← Chapters

အခန်း (၂၀၅-၂၀၈)

Vol. 11 Ch. 205-208

အခန်း (၂၀၅-၂၀၈)

Vol. 11 Ch. 205-208

အပိုင်း(၂၀၅)ကမ္ဘာပျက်သောနေ့

ယခုအချိန်သည် နံနက် ဆယ်နာရီခွဲဖြစ်ပြီး နေဝင်ရန် ခုနစ်နာရီ၊ ရှစ်နာရီခန့်သာ လိုတော့သည်။

အချိန်က အလွန်နည်းနေသောကြောင့် ထမင်းချက်ရန်ပြင်ဆင်နေသော ဟွမ်ကျားဟွေတို့ အမျိုးသမီးများပင်လျှင် လက်ထဲမှအလုပ်ကိုချကာ ကျောက်ခဲများ သယ်ထုတ်ခြင်းကို ဝင်ရောက်ကူညီကြရသည်။

လေယာဉ်မှူးအခန်း၏ ရှေ့လေကာမှန်သည် ကြေမွပျက်စီးနေခဲ့ပြီဖြစ်ပြီး အတွင်းပိုင်းတွင် ကျောက်ခဲနှင့်မြေစိုင်အမြောက်အမြားဖြင့် ပိတ်ဆို့နေသည်။ လုံးဝိုင်းသော လေယာဉ်ဦးပိုင်းကိုဖြတ်၍ အတွင်းပိုင်းသို့ တူးဖော်လိုပါက ရှေးဦးစွာ လေယာဉ်မှူးအခန်းတွင်းရှိ ကျောက်ခဲများကို ရှင်းလင်း၍ လမ်းကြောင်းတစ်ခု ဖော်ထုတ်ရပေမည်။

လော်ယွမ်က ရှေ့ဆုံးတွင်ရပ်လျက် သူ၏ထက်ရှသော ကျန်းမာတောက်ဓားဖြင့် တန်ချီလေးသော ကျောက်တုံးကြီးများကို ပေါင်တစ်ရာခန့်အလေးချိန်ရှိသော ကျောက်တုံးငယ်များအဖြစ် လှီးဖြတ်ပေးနေသည်။ ထို့နောက်တွင်မူ နောက်မှလူများက ရှေ့သို့အလျင်အမြန်တိုးလာပြီး ကျောက်တုံးများကို တစ်တုံးချင်း သယ်ထုတ်သွားကြသည်။

သို့သော် အလုပ်လုပ်နိုင်စွမ်း အမြန်ဆုံးမှာမူ ဝမ်ရှီရှီဖြစ်၏။ သူမတစ်ယောက်တည်း၏ အလုပ်ပမာဏသည် လူငါးယောက်၊ ခြောက်ယောက်ပေါင်းနှင့် ညီမျှသည်။

သူမ၏စိတ်စွမ်းအင်အစွမ်းဖြင့် ကျောက်ခဲနှင့်မြေစိုင်များသည် တစ်ခုပြီးတစ်ခု လေပေါ်သို့ ပျံဝဲတက်လာပြီး လူတိုင်း၏ခေါင်းပေါ်တွင် ကျောက်ခဲနှင့်မြေစိုင်များဖြင့် ဖွဲ့စည်းထားသော မြစ်တစ်စင်းအလား ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် စနစ်တကျဖြင့် သံတံခါးကိုဖြတ်သန်းကာ သယ်ယူပို့ဆောင်ရေးအခန်းထဲသို့ ကျဆင်းသွားကြသည်။

သူမ၏စိတ်စွမ်းအားက ယနေ့အထိ အလွန်လျင်မြန်စွာ တိုးတက်နေခဲ့သည်။ ပင်လယ်ကူးတံတားအောက်တွင် စွမ်းအင်ပေါက်ကွဲခဲ့ပြီးနောက် သူမသည် ထိုပေါက်ကွဲမှုမှရရှိခဲ့သော စွမ်းအားကို တဖြည်းဖြည်း ကြေညက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူမ၏စိတ်စွမ်းအားသည် ကီလိုဂရမ် လေးငါးဆယ်ခန့်အလေးချိန်ကို ထောက်ပံ့နိုင်ပြီဖြစ်ပြီး နောက်တစ်ဆင့်တက်ပါက လွတ်လပ်စွာ ပျံသန်းနိုင်တော့မည်ဖြစ်သည်။

ကျောက်ခဲအမြောက်အမြားကို သယ်ထုတ်ပြီးနောက် တစ်နာရီခန့်အကြာတွင် လေယာဉ်မှူးအခန်းက လျင်မြန်စွာ ရှင်းလင်းသွားခဲ့ပြီး လေကာမှန်ကိုထိုးဖောက်ဝင်ရောက်နေသော ရှည်မျောမျောကျောက်တုံးကြီးတစ်ခုသာ လေယာဉ်မှူးအခန်းထဲတွင် ကျန်ရစ်တော့သည်။

ဤကျောက်တုံးသည် အလွန်ကြီးမားပြီး လေကာမှန်နေရာမှစတင်ကာ ကြမ်းပြင်ကို ထိသည်အထိ ရှည်လျားသည်။ အနီးအနားရှိ ကိရိယာများနှင့် ထိုင်ခုံများအားလုံးသည် ဤကျောက်တုံးကြီးကြောင့် စုတ်ပြဲပျက်စီးသွားခဲ့ပြီး အောက်ဘက်ရှိ သတ္တုကြမ်းပြင်သည်လည်း ပြင်းထန်စွာ ချိုင့်ဝင်ပုံပျက်နေသည်။

ပို၍ခက်ခဲသည်မှာ ၎င်းသည် လေယာဉ်ဦးပိုင်းသို့သွားရာလမ်းကို ပိတ်ဆို့ထားသောကြောင့် မဖြစ်မနေ ဖယ်ရှားရန်လိုအပ်ခြင်းပင်။

အစောပိုင်းက ပြိုကျမည်ကိုစိုးရိမ်သောကြောင့် လော်ယွမ်သည် ၎င်းကိုမတို့ထိခဲ့ပေ။ သို့သော် ယခုအခါ ကျောက်တုံးအားလုံးကို ရှင်းလင်းပြီးဖြစ်သဖြင့် ဤကျောက်တုံးကို ဖြေရှင်းရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ လော်ယွမ်က ကျောက်တုံး၏အနားတစ်လျှောက်ကို စမ်းသပ်ကြည့်လိုက်ရာ ပြင်းထန်သောတိုက်မိမှုကြောင့် ပတ်ဝန်းကျင်ရှိကျောက်တုံးများသည် အလွန်တင်းကျပ်စွာ ဖိသိပ်ခံထားရပြီး အလွှာလိုက်ချိတ်ဆက်နေကာ ဟန်ချက်ညီမှုအသစ်တစ်ခုကို ဖြစ်ပေါ်စေသည်ကို တွေ့ရှိလိုက်ရသည်။ ပြိုကျနိုင်သောကျောက်တုံးများသည် အစောပိုင်းကတည်းက ပြိုကျပြီးဖြစ်သင့်ရာ နောက်ထပ်ပြိုကျမှု ဖြစ်ပေါ်တော့မည်မဟုတ်ပေ။

"အားလုံး ဒီကနေ ခဏဖယ်ကြ" လော်ယွမ်က ပြောလိုက်သည်။

"ရှင် သတိထားနော်" ဟွမ်ကျားဟွေက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး အားလုံး လေယာဉ်မှူးအခန်းမှ ထွက်သွားသည်ကို စောင့်ဆိုင်းလိုက်သည်။ သူသည် ထိုကျောက်တုံးကြီးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ နောက်တစ်ခဏတွင် ကျန်းမာတောက်ဓားကို လျင်မြန်စွာဆွဲထုတ်ပြီး မျက်စိတစ်မှိတ်အတွင်း ဓားချက် ခုနစ်ချက်၊ ရှစ်ချက်ခန့် ထုတ်ဖော်လိုက်သည်။

ထို့နောက် သူသည် ခြေလှမ်းအနည်းငယ် လျင်မြန်စွာလှမ်းကာ လေယာဉ်မှူးအခန်းမှ ထွက်ခွာလိုက်သည်။

သူ၏အရှိန်သည် အလွန်မြန်ဆန်လှရာ ဓားထုတ်ခြင်း၊ ဓားပြန်သိမ်းခြင်းနှင့် လေယာဉ်မှူးအခန်းမှ ထွက်ခွာခြင်းတို့အတွက် စုစုပေါင်းအချိန်သည် ဝ.၅စက္ကန့်ပင် မကြာလိုက်ချေ။ လော်ယွမ်၏ကိုယ်သည် တံခါးအပြင်ဘက်သို့ ရောက်ရှိသွားမှသာ အတွင်းမှ ကြီးမားသောအသံကြီး ထွက်ပေါ်လာတော့သည်။

"ဝုန်း" ဟူသော အသံကြီးနှင့်အတူ ရှစ်ပိုင်း၊ ကိုးပိုင်းအထိ လှီးဖြတ်ခံထားရသော ကျောက်တုံးကြီးသည် သတ္တုကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး အသံကျယ်ကြီး ထွက်ပေါ်လာသည်။ လေယာဉ်မှူးအခန်းတွင်းရှိ ထိုင်ခုံများသည် လိမ့်ကျလာသော ကျောက်တုံးကြီးကြောင့် တိုက်လွင့်သွားသော်လည်း လူတိုင်းထွက်ခွာပြီးဖြစ်သောကြောင့် မည်သည့်ထိခိုက်မှုမျှ မဖြစ်ပွားခဲ့ချေ။

ကံကောင်းသည်မှာ ထိုကျောက်တုံးကြီးများမှလွဲ၍ အခြားကျောက်ခဲများ ပြိုကျလာခြင်းမရှိခြင်းပင်။ လှီးဖြတ်ထားသော မျက်နှာပြင်သည် မှန်ကဲ့သို့ ချောမွေ့နေပြီး အနားသတ်တွင် အက်ကြောင်းသေးသေးလေးအချို့မှလွဲ၍ အလယ်ပိုင်းသည် ညီညာချောမွေ့နေရာ လက်ဖြင့်တူးဆွလျှင်ပင် ကျောက်ခဲစများ ထွက်လာမည်မဟုတ်ပေ။

လမ်းပိတ်နေသော ကျောက်တုံးကြီးမရှိတော့သောအခါ လေယာဉ်ဦးပိုင်းတစ်ခုလုံးကို လော်ယွမ်က အကြမ်းပတမ်း တူးဖော်ရှင်းလင်းလိုက်သည်။ ထိုးထွက်နေသောအစိတ်အပိုင်းများကို လော်ယွမ်က ကျန်းမာတောက်ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်ရာ ဘေးမှ တပ်ခွဲမှုးရှပင် မျက်နှာပျက်မလိုဖြစ်သွားသည်။ ဤသည်မှာ အဆင့်အမြင့်ဆုံး သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြစ်ပြီး ကမ္ဘာမပျက်မီကဆိုလျှင် အနည်းဆုံး တန်ဖိုး ယွမ်သန်းပေါင်းရာချီ ရှိပေမည်။

သို့သော် အမှန်တကယ်တွင် လော်ယွမ်မဖျက်ဆီးလျှင်ပင် ဤအစိတ်အပိုင်းအများစုမှာ လိမ်ကောက်ပျက်စီးနေခဲ့ပြီဖြစ်သည်။ လေယာဉ်ဦးပိုင်းသည် ပြင်းထန်သောတိုက်မိမှုကြောင့် ပြားချပ်သွားပြီး အတွင်းပိုင်းတွင် ပြင်းထန်စွာ ပုံပျက်နေခဲ့သည်။

အထူးသဖြင့် လေယာဉ်ဦးပိုင်း၏ထိပ်သည် အတွင်းသို့ လုံးဝကျုံ့ဝင်သွားပြီး ခွက်ဝင်နေသောပုံစံ ဖြစ်နေသည်။

မကြာမီမှာပင် ဤခွက်ဝင်နေသော လေယာဉ်ဦးပိုင်းကို လော်ယွမ်က ကျန်းမာတောက်ဓားဖြင့် စက်ဝိုင်းပုံ လှီးဖြတ်လိုက်သည်။

သတ္တုအစိတ်အပိုင်းသည် မြေပြင်ပေါ်သို့ "ခလွမ်း" ဟူသောအသံကျယ်ကြီးဖြင့် ကျဆင်းသွားပြီး ရှေ့တွင် လူတစ်ရပ်ခန့်မြင့်သော စက်ဝိုင်းပုံအပေါက်တစ်ခု ပေါ်ထွက်လာသည်။

ဤသို့သောမြင်ကွင်းကို အကြိမ်ကြိမ်တွေ့မြင်ဖူးသော်ငြားလည်း လူတိုင်းသည် ကျန်းမာတောက်ဓား၏ အံ့မခန်းထက်မြက်မှုကို အသက်ရှူမှားမတတ် အံ့ဩသွားကြသည်။ အထူးသဖြင့် စစ်သားများပင်ဖြစ်သည်။

အပေါက်ဝမှ ကျောက်တုံးများသည် လေယာဉ်ဦးပိုင်းနှင့် အပြင်းအထန်ဝင်တိုက်ထားမှုကြောင့် လုံးဝကြေမွနေခဲ့ပြီး ဖွင့်လိုက်သည်နှင့် ကျောက်မှုန့်များ လွင့်ပျံတက်လာသည်။

