← Chapters

အခန်း (၁၈၁-၁၈၄)

Vol. 10 Ch. 181-184

အခန်း (၁၈၁-၁၈၄)

Vol. 10 Ch. 181-184

အပိုင်း(၁၈၁)သေရေးရှင်ရေး

ကမ္ဘာပျက်ကာလမှ ရှင်သန်ကျန်ရစ်သူတို့၏ နိုးကြားသတိရှိမှုသည် မူလကတည်းကပင် အလွန်မြင့်မား၏။ အချိန်မရွေး ကျရောက်လာနိုင်သော အန္တရာယ်တို့ကို ရင်ဆိုင်နိုင်ရန်အလို့ငှာ လူအများစုက အဝတ်အစားအပြည့်အစုံဖြင့်သာ အိပ်စက်ကြပြီး တိုက်ပွဲဖြစ်ပွားလာသည်နှင့် ချက်ချင်းပါဝင်နိုင်ရန်အတွက် မိမိတို့၏ လက်နက်များကိုလည်း အနားမှာပင် ထားလေ့ရှိကြသည်။ သာမန်အချိန်များ၌ လေတိုက်၍ သစ်ရွက်လှုပ်သည့်အသံ ကြားရရုံမျှဖြင့်ပင် အကြောင်းမဲ့ လန့်နိုးတတ်ကြရာ လော်ယွမ်၏ ဤသို့သော ကျယ်လောင်လှသည့် ဟစ်အော်သံကို ကြားလိုက်ရသည့်အခါ၌မူ ဆိုဖွယ်ရာမရှိတော့ချေ။

ထိုအခိုက်အတန့်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်တိုင် အားလုံးက မီးလန့်သည့်အလား လျင်မြန်စွာပင် လူးလဲထလိုက်ကြ၏။ အိပ်ချင်စိတ်တို့သည်လည်း ချက်ချင်းပင် လွင့်ပြယ်သွားခဲ့ပြီး လူအားလုံးသည် မိမိတို့၏ လက်နက်များကို ဆွဲကိုင်ကာ တဲများအတွင်းမှ အသီးသီး ပြေးထွက်လာခဲ့ကြသည်။

"ကိုကြီးယွမ်... ဘာဖြစ်လို့လဲဟင်" ဝမ်ရှီရှီက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"လမ်းကျမှပဲ အကျိုးအကြောင်း ပြောပြတော့မယ်" လော်ယွမ်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။ သူက မူလနေရာ၌ပင် စိုးရိမ်ပူပန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ၏။ မမြင်ရသော အမှောင်ထုထဲမှ တဖြည်းဖြည်း အားကောင်းလာနေသော အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိနေသည့်အတွက် တဲများကို သိမ်းဆည်းနေကြဆဲဖြစ်သော လူအချို့ကို မြင်သောအခါ သူက အလျင်အမြန်ပင် အသံကျယ်ကျယ်ဖြင့် ထပ်မံအော်ပြောလိုက်သည်။ "အချိန်မရှိတော့ဘူး... ကိုယ်နဲ့မကွာဆောင်ထားတဲ့ လက်နက်ကလွဲပြီး ကျန်တဲ့ပစ္စည်းတွေအကုန်လုံး ထားခဲ့တော့... အမြန်သွားမယ်"

ထိုစကားကြောင့် အားလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြီး မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်ခံစားလိုက်မိကြ၏။

လူအချို့သည် မိမိတို့လက်ထဲမှ ပစ္စည်းများကို နှမြောတသစွာဖြင့် ချထားလိုက်ကြပြီးနောက် ခံတပ်စခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် အလျင်အမြန် ပြေးထွက်လာခဲ့ကြသည်။

ထိုအချိန်၌ ဧရာမဖွတ်ကြီးနှင့် မိဝါတို့သည် မူလနေရာ၌ပင် စိတ်မငြိမ်မသက်ဖြင့် ဂနာမငြိမ် ဖြစ်နေကြလေပြီ။ သားရဲတိရစ္ဆာန်တို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် လူသားတို့လောက် မမြင့်မားသော်လည်း အန္တရာယ်ကို အလိုလိုသိနိုင်သည့် ဗီဇစိတ်မှာမူ လူသားတို့ထက် များစွာပို၍ ထက်မြက်လှသည်။ ၎င်းတို့သည် မကြာမီ ကျရောက်လာတော့မည့် အန္တရာယ်ကို ကြိုတင်သိရှိနေကြပြီ ဖြစ်ကြောင်း ထင်ရှားလှ၏။

လော်ယွမ်က ဧရာမဖွတ်ကြီးကို ဝပ်တွားထိုင်ချစေပြီးနောက် ချန်ကျားယီကို ပွေ့ချီကာ ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက ကျန်လူများကို တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ဆွဲတင်ပေးလိုက်၏။

လော်ယွမ်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် ဧရာမဖွတ်ကြီးသည် မစောင့်ဆိုင်းနိုင်တော့သည့်အလား အလျင်အမြန် ပြေးထွက်သွားလေတော့သည်။ အမှောင်ထုအတွင်း၌ မမြင်ရသော အန္တရာယ်တစ်မျိုးက သူတို့နောက်သို့ လိုက်ပါနီးကပ်လာနေဟန်တူ၏။ ဧရာမဖွတ်ကြီး၏ အရှိန်သည် မြန်သည်ထက် မြန်လာခဲ့သည်။ မိုးစက်မိုးပေါက်များ ရောယှက်နေသော လေပြင်းက အရှိန်ပြင်းပြင်းတိုးဝင်နေပြီး သူတို့၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အရေပြားကို စပ်ဖျဉ်းဖျဉ်း နာကျင်စေတော့သည်။

"မြဲမြဲကိုင်ထားကြ... ပြုတ်မကျစေနဲ့" လော်ယွမ်က တစ်ချက်အော်ပြောလိုက်ပြီးနောက် သတိလစ်မေ့မြောနေသော ကျိုးရိချန်းကို သူ၏အနားသို့ ဆွဲယူလိုက်သည်။ သူက လက်တစ်ဖက်ဖြင့် ညင်သာစွာ တင်ထားလိုက်ရုံသာဖြစ်သော်လည်း ဧရာမခွန်အားကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ ကျိုးရိချန်း၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းနေရာမှ ချက်ချင်းပင် ငြိမ်သက်သွားတော့၏။

သို့သော် လော်ယွမ်က မပြောသည့်တိုင် လူတိုင်းသည် ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ ဝပ်တွားနေကြပြီးဖြစ်ကာ ကျောပေါ်မှ ကြိမ်အခင်းကိုလည်း လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားကြပြီးသားဖြစ်သည်။ လူလေးယောက် လျော့သွားပြီးနောက် ဧရာမဖွတ်ကြီး၏ ကျောကုန်းနေရာက သိသိသာသာပင် ကျယ်ဝန်းလာခဲ့သော်လည်း လူတိုင်း တစ်ကိုယ်လုံး ဝပ်တွားနိုင်ရန်အတွက်မူ နေရာမလုံလောက်သေးပေ။ ထို့ကြောင့် သူတို့က လေ၏ တိုးအားကို လျှော့ချနိုင်ရန်အလို့ငှာ တတ်နိုင်သမျှ ဝပ်တွားနေကြရသည်။ သို့တိုင်အောင် အချိန်မရွေး လွင့်စဉ်ကျသွားနိုင်သည်ဟု ခံစားနေကြရသေး၏။

ဧရာမဖွတ်ကြီးသည် မူလကတည်းကပင် လူသားတို့ စီးနင်းရန်အတွက် သင့်သော်သော သတ္တဝါမျိုးမဟုတ်ပေ။ ၎င်း လမ်းလျှောက်နေချိန်၌မူ အနေအထားက ကောင်းသေး၏။ အတက်အကျ သိပ်မများလှပေ။ သို့သော် ၎င်း စတင်ပြေးလွှားလာသည့်အခါတွင်မူ မိုးပျံရထား စီးနေရသည့်အလားပင်။ ထို့အပြင် ရှေ့တည့်တည့်မှ တိုးဝင်လာသော လေပြင်းနှင့်ပေါင်းစပ်လိုက်သောအခါ ကလေးငယ်များနှင့် အမျိုးသမီးများသာမက သွေးထွက်သံယို မြင်ကွင်းများကို ကျင့်သားရနေပြီး သေခြင်းတရားကိုပင် မျက်မှောင်ကြုံ့ခြင်းမရှိဘဲ ရင်ဆိုင်ဝံ့သော စစ်သားများပင်လျှင် မျက်နှာများ ဖြူဖျော့လာကြသည်။

ဤတစ်ကြိမ်နှင့်ဆိုလျှင် သူတို့သည် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ စီးနင်းလိုက်ပါလာသည်မှာ တတိယအကြိမ်မြောက်သာ ရှိသေး၏။ ဤရှေးဆန်သော သယ်ယူပို့ဆောင်ရေးယာဉ်ကို သူတို့လုံးဝ အကျွမ်းတဝင် မဖြစ်ကြသေးပေ။ ယခင်က ဧရာမဖွတ်ကြီးသည် ဖြည်းညင်းစွာသာ ပြေးလွှားခဲ့သည့်အတွက် သူတို့သည် အနိုင်နိုင် ထိန်းသိမ်းထားနိုင်ခဲ့ကြသေးသည်။ သို့သော် ယခုကဲ့သို့ အရှိန်မြှင့်လိုက်သည့်အခါတွင်မူ သူတို့၏ အစာအိမ်က လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလား လှုပ်ခါနေပြီး နှလုံးနှင့် အသည်းများပင်လျှင် အပြင်သို့ လွင့်ထွက်လာတော့မည့်အလား ခံစားနေကြရတော့၏။

သူတို့အားလုံးသည် မိမိတို့၏ ခန္ဓာကိုယ်ကို တောင့်တင်းထားကြပြီး မျက်နှာထားများကလည်း အချိန်မရွေး အန်ထုတ်ပစ်တော့မည့်ဟန်ဖြင့် ကြည့်ရဆိုးလှ၏။ ဧရာမဖွတ်ကြီး၏ ပြင်းထန်သော အတက်အကျ လှုပ်ရှားမှုကြောင့် သူတို့ အသက်ပင် ကောင်းစွာမရှူဝံ့ကြတော့ချေ။ ဤသို့သော အရှိန်မြင့်မားသည့် လှုပ်ရှားမှုအောက်၌ ၁၉ပေကျော်မြင့်သော နေရာမှ မတော်တဆ ပြုတ်ကျသွားခဲ့ပါက အသက်မသေသည့်တိုင်အောင် အကြီးအကျယ် ဒုက္ခိတဖြစ်သွားနိုင်သည့်အတွက် ပေါ့ပေါ့တန်တန်ကိစ္စတစ်ခု မဟုတ်ပေ။

ထိုအချိန်၌ တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်နေသူမှာ လော်ယွမ်တစ်ယောက်သာ ရှိ၏။ သူက မြေပြင်ညီပေါ်၌ ထိုင်နေသည့်အလား ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏ လက်တစ်ဖက်က ချန်ကျားယီကို ပွေ့ဖက်ထားပြီး အခြားလက်တစ်ဖက်ကမူ ကျိုးရိချန်းကိုယ်ကို ဖိထား၏။ သူ၏ လက်နှစ်ဖက်စလုံးက မည်သည့်အရာကိုမျှ အားပြုထားခြင်းမရှိပေ။ သို့သော် ဧရာမဖွတ်ကြီး မည်မျှပင် ပြင်းထန်စွာ လှုပ်ခါနေစေကာမူ သူက ဧရာမဖွတ်ကြီး၏ ကျောပေါ်၌ ကပ်တွယ်နေသည့်အလား တစ်စက်ကလေးမျှပင် လှုပ်ရှားခြင်းမရှိချေ။ လော်ယွမ်၏ ရင်ခွင်ထဲ၌ ပွေ့ဖက်ခံထားရသော ချန်ကျားယီတစ်ယောက်သာလျှင် လော်ယွမ်၏ ခန္ဓာကိုယ်မှ ကြွက်သားများက ကြီးမားသော သုံးဖက်မြင် ပိုက်ကွန်ကြီးတစ်ခုအလား တစ်ခါတစ်ရံ တင်းမာသွားလိုက်၊ တစ်ခါတစ်ရံ လျော့ကျသွားလိုက်ဖြင့် တစ်စက္ကန့်အတွင်း၌ အကြိမ်ပေါင်းများစွာ ပြောင်းလဲနေသည်ကို ခံစားသိရှိနိုင်ပေလိမ့်မည်။

လေပြင်းက သူ၏ ဆံပင်များကို လွင့်ပါးသွားအောင် တိုက်ခတ်နေ၏။ သူ၏မျက်လုံးများက နောက်ကျောမှ အမှောင်ထုထဲသို့ လှမ်းမျှော်ကြည့်နေပြီး သူ၏ မျက်နှာက ရေပြင်ကဲ့သို့ နက်ရှိုင်းတည်ငြိမ်နေလေသည်။

ချန်ကျားယီသည် လော်ယွမ်ကို အချိန်အတော်ကြာအောင် ကြည့်နေမိ၏။ နောက်ကျောမှ နွေးထွေးမှုကို ခံစားရင်း ယခင်က သူမကို အနည်းငယ် ကြောက်ရွံ့စေခဲ့သော ဤဦးလေးက ယခုအခါ၌မူ သူမအား ယခင်က တစ်ခါမျှမခံစားခဲ့ဖူးသော လုံခြုံမှုတစ်မျိုးကို ပေးစွမ်းနေလေသည်။

................................................

ထိုအချိန်အတွင်း၌ မတော်တဆမှုတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သေး၏။ ဒဏ်ရာရထားသော စစ်သားတစ်ဦးသည် ဆက်လက်မထိန်းထားနိုင်တော့ဘဲ လက်အံသေသွားပြီး ကြိမ်အခင်းကို လွှတ်လိုက်မိရာ ချက်ချင်းပင် ဘေးသို့ လွင့်စဉ်ထွက်သွားခဲ့သည်။ အကယ်၍သာ လော်ယွမ်က မျက်စိလျှင်လက်လျှင်ဖြင့် အချိန်မီ သူ့ကို ဖမ်းဆွဲလိုက်နိုင်ခြင်းမရှိခဲ့ပါက ထိုစစ်သား အသက်ဆုံးရှုံးသွားခဲ့ပြီးဖြစ်ပေလိမ့်မည်။

ယခုကဲ့သို့သော အခြေအနေအောက်၌ အကယ်၍သာ တစ်စုံတစ်ယောက် ပြုတ်ကျသွားခဲ့ပါက လော်ယွမ် သူ့ကို ထားခဲ့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူက လူတစ်ယောက်အတွက်နှင့် လူအားလုံးကို အန္တရာယ်ကျရောက်အောင် ပြုလုပ်နိုင်မည်မဟုတ်ချေ။

အချိန်ကား တစ်စက္ကန့်ချင်း ကုန်လွန်သွားခဲ့သည်။ ဆယ်မိနစ်ပင် မပြည့်သေးမီမှာပင် လော်ယွမ်က ညင်သာသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏။ လေထုထဲ၌ တိုးတိုးညင်းညင်း တဝီဝီမြည်သံတစ်ခု ပျံ့လွင့်လာနေဟန်တူသည်။ အသံက သေးငယ်သော်လည်း မရေမတွက်နိုင်သော ဆူညံသံပေါင်းများစွာကို ပေါင်းစပ်ထားသည့်အလား ခြောက်ခြားဖွယ်ကောင်းသော ခံစားမှုတစ်မျိုးကို ပေးစွမ်းနေ၏။

နောက်ကျောမှ အမှောင်ထုအတွင်း၌ မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများက ရေလှိုင်းလုံးကြီးတစ်ခုပမာ ပြေးလွှားလာနေကြပြီး သူတို့အားလုံးကို မျိုချဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် တုန်ခါမှုက ပို၍ပင် ပြင်းထန်လာခဲ့ရာ သာမန်လူများပင်လျှင် ခံစားသိရှိလာနိုင်ကြပြီဖြစ်သည်။ လူတိုင်း၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။

ထိုအချိန်အတွင်း၌ ဧရာမဖွတ်ကြီးသည် အကြိမ်ပေါင်းများစွာ အရှိန်မြှင့်တင်ရန် ကြိုးစားခဲ့သော်လည်း လော်ယွမ်၏ ဖိနှိပ်မှုအောက်၌ မူလအရှိန်ကိုသာ ဆက်လက်ထိန်းသိမ်းထားခဲ့ရသည်။

ဧရာမဖွတ်ကြီး၏ လျင်မြန်မှုသည် လော်ယွမ်ထက်ပင် အနည်းငယ် ပို၍မြင့်မား၏။ ဆယ့်ငါးမှတ်ရှိသော လျင်မြန်မှုနှင့် ကြီးမားသော ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်ပါက ၎င်း၏ ခွန်အားအပြည့် ထုတ်သုံးလိုက်လျှင် ကျည်ဆန်ရထားတစ်စင်းနှင့်ပင် တူပေလိမ့်မည်။ လမ်းသာ ညီညာချောမွေ့ပြီး မျဉ်းဖြောင့်အတိုင်းသာ သွားမည်ဆိုလျှင် အချိန်တိုအတွင်း၌ တစ်နာရီလျှင် ကီလိုမီတာ သုံးလေးရာနှုန်းအထိပင် အရှိန်မြှင့်တင်နိုင်ပေသည်။

ခရီးရှည် ပြေးလွှားလျှင်တောင် တစ်နာရီလျှင် ကီလိုမီတာ နှစ်ရာကျော်နှုန်းကို ထိန်းသိမ်းထားနိုင်ပြီး သားရဲလှိုင်း၏ တိုက်ခိုက်မှုအန္တရာယ်မှ လွတ်မြောက်အောင် ပြေးနိုင်စွမ်းရှိ၏။

