ပါရမီရှင်တို့ ပေါ်ထွက်ခြင်း၊ ကြယ်တာရာတို့ လင်းလက်တောက်ပခြင်း
Vol. 4 Ch. 54
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ တားမြစ်နယ်မြေတစ်ခု၌
ယိုင်နဲ့နဲ့ ခြေလှမ်းများ မှိန်ဖျော့သော မျက်ဝန်းများနှင့် ဘဝ၏ လောကဓံအပြောင်းအလဲများဖြင့် ပြည့်နှက်နေသော မျက်နှာရှိသည့် အဘိုးအိုတစ်ဦးသည် အနက်ရောင်ဝတ်ရုံကို ခြုံလျက် အမှောင်ထုထဲတွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေလေသည်။
အချိန်မည်မျှကြာအောင် လျှောက်လှမ်းခဲ့ပြီးသည်မသိ ထိုအဘိုးအိုသည် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးသော အပိုင်း ကြည်လင်သန့်စင်ကာ မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည့် ရှေးဟောင်းနတ်ဘုရားရင်းမြစ်တစ်ခု၏ အရှေ့သို့ ရောက်ရှိလာလေသည်။
ရှေးဟောင်းနတ်ဘုရားရင်းမြစ်၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများ စုပုံလျက်ရှိပြီး နေရာတစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
အဘိုးအိုက သူ၏လက်များဖြင့် လက်တံဆိပ်များကို ဖွဲ့လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် နတ်ဘုရားရင်းမြစ်အတွင်းသို့ စနစ်တကျ စီးဝင်သွားလေတော့သည်။
မကြာမီမှာပင်
ခလွန်း
နတ်ဘုရားရင်းမြစ်သည် တိုက်ရိုက်ပင် ကွဲအက်သွားလေသည်။
အတွင်းမှ လူငယ်တစ်ဦးသည် ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်သော်လည်း အနည်းငယ် ကျောချမ်းဖွယ်ကောင်းလှသည်။
သူသည် အနက်နှင့်ရွှေရောင် ရောယှက်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ ခန့်ညားထည်ဝါသော ကိုယ်ဟန်အနေအထား ရှိသည်။ ရွှေအိုရောင် ဆံပင်ရှည်များမှာ ပခုံးထက်တွင် ဖြာကျနေလျက် ကခုန်နေသော ရွှေရောင်မီးတောက်တစ်ခုကဲ့သို့ တောက်ပနေ၏။
လူငယ်၏ အမြင်အာရုံသည် ကြည်လင်လာပြီး သူ၏ အရှေ့မှ လူကို မြင်တွေ့နိုင်သောအခါ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သွားကာ အသံမှာလည်း တုန်ခါလျက် ရှိသည်။
"အဖေ အခု ဘယ်နှစ်ခုနှစ် ရှိနေပြီလဲ"
"ငါ့သား ကြီးကျယ်ခမ်းနားတဲ့ ရွှေခေတ်ကြီး ရောက်ရှိလာခဲ့ပြီ။ ကြေးနီအမတနန်းတော်လည်း ပြန်လည်ပေါ်ပေါက်လာပြီ။ မင်း အမတဖြစ်ခြင်း အခွင့်အရေးအတွက် သွားတိုက်ခိုက်နိုင်ပြီ"
သူ၏ စကားဆုံးသည်နှင့် အဘိုးအို၏ အသက်ရှူသံမှာ လုံးဝ ပျက်တောက်သွားပြီး သူ၏ အသက်စွမ်းအားသည်လည်း ကုန်ဆုံးသွားလေတော့သည်။
"အဖေ"
လူငယ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ် လ်ိုက်သည် "ငါ ကိုယ့်ကိုယ်ကိုယ် နှစ်တစ်သောင်း ချိပ်ပိတ်ခဲ့တယ်။ ငါ စစ်ဧကရာဇ် ကျိန်ဆိုတယ်။ ဒီဘဝမှာ အထွတ်အထိပ်ကို သေချာ ရောက်စေရမယ်။ ဉာဏ်အလင်းရပြီး ဧကရာဇ်တစ်ပါး ဖြစ်မြောက်အောင် လုပ်မယ်။ ပြီးတော့ အဲ့ဒီဘဝမှာ အမတဖြစ်ခြင်း အခွင့်အရေးအတွက် တိုက်ခိုက်မယ်"
လူငယ်၏ အသံသည် ပြင်းထန်သောယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏ ခန္ဓာကိုယ် ပတ်လည်၌ ရွန်းစာလုံးများ ရစ်ပတ်လျက်ရှိကာ တက်ကြွလန်းဆန်းသော အသွင်ရှိနေသည်။
