← Chapters

အခန်း (၂၂၅-၂၂၈)

Vol. 12 Ch. 225-228

အခန်း (၂၂၅-၂၂၈)

Vol. 12 Ch. 225-228

အပိုင်း(၂၂၅)ကလဲ့စားချေခြင်း

လော်ယွမ်က ကိုယ်ကိုအနည်းငယ်ကိုင်း၍ နားစွင့်ကာ အတန်ကြာ နားထောင်လိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ သစ်တောထဲတွင် အမြဲကြားနေရလေ့ရှိသော ပိုးကောင်များနှင့်ငှက်များ၏အသံသည်ပင် ဤရုတ်တရက်ပေါက်ကွဲမှုကြောင့် ပျောက်ကွယ်သွားခဲ့သည်။ လေပြေညင်းက သစ်တောကိုဖြတ်သန်းတိုက်ခတ်ရာမှ ထွက်ပေါ်လာသော "တရှဲရှဲ" အသံသာ ရံဖန်ရံခါ ထွက်ပေါ်နေသည်။

သူသည် အတန်ကြာနားထောင်ပြီးမှ ရှေ့မှနက်ရှိုင်းသော ချိုင့်ခွက်ကြီးဆီသို့ ခြေတစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ခြေလှမ်းများမှာ ပေါ့ပါးပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ချိုင့်ခွက်ကြီးရှေ့သို့ ရောက်မှသာ သူသည် သက်ပြင်းတစ်ချက်ချနိုင်တော့သည်။

အတွင်းထဲတွင် ဘာမှမရှိချေ။

ချိုင့်ခွက်တစ်ခုလုံးသည် ပေ၄၀ခန့်နက်ပြီး အကျယ်မှာ ပေ၂၀၀ခန့်ရှိရာ ဥက္ကာခဲကျင်းကြီးတစ်ခုနှင့်ပင် တူနေ၏။

ဥက္ကာခဲကျင်းကြီးတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

လော်ယွမ်သည် ချိုင့်ခွက်၏အောက်ခြေတွင် ကျောက်ခဲအပုံတစ်ပုံ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤကျောက်ခဲအပုံသည် မူလက တစ်တုံးတည်းဖြစ်ပြီး မြေပြင်နှင့်ပြင်းထန်စွာ တိုက်မိသောကြောင့်သာ ကြေမွသွားခြင်းဖြစ်ကြောင်း သိသာနိုင်သည်။

သူသည် ခေတ္တမျှတုံ့ဆိုင်းပြီးနောက် အောက်သို့ခုန်ချကာ ချိုင့်ခွက်အောက်ခြေသို့ သွား၍ ကျောက်ခဲများကို လက်ဖြင့်စမ်းကြည့်လိုက်သည်။ ကျောက်ခဲများမှာ အလွန်ပူလောင်နေပြီး ဤသည်မှာ လော်ယွမ်၏ခန့်မှန်းချက်ကို သက်သေပြနေသည်။ သို့သော် သူ့ကိုအနည်းငယ် အံ့ဩသွားစေသည်မှာ ဤကျောက်ခဲများတွင် လောင်ကျွမ်းခဲ့သည့် လက္ခဏာများ မရှိခြင်းပင်။

ဥက္ကာခဲများသည် ကမ္ဘာမြေသို့ကျရောက်သောအခါ လေထုနှင့် အရှိန်ပြင်းစွာ ပွတ်တိုက်မှုကြောင့် ပြင်းထန်စွာလောင်ကျွမ်းသည့်ဖြစ်စဉ် ဖြစ်ပေါ်လေ့ရှိသည်။ ဥက္ကာခဲအများစုသည် ဤပြင်းထန်သောလောင်ကျွမ်းမှုဖြစ်စဉ်တွင် လုံးဝပျောက်ကွယ်သွားကြပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ကျရောက်နိုင်ကာ ဥက္ကာခဲအဖြစ် ကျန်ရစ်ခဲ့သော အပိုင်းအစများမှာ ယေဘုယျအားဖြင့် အရွယ်အစားကြီးမားပြီး အရည်ပျော်လောင်ကျွမ်းခဲ့သည့် လက္ခဏာများ ရှိကြသည်။