အသာအယာထိလိုက်ရုံဖြင့် ကျောက်မှုန့်အမြောက်အမြားသည် တဖွဲဖွဲကျဆင်းလာပြီး ဂျုံမှုန့်ကဲ့သို့ ပျော့အိနေသည်။ ၎င်း၏သက်ရောက်မှုအတိုင်းအတာသည် အလွန်ကျယ်ပြန့်သဖြင့် တူးဖော်ရန်ပင်မလိုအပ်ဘဲ ဝမ်ရှီရှီ၏စိတ်စွမ်းအားဖြင့် ကျောက်မှုန့်အမြောက်အမြားသည် ဖြူဖွေးသောနဂါးကြီးတစ်ကောင်အလား ဖြစ်ပေါ်ကာ အပြင်ဘက်သို့ သယ်ထုတ်သွားခြင်းခံရသည်။

ကျောက်မှုန့်များ သယ်ထုတ်သွားသည်နှင့်အမျှ အတွင်းပိုင်းနေရာသည် တဖြည်းဖြည်းကျယ်ဝန်းလာပြီး ၁၂ပေအကွာသို့ရောက်မှသာ ကျောက်ခဲစများ တဖြည်းဖြည်းပေါ်ထွက်လာသည်။

ဝမ်ရှီရှီ၏စိတ်စွမ်းအင်သည် အစောပိုင်းကတည်းက တစ်ဝက်ခန့်ကုန်ဆုံးသွားခဲ့ပြီး နာရီဝက်မပြည့်မီအချိန်အတွင်း လုံးဝကုန်ဆုံးသွားသဖြင့် ရပ်တန့်လိုက်ရသည်။ သို့သော် ဤနာရီဝက်အတွင်း သူမ၏အလုပ်ပမာဏသည် လူအားလုံး၏စုစုပေါင်းအလုပ်နှင့် ညီမျှပြီး ကျောက်မှုန့်အများစုကို ဝမ်ရှီရှီတစ်ဦးတည်းကပင် ရွှေ့ပြောင်းပေးခဲ့ရာ လော်ယွမ်ပင်လျှင် ရှားရှားပါးပါး ချီးကျူးစကားဆိုခဲ့သည်။

…………………………………………………………………

ဤသို့သော လွယ်ကူစွာပြိုကျနိုင်သည့် ပတ်ဝန်းကျင်တွင် ကျောက်ခဲများသယ်ယူခြင်းသည် အလွန်အန္တရာယ်များပြီး သတိတစ်ချက်လစ်လျှင်ပင် ကျောက်ခဲများအောက်တွင် ပိမိသွားနိုင်ခြေရှိသည်။

သို့သော် အများစုက ကျွမ်းကျင်မှုရှိကြပြီး သတ္တိလည်းကောင်းကြသည်။ ဤနေရာရှိ သာမန်လူများပင်လျှင် ခန္ဓာကိုယ်အရည်အသွေးအများစုမှာ ၁၂ မှတ်ခန့်ရှိကြပြီး ခွန်အား၊ တုံ့ပြန်မှု၊ အလျင်တို့က သာမန်လူထက် နှစ်ဆကျော်သာလွန်သည်။ ဤလူများသာ ပြေးခုန်ပစ်ပြိုင်ပွဲဝင်မည်ဆိုလျှင် မည်သူမဆို စံချိန်သစ်တင်နိုင်မည့်အဆင့်ဖြစ်သည်။

"နုနယ်ပျော့ပျောင်း" သည်ဟုထင်ရသော ဝမ်ရှီရှီပင်လျှင် စိတ်စွမ်းအင်အသုံးမပြုဘဲ ကီလိုဂရမ်တစ်ရာလေးသော ကျောက်တုံးကြီးကို မနိုင်ပြီး လေအဟုန်ဖြင့်ပြေးလွှားနိုင်ရာ ကမ္ဘာမပျက်မီအချိန်ဆိုလျှင် လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားစေမည်ဖြစ်သည်။ ဤလူများသည် လော်ယွမ်ကဲ့သို့သော လူသားထက်ကျော်လွန်သည့် သက်ရှိမျိုးနှင့် နှိုင်းယှဉ်မှသာ ပျော့ညံ့သည်ဟု ထင်ရခြင်းဖြစ်သည်။

ထိုအတောအတွင်း ပြိုကျမှုအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသော်လည်း လူတိုင်း ရှောင်တိမ်းနိုင်ခဲ့ကြသည်။ အန္တရာယ်အရှိဆုံးတစ်ကြိမ်တွင် တန်ချိန်တစ်ရာခန့်လေးသော ကျောက်ခဲများစွာက ခေါင်းပေါ်မှပြိုကျလာခဲ့ရာ လော်ယွမ်က သတိပေးလိုက်သည်နှင့် မြေပြင်ပေါ်သို့မရောက်မီမှာပင် လူတိုင်းထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိခဲ့ပေ။ တစ်ဦးသာ ကျောက်ခဲစထိမှန်၍ ခေါင်းကွဲသွားသော်လည်း အရေပြားဒဏ်ရာသာဖြစ်၍ ပတ်တီးစည်းရန်ပင်မလိုအပ်ခဲ့ချေ။

၂၅ပေအနက်သို့ရောက်သောအခါ ကျောက်ခဲစများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကျောက်တုံးကြီးများဖြင့် အစားထိုးလာသည်။ လုံခြုံရေးအတွက် လော်ယွမ်က နောက်ထပ်ပေအနည်းငယ် တူးဖော်ခဲ့ပြီး ရှေ့တွင် ကျောက်နံရံကြီးတစ်ခုလုံးဖြစ်သွားတော့မှသာ ရပ်တန့်လိုက်သည်။

အားလုံးက မရပ်မနားသယ်ယူကြသဖြင့် လုပ်ငန်းပြီးမြောက်နှုန်းက ထင်ထားသည်ထက် ပိုမိုမြန်ဆန်ပြီး ညနေခုနစ်နာရီမထိုးမီမှာပင် နောက်ဆုံးရှင်းလင်းရေးအဆင့်သို့ ရောက်ရှိသွားသည်။

လိုဏ်ဂူသည် အနက်ပေ၃၀ခန့်နှင့် အကျယ်၁၉ပေခန့်ရှိသည်။ အနည်းငယ်ကျဉ်းမြောင်းသော်လည်း ကမ္ဘာပျက်ကပ်တွင် လုံခြုံသောခိုလှုံရာတစ်ခုရရှိခြင်းက လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ ဤနေရာသည်လည်း လူ၁၅ယောက်ခန့် နေထိုင်ရန် လုံလောက်သည်။

လေးဘက်လေးတန် ကျောက်နံရံများဖြင့်ဝန်းရံထားသော ဤလိုဏ်ဂူကိုကြည့်ရင်း လူတိုင်း၏မျက်နှာတွင် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ အနည်းဆုံးတော့ ယနေ့ညတွင် အေးချမ်းစွာ အိပ်စက်နိုင်ကြတော့မည်။

……………………………………………………

အားလုံးအပြင်သို့ထွက်လာသောအခါ ကောင်းကင်သည် လုံးဝမှောင်မိုက်နေခဲ့ပြီဖြစ်သည်။

ယနေ့ညတွင် လေအနည်းငယ်တိုက်နေပြီး လေပြင်းက သစ်တောကိုဖြတ်သန်းတိုက်ခတ်ရာ "ဝူးဝူး" ဟူသော စူးရှသည့်အသံများ ထွက်ပေါ်နေသည်။ အားလုံး ညစာချက်ပြုတ်ရန် ပြင်ဆင်နေကြစဉ်…

"အားလုံး အပေါ်မှာကြည့်လိုက်ကြစမ်း" ဟော်တုံက ရုတ်တရက်ပြောလိုက်သည်။

လူတိုင်း အလျင်အမြန်မော့ကြည့်လိုက်ကြရာ ခေါင်းပေါ်တွင် အရောင်အသွေးစုံလင်စွာ စီးဆင်းနေပြီး အနီ၊ အဝါ၊ အစိမ်းရောယှက်နေသော ဥတ္တရရောင်စဉ်တန်းများက ကောင်းကင်ကိုဖုံးလွှမ်းထားသည်။ ၎င်းတို့သည် အရောင်အမျိုးမျိုးပြောင်းလဲနေသော သက်တန့်ရောင်ဖဲကြိုးများအလား ကောင်းကင်တွင် စွဲမက်ဖွယ်ကောင်းသော်လည်း ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော အရောင်အသွေးများကို ဖြာထွက်စေနေသည်။ ပို၍ခေါင်းနပမ်းကြီးသွားစေသည်မှာ ၎င်း၏အတိုင်းအတာသည် အလွန်ကြီးမားပြီး ကောင်းကင်၏တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားခြင်းပင်။

"ဒီလိုနေရာမှာ ဘယ်လိုလုပ် ဥတ္တရအလင်းတန်းတွေ ရှိနေတာလဲ" ချောင်လင်းက အံ့ဩတကြီးဖြင့် "ငလျင်လှုပ်တော့မလို့များလား"

"မဟုတ်ဘူး... တိုက်ဆိုင်တာနေမှာပါ" ဝမ်ရှကွမ်က မျက်လုံးများဖြင့် စူးစိုက်ကြည့်ရင်း လှပသောဥတ္တရအလင်းတန်းကိုမြင်ကာ အသံတုန်ယင်စွာဖြင့် ပြောလိုက်သည်။

လော်ယွမ်၏မျက်နှာသည်လည်း တည်ကြည်နေသည်။ ဥတ္တရအလင်းတန်းသည် ကောင်းသောလက္ခဏာမဟုတ်ပေ။ ၎င်းသည် ကမ္ဘာ့သံလိုက်စက်ကွင်း သို့မဟုတ် အာကာသအပြင်ဘက်မှ စွမ်းအင်မြင့်မားသောအမှုန်များ စီးဆင်းမှုကြောင့် ကမ္ဘာ့လေထုမော်လီကျူးများကို လှုံ့ဆော်၍ လျှပ်စစ်စက်ကွင်းများ ဖြစ်လာခြင်းဖြစ်သည်။ ၎င်းကိုမီးတောင်ပေါက်ကွဲစဉ်ကလည်း သူမြင်တွေ့ခဲ့ပြီး ထိုစဉ်က ကမ္ဘာ့သံလိုက်စက်ကွင်းပြောင်းလဲမှုကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။

သို့သော် ဤတစ်ကြိမ်မှာမူ ထိုသို့မဟုတ်နိုင်ပေ။ လေယာဉ်မပျက်ကျမီကပင် သူသည် ကောင်းကင်တွင် ဥတ္တရအလင်းတန်းကို မြင်တွေ့ခဲ့ရသော်လည်း ထိုစဉ်က အလွန်သေးငယ်ပြီး အတိုင်းအတာမှာ ဤမျှမကျယ်ပြန့်ခဲ့ပေ။ ဤတစ်ကြိမ်သည် တပ်ခွဲမှုးရှပြောခဲ့သော စကြဝဠာမုန်တိုင်းနှင့် သက်ဆိုင်နေပေလိမ့်မည်။

လော်ယွမ်သည် တပ်ခွဲမှုးရှကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ အရုပ်ဆိုးနေပြီး နှုတ်ခမ်းများတုန်ယင်နေသည်ကိုမြင်၍ စိတ်ထဲတွင် လေးလံသွားသည်။ သူတို့နှစ်ဦး တစ်ထပ်တည်း စဉ်းစားမိကြသည်မှာ ထင်ရှားသည်။

လေသည် ညကောင်းကင်တွင် ပြင်းထန်စွာတိုက်ခတ်လာပြီး တဖြည်းဖြည်းပိုမိုအားကောင်းလာရာ လူများပင် မတ်မတ်မရပ်နိုင်လုနီးပါးဖြစ်လာသည်။

တောအုပ်အပေါ်ပိုင်းမှ စိမ်းလန်းသော ကော်ဇောလွှာသည် ပြင်းထန်စွာ ယိမ်းထိုးနေပြီး ဆူညံသော "ရှဲရှဲ" အသံများ ထွက်ပေါ်နေသည်။ ဤနေရာရှိ သစ်ကိုင်းများသည် ခိုင်မာပြီး ပင်စည်များတုတ်ခိုင်ကာ သစ်ရွက်များ အချင်းချင်းဆက်စပ်နေခြင်းသာမရှိပါက အစောပိုင်းကတည်းက ကျိုးပြတ်သွားလောက်ပြီဖြစ်သည်။

ဤလေတိုက်နှုန်းသည် အနည်းဆုံး အဆင့်ရှစ်၊ ကိုး တိုင်ဖွန်းမုန်တိုင်းအဆင့်တွင်ရှိပြီး ကုန်းတွင်းပိုင်းဒေသတွင် ဤသို့သောလေပြင်းတိုက်ခတ်ခြင်းသည် အလွန်ထူးဆန်းသောအဖြစ်အပျက်ပင်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မှဥတ္တရအလင်းတန်း၏အတိုင်းအတာသည်လည်း လျင်မြန်စွာကျယ်ပြန့်လာပြီး မကြာမီမှာပင် ကောင်းကင်တစ်ခုလုံးနီးပါးသည် ဤစွဲမက်ဖွယ်အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။ ရံဖန်ရံခါ လျှပ်စီးများပင် ဖြတ်ပြေးသွားပြီး အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။ အချိန်တစ်မိနစ်၊ တစ်စက္ကန့် ကုန်လွန်သွားသည်နှင့်အမျှ ထူးဆန်းသောအငွေ့အသက်တစ်ခုက လေထုတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။

ဤအငွေ့အသက်သည် အလွန်ပြင်းထန်လှရာ လူတိုင်း ကြက်သီးမွေးညင်းများထကာ စိတ်ထဲတွင် အမည်ဖော်မရသောကြောက်ရွံ့ထိတ်လန့်မှုတစ်ရပ်ကို ခံစားလိုက်ရ၏။

