အခန်း (၂၁၃-၂၁၆)
Vol. 11 Ch. 213-216
အပိုင်း(၂၁၃)အနီးကပ်ခြိမ်းခြောက်လာသည့်ရန်သူ
လော်ယွမ်သည် တဖြည်းဖြည်းနှင့် ထူးဆန်းသော အကြောင်းအရာတစ်ခုကို သတိပြုမိလာသည်။ ယခုအချိန်အထိ မုဝမ်ဝမ်သည် တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ခြင်း မခံခဲ့ရဖူးသေးပေ။ သူမသည် အလယ်နားတွင် ရပ်နေသော်လည်း ရှေ့မှ ဝမ်ရှကွမ်နှင့် နောက်မှ ချောင်လင်းးတို့ပင် တစ်ကြိမ်စီ တိုက်ခိုက်ခံခဲ့ရသည်။ သို့သော် သူမတစ်ယောက်တည်းသာ ခြွင်းချက်ဖြစ်နေပြီး သန္ဓေပြောင်းသတ္တဝါအားလုံးက သူမကို မြင်လျက်နှင့် မမြင်သကဲ့သို့ လျစ်လျူရှုထားကြသည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ထိတ်လန့်စွာ သတိရမိလိုက်သည်။ လွန်ခဲ့သောအချိန်များအတွင်း သူမနှင့်ပတ်သက်၍ သူ၏စိတ်ထဲတွင် ထင်ထင်ရှားရှား မှတ်မိနေခြင်းမရှိသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထို့အပြင် သူမသည် စကားကိုစပြောလေ့မရှိဘဲ အမြဲတစေ တစ်ကိုယ်တည်း နေထိုင်တတ်သောကြောင့် သူမ၏ တည်ရှိမှုမှာ လေကဲ့သို့ပင်ဖြစ်ပြီး မည်သည့်တည်ရှိမှုအငွေ့အသက်ကိုမျှ ခံစားရခြင်းမရှိပေ။
အတော်အသင့်လှပပြီး ဆင့်ကဲပြောင်းလဲမှုအစွမ်းကလည်း အလွန်အန္တရာယ်များသော ဤအမျိုးသမီးအပေါ် မိမိအနေဖြင့် အနည်းငယ်မျှပင် အာရုံစိုက်မိခြင်းမရှိသည်မှာ မယုံနိုင်စရာပင်။ ဤတစ်ကြိမ် သူမ၏ထူးခြားမှုမှာ အလွန်သိသာထင်ရှားမနေပါက သတိပြုမိလိုက်မည်ပင် မဟုတ်ပေ။
သူသည် နောက်သို့လှည့်၍ သူမကို အကြိမ်အနည်းငယ် မော့ကြည့်လိုက်မိသည်။ သူမသည်လည်း သံသယဖြင့် သူ့ကိုမော့ကြည့်လာသည်။ သူမ၏ မျက်ဝန်းနက်ဖြူတို့မှာ ကြည်လင်သော စမ်းရေအိုင်တစ်ခုအလား၊ ပြောမပြနိုင်သော ညို့ငင်ဆွဲဆောင်မှုတစ်မျိုး ရှိနေပြီး မြင်ရသူကို နစ်မျောသွားစေသည်။ လော်ယွမ်သည် တစ်ချက်ကြည့်ပြီးနောက် အကြည့်ကိုလွှဲလိုက်ပြီး ထပ်မံကြည့်ရန် မဝံ့တော့ပေ။ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။ အကယ်၍ ဤသည်မှာ ကိုယ်ဖျောက်အတတ်ပညာတစ်မျိုးဖြစ်ပါက နတ်ဘုရားအဆင့် ကိုယ်ဖျောက်အတတ်ပညာဟုပင် ဆိုရပေမည်။
ဤသို့ပြုလုပ်နိုင်ရန်မှာ လုံးဝမလွယ်ကူပေ။ လူ့ခန္ဓာကိုယ်သည် အလွန်အမင်း ရှုပ်ထွေးသော စုပေါင်းစက်ကွင်းတစ်ခုဖြစ်ပြီး အချိန်တိုင်းတွင် ကြိမ်နှုန်းအမျိုးမျိုးရှိသော ဦးနှောက်လျှပ်စစ်လှိုင်းများ၊ လျှပ်စစ်ဓာတုဓာတ်ပြုမှုမှ ဖြစ်ပေါ်လာသော သံလိုက်စက်ကွင်းများနှင့် အပူချိန်ကြောင့်ဖြစ်ပေါ်လာသော အနီအောက်ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်နေသည်။ စွမ်းအားကြီးလေလေ၊ ထိုစုပေါင်းစက်ကွင်းက အားကောင်းလေလေဖြစ်သည်။
လော်ယွမ်ကဲ့သို့ လူသားမျိုးနွယ်၏ အကန့်အသတ်ကို အဘက်ဘက်မှ ကျော်လွန်နေသူတစ်ဦး ထုတ်လွှတ်သော စက်ကွင်းပြင်းအားမှာ အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သူသည် မည်သို့ပင် အရှိန်အဝါကို ထိန်းချုပ်စေကာမူ အမှောင်ထဲမှ မီးရှူးတိုင်တစ်တိုင်ကဲ့သို့ ထင်ရှားတောက်ပနေပြီး လူအုပ်ထဲတွင် ရပ်နေလျှင်ပင် တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်လျှပ်စစ်လှိုင်းကို အတွေးဖြင့် ထိန်းချုပ်နိုင်သော်လည်း အားကောင်းသော ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော လျှပ်စစ်ဓာတုဓာတ်ပြုမှုနှင့် အနီအောက်ရောင်ခြည်ကိုမူ လုံးဝဖုံးကွယ်ထား၍ မရနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူသည် မည်သို့ပင် ကိုယ်ဖျောက်စေကာမူ၊ မည်သို့ပင် အရှိန်အဝါကို ထိန်းချုပ်စေကာမူ သူ၏အငွေ့အသက်က သာမန်လူတစ်ဦးထက် များစွာပို၍ ထင်ရှားနေမည်သာဖြစ်သည်။
သူမ မည်သို့ပြုလုပ်နိုင်သည်ကိုမူ သူ မသိပေ။ သို့သော် ၎င်းက သူမ၏အစွမ်းနှင့် သက်ဆိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိုယ်ဖျောက်နိုင်စွမ်းသည် လော်ယွမ်၏ နားလည်နိုင်စွမ်းဘောင်ကို လုံးဝကျော်လွန်နေသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လူအုပ်ထဲ၌ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တပ်ခွဲမှူးရှက ရှေ့မှ သစ်ငုတ်တိုအချို့ကို လက်ညှိုးထိုးပြကာ ဆိုသည်။ "ညီလေးယွမ်... ကြည့်စမ်း... ဒီဘက်က သစ်ပင်တွေ ဘယ်လိုဖြစ်တာလဲ"
လော်ယွမ်သည် အလျင်အမြန်ပင် အတွေးများကို ရုပ်သိမ်းလိုက်ပြီး တပ်ခွဲမှူးရှ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာအရောင်မှာ အနည်းငယ် ပြောင်းလဲသွားသည်။
မလှမ်းမကမ်းတွင် နေရာအနှံ့ သစ်ငုတ်တိုများ ပြန့်ကျဲနေပြီး မျက်စိတစ်ဆုံးနီးပါးပင်။ မြင်တွေ့ရသည့် နေရာတစ်လျှောက်တွင် သစ်ငုတ်တိုပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ ဤသစ်ငုတ်တိုများ၏ အမြင့်မှာ အတူတူနီးပါးဖြစ်ပြီး တိုက်ချိုးထားသည့် လက္ခဏာမရှိဘဲ ဖြတ်ပိုင်းနေရာများတွင်မူ ကိရိယာဖြင့် ခုတ်လှဲထားသည့် အရာများ ထင်ကျန်နေသည်။
သူ၏မျက်နှာမှာ တည်ကြည်သွားသည်။ ကမ္ဘာမပျက်ခင်ကဆိုလျှင် ဤမြင်ကွင်းမှာ အလွန်ပုံမှန်ဖြစ်ပြီး မည်သည့်တောအုပ်တွင်မဆို ခိုးယူခုတ်လှဲမှုများမှာ အလွန်ပြင်းထန်သည်။ သို့သော် ယခုမှာ ကမ္ဘာပျက်ကပ်ကြီးဖြစ်ပြီး ဤနေရာမှာလည်း အလွန်အန္တရာယ်များသော ရှေးဟောင်းတောနက်ကြီးဖြစ်ကာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် လူတစ်ဦးတစ်ယောက်မျှမရှိပေ။ ဤသို့သောအခြေအနေတွင် ဤမျှများပြားသော သစ်ငုတ်တိုများ ပေါ်ပေါက်လာခြင်းမှာ အလွန်အမင်း ထူးဆန်းလှသည်။
"သွားကြည့်ကြရအောင်" လော်ယွမ်က ဆိုသည်။
သူတို့အဖွဲ့က မကြာမီမှာပင် သစ်ငုတ်တိုတစ်ခုအနားသို့ ရောက်ရှိသွားကြသည်။ ဤသစ်ငုတ်တို၏ အချင်းမှာ ၄ပေ၊ ၅ပေခန့်ရှိမည်။ ဤသို့သော သစ်ပင်မျိုးမှာ ကြီးမားသော်လည်း အံ့ဩစရာတော့မဟုတ်ပေ။ ဤရှေးဟောင်းတောနက်ကြီးထဲတွင် နေရာအနှံ့တွေ့မြင်နိုင်သည်။
သစ်ငုတ်တိုမှ အပင်ငယ်များ ပြန်လည်ပေါက်ဖွားနေပြီး ၁၀ပေ၊ ၁၁ပေခန့်မြင့်နေပြီဖြစ်သည်။ သို့သော် ယခုခေတ်အပင်များ၏ ကြီးထွားနှုန်းအရဆိုလျှင် ဤသစ်ပင်ကို ခုတ်လှဲခဲ့သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးပေမည်။ တပ်ခွဲမှူးရှသည် သတိကြီးစွာဖြင့် လျှောက်သွားပြီး သစ်ကိုင်းများကို အားကုန်ခုတ်ချလိုက်ရာ သစ်ငုတ်တိုတစ်ခုလုံး ပေါ်လွင်လာသည်။ အသေအချာကြည့်လိုက်သောအခါ သူ၏ကိုယ်သည် တစ်ချက်တန့်သွားပြီး မျက်နှာတည်ကြည်စွာဖြင့် ဆိုသည်။
"ဒါ လူတွေလုပ်တာ မဟုတ်လောက်ဘူး... ဒီသစ်ပင်ကို ခုတ်လှဲတဲ့ ဓားသွားက အရမ်းကြီးတယ်... ၁ပေခွဲလောက်ရှိမယ်... သစ်ငုတ်တိုပေါ်က ဒဏ်ရာတွေကလည်း ကြမ်းတမ်းနေတယ်... ခုတ်လှဲတဲ့ ကိရိယာက မထက်တာသိသာတယ်... ဒါပေမဲ့ ဒီလိုသစ်ပင်ကြီးကို ခုတ်လှဲနိုင်သေးတယ်ဆိုတာက သူတို့ရဲ့ ခွန်အားက တော်တော့်ကိုကြီးတဲ့သဘောပဲ"
အထူးထက်မြက်သော ကိရိယာမရှိပါက သစ်ပင်ခုတ်လှဲရာတွင် ပုဆိန်ကဲ့သို့သော လေးလံသည့်လက်နက်များကို အသုံးပြုလေ့ရှိသည်။ သို့သော် ဓားသွားအကျယ် ၁ပေခွဲရှိသော လေးလံသည့်လက်နက်ကိုမူ လူသားတစ်ဦး အသုံးပြုနိုင်မည်မဟုတ်ပေ။
"ဒီမှာ ဆွဲယူသွားတဲ့ အရာတွေရှိတယ်" ဟော်တုံက မြေပြင်ပေါ်မှ ရှည်လျားသော ခြစ်ရာများကို လက်ညှိုးထိုးပြရင်း ဆိုသည်။ "ဒီသန္ဓေပြောင်းသတ္တဝါတွေက သစ်ပင်တွေကို ဘာလုပ်ဖို့လဲ"
"ထင်းအဖြစ်သုံးဖို့လည်း ဖြစ်နိုင်တာပဲ" လင်းရှောင်ကျီက ခြောက်ကပ်စွာ ရယ်ရင်းဆိုသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ရယ်မောခြင်းမရှိပေ။
"အသိုက်ဆောက်ဖို့... လက်နက်လုပ်ဖို့... အကုန်ဖြစ်နိုင်တယ်" လော်ယွမ်က မျက်နှာတည်ကြည်စွာဖြင့် ဆိုသည်။ "သေချာတဲ့အချက်ကတော့ ဒီသန္ဓေပြောင်းသတ္တဝါတွေက အသိဉာဏ်တော်တော်မြင့်ပြီး ကိရိယာတွေအသုံးပြုနိုင်စွမ်းရှိနေတာပဲ"
တပ်ခွဲမှူးရှ၏ စိတ်သည် တဖြည်းဖြည်း လေးလံလာပြီး အတော်ကြာမှ ဆိုသည်။ "တကယ်လို့သာ ဉာဏ်ရည်ရှိတဲ့ သတ္တဝါတွေဆိုရင် သူတို့ အရေအတွက်က မနည်းဘူး... ဒီဧရိယာတစ်ခုလုံးမှာ ခုတ်လှဲထားတဲ့ အရာတွေရှိနေတယ်... ရှေ့ဆက်သွားရင် ပိုများနိုင်တယ်... အရေအတွက်က အနည်းဆုံး ရာဂဏန်း... ဒါမှမဟုတ် ဒီထက်ပိုနိုင်တယ်"
လူတိုင်း၏မျက်နှာမှာ ဖြူဖျော့သွားကြသည်။ ရာသီဥတုပူပြင်းသော်လည်း စိတ်ထဲတွင်မူ အေးစက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
"ကျွန်မတို့ ဒီနေရာက အမြန်သွားကြရအောင်... သူတို့တွေ့သွားရင် ကောင်းမှာမဟုတ်ဘူး" ကျိုးယလီက စိတ်လှုပ်ရှားစွာဖြင့် ဆိုရာ မျက်နှာမှာ ဖြူဖျော့နေသည်။