သူသည် သံသယဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်တွင် တိမ်ကင်းစင်နေသည်။ သူသည် အတန်ကြာကြည့်ရှုပြီးနောက် အကြည့်ကိုပြန်ရုပ်သိမ်းရန် ဟန်ပြင်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အလား အလိုအလျောက်ပင် ခေါင်းပေါ်သို့ မော့ကြည့်လိုက်မိသည်။ သူ၏မျက်လုံးသူငယ်အိမ်များသည် ရုတ်ခြည်းကျုံ့သွားပြီး သေးငယ်သောအစက်အပြောက်ငယ်လေးတစ်ခုသည် ကောင်းကင်ယံမှ တည့်တည့်ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် နှမ်းစေ့အရွယ်သာရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးပျံဘောလုံးကို လေမှုတ်လိုက်သကဲ့သို့ တဖြည်းဖြည်း ကြီးမားလာတော့သည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဘတ်စကတ်ဘောအရွယ်အစားသို့ ရောက်ရှိလာသည်။

ထိုဥက္ကာခဲ၏နောက်တွင် ရှည်လျားသော အမြီးတန်းကဲ့သို့မီးခိုးငွေ့ဖြစ်ပေါ်လာပြီး ၎င်းမှာ လေထုနှင့်ပွတ်တိုက်မိ၍ဖြစ်ပေါ်လာသော မြင့်မားသည့် အပူချိန်ကြောင့်ဖြစ်သည်။

ဥက္ကာခဲသည် တဖြည်းဖြည်းကြီးမားလာသည်နှင့်အမျှ မီးခိုးငွေ့သည်လည်း ပိုမိုထူထပ်လာပြီး လောင်ကျွမ်းလုနီးပါးဖြစ်နေချေပြီ။

ယခုအကွာအဝေးမှဆိုလျှင် လော်ယွမ်သည် "ဥက္ကာခဲ" ၏ အသေးစိတ်အစင်းကြောင်းများနှင့် အကာအကွယ်ဒိုင်းတစ်ခုကဲ့သို့ ထူထဲသောလေထုလွှာကိုပင် ရှင်းလင်းစွာမြင်နေရပြီဖြစ်သည်။ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ကြီးမားပြီး လက်တွေ့ဆန်သော ဖျက်စီးနိုင်သည့်အရှိန်အဝါက သူ့မျက်နှာဆီသို့ တိုးဝင်လာသည်။

ဤဥက္ကာခဲ၏ လမ်းကြောင်းအရ ၎င်း၏ကျရောက်ရာနေရာသည် အနီးအနားတွင်ပင် ရှိနေပုံရသည်။ သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောင်ငေးနေရာမှ ရုတ်ခြည်းသတိပြန်ဝင်လာသည်။

သူသည် ခုန်ပျံမှုအနည်းငယ်ပြုလုပ်ကာ ဥက္ကာခဲကျင်းမှ အလျင်အမြန်လွတ်မြောက်ပြီး လာလမ်းအတိုင်း အရှိန်ပြင်းစွာဖြင့် ပြေးလွှားသွားတော့သည်။