ထိုလူငယ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထိုအချိန်က ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများမှာ မပြည့်စုံသောကြောင့် သူသည် ဧကရာဇ်တစ်ပါး မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် နတ်ဘုရားရင်းမြစ်အတွင်း မိမိကိုယ်မိမိ ချိပ်ပိတ်ခဲ့ပြီး ရွှေခေတ်ကြီးတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရွှေခေတ်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လူငယ်တစ်ဦးလည်း မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ သူသည် အရာအားလုံးကို ချေမှုန်းပစ်ပြီး အထွတ်အထိပ်သို့ တက်လှမ်းပေလိမ့်မည်။
"ပထမဆုံး ခြေလှမ်းကတော့ ကြေးနီအမတနန်းတော်ထဲ ဝင်ပြီးတော့ အမတကံကြမ္မာကို လုယူရမယ်"
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ အပြင်ဘက်၊ အလယ်ပိုင်းလွင်ပြင်နှင့် နီးသောနေရာ
ရွှေရောင်တောင်တန်းတစ်ခုအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်သွား၏။ ၎င်း၏ တောင်ပံများကို ဖြန့်ခတ်လိုက်ရာ မိုင်သုံးထောင်မျှ ကျယ်ဝန်းသွားပြီး ကြောက်မက်ဖွယ် ဟာရီကိန်းမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အလွန်တရာ ထိတ်လန့် အံ့အားသင့်သွားကြသည်။
"ဒါ... ဒါက ရွှေတောင်ပံငှက်မျိုးနွယ်က ရွှေတောင်ပံငှက်ဘုရင်ငယ် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ ဖြစ်နိုင်မလား။
သူ ဘယ်ကို သွားနေတာလဲ။"
ရွှေတောင်ပံမျိုးနွယ် သည် ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့၏ ဘိုးဘေးသည် ရွှေကျီးကန်းဧကရာဇ်ဟုဆို၏။ ၄င်းတို့သည် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးခဲ့ပြီး ထိုသူမှာ အလွန် ကြောက်မက်ဖွယ်ကောင်းကာ တစ်လောကလုံးကို သိမ်းကြုံးအနိုင်ယူခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်အတွင်း ရွှေတောင်ပံမျိုးနွယ်သည် မရေမတွက်နိုင်သော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့ပြီး ၎င်းတို့တစ်ဦးချင်းစီတွင် အရပ်လေးမျက်နှာ၌ အရှိန်ဝါကြီးကြသည်။
ထိုသူများအနက် အကျော်ကြားဆုံးမှာ ရွှေတောင်ပံငှက်ဘုရင်ငယ်ပင်။
သူ၏ စွမ်းအားသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေရှိ အင်အားအကြီးဆုံး အင်အားစု၏ အမွေဆက်ခံသူထက် မည်သို့မျှ အားမနည်းဘဲ ကျော်လွန်သွားနိုင်ဖွယ်ပင် ရှိလေသည်။
"ငါ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ရာကနေ ထွက်လာနိုင်ခဲ့ပြီ။ ဒီတစ်ခါ ငါ ကင်းကုံက အမတဖြစ်ခြင်း အခွင့်အရေးအတွက် တိုက်ခိုက်မယ်"
ရွှေတောင်ပံငှက်ဘုရင်ငယ်သည် သူ၏ တောင်ပံများကို ဖြန့်ခတ်ကာ ထက်ရှစွာ တောက်ပသော ရွှေရောင်လျှပ်စီးတစ်ခုကဲ့သို့ လေထဲသို့ ပျံသန်းထွက်ခွာသွားလေသည်။
အနောက်ပိုင်းနယ်မြေ၊ ရိုးစင်းပြီး သဘာဝကျလှသော ရှေးဟောင်းဘုရားကျောင်းတစ်ဆောင်၏ တံခါးဝ၌
"ဖာဟိုင် မင်းရဲ့စိတ်က အရမ်း ဂနာမငြိမ်ဘူး၊ ရှုပ်ထွေးနေတယ်။ သွားပြီးတော့ လူ့လောကကို ခဏလောက် တွေ့ကြုံခံစားလိုက်ပါဦး"
"မင်းရဲ့ ဓမ္မက ပြည့်စုံလုနီးပါး ဖြစ်နေပြီ။ နောက်ဆုံး ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဲ့ဒါကို မင်း လူ့လောကထဲမှာပဲ ရှာတွေ့နိုင်လိမ့်မယ်"
