အခန်း (၁၇၃-၁၇၆)
Vol. 9 Ch. 173-176
အပိုင်း(၁၇၃)ခရီးစတင်ခြင်း
"လက်နက်ခဲယမ်းနဲ့ အဝတ်အစားတွေ ကျွန်တော်ယူလာခဲ့ပြီ… ခဏနေရင် ခင်ဗျားသူတို့ကို ခွဲဝေပေးလိုက်" ဟု လော်ယွမ်က နောက်သို့လှည့်ကာ ကျိုးရိချန်အား ဆိုသည်။
"သိပြီ" ဟု ကျိုးရိချန်က ပြတ်သားစွာဆိုသည်။ "ကျွန်တော် အခုပဲ လုပ်လိုက်မယ်"
စကားဆုံးသည်နှင့် သူသည် လှည့်ထွက်ကာ လက်နက်သေတ္တာများရှိရာသို့ လျှောက်သွားသည်။
"နေဦး… ခင်ဗျားရဲ့ဒဏ်ရာရထားတဲ့ စစ်သားတွေ အခြေအနေဘယ်လိုရှိလဲ" ဟု လော်ယွမ်က သူ့ကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။
"အခုတော်တော်သက်သာနေကြပြီ… ဒဏ်ရာအများစုက အနာဖေးတက်နေပြီ… ရေမထိသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး" ဟု ကျိုးရိချန်က နောက်သို့လှည့်ကာ စဉ်းစားပြီးနောက် ဆိုသည်။
"ဒီနေ့ မိုးရွာလောက်တယ်" ဟု လော်ယွမ်က ခေါင်းခါလိုက်သည်။
"သူတို့ ကြံ့ကြံ့ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပေါ့" ဟု ကျိုးရိချန်၏ မျက်နှာမှာ ညှိုးငယ်သွားသည်။ "ကျွန်တော်တို့ကအချိန်မရတာဆိုးတယ်… နောက်ထပ် ရက်အနည်းငယ်လောက်သာ အနားယူနိုင်ရင် ကောင်းမှာပဲ"
လော်ယွမ်က ဘာမှထပ်မပြောတော့ပေ။ အမှန်တကယ်တွင် ဤသို့သော ဒဏ်ရာမျိုးအတွက် သူ့တွင် ပိုကောင်းသောနည်းလမ်းရှိသည်။ ကျန်းမာတောက်ဓားတွင် ပါဝင်သော "သက်စုပ်အစွမ်း" က တိုက်ပွဲအတွက် များစွာအသုံးမဝင်သော်လည်း ဤသို့သော ပြင်ပဒဏ်ရာများအတွက်မူ ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်။ သို့သော် ဤသည်မှာ သူ၏လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေပြီး တစ်ဖက်လူမှာလည်း မိမိ၏လူဖြစ်လာမည်မဟုတ်ပေ။ စစ်အခြေစိုက်စခန်းသို့ ရောက်သည်နှင့် တစ်ချိန်ချိန်တွင် လမ်းခွဲရမည်ဖြစ်သောကြောင့် ၎င်းက သူ့ကို တွေဝေသွားစေသည်။
ဓားကောင်းတစ်လက်၊ အထူးသဖြင့် သံကိုရွှံ့ကဲ့သို့ ခုတ်ပိုင်းနိုင်ပြီး ဆန်းကြယ်သောအစွမ်းသတ္တိပါရှိသော ဓားကောင်းတစ်လက်က လူကို လောဘတက်စေရန် လုံလောက်သည်။
ထို့အပြင် စစ်စခန်းသို့ရောက်လျှင် အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားမည်ဖြစ်သည်။ တစ်ဖက်လူမှာ အားသာပြီး မိမိမှာ အားနည်းသွားပေမည်။ ထို့အပြင် မိမိတို့ဘက်မှ အကူအညီတောင်းရသည့် အခြေအနေဖြစ်ရာ သူ၏တစ်ကိုယ်တော်စွမ်းရည် မည်မျှပင်အားကောင်းစေကာမူ စိုးရိမ်စရာများ၊ ဂရုစိုက်စရာများရှိနေလျှင် မိမိသဘောအတိုင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။
သူက ဓားတစ်လက်ကို နှမြော၍တော့မဟုတ်ပေ။ သို့သော် ဓားသမားတစ်ယောက်အနေဖြင့် ဓားသည် သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ ကျန်းမာတောက်ဓား၏ တစ်လက်မတိုင်းကို သူက အလွတ်ရနေပြီဖြစ်သည်။ ထို့အပြင် သူ၏စိတ်စွမ်းအားဖြင့် နေ့ရောညပါ သန့်စင်နေသောကြောင့် ဤဓားက သူ၏လက်တစ်ဖက်ကဲ့သို့ ဖြစ်နေပြီး စိတ်ဝိညာဉ်ရှိနေသကဲ့သို့ပင်။ အကယ်၍ ၎င်းကိုဆုံးရှုံးသွားပါက သူ၏စွမ်းအားမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားလိမ့်မည်ဖြစ်ရာ ကမ္ဘာပျက်ကပ်ထဲတွင် ထိုအဖြစ်က အလွန်အန္တရာယ်များလှသည်။
လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤကိစ္စကို အခြေအနေအရသာ ကြည့်၍လုပ်ရပေတော့မည်။
ထိုအားလပ်ချိန်ကို အခွင့်ကောင်းယူ၍ လော်ယွမ်က အပြင်ထွက်ပြီး မိဝါကို သွားကြည့်လိုက်သည်။ မနေ့ကနှင့် နှိုင်းယှဉ်လျှင် သူက သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ဒဏ်ရာများမှ အနာဖေးများမှာ စတင်ကွာကျနေပြီး နုနယ်သောအရေပြားအသစ်များ ပေါ်ထွက်နေသည်။ လော်ယွမ် သူ့ကိုတွေ့သည့်အခါ သူက ဟိုဟိုဒီဒီ လျှောက်သွားနေပြီး ကောင်းကောင်းလမ်းလျှောက်နိုင်နေသည့် ပုံရသည်။
လော်ယွမ် ပြန်ရောက်လာသည့်အခါ မနက်စာက အသင့်ဖြစ်နေပြီဖြစ်သည်။ အားလုံး မနက်စာကို အလျင်စလိုစားသောက်ပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် တံခါးဝတွင် သေးငယ်သော ပုံရိပ်အချို့ ပေါ်ထွက်လာသည်။
ဤသည်မှာ ပိန်လှီခြောက်ကပ်နေသော ကလေးသုံးယောက်ဖြစ်ပြီး ကမ္ဘာမပျက်မီက တီဗီထဲတွင် တွေ့ရသော အာဖရိကမှ ဒုက္ခသည်များနှင့် တူလှသည်။ သူတို့၏ပါးနှစ်ဖက်မှာ ထူးဆန်းစွာ ချိုင့်ဝင်နေပြီး မျက်လုံးများမှာ ဟောက်ပက်ဖြစ်နေကာ အရေပြားတစ်လွှာသာ ဖုံးအုပ်ထားသော ဦးခေါင်းခွံနှင့် တူသည်။ အကြီးဆုံးမှာ ဆယ့်သုံး၊ ဆယ့်လေးနှစ်ခန့်ရှိပြီး အငယ်ဆုံးမှာ ဆယ့်တစ်၊ ဆယ့်နှစ်နှစ်ခန့်သာ ရှိသေးသည်။
သူတို့၏အရေပြားများမှာ ရွှံ့များဖြင့် ပေကျံနေသော်လည်း အသားအရေမှာ အလွန်ဖြူဖွေးပြီး ဖောက်ထွင်းမြင်နိုင်လုနီးပါးဖြစ်နေသည်ကို မြင်နိုင်သည်။ သူတို့က လူတိုင်းကို ကြောက်ရွံ့စွာ ကြည့်နေပြီး အမူအရာများမှာ စိုးရိမ်ပူပန်မှုနှင့် ဘာလုပ်ရမှန်းမသိသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အငယ်ဆုံးတစ်ယောက်မှာ ဘေးမှကလေးတစ်ယောက်၏ အင်္ကျီစကို အဆက်မပြတ် ဆွဲကိုင်ထားပြီး သူမ၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
အလင်းရောင်ကြောင့် ဖြစ်မည်၊ သူတို့၏မျက်လုံးများမှာ အမြဲတမ်း မှေးမှိတ်ထားပြီး မျက်ရည်များမှာ အထိန်းအကွပ်မရှိ စီးကျနေကာ ရွှံ့များဖြင့်ပေကျံနေသော မျက်နှာပေါ်တွင် ထင်ရှားသော အစင်းကြောင်းနှစ်ခု ဖြစ်ပေါ်နေသည်။
"နင်တို့က ဘယ်သူတွေလဲ… ဒီကို ဘာလာလုပ်တာလဲ" ဟု ဝမ်ရှီရှီသည် ကလေးများဖြစ်နေသည်ကို မြင်၍ ဦးအောင်မေးလိုက်သည်။
"လူ... လူတစ်ယောက်က ကျွန်တော်တို့ကို ဒီကိုလာခိုင်းလို့ပါ" အရပ်အမြင့်ဆုံးတစ်ယောက်က သတ္တိအရှိဆုံးဖြစ်မည်မှာ ထင်ရှားသည်။ သူက အားတင်း၍ ဆိုပြီးနောက် "သူက ဒီမှာ ဗိုက်ဝအောင် စားရတယ်လို့ ပြောတယ်" ဟု တစ်ခွန်းထပ်ဖြည့်လိုက်သည်။
လော်ယွမ်သည် ဤသူများ မည်သည့်နေရာမှဖြစ်ကြောင်း အကြမ်းဖျင်းနားလည်လိုက်ပြီး ဝမ်ရှီရှီကို တိတ်တိတ်နေရန် အချက်ပြလိုက်ကာ "ဘာလို့ မင်းတို့သုံးယောက်တည်းလဲ… တခြားသူတွေရော" ဟု မေးလိုက်သည်။
"သူတို့ ကမလာချင်ဘူး… ကျွန်တော်တို့ကိုပဲ လာခိုင်းတာ… မဟုတ်ရင် ကျွန်တော်တို့သုံးယောက်ကို အငတ်ခံခိုင်းမယ်တဲ့" ဟု ထိုချာတိတ်လေးက သတ္တိမွေး၍ ဆိုလိုက်ရာ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပေါ်ထွက်လာသည်။
လော်ယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထိုလူများထံတွင်လည်း စားစရာသိပ်မကျန်တော့သည်မှာ ထင်ရှားလှသည်။ မိဘမဲ့ဖြစ်သော ဤကလေးများကို မောင်းထုတ်ခြင်းက နောက်ဆုံးလက်ကျန်စားစရာများကို ခြွေတာရန်ဖြစ်မည်မှာ သေချာသည်။
"အဲ့လူတွေ တော်တော်ယုတ်မာတာပဲ" ဟွမ်ကျားဟွေက ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်၊ "ဒီကိုလာကြ… နင်တို့နာမည်ဘယ်လိုခေါ်လဲ"
"ကျွန်တော့်နာမည် တန့်ဝေပါ… ကျေးဇူးပါမမ" ဟု စောစောက စကားပြောသော ချာတိတ်လေးက ချက်ချင်းပင် ချိုသာစွာဆိုလိုက်ရာ မျက်နှာလေးမှာ ဝမ်းသာအားရသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ကျွန်တော့်နာမည် ကျုံးချူ့ချန်ပါ… ကျေးဇူးပါမမ"
"ချန်... ချန်ကျားယိပါ… ကျေး... ဇူး" ဟု အမြဲတမ်းခေါင်းငုံ့ထားသော ကလေးမလေးက မဝင့်မရဲ မော့ကြည့်လိုက်ပြီး အားလုံးကို တစ်ချက်ခိုးကြည့်ကာ လျင်မြန်စွာ ခေါင်းပြန်ငုံ့လိုက်သည်။
"ရှီရှီ… သူတို့ကိုလမ်းမှာစားဖို့ စားစရာနည်းနည်း သွားယူပေးလိုက်" ဟု လော်ယွမ်က ဆိုသည်။ ဝမ်ရှီရှီသည် သွားရည်စာစားသည့်အကျင့်ရှိပြီး အိတ်ထဲတွင် အမြဲတမ်း တစ်ခုခုထည့်ထားကာ အားလပ်ချိန်များတွင် တဂျွတ်ဂျွတ် ဝါးနေတတ်ပြီး သူမ၏ပါးစပ်လေးမှာ မည်သည့်အခါမျှ မနားပေ။
"ဟုတ်" ဟု ဝမ်ရှီရှီက ဆိုပြီး သူမ၏ကျောပိုးအိတ်ကို ဖွင့်ကာ ကြက်ဥအရွယ်အစားရှိ အသားခြောက်အနည်းငယ်ကို ရှာဖွေပြီး "ဒီအသားက အရမ်းမာတယ်… တစ်မျှင်ချင်းခွာပြီး စားမှရမယ်" ဟု ဆိုကာ ကမ်းပေးလိုက်သည်။
သို့သော် ဝမ်ရှီရှီ၏စေတနာမှာ အရာမထင်ပေ။ ကလေးများမှာ ဆာလောင်မွတ်သိပ်နေကြပြီဖြစ်ရာ အသားခြောက်ကို ယူပြီးနောက် အငမ်းမရ စားသောက်ကြသည်။ ဝါး၍မရသည်ကို တွေ့သောကြောင့် အလုံးလိုက်ပင် မျိုချလိုက်ကြရာ နင်လုနီးပါး ဖြစ်သွားကြသည်။
"ဟုတ်ပြီ… အချိန်မဆွဲတော့ဘူး ငါတို့သွားရအောင်" ဟု လော်ယွမ်က အကြည့်ကို ရွှေ့လိုက်ပြီး အချိန်ကိုကြည့်ကာ ဆိုလိုက်ပြီးနောက် လေချွန်လိုက်သည်။
ဧရာမဖွတ်ကြီး၏ ကြီးမားသောခန္ဓာကိုယ်သည် မကြာမီမှာပင် လူတိုင်း၏ရှေ့မှောက်တွင် ပေါ်ထွက်လာရာ ကလေးသုံးယောက်မှာ မျက်နှာများဖြူဖျော့သွားပြီး အရပ်အမြင့်ဆုံးဖြစ်သော တန့်ဝေပင်လျှင် ဒူးများတုန်ကာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ အငယ်ဆုံးမိန်းကလေးမှာမူ ငိုတော့မည်ဖြစ်သော်လည်း အားတင်း၍ ထိန်းချုပ်ထားပြီး ကျုံးချူ့ချန်အမည်ရှိ ယောက်ျားလေးကိုသာ လက်ဖြင့် တင်းကျပ်စွာ ဆွဲထားသည်။
ဟွမ်ကျားဟွေသည် ဤမြင်ကွင်းကို သတိပြုမိ၍ လျှောက်သွားကာ ပြုံးလျက် နှစ်သိမ့်သည်။ "မကြောက်ပါနဲ့… သူကအမတို့မွေးထားတာလေ"
"သူ... သူ တကယ် လူကိုမစားဘူးလား" ဟု တန့်ဝေက ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုရာ မျက်နှာမှာ ဖြူဖျော့နေသည်။
"ဟွန့်… ဖွတ်ကြီးက အရမ်းလိမ္မာတာ… ဘယ်တော့မှ လူမစားဘူး… ခဏနေရင် ငါတို့တောင် သူ့ကျောပေါ်မှာ တက်စီးရမှာ" ဟု ဝမ်ရှီရှီက သူတို့ကြောက်လန့်၍ မတ်တပ်ပင်မရပ်နိုင်သည်ကို မြင်၍ မကျေမနပ်ဖြင့် ဆိုသည်။
"ကျော... ကျောပေါ်မှာ" တန့်ဝေက တုန်ယင်စွာ ဆိုပြီး ငိုတော့မလိုဖြစ်နေသည်။ "ဒါ... ဒါဆို ကျွန်တော် တို့ မစီးလို့မရဘူးလားဟင်"
"မရဘူး… နင်တို့ကဖွတ်ကြီးထက် ပိုမြန်အောင် ပြေးနိုင်လို့လား" ဝမ်ရှီရှီက နှုတ်ခမ်းစူပြီး "ကလေးတွေက တော်တော်ကြောက်တတ်တာပဲ" ဟုတွေးလိုက်သည်။
ဤကလေးများသည် အမြဲတမ်း အလင်းရောင်မရှိသော စူပါမားကတ်ထဲတွင် နေထိုင်ခဲ့ကြရာ အနိမ့်ဆုံးအဆင့် သန္ဓေပြောင်းသတ္တဝါကိုပင် ရှားရှားပါးပါးသာ မြင်ဖူးကြသည်။ ဤသို့သောမြင်ကွင်းမျိုးကို မည်သို့ မြင်ဖူးမည်နည်း။ ငရဲဘုံသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ သို့သော် သူတို့၏ထိတ်လန့်မှုမှာ မပြီးဆုံးသေးပေ။ ချန်ရှင်းဖုံ အပြင်မှ စိတ်ရိုင်းများဖြေလျှော့ပြီး ပြန်လာသည့်အခါ သူတို့ နောက်တစ်ကြိမ် ထိတ်လန့်ကြောက်ရွံ့သွားကြပြန်သည်။
ဟော်တုံက သူတို့သုံးယောက်ကို ဧရာမဖွတ်ကြီး၏ကျောပေါ်သို့ ဆွဲတင်လိုက်ပြီး ပတ်ဝန်းကျင်မှလူအများစုမှာ ပုံမှန်အမူအရာရှိနေသည်ကို မြင်မှသာ သူတို့အသက် ပြန်ရှူနိုင်တော့သည်။
သူတို့အတွက်မူ ယနေ့မြင်ကွင်းက သေဆုံးသည့်အချိန်အထိ သူတို့၏မှတ်ဉာဏ်ထဲတွင် ထာဝရကျန်ရစ်နေပေလိမ့်မည်။
.............................................................
