← Chapters

အခန်း (၁၉၃-၁၉၆)

Vol. 10 Ch. 193-196

အခန်း (၁၉၃-၁၉၆)

Vol. 10 Ch. 193-196

အပိုင်း(၁၉၃)စိတ်ဓာတ်ပြိုကွဲခြင်း

"ဒါပဲလား ပြီးသွားပြီလား" တပ်ခွဲမှူးရှက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "နှစ်မိနစ်တောင် မပြည့်သေးဘူးမလား"

"အတိအကျဆို တစ်မိနစ်ခွဲပဲကြာတယ်... တကယ်တိုက်ခိုက်ကြတာက စက္ကန့်နှစ်ဆယ်လောက်ပဲ ရှိမယ်" ရှောင်ဖေးက သူ့လက်ပတ်နာရီကို အထပ်ထပ်ကြည့်ရင်း လေးနက်သောလေသံဖြင့် ဆို၏။

"ဒါဆို စစ်ဌာနတွေက စူပါလူသားတွေဆိုတာ တစ်ကယ်ပြောနေတာပဲ" တပ်ခွဲမှူးရှသည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။ "ငါက အစတုန်းက တမင်ဝါဒဖြန့်ပြီး လူတွေလန့်အောင် ခြောက်နေတာလို့ပဲ ထင်နေတာ... ခေတ်ကြီးက ပြောင်းလဲသွားပြီပဲ... ငါတို့လို သာမန်စစ်သားတွေက သိပ်မကြာခင်မှာ အသုံးမဝင်တော့ဘဲ... ဖယ်ရှားခံရနိုင်တယ်"

"ဒါကမနာလိုလို့ရတဲ့ အရာမဟုတ်ဘူး... ငါတို့မျိုးဗီဇတွေက အရမ်းတည်ငြိမ်တော့ ဆင့်ကဲပြောင်းလဲဖို့ခက်တယ်... တချို့လူတွေက အဆင့်၂သတ္တဝါရဲ့အသားတစ်ဖတ်စားရုံနဲ့ ဆင့်ကဲပြောင်းလဲသွားနိုင်ပေမဲ့ ငါတို့က သန္ဓေပြောင်းသွေးရည်ကြည်ထိုးရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့ပင်စင်ယူကဖို့တော့ အိမ်မက်မက်တောင် မက်ဖို့မစဉ်းစားနဲ့" ရှောင်ဖေးက ဆိုသည်။ ထို့နောက် သူ၏အသံကိုနှိမ့်ကာ တိုးတိုးလေး ဆက်ပြော၏။ "ပြန်လည်တည်ဆောက်ရေးနယ်မြေမှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ... စစ်သားတွေကိုလည်း အဆက်မပြတ် စုဆောင်းနေရတယ်... ဒီတစ်ခေါက်တာဝန်ပြီးရင် ငါတို့တပ်ရင်းကို ရှေ့တန်းလွှတ်ဖို့များတယ်"

တပ်ခွဲမှူးရှ၏ မျက်နှာတွင် ခါးသီးသောအရိပ်အယောင်တို့ဖြတ်ပြေးသွားသည်။ သူက ဆေးလိပ်တစ်လိပ်ကို အသံတိတ်ထုတ်လိုက်ပြီးနောက် လေးလံစွာဖွာရှိုက်လိုက်ရင်း "ဒီတာဝန်ပြီးရင် အလှည့်ကျနားရက် နည်းနည်းလောက် ပိုရပါစေလို့ပဲ ဆုတောင်းရမယ်... ဒီခြောက်လလုံးလုံး ငါအိမ်ကိုတစ်ခေါက်မှမပြန်ရသေးဘူး... ငါ့သမီးလေးက ငါ့ကို မှတ်မိပါ့မလားတောင် မသိတော့ဘူး"

"စစ်တပ်က လုပ်ပေးတဲ့ ကြင်ဖက်ရှာတဲ့ပွဲကို ငါမသွားခဲ့တာ ကံကောင်းတယ်... အခုတော့ အပူအပင်မရှိ တစ်ကိုယ်တည်းသမားဆိုတော့ ဘာကိုမှ ခေါင်းစားနေစရာမလိုဘူးပေါ့" ရှောင်ဖေးက ဆိုသည်။ ထိုစကားက သူ၏အတိတ်ကို ပြန်လည်နှိုးဆွလိုက်ဟန်တူ၏။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲလာသည်။ သူက မျက်လုံးကို ပွတ်သပ်လိုက်ရင်း ဟန်ဆောင်၍ ဆိုသည်။ "ထားလိုက်တော့… ဒီအကြောင်းတွေ မပြောတော့ဘူး... ဟိုလူ လာနေပြီ"

...................................................

ထို့နောက်တွင် ရေသတ္တဝါများက တစ်ကောင်စ၊ နှစ်ကောင်စဖြင့် ပေါ်ထွက်လာကြ၏။

တစ်ခါတစ်ရံ တစ်ကောင်၊ တစ်ခါတစ်ရံ နှစ်ကောင် ဖြစ်သည်။

ရေသတ္တဝါတို့၏ ပြိုင်ဆိုင်မှုက အမှန်ပင် ပြင်းထန်လှ၏။ ထိုရေသတ္တဝါများ၏ အနိမ့်ဆုံးအဆင့်မှာ အပြာရင့်ရောင် အဆင့်ဖြစ်ပြီး အများစုမှာ အစိမ်းနုရောင်ရောင်အဆင့်ဖြစ်သည်။ အရေးကြီးသည့်အချိန်တွင် တိုက်ခိုက်ရေးစွမ်းရည် အပြည့်အဝရှိနေစေရန်အလို့ငှာ လော်ယွမ်က တစ်ဦးတည်း ရင်ဆိုင်ခြင်းမပြုတော့ဘဲ မုဝမ်ဝမ်နှင့်အတူ ပူးပေါင်းလှုပ်ရှားလိုက်သည်။

လော်ယွမ်တစ်ယောက် သူမကို သတိထားကြည့်မိရာ သူမ၏ စရိုက်က အေးစက်စက်နိုင်လှသော်လည်း တစ်ကိုယ်တည်း သီးခြားနေတတ်သူမျိုးကား မဟုတ်ချေ။ ကောင်းအောင်ပြောရလျှင် သူမသည် လူမှုဆက်ဆံရေးညံ့ဖျင်းသူဖြစ်ပြီး ဆိုးဆိုးဝါးဝါးပြောရလျှင်မူ အိမ်တွင်းပုန်းသမားလေးတစ်ယောက်နှင့်တူ၏။ သင်က မခေါ်လျှင် သူမက အရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေတတ်ပြီး ဘေးပတ်ဝန်းကျင်၌ မည်သူမျှမရှိသကဲ့သို့ပင်။ သူမ ဘာတွေတွေးနေသည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။

သို့သော် သင်က သူမအား တစ်စုံတစ်ခုပြုလုပ်ရန် ခိုင်းစေပါကလည်း သူမသည် မည်သည့်အခါမျှ ငြင်းဆန်လေ့မရှိ။ သူမ၏ခေါင်းက အမြဲတစေ ငုံ့နေတတ်ပြီး ဒေါသထွက်ခြင်း၊ စိတ်ခံစားချက်ပြောင်းလဲခြင်းဟူ၍လည်း မရှိသလောက်ပင်။ ရေသတ္တဝါကြီးများ၏ ဧရာမခန္ဓာကိုယ်ကို မြင်ရသည့်အခါ သာမန်လူတစ်ယောက်တွင် ရှိသင့်သည့် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းတို့ကိုပင် လော်ယွမ်က သူမ၏မျက်နှာပေါ်၌ မမြင်ခဲ့ရပေ။ သူမ၏ ဉာဏ်ရည်သာ ပုံမှန်မဟုတ်ခဲ့လျှင် လော်ယွမ်က သူမအား ကြောက်ရမှန်းမသိသည့် အရူးတစ်ယောက်ဟုပင် ထင်မှတ်မိမည်ဖြစ်သည်။

သို့သော် ဤကဲ့သို့ သေရမည်ကိုမကြောက်သော ပြင်းထန်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးက လော်ယွမ် အလိုချင်ဆုံးသော အဖွဲ့သား၏ အရည်အချင်းပင်တည်း။

သူမ၏အစွမ်းနှင့် လော်ယွမ်၏အစွမ်းတို့ ပူးပေါင်းလိုက်သောအခါ အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကိုပင် ကြက်၊ ဘဲသတ်သကဲ့သို့ လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။ အများစုမှာ လော်ယွမ်၏ ဓားတစ်ချက်ဖြင့် ဦးခေါင်းကို ထိုးခွဲခံလိုက်ရကာ အဆုံးသတ်သွားကြရ၏။

သို့ရာတွင် လော်ယွမ်က သူမ၏အစွမ်းတွင် အားနည်းချက်များရှိနေသည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ပထမတစ်ချက်မှာ သူမ၏အစွမ်းသည် အကွာအဝေးတိုတောင်းလှပြီး ပေ၃၀၀ခန့်သာ သက်ရောက်နိုင်ပြီး ဤအကွာအဝေးက အလွန်အန္တရာယ်များလှသည်။ ဒုတိယတစ်ချက်မှာ အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကို ထိန်းချုပ်ရန် ခက်ခဲလှပြီး ပြင်ဆင်ချိန် နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်ခန့် လိုအပ်တတ်သည့်အပြင် မအောင်မြင်နိုင်ခြေလည်း များပြားသည်။ ဆိုလိုသည်မှာ သူမ၏အစွမ်းကို အသုံးပြုလိုလျှင် မိမိကိုယ်ကို အလွန်အန္တရာယ်များသော အခြေအနေသို့ ပို့ဆောင်ရမည်ဖြစ်သည်။

လှုပ်ရှားမှုနှေးကွေးသော ဤရေသတ္တဝါများကို ရင်ဆိုင်ရာတွင်မူ အဆင်ပြေသေး၏။ သို့သော် ကုန်းမြေပေါ်ရှိ သတ္တဝါများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်မူ ပေ၃၀၀အကွာအဝေးအထိ ချဉ်းကပ်ရန်မှာ မိမိအသက်ကို ဖက်နှင့်ထုပ်ထားရမည့်အဖြစ်ပင်။ အကြောင်းမှာ သတ္တဝါ၏ သတိထားမိခြင်း သို့မဟုတ် ဒေါသထွက်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းအသက်ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်သည်။

အစိမ်းနုရောင်အဆင့်ရှိ ကုန်းမြေသတ္တဝါတို့၏ လျင်မြန်ဖျတ်လတ်မှုက လော်ယွမ်ထက် မနိမ့်ကျတော့ပေ။ ထို့အပြင် ခန္ဓာကိုယ်အရွယ်အစား ကွာခြားမှုကြောင့် အရှိန်အဟုန်မှာမူ အဆပေါင်းများစွာ သာလွန်နေသည်။ ပေ၃၀၀ဟူသော အကွာအဝေးက ထိုသန္ဓေပြောင်းသတ္တဝါများအတွက် ခြေလှမ်းအနည်းငယ်မျှသာ ဖြစ်ပေလိမ့်မည်။

သူမ၏အစွမ်းသည် လော်ယွမ်ကဲ့သို့ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရသည့် အစွမ်းမျိုးမဟုတ်ဘဲ နောက်မှကူညီထောက်ပံ့ပေးရသည့် အမျိုးအစားဖြစ်ရာ တစ်ဦးတည်း ရှင်သန်နိုင်စွမ်းမှာ အလွန်အားနည်းလှသည်။

ရေသတ္တဝါအများစုမှာ တစ်ကောင်စ၊ နှစ်ကောင်စသာ ပေါ်လာကြပြီး လှုပ်ရှားမှုလည်း နှေးကွေးသောကြောင့် ထိုနေရာတွင် အန္တရာယ်ကြီးကြီးမားမား မရှိခဲ့ပေ။ နောက်ပိုင်းတွင် ဝမ်ရှီရှီပင်လျှင် ရံဖန်ရံခါ ထွက်လာကာ သူမ၏ဆူးပျံဖြင့် တိုက်ခိုက်လေ့ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူမက အစိမ်းနုရောင်အဆင့် ရေသတ္တဝါတစ်ကောင်ကို အသေသတ်နိုင်ခဲ့၏။

သူမ၏ ဆူးပျံက အစိမ်းရောင်အဆင့်ဖြစ်ပြီး လိပ်ဘီလူးကြီး၏ ဥခွံဖြင့် ပေါင်းစပ်ပြုလုပ်ထားရာ ခံနိုင်ရည်ကိုအဓိကထားသည့် လော်ယွမ်၏ ကျန်းမာတောက်ဓားထက်ပင် ပို၍ထက်မြက်လှသည်။ ဆူးပျံဖြင့် ထိုးစိုက်လိုက်သည်နှင့် အပေါက်တစ်ပေါက်ဖြစ်သွားလေ့ရှိသည်။ ထိုတစ်ကောင်တည်းသော ရေသတ္တဝါသည်လည်း ကံဆိုးလှ၏။ ခြေလက်များပင် မဖွံ့ဖြိုးသေးဘဲ ငါးအမြီးတစ်ခုနှင့် ဆူးတောင်တစ်စုံကိုသာ အားကိုးလျက် ကမ်းခြေပေါ်သို့ ဖြည်းညင်းစွာ တွားသွားတက်လာစဉ် ဝမ်ရှီရှီ၏ ဆူးပျံက သူ၏ဦးခေါင်းကို တိုက်ရိုက်ထွင်းဖောက်သွားခဲ့ခြင်းဖြစ်သည်။

ဝတုတ်ရှဲ့တစ်ယောက်သာ မလှုပ်မယှက်ရပ်နေခဲ့သည်။ သူ၏အစွမ်းမှာ ရေသတ္တဝါများ၏ သဘာဝနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ထိခိုက်အောင်ပြုလုပ်နိုင်စွမ်းပင် မရှိဘဲ အဝေးမှသာ ကြည့်နေခဲ့ရသည်။

အချိန်တို့က တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့ရာ ညနေစောင်းသို့ပင် ချဉ်းကပ်လာခဲ့ချေပြီ။ ရှေ့တွင် အလောင်းများက တောင်ပူစာငယ်များသဖွယ် စုပုံနေပြီး သွေးများကလည်း မြေပြင်တစ်ခွင်လုံးကို နီရဲစွာ ဆိုးထားလေရာ လေထုထဲတွင် သွေးညှီနံ့တို့က စူးရှစွာပျံ့လွင့်နေပြီး ကီလိုမီတာပေါင်းများစွာအထိ ရောက်ရှိနေသည်။

ထိုအချိန်တွင် တစ်ဘက်၌ ပစ္စည်းရွှေ့ပြောင်းခြင်းလုပ်ငန်းမှာ ပြီးဆုံးလုနီးပါးဖြစ်နေချေပြီ။ ဆာဗာအများစုကို ကွန်တိန်နာများထဲသို့ ထည့်သွင်းပြီးဖြစ်၍ နောက်ဆုံးအဆင့် အပြီးသတ်လုပ်ငန်းများကိုသာ လုပ်ဆောင်နေကြသည်။

စစ်သားများ၏ မျက်နှာအမူအရာများမှာ ပေါ့ပါးသွားကြပြီး လော်ယွမ်ပင်လျှင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒီတစ်ခေါက်မစ်ရှင်ကို ဤမျှလွယ်ကူစွာ ပြီးမြောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒီတစ်ခေါက်တော့ ခင်ဗျားတို့ကို တကယ်ကျေးဇူးတင်တယ်... ခင်ဗျားတို့သာ လာမကူညီရင် ဆာဗာတချို့ကို ကျွန်တော်တို့ လက်လွှတ်လိုက်ရမှာ သေချာတယ်" တပ်ခွဲမှူးရှက ပြုံးလျက်ဆိုသည်။

လော်ယွမ်က နှိမ့်ချသောစကားအချို့ကို ပြန်ပြောမည်အပြုတွင် သူ၏ နှလုံးခုန်သံများ ရုတ်တရက် ဖောက်ပြန်သွားကာ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခုက လှိုင်းလုံးများပမာ ရိုက်ခတ်သွား၏။ သူ၏မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

"ဘာဖြစ်လို့လဲ" တပ်ခွဲမှူးရှက နားမလည်စွာ မေးလိုက်သည်။

"ခဏလေး… တစ်ခုခုမှားနေတယ်" လော်ယွမ်၏ မျက်နှာသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး သူ၏အမူအရာမှာ လေးနက်လာသည်။ "ခင်ဗျားတို့ ငလျင်လှုပ်တာကို သတိထားမိလိုက်သေးလား"

တပ်ခွဲမှူးရှက ဇဝေဇဝါဖြင့် ခေါင်းခါပြလိုက်သည်။ လော်ယွမ်က အခြားသူများဖြစ်သော မုဝမ်ဝမ်နှင့် ဝတုတ်ရှဲ့တို့ကို လှည့်ကြည့်လိုက်ရာ သူတို့အားလုံး ဘာကိုမျှ မခံစားလိုက်ရကြောင်း တွေ့လိုက်ရသည်။

မြေဓာတ်အစွမ်းကြောင့် ကမ္ဘာမြေကြီး၏ တုံ့ပြန်မှုများကို သူက ပို၍အာရုံခံနိုင်စွမ်းရှိနေခြင်းလော သို့တည်းမဟုတ် သူ၏စိတ်ထင်သလော မသဲကွဲပေ။ မြေပြင်ကြီးသည် တုန်ခါနေသယောင်၊ ကျောက်ဆောင်များ ကွဲအက်နေသယောင်၊ တစ်စုံတစ်ခုက မြေအောက်မှ တိုးထွက်လာနေသယောင် သူခံစားနေရသည်။

"ငလျင်မလှုပ်ပါဘူး... ခင်ဗျား စိတ်ထင်တာနေမှာပါ" တပ်ခွဲမှူးရှက နားမလည်သလို မေးလိုက်သည်။

လော်ယွမ်သည် စကားမဆိုတော့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ရာ ပတ်ဝန်းကျင်ရှိလေထုသည် ချက်ချင်း တည်ငြိမ်သွားသည်။ အကယ်၍ လော်ယွမ်သည်သာ နာမည်မရှိသော သာမန်စစ်သားတစ်ဦးဖြစ်ခဲ့ပါက သူ၏စကားက မည်သူ့ကိုမျှ သက်ရောက်မှုရှိမည်မဟုတ်ပေ။ သို့သော် လော်ယွမ်သည် ဆင့်ကဲပြောင်းလဲဖြစ်ပြီးသားသူတစ်ဦးဖြစ်သည့်အပြင် အဆင့်ငါးသို့ရောက်ရှိနေသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်လူသားတစ်ဦးလည်း ဖြစ်သည်။ သူ့တွင် မည်သူမျှမသိနိုင်သော ထူးခြားဆန်းကြယ်သည့် အာရုံခံနိုင်စွမ်းများ ရှိနေမည်ကို မည်သူကမျှ အတပ်မပြောနိုင်ပေ။