သူ၏နှလုံးသည် တဒုန်းဒုန်းခုန်နေပြီး ပျစ်ချွဲသောသွေးများသည် နှလုံး၏အားကောင်းသောခုန်နှုန်းဖြင့် ခြေလက်အစုံသို့ ပို့ဆောင်ပေးနေသည်။ ပြင်းထန်သောအန္တရာယ်ခံစားမှုကြောင့် သူ၏အမြန်နှုန်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သစ်ပင်ကြီးများသည် တစ်ပင်ပြီးတစ်ပင် လျင်မြန်စွာကျော်ဖြတ်သွားပြီး မျက်စိရှေ့မှမြင်ကွင်းများသည် အရှိန်ပြင်းစွာ ပြောင်းလဲနေသည်။ မရေမတွက်နိုင်သော သတင်းအချက်အလက်များသည် ဒီရေကဲ့သို့ ဦးနှောက်ထဲသို့ စီးဝင်လာရာ သူ၏ဦးနှောက်သည် ရှင်းလင်းစွာခွဲခြားနိုင်စွမ်းမရှိတော့ဘဲ ပင်ကိုယ်အသိဖြင့်သာ လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်နေတော့သည်။

ဆယ်စက္ကန့်ဖြစ်နိုင်သလို တစ်မိနစ်လည်း ဖြစ်နိုင်သည်။

"အုန်း" ဟူသော အသံကျယ်ကြီးထွက်ပေါ်လာမှသာ သူသည် တဖြည်းဖြည်းရပ်တန့်လိုက်သည်။

သူသည် ဒူးကိုထောက်ကာ ပြင်းထန်စွာ အသက်ရှူမောနေပြီး နာရီဝက်ခန့်ကြာမှသာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

မှိုပွင့်ပုံသဏ္ဌာန် မီးခိုးတန်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွား၏။

သူသည် အနီးအနားမှ အမြင့်ဆုံးသစ်ပင်ကြီးတစ်ပင်ပေါ်သို့ လျင်မြန်စွာတက်ရောက်ပြီး လမ်းကြောင်းကိုခွဲခြားကြည့်လိုက်မှသာ စောစောက သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းပြီး မိမိကိုယ်ကိုသာ ကြောက်လန့်စေခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ဥက္ကာခဲကျင်းနှစ်ခုကြားတွင် ၂မိုင်ခွဲခန့် ခြားနားနေသည်။

ပေါက်ကွဲမှု၏နောက်ဆက်တွဲလှိုင်းကို မဆိုထားနှင့် လေပြေညင်းပင် တိုက်ခတ်နိုင်မည်မဟုတ်ပေ။

"ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲ... ဥက္ကာခဲနှစ်တုံးဆက်တိုက် ဒီနားကိုကျစရာအကြောင်းမရှိဘူး... ကောင်းကင်မှာလည်း ကြယ်ကြွေတာမျိုးမရှိဘဲနဲ့... ဥက္ကာခဲနှစ်တုံးက တစ်နေရာထဲကိုကျဖို့ဆိုတာ ထီပေါက်တာထက်တောင် ဖြစ်နိုင်ခြေနည်းသေးတယ်"

သူ၏စိတ်ထဲတွင် သံသယအချို့ဝင်လာပြီး နောက်ဆုံးကျရောက်ခဲ့သော ဥက္ကာခဲကျင်းသို့ ပြေးသွားပြန်သည်။

သူအနည်းငယ်အံ့ဩသွားသည်မှာ ဥက္ကာခဲကျင်းနှစ်ခုသည် အရွယ်အစားချင်းအတူတူနီးပါးဖြစ်ပြီး ကျောက်ခဲစများပင် အနည်းငယ်ဆင်တူနေသည်။ အကယ်၍ ဆက်စပ်ကြည့်မည်ဆိုလျှင် အတူတူဆက်၍ရသော လမ်းခင်းကျောက်နှင့် တူနေသည်။

သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်ကိုစူးစိုက်ကြည့်ကာ သဲလွန်စအချို့ရှာဖွေရန် ကြိုးစားလိုက်သည်။ သူက "ဥက္ကာခဲ" ကျရောက်ခဲ့သော မြေပြင်ပေါ်တွင် မျက်တောင်မခတ်စတမ်း ရပ်နေသည်။

