← Chapters

အခန်း (၂၀၁-၂၀၄)

Vol. 11 Ch. 201-204

အခန်း (၂၀၁-၂၀၄)

Vol. 11 Ch. 201-204

အပိုင်း(၂၀၁)အရေးပေါ်ဆင်းသက်ခြင်း

လော်ယွမ်သည် ရုတ်တရက်ထရပ်လိုက်ပြီး ကျိုးယလီအနားသို့ အမြန်လျှောက်သွားကာ သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ အံ့အားသင့်ဖွယ် ပူခြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ၏စိတ်ထဲ၌ အံ့အားသင့်ခြင်းနှင့် ဝမ်းသာခြင်းတို့ ရောပြွမ်းသွား၏။

သို့သော် ဝမ်းသာခြင်းထက် အံ့အားသင့်ခြင်းက ပိုကြီးမားနေသည်။ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သည် အောင်မြင်သူက အရာအားလုံးကို ရရှိပြီး ရှုံးနိမ့်သူမှာမူ လူမကျ၊ တိရိစ္ဆာန်မကျ ဘဝသို့ ရောက်ရှိသွားသည့် အလောင်းအစားနှင့် တူလှ၏။ ထို့ထက်ဆိုးသည်မှာ ဆင်ခြင်တုံတရားပင် တဖြည်းဖြည်း ထိခိုက်လာပြီး တိရိစ္ဆာန်စိတ်၏ လွှမ်းမိုးမှုကို ခံရခြင်းပင်ဖြစ်သည်။ ယခင်က ချန်ရှန်းဖုံသည် နမူနာပင်ဖြစ်သည်။။ ထို့အပြင် ယခုအချိန်သည်လည်း အချိန်ကောင်းတစ်ခုမဟုတ်ပေ။ ဤနေရာတွင် လျှပ်စစ်သံလိုက်မုန်တိုင်းက ပြင်းထန်လှပြီး အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည်။ အကယ်၍ လေယာဉ်တွင် ပြဿနာတစ်ခုခုဖြစ်ပွားပါက အကျိုးဆက်ကို မည်သို့မျှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပေ။

လော်ယွမ်သည် နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ သို့သော် ဖြစ်ပြီးသောကိစ္စကို သူလည်း မည်သို့မျှ မတတ်နိုင်တော့ပေ။ ဆင့်ကဲပြောင်းလဲခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်နှင့် ကံကြမ္မာကိုသာ ယုံကြည်ကိုးစားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာရှိတော့သည်။

ဟွမ်ကျားဟွေနှင့် ဟော်တုံတို့သည် သတိလစ်နေသည့် ကျိုးယလီကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြပြီး စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်နေကြ၏။ စိတ်ဓာတ်ခိုင်မာမှု၊ စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုတို့ကို ယှဉ်ကြည့်လျှင် ဤနေရာရှိလူတိုင်းသည် ကျိုးယလီထက် သာလွန်ကြသည်။ သို့သော် သာမန်အချိန်တွင် သေနတ်ပင်မပစ်ရဲသော ကျိုးယလီသည် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး သူတို့မှာမူ သာမန်လူများအဖြစ်သာ ရှိနေသေးသည်။ သို့သော် အားလုံးက ဤအဖြစ်ကို ကျင့်သားရနေကြပြီဖြစ်သောကြောင့် ခံစားချက်များ ခေတ္တခဏ ပေါ်ထွက်လာပြီးနောက် လျင်မြန်စွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။

"သူ့ခန္ဓာကိုယ်ကို သွားမထိနဲ့... အန္တရာယ်များတယ်။ သူ့ကိုလှဲထားလိုက်" လော်ယွမ်က ဝမ်ရှကွမ်သည် ကျိုးယလီကို ပွေ့ချီထားသည်ကို မြင်သောအခါ အမြန်ပြောလိုက်သည်။ "သူက အခုဆင့်ကဲပြောင်းလဲနေတာမို့လို့ သူ့အစွမ်းတွေက မတည်ငြိမ်ဘူး... အလိုအလျောက်တိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်... သတိမထားမိရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်“

ဝမ်ရှကွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူမကို ညင်သာစွာ ချထားလိုက်သည်။

”လျှပ်စစ်စက်ကွင်းတွေ ပိုများလာပြန်ပြီ" ထိုအချိန်တွင် ဝမ်ရှီရှီက သူမ၏ဆံပင်ကို ကိုင်ကာ အော်ပြောလိုက်သည်။ သူမ၏လက်သည် ဆံပင်နှင့် ပွတ်တိုက်မိသောအခါ လက်ထဲတွင် သေးငယ်သော မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ... လေယာဉ်ကို ခပ်နိမ့်နိမ့်ပျံသန်းမယ်လို့ ပြောထားတာ မဟုတ်ဘူးလား" လင်းရှောင်ကျီက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။

"အပေါ်က လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ အရှိန်ကြောင့် ဖြစ်တာပါ... ခဏနေရင် ကောင်းသွားမှာပါ" ဟော်တုံက ထိုသို့ပြောလိုက်သော်လည်း တံတွေးကို မသိမသာ မျိုချမိသည်။

အချိန်ကား တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ လေထုထဲမှ လျှပ်စစ်စက်ကွင်းပြင်းအားက ပို၍ ကြီးမားလာသည်။ လူတစ်ယောက် အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် အဝတ်အစားနှင့် ပွတ်တိုက်မိကာ မီးပွားများ ထွက်ပေါ်လာပြီး အရေပြားကို ထိမိသောအခါ စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားရသည်။ မူလက ငြိမ်းသွားခဲ့သော မီးလုံးများသည်ပင် ယခုအခါ လင်းလိုက် မှိတ်လိုက်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ ထူးဆန်းသော အငွေ့အသက်တစ်ခုကို ဖြစ်ပေါ်စေသည်။

လေယာဉ်ဝမ်းဗိုက်ထဲရှိ အခြေအနေက တဖြည်းဖြည်း တင်းမာလာကာ လော်ယွမ်ပင်လျှင် တည်ကြည်တင်းမာသော မျက်နှာထား ဖြစ်နေ၏။

ထိုအချိန်တွင် ရုတ်တရက် "ခွမ်း" ဟူသော အသံကျယ်ကြီးတစ်ခုသည် ဖန်ကွဲစများ၏ အသံနှင့်အတူ ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ လေယာဉ်တစ်စင်းလုံး ပြင်းထန်စွာ ယိမ်းထိုးသွားသည်။ လူအချို့သည် ပြင်းထန်သောအားကြောင့် လွင့်စင်သွားကာ အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ အနီးအနားရှိ ကုန်ပစ္စည်းများကို ချည်နှောင်ထားသော သံကြိုးများကို ဖမ်းဆွဲကာ ကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်တော့သည်။

ထို့နောက် အားလုံးက မိမိတို့၏ ခန္ဓာကိုယ် သိသိသာသာ လေးလံသွားသည်ကို ခံစားလိုက်ရပြီး ရင်ထဲတွင် "ဒိန်း" ခနဲ ဖြစ်သွားကာ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားကြသည်။

ဤသည်မှာ လေယာဉ် ပျံတက်နေခြင်းပင် ဖြစ်သည်။

တပ်ခွဲမှူးရှက ယိမ်းထိုးလျက် ထရပ်လိုက်ပြီး လေးဘက်ထောက်လုနီးပါးဖြင့် လေယာဉ်မှူးအခန်းဆီသို့ သွားရာ လော်ယွမ်လည်း နောက်မှ လိုက်သွားသည်။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဘယ်ဘက်ရှိပြတင်းပေါက်မှ အပေါက်တစ်ခုမှ လေအေးများ တဟူးဟူးတိုက်ခတ်လာသည်။ အပေါက်သည် ဘတ်စကတ်ဘောလုံးအရွယ်ခန့်ရှိပြီး ပတ်ပတ်လည်တွင် ပင့်ကူအိမ်သဖွယ် အက်ရာများ ပြည့်နှက်နေကာ သွေးများနှင့် အသားစများဖြင့် ပေကျံနေ၏။

"တံခါးမြန်မြန်ပိတ်... တံခါးမြန်မြန်ပိတ်" ဟု ဒုလေယာဉ်မှူးက စိုးရိမ်တကြီး အော်ပြောလိုက်သည်။ သူ၏မျက်နှာသည် အအေးဒဏ်ကြောင့်လား၊ ကြောက်လန့်မှုကြောင့်လေားမသိ၊ ပြာနှမ်းနေသည်။ သူ၏ခေါင်းတစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေပြီး ဖန်ကွဲစများ စိုက်ဝင်နေကာ ဖန်ကွဲစများ လွင့်စင်စဉ်က ထိခိုက်မိခဲ့ကြောင်း ထင်ရှား၏။

လော်ယွမ်နှင့် တပ်ခွဲမှူးရှတို့သည် ထိုအပေါက်ကို မြင်သောအခါ မျက်နှာပျက်သွားကြပြီး တံခါးကို အလျင်အမြန်ပိတ်လိုက်ကြသည်။

လော်ယွမ်က လေထဲတွင် မီးလောင်နံ့တစ်ခု ရနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တိုက်ခိုက်မှုတွင် မှန်ကွဲခြင်းသည် ဘေးထွက်ဆိုးကျိုးမျှသာဖြစ်ကာ ပိုကြီးမားသော ပျက်စီးမှုမှာ လေယာဉ်ဦးပိုင်းတွင် ရှိနေကြောင်း ထင်ရှား၏။

"ဘာဖြစ်တာလဲ... ဘာတွေ ဖြစ်သွားတာလဲ" တပ်ခွဲမှူးရှက ထိတ်လန့်တကြား မေးလိုက်သည်။ "ခရီးက ရောက်ခါနီးနေပြီကို ဘယ်လိုလုပ်အမှားအယွင်း ဖြစ်ရတာလဲ"

"ခင်ဗျားက ကျွန်တော့်ကိုမေးတော့ ကျွန်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ" လေယာဉ်မှူးကြီးလည်း ဒေါသထွက်လာပြီး စတီယာရင်ကို အားနှင့် ရိုက်ချလိုက်သည်။

ထိုအချိန်တွင် ကိရိယာပြားမှ စူးရှသော သတိပေးသံတစ်သံ ထွက်ပေါ်လာသည်။ "သေစမ်း... ဆီတိုင်ကီ ပေါက်သွားပြီ"

"အရန်ဆီတိုင်ကီရော" အရေးပေါ်အခြေအနေဖြစ်သောကြောင့် တပ်ခွဲမှူးရှသည်လည်း ရန်ဖြစ်မနေတော့ဘဲ အလျင်အမြန် မေးလိုက်သည်။

"ဘယ်လိုလုပ်အရန်ဆီတိုင်ကီရှိမှာလဲ... ဒါကမ္ဘာပတ်ပျံနေတာမှမဟုတ်တာ... လေယာဉ်ဒီဇိုင်းမှာတော့ ပါပေမဲ့... တကယ်ထုတ်လုပ်တော့ ကုန်ကျစရိတ်လျှော့ချဖို့ဆိုတဲ့ သောက်ရေးမပါတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ပစ်ခဲ့ကြတယ်လေ"ဟု လေယာဉ်မှူးကြီးက သူ၏ကြောက်လန့်မှုကို ဖော်ထုတ်ရင်း အော်ပြောလိုက်သည်။

လေယာဉ်သည် အဆက်မပြတ် မြင့်တက်နေပြီး အမြင့်ပေ တိုးလာသည်နှင့်အမျှ ဤနေရာရှိ လျှပ်စစ်စက်ကွင်းသည်လည်း ပိုမို ပြင်းထန်လာသည်။ နံရံများ၊ မှန်ပြတင်းပေါက်များနှင့် ကိရိယာပြားများပေါ်တွင် သေးငယ်သော လျှပ်စီးကြောင်းများ ပြည့်နှက်နေပြီး နောက်ဆုံး၌ လေထဲတွင်ပင် လျှပ်စီးများ ပေါ်ထွက်လာကာ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေသည်။ အကယ်၍ ဤနေရာရှိ ဓာတ်ကြိုးများသည် လျှပ်စစ်သံလိုက်လှိုင်းဒဏ်ကို ခံနိုင်ရည်မရှိပါက ကြာမြင့်စွာကတည်းက ပေါက်ကွဲသွားလောက်ချေပြီ။

လော်ယွမ်သည် ကြည့်နေရင်း ဦးရေပြားပင် ထုံကျင်သွားရသည်။ ထိုစဉ် သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် အော်ပြောလိုက်သည်။ "အပေါ်ဆက်တက်လို့မဖြစ်ဘူး... လျှပ်စစ်စက်ကွင်းက ဆီတိုင်ကီကို မီးစွဲသွားရင်... အားလုံးသေကုန်လိမ့်မယ်"

လူတိုင်း၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။

လေယာဉ်မှူးကြီးက အသက်ကိုပြင်းပြင်းရှူကာ ပြိုလဲလုနီးပါးဖြစ်နေသော သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး လေယာဉ်ကို အောက်သို့ ပြန်ဆင်းရန် ကြိုးစားထိန်းချုပ်လိုက်သည်။

အောက်ဘက်တွင် ကြုံတွေ့ရနိုင်သော တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် လေယာဉ်ပေါက်ကွဲခြင်းက ပို၍ အန္တရာယ်ကြီးမားသည်မှာ ထင်ရှား၏။

လေယာဉ်မှူးအခန်းသည် တိတ်ဆိတ်သွားပြီး အပေါက်မှ တိုက်ခတ်လာသော လေအေး တဟူးဟူးသံသာ ကြားနေရသည်။ အပေါက်၏ အနားသတ်များတွင် သွေးရောင်သန်းနေသော ရေခဲပန်းပွင့်လေးများ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။

တပ်ခွဲမှူး ရှသည် မသိစိတ်ဖြင့် သူ၏ရင်ဘတ်ကို စမ်းလိုက်သည်။ ရင်ဘတ်ထဲ၌ သူ၏ဇနီးနှင့် သမီးတို့၏ ဓာတ်ပုံရှိ၏။ သူသည် ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ နေလိုက်သည်။ အကြိမ်များစွာ ကြိုးစားပြီးမှ ခက်ခဲပင်ပန်းစွာဖြင့် မေးလိုက်သည်။ "နောက်ထပ်... ဘယ်လောက်ကြာကြာ ပျံသန်းနိုင်ဦးမလဲ... သွားရမယ့်နေရာကို ရောက်နိုင်ပါ့မလား"

"ဆီတိုင်ကီက တော်တော်ယိုစိမ့်နေတယ်... ခရီးတစ်ဝက်တောင် မရောက်နိုင်လောက်ဘူး" လေယာဉ်မှူးကြီးက ဆီပမာဏကို ကြည့်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးမှ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ "ပြီးတော့ အခုအချိန်မှာ လျှပ်စစ်သံလိုက်မုန်တိုင်းက အချိန်မရွေး ကျရောက်နိုင်တယ်... ဒီလို ဆီယိုနေတဲ့အခြေအနေနဲ့ လေထဲမှာ ပျံသန်းနေတာက အရမ်းအန္တရာယ်များတယ်... ဆီနည်းနည်းကျန်တုန်း ကျွန်တော် နေရာတစ်ခုရှာပြီး အရေးပေါ်ဆင်းလိုက်မယ်... ခင်ဗျားတို့ နေရာမှာ ပြန်သွားထိုင်နေကြ"

................................................