"အမြန်ဆုတ်… အမြန်ဆုတ်… အားလုံးပြန်ဆုတ်ကြ" ရုတ်တရက် လော်ယွမ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်။ ထို့နောက် သူက ဝမ်ရှီရှီကို လျင်မြန်စွာ ဆွဲယူကာ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီး ခြေထောက်ကိုကန်ကာ ရှေ့သို့ အရူးအမူး ပြေးထွက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာပေါင်းများစွာသော အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ထိုအခါမှ ကျန်လူများသည် သတိဝင်လာကြပြီး အလျင်အမြန် နောက်သို့ဆုတ်ခွာကြသည်။ သို့သော် အချိန်မမီတော့ပေ။ သူတို့ရှေ့ ပေ၃၀အကွာရှိ မြေပြင်ကြီးသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ရုတ်တရက် ကွဲကြေသွားပြီး မရေမတွက်နိုင်သော မြေမှုန်များ၊ ကျောက်စရစ်ခဲများက အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။ စစ်သားအချို့မှာ ကျောက်တုံးများဖြင့် တိုက်ရိုက်ထိမှန်ကာ အော်ဟစ်ချိန်ပင်မရလိုက်ဘဲ လွင့်စဉ်သွားပြီးနောက် သူတို့၏ရုပ်အလောင်းများမှာ ကြည့်မကောင်းအောင်ပင် ပျက်စီးသွားကြသည်။

နောက်တစ်ခဏတွင် ထိုနေရာမှ မြွေနှင့်တူသည့် တစ်ကိုယ်လုံးငွေဖြူရောင်တောက်နေသော ဧရာမသတ္တဝါကြီးတစ်ကောင်က လျှပ်စီးကဲ့သို့ တိုးထွက်လာလေသည်။ ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းက မိုးကောင်းကင်ထက်သို့ မားမားမတ်မတ်ထောင်တက်နေပြီး အေးစက်သောမျက်လုံးများဖြင့် အောက်ဘက်ကို အထက်စီးမှ ကြည့်ရှုနေသည်။

လေထုသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း ဖိနှိပ်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြီး ဖော်ပြ၍မရသော အရှိန်အဝါတစ်ခုက နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။

လူအားလုံး၏ မျက်နှာများမှာ ဖြူဖျော့သွားပြီး ခြေလက်တို့မှာ အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပျော့ခွေကျလုမတတ် ဖြစ်သွားကြသည်။ ဖော်ပြ၍မရသော ကြောက်ရွံ့မှုတစ်ခုက သူတို့၏နှလုံးသားထဲတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့ကြီးထွားလာသည်။ လော်ယွမ်ပင်လျှင် အသက်ရှူရပ်သွားမတတ်ဖြစ်ကာ အလိုအလျောက် ရပ်တန့်လိုက်မိပြီး ခက်ခဲစွာ လှည့်ကြည့်လိုက်သည်။

၎င်းကား ကျက်သရေရှိပြီး တင့်တယ်လှပသော သတ္တဝါတစ်ကောင်ဖြစ်၏။ တစ်ကိုယ်လုံး ငွေဖြူရောင်တောက်နေပြီး နေရောင်ခြည်အောက်တွင် တောက်ပလွန်းလှသော အလင်းရောင်များ ထွက်ပေါ်နေသဖြင့် သူ၏ကိုယ်ပေါ်ရှိ အကြေးခွံများကိုပင် ရှင်းလင်းစွာမမြင်ရပေ။ သူ၏ခန္ဓာကိုယ်မှာ ရှည်သွယ်လျားပြီး အောက်ပိုင်းကို စက်ဝိုင်းပုံခွေထားသည်။ အမြီး၏အဆုံးတွင်မူ အရောင်အသွေးစုံလင်သော အမွေးနုများ စုပြုံပေါက်နေ၏။ ခေါင်းပေါ်တွင်မူ မီးလျှံကဲ့သို့ တောက်လောင်နေသော အနီရောင်အမောက်တစ်ခုရှိပြီး သရဖူတစ်ခုကို ဆောင်းထားသည့်အလား ထူးခြားသော ဘုန်းတန်ခိုးအာဏာကို ဆောင်နေစေသည်။

ဤသတ္တဝါသည် မြွေအမျိုးအစားမှ ဆင့်ကဲပြောင်းလဲလာသည်မှာ ထင်ရှားပြီး ယနေ့တိုင် မြွေတို့၏ လက္ခဏာများစွာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ရေသတ္တဝါများနှင့် နှိုင်းယှဉ်ပါက ၎င်းက သေးငယ်လှ၏။ အချင်း၃ပေပင်မပြည့်သော ခန္ဓာကိုယ်နှင့် ပေ၃၀မျှသာရှည်သော ကိုယ်လုံးကိုယ်ထည်က အပြာရင့်ရောင်အဆင့်ရေသတ္တဝါလောက်ပင် မကြီးမားပေ။

သို့သော် ယခုအချိန်တွင်မူ ထို "သေးငယ်လှသော" သတ္တဝါက လူအားလုံးကို အဆုံးမရှိသောကြောက်ရွံ့မှုများ ပေးစွမ်းနေသည်။ ဤခံစားချက်မျိုးကို လော်ယွမ်သည် ယခင်က လိပ်ဘီလူးကြီးထံ၌သာ ခံစားခဲ့ဖူးပြီး ယခုမူ ဤသတ္တဝါထံတွင် နောက်တစ်ကြိမ် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

"အစိမ်းရောင်အဆင့်"

လော်ယွမ်၏စိတ်ကို သိမြင်နေသည့်အလား ၎င်းက သူ့အား တစ်ချက်လှမ်းကြည့်လိုက်ဟန်တူသည်။ ကြည်လင်တောက်ပသော မျက်လုံးများတွင် အသိဉာဏ်အရိပ်အယောင်များပါဝင်နေသည်ဟု ခံစားရပြီး ထိုအကြည့်က သူ့အား တစ်ကိုယ်လုံး အေးစက်ကာ ခေါင်းနပမ်းကြီးသွားစေသည်။ သို့သော် ၎င်းသည် အကြည့်ကို လျင်မြန်စွာလွှဲလိုက်ပြီး ရှေ့ရှိ ဧရာမအလောင်းပုံကြီးကို ကြည့်လိုက်သည်။ လူသားတို့၏ သေးကွေးသောခန္ဓာကိုယ်များက ၎င်း၏စိတ်ကို အနည်းငယ်မျှပင် မဆွဲဆောင်နိုင်သည်မှာ ထင်ရှားလှသည်။

၎င်းသည် မြေအောက်တွင် မည်မျှကြာအောင် အိပ်စက်နေခဲ့သည်မသိ။ ဒီတစ်ကြိမ်တွင်မူ ဤနေရာမှ စူးရှသောသွေးညှီနံ့များက သူ့ကို ဆွဲဆောင်ကာ နိုးထလာစေခြင်းဖြစ်ပေမည်။

လော်ယွမ်က သက်ပြင်းတစ်ချက်ချမည်အပြုတွင် စက်အမြောက်သံများက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

လူအားလုံး၏ မျက်နှာရောင်မှာ ချက်ချင်းပြောင်းလဲသွားသည်။

ခြေလျင်တပ်သားတင်ယာဉ်တစ်စီးပေါ်မှ လက်နက်ကိုင်စစ်သားတစ်ဦးသည် ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် စိတ်ဓာတ် ရုတ်တရက် ပြိုလဲသွားကာ ရူးသွပ်မတတ် အော်ဟစ်လိုက်ပြီး ခလုတ်ကိုဆွဲကာ သူ၏ဒေါသများကို ပေါက်ကွဲထုတ်သည့်အလား ပစ်ခတ်လိုက်သည်။ ဤမျှနီးကပ်သော အကွာအဝေးတွင် လွဲချော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ၃၀ မီလီမီတာ စက်အမြောက်ကျည်ဆန်များသည် မြွေကြီး၏ကိုယ်ပေါ်သို့ ထိမှန်ကာ မျက်စိကျိန်းလောက်အောင် တောက်ပသည့် မီးပွားများ ဆက်တိုက်ထွက်ပေါ်လာသော်လည်း အကြေးခွံအနည်းငယ် လန်ထွက်သွားသည်မှလွဲ၍ မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ပေ။

"သေစမ်း... ပစ်... ပစ်ကြ... ရှိသမျှလက်နက်တွေနဲ့ ဝိုင်းပစ်" တပ်ခွဲမှူးရှက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အရူးအမူး အော်ဟစ်အမိန့်ပေးလိုက်သည်။ သူသည် ကံကောင်းစွာဖြင့် ကျောက်တုံးများထိမှန်ခြင်းမှ လွတ်မြောက်ခဲ့သော်လည်း သူ၏မျက်နှာတစ်ခုလုံးမှာမူ မြေကြီး၊ ကျောက်ခဲစများ ထိမှန်ထားသော သွေးစက်များဖြင့် ပြည့်နှက်နေပြီး ချိုင့်ခွက်များဖြစ်နေသည်။

အမှန်တကယ်တွင် သူအမိန့်မပေးလျှင်ပင် ဤကဲ့သို့ ကြောက်မက်ဖွယ်ဖိအားအောက်တွင် စစ်သားများက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ပစ်ခတ်နေကြပြီဖြစ်သည်။

ဆက်ရန်...

အပိုင်း(၁၉၄)သေရေးရှင်ရေးတခဏတာ

သေနတ်ပြောင်းဝမှ မီးပွင့်များက ပြင်းထန်စွာ တောက်လောင်နေပြီး သိပ်သည်းသောကျည်ဆန်များသည် မိုးစက်မိုးပေါက်များပမာ ရှေ့သို့ ပြေးဝင်သွားကြ၏။

သို့သော် ဤစူပါသတ္တဝါကြီး၏ တုံ့ပြန်မှုက ပို၍မြန်ဆန်သည်။

မြွေတစ်ကောင်၏ တိုက်ခိုက်နှုန်းက မည်မျှမြန်ဆန်သနည်း။

ကမ္ဘာပျက်ကပ်မတိုင်မီက အချက်အလက်များအရ သာမန်မြွေတစ်ကောင်သည် တိုက်ခိုက်နိုင်သည့်အကွာအဝေးအတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဝ.၁ စက္ကန့်အတွင်း၌ တိုက်ခိုက်ခြင်း၊ ကိုက်ဖြတ်ခြင်း (အကယ်၍ အဆိပ်ရှိမြွေဖြစ်ပါက အဆိပ်ထည့်သွင်းခြင်း) နှင့် မူလနေရာသို့ ပြန်လည်ဆုတ်ခွာခြင်း စသည့်လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်နိုင်သည်။ ဤသို့သော လှုပ်ရှားမှုများကို လူသားတို့၏ မျက်စိဖြင့် ဖမ်းယူနိုင်ရန် ခက်ခဲလှရာ တုံ့ပြန်ရန်မှာ ပြောစရာပင်မလိုတော့ပေ။

ယခု ဤမြွေအမျိုးအစားမှ ဆင့်ကဲပြောင်းလဲလာသော စူပါသတ္တဝါကြီး၏ အရှိန်အဟုန်မှာမူ စဉ်းစား၍မရလောက်အောင်ပင် မြန်ဆန်လှသဖြင့် လူတိုင်းကို အားပျော့ကာ စိတ်ဓာတ်ကျသွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အစောဆုံးပစ်ခတ်ခဲ့သော ဘီးတပ်သံချပ်ကာကားသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မူလနေရာတွင် ပြင်းထန်သောလေစီးကြောင်းတစ်ခုနှင့် အသက်ရှူရကြပ်လောက်အောင် စူးရှသော သွေးညှီနံ့တစ်ခုသာ ကျန်ရစ်ခဲ့သည်။

အားလုံး နောက်တစ်ကြိမ် ပြန်မြင်လိုက်ရသည့်အချိန်တွင် သံချပ်ကာကားသည် ကောင်းကင်ယံ၌ ရောက်ရှိနေပြီဖြစ်သည်။ မရေမတွက်နိုင်သော အစိတ်အပိုင်းများက ကောင်းကင်မှ တဖွဲဖွဲကြွေကျနေ၏။ သံချပ်ကာကားတစ်စီးလုံးကို ၎င်း၏ထက်ရှလွန်းသော သွားများဖြင့် ကိုက်ချီထားရာ ပါးလွှာသောသံချပ်ကာသည် မြွေကြီး၏ ကြောက်မက်ဖွယ်ကိုက်အားကို လုံးဝမခံနိုင်ဘဲ အတွင်းသို့ လုံးဝချိုင့်ဝင်သွားသည်။ သွေးများက ကောင်းကင်မှ မရပ်မနား စီးကျနေပြီး အတွင်းမှစစ်သားများကား အသက်ရှင်နိုင်တော့မည်မဟုတ်သည်မှာ သေချာလှသည်။

၎င်းသည် စားသုံး၍ရသော အစာမဟုတ်ကြောင်း သိလိုက်ဟန်တူ၏။ သူ၏ခေါင်းကို အားကုန်လွှဲယမ်းလိုက်ရာ တန်ချိန်ဆယ်ဂဏန်းနီးပါးလေးသော သံချပ်ကာကားသည် အဝေးမီတာရာပေါင်းများစွာသို့ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားသည်။ အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားကာ ဧရာမအသံကြီး ထွက်ပေါ်လာသည်။

ဤမြင်ကွင်းက အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှရာ အားလုံးက မိမိတို့၏တိုက်ခိုက်မှုကို အလိုအလျောက် ရပ်တန့်လိုက်ကြသည်။ ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားပြီး အားလုံး၏အသက်ရှူသံများ ပြင်းထန်လာကြသော်လည်း မည်သူမျှ မလှုပ်ဝံ့ကြပေ။ မည်သည့်လှုပ်ရှားမှုမဆို ဤစူပါသတ္တဝါကြီး၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ဆွပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရွံ့နေကြသည်။

မြွေကြီး၏ ကြည်လင်တောက်ပပြီး အေးစက်သောမျက်လုံးများက ဤနေရာကို ရက်စက်စွာ စိုက်ကြည့်နေသည်။ ထိုအမူအရာတွင် အနည်းငယ် ဒေါသထွက်ခြင်းနှင့် ကြမ်းကြုတ်ခြင်းတို့ ပါဝင်နေသည်ကို ခံစားသိရှိနိုင်၏။

စောစောက ကျည်မိုးရွာသွန်းမှုတွင် မြွေကြီးသည် လုံးဝထိခိုက်မှုမရှိသည်တော့မဟုတ်။ သူ၏ကိုယ်ပေါ်ရှိ အကြေးခွံများစွာသည် ကျည်ဆန်များကြောင့် ကွဲကြေသွားခဲ့ပြီး ရှည်သွယ်သောခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအသေးစားများ ပေါ်ပေါက်လာခဲ့သည်။ စေးပျစ်သောသွေးစက်များက သူ၏ကိုယ်မှ တစက်စက် စီးကျနေသည်။

လေထုသည် အလွန်အမင်း ဖိနှိပ်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်လာပြီး ပုံသဏ္ဌာန်မရှိသော ကြောက်ရွံ့မှုက လူတိုင်း၏စိတ်နှလုံးကို လွှမ်းခြုံထားသည်။

ထိုအချိန်တွင် အဝေးပစ်အမြောက်ကြီး၏ အမြောက်ပြောင်းသည် ရုတ်တရက် လှုပ်ရှားသွားပြီး ဟိုက်ဒရောလစ်စနစ်ဖြင့် လည်ပတ်သောစက်သံက ဤတိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် အလွန်နားထဲစူးရှစွာ ထွက်ပေါ်လာသည်။

မြွေကြီးသည် ချက်ချင်း အဝေးပစ်အမြောက်ကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး လွှသွားကဲ့သို့ ထက်ရှသောသွားများကို ထုတ်ပြလိုက်သည်။

"သေစမ်း" လော်ယွမ်၏ နှလုံးသည် တဒုန်းဒုန်းခုန်သွားသည်။ သူ၏စိတ်ထဲတွင် ထိုအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ရှေ့ရှိမြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး ကြီးမားသောအရိပ်တစ်ခုက အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကာ အဆုံးမဲ့သောလေပြင်းများနှင့်အတူ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် "ဒုန်း" ဟူသော နားကွဲမတတ်အသံကြီးနှင့်အတူ အဝေးပစ်အမြောက်ကြီးသည် ကြီးမားသောခွန်အားဖြင့် တိုက်ခိုက်ခံလိုက်ရသည့်အလား ပေ၃၀နီးပါးရှည်သော အမြောက်ပြောင်းတစ်ခုလုံး ချက်ချင်း ကျိုးပဲ့သွားသည်။ အပေါ်မှ သံချပ်ကာသည်လည်း စက္ကူကဲ့သို့ လန်တက်သွားပြီး နားကွဲမတတ်စူးရှသော သတ္တုပြတ်သံများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် တန်ချိန်ဆယ်ဂဏန်းလေးသော ဤအရာဝတ္ထုကြီးသည် ပြင်းထန်စွာ လိမ့်သွားပြီး အနီးအနားရှိ စစ်သားအချို့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ဤဧရာမသတ္တုကြီး၏အောက်တွင် ပိမိကာ ချက်ချင်း အသားစများဖြစ်သွားပြီး သွေးများက တသွင်သွင်စီးထွက်လာသည်။

မြွေကြီး၏တိုက်ခိုက်မှုက မရပ်တန့်သေးပေ။ သူ၏ပစ်မှတ်က နောက်ထပ် အဝေးပစ်အမြောက်ကြီးတစ်စင်းဆီသို့ ရောက်သွားသည်။ အန္တရာယ်ကို မွေးရာပါအာရုံခံနိုင်စွမ်းရှိသောကြောင့် ဤကြီးမားသော သတ္တုနဂါးကြီးများက သူ့ကို ခြိမ်းခြောက်နိုင်သည်ဟု ၎င်းက ခံစားမိနေဟန်တူသည်။

၎င်းသည် ခေါင်းကိုနောက်သို့တွန့်ချလိုက်ပြီး ခွေနေသောခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ကာ ကြီးမားသောအမြီးဖြင့် ဝှေ့ယမ်းလိုက်သည်။

