ကျဲ့’ စကားလုံး၏ လျှို့ဝှက်ချက်။ ဒါက ငါရဲ့ကိုယ်ပိုင်ကမ္ဘာ။
Vol. 4 Ch. 52
နေဝင်ချိန်မှာ သွေးကဲ့သို့နီရဲနေပြီး ကျန်ရစ်သောအလင်းရောင်မှာမူ စောင်းငဲ့စွာ တွဲခိုနေသည်။
တာယန်နန်းတော်ကြီးအတွင်း၌ တာယန်မြင့်မြတ်နယ်မြေသခင်နှင့် အကြီးအကဲများ၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေသခင်၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်နှင့် စုမိသားစုမှ ကျင့်ကြံသူတစ်စုတို့မှာ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြ၏။ လူတိုင်း၏ မျက်နှာပေါ်၌ အပြုံးကိုယ်စီရှိနေကြပြီး ပတ်ဝန်းကျင်အငွေ့အသက်မှာ အတော်ပင်သဟဇာတဖြစ်ကာ သာယာနေသည်။
“အကြီးအကဲတို့… သခင်စုနဲ့ အားလုံးပဲ… တာယန်ကို အခက်အခဲကနေ ကူညီကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
တာယန်မြင့်မြတ်နယ်မြေသခင်က လက်သီးဆုပ်၍ လေးလေးနက်နက် ဆိုလိုက်၏။
“ရပါတယ်… တာယန်မြင့်မြတ်သခင်… ငါရဲ့ယောင်ကွမ်းက တာယန်နဲ့ မိတ်ဖွဲ့ချင်နေတာကြာပါပြီ… ဒါပေမဲ့ သင့်တော်တဲ့အခွင့်အရေးကို ရှာမတွေ့ခဲ့လို့ပါ… ကြည့်ပါဦး… ဒီနေ့မှာပဲ အခွင့်အရေးတစ်ခု ရှာတွေ့သွားတယ် မဟုတ်လား”
ယောင်ကွမ်းမြင့်မြတ်နယ်မြေသခင်ကလည်း လက်သီးဆုပ်၍ ပြုံးကာ ဆိုလိုက်သည်။
”မြင့်မြတ်သခင်ကတော့ မြှောက်ပင့်လွန်းနေပြီ… ကျွန်တော့်စုမိသားစုရဲ့ ဧကရာဇ်သားတော်က တာယန်မြင့်မြတ်နယ်မြေမှာ မြင့်မြတ်သားတော်ရာထူးကို ရယူထားတာက မြင့်မြတ်သခင်ရဲ့တန်ဖိုးထားမြင်တတ်မှုကြောင့်ပါ…”
“ဒါ့အပြင် ရွှမ်အာက သူ မြင့်မြတ်နယ်မြေမှာရရှိတဲ့ ဦးစားပေးမှုတွေအကြောင်း တို့ကို အမြဲပြောပြနေတာကြောင့် တို့ အလွန်စိတ်အေးရပါတယ်…”
“ဒါကြောင့် တို့ အင်အားကြီးနှစ်ဖွဲ့က သဘာဝအတိုင်းပဲ စစ်မှန်တဲ့မဟာမိတ်တွေ ဖြစ်သင့်ပါတယ်”
စုယွင်ထျန်းက ပြုံး၍ ဆိုလိုက်သည်။
“ဟားဟားဟား… ဒီကလေး စုရွှမ်ကို ငါ ငယ်ငယ်လေးကတည်းက ကြည့်လာတာပါ… သူ့ရဲ့အရည်အချင်းက အလွန်မြင့်မားပြီး ဉာဏ်ရည်လည်းထက်မြက်တယ်… သူက ခေတ်တစ်ခေတ်ရဲ့ကံကြမ္မာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်”
“ဒါကြောင့် စုရွှမ် မြင့်မြတ်နယ်မြေကို ဝင်လာတဲ့အချိန်ကစပြီး ငါ သူ့ကို မြင့်မြတ်တဲ့သားတော်အဖြစ် သတ်မှတ်ပြီး အားသွန်ခွန်စိုက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ… ကံကောင်းစွာနဲ့ပဲ စုရွှမ်က ငါတို့ကိုစိတ်မပျက်စေပဲ သူ့ရဲ့လက်ရှိအမြင့်ကို ရောက်ရှိလာခဲ့တယ်”