လော်ယွမ်နှင့် တပ်ခွဲမှူးရှတို့သည် လေးလံသော စိတ်နှလုံးများဖြင့် သယ်ယူပို့ဆောင်ရေးအခန်းသို့ ပြန်လာကြသည်။

"ဘာဖြစ်လို့လဲ... ရှင်တို့ စကားများနေတဲ့အသံ ကြားလိုက်သလိုပဲ" ဟွမ်ကျားဟွေက မေးလိုက်သည်။

လော်ယွမ်က ခေါင်းခါကာ ပြောလိုက်သည်။ "အခြေအနေမကောင်းဘူး... အားလုံးကြိုတင်ပြင်ဆင်ထားကြ... လေယာဉ်ကအခြေအနေဆိုးနေပြီ ခဏနေရင် အရေးပေါ်ဆင်းသက်ရလိမ့်မယ်"

"တပ်ခွဲမှူး... အဲ့ဒါ တကယ်လား" စစ်သားတစ်ဦးက မယုံနိုင်စွာဖြင့် မေးလိုက်သည်။

တပ်ခွဲမှူးက လေးလံစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ရင်ဘတ်ထဲမှ ဓာတ်ပုံကို စမ်းကာ တိတ်ဆိတ်ငြိမ်သက်စွာ ဘာစကားမှမဆိုဘဲ နေလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

လေယာဉ်အတွင်းရှိဖိစီးသော လေထုက လူတိုင်းကို အသက်ရှူပင် မဝနိုင်လောက်အောင် ဖြစ်စေ၏။

မည်မျှကြာသွားသည်မသိ၊ နောက်တစ်ကြိမ် "ဒုန်း" ဟူသောအသံကြီးတစ်ချက် ထွက်ပေါ်လာပြီး လေယာဉ်၏ သတ္တုကိုယ်ထည် ပုံပျက်သွားကာ စူးရှသော ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။ လေယာဉ်ဝမ်းဗိုက်၏ ခိုင်ခံ့သောနံရံသည်ပင် ခုံးထွက်လာပြီး အောက်မှ ထူထဲသော သံမဏိပြားအချို့ လန်တက်သွားကာ လက်မဝက်ခန့်ကျယ်သော အပေါက်တစ်ခု ပေါ်ထွက်လာသည်။

လေယာဉ်သည် ပြင်းထန်စွာ ယိမ်းထိုးသွားပြီး ကုန်သေတ္တာအချို့ကို ချည်နှောင်ထားသည့် သံကြိုးများ တဂျိန်းဂျိန်းမြည်ကာ မီးပွားများ လွင့်စင်သွားသည်။

အေးစက်သော လေပြင်းတစ်ချက်က အပေါက်မှ တဟူးဟူးတိုက်ခတ်လာပြီး မြေပြင်ပေါ်ရှိ သံမှုန့်များကို လွင့်စင်စေသည်။

လော်ယွမ်က အလျင်အမြန် ပြေးသွားပြီး ကျိုးယလီ၏ ကိုယ်ကို ဖိထားလိုက်သည်။ ထို့နောက် လူတိုင်းက အောက်သို့ ထိုးကျသွားသော ခံစားမှုကို သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

"အားလုံးသတိထားကြ" သူက စိုးရိမ်တကြီး အော်ပြောလိုက်သည်။

လေယာဉ်သည် အဆက်မပြတ် အောက်သို့ကျဆင်းနေပြီး အရှိန်က ပို၍ မြန်လာပုံရသည်။ လူတိုင်းသည် လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလာရပြီး အလွန်အမင်း ကြောက်ရွံ့မှုက လူတိုင်း၏ နှလုံးသားကို ဆုပ်ကိုင်ထားရာ အားလုံး၏မျက်နှာများမှာ ဖယောင်းကဲ့သို့ ဖြူဖွေးလျက်ရှိ၏။

အချိန်သည် ဤတစ်ခဏတွင် အလွန်ပင် နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရသည်။

လော်ယွမ်၏ လည်ပင်းနှင့် နားထင်မှ အကြောများ ထောင်ထလာပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထကုန်၏။ သူ၏စိတ်သည် အစွမ်းကုန် တင်းမာနေပြီး နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေသည်။ သူ၏ အာရုံခံစားမှုသည်လည်း ပတ်ဝန်းကျင်ကို အစွမ်းကုန် အာရုံခံနေသော်လည်း လေပြင်းတိုက်သံမှလွဲ၍ ဘာကိုမျှ မခံစားရပေ။

လူတိုင်း မျှော်လင့်ချက်ကင်းမဲ့နေချိန်တွင် အောက်သို့ ကျဆင်းနေသော ခံစားမှုသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။ လူတိုင်း သက်ပြင်းချရန် ပြင်ဆင်နေစဉ်မှာပင်...

လော်ယွမ်က ရုတ်တရက် အော်ပြောလိုက်သည်။ "အားလုံး မြဲမြဲကိုင်ထားကြ"

အားလုံး၏စိတ်ထဲတွင် တင်းကျပ်သွားပြီး အနီးအနားရှိ သံကြိုးများကို အားကုန် ဆုပ်ကိုင်ထားလိုက်ကြသည်။

နောက်တစ်ခဏတွင် ဧရာမအသံကြီးတစ်ချက် နားထဲသို့ ဝင်ရောက်လာပြီးနောက် ထိုအသံများသည် မီးပန်းများ ဆက်တိုက်ဖောက်သကဲ့သို့ အဆက်မပြတ် မြည်ဟည်းနေတော့သည်။ လေယာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဝန်ပိ၍ ကျိုးကြေတော့မည့်နှယ် မြည်သံများနှင့်အတူ အချို့နေရာများမှ မီးခိုးများ ထွက်ပေါ်လာသည်။

လော်ယွမ်၏ အာရုံခံစားမှုအရ ၃ပေခန့် တုတ်သော သစ်ပင်များသည် ကြီးမားသော လေယာဉ်၏ အဆက်မပြတ် တိုက်ခွဲခြင်းကို ခံနေရသည်။ ကြီးမားသောဒြပ်ထုက ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကို ဖြစ်ပေါ်စေသည်။ လေယာဉ်တစ်စင်းလုံးသည် ဧရာမသတ္တုသားရဲကြီးတစ်ကောင်ကဲ့သို့ ရှေ့တည့်တည့်သို့ အတားအဆီးမရှိ တိုးဝင်တိုက်ခိုက်နေတော့သည်။

လူတိုင်းသည် သံကြိုးများကို သေမတတ် ဆုပ်ကိုင်ထားသော်လည်း အပေါ်အောက် ပြင်းထန်စွာ လှုပ်ခါခံနေရသောကြောင့် ခေါင်းများမှာ ကွဲအက်သွေးထွက်ကုန်ကြသည်။

လေယာဉ်သည် ပေ၁၅၀၀၊ ၂၀၀၀ခန့် ပြေးသွားပြီးနောက် လေယာဉ်ဦးပိုင်းသည် တောင်စောင်းတစ်ခုထဲသို့ စိုက်ဝင်သွားပြီး ရပ်တန့်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၀၂)ခွန်လွန်တောင်တန်း

မြေကြီးများသည် ကျောက်စရစ်ခဲများဖြင့် ရောယှက်ကာ လေယာဉ်ဦးခေါင်း၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်အထိ ပြိုကျလာခဲ့သည်။

သယ်ယူပို့ဆောင်ရေးလေယာဉ်၏ မီးခိုးရောင်ဖျော့ဖျော့နှင့် ထူထဲလှသော သံချပ်ကာသည် ယခုအခါတွင် လုံးဝ လိမ်ကောက်ပုံပျက်နေပြီး အချို့နေရာများတွင် ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်။ လေယာဉ်ကိုယ်ထည်မှမူ မီးခိုးလုံးများ ထူထပ်စွာ ထွက်ပေါ်နေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။

တိုက်မိပြီးနောက် ဆယ်စက္ကန့်ခန့် အကြာတွင်...

နားစည်ကို စူးရှစွာ ထိုးဖောက်လာသော သတ္တုသံတစ်သံနှင့်အတူ ငွေဖြူရောင် ဓားထိပ်ဖျားတစ်ခုသည် လေယာဉ်ကိုယ်ထည်မှ ရုတ်တရက် ထိုးထွက်လာသည်။ ထို့နောက် တို့ဟူးတုံးကို လှီးဖြတ်လိုက်သည့်အလား စက်ဝိုင်းပုံကြီးတစ်ခုကို လှီးဖြတ်လိုက်ပြီးနောက် အုန်းခနဲ အသံကျယ်ကြီးတစ်သံနှင့်အတူ စက်ဝိုင်းပုံ သတ္တုပြားတစ်ချပ်သည် ဧရာမခွန်အားတစ်ခုကြောင့် ၁၄ပေ၊ ၁၅ပေခန့်အကွာသို့ လွင့်စဉ်ထွက်သွားသည်။

လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် လေယာဉ်ကိုယ်ထည်မှ လျင်မြန်စွာ ခုန်ချလာကြသည်။ ဤလူများ၏ အသွင်အပြင်က အလွန်သနားစရာကောင်းလှပြီး လူတိုင်းနီးပါး ဒဏ်ရာများ ရရှိထားကြသည်။

လော်ယွမ်သည် သူ၏လက်ထဲမှ ကျိုးယလီကို ဝမ်ရှကွမ်ထံသို့ ပေးအပ်လိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားရန် ပြောလိုက်သည်။ ထို့နောက် သူနှင့် စစ်သားအချို့က လျင်မြန်စွာ ပြန်ပြေးသွားကြပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော အလောင်းနှစ်လောင်းကို ဆွဲထုတ်လိုက်ကြသည်။

ဤလူနှစ်ဦးမှာ လေယာဉ်မှူးများပင် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ မောင်းသူအခန်းသည် ပြင်းထန်သော တိုက်မိမှုအောက်၌ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ပြီးနောက် ကျောက်စရစ်ခဲအများအပြားပြိုကျခြင်းကို ခံလိုက်ရသည်။ အတွင်းမှ လေယာဉ်မှူးများမှာ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးပင်မရဘဲ တိုက်ရိုက်ပင် အသက်ဆုံးရှုံးသွားခဲ့ရသည်။ အကယ်၍သာ လော်ယွမ်နှင့် စစ်သားများက ကျောက်စရစ်ခဲများကို လက်ဖြင့် အသည်းအသန် တူးထုတ်ဖယ်ရှားခဲ့ခြင်းမရှိပါက အလောင်းများကိုပင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

မူလက လော်ယွမ်သည် ဧရာမဖွတ်ကြီးကို ကယ်တင်လိုသေးသော်လည်း သူ၏ ခွန်အားဖြင့်မူ ကွန်တိန်နာကို တွန်းရွှေ့နိုင်ခြင်းမရှိချေ။ မီးခိုးများ တဖြည်းဖြည်း ပို၍ကြီးမားလာသည်ကို မြင်သောအခါ သူသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ထဲမှ ပြေးထွက်လာခဲ့ရတော့သည်။ သို့သော် သယ်ယူပို့ဆောင်ရေးလေယာဉ် ပေါက်ကွဲမှု၏ အရှိန်က ဧရာမဖွတ်ကြီးကို သတ်နိုင်မည်မဟုတ်ဟု သူထင်မိသည်။ ထို့အပြင် ၎င်းက ကွန်တိန်နာအကာအကွယ် ရှိနေသေးသည် မဟုတ်ပါလား။

အချိန်က ညသန်းခေါင်ယံဖြစ်ပြီး ပတ်ဝန်းကျင်သည် မည်းမှောင်နေသည်။ သို့သော် ညဘက်၌ အပြည့်အဝ မြင်နိုင်စွမ်းရှိသော လော်ယွမ်အတွက်မူ ဤအမှောင်ထုက သူ၏ အမြင်အာရုံကို တားဆီးနိုင်ခြင်းမရှိချေ။

အဝေး၌ မြင့်မားထူထပ်သော တောင်တန်းကြီးများသည် အဆုံးအစမရှိအောင် တန်းစီနေကြပြီး အဆုံးအစမရှိသော သစ်တောပင်လယ်ကြီးက မတ်စောက်သော တောင်စောင်းများနှင့်အတူ အဆုံးမဲ့သော မိုးကုပ်စက်ဝိုင်းဆီသို့ တောက်လျှောက် သွယ်တန်းနေသည်။ ဤသည်မှာ လူ့ယဉ်ကျေးမှုအဖွဲ့အစည်း၏ အရိပ်အယောင်တစ်စက်ကလေးမျှပင် မမြင်တွေ့ရသော ရှေးဦးကမ္ဘာဦးခေတ်ကဲ့သို့သော မြင်ကွင်းမျိုးပင် ဖြစ်ပေသည်။

အဆုံးမရှိသော တောနက်ကြီးအပြင်၌ တောနက်ကြီးသာလျှင် ရှိ၏။

ထူထပ်သိပ်သည်းသော သစ်ကိုင်းသစ်ရွက်များသည် ကောင်းကင်ကို ပိုက်ကွန်ကဲ့သို့ ဖုံးအုပ်ထားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော အစိမ်းရောင်ကော်ဇောကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

ဤနေရာ၌ လူတစ်ဖက်စာခန့်ရှိသော သစ်ပင်ကြီးများ နေရာတိုင်း၌ ရှိနေပြီး အချို့သစ်ပင်များ၏ အမြစ်များသည် လေထဲ၌ တိုက်ရိုက် ပေါ်ထွက်နေသည်။ ကြီးမားပြီး လိမ်ယှက်နေသော အမြစ်များသည် စပါးကြီးမြွေတစ်ကောင်ကဲ့သို့ မီတာရာပေါင်းများစွာအထိ ရှည်လျားစွာ သွယ်တန်းနေပြီး ၎င်းတို့ကြားထဲ၌ ပေါင်လုံးအရွယ်ခန့်ရှိသော နွယ်ပင်များက အချင်းချင်း ရစ်ပတ်နေကြသေးသည်။