သို့သော် ဤသို့သောအရှိန်ကြောင့် ဖြစ်ပေါ်လာမည့် လေတိုးအားနှင့် ခါယမ်းမှုကို လော်ယွမ်တစ်ယောက်သာလျှင် အနိုင်နိုင် ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး အခြားသူများမှာမူ လွင့်စဉ်ကျသွားရုံသာ ရှိပေလိမ့်မည်။ ထို့အပြင် ဒဏ်ရာအပြည့်အဝ မပျောက်ကင်းသေးသော မိဝါပင်လျှင် နောက်တွင် ပြတ်ကျန်ခဲ့နိုင်သည့်အတွက် လော်ယွမ်က စိတ်ထဲ၌ မည်မျှပင် စိုးရိမ်ပူပန်နေစေကာမူ စိတ်ရှည်သည်းခံစွာဖြင့် အောင့်အည်းထားခဲ့ရသည်။

ထိုတစ်ခဏ၌ အချိန်သည် လူတိုင်း၏ နှလုံးသားထဲ၌ ယခင်က တစ်ခါမျှမရှိခဲ့ဖူးအောင် တန်ဖိုးကြီးမားနေခဲ့၏။ အားလုံးက စိတ်ကို တင်းထားကြပြီး မကြာမီ ကျရောက်လာတော့မည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသင့်ပြင်နေကြသည်။

မကြာမီမှာပင် အဝေးမှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကွန်ကရစ်များ ပြိုကျသံနှင့်အတူ ရောယှက်နေလေသည်။ အသံလာရာ အကွာအဝေးမှာ ၁မိုင်၊ ၂မိုင်ခန့်သာ ဝေးပေလိမ့်မည်။

"အမြန်လမ်းမကြီး ပြိုကျသွားပြီ" အားလုံး၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ အမြန်လမ်းမကြီးမှလွဲ၍ အခြားမည်သည့် ဘိလပ်မြေအဆောက်အအုံမျှ မရှိသောကြောင့်ဖြစ်သည်။

"သတိထား" လော်ယွမ်က ရုတ်တရက် အော်ပြောလိုက်သည်။ အမှောင်ထုထဲ၌ သူ၏ မျက်လုံးများက ကြောင်မျိုးနွယ် သတ္တဝါများကဲ့သို့ ဖျော့တော့သော အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်နေဟန်ရှိ၏။ သန်မာသော ခန္ဓာကိုယ်ကြောင့် သဘာဝအလျောက် ဆင့်ကဲပြောင်းလဲလာသော အလင်းရောင်နည်းပါးချိန်၌ မြင်နိုင်စွမ်းက သူ့အား အဝေးမှမြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်စေသည်။ သူက နောက်ကျောရှိ အိတ်ထဲမှ ကလေးတစ်ယောက်၏ လက်မောင်းအရွယ်ခန့်ရှိသော လှံတိုတစ်ချောင်းကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီးနောက် ချန်ကျားယီနှင့် ကျိုးရိချန်းကို အနားတွင်ရှိသော ဟော်တုံနှင့် လင်းရှောင်ကျီတို့ထံသို့ အပ်နှံလိုက်သည်။ ထို့နောက် သူက ဧရာမဖွတ်ကြီး၏ ကျောပေါ်တွင် တိုက်ရိုက် မတ်တပ်ထရပ်လိုက်လေတော့သည်။

ထိုမြင်ကွင်းကြောင့် အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ ကြိုတင်မသိနိုင်သော အန္တရာယ်က သူတို့ကို ခေါင်းနပမ်းကြီးသွားစေပြီး အလိုအလျောက်ပင် အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သို့သော် ထိုအချိန်၌ ကောင်းကင်သည် မင်ကဲ့သို့ မည်းမှောင်နေသည့်အတွက် လင်းရှောင်ကျီမှလွဲ၍ ကျန်လူအားလုံးသည် မိမိတို့ရှေ့ မီတာအနည်းငယ်အကွာမှလွဲ၍ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ကြချေ။ သူတို့သည် အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာနေသော သေးငယ်ပြီး မြန်ဆန်လှသည့် အသံများကိုသာ တိုးတိုးညင်းညင်း ကြားနေရသည်။

"ဒေါက်ဒေါက်" "ဒေါက်ဒေါက်"

၎င်းသည် ထူးဆန်းသော ပိုးကောင်တစ်မျိုးဖြစ်၏။ ခန္ဓာကိုယ်အရွယ်အစားမှာ မီနီဘတ်စ်ကားတစ်စီးခန့်ရှိပြီး ကျောဘက်သည် မြက်ပင်ကဲ့သို့ စိမ်းလန်းနေကာ အကြေးခွံလွှာများဖြင့် ဖုံးအုပ်ထားဟန်တူသည်။ ခန္ဓာကိုယ်နှင့် လုံးဝမလိုက်ဖက်သော တောင်ပံငယ်နှစ်စုံသည် ခုန်ပျံသည့်အခါတိုင်း၌ အကြိမ်နှုန်းမြင့်မားစွာဖြင့် တဖျတ်ဖျတ်ခတ်နေ၏။ ၎င်း၏ ဝမ်းဗိုက်သည် မင်ကဲ့သို့ မည်းနက်နေပြီး အလယ်၌ ချောမွေ့သော အက်ကြောင်းတစ်ခုက ဒေါင်လိုက်တည်ရှိနေသည်။ အလွန်အမင်း မည်းမှောင်နေသည့်အတွက် လော်ယွမ်က ထိုအက်ကြောင်းအတွင်း၌ မည်သည့်အရာရှိသည်ကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း အလှဆင်ထားသည့်အရာတစ်ခု မဟုတ်လောက်ကြောင်းကိုမူ သူသိ၏။

၎င်း၏ ခန္ဓာကိုယ်သည် ကြီးမားလှသော်လည်း လှုပ်ရှားသည့်အခါ၌မူ အံ့ဩဖွယ်ရာ ပေါ့ပါးလှ၏။ မယုံနိုင်လောက်အောင် သန်မာသော နောက်ခြေထောက်နှစ်ချောင်းက ၎င်းအား အလွန်အမင်း အားကောင်းသော ခုန်ပျံနိုင်စွမ်းကို ပေးစွမ်းထားသည်။ ထို့အပြင် တောင်ပံနှစ်စုံ၏ အကူအညီဖြင့် တစ်ချက်ခုန်လိုက်ရုံမျှဖြင့် ပေသုံးလေးဆယ်ထိ မြင့်တက်သွားနိုင်ပြီး ပေ၃၀၀ကျော်ထိ ခုန်ပျံသွားနိုင်ပေသည်။

ဧရာမဖွတ်ကြီး၏ လက်ရှိအရှိန်ဖြင့်ဆိုလျှင် ဆယ်စက္ကန့်အတွင်း ၎င်းတို့၏ အမီလိုက်ခြင်းကို ခံရပေလိမ့်မည်။

လော်ယွမ်ကို အခက်တွေ့စေသောအရာမှာ ဤသို့သော ပိုးကောင်မျိုးက တစ်ကောင်တည်းမဟုတ်ဘဲ အကောင်နှစ်ဆယ်ကျော်အထိ ရှိနေခြင်းပင်ဖြစ်သည်။

၎င်းတို့အများစုသည် အမြန်လမ်းမကြီး၏ အောက်ဘက်၌ ပျံ့နှံ့နေကြပြီး လမ်းပေါ်၌မူ ခြောက်ကောင်သာ ရှိ၏။ အကယ်၍ လော်ယွမ်သာ ၎င်းတို့ထဲမှ တစ်ကောင်ကို တိုက်ခိုက်လိုက်ပါက ကျန်သော သန္ဓေပြောင်းပိုးကောင်များက တိုက်ပွဲထဲသို့ ဝင်ရောက်လာမည်၊ မလာမည်ကို အာမမခံနိုင်ပေ။

သူ၏ နဖူး၌ ချွေးများ အနည်းငယ် စို့တက်လာပြီး နှလုံးက ပြင်းထန်စွာ ခုန်နေတော့သည်။ တင်းမာမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသော ခံစားချက်က သူ၏ သွေးများကို ဆူပွက်လာစေသကဲ့သို့ပင်။

ထိုပိုကောင်းများက တဖြည်းဖြည်းနှင့် ပိုပိုနည်းကပ်လာချေပြီ။

သန္ဓေပြောင်းပိုးကောင်များသည် ထွက်ပြေးတိမ်းရှောင်နေသော လူအုပ်စုကို အရေးမစိုက်သည့်အလား သူတို့၏အပေါ်မှ လျင်မြန်စွာ ကျော်ဖြတ်ခုန်ပျံသွားကြသည်။ သူတို့အဖွဲ့က လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ဟုသာ ခံစားလိုက်ရပြီး ထိုပိုးကောင်က ဧရာမဖွတ်ကြီး၏ ရှေ့ ပေ၃၀အကွာ၌ ပေါ့ပါးစွာ ကျဆင်းသွားခဲ့ပြီးဖြစ်သည်။ နောက်တစ်ခဏ၌ ၎င်းက နောက်တစ်ကြိမ် ခုန်ပျံလိုက်ပြီး အကြိမ်အနည်းငယ် ခုန်ပြီးနောက်တွင်မူ သူတို့၏ အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

ထို့နောက် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်...

လော်ယွမ် အနည်းငယ် သက်ပြင်းချလိုက်မိသော်လည်း မကြာမီမှာပင် သူ၏ စိတ်ထဲတွင် ပြန်လည်တင်းကြပ်လာခဲ့သည်။

စတုတ္ထမြောက် ပိုးကောင်၏ မူမမှန်သည့်ပုံကို လော်ယွမ်သတိထားမိလိုက်သည်။ ၎င်းက ခုန်ပျံနေစဉ်တွင် ခတ္တမျှ တန့်သွားခဲ့ပြီး ယခင်ပိုးကောင်များကဲ့သို့ ချက်ချင်း ဆက်လက်ရွေ့လျားသွားခြင်းမရှိချေ။ ထိုပိုးကောင်မှာ တုံ့ဆိုင်းနေဟန်တူပြီး အခြေအနေကို အကဲခတ်နေဟန်ရှိ၏။

အချိန်အတော်ကြာပြီးနောက် ၎င်းသည် နောက်တစ်ကြိမ် ဆက်သွားခဲ့သော်လည်း သူ၏ ခုန်ပျံသည့်အကွာအဝေးက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ တစ်ခါတစ်ရံ ဝေးသွားပြီး တစ်ခါတစ်ရံ နီးသွား၏။ ထိုပိုးကောင်က ခုန်ပျံသည့်အကွာအဝေးကို အဆက်မပြတ် ညှိနှိုင်းနေဟန်တူသည်။ အကြိမ်အနည်းငယ် ခုန်ပြီးနောက် ၎င်းသည် နောက်တစ်ကြိမ် ရပ်တန့်လိုက်ပြီး အားကုန်သုံးကာ လေထဲသို့ ခုန်တက်သွားလေသည်။

လော်ယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုအချိန်၌ ပိုးကောင်သည် အမြင့်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး တောင်ပံများကို အရှိန်ပြင်းစွာ ခတ်ရင်း အောက်သို့ ထိုးဆင်းလာခဲ့သည်။ ဤသည်မှာ ယခင်ပိုးကောင်များအားလုံး၌ မတွေ့ခဲ့ရသော လှုပ်ရှားမှုမျိုးဖြစ်ပြီး ရှင်းလင်းသော အမဲလိုက်သည့် လက္ခဏာပင်ဖြစ်သည်။ ထိုအချိန်တွင် ၎င်း၏ ပစ်မှတ်က ရှင်းလင်းနေလေပြီ။ လော်ယွမ်သည် ပိုးကောင် ကျဆင်းလာမည့်နေရာကို လျင်မြန်စွာ တွက်ချက်လိုက်ပြီးနောက် သူ၏ ရင်ထဲတွင် အေးစက်သွားကာ ဖွတ်ကြီးနောက်တွင် လိုက်ပါနေသော အားအင်ကုန်ခမ်းနေသည့် မိဝါကို ကြည့်လိုက်သည်။

ခရီးရှည် ပြေးလွှားခဲ့ရမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့က ဤပိုးကောင်အား အစာစားလိုစိတ်ကို ဖြစ်ပေါ်စေခဲ့ပြီဖြစ်သည်။ ၎င်းသည် ဒဏ်ရာမှ ပြန်လည်မသက်သာသေးသော မိဝါကို ပစ်မှတ်ထားလိုက်သည်မှာ ထင်ရှားလှ၏။

မြေဆွဲအားကြောင့် ပိုးကောင်၏ အရှိန်က တဖြည်းဖြည်း မြန်ဆန်လာပြီး ဧရာမ ဒုံးကျည်ကြီးတစ်ခုအလား ကောင်းကင်မှ ထိုးဆင်းလာတော့သည်။

မိဝါက အန္တရာယ်ကို ခံစားမိပြီး မော့ကြည့်လိုက်ချိန်၌မူ နောက်ကျသွားခဲ့လေပြီ။ ပိုးကောင်၏ သံမဏိတံစဉ်းနှင့်တူသော ခြေလက်များက အစွမ်းကုန် ဖြန့်ကားထား၏။ ယခင်က ကျုံ့ထားချိန်၌ မသိသာသော်လည်း ယခုကဲ့သို့ ဖြန့်ကားလိုက်သည့်အခါ၌မူ ဧရာမ ပိုက်ကွန်ကြီးတစ်ခုအလား ၅၆ပေပတ်လည်ထိ လွှမ်းခြုံထားပြီး ခြေလက်များ၏ ချွန်ထက်သော ထိပ်ဖျားများက သေခြင်းတရား၏ အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

အနားသို့ မရောက်မီမှာပင် ဝမ်းဗိုက်မှ ဒေါင်လိုက်အက်ကြောင်းက ရုတ်တရက် ပွင့်ဟလာပြီး သပ်ရပ်စွာ စီတန်းနေသော မည်းနက်သည့် ချွန်ထက်သော သွားတန်းနှစ်တန်း ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ထိုပိုးကောင်၏ ပါးစပ်ပင်ဖြစ်လေသည်။ အကယ်၍သာ ၎င်း၏ ကျောပေါ်သို့ ခုန်ချခြင်းခံလိုက်ရပါက အသားများ စုတ်ပြဲသွားရုံသာမက ကျောရိုးပင်လျှင် အကိုက်ဖြတ်ခံရပေလိမ့်မည်။

ပိုးကောင်၏ တိုက်ခိုက်မှုသည် အလွန်အမင်း ရုတ်တရက်ဆန်လှပြီး လှုပ်ရှားမှုကလည်း လျင်မြန်ပေါ့ပါးလှသည့်အတွက် မိဝါသည် တစ်ခဏအတွင်း၌ လုံးဝ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ချေ။

အကြပ်အတည်းနှင့် ကြုံတွေ့နေရချိန်၌ လော်ယွမ်က ရုတ်တရက် လှုပ်ရှားလိုက်သည်။

သူ၏ ဘယ်ခြေက ညင်သာသော်လည်း လျင်မြန်ဟန်ရှိသော ခြေလှမ်းတစ်လှမ်းကို ရှေ့သို့ လှမ်းလိုက်ပြီး ကျောရိုးက စပါးကြီးမြွေတစ်ကောင် လူးလွန့်လိုက်သည့်အလား လှုပ်ရှားသွားသည်။ ညာခြေကို အားကုန်သုံး၍ နင်းချလိုက်ပြီး လှံတိုကိုင်ထားသော ညာလက်၌ အစိမ်းရောင်သွေးကြောများ ထောင်ထလာကာ သက်တမ်းရင့်သစ်ပင်ကြီး၏ အမြစ်များကဲ့သို့ ဖြစ်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးပင်လျှင် ထက်ဝက်ခန့် ဖောင်းပွသွားသည့်အလား ထင်မှတ်ရ၏။ နောက်တစ်ခဏ၌ သူသည် ခါးကိုလှည့်ပြီး ခြေလှမ်းကိုပြင်ကာ ညာလက်ကို လျှပ်စီးကဲ့သို့ လက်ကိုလွှဲယမ်းလိုက်ရာ လှံတိုတစ်ချောင်းက လေထုကို ထိုးဖောက်ကာ အမြင်အာရုံထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

အားလုံး၏ နားစည်များ စူးရှစွာ နာကျင်သွားပြီး တဝီဝီမြည်သံများဖြင့် ပြည့်နှက်သွားသည်ဟုသာ ခံစားလိုက်ရသည်။ မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို သူတို့ လုံးဝမမြင်နိုင်ခဲ့ကြပေ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မသိနိုင်သော အန္တရာယ်ကို လော်ယွမ်က ဖယ်ရှားရှင်းလင်းပေးနိုင်ပါစေဟု တိတ်တဆိတ် ဆုတောင်းနေရုံသာဖြစ်တော့သည်။

ပထမအကြိမ် လှံပစ်ခြင်းနှင့် နှိုင်းယှဉ်ပါက လော်ယွမ်၏ ခွန်အားက တစ်ဆင့်တက်လာခဲ့ပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ကြီးမားသော တန်ပြန်တွန်းကန်အားကြောင့် ဧရာမဖွတ်ကြီး၏ ခြေလှမ်းများပင်လျှင် ယိမ်းယိုင်သွားခဲ့သည်။

ဤမျှကြီးမားသော ပစ်မှတ်နှင့် ကိုးမှတ်အထိရှိသော လှံပစ်စွမ်းရည်ကြောင့် လွဲချော်နိုင်ခြေမှာ လုံးဝမရှိသလောက်ပင်။ တစ်ခဏအတွင်းမှာပင် လှံတိုသည် အသံထက်မြန်သော အရှိန်ဖြင့် လေထဲကို ဖြတ်ကျော်ကာ ပိုးကောင်နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။ နောက်တစ်ခဏ၌ ပိုးကောင်မှာ ဘေးသို့ ပေသုံးလေးဆယ်ခန့် လွင့်စဉ်သွားပြီး လမ်းမပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

ထိုအပြာရောင် လှံတိုသည် ပထမဆုံးအကြိမ် တိုက်မိသည့်အချိန်၌ပင် ကြောက်မက်ဖွယ်ကောင်းသော ထိခိုက်မှုဒဏ်ကြောင့် အပိုင်းပိုင်း ကြေမွသွားပြီး ပေါက်ကွဲသွားသည့်အလား အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမှဖြစ်ပေါ်လာသော ကြီးမားသည့် တွန်းအားက ပိုးကောင်၏ ခန္ဓာကိုယ်၌ ၁ပေခွဲခန့်ရှိသော ဒဏ်ရာကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဧရာမပိုးကောင်ကြီးက ရုန်းကန်ကာ ထရပ်ရန် ကြိုးစားသော်လည်း ယိုင်နဲ့စွာဖြင့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်လဲကျသွားပြန်သည်။ အကြိမ်ပေါင်းများစွာ ရုန်းကန်ပြီးနောက် နောက်ဆုံး၌ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ထပ်မံ၍ ထရပ်နိုင်စွမ်း မရှိတော့ချေ။

လှံတိုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာက ၎င်းကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်အတွက် မည်သို့မျှ မပြောပလောက်ချေ။ အသက်အန္တရာယ်ကို ဖြစ်စေသောအရာမှာ ဒဏ်ရာမဟုတ်ဘဲ အရှိန်ပြင်းစွာ တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသော အတွင်းကြေဒဏ်ရာပင်ဖြစ်သည်။ ထိုအချိန်၌ ၎င်း၏ ဒဏ်ရာအနီးတစ်ဝိုက်မှ အတွင်းကလီစာများသည် အများအပြား ကြေမွပျက်စီးသွားပြီး အသားစများအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ သန္ဓေပြောင်းပိုးကောင်၏ အသက်ရှင်နိုင်စွမ်း မည်မျှပင် အားကောင်းစေကာမူ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

ဆက်ရန်...

