← Chapters

အခန်း (၁၈၉-၁၉၂)

Vol. 10 Ch. 189-192

အခန်း (၁၈၉-၁၉၂)

Vol. 10 Ch. 189-192

အပိုင်း(၁၈၉)စစ်မှုထမ်းရန်ဆင့်ခေါ်ခံရခြင်း

ထိုဗိုလ်မှုးကြီးဆိုသည့်လူက လော်ယွမ်တစ်ယောက်တည်းကိုသာ တွေ့လိုခြင်းမဟုတ်ဘဲ ဝမ်ရှီရှီ၊ ဝတုတ်ရှဲ့နှင့် ထူးဆန်းစွာဝတ်စားထားသော ထိုအမျိုးသမီးကိုပါ တွေ့လိုခြင်းဖြစ်ရာ သူတို့အားလုံး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရခြင်းဖြစ်ကြောင်း အထင်အရှား သိသာနေ၏။

ဟွမ်ကျားဟွေ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး စိုးရိမ်ကြောင့်ကြမှုများ ထင်ဟပ်နေသည်။

လော်ယွမ်၏ အပြုံးသည်လည်း အနည်းငယ် မှေးမှိန်သွားပြီး "ကိစ္စမရှိဘူး... ဒါပေမဲ့ကျွန်တော့်လူတွေနဲ့တော့ စကားနည်းနည်းပြောဖို့လိုတယ်"

ရှေ့ဆုံးမှ စစ်သားက နားလည်စွာ ခေါင်းညိတ်လိုက်ပြီး ကျန်စစ်သားများကို အဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွား၏။

"အပြင်မှာ ပြဿနာတခုခုဖြစ်နေလောက်တယ်... မင်းတို့အားလုံးသတိထားကြနော် ဘာတွေဖြစ်နေလဲငါသွားကြည့်လိုက်မယ်" လော်ယွမ်က ဆိုသည်။

"ရှင် ဂရုစိုက်နော်" ဟွမ်ကျားဟွေက စိုးရိမ်စွာဖြင့် ပြောသည်။ "ဘာမှမဖြစ်စေနဲ့နော်... ရှီရှီနင်ရောဘဲ... နင်လည်းလိုက်သွားရမှာဆိုတော့ လော်ယွမ်နားမှာပဲကပ်နေ ဟိုဟိုဒီဒီ လျှောက်သွားဖို့ စဉ်းစားမနေနဲ့"

ကျိုးယလီ၏ နှုတ်ခမ်းများက တစ်ချက်လှုပ်သွားပြီးနောက် နောက်ဆုံးတွင် ပြောထွက်လာသည်။ "ရှင် သူရဲကောင်းလုပ်ဖို့ မကြိုးစားနဲ့နော်... အန္တရာယ်လည်း မဖြစ်စေနဲ့... ကျွန်မတို့အားလုံး ရှင့်ကိုပဲ စိတ်ပူနေရတာ"

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက ကျိုးယလီ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြင့် နီမြန်းသွားတော့၏။

"ဟုတ်ပြီ... အပိုတွေမပြောတော့ဘူး... ရှီရှီ ငါတို့သွားရအောင်" လော်ယွမ်က သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ပြောလိုက်သည်။

"ဟုတ်" ဝမ်ရှီရှီက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လော်ယွမ်နောက်သို့ လိုက်ကာ အဆောင်တံခါးမကြီးမှ ထွက်ခွာသွားသည်။

ဝမ်ရှကွမ်က လှည့်ထွက်သွားသော လော်ယွမ်၏ ကျောပြင်နှင့် မျက်နှာတွင် ရှက်သွေးဖြန်းနေဆဲဖြစ်သော ကျိုးယလီကို ကြည့်ရင်း သူမ၏မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

…………………………………………………

ရုံးခန်းထဲတွင် ဗိုလ်မှူးကြီး ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လူအများကို ကျောပေးကာ ရှန်ဟိုင်းမြို့၏ ဧရာမမြေပုံကြီးတစ်ခုကို စိုက်ကြည့်နေသည်။ လူများဝင်လာသည်ကို ခံစားမိသောကြောင့် ဖြစ်မည် သူက ချက်ချင်းပင် လှည့်လာသည်။

"မင်္ဂလာပါ တပ်ချုပ်" ဝတုတ်ရှဲ့က ဉာဏ်ကောင်းစွာဖြင့် အလေးပြုလိုက်သည်။

သူက လက်ကာပြလိုက်ပြီး "ခင်ဗျားတို့က သာမန်လူတွေ ကျွန်တော်တို့က စစ်သားတွေ စနစ်မတူတဲ့အတွက် စစ်တပ်အမူအကျင့်တွေ သုံးစရာမလိုဘူး... ကျွန်တော့်နာမည်က ဟူဟိုင်ယန်... ဗိုလ်မှုးကြီးဟူလို့ခေါ်ချင်ခေါ်လို့ရတယ်... အဲ့မှာရပ်မနေကြနဲ့ အားလုံးထိုင်ကြပါ"

သူ့အသက်မှာ လေးဆယ်ကျော်ခန့် ရှိမည်ဟု ထင်ရပြီး အရပ်အမောင်းမှာ အလယ်အလတ်ဖြစ်သည်။ နှုတ်ခမ်းမှာ ပါးလွှာပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် အောက်သို့ကွေးဆင်းနေသောကြောင့် ဒေါသမထွက်ဘဲလျက်ပင် သြဇာအာဏာရှိသော အရှိန်အဝါမျိုးကို ပေးစွမ်းနေသည်။ ပြုံးနေသည့်တိုင်အောင် တည်ကြည်တင်းမာသော အငွေ့အသက်များ ပါဝင်နေသည်။ ထို့အပြင် သူ၏ကိုယ်ပေါ်မှ ပြင်းထန်သော စစ်သားဟန်ပန်နှင့် ရာထူးအဆင့်က ဖော်ပြနေသော အာဏာအငွေ့အသက်တို့ကြောင့် ဝမ်ရှီရှီပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာပြီး လက်ဖဝါးများတွင် ချွေးများဖြင့် စိုရွှဲနေ၏။

လော်ယွမ်က အနည်းငယ်တောင့်တင်းနေသော ဝမ်ရှီရှီကို ဆွဲကာ ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်စေလိုက်ပြီး "ဗိုလ်မှူးကြီးဟူ... ကျွန်တော်တို့ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ"

ဗိုလ်မှူးကြီးဟူက လော်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဤသူက ကျိုးရိချန်း အထူးဂရုပြုရန် သတိပေးထားသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ သိ၏။ သူက တည်ကြည်သောလေသံဖြင့် ဆိုသည်။ "ခင်ဗျားတို့ကို ပြောရမယ့်ကိစ္စကတော့ အခုအချိန်ကစပြီး ခင်ဗျားတို့အားလုံးကို စစ်မှုထမ်းဖို့ ဆင့်ခေါ်လိုက်ပြီ ဆိုတာပါပဲ... ဒီကိစ္စအတွက် ခင်ဗျားတို့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်"

"ကျွန်တော်တို့က ဒီမှာကောင်းကောင်းစား ကောင်းကောင်းအိပ်လို့ရနေမှတော့... အနည်းနဲ့အများတော့ အခြေစိုက်စခန်းအတွက် ပြန်လုပ်ပေးရရမှာပဲလေ... အခုဘာပြဿနာဖြစ်လို့လဲ" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ သူက တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်တတ်သော်လည်း သူ၏စိတ်ထဲမှ အခြေခံစည်းမျဉ်းများနှင့် အမှားအမှန်ခွဲခြားနိုင်စိတ်ကို မည်သည့်အခါမျှ စွန့်လွှတ်လေ့မရှိပေ။ ထို့အပြင် ယခုကိစ္စမှာ တိုင်းပြည်၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စကြီးဖြစ်သောကြောင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ ဤတာဝန်ကို သူ ရှောင်လွှဲ၍မရချေ။

လော်ယွမ်က ဦးဆောင်၍ သဘောတူလိုက်သည်ကို မြင်သောအခါ အခြားသူများလည်း သဘောတူလိုက်ရတော့သည်။

ဗိုလ်မှူးကြီးဟူက သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။ သူ အစိုးရိမ်ဆုံးမှာ ဤဆင့်ကဲပြောင်းလဲသူအုပ်စုက ထိန်းချုပ်ရခက်ခဲပြီး အပေးအယူများစွာ ပြုလုပ်လာမည်ကို ဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ထိုသို့သောလူများနှင့် အာရုံနောက်ခံရန် သူ့ထံ၌ အချိန်မရှိချေ။ အမှန်တကယ်တွင် သူက လက်နက်အားကိုးဖြင့် အတင်းအကျပ်ခိုင်းစေနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက အကျိုးမရှိသည့်အပြင် တန်ပြန်သက်ရောက်နိုင်ချေပါ ရှိသည်။ အထူးသဖြင့် လော်ယွမ်ဟုခေါ်သော ဤဆင့်ကဲပြောင်းလဲသူကို မြင်သောအခါ အဘယ်ကြောင့်မှန်းမသိ၊ သူကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်နေမိသည်။

"အခြေအနေက တော်တော်ဆိုးတယ်... ဒီနေ့မနက် ခုနစ်နာရီလောက်က... အထူးတပ်ဖွဲ့ ပစ္စည်းကိရိယာတွေ ရှာဖွေသယ်ဆောင်နေတုန်း သန္ဓေပြောင်းသတ္တဝါအုပ်စုလေးတစ်ခုနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်လေ... လူတော်တော်များများ သေဆုံးခဲ့ပြီး တချို့ကဒဏ်ရာနဲ့ပြန်မလာနိုင်ဘဲ လာကယ်မယ့်သူတွေကို စောင့်နေရတယ်... အခြေစိုက်စခန်းမှာကလည်း အခုလောလလောဆယ် လူအင်အားမလုံလောက်ဘူး... တပ်သားတော်တော်များများက ပစ္စည်းတွေသွားရောက်သယ်ဆယ်ဖို့ အပြင်ထွက်နေကြတယ်... ရလာတဲ့သတင်းအရဆို တခြားနေရာတွေက အခြေအနေတွေလည်း သိပ်မကောင်းဘူး... ဒီတစ်ခေါက် သန္ဓေပြောင်းသတ္တဝါတွေရဲ့ လှုပ်ရှားပုံက နေရာကွက်ပြီး ဖြစ်တာမဟုတ်ဘဲ အုပ်စုလိုက် လှုပ်ရှားတဲ့ပုံမျိုး ဖြစ်ပုံရတယ်"

"ခဏနေရင် ခင်ဗျားတို့က အခြေစိုက်စခန်းမှာ ကျန်ရှိသေးတဲ့ အထူးတပ်ဖွဲ့နဲ့အတူ သတ်မှတ်ထားတဲ့ နေရာကို သွားရမယ်... ခင်ဗျားတို့ရဲ့တာဝန်က ပစ္စည်းကိရိယာတွေနဲ့ လူတွေကို အမြန်ဆုံး ကယ်ဆယ်လာဖို့ပဲ"

"တစ်ခုလောက်ပေးပါရစေ... သန္ဓေပြောင်းသတ္တဝါတွေက ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းသွားကြပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီနယ်မြေမှာ သန္ဓေပြောင်းသတ္တဝါတွေ ရှိနေသေးတာလဲ" လော်ယွမ်က ဗိုလ်မှူးကြီးဟူ၏ စကားထဲမှ လိုအပ်ချက်ကို သတိပြုမိပြီး ချက်ချင်းမေးလိုက်သည်။

"သူတို့က ရေနေသန္ဓေပြောင်းသတ္တဝါတွေ... ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာတဲ့ပုံပဲ" ဗိုလ်မှူးကြီးဟူက တည်ကြည်စွာ ဆိုသည်။

အခန်းအတွင်း ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရေနေသန္ဓေပြောင်းသတ္တဝါ...

အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဝတုတ်ရှဲ့က ပထမဆုံး မထိန်းနိုင်ဘဲ အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။ "ရေနေသန္ဓေပြောင်းသတ္တဝါတွေဟုတ်လား... ခင်ဗျားလာနောက်နေတာလား... ကျွန်တော်တို့ကို ရေနေသန္ဓေပြောင်းသတ္တဝါတွေနဲ့ သွားရင်ဆိုင်ခိုင်းနေတာလား... အဲ့တာကိုယ့်သေတွင်းကိုယ်တူးတာပဲ"

သူ၏အသံမှာ အလွန်ကျယ်လောင်သောကြောင့် အပြင်မှစစ်သားများ သတိထားမိသွား၍လော၊ သို့မဟုတ် ကြိုတင်စီစဉ်ထား၍လောမသိ၊ လက်နတ်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သားတစ်ဖွဲ့က ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာပြီး "အမိန့်ရှိပါ ဗိုလ်မှုးကြီး" ဟု အော်ဟစ်လိုက်သည်။

"ဘာမှမဖြစ်ဘူး... အပြင်ထွက်ကြ ပြီးတော့ တံခါးကို ပိတ်ထားလိုက်" ဗိုလ်မှူးကြီးဟူက လက်ကာပြလိုက်သည်။

ဝတုတ်ရှဲ့မှာ လန့်ဖျပ်ကာ သတိပြန်ဝင်လာပြီး သူ၏ကျောပြင်တွင် ချွေးအေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ ယခုအချိန်မှာ ငြိမ်းချမ်းသောကာလမဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကာလ ဖြစ်သည်။ စစ်မိန့်ကို ဖီဆန်ပါက ပစ်သတ်ခံရခြင်းမှာ အလွန်ပင် သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ သူ၏အရေပြားက ထူထဲမာကျောသော်လည်း အထူးပြုလုပ်ထားသော သံချပ်ဖောက်ကျည်ဆန်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်း ခံရပါက ဆိုးဆိုးရွားရွား သေဆုံးရမည်သာ ဖြစ်သည်။ သူက ကိုယ်ကိုကျုံ့လိုက်ပြီး နောက်ထပ် စကားမဟရဲတော့ချေ။

"ကျွန်တော့် တောင်းဆိုစရာတစ်ခု ရှိတယ်" လော်ယွမ်က ရုတ်တရက် ထပြောလိုက်ရာ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းကြည်နေသည်။

"ပြောပါ... ဖြည့်ဆည်းပေးနိုင်ရင် ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်" ဗိုလ်မှူးကြီးဟူက အလျင်အမြန် ဆိုသည်။ စောစောက စစ်သားများ ဝင်လာသည့်အချိန်တွင် သူ အာရုံအစိုက်ဆုံးမှာ လော်ယွမ်၏ တုံ့ပြန်မှုပင် ဖြစ်သည်။ သို့သော် မည်သို့ပင်ကြည့်စေကာမူ လော်ယွမ်၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိဘဲ မျက်လုံးထဲတွင် အနည်းငယ် မထီမဲ့မြင်ပြုသော အရိပ်အယောင်ပင် ရှိနေသေးသည်။

ဤလူ၏ အချက်အလက်များက သူ၏လက်ထဲတွင် စာမျက်နှာ ဒါဇင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး စာအုပ်တစ်အုပ်ပင် ဖြစ်တော့မည်။ ၎င်း၌ ကျိုးရိချန်းနှင့် စစ်သားအချို့၏ ခရီးတစ်လျှောက် အတွေ့အကြုံများ၊ အခြေစိုက်စခန်းမှ စစ်သားများ၏ လေ့ကျင့်နေစဉ် အခြေအနေများကို ဖော်ပြချက်များ ပါဝင်သည်။ အချို့ဖော်ပြချက်များမှာ မယုံနိုင်စရာကောင်းပြီး ဒဏ္ဍာရီဆန်လှသည်။ ဥပမာအားဖြင့် စစ်သားတစ်ဦးက သူ ပျံနိုင်သည်ဟု ဆိုပြီး အခြားတစ်ဦးက သူ ဓားရောင်ခြည်များ ထုတ်လွှတ်နိုင်သည်ဟု ဆို၏။

အစီရင်ခံစာအားလုံးက ညွှန်ပြနေသည်မှာ ဤသူသည် အလွန်အမင်း အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး အားနည်းချက်ဟူ၍လည်း မရှိသလောက်ပင် ဖြစ်သည်။

အစီရင်ခံစာအရ သူ၏အဆင့်မှာ အဆင့်၅ခန့် ရှိမည်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူများတွင်လည်း အဆင့် ကွာခြားချက်များရှိသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများကို အစိုးရက လျစ်လျူရှုနိုင်သော်လည်း အဆင့်၅ထိ ရောက်ရှိနေသော ဆင့်ကဲပြောင်းလဲသူများမှာမူ ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံးတွင်ပင်လျှင် လက်ချိုးရေတွက်၍ ရနိုင်ပြီး တစ်ဦးချင်းစီတိုင်းမှာ အစိုးရက အထူးအာရုံစိုက်ရသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မူလက သူနှင့်ပတ်သက်သော အစီရင်ခံစာများကို သူ အနည်းငယ် မယုံသင်္ကာဖြစ်ခဲ့သော်လည်း ယခုအခါ တည်ငြိမ်စွာဖြင့် အပေးအယူလုပ်နေသည်ကို မြင်သောအခါ သူ စတင်ပြီး ယုံကြည်စပြုလာသည်။

ဤသို့သော ပုဂ္ဂိုလ်နှင့် မိတ်ဆွေဖွဲ့ထားပါက နောင်တွင် အလုပ်အတူတွဲလုပ်ရမည့် အခွင့်အရေးများ ရှိလာနိုင်သည်ဟု သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