လူသားများ၏ အကြိမ်ကြိမ် ရှင်းလင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး သက်တမ်းမှာ တစ်နှစ်ခန့်သာရှိသော ကျန်းနန်ဒေသမှ သစ်ပင်ကြီးများနှင့် နှိုင်းယှဉ်ပါက ဤနေရာမှ သစ်ပင်များသည် အများအားဖြင့် ကြီးမားလှပြီး သစ်ရွက်များသည်လည်း စိမ်းစိုနက်မှောင်နေသည်။ သစ်ခေါက်များသည် ခြောက်သွေ့ကြမ်းတမ်းနေပြီး ခေတ်အဆက်ဆက်ဖြတ်သမ်းခဲ့သည့်အလား သက်တမ်းရင့်မှု၏ အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။

မည်သူမဆို ဤနေရာသည် မြေပြန့်လွင်ပြင်မဟုတ်ဘဲ တောင်တန်းတောနက်ကြီးဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ ကမ္ဘာပျက်ကပ်မတိုင်မီကပင် ဤနေရာသည် အဆိပ်ပြင်းသော ပိုးမွှားများနှင့် ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များ အဆက်မပြတ် ထွက်ပေါ်လေ့ရှိပြီး ကာကွယ်ရန် အလွန်ခက်ခဲလှသော အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်ခဲ့ရာ အန္တရာယ်များဖြင့် ပြည့်နှက်နေသော ကမ္ဘာပျက်ကာလ၌မူ ဆိုဖွယ်ရာမရှိတော့ချေ။

"ဒါ ဘယ်နေရာလဲဆိုတာ... ဘယ်သူသိလဲ" လော်ယွမ်သည် ကျိုးယလီ၏ အခြေအနေကို စစ်ဆေးပြီးနောက် လှည့်၍ မေးလိုက်သည်။ သယ်ယူပို့ဆောင်ရေးလေယာဉ် တောင်စောင်းနှင့် တိုက်မိစဉ်က လော်ယွမ်သည် အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိခဲ့သည့်အတွက် သူမသည် လေယာဉ်ခန်းနှင့် မတော်တဆ တိုက်မိသွားခဲ့သည်။ သို့သော် ပြဿနာမှာ ကြီးကြီးမားမားမရှိဘဲ ခေါင်း၌ အဖုတစ်ခုနှင့် အရေပြား ပွန်းပဲ့ဒဏ်ရာအချို့သာ ရရှိခဲ့သည်။

"ဒီနေရာက ခွန်လွန်တောင်တန်းထဲမှာ ဖြစ်လောက်တယ်... ဘယ်နေရာလဲဆိုတာအတိအကျတော့ ကျွန်တော်လည်း မသိဘူး... ပျံသန်းခဲ့တဲ့ ခရီးအကွာအဝေးအရမှန်းကြည့်ရင်... ပြန်လည်တည်ဆောက်ရေးဇုန်နဲ့ သိပ်မဝေးလောက်တော့ဘူး" တပ်ခွဲမှူးရှက ခေါင်းခါရင်း ပြောလိုက်သည်။ သူ၏ အသံက အနည်းငယ် ခြောက်ကပ်နေ၏။ သူသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သွေးများသည် ဆံပင်မှ အဆက်မပြတ် စီးကျနေကာ မျက်နှာတစ်ခုလုံးကို စိုရွှဲနေတော့သည်။

လော်ယွမ်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ထဲ၌ အနည်းငယ် စိတ်မရှည်နိုင်ဖြစ်လာမိသည်။

ဤနေရာ၏ မြေမျက်နှာသွင်ပြင်သည် အလွန်အမင်း ကြမ်းတမ်းပြီး သစ်တောများသည်လည်း ထူထပ်လှသည်။ လမ်းမပြောနှင့်၊ တောင်တွေကို ကျော်ဖြတ်သွားလျှင်တောင် မကြာမီမှာပင် လမ်းပျောက်သွားပေလိမ့်မည်။ ဤနေရာမှ ထွက်သွားရန်မှာ မည်သည့်အချိန်အထိ ကြာမြင့်မည်ကို မသိနိုင်ချေ။

"အုန်း" ထိုအချိန်၌ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ပေါက်ကွဲသွားပြီး အမှောင်ထုထဲ၌ မျက်စိကျိန်းလောက်အောင် တောက်ပသော မီးလုံးကြီးတစ်ခု ထွက်ပေါ်လာကာ ပေ၃၀၀အထိ မြင့်တက်သွားပြီးနောက် မည်းနက်သော မှိုပုံတိမ်တိုက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ခင်ဗျားတို့ဒီမှာ ခဏစောင့်နေဦး... ရှီရှီလုံခြုံရေးကို ဂရုစိုက်... ငါသွားကြည့်လိုက်ဦးမယ်" လော်ယွမ်က ဧရာမဖွတ်ကြီး၏ အခြေအနေကို စိုးရိမ်သည့်အတွက် ပြောလိုက်သည်။

"ဒါဆို မြန်မြန်ပြန်လာခဲ့နော်" ဟွမ်ကျားဟွေက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ တောနက်ကြီး၏ ညက အသံမျိုးစုံဖြင့် ဆူညံနေသည်။ ထူးဆန်းသော ပိုးမွှားများ၏ မြည်သံ၊ လေးလံသော သားရဲများ၏ ဟိန်းဟောက်သံနှင့် တစ်ခါတစ်ရံ လူသားများ၏ ရယ်မောသံ၊ ငိုယိုအော်ဟစ်သံများနှင့် ဆင်တူသော အသံများအပြင် မည်းမှောင်သော ပတ်ဝန်းကျင်ကြောင့် နာနာဘာဝဘုံတစ်ခုသို့ ရောက်ရှိသွားသည့်အလား လူတိုင်းကို ခေါင်းနပမ်းကြီးစေသည်။

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်ဆီသို့ အမြန်ပြေးသွားခဲ့သည်။

မီးတောက်သည် လျင်မြန်စွာ ပေါ်ထွက်လာသကဲ့သို့ လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်၌ အပြာရောင်မီးခိုးငွေ့များသာ တလူလူ လွင့်ပျံနေတော့သည်။

ဆီမလုံလောက်သည့်အတွက် ပေါက်ကွဲမှုအရှိန်က သိပ်မကြီးမားချေ။ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ သံမဏိဘောင်များက မူလအတိုင်း ကျန်ရှိနေသေးပြီး ပုံပျက်ပန်းပျက် ပို၍မဖြစ်သွားချေ။ လော်ယွမ်သည် မူလက ပျက်စီးသွားသော အပေါက်မှတစ်ဆင့် လေယာဉ်ခန်းအတွင်းသို့ ဝင်ရောက်သွားရာ ကွန်တိန်နာအချို့သည် မီးခိုးများဖြင့် မည်းနက်နေပြီး ၎င်းတို့ထဲမှ နှစ်ခုမှာ ပေါက်ကွဲမှု၏ တိုက်ရိုက်ရိုက်ခတ်မှုကို ခံလိုက်ရသည့်အတွက် တစ်ခုလုံး ချိုင့်ဝင်သွားကာ ခြေထောက်ဖြင့်တက်နင်းခံလိုက်ရသော ဘောလုံးတစ်လုံးနှင့်ပင် တူနေသည်ကို တွေ့လိုက်ရသည်။

သို့သော် ဧရာမဖွတ်ကြီးရှိသော ကွန်တိန်နာမှာမူ အနည်းငယ်သာ ချိုင့်ဝင်သွားပြီး ဘာမျှမဖြစ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤကွန်တိန်နာသည် မူလကတည်းကပင် အထူးထူထဲအောင် ပြုလုပ်ထားသည့်အတွက် ဤမျှလောက် ပေါက်ကွဲမှုက ၎င်းကို လုံးဝပုံပျက်ပန်းပျက်ဖြစ်သွားအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။

လော်ယွမ်က ရှေ့သို့တက်သွားပြီး ကျန်းမာတောက်ဓားကို ဆွဲထုတ်ကာ ကွန်တိန်နာကို ချည်နှောင်ထားသော သံကြိုးများကို တစ်ချောင်းပြီးတစ်ချောင်း ခုတ်ဖြတ်လိုက်သည်။ ထို့နောက် ဓားထိပ်ဖျားကို ကွန်တိန်နာ၏ အဆက်နေရာသို့ ထိုးထည့်လိုက်ပြီး ကွန်တိန်နာ၏ ဂဟေဆော်ထားသော နေရာအတိုင်း လျင်မြန်စွာ လှီးဖြတ်လိုက်ရာ မကြာမီမှာပင် သူက ကွန်တိန်နာ၏ အပေါက်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီး နိုးထလာပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ ၎င်း၏ မျက်လုံးများသည် တစ်ဝက်ပွင့်တစ်ဝက်မှိတ်ဖြင့် အလွန်အမင်း အားအင်ကုန်ခမ်းနေဟန်တူ၏။ စောစောက ပြင်းထန်သော ပေါက်ကွဲမှုက ၎င်းကို လန့်နိုးသွားစေသည်မှာ ထင်ရှားလှသည်။

လော်ယွမ်ကို မြင်သောအခါ ဧရာမဖွတ်ကြီးသည် စိတ်ဓာတ်တက်ကြွလာဟန်ဖြင့် အားမရှိသော အသံဖြင့် ညည်းညူလိုက်ပြီး မိမိ၏ သနားစရာကောင်းသောအဖြစ်ကို ပြောပြနေသည့်အလားပင်။

သို့သော် လော်ယွမ်က ၎င်း၏ စကားကို နားမလည်ချေ။ သူသည် ဧရာမဖွတ်ကြီး၏ ကြီးမားသော ဦးခေါင်းကို ပုတ်၍ ခဏတာ နှစ်သိမ့်ပေးလိုက်ပြီးနောက် ဆက်လက်၍ အလုပ်ရှုပ်နေတော့သည်။ မကြာမီမှာပင် ကြီးမားသော ကွန်တိန်နာကို သူက ဓားဖြင့် ဖြတ်ချလိုက်ရာ ဧရာမဖွတ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်သို့ လုံးဝ ပေါ်ထွက်လာခဲ့သည်။

လွတ်လပ်သွားသည်ဟု ခံစားရသည့်အလား ၎င်းက အားတင်းကာ ခေါင်းကို ခါယမ်းလိုက်ပြီး ထရပ်ရန် ကြိုးစားရုန်းကန်လိုက်သည်။ သို့သော် ခြေလေးချောင်းသည် ခန္ဓာကိုယ်ကို ထောက်မလိုက်သည်နှင့် တစ်ကိုယ်လုံး ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပြန်လည် ဝပ်တွားကျသွားပြန်သည်။

၎င်းသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းကို ငုံ့ထားပြီး မျက်ခွံများကို တွဲကျစေကာ လော်ယွမ်ကို ကြည့်ရင်း အားမရှိသော အသံဖြင့် ညည်းညူနေတော့သည်။

ဖွတ်ကြီး၏ အခြေအနေသည် လုံးဝပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။ လော်ယွမ်က အချိန်ကို ကြည့်လိုက်ရာ ယခုသည် ညသန်းခေါင် ဆယ့်နှစ်နာရီဖြစ်ပြီး မိုးလင်းရန် ငါးနာရီ၊ ခြောက်နာရီခန့် လိုသေးသည်။ ဤမျှလောက် အချိန်တိုအတွင်း၌ ဧရာမဖွတ်ကြီး လုံးဝပြန်လည်ကောင်းမွန်လာပြီး မေ့ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ ပပျောက်သွားရန် မလုံလောက်ချေ။

သူသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်ပြေးသွားကာ မြွေရေခွံအိတ်ကို ဖွင့်၍ ဧရာမမြွေနဂါးကြီး၏ ကလီစာအချို့ကို ရွေးထုတ်လိုက်ပြီး ခိုင်ခန့်သော မြက်ပင်တစ်ပင်ဖြင့် သီလိုက်ရာ ပေါင်လေးငါးဆယ်ခန့် ရှိပေလိမ့်မည်။

ပြန်လာသောအခါ ဧရာမဖွတ်ကြီးသည် အနံ့ကိုရ၍ ဦးခေါင်းကို ကြိုးစားမော့ထောင်ထားပြီး တွဲကျနေသော မျက်ခွံများကိုလည်း အစွမ်းကုန် ဖွင့်ထားကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထက်၌ ဖားယားချွဲနွဲ့နေသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါသည် ဧရာမဖွတ်ကြီးကဲ့သို့သော အဆင့်အတွက်မူ အမြင့်၌ရှိသော နတ်ဘုရားတစ်ပါး၊ အစားအစာကွင်းဆက်၏ ထိပ်ဆုံးမှ သတ္တဝါကဲ့သို့ပင် ဖြစ်သည်။ ၎င်း၏ အသွေးအသားသည် ဖွတ်ကြီးအတွက် မယုံနိုင်လောက်အောင် အကျိုးပြုပြီး ဆင့်ကဲပြောင်းလဲမှုကိုပင် လှုံ့ဆော်ပေးကာ အဆင့်တစ်ဆင့် တက်သွားစေနိုင်ပေသည်။

လော်ယွမ်က ထိုကလီစာတွဲကို ၎င်း၏ ပါးစပ်နားသို့ ပစ်ချပေးလိုက်သည်။ သို့သော် ဧရာမဖွတ်ကြီးသည် လည်ပင်းကို အားကုန်သုံး၍ ဆန့်တန်းလိုက်ပြီး သွေးရောင်လွှမ်းနေသော ပါးစပ်ကြီးဖြင့် အစာကို ချက်ချင်းပင် ကြမ်းတမ်းစွာ ကိုက်ချီလိုက်သည်။ ထို့နောက် ခေါင်းကို မော့ကာ ပေါင်လေးငါးဆယ်ခန့်ရှိသော ထိုကလီစာများကို တစ်လုပ်တည်း မျိုချလိုက်ရာ ယခင်က ပင်ပန်းနွမ်းနယ်နေပြီး အားအင်ကုန်ခမ်းနေသော ပုံစံမျိုး လုံးဝမတွေ့ရတော့ချေ။

သို့သော် အစာစားပြီးသည်နှင့် ၎င်းသည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး မြေပြင်ပေါ်၌ ပျင်းရိစွာ ဝပ်တွားနေကာ တစ်ချက်ကလေးမျှပင် မလှုပ်ရှားလိုတော့ချေ။

လော်ယွမ်က ခဏတာ ကြည့်ပြီးနောက် လူအုပ်စီ အလျင်အမြန် ပြန်သွားခဲ့သည်။

ဤနေရာက လုံခြုံသောနေရာမဟုတ်ချေ။ ဤနေရာသည် ကမ္ဘာပျက်ကပ်မတိုင်မီက တောနက်ကြီးဖြစ်ပြီး အန္တရာယ်အဆင့်အရဆိုလျှင် ကျန်းနန်ကဲ့သို့သော နေရာကို အန္တရာယ်အနည်းငယ်ရှိသောအဆင့်သာ သတ်မှတ်မှတ်နိုင်ပြီး ဤနေရာမှာမူ အလယ်အလတ် သို့မဟုတ် အမြင့်ဆုံးအဆင့်ပင် ဖြစ်ပေလိမ့်မည်။

ယခင်က သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ကြီးမားသော လှုပ်ရှားမှုကြောင့် သတ္တဝါအများစုသည် ဤနေရာတဝိုက်မှ ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသတ္တဝါများ ဤနေရာသို့ ပြန်လည်ရောက်ရှိလာကြမည်မှာ သေချာပေသည်။

........................

