အခန်း (၁၈၅-၁၈၈)
Vol. 10 Ch. 185-188
အပိုင်း(၁၈၅)ရောက်ကြပြီ
တစ်လမ်းလုံး အန္တရာယ်ကင်းရှင်းခဲ့သောကြောင့် လော်ယွမ်၏ စိတ်အစဉ်သည်လည်း အတန်ငယ် တည်ငြိမ်အေးချမ်းသွားလေသည်။
သူက အိတ်ကပ်ထဲမှ ဘီလူးကြီးထံမှ ဖဲ့ယူခဲ့သော ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကား အစိမ်းရင့်ရောင် ဦးချိုငယ်တစ်ခုနှင့် ကြက်ဥအရွယ်ခန့်ရှိပြီး ပျော့အိသော မျက်လုံးနှစ်လုံး ဖြစ်လေသည်။
ဦးချိုငယ်လေး၏ မျက်နှာပြင်မှာ ချောမွေ့နေပြီး ကျောက်စိမ်းတုံးလေး တစ်တုံးကို ကိုင်ထားရသကဲ့သို့ နူးညံ့ကာ ကြည်လင်တောက်ပနေသည်။ ကြည့်လိုက်ရုံဖြင့်ပင် သာမညပစ္စည်းမဟုတ်မှန်း သိသာလှ၏။
သူက အမျိုးအမည်ခွဲခြားအစွမ်းကို သုံးလိုက်သည်။
အမည် - ကိုယ်ပျောက်ဘီလူးစိမ်း၏ ဦးချိုချွန်
ရှားပါးမှုအဆင့် - အစိမ်းနုရောင်
အလေးချိန် - ၅၀၀ ဂရမ်
ထပ်တိုးအစွမ်း (၁) - စွမ်းအင်လှိုင်းအမျိုးမျိုးကို စုပ်ယူနိုင်ခြင်း
ထပ်တိုးအစွမ်း (၂) - အမြင်ဆိုင်ရာ ပုံရိပ်ယောင်များ ဖန်တီးနိုင်ခြင်း
သုံးသပ်ချက် - ကိုယ်ပျောက်ဘီလူးစိမ်းသည် အဆင့်နိမ့် ဉာဏ်ရည်ရှိ သက်ရှိတစ်မျိုးဖြစ်ပြီး အမှောင်ထဲမှ လူသတ်သမား ဖြစ်သည်။ ၎င်းတို့သည် အမြဲတစေ လျှို့ဝှက်စွာ လှုပ်ရှားသောကြောင့် အသိနည်း၏။ ၎င်းသည် မည်သည့်အခြေအနေတွင်မဆို ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိပြီး အသံလှိုင်းဖြင့်ဖြစ်စေ၊ သာမန်မျက်စိဖြင့်ဖြစ်စေ ၎င်း၏တည်ရှိမှုကို မမြင်နိုင်ချေ။ ဤစွမ်းရည်များအားလုံးသည် ၎င်း၏ဦးချိုငယ်လေးမှ ရရှိခြင်းဖြစ်၏။
"ဒီလိုကိုး" ဟု လော်ယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဘီလူးကြီးကို သူ၏အာရုံခံစွမ်းအင်ဖြင့် အဘယ်ကြောင့် အာရုံမခံနိုင်ခဲ့သည်ကို ယခုမှပင် သူ သဘောပေါက်သွားတော့သည်။ အကြောင်းရင်းမှာ ဤဦးချိုကြောင့်ပင်တည်း။ သူ၏အာရုံခံနိုင်စွမ်းဆိုသည်မှာလည်း လှိုင်းတစ်မျိုးဖြစ်နိုင်ပြီး ဦးနှောက်လှိုင်းပင် ဖြစ်ကောင်းဖြစ်ပေမည်။ ထို့ကြောင့်လည်း ထိုဘီလူးကြီးကို အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်၏။
ဦးချိုလေးကို လက်ထဲတွင် ဆုပ်ကိုင်ထားသောအခါ မျက်စိဖြင့် ရှင်းလင်းစွာ မြင်နေရသော်လည်း သူ၏အာရုံခံနိုင်စွမ်းထဲတွင်မူ လားလားမျှ မရှိသကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေသည်မှာ အလွန်ပင် ရှေ့နောက်မညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေ၏။ ထို့အပြင် ၎င်း၏အစွမ်းက ဦးချိုတခုတည်းကိုသာ သက်ရောက်ခြင်းမဟုတ်ဘဲ လက်ဖြင့်ထိတွေ့မှုမှတစ်ဆင့် လော်ယွမ်၏ တစ်ကိုယ်လုံးကိုပါ လွှမ်းခြုံသွားပြီး အာရုံခံနိုင်စွမ်းထဲတွင် ပကတိနေရာလွတ်တစ်ခုအဖြစ် ဖန်တီးပေးလိုက်သည်။
ဤသည်မှာ အခြားသော ပုံစံတစ်မျိုးဖြင့် ကိုယ်ပျောက်ခြင်းပင် ဖြစ်သည်။ သို့သော် အမြင်ဆိုင်ရာ ပုံရိပ်ယောင်များကို မည်သို့ဖန်တီးရမည်ကိုမူ သူ မည်သို့မျှ စဉ်းစားမရသေးဘဲ ဆက်လက်စမ်းသပ်ရှာဖွေရန် လိုအပ်ပေဦးမည်။
သို့သော်လည်း လော်ယွမ်၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
အာရုံခံနိုင်စွမ်းသည် သူတစ်ဦးတည်း၌သာ ရှိသည်မဟုတ်။ လူတိုင်း သို့မဟုတ် သန္ဓေပြောင်း သတ္တဝါတိုင်းတွင် အနည်းနှင့်အများ ရှိကြသည်သာ ဖြစ်ပြီး အားကောင်းခြင်း၊ အားနည်းခြင်းသာ ကွာခြား၏။ အခြားသူများ၏ အာရုံခံနိုင်စွမ်းကို ကာကွယ်နိုင်ပါက အလစ်ခြောင်းလုပ်ကြံခြင်းဖြစ်စေ၊ ပုန်းအောင်းခြင်းဖြစ်စေ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ အစွမ်းထက်လာမည် ဖြစ်သည်။ ထို့ပြင် သန္ဓေပြောင်း သတ္တဝါတိုင်းက မျက်စိကိုသာ အားကိုးကြသည်မဟုတ်ပေ။ လင်းနို့များကဲ့သို့ အသံလှိုင်းကို အားကိုးသော သတ္တဝါများလည်း ရှိသေးသည်။ နောင်တွင် ထိုကဲ့သို့သော သတ္တဝါများနှင့် ကြုံတွေ့လာပါက ဤကိုယ်ပျောက်နိုင်စွမ်းနှင့်ဆိုလျှင် တိုက်ပွဲမစတင်မီကတည်းက အသာစီးရနေမည်မှာ သေချာ၏။
ထို့နောက် သူက မျက်လုံးများကို ဆက်လက်၍ စစ်ဆေးလိုက်သည်။
အမည် - ကိုယ်ပျောက်ဘီလူးစိမ်း၏ မျက်လုံး
အသုံးဝင်ပုံ - အစားအစာ
ရှားပါးမှုအဆင့် - အစိမ်းနုရောင်
အလေးချိန် - ၁၀၀ ဂရမ်
သက်ရောက်မှု(၁) - အမြင်အာရုံကို အနည်းငယ် အားကောင်းစေသည်။
သက်ရောက်မှု(၂) - မျက်လုံးကို ဆန်းကြယ်သော ပြောင်းလဲမှု ဖြစ်ပေါ်စေရန် အခွင့်အလမ်း အနည်းငယ်ရှိသည်။
သုံးသပ်ချက် - ဤသည်မှာ ကိုယ်ပျောက်ဘီလူးစိမ်း၏ မျက်လုံး ဖြစ်သည်။ ဤမျက်လုံးဖြင့် ကိုယ်ပျောက်ဘီလူးစိမ်းသည် စိတ်ဝိညာဉ်ကိုပင် ချေမွဖျက်ဆီးနိုင်သော သေမင်းတမန် အလင်းတန်းကို ထုတ်လွှတ်နိုင်သည်။ ၎င်းသည် အထူးဆေးတစ်မျိုးလည်းဖြစ်ပြီး စားသုံးလိုက်ပါက သင်၏အမြင်အာရုံကို သိသိသာသာ တိုးတက်စေမည်ဖြစ်ကာ ဆန်းကြယ်သော ပြောင်းလဲမှုတစ်ခုကို ရရှိရန်လည်း အခွင့်အလမ်းရှိ၏။
ဤပစ္စည်းနှစ်ခု၏ အစွမ်းအာနိသင်မှာ အလွန်အစွမ်းထက်လှပြီး သာမန်အစိမ်းနုရောင်အဆင့် သတ္တဝါများထက် များစွာ တန်ဖိုးကြီးမားလှပေသည်။
သို့သော် လော်ယွမ်၏ စိတ်ထဲတွင် အမြဲတစေ လေးလံဖိစီးနေခဲ့သည်။ "အဆင့်နိမ့် ဉာဏ်ရည်ရှိ သက်ရှိ" ဟူသော စကားလုံးများသည် လည်ချောင်းထဲတွင် အရိုးစူးနေသကဲ့သို့ သူ၏စိတ်ထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့၏။
ဤသည်မှာ လုံးဝသတင်းကောင်းတစ်ခု မဟုတ်ချေ။ ဉာဏ်ရည်ရှိ သက်ရှိများ ပေါ်ပေါက်လာခြင်းသည် ယခုအချိန်တွင် အဆင့်နိမ့်အဆင့်သာ ရှိသေးသော်လည်း ယိုင်နဲ့နဲ့ဖြစ်နေသော လူသားတို့၏ အခြေအနေအတွက်မူ ဒဏ်ရာပေါ် ဆားပက်လိုက်သကဲ့သို့ပင် ဖြစ်၏။
သူ၏မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး ထိုမျက်လုံးနှစ်လုံးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် တစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အားနှင့်ကိုက်လိုက်ရာ မျက်လုံးသည် "ဖောက်" ခနဲ ပေါက်ကွဲသွားပြီး အရသာမည်သို့ရှိမှန်းမသိသော အရည်ပျစ်များ တစ်အုံတစ်ခဲ ထွက်ကျလာ၏။ သူက အနည်းငယ် ဝါးလိုက်ပြီးနောက် လည်ချောင်းထဲသို့ မျိုချလိုက်သည်။ ထို့နောက် ဒုတိယတစ်လုံးကိုလည်း ထိုနည်းတူပင် ပြုလုပ်လိုက်၏။
အနားတွင် လော်ယွမ်ကို အမြဲတစေ အကဲခတ်နေသော ချန်ကျားယီမှာ လော်ယွမ်က မျက်လုံးကြီးနှစ်လုံးကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းပြီး မည်သို့မျှမဖြစ်သကဲ့သို့ ဝါးနေသည်ကို မြင်သောအခါ ကြက်သေသေကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထို့နောက် သူမ၏ အစာအိမ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သကဲ့သို့ ဗလောင်ဆူသွားပြီး နောက်ထပ်မကြည့်ရဲတော့ဘဲ မျက်နှာကို အလျင်အမြန် လွှဲလိုက်ရတော့၏။
လော်ယွမ်ကမူ ကလေးမလေးတစ်ယောက်၏ အတွေးကို ဂရုစိုက်နေမည် မဟုတ်ပေ။ မျက်လုံးနှစ်လုံးကို စားပြီးနောက် ငါးမိနစ်ခန့် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်ရာ သူ၏မျက်လုံးများတွင် ထူးခြားမှုများ စတင်ပေါ်ပေါက်လာသည်။
အစပိုင်းတွင် နွေးသော စီးကြောင်းတစ်ခုက မျက်လုံးထဲသို့ စီးဝင်လာပြီးနောက် သူ၏မျက်လုံးများမှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာကာ ထုံကျဉ်ယားယံလာသည်။ ပုရွက်ဆိတ်အကောင်ပေါင်းများစွာ ကိုက်ဖြတ်နေသကဲ့သို့ ခံစားရပြီး အမြင်အာရုံမှာလည်း ဝေဝါးလာကာ ရှေ့မှမြင်ကွင်းများက တဖြည်းဖြည်း အရိပ်ထပ်လာ၏။
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ မျက်လုံးထဲသို့ စီးဝင်လာသော နွေးထွေးသည့် စီးကြောင်း၏ အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မျက်လုံးထဲ၌ မီးလျှံများ တောက်လောင်နေသကဲ့သို့ ပြင်းထန်စွာ စူး၍ နာကျင်လာတော့၏။ အကယ်၍ သာမန်လူသာဆိုလျှင် ဤအချိန်၌ မျက်လုံးများ ကန်းသွားမည်ကို စိုးရိမ်ကာ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလောက်ပြီ ဖြစ်သည်။
သို့သော် လော်ယွမ်ကမူ မတုန်လှုပ်၊ မလှုပ်ရှားဘဲ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပြောင်းလဲမှုကို အလိုက်သင့် ခံယူလိုက်သည်။
နောက်ဆုံးတွင် နာရီဝက်ခန့်အကြာ၌ နာကျင်ကိုက်ခဲမှု၊ ထုံကျဉ်ယားယံမှု အားလုံးသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေသည်။
သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
အမှောင်ခန်းထဲ၌ အလင်းရောင်များ ရုတ်ခြည်း ဖြာထွက်လာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် မျက်လုံးထဲမှ အလင်းရောင်များသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။
လော်ယွမ်အတွက် ကမ္ဘာလောကကြီး တစ်ခုလုံးက ယခင်နှင့် မတူသကဲ့သို့ ခံစားလိုက်ရသည်။ ဖုန်မှုန့်များသည် ပတ်ဝန်းကျင်တွင် လွင့်ပျံနေပြီး သန္ဓေပြောင်းငါးများက နောက်ကျိနေသော ရေမျက်နှာပြင်အောက်တွင် ကူးခတ်သွားလာနေကြသည်။ ဤအခိုက်အတန့်တွင် ညအချိန်၌ပင် ကမ္ဘာလောက၏ အရောင်အသွေးများက ဤမျှလောက် စုံလင်လှပသည်ကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ထိုမျက်လုံးနှစ်လုံးမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ လော်ယွမ်က သူ၏ ပုံမှန်ထက်ကျော်လွန်နေပြီဖြစ်သော အမြင်အာရုံသည် နောက်တစ်ဆင့်သို့ ထပ်မံတက်လှမ်းသွားပြီဟု ခံစားလိုက်ရ၏။ မှိန်ဖျော့ဖျော့ လရောင်အောက်တွင်ပင် လော်ယွမ်၏ မျက်လုံးထဲ၌ နေ့ခင်းဘက်ကဲ့သို့ပင် ထင်ရှားပြတ်သားနေသည်။
ထို့အပြင် သူသည် အခြားအရာအချို့ကိုလည်း မြင်နေရသကဲ့သို့ ရှိ၏။
သာမန်လူတို့၏ မျက်စိသည် ၃၈၀ နာနိုမီတာမှ ၇၈၀ နာနိုမီတာ ကြားရှိသော မြင်နိုင်သည့် အလင်းလှိုင်းများကိုသာ မြင်နိုင်ပြီး ၎င်းတို့မှာ လျှပ်စစ်သံလိုက်လှိုင်းအားလုံး၏ အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။
ထို့ကြောင့် ညဘက်သို့ရောက်သောအခါ လရောင် သို့မဟုတ် ကြယ်ရောင်၏ အလင်းပြန်မှု မရှိပါက မျက်လုံးများသည် လုံးဝအသုံးမဝင်တော့ချေ။
ညဘက်တွင် အလင်းရောင်မရှိခြင်းမဟုတ်ဘဲ ထိုအလင်းရောင်များ၏ လှိုင်းနှုန်းမှာ ၃၈၀ နာနိုမီတာထက် နည်းသောကြောင့် မျက်စိဖြင့် မမြင်နိုင်ခြင်းသာ ဖြစ်သည်။ အမှန်တွင် အရာဝတ္ထုတစ်ခု၌ အပူချိန်ရှိနေသမျှ လျှပ်စစ်သံလိုက်လှိုင်းများ (မမြင်နိုင်သော အနီအောက်ရောင်ခြည်) ကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဥပမာအားဖြင့် အနီအောက်ရောင်ခြည်သုံး မှန်ဘီလူးကို အသုံးပြု၍ ညဘက်တွင် အရာဝတ္ထုများကို ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။
အချို့သော စွမ်းအင်မြင့်မားသည့် လှိုင်းများမှာ ၇၈၀ နာနိုမီတာထက် ကျော်လွန်ပြီး သာမန်လူများ မမြင်နိုင်ကြပေ (ဥပမာခရမ်းလွန်ရောင်ခြည်)။
ယခုအချိန်တွင် အရာဝတ္ထုတိုင်းသည် လော်ယွမ်၏ မျက်လုံးထဲ၌ အရောင်နှစ်မျိုး ရောယှက်နေသကဲ့သို့ ရှိနေ၏။ တစ်ရောင်မှာ လရောင်ကို ရောင်ပြန်ဟပ်သော အရာဝတ္ထု၏အရောင်ဖြစ်ပြီး၊ နောက်တစ်ရောင်မှာမူ အရာဝတ္ထုကိုယ်တိုင်မှ ထုတ်လွှတ်နေသော မမြင်နိုင်သည့် အလင်းရောင် ဖြစ်၏။
ပထမအရောင်မှာ အလွန်အားကောင်းပြီး စူးရှတောက်ပနေသော်လည်း ဒုတိယအရောင်မှာမူ အချိန်မရွေး ငြိမ်းသေသွားနိုင်သော ပိုးစုန်းကြူးကောင်၏ အလင်းရောင်ကဲ့သို့ အားနည်းလှသည်။ ဤသည်မှာ လုံးဝအမှောင်ကျနေသည့် အခြေအနေ၌ပင် သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်နိုင်မည်ဖြစ်ပြီး ၎င်းတို့မှ ထုတ်လွှတ်သော အရောင်ကိုကြည့်၍ အရာဝတ္ထုတစ်ခုချင်းစီ၏ အပူချိန်ကိုပင် ခန့်မှန်းနိုင်မည်ဟု အဓိပ္ပာယ်ရသည်။