တာယန်မြင့်မြတ်နယ်မြေသခင်က စကားပြောရင်း အတိတ်ကို ပြန်လည်အမှတ်ရလာပြီး သူ၏လေသံမှာ ချစ်ခင်မှုနှင့် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
စုရွှမ်ကိုကြည့်လိုက်သောအခါ သူမှာ ကျောက်စိမ်းကဲ့သို့သော မျက်နှာဖြင့် ခန့်ညားသော လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်၏။
သူ မှတ်မိသေးသည်မှာ စုရွှမ်မှာ ယခင်က တစ်နေကုန် ရယ်မောဆော့ကစားတတ်သော ကလေးဆိုးလေးတစ်ယောက် ဖြစ်ခဲ့၏။
တာယန်မြင့်မြတ်နယ်မြေသခင်က စုရွှမ်ကို ချီးကျူးလိုက်သောအခါ အကြည့်များစွာမှာ စုရွှမ်ထံသို့ လှည့်လာပြီး သူ့ကို အံ့ဩတကြီး ကြည့်ကြ၏။
ကျန်းယွဲ့၊ လမ့်ရိုလီ၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်…
ကျန်းယွဲ့မှာ သူမ၏သားအတွက် တန်ဖိုးထားမှုနှင့် ချစ်ခင်မှုကို ပြသ၏။
လမ့်ရိုလီမှာ စုရွှမ်အပေါ် အနည်းငယ် စူးစမ်းလိုစိတ်ကို ခံစားနေရ၏။
ယောင်ကွမ်းမြင့်မြတ်သမီးတော်၏ မျက်လုံးများမှာမူ ကြယ်လေးများဖြင့် ပြည့်နှက်နေပြီး သူမ၏လေးစားကြည်ညိုမှုမှာ အရိုင်းဆန်စွာ လှိုင်းထန်နေခဲ့သည်။
စုရွှမ်၏ တည်ငြိမ်သောအမူအရာနှင့် သိမ်မွေ့သောမျက်နှာကိုကြည့်ရင်း ယောင်ကွမ်းမြင့်မြတ်သမီးတော်၏ မျက်လုံးများမှာ ထူးခြားသော အရောင်အဝါများဖြင့် တောက်ပနေပြီး သူမ၏နှလုံးသားထဲတွင် လှိုင်းဂယက်များ ထနေခဲ့သည်။
ထိုနေ့က စုရွှမ်၏ အနာဂတ်တစ်စွန်းတစ်စကို မြင်လိုက်ရသည့်အချိန်မှစ၍ ယောင်ကွမ်းမြင့်မြတ်သော သမီးတော်၏ စုရွှမ်အပေါ် စွဲလန်းမှုမှာ ထိန်းချုပ်မရ ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ထိုစွဲလန်းမှုမှာ သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲနုတ်ရန် မဖြစ်နိုင်တော့ပေ။
သူမက စုရွှမ်ကို သူမအပေါ် ချစ်လာအောင် မည်သို့ပြုလုပ်နိုင်မည်နည်း။
ယောင်ကွမ်းမြင့်မြတ်သမီးတော်မှာ သူမ၏စိတ်ထဲတွင် ဤမေးခွန်းကို တွေးတောနေခဲ့သည်။
ကျန်ရှိသော အချိန်များတွင် လူတိုင်းမှာ စိတ်နှလုံးရွှင်ပြစွာ သောက်စားပျော်ပါးကြသည်။
ထို့နောက်တွင် လူတိုင်း ထွက်ခွာသွားကြ၏။ လမ့်ရိုလီမှာလည်း စုရွှမ်ကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွား၏။
လမ့်ရိုလီနှင့် နှိုင်းယှဉ်လျှင် ယောင်ကွမ်းမြင့်မြတ်သမီးတော်မှာမူ ထွက်ခွာရန် ပို၍တွန့်ဆုတ်နေပုံရပြီး မြင့်မြတ်နယ်မြေကို မကြာခဏ လှည့်ကြည့်နေခဲ့သည်။