"ပြန်လည်တည်ဆောက်ရေးဇုန်ကိုသွားတဲ့အခါကျရင် အပြင်မှာရှိတဲ့ ကျွန်တော်မွေးထားတဲ့ ဖွတ်ကြီးကိုလည်း ခေါ်သွားချင်တယ်" လော်ယွမ်က သွေးတိုးစမ်းသည့်အနေဖြင့် ပြောလိုက်သည်။ အကယ်၍ နည်းလမ်းမရှိပါက သူလည်း ရင်နာနာဖြင့် စွန့်လွှတ်ရမည်သာ ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ သွားရန် အခွင့်အရေးက တစ်ကြိမ်သာ ရှိပြီး ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက ထိုနေရာသို့ မည်သည့်အချိန်မှ သွားနိုင်မည်ကို မသိနိုင်တော့ချေ။ တိုက်ခိုက်ရေးသားရဲအတွက်မူ နောင်တွင် နောက်တစ်ကောင် ထပ်မံ၍ မွေးမြူနိုင်သည်သာ ဖြစ်သည်။

"တိုက်ခိုက်ရေးသားရဲ" ဗိုလ်မှူးကြီးဟူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး နေရာတွင်ပင် တုံ့ဆိုင်းစွာဖြင့် ပြောသည်။ "ခင်ဗျားရဲ့ တိုက်ခိုက်ရေးသားရဲက ဘယ်လောက်ကြီးလဲ"

လော်ယွမ်က ဧရာမဖွတ်ကြီးကို ခေါ်ဝေါ်သော အသုံးအနှုန်းကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ထိုစိတ်ခံစားချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အခြေအနေကောင်းပုံရသည်ဟု တွေးကာ သူ၏စိတ်ဓာတ်များ တက်ကြွလာပြီး "အမြီးကိုထည့်မတွက်ရင် အရှည်က ပေ၃၀လောက်ရှိပြီး အမြင့်က ပေ၂၀လောက်ရှိမယ်... မြေပေါ်မှာဝပ်နေရင်တော့ ၁၀ပေလောက်ပဲမြင့်တယ်... သယ်လို့ရနိုင်မလား"

"တိုက်ခိုက်ရေးသားရဲဆိုတာ ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အရေးကြီးတဲ့ အရေးကြီးတဲ့ အင်အားတစ်ရပ်ပဲ... အခုအခြေစိုက်စခန်းမှာ သယ်ယူပို့ဆောင်ရေးလေယာဉ် သုံးစင်းရှိတယ်... သယ်နိုင်တဲ့ဝန်အားက အများကြီး ပိုနေသေးတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ တိုက်ခိုက်ရေးသားရဲက နည်းနည်းကြီးနေတယ်... ပေ ၄၀ရှိတဲ့ ကွန်တိန်နာထက်တောင် မြင့်နေသေးတယ်... သူ့ကို နည်းနည်းပြုပြင်လိုက်ရင်တော့ သယ်နိုင်လောက်တယ်... ဒါပေမဲ့ အဲ့ဒီအခါကျရင် ခရီးတစ်လျှောက်လုံး သူ့ကိုမေ့ဆေးပေးထားမှဖြစ်မယ်... ပြီးတော့ ဖြစ်နိုင်တဲ့အန္တရာယ်တွေကို လျှော့ချဖို့အတွက် အတန်အသင့် အေးခဲထားရမယ်"

"ရပါတယ်... ဒါဆိုရင်တော့ ဗိုလ်မှူးကြီးဟူကို ကျေးဇူးတင်ပါတယ်" လော်ယွမ်က အလေးအနက်ထား၍ ပြောလိုက်သည်။ ဤသည်မှာ ကြီးမားသော ကျေးဇူးတရားတစ်ခုဖြစ်ကြောင်း သူ သိသည်။ ဤသည်မှာ သေးငယ်သော ကျေးဇူးတရားမျိုးမဟုတ်ဘဲ တစ်ဖက်လူအတွက် စွန့်စားရမည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။

"ခင်ဗျားတို့မှာ တောင်းဆိုစရာရှိရင်လည်း တောင်းဆိုလို့ရတယ်... ကျွန်တော် ဖြည့်ဆည်းပေးနိုင်ရင် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်" ဗိုလ်မှူးကြီးဟူကလည်း မျက်နှာလိုက်၍မဖြစ်သည်ကို သိသောကြောင့် အခြားသူများကိုပါ ပြောလိုက်သည်။

ဝတုတ်ရှဲ့မှာမူ စောစောက အဖြစ်အပျက်ကြောင့် လန့်နေဟန်တူပြီး မည်သည့်စကားမျှ မပြောရဲချေ။ ဝမ်ရှီရှီလည်း ထိုနည်းတူပင် စကားမပြောပေ။ ထူးထူးဆန်းဆန်း ဝတ်စားထားသည့်အမျိုးသမီးကမူ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပြန်ရောက်သောအခါ ဆွေမျိုးများကို ရှာဖွေပေးရန် အကူအညီတောင်းသော်လည်း ၎င်းမှာ ဗိုလ်မှူးကြီးဟူ၏ တတ်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် သက်ဆိုင်ရာဌာနများကို အသိပေးထားမည်ဟုသာ ပြောနိုင်ခဲ့သည်။

ထို့နောက်တွင် ထိုအမျိုးသမီးမှာ တိတ်ဆိတ်သွားတော့သည်။

………………………………………………

စစ်ရဟတ်ယာဉ်၏ ပန်ကာများက အရှိန်ပြင်းစွာ လည်ပတ်နေပြီး မြေပြင်ပေါ်တွင် လေပြင်းများ တိုက်ခတ်စေသည်။ ထို့နောက် မြေပြင်မှ ထိုးတက်သွားပြီး အခြေစိုက်စခန်းမှ လျင်မြန်စွာ ပျံထွက်သွားတော့၏။

ရဟတ်ယာဉ်ပေါ်တွင် လော်ယွမ်တို့အဖွဲ့သာမကဘဲ ဘေးတွင် စစ်သားလေးဦးလည်း ထိုင်နေကြသည်။ လေယာဉ်မှူးခန်းမှ လေယာဉ်မှူးနှင့် လက်နက်ကိုင်ကိုပါ ထည့်သွင်းရေတွက်ပါက စုစုပေါင်း ဆယ်ဦးရှိ၏။

ဝမ်ရှီရှီက လော်ယွမ်၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားပြီး စပ်စုစွာဖြင့် ဟိုဒီကြည့်နေသည်။ ဤသည်မှာ သူမ ပထမဆုံးအကြိမ် ရဟတ်ယာဉ်စီးဖူးခြင်း ဖြစ်သည်။ သို့သော် အတွေ့အကြုံက မကောင်းလှပေ။ ဤသည်မှာ စစ်သုံးလေယာဉ်ဖြစ်သောကြောင့် နေရာမှာ အလွန်ကျဉ်းမြောင်းပြီး အတွင်းတွင် စက်ဆီနံ့များဖြင့် ပြည့်နှက်နေကာ ပျံသန်းနေစဉ်အတွင်း အဆက်မပြတ် ခါယမ်းနေသည်။

လော်ယွမ်က ကျန်းမာတောက်ဓားကို ထုတ်လိုက်ပြီး မြေပြင်ပေါ်မှ ဆီစွန်းနေသော အဝတ်စုတ်တစ်စကို ယူကာ ဓားသွားကို ဖြည်းညင်းစွာ သုတ်သင်ရင်း စိတ်ထဲမှ ဖိအားများကို ဖြေလျှော့နေသည်။

ဒင်... Dအဆင့်မစ်ရှင် - ရှာဖွေရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ပစ္စည်းကိရိယာများကို ကယ်ဆယ်ယယူဆောင်လာရန်။

မစ်ရှင်လိုအပ်ချက် - အဖွဲ့ဝင် ဆယ်ဦးထက်မနည်း ကယ်ဆယ်နိုင်ရမည်ဖြစ်ပြီး ပစ္စည်းကိရိယာများကို အခြေစိုက်စခန်းသို့ ဘေးကင်းစွာ သယ်ဆောင်လာရမည်။

အချိန်ကန့်သတ်ချက် - ဆယ့်နှစ်နာရီ။

ဤသည်မှာလည်း လော်ယွမ်က တောင်းဆိုမှုပြုလုပ်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ဤတစ်ကြိမ်မှာ အလွန်အန္တရာယ်များလှပြီး စွန့်စားရမည့် အခြေအနေမှာ ကြီးမားလှသည်။ အဆင့် (D) မစ်ရှင်၏ အန္တရာယ်အဆင့်မှာ အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ညီမျှ၏။ ယခုအချိန်အထိ လော်ယွမ်သည် အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါနှင့် နှစ်ကြိမ်သာ ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် အဝေးမှသာ ကြည့်ရဲပြီး အနားသို့ မကပ်ဝံ့ခဲ့ချေ။

တစ်ကြိမ်မှာ မီးတောင်ပေါက်ကွဲမှုမှ ချော်ရည်များဖြင့် လောင်ကျွမ်းသေဆုံးသွားသော မိုးထိအပင်ကြီး ဖြစ်သည်။

ဒုတိယအကြိမ်မှာမူ ကြောက်မက်ဖွယ်ရာ လိပ်ဘီလူးဖြစ်ပြီး အဝေးမှသာ မြင်တွေ့ခဲ့ရသည်။

အမျိုးအစားတစ်ခုချင်းစီတိုင်းမှာ စိတ်ကူးထဲတွင်ပင် မမှန်းဆနိုင်လောက်အောင် အစွမ်းထက်လှသည်။ ယခု သူ၏အစွမ်းများ သိသိသာသာ တိုးတက်လာပြီဖြစ်သော်လည်း ထိုကဲ့သို့သော သတ္တဝါမျိုးနှင့် ရင်ဆိုင်ရမည်ကို တွေးမိသောအခါ ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

ကံကောင်းသည်မှာ ဤတစ်ကြိမ်တွင် သူတစ်ဦးတည်း မဟုတ်ခြင်းပင်။ ဝမ်ရှီရှီအပါအဝင် အခြားဆင့်ကဲပြောင်းလဲသူသုံးဦး ပါဝင်သည့်အပြင် ဤစစ်ရဟတ်ယာဉ်မှာလည်း ကြီးမားသော အထောက်အကူတစ်ခု ဖြစ်သည်။ အစောပိုင်းက ဝင်လာစဉ် လော်ယွမ် တစ်ချက်လှမ်းကြည့်လိုက်ရာ ဤရဟတ်ယာဉ်က လက်နက်တိုက်တစ်ခုလိုပင် ဖြစ်နေသည်။ ထိန်းချုပ်ရေးအမျိုးအစားဒုံးကျည်လေးစင်း တပ်ဆင်ထားသည့်အပြင် သာမန်ဒုံးကျည်များ၊ ဘက်စုံသုံး ဒုံးကျည်ပစ်လွှတ်စင်များ၊ စက်အမြောက်များ စသည့် လက်နက်ကိရိယာများ အစုံအလင် တပ်ဆင်ထား၏။

ကမ္ဘာမပျက်မီက လက်နက်များ၏ အစွမ်းဖြင့်ပင် ခန့်မှန်းကြည့်ပါက အစွမ်းကုန်ပစ်ခတ်လိုက်လျှင် သာမန်အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ပေ။

"ငါ့စိတ်ထဲမှာ တော်တော်လေးနေတယ်... မျက်ခမ်းတွေလည်း တစ်ချိန်လုံး လှုပ်နေတယ်" ဝတုတ်ရှဲ့က ရုတ်တရက် သက်ပြင်းချကာ ဆိုသည်။ "ငါ့ရဲ့ခံစားချက်က တစ်ခါမှ မမှားဖူးဘူး... ဒီတစ်ခါအန္တရာယ်က တော်တော်ကြီးလောက်တယ်"

"အဲ့တာက ရှင့်ဘာသာ ကြောက်နေလို့နေမှာပေါ့... ကျွန်မတော့ ဘာမှမလှုပ်ပါဘူး" ဝမ်ရှီရှီက ဤကတုံးပြောင်နှင့် လော်ယွမ်မှာ သိပ်အဆင်မပြေကြောင်း သိသောကြောင့် ချက်ချင်းပင် လှောင်ရယ်လိုက်သည်။

ဝတုတ်ရှဲ့က ဝမ်ရှီရှီကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသထွက်ခြင်း၊ ပြန်လည်ချေပခြင်း မပြုဘဲ ခေါင်းခါလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် "မင်း နားလည်မှာမဟုတ်ပါဘူး"

လော်ယွမ်က ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဝတုတ်ရှဲ့ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ပုံစံရှိသည့် လူတစ်ဦးက အန္တရာယ်ကို ဤမျှ အာရုံခံလွယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက အမြဲတစေ တိတ်ဆိတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးကို ကြည့်လိုက်ပြီး ခဏစဉ်းစားကာ "ဒီခရီးက တကယ်ပဲ အရမ်းအန္တရာယ်များနိုင်တယ်... အားလုံးကြိုတင်ပြင်ဆင်ထားလို့ရအောင်... ကိုယ့်ရဲ့စွမ်းရည်နဲ့ အစွမ်းတွေကို ပြောပြထားသင့်တယ်လို့ ငါထင်တယ်"

ဝတုတ်ရှဲ့က သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်မှ စစ်သားများကိုပင် မရှောင်ဘဲ "ကျွန်တော် အရင်ပြောမယ်... ကျွန်တော့်ရဲ့ ဆင့်ကဲပြောင်းလဲအစွမ်းက ဘာအမျိုးအစားလဲတော့ မသိဘူး... အားလုံးက ကိုယ့်ဘာသာ စမ်းသပ်ရှာဖွေထားတာတွေပဲ... ကျွန်တော့်ခန္ဓာကိုယ်က ပုံစံ၂မျိုးပြောင်းလို့ရတယ်... တစ်မျိုးက အခုအားလုံးမြင်နေရတဲ့ သာမန်ပုံစံ... နောက်တစ်မျိုးက တိုက်ပွဲဝင်ပုံစံပဲ... အဲ့ဒီအခါကျရင် တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတွေက အရည်လို ဖြစ်သွားပြီး အရေပြားကိုဖောက်ထွက်ပြး ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှာ မာကျောတဲ့ အခွံမာအလွှာတစ်ခု ဖြစ်ပေါ်လာတယ်... အဲ့လိုအခြေအနေမှာ ခံစစ်နဲ့အလျင်က အသားကုန် တိုးသွားပြီး အရင်က အဆင်လေး သတ္တဝါတစ်ကောင်ကိုတောင် သတ်ဖူးတယ်"

လော်ယွမ်က ဝမ်ရှီရှီကို မျက်ရိပ်ပြလိုက်ရာ ဝမ်ရှီရှီက ဝတုတ်ရှဲ့ကို မျက်စောင်းထိုးလိုက်ပြီး ချစ်စဖွယ်အသံဖြင့် ကြွားဝါလိုက်သည်။ "ကျွန်မရဲ့ အစွမ်းကတော့ ရိုးရိုးလေးပဲ... စိတ်စွမ်းအင်လေ... ကျွန်မလည်း အဆင့်လေး သန္ဓေပြောင်းသတ္တဝါကို သတ်ဖူးတယ်... ဒါပေမဲ့ အရေအတွက်ကတော့ ရေတွက်လို့တောင် မရတော့ဘူး"

ဝတုတ်ရှဲ့က ဝမ်ရှီရှီကို အံ့ဩစွာ ကြည့်လိုက်သည်။ ဤကဲ့သို့ နုနယ်လှသော ကောင်မလေးတစ်ယောက်က ဤမျှအစွမ်းထက်လိမ့်မည်ဟု သူ မယုံနိုင်ဖြစ်နေသည်။ စစ်သားများပင် လှည့်ကြည့်လာပြီး တိတ်တဆိတ် အံ့အားသင့်နေကြသည်။

"ငါက မြေဓာတ်နဲ့သက်ဆိုင်တဲ့ အစွမ်းရှိတယ်... အစွမ်းသုံးလိုက်ရင် တုန်ခါလှိုင်းတွေ ထုတ်လွှတ်နိုင်ပြီး အဲ့တာနဲ့ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါကို သတ်ဖူးတယ်" လော်ယွမ်ကလည်း အကြမ်းဖျင်း မိတ်ဆက်လိုက်သည်။

ပတ်ဝန်းကျင်မှ အသက်ရှူမှားသံများ ထွက်ပေါ်လာသည်။ ဝတုတ်ရှဲ့ပင်လျှင် လော်ယွမ်ကို ကြည့်သောပြီး အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေသည်။ အဆင့်လေးနှင့် အဆင့်ငါးမှာ အဆင့်တစ်ဆင့်သာ ကွာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အစွမ်းကွာခြားချက်မှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ ကြီးမားလှပြီး လုံးဝနှိုင်းယှဉ်၍မရချေ။ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ အစွမ်းက အဆင့်လေးအုပ်စုတစ်စုကိုပင် လျစ်လျူရှုနိုင်စွမ်းရှိသည်။

ဝတုတ်ရှဲ့မှာ လွန်ခဲ့သော ရက်အနည်းငယ်က မိမိကိုယ်ကို အထင်ကြီးခဲ့သည်ကို ပြန်တွေးမိသောအခါ ခြေလက်များပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ ထိုစဉ်က တကယ့်ပဋိပက္ခ မဖြစ်ပွားခဲ့ခြင်းပင်။

