ကြေးနီနန်းတော် ပေါ်ထွက်လာခြင်း။ ရွှေခေတ်စတင်ခြင်း။
Vol. 4 Ch. 53
ထိုနေ့တွင် တစ်နေ့တစ်ဝက်ကျင့်ကြံပြီးနောက် စုရွှမ်မှာ ‘ကျိ’ကို နားလည်သဘောပေါက်သွားခဲ့သည်။ ထိုနောက် တားမြစ်နယ်မြေမှ ထွက်ခွာကာ သက်တံရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ မြင့်မြတ်သောသခင်၏ ခန်းမဆောင်သို့ ပျံတက်သွားသည်။
*ဆရာ ငါကို ဘာလို့ခေါ်တာလဲမသိဘူး *စုရွှမ်က ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်၏။
“ဆရာ ကျွန်တော့်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ” ခန်းမဆောင်ထဲသို့ ဝင်ရောက်ပြီး စုရွှမ်က တိုက်ရိုက်မေးလိုက်သည်။
“စုရွှမ်… ငါ့မှာ သတင်းနှစ်ခုရှိတယ်… တစ်ခုက သတင်းကောင်း… တစ်ခုက သတင်းဆိုး… မင်း ဘယ်ဟာကို အရင်ကြားချင်လဲ…”
တာယန်မြင့်မြတ်နယ်မြေသခင်က စုရွှမ်အား လျှို့ဝှက်ဆန်းကြယ်စွာပြုံး၍ ပြောလိုက်သည်။
အင်း…
စုရွှမ်မှာ အနည်းငယ်အံ့ဩသွား၏။ သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခုလား…။
ဆရာက ဘာလို့ အခုလိုလုပ်နေရတာလဲ…။
“ဒါဆိုရင် သတင်းကောင်းကို အရင်ကြားပါရစေ…” စုရွှမ်က ညင်သာစွာ ပြုံးလိုက်သည်။
“သတင်းကောင်းကတော့ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာတယ်… ကြေးနီအမတနန်းတော်က လောကကြီးထဲကို ပြန်ပေါ်လာပြီး အမတအခွင့်အရေးတစ်ခု ထွက်ပေါ်လာတယ်…”
“ဘာ… ကြေးနီအမတနန်းတော်… အမတအခွင့်အရေး”
စုရွှမ်မှာ အလွန်အံ့အားသင့်သွားပြီး တာယန်မြင့်မြတ်နယ်မြေသခင်ကို စိုက်ကြည့်ကာ စမ်းစုသည့်ဟန်ဖြင့် မေးလိုက်၏။
စုရွှမ်က ကြေးနီအမတနန်းတော်အကြောင်း သိရှိ၏။
၎င်းမှာ ရှေးခေတ်သမိုင်းတွင် အကြိမ်အနည်းငယ်သာ ပေါ်ပေါက်ခဲ့ဖူးပြီး ၎င်း၏ဇာစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်လှကာ မည်သည့်နေရာမှလာသည်ကို မည်သူမျှမသိရှိပေ။ ၎င်းတွင် အမတဖြစ်လာရန် အခွင့်အရေးများနှင့် ကြီးမားသောကံကောင်းမှုများ ပါဝင်သည်ဟု ဆိုကြသည်။
“သတင်းဆိုးကကော…”
သတင်းကောင်းကို သိရှိပြီးနောက် စုရွှမ်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုအစအနတစ်ခု ခံစားလိုက်ရပြီး သူက ပြုံး၍မေးလိုက်၏။
“သတင်းဆိုးကတော့…”
တာယန်မြင့်မြတ်နယ်မြေသခင်က လျှို့ဝှက်ဆန်းကြယ်မှုပြုလုပ်သည့်အလား ခဏရပ်လိုက်ပြီး အတန်ကြာမှ စကားဆက်ပြောသည်