စုရွှမ် နိုးလာသောအခါ စနစ်၏အချက်ပေးသံမှာ သူ့စိတ်ထဲတွင် အချိန်မှန် ထွက်ပေါ်လာသည်။
“ လက်ထပ်ပြီး ဆယ့်နှစ်ရက်မြောက်နေ့ တွက် မဟာဧကရာဇ်ဖြစ်စဥ်တစ်ခုဖြစ်သော ပင်လယ်ထက်မှလမင်း ကို ဆုချီးမြှင့်လိုက်ပါသည်။”
တစ်ခဏချင်းမှာပင် စုရွှမ်၏ နောက်ကွယ်တွင် ညကောင်းကင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ညကောင်းကင်အောက်တွင် တိမ်ပြာရောင်ပင်လယ်ပြင်မှာ လှိုင်းထန်နေပြီး အလင်းရောင်ဖြင့် တလက်လက်တောက်ပနေကာ ဒီရေများ တက်လိုက်ကျလိုက် ဖြစ်နေသည်။
တောက်ပရှင်းလင်းသော လမင်းကြီးတစ်စင်းမှာ ကောင်းကင်ယံ၌ တည်ရှိနေပြီး ၎င်း၏မြင့်မြတ်သောအလင်းရောင်က ဖြာကျနေခဲ့သည်။
၎င်းက စုရွှမ်ကို လောကသို့ ဆင်းသက်လာသော အမတတစ်ပါးကဲ့သို့ ပို၍လောကီဆန်ပြီး ထူးခြားဆန်းကြယ်စေခဲ့သည်။
ပင်လယ်ထက်မှ လမင်း။ နောက်ထပ် မဟာဧကရာဇ်ဖြစ်စဥ်တခု။
ကြွားဝါရန်နှင့် ကျင့်ကြံရာတွင် အထောက်အကူပြုရန် ကောင်းမွန်လှ၏။
စုရွှမ် ပြုံးလိုက်ပြီး မြင့်မြတ်သားတော်ခန်းမဆောင်မှ ထွက်ခွာကာ မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ ပျံသန်းသွားခဲ့သည်။
…
“စုရွှမ်… မနေ့က စုမိသားစုရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေ ရောက်လာတယ်… ငါ လက်တောင်မလှုပ်ခဲ့ရဘူး… ဒါပေမဲ့ နောက်တစ်ခါတော့ လှုပ်မှာပါ”
တားမြစ်နယ်မြေထဲ၌ အစိမ်းရောင်ဝတ်ရုံနှင့် တာယန်ဘိုးဘေးကြီးက စုရွှမ်အား ညင်သာစွာပြုံး၍ ပြောလိုက်သည်။
“ရပါတယ်… ဘိုးဘေးကြီး… ဘိုးဘေးကြီးရဲ့လက်ရှိအခြေအနေက တကယ်ပဲ လှုပ်ရှားဖို့ မသင့်တော်ပါဘူး… ကျွန်တော့်မျိုးနွယ်က အင်အားကြီးပုဂ္ဂိုလ်တွေသာ မလာခဲ့ရင် ကျွန်တော်တို့ရဲ့အရင် ကြိုးပမ်းမှုတွေအားလုံး အလဟဿဖြစ်သွားမှာ…”
စုရွှမ်က ညင်သာစွာ ပြောလိုက်သည်။
“အင်း… ဒါလည်း ဟုတ်တာပဲ”
တာယန်ဘိုးဘေးကြီးက ရယ်မောလိုက်ပြီးနောက် ခဏရပ်ကာ ဆက်ပြော၏
“ဒါပေမဲ့ မင်းကို တစ်ခုခုတကယ်ဖြစ်သွားခဲ့ရင် ရှုံးသွားမှာက ငါပဲလေ… ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ရတနာလေးပဲ”
သာမန်စကားစမြည်ပြောပြီးနောက် စုရွှမ်မှာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ခေါက်ခွေထိုင်၍ ကျင့်ကြံလိုက်သောအခါ စုရွှမ်၏ နောက်ကွယ်တွင် မဟာဧကရာဇ်ဖြစ်ရပ်ဆန်းအမျိုးမျိုး ပေါ်ထွက်လာသည်။