နောက်ဆုံးတွင် ထိုအမျိုးသမီးတစ်ဦးသာ ကျန်တော့သည်။ သူမ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေပြီး လက်ချောင်းများက အဝတ်စကို မကြာခဏ လိမ်ကျစ်နေသည်။ အားအလွန်ပါသောကြောင့် အကြောစိမ်းများပင် ထောင်ထနေသည်။ သူ မ တုံ့ဆိုင်းနေပြီးနောက် ခက်ခက်ခဲခဲ ပြောထွက်လာသည်။ "ကျွန်မရဲ့စွမ်းရည်က စိတ်ထိန်းချုပ်တာနဲ့ ဆင်တူတယ်... အဆင့်ငါး သန္ဓေပြောင်းသတတ္တဝါတစ်ကောင်ကို ခဏလောက် ထိန်းချုပ်နိုင်တယ်"

လော်ယွမ်အပါအဝင် အားလုံး တုန်လှုပ်သွားကြသည်။ စစ်သားအချို့မှာမူ မျက်နှာများပင် ပျက်ယွင်းသွားပြီး လက်များက မသိစိတ်ဖြင့် သေနတ်ဒင်များကို တင်းတင်းဆုပ်ကိုင်မိလိုက်ကြသည်။

စိတ်ထိန်းချုပ်ခြင်း... ဤစွမ်းရည်မှာ ကြားလိုက်ရုံဖြင့်ပင် မကောင်းဆိုးဝါးဆန်လှသည်။ ဤကဲ့သို့ တိတ်ဆိတ်စွာနေတတ်သော အမျိုးသမီးက ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ဤစွမ်းရည်သာ ကြီးထွားလာပါက နောက်ဆက်တွဲအကျိုးဆက်မှာ စဉ်းစား၍ပင် မရနိုင်ချေ။

"အားလုံး အထင်မလွဲကြပါနဲ့... ကျွန်မက အသိဉာဏ်နည်းတဲ့ သက်ရှိတွေကိုပဲ ထိန်းချုပ်နိုင်တာပါ" လူအားလုံး၏ ကြောက်ရွံ့ထိတ်လန့်ပြီး ရှောင်ဖယ်နေသော အကြည့်များကို မြင်သောအခါ ထိုအမျိုးသမီးက သက်ပြင်းချလိုက်ပြီးနောက် တိတ်ဆိတ်စွာဖြင့် သူမ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် ပြန်လည်နစ်မြုပ်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၁၉၀)စစ်မီးလျှံများ

သူမ၏ ရှင်းပြချက်က သိသာထင်ရှားစွာပင် အရာမထင်ခဲ့ပေ။ သို့မဟုတ် ထိုစကားများကို မည်သူတစ်ဦးတစ်ယောက်ကမျှ အမှန်တကယ် မယုံရဲကြဟု ဆိုရမည်။ လော်ယွမ်ကိုယ်တိုင်ပင်လျှင် သံသယအနည်းငယ် ဝင်နေမိသည်။

လူတိုင်း၏စိတ်ကို မခန့်မှန်းနိုင်တော့သည့် ဤကမ္ဘာပျက်ကာလကြီးထဲတွင် ခက်ခက်ခဲခဲ အသက်ရှင်နေရသူများအဖို့ မည်မျှပင် ရိုးသားဖြောင့်မတ်သူ ဖြစ်စေကာမူ မိမိ၏ အစွမ်းအစ အားလုံးကို မိုက်မိုက်မဲမဲ ထုတ်ဖော်ပြောလိမ့်မည်မဟုတ်ပေ။ မိမိတို့၏အစွမ်းအစများကို မိတ်ဆက်သောအခါ လျှို့ဝှက်ထားသင့်သည်ကို လျှို့ဝှက်ထားတတ်ကြသည်။ ဥပမာ လော်ယွမ်ဆိုလျှင် သူ၏ဆင့်ကဲပြောင်းလဲအစွမ်းဖြစ်သည့် မြေဓာတ်အကြောင်းသာ ပြောခဲ့ပြီး သူ၏ အဓိကအကျွမ်းကျင်ဆုံးနှင့် အားသာချက်က ဓားပညာဖြစ်ကြောင်း ချန်ထားခဲ့သလို မြေဓာတ်အစွမ်း၏ အားနည်းချက်ကြီးကိုလည်း လုံးဝဖွင့်ဟခဲ့ခြင်းမရှိပေ။

မိမိကိုယ်ကို ပမာဏထား၍ ကြည့်လျှင်ပင် ယုံကြည်မှုဆိုသည်မှာ အလွန်ခက်ခဲသော အရာတစ်ခုဖြစ်၏။ ထို့အပြင် တစ်ဖက်လူ၏ ကျေးကျွန်သဖွယ် ချယ်လှယ်ခံရနိုင်သည့် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အစွမ်းမျိုးက လူတိုင်း၏စိတ်ထဲတွင် သံသယနှင့် ကြောက်ရွံ့မှုကို ပို၍နက်ရှိုင်းစေခဲ့သည်။

ဝမ်ရှီရှီက အလိုအလျောက်ပင် လော်ယွမ်ရှိရာဘက်သို့ အနည်းငယ်တိုးကပ်သွားပြီး ထိုလျှို့ဝှက်ဆန်းကြယ်ပုံရသော အမျိုးသမီးကို တိတ်တဆိတ် အကဲခတ်နေ၏။ သူမ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များဖြင့် တလက်လက်တောက်ပနေသည်။ စစ်သားအချို့ကလည်း ထိုနေရာကို သတိကြီးစွာဖြင့် မကြာခဏ လှမ်းကြည့်နေကြသည်။

အခြေအနေက မကောင်းဘဲ စိတ်ဓာတ်များ ကျဆင်းနေကြသည်။ ဒုဗိုလ်အဆင့်ရှိ အရာခံဗိုလ်တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းရန် ကြိုးစားလိုက်သည်။ "မုဝမ်ဝမ်...မင်းကို တခြားအဖွဲ့က ခေါ်လာခဲ့တာလို့ ငါကြားတယ်... ဒီအတောအတွင်း မင်းရဲ့လုပ်ဆောင်မှုတွေကလည်း မဆိုးဘူး... ဒါကိုကြည့်ရင် မင်းကယုံကြည်ထိုက်တဲ့ လူတစ်ယောက်ပဲ... အစွမ်းကအစွမ်းပဲလေ... အဲ့တာကိုသုံးပြီး မကောင်းမှုမလုပ်သရွေ့ အစွမ်းကောင်းတစ်ခုဖြစ်နေမှာပဲ... ဘာမှကြောက်စရာမလိုပါဘူး... ပြန်လည်တည်ဆောက်ရေးဇုန်မှာ စည်းမျဉ်းဥပဒေတွေ ရှိတယ်... လူကောင်းတစ်ယောက်ကို အပြစ်မတင်သလို လူဆိုးတစ်ယောက်ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး"

မုဝမ်ဝမ်ဟုခေါ်သော ထိုလျှို့ဝှက်ဆန်းကြယ်သည့် မိန်းမက စကားတစ်ခွန်းမျှမဆိုဘဲ ခေါင်းမော့၍ တစ်ချက်သာ ဝေ့ကြည့်လိုက်သည်။ ကြယ်တာရာများကဲ့သို့ တောက်ပနေသော သူမ၏ မျက်ဝန်းများက မြင်ရသူကိုပင် စိတ်မငြိမ်မသက် ဖြစ်သွားစေပြီး လူတိုင်းအပေါ် အထင်အရှား စွဲကျန်ရစ်စေခဲ့သည်။ ထို့နောက် သူမသည် ခေါင်းပြန်ငုံ့လိုက်ရာ တောက်ပသောမျက်ဝန်းများမှာ ရှုပ်ပွနေသော ဆံပင်များအောက်တွင် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

လော်ယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း အသိစိတ်လွတ်သွားသလို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် ထပ်ကြည့်ချင်စိတ်ကိုပင် စိတ်ထဲတွင် တားမရအောင် ဖြစ်ပေါ်လာသည်။ သို့သော် နောက်တစ်ခဏတွင် သူ၏စိတ်ထဲ၌ အံ့အားသင့်သွားကာ မိမိကိုယ်ကို အလျှင်အမြန် သတိပြန်ပေးလိုက်ရ၏။

ဤအမျိုးသမီးသည် ယခင်က အလွန်အေးဆေးစွာ နေထိုင်ခဲ့ပြီး လူမသိသူမသိဖြစ်ကာ အထီးကျန်ဆန်သော စရိုက်ရှိပုံရသည်။ ဤတစ်ကြိမ် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းသာမရှိပါက အမျိုးသမီးအဆောင်တွင် ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ပုန်းအောင်းနေမှန်း လော်ယွမ် သိလိုက်မည်မဟုတ်ပေ။

ဤသည်မှာ သူပထမဆုံးအကြိမ် တွေ့ဖူးသည့် အလွန်စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူ ဖြစ်သည်။ ဝမ်ရှီရှီထက်ပင် ပို၍အစွမ်းထက်၏။ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါသတ္တဝါ (အစိမ်းနုရောင်အဆင့်) ဆိုသည်မှာ သာမန်သတ္တဝါမဟုတ်ပေ။ ယနေ့အချိန်အထိ သူကိုယ်တိုင်ပင် တစ်ကောင်တည်းသာ သတ်ဖူးသေးသည်။ ထိုတစ်ကြိမ်ကလည်း သေမင်းနှင့် အတူ ကခုန်နေရသလို အလွန်အမင်း အန္တရာယ်များခဲ့သည်။

သို့သော် မုဝမ်ဝမ်ဟုခေါ်သော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးကမူ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကို ထိန်းချုပ်နိုင်စွမ်းရှိနေသည်။ အချိန်တိုလေးသာဖြစ်စေဦးတော့၊ ထိုအချက်ကပင် သူ့ကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။

လက်ရှိမစ်ရှင်၏ အန္တရာယ်ကို ထည့်သွင်းစဉ်းစားပြီးနောက် လော်ယွမ်က တစ်ချက်တွေဝေသွားပြီးနောက် ဖွင့်မေးလိုက်သည်။ "အမမု... ခင်ဗျားရဲ့အစွမ်းက တစ်ကယ်မြင့်တာပဲ... တိုက်ပွဲမှာ အရမ်းအသုံးဝင်မှာသေချာတယ်... ကျွန်တော့်ကို နည်းနည်းလောက် အသေးစိတ် ပြောပြလို့ရမလား... တိုက်ပွဲဖြစ်တဲ့အခါကျရင် ကျွန်တော်နဲ့အတူ လက်တွဲတိုက်ခိုက်လို့ရအောင်လေ"

အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသာ သူနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင်၊ သန္ဓေပြောင်းသတ္တဝါကို အချိန်ခဏတာ ထိန်းချုပ်ပေးရုံမျှဖြင့် သူ၏အလွန်လျင်မြန်သော လှုပ်ရှားမှုအစွမ်းနှင့်ဆိုပါက အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများမှာ လာသမျှ အကုန်သေမည်သာဖြစ်သည်။ အကယ်၍ သူမသာ အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါကို ခဏတာ ထိန်းချုပ်နိုင်ခဲ့လျှင် ဤမစ်ရှင်က အောင်မြင်ပြီးသားဟုပင် ဆိုနိုင်တော့မည်။

လော်ယွမ်ကဲ့သို့ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူက သူမအပေါ် အထင်ကြီးလေးစားမှု ရှိနေသောကြောင့် ဖြစ်မည်၊ ဤတစ်ကြိမ်တွင်တော့ သူမက တိတ်ဆိတ်မနေတော့ပေ။ သူမက ခေါင်းငုံ့ကာ ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းကိုဆက်ငုံ့ထားရင်းပင် ခပ်တိုးတိုးဆို၏။ "တစ်ကယ်တော့ ကျွန်မက အဆင့်၅သန္ဓေပြောင်းသတ္တဝါကို ထိန်းချုပ်ဖို့ တော်တော်ခက်တယ်... ဒေါသထွက်၊ စိတ်ရူးပေါက်နေတဲ့သတ္တဝါမျိုးဆိုရင် ထိန်းချုပ်လို့မရဘူး... ထိန်းချုပ်လို့ရရင်တောင် ခဏလေးနဲ့ ရုန်းထွက်သွားနိုင်တယ်... သတ္တဝါကသာမန်အခြေအနေဆိုရင်တောင် ကျွန်မသူတို့က အများဆုံး မိနစ်ဝက်လောက်ပဲ ထိန်းချုပ်နိုင်တာ"

အသံအရဆိုလျှင် သူမက အသက်သိပ်မကြီးသေး။ အသက်နှစ်ဆယ်နှင့် သုံးဆယ်ကြားလောက်သာ ရှိမည်ဖြစ်ပြီး အသံမှာ ကြည်လင်သာယာလှသည်။

"ကျွန်မရဲ့အစွမ်းက စိတ်ညှို့ပညာလိုမျိုးပဲ... သူ့ကိုအသုံးပြုဖို့ လိုအပ်ချက်တွေလည်း အများကြီးပဲ... အဆင့်လေး သန္ဓေပြောင်းသတ္တဝါဆိုရင်တော့ ထိန်းချုပ်ရပိုလွယ်ပြီး အချိန်လည်းပိုကြာတယ်" မုဝမ်ဝမ်က ဖြည်းဖြည်းချင်း ဆက်ပြောသည်။

"အဆင့်ခြောက်ဆိုရင်ရော" လော်ယွမ်၏ နှလုံးခုန်သံများ အနည်းငယ် မြန်ဆန်လာသည်။

"ကျွန်မ အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါနဲ့ တစ်ခါမှမကြုံဖူးသေးဘူး... ဒါပေမဲ့ မဖြစ်နိုင်လောက်ဘူးလို့ ထင်တယ်... အဲ့အစွမ်းတစ်ခါသုံးတိုင်း ခေါင်းတွေကိုက်လာတာ... အဆင့်ငါး သန္ဓေပြောင်းသတ္တဝါဆိုရင်တောင် တော်တော်အားစိုက်နေရပြီ... အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါတွေရဲ့ စိတ်ကပိုပြီး ရှုပ်ထွေးတယ်လေ... သူတို့ကို အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားရင် ကျွန်မဦးနှောက်သေသွားနိုင်တယ်... တကယ်တော့ လူတွေလည်း ဒီလိုပါပဲ... လူတွေရဲ့စိတ်က အရမ်းရှုပ်ထွေးပြီး စိတ်ခွန်အားကလည်း ပိုပြင်းထန်တယ်... အဆင့်ငါး သန္ဓေပြောင်းသတ္တဝါထက် အဆတစ်ရာလောက် ပိုအားကြီးတယ်... ဒါကြောင့် အခုလိုစိုးရိမ်နေတာတွေက တကယ်တော့ မလိုအပ်ပါဘူး" မုဝမ်ဝမ်က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။

အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါကို ထိန်းချုပ်နိုင်ခြင်းမရှိမှန်း သိလိုက်ရသောအခါ လော်ယွမ်က အနည်းငယ် စိတ်ပျက်သွားပြီး ထပ်မေးလိုက်သည်။ "ခင်ဗျား တစ်ကြိမ်ကို အများဆုံး ဘယ်နှစ်ကောင်ထိန်းချုပ်နိုင်လဲ"

"တစ်ကောင်တည်းပါ" မုဝမ်ဝမ်က ဆို၏။

"ခင်ဗျားရဲ့အစွမ်းအင်ကုန်ခမ်းမှုကရော... ကျွန်တော်က ခင်ဗျားကို သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သုံးစက္ကန့် ထိန်းချုပ်ခိုင်းရင် ဘယ်နှစ်ကောင်လောက် ဆက်တိုက်ထိန်းချုပ်နိုင်မလဲ" လော်ယွမ်က စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။

"ကျွန်မလည်း သေချာမသိဘူး... စမ်းကြည့်မှပဲသိရမှာ... ဘာလို့လဲဆိုတော့ ကျွန်မ တစ်ခါမှ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါ အများကြီးနဲ့ မကြုံဖူးဘူး... ရှင်သိချင်တာရှိသေးလား" မုဝမ်ဝမ်က အခြေအနေ ထိုမျှလောက်ဆိုးရွားလိမ့်မည်ဟု မထင်ပေ။ မည်မျှစိတ်ကောင်းရှိစေကာမူ လော်ယွမ်က သူမ၏ အလွန်ကိုယ်ရေးကိုယ်တာဆန်သော အစွမ်းအစကို ဤသို့ အသေးစိတ်စစ်ဆေးမေးမြန်းနေသည်ကို စိတ်မရှည်နိုင်တော့ဘဲ လော်ယွမ်အား မော့ကြည့်လိုက်မိသည်။

"ခုလိုမေးရတာက လာမယ့်တိုက်ပွဲမှာ အားလုံးအန္တရာယ်ကင်းနိုင်အောင်လို့ပဲ... တိုက်ပွဲကျရင် ခင်ဗျားကျွန်တော်နဲ့ အတူလက်တွဲတိုက်ခိုက်နိုင်ဖို့ မျှော်လင့်တယ်" လော်ယွမ်က သူမ၏တောက်ပသော မျက်လုံးများကို စူးစိုက်ကြည့်နေရင်း တစ်ဖက်သူ၏ ဖုန်မှုန့်များပေကျံနေသော မျက်နှာပေါ်တွင် ရှက်သွေးဖြန်းသွားသည်အထိ ကြည့်ပြီးမှ စကားဆိုလိုက်သည်။

