← Chapters

အခန်း (၂၀၉-၂၁၂)

Vol. 11 Ch. 209-212

အခန်း (၂၀၉-၂၁၂)

Vol. 11 Ch. 209-212

အပိုင်း(၂၀၉)ဓားပညာ၏အဆင့်သုံးဆင့်

လော်ယွမ်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် သူ့ကိုကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မင်းက သိုင်းပညာ သင်ချင်လို့လား"

သူ၏ လက်ရှိစွမ်းအားသည် အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်နှင့်ပင် ခြားနားခြင်းမရှိတော့ချေ။ သူက တမင်တကာ ပြုလုပ်ခြင်းမဟုတ်သည့်တိုင်အောင် သာမန်လူတစ်ယောက် သူ၏ရှေ့၌ ရပ်နေလျှင်ပင် ကြီးမားသော ဖိအားကို ခံစားရပေလိမ့်မည်။ ဟော်တုံတို့ပင်လျှင် ဤသို့ဖြစ်နေလျှင် ကလေးတစ်ယောက်မှာမူ ဆိုဖွယ်ရာမရှိတော့ချေ။

ပဲစေ့အရွယ်ခန့်ရှိသော ချွေးစက်များသည် တန့်ဝေ၏ နဖူးမှ အဆက်မပြတ် စီးကျနေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် ရေလောင်းခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။ သူက အားကုန်သုံး၍ ပြုံးလိုက်သော်လည်း မျက်နှာသည် တောင့်တင်းနေပြီး ဦးနှောက်ထဲ၌ လုံးဝ ဗလာကျင်းနေတော့သည်။ သူသည် အားတင်းကာ တံတွေးကို မျိုချလိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ဟုတ်... ဟုတ်ပါတယ်... ကျွန်တော်... ခေါင်းဆောင်ကို ဆရာတင်ချင်ပါတယ်"

"မကြားရဘူး... ကျယ်ကျယ်ပြော" လော်ယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ကျွန်တော်... ကျွန်တော်... ခေါင်းဆောင်ကို... ဆရာတင်ချင်ပါတယ်" တန့်ဝေသည် လော်ယွမ်၏ ခြောက်လှန့်ခြင်းကို ခံလိုက်ရသည့်အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး စကားထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ခုထိ သေချာမကြားရသေးဘူး" လော်ယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဝမ်ရှကွမ်သည် တန့်ဝေ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး စိတ်ထဲ၌ အနည်းငယ် မခံစားနိုင်ဖြစ်သွားကာ ဘေးမှနေ၍ သတိပေးလိုက်သည်။ "စကားပြောတာတောင် ထစ်ထစ်ငေါ့ငေါ့နဲ့... ဒီလောက်သတ္တိနည်းနေရင် ဘာသိုင်းပညာမှသင်နိုင်မှာမဟုတ်ဘူး"

တန့်ဝေသည် ဉာဏ်ပွင့်သွားပြီး အလျင်အမြန်ပင် အော်ပြောလိုက်သည်။ "ကျွန်တော် ခေါင်းဆောင်ကို ဆရာတင်ချင်ပါတယ်... ကျွန်တော် အစွမ်းထက်ချင်တယ်... ကျွန်တော် အသက်ရှင်ချင်တယ်"

"ကျွန်တော်လည်း ခေါင်းဆောင်ကို ဆရာတင်ချင်ပါတယ်" အနည်းငယ် တိတ်ဆိတ်သော ကျုံးချူ့ချန်သည်လည်း မနေနိုင်တော့ဘဲ ထရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ချန်ကျားယီသည်လည်း စိတ်လှုပ်ရှားနေဟန်တူသော်လည်း သတ္တိမွေး၍ ထရပ်ရန် မပြင်ဆင်မီမှာပင် လော်ယွမ်က ပြောလိုက်သည်။ "ဆရာတင်ဖို့မလိုပါဘူး... မင်းတို့တစ်ကယ်စိတ်ပိုင်းဖြတ်ထားရင် သေချာသင်ဖို့လိုတယ်... ဘယ်လောက်ထိသင်ယူနိုင်မလဲဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်... ဒီအတောအတွင်းမှာဓားသိုင်းကို သေချာလေ့ကျင့်ရမယ်... ငါနေ့တိုင်းအချိန်ယူပြီး အားလုံးကို ဓားသိုင်းသင်ပေးမယ်"

ယနေ့ ပုံမှန်မဟုတ်သော အပူချိန်အရဆိုလျှင် နောင်တွင် တိရစ္ဆာန်နှင့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှုသည် တဖြည်းဖြည်း ပို၍ မြန်ဆန်လာမည်ဖြစ်ပြီး အခြေအနေသည်လည်း ပို၍ အန္တရာယ်များလာမည်ဖြစ်သည်။ အကယ်၍သာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း အနည်းငယ်မျှမရှိပါက ဤနေရာမှ လူအများစုသည် အသက်ရှည်ရှည် နေနိုင်ကြမည်မဟုတ်ပေ။ ဓားသိုင်းလေ့ကျင့်ခြင်းသည် ချက်ချင်း အကျိုးသက်ရောက်မှု မရှိနိုင်သော်လည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း အနည်းငယ်တော့ ရရှိလာမည်ဖြစ်သည်။

ဟော်တုံ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး စိတ်ထဲ၌ အလွန်အမင်း ဝမ်းမြောက်နေတော့သည်။ ဟယ်တုန်းမြို့မှ ထွက်လာပြီးနောက် လမ်းတစ်လျှောက်လုံး၌ အတည်တကျမရှိဘဲ လှည့်လည်သွားလာနေခဲ့ရသည့်အတွက် အားလပ်ချိန် အလွန်နည်းပါးခဲ့ရာ ခေါင်းဆောင်ယွမ်က သူတို့ကို ဓားသိုင်း ထပ်မံသင်ကြားပေးခြင်းမရှိတော့ချေ။ သူသည် သာမန်အချိန်များ၌ အားလပ်သည်နှင့် ဓားသိုင်းကို ကြိုးစားလေ့ကျင့်ခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ သိပ်မကြီးမားခဲ့ဘဲ ထိုအချိန်ကကဲ့သို့ လျင်မြန်သော တိုးတက်မှုကို မရရှိခဲ့ပေ။ ဤတစ်ကြိမ်၌မူ ခေါင်းဆောင်ယွမ်က မိမိဘာသာ စတင်၍ ပြောလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

အခြားသူများလည်း စိတ်လှုပ်ရှားနေကြသည်။ ဟွမ်ကျားဟွေက အကြံပြုလိုက်သည်။ "အားလုံးလည်း အားနေကြတာပဲ... အခုပဲ စလိုက်ကြရင် မကောင်းဘူးလား"

"ဒါလည်းကောင်းတာပဲ" လော်ယွမ်က ပြောလိုက်သည်။ သူသည်လည်း ဤသို့သော အတွေးရှိပြီးသားဖြစ်သည်။ သူက ဆက်ပြောသည်။ "ခန္ဓာကိုယ်ကြံ့ခိုင်မှုသာရှိရင် သေချာလေ့ကျင့်ထားတဲ့လူတစ်ယောက်က သာမန်လူလူနှစ်ယောက်ကနေ ငါးယောက်ထိ ဝိုင်းတိုက်တာကို အသာလေးရင်ဆိုင်နိုင်တယ်ဆိုတာ အားလုံးသိကြမှာပဲ... ဒါ့အပြင်သူတို့ရဲ့တုံ့ပြန်နိုင်စွမ်းတို့... တိုက်ခိုက်နိုင်စွမ်းတို့... အရေးပေါ်ဆုံးဖြတ်နိုင်စွမ်းတို့က သာမန်လူတွေထက် အများကြီးသာတယ်"

"ခင်ဗျားတို့အားလုံး ပြင်းပြင်းထန်ထန်လေ့ကျင့်မယ်ဆိုရင် အဲ့ဒီလိုအဆင့်မျိုးကို... ၃လကနေ ၁နှစ်အတွင်း ရောက်နိုင်တယ်"

"ဒါပေမဲ့အဲ့ဒါက အခြေခံအဆင့်ပဲရှိသေးတာ... အဲ့ဒီအဆင့်ရဲ့အဓိကခရာက ကိုယ့်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ပြင်းထန်တဲ့ခွန်အားကို ထုတ်ဖော်နိုင်တာပဲ... ဟော်တုံ အပေါ်အင်္ကျီချွတ်ပြီး နမူနာပြပေးလိုက်... အဆင်ပြေသလိုတစ်ချက်ခုတ်လိုက်ရင် ရပြီ" လော်ယွမ်က ပြောလိုက်သည်။

ဟော်တုံသည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီး သံချပ်ကာကဲ့သို့ လေးလံသော အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ သူ၏ မူလ ဘီယာဗိုက်နှင့် အဆီများသည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး အထင်ကြီးလောက်သော ကြွက်သားများရှိနေပြီ ဖြစ်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ထဲ၌ လုံးဝတည်ငြိမ်သွားမှသာ ဓားကိုဆွဲထုတ်ကာ လေထဲသို့ လျင်မြန်စွာ တစ်ချက် ခုတ်ပိုင်းလိုက်သည်။ လေထဲမှ "ရွှီး" ဟူသော အသံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာပြီး ဓားအလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားကာ သူ၏ ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

"ဖွီး..." လင်းရှောင်ကျီသည် မနေနိုင်တော့ဘဲ ရယ်ထွက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓားသိမ်းသည့် လှုပ်ရှားဟန်က လော်ယွမ်ကို လုံးဝ အတုခိုးထားသောကြောင့်ဖြစ်သည်။ သို့သော် လော်ယွမ်၏ လှုပ်ရှားမှုသည် ရေစီးကြောင်းတစ်ခုလို အဆက်အစပ်မပြတ် ချောမွေ့ပြီး ကြည့်ရှုသူကို စိတ်ကြည်နူးစေလျှင် ဟော်တုံ၏ လှုပ်ရှားမှုမှာမူ ထစ်ထစ်ငေါ့ငေါ့ဖြင့် ကြည့်ရှုသူကို အားမလိုအားမရဖြစ်စေသည်။

လင်းရှောင်ကျီ ရယ်လိုက်သည်နှင့် အခြားသူများလည်း ရယ်မောလိုက်ကြသည်။ စစ်သားအနည်းငယ်သာလျှင် နားမလည်နိုင်ဖြစ်နေကြသည်။

ထိုရယ်သံသည် အလွန်အမင်း နားထဲ၌ စူးရှလှရာ ဟော်တုံ၏ မျက်နှာကြီးသည် အနည်းငယ် နီမြန်းသွားပြီး လင်းရှောင်ကျီကို စိတ်ထဲ၌ ကျိတ်၍ မုန်းတီးနေတော့သည်။

"တော်ကြတော့" လော်ယွမ်က ထရပ်လိုက်ပြီး လမ်းလျှောက်ရင်း ကျည်ကာအင်္ကျီကို ဖြေလိုက်သည်။ ထို့နောက် အပေါ်အင်္ကျီကိုပါ ချွတ်လိုက်ရာ အပေါ်ပိုင်းကိုယ်ထည် ပေါ်ထွက်လာခဲ့သည်။ သူ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး လက်မောင်းများ လှုပ်ရှားသည်နှင့်အမျှ ကြွက်သားအုပ်စုများသည် ပြဒါးရည်ကဲ့သို့ လူးလွန့်နေကာ တစ်ခါတစ်ရံ ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ပျောက်ကွယ်သွားလိုက်ဖြင့် ပြင်းထန်သော အလှတရားနှင့် ကြီးမားသော အမြင်အာရုံဆိုင်ရာ ရိုက်ခတ်မှုတစ်မျိုးကို ဆောင်ကြဉ်းပေးနေသည်။

ကျိုးယလီနှင့် အခြားအမျိုးသမီးအချို့သည် တိတ်တဆိတ် တံတွေးမျိုချလိုက်ကြပြီး မျက်နှာများ နီမြန်းသွားကြသော်လည်း မျက်လုံးများကမူ ရံဖန်ရံခါ ခိုး၍ ကြည့်နေကြသည်။ အမျိုးသားအချို့ပင်လျှင် သူ၏ ရေစီးကြောင်းကဲ့သို့သော ကြွက်သားများကြောင့် ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

လော်ယွမ်က ဟော်တုံ၏ ဘေးသို့ လျှောက်သွားပြီး ပြောလိုက်သည်။ "အားလုံးသေချာကြည့်ထားကြ... ကျွန်တော်ဓားကွက်တစ်ကွက် ကစားပြမယ်... ပထမအကြိမ်မှာ အနှေးဆုံးကစားပြမယ်... ဒုတိယအကြိမ်မှာ ဟော်တုံရဲ့ခွန်အားပမာဏအတိုင်း လုပ်ပြပေးမယ်"