"ဟုတ်ပြီ... ဒါဆိုအရင်ဆုံး ဒီနေရာကနေ အမြန်သွားကြတာပေါ့" လော်ယွမ်က ဆိုသည်။ သူသည် ယခုအချိန်တွင် ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ၏ အစွမ်းနှင့် အရေအတွက်ကို လုံးဝမသိရှိသေးပေ။ မဆင်မခြင် ရှေ့ဆက်တိုးပါက အလွန်အန္တရာယ်များပေလိမ့်မည်။ ထို့အပြင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လူတစ်စုကိုလည်း သူနှင့်အတူ ခေါ်ဆောင်ထားသေးသည်။
စကားဆုံးသည်နှင့် လူတိုင်း အနည်းငယ် သက်ပြင်းချနိုင်သွားကြသည်။
သူတို့အဖွဲ့ လျင်မြန်စွာ ပြန်လှည့်လာကြသည်။ လမ်းတွင် လော်ယွမ်သည် အရွက်ကြီးသော သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ကာ အရွက်များစွာကို ခူးယူခဲ့သည်။ ဆယ့်ငါးမိနစ်မပြည့်မီမှာပင် သူတို့အဖွဲ့ စခန်းသို့ ပြန်ရောက်လာကြသည်။ သို့သော် လူတိုင်း၏မျက်နှာမှာ တည်ကြည်နေပြီး စိတ်ထဲတွင်မူ ကျောက်တုံးကြီးတစ်တုံး ပိနေသကဲ့သို့ပင်။ မိမိတို့ရှိနေသော နေရာတွင် အချိန်မရွေး ပေါက်ကွဲနိုင်သော အချိန်ကိုက်ဗုံးတစ်လုံးရှိနေသည်ကို သိရှိထားပါက မည်သူမဆို ဖိအားများလှပေလိမ့်မည်။
ထိုနေရာအသိဉာဏ်ရှိသော သတ္တဝါများကိုတွေ့ရသည့်နေရာက ဤနေရာနှင့် အလွန်နီးကပ်လှသည်။ နာရီဝက်ခန့် ခရီးအကွာအဝေးသာဖြစ်ပြီး တကယ်တမ်း အဖြောင့်အတိုင်းသွားလျှင် ၂မိုင်ပင် မရှိပေ။ အနီးအနားတွင်ပင် ရှိနေသည်ဟု ဆိုရမည်။ လော်ယွမ်၏အမြန်နှုန်းဖြင့်ဆိုလျှင် သာမန်ပြေးရုံမျှဖြင့် ငါးမိနစ်ပင်မကြာဘဲ ရောက်ရှိနိုင်သည်။
လူအများစုမှာ သစ်ရွက်များကို လှိုဏ်ဂူထဲသို့ ထည့်ပြီးနောက် အရိပ်အောက်တွင် စုဝေးထိုင်လိုက်ကြပြီး မျက်မှောင်များ ကျုံ့နေကြသည်။
"ကျွန်မတို့ ဒီနေရာက ထွက်သွားကြရင် မကောင်းဘူးလား" ဟွမ်ကျားဟွေက စိုးရိမ်စွာ ဆိုသည်။
"ဘယ်ကိုသွားမှာလဲ" လော်ယွမ်က အတွေးလွန်နေရာမှ သတိပြန်ဝင်လာပြီး မေးလိုက်သည်။
"ဒီနေရာက ထွက်သွားပြီး တခြားခိုလှုံစရာနေရာရှာမယ်လေ... ဒါမှမဟုတ် ဒီတောင်တန်းဒေသက ထွက်သွားမယ်လေ... ကျွန်မတို့ ဒီမှာနေတာ ကြာနေပြီ" ဟွမ်ကျားဟွေက မထိန်းနိုင်ဘဲ ဆိုလိုက်သည်။ သူမသည် ပုံမှန်လူသားတစ်ဦး၏ ဘဝကို တောင့်တနေဆဲဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်သည် ဤနေရာနှင့် သိပ်မဝေးလှ။ လဝက်ခန့် လမ်းလျှောက်လျှင် ရောက်ရှိနိုင်ပေသည်။
"အချိန်တိုအတွင်းတော့ မဖြစ်နိုင်သေးဘူး... အခုက အပူချိန်အရမ်းမြင့်နေတယ်... လူတိုင်းက ချွေးထွက်များတော့ နေ့တိုင်း သောက်သုံးရေအများကြီး လိုအပ်တယ်... ရေအလုံအလောက်မရှိရင် ကျွန်တော်တို့ ဘယ်မှသွားလို့မရဘူး" လော်ယွမ် စကားမပြောမီမှာပင် တပ်ခွဲမှူးရှက ဆိုလိုက်သည်။
လူတိုင်း၏စိတ်ထဲတွင် လေးလံသွားပြီး မျက်နှာပေါ်တွင် စိုးရိမ်သောကများ ဖြစ်ပေါ်လာသည်။
"ဒါဆို ကျွန်မတို့ အရင်ဆုံး ဒီနေရာက ထွက်သွားပြီး တခြားနေရာကို သွားကြရင်ရော... အနည်းဆုံးတော့ ဒီနေရာထက် ပိုလုံခြုံမှာပေါ့" ချောင်လင်းက အကြံပြုသည်။
လော်ယွမ်သည် အတော်ကြာ စဉ်းစားပြီးနောက် မျက်နှာပေါ်တွင် အေးစက်ရက်စက်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ "မလောနဲ့ဦး... ငါအရင်အခြေအနေသွားကြည့်ဦးမယ်... ပြီးမှဆက်ပြောတာပေါ့"
ဟွမ်ကျားဟွေသည် တိုက်တွန်းပြောဆိုချင်ပုံရသော်လည်း နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမလည်း သူ့ကို တားဆီး၍မရမှန်း ကောင်းစွာသိသည်။
…………………………………………………………………………………………………………
ဓားသွားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သစ်ပင်ကြီးတစ်ပင် ပြင်းထန်စွာ လဲကျသွားသည်။
ဖုန်မှုန့်များ လုံးဝပျောက်ကွယ်သွားသောအခါ လော်ယွမ်သည် သစ်ပင်ကြီးရှေ့သို့ လျှောက်သွားပြီး ဓားဖြင့် သစ်ပင် ပင်စည်တစ်ပိုင်းကို ဖြတ်တောက်လိုက်သည်။ ထို့နောက် အားကုန်သုံး၍ ၎င်းကို မတ်မတ်ထောင်လိုက်ပြီးနောက် ဓားသွားအလင်းတန်းများ အဆက်မပြတ် လင်းလက်သွားသည်။ ငါးမိနစ်ခန့်အကြာတွင် သစ်လုံးတစ်လုံးမှာ တောင်ကုန်းငယ်တစ်ခုပမာရှိသော သစ်ချောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
လော်ယွမ်က တစ်ချောင်းကိုကောက်ကိုင်၍ အလေးချိန်ကို ချိန်ဆကြည့်လိုက်ပြီး ဓားဖြင့် မျက်နှာပြင်မှ အစူးအစများကို ခြစ်ထုတ်လိုက်သည်။ အဖျားပိုင်းကို ချွန်အောင်ပြုလုပ်ပြီး ပိုမိုချောမွေ့ထက်မြက်စေလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ ကြီးမားသော သားရေအိတ်ကြီးတစ်လုံးထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ သူက တစ်ချောင်းပြီးတစ်ချောင်း ပြုလုပ်နေရင်း အိတ်ကြီး ဖောင်းကားပြည့်လျှံလာသည်အထိ ထည့်သွင်းလိုက်သည်။ ထို့နောက် တစ်ချက်တည်းဖြင့် ကျောပေါ်သို့ လွယ်တင်လိုက်ရာ သူ၏ခြေထောက်များပင် အနည်းငယ် နိမ့်ကျသွားသည်။
အိတ်၏သိုင်းကြိုးမှာ သန္ဓေပြောင်းသတ္တဝါ၏ သားရေဖြင့် ပြုလုပ်ထားသောကြောင့်သာ တော်တော့သည်။ သို့မဟုတ်လျှင် အစောပိုင်းကပင် ပြတ်တောက်သွားလောက်ပြီဖြစ်သည်။
လော်ယွမ်သည် ဦးစွာ ခြေလှမ်းအနည်းငယ် လျှောက်ကြည့်ပြီးနောက် ပြေးလွှားကြည့်လိုက်သည်။ ကီလိုဂရမ် နှစ်ရာနီးပါးရှိသော အိတ်ကြီးသည် သူ၏ကျောပေါ်တွင် အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးနေသည်။ အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် သူနောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး ကျန်းမာတောက်ဓားကို ခါးတွင် ချိတ်ဆွဲလိုက်သည်။
"ရှင်သတိထားနော်... မစွန့်စားနဲ့... အန္တရာယ်ရှိရင် ချက်ချင်းပြန်လာခဲ့" လော်ယွမ် ထွက်ခွာရန် ပြင်ဆင်နေသည်ကိုမြင်လျှင် ဟွမ်ကျားဟွေက စိုးရိမ်ပူပန်စွာဖြင့် အော်ပြောလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်ပြပြီး အမျိုးသမီးအချို့ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ တောနက်ထဲသို့ လုံးဝလှည့်မကြည့်ဘဲ လျှောက်လှမ်းသွားတော့သည်။
ဆက်ရန်...
အပိုင်း(၂၁၄)အထူးမစ်ရှင်
ကီလိုဂရမ်နှစ်ရာကျော်လေးသော ဝန်ထုပ်ကိုထမ်းပိုးရင်း လော်ယွမ်သည် ရှေ့သို့ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းနေသည်။ ခွန်အားချွေတာရန်အတွက် သူက ပြေးလွှားခြင်းကဲ့သို့သော ပြင်းထန်သည့်လှုပ်ရှားမှုကို မပြုလုပ်ခဲ့သော်လည်း သူ၏အရှိန်မှာ သာမန်လူထက် များစွာပို၍မြန်ဆန်လှ၏။
ယခုအချိန်သည် မွန်းတည့်ချိန်နီးကပ်နေပြီဖြစ်ရာ အလွန်ပူပြင်းသောနေရောင်ကြောင့် သစ်ရိပ်များက ထပ်ဆင့်ကာကွယ်ပေးထားသော်လည်း လော်ယွမ်မှာ ပေါင်းအိုးထဲရောက်နေသကဲ့သို့ ခံစားနေရသည်။
သို့သော် သူ၏ခန္ဓာကိုယ်တွင် ချွေးများစွာမထွက်ဘဲ နဖူးတွင်သာ ချွေးစေးများ ခပ်ကျဲကျဲဖြစ်ပေါ်နေသည်။ ဤသည်မှာ သူ၏ကျောပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားသောကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် တစ်နေ့တာ၏အပူဆုံးအချိန်၌ပင် ချွေးအနည်းငယ်သာ ထွက်လေ့ရှိသည်။
စခန်းသည် ထိုသစ်ခုတ်ထားသောနေရာနှင့် သိပ်မဝေးလှပေ။ လော်ယွမ်က လမ်းတစ်လျှောက် အေးအေးဆေးဆေးလျှောက်လာခဲ့ရာ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ပန်းတိုင်သို့ရောက်ရှိသွားသည်။
ဤနေရာသို့ရောက်သောအခါ လော်ယွမ်၏မျက်နှာထားမှာ တည်ကြည်သွားပြီး ယခင်ကကဲ့သို့ ပေါ့ပါးသောအရိပ်အယောင်များ ပျောက်ကွယ်သွားတော့သည်။
သူက သတိကြီးစွာဖြင့် ရှေ့ဆက်ချီတက်သွားသည်။ ရှေ့သို့ ဆက်သွားလေလေ၊ သူ၏မျက်နှာထားက ပို၍ပို၍ လေးနက်တည်ကြည်လာလေလေဖြစ်သည်။ သစ်ခုတ်ထားသောနေရာမှာ အလွန်ကျယ်ဝန်းလှပြီး အကြမ်းဖျင်းခန့်မှန်းကြည့်ရုံဖြင့်ပင် လမ်းတစ်လျှောက်မြင်တွေ့ခဲ့ရသော သစ်ငုတ်တိုများမှာ အပင်တစ်ထောင်မက ရှိပေလိမ့်မည်။ ထို့အပြင် အပင်တစ်ပင်ချင်းစီမှာ ၆ပေနီးပါးမြင့်သော သစ်ပင်ကြီးများဖြစ်ကြသည်။
ဤနေရာသို့ရောက်သောအခါ သူသည် ဆူညံရှုပ်ထွေးပြီး လေးလံသောအသံတစ်သံကို ခပ်ရေးရေးကြားနေရပြီဖြစ်သည်။ ထိုအသံ၏အနိမ့်အမြင့်မှာ ပြောင်းလဲရှုပ်ထွေးလှပြီး သာမန်သန္ဓေပြောင်းသားရဲများနှင့် သိသိသာသာကွဲပြားနေသည်။ သူသည် မိမိ၏ပန်းတိုင်နှင့် နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သူက တောင်စောင်းတစ်ခုကို သတိဖြင့်ကျော်ဖြတ်ပြီးနောက် အမြင့်ဆုံးနေရာရှိ ကြီးမားသောကျောက်တုံးကြီးတစ်ခုပေါ်သို့ တက်ရောက်ကာ နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