မီးပုံတစ်ပုံသည် သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့်မနီးမဝေးရှိသော ကွင်းပြင်တစ်ခု၌ တောက်လောင်နေသည်။

အရေခွံဆုတ်ထားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သစ်သားချောင်းတစ်ချောင်းဖြင့် ထိုးဖောက်ကာ ရိုးရှင်းသော သစ်သားစင်တစ်ခုပေါ်၌ တင်ထားပြီး မီးတောက်များဖြင့် ဖြည်းညင်းစွာ ကင်နေသည်။ ရွှေဝါရောင်ဆီများက မီးပုံထဲသို့ ယိုကျသွားပြီး မီးတောက်များကို ဖြစ်ပေါ်စေကာ "တရှဲရှဲ" အသံကို ထွက်ပေါ်စေပြီး မွှေးကြိုင်သောရနံ့တစ်ခု ပျံ့နှံ့လာသည်။

ဤသည်မှာ မိမိကိုယ်တိုင် ကျော့ကွင်းထဲသို့ ဝင်ရောက်လာသော အဆင့်နိမ့် သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ပြီး ဟော်တုံက ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

အကယ်၍သာ အဆင့်မြင့် သန္ဓေပြောင်းသားရဲဖြစ်ပါက ဤသို့ကင်လိုက်လျှင် ကြွက်သားများ ကျုံ့ဝင်သွားပြီး အလွန်အမင်း မာကျောသွားသည့်အတွက် လော်ယွမ်မှလွဲ၍ ကျန်လူများမှာ ကိုက်ဖြတ်နိုင်မည်မဟုတ်ပေ။

လူဆယ်ဂဏန်းခန့်သည် ဝိုင်းဖွဲ့ထိုင်နေကြပြီး စကားတပြောပြောဖြင့် အနီးအနားမှ မည်းမှောင်သော တောနက်ကြီးကို အခါအားလျော်စွာ လှမ်းကြည့်နေကြသည်။ ပတ်ဝန်းကျင်၌ တစ္ဆေအရိပ်များ ထင်ဟပ်နေပြီး သစ်ကိုင်းများသည် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင်၏ လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားသည့်အလား မီးရောင်အောက်၌ ညင်သာစွာ ယိမ်းနွဲ့နေပြီး လက်သည်းခြေသည်းများဖြင့် ကုတ်ခြစ်နေသည့်အလား ထင်မှတ်ရသည်။

ဤသည်မှာ လူတိုင်းအတွက် တောနက်ကြီးထဲ၌ ပထမဆုံးအကြိမ် ညအိပ်ခြင်းဖြစ်သည့်အတွက် သူတို့၏ စိတ်ထဲ၌ ကြောက်ရွံ့နေကြသည်မှာ အဆန်းမဟုတ်ချေ။

"အားလုံး ကိုယ့်မှာရှိတဲ့ပစ္စည်းတွေကို စာရင်းလုပ်ကြဦး... ကျွန်တော်တို့ဒီတောထဲမှာ ဘယ်လောက်ကြာကြာနေရမလဲ မသိဘူး" လော်ယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။

"ပစ္စည်းတွေက ဘာမှသိပ်မရှိတော့ဘူး... ပြန်လည်တည်ဆောက်ရေးဇုန်ကို ရောက်တော့မှာဆိုပြီး... ပစ္စည်းတော်တော်များများကို ကျွန်မတို့လွှင့်ပစ်ခဲ့တာ" ဟွမ်ကျားဟွေက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ "ဥပမာ မျက်နှာသုတ်ပုဝါတို့ ရွက်ဖျင်တဲတို့ လိုဟာတွေ ဘာမှမရှိတော့ဘူး"

"ဆားတွေလည်း လွှင့်ပစ်ခဲ့တယ်" ချောင်လင်းက သတိဖြင့် ဖြည့်စွက်ပြောလိုက်သည်။

လော်ယွမ်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။ အခြားအရာများမှာ ပြောစရာမရှိသော်လည်း ဆားမှာမူ အလွန်အရေးကြီးပြီး အသက်နှင့်ပင် သက်ဆိုင်ပေသည်။ ထို့အပြင် ဤနေရာသည် တောနက်ကြီးဖြစ်ပြီး လူသားများ လှုပ်ရှားသွားလာသည့် အရိပ်အယောင်တစ်စက်ကလေးမျှပင် မရှိသည့်အတွက် ဆားရှာရန်မှာ ကောင်းကင်သို့ တက်သည်ထက်ပင် ခက်ခဲပေလိမ့်မည်။

"ဆားကိုတော့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ သွေးကိုသောက်ပြီး ယာယီဖြေရှင်းလို့ရတယ်... ပြီးတော့ဒီနားမှာ ဆားရှိလောက်မှာပါ... မဟုတ်ရင်သတ္တဝါတွေ ဘယ်လိုလုပ်အသက်ရှိမှာလဲ... ကျွန်တော်တို့ သန္ဓေပြောင်းသတ္တဝါတွေကို လေ့လာပြီး ဆားကျက်မြေရှာလို့ရတယ်" တပ်ခွဲမှူးရှက မီးပုံကို ထိုးဆွလိုက်ပြီး သစ်ခြောက်တစ်ချောင်းကို မီးပုံထဲသို့ ထည့်ကာ စဉ်းစားရင်း ပြောလိုက်သည်။

"ဆားကိစ္စက အဆင်ပြေပေမယ့် အရေးကြီးတာကရေပဲ... ကျွန်တော်တို့ရေရှိတဲ့နေရာကို အမြန်ဆုံးရှာဖို့လိုတယ်" လော်ယွမ်က ပြောလိုက်သည်။ "ဒီမှာ ခဏလောက်နေပြီး သွားရမယ့်ဘက်ကို ဆုံးဖြတ်ပြီးမှ ခရီးဆက်ကြတာပေါ့"

သွားရမည့်ဘက်ကို သတ်မှတ်ရန်မှာ ရက်အနည်းငယ် နေရန်မလိုအပ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်းမရှိချေ။ တပ်ခွဲမှူးရှပင်လျှင် နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် စိတ်ဓာတ်များ ကျနေသော စစ်သားများကို ကြည့်ကာ တိတ်ဆိတ်သွားရသည်။ လေယာဉ်ပျက်ကျမှုသည် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေသော လူတိုင်းကို နတ်ဘုံမှ ငရဲသို့ တိုက်ရိုက် ကျဆင်းသွားစေခဲ့သည်။ ပြင်းထန်သော ဆန့်ကျင်ဘက်အခြေအနေက လူတိုင်း၏ နှလုံးသားကို သေဆုံးသွားစေပြီး ရှေ့ဆက်ရန် ခွန်အားများ ပျောက်ဆုံးသွားစေခဲ့သည်။

ထိုအချိန်၌ ကျိုးယလီသည် ညည်းညူသံတစ်ချက် ပြုလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ ထထိုင်လိုက်သည်။ "ကျွန်မတို့ ပြန်လည်တည်ဆောက်ရေးဇုန်ကို ရောက်ပြီလား... ဒီနေရာက ဘယ်နေရာလဲ"

လော်ယွမ်၏ အမူအရာသည် ခဏတာ တောင့်တင်းသွားပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "နင် ဆင့်ကဲပြောင်းလဲပြီး သတိလစ်နေတုန်း ငါတို့ လေယာဉ်ပျက်ကျသွားတယ်... အခု ဘယ်လိုနေသေးလဲ"

ကျိုးယလီသည် ကြောင်သွားပြီး မယုံနိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော လက်တွေ့အခြေအနေက သူမ၏ အမူအရာကို လျင်မြန်စွာ မှောင်မိုက်သွားစေသည်။ သို့သော် သူမသည်လည်း ကမ္ဘာပျက်ကပ်မှ လွတ်မြောက်လာသူဖြစ်ပြီး ဤထက်ပို၍ ဆိုးရွားသောအဖြစ်အပျက်များကိုလည်း ကြုံတွေ့ခဲ့ဖူးရာ သာမန်အမျိုးသမီးများကဲ့သို့ စိတ်ဓာတ်ပျော့ညံ့သူမဟုတ်ချေ။ သူမသည် စိတ်ဓာတ်ကျသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။ "ဘာမှမဖြစ်တော့ဘူး... ခေါင်းနည်းနည်းပဲ ကိုက်နေသေးတယ်"

"ရှင် စောစောက ကျွန်မကို ဆင့်ကဲပြောင်းလဲသွားတယ်လို့ ပြောလိုက်တာလား" သူမသည် ထိုအချိန်၌ ရုတ်တရက် သတိရသွားပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အသံက ရုတ်တရက် အနည်းငယ် ကျယ်လောင်သွားသည်။

ထိုအချိန်၌ လော်ယွမ်သည် လှိုင်းတစ်ခုခုက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ပိန်းပိန်းမှောင်နေသော တောနက်ထဲကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီး အသေအချာ စစ်ဆေးကြည့်သော်လည်း ဘာမျှမတွေ့ရချေ။ ကျိုးယလီက သူ့ကို ဆက်လက်ကြည့်နေသည်ကို မြင်သောအခါ သူက ခေါင်းညိတ်ပြလိုက်သည်။

ကျိုးယလီသည် အခြားသူများကို လှမ်းကြည့်လိုက်ရာ လူတိုင်းသည် ရှုပ်ထွေးသော အမူအရာများဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှသာ သူမ ယုံကြည်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် ပြင်းထန်သော ဝမ်းမြောက်မှုလှိုင်းလုံးကြီးတစ်ခုက သူမ၏ နှလုံးသားထဲသို့ စီးဝင်လာပြီး ယခင်က စိတ်ထဲမှ မှောင်မိုက်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို ချက်ချင်းပင် တစစီ ရှင်းလင်းဖယ်ရှားသွားတော့သည်။

ကမ္ဘာပျက်ကပ် စတင်လာသောအခါ သူမနှင့် စေ့စပ်ထားသူ အသက်ဆုံးရှုံးသွားခဲ့သည်။ ထို့နောက် မိဘများလည်း သေဆုံးသွားပြီး နောက်ဆုံး၌ တစ်ဦးတည်းသော အားကိုးရာဖြစ်သော မိဝါပင်လျှင် သေဆုံးသွားခဲ့သည်။ ချစ်ခင်ရသူများကို ဆုံးရှုံးရသည့် နာကျင်မှုသည် စိတ်ထဲ၌ အကြိမ်ကြိမ် စုပုံလာခဲ့ပြီး ယခုအချိန်အထိ မပြိုလဲသေးခြင်းမှာပင် စိတ်ဓာတ်အလွန် ခိုင်မာသောကြောင့်ဖြစ်သည်။ အခြားသူများပင်လျှင် သူမထက် ပို၍ တောင့်ခံနိုင်မည်မဟုတ်ပေ။ ဤအဖြစ်များက သူမအား လုံခြုံမှုမရှိအောင် ပြုလုပ်ခဲ့ပြီး စိတ်အခြေအနေကိုလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားစေခဲ့သည်။ သို့သော် သူမကဲ့သို့သောလူများ၏ စိတ်ထဲတွင် အစွမ်းထက်တော့ စွမ်းအားများကို တောင့်တလေ့ရှိသည်။

ခံစားချက်ပေါင်းများစွာ ရောထွေးသွားပြီးနောက် သူမက ရုတ်တရက် မျက်ရည်များ စီးကျလာခဲ့တော့သည်။

ဆက်ရန်...

အပိုင်း(၂၀၃)ပထမဆုံးည

အခြားသူများ၏ အထူးအဆန်း အကြည့်များကို ခံစားမိသောအခါ ကျိုးယလီသည် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်ရာ မျက်နှာမှာ အနည်းငယ်ရဲတက်သွား၏။

"နင်ဘယ်လိုအစွမ်းရလိုက်လည်းဆိုတာ သိလား" ချောင်လင်းက အားကျစိတ်နှင့် စပ်စုစိတ်တို့ ရောယှက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။

အားလုံး၏အကြည့်များက မိမိထံသို့သာ စုပြုံရောက်ရှိလာသည်ကို ခံစားမိသောအခါ ကျိုးယလီမှာ ပို၍ပင် ခေါင်းမဖော်ဝံ့တော့ပေ။ သူမသည် မိမိ၏လက်ကို တစ်ချက်ကြည့်လိုက်၊ လက်သီးဆုပ်လိုက်ဖြင့် စက္ကန့်သုံးဆယ်ခန့် စမ်းသပ်ကြည့်ပြီးမှ "ငါလည်းမသိဘူး... အားနည်းနည်းသန်လာသလိုပဲ... ပြီးတော့ငါ့အသားအရေလည်း ပြောင်းသွားတယ်" ဟု တိုးညင်းစွာဆို၏။

"ဟယ်... နင့်အသားက ချောမွေ့သွားလိုက်တာ... အခုဆို လော်ယွမ်နဲ့တောင် အတူတူလောက်ရှိသွားပြီ" ဘေးမှ ဝမ်ရှကွမ်က ကျိုးယလီ၏လက်ကို ဆွဲယူလိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

ကျိုးယလီ၏မျက်နှာမှာ ချက်ချင်းပင် နီရဲတက်သွားပြီး လက်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။

ဟော်တုံနှင့် အခြားသူများက လော်ယွမ် မည်သို့တုံ့ပြန်မည်ကို သိချင်၍ ခိုးကြည့်လိုက်ကြရာ အလွန်တည်ငြိမ်အေးဆေးနေသော မျက်နှာတစ်ခုကိုသာ တွေ့လိုက်ရသည်။ သို့သော် စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ ခေါင်းဆောင်ယွမ်ကဲ့သို့ နတ်ဘုရားတစ်ပါးနှယ် တန်ခိုးကြီးလှသော ပုဂ္ဂိုလ်တစ်ဦးက ဤသို့သော အသေးအဖွဲကိစ္စများကို အဘယ်မှာ ဂရုစိုက်နေမည်နည်း။

ကျိုးယလီ၏မျက်နှာတွင် အနည်းငယ် စိတ်ပျက်နေဟန်ကို မြင်သောအခါ လော်ယွမ်က နှစ်သိမ့်လိုက်သည် "အဲ့ဒါက ဆင့်ကဲပြောင်းလဲပြီး နောက်ပိုင်းဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတစ်ခုပဲ... သန္ဓေပြောင်းအစွမ်းမဟုတ်သေးဘူး... နင့်ခွန်အားတွေတိုးလာတာနဲ့ အသားအရေကလည်း ပိုပိုပြီး ချောမွေ့သွားတာက ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့်ပဲ... ဒီလိုအဖြစ်မျိုးက အချိန်အတော်ကြာတဲ့အထိ ဖြစ်နေလိမ့်မယ်"