နောက်ဆုံးတွင် သူတို့အဖွဲ့က ခရီးကို စတင်ခဲ့ကြသည်။ ဧရာမဖွတ်ကြီး၏ကျောပေါ်တွင် လူနှစ်ဆယ်ကျော် တက်စီးကြရာ အနည်းငယ် ကြပ်ညပ်နေပြီး အနည်းငယ်သတိမထားမိလျှင် လျှောကျသွားနိုင်သည်။ ထို့အပြင် မိဝါမှာလည်း အနည်းငယ်အားနည်းနေသေးသောကြောင့် လမ်းတစ်လျှောက်လုံးတွင် လော်ယွမ်က ဧရာမဖွတ်ကြီးကိုမပြေးခိုင်းဘဲ လမ်းသာလျှောက်စေခဲ့သည်။
ကောင်းကင်တွင် မည်းမှောင်သောတိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး မင်ရည်အိုးတစ်လုံးနှင့် တူ၏။
တစ်နာရီမပြည့်မီမှာပင် ကောင်းကင်မှ မိုးစက်များ တဖွဲဖွဲကျဆင်းလာသည်။ အားလုံး စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် မရပ်တန့်ဘဲ ရှေ့ဆက်ခရီးနှင်ကြသည်။ ကျားဖိန်မြို့ပြင်သို့ တဖြည်းဖြည်းရောက်ရှိလာသည်နှင့်အမျှ လမ်းမှာ ပိုမိုခက်ခဲလာပြီး နေရာများစွာတွင် လမ်းများမှာ ပျောက်ကွယ်လုနီးပါးဖြစ်ကာ တောအုပ်၏အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။
နေ့လယ်ခင်းနီးသည့်အချိန်တွင် သူတို့အဖွဲ့ အဝေးပြေးလမ်းမကြီးပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိမှသာ လမ်းက အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။ ထိုအချိန်အတွင်း ထွက်ပြေးနေသော ပျံသန်းနိုင်သည့် သတ္တဝါအုပ်တစ်အုပ်သည် အနီးအနားမှ ပျံသန်းသွားရာ ဤသည်မှာ ထိတ်လန့်မှုကို ယူဆောင်လာရုံသာမက လူတိုင်း၏စိတ်ထဲမှ စိုးရိမ်စိတ်ကိုလည်း ပိုမိုတိုးပွားစေသည်။
နေ့လယ်စာကိုမူ ဤအချိန်တွင် ဂရုမစိုက်နိုင်တော့ပေ။ လူတိုင်း ခရီးကို အရှိန်မြှင့်ကြသော်လည်း တစ်နာရီမပြည့်မီမှာပင် သူတို့အဖွဲ့ ရပ်တန့်လိုက်ရသည်။
ရှေ့မှလမ်းမှာ ပြတ်တောက်နေသည်။
အဝေးပြေးလမ်းမကြီးမှာ ပြိုကျပျက်စီးနေပြီး အရှည်မှာ မီတာရာပေါင်းများစွာ ရှိသည်။ အကယ်၍ ရှေ့ဆက်သွားမည်ဆိုပါက ရှေ့မှလမ်းမှာလည်း ဆက်တိုက်ပြတ်တောက်နေပြီး မျက်စိတဆုံးရှိ၁၀ကီလိုမီတာကျော်ရှည်သောလမ်းမှာ ၁၀ပိုင်းကျော်အထိ ပြတ်တောက်ကာ ပြင်းထန်စွာ ပြိုကျပျက်စီးနေသည်။ ပို၍အလှမ်းဝေးသောနေရာကိုမူ မျက်လုံးဖြင့် ရှင်းလင်းစွာမမြင်နိုင်သော်လည်း အခြေအနေမှာ ကောင်းမွန်မည်မဟုတ်သည်မှာ ထင်ရှားလှသည်။
လော်ယွမ်သည် မြေပြိုကျနေသောနေရာတွင် ရပ်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုကုတ်လိုက်ရာ ရေစက်များ လွင့်စဉ်သွားသည်။ "ရှေ့က ခံတပ်စခန်းထဲမှာ ခဏနားကြမယ်… ထမင်းစားပြီးမှ ဆက်သွားကြတာပေါ့" ဟု အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
........................
အပြင်ဘက်တွင် မိုးက မရပ်မနားရွာသွန်းနေပြီး ပိုမိုသည်းထန်လာမည့်အလား ရှိသည်။
ခံတပ်စခန်းအတွင်းပိုင်းတွင် ရေစိမ့်ဝင်မှုမှာ ပြင်းထန်ပြီး အတွင်းမှ သစ်သားကုတင်များမှာ အတိုင်းအတာတစ်ခုအထိ စိုစွတ်နေသည်။ အချိန်အတော်ကြာရှာဖွေပြီးနောက် ဟော်တုံက ထောင့်တစ်နေရာတွင် ဆွေးမြေ့နေသော သစ်သားလက်ကိုင် တံမြက်စည်းတစ်ချောင်းကို တွေ့မှ မီးမွှေးနိုင်ခဲ့သည်။
လော်ယွမ်က အပြင်ခဏထွက်သွားပြီး ပြန်လာသည့်အခါ သူ၏လက်ထဲတွင် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါနှစ်ကောင် ပါလာသည်။ အမျိုးသမီးအချို့က ရိုးရှင်းစွာ ကိုင်တွယ်ပြီးနောက် အိုးထဲသို့ ပစ်ထည့်လိုက်သည်။
တောက်လောင်နေသောမီးလျှံများက ယိမ်းနွဲ့လှုပ်ခါနေသည်။ ကလေးသုံးယောက်မှာ မီးပုံဘေးတွင် အားကုန်တိုးကပ်နေသော်လည်း အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်နေကာ အသံမထွက်ဘဲ အားတင်းထားကြသည်။
ဟွမ်ကျားဟွေက သူတို့၏နဖူးကို စမ်းကြည့်လိုက်ရာ အလွန်ပူလောင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေပြီး သာမန်လူလောက်ပင် မရှိပေ။ စိုစွတ်အေးစက်သော မိုးရေစိုခံရသောအခါ ဖျားနာခြင်းမှာ မဆန်းတော့ပေ။
ဟွမ်ကျားဟွေက လော်ယွမ်ကို အချက်ပြလိုက်ရာ လော်ယွမ်က ခေါင်းညိတ်ပြသည်။
သူမက ထရပ်ကာ အထုပ်ထဲမှ အစာတောင့်တစ်တောင့်ကို သတိဖြင့် ထုတ်ယူလိုက်ပြီး ခဏစဉ်းစားကာ ငါးပုံတစ်ပုံကို လှီးဖြတ်၍ ကျောက်အိုးထဲသို့ ထည့်လိုက်သည်။ သူတို့၏မနေ့က အခြေအနေအရ သုံးပုံတစ်ပုံထည့်လျှင် ရှေ့ဆက်ခရီးနှင်ရန် အနှောက်အယှက်ရှိပေလိမ့်မည်။
မကြာမီမှာပင် မွှေးကြိုင်သောရနံ့တစ်ခု ထပ်မံပျံ့လွင့်လာရာ စစ်သားအချို့မှာ စိတ်များလန်းဆန်းသွားပြီး အကြည့်များမှာ အလိုအလျောက် ဆွဲဆောင်ခံလိုက်ရသည်။ ကျိုးရိချန်နှင့် စစ်သားအချို့မှာ ထိုအရာက ထူးဆန်းသည်ဟု ထင်သော်လည်း အသိတရားရှိစွာဖြင့် ဘာမှမပြောကြပေ။
လော်ယွမ်က မြေပုံကို ခဏတာလေ့လာပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ အဝေးပြေးလမ်းမကြီးထက် ပိုကောင်းသောလမ်း မရှိတော့ပေ။ အခြားလမ်းများဆိုလျှင်၊ ဥပမာ ပြည်ထောင်စုလမ်းမကြီးမှာမူ တောအုပ်နီးပါး ဖြစ်နေလောက်ပြီဖြစ်သည်။ သန္ဓေပြောင်းအပင်များ၏ အမြစ်များ၏ အားကောင်းသော တိုက်စားနိုင်စွမ်းကြောင့် ကွန်ကရစ်မြေများမှာ ကြေမွပြိုကွဲသွားလောက်ပြီဖြစ်သည်။
နေ့လယ်စာစားပြီးနောက် ကလေးသုံးယောက်မှာ ယခင်ကထက် သိသိသာသာ လန်းဆန်းလာကြပြီး အဖျားပင် အနည်းငယ်ကျသွားသည်။ အစာတောင့်ကြောင့် စိတ်များပင် တက်ကြွနေသကဲ့သို့ ဖြစ်နေသည်။
လူတိုင်း၏အခြေအနေ ကောင်းမွန်သည်ကို မြင်သောအခါ လော်ယွမ်သည် အချိန်မဆွဲရဲတော့ဘဲ ခရီးကိုတဖန်ပြန်လည် စတင်လိုက်သည်။
လမ်းပျက်စီးနေသောနေရာမှာ မြေပြင်မှ ၂၁ပေခန့် နိမ့်ကျပြီး အောက်တွင်မူ ထူထပ်သော ချုံပုတ်များဖြင့် ပြည့်နှက်နေသည်။ အပေါ်မှကြည့်လျှင် ကြီးမားသော ကွန်ကရစ်တုံးများ၊ သံချေးတက်နေသော သံမဏိချောင်းများနှင့် ချုံပုတ်များ ကျိုးပဲ့နေသော အရာရာများကို မြင်နိုင်သည်။ ဤနေရာသည် ပြိုကျသည်မှာ မကြာသေးကြောင်း ထင်ရှားလှသည်။
၎င်းက သတင်းကောင်းတစ်ခု မဟုတ်ပေ။
ဤသည်မှာ သဘာဝအကြောင်းတရားကြောင့်မဟုတ်လျှင် ပြိုကျစေသည့်အကြောင်းရင်းက ဒီနားတဝိုက်တွင်ပင် ရှိနေနိုင်သေးသည်။
သူက အောက်သို့ တစ်ချက်ကြည့်လိုက်ပြီး ခတ္တတုံဆိုင်းကာ တိုက်ရိုက်ခုန်ချလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် သူက အန္တရာယ်နှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် နောက်ဆုတ်၍လည်းမရတော့ချေ။
ရှေ့ဆက်သွားမလား၊ အသေခံမလားသာ ရှိတော့သည်။
ဆက်ရန်…
အပိုင်း(၁၇၄)ကျားခေါင်းနဂါး
လော်ယွမ် ဤမျှမြင့်သောနေရာမှ တိုက်ရိုက်ခုန်ချသွားသည်ကိုမြင်သောအခါ စစ်သားအချို့၏မျက်နှာများမှာ ပျက်သွားပြီး အလျင်အမြန် ခေါင်းပြူကာ အောက်သို့ငုံ့ကြည့်လိုက်ကြသည်။
သူက ကျလာသောအရှိန်ကို သက်သာစေသော လှုပ်ရှားမှုမျိုး တစ်ခုမှမလုပ်ဘဲ ကွန်ကရစ်တုံးတစ်ခုပေါ်သို့ "အုန်း" ဟူသော အသံနှင့်အတူ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။ နောက်တစ်ခဏတွင် သူက မတ်တပ်ရပ်လိုက်ပြီး ကွန်ကရစ်တုံးပေါ်မှ အေးဆေးစွာ ဆင်းသက်ကာ အခြားနေရာများသို့ လျှောက်လှမ်းသွားသည်။ စစ်သားအချို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်ထဲတွင် အလွန်တုန်လှုပ်သွားကြသည်။
လော်ယွမ် လျှောက်လှမ်းသွားသည်နှင့်အမျှ မရေမတွက်နိုင်သော ပိုးမွှားသားရဲများမှာ သူ၏ကျန်းမာတောက်ဓား အရှိန်အဝါ ၏သက်ရောက်မှုကြောင့် ဤနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ အချို့ ထွက်မပြေးနိုင်သောကောင်များမှာမူ ခန္ဓာကိုယ်တောင့်တင်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ လော်ယွမ် တစ်ပတ်ပတ်လျှောက်ကာ အဆင့်နိမ့်သန္ဓေပြောင်းသက်ရှိအားလုံးကို မောင်းထုတ်လိုက်သည်။
ဤနေရာမှ မြေပြင်ကို ယခင်က ဘိလပ်မြေဖြင့် လောင်းထားသောကြောင့် ချုံပုတ်များမှာ သိပ်မမြင့်မားဘဲ ကျိုးတိုးကျဲတဲသာ ပေါက်ရောက်နေသည်။ သို့သော် အပင်တိုင်း၏အကိုင်းအခက်များမှာ လိမ်ကောက်နေပြီး သက်တမ်းရင့်ကာ အလွန်မာကျောလှသည်။ မရေမတွက်နိုင်သောနှစ်များစွာ ရှင်သန်ခဲ့သကဲ့သို့ ထင်ရ၏။