ဤနေရာသည် မြင့်မားသောနေရာတွင်ရှိပြီး မြင်ကွင်းကျယ်ပြန့်လှသည်။ အောက်ဘက်တွင် တောင်ကြားငယ်တစ်ခုရှိသော်လည်း အခြားနေရာများကဲ့သို့ သစ်ပင်များဖြင့်ပြည့်နှက်မနေဘဲ သစ်ငုတ်တိုများသာရှိကာ ရှင်းလင်းနေသည်။
ထို့ထက်ပို၍ရှေ့ဆက်သွားလျှင်မူ တောင်ကုန်းငယ်တစ်ခုသဖွယ် စုပုံထားသော သစ်လုံးများကို တွေ့မြင်ရမည်ဖြစ်သည်။
ဤနေရာတွင် အလုပ်များက အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ မရေမတွက်နိုင်သော မြင့်မားလှသည့် မီးခိုးရောင် "လူ့ဘီလူးကြီးများ"က ကြီးမားသောသစ်လုံးကြီးများကို ထမ်းပိုးရင်း အားမာန်ဖြင့်အော်ဟစ်ကာ တောင်ကြားအတွင်းပိုင်းသို့ လျှောက်လှမ်းဝင်ရောက်သွားကြသည်။ ဤနေရာသည် သစ်လုံးများအတွက် ကြားသစ်စခန်းတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။
ဤလူ့ဘီလူးကြီးတစ်ကောင်ချင်းစီသည် ၁၆ပေကျော်ခန့်မြင့်ပြီး တစ်ကိုယ်လုံးတွင် မီးခိုးရောင်ဖြစ်ကာ အမွေးအမှင်အလွန်နည်းပါးသည်။ ခေါင်းထိပ်မှ အမြီးရိုးထိ မျဉ်းတစ်ဖြောင့်တည်းသာ အမွေးအမှင်အနည်းငယ်ရှိပြီး အခြားနေရာများမှာ ပြောင်ရှင်းနေသည်။ အချို့သောလူ့ဘီလူးကြီးများ၏ခါးတွင် သားရေတစ်စကို ပတ်စည်းထားသော်လည်း သားရေဝတ်ဆင်ထားသူများမှာ သိသိသာသာ အရပ်မြင့်မားသော အရွယ်ရောက်ပြီးသူများဖြစ်ပြီး အရပ်ပုသော "လူ့ဘီလူးလေး" များမှာမူ ဝတ်ဆင်ထားခြင်းမရှိကြပေ။
သူတို့၏ခါးတွင် လက်နက်များ ချိတ်ဆွဲထားကြသည်။ ထိုလက်နက်များမှာ အမျိုးစုံလှပြီး အများစုမှာ သန္ဓေပြောင်းသတ္တဝါများ၏ အစိတ်အပိုင်းများဖြစ်သော ခြေသည်းနှင့် အစွယ်များဖြစ်ကာ သစ်သားချောင်းတစ်ချောင်းပူးပြီး နွယ်ပင်များဖြင့် ချည်နှောင်ထားခြင်းဖြစ်သည်။
ဤလူ့ဘီလူးကြီးအုပ်စုသည် လူပုံသဏ္ဌာန်ရှိသော်လည်း နေရာများစွာတွင် တိရစ္ဆာန်ဆန်သော လက္ခဏာများရှိနေသည်။ မျက်ခုံးမွှေးမရှိ၊ နှာခေါင်းတွင် အမည်းရောင်အပေါက်နှစ်ပေါက်သာရှိပြီး ပါးစပ်မှာကြီးမားကာ သိသာသော "ယူ"ပုံသဏ္ဌာန်ရှိသည်။ နှုတ်ခမ်းထောင့်များက ပါးပြင်အထိရှည်လျားနေပြီး ကိုက်ဖဲ့ရလွယ်ကူစေရန် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
လော်ယွမ်၏မျက်နှာထားမှာ အလွန်ပင်ပျက်ယွင်းနေသည်။ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဤမြင်ကွင်းကို အမှန်တကယ်မြင်တွေ့လိုက်ရသောအခါ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ ထိုလူ့ဘီလူးကြီးအုပ်စု၏ စွမ်းအားကြီးမားမှုကြောင့်သာ မဟုတ်ပေ။ အကယ်၍ အစိမ်းနုရောင်အဆင့် သတ္တဝါတစ်အုပ်၊ သို့မဟုတ် အစိမ်းရောင်အဆင့် သတ္တဝါများ ပေါ်ထွက်လာလျှင်ပင် လော်ယွမ်က လှည့်ပြေးရုံသာဖြစ်ပြီး ဤမျှစိတ်ဖိစီးမည်မဟုတ်ပေ။
သို့သော် ၎င်းတို့မှာ သာမန်သန္ဓေပြောင်းသတ္တဝါများမဟုတ်ပေ။ ဤလူ့ဘီလူးကြီးများ၏ အပြုအမူအားလုံးက အချက်တစ်ချက်ကို ညွှန်ပြနေသည်။ ၎င်းတို့သည် အသိဉာဏ်ရှိသော သက်ရှိများဖြစ်နေကြချေပြီ။ ၎င်းတို့သည် အတော်ပင်ရှေးကျသော လူမှုအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းထားပြီး ကိရိယာများကို အသုံးပြုတတ်နေပြီဖြစ်သည်။ ဘာသာစကားပင် ရှိကောင်းရှိနိုင်ပေသည်။ ထို့အပြင် အရေအတွက်မှာလည်း အတော်ပင်မနည်းလှပေ။ မျက်စိဖြင့်မြင်နိုင်သလောက်မှာပင် တစ်ရာမကရှိပြီး တောင်ကြားအတွင်းပိုင်းတွင် ပို၍ပင်များပြားပေလိမ့်မည်။ ဤလူ့ဘီလူးကြီးများသည် ခွန်အားဗလကြီးမားပြီး ဉာဏ်ရည်လည်းမနိမ့်ကျကြောင်း ထင်ရှားလှသည်။ အကယ်၍ မျိုးပွားနိုင်စွမ်းပါ အားကောင်းမည်ဆိုပါက လူသားမျိုးနွယ်၏ရပ်တည်မှုကို မကြာမီ စိန်ခေါ်လာတော့မည်ဟု အဓိပ္ပာယ်ရနေသည်။
လော်ယွမ်၏မျက်နှာထားမှာ လေးနက်တည်ကြည်နေသည်။ နှစ်လမပြည့်သော အချိန်တိုအတွင်း သူသည် အသိဉာဏ်ရှိသော သက်ရှိမျိုးနွယ်နှစ်ခုကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။ ယခင်တစ်ကြိမ်က တစ်ကောင်တည်းသာဖြစ်ပြီး ယခုတစ်ကြိမ်မှာမူ တစ်အုပ်လုံးဖြစ်သည်။ ဤသို့ပေါ်ထွက်လာသည့်နှုန်းမှာ အလွန်ပင်များလွန်းလှသည်။ ဤသည်မှာ သူမြင်တွေ့ခဲ့ရသည်များသာဖြစ်ပြီး မတွေ့ရှိရသေးသည်များမှာမူ ရေတွက်၍ပင် ကုန်မည်မဟုတ်ပေ။
ယဉ်ကျေးမှုအဖွဲ့အစည်းက တကယ်ပဲ သံသရာလည်တော့မှာလား။ နှစ်တစ်ရာအကြာတွင် ကမ္ဘာမြေကြီးပေါ်၌ အခြားသက်ရှိမျိုးနွယ်တစ်ခုက လူသားများလျှောက်လှမ်းခဲ့သော လမ်းကြောင်းကို လျှောက်လှမ်းလာကြမည်လား။
လော်ယွမ်က အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရှုပ်ထွေးနေသောအတွေးများကို ဖိနှိပ်လိုက်ကာ ဤလူ့ဘီလူးကြီးများကို ဆက်လက်လေ့လာကြည့်ရှုနေသည်။
ဤလူ့ဘီလူးကြီးများ၏ခွန်အားမှာ အလွန်ပင်အံ့မခန်းဖွယ်ကောင်းလှသည်။ တစ်ကိုယ်လုံးတွင် ကြွက်သားများက အဖုအထစ်လိုက်ထနေပြီး တန်ပေါင်းများစွာလေးသော သစ်လုံးကြီးတစ်လုံးကို ခုနစ်ယောက်၊ ရှစ်ယောက်မျှဖြင့် အလွယ်တကူထမ်းမြှောက်နိုင်ကာ လျင်မြန်စွာလျှောက်လှမ်းနိုင်ကြသည်။ ထို့အပြင် တုံ့ပြန်မှုလျင်မြန်ပြီး လှုပ်ရှားမှုစည်းချက်မှာလည်း အလွန်မြန်ဆန်သည်။ ဤသည်မှာ သူတို့၏လျင်မြန်မှုမှာလည်း မနိမ့်ကျဘဲ အနည်းဆုံး ဆယ့်နှစ်မှတ်၊ ဆယ့်သုံးမှတ်ခန့်ရှိမည်ကို ညွှန်ပြနေသည်။ တိုက်ပွဲဝင်ချိန်တွင်မူ ဒီထက်ပိုနေနိုင်သေးသည်။
လက်နက်များမှာမူ အနီးကပ်တိုက်ခိုက်ရေးလက်နက်များသာဖြစ်သော်လည်း အသိဉာဏ်ရှိသောသက်ရှိများဖြစ်သောကြောင့် ကျောက်တုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်နိုင်ခြေကို သတိထားရပေမည်။
ခြုံငုံသုံးသပ်ရလျှင် ဤသက်ရှိများ၏စွမ်းအားသည် အပြာရင့်အဆင့်နှင့် အစိမ်းနုရောင်အဆင့်ကြားတွင် ရှိနေသည်။ တစ်ကောင်ချင်းစီ၏စွမ်းအားက အစိမ်းနုရောင်အဆင့်ကို မကျော်လွန်သရွေ့ သူ့အတွက် အန္တရာယ်သိပ်မရှိပေ။ တစ်ခုတည်းသော စိုးရိမ်ရမည့်အချက်မှာ ၎င်းတို့၏အရေအတွက်နှင့် တိုက်ခိုက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော ဆက်တိုက်တုံ့ပြန်မှုများပင်ဖြစ်သည်။ သို့သော် သူတို့ကိုမယှဉ်နိုင်လျှင်လည်း အနည်းဆုံးတော့ ထွက်ပြေးနိုင်သေးသည်။ လော်ယွမ်က သူ၏အမြန်နှုန်းဖြင့် ၎င်းတို့လိုက်မမီနိုင်လောက်ဟု ယုံကြည်သည်။
ဒင်..."အီး"အဆင့်အထူးမစ်ရှင် - (ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခြင်း) မီးခိုးရောင်လူ့ဘီလူးမျိုးနွယ်စုကို ချေမှုန်းပြီး မျိုးနွယ်စုအတွင်းရှိ အသိဉာဏ်ရှိသော သက်ရှိအားလုံးကို သတ်ဖြတ်ရန်
သတိပေးချက် - ဤသည်မှာ အထူးမစ်ရှင်ဖြစ်ပြီး မူရင်းအခက်အခဲအဆင့်ကို တစ်ဆင့်လျှော့ချထားသည်။
အချိန်ကန့်သတ်ချက် - မရှိ (လက်ခံ/ငြင်းပယ်)
ထိုအချိန်တွင် စနစ်မှ အသိပေးသံတစ်သံထွက်ပေါ်လာသော်လည်း ယခုတစ်ကြိမ်မစ်ရှင်မှာ အနည်းငယ်ထူးဆန်းပြီး ယခင်ကနှင့်များစွာကွာခြားနေသည်။
"အထူးမစ်ရှင်... အဲ့တာဘာကိုပြောတာလဲ... အသိဉာဏ်ရှိတဲ့သက်ရှိတွေနဲ့ ပတ်သက်နေလို့များလား" လော်ယွမ်က စိတ်ထဲတွင် သံသယဖြစ်သွားသည်။
သို့သော် ယခုအချိန်တွင် လော်ယွမ်သည် များများစားစားစဉ်းစားရန် အချိန်မရှိပေ။ မစ်ရှင်အခက်အခဲအဆင့်ကို တစ်ဆင့်လျှော့ချထားသည်ဖြစ်ရာ "အီး" အဆင့်ဖြစ်သွားသောကြောင့် သူ၏စိတ်ထဲတွင် အတော်ပင်တည်ငြိမ်သွားသည်။
"အီး" အဆင့်မစ်ရှင်သည် အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်၏ အခက်အခဲအဆင့်နှင့် ညီမျှသည်။ ဤသည်မှာ ယခုလော်ယွမ်၏စွမ်းအားအတွက် အန္တရာယ်ဟုမဆိုသာတော့ပေ။
သူက ဒီတိုင်းပြေးဝင်ကာ သတ်ဖြတ်လိုသောစိတ်ကို ချုပ်တည်းလိုက်ပြီး ကျောပေါ်မှ လှံတိုများပြည့်နေသော သားရေအိတ်ကို ချလိုက်သည်။ ထို့နောက် အေးအေးဆေးဆေးပင် တစ်ချောင်းကိုထုတ်ယူလိုက်သည်။ ဤနေရာသည် ထိုသစ်လုံးပုံနှင့် ပေ၅၀၀ခန့်အကွာတွင်ရှိပြီး သူ၏ထိရောက်သောပစ်ခတ်နိုင်သည့်အကွာအဝေးအတွင်း၌ ရှိနေသည်။ မြင့်မားသောနေရာတွင်ရှိပြီး မြင်ကွင်းကျယ်ပြန့်သောကြောင့် အကောင်းဆုံးတိုက်ခိုက်ရေးနေရာဖြစ်သည်မှာ သေချာလှသည်။
ထို့အပြင် ဤသို့တစ်ကောင်ချင်းစီ သတ်ဖြတ်ခြင်းသည် ဤလူ့ဘီလူးကြီးအုပ်စုကို အလွန်အန္တရာယ်များကြောင်း မခံစားရစေဘဲ ထွက်ပြေးခြင်းမှ တားဆီးနိုင်သည့်အပြင် ရန်သူကို လိုက်လံတိုက်ခိုက်ရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။ သူက ယခုမစ်ရှင်၏အခက်အခဲမှာ အဘယ်အရာဖြစ်သည်ကို ကောင်းစွာသိရှိသည်။ ၎င်းမှာ ချေမှုန်းရုံသက်သက်မဟုတ်ဘဲ မြက်ပင်တစ်ပင်မကျန် တစ်ကောင်မှမကျန်အောင် သုတ်သင်ရှင်းလင်းရန်ဖြစ်၏။