ကောင်းကင်သည် ပျံသန်းနိုင်သောသတ္တဝါများ၏ ပိုင်နက်ဖြစ်ပြီး တခါတရံ ဆုံတွေ့ကြသည်မှလွဲ၍ အခြားကမ္ဘာတစ်ခုကဲ့သို့ပင် ဖြစ်သည်။

သေးငယ်သောအစက်အပြောက်ငယ်များသည် ကောင်းကင်ယံတွင် ရွေ့လျားနေပြီး ရံဖန်ရံခါ အောက်သို့အနည်းငယ်ဆင်းလာကာ ကြီးမားပြီး အချိုးကျသောကိုယ်ထည်များကို ပြသနေသည်။

လော်ယွမ်၏အမြင်အာရုံသည် ထက်မြက်လှပြီး အထူးသဖြင့် ကိုယ်ပျောက်လူစိမ်းကြီး၏ မျက်လုံးကိုစားသုံးပြီးနောက် အမြင်အာရုံမှာ တစ်ဆင့်ထပ်မံတိုးတက်လာခဲ့သည်။ ဆေးထိုးအပ်ထိပ်ဖျားအရွယ် အစက်အပြောက်ငယ်လေးတစ်ခုပင်လျှင် သူ၏မျက်စိထဲတွင် ပုံသဏ္ဌာန်နှင့်အရောင်ကို ဝိုးတဝါးခွဲခြားသိမြင်နိုင်သည်။

သူသည် စိတ်ရှည်စွာဖြင့် တစ်ခုချင်းခွဲခြားကြည့်ရှုသော်လည်း မည်သည့်သံသယဖြစ်ဖွယ်ပစ်မှတ်ကိုမျှ မတွေ့ရှိခဲ့ပေ။

မသိလိုက်မသိဘာသာပင် သူသည် နာရီဝက်နီးပါး မလှုပ်မယှက်ကြည့်ရှုနေခဲ့ပြီး ဤသေးငယ်သောပစ်မှတ်များကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသောကြောင့် သူ၏မျက်လုံးများမှာ စပ်ဖျဉ်းနာကျင်လာသည်။ သူက လက်လျှော့ရန်ပြင်ဆင်နေစဉ်မှာပင် ထူးဆန်းသောအစက်အပြောက်ငယ်လေးတစ်ခုသည် လော်ယွမ်၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

၎င်းမှာ အစိမ်းရောင်သန္ဓေပြောင်းငှက်တစ်ကောင်ဖြစ်ပြီး သူ၏ခြေသည်းများတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားကာ ပိုမိုမြင့်မားသောကောင်းကင်သို့ အားကုန်ပျံသန်းနေသည်။ အကွာအဝေးမှာ အလွန်မြင့်မားသောကြောင့် ရှင်းလင်းစွာခွဲခြားမမြင်နိုင်ပေ။ အစပိုင်းတွင် လော်ယွမ်သည် ၎င်းကို သားကောင်တစ်ခုခုကို ချီဆောင်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း ၎င်းသည် ပို၍ပို၍မြင့်မားစွာ ပျံသန်းသွားရာ မကြာမီမှာပင် အစက်အပြောက်ငယ်လေးကိုပင် မမြင်နိုင်တော့ချေ။

သူ၏စိတ်ထဲတွင် မကောင်းသောနိမိတ်များ တဖြည်းဖြည်းပေါ်ထွက်လာသည်။

ထင်သည့်အတိုင်းပင် မကြာမီမှာပင် အစက်အပြောက်ငယ်လေးတစ်ခုသည် ကောင်းကင်မှ ထပ်မံကျဆင်းလာသည်။

"သေစမ်း" လော်ယွမ်သည် မထိန်းနိုင်ဘဲ ကျယ်လောင်စွာကျိန်ဆဲလိုက်ပြီး သူ၏မျက်နှာမှာ အရုပ်ဆိုးနေသည်။ သူသည် ထိုအစိမ်းရောင်ငှက်ကြီးကို လုံးဝမှတ်မိသွားပြီဖြစ်သည်။