ဤသည်သာလျှင် စစ်မှန်သော ညကြည့်အမြင်စွမ်းရည် ဖြစ်ပေသည်။
မျက်လုံးနှစ်လုံးထဲ ရှိသည်မှာ နှမြောစရာကောင်းလှသည်။ အကယ်၍ များများသာ ရှာတွေ့ခဲ့ပါက မျက်လုံးများ ထပ်မံဆင့်ကဲပြောင်းလဲနိုင်ဖွယ်ရှိသည်ဟု လော်ယွမ်က စိတ်ထဲမှ တွေးလိုက်မိ၏။
သို့သော် ထိုကဲ့သို့သော သတ္တဝါမျိုးနှင့် ထပ်မံကြုံတွေ့ရန်မှာ ကံကောင်းမှသာ ဖြစ်နိုင်မည်ကို သူသိသည်။ ထို့အပြင် ထိုသတ္တဝါသည် အလွယ်တကူ အသတ်ခံမည့် သတ္တဝါမျိုးမဟုတ်ဘဲ အနည်းငယ် သတိလွတ်သွားရုံဖြင့် မိမိသာလျှင် အသက်ဆုံးရှုံးသွားနိုင်သည်ကိုလည်း သူ နားလည်ထားသည်။
……………………………………………………
ပင်လယ်ရေမျက်နှာပြင်သည် ရှန်ဟိုင်းမြို့၏ တစ်ဝက်ခန့်ကို လွှမ်းခြုံထားပြီဖြစ်သော်လည်း ရေမှာ မနက်သေးသောကြောင့် စွမ်းအားကြီးသော ပင်လယ်သတ္တဝါကြီးများ မရှိသေးချေ။ ကုန်းနေ သန္ဓေပြောင်း သတ္တဝါများမှာလည်း ရွှေ့ပြောင်းသွားကြပြီဖြစ်သောကြောင့် ရှန်ဟိုင်းမြို့မှာ ခေတ္တခဏမျှ အင်အားကြီးမားသော သတ္တဝါများ ကင်းမဲ့နေသည့် နယ်မြေဖြစ်နေသည်။
တစ်လမ်းလုံး ထူးဆန်းစွာပင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရချေ။
နောက်ထပ် နှစ်နာရီခန့် ဆက်လက်ခရီးနှင်ပြီးနောက် ရေမျက်နှာပြင်သည် တဖြည်းဖြည်း နိမ့်ကျလာပြီး အချို့နေရာများတွင် ကုန်းမြေများ ပေါ်ထွက်နေပြီ ဖြစ်သည်။
ယခုအချိန်မှာ နံနက်နှစ်နာရီ ဖြစ်နေပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ကျင့်သားရနေပြီဖြစ်သော ပိုးကောင်များနှင့် သားရဲများ၏ အော်မြည်သံများပင် ဤနေရာတွင် လုံးဝပျောက်ကွယ်နေ၏။
ကျိုးရိချန်းကမူ ထထိုင်လိုက်ပြီး မြေပုံကို ကိုင်ကာ အထပ်ထပ်အခါခါ ကြည့်နေသည်။ ပန်းတိုင်နှင့် နီးကပ်လာလေလေ သူ၏စိတ်က ပို၍ စိတ်လှုပ်ရှား ဂနာမငြိမ်ဖြစ်လာလေလေ ဖြစ်ပြီး အသက်ရှူနှုန်းများပင် မြန်ဆန်လာသည်။ သူ၏ပါးစပ်မှလည်း "ရောက်တော့မယ်... ငါတို့အိမ်ရောက်တော့မယ်" ဟု တတွတ်တွတ် ရေရွတ်နေမိသည်။
စစ်သားအချို့က သူ့ကို ဂရုတစိုက် ထိန်းပေးထားကြသည်။ ယခုအချိန်တွင် ယခင်ကဲ့သို့ အလျင်မလိုတော့သောကြောင့် ဧရာမဖွတ်ကြီး၏ အရှိန်မှာလည်း မမြန်သောကြောင့်သာ တော်တော့သည်။ သို့မဟုတ်လျှင် သူ အောက်သို့ လွင့်ကျသွားလောက်ပြီ ဖြစ်သည်။
လော်ယွမ်က သူ၏ စိတ်အခြေအနေမှာ တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ လေတိုက်ရုံဖြင့် လဲကျသွားနိုင်သော သူ၏ခန္ဓာကိုယ်ကို ကြည့်ရင်း အချိန်မရွေး လဲကျသွားမည်ကို သူ စိုးရိမ်မိ၏။
ဝမ်ရှီရှီက နှုတ်ခမ်းကို စူလိုက်ပြီး မအောင့်နိုင်ဘဲ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နာရီဝက်ကလည်း ရောက်တော့မယ် ပြောတယ်... အခုလည်း အဲ့ဒီလိုပဲ ပြောနေတာပဲ... ဘယ်တော့မှ ရောက်မှာလဲရှင့်"
"နင် တိတ်တိတ်နေစမ်း" လော်ယွမ်က သူမကို စူးစိုက်ကြည့်လိုက်သည်။
ဝမ်ရှီရှီက ရယ်ကျဲကျဲဖြင့် မျက်နှာလွှဲကာ ကျောခိုင်းလိုက်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် သူမ မျက်ရည်များ ဝိုင်းနေလောက်ပြီ ဖြစ်သည်။ သို့သော် ဝမ်ရှီရှီ၏ အစွမ်းများ တိုးတက်လာသည်နှင့်အမျှ လော်ယွမ်အပေါ် ကြောက်ရွံ့မှုက သိသိသာသာ လျော့ကျလာပြီး ယခုအခါ သာမန်ဆူပူကြိမ်းမောင်းမှုများက သိပ်အရာမထင်တော့ဘဲ သူမက ယခင်ကလို သိပ်ချစ်စရာမကောင်းတော့ချေ။
"ဒီတစ်ခါ တကယ်ရောက်တော့မှာ... ရောက်တော့မှာပါ။" ကျိုးရိချန်း၏ နှုတ်ခမ်းများ လှုပ်ရှားနေပြီး မျက်နှာမှာလည်း နီမြန်းနေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် မြေပုံပေါ်တွင် လက်ညှိုးဖြင့် ဟိုဒီထိုးပြနေ၏။ အားအလွန်ပါသောကြောင့် မြေပုံတစ်ခုလုံးတွင် ခြစ်ရာများပင် ထင်ကျန်သွားသည်။ သူက နေရာတစ်ခုကို အားနှင့်ထောက်လိုက်ပြီး "ဒီနေရာပဲ... မှားစရာအကြောင်းမရှိဘူး... ၅မိုင်... မဟုတ်ဘူး ၃မိုင်... ၃မိုင်ပဲကျန်တော့တယ်"
ကျန်သူများလည်း သူ၏စကားကြောင့် စိတ်လှုပ်ရှားလာကြသလို တစ်ချိန်တည်းတွင် စိုးရိမ်စိတ်များလည်း ဝင်လာကြသည်။
"တပ်ခွဲမှူးကျိုး... သူတို့က ကျုပ်တို့ကို အထဲဝင်ခွင့်ပေးမယ်ထင်လား" ဟော်တုံက ခဏအကြာတွင် သတိထား၍ မေးလိုက်သည်။ သာမန်အရပ်သားများအတွက် စစ်အခြေစိုက်စခန်းဆိုသည်မှာ အမြဲတစေ ကြောက်ရွံ့ရိုသေရသော နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် ယခုစစ်စခန်းမှာ ရန်သူ့နယ်မြေအတွင်းပိုင်းအထိ ဝင်ရောက်ကာ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် လျှို့ဝှက်စစ်အခြေစိုက်စခန်း ဖြစ်သောကြောင့် ပို၍ပင် ဖြစ်၏။
"ဝင်ခွင့်ပေးလောက်ပါတယ်... ကျွန်မတို့က အသက်ရှင်ကျန်ရစ်သူတွေပဲလေ" ဝမ်ရှာကွမ်းက မသေမချာ ပြောလိုက်သည်။
"စစ်သားဆိုတာ အမိန့်အတိုင်းပဲလုပ်တတ်တာ... သူတို့ရှန်ဟိုင်းကိုရောက်နေတာက ပစ္စည်းတွေလာသယ်တာ... လူကယ်ဖို့လာတာမဟုတ်ဘူး... သူတို့ကလက်မခံပဲငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ" ဟွမ်ကျားဟွေက စိုးရိမ်စွာ ပြောသည်။
"အခုချိန်မှာ ဆွေးနွေးနေဖို့ စောသေးတယ်... ဟိုရောက်မှ အခြေအနေကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့" လော်ယွမ်က အားလုံးကို တိခနဲ ဖြတ်ပြောလိုက်ပြီး ကျိုးရိချန်းကို လှမ်းကြည့်လိုက်သည်။
လော်ယွမ်၏ အကြည့်ကြောင့် ကျိုးရိချန်းမှာ ငေးကြောင်နေရာမှ သတိပြန်ဝင်လာသည်။ ဤသူများသည် သာမန်အရပ်သားများ မဟုတ်ကြချေ။ အကယ်၍ စစ်အခြေစိုက်စခန်းကသာ သူတို့ကို ငြင်းပယ်လိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည်ကို သူ ရုတ်တရက် သဘောပေါက်သွား၏။
ဤကိစ္စကို သူ ယခင်က မစဉ်းစားခဲ့မိသည်တော့ မဟုတ်ပေ။ သို့သော် ထိုစဉ်က မသိစိတ်မှ လျစ်လျူရှုထားခဲ့ပြီး လော်ယွမ်တို့အဖွဲ့၏ အစွမ်းကိုလည်း အလွန်အမင်း လျှော့တွက်ထားခဲ့မိသည်။
လော်ယွမ် ထိုအစိမ်းရောင် ဘီလူးကြီးနှင့် ရင်ဆိုင်တိုက်ခိုက်စဉ်က မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ကို ပြန်တွေးမိသောအခါ သူတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။
……………………………………………………
လမ်းသည် မြို့ပြင်ဘက်သို့ ဦးတည်နေပြီး ရှေ့တွင် တစ်ခုနှင့်တစ်ခု ဆက်နေသော တောင်ကုန်းများကို မြင်နေရပြီ ဖြစ်သည်။
လျှို့ဝှက်စစ်အခြေစိုက်စခန်းက ထိုတောင်ကုန်းများထဲတွင် ရှိနေမည်မှာ ထင်ရှားလှ၏။
ထိုနေရာက အလွန်ပင် သိသာထင်ရှားလှသည်။ တောင်စောင်းကို ပတ်၍ အသစ်ဆောက်လုပ်ထားသော ကွန်ကရစ်လမ်းမကြီးနှင့် လမ်းပေါ်မှ မည်းနက်နေသော လတ်လတ်ဆတ်ဆတ် ကားဘီးရာများကို မြင်လိုက်ရုံဖြင့် မည်သူမဆို ဤနေရာ၏ ထူးခြားမှုကို သိရှိနိုင်ပေသည်။ ထို့အပြင် ဤနေရာတွင် လုံခြုံရေးမှာ အလွန်တင်းကျပ်လှပြီး လမ်းတစ်လျှောက်တွင် ကင်းစခန်းများကို အပိုင်းလိုက် တည်ဆောက်ထားကာ အမြောက်ပြောင်းများက တောအုပ်တစ်ခုကဲ့သို့ စီတန်းနေပြီး မြင်ရသူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေ၏။
ဧရာမဖွတ်ကြီး အဝေးမှ လာနေသည်ကို မြင်သောအခါ အမြောက်ပြောင်းများသည် လျင်မြန်စွာ ရွေ့လျားသွားသည်။ ဖွတ်ကြီး၏ ကျောပေါ်တွင် လူများရှိနေသည်ကို မြင်သောကြောင့် ဖြစ်မည်၊ ပစ်ခတ်ခြင်းမပြုခဲ့သော်လည်း လူအချို့မှာ မျက်နှာများ ဖြူဖျော့သွားကြရသည်။ လော်ယွမ်ပင်လျှင် ချွေးစေးများ စို့တက်လာခဲ့၏။ သူက အမြောက်ဆံ၏ အရသာကို မြည်းစမ်းကြည့်ချင်စိတ် မရှိပေ။
မကြာမီပင် ကင်းစခန်းတံခါးမှ ခြေလျင်တပ်သားတင်ယာဉ်တစ်စီး ထွက်လာပြီး ဧရာမဖွတ်ကြီးနှင့် ပေ၃၀ခန့်အကွာတွင် ရပ်တန့်လိုက်သည်။ ညကြည့်မျက်မှန်များ တပ်ဆင်ထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားနှစ်ဦးက ကားပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလာပြီး အားလုံးကို ဆင်းရန် လက်ဟန်ပြလိုက်သည်။
လော်ယွမ်က တစ်ချက်တုံ့ဆိုင်းသွားပြီးနောက် ဧရာမဖွတ်ကြီးကို ဝပ်ခိုင်းလိုက်ရာ အားလုံး တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။
"ခင်ဗျားတို့က ဘယ်တပ်ကလဲ... ဘယ်ကလာကြတာလဲ" ကျိုးရိချန်းနှင့် အခြားစစ်သားများ၏ ယူနီဖောင်းများက သူတို့၏ စစ်သားဖြစ်ကြောင်းကို ပြသနေသောကြောင့် ထိုစစ်သားနှစ်ဦး၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ယခင်ကကဲ့သို့ တင်းမာမနေတော့ချေ။
ကျိုးရိချန်းက သူ့ကိုတွဲထားသော စစ်သားများ၏လက်မှ ရုန်းထွက်လိုက်ပြီး စစ်ရေးပုံစံအတိုင်း အလေးပြုလိုက်ကာ "ကျွန်တော်တို့က တပ်မ၂၁... အထူးတပ်ဖွဲ့ ၁၈... တပ်ရင်း ၃၁၂ က အသက်ရှင်ကျန်ရစ်တဲ့ စစ်သားတွေပါ... ကျွန်တော်က တပ်ခွဲမှူး ကျိုးရိချန်းပါ"
"မင်္ဂလာပါ စီနီယာ" ထိုစစ်သားနှစ်ဦး၏ မျက်နှာမှာ တည်ကြည်သွားပြီး "ဖြောင်း" ခနဲ အလေးပြုလိုက်ကြသည်။
"ဒုဗိုလ်လေး... စီနီယာလို့ မခေါ်ပါနဲ့ဗျာ ရှက်စရာကောင်းပါတယ်... တပ်ခွဲမှူးကျိုးလို့ပဲ ခေါ်ပါ" ကျိုးရိချန်းက ခါးသက်စွာ ပြုံးရင်း လက်ကာပြလိုက်သည်။ "ကျန်းနန်ပြည်နယ်က သိပ်ကို ဆိုးရွားလွန်းတယ်... တပ်မ၂၁ တစ်ခုလုံး ပြိုကွဲသွားပြီ... ကျွန်တော်တို့ ဒီကိုလာတာ အကူအညီတောင်းဖို့ လာတာပါ"
ထိုစစ်သားနှစ်ဦး၏ မျက်နှာမှာ ပို၍ တည်ကြည်သွားပြီး လေးစားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူတို့ထဲမှ တစ်ဦးက "တပ်ခွဲမှုးကျိုး... ခင်ဗျားတို့လမ်းမှာ ဒုက္ခရောက်ခဲ့မှာပဲ... အခုခင်ဗျားတို့အိမ်ပြန်ရောက်ပါပြီ... ကျန်တဲ့သူတွေက အသက်ရှင်ကျစ်ရစ်သူတွေဖြစ်မယ်... ဒီအထိရောက်လာဖို့က လွယ်တာမဟုတ်ဘူး... ကျွန်တော်ခင်ဗျားတို့အတွက် အခုချက်ချင်း ကားစီစဉ်ပေးမယ်"
ဖြစ်စဉ်မှာ မယုံနိုင်လောက်အောင် ချောမွေ့နေသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ဆိုနိုင်ပေသည်။ ဧရာမဖွတ်ကြီးကို တောင်အောက်တွင် ထားခဲ့ရန်နှင့် ဝင်ခွင့်မပြုကြောင်း တောင်းဆိုသည်မှလွဲ၍ အခြားမည်သည့်အရာမျှ မမေးမြန်းဘဲ အားလုံးက ထရပ်ကားတစ်စီးပေါ်သို့ တက်ရောက်ကာ တောင်ပတ်လမ်းအတိုင်း စစ်အခြေစိုက်စခန်းဆီသို့ ခရီးဆက်ခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ တောင်ကုန်းများအားလုံးမှာ ပြောင်တလင်းခါနေပြီး လူများက အကြိမ်ကြိမ် ရှင်းလင်းထားကြောင်း သိသာလှ၏။
ကားမောင်းလာသည်မှာ ဆယ်မိနစ်ပင် မကြာလိုက်ချေ ရှေ့မှလမ်းမကြီးသည် ရုတ်တရက် အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီး လမ်းအောက်ခံမှာလည်း ပို၍ ထူထဲလာသည်။ အချို့လမ်းများမှာ တောင်စောင်းကို ကျော်ဖြတ်ကာ ကြီးမားသော တံတားတိုင်ကြီးများဖြင့် ထောက်ခံထားသည်။ လမ်းမပေါ်တွင် ထူထဲသော အမှတ်အသားများကို ရေးဆွဲထားပြီး တောင်စောင်းဆီသို့ တည့်တည့် ဦးတည်နေ၏။
ဤနေရာမှ ကြည့်လိုက်လျှင် တောင်စောင်းတစ်ခုလုံးကို အပေါက်ကြီးတစ်ခု တူးထားပြီး အတွင်းပိုင်းတစ်ခုလုံးကို ထွင်းဖောက်ထားသကဲ့သို့ ရှိသည်။
သို့သော် အားလုံး၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ လမ်းပေါ်မှ မယုံနိုင်လောက်အောင် ကြီးမားလှသော ကားဘီးရာကြီးများနှင့် ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းကျပ်သော ကာကွယ်ရေးစနစ်ပင် ဖြစ်သည်။ ပေ၃၀၀တိုင်းတွင် တည်ဆောက်ထားသော ပစ်စင်များနှင့် လမ်းဆုံးရှိ ဒုံးကျည်တင်ယာဉ်များကို မြင်သောအခါ လော်ယွမ်၏ ဦးရေပြားပင် ထုံကျဉ်သွားရသည်။
"ဒါက ကုန်တင်လေယာဉ်ပြေးလမ်းလေ... နောက်တစ်ခေါက် လေယာဉ်ထွက်တဲ့အခါ ခင်ဗျားတို့ အဲ့တာနဲ့ လိုက်သွားလို့ရတယ်" လော်ယွမ်တို့ အပြင်ဘက်ကို စပ်စု၍ ကြည့်နေသည်ကိုမြင်သောအခါ လုံခြုံရေးတာဝန်ယူထားသော စစ်သားတစ်ဦးက အနားမှ ရှင်းပြလိုက်သည်။
ဆက်ရန်...