မုဝမ်ဝမ်က "ဟွန့်" ဟု မကျေနပ်သံတစ်ခုပြုကာ ခေါင်းငုံ့၍ တိတ်ဆိတ်သွားသည်။

လူတိုင်းက လော်ယွမ်သည် အနည်းငယ် အပိုလုပ်နေသည်ဟု ထင်ကြသည်။ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါဆိုသည်မှာ လမ်းဘေးက အမှိုက်များမဟုတ်သလို နေရာတကာ တွေ့မြင်နိုင်သည့်အရာလည်းမဟုတ်ပေ။ သူတို့လို စစ်သားများပင်လျှင် များများစားစား မမြင်ဖူးကြပေ။ ဤစခန်းသည် လွန်ခဲ့သောနှစ်လအတွင်း အဆင့်ငါး သန္ဓေပြောင်းသတ္တဝါ ခုနစ်ကောင်နှင့် အဆင့်ခြောက် တစ်ကောင်ကိုသာ သုတ်သင်နိုင်ခဲ့သည်။ ဤသည်မှာပင် ပတ်ဝန်းကျင်ဒေသများကို စနစ်တကျရှင်းလင်းပြီး စခန်းအား ခြိမ်းခြောက်နိုင်သည့် အရာများကို လျှော့ချရန် ကြိုးပမ်းခဲ့သည့် ရလဒ်ဖြစ်သည်။

စစ်ရဟတ်ယာဉ်က အလွန်မြန်ဆန်လှသည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် လေယာဉ်မှူးက တည်နေရာသို့ ရောက်တော့မည်ဖြစ်ကြောင်း သတိပေးလာသည်။

"အားလုံး အသင့်ပြင်ထားပါ... လူတိုင်း ကိုယ့်လေထီးကို သေချာကိုင်ထားကြတာ အကောင်းဆုံးပဲ" ဒုဗိုလ်က သတိပေးလိုက်သည်။

"ရဟတ်ယာဉ်က မြေပေါ်မဆင်းဘူးလား" ဝတုတ်ရှဲ့က လန့်ဖြန့်ကာ မေးလိုက်သည်။

လော်ယွမ်မှလွဲ၍ ကျန်လူများအားလုံး အနည်းငယ် ထိတ်လန့်နေကြသည်။ ကောင်းကင်အမြင့်ကြီးပေါ်မှ ခုန်ချရမည်ဆိုသည်မှာ လူတိုင်း တည်ငြိမ်စွာ လက်ခံနိုင်သည့် အရာမဟုတ်ပေ။

"ဒါက အရေးပေါ်အခြေအနေအတွက်ပြောတာပါ... အားလုံးကျောပိုးအိပ်တွေ အသင့်လွယ်ထားကြ... ဒီမနက်တင် ရဟတ်ယာဉ်တစ်စီးပျက်ကျသွားတယ်လေ... ရေနေသတ္တဝါတွေမှာရှိနေနိုင်တဲ့ အဝေးရောက် တိုက်ခိုက်ရေးနည်းလမ်းတွေအတွက် ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ထားလို့လိုတယ်" ဒုဗိုလ်က ရှင်းပြသည်။

လူအများ၏စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသော်လည်း တစ်ဖန်ပြန်၍ တင်းကျပ်လာသည်။ စစ်ရဟတ်ယာဉ်၏ အတွင်းပိုင်းသည် ကျဉ်းမြောင်းပြီး ဆီသွပ်ဗူးတစ်ဗူးလို အလုံပိတ်ထားသဖြင့် အပြင်ဘက်အခြေအနေကို လုံးဝမသိနိုင်ဘဲ ကံတရားကိုသာ အားကိုးထိုင်နေရသည်။

"ပစ်မှတ်အဆောက်အအုံကို ကျွန်တော်တွေ့ပြီ... လက်ရှိအခြေအနေက ထိန်းချုပ်နိုင်ထားသေးတယ်... လေယာဉ်ဆင်းတော့မယ်... လေယာဉ်ဆင်းတော့မယ်" လေယာဉ်မှူးက အသံကျယ်စွာ ပြောလိုက်သည်။ "ဟမ်... နေဦး... ဟိုဘက်မှာ ပြဿနာလေးတစ်ခုရှိနေတယ်... အခုပဲဖြေရှင်းလိုက်မယ်"

ရဟတ်ယာဉ်ကိုယ်ထည်သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး တစ်ဖက်သို့ စောင်းသွားသည်။ ထို့နောက် ပိတ်စကို ဆွဲဖြဲလိုက်သကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။

စက်အမြောက်များက ပစ်ခတ်မြည်ဟည်းနေပြီးနောက် ပေါက်ကွဲသံကြီးနှစ်ခုနှင့်အတူ ဧရာမသတ္တဝါကြီး၏ သင်္ဘောဥဩဆွဲသံကဲ့သို့ ဟိန်းဟောက်သံကြီးကိုပါ ကြားလိုက်ရသည်။

"ပြဿနာရှင်းသွားပြီ... ပတ်ဝန်းကျင်အခြေအနေ လုံခြုံတယ်... လေယာဉ်ဆင်းတော့မယ်" လေယာဉ်မှူးက အလျင်အမြန်ဆိုသည်။

လူတိုင်း သက်ပြင်းတစ်ချက်ချနိုင်သွားကြသည်။

လော်ယွမ်က ကျန်းမာတောက်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ စက္ကန့်သုံးဆယ်ခန့်အကြာတွင် ရဟတ်ယာဉ်ကိုယ်ထည်တစ်ချက်တုန်ခါသွားပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ ထို့နောက် တံခါးကို စစ်သားအချို့က ဖွင့်လိုက်ရာ လူများ တန်းစီ၍ ဆင်းလာကြသည်။ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ရဟတ်ယာဉ်၏ ပန်ကာများက အရှိန်မြှင့်လည်ပတ်ကာ ကောင်းကင်သို့ တစ်ဖန်ပြန်တက်သွားတော့သည်။

ဤနေရာသည် ယခင်က မှန်ခန်းမဆောင်ကြီး ဖြစ်ဟန်တူပြီး ခေါင်းပေါ်တွင် သံမဏိချောင်း အကြွင်းအကျန်များ၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မှန်ကွဲစများနှင့် ဆွေးမြေ့နေသော မဂ္ဂဇင်းများ ရှိနေသည်။ လော်ယွမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ တစ်ချက်ဝေ့ကြည့်လိုက်သည်။

"အမြန်... အမြန်... ကျွန်တော့်နောက်လိုက်ခဲ့ကြ... သူတို့အားလုံးက ဟိုဘက်မှာ" ဒုဗိုလ်က အသံကျယ်လောင်စွာ အော်ရင်း ပျက်စီးနေသော တံခါးမကြီးကိုဖြတ်၍ အပြင်သို့ ဦးစွာ ပြေးထွက်သွားသည်။

လော်ယွမ်နှင့် အခြားသူများက နောက်မှ တောက်လျှောက်လိုက်ပါသွားကြသည်။ မလှမ်းမကမ်းမှ ပေါက်ကွဲသံကြီးများနှင့် ဧရာမသတ္တဝါကြီးများ၏ ဟိန်းဟောက်သံများ အဆက်မပြတ်ထွက်ပေါ်နေရာ တိုက်ပွဲအခြေအနေ အလွန်ပြင်းထန်နေမှန်း သိသာလှသည်။

ထိုစစ်သားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် အလွန်ကောင်းမွန်ပြီး ဟော်တုံတို့အဖွဲ့နှင့်ပင် သိပ်မကွာခြားလှပေ။ သူတို့၏ ကာယစွမ်းအားမှာ ဆယ့်နှစ်မှတ်ဝန်းကျင်တွင် ရှိနေကြသည်။ ထူထဲပြီး မည်သည့်အသားဖြင့် ပြုလုပ်ထားမှန်းမသိသော ဓားဒဏ်ခံနိုင်သည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးလံသော သေနတ်ကျည်ဆန်များကို သယ်ဆောင်ထားသော်လည်း သူတို့၏အမြန်နှုန်းမှာ မီတာတစ်ရာအပြေးသမားတစ်ဦးပမာပင်။ လော်ယွမ်သာ ဝမ်ရှီရှီကို ဆွဲခေါ်မလာပါက သူမ ဟိုးနောက်တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။

မုဝမ်ဝမ်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာလည်း မညံ့ပုံရပြီး အေးဆေးစွာ လိုက်ပါနေသည်။ ဝတုတ်ရှဲ့၏ ဆင့်ကဲပြောင်းလဲမှုက ကာယပိုင်းဆိုင်ရာဖြစ်သောကြောင့် ပြောစရာမလိုတော့ပေ။

သူတို့အဖွဲ့က အခြားအဆောက်အအုံတစ်ခုဆီသို့ အမြန်ပြေးလွှားသွားကြသည်။ ဤနေရာသည် အလွန်ကျယ်ဝန်းပြီး မြေပြင်ကို ဘိလပ်မြေလောင်းထားကာ ယခုအခါတွင် မြက်ပင်များသာ ကျိုးတိုးကျဲတဲ ပေါက်နေသည်။ ဤနေရာသည် ယခင်က ပန်းခြံတစ်ခုဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ ကောင်းမွန်စွာ တည်ရှိနေသေးပြီး မှန်အချို့မှလွဲ၍ ပျက်စီးမှုနည်းပါးလှရာ တည်ဆောက်စဉ်က အရည်အသွေးမြင့်မားခဲ့ကြောင်း သိသာသည်။

"ဒီနေရာက ဘယ်လိုနေရာလဲ" လော်ယွမ်က မေးလိုက်သည်။

"အရည်အသွေးမြင့်ကွန်ပျူတာစင်တာတစ်ခုလေ" ဒုဗိုလ်က အနည်းငယ်မောဟိုက်နေသောအသံဖြင့် ဖြေသည်။

"အဲ့ဒါက ဘာကြီးလဲဟင်" ဝမ်ရှီရှီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အရည်အသွေးမြင့်ကွန်ပျူတာတွေထားတဲ့နေရာပေါ့" ဒုဗိုလ်က ရှင်းပြသည်။

"ပြန်လည်တည်ဆောက်ရေးဇုန်မှာ ကွန်ပျူတာတွေ မထုတ်လုပ်နိုင်တော့ဘူးလား" ဝမ်ရှီရှီက အနည်းငယ်စိတ်ပျက်စွာ ဆိုသည်။

ဒုဗိုလ်သိသည်မှာလည်း နည်းပါးလှသောကြောင့် မည်သို့ရှင်းပြရမည် မသိဖြစ်သွားသည်။

"ကွန်ပျူတာလို အရာမျိုးတွေကို နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ထုတ်ရတာလေ... တရုတ်နိုင်ငံထုတ် ကွန်ပျူတာဆိုပေမယ့် အထဲက အစိတ်အပိုင်း အများစုက တစ်ခြားနိုင်ငံတွေကနေ တင်သွင်းရတာ... အဲ့တာတွေထဲမှာ အဓိကကျတဲ့ စီပီယူလို အရာမျိုးတွေလည်းပါတယ်... ဒါပေမဲ့အခုကုန်သွယ်ရေးတွေ ပြတ်တောက်သွားတော့ အရည်အသွေးနိမ့်တဲ့ အစားထိုးပစ္စည်းတွေ ပေါ်လာဖို့သေချာပေမယ့် လုပ်ဆောင်နိုင်စွမ်းက အရင်ခေတ်နဲ့ယှဉ်လို့မရတော့ဘူး... နည်းလုပ်ဆောင်ချက်ပိုမြင့်တဲ့ အရည်အသွေးမြင့်ကွန်ပျူတာတွေဆို ပိုဆိုးတာပေါ့"

"ဒီအရည်အသွေးမြင့်ကွန်ပျူတာတွေကို တန်ဖိုးဖြတ်မရတဲ့ ရတနာတွေလို့ ပြောလို့ရတယ်... ဒါတွေက သိပ္ပံနဲ့နည်းပညာဖွံဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့တွန်းအားနဲ့ အထောက်အကူပစ္စည်းတွေပဲ... သူတို့က အစားထိုးမရတဲ့ ပစ္စည်းတွေထက်တောင် တန်ဖိုးရှိသေးတယ် " ဝတုတ်ရှဲ့က နောက်မှ ပြေးလိုက်ရင်း ပြောလိုက်သည်။

သူသည် ယခင်က ဆော့ဖ်ဝဲကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ခဲ့ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးမဟုတ်သော်လည်း လုပ်ငန်းနယ်ပယ်မှ လူတစ်ဦးဟု ဆိုနိုင်ပြီး ကွန်ပျူတာလုပ်ငန်းအပေါ် အလွန်အကင်းပါးသူဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်ကွန်ပျူတာ၏ အရေးပါမှုကို သူကောင်းစွာသိသည်။ အရည်အသွေးမြင့်ကွန်ပျူတာများ၏ တွက်ချက်နိုင်စွမ်းက ထိုနိုင်ငံ၏ သိပ္ပံ၊နည်းပညာဖွံ့ဖြိုးမှုအဆင့်နှင့် အနာဂတ်အလားအလာကို ဖော်ပြနေတတ်သည်။

ထို့အပြင် ဤအရည်အသွေးမြင့်ကွန်ပျူတာစင်တာကို သူယခင်က လာရောက်လေ့လာဖူးသည်။ ထိုစဉ်က ဤနေရာတွင် အရည်အသွေးမြင့်ကွန်ပျူတာသုံးလုံးရှိပြီး ပတ်ဝန်းကျင်ဒေသတစ်ခုလုံး၏ အဆင့်မြင့်တွက်ချက်မှုဝန်ဆောင်မှုများနှင့် ဓာတ်ခွဲခန်းကြီးများ၏ သုတေသနလိုအပ်ချက်များကို ပံ့ပိုးပေးခဲ့သည်။

.........................................................

လူအချို့ နှစ်မိနစ်ခန့် ပြေးပြီးနောက် အဝေးမှ ပေါက်ကွဲသံများ ပိုမိုရှင်းလင်းစွာ ကြားလာရသည်။ လေထဲတွင် ကျည်ဆန်အချို့က "ဝှီးဝှီး" ဟူသောအသံဖြင့် ဖြတ်သန်းသွားသည်။ အစောပိုင်းက သူတို့စီးလာခဲ့သော စစ်ရဟတ်ယာဉ်သည် မလှမ်းမကမ်းရှိ ကောင်းကင်ယံတွင် ရပ်ဝဲနေပြီး စက်အမြောက်ပြောင်းဝကနေ မီးလျှံရှည်ကြီးနှစ်ခု ထွက်ပေါ်လာ၏။ ထိုမီးလျှံများမှာ မီးကြာပွတ်ရှည်ကြီး နှစ်ချောင်းအလား ကောင်းကင်တွင် ဝှေ့ယမ်းနေသည်။

ရှေ့တည့်တည့်တွင် ၂၆ပေခန့်မြင့်ပြီး တစ်ကိုယ်လုံး အဆူးတောင်များဖြင့် ဖုံးလွှမ်းနေသော ဧရာမသတ္တဝါကြီးတစ်ကောင်က ဒေါသတကြီး ဟိန်းဟောက်နေသည်။ ထို့နောက် သူ၏ဦးခေါင်းကို စက်အမြောက်များက ပြင်းထန်စွာ ထိမှန်သွားရာ မျက်စိကျိန်းလောက်အောင် တောက်ပသော မီးပွင့်များ ထွက်ပေါ်လာသည်။ ဤကဲ့သို့သော စက်အမြောက်ဖြင့် တစ်ချက်ပစ်ခတ်ခံရလျှင် ၁လက်မခန့်ထူသော သံမဏိပြားပင်လျှင် ချက်ချင်းပေါက်ပြဲသွားနိုင်ရာ ဆက်တိုက်ထိမှန်ခြင်းကိုမူ ပြောဖွယ်ရာမရှိတော့။ ဧရာမသတ္တဝါကြီး၏ အသားစများ လွင့်စင်သွားပြီး မျက်နှာမှာ တဖြည်းဖြည်း ပြောင်ရှင်းသွားသည်။ သုံးစက္ကန့်အတွင်းမှာပင် စားပွဲဝိုင်းအရွယ်အစားရှိသော ဦးခေါင်းကြီးတစ်ခုလုံးသည် ထိုအမြောက်ဆန်များ၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် လုံးဝ စုတ်ပြတ်သတ်သွားတော့သည်။

မြေပြင်ပေါ်တွင် တောင်ကုန်းငယ်လေးများပမာ သတ္တဝါအလောင်း ခုနစ်ကောင်၊ ရှစ်ကောင်ခန့် စုပုံနေပြီဖြစ်သည်။

ဤရဟတ်ယာဉ်အပြင် အနီးအနားတွင် အလိုလျောက် ပစ်ခတ်နိုင်သည့် အမြောက်ကားကြီးနှစ်စီး၊ ခြေလျင်တပ်သားတင်ယာဉ် သုံးစီးနှင့် မြေပြင်ပေါ်တွင် ယာယီဆောက်လုပ်ထားသော ကာကွယ်ရေးစခန်းတစ်ခုပင် ရှိနေသည်။ ဤလက်နက်အများစုမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ရံဖန်ရံခါမှသာ ပစ်ခတ်ကြရာ တိုက်ပွဲက ပြင်းထန်သည့်အဆင့်သို့ မရောက်သေးကြောင်း ထင်ရှားလှသည်။

လော်ယွမ်မှာ ကြက်သေသေလျက် ကြည့်နေမိတော့သည်။ ဤမျှအားကောင်းသော လက်နက်အင်အားရှိနေပါလျက် အဘယ့်ကြောင့် အကူအညီ လိုသေးသနည်း။

ဆက်ရန်...