"ဒီငှက်စုတ်က အဲ့လောက်လက်စားချေစိတ်ပြင်းပြီး အခုလို အမြင့်ကနေ ကျောက်တုံး ပစ်ချတတ်လိမ့်မယ်လို့ မထင်ထားဘူး" လော်ယွမ်သည် ဒေါသကြောင့် မျက်နှာပင်ညိုမည်းသွားသည်။

ကမ္ဘာမပျက်မီက အမြင့်ဆုံးပျံသန်းနိုင်သောငှက်မျိုးစိတ်သည် ပေငါးသောင်းခွဲအမြင့်အထိ ပျံသန်းနိုင်သည်။ ဤသည်မှာ သာမန်ငှက်များသာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာပိုမိုသန်မာပြီး ဇီဝစွမ်းအားပိုမိုအားကောင်းသော အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်သည် ပင်ကိုယ်ဗီဇ၏ အကြောက်တရားကို ကျော်လွှားနိုင်ပါက ပိုမိုမြင့်မားစွာ ပျံသန်းနိုင်မည်မှာ သေချာသည်။

(ပင်ကိုယ်ဗီဇရဲ့အကြောက်တရားဆိုတာက ငှက်အများစုက ပျံနေကျအမြင့်ထက် ပိုမြင့်အောင် မပျံရဲကြပါဘူး။ သူတို့ရဲ့ဗီဇမှာကိုက ပျံနေကျထက် မြင့်သွားရင် အသက်အန္တရာယ်ရှိတယ်လို့ သိကြပါတယ်)

ပေကိုးသောင်း သို့မဟုတ် တသိန်းအမြင့်မှ တန်ချီလေးသော ကျောက်တုံးကြီးတစ်တုံးကို ပစ်ချလိုက်ပါက ထိုကြောက်မက်ဖွယ်ကောင်းသော ရွှေ့လျားစွမ်းအင်က မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။ ၎င်းသည် အသေးစားအနုမြူဗုံးတစ်လုံးကို ဖောက်ခွဲလိုက်သကဲ့သို့ပင်တည်း။

ဤနေရာရှိသစ်ပင်များသည် မြင့်မားပြီး သစ်ကိုင်းများ အချင်းချင်းဆက်စပ်နေသဖြင့် ပေါက်ကွဲမှုလှိုင်း၏အရှိန်ကို ထိထိရောက်ရောက် တားဆီးနိုင်ခြင်းကြောင့်သာမဟုတ်ပါက ဤပေ၃၀၀၀ပတ်လည်သည် မြေပြန့်ဖြစ်သွားပေလိမ့်မည်။

ကျောက်တုံးကြီးသည် ကျောက်ဂူအနီးသို့ ကျရောက်ပါက အကျိုးဆက်မှာ စဉ်းစား၍ပင်မရနိုင်ပေ။ ထိုနေရာရှိသစ်ပင်များကို ခုတ်လှဲထားပြီး အတားအဆီးမရှိသလောက်ဖြစ်ရာ မြေပြင်ပေါ်သို့ကျရောက်သည်နှင့် ကျောက်တုံးကြီး၏စွမ်းအားသည် အပြည့်အဝပေါက်ကွဲထွက်ပေလိမ့်မည်။

သို့သော် သူသည် "ဥက္ကာခဲ" က ပိုမိုလျင်မြန်စွာ ပိုမိုနိမ့်ကျစွာ ကျဆင်းလာသည်ကို မျက်စိဖြင့်သာ ကြည့်နေနိုင်ပြီး တိတ်တဆိတ်ဆုတောင်းခြင်းမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ချေ။

