← Chapters

အင်ပါယာပရောဂျက် – ယူနစ် ၀၁

Vol. 23 Ch. 332

အင်ပါယာပရောဂျက် – ယူနစ် ၀၁

Vol. 23 Ch. 332

နှင်းတစ္ဆေအလုံးအရင်းသည် ရူးသွပ်စွာ ပျောက်ကွယ်သွားသည်၊၊ တစ်ချိန်တည်းမှာပင် အကြီးစား မြေတွင်းအောင်း ပိုးကောင်ကြီးတစ်ကောင်သည် မြေကြီးထဲသို့ အရူးအမူး တူးဝင်သွားလေ၏။ ၎င်း၏ ပေါ်ထွက်နေသော တောင်တစ်ခုအလား ကြီးမားသည့် ကိုယ်ထည်သည် လက်နက်ကြီးများ၏ အဓိကပစ်မှတ် ဖြစ်လာခဲ့ရာ ကျည်ဆန်များနှင့် ဒုံးကျည်များသည် နေရာအနှံ့သို့ မိုးသီးသဖွယ် ရွာကျနေလေ၏။

သို့သော်လည်း ဆက်တိုက်ဆိုသလို ကျရောက်လာသော လက်နက်ကြီးများ၏ ပစ်ခတ်ခြင်းကို ခံနေရသော်ငြား ထိုထူးဆန်းသည့် သတ္တဝါကြီးမှာ အထိအခိုက်မရှိ ပကတိအတိုင်းပင် ရှိနေဆဲဖြစ်သည်။ ၎င်း၏ အနက်ရောင်အသားစိုင်များမှာ ထိခိုက်မှု မရှိဘဲ ကြီးမားသော ပေါက်ကွဲမှုများက ၎င်း၏ ကိုယ်ပေါ်တွင် အသေးစားမီးပွားများကိုသာ ဖြစ်ပေါ်စေခဲ့၏။

မြေကြီးကို တုန်ခါစေခဲ့သော ထိုသတ္တဝါကြီး မြေအောက်သို့ ပျောက်ကွယ်သွားသည်ကို လူတိုင်းက အံ့သြတုန်လှုပ်စွာ ကြည့်ရှုနေကြလေသည်။

နှင်းများနှင့် ဖုန်မှုန့်များ ဝေ့ဝဲတိုက်ခတ်လာပြီး ချောက်ကမ်းပါးအစွန်းရှိ ကြီးမားသော သိပ်သည်းမနေသော နှင်းပုံကြီးများမှာ စတင်ပြိုကျလာ၏။

ကီကီ၏ စိတ်စွမ်းအင်သုံး တိုက်ခိုက်မှုသည် ချက်ချင်း အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ရာ နှင်းများထဲမှ ထွက်ပေါ်လာသော နှင်းတစ္ဆေများကို လက်နက်ကြီးများ၏ ပစ်မှတ်ဖြစ်သွားစေခဲ့သည်။

ရှေ့တန်းရှိ နှင်းအလွှာများပေါက်ကွဲသွားသည်နှင့် မွန်းစတားများသည် ပုန်းအောင်းစရာ နေရာမရှိတော့ဘဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အားပြင်းသော သတ္တုကျည်ဆန်စီးကြောင်းများ၏ ဒဏ်ကို ခံရကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကြတော့၏။

ကမ်းပါးဘေးရှိ မြေမျက်နှာပြင်မှာ သဘာဝအတိုင်း ကျဉ်းမြောင်းနေသောကြောင့် ကာကွယ်ရေးလိုင်းကို ထိန်းထားရန် လွယ်ကူစေခဲ့သည်။ အများအပြား စုပုံလာသော သတ္တဝါများမှာ ရွေ့လျားစွမ်းအင်သုံးလက်နက်များ၏ ပစ်ခတ်မှုကို ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း မရှိကြပေ။

၎င်းတို့၏ အပေါ်မှ အတောင်ပံပါသော ထူးဆန်းသည့် သတ္တဝါများက နှင်းမုန်တိုင်းကြားမှ ထိုးဆင်းရန် ကြိုးစားခဲ့သော်လည်း နဂါးတောင် ၁ ၏ အဓိက လက်နက်စခန်းမှ လေကြောင်းရန် ကာကွယ်ရေး အမြောက်ကြီးများက အသက်ဝင် လှုပ်ရှားလာ၏။