နောက်တစ်ခဏတွင် သစ်တောတစ်ခုလုံးသည် ပြင်းထန်စွာ လှုပ်ရှားလာပြီး အမှောင်ထုထဲတွင် မရေမတွက်နိုင်သော သက်ရှိများက ခေါင်းမပါသောယင်ကောင်များကဲ့သို့ လေးဘက်လေးတန်သို့ ပြေးလွှားနေကြသည်။ ထိုအထဲမှ ၉ပေကျော်ရှည်သော မည်သည့်သက်ရှိမှန်းမသိသည့်အကောင်တစ်ကောင်က လော်ယွမ်တို့ဘက်သို့ လျင်မြန်စွာပြေးလာသည်။ အမည်ဖော်မရသောကြောက်ရွံ့မှုကြောင့် ၎င်းသည် ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားပြီး ပြေးလွှားရန်သာ သိတော့သည်။ နောက်ဆုံးတွင် သစ်ပင်တစ်ပင်ကို တည့်တည့်ဝင်တိုက်မိကာ ခေါင်းတစ်ဖက်စောင်း၍ လုံးဝမေ့မြောသွားတော့သည်။

ဆယ်မိနစ်ကျော်အတွင်းမှာပင် လျှပ်စီးများသည် ပိုမိုများပျားပြီး ကောင်းကင်တွင် ထူထပ်သောလျှပ်စစ်ကွန်ရက်တစ်ခုအလား ဖွဲ့စည်းထားသည်။

မှောင်မိုက်သောညကောင်းကင်သည် တစ်ခဏအတွင်း နေ့ခင်းကဲ့သို့ လင်းထိန်သွားသည်။

အရိုးထဲထိစိမ့်ဝင်သော အအေးဓာတ်တစ်ခုက လော်ယွမ်၏စိတ်ထဲမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူသည် ဘေးမှတပ်ခွဲမှုးရှကို ဆွဲလိုက်ပြီး မျက်နှာတည်ဖြင့် တစ်လုံးချင်းမေးလိုက်သည်။ "စကြဝဠာမုန်တိုင်းက အတိုင်းအတာတစ်ခုအထိ ကြီးမားလာရင်... ဘယ်လိုဖြစ်သွားနိုင်လဲ"

တပ်ခွဲမှုးရှ၏မျက်နှာသည် ဖြူဖျော့နေပြီး အတန်ကြာတိတ်ဆိတ်နေပြီးမှ "ကျွန်တော်လည်း သိပ်မရှင်းဘူး... ဒါပေမဲ့ ပထမဆုံး အိုင်ယွန်နိုစဖီးယားလွှာက ပြန့်ကားလာလိမ့်မယ်... အာကာသအပြင်ဘက်က လေထုကလည်း ခဏလေးနဲ့ လွင့်ပျယ်သွားပြီး... ကမ္ဘာနဲ့နီးတဲ့လေထုလွှာမှာ အကြီးစားလျှပ်စစ်စက်ကွင်းတွေ ဖြစ်ပေါ်လာလိမ့်မယ်... ကမ္ဘာကြီးရဲ့အပူချိန်လည်း ဆက်တိုက်မြင့်တက်လာလိမ့်မယ်... အခုကျွန်တော်တို့ကြုံနေရတဲ့ အခြေအနေမျိုးပေါ့"

(Ionosphere - အိုင်ယွန်နိုစဖီးယားအလွှာဆိုတာက ကမ္ဘာ့လေထုအပေါ်ပိုင်းက အလွှာတစ်ခုဖြစ်ပြီး နေရောင်ခြည်ကြောင့် အဲ့အလွှာမှာရှိတဲ့အမှုန်တွေမှာ လျှပ်စစ်ဓာတ်တွေ (ionized) ရှိနေပါတယ်။ အဲ့အလွှာက ရေဒီယိုလှိုင်းတွေကို ပြန်ကန်ထုတ်ပေးနိုင်တဲ့အတွက် ဆက်သွယ်ရေးမှာ အရေးပါတဲ့ အလွှာတစ်ခုဖြစ်ပါတယ်)

"ဒီထက်ပိုပြီး ပြင်းလာရင်တော့... နေရောင်ခြည်ကို စစ်ထုတ်ပေးထားတဲ့ လေထုအလွှာတွေက ဒီမုန်တိုင်းကြောင့် တဖြည်းဖြည်း လွင့်ပါသွားပြီး လေထုထဲမှာ လေဟာနယ်တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်... အဲ့အခြေအနေရောက်ရင်တော့ အဆုံးသတ်ပြီလို့ပြောရမယ်... အဲ့လေဟာနယ် ပိုကျယ်ပြန့်လာတာနဲ့ အလုံပိတ်ထားတဲ့ မြေအောက်စခန်းလိုနေရာမျိုးမှာ ပုန်းအောင်းမနေရင် လူတွေရောသတ္တဝါတွေရော ဇာတ်သိမ်းပြီသာ မှတ်ပေတော့ပဲ"

(နေကလာတဲ့ရောင်ခြည်တွေက အလွန်ပြင်းထန်ပါတယ်။ အဲ့ရောင်ခြည်တွေကို ကမ္ဘာလေထုအလွှာတွေက ရေစစ်တွေလို အဆင့်ဆင့်စစ်ထုတ်ပြီး နောက်ဆုံးကမ္ဘာမြေကိုကျရောက်တဲ့အချိန်မှာ သက်ရှိတိုင်းအတွက် အန္တရာယ်မရှိတဲ့ အဆင့်ရောက်သွားပါတယ်။ နမူနာပြောရရင် အာကာသနဲ့ကပ်နေတဲ့ လေထုအလွှာတွေက နေကလာတဲ့ရောင်ခြည်တွေကို ပမာဏနည်းနည်းဆီ အလှည့်ကျလျှော့ချပေးလိုက်ပါတယ်။ အဲ့ကပြန်ထွက်လာတဲ့ရောင်ခြည်တွေကို နောက်တစ်ဆင့်မှာရှိတဲ့ လေထုအလွှာတွေက ဖုန်မှုန့်တွေ တိမ်တိုက်တွေနဲ့ တစ်ချို့ကို အလင်းပြန်၊ တစ်ချို့ကို ပြန့်ကျဲစေပြီး ထပ်မံ စစ်ချလိုက်ပါတယ်။ လေထုရဲ့ဒုတိယအလွှာမှာစုစည်းနေတဲ့ (Ozone or O3) အိုဇုန်းဓာတ်ငွေ့တွေက နေရောင်ခြည်မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို စစ်ထုတ်ပစ်ပါတယ်။ အဲ့လိုအဆင့်ဆင့်စစ်ထုတ်ပြီးမှ ကမ္ဘာမြေကိုရောက်လာတာပါ။ ဒါပေမဲ့ အဲ့ဒီအလွှာတွေမှာ လေဟာနယ် (လေထုမရှိသည့်နေရာ) ဖြစ်သွားရင်တော့ နေရောင်ခြည်က အဆိပ်လိုဖြစ်ပြီး အကုန်သေကြရမှာပါ)

"ဒါဆို အခုကျွန်တော်တို့က မုန်တိုင်းမြန်မြန်ပြီးဖို့ ဆုတောင်းနေရုံပဲရှိတာပေါ့" ဟော်တုံက အသံတုန်တုန်ဖြင့် ပြောလိုက်ရာ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့သွားသည်။

"ဒိုင်း"

ထိုစဉ် ရုတ်တရက် ပေ၃၀၀အကွာမှ ပေပေါင်းရာချီမြင့်သော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တုတ်ခိုင်သောလျှပ်စီးတစ်ချက် ပြင်းထန်စွာ ကျရောက်လာသည်။ သစ်ပင်ကြီးတစ်ခုလုံးသည် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး မကြာမီမှာပင် မီးတောက်လောင်လာတော့သည်။

ရုတ်တရက်ဖြစ်ပေါ်လာသော လျှပ်စီးကြောင့် လူတိုင်း ရုတ်တရက်သတိဝင်လာပြီး မျက်နှာများ ပျက်ယွင်းသွားကြသည်။

"အမြန်လုပ်... ဂူထဲအမြန်ဝင်ကြ" လော်ယွမ်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ကလေးနှစ်ယောက်ကို ချီလိုက်ကာ အခြားကလေးတစ်ယောက်ကိုလည်း လက်ဖြင့်ဆွဲမလိုက်ပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်ဘက်သို့ လျင်မြန်စွာ ပြေးလွှားသွားသည်။

လူတိုင်း ကြောက်လန့်တကြားဖြင့် မျက်နှာများဖြူဖျော့သွားကြပြီး လော်ယွမ်၏နောက်သို့ အလျင်အမြန် လိုက်ပါပြေးလွှားသွားကြတော့သည်။

ဆက်ရန်...

အပိုင်း(၂၀၆)လိုက်လံဖမ်းဆီးခြင်း

ကောင်းကင်ယံတွင် လျှပ်စီးများ လက်ကာ မိုးကြိုးများထစ်ချုန်းလျက် ငွေရောင်မြွေများ သောင်းကျန်းကခုန်နေသည့်အလား ရှိနေသည်။

တစ်ချက်တစ်ချက် လက်လိုက်သော လျှပ်စီးကြောင်းများက မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး အမှောင်ထုကောင်းကင်ကို ထိုးခွဲလျှက် အနီးအနားမှ တောင်ထိပ်များပေါ်သို့ ကျရောက်ကာ နားကွဲမတတ် ပေါက်ကွဲသံကြီးများကို ဖြစ်ပေါ်စေသည်။

မည်မျှပင် အစွမ်းထက်သော သတ္တဝါဖြစ်စေကာမူ ဤကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်အောက်တွင် အလွန်အမင်း သေးငယ်သွားကြရသည်။

အနီးအနားမှ ဧရာမဖွတ်ကြီးသည် တခါတရံတွင် အရူးအမူး မြေကြီးကိုကုတ်ခြစ်လိုက်၊ တခါတရံတွင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ဖြင့် တစ်နေရာတည်းတွင် စောက်တည်မရဖြစ်ကာ အလွန်အမင်း ကြမ်းတမ်းခက်ထန်လာသည်။

ထိုအချိန်တွင် လျှပ်စီးကြောင်းတစ်ခုသည် အနီးအနားမှ တောအုပ်ထဲသို့ ရုတ်တရက်ကျရောက်သွားပြီး ကမ္ဘာမြေကိုပင် တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီးနှင့်အတူ မျက်စိကျိန်းဖွယ်အလင်းရောင်တစ်ခု ဖြစ်ပေါ်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော သဘာဝတရား၏ စွမ်းအားကို ရင်ဆိုင်လိုက်ရသောအခါ ဧရာမဖွတ်ကြီးသည် ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သွားပြီး အမြီးပိုင်းမှ အကြေးခွံများမှာ ချက်ချင်းပင် ထောင်ထသွားသည်။ ထို့နောက် သူက အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်ပြီးနောက် တောနက်ထဲသို့ အရူးအမူး ပြေးဝင်သွားတော့သည်။ သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ကြောက်ရွံ့မှုအောက်တွင် အသိဉာဏ်ကင်းလွတ်သွားသည်မှာ ထင်ရှားလှသည်။

လော်ယွမ်က ဤမြင်ကွင်းကို သတိပြုမိလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "အားလုံးအထဲဝင်နေကြ... ကျွန်တော်သူ့ကို သွားပြန်ခေါ်လိုက်မယ်"

မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ဧရာမဖွတ်ကြီးသည် ယခုအချိန်တွင် အလွန်အားနည်းနေပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန်အချိန်၏ ၁၀ပုံတစ်ပုံပင် မရှိချေ။ ဤအခြေအနေတွင် တောအုပ်ထဲသို့ ပြေးဝင်သွားပါက အသက်ရှင်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားပေလိမ့်မည်။ သူသည် အဖွဲ့၏ အဓိကတိုက်ခိုက်ရေးစွမ်းအား ဖြစ်ရုံသာမက အရေးအကြီးဆုံးအချက်မှာ ဧရာမဖွတ်ကြီးသာမရှိပါက သူတို့ ဤနှစ်ချို့တောနက်ကြီးထဲမှ အချိန်တိုအတွင်း ထွက်ခွာနိုင်မည်မဟုတ်ပေ။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ သူ ဧရာမဖွတ်ကြီးကို ပြန်လည်လိုက်လံဖမ်းဆီးရမည်သာ ဖြစ်သည်။

ပြောပြောဆိုဆိုပင် သူက ချီထားသော ကလေးကိုချလိုက်ပြီး ဓားကိုကိုင်ကာ ဧရာမဖွတ်ကြီးနောက်သို့ အမြန်လိုက်ပါသွားတော့သည်။

"လော်ယွမ်... မလုပ်နဲ့ ပြန်လာခဲ့... အမြန်ပြန်လာခဲ့" ဟွမ်ကျားဟွေက အသံကုန်ခြစ်၍ အဆက်မပြတ် အော်ဟစ်လိုက်သည်။

"အမြန်ပြန်လာခဲ့..." ကျိုးယလီနှင့် ဝမ်ရှီရှီတို့သည်လည်း အသံကုန်ခြစ်၍ အော်ဟစ်ကြပြီး မျက်နှာများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် လော်ယွမ်မှာ လုံးဝဂရုမစိုက်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ၁၅၀အကွာသို့ ရောက်ရှိသွားပြီး နောက်တစ်ခဏတွင် ဧရာမဖွတ်ကြီးနှင့်အတူ တောအုပ်ထဲတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