တန်ချိန်ထောင်ချီသော ဧရာမထွန်စက်ကြီးတစ်စင်းအလား ပတ်ဝန်းကျင်ရှိ ရိုးစင်းသောခံတပ် ကတုတ်ကျင်းများကို အမြီးဖြင့်တိုက်ဖြတ်သွားရာ ချက်ချင်း ပြားချပ်သွားသည်။ ၎င်းဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ တန်ချိန်ပေါင်းများစွာလေးသော ကျောက်တုံးကြီးများပင်လျှင် စဉ်းစား၍မရနိုင်သော ဧရာမစွမ်းအားဖြင့် တိုက်ခိုက်ခံရကာ အမြောက်ဆန်များကဲ့သို့ ကောင်းကင်သို့ လွင့်စင်သွားကြသည်။

နောက်တစ်ခဏတွင် အဝေးပစ်အမြောက်ကြီးသည် ပြင်းထန်စွာ တိုက်ခိုက်ခံရပြီး စူးရှသောအသံဖြင့် ချက်ချင်း ပုံပျက်ပန်းပျက်ဖြစ်သွားပြီး ကွဲကြေသွားသည်။ မရေမတွက်နိုင်သော အစိတ်အပိုင်းများနှင့် သံကြိုးခါးပတ်များက အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး ကျန်ရှိသောသံကိုယ်ထည်မှာ ဧရာမခွန်အားဖြင့် ပေ၃၀အဝေးသို့ တွန်းထုတ်ခံရကာ သတ္တုအပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သံချပ်ကာကားအချို့လည်း ထိုနည်း၎င်းပင်တည်း။

အားလုံးက မြေပြင်ပေါ်တွင် မှောက်ချလျက် မလှုပ်ဝံ့ဘဲ ငြိမ်သက်နေကြသည်။

လော်ယွမ်က ဝမ်ရှီရှီကို တင်းကြပ်စွာပွေ့ဖက်ထားပြီး ရေအိုင်လေးတစ်ခုထဲတွင် ပုန်းအောင်းနေသည်။ သူ၏ရင်ခွင်ထဲမှ ဝမ်ရှီရှီသည် တစ်ကိုယ်လုံး တုန်ရီနေပြီး သူမ၏မျက်နှာလေးပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

အလွန်အမင်း အားမတန်မာန်လျှော့ရသော ခံစားချက်တစ်ခုက သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည်။

အလွန်လျင်မြန်၏။ အလွန်အမင်း မြန်ဆန်လှ၏။ ဤစူပါသတ္တဝါကြီး၏ ရုတ်တရက်တိုက်ခိုက်မှုကို သူပင်လျှင် တုံ့ပြန်နိုင်စွမ်းမရှိပေ။ တစ်ခါမျှမကြုံဖူးသော ကြောက်မက်ဖွယ်ခံစားချက်က သူ၏ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံထားပြီး တစ်ခဏအတွင်းမှာပင် သူက နောက်လှည့်ထွက်ပြေးချင်စိတ် ပေါက်သွားသည်။

သို့သော် သူ၏အသိစိတ်က ထိုသို့မလုပ်ရန် တားမြစ်နေသည်။ ၎င်းက သူရဲကောင်းဆန်ခြင်းကြောင့်မဟုတ်ဘဲ ထွက်ပြေးပါက ပို၍မြန်မြန်သေဆုံးရမည်ကို သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ သိနေသောကြောင့်ဖြစ်သည်။

.............................................

မြေပြင်ပေါ်တွင် မှောက်နေကြသော လူများကို ကြည့်ရင်း မြွေကြီး၏ရက်စက်သောမျက်နှာတွင် ဆော့ကစားလိုသော အမူအရာတစ်ခု ပေါ်လာသည်။

၎င်းက ဖြည်းညင်းစွာ တွားသွားလာသော်လည်း အရှိန်အဟုန်မှာ အလွန်မြန်ဆန်လှသည်။ အသက်တစ်ခါရှူချိန်အတွင်းမှာပင် ဧရာမခန္ဓာကိုယ်ကြီးက လူများ၏ရှေ့ ပေ၃၀အကွာသို့ ရောက်ရှိလာသည်။

နေရောင်အောက်တွင် ငွေဖြူရောင်အကြေးခွံများက တောက်ပသောအရောင်အဝါများကို ရောင်ပြန်ဟပ်နေပြီး ပြင်းထန်သောဖိအားနှင့်အတူ သွေးညှီနံ့က မျက်နှာသို့ လာရောက်ရိုက်ခတ်သည်။ စစ်သားအချို့၏သွားများမှာ တဂတ်ဂတ်မြည်နေပြီး မျက်လုံးများက မျက်စိရှေ့မှ ကြောက်မက်ဖွယ်ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေကြသည်။ သူတို့၏ကိုယ်မှာ ပြင်းထန်စွာတုန်ခါနေပြီး တစ်ကိုယ်လုံး ပျော့ခွေအားနည်းနေပြီဖြစ်သည်။

ရုတ်တရက် ၎င်းက ခေါင်းကိုငုံ့လိုက်ပြီး စစ်သားတစ်ဦးကို မည်သည့်ခုခံမှုမျှမပြုနိုင်ခင်မှာပင် ပါးစပ်ဖြင့် ကိုက်ချီလိုက်သည်။

ထိုစစ်သားသည် သတိဝင်လာပြီးနောက် သွေးရူးသွေးတန်းဖြစ်ကာ အော်ဟစ်ရင်း ပြင်းထန်စွာ ရုန်းကန်နေသည်။ မကြာမီမှာပင် အသံအားလုံး တိတ်ဆိတ်သွားပြီး သူ၏တစ်ကိုယ်လုံးကို ၎င်းက ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။

ကြောက်ရွံ့မှု အဆုံးစွန်သို့ရောက်သောအခါ ရူးသွပ်မှုဖြစ်လာသည်။ ဘေးမှစစ်သားသည် အော်ဟစ်ကာ ထခုန်လိုက်ပြီး အရူးအမူး ပစ်ခတ်တော့သည်။ သို့သော် ၎င်း၏အကြေးခွံများပေါ်တွင် မီးပွားအချို့ဖြစ်ပေါ်စေပြီး အနည်းငယ်နာကျင်စေသည်မှလွဲ၍ မည်သည့်အကျိုးသက်ရောက်မှုမျှမရှိဘဲ သူတို့၏သေဆုံးမှုကိုသာ အရှိန်မြှင့်ပေးလိုက်သည်။ စစ်သားတစ်ဦးပြီးတစ်ဦး ၎င်း၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားကြသည်။

အနီးအနားတွင်ရှိသော ဝတုတ်ရှဲက တိုက်ပွဲဝင်ပုံစံသို့ ပြောင်းလဲထားပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် အတော်အတန် သေးငယ်သွားပြီး တစ်ကိုယ်လုံးကို နှင်းကဲ့သို့ဖြူဖွေးသော အရိုးချပ်ဝတ်တန်ဆာဖြင့် လုံးဝဖုံးအုပ်ထားသည်။ အရိုးချပ်ဝတ်တန်ဆာ၏ မျက်နှာပြင်သည် အလွန်ချောမွေ့နေပြီး စက်ရုပ်ဝတ်စုံတစ်စုံနှယ် သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားချက်ကိုပေးသည်။

သို့သော် ယခုအချိန်တွင် သူက တုန်ရီနေသည်။ သေမင်း၏ကြောက်ရွံ့မှုနှင့် စစ်သားများ သေခါနီးအော်ဟစ်သံများက သူ့ကို စိတ်ဓာတ်ပြိုကွဲလုနီးပါးဖြစ်စေသည်။

ထိုအချိန်တွင် သူ၏ခေါင်းပေါ်ရှိ အလင်းရောင်မှိန်သွားပြီး အပေါ်မှ သွေးညှီနံ့ပါသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

သူ၏တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ချက်ချင်းထောင်ထသွားပြီး အေးစက်သွားသည်။ လျှပ်စီးလက်သည့်တခဏတွင် သူ၏ခါးကို မြင့်မားစွာကော့လိုက်ပြီး တစ်ကိုယ်လုံးရှိအားအင်ကို ရုတ်တရက်ထုတ်ဖော်ကာ ခြေထောက်ဖြင့်ကန်၍ ၁၇ပေ၊ ၁၈ပေအကွာသို့ ခုန်ထွက်သွားသည်။ ထိုတစ်ခဏတွင် သူ၏အရှိန်က ဤမျှမြန်ဆန်နိုင်လိမ့်မည်ဟု သူတစ်ခါမျှ မခံစားဖူးခဲ့ပေ။

သို့သော် သူ၏စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများ မှောင်သွားပြီး ခါးတွင် နာကျင်မှုကို ခံစားလိုက်ရသည်။

"သေစမ်း"

မသေဆုံးမီတွင် သူ၏မာကျောသော အရိုးချပ်ဝတ်တန်ဆာများ တဖြောက်ဖြောက်ကွဲကြေသံကို သူကြားလိုက်ရဟန်တူသည်။ ထို့နောက် သူ၏အသိစိတ် လုံးဝပျောက်ကွယ်သွားတော့သည်။

လော်ယွမ်သည် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို လျင်မြန်စွာရုတ်သိမ်းလိုက်သည်။ သူ၏မျက်နှာမှာ လေးနက်နေသည်။ ဝတုတ်ရှဲ၏ အမြန်ဆုံးအရှိန်က လုံးဝမနှေးပေ။ ၁၃ မှတ်ခန့်ရှိပေမည်။ သို့သော် ဤအရှိန်က မြွေကြီး၏ရှေ့တွင် ပေ၃၀အကွာသို့ပင် မရောက်ရှိနိုင်ခဲ့ပေ။ ဤသည်မှာပင် မြွေကြီးက သူ့ကို အစောပိုင်းက သတိမထားမိသောကြောင့်ဖြစ်သည်။

သူက မိမိလွတ်မြောက်နိုင်ခြေကို စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်ရာ ရလဒ်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ မည်သို့ပင်တွက်ချက်သည်ဖြစ်စေ မျှော်လင့်ချက်မှာ နည်းပါးလွန်းသည်။

ရန်သူ၏တုံ့ပြန်မှုအရှိန်က အလွန်မြန်ဆန်လှသည်။ အထူးသဖြင့် တိုက်ခိုက်သည့်အခိုက်အတန့်တွင် လျှပ်စီးလက်သကဲ့သို့ပင် မည်သို့မျှ ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် ဤနေရာတွင် ဝမ်ရှီရှီလည်း ရှိနေသေးသည်။

၎င်းအစာဝပြီး ထွက်သွားသည့်အချိန်ထိ စောင့်နေရန်မှာမူ ပို၍မဖြစ်နိုင်ပေ။ ၎င်း၏ခန္ဓာကိုယ်အရွယ်အစားဖြင့် ဤနေရာရှိအလောင်းအားလုံးကို မျိုချလျှင်ပင် ဗိုက်တစ်ဝက်ခန့်သာ ပြည့်မည်ဖြစ်သည်။ ထို့အပြင် ဤစူပါသတ္တဝါ၏ အစာခြေစနစ်ဖြင့် ဤအစားအစာအနည်းငယ်က ဝမ်းထဲသို့ရောက်သည်နှင့် ချက်ချင်းအစာကြေသွားမည်ဖြစ်ရာ သူ၏အစာစားချင်စိတ်သည် သာမန်သတ္တဝါများနှင့် နှိုင်းယှဉ်၍မရပေ။

"ခွေးမသား… ခွေးမသား"

စစ်သားများ တစ်ဦးပြီးတစ်ဦး အော်ဟစ်ကာ ပျောက်ကွယ်သွားကြသည်။ မကြာမီ ဤနေရာသို့ အလှည့်ကျတော့မည်။ လော်ယွမ်သည် စိတ်ပူပန်စွာ ကြည့်နေရင်း သူ၏ကျန်းမာတောက်ဓားကို ဆုပ်ကိုင်လိုက် ဖြေလျှော့လိုက်လုပ်နေသည်။ သူ၏နဖူးမှ ချွေးစေးများ တစက်စက်စီးကျလာသည်။ ရုတ်တရက် သူသည် ရှေ့ဆယ့်ငါးမီတာအကွာရှိ တပ်ခွဲမှုးရှကို သတိပြုမိလိုက်သည်။ သူသည် ခေါင်းကို အစွမ်းကုန်ငုံ့ထားပြီး မြက်ပင်များ၏အကွယ်တွင် သူ၏လက်များက မရပ်မနား လှုပ်ရှားနေဟန်တူသည်။

လော်ယွမ်၏အာရုံခံနိုင်စွမ်းက ၎င်းတို့သည် အဖျက်စွမ်းအားပြင်းဗုံးငါးလုံးဖြစ်ပြီး သူက မြက်ပင်တစ်ပင်ဖြင့် ဗုံးအားလုံး၏ စနက်တံများကို ဆက်သွယ်နေသည်ကို လျင်မြန်စွာ "မြင်" လိုက်သည်။

ဒါက… သူ၏မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ရုတ်တရက် သူ၏စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ ခဏမျှတွေဝေနေပြီးနောက် သူက ဝမ်ရှီရှီကို ဖြည်းညင်းစွာ လွှတ်လိုက်ပြီး အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ "နင် ဒီမှာပဲ သတိထားပြီး နေခဲ့နော်"

"ကို… ကိုကြီးယွမ်… ကိုကြီးမသွားပါနဲ့... ကိုကြီး သေသွားလိမ့်မယ်" ဝမ်ရှီရှီသည် ကြောက်လန့်တကြားဖြင့် လော်ယွမ်၏အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"စကားနားထောင်နော်... လိမ္မာတယ်... နင့်ရဲ့ ကိုကြီးယွမ်က ဒီလောက်စွမ်းတာ လွယ်လွယ်နဲ့မသေပါဘူး" လော်ယွမ်က အားတင်းပြုံးလိုက်ပြီး သူမကို နှစ်သိမ့်လိုက်သည်။

ဝမ်ရှီရှီသည် ခေါင်းကို အပြင်းအထန်ခါယမ်းပြီး သူမ၏လက်ကို လုံးဝမလွှတ်ပေ။ သူမ၏မျက်နှာမှ မျက်ရည်များက မရပ်မနား စီးကျလာသည်။ "ဒါပေမဲ့… ဒါပေမဲ့… သမီး ကြောက်တယ်"

"လိမ္မာတယ်… မငိုနဲ့နော်... ဒီမှာပဲနေ ဘာပဲဖြစ်ဖြစ် မလှုပ်နဲ့" လော်ယွမ်သည် ဝမ်ရှီရှီ၏လက်ကို ဖြည်းညင်းစွာနှင့် ပြတ်သားစွာ ဖယ်ရှားလိုက်ပြီး သူမ၏ဆံပင်ကို ညင်သာစွာပွတ်သပ်ရင်း ဆိုလိုက်သည်။

ထို့နောက် လော်ယွမ်သည် မျက်ရည်များနှင့် ကြောက်လန့်နေသော သူမ၏မျက်နှာလေးကို လှည့်မကြည့်တော့ဘဲ အသက်ကိုပြင်းပြင်းရှူကာ သူ၏အငွေ့အသက်များကို ဖုံးကွယ်ပြီး ရှေ့သို့ ဖြည်းညင်းစွာ တွားသွားလိုက်သည်။

အော်ဟစ်သံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး စစ်သားတစ်ဦးပြီးတစ်ဦး သေဆုံးကြောင်း ကြေညာနေသည်။

လော်ယွမ်က ခေါင်းကို အစွမ်းကုန်ငုံ့ထားပြီး မျက်လုံးဖြင့်ပင် လှန်မကြည့်ဝံ့ပေ။ သူ၏အာရုံခံနိုင်စွမ်းကိုပင် အစွမ်းကုန် ချုပ်တည်းထားပြီး နှာခေါင်းဖြင့် အနံ့ခံခြင်းနှင့် အထိအတွေ့ဖြင့် ခံစားခြင်းကိုသာ အသုံးပြုနေသည်။

ပေ၃၀မျှသာရှိသော အကွာအဝေးကို သူက တစ်မိနစ်နီးပါး အချိန်ယူခဲ့ရသည်။ ရပ်တန့်လိုက်သည့်အခါတွင် သူ၏တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။

အနီးသို့ ရောက်လေ လော်ယွမ်သည် ပြင်းထန်သော ဖိအားကို ခံစားရလေဖြစ်ပြီး အသက်ပင်ရှူမရလောက်အောင် ဖြစ်လာသည်။

ဤနေရာသည် တပ်ခွဲမှုးရှ၏နေရာနှင့် ၂၄ပေခန့် ကွာဝေးပြီး အနီးအနားတွင် စစ်သားနှစ်ဦး၊ သုံးဦးရှိနေသေးသဖြင့် သူက ဤနေရာတွင် လုံးဝထင်ပေါ်ခြင်းမရှိပေ။

ဤအကွာအဝေးက သူတတ်နိုင်သမျှ အဝေးဆုံးမှ အကောင်းဆုံးတိုက်ခိုက်နိုင်သည့် အကွာအဝေးဖြစ်သည်။ အလွန်နီးကပ်သွားပါက နောက်တစ်ဦးသည် သူဖြစ်သွားနိုင်ပြီး အလွန်ဝေးလွန်းပါကလည်း ချောင်းမြောင်းတိုက်ခိုက်ခြင်း၏ အကောင်းဆုံးအာနိသင်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။

ထိုအချိန်တွင် သူက ထူးဆန်းသောဖြစ်ရပ်တစ်ခုကို သတိပြုမိလိုက်သည်။ ရှေ့ပေ၆၀အကွာတွင် မုဝန်ဝန်သည် တစ်ယောက်တည်း မြေပြင်ပေါ်တွင် မှောက်နေသည်။ သူမ၏ပတ်ဝန်းကျင်တွင် စစ်သားတစ်ဦးမျှမရှိတော့ပေ။ အစောပိုင်းက သူမအနီးရှိ စစ်သားအားလုံးကို မြွေကြီးက တစ်ဦးချင်း မျိုချသွားသော်လည်း သူမကိုမူ မြင်လျက်နှင့် မမြင်ချင်ယောင်ဆောင်ကာ တစ်ယောက်တည်း ချန်လှပ်ထားခဲ့သည်။

သို့သော် မကြာမီမှာပင် သူသည် ထိုအကြောင်းရင်းကို စဉ်းစားရန် အချိန်မရှိတော့ပေ။

သူ၏စိတ်သည် ရုတ်တရက် တင်းမာသွားပြီး နဖူးမှအကြောများ ထောင်ထလာသည်။ လက်မောင်းများကို ဖြည်းညင်းစွာ ကွေးဆန့်လိုက်ပြီး ဒူးများကို အနည်းငယ်ကွေးလိုက်သည်။ သူ၏ခြေဖျားဖြင့် ခြေထောက်အောက်ရှိ ကျောက်စရစ်ခဲနှင့် မြေကြီးများကို ညင်သာစွာရွှေ့ကာ တွင်းငယ်နှစ်ခုဖြစ်အောင် တူးလိုက်သည်။ ဤအနေအထားသည် သူမှောက်နေစဉ်တွင် အရှိန်ကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်နိုင်စေမည်ဖြစ်သည်။