ဘုရားကျောင်းတံခါးဝတွင် သင်္ကန်းရုံဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အနှံ့ ကြီးမားကျယ်ပြန့်သော ရွှေရောင်အလင်းတန်းများတောက်ပနေသည့် ဘုန်းကြီးအိုတစ်ပါးက ဓားသဖွယ် ထက်ရှသော မျက်ခုံးမွှေးများနှင့် ကြယ်တာရာကဲ့သို့ မျက်ဝန်းများ၊ ချောမောသော မျက်နှာသွင်ပြင် ရှိသည့် ဘုန်းကြီးငယ်တစ်ပါးအား ပြောကြားလိုက်သည်။
ဤသည်ကို ကြားသောအခါ ဖာဟိုင်ဟု အမည်တွင်သော ဘုန်းကြီးငယ်က နာခံစွာ ပြောလိုက်သည်
"ဆရာတော်၊ ဆရာတော် မိန့်တာနာခံပါမယ်။ ဒီလိုဆိုရင် တပည့်တော် လူ့လောကကို ခဏ သွားကျင်လည်ပါဦးမယ်"
"ဆရာတော် စိတ်ချပါ။ တပည့်တော် အနောက်ပိုင်းဘုံကျောင်း
ရဲ့ နာမည်ဂုဏ်သတင်းကို မကျဆင်းစေရပါဘူး။ ပြီးတော့
အနောက်ပိုင်းဘုံကျောင်းရဲ့ ဗုဒ္ဓဓမ္မတရားတွေကိုလည်း ဖြန့်ဝေပါ့မယ်"
"ဖာဟိုင်၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တာက မကောင်းဘူး။ သတိထားပါ"ဘုန်းကြီးအိုက အနည်းငယ် သက်ပြင်းချလိုက်သည်။
အကယ်၍ အနောက်ပိုင်းဒေသမှ လူများသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ပါက သူတို့သည် ဧကန်မုချ ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ဦးအနက် တစ်ဦးမှာ
အနောက်ပိုင်းဘုံကျောင်း၏ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး အခြားတစ်ဦးမှာ အနောက်ပိုင်းဘုံကျောင်း ၏ ဗုဒ္ဓတပည့်သားတော် ဖြစ်နေသောကြောင့်ပင်။
အနောက်ပိုင်းဘုံကျောင်းသည် အနောက်ပိုင်းဒေသရှိ အင်အားအကြီးမားဆုံးသော တာအိုဂိုဏ်း ဖြစ်သည်။ ၎င်းသည် နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့ပြီး တာအိုရွှမ်နယ်မြေတစ်ခုလုံး၌ မရေမတွက်နိုင်သော ယုံကြည်သူများ ရှိလေသည်။ ၎င်းသည် အလွန်ကျော်ကြားလှပြီး ကျင့်ကြံသူများစွာတို့၏ နှလုံးသားထဲမှ ယုံကြည်ကိုးကွယ်ရာတစ်ခု ဖြစ်လာခဲ့သည်။
အနောက်ပိုင်းဘုံကျောင်း၏ အမွေအနှစ်သည် မည်မျှ နက်ရှိုင်းသည်ကို မည်သူမျှ မသိရှိကြပေ။ သို့သော် အနောက်ဘုံငယ်သည် ရှေးခေတ်ကာလမှ ဗုဒ္ဓဧကရာဇ်နှင့် ဆက်စပ်မှုရှိကြောင်း ကောလာဟလများ ရှိလေသည်။
အနောက်ပိုင်းဘုံကျောင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အလျှိုထား နေထိုင်ခဲ့ပြီး ဆက်ခံသူများ အနည်းငယ်သာ ပေါ်ထွက်ခဲ့သည်။ သို့သော် အနောက်ပိုင်းဘုံကျောင်းသည် ဤသို့ တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ကို အပြင်လောကက သိရှိကြသည်။ ရည်ရွယ်ချက်မှာ ပါရမီရှင်များကို ဖုံးကွယ်ထားရန်နှင့် အကြီးကျယ်ဆုံးသော ခေတ်ကာလတစ်ခုကို စောင့်ဆိုင်းရန် ဖြစ်သည်။
ယခုအခါ ရွှေခေတ်ကြီး ရောက်ရှိလာပြီဖြစ်ရာ အနောက်ပိုင်းဘုံကျောင်းမှ ဗုဒ္ဓတပည့်သားတော်များသည် ဆက်လက် ငြိမ်သက်မနေနိုင်တော့ဘဲ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
"ဆရာတော်၊ တပည့်တော် အခု လူ့လောကကို ထွက်ခွာပါတော့မယ်။ ကျန်းမာရေး ဂရုစိုက်ပါ"
ဖာဟိုင်သည် လက်အုပ်ချီလျက် အနည်းငယ် ဦးညွှတ်ကာ ရိုသေစွာ ပြောကြားလိုက်သည်။ သို့သော် သူ လှည့်ထွက်သွားသောအခါ ဖာဟိုင်၏ မျက်နှာထက်တွင် ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာသည်။
"ဆရာတော်... ဒီလောက် နှစ်တွေ ကြာပြီးနောက်မှာတော့ ဒီပျင်းစရာကောင်းတဲ့ နေရာမှာ နေတာကို နောက်ဆုံးတော့ ရပ်တန့်နိုင်ခဲ့ပြီ။ ကျွန်တော် လောကကြီးနဲ့ စကြာဝဠာကို ခရီးသွားချင်တယ်..."
