အခန်း (၂၁၇-၂၂၀)
Vol. 11 Ch. 217-220
အပိုင်း(၂၁၇)ဝရုန်းသုန်းကား
ကီလိုဂရမ် ရာဂဏန်းအနည်းငယ်လေးသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် လူသားများအတွက်မူ အလွန်များပြားသည်ဟု ထင်ရနိုင်သော်လည်း ပျမ်းမျှအရပ်၁၈ပေခန့်ရှိသော လူ့ဘီလူးကြီးများအတွက်မူ နှစ်ကြိမ်၊ သုံးကြိမ်စာသာ ဖြစ်သည်။ ဤနေရာတွင်မူ လူ့ဘီလူးကြီး ဆယ့်သုံးဦးအထိ ရှိနေခဲ့သည်။
အစာစားနေသော သားရဲတစ်ကောင်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သားရဲတစ်အုပ်လုံးအတွက် မလုံလောက်နိုင်သော အစားအစာတစ်ခုတည်းကိုသာ ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။
အစပိုင်းတွင် လူ့ဘီလူးကြီးများ၏ အစာစားပုံမှာ ပြင်းထန်သော်လည်း ပတ်ဝန်းကျင်ကို သတိထားသည့် အသိစိတ်တစ်စွန်းတစ်စ ကျန်ရှိနေသေးသည်။ သို့သော် အစားအစာများ တဖြည်းဖြည်းနည်းပါးလာသည်နှင့်အမျှ အစာစားပွဲမှာ ပို၍ရူးသွပ်လာပြီး နောက်ဆုံးတွင် အလုအယက်လုယက်စားသောက်သည့် အခြေအနေသို့ပင် ရောက်ရှိသွားသည်။ ထိုအချိန်တွင် လူ့ဘီလူးကြီးများ၏ နောက်ဆုံးကျန်ရှိနေသော သတိဝီရိယမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ညနှင်းမြူများအောက်တွင် လရောင်မှာ မှိုင်းပျပျဖြစ်နေပြီး ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် လေပွေတစ်ချက် ရုတ်တရက်တိုက်ခတ်လာပြီး မြောက်မြားလှသော သစ်ရွက်ကြွေများ လေထဲသို့လွင့်တက်သွားကာ အချိန်ကြာမြင့်စွာ မြေပြင်ပေါ်သို့ ပြန်မကျဘဲ လည်ပတ်နေသည်။ လေတိုက်သံနှင့်အတူ တရှဲရှဲအသံသဲ့သဲ့ကိုလည်း ကြားနေရသည်။
ခေါင်းဆောင်ဖြစ်သော လူ့ဘီလူးကြီးမှာ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး သေရေးရှင်ရေးကို ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ရာ မမြင်နိုင်သော အန္တရာယ်ကို ပို၍အာရုံခံနိုင်စွမ်းရှိသည်။ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ သတိပြုမိဟန်တူပြီး အလိုလိုပင် ခေါင်းမော့ကြည့်လိုက်သည်။
ထို့နောက် သူ၏မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားသည်။ သူ၏အမြင်အာရုံထဲတွင် လူပုလေးတစ်ဦး၏ ပုံရိပ်မှာ တစ္ဆေတစ်ကောင်နှယ် အလွန်လျင်မြန်သောအရှိန်ဖြင့် ချဉ်းကပ်လာနေသည်။ ပထမတစ်ချက်ကြည့်လိုက်စဉ်က ပေ၃၀အကွာတွင် ရှိနေသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူ၏တစ်ကိုယ်လုံး တုန်တက်သွားပြီး အမည်ဖော်မရသောကြောက်ရွံ့မှုကြောင့် နှလုံးခုန်ပင် တစ်ချက်ရပ်သွားသလို ခံစားလိုက်ရသည်။ သူ အော်ဟစ်ရန် ကြံရွယ်လိုက်စဉ်မှာပင်...
ထိုအခိုက်အတန့်တွင် တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုက နေထွက်ချိန်အလင်းပမာ သူ၏အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။ ထို့နောက် ချက်ချင်းပင် ပါးရိုးမှ မေးရိုးအောက်ခြေအထိ သွေးကြောင်းတစ်ခု လျင်မြန်စွာ ပေါ်ထွက်လာပြီး သူ၏ဦးခေါင်းတစ်ခုလုံးကို နှစ်ပိုင်းခွဲခြမ်းပစ်လိုက်သည်။
လူရိပ်သည် ရုတ်တရက်ပေါ်လာပြီးနောက် နောက်ထပ်ပစ်မှတ်တစ်ခုဆီသို့ လျင်မြန်စွာ ရွေ့လျားသွားပြန်သည်။ စောစောကတိုက်ခိုက်မှုသည် သူ၏အရှိန်ကို လုံးဝမလျော့ကျစေခဲ့ပေ။၁၅ပေအကွာအဝေးကို ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားသည်။ သူ၏တစ်ကိုယ်လုံးမှာ မည်းနက်နေပြီး အမှောင်ထုထဲတွင် မထင်မရှားသော အမည်းရောင်အရိပ်တစ်ခုနှယ်၊ သေမင်း၏ကိုယ်ပွားသဖွယ် ဖြစ်နေသည်။
လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး အရိပ်ထဲမှ ချွန်ထက်သော ဓားသွားထိပ်တစ်ခုက လျှပ်စီးလက်သလို ထိုးထွက်လာကာ လူ့ဘီလူးကြီး၏ နဖူးအလယ်တည့်တည့်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏မျက်လုံးများမှာ ကြောင်တောင်တောင်ဖြစ်သွားပြီး ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ပေ။
ပြောရလျှင် အချိန်ကြာမြင့်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူ ချုံပုတ်ထဲမှ ခုန်ထွက်လာချိန်မှ ယခုအချိန်အထိ အချိန်မှာ စက္ကန့်ဝက်မျှသာ ကြာမြင့်သေးသည်။ ထိုအချိန်တွင် ပထမလူ့ဘီလူးကြီး၏ ဦးခေါင်းတစ်ခြမ်းမှာ ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ လေထဲတွင် လွင့်နေဆဲသာ ရှိသေးသည်။
သို့သော် အခြားလူ့ဘီလူးကြီးများမှာမူ အစာစားပွဲတော်တွင် နစ်မျောနေကြဆဲဖြစ်ပြီး ဘာမှသတိမပြုမိကြသေးပေ။
တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်...
အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်မှု၏အသံမှာ ပိုမိုကျယ်လောင်လာသည်။ ပြင်းထန်သောလေပြင်းများ၊ လွင့်စင်နေသော သွေးများကြားတွင် လူ့ဘီလူးကြီးအချို့ သတိပြုမိသွားကြသော်လည်း သတိပေးအော်ဟစ်ချိန်ပင်မရလိုက်ဘဲ ရုတ်တရက်ရောက်ရှိလာသော ဓားတစ်ချက်ဖြင့် ဦးခေါင်းပြတ်သွားခြင်း သို့မဟုတ် ဝမ်ရှီရှီ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာပျံသန်းလာသော လှံပျံဖြင့် ထိုးဖောက်ခံရခြင်းတို့ဖြင့် အသက်ပျောက်ခဲ့ကြရသည်။
ထိုအချိန်တွင် ပထမဆုံးအလောင်းမှာ မြေပြင်ပေါ်သို့ နောက်ဆုံးတွင် လဲကျသွားခဲ့သည်။ တန်ချိန်တစ်တန်နီးပါးလေးသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ကျဆင်းသွားရာမှ ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံကြောင့် ကျန်ရှိနေသော လူ့ဘီလူးကြီးသုံးဦးမှာ နောက်ဆုံးတွင် နိုးကြားလာကြသည်။
သို့သော် ထိုအချိန်တွင်မူ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ထိုအရိပ်မည်း၏အရှိန်မှာ ရုတ်တရက် သုံးဆခန့် ပိုမိုမြန်ဆန်လာပြီး အရှိန်ကို အမြင့်ဆုံးသို့ တင်လိုက်သည်။
ပထမလူ့ဘီလူးကြီးမှာ မတ်တပ်ထရပ်ရန် ကြံရွယ်လိုက်စဉ်မှာပင် အရိပ်မှာ သူ၏နောက်ကျောသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ လှံကိုကောက်ယူလိုက်စဉ်မှာပင် ချွန်ထက်သောဓားတစ်လက်က လေကိုခွင်းလျက် ဦးခေါင်းကိုပိုင်းဖြတ်သွားခဲ့သည်။
ဒုတိယလူ့ဘီလူးကြီးမှာ ဤမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်သွားကာ အော်ဟစ်ရန်ကြံရွယ်လိုက်စဉ် သူ၏အသံအိုးပင် မတုန်ခါရသေးခင်မှာပင် ဓားသွားထိပ်တစ်ခုက သူ၏ပါးစပ်ထဲမှ ထိုးဖောက်ဝင်ရောက်ကာ ဦးခေါင်းထိပ်မှနေ၍ ဖောက်ထွက်သွားသည်။
တတိယမြောက်လူ့ဘီလူးကြီးမှာမူ လှံပျံတစ်စင်းဖြင့် ဦးခေါင်းထိုးဖောက်ခံထားရပြီးဖြစ်နေသည်။
ကင်းစောင့်နေသော လူ့ဘီလူးကြီးအားလုံးကို ရှင်းလင်းပြီးနောက် လော်ယွမ် စိတ်အနည်းငယ်ပေါ့ပါးသွားပြီး သူ၏အကြည့်များမှာ ရှေ့ဘက်မှ ထူးဆန်းသောကျောက်ဆောင်များဖြင့် ပြည့်နှက်နေသော ကျောက်တောင်နံရံဆီသို့ ရောက်ရှိသွားသည်။ "ဇက်" ပုံစံ လမ်းကျဉ်းလေးတစ်ခုမှာ ကျောက်ဆောင်နံရံကြားတွင် ကွေးကောက်စွာဖြင့် တောင်ခါးပန်းအထိ ရှည်လျားစွာ တည်ရှိနေသည်။
သတ်ဖြတ်ပွဲက အခုမှစတင်ခြင်းသာ ဖြစ်သည်။
နောက်ကျောမှ ခြေသံသဲ့သဲ့ ကြားလိုက်ရသည်။ လော်ယွမ် လှည့်မကြည့်ဘဲ ဝမ်ရှီရှီဖြစ်ကြောင်း သိလိုက်သည်။
"ကိုကြီးယွမ်... လူ့ဘီလူးကြီးတွေက တော်တော်ညံ့တာပဲနော်... တိုက်ခိုက်လို့မကောင်းဘူး" ဝမ်ရှီရှီက စိတ်လှုပ်ရှားမှုနှင့် စိတ်ပျက်မှုတို့ ရောနှောနေသော အမူအရာဖြင့် ပြောလိုက်သည်။ အစောပိုင်းက အဖွဲ့၏အခြေအနေမှာ အလွန်တင်းမာနေသောကြောင့် လူ့ဘီလူးများကို အလွန်အစွမ်းထက်သည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် ဤမျှ အားနည်းလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ယခင်ကကြုံတွေ့ခဲ့ရသော သားရဲအုပ်များနှင့် ယှဉ်လျှင် အလွန်ကွာခြားလှသည်။
"ဉာဏ်ရည်ရှိတဲ့သက်ရှိတွေရဲ့စွမ်းအားကို တစ်ဦးချင်းရဲ့ခွန်အားနဲ့ တိုင်းတာလို့မရဘူး... ထားလိုက်တော့... နင်အရင်ပြန်သွားပြီး သူတို့ကိုခေါ်ခဲ့လိုက်" လော်ယွမ်က ပြောရင်း ရယ်မောလိုက်မိသည်။ မိမိကိုယ်တိုင်ကသာ အလေးအနက်ထားလွန်းနေခဲ့ခြင်းဖြစ်မည်။ ယခုအချိန်တွင် မိမိတို့ကိုယ်တိုင်ပင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရချိန်တွင် ရှည်ရှည်ဝေးဝေး တွေးနေလို့ရော ဘာအသုံးဝင်မည်နည်း။ ရှေ့ဆက်အသက်ရှင်နိုင်မှသာ မျှော်လင့်ချက်ရှိမည်ဖြစ်ပြီး လူသားမျိုးနွယ်မှာလည်း ဤမျှလွယ်လွယ်ကူကူနှင့် မျိုးသုဉ်းသွားမည်မဟုတ်ဟု သူ ယုံကြည်သည်။
"အင်းပါ" ဝမ်ရှီရှီက စိတ်မပါ့တပါဖြင့် ဖြေလိုက်သည်။ ကိုကြီးယွမ်၏ သဘောထားမှာ သူမကို ဟန်ဆောင်နှစ်သိမ့်နေခြင်းသာဖြစ်ကြောင်း ထင်ရှားလှသည်။ သူမသည် အခြားသူများက မိမိကို ဘာမှမသိနားမလည်သော ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းကို အမုန်းဆုံးဖြစ်သည်။ အထူးသဖြင့် ထိုသူမှာ သူမ၏ကိုကြီးယွမ် ဖြစ်နေသည့်အခါတွင် ပို၍ပင်ဖြစ်သည်။
...............................................................................................................
"ဒီလူ့ဘီလူးကြီးတွေက နေရာကောင်းကိုရွေးထားတာ... ဒါပေမဲ့ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက အမြဲတမ်းရှိတယ်... ဒီနေရာက ခုခံရလွယ်ပြီး တိုက်ခိုက်ရခက်တဲ့ မြေအနေအထားဖြစ်သလို တစ်ဖက်မှာလည်း ခုခံနိုင်စွမ်းမရှိတဲ့ ရန်သူနဲ့တွေ့ရင် ထွက်ပြေးလို့မရပဲ ပိတ်မိသွားနိုင်တဲ့နေရာလည်းဖြစ်တယ်... တောင်စောင်းပေါ်ကနေ ခုန်ချနိုင်ရင်တော့တစ်မျိုးပေါ့... ခင်ဗျားတို့တာဝန်ယူရမှာက အဲ့ဒီလိုခုန်ချလာတဲ့ လူ့ဘီလူးကြီးတွေပဲ" လော်ယွမ်က ပြောလိုက်သည်။
"အဲ့ဒီအခါကျရင် သေနတ်သုံးလို့ရလား" ချောင်လင်းက စိုးရိမ်တကြီးမေးလိုက်သည်။
"ရတယ်... လူ့ဘီလူးကြီးတွေ ခုန်ချလာပြီဆိုရင် သေနတ်သုံးတာ မသုံးတာက အရေးမကြီးတော့ဘူး" လော်ယွမ်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဟုတ်ပြီ အားလုံးပြင်ဆင်တော့... စက္ကန့်သုံးဆယ်နေရင် ငါတိုက်ခိုက်တော့မယ်"
စကားသံဆုံးသည်နှင့် လူတိုင်း၏အသက်ရှူသံများမှာ ချက်ချင်းပင် ပြင်းထန်လာပြီး နှလုံးများ တဒုန်းဒုန်းခုန်ကာ မျက်နှာများမှာ တင်းမာနေကြသည်။ အခြားသူများမှာမူ ဤသို့သောမြင်ကွင်းမျိုးကို အကြိမ်ကြိမ်ကြုံတွေ့ဖူးပြီးဖြစ်သောကြောင့် အနည်းငယ်သက်သာသော်လည်း ကလေးငယ်အချို့မှာမူ မျက်နှာများပင် ဖြူဖျော့နေကြသည်။
သို့သော် ထိုအချိန်တွင် သူတို့ကို မည်သူမျှ ဂရုမစိုက်နိုင်တော့ပေ။
စက္ကန့်သုံးဆယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ လော်ယွမ် အသက်ကိုပြင်းပြင်းရှူသွင်းပြီး ဖြည်းညင်းစွာ ပြန်မှုတ်ထုတ်လိုက်သည်။ သူ ကျန်းမာတောက်ဓားကို ကောက်ယူလိုက်ပြီး ကိုယ်ကိုနှိမ့်ကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ သူသည် လျင်မြန်ဖျတ်လတ်သော ကျားသစ်တစ်ကောင်နှယ် ခြေသံတိတ်ဆိတ်သော်လည်း အလွန်လျင်မြန်လှသည်။ သူ၏ခြေလှမ်းများမှာ မမြန်သော်လည်း သူ၏အရှိန်မှာမူ သာမန်လူတစ်ယောက် အားကုန်ပြေးလွှားသည်နှင့် တူညီပြီး မြေကြောကိုရှုံ့၍ ခရီးနှင်နေသည့်အလား ပြင်းထန်သော ဆန့်ကျင်ဘက်ခံစားချက်ကို ပေးစွမ်းသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူက ကျောက်ဆောင်နံရံကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
မကြာမီမှာပင် နာကျင်စွာညည်းညူဟန်ရှိသော အသံသဲ့သဲ့တစ်ခုကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်မှ တောကောင်များ၏ အော်ဟစ်သံများကြားတွင် ထိုအသံမှာ မထင်မရှားရှိလှပြီး နားကြားမှားသွားသကဲ့သို့ပင်။ ထို့နောက် ဤသို့သောအသံများမှာ တဖြည်းဖြည်း ပိုမိုစိတ်လာပြီး သွေးညှီနံ့သင်းသင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။
တစ်မိနစ်၊ နှစ်မိနစ်... ငါးမိနစ်...
တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာသော ညည်းညူသံများမှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားမည်သည့်လှုပ်ရှားမှုမှ မရှိပေ။ အားလုံးက အချင်းချင်းကြည့်ရှုနေကြပြီး တင်းမာနေသောစိတ်များမှာ တဖြည်းဖြည်း လျော့ကျလာခဲ့သည်။
ထိုအချိန်တွင် အဝေးမှ ဟိန်းဟောက်သံတစ်ခု ညကောင်းကင်ယံတွင် ပေါက်ကွဲထွက်ပေါ်လာသည်။ အော်သံမှာ တစ်ဝက်တစ်ပျက်ဖြင့် ရုတ်တရက်ရပ်တန့်သွားသည်။ လော်ယွမ်၏သတ်ဖြတ်ခြင်းခံလိုက်ရပုံရသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဆူပွက်နေသော ဆန်ပြုတ်အိုးကြီးတစ်အိုးနှယ် ကျောက်ဆောင်နံရံတစ်ခုလုံး ရုတ်တရက် လှုပ်ရှားလာတော့သည်။ လူ့ဘီလူးကြီးတစ်ဦးပြီးတစ်ဦး အော်ဟစ်ဟိန်းဟောက်ရင်း ကျောက်ဆောင်နံရံပေါ်မှ ထွက်ပေါ်လာကြပြီး မကြာမီမှာပင် ရှည်လျားသောစင်္ကြံတစ်ခုလုံး လူ့ဘီလူးကြီးများဖြင့် ပြည့်ကျပ်သွားသည်။
မြောက်မြားလှသော လူ့ဘီလူးကြီးများ အော်ဟစ်ဟိန်းဟောက်နေကြပုံမှာ မိုးခြိမ်းသံများ အဆက်မပြတ်ပေါက်ကွဲနေသည့်အလားပင်။ အဝေးမှကြည့်လျှင် တောင်ပြိုပင်လယ်ကမ်းပါးပြိုသကဲ့သို့ စစ်သည်တော်အပေါင်းအများ ချီတက်လာသည့်အလားပင်။
ဤအရှိန်အဝါ၏ ဖိအားကြောင့် လူတိုင်း အလိုလိုပင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။
တပ်ခွဲမှူးရှမှာ ကမ္ဘာပျက်ကာလတွင် အသက်ရှင်ကျန်ရစ်ခဲ့သော စစ်အရာရှိတစ်ဦးဖြစ်ရာ လူတိုင်း၏တင်းမာနေသော မျက်နှာအမူအရာကိုမြင်ပြီး စိတ်ဓာတ်ကျနေသည်ကို သိသောအခါ "ခေါင်းဆောင်ယွမ်ရှိတယ်လေ... သူတို့အောက်ဆင်းလာနိုင်မှာမဟုတ်ဘူး... ကျွန်တော်တို့က ဒဏ်ရာရနေတဲ့ လူ့ဘီလူးကြီးတချို့ကိုပဲ ရင်ဆိုင်ရမှာ" ဟု အားကုန်အော်ပြောလိုက်သည်။
အားလုံး၏အမူအရာများမှာ အနည်းငယ် ပြေလျော့သွားပြီး ရှေ့သို့စူးစိုက်ကြည့်လိုက်ရာ အခြေအနေမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ ကွေးကောက်နေသော နဂါးကြီးတစ်ကောင်သဖွယ် တန်းစီနေသော လူ့ဘီလူးကြီးများသည် မမြင်နိုင်သော တံတိုင်းကြီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသည့်အလား မည်သို့ပင်တိုက်ခိုက်စေကာမူ ဦးခေါင်းကွဲ သွေးထွက်သည်အထိသာ အဖတ်တင်နေသည်။
လွင့်စင်နေသော ခြေလက်အစအနများ၊ ပန်းထွက်နေသော သွေးများ၊ သက်တန့်ရောင်အလင်းတန်းသဖွယ် ဓားသွားအလင်းရောင်။
စုတ်ပြတ်နေသော အလောင်းတစ်လောင်းပြီးတစ်လောင်း ကျောက်ဆောင်နံရံပေါ်မှ ပြင်းထန်စွာ ကျဆင်းလာပြီး တဝုန်းဝုန်းအသံများ ထွက်ပေါ်နေသည်။
လော်ယွမ်၏မျက်နှာမှာ မည်သည့်အမူအရာမှမရှိဘဲ အကြည့်များမှာ အေးစက်စူးရှနေပြီး လူသတ်စက်ရုပ်တစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ စက္ကန့်တိုင်းတွင် လူ့ဘီလူးကြီးများစွာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဓားသိုင်းအဆင့် မြင့်မားလာသည်နှင့်အမျှ၊ တိုက်ပွဲအတွေ့အကြုံများ များပြားလာသည်နှင့်အမျှ သူ၏တိုက်ခိုက်ဟန်များမှာ ပိုမိုရိုးရှင်းလာပြီး အပိုအလှအပများ နည်းပါးလာခဲ့သည်။ ဓားတစ်ချက်တိုင်းမှာ အတိုဆုံးအကွာအဝေး၊ အကောင်းဆုံးအားထုတ်မှုဖြင့် တိုက်ခိုက်ခြင်းသာဖြစ်သည်။ ဤဟန်ပန်မှာ တိကျသောတွက်ချက်မှုများဖြင့် ပြည့်နှက်နေပြီး လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လုံးဝကိုက်ညီလှသည်။ တိုက်ကွက်တိုင်း၊ ဟန်ပန်တိုင်းမှာ တိကျစွာတိုင်းတာထားပြီး အမှားအယွင်းမရှိ၊ ခန္ဓာကိုယ်၏ မည်သည့်စွမ်းအင်ကိုမျှ အလဟဿမဖြစ်စေဘဲ စွမ်းအားနှင့် အလှတရားတို့၏ ပေါင်းစပ်မှုဖြင့် တိုက်ခိုက်မှုများမှာ လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်ပြီး လျှပ်စီးကြောင်းတစ်ခု လက်ခနဲပြက်သွားသလို အံ့မခန်းလှသည်။
တိုက်ကွက်များအရ သူ၏ဓားသိုင်းမှာ ခန္ဓာကိုယ်၏အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နောက်ထပ်တိုးတက်နိုင်သည်မှာ ခွန်အားနှင့် အမြန်နှုန်းတို့အပြင် ပိုမိုလျှို့ဝှက်ဆန်းကြယ်သော စိတ်စွမ်းအားတို့သာ ဖြစ်သည်။
...........................................................................................................................
လူ့ဘီလူးကြီးများ တူးဖော်ထားသော စင်္ကြံမှာ ၁၇ပေ၊ ၁၈ပေခန့်ကျယ်ပြီး လူ့ဘီလူးကြီး ရှစ်ဦး၊ ကိုးဦးခန့် တစ်ပြိုင်တည်း သွားလာနိုင်သည်။ သူတို့၏လက်နက်များမှာ အမျိုးမျိုးအဖုံဖုံဖြစ်ပြီး တိရိစ္ဆာန်သွားများတပ်ဆင်ထားသော ရှေးကျသည့်လှံများ၊ ဇလုံအရွယ်အစားရှိသော ကျောက်တုံးကြမ်းများနှင့် အချို့လူ့ဘီလူးကြီးများမှာမူ ပေါင်တံအရွယ်အစားရှိသော သစ်တုံးကြီးများကိုပင် ကိုင်ဆောင်ထားကြသည်။
စက္ကန့်တိုင်းတွင် မြောက်မြားလှသော လက်နက်များက လော်ယွမ်ထံသို့ ကျရောက်လာသလို၊ စက္ကန့်တိုင်းတွင်လည်း လူ့ဘီလူးကြီးအုပ်စုလိုက် လဲကျသွားကြသည်။ လူ့ဘီလူးကြီးများ မည်သို့ပင် ဟိန်းဟောက်တိုက်ခိုက်စေကာမူ သူ့ကို ခြေတစ်လှမ်းမျှ နောက်မဆုတ်စေနိုင်ခဲ့ပေ။
သူက တိုက်ခိုက်ရင်း လမ်းပိတ်နေသော အလောင်းများကို ကမ်းပါးအောက်သို့ ကန်ချရန်ပင် အချိန်ပိုရနေသေးသည်။
မြေကြီးက သူ၏ခွန်အားကို အဆက်မပြတ် ဖြည့်တင်းပေးနေသောကြောင့် သူ ပင်ပန်းနွမ်းနယ်သည်ဟု မခံစားရပေ။ ဤလူ့ဘီလူးကြီးအုပ်စုမှာ သတ္တိကောင်းပြီး သေခြင်းကိုမကြောက်ကြသည်မှာ မှန်သော်လည်း အကြွင်းမဲ့စွမ်းအားရှေ့တွင်မူ အရာအားလုံး အချည်းနှီးသာဖြစ်သည်။ လူ့ဘီလူးကြီးတစ်သုတ်ပြီးတစ်သုတ် ကြောက်မက်ဖွယ်ကောင်းပြီး ဒေါသထွက်နေသော မျက်နှာများဖြင့် သူ၏ရှေ့သို့ ပြေးဝင်လာပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်တောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သွေးများဖြင့်ဖွဲ့စည်းထားသော စမ်းချောင်းငယ်တစ်ခုမှာ အသားစ၊ ကလီစာများနှင့် ရောနှောကာ စက်ဆုပ်ဖွယ်အမြှုပ်များထရင်း ကျောက်ဆောင်စင်္ကြံအတိုင်း စီးဆင်းလာသည်။ ပြင်းထန်ပြီး ညှီစို့စို့သွေးနံ့များမှာ လေထုထဲတွင် စုစည်းနေပြီး အရာဝတ္ထုအဖြစ်သို့ပင် ပြောင်းလဲသွားလုနီးပါးပင်။
သတ်ဖြတ်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လူ့ဘီလူးကြီးများမှာမူ အဆုံးအစမရှိသကဲ့သို့ အဆက်မပြတ် ရောက်ရှိလာနေဆဲဖြစ်သည်။ လော်ယွမ် တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာသည်။ သူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ကျောဘက်မှ ငါးအရေခွံအိတ်ထဲမှ လှံတိုတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကျောရိုးမှာ နဂါးကြီးတစ်ကောင်နှယ် တစ်ဆစ်ချင်းစီ လှုပ်ရှားသွားပြီး နောက်တစ်ခဏတွင် "ဖောင်း" ဟူသော လေထုပေါက်ကွဲသံတစ်ချက်နှင့်အတူ လှံတိုတစ်ချောင်းမှာ လျှပ်စီးလက်သလို ပစ်လွှတ်ထွက်သွားသည်။
လှံတိုသည် မျက်စိတစ်မှိတ်အတွင်း ပထမလူ့ဘီလူးကြီး၏ရင်ဘတ်ကို ဖြတ်သန်းသွားပြီး ပန်းကန်လုံးအရွယ်အစားရှိသော အပေါက်ကြီးတစ်ခုကို ချန်ထားခဲ့သည်။ ထို့နောက် ဒုတိယ၊ တတိယ... ဆဋ္ဌမမြောက်လူ့ဘီလူးကြီးထံရောက်မှသာ အရှိန်ကုန်၍ ရပ်တန့်သွားသည်။
ဤလှံတိုများမှာ လော်ယွမ် နေ့ခင်းဘက်က အသုံးပြုခဲ့သော ထိမိသည်နှင့် ပေါက်ကွဲသွားသည့် လှံတိုမျိုးမဟုတ်ဘဲ နေ့လယ်ပိုင်းက အထူးတလည်ရှာဖွေထားသော အပြာရင့်ရောင်အဆင့် သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ တစ်ချောင်းစီမှာ အလွန်မာကျောပြီး သံမဏိကဲ့သို့ လေးလံလှသည်။ ၎င်း၏ထိုးဖောက်နိုင်စွမ်းမှာ အလွန်ပြင်းထန်ပြီး အဆင့်မမြင့်သော၊ ကိုယ်လုံးကိုယ်ထည်မကြီးမားသော သက်ရှိများကို ရင်ဆိုင်ရာတွင် အလွန်ထိရောက်လှသည်။
အမှန်တကယ်တွင် လူ့ဘီလူးကြီးတစ်ဦးချင်းစီ၏ခွန်အားမှာ လော်ယွမ်ထက်မနည်းလှဘဲ ပစ်လွှတ်နိုင်သော လက်နက်များလည်း ရှိကြသည်။ သို့သော် စွမ်းအားမှာမူ လုံးဝမယှဉ်နိုင်ပေ။ အကြောင်းရင်းမှာ သူတို့၏အားထုတ်ပုံမှာ အလွန်ကြမ်းတမ်းပြီး အရိုင်းသက်သက်ခွန်အားကိုသာ အသုံးပြုနေသည့်အဆင့်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သာမန်အားကစားသမားတစ်ဦးနှင့်ပင် မယှဉ်နိုင်ပေ။
နှိုင်းယှဉ်ကြည့်လျှင် လော်ယွမ်မှာမူ ခြေဖျားမှသည် ခါး၊ ထို့နောက် လက်ချောင်းထိပ်အထိ တစ်ကိုယ်လုံး၏အားကို အသုံးပြုပြီး မသက်ဆိုင်သော ဘယ်ဘက်လက်ကပင် ပူးပေါင်းလှုပ်ရှားပေးသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများ၏ ၈၀-၉၀ ရာခိုင်နှုန်းမှာ ပါဝင်လှုပ်ရှားသောကြောင့် ချက်ချင်းပေါက်ကွဲထွက်လာသော စွမ်းအားမှာ လူ့ဘီလူးကြီးများ၏ နှစ်ဆခန့် ရှိနေသည်။
တစ်ချောင်းပစ်လွှတ်ပြီးနောက် လော်ယွမ်၏အရှိန်မှာ မရပ်တန့်ဘဲ သူ၏လက်မှာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လှံတိုတစ်ချောင်းပြီးတစ်ချောင်း သူ၏လက်ထဲမှ လျင်မြန်စွာ ပစ်လွှတ်ထွက်သွားရာ လူသားပုံစံ စက်အမြောက်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ တစ်ခဏအတွင်းမှာပင် သတ်ဖြတ်မှုစွမ်းရည်မှာ နှစ်ဆမက တိုးတက်လာပြီး ရှေ့ဘက်မှ လူ့ဘီလူးကြီးများမှာ အတန်းလိုက် အတန်းလိုက် လဲကျသွားကြသည်။
စက္ကန့်အနည်းငယ်အတွင်း ရှေ့ဘက်တွင် ဧရာမနေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး မြောက်မြားလှသော လူ့ဘီလူးကြီးများ မြေပြင်ပေါ်တွင် လဲကျကာ ညည်းညူရင်း သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲတစ်ခုဖြစ်သည်။ သေခြင်းတရားကို ကြောက်ရွံ့မှုနှင့် ကြီးမားသောဆုံးရှုံးမှုတို့က နောက်ဆုံးတွင် လူ့ဘီလူးကြီးများကို ပြိုလဲသွားစေခဲ့သည်။ အချို့လူ့ဘီလူးကြီးများမှာ မျှော်လင့်ချက်မဲ့စွာဖြင့် တောင်ခါးပန်းပေါ်မှ ခုန်ချကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး နာကျင်စွာ အော်ဟစ်ကြတော့သည်။
လော်ယွမ်ရှိနေသောနေရာမှာ မြေပြင်မှ ပေ၁၇၀ခန့် မြင့်မားသည်။ လူ့ဘီလူးကြီးများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ဤမျှအမြင့်မှ ခုန်ချပါက မသေလျှင်တောင် ဒဏ်ရာပြင်းထန်စွာရမည်ဖြစ်သည်။ ထို့ပြင် အောက်ဘက်တွင် ဝမ်ရှီရှီတို့အုပ်စု ရှိနေသောကြောင့် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
မြင်ကွင်းတစ်ခုလုံးမှာ လုံးဝ ဝရုန်းသုန်းကားဖြစ်နေတော့သည်။
ဆက်ရန်...