ကောင်းကင်တွင် ပေါက်ကွဲသံများ ပြည့်နှက်နေပြီး ရေခဲချောက်ကမ်းပါးတစ်ခုလုံးသည် ထူထပ်ကာ မွှန်ထူနေသော မီးခိုးများဖြင့် ဖုံးလွှမ်းလာသည်။

ဝုန်းး

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွား၏။ မြေအောက်ရှိ တွင်းနက်ပိုးကောင်ကြီးမှာ ပြန်လည် လှုပ်ရှားလာခြင်းဖြစ်သည်။

ရှီတိယွမ်သည် နှင်းများ တုန်ခါနေသည်ကို ကြည့်ကာ မျက်နှာပျက်သွား၏။ သူသည် ဘေးဘက်သို့ တံတွေးထွေးချလိုက်ပြီးနောက် သူ့နောက်မှ စခန်းဘက်သို့ လှည့်လိုက်သည်။

“ကပ္ပတိန်ယု…အဲ့ဒီကောင် ပြန်ပေါ်လာတော့မယ်…အသင့်ပြင်ထား”

ဟူး-မ်-မ်-မ်

ဝူး-

ခဏအကြာတွင် ဧရာမစက်ရုပ်ကြီးဆီမှ မိုးခြိမ်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာကာ မုန်တိုင်းထန်နေသော လေထုကိုပါ တုန်ခါသွားစေ၏။

နျူကလီးယားစွမ်းအင်သုံး တာဘိုင်အင်ဂျင်တစ်ခုသည် ရုတ်တရက် နိုးထလာကာ အနီးနားရှိ လူတိုင်း၏ အရိုးများကိုပင် တုန်ယင်စေနိုင်သည့် အသံပြင်းပြင်းနှင့် ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ဂါးးး

နှင်းတစ္ဆေအလုံးအရင်းသည် ချက်ချင်းပင် ကသောင်းကနင်း ဖြစ်သွားကြသည်။

မြေအောက်မှ တုန်ခါမှုများပင်လျှင် ပိုမို ရှုပ်ထွေးလာကာ နှင်းထူထပ်သော လွင်ပြင်ကို သမုဒ္ဒရာကဲ့သို့ လှိုင်းထစေခဲ့သည်။

ခဏအကြာတွင် တုန်ခါမှုများမှာ တဖြည်းဖြည်းဝေးသွားသည်၊၊ အင်ဂျင်၏ ဟိန်းသံသည် ဖုတ်ကောင်အုပ်စုကို မောင်းထုတ်လိုက်ဟန်တူသည်။

နှင်းတစ္ဆေ အများအပြားနှင့် ခြေလေးချောင်းပါသော နှင်းမွန်းစတားများသည် နှင်းမုန်တိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားကာ ပစ်ခတ်မှုဧရိယာမှ လွတ်မြောက်သွားကြသည်။

“ပစ်ခတ်မှု ရပ်”

“ကျည်ဆံ ချွေတာကြ”

“ဖယ်ပေးပြီး သူတို့ကို ဖြတ်သွားခွင့်ပေးလိုက်”

မွန်စတားများ ဆုတ်ခွာသွားသည်နှင့် ကာကွယ်ရေးလိုင်းတစ်လျှောက်ရှိ ပစ်ခတ်မှု မုန်တိုင်းမှာ တိတ်ဆိတ်သွားခဲ့သည်။

ရှေ့တန်းတွင် သံချပ်ကာအပြည့် တပ်ဆင်ထားသည့် ထရပ်ကားတစ်စီး ရှေ့သို့ ရွေ့လျားလာကာ အတားအဆီးများကြားတွင် ကွက်လပ်တစ်ခု ဖန်တီးပေးလိုက်သည်။

လင်းရှန်သည် ၎င်း၏ ဝင်ရိုးစွန်းယာဉ်ကို မောင်းဝင်သွားရာ အတွင်း၌ ဖီးနစ်တံဆိပ်များပါသည့် ယာဉ်များအပါအဝင် ယာဉ်အများအပြားကို ရပ်ထားသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ယာယီစခန်းတစ်ခု ဖြစ်သည်။