အပိုင်း(၁၈၆) အာဏာပြခြင်း
ထရပ်ကားသည် ကြီးမားလှသော တောင်ဂူဝတစ်ခု၏ ရှေ့၌ လျင်မြန်စွာ ရပ်တန့်သွား၏။ ထိုဂူဝ၏ အကျယ်သည် ပေ၂၀၀န့်အထိ ရှိပေသည်။
အားလုံးက ကားပေါ်မှ အသီးသီး ဆင်းလိုက်ကြသည်။ တောင်ဂူအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသောအခါ သူတို့၏ရှေ့၌ ဧရာမ ခန်းမကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ခန်းမ၏ ဘေးဘက်၌ ကြီးမားသော ကုန်တင်ထရပ်ကား အစီး ဒါဇင်ပေါင်းများစွာကို စစ်သားများကဲ့သို့ နှစ်တန်းစီ၍ စီတန်းရပ်နားထားသည်။ ရှေ့ဘက်တွင်မူ အလတ်စား တင့်ကား ဆယ့်နှစ်စီး ရှိနေသေး၏။ အကြမ်းဖျင်း ခန့်မှန်းကြည့်ရုံမျှဖြင့်ပင် ဤခန်းမ၏ ဧရိယာသည် စတုရန်းမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းလိမ့်မည်ဖြစ်ရာ အားလုံးက မိမိတို့ ပြည်သူ့ရင်ပြင်တစ်ခုသို့ ရောက်ရှိနေသလောဟု ထင်မှတ်မှားသွားကြသည်။
လော်ယွမ်က ကွင်းပြင်၏ အဆုံး၌ ဧရာမ သံတံခါးကြီးတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်၏။ အတွင်း၌ မည်သည့်အရာကို ထားရှိသည်ကိုမူ သူ မသိပေ။
ဤခန်းမကြီးအပြင် အနီးအနား၌ အခြားသော လိုဏ်ခေါင်း ငါးခု၊ ခြောက်ခုခန့် ရှိနေသေးသည်။ ဤဂူထဲတွင် အခြားသော နေရာများလည်း ရှိနေသေးသည်မှာ ထင်ရှားလှ၏။ ဤနေရာကို တည်ဆောက်ခဲ့စဉ်က အလွန်ကြီးကျယ်ခမ်းနားသော စီမံကိန်းကြီးတစ်ခု ဖြစ်ခဲ့မည်မှာ သေချာပေသည်။
အားလုံးက အသစ်အဆန်းဖြစ်နေသော စိတ်ဖြင့် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုနေကြပြီး စိတ်ထဲ၌ မည်သို့မျှ ဖော်ပြ၍မရသော တုန်လှုပ်အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
တကယ်တမ်းတွင် ဤအရာသည် နိုင်ငံတော်၏ လုပ်ဆောင်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ဘာမျှ ပြောပလောက်သည့်အရာ မဟုတ်ပေ။ ယနေ့ခေတ်နည်းပညာနှင့်ခေတ်မီပစ္စည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မှာ ကြောက်ခမန်းလိလိ မြင့်မားလှသည်။ ကမ္ဘာပျက်ကပ် မတိုင်မီက မြို့တော်အဆင့်ရှိသော မြို့တစ်မြို့၏ အစွမ်းအစဖြင့်ပင် တစ်နှစ်အတွင်း၌ ဤကဲ့သို့သော အခြေစိုက်စခန်း ဒါဇင်ပေါင်းများစွာကို တည်ဆောက်နိုင်ပြီး ပြည်သူလူထု၏ လူနေမှုဘဝကိုပင် ထိခိုက်စေမည်မဟုတ်ချေ။ ယခုလို ကမ္ဘာလောကကြီးတစ်ခုလုံး သန္ဓေပြောင်းသွားပြီး ရန်သူက လူသားနယ်မြေများ၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေကာ နေရာတိုင်း၌ ရန်သူများနှင့် ပြည့်နှက်နေသည့်အတွက် ကာကွယ်ရန် အလွန်ခက်ခဲလှခြင်း စသည့်အဖြစ်များမရှိပါက စွမ်းဆောင်ရည်မြင့်မားသော ခေတ်မီလက်နက်များ၏ စွမ်းအားဖြင့် လူသားတို့က ဤသို့ အဆက်မပြတ် ရှုံးနိမ့်နေမည်မဟုတ်ချေ။
စစ်သားတစ်စုက သူတို့အဖွဲ့ကို လိုဏ်ခေါင်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် လမ်းခုလပ်၌ ဟိုကွေ့သည်ကွေ့ဖြင့် အကြိမ်ပေါင်းများစွာ ကွေ့သွားပြီး နောက်ဆုံး၌ စစ်သားများ အစောင့်ချထားသော တံခါးတစ်ခု၏ရှေ့၌ ရပ်တန့်လိုက်သည်။
စစ်သားများထဲမှ တစ်ဦးက ရှေ့သို့သွား၍ အကျိုးအကြောင်း ပြောဆိုပြီးနောက် ကျိုးရိချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "တပ်ခွဲမှူး... ဗိုလ်မှုးကြီးနိုးနေပြီ... သူက ခင်ဗျားကို တွေ့ချင်နေပါတယ်...အထဲကိုကြွပါ"
ကျိုးရိချန်းက ခေါင်းညိတ်လိုက်ပြီး လော်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့တက်၍ တံခါးကို ခေါက်လိုက်ရာ အတွင်းမှ လေးနက်သော "ဝင်ခဲ့" ဟူသည့် အသံကို ကြားပြီးနောက် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး တံခါးသည် နောက်တစ်ကြိမ် ပြန်ပိတ်သွားလေသည်။
"တပ်ရင်း ၃၁၂ က ရဲဘော်တွေ ကျွန်တော့်နောက် လိုက်ခဲ့ပါ... ခင်ဗျားတို့ရဲ့ နေရေးစားရေးကို ကျွန်တော် စီစဉ်ပေးပါ့မယ်" ဗိုလ်ကြီးအဆင့်ရှိသော အရာရှိတစ်ဦးက ပြောပြီးနောက် စစ်သားများကို ဦးဆောင်ကာ ထွက်ခွာသွားသည်။
"ကျန်တဲ့လူတွေ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ" အခြား ဗိုလ်မှူးတစ်ဦးကလည်း ဆက်ပြောလိုက်သည်။
သူတို့အဖွဲ့က စစ်သား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်၏ နောက်သို့ လိုက်ပါသွားကြပြီး ရုံးခန်းတစ်ခုသို့ ရောက်ရှိသွားကြသည်။ စစ်သားများသည် နံရံဘေး၌ တစ်တန်းတည်း မတ်တပ်ရပ်လိုက်ကြ၏။ ထို့နောက်တွင် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ကြသော်လည်း သူတို့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်လှိုင်းတစ်ခုက သူတို့ကို ရိုက်ခတ်လာပြီး လူတိုင်းကို စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ဤသည်မှာ အရှိန်အဝါပြခြင်းပင် ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ လော်ယွမ်မှလွဲ၍ ကျန်လူအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။ ဝမ်ရှီရှီပင်လျှင် အတော်လေး လန့်သွားခဲ့၏။
ဗိုလ်မှူးက လူအုပ်စုကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာထားသည် တင်းမာသွားကာ ပြောလိုက်သည်။ "အရင်တုန်းက နိုင်ငံတော်အနေနဲ့ ခင်ဗျားတို့ကို ကယ်တင်နိုင်စွမ်းမရှိခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး... ခင်ဗျားတို့ စိတ်ထဲမှာ နာကြည်းချက်တွေ... မကျေနပ်ချက်တွေ ရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ်... ဘာလို့လဲဆိုတော့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့မှာ သေချာလို့ပဲ... ဒါပေမဲ့ ဒါက ကျွန်တော်တို့တတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး... နိုင်ငံတော်ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပြီး ကျဆုံးသွားတဲ့ ဒေသတွေကလည်း အရမ်းများလွန်းတော့ နေရာတိုင်းကို ဂရုမစိုက်နိုင်ခဲ့ပါဘူး"
"ခင်ဗျားတို့ ဒီနေရာကို ရောက်လာနိုင်တာကတော့ တကယ်ကို ကံကောင်းတယ်လို့ ပြောရမှာပဲ... ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေအရ နောက်ထပ် ရက်အနည်းငယ်ကြာရင် ကျွန်တော်တို့လည်း ဒီကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေပါပြီ"
လော်ယွမ်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ စိတ်ထဲ၌ မစ်ရှင်က သတ်မှတ်ထားသော ရက်အရေအတွက်ကို တွေးလိုက်မိပြီး ဤအရာက အလွန်အမင်း တိုက်ဆိုင်လွန်းနေသည့်အတွက် သူ့ကို အတွေးများသွားစေသည်။
ဗိုလ်မှူး၏ မျက်လုံးများက စူးရှလှ၏။ သူက လူအုပ်စုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။ "အခု ကျွန်တော် ဒီနေရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြမယ်... အရင်တုန်းက မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ဖူးပြီး အခြေစိုက်စခန်းရဲ့ လုံခြုံရေးကိုတောင် အန္တရာယ်ဖြစ်စေခဲ့တဲ့အပြင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်... ကယ်ဆယ်ရေးပစ္စည်းတွေကို ပို့ဆောင်တဲ့ လုပ်ငန်းစဉ်ကိုလည်း ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တဲ့အတွက် တစ်ခါတည်းရှင်းပြထားဖို့လိုအပ်တယ်"
"ပထမအချက် စစ်တပ်ရဲ့ စည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်... ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝမပြုရဘူး... ဖောက်ဖျက်သူကို နှင်ထုတ်မယ်... ပြန်လည်ခုခံသူက ပစ်သတ်ခြင်းခံရမည်"
"ဒုတိယအချက် သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီး... တခြားနေရာတွေကို လျှောက်သွားခြင်းမပြုရဘူး... ပထမအကြိမ်မှာ သတိပေးပြီး... ဒုတိယအကြိမ်မှာ နှင်ထုတ်ခြင်းခံရမည်"
"တတိယအချက် အရေးပေါ်အခြေအနေတွေမှာ စစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ခွင့်ရှိတယ်"
"သာမန်ပြည်သူတွေအတွက်တော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်က ဒီလောက်ပဲ... အားလုံး လိုက်နာကြလိမ့်မယ်လို့ မျှော်လင့်တယ်... ခင်ဗျားတို့ထဲမှာ ဆင့်ကဲပြောင်းလဲသူတွေ ရှိနေတယ်ဆိုတာ ကျွန်တော်သိတယ်" သူက လူအချို့ကို တစ်ချက် ကြည့်လိုက်သည်။ ဤလူများသည် အသက်ရှင်ကျန်ရစ်သူ အုပ်စုများကြားထဲ၌ အလွန်အမင်း ထင်ရှားနေ၏။ အခြား အသက်ရှင်ကျန်ရစ်သူများမှာ ပိန်လှီချောက်ကပ်နေပြီး တစ်ကိုယ်လုံး၌ အနာများဖြင့် ပြည့်နှက်နေခြင်း သို့မဟုတ် အဝတ်အစားများ စုတ်ပြတ်နေပြီး ဖုန်များဖြင့် လူးနေကြသည်။ သို့သော် ဤလူအုပ်စုမှာမူ ကလေးငယ်အချို့မှလွဲ၍ လူတိုင်း၏ မျက်နှာများ နီမြန်းဝင်းပနေပြီး အဝတ်အစားများမှာလည်း သပ်ရပ်နေကြရာ အသက်ရှင်ကျန်ရစ်သူများကြားထဲ၌ အမှောင်ထဲမှ ပိုးစုန်းကြူးများကဲ့သို့ပင် ဖြစ်နေတော့သည်။