"ညီမဟွမ်... ဒီနေရာကအရမ်းအန္တရာယ်များတယ်... ကျွန်တော်တို့အထဲဝင်ရအောင် ခေါင်းဆောင်ယွမ်ရဲ့ အစွမ်းအစနဲ့ဆို... သူခဏနေပြန်ရောက်လာမှာပါ" လျှပ်စီးများ ပိုမိုများပြားလာသည်ကို ကြည့်ရင်း ဟော်တုံက စိုးရိမ်တကြီးပြောလိုက်သည်။

"ဒီကမိတ်ဆွေပြောတာမှန်တယ်... လျှပ်စီးတွေက တော်တော်များလာပြီ... ကျွန်တော်တို့စီကျမလာခင် အထဲအမြန်ဝင်မှဖြစ်မယ်" တပ်ခွဲမှူးရှကလည်း စိတ်ပူစွာဖြင့် တိုက်တွန်းလိုက်သည်။

ဟွမ်ကျားဟွေသည် အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖိနှိပ်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ ချန်ကျားယီကို ပွေ့ချီပြီး လေယာဉ်ပျက်အတွင်းသို့ အမြန်ပြေးဝင်သွားသည်။ ဟော်တုံနှင့် တပ်ခွဲမှူးရှတို့ကလည်း တန့်ဝေနှင့် ကျုံးချူ့ချန်တို့ကို အသီးသီးပွေ့ချီကာ အမြန်ပြေးလွှားသွားကြသည်။

လူအများမှာ ဥမင်လှိုဏ်ခေါင်းထဲသို့ အမြန်ဝင်ရောက်သွားကြပြီးနောက်မှ အနည်းငယ် သက်ပြင်းချနိုင်သွားကြသည်။

အပြင်ဘက်မှ မကြာခဏ ထစ်ချုန်းနေသော မိုးကြိုးသံများကို နားထောင်ရင်း လူတိုင်းမှာ ယနေ့ ဥမင်လှိုဏ်ခေါင်းကို တစ်ထိုင်တည်း တူးဖော်ပြီးစီးခဲ့သည့်အတွက် အလွန်ကံကောင်းသည်ဟု တွေးမိကြသည်။ သို့မဟုတ်လျှင် အားလုံး အပြင်ဘက်တွင်သာနေ၍ လျှပ်စီးမိုးကြိုးများ မိမိတို့အပေါ်သို့ မကျရောက်ပါစေနှင့်ဟုသာ ဆုတောင်းနေရပေလိမ့်မည်။

သို့သော် အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားသော်လည်း လော်ယွမ်မှာ ပြန်ရောက်မလာသေးရာ အားလုံး၏စိတ်အခြေအနေက တစ်ဖန်ပြန်၍ လေးလံတင်းကျပ်လာသည်။

ဟွမ်ကျားဟွေတို့ အမျိုးသမီးအချို့သာမက လူတိုင်း၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင်ဝင်ရောက်လာသည်။ လော်ယွမ်ရှိနေစဉ်က မည်သို့မျှမခံစားရဘဲ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် လော်ယွမ်မရှိတော့သည့်အခါမှ အန္တရာယ်နယ်မြေထဲတွင် ရှိနေသည့် ခံစားချက်နှင့် နေရာတိုင်းတွင် ပုန်းကွယ်နေသော ကြောက်ရွံ့မှုတို့က သူတို့၏စိတ်နှလုံးထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။ မည်းမှောင်နေသော ဥမင်လှိုဏ်ခေါင်းဝသည်ပင်လျှင် အဆုံးမဲ့သော အန္တရာယ်များကို ဖုံးကွယ်ထားသကဲ့သို့ ထင်မှတ်လာကြသည်။

………………………………………………………………………………

လော်ယွမ်သည် တစ်လမ်းလုံး အရှိန်ပြင်းစွာ ပြေးလွှားနေပြီး သစ်ပင်များက သူ၏ဘေးမှ လျင်မြန်စွာ ကျော်ဖြတ်သွားကြသည်။

ဤနေရာသည် လုံးဝ ဖရိုဖရဲဖြစ်နေပြီး မရေမတွက်နိုင်သော သတ္တဝါများမှာ ရူးသွပ်နေသည့်အလား လျှောက်ပြေးနေကြသည်။ ငှက်များနှင့် ပိုးမွှားအများအပြားမှာ ဝမ်းနည်းစွာ အော်မြည်ရင်း ကောင်းကင်သို့ ပျံတက်သွားကြပြီး မိုးကြိုးလျှပ်စီးများ ထိမှန်ကာ မည်းနက်သော မီးသွေးခဲများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လော်ယွမ်သည် ရှေ့မှပြေးလွှားနေသော ဧရာမဖွတ်ကြီးကို တောက်လျှောက်လိုက်နေရင်း စိတ်ထဲတွင် ဒေါသထွက်လာ၏။ အစောပိုင်းက အားနည်းချိနဲ့နေသော ဧရာမဖွတ်ကြီးသည် ယခုအခါတွင်မူ တစ်စုံတစ်ခုသော အားတိုးဆေး သောက်သုံးထားသည့်အလား အရူးအမူး ပြေးလွှားနေသည်။ ဤသည်မှာ ကြောက်ရွံ့လွန်း၍ သတိလွတ်သွားခြင်း၏ လက္ခဏာဖြစ်ပြီး ခြေကုန်လက်ပမ်းကျသည်အထိ ပြေးလွှားမည်ဖြစ်ကြောင်း သူသိသည်။

လျှပ်စီးများမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် မိုးရွာသကဲ့သို့ပင် ဖြစ်လာသည်။

သူ၏စိတ်ထဲတွင် ပို၍စိုးရိမ်ပူပန်လာသည်။ ပတ်ဝန်းကျင်တွင် လျှပ်စီးများ မကြာခဏကျရောက်ကာ မျက်စိကျိန်းဖွယ်အလင်းရောင်များ ဖြစ်ပေါ်နေသည်။ အပြင်းထန်ဆုံးတစ်ကြိမ်တွင်မူ သူနှင့် ပေ၃၀ခန့်အကွာတွင် ကျရောက်ခဲ့ရာ ပြင်းထန်သော လျှပ်စစ်စက်ကွင်းကြောင့် သူ၏ဆံပင်များမှာ အရင်းမှပင် ထောင်ထသွားပြီး အမွေးအမှင်များမှာ လောင်ကျွမ်းသွားသကဲ့သို့ တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။

လျှပ်စီးကျရောက်သည့် အမြန်နှုန်းနှင့် နှိုင်းယှဉ်လျှင် သူ၏ ဆယ့်လေးမှတ်ရှိသော လျင်မြန်မှုသည် သာမန်လူတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး တုံ့ပြန်နိုင်စွမ်း တစ်စိုးတစ်စိမျှပင် မရှိပေ။ ဤနေရာတွင် ရှိနေခြင်းသည် သေမင်းနှင့် အတူ ကခုန်နေရသလိုပင်။ သူ၏နှလုံးသားသည် ဗုံလုံတစ်လုံးကဲ့သို့ တဒုန်းဒုန်းခုန်နေပြီး ပြင်းထန်သော စိုးရိမ်ထိတ်လန့်မှုကြောင့် နောက်ကြောင်းပြန်လှည့်ပြေးချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

သူ အံကိုတင်းတင်းကြိတ်ကာ ဖွတ်ကြီးနောက်ဆက်လက်လိုက်ပါသွားသည်။

"သေစမ်း" ရှေ့မှ အရူးအမူးပြေးလွှားနေသော ဧရာမဖွတ်ကြီးကို ကြည့်ရင်း လော်ယွမ်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူက ခြေထောက်အောက်မှ သစ်ကိုင်းကို အားကုန်ကန်လိုက်ပြီး သစ်ကိုင်း၏ ပြန်ကန်အားကို အသုံးပြုကာ အမြောက်ဆံတစ်တောင့်ကဲ့သို့ ရှေ့သို့တိုးဝင်သွားပြီးနောက် အခြားသစ်ကိုင်းတစ်ခုပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ထိုနည်းလမ်းဖြင့်သူက အဆက်မပြတ် ခုန်ကူးနေပြီး တခါတရံတွင် နွယ်ပင်များကို အသုံးပြု၍ လေထဲတွင် ပျံသန်းသွားသည်။

ဤနေရာတွင် သစ်ရွက်များ ထူထပ်ပြီး သစ်ပင်များက နေရောင်ခြည်ရရှိရန်အတွက် အပြိုင်အဆိုင်ထိုးထွက်နေကြရာ အကိုင်းအခက်များကြားတွင် နေရာလွတ်ဟူ၍မရှိသလောက်ပင်။ နေရာတိုင်းတွင် နွယ်ပင်များရှိနေသောကြောင့် ခြေချစရာနေရာမရှိမည်ကို စိုးရိမ်စရာမလိုပေ။

ဤနေရာသည် မြေမျက်နှာသွင်ပြင် ရှုပ်ထွေးပြီး တောတွင်းလမ်းမှာ ကြမ်းတမ်းကာ မြေပြင်မှာ ပျော့ပျောင်းသောကြောင့် ခြေချော်ရန် လွယ်ကူသည်။ ခြေတစ်လှမ်းချင်းစီကို သတိထားရသည်။ အစပိုင်းတွင် သူ အသားမကျသေးသောကြောင့် ဧရာမဖွတ်ကြီးနှင့် အတော်လေးအလှမ်းကွာသွားခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူက ပတ်ဝန်းကျင်ရှိသစ်ပင်များကို အားပြု၍ သွားလာရာ အရှိန်မှာ မြေပြန့်တွင် ပြေးလွှားသည်ထက်ပင် မနှေးတော့ပေ။ ပတ်ဝန်းကျင်အခြေအနေနှင့် အသားကျလာသည်နှင့်အမျှ သူ၏အရှိန်မှာ ပို၍ပင် မြန်ဆန်လာသည်။

နာရီဝက်ခန့် လိုက်လံဖမ်းဆီးပြီးနောက် လော်ယွမ်သည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။

သူသည် နွယ်ပင်တစ်ပင်ကို ဆွဲကိုင်လိုက်ပြီး ပြေးလွှားနေသော အရှိန်နှင့် နွယ်ပင်၏ဆွဲအားကို အသုံးပြုကာ တစ်ကိုယ်လုံး လေထဲသို့ ပျံတက်သွားသည်။ အမြင့်ဆုံးနေရာသို့ ရောက်သောအခါ သူ နွယ်ပင်ကို ရုတ်တရက်လွှတ်လိုက်ရာ သူ၏ကိုယ်က မျဉ်းကွေးပုံစံဖြင့် ကျဆင်းသွားပြီး နောက်တစ်ခဏတွင် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ပြင်းထန်သော ကျရောက်မှုအရှိန်ကြောင့် အားနည်းနေသော ဧရာမဖွတ်ကြီး၏ ကိုယ်သည် ယိုင်နဲ့သွားပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ၎င်း၏ကြီးမားသောကိုယ်ထည်ကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ ဦးခေါင်းမှာ ရွှံ့နွံများထဲသို့ စိုက်ဝင်သွားပြီး ရွှံ့နွံများ လွင့်စင်သွားသည်။

ဧရာမဖွတ်ကြီးသည် ရုန်းကန်၍ထကာ ဆက်လက်ပြေးလွှားရန် ကြိုးစားသည်။

သို့သော် ဒေါသထွက်နေသော လော်ယွမ်၏ စိတ်စွမ်းအားပါဝင်သော လက်သီးချက်ဖြင့် ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသောကြောင့် ဧရာမဖွတ်ကြီးမှာ တစ်ဖန်ပြန်၍ မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

မိမိကိုယ်တိုင် မိုးကြိုးလျှပ်စီးထိမှန်မည့် အန္တရာယ်ကို စွန့်၍ နာရီဝက်ခန့် အသက်စွန့်လိုက်လံဖမ်းဆီးခဲ့ရသည်ကို တွေးမိသောအခါ လော်ယွမ်၏ ဒေါသများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ဒေါသဖြေသည့်အနေဖြင့် ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ကန်ကျောက်လိုက်သည်။

ဧရာမဖွတ်ကြီးသည် မူးဝေနေပြီး မထနိုင်တော့ဘဲ ပါးစပ်မှ ဝမ်းနည်းစွာ အော်မြည်နေသည်။

လော်ယွမ်၏ စိတ်စွမ်းအားမှာ လွန်ခဲ့သောရက်အနည်းငယ်က တစ်မှတ်တိုးလာခဲ့ရာ ယခင်ကကဲ့သို့ မူးဝေစေရုံမျှသာ မဟုတ်တော့ပေ။ ဤတစ်ကြိမ်တိုက်ခိုက်မှုသည် သူ၏ဦးနှောက်ကို ဗလာနတ္ထိဖြစ်သွားစေပြီး မျက်လုံးများလည်ထွက်ကာ မေ့မြောသွားလုနီးပါး ဖြစ်သွားခဲ့သည်။ တစ်မိနစ်ကျော်ခန့်အကြာမှ သူ ဖြည်းညှင်းစွာ ပြန်လည်ထရပ်နိုင်ခဲ့သည်။

သူ၏မျက်လုံးထဲမှ ရူးသွပ်မှုများ ပျောက်ကွယ်သွားပြီး အလွန်အမင်း ဂနာမငြိမ်ဖြစ်မှုများက အစားထိုးဝင်ရောက်လာသည်။ ဤဂနာမငြိမ်မှုက အချိန်မရွေး ရူးသွပ်မှုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားနိုင်သည်။