အပိုင်း(၂၁၈)ကျိန်စာသင့်ခြင်း
လူ့ဘီလူးကြီးများမှာ ဖက်ထုပ်ပြုတ်များသဖွယ် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာကြပြီး တိုးညင်းသော အသံများ ထွက်ပေါ်လာ၏။
ပို၍များပြားသော လူ့ဘီလူးကြီးများမှာမူ လူးလဲထကာ နောက်ဆုတ်သွားကြပြီး လော်ယွမ်ကို ကြည့်သောအခါ သူတို့၏မျက်လုံးများထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ခုခံတိုက်ခိုက်သူများ မရှိသည်မဟုတ်၊ သို့သော် ဤသို့ ခုခံတိုက်ခိုက်သော လူ့ဘီလူးကြီးများမှာ ပထမဆုံးအသုတ်တွင်ပင် အသတ်ခံလိုက်ရပြီး ကြောက်တတ်သူများသာ ဝရုန်းသုန်းကားထွက်ပြေးကျန်ရစ်ခဲ့သည်။ သို့သော် နေရာပတ်ဝန်းကျင်၏ ကန့်သတ်ချက်ကြောင့် သူတို့သည် မီးဖိုထဲမှ ကြွက်များကဲ့သို့ ထွက်ပြေးစရာနေရာမရှိ ဖြစ်နေကြသည်။
ဤဉာဏ်ရည်ရှိ သက်ရှိများသည် လူသားများနှင့် ဆင်တူကြောင်း သက်သေပြနေသည်။ သို့မဟုတ် မျိုးစိတ်ဆက်လက်ရှင်သန်ရေးအတွက် ပင်ကိုဗီဇ ကြောင့် ဖြစ်မည်၊ အတော်အတန် သတ်ဖြတ်ပြီးနောက် လူ့ဘီလူးကြီးအမြောက်အမြားသည် လက်နက်ချလာကြသည်။ သူတို့သည် လက်နက်များကို ဘေးသို့ပစ်ချလိုက်ပြီး မြေကြီးပေါ်တွင် ပက်လက်လှန်ကာ လက်များကို နောက်ပစ်ထားရင်း လက်နက်ချအညံ့ခံကြောင်း ပြသကြသည်။
ကံမကောင်းစွာဖြင့်ပင် လော်ယွမ်က ဤသက်ရှိများအပေါ် သနားကြင်နာစိတ် အနည်းငယ်မျှမရှိချေ။ ဤသည်မှာ စနစ်၏မစ်ရှင်တောင်းဆိုချက်ကြောင့်ဟု မဆိုထားနှင့်၊ သူတို့ ဉာဏ်ရည်ရှိသည်ဆိုသော အချက်တစ်ခုတည်းဖြင့်ပင် အကြီးမားဆုံးသော အပြစ်ဖြစ်နေပြီ ဖြစ်သည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် အခြားဉာဏ်ရည်ရှိ သက်ရှိတစ်မျိုး ရှင်သန်နေထိုင်ပြီး မိမိတို့၏ တည်ရှိမှုကို စိန်ခေါ်လာနိုင်ခြေရှိသည်ကို မည်သည့်အခါမျှ လက်ခံနိုင်မည်မဟုတ်ပေ။ ယခု ကမ္ဘာပျက်ကာလတွင်ပင် ထိုနည်းလည်းကောင်းဖြစ်သည်။
လူ့ဘီလူးကြီးများ လက်နက်ချခြင်းက သူတို့၏ ပျက်စီးခြင်းကို ပို၍ အရှိန်မြှင့်ပေးလိုက်သကဲ့သို့သာ ဖြစ်သွားသည်။
………………………………………………………………………………
လော်ယွမ်၏ကိုယ်ပေါ်တွင် ထူထဲသော သွေးပျစ်ပျစ်များ ကပ်ငြိနေပြီး ဆံပင်များမှာ တစ်စုတစ်စည်းတည်း ဖြစ်နေသည်။ မျက်နှာမှာ မည်သူမည်ဝါမှန်း မခွဲခြားနိုင်တော့ဘဲ အနီရင့်ရောင်သွေးများက ဆံပင်များမှတစ်ဆင့် မရပ်မနား စီးကျနေသည်။ လူတစ်ကိုယ်လုံးသည် သွေးအိုင်ထဲမှ ထွက်လာသကဲ့သို့ ဖြစ်နေပြီး ကျန်းမာတောက်ဓားတစ်လက်သာလျှင် ယခင်အတိုင်း အသစ်ကဲ့သို့ တောက်ပနေကာ သွေးတစ်စက်မျှ စွန်းထင်းခြင်းမရှိပေ။
မြေပြင်ပေါ်တွင် နေရာတိုင်း၌ အလောင်းများ ပြန့်ကျဲနေသည်။ ဤအလောင်းများမှာ အပြည့်အဝ တောင့်တင်းခြင်းမရှိသေးဘဲ အကြောစွဲနေကြကာ ရံဖန်ရံခါ မပီမသသော ညည်းညူသံများ ထွက်ပေါ်လာသည်။ လော်ယွမ်သည် ကျောက်နံရံစင်္ကြံပေါ်တွင် အပြန်ပြန်အလှန်လှန် လျှောက်သွားနေပြီး အပြည့်အဝမသေသေးသော လူ့ဘီလူးကြီးများကို ဓားတစ်ချက်ဖြင့် ထပ်မံပိုင်းဖြတ်ကာ သူတို့၏ နာကျင်မှုကို အဆုံးသတ်ပေးလိုက်သည်။
ဤသတ်ပွဲကြီးတစ်ခုလုံးသည် တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့သည်။
သူက မျက်လုံးကို ပွတ်သပ်လိုက်သည်။ သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး ၎င်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်းသာ ဖြစ်၏။
အခြေအနေမှာ အနည်းငယ် မကောင်းကြောင်း သူ သတိပြုမိလိုက်သည်။ အဘယ်ကြောင့်မှန်းမသိ၊ သတ်ဖြတ်မှု၏ အဆုံးပိုင်းသို့ ရောက်သောအခါ သူသည် စိတ်ရှုပ်ထွေးလာပြီး စိတ်ကိုပင် အာရုံစိုက်၍မရတော့ချေ။ ရံဖန်ရံခါ ပုံရိပ်ယောင်များနှင့် အသံယောင်များကိုပင် ကြားယောင်မြင်ယောင်လာသည်။ အထူးသဖြင့် နောက်ဆုံးတွင် လူ့ဘီလူးကြီးများ အလုံးအရင်းဖြင့် လက်နက်ချသည့်အချိန်၌ ထိုကြောက်ရွံ့မှု၊ တောင်းပန်မှု၊ မျှော်လင့်ချက်မဲ့မှု၊ နာကျည်းမုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများနှင့် ပုံရိပ်ယောင်များသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။
တိုက်ပွဲအတွင်း အာရုံစူးစိုက်ထားသောကြောင့် သက်ရောက်မှုမှာ သိပ်မကြီးမားလှသော်လည်း ယခု သူ စိတ်ကိုဖြေလျှော့လိုက်သောအခါ ဤပုံရိပ်ယောင်များသည် ပို၍ပို၍ ဆိုးရွားလာပြီး ယခုအခါ အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ မိမိကိုယ်ပေါ်တွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားနေပြီဖြစ်ကြောင်း လော်ယွမ် သိလိုက်သည်။
ဖော်ပြ၍မရသော စွမ်းအားတစ်မျိုးက သူ၏စိတ်ကို လွှမ်းမိုးနေသကဲ့သို့ပင်။
မြေပြင်ပေါ်ရှိ သွေးများနှင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ဂရုမစိုက်နိုင်တော့ဘဲ သူသည် သွေးများစိုရွှဲနေသော ကျောက်နံရံကိုမှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အတန်ကြာမှ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ၏မျက်နှာမှာ အနည်းငယ် တည်ကြည်လေးနက်သွားသည်။
ကိစ္စမှာ အနည်းငယ် ကြီးမားသွားပြီဖြစ်သည်။ သူ၏စိတ်စွမ်းအားကို မစုစည်းနိုင်တော့ကြောင်း သူ တွေ့ရှိလိုက်ရသည်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားတိုင်း ပုံရိပ်များက နှောင့်ယှက်ဖျက်ဆီးနေသည်။ သူ အသက်ကိုပြင်းပြင်းရှူကာ တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး အကြိမ်ကြိမ် ထပ်မံစမ်းသပ်ကြည့်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။
စိတ်စွမ်းအားကို မစုစည်းနိုင်မီက အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ အတွေးပေါင်းစုံသည် ဇက်ကြိုးမပါသော မြင်းရိုင်းများကဲ့သို့ လွတ်လပ်စွာ ပြေးလွှားနေပြီး ထိုအချိန်ကထက်ပင် ပို၍ဆိုးရွားနေသေးသည်။ အနည်းဆုံးတော့ စိတ်မစုစည်းမီက ပုံရိပ်ယောင်များ မရှိခဲ့ပေ။
သူက မျက်နှာကို ပွတ်သပ်လိုက်ရာ မျက်နှာမှာ အနည်းငယ် ညိုမှောင်သွားသည်။
အဘယ်ကြောင့်မှန်းမသိ၊ မသိစိတ်ကြောင့် ဖြစ်မည်၊ လော်ယွမ်သည် ရုတ်တရက် အချို့လူ့ဘီလူးကြီးများ၏ ထူးဆန်းသော အပြုအမူများကို သတိရလိုက်မိသည်။ ၎င်းတို့မှာ ကိုယ်ပေါ်တွင် ထူးဆန်းသော တက်တူးပုံများ ရေးဆွဲထားသည့် လူ့ဘီလူးကြီးတစ်စုဖြစ်ပြီး သူတို့၏ကိုယ်လုံးကိုယ်ပေါက်မှာ မထူးခြားလှဘဲ သန်မာခြင်းလည်းမရှိဘဲ ပိန်လှီနေသကဲ့သို့ပင် ရှိသည်။ သို့သော် သူတို့၏ကိုယ်ပေါ်တွင် အလှဆင်ပစ္စည်းအမျိုးမျိုး ချိတ်ဆွဲထားရာ ဤလူ့ဘီလူးကြီးများသည် မျိုးနွယ်စုထဲတွင် ရာထူးမနိမ့်ကျကြောင်း ပြသနေသည်။
သူတို့၏ သေဆုံးခါနီး အပြုအမူမှာ အလွန်ထူးဆန်းလှသည်။ အရူးအမူး တိုက်ခိုက်ခြင်းလည်းမရှိ၊ ကြောက်ရွံ့မှုအောက်တွင် လက်နက်ချခြင်းလည်းမရှိဘဲ မသတ်မခံရမီအချိန်အထိ သူတို့သည် အရူးအမူး ကခုန်နေကြပြီး ပါးစပ်မှ အော်ဟစ်ဆူညံနေကြသည်မှာ စိတ်ဖောက်ပြန်နေသော အရူးများကဲ့သို့ပင်။
သေဆုံးပြီးနောက် သူတို့၏ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး လိမ်ကောက်နေသော မျက်နှာအမူအရာနှင့် နာကျည်းမုန်းတီးသော မျက်ဝန်းများကို ယခုအချိန်အထိ ဖျောက်မရသေးပေ။ ထို့အပြင် ထိုပုံရိပ်ယောင်အများစုမှာ ဤအရာနှင့် သက်ဆိုင်နေကြောင်း သူ တွေ့ရှိလိုက်သည်။
ဤနေရာရှိ မြေပြင်ပေါ်မှ အလောင်းများကို ကြည့်ရင်း သူ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ဤသည်မှာ လူ့ဘီလူးကြီးများ၏ သေခါနီး ကျိန်စာများ ဖြစ်နေသလော။
သူ၏မျက်နှာမှာ တစ်ချက်ပျက်သွားပြီး စဉ်းစားလေလေ ပို၍ဖြစ်နိုင်လေလေဟု ထင်လာသည်။ အကယ်၍ ယခင်ကသာဆိုလျှင် ဤအရာများမှာ အတုအယောင်၊ အယူသည်းမှုများသာဖြစ်သည်ဟု သူ ယူဆမိမည်ဖြစ်သော်လည်း စိတ်စွမ်းအားအကြောင်းကို နားလည်လာသည်နှင့်အမျှ မူလက လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်တွင်ရှိသော ဖြစ်ရပ်များသည်လည်း တဖြည်းဖြည်း မျက်နှာဖုံးကွာကျလာသည်။
အမှန်တွင် သူကိုယ်တိုင်ပင်လျှင် ကျိန်စာဖြင့်သတ်ဖြတ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ စိတ်စွမ်းအားကို စုစည်းလိုက်ပြီး အနီးအနားရှိ သက်ရှိများအပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာပါက အနည်းနှင့်အများ သက်ရောက်မှုတစ်မျိုးမျိုး ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ကြောက်လန့်၍ ထွက်ပြေးခြင်း သို့မဟုတ် မြေပြင်ပေါ်တွင် ပျော့ခွေသွားခြင်းတို့ ဖြစ်သည်။ ပစ်မှတ်မှာ အလွန်အားနည်းပြီး ဉာဏ်ရည်နိမ့်ကျသည့်အခါ၊ ဥပမာ ပိုးကောင်ငယ်များဖြစ်ပါက တိုက်ရိုက်ပင် သတ်ပစ်နိုင်သည်။