"အခုချိန်ထိ အသက်ရှင်နိုင်ခဲ့ကြတာဆိုတော့ ခင်ဗျားတို့မှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြမှာပဲ... လုပ်နိုင်စွမ်းတွေရှိလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ထင်ပြီး အပြင်မှာ ကိုယ်ကြိုက်သလို ထင်ရာစိုင်းလို့ရပြီလို့ ထင်ကြလိမ့်မယ်" ဗိုလ်မှူး၏ အသံသည် တဖြည်းဖြည်း တင်းမာလာပြီး သူ၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ချက် ပေါ်လာသည်။ "အဲ့လိုလူစားမျိုးတွေကို ကျွန်တော်အများကြီးတွေ့ဖူးတယ်... ဒီမှာပြဿနာလုပ်ချင်တဲ့သူတွေက နှင်ထုတ်ခံရတာ ဒါမှမဟုတ် ပစ်သတ်ခံရတာနဲ့ အဆုံးသတ်ရတာပဲ... ဒါကသတိပေးတာဖြစ်သလို အကြံဉာဏ်ပေးခြင်းလည်းဖြစ်တယ်... ခင်ဗျားတို့အဲ့လိုလူစားတွေ မဟုတ်ကြဖို့ပဲ ကျွန်တော်ဆုတောင်းတယ်... အားလုံးငြိမ်ငြိမ်လေးပဲ နေကြပါ"
ဤစစ်အရာရှိသည် ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် အရပ်သား ဆင့်ကဲပြောင်းလဲသူများကို သိပ်ပြီး အမြင်ကြည်လင်ပုံမရချေ။ သူ၏ မျက်နှာကို ကြည့်ရုံမျှဖြင့်ပင် စက်ဆုပ်ရွံရှာနေသည်ကို သိသာနိုင်၏။
လူအချို့သည် လော်ယွမ်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။ ဟွမ်ကျားဟွေကမူ သူ၏ လက်ကို ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
လော်ယွမ်က သူမ၏ စိတ်ကို သိသည့်အတွက် စိတ်ထဲ၌ မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားသည်။ အချိန်အကြာကြီး စွမ်းအားကြီးလွန်းသူတစ်ယောက် ဖြစ်ခဲ့သည့်အတွက် အခြားသူများကို မှားယွင်းသော အမြင်များ ပေးခဲ့မိသည် ဖြစ်မည်။ သူသည် သွေးဆာသော လူငယ်တစ်ယောက်မှ မဟုတ်သည့်အတွက် မတရားမှုအသေးအဖွဲ့လေးကိုပင် မခံနိုင်သူတစ်ယောက် မဟုတ်ပေ။ သူက စစ်တပ်၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပြန်လိုသေးရာ မပြောပလောက်သော ကိစ္စလေးတစ်ခုအတွက်နှင့် စစ်တပ်ကို ပြဿနာရှာစရာမလိုချေ။ မာရမည့်အချိန်မှာ မာပြီး ပျော့ရမယ့်အချိန်မှာတော့ ပျော့ရမည် မဟုတ်ပါလား။
ထို့အပြင် ထိုစစ်အရာရှိ ပြောသည်မှာလည်း မှန်ကန်ပေသည်။ အချိန်အကြာကြီး အပြင်တွင် နေထိုင်ခဲ့ရပြီးနောက် တရားဥပဒေစိုးမိုးမှု ပြိုလဲကာ ကိုယ်ကျင့်တရားများ ပျက်စီးသွားသည့်အတွက် လူအများအပြား၏ စိတ်ဓာတ်များသည် ဖောက်ပြန်နေကြလေပြီ။ အထူးသဖြင့် ဆင့်ကဲပြောင်းလဲသူများသည် စွမ်းအားထဲ၌ နစ်မွန်းသွားပြီး မိမိတို့ကိုယ်ကို အခြားသူများထက် မြင့်မြတ်သည်ဟု ထင်မြင်ကာ စည်းမျဉ်းများကို ချည်နှောင်မှုတစ်ခုအဖြစ် ရှုမြင်ပြီး လူ့အသက်ကို မြက်ပင်လောက်တောင် တန်ဖိုးမထားကြတော့ချေ။ သူကိုယ်တိုင်ပင်လျှင် အနည်းနှင့်အများ ထိုသို့သော စိတ်များ ရှိနေသေး၏။ ဤသည်မှာပင် သူက ကြိုးစားထိန်းချုပ်ပြီး အခြေခံစည်းမျဉ်းကို စောင့်ထိန်းခဲ့သည့် ရလဒ်ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စစ်အရာရှိ၏ စကားများမှတစ်ဆင့် လော်ယွမ်သည် ယခုလက်ရှိ စစ်တပ်၏ အရပ်သား ဆင့်ကဲပြောင်းလဲသူများအပေါ်ထားသည့် သဘောထားကိုလည်း သိရှိလိုက်ရသည်။ ဤသည်မှာ ယခင်ကနှင့် များစွာ ကွာခြားသွားခဲ့လေပြီ။ အလေးထားခြင်းမရှိသည့်အပြင် အနည်းငယ် စက်ဆုပ်ရွံရှာနေဟန်ပင် ရှိနေ၏။ ယခင်က တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ဖူးသောကြောင့် စစ်တပ်၏ ဆင့်ကဲပြောင်းလဲသူများအပေါ်ထားသည့် အမြင်ကို ဆိုးရွားသွားစေခဲ့သည်လား။
ဗိုလ်မှူးသည် လူအုပ်စုကို အရှိန်အဝါပြပြီးနောက် ထပ်မံ၍ မခြိမ်းခြောက်တော့ဘဲ အဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင် သော့နှစ်ချောင်းကို ထားခဲ့ပြီး လှုပ်ရှားသွားလာနိုင်သည့် နေရာများကို ပြောပြပြီးနောက် စစ်သားများကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူတို့၏ လက်နက်များနှင့် သယ်ဆောင်လာသော ခရီးဆောင်အိတ်များကိုပင် သိမ်းဆည်းသွားခြင်းမရှိချေ။
ဤအချက်က လော်ယွမ်အား ပြန်လည်တည်ဆောက်ရေးဇုန်သည် ပြန်လည်တည်ဆောက်ပြီးသည့်တိုင် ယခင်ကကဲ့သို့ လက်နက်များကို အတင်းအကြပ်တားမြစ်ထားသည့် လူ့အဖွဲ့အစည်းမျိုး မဟုတ်တော့ကြောင်း နားလည်သွားစေသည်။
အဆောင်ကား အလုပ်သမားအဆောင်နှင့် ဆင်တူသော်လည်း ပို၍ကြီးမား၏။ အတွင်း၌ အပေါ်အောက် နှစ်ထပ်ကုတင် စုစုပေါင်း နှစ်ဆယ့်လေးလုံးကို ထားရှိထားပြီး နေရာလွတ်များစွာ ရှိနေသည်။ ကုတင်အများအပြားမှာ လွတ်နေပြီး လော်ယွမ်က တစ်ချက် ဝေ့ကြည့်လိုက်ရာ နေထိုင်သူ ဆယ့်ငါးယောက်၊ ဆယ့်ခြောက်ယောက်ခန့်သာ ရှိသည်ကို တွေ့လိုက်ရသည်။
လော်ယွမ်က ပြတင်းပေါက်မှန်မှတစ်ဆင့် အဆောင်များကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ရာ ဘယ်ဘက်အနားရှိ အမျိုးသမီးအဆောင်တစ်ဆောင်မှလွဲ၍ ကျန်အဆောင်များအားလုံးမှာ လွတ်နေပြီး လူတစ်ယောက်မျှပင် မရှိသည်ကို တွေ့လိုက်ရသည်။
ဤအခြေစိုက်စခန်းက အသက်ရှင်ကျန်ရစ်သူများကို အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ လက်ခံရသည်ကို သူ နားလည်သွားခဲ့သည်။ အမှန်တကယ်တွင် အပြင်လောက၌ အသက်ရှင်နေထိုင်နေကြဆဲဖြစ်သော အသက်ရှင်ကျန်ရစ်သူများသည် တဖြည်းဖြည်း နည်းပါးလာနေပြီဖြစ်ပြီး ယခုအချိန်အထိ အသက်ရှင်နိုင်ကာ ဤနေရာသို့ လာရောက်ဝံ့သူများမှာမူ ပို၍ပင် ရှားပါးလှသည်။ ကြီးမားသော သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများသည် စက်ပစ္စည်းများ အပြည့်တင်ဆောင်ပြီးနောက် ကျန်ရှိသောနေရာများ၌ ဤအသက်ရှင်ကျန်ရစ်သူများကို တင်ဆောင်လာခြင်းမှာ ခရီးသွားဟန်လွှဲမျှသာ လုပ်ဆောင်ပေးသည့်ကိစ္စ ဖြစ်ပေလိမ့်မည်။
စစ်သားများ ထွက်ခွာသွားပြီးနောက် လူအချို့သည် သက်ပြင်းချလိုက်ကြသည်။
"မင်းတို့ သတိထားမိကြလား၊ သူတို့ရဲ့ သေနတ်တွေက နည်းနည်း ထူးဆန်းနေသလိုပဲ... ပြောင်းဝက ပိုကြီးနေပြီး ၉၅အမျိုးအစားနဲ့ တော်တော်ကွာတယ်" ဟော်တုံက သေနတ်များကို မကြာခဏ ကိုင်တွယ်လေ့ရှိသည့်အတွက် ဤကိစ္စအပေါ် အနည်းငယ် အကင်းပါးလှသည်။
"စောစောက တစ်ချက်ကြည့်လိုက်တယ်... ပြောင်းဝက ၁၅ ကနေ ၁၇ မီလီမီတာလောက် ရှိရမှာ... စစ်တပ်က လက်နက်အသစ်တွေ ပြောင်းသုံးနေတာဖြစ်ရမယ်" ဟွမ်ကျားဟွေ၏ မျက်နှာက တည်ကြည်နေ၏။ သူမသည် သေနတ်များအကြောင်းကို ကျွမ်းကျင်သူတစ်ယောက်လို သိပြီး ဟော်တုံထက် များစွာပို၍ သိသည်။ "ဒီလိုသေနတ်မျိုးက နောက်ပြန်ကန်အား အရမ်းပြင်းမှာ သေချာတယ်... သာမန်လူတွေ ပစ်နိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ အရင်က သေနတ်တွေရဲ့ ပစ်အားက နည်းတာအမှန်ပဲ... အရင်တုန်းက ရန်သူတွေက လူအချင်းချင်းဆိုတော့ ဘယ်လိုပြောင်းဝမျိုးပဲဖြစ်ဖြစ်... ပစ္စတိုဆိုရင်တောင် တစ်ချက်ထိတာနဲ့သေနိုင်တော့... ကျည်ဆန်ရဲ့အစွမ်းအစကို ထည့်တွက်စရာမလိုဘူး... ဥပမာ ၉၅အမျိုးအစားဆိုရင် ပြောင်းဝက ၅.၈ မီလီမီတာပဲရှိပြီး ရောက်နိုင်တဲ့ အကွာအဝေးက ပေ၁၂၀၀ပဲရှိတယ်... အထူးကျည်ဆန်တွေ မသုံးရင် အပြာရောင်အဆင့် သန္ဓေပြောင်းသားရဲတွေအပေါ်မှာ သိပ်ပြီး သက်ရောက်မှုမရှိဘူး"
"တစ်လက်လောက်သာ ရရင် ကောင်းမှာပဲ" ဟော်တုံက နှုတ်ခမ်းသပ်လိုက်သည်။ ထိုသေနတ်မျိုးဖြင့် ပစ်ခတ်ရလျှင် အလွန် အရသာရှိပေလိမ့်မည်။
"အိပ်မက်မက်မနေနဲ့... မင်းရဲ့လက်နက်ကို မသိမ်းလိုက်တာပဲ ကံကောင်းနေပြီ" လင်းရှောင်ကျီက ပြောလိုက်သည်။
"ဘယ်ကောင်တွေဆူညံနေတာလဲ... ဒီမှာအိပ်နေတယ်ကွ" ထိုအချိန်၌ အဆောင်ထဲမှ ဒေါသတကြီး ဆဲဆိုသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
အားလုံးက ကြောင်သွားကြပြီး မျက်နှာများ အနည်းငယ် ပျက်သွားကြကာ အလိုအလျောက်ပင် လော်ယွမ်ကို လှမ်းကြည့်လိုက်ကြသည်။
လော်ယွမ်က ပြုံးလိုက်ပြီး လက်ကာပြလိုက်သည်။ "သူပြောတာမှန်တယ်... ခုလိုဆွေးနွေးနေတာ သူများကို အနှောက်အယှက်ဖြစ်တာပေါ့... ငါ့အထင်တော့ အားလုံးပင်ပမ်းနေကြပြီဆိုတော့ အိပ်လိုက်ကြရအောင်... ကျန်တာမနက်မှပဲ ဆက်ပြောကြတာပေါ့"
ဆက်ရန်...