အပိုင်း(၁၈၂)အချိန်ကိုလု၍

ထိုပိုးကောင်ကြီးသည် ဝမ်းနည်းပူဆွေးစွာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူ၏အသံသည် မှန်ကို လက်သည်းဖြင့် အားကုန်ခြစ်လိုက်သည့်အသံကဲ့သို့ စူးရှပြင်းထန်လှပြီး ညအမှောင်ထုထဲတွင် အဝေးသို့ ပျံ့လွင့်သွားလေသည်။

ထိုအသံသည် တစ်စုံတစ်ခုသော သတင်းစကားကို ပေးပို့လိုက်သည့်အလား၊ နောက်မှလိုက်မီလာသော ပိုးကောင်နှစ်ကောင်က ဒဏ်ရာရနေသော ပိုးကောင်ကြီးအနားသို့ လျင်မြန်စွာ ခုန်ပျံရောက်ရှိလာပြီး ခေါင်းမှကြာပွတ်နှင့်တူသော သူတို့၏ဦးမှင်များကို အလျင်အမြန် လှုပ်ယမ်းလိုက်ကြ၏။

ထက်မံ၍ အဝေးပြေးလမ်းမကြီး၏ ဘေးအကာအရံအပြင်ဘက်တွင် ရှိနေသည့် ပိုးကောင်အချို့သည်လည်း ထိုနေရာသို့ ခုန်လွှားလာကြရာ အရေအတွက်မှာ တဖြည်းဖြည်း များပြားလာတော့သည်။

လော်ယွမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ဝဲအကဲခတ်လိုက်ရာ သူ၏မျက်နှာမှာ ပို၍ပင် တည်ကြည်တင်းမာလာ၏။ လမ်းဘေးနှစ်ဘက်မှ ပိုးကောင်များသာမက အစောပိုင်းက ထွက်ခွာသွားခဲ့သော ပိုးကောင်များပင်လျှင် ယခု သူရှိရာနေရာသို့ ပြန်လှည့်လာနေကြသည်ကို သူသတိပြုမိလိုက်သည်။

"ဒေါက်ဒေါက်" "ဒေါက်ဒေါက်"

ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကြည်လင်ပြတ်သားပြီး သေးငယ်သော ခြေသံများ နေရာအနှံ့မှ ထွက်ပေါ်နေပြီး အနီးအနားရှိမျိုးနွယ်တူ ပိုးကောင်အားလုံး ဤနေရာသို့ စတင်စုရုံးလာကြသည့်အလား ထင်မှတ်ရသည်။

ညအမှောင်ထုထဲတွင် စူးရှသောအော်သံတို့သည် တစ်နေရာပြီးတစ်နေရာ အဆက်မပြတ် ထွက်ပေါ်နေပြီး အချင်းချင်း အဆက်အသွယ်လုပ်နေကြဟန်တူ၏။

ဤသန္ဓေပြောင်း ပိုးကောင်များ၏ အသိဉာဏ်မှာ အဆင့်အတန်းတစ်ခုအထိ ဖြစ်ထွန်းလာခဲ့ပြီး လူမျိုးစုအသိုင်းအဝိုင်းတစ်ခုကဲ့သို့သော လူမှုဖွဲ့စည်းပုံကို တည်ထောင်ထားကြပုံရသည်။ ဤသို့သောအခြေအနေမျိုးသည် ကမ္ဘာမပျက်ခင်က အချို့သော နို့တိုက်သတ္တဝါအမျိုးအစားများတွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုမူ အဆင့်နိမ့် ပိုးကောင်များထံတွင်ပင် တွေ့မြင်နေရချေပြီ။

သူက ဆက်လက်၍ မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ အချိန်ကြာကြာဆွဲထားလေ၊ အန္တရာယ်ပိုများလေဖြစ်၏။ ဤပိုးကောင်များ အရေအတွက်ပမာဏတစ်ခုအထိ စုစည်းမိသွားပါက သူတို့၏ အလစ်အငိုက်တိုက်ခိုက်ပုံနှင့် လျင်မြန်သော လှုပ်ရှားမှုများကြောင့် သူပင်လျှင် အနားကပ်ခံရဲမည်မဟုတ်ပေ။

လော်ယွမ်က နောက်ကျောမှ နောက်ထပ်လှံတိုတစ်ချောင်းကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ညာခြေဖြင့် အားကုန်ဆောင့်နင်းလိုက်ရာ နောက်တစ်ခဏတွင် လှံတိုသည် လျှပ်စီးလက်သကဲ့သို့ သူ၏လက်ထဲမှ ပျောက်ကွယ်သွား၏။

လေထုကိုထိုးခွင်းသွားသည့် စူးရှသောအသံ လုံးဝမပျောက်ကွယ်သေးခင်မှာပင် ဒုတိယအသံက တစ်ဆက်တည်း ထွက်ပေါ်လာပြီး အသံနှစ်ခုက တစ်သံတည်းကဲ့သို့ ပေါင်းစပ်သွား၏။

လှံတို၏အရှိန်က အသံ၏အမြန်နှုန်းကိုပင် ကျော်လွန်သွားခဲ့ပြီး ဒဏ်ရာရနေသောပိုးကောင်အနီးတွင် ရပ်နေသော ပိုးကောင်တစ်ကောင်သည် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ မိုးရေများကိုဖြတ်သန်း၍ အလင်းတန်းတစ်ခုအလား တိုးဝင်လာသော လှံတို၏ ပြင်းထန်စွာ ထိမှန်မှုကို ခံလိုက်ရသည်။ သူ၏မာကျောသော ပြင်ပအရိုးခွံသည် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာပင် ပုံပျက်ပန်းပျက်ဖြစ်ကာ ချိုင့်ဝင်သွားပြီးနောက် အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ ကြီးမားလှသော စွမ်းအားက ထိုပိုးကောင်ကို မူလနေရာမှ ပေ၆၀ကျော်အထိ လွင့်စဉ်သွားစေပြီး ကွန်ကရစ်မြေပြင်နှင့် ပြင်းထန်စွာ ပွတ်တိုက်မိသဖြင့် ထင်ရှားသော ပွန်းပဲ့ရာအချို့ပင် ထင်ကျန်ရစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုပိုးကောင်သည် အဝေးပြေးလမ်းမကြီး၏ ဘေးအကာအရံအပြင်ဘက်သို့ ပစ်ကျသွားတော့၏။

အခြားပိုးကောင်တစ်ကောင်မှာမူ ရုတ်တရက်ပေါက်ကွဲမှုကြောင့် လန့်ဖျပ်သွားပြီး နောက်ခြေထောက်ဖြင့်ကန်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း တစ်လှမ်းနောက်ကျသွားခဲ့ပြီ။ သူ၏ကိုယ်သည် မြေပြင်မှ ၃ပေခန့်မျှသာ ကြွတက်သွားစဉ်မှာပင် လှံတိုက ဟိန်းဟောက်သံပေးလျက် ရောက်ရှိလာပြီး စားပွဲဝိုင်းခန့်တုတ်သော နောက်ခြေထောက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ ခြေထောက်တစ်ချောင်းလုံး အရင်းမှပင် ပြတ်ထွက်သွားပြီး ကျန်ရှိနေသေးသော စွမ်းအားတို့က ပျော့ပျောင်းသော ဝမ်းဗိုက်ပေါ်တွင် ကြောက်မက်ဖွယ်ဒဏ်ရာကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

တတိယတစ်ချောင်း၊ စတုတ္ထတစ်ချောင်း… ဆဋ္ဌမမြောက်တစ်ချောင်း…

လော်ယွမ်၏ လှုပ်ရှားမှုများက ရေစီးဆင်းသကဲ့သို့ ချောမွေ့ပြီး လေပြင်းကဲ့သို့ လျင်မြန်လှ၏။ သာမန်လူတစ်ယောက်၏အမြင်တွင် လော်ယွမ်၏ခန္ဓာကိုယ်သည် ခေတ္တခဏမျှ ဝါးသွားသည်ကိုသာ မြင်နိုင်ပြီး လေထုထဲမှ ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကွဲသံများကိုသာ ကြားလိုက်ရပေမည်။ ထိုအသံများသည် နားထဲတွင် မိုးခြိမ်းသံများ ဆက်တိုက်ပေါက်ကွဲနေသကဲ့သို့ဖြစ်၍ လူကို ခေါင်းမူးစေပြီး အော့အန်ချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

သို့သော် ဒုတိယနှင့် တတိယလှံတိုတို့သာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး ကျန်လှံများမှာမူ ခြွင်းချက်မရှိ လွဲချော်သွားခဲ့သည်။

အကြောင်းရင်းတစ်ခုမှာ အခြားပိုးကောင်များသည် အလွန်အလှမ်းဝေးကွာနေပြီး လှံတိုမှာ မိုးရေများကို ဖြတ်သန်းလာရသဖြင့် အရှိန်လျော့ကျသွားခြင်းကြောင့်ဖြစ်၏။ ဒုတိယအကြောင်းရင်းမှာ အခြားပိုးကောင်များက သတိထားမိသွားကြပြီဖြစ်၍ အစောပိုင်းကဲ့သို့ ရုတ်တရက်အငိုက်ဖမ်းတိုက်ခိုက်နိုင်ခြင်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။

လော်ယွမ်က လှံတိုများကို ဆက်မပစ်တော့ဘဲ လက်ထဲတွင် မြဲမြံစွာဆုပ်ကိုင်ကာ အချိန်မရွေးပစ်လွှတ်နိုင်သည့် ဟန်ပန်ကို ပြင်လိုက်သည်။

သူ၏ထိုလှုပ်ရှားမှုက ဝိုင်းရံတိုက်ခိုက်ရန်ပြင်နေသော ပိုးကောင်များကို အလွန်အမင်း ခြိမ်းခြောက်နိုင်ခဲ့၏။ ရောက်ရှိလာသော ပိုးကောင်အချို့သည် အဝေးမှသာ အော်မည်၍ ခြိမ်းခြောက်နေကြပြီး ရှေ့သို့ ဆက်တိုးရန် မဝံ့ရဲတော့ချေ။ ဧရာမဖွတ်ကြီး အဆက်မပြတ်ပြေးလွှားနေစဉ် ထိုကြောက်မက်ဖွယ်ပိုးကောင်များသည် ခေတ္တခဏမျှ နောက်မှလိုက်လာပြီးနောက် မိမိတို့အသာစီးမရနိုင်မှန်း သိရှိသွားသောအခါ ထိုနေရာမှ ပညာသားပါပါဖြင့် ခွဲထွက်သွားပြီး အခြားဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်၏။ စိတ်ကို လျှော့ချလိုက်မှပင် သူ၏လက်မောင်းနှင့် ကျောဘက်မှ ကြွက်သားများ ပူလောင်စပ်ဖျဉ်းစွာ နာကျင်နေသည်ကို သတိပြုမိတော့သည်။

သူ မျက်မှောင်ကြုတ်လိုက်၏။ အစောပိုင်းက သူ၏တိုက်ခိုက်မှုများသည် အရှိန်အဝါကြီးမားပြီး မည်သူမျှမတားဆီးနိုင်ဟု ထင်ရသော်လည်း ဘာအရင်းအနှီးမှမရှိဘဲ ရရှိခဲ့ခြင်းတော့ မဟုတ်ချေ။

လှံတိုပစ်ခြင်းသည် ဓားကိုအသုံးပြုခြင်းကဲ့သို့မဟုတ်ဘဲ ကျွမ်းကျင်မှုများစွာမလိုအပ်ပေ။ ၎င်း၏စွမ်းအားသည် ခန္ဓာကိုယ်၏ လှုပ်ရှားနိုင်စွမ်းနှင့် တိုက်ရိုက်သက်ဆိုင်၏။ လှုပ်ရှားနိုင်စွမ်းမြင့်လေလေ၊ လှံတို၏စွမ်းအား ကြီးမားလေဖြစ်၏။ အမြင့်ဆုံးသော သတ်ဖြတ်နိုင်စွမ်းကို ရရှိရန်နှင့် တစ်ချက်တည်းဖြင့် အသေသတ်နိုင်ရန်အတွက် ပစ်ချက်တိုင်းတွင် အားကုန်အသုံးပြုရန် လိုအပ်သည်။

ထို့အပြင် သူခန္ဓာကိုယ်၏ လျင်မြန်မှုနှင့် ခွန်အားတို့က အလွန်အမင်း မညီမျှဘဲ၊ လျင်မြန်မှုက ခွန်အားထက် သာလွန်နေသဖြင့် ကြွက်သားများကို အတင်းအကျပ် အားစိုက်ထုတ်လိုက်သောအခါ ကြွက်သားများ သိသိသာသာ ယောင်ကိုင်းသွားခဲ့သည်။

သာမန်အချိန်တွင်ဆိုလျှင် သူ၏အလိုအလျောက်ကုစားနိုင်စွမ်းဖြင့် ဤသို့သောအပေါ်ရံဒဏ်ရာမျိုးက တစ်ညအိပ်လိုက်ရုံဖြင့် လုံးဝပြန်လည်ကောင်းမွန်သွားနိုင်၏။ သို့သော် ယခုအချိန်သည် အန္တရာယ်များ လေးဘက်လေးတန်မှ ဝန်းရံနေပြီး ရေတက်လာမှုကြောင့် သားရဲတိရစ္ဆာန်များ ရွှေ့ပြောင်းနေကြသည့်အချိန်ဖြစ်ရာ ယခုတွေ့ခဲ့ရသော ပိုးကောင်များသည် သားရဲလှိုင်းလုံးကြီးထဲမှ အမြန်ဆုံးပြေးလွှားနိုင်သော အုပ်စုတစ်စုမျှသာ ဖြစ်သည်။ ဆက်လက်၍ ပိုမိုများပြားသော အန္တရာယ်များနှင့် ရင်ဆိုင်ရပေဦးမည်။

သို့သော် ဤဒဏ်ရာလေးက သူ၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားစေလောက်အောင် မပြင်းထန်သော်ငြားလည်း သူ၏စွမ်းဆောင်ရည်ကိုမူ ဆိုးရွားစွာ ထိခိုက်စေနိုင်၏။

သူက ယခုအချိန်တွင် စွမ်းရည်မှတ်များ မညီမျှခြင်းကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ပို၍ပို၍ ခံစားလာရသည်။ နောက်တစ်ကြိမ် အဆင့်တက်သည့်အခါတွင် သူ၏ခွန်အားကို မဖြစ်မနေ မြှင့်တင်ရပေတော့မည်။ သို့မဟုတ်လျှင် တိုက်ခိုက်ရသည်မှာပင် အားမရနိုင်ဖြစ်နေပေလိမ့်မည်။ လော်ယွမ်သည် စိတ်ထဲတွင် ခေါင်းကိုက်နေသော်လည်း သူ၏မျက်နှာအမူအရာတွင်မူ မည်သို့မျှ မပေါ်လွင်စေခဲ့ချေ။

ထိုစဉ် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ကျန်လူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ပတ်ဝန်းကျင်ကို သတိထားကြ... ငါခဏလောက် နားလိုက်ဦးမယ်"

ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်းကြောင့် သူတို့အားလုံး အလင်းရောင်နည်းပါးသောနေရာတွင် အနည်းနှင့်အများ မြင်နိုင်စွမ်းရှိလာကြသည်။ သူတို့၏အမြင်အာရုံက လော်ယွမ်ကိုမမီသော်လည်း သာမန်လူများထက်မူ များစွာသာလွန်နေ၏။