ဤနေရာတွင် နွယ်ပင်များမှာ မများပြားဘဲ တစ်မျိုးတည်းသာရှိသည်။ အလွန်သေးငယ်ပြီး တူတစ်ချောင်းစာခန့်သာ တုတ်သည်။ ပင်စည်ပေါ်တွင် အကြေးခွံကဲ့သို့သော ပုံမှန်အစင်းရာများ ရှိနေပြီး အလွန်ခိုင်မာပုံရသည်။ လော်ယွမ်သည် နွယ်ပင်တစ်ပင်ကိုရှာဖွေကာ အားကုန်သုံး၍ ဆွဲကြည့်လိုက်ရာ တစ်ကိုယ်လုံးရှိအားအကုန်သုံးသည့်တိုင် ၎င်းကို ဆွဲဖြတ်နိုင်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရသည်။
ဤအရာက ခန္ဓာကိုယ်အလေးချိန်ကို ကောင်းစွာခံနိုင်ပေလိမ့်မည်။
လော်ယွမ်က နွယ်ပင်အနည်းငယ်ကိုရှာဖွေကာ ကျန်းမာတောက်ဓားဖြင့် တစ်ပင်ချင်းစီ ဖြတ်တောက်လိုက်ပြီးနောက် တစ်ပင်နှင့်တစ်ပင် သေချာစွာချည်နှောင်ကာ ပေ၃၀ခန့်ရှည်သော ကြိုးတစ်ချောင်းအဖြစ် ပြုလုပ်လိုက်သည်။ လုံခြုံရေးအတွက် လော်ယွမ်က တစ်ကြိမ်ထပ်မံစစ်ဆေးပြီး ပြဿနာအဖြစ်နိုင်ဆုံး ချည်နှောင်ထားသောနေရာကို တစ်ကြိမ်ထပ်မံချည်နှောင်ကာ အားကုန်သုံး၍ ဆွဲကြည့်လိုက်သည်။ နောက်ဆုံးတွင် အစွန်းတစ်ဖက်ကို ကျောက်တုံးတစ်တုံးဖြင့်ချည်နှောင်ကာ အမြန်လမ်းမကြီးပေါ်သို့ ပစ်တင်လိုက်သည်။
"အားလုံး ကြိုးကိုကိုင်ပြီး တစ်ယောက်ချင်းစီ ဆင်းခဲ့… သတိထားကြနော်" ဟု လော်ယွမ်က ဆို၏။
ပထမဆုံးဆင်းလာသူများမှာ ကလေးသုံးယောက်ဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်ကို ကြိုးဖြင့်ချည်နှောင်ထားပြီး အပေါ်မှလူများက ကြိုးစတစ်ဖက်ကိုကိုင်ကာ ဖြည်းညင်းစွာ ချပေးသည်။ ထို့နောက် ဟွမ်ကျားဟွေတို့ အမျိုးသမီးများနှင့် ဟော်တုံတို့အဖွဲ့၊ နောက်ဆုံးတွင်မှ စစ်သားများ ဆင်းသက်လာကြသည်။
ဤဖြစ်စဉ်တစ်ခုလုံးကို လော်ယွမ်က စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ ကလေးသုံးယောက်ကိုထည့်မတွက်ဘဲ ဟွမ်ကျားဟွေ ကြိုးကိုစတင်ကိုင်သည့်အချိန်မှ ချန်ရှန်ဖုန်း မြေပေါ်သို့ရောက်ရှိသည့်အချိန်အထိ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
စစ်သားများမှာမူ လူဦးရေအများဆုံးဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း များစွာနိမ့်ကျသည့်အပြင် ဒဏ်ရာရသူများလည်း အများအပြားပါဝင်သော်လည်း လှုပ်ရှားမှုအမြန်ဆုံးဖြစ်ကာ စုစုပေါင်း သုံးမိနစ်ပင်မကြာပေ။
ဤအချက်တစ်ခုတည်းဖြင့်ပင် တင်းကျပ်သောစည်းကမ်းရှိသည့် စစ်ဘက်အဖွဲ့အစည်းနှင့် လော်ယွမ်၏ လျော့ရဲနေသော သာမန်အဖွဲ့တို့၏ ကွာခြားချက်ကို မြင်တွေ့နိုင်သည်။
စွမ်းအားကို ဘေးဖယ်ထားလျှင်ပင် ဤသို့သော စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံမှုတစ်ခုတည်းဖြင့်ပင် သူ၏လူများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသာ တိုးတက်လာပါက ဤစည်းကမ်းလိုက်နာမှုဖြင့် ထုတ်ဖော်နိုင်မည့် တိုက်ခိုက်ရေးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာမည်မှာ သေချာသည်။
သို့သော် လော်ယွမ်ကလည်း ကမ္ဘာမပျက်မီက သာမန်ပြည်သူတစ်ဦးသာဖြစ်သည်။ ယခုကဲ့သို့အတူတကွစုစည်းနေခြင်းမှာ ရည်မှန်းချက်ကြီးမား၍လည်းမဟုတ်၊ အာဏာကိုလိုချင်၍လည်းမဟုတ်ဘဲ မိမိတတ်နိုင်သလောက် လူတစ်ယောက်ပိုကယ်တင်နိုင်ရန်သာ ဖြစ်သည်။ စည်းကမ်းလိုက်နာမှုဖြင့် တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာရန် မျှော်လင့်နေရသည်ထက် မိမိ၏အဆင့်ကို တစ်ဆင့်တိုးတက်အောင် ကြိုးစားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် ဤခရီးစဉ်သာ အဆင်ပြေချောမွေ့ပါက နောင်တွင် ဤသို့သောအသက်ကို အသက်လု နေထိုင်ရသည့်ဘဝမျိုးဖြင့် နေထိုင်ရန်မလိုတော့ပေ။
လော်ယွမ်၏အတွေးများမှာ တစ်ချက်ဖြတ်ပြေးသွားသည်။ ဧရာမဖွတ်က အပေါ်မှခေါင်းပြူကာ ခုန်ချတော့မည့်ဟန်ပြုနေသည်ကိုမြင်သောအခါ လော်ယွမ်က အားလုံးကို ဘေးသို့ရှောင်ပေးရန် အလျင်အမြန်ပြောလိုက်သည်။
အားလုံးမှာ ထိတ်လန့်တကြားဖြင့် ဘေးသို့ရှဲသွားကြပြီး ပတ်ဝန်းကျင်တွင် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာသည်။
အားလုံး၏ထိတ်လန့်တကြားအကြည့်များအောက်တွင် ဧရာမဖွတ်၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာ ကောင်းကင်မှကျဆင်းလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်ကာ "အုန်း" ဟူသောအသံကြီး ထွက်ပေါ်လာသည်။ တန်ချိန်ဆယ်ချီလေးသောခန္ဓာကိုယ်အလေးချိန်ကြောင့် ကွန်ကရစ်တုံးတစ်တုံးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။
"ညီလေးယွမ်… သူ့ကို ဘယ်လိုလေ့ကျင့်ပေးထားတာလဲ… နောက်ကျရင် ကျွန်တော်လည်း အဲ့လိုတစ်ကောင်လောက် မွေးကြည့်ချင်တယ်" ဟု ကျိုးရိချန်က အံ့အားသင့်ကာ အတည်လိုလို၊ နောက်သလိုလိုဖြင့် မေးလိုက်သည်။
ဤသည်မှာ အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုဖြစ်သည်။ အကယ်၍ အများပြည်သူသိရှိအောင် ဖြန့်ဝေနိုင်ပါက လက်ရှိအခြေအနေအတွက် အားတက်စေသောဆေးတစ်လုံးဖြစ်ပေလိမ့်မည်။ စစ်တပ်တွင် စစ်အသုံးတော်ခံ သားရဲတပ်မတော်တစ်ခုသာ တိုးလာပါက အဘက်ဘက်မှ သက်ရောက်မှုများနှင့် နောင်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကျိုးသက်ရောက်မှုမှာ ခန့်မှန်း၍ပင်မရနိုင်ပေ။
"ရိုက်နှက်ပြီး ယဉ်ပါးအောင်လုပ်ထားတာ" လော်ယွမ်က သူ့ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။ "အသိဉာဏ်ရှိတဲ့ သန္ဓေပြောင်းသတ္တဝါတွေက သေရမှာကို ပိုကြောက်ကြတယ်လေ… အင်းပေါ့အဲ့လိုနည်းလမ်းအပြင် ငယ်ငယ်ကတည်းကလေ့ကျင့်ပေးရင်လည်းရတယ်… အဲ့အတွက်ခွေးမျိုးနွယ်သန္ဓေပြောင်းသတ္တဝါဆိုရင်တော့ အကောင်းဆုံးပဲ… ကျွန်တော်သိသလောက်ဆို စစ်တပ်မှာ စစ်ခွေးတွေလေ့ကျင့်ပေးလေ့ရှိတယ်မလား… အဲ့ဒါကိုချဲ့ထွင်နိုင်ရင် ရလောက်တယ်"
လော်ယွမ်သည် ကျိုးရိချန်၏စိတ်ထဲမှအကြံကို သိသော်လည်း သူ မူလကတည်းက ဖုံးကွယ်ထားရန် အစီအစဉ် မရှိပေ၊ မလိုအပ်ဟုလည်း ထင်သည်။ သူပင်လျှင် ထိုသို့သောနည်းလမ်းကို တွေ့ရှိနေပြီဖြစ်ရာ နိုင်ငံတော်၏အင်အားဖြင့် မည်သို့မတွေ့ရှိဘဲ နေမည်နည်း။ ထို့အပြင် ဤသည်မှာ ရှင်းလင်းမြင်သာသောကိစ္စဖြစ်ရာ ဤအရာကို လျှို့ဝှက်ချက်အဖြစ်ထားခြင်းက အခြားသူများကို ငတုံးငအများဟု သတ်မှတ်နေခြင်းနှင့်တူသည်။ ကျဆုံးနယ်မြေတွင် သတင်းအချက်အလက်မပြည့်စုံသော ဤစစ်သားများကဲ့သို့ လူများသာ မသိရှိခြင်းဖြစ်ပေမည်။
လော်ယွမ်၏အကြည့်တစ်ချက်ကြောင့် အတွေးအားလုံးကို ထွင်းဖောက်မြင်ခြင်းခံလိုက်ရသကဲ့သို့ဖြစ်ရာ ကျိုးရိချန်က ဖုံးကွယ်ကာ ရယ်မောလိုက်ပြီး "စစ်ခွေးလား… ဒါဆိုရင်တော့ မျှော်လင့်ချက်မရှိတော့ဘူးထင်တယ်… ခွေးမြင်တိုင်း ခွေးသားစားချင်စိတ်ပေါက်နေတော့ ခွေးတွေက ကျွန်တော့်ကိုမြင်ရင် ကိုက်ချင်ကြတယ်" ဟု ဆို၏။
"ခင်ဗျားအခုကစပြီး အဲ့စကားကို ထုတ်မပြောတာ အကောင်းဆုံးပဲ"
"ဘာဖြစ်လို့လဲ" ဟု ကျိုးရိချန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဒီမှာ ခွေးရှိနေတယ်လေ" လော်ယွမ်က ထူးဆန်းသောအမူအရာဖြင့် ဆို၏။
စကားသံမဆုံးမီမှာပင် မိဝါလည်း ခုန်ချလာသည်။ သူသည် အပြည့်အဝမကျန်းမာသေးရာ ယခုအခါတွင် အနည်းငယ်အားအင်ကုန်ခန်းနေဟန်ဖြင့် မြေပေါ်တွင် ခဏမျှဝပ်နေပြီးမှ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။ ထရပ်လိုက်ချိန်တွင် မီးသီးလုံးပမာကြီးမားသောမျက်လုံးများက ကျိုးရိချန်ကို မတော်တဆကြည့်မိသွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဒါ… ဒါက ခွေးလား" ကျိုးရိချန်သည် အသံလှိုင်းကြောင့် နားစည်များ တုန်ခါသွားပြီး အတော်ကြာမှ စကားထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်နိုင်သည်။
ဤသို့သော သန္ဓေပြောင်းသားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကိုခံရခြင်းက သူ့အပေါ် သက်ရောက်စေသောဖိအားမှာ ပြောပြ၍ပင်မရနိုင်ပေ။
အမှန်တကယ်တွင် ဤအဆင့်အထိ ဆင့်ကဲပြောင်းလဲလာပြီးနောက် မိဝါနှင့် သာမန်ခွေးမျိုးမှာ လုံးဝမျိုးစိတ်နှစ်ခုဖြစ်သွားပြီဖြစ်သည်။ ခွေးမျိုးနွယ်များနှင့်နှိုင်းယှဉ်လျှင် သူ၏ပါးစပ်မှာ များစွာကျယ်ပြန့်လာပြီး မျက်နှာအချိုးအစားမှာလည်း ပြောင်းလဲသွားသည်။ ခြေလက်များမှာ တုတ်ခိုင်အားကောင်းလာပြီး ကြီးမားကျယ်ပြန့်သောခန္ဓာကိုယ်မှာ ခွေးမျိုးနွယ်များ၏ ပိန်သွယ်သောခန္ဓာကိုယ်နှင့် လုံးဝမသက်ဆိုင်တော့ပေ။
