← Chapters

အခန်း (၁၉၇-၂၀၀)

Vol. 10 Ch. 197-200

အခန်း (၁၉၇-၂၀၀)

Vol. 10 Ch. 197-200

အပိုင်း(၁၉၇)ခန္ဓာကိုယ်ပြောင်းလဲခြင်း

"တက်ကြွစွမ်းအင်အစိုင်အခဲ" လော်ယွမ်ကဲ့သို့ တည်ငြိမ်သောသူပင်လျှင် ယခုအချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ရတနာတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဤအရာနှင့် နှိုင်းယှဉ်လိုက်လျှင် နှလုံးသား၊ ဦးနှောက်၊ မြွေသည်းခြေ စသည့် သန္ဓေပြောင်းသတ္တဝါများ၏ အဖိုးတန်အစိတ်အပိုင်းအားလုံးသည် ပြောပလောက်တော့မည်မဟုတ်ပေ။

သန္ဓေပြောင်းသတ္တဝါတိုင်းတွင် တက်ကြွစွမ်းအင် အနည်းနှင့်အများ ရှိတတ်ကြသည်။ စွမ်းအားကြီးလေ၊ အဆင့်မြင့်လေ၊ တက်ကြွစွမ်းအင် ပိုမိုကြွယ်ဝလေ ဖြစ်၏။

ဤစွမ်းအင်ကို လူ့ခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူနိုင်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်။ လော်ယွမ်သိရှိထားသလောက်ဆိုလျှင် အပြာရောင်အဆင့် သတ္တဝါ၏အသားကို ရေရှည်စားသုံးပါက လူ့ခန္ဓာကိုယ်၏ အဓိကအရည်အသွေးများဖြစ်သော လျင်မြန်မှု၊ ခွန်အား၊ ကြံ့ခိုင်မှုတို့ကို ၁၁ မှတ်ဝန်းကျင်အထိ တိုးမြှင့်ပေးနိုင်သည်။ အစိမ်းနုရောင်အဆင့်နှင့်အထက်မှာမူ ပို၍ပင်စွမ်းအားကြီးမားပြီး ၁၂ မှတ်အထိ တိုးမြှင့်ပေးနိုင်ပေသည်။

ဤသည်မှာ သာမန်အသွေးအသား၏အစွမ်းသတ္တိမျှသာဖြစ်သည်။ လွတ်လပ်စွာပျံ့နှံ့နေသော တက်ကြွစွမ်းအင်သည် ဤသို့ကျောက်ခဲသဖွယ် အခဲဖြစ်နေသော တက်ကြွစွမ်းအင်အစိုင်အခဲနှင့် မည်သို့ယှဉ်နိုင်မည်နည်း။

အမှန်အတိုင်းဆိုရလျှင် လော်ယွမ်၏စွမ်းအားသည် ဤအဆင့်သို့ရောက်ရှိလာပြီးနောက် ရှေ့ဆက်တိုးတက်ရန် ခြေတစ်လှမ်းလှမ်းတိုင်းက အလွန်ပင်ခက်ခဲနေခဲ့ပြီဖြစ်သည်။

သာမန်လူများအတွက် အဖိုးတန်ရတနာဖြစ်သောအရာများက သူ၏အတွက်မူ ဗိုက်ဖြည့်ရန်မှတစ်ပါး အခြားအကျိုးသက်ရောက်မှု မရှိတော့ပေ။

သာမန်လူများက အဆင့်မြင့်သန္ဓေပြောင်းသားရဲ၏အသားကို စားသုံးကာ လျင်မြန်လွယ်ကူစွာဖြင့် စွမ်းအားတိုးတက်နိုင်ကြသော်လည်း သူကမူ စနစ်အပေါ်မှီခိုကာ မိမိကိုယ်တိုင် ပြင်းထန်စွာလေ့ကျင့်ခြင်းဖြင့် ဖြည်းညင်းစွာတိုးတက်ရသည်။ ယခုအခါ ထိုနည်းလမ်းက တဖြည်းဖြည်းအကန့်အသတ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် မစ်ရှင်များ၏ခက်ခဲမှုက လျင်မြန်စွာတိုးမြင့်လာပြီး သူ၏စွမ်းအားက တိုးတက်မှုရပ်တန့်နေသောကြောင့် မူလနည်းလမ်းသည်လည်း ပို၍ပို၍ ခက်ခဲကြမ်းတမ်းလာခဲ့သည်။

ကျောက်ခဲနှင့်လည်းတူ၊ စွမ်းအင်နှင့်လည်းတူသော ဤအရာလေးက လော်ယွမ်အား မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့စေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူက ဤတက်ကြွစွမ်းအင်အစိုင်အခဲကို အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်သိမ်းလိုက်သည်။

ပေါ့ဆမှုကြောင့် ကျန်သွားမည်ကို စိုးရိမ်သောကြောင့် လော်ယွမ်က နောက်တစ်ကြိမ် အသေးစိတ်ပြန်လည်စစ်ဆေးကြည့်ရှုပြန်သည်။ အတွင်းကလီစာအမျိုးမျိုးကို သူက အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်လိုက်ပြီး ဦးနှောက်ကိုပင် အကြိမ်ပေါင်းများစွာ မွှေနှောက်ကြည့်ရှုခဲ့သည်။ ယခင်က ရှောင်ကြဉ်လိုစိတ်ကြောင့် ဧရာမမြွေကြီး၏ ဝမ်းဗိုက်ထဲတွင် ချန်ထားခဲ့သော အစာအိမ်ကိုပင် ဓားထိပ်ဖြင့် ခွဲကြည့်လိုက်သေးသည်။

ဤတစ်လုံးတည်းသာရှိပြီး နောက်ထပ်မရှိတော့ကြောင်း သေချာသွားမှ လော်ယွမ်က အရာအားလုံးကို တစ်ခုချင်းစီ ပြန်လည်ထုပ်ပိုးကာ မြွေအရေခွံကြီးတစ်ခုဖြင့် အားလုံးကို စုစည်းထုပ်လိုက်သည်။

အတွင်းကလီစာများနှင့် ဦးနှောက်အားလုံးကို ချိန်တွယ်ကြည့်ရာ ပေါင်သုံးရာကျော်ခန့်ရှိပြီး ယခင်က လိပ်ဘီးဘူး ဥထက်ပင် အများကြီးမလျော့နည်းပေ။

လော်ယွမ်က အထုပ်ကြီးကို ကျောပေါ်တွင်ပိုးကာ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လှည့်လာခဲ့သည်။ လူအများ၏အာရုံကို မစိုက်မိစေရန်အတွက် ပုံစံ သိသိသာသာပြောင်းလဲသွားသော ကျန်းမာတောက်ဓားကိုမူ ဓားအိမ်ထဲသို့ ကြိုတင်ထည့်သွင်းထားခဲ့ပြီးဖြစ်သည်။

……………………………………………………

ဧရာမမြွေကြီး ပထမဆုံးပေါ်ထွက်လာချိန်တွင် ကုန်တင်ကုန်ချလုပ်ငန်းများ ခေတ္တရပ်တန့်သွားခဲ့သော်လည်း ထို့နောက်ပိုင်း နာရီဝက်မပြည့်မီမှာပင် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

ထို့နောက် ကရိန်းကားအချို့နှင့် ကွန်တိန်နာထရပ်ကားကြီးနှစ်စီးက ဧရာမမြွေကြီး၏ အလောင်းအနားသို့ မောင်းနှင်လာကြသည်။

စစ်အင်ဂျင်နီယာ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ကားပေါ်မှခုန်ဆင်းလာပြီးနောက် လက်ကိုင်လွှစက်များကို ထုတ်ယူကာ ဧရာမမြွေကြီး၏အလောင်းကို စတင်ဖြတ်တောက်ကြတော့သည်။ စစ်အင်ဂျင်နီယာတိုင်း၏ လှုပ်ရှားမှုများက ကျွမ်းကျင်မြန်ဆန်လှပြီး ဤသို့သောဧရာမသတ္တဝါကြီးကို ရင်ဆိုင်ရာ၌ တွန့်ဆုတ်ခြင်းအလျဉ်းမရှိသည်မှာ ဤလုပ်ငန်းကို အလွန်ကျွမ်းကျင်နေကြောင်း ထင်ရှားလှသည်။

စစ်အင်ဂျင်နီယာတစ်ဦးက စစ်သားများ၏ရုပ်အလောင်းကို ရှာဖွေလိုသောကြောင့် ဧရာမမြွေကြီး၏အစာအိမ်ကို လှန်လှောရှာဖွေကြည့်ရန် ကြိုးစားပုံရသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ အတွင်းထဲရှိအရာအားလုံးသည် ကြေညက်သွားခဲ့ပြီဖြစ်ပြီး အဝတ်အစား၊ ဖိနပ်များပင် မကျန်တော့ပေ။

ဧရာမမြွေကြီး၏အလောင်းသည် ရေသတ္တဝါများထက် များစွာသေးငယ်သော်လည်း ၃ပေခန့်တုတ်ပြီး ပေ၃၀ထိ ရှည်လျားကာ စုစုပေါင်းအလေးချိန်မှာ တန်သုံးဆယ်၊ လေးဆယ်ခန့်ရှိသည်။ အကယ်၍ အပိုင်းပိုင်းမဖြတ်တောက်ပါက ထရပ်ကားဖြင့် သယ်ယူရန်မဖြစ်နိုင်ပေ။ ဧရာမမြွေကြီး၏အရိုးများမှာ အလွန်မာကျောပြီး သာမန်သတ္တုများထက်ပင် ပိုမိုခိုင်ခံ့သည်။ လွှစက်ဖြင့်ဖြတ်တောက်ရာ မီးပွားများပင် ပန်းထွက်လာပြီး ထိုကြားထဲတွင် လွှသွားများပင် အချောင်းပေါင်းများစွာ ကျိုးပဲ့သွားခဲ့သည်။ နောက်ဆုံးတွင် ဧရာမမြွေကြီးကို လေးပိုင်း၊ ငါးပိုင်းခန့် ဖြတ်တောက်နိုင်ခဲ့ပြီး ကရိန်းဖြင့် တစ်ပိုင်းချင်းစီကို မကာ ကွန်တိန်နာထဲသို့ ထည့်သွင်းလိုက်ကြသည်။

ယခုအချိန်တွင် ဤစက်ပစ္စည်းသယ်ဆောင်ရေးအဖွဲ့အတွက်မူ လက်ရှိတာဝန်က အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

မြေကော်ကားနှစ်စီးက ကျယ်လောင်စွာမြည်ဟည်းရင်း ရှေ့သို့ဖြည်းညင်းစွာ ရွေ့လျားသွားသည်။ ရှေ့တွင်ရှိသော ကျောက်တုံးကြီးများဖြစ်စေ၊ ချုံနွယ်ပိတ်ပေါင်းများဖြစ်စေ မြေကော်ကား၏ကြီးမားသော သံမဏိဂေါ်ပြားကြီးက တစ်ခုမကျန် တွန်းလှန်ဖယ်ရှားသွားသည်။ လမ်းတစ်ပိုင်းခန့် ရှင်းလင်းပြီးနောက် ထရပ်ကားအစီးနှစ်ဆယ်ကျော်လည်း လမ်းမပေါ်သို့ တက်လာကြပြီး နောက်တွင် အခြားအင်ဂျင်နီယာယာဉ်များက တန်းစီလိုက်ပါလာကြသည်။

ယာဉ်အားလုံးသည် နဂါးကြီးတစ်ကောင်သဖွယ် တန်းစီရှည်လျားနေ၏။

သံချပ်ကာစစ်သည်တင်ယာဉ်မှာ ဧရာမမြွေကြီး၏တိုက်ခိုက်မှုအောက်တွင် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ လော်ယွမ်အပါအဝင် အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားအချို့သည် ထရပ်ကားကြီးတစ်စီး၏နောက်မှ ကွန်တိန်နာထဲတွင် လိုက်ပါလာခဲ့ရသည်။ မှောင်မိုက်သောပတ်ဝန်းကျင်အောက်တွင် တစ်ဦးချင်းစီ၏စိတ်ခံစားချက်များက ပိုမိုကြီးထွားလာပြီး စိတ်ထဲမှဝမ်းနည်းပူဆွေးမှုတို့ကို မည်သို့မျှမထိန်းချုပ်နိုင်တော့ဘဲ စစ်သားတိုင်း၏မျက်ဝန်းများတွင် မျက်ရည်များစို့တက်လာကာ မကြာမကြာ မျက်ရည်သုတ်နေကြရသည်။

ဤသို့သောအခြေအနေအောက်တွင် စကားများစွာပြောချင်နေသော ဝမ်ရှီရှီပင်လျှင် တိတ်ဆိတ်သွားတော့သည်။

ဤတိုက်ပွဲက သူတို့အပေါ် သက်ရောက်မှုမှာ ယခင်ကသူတို့ပြသခဲ့သကဲ့သို့ ပေါ့ပါးခြင်းမရှိကြောင်း ထင်ရှားလှသည်။

လမ်းများဆိုးရွားစွာပျက်စီးနေသောကြောင့် ထရပ်ကားသည် လမ်းတစ်လျှောက် ယိမ်းထိုးလှုပ်ခါရင်း ဖြည်းညင်းစွာခရီးဆက်နေရသည်။ ၁၂မိုင်ကျော်ခရီးကို တစ်နာရီကျော်ခန့် မောင်းနှင်ပြီးမှသာ ရပ်တန့်သွားတော့သည်။