သူသည် ခြေတစ်လှမ်းရှေ့တစ်လှမ်းနောက်ဖြင့် အလွန်ပေါ့ပေါ့ပါးပါး ရပ်နေသည်။ ထို့နောက် ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဖြည်းညင်းစွာ ခုတ်ပိုင်းလိုက်သည်။ တူညီသော လှုပ်ရှားမှုဖြစ်သော်လည်း လော်ယွမ်၏ လှုပ်ရှားမှုမှာမူ ကြည့်ရှုသူကို ကျေနပ်အားရစေပြီး ချောမွေ့ပေါ့ပါးလှရာ လူတိုင်းကို မှင်သက်သွားစေသည်။ ထို့အပြင် သူ၏ လှုပ်ရှားမှုနှင့်အတူ နောက်ကျောမှ ကြွက်သားများသည် တစ်လွှာချင်း လူးလွန့်လာပြီး နောက်ကျောတစ်ခုလုံးမှ ကြွက်သားများ လှုပ်ရှားနေကြသည်။ "ဒါစောစောက ဓားကွက်ပဲ"

"ဟော်တုံ... ခင်ဗျားလည်း စမ်းကြည့်... ပြီးတော့ အားလုံး ကျွန်တော်တို့နှစ်ယောက်ရဲ့ ကြွက်သားလှုပ်ရှားမှု ကွာခြားချက်ကို သေသေချာချာ ကြည့်ထားကြ" လော်ယွမ်က ပြောလိုက်သည်။

ဟော်တုံသည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး လော်ယွမ်၏ လှုပ်ရှားမှုကို အတုယူကာ ဖြည်းညင်းစွာ ဓားတစ်ချက် ထပ်မံခုတ်ပိုင်းလိုက်သည်။

လော်ယွမ်သည် ဓားကို မြေကြီးထဲသို့ စိုက်လိုက်ပြီး လူတိုင်းကို မေးလိုက်သည်။ "ဘာထူးခြားတာ မြင်ကြလဲ"

"သူ့ကြွက်သားတွေက အတုံးအတစ်လိုက်ကြီးတွေပဲ... ကိုကြီးကြွက်သားတွေကတော့ အမြောင်းမြောင်းလေးတွေ" ဝမ်ရှီရှီကချွဲချွဲနွဲ့နွဲ့ပြောလိုက်ပြီး သူမ၏မျက်နှာလေးမှာ နီမြန်းသွားတော့သည်။

လော်ယွမ်က ဘာပြောရမှန်းမသိဖြစ်သွားပြီး အမျိုးသမီးများကို မေးရန် မကောင်းသည့်အတွက် လင်းရှောင်ကျီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မင်း ပြောကြည့်စမ်း"

"သူလှုပ်ရှားတဲ့အခါ ကြွက်သားတွေက အရမ်းတောင့်တင်းနေတယ်... ကျောကြွက်သားနဲ့ ခါးကြွက်သားတွေနည်းနည်းပဲ လှုပ်ရှားတယ်... ပြီးတော့ လှုပ်ရှားမှုကလည်း မချောမွေ့ဘူး... ခေါင်းဆောင်ယွမ်ကတော့ နောက်ကျောတစ်ခုလုံးက ကြွက်သားတွေ ညီတူမျှတူ လှုပ်ရှားနေတာ" လင်းရှောင်ကျီ၏ဖြတ်ထိုးဉာဏ်မှာ သိပ်မကောင်းသော်လည်း အမြင်အာရုံမှာမူ ရှိနေသေးသည်။

လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "တစ်ဝက်ပဲမှန်တယ်... ငါ့ရဲ့ဓားချက်က ခါးနဲ့နောက်ကြောကိုပဲ အားစိုက်ထားတာမဟုတ်ဘူး... သူကခြေထောက်၊ တင်ပါးနဲ့ တစ်ကိုယ်လုံးကကြွက်သားတွေ အကုန်နီးပါးကို အားစိုက်ထားတာ... ပထမဆုံးသူ့ထဲကို ထည့်တဲ့အားက မြေကြီးကနေလာတာပဲ... ညာဘက်ခြေချောင်းတွေနဲ့မြေကြီးကိုကုပ်ပြီး ဘယ်ဒူးကိုကွေးလိုက်တယ်... ပြီးရင်ပေါင်နဲ့တင်ပါးကနေတဆင့် ခါးရဲ့လိမ်အားထိ အားကိုယူလာပြီး လက်ချောင်းအရိုးအတိုင်းထိ စွမ်းအားတစ်ခုတည်းအဖြစ် ပေါင်းစပ်ဖော်ထုတ်လိုက်တာပဲ... ဒါကငါပြောတဲ့ ခန္ဓာကိုယ်ကြွက်သားတိုင်းရဲ့ စွမ်းအားကို အပြည့်အဝဖော်ထုတ်တဲ့အဆင့်ပဲ"

သူက မြေကြီးမှ ဓားကို ဆွဲထုတ်လိုက်ပြီး ဖြည်းညင်းသော လှုပ်ရှားမှုကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်ပြလိုက်သည်။ ထို့နောက် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး စွမ်းအားနှင့် လျင်မြန်မှုကို ဆယ့်နှစ်မှတ်ခန့်သို့ ချိန်ညှိလိုက်သည်။ နောက်တစ်ခဏ၌ သူသည် လျင်မြန်စွာ ဓားတစ်ချက် ခုတ်ထွက်လိုက်ရာ လေထဲမှ အဝတ်စုတ်ကို ဆွဲဖြဲလိုက်သည့်အလား "ရွှီး"' ဟူသော အသံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာသည်။ လူတိုင်းသည် ငွေဖြူရောင် အရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီး ဓားက ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့လေပြီ။

"ဒီဓားချက်က ဟော်တုံရဲ့ လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ထုတ်ဖော်နိုင်တဲ့ ရလဒ်ပဲ" လော်ယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။

လူတိုင်းသည် အံ့ဩမှင်သက်နေကြပြီး စစ်သားအချို့သည်လည်း တုန်လှုပ်နေသော အမူအရာများဖြင့် မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤဓားချက်၏ အရှိန်သည် ယခင်က ဟော်တုံ သရုပ်ပြခဲ့သည်နှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ အရှိန်က တစ်ဆထက်မက ပို၍ မြန်ဆန်လှရာ ဤသို့သော စွမ်းအားဖြင့်ဆိုလျှင် အပြာရောင်အဆင့် သန္ဓေပြောင်းသားရဲကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ပြီး အပြာရောင်ရင့်ရောင်အဆင့်ကိုပင် စိန်ခေါ်နိုင်ပေလိမ့်မည်။

အံ့ဩမှင်သက်ပြီးနောက်တွင်မူ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့သည်။ အားလုံးက စိတ်ဓာတ်တက်ကြွနေကြပြီး ချက်ချင်းပင် လေ့ကျင့်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်။

လော်ယွမ်က လူတိုင်းကို ငြိမ်စေလိုက်ပြီး ဆက်ပြောသည်။ "ဒါက ဓားသိုင်းရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်... ကျွန်တော့်ဓားက ရောင်ခြည်ထွက်တာကို တော်တော်များများက အံ့သြကြတယ်... အရင်ကဆို ကျွန်တော့်ကို အတွင်းအားလေ့ကျင့်ထားတာလားလို့ မေးတဲ့လူတောင် ရှိခဲ့ဖူးတယ်"

တပ်ခွဲမှူးရှ၏ မျက်နှာသည် တည်ကြည်သွားသည်။ ဤကိစ္စကို သူက အရင်ကတည်းက မေးချင်နေခဲ့ပြီး ဤကိစ္စကို သူသည် စစ်ဦးစီးချုပ်ရုံးသို့ပင် တင်ပြထားခဲ့ပြီးဖြစ်သည်။ အကယ်၍သာ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပြန်ရန် အချိန်နီးကပ်မနေပါက စစ်ဘက်မှ လူလွှတ်၍ စုံစမ်းမေးမြန်းနေလောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သောကိစ္စသည် ပြန်လည်တည်ဆောက်ရေးဇုန်အတွက်သာမက လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပါ အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ အကယ်၍သာ ဒဏ္ဍာရီထဲမှ သိုင်းကျမ်းများ၊ အတွင်းအားများ အမှန်တကယ် ရှိနေပါက လူသားမျိုးနွယ်၏ အခြေအနေသည် များစွာ ပို၍ ကောင်းမွန်လာမည်မှာ သေချာပေသည်။

"အဖြေကတော့ လောကမှာ ဘာအတွင်းအားမှ ရှိမနေဘူးဆိုတာပဲ... ဓားရောင်ခြည်ထွက်တာက ဓားပညာရဲ့ဒုတိယအဆင့်ကို ရောက်သွားတဲ့ သင်္ကေတပဲ... တာအိုကျမ်းမှာ ကျင်း၊ ချီ၊ ရှန် သုံးပါးပေါင်းစည်းခြင်းဆိုတဲ့ စကားတစ်ခွန်းရှိတယ်... ကျွန်တော်နားလည်ထားသလောက်ဆို ကျင်းက ခန္ဓာကိုယ်၊ ချီက စွမ်းအင်နဲ့ ရှန်က စိတ်စွမ်းအားပဲ... ဒီသုံးခုပေါင်းစည်းသွားတာနဲ့ ဓားရောင်ခြည် ပေါ်ထွက်လာတယ်" လော်ယွမ်က ပြောလိုက်သည်။

လော်ယွမ်၏ မျက်နှာသည် တည်ကြည်သွားပြီး ဓားကို လွှဲယမ်းလိုက်ရာ ဓားကိုယ်ထည်ပေါ်၌ ပြင်းထန်စွာ တုန်ခါနေသော မြူခိုးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ရေကဲ့သို့ ဓားကိုယ်ထည်ပေါ်၌ စီးဆင်းနေသည်။

လူတိုင်းသည် အသက်ရှူအောင့်ထားကြပြီး အသက်ရှူပြင်းသွားပါက ဤအလင်းတန်းကို လွင့်ပါးသွားစေမည်ကို စိုးရိမ်နေသည့်အလားပင်။ လော်ယွမ်က ရယ်ချင်စိတ်ကို ထိန်းကာ ဓားရောင်ခြည်ကို ဖယ်ရှားလိုက်သည်။ "ဒါက အဓိကအားဖြင့် စိတ်စွမ်းအားကို စုစည်းနိုင်ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်တယ်... လူပြိန်းနားလည်အောင် ပြောရရင် စိတ်ကို ဘယ်လောက်အထိ စူးစိုက်နိုင်သလဲဆိုတာပဲ"

"လူတိုင်းမှာ လျှောက်တွေးတတ်တဲ့ စိတ်တွေရှိကြတယ်... ဘုရားက လက်ဖျောက်တစ်ချက်တီးချိန်အတွင်းမှာ အတွေးပေါင်း ၉၀၀ ဖြစ်လိုက် ပျက်လိုက် ဖြစ်တယ်လို့ဟောခဲ့တယ်... ဒါကိုကြည့်ရင် လူတွေရဲ့စိတ်က အချိန်တိုင်းမှာ မရေမတွက်နိုင်တဲ့ အတွေးတွေဖြစ်ပေါ်နေတယ်ဆိုတာကို ပြနေတာပဲ... အဲ့ဒီအတွေးတွေကိုဘယ်လို ထိန်းချုပ်မလဲဆိုတာက အရမ်းအရေးကြီးတယ်... ကျွန်တော့်အတွေ့အကြုံအရဆို နေ့တိုင်းတရားထိုင်တာ... တရားရှုမှတ်တာတွေက တော်တော်အကျိုးရှိတယ်"

"နောက်တစ်မျိုးကတော့ ကိုယ့်ကိုယ်ကို အိပ်ငွေ့ချတာပဲ... လူက ဘယ်အချိန်မှာ အာရုံအစူးစိုက်ဆုံးလဲဆိုတော့ အလွန်အမင်း အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်ပဲ... အဲ့ဒီအချိန်မှာ လူက ဘာအတွေးမှ မဖြစ်ပေါ်နိုင်တော့ဘဲ စိတ်စွမ်းအားက စုစည်းနေတယ်... စိတ်ကူးယဉ်ရန်သူကို အသုံးပြုပြီး အိပ်ငွေ့ချတာက စိတ်စွမ်းအားကို စုစည်းဖို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်... သေလုမျောပါးအန္တရာယ်ကို တစ်ကယ်ကြုံရတာဆိုရင်တော့ အကျိုးသက်ရောက်မှုက ပိုကောင်းတာပေါ့"

"ဝတ္ထုတော်တော်များများမှာ ဇာတ်လိုက်တွေက အဆင့်တက်ဖို့အတွက် နေရာအနှံ့ စိန်ခေါ်တိုက်ခိုက်တာ... ဒါမှမဟုတ် အန္တရာယ်ရှိတဲ့နေရာတွေမှာ တိုက်ခိုက်ပြီး စွမ်းအားတွေ တိုးတက်လာတာကလည်း အလားတူ အဖြစ်မျိုးပဲ... အဓိကကတော့ သေခြင်းတရားကို ရင်ဆိုင်နိုင်၊ မနိုင်ပေါ့... ပြီးတော့ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားမှာ တိကျတဲ့ ကန့်သတ်ချက်မရှိဘူး... တစ်ပြိုင်နက်တည်း လုပ်ဆောင်လို့ရတယ်... တတိယအဆင့်ကိုတော့ ကျွန်တော်မပြောတော့ဘူး... အခုချိန်ထိ ကျွန်တော်ကိုယ်တိုင်လည်း စမ်းတဝါးဝါးပဲ ရှိသေးတယ်"

ဆက်ရန်...