မီးကဲ့သို့အမွေးများကိုပါ ထည့်တွက်မည်ဆိုလျှင် မိဝါမှာ ခွေးတစ်ကောင်နှင့်တူသည်ဟုဆိုရသည်ထက် ခြင်္သေ့တစ်ကောင်နှင့် ပို၍တူပေလိမ့်မည်။ ဧရာမခြင်္သေ့တစ်ကောင်ပင် ဖြစ်ပေလိမ့်မည်။
"တပ်ခွဲမှုး… ဒီမှာ ပြဿနာတစ်ခုရှိတယ်" ထိုအချိန်တွင် စစ်သားတစ်ဦးက တစ်စုံတစ်ခုကို တွေ့ရှိဟန်တူသည်။
ကျိုးရိချန်သည် နေရာမှထွက်ပြေးသည့်အလား လျင်မြန်စွာ ပြေးသွားရာ လော်ယွမ်လည်း နောက်မှလိုက်သွားသည်။
ဤသည်မှာ တံတားဒေါက်တိုင်တစ်ပိုင်းဖြစ်ပြီး ချုံပုတ်ထဲတွင် စောင်းလျက်လဲကျနေသည်။ သာမန်လူများသာဆိုလျှင် မြင်သည့်တိုင် ဂရုပြုမိမည်မဟုတ်ပေ။ သို့သော် ကျွမ်းကျင်သူများ၏အမြင်တွင်မူ ၎င်းမှ သတင်းအချက်အလက်များစွာကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။
"တံတားဒေါက်တိုင်မှာ ဝက်အူရစ်လိုအစင်းရာတွေ ရှိနေတယ်… စုစုပေါင်း လေးရစ်ခွဲလောက်ရှိတယ်… အရစ်ရဲ့မျက်နှာပြင်မှာ ခြစ်ရာတွေ ရှိနေပြီး အတွင်းဘက်ကို ချိုင့်ဝင်နေတယ်… အချင်းဝက်က ၁၇လက်မလောက်ရှိပြီး ခြစ်ရာတွေက ပုံမှန်သင်္ကေတတွေလို ရှိနေတယ်" စစ်သားက အားလုံးရောက်လာသည်ကိုမြင်သောအခါ အလျင်အမြန်ပြောလိုက်သည်။ "ကျွန်တော့်အထင်တော့… အဲ့တာ သန္ဓေပြောင်းသားရဲတစ်ကောင်ရဲ့ လက်ချက်ဖြစ်မယ်… သူ့ခန္ဓာကိုယ်က တော်တော်ရှည်ပြီး မြွေလိုသတ္တဝါဖြစ်နိုင်တယ်"
လော်ယွမ်သည် တံတားဒေါက်တိုင်ပေါ်မှ ပွတ်တိုက်ထားသကဲ့သို့သော အစင်းရာများကို သေချာစွာ စမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ အနည်းငယ် တည်ကြည်သွားသည်။ အချင်း၆ပေခန့်ရှိသော ဤတံတားဒေါက်တိုင်ကို လိမ်ချိုးနိုင်သောစွမ်းအားမှာ သာမန်သန္ဓေပြောင်းသားရဲတစ်ကောင်၏ လက်ချက်မဟုတ်ပေ။ ဧရာမဖွတ်ပင်လျှင် ဤတံတားဒေါက်တိုင်ကို ချိုးဖျက်လိုပါက အကြိမ်အနည်းငယ် ဝင်တိုက်ရမည်ဖြစ်ပြီး ကျိုးမကျိုးမှာလည်း မသေချာပေ။
သူက ချက်ချင်းပင် "တခြားတံတားဒေါက်တိုင်တွေကို ရှာကြည့်… ဒီလိုမျိုး အစင်းရာတွေ ရှိသေးလားလို့" ဟု ဆို၏။
စစ်သားအချို့မှာ ကျိုးရိချန်ကို တစ်ချက်ကြည့်လိုက်ပြီး မလှုပ်မယှက်နေကြသည်။ ကျိုးရိချန်မှာ ဒေါသဖြင့် မျက်နှာမည်းမှောင်သွားသည်။ သူ၏အမြင်တွင် လော်ယွမ်မှာ စကားတစ်ခွန်းတည်းသာ ပြောတတ်ပြီး၊ ပြတ်သားသူဖြစ်ရာ လော်ယွမ်ကို စိတ်ဆိုးသွားမည်စိုးသောကြောင့် "ညီလေးယွမ်ရဲ့စကားက ငါ့စကားပဲ… မင်းတို့ခိုင်းတဲ့အတိုင်းမလုပ်ပဲ ဘာရပ်ကြည့်နေတာလဲ " ဟု အလျင်အမြန်ပြောလိုက်သည်။
လော်ယွမ်မှာ ဤသို့သောအသေးအဖွဲကိစ္စကို အရေးမလုပ်ပေ။ သူက လက်ကိုခါယမ်းလိုက်သည်။
မကြာမီမှာပင် တံတားဒေါက်တိုင်အသစ်များကို တွေ့ရှိခဲ့ကြသည်။ ဤဧရိယာတွင် တံတားဒေါက်တိုင်ခြောက်တိုင်ရှိပြီး နှစ်တိုင်မှာ ဖိအားကြောင့် ကျိုးကျသွားသည်မှာ ထင်ရှားသော်လည်း ကျန်တိုင်များတွင်မူ ဝက်အူရစ်ပုံစံ လိမ်ချိုးထားသောအရာများ ရှိနေသည်။
လော်ယွမ်သည် ခဏမျှချီတုံချတုံဖြစ်ပြီးနောက် ရှေ့သို့ဆက်လက်ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။
ဒုတိယပြိုကျနေသောနေရာမှာ ဤနေရာနှင့် မဝေးလှပေ၊ မီတာရာချီသာ ဝေးသည်။ မိနစ်အနည်းငယ်အကြာတွင် အားလုံး ရောက်ရှိသွားကြသည်။ စိတ်ပျက်စရာကောင်းသည်မှာ ယခင်နေရာကဲ့သို့ပင် ဤနေရာမှ တံတားဒေါက်တိုင်များတွင်လည်း ဝက်အူရစ်ပုံစံ လိမ်ချိုးထားသောအရာများ ရှိနေသည်။
ခရီးတစ်လျှောက်တွင် ဖြတ်သန်းသွားသော ပြိုကျနေသည့်နေရာတိုင်းမှာ ခြွင်းချက်မရှိ ထိုအတိုင်းပင်။ နောက်ဆုံးတွင် သူက အာရုံပင်မစိုက်နိုင်တော့ဘဲ ပြတ်ကျနေသောနေရာသို့ရောက်သည့်တိုင် စစ်ဆေးမနေတော့ပေ။ သူထင်သည့်အတိုင်းမမှားပါက ၇မိုင်ကျော်ရှည်လျားသော ဤပြတ်ကျနေသည့်နေရာတစ်ခုလုံးမှာ သန္ဓေပြောင်းသက်ရှိတစ်ကောင်တည်း၏ လက်ချက်ဖြင့် လိမ်ချိုးခံထားရခြင်း ဖြစ်ပေမည်။
ကံကောင်းသည်မှာ ခရီးတစ်လျှောက်တွင် မည်သည့်အန္တရာယ်မျှ မကြုံတွေ့ရခြင်းပင်။ အန္တရာယ်ရှိသော သန္ဓေပြောင်းသားရဲများမဆိုထားနှင့် အပြာနုရောင်အဆင့်၊ အပြာရောင်အဆင့် သားရဲတစ်ကောင်မျှပင် မတွေ့ရှိခဲ့ရပေ။ ဤဧရိယာတစ်ခုလုံးမှ သန္ဓေပြောင်းသားရဲများမှာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
သို့သော် လော်ယွမ်၏အမူအရာမှာ ပို၍ပင် သတိကြီးစွာထားနေသည်။ နောက်ဆုံးပြတ်ကျနေသောနေရာသို့ နီးကပ်လာသည်နှင့်အမျှ သူ၏နှလုံးမှာလည်း တဖြည်းဖြည်း မြန်ဆန်လာသည်။
ထိုအချိန်တွင် ဧရာမဖွတ်သည် စိတ်မရှည်စွာဖြင့် ခေါင်းကိုခါယမ်းလိုက်ပြီး ခြေလှမ်းများမှာ အနည်းငယ် ချီတုံချတုံဖြစ်နေသည်။ မိဝါမှာမူ နောက်သို့အဆက်မပြတ် ဆုတ်ခွာနေပြီး ခြိမ်းခြောက်ဟိန်းဟောက်သံများ ပြုနေသည်။
လော်ယွမ်သည် ဧရာမဖွတ်ကို အလျင်အမြန် ဝပ်ခိုင်းလိုက်ပြီး အားလုံးကို အောက်သို့ဆင်းခိုင်းလိုက်သည်။
ရုတ်တရက်ပေါ်ပေါက်လာသောအန္တရာယ်က အားလုံး၏စိတ်ကို ဖိစီးစေသည်။ သို့သော် ဟော်တုံတို့ပင်လျှင် တိုက်ပွဲအတွေ့အကြုံမရှိသေးသူများ မဟုတ်ကြတော့ပေ။ စိတ်ထဲတွင် ကြောက်လန့်နေသော်လည်း အားလုံးမှာ လက်နက်များကိုထုတ်ကာ တိုက်ခိုက်ရန်ပြင်ဆင်နေကြသည်။ ကျိုးယလီပင်လျှင် လက်တုန်တုန်ယင်ယင်ဖြင့် ပစ္စတိုကို ထုတ်ယူလိုက်သည်။
သို့သော် အားလုံး အတော်ကြာစောင့်ဆိုင်းနေသည့်တိုင် ရှေ့မှ မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။
"ကိုကြီးယွမ်… သူဘာလို့ ထွက်မလာတာလဲ" ဝမ်ရှီရှီသည် ဆယ်မိနစ်ကျော်စောင့်ဆိုင်းပြီးနောက် လှုပ်ရှားမှုမရှိသည်ကိုမြင်သောအခါ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"အာရုံမပျံ့စေနဲ့" လော်ယွမ်က သူမကို မျက်လုံးစူးစူးဖြင့်ကြည့်လိုက်ပြီး ခဏစဉ်းစားကာ "မင်းတို့ဒီမှာစောင့်နေ… သတိမပြတ်စေနဲ့ ငါသွားကြည့်လိုက်မယ်" ဟု ဆို၏။
ဟွမ်ကျားဟွေ မတားဆီးမီမှာပင် လော်ယွမ်၏ခန္ဓာကိုယ်က ရှေ့သို့ပြေးထွက်သွားပြီး မကြာမီမှာပင် အားလုံး၏အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
သို့သော် ဆယ်မိနစ်ပင်မပြည့်မီမှာပင် သူပြန်ရောက်လာသည်။ လာချိန်တွင် သူ၏လက်ထဲတွင် ရှည်လျားသော သန္ဓေပြောင်းသက်ရှိတစ်ကောင်ကို ဆွဲလာဟန်တူသည်။ ၎င်းမှာ ၃ပေခန့်တုတ်ပြီး အရှည်မှာမူ ချုံပုတ်များ၏ကွယ်နေမှုကြောင့် အားလုံးမှာ ရှင်းလင်းစွာမမြင်ရပေ။
အားလုံးမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် လန့်ဖျပ်သွားကြပြီး ကလေးအချို့မှာ မြေပေါ်တွင် ပုံလျက်သား ဖင်ထိုင်ကျသွားကြသည်။ သို့သော် အသေအချာကြည့်လိုက်မှ ဤသည်မှာ အရေခွံတစ်ခုသာဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
လော်ယွမ်က ဤအရေခွံကို မြေပေါ်သို့ ပစ်ချလိုက်သည်။ ၎င်းမှာ အလွန်ပေါ့ပါးပြီး ရေအိုင်ထဲသို့ကျသောအခါ တိုက်ရိုက်ပေါ်နေသည်။ ဧရာမဖွတ်မှာ အစပိုင်းတွင် နောက်သို့တစ်လှမ်းဆုတ်သွားသော်လည်း ခဏအကြာမှ အနီးသို့ချဉ်းကပ်ကာ အနံ့ခံကြည့်လိုက်ပြီး နှာခေါင်းကိုပြင်းထန်စွာရှုံ့လိုက်သည်။ ရှေ့ခြေဖြင့် ပြင်းထန်စွာ နင်းခြေလိုက်ပြီး အကြိမ်အနည်းငယ် နင်းလျှောက်လိုက်သည်။ ယခင်က ကြောက်လန့်သွားမိသည့်အတွက် ရှက်စိတ်ဖြင့် ဒေါသထွက်နေဟန်တူသည်။
၎င်း ဤသို့ဖျက်ဆီးနေသည်ကိုမြင်သောအခါ လော်ယွမ်က အလျင်အမြန် မောင်းထုတ်လိုက်သည်။
"အကိုယွမ်… ဟိုလိမ်ချိုးထားတဲ့အရာတွေက ဒီသတ္တဝါ အရေခွံလဲချင်လို့များလား" ချောင်လင်းက အနားသို့သိပ်မကပ်ရဲပေ။ အရေခွံတစ်ခုသာဖြစ်သော်လည်း ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ထူးဆန်းသော အရှိန်အဝါ တစ်မျိုး ထုတ်လွှတ်နေသကဲ့သို့ရှိသည်။ အဝေးမှကြည့်ရုံမျှဖြင့်ပင် စိတ်ထဲတွင် တုန်လှုပ်နေသည်။
"ဖြစ်နိုင်တယ်… မဟုတ်ရင် သူက တံတားဒေါက်တိုင်တွေအများကြီးကို လိမ်ချိုးမှာမဟုတ်ဘူး… ဒီသန္ဓေပြောင်းသားရဲက အရင်က မြွေမျိုးနွယ်ဖြစ်ရမယ်… ရှေးခေတ်ကသာဆိုရင် ဒီအရွယ်အစားက နဂါးအဆင့်ရောက်နေပြီ" ဟု ဟော်တုံကလည်း အံ့အားသင့်ကာ စပ်စုချင်စိတ်ဖြင့် အနီးသို့ကပ်ကြည့်လိုက်သည်။ တစ်ခဏအတွင်း ထိုမြွေရေခွံမှာ အသက်ဝင်လာသကဲ့သို့ ထင်မှတ်မိပြီး အလျင်အမြန် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဖုံးကွယ်ရင်း "တကယ်ထူးဆန်းတယ်… မသိရင်အသက်ဝင်နေသလိုပဲ" ဟု ဆို၏။