လော်ယွမ်က ကွန်တိန်နာကားပေါ်မှ ဆင်းလိုက်သောအခါ ရှေ့မှမြင်ကွင်းကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။ ယခုအခါ စစ်အခြေစိုက်စခန်းတစ်ခုလုံးသည် ကြီးမားသောဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ရှိနေပြီး ထရပ်ကားအစီးတစ်ရာကျော်က လမ်းတစ်လျှောက် တန်းစီရပ်နားထားကြသည်။ အင်ဂျင်နီယာယာဉ်အများအပြားက ရှေ့ဆုံးမှယာဉ်များကို ဝိုင်းရံကာ အလုပ်ရှုပ်စွာလုပ်ကိုင်နေကြပြီး ကွန်တိန်နာတစ်ခုပြီးတစ်ခုကို လျှပ်စစ်သံလိုက်များဖြင့် ဆွဲယူကာ စစ်အခြေစိုက်စခန်းအတွင်းပိုင်းသို့ သယ်ဆောင်သွားကြသည်။

သူတို့၏ထရပ်ကားများက ဤထရပ်ကားတန်းရှည်ကြီးထဲသို့ ဝင်ရောက်သွားသောအခါ အလွန်ပင်သေးငယ်သွားသကဲ့သို့ ရှိနေသည်။

မည်သူကမျှ ချီးကျူးခြင်းမရှိသလို မည်သူကမျှလည်း နှစ်သိမ့်အားပေးခြင်းမရှိပေ။

တပ်ခွဲမှူးရှနှင့် စစ်သားအချို့က လော်ယွမ်ကို နှုတ်ဆက်ပြီးနောက် ထရပ်ကားပေါ်မှခုန်ဆင်းကာ စစ်အခြေစိုက်စခန်းရှိရာသို့ ခြေကျင်လျှောက်သွားကြတော့သည်။

လော်ယွမ်တို့သုံးယောက်လည်း သူတို့နောက်သို့ လိုက်ပါသွားကြသည်။

စစ်အခြေစိုက်စခန်း၏ ခန်းမဆောင်ရှေ့မှ အမြဲပိတ်ထားသော ဧရာမသံတံခါးကြီးသည် ယခုအခါ ပွင့်နေပြီး အတွင်းထဲတွင် မီးများထိန်လင်းနေသည်။ စစ်အင်ဂျင်နီယာယာဉ်အများအပြားက ဧရာမသတ္တဝါကြီးများသဖွယ် တန်းစီနေသောလေယာဉ်များကို ဝိုင်းရံကာ စနစ်တကျဖြင့် ကွန်တိန်နာများကို အတွင်းသို့ထည့်သွင်းနေကြသည်။

(စစ်အင်ဂျင်နီယာယာဉ်ဆိုတာက စစ်တပ်ချီတက်တဲ့လမ်းမှာ ပျက်စီးနေတာ ပိတ်ဆို့နေတာ ရှိရင် ဖယ်ရှားဖို့အတွက် ပြုလုပ်ထားတဲ့ အထူးဝန်ချီကားတွေဖြစ်ပါတယ်)

ဤသည်တို့မှာ ကြီးမားလှသော သယ်ယူပို့ဆောင်ရေးလေယာဉ်များပင်တည်း။ လေယာဉ်ကိုယ်ထည်ပေါ်တွင် မည်သည့်ဆေးသုတ်ခြယ်မှုမျှမရှိဘဲ မီးခိုးရောင်ရင့်သတ္တုသံချပ်ကာသားကို ထင်ရှားစွာမြင်တွေ့နေရပြီး အေးစက်သောအရောင်ကို ရောင်ပြန်ဟပ်နေသည်။ ကြည့်ရသည်မှာ အလွန်ပင်ခိုင်ခံ့လှပြီး သာမန်ခရီးသည်တင်လေယာဉ်များထက် များစွာကြီးမားသော ကိုယ်ထည်က ကြည့်ရှုသူကို အလွန်တရာတုန်လှုပ်အံ့ဩစေကာ ကြီးမားသောစက်မှုလုပ်ငန်းကြီးတစ်ခု၏ အငွေ့အသက်ကို ချက်ချင်းပင်ခံစားရစေသည်။

"အကြီးကြီးပဲနော်" ဝမ်ရှီရှီသည် ကြည့်ရင်းဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ ခြေလှမ်းများပင် မသိလိုက်ဘဲ ရပ်တန့်သွားသည်။

"ဒါက တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်ပဲ... ကိုယ်ထည်အရှည် ၁၈၀ပေ... အမြင့် ၅၁ပေရှိပြီး တန်ချိန် ၁၄၅ တန်ထိ သယ်ဆောင်နိုင်တယ်... အစက လာမယ့်နှစ်ကျမှ တရားဝင်စတင်အသုံးပြုဖို့ စီစဉ်ထားပေမယ့် အခုတော့ စောပြီးထုတ်လိုက်ရတာပဲ... ခြောက်လအတွင်းမှာတင် စုစုပေါင်းအစီးရေ တစ်ရာ့ငါးဆယ်ကျော်သွားပြီ... ဒီစခန်းမှာတင် ဆယ်စီးရှိတယ်" တပ်ခွဲမှူးရှက ရှင်းပြလိုက်ရာ သူ၏လေသံထဲတွင် ဂုဏ်ယူဝံ့ကြွားမှု အနည်းငယ်ပါဝင်နေသည်။

အစီးတစ်ရာဆိုသည်မှာ နည်းပါးသောအရေအတွက်မဟုတ်ပေ။ ကမ္ဘာမပျက်ခင်က စက်မှုလုပ်ငန်းအများဆုံးဖြစ်သော အမေရိကန်နိုင်ငံ၌ပင် သယ်ယူပို့ဆောင်ရေးလေယာဉ်အားလုံးပေါင်းမှ ရှစ်ရာ၊ ကိုးရာခန့်သာရှိပြီး နောက်ဆုံးပေါ်မော်ဒယ်မှာ အစီးနှစ်ရာကျော်ခန့်သာ ရှိပေလိမ့်မည်။ ဤသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းတည်ဆောက်လာခဲ့သော ရလဒ်ပင်တည်း။

သို့သော် ယခုအချိန်သည် ငြိမ်းချမ်းသောကာလမဟုတ်ဘဲ တစ်ကမ္ဘာလုံးစစ်ပွဲဖြစ်နေသည့်ခေတ်ဖြစ်သည်။ ဤစစ်ပွဲသည် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့ထက်ပင် ပိုမိုကြမ်းတမ်းရက်စက်လှသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူက လူသားမဟုတ်တော့ဘဲ မည်သည့်အပေးအယူမျှမရှိ၊ မည်သည့်သနားကြင်နာမှုမျှမရှိသောကြောင့်ဖြစ်သည်။ နိုင်ငံ၏အင်အား အားလုံးက စစ်ရေးအတွက်သာဖြစ်ပြီး လူအားလုံးသည် တိုက်ပွဲဝင်ရန်အသင့်ရှိသော စစ်သားများဖြစ်ကာ အရင်းအမြစ်အားလုံးကို လက်နက်များအဖြစ်သို့ သို့မဟုတ် လက်နက်ထုတ်လုပ်သောစက်များအဖြစ်သို့ ပြောင်းလဲပစ်ရသည်။

တပ်ခွဲမှူးရှနှင့် စစ်သားအချို့ ခဏရပ်နေစဉ်မှာပင် ဗိုလ်မှူးတစ်ဦး၏ ဆူပူကြိမ်းမောင်းခြင်းကိုခံလိုက်ရပြီး အခြားနေရာများသို့ သွားရောက်စောင့်ကြပ်ရန် အမိန့်ပေးခံလိုက်ရသည်။

လော်ယွမ်တို့၏ဝတ်စားဆင်ယင်ပုံမှာ စစ်သားများနှင့်မတူသည်မှာ ထင်ရှားသောကြောင့် ထိုဗိုလ်မှူးက ခဏတာတွေဝေသွားပြီးနောက် လော်ယွမ်တို့ကဲ့သို့သော အရပ်သားဆင့်ကဲပြောင်းလဲသူများကို မှတ်မိသွားပုံရသည်။ သူက ယဉ်ကျေးစွာဖြင့် မေးခွန်းအနည်းငယ်မေးပြီးနောက် သူတို့ကိုအဆောင်သို့ပြန်ပို့ရန် စစ်သားတစ်ဦးကို တာဝန်ပေးလိုက်သည်။

လော်ယွမ်က တံခါးကိုတွန်းဖွင့်ကာ အထုပ်ကိုချလိုက်သည်။ အခန်းထဲသို့ဝင်ပြီး မကြာမီမှာပင် ဟွမ်ကျားဟွေတို့ ရောက်ရှိလာကြပြီး သူနှင့်ဝမ်ရှီရှီတို့ ဘေးကင်းလုံခြုံစွာရှိနေသည်ကို မြင်သောအခါ အားလုံးက သက်ပြင်းချနိုင်ကြတော့သည်။

ထိုအချိန်တွင် ဝမ်ရှီရှီက ဤတစ်ခေါက်ကြုံတွေ့ခဲ့ရသော အသက်ဘေးအန္တရာယ်ကို ကြောက်လန့်တကြားဖြင့် ပြန်လည်ပြောပြရာ ဟွမ်ကျားဟွေတို့ကို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။ အမှန်တကယ်တွင်မူ ယခုမစ်ရှင်က ဝမ်ရှီရှီ၏ မပီမသသောဖော်ပြချက်ထက် များစွာပိုမိုအန္တရာယ်များလှသည်။ သို့သော် သူတို့အိပ်မက်ဆိုးများ မက်မည်စိုးသောကြောင့် ရှင်းပြရန်မလိုအပ်တော့ပေ။

ဟော်တုံက ဝတုတ်ရှဲကိုမတွေ့သောကြောင့် သူ၏အခြေအနေကိုမေးမြန်းရာ အဖြေကိုကြားပြီးနောက် သက်ပြင်းချမိတော့သည်။ ကမ္ဘာပျက်ကာလတွင် လူ့အသက်က ဤမျှတန်ဖိုးနည်းလှသည်။ အပြင်ထွက်သွားပြီးနောက် မိမိကိုယ်တိုင် ပြန်လာနိုင်မည်ဟု အာမခံရန် ခက်ခဲလှသည်။

လော်ယွမ်က ယခုတစ်ခေါက် အလွန်ပင်ပန်းနွမ်းနယ်နေသောကြောင့် ခဏအနားယူလိုသည်ဟု အကြောင်းပြလိုက်သည်။

မကြာမီ လူအားလုံးထွက်ခွာသွားကြပြီး အဆောင်တွင်ကျန်နေသော အသက်ရှင်ကျန်ရစ်သူအချို့ပင် ဟော်တုံ၏မျက်ရိပ်ပြမှုအောက်တွင် ကြောက်လန့်တကြားဖြင့် ထွက်ခွာသွားကြသည်။

ထို့နောက် လော်ယွမ်က တံခါးကိုပိတ်လိုက်ပြီး အိတ်ကပ်ထဲမှ ဧရာမမြွေကြီး၏နှလုံးသားထဲမှရရှိခဲ့သော တက်ကြွစွမ်းအင်အစိုင်အခဲကို ထုတ်ယူလိုက်သည်။

သူ၏မျက်နှာတွင် တွေဝေမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ ဤသည်က အသက်စွန့်စားမှုတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဤအရာကိုစားသုံးပြီးနောက် မည်သို့သောအကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မည်သူမျှမသိနိုင်ပေ။ ချန်ရှင်းဖုံကဲ့သို့ သန္ဓေပြောင်းသွားနိုင်ခြင်းလည်း ဖြစ်နိုင်သည်။

သူက နှာခေါင်းနားသို့ယူကာ ဖြည်းညင်းစွာရှူရှိုက်ကြည့်လိုက်သည်။ ဤအရာပေါ်တွင် ညှီစို့စို့အနံ့သင်းသင်းလေးရှိနေသော်လည်း အဘယ်ကြောင့်မှန်းမသိ၊ ရှူလေလေ ပို၍ရှူချင်လေလေဖြစ်ကာ နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုဝေဒနာကိုပင် ခပ်ရေးရေးခံစားလာရသည်။

ဤသည်မှာ ခန္ဓာကိုယ်က တက်ကြွလှုပ်ရှားလာခြင်းဖြစ်ပြီး ဤသို့ဖြစ်ပေါ်ခြင်းသည် သူ၏အတွက် အားပေးတိုက်တွန်းမှုတစ်ခုပင် ဖြစ်သည်။

သို့သော် သတိကြီးစွာထားရန်အတွက် သူက ကျန်းမာတောက်ဓားကိုထုတ်ယူကာ ဤတက်ကြွစွမ်းအင်အစိုင်အခဲကို ပါးလွှာသောအချပ်လေးတစ်ခုဖြစ်အောင် လှီးဖြတ်လိုက်သည်။

အကြိမ်ကြိမ်တွေဝေပြီးနောက် နောက်ဆုံးတွင် သူက အံကိုကြိတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

သကြားက ရေထဲတွင်ပျော်ဝင်သွားသကဲ့သို့ ပါးစပ်ထဲသို့ရောက်သည်နှင့် ချက်ချင်းပျော်ဝင်သွားပြီး အသားဖတ်ကဲ့သို့သောအကြွင်းအကျန်အစတစ်စ ကျန်ခဲ့သည်။ သူက ထိုအရာကိုလည်း မျိုချလိုက်သည်။ ပါးစပ်ထဲတွင် ညှီစို့သောအနံ့မှလွဲ၍ အခြားမည်သည့်အရသာမျှမရှိပေ။ သို့သော် စက္ကန့်နှစ်ဆယ်ကျော်အကြာတွင် လော်ယွမ်၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားပြီး လျှပ်စစ်ဖြင့်အတို့ခံလိုက်ရသကဲ့သို့ ဖော်ပြ၍မရသော ပီတိတစ်ခုက တစ်ကိုယ်လုံးကို ပြည့်နှက်သွားကာ ဆဲလ်အားလုံးသည် တပ်မက်စွာဖြင့် ဤကြီးမားသောတက်ကြွစွမ်းအင်ကို စုပ်ယူနေကြသကဲ့သို့ ညည်းညူနေကြသည်။