ဤမီးခိုးရောင်လူ့ဘီလူးကြီးများသည် သာမန်သန္ဓေပြောင်းသတ္တဝါများမဟုတ်ဘဲ ဉာဏ်ရည်ရှိသက်ရှိများဖြစ်သောကြောင့် စိတ်စွမ်းအားကဲ့သို့သော အရည်အချင်းများမှာ မူလကတည်းက အားကောင်းပြီး စိတ်ပိုင်းဆိုင်ရာ အထူးစွမ်းရည်များပင် ရှိကောင်းရှိနိုင်သည်။ သူတို့တွင် စိတ်စွမ်းအားကို စုစည်းနိုင်စွမ်း မရှိကောင်းမရှိနိုင်သော်လည်း သာမန်လူပင်လျှင် အရေးပေါ်အခြေအနေတွင် စိတ်စွမ်းအားကို ခေတ္တခဏ စုစည်းနိုင်ပြီး စွမ်းရည်များကို ထုတ်ဖော်နိုင်သေးသည်။ မျိုးနွယ်တုန်းသတ်ဖြတ်ခံရသော ဤလူ့ဘီလူးကြီးများ၏ သေခါနီး မုန်းတီးသော ကျိန်စာများဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ။ အကယ်၍ ပြန့်ကျဲနေသော စိတ်စွမ်းအားသည် ရေအိုင်တစ်ခုနှင့်တူပါက စုစည်းလိုက်သည့်အခါတွင်မူ တောက်ပသော စိန်တစ်ပွင့်ကဲ့သို့ ဖြစ်သွားသည်။ ထိုသေခါနီးမှ စစ်မှန်သော စိတ်စွမ်းအားသည် ကြီးမားသော အရေအတွက်နှင့် ပေါင်းစပ်လိုက်သောအခါ အခိုင်မာဆုံးသော ခံတပ်ကိုပင် ဖြိုခွင်းနိုင်သည်။
သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှုလွန်ကဲသွားခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဤလူ့ဘီလူးကြီးများသည် အလွန်အားနည်းလွန်းသောကြောင့် တိုက်ပွဲအတွင်း စိတ်စွမ်းအားကို လုံးဝမစုစည်းခဲ့မိရာ ကျိန်စာ၏ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်မည်။ အကယ်၍ သူ၏စိတ်စွမ်းအားမှာ မူလကတည်းက အားကောင်းပြီး အနိုင်နိုင် ဖိနှိပ်ထားနိုင်ခြင်းမရှိပါက သာမန်လူတစ်ယောက်သာ ဆိုလျှင် စိတ်ဖောက်ပြန်သွားနိုင်ပြီး တိုက်ရိုက်ပင် သေဆုံးသွားနိုင်သည်။
လော်ယွမ်သည် မိမိ ကျိန်စာသင့်နေခြင်း သို့မဟုတ် ပြင်ပစိတ်စွမ်းအား၏ လွှမ်းမိုးခြင်းခံနေရသည်ဟု ခန့်မှန်းမိသော်လည်း စိတ်ထဲတွင် သိပ်မထားတော့ဘဲ ဤအကြောင်းများကို ဆက်မတွေးတော့ပေ။ စိတ်ထဲတွင် အခါအားလျော်စွာ ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်များကို တိုက်ရိုက်လျစ်လျူရှုလိုက်ပြီး ပြန်ရောက်မှ သေချာဖြေရှင်းရန် ပြင်ဆင်လိုက်သည်။
ဤကျိန်စာသည် သေချာစဉ်းစားကြည့်လျှင် အမြစ်မရှိသော သစ်ပင်၊ အရင်းအမြစ်မရှိသော ရေ ကဲ့သို့ပင် ဖြစ်သည်။ စိတ်ကို ယာယီသာ လွှမ်းမိုးနိုင်ပြီး မကြာမီအချိန်အတွင်း တဖြည်းဖြည်း ချေဖျက်နိုင်မည်ဟု ယုံကြည်သည်။ ဖြစ်နိုင်လျှင် စိတ်စွမ်းအားမှာ နောက်တစ်ဆင့်ပင် တက်လှမ်းသွားနိုင်သေးသည်။
ထို့နောက် သူသည် ကျောက်ဂူတစ်ခုချင်းစီကို ထပ်မံရှာဖွေပြီး အာရုံခံစွမ်းအင်ဖြင့် သေချာစူးစမ်းကြည့်လိုက်ရာ ပုန်းအောင်းနေသော လူ့ဘီလူးကြီးအချို့ကို ထပ်မံတွေ့ရှိခဲ့သည်။ အများစုမှာ အရွယ်မရောက်သေးသော လူ့ဘီလူးကြီးများဖြစ်ပြီး သူက ရက်စက်စွာဖြင့် ဤလူ့ဘီလူးကြီးများကို အမြစ်ပြတ်ရှင်းလင်းလိုက်သည်။ ကျောက်ဂူအားလုံးကို တစ်ကြိမ်စီ ရှာဖွေပြီးမှသာ သူသည် ကျောက်နံရံမှ အမြန်ဆင်းသက်လာခဲ့သည်။
ဤအချိန်တွင် ချောက်ကမ်းပါးမှ ခုန်ချထွက်ပြေးသော လူ့ဘီလူးကြီးများကိုလည်း လူအများက ဖြေရှင်းပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လူ့ဘီလူးကြီးအများစုမှာ ခုန်ချသည့်အချိန်တွင်ပင် တိုက်ရိုက်လဲကျသေဆုံးသွားကြသည်။ တန်ဝက်ခန့်လေးသော ကိုယ်အလေးချိန်ဖြင့် ပေ၁၈၀အမြင့်မှ ပြုတ်ကျလာခြင်းမှာ အမြောက်ဆံတစ်လုံး ပြုတ်ကျလာသကဲ့သို့ပင် ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သည့်တိုင် အရိုးများ ကျိုးကြေသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
လူအများမှာ ဖိအားမရှိဘဲ ဖြေရှင်းနိုင်ကြသည်။ လော်ယွမ်သည် ကလေးငယ်အချို့၏ ကိုယ်ပေါ်တွင်ပင် သွေးများစွန်းထင်းနေသည်ကို မြင်လိုက်ရပြီး သူတို့လည်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း ထင်ရှားလှသည်။ သူတို့၏ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု ရောနှောနေသော မျက်နှာအမူအရာနှင့် သွေးများဖြင့်ပြည့်နေသော နုနယ်သည့်မျက်နှာများကို မြင်သောအခါ အာဖရိကနှင့် တချို့အာဏာရှင်နိုင်ငံများမှ ကလေးစစ်သားများကို သတိရလိုက်မိသည်။
"ကျွန်တော်တို့က သူတို့ကို တစ်သက်လုံး ကာကွယ်ပေးနိုင်တာမှ မဟုတ်တာ... လောကကြီးက ဒီလိုပဲလေ တချို့အရာတွေကိုတော့ လိုက်လျောညီထွေနေတတ်အောင် သင်ယူသင့်ပြီ..." လော်ယွမ် ကလေးငယ်များကို ကြည့်နေသည်ကိုမြင်သောအခါ တပ်ခွဲမှူးရှက အထင်လွဲမည်စိုးသောကြောင့် မသိစိတ်ဖြင့် ရှင်းပြလိုက်သည်။
သွေးများသည် လော်ယွမ်၏ ကိုယ်ပေါ်တွင် ထူထဲသော သံချပ်ကာတစ်လွှာကဲ့သို့ ဖြစ်နေပြီး အရောင်မှာ မည်းနက်လုနီးပါး ဖြစ်နေသည်။ တစ်ကိုယ်လုံးမှ ပြင်းထန်သော သွေးညှီနံ့များ ထုတ်လွှတ်နေပြီး လူ့ဘီလူးကြီးမည်မျှကို သတ်ဖြတ်ခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။ ထို့အပြင် သတ်ဖြတ်ပွဲတစ်ခုကို ကြုံပြီးခါစဖြစ်သောကြောင့် ကိုယ်ပေါ်တွင် ပတ်ဝန်းကျင်၌ ပျံ့လွင့်နေသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို အပြည့်အဝ မသိမ်းဆည်းရသေးဘဲ မြင်ရသူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေပြီး အနားမကပ်ဝံ့အောင် ဖြစ်စေသည်။
"သွေးနည်းနည်းမြင်ဖူးတာလည်း ကောင်းပါတယ်လေ" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ သူသည် ဤကဲ့သို့သော ကိစ္စရပ်များကို ဂရုစိုက်မည်မဟုတ်ပေ။ အလိုက်သင့်နေထိုင်နိုင်သူက ရှင်သန်ပြီး မနေထိုင်နိုင်သူ ပျောက်ကွယ်ကြရသည်သာပင်။ ကမ္ဘာပျက်ကာလတွင် အသက်ရှင်နေမှတော့ ဤစည်းမျဉ်းကို လိုက်လျောညီထွေ နေထိုင်ရပေမည်။
"ခေါင်းဆောင်ယွမ်... ငါတို့စစ်မြေပြင်ကိုရှင်းလင်းဖို့ လိုသေးလား" ဟော်တုံက ပြုံးရင်း အကြံပြုလိုက်သည်။ "ဒီနေရာက ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်ရည်ရှိသက်ရှိတွေရဲ့ နေရာမလား... ဒီလိုနေရာမျိုးက တွေ့ရခဲတယ်... ပစ္စည်းကောင်းတွေ ရှိနေနိုင်လောက်တယ်"
"ခင်ဗျားတို့ သွားရှာချင်ရင် ရှာကြပေါ့... ဒါပေမဲ့ သိပ်တော့မျှော်လင့် မထားကြနဲ့... နာရီဝက်နေရင် ဒီနေရာမှာ ပြန်စုပြီး စခန်းကိုပြန်မယ်" လော်ယွမ်က သဘောတူသည်၊ မတူသည် မပြောပဲ ဆိုလိုက်သည်။ သူက ကျောက်နံရံရှိ ကျောက်ဂူအားလုံးကို ရှာဖွေပြီးဖြစ်ပြီး ကြမ်းတမ်းသော ကျောက်ပစ္စည်းများ သို့မဟုတ် သစ်သားပစ္စည်းများသာ တွေ့ရှိခဲ့ပြီး အနုပညာတန်ဖိုး တစ်စက်မျှမရှိချေ။ အနည်းငယ်တန်ဖိုးရှိသည်မှာ သားရေနှင့် အရိုးအချို့သာဖြစ်သော်လည်း အဆင့်မှာ သိပ်မမြင့်မားလှပေ။ လော်ယွမ် အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက် ဆက်လက်ရှာဖွေရန် စိတ်မပါတော့ချေ။
"အားလုံး အတူသွားကြည့်ကြရအောင်... မျိုးနွယ်ခြားတွေရဲ့ ထူးခြားမှုကို ကြည့်ရှုခံစားရတာပေါ့... မမျှော်လင့်တဲ့အရာတွေ တွေ့နိုင်လောက်တယ်" လူအများက နောက်ဆုတ်ချင်နေသည်ကိုမြင်သောအခါ ဟော်တုံက တိုက်တွန်းလိုက်သည်။
"အလောင်းတွေချည်းပဲရှိမှာ သေချာတယ်... ကြည့်ရတာတောင် စိတ်ပျက်ဖို့ကောင်းတယ်... ကျွန်မတော့ မသွားတော့ဘူး" ဟွမ်ကျားဟွေက မနှစ်မြို့စွာ ဆိုသည်။ ဤနေရာရှိ ပြင်းထန်သော သွေးညှီနံ့ကပင် သူမကို ပျို့အန်ချင်စိတ် ဖြစ်စေပြီး အလောင်းများပို၍များသော ကျောက်နံရံပေါ်သို့ ဆိုလျှင် ပြောဖွယ်ရာမရှိတော့ချေ။
"သမီးလည်း မသွားချင်ဘူး... အနံ့တွေက နံစော်နေတာပဲ" ဝမ်ရှီရှီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ချွဲနွဲ့စွာ ဆိုသည်။
မည်သူတစ်ဦးတစ်ယောက်မျှ စိတ်မဝင်စားသည်ကို တွေ့သောအခါ ဟော်တုံက အနည်းငယ် မျက်နှာပူသွားသည်။ သို့သော်လည်း ဖြစ်သင့်ပေသည်။ မှောင်မည်းနေပြီး ညသန်းခေါင်ယံအချိန်တွင် အလောင်းများဖြင့် ပြည့်နှက်နေသော နေရာသို့ သတ္တိမည်မျှကောင်းသူပင်ဖြစ်စေ အလည်အပတ်သွားချင်မည်မဟုတ်ပေ။ သူ အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အသည်းအသန် စဉ်းစားလိုက်ရာ ရုတ်တရက် စိတ်ကူးတစ်ခု ရလာပြီး အလျင်အမြန် ဆိုသည်။ "တကယ်တော့ ဟိုနေရာထိ သွားကြည့်ဖို့ မလိုပါဘူး... ဒီနေရာမှာ လူ့ဘီလူးကြီးတွေ ဒီလောက်အများကြီး နေထိုင်ကြမှတော့ ဒီနားတဝိုက်မှာ ရေအရင်းအမြစ်တစ်ခုတော့ သေချာပေါက် ရှိလိမ့်မယ်"
သူသည် ပြောလေလေ ပို၍ အကြောင်းပြချက်ရှိလေလေဟု ထင်လာပြီး အတွေးအခေါ်များမှာလည်း ပို၍ရှင်းလင်းလာသည်။ "ပြီးတော့ အဲ့ဒီရေအရင်းအမြစ်က သိပ်မဝေးလောက်ဘူး... မဟုတ်ရင် ရေခပ်ဖို့တင် သူတို့အတွက် အရမ်းအန္တရာယ်များမှာ"
လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။ ဟုတ်ပေသည်၊ ဤမျှများပြားသော လူ့ဘီလူးကြီးများ နေ့စဉ်လိုအပ်သော ရေပမာဏမှာ နည်းမည်မဟုတ်ပေ။ အကယ်၍ ကောင်းမွန်သော ရေအရင်းအမြစ်တစ်ခု မရှိပါက ရေငတ်၍ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၂၁၉)ဉာဏ်ပညာသစ်ပင်
ယခုကဲ့သို့ ပူပြင်းလှသော ရာသီဥတုတွင် လူ့ခန္ဓာကိုယ်သည် အချိန်တိုင်းနီးပါး ရေဓာတ်ဆုံးရှုံးနေပြီး နေ့စဉ် သောက်သုံးရေ ကုန်ဆုံးမှုပမာဏမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပုံမှန်ရာသီဥတုထက် ငါးဆ၊ ခြောက်ဆခန့် ပိုမိုကုန်ဆုံးပြီး လူဦးရေလည်းများပြားသောကြောင့် နေ့စဉ်ရေသုံးစွဲမှုမှာ မသေးငယ်သော ကိန်းဂဏန်းတစ်ခု ဖြစ်နေသည်။
ယခင်က သစ်ရွက်များကို အသုံးပြု၍ နှင်းရည်များ စုဆောင်းရန် ကြံစည်ခဲ့သော်လည်း ရရှိသောပမာဏမှာ အကန့်အသတ်ရှိသည့်အပြင် အချိန်ကုန်၊ လူပန်းလှသည်။ အများဆုံး အသက်ရှင်သန်ရေးအတွက် အခြေခံလိုအပ်သောရေကိုသာ ဖြေရှင်းနိုင်ပြီး နေ့စဉ်သုံးရေအတွက်မှာမူ နည်းလမ်းမရှိတော့ပေ။