သူက လှံကိုလက်ထဲတွင် အထက်အောက်လှုပ်ယမ်းပြီး မတ်တပ်ရပ်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး လက်ထဲမှလှံတိုလေးက ပျောက်ကွယ်သွားသကဲ့သို့ရှိကာ နောက်တစ်ခဏမှာပင် ထိုနေရာတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သောအသံကြီးတစ်သံ ထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်သွားသည်။
လှံတိုလေးသည် အသံ၏အလျင်ကို ကျော်လွန်သွားပြီး လျင်မြန်စွာရှေ့သို့ပျံသန်းသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကြီးထဲသို့ ပြင်းထန်စွာစိုက်ဝင်သွားသည်။ လှံရိုးတစ်ခုလုံးပင် အတွင်းသို့ဝင်ရောက်သွားပြီး အနီးဆုံးလူ့ဘီလူးကြီးနှင့် ပေ၃၀ခန့်သာ ကွာဝေးတော့သည်။
ပစ်ချက်လွဲချော်သွားခဲ့ချေပြီ။
လော်ယွမ်၏နဖူးတွင် ချွေးများစို့တက်လာပြီး ခေါင်းခါကာ နောက်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
သို့သော် တစ်ကြိမ်တိုက်ခိုက်မှုက ပတ်ဝန်းကျင်ရှိလူ့ဘီလူးကြီးများကို ထိတ်လန့်သွားစေသည်။ သစ်လုံးများသယ်ဆောင်နေသော လူ့ဘီလူးကြီးများစွာက အလိုအလျောက်လက်လွှတ်လိုက်ကြရာ သစ်လုံးများက လိမ့်ကျသွားပြီး လူ့ဘီလူးကြီးအချို့ကို ပိမိကာ အော်ဟစ်ဆူညံသွားစေသည်။ ထိုနေရာတွင် ဝရုန်းသုန်းကားဖြစ်ပွားသွားသော်လည်း လူ့ဘီလူးကြီးအများစုမှာမူ သတိကြီးစွာဖြင့် လက်နက်များကိုထုတ်ယူကာ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ်စူးစမ်းကြည့်ရှုနေကြသည်။
"အုန်း"
နောက်ထပ်ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ကြွက်သားများ၏ခွန်အားကို အသေးစိတ်ချိန်ညှိပြီးနောက် ဤတစ်ကြိမ်တွင်မူ နောက်ဆုံး၌ ပစ်မှတ်ကိုထိမှန်သွားခဲ့သည်။ ရှေ့ဆုံးမှလူ့ဘီလူးကြီးတစ်ကောင်သည် ရုတ်တရက်တစ်ကိုယ်လုံးတုန်ခါသွားပြီး ရင်ဘတ်မှ မီးခိုးငွေ့သဖွယ် သစ်သားအမှုန်များ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရွေ့လျားစွမ်းအင်က ဆက်လက်ကူးစက်သွားရာ အသွေးအသားများက နောက်ကျောဘက်မှ ပေါက်ကွဲထွက်သွားပြီး ဇလုံအရွယ်အစားရှိသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားသည်။
ဤသို့သောဒဏ်ရာက ၁၈ပေကျော်မြင့်သော လူ့ဘီလူးကြီးအတွက်ပင် သေစေနိုင်လောက်သည်။
၎င်း၏မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်ကအပြည့်အဝဟထားကာ သွေးများက ပါးစပ်ထဲမှ အဆက်မပြတ်အများအပြား ယိုစီးကျလာသည်။ ထို့နောက် လေးလံသောခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
လော်ယွမ်ရွေးချယ်ခဲ့သော လှံတိုများသည် မာကျောသောသစ်သားဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ အပြာနုရောင်အဆင့် ပစ္စည်းများဖြစ်သောကြောင့် အလွန်ပင်ပျော့ညံ့သည်။ အလွန်မြန်သောလှုပ်ရှားမှုတွင် အနည်းငယ်တိုက်မိရုံဖြင့် ကြီးမားသောတွန်းကန်အားအောက်တွင် ချက်ချင်းပင် သစ်သားအမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး လှံတိုတစ်ခုလုံး၏ အရွေ့စွမ်းအင်အားလုံးကို ပစ်မှတ်က စုပ်ယူလိုက်ရသောကြောင့် သတ်ဖြတ်နိုင်စွမ်းမှာ အလွန်ပင်ကြီးမားပြီး ဒဏ်ရာမှာလည်း ကြီးမားလှသည်။
ထိုအချိန်တွင် နောက်ထပ်ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြန်သည်။ ရုတ်တရက်တိုက်ခိုက်ခံရသောကြောင့် အခြေအနေကိုမသိရှိသေးသော လူ့ဘီလူးကြီးတစ်ကောင်သည် ရုတ်တရက်ခြေထောက်တွင် နာကျင်မှုကိုခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ပေါင်တစ်ချောင်းလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကျယ်လောင်သောအသံများက ကောင်းကင်စွန်းမှ မိုးခြိမ်းသံသဖွယ် တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်နေသည်။ လူ့ဘီလူးကြီးများက တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။ လော်ယွမ်က ရန်သူများကြောက်လန့်တကြားဖြင့် ထွက်ပြေးမည်စိုးသောကြောင့် အရှိန်ကိုတမင်လျှော့ချထားသော်လည်း စက္ကန့်သုံးဆယ်အတွင်းမှာပင် လူ့ဘီလူးကြီးခုနစ်ကောင်၊ ရှစ်ကောင်ခန့် လဲကျသွားခဲ့သည်။
ဒေါသတကြီးဟိန်းဟောက်သံများ၊ ကြောက်လန့်တကြားအော်ဟစ်သံများနှင့် နာကျင်စွာငိုညည်းသံများက နေရာအနှံ့ထွက်ပေါ်နေပြီး ထိုနေရာတွင် ပရမ်းပတာဖြစ်နေသည်။ ထိုအချိန်တွင် လူ့ဘီလူးကြီးတစ်ကောင်က နောက်ဆုံး၌ လော်ယွမ်ကိုတွေ့ရှိသွားပြီး နေရာတစ်ခုကိုညွှန်ပြကာ မိုးခြိမ်းသံကဲ့သို့ ဒေါသတကြီးအော်ဟစ်လိုက်သည်။
အသက်ရှင်ကျန်ရစ်သော လူ့ဘီလူးကြီးများက အလျင်အမြန်လှည့်ကြည့်လိုက်ရာ တောင်စောင်းတွင် လူငယ်လေးတစ်ဦး မတ်တပ်ရပ်နေပြီး လက်ထဲမှ ထူးဆန်းသောလက်နက်တစ်ခုကို ဖြည်းညင်းစွာဆွဲထုတ်နေသည်ကို တွေ့ရှိလိုက်ရသည်။
လူ့ဘီလူးကြီးများ၏မျက်နှာထားက တဖြည်းဖြည်း တင်းမာရက်စက်လာပြီး ကြမ်းတမ်းသောအငွေ့အသက်တစ်ခုက ပျံ့နှံ့လာသည်။
ဟိန်းဟောက်သံတစ်ချက်အပြီးတွင် မတ်တပ်ရပ်နိုင်သေးသော လူ့ဘီလူးကြီးအားလုံးက ကျယ်လောင်စွာအော်ဟစ်ရင်း လော်ယွမ်ရှိရာသို့ ပြေးဝင်လာကြသည်။ သူတို့၏နောက်တွင် ဖုန်မှုန့်များက အလုံးအရင်းဖြင့်ထလာပြီး မြေပြင်ပင် အနည်းငယ်တုန်ခါသွားသည်။ လူ့ဘီလူးကြီးဆယ်ဂဏန်းမျှသာရှိသော်လည်း သူတို့၏အရှိန်အဝါမှာ မြင်းသည်တော်တစ်သောင်း၊ စစ်သည်တော်တစ်ထောင် တဟုန်ထိုးချီတက်လာသကဲ့သို့ပင် ရှိနေတော့သည်။
ဆက်ရန်...
အပိုင်း(၂၁၅)မီးကျင်း
ပေ၄၅၀အကွာအဝေးက လူ့ဘီလူးကြီးများအတွက်ဖြစ်စေ၊ လော်ယွမ်အတွက်ဖြစ်စေ သိပ်မဝေးကွာသော အကွာအဝေးတစ်ခုပင် ဖြစ်သည်။
လော်ယွမ်သည် လက်ထဲမှ လှံတိုများကို ပစ်ချလိုက်ပြီးနောက် အချိန်ရတုန်း လက်မောင်းကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ကြွက်သားများမှာ ထင်သလောက် စုတ်ပြဲသွားခြင်းမရှိသည့်အပြင် နာကျင်ကိုက်ခဲမှုပင် မရှိသည်ကို သူ သတိပြုမိလိုက်သည်။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် ၁၄မှတ်မှ ရရှိလာသောအကျိုးကျေးဇူးကြောင့် ကြွက်သားမျှင်များသည် ပိုမိုခိုင်မာလာပြီး ယခင်ကဲ့သို့ အလွယ်တကူ ဒဏ်ရာရခြင်း မရှိတော့ပေ။
လူ့ဘီလူးကြီးများက တဖြည်းဖြည်း နီးကပ်လာသည်။ ထိုသတ္တဝါများ၏ ဧရာမဟိန်းဟောက်သံများကြောင့် နားများပင် အူသွားရသည်။ သူက မျက်ခွံကို အနည်းငယ်ပင့်တင်လိုက်ပြီး တောအနှံ့ လွင်ပြင်အနှံ့မှ ပြေးလွှားလာကြသော လူ့ဘီလူးကြီးများကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် အေးစက်ရက်စက်သော အပြုံးတစ်ချက် ပေါ်ထွက်လာသည်။
ဓားရိုးကို ချက်ချင်းတင်းတင်းဆုပ်ကိုင်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် ရုတ်တရက် ဝေဝါးသွားပြီး ပတ်ဝန်းကျင်လေထုသည် ပြင်းထန်စွာ လှုပ်ခတ်သွားကာ သူ၏ကိုယ်သည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ညာလက်ဖြင့် ဓားရှည်ကို ဆွဲကာ ကိုယ်ကိုအနည်းငယ်နှိမ့်လျက် တောင်ပေါ်မှဆင်းလာသော ကျားရိုင်းတစ်ကောင်အလား ပွယောင်းသောမြေကြီးပေါ်သို့ ခြေဖျားဖြင့် အားကုန်နင်းချလိုက်ရာ သစ်ရွက်ခြောက်များသည် မီတာပေါင်းများစွာ မြင့်တက်လွင့်စင်သွား၏။ သူ၏ခြေတစ်လှမ်းသည် ၁၇ပေ၊ ၁၈ပေခန့် ကျယ်ဝန်းပြီး တောင်စောင်းမှ တဟုန်ထိုး ပြေးဆင်းသွားတော့သည်။
သစ်သားတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသော သန်မာသည့်လူ့ဘီလူးတစ်ကောင်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးရယ်ရင်း ရှေ့မှပြေးဝင်လာသည်။ သူ၏ကျယ်ပြန့်သောပါးစပ်သည် ကြောက်မက်ဖွယ်အပြုံးကြောင့် မျက်နှာတစ်ခုလုံးကို နှစ်ပိုင်းခွဲထားသကဲ့သို့ ဖြစ်နေပြီး အလွန်ပင် အရုပ်ဆိုးအကျည်းတန်လှ၏။ သူပြေးလွှားလာသည်နှင့်အမျှ သားရေအဝတ်အောက်မှ ကြီးမားသောအရာတစ်ခုက ယိမ်းထိုးနေပြီး အနားသို့မရောက်လာမီမှာပင် ပြင်းထန်သော ညှီစို့စို့အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။
လော်ယွမ်က ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ကိုယ်သည် ပျံသန်းနေသော ဇီဝဇိုးငှက်တစ်ကောင်ကဲ့သို့ မြင့်မားစွာ ခုန်တက်လိုက်သည်။ သူ၏ကိုယ်ကို ကျုံ့ကာ လူ့ဘီလူးနှင့် လေထဲတွင် ဖြတ်ကျော်သွားသည့်တစ်ချိန်တည်းမှာပင် ငွေဖြူရောင်ကျန်းမာတောက်ဓားက လေထဲတွင် အေးစက်သော အလင်းတန်းတစ်ခုကို ဖြတ်သန်းရေးဆွဲသွားသည်။ ထို့နောက် အရုပ်ဆိုးသောခေါင်းတစ်ခုသည် သွေးများ၏ဖိအားကြောင့် ကောင်းကင်သို့ လွင့်တက်သွားပြီး လည်ပင်းမှ သွေးများမှာ စမ်းရေပန်းထွက်သကဲ့သို့ ဖြစ်နေသည်။ ခေါင်းပြတ်နေသောလူ့ဘီလူးသည် အရှိန်မထိန်းနိုင်ဘဲ ခြေလှမ်းအနည်းငယ် ဆက်ပြေးသွားပြီးနောက် မြေပြင်ပေါ်သို့ ပြိုလဲကျကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေတော့သည်။