အပိုင်း(၂၁၀)ဥတ္တရနိမိတ်ဆိုး

ဤအဆင့်သုံးဆင့်မှာ စနစ်၏ကျွမ်းကျင်မှုအဆင့်များထဲမှ ကျွမ်းကျင်၊ နက်နဲနှင့် အဆင့်မြင့် ဟူသော အဆင့်သုံးဆင့်ပင် ဖြစ်သည်။ ကျွမ်းကျင်အဆင့်သည် ခန္ဓာကိုယ်ကြွက်သားများ၏ အချိတ်အဆက်ညီညွတ်မှုကို ကိုယ်စားပြုပြီး၊ နက်နဲအဆင့်သည် စိတ်စွမ်းအား၏အသုံးချမှုကို ကိုယ်စားပြုကာ၊ အဆင့်မြင့်မှာမူ အရှိန်အဝါစက်ကွင်းကို စူးစမ်းရှာဖွေခြင်းပင် ဖြစ်သည်။

ယခုအချိန်အထိ လော်ယွမ်၏ အရှိန်အဝါစက်ကွင်းကို စူးစမ်းရှာဖွေနိုင်မှုမှာ အပေါ်ယံမျှသာရှိသေးပြီး အာရုံခံနိုင်စွမ်းနှင့် ဆက်စပ်နေသည်ဟုသာ မထင်မရှား ခံစားမိသေးသည်။

ထို့ပြင် ဤအဆင့်သို့ရောက်သောအခါ စနစ်၏အဆင့်မြှင့်တင်ပေးနိုင်စွမ်းမှာ အလွန်နည်းပါးသွားခဲ့ပြီဖြစ်သည်။ ကျွမ်းကျင်နှင့် နက်နဲအဆင့်တို့နှင့်မတူဘဲ အဆင့်မြင့်အဆင့်မှာ ထင်ရှားသောခြားနားချက်တစ်ခု ရှိနေဟန်တူသည်။ မူလက ကျွမ်းကျင်မှုအမှတ်တစ်မှတ်ဖြင့် အဆင့်တစ်ဆင့်တိုးနိုင်သော ကျွမ်းကျင်မှုမှာ အဆင့်မြင့်သို့ရောက်သောအခါ ကျွမ်းကျင်မှုအမှတ် သုံးမှတ်လိုအပ်လာပြီး တိုးတက်နှုန်းမှာ သုံးဆနှေးကွေးသွားသည်။ အကယ်၍ စနစ်ကိုသာအားကိုး၍ အဆင့်မြင့်အဆင့်ကို ကျော်ဖြတ်မည်ဆိုပါက ကျွမ်းကျင်မှုအမှတ်ပေါင်း ၆၀ လိုအပ်မည်ဖြစ်ပြီး ထိုအမှတ် ၆၀ ရရှိရန်အတွက် ၁၂ကြိမ်အဆင့်တက်ရန် လိုအပ်ပေမည်။

(လော်ယွမ်က အဆင့်တစ်ခါတက်ရင် ကျွမ်းကျင်မှတ် ၅မှတ်ရတဲ့အတွက် အမှတ်၆၀ရဖို့ ၁၂ကြိမ်အဆင့်တက်ဖို့လိုပါတယ်)

အပေါ်ယံကြည့်လျှင် ရိုးရှင်းသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် သူ၏အဆင့်မှာ ယခုအချိန်အထိ ၈ သာရှိသေးသည်။ နောက်ထပ် ဆယ့်နှစ်ကြိမ် အဆင့်မြှင့်တင်ရန်မှာ နှစ်အနည်းငယ်မဆိုထားနှင့် တစ်ဘဝလုံးပင် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဖြည်းဖြည်းချင်း ကိုယ်တိုင်နားလည်အောင် ကြိုးစားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးအကြိမ် အဆင့်တက်ရာမှ ရရှိခဲ့သော ကျွမ်းကျင်မှုအမှတ်ငါးမှတ်ကို ယခုအချိန်အထိ အသုံးမပြုသေးဘဲ အရေးကြီးသည့်အချိန်မှ သုံးရန်အတွက် လက်ထဲတွင် သိမ်းဆည်းထားဆဲဖြစ်သည်။

သူသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်အနားသို့ လျှောက်သွားပြီး ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ သွားများပင် ကျိန်းစပ်သွားစေမည့် စူးရှသောအသံတစ်ချက်နှင့်အတူ ကျန်းမာတောက်ဓားသည် သံမဏိပြားကြီးတစ်ချပ်ကို လှီးဖြတ်ချလိုက်သည်။ ထို့နောက် ဓားအလင်းတန်းများက မရပ်မနား လှုပ်ရှားကာ သံမဏိပြားပေါ်တွင် လျင်မြန်စွာ ပုံဖော်လှီးဖြတ်နေပြီး သံမှုန်သံစများ တဖွဲဖွဲကျလာသည်။ မိနစ်အနည်းငယ်အကြာတွင် မြေပြင်ပေါ်၌ ဓားရှည်ဆယ့်နှစ်ချောင်းခန့် ပေါ်ထွက်လာခဲ့သည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ သံချပ်ကာသံမဏိသားမှာ အလွန်ကောင်းမွန်ပြီး သူ၏မူလကျန်းမာတောက်ဓား၏ အရည်အသွေးထက်ပင် မနိမ့်ကျပေ။ အကယ်၍ စနစ်တကျသွေးမည်ဆိုပါက သံချောင်းများကိုပင် လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ပေမည်။

"ဓားမရှိတဲ့သူတွေ တစ်ယောက်တစ်ချောင်းစီ လာယူကြ... ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို ခုတ်ပိုင်းတဲ့လှုပ်ရှားမှုတစ်ခုနဲ့ အားအသုံးပြုပုံမှန်ကန်အောင် သင်ပေးမယ်" လော်ယွမ်က ပြောလိုက်သည်။

လော်ယွမ်၏ စောစောကပြကွက်ကို မြင်တွေ့ထားပြီးဖြစ်သောကြောင့် လူတိုင်းမှာ သူ၏ဓားချက်ကြောင့် အံ့အားသင့်မှင်တက်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုဟု ဆိုသော်လည်း လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းမတ်တပ်ထရပ်လိုက်ကြသည်။ ဓားရှိသူများက မိမိတို့၏ဓားကို ဆွဲထုတ်ကြပြီး ဓားမရှိသူများကမူ ရှေ့သို့တိုးကာ တစ်ယောက်တစ်ချောင်းစီ ကောက်ယူလိုက်ကြသည်။

"...ဓားကိုင်တာ မှားနေတယ်... ကျွန်တော့်လက်ကိုကြည့်... လက်ချောင်းတွေကို တင်းတင်းကြီး ဆုပ်မထားနဲ့... အဲ့လိုဆို ခန္ဓာကိုယ်က တောင့်တင်းသွားပြီး တစ်ကိုယ်လုံးရဲ့အားကို တစ်နေရာတည်းမှာ မစုစည်းနိုင်ဘူးဖြစ်သွားလိမ့်မယ်... အရမ်းလည်း လျှော့မထားနဲ့... ဒါဆို ဓားထုတ်တဲ့အခါ ယိမ်းယိုင်ပြီး လက်ထဲကလွတ်ကျသွားနိုင်တယ်"

"ဓားမထုတ်ခင်မှာ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးနဲ့ တင်းတင်းမာမာကြားမှာထားရမယ်... ဒါမှ ဓားထုတ်တဲ့အချိန် အားကို ပေါက်ကွဲထွက်စေဖို့ ပြင်ဆင်နိုင်မှာ"

"မျက်လုံးထဲမှာ စိတ်ကူးထဲကရန်သူတစ်ယောက်ကို မြင်ယောင်ထားရမယ်... အကြည့်က စူးရှရမယ်... ဓားတစ်ချက်ထုတ်လိုက်တာနဲ့ သူသေကိုယ်သေဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမယ်..."

"မျက်လုံးက ဘယ်ကိုကြည့်နေတာလဲ... ငါ့ကိုကြည့်ခိုင်းတာမဟုတ်ဘူး... နင်ခုတ်မယ့်ပစ်မှတ်ကို ကြည့်ခိုင်းတာ"

ဝမ်ရှီရှီက နှုတ်ခမ်းစူလိုက်ပြီး ရှေ့သို့ အမြန်ပြန်ကြည့်လိုက်သည်။

"နင့်ခြေထောက်က ဘာဖြစ်နေတာလဲ... ဘာလို့အဲ့လောက်တင်းထားတာလဲ... ငါပြောနေတာသုံးခါရှိပြီ... ခြေထောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ စပရင်လိုပဲ... နင်အဲ့လောက်တင်းထားရင် ဘယ်လိုလုပ် ဆွဲဆန့်နိုင်စွမ်းရှိတော့မှာလဲ... ပြီးတော့ နင့်ရဲ့ခါးက အရမ်းတောင့်တင်းနေတယ်... လျှော့ထား"

ဟွမ်ကျားဟွေ၏ မျက်နှာမှာ ညိုမှိုင်းသွားသည်။

"နင့်တင်ပါးကို အဲ့လောက်ကော့ထားစရာမလိုဘူး... ခန္ဓာကိုယ်ကို ရှေ့နည်းနည်းပဲငိုက်ထားလိုက်ရင်ရတယ်"

ကျိုးယလီ၏မျက်နှာမှာ နီရဲတက်သွားပြီး မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားသည်။

လူတိုင်းသည် သိုင်းဝတ္ထုများထဲကကဲ့သို့ တစ်ခါမြင်ရုံဖြင့် မမေ့နိုင်သော ဓာတ်ပုံဉာဏ်ရည်ပိုင်ဆိုင်သည့် ပါရမီရှင်များ မဟုတ်ကြပေ။ ဤနေရာတွင် ထိုသို့သောလူစားမျိုး တစ်ယောက်မျှမရှိပေ။ လော်ယွမ်သည် အစပိုင်းတွင် စိတ်ရှည်ရှည်ဖြင့် တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများကို ပြင်ဆင်ပေးပြီး အကြိမ်ကြိမ် ကိုယ်တိုင်သရုပ်ပြခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် သူ စိတ်မရှည်နိုင်တော့ပေ။ ဤလူအုပ်စုမှာ သုံးစားမရသော သစ်တုံးများသဖွယ်ပင်။ ဟော်တုံ၊ လင်းရှောင်ကျီနှင့် ဝမ်ရှကွမ်တို့မှာမူ အနည်းငယ်တော်သေးသည်။ သူတို့သည် အချိန်အတန်ကြာ လေ့ကျင့်ဖူးသောကြောင့် အမှားအယွင်းများကို ထောက်ပြလိုက်သည်နှင့် ချက်ချင်းပြင်ဆင်နိုင်သည်။

သို့သော် အခြားသူများမှာမူ ဘယ်သူပိုညံ့လဲ ပြိုင်ပွဲဝင်နေသည့်အလား တစ်ယောက်ထက်တစ်ယောက် ပို၍ညံ့ဖျင်းကြသည်။ လှုပ်ရှားမှုကို ပြင်ဆင်ပေးပြီး မကြာမီမှာပင် မေ့သွားကြပြန်သည်။ ဤအဖြစ်က သူ၏ကျန်ရှိနေသေးသော စိတ်ရှည်မှုကို လျင်မြန်စွာ ကုန်ဆုံးသွားစေခဲ့သည်။

အထူးသဖြင့် ဝမ်ရှီရှီ၊ ကျိုးယလီနှင့် မုဝမ်ဝမ်တို့သုံးဦးမှာ လော်ယွမ်ကို စိတ်ဓာတ်ကျသွားစေလုနီးပါးပင်။ ဆန့်ကျင်ဘက်အားဖြင့် ကလေးနှစ်ဦးမှာမူ အာရုံစူးစိုက်ကာ အလေးအနက်ထားကြသည်။ သူတို့၏လှုပ်ရှားမှုများမှာ ကြည့်မကောင်းလှသော်လည်း အနည်းဆုံးတော့ ထိုအမျိုးသမီးသုံးဦးထက် ပို၍သာလွန်ပေသည်။

လော်ယွမ်၏မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသည်ကိုမြင်သောအခါ လူတိုင်း တုန်လှုပ်ချောက်ချားလာကြပြီး ဖိအားများ ပိုမိုကြီးမားလာကာ လှုပ်ရှားမှုများမှာလည်း ပို၍ပင် မှားယွင်းလာတော့သည်။

"တော်ပြီ... တစ်ဆင့်ချင်းပဲ သွားကြတာပေါ့... ဘယ်လိုရပ်ရမလဲဆိုတာကနေ အရင်စမယ်"

......................................................................................................