ထိုသို့ရိုက်နှက်ပြီးနောက် လော်ယွမ်၏ ဒေါသများမှာ အတော်အတန် ပြေလျော့သွားသည်။ သူ လက်ကိုဆန့်ထုတ်လိုက်ရာ ဧရာမဖွတ်ကြီးက ပုံမှန်တုံ့ပြန်နေကြအတိုင်း ဦးခေါင်းကို အလျင်အမြန်ငုံ့၍ အနားသို့ တိုးကပ်လာသည်။ ဤသည်မှာ အချိန်အတော်ကြာအောင် လေ့ကျင့်ပေးထားမှု၏ ရလဒ်ဖြစ်သည်။ သူက ဧရာမဖွတ်ကြီး၏ ဦးခေါင်းကို ဖွဖွပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ဤနာရီဝက်အတွင်း လော်ယွမ်နှင့် ဧရာမဖွတ်ကြီးတို့ တစ်ယောက်လိုက် တစ်ယောက်ပြေးဖြင့် ၂၅မိုင်ခန့် ပြေးလွှားခဲ့ကြပြီး တောင်ကုန်းနှစ်လုံးပင် ကျော်ဖြတ်ခဲ့ရာ မည်သည့်နေရာသို့ ရောက်နေမှန်းပင် မသိတော့ပေ။ သို့သော် ဧရာမဖွတ်ကြီး၏ နက်ရှိုင်းသော ခြေရာများက လမ်းတစ်လျှောက်တွင် ရှင်းရှင်းလင်းလင်း ရှိနေသောကြောင့် လမ်းပျောက်မည်ကိုမူ စိုးရိမ်စရာမလိုပေ။

သို့သော် ဧရာမဖွတ်ကြီးက ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် ရုတ်တရက် ကိုယ်တစ်ချက်ယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ဆက်လက်မသွားနိုင်တော့ပေ။

သူသည် မူလကတည်းက အားနည်းနေသည့်အပြင် အစောပိုင်းက ရူးသွပ်စွာ ပြေးလွှားခဲ့သောကြောင့် သူ၏ခွန်အားအားလုံး ကုန်ဆုံးသွားခဲ့သည်။ ယခုကဲ့သို့ ရူးသွပ်သည့် အခြေအနေ ပျောက်ကွယ်သွားသည်နှင့် သူ၏ကိုယ်က အားအင်ကုန်ခမ်းကာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။

လော်ယွမ်က မျက်မှောင်ကျုံ့လိုက်သည်။ ဧရာမဖွတ်ကြီးကို ဤနေရာတွင် တစ်ဦးတည်းထားခဲ့၍ မဖြစ်သလို မိမိကိုယ်တိုင် ဤနေရာတွင် နေရန်မှာလည်း အလွန်အန္တရာယ်များသည်။ ယခုအချိန်တွင် စကြဝဠာမုန်တိုင်းမှာ ပိုမိုပြင်းထန်လာပြီး လေထုအလွှာ၏ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုဖြစ်စဉ်မှာ ပိုမိုဆိုးရွားလာသည်။ ကံမကောင်း၍ မိုးကြိုးထိမှန်ပါက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးလှသည်။

ထိုအချိန်တွင် ဧရာမဖွတ်ကြီးတွင် မထည့်ရသေးသောအမှတ်တစ်မှတ် ကျန်ရှိနေသေးသည်ကို သူ ရုတ်တရက်သတိရလိုက်သည်။ အမှတ်တိုးလိုက်တိုင်း ခွန်အားပြန်လည်ပြည့်ဖြိုးလာခြင်းနှင့် ဒဏ်ရာကုသခြင်း စသည့် ဘေးထွက်အကျိုးကျေးဇူးများ ရရှိတတ်သည်။ ယခင်က ဧရာမဖွတ်ကြီး အစွမ်းထက်လာပါက ထိန်းချုပ်ရခက်ပြီး သစ္စာစောင့်သိမှု ကျဆင်းကာ သစ္စာဖောက်မှုပင် ဖြစ်ပွားနိုင်မည်စိုးသောကြောင့် အမှတ်ကို ချန်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ အခြေအနေတွင်မူ ဤမျှလောက် ဂရုမစိုက်နိုင်တော့ပေ။

ယခုကဲ့သို့ မြင့်မားသော သစ္စာစောင့်သိမှုရှိနေသောကြောင့် သစ္စာဖောက်နိုင်ချေ အလွန်နည်းပါးလိမ့်မည်ဟု သူတွေးလိုက်သည်။

ထို့အပြင် သူ၏အစွမ်းမှာလည်း ယခင်ကနှင့်မတူတော့ပေ။ အကယ်၍ သစ္စာဖောက်မည့် အရိပ်အယောင်များ ပေါ်ပေါက်လာပါက သူ အတင်းအကြပ် ထပ်မံနှိမ်နင်းနိုင်သေးသည်။

သူက စိတ်ထဲတွင် အကျိုးနှင့်အပြစ်ကို ချိန်ဆလိုက်ပြီးနောက် မဆိုင်းမတွပင် အရည်အသွေးပြဇယားကို ဖွင့်ကာ ကျန်ရှိနေသော အမှတ်တစ်မှတ်ကို ဖွတ်ကြီး၏ လျင်မြန်မှုတွင် ထည့်သွင်းလိုက်သည်။

ဆက်ရန်...

အပိုင်း(၂၀၇)ဝမ်းနည်းဖွယ်ရာညတစ်ည

လော်ယွမ်က အတည်ပြုခလုတ်ကို နှိပ်လိုက်သည်နှင့် ဧရာမဖွတ်ကြီး၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားသည်။ ၎င်းက သက်တောင့်သက်သာဖြစ်သော "ဂွတ်..." ဟူသည့် အသံပြုလိုက်ပြီး မျက်လုံးများကပင် အရောင်တောက်လာသကဲ့သို့ရှိကာ တစ်ကိုယ်လုံးရှိ ဒဏ်ရာအချို့က လျင်မြန်စွာကျက်လာသည်။ အကြေးခွံများကလည်း တောက်ပြောင်ဝင်းလက်လာပြီး ခန္ဓာကိုယ်အရွယ်အစားပင် အနည်းငယ်ပြောင်းလဲလာသကဲ့သို့ရှိ၏။

သို့သော် ဤအခြေအနေက ကြာရှည်မခံဘဲ ဆယ်စက္ကန့်အတွင်းမှာပင် ထိုပြောင်းလဲမှုများ ရပ်တန့်သွားသည်။

၎င်းက မိမိ၏စွမ်းအားကို ခံစားမိသွားဟန်တူကာ ခန္ဓာကိုယ်ကိုလှုပ်ခါရင်း အားကုန်သုံး၍ မတ်တပ်ရပ်လိုက်သည်။ သူ၏အမူအရာထဲမှ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့မှာ များစွာလျော့ပါးသွားပြီး စိတ်လှုပ်ရှားဝမ်းမြောက်မှုအရိပ်အယောင်တို့က ပေါ်ထွက်လာသည်။

လော်ယွမ်က အရည်အသွေးပြဇယားကို အမြဲကြည့်ရှုနေခဲ့ရာ ယခုအချိန်တွင် ဧရာမဖွတ်ကြီး၏အရည်အသွေးများမှာ အောက်ပါအတိုင်းပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်

အဆင့် - ၃ (အပြာရင့်ရောင်)

အရည်အသွေးများ

-----------------

ခွန်အား - ၂၀

လျင်မြန်မှု - ၁၆

ကြံ့ခိုင်မှု - ၁၈

ဉာဏ်ရည် - ၄

အာရုံခံနိုင်စွမ်း - ၅

စိတ်စွမ်းအား - ၁၂

အတွေ့အကြုံ - ၁၆၂၀/၉၆၀၀

ကျွမ်းကျင်မှုများ

---------------

ကိုက်ဖြတ်ခြင်း(ကျွမ်းကျင်မှု) - ၃

ဆွဲဖြဲခြင်း - ၁၂

တိုးဝင်တိုက်ခိုက်ခြင်း - ၈

အမြီးဖြင့်ရိုက်ခြင်း(ကျွမ်းကျင်မှု) - ၂

တောတွင်းရှင်သန်ရေး - ၁၈

မျက်နှာအမူအရာဖတ်ခြင်း - ၅

နှာမှုတ်ခြင်း - ၇

ပင်ကိုစွမ်းရည်များ - အန္တရာယ်ကြိုတင်သိမြင်မှု၊ မီးမှုတ်ထုတ်ခြင်း

အခြေအနေ - ကျန်းမာ

သစ္စာစောင့်သိမှု - ၈၀ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)

လက်ကျန်အရည်အသွေးမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ၅

သစ္စာစောင့်သိမှုက ၈၇ မှ ၈၀ သို့ အနည်းငယ်သာကျဆင်းသွားသောကြောင့် လော်ယွမ် သက်ပြင်းချနိုင်ခဲ့သည်။ ဤသို့သောသစ္စာစောင့်သိမှုသည် အတော်ပင်မြင့်မားသည်ဟု ဆိုနိုင်၏။ အများအားဖြင့် ၇၀ ကျော်သာရှိတတ်သည် မဟုတ်လော။ ထို့အပြင် ၎င်း၏အခြေအနေမှာလည်း အားနည်းရာမှ ကျန်းမာသောအခြေအနေသို့ ပြောင်းလဲသွားခဲ့ရာ မေ့ဆေး၏နောက်ဆက်တွဲဆိုးကျိုးများမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။

ထို့အပြင် ကျွမ်းကျင်မှုအမျိုးမျိုးမှာလည်း ဤအချိန်အတောအတွင်း အနည်းငယ်တိုးတက်လာခဲ့ပြီး တစ်ခုချင်းစီတွင် နှစ်မှတ်၊ သုံးမှတ်ခန့် တိုးလာခဲ့သည်။

အရည်အသွေးအမှတ်များကို ထည့်ပေါင်းပြီးဖြစ်သောကြောင့် ကျန်ရှိသောကျွမ်းကျင်မှတ်ငါးမှတ်ကိုလည်း ချန်ထားရန်မလိုတော့ပေ။ ကိုက်ဖြတ်ခြင်းတွင် နှစ်မှတ်နှင့် ဆွဲဖြဲခြင်းတွင် သုံးမှတ် အသီးသီးထည့်ပေါင်းလိုက်သည်။

ယခုအချိန်တွင် ဧရာမဖွတ်ကြီး၏ အရည်အသွေးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကြီးနေပြီဖြစ်သည်။ သူ၏ဆင့်ကဲပြောင်းလဲမှုအဆင့်မှာ အပြာရင့်အဆင့်သာ ရှိသေးသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အရည်အသွေးများဖြင့် အစိမ်းနုရောင်အဆင့် သတ္တဝါပင် သူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။ အကယ်၍ အပြာရင့်အဆင့်ကို အသေးစိတ်ထပ်မံခွဲခြားမည်ဆိုပါက သေဆုံးသွားသောမိဝါက သာမန်အပြာရင့်အဆင့်ဖြစ်ပြီး ယခင်ကဧရာမဖွတ်ကြီးမှာ ထိပ်တန်းအပြာရင့်အဆင့်ဖြစ်ပေလိမ့်မည်။ ယခုမူ လက်ရွေးစင်အပြာရင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သာမန်အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်ကိုပင် အေးအေးဆေးဆေး တစ်ကောင်ချင်းယှဉ်တိုက်နိုင်ပေပြီ။

လော်ယွမ်က ဧရာမဖွတ်ကြီးပေါ်သို့ ခုန်တက်လိုက်ပြီး မထွက်ခွာမီတွင် အပေါ်သို့မော့ကြည့်လိုက်သည်။

ကောင်းကင်တစ်ခုလုံးတွင် ထူးဆန်းသောမြင်ကွင်းများက ပြည့်နှက်နေသည်။ လျှပ်စီးများနှင့် ဥတ္တရအလင်းတန်းများက ယှက်ဖြာနေကာ ကမ္ဘာပျက်ကိန်းဆိုက်နေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။ လေထုထဲတွင်လည်း အိုဇုန်းနံ့ပြင်းရှရှက ပျံ့နှံ့နေသည်။ ပို၍ကြက်သီးမွေးညင်းထစေသည်မှာ ကောင်းကင်ထက်တွင် ၇မိုင်ခန့်ကျယ်ဝန်းသော ဧရာမဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်နေပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းကြီးများက ထိုဝဲဂယက်ကြီးကို ဝန်းရံကာ ရူးသွပ်မတတ် လူးလွန့်ပြေးလွှားနေကြသည်။ ထိုဝဲဂယက်ကြီးသည် လျင်မြန်စွာပင် ပျံ့ကားရွေ့လျားနေသေး၏။

ဤမြင်ကွင်းကိုကြည့်ရင်း သူ၏ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ဦးနှောက်ထဲတွင် အုံးခနဲမြည်ဟည်းကာ အတွေးများက ရှုပ်ထွေးသွားတော့သည်။

သူ ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ မွေးကတည်းက ယခုအချိန်ထိ သူမြင်ဖူးခဲ့သမျှ လျှပ်စီးအားလုံးကို ပေါင်းလိုက်လျှင်ပင် ယခုစက္ကန့်အနည်းငယ်အတွင်း မြင်တွေ့ရသော လျှပ်စီးအရေအတွက်ကို မီမည်မဟုတ်ပေ။

ဧရာမဖွတ်ကြီးသည် ပို၍ပို၍ လျင်မြန်စွာပြေးလွှားနေပြီး ကြောက်လန့်တကြားဖြင့် လမ်းပင်မရွေးနိုင်တော့ပေ။ သစ်ပင်ငယ်များနှင့် ချုံနွယ်များကို ၎င်း၏ကြီးမားသောခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ဝင်တိုက်ဖြိုလှဲသွားသည်။ ၎င်း၏ကျောပေါ်တွင်ထိုင်နေသော လော်ယွမ်က ၎င်း၏တစ်ကိုယ်လုံး တုန်ခါနေသည်ကို ရှင်းလင်းစွာခံစားနေရသည်။ အကယ်၍ လော်ယွမ်က မကြာခဏ နှစ်သိမ့်အားပေးပြီး လမ်းကြောင်းကိုမထိန်းကျောင်းပေးပါက ၎င်းမည်သည့်နေရာသို့ ထွက်ပြေးသွားမည်ကို မည်သူမျှမသိနိုင်ပေ။