“သတင်းဆိုးကတော့ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ… အနောက်ပိုင်းနယ်မြေတွေနဲ့ အလယ်ပိုင်းနယ်မြေတွေ တောက်ရွှမ်နယ်မြေတစ်ခုလုံးမှာ… တိတ်တဆိတ်နေထိုင်ခဲ့တဲ့ ထိပ်တန်းကောင်းကင်ပါရမီရှင်တချို့ ထွက်ပေါ်လာပြီး အမတအခွင့်အရေးအတွက် ယှဉ်ပြိုင်ဖို့ ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို လာနေကြတယ်”
ဤနေရာတွင် တာယန်မြင့်မြတ်နယ်မြေသခင်၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။
ထိုတိတ်တဆိတ်နေထိုင်ခဲ့သော ကောင်းကင်ပါရမီရှင်များ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ဖြစ်ပြီး အချို့မှာ သူတို့၏အဖွဲ့အစည်းများက တမင်တကာဖုံးကွယ်ထားခြင်းဖြစ်ပြီး အချို့မှာမူ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားရင်းမြစ်များတွင် ချိတ်ပိတ်ထားကာ အချို့မှာမူ မျိုးဆက်သစ်များထဲတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့ပြီး အနားယူရန် ရွေးချယ်ခဲ့ကြသူများဖြစ်သည်။
“အို… တိတ်တဆိတ်နေထိုင်ခဲ့တဲ့ ကောင်းကင်ပါရမီရှင်တွေလား… ဒါကိုလည်း သတင်းဆိုးလို့ သတ်မှတ်လို့ရတာပဲလား…”
စုရွှမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားပြီး သူ၏လေသံမှာ အေးစက်ပြီး မာနကြီးနေသည်။
စုရွှမ်မှာ ထိုတိတ်တဆိတ်နေထိုင်ခဲ့သည်ဟု ဆိုသော ကောင်းကင်ပါရမီရှင်များကို နားမလည်သကဲ့သို့ နားလည်လိုစိတ်လည်း မရှိပေ။
သူ သိရှိသည်မှာ တစ်ခုတည်းသာဖြစ်ပြီး ၎င်းမှာ ဤလောကတွင် သူ့ထက်သန်မာသော ကောင်းကင်ပါရမီရှင်ဟူ၍ မရှိပေ။
ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ ခန္ဓာကိုယ်သုံးထောင်တွင် နံပါတ်တစ်။
ထာဝရအမတဧကရာဇ်ကျမ်းစာ၊ ပြိုင်ဘက်ကင်း ဧကရာဇ်ကျမ်းစာ။
ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်း၊ တာယန်ဓားသိုင်းကိုးမျိုး၊ နတ်ဘုရားဆင် အကျဉ်းထောင်ဖိနှိပ်ခြင်းစွမ်းအား၊ ကျိ၊ ကျဲ… လောကကို တုန်လှုပ်စေသည့် နတ်ဘုရားစွမ်းအင်များရှိ၏။
လက်ရှိ စုရွှမ်အတွက်ဤလောကတွင် ပါရမီရှင်တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ သူကိုယ်တိုင်ပင် ဖြစ်၏။
အရည်အချင်းနှင့်ပတ်သက်လျှင် သူမှာ တစ်သီးတစ်ခြားအဆင့်တွင်ရှိနေပြီး အခြားသူအားလုံးမှာ အခြားတစ်ဆင့်တွင် ရှိနေသည်။
“စုရွှမ်… မင်း… ဒီကလေးကတော့လေ”
တာယန်မြင့်မြတ်နယ်မြေသခင်မှာ စုရွှမ်၏ အဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်လိုက်၏။ ၎င်းမှာ သူက လောကရှိ မည်သည့်ပါရမီရှင်ကိုမျှ အရေးမထားဟု ဆိုလိုခြင်းဖြစ်သည်။