ဝူး-

နျူကလီးယားစွမ်းအင်သုံး တာဘိုင်အင်ဂျင်သည် တဖြည်းဖြည်း ရပ်တန့်သွားကာ ၎င်း၏ နောက်ဆုံး ပဲ့တင်သံများသည် အေးခဲနေသော လေထဲတွင် သေခြင်းတရား၏ အော်ဟစ်သံကဲ့သို့ ပျံ့လွင့်နေခဲ့သည်။

လင်းရှန်နှင့် ကီကီတို့သည် မသိစိတ်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ဧရာမ လူပုံသဏ္ဌာန်ရှိသော စက်ရုပ်ကြီးတစ်ကောင်သည် မြေပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ မတ်တပ်ရပ်နေပြီး ၎င်းတို့အား အထက်စီးမှ ငုံ့ကြည့်နေ၏။

၎င်း၏ ကိုယ်ထည် အစိတ်အပိုင်းအချို့သာ ပေါ်နေသော်လည်း ထိုစက်ကြီးမှာ ဆယ်ထပ်တိုက်၏ အမြင့်နှင့် ညီမျှသော ၃၀ မီတာထက်ပင် ပိုမိုမြင့်မားနေသည်။

ထိုစက်ရုပ်ကြီးသည် ရေခဲချောက်ကမ်းပါးထဲတွင် တစ်ကိုယ်လုံး ဒူးထောက်ထားပြီး ၎င်း၏ ကြီးမားသော လက်သီးတစ်ဖက်ကို ကမ်းပါးဘေးတွင် ချထား၏။

၎င်း၏ ပခုံးသံချပ်ကာမှ အက်ကွဲကြောင်းများကြားမှ နှင်းများနှင့် လေများ ဝေ့ဝဲတိုက်ခတ်နေသည်။

တစ်ချိန်က အပြစ်အနာအဆာမရှိသော နက်ပြာရောင် သံချပ်ပြားများမှာ ယခုအခါ စစ်ပွဲဒဏ်ရာများဖြင့် ပြည့်နေပြီ ဖြစ်သည်။

ကြီးမားသော နျူကလီးယားတာဘိုင် ရင်းမြစ်အူတိုင်တစ်ခုသည် ၎င်း၏ ရင်ဘတ်တွင် မှိန်ဖျော့ဖျော့ လိမ္မော်ရောင် အလင်းဝိုင်းဖြင့် တောက်ပနေဆဲ ဖြစ်သည်။

သို့သော် ၎င်း၏ ဘယ်ဘက်လက်မောင်းမှာ ပြင်းထန်စွာ ပျက်စီးနေ၏။ ခြောက်ထောင့်ပုံစံ ဟိုက်ဒရောလစ်ပိုက်လုံးများ ပေါ်လွင်နေသည့် ပြဲအာနေသော ဒဏ်ရာကြီးမှာ ကြေမွသွားသော ပျားအုံကဲ့သို့ ဖြစ်နေသည်။

ပိုက်လုံးများမှ ရွှေရောင်အေးခဲအရည်များ ယိုစိမ့်ကျနေကာ မီတာဝက်ခန့် ရှည်လျားသော ရေခဲချောင်းများကို ဖြစ်ပေါ်နေစေ၏။

ဘယ်ဘက် ပခုံးသံချပ်ကာမှာ အပြင်ဘက်သို့ ကွာကျနေပြီး တန်ပေါင်း သောင်းနှင့်ချီသော ဖိအားကို ခံနိုင်သော ကာဗွန်ဂီယာရိုးတံနှင့် သတ္တုစပ်အရိုးများကို ဖော်ထုတ်ပြသနေသည်။

လင်းရှန်၏ မျက်ခွံများ လှုပ်ခါသွား၏။

“လခွမ်း…”

“ဖီးနစ်က ဒီလောက်ကြောက်စရာကောင်းတဲ့ အရာကို တကယ် တည်ဆောက်ခဲ့တာလား”

ဤသံမဏိဘီလူးကြီးကို မြင်လိုက်ရသည့်အခါ သူ၏ ယန္တရားနှလုံးသားသည် သူ့အလိုလို အသက်ဝင်လုနီးပါး ဖြစ်သွားလေ၏။

ဝှစ် ဝှစ် ဝှစ်

တိုက်ပွဲပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကာကွယ်ရေးလိုင်းသည် လျင်မြန်စွာ ပြန်လည်စုစည်းလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လူအုပ်စုတစ်စုသည် လင်းရှန်၏ ယာဉ်ဆီသို့ အလျင်အမြန် ပြေးလာကြသည်။