လေ့ကျင့်မှုမှာ နေ့လယ်မှ ညနေစောင်းအထိ ကြာမြင့်ခဲ့သော်လည်း ထိုရိုးရှင်းသော ခုတ်ပိုင်းသည့်လှုပ်ရှားမှုတစ်ခုမှာ အမှားအယွင်းများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ ဟုတ်ပေသည်... ဤသည်မှာ လော်ယွမ်၏အမြင်မှ ကြည့်လျှင်သာဖြစ်သည်။ အမှန်တကယ်တွင် လူတိုင်းမှာ သိသိသာသာ တိုးတက်လာခဲ့ကြသည်။ အထူးသဖြင့် ယခင်က ဓားသိုင်းလေ့ကျင့်ဖူးသော ဝမ်ရှကွမ်တို့အုပ်စုမှာ ဓားထုတ်နှုန်း သိသိသာသာ မြန်ဆန်လာခဲ့သည်။

နေမင်းသည် တဖြည်းဖြည်း အနောက်ဘက်သို့ ယိုင်လာပြီး မကြာမီမှာပင် မှောင်တော့မည်ဖြစ်သည်။ လော်ယွမ် အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး "ဒီနေ့အတွက် ဒီလောက်ပဲ... မနက်ဖြန်မှ ဆက်လုပ်မယ်" ဟု ပြောလိုက်သည်။

လူတိုင်း စိတ်သက်သာရာရသွားကြသည်။ နေ့တစ်ဝက်လုံး ဤသို့သော အထူးအားထုတ်သည့်လေ့ကျင့်မှုမျိုးဖြင့် အကြိမ်တိုင်း အားကုန်သုံး၍ ခုတ်ပိုင်းခဲ့ရသောကြောင့် လူတိုင်း၏တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေပြီး မိမိတို့၏ခန္ဓာကိုယ်ပင် မဟုတ်တော့သကဲ့သို့ ခံစားနေရသည်။ လက်ချောင်းထိပ်များပင် အသားမာတက်နေကြသည်။ သို့သော် နေ့လယ်ခင်းတစ်လျှောက်လုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်မလျှော့ခဲ့ပေ။ ပုံမှန်အချိန်တွင် အနုအရွဆုံးဖြစ်သော ဝမ်ရှီရှီပင်လျှင် ခြွင်းချက်မရှိဘဲ အံကြိတ်ကာ ကြံ့ကြံ့ခံနေခဲ့သည်။

ထို့နောက် သူတို့အဖွဲ့က မီးမွှေးကာ ထမင်းချက်ကြတော့သည်။

နေ့တစ်ဝက်လုံး ပြင်းထန်စွာ လှုပ်ရှားခဲ့ရသောကြောင့် လူတိုင်း အလွန်အမင်းစားချင်စိတ်ဖြစ်ပေါ်နေပြီး အလုအယက် စားသောက်ကြသည်။

သို့သော် ညတဖြည်းဖြည်းမှောင်လာသည်နှင့်အမျှ လေမှာ အနည်းငယ်ပြင်းလာသည်။ အကင်းပါးသူအချို့မှာ ကောင်းကင်ကို မကြာခဏမော့ကြည့်ရင်း စိတ်ထဲတွင် တဖြည်းဖြည်း စိုးရိမ်ပူပန်လာကြသည်။ စကားပြောဆိုသံများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူတိုင်း၏မျက်နှာမှာ လေးလံလာကြသည်။

ညစာစားချိန် ပြီးဆုံးခါနီးတွင် မမြင်ချင်ဆုံးသော မြင်ကွင်းက ကောင်းကင်ယံ၌ တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။ ထိုအရာမှာ လှပသော ဥတ္တရအလင်းတန်းပင် ဖြစ်သည်။

လှပပြီး ခမ်းနားထည်ဝါသော မြင်ကွင်းက လူတိုင်းကို တစ်ကိုယ်လုံး အေးစက်သွားစေပြီး ပါးစပ်ထဲမှ အရသာရှိသော အစားအစာများမှာလည်း ဖယောင်းခြောက်ကို ဝါးနေရသကဲ့သို့ ဖြစ်သွားသည်။

"မြန်မြန်စားကြ... ပြီးရင် လှိုင်ဂူထဲဝင်ကြမယ်" လော်ယွမ် အော်ပြောလိုက်သည်။

လူတိုင်း သတိပြန်ဝင်လာကြပြီး မျက်နှာများဖြူဖျော့ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပန်းကန်များနှင့် တူများကို ပစ်ချပြီး လှိုင်ဂူထဲသို့ အလျင်အမြန်ပြေးဝင်သွားကြသည်။

လှိုင်ဂူထဲတွင် အမှောင်ထုက လွှမ်းခြုံထားပြီး ပူအိုက်ကာ ဖိစီးမှုများဖြင့် ပြည့်နှက်နေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ စကားမပြောဘဲ လှိုင်ဂူမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြင်းထန်သော အသက်ရှူသံများနှင့် မိမိတို့၏ နှလုံးခုန်သံပြင်းပြင်းများသာ နားထဲတွင် ကြားနေရသည်။

စိတ်ရှည်ရှည်ဖြင့် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အပြင်ဘက်မှ မိုးခြိမ်းသံများ တဖြည်းဖြည်း ကြားလာရသည်။

သို့သော် ယခုတစ်ကြိမ်တွင် မိုးကြိုးမုန်တိုင်း၏ ပြင်းထန်မှုမှာ မနေ့ကလောက်မဆိုးရွားဘဲ အကြိမ်အရေအတွက်မှာလည်း နည်းပါးသွားသည်။ အချိန်မှာလည်း မကြာမြင့်ဘဲ ညသန်းခေါင်ယံသို့ရောက်သောအခါ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

.........................................................................................................

နောက်ထပ်ငါးရက်ဆက်တိုက် ကောင်းကင်တွင် ဥတ္တရအလင်းတန်းနှင့် မိုးကြိုးမုန်တိုင်းများ နေ့စဉ်ပေါ်ပေါက်ခဲ့သော်လည်း ပြင်းထန်မှုမှာ တစ်ကြိမ်ထက်တစ်ကြိမ် လျော့နည်းလာခဲ့ပြီး ခြောက်ရက်မြောက်နေ့တွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။ မိုးကြိုးမုန်တိုင်းများ ပျောက်ကွယ်သွားသော်လည်း ကမ္ဘာမြေကြီးအပေါ်တွင်မူ ကြီးမားသောအကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အထင်ရှားဆုံးအကျိုးသက်ရောက်မှုမှာ အပူချိန် တဖြည်းဖြည်း မြင့်တက်လာခြင်းပင် ဖြစ်သည်။

မိုးကြိုးမုန်တိုင်းများပြီးဆုံးပြီး နောက်တစ်နေ့တွင် နေ့ခင်းဘက်အမြင့်ဆုံးအပူချိန်မှာ ၅၀-၆၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာခဲ့သည်။ နေ့လယ်ခင်းအချိန်သို့ရောက်သောအခါ တောအုပ်တစ်ခုလုံးမှာ မြင့်မားသောအပူချိန်ကြောင့် အမြင်အာရုံများပင် ယိမ်းယိုင်နေသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ရေငွေ့အများအပြား အငွေ့ပျံသွားသောကြောင့် တောအုပ်အပေါ်ဘက်တွင် အလွှာလိုက်ထပ်နေသော တိမ်ဖြူတိမ်ခဲကြီးများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အပင်များသည် ကမ္ဘာပျက်ကာလအစပိုင်းက မြင်ကွင်းကို ထပ်မံဖြစ်ပေါ်စေခဲ့ပြီး နေ့စဉ်နှင့်အမျှ ကြီးထွားပြောင်းလဲနေကြပြန်သည်။ သန္ဓေပြောင်းအပင်များ၏ အမြစ်များမှာ အလွန်ဖွံ့ဖြိုးပြီး အများစုမှာ မြေအောက် ပေ၃၀၀ခန့်အထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေကြသည်။ အပူချိန်မြင့်တက်လာမှုနှင့် ရေအများအပြားအငွေ့ပျံသွားမှုတို့က သူတို့ကို အဟန့်အတားမဖြစ်စေသည့်အပြင် ပို၍ပင် ရှင်သန်ကြီးထွားစေခဲ့သည်။

မူလက သယ်ယူပို့ဆောင်ရေးလေယာဉ် တိုက်မိ၍ ကျိုးပဲ့သွားသော သစ်ပင်များမှာ ယခုအခါ အကိုင်းအခက်အရွက်များ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ငါးရက်၊ ခြောက်ရက်အတွင်းမှာပင် ၆ပေခန့် မြင့်တက်လာခဲ့သည်။ အကယ်၍ လော်ယွမ်သာ အချိန်မီမရှင်းလင်းခဲ့ပါက တစ်လမကြာမီမှာပင် ဤနေရာသည် အပင်များဖြင့် ပြန်လည်ဖုံးလွှမ်းသွားပေမည်။

မျက်စိရှေ့မှ ဤမြင်ကွင်းက လူတိုင်း၏စိတ်ထဲတွင် ကြီးမားသော ထိတ်လန့်တုန်လှုပ်ခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး အပြုံးများမှာလည်း ပိုမိုရှားပါးလာကာ စကားပြောဆိုမှုမှာလည်း နည်းပါးလာခဲ့သည်။ လူတိုင်း၏စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံးဖြင့် ဖိထားသကဲ့သို့ အသက်ရှူကျပ်နေကြပြီး ထိုကြီးမားသောဖိအား၏ လှုံ့ဆော်မှုအောက်တွင် ဤရက်များအတွင်း အားလုံးက ဓားသိုင်းကို အံကြိတ်ကာ အပြင်းအထန်လေ့ကျင့်ပြီး မိမိတို့၏စွမ်းရည်ကို မြှင့်တင်ရန် ကြိုးစားနေကြတော့သည်။

ဆက်ရန်...