"ခေါင်းဆောင်ယွမ်... အေးဆေးသားအနားယူပါ... ဒီဘက်ကိုငါတို့ကြည့်ထားလိုက်မယ်... ပြီးတော့ညီမလေးဝမ်လည်း ရှိတာပဲ ဘာမှမပူနဲ့" ဟော်တုံက အလျင်အမြန် အာမခံလိုက်သည်။

ဝမ်ရှီရှီမှာ ထိုစကားကိုကြားသောအခါ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... ကိုကြီးယွမ်ဘာမှမပူနဲ့... ကိုကြီးဘေးမှာ သမီးရှိတယ်"

"ကျွန်မတို့ သေချာသတိထား ကြည့်နေမယ်" ဟွမ်ကျားဟွေက စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်သည်။ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီး သူ၏စိတ်စွမ်းအားကို လျင်မြန်စွာ စုစည်းလိုက်၏။

ဤတစ်ကြိမ်တွင် သူက အချိန်ကိုမဖြုန်းတီးတော့ဘဲ သူ၏ "အာရုံခံနိုင်စွမ်း" ကို ဒဏ်ရာရနေသော လက်မောင်းပေါ်သို့ တိုက်ရိုက်အာရုံစိုက်လိုက်သည်။ "အာရုံ" ထဲမှ မြင်ကွင်းက ထိတ်လန့်ဖွယ်ကောင်းလှ၏။ ကြွက်သားများထဲတွင် သွေးခြည်ဥများစွာ ဖြစ်ပေါ်နေပြီး အနီးအနားရှိ သွေးကြောမျှင်များစွာလည်း ပိတ်ဆို့နေသည်။ အချို့သော ကြွက်သားမျှင်များမှာလည်း ပြတ်တောက်နေ၏။

၎င်းတို့က ကြွက်သားစုစုပေါင်း၏ အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာဖြစ်သော်လည်း သူ၏ညာလက်ခွန်အားကို အပြည့်အဝ အသုံးမပြုနိုင်အောင် ကန့်သတ်ထားသည်။

အချိန်များများမရသဖြင့် လော်ယွမ်က လျင်မြန်စွာ "စစ်ဆေး" လိုက်ပြီးနောက် အလုပ်စတင်လိုက်သည်။ မနေ့က အတွေ့အကြုံအရ သူ၏စိတ်စွမ်းအားဖြင့် ပထမဦးစွာ သွေးကြောမျှင်များကို ရှင်းလင်းပြီးနောက် သွေးခြည်ဥများကို ဆက်လက်ရှင်းလင်းလိုက်သည်။ စိတ်ဆန္ဒ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးခြည်ဥများသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တုန်ခါမှုကြောင့် ကြေမွသွားပြီး အရိပ်အယောင်မျှမကျန်အောင် ပျောက်ကွယ်သွား၏။

ဤအဆင့်နှစ်ခုက အလွယ်ကူဆုံးနှင့် အပေါ့ပါးဆုံးဖြစ်ပြီး စိတ်စွမ်းအားကို များစွာအသုံးမပြုရချေ။

တတိယအဆင့်ကသာ အရေးကြီးဆုံးဖြစ်သလို အခက်ခဲဆုံးလည်း ဖြစ်သည်။ သူက စိတ်ကို အနည်းငယ်စုစည်းလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ကြိုးစားကြည့်လိုက်သည်။

သို့သော် လက်တွေ့တွင်မူ ထိုအရာက သူထင်ထားသည်ထက် များစွာပို၍ လွယ်ကူနေသည်ကို တွေ့ရှိလိုက်ရသည်။

စိတ်စွမ်းအားဆိုသည်မှာ အဘယ်နည်း။ စိတ်စွမ်းအားသည် စိတ်ဆောင်သည့်အရာဖြစ်၏။ စိတ်စွမ်းအားသည် ဆန္ဒကို လက်တွေ့ဘဝတွင် ပုံဖော်ခြင်းဖြစ်၏။ စိတ်စွမ်းအားဆိုသည်မှာ တောင့်တလျှင် ဖြစ်လာစေနိုင်သည့်အရာပင်တည်း။

စိတ်ဆန္ဒ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ "အာရုံ" အောက်တွင် ပြတ်တောက်နေသော ကြွက်သားမျှင်များက အလိုအလျောက် လှုပ်ရှားလာကြပြီး အစွန်းနှစ်ဖက်က လျင်မြန်စွာ ထိတွေ့လာကြသည်။ သေးငယ်သော အသားနုများသည် အချင်းချင်း ရစ်ပတ်ပေါင်းစပ်သွားပြီး မသိမသာ ယားယံသည့်ခံစားမှု ဖြစ်ပေါ်လာပြီးနောက်တွင် လုံးဝပြန်လည်ဆက်စပ်သွားခဲ့သည်။ နေရာလွဲချော်မှု တစ်စိုးတစ်စိမျှမရှိဘဲ ပြီးပြည့်စုံလွန်းလှသည်။

ထိုအချိန်တွင် အချိန်က စက္ကန့်အနည်းငယ်မျှသာ ကုန်လွန်သွားသေးသည်။

လော်ယွမ်မှာ အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏စိတ်စွမ်းအားစုစည်းမှုကိုပင် ပျက်ပြားသွားလုနီးပါးဖြစ်ခဲ့သည်။ သူက ရပ်တန့်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ လုံးဝတည်ငြိမ်သွားမှသာ ပတ်ဝန်းကျင်ကို ထပ်မံ၍ "ကြည့်ရှု" လိုက်၏။ စိတ်စွမ်းအား၏အစွမ်းဖြင့် ပြတ်တောက်နေသော ကြွက်သားမျှင်များသည် တစ်မျှင်ပြီးတစ်မျှင် လျင်မြန်စွာ ပြန်လည်ဆက်စပ်သွားကြသည်။

ဤဖြစ်စဉ်တစ်ခုလုံးက မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပြီး ပြတ်တောက်သွားသော ကြွက်သားအားလုံးက မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။

သူက မျက်လုံးဖွင့်လိုက်ပြီး လက်မောင်းကို လွှဲယမ်းကြည့်လိုက်ရာ နာကျင်မှု လုံးဝပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုမျှမက သူ၏ခွန်အားသည်ပင် အရင်ကထက် အနည်းငယ်ပို၍ တိုးလာသကဲ့သို့ ခံစားရရာ အလွန်ပင် မယုံနိုင်စရာကောင်းလှ၏။

ဤသို့သော အန္တရာယ်များပြီး စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်အောက်တွင်ပင် သူက အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။

အလိုအလျောက်ကုစားနိုင်စွမ်းတွင် အားနည်းချက်များရှိ၏။ ဒဏ်ရာများလေလေ၊ ကြွက်သားများ နေရာလွဲချော်မှုများလေလေဖြစ်၏။ အရိုးများပါ ကျိုးဖူးပါက အခြေအနေက ပို၍ဆိုးနိုင်သည်။ အရိုးဆက်ခြင်းသည် မည်မျှပင် တိကျစေကာမူ သေးငယ်သော နေရာလွဲချော်မှုများ ရှိနေမည်သာဖြစ်သည်။ ဤသို့ဖြင့် ဒဏ်ရာရရှိသည့်အကြိမ်အရေအတွက် တိုးပွားလာသည်နှင့်အမျှ အားပြုနိုင်စွမ်း တဖြည်းဖြည်း ယုတ်လျော့လာပေမည်။

သို့သော် ယခုအခါတွင် သူ၏စိတ်စွမ်းအားက ဤအရာအားလုံးကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ခဲ့ချေပြီ။ သူ၏ခန္ဓာကိုယ်တွင် ယခင်ကကျန်ရှိနေခဲ့သော နာတာရှည်ဒဏ်ရာများစွာရှိနေသည်ကို စဉ်းစားမိသောအခါ၊ ယခုသာ အန္တရာယ်ကြားထဲတွင် မဟုတ်ပါက မိမိကိုယ်ကိုပင် ဒဏ်ရာရအောင်လုပ်ပြီး စမ်းကြည့်ချင်စိတ် ပေါက်သွားမိသည်။

"ရှင်နိုးပြီလား... ခဏလောက်ထပ်နားလိုက်ပါဦးလား" ဟွမ်ကျားဟွေသည် လော်ယွမ်မျက်လုံးဖွင့်လာသည်ကိုမြင်သောအခါ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ငါအားပြည့်သွားပြီ" လော်ယွမ်က သူမ၏လက်ကိုဆုပ်ကိုင်ရင်း ပြုံးလျက် ခေါင်းခါပြလိုက်သည်။

အရာအားလုံးသည် စကားလုံးများပင်မလိုဘဲ ထင်ရှားနေ၏။ သူတို့နှစ်ဦးက အတူတကွ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ရာ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိနေကြပြီဖြစ်သည်။ လော်ယွမ်၏အမူအရာကို မြင်သောအခါ သူမ၏စိုးရိမ်ပူပန်နေသောစိတ်သည် နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။

ကျိုးယလီသည် ဤအဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေရင်း စိတ်ထဲတွင် ချဉ်တူးတူးခံစားနေရပြီး တစ်စုံတစ်ခုက လည်ချောင်းထဲတွင် ဆို့နင့်နေသကဲ့သို့ ရှိနေ၏။

ထိုစဉ် ကျိုးရိချန်းက ညည်းညူသံတစ်ချက်ပေးကာ နိုးထလာပြီး ပါးစပ်ဟလိုက်သည်နှင့် လေအေးများ ဝင်လာသဖြင့် အဆက်မပြတ် ချောင်းဆိုးတော့သည်။

"တပ်ခွဲမှူး သတိရပြီလား... အခုဘယ်လိုနေသေးလဲ" စစ်သားတစ်ဦးက ကြိမ်အခင်းကို အားကုန်ဆုပ်ကိုင်ရင်း အားယူ၍ ကျိုးရိချန်းအနားသို့ တိုးသွားကာ မေးလိုက်သည်။

ကျိုးရိချန်းသည် အသက်ကိုဝအောင်ရှူလိုက်ပြီးနောက် မောဟိုက်စွာဖြင့် "ဒါဘယ်ရောက်နေတာလဲ... ငါမသေသေးဘူးလား" ဟုမေး၏။

"ခေါင်းဆောင်ယွမ်က တပ်ခွဲမှုးကိုကယ်ခဲ့တာလေ... ကျွန်တော်တို့အခုကလမ်းမှာ... ရှန်ဟိုင်းကိုတောင် ရောက်တော့မယ်... တပ်ခွဲမှုးအားတင်းထားနော်" အခြားစစ်သည်တစ်ဦးက လော်ယွမ်ကို သတိထား၍ ကြည့်ရင်း ပြောလိုက်သည်။

"ငါဘာမှမဖြစ်ဘူး... တော်တော်လေးနေလို့ကောင်းနေပြီ... ညီလေးယွမ် ငါမင်းကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး" ကျိုးရိချန်းသည် မောဟိုက်စွာ အသက်ရှူရင်း အနီးအနားရှိ လော်ယွမ်ကိုရှာဖွေကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ရပါတယ်... ဒါပေမဲ့အဲ့တုံးက ကျန်တဲ့သူတွေကို မကူညီလိုက်နိုင်တာပဲ နောင်တရမိတယ်" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

ကျိုးရိချန်း၏ကိုယ်က တစ်ချက်တုန်သွားပြီး ခြောက်ကပ်သောလေသံဖြင့် "ဒီမှာ... ဘယ်သူတွေ ကျန်သေးလဲ... အားလုံးနာမည်ခေါ်ကြစမ်း" ဟုဆို၏။

"ရှဲ့ချီလျန် ရှိပါတယ်"

"ရွှယ်လျန်ချန် ရှိပါတယ်"

"လီရှောက်တျယ် အသက်ရှင်တယ်"

"ပိုင်ရှန့်ဖုန်း ရှိပါတယ် အချိန်မရွေး တိုက်ပွဲဝင်ဖို့အသင့်ပဲ"

"ဝမ်ဝေလင်း ရှိပါတယ်"

"ကျိုးပင် ရှိပါတယ်"

"ကျူးတကျွမ်း ရှိပါတယ် ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ကျွန်တော် ကလဲ့စားချေရဦးမယ်"

ကျိုးရိချန်းသည် တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် နောက်ဆုံးတွင် အံကိုကြိတ်ကာ အားတင်းလျက် "မင်းတို့အားလုံးငါပြောတာကို သေချာနားထောင်... အားလုံးအံကြိတ်ထားကြ... မျှော်လင့်ချက်က ငါတို့ရှေ့မှာ ရောက်နေပြီ... နောက်ဆုံးအချိန်မှ မကျန်ရစ်ခဲ့စေနဲ့... ငါကျိုးရိချန်းက ပြောထားတဲ့အတိုင်း မင်းတို့ကို အသက်ရှင်လျက် ခေါ်သွားမယ်" ဟု အော်ပြောလိုက်သည်။

သူ၏အသံသည် တိုက်ခတ်လာသော လေနှင့်မိုးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း စစ်သားများသာမက လော်ယွမ်တို့အဖွဲ့ပါ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။ ရှန်ဟိုင်းမြို့က သူတို့၏မျက်စိရှေ့တွင်ပင် ရှိနေပြီမဟုတ်ပါလား။

ဆက်ရန်...

အပိုင်း(၁၈၃)ထူးဆန်းသောရန်သူ

ပိုးကောင်များပေါ်ထွက်လာခြင်းသည် အစပျိုးခြင်းတစ်ခုမျှသာဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် သန္ဓေပြောင်းသတ္တဝါများလည်း အခါအားလျော်စွာ တစ်ကောင်စနှစ်ကောင်စ ပေါ်ထွက်လာကြ၏။

ထိုသန္ဓေပြောင်းသားရဲများထဲတွင် အချို့က ကိုယ်ထည်ကြီးမား၍၊ အချို့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရုပ်သွင်ကြမ်းတမ်းကာ၊ အချို့မှာမူ လျင်မြန်ဖျတ်လတ်ပြီး ရန်လိုစိတ်နည်းကြ၏။ သို့သော် ၎င်းတို့အားလုံး၏ တူညီသောလက္ခဏာတစ်ခုမှာ အလွန်လျင်မြန်စွာ ပြေးလွှားနိုင်ခြင်းပင်ဖြစ်သည်။ သို့မဟုတ်လျှင် ဤမျှမြန်မြန်ဆန်ဆန်ဖြင့် ရှေ့ဆုံးသို့ ရောက်လာနိုင်မည်မဟုတ်ပေ။

၎င်းတို့သည် အဝေးပြေးလမ်းအကာအရံဘေးရှိ တောထဲတွင် သူတို့နှင့်အပြိုင် လျင်မြန်စွာပြေးလွှားနေကြသော်လည်း ဧရာမဖွတ်ကြီးနားမှ ဖြတ်ကျော်သွားသော သန္ဓေပြောင်းသတ္တဝါမှာ အလွန်နည်းပါးလှ၏။ အချိန်အများစုတွင် တစ်ကောင်နှင့်တစ်ကောင် နယ်နိမိတ်ပိုင်းခြားထားသည့်အလား တစ်ဖက်နှင့်တစ်ဖက် အနှောင့်အယှက်မပြုဘဲ ပြေးလွှားနေကြ၏။

တကယ်တော့ ဧရာမဖွတ်ကြီးသည်လည်း အနိုင်ကျင့်ရန် လွယ်ကူသော ပျော့ညံ့အားနည်းသည့် သတ္တဝါမဟုတ်ပေ။ ၎င်း၏ ကြီးမားလှသော ကိုယ်ထည်နှင့် အပြာရင့်ရောင်အဆင့် သို့မဟုတ် အစိမ်းနုရောင်အဆင့်သို့ ချဉ်းကပ်နေသော လွှမ်းမိုးနိုင်သည့်ဟိန်းဟောက်မှုက အခြားရွှေ့ပြောင်းလာသော သတ္တဝါများကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်စွမ်းရှိ၏။ အထူးသဖြင့် ရန်လိုစိတ်နည်းသော အပင်စား သန္ဓေပြောင်းသတ္တဝါများသည် အဝေးမှ မြင်ရုံမျှဖြင့် လမ်းကြောင်းပြောင်းကာ ဧရာမဖွတ်ကြီးနှင့် အတူသွားလာရမည်ကို ရှောင်ရှားကြသည်။

ဤတစ်ကြိမ်တွင် သားရဲများရွှေ့ပြောင်းမှုက ကမ်းရိုးတန်းတစ်ခုလုံးနီးပါးအထိ ကျယ်ပြန့်ပြီး အရပ်မျက်နှာအသီးသီးသို့ ဦးတည်သွားနေကြသောကြောင့် သားရဲအုပ်၏ သိပ်သည်းမှုမှာ အလွန်နည်းပါးလှ၏။ ယခင်ကြုံတွေ့ခဲ့ရသော သားရဲအုပ်ကြီးများနှင့် ယှဉ်လျှင် ဘာမှမပြောပလောက်ပေ။ ထို့ကြောင့် သန္ဓေပြောင်းသတ္တဝါများက လုံခြုံသောလမ်းကြောင်းကို ရွေးချယ်ရန် နေရာအလုံအလောက်ရှိကြသည်။

သို့ရာတွင် ဖွတ်ကြီးနှင့်အတူတကွသွားလာဝံ့သူများ၊ စိန်ခေါ်ရန်ပင် ဝံ့သူများကိုကြည့်လျှင် ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသနေခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အပြာရင့်ရောင်အဆင့်ဟု ယူဆရသော ထိုပိုးကောင်အုပ်စုကဲ့သို့ပင်တည်း။