ရှီတိယွမ်က ဦးဆောင်လာပြီး လင်းရှန်နှင့် နန်ကျင်းတို့ ထွက်လာသည်ကို တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အံ့သြမှုနှင့် သက်သာရာရမှု နှစ်မျိုးစလုံး ပေါ်လွင်နေ၏။

“ငါတို့ အချက်ပြရတုန်းက ဖီးနစ်က အထောက်ပံ့ယာဉ်တွေလို့ ထင်ခဲ့တာ။ မင်းတို့တွေက ဘယ်လိုလုပ် ရောက်လာတာလဲဟ”

“သေချာပေါက်…ရှင်တို့ကို လာရှာတာပေါ့” နန်ကျင်းက ပြန်ဖြေလိုက်ပြီး ရှီတိယွမ်၏ နောက်ကွယ်မှ အသက်ရှင်ကျန်ရစ်သူများကို အကဲခတ်လိုက်သည်။

သူမ မျက်မှောင်ကြုတ်သွား၏။

“ဟူးး…ရှင်တို့တွေ သေကုန်ကြပြီ ထင်တာ…ဘယ်လိုလုပ် ရှင်တို့အားလုံး ဒီကို ရောက်ပြီး ပိတ်မိနေကြတာလဲ”

“ယို့ အစ်မနန်”

ရှီတိယွမ်၏ အနောက်မှ ဝဖိုင့်သော အမျိုးသားတစ်ဦး…ဝက်ဝံ (fat cat=ဝက်ဝံဟု ပြောင်းသုံးသွားပါမည်) ဟု အမည်ပြောင်ပေးထားသူက အံ့သြတုန်လှုပ်စွာ အော်ပြောလိုက်သည်။

“နေဦး… မင်းတို့ နည်းနည်းလေးပဲ ပါလာတာ ဘာဖြစ်တာလဲ။ မင်းတို့ စီလန်မြို့က လာတာ မဟုတ်ဘူးလား။ ဖီးနစ်ရဲ့ အင်အားဖြည့်တင်းရေးအဖွဲ့က ဘယ်မှာလဲ”

“ဟုတ်တယ် မင်းတို့ပဲလား”

“အားဖေး၊ ရှောင်ချင်း…ငါတို့ရဲ့ အဓိက အဖွဲ့ဝင်တွေက ကျန်တဲ့လူတွေ ဘယ်မှာလဲ”

“ငါတို့ ထားခဲ့တဲ့ နေရာမှာပဲ ရှိသေးတယ်”

နန်ကျင်း သက်ပြင်းချလိုက်ပြီးနောက် ရှီတိယွမ်ဘက်သို့ လှည့်လိုက်သည်။

“နဂါးတောင် ၁ က မုန်တိုင်းမိသွားတယ်။ အဲဒါအပြင် မွန်းစတားအုပ်ကြီးနဲ့လည်း တိုးတယ်။ ငါတို့ရဲ့ နံပါတ် ၃ လျှပ်စစ် ရထားခေါင်း ပျက်သွားလို့ နှင်းထဲမှာ နှစ်ရက်ကြာအောင် ပိတ်မိနေခဲ့တာ။”

“အဲဒီနောက် လင်းရှန်နဲ့ အနန္တရထား ရောက်လာခဲ့တယ်။ သူက ရထားခေါင်းကို ပြုပြင်ပေးခဲ့တယ်။ စီလန်ကို မသွားခင် ရှင်တို့ကို စစ်ဆေးချင်လို့။ ရှင်တို့လည်း ဒီမှာ ပိတ်မိနေတာ မမျှော်လင့်ထားဘူး”

“ပိတ်မိနေတယ် ဟုတ်လား”

ရှီတိယွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်သည်။

“ဖာ့ခ်… ငါတို့ အခု လုံးဝ ဒုက္ခရောက်နေတယ်။ ဖီးနစ်က စစ်ကူမလာရင် ငါတို့ အားလုံး သေရတော့မယ်”

လင်းရှန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှီတိယွမ်၏ အဖွဲ့မှအပ အခြား အသက်ရှင်ကျန်ရစ်သူယာဉ်တန်း လေးငါးခုခန့်ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ရှိသည်။

သူတို့အားလုံး ဒီနေရာတွင် ပိတ်မိနေပုံရသည်။

All Chapters