်ပင်ဖြစ်သည်။
ဧရာမဖွတ်ကြီးသည် လေကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည်။ ဤမြို့ထဲတွင် ၎င်းကို ခြိမ်းခြောက်နိုင်သော သန္ဓေပြောင်းသတ္တဝါ မရှိတော့သဖြင့် ၎င်းက စိတ်တိုင်းကျ ပြေးလွှားနိုင်ပြီး လမ်းတစ်လျှောက် အတားအဆီးမရှိ တိုက်ခိုက်ကာ ဟိန်းဟောက်သံများ ဆက်တိုက်ပေးရင်း ဤနေရာ၏ အချုပ်အခြာအာဏာကို ပင်ကိုယ်အသိစိတ်ဖြင့် ကြေညာနေသည်။ လော်ယွမ်က ပြင်းထန်စွာ အကြိမ်အနည်းငယ် ရိုက်နှက်လိုက်မှသာ နာကျင်စွာဖြင့် ပါးစပ်ပိတ်လိုက်တော့သည်။
ပင်လယ်ကူးတံတား၏ ခံတပ်စခန်းမှာ ကျားဖိန်မြို့လယ်ခေါင်မှ ကီလိုမီတာ သုံးဆယ်၊ လေးဆယ်ခန့် ကွာဝေးသော်လည်း ဧရာမဖွတ်ကြီး၏ ရူးသွပ်စွာ ပြေးလွှားမှုအောက်တွင် ဆယ်မိနစ်ကျော်အကြာမှာပင် အဝေးမှ လှမ်းမြင်နေရပြီဖြစ်သည်။
ထိုအချိန်တွင် ဧရာမဖွတ်ကြီး၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာပြီး ခြေလှမ်းများမှာလည်း အနည်းငယ် ချီတုံချတုံဖြစ်လာသည်ကို လော်ယွမ် ခံစားလိုက်ရသည်။
လော်ယွမ်က တစ်ချက် မှင်သက်သွားပြီးနောက် သတိကြီးစွာ ထားလိုက်သည်။
ထိုအခါမှ သူ သတိပြုမိသည်မှာ ဤနေရာသို့ ရောက်လာပြီးနောက် လေတိုက်နှုန်း ပို၍ ပြင်းထန်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ လေထုထဲတွင် စိုစွတ်ငန်ကျိသော အနံ့တစ်မျိုး ပါဝင်နေပြီး သွေးညှီနံ့သဲ့သဲ့လည်း ရောယှက်နေသည်။ မြေပြင်မှာလည်း အနည်းငယ် စိုစွတ်နေပြီး အချို့နေရာများတွင် ရေကွက်များပင် ကျန်ရှိနေသေးသည်။
"ရေကွက်တွေ"
လော်ယွမ်၏ စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ မကြာသေးမီက မိုးမရွာခဲ့ဘဲ အဘယ်ကြောင့် ရေကွက်များ ရှိနေရသနည်း။
သူက ဧရာမဖွတ်ကြီးကို ပုတ်လိုက်ရာ ဧရာမဖွတ်ကြီးမှာ ချက်ချင်း ရပ်တန့်လိုက်သည်။
လော်ယွမ်က ၎င်း၏ကျောပေါ်မှ လှိမ့်ဆင်းလိုက်သည်။ ကွန်ကရစ်လမ်းမပေါ်တွင် ရွှံ့သဲများနှင့် ကျောက်စများ နေရာအနှံ့ရှိနေပြီး အသေအချာကြည့်လိုက်လျှင် မျက်နှာပြင်ပေါ်တွင် ဖြူဖျော့သော အစိုင်အခဲတစ်လွှာ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
"ဒါ ပင်လယ်ဆားတွေပဲ" သူက အနည်းငယ် လျက်ကြည့်လိုက်သည်။
သူက ခြေကျင်ဖြင့် ဖြည်းညင်းစွာ ရှေ့သို့တိုးတက်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်နှာမှာ ပို၍ပို၍ ပျက်ယွင်းလာသည်။ အဝေးတွင် ခရုပုံစံ သတ္တဝါအချို့ လှမ်းမြင်လိုက်ရသည်။ ထိုသတ္တဝါများမှာ ကြီးငယ်မတူညီဘဲ ကြီးသော အကောင်မှာ အိမ်တစ်လုံးမျှ ရှိပြီး သေးသော အကောင်မှာ လက်သည်းခွံအရွယ်သာ ရှိသည်။ အချို့မှာ အရောင်အသွေး စုံလင်လှပပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော်လည်း အချို့မှာမူ လုံးဝ ထင်ပေါ်ခြင်းမရှိဘဲ သာမန်ကျောက်တုံးနှင့်တူသည်။ အဝေးပြေးလမ်းမပေါ်တွင်သာမက အနီးအနားရှိ လယ်ကွင်းများ၊ သစ်တောများတွင်လည်း ထိုခရုကဲ့သို့သတ္တဝါများ ရှိနေသည်။
ရှေ့သို့ ဆက်လက်လျှောက်သွားသည်နှင့်အမျှ ဤသို့သော ပင်လယ်သတ္တဝါများမှာ ပို၍ပို၍ များပြားလာသည်။
ရုတ်တရက် အဝေးပြေးလမ်းမအနီးမှ "ဂျစ်" "ဂျစ်" "ဂျစ်" ဟူသော အသံများ ထွက်ပေါ်လာသည်။ ရေအိုးအရွယ်ခန့်ရှိပြီး ပုံသဏ္ဌာန် ကြောက်မက်ဖွယ်ကောင်းသော ဂဏန်းကြီးသုံးကောင်သည် ထောင့်တစ်နေရာမှ လျင်မြန်စွာ ပြေးထွက်လာပြီး လော်ယွမ်ထံသို့ အပြေးအလွှား ရောက်ရှိလာသည်။ သံမဏိတံစဉ်ကဲ့သို့သော ခြေရှစ်ချောင်းမှာ လျင်မြန်စွာ ယှက်ဖြာနေပြီး အရိပ်တစ်စုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ သွားနှုန်းမှာ အလွန်လျင်မြန်ပြီး အသက်တစ်ခါရှူချိန်အတွင်းမှာပင် ထိုဂဏန်းအချို့က လော်ယွမ်၏ ရှေ့သို့ ရောက်ရှိလာသည်။
လော်ယွမ် ဓားမဆွဲရသေးခင်မှာပင် နောက်ကျောမှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဧရာမသတ္တဝါတစ်ကောင်က လော်ယွမ်၏ နောက်ကျောမှ မြင့်မားစွာ ခုန်တက်ကာ နောက်တစ်ခဏမှာပင် ဂဏန်းအချို့၏ သွားလမ်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ထိုဂဏန်းအချို့က ဉာဏ်ရည်နိမ့်ကျသည်မှာ ထင်ရှားပြီး ပတ်ဝန်းကျင်ကို မစစ်ဆေးဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တုံ့ပြန်မိသည့်အချိန်တွင်မူ နောက်ကျသွားခဲ့ပြီ။
မြေပေါ်သို့ ကျသည်နှင့် ဧရာမဖွတ်ကြီးက ပါးစပ်ဟ၍ ဂဏန်းတစ်ကောင်ကို ကိုက်ချီလိုက်ပြီး အပေါ်အောက် မေးရိုးကို ညင်သာစွာ ပိတ်လိုက်ရာ မာကျောသော ဂဏန်းခွံမှာ ကြေမွသွားပြီး အခွံရောအသားပါ တစ်ပါတည်း မျိုချလိုက်သည်။ ကျန်နှစ်ကောင်မှာ အခြေအနေမကောင်းသည်ကို မြင်သောအခါ ထွက်ပြေးရန် ကြိုးစားသော်လည်း ဧရာမဖွတ်ကြီး၏ ရှေ့လက်သည်းဖြင့် ဖိထားခြင်းခံလိုက်ရသည်။ အလေးချိန် ကြီးမားစွာ ကွာခြားမှုကြောင့် ထိုဂဏန်းမှာ မည်သို့မျှ ရုန်းကန်နိုင်ခြင်းမရှိဘဲ တစ်ခါတည်း ကြေမွသွားသည်။
နောက်ဆုံးတစ်ကောင်မှာ အဝေးပြေးလမ်းမပေါ်မှ ဆင်းပြေးလုနီးပါးဖြစ်နေစဉ် ဧရာမဖွတ်ကြီးက ဦးခေါင်းကိုမော့၍ ပါးစပ်ကြီးကို ဟလိုက်ပြီး လည်ချောင်းကို လှုပ်ရှားလိုက်သည်။ နောက်တစ်ခဏမှာပင် ရှည်လျားသော မီးတောက်တစ်ခုက ဒုံးကျည်ကဲ့သို့ ရုတ်တရက် ပန်းထွက်လာသည်။
"ဝုန်း" ဟူသော ကျယ်လောင်သော အသံကြီးနှင့်အတူ မီးတောက်များ လွင့်စင်သွားပြီး မှိုပွင့်တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး မီးများ တောက်လောင်နေသည်။ ထိုသနားစရာ ဂဏန်းမှာမူ အစောကတည်းက ကြေမွကာ အရိုးပြာပင် မကျန်တော့ချေ။
ဧရာမဖွတ်ကြီး၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်သော်လည်း လော်ယွမ်၏ မျက်မှောင်မှာမူ ကြုတ်သွားသည်။
ဧရာမဖွတ်ကြီးနှင့် အမြဲတမ်း အတူရှိနေခဲ့သဖြင့် ဧရာမဖွတ်ကြီး၏ အပြုအမူကို သူ အကြမ်းဖျင်း နားလည်ထားပြီးဖြစ်သည်။
အပြာနုရောင်အဆင့်မှ အပြာရောင်အဆင့်သာ ရှိသော ဂဏန်းအချို့ကို ဧရာမဖွတ်ကြီး သာမန်တိုက်ခိုက်မှုဖြင့် တိုက်ခိုက်လျှင် ထားတော့။ သို့သော် မီးတောက်ဖြင့် တိုက်ခိုက်ခြင်းက ဧရာမဖွတ်ကြီး အသုံးအနည်းဆုံး တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်စွမ်းအား ကြီးမားသောကြောင့် စွမ်းအင်သုံးစွဲမှုမှာလည်း ကြီးမားပြီး အကြိမ်အနည်းငယ်သာ သုံးနိုင်ကာ တစ်ကြိမ်သုံးပြီးလျှင် ပြန်လည်ကောင်းမွန်ရန် ရက်အနည်းငယ် လိုအပ်သည်။ ရန်သူကြီးမဟုတ်လျှင် လွယ်လွယ်နှင့် ထုတ်သုံးမည်မဟုတ်ပေ။
ဤသည်မှာ လုံးဝ ပုံမှန်မဟုတ်ပေ။
၎င်းက အနည်းငယ် ဂနာမငြိမ်ဖြစ်နေသဖြင့် အလွန်အမင်း ဒေါသထွက်လွယ်ပြီး ကြမ်းတမ်းနေသည်။ ဤသို့သော အပြုအမူ ဖြစ်ပေါ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ ရှေ့တွင် ဧရာမဖွတ်ကြီးကို စိတ်မအေးချမ်းဖြစ်စေသော အရာတစ်ခု ရှိနေခြင်းကြောင့်ဖြစ်သည်။
လော်ယွမ်က ဧရာမဖွတ်ကြီး၏ နောက်ကျောကို ပုတ်၍ ခဏမျှ နှစ်သိမ့်လိုက်ပြီးနောက် ဧရာမဖွတ်ကြီးကို ထိုနေရာတွင်ပင် နေစေခဲ့သည်။