ဟော်တုံပြောသည်မှာ မှန်သည်။ ဤသည်မှာ အမှန်တကယ်ပင် နဂါးဖြစ်သည်။ စနစ်က သက်ရှိတစ်ခုကို "နဂါး" ဟု အမည်ပေးခြင်းကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ နဂါးမှာ ဒဏ္ဍာရီထဲမှ သက်ရှိဖြစ်သည်။ ယခင်က တစ်ကြိမ်ရှိခဲ့ဖူးသော်လည်း ၎င်းမှာ "မြွေနဂါး" ဖြစ်သည်။ "နဂါး" ဟူသောစာလုံး ပါဝင်သော်လည်း မြွေသာဖြစ်သည်။ စာလုံးအစီအစဉ် ပြောင်းပြန်ဖြစ်သွားရုံမျှဖြင့် အဓိပ္ပာယ်မှာ လုံးဝကွဲပြားသွားသည်။
ဥပမာအားဖြင့် "မြွေနဂါး" ဟုခေါ်လျှင် ၎င်းမှာ အခြေခံအားဖြင့် မြွေသာဖြစ်သည်။ သို့သော် "ကျားခေါင်းနဂါး" ဟုခေါ်လျှင်မူ ၎င်းမှာ အခြေခံအားဖြင့် နဂါးဖြစ်သွားပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်မှာမူ အမှန်တကယ် နဂါးဖြစ်ပြီး တရားဝင်အမည်မှာ "ကျားခေါင်းနဂါး" ဖြစ်သည်။
အမည် - ကျားခေါင်းနဂါး၏ အရေခွံ
ရှားပါးမှုအဆင့် - အစိမ်းနုရောင်
အလေးချိန် - ၃၀ ကီလိုဂရမ်
အခြေပြုဓာတ် - မရှိ
ထပ်တိုးအစွမ်း - နဂါးအရှိန်အဝါအနည်းရှိသည်၊ အားလျော့စေနိုင်ခြင်း
သုံးသပ်ချက် - ကျားခေါင်းနဂါးသည် မွေးရာပါ ကုန်းမြေ၏ဘုရင်ဖြစ်ပြီး အစားအစာကွင်းဆက်၏ထိပ်ဆုံးတွင် တည်ရှိသည်။ ၎င်း၏အရေခွံပင်လျှင် နဂါးအရှိန်အဝါအနည်းငယ်ကို ထုတ်လွှတ်နိုင်ပြီး ၎င်း၏စွမ်းအားကို ကြေညာနိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ကိုယ်ပေါ်သို့ကျရောက်သော တိုက်ခိုက်မှုတိုင်းမှစွမ်းအားကို အရေပြား၏အားလျော့စေနိုင်စွမ်းဖြင့် သုံးပုံတစ်ပုံ လျော့ကျစေနိုင်သည်။
ဆက်ရန်…
အပိုင်း(၁၇၅)ရှန်ဟိုင်းမြို့သို့
လော်ယွမ်သည် ဓားဖြင့် နဂါးရေခွံကို စမ်းသပ်လှီးကြည့်လိုက်သော်လည်း လုံးဝ ဖြတ်တောက်၍မရပေ။ အဓိကအချက်မှာ ဓားတစ်ချောင်းလုံးက ချောကျိကျိဖြစ်နေသော အရေခွံပေါ်တွင် လျှောတိုက်နေပြီး အားစိုက်ရမည့်နေရာကို ရှာမတွေ့ခြင်းပင်ဖြစ်သည်။ အားနည်းနည်းပိုသုံးလိုက်သည်နှင့် တစ်ဖက်သို့ လျှောထွက်သွားလေ့ရှိသည်။
သို့သော် ဓားအရှိန်အဝါကို အသုံးပြုလိုက်သောအခါတွင်မူ ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ၏ အားကို လွှဲပြောင်းနိုင်ခြင်းအစွမ်းက ဓားအရှိန်အဝါအပေါ်တွင်မူ အလုပ်မလုပ်သည်မှာ ထင်ရှားသည်။
သို့ဖြစ်လင့်ကစား ဟော်တုံတို့၏ မျက်နှာများပေါ်တွင်မူ ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေ၏။
သူတို့သည် လော်ယွမ်မှာ စွမ်းရည်နှစ်မျိုးပိုင်ဆိုင်သော သန္ဓေပြောင်းစွမ်းရည်ရှင်တစ်ဦးဖြစ်သည်ကို ကောင်းစွာသိကြသည်။ တိုက်ခိုက်သည့်အခါ အသုံးပြုသော မြေဓာတ်စွမ်းရည်အပြင် ပစ္စည်းတစ်ခု၏ ကုန်ကြမ်းကို အခြားအရာဝတ္ထုတစ်ခုထဲသို့ ပေါင်းစပ်ထည့်သွင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်တစ်မျိုးလည်း ရှိနေသေးသည်။
လော်ယွမ်၏ စောစောက စမ်းသပ်မှုအရ ဤအရေခွံသည် အလွန်အစွမ်းထက်သော ကာကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။ သူ၏ဓားရှည်မှာ မည်သို့သော ဓားဖြစ်သည်ကို သူတို့ အသိဆုံးပင်။ ထိုဓားသည် သံမဏိချောင်းများကိုပင် တို့ဟူးတုံးများကဲ့သို့ လှီးဖြတ်နိုင်သော လက်နက်ဖြစ်သော်လည်း ထိုအရေခွံကိုမူ မည်သို့မျှ ဖြတ်တောက်နိုင်ခြင်းမရှိပေ။
ဤသည်မှာ ကိုယ်ပျော့ကျည်ကာအင်္ကျီ ပြုလုပ်ရန် အကောင်းဆုံး ကုန်ကြမ်းဖြစ်သည်မှာ သေချာသည်။ ဤသို့သော ကိုယ်ပျော့ကျည်ကာအင်္ကျီတစ်ထည်သာ ရှိမည်ဆိုလျှင် သာမန်တိုက်ခိုက်မှုများက သူ့ကို ထိခိုက်နိုင်တော့မည်မဟုတ်ပေ။
ဟယ်တုံမြို့မှ ယခုအချိန်အထိ သူတို့၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်မှာ ထိုသစ္ဆေထနောင်းပင်၏အခေါက်ဖြင့် ပေါင်းစပ်ပြုလုပ်ထားသော မာကျောသည့်အဝတ်များသာ ဖြစ်သည်။ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပြီးနောက် အစောကတည်းက စုတ်ပြဲနေပြီး နေရာများစွာတွင် ကုတ်ခြစ်ရာများနှင့် အက်ကွဲကြောင်းများ ပေါ်ထွက်နေကာ အသုံးမဝင်တော့ပေ။ လော်ယွမ်နှင့် မိန်းကလေးအချို့၏ ကိုယ်ပေါ်ရှိ ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေသော ကျည်ကာအင်္ကျီများကို မြင်လျှင် အားကျစွာဖြင့်သာ ကြည့်နိုင်ကြသည်။
ထိုစဉ်က လိပ်ဘီလူးကြီး၏ မွေးဖွားစဉ်ထွက်သော အရည်ကြည်မှာ အကန့်အသတ်ရှိသဖြင့် လော်ယွမ်သည် စွမ်းအင်စုပ်ယူနိုင်သော ကျည်ကာအင်္ကျီ ငါးထည်သာ ပြုလုပ်နိုင်ခဲ့ပြီး တစ်ထည်မှာမူ ကုန်ကြမ်းမလုံလောက်သဖြင့် အပြာရင့်ရောင်အဆင့်သာ ရှိခဲ့သည်။
အရေအတွက် အကန့်အသတ်ရှိသဖြင့် လူတိုင်းရရှိရန်မှာ မဖြစ်နိုင်ပေ။ လော်ယွမ်က သူတော်စင်တစ်ဦးမဟုတ်သဖြင့် လောကဓမ္မတာကို မလွန်ဆန်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျည်ကာအင်္ကျီ ရရှိသူများမှာ ချောင်လင်းမှလွဲ၍ ကျန်မိန်းကလေးများသာ ဖြစ်ကြသည်။
လူရင်းနှင့်လူစိမ်း ခွဲခြားဆက်ဆံခြင်းမှာ သဘာဝပင်ဖြစ်ရာ အခြားသူများမှာလည်း ဘာမှပြောကောင်းမည်မဟုတ်သလို ပြောလည်းမပြောဝံ့ကြပေ။ ယခု ဤမျှကြီးမားသော နဂါးရေခွံကြီး ပေါ်ထွက်လာသောအခါ ဟော်တုံနှင့် လင်းရှောင်ကျီတို့အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာတော့သည်။
ဤတစ်ကြိမ်တွင်တော့ ကုန်ကြမ်းက လုံလောက်ပြီဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ လော်ယွမ်က သူတို့အတွက် ပေါင်းစပ်ပေးကောင်း ပေးပေလိမ့်မည်။
လော်ယွမ်က ထိုနဂါးရေခွံကို လျင်မြန်စွာ လိပ်၍ အထုပ်အပိုးများထဲသို့ ထည့်သိမ်းလိုက်သည်ကို သူတို့နှစ်ဦးမှာ မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။
လင်းရှောင်ကျီက မေးချင်စိတ်ကို မထိန်းနိုင်တော့စဉ် ဟော်တုံက သူ့ကို အားနှင့်ဆွဲလိုက်ပြီး မျက်လုံးဖြင့် ဘေးမှ စစ်သားများအုပ်စုထံသို့ ညွှန်ပြကာ လေသံတိုးတိုးဖြင့် သတိပေးလိုက်သည် "သူတို့ကငါတို့လူတွေမဟုတ်ဘူး… စကားကိုမဆင်မချင် မပြောမိစေနဲ့"
အကြောင်းရင်းမသိဘဲ ဆုံးမခံလိုက်ရသည့်အပြင် ဆုံးမသူမှာ ဟော်တုံဖြစ်နေသောကြောင့် လင်းရှောင်ကျီ၏ စိတ်ထဲတွင် ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး ခေါင်းကိုမော့ကာ တစ်စုံတစ်ခု ပြန်ပြောရန် ကြံလိုက်သည်။ သို့သော် လော်ယွမ်၏ အကြည့်က သူ့အပေါ်သို့ ညင်သာစွာ ကျရောက်လာသောအခါ သူ၏ ရင်ထဲမှ မကျေနပ်မှုများအားလုံးမှာ နေရောင်အောက်မှ မြူခိုးများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ဟော်တုံက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ လူ့အကြောင်း လုံးဝနားမလည်သော သူပါလား။ သူတစ်ပါး၏ မျက်နှာအမူအရာကိုပင် မဖတ်တတ်ပေ။ ခေါင်းဆောင်ယွမ်က အမြဲတမ်း အလွန်စိတ်သဘောထားကြီးပြီး လူကောင်းတစ်ယောက်ကဲ့သို့ နေထိုင်ဆက်ဆံသော်လည်း သူ့ကို တကယ်တမ်း ကြင်နာတတ်သူဟု ထင်မှတ်လိုက်ပါက မှားယွင်းသွားပေလိမ့်မည်။ ထိုသို့ဆက်ဆံနေသည်မှာ သူ၏ သည်းခံနိုင်စွမ်းကို မကျော်လွန်သေးသောကြောင့်သာ ဖြစ်သည်။
ခေါင်းဆောင်ယွမ်နှင့် သိကျွမ်းခဲ့သည့်အချိန်မှစ၍ သူ၏ လက်ထဲတွင် သေဆုံးခဲ့ရသူမှာ ဆယ်ယောက်ကျော်ပြီဖြစ်သည်။ သူ ဟော်တုံပင်လျှင် ယခုအခါ လူသတ်သည့်အခါ စိတ်ထဲတွင် များစွာ ဝန်လေးခြင်းမရှိတော့ပေ။ ခေါင်းဆောင်ယွမ်မှာမူ ပြောဖွယ်ရာပင်မရှိချေ။ သူ၏ သည်းခံနိုင်စွမ်းကိုသာ စိန်ခေါ်လိုက်ပါက မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သည့် သူ၏ အကြမ်းတမ်းဆုံးသော မျက်နှာကို ဖော်ပြပေလိမ့်မည်။
ထိုစည်းမှာ သူ၏ မိန်းမများ ဖြစ်နိုင်သလို၊ သူ၏ ခံယူချက် သို့မဟုတ် သူ လျှို့ဝှက်ထားလိုသော လျှို့ဝှက်ချက်များနှင့် ကိုယ်ရေးကိုယ်တာများလည်း ဖြစ်နိုင်သည်။ လင်းရှောင်ကျီနှင့် ဤကိစ္စကို ဆွေးနွေးထားရန် လိုအပ်ပုံရသည်။ သို့မှသာ စကားမှားခြင်းမှ ရှောင်ရှားနိုင်ပေမည်။
"ဟင်း… ဘာဖြစ်လို့ ဒီငတုံးရဲ့ အရှုပ်တွေကို ငါပဲ အမြဲတမ်း ရှင်းပေးနေရတာလဲ" ဟော်တုံက အခါးသီးဆုံး ပြုံးလိုက်သည်။
... ... ... ... ... ... ... ... ... ... ...