ဤသို့သော အပူချိန်မြင့်မားမှုအောက်တွင် တစ်ရက်ရေမချိုးရုံဖြင့်ပင် မခံမရပ်နိုင်အောင် ခံစားရပြီး ရက်အနည်းငယ်မချိုးပါက တစ်ကိုယ်လုံး နံစော်လာတော့သည်။
ယခုအဖွဲ့တွင်ဆေးဝါးများလည်းမရှိပဲ တစ်စုံတစ်ယောက် ဖျားနာလာပါက ကြိတ်မှိတ်ခံစားရုံသာ တတ်နိုင်ပြီး ရှင်သန်ခြင်းနှင့်သေဆုံးခြင်းမှာ ကံတရားအတိုင်းသာ ဖြစ်ပေမည်။ ထို့အပြင် ဤသို့စုဆောင်းသည့်နည်းလမ်းမှာ အန္တရာယ်အလွန်များပြီး အလွန်မတည်ငြိမ်လှပေ။ ညဘက်တွင် လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် သန္ဓေပြောင်းသတ္တဝါများ၏ ဖျက်ဆီးခြင်းကိုသာ ခံရပါက ကပ်ဘေးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
တည်ငြိမ်သော ရေအရင်းအမြစ်တစ်ခုမရှိခြင်းက လက်ရှိအဖွဲ့ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာ ဖြစ်လာသည်။
ဤတစ်ကြိမ်တွင်မူ အမြဲတစေတည်ငြိမ်သော လော်ယွမ်ပင်လျှင် မထိန်းနိုင်တော့ပေ။ သူသည် နေရာအနှံ့ လျှောက်သွားရင်း လေကို အဆက်မပြတ် ရှူရှိုက်ကာ လေထုထဲမှ စိုထိုင်းဆအချိုးအဆကို ဂရုတစိုက် ခွဲခြားစိတ်ဖြာနေသည်။ စိုစွတ်သောလေထုသည် ချိုမြပြီး စိုစွတ်သော ရေငွေ့ကို သယ်ဆောင်လာတတ်ပြီး ခြောက်သွေ့သောလေထုမှာမူ ကြမ်းတမ်းသော မြေစိမ်းနံ့ကို သယ်ဆောင်လာတတ်သည်။ သူ၏အားကောင်းသော ခန္ဓာကိုယ်အရည်အသွေးကြောင့် ဤသည်မှာ ခက်ခဲသောအရာမဟုတ်ပေ။ မကြာမီမှာပင် သူသည် အပြင်းထန်ဆုံးရေငွေ့တစ်ခုကို ခွဲခြားသိရှိလိုက်ပြီး လေစီးကြောင်းနှင့်အတူ အဝေးမှ စီးဆင်းလာသည်ကို ခံစားမိလိုက်သည်။
ထို့နောက် သူသည် မျက်လုံးများကိုမှိတ်ကာ စိုထိုင်းဆအပြင်းထန်ဆုံးနေရာဘက်သို့ နားစွင့်လိုက်သည်။
လူအများမှာ လော်ယွမ်၏ ထူးဆန်းသောလှုပ်ရှားမှုများကို ကြည့်ရင်း မျက်နှာအမူအရာများ ထူးဆန်းနေသော်လည်း မည်သူမျှ နှောင့်ယှက်ခြင်းမပြုဝံ့ပေ။ ဤသည်မှာ လော်ယွမ် ပထမဆုံးအကြိမ် လူအများရှေ့တွင် သူ၏ထက်မြက်သော အာရုံငါးပါးကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။
လော်ယွမ်၏ မျက်နှာမှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် တည်ကြည်နေပြီး ထိုစဉ်အတွင်း စနစ်မှ သတိပေးသံများ ပေါ်ပေါက်လာသော်လည်း သူ သတိမထားမိသကဲ့သို့ပင်။
"ရေအရင်းအမြစ်က ဟိုဘက်မှာဖြစ်ရမယ်... ကျွန်တော် ရေသံတွေကြားနေရပြီ" လော်ယွမ်သည် ရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
ထို့နောက် ရှေ့မှ ကျောက်နံရံဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရာ လူတစ်စုမှာ အလျင်အမြန် လိုက်ပါသွားကြသည်။
ကျောက်နံရံတစ်လျှောက် ပေ၃၀၀ကျော်ခန့် လျှောက်ပြီးသောအခါမှ လူအများမှာ တိုးညင်းသော ရေသံကို ကြားလိုက်ရသည်။ အကယ်၍ အာရုံစိုက်နားမစွင့်ပါက သတိပြုမိမည်ပင်မဟုတ်ပေ။ ထိုအခါမှ မိမိတို့နှင့် လော်ယွမ်၏ ကွာခြားချက်မှာ မည်မျှကြီးမားသည်ကို ခံစားမိလိုက်ကြသည်။ သာမန်လူတစ်ဦးသည် ပေ၃၀၀အကွာမှ အော်ဟစ်လျှင်ပင် အသံမှာ ဝိုးတဝါးသာ ကြားရမည်ဖြစ်ရာ ဤမျှတိုးညင်းသော ရေသံကိုမူ ပြောဖွယ်ရာမရှိတော့ပေ။
နောက်ထပ် ပေ၃၀ခန့် ဆက်လျှောက်ပြီးသောအခါ ရေသံမှာ ပိုမိုကျယ်လောင်လာပြီး မျက်စိရှင်သောသူအချို့မှာ ညအမှောင်အောက်တွင် လရောင်ဖြင့် ရောင်ပြန်ဟပ်နေသော ရေအိုင်ကို မြင်တွေ့လိုက်ကြရသည်။
ကြည်လင်သော စမ်းရေများက ၁ပေခွဲခန့်မြင့်သော ကျောက်ကြားမှ တသွင်သွင်စီးထွက်လာပြီး အောက်မှ ရေအိုင်ထဲသို့ ကျဆင်းနေသည်။ ရေအိုင်မှာ မကြီးမားဘဲ ၁၂၊ ၁၃စတုရန်းပေခန့်သာ ကျယ်ဝန်းသည်။ သို့သော် အရှားပါးဆုံးမှာ ဤရေအိုင်သည် စီးဆင်းနေသောရေဖြစ်ပြီး အောက်ခြေအထိ ကြည်လင်ကာ သန့်စင်တောက်ပနေခြင်းပင်။
"ဒါစမ်းရေပဲ... ကောင်းသာလိုက်တာ" ချောင်လင်းက အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်သည်။ သူမသည် မိမိ၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံးပင် အနည်းငယ် တုန်ယင်နေသည်။
"ကြည်လင်နေတာပဲ... ဒီရေက ချိုမြနေမှာသေချာတယ်" ကျိုးယလီသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။
လွန်ခဲ့သောရက်များအတွင်း စခန်းအနီးအနားမှ ရေအရင်းအမြစ်များ ခန်းခြောက်သွားသောကြောင့် လူတိုင်း သောက်သုံးနေရသည်မှာ ရေညစ်များသာဖြစ်သည်။
ဟင်းချိုထဲတွင် ရောနှောလိုက်သောအခါ အစားအစာ၏ အရသာနှင့် ရောနှောသွားသောကြောင့် အောင့်အည်းသောက်သုံး၍ရသေးသည်။ တိုက်ရိုက်သောက်သုံးပါက အလောင်းပုပ်နံ့နှင့် ရွှံ့နွံနံ့များပါသော ခြောက်ကပ်ကပ် စက်ဆုပ်ဖွယ်အရသာမှာ လူကို ရူးသွပ်သွားစေလုနီးပါးပင်။
ယခင်က နှိုင်းယှဉ်စရာမရှိသောကြောင့် မည်သို့မျှမခံစားရသော်လည်း ယခုအခါ အောက်ခြေအထိ ကြည်လင်နေသော စမ်းရေကို မြင်လိုက်ရသောအခါ လူတိုင်း၏စိတ်ထဲတွင် လှိုင်းထန်လာပြီး မိမိကိုယ်ကိုမထိန်းချုပ်နိုင်တော့ပေ။
အမြဲတစေ မျက်နှာသေဖြင့် မိမိ၏ကမ္ဘာထဲတွင် နစ်မျောနေသော မုဝမ်ဝမ်ပင်လျှင် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ ထိုတစ်ခဏ စိတ်ခံစားချက် ပေါ်ထွက်လာမှုသည် သူမ၏ လူတို့အား မသိစိတ်မှ လျစ်လျူရှုသွားစေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို ဖျက်ဆီးလိုက်သကဲ့သို့ပင်။ လူအချို့မှာ သူမကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိပြီး မျက်နှာများတွင် အလှတရားတွင် မှင်သက်အံ့ဩသွားကြသည်။
ထိုအခါမှ လူတိုင်းသည် မိမိတို့နှင့်အတူ နေထိုင်လာခဲ့သော ဤအမျိုးသမီးသည် တကယ်တမ်းတွင် စွဲမက်ဖွယ်ကောင်းသော အလှပိုင်ရှင်တစ်ဦးဖြစ်သည်ကို သတိပြုမိလိုက်ကြတော့သည်။
မုဝမ်ဝမ်သည် တစ်ချက်ကြောင်သွားပြီး အနည်းငယ် အသားမကျသလို၊ ထိတ်လန့်သွားသလိုဖြစ်ကာ အလျင်အမြန်ပင် အပြုံးကိုရုပ်သိမ်းလိုက်ပြီး မျက်နှာသေအဖြစ်သို့ တစ်ဖန်ပြန်လည်ပြောင်းလဲသွားသည်။
လူအချို့မှာ ခေတ္တမျှကြည့်ပြီးနောက် တစ်စုံတစ်ခုကို မေ့လျော့သွားသကဲ့သို့ အခြားအရာများဆီသို့ အာရုံပြောင်းသွားကြပြီး အရာအားလုံးမှာ သဘာဝအတိုင်းပင် ဖြစ်ပျက်သွားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက လော်ယွမ်ကိုပင် သက်ရောက်မှုရှိသည်။ သူ အကြည့်ကိုလွှဲလိုက်စဉ် မျက်ထောင့်တွင် အရိပ်တစ်ခုကို မြင်လိုက်မိသကဲ့သို့ရှိရာ သူ ရုတ်တရက် တစ်ချက်ကြောင်သွားပြီး အသေအချာကြည့်လိုက်သောအခါ မျက်နှာမှာ အံ့ဩသွားသည်။
သူ သစ်ပင်တစ်ပင်ကို မြင်လိုက်ရခြင်းဖြစ်သည်။
သူ အံ့ဩရခြင်းမှာ အကြောင်းရှိသည်။ လူ့ဘီလူးကြီးများသည် သူတို့၏အသိုက်အနီးအနားမှ သစ်ပင်အားလုံးကို ခုတ်လှဲထားပြီး မြက်ပင်များမှလွဲ၍ အခြားမည်သည့်အရာမျှမရှိတော့ပေ။ ပေ၂၄၀၊ ၂၅၀အကွာရှိ ဤတစ်ပင်တည်းသော သစ်ပင်မှာ အလွန်အမင်း ထင်ရှားနေသည်။
ဤသစ်ပင်၏ အမြစ်များမှာ ကြီးမားပြီး အများစုမှာ အပြင်ဘက်သို့ ထွက်နေသည်။ ထိုကြီးမားသော အမြစ်များမှာ မြွေနဂါးများသဖွယ် ရစ်ခွေနေပြီး ဧရာမဘောလုံးပုံစံဖြစ်နေသည်။ အမြစ်များ၏ကြားကို လှမ်းကြည့်လျှင် ထိုသစ်ပင်သည် မူလက ပေ၃၀ကျော်မြင့်သော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ပေါက်ဖွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရပေမည်။ သို့သော် အမြစ်များ ပိုမိုကြီးထွားလာသည်နှင့်အမျှ အတွင်းမှ ကျောက်တုံးကြီးမှာ အက်ကြောင်းငယ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အပိုင်းပိုင်းအစစ မဖြစ်သေးဘဲ မူလပုံစံအတိုင်း ရှိနေခြင်းက ဤသစ်မြစ်များ၏ ချည်နှောင်မှုကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။
အမြစ်များ၏ ကြီးမားမှုနှင့် နှိုင်းယှဉ်လျှင် သစ်ပင်၏ ပင်စည်မှာ အတော်အတန်ပုပြီး ၂၇ပေခန့်သာ မြင့်မည်။ အရွက်များမှာလည်း ကျဲပါးပြီး အကိုင်းအခက်များပေါ်တွင် အသီးအနည်းငယ်သာ ရှိနေသည်။ ကမ္ဘာပျက်ပြီးနောက် အပင်များသည် မျိုးဗီဇပြောင်းလဲသွားပြီး အသီးသီးခြင်း ရှားပါးသွားသည်။ ဤသစ်ပင်တွင် အသီးများရှိနေခြင်းက လော်ယွမ်၏ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေသည်။
"ခင်ဗျားတို့ ဒီမှာပဲနေခဲ့ကြ... ကျွန်တော် ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်" လော်ယွမ်က ဆိုသည်။
ထိုသစ်ပင်သည် သာမန်သန္ဓေပြောင်းသစ်ပင် မဟုတ်သည်မှာ ထင်ရှားသည်။ သူသည် ၎င်း၏အမြစ်များပတ်လည်တွင် ဖြူဖွေးသော အရိုးစုများကို တွေ့မြင်လိုက်ရပြီး ညအမှောင်အောက်တွင် ကြောက်မက်ဖွယ်ကောင်းလှကာ ကျောချမ်းဖွယ်ရာပင်။
လော်ယွမ်သည် အကြောင်းစုံကို ဟွမ်ကျားဟွေတို့အား ရှင်းပြလိုက်ပြီး မည်သည့်အရာပင်ဖြစ်စေ လုံးဝလိုက်မလာရန် သတိပေးပြီးနောက် ကျန်းမာတောက်ဓားကိုကိုင်ကာ ရှေ့သို့လျှောက်သွားသည်။
ထူးဆန်းသောသစ်ပင်နှင့် ၂၅ပေအကွာတွင် သူရပ်တန့်လိုက်သည်။ ရှေ့ဆက်သွားပါက ထူထဲသော အရိုးစုများရှိရာနေရာသို့ ရောက်ရှိသွားပေမည်။ အတွင်း၌ သန္ဓေပြောင်းသတ္တဝါအမျိုးမျိုး၏ အရိုးစုများဖြစ်သော်လည်း လူ့ဘီလူးကြီးများ၏ အရိုးစုအချို့လည်း ရှိနေသည်။ ၎င်းတို့ကသိပ်မများဘဲ ငါးခု၊ ခြောက်ခုခန့်သာရှိပြီး လူ့ဘီလူးကြီးများ ဤနေရာသို့ မှားယွင်းဝင်ရောက်လာ၍ ကျန်ရစ်ခဲ့ခြင်းဖြစ်ပေမည်။