"သန္ဓေပြောင်းအစွမ်းတွေက အများအားဖြင့် ငုတ်လျှိုးနေတတ်တယ်... သူ့ကိုနင်ဘယ်လောက်ရှာရှာ မတွေ့နိုင်ပေမယ့် နင်မရှာတော့တဲ့အချိန်ကျမှ ပေါ်လာတာမျိုးဖြစ်တတ်တယ်... ငါအပါအဝင်ဆင့်ကဲပြောင်းလဲတဲ့သူတိုင်း အဲ့လိုအဖြစ်မျိုးကြုံရလေ့ရှိတယ်... လူတိုင်းက ဆင့်ကဲပြောင်းလဲပြီးပြီးချင်း ဘာအစွမ်းရလဲဆိုတာ တန်းသိကြတာမဟုတ်ဘူး"

ထိုအခါမှ ကျိုးယလီသည် စိတ်သက်သာရာရသွားတော့သည်။

မီးလျှံများ၏ တောက်လောင်မှုအောက်တွင် အသားများမှာ ရွှေဝါရောင်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ဟော်တုံနှင့် အခြားလူအချို့သည် မတ်တပ်ထလိုက်ကြပြီး သစ်သားစင်ပေါ်မှ သန္ဓေပြောင်းသတ္တဝါကင် တစ်ကောင်လုံးကို ချကာ ယပ်တောင်အရွယ်အစားရှိသော သစ်ရွက်များပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဓားတိုများဖြင့် ဆယ့်နှစ်ပိုင်းခန့် ပိုင်းဖြတ်ကာ လူတစ်ဦးချင်းစီ၏ ရှေ့သို့ ချပေးလိုက်သည်။

ဆားမပါသောကြောင့် အသားကင်မှာ အရသာမရှိလှသော်လည်း မွှေးကြိုင်သောရနံ့နှင့် နူးညံ့ချောမွေ့သော အသားတို့ကြောင့် မျိုချရမခက်လှပေ။

လော်ယွမ်သည် အစားအစာကို ဖြည်းညင်းစွာဝါးရင်း ပတ်ဝန်းကျင်အခြေအနေကို မျက်လုံးဒေါင့်မှနေ၍ သတိဖြင့် အကဲခတ်နေ၏။ တောနက်ကြီးထဲတွင် ညအချိန်က အန္တရာယ်အရှိဆုံးဖြစ်ပြီး အချို့သော သန္ဓေပြောင်းသတ္တဝါများမှာ ဤအချိန်ကိုရွေးချယ်၍ လှုပ်ရှားသွားလာကာ အမဲလိုက်လေ့ရှိသည်။ အစောပိုင်းက သယ်ယူပို့ဆောင်ရေးလေယာဉ် ကောင်းကင်မှ ဆင်းသက်လာမှုကြောင့် ဖြစ်ပေါ်လာသော အသံဗလံများကြောင့် ဤနေရာရှိ သတ္တဝါများအားလုံး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသော်လည်း အချိန်အတန်ကြာပြီးနောက် အသားကင်မှ ထွက်ပေါ်လာသော မွှေးကြိုင်သည့်ရနံ့က သတ္တိကောင်းသော သတ္တဝါအချို့ကို အနားသို့ကပ်လာရန် ဆွဲဆောင်နိုင်ပေသည်။

အမှန်တကယ်တွင်လည်း ပတ်ဝန်းကျင်၌ တစ္ဆေမီးတောက်များသဖွယ် မျက်လုံးတစ်စုံစီ ပေါ်ထွက်နေခဲ့ပြီဖြစ်ပြီး အမှောင်ထုထဲတွင် တဖျပ်ဖျပ်လင်းလက်နေသော အလင်းရောင်မှိန်မှိန်များကို ထုတ်လွှတ်နေသည်။

အချို့သည် သစ်ပင်များ၏နောက်ကွယ်တွင် ပုန်းအောင်းနေကြပြီး၊ အချို့ကမြေပြင်ပေါ်တွင် ဝပ်နေကြသည်။ အချို့သော လျင်မြန်ဖျတ်လတ်သည့် သတ္တဝါများမှာမူ ထူထပ်သော သစ်ကိုင်းသစ်ရွက်များကြားတွင် ပုန်းကွယ်ရင်း အမှောင်ကိုအကာအကွယ်ယူကာ ဤနေရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေကြသည်။

ရေမြေပတ်ဝန်းကျင်အခြေအနေကြောင့်လားမသိ ဤနေရာရှိ သက်ရှိအများစုမှာ ကိုယ်လုံးကိုယ်ထည်အားဖြင့် သေးငယ်ကြသည်။

ကျန်းနန်ပြည်နယ်မှာ မြေပြန့်လွင်ပြင်ဖြစ်ပြီး အပင်များကျဲပါးသောကြောင့် သက်ရှိအားလုံးအတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိကာ လွတ်လပ်စွာ ကြီးထွားနိုင်သည်။ သို့သော် ဤနေရာမှာမူ ကမ္ဘာမပျက်မီက နက်ရှိုင်းသော တောတောင်ကြီးဖြစ်ပြီး အပင်များထူထပ်ကာ သစ်ပင်များ၏ ပင်စည်မှာ တုတ်ခိုင်မာကျောလှသည်။ သစ်ကိုင်းသစ်ရွက်များမှာ အချင်းချင်းယှက်နွယ်နေပြီး အပေါ်ဘက်တွင် လေမဝင်နိုင်သော စိမ်းလန်းသည့်ကွန်ရက်ကြီးတစ်ခုကို ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေသည်။ ဤသို့သော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်လိုပါက လျင်မြန်ဖျတ်လတ်သော ခန္ဓာကိုယ်မရှိလျှင် အသက်ရှင်နိုင်မည်မဟုတ်ပေ။

သို့သော် အကောင်သေးခြင်းက အန္တရာယ်မရှိဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့် ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး တုတ်ခိုင်သော သတ္တဝါအချို့ထက်ပင် ပို၍ရင်ဆိုင်ရခက်ခဲသည်။

ဤသို့သေးငယ်သောသတ္တဝါအများစုမှာ လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနိုင်ပြီး လေနှင့်အတူ လွင့်ပါလာသလို သွားလာနိုင်ကြသည်။ ထို့ပြင် အလွန်သတိကြီးကြပြီး လေတိုက်သံ၊ သစ်ရွက်လှုပ်သံကြားရုံမျှဖြင့် သို့မဟုတ် မိမိထက်ပို၍ အားကောင်းသော သတ္တဝါတစ်ကောင် ရောက်ရှိလာပါက ချက်ချင်းလှည့်ထွက်ပြေးကာ မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်ပင်မမြင်ရတော့အောင် ပျောက်ကွယ်သွားကြသည်။

ကမ္ဘာမပျက်မီက ဤနေရာရှိ တောင်တန်းများသည် ကျန်းနန်ပြည်နယ်ကဲ့သို့ မီးလောင်ပျက်စီးခြင်း၊ ထပ်ခါထပ်ခါ ဖျက်ဆီးခံရခြင်းမျိုး မရှိခဲ့သောကြောင့် မျိုးစိတ်များစုံလင်ပြီး အစာကွင်းဆက်မှာလည်း ပြည့်စုံသည်။ အသက်ရှင်သန်ရေးအတွက်ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်ရက်စက်လှပြီး ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေနိုင်သော သတ္တဝါတိုင်းမှာ မိမိတို့၏ ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းများကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့ကြပြီးဖြစ်သည်။

မီးပုံက တဖြည်းဖြည်းငြိမ်းစပြုလာသည်ကိုမြင်သောအခါ ချောင်လင်းက မတ်တပ်ထလိုက်ပြီး မီးပုံကို ထိုးဆွလိုက်ရာ မီးပွားများ လွင့်စင်သွားပြီး မီးတောက်မှာလည်း ပေအနည်းငယ်အထိ မြင့်တက်သွားသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော သန္ဓေပြောင်းသတ္တဝါအချို့မှာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကြပြီး မီးတောက်ကို ကြောက်ရွံ့ခြင်းနှင့် တုံ့ဆိုင်းခြင်းတို့ဖြင့် ကြည့်နေကြသည်။

ဤအရာမှာ သူတို့၏ မျိုးဗီဇထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော ကြောက်ရွံ့မှုပင်ဖြစ်သည်။ ကုန်းနေသတ္တဝါများ စတင်ဖြစ်ပေါ်လာကတည်းက တောမီးလောင်ကျွမ်းမှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ဤကြောက်ရွံ့မှုသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ပြီး ယခုအခါ သန္ဓေပြောင်းလဲသွားကာ ပိုမိုအစွမ်းထက်လာသည့်တိုင် ဤပင်ကိုကြောက်စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။

ဤသတ္တဝါများ မီးကိုကြောက်ရွံ့နေဆဲဖြစ်သည်ကို မြင်သောအခါ လော်ယွမ် စိတ်အနည်းငယ်ပေါ့ပါးသွားသည်။ အကယ်၍ ဤနေရာရှိ သန္ဓေပြောင်းသတ္တဝါတိုင်းကသာ ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုလျှင် သူ လူတိုင်းကို မကာကွယ်နိုင်ပေ။

"ငါတို့ရဲ့သေစာရင်းကို စစ်ဌာနချုပ်က ထုတ်ပြန်လိုက်လောက်ပြီထင်တယ်နော်... အဲ့ဒီအခါကျ ငါ့အမေ ဘယ်လိုနေမလဲမသိဘူး" စစ်သားတစ်ဦးက ညှိုးငယ်သောမျက်နှာဖြင့် ပြောလိုက်သည်။

"မင်းမှာက အမေရှိသေးတယ်... ငါဆိုအဖေရော အမေရော မရှိတော့ဘူး" စစ်သားတစ်ဦးက လေးလံစွာဆို၏။

"ငါ အိမ်မပြန်ဖြစ်တာ ကြာပြီ... ငါတို့ရွာကလည်း ကျဆုံးနယ်မြေထဲမှာပဲ... အကုန်လုံး သေကုန်ကြလောက်ပြီထင်တယ်" နောက်ထပ်စစ်သားတစ်ဦးက သက်ပြင်းချလိုက်သည်။

"အနည်းဆုံးတော့ ငါတို့က အခုချိန်ထိ အသက်ရှင်နေသေးတာပဲလေ... ငါတို့ညီအကိုတွေဆို အလောင်းတောင် ရှာမရတာတွေ အများကြီးပဲ" စစ်သားတစ်ဦး၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

စစ်သားများ စိတ်ဓာတ်ကျမည်ကို စိုးသောကြောင့် တပ်ထဲတွင် ဤသို့သောကိစ္စများကို ပြောဆိုခြင်းအား တင်းကျပ်စွာ တားမြစ်ထားသည်။ တပ်ခွဲမှူးရှသည် တားမြစ်ရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာချလိုက်တော့သည်။

စစ်သားများ၏ စကားကြောင့် အတွေးများလှုပ်ခတ်သွားဟန်တူသော ဟွမ်ကျားဟွေ၏ မျက်လုံးများမှာ နီရဲလာပြီး သူမ၏မိသားစုကို လွမ်းဆွတ်တမ်းတနေပုံရ၏။ သူမက ချန်ကျားယီကို ညင်သာစွာပွေ့ဖက်လိုက်သည်။ သူမ၏သမီးလေးသာဆိုလျှင် နောက်နှစ်အနည်းငယ်ကြာပါက ဤအရွယ်ရောက်နေလောက်ချေပြီ။

ကျုံးချူ့ချန်နှင့် တန့်ဝေ ဟူသော ကလေးနှစ်ဦးမှာ ဟွမ်ကျားဟွေ၏ရင်ခွင်ထဲမှ ချန်ကျားယီကို အားကျသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ တစ်လမ်းလုံးတွင် ချန်ကျားယီမှာ လူတိုင်း၏ချစ်ခင်မှုကို ပိုမိုရရှိသည်ကို သူတို့ သိသာစွာခံစားနေရသည်။

ညမှာ တဖြည်းဖြည်းနက်ရှိုင်းလာပြီး တောင်ပေါ်မှလေများ တဝီဝီတိုက်ခတ်ကာ တောကောင်များ၏ အော်ဟစ်သံများဖြင့် ဆူညံနေသည်။

နောက်ဆုံးတွင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်မှာ စိတ်မရှည်နိုင်တော့ဘဲ လေတိုက်သံကိုအကာအကွယ်ယူကာ အမှောင်ထဲမှ ခြေသံလုံလုံဖြင့် ဤနေရာသို့ တိတ်တဆိတ်ချဉ်းကပ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ရှည်လျားပြီး ပေါ့ပါးလှသည်။ ခြေလက်များမှာ တုတ်ခိုင်သန်မာပြီး အမည်းရောင်သမင်ကြီးတစ်ကောင်နှင့်တူသည်။ လမ်းလျှောက်သည့်အခါ အသံမထွက်ဘဲ အရိပ်အယောင်မှာလည်း မထင်ရှားလှဘဲ အမှောင်ထုနှင့် တစ်သားထဲ ဖြစ်နေသည့်အလားပင်။

လော်ယွမ်ပင်လျှင် ချက်ချင်းသတိမပြုမိဘဲ ပေ၇၀အကွာသို့ ရောက်ရှိလာမှသာ သူ၏အာရုံခံနိုင်စွမ်းက ၎င်းကို ဖမ်းယူမိတော့သည်။

သို့သော် ထိုအချိန်တွင် ၎င်းက ရပ်တန့်သွားခဲ့ပြီး နောက်ဆုံးခုန်အုပ်တိုက်ခိုက်မှုအတွက် ပြင်ဆင်နေခဲ့ပြီဖြစ်သည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ပြဒါးရည်ကဲ့သို့ လှုပ်ရှားနေပြီး နောက်တစ်ခဏတွင် သူ၏နောက်ခြေထောက်များဖြင့် မြေပြင်ကိုအားယူကန်ကာ ပေါ့ပါးသောခန္ဓာကိုယ်ဖြင့် ပေ၇၀အကွာအဝေးကို ချက်ချင်းပင် ကျော်လွှားခုန်ပစ်လိုက်သည်။ သူ၏ပစ်မှတ်မှာ သူ့ရှေ့တည့်တည့်မှ ကလေးတစ်ဦးဖြစ်သော ကျုံးချူ့ချန်ပင် ဖြစ်သည်။

