← Chapters

ဘူထျန်းဂိုဏ်း၏ အစဉ်ရှေးမြတ် အကြီးအကဲ ဟုတ်လား… ရိုက်သတ်ခြင်း ခံလိုက်ရ၏

Vol. 4 Ch. 50

ဘူထျန်းဂိုဏ်း၏ အစဉ်ရှေးမြတ် အကြီးအကဲ ဟုတ်လား… ရိုက်သတ်ခြင်း ခံလိုက်ရ၏

Vol. 4 Ch. 50

ဤအခိုက်တွင် စုရွှမ်က လမ့်ရိုလီနှင့် ခွဲခွာ၍ စုမိသားစု ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲ၌ လှိုင်းဂယက်ငယ်တစ်ခု ထသွား၏။

အစောက မာန်ဝင့်လှသော စကားသံများမှာ စုမိသားစု၏ တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုစကားများက စုရွှမ်၏ နှလုံးသားကိုပင် အနည်းငယ် တက်ကြွ လာစေခဲ့၏။

တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေး၏ စကားသံ ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံးမှာ ရုတ်တရက်ပင် တိတ်ဆိတ်သွားခဲ့သည်။

တစ်ခဏအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ စကားပြောဝံ့သူ မရှိတော့ချေ။

ကောင်းကင်နှင့် မြေကြီးကြား၌ လေးနက်သော တိတ်ဆိတ်မှုတစ်ခုသာ လွှမ်းခြုံနေ၏။

"သခင်ရွှမ်ကျီ… ခင်ဗျား တကယ်ပဲ… ဒီလိုလုပ်တော့မှာလား"

ဘူထျန်းဂိုဏ်းချုပ်က မျက်နာပျက်သော အမူအရာနှင့် ပြောလိုက်သည်။

"စုမိသားစုမှာ ခင်ဗျားလို ပုဂ္ဂိုလ်ကြီး ရှိတယ်ဆိုရင်တောင် ငါတို့ အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ဂိုဏ်း၂ဂိုဏ်းနဲ့ ထိုက်ရွှမ်ဂိုဏ်းမှာလည်း ဖုံးကွယ်ထားတဲ့ အင်အားတွေ ရှိသေးတယ်… ခင်ဗျား တကယ်ပဲ စစ်ခင်းဖို့ ဆုံးဖြတ်ပြီးပြီလား…"

ဘူထျန်းဂိုဏ်းချုပ်၏ အသံမှာ နိမ့်ကျနေပြီး ခြိမ်းခြောက်ဟန် အနည်းငယ် စွက်နေ၏။

မှန်ပေသည်။ သူက လောင်းကြေးထပ်ကြည့်ချင်နေ၏။ တစ်ဖက်လူ၏ စိတ်ထဲ၌ ချီတုံချတုံ ဖြစ်မှု အစအနလေးများ ရှိနေမည်ဟု သူ မျှော်လင့်နေသည်။

ချီတုံချတုံ ဖြစ်မှု အစအနလေးများ ရှိနေသရွေ့ သူ၏ စကားများက တစ်ဖက်လူကို လက်လျှော့၍ နောက်ဆုတ်သွားစေနိုင်လောက်၏။

သို့သော်လည်း ကံဆိုးစွာပင် သူ လောင်းကြေး ရှုံးသွားခဲ့သည်။

ဘုန်း…။

ရွှေရောင် လက်ဝါးပုံရိပ်ကြီးတစ်ခုက ငါးချောင်းထောက်တောင်တန်းကြီးသဖွယ် အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။

တစ်မုဟုတ်ချင်းပင် ဘူထျန်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် ကြေမွသွားတော့၏။ ဘူထျန်းဂိုဏ်းချုပ် သေဆုံးသွားလေ၏။

ရှီး

ထိုအခါမှ လူအများအပြားမှာ အသက်ရှူမှားသွားကြသည်။

လူတိုင်းနီးပါး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး သူတို့မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြ၏။

စုမိသားစုက ဘူထျန်းဂိုဏ်းချုပ်ကို တိုက်ရိုက် သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