"လူတိုင်းက ပြောကြတယ်၊ ငါတို့ ဗုဒ္ဓတပည့်သားတွေက စိတ်ထား သန့်စင်တယ်၊ လောကီအညစ်အကြေးတွေ မစွန်းထင်းဘူးတဲ့..."
"ငါကတော့ လောကထဲ ဝင်ပြီး ကိုယ့်နာမည်တစ်ခု ရအောင် လုပ်ချင်တာပဲ"
"ဒါပေမဲ့ အရင်ဆုံး ဘယ်ကို သွားသင့်လဲ။ ငါ စဉ်းစားကြည့်ဦးမယ်..."
"ငါ့လို လူတစ်ယောက် ဒီတစ်ခါ အပြင်ထွက်လာတာ စီးတော်ယာဉ် မရှိလို့ ဘယ်ဖြစ်မလဲ။ ဒါဆိုရင် ရှေးဟောင်းနဂါး တစ်ကောင် ဒါမှမဟုတ် ရွှေတောင်ပံငှက် တစ်ကောင်လောက်ဆို မဆိုးပါဘူး..."
"ပြီးတော့ လမ်းမှားရောက်နေတဲ့ မိန်းကလေးငယ်လေးတွေ အားလုံးက ငါ့ရဲ့ ကယ်တင်ခြင်းကို လိုအပ်နေတယ်။ စောင့်နေကြ ငါ မင်းတို့ကို လာကယ်တင်မယ်..."
...
ရွှေခေတ်ကြီးအတွင်း၌ ပါရမီရှင်များ ပေါ်ထွက်လာခဲ့ပြီး တာအိုရွှမ်နယ်မြေတွင် ပါရမီရှင်များစွာ မွေးဖွားလာခဲ့သည်။
သူတို့အားလုံးသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ကြေးနီအမတနန်းတော်သည် လောကအတွင်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်ဟူသော သတင်းကို သိရှိခဲ့ကြပြီး အမတဖြစ်ခြင်း အခွင့်အလမ်းကို အရယူရန် အရှေ့ဘက်သို့ အလုအယက် ထွက်ခွာလာကြသည်။
မြောက်ပိုင်းဒေသ၊ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်။
"ကြေးနီအမတနန်းတော် လောကထဲ ပေါ်လာပြီ။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ အမတဖြစ်နိုင်ခြေ ရှိတယ်။ ဒီလိုဆိုရင်တော့ ငါ အဲ့ဒီကို နောက်တစ်ခေါက် သွားရဦးမယ်နဲ့ တူတယ်"
တောင်ထိပ်အပေါ်၌ လမ့်ရိုလီသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ အပြစ်အနာအဆာကင်းစင်ကာ တစ်ကိုယ်လုံး နတ်အလင်းရောင်များ ထွန်းလင်းတောက်ပနေလျက် သူမ၏ မျက်နှာထားမှာ အလွန်တရာ ထူးကဲသာလွန်လှသည်။
ဤအခိုက်အတန့်တွင် သူမ၏ လှပသော မျက်ဝန်းများမှာ လင်းလက်နေကာ မိမိဘာသာ တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူမ၏ ပုံရိပ်သည် ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်အတွင်း၌ ပျောက်ကွယ်သွားလေသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၌ ထူးဆန်းသော ဒဏ္ဍာရီ ခုနစ်ခု ပျံ့နှံ့လျက်ရှိပြီး လူတိုင်းသည် ၎င်းတို့အကြောင်းကို သိရှိကြသည်။ ဥပမာအားဖြင့် တစ္ဆေသင်္ဘောပင်။ ၄င်းသည် ပင်လယ်၏ အဆုံး၌ တစ္ဆေသဘောင်္တစ်စီး ရှိနေခြင်းကို ဆိုလိုလေသည်။