“မင်း တကယ်ပဲ အရမ်းအားကောင်းပြီး ငါမြင်ဖူးသမျှထဲမှာ သန်မာဆုံး ကောင်းကင်ပါရမီရှင်ဖြစ်ပေမဲ့ မင်း တစ်ခုသိထားရမယ်…”
“ဒီလောကကြီးရဲ့ အပြင်ဘက်မှာ တခြားကမ္ဘာတွေရှိတယ်… သန်မာတဲ့သူတွေရဲ့ထက်မှာ အထက်မှာ ပိုအားကောင်းတဲ့သူတွေ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ကျေနပ်မနေနဲ့”
တာယန်မြင့်မြတ်နယ်မြေသခင်က စုရွှမ်ကို စူးစိုက်ကြည့်က တည်ကြည်စွာနှင့် လေသံလေးနက်စွာဖြင့် ပြောလိုက်၏။
တာယန်မြင့်မြတ်နယ်မြေသခင်ကိုယ်တိုင်မှာ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူကလည်း ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ဖူးသည်။
ထိုဖြစ်စဉ်တွင် တာယန်မြင့်မြတ်နယ်မြေသခင်က ပါရမီရှင်အများစုတွင် တူညီသောလက္ခဏာတစ်ခုရှိသည်ကို တွေ့ရှိခဲ့၏။ ၎င်းမှာမာနကြီးခြင်းပင်။
မာနကြီးခြင်း။ဤစိတ်ခံစားမှုမှာ ပါရမီရှင်တစ်ဦးအတွက် မကြာခဏဆို အသက်ဘေးတွေ့စေနိုင်ပြီး သူတို့ကို လုံးဝရပ်တန့်သွားစေနိုင်လေသည်။
တာယန်မြင့်မြတ်နယ်မြေသခင်မှာ စုရွှမ်အပေါ် မျှော်လင့်ချက်ကြီးမားပြီး သူက ထိုလမ်းကြောင်းအတိုင်း လျှောက်သွားမည်ကို မလိုလားပေ။
ထို့ကြောင့် သူက စုရွှမ်အား ဤသို့သောစကားများကို ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဆရာ ကျွန်တော်သိပါတယ်”
စုရွှမ်က အသံတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ကိုယ့်ကိုကိုယ် ခိုင်ခိုင်မာမာယုံကြည်မှသာ တကယ်ကို ပြိုင်ဘက်ကင်းဖြစ်မှာ… ဒါက ပြိုင်ဘက်ကင်းဖြစ်ဖို့ယုံကြည်ချက်ပဲ… ပြီးတော့ ဒါက ကျွန်တော့်ရဲ့တာအိုလုံးသားပဲ”
စုရွှမ်၏ လေသံမှာ အလွန်ခိုင်မာပြီး ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။
ရှီး…
စုရွှမ်၏ စကားများက တာယန်မြင့်မြတ်နယ်မြေသခင်၏ ခန္ဓာကိုယ်ကို ရုတ်တရက်တုန်ခါသွားစေသည်။
“ ပြိုင်ဘက်ကင်းဖို့ယုံကြည်ချက်… ပြိုင်ဘက်ကင်းဖို့ကိုကို ယုံကြည်မှသာ တကယ်ကို တကယ်ပြိုင်ဘက်ကင်းဖြစ်လာမှာ”
တာယန်မြင့်မြတ်သောသခင်က ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်ရင်း တွေးတောစဉ်းစားမှုထဲသို့ နစ်မြုပ်သွားသည်။
အချိန်အတန်ကြာပြီးနောက် တာယန်မြင့်မြတ်နယ်မြေသခင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများမှ အလင်းရောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“စုရွှမ်… ဖြစ်နိုင်တာက မင်းပြောတာမှန်တယ်”