ဟွမ်သွမ့်ကြာပန်းစိမ်း၊ ကောင်းကင်ဘုံကိုးခုမှ အမတဘုရင် ဆင်းသက်ခြင်း၊ ပင်လယ်ထက်မှလမင်း
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဥ်များက စုရွှမ်ကို အမတတစ်ပါးကဲ့သို့ ထည်ဝါစေခဲ့သည်။
“ရှီး… ဒီကောင်လေး စုရွှမ်က နောက်ထပ် မဟာဧကရာဇ်ဖြစ်စဥ်တစ်ခုကို ကျင့်ကြံထားတာပဲ… ဒီအရည်အချင်းက တကယ်ကို ကောင်းကင်ဘုံကို စိန်ခေါ်လောက်တယ်…”
စုရွှမ်၏ နောက်ကွယ်မှ မဟာဧကရာဇ်ဖြစ်စဥ်သုံးခုကိုမြင်သောအခါ မရေမတွက်နိုင်သော ကောင်းကင်ပါရမီရှင်များကို မြင်တွေ့ခဲ့ဖူးသော တာယန်ဘိုးဘေးကြီးပင်လျှင် သူ၏နှလုံးသားထဲတွင် တုန်လှုပ်မှုကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
အလွန်အကျူး ချဲ့ကားလွန်းလှသည်…။
မဟာဧကရာဇ်ဖြစ်စဥ်တစ်ခုမှာ မဟာဧကရာဇ်အဖြစ်သို့ တက်လှမ်းနိုင်ရန် အာမခံချက်ရှိပြီး မဟာဧကရာဇ်ဖြစ်စဥ်သုံးခုမှာမူ အမတအဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ဖွယ်ရှိသည်…။
ကျင့်ကြံမှုမှတစ်ဆင့် ကြွယ်ဝသော ဟွမ်သွမ့်စွမ်းအင်ကို ထုတ်လွှတ်ပြီး တာယန်ဘိုးဘေးကြီး၏ ရုပ်ခန္ဓာကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပြီးနောက် စုရွှမ်မှာ သူ၏ကျင့်စဉ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအင်အမျိုးမျိုးကို ကျင့်ကြံခြင်း စတင်လိုက်သည်။
ထာဝရအမတဧကရာဇ်ကျမ်းစာ၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်း၊ နတ်ဘုရားဆင်အကျဉ်းထောင်ဖိနှိပ်ခြင်းစွမ်းအား၊ တာယန်ဓားသိုင်းကိုးမျိုး
“ လက်ထပ်ပြီး ဆယ့်သုံးရက်မြောက်နေ့အတွက် ၁၀ နှစ်တာ ကျင့်ကြံမှုဖြင့် ဆုချီးမြှင့်သည်”
“ လက်ထပ်ပြီး ဆယ့်လေးရက်မြောက်နေ့အတွက် နှစ် ၂၀ ကျင့်ကြံမှုဖြင့် ဆုချီးမြှင့်သည်”
“လက်ထပ်ပြီး ဆယ့်ငါးရက်မြောက်နေ့အတွက် လျှို့ဝှက်စကားလုံးကိုးခုထဲမှာ တစ်ခုဖြစ်သော ‘ကျဲ့’ စကားလုံး လျှို့ဝှက်ချက်ဖြင့် ဆုချီးမြှင့်သည်”
ကျဲ့ စကားလုံးလျှို့ဝှက်ချက် - အထွတ်အထိပ် ကုသမှုရတနာပညာရပ်။ အထွတ်အထိပ်သို့ ကျင့်ကြံပြီးသောအခါ သွေးတစ်စက်ဖြင့် စစ်မှန်သောကိုယ်ခန္ဓာကို ပြန်လည်ပုံဖော်နိုင်၏။ အလွန်အားကောင်းသော ကိုယ့်ကိုယ်ကိုယ်ကုသနိုင်စွမ်း၊ အဆုံးမဲ့သော ချီနှင့်သွေး၊ အဆုံးမဲ့သော သက်စောင့်စွမ်းအားတို့ ပါဝင်သည်။