သူ၏အရေပြားသည် ပြုတ်ထားသကဲ့သို့ တစ်ကိုယ်လုံးနီရဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ခြောက်ဆယ်၊ ခုနစ်ဆယ်ဒီဂရီခန့်ရှိသော အပူချိန်ကို ထုတ်လွှတ်နေသည်။ သို့သော် လော်ယွမ်၏ခန္ဓာကိုယ်ကမူ မည်သည့်ထူးခြားမှုကိုမျှမခံစားရဘဲ တစ်ကိုယ်လုံးနွေးထွေးကာ ရေနွေးဖြင့်ရေချိုးလိုက်ရသကဲ့သို့ အလွန်ပင်သက်တောင့်သက်သာရှိနေသည်။

ဤအခြေအနေသည် ငါးမိနစ်ခန့်ကြာမြင့်ပြီးမှ ရပ်တန့်သွားသည်။

လော်ယွမ်က သတိပြန်ဝင်လာပြီးနောက် ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်ရှုရာ မည်သည့်ထူးခြားမှုမျှမရှိဘဲ သာမန်လူကဲ့သို့ပင်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့အပြင် တစ်ကိုယ်လုံး၏အခြေအနေမှာ အံ့မခန်းဖွယ်ကောင်းမွန်နေပြီး စွမ်းအင်များပြည့်လျှံနေကာ "မြေလှိုင်းကြိန်နှုန်း" အခြေအနေသို့ ရောက်ရှိနေသကဲ့သို့ပင် ရှိနေသည်။

သူက ခြေလှမ်းအနည်းငယ်အမြန်လျှောက်ကာ ခုတင်ခေါင်းရင်းတွင်ထားသော ကျန်းမာတောက်ဓားကို လျင်မြန်စွာဆွဲထုတ်ပြီး လေထဲတွင် အချက်အနည်းငယ်အမြန်ခုတ်ပိုင်းလိုက်ရာ ဓားသွားက လေကိုဖြတ်သန်းသွားပြီး တဝှီးဝှီးမြည်သံထွက်ပေါ်လာသည်။ ထို့နောက် ဓားကို ချက်ချင်းပင် ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူ၏မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ ခွန်အားမှာ အနည်းငယ်တိုးတက်လာပြီး လျင်မြန်မှုမှာမူ လုံးဝနီးပါးမပြောင်းလဲပေ။ ခံနိုင်ရည်ကိုမူ မဆုံးဖြတ်နိုင်သေးရာ ပမာဏအလွန်နည်းသောကြောင့် ဖြစ်ပေလိမ့်မည်။

ထို့နောက် လော်ယွမ်က ကျန်ရှိသောအပိုင်းကို တူညီသောသုံးပုံပုံလိုက်ပြီး တစ်ပုံကိုယူကာ နောက်တစ်ကြိမ် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ယခင်ကအတွေ့အကြုံအတိုင်း ထပ်မံဖြစ်ပေါ်လာသော်လည်း ဤတစ်ကြိမ်ပမာဏမှာ ယခင်ကထက် ငါးဆခန့်ပိုများသောကြောင့် အာရုံခံစားမှုမှာ ပိုမိုပြင်းထန်ပြီး ကြာမြင့်ချိန်လည်း ပိုရှည်ကြာသည်။ သူ၏မျက်နှာမှာ နီရဲနေပြီး နှာခေါင်းပေါက်များမှ အငွေ့များပင် ထွက်လာတော့မည့်အလား ရှိနေသည်။ သူ၏အရေပြားများက တဖြည်းဖြည်းတင်းမာလာပြီး ကျစ်လျစ်လာကာ ချွေးပေါက်များက ကျုံ့ဝင်သွားသည်။ အရိုးများက စတင်မာကျောလာပြီး တစ်ကိုယ်လုံးရှိ ဆဲလ်အားလုံးသည် အကြီးအကျယ်ပြောင်းလဲခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေသည်။

ဤအခြေအနေ မပျောက်ကွယ်သေးခင်မှာပင် စနစ်၏အသိပေးသံက ထွက်ပေါ်လာသည်။

ဒင်... တက်ကြွစွမ်းအင်အစိုင်အခဲကို စားသုံးခဲ့သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု +၁ တိုးသွားပါသည်။

ဆက်ရန်...

အပိုင်း(၁၉၈) ဧရာမဖွတ်ကြီးနှင့် ပြန်လည်ဆုံတွေ့ခြင်း

အရည်အသွေးအမှတ်များ၏ တန်ဖိုးကြီးမားမှုမှာ ထပ်မံပြောဆိုရန်ပင် မလိုတော့ချေ။

စနစ်၏အသိပေးချက်ကို ကြားသောအခါ လော်ယွမ်၏မျက်နှာတွင် ဝမ်းသာအားရသည့်အရိပ်အယောင်များ ထင်ဟပ်သွားသည်။ သူသည် ဓားကိုကိုင်၍ နောက်တစ်ကြိမ် စမ်းသပ်ကြည့်လိုက်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပြင် ခွန်အားသည်လည်း တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။ မူလအခြေအနေနှင့် နှိုင်းယှဉ်ပါက ခြောက်ဆယ်ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်။

ထိုသို့တွေ့မြင်သောအခါ သူသည် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ ကျန်ရှိနေသော အတုံးနှစ်တုံးကို တစ်ပါတည်း ပါးစပ်ထဲသို့ ထည့်လိုက်သည်။

လော်ယွမ်သည် ဤတစ်ကြိမ်တွင် အာရုံခံစားမှုဆိုင်ရာ လှုံ့ဆော်မှုသည် ပိုမိုပြင်းထန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အစပိုင်းတွင် အနည်းငယ်တုံ့ပြန်မှုရှိသည်မှလွဲ၍ နောက်ပိုင်းတွင် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်လှိုင်းဂယက်မျှ မထခဲ့ချေ။ စောစောက စားသုံးလိုက်သည်မှာ တူညီသောအရာမဟုတ်သကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်က အာဟာရ ပြည့်ဝသွားပြီဟု ခံစားလိုက်ရသည်။

ရက်ပေါင်းများစွာ အစာမစားဘဲနေသော်လည်း ဘာမှမဖြစ်တော့သကဲ့သို့၊ တစ်ကိုယ်လုံးတွင် ခွန်အားများ ပြည့်လျှံနေပြီး သုံးမကုန်နိုင်သော စွမ်းအင်များ ရှိနေသကဲ့သို့ ခံစားနေရသည်။

လော်ယွမ်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စိတ်အစဉ်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်စေလိုက်သည်။

သူထင်သည့်အတိုင်းပင်၊ နှလုံး၏ဘယ်ဘက်အပေါ်ခန်း ထိပ်တွင် ဆေးထိုးအပ်ထိပ်ဖျားခန့်သာရှိသော အဝါရောင်နှင့်အနီရောင် ရောစပ်နေသည့် အစက်အပြောက်ငယ်လေးတစ်ခု ပေါ်ထွက်နေသည်ကို သူတွေ့ရှိလိုက်ရသည်။

ထိုအရာသည် အဆက်မပြတ် ပြောင်းလဲကြီးထွားနေ၏။

အစပိုင်းတွင် ထိုအရာက လုံးဝမထင်ရှားလှပေ။ စိတ်စွမ်းအားဖြင့် အတွင်းသို့ကြည့်ရှုရာတွင် ပုံကြီးချဲ့ကြည့်နိုင်သည့် အစွမ်းသာမရှိပါက မြင်နိုင်မည်ပင်မဟုတ်ချေ။ သို့သော် သွေးများစီးဆင်းတိုက်စားမှုနှင့်အတူ ထိုအစက်အပြောက်လေးသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ပဲပိစပ်စေ့အရွယ်အစားရှိသော အစိုင်အခဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထို့နောက်တွင်မူ လုံးဝပြောင်းလဲမှုမရှိတော့ချေ။

ဤတက်ကြွစွမ်းအင်အစိုင်အခဲသည် သူစားလိုက်သည့် အစိုင်အခဲ၏ ပုံစံတူတစ်ခုပင်ဖြစ်ပြီး အရွယ်အစားသာ အနည်းငယ်သေးငယ်သွားခြင်းဖြစ်၏။ ၎င်းဖြစ်ပေါ်လာသည်နှင့်အမျှ နှလုံးခုန်နှုန်းသည် ပိုမိုအားကောင်းလာပြီး သွေးများသည် ပိုမိုပျစ်ချွဲလာသကဲ့သို့ ထင်မှတ်ရကာ တစ်ကိုယ်လုံးတွင် တက်ကြွလန်းဆန်းသော ဇီဝစွမ်းအင်များ ပြည့်လျှံနေသည်။

ဒါကြောင့်ကိုး...

လော်ယွမ်သည် အစပိုင်းတွင် ဤစွမ်းအင်အစိုင်အခဲအပေါ် လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားခဲ့ရပြီး အနည်းငယ်အံ့သြကြောက်ရွံ့စိတ်ပင် ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင်အချို့တွင် အလားတူအရာများရှိခဲ့သောကြောင့် သူက ထိုသို့မတွေးဘဲ မနေနိုင်ခဲ့ပေ။ သို့သော် ၎င်းသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် လွယ်ကူစွာဖြစ်ပေါ်လာသည်ကို မြင်သောအခါ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်က လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လူသည် အဆီများစွာစားသုံးပြီး အာဟာရလွန်ကဲသောအခါ ခန္ဓာကိုယ်အတွင်းတွင် အဆီလွှာများ ဖြစ်ပေါ်လာသကဲ့သို့ပင်။ ပြောရလျှင် ဤအရာသည်လည်း အလားတူအရာတစ်ခုသာဖြစ်ပြီး ပိုမိုအစွမ်းထက်သည်သာ ကွာခြားသည်။

(အစားကို အလွန်အကျွံစားရင် လူ့ခန္ဓာကိုယ်မှာ အဆီတွေစုလာတာက ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အစာစွမ်းအင်တွေကို အရေးပေါ်အခြေအနေအတွက် သိုလှောင်လိုက်တာဖြစ်ပါတယ်။ အဲ့လိုအဆီပိုတွေရှိနေတဲ့လူက အစားမစားပဲ အစာခံမယ်ဆိုရင် ခန္ဓကိုယ်က အဲ့ဒီအဆီတွေကို အစာအဖြစ်အစားထိုး လောင်ကျွမ်းပစ်ပါတယ်။ အဲ့လိုနည်းနဲ့ လူက ဘာမှမစားပဲ အစာစားချင်စိတ်ပျောက်သွားပါတယ်။ ဒါကြောင့် အငတ်ဘေးဆိုက်တဲ့အခါ ပိန်တဲ့လူထက် ဝတဲ့လူက ရက်ပိုပြီးအသက်ရှင်ပါတယ်တဲ့။ လေ့ကျင့်ခန်းလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာကလည်း ခန္ဓာကိုယ်က စွမ်းအင်တွေလိုတဲ့အတွက် ပိုလျှံနေလို့သိမ်းဆည်းထားတဲ့ အဆီတွေကို လောင်ကျွမ်းပစ်တာကို ပြောတာပါ။)

လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။ သူက ခွန်အားကဲ့သို့သော အခြားအရည်အသွေးများ အနည်းငယ်တိုးတက်လာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဤသို့သောရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသည် ယခုအခါ စေးကပ်နေသော သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး မျက်နှာသစ်ဇလုံနှစ်ခုနှင့် တဘက်တစ်ထည်ကိုယူကာ ရေချိုးခန်းသို့ ထွက်ခွာသွားသည်။

ရှန်ဟိုင်းမြို့၏ ရေပိုက်လိုင်းစနစ်က ပြတ်တောက်နေခဲ့ပြီဖြစ်သော်လည်း ဤနေရာတွင်မူ ရေမရှားပါးပေ။ ရေနွေးအိုးကြီးထဲတွင် နေ့စဉ် ရေနွေးဆူဆူများ ရှိနေသည်။ သို့သော် ရေစိမ်းတွင် အန္တရာယ်များ ပုန်းအောင်းနေနိုင်သောကြောင့် ဤနေရာတွင် ရေအေးမရှိချေ။

လော်ယွမ်သည် ဇလုံအပြည့် ရေနှစ်ခွက်ခပ်လိုက်ပြီး အနည်းငယ်အေးအောင် စောင့်ဆိုင်းပြီးနောက် ကျည်ကာအင်္ကျီနှင့် အဝတ်အစားများကို ချွတ်ကာ ရေချိုးလိုက်သည်။

၇၀-၈၀ ဒီဂရီရှိသော မြင့်မားသည့်အပူချိန်က သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် မည်သို့သောထိခိုက်မှုမျှ မဖြစ်စေနိုင်ပေ။ အညစ်အကြေးများနှင့် သွေးစွန်းရာများ ရေဖြင့်ဆေးကြောခံလိုက်ရသောအခါ သူ၏ချောမွေ့နူးညံ့နေသော အသားအရေက ပေါ်ထွက်လာသည်။ သူက တဘက်ဖြင့် ခန္ဓာကိုယ်ကို သုတ်နေရင်း ခေတ္တမျှရပ်တန့်ကာ မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။