ဤသစ်ပင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ ဘောလုံးပုံအမြစ်များအပြင် သူ၏ပင်စည်မှာလည်း ထူးဆန်းပြီး လိမ်ကောက်နေသည်။ ပင်စည်တစ်ခုလုံးမှာ လိမ်ညှစ်ထားသော ခရမ်းဝါရောင် တဘက်တစ်ထည်အလား ခရုပတ်ပုံစံဖြင့် အပေါ်သို့တက်သွားသည်။
အမြစ်များနှင့်နီးသောနေရာတွင် ကလေးငယ်၏ လက်သီးအရွယ်အစားရှိသော အသားပိုကဲ့သို့သော အဖုအထစ်များဖြင့် ပြည့်နှက်နေပြီး အဖုအထစ်မှား စုပြုံနေသည်ကို ကြောက်သောရောဂါရှိသူ မြင်ပါက ခေါင်းနပမ်းကြီးသွားပေလိမ့်မည်။
ဤသစ်ပင်သည် မလှုပ်မယှက်ဖြင့် အန္တရာယ်မရှိဟု ခံစားရသော်လည်း လော်ယွမ်က မဆင်မခြင် ဝင်ရောက်မသွားပေ။
အပင်မျိုးနွယ်၏ သဘာဝအရ ဤအသားစားသန္ဓေပြောင်းသစ်ပင်တိုင်းသည် အလွန်စိတ်ရှည်သော မုဆိုးများဖြစ်ကြသည်။ သာမန်အချိန်တွင် သာမန်သစ်ပင်ကြီးတစ်ပင်ကဲ့သို့သာဖြစ်ပြီး အမဲလိုက်သည့်အခါမှသာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို ထုတ်ဖော်ပြသတတ်ကြသည်။
သူ၏စိတ်ထဲတွင် လှုပ်ရှားသွားပြီး အားကောင်းသော အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ လေထုမှာပင် ခဲသွားသကဲ့သို့ဖြစ်ပြီး ပြောမပြနိုင်သော ဖိအားပေးသည့်အငွေ့အသက်တစ်ခုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူသည် အရှိန်အဝါကို ထုတ်လွှတ်ရင်း ထူးဆန်းသောသစ်ပင်ကို ဂရုတစိုက် အကဲခတ်နေသည်။
ဓားသိုင်းပညာသည် အထူးကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏အရှိန်အဝါမှာ အလွန်အားကောင်းလာပြီး အစိမ်းနုရောင်အဆင့် သတ္တဝါပင်လျှင် ရုတ်တရက်ကြုံတွေ့ပါက ခေတ္တမျှ ထိတ်လန့်သွားပေလိမ့်မည်။
သို့သော် ဤထူးဆန်းသောသစ်ပင်မှာမူ မလှုပ်မယှက်ပင် ရှိနေပြီး သာမန်သန္ဓေပြောင်းသစ်ပင်တစ်ပင်ကဲ့သို့ပင်။
လော်ယွမ်သည် အနည်းငယ် သံသယဖြစ်သွားပြီး ချီတုံချတုံဖြစ်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူ၏ခြေထောက်အောက်မှ အရိုးစုများမှာ အလွန်ကြွပ်ဆတ်ပြီး နင်းလိုက်တိုင်း "ဂျွတ်" "ဂျွတ်" ဟူသော ကြည်လင်ပြတ်သားသည့် ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။
သူ၏အာရုံခံစားမှုမှာ ပုံရိပ်ယောင်ဖမ်းသည့် ရေဒါတစ်ခုကဲ့သို့ ပတ်ဝန်းကျင်မှ အရာအားလုံးကို ထင်ဟပ်နေပြီး မြေအောက်မှ သစ်မြစ်များကိုပင် ချန်လှပ်မထားပေ။ သူသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တစ်ကိုယ်လုံးမှ ကြွက်သားများမှာ လျော့ရဲနေသယောင်နှင့် တင်းမာနေသည်။ ခြေတစ်လှမ်းချင်းစီမှာ အကောင်းဆုံးအားထုတ်နိုင်သည့် အနေအထားတွင်ရှိပြီး ထူးဆန်းသောသစ်ပင်မှ မည်သည့်တိုက်ခိုက်မှုမျိုးမဆို ပြုလုပ်လာပါက မိုးကြိုးမုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုဖြင့် ပြန်လည်ရင်ဆိုင်မည်ဖြစ်သည်။
သို့သော် တဖြည်းဖြည်းနှင့် သူ၏မျက်နှာမှာ ပို၍သံသယဖြစ်လာသည်။ အခြေအနေအားလုံးအရ ဤထူးဆန်းသောသစ်ပင်သည် လုံးဝအန္တရာယ်ကင်းမဲ့ပုံရပြီး ထူးဆန်းသောသစ်ပင်ရှေ့တွင်ရပ်ကာ သူ၏ထူးဆန်းကြမ်းတမ်းသော အခေါက်ကို ကိုင်တွယ်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
"မဟုတ်သေးဘူး... ဒီသစ်ပင်က တကယ်သာ သာမန်သန္ဓေပြောင်းသစ်ပင်ဆိုရင် ဒီလောက်များတဲ့ အရိုးတွေ ဘယ်ကရောက်လာမှာလဲ... ပြီးတော့..." သူသည် အရိုးတစ်ချောင်းကို ကောက်ယူ၍ ညင်သာစွာ ချိုးလိုက်ရာ "ဂျွတ်" ဟူသောအသံနှင့်အတူ ကျိုးသွားသည်။ "ဒီအရိုးတွေက အရမ်းကြွပ်ဆတ်လွန်းနေတယ်... သန္ဓေပြောင်းကိုသတ္တဝါ မပြောနဲ့... ကမ္ဘာမပျက်ခင်က သာမန်သစ်ကိုင်းတစ်ချောင်းတောင်မှ သူ့ထက်ပိုပြီး မာဦးမယ်... အတွင်းက ဇီဝဒြပ်ပေါင်းတွေ အများကြီး ဆုံးရှုံးသွားတာ သေချာတယ်"
ထို့နောက် သူ၏ကျန်းမာတောက်ဓားသည် ရုတ်တရက် လင်းလက်သွားပြီး လက်ဖဝါးအရွယ်အစားရှိသော သစ်ခေါက်တစ်ပိုင်းကို ခွဲထုတ်လိုက်သည်။ သွေးကဲ့သို့သော နီရဲသောအရည်တစ်မျိုးသည် သစ်ပင်စည်မှ ဖြည်းညှင်းစွာ စိမ့်ထွက်လာပြီး ထိုနှင့်တစ်ပြိုင်နက် ထူးခြားသောရနံ့တစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာသည်။
သူသည် ထိုသစ်ခေါက်ကိုကိုင်၍ အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်ရာ ရုတ်တရက် သူ၏ကိုယ်သည် တစ်ချက်တုန်ခါသွားသည်။
အမည် - ဉာဏ်ပညာသစ်ပင်၏အခေါက်
ရှားပါးမှုအဆင့် - အပြာရောင်
အလေးချိန် - ၃၀၀ ဂရမ်
အရည်အသွေး - မရှိ
ထပ်တိုးအစွမ်း - မရှိ
သုံးသပ်ချက် - ဤသည်မှာ ရှားပါးသော ဉာဏ်ပညာသစ်ပင်၏ အခေါက်ဖြစ်ပြီး းဉာဏ်ပညာသစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ဉာဏ်ရည်ရှိသော မျိုးနွယ်တစ်ခု မွေးဖွားလာတတ်သည်။ ၎င်း၏တန်ဖိုးကို အကဲဖြတ်၍မရနိုင်ပေ။ ဤသစ်ခေါက်မှာမူ ကောင်းမွန်သော ထိန်းသိမ်းစုဆောင်းစရာပစ္စည်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
သူသည် အတော်ကြာ ကြောင်ငေးနေပြီးမှ သတိပြန်ဝင်လာပြီး သစ်ပင်ပေါ်မှ အသီးများကို ကြည့်လိုက်သည်။
အသီးမှာ မကြာမီမှာပင် ကျောက်ခဲတစ်လုံးဖြင့် ပစ်ချခံရပြီး သူကောက်ယူ၍ အမျိုးအမည်ခွဲခြားအစွမ်းကို ထပ်မံအသုံးပြုလိုက်သည်။
အမည် - ဉာဏ်ပညာအသီး
ရှားပါးမှုအဆင့် - အပြာရောင်
အလေးချိန် - ၁၀၀ ဂရမ်
အရည်အသွေး - မရှိ
ထပ်တိုးအစွမ်း - ဉာဏ်ပညာကို နှိုးကြားစေသည်
သုံးသပ်ချက် - ဤသည်မှာ ရှားပါးသော ဉာဏ်ပညာသစ်ပင်၏ အသီးဖြစ်ပြီး ဦးနှောက်ကို အနည်းငယ်ပြန်လည်ဖွံ့ဖြိုးစေကာ ဉာဏ်ပညာကို နှိုးကြားစေသည်။ ဉာဏ်ရည် ၁၁ မှတ်အောက်တွင် အကျိုးသက်ရောက်မှုရှိသည်။
သူ၏မျက်နှာမှာ တည်ကြည်သွားပြီး စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ပိနေသကဲ့သို့ လေးလံသွားသည်။
"ဘာလို့ ဒီလိုသန္ဓေပြောင်းသစ်ပင်မျိုး ရှိနေရတာလဲ... ဘာလို့ ဒီလိုအသီးမျိုး ရှိနေရတာလဲ... ဒါက သဘာဝအတိုင်းဆင့်ကဲပြောင်းလဲမှုရဲ့ တိုက်ဆိုင်မှုသက်သက်လား... ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုခုက တမင်ဖန်တီးထားတာလား"
တကယ်တော့ သူ အမြဲတစေ ခံစားနေရသည်မှာ ဤဆင့်ကဲပြောင်းလဲမှုကြီးသည် လူသားမျိုးနွယ်ကို ဦးတည်တိုက်ခိုက်နေသည်ဟုပင်။ တိရစ္ဆာန်များ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲနိုင်သည်၊ ပိုးမွှားများ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲနိုင်သည်။ အပင်များပင်လျှင် ဆင့်ကဲပြောင်းလဲနိုင်သည်။ သို့သော် လူသားမျိုးနွယ်တစ်မျိုးတည်းသာ အပြောင်းအလဲမရှိဘဲ ရှိနေသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုခုက လူသားမျိုးနွယ်ကို ဖိနှိပ်ချုပ်ချယ်ထားပြီး မျိုးတုံးအောင် ကြိုးစားနေသကဲ့သို့ပင်။
ဇီဝဗေဒရှုထောင့်မှကြည့်လျှင် လူသားနှင့် အခြားသက်ရှိများမှာ အနှစ်သာရအားဖြင့် ကွာခြားမှုမရှိပေ။ ပုံသဏ္ဍာန်ကွာခြားမှု ကြီးမားသော ကြွက်နှင့်ပင် မျိုးဗီဇ ၈၀% မှာ လုံးဝတူညီပြီး ၉၉% တူညီသော မျိုးဗီဇများကို မျှဝေသုံးစွဲကြသည်။ မျောက်ဝံမျိုးနွယ်ဝင်များ၏ မျိုးဗီဇမှာမူ လူသားနှင့် လုံးဝနီးပါးတူညီသည်။
သို့သော် မျောက်ဝံမျိုးနွယ်ဝင်များက ဆင့်ကဲပြောင်းလဲနိုင်သော်လည်း လူသားများမှာမူ ကမ္ဘာမပျက်ခင်ကနှင့် သိပ်မကွာခြားလှဘဲ အလွန်နည်းပါးသော လူအနည်းငယ်သာလျှင် အခြားသန္ဓေပြောင်းများ၏ အသားသွေးကို စားသုံးခြင်းဖြင့် ဤစွမ်းအား၏ ချုပ်နှောင်မှုကို ဖောက်ထွက်နိုင်စွမ်းရှိသည်။
လက်တွေ့ဘဝမှာ အေးစက်၍ မျှော်လင့်ချက်ကင်းမဲ့ဖွယ်ကောင်းလှသည်။ လူသားမျိုးနွယ်သည် သဘာဝတရား၏ မေ့လျော့ခြင်းကို ခံထားရသကဲ့သို့ မည်သည့်အပြောင်းအလဲမျှမရှိဘဲ ရုန်းကန်ရင်း ပျက်စီးသွားရန်သာ လွှတ်ထားခြင်းခံရသည်။
"ဒီလိုအပင်မျိုးကလည်း အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကနေ ပေါက်ဖွားလာပြီး... ရည်ရွယ်ချက်ကတော့ တခြားမျိုးနွယ်တွေကို အားပေးထောက်ပံ့ပြီး လူသားမျိုးနွယ်နေရာမှာ အစားထိုးဖို့ပဲ ဖြစ်ရမယ်" လော်ယွမ်၏စိတ်ထဲတွင် သံသယဖြစ်လာသည်။ သူသည် လက်ထဲမှ မကောင်းဆိုးဝါးကဲ့သို့သော အသီးကိုကြည့်ရင်း အားကုန်သုံး၍ ညှစ်လိုက်ရာ ကြေမွသွားပြီး ပန်းရောင်အသားများ လွင့်စင်သွားကာ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ပျံ့နှံ့လာသည်။
သူသည် ဤမြင့်မားသော ဉာဏ်ပညာသစ်ပင်ကို ကြည့်လိုက်ပြီး မျက်လုံးများမှာ ထက်မြက်လာကာ နောက်တစ်ခဏတွင် ကျန်းမာတောက်ဓားကို ပြင်းထန်စွာ ကိုင်မြှောက်လိုက်သည်။
ထို့နောက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အချိန်သည် တဖြည်းဖြည်းကုန်လွန်သွားပြီး သူသည် ကျောက်ရုပ်တစ်ရုပ်အလား အချိန်အတော်ကြာ လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေသည်။
နောက်ဆုံးတွင် သူသည် ဓားကို ဖြည်းညှင်းစွာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အဝေးမှ အလောင်းများစုပုံနေသည့် နေရာကိုသာ လှမ်းမျှော်ကြည့်လိုက်တော့သည်။
ဆက်ရန်...