လမ်းခရီးမှာ မယုံနိုင်လောက်အောင် ချောမွေ့နေခဲ့သည်။ အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါအချို့နှင့် ကြုံတွေ့ရသည်မှလွဲ၍ တစ်လမ်းလုံး မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။
"ဒီနှုန်းအတိုင်းဆို ငါတို့မမှောင်ခင် ရှန်ဟိုင်းမြို့ကို ရောက်နိုင်လောက်တယ်" ကျိုးရိချန်းက အရှိန်ကို ခန့်မှန်းကြည့်ပြီးနောက် အတည်ပြုပြောဆိုလိုက်သည်။
အဝေးပြေးလမ်းမပေါ်သို့ ပြန်ရောက်သောအခါ ဧရာမဖွတ်ကြီး၏ အရှိန်မှာ များစွာ မြန်ဆန်လာပြီး တစ်နာရီလျှင် မိုင်၂၀နီးပါးအထိ ရောက်ရှိလာသည်။ ရှန်ဟိုင်းမြို့ကို အဝေးမှ လှမ်းမြင်နေရပြီဖြစ်သည်။
"အဲ့လိုပဲဖြစ်ဖို့ ဆုတောင်းရမှာပဲ" လော်ယွမ်က ဆိုရင်း အဝေးပြေးလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီကို လှမ်းကြည့်လိုက်သည်။
နေ့လယ်ပိုင်းတွင် မိုးကအနည်းငယ် အားလျော့သွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည်သည်းထန်လာသည်။ ထို့အပြင် ယခုအခါ မြစ်ချောင်းများ ပိတ်ဆို့နေပြီး ရေတက်ချိန်လည်း ရောက်ရှိနေပြီဖြစ်သည်။ အချိန်တိုအတွင်းမှာပင် အနီးအနားရှိ သစ်တောများထဲတွင် ပေဝက်ကျော်နက်သော ရေများ စုပုံနေပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ဧရာမရေကန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
ဤနေရာတွင် ဤသို့ဖြစ်နေလျှင် ရှန်ဟိုင်းမြို့မှာလည်း ဤထက် သာလိမ့်မည်မဟုတ်ပေ။ လူတို့၏ စီမံခန့်ခွဲ၊ ထိန်းသိမ်းမှုတို့မရှိခြင်း၊ အမှိုက်အမြောက်အမြားနှင့် အသေကောင်များကြောင့် မြို့၏ ရေနုတ်မြောင်းစနစ်မှာ လည်ပတ်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ နောက်တစ်နေ့အထိ မိုးမစဲပါက ရှန်ဟိုင်းမြို့တစ်မြို့လုံး ရေလွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။
ဤသည်မှာ ရှေ့ဆက်ရမည့်လမ်းခရီး ခက်ခဲခြင်း တစ်ခုတည်းသာ မဟုတ်တော့ပေ။ နောက်ကျိနေသော ရေဆိုးများထဲတွင် အန္တရာယ်များ ပုန်းအောင်းနေနိုင်သည်။
ကလေးငယ်အချို့မှာမူ ဤအချိန်အတောအတွင်း ငိုယိုခြင်း၊ ဆူပူခြင်းမရှိဘဲ အလွန်လိမ္မာစွာ နေထိုင်ကြသည်။ အသက်အငယ်ဆုံး ကလေးမလေးဖြစ်သော ချန်ကျားယိပင်လျှင် တိတ်ဆိတ်စွာ ရှိထိုင်သည်။
ရက်စက်ကြမ်းကြုတ်သော ကမ္ဘာပျက်ကာလက သူတို့ကို အရွယ်မရောက်မီမှာပင် မည်သို့ ပိုမိုကောင်းမွန်စွာ အသက်ရှင်ရပ်တည်ရမည်ကို နားလည်စေခဲ့ပြီဖြစ်သည်။ ထို့အပြင် မျက်စိရှေ့မှ ဒုက္ခအနည်းငယ်သည် ဆာလောင်မွတ်သိပ်စဉ်က မီးလောင်သကဲ့သို့ ပူလောင်ခြင်းနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။
"ရှောင်ယွမ်… ခဏရပ်ကြရင် မကောင်းဘူးလား… ကျွန်မ သူတို့အတွက် မိုးကာစရာ တစ်ခုခု ရှာပေးချင်လို့" ဝမ်ရှကွမ်က မျက်နှာဖြူဖျော့နေသော ကလေးငယ်အချို့ကို ကြည့်ရင်း စိတ်မကောင်းစွာဖြင့် ဆိုသည်။
"ရတယ်မမ… ကျွန်တော်တို့အတွက် မလိုပါဘူး… ကျွန်တော်တို့မချမ်းပါဘူး"
"နေ့လယ်က ထမင်းပြီးတော့ အခုထိ နွေးနေတုန်းပဲ"
တန့်ဝေနှင့် ကျုံးချူ့ချန်တို့မှာ မျက်နှာများ ရုတ်ချည်း ပျက်ယွင်းသွားပြီး တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။
သူတို့၏ စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်သွားကြသည်။ ဤလူများက မိမိတို့ကို အနှောင့်အယှက်ဖြစ်သည်၊ အစားအသောက်ဖြုန်းတီးသည်ဟု ဆိုကာ မောင်းထုတ်လိုက်မည်လား။ ယနေ့နေ့လယ်က စားခဲ့ရသော ထမင်းသည် သူတို့၏ တစ်သက်တာတွင် အမှတ်တရအရှိဆုံး အကြိမ်ဖြစ်ပြီး ကမ္ဘာပျက်ပြီးနောက် ယနေ့ကဲ့သို့ ဗိုက်ပြည့်အောင် တစ်ခါမျှ မစားခဲ့ဖူးပေ။ အသုံးမဝင်သောကြောင့် မောင်းထုတ်ခံလိုက်ရပါက နောင်တွင် ဤသို့သော အခွင့်အရေးမျိုး ရတော့မည်မဟုတ်ပေ။
ချန်ကျားယီမှာမူ စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ကျလုနီးပါးဖြစ်နေသည်။
"နောက်ထပ် ၁နာရီလောက်ပဲ သည်းခံကြဦး… ရှန်ဟိုင်းရောက်ရင် နေစရာရှာပြီး နားကြတာပေါ့" လော်ယွမ်က အချိန်ကိုကြည့်၍ ဆိုသည်။
"သူတို့က ကလေးလေးတွေလေ… ပြီးတော့နေ့လည်ကလည်း ဖျားထားသေးတာကို ဘယ်လိုလုပ်ခံနိုင်မှာလဲ" လော်ယွမ်၏ အေးစက်သော အမူအရာကို မြင်သောအခါ ဝမ်ရှကွမ်က အနည်းငယ် ဒေါသထွက်စွာ ဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အချိန်အကြာကြီး ကြန့်ကြာသွားမှာမှ မဟုတ်တာ" ဟွမ်ကျားဟွေကလည်း ထောက်ခံပြောဆိုသည်။
ကျိုးယလီမှာ စကားမပြောသော်လည်း သူမ၏ မျက်နှာပေါ်တွင်လည်း လော်ယွမ်အပေါ် မကျေမနပ်ဖြစ်နေသော အမူအရာ ထင်ဟပ်နေသည်။
လူကြီးအချို့ မိမိတို့အတွက် ငြင်းခုံနေကြသည်ကို မြင်သောအခါ ကလေးသုံးယောက်မှာ ထိတ်လန့်စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ ချန်ကျားယီမှာ ကြောက်လန့်၍ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ တသွင်သွင် ကျဆင်းလာသော်လည်း အသံမထွက်ဝံ့ဘဲ တိတ်ဆိတ်စွာ ရှိုက်ငိုနေသည်။
"အေးပါ… ဒါဆိုလည်း ခဏရပ်ကြတာပေါ့" လော်ယွမ်က ဘာမျှမတတ်နိုင်ဘဲ ဆိုလိုက်သည်။
သူက ခံစားချက်မရှိသောကြောင့် မဟုတ်ပေ။ ထိုကဲ့သို့ တုံ့ပြန်မှုကို ယခင်က ဝမ်ရှီရှီ၏ မျက်လုံးများတွင်လည်း မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ဝမ်ရှီရှီသည် လုံခြုံမှုအကင်းမဲ့ဆုံးဖြစ်နေပြီး အချိန်မရွေး စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။ ထိုစဉ်က သူမ၏ ကြိုးစားအားထုတ်မှုမှာ ဟွမ်ကျားဟွေနှင့် အိမ်မှုကိစ္စများကို လုယက်လုပ်ဆောင်သည်အထိပင် ဖြစ်ခဲ့သည်။ လော်ယွမ် ယခု ပြန်စဉ်းစားမိသည့်တိုင် ရယ်ချင်စိတ်ဖြစ်ပေါ်မိသည်။
ထို့ကြောင့် အလွန်အကျွံ ဂရုစိုက်ခြင်းသည် ဤလူများ၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပိုမိုတိုးပွားစေပြီး သင့်တင့်သော စမ်းသပ်မှုနှင့် အလုပ်လုပ်ခိုင်းခြင်းကမူ တန်ဖိုးရှိသည်ဟု ခံစားရစေကာ လုံခြုံမှုကို ဖြစ်ပေါ်စေသည်။ မည်မျှပင် ပင်ပန်းဆင်းရဲစေကာမူ ဒုက္ခကို သကာကဲ့သို့ ချိုမြိန်စွာ ခံယူပေလိမ့်မည်။
သို့သော် ဤစကားများကိုမူ ကလေးများ၏ ရှေ့တွင် ပြော၍မဖြစ်ပေ။
ဧရာမဖွတ်ကြီး ရပ်တန့်လိုက်သောအခါ လော်ယွမ်က အထုပ်အပိုးများထဲမှ ပိုလျှံနေသော ငါးအရေခွံတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ဝမ်ရှကွမ်မှာမူ အနည်းငယ် ဒေါသထွက်နေဆဲဖြစ်ပြီး ဆတ်ခနဲလုယူကာ သူတို့၏ ခေါင်း ပေါ်တွင် သေချာစွာ ဖုံးအုပ်ပေးလိုက်သည်။ သို့သော် ကလေးများ၏ အမူအရာက ပို၍ စိုးရိမ်ပူပန်လာသည်ကိုမူ သူမ သတိမပြုမိခဲ့ပေ။
(ဒီလိုကမ္ဘာပျက်ခေတ်မှာ ဒုက္ခသည်တွေကို ဘာမှမခိုင်းပဲ ဒီတိုင်းကူညီပေးတာက ဒုက္ခသည်တွေစိတ်ထဲမှာ သူတို့က အချိန်မရွေးနှင်ထုတ်ခံရနိုင်ချေရှိတယ်လို့ ထင်သွားပြီး စိုးရိမ်ပူပမ်စိတ်တွေ ပိုများလာပါတယ်။ တစ်ကယ်လို့ အလုပ်ကိုယ်စီခိုင်းပြီးမှ အကူအညီပေးမယ်ဆိုရင်တော့ ငါတို့လည်းဝိုင်းကူနေတာပဲ ဒီလောက်အကူအညီလေးယူရုံနဲ့ နှင်မထုတ်လောက်ပါဘူး ဆိုပြီးစိုးရိမ်စိတ်နည်းသွားပါတယ်။ အခုကလေးတွေက အကူအညီတွေအရမ်းရနေတော့ အချိန်မရွေး စွန့်ပစ်ခံရမှာကို ကြောက်နေတာပါ)
...
"ရှေ့မှာ တံတားတစ်ခု ရှိနေလောက်တယ်" ထိုအချိန်တွင် ဟော်တုံက ရုတ်တရက် ဆိုသည်။
"တံတား သေချာလား" လော်ယွမ်က အတည်ပြုမေးမြန်းလိုက်သည်။
"ဒီလမ်းကို ကျွန်တော်အရင်က စီးပွားရေးကိစ္စနဲ့ အကြိမ်ကြိမ်သွားဖူးတယ်လေ… ဒီလမ်းတွေ အလွတ်တောင်ရနေပြီ" ဟော်တုံသည်လည်း ထိုအခါမှ သတိဝင်လာပြီး စိတ်ထဲတွင် ထိတ်လန့်တကြားဖြစ်သွားသည်။ ပင်လယ်ကူးတံတားကြီးပင်လျှင် ပျက်စီးသွားခဲ့ရာ ထိုတံတားမှာလည်း ပြဿနာတစ်ခုခု ဖြစ်နေမည်လား။ သူက အလျင်အမြန် သေချာစွာ စဉ်းစားပြီးနောက် ဆိုသည် "ဒါပေမဲ့ တံတားအောက်က မြစ်ကတော့ မကျယ်ပါဘူး… ပေ၄၀ကျော်ကျော်လောက်ပဲ ရှိတယ်"
"တကယ် မြစ်တစ်စင်း ရှိနေတာပဲ" ဘေးမှ ကျိုးရိချန်းက ပလတ်စတစ်စဖြင့် ပတ်ထားသော စစ်မြေပုံကို ထုတ်ယူ၍ အတန်ကြာ သေချာစွာ ကြည့်ပြီးမှ အတည်ပြုလိုက်သည်။
ဤမြစ်မှာ အလွန်သေးငယ်ပြီး အနည်းငယ် သတိမထားမိလျှင် ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။ ပုံမှန်အချိန်များတွင် မည်သူက ဤသို့သော တံတားငယ်ကို သတိထားမိမည်နည်း။ သို့သော် ကမ္ဘာပျက်ကာလတွင်မူ ၎င်းမှာ ပြဿနာကြီးတစ်ခုဖြစ်နေပြီး အထူးသဖြင့် ယခုကဲ့သို့… ရေလွှမ်းမိုးမှု ဖြစ်ပွားနေချိန်တွင် ဖြစ်သည်။
လော်ယွမ်က မျက်လုံးကိုမှိတ်၍ ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးကို ဖွင့်လိုက်သည် "ဘာပြဿနာမှမရှိဖို့ပဲ မျှော်လင့်ရမယ်… မဟုတ်ရင်တော့ငါတို့ ပြဿနာအကြီးကြီးတက်ပြီ"
ဆက်ရန်…
အပိုင်း(၁၇၆)ခွဲခွာခြင်း
အဝေးပြေးလမ်းမကြီးအောက်မှ ရေဝပ်နေသော နေရာ၌ ဖြောင့်တန်းသော ရေစီးကြောင်းတစ်ခုသည် ရှေ့သို့ ဓားတစ်စင်းပမာ အရှိန်ပြင်းစွာ ထိုးထွက်သွားသည်။
ထို့နောက် ရေပန်းများ ထွက်ပေါ်လာပြီး သွေးများက ပြည့်လျှံထွက်လာကာ နောက်ကျိနေသော ရေဆိုးများကို သွေးရောင်ဆိုးလိုက်သည်။
"အဲ့ဒါ ငါးတော့ မဟုတ်လောက်ဘူးမလား" စစ်သားတစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။
"ငါးဖြစ်လောက်တယ်… အရင်ကကျွန်တော်တို့ မိုးအကြီးအကျယ်ရွာတိုင်း အဲ့လိုကြုံဖူးတယ်… အခုလောက်ဆိုမြစ်ရေတွေ လျှံနေလောက်ပြီဆိုတော့… ရေဝပ်တဲ့နေရာတိုင်း ငါးတွေတွေ့ရတတ်တယ်"
ဟော်တုံက ထုံကျင်နေသော လေသံဖြင့် ဆိုလိုက်သည်။
"မိုးအရမ်းကြီးတာ လွန်ခဲ့တဲ့လဝက်လောက်ကမလား… တော်သေးတယ်အဲ့တုံးက ကျွန်တော်တို့တောင်ပေါ်မှာ ရှိနေလို့… ဒါတောင်လူတွေအများကြီး ဆုံးရှုံးလိုက်ရတယ်" ကျိုးရိချန်က ဤအကြောင်းများကို ပြောဆိုသည့်အခါ မျက်နှာပေါ်၌ ရှုပ်ထွေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
စစ်သားအချို့၏ မျက်လုံးများမှာ နီရဲလာပြီး မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ကြသည်။ မိုးရွာနေသောကြောင့် မျက်ရည်လော၊ မိုးရေလော မည်သူမျှ မခွဲခြားနိုင်ချေ။