သူ၏အသားအရေသည် မူလကတည်းက ဖြူသည့် ဘက်ရောက်ပြီး ယခုတစ်ကြိမ် ခန္ဓာကိုယ်ကြံ့ခိုင်မှု အနည်းငယ်တိုးတက်လာပြီးနောက် သူ၏အသားအရေမှာ ပို၍ပင်ဖြူလာသကဲ့သို့ ထင်ရသည်။ မွေးညင်းပေါက်များသည်လည်း ဆေးထိုးအပ်ထိပ်ဖျားအရွယ်သို့ ကျုံ့သွားပြီး အသားအရေသည် တင်းရင်းနူးညံ့ကာ နို့ရည်ခဲကဲ့သို့ဖြစ်ပြီး ကျောက်စိမ်းရောင်အလင်းတန်းသန်းနေသကဲ့သို့ပင်။

တစ်နေ့တခြား သာမန်လူတစ်ယောက်နဲ့ မတူတော့ပေ။ လော်ယွမ်က ခေါင်းခါလိုက်ပြီး ဆက်လက်သုတ်သင်လိုက်သည်။

ရေချိုးပြီးနောက် လော်ယွမ်က အဝတ်အစားများကိုပါ တစ်ပါတည်း လျှော်ဖွပ်လိုက်သည်။ သန္ဓေပြောင်းသားရဲ၏ အမွေးအတောင်များဖြင့် ပြုလုပ်ထားသောအဝတ်အစားများသည် ရေလုံးဝမစိုပေ။ ရေထဲမှထုတ်လိုက်ပြီးနောက် အားကုန်ခါလိုက်သည်နှင့် လုံးဝခြောက်သွေ့သွားသည်။ လော်ယွမ်သည် အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီး ဇလုံကိုကိုင်ကာ အဆောင်သို့ပြန်လာသောအခါ နံနက်ပိုင်းက လာရောက်ခဲ့သော ဒုဗိုလ်တစ်ဦးနှင့် စစ်သားနှစ်ဦးက တံခါးဝတွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

"ရဲဘော်လော်ယွမ်... ဗိုလ်မှုးကြီးက ဒီည ရှစ်နာရီမှာ ထွက်ခွာမယ်လို့ အကြောင်းကြားခိုင်းလိုက်တယ်... ခင်ဗျားရဲ့တိုက်ခိုက်ရေးသားရဲကို ခေါ်သွားချင်တယ်ဆိုရင် အခုချက်ချင်း သွားခေါ်မှရမယ်" လော်ယွမ်ကိုမြင်သည်နှင့် ဒုဗိုလ်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်" လော်ယွမ်က ပြန်ပြောလိုက်သည်။

"ကျွန်တော်က အမိန့်အတိုင်းဆောင်ရွက်တာပါ" ဒုဗိုလ်က မျက်နှာတည်ဖြင့် "သာမန်လူတွေက စစ်အခြေစိုက်စခန်းထဲမှာ ကြုံသလိုသွားလာခွင့်မရှိပါဘူး... ကျွန်တော့်နောက်လိုက်ခဲ့ပါ"

လော်ယွမ်သည် အဆောင်ထဲသို့ဝင်ကာ ဇလုံကိုချထားပြီး ဓားကိုယူဆောင်ကာ ဒုဗိုလ်နှင့်အတူ စစ်အခြေစိုက်စခန်းအပြင်သို့ ထွက်ခွာခဲ့သည်။ ဤနေရာရှိ ကုန်သေတ္တာများသည် အခြေခံအားဖြင့် ရွှေ့ပြောင်းပြီးဖြစ်ပြီး ကုန်တင်ကားတစ်ဆယ့်ငါးစီးခန့်သာ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ နာရီဝက်အတွင်း ပြီးစီးမည့်ပုံပင်။ လော်ယွမ်က အကြည့်ကိုပြန်ရုပ်သိမ်းလိုက်ပြီး ဒုဗိုလ်နှင့်အတူ ဘီးတပ်သံချပ်ကာကားတစ်စီးပေါ်သို့ တက်လိုက်သည်။

ယခုအခါ ညနေစောင်းနေပြီဖြစ်ပြီး ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးလာပြီဖြစ်သည်။

နာရီဝက်ခန့်အကြာတွင် သံချပ်ကာကားသည် လော်ယွမ်၏တောင်းဆိုမှုအရ တောင်ခြေရင်းတွင် ရပ်တန့်လိုက်သည်။

"ဒီနေရာလား... ခင်ဗျားရဲ့တိုက်ခိုက်ရေးသားရဲကိုတော့ မမြင်မိသလိုပဲ" ဒုဗိုလ်က သံသယဖြင့် ပြောလိုက်သည်။

လော်ယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ အစောပိုင်းက သူနှင့်ဧရာမဖွတ်ကြီးသည် ဤနေရာတွင်ပင် လမ်းခွဲခဲ့ကြသည်။ သူက "တစ်နေရာရာ လျှောက်သွားနေတာ ဖြစ်နိုင်တယ်" ဟုပြောလိုက်သည်။

"ဒီနားတဝိုက် လိုက်ရှာပေးရဦးမလား" သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မလိုဘူး... သူ ဒီနေရာနဲ့ သိပ်မဝေးလောက်ပါဘူး" လော်ယွမ်က ယုံကြည်ချက်ရှိစွာ ပြောရင်း လက်ကိုပါးစပ်နားတွင်ကပ်ကာ စူးရှသောလေချွန်သံတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ ထိုအသံသည် တောင်ကြားများအကြားတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်သွား၏။

ထို့နောက် လော်ယွမ်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်။ မကြာမီ သုံးမိနစ်တိတိ ကုန်လွန်သွားသော်လည်း ပတ်ဝန်းကျင်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် စစ်သားအချို့မှာ စိတ်ထဲတွင် မကျေမနပ်ဖြစ်လာကြသည်။

"လာပြီ" ထိုစဉ် လော်ယွမ်က ရုတ်တရက် ပြောလိုက်သည်။

ဒုဗိုလ်သည် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် မြေကြီးက အနည်းငယ်တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ မကြာမီ သူသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ကီလိုမီတာအနည်းငယ်အကွာတွင် ဖုန်လုံးကြီး တဖြည်းဖြည်းပေါ်ထွက်လာပြီး မထင်ရှားသောအစက်အပြောက်ငယ်လေးတစ်ခုက ဤနေရာသို့ အရှိန်ပြင်းစွာဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ပထမတစ်ချက်ကြည့်လိုက်စဉ်တွင် ၎င်းသည် မထင်ရှားသောအစက်အပြောက်ငယ်လေးတစ်ခုသာ ဖြစ်သော်လည်း နောက်တစ်ခဏတွင်မူ သူ၏မျက်စိရှေ့တွင် လျင်မြန်စွာ ကြီးမားလာတော့သည်။

အရှိန်အလွန်မြန်သောကြောင့် အဝေးမှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာပြီး ကမ္ဘာမပျက်မီက အရှိန်အပြည့်ဖြင့် မောင်းနှင်နေသော မြန်နှုန်းမြင့်ရထားကြီးတစ်စင်းနှင့်ပင် တူနေသည်။

ဒုဗိုလ်က အသက်ကိုအောင့်လိုက်ပြီး အလိုအလျောက်ပင် လက်ထဲမှသေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သတိပြန်ဝင်လာသောအခါ သူသည် ချွေးစေးများဖြင့် ရွှဲနစ်နေသည်ကို သတိပြုမိလိုက်သည်။ ဤသို့သောအရှိန်မျိုးမှာ အဆင့်ငါး သန္ဓေပြောင်းသားရဲနှင့် တန်းတူရှိနေသည်။

ဧရာမဖွတ်ကြီးသည် လမ်းတစ်လျှောက် အားကုန်ပြေးလွှားလာပြီး လော်ယွမ်ကိုမြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။

လော်ယွမ်နှင့် ပေ၃၀ခန့်အကွာသို့ ရောက်သောအခါမှသာလျှင် သူသည် ယခင်က သွေးနှင့်ရင်း၍ရခဲ့သော သင်ခန်းစာများကို သတိရသွားပြီး သူ၏ခန္ဓာကိုယ်သည် အရေးပေါ်ဘရိတ်အုပ်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွား၏။ ကြီးမားသောခန္ဓာကိုယ် ရုတ်တရက်ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့်အရှိန်က သူ၏ခြေဖဝါးအောက်မှ ကွန်ကရစ်လမ်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေပြီး မူလနေရာတွင် ချိုင့်ခွက်များ ဆက်တိုက်ဖြစ်ပေါ်ကျန်ရစ်စေခဲ့သည်။

ဒုဗိုလ်သည် တိုက်ခတ်လာသောလေပြင်းကြောင့် ဆံပင်များ လွင့်ပျံသွားပြီး စစ်အခြေစိုက်စခန်းက ကြီးမားသောအားထုတ်မှုနှင့် အရင်းအမြစ်များစွာ အသုံးပြု၍ တည်ဆောက်ခဲ့သော ကွန်ကရစ်လမ်းသည် ယခုအခါ အမြောက်ဆံဖြင့် ဗုံးကြဲခံထားရသကဲ့သို့ ပျက်စီးသွားသည်ကို ကြည့်ရင်း မျက်နှာမှကြွက်သားများ အနည်းငယ်တွန့်သွားသည်။ သို့သော် သူတို့က ယနေ့ညတွင် ထွက်ခွာတော့မည်ဖြစ်ပြီး နောင်တွင် ပြန်လာနိုင်တော့မည်မဟုတ်သောကြောင့် လမ်းပျက်စီးသွားလျှင်လည်း အရေးမကြီးတော့ချေ။

ဧရာမဖွတ်ကြီးသည် ခေါင်းငုံ့ကာ လော်ယွမ်၏ရင်ဘတ်ကို ချစ်ခင်စွာ ပွတ်သပ်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော မျက်နှာမှာ ချွဲနွဲ့နေသကဲ့သို့ ခံစားရစေသည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီး၏ သစ္စာစောင့်သိမှုအမှတ်ကို စစ်ဆေးကြည့်လိုက်ရာ စိတ်ထဲတွင် အလွန်ပင်အံ့သြသွားရသည်။ ရက်အနည်းငယ် လွှတ်ထားလိုက်ရုံဖြင့် သစ္စာစောင့်သိမှုအမှတ်သည် အမှတ်အနည်းငယ် ထပ်မံတိုးလာပြီး ယခုအခါ အံ့ဖွယ်ကောင်းလောက်အောင် ၈၇ မှတ်အထိ ရောက်ရှိနေပြီဖြစ်သည်။

ဧရာမဖွတ်ကြီး၏ကိုယ်ပေါ်တွင် အသစ်ထပ်မံဖြစ်ပေါ်လာသော ဒဏ်ရာအချို့ကို မြင်သောအခါ ဤရက်များအတွင်း သူလည်း အဆင်ပြေစွာ ဖြတ်သန်းခဲ့ရပုံမပေါ်ကြောင်း သိလိုက်ရသည်။ သစ္စာစောင့်သိမှုအမှတ် မြင့်တက်လာသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ နှိုင်းယှဉ်ကြည့်မှသာလျှင် အကောင်းအဆိုးကို သိနိုင်သည်မှာ အမှန်ပင်။

ဤသို့သော သစ္စာစောင့်သိမှုအမှတ်ဖြင့်ဆိုလျှင် သူမည်သို့ပင်ပြုလုပ်စေကာမူ ၎င်းက ငြင်းဆန်တော့မည်မဟုတ်ပေ။ လော်ယွမ်က ကျေနပ်စွာဖြင့် ဧရာမဖွတ်ကြီး၏ခေါင်းကို ပုတ်လိုက်ပြီး ကားပေါ်မတက်တော့ဘဲ ဧရာမဖွတ်ကြီး၏ကျောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်သည်။ လော်ယွမ်၏အချက်ပြမှုအရ ကြောင်ငေးနေသော စစ်သားအချို့သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သံချပ်ကာကားကို စက်နှိုးကာ ရှေ့သို့မောင်းထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ဧရာမဖွတ်ကြီးသည်လည်း ခြေလှမ်းများစတင်လှမ်းကာ မနှေးမမြန် လိုက်ပါသွားတော့သည်။

ဆက်ရန်...