ထိုအချိန်တွင် မြွေကြီးသည် နောက်ဆုံးတွင် တပ်ခွဲမှုးရှကို စူးစိုက်ကြည့်လိုက်သည်။ ထိုလက်တွေ့ဆန်သော မကောင်းသည့်အငွေ့အသက်က သူ၏ဆံပင်များကိုပင် ထောင်ထသွားစေသည်။ သူ၏လက်များသည် တုန်ရီလျက် အဖျက်စွမ်းအားပြင်းဗုံးများ၏ စနက်တံများကို ဆက်ထားသော မြက်ပင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နောက်ဆုံးအချိန်ကို စောင့်မျှော်နေသည်။

ထိုအချိန်တွင် မမျှော်လင့်သောအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ တပ်ခွဲမှုးရှ၏ဘေးမှ ရှောင်ဖေးက သူ၏လက်ကို တင်းတင်းဖိကိုင်ထားလိုက်သည်။

"မင်းပြန်လာမှာကို စောင့်နေတဲ့သူရှိသေးတယ်... ငါပဲ အရင်သွားလိုက်ပါ့မယ်" ရှောင်ဖေးက ဆိုသည်။ သူ၏မျက်နှာကား ထူးဆန်းစွာ တည်ငြိမ်နေ၏။

"မင်း…" တပ်ခွဲမှုးရှသည် စိတ်လှုပ်ရှားသွားပြီး သူ၏နှုတ်ခမ်းများ တုန်ခါသွားသည်။ သူ တစ်စုံတစ်ခုပြောမည်အပြုတွင်…

ရှောင်ဖေးက အနီးရှိအာပီဂျီကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ သို့သော် မြွေကြီးအတွက် သူ၏လှုပ်ရှားမှုမှာ အလွန်နှေးကွေးလွန်းလှသည်။ သူနောက်ထပ်လှုပ်ရှားမှုမပြုမီမှာပင် သွေးညှီနံ့ပါသော လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ရှောင်ဖေး၏ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်သွားကာ အာပီဂျီတစ်လက်သာ မြေပြင်ပေါ်သို့ လိမ့်ကျကျန်ရစ်ခဲ့သည်။

တပ်ခွဲမှုးရှသည် မျက်လုံးများ ပြူးကျယ်ထွက်မတတ် ကြည့်နေပြီး သူ၏မျက်နှာမှာ ချက်ချင်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်သွားသည်။ ထိုအချိန်တွင် သူ၏မျက်လုံးထောင့်က သူ၏လက်ဘေးရှိ အာပီဂျီကို သတိပြုမိလိုက်သည်။ သူက အလျင်အမြန် ကောက်ယူလိုက်ပြီး ကိုယ်ကိုလိမ့်ချလိုက်ကာ ပခုံးပေါ်သို့ လျင်မြန်စွာထမ်းတင်လိုက်သည်။ နောက်တစ်ခဏတွင် မီးလျှံများ တောက်လောင်ထွက်ပေါ်လာပြီး ကျည်ဖူးတစ်ခုက ပေ၅၀အကွာရှိ မြွေကြီး၏ခန္ဓာကိုယ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။

အဖြစ်အပျက်မှာ အလွန်ရုတ်တရက်ဖြစ်ပွားခဲ့ပြီး မြွေကြီးက အလွန်ပေါ့ဆနေသောကြောင့်ဖြစ်မည်။ ထို့အပြင် အကွာအဝေးမှာလည်း အလွန်နီးကပ်နေသဖြင့် ၎င်းသည် မည်သည့်တုံ့ပြန်မှုမျှမပြုနိုင်ခင်မှာပင် အာပီဂျီဖြင့် ပြင်းထန်စွာထိမှန်သွားပြီး ၎င်း၏ဝမ်းဗိုက်တွင် ကြီးမားသောမီးလုံးကြီးတစ်ခု ပေါက်ကွဲသွားသည်။

"ခွီးးးးးးးး" မြွေကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်းသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ "သေးငယ်လှသော" ခန္ဓာကိုယ်ကြောင့် ကိုယ်အလေးချိန်များစွာမရှိသည်မှာ သေချာသည်။ အာပီဂျီကျည်ဆန်ပေါက်ကွဲမှု၏ စွမ်းအင်ကြောင့် ၎င်း၏ခန္ဓာကိုယ်က ဘေးတစ်ဖက်သို့ ယိုင်သွားသည်။

"အခွင့်ကောင်းပဲ" လော်ယွမ်၏မျက်နှာမှာ အေးစက်သွားပြီး ချက်ချင်းလှုပ်ရှားလိုက်သည်။

သူ၏ခြေထောက်အောက်မှ မြေကြီးများ ပေါက်ကွဲထွက်သွားပြီး တွင်းနက်နှစ်ခုဖြစ်ပေါ်လာသည်။ သူ၏ကိုယ်ကို အနည်းငယ်နှိမ့်လိုက်ပြီး ခြေထောက်နှစ်ချောင်းကို ယှက်ကာလေးညှို့မှလွတ်သောမြားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ ရှေ့သို့တိုးတက်သွားသည်။

ကျန်းမာတောက်ဓားကို လက်နောက်သို့ဆွဲထားပြီး သွေးကြောများဖြင့်နီရဲနေသော သူ၏မျက်လုံးများက မြွေကြီး၏ ယိမ်းထိုးနေသောဦးခေါင်းကို စူးစိုက်ကြည့်နေသည်။ ကြောက်မက်ဖွယ်ဖိအားအောက်တွင် သူ၏စိတ်စွမ်းအားက ယခင်ကထက် ပိုမိုစုစည်းနေပြီး သူ၏တစ်ကိုယ်လုံးကို မှိန်ပျပျအလင်းရောင်တစ်ခုက ဖုံးလွှမ်းသွားသည်။ နေရောင်ရှိသောနေ့ခင်းဘက်တွင်ပင် ထိုအလင်းရောင်ကို ရှင်းလင်းစွာမြင်နိုင်သည်။

သူ၏အရှိန်သည် ပို၍ပို၍ မြန်ဆန်လာပြီး ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် သူ၏အရှိန်သည် ယခင်ကသူ၏အမြင့်ဆုံးအရှိန်ကို ကျော်လွန်သွားကာ တစ်ကိုယ်လုံး ပျံတက်သွားသကဲ့သို့ ဖြစ်နေသည်။ ထိုကြောက်မက်ဖွယ်အရှိန်က လူများ၏မျက်လုံးထဲတွင် ဝါးခနဲဖြစ်သွားပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများက နောက်တွင် လေပွေများအဖြစ် လည်ပတ်နေကြသည်။

ရှင်လျှင်ရှင်၊ သေလျှင်သေ။အခွင့်အရေးမှာ တစ်ကြိမ်သာရှိသည်။

သူ၏မျက်လုံးများသည် ဓားသွားကဲ့သို့ ထက်ရှနေပြီး မြွေကြီး၏ကြောက်မက်ဖွယ်အရှိန်အဝါကို အံကြိတ်ကာ ခံနိုင်ရည်ရှိအောင်ကြိုးစားရင်း မြွေကြီး၏ဦးခေါင်းအနီးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုအချိန်တွင် မြွေကြီးသည် ယိမ်းထိုးနေခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်သောမျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်မှုများ ပြည့်နှက်နေသည်။ ၎င်းက ကိုယ်ကိုမတ်ကာ ထိုသေသင့်သော ပိုးကောင်ငယ်များကို အကြီးအကျယ် သတ်ဖြတ်ရန် ပြင်ဆင်နေစဉ်တွင်…

လော်ယွမ်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ကျန်းမာတောက်ဓားက ဓားအိမ်မှ ရုတ်တရက်ထွက်ပေါ်လာကာ နေရောင်အောက်တွင် စူးရှသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ လူများ၏မျက်လုံးထဲတွင် သူ၏တစ်ကိုယ်လုံးသည် ဓား၏အရှိန်ဖြင့် ဆွဲဆောင်ခံရကာ မြေပြင်မှ ၁၀ပေအမြင့်ရှိ မြွေကြီး၏မေးရိုးအောက်ပိုင်းဆီသို့ ထောင့်ဖြတ်အတိုင်း ပျံတက်သွားသည်။

အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။

ဤမြင်ကွင်းကို သတိပြုမိသူတိုင်း အသက်ရှူအောင့်ထားမိကြသည်။

အသံတစ်စက်မျှပင်မထွက်ဘဲ နောက်တစ်ခဏတွင် မြွေကြီး၏ဦးခေါင်းက မီတာပေါင်းများစွာ မြင့်တက်သွားပြီး တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုသည် အဝေးသို့ လွင့်စင်သွားသည်။

"ခွီးးးးးးးးးးး" မြွေကြီးသည် တစ်ခါမျှမကြားဖူးသော စူးရှနာကျင်သည့် အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။ ထိုစူးရှသောအသံက လူများ၏နားစည်ကို တဒိုင်းဒိုင်းမြည်စေပြီး ၎င်းက ပြင်းထန်စွာ လူးလိမ့်တော့သည်။ ကြီးမားသောခန္ဓာကိုယ်ကြောင့် မြေပြင်ပင်လျှင် အနည်းငယ် တုန်ခါသွားသည်။

လူတိုင်းသည် ဆူညံသံကြောင့် ခေါင်းမူးမေ့လဲနိုင်သည်ကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန်ထကာ နောက်သို့ဆုတ်ခွာကြသည်။ ကြောက်လန့်နေသော စစ်သားအချို့မှာ နောက်သို့ပင်မလှည့်ဘဲ အရူးအမူးပြေးကြပြီး ပေ၃၀၀ကျော်အကွာသို့ ရောက်မှသာ အချို့က ရပ်တန့်လိုက်ကြသည်။

မျက်စိလျှင်သူတစ်ဦးက တုန်လှုပ်စွာဖြင့် မြွေကြီး၏မေးရိုးအောက်တွင် ဓားတစ်ချောင်း စိုက်ဝင်နေသည်ကို မြင်လိုက်ရသည်။ ဓားသွားတစ်ခုလုံး ဝင်ရောက်သွားပြီး ဓားရိုးသာ အပြင်တွင် ကျန်နေတော့သည်။

ဝမ်ရှီရှီသည် လော်ယွမ် လွင့်စင်သွားသည်ကိုမြင်သောအခါ ဝမ်းနည်းကြေကွဲစွာအော်ဟစ်လိုက်ပြီး သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်သွားသည်။ လူးလိမ့်နေသော မြွေကြီး၏ တိုက်ခိုက်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လွင့်စင်သွားသော လူရိပ်ဆီသို့ လျင်မြန်စွာ ပြေးသွားလေတော့သည်။

ဆက်ရန်...

အပိုင်း(၁၉၅)မသိစိတ်

ဝမ်ရှီရှီ ရောက်လာသည့်အခါ လော်ယွမ်၏ ကြေကွဲဖွယ်အခြေအနေကိုမြင်ပြီး မျက်ရည်များက တပေါက်ပေါက်ကျလာသည်။

ထိုအချိန်တွင် လော်ယွမ်၏ပုံစံမှာ အလွန်အမင်း သနားစရာကောင်းလှ၏။ သူ၏မျက်လုံးများသည် အသက်မဲ့စွာဖြင့် ကောင်းကင်ကို ကြည့်နေပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ အဝတ်အစားမရှိသော အရေပြားပေါ်တွင် ပါးလွှာသော သွေးခဲလွှာတစ်ခု ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံးမှ ရေငွေ့များ ထောင်းထောင်းထနေသည်။ သူ၏ကိုယ်မှ ထွက်ပေါ်နေသော အပူချိန်မြင့်မားမှုကို အဝေးမှပင် ခံစားနိုင်သည်။ ထိုရေငွေ့များသည် သွေးနီရောင်အနည်းငယ်သန်းနေပြီး စူးရှသောသွေးညှီနံ့တို့ဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ ပြင်းထန်သောလှုပ်ရှားမှုကြောင့် သွေးများ အရှိန်ပြင်းစွာစီးဆင်းကာ သွေးကြောမျှင်များ ပေါက်ပြဲပြီး အရေပြားမှ သွေးယိုစိမ့်ထွက်ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။

ဝမ်ရှီရှီလာသည်ကိုမြင်သောအခါ လော်ယွမ်က အားတင်းပြုံးလိုက်ပြီး သွေးတစ်လုတ်အန်ထုတ်ကာ အားနည်းစွာဖြင့် ဆိုလိုက်သည်။ "ငါ… ဘာမှမဖြစ်ဘူး"

"ငါ့ကို ထူပေးဦး"

"ဒီလိုအခြေအနေရောက်နေတာတောင် ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲနေမှာလဲ... သူ ငါ့ကို စိတ်မပူစေချင်လို့ပဲ ဖြစ်ရမယ်" ဝမ်ရှီရှီ၏မျက်ရည်များသည် ပို၍ပင် တလဟော ကျဆင်းလာသည်။ သူမက မျက်နှာကို ကမန်းကတန်းသုတ်လိုက်ပြီးနောက် အမြန်ထိုင်ချကာ တုန်ရီနေသောလက်များဖြင့် သူ၏ဦးခေါင်းကို မထူလိုက်ပြီး သူမ၏ပေါင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။

လော်ယွမ်က အမှန်တကယ်ပင် ဘာမှမဖြစ်ပေ။ သူ၏စွမ်းအားသည် အကန့်အသတ်ကို ကျော်လွန်၍ ပေါက်ကွဲထွက်သွားသောကြောင့်သာ အနည်းငယ်အားပြတ်ခြင်းဖြစ်သည်။ သွေးအန်ခြင်းမှာ အတွင်းကလီစာအချို့ စုတ်ပြဲသွားသောကြောင့် ဖြစ်နိုင်၏။ တစ်ကယ်တော့ တစ်ကိုယ်လုံး စုတ်ပြတ်သတ်မတတ် နာကျင်နေသည်မှာ ကြွက်သားအချို့ စုတ်ပြဲသွားသောကြောင့်လည်း ဖြစ်ပေမည်။ သို့သော် ဤသို့သောဒဏ်ရာများက သူ့အတွက် ပြောပလောက်သည့်အရာမဟုတ်ပေ။ မကုသလျှင်ပင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ငါးရက်၊ ခြောက်ရက်ခန့် အနားယူလိုက်လျှင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဖြစ်သည်။ စိတ်စွမ်းအားဖြင့် ကုသပါက ပို၍ပင် မြန်ဆန်ပေဦးမည်။

တစ်မိနစ်ကျော်ခန့်စောင့်ပြီးနောက် သူ၏ခွန်အားများ တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာသည်။ လော်ယွမ်က ဝမ်ရှီရှီ၏ရင်ခွင်ထဲမှ ဖြည်းညင်းစွာ ရုန်းထွက်လိုက်သည်။ သူက ကောင်မလေးတစ်ယောက်၏ရင်ခွင်ထဲတွင် ပွေ့ချီခံထားရသည်ကို အနည်းငယ် ကျင့်သားမရဖြစ်နေသည်။ အထူးသဖြင့် ဝမ်ရှီရှီ၏ကိုယ်လုံးတုန်ခါမှုနှင့်အတူ သူ၏ပါးပြင်ကို လာရောက်ပွတ်တိုက်နေသော သူမ၏ရင်ဘတ်ပေါ်မှ နူးညံ့သောအသားစိုင်နှင့် သူမထံမှ ချိုမြိန်သော အနံ့သင်းသင်းလေးက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာရာ သူကဲ့သို့ တည်ငြိမ်လှသောသူပင်လျှင် မျက်နှာအနည်းငယ် နီမြန်းလာသည်။

သူက အားတင်း၍ ထထိုင်လိုက်ရာ လည်ချောင်းထဲတွင် ယားယံလာပြီး အဆုတ်ထဲတွင် ပိတ်နေသော သွေးခဲတစ်လုတ်ကို အန်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပေါ့ပါးသွားသလို ခံစားလိုက်ရသော်လည်း သူ၏အဆုတ်ထဲတွင်မူ အက်စစ်တစ်ပုလင်း လောင်းထည့်လိုက်သကဲ့သို့ ပူလောင်နေသည်။ သူ၏အဆုတ်လည်း ဒဏ်ရာရသွားဟန်တူသည်။

"ကိုကြီးယွမ်... မြန်မြန်ပြန်လှဲလိုက်ပါ" ဝမ်ရှီရှီသည် သူ၏ပါးစပ်မှ သွေးများ တသွင်သွင်စီးကျလာသည်ကိုမြင်သောအခါ ငိုရန်ပင် မေ့သွားပြီး လက်နှစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို အားကုန်တွန်းကာ သူ့ကို ပြန်လှဲချရန် ကြိုးစားနေသည်။

လော်ယွမ်က ဝမ်ရှီရှီ၏ အတင်းအကြပ်လှဲချရန် ကြိုးစားနေပုံကို ကြည့်ရင်း ရယ်ချင်စိတ်ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ သူမက ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်သာဖြစ်ပြီး လူကိုမည်သို့ပြုစုရမည်ကို နားမလည်ပေ။ အကယ်၍ သူသာ အမှန်တကယ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါက ဤသို့ပြုလုပ်ခြင်းသည် မသေလျှင်ပင် သူမ၏လက်ထဲတွင် နှိပ်စက်ခံရ၍ အသက်ထွက်သွားလောက်သည်။ သို့သော် သူမက မြွေကြီး၏အန္တရာယ်ကို ဂရုမစိုက်ဘဲ ကမန်းကတန်းပြေးလာခဲ့သည်ကို တွေးမိသောအခါ သူ၏စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ "ရပြီ... ငါတကယ်ဒဏ်ရာမရဘူး... အစွမ်းသုံးလိုက်လို့ အားပြတ်သွားတာ... ငါတို့ဒီက အမြန်သွားမှဖြစ်မယ်... ငါ့ကိုတွဲပေး"

ဤနေရာသည် လုံခြုံသောနေရာမဟုတ်ပေ။ အဝေးတွင် သေခါနီးဖြစ်နေသော မြွေကြီးက အရူးအမူး သောင်းကျန်းနေဆဲဖြစ်သည်။ ၎င်းဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးများမှာ ခါးလယ်မှပြတ်ထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ကျန်ရှိနေသော အဆောက်အအုံအချို့သည်လည်း မြွေကြီး၏ရမ်းကားမှုအောက်တွင် တစစီကြေမွသွားကာ ဖုန်မှုန့်များ လွင့်ပျံနေသည်။