ယခုအချိန်တွင် မြေပြင်တုန်ခါမှုက အလွန်ပင် ပြင်းထန်လာခဲ့ပြီဖြစ်၏။ ပတ်ဝန်းကျင်တွင် သစ်ပင်ကျိုးကျသံများနှင့် သန္ဓေပြောင်းသတ္တဝါတို့၏ နာကျင်စွာအော်ဟစ်သံများဖြင့် ဆူညံနေသည်။ သန္ဓေပြောင်းသတ္တဝါများ ပိုမိုများပြားစွာ ဤဒေသတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ၊ လမ်းဘေးဝဲယာရှိ တောအုပ်များလည်း လှုပ်ရှားလာတော့သည်။ ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကြောင့် ဤနေရာမှ သန္ဓေပြောင်းသားရဲများသည်လည်း အစုအပြုံလိုက် ရူးသွပ်မတတ် ထွက်ပြေးနေကြရာ လေထုထဲတွင် သွေးညှီနံ့တို့ တဖြည်းဖြည်း လွှမ်းခြုံလာတော့၏။

ပတ်ဝန်းကျင်အခြေအနေက အလွန်အမင်း ထိုင်းမှိုင်းနေပြီး မှောင်မိုက်နေသော ပတ်ဝန်းကျင်က ဤအငွေ့အသက်ကို ပို၍ ဆိုးရွားစေသည်။ လူတိုင်း မိမိတို့၏ နှလုံးခုန်သံ တဒုန်းဒုန်းကိုသာ ကြားနေရပြီး လူကို ရူးသွပ်သွားစေနိုင်လောက်သည်အထိပင်။ ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားချင်စိတ်တို့သာ တဖွားဖွားပေါ်ပေါက်နေ၏။

သို့သော် ဆယ့်ငါးမိနစ်ခန့်ပင် မသွားရသေးခင်မှာပင် ဧရာမဖွတ်ကြီး၏ အရှိန်က တဖြည်းဖြည်း ရပ်တန့်သွား၏။

"ဘာဖြစ်တာလဲ"

"ရှေ့မှာ ကျောက်တုံးကြီးတစ်တုံးရှိနေတယ်... လမ်းပိတ်နေတဲ့ပုံပဲ" လင်းရှောင်ကျီက ဆိုသည်။

"သေလိုက်ပါတော့... အဲ့တာ တောင်ပြိုထားတာဟ" ဟော်တုံက သေချာကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် သွေးအန်တော့မတတ် ခံစားလိုက်ရကာ မခံမရပ်နိုင်ဖြစ်စွာ ကျိန်ဆဲလိုက်သည်။

"ဘယ်လိုလုပ်ကြမလဲ... ပတ်သွားမယ်ဆိုရင် တောင်တစ်ခုလုံးကို ပတ်သွားရမှာ" ဝမ်ရှကွမ်က ဖြူဖျော့သောမျက်နှာဖြင့် ပြောလိုက်သည်။

"အားလုံးဒီမှာ နေခဲ့ကြ... ကျွန်တော်သွားကြည့်လိုက်ဦးမယ်" လော်ယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီးနောက် ဖွတ်ကြီး၏ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ ဤလမ်း၏ ဘေးနှစ်ဖက်သည် တောင်ကုန်းများဖြစ်ပြီး အမြန်လမ်းမကြီးက အလယ်မှ ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။

ကမ္ဘာပျက်ပြီးနောက်ပိုင်း အဓိကလမ်းမကြီးများ၏ လုံခြုံရေးအတွက် ဘေးနှစ်ဖက်ရှိ တောင်နံရံများကို ဘိလပ်မြေဖြင့် တစ်ပြင်တည်း လောင်းချထားခြင်းဖြစ်ရာ အလွန်ခိုင်ခံ့ရမည်ဖြစ်၏။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ တောင်ကုန်းတစ်ခုသည် တစ်ဝက်မှ ပြိုကျကာ အမြန်လမ်းမကြီးတစ်ခုလုံးကို ပိတ်ဆို့ထားလေသည်။

အခြားအရာများထက် အဆိုးဆုံးမှာ အလယ်တွင်ရှိသော ပေ၇၀ကျော်မြင့်သည့် ဧရာမကျောက်တုံးကြီးပင် ဖြစ်သည်။ ယင်းကျောက်တုံးကြီးက လမ်းတစ်ခုလုံးကို ပိတ်ထားသကဲ့သို့ ဖြစ်နေ၏။

ကျန်းနန်ဒေသရှိ တောင်များသည် အများအားဖြင့် မမြင့်မားလှဘဲ တောင်ကုန်းငယ်များဟုသာ ခေါ်ဆိုနိုင်၏။ သို့မဟုတ်လျှင် တောင်တစ်ဝက်မှ ပြိုကျရာတွင် ပေ၇၀ကျော်မြင့်သော ကျောက်တုံးကြီးတစ်တုံးတည်းသာ ကျလာမည်မဟုတ်ပေ။ သို့သော် တောင်က မမြင့်သော်လည်း အကျယ်အဝန်းမှာ မသေးလှပေ။ အကယ်၍ ကွေ့ပတ်သွားရမည်ဆိုလျှင် အနည်းဆုံး ၆မိုင်ကျော် ပိုသွားရမည်ဖြစ်ပြီး လမ်းမှာလည်း အမြန်လမ်းကဲ့သို့ သွားလာရလွယ်ကူမည်မဟုတ်ပေ။ ထိုဘက်သည် လုံးဝတောအုပ်ကြီးဖြစ်ရာ အချိန်များစွာ ကြန့်ကြာသွားမည်ဖြစ်ပြီး မနက်ဖြန်မနက်ရောက်သည့်တိုင် ရှန်ဟိုင်းမြို့သို့ ရောက်ချင်မှရောက်ပေမည်။

လော်ယွမ်က စိတ်မရှည်စွာဖြင့် နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ ရုတ်တရက် ဘေးမှ ဧရာမဖွတ်ကြီးကို မြင်လိုက်သောအခါ စိတ်ထဲတွင် အကြံတစ်ခု ရလိုက်သည်။ "သူ့ကို စမ်းခိုင်းကြည့်လျှင် ကောင်းမလား" အကယ်၍ ဤကျောက်တုံးကြီးကို တိုက်ခွဲနိုင်ခဲ့လျှင် ရှေ့ဆက်သွားရန် လမ်းတစ်ခု ဖောက်ထုတ်နိုင်ပေမည်။ လော်ယွမ် စောစောက ကြည့်လိုက်ရာတွင် လမ်းပိတ်ဆို့နေသော အကွာအဝေးက ပေ၁၀၀ခန့်သာ ရှည်လျား၏။ ဤမျှလောက် ပမာဏသည် ဧရာမဖွတ်ကြီးအတွက် ဘာမှမပြောပလောက်ပေ။

လော်ယွမ်က နောက်ပြန်သွားကာ အားလုံးကို ရှင်းပြပြီးနောက် လူတိုင်းကို ဧရာမဖွတ်ကြီးပေါ်မှ ဆင်းခိုင်းလိုက်သည်။ ထို့နောက် လွင့်စဉ်လာသော ကျောက်စကျောက်နများ ထိမှန်၍ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ရှားနိုင်ရန် ခပ်ဝေးဝေးသို့ ဆုတ်ခွာခိုင်းလိုက်၏။

သူတို့ကို သတိထားရန် မှာကြားပြီးနောက် လော်ယွမ်သည် ဧရာမဖွတ်ကြီးကို ခေါ်ဆောင်ကာ ရှေ့မှ ကျောက်တုံးကြီးဆီသို့ လျှောက်သွားတော့သည်။

............................................................

"သူက... အဲ့ဖွတ်ကြီးနဲ့ ဧရာမကျောက်တုံးကြီးကို တိုက်ခွဲခိုင်းမလို့လား" ကျိုးရိချန်းကို တစ်စုံတစ်ယောက်က မြေပေါ်သို့ချပေးလိုက်ရာ သူက အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။

"ဧရာမဖွတ်ကြီးပါ" ဝမ်ရှီရှီက အလေးအနက်ထားသော မျက်နှာဖြင့် ပြင်ပေးလိုက်သည်။ "ဧရာမဖွတ်ကြီးက အားသိပ်ကြီးတာ... အဲ့ဒီကျောက်တုံးလောက်ကို ဖြိုဖို့က ဘာမှမဟုတ်ဘူး"

"ဒါပေမဲ့... အဲ့ဒီကျောက်တုံးကြီးက ခြောက်ထပ်တိုက်အမြင့်လောက် ရှိတာလေ" ကျိုးရိချန်းက အနည်းငယ် မယုံနိုင်ဖြစ်နေသည်။

"ဘယ်လောက်မြင့်တဲ့ ကျောက်တုံးဖြစ်ဖြစ် သူက တိုက်ခွဲနိုင်တယ်... သူ့အရိုးတွေက သံမဏိထက်တောင် မာသေးတယ်" ဝမ်ရှီရှီက စိတ်မရှည်စွာ ရှင်းပြလိုက်သည်။

"ရှီရှီ အာရုံမများနဲ့... ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်" ဟွမ်ကျားဟွေက မျက်နှာထားတင်းတင်းဖြင့် ဆူလိုက်သည်။

"သူက သမီးနဲ့ လာငြင်းနေတာလေ" ဝမ်ရှီရှီက မကျေမနပ်ဖြင့် ကျိုးရိချန်းကို မျက်စောင်းထိုးလိုက်သည်။

ကျိုးရိချန်းက မျက်နှာပူပူဖြင့် ပါးစပ်ပိတ်လိုက်ပြီး ဤသို့ ခေါင်းမာသော ကလေးမလေးနှင့် ဆက်မငြင်းတော့ပေ။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်လာသည်။ ဤနေရာတွင် တစ်ရက်ပင် မနေရသေးခင်မှာပင် သူ၏အသုံးဝင်မှုက အကြီးအကျယ် ကျဆင်းသွားပုံရ၏။ လူသားစင်စစ်မဟုတ်သော ဆင့်ကဲပြောင်းလဲလာသူများနှင့် နှိုင်းယှဉ်လျှင် မိမိတို့စစ်သားများမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော စစ်သည်များထက် အကာအကွယ်ပေးရန် လိုအပ်နေသော သာမန်လူများနှင့် ပိုတူလာသကဲ့သို့ပင်။

ဤ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးကဲ့သို့ပင်။ ပြင်ပမ်းသဏ္ဍန်မှာ သာမန်သာဖြစ်ပြီး စိတ်ဓာတ်ပိုင်းမှာလည်း မရင့်ကျက်သေးသော်လည်း အမှန်တကယ်တွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းလူသားတစ်ဦး ဖြစ်နိုင်ခြေများ၏။ သူမ တိုက်ခိုက်သည်ကို မမြင်ဖူးသော်လည်း သူမလက်ထဲတွင် ကိုင်ထားသည့် ဓားမြှောင်ဟုပင် မခေါ်နိုင်သော ရယ်စရာကောင်းသည့် ဆူးချွန်နှင့် လော်ယွမ်အပါအဝင် အခြားသူများက သူမအပေါ် အလေးအနက်ထားဆက်ဆံပုံကို ကြည့်လျှင် အကာအကွယ်ပေးခံရသူတစ်ယောက်နှင့် လုံးဝမတူပေ။

ထိုအချိန်တွင် "အုန်း" ဟူသော ဧရာမပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာရာ ကျိုးရိချန်း၏ အတွေးစကို ပြတ်တောက်သွားစေသည်။

ပေ၃၀အကွာ ရှေ့တည့်တည့်တွင် ဖုန်မှုန့်များ လွင့်ပျံနေပြီး မရေမတွက်နိုင်သော ကျောက်စကျောက်နများက ကျည်ဆန်များကဲ့သို့ အရပ်လေးမျက်နှာသို့ လွင့်စင်သွား၏။ ဖုန်မှုန့်များသည်လည်း မကြာမီ ပျောက်ကွယ်သွားသည်။

ကျောက်တုံးကြီးတွင် ချိုင့်ကြီးတစ်ခု ဖြစ်သွားခဲ့ချေပြီ။ ကုဗပေ၃၀ခန့်ရှိသော ကျောက်သားများသည် ဧရာမဖွတ်ကြီး၏ တိုက်ခတ်မှုကြောင့် ကွာကျသွားခဲ့ပြီး ကျန်ရှိသောအပိုင်းတွင်လည်း ပင့်ကူအိမ်ကဲ့သို့ အက်ရာများ ပြည့်နှက်နေ၏။ သို့သော် ဧရာမဖွတ်ကြီးသည်လည်း အခြေအနေမကောင်းပေ။ ၎င်း၏ဦးခေါင်းသည် သွေးများဖြင့် ရွှဲနစ်နေပြီး သွေးများသည် တသွင်သွင်စီးကျကာ မြေပြင်ကိုပင် သွေးကွက်များဖြင့် စွန်းထင်းစေ၏။ သူသည် ခေါင်းကို အဆက်မပြတ်ခါယမ်းနေပြီး အနည်းငယ် မူးဝေနေပုံရသည်။

ဧရာမဖွတ်ကြီး ခဏအမောဖြေပြီးနောက် လော်ယွမ်က ဆက်လက်တိုက်ခိုက်ရန် ကြိုးစားစေခိုင်းသော်လည်း ဧရာမဖွတ်ကြီးက သနားစဖွယ် ညည်းညူရင်း နောက်သို့ ဆုတ်သွား၏။ လော်ယွမ် မည်သို့ပင် အော်ငေါက်စေကာမူ ရှေ့သို့တက်ရန် မဝံ့တော့ပေ။

လော်ယွမ်က ကျောက်တုံးကြီးပေါ်မှ အက်ရာများကို ကြည့်လိုက်သည်။ ဤကျောက်တုံးကြီးက ကြာကြာခံနိုင်တော့မည် မဟုတ်ပေ။ နောက်တစ်ကြိမ်၊ နှစ်ကြိမ် တိုက်လိုက်ရုံဖြင့် လုံးဝကြေမွသွားပေလိမ့်မည်။ ဤသို့ အရေးကြီးသည့်အချိန်တွင် ဧရာမဖွတ်ကြီးက နောက်ဆုတ်သွားသည်ကို သူ မည်သို့လက်ခံနိုင်မည်နည်း။

အကယ်၍ ယခင်ကဲ့သို့ အခုမှ လက်အောက်ခံဖြစ်ခါစအချိန်သာဆိုလျှင် လော်ယွမ်၏ စိတ်ဓာတ်အရ အတင်းအကြပ် အင်အားသုံး၍ စေခိုင်းမည်မှာ သေချာ၏။ သို့သော် ယခုအခါ အခြေအနေပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ ဧရာမဖွတ်ကြီး၏ စွမ်းအားသည် မသိလိုက်မသိဘာသာဖြင့် လော်ယွမ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ အကြမ်းဖက်နည်းဖြင့် စေခိုင်းခြင်းက ယခင်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိတော့မည်မဟုတ်ပေ။ ကံမကောင်းလျှင် သစ္စာစောင့်သိမှုပင် အကြီးအကျယ် ကျဆင်းသွားပြီး နောက်ဆုံးတွင် သူ့ကိုပုန်ကန်သွားနိုင်၏။

ယခုအချိန်တွင် လော်ယွမ်မှာ အစာပြ၍ ဖြားယောင်းသွေးဆောင်ရုံသာ တတ်နိုင်တော့သည်။ သူက အိတ်ထဲမှ အစာတောင့်တစ်တောင့်ကို ထုတ်ကာ အပေါ်အောက်မြှောက်ပြလိုက်သည်။ ဆွဲဆောင်မှုရှိသောရနံ့ကြောင့် ဧရာမဖွတ်ကြီး၏ မျက်လုံးများသည် အစာတောင့်အတိုင်း အပေါ်အောက်လိုက်ကြည့်နေ၏။ ထို့နောက် လော်ယွမ်က ကျောက်တုံးကြီးကို လက်ညှိုးထိုးပြလိုက်သည်။

ဧရာမဖွတ်ကြီးသည် တုံ့ဆိုင်းသွားပုံရသော်လည်း နောက်ဆုံးတွင် အစာတောင့်၏ ဆွဲဆောင်မှုက ပိုကြီးမားခဲ့သည်။

သူက နောက်တစ်ကြိမ် ထပ်တိုက်လိုက်ပြီး နာကျင်စွာဖြင့် အကျယ်ကြီး အော်ဟစ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တိုက်ချက်၏ အားသည် ပထမအကြိမ်နှင့် နှိုင်းယှဉ်၍မရသဖြင့် အကျိုးသက်ရောက်မှုမှာလည်း သိသိသာသာ နည်းပါးသွားပြီး အက်ရာများ အနည်းငယ် တိုးလာရုံသာရှိ၏။

ဧရာမဖွတ်ကြီးက သနားစဖွယ်ဖြင့် လော်ယွမ်ကို လှည့်ကြည့်လိုက်သည်။ ၎င်း၏ဦးခေါင်းသည် သွေးများဖြင့် ရွှဲနစ်နေပြီး အလွန်ပင် သနားစရာကောင်းနေ၏။

သို့သော် လော်ယွမ်သည် စိုးစဉ်းမျှ မယိမ်းယိုင်ပေ။ ၎င်းတို့မှာအရေပြားဒဏ်ရာမျှသာဖြစ်၏။ သူက ကျောက်တုံးကြီးကို ဆက်လက်လက်ညှိုးထိုးပြနေသည်။