ဧရာမဖွတ်ကြီး၏ စွမ်းအားမှာ ယခုအချိန်တွင် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးဘဲ အများဆုံး သာမန် အပြာရင့်ရောင်အဆင့် စွမ်းအားသာ ရှိရာ အသုံးဝင်မည်မဟုတ်ပေ။ တကယ်တမ်း ပြဿနာရှိခဲ့လျှင် တဘက်ရန်သူကို လန့်စေသကဲ့သို့သာ ဖြစ်ပေမည်။
လော်ယွမ်က သူ၏ စွမ်းအင်အငွေ့အသက်ကို ထိန်းချုပ်လိုက်ပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ ရှေ့သို့ ပြေးထွက်သွားသည်။
သူ၏ လှုပ်ရှားမှုများမှာ ပေါ့ပါးလျင်မြန်ပြီး ထူးခြားသော စည်းချက်တစ်ခုလည်း ပါဝင်ရာ လျင်မြန်ဖျတ်လတ်သော ကျားသစ်တစ်ကောင်နှင့်တူသည်။
သူက လူကို အန္တရာယ်မပြုနိုင်ဟုထင်ရသော ခရုများနှင့် ထူးဆန်းပုံရသော သတ္တဝါအချို့ကို အခါအားလျော်စွာ ရှောင်ကွင်းသွားသည်။
သန္ဓေပြောင်းပြီးနောက် ခရုများသည် ကမ္ဘာမပျက်မီကကဲ့သို့ လူ၏ သတ်ဖြတ်ခြင်းကို ခံရမည့် အခြေအနေမျိုး မဟုတ်တော့ပေ။ သူတို့၏ လှုပ်ရှားမှုမှာ အတော်ပင် မနှေးကွေးသည့်အပြင် သံချပ်ကာကဲ့သို့ ထူထဲသော ကာကွယ်ရေးစွမ်းအားကြောင့် သူတို့ကို ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ ထို့ပြင် အချို့မှာ ထူးခြားသော နည်းလမ်းများကို ပိုင်ဆိုင်ထားပြီး တစ်မျိုးမှာ တိုက်စားနိုင်သော အက်ဆစ်ရည်များကို ပန်းထုတ်နိုင်သည်။
အချို့မှာမူ နောက်ကျောမှ ခရုခွံမှာ ဖုံးကွယ်ရန်အတွက်သာဖြစ်ပြီး အတွင်း၌ ပို၍ ကြီးမားသော အန္တရာယ်များ ခိုအောင်းနေသည်။
ခရုတစ်ကောင် ရုတ်တရက် ထူထဲသော အခွံကို မတင်လိုက်ပြီး အရောင်အသွေးစုံလင်သော အဆိပ်ပြင်းပင်လယ်မြွေတစ်ကောင် ထွက်ပေါ်လာသည်ကို လော်ယွမ်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
ဤအရာများက လော်ယွမ်အတွက် ခြိမ်းခြောက်မှုမရှိသော်လည်း ၎င်းအတွက် အချိန်မဖြုန်းလိုပေ။ အလုပ်တစ်ခု ပိုခြင်းထက် အလုပ်တစ်ခု လျော့နည်းခြင်းက ပို၍ကောင်းသည်။
ရှေ့သို့ ဆက်သွားလေ၊ ပင်လယ်လေမှာ ပို၍ ပြင်းထန်လာပြီး ဒီရေလှိုင်းသံမှာလည်း ပို၍ ထင်ရှားလာသည်။
သူ၏ မျက်နှာမှာ ပို၍ပို၍ ပျက်ယွင်းလာသည်။ သူသာ အမှတ်မမှားပါက ရက်အနည်းငယ်အကြာက ဤနေရာတွင် ဒီရေလှိုင်းသံ လုံးဝမရှိခဲ့ပေ။ ပင်လယ်ကူးတံတားအောက်မှ ဆားငန်အိုင်အချို့မှာ ဒီရေလှိုင်းများ ဖြစ်ပေါ်နိုင်စရာအကြောင်းမရှိသလို စိုထိုင်းဆမှာလည်း ဤမျှလောက် ထင်ရှားခြင်းမရှိခဲ့ပေ။
မြေပြင်မှာ ချိုင့်ခွက်များဖြင့် ပြည့်နှက်လာပြီး ရေအိုင်ငယ်များမှာ ရံဖန်ရံခါ ပေါ်ထွက်လာသည်။ သန္ဓေပြောင်းပင်လယ်ရေညှိများမှာမူ နေရာအနှံ့တွင် ရှိနေသည်။
ဆယ်မိနစ်ကျော်အကြာတွင် သူ ခံတပ်စခန်းသို့ ရောက်ရှိလာသည်။ သူက တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဤခံတပ်စခန်း၏ အခြေခံအုတ်မြစ်မှာ မြင့်မားသဖြင့် ရေများ ဝင်ရောက်ခြင်းမရှိသည်မှာ ထင်ရှားသည်။ သို့မဟုတ်လျှင် ခံတပ်၏မြေတိုက်အတွင်းမှ လက်နက်များ ပျက်စီးသွားပေမည်။ ကံကောင်းစွာဖြင့် ထိုသို့မဖြစ်ခဲ့ပေ။
သူက တန်းဝင်သွားဘဲ ရှေ့သို့ ဆက်လက်ပြေးထွက်သွားသည်။
မိနစ်အနည်းငယ်အကြာတွင် သူပင်လယ်ကူးတံတား၏ အစွန်းသို့ ရောက်ရှိသွားသည်။ ပင်လယ်ကူးတံတားမှာ ရက်အနည်းငယ်အကြာကထက် ပို၍ ပျက်စီးနေပြီး ပင်လယ်ပေါ်မှ အပိုင်းမှာ လုံးဝနီးပါး ပြိုကျပျက်စီးနေကာ တံတားတိုင်အချို့သာ ခေါင်းမာစွာ ရပ်တည်နေသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူက ဤအရာအားလုံးကို လုံးဝ ဥပေက္ခာပြုလိုက်မိသည်။
ဤသည်မှာ အဆုံးအစမရှိသော သမုဒ္ဒရာတစ်ခုပင် ဖြစ်သည်။
တစ်ဖက်ကမ်းမှ မြင်ကွင်းမှာ ရေငွေ့များ၏ ပျံ့လွင့်မှုအောက်တွင် ဝေဝါးလှိုင်းထနေပြီး တံလျှပ်တစ်ခုနှင့်တူသည်။ ရက်အနည်းငယ်အကြာက ခြောက်သွေ့နေခဲ့သော ဤမြေပြင်မှာ ယခုအခါ ပင်လယ်ရေများဖြင့် ပြည့်နှက်နေပြီး လှိုင်းလုံးများမှာ မိုးသို့ ထိလုမတတ် ဖြစ်နေသည်။
ထိုအချိန်တွင် ရှေ့၌ ကြီးမားသော ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက် ဖော်ပြမရနိုင်သော ဧရာမအရိပ်တစ်ခုက ရေမျက်နှာပြင်ကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီး လှပသော ကြောရိုးဆူးချွန်တန်းတစ်ခုကို ဖော်ပြသွားသည်။ ရေမျက်နှာပြင်မှာ လှုပ်ခတ်သွားပြီး ကြီးမားသော ရေပန်းများကို ဖြစ်ပေါ်စေကာ "ဗွမ်း" ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
သူက မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သတိပြန်ဝင်လာသည့်အချိန်တွင် ပင်လယ်ထဲမှ မိစ္ဆာကောင်ကြီးမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူက သူ၏ နဖူးကို စမ်းကြည့်လိုက်ရာ နဖူးမှာ ချွေးများဖြင့် စွတ်စိုနေသည်။
တစ်ခဏသာ မြင်လိုက်ရသော်လည်း ထိုဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအင်အငွေ့အသက်ကြောင့် သူ၏ နှလုံးမှာ ပြင်းထန်စွာ ခုန်လှုပ်နေပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားနေဆဲပင်။
သူ နောက်ထပ် မချဉ်းကပ်ဝံ့တော့ဘဲ မီတာရာပေါင်းများစွာ အဝေးသို့ နောက်ဆုတ်လိုက်သည်။ သူက သံတံတားဘောင်ကို ကိုင်ထားရင်း သိချင်စိတ်ကို မထိန်းနိုင်ဘဲ တံတားအောက်သို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ ရုတ်တရက် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။ သူ၏ မှတ်ဉာဏ်သာ မမှားပါက ဤနေရာသည် ယခင်က ဆားပေါက်မြေကြီးတစ်ခုဖြစ်ပြီး ယခုအခါ ရေပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားရုံသာမက ရေမျက်နှာပြင်မှာ တံတားကြမ်းပြင်နှင့် ၉ပေပင် မကွာတော့ပေ။ လော်ယွမ်က ခန့်မှန်းကြည့်လိုက်ရာ ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်မှာ ကမ်းစပ်တစ်ခုလုံးက နောက်သို့ ၄၊ ၅မိုင်ခန့် ဆုတ်လာခဲ့ခြင်းပင်ဖြစ်သည်။
သူ၏ မှတ်ဉာဏ်ထဲမှ ရွာအချို့နှင့် စားသောက်ဆိုင်အချို့ပင်လျှင် ရေအောက်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ကမ္ဘာမပျက်မီက ဤကန်းရိုးတန်းက တစ်နှစ်လုံးလုံး ခြောက်သွေ့နေတတ်ပြီး ဒီရေတက်ချိန် လအနည်းငယ်တွင်သာ ပင်လယ်ရေများ ပေါ်ထွက်လာသော်လည်း ရေခပ်တိမ်တိမ်သာ ဖုံးလွှမ်းခဲ့ပြီး ယခုကဲ့သို့ အခြေအနေမျိုး လုံးဝ ဖြစ်ပေါ်နိုင်စရာအကြောင်းမရှိပေ။
ထို့ပြင် ရက်စွဲအရ တွက်ကြည့်လျှင် ဒီရေတက်ချိန်မှာ ယခုအချိန်အထိ အပြည့်အဝ မစတင်သေးဘဲ အဘယ်ကြောင့် ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရသနည်း။
မဟုတ်မှလွဲရော…
ထိုအချိန်တွင် လော်ယွမ် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရလိုက်ပြီး မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားသည်။