ကံကောင်း၍ မြွေကြီး၏ရိုက်ခတ်မှုကို မခံရလျှင်ပင် ဤနေရာက လုံးဝလုံခြုံသည်တော့မဟုတ်ပေ။ ကောင်းကင်ယံတွင် တန်ချိန်များစွာလေးသော ကျောက်တုံးကြီးများက အမြောက်ဆန်များကဲ့သို့ တဝီဝီမြည်ဟီးလျက် ခေါင်းပေါ်မှ ဖြတ်ကျော်ပျံသန်းသွားနေသည်။ အကယ်၍ လူကိုထိမှန်ပါက အသားစတစ်ပုံသာ ကျန်ရစ်ပေမည်။ ကျောက်တုံးကြီးများထိမှန်နိုင်ခြေမှာ နည်းပါးသော်လည်း မိုးရွာသကဲ့သို့ကျဆင်းနေသော ကျောက်စရစ်ခဲများထိမှန်နိုင်ခြေမှာမူ ပိုများသည်။ လော်ယွမ် လှဲနေသောအချိန်အတွင်းမှာပင် ကျောက်စရစ်ခဲများဖြင့် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ထိမှန်ခဲ့သည်။

ကံကောင်းစွာဖြင့် ထိုကျောက်စရစ်ခဲများ၏အရှိန်မှာ မပြင်းထန်သည့်အပြင် လော်ယွမ်၏လက်ရှိခန္ဓာကိုယ်ကာကွယ်နိုင်စွမ်းမှာလည်း မဆိုးလှသောကြောင့် အရေပြားအနည်းငယ် ပေါက်ပြဲသွားသည်မှလွဲ၍ ဒဏ်ရာကြီးကြီးမားမားမရခဲ့ပေ။ သို့မဟုတ်ပါက လော်ယွမ်သည် သေလျှင်ပင် မျက်စိမှိတ်နိုင်မည်မဟုတ်ပေ။

ဝမ်ရှီရှီက စကားနားထောင်တတ်သူဖြစ်ရာ မျက်ရည်များကိုသုတ်လိုက်ပြီး လော်ယွမ်ကို အားကုန်တွဲကာ သူမ၏စိတ်စွမ်းအင်ဖြင့် လော်ယွမ်ကို ကာကွယ်ပေးလိုက်သည်။

လော်ယွမ်သည်လည်း သူမ၏အကူအညီဖြင့် အံကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်ခုံးများ တွန့်ချိုးသွား၏။ ဒီတစ်ကြိမ်တွင် သူက အားအလွန်အကျွံသုံးလိုက်မိသဖြင့် တစ်ကိုယ်လုံးရှိကြွက်သားများ စုတ်ပြဲသွားသကဲ့သို့ နာကျင်နေပြီး ခြေလက်များမှာလည်း လေဖြတ်ထားသကဲ့သို့ အားမရှိဖြစ်နေသည်။

ဤတစ်ကြိမ် ဒဏ်ရာက ထင်ထားတာထက် ပိုပြင်းထန်လှသည်။ စိတ်စွမ်းအား၏ ပြန်ကောင်းလာနိုင်ပါ့မလား သူ မပြောနိုင်။ သို့သော် ယခုက ဒဏ်ရာကုသရမည့်အချိန်မဟုတ်ပေ။

သူသည် ခါးသီးစွာပြုံးလိုက်ပြီး အံကြိတ်ကာ ဖြည်းညင်းစွာ ရှေ့သို့လျှောက်လိုက်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လော်ယွမ်သည် ရှေ့ကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။ လူအချို့ သူ့ထံပြေးလာနေကြသည်။ သူတို့က တပ်ခွဲမှုးရှနှင့် သူ၏စစ်သားများဖြစ်ကြသည်။ ထိုသူများသည် လူနာတင်ထမ်းစင်တစ်ခုကိုကိုင်ဆောင်ပြီး ကျည်ကာအင်္ကျီတစ်ထည်ကိုသာဝတ်ဆင်ကာ ဤနေရာသို့ အမြန်ပြေးလာနေကြသည်။

စစ်သားတစ်ဦးက ကျောက်စရစ်ခဲထိမှန်၍ မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း ချက်ချင်းထကာ ဆက်ပြေးသည်။

ထိုအချိန်တွင် စစ်သားတစ်ဦးသည် ပြေးနေရင်း ရုတ်တရက် လူဦးခေါင်းအရွယ်အစားရှိသော ကျောက်စရစ်ခဲတစ်လုံးက သူ၏သံခမောက်ကို ထိမှန်သွားသဖြင့် ခေါင်းတစ်ဖက်စောင်းကာ မြေပြင်ပေါ်သို့ အသံတိတ် လဲကျသေဆုံးသွားသည်။

သို့သော် မည်သူမျှ မရပ်တန့်ဘဲ လူတိုင်းသည် ဤနေရာသို့ အမြန်ပြေးလာနေကြသည်။

"ကျွန်တော်တို့ ထမ်းပေးမယ်" တပ်ခွဲမှုးရှနှင့် စစ်သားသုံးဦးသည် အနားသို့ရောက်လာပြီး မောဟိုက်စွာဖြင့် ဝမ်ရှီရှီကို ပြောလိုက်သည်။ ဤသူများသည် အင်ဂျင်နီယာတပ်သားများမှလွဲ၍ ကျန်ရှိသော စစ်သားအားလုံးဖြစ်သည်။

သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များထင်ဟပ်နေပြီး မျက်လုံးများမှာ သွေးကြောများဖြင့်နီရဲနေသည်။ သူ၏ကိုယ်ပေါ်ရှိနေရာများစွာတွင်လည်း သွေးထွက်နေပြီး ဒဏ်ရာရထားသည်မှာ ထင်ရှားလှသည်။

လော်ယွမ်က အနည်းငယ်အံ့အားသင့်သွားသလို စိတ်ထဲတွင်လည်း နွေးထွေးမှုကို ခံစားလိုက်ရသည်။ အမှန်တကယ်တွင် သူတို့ လာမကူညီဘဲ အဝေးမှသာ ကြည့်နေလျှင်ပင် သူ ဘာမှတွေးမည်မဟုတ်ပေ။ အကြောင်းမှာ သူအစောပိုင်းက မြွေကြီးကို အသက်စွန့်တိုက်ခိုက်ခဲ့ခြင်းက သူတို့ကိုကယ်တင်ရန်ထက် မိမိကိုယ်ကိုကယ်တင်ရန် ပို၍ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ ထွက်ပြေးနိုင်ခဲ့ပါက ထိုအချိန်တွင် သူက တွေဝေခြင်းမရှိဘဲ လှည့်ထွက်ပြေးခဲ့မည်မှာ သေချာသည်။

တစ်ခါတစ်ရံတွင် သူက တတ်နိုင်သလောက်ကူညီပြီး အသက်ရှင်ကျန်ရစ်သူအချို့ကို ကယ်တင်ခြင်း သို့မဟုတ် လူစိမ်းများကို အကူအညီပေးခြင်းများ ပြုလုပ်တတ်သော်လည်း အခြားသူများကို ကူညီရန်အတွက် မိမိအသက်ကို စတေးမည်မဟုတ်ပေ။ သို့သော် ဤအချက်က လော်ယွမ် ဤသို့သောလူများကို လေးစားစိတ်ဖြစ်ပေါ်လာခြင်းကို မတားဆီးနိုင်ပေ။

"ခင်ဗျားတို့…" လော်ယွမ်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး တစ်စုံတစ်ခုပြောချင်ဟန်ရှိသော်လည်း ဘာပြောရမည်ကို မသိတော့ပေ။ မည်သည့်စကားလုံးမဆို ဤအချိန်တွင် အရာရောက်မည်မဟုတ်ချေ။

"ခင်ဗျားက ကျွန်တော်တို့အသက်ကို ကယ်ခဲ့တာပဲ... ဒီလောက်အန္တရာယ် ဘာမှမဟုတ်ဘူး" စစ်သားတစ်ဦးက ပါးစပ်ကိုဖြဲကာ ပြောလိုက်သည်။ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ကျန်ရှိနေသေးသည်။

"အရင်ဆုံး ဒီကနေအမြန်သွားဖို့ အရေးကြီးတယ်" တပ်ခွဲမှုးရှက တိုက်တွန်းလိုက်သည်။

လော်ယွမ်သည် စိတ်ထဲတွင် အနည်းငယ်အားနာသွားပြီး ခေါင်းညိတ်ကာ ဝမ်ရှီရှီကို ပြောလိုက်သည်။ "ရှီရှီ… လွင့်လာတဲ့ ကျောက်စရစ်ခဲတွေကို သတိထား"

သူမ၏စိတ်စွမ်းအင်က ဤသို့သော ကျောက်စရစ်ခဲများကို ရင်ဆိုင်ရန် အသင့်တော်ဆုံးဖြစ်သည်။ အရှိန်အဟုန်သိပ်မပြင်းထန်သရွေ့ သူမက အများစုကို တားဆီးနိုင်သည်။

ဝမ်ရှီရှီက အားကုန်ခေါင်းညိတ်ပြလိုက်သည်။ မကြာမီ စစ်သားအချို့က လော်ယွမ်ကို လူနာတင်ထမ်းစင်ပေါ်သို့တင်ကာ လုံခြုံသောနေရာဆီသို့ တောက်လျှောက်ပြေးသွားကြသည်။

.............................................

လူနာတင်ထမ်းစင်ပေါ်တွင် လှဲနေရင်း လော်ယွမ်က အချိန်ကိုအခွင့်ကောင်းယူ၍ ဒဏ်ရာများကို ကုသလိုက်သည်။ ဤနေရာက လုံခြုံသောစစ်အခြေစိုက်စခန်းမဟုတ်ပေ။ မည်သည့်မတော်တဆမှုမဆို ဖြစ်ပွားနိုင်သည်။ ခွန်အားတစ်စက်ပိုရှိလျှင် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်း တစ်စက်ပိုများမည်ဖြစ်သည်။

သို့သော် စိတ်စွမ်းအားကို စုစည်းသည့်အခါ သူသည် အံ့အားသင့်စွာဖြင့် ဤတစ်ကြိမ် စုစည်းရသည်မှာ အလွန်ချောမွေ့နေသည်ကို တွေ့ရှိလိုက်ရသည်။ စိတ်ကူးပေါ်သည်နှင့်တစ်ပြိုင်နက် စိတ်စွမ်းအားက စုစည်းပြီးဖြစ်နေပြီး ထမင်းစားရေသောက်ကဲ့သို့ပင် သဘာဝကျလှသည်။ ထို့အပြင် စိတ်အစဉ်က အေးချမ်းနေပြီး နှလုံးသားထဲတွင် မည်သည့်အတွေးမျှမရှိဘဲ မည်သည့်အနှောင့်အယှက်အတွေးမျှ မပေါ်ပေါက်ပေ။

"ဒါ... ဘာဖြစ်တာလဲ"

သို့သော် ဤသည်မှာ ကောင်းသောလက္ခဏာဖြစ်သည်။ လက်ရှိအခြေအနေတွင် သူက များများစားစားစဉ်းစားရန် အချိန်မရှိပေ။ သူ၏စိတ်စွမ်းအားက ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာစိမ့်ဝင်သွားပြီး ကုသမှုကို စတင်လိုက်သည်။

လော်ယွမ်သည် မိမိကိုယ်ကို အကောင်းမြင်လွန်းသွားသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် အစပိုင်းတွင် အတွင်းဒဏ်ရာအနည်းငယ်နှင့် ကြွက်သားစုတ်ပြဲခြင်းသာဖြစ်သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်အခြေအနေမှာ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည်။ တစ်ကိုယ်လုံးရှိကြွက်သားအများစုမှာ စုတ်ပြဲနေပြီး သွေးကြောမျှင်များမှာလည်း ပေါက်ကွဲထွက်နေသည်။ အတွင်းကလီစာအများစုမှာ ပျက်စီးနေပြီး အရိုးများတွင်ပင် အက်ရာများရှိနေသည်။ ကိုယ်တွင်းသွေးယိုစီးမှုမှာ အလွန်ပြင်းထန်လှသည်။

အကယ်၍ သာမန်လူတစ်ဦးဖြစ်ပါက သေဆုံးသွားလောက်ပြီဖြစ်သည်။ စိတ်စွမ်းအားဖြင့်ကုသလျှင်ပင် အနည်းငယ်ခက်ခဲလှသည်။ ဤသည်မှာ တစ်ရက်၊ နှစ်ရက်ဖြင့် ပျောက်ကင်းနိုင်သည့်အရာမဟုတ်ပေ။ ထို့အပြင် ယနေ့ သူ၏စိတ်စွမ်းအားမှာ အလွန်အကျွံသုံးထားသဖြင့် ယခုအခါ သုံးပုံတစ်ပုံပင်မကျန်တော့ပေ။ အထူးသဖြင့် နောက်ဆုံးတစ်ကြိမ်တွင် စိတ်စွမ်းအားက မီးလောင်နေသကဲ့သို့ပင် ခံစားခဲ့ရပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အောက်ဆုံးသို့ တန်းတန်းမတ်မတ်ကျဆင်းသွားခဲ့သည်။

ဤမျှနည်းပါးသော စိတ်စွမ်းအားဖြင့် သာမန် အကြမ်းဖျင်းကုသမှုသာ ပြုလုပ်နိုင်ပြီး နောက်တစ်ကြိမ်ကုသရန် စိတ်စွမ်းအင်ပြန်လည်ပြည့်ဖြိုးလာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

သို့သော် ကုသမှုစတင်သည့်အခါ သူက ထူးခြားမှုကို သိသိသာသာ ခံစားလိုက်ရသည်။

မြန်သည်။ အလွန်အမင်း မြန်ဆန်လှသည်။

စိတ်အစဉ် ဖြတ်သန်းသွားသည်နှင့်တစ်ပြိုင်နက် ပြတ်တောက်နေသောကြွက်သားများက အရှိန်အဟုန်ဖြင့် ပြန်လည်ဆက်စပ်ကာ ကျက်သွားပြီး စွမ်းအင်ကုန်ဆုံးမှုမှာလည်း ပုံမှန်ထက် များစွာနည်းပါးနေသည်။

သူက စိတ်ထဲတွင် အံ့အားသင့်နေသော်လည်း စိတ်ကိုတည်ငြိမ်စွာထားကာ အာရုံစူးစိုက်လျက် ကုသမှုကို ဆက်လက်ပြုလုပ်လိုက်သည်။

ကြွက်သားများဆက်စပ်ခြင်း၊ ပိတ်ဆို့နေသော သွေးကြောမျှင်များ ပြန်လည်ဖွင့်ခြင်း၊ အတွင်းကလီစာများ ပြုပြင်ခြင်းနှင့် နောက်ဆုံးတွင် အရိုးများပေါ်မှ သေးငယ်သောအက်ရာများပင်လျှင် စိတ်စွမ်းအင်၏အာနိသင်အောက်တွင် လျင်မြန်စွာ ပြန်လည်ပိတ်သွားသည်။ အရာအားလုံးသည် တစ်မိနစ်ကျော်မျှသာ ကြာမြင့်ခဲ့သည်။

သူက ရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ သူ၏စိတ်စွမ်းအားတွင် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်ခဲ့သည်မှာ သေချာသည်ဟု သူခံစားလိုက်ရသည်။ သူက အရည်အသွေးပြဇယားကွက်ကို ဖွင့်ကြည့်လိုက်ရာ စနစ်တွင် မဖတ်မိလိုက်သော သတင်းအချက်အလက်တစ်ခုရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ဒင်... သေခြင်းတရား၏ ဖိအားအောက်တွင် စိတ်စွမ်းအား၏အစွမ်းအစများ ပေါက်ကွဲထွက်လာပြီး စိတ်စွမ်းအင် +၁ တိုးသွားပါသည်။

လော်ယွမ်၏စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း သူက သတင်း၏နောက်ဆုံးစကားလုံးအချို့ကို ဆွဲဆောင်ခံလိုက်ရသည်။

"စိတ်စွမ်းအား၏အစွမ်းအစများ ပေါက်ကွဲထွက်လာခြင်းတဲ့..."