အပိုင်း(၁၉၉)လေယာဉ်ပေါ်သို့တက်ရောက်ခြင်း

ဆယ့်ငါးမိနစ်ခန့်အကြာတွင် လော်ယွမ်သည် ဧရာမဖွတ်ကြီးကို စီးနင်း၍ စခန်းသို့ ပြန်ရောက်လာသည်။

ကြိုတင်အကြောင်းကြားထားပြီး ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ ကင်းစောင့်စစ်သားများမှာ သိပ်မထိတ်လန့်ကြသော်လည်း မျက်လုံးများကမူ ဖွတ်ကြီးထံသို့ မကြာခဏ ဝေ့ကြည့်ကာ သတိကြီးစွာဖြင့် အကဲခတ်နေကြသည်။

ဒုဗိုလ်က စကားပြောစက်ကိုကိုင်၍ စတင်ဆက်သွယ်လိုက်သည်။

မကြာမီမှာပင် ကရိန်းကားကြီးနှစ်စီးက အလွတ်ဖြစ်သော ကွန်တိန်နာနှစ်လုံးကို သယ်ဆောင်ကာ စခန်းအတွင်းမှ ထွက်လာသည်။ နောက်တွင် လမ်းကြမ်းမောင်းကားတစ်စီးလည်း ပါလာသည်။ ကွန်တိန်နာများကို ချထားပြီးနောက်တွင် လုံခြုံရေးဦးထုပ်များဆောင်းထားသော စစ်အင်ဂျင်နီယာ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ကားပေါ်မှ ခုန်ဆင်းလာကြပြီး တစ်ဦးက လော်ယွမ်ရှိရာသို့ လျှောက်လာသည်။

လော်ယွမ်က ဧရာမဖွတ်ကြီး၏ တင်းမာနေသော စိတ်အစဉ်ကို ပုတ်၍ နှစ်သိမ့်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း ဖွတ်ကြီး၏ ကျောပေါ်မှ ခုန်ဆင်းကာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုး၍ ကြိုဆိုလိုက်သည်။

ထိုသူက လော်ယွမ်နှင့် လက်ဆွဲနှုတ်ဆက်ရင်း ကြီးမားသောဖိအားကိုပေးနေသည့် ဧရာမဖွတ်ကြီးကို မသိမသာ ခိုးကြည့်ကာ တံတွေးတစ်ချက်မျိုချလိုက်မိသည်။ ထို့နောက် စိတ်ကိုအတင်းထိန်းကာ ဆိုသည်။

"မင်္ဂလာပါခင်ဗျာ... ခင်ဗျားရဲ့ ဒီတိုက်ခိုက်ရေးသားရဲက... အရွယ်အစားအရမ်းကြီးလို့ လက်ရှိသာမန်ကွန်တိန်နာတွေနဲ့ အဆင်မပြေဘူး... ကျွန်တော်တို့ အရွယ်အစားတိုင်းပြီး ကွန်တိန်နာကို အမြန်ဆုံးပြုပြင်မှဖြစ်မယ်... တိုက်ခိုက်ရေးသားရဲတွေရဲ့ စရိုက်က ကြမ်းတမ်းပြီး အန္တရာယ်ဖြစ်နိုင်တဲ့အတွက် သူ့ကိုမေ့ဆေးအရင်ပေးထားဖို့လိုပါမယ်"

သူ၏တစ်ကိုယ်လုံးတွင် စစ်သားတစ်ယောက်၏ အရည်အချင်းဟူ၍ သိပ်မရှိဘဲ စက်ရုံအလုပ်ရုံတစ်ခုမှ နည်းပညာရှင်တစ်ဦးနှင့် ပိုတူနေရာ မကြာသေးမီကမှ စစ်မှုထမ်းခဲ့သူဖြစ်မည်ဟု ခန့်မှန်းရသည်။

"ရတယ် လုပ်စရာရှိတာလုပ်ပါ... ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မယ်" လော်ယွမ်က ယဉ်ကျေးစွာ ဆိုသည်။

"မဟုတ်တာ... အပမ်းမကြီးပါဘူး" ထိုသူက ယဉ်ကျေးစွာပင် လက်ကို အကြိမ်ကြိမ်ခါယမ်းပြသည်။ သူက လက်ထဲမှ ကိရိယာသေတ္တာလေးကို ဖွင့်လိုက်ရာ အတွင်း၌ ကြီးမားသော ဆေးထိုးပြွန်တစ်ခုနှင့် လျှပ်စစ်လွန်သွားတစ်ခု ရှိနေသည်။ "ဒါက အထူးဖော်စပ်ထားတဲ့ မေ့ဆေးလေ... အာနိသင်ပြင်းတာ... အဆင့်ငါး သန္ဓေပြောင်းသတ္တဝါတောင်မှ ငါးနာရီကနေ ခြောက်နာရီလောက်အထိ မေ့မြောစေနိုင်တယ်... ဒါပေမဲ့ ဒုတိယအကြိမ်သုံးရင်တော့ ကြာချိန်က လျော့သွားတတ်တယ်... သန္ဓေပြောင်းသတ္တဝါတွေရဲ့ ဆေးယဉ်ပါးနိုင်စွမ်းက တော်တော့်ကို အားကောင်းတာ"

သူက ကလေးတစ်ယောက်၏ လက်မောင်းအရွယ်အစားရှိသော ဆေးထိုးပြွန်တစ်ခုကို လော်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။ အတွင်း၌ အပြာနုရောင်အရည်များ ရှိနေသည်။

လော်ယွမ်က လှမ်းယူပြီးနောက် အကဲခတ်ကြည့်ကာ မယုံသင်္ကာဖြင့် မေးလိုက်သည်။ "တစ်လုံးတည်းနဲ့ ရပါ့မလား"

"ပုံမှန်ဆိုရင်တော့... တစ်လုံးတည်းနဲ့ လုံလောက်ပါတယ်" စစ်အင်ဂျင်နီယာက ယုံကြည်ချက်ရှိစွာ ဆိုသည်။ "ဒါပေမဲ့ ဆေးထိုးအပ်ထိပ်က အသားထဲ ဖောက်ဝင်ဖို့ ခက်တယ်... ပုံမှန်ဆိုရင်တော့ လျှပ်စစ်လွန်သွားနဲ့ အပေါက်အရင်ဖောက်ရတယ်"

"လျှပ်စစ်လွန်သွားတော့ မလိုပါဘူး" လော်ယွမ်က အလျင်အမြန် ငြင်းလိုက်သည်။ သူက ဆေးထိုးပြွန်ကိုကိုင်ကာ ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် ဧရာမဖွတ်ကြီးဆီသို့ လျှောက်သွားသည်။ ဧရာမဖွတ်ကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များစွာရှိပြီး အချို့မှာ မကြာသေးမီကမှ ရရှိထားသော ဒဏ်ရာများဖြစ်ကာ သွေးများပင် စိမ့်ထွက်နေသေးသည်။ ဒဏ်ရာအသစ်တစ်ခု ထပ်မဖြစ်စေချင်တော့ပေ။

လော်ယွမ်သည် ဦးခေါင်းနှင့် နီးကပ်လွန်းပါက ဧရာမဖွတ်ကြီး၏ ဉာဏ်ရည်ကို ထိခိုက်သွားမည်စိုးသောကြောင့် တင်ပါးနေရာကို ရွေးချယ်ကာ ဆေးတစ်လုံး ထိုးသွင်းလိုက်ပြီး ဆေးထိုးပြွန်ထဲမှ အရည်များကို ဖြည်းညှင်းစွာ ထိုးသွင်းပေးလိုက်သည်။

ဤမျှနာကျင်မှုမျိုးမှာ ဧရာမဖွတ်ကြီးအတွက် ယားယံသလိုပင်ဖြစ်ရာ သူက လော်ယွမ်ကို ထူးဆန်းစွာဖြင့် နောက်လှည့်ကြည့်လိုက်ပြီးနောက် ဂရုမစိုက်တော့ပေ။ သို့သော် မကြာမီမှာပင် သူ၏အမူအရာသည် မတည်မငြိမ်ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ထုံကျင်လာပြီး ခွန်အားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူသတိပြုမိလိုက်သည်။

တစ်မိနစ်ခန့်အကြာတွင် သူ၏ကိုယ်သည် ရုတ်တရက်ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

သူသည် ဝမ်းနည်းစွာ အော်မြည်ရင်း ပြန်ထရန် ကြိုးစားရုန်းကန်နေသည်။ သူ၏မျက်လုံးများက လော်ယွမ်ကို မကြာခဏ လှမ်းကြည့်နေသည်။

အနီးအနားမှ စစ်သားများမှာ သတ္တဝါကြီး ရုတ်တရက်ထကြမ်း၍ အန္တရာယ်မဖြစ်စေရန် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။

မည်သို့ပင်ဖြစ်စေ ဧရာမဖွတ်ကြီး၏ မျက်ဝန်းများကို မြင်သောအခါ လော်ယွမ်၏ စိတ်ထဲတွင် နာကျင်ခံစားလိုက်ရသည်။ သူ ရှေ့သို့တိုးသွားပြီး ဧရာမဖွတ်ကြီး၏ ဦးခေါင်းကို ပုတ်၍ အဆက်မပြတ် နှစ်သိမ့်ပေးနေလိုက်သည်။

လော်ယွမ်၏ နှစ်သိမ့်မှုအောက်တွင် ဧရာမဖွတ်ကြီး၏ မတည်မငြိမ်ဖြစ်နေသော စိတ်က တဖြည်းဖြည်း တည်ငြိမ်လာပြီး မကြာမီ သူ၏မျက်ခွံများမှာ လေးလံလာကာ မိနစ်အနည်းငယ်အကြာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

လူအားလုံးမှာ ချွေးသီးချွေးပေါက်များကို သုတ်လိုက်ကြသည်။ မေ့ဆေးအာနိသင် အပြည့်အဝသက်ရောက်ပြီး ဧရာမဖွတ်ကြီးက အပြင်လောကကို မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိတော့သည့်အခါမှ လူအချို့သည် ဧရာမဖွတ်ကြီး၏ အရွယ်အစားကို အသေးစိတ် တိုင်းတာကြတော့သည်။

အချက်အလက်များ ရရှိပြီးနောက် ကွန်တိန်နာအလွတ်တစ်လုံးကို မီးလျှံဖြင့် ဖြတ်တောက်ကာ အလျင်အမြန် ပြုပြင်မွမ်းမံကြသည်။

အားလုံးပြီးစီးသွားသောအခါ နှစ်နာရီခန့်ပင် ကြာမြင့်သွားခဲ့သည်။

ပြုပြင်ပြီးသော ကွန်တိန်နာသည် သာမန်ကွန်တိန်နာထက် သိသိသာသာ ကြီးမားနေပြီး နံရံများကိုလည်း နှစ်ထပ်အထိ အားဖြည့်ထားရာ အလွန်ခိုင်ခံ့လှသည်။ ဧရာမဖွတ်ကြီး ရုတ်တရက်နိုးလာပြီး ဖျက်ဆီးမှုများ မပြုလုပ်နိုင်ရန် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်ဟန်တူသည်။

အိပ်ပျော်နေသော ဧရာမဖွတ်ကြီးကို ကရိန်းဖြင့်မ၍ ကွန်တိန်နာအတွင်းသို့ ထည့်လိုက်ပြီးနောက် သံဂဟေဖြင့် အလုံပိတ်လိုက်ကြသည်။ ဘတ်စကက်ဘောလုံးအရွယ် အပေါက်ငယ်တစ်ခုကိုသာ ချန်ထားခဲ့သည်။

"ဒါက အသက်ရှူဖို့အတွက်လား" လော်ယွမ်သည် ထိုနေရာမှ မခွာဘဲ စောင့်ကြည့်နေရင်း ထိုအပေါက်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"ဒါက အအေးပေးပိုက်လိုင်းနဲ့ ဆက်သွယ်ဖို့လေ... အပူချိန်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချလိုက်ရင် ခင်ဗျားရဲ့တိုက်ခိုက်ရေးသားရဲက ဆောင်းခိုအိပ်စက်တဲ့အခြေအနေကို ရောက်သွားလိမ့်မယ်... အဲ့ဒီအခါကျရင် ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေက အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားပြီး ကွန်တိန်နာထဲမှာ ကျန်နေတဲ့လေက သူ့အတွက် လုံလောက်သွားလိမ့်မယ်... အသက်ရှူပေါက် သီးသန့်ထားပေးစရာမလိုဘူး"

"စိတ်ချပါ... သန္ဓေပြောင်းသတ္တဝါတွေရဲ့ အသက်ရှင်နိုင်စွမ်းက ခင်ဗျားထင်ထားတာထက် အများကြီး ပိုပြင်းတယ်... ဒီကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့ မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်... ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး" လော်ယွမ်၏ စိုးရိမ်မှုကို မြင်ဟန်တူသော အသက်သုံးဆယ်၊ လေးဆယ်အရွယ်ခန့်ရှိ စစ်အင်ဂျင်နီယာတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။

ဤသို့ပြောမှ လော်ယွမ်လည်း စိတ်အေးသွားရတော့သည်။

......................................................

အချိန်က ခုနစ်နာရီခွဲတိတိသို့ ရောက်သောအခါ စခန်း၏ အသံချဲ့စက်များ ရုတ်တရက် မြည်ဟည်းလာသည်။

"စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများအားလုံး... ခန်းမထဲကို ချက်ချင်းလာရောက်ပြီး လေယာဉ်ပေါ် တက်ပေးကြပါ... သယ်ယူပို့ဆောင်ရေးလေယာဉ်များ မကြာမီ ထွက်ခွာပါတော့မယ်..."