အပိုင်း(၁၉၁)ဆိုးရွားလာသောအခြေအနေ

ဤကာကွယ်ရေးစခန်းမှ ပေ၃၃၀ခန့်အကွာတွင် ကြီးမားသော အင်ဂျင်နီယာသုံး စက်ပစ္စည်းများနှင့် ကွန်တိန်နာတင် ထရပ်ကားကြီးများသည် အဆောက်အအုံတစ်ခုကို ဝန်းရံကာ အလုပ်ရှုပ်စွာဖြင့် လုပ်ငန်းဆောင်ရွက်နေကြသည်။

အဆောက်အအုံ၏ နံရံတစ်ဖက်က အင်အားသုံး၍ ဖြိုခွဲခံထားရပြီး အတွင်း၌ စစ်သားများကဲ့သို့ စီတန်းထားသော ဧရာမ ကွန်ပျူတာဆာဗာကြီးများ ပေါ်ထွက်လာခဲ့သည်။ လော်ယွမ် လှမ်းကြည့်လိုက်ချိန်၌ ဆာဗာတစ်ခုကို စစ်သားအချို့က သံကြိုးများဖြင့် အကြမ်းပတမ်း ချည်နှောင်နေကြပြီးနောက် ဝန်ချီစက်ဖြင့် မကာ ကွန်တိန်နာထဲသို့ ထည့်လိုက်သည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရသည်။

လော်ယွမ်က မကြာမီမှာပင် ကာကွယ်ရေးစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ကာကွယ်ရေးစခန်းဟု ဆိုသော်လည်း တကယ်တမ်းတွင် ကျောက်တုံးကြီးအနည်းငယ်ကို စုပုံထားပြီး အပေါ်၌ အပေါ့စားနှင့် အလတ်စား လက်နက်အများအပြားကို တပ်ဆင်ကာ ရိုးရှင်းကြမ်းတမ်းသော ယာယီကာကွယ်ရေးစည်းတစ်ခုကို ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။

"ရဲဘော်ရှောင်ဖေး... ငါတို့လူအင်အားက ဒီလောက်နည်းနေတာကို ဘာလို့စစ်ရဟတ်ယာဉ် တစ်စီးပဲ ရောက်လာတာလဲ... ငါတောင်းထားတဲ့ ၈လက်မ ကျည်ဆန်တွေရော... လက်ရှိဟာတွေက မလုံလောက်ဘူး" ယမ်းခိုးများကြောင့် မည်းနက်နေပြီး မုတ်ဆိတ်မွေးများ ရှုပ်ပွနေသော အမျိုးသားတစ်ဦးက ဗိုလ်မှူးနှင့် လက်စွဲနှုတ်ဆက်ပြီး မကျေမနပ် ပြောလိုက်သည်။

"တပ်ခွဲမှူးရှကျောင်း... မင်းကလည်း အခွင့်အရေးရပြီးတော့ မကျေမနပ်ဖြစ်မနေစမ်းပါနဲ့... လက်နက်တိုက်မှာ ဘယ်လောက်ကျန်သေးလဲဆိုတာ မင်းမသိတာ ကျနေတာပဲ... ကျည်ဆန်တွေမပြောနဲ့... စစ်ရဟတ်ယာဉ်တစ်စီး လွှတ်ပေးနိုင်တာတောင် တော်တော်ကောင်းနေပြီ... တခြားအဖွဲ့တွေရဲ့ တာဝန်တွေကလည်း အရေးကြီးနေတယ်... အခု အခြေစိုက်စခန်းမှာ အစောင့်တပ်ကလွဲရင်... စေလွှတ်စရာ စစ်သားတစ်ယောက်မှ မရှိတော့ဘူး" လော်ယွမ်နှင့်အတူ လိုက်ပါလာသော ဗိုလ်မှူးရှောင်ဖေးက သူ့ကို အားဖြင့် တစ်ချက်ထိုးလိုက်ပြီး အားမနာစတမ်း ပြောလိုက်သည်။ သူတို့နှစ်ဦးက အလွန်ရင်းနှီးကြသည်မှာ ထင်ရှားလှ၏။

"ပြီးတော့ မင်းကို ငါမိတ်ပေးရဦးမယ်... ဒီလူတွေက အသက်ရှင်ကျန်ရစ်သူတွေထဲက ဆင့်ကဲပြောင်းလဲသူတွေပဲ... အစွမ်းတွေက တော်တော်လေးကို အားကောင်းကြတယ်... မင်း သူတို့ကို လျှော့မတွက်လိုက်နဲ့" ရှောင်ဖေးက လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ "ဥပမာ ဒီက ရဲဘော်ယွမ်နဲ့ အမမုတို့က အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတွေပဲ... ရဲဘော်ရှဲ့နဲ့ ညီမဝမ်ကလည်း အဆင့်လေး ဆင့်ကဲပြောင်းလဲသူတွေပဲ"

တပ်ခွဲမှူးရှကျောင်း၏ နှလုံးသားသည် တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ရှေ့သို့တိုးကာ တစ်ယောက်ချင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ခင်ဗျားတို့ရောက်လာတာ တစ်ကယ်ကောင်းသွားတယ်... ဒီဆာဗာတွေက ပြန်လည်တည်ဆောက်ရေးဇုန်အတွက် အရမ်းအကြီးတာ... မဖြစ်မနေအချေအနေကလွဲပြီး သူတို့ကိုလက်လွှတ်လို့ မရဘူး... ဒါပေမဲ့ကျွန်တော်တစ်ခုတော့ ပြောမှဖြစ်မယ်..."

သူ၏ မျက်နှာသည် တုံ့ဆိုင်းနေဟန်ရှိပြီး ပြောသင့်မပြောသင့်ကို မဝေခွဲနိုင်ဖြစ်နေသည်။ ဤအသက်ရှင်ကျန်ရစ်သူများ၏ အကြောင်းကို သူ ကောင်းကောင်းသိ၏။ စွမ်းရည်များက အလွန်အားကောင်းသော်လည်း စရိုက်များကလည်း အလွန်ခက်ထန်ကြရာ အမိန့်ကို နာခံလိမ့်မည်မဟုတ်ဟု သူစိုးရိမ်နေမိသည်။

"တပ်ခွဲမှူးရှ... ကျွန်တော်တို့ ဒီတာဝန်ကို ယူထားတယ်ဆိုကတည်းက ခင်ဗျားရဲ့ လက်အောက်ခံတပ်သားတွေ ဖြစ်နေပြီလေ... ခင်ဗျား ဘာမှ စိုးရိမ်နေစရာမလိုပါဘူး... စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းတွေ ကျွန်တော်နားမလည်ပေမယ့်... အသိုက်ပျက်ရင် ဥဘေးမကင်းနိုင်ဘူး ဆိုတာကိုတော့ ကျွန်တော်သိတယ်" လော်ယွမ်က သူ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ချက်ချင်းပင် အလိုက်တသိ ပြောလိုက်သည်။

ဤတစ်ကြိမ်မစ်ရှင်၏ အန္တရာယ်သည် ယခင်ကနှင့်မတူအောင် မြင့်မားလှသည်။ အကယ်၍သာ အားလုံးတစ်ညီတစ်ညွှတ်ထဲ စည်းစည်းလုံးလုံးမရှိပါက ဤအကြပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ ထို့အပြင် ဤဆာဗာများက ပြန်လည်တည်ဆောက်ရေးဇုန်နှင့် လူသားမျိုးနွယ်အတွက် မည်မျှ အရေးပါသည်ကိုလည်း သူသိ၏။ မစ်ရှင်အတွက် မဟုတ်သည့်တိုင်အောင် မည်သို့ပင်ဖြစ်စေ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်သည်။

ထိုဗိုလ်ကြီးအဆင့်ရှိသော စစ်အရာရှိ၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်တောက်လာပြီး လော်ယွမ်၏ ပခုံးကို အားရပါးရ ပုတ်လိုက်သည်။ "ဟုတ်ပြီ... ဒါပေမဲ့ ခင်ဗျားတို့က ကိုယ်ပိုင်ဟန်နဲ့ တိုက်ခိုက်ကြတဲ့သူတွေဆိုတော့... အထူးတပ်ဖွဲ့နဲ့ ရောလိုက်လို့မရဘူး... အရန်တပ်ဖွဲ့အနေနဲ့ နေပြီးတော့ အန္တရာယ်ရှိတဲ့နေရာကို အကူအညီပေးတာမျိုး ဆိုရင်ရော ဘယ်လိုလဲ"

"ရတာပေါ့" လော်ယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။

ဝတုတ်ရှဲ့သည် အခြားသူက မိမိကိုယ်စား ဆုံးဖြတ်ပေးသည်ကို မကျေမနပ်ဖြစ်သော်လည်း ကန့်ကွက်စကားဆိုရန် မဝံ့ရဲချေ။ ကျန်နှစ်ယောက်မှာမူ တစ်ယောက်က လော်ယွမ်၏ စကားကိုသာ နားထောင်လေ့ရှိသော ဝမ်ရှီရှီဖြစ်ပြီး နောက်တစ်ယောက်ကမူ မိမိ၏ ကမ္ဘာထဲ၌ နစ်မြောနေသူဖြစ်ရာ မည်သည့်စကားကိုမျှ ဆိုမည်မဟုတ်ပေ။

"အခု တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ" ရှောင်ဖေးက မေးလိုက်သည်။

"ပြီးခဲ့တဲ့တစ်နာရီလောက်က တိုက်ပွဲအပြင်းအထန် တစ်ပွဲဖြစ်သွားသေးတယ်... နောက်ပိုင်းကတော့ အခြေအနေကောင်းတယ်လို့ပြောရမယ်... ဒါပေမဲ့ကြာကြာတော့ခံမှာမဟုတ်ဘူး... ရေသတ္တဝါတွေ အများကြီး ကုန်းပေါ်တက်လာနေတာကို "အရိပ်" တွေ့ထားတယ်" တပ်ခွဲမှူးရှကျောင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီရေသတ္တဝါတွေက အဲ့လောက်တောင် အားနေလား... အေးအေးဆေးဆေး ပင်လယ်ထဲမှာမနေဘဲ ဘာလို့ကုန်းပေါ်ကိုတက်လာတာလဲ မသိဘူး" ရှောင်ဖေးက ကျောက်ခဲတစ်လုံးကို ကန်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "အခု ရေမျက်နှာပြင်အမြင့်က ဘယ်အထိ ရောက်နေပြီလဲ"

"ကင်းထောက်သတင်းအရ စက်မှုဇုန်အထိနယ်မြေအထိ ရောက်နေပြီတဲ့... ဒီကနေ ၃မိုင်လောက်ပဲ ဝေးတော့တယ်... ဒီရေသတ္တဝါတွေ လာရတဲ့အကြောင်းရင်းကိုတော့ ငါတို့ စောစောကတည်းက ခန့်မှန်းထားပြီးသားပဲ... မင်း နောက်ဆုံးရက်ပိုင်းတွေမှာ တာဝန်မထမ်းဆောင်ရတော့ သတိထားမိမှာ မဟုတ်ဘူး... အခု ရေမျက်နှာပြင်တစ်ခုလုံးက သန္ဓေပြောင်းပင်လယ်ရေညှိတွေနဲ့ ပြည့်နေတာ... ကော်ဇောတစ်ချပ်ခင်းထားသလိုပဲ... တင့်ကားတွေတောင် ဖြတ်သွားလို့မရတော့ဘူး"

"ရေညစ်ညမ်းမှုပဲ" လော်ယွမ်၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။

"ဟုတ်တယ်... မြို့ထဲက မစင်တွေ... ဆွေးမြေ့နေတဲ့အရာတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေက ကျန်ခဲ့တဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ် ဓာတ်ပေါင်းတွေ အများကြီးက ပင်လယ်ရေထဲကို စီးဝင်သွားပြီး အနီးအနားက ပင်လယ်ရေညှိတွေကို အရူးအမူး ကြီးထွားသွားစေတာပဲ... ပြီးတော့ ရေမျောအပင်ငယ်လေးတွေကို ဆွဲဆောင်ပြီး ငါးကြီးတွေက ငါးလေးတွေကိုစားရင်း နောက်ဆုံး ရေသတ္တဝါတွေပါ ဒီစားပွဲကြီးထဲကို ဝင်ရောက်လာကြတာပဲ" တပ်ခွဲမှူးရှကျောင်းက ပြောလိုက်သည်။

လော်ယွမ်၏ ရင်ထဲတွင် လေးလံသွားပြီး မျက်နှာက ကြည့်ရဆိုးသွားသည်။

ထိုအချိန်၌ ပတ်ဝန်းကျင်မှ လေထုသည် လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး လေထုအများအပြားက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် တွန်းထုတ်ခံလိုက်ရသည့်အလား ထင်မှတ်ရသည်။ နောက်တစ်ခဏ၌ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤမြင်ကွင်းက အလွန်အမင်း ရုတ်တရက်ဆန်လှရာ လော်ယွမ်၏ ဦးရေပြားသည် လျှပ်စီးကြောင်း ဖြတ်သန်းသွားသည့်အလား ထုံကျင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က အလိုအလျောက်ပင် လျှပ်စီးကဲ့သို့ ခုန်ထွက်လိုက်ပြီး ပေ၂၀အကွာသို့ ချက်ချင်း ရောက်ရှိသွားသည်။ ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်နှင့် ဓားအလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဓားသွားက ထိုသူ၏ လည်ပင်းထက်သို့ စောင်းစောင်း တေ့ထားပြီးသား ဖြစ်နေတော့သည်။

အကယ်၍သာ လော်ယွမ်က နောက်ဆုံးခဏ၌ သတိဝင်လာပြီး သတ်ဖြတ်လိုစိတ်ကို ရပ်တန့်လိုက်နိုင်ခြင်းမရှိခဲ့ပါက ထိုသူသည် ဦးခေါင်းပြတ်၍ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးဖြစ်ပေလိမ့်မည်။

သို့သော် ထိုသူသည်လည်း အလွန်အမင်း ကြောက်လန့်သွားသည့်အတွက် မျက်နှာက ဖယောင်းကဲ့သို့ ဖြူဖျော့နေပြီး တစ်စက်ကလေးမျှပင် မလှုပ်ဝံ့တော့ချေ။

"စိတ်အေးအေးထား စိတ်အေးအေးထား... အဲ့ဒါကျွန်တော်တို့လူ... ကျွန်တော်တို့လူ" တပ်ခွဲမှူးရှကျောင်းက အလျင်အမြန်ပင် အော်ပြောလိုက်သည်။ ဖြစ်သွားပုံက အလွန်အမင်း မြန်ဆန်လှရာ ယခုအချိန်အထိ သူ၏ မျက်စိထဲ၌ပင် အဖြစ်အပျက်ကို ကောင်းစွာ မမြင်လိုက်ရသေးချေ။ "သူက ငါစောစောကပြောတဲ့ အရိပ်ပဲ... ဓားကိုချလိုက်... ဓားကိုအမြန်ချလိုက်"

လော်ယွမ်သည် ထိုအခါမှသာ မိမိ အမှားလုပ်မိသွားသည်ကို သိလိုက်ရသည်။ ထိုသူသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာ၌လည်း ဆေးနက်များ လိမ်းခြယ်ထားရာ စစ်သားတစ်ဦးဖြစ်သည်မှာ ထင်ရှားလှ၏။ သူက ကျန်းမာတောက်ဓားကို အလျင်အမြန် ပြန်သိမ်းလိုက်ပြီး အနည်းငယ် မျက်နှာပူစွာဖြင့် ပြောလိုက်သည်။ "ခွင့်လွှတ်ပါ... ခင်ဗျားရုတ်တရက်ပေါ်လာတော့ ကျွန်တော် နည်းနည်းသတိလွတ်သွားတယ်"

"ရ...ရတယ်... ကိစ္စမရှိပါဘူး" အရိပ် ဟုခေါ်သော ထိုဆင့်ကဲပြောင်းလဲသူသည် လူအများနှင့် ဆက်ဆံရာ၌ ကျွမ်းကျင်ပုံမရဘဲ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ သို့သော် သူ၏ ပုံစံမှာမူ ကိစ္စမရှိဟု ဆိုသော်လည်း ကိစ္စရှိနေသည့်ပုံပင်။ သူသည် ပြင်းထန်စွာ အသက်ရှူမဝဖြစ်နေသည်။ စောစောက အဖြစ်အပျက်သည် သူ့ကို ငရဲတံခါးဝသို့ တစ်ခေါက် ရောက်သွားစေခဲ့ပြီး ယခုအချိန်အထိပင် ရင်တုန်မပြေသေးဘဲ အသက်ရှူမဝဖြစ်နေသေးသည်။

လူတိုင်းသည် ထိုသူကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ စောစောက မြင်ကွင်းသည် ရုပ်ရှင်နှင့် ဝတ္ထုများထဲမှ နေရာရွှေ့ပြောင်းခြင်းအစွမ်းနှင့် အလွန်ဆင်တူပြီး အလွန်အမင်း အံ့ဩဖွယ်ကောင်းလှ၏။

ထိုအချိန်၌ "အရိပ်" က အသက်ရှူမှန်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "တပ်ခွဲမှူးကို သတင်းပို့ပါတယ်... အရှေ့ဘက် ၄မိုင်ခွဲအကွာမှာ အဆင့်လေးနဲ့ ငါးလောက်ရှိတဲ့ သန္ဓေပြောင်းသားရဲ သုံးကောင် ဒီဘက်ကို လာနေတယ်... အသင့်ပြင်ထားကြပါ"