လော်ယွမ် မြေပြင်သို့ကျသည်နှင့် လျင်မြန်ဖျတ်လတ်သော ကျားသစ်တစ်ကောင်ကဲ့သို့ လူနှင့်ဓားတစ်သားတည်းကျကာ လူ့ဘီလူးအုပ်ထဲသို့ ချက်ချင်းတိုးဝင်သွားပြီး မကြာမီပင် သွေးချောင်းစီးသွားစေတော့သည်။
လူ့ဘီလူးတို့၏ ကြီးမားသောကိုယ်ထည်က ပစ်မလွဲပစ်မှတ်ကြီးတစ်ခုနှင့်သာ တူနေသည်။ အမြန်နှုန်းနှင့် တုံ့ပြန်မှု နှစ်မျိုးလုံးတွင် သာလွန်နေသော လော်ယွမ်နှင့် ရင်ဆိုင်ရသောအခါ တစ်ခုတည်းသောရလဒ်မှာ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပင် ဖြစ်သည်။ သူသွားရာလမ်းတစ်လျှောက်တွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါများ၊ သွေးများနှင့် ကြောက်မက်ဖွယ်ကောင်းသော နာကျင်စွာအော်ဟစ်သံများသာ ကျန်ရစ်ခဲ့သည်။
လူ့ဘီလူးအများစုက နေရာတွင် ပွဲချင်းပြီးမသေဆုံးကြပေ။ ကိုယ်အရွယ်အစားကွာခြားမှုကြောင့် လော်ယွမ်၏အရပ်သည် လူ့ဘီလူး၏ပေါင်လယ်ခန့်သာရှိရာ လူ့ဘီလူးအများစု၏ ပေါင်များသာ ဖြတ်တောက်ခံရသည်။ ကွာခြားချက်မှာ အချို့က ခြေတစ်ဖက်၊ အချို့က ခြေနှစ်ဖက် ဖြတ်တောက်ခံရခြင်းသာ ဖြစ်သည်။
အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။ လော်ယွမ် လူ့ဘီလူးအုပ်ထဲသို့ ဝင်ရောက်ပြီး ဆယ်စက္ကန့်ပင်မပြည့်သေးခင်မှာပင် လူ့ဘီလူးသုံးဆယ်ကျော်မှာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီ ဖြစ်သည်။ စက္ကန့်တိုင်းတွင် လူ့ဘီလူးသုံးကောင်ခန့် ပေါင်ဖြတ်ခံရပြီး ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။ ဤသည်မှာ လူ့ဘီလူးကြီးများ နေရာအနှံ့ပြန့်ကျဲနေသောကြောင့်ဖြစ်ပြီး သို့မဟုတ်ပါက အရေအတွက်မှာ ပို၍ပင်များပြားပေလိမ့်မည်။
လော်ယွမ်၏အရိပ်က အရှိန်ပြင်းစွာရွေ့လျားနေသော အရိပ်မည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ စောစောက ဘယ်ဘက်တွင်ရှိနေသေးပြီး ဓားသွားမှအလင်းသည် လျှပ်စီးကဲ့သို့ လူ့ဘီလူးတစ်ကောင်ကို ခုတ်လှဲလိုက်သော်လည်း နောက်တစ်ခဏတွင် ပေ၃၀အကွာသို့ ရောက်ရှိနေပြန်သည်။ ထက်ရှသောကျန်းမာတောက်ဓားက လူ့ဘီလူး၏ပေါင်မှ ကြွက်သားနှင့် အရိုးများကို အတားအဆီးမရှိ ဖြတ်တောက်သွားသည်။ ထွက်ပြေးရန်ကြိုးစားသော လူ့ဘီလူးတစ်ကောင်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေပေါ်သို့ မှောက်ကျသွားပြီး ခြေနှစ်ဖက်မှာ ကိုယ်နှင့် ကင်းကွာသွားခဲ့ပြီ ဖြစ်သည်။
တောင်စောင်းအောက်ခြေတစ်ခုလုံးသည် မြေပြင်ပေါ်တွင် လူးလွန့်ကာ နာကျင်စွာအော်ဟစ်နေသော လူ့ဘီလူးကြီးများဖြင့် ပြည့်နှက်နေသည်။ ပြင်းထန်သောသွေးညှီနံ့ကြောင့် ပတ်ဝန်းကျင်မှ သစ်ကိုင်းများ ယိမ်းထိုးလှုပ်ရှားလာပြီး မြက်ခင်းများလည်း လှုပ်ခတ်လာကာ မရေမတွက်နိုင်သော လောဘကြီးသောအကြည့်များကို ဆွဲဆောင်လာသည်။ ခေါင်းပေါ်တွင်ပင် အရိပ်အချို့က လှည့်ပတ်ပျံဝဲနေကြချေပြီ။
စက္ကန့်သုံးဆယ်အကြာတွင် မည်သည့်လူ့ဘီလူးမျှ မတ်တပ်ရပ်နိုင်ခြင်း မရှိတော့ပေ။ ခြေထောက်နှစ်ဖက် ပြတ်တောက်ကာ ထွက်ပြေးနိုင်စွမ်းမရှိတော့သော လူ့ဘီလူးကြီးများသာ သွေးအိုင်ထဲတွင် အဆက်မပြတ် ရုန်းကန်အော်ဟစ်နေကြသည်။ ကြေကွဲဖွယ်ကောင်းပြီး စူးရှသောအသံများသည် တောင်ကြားထဲတွင် ကြာရှည်စွာ ပဲ့တင်ထပ်နေတော့သည်။
လော်ယွမ်သည် နေရာတွင်ပင် မတ်တပ်ရပ်နေပြီး ဓားထိပ်ဖျားမှ သွေးများ တစက်စက်ကျနေသည်။ မကြာမီတွင် ဓားသွားသည် မူလအတိုင်း ပြန်လည်တောက်ပြောင်လာသည်။ သူသည် စက္ကန့်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်သည်နှင့် အသက်ရှူသံသည် လျင်မြန်စွာ တည်ငြိမ်သွားတော့သည်။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်မှတ်တိုးလာပြီးနောက် ပြန်လည်နာလန်ထူနိုင်စွမ်းမှာ သဘာဝလွန်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
သူက မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ ဓားသွားကဲ့သို့ စူးရှသောအကြည့်ကြောင့် လက်နှစ်ဖက်ဖြင့် တွားသွားနေကြသော လူ့ဘီလူးကြီးများသည် ခြေပြတ်လက်ပြတ်ဖြစ်နေသော နာကျင်မှုကိုပင် မေ့လျော့ကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီပြီး မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ထင်ဟပ်လာသည်။
သူတို့၏ပါးစပ်မှလည်း ထူးဆန်းသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အချို့မှာ တောင်းပန်နေခြင်းဖြစ်ပြီး အချို့မှာမူ ကျိန်ဆဲနေခြင်းဖြစ်သည်။ သို့သော် ဤအရာအားလုံးသည် နောက်ဆုံးရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
လော်ယွမ်က လျင်မြန်စွာ လျှောက်သွားပြီး ထိုလူ့ဘီလူးကြီးများကို တစ်ယောက်ချင်းစီ သုတ်သင်လိုက်ရာ မကြာမီပင် နေရာတွင် ခေါင်းပြတ်နေသော အလောင်းတစ်ရာနီးပါး တိုးလာတော့သည်။
"ပထမအဆင့်တော့ ပြီးသွားပြီ" လော်ယွမ်က စိတ်ထဲတွင် ပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအနည်းငယ် ရောယှက်နေသည်။ သူက မူလနေရာသို့ ပြန်သွားပြီး လှံတိုများထည့်ထားသောအိတ်ကို ကောက်ယူကာ ကျောပေါ်တွင်လွယ်ပြီး တောင်ကြားနက်ထဲသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။
လော်ယွမ်၏အရိပ် လုံးဝပျောက်ကွယ်သွားမှသာ သန္ဓေပြောင်းသတ္တဝါအများအပြားသည် ချုံပုတ်များထဲမှ ထွက်ပေါ်လာကြပြီး အလောင်းများဆီသို့ ပြေးသွားကာ ရူးသွပ်မတတ် ကိုက်ဖြတ်စားသောက်ကြတော့သည်။
......................................................................................................
လော်ယွမ်က လမ်းတစ်ဝက်ခန့်အရောက်တွင် ပြန်လာကြသော လူ့ဘီလူးအချို့နှင့် ကြိုးကြားကြိုးကြား တွေ့ဆုံရသဖြင့် လမ်းမှားမည်ကို စိုးရိမ်စရာမရှိတော့ပေ။ ထိုလူ့ဘီလူးကြီးများကိုမူ သူက တစ်ယောက်မကျန် သတ်ဖြတ်ခဲ့သည်။
လမ်းဘေးဝဲယာရှိ အနည်းငယ်ကြီးမားသော သစ်ပင်များအားလုံးကို ခုတ်လှဲထားပြီး သစ်ငုတ်တိုများသာ ကျန်ရစ်ခဲ့သည်။ ခရီးစထွက်ချိန်မှစ၍ သူမြင်တွေ့ခဲ့ရသော သစ်ငုတ်တိုများသည် အခုနှစ်ထောင်မကတော့ပေ။ ရှေ့ဆက်သွားလေလေ ထိုကဲ့သို့သော သစ်ငုတ်တိုများ ပိုမိုများပြားလာလေလေဖြစ်ရာ သူ၏မျက်နှာသည် ပို၍ တည်ကြည်တင်းမာလာသည်။ လူ့ဘီလူးကြီးများသည် ဤဧရာမသစ်လုံးကြီးများကို ဘာအတွက်အသုံးပြုနေသည်ကို သူ မသိပေ။ ထိုမျှများပြားသော သစ်လုံးများသည် မြို့ငယ်လေးတစ်မြို့ တည်ဆောက်ရန်ပင် လုံလောက်ပေလိမ့်မည်။
ကီလိုမီတာအနည်းငယ်ခန့် လျှောက်ပြီးနောက် ရှေ့တွင် ကြီးမားသော ကျောက်နံရံကြီးတစ်ခု ပေါ်ထွက်လာသည်။ သူက သေချာကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဝပ်ချလိုက်သည်။ ကျောက်နံရံပေါ်တွင် လှိုဏ်ဂူများစွာရှိပြီး လူ့ဘီလူးကြီးများ၏အရိပ်ကို အခါအားလျော်စွာ တွေ့မြင်နေရသည်။ သို့သော် ထူးဆန်းသည်မှာ ထိုနေရာမှ မီးခိုးငွေ့များ ထွက်နေသကဲ့သို့ဖြစ်ပြီး လေထဲတွင်လည်း မီးခိုးနံ့များ ပျံ့နှံ့နေသည်။ ရှေ့ဘက်မှလည်း အပူလှိုင်းများ အခါအားလျော်စွာ တိုက်ခတ်လာသည်။
သူက ခြေလှမ်းကိုနှေးလိုက်ပြီး မြက်ခင်းထဲတွင် ပုန်းကွယ်ကာ တွားသွားရင်း ရှေ့သို့တိုးသည်။ ဆယ့်ငါးမိနစ်ခန့် ဆက်သွားပြီးနောက် ဤနေရာမှ အပူလှိုင်းသည် လော်ယွမ်ပင်လျှင် ပူလောင်သည်ဟု ခံစားရသည်အထိ ပြင်းထန်လာသည်။ အပူချိန်သည် ဒီဂရီခုနစ်ဆယ်ဒီဂရီကျော်အထိ ရောက်ရှိနေပြီး အနီးအနားမှ မြက်ပင်များပင် ခြောက်သွေ့ကာ ညှိုးနွမ်းနေကြသည်။ သူ၏စိတ်ထဲတွင် သံသယတစ်ခု ဖြတ်ပြေးသွားပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ လက်ဖြင့် မြက်ပင်များကို ညင်သာစွာဖယ်ရှားပြီး သေချာကြည့်လိုက်သောအခါ သူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။
ဤသည်မှာ ဧရာမမီးကျင်းကြီးတစ်ခုပင် ဖြစ်သည်။ ကျောက်နံရံရှေ့မှ ကွင်းပြင်တစ်ခုလုံးကို လူ့ဘီလူးကြီးများသည် ကြီးမားသောတွင်းနက်ကြီးတစ်ခုအဖြစ် တူးဖော်ထားသည်။ အကျယ်မှာ ပေ၃၀၀ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး အတွင်းတွင် မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်။ မီးလျှံများသည် မီးခိုးလုံးများကြားမှ တဝုန်းဝုန်းထိုးထွက်ကာ ကခုန်နေကြပြီး တခါတရံတွင် ပေ၃၀၀ကျော်အထိ မြင့်တက်သွားသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော လူ့ဘီလူးကြီးများသည် ချွေးသံရွှဲရွှဲဖြင့် သစ်လုံးများကို တစ်လုံးပြီးတစ်လုံး ထိုဧရာမမီးကျင်းထဲသို့ အဝေးမှ ပစ်ထည့်နေကြသည်။ သူတို့၏အရေပြားသည် အပူရှိန်ကြောင့် အနည်းငယ် ညိုမည်းနေပြီး ခေါင်းပေါ်မှအမွေးများသည်လည်း လုံးဝလောင်ကျွမ်းကာ ကောက်ကွေးနေကြသည်။ သို့သော် ထိုလူ့ဘီလူးကြီးများသည် စိတ်လှုပ်ရှားပြီး တည်ကြည်သောမျက်နှာထားများ ရှိနေကြသည်။