ဤသို့သော ဘာမျှမတတ်နိုင်သောခံစားချက်ကြောင့် လော်ယွမ်သည် ရင်ဘတ်ထဲတွင် ပြောမပြတတ်သော မကျေနပ်မှုတခု ဖြစ်ပေါ်နေပြီး တစ်ကိုယ်လုံး နေမထိ ထိုင်မသာဖြစ်နေသည်။ ထိုငှက်ကို ချက်ချင်းဖမ်းဆီး၍ အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်စိတ် ပေါက်နေသည်။

သို့သော် ဤသည်မှာ စိတ်ကူးမျှသာဖြစ်ပြီး ရန်သူက ကောင်းကင်ယံတွင်ရှိနေသဖြင့် အောက်သို့မဆင်းသရွေ့သူက ဘာမျှမတတ်နိုင်သည့်အခြေအနေတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။ သူ့တွင် အခွင့်အရေးတစ်စိုးတစ်စိမျှမရှိပေ။

ကျောက်တုံးကြီး တဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်ရင်း ဤတစ်ကြိမ်တွင် သူက မရှောင်တိမ်းခဲ့ပေ။ လမ်းကြောင်းအရ ဤတစ်ကြိမ်သည် သူနှင့် အလွန်ဝေးကွာနေသည်။ ထင်သည့်အတိုင်းပင် တစ်မိနစ်ကျော်အကြာတွင် မသဲမကွဲအသံတစ်သံသည် အဝေးမှ ထွက်ပေါ်လာသည်။

ဥက္ကာခဲကျရောက်ရာနေရာသည် ဤနေရာမှ အနည်းဆုံး ၂၅မိုင်ခန့် ကွာဝေးသည်။

ဤသည်မှာ လော်ယွမ်ရရှိခဲ့သော သတင်းများထဲမှ တစ်ခုတည်းသောသတင်းကောင်းဖြစ်ပြီး အနည်းဆုံးတော့ ထိုငှက်တိုက်ခိုက်မှု၏ တိကျမှုက အလွန်နိမ့်ကျပြီး အရာအားလုံးက ကံတရားအပေါ်တွင်သာ မူတည်ကြောင်း သိရှိလိုက်ရသည်။

ယခုအချိန်တွင် သူသည် ဤနေရာတွင်ဆက်နေ၍လည်း အသုံးမဝင်တော့သဖြင့် နောက်သို့လှည့်၍ ပြန်လျှောက်လာသည်။ သူသည် တိုက်ခိုက်မှု၏အကြိမ်ရေကို သိရှိသွားပြီဖြစ်ပြီး အချိန်ကြားကာလမှာ မိနစ်နှစ်ဆယ်ခန့်ဖြစ်သည်။ ၎င်းမှာ သန္ဓေပြောင်းငှက်သည် ကျောက်တုံးရှာဖွေပြီး ကောင်းကင်ယံသို့ပျံတက်ကာ ပစ်ချပြီး ပြန်လာသည့်အချိန်ဖြစ်သည်။ အနည်းဆုံးတော့ သူကျောက်ဂူသို့မပြန်မီတွင် ဥက္ကာခဲကျရောက်လာမည်မဟုတ်ပေ။

သူသည် လမ်းတစ်လျှောက် မျက်မှောင်ကြုတ်ကာ တုံ့ပြန်နိုင်မည့်နည်းလမ်းကို တိတ်တဆိတ်စဉ်းစားနေသည်။ ဤသို့သော လက်ပိုက်ကြည့်နေခြင်းက သူ၏ပင်ကိုဗီဇနှင့် လုံးဝမကိုက်ညီပေ။ ထို့အပြင် ကျောက်တုံးကြီး၏စွမ်းအားမှာ အလွန်ကြီးမားလှသည်။ ကံမကောင်း၍ တစ်တုံးထိမှန်ပါက တစ်ဖွဲ့လုံး ချက်ချင်းတစ်စစီဖြစ်သွားနိုင်ပြီး သူကိုယ်တိုင်ပင် ဘာမျှတတ်နိုင်မဟုတ်ပေ။