အားလုံး၏ မျက်နှာများ ပြောင်းလဲသွားပြီး တပ်ခွဲမှူးရှကျောင်းက စကားပြောစက်ကို အလျင်အမြန် နှိပ်လိုက်ပြီးနောက် လှည့်ကာ အမိန့်ပေါင်းများစွာကို လျင်မြန်စွာ ပေးလိုက်သည်။

မကြာမီမှာပင် ထိုစစ်ရဟတ်ယာဉ်သည် လျင်မြန်စွာ ပျံတက်သွားပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

ထို့နောက် "အရိပ်" သည် မူလနေရာမှ အသံတိတ် ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ ရှေ့ဘက် ပေတစ်ထောင်အကွာ၌ ပေါ်ထွက်လာသည်။ အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သူက အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားပြီး မည်သည့်နေရာသို့ ကင်းထောက်ထွက်သွားသည်ကို မသိနိုင်တော့ချေ။

မိနစ်အနည်းငယ်ကြာပြီးနောက် အဝေးမှ ကြီးမားသောအသံများ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တက်သွားသော မီးခိုးလုံးကြီးများကို ဤနေရာမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

စကားပြောစက်ထဲမှ အသံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ထိုနေရာမှ တိုက်ပွဲသည် အလွန်အမင်း ပြင်းထန်နေသည်မှာ ထင်ရှားလှသည်။

"အကောင်သေးတစ်ကောင်ကို သတ်လိုက်နိုင်ပြီ... နေဦး သတိထား... သူကရေနဲ့လှမ်းမှုတ်တယ်... ငါအပေါ်ပြန်တက်နေပြီ... ငါအပေါ်ပြန်တက်နေပြီ... ဟူး... ရဟပ်ယာဉ်ကိုထိဖို့ နည်းနည်းပဲလိုတယ်"

"ဟူး... ဟူး..." တစ်ဖက်မှလူသည် အလွန်အမင်း လန့်သွားဟန်ဖြင့် ပြင်းထန်စွာ အသက်ရှူမဝဖြစ်နေသည်။ "ခွေးမသား... ဒါကိုမြည်းကြည့်လိုက်စမ်း... မင်းကိုဒုံးကျည်အစွမ်း ပြပေးမယ်... သေစမ်း ဒုံးကျည်ကိုရှောင်သွားတယ်ဟ... ဟုတ်ပြီထိသွားပြီ... ဟမ် မသေသေးပါလား"

"သေစမ်း... နောက်ထပ် ၅ကောင်ထပ်လာနေပြီ... ကျည်မလောက်တော့ဘူး ငါတို့စခန်းမှာကျည်ပြန်ဖြည့်ဖို့လိုတယ်... ပြန်ဖို့ပြင်နေပြီ ပြန်ဖို့ပြင်နေပြီ"

စစ်ရဟတ်ယာဉ်သည် မကြာမီမှာပင် အမြင်အာရုံထဲသို့ ရောက်ရှိလာပြီးနောက် တစ်စက်ကလေးမျှ မရပ်တန့်ဘဲ စစ်အခြေစိုက်စခန်းဘက်သို့ တိုက်ရိုက် ပျံသန်းထွက်ခွာသွားသည်။

"တောက်" တပ်ခွဲမှူးရှကျောင်း၏ မျက်နှာသည် မည်းမှောင်သွားပြီး စကားပြောစက်နားကြပ်ကို နှိပ်ကာ အမိန့်ပေးလိုက်သည်။ "အမြောက်အားလုံး ပစ်ခတ်ဖို့ အသင့်ပြင်"

"အမိန့်အတိုင်းပါ"

"အမိန့်အတိုင်းပါ"

အလျား ပေ၃၀၊ အနံ ၉ပေ၊ အမြင့် ၉ပေရှိသော ဤဧရာမအမြောက်ကားကြီးနှစ်စီးက အမြောက်ပြောင်းများကို ရွှေ့လျားလိုက်ရာ ဟိုက်ဒရောလစ်စနစ်၏ သတ္တုသံပါသော "ရှူးရှူး" အသံများ ထွက်ပေါ်လာခဲ့သည်။

တင်းကြပ်သော အငွေ့အသက်တစ်ခုသည် ပတ်ဝန်းကျင်၌ ပျံ့နှံ့သွားတော့သည်။

မကြာမီမှာပင် အဝေးမှ သင်္ဘောဥဩဆွဲသံကဲ့သို့ စိတ်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်က အနည်းငယ် တုန်ခါသွားသည်။

မကြာမီမှာပင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ရေသတ္တဝါနှစ်ကောင်က သူတို့အဖွဲ့၏ အမြင်အာရုံထဲသို့ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့၏ အရေပြားသည် ပြာနှမ်းမည်းနက်နေပြီး ပုံသဏ္ဍန်က အခွံမရှိသော ပင်လယ်လိပ်ကြီးများနှင့်တူကာ မျက်နှာပြင်၌ အချင်း ၁ပေခွဲန့်ရှိသော အဝါရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေသည်။

၎င်းတို့၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ယခင်က စစ်ရဟတ်ယာဉ်၏ ကျည်ဆန်မိုးရွာသွန်းမှုကို တစ်ကြိမ် ခံခဲ့ရပြီးဖြစ်သည်မှာ ထင်ရှားလှ၏။ တစ်ကိုယ်လုံး၌ အမည်းကွက်များ၊ အနီကွက်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်း၌ သွေးများစီးကျနေသော ဒဏ်ရာကြီးငယ်များဖြင် ပြည့်နှက်နေသည်။

သို့သော် ဤစားပွဲဝိုင်းအရွယ်ခန့်သာရှိသော ဒဏ်ရာများက အလျား ပေခြောက်ဆယ်ကျော်၊ အမြင့် ပေသုံးဆယ်ကျော်ရှိသော ဤဧရာမသားရဲကြီးအတွက်မူ ဘာမျှ ပြောပလောက်သည့်အရာ မဟုတ်ချေ။

လော်ယွမ်သည် ဤနေရာ၌ အဘယ်ကြောင့် အကူအညီတောင်းရသည်ကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။ ဤရေသတ္တဝါများ၏ ခန္ဓာကိုယ်က ကြီးမားလှရာ သာမန်အမြောက်ကျည်များသည် အရေးကြီးသောနေရာကို မထိမှန်ပါက အရေးမပါသော သွေးထွက်ဒဏ်ရာတစ်ခုကိုသာ ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့က ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကို ဆက်လက်ပိုင်ဆိုင်နေဆဲပင် ဖြစ်သည်။

"သူတို့အနားနည်းနည်းရောက်အောင် စောင့်လိုက်ဦး... ပစ်ဖို့အသင့်ပြင်တော့... ပစ်" တပ်ခွဲမှူးရှကျောင်းက ပစ်မှတ် ပေတစ်ထောင်အကွာသို့ ရောက်ရှိလာသည်ကို မြင်သောအခါ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ ခေတ်မီအမြောက်များ၏ ပစ်ခတ်နိုင်သည့်အကွာအဝေးသည် အလွန်ဝေးကွာပြီး ပေ၁၅၀၀၀၊ ၂၀၀၀၀ သို့မဟုတ် ပေ၆၀၀၀၀ (၆မိုင်ခွဲ)အထိပင် ပစ်ခတ်နိုင်သော်လည်း တိကျမှုမှာမူ သိသိသာသာ ကျဆင်းသွားသည်။ ထို့အပြင် အလှမ်းဝေးပါက တစ်ဖက်မှ ရန်သူကိုလည်း တုံ့ပြန်ရန် အချိန်ပေးသကဲ့သို့ ဖြစ်သွားပြီး လွဲချော်နိုင်ခြေများသည်။ သန္ဓေပြောင်းသားရဲများက ခေတ်မီလက်နက်များ ကိုင်ဆောင်ထားသော ရန်သူများမဟုတ်သည့်အတွက် အနီးကပ် ပစ်ခတ်လေလေ အမြောက်၏ စွမ်းအားကို ပို၍ ထုတ်ဖော်နိုင်လေလေ ဖြစ်သည်။

နောက်တစ်ခဏ၌ အမြောက်ကားနှစ်စီး၏ ရှည်လျားသော အမြောက်ပြောင်းများသည် ၁၀ပေကျော်ရှည်သော မီးတောက်နှစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အမြောက်ပြောင်းများက ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။

"အုန်း"

ချွန်ထက်သော အမြောက်ဆံနှစ်ခုသည် လေထုကို ထိုးခွဲသွားသော စူးရှသည့်အသံကို ထုတ်လွှတ်ရင်း ရှေ့သို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။ ၎င်းတို့ထဲမှ တစ်စင်းက သတ္တဝါတစ်ကောင်၏ ဦးခေါင်းကို ချက်ချင်း ထိမှန်သွားပြီး ထိုမှဖြစ်ပေါ်လာသော ရွေ့လျားစွမ်းအင်နှင့် ပေါက်ကွဲမှုက ထိုမာကျောသော ရေသတ္တဝါ၏ ဦးခေါင်းကို လျင်မြန်စွာ ပုံပျက်ကြေမွသွားစေပြီးနောက် ကြေမွသွားစေကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားစေသည်။

အခြားတစ်စင်းသည်လည်း တစ်ဖက်မှသားရဲ၏ ခြေထောက်ကို ပြင်းထန်စွာ ထိမှန်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ရာ ထိုသားရဲက နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်က လူးလိမ့်သွားတော့သည်။

ခေတ်မီအမြောက်များသည် ခေတ်မီစစ်ပွဲများ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရန် တိကျမှုအပြင် အဖျက်စွမ်းအားကိုလည်း တဖြည်းဖြည်း မြှင့်တင်လာခဲ့ကြသည်။ အထူးသဖြင့် ဤ ၂၀၃ မီလီမီတာ အမြောက်နှစ်ခုသည် စစ်ရဟပ်ယာဉ်များပေါ်တွင် တပ်ဆင်ထားသော တာတို ဒုံးကျည်များထက်ပင် စွမ်းအား ပို၍ကြီးမားလှသည်။

ပစ်ခတ်မှုတစ်ကြိမ်တည်းဖြင့်ပင် စွမ်းအားကြီးသော ရေသတ္တဝါနှစ်ကောင်မှာ တစ်ကောင်သေပြီး တစ်ကောင် ဒဏ်ရာရသွားခဲ့သည်။

လော်ယွမ်က တပ်ခွဲမှူးရှကျောင်း အချိန်အတော်ကြာ အမိန့်မပေးသည်ကို မြင်သောအခါ နားမလည်စွာဖြင့် မေးလိုက်သည်။ "ဘာလို့ ထပ်မပစ်တော့တာလဲ"

"ကျည်ဆန် သိပ်မကျန်တော့ဘူး" တပ်ခွဲမှူးရှကျောင်းက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

ပြန်လည်တည်ဆောက်ရေးဇုန်၏ သယံဇာတများက အလွန်နည်းပါးနေပြီး ပတ်ဝန်းကျင်သည်လည်း လုံခြုံသောနေရာမဟုတ်ချေ။ အန္တရာယ်သည် အချိန်တိုင်း၌ ဖြစ်ပွားနေပြီး နေရာတိုင်း၌ ကျည်ဆန်များ လိုအပ်နေသည့်အတွက် ထောက်ပံ့မှုသည် အလွန်အမင်း တင်းကျပ်နေသည်။ သူတို့ကို ပေးအပ်ထားသော လက်နက်ခဲယမ်းများသည်လည်း ပုံမှန်အားဖြင့် များများစားစား မရှိချေ။ ထို့အပြင် လွန်ခဲ့သောရက်အနည်းငယ်က ရှန်ဟိုင်းမြို့မှ သားရဲအုပ်ကြီး ပြောင်းရွှေ့မှုကို ကာကွယ်ခဲ့စဉ်က သုံးစွဲခဲ့မှုကြောင့် ကျည်ဆန်လက်ကျန်က ကုန်ခမ်းလုနီးပါး ဖြစ်နေလေပြီ။ အမှန်တကယ်ဆိုလျှင် စစ်အခြေစိုက်စခန်း၌ ကျန်ရှိနေသောသူများက ပြန်လည်ဆုတ်ခွာသင့်နေပြီဖြစ်သည်။ သို့သော် သားရဲအုပ်ကြီး ပြောင်းရွှေ့သွားမှုကြောင့် ဤနေရာက ယခင်ကထက် ပို၍ လုံခြုံလာသည့်အတွက် အခြေစိုက်စခန်းက မထွက်ခွာမီ၌ ပစ္စည်းများကို တတ်နိုင်သမျှ များများ ရှာဖွေရန်အတွက် နောက်ဆုံးအကြိမ် ရှာဖွေရေးကြီးတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်ခဲ့ရာ ဤသို့သော ကိစ္စနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

လော်ယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန်ပင် မေးလိုက်သည်။ "ဘယ်လောက်ကျန်သေးလဲ"

"၂၀၃ မီလီမီတာ ကျည်ဆန်က ရှစ်တောင့်ပဲ ကျန်တော့တယ်... စိန်ပြောင်းကျည်ကတော့ အတောင့်သုံးဆယ် ကျန်သေးတယ်... ပြီးတော့ စက်အမြောက်ကျည် ငါးသေတ္တာ ကျန်သေးတယ်" တပ်ခွဲမှူးရှကျောင်းက ပြောလိုက်သည်။

ရှောင်ဖေးက တစ်ဖက်မှ ပစ္စည်းသယ်ဆောင်ရေးလုပ်ငန်းခွင်သို့ ပြေးသွားကြည့်ပြီးနောက် ပြန်လာကာ အချိန်ကို တွက်ချက်ပြီး ပြောလိုက်သည်။ "အခြေအနေဒီထက် မဆိုးသွားရင်တော့ အချိန်မီလောက်တယ်... ငါတို့နောက်ထပ် ၃နာရီကနေ ၅နာရီလောက်ထိ တောင့်ခံထားနိုင်ရင် ရပြီ"

လော်ယွမ်၏ ပါးစပ်ထဲ၌ ခါးသက်သော အရသာတစ်မျိုးကို ခံစားလိုက်ရသည်။ အကယ်၍သာ D အဆင့် မစ်ရှင်က ဤသို့ လွယ်ကူချောမွေ့စွာ ပြီးဆုံးသွားနိုင်လျှင် မည်မျှ ကောင်းလိုက်မည်နည်း။

ဆက်ရန်...

အပိုင်း(၁၉၂)တိုက်ပွဲ

"ဆေးလိပ်ရှိလား" လော်ယွမ်က တပ်ခွဲမှူးရှအား လှမ်းမေးလိုက်သည်။ သူ ဆေးလိပ်ဖြတ်ထားသည်မှာ အချိန်ကြာပြီဖြစ်၍ ဆေးလိပ်သောက်ချင်စိတ် မရှိတော့ပေ။ သို့သော် ဤအချိန်တွင် ပြင်းထန်သောဖိအားအောက်၌ ဆေးလိပ်သောက်ချင်စိတ်များ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာသည်။

တပ်ခွဲမှူးရှသည် တစ်ချက်တွေဝေသွားပြီးနောက် အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးတစ်ဘူးကို ထုတ်ပေးလိုက်သည်။ ဆေးလိပ်ဘူးမှာ အဖြူရောင်ဖြစ်ပြီး မည်သည့်အမှတ်တံဆိပ်မှ မပါရှိသည့်အပြင် ပုံမှန်ဆေးလိပ်များထက် အနည်းငယ် တိုနေသည်။

လော်ယွမ်က တစ်ချက်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။ "အထူးထုတ်ဆေးလိပ်လား"

တပ်ခွဲမှူးရှက မချင့်မရဲပြုံးလိုက်ပြီး "အဲ့လိုပြောလို့ရတယ်... ဒါပေမဲ့ခင်ဗျားထင်သလိုတောာ့ မဟုတ်ဘူး... အဲ့ဒါက တပ်အတွင်းသုံးတဲ့ ဆေးလိပ်လေ... အပြင်မှာ မရောင်းဘူး... သူတို့ကအန္တရာယ်များပြီး ဖိအားများတဲ့စစ်သားတွေအတွက် သီးသန့်ထုတ်ပေးထားတာ... ကျန်တဲ့သူတွေလည်း တစ်လိပ်လောက် သောက်ကြည့်မလား"

"အဆင့်မြင့်လှချည်လား... ကျွန်တော်လည်း တစ်လိပ်လောက်" ဝတုတ်ရှဲ့က မျက်စိကျသွားပြီး အလျင်အမြန် တောင်းလိုက်သည်။

တပ်ခွဲမှူးရှက တစ်လိပ်ပစ်ပေးလိုက်ရာ ဝတုတ်ရှဲ့က ဖမ်းယူပြီးနောက် အငမ်းမရ ရှူရှိုက်လိုက်သည်။ "မသောက်ရတာကြာပြီ... ဘယ်လိုအရသာရှိလဲတောင် မေ့နေပြီ... အရင်တုန်းက ဖြတ်ချင်လို့ ဖြတ်မရဘူး... အခုတော့ မဖြတ်ချင်ဘဲနဲ့ကို ပြတ်သွားတယ်"