ကျိုးယလီသည် လော်ယွမ်၏အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နားထောင်ရင်း မျက်နှာမှာ ဖြူဖျော့သွားသည်။
ခဏတာမျှ မည်သူမျှ စကားဆက်မပြောကြတော့ချေ။
ဟွမ်ကျားဟွေသည် လော်ယွမ်က သန္ဓေပြောင်းသားရဲတစ်ကောင်၏ အမွေးတစ်ခုကို ထုတ်ယူကာ သူ၏ဓားရှည်ကြီးကို အထပ်ထပ် သုတ်သင်နေသည်ကို မြင်လိုက်ရသည်။ အတူနေထိုင်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ဤသည်မှာ သူ၏ရင်ထဲမှ စိုးရိမ်စိတ်ကို ဖြေဖျောက်သည့် အပြုအမူဖြစ်ကြောင်း သူမ ကောင်းစွာ နားလည်သည်။ သူမက သက်ပြင်းချလိုက်ပြီး လော်ယွမ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
လော်ယွမ်၏ ခန္ဓာကိုယ်က ခေတ္တမျှ တောင့်တင်းသွားပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်မှ စိုးရိမ်မှုကို မြင်သောအခါ သူက လေသံတိုးတိုးဖြင့်…
"အားလုံး အဆင်ပြေသွားမှာပါ…"
ဧရာမဖွတ်ကြီးသည် ဆယ်မိနစ်ခန့် ဆက်လက်ချီတက်ပြီးနောက် တဖြည်းဖြည်း နှေးကွေးလာသည်။
ထင်ထားသည့်အတိုင်းပင်… ရှေ့မှ တံတားမှာ ပြတ်တောက်နေခဲ့ချေပြီ။
တံတားတစ်ခုလုံးမှာ အရိပ်အယောင်မျှပင်မရှိဘဲ ပျောက်ကွယ်နေပြီး တံတားဘေးမှ သံမဏိကြိုးကြီး ဒါဇင်အချို့သာ မြစ်ရေထဲသို့ အားအင်ကုန်ခန်းစွာ ထိုးကျနေသည်။
မြစ်ရေဟု ဆိုလျှင်လည်း တိကျမည်မဟုတ်ချေ။ အမှန်တကယ်တွင် ဤနေရာမှ မြစ်ချောင်းများ၏ နယ်နိမိတ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရေဝပ်နေသော နေရာနှင့် မြစ်ချောင်းတို့မှာ လုံးဝ ရောနှောသွားပြီး နောက်ကျိသော ရေအရည်အသွေးနှင့် ပေါင်းစပ်ကာ အဆုံးအစမရှိသော "ကန်ကြီး" တစ်ခုအဖြစ် တည်ရှိနေသည်။
အကယ်၍ အဝေးပြေးလမ်းမကြီးပေါ်၌ ပြတ်တောက်နေသော တံတားအပျက်အစီးများသာ မရှိပါက မည်သည့်နေရာက တစ်ကယ့် မြစ်ဖြစ်သည်ကို ခွဲခြားနိုင်မည် မဟုတ်ချေ။
ဟော်တုံ ပေးခဲ့သော သတင်းအချက်အလက်မှာ မတိကျတော့ပေ။ သို့မဟုတ် ၎င်းက ပုံမှန်အချိန်များအတွက်သာ ဖြစ်ပေမည်။ ယခုအခါ ရေဘေးကြောင့် ဤမြစ်မှာ အဆများစွာ ကျယ်ပြန့်လာပြီး အနည်းဆုံး ပေ၇၀ကျော်ခန့် ကျယ်ဝန်းနေသည်။
လော်ယွမ်သည် ပြတ်တောက်နေသော တံတားဘေး၌ အတန်ကြာ ရပ်နေပြီးနောက် ရုတ်တရက် ဆိုလိုက်သည်။
"သိမ်းထားတဲ့ နွယ်ကြိုးခွေ ယူခဲ့…"
ယခင်က အသုံးပြုခဲ့သော နွယ်ကြိုးကို လွှင့်ပစ်မထားဘဲ စစ်သားများက သိမ်းဆည်းထားခဲ့သည်။
ကျိုးရိချန်က နွယ်ကြိုးကို ယူဆောင်ကာ အလျင်အမြန် လျှောက်လာပြီး…
"ပုံမှန်ဆို ဒီလောက်ကျယ်တဲ့ မြစ်တွေရဲ့ အနက်ဆုံးနေရာက ၉ပေလောက်ပဲ ရှိမှာ… ဒါပေမဲ့ အခုက ရေကြီးနေတာဆိုတော့ ဒီမြစ်က ၁၈ပေ၊ ၁၉ပေလောက် နက်လိမ့်မယ်"
"၁၉ပေထက်မကျော်ဖို့ပဲ ဆုတောင်းရမယ်… မဟုတ်ရင် ဧရာမဖွတ်ကြီးပါ နစ်သွားလိမ့်မယ်" လော်ယွမ်က လေးနက်စွာ ဆိုလိုက်သည်။
သူက နွယ်ကြိုး၏ အစွန်းတစ်ဖက်တွင် ကျောက်တုံးတစ်တုံးကို ချည်နှောင်ပြီး မြစ်လယ်သို့ အားကုန်ပစ်လွှင့်လိုက်သည်။ ထို့နောက် ၎င်းကို ဖြောင့်တန်းအောင် ဆွဲတင်းကာ စောင်းနေသော ထောင့်နှင့် ရေမျက်နှာပြင်ရှိရာ နွယ်ကြိုးပေါ်မှ နေရာကို ခန့်မှန်းကြည့်ပြီးနောက် နွယ်ကြိုးကို ပြန်ဆွဲတင်လိုက်သည်။
လော်ယွမ်သည် အလျင်အမြန် စိတ်ထဲ၌ တွက်ချက်ကြည့်လိုက်ရာ ရင်ထဲ၌ လေးလံသွားသည်။
ဆက်လက်၍ သူသည် နေရာအမျိုးမျိုးကို ထပ်မံရွေးချယ်ကာ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက် မျက်နှာမှာ ပို၍ မကောင်းတော့ချေ။
ဤမြစ်မှာ သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်နက်ရှိုင်းလှသည်။ အနက်ဆုံးနေရာမှာ ၂၁ပေခွဲရှိပြီး အတိမ်ဆုံးမှာ ၁၆ပေနီးပါး ရှိသည်။ ဧရာမဖွတ်ကြီး၏ ကျောကုန်းအမြင့်ဆုံးနေရာမှာ ပေ၂၀ကျော်ရုံလေးသာရှိပြီး အနိမ့်ဆုံးမှာ ၁၉ပေသာ ရှိသည်။ ဤသည်မှာ လမ်းတစ်လျှောက်လုံး၌ သူတို့က ရေထဲ၌ ဖြတ်သန်းရမည်ဟု အဓိပ္ပာယ်ရသည်။
ကျိုးရိချန်တွင် လော်ယွမ်ကဲ့သို့ အားကောင်းသော စိတ်တွက်တွက်ခြင်း စွမ်းရည် မရှိရာ လော်ယွမ်၏ မျက်နှာမကောင်းသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ…"
"သိပ်မကောင်းဘူး… ရေက နည်းနည်းနက်တယ်… ဟိုဘက်ကူးဖို့ အန္တရာယ်များတယ်" လော်ယွမ်က ဧရာမဖွတ်ကြီး၏ ကျောကုန်းအမြင့်နှင့် သူစမ်းသပ်တိုင်းတာရရှိသော မြစ်အနက်ကို ရှင်းပြလိုက်သည်။
ကျိုးရိချန်သည် ရေထဲမှ အန္တရာယ်ကို ကောင်းစွာသိရှိရာ စိတ်ထဲ၌ တုံ့ဆိုင်းနေပြီး အလိုအလျောက် နေရာ၌ ဟိုဟိုဒီဒီလျှောက်နေသည်။ ရုတ်တရက် သူကခြေလှမ်းကို ရပ်တန့်လိုက်ပြီး…
"လမ်းကြောင်းပြောင်းရင်လည်း ဒီထက် ပိုဘေးကင်းမှာ မဟုတ်ဘူး… ပြီးတော့ ဒီနေရာက ရှန်ဟိုင်းမြို့နဲ့ ခြေတစ်လှမ်းအကွာပဲ ရှိတော့တာ… စွန့်စားကြည့်လိုက်ကြတာပေါ့…"
လော်ယွမ်နှင့် ကျိုးရိချန်တို့က အခြေအနေကို ရှင်းပြလိုက်ရာ အခြေအနေက ချက်ချင်း ဖိနှိပ်မှုများဖြင့် ပြည့်နှက်သွားသော်လည်း မည်သူမျှ ကန့်ကွက်ခြင်းမရှိချေ။
ကျိုးရိချန်က အားလုံး စိတ်ဓာတ်ကျဆင်းနေသည်ကို မြင်သောအခါ…
"ငါတို့မထွက်ခွာခင် သီချင်းတစ်ပုဒ်လောက် ဆိုကြရအောင်…"
"တပ်ခွဲမှုး… ထားလိုက်ပါတော့… အဲ့သီချင်းတွေကို ကျွန်တော်တို့ လမ်းတစ်လျှောက်လုံး ဆိုလာခဲ့ကြတာပဲ" စစ်သားတစ်ဦးက စိတ်မပါ့တပါ ဆိုလိုက်သည်။
"ကျွန်တော်လည်း အဲဒီသီချင်းအဟောင်းတွေကို မဆိုချင်တော့ဘူး… ကောင်းကောင်းလေးတွေ ဆိုကြရအောင်" နောက်စစ်သားတစ်ဦးက နှုတ်ခမ်းကို သပ်ကာ ဆိုလိုက်သည်။
"မင်းတို့အဲ့တာက ဘာသဘောလဲကွ… မင်းတို့စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ ဘယ်ရောက်သွားလဲ… ငါတို့ဆိုရမယ်… ငါတို့ရဲ့အလျှော့မပေးတဲ့ စိတ်ဓာတ်ကို အားလုံးကြားအောင် ထုတ်ပြရမယ်" ကျိုးရိချန်က အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။ "ငါတို့ စစ်သည်တော်တို့ ရဲ့စစ်မြေပြင် ဆိုတဲ့သီချင်းကို ဆိုကြမယ်… သူတို့အားလုံး ကြားပါစေ…"
သူက စတင်သီဆိုတော့သည်…
"ငါတို့မှာ ထုတ်မပြောတဲ့ အမှန်တရားတခုရှိတယ်… စစ်သည်တော်ဆိုတာ စစ်မြေပြင်ကို သွားရမှာပဲ…
ကျားဆိုရင် တောထဲမှာ နေမယ်… နဂါးဆိုရင် ပင်လယ်ထဲမှာ ကူးခတ်ရမယ်…
အဖေမရှိတဲ့သူ ဘယ်သူရှိလို့လဲ… အမေမရှိတဲ့သူ ဘယ်သူရှိလို့လဲ…"
ကျိုးရိချန်၏ သီဆိုသံမှာ မကောင်းလှချေ။ အသံမှာ ခြောက်ကပ်ကြမ်းတမ်းပြီး သံစဉ်မမှန်ဘဲ ကီးလွဲနေသည်။ သို့သော် ဤအရာအားလုံးက ထိုအထဲမှ မာကျောခိုင်မာသော စိတ်ဓာတ်ကို မဖုံးကွယ်နိုင်ခဲ့ချေ။ အစပိုင်း၌ သူတစ်ဦးတည်းသာ ဆိုနေသော်လည်း တဖြည်းဖြည်း စစ်သားများက လိုက်ပါသီဆိုလာကြပြီး သီဆိုသူများ ပိုမိုများပြားလာသည်။ နောက်ဆုံး၌ ဟော်တုံနှင့် လင်းရှောင်ကျီပင်လျှင် ရံဖန်ရံခါ လိုက်ပါညည်းညူမိသည်။
လော်ယွမ်သည် တိတ်ဆိတ်စွာ ကြည့်နေရင်း စိတ်ထဲ၌ လှုပ်ရှားသွားသည်။
ဤစစ်သည်တော်များသည် ဆင့်ကဲပြောင်းလဲသူများ မဟုတ်ကြဘဲ သာမန်လူများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာ ပို၍ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ယခုအခါ အဖွဲ့ထဲ၌ လူအနည်းငယ်သာ ကျန်တော့သော်လည်း စစ်သည်တော်တို့၏ အမူအကျင့်ကို အမြဲတစေ ထိန်းသိမ်းထားကြသည်။ သူတို့၏ မသန်မာသော ခန္ဓာကိုယ်များထဲ၌ ခိုင်မာသော စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို ယုံကြည်ရန် ခက်ခဲလှသည်။
"နောက်ကျရင်... လူအများကြီး မသေဖို့ပဲ ဆုတောင်းရတော့မယ်" လော်ယွမ်က စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်သည်။
------------------------------------
လော်ယွမ်က ဧရာမဖွတ်ကြီးနှင့် မိဝါတို့ကို အရင်ဆုံး ခုန်ချခိုင်းလိုက်သည်။ ရေဗွက်ကြီးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၌ မိုးကြီးတစ်ပြိုက် ရွာသွန်းလိုက်သည့်အလား ရှိနေသည်။ ရေထဲမှ သန္ဓေပြောင်းသတ္တဝါအမြောက်အမြားမှာ ဧရာမသတ္တဝါကြီးနှစ်ကောင်ကြောင့် ထိတ်လန့်သွားပြီး နေရာမှ အလျင်အမြန် ထွက်ပြေးသွားကြရာ ရေမျက်နှာပြင်တစ်ခုလုံး၌ ရေစီးကြောင်းများနှင့် ဝဲဂယက်များဖြင့် ပြည့်နှက်သွားသည်။
ရေအနက်က ဧရာမဖွတ်ကြီး၏ ခြေသလုံးကို ကျော်လွန်သွားပြီး ၃ပေခွဲခန့် နက်ရှိုင်းသည်။ ရွှံ့နွံထဲသို့ နစ်မြုပ်သွားသော အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်လျှင်ပင် ၃ပေခန့် ရှိနေသေးသည်။
လော်ယွမ်သည် ခဏမျှ အကဲခတ်ပြီးနောက် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။ ထို့နောက် နွယ်ကြိုးဖြင့် ချည်နှောင်ကာ ချပေးလိုက်သော ကလေးသုံးယောက်ကို တစ်ယောက်ချင်းစီ ဖမ်းယူလိုက်ပြီး ကြိုးဖြေကာ နွယ်ကြိုး၏ အစွန်းတစ်ဖက်ကို ဧရာမဖွတ်ကြီး၏ လည်ပင်း၌ ချည်နှောင်လိုက်သည်။
ထို့နောက် လူတိုင်းကို နွယ်ကြိုးကို ကိုင်ဆွဲကာ ဖြည်းညင်းစွာ လျှောဆင်းခိုင်းလိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ချန်ရှင်းဖုံတစ်ဦးတည်းသာ ကျန်တော့သည်။ သို့သော် ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ နေရာသိပ်မကျန်တော့ချေ။ သူ၏ကိုယ်ထည်အရွယ်အစားဖြင့် သာမန်လူ သုံးလေးယောက်စာ နေရာယူမည်ဖြစ်သည်။ အကယ်၍ သူ့ကို အပေါ်သို့ တက်ခိုင်းပါက ကျောပေါ်၌ အလွန်ကျပ်ညပ်သွားပြီး လူတိုင်း အလွန်အန္တရာယ်များသောအခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် တစ်စုံတစ်ဦး ပြုတ်ကျသွားနိုင်သည်။ လော်ယွမ်၏ မျက်နှာပေါ်၌ တုံ့ဆိုင်းမှုအရိပ်အယောင်များ ထင်ဟပ်နေပြီး နောက်ဆုံးတွင် နွယ်ကြိုးကို ဖြည်းညင်းစွာ ဖြေချလိုက်သည်။
ချန်ရှင်းဖုံသည် အဝေးပြေးလမ်းမကြီးပေါ်၌ မလှုပ်မယှက် ရပ်နေပြီး လော်ယွမ်ကို စူးစိုက်ကြည့်နေသည်။ သူ၏ တင်းမာမှုကို မည်သူမဆို မြင်နိုင်ပေသည်။ ဧရာမဖွတ်ကြီးကို မစီးဘဲ တစ်ယောက်တည်း မြစ်ကူးပါက သူ၏စွမ်းအားဖြင့် သေလမ်းသာ ရှိပေလိမ့်မည်။
သူက အဝေးပြေးလမ်းမ အပြတ်ကြီးများကို ခုန်ကူးနိုင်ကောင်း ခုန်ကူးနိုင်မည်။ သို့သော် ပေ၇၀ကျော်ကျယ်သော မြစ်ကို သူ၏စွမ်းအားဖြင့် ပေ၃၀ကျော်ခန့်သာ ခုန်နိုင်ပြီး ရေထဲသို့ ကျသွားပေလိမ့်မည်။