သို့သော် ဤနေရာမှ အပူချိန်မြင့်မားမှုသည် ထူထဲကြမ်းတမ်းသော အရေပြားရှိသည့် လူ့ဘီလူးကြီးများအတွက်ပင်လျှင် ပြင်းထန်သောစမ်းသပ်မှုတစ်ခု ဖြစ်နေသည်။ မည်သည့်လူ့ဘီလူးမျှ သုံးခေါက်ထက်ပို၍ မခံနိုင်ကြဘဲ မကြာမီတွင် အခြားလူ့ဘီလူးအုပ်စုတစ်ခုနှင့် လူစားလဲကြသည်။
ဤနေရာတွင် လူ့ဘီလူးကြီးများ အလွန်များပြားလှသည်။ ကွင်းပြင်ထဲတွင် ကျန်ရှိနေသော လူ့ဘီလူးကြီးများပင်လျှင် တစ်ရာ့ငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိပြီး ကျောက်နံရံပေါ်မှ လှိုဏ်ဂူများတွင် ရပ်ကာ မီးတောက်များကို ကြည့်ရှုနေသော လူ့ဘီလူးအရေအတွက်မှာ ထိုထက် အဆပေါင်းများစွာ ပိုများသည်။ သူတို့၏မျက်နှာအမူအရာကို ခွဲခြားရန်ခက်ခဲသော်လည်း မျက်လုံးများမှာမူ အားလုံးတောက်ပနေကြသည်။ ပို၍ရှင်းလင်းစွာပြောရလျှင် ယုံကြည်မှုနှင့် အလေးအမြတ်ထားမှုတို့ ဖြစ်သည်။
လော်ယွမ်သည် လူ့ဘီလူးကြီးများ သစ်ပင်ခုတ်လှဲခြင်း၏ ရည်ရွယ်ချက်ကို နည်းလမ်းပေါင်းများစွာ စဉ်းစားခဲ့ဖူးသည်။ ဥပမာအားဖြင့် နေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အမဲလိုက်ရန် လက်နက်များ ပြုလုပ်ခြင်း၊ ကာကွယ်ရန် တံတိုင်းများ တည်ဆောက်ခြင်းတို့ ဖြစ်သည်။ သို့သော် လူ့ဘီလူးကြီးများသည် ဤသစ်လုံးကြီးများကို ကြီးမားသော မီးကျင်းကြီးတစ်ခုအတွက်သာ အသုံးပြုလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ခဏမျှကြည့်ပြီးနောက် လော်ယွမ်သည် တဖြည်းဖြည်း သဘောပေါက်လာသည်။ မီးကိုကြောက်ရွံ့ခြင်းသည် သက်ရှိတို့၏ မျိုးရိုးဗီဇထဲတွင် အမြစ်တွယ်နေသော ကြောက်စိတ်ဖြစ်ပြီး ကြောက်ရွံ့မှုမှတစ်ဆင့် ကိုးကွယ်ယုံကြည်မှု ပေါ်ပေါက်လာသည်။ ဤသည်မှာ ရှေးကျသော သဘာဝကိုးကွယ်ယုံကြည်မှုတစ်မျိုး ဖြစ်ဟန်တူပြီး လူသားတို့သည်လည်း ဤလမ်းကြောင်းကို ဖြတ်သန်းခဲ့ဖူးသည်။
ထို့အပြင် ဤဧရာမမီးကျင်းကြီးကို ဤနေရာတွင် ထားရှိခြင်းသည် ကိုးကွယ်ယုံကြည်မှုအတွက်သာမက အခြားသန္ဓေပြောင်းသတ္တဝါများကို ခြိမ်းခြောက်ရန်အတွက်လည်း အသုံးဝင်သည်။ အန္တရာယ်များလှသော ဤတောအုပ်ကြီးထဲတွင် မီးကျင်းတစ်ခုသည် လူ့ဘီလူးကြီးများစွာ၏အသက်ကို ကယ်တင်နိုင်စွမ်းရှိ၏။
ဤသည်မှာ ကြောက်ရွံ့မှုသက်သက်မဟုတ်တော့ဘဲ မီးကို စတင်အသုံးပြုတတ်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဤသည်မှာ ဉာဏ်ရည်ရှိသောသက်ရှိများအတွက် အရေးအကြီးဆုံးခြေလှမ်းတစ်ခုပင် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော သစ်ငုတ်တိုအများစုမှာ မကြာသေးမီကမှ ခုတ်လှဲထားခြင်းဖြစ်သည်ကို ပြန်စဉ်းစားမိရာ ဤမီးကျင်းသည် ပေါ်ပေါက်လာသည်မှာ မကြာသေးကြောင်း သိသာသည်။ လူ့ဘီလူးကြီးများသည် မီးကိုအသုံးပြုတတ်လာသည်မှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောကာလက မိုးကြိုးမုန်တိုင်းနှင့် တောမီးလောင်ကျွမ်းမှုကို ဆက်စပ်ကြည့်လျှင် ထိုတစ်ကြိမ်သည် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ကြောင်း ထင်ရှား၏။
လူသားတို့သည် နှစ်သန်းပေါင်းများစွာ အသားစိမ်း၊ ငါးစိမ်းစားသုံးခဲ့ကြပြီး ကျောက်ချောခေတ်ရောက်မှသာ မီးကိုအသုံးပြုတတ်ခဲ့ကြသည်။ သို့သော် ဤသတ္တဝါအုပ်စုက ရက်အနည်းငယ်အတွင်းမှာပင် တတ်မြောက်သွားခဲ့သည်။ အချိန်ကို အစွမ်းကုန်ဆွဲဆန့်ကြည့်လျှင်ပင် အများဆုံး ၂နှစ်ထက်မပိုနိုင်ပေ။ ၂နှစ်နှင့် နှစ်သန်းပေါင်းများစွာ၏ ကွာခြားချက်ကို တွေးမိသောအခါ သူ၏စိတ်ထဲတွင် အေးစက်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤဉာဏ်ရည်ရှိသောသတ္တဝါများ၏ တိုးတက်မှုသည် အလွန်ပင် လျင်မြန်လှသည်။ နောက်ထပ်နှစ်အနည်းငယ် လွှတ်ထားလိုက်ပါက မည်သည့်အဆင့်သို့ တိုးတက်ပြောင်းလဲသွားမည်ကို လော်ယွမ် မတွေးဝံ့တော့ပေ။
သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤသတ္တဝါများကို လုံးဝအရှင်ထား၍ မဖြစ်ပေ။
သို့သော် ဤလူ့ဘီလူးအုပ်စုကို တစ်ယောက်မကျန် သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲသောအလုပ်တစ်ခု ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးနောက် ကျောက်နံရံဘက်သို့ အကြည့်ရောက်သွားသည်။
ဤကျောက်နံရံသည် အလွန်မတ်စောက်ပြီး ဒေါင်လိုက်နီးပါးဖြစ်ကာ အမြင့်မှာ ပေ၉၀၀ကျော်ခန့်ရှိသည်။ ကျောက်နံရံမျက်နှာပြင်တွင် ပြုပြင်ထားသော လက္ခဏာများရှိပြီး အလွန်ချောမွေ့နေကာ ကိုင်ဆွဲစရာနေရာများ၊ ချိုင့်ခွက်များ မရှိသလောက်ပင်။ "ဇက်" ပုံသဏ္ဌာန်လမ်းတစ်ခုသည် အောက်ခြေမှ ကျောက်နံရံအတွင်းပိုင်းမှတစ်ဆင့် ကျောက်နံရံ၏ ခါးလယ်ပိုင်းအထိ ကွေ့ကောက်တက်သွားသည်။
ဤကဲ့သို့ ကျောက်နံရံထဲမှ တူးဖော်ထားသောလမ်းသည် အားကြီးမားလှသော လူ့ဘီလူးကြီးများအတွက်ပင်လျှင် ကြီးမားသောစီမံကိန်းတစ်ခု ဖြစ်သည်။ ထိပ်ပိုင်းတွင် လူ့ဘီလူးအချို့က ဆက်လက်တူးဖော်နေကြရာ လမ်းကို ဆက်လက်တိုးချဲ့ဦးမည်မှာ ထင်ရှား၏။
ကျောက်နံရံပေါ်မှ လှိုဏ်ဂူများကို ထိုလမ်း၏ဘေးနံရံများတွင် တူးဖော်ထားခြင်းဖြစ်သည်။
ဤနေရာသည် ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော၊ တစ်ယောက်တည်းဖြင့် တပ်မတစ်တပ်ကိုပင် တားဆီးနိုင်သော အခရာကျသည့်နေရာမျိုးဖြစ်သည်။ ဤလူ့ဘီလူးကြီးများကို သတ်ဖြတ်လိုပါက အောက်ခြေမှစ၍ တဖြည်းဖြည်းချင်း တိုက်ခိုက်တက်သွားရမည်ဖြစ်ပြီး အခြားမည်သည့်နည်းလမ်းမျှ မရှိသလောက်ပင်။
လော်ယွမ်၏မျက်မှောင်များမှာ တင်းတင်းကြုတ်မိသွားတော့သည်။
ဆက်ရန်...
အပိုင်း(၂၁၆)အရိုင်းဆန်စိတ်
ယခုသည် နေ့ခင်းဘက်ဖြစ်ရာ သတ်ဖြတ်ရန်အတွက် အကောင်းဆုံးအချိန်မဟုတ်ချေ။ အမဲလိုက်ထွက်သော လူ့ဘီလူးအချို့ ပြန်မရောက်သေးသည်သာမက ရန်သူက ကြီးမားသော ထိခိုက်သေဆုံးမှုနှင့် ကြောက်ရွံ့မှုကို မခံနိုင်တော့ပါက လေးဘက်လေးတန်သို့ ထွက်ပြေးသွားကြပေလိမ့်မည်။ ထိုအခါ၌ လိုက်လံသတ်ဖြတ်ရန်ဖြစ်စေ၊ ချောင်းမြောင်းတိုက်ခိုက်ရန်ဖြစ်စေ အလွန်အမင်း ဒုက္ခများသော ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ဉာဏ်ရည်မြင့် သတ္တဝါများသည် သတ္တဝါတိရစ္ဆာန်များနှင့် အနှစ်သာရအားဖြင့် ကွဲပြားသွားခဲ့လေပြီ။ ၎င်းတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ထားပြီး ကိရိယာများကို အသုံးပြုနိုင်ကာ အဖွဲ့အစည်းနှင့် စည်းကမ်းအသင့်အသင့် ရှိကြသည်။ ဤအချက်က ၎င်းတို့အား အားကြီးသူကို အနိုင်ယူနိုင်သည့် အလားအလာကို ပေးစွမ်းထားရာ ဤသို့ မဆင်မခြင် ပြေးဝင်သွားခြင်းသည် ပညာရှိရာမရောက်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
လော်ယွမ်သည် ပတ်ဝန်းကျင်မှ မြေမျက်နှာသွင်ပြင်ကို သေသေချာချာ လေ့လာပြီးနောက် သတိဖြင့် နောက်ဆုတ်ပြန်လာခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် လော်ယွမ်က စခန်းသို့ ပြန်ရောက်လာခဲ့သည်။ သတင်းကို စောင့်မျှော်နေကြသော လူတစ်စုက ရှေ့သို့တိုးလာပြီး အသီးသီး မေးမြန်းကြတော့သည်။ ဉာဏ်ရည်မြင့် သတ္တဝါများ အမှန်တကယ်ရှိပြီး လူဦးရေ ထောင်ကျော်ရှိသော မျိုးနွယ်စုတစ်ခုပင် ဖြစ်သည်ကို ကြားသိလိုက်ရသောအခါ လူတိုင်း၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်သည် ရုတ်တရက် တင်းမာသွားတော့သည်။
လူသားမျိုးနွယ်သည် သတ္တဝါတို့၏ အမြင့်ဆုံးတွင်ရှိနေပြီး ကမ္ဘာမြေကြီး၏ အငြင်းပွားဖွယ်မရှိသော အရှင်သခင်ပင် ဖြစ်သည်။ ယခုအခါ၌ သန္ဓေပြောင်းသတ္တဝါများ ထင်တိုင်းကြဲနေပြီး လူသားမျိုးနွယ်က တရစပ် ရှုံးနိမ့်နေသည့်တိုင် စိတ်ထဲ၌မူ ဂုဏ်ယူနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်မှ တစ်မျိုးတည်းသော ဉာဏ်ရည်မြင့် သတ္တဝါဖြစ်ပြီး သန္ဓေပြောင်းသတ္တဝါများ မည်မျှပင် အစွမ်းထက်စေကာမူ ဉာဏ်ပညာမရှိသော သတ္တဝါများသာ ဖြစ်သောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်သည် ခြေကုပ်ယူနိုင်သည်နှင့် တစ်နေ့နေ့၌ အောင်ပွဲက ကျရောက်လာမည်မှာ သေချာပေသည်။ သို့သော် ရုတ်တရက် ကြားသိလိုက်ရသော သတင်းကမူ လူတိုင်း၏ စိတ်ထဲမှ ဂုဏ်ယူမှုကို အစိတ်စိတ် အမွှာမွှာ ကြေမွသွားစေခဲ့သည်။
ဤကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်က တစ်မျိုးတည်းသော ဉာဏ်ရည်မြင့် သတ္တဝါ မဟုတ်တော့ပေ။