အထိတ်လန့်ဆုံးမှာ ကျန်ရှိနေသည့် အင်အားစု သုံးခုမှ လူများ ဖြစ်ကြသည်။

ဤအခိုက်အတန့်တွင် သူတို့၌ အစောက မောက်မာမှုများ မရှိကြတော့ပေ။ ထိုအစား သူတို့အားလုံးမှာ ခေါင်းငုံ့၍ ကျုံ့ကျုံ့လေး နေကြပြီး စုမိသားစု၏ တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးကို မော့ပင် မကြည့်ဝံ့ကြတော့ချေ။

နောက်တစ်စက္ကန့်တွင် သူတို့မှာ ဘူထျန်းဂိုဏ်းချုပ်ကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ရမည်ကို သူတို့ စိုးရိမ်နေကြသည်။

"မင်းတို့ဘာသာ အဆုံးစီရင်မလား… ဒါမှမဟုတ် ငါကိုယ်တိုင် လှုပ်ရှားပေးရမလား" တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေး၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

တစ်ခဏချင်းမှာပင် နေရာတစ်ခုလုံးက ရေခဲတမျှ အေးခဲသွားပြီး ပတ်ဝန်းကျင်မှ ဖိအားများက အလွန်အမင်း နိမ့်ကျသွား၏။

ကောင်းကင်နှင့် မြေကြီးကြား၌ လေးနက်သော တိတ်ဆိတ်မှုတစ်ခုသာ လွှမ်းခြုံနေသည်။

"စုရွှမ်ကျီ… မင်း အရမ်းလွန်လွန်းနေပြီ"

ရုတ်တရက် မိုးကြိုးစကားသံကဲ့သို့ အေးစက်သော အသံတစ်ခုက ထိုနေရာ၌ ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်ခဏချင်းမှာပင် လူတစ်ယောက်၏ ပုံရိပ်က မိုင်ပေါင်း ထောင်ချီကို ဖြတ်ကျော်၍ ထိုနေရာသို့ တိုက်ရိုက် ရောက်ရှိလာသည်။

ထိုသူမှာ မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာ မရေမတွက်နိုင်သော နှစ်များတစ်လျှောက် အတွေ့အကြုံများကြောင့် အိုမင်းရင့်ရော်နေ၏။

သူ၏ အရှိန်အဝါမှာ ချောက်နက်ကြီးသဖွယ်၊ ပင်လယ်ကြီးသဖွယ် နက်ရှိုင်းလှပြီး တိုင်းတာရန် ခက်ခဲလှ၏။ သူ၏ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသဖြင့် လူတိုင်းကို အံ့အားသင့်သွားစေသည်။

" မဟာအကြီးအကဲ… ဟားဟား… ငါတို့ ဘူထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ ရောက်လာပြီ… ငါတို့ အသက်ရှင်ခွင့် ရပြီ"

"ဒီနေ့ တာ့ယန် မြင့်မြတ်နယ်မြေနဲ့ စုမိသားစု အကုန်လုံး ပျက်သုဉ်းရလိမ့်မယ်"

ဘူထျန်းဂိုဏ်း၏ မဟာအကြီးအကဲမှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော အဘိုးကြီးတစ်ယောက် ဖြစ်၏။

သူ၏ အဆင့်အတန်းမှာ အလွန် မြင့်မားပြီး ဘူထျန်းဂိုဏ်း တစ်ခုလုံးတွင် အင်အားအကြီးဆုံး ဖြစ်တည်မှုလည်း ဖြစ်သည်။

ထို့ကြောင့် သူ၏ ရောက်ရှိလာမှုက ဘူထျန်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံးကို အလွန်အမင်း စိတ်လှုပ်ရှားစေပြီး သူတို့၏ နှလုံးသားများမှာလည်း ပြင်းပြသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့၏။

အစောက ဖိနှိပ်ခံထားရမှုများမှာ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်၏။

"ဒီပုဂ္ဂိုလ်က ဘူထျန်းဂိုဏ်းက ပုဂ္ဂိုလ်ကြီးလား… ကြားရတာတော့ လွန်ခဲ့တဲ့ နှစ်လေးထောင်ကတည်းက အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တစ်ခွင်လုံးမှာ လှည့်လည်သွားလာပြီး ပြိုင်ဘက် ရှားတယ်ဆိုပဲ… အခု ဒီလောက်ကြာတဲ့အထိ သူ အသက်ရှင်နေတုန်းလား… သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့် ရောက်နေပြီလဲ"