ပြိုင်ဘက်ကင်းဖို့ကိုကို ယုံကြည်မှသာ တကယ်ကို တကယ်ပြိုင်ဘက်ကင်းဖြစ်လာမည်။
အကယ်၍ အခြားမည်သူမဆိုက ဤသို့သောစကားများကို ပြောဆိုခဲ့လျှင် တာယန်မြင့်မြတ်နယ်မြေသခင်က ထိုသူမှာ ကြွားဝါနေသည်ဟုသာ ထင်မြင်မိပေလိမ့်မည်။
သို့သော် ဤသူမှာ စုရွှမ်ဖြစ်ပါက တာယန်မြင့်မြတ်နယ်မြေသခင်မှာ အမှန်တကယ် မငြင်းဆိုနိုင်ပေ။
မည်သို့ပင်ဖြစ်စေ စုရွှမ်၏ အရည်အချင်းမှာ စိတ်ကူးမယဉ်နိုင်လောက်သည့် အတိုင်းအတာအထိ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဖြစ်နိုင်သည်မှာ တာအိုကို သက်သေပြ၍ မဟာဧကရာဇ်ဖြစ်လာခြင်းနှင့် အမတအဆင့်သို့ တက်လှမ်းခြင်းမှာ သူ၏အစပျိုးခြင်းမျှသာ ဖြစ်ပေ လိမ့်မည်။ တာယန်မြင့်မြတ်နယ်မြေက စုရွှမ်၏ တာအိုစိတ်နှလုံးသားကို ဖျက်ဆီးမည်မဟုတ်ပေ။ သူ့ကို ရှေ့ဆက်တက်လှမ်းခွင့်သာပြုလို၏။
“ဘယ်လိုလဲ… စုရွှမ်… မင်းသွားမှာလား…”
တာယန်မြင့်မြတ်နယ်မြေသခင်က စုရွှမ်အား မေးလိုက်၏။
“ဒါပေါ့ ဒီရွှေခေတ်ကြီးမှာ ကောင်းကင်ပါရမီရှင်တွေ အတူတကွထွက်ပေါ်လာကြတယ်။ ဒါက တကယ်တမ်းမှာ ဘယ်သူ့ရဲ့ခေတ်လဲဆိုတာ သူတို့ကို မြင်တွေ့စေရမယ်”
စုရွှမ်က မြင့်မြတ်နယ်မြေမှ ထွက်ခွာသွားသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ။
ဘိုးဘေးနဂါးအသိုက်။
“ကြေးနီအမတနန်းတော်က လောကကြီးထဲကို ပြန်ပေါ်လာပြီ… အမတအခွင့်အရေးတစ်ခုလည်း ပေါ်ထွက်လာတယ်… ရှေ့ပိုင်းစွန့်ပစ်နယ်မြေက အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်နေရပြီး ရွှေခေတ်က အထွတ်အထိပ်ကို ရောက်ရှိလာပြီ…”
“ငါ ထွက်ပေါ်လာတော့မယ်…”
ထိုအခိုက်၌ ဘိုးဘေးနဂါးအသိုက်တွင် ခန့်ညားသောလူငယ်တစ်ဦးက တားမြစ်နယ်မြေမှ ထလာပြီး တောနက်ကြီး၏ နက်ရှိုင်းသောနေရာများတွင် ချက်ချင်းပေါ်လာသည်။
ထိုသူ၏အမည်မှာ လုံအောက်ထျန်းဖြစ်ပြီး ဧကရာဇ်သွေးကို ပိုင်ဆိုင်ကာ ခေတ်တစ်ခေတ်ကို လုံးဝလွှမ်းမိုးရန် ကံကြမ္မာပါလာသူဖြစ်သည်။
ယခင်နှစ်များတွင် လုံအောက်ထျန်းမှာ သူ၏ထက်မြက်မှုကို တားမြစ်နယ်မြေအတွင်း ဖုံးကွယ်ထားပြီး ဧကရာဇ်သွေးနှင့် ပေါင်းစည်းရန် လုံ့လဝီရိယဖြင့် ကျင့်ကြံခဲ့သည်မှာ ယခုအချိန်အထိပင်ဖြစ်သည်။
ထို့ကြောင့် သူမှာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် ထင်ရှားကျော်ကြားခြင်းမရှိသေးပေ။ ယခုမူ ရွှေခေတ်မှာ အပြည့်အဝစတင်ခဲ့ပြီဖြစ်သည်။