အပိုင်း(၁၈၇)မိတ်ဆွေဟောင်း
အဆောင်ထဲတွင် မီးမရှိသော်လည်း စင်္ကြံလမ်းမီးများက ထိန်လင်းနေသောကြောင့် အားလုံး၏အမြင်အာရုံကိုမူ အနှောက်အယှက်မဖြစ်စေခဲ့ချေ။
သို့သော် အတွင်းသို့ဝင်ပြီး မကြာမီမှာပင် လူအားလုံး၏မျက်နှာများမှာ မည်းမှောင်သွားကြ၏။
အပေါ်ထပ်ကုတင်များအားလုံးနီးပါးကို လူများနေရာယူထားပြီးဖြစ်ကာ အောက်ထပ်ကုတင်များတွင်ပင် အမှိုက်သရိုက်အမျိုးမျိုးကို ပုံထားလေသည်။
အနံ့နံနေသော သားရေပြားများ၊ စုတ်ပြဲနေသော ဂုံနီအိတ်များ၊ အိုးခွက်ပန်းကန်များနှင့် မှိုတက်နေသော ညစ်ပတ်သည့်အဝတ်အစားများကြောင့် အဆောင်တစ်ခုလုံးမှ ပြောမပြတတ်သော ထူးဆန်းသည့် အနံ့ဆိုးတစ်မျိုး ထွက်နေ၏။
စစ်အခြေစိုက်စခန်းမှ စစ်သားများသည် အသက်ရှင်ကျန်ရစ်သူများကို လုံးဝလွှတ်ထားပုံရပြီး အနည်းငယ်မျှပင် စီမံခန့်ခွဲခြင်းမရှိသဖြင့် ယခုအခါတွင် လွတ်နေသောကုတင်တစ်လုံးမျှပင် မရှိတော့ချေ။
လော်ယွမ်သည် ဤအခြေအနေကို အစောပိုင်းကတည်းက သတိထားမိခဲ့သဖြင့် များစွာမထူးဆန်းသော်လည်း ဟော်တုံနှင့် လင်းရှောင်ကျီတို့မှာမူ မြင်လေမြင်လေ ဒေါသထွက်လေဖြစ်ကာ ဤအပြုအမူသည် အလွန်အမင်း အနိုင်ကျင့်ရာကျသည်ဟု ယူဆကြ၏။
ထိုနှစ်ယောက်၏ စိတ်လှုပ်ရှားနေပုံနှင့် လူများကို သင်ခန်းစာပေးချင်နေသောပုံကို မြင်သောအခါ လော်ယွမ်က အလျင်အမြန် တားဆီးလိုက်သည်။
"ထားလိုက်... သန်းခေါင်ကျော်နေပြီ ဒီအချိန်ကြီးပြောလို့အဆင်ပြေမှာ မဟုတ်ဘူး... ပစ္စည်းတွေကို အရင်ဆုံး ကြမ်းပြင်ပေါ်ချပြီး အားလုံး အနားယူကြရအောင်"
လော်ယွမ်က ပြဿနာဖြစ်မည်ကို ကြောက်၍မဟုတ်ဘဲ အလုပ်ရှုပ်မခံချင်သောကြောင့် ဖြစ်သည်။ တစ်နေ့လုံး စိတ်တင်းထားခဲ့ရသည့်အပြင် အစောပိုင်းက ပြင်းထန်သော အသည်းအသန်တိုက်ပွဲကြောင့် သူသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ရာ တစ်ညတာ ကောင်းကောင်းအနားယူရန် ပြင်ဆင်နေသည်။ ထို့အပြင် ဤနေရာသည် စစ်အခြေစိုက်စခန်းဖြစ်သောကြောင့် ပြဿနာဖြစ်ပွားပါက မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ငြိမ်သက်စွာနေခြင်းကသာ အကောင်းဆုံးဖြစ်၏။
လော်ယွမ်က ထိုသို့ပြောလိုက်သောအခါ ထိုနှစ်ယောက်သည် ဒေါသမည်မျှပင် ထွက်နေစေကာမူ အတင်းအကျပ် ချုပ်တည်းထားလိုက်ရသည်။ သို့သော် စိတ်တိုနေသဖြင့် သူတို့၏လှုပ်ရှားမှုများမှာ နူးညံ့သိမ်မွေ့ခြင်းမရှိတော့ချေ။
အမှိုက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သောအခါ မလွှဲမရှောင်သာ ထွက်ပေါ်လာသော အသံများက တိတ်ဆိတ်ငြိမ်သက်သော ညသန်းခေါင်ယံတွင် အထူးပင် ဆူညံနေတော့သည်။ ဤနေရာမှ အသက်ရှင်ကျန်ရစ်သူများသည် မည်မျှပင် အိပ်မောကျနေစေကာမူ နိုးထလာကြသည်။
စက္ကန့်အနည်းငယ်မျှ မကြာလိုက်ခင်မှာပင် အရပ်မြင့်မားသော လူတစ်ယောက်သည် အပေါ်ထပ်ကုတင်မှ တိုက်ရိုက်ခုန်ဆင်းလာပြီး ဒေါသထွက်နေသောမျက်နှာဖြင့် ပါးစပ်ဟကာ ဆဲဆိုလိုက်သည်။
"ခွေးမသားတွေ... မင်းတို့ကတော့ သေချင်နေတာပဲ... ငါ့စကားကိုအရေးမလုပ်တာလား... မင်းတို့က အရေထူပြီး အရိုက်ခံချင်နေကြတာလား"
စောစောက ဆဲဆိုသံသည်လည်း သူ့ထံမှပင် ထွက်ပေါ်လာခြင်းဖြစ်၏။ ထိုသူသည် အရပ်အလွန်ရှည်ပြီး ၆ပေကျော်ကာ ၇ပေနီးပါးရှိသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ သန်မာကြံ့ခိုင်လှသဖြင့် ကာယဗလမောင်တစ်ဦးဟုပင် ထင်မှတ်ရသည်။ သူ၏ခေါင်းမှာ ပြောင်နေသော်လည်း ကတုံးတုံးထားသည်မှာ မသေသပ်သောကြောင့် ဦးရေပြားမှာ အစိမ်းရောင်တစ်ကွက်၊ အဖြူရောင်တစ်ကွက် ဖြစ်နေသည်။
ထိုသူမှလွဲ၍ ကျန်အသက်ရှင်ကျန်ရစ်သူများမှာမူ မလှုပ်မယှက်နေကြသည်။ ထိုသူသည် မူလကတည်းက ပြဿနာရှာတတ်သူဖြစ်နိုင်သလို အခြားသူများက ပြဿနာမဖြစ်ချင်သောကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် လော်ယွမ် မတုံ့ပြန်မီမှာပင် ဟာသဆန်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာရာ ဟော်တုံနှင့် လင်းရှောင်ကျီတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ထိုအရပ်မြင့်မားသောလူသည် အစပိုင်းတွင် အရှိန်အဝါကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ကမ္ဘာမပျက်မီကဆိုလျှင် ထောင်ခဏခဏဝင်ထွက်နေသူ၊ အလိုရှိတရားခံတစ်ဦးဟုပင် ထင်မှတ်ရပေမည်။ သို့သော် တစ်စက္ကန့်မျှမကြာမီမှာပင် သူ၏မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားပြီးနောက် ကသိကအောက်ဖြစ်သော မျက်နှာဖြင့် "ခင်ဗျား… ခင်ဗျားက ညီလေးယွမ်လား" ဟု မေးလိုက်သည်။
လော်ယွမ်သည် ထိုသူကို သံသယဖြင့် ကြည့်လိုက်သည်။ အနည်းငယ် ရင်းနှီးသလိုရှိသော်လည်း သူ၏မှတ်ဉာဏ်ထဲမှ လူ၏ပုံစံနှင့် ယခုလူမှာ အလွန်ကွာခြားလှသည်။ ထို့အပြင် ထိုသူသည် ဤနေရာတွင် ရှိနေနိုင်မည်မဟုတ်ချေ။ သူက သံသယဖြင့် "ခင်ဗျားက…"
"ကျွန်တော်က ဝတုတ်ရှဲ့လေဗျာ။" ထိုဝတုတ်ရှဲ့ဟုခေါ်သော ကတုံးသမားက ခေါင်းကိုကုတ်ရင်း အနည်းငယ်မျက်နှာပူဟန်ဖြင့် "အရင်တုန်းက ဟယ်တုန်မြို့အမှိုက်ပုံမှာ ကြွက်သားရောင်းဝယ်တဲ့ ဝတုတ်ရှဲ့လေ... ခင်ဗျားမမှတ်မိတော့ဘူးလာ" ဟုမေး၏။
"ခင်ဗျား… ခင်ဗျားက သူဌေးရှဲ့လား... ဘယ်လိုဖြစ်လို့ ဒီပုံစံဖြစ်သွားရတာလဲ" လော်ယွမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း ထိုသူ၏မျက်ခုံးနှင့်မျက်လုံးများတွင်မူ သူဌေးရှဲ့၏အရိပ်အယောင်များ ရှိနေသေးသည်။ သို့သော် အရင်တုန်းက အရပ် ၅ပေ၅သာရှိပြီး ဝဖြိုးကာ ခြေလှမ်းအနည်းငယ်မျှ ပြေးလိုက်သည်နှင့် မောဟိုက်တတ်သူဖြစ်သော်လည်း ယခုမူ အရပ်မှာ ၇ပေထိ မြင့်မားနေကာ ကြွက်သားများမှာ ကာယဗလမောင်တစ်ဦးနှင့်ပင် တူနေသည်။ ဤသည်မှာ အလွန်အမင်း ကြီးမားသော ပြောင်းလဲမှုပင်ဖြစ်၏။
"ကျွန်တော့်ကို ဝတုတ်ရှဲ့လို့ပဲ ခေါ်ပါ... ရင်းနှီးတဲ့သူတွေအားလုံးက ကျွန်တော့်ကို ဝတုတ်ရှဲ့လို့ပဲ ခေါ်ကြတယ်... ကျွန်တော်သာမပြောရင် အခုအချိန်မှာ ကျွန်တော့်ကို ဘယ်သူမှ မှတ်မိကြမှာမဟုတ်ဘူး" ဝတုတ်ရှဲ့က ဤသို့ပြောရင်း သူ၏မျက်နှာတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ "ကျွန်တော့်ရဲ့ ဒီပုံစံက ဆင့်ကဲပြောင်းလဲမှုရဲ့ ရလဒ်ပဲ... ဒါပေမဲ့ ဒီလိုပုံစံသာ မဟုတ်ရင် ကျွန်တော်လည်း အခုအချိန်အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လူရင်းမိတ်ဟောင်းနှင့် တွေ့ရခြင်းသည် အမြဲတမ်းပင် ပျော်ရွှင်စရာကောင်း၏။ ယခုအချိန်တွင် လူရင်းမည်မျှ အသက်ရှင်ကျန်သေးသည်ကို မည်သူမျှမသိနိုင်ပေ။ လော်ယွမ်သည်လည်း အိပ်ရန်မလောတော့ဘဲ "ခင်ဗျားကရော ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ... ဘယ်တုန်းက ရောက်တာလဲ"
"ပြောရရင်တော့ အရှည်ကြီးပဲ... ဟယ်တုန်းမြို့ ဘေးဒုက္ခကြုံတော့ ကျွန်တော်အရင်ဆုံး တုံဟူမြို့ကို ရောက်သွားတယ်လေ... နောက်တော့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ယောက်က တုံဟူမြို့ကလည်း သိပ်မလုံခြုံဘူးလို့ပြောတော့... လူတစ်စုနဲ့အတူ ရှန်ဟိုင်းမြို့ကို လိုက်လာခဲ့တယ်... ဒါပေမဲ့ အခု ရှန်ဟိုင်းမြို့တောင် ကြာကြာမခံတော့တဲ့ပုံဘဲ... ဒီမြို့မှာကလည်း မျက်နှာစိမ်းတွေချည်းပဲ... ကျွန်တော့်မှာ အဆက်အသွယ်လည်းမရှိသလို... ပိုက်ဆံတွေကလည်း သိပ်အသုံးမဝင်ဘူး... ခင်ဗျားလည်းသိတဲ့အတိုင်း ကျွန်တော်က ဆော့ဖ်ဝဲလ်ရောင်းတဲ့အလုပ်ပဲ လုပ်ဖူးတာ... အထူးကာကွယ်ပေးရမယ့်သူမျိုးလည်း မဟုတ်တော့... ပထမအကြိမ် လူအများကြီးရွှေ့ပြောင်းတော့လည်း ကျွန်တော်မပါဘူး... ဒုတိယအကြိမ်လည်းမပါဘူး... တတိယအကြိမ်ကျတော့ အချိန်မမီတော့ဘူး... ရှန်ဟိုင်းမြို့ ပြိုလဲသွားတော့ ကြန့်ကြာသွားခဲ့တာပဲ"
"အဲ့ဒီညမှာပဲ ကျွန်တော်သတိမထားမိတဲ့အချိန်မှာ ဇနီးသည်က ကလေးကိုပိုက်ပြီး တိုက်ပေါ်ကနေ ခုန်ချသွားတယ်..."
"ကျွန်တော်လည်း အဲ့ဒီနောက်ပိုင်း အချိန်အတော်ကြာတဲ့အထိ စိတ်နဲ့လူနဲ့မကပ်ဘဲ တွေ့ကရာစား... မြောင်းထဲကကြွက်တွေလို နေ့တိုင်း ဟိုပုန်းဒီရှောင်နဲ့... ဘယ်လိုဖြစ်သွားမှန်းမသိဘူး ရုတ်တရက် ဆင့်ကဲပြောင်းလဲသူ ဖြစ်သွားတယ်... မဟုတ်ရင် ဘယ်ခွေးမသား သန္ဓေပြောင်း သားရဲရဲ့ ဗိုက်ထဲရောက်သွားမလဲမသိဘူး... လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ ရဟတ်ယာဉ်ပျံတာမြင်လို့ တစ်လမ်းလုံးလိုက်လာရင်း ဒီစခန်းကိုရောက်လာတာ" ဝတုတ်ရှဲ့က မျက်နှာကိုသုတ်ဟန်ဖြင့် ဖုံးကွယ်ရင်း တံတွေးကို "ထွီ" ခနဲ ထွေးထုတ်လိုက်ကာ သူ၏တုတ်ခိုင်သော လက်ချောင်းဖြင့် လော်ယွမ်ကို ညွှန်ပြလျက် "ကျွန်တော့်အကြောင်း ထားလိုက်ပါတော့၊ ခင်ဗျားကရော"
ဝတုတ်ရှဲ့သည် အရင်က ယဉ်ကျေးသိမ်မွေ့သည်ဟု မဆိုနိုင်သော်လည်း လူတိုင်းနှင့် အဆင်ပြေအောင်နေတတ်ပြီး လူမြင်လျှင် ပြုံးပြတတ်သူဖြစ်ရာ ယခုကဲ့သို့ ကြမ်းတမ်းရိုင်းစိုင်းလိမ့်မည်မဟုတ်ချေ။ ကမ္ဘာပျက်ကပ်သည် လူများကို အမှန်ပင် များစွာပြောင်းလဲစေခဲ့ပုံရသည်။
"အခုချိန်မှာ အဆင်ပြေတဲ့သူ ဘယ်သူရှိမှာလဲ... မဟုတ်ရင်ဘယ်လိုလုပ် ဒီလိုနေရာကို ရောက်လာမှာလဲ" လော်ယွမ်သည် ဝမ်းနည်းဖွယ်သေဆုံးသွားခဲ့သော ဟွမ်ယွိရင်နှင့် နင်းရှောင်ရန်တို့ကို သတိရသွားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် တိန့်ဝေနှင့် ကျုံးချူချန်တို့ ကလေးနှစ်ယောက်က အိပ်ချင်မူးတူးဖြင့် ရပ်နေကြသည်ကို မြင်သောအခါ "အချိန်လည်းမစောတော့ဘူး... ကျန်တာတွေ မနက်မှဆက်ပြောကြတာပေါ့... ကျွန်တော်တို့မှာ အချိန်တွေအများကြီး ရှိသေးတာပဲ"
"ဟုတ်ပြီလေ... ဒါနဲ့ခင်ဗျားလို့လိုချင်တဲ့ ကုတင်ကိုယူလိုက် ပစ္စည်းတွေကို ကြမ်းပေါ်သာ ပစ်ချထားလိုက်... သူတို့အကုန်လုံးက ငကြောက်တွေချည်းပဲ... ငကြောက်မဟုတ်ရင်တောင် ကျွန်တော့်ကို မလှန်ရဲဘူး... ကျွန်တော်ပြန်အိပ်တော့မယ်" ဝတုတ်ရှဲ့က မောက်မာစွာ ပြောလိုက်ရာ လင်းရှောင်ကျီ၏မျက်နှာမှ မထီမဲ့မြင်အမူအရာကိုမူ သတိမပြုမိလိုက်ချေ။
ထို့နောက် သူက ကုတင်ပေါ်သို့ ကျွမ်းကျင်စွာ လွှားတက်လိုက်ရာ သတ္တုဘောင်သည် မခံနိုင်သည့်အလား စူးရှစွာမြည်သံပေး၏။ သူက ကုတင်ပေါ်တွင် အားပါးတရ လူးလွန့်နေပြီး ဘေးလူကို အားနာခြင်းမရှိပေ။
လော်ယွမ်သည် အခြားသူများ လုံးဝမတုံ့ပြန်ဘဲ မကြားသကဲ့သို့ နေနေကြသည်ကို သတိပြုမိလိုက်သည်။ ဤနေရာတွင် သူက အမှန်ပင် ဩဇာအာဏာရှိပုံရသည်။
...................................................