သူ တိတ်တဆိတ် တွေးတောနေသည်။

ဤတစ်ကြိမ်တိုက်ပွဲသည် သူ၏တိုက်ပွဲများအားလုံးတွင် အန္တရာယ်အများဆုံးနှင့် အစွမ်းကွာခြားမှု အကြီးမားဆုံးသော တိုက်ပွဲဖြစ်သည်မှာ သေချာသည်။

သူသည် အစိမ်းနုရောင်အဆင့်သန္ဓေပြောင်းသတ္တဝါအများအပြားကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ၎င်းတို့အများစုမှာ ကုန်းပေါ်သို့တက်လာသဖြင့် စွမ်းအားအပြည့်အဝမထုတ်နိုင်သော ရေသတ္တဝါများဖြစ်ကြသည်။ အမှန်တကယ်တွင် မည်သည့်ကုန်းနေသန္ဓေပြောင်းသတ္တဝါကိုမဆို သူက သတိထား၍ အစွမ်းကုန်ရင်ဆိုင်ရပြီး အနည်းငယ်မှားယွင်းသွားပါက အသက်ဆုံးရှုံးသွားနိုင်သည်။

သူ၏စွမ်းအားမှာ အကြမ်းဖျင်းအားဖြင့် အစိမ်းနုရောင်အဆင့်တွင်ရှိသည်ကို သူကောင်းစွာသိသည်။

အစိမ်းရောင်အဆင့်သန္ဓေပြောင်းသတ္တဝါတစ်ကောင် လော်ယွမ်ကိုဖို့က သူ ယခု အပြာရင့်အဆင့်သန္ဓေပြောင်းသတ္တဝါကို သတ်သကဲ့သို့ လွယ်ကူပြီး တွေ့တွေ့ချင်း တန်းအသတ်ခံရမည်ဖြစ်သည်။

ယခင်က လော်ယွမ်သည် သူ၏လျင်မြန်မှုကိုအားကိုး၍ အခြားသန္ဓေပြောင်းသတ္တဝါများကို အနိုင်ကျင့်နိုင်ခဲ့သော်လည်း ဤမြွေကြီးကိုရင်ဆိုင်ရန်မှာမူ ကြက်ဥဖြင့် ကျောက်တုံးကိုပေါက်သကဲ့သို့ပင်ဖြစ်သည်။ သူသည် ၎င်းတိုက်ခိုက်သည့်လှုပ်ရှားမှုကိုပင် မမြင်နိုင်၊ မရှောင်နိုင်ပေ။ ခွန်အား၊ အလျင်နှင့် ခံနိုင်ရည်စွမ်းအားတို့တွင် ရန်သူက သူ့ကို အပြတ်အသတ်အနိုင်ယူထားသည်။

ဤတစ်ကြိမ်တွင် မြွေကြီးသည် အာပီဂျီကျည်ဆန်ကြောင့် အာရုံလွှဲသွားခဲ့သော်လည်း သူ့ကိုသတ်နိုင်ခြေမှာ နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းသာရှိသည်။ ထိုအချိန်က သူ၏စိတ်ထဲတွင်ရှိသော ဖိအားမှာ မည်မျှကြီးမားမည်ကို စဉ်းစားကြည့်နိုင်ပြီး သာမန်လူတစ်ယောက် ကျားပါးစပ်ထဲမှ အစာကိုလုရသကဲ့သို့ပင်ဖြစ်သည်။

ထိုစဉ်က သူပြေးထွက်သွားသည့်အခါ ထူးခြားသောအနေအထားတစ်ခုသို့ ရောက်ရှိသွားဟန်တူသည်။ သူ၏မျက်လုံးထဲတွင် ပစ်မှတ်မှလွဲ၍ အခြားမည်သည့်အရာမျှမရှိတော့ဘဲ တစ်ကိုယ်လုံးက မီးလောင်ပြီး သွေးများ ဆူပွက်နေသကဲ့သို့ ခံစားခဲ့ရသည်။

သူသည် အတားအဆီးတစ်ခုကို ကျော်ဖြတ်သွားဟန်တူပြီး ပတ်ဝန်းကျင်ရှိအရာအားလုံး တိတ်ဆိတ်သွားသည်။ ဘေးနှစ်ဖက်မှမြင်ကွင်းများ လျင်မြန်စွာဝေဝါးသွားပြီး လေထုပင်လျှင် သိပ်သည်းလာသည်။ ခြေတစ်လှမ်းလှမ်းတိုင်း ကြီးမားသောစွမ်းအင်ကို ကုန်ဆုံးစေပြီး အဝတ်အစားတွင်ပါသော လေစီးကြောင်းထိန်းညှိနိုင်စွမ်းပင် ပျောက်ကွယ်သွားဟန်တူသည်။ သူ၏ကိုယ်သည် ပျံတက်သွားတော့မည့်အလား ခံစားခဲ့ရသည်။

ထိုသို့သောအရှိန်ကို ယခုပြန်စဉ်းစားကြည့်လျှင် မယုံနိုင်စရာပင်ဖြစ်သည်။ အကယ်၍ တုံ့ပြန်နိုင်စွမ်းကိုမထည့်ဘဲ အရှိန်သက်သက်ကိုသာစဉ်းစားပါက ဤအရှိန်သည် လျင်မြန်မှု ၁၄ မှတ်ဖြင့် ရောက်ရှိနိုင်သည့်အရှိန်မဟုတ်ဘဲ ၁၅ မှတ်၊ ၁၆ မှတ်ပင်လျှင် မဖြစ်နိုင်လောက်ပေ။

"ဒါ စိတ်စွမ်းအားနဲ့ ပတ်သတ်နိုင်တယ်" သူက စိတ်ထဲတွင် တိတ်တဆိတ်ခန့်မှန်းလိုက်သည်။ "စိတ်စွမ်းအားက နက်နဲပြီး ခန့်မှန်းရခက်တယ်... သူက အရည်အသွေးအားလုံးထဲမှာ နားလည်ရအခက်ဆုံးပဲ... အဲဒီတုန်းက သေဖို့သေချာနေတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုမြန်အောင်... ပိုအားကောင်းအောင်လုပ်ဖို့ အရမ်းပြင်းထန်တဲ့စိတ်ကူးတစ်ခု ရှိခဲ့လိမ့်မယ်... အဲ့စိတ်ကူးက ခန္ဓာကိုယ်ရဲ့အကန့်အသတ်ကိုပါ တိုက်ရိုက်ကျော်ဖြတ်ပြီး တစ်ကိုယ်လုံးကို သက်ရောက်သွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့စွမ်းအားကို အပြည့်အဝပေါက်ကွဲထွက်သွားစေပြီး အံ့ဩစရာကောင်းတဲ့ရလဒ်ကို ဖြစ်ပေါ်စေခဲ့တာပဲ"

လော်ယွမ်သည် ဤသို့တွေးရင်း ရုတ်တရက် သံသယတစ်ခုဝင်လာသည်။ "ဒါပေမဲ့ အရင်တုန်းကကျ... ဘာလို့ ဒီလိုအခြေအနေမျိုး မဖြစ်ခဲ့ရတာလဲ"

သူက ဤဖြစ်ရပ်သည် ကမ္ဘာပျက်ကပ်မတိုင်မီကပင် မရှားပါးကြောင်း သိသည်။ လူအများအပြားသည် အရေးကြီးသည့်အချိန်တွင် ပုံမှန်ထက်ကျော်လွန်သောစွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦး၏ကလေးကို ကားတစ်စီးက ပိမိနေစဉ် ထိုအမျိုးသမီးသည် စိုးရိမ်စိတ်လွန်ကဲကာ ကားကိုမတင်ပြီး ကလေးကိုကယ်တင်ခဲ့သည်။

ကားက အလွန်လေးလံပြီး ထိုအမျိုးသမီး၏ပုံမှန်အားဖြင့် မ.မတင်နိုင်ပေ။ သို့သော် သူမ၏ကလေး ပိမိနေသည့်အခါ စိုးရိမ်နေသောအမေ၏စိတ်ထဲတွင် ကလေးကိုကယ်တင်ရန်ဟူသော စိတ်ကူးတစ်ခုတည်းသာရှိသည်။ ကားမည်မျှလေးသည်၊ မနိုင် မ.မနိုင်ဟူသော အနှောင့်အယှက်အတွေးများ လုံးဝမပေါ်ပေါက်ဘဲ စိတ်စွမ်းအားက ချက်ချင်း အမြင့်ဆုံးစုစည်းသွားပြီး သာမန်ထက်ကျော်လွန်သောစွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။

သာမန်လူတစ်ဦးပင် လုပ်နိုင်သည်ကို သူကဲ့သို့ စိတ်စွမ်းအားကို မိမိဘာသာစုစည်းနိုင်သူက မလုပ်နိုင်ဘဲ ယနေ့မှသာ တစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။

ဤသည်ကား အကြောင်းရင်းတစ်ခုခုရှိရပေမည်။ လော်ယွမ်၏အတွေးများက လျှပ်စီးကဲ့သို့ လျင်မြန်စွာ လည်ပတ်နေ၏။

အကယ်၍ အခြားကိစ္စဖြစ်ပါက လော်ယွမ် အသေးစိတ်စေ့စေ့စပ်စပ် စဉ်းစားမည်မဟုတ်ပေ။ သို့သော် ဤပြဿနာက လော်ယွမ်အတွက် အလွန်အရေးကြီးလှသည်။ အစောပိုင်းကအခြေအနေသည် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် တစ်ကိုယ်လုံး စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ ဤစွမ်းရည်ကို ကျွမ်းကျင်စွာအသုံးချနိုင်ပါက နောင်တွင် အစိမ်းရောင်အဆင့်သတ္တဝါများနှင့်ရင်ဆိုင်ရလျှင်ပင် ပြန်လှန်တိုက်ခိုက်နိုင်စွမ်းရှိမည်ဖြစ်သည်။

၎င်းကိုအသုံးပြုပြီးနောက် ခန္ဓာကိုယ်က ပျက်စီးသွားပြီး အချိန်တိုအတွင်း တိုက်ခိုက်နိုင်စွမ်းမရှိတော့သော်လည်း သေခြင်းကိုစောင့်ဆိုင်းနေရသည်ထက်မူ သာလွန်သည်။

ထိုအချိန်တွင် သူက ရုတ်တရက် တန့်သွားပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်ကာ ခါးသီးစွာပြုံးလိုက်သည်။

သူ၏ပုံမှန်စိတ်စွမ်းအား စုစည်းမှုက သာမန်လူတစ်ဦး၏အစွမ်းအစများ ပေါက်ကွဲထွက်သည့်ပမာဏထက်ပင် နိမ့်ကျနေဟန်တူသည်။

သာမန်လူတစ်ဦး၏စိတ်စွမ်းအားစုစည်းမှုသည် တစ်ခဏသာဖြစ်ပြီး လျင်မြန်စွာပျောက်ကွယ်သွားသော်လည်း ထိုစိတ်စွမ်းအားစုစည်းမှုသည် အလွန်သန့်စင်ပြီး အရာတစ်ခုတည်းတွင် တည်ငြိမ်နေသည်ကို သူသဘောပေါက်လိုက်သည်။ ဤသည်မှာ သူလေ့ကျင့်ခြင်းဖြင့် မည်သို့မျှမရရှိနိုင်သောအရာဖြစ်သည်။ ပုံမှန်အချိန်တွင် မည်သို့ပင်စုစည်းသည်ဖြစ်စေ စိတ်ထဲတွင် အနှောင့်အယှက်အတွေးအချို့ အမြဲပေါ်ပေါက်နေပြီး အနည်းဆုံးတော့ မသိစိတ်တွင် ထိုကဲ့သို့ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် မသိစိတ်နှင့် ဆန့်ကျင်သော စိတ်စွမ်းအား အာနိသင်များက မည်သည့်အခါမျှ အကောင်အထည်ပေါ်မည်မဟုတ်ပေ။ လော်ယွမ်သည် စိတ်စွမ်းအားဖြင့် မိမိကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ကြောင်းကို အစောပိုင်းကတည်းက သတိပြုမိခဲ့သည်။ အကြောင်းမှာ ၎င်းသည် ခန္ဓာကိုယ်၏မိမိကိုယ်ကို အလိုလျောက်ကာကွယ်သည့် မသိစိတ်နှင့် ဆန့်ကျင်နေသောကြောင့်ဖြစ်သည်။

အစွမ်းအစများပေါက်ကွဲထွက်ခြင်းက လူ့ခန္ဓာကိုယ်၏မိမိကိုယ်ကိုကာကွယ်သည့်စနစ်ကို ချိုးဖျက်ပြီး ခန္ဓာကိုယ်၏ပျက်စီးမှုကိုဂရုမစိုက်ဘဲ စွမ်းအားကိုပေါက်ကွဲထွက်စေခြင်းဖြစ်ရာ ၎င်းကိုယ်တိုင်ကပင် မသိစိတ်နှင့် ဆန့်ကျင်နေသည်။

"မသိစိတ်... မသိစိတ်" လော်ယွမ် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မိမိကိုယ်ကို စိတ်ညှိုသည့့်ပညာ တကယ်ပဲ သင်ယူရတော့မည်လော။

သူက မစမ်းသပ်ဖူးသော်လည်း ဤအခြေအနေကို နောက်တစ်ကြိမ်ဖြစ်ပေါ်စေလိုပါက အန္တရာယ်နှင့် နောက်တစ်ကြိမ်ကြုံတွေ့မှသာ ဖြစ်နိုင်မည်ကို သူကောင်းစွာသိသည်။

ထို့ကြောင့် လော်ယွမ်က ခါးသီးစွာပြုံးရုံသာ တတ်နိုင်တော့သည်။ အကယ်၍ ဤသို့ဆိုလျှင် ထိုအစွမ်းအစပေါက်ကွဲမှုမျိုး လိုအပ်သည့်အခြေအနေမျိုးနှင့် နောက်တစ်ကြိမ်မကြုံတွေ့ပါစေနှင့်ဟု ဆုတောင်းရမည်သာဖြစ်သည်။

......................................................

ထိုအချိန်တွင် လော်ယွမ်၏ကိုယ်က တုန်ခါသွားပြီး စစ်သားများက လူနာတင်ထမ်းစင်ကို ညင်သာစွာချထားလိုက်သည်။ သို့သော် သူက ချက်ချင်းမထဘဲ ဆက်လက်လှဲနေလိုက်သည်။

လော်ယွမ်သည်လည်း လူ့အသိုင်းအဝိုင်းတွင် နေထိုင်ခဲ့ဖူးပြီး လူ့စိတ်ကို နားလည်သူဖြစ်သည်။ အကယ်၍ လူနာတင်ထမ်းစင်ကို ချသည်နှင့်တစ်ပြိုင်နက် ထရပ်ပြီး ဘာမှမဖြစ်သကဲ့သို့ ပြုမူလိုက်ပါက လုံးဝသင့်သော်မည် မဟုတ်ချေ။ လော်ယွမ်ကို ပြန်ထမ်းလာရန်အတွက် ဤနေရာတွင် စစ်သားတစ်ဦး သေဆုံးခဲ့ရသည်။ ရလဒ်အနေဖြင့် သူက ဘာမှမဖြစ်သလို ထရပ်လိုက်ပါက ထိုစစ်သားများက မည်သို့တွေးမည်နည်း။

စစ်သားများ၏အတွေးများသည် လော်ယွမ်အပေါ် မည်သည့်သက်ရောက်မှုမျှရှိမည်မဟုတ်သော်လည်း သူက မိမိအသက်ကိုစွန့်၍ ကယ်တင်ခဲ့သော ဤစစ်သားများ၏စိတ်ကို မနာကျင်စေချင်ပေ။

ဆက်ရန်...

အပိုင်း(၁၉၆)မထင်မှတ်သောတွေ့ရှိမှု

ဤနေရာသို့မလာခင်က စစ်သားနှစ်ဆယ်ကျော်ရှိခဲ့သော်လည်း ယခုမူ တပ်ခွဲမှူးရှအပါအဝင် လေးယောက်သာ ကျန်တော့၏။ လူတိုင်း၏မျက်နှာထားများက ညှိုးငယ်နေကာ ပင်ပန်းနွမ်းနယ်မှုတို့ကလည်း အထင်းသားပေါ်နေသည်။ သူတို့၏မျက်ဝန်းများထဲတွင် ရံဖန်ရံခါ ဝမ်းနည်းကြေကွဲမှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားတတ်သော်လည်း ဤကမ္ဘာပျက်ကာလကြီးထဲ၌ သေခြင်းတရားဆိုသည်မှာ သာမန်အဖြစ်အပျက်တစ်ခုသာ ဖြစ်၏။ အထူးသဖြင့် နက်ဖြန်မသေချာသော သူတို့လိုစစ်သားများအတွက်မူ သူငယ်ချင်းရဲဘော်များ၏ သေဆုံးမှုကို ရင်ဆိုင်ခြင်းက ဘဝ၏အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေခဲ့ချေပြီ။ ဤသို့သောဘဝမျိုးကို သူတို့အသားကျနေခဲ့ကြသည်မှာ ကြာပြီဖြစ်သောကြောင့် ခဏတာဝမ်းနည်းပူဆွေးမှုအပြီးတွင် လူတိုင်းက မိမိတို့၏အလုပ်ကိုယ်စီဖြင့် လှုပ်ရှားသွားလာကြတော့သည်။

ကျန်ရှိသော လက်နတ်များနှင့် ကျည်ဆန်များကို စစ်သားများက တစ်ခုမကျန်လိုက်လံကောက်ယူ သိမ်းဆည်းကြပြီး အမျိုးအစားအလိုက် သစ်သားသေတ္တာများထဲသို့ စနစ်တကျထည့်သွင်းကြ၏။ ဤသည်မှာ နောက်ပိုင်းထရပ်ကားပေါ်သို့ တင်ဆောင်ဖို့ လွယ်ကူစေရန်အတွက် ဖြစ်သည်။

စစ်သားတစ်ယောက်က ပိုင်ရှင်မဲ့လက်နက်တစ်ခုနှင့် မြေပြင်ပေါ်ကျနေသော ဖိနပ်တစ်ဖက်ကို ကောက်ယူလိုက်ပြီးနောက် ရုတ်တရက် သူ၏မျက်ဝန်းများထဲတွင် မျက်ရည်များ စို့တက်လာခဲ့သည်။ သူက မျက်ရည်တို့ကို တိတ်တဆိတ်သုတ်လိုက်ကာ မိမိ၏အမူအရာကို ဖုံးကွယ်ရန်အတွက် အခြားတစ်ဖက်သို့လှည့်၍ ထိုင်ချလိုက်လေသည်။

ထိုစစ်သား၏အမူအရာကြောင့် မုဝမ်ဝမ်နှင့် ဝမ်ရှီရှီတို့ပင် စိတ်မကောင်းဖြစ်ကြရကာ သူတို့တတ်နိုင်သမျှ ဝင်ရောက်ကူညီကြတော့သည်။ ထိုနေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ စကားမပြောဘဲ ပတ်ဝန်းကျင်တစ်ခုလုံးက လေးလံဖိစီးလျက်ရှိ၏။

ဤသို့သော လေးလံသောပတ်ဝန်းကျင်တွင် လော်ယွမ်သည် ခဏတာလှဲလျောင်းနေပြီးနောက် ဆက်လက်လှဲမနေနိုင်တော့ဘဲ ဖြည်းညင်းစွာထရပ်လိုက်သည်။

မျက်စိလျှင်သော ဝမ်ရှီရှီက လက်ထဲမှကျည်ဆန်တွဲကို အမြန်ပစ်ချကာ သူ့ထံသို့ ပြေးလာသည်။ တပ်ခွဲမှူးရှနှင့် စစ်သားအချို့လည်း သူတို့၏အလုပ်များကိုရပ်တန့်ကာ အံ့အားသင့်သော မျက်နှာထားများဖြင့် ကြည့်နေကြ၏။

"ကိုကြီးယွမ်... သက်သာသွားပြီလားဟင်" ဝမ်ရှီရှီက ဝမ်းသာအားရစွာ မေးလိုက်သည်။

"စိတ်မပူပါနဲ့... ငါတော်တော်လေး သက်သာသွားပြီ... ငါ့ခန္ဓာကိုယ်ကသန်မာတော့ ဒီလိုဒဏ်ရာမျိုးက ခဏလေးနဲ့ပျောက်တယ်" လော်ယွမ်က ဝမ်ရှီရှီကို ပြုံးလျက်ပြောလိုက်၏။

ဤရှင်းပြချက်က အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံပြီး အကျိုးအကြောင်းလည်း ခိုင်လုံလှသည်။ အချို့သောဆင့်ကဲပြောင်းလဲသူများ၏ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်နှုန်းမှာ အံ့မခန်းဖွယ်ကောင်းလှရာ ခန္ဓာကိုယ်၌ အပေါက်တစ်ပေါက်ဖြစ်သွားလျှင်ပင် လျင်မြန်စွာပြန်ကောင်းနိုင်သည်ကို တပ်ခွဲမှူးရှနှင့် သူ၏စစ်သားများလည်း သိရှိပြီးဖြစ်ပေလိမ့်မည်။