"ပင်လယ်ရေမျက်နှာပြင်… ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာပဲ… သေစမ်း" လော်ယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကမ္ဘာလုံးဆိုင်ရာ သန္ဓေပြောင်းလဲမှုနှင့် ရာသီဥတု ပူနွေးလာမှုတို့က ရှေးဦးစွာ သက်ရှိများကို သက်ရောက်မှုရှိပြီးနောက် မြောက်နှင့်တောင်ဝင်ရိုးစွန်းမှ ရေခဲတောင်များကို သက်ရောက်သွားခဲ့သည်။ ဤမျှကြာမြင့်စွာ အရည်ပျော်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးမှာ ၆ပေထက်မနည်း မြင့်တက်လာလောက်ပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်မြင့်တက်လာဦးမည်ဖြစ်ပြီး ရေခဲတောင်များနှင့် အပူချိန်မှာ ဟန်ချက်ညီမှုအသစ်တစ်ခု ဖြစ်ပေါ်လာမှသာ ရပ်တန့်ပေမည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းက အလွန်ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်မှာ သေချာသည်။ ကမ်းရိုးတန်းဒေသအများအပြားမှာ ပင်လယ်၏ နစ်မြုပ်ခြင်းကို ခံရပြီး ပင်လယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေတော့မည်။ ကျန်းနန်ပြည်နယ်၏ ပျမ်းမျှအမြင့်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ပေမှ ၁၈ပေအထိသာ ရှိပြီး ဤသည်မှာ တောင်တန်းများနှင့် တောင်ကုန်းဒေသများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။ လွင်ပြင်ဒေသဖြစ်ပါက ပို၍ နိမ့်ကျပေမည်။ ဤအတိုင်းဆိုလျှင် နှစ်အနည်းငယ်အတွင်း ကျန်းနန်ပြည်နယ်တစ်ခုလုံးမှာ အဆုံးအစမရှိသော သမုဒ္ဒရာတစ်ခုနှင့် ကျွန်းငယ်အစုအဝေးများအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ရှန်ဟိုင်းမြို့မှာမူ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်ဖြစ်သဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မှာ ပို၍ နိမ့်ကျပြီး ပျမ်းမျှ ၁၂ပေသာ ရှိသည်။ တကျင်းတောင်မှလွဲ၍ ဒေသအများစုမှာ လေးမီတာအောက် နိမ့်ကျသဖြင့် ကြာကြာခံတော့မည်မဟုတ်ပေ။
ဆက်ရန်…
အပိုင်း(၁၇၁)အဆုံးအဖြတ်
လော်ယွမ်သည် သူ၏ ယခင်ကတွေ့ကြုံခဲ့သည်များမှာ လုံလောက်အောင် ရက်စက်ကြမ်းတမ်းခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း မျက်စိရှေ့မှ အဖြစ်မှန်က သူ့အား ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ပေးခဲ့သည်။
နောင်အနာဂတ်၌ မည်သို့မည်ပုံ ဖြစ်လာမည်ကိုပင် သူ မတွေးဝံ့တော့ချေ။
သို့သော် သူ အသေအချာ သိရှိသောအချက်တစ်ချက်မှာ ပင်လယ်ရေများ တဖြည်းဖြည်း တိုက်စားလာသည်နှင့်အမျှ ကမ်းရိုးတန်းတစ်လျှောက် တည်ဆောက်ထားသော မရေမတွက်နိုင်သည့် ရှင်သန်ကျန်ရစ်သူစခန်းများမှာ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ပြီး၊ မရေမတွက်နိုင်သော လူများမှာ တိတ်တဆိတ် သေဆုံးသွားကြမည်ဖြစ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်နေထိုင်ရမည့် ပတ်ဝန်းကျင်မှာလည်း ပို၍ ဆိုးရွားလာမည် ဖြစ်သည်။
သူသည် စိတ်ဓာတ်ကျစွာဖြင့် တံတားထိပ်ရှိ ခံတပ်စခန်းသို့ ပြန်လာခဲ့ပြီး ထောင့်တစ်နေရာကိုရှာကာ မြေပြင်ပေါ်သို့ ပုံလျက်သား ထိုင်ချလိုက်သည်။ သူ၏မျက်နှာမှာ ကြောင်ငေးနေပြီး စိတ်မှာလည်း ယောင်ချာချာဖြစ်နေသည်။ သူက တစ်စုံတစ်ခုကို တွေးတောနေပုံရသော်လည်း ဦးနှောက်ထဲ၌မူ ဟာလာဟင်းလင်း ဖြစ်နေသည်။ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်ရီပျိုးလာမှသာ သူသည် တစ်ကိုယ်လုံး တုန်ခါသွားပြီး သတိပြန်ဝင်လာသည်။
သူအချိန်ဆွဲနေ၍မဖြစ်တော့… ဤနေရာကနေ အမြန်ဆုံး ထွက်ခွာရတော့မည်။
သူမနက်ဖြန် စောစောထွက်ခွာဖို့ စိတ်ထဲမှဆုံးဖြတ်လိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း သူ၏ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။ အကယ်၍ အမြန်ဆုံး မထွက်ခွာပါက ဤနေရာသည် အလွန်အမင်း အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ မတ်တပ်ရပ်လိုက်ပြီး ဤနေရာမှ စစ်လက်နက်ပစ္စည်းများကို စတင်စုဆောင်းတော့သည်။
စနိုက်ပါရိုင်ဖယ်နှစ်လက်၊ ရိုင်ဖယ်စုစုပေါင်း ဆယ့်ရှစ်လက်၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်သေတ္တာအချို့၊ နောက်ဆုံး၌ လော်ယွမ်သည် ကံကောင်းစွာဖြင့် အဝတ်ဗီရိုထဲမှ အပိုစစ်ဝတ်စုံ ဆယ်စုံကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤစစ်သားအုပ်စု၏ အဝတ်အစားများမှာ ကြာမြင့်စွာကတည်းက ဆွေးမြေ့ပျက်စီးသွားခဲ့ပြီး အသုံးပြု၍ မရတော့ရာ ဤအဝတ်အစားများက အံကိုက်ဖြစ်နေသည်။
လော်ယွမ်က လေချွန်လိုက်ပြီး တံခါးဝ၌ ခေတ္တမျှ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ဧရာမဖွတ်ကြီး နောက်ဆုံးတွင် ရောက်ရှိလာသည်။ ၎င်းသည် အလွန်စိတ်မငြိမ်မသက်ဖြစ်နေပြီး နှာခေါင်းပေါက်များမှ အဆက်မပြတ် နှာမှုတ်နေသည်။
လော်ယွမ်က ခဏမျှ နှစ်သိမ့်ပေးလိုက်ပြီး ၎င်း၏စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်သွားမှ အပြင်သို့ထွက်ကာ နွယ်ပင်တစ်ပင်ကို ခုတ်ပိုင်းပြီး အခေါက်ကိုခွာကာ ကြိုးမျှင်အချို့အဖြစ် ကျစ်လိုက်သည်။ စမ်းကြည့်လိုက်ရာ အလွန်ခိုင်ခံ့သည်ကို တွေ့ရသည်။ ထို့နောက် သေတ္တာများကို တစ်လုံးချင်းစီ တင်းကျပ်စွာ ချည်နှောင်ပြီး နှစ်လုံးတွဲကာ ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ တင်လိုက်သည်။
လော်ယွမ် ဧရာမဖွတ်ကြီးပေါ်သို့ ခုန်တက်ပြီး အမိန့်မပေးရသေးမီမှာပင် ဧရာမဖွတ်ကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပြေးသည့်အလား ရှေ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။
နေလုံးကြီးကား အနောက်ဘက်သို့ ယွန်းစပြုနေပြီး လူတစ်ဦးနှင့် သားရဲတစ်ကောင်၏ အရိပ်ရှည်ကြီးကို ဆွဲဆန့်ထားသည်။ လော်ယွမ် ပျက်စီးနေသော ပင်လယ်ကူးတံတားကို နောက်ပြန် လှည့်ကြည့်လိုက်သည်။ ဤသည်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်နိုင်ပေသည်။
------------------------------------------
လမ်းမတစ်ခုကို ဖြတ်သန်းသွားစဉ် သူ၏စိတ်ထဲ၌ အတွေးတစ်ချက် ဝင်လာပြီး ဧရာမဖွတ်ကြီးကို ရုတ်တရက် ရပ်တန့်ခိုင်းလိုက်သည်။
သူက ၎င်း၏ကျောပေါ်မှခုန်ဆင်းလိုက်ပြီး အဆောက်အအုံတစ်ခု၏ ဘေးဘက်သို့ လျှောက်သွားကာ သေချာစွာ ရှာဖွေကြည့်လိုက်သည်။ ဓားဖြင့် အနီးအနားမှ နွယ်ပင်များကို ဖယ်ရှားလိုက်ရာ အတွင်းမှ ကျောက်တုံးကြီးတစ်တုံး ပေါ်ထွက်လာသည်။ သူက အားဖြင့် တွန်းလိုက်ရာ တန်ပေါင်းများစွာလေးသော ဤကျောက်တုံးကြီးက ဘေးသို့ ရွေ့သွားပြီး အတွင်းမှ ၃ပေကျော်မြင့်သော အပေါက်ကြီးတစ်ခု ပေါ်လာသည်။
ထို့နောက် သူသည် ကိုယ်ကိုကိုင်းကာ အတွင်းသို့ ဝင်ရောက်သွားသည်။
ဤသည်မှာ စူပါမားကတ်တစ်ခုဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က လော်ယွမ် ရောက်ရှိခဲ့ဖူးပြီး အတွင်း၌ ရှင်သန်ကျန်ရစ်သူအုပ်စုတစ်စု ခိုလှုံနေထိုင်လျက်ရှိသည်။ ယခုအခါ ပင်လယ်အော်ဘက်၌ အခြေအနေဆိုးများ ဖြစ်ပေါ်နေပြီဖြစ်ရာ ရှင်သန်ကျန်ရစ်သူအချင်းချင်းအနေဖြင့် သူတို့ကို ကြိုတင်ပြင်ဆင်ထားရန် သတိပေးသင့်သည်ဟု လော်ယွမ်က ယူဆသည်။