လော်ယွမ်လည်း ထူးဆန်းစွာဖြင့် တစ်လိပ်ယူ၍ အကဲခတ်ကြည့်လိုက်သည်။ ဆေးလိပ်မှာ တို၍သေးနေကာ ဖွာရှိုက်လိုက်လျှင် သိပ်မကြာလိုက်ဘဲ ကုန်သွားမည့်ပုံပင်။ သူက မီးခြစ်ကိုထုတ်လိုက်သည်။ ကမ္ဘာပျက်ကပ်ကြီး၏ တောနက်ထဲတွင် ရှင်သန်ရန်အတွက် မီးခြစ်သည် မရှိမဖြစ်လိုအပ်သော ကိရိယာဖြစ်ရာ သူ၏အိတ်ကပ်ထဲတွင် အမြဲဆောင်ထားတတ်သည်။

သူ မီးညှိပြီးနောက် အားရပါးရတစ်ချက်ဖွာရှိုက်လိုက်ရာ သူ၏ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲမှုကြောင့် အလွန်အမင်း တုံ့ပြန်လွယ်နေသော အဆုတ်များကို ပြင်းထန်စွာ ချောင်းဆိုးသွားစေသည်။ သို့သော် အနည်းငယ်ဖွာရှိုက်ပြီးနောက် လျင်မြန်စွာ အသားကျသွားသည်။ ဤဆေးလိပ်သည် အနည်းငယ်ထူးဆန်းနေပြီး အရသာလည်းမတူကြောင်း သူသတိပြုမိလိုက်သည်။ မီးခိုးငွေ့များကို ရှိုက်သွင်းလိုက်သည်နှင့် သူ၏စိတ်ခံစားချက်များကပင် တက်ကြွလာသလို ခံစားရသည်။ သူက တပ်ခွဲမှူးရှကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ "ဒီဆေးလိပ်မှာ... တခုခုထည့်ထားတယ်ထင်တယ်"

"ဒီဆေးလိပ်တွေက အစကတည်းက သာမန်လူတွေအတွက်မဟုတ်ဘူးလေ... အကုန်လုံးကိုဆေးတွေထည့်ထားတာ... သူတို့ကစိတ်ကိုလန်းဆန်းတက်ကြွစေတဲ့ အာနိသင်ရှိတယ်" ရှောင်ဖေးက ရှင်းပြသည်။ "တကယ်တော့ ဖိအားအရမ်းမများရင် ကျွန်တော်တို့တောင် မသောက်ကြဘူး"

"အဲ့ဒါက မူးယစ်ဆေးဝါး မဟုတ်ဘူးလား" ဝမ်ရှီရှီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

ဝတုတ်ရှဲ့မှာ ကြောင်သွားပြီး တစ်ဝက်ခန့်သောက်ပြီးသော ဆေးလိပ်ကို ကြည့်ကာ လွှင့်ပစ်ရမည်လော၊ ဆက်သောက်ရမည်လော မသိဖြစ်နေသည်။

တပ်ခွဲမှူးရှက သက်ပြင်းတစ်ချက်ချပြီး ဆိုသည်။ "အဲ့လိုပြောလို့ရတယ်... ဒါပေမဲ့ဘာမှမပူနဲ့ ဖော်စပ်နည်းကို အကြိမ်ကြိမ်ပြုပြင်ထားလို့ စွဲလန်းစေတဲ့ အာနိသင်မရှိတော့ဘူး... များများသောက်လည်း ခန္ဓာကိုယ်ကို သိပ်မထိခိုက်ဘူး... ဒါပေမဲ့သူတို့က စစ်သားတွေအတွက် စစ်အနိဌာန်ရုံနဲ့ ဖိအားတွေကို တောင့်ခံနိုင်အောင်ကူညီပေးပြီး တိုက်ခိုက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးတယ်လေ"

"တစ်ကယ်တော့ ဒါမျိုးတွေက နိုင်ငံတိုင်းရဲ့စစ်တပ်တွေမှာ ရှိကြတယ်... နာမည်တွေပဲ မတူြကြတာ... ရဲစွမ်းသတ္တိဆေးတို့ အသက်ကယ်ဆေးတို့ ရွှင်မြူးဆေးတို့ အမျိုးမျိုးခေါ်ကြပေမယ့် တစ်ကယ်က ဆေးအမျိုးအစားတစ်ခုတည်းပဲ... စစ်တပ်က အပြင်ကိုထုတ်မပြောတာပဲရှိတာ... ကမ္ဘာမပျက်ခင်က ပင်လယ်ကွေ့တိုက်ပွဲလိုမျိုးမှာ စစ်ပြန်အများစုက စိတ်ကျရောဂါဖြစ်တာ၊ မှတ်ဉာဏ်တွေကျဆင်းတာ၊ အာရုံစူးစိုက်မှုမရှိတာတွေ ဖြစ်ခဲ့တယ်... အဲ့တာတွေက စစ်ဒဏ်ကြောင့်ဖြစ်တာသက်သက်လို့ထင်လို့လား... ဘယ်ဟုတ်မှာလဲ... အဲ့တာက သူတို့စိတ်ကြွဆေးတွေ ထိုးခဲ့လို့ဖြစ်ရတာ"

"ဒီနှစ်အတွင်းမှာတင် ဒုတိယကမ္ဘာစစ်ထက် ရက်စက်ကြမ်းတမ်းတဲ့တိုက်ပွဲတွေ ရုတ်ပြည်မကြီးမှာ ဆယ်ကြိမ်မက ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်တဲ့ စစ်သားတွေ သေဆုံးခဲ့ရတယ်... မြို့ပေါင်းများစွာကိုလည်း လက်လွှတ်ခဲ့ရတယ်... အရပ်သားတွေလည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်... တချို့စစ်သားတွေနဲ့စစ်ခေါင်းဆောင်တွေတောင် စိတ်ဓာတ်ကျပြီး အဆုံးစီရင်တာတွေ ထွက်ပြေးတာတွေ အများကြီးပဲ... နောက်ဆုံးကျတဲ့ စိတ်ခွန်အားလေးကို ထိန်းထားပေးဖို့ ဒီလိုဆေးဝါးတွေသာမရှိခဲ့ရင် အခြေအနေက ဒီထက်အများကြီး ပိုဆိုးသွားနိုင်တယ်"

ရှောင်ဖေး၏မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး လေးပင်စွာ ဆိုသည်။ "စစ်သားဆိုတာလည်း လူပဲလေ... သူတို့လည်း ကြောက်တတ်တာပဲ... လန့်တတ်တာပဲ... ကျွန်တော် ညဘက် ကင်းလှည့်တဲ့အခါ တချို့စစ်သားတွေ တိတ်တိတ်လေး ငိုနေတာကို ခဏခဏကြားရတယ်"

လော်ယွမ်၏ စိတ်ထဲတွင် တိတ်ဆိတ်သွားပြီး ဆေးလိပ်ကို လွှင့်ပစ်ချင်စိတ် ပျောက်ကွယ်သွားကာ ကုန်တဲ့အထိ ဂရုတစိုက် သောက်သုံးလိုက်သည်။

"ဝေါင်းးးးးး"

ထိုအချိန်တွင် ခြေထောက်တစ်ဖက် ဒဏ်ရာရထားသော ဧရာမသတ္တဝါကြီးသည် ယိုင်နဲ့ယိုင်နဲ့ဖြင့် ပြန်ထလာပြီး လဲကျနေသော သတ္တဝါကြီးဘက်သို့ မော့ကြည့်ကာ ဝမ်းနည်းကြေကွဲစွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက ဤနေရာကို စူးစိုက်ကြည့်လာပြီး ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာ ပေါ်လာကာ ကြီးမားသောကိုယ်ထည်ဖြင့် သူတို့ဘက်သို့ တွားသွားလာသည်။

"သေစမ်း... တပ်ခွဲမှူး အဲ့ကောင် ဒီဘက်လာနေပြီ"

"ငါတို့သတ်လိုက်တာ သူ့မိန်းမထင်တယ်... ဒီလိပ်မသားကတော့ ကလဲ့စားချေချင်နေပြီ" စီချွမ်းနယ်သားဖြစ်ဟန်တူသော စစ်သားတစ်ဦးက နောက်ပြောင်လိုက်သည်။

"မင်းက ဘယ်လိုသိလဲ... ငါ့အထင်တော့ သူ့ယောက်ျားဖြစ်နိုင်တယ်" ဒဏ်ရာရနေသော သတ္တဝါကြီးတစ်ကောင်တည်းသာဖြစ်ပြီး လှုပ်ရှားမှုလည်း နှေးကွေးနေသောကြောင့် စစ်သားများမှာ အနည်းငယ် ပေါ့ပေါ့ပါးပါး ဖြစ်နေကြသည်။

"နောက်ပြောင်မနေကြနဲ့... အားလုံးအလေးအနက်ရှိကြစမ်း... အမြောက်အမှတ်(၁)... သူ့ကို နောက်တစ်ချက်လောက် ထပ်ကျွေးလိုက်... ဒီတစ်ခါတော့ သေချာချိန်ပစ်ကွာ" တပ်ခွဲမှူးရှက နားကြပ်ကိုဖိကိုင်ရင်း အသံကျယ်လောင်စွာဖြင့် အမိန့်ပေးလိုက်သည်။

"ခဏလေး" လော်ယွမ်က တားလိုက်သည်။ "အမြောက်ဆန်တွေ သိပ်မကျန်တော့မှတော့ အရေးကြီးတဲ့အချိန်ကျမှ သုံးတာ ပိုကောင်းမယ်... ဒီကောင်ကို ကျွန်တော့်တာဝန်ထားလိုက်"

အားလုံး၏အကြည့်များက သူ့ထံသို့ ရောက်လာကြသည်။ အမြဲတစေ ခေါင်းငုံ့ထားတတ်သော မုဝန်ဝန်ပင်လျှင် မော့ကြည့်လာမိသည်။

တပ်ခွဲမှူးရှ၏ မျက်နှာတွင် ချီတုံချတုံဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူ ရှောင်ဖေးကို တစ်ချက်လှမ်းကြည့်လိုက်ရာ ရှောင်ဖေးက မသိမသာ ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ သူ လော်ယွမ်ဘက်သို့ ပြန်လှည့်ကြည့်ကာ အလွန်တည်ကြည်သော မျက်နှာဖြင့် ဆိုသည်။ "ခင်ဗျားသေချာလား... ဒါက နောက်စရာကိစ္စမဟုတ်ဘူးနော်"

လော်ယွမ်က ခေါင်းညိတ်ပြပြီး ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။ "နှစ်မိနစ်ပဲအချိန်ပေး"

"ဟုတ်ပြီ... ခင်ဗျားသာ ဒီရေသတ္တဝါကို သတ်နိုင်ခဲ့ရင် ကျွန်တော်..." တပ်ခွဲမှူးရှက အသံကျယ်လောင်စွာ ပြောလိုက်သည်။ သူ တစ်စုံတစ်ခု ကတိပေးရန် ပြင်လိုက်သော်လည်း တစ်ဖက်လူမှာ စစ်သားမဟုတ်သောကြောင့် ဘာကတိပေးရမည်ကို မသိဖြစ်သွားသည်။ အတော်ကြာ စဉ်းစားပြီးမှ စကားအနည်းငယ် ထွက်လာသည်။ "...အဲ့ဒီအခါကျရင် ကျွန်တော့်ခယ်မနဲ့ ခင်ဗျားကို မိတ်ဆက်ပေးမယ်"

ဝမ်ရှီရှီက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ လော်ယွမ်က ပြုံး၍ငြင်းလိုက်မှ သူမ၏မျက်နှာပေါ်တွင် ချိုမြသော အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာသည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတို့သည် အချစ်ကို စတင်တမ်းတတတ်ကြစမြဲပင်။ ယခင်က လေးစားကြည်ညိုမှုတို့သည် ယခုအခါ ချစ်ခင်မြတ်နိုးမှုအဖြစ် အလုံးစုံပြောင်းလဲသွားခဲ့ပြီး သူမ၏နှလုံးသားတစ်ခုလုံး လော်ယွမ်အပေါ်တွင်သာ ရှိနေတော့သည်။ သူမက ချိုသာသောအသံလေးဖြင့် ဆိုသည်။ "ကိုကြီးယွမ်... ရှီရှီရော အတူလိုက်ခဲ့ရမလားဟင်"

"မလိုက်နဲ့တော့... ဒဏ်ရာရနေတဲ့သတ္တဝါတစ်ကောင်ပဲကို... နင်ဒီမှာပဲနေခဲ့ ငါခဏနေပြန်လာခဲ့မယ်ဟုတ်ပြီလား" လော်ယွမ်က သူမ၏ခေါင်းကို ဖွဖွပုတ်ရင်း သူရဲကောင်းစိတ်များ တဖွားဖွားပေါ်လာသည်။

သို့သော် မီတာရာပေါင်းများစွာအကွာရှိ ရေသတ္တဝါကြီးကို ကြည့်လိုက်သောအခါ သူ၏မျက်နှာအမူအရာက ချက်ချင်း တည်ကြည်သွားသည်။ သူ၏စိတ်စွမ်းအားကို စုစည်းလိုက်ရာ မျက်လုံးထဲတွင် အလင်းရောင်များ လှည့်ပတ်သွားပြီး စိတ်စွမ်းအားက ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် နှလုံးခုန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာသည်။

လွန်ခဲ့သော ရက်များအတွင်း နေ့စဉ် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်ရန် ကျင့်ကြံခဲ့ရာ အကျိုးမထူးသော်လည်း အနည်းဆုံးတော့ ယခုအခါတွင် သူသည် နှလုံးခုန်နှုန်းကို အချိန်မရွေး ထိန်းချုပ်နိုင်နေပြီဖြစ်ပြီး ယခင်ကလို အချိန်များစွာ အကုန်ခံရန် မလိုအပ်တော့ပေ။

နှလုံးခုန်နှုန်း နှေးကွေးလာသည်နှင့်အမျှ အားနည်းသော ခံစားချက်က ပိုမိုပြင်းထန်လာသည်။ သို့သော် ငါးစက္ကန့်မျှအကြာတွင် သူ၏တစ်ကိုယ်လုံး တုန်ခါသွားပြီး ထူးခြားဆန်းကြယ်သော စည်းချက်တစ်ခုကို ချက်ချင်းခံစားမိလိုက်သည်။ မြေပြင်ကြီးနှင့် သူက တစ်သားတည်း ဖြစ်သွားသည့်အလား အဆုံးမဲ့သော စွမ်းအားများက ခြေထောက်အောက်မှနေ၍ သူ၏ခန္ဓာကိုယ်အနှံ့၊ ဆဲလ်တစ်ခုချင်းစီအထိ ပျံ့နှံ့သွားတော့သည်။

ခွန်အားအမှတ်များ တိုးပြီးနောက် သူ၏ "မြေလှိုင်း" အစွမ်းက အဆင့်တစ်ခုတက်သွားပြီး မူလအဆင့်သုံးမှ အဆင့်လေးသို့ ရောက်ရှိသွားသည်။ ထို့အတူ ခံနိုင်ရည်အမှတ်လည်း တစ်မှတ်တိုးလာကာ လေးမှတ်ဖြစ်သွားသည်။ "မြေလှိုင်းကြိမ်နှုန်း" အခြေအနေသို့ ဝင်ရောက်လိုက်သည်နှင့် မြေပြင်ကြီးနှင့် သူ၏ဆက်သွယ်မှုမှာ ပိုမိုနီးကပ်သွားပြီး စွမ်းအားများကို ပိုမိုစုပ်ယူနိုင်လာသည်။

မြေပြင်ကြီးက သူ၏အထောက်အပံ့၊ သူ၏စွမ်းအားတို့၏ ရင်းမြစ်ပင်ဖြစ်သည်။

ဤအခြေအနေအောက်တွင် သူ၏ခွန်အားများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြည့်လျှံနေပြီး မျက်လုံးများမှပင် တောက်ပသော အလင်းရောင်များ ထွက်နေသယောင်၊ ပူလောင်တောက်ပလျက် တစ်ကိုယ်လုံးတွင် သုံးမကုန်နိုင်သော ခွန်အားများဖြင့် ပြည့်နှက်နေသလို ခံစားနေရသည်။

သူက ချက်ချင်း လှုပ်ရှားလိုက်သည်။ ခြေထောက်အောက်မှ ကျောက်တုံးများမှာ ပေါက်ကွဲသွားသည့်အလား ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး နောက်တစ်ခဏတွင် သူ၏ကိုယ်က လျှပ်စီးကြောင်းတစ်ခုအလား ပြေးထွက်သွားခဲ့သည်။ ဘေးမှလူများမှာ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရပြီး လော်ယွမ်မှာမူ မူလနေရာ၌ မရှိတော့ပေ။

အဆုံးမရှိသော ခွန်အားဖြင့် သူက အပြေးပြိုင်ပွဲဝင်တစ်ဦးကဲ့သို့ အရှိန်ပြင်းစွာ ရှေ့သို့တိုးဝင်သွားသည်။ မျက်နှာကို တိုးဝှေ့လာသော လေပြင်းများမှာ သူ၏အဝတ်အစားတွင်ပါသော လေစီးကြောင်းထိန်းညှိသည့်အစွမ်းကြောင့် သဘာဝတရားကို ဆန့်ကျင်ကာ သူ၏ကိုယ်ကို ဝိုက်၍ရှောင်ကွင်းသွားပြီး နောက်ကျောတွင် လေဝဲဂယက်များ ဖြစ်ပေါ်စေသည်။

"သူက အမြန်နှုန်းဆင့်ကဲပြောင်းလဲသူလား" တပ်ခွဲမှူးရှက မျက်စိဖြင့်ပင် လိုက်ဖမ်းရန်မမီတော့သော အရိပ်နှင့် သူ၏နောက်တွင် ဖြစ်ပေါ်နေသော ထူးဆန်းသည့်မြင်ကွင်းကို ကြည့်ရင်း အံ့ဩတုန်လှုပ်စွာ အော်လိုက်သည်။