အပိုင်း(၂၂၀)ပုံရိပ်ယောင်များနှင့်စိတ်ညှို့ခြင်း
နေမင်းသည် မိုးကုပ်စက်ဝိုင်းမှ ဖြည်းညင်းစွာထွက်ပေါ်လာပြီး တောနက်အတွင်းရှိ မြူခိုးထူများသည် နေရောင်ခြည်၏မောင်းထုတ်မှုအောက်တွင် လျင်မြန်စွာပျောက်ကွယ်သွားကာ နေ့သစ်တစ်နေ့ကို စတင်လိုက်ပြန်သည်။
ကျယ်ပြန့်သောမြက်ခင်းပြင်တစ်ခုတွင် ဧရာမသတ္တဝါကြီးတစ်ကောင်က လူ့ဘီလူးကြီးတစ်ကောင်၏အလောင်းကို ပါးစပ်ဖြင့်ချီလျက် ထူးဆန်းသောသစ်ပင်ကြီးတစ်ပင်ရှိရာသို့ လျှောက်လှမ်းသွားနေသည်။ ထိုထူးဆန်းသောသစ်ပင်ကြီး၏ ပတ်ပတ်လည်တွင် တောင်ကုန်းငယ်များသဖွယ် အလောင်းများက စုပုံနေပြီး သစ်ပင်ကြီးကိုပင် ဖုံးလွှမ်းသွားတော့မည့်အလား ရှိနေသည်။
ဤတောင်ကုန်းငယ်များသဖွယ် အလောင်းများသည် အနည်းငယ်သော အစိတ်အပိုင်းမျှသာဖြစ်သည်။ ကျောက်နံရံရှိ စင်္ကြံလမ်းဝင်ပေါက်တွင်မူ ပို၍ကြီးမားသောအလောင်းတောင်ကြီးတစ်ခုက ထိုဧရာမသားရဲ၏ လုံ့လဝီရိယရှိစွာဖြင့် မမောမပန်းသယ်ယူမှုကို စောင့်မျှော်နေသေးသည်။
ဤသို့ပြင်းထန်ပြီး ထပ်တလဲလဲလုပ်ဆောင်နေရသော လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်မဲ့လောက်အောင် များပြားလှသောအလုပ်ပမာဏသည် မူလဗီဇအရ ရက်စက်ကြမ်းတမ်းသော ဤဧရာမသားရဲ၏စိတ်ကို မည်သို့မျှနူးညံ့သိမ်မွေ့ခြင်း၊ ခန့်ညားခြင်းမရှိတော့စေသည်မှာ ထင်ရှားလှသည်။ ဥပမာအားဖြင့်၊ ၎င်းသည် ရံဖန်ရံခါ မိမိစိတ်ထဲမှ စိတ်ရှုပ်ထွေးမှုများကို ဖြေဖျောက်သည့် အပြုအမူလေးများကို ပြုလုပ်တတ်သည်။ ၎င်း၏တုတ်ခိုင်သောခြေလေးချောင်းဖြင့် အလောင်းများကို နင်းခြေဖျက်ဆီးခြင်း၊ ထက်မြက်သောခြေသည်းများဖြင့် တစ်စစီ ဆွဲဖြဲခြင်းတို့ပြုလုပ်ကာ သွေးသံရဲရဲဖြစ်နေသောအလောင်းများကို ဒေါသတကြီးဖြင့် ပါးစပ်ထဲသို့ မျိုချလိုက်တတ်သည်။
သို့သော် ဤသို့သောဒေါသဖြေဖျောက်သည့်အပြုအမူသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ ထို့အပြင် ဤသို့ဖြစ်ပွားသည့်အကြိမ်အရေအတွက်သည် လူတစ်ယောက်ရှိနေချိန်နှင့် တိုက်ရိုက်အချိုးကျပြီး ၎င်း၏အစာဝနေမှုနှင့် ပြောင်းပြန်အချိုးကျနေသည်။
ဒေါသဖြေဖျောက်ခြင်းသည် ရံဖန်ရံခါမှသာဖြစ်ပေါ်သော အပြုအမူဖြစ်ပြီး အချိန်အများစုတွင် ၎င်းသည် လိမ္မာယဉ်ကျေးစွာဖြင့် သယ်ယူပို့ဆောင်ရေးအလုပ်ကို စေ့စေ့စပ်စပ်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ ဤသည်မှာ ၎င်းအကြိမ်ကြိမ် သွေးထွက်သံယိုသင်ခန်းစာများမှ ရရှိခဲ့သော ရှင်သန်ရေးအမူအကျင့်ပင်တည်း။ ယခုအချိန်တွင် ၎င်း၏အသိတရားမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သခင်က ဤနေရာတွင် မရှိတော့သည့်တိုင်အောင်ပင်ဖြစ်သည်။
အချို့အချိန်များတွင် ဧရာမသားရဲသည် အလောင်းကိုချထားပြီး ထိုထူးဆန်းသောသစ်ပင်ကြီး၏အသီးကို ကြည့်ရှုနေတတ်သည်။ ထိုနေရာတွင် တစ်စုံတစ်ခုက ၎င်းကိုဆွဲဆောင်နေသကဲ့သို့ရှိပြီး အခါအားလျော်စွာ စူးစိုက်ကြည့်ရှုစေသည်။ သို့သော် ၎င်းက အနားသို့မူ ကပ်ဝံ့ခြင်း မရှိပေ။
ထူးဆန်းသောသစ်ပင်ကြီးအနီးရှိ မြေကြီးသည် အလောင်းများ၏သွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။ လေထုထဲတွင် သွေးညှီနံ့ပြင်းပြင်းက ပျံ့နှံ့နေသည်။ သွေးညှီနံ့ကြောင့် နိုးထလာသကဲ့သို့ နံနက်သုံးနာရီမှစတင်ကာ မှိုမျှင်များကဲ့သို့ ဖြူဖွေးနေသော တစ်ပိုင်းတစ်စမြင်နိုင်သည့် အမျှင်လေးများသည် အစာ၏ရနံ့ကိုရရှိလိုက်သကဲ့သို့ ရှုပ်ထွေးနေသောအမြစ်များမှ အလုအယက်ထွက်ပေါ်လာပြီး အနီးအနားရှိ အလောင်းအချို့ကို တင်းကျပ်စွာရစ်ပတ်လိုက်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အမျှင်လေးများ ပိုမိုများပြားစွာ မြေအောက်မှထွက်ပေါ်လာပြီး အလောင်းအားလုံးကို ရစ်ပတ်ဖုံးလွှမ်းပစ်တော့မည့်အလား ရှိနေသည်။
အစာစားသုံးခြင်းကို စတင်သည်နှင့် သစ်ပင်ပင်စည်ပေါ်ရှိ ဝက်အူရစ်သဏ္ဌာန်အစင်းကြောင်းများသည် ညင်သာစွာလှုပ်ရှားလာသည်။ အဝါရောင်နှင့်ခရမ်းရောင်ရောစပ်နေသော အစင်းကြောင်းများ၏အရောင်မှာ အဆက်မပြတ်ပြောင်းလဲနေပြီး အဝေးမှကြည့်လျှင် သစ်ပင်ပင်စည်တစ်ခုလုံး ဖြည်းညင်းစွာလည်ပတ်နေသကဲ့သို့ ထင်မှတ်ရသည်။
………………………………………………………………………………………………………………………
ကျောက်နံရံ၏ခါးလယ်ပိုင်းရှိ ကျောက်ဂူတစ်ခုတွင် ယခုအချိန်၌ ဟောက်သံများက တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်နေပြီး တူရိယာသံစုံဝိုင်းတစ်ခု တီးခတ်နေသကဲ့သို့ပင် ရှိနေသည်။
တစ်ညလုံးအလုပ်ရှုပ်ခဲ့ပြီး အားအင်ကုန်ခမ်းနေသော လူအားလုံး အိပ်မောကျနေခဲ့ကြပြီဖြစ်သည်။
ညဦးပိုင်းတွင်မူ အခြေအနေမှာငြိမ်သက်နေခဲ့သော်လည်း ညသန်းခေါင်ယံတွင်မူ သူတို့၏စခန်းအသစ်ကို ရှင်းလင်းရန်အတွက် လူ့ဘီလူးကြီးများ၏အလောင်းအားလုံးကို မြင့်မားသောကျောက်နံရံစင်္ကြံလမ်းပေါ်မှ တစ်လောင်းချင်းစီ ပစ်ချခဲ့ကြရသည်။
ယခုအခါ ရာသီဥတုမှာပူပြင်းလှရာ အလောင်းများကိုဒီထားရှိပါက နာရီဝက်အတွင်းမှာပင် အနံ့ထွက်ကာ ပုပ်ပွလာမည်ဖြစ်သည်။ ထိုအခါ အပုပ်အသိုးစားသော အင်းဆက်ပိုးမွှားများ၊ ကပ်ပါးကောင်များကို ဆွဲဆောင်နိုင်ရုံသာမက ၎င်း၏အနံ့မှာလည်း မကောင်းမွန်ပေ။ သူတို့၏စခန်းအသစ်ဖြစ်သောကြောင့် မည်သူမျှ နေ့စဉ်ပုပ်အဲ့နေသောအလောင်းများဘေးတွင် အိပ်စက်လိုမည်မဟုတ်ပေ။
လူ့ဘီလူးကြီးများ၏ကိုယ်အလေးချိန်မှာ မပေါ့လှပေ။ ၁၈ပေမြင့်သောအရပ်နှင့် တုတ်ခိုင်သောခန္ဓာကိုယ်ကြောင့် တစ်ကောင်လျှင် တစ်တန်ကျော်ခန့်လေးလံသည်။ ရွှေ့ပြောင်းရုံသက်သက်ပင်လျှင် လူတစ်ယောက်တည်းဖြင့် မပြီးမြောက်နိုင်ဘဲ အနည်းဆုံးနှစ်ယောက်ပေါင်းမှသာ ခက်ခက်ခဲခဲတွန်းချနိုင်သည်။ အကယ်၍ အမျိုးသမီး သို့မဟုတ် ကလေးများဖြစ်ပါက နောက်တစ်ယောက်ထပ်ထည့်ရန် လိုအပ်ပေဦးမည်။
တစ်ညတာလုံး လုပ်ဆောင်ခဲ့ရသောကြောင့် လူတိုင်း၏ခန္ဓာကိုယ်မှာ ပြုတ်ထွက်တော့မည့်အလား ရှိနေသည်။ စင်္ကြံလမ်းပေါ်ရှိအလောင်းများကို အကြမ်းဖျင်းရှင်းလင်းပြီးသည်နှင့် အားလုံးက လဲလျောင်းအိပ်စက်လိုက်ကြတော့သည်။
လော်ယွမ်၏ လူသားမဆန်သောခန္ဓာကိုယ်ပင်လျှင် အနည်းငယ်ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားနေရသည်။ သို့သော် သူက အိပ်မပျော်သေးဘဲ စနစ်၏အသိပေးချက်ကို ဖွင့်လိုက်သည်။
ဒင်..."ဒီ"အဆင့်အထူးမစ်ရှင် - (ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခြင်း) မီးခိုးရောင်လူ့ဘီလူးမျိုးနွယ်စုကို ချေမှုန်းပြီး မျိုးနွယ်စုအတွင်းရှိ အသိဉာဏ်ရှိသော သက်ရှိအားလုံးကို သတ်ဖြတ်ရန် အောင်မြင်သွားပါပြီ။
(မှတ်ချက် - ဤမစ်ရှင်မှာ "ဒီ" အဆင့်မှ "အီး" အဆင့်သို့ အဆင့်တစ်ဆင့် ချထားခြင်းဖြစ်သည်)
အချိန်ကန့်သတ်ချက် - မရှိ
မစ်ရှင်အကဲဖြတ်ချက် - ပြီးပြည့်စုံ
အမည် - လော်ယွမ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀၀%
အတွေ့အကြုံမှတ် +၉၆၀၀ x ၁၀၀% ရရှိသည်။
အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၁၀၀% ရရှိသည်။
စုစုပေါင်းအတွေ့အကြုံမှတ် - ၅၅၂၀/၁၅၃၆၀၀
တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်
မစ်ရှင်ပြီးမြောက်မှုနှုန်း - ဝ%
အတွေ့အကြုံမှတ် +၉၆၀၀ x ဝ% ရရှိသည်။
အကဲဖြတ်ချက် - မရှိ၊ အတွေ့အကြုံအမှတ်အပို +၄၈၀၀ x ဝ% ရရှိသည်။
စုစုပေါင်းအတွေ့အကြုံမှတ် - ၁၁၄၀/၁၉၂၀၀
ဒင်...သင် အဆင့်တက်သွားပါပြီ။
လော်ယွမ်သည် ခဏတာကြောင်ငေးသွားပြီးနောက် မျက်နှာတွင်ဝမ်းသာမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ အဆင့်တက်သွားလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ ဆက်တိုက်ပြီးမြောက်ခဲ့သော "ဒီ"အဆင့် မစ်ရှင်နှစ်ခုစလုံးက ပြီးပြည့်စုံခဲ့သောကြောင့် အတွေ့အကြုံအမှတ်များက အဆင့်တက်သည်အထိ စုပုံသွားခဲ့သည်။ ဤသည်မှာ မထင်မှတ်ထားသော ဝမ်းသာစရာပင်ဖြစ်ပြီး ကျိန်စာကြောင့်ဖြစ်ပေါ်နေသော စိတ်ညစ်ညူးမှုများပင် ပျောက်ကွယ်သွားသကဲ့သို့ရှိသည်။
သူက အရည်အသွေးပြဇယားကို အလျင်အမြန်ဖွင့်လိုက်ပြီး ထပ်တိုးလာသော အရည်အသွေးအမှတ်တစ်ခုနှင့် ကျွမ်းကျင်မှုအမှတ်ငါးခုကို အကြိမ်ကြိမ်အခါခါကြည့်ရှုရင်း ဟားတိုက်ရယ်မောမိတော့သည်။ ငါးမိနစ်၊ ခြောက်မိနစ်ခန့်အကြာတွင်မှ သူ၏စိတ်ကို ခက်ခက်ခဲခဲပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
သူက မျက်လုံးများကိုမှိတ်လိုက်ပြီး မျက်ခုံးများအနည်းငယ်တွန့်ချိုးကာ မျက်နှာထားမှာ အနည်းငယ်တည်ကြည်သွားသည်။
"အရင် ငါအဆင့်တက်တုန်းက ဒီလောက်စိတ်မလှုပ်ရှားဖူးပါဘူး... ကျန်စာရှိနေတာ ငါ့စိတ်ကို တော်တော်သက်ရောက်နိုင်တာပဲ... စိတ်စွမ်းအားရဲ့ အစွမ်းတွေက ကျန်စာထိန်းချုပ်တာခံထားရပြီး ထုတ်သုံးလို့မရတော့ဘူး... အခုလှုံ့ဆော်မှုတစ်ခုခုရှိတာနဲ့ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဖြစ်သွားပြီ"
"ဒီကိစ္စကအချိန်ဆွဲထားလို့မဖြစ်ဘူး... အမြန်ဖြေရှင်းမှဖြစ်မယ် မဟုတ်ရင်ဘယ်လို အရှက်ကွဲစရာတွေ လုပ်မိမလဲတောင် မသိဘူး" လော်ယွမ်က နောင်တွင် လူအများရှေ့၌ အလွန်အမင်းဝမ်းသာခြင်း၊ အလွန်အမင်းဝမ်းနည်းခြင်း၊ အသေးအဖွဲကိစ္စများအတွက် စိတ်ထိခိုက်ခြင်းတို့ဖြစ်ကာ မိမိ၏ဂုဏ်သိက္ခာကျဆင်းသွားမည့်အဖြစ်ကို တွေးမိသောအခါ မျက်နှာတွင် အမည်းရောင်လိုင်းများ ပေါ်လာတော့သည်။
သူက စိတ်ကိုတည်ငြိမ်အောင်ထားပြီး အရည်အသွေးပြဇယားကို နောက်တစ်ကြိမ်ဖွင့်ကာ အရည်အသွေးတစ်ခုချင်းစီကို ကြည့်ရှုလိုက်သည်။ အရည်အသွေးတစ်ခုချင်းစီမှာ အကြမ်းဖျင်းမျှတနေသည်။ "မြေလှိုင်းကြိန်နှုန်း" နှင့် "တစ္ဆေထနောင်းပင်၏နှလုံးသား" တို့၏ အထောက်အပံ့များကိုမထည့်တွက်ပါက ခွန်အား၊ လျင်မြန်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့မှာ တစ်ဆယ့်လေးမှတ်စီဖြစ်သည်။ ဒုတိယအရည်အသွေးများထဲတွင်မူ စိတ်စွမ်းအားက တစ်မူထူးခြားစွာ တစ်ဆယ့်ငါးမှတ်ရှိပြီး အခြားအရာများမှာ တစ်ဆယ့်သုံးမှတ်စီဖြင့် အနည်းငယ်နိမ့်နေသည်။ သို့သော် ကြီးကြီးမားမား သက်ရောက်မှုတော့မရှိပေ။ ထို့အပြင် ဉာဏ်ရည်အတွက်မူ သူ၌အခြားအစီအစဉ်တစ်ခုရှိပြီးသားဖြစ်ရာ ယခုတစ်ကြိမ် ဉာဏ်ရည်တိုးတက်လာနိုင်ဖွယ်ရှိသည်။
သူ့ကို စိတ်ထဲတွင်တွန့်ဆုတ်နေစေသည်မှာ အရည်အသွေးအမှတ်ကို လျင်မြန်မှုတွင်ထည့်ရမည်လော၊ သို့မဟုတ် စိတ်စွမ်းအားတွင်ထည့်ရမည်လောဟူ၍ဖြစ်သည်။