ဤသည်မှာ အခြေခံလူ့ကျင့်ဝတ်ဖြစ်ပြီး လော်ယွမ် စောင့်ထိန်းသော နောက်ဆုံးစည်းမျဉ်းလည်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့နားထောင်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းမှာ သူတို့၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကာလ၏ ရက်စက်ကြမ်းတမ်းမှုက သူ့အား သေခြင်းနှင့် ရှင်ခြင်းကို ပေါ့ပေါ့တန်တန် သဘောထားစေတတ်ခဲ့ပြီ။ သာမန်လူတစ်ဦးပင်လျှင် များများမြင်တွေ့လာပါက စိတ်ဓာတ်မာကျောလာပေလိမ့်မည်။
သူက ရှင်သန်ကျန်ရစ်သူများရှိရာ စတုတ္ထထပ်မှ ဂိုဒေါင်သို့ အလျင်အမြန် ရောက်ရှိသွားသည်။ မူလက လော်ယွမ် ဖျက်ဆီးခဲ့သော သံတံခါးမှာ အသစ်တစ်ချပ်ဖြင့် လဲလှယ်တပ်ဆင်ထားပြီး ဖြစ်သည်။ မည်သည့်နေရာမှ ဖြုတ်ယူလာသည်ကို မသိနိုင်ချေ။ သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး အတွင်းသို့ ဝင်ရောက်ရန် မဆုံးဖြတ်တော့ချေ။
သူက တံခါးကို အားဖြင့် ခေါက်လိုက်သည်။
"လူတွေ ရှိသေးလား…"
လော်ယွမ်၏ အသံသည် ဟာလာဟင်းလင်းဖြစ်နေသော စူပါမားကတ်ထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။
"မစိုးရိမ်ကြပါနဲ့… ခင်ဗျားတို့ ကျွန်တော့်အသံကို မှတ်မိတယ်ဆိုရင် ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီကိုတစ်ခေါက်လာဖူးတယ်ဆိုတာ သိမှာပါ…" ဟု လော်ယွမ်က ဆက်ပြောလိုက်သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ဤတစ်ကြိမ်၌မူ နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခု ရရှိခဲ့သည်။
"ခွေးမသား… ပါးစပ်ပိတ်ထားစမ်း… မင်း ကဘာဖြစ်ချင်လို့လဲ… အရင်တစ်ခေါက်က ယူသွားတာတွေ မလုံလောက်သေးလို့လား… ငါတို့မှာ ဘာမှမရှိတော့ဘူးကွ" ဟု တစ်ဦးက ထိန်းချုပ်ထားသော လေသံဖြင့် ဆိုလိုက်ပြီး အသံထဲ၌ ဒေါသနှင့် စိတ်တိုမှုများ ပါဝင်နေသည်။ "မင်း ဒီလောက်အသံကျယ်ကျယ်နဲ့ အော်နေရင် ဒုက္ခရောက်ကုန်လိမ့်မယ်… အဲဒီအခါကျရင် အားလုံး သေကုန်ကြမှာ…"
"သူ့ကိုသွားအရေးမလုပ်နဲ့... သူကကံဆိုးတဲ့ကောင်... သူ့ရောက်လာလို့သာမဟုတ်ရင် ရှောင်ဖုံးသေမှာမဟုတ်ဘူး... သူဝင်လာရဲရင် ငါသူ့နဲ့အသေခံတိုက်မယ်" ဟု နောက်တစ်ဦးက စိတ်လှုပ်ရှားစွာ ဆိုလိုက်ပြီး အတွင်းမှ လှုပ်ရှားသံများနှင့် ပြင်းထန်သော ငြင်းခုံသံများ ထွက်ပေါ်လာသည်။
"အဲ့တာက သူ့ဟာသူ အတင့်ရဲပြီး အတင်းအပြင်ထွက်ကြည့်လို့ ဖြစ်ရတာလေ" ဟု တစ်ဦးက ဆို၏။
"အဲ့တာ သူ့ကြောင့်ပဲလေ... သူသာရောက်မလာခဲ့ရင် ရှောင်ဖုံးက အပြင်မှာ ဘေးကင်းတယ်လို့ထင်ပြီး အပြင်ထွက်ပါ့မလား" ဟု နောက်တစ်ဦးက အသံသြသြဖြင့် ဆိုလိုက်သည်။
"မင်းတို့အသံတိုးကြစမ်း... ဟိုမိစ္ဆာကောင်တွေ ရောက်လာစေချင်လို့လား" ဟု နောက်တစ်ဦးက မကျေမနပ်ဖြင့် ဆိုလိုက်သည်။
အတွင်း၌ ဆူညံပွက်လောရိုက်ကာ အပြန်အလှန် ငြင်းခုံနေကြသည်။ ဤရက်အနည်းငယ်အတွင်း အပြင်ဘက်၌ အတော်လေး ဘေးကင်းနေပြီဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိကြသည်မှာ ထင်ရှားလှသည်။ သို့သော် သိရှိလျှင်ပင် သူတို့ ထပ်မံထွက်ခွာကြမည် မဟုတ်ပေ။ သူတို့သည် လန့်ဖျပ်နေသော ငှက်အုပ်တစ်အုပ်နှင့် တူလှသည်။ သေခြင်းတရား၏ ကြောက်ရွံ့မှုက သူတို့ကို အမှောင်မိုက်သော ဂိုဒေါင်ထဲ၌ ပုန်းအောင်းစေပြီး နေ့စဉ် ပုပ်သိုးနေသော အစာများကို စားသုံးစေကာ အပြင်သို့ တစ်ချက်မျှပင် မကြည့်ဝံ့စေခဲ့ချေ။
လော်ယွမ်သည် ရက်စက်ကြမ်းတမ်းသော အမှန်တရားကို သူတို့အား ပြောပြသင့်၊ မပြောပြသင့် ရုတ်တရက် တုံ့ဆိုင်းသွားသည်။
တစ်ခါတစ်ရံ၌ မသိခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်နိုင်ပြီး၊ သိလွန်းခြင်းကမူ နှိပ်စက်ခြင်းတစ်မျိုး ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူတို့သည် ကြာရှည်စွာ အသက်မရှင်နိုင်တော့မည်ကို မူလကတည်းက သိရှိပြီး မိမိစိတ်ကို လိမ်လည်လှည့်ဖြားနေခြင်းသာ ဖြစ်နိုင်သည်။ အစားအစာပြဿနာတစ်ခုတည်းကပင် ကျော်ဖြတ်ရန် ခက်ခဲသော သေမင်း၏ တံခါးပေါက်တစ်ခု ဖြစ်နေသည်။
အကြိမ်ကြိမ် တုံ့ဆိုင်းပြီးနောက် လော်ယွမ်သည် နောက်ဆုံးတွင် မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာသည် တဖြည်းဖြည်း အန္တရာယ်များလာပြီဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် မနက်ဖြန်တွင် ဤနေရာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း၊ အတူလိုက်ပါလိုပါက ဒုတိယနေ့နံနက် ခုနစ်နာရီမတိုင်မီ လန်ထင်းမြေအောက်ဘူတာရုံသို့ လာရောက်နိုင်ကြောင်း အသိပေးပြီး နောက်သို့လှည့်မကြည့်ဘဲ ပြန်ထွက်လာခဲ့သည်။
ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ ထိုင်ရင်း လော်ယွမ်က သက်ပြင်းချလိုက်သည်။ မနက်ဖြန်တွင် လူမည်မျှ လိုက်ပါလာမည်ကို သူ မသိသော်လည်း၊ ဖြစ်နိုင်ခြေအများဆုံးမှာ တစ်ယောက်မျှပင် လိုက်ပါလာမည် မဟုတ်ခြင်းဖြစ်ကြောင်းကို သူ၏စိတ်ထဲ၌ ရှင်းလင်းစွာ သိနေသည်။
---------------------------------
"သူဘာလို့ အခုထိ ပြန်မလာသေးတာလဲ…" ဟွမ်ကျားဟွေ၏ မျက်နှာပေါ်၌ စိုးရိမ်မှုများ ထင်ဟပ်နေသည်။
သူမက လက်ပတ်နာရီကို ကြည့်လိုက်ရာ ငါးနာရီကျော်နေပြီ ဖြစ်သည်။ နေ့လယ်ကတည်းက ထွက်သွားပြီး ယခုအချိန်အထိ ပြန်မလာသေးရာ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်များလား။ ထို့နောက် သူမက ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ လော်ယွမ် ဘာမှမဖြစ်နိုင်ပေ။ ယခုအခါ ကျားဖိန်မြို့၌ သန္ဓေပြောင်းသားရဲများကို ရှာဖွေရန်ပင် ခက်ခဲနေပြီဖြစ်သည်။ ထို့အပြင် သူ၏စွမ်းအားမှာ အလွန်ကြီးမားပြီး ကြမ်းတမ်းသော အခြေအနေများကိုပင် ဖြတ်ကျော်လာခဲ့ပြီးဖြစ်ရာ မည်သို့ အန္တရာယ်ရှိနိုင်မည်နည်း။
"ပြန်လာတော့မှာပ့ါ... သူတစ်ခုခုကြောင့် ကြာနေတာနေမှာ" ဝမ်ရှကွမ်က နှစ်သိမ့်လိုက်သော်လည်း သူမ၏မျက်နှာမှာလည်း သိပ်မကောင်းလှချေ။
"သမီးသွားရှာကြည့်လိုက်ရမလား…" ဟု ဝမ်ရှီရှီက ချက်ချင်း ဆိုလိုက်သည်။
ဟွမ်ကျားဟွေက ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းခါလိုက်သည်။ "ထားလိုက်တော့… အပြင်မှာလည်း မှောင်တော့မယ်"
ကျိုးယလီသည် ဘေးမှ စကားတစ်ခွန်းမျှ မပြောဘဲ လက်ကမူ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်မငြိမ်မသက် ဖြစ်နေသည်။
စစ်သားများမှာမူ ယခုအချိန်အထိ အိပ်မောကျနေဆဲဖြစ်ပြီး ဟောက်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။ ဤသို့သော အခြေအနေမျိုးဖြင့် နောက်တစ်နေ့မတိုင်မီ နိုးထလာမည် မဟုတ်ချေ။ အချိန်ကြာမြင့်စွာ ခန္ဓာကိုယ်အား လွန်ကဲစွာ အသုံးပြုခဲ့ခြင်းကို လုံလောက်သော အိပ်စက်ချိန်ဖြင့် ပြန်လည်ညှိနှိုင်းရန် လိုအပ်ပေသည်။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး မြေအောက်ဘူတာရုံထဲ၌မူ အနီးအနားမှ မီးငြိမ်းသွားသော ပြာပုံမှလွဲ၍ အလင်းရောင်တစ်စိုးတစ်စိမျှ မရှိဘဲ မှောင်မိုက်နေသည်။