နောက်သုံးရက်ကြာအောင် စုရွှမ်မှာ တားမြစ်နယ်မြေတွင် ကျင့်ကြံခြင်း၊ တာယန်ဘိုးဘေးကြီး၏ ရုပ်ခန္ဓာကို ပြန်လည်ကောင်းမွန်လာစေခြင်းနှင့် သူ၏နတ်ဘုရားစွမ်းအင်များနှင့် ကျင့်စဉ်ပညာရပ်များအပေါ် နားလည်သဘောပေါက်မှုကို တိုးတက်စေခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ဤသုံးရက်အတွင်း စုရွှမ်ရရှိခဲ့သော စနစ်၏ဆုများမှာ နှစ်ရက်တာ ကျင့်ကြံမှုနှင့် ‘ကျဲ့’ စကားလုံးလျှို့ဝှက်ချက်၊ လျှို့ဝှက်ချက်ကိုးသွယ်ထဲမှ တစ်ခုဖြစ်သော တစ်ရက်တာဆု တို့ ဖြစ်ကြသည်။
‘ကျဲ့’ စကားလုံးလျှို့ဝှက်ချက်မှာ ကုသမှုရတနာပညာရပ်ဖြစ်ပြီး ကြီးကျယ်သောအထွတ်အထိပ်သို့ ကျင့်ကြံပြီးသောအခါ လူတစ်ဦးမှာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားလာနိုင်ပြီး မယုံနိုင်လောက်အောင် နက်ရှိုင်းလှ၏။
“ကျဲ့ စကားလုံးလျှို့ဝှက်ချက်နဲ့ဆိုရင် အခုငါ့မှာ အင်အားကြီးတဲ့ ကောင်းကင်ပါရမီရှင်တွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်တဲ့အခါမှာ သုံးနိုင်မယ့် လျှို့ဝှက်လက်နက်တစ်ခု ရှိသွားပြီ…”
စုရွှမ်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“စနစ်မျက်နှာပြင်ကို ဖွင့်…”
စုရွှမ် တွေးလိုက်၏။
နောက်တစ်စက္ကန့်တွင် စုရွှမ်၏ မျက်စိရှေ့တွင် အပြာနုရောင်စနစ်မျက်နှာပြင်တစ်ခု ပေါ်လာသည်။
အမည် - စုရွှမ်
အဆင့်အတန်း - မြောက်ပိုင်းဒေသ စုမိသားစု၏ ဧကရာဇ်သားတော်၊ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သောသားတော်
အဆင့် - ချမ်းသွမ့်အဆင့် ပဉ္စမအဆင့်
ကျင့်စဉ်ပညာရပ်များ - တာယန်မြင့်မြတ်ကျမ်းစာ၊ စုမိသားစု ဧကရာဇ်ကျမ်းစာ (မပြည့်စုံ)၊ ထာဝရအမတဧကရာဇ်ကျမ်းစာ
နတ်ဘုရားစွမ်းအင်များ - တာယန်ဓားကသိုင်းကိုးမျိုး၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်း၊ နတ်ဆင်အကျဉ်းထောင်ဖိနှိပ်ခြင်းစွမ်းအား။
ခန္ဓာကိုယ် - အဓိပတိရိုး၊ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ (နိုးကြားမှု ၀.၁၂%)
စနစ်မျက်နှာပြင်ပေါ်ရှိ အရည်အချင်းအမျိုးမျိုးကိုကြည့်၍ စုရွှမ်မှာ ကျေနပ်စွာ ပြုံးလိုက်သည်။
ရွှေရောင်ခေတ်ကြီးထဲ၌ ကောင်းကင်ပါရမီရှင်များ အတူတကွပေါ်ထွက်လာကြပြီး သူရဲကောင်းများက အသာစီးရရန် ယှဉ်ပြိုင်ကြကာ တွေးခေါ်ပညာရပ်ကျောင်းတော်ပေါင်း တစ်ရာ ထွန်းကားနေသည်။
သို့သော်လည်း ဤသည်မှာ သူ့တစ်ဦးတည်းအတွက် ခေတ်တစ်ခုဖြစ်ပုံရ၏။