ကုန်းနေသတ္တဝါတစ်ကောင် ရေထဲသို့ ရောက်ရှိသွားသည်နှင့် စွမ်းအားဆယ်ပုံခုနစ်ပုံမှာ ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့အပြင် သူက ရေမကူးတတ်ရာ သေခြင်းကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားရလဒ်မရှိချေ။
"ငါမင်းကိုအစကတည်းက ပြောချင်နေတာရှိတယ်... ဒါပေမဲ့ဘယ်လို စပြောရမှန်းမသိဘူး..." လော်ယွမ်က သက်ပြင်းချရင်း ဆိုလိုက်သည်။
ချန်ရှင်းဖုံ၏ မျက်နှာက ပြောင်းလဲသွားပြီး ခဏအကြာတွင် အသံအုပ်အုပ်ဖြင့်…
"ပြော…"
"ဒီခရီးရဲ့ရည်ရွယ်ချက်အကြောင်း ငါမင်းကိုတစ်ခါမှ မပြောပြခဲ့ဘူး... ဒါကဘာလို့လဲဆိုတော့ ငါတို့အခုသွားမှာက စစ်လျှို့ဝှက်အခြေစိုက်စခန်းမို့လို့ပဲ... မင်းရဲ့လက်ရှိအခြေအနေနဲ့ဆို စခန်းထဲလိုက်ဝင်လို့မရမှန်း သိမှာပဲ... အဲ့ကျရင်ဖြစ်နိုင်တာက သူတို့မင်းကိုတစ်ခါထဲ ပစ်သတ်ရင်သတ်... မဟုတ်ရင်ဖမ်းချုပ်ပြီး ဓာတ်ခွဲခန်းပို့တာပဲ... ငါတို့နောက်ဆက်လိုက်နေရင် မင်းအတွက်ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး... လောကမှာ ဘယ်တော့မဆို ဆုံပြီးရင် အမြဲတမ်း ခွဲခွာရတာပဲ... သွားတော့... ဒီကနေထွက်သွားတော့... ကျန်းနန်ပြည်နယ်ကနေထွက်သွားတော့... မင်းရှေ့ဆက်ကောင်းကောင်း ရှင်သန်နိုင်ပါစေ"
ချန်ရှင်းဖုံသည် ထိုနေရာ၌ပင် မှင်သက်သွားသည်။ သူက မယုံကြည်နိုင်စွာဖြင့် လော်ယွမ်ကို ကြည့်လိုက်ပြီးနောက် အခြားသူများကို ကြည့်လိုက်သည်။ ဟွမ်ကျားဟွေဖြစ်စေ၊ ဟော်တုံတို့ဖြစ်စေ၊ အားလုံးက အကြည့်များကို ရှောင်လွှဲကာ သူ့ကို ပြန်မကြည့်ဝံ့ကြချေ။ ထိုအခါသူ တဖြည်းဖြည်း နားလည်လာသည်။ သူ အစောကြီးကတည်းက နားလည်ခဲ့သင့်သည်။ နောက်တစ်ခဏ၌ သူ၏မျက်နှာအမူအရာမှာ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး ရင်ထဲမှ ရက်စက်ကြမ်းကြုတ်မှုမှာ ထိန်းချုပ်မရတော့ဘဲ လော်ယွမ်အပေါ် ကြောက်ရွံ့မှုပင် ပျောက်ကွယ်သွားသည်။ သူ၏ပါးစပ်မှ အသံကုန်ခြစ်၍ ဟိန်းဟောက်လိုက်သည်။
"မင်း… ငါ့ကို… လိမ်တယ်…"
"မင်းတို့… အားလုံး… ငါ့ကို လိမ်တယ်…"
"မင်းတို့… အားလုံး… ငါ့ကို လိမ်တယ်…"
ထို့နောက် သူက ချာခနဲလှည့်ကာ အသားကုန် ပြေးထွက်သွားသည်။ ဧရာမဟိန်းဟောက်သံကြီးမှာ လေထုထဲ၌ အချိန်အတော်ကြာ ပဲ့တင်ထပ်နေတော့သည်။
------------------------
အချိန်အတော်ကြာသွားသော်လည်း ချန်ရှင်းဖုံ၏ အသံမှာ ပဲ့တင်ထပ်နေဆဲဖြစ်သည့်အလား ရှိနေသည်။ လူတိုင်း၏ မျက်နှာပေါ်၌ ရှုပ်ထွေးသော အရိပ်အယောင်များ ထင်ဟပ်နေသလို တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားကြသည်။ ဤရက်ပိုင်းအတွင်း ချန်ရှင်းဖုံ၏ စိတ်အခြေအနေမှာ ပို၍ မတည်ငြိမ်လာပြီး သန္ဓေပြောင်းလဲမှုမှာလည်း တဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာသည်။ အချိန်တိုင်းလိုလို သူက အပြင်ဘက်၌ တစ်ယောက်တည်း နေထိုင်ပြီး နေ့လယ် သို့မဟုတ် ညရောက်မှသာ သူ၏အရိပ်အယောင်ကို မြင်တွေ့ရတတ်သည်။ ပါးစပ်မှာအမြဲလိုလို သွေးများဖြင့် စွန်းထင်းနေပြီး ချွန်ထက်သော သွားများ၌ တစ်ခါတစ်ရံ အနီရောင်အသားဖတ်များပင် ကပ်ပါနေတတ်သည်။ ထို့အပြင် လူအများနှင့်အတူ ထမင်းစားခြင်းမှာလည်း အလွန်နည်းပါးသွားရာ လက္ခဏာအားလုံးက သူသည် အသားစိမ်းစားသုံးခြင်းကို အကျင့်ဖြစ်နေပြီဖြစ်ကြောင်း ပြသနေသည်။
သူ၏တည်ရှိမှုက လူအများအပေါ် မည်မျှ ဖိအားပေးနေသည်ကို ခန့်မှန်းနိုင်ပေသည်။
လူတိုင်းက လော်ယွမ်ကဲ့သို့ ချန်ရှင်းဖုံကို လျစ်လျူရှုနိုင်ကြသည် မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ရည်၊ ကြီးမားသော ကိုယ်ထည်နှင့် အချိန်မရွေး ပေါက်ကွဲထွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် စိတ်အခြေအနေတို့ကြောင့် လော်ယွမ်သာ မထိန်းချုပ်ထားပါက လူသားစားသုံးမှု ဖြစ်ပေါ်လာနိုင်ပေသည်။
ကျိုးရိချန်က ဤလူများ၏ စိတ်အခြေအနေ မမှန်သည်ကို မြင်သောအခါ နှစ်သိမ့်လိုက်သည်။
"ကျွန်တော် ကြားဖူးတာတော့ သန္ဓေပြောင်းလူသားတွေက မျိုးဗီဇအဆင့်နဲ့ သက်ဆိုင်တယ်တဲ့... လက်ရှိဆေးပညာနဲ့ ပြန်ကောင်းအောင် လုပ်လို့မရနိုင်ဘူး... ပိုပိုဆိုးလာပြီး နောက်ဆုံးမှာ ရိုင်းစိုင်းတဲ့ဗီဇပဲ ကျန်တော့မှာ... သူ့ကို စောစောစီးစီး ထွက်သွားခိုင်းတာက အားလုံးအတွက် ကောင်းပါတယ်…"
"ဒီကိစ္စမပြောနဲ့တော့... ငါတို့သွားရအောင်" လော်ယွမ်က ခေါင်းခါလိုက်ပြီး စိတ်ထဲမှ ဝမ်းနည်းစရာ အတွေးများကို ဖယ်ရှားလိုက်သည်။ ဤသည်မှာ အစောကြီးကတည်းက ချမှတ်ထားသော ဆုံးဖြတ်ချက်ဖြစ်ပြီး အနည်းငယ် စောသွားခြင်းသာ ဖြစ်သည်။
စကားမဆုံးမီမှာပင် လူတိုင်း၏ ရင်ထဲ၌ တင်းကြပ်သွားပြီး ချန်ရှင်းဖုံ ထွက်ခွာသွားခြင်းကြောင့် ဖြစ်ပေါ်လာသော မသက်မသာဖြစ်မှုမှာလည်း ချက်ချင်း ရင်ထဲ၌ မျိုသိပ်ခံလိုက်ရသည်။
ဟော်တုံက ဓားရိုးကို အထပ်ထပ် ဆုပ်ကိုင်ကာ အသက်ကို ပြင်းပြင်းရှူနေသည်။
ကျိုးယလီနှင့် ကလေးသုံးယောက်မှာ မျက်နှာဖြူဖျော့နေကြပြီ ဖြစ်သည်။
"စိတ်မပူကြနဲ့… ပေ၇၀ကျော်လေးပါပဲ… ခဏလေးနဲ့ ရောက်သွားမှာပါ" လော်ယွမ်က လူတိုင်း အလွန်စိုးရိမ်နေသည်ကို မြင်သောအခါ နှစ်သိမ့်လိုက်ပြီး ဝမ်ရှီရှီဘက်သို့ လှည့်၍ "နင်သတိမပြတ်စေနဲ့နော်... နည်းနည်းလေးတောင် ပေါ့ဆလို့မရဘူး"
ဝမ်ရှီရှီက ခေါင်းကို အသားကုန်ညိတ်လိုက်သည်။
"အားလုံး သေချာကိုင်ထားကြ… စထွက်တော့မယ်" အားလုံး အသင့်ဖြစ်နေသည်ကို မြင်သောအခါ လော်ယွမ်က လေသံခပ်အုပ်အုပ်ဖြင့် ဆိုလိုက်သည်။
ဧရာမဖွတ်ကြီးသည် ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းလိုက်ရာ ရေစီးကြောင်းများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
ဟော်တုံက စကားပြောရန် ပြင်နေစဉ်မှာပင် မြစ်ရေတစ်စက် သူ၏ပါးစပ်ထဲသို့ လွင့်စင်ဝင်ရောက်သွားသည်။ သူ၏မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး အလျင်အမြန် ထွေးထုတ်လိုက်သည်။ ဘာမှမဖြစ်သည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။ ပင်လယ်ကူးတံတားဘက်မှ ပင်လယ်ရေထဲမှ ကြောက်မက်ဖွယ်ကောင်းသော ကပ်ပါးကောင်များကို မြင်တွေ့ခဲ့ပြီးနောက် မည်သူမျှ ဤသို့သော အရာမျိုးနှင့် မကြုံတွေ့လိုတော့ချေ။
"ဟင်… ရေက ဘာလို့ ငန်နေတာလဲ…" သူက သတိပြန်ဝင်လာပြီး အလျင်အမြန် ဆိုလိုက်သည်။
"ပင်လယ်ရေတွေ ပြန်စီးဝင်လာတာ ဖြစ်လိမ့်မယ်… ဒီနေရာမှာ ပင်လယ်သတ္တဝါတွေ ရှိနိုင်တယ်…" ဟု ချောင်လင်းက မျက်နှာမကောင်းစွာဖြင့် ဆိုသည်။
"အာရုံမလွင့်ကြနဲ့… မြစ်ကူးတော့မှာ… အားလုံး ဧရာမဖွတ်ကြီးရဲ့ကျောပေါ်က အခင်းကို အားကုန်ဆုပ်ကိုင်ထားကြ… ပြုတ်မကျအောင် သတိထား…" လော်ယွမ်က ပြတ်တောက်နေသော တံတား၏ နေရာကို ကြည့်ကာ သတိပေးလိုက်သည်။
စောင်မှာ နွယ်ပင်တစ်ပင်ချင်းစီဖြင့် ရက်လုပ်ထားသဖြင့် ကိုင်ဆွဲရန်နှင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းရန် လွယ်ကူသည်။ သို့မဟုတ်လျှင် ဧရာမဖွတ်ကြီး၏ အရှိန်မှာ မည်မျှပင် နှေးကွေးစေကာမူ သူ၏ကျောပေါ်၌ ထိုင်ရန် လွယ်ကူမည်မဟုတ်ဘဲ လျှောကျသွားမည်မှာ သေချာသည်။
လူတိုင်း ထိတ်လန့်သွားပြီး မည်သူမျှ စကားမပြောတော့ဘဲ ခန္ဓာကိုယ်ပေါ်မှ စောင်ကို သေချာစွာ ဆုပ်ကိုင်ထားကြသည်။
မကြာမီမှာပင် ဧရာမဖွတ်ကြီးသည် ပြင်းထန်စွာ ယိမ်းထိုးသွားပြီး မြစ်ထဲသို့ ဝင်ရောက်သွားသည်။ အမျိုးသမီးအချို့ အဆက်မပြတ် အော်ဟစ်လိုက်ကြသော်လည်း ကြိုတင်ပြင်ဆင်ထားသောကြောင့် ပြုတ်ကျသွားခြင်း မရှိခဲ့ချေ။
ထိုအချိန်၌ လော်ယွမ်သည် ရုတ်တရက် အားနည်းသွားသလို ခံစားလိုက်ရပြီး မြေကြီး၏ စွမ်းအားကို မခံစားနိုင်တော့ချေ။
တစ်ကြိမ် အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် သူ၏ဆင့်ကဲပြောင်းလဲနိုင်စွမ်းမှာ ရေမျက်နှာပြင်ကြောင့် သီးခြားဖြစ်သွားပြီး ခွန်အားမှာ မူလတန်ဖိုးသို့ ပြန်ရောက်သွားသည်ကို သူ ကောင်းစွာ နားလည်သည်။ သူက အသက်ကို ပြင်းပြင်းရှူကာ ဤ "အားနည်း" နေသော အခြေအနေနှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလိုက်သည်။
လော်ယွမ်က ဓားရှည်ကြီးကို ထုတ်ယူကာ ရေမျက်နှာပြင်၏ အခြေအနေကို စူးစိုက်ကြည့်နေသည်။
မြစ်ရေမျက်နှာပြင်မှ ရေစီးကြောင်းမှာ ပြင်းထန်ပြီး လျှို့ဝှက်ရေစီးကြောင်းများ လှုပ်ရှားနေသည်။ ဧရာမဖွတ်ကြီး ရှေ့သို့ တိုးလာသည်နှင့်အမျှ ဝဲဂယက်များမှာ ပတ်ဝန်းကျင်၌ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ဤမြစ်မှာ အလွန်သေးငယ်ပြီး ကြီးမားသော သတ္တဝါများကို မကျက်စားနိုင်သော်လည်း သေးငယ်သော သတ္တဝါများက အန္တရာယ်မရှိဟု မဆိုလိုချေ။ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ လျှို့ဝှက်ပြီး သတိပြုမိရန် ခက်ခဲသည်။ အထူးသဖြင့် ဤမြစ်မှာ ပင်လယ်နှင့် ဆက်သွယ်နေသဖြင့် ယခုအခါ၌ ပင်လယ်သတ္တဝါအမြောက်အမြား ရေဆန်သို့ တက်လာပြီး ဤမြစ်ထဲ၌ ကူးခတ်နေကြပေလိမ့်မည်။
အာရုံခံနိုင်စွမ်းက ဤနောက်ကျိသော ရေထဲ၌ အလွန်အားနည်းသွားသည်။ လေထဲ၌ ပေ၁၀၀ပတ်လည်အထိ ခံစားနိုင်သော အာရုံခံနိုင်စွမ်းမှာ ဤနောက်ကျိသော ရေထဲ၌မူ ၁၅ပေ၊ ၁၆၆ပေအထိသာ ရောက်ရှိပြီး အလွန်ဝေဝါးနေသည်။ ဤအကွာအဝေးမှာ ကုန်းမြေပေါ်၌ မြေလှိုင်းအစွမ်းသုံးစဉ် မြေအောက်ကို စူးစမ်းနိုင်သော အကွာအဝေးထက်ပင် မသာလွန်ချေ။
ထိုအချိန်၌ ဧရာမဖွတ်ကြီး၏ ခြေလှမ်းများက စတင်၍ မမှန်တော့ဘဲ ခေါင်းမှာ ရေထဲသို့ အဆက်မပြတ် စိုက်ကြည့်နေပြီး စိတ်အခြေအနေမှာလည်း ပို၍ ဂနာမငြိမ်ဖြစ်လာသည်။
"ဝေါင်း…" ၎င်းက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ပြင်းထန်သော အသံလှိုင်းကြောင့် ရေလှိုင်းများမှာ လှိုင်းဂယက်များ ထသွားပြီး လူတိုင်း၏ နားများမှာ အူသွားကာ ခဏတာမျှ လော်ယွမ်ပင်လျှင် အကြားအာရုံအားလုံး ဆုံးရှုံးသွားသည်။
"ဘာဖြစ်တာလဲ…" လင်းရှောင်ကျီက အကျယ်လောင်ဆုံး အော်ဟစ်လိုက်ပြီး မျက်နှာပေါ်၌ ပြောမပြတတ်သော ထိတ်လန့်မှုများ ထင်ဟပ်နေသည်။
ဆက်ရန်...