လျှပ်စီးကြောင်းကြီးများက တောအုပ်ထဲသို့ မကြာခဏကျရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် မီးခိုးများတက်လာပြီး မီးတောက်များက ဟိုတစ်စုဒီတစ်စု တောက်လောင်နေသည်။ ဤသို့လေပြင်းတိုက်ခတ်ပြီး သစ်ကိုင်းသစ်ခက်များ ထူထပ်စွာယှက်နွယ်နေသော တောအုပ်ထဲတွင် ကမ္ဘာမပျက်မီကသာဆိုလျှင် မီးလောင်မှုကြီးဖြစ်ပွားမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ ထို့အပြင် မီးစတင်လောင်ကျွမ်းသည်နှင့် မီးမငြှိမ်းသတ်ပါက တောအုပ်တစ်ခုလုံး၊ တောင်ကုန်းပေါင်းများစွာ မီးလောင်ပြာကျသွားသည်အထိ ဖြစ်နိုင်ပေသည်။

သို့သော် တောအုပ်ထဲရှိမီးမှာ အရှိန်မပြင်းလှပေ။ မီးတောက်သည် ခဏတာသာ တောက်လောင်ပြီး မကြာမီမှာပင် ငြိမ်းသွားသည်။ မိနစ်အနည်းငယ်အကြာတွင် မီးခိုးများပင် ပျောက်ကွယ်သွားတော့သည်။

ကမ္ဘာပျက်ကာလတွင် တိရစ္ဆာန်များသာမက အပင်များပါ ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်။

အကြီးမားဆုံးသောအားနည်းချက်ဖြစ်ပြီး အန္တရာယ်ဖြစ်သည့် မီးကို အပင်များစွာက မိမိတို့၏နည်းလမ်းအသီးသီးဖြင့် ရင်ဆိုင်ကြသည်။ ၎င်းတို့ကရွေ့လျား၍မရသော်လည်း အလွန်လျင်မြန်သော တုံ့ပြန်နိုင်စွမ်းရှိကြသည်။ လော်ယွမ်သည် မိုးကြိုးပစ်ခံထားရသော အပင်တစ်ပင်အနားမှ ဖြတ်သွားစဉ် ၎င်း၏မီးလောင်ကျွမ်းနေသောနေရာကို နို့နှစ်ရောင်သစ်စေးရည်တစ်မျိုးဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုသစ်စေးရည်က မီးကိုလျင်မြန်စွာငြှိမ်းသတ်ပြီး ဆက်လက်ပျံ့နှံ့ခြင်းကိုလည်း တားဆီးပေးသည်။

လော်ယွမ်သည် လမ်းတစ်လျှောက်လုံး ကံဆိုးပြီး မိုးကြိုးပစ်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဘေးမသီရန်မခဘဲ ဆယ့်ငါးမိနစ်ခန့်အကြာတွင် မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လော်ယွမ်က ဧရာမဖွတ်ကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်တန့်ကာ ဧရာမဖွတ်ကြီးကို လှည့်ကြည့်လိုက်သည်။ သူက ၎င်းကြောက်လန့်မှုကြောင့် ဆက်လက်ရူးသွပ်စွာ ပြေးလွှားမည်ကို စိတ်ပူနေမိသည်။

သို့သော် သူမြင်တွေ့လိုက်ရသည်မှာ ဧရာမဖွတ်ကြီးက ခြေလေးချောင်းဖြင့် အဆက်မပြတ်တူးဆွနေခြင်းပင်ဖြစ်သည်။ တိုင်လုံးအရွယ်အစားရှိသော ခြေသည်းလေးချောင်းက ဧရာမမြေတူးစက်ကြီးတစ်ခုကဲ့သို့ တန်ပေါင်းများစွာသောမြေကြီးများကို လျင်မြန်စွာတူးထုတ်နေသည်။ ခဏအကြာတွင် ထိုနေရာ၌ တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ၎င်းက မရပ်မနား ဆက်လက်လျင်မြန်စွာတူးဆွရာ ငါးမိနစ်အကြာတွင် မြေပြင်ပေါ်၌ ပေ၃၀ခန့်နက်သော တွင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ၎င်းက တွင်းထဲတွင် ဝပ်ချလိုက်ပြီး အမြီးဖြင့် ပတ်ဝန်းကျင်ကိုတစ်ချက်လှဲချလိုက်ရာ တူးထုတ်ထားသော မြေပုံများကို တွင်းထဲသို့ ပြန်လည်လိပ်သွင်းလိုက်သည်။ နောက်ဆုံးတွင် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို မြှုပ်နှံလိုက်ပြီး မလှုပ်မယှက် ငြိမ်သက်နေတော့သည်။

……………………………………………………………………………………

ဂူအတွင်းမှာ အလင်းရောင်တစ်စိုးတစ်စိမျှမရှိဘဲ မှောင်မိုက်နေသည်။ အပြင်ဘက်မှ လျှပ်စီးများပင်လျှင် အလင်းရောင်အနည်းငယ်ကိုမျှ ယူဆောင်မလာနိုင်ပေ။

သူဂူထဲသို့ဝင်လာသည်ကို မြင်သောအခါ လူတိုင်းက သက်ပြင်းချနိုင်ကြတော့သည်။

"အပြင်မှာ အခြေအနေ... ဘယ်လိုရှိလဲ" တပ်ခွဲမှူးရှက အသံအက်အက်ဖြင့် မေးလိုက်သည်။

"လျှပ်စီးတွေက ပိုပိုဆိုးလာတယ်... ဒါပေမဲ့ကံကောင်းတာက တောမီးမလောင်တာပဲ" လော်ယွမ်က ခဏရပ်ပြီးနောက် တည်ငြိမ်စွာပြောလိုက်ကာ ဟွမ်ကျားဟွေဘေးတွင် ဝင်ထိုင်လိုက်သည်။

လူတိုင်းက တိတ်ဆိတ်သွားကြပြီး တစ်ဦးချင်းစီ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့က တောက်ပနေကြသည်။

ဟွမ်ကျားဟွေက လော်ယွမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသဖြင့် လော်ယွမ်က သူမ၏လက်ကို ပုတ်ပေးလိုက်သည်။

ဝမ်ရှီရှီလည်း အလျင်အမြန်ဘေးသို့ရောက်လာပြီး လော်ယွမ်၏အခြားလက်မောင်းတစ်ဖက်ကို တင်းကျပ်စွာဖက်ထားကာ တုန်ယင်သောလေသံဖြင့် "ကိုကြီးယွမ်... သမီးတို့သေတော့မှာလားဟင်" ဟု မေးလိုက်သည်။

"နင်က သေမှာကြောက်လို့လား" လော်ယွမ်က ခဏတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

ဝမ်ရှီရှီက အားကုန်သုံး၍ ခေါင်းခါပြလိုက်သည်။ မှောင်မိုက်နေသောဂူထဲတွင် သူမ၏မျက်လုံးများက လော်ယွမ်ကို စူးစိုက်ကြည့်နေပြီး စိတ်ထဲမှစိုးရိမ်ပူပန်မှုကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။ "သမီးကြောက်တယ်... ဒါပေမဲ့မကြောက်ဘူး... ကိုကြီးနဲ့အတူရှိနေရင် သမီးမကြောက်ဘူး"

အကယ်၍ ယခင်ကသာ ဝမ်ရှီရှီထံမှ ဤသို့သောစကားကိုကြားရပါက ဟွမ်ကျားဟွေ၏စိတ်ထဲတွင် မနာလိုဝန်တိုမှုအနည်းငယ်ဖြစ်ပေါ်မိမည်မှာ သေချာသည်။ သို့သော် ယခုလိုအန္တရာယ်ကြုံနေရသောအချိန်တွင်မူ သူမက သက်ပြင်းသာ ချလိုက်မိတော့သည်။

လော်ယွမ်က ခက်ခက်ခဲခဲပြုံးလိုက်ပြီး စိတ်ထဲတွင်လေးလံသွားသည်။ "စိတ်မပူပါနဲ့... အဲ့လောက်ထိအခြေအနေမဆိုးသေးပါဘူး... သိပ်မကြာခင်ပြီးသွားမှာပါ... ကမ္ဘာကြီးကလည်နေတာလေ... ငါတို့ဒီတစ်ညတောင့်ခံထားဖို့ပဲလိုတယ်... စကြဝဠာမုန်တိုင်းကအချိန်တန်ရင် ငါတို့ဘက်ကနေရွေ့ပြီး တစ်ခြားဘက်ကို ရောက်သွားလိမ့်မယ်"

လော်ယွမ်၏စကားက ဝမ်ရှီရှီကို နှစ်သိမ့်ရန်သာဖြစ်သည်မှာ ထင်ရှားလှသည်။ ကမ္ဘာ၏ဘယ်ဘက်အခြမ်းတွင်ဖြစ်စေ စကြဝဠာမုန်တိုင်းက လေထုအလွှာကို ဖျက်စီးလိုက်သည်နှင့် စွမ်းအင်မြင့်မားသော စကြဝဠာရောင်ခြည်များက မြေကြီးပေါ်သို့ တိုက်ရိုက်ကျရောက်လာပြီး လူသားအားလုံး၊ သက်ရှိအားလုံး သေဆုံးခြင်းမှမလွတ်မြောက်နိုင်ကြောင်း နက္ခတ္တဗေဒ အသိပညာအနည်းငယ်ရှိသူတိုင်း သိကြသည်။ ။

အချိန်က တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွားသော်လည်း အပြင်ဘက်တွင် လျှပ်စီးများက မိုးရွာသကဲ့သို့ ပေါက်ကွဲနေပြီး ရပ်တန့်ခြင်းမရှိဘဲ ပို၍ပင်ပြင်းထန်လာသည်။

ရံဖန်ရံခါ လျှပ်စီးများက အနီးအနားသို့ ကျရောက်ပေါက်ကွဲသောအခါ ဂူတစ်ခုလုံးပင် အနည်းငယ်တုန်ခါသွားပြီး ကျောက်စအချို့က ကြွေကျလာသည်။ အားလုံး၏မျက်နှာများက ဖြူဖျော့နေပြီး စိတ်ထဲမှ တိတ်တဆိတ်ဆုတောင်းနေကြသည်။

"ဘယ်သူ ဆေးလိပ်သောက်ချင်လဲ" တပ်ခွဲမှူးရှက အသံတုန်တုန်ဖြင့်မေးလိုက်သည်။ သူ၏စိတ်အခြေအနေမှာ မမှန်ကန်တော့ဘဲ တစ်စုံတစ်ခုကို အတင်းအကျပ်ဖိနှိပ်ထားဟန်တူသည်။

ယောက်ျားသားအချို့က တစ်လိပ်စီတောင်းယူကြသော်လည်း လော်ယွမ်က ငြင်းဆိုလိုက်သည်။

တပ်ခွဲမှူးရှက အလွတ်ဖြစ်နေသောဆေးလိပ်ဘူးကို လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ချေလိုက်ပြီး မီးခြစ်ကိုထုတ်ကာ တုန်ယင်သောလက်များဖြင့် ဆေးလိပ်ကိုမီးညှိလိုက်သည်။ အားရပါးရတစ်ချက်ရှိုက်ဖွာပြီးနောက် သူက အသံအက်အက်ဖြင့် စတင်ပြောဆိုသည်။ "စောစောက သေမှာကြောက်လို့လားလို့ ညီလေးယွမ် မေးလိုက်တယ်နော်"

"ကျွန်တော်တို့တပ်ဖွဲ့ပထမဦးဆုံးတာဝန်ထမ်းဆောင်တုံးက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ခင်ဗျားတို့သိမှာမဟုတ်ဘူး... ဆယ်စုနှစ်တွေကြာအောင်စစ်မတိုက်ခဲ့ရတော့ ကျွန်တော်တို့စစ်သားတွေက စစ်ပွဲကဘယ်လောက်ရက်စက်လဲဆိုတာကို လုံးဝနားမလည်ခဲ့ကြဘူး... ဘယ်လောက်ပဲလေ့ကျင့်ထားကျင့်ထား... အတွေ့အကြုံမရှိတဲ့စစ်သားက အမြဲတမ်းအတွေ့အကြုံမရှိတဲ့စစ်သားဖြစ်နေတာပါပဲ... ကျွန်တော်မှတ်မိသေးတယ် တပ်ရင်းကိုအထက်ကချပေးတဲ့ ပထမဦးဆုံးတာဝန်က တောင်ကုန်းကိုမီးရှို့ရတာပဲ... အဲ့ဒီတုန်းက ကမ္ဘာစပျက်ကာစပဲ ရှိသေးတယ်... ကျွန်တော်တို့တပ်ရင်းကြီးတစ်ခုလုံးလှုပ်ရှားကြတာ... ထရပ်ကားကြီးတွေစီးပြီး တောရွာထဲဝင် တောင်ကုန်းတစ်ခုလုံးကိုမီးရှို့ပစ်ရတာ... ကျွန်တော်က ဝိုင်းဝန်းပိတ်ဆို့ရတဲ့အဖွဲ့မှာပါတယ်... အဲ့ဒီတုန်းက ကျွန်တော်က ဒုတိယတပ်ကြပ်ကြီးပေါ့"