အပိုင်း(၂၁၁)စမ်းရေ

မိုးသောက်ယံအချိန်တွင် ကောင်းကင်မှာ မှိန်ပျပျ လင်းနေဆဲဖြစ်ပြီး လော်ယွမ်သည် ဇလုံကြီးတစ်လုံးကိုဆွဲကာ စမ်းချောင်းရှိရာသို့ သွားနေသည်။

ဇလုံမှာ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ သံချပ်ကာကို ဖြတ်တောက်ပြုလုပ်ထားသောကြောင့် သံဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အချင်းမှာ ၁ပေခွဲခန့်ရှိသည်။ တတ်နိုင်သမျှ ပါးလွှာအောင် ပြုလုပ်ထားသော်လည်း အလေးချိန်မှာ ဆယ်ကီလိုဂရမ်ကျော်ခန့်ရှိနေဆဲဖြစ်ပြီး ဒိုင်းကာတစ်ခုအဖြစ်ပင် အသုံးပြုနိုင်လောက်သည်။

ယခုမှာ နံနက်ခင်းသာဖြစ်သော်လည်း အပူချိန်မှာ အတော်ပင်မြင့်မားနေပြီဖြစ်ပြီး ၃၀ ဒီဂရီကျော်ခန့် ရှိနေသည်။ သို့သော် နေ့လယ်ခင်းအချိန်နှင့် နှိုင်းယှဉ်ပါက ဤအချိန်သည် အအေးမြဆုံးအချိန်ဖြစ်သည်မှာ သေချာ၏။

မိုးကြိုးမုန်တိုင်း ပျောက်ကွယ်သွားသည်မှာ ငါးရက်တိတိ ရှိသွားပြီဖြစ်သည်။ မူလက တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ကြီးသည် တစ်ဖန်ပြန်လည် တက်ကြွလှုပ်ရှားလာပြီး တောနက်ထဲတွင် သန္ဓေပြောင်းသတ္တဝါများ၏ အရိပ်အယောင်များနှင့် ပိုးကောင်များ၏ အော်မြည်သံများကို အခါအားလျော်စွာ ကြားနေရသည်။ လွန်ခဲ့သောရက်များနှင့် နှိုင်းယှဉ်ပါက အတော်ပင် ဆူညံနေ၏။

လော်ယွမ်က အလျင်မလိုဘဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ သူ၏မျက်နှာမှာ တည်ကြည်လေးနက်နေပြီး မျက်မှောင်ကြုတ်ထားသည်။ ညာလက်တွင် ကိုင်ဆောင်ထားသော ကျန်းမာတောက်ဓားဖြင့် လမ်းဘေးနှစ်ဖက်မှ ထိုးထွက်နေသော သစ်ကိုင်းများကို မကြာခဏ ခုတ်ပိုင်းနေသည်။ ဤသစ်ကိုင်းများသည် စိမ်းစိုနုနယ်နေပြီး အနည်းငယ် ကွေးကောက်နေသေးရာ မနေ့ညကမှ အသစ်ထွက်လာသော အကိုင်းအခက်များဖြစ်ကြောင်း ထင်ရှားလှ၏။

သစ်ရွက်ခြောက်များ ထပ်ဆင့်ဖုံးလွှမ်းနေသော ပွယောင်းသည့်မြေပြင်မှာ အနည်းငယ် စိုစွတ်နေသည်။ ဤသည်မှာ တစ်ညတာ နှင်းကျသည့်အကျိုးဆက်ပင် ဖြစ်သည်။ အပေါ်ယံအလွှာကို ဖယ်လိုက်ပါက အတွင်းပိုင်းမှာ လုံးဝခြောက်သွေ့နေသော သစ်ရွက်ခြောက်များနှင့် အမှုန့်ဖြစ်နေသော မြေဆီလွှာများသာ ဖြစ်သည်။

မိုးမရွာသည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤသည်မှာ အနောက်ပိုင်းဒေသများတွင် လုံးဝပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ဤကဲ့သို့သော အပူချိန်မြင့်မားမှုအောက်တွင်မူ သေစေနိုင်လောက်သည်။

(တရုတ်ပြည်အနောက်ပိုင်းက ကန္တာရတွေ တောင်တွေရှိပြီး မိုးခေါင်လေ့ရှိပါတယ်)

သို့သော် ဤအပင်များ၏ ကြီးထွားမှုမှာမူ တစ်နေ့တခြား ပို၍အားကောင်းလာသည်။ သူတို့၏အမြစ်များသည် မြေကြီးအနက်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်နေသောကြောင့်လားမသိ ထိုအပူချိန်ကလုံးဝသက်ရောက်မှုမရှိချေ။ သို့သော် သန္ဓေပြောင်းသတ္တဝါများမှာမူ အခြေအနေမကောင်းနိုင်ပေ။ ဤရက်ပိုင်းအတွင်း အပူချိန်မြင့်မားမှုကြောင့် ရေများစွာ အငွေ့ပျံသွားပြီး စမ်းချောင်းရေမျက်နှာပြင်မှာ တစ်နေ့ထက်တစ်နေ့ နိမ့်ကျလာသည်။ မနေ့က မြင်ခဲ့ရသော အခြေအနေအရဆိုလျှင် ရာသီဥတုက ဤအတိုင်းရှိနေပါက တစ်ရက်၊ နှစ်ရက်အတွင်း ရေအရင်းအမြစ် ပြတ်တောက်သွားနိုင်ပေသည်။

သို့သော် ယခုကြည့်ရသည်မှာ ယနေ့က နေသာသောနေ့တစ်နေ့ ဖြစ်ဦးမည်မှာ ထင်ရှားလှ၏။

လေးလံသော စိတ်ခံစားချက်ဖြင့် မကြာမီပင် လော်ယွမ်သည် စမ်းချောင်းစပ်သို့ ရောက်ရှိလာသည်။ သို့သော် မျက်စိရှေ့တွင် မြင်လိုက်ရသော အခြေအနေမှာ သူထင်ထားသည်ထက်ပင် ပို၍ဆိုးရွားနေ၏။

တစ်ရက်တာ မတွေ့လိုက်ရုံဖြင့် ဤနေရာရှိ စမ်းချောင်းရေမှာ ခမ်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ မနေ့က တစ်ပေကျော်ခန့် နက်သေးသော်လည်း ယခုအခါ ခြောက်လက်မခန့်သာရှိသော ရေတိမ်တစ်လွှာသာ ကျန်တော့သည်။ ထို့အပြင် စမ်းချောင်းထဲတွင် ငါးသေ၊ ပုစွန်သေများဖြင့် ပြည့်နှက်နေပြီး ဤငါးအများစုမှာ သေဆုံးသည်မှာ တစ်ရက်၊ နှစ်ရက်ထက်မပိုသေးသော်လည်း အပူချိန်မြင့်မားမှုက ဤငါးသေများကို ပို၍လျင်မြန်စွာ ပုပ်သိုးစေသည်။

အချိန်တိုအတွင်းမှာပင် ဤငါးများ၏ကိုယ်ပေါ်တွင် လောက်ကောင်များဖြင့် ပြည့်နှက်နေပြီး အချို့ငါးသေများမှာ အနီးအနားမှ သန္ဓေပြောင်းသတ္တဝါများ၏ ကိုက်ဖြတ်ခြင်းကို ခံထားရသောကြောင့် စမ်းချောင်းရေကိုပင် ပုပ်သိုးသော အညိုရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ထို့အပြင် နေရာတိုင်းတွင် လောက်ကောင်များ၊ သန္ဓေပြောင်း ခြင်နှင့် ယင်ကောင်များအပြင် လေထုထဲတွင်လည်း ပြင်းထန်သော အပုပ်နံ့များ ပျံ့လွင့်နေသောကြောင့် လူကို လှည့်ပြန်ပြေးချင်စိတ်ပင် ပေါက်စေနိုင်သည်။

သို့သော် ဤအရာများက လော်ယွမ်ကို မျက်မှောင်ကြုတ်သွားစေပြီး မျက်နှာကို အနည်းငယ် ပို၍မည်းမှောင်သွားစေရုံသာ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို တစ်ချက်လွှတ်လိုက်၊ တစ်ချက်ထိန်းလိုက်ရာ လက်သီးဆုပ်အရွယ်ရှိသော မရေမတွက်နိုင်သည့် သန္ဓေပြောင်း ခြင်နှင့်ယင်ကောင်များသည် တဖြုတ်ဖြုတ် ကြွေကျလာပြီး မကြာမီ မြေပြင်ပေါ်တွင် အလွှာတစ်လွှာ ဖြစ်သွားသည်။

ထို့နောက် လော်ယွမ်က စမ်းချောင်းအထက်ပိုင်းဆီသို့ လျှောက်သွားကာ အနည်းငယ်ပို၍သန့်ရှင်းသော ရေအရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။

ဤစမ်းချောင်းငယ်သည် အနီးအနားတွင်ရှိသည့် တစ်ခုတည်းသော ရေအရင်းအမြစ်ဖြစ်သောကြောင့် သန္ဓေပြောင်းသတ္တဝါများ လှုပ်ရှားသွားလာမှု များပြားလှသည်။ ခရီးတစ်လျှောက်တွင် စမ်းချောင်းကမ်းစပ်၌ ရေသောက်နေသော သန္ဓေပြောင်းသတ္တဝါများစွာတို့သည် တစ်ကိုယ်လုံး တုန်ခါသွားပြီး ဤနေရာမှ အလျင်အမြန် ထွက်ပြေးကြသည်။ မည်းမှောင်နေသော မျက်နှာနှင့် လော်ယွမ်၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေပြီး လူကိုကိုက်ဖြတ်စားသောက်တတ်သော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အနားမကပ်မီမှာပင် သန္ဓေပြောင်းသတ္တဝါများ အလျင်အမြန် ထွက်ပြေးကြတော့သည်။

ဟုတ်ပေသည်၊ ထိန်းချုပ်ရခက်ခဲပြီး သွားဖြဲခြိမ်းခြောက်သော အကောင်များလည်း ရှိသည်။ သို့သော် ချက်ချင်းပင် သူ့၏ဓားအောက်မှ အလောင်းများ ဖြစ်သွားကြပြီး လော်ယွမ်က ဆွဲမကာ ကျောပေါ်တွင် ထမ်းထားလိုက်သည်။

နာရီဝက်ခန့် လျှောက်ပြီးနောက် သူ စိတ်မရှည်တော့သည့် အချိန်တွင် လော်ယွမ်သည် နောက်ဆုံးတွင် ခပ်တိမ်တိမ်ရေအိုင်ငယ်တစ်ခုကို တွေ့ရှိလိုက်သည်။

ဤနေရာတွင် စမ်းချောင်းရေမှာ လုံးဝပြတ်တောက်သွားပြီဖြစ်ပြီး ဤအနည်းငယ်ပိုနက်သော ချိုင့်ခွက်ထဲတွင်သာ ရေအနည်းငယ် ကျန်ရှိနေတော့သည်။ သို့သော် အနက်မှာ ၃ပေကျော်ခန့်သာရှိပြီး ရေအရည်အသွေးမှာ ရွှံ့အိုင်ကဲ့သို့ အလွန်နောက်ကျိနေသည်။ သို့သော် ဤအချိန်တွင် ဇိမ်ခံနေ၍မဖြစ်နိုင်တော့ပေ။ အနည်းဆုံးတော့ ပုပ်သိုးနံစော်နေသော ရေဆိုးများထက် များစွာသာလွန်သေးသည်။

လော်ယွမ်က ဇလုံကိုယူကာ ရေအပြည့်ဖြည့်လိုက်ပြီးနောက် ဤနေရာမှ အလျင်အမြန် ထွက်ခွာခဲ့သည်။ ယခုကဲ့သို့ ရေရှားပါးသော အခြေအနေတွင် ဤနေရာသည် မကြာမီအချိန်အတွင်း တိရစ္ဆာန်များ၏ ရေသောက်စုရပ်နေရာ ဖြစ်လာပေလိမ့်မည်။ သူ၏အစွမ်းမှာ အားကောင်းသော်လည်း ဤရှေးဟောင်းတောအုပ်ကြီးထဲတွင် စိတ်တိုင်းကျ သွားလာနိုင်မည်ဟု ယုံကြည်မှုမရှိပေ။

အပြန်လမ်းတွင် အရှိန်မှာ များစွာပိုမြန်လာသည်။ ရေအပြည့်ထည့်ထားသော ဇလုံသည် သူ၏ အနိမ့်အမြင့် ပြေးလွှားမှုအောက်တွင် ပြင်ညီအတိုင်း ဖြစ်နေပြီး ရေအနည်းငယ်သာ ဖိတ်စင်ကျသည်။

ဆယ်မိနစ်ကျော်ခန့် အချိန်အတွင်းမှာပင် လော်ယွမ် စခန်းသို့ ပြန်လည်ရောက်ရှိလာသည်။

ယခုအခါ စခန်းမှာ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်သည်။ ယခင်တစ်ခေါက်ကဲ့သို့ အသက်ဆုံးရှုံးရသည့် ကိစ္စမျိုးကို ရှောင်ရှားရန်အတွက် ဤရက်ပိုင်းအတွင်း သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ပတ်လည် ပေ၁၀၀ခန့်ရှိသော တောအုပ်ကို အားလုံးက ခုတ်ထွင်ရှင်းလင်းလိုက်ကြပြီး ပေါင်းပင်များကိုလည်း တစ်ခုမကျန် ရှင်းလင်းလိုက်ကြသည်။ ပွယောင်းနေသော မြေဆီလွှာကိုပင် လူအချို့က လေးလံသော သစ်လုံးကြီးများကို အားနှင့်တွန်းကာ တင်းကျပ်စွာ ဖိသိပ်ထားကြသည်။