ခန္ဓာကိုယ်အားဖြင့် လူသားထက် အားကောင်းပြီး ဉာဏ်ပညာအားဖြင့် လူသားထက် သာလွန်သော မျိုးစိတ်တစ်ခု ပေါ်ထွက်လာသည့်အခါ လူသားမျိုးနွယ်သည် မိမိတို့၏ ဂုဏ်ယူမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါဦးမည်လော။ လူသားမျိုးနွယ်ကို အစားထိုးမည့်နေ့က မဝေးတော့တာမျိုး ဖြစ်နိုင်သည်။
အားလုံး၏ စိတ်ထဲ၌ အေးစက်သော ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
"ကမ္ဘာကြီးက ဒီလိုပုံစံမျိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" အချိန်အတော်ကြာမှ ဟွမ်ကျားဟွေက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
လော်ယွမ် ယူဆောင်လာသော သတင်းသည် အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းလှသည်။ လမ်းတစ်လျှောက်လုံး၌ အရိပ်အမြွက်များ ရှိခဲ့သည့်အတွက် အားလုံးက စိတ်ထဲမှ အနည်းနှင့်အများ ပြင်ဆင်ထားခဲ့ကြသော်လည်း အမှန်တကယ် အတည်ပြုလိုက်သည့်အခါ၌မူ လူတိုင်း၏ စိတ်ထဲ၌ ထိတ်လန့်ကြောက်ရွံ့သော ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
"သူတို့ မဖွံ့ဖြိုးသေးခင်မှာ... ငါတို့ သူတို့ကို ရှင်းပစ်ရမယ်" ထိုအချိန်၌ တပ်ခွဲမှူးရှက ရုတ်တရက် ပြောလိုက်ပြီး မျက်နှာက အေးစက်တည်ကြည်နေသည်။
"ဟုတ်တယ်... သူတို့က ငါတို့နဲ့ အရမ်းနီးကပ်လွန်းနေတယ်... အချိန်မရွေး ပြဿနာဖြစ်နိုင်တယ်" ဟော်တုံသည်လည်း ကြောက်ရွံ့မှုကို အားတင်းကာ ပြောလိုက်သည်။
လော်ယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "အားလုံးရဲ့အတွေးက အတူတူပဲဖြစ်မယ်... ဒါဆိုရင် ညဘက်မှာ လှုပ်ရှားကြတာပေါ့... ဒီသတ္တဝါအုပ်စုကို တစ်ကောင်မှမကျန်အောင် ရှင်းပစ်မှရမယ်... အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့အားလုံး လိုက်ခဲ့ရမယ်"
ပြန်လာစဉ် လမ်းတစ်လျှောက်လုံး၌ စဉ်းစားခဲ့ပြီးနောက် သူက သူ၏ မူလအတွေးကို ပြောင်းလဲလိုက်ပြီဖြစ်သည်။ သူတစ်ယောက်တည်း၏ စွမ်းအားဖြင့်မူ မည်သို့ပင်ဖြစ်စေ အလွဲအချော်များ ရှိနေမည်မှာ သေချာပေသည်။ ထိုအခါ၌ လူ့ဘီလူးများ လေးဘက်လေးတန်သို့ ထွက်ပြေးသွားပါက သူ၏ အရှိန် မည်မျှပင် မြန်ဆန်စေကာမူ နေရာတိုင်းသို့ မရောက်ရှိနိုင်ဘဲ လွတ်မြောက်သွားသူများ ရှိနေမည်မှာ သေချာပေသည်။
ဤလူများ၏ လက်ရှိစွမ်းအားသည် မဆိုးတော့ချေ။ တစ်ယောက်ချင်း တိုက်ခိုက်လျှင် မနိုင်နိုင်သော်လည်း သုံးယောက်နှစ်ယောက် ပူးပေါင်းလိုက်လျှင် အနည်းငယ်တော့ သတ်ဖြတ်နိုင်ပေလိမ့်မည်။ အထူးသဖြင့် ဝမ်ရှီရှီသည် အစိမ်းရောင်အဆင့်ကို ရင်ဆိုင်ရန် အနည်းငယ် အားနည်းသော်လည်း အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကို ရင်ဆိုင်ရာ၌မူ လူသတ်စက်တစ်လုံးနှင့်ပင် တူပြီး သူထက်ပင် စွမ်းဆောင်ရည် ပို၍ မြင့်မားသည်။ သူမသာ ရှိနေပါက ဤတစ်ကြိမ်မစ်ရှင်သည် ကိုးဆယ်ရာခိုင်နှုန်း အောင်မြင်မည်မှာ သေချာပေသည်။
"ကလေးတွေကရော" ဟွမ်ကျားဟွေက ပြောလိုက်သည်။
"တစ်ခါတည်း ခေါ်သွားမယ်... ဂူထဲမှာ သူတို့ချည်းပဲထားခဲ့ရင် အန္တရာယ်ပိုများတယ်" လော်ယွမ်သည် ဟွမ်ကျားဟွေ၏ စိုးရိမ်မှုကို ကောင်းကောင်းသိသည်။ "ဒါပေမဲ့ စိတ်မပူပါနဲ့... နင်တို့ကလွတ်သွားတဲ့ကောင်တွေကိုပဲ တာဝန်ယူရမှာဆိုတော့ လုံခြုံပါတယ်"
ကိစ္စသည် ဤသို့ ရိုးရှင်းစွာပင် ဆုံးဖြတ်ပြီးသွားခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သံသယမဝင်သကဲ့သို့ ပေါ်ပေါ်တင်တင်လည်း ကန့်ကွက်ခြင်းမရှိချေ။ စိတ်ထဲ၌ မည်မျှပင် ကြောက်ရွံ့နေစေကာမူ၊ မည်မျှပင် မလိုလားနေစေကာမူ စိတ်ထဲ၌သာ မြိုသိပ်ထားရပြီး မျက်နှာပေါ်၌ပင် အမူအရာတစ်စက်ကလေးမျှ မပြဝံ့ကြချေ။ သူ၏ သြဇာအာဏာသည် လူတိုင်း၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲမြဲနေခဲ့ပြီး အဖွဲ့သို့ အခုမှ ဝင်ရောက်လာသော စစ်သားအချို့ပင်လျှင် သူ၏ အကြည့်အောက်၌ တိတ်ဆိတ်ငြိမ်သက်နေကြပြီး မိမိတို့၏ ခေါင်းဆောင်ကြီးထက်ပင် ပို၍ ဂုဏ်သရေရှိသည်ဟု ခံစားနေကြရသည်။
စစ်ပွဲ၏ အငွေ့အသက်က လူတိုင်း၏ ရင်ကို လေးလံသွားစေပြီး အားလုံးက မိမိတို့ တတ်နိုင်သမျှ ပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။
ကမ္ဘာပျက်ကာလသည် လူကို အလေ့ကျင့်ပေးဆုံးသော ခေတ်ပင်ဖြစ်သည်။ အပြင်ထွက်နည်းသော အိမ်တွင်းပုန်းတစ်ယောက်ပင်လျှင် ခြောက်လခန့် ရုန်းကန်ပြီးနောက်တွင် အသက်ရှင်ရေးကျွမ်းကျင်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
.............................................................................................
အချိန်ကား လျင်မြန်စွာ ကုန်လွန်သွားပြီး ကောင်းကင်က မကြာမီမှာပင် မည်းမှောင်သွားသည်။
ဂူရှေ့မှ ကွင်းပြင်၌ အရေခွံဆုတ်ထားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် မီးတောက်များ၏ ကင်ခြင်းကို ခံနေရပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ ဆီများသည် မီးပုံပေါ်သို့ ကျဆင်းသွားပြီး မီးပွားများကို အခါအားလျော်စွာ ထွက်ပေါ်စေကာ "တဖျစ်ဖျစ်" အသံကို ထွက်ပေါ်စေသည်။ ယိမ်းနွဲ့နေသော မီးရောင်သည် လူတိုင်း၏ မျက်နှာကို တစ်ခါတစ်ရံ လင်းသွားလိုက်၊ တစ်ခါတစ်ရံ မှောင်သွားလိုက်ဖြင့် ထင်ဟပ်နေစေသည်။
"တူးနေပြီနော်" လော်ယွမ်က သတိပေးလိုက်သည်။
"ဟာ"
လူအချို့သည် ထိုအခါမှသာ သတိပြန်ဝင်လာပြီး အသားကင်ကို အကင်စင်မှ အလျင်အမြန် ဖယ်ရှားလိုက်ကြသည်။ ယခင်က ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကြောင့် သူတို့သည် ယခုအချိန်အထိပင် စိတ်မတည်ငြိမ်ဖြစ်နေကြသည်မှာ ထင်ရှားလှ၏။
လော်ယွမ်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်မှုကို ဖြေလျှော့လိုက်သည်။ တကယ်တမ်းတွင် သူကိုယ်တိုင်ပင်လျှင် ထိုသတ္တဝါများကို ပထမဆုံး မြင်လိုက်ရစဉ်က စိတ်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားပြီး ထိန်းချုပ်မရနိုင်သော အရိုးထဲစိမ့်ဝင်နေသည့် သတ်ဖြတ်လိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ ဤမစ်ရှင်မရှိလျှင်တောင် သတ်ဖြတ်ပြီးမှသာ စိတ်ကျေနပ်မည်မှာ သေချာပေသည်။ ဤသတ်ဖြတ်လိုစိတ်သည် အကြောင်းပြချက်မရှိဘဲ အရိုးထဲ၊ မျိုးရိုးဗီဇထဲမှ ထွက်ပေါ်လာသည့်အလားပင်။ ဤသည်မှာ ဉာဏ်ရည်မြင့် သတ္တဝါတစ်မျိုးက အခြား ဉာဏ်ရည်မြင့် သတ္တဝါတစ်မျိုးနှင့် တွေ့ဆုံသည့်အခါ ဖြစ်ပေါ်လာသော ဗီဇစိတ်ပင် ဖြစ်ပေမည်။
ညစာကို လျင်မြန်စွာ စားသောက်ပြီးသွားခဲ့သည်။ လော်ယွမ်က အချိန်ကို ကြည့်လိုက်ရာ ညခုနစ်နာရီ ထိုးနေပြီး ကောင်းကင်က လုံးဝ မည်းမှောင်နေပြီဖြစ်သည်။ သူသည် နောက်ထပ် သုံးနာရီခန့် ဆက်လက်စောင့်ဆိုင်းပြီးနောက် ဆယ်နာရီ တိတိတွင်မှ ထရပ်လိုက်ပြီး ဘေး၌ စိုက်ထားသော ကျန်းမာတောက်ဓားကို ဆွဲယူလိုက်သည်။
"မီးငြိမ်းလိုက်တော့... စထွက်ကြမယ်"
လူအုပ်စုသည် မီးပုံကို လျင်မြန်စွာ ငြိမ်းသတ်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် လက်နက်များကို ဆွဲကိုင်ကာ ထွက်ခွာရန် အသင့်ပြင်နေကြသည်။
ဟွမ်ကျားဟွေသည် ဓားရှည်တစ်ချောင်းကို ဆွဲယူလိုက်ပြီး နာရီကို ငုံ့ကြည့်ကာ လော်ယွမ်၏ ဘေးသို့ လျှောက်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဆယ်နာရီပဲ ရှိသေးတယ်... အရမ်းစောမနေဘူးလား"
ဆယ်နာရီက အမှန်တကယ်ပင် စောလွန်းနေသေးသည်။ ကမ္ဘာပျက်ကပ်မတိုင်မီက လူသားများအတွက်မူ ညဘက်ဘဝသည် အခုမှပင် စတင်ရုံသာ ရှိသေးသည်။
လော်ယွမ်က ခေါင်းခါလိုက်သည်။ "အဲ့ဒီနေရာက ဒီကနေ နည်းနည်းလှမ်းတယ်... ညဘက်လမ်းလျှောက်ရင် ပိုပြီးတောင် နှေးဦးမယ်... တကယ်လို့ မထင်မှတ်ထားတဲ့ အခြေအနေနဲ့ ကြုံရရင် အချိန်ကပိုကြာဦးမှာ... အချိန်ပိုရဖို့အတွက်ငါတို့စောစောထွက်မှဖြစ်မှာ... ပြီးတော့ အဲ့ဒီလူ့ဘီလူးတွေက လူသားတွေမှ မဟုတ်တာ... အခုအချိန်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်ပြီ"
လော်ယွမ်သည် သူမကို ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "နင် သတိထားနော်... ဝမ်ရှီရှီဘေးမှာ နေတာ အကောင်းဆုံးပဲ"
ဟွမ်ကျားဟွေက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကျွန်မအတွက် စိတ်မပူပါနဲ့... ကျွန်မ သတိထားပါ့မယ်"
..........................................................................................................................................