"ငါတို့ အရင် ထမင်းစားကြမလား…" ဟု လင်းရှောင်ကျီက ပျင်းရိစွာဖြင့် မြေပေါ်၌ ထိုင်ချလိုက်ပြီး ဟာနေသော ဝမ်းဗိုက်ကို ပွတ်သပ်ကာ မနေနိုင်ဘဲ ဆိုလိုက်သည်။
ထမင်းဟင်းများ ချက်ပြုတ်ပြီးစီးသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ဤသန္ဓေပြောင်းသားရဲများ၏ အသားများမှာ အဆီဓာတ် ပေါများသဖြင့် အချိန်ကြာလာသည်နှင့် ခဲသွားပြီး အသားမှာလည်း မာကျောသွားတတ်ရာ သွားကောင်းကောင်းမရှိပါက ကိုက်ဖြတ်ရန် မဖြစ်နိုင်ချေ။
"နင်တို့အရမ်းဆာနေရင် စားနှင့်ကြ... ငါခဏလောက် ထပ်စောင့်ကြည့်လိုက်ဦးမယ်" ဟွမ်ကျားဟွေက ညင်သာစွာ ဆိုလိုက်သည်။
"ဒါဆိုလည်း ထားလိုက်ပါတော့" လင်းရှောင်ကျီက ခပ်တိုးတိုး ဆိုလိုက်သည်။ သူက အကြံပြုရုံသာဖြစ်ပြီး တကယ်တမ်း တစ်ယောက်တည်း စားခိုင်းပါက မစားရဲချေ။
မည်မျှကြာသွားသည်မသိ၊ အဝေးမှ လေးလံသော ခြေသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ အသံမှာ ပို၍ ပို၍ ရှင်းလင်းလာပြီး မြေပြင်မှာလည်း အနည်းငယ် တုန်ခါလာသည်။ မကြာမီမှာပင် အနီးအနားသို့ ရောက်ရှိလာပြီး ရပ်တန့်သွားသည်။
ဟွမ်ကျားဟွေက အနည်းငယ် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။
"ဧရာမဖွတ်ကြီးရဲ့ ခြေသံပဲ… ကိုကြီးယွမ် ပြန်လာပြီ…" ဝမ်ရှီရှီက ဝမ်းမြောက်စွာ ဆိုလိုက်သည်။
"ကျွန်မ ဟင်းသွားနွှေးလိုက်ဦးမယ်…" ချောင်လင်းလည်း ဝမ်းသာသွားသည်။
စကားမဆုံးမီမှာပင် လော်ယွမ်၏ ပုံရိပ်က မြေအောက်ဘူတာရုံ၌ ပေါ်ထွက်လာသည်။
"ရှင်ဘာလို့ အရမ်းနောက်ကျနေတာလဲ" ဟု ဟွမ်ကျားဟွေက အပြစ်တင်သလို ဆိုလိုက်သည်။
"ကိစ္စတစ်ခုကြောင့် ကြာသွားတာ" ဟု လော်ယွမ်က လေသံခပ်ပြတ်ပြတ်ဖြင့် ဆိုလိုက်ပြီးနောက် ဟော်တုံနှင့် လင်းရှောင်ကျီကို လှည့်၍… "ထမင်းနောက်မှစား… မင်းတို့နှစ်ယောက် အရင်ဆုံး တံခါးဝက လက်နက်နဲ့ ကျည်ဆန်တွေကို ဒီထဲအရင် သယ်ခဲ့ကြ…"
အနီးကပ်ဆုံးသူဖြစ်သောကြောင့် ဟွမ်ကျားဟွေသည် လော်ယွမ်၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိလိုက်ပြီး စိုးရိမ်စွာဖြင့်…
"ဘာတွေဖြစ်ခဲ့လို့လဲ"
"ပင်လယ်ကူးတံတားဘက်မှာ ပြဿနာတက်နေပြီ… ပင်လယ်ရေမျက်နှာပြင်က အများကြီး မြင့်တက်လာတယ်… တစ်ထိုင်ထဲ ရှင်းပြဖို့ ခက်တယ်…" ဟု လော်ယွမ်က ဆိုလိုက်သည်။ "ဒါပေမဲ့ ငါ့စိတ်ထဲမှာ ခံစားချက် သိပ်မကောင်းဘူး… ငါတို့ ဒီမှာ ဆက်နေလို့မဖြစ်တော့ဘူး… နောက်ကျမှသွားတာထက် စောစောသွားတာက ပိုကောင်းတယ်… မနက်ဖြန် ငါတို့ ရှန်ဟိုင်းမြို့ကို စထွက်ကြမယ်"
"နည်းနည်းလောမနေဘူးလား… မိဝါတောင် မကောင်းသေးဘူးလေ…" ဟု ဝမ်ရှကွမ်က စိုးရိမ်နေသော ကျိုးယလီကို ကြည့်ကာ ဆိုလိုက်သည်။
"ငါက အချိန်မမီတော့မှာတောင် စိုးရိမ်နေတာ" လော်ယွမ်က သက်ပြင်းချလိုက်သည်။
အားလုံး၏ မျက်နှာမှာ ပျက်ယွင်းသွားကြသည်။ လော်ယွမ်ပင်လျှင် ဤသို့ဆိုလာပါက အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။
လော်ယွမ်က စကားပြောရန် တုံ့ဆိုင်းနေသော ကျိုးယလီကို ကြည့်ကာ နူးညံ့စွာ ဆိုလိုက်သည်။
"မိဝါအတွက်ဘာမှမပူနဲ့... ငါဒီညသူ့ကို အစာတောင့်တွေ ထပ်ကျွေးလိုက်မယ်... မနက်ဖြန် လမ်းတော့ လျှောက်နိုင်မှာသေချာတယ်"
ထမင်းစားချိန်၌ ပတ်ဝန်းကျင်မှာ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေပြီး အားလုံး ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။
ဤသုံးရက်တာ ငြိမ်းချမ်းမှုက သူတို့ကို အပြင်ဘက်မှ ရက်စက်ကြမ်းတမ်းမှုနှင့် သွေးထွက်သံယိုမှုများကို မေ့လျော့သွားစေခဲ့သည်။ မိုးထဲရေထဲ၌ နေထိုင်ရပြီး အသက်ကို ပဓာနမထားရသော ဘဝကို ထပ်မံကြုံတွေ့ရမည်ကို တွေးမိသောအခါ လူတိုင်း၏ ရင်ထဲ၌ တင်းကြပ်သွားကြသည်။
---------------------------------------------
အားလုံး စားသောက်ပြီးသောအခါ ကျိုးယလီသည် တိတ်ဆိတ်စွာဖြင့် ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ ဤရက်အနည်းငယ်အတွင်း ဝမ်ရှကွမ်နှင့် တခါတရံ စကားအနည်းငယ် ပြောဆိုသည်မှလွဲ၍ သူမသည် စကားအလွန်နည်းပါးနေခဲ့သည်။ သူတို့နှင့် အနည်းငယ် ကင်းကွာနေပြီး သီးခြားဖြစ်နေသကဲ့သို့ အမြဲ ခံစားနေရသည်။
လော်ယွမ်က သူမ၏ ရင်းနှီးနေသော လှုပ်ရှားမှုများကို ကြည့်ရင်း ကမ္ဘာမပျက်မီက ငှားရမ်းနေထိုင်ခဲ့သော အခန်းလေးသို့ စိတ်အာရုံက ပြန်လည်ရောက်ရှိသွားသည်။
ထိုအချိန်က သူမသည် အခြားတစ်ယောက်၏ စေ့စပ်ထားသူ ဖြစ်ခဲ့သည်။ နွေရာသီတိုင်း၌ သူမ စားပွဲသုတ်သည့်အခါတိုင်း မတော်တဆ ပေါ်ထွက်လာသော အလှတရားများက သူ့အား ရင်ခုန်စေခဲ့သည်။
လူအများစုက သူမကို ပျော့ညံ့သည်ဟု ထင်ကြသော်လည်း ၎င်းမှာ သတ္တိနည်းခြင်းသာ ဖြစ်သည်။ သူမသည် နေ့စဉ် အခန်းကို သန့်ရှင်းတောက်ပြောင်အောင် သုတ်သင်နိုင်ပြီး လက်ရာကောင်းသော ဟင်းလျာများကိုလည်း ချက်ပြုတ်နိုင်ကာ အိမ်မှုကိစ္စအားလုံးကို သပ်ရပ်စွာ စီမံခန့်ခွဲနိုင်သည်။
သူမသည် ဓားကိုင်ဆောင်ကာ သန္ဓေပြောင်းသားရဲများကို ခုတ်ပိုင်းရခြင်းကို မနှစ်သက်သလို၊ သွေးသံရဲရဲ အပေါက်များဖြစ်အောင် သေနတ်ပစ်ခတ်ရခြင်းကိုလည်း မနှစ်သက်ချေ။ သူမသည် သာမန်အမျိုးသမီးတစ်ဦးသာဖြစ်ပြီး ခေါင်းငုံ့ခံတတ်ကာ အချို့သော အပြစ်ကင်းစင်မှုများပင် ရှိနေသေးသည်။
လော်ယွမ်က သက်ပြင်းချလိုက်သည်။ သူမက ကျွမ်းကျင်စွာ စားပွဲသုတ်ပြီးသောအခါ သူမတ်တပ်ရပ်လိုက်ပြီး သူမကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။
ကျိုးယလီက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထ၍ အပြင်သို့ လိုက်ထွက်လာကာ မျက်နှာထားတင်းတင်းဖြင့်…
"ရှင် ကျွန်မကို အပြင်ခေါ်ပြီး ဘာလုပ်မလို့လဲ"
အရင်တစ်ကြိမ် ပဋိပက္ခဖြစ်ပြီးနောက် လော်ယွမ်သည် သူမနှင့် စကားမပြောသည်မှာ ကြာပြီဖြစ်ပြီး သူမအပေါ်၌လည်း အေးစက်စက် နိုင်လှသည်။ ဤသည်မှာ သူမကို နာကျင်စေသလို ရင်ထဲ၌လည်း မကျေမချမ်း ဖြစ်စေသည်။
"ငါနင့်ကို ပြောစရာတခုရှိလို့" လော်ယွမ်က မည်သို့ စကားစရမည်ကို မသိချေ။ သူက ခဏမျှ စဉ်းစားပြီးနောက် တည်ကြည်သောလေသံဖြင့် "စောစောက ပင်လယ်ကူးတံတားဘက်မှာ ရေတက်လာပြီလို့ ငါပြောခဲ့တယ်... တစ်ကယ်တော့ လက်တွေ့အခြေအနေက ငါပြောတာထက် အများကြီးပိုဆိုးတယ်... အဲ့ဒီနေရာက အခုအဆုံးအစမရှိတဲ့ ရေပြင်ကြီးဖြစ်သွားပြီ... နင်အရင်ကနေခဲ့တဲ့ ရွာစခန်းလေးလည်း ရေအောက်ရောက်သွားပြီ... ရေတက်လာတာ အရမ်းမြန်ပုံကြည့်ရင် အဲ့စခန်းကလူတွေလည်း အခြေအနေသိပ်မကောင်းလောက်ဘူး"
ကျိုးယလီသည် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။
"တကယ်လို့ နင်သိတဲ့လူတွေ ပါသွားရင် ငါတစ်ကယ်စိတ်မကောင်းပါဘူး" လော်ယွမ်က အားမရှိသော လေသံဖြင့် နှစ်သိမ့်လိုက်သည်။
လော်ယွမ်က စိတ်ထဲ၌ စကားတစ်ခွန်းကို ထပ်ဖြည့်လိုက်သည်။ "ဒါကြောင့် နင်စခန်းပြန်မယ်ဆိုရင်တောင် ပြန်စရာစခန်းမရှိတော့ဘူး"
ဆက်ရန်...