သို့သော် ဤသို့ပြုလုပ်ထားသည့်တိုင်အောင် နောက်နေ့နံနက်တွင် စိမ်းစိုသော အညွန့်အဖူးများ မြေကြီးထဲမှ တစ်ဖန်ပြန်လည် ထိုးထွက်လာသည်ကို မြင်တွေ့ရစမြဲဖြစ်သည်။

ဤအချိန်တွင် လူအားလုံးသည် နံနက်ခင်း၏ ရှားပါးသော အေးမြမှုကို အခွင့်ကောင်းယူကာ ဓားသိုင်းကို ကြိုးစားလေ့ကျင့်နေကြသည်။ အမျိုးသားများစွာတို့သည် အပေါ်ပိုင်းဗလာကျင်းဖြင့် တစ်ကိုယ်လုံးတွင် စေးကပ်သော ချွေးများဖြင့် စိုရွှဲနေပြီး မမောမပန်းနိုင်ဘဲ အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေကြသည်။ ဓားသွားက လေထုကို ဖြတ်တောက်သွားတိုင်း လေကိုခွဲဖြတ်သွားသော တရွှီရွှီမြည်သံများ ထွက်ပေါ်လာသည်။

ဤရက်များအတွင်း လော်ယွမ်သည် အခြေခံဓားသိုင်းအချို့နှင့် သက်ဆိုင်ရာ ကြွက်သားအသုံးပြုပုံများကို ထမင်းခူးခပ်ဝါးကျွေးသကဲ့သို့ တစ်ခုချင်းစီ သင်ကြားပေးခဲ့ပြီးဖြစ်သည်။ နောက်ပိုင်းတွင်မူ တစ်ဦးချင်းစီ၏ အကြိမ်ကြိမ်လေ့ကျင့်မှုအပေါ်တွင်သာ မှီခိုရမည်ဖြစ်ပြီး ကြွက်သားမှတ်ဉာဏ်အဖြစ်သို့ ပြောင်းလဲကာ ပင်ကိုအသိစိတ်အဖြစ်သို့ ရောက်ရှိသွားစေရန် ဖြစ်သည်။ အမှန်တွင် အသက်ရှူမှားလောက်သော ဖိအားအောက်တွင် ဤသူများသည် လော်ယွမ်ထင်ထားသည်ထက် များစွာပို၍ ကြိုးစားကြသည်။ အားလပ်ချိန်ရသည်နှင့် ပြင်းထန်သော လေ့ကျင့်ခန်းများကို စတင်ပြုလုပ်ကြတော့သည်။

ဆယ်ရက်ကျော်ခန့်ကနှင့် နှိုင်းယှဉ်ပါက ဤသူများသည် အနည်းနှင့်အများ တိုးတက်လာကြပြီး အနည်းဆုံးတော့ ယခင်ကကဲ့သို့ ကြည့်မကောင်းလောက်အောင် ဆိုးရွားမနေတော့ချေ။

ထို့အပြင် မှန်ကန်စွာ အားစိုက်ထုတ်မှုကြောင့် ဖြစ်မည်၊ လူအများစု၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားသည်။ မူလက ကြမ်းတမ်းမာကျောပြီး အဖုအထစ်ဖြစ်နေသော ကြွက်သားများသည် နူးညံ့ပျော့ပျောင်းလာပြီး ၎င်းတို့အစား ပိုက်ကွန်ကဲ့သို့ ယှက်ဖြာနေသော ကြွက်သားမျှင်များက အစားထိုးဝင်ရောက်လာသည်။ ရုပ်ရည်သွင်ပြင်အရ လူတိုင်းမှာ အတော်ပင် ပိန်သွားကြသော်လည်း ပေါက်ကွဲအားနှင့် အရှိန်မှာမူ ပို၍အားကောင်းလာကြသည်။

သို့သော် လော်ယွမ် အမျှော်လင့်ဆုံးမှာမူ တန့်ဝေနှင့် ကျုံးချူ့ချန် ဟူသော ကလေးနှစ်ယောက်ပင် ဖြစ်သည်။ ပြင်းထန်သော လုံခြုံမှုမရှိသည့် ခံစားချက်ကြောင့် ဖြစ်မည်၊ ဤနှစ်ယောက်သည် အသက်ကိုပင် ပဓာနမထားဘဲ လေ့ကျင့်ကြသည်။ စားသောက်ချိန်နှင့် အိပ်စက်ချိန်များတွင်ပင် လက်ဟန်ခြေဟန်များဖြင့် ကြွက်သားများ၏ လှုပ်ရှားမှုကို အမြဲတစေ ခံစားလေ့ကျင့်နေကြသည်။ သူတို့သည် ယခုအချိန်တွင် ဟော်တုံ၊ ဝမ်ရှကွမ်တို့နှင့် နှိုင်းယှဉ်၍မရသေးသော်လည်း ဤကဲ့သို့သော ပြင်းပြသည့်စိတ်ဓာတ်နှင့် ဖြူစင်သောစိတ်ထားတို့ဖြင့် နောင်တစ်ချိန်တွင် ဓားရောင်ခြည်ကို လေ့ကျင့်နိုင်ရုံသာမက အရှိန်အဝါစက်ကွင်းကိုပင် နားလည်သဘောပေါက်နိုင်စွမ်း ရှိလာနိုင်ပေသည်။

လော်ယွမ် ပြန်လာသည်ကိုမြင်သောအခါ ဟွမ်ကျားဟွေသည် ဓားကိုချလိုက်ပြီး ချွေးသုတ်ကာ လော်ယွမ်၏ ဇလုံကို လှမ်းယူလိုက်သည်။ ဇလုံထဲမှရေကို မြင်သောအခါ သူမ၏ကိုယ်မှာ အနည်းငယ် တုန်သွားပြီး "စမ်းချောင်းမှာ ရေမရှိတော့ဘူးလား"

"ဒီတစ်ရက် နှစ်ရက်အတွင်း ဖြစ်သွားတာနေမယ်... စမ်းချောင်းက ခန်းလုနီးပါးဖြစ်နေပြီ" လော်ယွမ်က ခေါင်းခါရင်း ဆိုသည်။ "စမ်းချောင်းရေကိုတော့ အားကိုးလို့မရတော့ဘူး... နေ့လယ်ကျရင် ငါ တောထဲသွားပြီး ရေအရင်းအမြစ်အသစ် ရှာကြည့်မယ်"

သူတို့နှစ်ဦးက အသံကို တမင်တကာ နှိမ့်ထားခြင်း မရှိပေ။

ကျန်သူများက ထိုစကားကို ကြားလိုက်သောအခါ ဓားများကိုချကာ စိုးရိမ်သောကရောက်သော မျက်နှာများဖြင့် လျှောက်လာကြသည်။ ထိုနောက်ကျိနေသော ရေဇလုံကို မြင်သောအခါ မျက်နှာများ ချက်ချင်းပြောင်းလဲသွားကြသည်။

ရေမရှိခြင်းသည် သေစေနိုင်သော ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဤကဲ့သို့သော ရာသီဥတုတွင် လူတိုင်းသည် နေ့စဉ် ရေများစွာ သောက်သုံးကြရသည်။ အကယ်၍ ရေပြတ်တောက်သွားပါက တစ်ရက်ပင် ခံနိုင်မည်မဟုတ်ပေ။ လော်ယွမ်ကဲ့သို့သော ခန္ဓာကိုယ်မျိုးပင်လျှင် သိပ်ထူးမည်မဟုတ်ပေ။

"ရေအရင်းအမြစ်အသစ် မတွေ့ရင်တောင် စိတ်မပူကြနဲ့" လော်ယွမ်က ခဏစဉ်းစားပြီး နှစ်သိမ့်လိုက်သည်။ "အပင်တော်တော်များများမှာ ရေဓာတ်အများကြီးပါတယ်... သေချာရှာရင်အဲ့လိုအပင်တွေ တွေ့နိုင်တယ်"

"အရင်တစ်ခါ သောက်ဖူးတဲ့ သစ်ရည်မျိုးသာ ရှာတွေ့ရင် ကောင်းမှာပဲ" ဟော်တုံက ဆိုသည်။

ဝမ်ရှီရှီက မသိစိတ်ဖြင့် တံတွေးမျိုချလိုက်သည်။ ထိုအရသာရှိလှသော သစ်ရည်ကို ယခုအချိန်အထိ မှတ်မိနေဆဲဖြစ်သည်။

"ဒါကတော့ ကံကောင်းမှပဲတွေ့နိုင်မှာာ... ဒါနဲ့ငါတို့ ရေတွင်းတူးကြရင်ရော မကောင်းဘူးလား" တပ်ခွဲမှူးရှက သံသယဖြင့် ဆိုသည်။

"တပ်ခွဲမှူး... မဖြစ်နိုင်လောက်ဘူးဗျ... ဒီနေရာက အနောက်ပိုင်းဒေသလေ... မူလကတည်းက ရေအရမ်းရှားတာ... ရေတွင်းတော်တော်များများက ပေ၅၀ကနေ ၁၀၀လောက်ထိ တူးမှ ရေထွက်တာ.... ဒါ့အပြင် ဒီနေရာက တောင်စောင်းဖြစ်လို့ မြေမျက်နှာပြင်မြင့်တယ်... အောက်မှာလည်း ကျောက်ဆောင်တွေချည်းပဲ ကံကောင်းလို့ မြေအောက်မြစ်နဲ့ တိုးမှပဲရေရမှာ... မဟုတ်ရင် ပေ၃၀၀လောက်တူးတာတောင် ရေထွက်မှာမဟုတ်ဘူး" စစ်သားတစ်ဦးက ပြောသည်။

"နှင်းရည်တွေ စုတာမျိုးလုပ်ရင်ရော... ကျွန်မ အမေဇုန်စွန့်စားခန်း စာအုပ်တစ်အုပ်မှာ အဲ့ဒီလိုရေးထားတာ ဖတ်ဖူးတယ်" ချောင်လင်းက ဆိုသည်။

"ရော်ဘင်ဆင် ခရူးဆိုး စွန့်စားခန်းထဲမှာ မဟုတ်လား" လင်းရှောင်ကျီက ဝင်ပြောသည်။

ချောင်လင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ "ကျွန်မ သတိထားမိတာက တောထဲမှာ ရေငွေ့ပျံနှုန်းက အရမ်းမြင့်တယ်... နေ့တိုင်းမနက်ခင်းမှာ နှင်းရည်တွေ အရမ်းများတယ်... ကျွန်မတို့ သစ်ရွက်တွေကိုသုံးပြီး နှင်းရည်တွေ စုလို့ရတယ်"

လော်ယွမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ "ဒီအကြံ ဖြစ်နိုင်တယ်... စုဆောင်းတဲ့နေရာ ကျယ်ရင် ငါတို့ လုံလောက်တဲ့ရေကို ရနိုင်တယ်... မနက်စာစားပြီးရင် အားလုံး တောထဲမှာ သစ်ရွက်တွေသွားစုကြမယ်"

"ကျွန်မတို့လည်း သွားရမှာလား" ကျိုးယလီက အမှတ်တမဲ့ ပြောလိုက်သည်။

"ဒီတစ်ခါတော့ အားလုံးသွားရမယ်... ဒီအတောအတွင်း အားလုံးဓားသိုင်းကြိုးစားလေ့ကျင့်ထားကြတာ အခုကလက်တွေ့စမ်းသတ်ကြည့်ရမယ့်အချိန်ပဲ... ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ တစ်နေ့ဒီနေရာကနေ ခွာရမှာပဲလေ... ပြီးတော့ငါကလည်း မင်းတို့ကို အမြဲတမ်းကာကွယ်ပေးနိုင်မှာမဟုတ်ဘူး" လော်ယွမ်က လေသံအေးအေးဖြင့် ဆိုသည်။

စကားသံမဆုံးမီမှာပင် အခြေအနေက တင်းမာသွားပြီး လူတိုင်း၏ မျက်နှာအမူအရာမှာ အမျိုးမျိုးပြောင်းလဲသွားကြတော့သည်။

ဆက်ရန်...