"သူတော်စင်အဆင့်ကို လွန်ခဲ့တဲ့ နှစ်လေးထောင်ကတည်းက ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပဲ… အခုဆိုရင် ပြိုင်ဘက်ကင်းနေလောက်ပြီ"

ဘူထျန်းဂိုဏ်းမှ မဟာအကြီးအကဲ ပေါ်ထွက်လာမှုက အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ အင်အားစုများအားလုံးကို အံ့အားသင့်သွားစေသည်။

ဘူထျန်းဂိုဏ်း၏ ဘက်တွင်မူ အင်အားစု သုံးခုမှ လူများအားလုံး၏ မျက်နှာများထက်၌ တောက်ပသော အပြုံးများ ပေါ်ထွက်လာပြီး အောင်ပွဲက သူတို့ လက်တစ်ကမ်းတွင် ရှိနေပြီဟု ထင်နေကြ၏။

"ရှီး… ဒီအဘိုးကြီးကတော့ ဒုက္ခများမယ့်ပုံပဲ…"

တာ့ယန် မြင့်မြတ်နယ်မြေမှ တပည့်များအားလုံးမှာ စိတ်ဓာတ်ကျသွားကြပြီး သူတို့၏ မျက်နှာများပေါ်၌ စိုးရိမ်မှုများ ပေါ်ထွက်လာသည်။

"ငါ့ထက်တောင်ကြီးတဲ့ သက်ကျားအိုကြီး ထွက်ပြီး ကြွားလုံးထုတ်ရဲသေးတယ်… ကိုယ့်ဟာကိုခေါင်းတလားထဲနေတာ မကောင်းလို့လား"

ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုအသံနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ရွှေရောင် လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းတစ်ခုက အလွန်အမင်း တောက်ပစွာ ရုတ်တရက် လင်းလက်လာ၏။

ဘုန်း။

"ဒါက… သူတော်စင်ဘုရင် တစ်ယောက်ရဲ့ စွမ်းအား… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

တစ်မုဟုတ်ချင်းမှာပင် ဘူထျန်းဂိုဏ်းမှ မဟာအကြီးအကဲကို ထိုအလင်းတန်းက တိုက်ရိုက် ထိုးဖောက်သွား၏။

သူက ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး သူ၏ သွေးများမှာ ကောင်းကင်ယံသို့ ပန်းထွက်သွားတော့၏။

"တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးက တကယ်ကိုသန်မာတာပဲ"

ရှီး…

လူတိုင်းမှာ အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများပေါ်၌ အလွန်အမင်း ထိတ်လန့်သော အမူအရာများ ပေါ်ထွက်လာကြသည်။

ဤသည်မှာ မည်သို့သော ခွန်အားမျိုး ဖြစ်သနည်း။

ထိုသူမှာ လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ခန့်က အရှေ့ပိုင်းစွန့်ပစ်နယ်မြေ စိုးမိုးခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ သို့သော်လည်း မြောက်ပိုင်းဒေသ စုမိသားစုမှ ဤပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်တွင်မူ သူက ပုရွက်ဆိတ် တစ်ကောင်သဖွယ် တစ်မုဟုတ်ချင်းပင် ချေမှုန်းခံလိုက်ရသည်။

ဤပုဂ္ဂိုလ်ကြီးမှာ မည်သည့် ကျင့်ကြံဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သနည်း။

ထိုနေရာရှိ မည်သူတစ်ဦးတစ်ယောက်မျှ သူ့အဆင့်ကို မမြင်နိုင်သကဲ့သို့ စိတ်ကူးပင် မယဉ်နိုင်ကြချေ။

"သွားပြီ… စုမိသားစုမှာ ဒီလို ပုဂ္ဂိုလ်ကြီးမျိုး ရှိနေတာပဲ… အရှေ့ပိုင်းစွန့်ပစ်နယ်မြေ မပြောနဲ့… ကျုံးကျိုးမှာတောင် သူက ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နေလောက်ပြီ…"