"သူပြောတာတော့ သူက မြေဓာတ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူတဲ့" ရှောင်ဖေး၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ "ဒါပေမဲ့ ဒီအမြန်နှုန်းက အရမ်းမြန်လွန်းတယ်... အဆင့်ငါး အမြန်နှုန်းဆင့်ကဲပြောင်းလဲသူတောင် ဒီလောက်ပဲ မြန်နိုင်မှာ"

"ဒဏ္ဍာရီလာ နတ်ဆေးပင်တွေ ဘာတွေ စားထားတာများလား" ရှောင်ဖေးက တီးတိုးရေရွတ်လိုက်သည်။

ဝတုတ်ရှဲ့၏မျက်နှာမှာလည်း တည်ကြည်နေပြီး လော်ယွမ်၏အရိပ်ကို စူးစိုက်ကြည့်နေမိသည်။ တစ်ဖက်လူကို အစွမ်းထက်မှန်းသိထားခြင်းနှင့် မည်မျှအထိ အစွမ်းထက်သည်ကို ရှင်းရှင်းလင်းလင်းသိမြင်ရခြင်းမှာ မတူညီသော အရာနှစ်ခုဖြစ်သည်။ ဤကဲ့သို့သော အမြန်နှုန်းမျိုးနှင့်ဆိုလျှင် သူက တစ်ဖက်လူ၏ရှေ့တွင် ခုခံရန် အခွင့်အရေးပင် ရလိမ့်မည်မဟုတ်။ ရင်ဆိုင်လိုက်သည်နှင့် သေလမ်းသာ ရှိတော့မည်။

ဝမ်ရှီရှီတစ်ယောက်သာ ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့် မေးစေ့လေးပင် အနည်းငယ်မော့နေပြီး နှုတ်ခမ်းထောင့်မှ အပြုံးကို မည်သို့မျှ ထိန်းမထားနိုင်တော့ဘဲ ပတ်ဝန်းကျင်မှ ချီးကျူးစကားများမှာ သူမကို ပြောနေသကဲ့သို့ပင်။ သို့သော် တစ်ခဏအတွင်းမှာပင် သူမ၏ကိုကြီးယွမ်အတွက် စိုးရိမ်စိတ်ဝင်လာကာ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။

မီတာရာပေါင်းများစွာအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ လော်ယွမ်သည် သတ္တဝါကြီးနှင့် ပေ၃၀၀ခန့်အကွာတွင် ရုတ်တရက်ရပ်တန့်လိုက်ပြီး ထိုရေသတ္တဝါကြီးကို မော့ကြည့်လိုက်သည်။

ရေသတ္တဝါကြီးသည် ပေ၃၀ကျော်မြင့်ပြီး အကျယ်မှာ ပေ၃၀ကျော် ရှိသော ဧရာမကိုယ်ထည်ကြီးဖြင့် တောင်ကုန်းငယ်တစ်လုံးအလား ပြင်းထန်သော ဖိအားကိုပေးနေသည်။ သူ၏ခန္ဓာကိုယ်အရွယ်အစားမှာ ယခင်ကတွေ့ခဲ့ဖူးသော အစိမ်းနုရောင်အဆင့် ဘီလူးကြီးနှင့် နှိုင်းယှဉ်လျှင် ဆယ်ဆမက ကြီးမားလှသည်။

ကုန်းမြေပေါ်တွင် ဤမျှကြီးမားသော သတ္တဝါကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သို့သော် ဤကဲ့သို့သော ကိုယ်လုံးကိုယ်ထည်ကြီးက သူ့အား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပေးစွမ်းသော်လည်း သူ၏အမြန်နှုန်းကိုမူ အလွန်နှေးကွေးစေသည်။ ပင်လယ်ထဲတွင်မူ သူ၏ကြီးမားပြီး ပြားချပ်သော ခြေလေးချောင်းဖြင့် အလွန်လျင်မြန်ဖျတ်လတ်နိုင်မည်ဖြစ်သော်လည်း ကုန်းမြေပေါ်တွင်မူ သူ၏အမြန်နှုန်းသည် သာမန်အပြာရောင်အဆင့် သတ္တဝါလောက်ပင် မရှိပေ။

လော်ယွမ်က စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ အစောပိုင်းက တစ်ဖက်ရန်သူကို သူအထင်ကြီးလွန်းသွားခဲ့သည်။ တကယ်တမ်းတွင် ရေသတ္တဝါတို့သည် ကုန်းပေါ်သို့ရောက်လာလျှင် ခန္ဓာကိုယ်အရွယ်အစားဖြင့်သာ ခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။ ဤသို့သော သတ္တဝါမျိုးကို ရင်ဆိုင်ရခြင်းမှာ သူထင်ထားသည်ထက် များစွာပို၍ လွယ်ကူပေလိမ့်မည်။

ဤသည်မှာလည်း လော်ယွမ်ကဲ့သို့ အစွမ်းအစရှိသူမို့သာ ဖြစ်သည်။ သူ၏စွမ်းရည်အားလုံးမှာ မျှတပြီး အားနည်းချက်ဟူ၍ မရှိသလောက်ပင်။ ထို့အပြင် တုံ့ပြန်နိုင်စွမ်းမှာ အလွန်လျင်မြန်ပြီး လက်နက်မှာလည်း ထက်မြက်သောကြောင့် ထိခိုက်မှုအများဆုံး ဖြစ်စေနိုင်သည်။ သို့မဟုတ်လျှင် ကာကွယ်ရေးကိုပင် မထိုးဖောက်နိုင်ဘဲ ရင်ဆိုင်ရန်မှာ စကားထဲတွင်သာ ရှိပေမည်။

ဒေါသထွက်နေသော ရေသတ္တဝါကြီးက မလှမ်းမကမ်းရှိ ဤသေးငယ်သော အရိပ်ကို လုံးဝသတိမထားမိပေ။ ယခုအချိန်တွင် သူ၏သွေးရောင်လွှမ်းနေသော မျက်လုံးများထဲ၌ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို ပစ်လွှတ်ခဲ့သော ထိုထူးဆန်းသည့် "သတ္တဝါ" သာရှိနေသည်။ ထို "သတ္တဝါ" ကြောင့်ပင် သူ၏အဖော် အသက်ပျောက်ခဲ့ရပြီး သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ အမုန်းတရားနှင့် ဒဏ်ရာမှနာကျင်မှုတို့ကြောင့် သူ၏အသိစိတ်များ ပျောက်ဆုံးနေပြီဖြစ်သည်။

သူ လက်စားချေရမည်။ ထို"သတ္တဝါ"ကို ကိုက်သတ်ပြီး ဗိုက်ထဲသို့ မျိုချပစ်မည်။

ကြီးမားသောကိုယ်ထည်ကြီးသည် အားယူ၍ ရွေ့လျားနေပြီး ပါးစပ်မှ ဒေါသတကြီး ညည်းညူသံများ ထွက်ပေါ်နေသည်။

ပစ်မှတ်က တဖြည်းဖြည်း နီးလာချေပြီ။

လော်ယွမ်က ခြေထောက်ကို အားကုန်သုံး၍ မတင်လိုက်ရာ နဖူးပေါ်တွင် သွေးကြောများထောင်ထလာပြီး သွေးများ ဆူပွက်လာသည်။ ထိုတစ်ခဏတွင် မြေပြင်ကြီးတစ်ခုလုံးကို သူဆွဲမတင်လိုက်သလိုပင် ခံစားလိုက်ရသည်။ စွမ်းအားကုန်ဆုံးသွားသည်အထိ အားယူပြီးမှ ခြေထောက်ကို အားကုန်ဆောင့်ချလိုက်သည်။

"အုန်း"

ထိုတစ်ခဏတွင် မြေပြင်ကြီးတစ်ခုလုံး လှိုင်းထသွားသလို၊ ရေမျက်နှာပြင် ဆူပွက်လာသလိုပင် မရေမတွက်နိုင်သော ကျောက်ခဲများ၊ မြေမှုန့်များ ပြင်းထန်စွာ လှုပ်ခါပြီး မီတာပေါင်းများစွာ မြင့်တက်သွားကာ မြေပေါ်သို့မကျမီမှာပင် အမှုန့်အဖြစ် ကြေမွသွားကြသည်။ ပန်းကန်လုံးအရွယ် သစ်ပင်များပင်လျှင် ဧရာမစွမ်းအားအောက်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။

ဤကြီးမားသော ရေသတ္တဝါကြီးမှာ မူလကတည်းက ကိုယ်အလေးချိန်ကြောင့် မနိုင်ဝန်ထမ်းနေရရာ ဤရုတ်တရက်ပေါ်ပေါက်လာသော စွမ်းအားလှိုင်းကြောင့် ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ ဝမ်းလျားမှောက်ကျသွားတော့သည်။

မီတာငါးဆယ်ပတ်လည်အတွင်း ဖုန်မှုန့်များ လွှင့်ပျံနေပြီး မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ ဖုန်မှုန့်များ၏ အကာအကွယ်အောက်တွင် အနက်ရောင်လူရိပ်တစ်ခုက ခြေထောက်များကို လျင်မြန်စွာ လှုပ်ရှားကာ အရှိန်ပြင်းစွာ ပြေးလွှားနေသည်။ ကောင်းကင်အပြည့် လွှင့်ပျံနေသော ဖုန်မှုန့်များက သူ့ကို လုံးဝမထိခိုက်ပေ။ ရေသတ္တဝါကြီး၏ ကိုယ်ထည်အနားသို့ ရောက်သောအခါ သူရုတ်တရက် အားကုန်ခုန်တက်လိုက်ရာ သူ၏ကိုယ်သည် ၁၈ပေခန့် မြင့်တက်သွားပြီး သတ္တဝါကြီး၏ ပခုံးပေါ်သို့ ပေါ့ပါးစွာ ကျရောက်သွားသည်။

ရေသတ္တဝါကြီး၏ ကိုယ်ပေါ်မှ အော်ဂလီဆန်လောက်အောင် ညှီစို့စို့အနံ့ ထွက်နေပြီး အရေပြားမှာ အလွန်ချောမွေ့ကာ စေးကပ်သော အချွဲများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် လော်ယွမ်၏ ခြေထောက်များမှာ မြေကြီးထဲ အမြစ်တွယ်သွားသည့်အလား မလှုပ်မယှက် တည်ငြိမ်နေသည်။

သူ ကျရောက်လိုက်သည်နှင့် ကျန်းမာတောက်ဓားက ဓားအိမ်မှ ထွက်လာခဲ့ပြီးဖြစ်သည်။ စိတ်စွမ်းအားကို အမြင့်ဆုံးစုစည်းထားမှုအောက်တွင် ဓားသွားအလင်းတန်းက ပြင်းထန်စွာ တောက်လောင်နေသည်။ လော်ယွမ်က ဓားဖြင့်ထိုးရန် ပြင်လိုက်စဉ်မှာပင် ထိုလေးလံသော ရေသတ္တဝါကြီးသည် အန္တရာယ်ကို အလိုလိုသိရှိသွားပြီး ရုတ်တရက် တုံ့ပြန်ကာ ကိုယ်ကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်။

သို့သော် ဤမျှလောက်လှုပ်ခါရုံဖြင့် လော်ယွမ်ကို ခါချနိုင်မည်မဟုတ်ပေ။ အစပိုင်းတွင် ရုတ်တရက်မို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်မှလွဲ၍ သူက လှုပ်ခါမှုနှင့်အညီ ကိုယ်ဟန်ကို လျင်မြန်စွာ ပြန်လည်ထိန်းညှိလိုက်ရာ မကြာမီမှာပင် တည်ငြိမ်သွားသည်။ စိတ်သက်သာရာမရသေးခင်မှာပင် ကောင်းကင်ကြီး မည်းမှောင်သွားပြီး နေရောင်ပင် ပျောက်ကွယ်သွားသည်ကို လော်ယွမ် ခံစားလိုက်ရသည်။ ၂၁ပေခန့် ကျယ်သော ပြားချပ်သည့် ခြေဖဝါးကြီးတစ်ဖက်က ဤနေရာကို ပြင်းထန်စွာ ရိုက်ချလာနေသည်။

ခြေဖဝါးကြီး ရောက်မလာခင်မှာပင် လေပြင်းများ တိုက်ခတ်လာသည်။

ဧရာမကိုယ်ထည်ကြီးဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ကိုယ်စားပြုသည်။ အကယ်၍ ဤပြားချပ်သော ခြေဖဝါးကြီးဖြင့် အရိုက်ခံရပါက အလောင်းပင် ကောင်းကောင်းကျန်မည်မဟုတ်ပေ။

ပင်လယ်ထဲတွင်မူ ရေ၏ခုခံအားကြောင့် ဤတိုက်ခိုက်မှုအမြန်နှုန်းသည် မဆိုးဟုဆိုနိုင်သော်လည်း ကံမကောင်းစွာပင် ဤနေရာက ကုန်းမြေဖြစ်နေသဖြင့် လော်ယွမ်အတွက်မူ ဤအမြန်နှုန်းမှာ အလွန်နှေးကွေးလွန်းလှသည်။ သူက ကျိန်ဆဲရန်ပင် အချိန်ရသေးသည်။ ခြေဖဝါးကြီးက သူ၏ခေါင်းနှင့် သုံးမီတာအကွာသို့ ရောက်လာပြီး ဆံပင်များ လေပြင်းကြောင့် လွင့်ပျံနေချိန်မှ သူ ခြေထောက်ကို အားကုန်ကန်၍ လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ပျံသန်းထွက်သွားသည်။ ခြေဖဝါးကြီးရိုက်ချလာသည့် ကြားမှ လွတ်မြောက်ကာ သတ္တဝါကြီး၏ လည်ချောင်းနားမှ ဖြတ်ပျံသွားသည်။ သူ၏ကိုယ် လေထဲတွင် ရှိနေစဉ်မှာပင် လက်နှစ်ဖက်ဖြင့် ကျန်းမာတောက်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ သတ္တဝါကြီး၏ တုတ်ခိုင်သော လည်ချောင်းကို ဦးတည်ကာ တစ်ကိုယ်လုံး၏စွမ်းအားကိုသုံး၍ ကိုယ်ကိုစောင်းကာ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

မာကျောသောအရေပြားတွင် ဓားက တစ်ချက်တန့်သွားပြီးနောက် ထက်မြက်သောဓားသွားအလင်းတန်းအောက်တွင် လွယ်ကူစွာ ပြတ်တောက်သွားသည်။ ဓားသွားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ လည်ချောင်းတွင် ၃ပေကျော်ကျယ်သော ဒဏ်ရာကြီးဖြစ်ပေါ်လာပြီး လည်ချောင်းအတွင်းမှ လေပြွန်များပင် ပြတ်တောက်သွားသည်။

နောက်တစ်ခဏတွင် သူက မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး နောက်သို့လှည့်မကြည့်ဘဲ အကြိမ်အနည်းငယ် လိမ့်ကာ ပတ်ဝန်းကျင်မှ ဖုန်မှုန့်များ၏ အကာအကွယ်ကိုယူ၍ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။

လော်ယွမ် ပေ၃၀ခန့်အကွာသို့ ရောက်သွားချိန်မှ လှုပ်ရှားမှုနှေးကွေးသော ရေသတ္တဝါကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အသံမှာ လေလုံတော့ခြင်းမရှိတော့သလို ဖြစ်နေသည်။ နောက်မှ ဖိအားမြင့်ရေပိုက်ခေါင်းဖြင့် ပက်ဖျန်းလိုက်သည့်အလား အသံများထွက်လာပြီး မကြာမီမှာပင် သွေးညှီနံ့တို့က လျင်မြန်စွာ ပျံ့နှံ့လာသည်။

ဖုန်မှုန့်များကြားတွင် သေခြင်းတရား၏ ကြောက်ရွံ့မှုကြောင့် ရေသတ္တဝါကြီးသည် နောက်ဆုံးအနေဖြင့် ရူးသွပ်သောင်းကျန်းတော့သည်။ ထိုစက်ဆုပ်ဖွယ်ကောင်းသော ပိုးကောင်ကို ရှာဖွေချင်သည့်အလား တန်ပေါင်းများစွာလေးသော မြေကြီးနှင့် ကျောက်ခဲများကို သူ၏ခြေဖဝါးဖြင့် ကောင်းကင်သို့ ကန်တင်လိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ဖုန်မှုန့်များသည် ကျည်ဆန်များသဖွယ် အရပ်ရပ်သို့ လွင့်စင်သွားပြီး ကောင်းကင်မှ မြေကျောက်မိုး ရွာသွန်းနေသကဲ့သို့ပင်။

လော်ယွမ်သည် ဆက်လက်၍ နောက်ဆုတ်ကာ အဝေးမှ လှမ်းကြည့်နေလိုက်သည်။ တဖြည်းဖြည်းနှင့် ရေသတ္တဝါကြီး၏ လှုပ်ရှားမှုများမှာ နှေးကွေးလာသည်။ မိနစ်အနည်းငယ်အကြာတွင် ဖုန်မှုန့်များကြားမှ လေးလံသော အသံကြီးတစ်သံ ထွက်ပေါ်လာရာ မြေပြင်ပင် အနည်းငယ် တုန်ခါသွားပြီးနောက် မည်သည့်အသံမျှ ထပ်မံထွက်ပေါ်လာတော့ခြင်း မရှိတော့ပေ။

ဆက်ရန်...

All Chapters