အပိုင်း(၂၁၂)စိတ်လှုပ်ရှားခြင်း

အချို့သူများ မည်မျှပင် မလိုလားကြစေကာမူ မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်စကားမဆိုခဲ့ချေ။

လူတို့သည် မိမိတို့ထက် ပိုမိုအစွမ်းအစရှိသူကို နာခံရန် အမြဲတမ်းအလေ့အကျင့်ရှိကြသည်။ ထိုအစွမ်းအစရှိခြင်းတွင် အာဏာ၊ ဓနဥစ္စာနှင့် အခြေခံအကျဆုံးဖြစ်သော ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ ပါဝင်သည်။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် ရုပ်ပိုင်းဆိုင်ရာခွန်အားက အရေးမပါဆုံးဖြစ်ပြီး ရှေ့နှစ်ချက်နှင့် လုံးဝနှိုင်းယှဉ်၍မရပေ။ သို့သော် ကမ္ဘာပျက်ကပ်တွင်မူ၊ အထူးသဖြင့် ပြင်ပလောကနှင့်အဆက်အသွယ်ပြတ်တောက်နေသော ဤနေရာတွင်မူ နောက်ဆုံးအချက်က အကြွင်းမဲ့အသာစီးရနေသည်မှာ သေချာသည်။

လော်ယွမ်သည် အဖွဲ့ထဲတွင် အပြတ်အသတ်လွှမ်းမိုးနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့် သူ၏စကားတစ်ခွန်းက အတည်ဖြစ်သောနေရာကို အလိုအလျောက် ရရှိထားသည်။ ဤသည်မှာ စကားဖြင့်ဖော်ပြရန်မလိုသော နားလည်မှုတစ်ခုဖြစ်ပြီး အသစ်ရောက်ရှိလာသော စစ်သားများပင် သစ္စာဖောက်ရန်အတွေးမရှိသည့်တိုင် ဤသို့သော လူမှုအသိုင်းအဝိုင်း၏ စည်းမျဉ်းကိုပင်ကိုယ်အသိဖြင့် လိုက်နာကြသည်။ ထိုစစ်သားများ၏အထက်အရာရှိဖြစ်သော တပ်စုမှူးရှပင်လျှင် ထိုနည်း၎င်းပင်။ စစ်သားတစ်ဦးဖြစ်သောကြောင့် အစွမ်းအစရှိသူအပေါ်နာခံမှုမှာ ပို၍ပင်မြင့်မားသည်။

ထို့နောက် မီးမွှေးကာ လော်ယွမ်စောစောက ပစ်ချခဲ့သော သားကောင်ကို ချက်ပြုတ်ပြင်ဆင်ကြသည်။

မကြာမီမှာပင် ထမင်းကျက်သွားပြီး လူတိုင်း စုဝေးကာ တိတ်တဆိတ် စားသောက်ကြသည်။

ထိုအတောအတွင်း စကားပြောသူ အလွန်နည်းပါးပြီး လူတိုင်း၏မျက်နှာအမူအရာမှာ တည်ကြည်နေကာ ပတ်ဝန်းကျင်လေထုက အနည်းငယ်လေးလံနေသည်။

ဝေ့ရှောင်ဟူသည် အသားပြုတ်ရည်ဖြင့် အပင်ဥတစ်မျိုးကို အားပါးတရ ဝါးစားနေသည်။ ဤအရာသည် အရသာကောင်းပြီး ဝါးလိုက်သောအခါ ပြောမပြတတ်သော မွှေးရနံ့တစ်မျိုးထွက်ပေါ်လာသော်လည်း အသားမှာ အလွန်ကြမ်းတမ်းလှသည်။ လည်ချောင်းထဲသို့ မျိုချလိုက်သောအခါ အစာပြွန်ကို ဆွဲခြစ်လိုက်သကဲ့သို့ နာကျင်စေသည်။ သို့သော် ဘယ်နေ့ထိအသက်ရှင်မလဲဟု တွေးတောနေရသော စစ်သားတစ်ဦးအတွက် ဤမျှလောက်နာကျင်မှုက ဘာမှမဟုတ်ပေ။

ပြောရလျှင် သူစစ်မှုထမ်းသည်မှာ ခြောက်လသာရှိသေးပြီး ၎င်းမှာ သုံးလကြာ စစ်သားသစ်လေ့ကျင့်ရေးကာလပါ ထည့်သွင်းထားခြင်းဖြစ်သည်။ သို့သော် သူသည် တာဝန်ခုနစ်ကြိမ် တွေ့ကြုံပြီးဖြစ်ကာ အချို့မှာ တိုက်ပွဲကြီးများဖြစ်သောကြောင့် စစ်သားဟောင်းတစ်ဦးဟုပင် ဆိုနိုင်ပြီဖြစ်သည်။

သူသည် ဒုက္ခသည်တစ်ဦးအနေဖြင့် စစ်တပ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သူကဲ့သို့သော ဒုက္ခသည်များစွာ ရှိနေသည်။ လစဉ်လတိုင်း ဒုက္ခသည်သိန်းပေါင်းများစွာသည် ပြန်လည်တည်ဆောက်ရေးဇုန်သို့ စီးဝင်လာကြသည်။ ပြန်လည်တည်ဆောက်ရေးဇုန်မှ လိုအပ်သောပညာရှင်များနှင့် တိုက်ခိုက်နိုင်စွမ်းမရှိသော အိုမင်းမစွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးများမှလွဲ၍ အများစုမှာ စစ်မှုမထမ်းမနေရ ဝင်ရောက်ကြရသည်။ အထက်တန်းပညာအရည်အချင်းသာရှိပြီး ကမ္ဘာမပျက်မီက ပုဂ္ဂလိကလုပ်ငန်းတစ်ခု၏ ထုတ်လုပ်မှုလိုင်းတွင် အလုပ်လုပ်ခဲ့သောသူက ပညာရှင်ဟု မဆိုသာချေ။

စက်ရုံတစ်ရုံ၏ ထုတ်လုပ်မှုဖြစ်စဉ်ကဲ့သို့ပင် နေ့စဉ် စစ်သားများစွာ သေဆုံးကြပြီး နေ့စဉ် စစ်သားသစ်များစွာ အဖွဲ့ထဲသို့ ဖြည့်တင်းဝင်ရောက်လာကြသည်။ ကမ္ဘာပျက်ကပ်တွင် လူ့အသက်သည် ဈေးပေါသော ကုန်ပစ္စည်းတစ်ခုမျှသာဖြစ်ပြီး တစ်ခုတည်းသောကွာခြားချက်မှာ တစ်ခုက ကုန်ပစ္စည်းထုတ်လုပ်ပြီး အခြားတစ်ခုက စစ်သားများထုတ်လုပ်ခြင်းပင်။

အမှန်အတိုင်းပြောရလျှင် သူသည် ဤသစ်တောထဲသို့ လေယာဉ်ပျက်ကျခဲ့ခြင်းကို အနည်းငယ်ကံကောင်းသည်ဟုပင် ယူဆမိသည်။ ပြန်လည်တည်ဆောက်ရေးဇုန်တွင်သာဆိုလျှင် ယခုအချိန်တွင် တိုက်ခိုက်ရေးတာဝန်တစ်ခုခုကို ထမ်းဆောင်နေရပေလိမ့်မည်။ သို့မဟုတ်လျှင် သန္ဓေပြောင်းသားရဲ၏ မစင်အဖြစ်သို့ ပြောင်းလဲသွားပြီး စစ်ဌာနချုပ်၏ စစ်ရေးဆုံးရှုံးမှုအစီရင်ခံစာမှ ထိခိုက်သေဆုံးမှုကိန်းဂဏန်းများထဲမှ အရေးမပါသော အစိတ်အပိုင်းငယ်လေးတစ်ခု ဖြစ်နေလောက်ပြီဖြစ်သည်။

သို့သော် သူမကြာမီမှာပင် အန္တရာယ်နှင့် ထပ်မံရင်ဆိုင်ရတော့မည်။

သူက လော်ယွမ်ကို မသိမသာ လှမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ သူ၏အကြည့်ထဲတွင် လေးစားကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူ၏အကြည့်ကို ခံစားမိသည့်အလား လော်ယွမ်က သူ့ဘက်သို့ လှည့်ကြည့်လာရာ သူသည် အလျင်အမြန်ခေါင်းငုံ့ကာ ဟန်ဆောင်၍ ဟင်းရည်ကိုသာ ငုံ့သောက်နေလိုက်သည်။ လော်ယွမ်၏အကြည့်သည် မိမိထံမှ ဖယ်ခွာသွားမှသာ အနည်းငယ်သက်ပြင်းချနိုင်ပြီး နှလုံးမှာမူ တဒုန်းဒုန်းခုန်နေသည်။ သတိပြန်ဝင်လာသောအခါ စိတ်ထဲမှ တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။ "ငါဘာလို့သူ့ကို အဲ့လောက်ကြောက်နေတာလဲ... သူက သန္ဓေပြောင်းသားရဲလည်း မဟုတ်ဘဲနဲ "

လော်ယွမ်သည် နောက်ဆုံးအသားတစ်တုံးကို မျိုချလိုက်ပြီး ပန်းကန်နှင့်တူကို ချလိုက်သည်။ လော်ယွမ်စားပြီးသည်ကိုမြင်သောအခါ လူတိုင်းသည်လည်း အလိုအလျောက်ပင် အရှိန်မြှင့်လိုက်ကြပြီး တစ်မိနစ်မကြာမီမှာပင် ယနေ့နံနက်စာကို အသီးသီးအဆုံးသတ်လိုက်ကြသည်။

"အချိန်မဖြုန်းနဲ့တော့... အခုက နေမထွက်သေးတော့ အပူချိန်မမြင့်သေးဘူး... အားလုံးအခုပဲသွားရအောင်" လော်ယွမ်က ပြောရင်း ထရပ်လိုက်သည်။

ဟွမ်ကျားဟွေသည် ကလေးအချို့ကိုကြည့်ကာ စိတ်နူးညံ့စွာဖြင့် "ချန်ကျားယီတို့ကိုတော့ ထားခဲ့ကြရအောင်... သူတို့လိုက်လာရင် အရမ်းအန္တရာယ်များတယ်"

ဤနေရာတွင် ဟွမ်ကျားဟွေကဲ့သို့သော ရင်းနှီးသည့်အမျိုးသမီးအချို့သာ လော်ယွမ်၏စကားကို ဆန့်ကျင်ရန် သတ္တိရှိကြသည်။

လော်ယွမ်သည် ကလေးသုံးယောက်ကို တစ်ချက်ကြည့်လိုက်ရာ သူတို့မှာ စကားမပြောရဲဘဲ ခေါင်းအနည်းငယ်ငုံ့ကာ စိုးရိမ်တကြီးဖြစ်နေကြပြီး တန့်ဝေတစ်ယောက်သာ အနည်းငယ် စမ်းကြည့်ချင်စိတ်ရှိနေသည်။

လော်ယွမ်က စိတ်ထဲမှတွေးလိုက်သည်။ "မွေးကင်းစနွားသငယ်သည် ကျားကိုမကြောက်" ဆိုသည့်အတိုင်းပင်တည်း။ သို့သော် သူတို့မှာ အလွန်ငယ်ရွယ်ပြီး စွမ်းဆောင်ရည်မှာလည်း အလွန်အားနည်းလှသည်။ လိုက်လာပါက သတိတစ်ချက်လစ်လျှင်ပင် ထိုနေရာတွင် သေဆုံးသွားနိုင်သည်။

သူက ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပြီ... ဒါဆို မင်းတို့သုံးယောက်နေခဲ့ကြ... ငါတို့သွားနေတဲ့အချိန် လိုဏ်ဂူထဲမှာ ပဲနေပြီး အပြင်မထွက်နဲ့... နောက်ပြီး တံခါးကိုလည်း ပိတ်ထားဖို့ မမေ့နဲ့"

တန့်ဝေတို့သုံးယောက်က အားကုန်ခေါင်းညိတ်ပြလိုက်ကြသည်။ "သိပါပြီ"

လူတိုင်းသည် မိမိတို့၏အင်္ကျီလက်နှင့် ဘောင်းဘီအဝတ်စများကို တစ်ကြိမ်စစ်ဆေးပြီးနောက် သေချာစွာ ပြန်လည်ချည်နှောင်ကြသည်။ ထို့နောက် ဓားမြှောင်၊ သေနတ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာလက်နက်များကို အကြိမ်ကြိမ်စစ်ဆေးပြီးမှသာ စိတ်ချလက်ချဖြစ်သွားကြသည်။

ကမ္ဘာပျက်ကပ်သည် တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ လူတိုင်းက ရှင်သန်ရေးအတွက်ကျွမ်းကျင်သူများ ဖြစ်နေကြပြီဖြစ်သည်။ ဘောင်းဘီအဝတ်စနှင့် အင်္ကျီလက်ကဲ့သို့သော သတ္တဝါများ အလွယ်တကူဝင်ရောက်နိုင်ပြီး သတိမထားမိနိုင်သောနေရာများကို အချိန်တိုင်းနီးပါး တင်းကျပ်စွာ ချည်နှောင်ထားကြသည်။ လုံးဝလုံခြုံသောအချိန်တွင်မှသာ သွေးလည်ပတ်မှုကောင်းစေရန် ခေတ္တမျှ ဖြေလျှော့ပေးကြသည်။