အပိုင်း(၁၇၂)ဆိုးရွားလာသောအခြေအနေ
ကမ္ဘာပျက်ကာလ၏ ညများတွင် မီးရောင်မရှိသလို၊ အပမ်းဖြေစရာလည်း မရှိပေ။
လော်ယွမ်နှင့် ကျိုးယလီတို့ ပြန်ရောက်လာသောအခါ လူအချို့မှာ အိပ်စက်ရန်အတွက် တဲများပြင်ဆင်နေကြပြီဖြစ်သည်။ တဲများမှာ မူလကတည်းက ပိုလျှံနေရာ စစ်သားအုပ်စုကို နှစ်လုံးခွဲပေးလိုက်သော်လည်း သုံးလုံးမှာ ကျန်ရှိနေသေးပြီး လူရှစ်ယောက်အိပ်စက်ရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ချန်ရှင်းဖုံမှာမူ ခြွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အရပ်အမောင်းကို ဆံ့ဝင်နိုင်သော တဲမှာ မရှိသေးသောကြောင့်ဖြစ်သည်။
အိပ်စက်ခြင်းမပြုမီ လော်ယွမ်က အစာတုံးများထားရာထောင့်သို့ လျှောက်သွားပြီး အတန်ကြာတွေဝေနေပြီးနောက် နောက်ဆုံးတွင် အစာတုံးသုံးတုံးကို ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ ကျန်သည်များကိုမူ အထုပ်ဖြင့်ထည့်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
လရောင်အောက်တွင် "မိဝါ" မှာ ခွေခေါက်၍ မလှုပ်မယှက်လဲလျောင်းနေသည်။ ဤသုံးရက်တာကာလအတွင်း ၎င်း၏အမွေးများမှာ ပေါက်ရောက်လာခြင်းမရှိသေးဘဲ ကြွက်သားများက ကြိုးလိမ်များသဖွယ် ပေါ်လွင်နေသည်။ သို့သော် လွန်ခဲ့သောရက်အနည်းငယ်နှင့်နှိုင်းယှဉ်လျှင် ဤအကြီးအသေးမတူသော ဒဏ်ရာများအားလုံးမှာ အနာဖေးများတက်နေပြီဖြစ်ပြီး ယခင်က သွေးသံရဲရဲဖြစ်နေသော ကြောက်မက်ဖွယ်မြင်ကွင်းမျိုး မရှိတော့ပေ။
လော်ယွမ် ချဉ်းကပ်သွားသည်နှင့် ၎င်း၏နားမှာ အနည်းငယ်လှုပ်ရှားသွားပြီး မူလက တင်းမာနေသော ကြွက်သားများမှာ ချက်ချင်းပင် ပျော့ကျသွားသည်။
၎င်းက မျက်ခွံများကို တစ်ချက်ပင့်တင်လိုက်ရာ ညအမှောင်အောက်တွင် တောက်ပနေသော မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။ ထို့နောက် မျက်ခွံများမှာ တွဲကျကာ မှေးမှိတ်သွားပြီး သေဆုံးခါနီး ခွေးအိုကြီးတစ်ကောင်ကဲ့သို့ လှုပ်ပင်မလှုပ်ချင်တော့ပေ။
လော်ယွမ် ရှေ့သို့တိုးသွားပြီး အစာတုံးများပါသော အထုပ်ကို ဖြန့်ခင်းလိုက်သည်။
အနံ့များ ပျံ့လွင့်သွားသည်နှင့် ၎င်းမှာ ချက်ချင်းပင် လန်းဆန်းသွားပြီး မျက်လုံးများမှာ ပြူးကျယ်လာကာ လုံးဝိုင်းနေသောမီးလုံးတစ်စုံကဲ့သို့ပင်။ ခန္ဓာကိုယ်မှာလည်း အားကုန်ရုန်းကန်လိုက်ပြီး အနည်းငယ်ခက်ခဲစွာဖြင့် ထရပ်လိုက်သည်။ တစ်ပိုင်းကျိုးနေသော အမြီးမှာလည်း ဝမ်းသာအားရဖြင့် လှုပ်ယမ်းလာပြီး မျက်နှာတစ်ခုလုံးမှာ မြှောက်ပင့်ဖားယားလုပ်သော အမူအရာမျိုးပင် ပေါ်ပေါက်လာသည်။
လော်ယွမ်မှာ မရယ်ဘဲမနေနိုင်တော့ပေ။ ၎င်းက သန္ဓေပြောင်းသတ္တဝါဖြစ်သွားသော်လည်း ခွေး၏အကျင့်စရိုက်ကိုမူ မပြောင်းလဲနိုင်ပေ။
သူက အစာတုံးဆယ်တုံးကို ခွဲထုတ်လိုက်ပြီး "မိဝါ" ၏ရှေ့သို့ ပစ်ချပေးလိုက်သည်။ ဤသည်မှာ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး လော်ယွမ်ပင်လျှင် အနည်းငယ် နှမြောမိသည်။ အစာတုံးတစ်တုံးတည်းမှာပင် ပါဝင်သော ကယ်လိုရီဓာတ်မှာ လော်ယွမ်နှင့် ချန်ရှင်းဖုံမှလွဲ၍ ကျန်လူအားလုံး၏ တစ်နေ့တာသုံးစွဲမှုကို (စစ်သားများမပါ) လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်။ ထို့အပြင် ၎င်းတွင်ပါဝင်သော အဆင့်မြင့် တက်ကြွစွမ်းအင်မှာ သက်ရှိများအတွက် ကြီးမားသောအကျိုးကျေးဇူးနှင့် အားဖြည့်မှုကို ပေးစွမ်းနိုင်ပြီး သန္ဓေပြောင်းသတ္တဝါများအတွက်မူ ဆင့်ကဲပြောင်းလဲရန် အခွင့်အရေးပင်ဖြစ်သည်။
ပထမနေ့တွင် "မိဝါ" မှာ မသိစိတ်ဖြင့် များပြားလှသောအစာတုံးများကို စားသုံးခဲ့ရသည်မှလွဲ၍ ကျန်နှစ်ရက်တွင် နေ့စဉ် သုံးတုံးမျှသာ စားသုံးခဲ့ရသည်။
အနည်းငယ်တော့ အသုံးဝင်ပါစေဟု "မိဝါ" က အစာတုံးများနှင့်အတူ ပတ်ဝန်းကျင်မှ မြေကြီးနှင့်ကျောက်စရစ်ခဲများကိုပါ အငမ်းမရ စားသုံးနေသည်ကိုကြည့်ရင်း လော်ယွမ် စိတ်ထဲမှ ကြိတ်၍တွေးလိုက်သည်။
ဆက်လက်၍ သူက အခြားဧရိယာတစ်ခုသို့ လျှောက်သွားလိုက်သည်။ ဧရာမဖွတ်ကြီးနှင့် "မိဝါ" မှာ တစ်နေရာတည်းတွင် မရှိကြပေ။ တောင်တစ်လုံးမှာ ကျားနှစ်ကောင်မနေဆိုသလိုပင် သန္ဓေပြောင်းသတ္တဝါများ၏ ကိုယ်ပိုင်နေရာလိုအပ်မှုက လူသားများထက် များစွာပိုမိုမြင့်မားသည်။ နှစ်ကောင်ကြားတွင် ပေ၄၀၀၀ခန့် ခြားနားသည်။
ပြန်ရောက်လာသောအခါ အထုပ်မှာ ပြောင်ရှင်းနေပြီဖြစ်သည်။
------
ညကား ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး လရောင်မှာ မည်သည့်အချိန်ကစ၍ တိမ်မည်းများဖြင့် လုံးဝဖုံးလွှမ်းသွားသည်မသိ၊ ဝိုးတဝါးလဝန်းတစ်ခုသာ မြင်ရတော့သည်။
လော်ယွမ် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ညင်သာစွာ အနံ့ခံကြည့်လိုက်သည်။ ယနေ့ည လေထုထဲမှ စိုထိုင်းဆမှာ သိသိသာသာ သိပ်သည်းနေသည်။
မနက်ဖြန် ရာသီဥတုမကောင်းနိုင်ဟုတွေးမိပြီး သူ၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားသည်။
မိုးရွာခြင်းမှာ ခရီးစဉ်ကို နှောင့်နှေးစေပြီး စိတ်ဓာတ်ကို ကျဆင်းစေရုံသာမက မလိုအပ်သော ပြဿနာများနှင့် အန္တရာယ်များကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ကံမကောင်းစွာဖြင့် မိုးကြိုးမုန်တိုင်းနှင့် ကြုံတွေ့ရပါက ပို၍ပင် ဆိုးရွားပေမည်။ ကမ္ဘာပျက်ပြီးနောက်တွင် ထူထပ်သောတောအုပ်များမှာ နေရာအနှံ့ဖြစ်နေပြီး လူသားများ ထိုအထဲတွင် လျှောက်သွားပါက အလွန်အန္တရာယ်များလာမည်ဖြစ်ရာ အဖွဲ့တစ်ခုလုံး ရပ်တန့်အနားယူရပေမည်။
လော်ယွမ်မှာလည်း နည်းလမ်းမရှိပေ။ ယခုအခါတွင် အခြေအနေကိုကြည့်၍သာ ဆုံးဖြတ်ရမည်ဖြစ်သည်။ အကယ်၍ တကယ်ပင် မိုးကြိုးမုန်တိုင်းနှင့် ကြုံတွေ့ရပါက ခရီးစဉ်ကို တစ်ရက်ရွှေ့ဆိုင်းရဖွယ်ရှိသည်။
သူ၏မျက်မှောင်မှာ အနည်းငယ်ကြုတ်သွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
မြေအောက်ဘူတာရုံထဲသို့ ဝင်ရောက်ချိန်တွင် လော်ယွမ်က ခြေလှမ်းများကို အနည်းငယ်လေးလံစေပြီး အခြားသူများကို မိမိပြန်ရောက်လာပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ သူသာ ပြန်မရောက်သေးပါက လူအတော်များများ အေးချမ်းစွာ အိပ်စက်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ ဤသည်မှာ ရင်းနှီးသူများသာမက ဟော်တုံတို့ကဲ့သို့သော အခြားသူများလည်း အလားတူပင်ဖြစ်သည်။