ဤသည်မှာ သတ္တဝါတို့၏ အမဲလိုက်သည့်ပင်ကိုအသိစိတ်ပင်ဖြစ်ပြီး အင်အားအကုန်အကျအနည်းဆုံးနှင့် ဒဏ်ရာရနိုင်ခြေအနည်းဆုံးနည်းလမ်းကို အမြဲရွေးချယ်လေ့ရှိသည်။ သူ၏အမြင်တွင် ပွေ့ဖက်ခံထားရသော ကလေးမှလွဲ၍ ဤကလေးမှာ အပျော့ညံ့ဆုံးဖြစ်သည်။

အားယူခြင်း၊ ကန်ထွက်ခြင်း၊ မြေပြင်ပေါ်သို့ ပြန်ကျခြင်းအထိ အချိန်အားလုံးပေါင်း တစ်စက္ကန့်ပင်မကြာလိုက်ပေ။ ကျုံးချူ့ချန်သည် သူ၏လည်ဂုတ်နားမှ လေပြင်းတစ်ချက်တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး ကြက်သီးမွှေးညှင်းများထသွားသည်မှလွဲ၍ ဘာမှမသိလိုက်ပေ။ ထို့နောက် ထိုသတ္တဝါသည် ခေါင်းငုံ့ကာ စိပ်စိပ်ညက်ညက်ပေါက်နေသော ချွန်ထက်သည့်သွားများကို ဖွင့်ဟပြီး ကျုံးချူ့ချန်၏လည်ပင်းကို ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည်။

လော်ယွမ်မှလွဲ၍ ဤနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ သတိမပြုမိလိုက်ပေ။

သူသည် မြေပြင်ကို အားဖြင့်ပုတ်ထလိုက်ရာ ထိုင်နေရာမှ မည်သည့်ရှေ့ပြေးနိမိတ်မှမရှိဘဲ မတ်တပ်ထရပ်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်မှာ ဆွဲဆန့်လိုက်သည့်အလား မီးပုံကိုကျော်လွှားသွားပြီး ခါးမှ ကျန်းမာတောက်ဓားကို လျင်မြန်စွာဆွဲထုတ်ကာ လက်မောင်းနှင့်တစ်ဆက်တည်း မျဉ်းဖြောင့်တစ်ကြောင်းဖြစ်သွားစေလိုက်သည်။

ထိုသန္ဓေပြောင်းသတ္တဝါ ပါးစပ်ဟလိုက်စဉ်တွင် လော်ယွမ်မှာ မတ်တပ်ထရပ်ပြီးဖြစ်နေပြီ။ ၎င်း၏ဦးခေါင်းမှာ တစ်လက်မခန့်ပင် မငုံ့ရသေးခင်မှာပင် အေးစက်နေသော ဓားသွားထိပ်က ၎င်း၏မေးစေ့အောက်မှ ထိုးဖောက်ဝင်ရောက်သွားပြီး အာခေါင်ကိုဖြတ်ကာ ဦးခေါင်းနောက်စေ့မှနေ၍ ဖောက်ထွက်သွားသည်။ သူ၏ပါးစပ်မှာ ဓားသွားဖြင့်ညပ်သွားပြီး လှုပ်ရှား၍မရတော့ပေ။

သန္ဓေပြောင်းသတ္တဝါသည် အကြိမ်အနည်းငယ် တဆတ်ဆတ်တုန်သွားပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

ထိုအခါမှ ကျုံးချူ့ချန် သတိဝင်လာပြီး နောက်သို့လှည့်ကြည့်လိုက်ရာ လော်ယွမ်၏ ကျန်းမာတောက်ဓားဖြင့် ထိုးစိုက်ခံထားရပြီး တဆတ်ဆတ်တုန်နေသော သန္ဓေပြောင်းသတ္တဝါကိုမြင်ပြီး မျက်နှာမှာ ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။

ဘေးမှ တန့်ဝေမှာ ကြောက်ရွံ့နေသော်လည်း သူ၏အကြည့်များမှာမူ လော်ယွမ်ထံတွင် စူးစိုက်နေပြီး လေးစားကြည်ညိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လော်ယွမ်က ဓားကိုပြန်ဆွဲထုတ်လိုက်ပြီး ၎င်း၏အမွေးများကိုဆွဲကာ မီးပုံဘေးသို့ ပစ်ချလိုက်ပြီး "အားလုံးသတိထားကြ... ဒီနေရာက မလုံခြုံဘူး"

လူတိုင်း ကြက်သီးမွှေးညှင်းများထသွားပြီး နောက်ကျောတွင် ချွေးစေးများပင် ပြန်လာကြသည်။ သန္ဓေပြောင်းသတ္တဝါတစ်ကောင် အနားသို့ရောက်လာသည်အထိ မည်သူမျှ သတိမထားမိခဲ့ပေ။ ယခုတစ်ကြိမ်သာ လော်ယွမ် ကြိုတင်မတွေ့ရှိခဲ့ပါက ဤနေရာတွင် လူတစ်ယောက် အသက်ဆုံးရှုံးသွားနိုင်ပေသည်။

..............................

ဤအဖြစ်အပျက်ပြီးနောက်တွင်မူ လေတိုက်သံ၊ သစ်ရွက်လှုပ်သံကြားရုံမျှဖြင့် လူတိုင်း အလွန်အမင်းသတိထားလာကြပြီး မိမိတို့၏နောက်ကျောဘက်ကို မကြာခဏ လှည့်ကြည့်နေကြသည်။ အများစုမှာ မိမိဘာသာ ကြောက်လန့်နေခြင်းဖြစ်သော်လည်း ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေသော အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါအချို့ကိုမူ ခြောက်လှန့်နိုင်ခဲ့သည်။

ညမှာ လျင်မြန်စွာကုန်ဆုံးသွားပြီး မိုးတဖြည်းဖြည်းလင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ အမဲလိုက်နေသော သန္ဓေပြောင်းသတ္တဝါများမှာလည်း တဖြည်းဖြည်း ထွက်ခွာသွားကြသည်။

လော်ယွမ်မှလွဲ၍ လူတိုင်းမှာ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများဖြင့်ရှိနေကြသည်။ တစ်ညလုံး စိတ်ကိုတင်းထားရခြင်းက တစ်နေ့တာလုံး အလုပ်လုပ်ရခြင်းထက်ပင် ပို၍ပင်ပန်းလှသည်။ သို့သော် ယခုအချိန်မှာ အနားယူရမည့်အချိန်မဟုတ်သေးပေ။ လူတိုင်း အလုပ်များစတင်လုပ်ဆောင်ကြသည်။ ထမင်းချက်သူကချက်၊ ထင်းရှာသူကရှာ၊ သို့သော် ခပ်ဝေးဝေးသို့ သွားရန်မူ မည်သူမျှမရဲကြပေ။

ဤတောအုပ်ကြီးမှာ အလွန်စိမ်းသက်နေပြီး အလွန်အန္တရာယ်များလှသည်။ ကမ္ဘာမပျက်မီက ရင်းနှီးခဲ့သောအရာများ မရှိတော့ဘဲ ခြေတစ်လှမ်းတိုင်းတွင် အန္တရာယ်များက ကိန်းအောင်းနေသည်။ အားလုံးက မိမိတို့၏ဘောင်းဘီအစွန်းများကို တင်းကျပ်စွာချည်နှောင်ပြီးနောက် သစ်ရွက်များဖြင့် အလွှာများစွာ ထပ်မံပတ်စည်းပြီးမှသာ အပြင်သို့ထွက်ရန် သတ္တိရှိကြသည်။

ဤအထဲတွင်တော့ လော်ယွမ် မပါဝင်ပေ။

တောအုပ်ထဲ၏ နံနက်ခင်းကား ကြည်လင်လတ်ဆတ်ပြီး ဆွေးမြေ့နေသောရနံ့တစ်ခု ပျံ့နှံ့နေသည်။

ချုံပုတ်များကြားတွင် ကျောဘက်၌ ရွှေရောင်အစင်းများပါသော ထူးဆန်းသည့်သတ္တဝါငယ်တစ်ကောင်သည် ပတ်ဝန်းကျင်ကို သတိဖြင့်အကဲခတ်ရင်း တွင်းထဲမှ သူ၏ဦးခေါင်းကို သတိဖြင့်ထုတ်ကြည့်နေသည်။ သူ၏နားရွက်များမှာ တဖျပ်ဖျပ်လှုပ်ရှားနေပြီး ပတ်ဝန်းကျင်မှအသံများကို နားစွင့်နေသည်။ အချိန်အတန်ကြာသည်အထိ အန္တရာယ်မရှိသည်ကို တွေ့သောအခါ သူက သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်ပေါ်သို့ လျင်မြန်စွာခုန်တက်သွားပြီး အမွေးဖွားဖွားလက်များဖြင့် သစ်ရွက်နုများကို ကိုင်ကာ နူးညံ့သော ပင်စည်နှင့်အရွက်များကို လျင်မြန်စွာ ကိုက်ဖြတ်စားသောက်နေသည်။ သူ၏လှုပ်ရှားမှုမှာ လျင်မြန်ပြီး ထိရောက်လှသည်။ စက္ကန့်အနည်းငယ်အတွင်း သစ်ကိုင်းတစ်ကိုင်းပေါ်မှ အရွက်နုအားလုံး သူ၏ဗိုက်ထဲသို့ ရောက်ရှိသွားသည်။

လော်ယွမ်၏ခြေသံ နီးကပ်လာသည်နှင့်အမျှ သူ၏တစ်ကိုယ်လုံး တုန်တက်သွားပြီး ဖွာလန်ကြဲနေသော အမွေးများမှာ ချက်ချင်းပင် ထောင်ထလာသည်။ သူသည် သစ်ပင်ပေါ်မှ လျင်မြန်စွာခုန်ချလိုက်ပြီး ခုန်လွှားမှုအနည်းငယ်ပြုလုပ်ပြီးနောက် ချုံပုတ်ထဲသို့ လျင်မြန်စွာတိုးဝင်သွားကာ မည်သည့်အသံမျှ မထွက်ပေါ်လာတော့ပေ။

ဤနေရာမှာ တောင်ကြားဒေသဖြစ်သောကြောင့် လေထုထဲတွင် ရေငွေ့များဖြင့် ပြည့်နှက်နေသည်။ လော်ယွမ်သည် လေထုထဲမှ စိုစွတ်သောရနံ့ကို ရှူရှိုက်ရင်း ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားရာ ပေ၃၀၀ခန့်အကွာတွင် ရေလှိုင်းများရိုက်ခတ်သံကို ကြားလိုက်ရသည်။ မလှမ်းမကမ်းတွင် ၃ပေခန့်ကျယ်သော စမ်းချောင်းငယ်တစ်ခုရှိပြီး ရေမှာ ကြည်လင်နေကာ တသွင်သွင်စီးဆင်းနေသည်။

စမ်းချောင်းထဲတွင် ငါးအများအပြားရှိပြီး အများစုမှာ ၃ပေခန့်ရှည်လျားကြသည်။

ရေအရင်းအမြစ်ကို တွေ့ရှိလိုက်ရသောကြောင့် လော်ယွမ်၏စိတ်မှာ ကြည်လင်သွားသည်။ လှံတစ်ချောင်းပြုလုပ်ကာ သန္ဓေပြောင်းငါးတစ်ကောင်ဖမ်းပြီးမှ ပြန်ရန် ကြံရွယ်လိုက်စဉ်မှာပင် အဝေးမှ စူးရှသောအော်သံတစ်သံကို ကြားလိုက်ရသည်။ အသံမှာ ကျိုးယလီ၏အသံနှင့်တူသည်။ သူ၏ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး လာလမ်းအတိုင်း အရှိန်မြှင့်ကာ ပြန်လှည့်လာခဲ့သည်။ ပြန်ရောက်သောအခါတွင် အားလုံးစုဝေးနေကြပြီး သူတို့၏မျက်နှာများမှာ လေးလံကာ ကြောက်လန့်တုန်လှုပ်နေဟန်များဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၀၄)အသံလွန်လှိုင်း

လော်ယွမ်သည် လူအုပ်ထဲတွင် ကျိုးယလီကို မြင်လိုက်ရပြီး အခြားသူများအားလုံးလည်း ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။ ဖြစ်ပွားခဲ့သော ကိစ္စမှာ မိမိတို့ဘက်မှလူများ မဟုတ်ကြောင်း သိလိုက်ရ၏။

လော်ယွမ် ပြန်လာသည်ကိုမြင်သော် လူအုပ်သည် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြပြီး လူတိုင်း၏စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

စစ်သားအချို့ပင်လျှင် ထိုသို့ခံစားလိုက်ရ၏။ ဤသည်မှာ လော်ယွမ်၏ အမြဲတစေ ပြသခဲ့သော လူသားထက်ကျော်လွန်သည့် အစွမ်းသတ္တိများ၏ လွှမ်းမိုးမှုပင် ဖြစ်သည်။

လော်ယွမ် ဝင်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်မှာ စစ်သားတစ်ဦးဖြစ်ပြီး သူသည် အကြောဆွဲနေဆဲဖြစ်သော်လည်း အသက်မှာ သေဆုံးနှင့်ပြီ ဖြစ်သည်။ သူ၏ဦးခေါင်းခွံမှာ တစ်စုံတစ်ခုဖြင့် လှန်ဖွင့်ခံထားရပုံရပြီး အတွင်းမှ ဦးနှောက်များမှာ ရှုပ်ပွရောထွေးနေသည်။

"ဘာဖြစ်တာလဲ" လော်ယွမ်က မျက်နှာတည်ဖြင့် မေးလိုက်သည်။

စစ်သားတစ်ဦးက ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ရှင်းပြသည်။ အကြောင်းမှာ ရိုးရှင်းလှ၏။ ထိုစစ်သားသည် နံနက်ပိုင်းတွင် ဆီးသွားချင်လာသောကြောင့် ချောင်ကျသောနေရာတစ်ခုကို ရှာဖွေဖြေရှင်းရန် သွားခဲ့သည်။ အမှတ်တမဲ့ဖြင့် သူက တောအုပ်အစပ်နားသို့ ရောက်ရှိသွားပြီး မည်သည့်သတ္တဝါမှန်းမသိသော အကောင်တစ်ကောင်က သူ၏ခေါင်းပေါ်သို့ ပြုတ်ကျလာခဲ့သည်။ သူက ထိုအကောင်ကို ပုတ်ချရန် အချိန်မရလိုက်မီမှာပင် သူ၏ဦးခေါင်းခွံမှာ လှန်ဖွင့်ခံလိုက်ရသည်။

ကျိုးယလီက ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူများရောက်ရှိလာသောအခါ ထိုသတ္တဝါမှာ ပျောက်ကွယ်ထွက်ပြေးသွားနှင့်ပြီ ဖြစ်သည်။