"တောင်ကုန်းကိုမီးရှို့လိုက်တာနဲ့ သန္ဓေပြောင်းသားရဲတွေ အုံလိုက်ကျင်းလိုက်ထွက်လာကြတာ... အဲ့ဒီမြင်ကွင်းကို ကျွန်တော်အခုထိ မျက်စိထဲကမထွက်သေးဘူး"

"အဲ့မှာကျွန်တော်တို့လူဘယ်လောက်သေခဲ့လဲခင်ဗျားတို့သိလား... တင်ရင်းကြီးရဲ့တစ်ဝက်နီးပါးပဲ... အများစုက အမိန့်ဖီဆန်ပြီး လှည့်ပြေးကြလို့ နေရာမှာတင် ပစ်သတ်ခံရတာ... အမှန်တိုင်းပြောရရင် အဲ့ဒီတုန်းက ကျွန်တော်သေနတ်တစ်ချက်တောင် မဖောက်ခဲ့ရဘူး... ကတုတ်ကျင်းထဲမှာပဲ ဝပ်နေပြီး တစ်ကိုယ်လုံးတုန်နေခဲ့တာ... အကြောက်တရားကဘယ်လောက်ဆိုးရွားလဲဆိုတာ ကိုယ်တိုင်ကြုံမှသိရတယ်... ကျွန်တော့်ခန္ဓာကိုယ်က ပျော့ခွေပြီးထပြေးဖို့တောင် အားမရှိတော့ဘူး... သေခြင်းတရားနဲ့ဒီလောက်နီးကပ်ခဲ့တာမျိုး တစ်ခါမှမကြုံဖူးဘူး"

"စခန်းပြန်ရောက်တော့ သွေးပျက်တော့မလိုတောင်ဖြစ်ပြီး ကျွန်တော်တပ်ကထွက်ဖို့ ချက်ချင်းလျှောက်လွှာတင်ခဲ့တာ... ဒါပေမဲ့တာဝန်ကျတဲ့ တပ်ခွဲမှုးက လျှောက်လွှာကိုနေရာမှာတင် ဆွဲဖြဲပစ်ပြီး နောက်တစ်ခါထပ်ပြီး လျှောက်လွှာတင်ရင် တပ်ပြေးမှုနဲ့ ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်"

"တပ်ပြေးမှုဆိုတာ သေဒဏ်ပဲလေ... သူတစ်ကယ်မလိမ်ဘူး... ဘာလို့လဲဆိုတော့ သိပ်မကြာခင်မှာပဲ တပ်ကထွက်ချင်နေတဲ့ စစ်သားတွေကို အကုန်သတ်ပြီး စစ်တပ်တစ်ခုလုံးကိုလည်း ပြန်ရှင်းလင်းပစ်ခဲ့တယ်"

"အဲ့တာက ပထမဆုံးအကြိမ်ပေါ့... နောက်တော့ ဒုတိယအကြိမ်... တတိယအကြိမ်ဆက်လာတော့တာပဲ"

"တပ်ခွဲမှုးသေတော့ ဒုတပ်ခွဲမှုးက ရာထူးတက်တယ်... ဒုတပ်ခွဲမှုးသေတော့ တပ်စုမှုးကတက်တယ်... ဘယ်လောက်မှတောင် မကြာလိုက်ဘူး ကျွန်တော်တပ်ခွဲမှုးဖြစ်ဖို့အလှည့် ရောက်လာခဲ့တယ်... ကျွန်တော်တို့တပ်ခွဲမှာဆိုရင် လတိုင်းလိုလိုစစ်သားအသစ်တွေ အများကြီးရောက်လာကြတယ်... တချို့ဆိုအခုမှစစ်ထဲဝင်ရတော့ သေနတ်တောင်သေချာမကိုင်နိုင်ကြဘူး... လပိုင်းအတွင်းမှာတင် စစ်သားဟောင်းဆိုတာ မရှိသလောက်ဖြစ်သွားတယ်"

"ကျွန်တော်ကတော့ ကံကောင်းလို့ အခုထိအသက်ရှင်ခဲ့တာ... ကျွန်တော်တို့တပ်ရင်းတစ်ခုတည်းမှာတင် ကျွန်တော့်ထက်ပိုအသက်ရှည်တဲ့သူက အယောက်ငါးဆယ်မပြည့်ဘူး... သဘာဝကျကျပြောမယ်ဆိုရင် ကျွန်တော့်လိုစစ်သားဟောင်းက အကြောက်တရားများများစားစား မရှိသင့်တော့ဘူး... ဒါပေမဲ့အခုထိ တာဝန်ထမ်းဆောင်ရတိုင်း ကြောက်နေတုန်းပဲ... တစ်ရက်ပိုအသက်ရှင်ရရင် ကိုယ့်အတွက် အမြတ်လို့တောင်ဖြစ်နေတယ်... ကျွန်တော်ပြန်လာတာကိုစောင့်နေတဲ့ ဇနီးနဲ့သမီးရှိတယ်... ကျွန်တော်သူတို့နဲ့ ဘယ်တော့မှပြန်မတွေ့ရတော့မှာကို အရမ်းကြောက်မိတယ်..." တပ်ခွဲမှူးရှသည် ပြောနေရင်းဖြင့် အသံများတိမ်ဝင်သွားသည်။ သူက အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ခေါင်းကိုမော့ကာ အချိန်အတော်ကြာစကားမပြောဘဲနေတော့သည်။

စစ်သားအချို့၏မျက်ဝန်းများတွင်လည်း မျက်ရည်များစို့တက်လာပြီး ခပ်တိုးတိုးရှိုက်ငိုနေကြသည်။

လော်ယွမ်က သက်ပြင်းရှည်ကြီးတစ်ချက်ကိုသာ ချလိုက်ရတော့သည်။

ဆက်ရန်...

အပိုင်း(၂၀၈)တောင်းဆိုခြင်း

နောက်တစ်နေ့ မနက်စောစောတွင် လော်ယွမ်နှင့် အဖွဲ့သားများ လှိုဏ်ဂူထဲမှ ထွက်လာကြသည်။

ဧရာမဖွတ်ကြီးသည် သူကိုယ်တိုင်တူးထားသော တွင်းထဲမှ ထွက်လာခဲ့ပြီးဖြစ်ကာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်အနီးတွင် မှေးစက်အနားယူလျက်ရှိ၏။

ခေါင်းပေါ်မှ မိုးကြိုးမုန်တိုင်းသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ဥတ္တရအလင်းတန်းများပင်လျှင် အရိပ်အယောင်မျှ မတွေ့ရတော့ပေ။ ကောင်းကင်ပြင်သည် တိမ်တစ်စမရှိဘဲ စိမ်းပြာရောင်ကျောက်စိမ်းပြားကြီးတစ်ချပ်ကို ဆေးကြောထားသကဲ့သို့ ကြည်လင်နေ၏။ အရာအားလုံးသည် အေးချမ်းနေသကဲ့သို့ ထင်မှတ်ရသည်။ နေရာအနှံ့တွင်တွေ့မြင်နေရသော မိုးကြိုးပစ်ခံထားရသည့် သစ်ပင်ကြီးများနှင့် မြေပြင်ပေါ်မှ မီးလောင်ထားသည့် ချိုင့်ခွက်ငယ်များကသာ မနေ့ညကဖြစ်ခဲ့သော မိုးကြိုးလျှပ်စီးမုန်တိုင်းက ထင်ယောင်ထင်မှားမဟုတ်ကြောင်း သက်သေပြလျက်ရှိသည်။

နှစ်ရက်တိတိ မအိပ်စက်ရခြင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်းတင်းမာမှုတို့ကြောင့် လူတိုင်း၏မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေကြသည်။ သို့သော် လူတိုင်း၏စိတ်အစဉ်သည် အနည်းငယ် စိတ်လှုပ်ရှားကာ ဝမ်းမြောက်နေကြဟန်ရှိပြီး ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ အမှန်မှာ လျှပ်စီးများသည် ညသန်းခေါင်ကျော်မှစ၍ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး နံနက်သုံးနာရီတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။ သို့သော် မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။ ယခုကဲ့သို့ ကိုယ်တိုင်မျက်မြင်တွေ့မြင်လိုက်ရမှသာ အားလုံး၏ စိတ်ထဲမှ ကျောက်တုံးကြီးတစ်ခု ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

နေ့ရောညပါဆိုလျှင် လူတိုင်းသည် ၂၄နာရီကျော်ကြာအောင် အစာတစ်လုတ်၊ ရေတစ်စက်မျှပင် မသောက်ခဲ့ရပေ။ စားသောက်ရန်လည်း စိတ်မပါခဲ့ကြပေ။ စိတ်ထဲမှ တင်းမာမှုများ လျော့ကျသွားသောအခါ လော်ယွမ်မှလွဲ၍ လူတိုင်းသည် ဗိုက်ဆာ၍ ပင်ပန်းနွမ်းနယ်လာသည်ကို ခံစားလိုက်ရသည်။

ဤနှစ်ရက်အတွင်း အမဲလိုက်ခြင်း မပြုခဲ့ရသဖြင့် အသက်ဆက်ရန် အရေးပေါ်ရိက္ခာအဖြစ် သိမ်းဆည်းထားသော မြွေကြီး၏ ကလီစာများမှလွဲ၍ အခြားအစားအစာများ လုံးဝမကျန်တော့ပေ။ သို့သော် အနီးအနားတွင် သန္ဓေပြောင်းသတ္တဝါများ၏ အလောင်းများမှာမူ မနည်းလှပေ။ အချို့မှာ ကြောက်လန့်တကြားဖြင့် ပြေးလွှားရင်း တစ်စုံတစ်ခုနှင့်တိုက်မိ၍ သေဆုံးကြပြီး အချို့မှာမူ ကြောက်လန့်၍ အသက်ထွက်သွားကြခြင်းဖြစ်သည်။ သတ္တဝါတိုင်း၏ သေဆုံးပုံမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မိုးကြိုးပစ်ခံရ၍ သေဆုံးကြသည်မှာ အနည်းစုသာ ဖြစ်သည်။

လော်ယွမ်က အနီးအနားတွင် ခဏမျှ လျှောက်ကြည့်လိုက်ရုံဖြင့် အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ကို သယ်ဆောင်လာခဲ့သည်။ အမျိုးသမီးများသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်းကာ အလျင်အမြန် ချက်ပြုတ်ကြပြီးနောက် အားလုံးသည် အပူကိုပင် ဂရုမစိုက်နိုင်ဘဲ အငမ်းမရ စားသောက်ကြတော့သည်။ ဟင်းရည်ကိုပင် တစ်စက်မကျန် သောက်သုံးကြ၏။ စားသောက်ပြီးသောအခါ လော်ယွမ်က သူတို့ကို အနားယူရန် ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်သာ ပစ္စည်းပစ္စယများကို သိမ်းဆည်းရန် ကျန်ရစ်ခဲ့သည်။

သူတို့သည် လော်ယွမ်ကဲ့သို့ သန်မာသောခန္ဓာကိုယ်မျိုး မပိုင်ဆိုင်ကြပေ။ ထို့အပြင် နှလုံးနေရာတွင် တက်ကြွစွမ်းအင်အစိုင်အခဲတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူ၏ခွန်အားက ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။ နောက်ထပ် သုံးလေးရက် မအိပ်ဘဲနေလျှင်ပင် လန်းဆန်းတက်ကြွနေဆဲဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုကို လုံးဝခံစားရမည်မဟုတ်ပေ။

လော်ယွမ်က ကျောက်ဖြင့်ပြုလုပ်ထားသော ပန်းကန်ခွက်ယောက်များကို ယူဆောင်ကာ စမ်းချောင်းလေးဆီသို့ သွားရောက်ဆေးကြောပြီးနောက် နေရာသို့ ဖြည်းညင်းစွာ ပြန်လျှောက်လာခဲ့သည်။ တစ်ညလုံးတိုက်ခတ်ခဲ့သော မိုးကြိုးမုန်တိုင်းကြောင့် ဤတောအုပ်သည် ပို၍တိတ်ဆိတ်ငြိမ်သက်သွားသည်။ နံနက်ခင်းတိုင်း ကြားနေကျ ပိုးမွှားများနှင့် ငှက်များ၏အသံသည်ပင် ယာယီအားဖြင့် ရပ်တန့်နေ၏။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပျက်စီးနေသော လေယာဉ်၏အပေါ်သို့ ခုန်တက်ကာ သူ၏ဓားကို သတ္တုကိုယ်ထည်ထဲသို့ စိုက်ထည့်လိုက်ပြီး ထိုင်ချလိုက်သည်။ သူက ကောင်းကင်ကို အချိန်အတော်ကြာ မော့ကြည့်နေမိပြီး စိတ်ထဲတွင် လေးလံနေ၏။

ယနေ့လေငြိမ်ရေငြိမ်ဖြစ်နေခြင်းသည် ကမ္ဘာကြီး၏ လည်ပတ်မှုကြောင့်လော တစ်ခြားဘက်သို့ရောက်သွားခြင်းလော သို့မဟုတ် စကြာဝဠာမုန်တိုင်း အားပျော့သွား၍ လုံးဝပျောက်ကွယ်သွားခြင်းကြောင့်လော သူ မသိနိုင်ပေ။ ကမ္ဘာကြီးသည် စကြာဝဠာထဲတွင် အလွန်ပင် ပျော့ညံ့သိမ်ငယ်လှပြီး ကမ္ဘာပေါ်တွင် ရှင်သန်နေသော သက်ရှိများသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နိမ့်ကျလှ၏။