လော်ယွမ်သည် အတော်အသင့်သန့်ရှင်းသော ကုတင်တစ်လုံးကို ရွေးချယ်ပြီး အမှိုက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ စောင်ခင်းပြီးနောက် ကုတင်ပေါ်သို့ တက်လိုက်၏။ ရုတ်တရက် သူ၏တစ်ကိုယ်လုံးနှင့် စိတ်သည် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤစစ်အခြေစိုက်စခန်းသည် ကြီးမားသော လုံခြုံမှုကို ပေးစွမ်းနိုင်၏။ ဤနေရာတွင် အချိန်မရွေး အန္တရာယ်ပေါ်လာမည်ကို စိုးရိမ်စရာမလို၊ အိပ်မက်မက်နေစဉ်မှာပင် မျက်စိတစ်ဖက်ဖွင့်ထားရန်မလို၊ မနက်ဖြန်ဘယ်သွားရမည်၊ မည်သို့သော ကြောက်မက်ဖွယ်အရာများက စောင့်ကြိုနေမည်ကို စိုးရိမ်ပူပန်နေရန်လည်း မလိုအပ်တော့ချေ။
သူက မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးချက်ကိုပင် မကြည့်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နံနက်တွင် လော်ယွမ်သည် အခြားသူများ အိပ်ရာထသည့်အသံကြောင့် နိုးထလာသည်။ သို့သော် မျက်လုံးဖွင့်လိုက်သောအခါ သူသည် အိပ်ချင်စိတ်အနည်းငယ်မျှမရှိဘဲ အခြေအနေမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းမွန်နေသည်။ သုံးလေးနာရီမျှသာ အိပ်စက်လိုက်ရသော်လည်း သူ၏ခွန်အားကို အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့သည်။
"ညီလေးယွမ် နိုးပြီလား... မနက်စာ အတူတူသွားစားရအောင်" ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်နှင့် ဝတုတ်ရှဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"မနက်စာလည်း ရှိသေးတာလား" လော်ယွမ်က အံ့ဩစွာမေးလိုက်သည်။
"ရှိတာပေါ့.. ဒီနေရာက ကမ္ဘာမပျက်ခင်ကတည်းက စားနပ်ရိက္ခာအများကြီး သိုလှောင်ထားတာ... အခုထိတောင် မကုန်သေးဘူး" ဝတုတ်ရှဲ့က လော်ယွမ်၏ပခုံးကို အားပါးတရ ပုတ်လိုက်ရင်း ရင်းနှီးစွာ ပြောလိုက်သည်။
ကမ္ဘာပျက်ကပ်ဖြစ်ပွားသည့်အချိန်မှစ၍ မည်သူမျှ လော်ယွမ်၏ပခုံးကို ဤသို့မပုတ်ရဲခဲ့ပေ။ ထို့ကြောင့် သူက အနည်းငယ် အသားမကျဖြစ်သွားသော်လည်း လျင်မြန်စွာပင် စိတ်ကိုပြန်ထိန်းလိုက်ပြီး မရှောင်တိမ်းဘဲ အပုတ်ခံလိုက်သည်။ ပခုံးကို အနည်းငယ်နှိမ့်ချကာ အားကို လျှော့ချလိုက်ပြီး "သာမန်အစားအစာ မစားရတာတောင် တော်တော်ကြာပြီ... အရသာကိုတောင် သိပ်မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ကျွန်တော့်ဘက်မှာ လူတွေရှိသေးတယ်... လူစုံမှ အတူတူသွားတော့မယ်" ဟု သက်ပြင်းချရင်း ပြောလိုက်သည်။
ဝတုတ်ရှဲ့၏မျက်နှာတွင် အံ့ဩသည့်အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။ ယခုစမ်းသပ်မှုတွင် သူအားကုန်မသုံးခဲ့သော်လည်း သူ၏ခွန်အားဖြင့် သာမန်လူတစ်ယောက်က ဤသို့သော ပုတ်ချက်ကို မည်သို့မျှ ခံနိုင်မည်မဟုတ်ချေ။ သို့သော် တစ်ဖက်လူသည် ကိုယ်ပင်မယိုင်ဘဲ ပေါ့ပေါ့ပါးပါး ဖြေရှင်းသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမှန်တကယ်တွင် သူက ဤလော်ယွမ်မှာ သာမန်လူမဟုတ်ကြောင်း စောစောကတည်းက သိရှိထားသည်။ သို့မဟုတ်လျှင် အမှိုက်ပုံတွင် ဤမျှလောက် ဩဇာကြီးမားမည်မဟုတ်ဘဲ သူကိုယ်တိုင်ပင် ဘော့စ်ယွမ်ဟု ခေါ်ဆိုရမည်မဟုတ်ချေ။ သို့သော် ယခုအခါတွင် သူသည်လည်း အရင်ကနှင့်မတူတော့ဘဲ လူမြင်တိုင်းပြုံးပြတတ်သော ဝတုတ်ရှဲ့မဟုတ်တော့ပေ။ သန္ဓေပြောင်းလဲသူဖြစ်လာပြီးနောက် သူ၏ခွန်အားသည် ကြီးမားစွာတိုးတက်လာပြီး ခံနိုင်ရေအားမှာ ပို၍ပင် အံ့မခန်းဖြစ်လာသည်။ သာမန်အခြေအနေတွင်ပင် အဆင့်သုံး သန္ဓေပြောင်းသားရဲတစ်ကောင်ကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်ပြီး အထူးအခြေအနေကို အသုံးပြုပါက အဆင့်လေး သန္ဓေပြောင်းသားရဲကိုပင် သတ်ခဲ့ဖူးသည်။ အရင်က လော်ယွမ်၏စွမ်းရည်အနည်းငယ်ကို သူ၏မျက်စိထဲတွင် မည်သို့ထည့်ထားနိုင်တော့မည်နည်း။ စိတ်ထဲတွင် အထင်သေးသည့်စိတ်မှာ အလိုလိုဖြစ်ပေါ်နေခဲ့သည်။
ဝတုတ်ရှဲ့က ကျယ်လောင်စွာရယ်မောရင်း "အဲ့ဒီထဲမှာ ညီလေးယွမ်ရဲ့ ဇနီးလောင်းလည်း ပါမှာပေါ့နော်"
"အဲ့လိုပြောလို့ရတယ်" လော်ယွမ်က ဖြစ်ကတတ်ဆန်းဖြေလိုက်သော်လည်း သူ၏စိတ်အစဉ်မှာမူ စနစ်၏မျက်နှာပြင်ပေါ်သို့သာ အာရုံစိုက်နေသည်။ မနေ့က စိတ်သက်သာရာရသွားသဖြင့် မေ့လျော့သွားခဲ့သော်လည်း ယနေ့သတိရ၍ ကြည့်လိုက်သောအခါ သူကိုယ်တိုင်သာမက ဧရာမဖွတ်ကြီးပါ အဆင့်တက်သွားသည်ကို တွေ့ရှိလိုက်ရသည်။
လက်ရှိမစ်ရှင် - D အဆင့်မစ်ရှင်၊ စစ်သားတစ်စုအား ရှန်ဟိုင်းမြို့ရှိ လျှို့ဝှက်စစ်အခြေစိုက်စခန်းသို့ လိုက်ပါပို့ဆောင်ရန်။
မစ်ရှင်လိုအပ်ချက်- စစ်သားအရေအတွက်မှာ ကျိုးရိချန် အပါအဝင် ခြောက်ဦးထက်မနည်း ကျန်ရှိရမည်။
အချိန်ကန့်သတ်ချက် - တစ်ပတ်။
မစ်ရှင်အခြေအနေ - အောင်မြင်။
အကဲဖြတ်ချက် - ကောင်းမွန်။
အမည် - လော်ယွမ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ၉၀%
အတွေ့အကြုံမှတ် +၉၆၀၀ x ၉၀% ရရှိသည်။
အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၉၀% ရရှိသည်။
စုစုပေါင်းအတွေ့အကြုံမှတ် - ၅၅၂၀/၇၆၈၀၀
တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀%
အတွေ့အကြုံမှတ် +၉၆၀၀ x ၁၀% ရရှိသည်။
အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၁၀% ရရှိသည်။
စုစုပေါင်းအတွေ့အကြုံမှတ် - ၁၁၄၀/၁၉၂၀၀
ဤမစ်ရှင်တွင် ဧရာမဖွတ်ကြီးသည် များစွာအားမစိုက်ထုတ်ခဲ့ရသောကြောင့် အတွေ့အကြုံမှတ်အများစုကို လော်ယွမ်က ရရှိခဲ့သည်။ ထို့ကြောင့် သူ၏အတွေ့အကြုံမှတ်က အဆင့်တက်ရန် လုံလောက်သည့်အပြင် ငါးထောင်ကျော်ပင် ပိုလျှံနေသေးသဖြင့် ချောမွေ့စွာ အဆင့်တက်သွားခဲ့သည်။
"လက်ကျန်အရည်အသွေးမှတ် - ၁" နှင့် "လက်ကျန်ကျွမ်းကျင်မှတ် - ၅" ဟူသောစာတန်းကို ကြည့်ရင်း သူ၏စိတ်က လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ အဆင့်တက်ခဲ့ချေပြီ။ ဤသည်မှာ သူ၏စွမ်းရည်က နောက်တစ်ကြိမ် ပြောင်းလဲသွားတော့မည်ဟု အဓိပ္ပာယ်ရသည်။
သူက သူ၏အရည်အသွေးအမှတ်အားလုံးကို ကြည့်လိုက်ရာ အများစုမှာ ၁၄ မှတ်အထက်တွင်ရှိပြီး ၁၃ မှတ်သာရှိသော ခွန်အားနှင့် ဉာဏ်ရည်မှာ အထူးပင် ထင်းနေသည်။ သူက ဉာဏ်ရည်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ခွန်အားကို ကြည့်လိုက်သည်။ ဉာဏ်ရည်ကို လတ်တလောတွင် စဉ်းစားဖို့မလိုသော်လည်း ခွန်အားမလုံလောက်ခြင်း၏ အားနည်းချက်က တိုက်ပွဲများတွင် ပို၍ပို၍ ထင်ရှားလာခဲ့သည်။ ထို့ကြောင့် ၁၄ မှတ်ရှိသော လျင်မြန်မှုကို အပြည့်အဝ အသုံးမချနိုင်ဘဲ အားမရသကဲ့သို့ ခံစားနေရသည်။ နောက်တစ်ကြိမ် အရည်အသွေးအမှတ်ရလျှင် ခွန်အားပေါ်သို့ ပေါင်းထည့်ရန် သူဆုံးဖြတ်ထားပြီးသားဖြစ်သည်။
အာရုံစိုက်ကြည့်ရှုချိန် ကြာသွားသောကြောင့်လော၊ သို့မဟုတ် ယနေ့စိတ်သက်သာရာရနေသောကြောင့်လောမသိ၊ လော်ယွမ်၏စိတ်အစဉ်သည် အလိုအလျောက်ပင် ထိုနေရာကို ရွေးချယ်လိုက်မိ၏။
ရုတ်တရက် ဝတုတ်ရှဲ့သည် ပတ်ဝန်းကျင်မှ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူက အလိုအလျောက်ပင် လော်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သားရဲကောင်ကြီးတစ်ကောင်ထံမှ ထွက်ပေါ်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအရှိန်အဝါတစ်ခုက လော်ယွမ်၏ကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အနီးအနားမှ လူများ၏မျက်နှာများမှာ ဖြူဖျော့သွားပြီး အဆက်မပြတ် နောက်သို့ဆုတ်ခွာသွားကြသည်။ အချို့မှာ ကြမ်းပြင်ပေါ်သို့ ထိုင်ကျသွားပြီး ကြောက်လန့်တကြားဖြင့် ကျင်ကြီးကျင်ငယ်များပင် ထွက်ကျကုန်ရာ အနံ့ဆိုးများ ထောင်းခနဲ ထွက်လာတော့သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော လူအချို့မှာမူ တစ္ဆေဖမ်းစားခံရသကဲ့သို့ တစ်ကိုယ်လုံး လှုပ်မရနိုင်ဘဲ စူးစူးဝါးဝါး အော်ဟစ်ကြတော့သည်။
အနီးဆုံးတွင်ရှိသော ဝတုတ်ရှဲ့မှာ ထိုဖိအားကို အပြင်းထန်ဆုံးခံစားလိုက်ရသည်။ သူ၏နဖူးတွင် ချွေးစေးများ တဖြည်းဖြည်းစို့တက်လာပြီး ခြေလှမ်းတစ်လှမ်းချင်း နောက်သို့ဆုတ်ခွာသွားသည်။ သူ၏ခြေဖဝါးအောက်မှ သံမံတလင်းများမှာ ကြေမွသွားပြီး ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချိုင့်ခွက်တစ်ခုကို ချန်ထားရစ်ခဲ့သည်။ သူ၏ကိုယ်သည်လည်း လေလျော့သွားသော မိုးပျံဘောလုံးကဲ့သို့ လျင်မြန်စွာ ပိန်လှီသွားပြီး ကိုယ်ပေါ်တွင် အဖြူရောင်အရာဝတ္ထုတစ်လွှာ တဖြည်းဖြည်း စိမ့်ထွက်လာမှသာ သူ၏ကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်တော့သည်။
လော်ယွမ်သည် အရည်အသွေးအမှတ်ပေါင်းထည့်လိုက်ခြင်းကြောင့် သူ၏စွမ်းရည် ရုတ်တရက်တိုးမြင့်လာပြီး အရှိန်အဝါက အလိုအလျောက် လျှံထွက်သွားသည်ကို သတိပြုမိသောအခါ အမြန်ဆုံးပြန်လည်ထိန်းချုပ်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ချေပြီ။ အခင်းဖြစ်ပွားရာနေရာသည် ပရမ်းပတာဖြစ်ကာ အနံ့ဆိုးများ ထောင်းထနေသည်။ လူတိုင်းက လော်ယွမ်ကို ကြောက်လန့်တကြား ကြည့်နေကြပြီး မျက်လုံးများလွှဲဖယ်ကာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြသည်။
ဝတုတ်ရှဲ့၏ကိုယ်သည် လျင်မြန်စွာ မူလအတိုင်းပြန်ဖြစ်သွားသော်လည်း သူ၏မျက်နှာမှာမူ အလွန်အရုပ်ဆိုးနေသည်။ သူ၏နှုတ်ခမ်းသည် အတန်ကြာ လှုပ်ရှားနေပြီးမှ ခြောက်ကပ်စွာဖြင့် "ဘော့စ်ယွမ်က အစွမ်းအစကို လျှို့ဝှက်ထားတာပဲ... ခင်ဗျားကအခုထိကို အစွမ်းကြီးနေတုံးပဲ... ကျွန်တော်မနေ့က စကားပြောတာ နည်းနည်းမောက်မာသွားတယ်ထင်တယ်"
ဝတုတ်ရှဲ့သည် စောစောကအဖြစ်အပျက်ကို သူ့အား ပညာပြသည့်သဘောဟု ထင်မှတ်သွားပြီး "ညီလေးယွမ်" ဟုပင် မခေါ်တော့ဘဲ အရင်ကခေါ်ဆိုခဲ့သော အခေါ်အဝေါ်သို့ ပြန်ပြောင်းသွားသည်။ သို့သော် သူ၏စိတ်ထဲတွင် မည်သို့တွေးနေသည်ကိုမူ သူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။ ထိုသို့ပြောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရာ ထိုနေရာတွင် ဆက်နေရန် မျက်နှာမရှိတော့ချေ။
လော်ယွမ်သည်လည်း မည်သို့ပြောရမည်မသိသဖြင့် သူ့ကို ထွက်သွားခွင့်ပြုလိုက်ရသည်။ သို့သော် သူတို့သည် မူလကတည်းက မေးထူးခေါ်ပြောမျှသာ ရင်းနှီးသောဆက်ဆံရေးဖြစ်သောကြောင့် အပြစ်ရှိသလိုတော့ မခံစားရပေ။
ဟော်တုံနှင့် လင်းရှောင်ကျီတို့က ထိုအဖြစ်အပျက်ကြောင့် နိုးထလာကြပြီး ကလေးနှစ်ယောက်မှာလည်း လန့်ဖျပ်နိုးထလာကြသည်။ သို့သော် သူတို့က အတွင်းဘက်တွင် အိပ်စက်နေကြသောကြောင့် ဘေးမှလူများကဲ့သို့ ကြောက်လန့်၍ ကျင်ကြီးကျင်ငယ်များ ထွက်ကျသည်အထိတော့ သက်ရောက်မှုမရှိခဲ့ချေ။
သူတို့အိပ်ရာထပြီးနောက် လော်ယွမ်က အမျိုးသမီးအဆောင်သို့သွားကာ ဟွမ်ကျားဟွေတို့ကို ခေါ်ထုတ်လိုက်သည်။ အဖွဲ့ပြန်စုံသောအခါ ထမင်းစားဆောင်၏နေရာကိုမေးမြန်းပြီးနောက် သူတို့အဖွဲ့က ထမင်းစားဆောင်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြတော့သည်။
ဆက်ရန်...