အသက်ရှင်ကျန်ရစ်သူများသည် ကြိုတင်သတင်းရထားပြီးဖြစ်ရာ စုရုံးရန်အမိန့်ကို ကြားသည်နှင့် အိပ်ဆောင်များမှ ပျားအုံကို တုတ်ဖြင့်ထိုးလိုက်သလို ထွက်လာကြသည်။ သူတို့၏မျက်နှာများမှာ စိတ်လှုပ်ရှားမှု၊ ဝမ်းသာကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေပြီး တချို့မှာ ရူးသွပ်သွားသည့်အလား အော်ဟစ်နေကြသည်။

လော်ယွမ်တို့အဖွဲ့မှာမူ တံခါးဝတွင် အသင့်ရပ်စောင့်နေကြပြီးဖြစ်သည်။

"ပစ္စည်းတွေဘာတွေ သေချာစစ်ဦးနော်... မေ့ကျန်ခဲ့ဦးမယ်" လော်ယွမ်က ပြောလိုက်သည်။

"အထပ်ထပ်အခါခါ စစ်ပြီးပြီ" ဟွမ်ကျားဟွေက အနည်းငယ် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပြန်ဖြေသည်။

ဟွမ်ကျားဟွေသာမက လူတိုင်း၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေကြသည်။ ထိုအလင်းတန်းမှာ မျှော်လင့်ချက်ဟုခေါ်သော အလင်းတန်းပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီးနှင့် ကြုံတွေ့မှပင် ယခင် တည်ငြိမ်အေးချမ်းသော နေ့ရက်များ၏ တန်ဖိုးကို သိရှိလာကြသည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ အခြေအနေမှာ သိပ်ကောင်းမည်မဟုတ်ဘဲ အစားအသောက်ပင် ပြည့်စုံချင်မှ ပြည့်စုံမည်ဖြစ်သော်လည်း လုံခြုံသောပတ်ဝန်းကျင်ဟူသော အချက်တစ်ခုတည်းကပင် အရာအားလုံးထက် သာလွန်နေပြီဖြစ်သည်။

"ဒါဆိုလည်း သွားကြရအောင်" လော်ယွမ်က ဆိုသည်။

လော်ယွမ်တို့အဖွဲ့က လူအုပ်နှင့်အတူ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။ စစ်သားများမှာ စည်းကမ်းထိန်းသိမ်းရန် ကြိုတင်ရောက်ရှိနေကြပြီးဖြစ်သည်။

ဧရာမသတ္တဝါကြီးများသဖွယ် ကြီးမားသော သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများသည် အတန်းနှစ်တန်း စီတန်းလျက်ရှိပြီး မီးခိုးရောင်သန်းသော သတ္တုကိုယ်ထည်များမှာ မီးရောင်အောက်တွင် အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေသည်။ ခန်းမဆောင်ကြီးရှေ့မှ လေယာဉ်ပြေးလမ်းတွင်လည်း မီးတန်းနှစ်တန်း ထွန်းညှိထားပြီး ကီလိုမီတာပေါင်းများစွာအထိ ရှည်လျားစွာ သွယ်တန်းနေကာ ကမ္ဘာပျက်ကပ်ကြီး၏ ညအမှောင်ထဲတွင် အထူးပင် ထင်ရှားပေါ်လွင်နေသည်။

"သယ်ယူပို့ဆောင်ရေးလေယာဉ်တွေရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် လေယာဉ်မတက်ခင် သေနတ်နဲ့ လက်နက်အားလုံးကို မဖြစ်မနေ အပ်နှံရပါမယ်... ခိုးဝှက်သယ်ဆောင်တာကို တွေ့ရှိခဲ့ရင် စခန်းကနေ နှင်ထုတ်ခြင်းခံရပါမယ်" ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက မျက်နှာထားတင်းတင်းဖြင့် ပြောကြားလိုက်သည်။

မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်းမရှိဘဲ အားလုံး တိတ်ဆိတ်စွာပင် လက်နက်များကို စစ်သားများထံသို့ အပ်နှံကြသည်။ လက်နက်ဝှက်ရန် ကြိုးစားသော အသက်ရှင်ကျန်ရစ်သူအချို့ကို စစ်သားများက ပြင်းပြင်းထန်ထန် ဖမ်းဆီးလိုက်ကြသည်။ သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး အကြိမ်ကြိမ် တောင်းပန်ကာ နောက်ဆုံးတွင် ဒူးထောက်တောင်းပန်ကြသည်အထိ မျက်ရည်နှာရည်များ ယိုစီးကျလာသည်။ သို့သော် ဤတောင်းပန်မှုများမှာ စစ်သားများအတွက် အရာမထင်ဘဲ မည်သို့ပင် ရုန်းကန်ခုခံစေကာမူ သံချပ်ကာကားများထဲသို့ တစ်ဦးချင်း ထိုးသွင်းဖမ်းဆီးကာ စခန်းအပြင်သို့ ပို့ဆောင်လိုက်ကြသည်။ ထိုအထဲမှ တစ်ဦးက လက်ပါရန်ကြိုးစားရာ ထိုနေရာတွင်ပင် ပစ်သတ်လိုက်ပြီး အလောင်းကို အပြင်သို့ လွှင့်ပစ်လိုက်သည်။

မငြိမ်မသက်သောကာလတွင် ပြင်းထန်သောဥပဒေကိုသာ သုံးစွဲရမည်ဖြစ်ပြီး ဤနေရာက စစ်စခန်းဖြစ်နေသည်ကိုလည်း မမေ့သင့်ပေ။

ဤမြင်ကွင်းကြောင့် လူတိုင်း၏မျက်နှာများမှာ ဖြူဖျော့သွားကြသည်။ မူလက အကြံအစည်အချို့ရှိနေသော အသက်ရှင်ကျန်ရစ်သူအချို့မှာ ကံကို မျှော်လင့်မနေရဲတော့ဘဲ လက်နက်အားလုံးကို ထုတ်ပေးကြရာ ကိုယ်တွင်ဆောင်ထားသော ဓားမြှောင်များပင်မချန် အပ်နှံကြတော့သည်။

လော်ယွမ်က အသိတစ်ဦးဦးကိုရှာ၍ ညှိနှိုင်းကြည့်ရန် ချီတုံချတုံဖြစ်နေစဉ်မှာပင် စစ်သားတစ်ဦးက ရောက်လာပြီး "ခင်ဗျားတို့ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ" ဟု ဆိုသည်။

"ဟေး... ညီလေးယွမ် လာ... မင်းတို့က ဒီလေယာဉ်ပေါ်တက်" ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး၊ တပ်ခွဲမှူးရှက အမြန်လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။

ဆက်ရန်...

အပိုင်း(၂၀၀)လျှပ်စစ်စက်ကွင်းများ

မကြာမီမှာပင် လော်ယွမ်တို့အဖွဲ့ကို တပ်ခွဲမှူးရှက နောက်ဆုံးသယ်ယူပို့ဆောင်ရေးလေယာဉ်ဆီသို့ ခေါ်ဆောင်သွားပြီး မုဝမ်ဝမ်သည်လည်း ထိုနေရာသို့ပင် အခေါ်ခံခဲ့ရသည်။

ဤသယ်ယူပို့ဆောင်ရေးလေယာဉ်၏ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းလှသည်။ ဧရာမဖွတ်ကြီးကို ထည့်ထားပြီး အပြင်ဘက်တွင် အအေးပေးစက်တစ်ခု တပ်ဆင်ထားသော ကွန်တိန်နာမှလွဲ၍ အခြားကုန်ပစ္စည်း အနည်းငယ်သာရှိရာ အနည်းငယ် ဟာလာဟင်းလင်းနိုင်နေသည်။

မူလကတည်းက အရပ်ဘက်သုံးလေယာဉ် မဟုတ်သောကြောင့် သက်သောင့်သက်သာရှိမှုဟူ၍ ပြောစရာမရှိပေ။ တစ်ခုလုံးမှာ အကြမ်းထည်ဆန်သော ပုံစံဖြစ်ပြီး နူးညံ့သောကော်ဇော၊ ခေတ်မီသောအတွင်းပိုင်းအလှဆင်မှုများ မပြောနှင့်၊ အခြေခံထိုင်ခုံများပင် မရှိချေ။ လူအများမှာ ကြမ်းပြင်ပေါ်တွင်သာ ထိုင်ကြရသည်။ ကံကောင်းသည်မှာ အတွင်းနံရံတွင် လက်ကိုင်အဖြစ် အသုံးပြုနိုင်သော သတ္တုဘားတန်းတစ်ခု ရှိနေခြင်းပင်။

တပ်ခွဲမှူးရှနှင့် စစ်သားအချို့သည် လူအများကို ဤနေရာသို့ ခေါ်ဆောင်လာပြီးနောက် ထွက်ခွာမသွားဘဲ အတူတကွ ရှိနေကြသည်။ အကြောင်းရင်းမှာ ပြောစရာမလို။ လော်ယွမ်တို့အဖွဲ့က သာမန်ရှင်သန်ကျန်ရစ်သူများမဟုတ်ဘဲ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းသဖြင့် အတိုင်းအတာတစ်ခုအထိ အနီးကပ်သတိထားစောင့်ကြည့်ရန် လိုအပ်ပေသည်။ သို့သော် အခြေအနေမှာ သိပ်တင်းမာမနေဘဲ ဤနေရာရှိ စစ်သားအများစုမှာ ရင်းနှီးပြီးသားသူများ ဖြစ်ကြသည်။

လူတိုင်းမှာ ဟိုဟိုဒီဒီ စူးစမ်းကြည့်ရှုနေကြသော်လည်း မကြာမီမှာပင် စိတ်ဝင်စားမှု ကုန်ဆုံးသွားကြသည်။ ဤနေရာတွင် ဘယ်နေရာကြည့်ကြည့် သတ္တုများသာရှိနေပြီး လေထုထဲတွင် သံချေးနံ့ပြင်းပြင်းက ပျံ့လွင့်နေသည်။ အတွင်းပိုင်းလက်ရာမှာလည်း အလွန်ကြမ်းတမ်းပြီး အချို့နေရာများတွင် ထပ်ခါတလဲလဲ ဂဟေဆော်ထားရာ တီကောင်များသဖွယ် ကောက်ကွေးနေသော ဂဟေရာများက ထင်ကျန်နေသည်။ သံမဏိပြားအများစုမှာလည်း ညီညာအောင် မတိုက်ရသေးဘဲ မျက်နှာပြင်တွင် သံစူးများနှင့် အစအနများပင် ရှိနေသေးသည်။

လေယာဉ်တစ်စင်းလုံးမှာ အလျင်စလို လုပ်ဆောင်ထားသည့် လက္ခဏာများ အပြည့်ရှိနေသည်။

သို့သော် ဤသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ စစ်အတွင်းကာလသည် ငြိမ်းချမ်းသောကာလနှင့် မတူ။ အသေးစိတ်ပြုလုပ်ရန် အချိန်ပိုမရှိဘဲ အရေအတွက်ကိုသာ အဓိကထား ထုတ်လုပ်ခြင်းက အရည်အသွေးကို အဓိကထားခြင်းထက် ပို၍အကျိုးရှိတတ်သည်။

ဆယ့်ငါးမိနစ်ခန့်က တဖြည်းဖြည်းကုန်လွန်သွားသည်။

အဝေးမှ အင်ဂျင်စက်သံများ မြည်ဟည်းလာပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းပြီးတစ်စင်း ရှည်လျားသောပြေးလမ်းကို ကျော်ဖြတ်ကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။

မကြာမီမှာပင် ဤလေယာဉ်၏အလှည့်သို့ ရောက်လာသည်။

လူတိုင်း၏ကိုယ်က အနည်းငယ်ယိမ်းယိုင်သွားပြီး ဘေးမှ ဟွမ်ကျားဟွေက လော်ယွမ်၏လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။ သူမ၏မျက်နှာမှာ ပျက်ယွင်းနေပြီး အခြားသူများ၏ မျက်နှာမှာလည်း သိပ်မကောင်းလှပေ။ လက်များက လက်ကိုင်ဘားတန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ကိုယ်များမှာ တောင့်တင်းနေသည်။

တကယ်တော့ ဟွမ်ကျားဟွေသာမက လော်ယွမ်၏စိတ်ထဲတွင်ပင် အနည်းငယ် စိုးရိမ်နေမိပြီး အပြင်သို့ ထုတ်မပြခြင်းသာဖြစ်သည်။

မြေဓာတ်ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် မြေပြင်မှ ခွာလိုက်တိုင်း သူ၏စိတ်ထဲတွင် မလုံခြုံသလို ခံစားရသည်။ ထို့အပြင် ကမ္ဘာကြီးမှာ ယခုအခါ သတ္တဝါပြောင်းတို့၏ ကမ္ဘာဖြစ်နေရာ ကောင်းကင်ယံသည်လည်း လုံခြုံခြင်းရှိမရှိ မည်သူသိနိုင်မည်နည်း။ ဤခရီးသည် ကြီးမားသော စွန့်စားခန်းတစ်ခုဟု ဆိုနိုင်ပေသည်။

ဘေးမှ တပ်ခွဲမှူးရှက လူတိုင်း၏မျက်နှာ သိပ်မကောင်းသည်ကိုမြင်လျှင် ရှင်းပြလိုက်သည်။ "အများစုက ပထမဆုံးအကြိမ်မှာ ဒီလိုပဲဖြစ်တတ်တယ်... တကယ်တော့ စိတ်ပူစရာမလိုပါဘူး... ကျွန်တော်တို့ ဒီခရီးကို အကြိမ်ကြိမ် အသွားအပြန်လုပ်ပြီးပြီ... ပုံမှန်ဆို သန္ဓေပြောင်းငှက်တွေက ညဘက် သိပ်ထွက်လေ့မရှိကြဘူး... ထွက်တဲ့ငှက် ရှိရင်တောင်မှ ပေသုံးသောင်းအမြင့်ထိ ပျံတက်နိုင်တာ ရှားတယ်... တကယ်တော့ ညဘက်ပျံသန်းရတာ အတော်လေး လုံခြုံပါတယ်"

တပ်ခွဲမှူးရှ၏ ရှင်းပြချက်ကိုကြားမှ လူတိုင်း၏မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားသည်။

ထိုအချိန်တွင် အားလုံး၏ကိုယ်သည် အောက်သို့နိမ့်ကျသွားသလို ခံစားလိုက်ရပြီး လေးလံသော သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ပြေးလမ်းမှ စတင်ခွာ၍ ကောင်းကင်သို့ ဖြည်းညှင်းစွာ ပျံတက်သွားတော့သည်။

"တပ်ခွဲမှုးတို့က အကြိမ်ကြိမ် ပျံသန်းဖူးတယ်ဆိုတော့... ဘာအန္တရာယ်မှ မကြုံရဘူးလား" ဟော်တုံက စိတ်အေးသွားပြီး တပ်ခွဲမှူးရှမှာ စကားပြောရန် လွယ်ကူသူဖြစ်သည်ကို မြင်သောအခါ သတ္တိမွေး၍ မေးလိုက်သည်။