လူငယ်မျိုးဆက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

"စုမိသားစုက ဒီပုဂ္ဂိုလ်ကြီး အသက်ရှင်နေသေးရုံတင် မကဘူး… သူ့ကျင့်ကြံဆင့်က ငါတို့ မသိနိုင်တဲ့ အမြင့်တစ်ခုအထိကို တက်လှမ်းနေနိုင်ခဲ့တာပဲ"

အင်အားစု အသီးသီးမှ စုရွှမ်ကျီ၏ အကြောင်းကို ကြားဖူးသူများက သက်ပြင်းချလိုက်ကြသည်။

သို့ဖြစ်လျှင် ကျုံးကျိုးမှလွဲ၍ မြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ စုမိသားစုမှ ဤပုဂ္ဂိုလ်ကြီး၏ လက်အောက်သို့ ကျရောက်သွားနိုင်ဖွယ် ရှိသည်။

ဤအခိုက်အတန့်တွင် ထိုနေရာမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ပြဿနာတစ်ခုကို သဘောပေါက်သွားကြသည်။

ယနေ့မှစ၍ အရှေ့ပိုင်း တောနက်ဒေသ၏ ကောင်းကင်မှာ ပြောင်းလဲသွားတော့မည် ဖြစ်၏။

စုမိသားစုက မြောက်ပိုင်းဒေသတွင် ရှိသော်လည်း သူတို့၏ ဧကရာဇ်သားတော်မှာ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာ့ယန် မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော် ဖြစ်သည်။

ဤသည်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။

အနာဂတ် အရှေ့ပိုင်း တောနက်ဒေသတွင် တာ့ယန် မြင့်မြတ်နယ်မြေမှာ မည်သူမျှ ရန်မစဝံ့သည့် တစ်ခုတည်းသော သာလွန်သည့် အင်အားစု ဖြစ်လာတော့မည်ကို ကိုယ်စားပြု၏။

စုရွှမ်မှာလည်း တာ့ယန် မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော် ဖြစ်သည်သာမက မြောက်ပိုင်းဒေသ စုမိသားစု၏ ဧကရာဇ်သားတော်လည်း ဖြစ်လာပြီး မြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်း တောနက်ဒေသ၏ လူငယ်မျိုးဆက်များအကြား အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ရှီး…။

ဤသို့ တွေးမိသောအခါ လူတိုင်း၏ စုရွှမ်ထံသို့ အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။

စုမိသားစု၏ ဧကရာဇ်သားတော်၊ တာ့ယန်မြင့်မြတ်သားတော်၊ မဟာဧကရာဇ် ဖြစ်စဥ်နှစ်ခု၊ ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းရည်နှင့် သက်တူရွယ်တူများကို ချေမှုန်းနိုင်သော ကြောက်မက်ဖွယ် ခွန်အား။

ဤအရာများအနက်မှ မည်သည့်အရာတစ်ခုမဆိုက လူတိုင်းကို မနာလို ဖြစ်စေနိုင်လောက်၏။ ယခုအခါတွင်မူ ဤအရာအားလုံးမှာ လူတစ်ယောက်တည်း၌ စုစည်းနေပေသည်။

အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။

"မဟာရွှေခေတ်မှာ ပါရမီရှင်တွေက ကြယ်တွေလို ထွန်းလင်းတောက်ပကြတယ်… ဒါပေမဲ့ ကြယ်ပေါင်းများစွာထဲမှာ စုရွှမ်က အတောက်ပဆုံးပဲ… ငါတို့ကတော့ သူ့အတွက် နောက်ခံ သက်သက်ပဲ ဖြစ်လာမှာပါ…"

"ဒီမဟာခေတ်ကြီးရဲ့ တိုက်ပွဲမှာ ငါတို့မှာ စုရွှမ်လိုပါရမီလည်း မရှိဘူး… သူ့လို နောက်ခံလည်း မရှိဘူး… ငါတို့ကို နတ်ဘုရားရင်းမြစ်ထဲမှာ ချိပ်ပိတ်ပြီး နောက်ခေတ်ကြီးကို စောင့်သင့်တယ်နဲ့တူတယ်"