"ခင်ဗျား ဘာမှမဖြစ်တော့တာ တော်သေးတာပေါ့... ဒီတစ်ခေါက်သာ စစ်စခန်းက ခင်ဗျားကို မလွှတ်လိုက်ဘူးဆိုရင် ကျွန်တော်တို့တပ်ဖွဲ့တစ်ခုလုံး ပြုတ်သွားလောက်ပြီ... ကျေးဇူးတင်စကားတွေတော့ အများကြီးမပြောတော့ဘူး... ကျွန်တော်တို့အားလုံး ခင်ဗျားကို အသက်တစ်ချောင်း အကြွေးတင်သွားပြီပဲဆိုရမယ်" တပ်ခွဲမှူးရှက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ သူ၏အသံမှာ ရှတတဖြစ်နေပြီး အတော်ပင်စိတ်ပင်ပန်းနေပုံရ၏။

"ရပါတယ်... ကျွန်တော်လည်း ကိုယ့်အတွက်ကိုယ်ကြည့်ပြီးလုပ်ရတာ... အဲ့မြွေကြီးကိုမသတ်နိုင်ရင် ကျွန်တော်လည်း သေရမှာပဲမလား" လော်ယွမ်က ခေါင်းခါလျက်ဆိုသည်။ သူက ဤသို့သော ကျေးဇူးတင်စကားများကို အလကားသက်သက် မခံယူချင်ပေ။ မိမိနှင့်မထိုက်တန်ဟု ခံစားနေရ၏။

"ကျွန်တော်တို့စစ်သားတွေက အခြေအနေကို ခွဲခြားနိုင်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော်တို့အသက်ကို ကယ်ခဲ့တာပါပဲ" တပ်ခွဲမှူးရှက လေးနက်တည်ကြည်စွာ ဆက်ပြောသည်။ "ပြန်လည်တည်ဆောက်ရေးဇုန်ကို ပြန်ရောက်လို့ အခက်အခဲတစ်ခုခုရှိရင် ကျွန်တော်တို့ကိုသာ လာရှာလိုက်... ကျွန်တော်တို့က အသစ်ဖွဲ့စည်းထားတဲ့ တပ်မ၁၈၊ တပ်မဟာ၁၁၊ တပ်ရင်း၃၊ တပ်ခွဲ၈ ကပဲ... အဲ့ဒီအခါကျ ကျွန်တော်တို့ အသက်ရှင်နေသေးတယ်ဆိုရင်ပေါ့"

ထိုသူတို့၏ ကျေးဇူးတင်သော အကြည့်များကို ရင်ဆိုင်ရင်း လော်ယွမ်က ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

လော်ယွမ်က သိပ်ပြီးအလေးမထားပုံရသည်ကို သတိပြုမိသောအခါ တပ်ခွဲမှူးရှက လော်ယွမ်ကို ဘေးသို့ဆွဲခေါ်လိုက်သည်။ သူ၏မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း အားတင်းကာ စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။ "ခင်ဗျားက ပြန်လည်တည်ဆောက်ရေးဇုန်မှာ မနေဖူးတော့ အဲ့ဒီကအခြေအနေကို သိမှာမဟုတ်ဘူး... အဲ့ဒီမှာက အခု ကန့်သတ်ထားတဲ့ စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး ကူပွန်နဲ့ ငွေကြေး နှစ်မျိုးသုံး ဘဏ္ဍာရေးစနစ်ကို သုံးနေတာ... အထူးသဖြင့် အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်... သူတို့ကိုကူပွန်နဲ့ဘဲ ဝယ်လို့ရတာ... အဲ့ဒီထဲမှာ အသားနဲ့ စားနပ်ရိက္ခာတွေလည်း ပါတယ်... အခုချိန်မှာ ရိက္ခာလုံလောက်အောင် မထောက်ပံ့ပေးနိုင်တော့ လူတော်တော်များများ ဗိုက်တောင်မဝကြဘူး"

"ကျွန်တော်တို့စစ်သားတွေကတော့ နေ့စဉ်နဲ့အမျှ အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်နေရတာဆိုတော့ အသက်အာမခံချက်မရှိပေမယ့် အထူးအခွင့်အရေးလေးတွေတော့ ရှိတယ်... ဥပမာဒီရေသတ္တဝါအလောင်းတွေပဲ... ပြန်လည်တည်ဆောက်ရေးဇုန်မှာသာဆိုရင် ဒီလောက်များတဲ့ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါရဲ့အသားတွေကို တစ်မြို့လုံး အလုအယက်ဝယ်ကြမှာ... ဒါပေမဲ့ ဒီမှာတော့ တန်ဖိုးမရှိတဲ့အရာတွေ ဖြစ်နေတယ်... ကျွန်တော်တို့ကိုယ်တိုင်စားသုံးတာကလွဲရင် အများစုကို စွန့်ပစ်ရမှာပဲ"

"အင်းပေါ့... ဒီနေရာက ကျဆုံးနယ်မြေထဲက စစ်အခြေစိုက်စခန်းဖြစ်ပြီး ကျွန်တော်တို့က လည်း အထူးတာဝန်နဲ့ရောက်နေတာမို့လည်း ပါတာပေါ့"

"ပြန်လည်တည်ဆောက်ရေးဇုန်ဘက်က တိုက်ပွဲနယ်မြေတွေမှာတော့ သန္ဓေပြောင်းသားရဲအများစုကို အစိုးရက သိမ်းယူတယ်... ဒါပေမဲ့ စစ်သားတွေကို အားတက်စေဖို့အတွက်ရယ် သာမန်လူတွေ စစ်ထဲဝင်ဖို့အားပေးတဲ့အနေနဲ့ ကျွန်တော်တို့ကို အချိုးကျခွဲတမ်းတော့ ပေးထားတယ်... ဒါတောင်မှ ကျန်တဲ့ပမာဏက များနေတုံးပဲ... အခု မှောင်ခိုဈေးကွက်မှာ ရောင်းနေကြတဲ့ သန္ဓေပြောင်းသားရဲအသားအများစုက ကျွန်တော်တို့စစ်တပ်ကနေ ထွက်လာတာတွေချည်းပဲ... ဒါဆို ခင်ဗျားသဘောပေါက်လောက်ရောပေါ့"

လော်ယွမ်က စိတ်ထဲတွင် သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ ခေတ်က ပြောင်းလဲသွားခဲ့ချေပြီ။ စစ်သားဖြစ်ခြင်းက အန္တရာယ်များသော်လည်း ဝင်ငွေကောင်းသောအလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းတို့ကဆင်းရဲနွမ်းပါးခြင်းမရှိတော့ဘဲ အရေးပါသောအရင်းအမြစ်များကို ထိန်းချုပ်ထားသည့် အထူးအလုပ်အကိုင်တစ်ခုဖြစ်ကာ လူတိုင်းက အခွင့်အရေးကောင်းများ ရရှိကြသည်။ အကယ်၍ ငွေရှာလိုပါက တပ်ခွဲမှူးရှနှင့် ဆက်သွယ်ခြင်းသည် လမ်းတစ်ခုဖြစ်ပေလိမ့်မည်။ သို့သော် ကျဆုံးနယ်မြေတွင် အမြဲနေထိုင်လာခဲ့သူဖြစ်သောကြောင့် ငွေကြေးအပေါ်ထားသော သူ၏သဘောထားမှာ အတော်ပင်ပေါ့လျော့နေခဲ့ချေပြီ။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီး အခြေအနေကို လေ့လာပြီးမှသာ ဆက်စဉ်းစားမည်ဟု သူဆုံးဖြတ်လိုက်သည်။

လော်ယွမ်က စိတ်ဝင်စားမှုမရှိလှသည်ကို တပ်ခွဲမှူးရှက သတိပြုမိသောအခါ စိတ်ထဲတွင် ခါးသက်သက်ပြုံးလိုက်မိ၏။ သို့သော် တစ်ဖန်ပြန်စဉ်းစားကြည့်လျှင် ဤမျှစွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်သည် ဤအရာများကို အရေးစိုက်မည်မဟုတ်ဟု သူနားလည်လိုက်သည်။ ဤသို့သောပုဂ္ဂိုလ်မျိုးသည် မည်သည့်နေရာတွင်မဆို လူအများ၏အာရုံစိုက်မှုကို ခံရမည်ဖြစ်ပြီး အစိုးရကပင် အထူးဂရုပြုစောင့်ကြည့်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ ထိုသို့သောသူက ငွေကြေးအတွက် အဘယ်ကြောင့် ပူပန်နေမည်နည်း။ ဤကျေးဇူးတရားကို ပြန်ဆပ်ရန် အခွင့်အရေးမရှိတော့ဟု သူတွေးလိုက်မိသည်။

"အဲ့ဒီမြွေကြီးကိုရော ခင်ဗျားတို့ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားသလဲ" လော်ယွမ်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါသည် ပြန်လည်တည်ဆောက်ရေးဇုန်၌ပင် တွေ့ရခဲသော ရှားပါးသည့်အရာဖြစ်ပြီး အရေးပါသော ရှားပါးအရင်းအမြစ်တစ်ခုဖြစ်သည်။ တပ်ခွဲမှူးရှကိုယ်တိုင်ပင် ဤတစ်ကောင်ကိုသာ မြင်ဖူးခဲ့သည်။ သို့သော် သူက ခဏမျှသာတွေဝေပြီးနောက် ချက်ချင်းပင် "သူ့ကို ခင်ဗျားသတ်ခဲ့တာဆိုတော့... ခင်ဗျားပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်" ဟု ပြောလိုက်သည်။

မြွေကြီးကအသက်ငင်နေသော်လည်း လုံးဝမသေသေးပေ။ ယခုအချိန်၌ အစိမ်းရောင်အဆင့်ရှိသော ဧရာမမြွေကြီးသည် လှုပ်ရှားနေဆဲဖြစ်ပြီး သူ၏အသက်စွမ်းအားမှာ အားကောင်းနေတုန်းပင်။ သို့သော် သူ၏လှုပ်ရှားမှုမှာ ယခင်ကထက် များစွာလျော့နည်းသွားခဲ့ချေပြီ။ ယခုအခါ အမြီးပိုင်းသာ လှုပ်ယမ်းနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာမူ မြေပြင်ပေါ်သို့ လုံးဝမှောက်ကျနေကာ အချိန်အတော်ကြာမှတစ်ခါ တဆတ်ဆတ်တုန်သွားတတ်သည်။

"ကျွန်တော် အစိတ်အပိုင်းနည်းနည်းပဲ ယူမှာပါ... ကျန်တာကို ခင်ဗျားတို့ ယူသွားလို့ရတယ်" လော်ယွမ်က ခေါင်းခါလျက်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် များသွားလျှင်လည်း သူသယ်နိုင်မည်မဟုတ်ပေ။

ထို့နောက် သူ၏အကြည့်များက အသက်ငင်နေသော ဧရာမမြွေကြီးထံသို့ စူးစိုက်သွားပြီး စစ်သားအချို့ကို လှည့်၍ "ဓားတစ်ချောင်းလောက် ရှိလား" ဟု မေးလိုက်သည်။

"ဒီလိုစစ်သုံးဓားဆိုရင်ရော ရလား" စစ်သားတစ်ယောက်က သူ၏ဘွတ်ဖိနပ်ထဲမှ တစ်ပေခန့်ရှည်သော ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာ ရိုသေလေးစားသော အမူအရာဖြင့် လော်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။

လော်ယွမ်က ဓားကိုယူပြီးနောက် ဓားသွားကို လက်ဖြင့်စမ်းကြည့်လိုက်ရာ စိတ်ထဲမှခေါင်းခါလိုက်မိသည်။ ဤဓားသည် သာမန်ဓားများထဲတွင် အလွန်ထက်မြက်ကောင်း ထက်မြက်နိုင်သော်လည်း သူ၏ကျန်းမာတောက်ဓားနှင့်မူ လုံးဝယှဉ်၍မရပေ။ အစိမ်းရောင်အဆင့် သတ္တဝါ၏အရေပြားကို ခွဲဖြတ်ရန်မဆိုထားနှင့် အပြာရောင်အဆင့်သတ္တဝါကိုပင် ခက်ခက်ခဲခဲရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူ၏ကျန်းမာတောက်ဓားက မြွေကြီး၏လည်ချောင်းထဲတွင် စိုက်ဝင်နေဆဲဖြစ်ရာ မရှိတာထက်စာလျှင် တော်သေးသည်ဟုမှတ်ယူကာ ဤဓားကိုသာ အသုံးချရတော့မည်။

"ကျေးဇူးပါ... ခဏနေရင် ပြန်ပေးမယ်" လော်ယွမ်က ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။

"ဟာ... ကျေးဇူးတင်စရာ မလိုပါဘူး... ကြိုက်သလောက်သုံးပါ... ကြိုက်သလောက်သုံးပါ" ထိုစစ်သားက စကားပြောသိပ်မကျွမ်းကျင်သူဖြစ်ရာ စိတ်လှုပ်ရှားလွန်း၍ စကားများပင် ထစ်ငေါ့သွား၏။

ထို့နောက် လော်ယွမ်က သူ၏မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်ရာ ခြောက်သွေ့နေသော သွေးခဲမာများက ကွာကျသွားပြီး အမျိုးသမီးတစ်ယောက်ထက်ပင် ပိုမိုချောမွေ့နူးညံ့သော အသားအရေက ပေါ်ထွက်လာသည်။ သူက ဓားမြှောင်ကိုကိုင်ကာ ဧရာမမြွေကြီးရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

တစ်မိနစ်ခန့်မျှ လျှောက်ပြီးနောက် လော်ယွမ်က ဧရာမမြွေကြီးအနားသို့ ရောက်ရှိသွားခဲ့သည်။ လွန်ခဲ့သောဆယ့်ငါးမိနစ်ခန့်က တန်ခိုးအရှိန်အဝါကြီးမားလှသော ဧရာမမြွေကြီးသည် ယခုအခါ လော်ယွမ်၏ရောက်ရှိလာမှုကို မည်သို့မျှတုံ့ပြန်ခြင်းမရှိတော့ပေ။ လော်ယွမ်က သူ၏ဦးခေါင်းထိပ်တွင် ဓားသွားအချွန်လေးတစ်ခု ထွက်နေသည်ကို သတိပြုမိလိုက်သည်။ ယခင်က ထိုအံ့မခန်းဖွယ်ဓားချက်သည် သူ၏ဦးခေါင်းခွံကိုပင် ထိုးဖောက်ဝင်သွားခဲ့ကြောင်း ထင်ရှားလှသည်။

လော်ယွမ်က နမော်နမဲ့မလုပ်ရဲပေ။ ဓားမြှောင်ကိုကိုင်ကာ မြွေကြီးကို တစ်ပတ်ပတ်၍ လေ့လာကြည့်ရှုလိုက်သည်။ မြွေကြီးက လုံးဝတုံ့ပြန်မှုမရှိသည်ကို မြင်မှ သူစိတ်အေးသွားတော့သည်။

အမှန်အတိုင်းဆိုရလျှင် ဤသည်မှာ လော်ယွမ်တွေ့မြင်ခဲ့သမျှထဲတွင် အလွန်တရာ လှပတင့်တယ်ဆုံးသော သတ္တဝါပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက လျှို့ဝှက်ဆန်းကြယ်သော အရောင်အသွေးတို့ဖြင့် ပြည့်နှက်နေပြီး ကြည့်ရှုသူကို ကြောက်ရွံ့စိတ်ဖြစ်ပေါ်စေသည်။ သူ၏အကြေးခွံတစ်ခုချင်းစီမှာ ဘောလုံးအရွယ်အစားရှိပြီး ငွေရောင်တောက်ပလျက်ရှိကာ အပေါ်၌ ရှုပ်ထွေးလှပသော ရွှေရောင်အပွင့်အခက်များကလည်း ပါရှိသေးသည်။

ကျယ်ပြန့်သောပါးစပ်၊ မီးလျှံကဲ့သို့နီရဲသော အမောက်၊ သွယ်လျသောခန္ဓာကိုယ်နှင့် အမြီးပိုင်းရှိ လှပတင့်တယ်သော အမွေးများက သူ၏ရှေ့တွင်ရပ်နေသော လော်ယွမ်ကို ထူးခြားသောတုန်လှုပ်မှုကို ခံစားရစေသည်။ သေဆုံးသွားသည့်တိုင်အောင်ပင် သူ၏ကျန်ရှိနေသေးသော အရှိန်အဝါနှင့် ဖိအားပေးသော အငွေ့အသက်တို့က လူကိုအသက်ရှူ ကြပ်စေ၏။

သို့သော် အသက်ရှင်နေသော သတ္တဝါကိုပင် သူသတ်နိုင်ခဲ့သည်ဖြစ်ရာ သေဆုံးနေသောအရာကို အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။

လော်ယွမ်က အကြိမ်ကြိမ်စမ်းသပ်ကြည့်ရှုပြီးနောက် ဧရာမမြွေကြီးက အမှန်တကယ်သေဆုံးသွားခဲ့ပြီဖြစ်ပြီး ရံဖန်ရံခါ အာရုံကြောများကြောင့် တဆတ်ဆတ်တုန်ခါခြင်းသာ ဖြစ်သည်ကို သေချာသွားသည်။ သို့သော် သူ၏စွမ်းအားဖြင့် ထိုအချင်းအရာက အရေးမကြီးတော့ပေ။ ထို့နောက် သူက ဓားမြှောင်ကိုပစ်ချလိုက်ပြီး ဧရာမမြွေကြီး၏ဦးခေါင်းကို အားကုန်သုံး၍ လှည့်လိုက်ရာ ကျန်းမာတောက်ဓား၏ ဓားရိုးက ပေါ်ထွက်လာတော့သည်။

ထို့နောက် သူက ကျန်းမာတောက်ဓားကို အားကုန်သုံး၍ ဆွဲနုတ်လိုက်သည်။

ဓားကားတစ်ချက်ကလေးမှ မလှုပ်ချေ။

သူ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်သော်လည်း လုံးဝလှုပ်ရှားခြင်း မရှိပေ။

ထိုအခါမှ လော်ယွမ်သည် ဧရာမမြွေကြီးထံမှ သွေးအနည်းငယ်သာ ထွက်ရှိပြီး ကျန်းမာတောက်ဓားစိုက်ဝင်နေသော ဒဏ်ရာမှာလည်း တင်းကျပ်စွာပြန်ပိတ်သွားကာ ဓားနှင့်တစ်သားတည်း ကပ်နေသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

"တစ်ကယ်ကို ကြောက်ဖို့ကောင်းတဲ့ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းပဲ... ဓားကသူ့ခေါင်းထဲက ကြွက်သားတွေနဲ့ လုံးဝတွယ်ကပ်သွားလောက်ပြီ" လော်ယွမ်က စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။ နောက်ဆုံးတွင် သူက မိမိ၏ကျန်ရှိနေသေးသော စိတ်စွမ်းအားအနည်းငယ်ကို အသုံးပြုပြီး ပတ်ဝန်းကျင်မှကြွက်သားများကို ဖြတ်တောက်လိုက်မှသာ ဓားကိုဆွဲထုတ်နိုင်ခဲ့တော့သည်။