တပ်ခွဲမှူးရှသည် သိသိသာသာပင် တစ်ချက်တုံ့ဆိုင်းသွားပြီးမှ ဖြည်းညှင်းစွာ ဆိုသည်။ "အန္တရာယ်က လုံးဝမရှိတာတော့ မဟုတ်ဘူး... အခုအချိန်က အရင်ခေတ်နဲ့မတူတော့ဘူးလေ... ပျံသန်းနိုင်တဲ့ သတ္တဝါပြောင်းတွေမရှိရင်တောင်မှ ကောင်းကင်မှာ ပျံသန်းရတာက အန္တရာယ်ရှိတဲ့ ကိစ္စတစ်ခုပဲ... ကျွန်တော်တို့စခန်းကနေ ဒီလို အသွားအပြန် ငါးခေါက်ပျံသန်းခဲ့ပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ပျက်ကျဖူးခဲ့တယ်"

တပ်ခွဲမှူးရှ၏ စကားကိုကြားသောအခါ လူတိုင်း၏ အနည်းငယ်ပြေလျော့သွားသော စိတ်အစဉ်သည် တစ်ဖန်ပြန်၍ တင်းကျပ်လာသည်။

"သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ အရည်အသွေးကြောင့်များလား" ဟော်တုံ၏စိတ်ထဲတွင် တင်းကျပ်သွားပြီး မေးလိုက်သည်။

"အဲ့ဒါကြောင့်လည်းပါတယ်... ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ လေထုအမြင့်ပိုင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုဖြစ်စဉ်ကြောင့် လျှပ်စစ်သံလိုက်စက်ကွင်း အနှောက်အယှက်တွေ ပြင်းထန်လာလို့ပဲ... အဲ့ကျရင် ခင်ဗျားတို့သိရလိမ့်မယ်" တပ်ခွဲမှူးရှ၏မျက်နှာက အနည်းငယ် တည်ကြည်သွားသည်။ "အခု သတင်းစာတော်တော်များများမှာ မှန်းဆနေကြတာကတော့ အဲ့ဒီအဖြစ်က ဇီဝမျိုးစုံပြောင်းလဲမှုတွေနဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကြောင်းရင်းဖြစ်နိုင်တယ်တဲ့"

"ဒီလျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုဖြစ်စဉ်က အခုအချိန်မှာ ပိုပိုပြီး ပြင်းထန်လာနေတယ်... ပြီးခဲ့တဲ့တစ်နှစ်လောက်ကဆိုရင် ဒီလိုထုတ်လွှတ်မှုမျိုးက မသိမသာ ပမာဏလောက်ပဲရှိတာ... လေယာဉ်ရဲ့ ကိရိယာတွေကို ဘာမှသက်ရောက်တာမဟုတ်ဘူး... ဒါပေမဲ့ အခုတော့ မျက်စိနဲ့တောင် မြင်နိုင်နေပြီ... လေယာဉ်ပေါ်က ကိရိယာအားလုံးမှာ လျှပ်စစ်သံလိုက်စက်ကွင်း ကာကွယ်မှုသာမရှိရင် လုံးဝသုံးလို့မရတော့ဘူး"

"ဒီကိစ္စကို ပြည်သူလူထုအထိတ်တလန့်မဖြစ်အောင် အပြင်ကိုမကြေငြာထားဘူး... အခုပြောတာတွေကို ဘယ်သူ့မှပြန်မပြောတာ အကောင်းဆုံးပဲ"

"အခုသိရသလောက်ဆို ဒီဖြစ်စဉ်က အလင်းနှစ်ရာပေါင်းများစွာအကွာက ဆူပါနိုဗာ ကြယ်တစ်လုံးပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စကြဝဠာမုန်တိုင်းကြောင့်တဲ့... နေရဲ့လှုပ်ရှားမှုပြင်းထန်လာတာကလည်း ဒီအကြောင်းရင်းကြောင့်ပဲတဲ့... ဒီမုန်တိုင်းကြီး ပြီးသွားရင်တော့ ဇီဝမျိုးစုံပြောင်းလဲမှုတွေလည်း ရပ်တန့်သွားနိုင်တယ်... ဒါပေမဲ့ ဘယ်လောက်ကြာမလဲဆိုတာတော့ ဘယ်သူမှမသိဘူး... နှစ်အနည်းငယ်လည်း ဖြစ်နိုင်သလို... နှစ်ရာပေါင်းများစွာလည်း ဖြစ်နိုင်တယ်" နောက်ဆုံးစကားကို ဆိုသောအခါ သူ၏မျက်နှာသည် ရေပြင်ကဲ့သို့ လေးလံတည်ကြည်နေသည်။

ချန်ကျားယီတို့ ကလေးငယ်အချို့မှလွဲ၍ ကျန်လူတိုင်း၏ မျက်နှာမှာ မကောင်းလှတော့ပေ။

ဤသီအိုရီကို လော်ယွမ်သည် ကမ္ဘာမပျက်ခင်ကတည်းက ကြားဖူးခဲ့သော်လည်း ထိုစဉ်က သူသည် လုံးဝဂရုမစိုက်ခဲ့သလို အကြောင်းရင်းကိုလည်း စူးစမ်းလေ့လာခဲ့ခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ အရာမထင်သောကြောင့်ဖြစ်သည်။ စကြဝဠာမုန်တိုင်း၏ အကျိုးဆက်သည် ဇီဝမျိုးစုံကို ပြောင်းလဲစေရုံသာမက ကမ္ဘာနှင့်အနီးရှိ လေထုကိုပါ ထိခိုက်စေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

သူ၏စိတ်ထဲတွင် ရှုပ်ထွေးစွာ ခံစားနေရသည်။ စကြဝဠာ၏ အတိုင်းအတာဖြင့် ကြည့်လျှင် ကမ္ဘာဂြိုဟ်သည် အခွံမပါသော ကြက်ဥတစ်လုံးကဲ့သို့ ပျော့ညံ့လှသည်။

စကြဝဠာမုန်တိုင်း၏ ပြင်းအားမှာ အားနည်းသောကြောင့် ကမ္ဘာပေါ်မှ သက်ရှိများ ချက်ချင်းမျိုးတုံးမသွားသည့်အတွက် သူ အနည်းငယ် ကံကောင်းသည်ဟု တွေးမိသည်။ သို့သော် ဤမုန်တိုင်း၏ ပြင်းအားမှာ တဖြည်းဖြည်း အားကောင်းလာနေရာ မည်သည့်အချိန်တွင် သက်ရှိများ၏ ခံနိုင်ရည်အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ကို မည်သူမျှမသိနိုင်ပေ။ လူသားမျိုးနွယ်သည် ယခုအခါ ရေနွေးထဲမှ ဖားများကဲ့သို့ပင်။ သို့သော် ဖားများသည် အပူချိန်မမြင့်သေးမီအချိန်တွင် ခုန်ထွက်နိုင်စွမ်း ရှိသေးသော်လည်း လူသားများမှာမူ အန္တရာယ် တဖြည်းဖြည်း နီးကပ်လာသည်ကို မျက်စိဖြင့် ကြည့်နေရုံမှလွဲ၍ အချည်းနှီးသာ ရုန်းကန်နေရသည်။

ထိုအချိန်တွင် လော်ယွမ်သည် သူ၏အရေပြားများ အနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရပြီး ဆံပင်များမှာ ဖြည်းညှင်းစွာ ထောင်တက်လာသည်။

အားလုံး အံ့ဩတကြီးအော်ဟစ်လိုက်ကြပြီး လျှပ်စစ်စက်ကွင်းဖြစ်ပေါ်နေသည်ကို ခံစားမိကာ မျက်နှာများ ဖြူဖျော့သွားကြသည်။

"တပ်ခွဲမှူး... အချိန်ကိုကြည့်ပါဦး ဒီတစ်ခါ ဘာလို့ဒီလောက်စောနေရတာလဲ" စစ်သားတစ်ဦးက လက်ပတ်နာရီကိုကြည့်ရင်း သံသယဖြင့် မေးလိုက်သည်။

"မိနစ် ၂၀ ပဲရှိသေးတယ်ထင်တယ်" တပ်ခွဲမှူးရှကလည်း အချိန်ကိုက်ကြည့်လိုက်ရာ သူ၏မျက်နှာရောင်ပါ ပြောင်းသွားသည်။ "ငါ လေယာဉ်မှူးအခန်းကို သွားကြည့်လိုက်ဦးမယ်"

လော်ယွမ်၏စိတ်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။ တပ်ခွဲမှူးရှ လှေကားထစ်များဆီသို့ အမြန်လျှောက်သွားသည်ကို သူကြည့်နေလိုက်သည်။ တစ်မိနစ်ခန့်အကြာတွင် သူက မျက်နှာမည်းမှောင်စွာဖြင့် ပြန်ရောက်လာသည်။

သူ၏အမူအရာကြောင့် လူတိုင်း၏စိတ်ထဲတွင် တင်းကျပ်သွားသည်။

"အခြေအနေဘယ်လိုလဲ" လော်ယွမ်က အလျင်အမြန် မေးလိုက်သည်။

"အခု လေယာဉ်အမြင့်က ပေ၂၃၀၀၀မှာရှိနေတာ... အရင်တုန်းက လျှပ်စစ်စက်ကွင်းဖြစ်စဉ်ကို ပေ၃၀၀၀၀ ဝန်းကျင်လောက်မှပဲတွေ့ရတာ... လျှပ်စစ်စက်ကွင်းဖြစ်တဲ့ ဧရိယာက ဒီရက်ပိုင်းအတွင်းမှာတင် ပိုကျယ်လာတယ်... ဒါပေမဲ့ လေယာဉ်ကို အောက်နှိမ့်ပြီး ပျံဖို့ပြင်ဆင်နေပြီ... ဘာမှမဖြစ်နိုင်ပါဘူး... အားလုံး စိတ်မပူကြနဲ့" သူက အားတင်း၍ အပြုံးတစ်ပွင့်ကို ဖန်တီးလိုက်သည်။

"ဒီမှာ လေထီးတွေရှိလား" လင်းရှောင်ကျီက ရုတ်တရက် မေးလိုက်သည်။

တပ်ခွဲမှူးရှက ခေါင်းခါပြပြီး စကားဆက်မပြောတော့ပေ။ သူသည်လည်း အပြင်ပန်းတွင် မြင်ရသလောက် စိတ်အေးလက်အေး မဖြစ်နေသည်မှာ ထင်ရှားသည်။

လင်းရှောင်ကျီသည် အဖြေကိုရသောအခါ အားမရှိစွာဖြင့် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။

လေထုထဲမှ လျှပ်စစ်စက်ကွင်းသည် တချက်အားကောင်းလာလိုက်၊ တချက်အားပျော့သွားလိုက် ဖြစ်နေပြီး လေယာဉ်ခန်းတွင်းမှ မီးများမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ လေထုထဲတွင် ရံဖန်ရံခါ လျှပ်စစ်မီးပွားလေးများ ပေါက်ကွဲထွက်ပေါ်လာပြီး တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာကာ အိုဇုန်းအနံ့သင်းသင်းတစ်ခု ပျံ့နှံ့လာသည်။

သယ်ယူပို့ဆောင်ရေးလေယာဉ်ခန်းတွင်းမှ အခြေအနေမှာ ဖိအားများနေပြီး လူတိုင်း၏စိတ်ထဲတွင် တထိတ်ထိတ်ဖြင့် အသက်ရှူနှုန်းပင် မြန်ဆန်လာကြသည်။

လူတိုင်း၏ဆံပင်များမှာ လျှပ်စစ်စက်ကွင်းကြောင့် အရင်းမှပင် ထောင်နေကြပြီး ဓာတ်လိုက်ခံထားရသကဲ့သို့ပင်။ သို့သော် ဤအချိန်တွင် မည်သူမျှ ရယ်နိုင်ခြင်း မရှိကြချေ။

"စိတ်မပူကြနဲ့... ငါတို့ ဘာမှဖြစ်မှာမဟုတ်ဘူး" လော်ယွမ်က အားလုံး၏စိုးရိမ်ပူပန်မှုကို ခံစားမိသောအခါ နှစ်သိမ့်လိုက်သည်။

အခြားသူများကို နှစ်သိမ့်ခြင်းထက် မိမိကိုယ်ကို နှစ်သိမ့်ခြင်းဟု ဆိုလျှင် ပိုမှန်ပေမည်။ သေရေးရှင်ရေးကို ကံကြမ္မာလက်သို့ အပ်နှင်းရပြီး မိမိကိုယ်တိုင် မထိန်းချုပ်နိုင်သော အခြေအနေကို သူ မုန်းတီးသည်။ ကုန်းမြေပေါ်တွင်ဆိုလျှင် သူ အသက်စွန့်၍ တိုက်ခိုက်နိုင်သေးသည်။ ယခုကဲ့သို့ အားရှိသော်လည်း အသုံးမဝင်ဘဲ ကံကြမ္မာကိုသာ စောင့်ဆိုင်းနေရသည့် အခြေအနေမျိုး မဟုတ်ပေ။

အချိန်က တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားပြီး လူတိုင်း၏စိတ်နှလုံးမှာလည်း မီးရောင် မှိတ်တုတ်မှိတ်တုတ်ဖြစ်သည်နှင့်အမျှ တက်လိုက်ကျလိုက် ဖြစ်နေသည်။