မနေ့ညက မိုးကြိုးမုန်တိုင်းကြောင့် ယနေ့အပူချိန်သည် ပုံမှန်မဟုတ်ကြောင်းကို သူ ခံစားမိနေသည်။ နံနက်ခင်းသာ ရှိသေးသော်လည်း အပူချိန်သည် သုံးဆယ်ဒီဂရီအထိ ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ သာမန်အားဖြင့် နေ့လယ်ခင်းအချိန်၏ အပူချိန်ဖြစ်၏။ ယခုအချိန်တွင် နေပင်မထွက်သေးပေ။ နေ့လယ်ခင်းအချိန်သို့ နေရောက်ရှိလာပါက ယနေ့အပူချိန်သည် ငါးဆယ်ဒီဂရီပင် ကျော်လွန်သွားနိုင်ဖွယ်ရှိသည်။

စကြာဝဠာမုန်တိုင်း၏ တိုက်ခတ်မှုသည် ကမ္ဘာကြီးသို့ စွမ်းအင်အမြောက်အမြား သွင်းပေးလိုက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကို ဖြစ်ပေါ်စေသည်။ မနေ့က မိုးကြိုးမုန်တိုင်းသည် စွမ်းအင်များ အချိန်တိုအတွင်း စုစည်းပေါက်ကွဲထွက်ခြင်းမျှသာဖြစ်ပြီး အကျိုးသက်ရောက်မှုမှာလည်း အလွန်ပင် ပြင်းထန်ခဲ့သည်။

ဤကဲ့သို့သော အပူချိန်က မည်သို့သောအကျိုးဆက်များကို ဖြစ်ပေါ်စေမည်ကို သူ မတွေးဝံ့ပေ။

ရေခဲတောင်များ အရည်ပျော်ခြင်းလော။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းလော။ ကုန်းမြေအများအပြား ပျောက်ကွယ်သွားခြင်းလော။

ဤမျှလောက်အပူချိန်သည် သန္ဓေပြောင်း တိရစ္ဆာန်များနှင့် အပင်များအပေါ်တွင် သက်ရောက်မှုများစွာ ရှိမည်မဟုတ်ပေ။ အတော်အတန် ပျော့ညံ့သော လူသားများအတွက်ပင်လျှင် ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။ ကမ္ဘာပျက်ပြီးနောက်ပိုင်း လူသားများသည် သန္ဓေပြောင်းသတ္တဝါများနှင့် နှိုင်းယှဉ်၍မရသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာမူ အတော်ပင် တိုးတက်လာခဲ့ပြီး ဤမျှလောက်အပူချိန်ကို ခံနိုင်ရည်ရှိနေသေးသည်။

သို့သော် အဆိုးရွားဆုံးမှာ ပြန်လည်တည်ဆောက်ရေးဇုန်၏ ခန့်မှန်းချက်အရ စကြာဝဠာမုန်တိုင်းသည် သက်ရှိများ ဆင့်ကဲပြောင်းလဲခြင်း၏ အဓိကတရားခံဖြစ်သည်ဟူသောအချက်ပင် ဖြစ်သည်။ ဤတစ်ကြိမ်တွင် စွမ်းအင်များစွာ လက်ခံရရှိခဲ့သဖြင့် တိရစ္ဆာန်များနှင့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းသည် အလွန်လျင်မြန်လာမည်ဖြစ်ပြီး လူသားတို့၏ ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်သည်လည်း ပိုမိုဆိုးရွားလာပေလိမ့်မည်။

လော်ယွမ်၏စိတ်သည် ဖိစီးနေပြီး တွေတွေကြီးဖြင့် အချိန်အတော်ကြာ ထိုင်နေမိသည်။ နေ့လယ်ကျော်၍ ဟော်တုံ လေယာဉ်ထဲမှ ထွက်လာမှပင် သူ သတိပြန်ဝင်လာတော့သည်။

လေယာဉ်အပေါ်ပိုင်း သံချပ်ကာ၏အပူချိန်သည် အံ့အားသင့်ဖွယ် ပူလောင်နေပြီး အနီးအနားရှိလေထုသည် အပူချိန်မြင့်မားမှုကြောင့် လှိုင်းထကာ ယိမ်းထိုးနေသကဲ့သို့ ဖြစ်နေသည်။ အပူချိန်သည် ကြက်ဥပင် ကြော်၍ရလောက်သည်အထိ ပူနေပြီဖြစ်သည်။ ထိုအခါမှ သူ၏တင်ပါး ပူလောင်နေသည်ကို ခံစားမိပြီး အလျင်အမြန် ထရပ်လိုက်သည်။

အနည်းငယ်သာ အပူလောင်သွားသည်ကို ခံစားလိုက်ရပြီး ထိုနာကျင်မှုသည်လည်း မတ်တပ်ရပ်လိုက်သည်နှင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"သေစမ်း... ဘယ်လိုလုပ်အဲ့လောက်ပူလာတာလဲ" ဟော်တုံက ချွေးသံရွှဲရွှဲဖြင့် ထွက်လာပြီး မျက်လုံးကို မှေးစင်းကာ ခေါင်းပေါ်မှ နေကို မော့ကြည့်လိုက်ပြီးနောက် အကျယ်ကြီး ညည်းညူလိုက်သည်။ လော်ယွမ် လေယာဉ်ပေါ်မှ ခုန်ဆင်းလာသည်ကို မြင်သောအခါ အပြေးအလွှား ဖားယားသောလေသံဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ယွမ်... အပေါ်မှာ ဘာလုပ်နေတာလဲ... အပူမကြောက်ဘူးလား"

"ခင်ဗျားက နည်းနည်းထောက်ထပ်မအိပ်တော့ဘူးလား" လော်ယွမ်က ဟော်တုံ၏ မြှောက်ပင့်ပြောဆိုခြင်းကို လျစ်လျူရှုကာ မေးလိုက်သည်။

"ပူလွန်းလို့ဘယ်လိုမှအိပ်မရဘူး... အထဲမှာက ပေါင်းအိုးကြီးလိုဖြစ်နေပြီ... ဆက်အိပ်နေရင် အသားတွေပါ နူးသွားနိုင်တယ်... ဒါပေမဲ့အခုအပြင်က ပိုတောင်ပူနေမယ်လို့မထင်ထားဘူး... ရာသီဥတုကဘယ်လိုလုပ် အဲ့လောက်တောင် ဖောက်ပြန်နေတာလဲ" ဟော်တုံက လက်ဖြင့် ယပ်ခတ်လိုက်သော်လည်း ထိုလေအေးအနည်းငယ်က အရာမရောက်ပေ။ ချွေးများ အဆက်မပြတ် စီးကျနေသဖြင့် လေယာဉ်၏ အရိပ်အောက်သို့ အမြန်လျှောက်သွားလိုက်သည်။

လှိုဏ်ဂူထဲတွင် လေဝင်လေထွက်မရှိသည့်အပြင် နေရာကျဉ်းမြောင်းသောကြောင့် အစပိုင်းတွင် အဆင်ပြေသေးသည်။ ထူထဲသော ကျောက်သားအလွှာများက ကာကွယ်ထားသဖြင့် အပူချိန်မှာ မမြင့်မားလှပေ။ သို့သော် အပူသည် ကျောက်သားများကို ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ အတွင်းပိုင်းအပူချိန်က တဟုန်ထိုး မြင့်တက်လာတော့သည်။ မကြာမီတွင် လူတိုင်းသည် ပူလွန်း၍ နိုးလာကာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။

"မနေ့ကအပူချိန်က အကောင်းကြီးကို... ဒီနေ့ကျမှဘယ်လိုလုပ်အဲ့လောက်တောင် ပူနေရတာလဲ... လူကို အိပ်လို့တောင် မရဘူး" ဝမ်ရှီရှီကလည်း သမ်းဝေရင်း အကျယ်ကြီး ညည်းညူလိုက်သည်။ သူမ၏မျက်လုံးများမှာ သွေးကြောများဖြင့် ပြည့်နှက်နေ၏။

"လှိုဏ်ဂူထဲက အပူချိန်က... ခြောက်ဆယ်ဒီဂရီတောင် ကျော်လောက်တယ်" တပ်ခွဲမှူးရှကလည်း ပုံမှန်မဟုတ်သော ရာသီဥတုကို ကြည့်ရင်း စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။

ကြီးမားသော လေယာဉ်ကြီးသည် သုံးလေးထပ်တိုက်အမြင့်ခန့်ရှိပြီး လူတိုင်းသည် နေပူဒဏ်မှ ရှောင်ရှားရန် လေယာဉ်၏အရိပ်အောက်တွင် ထိုင်နေကြသည်။ ပုံမှန်မဟုတ်သော အခြေအနေတိုင်း၏နောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိစမြဲဖြစ်ရာ လူအများစုသည် မနေ့ညက မိုးကြိုးမုန်တိုင်းနှင့် သက်ဆိုင်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။ သို့သော် ဤသို့စိတ်ဖိစီးစေသော အကြောင်းအရာကို လူတိုင်းက တမင်ရှောင်ရှားကာ ထပ်မံမပြောဆိုကြတော့ပေ။

လော်ယွမ်သည် စကားဝိုင်းတွင် မပါဝင်ဘဲ သူ၏ ကျန်းမာတောက်ဓားကို တိတ်ဆိတ်စွာ သုတ်သင်နေသည်။ အကြိမ်ကြိမ်သုတ်သင်နေရင်း သူ၏ ဂနာမငြိမ်ဖြစ်နေသော စိတ်သည်လည်း တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။

တန့်ဝေ၏ မျက်လုံးများသည် လော်ယွမ်ထံသို့ မကြာခဏ ကြည့်နေပြီး သူ၏မျက်ဝန်းထဲတွင် တောက်ပသောအရောင်များ တလက်လက်ထွက်နေသည်။ အစွမ်းထက်သော ခွန်အား၊ အံ့ဩဖွယ်ကောင်းသော စွမ်းရည်များနှင့် အပြစ်ဆိုဖွယ်မရှိသော ဓားသိုင်းကွက်များသည် အလွန်ပင် ထင်ရှားတောက်ပနေသည်။ လော်ယွမ်၏ ပုံရိပ်သည် သူတို့ကလေးများ၏မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေ၏။

ကမ္ဘာပျက်ကာလမှ လူ့သဘာဝ၏ အမှောင်ဘက်ခြမ်းဖြစ်သည့် အားကြီးသူသာ ရှင်သန်နိုင်သည့် လောကနိယာမကို မြင်တွေ့ဖူးပြီး၊ သူ၏အမေသည် သူ့ကို အငတ်မထားရန်အတွက် မှိုတက်နေသော ပေါင်မုန့်အနည်းငယ်နှင့် ယောက်ျားတစ်စု၏ အလှည့်ကျ မုဒိမ်းကျင့်ခံရခြင်းကို နေ့စဉ်နှင့်အမျှ ခံစားခဲ့ရပြီး နောက်ဆုံးတွင် သွေးလွန်၍ သေဆုံးသွားခဲ့ရသည်။ ဤသို့သော ငရဲကျသကဲ့သို့ အတွေ့အကြုံများ၏အောက်တွင် သူသည် လျင်မြန်စွာ ရင့်ကျက်လာခဲ့သည်။

အမေ၏ ကြည့်ရှုစောင့်ရှောက်မှုမရှိဘဲ ဆက်လက်ရှင်သန်ရန်အတွက် သူသည် နေ့စဉ် ရွံရှာဖွယ်ကောင်းသော လူကြီးများကို မျက်နှာလုပ်ပေါင်းသင်းခဲ့ရသည်။ မျက်နှာချိုသွေးကာ ခိုင်းသမျှလုပ်ခဲ့ရပြီး အနိမ့်ကျဆုံးအလုပ်များကိုပင် ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့သည်။ သို့သော် ဤသို့ပြုမူလေလေ သူက အစွမ်းရှိလာဖို့ကို ပို၍တောင့်တလေလေဖြစ်ပြီး အစွမ်းအပေါ် တောင့်တမှုက ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ နေ့စဉ်နေ့တိုင်း အိပ်မက်ထဲတွင်ပင် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ရန် တောင့်တနေခဲ့သော်လည်း ၎င်းကအိပ်မက်ထဲတွင်သာ ဖြစ်နိုင်ခဲ့သည်။

ဓားရှည်ကို ဖြည်းညင်းစွာ သုတ်သင်နေသော လော်ယွမ်ကို ကြည့်ရင်း တန့်ဝေ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည်။

ဤအတွေးသည် သူ့စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ဖူးသော်လည်း အကြိမ်တိုင်းတွင် ကြောက်စိတ်ကြောင့် လက်တွေ့အကောင်အထည် မဖော်ဖြစ်ခဲ့ပေ။

စိတ်ထဲတွင် အကြိမ်ကြိမ် ချီတုံချတုံဖြစ်ပြီးနောက် ဤတစ်ကြိမ်တွင် သူ နောက်ဆုံး၌ မတ်တပ်ထရပ်လိုက်သည်။ သူက အံကိုကြိတ်ကာ မဝင့်မရဲဖြင့် လော်ယွမ်၏ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ၏နုနယ်သောမျက်နှာပေါ်တွင် မြှောက်ပင့်ဖားယားသော အပြုံးတစ်ခုကို အစွမ်းကုန်ဖန်တီးထားသော်လည်း ပိန်လှီသောခန္ဓာကိုယ်မှာမူ ဆန်ခါသကဲ့သို့ တုန်ခါနေသည်။ သူက သတ္တိမွေးကာ ပြောလိုက်သည်။ "ခေါင်းဆောင်ယွမ်... ကျွန်တော်... ခေါင်းဆောင်ဆီမှာ သိုင်းပညာသင်ချင်လို့ပါ"

All Chapters