ကမ္ဘာပျက်ကာလမှ လူသားတို့၏ သတိဝီရိယကို ယခင်ကဆို စိတ်ကူး၍ပင်မရနိုင်ပေ။ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်သူတိုင်းမှာ အနည်းနှင့်အများဆိုသလို အာရုံကြောများ အလွန်အမင်း ထိရှလွယ်နေကြသည်။
ပုံမှန်အတိုင်းပင် လော်ယွမ်က မြေအောက်ဘူတာရုံတံခါးဝသို့ တစ်ယောက်တည်းလျှောက်သွားပြီး တင်ပလ္လင်ခွေထိုင်၍ တရားထိုင်ခြင်းကို စတင်လိုက်သည်။
သူ၏လက်ရှိအခြေအနေဖြင့် အခြားသူများအနီးတွင် အိပ်စက်၍မဖြစ်ပေ။ သို့မဟုတ်ပါက အားလုံးမှာ အိပ်မက်ဆိုးများ မြင်မက်ကြပေလိမ့်မည်။
သတိရှိနေချိန်တွင် အရှိန်အဝါကို အနိုင်နိုင်ထိန်းချုပ်နိုင်သေးသည်ဟုဆိုလျှင် အိပ်ပျော်သွားသည်နှင့် လုံးဝမထိန်းချုပ်နိုင်တော့ပေ။ စိတ်ခံစားမှုလှိုင်းဂယက် အနည်းငယ်မျှပင် အရှိန်အဝါကို ပြင်းထန်စွာ ပြောင်းလဲစေမည်ဖြစ်သည်။ ပို၍ဆိုးရွားသည်မှာ လော်ယွမ် အိပ်မက်မက်ပြီး ထိုအိပ်မက်မှာ အိပ်မက်ဆိုးဖြစ်နေပါက နောက်တစ်နေ့နိုးလာချိန်တွင် လူအနည်းငယ် သေဆုံးသွားလျှင်ပင် အံ့သြစရာမရှိပေ။
အချုပ်အားဖြင့်ဆိုသော် ဤသည်မှာ လော်ယွမ် အဆင့်တက်ပြီးခါစဖြစ်၍ မိမိ၏စွမ်းအားကို အပြည့်အဝမထိန်းချုပ်နိုင်သေးခြင်း၏ ရလဒ်ပင်ဖြစ်သည်။
အရှိန်အဝါမှာ အလွန်နက်နဲလှသော်လည်း ၎င်း၏ဖြစ်တည်မှုအခြေခံက စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းပင်ဖြစ်သည်။ စိတ်စွမ်းအားမှာ ခွန်အားဖြစ်ပြီး အာရုံခံနိုင်စွမ်းမှာမူ ခွန်အားကိုထောက်ပံ့ပေးသော အရင်းအမြစ်ဖြစ်သည်။ စိတ်စွမ်းအားနိမ့်ကျသူမှာ ကြမ်းတမ်းသောအမူအရာပြုလုပ်လျှင်ပင် အပြင်ပန်းတွင် ကြမ်းတမ်းဟန်ဆောင်သော်လည်း အတွင်းစိတ်မှာမူ ကြောက်ရွံ့နေသည့် ခံစားမှုကိုသာ ပေးစွမ်းနိုင်သည်။ စိတ်စွမ်းအားကြီးမားသူမှာမူ နေရာတွင် စကားတစ်ခွန်းမဆိုဘဲ ရပ်နေရုံဖြင့်ပင် ဖိအားကိုပေးစွမ်းနိုင်သည်။
ထို့ကြောင့် စိတ်စွမ်းအားကို ထိန်းချုပ်နိုင်လျှင် အရှိန်အဝါကိုလည်း ထိန်းချုပ်နိုင်သည်။ တရားထိုင်ခြင်းက ယခုအချိန်တွင် လော်ယွမ် စဉ်းစားနိုင်သမျှထဲတွင် စိတ်စွမ်းအားကိုထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
ဓားပညာကဲ့သို့သော ကျွမ်းကျင်မှုများ၏ လမ်းညွှန်ပေးခြင်းမရှိပါက ဤအရှိန်အဝါများမှာ အကြမ်းထည် ပုံစံသာဖြစ်ပြီး အစွမ်းများများမထုတ်နိုင်ဘဲ လူတွေကို ခြောက်လှန့်ရုံသာ တတ်နိုင်မည်။ ဓားပညာမှာမူ အရှိန်အဝါကို ပိုမိုထိရောက်စွာ၊ တိကျစွာ ထုတ်လွှတ်စေပြီး အစွမ်းကိုလည်း ပိုမိုအားကောင်းစေသည်။
တစ်ညတာလုံး အထူးအခြားတစုံတရာမှ မဖြစ်ပွားခဲ့ပေ။
နောက်တစ်နေ့တွင် တရားထိုင်ရင်း အိပ်တစ်ဝက် နိုးတစ်ဝက်နိုးဖြစ်နေသော လော်ယွမ်မှာ ရုတ်တရက် စိတ်ထဲတွင် ဗြောင်းဆန်သွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အကောင်မှန်းမသိသော ပိုးကောင်ငယ်များ၏ ထူးဆန်းသောအော်သံများမှာမူ ဆူညံနေဆဲဖြစ်သည်။
ယခုအချိန်တွင် မိုးမလင်းသေးပေ။ လော်ယွမ် အချိန်ကိုကြည့်လိုက်ရာ လေးနာရီသာရှိသေးသည်။
ညဘက်တွင် စိုထိုင်းဆမှာ အလွန်များပြားပြီး တစ်ညလုံးထိုင်နေသောကြောင့် ယခုအခါတွင် သူတစ်ကိုယ်လုံး စိုစွတ်နေပြီး ဆံပင်များမှာ ရေစိမ်ပြီးခါစကဲ့သို့ပင်။ သူက မျက်နှာကိုတစ်ချက်သပ်လိုက်ပြီး မျက်နှာပေါ်မှရေများကို သုတ်သင်လိုက်သည်။ ရာသီဥတုကို မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် တိမ်မည်းများဖြင့်ပြည့်နှက်နေပြီး မည်းမှောင်ဖိစီးနေကာ ပြိုကျတော့မည့်အလားပင်။
သူက ထရပ်လိုက်ပြီး အနည်းငယ်တောင့်တင်းနေသော ခြေထောက်များကို လှုပ်ရှားလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် တစ်ကိုယ်လုံးရှိသွေးများမှာ ပြန်လည်အဆင်ပြေစွာ စီးဆင်းသွားသည်။
ဆက်လက်၍ သူက ဘေးတွင်ထားသော ကျန်းမာတောက်ဓားကို မယူလိုက်ပြီး အဝေးမှ ပျက်စီးနေသောအဆောက်အဦးကြီးတစ်ခုသို့ လျှောက်သွားလိုက်သည်။
ဤအဆောက်အဦးမှာ ကမ္ဘာမပျက်မီက အဆင့်မြင့်ရုံးအဆောက်အဦးတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ပျက်စီးနေသော်လည်း ကျန်ရှိနေသေးသောအပိုင်းမှာ ၁၂ထပ်အမြင့်ရှိနေသေးပြီး ဒီနားတစ်ဝိုက်တွင် အမြင့်ဆုံးနေရာဖြစ်သည်။
အဆောက်အဦးအတွင်းပိုင်းမှာ အတော်ပင်ပျက်စီးနေပြီး နေရာအတော်များများတွင် လှေကားများပင် ပြတ်ထွက်နေသည်။ အချို့မှာမူ အလွှာတစ်ခုလုံးပင် အောက်တစ်ထပ်သို့ ပြိုကျနေပြီး လိမ်ကောက်နေသော သံချောင်းအချို့သာ အားမရှိစွာ ထိုးထွက်နေသည်။
သို့သော် ၎င်းက လော်ယွမ်ကို လုံးဝမတားဆီးနိုင်ပေ။
လှေကားမရှိသဖြင့် သူက ဒုတိယထပ်သို့ တန်းခုန်တက်လိုက်သည်။ အလွှာမရှိလျှင်မူ ဆွေးမြေ့နေသောနံရံများကို သတိဖြင့်နင်းကာ လမ်းတစ်လျှောက် နေရာအနှံ့တွေ့ရသော သံချောင်းများနှင့် ချိုင့်ခွက်များကို အားပြု၍ လျင်မြန်စွာ ကျော်လွှားသွားသည်။
လျင်မြန်မှု (၁၄) မှတ်မှာ သူ့ကို စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော လှုပ်ရှားမှုအမျိုးမျိုးကို အလွယ်တကူပြုလုပ်စေနိုင်သည်။
သူ၏လှုပ်ရှားမှုမှာ မျောက်ထက်ပို၍ လျင်မြန်ပြီး ကြောင်ထက်ပို၍ ညင်သာသည်။
နှစ်မိနစ်ပင်မပြည့်မီမှာပင် သူသည် ပျက်စီးနေသောအဆောက်အဦအမိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။
ကောင်းကင်မှာ မှောင်မိုက်နေဆဲဖြစ်ပြီး လော်ယွမ်၏အမြင်အာရုံဖြင့်ပင် အဝေးကြီးကို မမြင်နိုင်ပေ။ သူ စိတ်ရှည်စွာစောင့်ဆိုင်းနေပြီး မိုးလင်းလာသည်အထိ မည်သည့်ထူးဆန်းသောနေရာကိုမျှ မမြင်တွေ့ရပေ။ ခုနက စိတ်ထဲမှဗြောင်းဆန်မှုမှာ ထင်ယောင်ထင်မှားသက်သက်ပေလား။
လော်ယွမ်မှာ ဘာမျှမတတ်နိုင်ဘဲ ပြန်လှည့်လာခဲ့ရသည်။
ပြန်ရောက်လာချိန်တွင် အားလုံးမှာ အိပ်ရာမှထပြီး ပစ္စည်းများ စတင်သိမ်းဆည်းနေကြပြီဖြစ်သည်။ သို့သော် စစ်သားများမှာမူ အိပ်မောကျနေဆဲဖြစ်သည်။
"သူတို့ကို နှိုးလိုက်ရမလား" ဟွမ်ကျားဟွေက မေးလိုက်သည်။