သူ နောက်ဆုံးတွင် ထွက်ပေါ်လာရန် ရွေးချယ်လိုက်၏။
ရှီး…
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် တောနက်ကြီးအတွင်းမှ သက်ရှိအားလုံးမှာ ပြန်လည်နိုးထလာကြပြီး လုံအောက်ထျန်း၏ ဦးတည်ရာသို့ ဝပ်တွားလိုက်ကြကာ သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
ဧကရာဇ်စွမ်းအား။ ၎င်းမှာ အမှန်တကယ်… ဧကရာဇ်စွမ်းအားအစအနတစ်ခု။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် တစ်စုံတစ်ယောက် မဟာဧကရာဇ်ဖြစ်လာခဲ့သည်လား။ မရေမတွက်နိုင်သော သတ္တဝါများ ဝပ်တွားနေကြ၏။
ထိုအထဲတွင် ဘိုးဘေးနဂါးအသိုက်မှ သူများမှာမူ ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး မျက်ရည်များ စီးကျလာကာ သူတို့၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြသည်။
“အဲဒါ ငါတို့ဘိုးဘေးနဂါးအသိုက်က အင်အားအကြီးဆုံး ကောင်းကင်ပါရမီရှင်ပဲ… သူက ဧကရာဇ်နဂါးသွေးကို ပိုင်ဆိုင်ထားတယ်… သူ တားမြစ်နယ်မြေမှာ နှစ်တစ်ရာကျော် တိတ်တဆိတ်နေခဲ့ပြီး အခုတော့ နောက်ဆုံးမှာ ထွက်ပေါ်လာပြီ…”
“ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ ကောင်းကင်ပါရမီရှင်မြင်ကွင်းက လုံးဝပြောင်းလဲသွားတော့မယ်… အင်အားအကြီးဆုံး ကောင်းကင်ပါရမီရှင်က ငါတို့မျိုးနွယ်က အောက်ထျန်းပဲဖြစ်ရမယ်”
ထိုအခိုက်တွင် လုံအောက်ထျန်းမှာ ခွန်အားနှင့် သက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏အရှိန်အဝါမှာ အပြင်သို့ ထုတ်လွှင့်နေကာ ချမ်းသွမ့်အဆင့် တတိယအလွှာသို့ ရှင်းလင်းစွာ ရောက်ရှိနေပြီဖြစ်သည်။
သူမှာ မျိုးဆက်သစ်များထဲတွင် အလုံးစုံနှိပ်စက်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထို့နောက် လုံအောက်ထျန်းက သူ၏လက်စွပ်ကို ဝှေ့ယမ်းပြီး ရှည်လျားစွာ ဟိန်းဟောက်လိုက်သည်။
ချက်ချင်းပင် ဘိုးဘေးနဂါးအသိုက်မှ လူများ သူ၏ရှေ့တွင် ပေါ်လာသည်။
“သခင်လေး…”
နဂါးအိုတစ်ကောင်မှာ မျက်ရည်များစီးကျနေပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
မကြာသေးမီနှစ်များအတွင်း လူသားတို့၏ ထွန်းကားလာမှုနှင့်အတူ ဘိုးဘေးနဂါးမျိုးနွယ်မှာ လူသူကင်းမဲ့သောအခြေအနေသို့ ဆုတ်ယုတ်သွားခဲ့သည်။
ယခုမူ လုံအောက်ထျန်း ထွက်ပေါ်လာသည်နှင့် သူက အတိတ်ကအရှက်ကွဲမှုများကို ဆေးကြောတော့မည်ဖြစ်ရာ နဂါးအိုမှာ ပို၍စိတ်လှုပ်ရှားမဆုံး ဖြစ်နေသည်။