ပါရမီရှင် ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသည်။

"မင်းတို့ သုံးဖွဲ့မှာ နောက်ထပ် ရှေ့ထွက်ရဲတဲ့သူ ရှိသေးလား… ရှိရင် ကြိုက်သလောက် ခေါ်လိုက်… ဒီနေ့ ငါ စုရွှမ်ကျီ ဒီနေရာမှာ ရပ်ပြီး ကြေညာတယ်… ဘယ်ကောင်မဆို မကျေနပ်ရင် တစ်ယောက်လာ တစ်ယောက်သတ်မယ်… နှစ်ယောက်လာ နှစ်ယောက်သတ်မယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်တုန်းက ငါ စုရွှမ်ကျီ တစ်လောကလုံးကို အနိုင်ယူနိုင်ခဲ့တယ်…"

"ဒီနေ့လည်း ဒီလိုပဲ"

ဘုန်း.

စုမိသားစု၏ တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေး၏ စကားများမှာ မိုးခြိမ်းသံများကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား၌ ပေါက်ကွဲထွက်ပေါ်လာပြီး ငြင်းဆန်ရန် မဖြစ်နိုင်သော မာန်မာနများ ပါဝင်နေကာ လောကကြီးကို အထင်သေးစွာ ကြည့်ရှုနေပြီး တားဆီးရန် မဖြစ်နိုင်ချေ။

လေဟာနယ်ထဲ၌ တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေး၏ ဝတ်ရုံများက တဖျပ်ဖျပ် လွင့်ခါနေပြီး သူ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်များက ပေါက်ကွဲထွက်ကာ သူ၏ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံ၍ အဆုံးမဲ့သော ဂုဏ်ကျက်သရေကို ထုတ်ဖော်နေသည်။

ဘုန်း..။

ကြီးမားသော လက်တစ်ဖက်က ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ အောက်သို့ ကျဆင်းလာ၏။

"ပြေး… မြန်မြန်ပြေး… စုမိသားစုက ငါတို့ကို အကုန်သတ်တော့မယ်"

တစ်ခဏချင်းမှာပင် အင်အားစု သုံးခုမှ လူများအားလုံးက အော်ဟစ်၍ အလင်းတန်းများအဖြစ် ထိတ်လန့်တကြား ထွက်ပြေးကြသည်။

သို့သော် တစ်ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေး၏ ခွန်အားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။

တစ်ခဏချင်းမှာပင် အင်အားစု သုံးခုမှ လူများအားလုံးမှာ လက်ဝါးတစ်ချက်တည်းဖြင့် ကြေမွသွားပြီး သွေးမှုန်များအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးပေါ်သို့ ပျံ့လွင့်သွားတော့သည်။

လက်ဝါးတစ်ချက်ဖြင့် အပြည့်အဝ ချေမှုန်းခြင်းပင်။

အင်အားစု သုံးခု ရောက်ရှိလာစဉ်က တာ့ယန် မြင့်မြတ်နယ်မြေကို မြေလှန်ပစ်မည်ဟု ယုံကြည်မှုရှိစွာ ကြွေးကြော်ခဲ့သည်ကို မှတ်မိနေကြသေး၏။

ယခုအခါတွင်မူ သူတို့၏ မူလဝိညာဉ်များပင် ပျက်သုဉ်းကာ အားလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြား၌ လေးနက်သော တိတ်ဆိတ်မှုသာ လွှမ်းခြုံနေပြီး အခြား အင်အားစုများမှ ကျင့်ကြံသူများမှာ အသံပင် မထွက်ဝံ့ကြတော့ပေ။

ကြောက်စရာ ကောင်းလှ၏။ အလွန် ကြောက်စရာ ကောင်းလှ၏။

စုမိသားစုမှ ဘိုးဘေးကြီးတွင် ကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်သော နည်းလမ်းများ ရှိနေပြီး သူတို့ကို ရန်စရန် မတတ်နိုင်တော့ချေ။

"ရှောင်ရွှမ်… ငါ ဒီအင်အားစု သုံးခုကို သွားချေမှုန်းလိုက်ဦးမယ်"

ဤစကားကို ချန်ထားခဲ့ပြီးနောက် စုရွှမ်ကျီမှာ စုမိသားစုမှ လူအချို့နှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

All Chapters