လော်ယွမ် အချိန်ကိုကြည့်လိုက်သည် - "အခုက၅နာရီပဲ ရှိသေးတယ်… ငါတို့က ၇နာရီမှစထွက်မှာဆိုတော့ နောက်တစ်နာရီလောက် ဆက်အိပ်ခိုင်းလိုက်ပါ"
"ဟင်… နင့်လည်ပင်းက ဘာဖြစ်တာလဲ" ဟွမ်ကျားဟွေ လှည့်လိုက်ချိန်တွင် လော်ယွမ်က သူမ၏လည်ပင်းအရေပြားမှာ အနည်းငယ် ဖြူဖျော့ရောင်ရမ်းနေသည်ကို တွေ့ရှိလိုက်ပြီး အလျင်အမြန် သူမကို တားလိုက်သည်။
"ကျွန်မလည်း ပြောမလို့ပဲ… ဒီမှာ ရေစိမ့်ဝင်နေပုံပဲ… ကျွန်မနိုးလာတော့ တဲတစ်ခုလုံး စိုရွှဲနေတယ်" ဟွမ်ကျားဟွေက လည်ပင်းကိုပွတ်သပ်ရင်း စိတ်ညစ်စွာဆိုသည်။
"ဘယ်မှာလဲ… ငါ့ကိုလိုက်ပြပေး" လော်ယွမ်က အလျင်အမြန်ဆိုသည်။
တဲကို သိမ်းဆည်းပြီးဖြစ်သည်။ လော်ယွမ်မှာ မနေ့ညက ဟွမ်ကျားဟွေ တဲထိုးခဲ့သောနေရာသို့ အမြန်လျှောက်သွားလိုက်သည်။ သေချာကြည့်ရန်ပင်မလိုဘဲ ထိုနေရာတွင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ ဤဧရိယာမှ စကျင်ကျောက်များမှာ အနည်းငယ်အက်ကြောင်းထနေသောကြောင့် ရေများမှာ ဤနေရာသို့ လုံးဝစိမ့်ထွက်လာခြင်းဖြစ်ပြီး အခြားနေရာများတွင်မူ မရှိပေ။
သူက လက်ညှိုးဖြင့်တို့ထိကာ မြည်းစမ်းကြည့်လိုက်သည်။
သူ၏မျက်နှာမှာ ပြင်းထန်စွာ ပျက်ယွင်းသွားသည်။ ဤသည်မှာ ပင်လယ်ရေဖြစ်သည်။
သူ၏ယခင်ကသုံးသပ်ချက်မှာ အနည်းငယ်မှားယွင်းနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ရေတက်ချိန် စောလာခြင်းမဟုတ်ဘဲ ယခုမှသာ စတင်ခြင်းဖြစ်သည်။ ယခု ပင်လယ်ရေများ ကုန်းတွင်းပိုင်းသို့ စီးဝင်နေပြီဖြစ်ပြီး နိမ့်သောနေရာအချို့မှာ သက်ရောက်မှုရှိနေပြီဖြစ်သည်။ ရေတက်ကာလ အထွတ်အထိပ်သို့ရောက်သောအခါ ကြီးမားသောဒီရေလှိုင်းများဖြင့် ကျန်းနန်ပြည်နယ်တစ်ခုလုံးကို နစ်မြုပ်သွားစေပေလိမ့်မည်။
ထိုသို့ဖြစ်ရန် အချိန်မှာလည်း ကြာမည်မဟုတ်ပေ။ နောက်ကျလျှင် ဆယ့်ငါးရက်၊ မြန်လျှင် သုံးလေးရက်အတွင်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် ဟော်တုံထံမှ ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာပြီး အသံထဲတွင် ဖုံးကွယ်၍မရနိုင်သော ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ပါဝင်နေသည်။ "ခေါင်းဆောင်ယွမ်… အမြန်လာကြည့်ဦး အပြင်မှာဘာတွေလဲမသိဘူး"
လော်ယွမ်၏စိတ်မှာ လေးလံသွားပြီး ဓားကိုကိုင်ကာ တံခါးအပြင်ဘက်သို့ အမြန်လျှောက်ထွက်သွားသည်။ အခြားသူများလည်း အလျင်အမြန် လိုက်ထွက်လာကြသည်။
လော်ယွမ် မော့ကြည့်လိုက်ရာ အသက်ရှူပင် မှားသွားမိသည်။ မရေမတွက်နိုင်သော အစက်အပျောက်လေးများမှာ မည်းမှောင်နေသော အစုအပြုံလိုက်ကြီးအဖြစ်ဖွဲ့စည်းကာ အဝေးမှ ရှေ့သို့ပျံသန်းလာပြီး ကောင်းကင်တစ်ခြမ်းလုံးနီးပါးကို ဖုံးလွှမ်းသွားသည်။
အရေအတွက်အတိအကျကို ခန့်မှန်း၍မရနိုင်ပေ။ မျက်စိရှေ့မှ မြင်ကွင်းမှာ ခေါင်းနပမ်းပင် ကြီးသွားစေသည်။
၎င်းတို့မှာ မရေမတွက်နိုင်သော ပျံသန်းနိုင်သည့် သက်ရှိများဖြစ်သည်။ တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းတို့၏ကြီးမားသော ကိုယ်ထည်များမှာ တဖြည်းဖြည်း ပေါ်လွင်လာသည်။
ဤပျံသန်းနိုင်သည့် သက်ရှိများမှာ မျိုးစိတ်တစ်ခုတည်း သို့မဟုတ် မျိုးစုတစ်ခုတည်းမှ မဟုတ်ကြပေ။ ကောင်းကင်ယံတွင် ငှက်များသာမက အင်းဆက်အများအပြားနှင့် အတောင်ပံပါသော ပျံသန်းနိုင်သည့် သန္ဓေပြောင်းသတ္တဝါများပင် ပါဝင်နေသည်။ ၎င်းတို့ထဲမှ အချို့မှာ အချင်းချင်း၏အစာဖြစ်နိုင်သော်လည်း ယခုအချိန်တွင်မူ ဦးတည်ရာတစ်ခုတည်းသို့ ပျံသန်းနေကြသည်။
အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ မရေမတွက်နိုင်သော အော်သံများ မသိမသာ ထွက်ပေါ်လာသည်။ ခဏအကြာတွင် အသံများမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေတော့သည်။
သို့သော် ထိုအသံများတွင် ထိတ်လန့်တုန်လှုပ်မှုများ ရောယှက်ပါနေကြပြီး၊ ၎င်းတို့က ညည်းညူအော်ဟစ်သံများနှင့် ပို၍တူသည်။
ဤသည်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထွက်ပြေးကြခြင်းဖြစ်သည်။
လော်ယွမ်၏စိတ်က လှုပ်ရှားသွားပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ရာ စိတ်မှာ တဖြည်းဖြည်း လေးလံကျဆင်းသွားသည်။
... ... ... ... ... ...
နာရီဝက်အကြာတွင် ကောင်းကင်ယံမှ ထွက်ပြေးနေသော အဖွဲ့မှာ နောက်ဆုံးတွင် သူတို့ရှိနေသည့် အထက်ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းသွားပြီး မြေပြင်ပေါ်တွင် မစင်များနှင့် ထိတ်လန့်မှုများ ကျန်ရှိနေသေးသော လူအုပ်ကို ချန်ထားခဲ့သည်။
လော်ယွမ်၏မျက်နှာက လေးနက်တည်ကြည်နေပြီး လေးလံစွာဖြင့် "အချိန်ဆွဲလို့မဖြစ်တော့ဘူး… အမြန်နှိုးလိုက်တော့ မနက်စာစားပြီးတာနဲ့ စထွက်မယ်"
အကယ်၍ ရှေ့မှဧရိယာမှာ ဒီရေလှိုင်းများဖြင့် အမှန်တကယ် နစ်မြုပ်သွားပါက ၎င်းတို့ကပျံသန်းနိုင်သော သတ္တဝါများဖြစ်သောကြောင့် ဤထွက်ပြေးနေသောအဖွဲ့က ပထမဆုံးအသုတ်သာ ဖြစ်နိုင်ဖွယ်ရှိပြီး နောက်ဆက်တွဲအနေဖြင့် သူတို့ရင်ဆိုင်ရမည်မှာ သားရဲအုပ်ကြီးဖြစ်ပေလိမ့်မည်။
ထို့အပြင် တစ်သုတ်တည်းလည်း မဟုတ်နိုင်ပေ။
ဤနေရာမှ အမြန်ဆုံးထွက်ခွာမှ ဖြစ်တော့မည်။ အကယ်၍ သူတို့ပထမအသုတ်နှင့်အတူ လိုက်မပြေးနိုင်ခဲ့လျှင် ဒုတိယအသုတ်ဖြစ်သည့် သားရဲအုပ်ကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ဤနေရာတွင် ဆက်နေပါက သေလမ်းသာရှိပေလိမ့်မည်။
စစ်သားများကို တစ်ယောက်ချင်းစီ နှိုးလိုက်သည်။ ဆယ့်နှစ်နာရီကျော်ကြာ နှစ်ခြိုက်စွာ အိပ်မောကျပြီးနောက် သူတို့မှာ အားအင်အများစု ပြန်လည်ပြည့်ဖြိုးလာပြီး အခြေအနေမှာ မနေ့က ပထမဆုံးတွေ့စဉ်ကထက် များစွာကောင်းမွန်လာကာ မျက်နှာများမှာလည်း သွေးရောင်သန်းလာသည်။
အချိန်မှာ အလွန်နည်းနေသောကြောင့် အမြန်ဆုံးခရီးသွားနိုင်ရန်အတွက် လော်ယွမ်က လူအားလုံးကို စုစည်းလိုက်ပြီး မိမိ၏သုံးသပ်ချက်နှင့် ရက်စက်ကြမ်းတမ်းသောအခြေအနေကို အားလုံးအား အကျဉ်းချုံးရှင်းပြလိုက်သည်။ ထိုအခါအားလုံး၏မျက်နှာများမှာ ပြင်းထန်စွာ ပျက်ယွင်းသွားကြတော့သည်။
ဆက်ရန်…