သနားခံ၍မရမှန်း သိသောအခါ ဧရာမဖွတ်ကြီးသည် နောက်တစ်ကြိမ် လှည့်သွားရတော့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ ပို၍ပါးနပ်လာပုံရသည်။ ယခင်နှစ်ကြိမ်ကဲ့သို့ သေကြောင်းကြံသကဲ့သို့ တိုက်ခိုက်ခြင်းမပြုတော့ပေ။ သူက ကျောက်တုံးကြီးရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ လည်ချောင်းကို တစ်ချက် လှုပ်ရှားလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ပါးစပ်ကြီးကို ဟလိုက်ရာ ပြင်းထန်ပူလောင်သော မီးလျှံတစ်တန်း ထွက်ပေါ်လာပြီး ပေါက်ကွဲသကဲ့သို့ ကျောက်တုံးကြီးကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။

ကျောက်တုံးကြီးသည် နောက်တစ်ကြိမ် အပေါက်ကြီးတစ်ခုဖြစ်အောင် ပေါက်ကွဲသွားပြီး ကျန်ရှိနေသောမီးလျှံများသည် မိုးရေအောက်တွင်ပင် ပြင်းထန်စွာ လောင်ကျွမ်းနေ၏။ အပူအအေး ရုတ်တရက်ပြောင်းလဲမှုဒဏ်ကြောင့် ကျောက်တုံးကြီးသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ "ဝုန်း" ဟူသောအသံနှင့်အတူ ပြိုကျသွားတော့သည်။

လော်ယွမ်က ဧရာမဖွတ်ကြီး၏ ဉာဏ်ရည်ကို အနည်းငယ် အံ့အားသင့်သွားသော်လည်း စိတ်ထဲသိပ်မထည့်ပေ။

သူက အစာတောင့်ကို ရှေ့သို့ ပစ်ပေးလိုက်ရာ ဧရာမဖွတ်ကြီးက လျင်မြန်စွာ ဖမ်းယူလိုက်ပြီး အမြီးကို ပျော်ရွှင်စွာ ယမ်းခါနေတော့သည်။

ထိုစဉ် သူ၏လှုပ်ရှားမှု ရုတ်တရက် တောင့်တင်းသွားပြီး ကျောပေါ်ရှိ အကြေးခွံများမှာ ထောင်ထလာကာ အမြီးသည် ကြီးမားသော လွှသွားတစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး ပါးစပ်မှလည်း အက်ကွဲနက်ရှိုင်းသော ဟိန်းသံကို ပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် အဝေးမှ စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးယလီ၏အသံပင်။

"တခုခုဖြစ်နေပြီ" လော်ယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး လူစုရှိရာသို့ အမြန်ပြေးသွားတော့သည်။

အမှောင်ထုထဲတွင် မည်သည့်သတ္တဝါမှန်းမသိသော အရာတစ်ခုသည် မိဝါနှင့် ထိပ်တိုက်ရင်ဆိုင်နေ၏။

တစ်ကယ်တော့ ရင်ဆိုင်နေခြင်းမဟုတ်ဘဲ မိဝါက အဆက်မပြတ် နောက်ဆုတ်နေပြီး ပါးစပ်မှ တအီအီ ညည်းညူနေခြင်းဖြစ်သည်။

ရုတ်တရက် သူက တစ်စုံတစ်ခုနှင့် ထိမိသွားဟန်တူပြီး ကြီးမားသော ကိုယ်လုံးကြီးသည် ပြင်းထန်စွာ လူးလွန့်သွားတော့သည်။ နောက်တစ်ခဏတွင် လမ်းဘေးရှိ တောင်နံရံနှင့် ပြင်းထန်စွာ ဆောင့်မိကာ အကြိမ်အနည်းငယ် တုန်ခါပြီးနောက် ငြိမ်သက်သွား၏။ သေသည် ရှင်သည် မသိနိုင်တော့ပေ။

ထိုစဉ်သေနတ်သံများ ချက်ချင်း ပေါ်ထွက်လာသည်။

သို့သော် ပစ်မှတ်အား ထိမှန်ခြင်းရှိ၊ မရှိကို မည်သူမျှ မမြင်လိုက်ရပေ။ ရှေ့တွင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ပင်။ မည်သည့်အရာမှန်းမသိသော ကြောက်စိတ်က လူတိုင်း၏ နှလုံးသားကို ဆွဲဆုတ်ထားသကဲ့သို့ အသက်ရှူရခက်ခဲစေသည်။

"ဘာဖြစ်တာလဲ... အဲ့တာဘာကောင်လဲ မြင်လိုက်ကြလား" လော်ယွမ်က လူစုရှိရာသို့ လျင်မြန်စွာရောက်ရှိလာပြီး ဧရာမဖွတ်ကြီးလည်း နောက်မှလိုက်လာသည်။

လော်ယွမ်၏ အသံကြောင့် လူတိုင်း စိတ်သက်သာရာရသွားကြသည်။

"ဟင့်အင်း... ဘာမှမမြင်လိုက်ရဘူး... မိဝါရဲ့ အပြုအမူ မမှန်တာကို တွေ့မိလို့ သတိထားလိုက်တာ" ဝမ်ရှီရှီက အသက်ရှူမဝသလို ပြောလိုက်သည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီး ဤတစ်ကြိမ်တွင် အတော်လေး လန့်သွားပုံရသည်။

"ကျည်ဆန်ထိမှန်တဲ့ ခံစားချက်လည်း မရဘူး... ရှေ့မှာ ဘာမှမရှိသလိုမျိုးပဲ" စစ်သားတစ်ဦးကလည်း အသက်ကို မနဲရှူရင်း ပြောလိုက်သည်။ ဤကဲ့သို့သော ရန်သူမျိုးကို တစ်ခါမှ မကြုံဖူးချေ။

လော်ယွမ်က အမှောင်ထုထဲသို့ စူးစိုက်ကြည့်နေသော်လည်း ရှေ့တွင် သူတို့ပြောသည့်အတိုင်း ဘာမှရှိမနေပေ။ သို့သော် သူက ရှေမှ သတီစရာအငွေ့အသက်တစ်ခုကို ရှင်းလင်းစွာ ခံစားနေရသည်။ ထိုအငွေ့အသက်က လော်ယွမ်ကို တုန်လှုပ်စေပြီး ခေါင်းနပမ်းပင် ကြီးသွားရသည်အထိပင်။ ဤသည်မှာ မသိစိတ်မှ ခံစားချက်ဖြစ်၏။ မမြင်ရသော်လည်း ထိုသတ္တဝါက ရှေ့ မလှမ်းမကမ်း၌ ရပ်နေသည်ကို လော်ယွမ် သိနေသည်။ သူ၏နှလုံးမှာ ပြင်းထန်စွာခုန်နေပြီး ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ "အားလုံးဒီမှာနေကြဦး... ငါသွားကြည့်လိုက်မယ်"

"မသွားနဲ့... သူထွက်သွားလောက်ပြီ... မသွားပါနဲ့တော့" ဟွမ်ကျားဟွေက စိုးရိမ်သောမျက်နှာဖြင့် အလျင်အမြန်ပြောလိုက်သည်။ မမြင်ရသောရန်သူသည် ပို၍ ကြောက်စရာကောင်း၏။ သူမက လော်ယွမ်ကို စွန့်စားစေချင်စိတ် လုံးဝမရှိပေ။

"ဟုတ်တယ် ရှောင်ယွမ်... မသွားနဲ့... ဒီတစ်ခါရန်သူက ထူးဆန်းနေတယ်... ရှင်အဲ့ကိုလုံးဝသွားမကြည့်တာ အကောင်းဆုံးပဲ" ကျိုးယလီကလည်း လော်ယွမ်၏လက်ကို ဆွဲကိုင်ကာ ကြောက်လန့်တကြားပြောလိုက်သည်။ သူမ၏ကိုယ်သည်ပင် တဆတ်ဆတ်တုန်နေ၏။

"သူက ငါတို့ကို ပစ်မှတ်ထားပြီးနေပြီ" လော်ယွမ်က ဆီလျော်မှုမရှိသော စကားတစ်ခွန်းကို ရုတ်တရက်ဆိုလိုက်သည်၊ "ပြီးတော့ နင်တို့အားလုံး ခပ်ဝေးဝေးကို ဆုတ်နေကြ"

ထို့နောက် လော်ယွမ်က ကျိုးယလီ၏ လက်ကို ဖြည်းညင်းစွာ ဖယ်ချလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို သေသေချာချာ အာရုံခံကြည့်သော်လည်း ဘာမှမတွေ့ရပေ။ သူ၏လက်ထဲမှ ကျန်းမာတောက်ဓားကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ကိုယ်မှ ကြောက်မက်ဖွယ် ဖိအားတစ်ခုက တဖြည်းဖြည်း ပျံ့လွင့်ထွက်ပေါ်လာပြီး တဆတဆ ပို၍ အားကောင်းလာ၏။

လေထုက မငြိမ်မသက်ဖြစ်လာပြီး မြေပြင်ပေါ်မှ ကျောက်စရစ်ခဲလေးများပင် တဆတ်ဆတ်တုန်ခါနေကာ မမြင်ရသောလေစီးကြောင်းများသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏အောက်တွင် ပတ်ပတ်လည်၌ ဝန်းရံလာတော့သည်။

လော်ယွမ်၏ အစွမ်းကုန်ထုတ်လွှတ်လိုက်သော ဖိအားအောက်တွင် လူတိုင်း ဖြူဖျော့သောမျက်နှာများဖြင့် အလျင်အမြန်နောက်ဆုတ်သွားကြသည်။ ပေ၃၀ခန့်အကွာသို့ ရောက်နေသည့်တိုင် နှလုံးခုန်သံများ ပြင်းထန်နေဆဲဖြစ်ရာ တစ်ယောက်မျက်နှာတစ်ယောက် ကြောက်လန့်တကြား ကြည့်လိုက်မိကြသည်။

ဤကြောက်မက်ဖွယ်အငွေ့အသက်အောက်တွင် ရန်သူသည် နောက်ဆုံးတွင် သူ၏ပြီးပြည့်စုံသော ကွယ်ဝှက်ခြင်းကို မထိန်းသိမ်းနိုင်တော့ပေ။ ပတ်ဝန်းကျင်မြင်ကွင်းက အနည်းငယ် လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး လော်ယွမ်၏ အာရုံခံစားမှုက ချက်ချင်း ဖမ်းယူလိုက်နိုင်၏။ မျက်စိတစ်မှိတ်အတွင်း လော်ယွမ် ချက်ချင်း လှုပ်ရှားလိုက်သည်။ လှိုဏ်ဂူထဲမှ နဂါးတစ်ကောင် ထွက်လာသည့်အလား သူ၏ခြေဖျားဖြင့် မြေကိုအားဖြင့်ကန်ကာ ကိုယ်ကိုနှိမ့်ချလိုက်ပြီး မြေပြင်နှင့်တပြေးထဲနီးပါးဖြစ်သွားသည်။ သူ၏ကိုယ်က လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ အလွန်လျင်မြန်စွာ ရှေ့သို့ ပြေးထွက်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် သူ၏နောက်တွင် လေပွေတစ်ခုဖြစ်ပေါ်ကာ ဖုန်မှုန့်များ လွင့်ပျံသွားသည်။ ပေ၃၀ကျော်အကွာအဝေးကို လော်ယွမ်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ကျန်းမာတောက်ဓားသည် စူးရှသော ဓားရောင်ကို ထုတ်လွှတ်လိုက်ပြီး သက်တန့်တစ်စင်းကဲ့သို့ လေထုကို တိုက်ရိုက်ခွဲထုတ်ကာ စောစောကလှုပ်ခတ်သွားသောနေရာကို လျှပ်စီးကဲ့သို့ ထိုးစိုက်လိုက်၏။ ပတ်ဝန်းကျင်မြင်ကွင်းသည် ချက်ချင်းပင် အတုအယောင်တစ်ခုကဲ့သို့ ပြိုကွဲသွားပြီး ပေ၂၀ကျော်မြင့်ကာ တစ်ကိုယ်လုံး အစိမ်းရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာသည်။

ဘီလူးကြီးကို မြင်လိုက်ရချိန်တွင် လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ် မှင်သက်သွားသော်လည်း တစ်ခဏမျှသာ ဖြစ်၏။ ဓားကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ထို့ထက်ပိုမြန်သောအရှိန်ဖြင့် ထပ်မံထိုးစိုက်လိုက်သည်။

ဘီလူးကြီး၏ ကြောက်မက်ဖွယ်မျက်နှာတွင် အနည်းငယ် ထိတ်လန့်သွားဟန်ရှိပြီး ရုတ်တရက်တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ခြင်းမရှိသကဲ့သို့ ဖြစ်နေ၏။ သို့သော် တစ်ခဏအတွင်းမှာပင် သူ၏သွေးနီရောင်မျက်လုံးများသည် ရုတ်တရက် လင်းလက်လာသည်။

ထိုအလင်းရောင်ကိုကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားသည်။ သူ၏စိတ်စွမ်းအားကာကွယ်ရေးအလွှာပါးသည် ဤကဲ့သို့သော ထူးဆန်းသည့်တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။ သူကခြေလှမ်းကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပြီး လူနှင့်ဓား တစ်သားတည်းကျကာ ဘီလူးကြီး၏ နောက်ကျောသို့ လျင်မြန်စွာ ပတ်သွားလိုက်သည်။ ကျန်းမာတောက်ဓားကို ပြောင်းပြန်ကိုင်ကာ ခြေလှမ်းအတိုင်း သူ၏ဒူးခေါင်းကွေးကို အားဖြင့် ဆွဲဖြတ်လိုက်သည်။

ရန်သူ၏အရေပြားမှာ အလွန်မာကျောပြီး အသားထဲသို့ဝင်သည်နှင့် ကြွက်သားအလွှာများက ညှပ်ထားသဖြင့် လှီးဖြတ်ရ ခက်ခဲနေ၏။ ထို့အပြင် ဤလှီးဖြတ်ပုံက အားထည့်ရန်မလွယ်ကူသဖြင့် တစ်လက်မခန့်သာ လှီးဖြတ်နိုင်ပြီးနောက် ဆက်လက်မဝင်နိုင်တော့ပေ။ သို့သော်လည်း ဘီလူးကြီးကို လုံလောက်သော နာကျင်မှုကို ပေးနိုင်ခဲ့သည်။

"ဂါးးးးး" ဘီလူးကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးထဲမှ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ အသံထဲတွင် ကြောက်လန့်မှုများ ပါဝင်နေသည်။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ လော်ယွမ်သည် ဘီလူးကြီးပတ်လည်တွင် မရပ်မနားလည်ပတ်နေပြီး ၎င်း၏ကိုယ်ကို နေရာအသီးသီးမှ ဓားဖြင့် ခုတ်ပိုင်းနေသည်။ အသားများကို တစ်ခုပြီးတစ်ခု လှီးဖြတ်ချလိုက်၏။ တစ်စက္ကန့်အတွင်းမှာပင် လော်ယွမ်က ဓားချက် ဆယ်ချက်ကျော် ခုတ်ပိုင်းလိုက်သည်။ ဤသည်မှာ ရှောင်တိမ်းနေသော ခြေလှမ်းများနှင့် တွဲဖက်ထားသောကြောင့် ဖြစ်၏။ ဘီလူးကြီး၏ ခြေထောက်နှစ်ဖက်မှာ မကြာမီ သွေးများဖြင့် ရွှဲနစ်သွားတော့သည်။

ဘီလူးကြီးက တုံ့ပြန်ရန်နှေးကွေးခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကသာ လှုပ်ရှားမှုကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေ၏။ လူတစ်ယောက်က ကြွက်တစ်ကောင်ကို ဖမ်းရန် ကြိုးစားသော်လည်း အကောင်သေးလွန်းသဖြင့် အားရှိသော်လည်း မသုံးနိုင်သကဲ့သို့ပင်။

ဘီလူးကြီးသည် ကြောက်လန့်တကြား အော်ဟစ်ကာ ခြေထောက်များဖြင့် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းချနေသည်။ အမြန်လမ်းမကြီးမှာ မကြာမီ ချိုင့်ခွက်များဖြစ်ပေါ်လာပြီး ကျောက်စကျောက်နများ လွင့်စင်ကုန်၏။ သူ့အားစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဖြစ်စေသော ကြွက်ကို နင်းသတ်ချင်ပုံရသော်လည်း လုံးဝအရာမရောက်ပေ။

နောက်ဆုံးတွင် သူက ထွက်ပြေးရန် စဉ်းစားမိတော့သည်။ လှည့်ထွက်စဉ်တွင် လော်ယွမ်က ခြေလှမ်းအနည်းငယ်ဖြင့် အမီလိုက်ကာ သူ၏ခြေကျောကို ဓားဖြင့် ပြင်းထန်စွာ ခုတ်ဖြတ်လိုက်သည်။ ကြီးမားသောခန္ဓာကိုယ်က ချက်ချင်းပင် မြေပေါ်သို့ ဒူးထောက်ကျသွားရာ မြေကြီးပင် တုန်ခါသွား၏။

မတ်တပ်ထရပ်ရန် မကြိုးစားနိုင်မီမှာပင် လော်ယွမ်က သူ၏ဒူးခေါင်းနောက်သို့ အားဖြင့် ကန်ချလိုက်ရာ သူသည် နောက်တစ်ကြိမ် လဲကျသွားပြန်သည်။

ဒူးထောက်နေသည့်တိုင် ဤဘီလူးကြီးသည် ၇ပေကျော် မြင့်မားနေသေးသည်။ လော်ယွမ်က သူ၏ဒူးခေါင်းကို နောက်တစ်ကြိမ် ထပ်ကန်လိုက်ရာ ပြင်းထန်သောအရှိန်ကြောင့် သူ၏ထရပ်ရန်ကြိုးပမ်းမှုက လုံးဝအချည်းနှီးဖြစ်သွား၏။ လော်ယွမ်က သူ၏နောက်ကျောပေါ်သို့ ခုန်တက်ကာ ခြေလှမ်းအနည်းငယ်ဖြင့် သူ၏ဦးခေါင်းဆီသို့ လျှောက်သွားပြီး အမွေးများကို အားဖြင့်ဆွဲကာ မော့စေလိုက်သည်။ ကျန်းမာတောက်ဓား၏ ဓားထိပ်ဖျားကို သူ၏နားထင်သို့ ထောက်လိုက်ရာ ဓားထိပ်ဖျားမှ ဓားရောင်ဝါများ တလက်လက်ထွက်ပေါ်နေသည်။

နောက်တစ်ခဏတွင် အားဖြင့် ထိုးစိုက်လိုက်ရာ တစ်ဖက်သို့ ချက်ချင်း ဖောက်ထွက်သွားသည်။

ဘီလူးကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်လုံးထဲမှ အနီရောင်အလင်းတန်းများ တောက်ပလာသည်။ အနီရောင်အလင်းတန်းတစ်ခုက မြေပြင်ကို ထိမှန်ကာ ဖုန်မှုန့်များ လွင့်ပျံသွားစေပြီးနောက် သူသည် ပျော့ခွေကာ မြေပေါ်သို့ လဲကျသွားပြီး ငြိမ်သက်သွားတော့သည်။

ဤအချိန်ရောက်မှသာ ဘီလူးကြီးက သူ၏အစွမ်းထက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်ခွင့် ရရှိခဲ့တော့သည်။

ဆက်ရန်...