ထို့နောက် အားလုံးက ဓားများကိုကိုင်ဆောင်ကာ လော်ယွမ်၏နောက်သို့လိုက်၍ သစ်တောထဲသို့ ဝင်ရောက်သွားကြသည်။

ကွင်းပြင်နှင့်သစ်တောသည် လုံးဝကမ္ဘာနှစ်ခုဖြစ်ပြီး အတွင်းသို့ ခြေချလိုက်သည်နှင့် အမြင်အာရုံတစ်ခုလုံးသည် ညနေစောင်းကဲ့သို့ မှောင်မိုက်သွားကာ လေထုသည်လည်း အေးစိမ့်သွားပြီး တစ်ကိုယ်လုံးရှိ ချွေးများကို ရုတ်ခြည်းခြောက်သွေ့သွားစေသည်။

ပျော့ပျောင်းသော သစ်ရွက်ခြောက်များပေါ်သို့ ခြေနင်းလိုက်သောအခါ မရေမတွက်နိုင်သော ထူးဆန်းသည့်ပိုးမွှားများနှင့် သန္ဓေပြောင်းသတ္တဝါများသည် သစ်ရွက်ခြောက်များထဲမှ အလျင်အမြန် ပျံသန်းထွက်ခွာလာကြပြီး အချို့မှာ ခြေဖမိုးပေါ်မှပင် ဖြတ်ကျော်သွားကြသည်။

အချို့သတ္တဝါများမှာ အရောင်အသွေးစုံလင်လှရာ ကြည့်ရှုရသူကို ကြောက်လန့်တကြားဖြစ်စေသည်။

ဟော်တုံသည် နောက်ဆုံးမှ လျှောက်လှမ်းနေပြီး လက်ထဲတွင် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ သူ၏ကိုယ်သည် တင်းနေသောလေးညှို့ကြိုးကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်နှာအမူအရာသည် အလွန်တည်ကြည်နေပြီး မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကြိမ်ကြိမ်အကဲခတ်နေကာ နားများဖြင့်လည်း လေးဘက်လေးတန်မှ လှုပ်ရှားမှုများကို သတိဖြင့်နားစွင့်နေသည်။

ဤတစ်ကြိမ်တွင် ခေါင်းဆောင်ယွမ်သည် အမှန်တကယ်အလေးအနက်ထားနေပြီး လုံးဝဂရုမစိုက်တော့ဟု သူ တိတ်တဆိတ်ခံစားမိနေသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ခေါင်းဆောင်ယွမ်က ရှေ့ဆုံးမှ လျှောက်လှမ်းနေပြီး လမ်းတစ်လျှောက်လုံး နောက်သို့လှည့်မကြည့်ခဲ့ပေ။ ယခင်ကဲ့သို့ အလယ်တွင် လျှောက်လှမ်းခြင်းမျိုးမဟုတ်တော့ချေ။

ဤတစ်ကြိမ်တွင် မိမိကိုယ်ကိုသာ အားကိုးရတော့မည်ဟု ထင်ရသည်။ ဤသို့တွေးမိသောအခါ သူ၏စိတ်သည် အနည်းငယ် လွင့်သွားသည်။

ထိုစဉ် ရုတ်တရက် ပြင်းထန်သောလှုံ့ဆော်မှုတစ်ရပ်သည် စိတ်ထဲမှပေါ်ထွက်လာပြီး တစ်ချိန်တည်းမှာပင် ဦးခေါင်းနောက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ သူ၏တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားပြီး ကြက်သီးတစ်ချက်ထသွားသည်။

"လာနေပြီ" စိတ်ထဲတွင် လျှပ်စီးကဲ့သို့ အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး နောက်တစ်ခဏတွင် သူသည် ပင်ကိုယ်အသိဖြင့် ဓားကိုအလျင်အမြန်ဆွဲထုတ်ကာ စဉ်းစားမနေဘဲ နောက်သို့လှည့်၍ ခုတ်ပိုင်းလိုက်သည်။

ဓားဆွဲထုတ်ခြင်း၊ ခါးလှည့်ခြင်း၊ ခြေလှမ်းခြင်း၊ နောက်ပြန်ခုတ်ပိုင်းခြင်း၊ လှုပ်ရှားမှုအားလုံးသည် အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ တစ်ဆက်တစ်စပ်တည်း ချောမွေ့လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၆ပေခန့်ရှည်ပြီး ပြားချပ်သောအသားတောင်ပံများပါရှိသော မြွေပုံသဏ္ဌာန်သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် သူ၏ဓားသွားဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။

ဤထူးဆန်းသောမြွေ၏ကိုယ်က အလွန်မာကျောလှရာ ဓားသွားသည် သူ၏ကိုယ်ထဲသို့ လေးပုံတစ်ပုံခန့်သာ ဝင်ရောက်သွားသည်။ ဒဏ်ရာ၏ပြင်းထန်သောနာကျင်မှုကြောင့် သူ၏အရိုင်းစိတ်မှာ ပိုမိုပြင်းထန်လာပြီး မြေပြင်ပေါ်သို့ကျသည်နှင့် အမြီးဖြင့်တစ်ချက်ပုတ်ကာ စပရင်ကဲ့သို့ ထပ်မံခုန်လွှားတိုက်ခိုက်ရန် ကြိုးစားသော်လည်း ဟော်တုံ၏တုံ့ပြန်မှုက ပိုမိုမြန်ဆန်သည်။

သူသည် ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ နောက်သို့အစွမ်းကုန် ယိမ်းလိုက်ပြီး အစာကိုခုန်အုပ်ရန် အားယူနေသောကျားသစ်ကဲ့သို့ ဖြစ်နေသည်။ ရုတ်တရက် ရှေ့သို့ခုန်ထွက်သွားပြီး ဓားသွားသည် ခါးကုန်းဒူးကွေးသည့်အရှိန်နှင့်အတူ လျင်မြန်စွာကျဆင်းလာကာ လျှပ်စီးကဲ့သို့ ပျော့ပျောင်းသောမြေပြင်ပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ကြီးမားသောခွန်အားအောက်တွင် ထူးဆန်းသောမြွေတစ်ကောင်လုံးသည် နှစ်ပိုင်းပြတ်သွားပြီး မြေကြီးထဲသို့ပင် ၁ပေကျော်ခန့် နက်ဝင်သွားသည်။

အခြေအနေကို ဖြေရှင်းပြီးသည်ကိုမြင်သောအခါ မူလက ဓားရိုးကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသော လော်ယွမ်သည်လည်း လက်ကိုဖြေလျှော့လိုက်သည်။

ဤလှုပ်ရှားမှုသည် လူတိုင်း၏စွမ်းဆောင်ရည်ကို စစ်ဆေးလေ့ကျင့်ရန်သာဖြစ်ပြီး သူတို့ကို အသေခံခိုင်းခြင်းမဟုတ်ပေ။ လော်ယွမ်က မည်သို့မျှ ဂရုမစိုက်ဘဲ နေမည်မဟုတ်ချေ။ သူက နောက်သို့မလှည့်ကြည့်ခဲ့သော်လည်း သူ၏အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်ကို အမြဲတမ်းသတိထားနေသည်။ သူ၏တုံ့ပြန်မှုဖြင့် အရှိန်အလွန်မမြန်သော သန္ဓေပြောင်းသတ္တဝါဖြစ်ပါက အသက်အန္တရာယ်ကျရောက်ခါနီးအချိန်တွင် လူကိုကယ်တင်နိုင်မည်မှာ သေချာသည်။

အခြားသူများသည်လည်း နောက်မှလှုပ်ရှားမှုကို ခံစားမိကြပြီး အဖွဲ့သည် အလျင်အမြန်ရပ်တန့်လိုက်သည်။

"ရှင်ဘာမှမဖြစ်ဘူးမလား" ချောင်လင်းက နောက်သို့လှည့်၍ စိုးရိမ်တကြီးမေးလိုက်သည်။

ဟော်တုံသည် နောက်ထပ်အချက်အနည်းငယ်ခုတ်ကာ ထူးဆန်းသောမြွေ၏ခေါင်းကို ဖြတ်ချပြီး အန္တရာယ်ကို လုံးဝဖယ်ရှားပြီးမှသာ ထရပ်လိုက်သည်။ သူ၏အသက်ရှူသံမှာ အနည်းငယ်မြန်နေပြီး လက်ကိုခါပြလိုက်သည်။ "ဘာ… ဘာမှမဖြစ်ဘူး"

သူ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေသော်လည်း အမူအရာတွင်မူ စိတ်လှုပ်ရှားတက်ကြွမှုအရိပ်အယောင်တစ်စ သန်းနေ၏။ သာမန်လေ့ကျင့်ချိန်တွင် သူသည် ယနေ့ကဲ့သို့ ချောမွေ့အောင် မည်သည့်အခါကမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။ စောစောက လှုပ်ရှားမှုများသည် ရေစီးဆင်းသကဲ့သို့ တစ်ဆက်တစ်သားတည်းဖြစ်ပြီး ဓားထုတ်သည့်အချိန်တွင် တစ်ကိုယ်လုံးရှိခွန်အားက တစ်စုတစ်စည်းတည်းဖြစ်ကာ စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်ခဲ့ပြီး အလွန်ချောမွေ့ခဲ့သည်။ ဓားအချက်အနည်းငယ်ခုတ်ပိုင်းပြီးနောက် တစ်ကိုယ်လုံး အနည်းငယ်နွမ်းနယ်နေသော်လည်း စိတ်ထဲတွင်မူ အလွန်ကျေနပ်အားရနေပြီး စိုးရိမ်စိတ်ပင် အနည်းငယ်လျော့ပါးသွားသည်။

လော်ယွမ်သည် ဟော်တုံ အနည်းငယ်အားကုန်သွားသည်ကိုမြင်သောအခါ လူတိုင်းကို မိနစ်အနည်းငယ် အနားယူခိုင်းပြီးနောက် ဆက်လက်ရှေ့ဆက်ခဲ့သည်။

သူတို့အဖွဲ့သည် သစ်တောထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သစ်တောထဲမှ သန္ဓေပြောင်းသတ္တဝါများသည် ပိုမိုမကြာခဏ ပေါ်ထွက်လာကြသည်။ ဤနေရာတွင် မကုန်ဆုံးနိုင်သော အန္တရာယ်များ ပုန်းအောင်းနေသည့်အလား သန္ဓေပြောင်းသတ္တဝါများ၏သိပ်သည်းမှုက ကြက်သီးမွေးညင်း ထသွားစေသည်။ အများစုမှာ လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး ၎င်းတို့၏တိုက်ခိုက်မှုကို ကာကွယ်ရန်မလွယ်ကူလှပေ။ ကမ်းရိုးတန်းဒေသမှ သန္ဓေပြောင်းသတ္တဝါများနှင့် လုံးဝကွဲပြားခြားနားသော်လည်း အန္တရာယ်မှာ ပိုမိုကြီးမားသည်။ ဆယ်မိနစ်ကျော်အတွင်းမှာပင် အန္တရာယ်ရှိသောအခြေအနေများ အကြိမ်ကြိမ်ပေါ်ပေါက်ခဲ့သည်။

တစ်ကြိမ်တွင် တိုက်ခိုက်လာသော သန္ဓေပြောင်းသတ္တဝါသည် အလွန်အားကောင်းသောကြောင့် လော်ယွမ်မလွှဲမရှောင်သာ ဝင်ရောက်တိုက်ခိုက်ခဲ့ရသည်မှလွဲ၍ ကျန်အကြိမ်များတွင်မူ လူတိုင်း ကိုယ်တိုင်ဖြေရှင်းနိုင်ခဲ့ကြသည်။

အန္တရာယ်ရှိသောအခြေအနေများကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖယ်ရှားနိုင်ခဲ့သည်နှင့်အမျှ အားလုံး၏မျက်နှာမှ စိုးရိမ်ကြောင့်ကြမှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားတက်ကြွမှုတစ်ရပ်ဖြင့် အစားထိုးလာသည်။ သူတို့သည် ဤဆယ်ရက်ကျော်အတွင်း ကြိုးစားလေ့ကျင့်ခဲ့မှုကြောင့် သူတို့၏စွမ်းဆောင်ရည်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားသည်ကို ခံစားမိနေကြပြီဖြစ်သည်။

မိမိတွင် အစွမ်းအစရှိခြင်းက သူတို့အနေဖြင့် ပိုမိုကြာရှည်စွာ အသက်ရှင်နိုင်မည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။

All Chapters