လော်ယွမ်က အဆုံးမရှိသော အန္တရာယ်များကို ဖုံးကွယ်ထားသကဲ့သို့ရှိသော တောအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် လေးလံသွားသည်။ နောက်ထပ်အသက်တစ်ချောင်း ဆုံးရှုံးသွားပြန်ချေပြီ။ ဤသည်မှာ သူတို့ ဤနေရာသို့ ရောက်ရှိသည့် ပထမဆုံးနေ့သာ ရှိသေးသည်။ နောင်တွင် ဤကဲ့သို့သော ကိစ္စများ ထပ်မံဖြစ်ပွားလာနိုင်ပြီး နောက်တစ်ယောက် မည်သူဖြစ်မည်ကို မည်သူမျှ မသိနိုင်ချေ။

သူက အမှတ်တမဲ့ လူအများကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ ကျိုးယလီ၏ မျက်နှာမှာ တစ်ခုခုမှားယွင်းနေသည်ကို သူ သတိပြုမိလိုက်၏။ ထိတ်လန့်မှုထဲတွင် စိတ်မလုံခြုံမှု အရိပ်အယောင်များ ပါဝင်နေပြီး သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသကဲ့သို့ ရှိသည်။

လော်ယွမ်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ကြောက်ရွံ့သည်ဟု ဆိုလျှင် ခရီးတစ်လျှောက်လုံးတွင် သူမ သွေးထွက်သံယိုမှုများကို မြင်တွေ့ခဲ့ဖူးပြီး လူသေများကိုလည်း မနည်းမနော မြင်ဖူးခဲ့ပြီ ဖြစ်သည်။ ဤမျှလောက် ကြောက်ရွံ့နေစရာ အကြောင်းမရှိသင့်ပေ။ တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်များ ရှိနေသလော။

လော်ယွမ်က လူအများကို ရှောင်ရှားလိုက်ပြီး ကျိုးယလီကို သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။ ထို့နောက် အဝေးရှိ ကွင်းပြင်လွတ်ဆီသို့ လှည့်ထွက်သွား၏။

ကျိုးယလီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ စိုးရိမ်ထိတ်လန့်သော မျက်နှာဖြင့် နောက်မှ လိုက်ပါသွားသည်။

နှစ်ဦးသားသည် လူအများနှင့် ပေ၃၀၀ကျော်ခန့် ဝေးသောနေရာသို့ ရောက်မှသာ ရပ်တန့်လိုက်ကြသည်။ ဤနေရာက လုံလောက်အောင် ဝေးပြီး သူတို့၏စကားကို မည်သူမျှ ကြားနိုင်မည်မဟုတ်ပေ။

လော်ယွမ်၏ မျက်နှာမှာ တည်ငြိမ်နေပြီး အတန်ကြာ တုံ့ဆိုင်းနေပြီးမှ ထုတ်ပြောလိုက်သည်။ "တကယ်ဘာဖြစ်ခဲ့တာလဲ... နင်ငါ့ကိုဖုံးကွယ်ထားတာ ရှိနေတာလား"

စကားမပြောရသေးမီမှာပင် ကျိုးယလီ၏ စိတ်ခံစားချက်များ ပေါက်ကွဲထွက်သွားပြီး ထိုနေရာတွင်ပင် ငိုချလိုက်တော့သည်။

"ရှောင်ယွမ်... ကျွန်မ... ကျွန်မ... လူသတ်မိလိုက်တယ်ထင်တယ်"

ကျိုးယလီ၏ စကားသည် လော်ယွမ်၏ စိတ်နှလုံးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သူ၏စိတ်ထဲတွင် ဒိန်း ခနဲ ဖြစ်သွားပြီး အလျင်အမြန် နှစ်သိမ့်လိုက်သည်။ "မငိုနဲ့... စိတ်ကိုအေးအေးထား... ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုဖြည်းဖြည်းချင်းပြော"

ကျိုးယလီ၏ စိတ်နေစိတ်ထားကို သူ ကောင်းစွာသိသည်။ ကြက်သတ်၊ ငါးသတ်ခြင်းကို ပြုလုပ်နိုင်သော်လည်း လူသတ်ရန်မှာမူ သူမကို မည်မျှပင် သတ္တိပေးစေကာမူ မလုပ်ရဲသည်မှာ သေချာသည်။ ထို့အပြင် သူမနှင့် ထိုစစ်သားမှာ ရန်ငြိုးရန်စလည်းမရှိဘဲ အဘယ်ကြောင့် အကြောင်းမဲ့သက်သက် လူသတ်ရမည်နည်း။ အတွင်း၌ ဖုံးကွယ်ထားသော အကြောင်းရင်းတစ်ခုခု ရှိရပေမည်။

ကျိုးယလီက ရှိုက်သံများဖြင့် အဖြစ်အပျက်အစအဆုံးကို သေချာ ရှင်းပြလိုက်သည်။

အကြောင်းအရာမှာ စောစောက စစ်သား၏ ရှင်းပြချက်နှင့် ဆင်တူသလောက်ရှိသည်။ ထိုစစ်သားသည် အပေါ့အပါးသွားစဉ် တောအုပ်နှင့် အလွန်နီးကပ်သွားခဲ့ပြီး မျောက်တစ်ကောင်ကဲ့သို့ အမွေးဖွားများဖြင့် ဖုံးလွှမ်းနေသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်က ရုတ်တရက် သူ၏ခေါင်းပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ထိုအချိန်တွင် ကျိုးယလီမှာ အနီးအနား၌ ထင်းကောက်နေခဲ့ပြီး စစ်သား၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သန္ဓေပြောင်းသတ္တဝါက ဦးခေါင်းခွံကို ဆွဲခွာလိုက်သည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် သူမ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။

ထင်မှတ်မထားသည်မှာ ထိုအော်ဟစ်သံကြောင့် စစ်သားနှင့် သူ၏ခေါင်းပေါ်မှ သန္ဓေပြောင်းသတ္တဝါ နှစ်ဦးစလုံးမှာ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် လွင့်စင်သွားခဲ့ပြီး ဦးခေါင်းခွံကို လှန်ဖွင့်ထား၍ ပေါ်ထွက်နေသော ဦးနှောက်များမှာမူ ပို၍ပင် ကြေမွသွားခဲ့သည်။

မူလက ရုန်းကန်ခုခံနေဆဲဖြစ်သော စစ်သားမှာ ချက်ချင်းပင် လဲကျသွားပြီး မရှုမလှ သေဆုံးသွားခဲ့ရသည်။

ကျိုးယလီ၏ ရှင်းပြချက်ကို ကြားပြီးနောက် လော်ယွမ် သက်ပြင်းချလိုက်သည်။ ဤကိစ္စကို ကျိုးယလီအပေါ် အပြည့်အဝ အပြစ်တင်၍မရပေ။ ထိုစစ်သားမှာ ဦးခေါင်းခွံ အလှန်ခံလိုက်ရကတည်းက အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ကျိုးယလီ၏ မရည်ရွယ်သော နောက်ဆုံးတစ်ချက် မရှိလျှင်ပင် ထိုစစ်သားက နာရီအနည်းငယ်ထက် ပို၍အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူ၏ကျောပေါ်တွင် သန္ဓေပြောင်းသတ္တဝါတစ်ကောင် ရှိနေသေးသောကြောင့် သူ၏အသက်မှာ အချိန်မရွေး ဆုံးရှုံးသွားနိုင်သည့် အခြေအနေဖြစ်၏။

ဥပဒေအရဖြစ်စေ၊ ကိုယ်ကျင့်တရားအရဖြစ်စေ ကျိုးယလီကို အပြစ်တင်၍မရနိုင်ချေ။

လော်ယွမ် အတန်ကြာ နှစ်သိမ့်ပေးပြီးနောက် ကျိုးယလီ၏ မျက်နှာမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာသော်လည်း စိတ်ထဲတွင်မူ လူသတ်ပြီးနောက် ဖြစ်ပေါ်လာသော အပြစ်ရှိသလို ခံစားချက်နှင့် မည်သို့ဆက်လုပ်ရမှန်းမသိသော ဝေဒနာများ ကျန်ရှိနေဆဲဖြစ်သည်။

သို့သော် အချို့သော ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ကျိုးယလီအတွက် ကောင်းသောကိစ္စတစ်ခု ဖြစ်သည်။ ဤအတွေ့အကြုံသည် သူမ၏အတွက် ဘက်စုံပြောင်းလဲစေမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ လူသတ်ခြင်းထက် လူတစ်ယောက်၏ စိတ်ကို လျင်မြန်စွာ ပြောင်းလဲပေးနိုင်သော အရာမရှိချေ။ အနည်းငယ် ရက်စက်သော်လည်း ကမ္ဘာပျက်ကာလတွင် ကြောက်တတ်ပြီး သတ္တိမရှိသောသူမှာ အသက်ရှည်ရှည် နေနိုင်မည်မဟုတ်ပေ။

ထို့နောက် လော်ယွမ်က ကျိုးယလီ၏ စွမ်းရည်ကို အနည်းငယ် စိတ်ဝင်စားလာပြီး နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ကြည့်ရန် တိုက်တွန်းလိုက်သည်။

ကျိုးယလီက အနည်းငယ် တုံ့ဆိုင်းနေသည်။ စောစောက ဖြစ်ပွားခဲ့သော ကိစ္စရပ်ကြောင့် စိတ်ထဲတွင် အရိပ်မည်းစွဲထင်နေဆဲဖြစ်ကြောင်း သိသာလှသည်။ သို့သော် လော်ယွမ်၏ တိုက်တွန်းမှုနှင့် မိမိ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်အပေါ် စူးစမ်းလိုစိတ်တို့ကြောင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ဘာပြင်ဆင်မှုမှမရှိဘဲ သူမ ပါးစပ်ဟကာ စမ်းသပ်သည့်အနေဖြင့် အော်ဟစ်လိုက်သည်။

၎င်းက ပုံမှန်အော်ဟစ်သံနှင့် မတူဘဲ ထူးခြားသော စွမ်းအားတစ်ရပ် ပါဝင်နေ၏။

လေထုသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ တွန်းပို့မှုကြောင့် ပြင်းထန်စွာ တုန်ခါလာသည်ဟု လော်ယွမ် ခံစားလိုက်ရသည်။ လှိုင်းတစ်ခု၏ ပုံစံဖြင့် ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များနှင့် ကျောက်စရစ်ခဲများမှာ ထိုစွမ်းအားကြောင့် လွင့်စင်ကာ လေထဲတွင် ဝေ့ဝဲနေကြသည်။

ဤသည်မှာ အသံလွန်လှိုင်း (Infrasound) ဖြစ်ကြောင်း ထင်ရှားလှသည်။ သူမ၏အသံအိုးမှာ ဆင့်ကဲပြောင်းလဲမှုတွင် ပြောင်းလဲသွားပုံရပြီး ဤကဲ့သို့ အားပြင်းသော လှိုင်းများကို လွတ်လပ်စွာ ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။

(Infrasound ဆိုတာ ကြိမ်နှုန်းအရမ်းနိမ့်ပြီး လူ့နားနဲ့မကြားနိုင်တဲ့ တုန်ခါမှုပါတဲ့ အသံလှိုင်းတမျိုးဖြစ်ပါတယ်)

သို့သော် ဤစွမ်းအားမှာ အလွန်အားနည်းလှပြီး အဆင့် ငါး၊ ခြောက်ရှိသော တိုင်ဖွန်းမုန်တိုင်း၏ အစွမ်းကိုပင် မမီချေ။ အကွာအဝေးမှာလည်း ပေ၆၀ကျော်ခန့်သာ ရောက်သည်။

"အသံကို နည်းနည်းပိုကျယ်ကြည့်ပါလား" လော်ယွမ်က ဆိုသည်။

မိမိ၏ သန္ဓေပြောင်းစွမ်းရည်ကို အသုံးပြုနိုင်သည်ကို မြင်သောအခါ ကျိုးယလီ၏ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာပြီး အားနှင့်ခေါင်းညိတ်လိုက်သည်။ သူမ နောက်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်ရာ ဤတစ်ကြိမ်တွင် အသံမှာ ရှစ်ဆခန့် ပိုမိုကျယ်လောင်သွားသည်။ အလွန်စူးရှသော အသံတစ်ခုက လော်ယွမ်၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ဦးနှောက်ထဲတွင် တဝီဝီမြည်ဟည်းသွားကာ စိတ်ထဲတွင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသောကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။

တစ်ချိန်တည်းတွင် ကျိုးယလီ၏ ရှေ့မှလေထုမှာလည်း ဆူပွက်နေသကဲ့သို့ ဖြစ်သွားသည်။ လေထုသည် ပြင်းထန်စွာ တုန်ခါပြီး မမြင်နိုင်သော လှိုင်းဂယက်တစ်ခုက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော မြက်ပင်များမှာ လှိုင်းဂယက်ကြောင့် ကြေမွသွားပြီး မာကျောသော အကိုင်းအခက်အချို့နှင့် အမြစ်များသာ လှိုင်းဂယက်၏ ဖိအားကြောင့် လဲကျကျန်ရစ်ခဲ့သည်။

လော်ယွမ်၏ မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

သို့သော် အရှိန်အဝါမှာ ကြီးမားသော်လည်း သတ်ဖြတ်နိုင်စွမ်းမှာမူ အတော်ပင် အကန့်အသတ်ရှိနေပြီး အပြာနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကိုပင် သတ်နိုင်မည်မဟုတ်ဟု ထင်ရသည်။

"ဒီထက် ပိုကျယ်လို့ရသေးလား" လော်ယွမ်က မေးလိုက်သည်။ ဤသည်မှာ အမြင့်ဆုံးအဆင့် မဖြစ်နိုင်သေးပေ။

ကျိုးယလီက ခဏခံစားကြည့်လိုက်ပြီး စမ်းသပ်ကြည့်ချင်သော အမူအရာဖြင့် "ကျွန်မ စမ်းကြည့်မယ်"

ဤတစ်ကြိမ်တွင် သူမ အတန်ကြာ ပြင်ဆင်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်သည်။ ရုတ်တရက် သူမ အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီး ပါးစပ်ဟကာ အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ လော်ယွမ်သည် မည်သည့်အသံမျှ မကြားလိုက်ရပေ။ သို့သော် ရှေ့မှလေထုမှာ ချက်ချင်းပင် ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်တွင် ဒုံးကျည်ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာတတ်သော လေထုလှိုင်းဖြူဖြူများကဲ့သို့ လှိုင်းတစ်ခုပင် ပေါ်ထွက်လာသည်။ ဤလှိုင်းသည် အရှိန်ပြင်းစွာ ပျံ့နှံ့သွားပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ကျောက်တုံးများ၊ ချုံပုတ်များအားလုံးမှာ ပြင်းထန်စွာ လွင့်စင်သွားကြသည်။ အနီးအနားမှ ရေညှိများတက်နေသော ကျောက်တုံးကြီးအချို့ပင်လျှင် အသံလွန်လှိုင်း၏ အဆက်မပြတ် ရိုက်ခတ်မှုအောက်တွင် ကျောက်မှုန့်များ လွင့်ပျံကာ အလွှာပေါင်းများစွာ ပဲ့ကြွေသွား၏။