ရှေ့ဆုံးမှသတ္တဝါမှာ အရပ်ရှည်ပြီး ပိန်သွယ်ကာ ခြေတံရှည်ပြီး ခါးသေးကာ ဆံပင်အနက်ရောင်များမှာ ပခုံးပေါ်သို့ ဝဲကျနေပြီး အပြစ်အနာအဆာကင်းသော မျက်နှာနှင့် ထိုသူမှာ ယခင်က စုရွှမ်နှင့် ဆက်ဆံခဲ့ဖူးသော နဂါးသမီးတော်ပင်ဖြစ်သည်။
နဂါးသမီးတော်မှာ လုံအောက်ထျန်း၏ ညီမလေးဖြစ်သည်။ သူမမှာ လုံအောက်ထျန်း၏ အချစ်ကို နက်ရှိုင်းစွာ ခံယူထားရသူဖြစ်၏။
ထို့ကြောင့် သူမ၏အစ်ကိုကြီး၏ အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူမမှာ ချက်ချင်းထိုနေရာတွင် ပေါ်လာခဲ့သည်။
“လင်းအာ… ဒီနှစ်တွေမှာ ဘိုးဘေးနဂါးအသိုက်မှာ အားလုံးအဆင်ပြေရဲ့လား… ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ… ထွန်းကားလာတဲ့ ကောင်းကင်ပါရမီရှင်တွေ ရှိလား…”
“မင်းအစ်ကို ဒီမှာ နှစ်တစ်ရာလောက် အပြင်လောကအကြောင်း ဘာမှမသိခဲ့ဘူး… ငါ လုံးဝဘာမှမသိဘူး”
“ညီမလေး… ငါ့ကို အသေးစိတ်ရှင်းပြပေးပါ…”
“ဝူးဝူးဝူး… အစ်ကိုကြီး… အစ်ကိုကြီးမသိဘူး… အခု ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်တွေအရမ်းများနေတယ်”
“အဲဒီထဲမှာ တာယန်မြင့်မြတ်နယ်မြေက မြင့်မြတ်တဲ့သားတော်က အဓိပတိရိုးကို ပိုင်ဆိုင်ထားရုံတင်မကဘဲ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာလို ကောင်းကင်ဘုံကိုစိန်ခေါ်တဲ့ခန္ဓာကိုယ်လည်းရှိတယ်… သူက မဟာဧကရာဇ်ဖြစ်ရပ်ဆန်းနှစ်ခုကို ကျင့်ကြံထားပြီး အဆုံးမဲ့တဲ့နတ်ဘုရားစွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်… ကြောက်မက်ဖွယ်ကောင်းပြီး မယုံနိုင်လောက်အောင်သန်မာတယ်… ပြီးတော့ သူက ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်အားလုံးကိုလည်း လွှမ်းမိုးထားတယ်”
“ဒါ့အပြင် သူက သူ့ရဲ့စွမ်းအားကိုအားကိုးပြီး ကျွန်မထက်အများကြီးသာလွန်နေတာကို အသုံးချပြီး ကျွန်မကို…”
နဂါးသမီးလေးမှာ အဓိပတိလျှို့ဝှက်နယ်မြေတွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို လုံအောက်ထျန်းအား ချဲ့ကား၍ ပြန်ပြောပြလိုက်သည်။
ချက်ချင်းပင် လုံအောက်ထျန်း၏ အမူအရာမှာ ရုတ်တရက်အလွန်မည်းမှောင်သွားခဲ့သည်။
“အဲဒီတာယန်မြင့်မြတ်တဲ့သားတော်က မင်းကို အနိုင်ကျင့်ရဲတယ်ပေါ့… ဟမ်… စောင့်နေလိုက်… ငါ သူ့ကို သတ်ပစ်မယ်…”
လူသတ်လိုသော အရှိန်အဝါတစ်ခု ကောင်းကင်သို့တက်သွားပြီး ကောင်းကင်နှင့်မြေကြီးအနှံ့ လွှမ်းခြုံသွားကာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။