ထိုအချိန်တွင် မီးလုံးတစ်လုံးသည် အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီးနောက် မီးပွားအချို့ ထွက်ပေါ်လာကာ လုံးဝ ငြိမ်းသွားတော့သည်။ ၎င်းသည် အချက်ပြသကဲ့သို့ပင်။ နောက်တစ်ခဏတွင် "ဖောက်" ဟူသော အသံများနှင့်အတူ မီးလုံးများအားလုံး တစ်ပြိုင်နက်တည်း ငြိမ်းသွားပြီး မီးညှော်နံ့တစ်ခု ပျံ့နှံ့လာသည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်ခန်းမဆောင်တစ်ခုလုံး အမှောင်ကျသွားပြီး လျှပ်စစ်မီးပွားငယ်အချို့သာ လေထုထဲတွင် လျင်မြန်စွာ ပြေးလွှားနေသည်။

အမျိုးသမီးအချို့ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး မျက်နှာများမှာ ဖြူဖျော့နေသည်။

"လေယာဉ်မှူးအခန်းမှာ ပြဿနာရှိမရှိ သွားကြည့်လိုက်ပါဦး" လော်ယွမ်က တပ်ခွဲမှူးရှကို အလျင်အမြန် ဆိုသည်။

"ကျွန်တော် အခုချက်ချင်းသွားလိုက်မယ်" တပ်ခွဲမှူးရှက အလျင်အမြန်ထရပ်ပြီး သူ့လက်နှိပ်ဓာတ်မီးကို ရှာဖွေထုတ်ယူလိုက်သည်။

"ခဏလေး... ကျွန်တော်လည်း လိုက်ကြည့်ချင်တယ်" လော်ယွမ်က အလျင်အမြန် လှမ်းတားလိုက်သည်။

"ကောင်းပြီ" တပ်ခွဲမှူးရှက မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ ဤလုပ်ရပ်သည် စည်းကမ်းဖောက်ဖျက်မှုဖြစ်သည်မှာ ထင်ရှားသော်လည်း ဤအချိန်တွင် သူလည်း ဤမျှလောက် ဂရုမစိုက်နိုင်တော့ပေ။

နှစ်ဦးသား လှေကားထစ်များဆီသို့ အမြန်လျှောက်သွားပြီး လေယာဉ်မှူးအခန်းတံခါးကို ဖွင့်လိုက်သည်။ ဤနေရာရှိမီးများလည်း ငြိမ်းသွားပြီဖြစ်သော်လည်း ထူထပ်သိပ်သည်းသော တိုင်းတာရေးကိရိယာများမှ အလင်းရောင်များ ထွက်ပေါ်နေပြီး အလုပ်လုပ်နေဆဲဖြစ်သည်။

တပ်ခွဲမှူးရှက ချက်ချင်းမေးလိုက်သည်။ "စောစောက ဘာဖြစ်သွားတာလဲ"

"ဒီတစ်ခါ ကံမကောင်းဘူး... စောစောက ပြင်းထန်တဲ့ လျှပ်စစ်သံလိုက်မုန်တိုင်းနဲ့ ကြုံလိုက်ရတာ... တော်သေးတယ် အပျက်အစီးက သိပ်မကြီးလို့ အရန်ဓာတ်အားပေးစက် ပျက်မသွားဘူး... အပြင်ဘက်က လျှပ်စစ်ပတ်လမ်းတွေပဲ ပြဿနာတက်သွားတာ" တွဲဖက်လေယာဉ်မှုးက ထိတ်လန့်မှုမပျောက်သေးသော အသံဖြင့် ဆိုသည်။ "ဒါပေမဲ့ အခြေအနေသိပ်မကောင်းဘူး... ဒီတစ်ခါ အာကာသအပြင်ဘက်က မုန်တိုင်းက နည်းနည်းပြင်းထန်တော့ အပေါ်က အိုင်ယွန်နိုစဖီးယား အလွှာက တော်တော့်ကို မတည်မငြိမ်ဖြစ်နေတယ်...

လက်ရှိအမြင့်ပေကို အချိန်မရွေး သက်ရောက်လာနိုင်တယ်... ကျွန်တော်တို့ နောက်ထပ် ပေ၁၅၀၀လောက် ထပ်ဆင်းဖို့ ပြင်ထားတယ်"

လော်ယွမ်က တိုင်းတာရေးကိရိယာတစ်ခုကို ကြည့်လိုက်ရာ ဂဏန်းများက ပေ၁၅၀၀၀ ဟုပြသနေပြီး အမြင့်ပေကို ကိုယ်စားပြုသည်မှာ ထင်ရှားသည်။ သူကထူထဲသောမှန်ကိုဖြတ်၍ အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏အမြင်အာရုံမှာ သာမန်လူထက်များစွာ ထက်မြက်ရာ မည်းမှောင်သော ညကောင်းကင်ယံတွင် လျှပ်စစ်မီးပွားငယ်များ နေရာအနှံ့ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုလျှပ်စစ်မီးပွားများသည် စုစည်းသွားပြီး ပိုမိုကြီးမားသော လခြမ်းပုံလျှပ်စီးများအဖြစ် ပြောင်းလဲသွားသည်။ ရံဖန်ရံခါတွင် ညို့ငင်ဆွဲဆောင်မှုရှိသော အလင်းတန်းများ ဖြတ်ပြေးသွားကာ မည်းမှောင်သော ညကောင်းကင်ယံကို လှပမှုတစ်မျိုးဖြင့် ဖြည့်ဆည်းပေးနေသည်။ ပိုမိုမြင့်မားသောနေရာတွင် မည်သို့သောမြင်ကွင်းမျိုး ရှိနေမည်ကို စိတ်ကူးရန်ပင် ခက်ခဲလှသည်။

"ဒီထက်ပိုပြီး နှိမ့်လို့ရသေးလား" လော်ယွမ်က မေးလိုက်သည်။

အသံမှာ မရင်းနီးသောကြောင့် လေယာဉ်မောင်းနှစ်ဦးမှာ အံ့ဩစွာဖြင့် လော်ယွမ်ကို နောက်လှည့်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ရှင်းပြလိုက်သည်။ "မရဘူး... အဲလိုဆိုရင် ပိုပြီးအန္တရာယ်များသွားမှာ... သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ အရမ်းကျယ်လောင်တဲ့အသံက သတ္တဝါပြောင်းငှက်တွေကို ဝိုင်းတိုက်ခိုက်အောင် ဆွဲဆောင်သလိုဖြစ်သွားလိမ့်မယ်"

"အနီးဆုံး လေယာဉ်ဆင်းနိုင်တဲ့ ပြေးလမ်းနဲ့ ဘယ်လောက်ဝေးသေးလဲ" လော်ယွမ်က ထပ်မေးလိုက်သည်။

"မိုင်၇၅၀... သုံးနာရီလောက်ကြာမယ်"

………………………………………………

လေပူလေအေးစက် အလုပ်မလုပ်တော့သောကြောင့် သယ်ယူပို့ဆောင်ရေးလေယာဉ်ခန်း၏ အပူချိန်က လျင်မြန်စွာ ကျဆင်းလာသည်။

နာရီဝက်အတွင်းမှာပင် အပူချိန်သည် သုညဒီဂရီအနီးသို့ ရောက်ရှိလာပြီး လူတိုင်း၏ အသက်ရှူငွေ့များကို အဖြူရောင်အခိုးငွေ့များအဖြစ် မြင်နေရသည်။

ရာသီဥတု ပူနွေးသောကြောင့် လူတိုင်း ဝတ်ဆင်ထားသော အဝတ်အစားများမှာ မထူကြပေ။ အခြားသူများက ကိုယ်ခန္ဓာကြံ့ခိုင်မှု ကောင်းမွန်သောကြောင့် ခံနိုင်ရည်ရှိသော်လည်း ကလေးငယ်သုံးဦးမှာမူ မခံနိုင်တော့ပေ။

သူတို့မှာ အေးစက်လွန်း၍ နှုတ်ခမ်းများပင် ပြာနှမ်းနေသော်လည်း အသံတစ်ချက်မထွက်ဘဲ ကြိတ်မှိတ်ခံနေကြသည်။

ဟွမ်ကျားဟွေက ချန်ကျားယီကို ကြင်နာစွာဖြင့် ပွေ့ဖက်လိုက်ရာ သူမ၏ကိုယ်က တဆတ်ဆတ်တုန်နေသည်ကို ခံစားမိလိုက်သည်။ "လော်ယွမ်... သူတို့အတွက် စားစရာတစ်ခုခု ရှာပေးပါဦး"

လော်ယွမ်က ခေါင်းညိတ်ပြပြီး အထုပ်အပိုးများထားရာသို့ ထသွားကာ အလေးချိန် ပေါင်ဝက်ခန့်ရှိသော နှလုံးသားအစအနတစ်ခုကို ရွေးထုတ်လိုက်သည်။ ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားသွားအလင်းတန်းများ လျင်မြန်စွာ ယှက်ဖြာသွားရာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော အချပ်လေးများ လေထဲမှ ကြွေကျလာပြီး မြွေရေခွံတစ်ခုထဲသို့ ကျရောက်သွားသည်။ ထို့နောက် သူသည် မြွေရေခွံကိုလိပ်၍ ပြန်လျှောက်လာခဲ့သည်။

"အားလုံး နည်းနည်းစီစားလိုက်ကြ... နွေးသွားလိမ့်မယ်" လော်ယွမ်က မြွေရေခွံကို ချထားလိုက်သည်။

အသားစိမ်းစားခြင်းကို လူတိုင်း ကျင့်သားရနေပြီဖြစ်ရာ တစ်ယောက်တစ်ချပ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ကြသည်။ အမြဲတစေ တိတ်ဆိတ်ငြိမ်သက်နေသော မုဝမ်ဝမ်ပင်လျှင် မျက်နှာအမူအရာမပြောင်းဘဲ တစ်ချပ်ယူလိုက်သည်။

"ဒါက ဟိုမြွေကြီးရဲ့အသား မဟုတ်လား... ခင်ဗျားတို့ ဒီအတိုင်းစားကြတာလား" တပ်ခွဲမှူးရှက ပြောရင်း မာကြောသောအသားကို အားကုန်ကိုက်လိုက်သော်လည်း မည်သို့မျှ ကြေမွသွားခြင်းမရှိပေ။

"ဒီလိုမစားရင် ဘယ်လိုစားရမှာလဲ" ဟော်တုံက ဝါးပင်မဝါးဘဲ တစ်လုပ်တည်းမျိုချလိုက်ပြီး သံသယဖြင့် မေးလိုက်သည်။

"အမှုန့်ကြိတ်ပြီးမှ စားကြတာ... ဒီလိုအရာမျိုးက ကိုက်လို့ကိုမရဘူးလေ" တပ်ခွဲမှူးရှက အတော်ကြာ ကိုက်ကြည့်သော်လည်း မကြေမွသောကြောင့် အခြားသူများကဲ့သို့ပင် အတင်းမျိုချလိုက်ရသည်။

"ကျွန်တော်တို့က ဘယ်လိုလုပ် အမှုန့်ကြိတ်နိုင်နမှာလဲ... စားစရာရှိတာနဲ့တင် ကျေးဇူးတင်နေရတာ" လော်ယွမ်လည်း တစ်ချပ်ယူ၍ ပါးစပ်ထဲသို့ထည့်ကာ ခပ်ယဲ့ယဲ့ပြုံးရင်း ဆိုသည်။

"ဒါလည်း ဟုတ်တာပဲ" တပ်ခွဲမှူးရှက အချပ်အနည်းငယ်စားပြီးနောက် ဆက်မစားတော့ပေ။ သူ၏မျက်နှာမှာ ဆူပွက်နေသော သွေးစွမ်းအင်ကြောင့် နီရဲနေသည်။

ပေါင်ဝက်ခန့်ရှိသော နှလုံးသားကို လူအများ ခွဲဝေစားသုံးရာ ခုနစ်ချပ်၊ ရှစ်ချပ်ခန့် ကျန်ရှိနေသေးပြီး အားလုံးကို လော်ယွမ်ကပင် အကုန်စားသုံးလိုက်သည်။ နောက်ဆုံးတွင် သူက အများဆုံးစားသုံးသူ ဖြစ်သွားသည်။ သို့သော် လူတိုင်း၏မျက်နှာမှာ နီရဲနေသော်လည်း လော်ယွမ်၏မျက်နှာမှာမူ ပုံမှန်အတိုင်းပင်ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

နှလုံးနေရာတွင် တက်ကြွစွမ်းအင်အစိုင်အခဲတစ်ခု ဖြစ်ပေါ်လာပြီးနောက် ဤကဲ့သို့သော အရာများကို မည်မျှပင်စားသုံးစေကာမူ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပေ။ သူ၏အစာစားချင်စိတ်မှာလည်း ပိုမိုကြီးမားလာပြီး စွမ်းအင်အများစုကို ထိုတက်ကြွစွမ်းအင်အစိုင်အခဲက စုပ်ယူသွားသည်။

ထိုအချိန်တွင် ကျိုးယလီ၏အမူအရာမှာ အနည်းငယ် မသက်မသာဖြစ်နေပြီး ကိုယ်က အရက်မူးနေသူတစ်ဦးကဲ့သို့ ယိမ်းထိုးနေသည်။ ရုတ်တရက် သူမ၏ကိုယ် ယိုင်သွားပြီး ဖြည်းညှင်းစွာ လဲကျသွားသည်။ ဘေးမှ ဝမ်ရှကွမ်က သူမ၏ထူးခြားမှုကို သတိပြုမိသွားပြီး အလျင်အမြန် ထိန်းပေးလိုက်သည်။ သူမ၏နဖူးကို အသာအယာစမ်းကြည့်လိုက်ပြီးနောက် လျှပ်စစ်အလိုက်ခံရသလို လက်ကိုပြန်ရုတ်လိုက်ကာ အံ့ဩတကြီးဆိုသည်။ "သူ... သူ... ဆင့်ကဲပြောင်းလဲတော့မယ်"

ဆက်ရန်...

All Chapters