အသံလွန်လှိုင်း ဆက်လက်ထွက်ပေါ်နေသည်နှင့်အမျှ မြေပြင်ပေါ်မှ ဆွေးမြေ့နေသော မြေဆီလွှာများ လန်တက်လာပြီး ကောင်းကင်တစ်ခုလုံးတွင် သစ်ရွက်ခြောက်များ၊ ကျောက်စရစ်ခဲများ လွင့်ပျံကာ အရှိန်အဝါမှာ တခမ်းတနား ရှိလှသည်။

ကျိုးယလီ ရပ်တန့်လိုက်သောအခါ သူမ၏မျက်နှာမှာ နီမြန်းနေပြီး အဆက်မပြတ် မောဟိုက်နေသည်။ ဤသို့သော တိုက်ခိုက်မှုမျိုးသည် ခန္ဓာကိုယ်ခွန်အားကို အလွန်အမင်း အသုံးပြုရကြောင်း သိသာလှသည်။ သူမ ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ မိမိဖန်တီးလိုက်သော မြင်ကွင်းကြောင့် နီထွေးသော နှုတ်ခမ်းများမှာ အနည်းငယ် ဟသွားပြီး ကြက်သေသေကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

အမှန်တွင် လော်ယွမ်က သူထက်ပင် ပို၍ တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ ဤဖျက်စီးနိုင်စွမ်းက ဒုတိယအရေးကြီးသည့် အရာသာဖြစ်ပြီး အရေးအကြီးဆုံးမှာ အသံလွန်လှိုင်း၏ သက်ရှိများအပေါ် အထူးသက်ရောက်မှုပင် ဖြစ်သည်။ ကျိုးယလီ အသံလွန်လှိုင်း ထုတ်လွှတ်နေစဉ်အတွင်း အဝေးမှတောအုပ်ကြီးမှာ အဆက်မပြတ် လှုပ်ရှားနေပြီး သစ်ပင်များ ယိမ်းထိုးနေသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော မရေမတွက်နိုင်သော သတ္တဝါများမှာ ဘေးအန္တရာယ်ကြီး ကျရောက်လာသကဲ့သို့ ဤနေရာမှ အလျင်အမြန် ထွက်ပြေးနေကြသည်။

သူကိုယ်တိုင်ပင်လျှင် ခန္ဓာကိုယ်တွင် အနည်းငယ် မသက်မသာ ခံစားရပြီး နှလုံးခုန်နှုန်းမှာ မမှန်မကန်ဖြစ်ကာ ခေါင်းမူးပျို့အန်ပြီး ဦးရေပြားပင် ထုံကျဉ်လာသည်။ ဤသည်မှာ သူ အသံထွက်ရာနေရာ၏ တည့်တည့်တွင် မရှိသောကြောင့်သာ ဖြစ်သည်။ အကယ်၍ တည့်တည့်တိုးမိပါက သူပင်လျှင် အလွန်မသက်မသာ ဖြစ်မည်မှာ သေချာပြီး မမျှော်လင့်ဘဲ အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။

"ညီမယလီ... နင့်ရဲ့သန္ဓေပြောင်းအစွမ်းက တော်တော်စွမ်းတာပဲ" ဝမ်ရှကွမ်က ဝမ်းသာအားရ ပြောလိုက်သည်။ သူမ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး စောစောက အသံလွန်လှိုင်း၏ သက်ရောက်မှုကို ခံစားလိုက်ရကြောင်း သိသာလှသည်။

ဤနေရာမှ ကြီးမားသော လှုပ်ရှားမှုကြောင့် ဝမ်းနည်းပူဆွေးနေသော စစ်သားများမှလွဲ၍ အခြားသူများအားလုံးမှာ စပ်စုစွာဖြင့် ပြေးလာကြသည်။

ကျိုးယလီက အနည်းငယ် ရှက်သွားပြီး "ငါလည်း အဲ့လောက်စွမ်းမယ်လို့ မထင်ထားဘူး"

"ဂုဏ်ယူပါတယ်... အခုကစပြီးနင်လည်း အစွမ်းထက်တဲ့ သန္ဓေပြောင်းလူသား ဖြစ်သွားတော့မယ်" ချောင်လင်းက မည်သည့်ဘက်ကိုမှ ပြဿနာမဖြစ်စေချင်သောကြောင့် ဂုဏ်ပြုစကားဆိုလိုက်သည်။

ဟွမ်ကျားဟွေကလည်း ပြုံး၍ ဂုဏ်ပြုစကားဆိုလိုက်သော်လည်း အပြုံးမှာ အနည်းငယ် အားယူပြုံးထားရသကဲ့သို့ဖြစ်ပြီး စိတ်ထဲတွင်တော့ မကောင်းလှပေ။

ဝမ်ရှီရှီကမူ နှုတ်ခမ်းကိုသာ စူထားပြီး ဘာမျှမပြောသော်လည်း စိတ်ထဲတွင်မူ ကြီးမားသော ဖိအားကို ခံစားနေရသည်။

အနီးအနားတွင် ဖျက်ဆီးခံထားရသော မြင်ကွင်းကို ကြည့်နေသော လင်းရှောင်ကျီ၏ မျက်နှာမှာ မည်းမှောင်နေသည်။ လော်ယွမ်ပြီးလျှင် ဝါရင့်ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သော သူက နောက်လူများ၏ အဆက်မပြတ် ကျော်ဖြတ်ချင်းကို ခံနေရပြီး တိုက်ခိုက်နိုင်စွမ်းမှာ သာမန်လူထက် အနည်းငယ်သာ ပိုသောကြောင့် စိတ်ထဲတွင် မွန်းကျပ်ကာ ဒေါသထွက်လုနီးပါး ဖြစ်သွားသည်။

………………………………………

လေယာဉ်မှူးနှစ်ဦးနှင့်ပေါင်း၍ အလောင်းသုံးလောင်းကို မီးသင်္ဂြိုဟ်လိုက်ကြသည်။ တောက်လောင်နေသော မီးပုံကြီးကို ကြည့်ရင်း လူတိုင်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေကြသည်။

မီးသင်္ဂြိုဟ်ပြီးနောက် အရိုးပြာများကို စစ်သားများက သားရေဖြင့် ထုပ်ပိုးကာ ကျန်ရစ်သောပစ္စည်းများနှင့်အတူ မြေကြီးထဲသို့ တစ်ခုချင်းစီ မြှုပ်နှံလိုက်ပြီးနောက် မြေပြန်ဖို့လိုက်ကြသည်။

သင်္ချိုင်းဂူမရှိ၊ မှတ်တိုင်လည်းမရှိဘဲ စစ်သားများက သေဆုံးသူများကို အလွန်ပင် ရိုးရှင်းစွာဖြင့် စီမံကြသည်။ ဤသည်မှာ အကောင်းဆုံးအခြေအနေပင် ဖြစ်ကောင်းဖြစ်ပေမည်။ သေဆုံးသွားသော စစ်သားအများစုမှာ အလောင်းပင် ပြန်မကောက်နိုင်ဘဲ တောထဲတွင် သန္ဓေပြောင်းသတ္တဝါများ၏ စားသောက်ခြင်းကို ခံကြရလေ့ရှိသည်။

နေ့လယ်ခင်းအချိန်သို့ နီးကပ်လာသောအခါ ဧရာမဖွတ်ကြီးသည် အပြင်ထွက်ရန် လှုပ်ရှားလာသည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်မှာ ပုံပျက်နေပြီး တံခါးများမှာလည်း ဖွင့်၍မရတော့ပေ။ ဧရာမဖွတ်ကြီး ထွက်ခွာနိုင်ရန်အတွက် လော်ယွမ်သည် သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အမြီးပိုင်းတစ်ခုလုံးကို ဖြတ်တောက်လိုက်ရသည်။

တစ်ညတာ အနားယူပြီးနောက် ဧရာမဖွတ်ကြီးမှာ အနည်းငယ် စိတ်မပါလက်မပါဖြစ်နေဆဲဖြစ်ပြီး အခါအားလျော်စွာ ငေးငိုင်နေတတ်သည်။ လော်ယွမ်မှာလည်း မည်သို့မျှမတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်၏။ ယခင်က ပေးခဲ့သော မေ့ဆေး၏ နောက်ဆက်တွဲဆိုးကျိုးမှာ ကြီးမားလှပြီး မည်သည့်အချိန်မှ အားအင်အပြည့် ပြန်လည်ရရှိမည်ကို မသိနိုင်ချေ။

သို့သော် မတ်တပ်ရပ်နိုင်ပြီဖြစ်သောကြောင့် လုပ်အားပေးအနေဖြင့် အကူအညီတော့ ရနိုင်သေးသည်။

ညအချိန်သည် တောထဲတွင် အန္တရာယ်အများဆုံးအချိန် ဖြစ်သည်။ မနေ့က တောထဲတွင် စိုးရိမ်ထိတ်လန့်စွာဖြင့် တစ်ညတာ ဖြတ်သန်းခဲ့ရခြင်းမှာ မတတ်သာ၍သာ ဖြစ်သည်။ နေ့တိုင်း ဤသို့သာဆိုလျှင် သံမဏိကိုယ်ထည်ပင်လျှင် ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လုံခြုံသော နားခိုရာနေရာတစ်ခုမှာ မရှိမဖြစ် လိုအပ်လှသည်။

မူလက သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။ ခိုင်ခံ့ပြီး ကျယ်ဝန်းသောကြောင့် သာမန်သန္ဓေပြောင်းသတ္တဝါများ ဖျက်ဆီးနိုင်မည်မဟုတ်ပေ။ သို့သော် ပြင်းထန်သော တိုက်မိမှုကြောင့် နေရာများစွာတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး အကြီးဆုံးအက်ကွဲကြောင်းမှာ အချင်း၆ပေခန့်ပင် ရှိသည်။ ထို့အပြင် ဧရာမဖွတ်ကြီး ထွက်နိုင်ရန် အမြီးပိုင်းတစ်ခုလုံးကို ဖြတ်တောက်ထားသောကြောင့် ဤကဲ့သို့ အန္တရာယ်များသော နေရာတွင် နေထိုင်ရန် မဖြစ်နိုင်တော့ချေ။

လော်ယွမ်က အနည်းဆုံး လူဆယ်ဂဏန်းခန့် နေထိုင်နိုင်သော ဥမင်လှိုဏ်ခေါင်းကြီးတစ်ခုကို တူးရန် ပြင်ဆင်ထားခဲ့သည်။ ဤသည်မှာ ကြီးမားသော လုပ်ငန်းတစ်ခုဖြစ်ပြီး ညနေစောင်းသည်အထိ တူး၍ ပြီးစီးမည်မဟုတ်ပေ။ သို့သော် ဧရာမဖွတ်ကြီးရှိနေသောကြောင့် အလွန်လွယ်ကူသွားသည်။

လူအများနှင့် တိုင်ပင်လိုက်သောအခါ လော်ယွမ်က မိမိ၏အကြံမှာ မပြည့်စုံသေးကြောင်း တွေ့ရှိလိုက်ရသည်။ ဤသို့သော ဥမင်လှိုဏ်ခေါင်း၏ လုံခြုံရေးမှာ အလွန်လျော့နည်းပြီး ဤနေရာက တောနက်ထဲတွင် တည်ရှိသောကြောင့် မြေသားမှာ ပွယောင်းနေသည်။ ဆွေးမြေ့နေသော မြေဆီလွှာမှာ ၁၅ပေမှ ၁၈ပေထိ ထူထဲသောကြောင့် မြေစေးလွှာအထိ မတူးနိုင်ပါက ပြိုကျရန် အလွန်လွယ်ကူသည်။ ထို့အပြင် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းမရှိဘဲ မိမိတို့၏ နိုးကြားမှုအပေါ်တွင်သာ မှီခိုနေရမည် ဖြစ်သည်။

အားလုံးတိုင်ပင်လိုက်ကြပြီးနောက် ပိုကောင်းသော နည်းလမ်းတစ်ခုကို အကြံပြုလိုက်ကြသည်။

သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ဦးပိုင်းသည် မူလကတည်းက တောင်စောင်းထဲသို့ ၂၄ပေခန့် နစ်ဝင်နေပြီး ဖြစ်သည်။ လေယာဉ်ဦးပိုင်း၏ အပေါ်ဘက်မှနေ၍ နောက်ထပ် ၁၈ပေခန့် တူးလိုက်ပါက လူအားလုံး နေထိုင်ရန် လုံလောက်ပေလိမ့်မည်။

ထို့အပြင် ယာဉ်မှူးခန်းသည် ကုန်တင်ခန်းထက် ၁၉ပေခန့် မြင့်သောကြောင့် ထိုနေရာသို့ ဝင်လိုပါက သတ္တုလှေကားတစ်ခုကို ဖြတ်ကျော်ရမည်ဖြစ်ပြီး လေယာဉ်မှူးခန်းအပြင်ဘက်တွင် တံခါးတစ်ချပ်လည်း ရှိနေသေးသည်။

အားလုံးကို အံ့အားသင့်စေသည်မှာ ထိုတံခါးသည် တိုက်မိမှုတွင် မည်သို့မျှ ပုံပျက်သွားခြင်းမရှိဘဲ ပိတ်နိုင်၊ သော့ခတ်နိုင်ဆဲ ဖြစ်နေခြင်းပင်တည်း။

"ဟုတ်ပြီဟေ့... ဒီလိုဆိုရင်တော့ ဂူထဲကိုဘယ်သတ္တဝါမှ ခိုးဝင်နိုင်မှာ မဟုတ်တော့ဘူး" ဟော်တုံက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

"ဒါပေမဲ့လုပ်ရမှာကတော့ နည်းနည်းများတယ်... ဟိုဖွတ်ကြီးကလည်း ဒီထဲထိဝင်တူးပေးနိုင်မှာ မဟုတ်ဘူး... ငါတို့ပဲဆိုဒီညထိတောင် တူးလို့မပြီးလောက်ဘူး... ဒါပေမဲ့လုံလုံခြုံခြုံ အိပ်ရမယ်ဆိုရင်တော့ တန်ပါတယ်" တပ်ခွဲမှူးရှက ရယ်မောရင်း ပြောသည်။

အားလုံး၏ စိတ်ထဲတွင် တက်ကြွလာပြီး မူလက ဖိစီးလေးလံနေသော စိတ်များသည်လည်း အနည်းငယ် ပေါ့ပါးသွားကြသည်။

ကမ္ဘာပျက်ကာလတွင် လုံခြုံရေးထက် ပို၍အရေးကြီးသောအရာ မရှိတော့ချေ။ အရာအားလုံးက လုံခြုံရေးနောက်မှသာ စဉ်းစားရပေမည်။

All Chapters