ကျန်းမာတောက်ဓားကို လက်ထဲတွင်ကိုင်လိုက်သည်နှင့် သူက အလွန်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကျန်းမာတောက်ဓားအပေါ် သူ၏ကျွမ်းဝင်မှုသည် မိမိ၏ခန္ဓာကိုယ်ထက်ပင် ပိုမိုနားလည်ခဲ့ပြီဖြစ်သည်။ အလေးချိန် အနည်းငယ်မျှ ပြောင်းလဲသွားလျှင်ပင် သူက ရှင်းလင်းစွာခံစားသိရှိနိုင်သည်။ ယခုမူ ဓားက မယုံနိုင်လောက်အောင် ပေါ့ပါးနေရုံသာမက ဓား၏ကိုယ်ထည်ပင် ပြောင်းလဲသွားသကဲ့သို့ သူစိမ်းဆန်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

သူက ကျန်းမာတောက်ဓားကို သေချာစူးစိုက်ကြည့်လိုက်ရာ မျက်နှာအနည်းငယ် ပျက်သွားသည်။ မူလက ပေါင်းစပ်ပြီးနောက် အနက်ရောင်ဖြစ်နေသော ကျန်းမာတောက်ဓားသည် ယခုအခါ လုံးဝမီးခိုးရောင်သန်းနေသော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ဤအရောင်ကို လော်ယွမ်က အလွန်ရင်းနှီးနေသလို ခံစားရသည်။ သူမှတ်မိမမှားပါက ဤသည်မှာ ကျန်းမာတောက်ဓား၏ မူလအရောင်ပင်ဖြစ်သည်။ သူက မသေချာသောကြောင့် သုံးသပ်ခြင်းပညာရပ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ အမှန်ပင် ပေါင်းစပ်ခြင်း၏အစွမ်းသတ္တိများ ပျောက်ကွယ်သွားခဲ့ပြီး လုံးဝမူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်ကို တွေ့လိုက်ရသည်။

ကျန်းမာတောက်ဓား၏ ပြောင်းလဲမှုက လော်ယွမ်ကို အံ့သြ ထိတ်လန့်သွားစေသည်။

ဤပေါင်းစပ်ခြင်းမှ ကျန်ရစ်ခဲ့သော အစွမ်းအစများအားလုံးကို ဧရာမမြွေကြီး၏ ခန္ဓာကိုယ်က စုပ်ယူသွားခဲ့ခြင်းဖြစ်မည်မှာ မစဉ်းစားဘဲနှင့်ပင် သိနိုင်သည်။ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါပင်တည်း။

သို့သော် လော်ယွမ်သည် ဧရာမမြွေကြီး၏ အသွေးအသားအပေါ် ပို၍ပင် မျှော်လင့်တကြီး ဖြစ်လာတော့သည်။

......................................................

လော်ယွမ်က ဧရာမမြွေကြီး၏ အကြေးခွံနှစ်ချပ်ကို အားကုန်သုံး၍ ခွာထုတ်လိုက်သည်။ ဤအကြေးခွံများသည် လက်မဝက်ခန့်သာ ထူသော်လည်း အလေးချိန်မှာ အလွန်ပင်လေးလံလှပြီး တစ်ချပ်လျှင် တစ်ကီလိုဂရမ်ခန့် ရှိပေသည်။ အချင်းချင်းတိုက်ခတ်မိပါက ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသံကိုပင် ထွက်ပေါ်စေသည်။ ထို့အပြင် လော်ယွမ်က အားကုန်သုံး၍ ကွေးကြည့်သော်လည်း သူ၏ခွန်အားက အကန့်အသတ်ရှိသောကြောင့် ကွေးညွှတ်ရန် အလွန်ခက်ခဲလှသည်။ သို့သော် မြွေတစ်ကောင်၏ အကြေးခွံတစ်ခုအနေဖြင့် ပျော့ပြောင်းမှုလည်း ကောင်းမွန်ပေလိမ့်မည်။

ဓားကိုပေါင်းစပ်ရန်အတွက် အကောင်းဆုံးပစ္စည်းသည် မာကျောမှုသာမက ကျိုးပဲ့လွယ်ခြင်းမရှိစေရန် ပျော့ပြောင်းမှုကိုလည်း အလွန်အမင်းလိုအပ်သည်။ ဤအကြေးခွံက အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။

ယခင်က မိုးထိပင်ကြီး၏အခေါက်မှာ ပျော့ပြောင်းမှုရှိသော်လည်း မာကျောမှုမလုံလောက်ခဲ့ပေ။ အစိမ်းရောင်အဆင့် ပစ္စည်းဖြစ်သော်လည်း ထက်မြက်မှုမှာ အလွန်သာမန်ဖြစ်ပြီး အစိမ်းနုရောင်အဆင့် သတ္တဝါများကို သတ်ဖြတ်ရန်သာ အသုံးဝင်သည်။ အစိမ်းရောင်အဆင့် သတ္တဝါများနှင့် ရင်ဆိုင်ရန်မူ မဖြစ်နိုင်ခဲ့ရာ လော်ယွမ်က အမြဲတစေ စိတ်တိုင်းမကျဖြစ်ခဲ့ရသည်။ ယခုအခါ ဓား၏အစွမ်းသတ္တိများအားလုံး ဆေးကြောခံလိုက်ရပြီဖြစ်သောကြောင့် လော်ယွမ်က ပိုမိုကောင်းမွန်သော ပစ္စည်းများကို ရွေးချယ်၍ ပေါင်းစပ်နိုင်ပြီ ဖြစ်သည်။

လော်ယွမ်က နေရာတစ်ခုကိုရွေးချယ်ကာ ဧရာမမြွေကြီး၏ ခန္ဓာကိုယ်ဖြင့် ကွယ်ထားလိုက်သောကြောင့် စစ်သားများ သတိပြုမိမည်ကို စိုးရိမ်စရာမလိုတော့ပေ။

ထို့နောက် သူက ပေါင်းစပ်ခြင်းကို စတင်လိုက်တော့သည်။ အကြေးခွံငါးချပ်ကို အသုံးပြုပြီးနောက် မကြာမီမှာပင် ငွေရောင်လင်းလက်နေပြီး ပူပြင်းသောအပူရှိန်ကို ထုတ်လွှတ်နေသော ကျန်းမာတောက်ဓားတစ်လက်က လော်ယွမ်၏လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ အကယ်၍ သေချာစွာကြည့်ရှုမည်ဆိုလျှင် ကျန်းမာတောက်ဓားသည် ငွေဖြူရောင်သက်သက်မဟုတ်ဘဲ ဓားမျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသော အနက်ရောင်အပွင့်အခက်များ ပါရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ထိုအပွင့်အခက်များသည် ဓားနှင့်တစ်သားတည်းကျကာ မွေးရာပါအလှတရားကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းနေသည်။

လော်ယွမ်က စိတ်မထိန်းနိုင်တော့ဘဲ "အမျိုးအမည်ခွဲခြားအစွမ်း" ကို ချက်ချင်းအသုံးပြုလိုက်သည်။

အမည် - ရေနဂါးအက္ခရာ ကျန်းမာတောက်ဓား

ပါဝင်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်၊ သွေးသရဖူမြွေနဂါးအကြေးခွံ

ရှားပါးမှုအဆင့် - အစိမ်းရောင်

အလေးချိန် - ၁၄ ကီလိုဂရမ်

တိုက်ခိုက်စွမ်းအား - ၃၆ - ၄၁

ထပ်တိုးအစွမ်း - တိုက်ခိုက်နှုန်းအလျင် +၂

ထပ်တိုးအစွမ်း၂ - မြေခွဲရေခွင်း (အလိုအလျောက်စွမ်းရည်)။ ဓားသွားဖြတ်သန်းသွားရာတစ်လျှောက် မြေကြီးနှင့်ကျောက်တုံးများက အလိုအလျောက်လမ်းဖယ်ပေးပြီး ရေစီးကြောင်းများက အလိုအလျောက်ကွဲထွက်သွားစေသည်။ (အစွမ်းမှာ အားနည်းသည်)

အသုံးပြုရန်လိုအပ်ချက် - ခွန်အား ၁၄ မှတ်

သုံးသပ်ချက် - ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော ကျန်းမာတောက်ဓားတစ်လက်ဖြစ်သည်။ ၎င်းတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးပါဝင်နေသော်လည်း ထိုစွမ်းအားမှာ အားနည်းလှသည်။

ကျန်းမာတောက်ဓား၏ တိုက်ခိုက်စွမ်းအားက အကြီးအကျယ်တိုးတက်လာရုံသာမက တိုက်ခိုက်နှုန်းပင် တစ်မှတ်တိုးလာသည်ကို တွေ့ရှိလိုက်ရသောကြောင့် လော်ယွမ်သည် အံ့အားသင့်ကာ ဝမ်းသာသွားသည်။ ဤသည်မှာ မထင်မှတ်ထားသော လက်ဆောင်တစ်ခုပင်တည်း။

ကျန်းမာတောက်ဓား၏ နောက်ဆုံးသုံးသပ်ချက်နှင့် နောက်ဆက်တွဲအစွမ်းသတ္တိကို မြင်လိုက်ရသောအခါ သူက အလွန်အမင်း အံ့ဩသွားတော့သည်။

သူက ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်သော်လည်း ရလဒ်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းလှသည်။ ဤဓားတွင် ရှင်းပြရခက်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်မျိုး အမှန်ပင်ရှိနေသည်။

ဓားကိုမြေကြီးပေါ်သို့ ချလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးနှစ်ဖက်မှမြေကြီးများက လျင်မြန်စွာကွဲထွက်သွားပြီး တစ်ပေခန့်နက်၍ တစ်လက်မခန့်ကျယ်သော ချိုင့်ခွက်တစ်ခုကို ချန်ထားရစ်ခဲ့သည်။ သို့သော် ကျောက်တုံးများအပေါ်တွင်မူ အစွမ်းသိပ်မပြနိုင်ပေ။ ကျောက်တုံးက လက်သီးဆုပ်အရွယ်အစားခန့် ကြီးမားသွားသည်နှင့် ၎င်း၏စွမ်းအားက အသုံးမဝင်တော့ပေ။

ထို့အပြင် ဤအစွမ်းသတ္တိက ဘယ်နေရာတွင်အသုံးဝင်မည်ကို လော်ယွမ် မည်သို့မျှစဉ်းစား၍မရပေ။ သူက ထိုအစွမ်းဖြင့် မြေလျှိုးနိုင်မည်လည်း မဟုတ်ပေ။

ယခုအခါ သူက "ရေခွင်း" အစွမ်းသတ္တိ အသုံးဝင်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။ သို့သော် ဤနေရာတွင် ရေမရှိသည့်အပြင် ယခုအချိန်သည် စမ်းသပ်ရန်အချိန်လည်း မဟုတ်ပေ။

သို့သော် ဤစွမ်းရည်များကို ဖယ်ထားလျှင်ပင် အသစ်ပေါင်းစပ်ထားသော ကျန်းမာတောက်ဓားက ယခင်ကထက် များစွာသာလွန်နေခဲ့ချေပြီ။ တစ်ခုတည်းသော နှမြောစရာကောင်းသည့်အချက်မှာ ကျန်းမာတောက်ဓား၏ "အသက်စွမ်းအင်စုပ်ယူနိုင်စွမ်း" ပျောက်ဆုံးသွားခြင်းပင်ဖြစ်သည်။ တစ်ခုလိုချင်လျှင် တစ်ခုပေးဆပ်ရမည်ဟုသာ မှတ်ယူရပေတော့မည်။ နောင်တွင် တစ်စုံတစ်ယောက် ဒဏ်ရာရခဲ့ပါက အခြားနည်းလမ်းရှာရတော့မည်။ သို့သော် မကြာမီ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပြန်ရတော့မည်ဖြစ်ရာ သူတို့အားလုံး အသက်စွန့်စားရတော့မည် မဟုတ်ပေ။

ထို့နောက် လော်ယွမ်က ဓားကိုကိုင်ကာ ဤဧရာမမြွေကြီးကို ခွဲစိတ်တော့သည်။

ဤသို့သောအလုပ်ကို ယခုအခါ သူအတော်ပင် ကျွမ်းကျင်နေခဲ့ချေပြီ။

ဧရာမမြွေကြီးက ပြင်းထန်သောနာကျင်မှုကြောင့် အလိုအလျောက်တုံ့ပြန်မှုဖြင့် တဆတ်ဆတ်တုန်ခါခြင်းကို ရှောင်ရှားရန်အတွက် လော်ယွမ်က လည်ပင်းပိုင်းရှိ အကြေးခွံများကို ခွာထုတ်ပြီးနောက် လည်ပင်းကျောရိုးဆစ်ကြားရှိ နေရာကို စမ်းသပ်ရှာဖွေလိုက်သည်။ ထို့နောက် စိတ်စွမ်းအားအနည်းငယ်ကို စုစည်းကာ တိုက်ရိုက်ထိုးသွင်းလိုက်ရာ ဗဟိုအာရုံကြောစနစ်မှာ ချက်ချင်းပျက်စီးသွားပြီး မြွေကြီး၏ခန္ဓာကိုယ်က တစ်ချက်တင်းမာသွားပြီးနောက် လုံးဝလှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။

အန္တရာယ်ကင်းရှင်းသွားပြီးနောက် ကျန်ရှိသည်မှာ စိတ်ရှည်မှုသာ လိုအပ်တော့သည်။

အတွင်းကလီစာများ၊ မြွေသည်းခြေနှင့် ဦးနှောက်တို့ကို လော်ယွမ်က တစ်ခုချင်းစီထုတ်ယူကာ ဖြတ်တောက်ထားသော မြွေအရေခွံများဖြင့် အမျိုးအစားအလိုက် အထုပ်ငယ်လေးများအဖြစ် ထုပ်ပိုးလိုက်သည်။ ထိုအထုပ်ငယ်လေးများသည် လှုပ်ရှားနေဆဲဖြစ်ပြီး အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေတုန်းပင်။ ထိုအထုပ်များထဲမှ အထုပ်ငယ်တစ်ခု၏ လှုပ်ရှားမှုမှာ အထူးပင်ပြင်းထန်လှပြီး နေရာတွင်ပင် ဒုန်းခနဲ ဒုန်းခနဲ ခုန်ပေါက်နေကာ တစ်ကြိမ်ခုန်လျှင် ၅ပေ၊ ၆ပေခန့်ပင် မြင့်တက်သွားသည်။ ခဏလေးသတိလွတ်သွားသည်နှင့် ၁၅ပေကျော်အကွာသို့ပင် ခုန်ထွက်သွားခဲ့သည်။

လော်ယွမ်က အလျင်အမြန် ပြန်လည်ဖမ်းယူလိုက်ပြီး အထုပ်ကိုဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် ဇလုံအရွယ်အစားရှိသော နှလုံးသားတစ်ခု ပေါ်ထွက်လာသည်။ ထိုနှလုံးသားသည် တစ်ခါတစ်ရံ ကျုံ့ဝင်သွားပြီး တစ်ခါတစ်ရံ ဖောင်းကားလာကာ အားပြင်းသောစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ခန္ဓာကိုယ်ထဲမှ ထုတ်ယူထားသည်မှာ ဆယ့်ငါးမိနစ်ခန့်ရှိပြီဖြစ်သော်လည်း အသက်စွမ်းအား ပြည့်ဝနေဆဲပင်။

၎င်းက နေရာအနှံ့လျှောက်ပြေးပြီး အနှောင့်အယှက်မပေးစေရန်အတွက် လော်ယွမ်က ဓားဖြင့်တစ်ချက်ခုတ်ကာ နှစ်ခြမ်းခွဲလိုက်ရတော့သည်။

"ဟင်"

ထိုအခိုက်တွင် အရာဝတ္ထုတစ်ခုက လော်ယွမ်၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

ထိုအရာသည် လက်ညှိုးအရွယ်အစားရှိသော အနီရောင်နှင့်အဝါရောင်ရောစပ်နေသည့် အစိုင်အခဲတစ်ခုဖြစ်ပြီး ပုံသဏ္ဌာန်မမှန်ဘဲ နှလုံး၏ဘယ်ဘက်အပေါ်ခန်းထိပ်တွင် တွယ်ကပ်နေသည်။ ၎င်းသည် နှလုံးမှဖြစ်ပေါ်လာသော နှလုံးကျောက်တစ်ခုနှင့်တူနေသည်။

"ဒါဘာကြီးလဲ"

သူက လက်ချောင်းများဖြင့် ညှပ်ယူကာ အားကုန်သုံး၍ ဆွဲထုတ်လိုက်သည်။ ထိုအခါ ထိုအရာလေး ပြုတ်ထွက်သွားသည်နှင့် နှလုံးကြွက်သားများ၏ ခုန်ပေါက်မှုက ချက်ချင်းအားပျော့သွားသည်ကို အံ့ဩစွာတွေ့ရှိလိုက်ရသည်။

ဤမြင်ကွင်းကို သတိပြုမိပြီးနောက် လော်ယွမ်၏မျက်နှာက တည်ကြည်လေးနက်သွားပြီး သူက "အမျိုးအမည်ခွဲခြားအစွမ်း" ကို အလျင်အမြန်အသုံးပြုလိုက်သည်။

အမည် - တက်ကြွစွမ်းအင်အစိုင်အခဲ

အဆင့် - အဆင့်နိမ့်အဆင့်

အလေးချိန် - ၅ ဂရမ်

သုံးသပ်ချက် - ဤသည်မှာ အဆင့်နိမ့် တက်ကြွစွမ်းအင်အစိုင်အခဲတစ်ခုဖြစ်သည်။ အတွင်း၌ အညစ်အကြေးများစွာ ပါဝင်နေသည်။ တက်ကြွစွမ်းအင်အစိုင်အခဲသည် အဆီထက်ပိုမိုအစွမ်းထက်သော စွမ်းအင်သိုလှောင်နည်းတစ်မျိုးဖြစ်ပြီး အများအားဖြင့် အစိမ်းရောင်အဆင့်နှင့်အထက်ရှိသော အဆင့်မြင့်သတ္တဝါများတွင် တွေ့ရှိရသည်။ အစားများများ စားသုံးခြင်းနှင့် အခြားစွမ်းအင်များကို စုပ်ယူခြင်းတို့ဖြင့် ၎င်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံသောတက်ကြွစွမ်းအင်များကို သိုလှောင်ထားနိုင်ပြီး လိုအပ်သည့်အချိန်တွင် ပြန်လည်အသုံးပြုနိုင်သည်။

ဆက်ရန်...

All Chapters