သူတို့အဖွဲ့သည် ဧရာမဖွတ်ကြီးပေါ်သို့ တက်ပြီး မကြာမီမှာပင် ထွက်ခွာသွားခဲ့သည်။
အဝေးမှ သန္ဓေပြောင်းသတ္တဝါများ၏ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး တစ်ခါတစ်ရံ စူးရှသော အော်ဟစ်သံများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများ ရောယှက်နေရာ ကြားရသူကို ကြက်သီးထစေသည်။
ထူထပ်သော သစ်ရွက်များ၏ ဖုံးကွယ်မှုအောက်၌ တောနက်ကြီးတစ်ခုလုံးသည် မည်းမှောင်နေပြီး တစ္ဆေနယ်မြေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသည်။ အဝေးမှ ချုံပုတ်များထဲမှ တစ္ဆေမီးတောက်များကဲ့သို့ မှိန်ဖျော့သော အလင်းစက်များသည်သာလျှင် အလင်းရောင်အနည်းငယ်ကို ထုတ်လွှတ်နေသည်။ ၎င်းတို့မှာ အခွင့်အရေးကို စောင့်ဆိုင်းနေသော သန္ဓေပြောင်းသတ္တဝါများဖြစ်သော်လည်း ဧရာမဖွတ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်၏ ခြိမ်းခြောက်မှုအောက်၌ ၎င်းတို့သည် တုံ့ဆိုင်းနေပြီး အနားသို့ မချဉ်းကပ်ဝံ့ဘဲ အနီးအနား၌သာ လှည့်ပတ်နေကြသည်။
ပိန်းပိန်းမှောင်နေသောတောနက်ကြီးသည် နေ့ခင်းဘက်ထက် ပို၍ စည်ကားပြီး ပို၍ အန္တရာယ်များသော ကမ္ဘာတစ်ခုဖြစ်သည်။ အသားစားသတ္တဝါအများစုသည် ဤအချိန်၌ လှုပ်ရှားသွားလာရန် ရွေးချယ်ကြသည်။ အထူးသဖြင့် ယခုကဲ့သို့ နေ့ခင်းဘက် အပူချိန် တဖြည်းဖြည်း မြင့်တက်လာသောအခါ အရွက်စားသတ္တဝါအချို့ပင်လျှင် နေ့ဘက်၌ ပုန်းအောင်းပြီး ညဘက်၌ ထွက်လာကာ ဤပြင်းထန်သော ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာကြသည်။
ဧရာမဖွတ်ကြီး၏ အရှိန်သည် မမြန်ဆန်လှဘဲ လမ်းတစ်လျှောက်လုံး၌ အနည်းငယ် စိတ်ဂနာမငြိမ်ဖြစ်နေသည်။ အကြိမ်ပေါင်းများစွာ ထိန်းချုပ်မရနိုင်ဘဲ ဟိန်းဟောက်လိုက်ရာ ထိုဟိန်းဟောက်သံသည် နားစည်ကို ကွဲလုမတတ် တုန်ခါသွားစေသော်လည်း ဧရာမဖွတ်ကြီး၏ ရံဖန်ရံခါ ဟိန်းဟောက်ခြိမ်းခြောက်မှုကြောင့်ပင် လမ်းတစ်လျှောက်လုံး၌ အံ့ဩစရာကောင်းလောက်အောင် အန္တရာယ်ကင်းခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက် သူတို့အဖွဲ့ တောင်ကြားသို့ ရောက်ရှိသွားကြသည်။
ဤနေရာသည် လူ့ဘီလူးများ၏ မျိုးနွယ်စုနှင့် သိပ်မဝေးတော့ချေ။ လော်ယွမ်က လူအုပ်စုကို ဆင်းခိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဧရာမဖွတ်ကြီး၏ လမ်းလျှောက်သံက အလွန်ကျယ်လောင်သည့်အတွက် ရန်သူကို သတိပေးသလို မဖြစ်ရလေအောင် ၎င်းကို ဤနေရာ၌ပင် ထားခဲ့ရပြီး အားလုံး ခြေကျင်လျှောက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး တောနက်ထဲမှ ပတ်ဝန်းကျင်နှင့် ရုတ်တရက် ကွဲပြားသွားသည်။
လူ့ဘီလူးများ မကြာခဏ သွားလာတတ်သည့်အတွက်ကြောင့် ဖြစ်မည်၊ အနီးအနား၌ သန္ဓေပြောင်းသတ္တဝါများ ထွက်ပေါ်ခြင်း အလွန်နည်းပါးပြီး လမ်းတစ်လျှောက်လုံး၌ မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရချေ။
မကြာမီမှာပင် မီးရောင်ကို မှိန်ဖျော့စွာ မြင်တွေ့လာရပြီး ရှေ့ဘက်မှ အပူလှိုင်းများ တလိပ်လိပ် တက်လာကာ အပူချိန်သည် ရုတ်တရက် မြင့်တက်လာသည်။
လင်းရှောင်ကျီသည် ချွေးတစ်ချက် သုတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးကို လုံခြုံစွာ ဖုံးအုပ်ထားသည့်အတွက် ဤအပူလှိုင်းကြောင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားပြီး အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ "ဒီသန္ဓေပြောင်းသတ္တဝါတွေက အပူမကြောက်ဘူးလား"
"ဒါက ကာကွယ်ရေးနည်းလမ်းတစ်ခုပဲလေ... ဒီလိုမီးဖိုကြီးဖိုထားတော့ ပတ်ဝန်းကျင်မှာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်မှ မရှိတော့ဘူးပေါ့... အခြေစိုက်စခန်းနဲ့ ဝေးတဲ့ ကင်းစခန်းတချို့မှာ ညဘက်ဆိုရင် ဒီလိုနည်းလမ်းကို သုံးကြတယ်... မီးပုံကြီးတစ်ပုံက ဘယ်လို စက်သေနတ်၊ အမြောက်ထက်မဆို ပိုပြီး ထိရောက်တယ်... ဒီသန္ဓေပြောင်းသတ္တဝါတွေက ငါတို့ထင်ထားတာထက် ပိုပြီး ဉာဏ်ကောင်းတာပဲ" တပ်ခွဲမှူးရှက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
လော်ယွမ်က သူတို့ကို ဂရုမစိုက်ဘဲ နားစွင့်၍ ခဏတာ နားထောင်ပြီးနောက် လှည့်၍ ပြောလိုက်သည်။ "ရှေ့မှာ လူ့ဘီလူးတွေ ကင်းစောင့်နေတယ်... ကျွန်တော် အရင်သွားလိုက်မယ်... ကျွန်တော် အချက်ပြမှ ခင်ဗျားတို့ လိုက်ခဲ့ကြ"
သူတို့အဖွဲ့က မည်သည့်အသံကိုမျှ မကြားရသော်လည်း သံသယတစ်စက်ကလေးမျှမရှိဘဲ လူတိုင်း၏ စိတ်ထဲ၌ တင်းမာသွားပြီး မျက်နှာများ တည်ကြည်သွားကြသည်။
"ကိုကြီးယွမ်... သမီးပါလိုက်ကူမယ်လေ" ဝမ်ရှီရှီက ရုတ်တရက် ပြောလိုက်သည်။
လော်ယွမ် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဤနေရာက အတော်လေး လုံခြုံသင့်ပြီး ဝမ်ရှီရှီမရှိသည့်တိုင် အရေးမကြီးချေ။ ထို့အပြင် အိပ်ပျော်နေသော အခြားလူ့ဘီလူးများကို မလန့်နိုးစေဘဲ လူ့ဘီလူးအနည်းငယ်ကို အသံတိတ် ဖြေရှင်းရန်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။ ဤသို့တွေးမိသောအခါ လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ နင်ငါနဲ့လိုက်ခဲ့... အချိန်ကျရင် ငါ့ကို ကူညီ"
ဝမ်ရှီရှီက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်ဦးသားသည် ခန္ဓာကိုယ်ကို နှိမ့်ချကာ ဖြည်းညင်းစွာ ချောင်းမြောင်းသွားကြသည်။ ရှေ့ဘက်သည် ပို၍ ပူပြင်းလာပြီး ဆံပင်များပင်လျှင် လောင်သွားတော့မည့်အလား ထင်မှတ်ရသည်။ ခဏတာ လျှောက်ပြီးနောက် သူသည် နောက်တစ်ကြိမ် ရပ်တန့်လိုက်ပြီး နားစွင့်၍ ခဏတာ နားထောင်လိုက်သည်။ ထို့နောက် အပူချိန်မြင့်မားမှုကြောင့် ခြောက်သွေ့နေသော မြက်ပင်များကို ဖယ်ရှားလိုက်ရာ မြက်ပင်များမှ "တရှဲရှဲ" အသံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာသော်လည်း မည်သူတစ်ဦးတစ်ယောက်၏ သတိပြုမိခြင်းကိုမျှ မခံလိုက်ရချေ။
"မြင်ရပြီလား... သမီးလည်းကြည့်ချင်တယ်" ဝမ်ရှီရှီသည် ထိုသန္ဓေပြောင်းသတ္တဝါ၏ ရုပ်သွင်ကို စူးစမ်းလိုစိတ်ဖြစ်နေသည့်အတွက် လော်ယွမ်၏ ဘေးသို့ ကပ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှူးးး" လော်ယွမ်သည် သေသေချာချာ လေ့လာနေသည်။ အချိန်အတော်ကြာမှ သူသည် လှည့်လာပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "စုစုပေါင်း လူ့ဘီလူး ဆယ့်သုံးကောင် ကင်းစောင့်နေတယ်... ဒီလောက်များလိမ့်မယ်လို့ မထင်ထားဘူး... အခြေအနေက နည်းနည်း ခက်သွားပြီ"
..........................................................................................................................................
လူ့ဘီလူးတစ်စုသည် ကျောက်တောင်၏ ခြေရင်း၌ သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စု ထိုင်နေကြပြီး တခါတရံ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုနေကြသည်။
ဤလူ့ဘီလူးများသည် အခြားလူ့ဘီလူးများထက် ပို၍ အရပ်မြင့်ပြီး သန်မာကြသည်။ တစ်ကောင်စီတိုင်းသည် ၂၂ပေခန့် အရပ်မြင့်ပြီး တစ်ကိုယ်လုံးမှ ကြွက်သားများက သက်တမ်းရင့်သစ်ပင်ကြီး၏ အမြစ်များကဲ့သို့ အရေပြားကို ထိုးခွဲထွက်တော့မည့်အလားပင်။ ဤသို့ ပေါ့ပေါ့ပါးပါး ထိုင်နေရုံမျှဖြင့်ပင် ကြမ်းတမ်းခက်ထန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ဤလူ့ဘီလူးများသည် သာမန်လူ့ဘီလူးများမဟုတ်ဘဲ လူ့ဘီလူးများထဲမှ စစ်သည်တော်များဖြစ်သည်မှာ ထင်ရှားလှ၏။
ထိုအချိန်၌ မနီးမဝေးမှ "ရှဲရှဲ" ဟူသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လူ့ဘီလူးတစ်ကောင်သည် သတိဖြင့် ထရပ်လိုက်ပြီး ဘယ်ညာ ကြည့်လိုက်ကာ ပါးစပ်မှ ထူးဆန်းသော အသံများကို ထုတ်လွှတ်ပြီး ကျန်လူ့ဘီလူးများနှင့် အချင်းချင်း ဆက်သွယ်နေဟန်တူသည်။ မကြာမီမှာပင် ၎င်းသည် ပန်းကန်လုံးအရွယ်ခန့်ရှိသော လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ရှေ့ဘက်သို့ သတိဖြင့် လျှောက်သွားပြီး အခြားလူ့ဘီလူးများကမူ ပတ်ဝန်းကျင်ကို ကင်းစောင့်နေကြသည်။
ဤလူ့ဘီလူးအုပ်စုသည် အလွန်အမင်း သတိကြီးပြီး နိုးကြားလှသည်။ ဤသို့ အန္တရာယ်များဖြင့် ပြည့်နှက်နေသော တောနက်ကြီးထဲ၌ နေထိုင်သူမည်သူမဆို ဤသို့ပင် ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ဤသတ္တဝါမျိုးသည် ယခုအချိန်အထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။
လူ့ဘီလူးသည် လှုပ်ရှားသံလာရာ နေရာသို့ သတိဖြင့် လျှောက်သွားပြီး သေလုနီးပါးဖြစ်နေသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ဝမ်းမြောက်စွာဖြင့် တွေ့လိုက်ရသည်။ ၎င်း၏ ဝမ်းဗိုက်သည် ပြင်းထန်စွာ စုတ်ပြဲနေပြီး ကလီစာများသည် မြေပြင်ပေါ်သို့ စီးကျနေကာ ရှည်လျားသော သွေးလမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ ၎င်းက သွေးရူးသွေးတန်း ထွက်ပြေးလာရင်း ဤနေရာသို့ ရောက်ရှိလာဟန်တူသည်။
ဤသည်မှာ သူတို့အတွက် ကောင်းကင်မှ ကျလာသော လက်ဆောင်ကြီးတစ်ခုပင်။
၎င်းက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ချွန်ထက်သော အစွယ်နှစ်ချောင်းကို ထုတ်ဖော်လိုက်သည်။
၎င်းကဲ့သို့သော စစ်သည်တော်တစ်ဦးအတွက်ပင်လျှင် အသားသည် တန်ဖိုးရှိပြီး ရှားပါးလှရာ နေ့တိုင်း ရရှိနိုင်သည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သောအသားမျိုးက အသက်ဖြင့် လဲလှယ်၍ ရယူရသောအရာဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ၎င်း၏ သတိရှိမှုသည် မကျဆင်းသွားချေ။ သူက ပတ်ဝန်းကျင်မှ အခြေအနေကို သေသေချာချာ သတိထားကြည့်ပြီးနောက် အခြားလှုပ်ရှားမှုတစ်စုံတစ်ရာမရှိသည်ကို မြင်သောအခါမှသာ စိတ်ချသွားပြီး ဝမ်းမြောက်စွာဖြင့် သန္ဓေပြောင်းသတ္တဝါ၏ လည်ပင်းကို ဆွဲကိုင်ကာ လူ့ဘီလူးများဆီသို့ လျှောက်သွားခဲ့သည်။
သန္ဓေပြောင်းသတ္တဝါကို မြင်သောအခါ လူ့ဘီလူးများကြားထဲ၌ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အားလုံး၏ မျက်နှာ၌ ဝမ်းမြောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အမူအရာများ ထင်ဟပ်နေသည်။ လူ့ဘီလူးတစ်ကောင်သည် စုတ်ပြဲနေသော ဝမ်းဗိုက်ထဲသို့ လက်ထည့်လိုက်ပြီး နှလုံးတစ်လုံးကို အားကုန်သုံး၍ ဆွဲထုတ်ကာ အသန်မာဆုံးသော လူ့ဘီလူးထံသို့ ရိုသေစွာ ဆက်သလိုက်သည်။
ထိုလူ့ဘီလူးသည် အလွန်ကျေနပ်ဟန်တူသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ချက်ကို ပြုံးလိုက်ပြီး လက်ခံကာ ချွန်ထက်သော သွားများဖြင့် ပြည့်နှက်နေသော ပါးစပ်ထဲသို့ ထည့်သွင်းလိုက်ပြီး အားရပါးရ ဝါးစားလိုက်ရာ သွေးများက နှုတ်ခမ်းထောင့်မှ စီးကျလာပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေသည်။
ဤသည်မှာ ထူးခြားသော ဓလေ့တစ်ခုဖြစ်သကဲ့သို့ အချက်ပြမှုတစ်ခုလည်း ဖြစ်သည်။ လူ့ဘီလူးသည် နှလုံးကို မျိုချလိုက်သည်နှင့် အစာစားပွဲတော်ကြီးသည် စတင်သွားတော့သည်။
အစာစားနေသော လူ့ဘီလူးများသည် အလွန်အမင်း ရူးသွပ်ပြီး ပြင်းထန်လှသည်။ သန္ဓေပြောင်းသတ္တဝါတစ်ကောင်လုံးကို အပိုင်းပိုင်း ဆွဲဖြဲကာ ပါးစပ်ထဲသို့ ထည့်၍ အသည်းအသန် ကိုက်ဖြတ်နေကြသည်။ မစောင့်ဆိုင်းနိုင်သော လူ့ဘီလူးတစ်ကောင်သည် မြေပြင်ပေါ်၌ တိုက်ရိုက် ဝပ်တွားလိုက်ပြီး တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ ဤလူ့ဘီလူးများသည် ဉာဏ်ရည်မြင့် သတ္တဝါများ ဖြစ်နေသည့်တိုင် တိရိစ္ဆာန်စိတ်များ ကျန်ရှိနေသေးသည်မှာ ထင်ရှားလှ၏။