အပိုင်း(၁၈၄)နေဝင်ချိန်၏နောက်ဆုံးပုံရိပ်များ

တိုက်ပွဲတစ်ခုလုံးသည် ရန်သူနှင့် စတင်တွေ့ရှိချိန်မှ မြေပြင်ပေါ်သို့ လဲကျသွားချိန်အထိ စက္ကန့်သုံးဆယ်ပင်မကြာလိုက်ပေ။ သို့သော် လော်ယွမ်မှာမူ ချွေးများရွှဲနစ်ကာ တစ်ကိုယ်လုံးမှ အခိုးငွေ့များပင် ပျံတက်နေ၏။ သူ့ပုံစံမှာ ချွေးထုတ်ခန်းထဲမှ ယခုလေးတင် ထွက်လာသည့်အတိုင်းပင်။

လော်ယွမ်က ၎င်းကို လွယ်လွယ်ကူကူပင် လှဲသိပ်နိုင်ခဲ့သည့်အလား ထင်ရသော်လည်း ထိုအရာမှာ သူ၏အားသာချက်ဖြင့် ရန်သူ၏အားနည်းချက်ကို အသုံးချတိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အမှန်စင်စစ်တွင်မူ ဤဘီလူးကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

၎င်း၏ လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ဖျောက်နိုင်စွမ်းနှင့် မျက်လုံးထဲမှ ထူးဆန်းသော ရောင်ခြည်ဖြင့်တိုက်ခိုက်မှုတို့မှာ သာမန်သန္ဓေပြောင်းသတ္တဝါများနှင့် လုံးဝမတူဘဲ ကွဲပြားခြားနားလှသည်။ ထိုအရာမှာ သန္ဓေပြောင်းသားရဲတစ်ကောင်တွင် လူသားကဲ့သို့ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်များ ပိုင်ဆိုင်ထားသည့်အလားပင်။ အထူးသဖြင့် ကိုယ်ဖျောက်နိုင်စွမ်းဖြစ်ပြီး လော်ယွမ်၏အာရုံခံနိုင်စွမ်းကိုပင် အပြည့်အဝ လှည့်စားနိုင်ခဲ့သည်။ ဤကဲ့သို့သောအခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။

တကယ်တမ်းတွင် အာရုံခံနိုင်စွမ်းနှင့် အမြင်အာရုံတို့၏ အလုပ်လုပ်ပုံမှာ လုံးဝမတူညီချေ။ အလင်းယိုင်ခြင်းကို အခြေခံသော ကိုယ်ဖျောက်ခြင်းသည် မျက်စိကို လှည့်စားနိုင်သော်လည်း အာရုံခံနိုင်စွမ်းကိုမူ မလှည့်စားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အာရုံခံနိုင်စွမ်းသည် လှိုင်းတစ်ခုနှင့် ပို၍တူသောကြောင့်ဖြစ်သည်။ သို့သော် ဤဘီလူးကြီးမှာ သူ၏အနီးသို့ ရောက်ရှိနေသည့်တိုင် လော်ယွမ် လုံးဝရှာမတွေ့ခဲ့ပေ။ အကယ်၍သာ သူ့အရှိန်အဝါ၏ လွှမ်းမိုးမှုဒဏ်ကြောင့် ရန်သူထံတွင် သေးငယ်သောဟာကွက်တစ်ခု မပေါ်ပေါက်ခဲ့ပါက ဤတိုက်ပွဲသည် မစတင်ခင်မှာပင် အဆုံးသတ်သွားဖွယ်ရှိ၏။

၎င်း၏မျက်လုံးမှ ထူးဆန်းသော တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ တိုက်ရိုက်မထိတွေ့ခဲ့ရသော်လည်း သေခြင်းတရားနှင့် နီးကပ်သွားသလို ခံစားလိုက်ရသည့် အထိအတွေ့ကို ယခုပြန်စဉ်းစားမိသည့်တိုင် လော်ယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရဆဲ။ ထိုအဖြစ်မှာ သေမင်း၏တံခါးဝသို့ တစ်ခေါက်သွားရောက်လည်ပတ်ခဲ့ရသကဲ့သို့ပင်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို မှန်းဆကြည့်နိုင်သည်။

တိုက်ပွဲပြီးဆုံးသွားသောအခါ အားလုံးက အလျင်အမြန် ပြေးလာကြသည်။

"ရှင် ဒဏ်ရာရသေးလား" ဟွမ်ကျားဟွေက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ လော်ယွမ်က ခေါင်းခါပြလိုက်မှသာ သူမသည် သက်ပြင်းကို အားရပါးရချလိုက်ရင်း "လန့်လိုက်တာ... အဲ့တာဘယ်လိုသတ္တဝါကြီးလဲ" ဟု ဆို၏။

သူမသည် စပ်စုလိုစိတ်နှင့် ကြောက်ရွံ့စိတ်တို့ရောယှက်နေသော မျက်လုံးများဖြင့် ဘီလူးကြီး၏ ဧရာမအလောင်းကို ကြည့်လိုက်ပြီး "အဲ့တာက သန္ဓေပြောင်းလူလား... နည်းတာကြီးမဟုတ်ဘူးနော်"

အလောင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အရှည်အားဖြင့် ၂၃ပေခန့် ရှိ၏။ ခြေလက်များမှာ သန်မာတုတ်ခိုင်ပြီး ခွန်အားများ ပြည့်နှက်နေသော ခံစားချက်ကို ပေးစွမ်းသည်။ သေဆုံးသွားသည့်တိုင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေဆဲဖြစ်သည်။ တစ်ကိုယ်လုံးတွင် စိမ်းဖန့်ဖန့်အမွေးများဖြင့် ဖုံးလွှမ်းနေပြီး ဦးခေါင်းပိုင်းတွင်မူ အမွေးများက အနည်းငယ်ကျဲပါးနေသည်။ ထိုနေရာတွင် အစိမ်းရောင်တောက်တောက် ဦးချိုတိုတစ်ချောင်း ပေါက်နေ၏။ လူတိုင်း၏အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာ သူ၏ရင်ဘတ်တွင် ချိတ်ဆွဲထားသော ပုံသွင်းပွတ်တိုက်ထားသည့် ကျောက်စိမ်းလည်ဆွဲပင် ဖြစ်သည်။

ဤအရာမှာ ဉာဏ်ရည်ရှိခြင်း၏ သက်သေပင်ဖြစ်သည်။ သန္ဓေပြောင်းလူသားမှလွဲ၍ အခြားသန္ဓေပြောင်းသားရဲများအနေဖြင့် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်မည်မဟုတ်ပေ။

"မဟုတ်ဘူး... ကျွန်တော့်အထင်တော့ အဲ့ဒါက နည်းနည်းမတူဘူးလို့ ခံစားရတယ်" ဟော်တုံက ခေတ္တမျှတွေဝေသွားပြီးနောက် "သန္ဓေပြောင်းလူသားဆိုတာက ဘယ်လောက်ပဲ အသွင်ပြောင်းပြောင်း... လူရဲ့လက္ခဏာတွေတော့ ကျန်နေတုံးပဲလေ... ဥပမာချန်ရှင်းဖုံလိုပေါ့... လူပုံပေါက်တုံးပဲ... ဒါကြီးကသန္ဓေပြောင်းသတ္တဝါဖြစ်ဖို့များတယ်"

"ဟုတ်တယ်နော်" ချောင်လင်းက အနားသို့မကပ်ရဲဘဲ အဝေးမှနေ၍ ထိုသတ္တဝါ၏ ခြေလက်များကို လက်ညှိုးထိုးပြကာ "ကြည့်ဦး... သူ့မှာလက်ချောင်း လေးချောင်းပဲရှိတယ်... အစစ်က၅စစ်တောင်... ခြေချောင်းတွေလည်း ဒီအတိုင်းပဲ"

အားလုံးက သိပ်မကြာမီမှာပင် သက်သေအထောက်အထားများ ပိုမိုရှာဖွေတွေ့ရှိခဲ့ကြသည်။ ဥပမာအားဖြင့် ၎င်း၏ကိုယ်ပေါ်တွင် နို့သီးခေါင်းခြောက်ခုရှိခြင်း၊ အပြည့်အဝမပျောက်ကွယ်သေးသော အမြီးတိုတစ်ချောင်းရှိခြင်း၊ ထို့ပြင် နှခေါင်းနေရာတွင် အပေါက်နှစ်ပေါက်မှလွဲ၍ ထင်ရှားသော နှာခေါင်းမရှိခြင်းတို့ပင် ဖြစ်သည်။

ပတ်ဝန်းကျင်အခြေအနေသည် ရုတ်တရက် အေးစက်တိတ်ဆိတ်သွားပြီး မည်သူမျှ စကားဆက်မပြောကြတော့ပေ။ အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ထင်ဟပ်နေခဲ့သည်။

"ကျိုးယလီကို သွားကြည့်လိုက်ပါလား" ထိုအချိန်တွင် ဝမ်ရှကွမ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး လော်ယွမ်အား လှမ်းပြောလိုက်သည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ပြေးသွားခဲ့၏။

ကျိုးယလီမှာ မိဝါ၏ အလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ရှိုက်ငိုနေ၏။ တဖြည်းဖြည်း အေးစက်လာသော မိဝါ၏ ခန္ဓာကိုယ်လေးကို ပွတ်သပ်ပေးနေရင်း သူမ၏ မျက်ရည်များမှာ တာကျိုးသလိုပင် စီးကျလာခဲ့သည်။

မိဝါ၏ ခန္ဓာကိုယ်ဒဏ်ရာများမှာ မူလကတည်းက မပျောက်ကင်းသေးဘဲ တစ်လမ်းလုံး အားတင်း၍ လိုက်ပါလာခဲ့ရခြင်းဖြစ်သည်။ အဆင့်မြင့်သတ္တဝါနှင့်ထိုသို့ရင်ဆိုင်ရပါက သာမန်သန္ဓေပြောင်းသားရဲတစ်ကောင်သာဆိုလျှင် အစောကတည်းက ထွက်ပြေးသွားလောက်ချေပြီ။ ယခုကဲ့သို့မဆင်မခြင်နှင့် ပြေးဝင်တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် သူ၏သခင် ကျိုးယလီမှာ ဤနေရာတွင် ရှိနေသောကြောင့် သူ ပြေးဝင်တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ ဘီလူးကြီး၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ်အလင်းတန်းနှင့် ထိတွေ့ပြီးနောက်တွင်မူ ခုခံနိုင်စွမ်းမရှိဘဲ အသံတိတ် သေဆုံးသွားခဲ့ရသည်။

"နင်... ရရဲ့လား" လော်ယွမ် သူမအနားသို့ သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေတ္တမျှတွေဝေပြီးနောက် ညင်သာစွာ မေးလိုက်သည်။ ဤကမ္ဘာပျက်ကာလကြီး စတင်ကတည်းက သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်သော မိဝါသည် သူမအတွက် အကြီးမားဆုံးသော အားကိုးရာဖြစ်ခဲ့သည်ကို သူသိ၏။ ဤသစ္စာရှိသော သန္ဓေပြောင်းသတ္တဝါ၏ ကာကွယ်စောင့်ရှောက်မှုဖြင့်သာ သူမသည် ကြမ်းတမ်းလှသော ကမ္ဘာပျက်ကာလတွင် ယခုအချိန်အထိ ဘေးကင်းလုံခြုံစွာ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။ သံယောဇဉ်ကို ပြောရမည်ဆိုလျှင် အရင်းနှီးဆုံးသော မိသားစုဝင်ဟုပင် ဆိုနိုင်ပေသည်။

"အဟင့်... ဟင့်... အီးဟီး..." ကျိုးယလီတစ်ယောက် ဖြေဆည်နိုင်ခြင်းမရှိတော့ဘဲ လော်ယွမ်ကို တင်းကျပ်စွာဖက်ကာ အသည်းကွဲမတတ် ငိုကြွေးလေတော့သည်။ သူမ၏ အသည်းခိုက်မတတ် ငိုရှိုက်သံများက ကြားရသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့၏။

အနီးအနားရှိ အမျိုးသမီးအချို့ပင် မျက်လုံးများ နီရဲလာပြီး မျက်ရည်များ မထိန်းနိုင်ဘဲ ကျဆင်းလာခဲ့သည်။

လော်ယွမ်သည် တဖြည်းဖြည်း တောင့်တင်းလာသော မိဝါ၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်ရာ သူ၏စိတ်ထဲတွင်လည်း မကောင်းလှပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး "သူ့ကိုနောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ဦး... ခဏနေမြေမြုပ်ကြတာပေါ့"

ကျိုးရိချန်းက တစ်စုံတစ်ခုပြောချင်သည့်ဟန်ရှိသော်လည်း ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာအမူအရာကို မြင်သောအခါ နောက်ဆုံးတွင် ပါးစပ်ကိုတင်းတင်းစေ့ကာ နှုတ်ဆိတ်နေလိုက်သည်။

ကျွင်းကို ဧရာမဖွတ်ကြီးကပင် တူးပေးခဲ့၏။ ဘေးဘက်ရှိ တောင်စောင်းနံရံကို တိုက်ရိုက်တူးဖော်ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ဧရာမဖွတ်ကြီးမှာ ယခင်ကကဲ့သို့ ရှောင်လွှဲလိုသည့် အရိပ်အယောင်မျိုး မပြတော့ဘဲ တောင်နံရံကို သူ၏လက်သည်းများဖြင့် အပေါက်ကြီးတစ်ခုဖြစ်အောင် တူးဆွပေးခဲ့သည်။ မိဝါ၏သေဆုံးမှုက သူ၏စိတ်အစဉ်ကိုလည်း လွှမ်းမိုးသွားပုံရသည်။ သူလည်း အထူးတလည် တိတ်ဆိတ်ငြိမ်သက်နေပြီး အစမှအဆုံး စိတ်မရှည်သည့် အရိပ်အယောင်မျိုး လုံးဝမပြခဲ့ပေ။

မိဝါ၏အလောင်းကို ကျွင်းထဲသို့ ပစ်ချပြီးနောက် ကျောက်ခဲအကျိုးအပဲ့များဖြင့် ဖုံးအုပ်လိုက်သောအခါ ဧရာမဖွတ်ကြီးသည် ဦးခေါင်းကိုငုံ့ကာ ထိုမြေပုံကို အနံ့ခံလိုက်ပြီး ထို့နောက် ဦးခေါင်းကိုမော့ကာ ဟိန်းဟောက်သံကြီးတစ်ချက်ပြုလိုက်၏။ ထိုအသံမှာ မိဝါအား နောက်ဆုံးခရီးအတွက် နှုတ်ဆက်ပို့ဆောင်ပေးနေသည့်အလားပင်။

ကျိုးယလီမှာ လူမှန်းသူမှန်းမသိအောင် ငိုကြွေးနေခဲ့သည်။ မိဝါ၏စွန့်ခွာသွားခြင်းက သူမအတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့၏။

ကျောက်တိုင်အတွက် မျက်နှာပြင်တစ်ဖက်ကို ညီညာအောင်ဖြတ်တောက်ထားသော ကျောက်တုံးကြီးတစ်တုံးကို အသုံးပြုခဲ့ပြီး အမြင့်မှာ ၉ပေကျော်ခန့် ရှိသည်။ လော်ယွမ်က ကျိုးယလီ၏သဘောထားကို မေးမြန်းပြီးနောက် "သခင်ပေါ် သေည်အထိ သစ္စာရှိသောခွေးလိမ္မာလေး မိဝါ၏ ဂူဗိမာန်" ဟု ရေးထွင်းပေးလိုက်သည်။

အားလုံးပြီးဆုံးသွားသောအခါ ဧရာမဖွတ်ကြီးသည် လူတိုင်းကို မှင်တက်သွားစေမည့် အပြုအမူတစ်ခုကို ပြုလုပ်ခဲ့သည်။ သူသည် ဘီလူးကြီး၏အလောင်းရှိရာသို့ ပြေးသွားပြီး အရူးအမူး ဆုတ်ဖြဲကိုက်ဖဲ့လေတော့သည်။ မကြာမီမှာပင် ဝမ်းဗိုက်တစ်ခုလုံး စုတ်ပြဲသွားပြီး ကလီစာများ မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာခဲ့သည်။ ထို့နောက် သူသည် ထိုကလီစာများကို အားရပါးရ စတင်မျိုချစားသောက်လေတော့၏။