အပိုင်း(၁၈၈)လေ့ကျင့်ခြင်း
ထမင်းစားဆောင်မှာ စစ်သားနှင့် အရပ်သားများ ရောနှောအသုံးပြုသော နေရာဖြစ်ပြီး လော်ယွမ် ရောက်သွားချိန်တွင် စစ်သားအများအပြား ထမင်းစားနေကြသည်ကို တွေ့လိုက်ရသည်။
လော်ယွမ် ဝင်လာသည်ကိုမြင်သောအခါ မူလက စကားပြောဆိုနေကြသော အသက်ရှင်ကျန်ရစ်သူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီးနောက် တီးတိုးစကားဆိုကြပြန်သည်။ အခြေအနေထူးခြားသွားသည်ကို သတိပြုမိသော စစ်သားအချို့ကလည်း စပ်စုလိုသောမျက်လုံးများဖြင့် သူ့ကို လှမ်းကြည့်ကြ၏။
ဝတုတ်ရှဲ့မှာ စားပွဲတစ်လုံးကို တစ်ဦးတည်းနေရာယူထားပြီး ဤမြင်ကွင်းကိုမြင်သောအခါ သူ၏မျက်နှာမှာ အနည်းငယ်မည်းမှောင်သွားသည်။ ပါးစပ်ထဲသို့ ပေါက်စီတစ်လုံးကို အတင်းထိုးထည့်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။
"ကြည့်ရတာငါတော့ မိတ်ဆွေဟောင်းကို ရန်စမိလိုက်တဲ့ပုံပဲ" လော်ယွမ် စိတ်ထဲမှတွေးလိုက်သည်။
ဟော်တုံက ဝတုတ်ရှဲ့၏ကျောပြင်ကိုကြည့်ရင်း မထီမဲ့မြင်ဖြင့် အေးစက်စွာပြုံးလိုက်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အခြေအနေအသေးစိတ်ကို သူ မသိသော်လည်း မနေ့ညက မောက်မာရိုင်းစိုင်းသော အပြုအမူနှင့် ယနေ့ တမင်တကာဖော်ရွေပြနေပုံတို့ကို ပေါင်းစပ်လိုက်လျှင် ဤသို့သောလူစားမျိုး၏ စိတ်သဘောထားကို သူ အကြမ်းဖျင်းခန့်မှန်းနိုင်၏။ အခြားမဟုတ်၊ မိမိကိုယ်ကိုဂုဏ်ဖော်ရင်း တစ်ဘက်လူကို စည်းရုံးရန် ကြိုးစားခြင်းသာဖြစ်သည်။ သို့သော် ရလဒ်မှာမူ သူ စည်းရုံးရန်ကြိုးစားနေသောသူသည် အကြမ်းဆုံး ခ ဖြစ်နေသည်ကို ရုတ်တရက်တွေ့ရှိလိုက်ရပြီး မျက်နှာပူပူဖြင့် အရှက်ကွဲခဲ့ရခြင်းပင်။
(တိုင်ရန်နိုဆောရတ်စ် = အသားစားပြီးခွန်အားအကြီးဆုံး ဒိုင်နိုဆောမျိုးနွယ်)
လော်ယွမ်ကို စည်းရုံးချင်တယ်ဟုတ်လား... မင်းခေါင်းက သူ့ဓားထက်မာတယ်ဆိုတာ သေချာလို့လား။
"ဘာဖြစ်လို့လဲ... တစ်ခုခုဖြစ်ထားသလိုပဲနော်" ချောင်လင်းက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး ဟော်တုံ၏အင်္ကျီစကိုဆွဲကာ ခပ်တိုးတိုးမေးလိုက်သည်။
ဟော်တုံက သူ၏လက်မောင်းကို ရုတ်သိမ်းလိုက်ပြီး "ဒါတော့ ကျွန်တော်လည်း သိပ်မသိဘူး... ခေါင်းဆောင်ယွမ်ကိုပဲ မေးကြည့်လိုက်လေ" ဟု မရှင်းမလင်းပြောလိုက်သည်။
ချောင်လင်းက သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ ဤသို့သော အရေးမပါသည့်မေးခွန်းမျိုးကို ခေါင်းဆောင်ယွမ်အား သွားမေးရန် သူမ မရဲပေ။ ခေါင်းဆောင်ယွမ်၏ ဩဇာအရှိန်အဝါမှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာပြီး သူ၏ဘေးတွင်ရပ်နေရုံမျှဖြင့် ခြေထောက်များပင် ပျော့ခွေလာသလို ခံစားရသည်။ တစ်ခါတစ်ရံတွင် ဟွမ်ကျားဟွေ မည်သို့မည်ပုံ သည်းခံနိုင်သနည်းဟုပင် သူမ တွေးမိသည်။
သူတို့အဖွဲ့ တန်းစီသောနေရာသို့ ရောက်လာခဲ့ကြသည်။ တန်းစီသူများမှာ မများလှဘဲ ရှေ့မှစစ်သားအနည်းငယ် ထမင်းဟင်းများထည့်ပြီးသောအခါ လော်ယွမ်တို့အလှည့်သို့ ရောက်လာခဲ့သည်။
အစားအသောက်များကို အခမဲ့ကျွေးမွေးထားသည်။ အမှန်တော့ ပိုက်ဆံတောင်းလျှင်လည်း သူတို့မှာ ပေးစရာပိုက်ဆံမရှိပေ။ ထမင်းစားဆောင်၏ နံနက်စာမှာ မစုံလင်လှဘဲ ပေါက်စီနှင့် ဆန်ပြုတ်သာရှိသည်။ ထို့အပြင် အသားဟင်းချိုလည်း ရနိုင်သည်။ သို့သော် ဤမျှရိုးရှင်းသော အစားအစာများကပင်လျှင် လူတို့၏စိတ်နှလုံးကို လှုပ်ခတ်စေပြီး ခံစားချက်ပေါင်းများစွာကို ဖြစ်ပေါ်စေသည့် မှော်အစွမ်းတစ်ခု ပိုင်ဆိုင်ထားသည့်အလားပင်။
အမျိုးသမီးအချို့မှာ ပါးစပ်ကို လက်ဖြင့်အုပ်ထားရင်း မျက်လုံးများထဲတွင် မျက်ရည်များ ရစ်ဝဲနေကြသည်။ ကမ္ဘာမပျက်ခင်က အမှတ်တရများကို ပြန်လည်သတိရသွားကြပုံရ၏။
"ခင်ဗျားတို့က အသစ်ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေလား... ဘာစားချင်လဲ ကြိုက်သလောက်ထည့်... ဒါပေမဲ့ စားနိုင်သလောက်ပဲယူ နင်းကန်မစားနဲ့... ခင်ဗျားတို့ပုံကြည့်ရတာတော့ အငတ်ဘေးဆိုက်လာတဲ့ပုံ မပေါက်ဘူး... ပြီးခဲ့တဲ့သုံးလေးရက်က ရောက်လာတဲ့တစ်ယောက်ဆို အစားနင်ပြီး ဒီနေရာမှာပဲ အသက်ထွက်သွားတယ်... အပြင်မှာမသေဘဲ ဒီရောက်မှသေရတာ" စားဖိုမှူးစစ်သားက မျက်နှာစိမ်းများဖြစ်နေသော လော်ယွမ်တို့ကိုမြင်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"တကယ်စိတ်မကောင်းစရာပဲ... ဒီအထိရောက်လာပြီးမှ" ဤသို့သော ဝမ်းနည်းဖွယ်အဖြစ်အပျက်များကို လော်ယွမ် အများအပြားမြင်တွေ့ခဲ့ဖူးပြီးဖြစ်၍ အစောကတည်းကပင် အသားကျနေခဲ့ပြီဖြစ်သည်။ "ကျွန်တော့်ကို ပေါက်စီငါးလုံး... ဆန်ပြုတ်တစ်ပန်းကန်နဲ့ ဟင်းချိုတစ်ခွက်ပေးပါ... ဒါနဲ့ နေ့လယ်စာနဲ့ ညစာကို ဘယ်အချိန်စားရလဲ" ဟု ယဉ်ကျေးစွာပြောလိုက်သည်။
"စခန်းက ၂၄ နာရီပတ်လုံး လည်ပတ်နေတာလေ... အခုတလော အလုပ်ပိုရှုပ်နေတော့ အစားအသောက်ကျွေးမွေးဖို့ အချိန်အတိအကျမရှိဘူး... ခင်ဗျားတို့ ကြိုက်တဲ့အချိန် လာစားလို့ရတယ်" စားဖိုမှူးက အလုပ်လုပ်ရင်း စကားကို တတွတ်တွတ်ပြောနေ၏။ "ဒီလိုကောင်းတဲ့ရက်တွေက ခဏပဲ... ပြန်လည်ထူထောင်ရေးဇုန်ကို ရောက်သွားရင် ဒီလိုအခွင့်အရေးမျိုး မရှိတော့ဘူး... ဟိုမှာက အခု စီမံကိန်းစီးပွားရေးစနစ်နဲ့သွားနေတာ... ခွဲတမ်းနဲ့ပဲရမှာ ဗိုက်မဝပေမဲ့ ငတ်တော့မသေဘူးပေါ့ဗျာ"
..........................................
မကြာမီမှာပင် အစားအစာများ ရရှိလာပြီး သူတို့အဖွဲ့က ဗန်းများကိုင်ဆောင်ကာ စားပွဲနှစ်ဝိုင်းခွဲ၍ ထိုင်လိုက်ကြသည်။
ဘေးနားမှ အသက်ရှင်ကျန်ရစ်သူအချို့မှာ ထမင်းစားနှုန်းကို အလျင်အမြန်မြှင့်တင်လိုက်ပြီး အလျင်စလို ထွက်ခွာသွားကြသည်။ ဤအရာမှာ နံနက်ခင်းက ဖြစ်ရပ်၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုဖြစ်ကြောင်း ထင်ရှားလှ၏။
"တော်တော်ကြောက်တတ် တဲ့ကောင်တွေ" လင်းရှောင်ကျီက မထီမဲ့မြင်ပြောရင်း ပေါက်စီကို အားရပါးရတစ်ကိုက် ကိုက်လိုက်ပြီးနောက် "နည်းနည်းတော့ ချဉ်နေသလိုပဲ"
"စားစရာရှိတာကိုပဲ ကျေးဇူးတင်ရမယ်" ဝမ်ရှကွမ်က စားဖိုမှူး၏စကားကို သတိရသွားပြီး "ပြန်လည်ထူထောင်ရေးဇုန်ကိုရောက်ရင် ဒီလိုဟာတွေတောင် စားရပါ့မလားမသိဘူး... ဒါနဲ့ မနက်က ဘာဖြစ်လို့လဲ... ခုနက ချောင်လင်းနဲ့ ဟော်တုံ တီးတိုးပြောနေတာ ကျွန်မကြားလိုက်တယ်"
"ဟုတ်တယ်... ကျွန်မလည်း တစ်ခုခုထူးဆန်းနေသလို ခံစားနေရတာ" ဟွမ်ကျားဟွေကပါ မေးလိုက်ပြီး ဘာမှမဖြစ်သလိုနေနေသော လော်ယွမ်ကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် ဟော်တုံဘက်သို့ လှည့်လိုက်သည်။
ဟော်တုံက လော်ယွမ် ခေါင်းငုံ့ကာ ထမင်းစားရန်သာ အာရုံစိုက်နေပြီး ရှင်းပြရန် ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ရသောအခါ ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။ ရှောင်လွှဲ၍မရမှန်းသိသောအခါ သူက အားတင်းပြီး "လူတစ်ယောက်က သူ့ကိုယ်သူ အထင်ကြီးပြီး လေလုံးထွားနေတာလေ... နောက်ဆုံးတော့ ခေါင်းဆောင်ယွမ်ရဲ့အရှိန်အဝါကြောင့် လန့်ပြီး သေတော့မလို ဖြစ်သွားတာပဲ"
"ဒါပဲလား" ဝမ်ရှီရှီက ပြဿနာကြီးကြီးမားမားမဖြစ်သည်ကို စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။
"မဟုတ်ရင် နင်ကဘာဆက်ဖြစ်စေချင်လို့လဲ... လူသတ်မှုတွေအထိလား" ဟွမ်ကျားဟွေက ဝမ်ရှီရှီကို မျက်စောင်းထိုးလိုက်သည်။
"ဒါနဲ့ ခင်ဗျားတို့ဘက်မှာ ဆင့်ကဲပြောင်းလဲသူတွေ ရှိလား" ဟော်တုံက စပ်စုစွာမေးလိုက်သည်။
"မသိဘူး... မနေ့က ကျွန်မတို့အိပ်တဲ့အချိန်က မနက်သုံးနာရီတောင်ထိုးနေပြီလေ... နောက်ပြီးနိုးနိုးချင်း ဒီကိုတန်းလာတာဆိုတော့... စုံစမ်းချိန်တောင် မရဘူး" ဟွမ်ကျားဟွေက ပြောရင်း လော်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့ လော်ယွမ်က တစ်မျိုးဖြစ်နေသည်ဟု သူမ ခံစားနေရသည်။ စားဖိုမှူးနှင့် စကားအနည်းငယ်ပြောသည်မှလွဲ၍ ကျန်အချိန်များတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အမှန်တကယ်တွင် လော်ယွမ်က အခြားအရာများကို အာရုံစိုက်ရန် စိတ်အင်အားမရှိနေခြင်းဖြစ်သည်။ သူ၏ခွန်အားက ရုတ်တရက် ၅၀ ရာခိုင်နှုန်း တိုးတက်လာခြင်းမှာ အကောင်းခြင်းချည်းသက်သက်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ အချိန်တိုအတွင်း သူ၏ထိန်းချုပ်နိုင်စွမ်းအတွက် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဥပမာအားဖြင့် လမ်းလျှောက်ခြင်းကိုကြည့်လျှင် ခြေထောက်နှစ်ဖက် အကောင်းပကတိရှိသောသူတိုင်းအတွက် လမ်းလျှောက်ပုံ၊ ခြေတစ်လှမ်းချင်းစီအတွက် မည်မျှအားသုံးရမည်၊ စင်တီမီတာ သုံးဆယ်လှမ်းရန် အားမည်မျှလိုအပ်ပြီး စင်တီမီတာ ငါးဆယ်လှမ်းရန် အားမည်မျှလိုအပ်သည်၊ ဟန်ချက်ကို မည်သို့ထိန်းသိမ်းရမည် စသည်တို့ကို စဉ်းစားရန်မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းက လူသားတို့၏ ပင်ကိုအသိစိတ်တစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။ ကလေးဘဝမှစ၍ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ လမ်းလျှောက်ခဲ့ခြင်း၏ ရလဒ်ဖြစ်ပြီး အရိုးထဲအသားထဲတွင် စွဲမြဲနေခဲ့ပြီဖြစ်သည်။
ခွန်အားအလွန်အမင်းတိုးတက်လာသော လော်ယွမ်မှာမူ အရိုးထဲစွဲနေသော အရာအားလုံးကို ဖြိုဖျက်ပြီး ပင်ကိုအသိစိတ်အသစ်တစ်ခုကို ပြန်လည်ဖန်တီးရမည်ဖြစ်သည်။ လော်ယွမ်သည် တစ်လမ်းလုံး ပုံမှန်အတိုင်း လျှောက်လှမ်းလာပုံရသော်လည်း ဤအရာကပင် အကြီးမားဆုံးသော မူမမှန်မှုဖြစ်ကြောင်း ပြသနေသည်။
လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးဖြစ်ပြီး ပါဝင်သောကြွက်သားနှင့် လှုပ်ရှားမှုများမှာ မများလှပေ။ အမှန်တကယ်ခက်ခဲသည်မှာ ထမင်းစားခြင်းဖြစ်သည်။
တူကို ကျွမ်းကျင်စွာအသုံးပြုခြင်း၊ လက်မောင်းကို ကွေးဆန့်ခြင်း စသည့်အရာတိုင်းက လော်ယွမ်၏ စိတ်စွမ်းအားအများစုကို သုံးစွဲပစ်လိုက်သဖြင့် မေးခွန်းများကိုဖြေဆိုချင်စိတ် မည်သို့ရှိနိုင်တော့မည်နည်း။
သို့သော် ဤသို့သောအဖြစ်အပျက်မျိုးကို လော်ယွမ်က အချိန်ကာလတစ်ခုကြာတိုင်း ကြုံတွေ့နေကျဖြစ်၍ စိမ်းသက်ခြင်းမရှိတော့ပေ။ အကျင့်ရနေခဲ့ပြီဖြစ်ပြီး ပြီးပြည့်စုံသော လေ့ကျင့်ရေးနည်းလမ်းတစ်ခုကိုပင် ရှာဖွေတွေ့ရှိထားခဲ့ပြီဖြစ်သည်။ ယေဘုယျအားဖြင့် စွမ်းရည်များ တိုးတက်လာသည့်အခါတိုင်း၊ သေချာလေ့ကျင့်မှုများဖြင့် ပင်ကိုအသိစိတ်အသစ်တစ်ခုကို မွေးမြူရန် သုံးရက်မှ လတစ်ဝက်ခန့်အထိ အချိန်လိုအပ်သည်။
သုံးရက်ဆိုသည်မှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်းကဲ့သို့သော လှုပ်ရှားမှုအကြမ်းများကို ထိန်းချုပ်ရန်မလိုအပ်ဘဲ ပြုလုပ်နိုင်သည့်အချိန်ဖြစ်ပြီး လတစ်ဝက်ခန့်ကြာသောအခါတွင်မူ အခြေခံအားဖြင့် ယခင်အတိုင်း ပြန်ဖြစ်သွားပေမည်။
လော်ယွမ်က အစားအစာအားလုံးကို ဂရုတစိုက်စားသုံးပြီးသောအခါ သူ၏နဖူးတွင် ချွေးများပင် အနည်းငယ်စို့နေပြီဖြစ်သည်။ သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာချလိုက်ပြီးနောက် စကားပြောဆိုရန် စိတ်အင်အားရရှိလာခဲ့သည်။ သူက ဟွမ်ကျားဟွေနှင့် အခြားအမျိုးသမီးများအား "နင်တို့လည်း သတိထားကြနော်... စိတ်အေးလက်အေး မနေကြနဲ့... လူတွေရဲ့စိတ်ဆိုတာ မှန်းရခက်တယ်... ဒီကမ္ဘာပျက်ခေတ်ရဲ့ အသက်ရှင်ကျန်ရစ်သူတွေက အရင်ကလို စိတ်စေတနာကောင်း ရှိချင်မှ ရှိတော့မှာ "
ပတ်ဝန်းကျင်က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်သည်။ ရက်စက်ကြမ်းတမ်းသော ကမ္ဘာပျက်ကာလဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့။
.......................................