ထိုသင်္ဘောကို မြင်တွေ့သူ မည်သူမဆို သူတို့ မည်သူမည်ဝါပင် ဖြစ်စေကာမူ သူတော်စင်များ သို့မဟုတ် ဧကရာဇ်များပင် ဖြစ်လင့်ကစား လှည့်ဖြားခြင်း ခံရပြီး သင်္ဘော ပေါ်သို့ တက်ရောက်မိကြကာ ထို့နောက် မြေအောက်ကမ္ဘာ၏ အဆုံးသို့ အပို့ခံရပြီး သေဆုံးသွားကြရသည်။
ထူးဆန်းသော ဓားသမားတစ်ဦးအကြောင်း ကောလာဟလများလည်း ရှိသေးသည်။ သံချေးတက်နေသော အနက်ရောင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် ဦးခေါင်းမဲ့ ပုံရိပ်တစ်ခုသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ထောင့်တိုင်းသို့ တွေဝေသော အမူအရာဖြင့် လျှောက်လှမ်းနေသည်ဟု ဆိုကြသည်။
သူနှင့် တွေ့ဆုံမိသော ကျင့်ကြံသူအားလုံးသည် မကောင်းဆိုးဝါး ကံကြမ္မာနှင့် ကြုံတွေ့ရပြီး ခြွင်းချက်မရှိ မရှင်းပြနိုင်ဘဲ ရုတ်တရက် သေဆုံးကြရသည်။
ကြေးနီအမတနန်းတော်သည်လည်း ထူးဆန်းသော ဒဏ္ဍာရီ ခုနစ်ခုအနက်မှ တစ်ခု ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်အဆင့် အောက်ရှိ ကျင့်ကြံသူများကိုသာ ဝင်ရောက်ခွင့် ပြုထားသည်။ ၎င်းသည် လူငယ်ပါရမီရှင်တို့၏ ဂူသင်္ချိုင်းပင် ဖြစ်သည်။
အမတနန်းတော်သို့ ဝင်ရောက်သော ပါရမီရှင် ဆယ်ဦးတွင် ကိုးဦးမှာ ပျက်စီးသေဆုံးကြရသည်ဟု ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ကြေးနီအမတနန်းတော် ပေါ်ထွက်လာသည့် အခါတိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူတို့သည် အလုအယက် ဝင်ရောက်ရန် ကြိုးပမ်းကြလေသည်။
ခေတ်အဆက်ဆက်တွင် မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ဧကရာဇ်များသည် အမတလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အမတဖြစ်လာနိုင်မည့် အခွင့်အလမ်းကို စူးစမ်းရှာဖွေရန် ကြေးနီအမတနန်းတော်သို့ ဝင်ရောက်ခဲ့ကြသည်။
သို့သော် သူတို့အများစုမှာ ၎င်းအတွင်း၌ပင် ပျက်စီးသေဆုံးခဲ့ကြရသည်။
အမတတစ်ပါး ဖြစ်လာရေးမှာ အသာထား သူတို့သည် အရိုးပုံကြီးအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ကြပြီး ဖြစ်သည်။
အမတနန်းတော်မှ လွတ်မြောက်လာနိုင်ခဲ့သော ကျင့်ကြံသူ အနည်းငယ်မျှပင်လျှင် ဖြစ်ပျက်ခဲ့သည်များကို တိတ်ဆိတ်စွာ နေထိုင်ရန် ရွေးချယ်ခဲ့ကြပြီး တစ်စုံတစ်ခုကို ကြောက်ရွံ့နေကြသည့်အလားပင်။ ထို့ကြောင့် ကြေးနီအမတနန်းတော်သည်လည်း တားမြစ်ထားသော နေရာတစ်ခု ဖြစ်လာခဲ့လေသည်။