မြင်ကွင်းမှာ သွေးသံရဲရဲနှင့် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကလေးငယ်အချို့မှာ မျက်နှာများ ဖြူဖျော့သွားပြီး ဆက်မကြည့်ရဲကြတော့ပေ။

ဟွမ်ကျားဟွေက လော်ယွမ်ကို အသာအယာ ဆွဲလိုက်သည်။ ဤသတ္တဝါမှာ လူပုံစံပေါက်နေသောကြောင့် ဧရာမဖွတ်ကြီး၏စိတ်ထဲတွင် လူကိုလည်း စား၍ရသည်ဟူသော အတွေးမျိုး ကျန်ရစ်သွားမည်ကို သူမ စိုးရိမ်သောကြောင့်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် လော်ယွမ် တားဆီးခြင်းမပြုခဲ့ပေ။ ဖြစ်နိုင်သည်မှာ မိဝါ၏သေဆုံးမှုက ဧရာမဖွတ်ကြီးကို အကြီးအကျယ် စိတ်ထိခိုက်စေခဲ့ခြင်း ဖြစ်ပေမည်။ မကြာမီမှာပင် ကလီစာအားလုံးကို ဧရာမဖွတ်ကြီးက ဆွဲထုတ်စားသောက်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။

လော်ယွမ်သည် ပါးစပ်တစ်ခုလုံး သွေးများဖြင့်ပေကျံနေသော ဧရာမဖွတ်ကြီးကို ဘေးသို့မောင်းထုတ်လိုက်ပြီး ဘီလူးကြီး၏ဦးခေါင်းဆီသို့ လျှောက်သွားကာ ဓားအရှိန်အဝါဖြင့် ဦးခေါင်းထိပ်မှ ဦးချိုလေးကို ဖြတ်ယူလိုက်သည်။ ထိုအစိမ်းရောင်ဦးချိုလေးမှာ အထူးပင် ထင်ရှားလှသဖြင့် လော်ယွမ်ကို တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိစေခဲ့သည်။ ထို့နောက် သူသည် ၎င်း၏မျက်လုံးများကိုလည်း ထုတ်ယူလိုက်သည်။ ထိုမျက်လုံးတစ်စုံက ထူးဆန်းသောတိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းရှိသောကြောင့် အထူးအသုံးဝင်နိုင်ပေသည်။ ကျန်ရှိသော အရိုးနှင့်အသားများကိုမူ လော်ယွမ် သိပ်စိတ်မဝင်စားခဲ့ပေ။

လူပုံပေါက်သော သတ္တဝါဖြစ်၍ ရှောင်ကြဉ်ခြင်းမျိုးကြောင့် မဟုတ်ပေ။ ကမ္ဘာပျက်ကာလတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ပြီးနောက် ထိုသို့သော အကျိုးမရှိသည့် အတွေးများ မည်သို့ရှိနိုင်တော့မည်နည်း။ လူမဟုတ်လျှင် သို့မဟုတ် အဆိပ်မရှိလျှင် အားလုံးအစာသာဖြစ်သည်။ သို့သော် ယခုအချိန်တွင် ခရီးဆက်ရဦးမည်ဖြစ်ရာ ဤသွေးသံရဲရဲအသားများကို သယ်ဆောင်သွားပါက တစ်လမ်းလုံး သွေးညှီနံ့များ ထွက်ပေါ်နေပြီး မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပေသည်။

ကျောက်တုံးကြီးမှာ ကြေမွသွားပြီဖြစ်သောကြောင့် ရှေ့ဆက်ရမည့်လမ်းက ပိုမိုလွယ်ကူသွားခဲ့သည်။ နာရီဝက်မကြာမီမှာပင် ဧရာမဖွတ်ကြီးသည် အဝေးပြေးလမ်းမကြီးပေါ်တွင် သူဖြတ်သန်းသွားလာနိုင်မည့် လမ်းတစ်ခုကို ရှင်းလင်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။

လူအားလုံး ဧရာမဖွတ်ကြီး၏ကျောပေါ်သို့ တက်ရောက်ပြီး ခရီးပြန်လည်စတင်ခဲ့ကြသည်။

မိုးကား မည်သည့်အချိန်ကတည်းက ရပ်တန့်သွားသည်မသိ။ လရောင်မှာ တိမ်မည်းထုကြီး၏ အလွှာလွှာသော ပိတ်ဆို့မှုကြားမှ ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး အမှောင်ထုကြီးအား အလင်းရောင်တစ်စွန်းတစ်စ ယူဆောင်လာပေးခဲ့၏။

ပတ်ဝန်းကျင်တွင် ရွာများ၏ အမှတ်အသားများကို အခါအားလျော်စွာ တွေ့မြင်နေရသည်။ ပြိုကျပျက်စီးနေသော နံရံများ၊ ကြေမွနေသော ကြွေအုတ်ကြွပ်များ၊ ဆွေးမြေ့နေသော အုတ်ကျောက်များ၊ ဤအရာအားလုံးသည် ထူထပ်သောတောအုပ်ထဲတွင် ဖုံးကွယ်နေပြီး လော်ယွမ်တို့အဖွဲ့ လျင်မြန်စွာ ဖြတ်သန်းသွားသည်နှင့်အမျှ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လမ်းဘေးနှစ်ဖက်တွင် အဆောက်အအုံများ၏ အစအနများကို ပိုမိုတွေ့မြင်လာရပြီး အပင်များမှာလည်း တဖြည်းဖြည်း ရှင်းလင်းလာကာ ရှေ့ဘက်တွင် ပျက်စီးနေသော အဆောက်အအုံမြင့်များကို တဖြည်းဖြည်း မြင်တွေ့လာရပြီဖြစ်သည်။

ဤနေရာတွင် ရေမျက်နှာပြင်သည် အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အချို့သော အဆောက်အအုံနိမ့်များမှာ ရေအောက်သို့ နစ်မြုပ်နေခဲ့ပြီဖြစ်သည်။ အချို့သော အဝေးပြေးလမ်းမကြီးများပင် ရေဖုံးလွှမ်းနေခဲ့သည်။

"ဒါမြို့ပြင်နေရာ ထင်တယ်" ဟော်တုံက လုံးဝပုံပျက်ပန်းပျက်ဖြစ်ကာ ရေများဖုံးလွှမ်းနေသော မြို့ကြီးကို ကြည့်ရင်း မသေမချာဖြင့် ဆိုလိုက်သည်။

"ဟုတ်လောက်တယ်... ကျွန်မ အရင်က ဒီနေရာကို လာဖူးတယ်" ဝမ်ရှကွမ်က သေချာကြည့်ပြီးမှ ပြောလိုက်သည်။

လော်ယွမ် မတ်တပ်ထရပ်လိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ မနည်းအားတင်းရပ်တည်နေသော အဆောက်အအုံမြင့်အချို့မှလွဲ၍ မြင်မြင်သမျှ နေရာတိုင်းသည် ဖွေးဖွေးလှုပ်နေသော ရေပြင်ကြီးဖြစ်နေ၏။ ထိုစစ်အခြေစိုက်စခန်းကရော ရှိနေသေးရဲ့လားမသိ။ သူ၏မျက်နှာမှာ မည်းမှောင်လာခဲ့သည်။

ကျိုးရိချန်းက လော်ယွမ်၏အတွေးကို ခန့်မှန်းမိပုံရသည်။ သူက ဘေးမှစစ်သားအား သူ့ကိုထူပေးရန် ပြောလိုက်ပြီး "ဒီနေရာက ပင်လယ်နဲ့နီးတယ်... စစ်အခြေစိုက်စခန်းက ဒီဘက်မှာမဟုတ်ဘူး... ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးဖြစ်တဲ့ ပေါင်ရှန်းခရိုင်မှာ ရှိတာ... အဲ့ဒီနေရာက လောလောဆယ်တော့ ရေဘေးဒဏ် မသက်ရောက်သေးဘူး... ဒါပေမဲ့ ကျွန်တော်တို့မှာ အချိန်သိပ်မရှိတော့ဘူး... လက်ရှိအခြေအနေအရ သူတို့ ဆုတ်ခွာဖို့ ပြင်ဆင်နေလောက်ပြီ... ကျွန်တော်တို့ အဲ့ဒီကို အမြန်ရောက်အောင် သွားမှဖြစ်မယ်"

လော်ယွမ်၏စိတ်ထဲတွင် လေးလံစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူက ကျိုးရိချန်း၏မြေပုံကိုယူကာ သေချာကြည့်လိုက်သည်။ ဤနေရာမှ ပေါင်ရှန်းခရိုင်သို့ မိုင်သုံးလေးဆယ်ခန့် ကွာဝေးသေးသည်။ ကံကောင်းသည်မှာ ဤနေရာသည် မြို့ပြဧရိယာဖြစ်သောကြောင့် အဝေးပြေးလမ်းမကြီးကဲ့သို့ ပြိုကျမှုများ၊ လမ်းပိတ်ဆို့မှုများနှင့်ကြုံတွေ့ရပါက ရပ်တန့်နေရန်မလိုအပ်ခြင်းပင်ဖြစ်သည်။ ထို့ပြင် ဤနေရာသို့ရောက်သောအခါ ရေလွှမ်းမိုးမှုကြောင့် သားရဲအုပ်ကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လမ်းခရီးက ခက်ခဲကြမ်းတမ်းသော်လည်း အနည်းဆုံးတော့ မနက်မလင်းမီတွင် သတ်မှတ်ထားသောနေရာသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

အဝေးပြေးလမ်းမပေါ်မှ ဆင်းလိုက်သောအခါ လော်ယွမ်သည် ဤနေရာရှိ ရေအနက်မှာ ဧရာမဖွတ်ကြီး၏ ပေါင်လယ်ခန့်အထိ ရောက်ရှိနေပြီး ၁၂ပေခန့် နက်ရှိုင်းနေသည်ကို တွေ့လိုက်ရသည်။

လမ်းဘေးတစ်လျှောက်ရှိ နွယ်ပင်များမှာ အလွန်ပင် ရှင်သန်ကြီးထွားနေကြသည်။ ဤအရာသည် ၎င်းတို့၏ နောက်ဆုံးပျော်ပွဲရွှင်ပွဲ ဖြစ်ကောင်းဖြစ်ပေမည်။ ပင်လယ်ရေမျက်နှာပြင်များ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ၎င်းတို့သည် ဤအရှေ့တိုင်း၏ အကြီးဆုံးမြို့တော်ကြီးနှင့်အတူ ပင်လယ်အောက်သို့ နစ်မြုပ်သွားကြရပေတော့မည်။

ရေမျက်နှာပြင်ပေါ်တွင် မြူခိုးများကဲ့သို့ ပျံဝဲနေသော ဆန်စေ့အရွယ် ပိုးမွှားငယ်များမှလွဲ၍ အခြားကုန်းနေသတ္တဝါများကို တွေ့ရနည်းပါးသွားပြီဖြစ်သည်။ ကုန်းနေသတ္တဝါအများစုမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပိုမိုမြင့်မားသော ဒေသများသို့ ကြာမြင့်စွာကတည်းက ပြောင်းရွှေ့သွားကြပြီဖြစ်သည်။ ဧရာမဖွတ်ကြီး လျှောက်လှမ်းသွားရာမှ ဖြစ်ပေါ်လာသော ရေလှိုင်းကြီးများကြောင့် ထိုပိုးမွှားများသည် လန့်ဖျပ်သွားသကဲ့သို့ အလျင်အမြန် ပျောက်ကွယ်သွားပြီး မကြာမီမှာပင် အခြားတစ်နေရာတွင် ပြန်လည်စုဝေးကြပြန်သည်။

ဧရာမဖွတ်ကြီး လမ်းထောင့်တစ်နေရာသို့ ကွေ့လိုက်စဉ် ဝမ်ရှီရှီက ရုတ်တရက် လော်ယွမ်ကို ဆွဲလိုက်ပြီး "ဟိုမှာ ကြည့်ပါဦး"

လော်ယွမ် လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် ပေ၃၀၀ခန့်မြင့်သော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ အကိုင်းအခက်အရွက်များဖြင့် ဝေဆာနေပြီး အမြစ်များ ရေပေါ်တွင် ပေါ်နေသည်မှလွဲ၍ ထူးထူးခြားခြားမရှိပေ။ သို့သော် ခေတ္တမျှကြည့်ပြီးနောက်တွင်မူ ထိုအပင်ကြီးသည် အသက်လု၍ ထွက်ပြေးနေခြင်းဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရ၏။

ဤအပင်မှာ ထူးဆန်းလှသော သစ်ပင်ကြီးတစ်ပင်ဖြစ်သည်။ ၎င်းက သူ၏အမြစ်များအားလုံးကို မြေကြီးထဲမှ ဆွဲနှုတ်ထားပြီး ခြေထောက်များသဖွယ် အရှေ့သို့ ယိုင်နဲ့ယိုင်နဲ့ဖြင့် လှမ်းနေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏လှုပ်ရှားမှုမှာ အလွန်ပင် နှေးကွေးလှသည်။ ခြေတစ်လှမ်းလှမ်းရန်ပင် မိနစ်အနည်းငယ်ခန့် အချိန်ယူရသည်။ ထို့ပြင် အမြစ်များက မြေကြီးတွင် မြဲမြံစွာမကုပ်ထားသောကြောင့် သူ၏ပင်စည်မှာ တလှုပ်လှုပ်တရွရွဖြင့် အချိန်မရွေး လဲကျသွားနိုင်သည့်အခြေအနေတွင် ရှိနေသည်။ သူက ယခုကဲ့သို့ မည်မျှကြာအောင် လျှောက်လှမ်းနေခဲ့ပြီးဖြစ်သည်ကို မည်သူမျှမသိနိုင်ပေ။ သို့သော် ဤကဲ့သို့ နှေးကွေးလွန်းသော အရှိန်ဖြင့်မူ ရေဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်သည်မှာ သေချာလှသည်။

အားလုံးက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေကြသည်။ ဧရာမဖွတ်ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ ထိုသစ်ပင်ကြီးသည်လည်း သူတို့၏အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အဝေးတစ်နေရာမှ အထပ်သုံးဆယ်မြင့်သော ပျက်စီးနေသည့် အဆောက်အအုံတစ်ခုသည် နောက်ဆုံးတွင် ပင်လယ်ရေ၏ တိုက်စားမှုကို မခံနိုင်တော့ဘဲ ဝုန်းခနဲ ပြိုကျသွားခဲ့သည်။ ရေမျက်နှာပြင်ပေါ်သို့ ထိခတ်မိရာမှ ပေ၃၀ခန့်မြင့်သော ရေမှုန်ရေမွှားများကို ဖြစ်ပေါ်စေခဲ့ပြီး ထိုမှထွက်ပေါ်လာသော ရေလှိုင်းများက ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ဟန်တူသည်။ အနီးအနားတွင် ပြိုကျသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ဤအဖြစ်အပျက်က လော်ယွမ်၏စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံကို မြည်စေခဲ့ပြီး ဧရာမဖွတ်ကြီးအား အဆောက်အအုံနည်းပါးသော နေရာများဆီသို့ တတ်နိုင်သမျှ လျှောက်လှမ်းစေခဲ့သည်။

ဤအဆောက်အအုံများသည် အုတ်မြစ်မှစ၍ ဆွေးမြေ့ယိုယွင်းနေခဲ့ပြီဖြစ်ပြီး ပြိုကျရန် နောက်ဆုံးတစ်ချက်သာ လိုတော့သည့်အခြေအနေတွင် ရှိနေသည်။ ဤအချိန်တွင် လေပြင်းတစ်ချက်၊ တုန်ခါမှုအသေးစားတစ်ခု သို့မဟုတ် လှိုင်းငယ်လေးတစ်ခုကပင် ၎င်းတို့ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်ပေသည်။

ရေမျက်နှာပြင်ပေါ်တွင် အမှိုက်များစွာ မျောပါနေသည်။ ပလတ်စတစ်ရေသန့်ဘူးခွံတစ်ခုက ရေဝဲထဲတွင် တဝေ့လည်လည်ဖြစ်နေပြီးနောက် လှိုင်းတစ်ခု၏ရိုက်ပုတ်မှုဖြင့် အဝေးသို့ လွင့်ပါသွားခဲ့သည်။ ဆားနံ့သင်းသော ပင်လယ်လေသည် ပင်လယ်၏ရနံ့ကို သယ်ဆောင်လာပြီး လူတိုင်းကို ပင်လယ်ကမ်းစပ်တွင် လျှောက်လှမ်းနေရသကဲ့သို့ မသိစိတ်မှ ခံစားမိစေသည်။ သူ့မျက်စိရှေ့မှ ပျက်စီးယိုယွင်းနေသည့် မြင်ကွင်းများကို ကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းကြီး ပျက်သုဉ်းကာ ခေတ်တစ်ခေတ်လုံး ပြောင်းလဲသွားပြီဟူသော ခံစားချက်မျိုး ဖြစ်ပေါ်လာမိတော့သည်။

အမှန်တကယ်တွင်လည်း ထို့အတိုင်းပင်ဖြစ်၏။

တစ်လမ်းလုံး မည်သူမျှ စကားမဆိုမိကြဘဲ အရှေ့တိုင်း၏ အစည်ကားဆုံးမြို့တော်ကြီး၏ နောက်ဆုံးနေဝင်ချိန်ကိုသာ တိတ်တဆိတ် ငေးကြည့်နေခဲ့ကြတော့သည်။

ဆက်ရန်...

All Chapters