နောက်ရက်များတွင် နေ့ရက်များက အလွန်ငြိမ်းချမ်းစွာ ကုန်လွန်ခဲ့သည်။
လော်ယွမ်သည် နေ့စဉ် ခွန်အားထိန်းချုပ်မှုလေ့ကျင့်ခန်းများနှင့် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်သည့်လေ့ကျင့်ခန်းများ ပြုလုပ်နေရင်း သယ်ယူပို့ဆောင်ရေးလေယာဉ် ထွက်ခွာမည့်အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဝတုတ်ရှဲ့မှာ အရှက်ကွဲခဲ့ပြီးနောက် ပထမဆုံးတွေ့ဆုံစဉ်ကကဲ့သို့ ဖော်ရွေမှုမျိုးမရှိတော့ဘဲ တွေ့ဆုံသည့်အခါတိုင်း ယဉ်ကျေးစွာခေါင်းညိတ်ပြသော်လည်း သူ၏မျက်နှာမှာ ရှုံ့မဲ့နေဆဲဖြစ်သည်။ လော်ယွမ်က ဤသို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်ဘဲ နေ့စဉ် လေ့ကျင့်ရေးကွင်း၊ အဆောင်နှင့် ထမင်းစားဆောင်ဟူသော နေရာသုံးခုတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။
လေ့ကျင့်ရေးကွင်း၏တစ်ဝက်မှာ သေနတ်ပစ်ကွင်းဖြစ်ပြီး ကျန်တစ်ဝက်မှာ လေ့ကျင့်ရေးခန်းမဖြစ်သည်။ ဤနေရာသည်လည်း အသက်ရှင်ကျန်ရစ်သူများအတွက် ဖွင့်လှစ်ပေးထားသော နေရာဖြစ်ပြီး တစ်ခါတစ်ရံတွင် စစ်သားများလည်း လာရောက်လေ့ကျင့်တတ်ကြသည်။
(survivor ကို ရှင်သန်ကျန်ရစ်သူအစား အသက်ရှင်ကျန်ရစ်သူ လို့ပဲ ဆက်ပြန်သွားပါမယ်)
စစ်သားများ အသစ်တပ်ဆင်ထားသော သေနတ်များ၏ စွမ်းအားမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ သာမန်ပစ်မှတ်များမှာ တစ်ချက်ပစ်ရုံဖြင့် ကြေမွသွားပြီး ပစ်ကွင်းရှေ့မှ ထူထဲသောသံမဏိပြားကိုပင် ပန်းကန်လုံးအရွယ် ချိုင့်ခွက်ကြီးဖြစ်သွားစေသည်။ ထိုကျည်ဆန်တစ်တောင့်စီမှာ ၃လက်မခန့်ရှည်ပြီး အလွန်လေးလံသည်။ အပြင်ဘက်တွင် ကြေးနီလွှာဖြင့် ဖုံးအုပ်ထားဆဲဖြစ်သော်လည်း အတွင်း၌မူ လေးလံသော အဖြိုက်အနက်သတ္တုအူတိုင်ဖြင့် ပြုလုပ်ထားသည်။ ပစ်ခတ်ပြီးတိုင်း ကျည်ဆန်များကို ပြန်လည်သိမ်းဆည်းကြသည်။ ဤသို့သောကျည်ဆန်များကို ယခုအချိန်တွင် ဖြုန်းတီးပစ်ရန် မတတ်နိုင်ကြောင်း ထင်ရှားလှ၏။
(Tungsten ဆိုတာ မြန်မာလို အဖြိုက်အနက် လို့ခေါ်ပြီး ကမ္ဘာမှာ စိန်နီးပါး မာကျောတဲ့ သတ္တုဖြစ်ပါတယ်။ သတ္တုတွေထဲမှာ အမာကျောဆုံးနဲ့ အရှားပါးဆုံးလည်းဖြစ်ပါတယ်။ အဲ့လိုရှားပါးတဲ့သတ္တုကို မြန်မာနိုင်ငံကလည်း အတော်များများ ထွက်ပေမယ့် တရုတ်ကနေတဆင့် ကမ္ဘာ့ဈေးကွက်ကိုရောက်တာများတယ်။ သူ့နိုင်ငံကလည်း Tungsten သတ္တုတွေ ထွက်တဲ့အတွက် ကမ္ဘာဈေးကွက်မှာ Tungsten တင်ပို့မှုအများဆုံးနိုင်ငံက တရုတ်နိုင်ငံအမြဲတမ်းဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့မာကျောမှုက ၉ အထိရှိပြီး စိန်ကတော့ ၁၀ဖြစ်ပါတယ်။ စိန်က သူ့ထက်မာကျောပေမယ့် Tungsten သတ္တုက စိန်ထက် ပိုအကြမ်းခံနိုင်ပါတယ်တဲ့)
လော်ယွမ်နှင့်အတူ လိုက်ပါလာခဲ့သော စစ်သားများမှာ လော်ယွမ်ကိုတွေ့လျှင် အများအားဖြင့် စကားစမြည်လာပြောကြပြီး ကျေးဇူးတင်ကြောင်းပြသရင်း သတင်းအချို့ကိုလည်း ထုတ်ဖော်ပြောကြားတတ်ကြသည်။
သူတို့ထံမှ သိရှိရသည်မှာ တပ်ဖွဲ့ဝင်အင်အား အများအပြားလျော့နည်းသွားသောကြောင့် သူတို့ကို ဤအထူးတပ်ဖွဲ့ထဲသို့ ထည့်သွင်းဖွဲ့စည်းလိုက်ပြီး ကျိုးရိချန်းပင်လျှင် တပ်ရင်းမှူးအသစ်ဖြစ်လာခဲ့သည်။ သို့သော် သူက ယခုအချိန်တွင် ဒဏ်ရာများကို ကုသနေဆဲဖြစ်သည်။ ယခုအခါ စက်ပစ္စည်းကိရိယာများ ပြန်လည်စုဆောင်းရရှိရေးမှာ အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့ပင်လျှင် တာဝန်အချို့ကို ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
အသေးစိတ်ကို မပြောပြသော်လည်း သူတို့၏ စိတ်လက်ပေါ့ပါးသောအမူအရာကို ကြည့်လျှင် ယခုအခြေအနေမှာ အကောင်းဘက်သို့ ဦးတည်နေကြောင်း သိသာလှသည်။
...................................................
လေ့ကျင့်ရေးကွင်းရှိ စုံလင်သော ကိုယ်ကာယလေ့ကျင့်ရေးကိရိယာများက လော်ယွမ်အား သူ၏ခွန်အားကို ပိုမိုရှင်းလင်းစွာ သိမြင်စေခဲ့သည်။ အကယ်၍ ခွန်အား ၁၃ မှတ်သည် လူသားတို့၏ အမြင့်ဆုံးစွမ်းရည်ဖြစ်ပါက ၁၄ မှတ်မှာမူ စူပါလူသား အဆင့်ဖြစ်သည်။
ရင်ဘတ်ဖြင့်မတင်ခြင်း ၄၀၀ ကီလိုဂရမ်၊ ဆွဲမခြင်း ၃၂၀ ကီလိုဂရမ်၊ သူ၏ ၇၅ ကီလိုဂရမ်သာရှိသော ခန္ဓာကိုယ်ဖြင့် အရာတိုင်းက ကမ္ဘာ့စံချိန်များကို ကျော်လွန်နေခဲ့သည်။ အမြန်နှုန်းမှာမူ သူ့အရေအသွေးများ၏ နောက်ဆုံးအားနည်းချက်ကို ဖြည့်တင်းလိုက်ကတည်းက အလွန်ကြီးမားစွာ တိုးတက်လာခဲ့သည်။ လေးငါးဆခန့်မဟုတ်လျှင်တောင် နှစ်ဆခန့် တိုးတက်လာခဲ့သည်။ သို့သော် နေရာကျဉ်းမြောင်းသောကြောင့် လော်ယွမ်က အတိုချုံးသာ ပြေးလွှားကြည့်နိုင်ခဲ့ပြီး ခံစားမှုအရ ခန့်မှန်းရလျှင် ပေ၃၀၀ကို သုံးစက္ကန့်ခန့်ဖြင့် ပြေးနိုင်ပေမည်။
သုံးစက္ကန့်ဟူသောအချိန်သည် မည်မျှကြာရှည်သနည်း။ သာမန်လူတစ်ယောက် အသက်တစ်ခါရှူသည့်အချိန်မျှသာ ဖြစ်သည်။
ဤစစ်စခန်းက အလွန်လုံခြုံပြီး အချိန်များစွာလည်း ရှိသည့်အပြင် ဆင့်ကဲပြောင်းလဲသူများမှာလည်း ပိုမိုများပျားလာသောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ပထမရက်အနည်းငယ်တွင် လော်ယွမ်က ခွန်အားထိန်းချုပ်မှုလေ့ကျင့်ခန်းများကို အဓိကထားလုပ်ဆောင်ခဲ့သောကြောင့် ထိန်းထိန်းသိမ်းသိမ်းနေခဲ့သော်လည်း နောက်ရက်များတွင်မူ ယခင်ကကျန်ရှိခဲ့သော ပြဿနာဟောင်းများကို ကုစားရန်အတွက် သူ၏စွမ်းအင်အားလုံးကို မိမိကိုယ်ကိုညှင်းပန်းသည့်လေ့ကျင့်ခန်းများတွင် မြှုပ်နှံထားခဲ့သည်။
အမှန်တော့ လော်ယွမ်အတွက်မူ ဤနေရာရှိ ကာယလေ့ကျင့်ရေးကိရိယာများက ခွန်အားစမ်းသပ်ရန်မှလွဲ၍ မည်သည့်လေ့ကျင့်ရေးအကျိုးသက်ရောက်မှုမှ မပေးနိုင်ပေ။ သူ၌ ကိုယ်ပိုင်တီထွင်ထားသော အဆုံးစွန်လေ့ကျင့်ရေးနည်းလမ်းများ ရှိနှင့်ပြီးသားဖြစ်သည်။
အမှန်တကယ်တွင် မိမိကိုယ်ကိုညှင်းပန်းသည့်လေ့ကျင့်ခန်းလုပ်လိုပါက နည်းလမ်းများစွာရှိသည်။
ဥပမာအားဖြင့် ဟော်တုံနှင့် လင်းရှောင်ကျီကို ခေါ်ကာ သာမာန်ကျည်ဆန်များဖြင့် ကျည်ဆန်ရှောင်တိမ်းသည့်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြစ်သည်။ နောက်ဥပမာတစ်ခုမှာ သူတို့နှစ်ဦးအား အလေးမတံဖြစ်သည့် သံတုတ်များဖြင့် သူ၏ခန္ဓာကိုယ်ကို အားကုန်ရိုက်ခိုင်းပြီး ကြွက်သားများကို တမင်တကာထိန်းချုပ်ကာ ခုခံစေခြင်းဖြင့် ကြွက်သားထိန်းချုပ်နိုင်စွမ်းကို လေ့ကျင့်ခြင်းဖြစ်သည်။
ဤသို့သောအခြေအနေမျိုးတွင် ဒဏ်ရာရခြင်းမှာ ရှောင်လွှဲ၍မရပေ။
လေ့ကျင့်ခန်းတိုင်းက သွေးအန်ခြင်း သို့မဟုတ် ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာတစ်ခုခုရရှိခြင်းဖြင့် အဆုံးသတ်လေ့ရှိသည်။
ဤသို့သော ရက်စက်ကြမ်းတမ်းသော နည်းလမ်းများက အနီးအနားရှိ အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားများကို မျက်နှာများဖြူဖျော့ကာ ခြေလက်များပင် ပျော့ခွေသွားသည်အထိ ထိတ်လန့်စေခဲ့သည်။ ဟော်တုံနှင့် လင်းရှောင်ကျီပင်လျှင် အစပိုင်းတွင် လော်ယွမ်ဒဏ်ရာရမည်ကို စိုးရိမ်တကြီးဖြစ်နေခဲ့ကြပြီး နောက်တစ်နေ့တွင် လော်ယွမ်သည် နဂိုအတိုင်း ကျန်းမာဖျတ်လတ်နေမှသာ စိတ်အေးသွားခဲ့ကြသည်။
ခန္ဓာကိုယ်ကို အဆက်မပြတ်ဒဏ်ရာရစေပြီး စိတ်စွမ်းအားဖြင့် ပြန်လည်ကုစားခြင်းဖြင့် သူ၏ခန္ဓာကိုယ်ခွန်အားမှာ ထပ်မံတိုးတက်လာသည်ကို လော်ယွမ်တွေ့ရှိခဲ့သည်။ နေ့စဉ် တိုးတက်မှုမှာ မများလှသော်လည်း ရက်အနည်းငယ်ကြာသောအခါတွင်မူ ဆယ်ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။ ထို့အပြင် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို အဆက်မပြတ်ပြုပြင်နေခြင်းကြောင့်လား သို့မဟုတ် ကြွက်သားများကို တမင်တကာလှုပ်ရှားစေခြင်းကြောင့်လားမသိ၊ သူ၏ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းမှာလည်း တိုးတက်လာခဲ့သည်။
ယခုအခါ သာမန်ပစ္စတိုကျည်ဆန်များက သူ့ကို ဒဏ်ရာအပြင်းအထန်ရစေရန် ခက်ခဲနေခဲ့ပြီဖြစ်သည်။ ကျည်ဆန်က ကြွက်သားထဲသို့ ဝင်ရောက်သွားသည်နှင့် အလွှာလိုက်ထပ်နေသော ကြွက်သားများက တင်းကျပ်စွာညှပ်ထားလိုက်ပြီး စွမ်းအင်ကုန်ဆုံးသွားသော ကျည်ဆန်ကို အရေပြားအပေါ်ယံလွှာတွင် ရပ်တန့်စေကာ ကြွက်သားများကို လှုပ်ရှားစေခြင်းဖြင့် ပုံပျက်နေသောကျည်ဆန်ကို အပြင်သို့ ပြန်လည်ညှစ်ထုတ်လိုက်သည်။
ဤသည်မှာ အနီးကပ်ပစ်ခတ်မှု၏ ရလဒ်သာဖြစ်ပြီး အကယ်၍ အနည်းငယ်ဝေးသောနေရာမှ ပစ်ခတ်ပါက အကျိုးသက်ရောက်မှုမှာ ပို၍နည်းပေမည်။
ထိုအတောအတွင်း လော်ယွမ်သည် ဧရာမဖွတ်ကြီး၏အခြေအနေကို သွားရောက်ကြည့်ရှုရန် အပြင်ထွက်ခွင့်တောင်းကြည့်ခဲ့သော်လည်း ထင်သည့်အတိုင်းပင် ယဉ်ကျေးစွာငြင်းပယ်ခြင်းခံခဲ့ရသည်။ လော်ယွမ်က သူ၏စိတ်ဆန္ဒကို အတင်းအကျပ်ထိန်းချုပ်ထားပြီး ကျိုးရိချန်းနှင့်တွေ့ဆုံမှသာ ထပ်မံပြောဆိုရန် ပြင်ဆင်ထားလိုက်သည်။
...................................................
အချိန်တစ်ပတ်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
တစ်နေ့သော နေ့လယ်ခင်း၌ လော်ယွမ်နှင့် ဟော်တုံတို့ ထမင်းစားဆောင်မှ ပြန်လာကြစဉ် စစ်သားလေးဦးမှာ အဆောင်တွင် စောင့်ဆိုင်းနေခဲ့ပြီး သူတို့ဘေးတွင် ဝတုတ်ရှဲ့နှင့် ဆံပင်ဖွာလန်ကြဲနေသော အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့သည်။
"ကျွန်တော်တို့ရဲ့ဗိုလ်မှုးကြီးက ခင်ဗျားတို့ကို တွေ့ချင်လို့ခေါ်ခိုင်းလိုက်တယ်"
ဆက်ရန်...