သူက ယခုကျိန်စာ၏ဒဏ်ကို ပြင်းထန်စွာခံစားနေရသည်။ အကယ်၍ အရည်အသွေးအမှတ်ကို စိတ်စွမ်းအားတွင်ထည့်ပေါင်းလိုက်ပါက ကျိန်စာကို မကြာမီဖိနှိပ်နိုင်မည်ဖြစ်ပြီး ပျောက်ကွယ်သွားနိုင်ဖွယ်ပင်ရှိသည်။ သို့သော် အခြားတစ်ဖက်တွင်မူ စိတ်စွမ်းအား၏အရည်အသွေးမှတ်မှာ မြင့်မားပြီးဖြစ်နေသည့်အပြင် စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းတို့၏တိုးတက်နိုင်မှုမှာ အလွန်ပင် တည်ငြိမ်မှုရှိသည်။ အနည်းဆုံးတော့ သူသည် စိတ်စွမ်းအားတွင် တစ်ခါမျှအမှတ်မထည့်ခဲ့ဘဲ မိမိကိုယ်တိုင်အားဖြင့်သာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။
တန်ဖိုးရှိသောအရည်အသွေးအမှတ်တစ်ခုကို စိတ်စွမ်းအားတွင်ထည့်ပေါင်းလိုက်ခြင်းက အကျိုးမရှိသကဲ့သို့ ဖြစ်နေသည်။
"ထားလိုက်တော့... အချိန်နည်းနည်းပိုယူရုံပဲကို... သူတို့ကိုတောင် အနိုင်ယူခဲ့သေးတာပဲ... ဒီကျိန်စာလောက်ကို မချေဖျက်နိုင်စရာအကြောင်းမရှိဘူး" လော်ယွမ်၏မျက်နှာတွင် အေးစက်သောပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး မကြာမီမှာပင် ဆုံးဖြတ်ချက်ချလိုက်သည်။
လျင်မြန်မှု၏အရည်အသွေးမှာ အနည်းငယ်ဝေဝါးသွားပြီးနောက် ချက်ချင်းပင် တစ်ဆယ့်ငါးအဖြစ်သို့ ပြောင်းလဲသွားသည်။
ခန္ဓာကိုယ်အတွင်းမှ ပူနွေးသောစီးကြောင်း ပျောက်ကွယ်သွားသည်နှင့် သူက မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ ပတ်ဝန်းကျင်က ပို၍တိတ်ဆိတ်သွားပြီး ဟောက်သံများပင် သာယာရှည်လျားကာ အသံအနိမ့်အမြင့်ပြောင်းလဲလာသကဲ့သို့ ရှိနေသည်။ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် တစ်ဝက်ခန့်နှေးကွေးသွားသလို သို့မဟုတ် မိမိကိုယ်တိုင်က ပိုမိုမြန်ဆန်သောအချိန်စက်ကွင်းတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက လက်ဖဝါးကိုဆန့်တန်းပြီး လေနှင့်အရေပြားထိတွေ့မှုကို သေချာခံစားကြည့်လိုက်သည်။ လေသည် ယခင်ကထက် ပို၍ "မာ" လာပြီး အရည်ကဲ့သို့သော သဘောသဘာဝရှိနေသည်ကို သူရှင်းလင်းစွာခံစားမိသည်။ သူက ညင်သာစွာဆုပ်နယ်ကြည့်လိုက်ရာ လေသည် လက်ချောင်းများကြားမှ ယိုစီးထွက်သွားသည်။ ရုတ်တရက် သူသည် မိမိကိုယ်ကို လေကိုဖမ်းဆုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူက စမ်းသတ်ကြည့်လိုက်သည်။
သူက လက်သီးကို ရုတ်တရက်တင်းကျပ်စွာ ဆုပ်လိုက်သည်။
"ဖောင်း" ဟူသော ကျယ်လောင်သောအသံတစ်သံနှင့်အတူ လက်သီးပတ်လည်ရှိလေထုက လှိုင်းထသွားပြီး လေစီးကြောင်းများက ပြင်းထန်စွာရွေ့လျားသွားသည်။ လေကိုပင် သူက ဆုပ်နယ်ပေါက်ကွဲစေခဲ့သကဲ့သို့ရှိသည်။
တစ်ဆယ့်ငါးမှတ်ရှိသောလျင်မြန်မှုသည် သာမန်လူထက် ၇.၅ ဆ ပိုမြန်သည်။ ဤသည်မှာ သာမန်လူတစ်ယောက်က ၇.၅ ဆ နှေးကွေးသောကမ္ဘာထဲတွင် လျှောက်လှမ်းနေခြင်းနှင့်တူသည်။ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်အားလုံးသည် ဤအချိန်စက်ကွင်းအောက်တွင် ၎င်းတို့၏ပင်ကိုယ်သဘောသဘာဝကို တဖြည်းဖြည်းဖော်ပြလာကြသည်။ လော်ယွမ်မြင်တွေ့နေရသော ရုပ်ရှင်သည် တစ်ကွက်ချင်းစီသာရှိသော ရုပ်ပုံများနှင့်တူသကဲ့သို့ အရာအားလုံးသည် ပိုမိုစစ်မှန်ရှင်းလင်းသောပုံစံဖြင့် သူ၏ရှေ့တွင် ပေါ်ထွက်လာသည်။
သူက မတ်တပ်ထရပ်ပြီး ဂူအတွင်းမှထွက်လာခဲ့သည်။ သူကိုယ်တိုင်က မြန်သည်ဟုမခံစားရသော်လည်း သူ၏အမြန်နှုန်းမှာ သာမန်လူတစ်ယောက် အေးအေးဆေးဆေးပြေးလွှားနေခြင်းနှင့် ညီမျှနေပြီဖြစ်သည်။
အပြင်ဘက်ကမ္ဘာကြီးသည် အနည်းငယ်သူစိမ်းဆန်နေသည်။ ရှေ့မှ ဖြည်းညင်းစွာကျဆင်းနေသော ဖုန်မှုန့်များ၊ လေပြေတိုက်ခတ်မှုအောက်တွင် ညင်သာစွာလှုပ်ခါနေသော သစ်ကိုင်းများနှင့် အချိန်တိုင်းပတ်ဝန်းကျင်တွင် ဝန်းရံနေသော စေးကပ်နေသကဲ့သို့သောလေထုသည် သူ့ကို လက်တွေ့ကမ္ဘာကြီးမှခွဲထွက်ကာ အေးစက်စွာဖြင့် ဘေးမှရပ်ကြည့်နေသကဲ့သို့သော ကင်းကွာမှုကို ခံစားရစေသည်။
သူက ဤလျင်မြန်မှုမြင့်မားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကို ဖြည်းညင်းစွာချိန်ညှိရန် အချိန်တစ်ခုယူရဦးမည်မှာ ထင်ရှားလှသည်။ ထို့အပြင် ယခုတစ်ကြိမ်လက္ခဏာများသည် ယခင်တစ်ကြိမ်ထက် ပိုမိုပြင်းထန်ပြီး အခက်အခဲမှာလည်း ပို၍မြင့်မားပေလိမ့်မည်။
………………………………………………………………………………………………………………………
လော်ယွမ်သည် ဤလျင်မြန်မှုအောက်မှ ခံစားချက်ကို အနည်းငယ်အသားကျအောင်ပြုလုပ်ပြီးနောက် ရပ်တန့်လိုက်သည်။ အချိန်ရခိုက် ကျိန်စာ၏သက်ရောက်မှုကို ဖြေရှင်းရန်ပြင်ဆင်လိုက်သည်။
သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ မိမိ၏စိတ်ကို လုံးဝတည်ငြိမ်အေးချမ်းသွားစေရန် ကြိုးစားလိုက်သည်။
သို့သော် ပုံမှန်အချိန်များတွင် ထမင်းစားရေသောက်ကဲ့သို့ပင် အလိုအလျောက်ပြုလုပ်နိုင်သော ဤရိုးရှင်းသည့်လှုပ်ရှားမှုသည် ယခုအချိန်တွင်မူ အလွန်ပင်ခက်ခဲနေသည်။ ကျိန်စာ၏တည်ရှိမှုကြောင့် သူမျက်လုံးမှိတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်များ အမျိုးမျိုးပေါ်ထွက်လာသည်။
မသေမီက ကြောက်လန့်တကြားအော်ဟစ်သံများ၊ မုန်းတီးသောအကြည့်များ၊ ရက်စက်ကြမ်းတမ်းသောဟိန်းဟောက်သံများ စသည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအပိုင်းအစများက တစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်။ သာမန်လူများအတွက် ကြောက်မက်ဖွယ်ကောင်းသောအရာများဖြစ်သော်လည်း လော်ယွမ်အပေါ်တွင်မူ သက်ရောက်မှုမရှိပေ။ သို့သော် လော်ယွမ်၏စိတ်တည်ငြိမ်မှုကိုမူ ပြင်းထန်စွာအနှောင့်အယှက်ပေးနေသည်။ ဤသည်မှာ အိပ်စက်ရန်ပြင်ဆင်နေသူတစ်ဦး၏နားတွင် အသံချဲ့စက်ဖြင့် အဆက်မပြတ်ပြန်လည်ဖွင့်ပြနေခြင်းနှင့်တူပြီး အိပ်ပျော်ရန်ခက်ခဲပေလိမ့်မည်။
လော်ယွမ်က အချိန်အတော်ကြာကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ အောင်မြင်မှုမရရှိခဲ့ဘဲ ထိုင်နေရင်းဖြင့် စိတ်ရှုပ်ထွေးလာသည်။ သူက အနည်းငယ် ပေါ့ပေါ့တန်တန်တွေးထားမိခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်မှအနှောင့်အယှက်များကို ကာကွယ်နိုင်သော်လည်း ကျိန်စာမှာမူ မိမိ၏ပင်ကိုယ်စိတ်ဝိညာဉ်ထဲသို့ နက်ရှိုင်းစွာစိမ့်ဝင်နေပြီး သူစိတ်တည်ငြိမ်ချင်ရုံဖြင့် တည်ငြိမ်နိုင်မည်မဟုတ်ပေ။
သူက မတ်တပ်ထရပ်ပြီး ခဏတာလမ်းလျှောက်ပြီးနောက် နောက်တစ်ကြိမ်တည်ငြိမ်လာမှ တင်ပျဉ်ခွေထိုင်လိုက်ပြန်သည်။
သူသည် ဤသည်မှာ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတစ်ပွဲ၊ စိတ်စွမ်းအားများ၏ပြိုင်ဆိုင်မှုတစ်ရပ်ဖြစ်ကြောင်း ကောင်းစွာသိရှိသည်။ အကယ်၍ မိမိကိုယ်တိုင်က လက်လျှော့လိုက်ပါက တိုက်ပွဲရှုံးနိမ့်သွားခြင်းကို ဆိုလိုပေလိမ့်မည်။
သူက ခဏတာစဉ်းစားပြီးနောက် နောက်တစ်ကြိမ်တင်ပျဉ်ခွေထိုင်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူက စိတ်တည်ငြိမ်ရန် အလျင်မလိုဘဲ ထိုပုံရိပ်ယောင်များကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလိုက်သည်။
ကျိန်စာ၏ပုံရိပ်ယောင်များမှာ အလွန်ရိုးရှင်းပြီး အများစုမှာ တိုတောင်းသောမြင်ကွင်းတစ်ခုသာဖြစ်ကာ မြင်ကွင်းမှာလည်း အတော်ပင်ဝေဝါးပြီး ခဏအတွင်းပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ အချိန်ကြာပြီး ပိုမိုရှင်းလင်းသောမြင်ကွင်းများလည်း ရှိသည်။ ဤလူများ၏မသေမီက စိတ်စွမ်းအားမှာ နှိုင်းယှဉ်ချက်အရ ပိုမိုမြင့်မားကြောင်း ထင်ရှားလှသည်။
သို့သော် မည်သည့်မြင်ကွင်းမဆို အရှည်ဆုံးမှာ တစ်စက္ကန့်ထက်မပိုဘဲ ပြောင်းလဲမှုနှုန်းမှာလည်း အလွန်မြန်ဆန်သည်။
ဆယ့်ငါးမိနစ်မပြည့်မီမှာပင် လော်ယွမ်သည် ကျိန်စာအားလုံးကို တစ်ကြိမ်ကြည့်ရှုပြီးသွားခဲ့သည်။
ထို့နောက် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်…
အကြိမ်တိုင်းတွင် လော်ယွမ်က အလွန်အလေးအနက်ထား၍၊ အလွန်အာရုံစူးစိုက်၍ ကြည့်ရှုခဲ့သည်။ ပဉ္စမအကြိမ်တွင်မူ သူသည် ဤပုံရိပ်ယောင်များ၏ အခြေခံစည်းမျဉ်းများကို အကြမ်းဖျင်းနားလည်သွားခဲ့ပြီး မြင်ကွင်းတစ်ခုချင်းစီကို အလွန်အမင်းကျွမ်းဝင်သွားကာ မြင်ကွင်းများ၏အစဉ်လိုက်ကိုပင် အလွတ်ရနေခဲ့ပြီဖြစ်သည်။
ကျိန်စာ၏အစွမ်းသတ္တိမှာ အမှန်တကယ်တွင် အလွန်စက်တစ်လုံးဆန်ပြီး တင်းကျပ်ကာ သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းတစ်ခုခုကို လိုက်နာဆောင်ရွက်နေသကဲ့သို့ရှိသည်ကို သူတွေ့ရှိလိုက်ရသည်။
အကယ်၍ လူသား၏ဦးနှောက်ကို ကွန်ပျူတာတစ်လုံးနှင့် ပုံဖော်နှိုင်းယှဉ်မည်ဆိုပါက ကျိန်စာသည် အပြင်ဘက်မှဝင်ရောက်လာသော ဗိုင်းရပ်စ်တစ်မျိုးပင်ဖြစ်သည်။ ၎င်းသည် ကွန်ပျူတာကို အလုပ်ဝန်ပိစေပြီး မားသားဘုတ်ကိုလောင်ကျွမ်းစေနိုင်သည် (သေဆုံးခြင်း)၊ သို့မဟုတ် စနစ်ကိုပျက်စီးစေနိုင်သည် (ရူးသွပ်ခြင်း)။ အဆိုးဆုံးအခြေအနေတွင်မူ ကွန်ပျူတာကိုနှေးကွေးစေပြီး စွမ်းဆောင်ရည်ကျဆင်းစေနိုင်သည် (ပုံရိပ်ယောင်များဖြင့် အနှောင့်အယှက်ပေးခြင်း)။ သူမှာမူ မိမိ၏ကာကွယ်နိုင်စွမ်းအားကောင်းပြီး စွမ်းဆောင်ရည်ကောင်းမွန်သောကြောင့် တတိယအခြေအနေကိုသာ ကြုံနေရခြင်းဖြစ်သည်။
ကြားထဲတွင် သူက မျက်လုံးဖွင့်ကာ ခဏအနားယူပြီးနောက် ပုံရိပ်ယောင်များကို ဆက်လက်ကြည့်ရှုပြန်သည်။
ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်၊ သတ္တမအကြိမ်… သူက ဖြတ်မရတော့သည့်အလား ထပ်ခါတလဲလဲကြည့်ရှု၊ အသေးစိတ်ကြည့်ရှု၊ အလေးအနက်ထား၍ကြည့်ရှုနေသည်။ သူသည် ထိုမြင်ကွင်းများကို အလွန်အမင်းကျွမ်းကျင်စွာမှတ်မိပြီး အလွတ်ပင်ရနေသည့်အခြေအနေအထိ…
နောက်ဆုံးတွင်…
လော်ယွမ်သည် ကြည့်ရင်းဖြင့် ပို၍ပို၍အိပ်ချင်လာပြီး ပြောမပြတတ်သော ငြီးငွေ့မှု၊ စိတ်တိုဒေါသထွက်မှုတို့က စိတ်ထဲမှ ပေါ်ထွက်လာသည်။
သူဆက်မကြည့်ချင်တော့ပေ။
ပုံရိပ်ယောင်များသည် သူ၏စိတ်ထဲတွင် တစ်လှည့်စီပေါ်ထွက်နေဆဲဖြစ်သော်လည်း အလွန်အမင်းရင်းနှီးနေသောကြောင့်၊ ပုံရိပ်ယောင်တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်တိုင်းကို မှတ်မိနေသောပြီး အော့အန်ချင်လောက်အောင် ရင်းနှီးနေသောကြောင့် စိတ်ညှို့ခံထားရသကဲ့သို့ ပုံရိပ်ယောင်များကို လုံးဝလျစ်လျူရှုထားလိုက်သည်။ ထိုအခါမှသူ၏စိတ်ထဲတွင် တဖြည်းဖြည်းလှုပ်ရှားမှုတစ်စုံတစ်ရာမရှိတော့ဘဲ လုံးဝတည်ငြိမ်အေးချမ်းသွားသည်။
နောက်ဆုံးတွင် သူသည် တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ဝင်ရောက်သွားနိုင်ခဲ့တော့သည်။