"နေရာကောင်းတခုကို အခုမှရှာတွေ့ထားတာကို... နောက်တစ်ခေါက် ထပ်ရွှေ့ရတော့မှာလား"

လော်ယွမ် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။ အကယ်၍ ၎င်းမှာ အစိမ်းရောင်အဆင့် ငှက်ကြီးတစ်ကောင်ဖြစ်ပါက သူ လက်ခံနိုင်သည်။

သို့သော် ထိုငှက်က အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်မျှသာဖြစ်ပြီး မြေပြင်ပေါ်တွင်ရှိနေပါက သူ၏ယခုစွမ်းဆောင်ရည်ဖြင့် သတ်ချင်လျှင်သတ်နိုင်ပေသည်။ ဤသို့သောအဆင့်ရှိသတ္တဝါတစ်ကောင်ကြောင့် နောက်ဆုတ်ရှောင်တိမ်းရမည်ဆိုသည်မှာ သူ့ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူက ဆင်ခြင်တုံတရားရှိသူတစ်ဦးဖြစ်ပြီး တန်ပြန်နည်းလမ်းမရှာဖွေနိုင်မီတွင် ၎င်း၏ကလဲ့စားချေမှုကို ရှောင်ရှားရမည်သာဖြစ်သည်။

ဆက်ရန်...

အပိုင်း(၂၂၆)စောင့်ကြည့်ခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်း

ပြန်ရောက်ပြီးနောက် လော်ယွမ်သည် အခြေအနေကို ရှင်းပြလိုက်ရာ ထင်မှတ်ထားသည့်အတိုင်းပင် လူတိုင်းက ဤနေရာမှ ယာယီဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

သူ မထွက်ခွာမီကတည်းက လူတိုင်းကို ကြိုတင်သတိပေးထားခဲ့သောကြောင့် လိုအပ်သော ခရီးဆောင်အိတ်များကို အသင့်ပြင်ဆင်ပြီးဖြစ်သည်။ စတုတ္ထအကြိမ်မြောက် တိုက်ခိုက်မှု ပြီးဆုံးပြီး မကြာမီမှာပင် လူတစ်စုသည် ခရီးဆောင်အိတ်များကို ကိုင်ဆောင်ကာ ကျောက်ဂူထဲမှ အမြန်ထွက်ခွာလာကြသည်။

လော်ယွမ်၏ အမိန့်ပေးမှုအောက်တွင် ဧရာမဖွတ်ကြီးသည် လေးလံသောခြေလှမ်းများဖြင့် ရှေ့သို့ အပြေးတစ်ပိုင်း ထွက်ခွာသွားသည်။ ကျောက်ဂူသည် အမြင်အာရုံထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားပြီး လူတစ်စု တောအုပ်ထဲသို့ ဝင်ရောက်သွားသောအခါ လုံးဝမမြင်နိုင်တော့ပေ။ အားလုံး၏ရင်ထဲတွင် တိုးတိတ်သော ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီးထဲမှ ရှင်သန်ကျန်ရစ်သူများ၏ ပုံမှန်ဘဝပင်ဖြစ်သည်။ နေစရာမရှိ ခြေဦးတည့်ရာသွားနေရခြင်း၊ ယနေ့တွင် လုံခြုံသောနေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီး အစားအစာများစွာ သိုလှောင်ထားနိုင်သော်လည်း နောက်တစ်နေ့တွင် ထိုနေရာမှ ထွက်ခွာသွားရပြီး ခက်ခက်ခဲခဲ စုဆောင်းထားသော ပစ္စည်းများစွာကို စွန့်လွှတ်ကာ ပိုမိုလုံခြုံသောနေရာသို့ သွားရောက်ရတတ်သည်။ ထို့နောက် ပစ္စည်းအားလုံးကို တစ်ဖန်ပြန်လည်စုဆောင်းရပြီး နောက်တစ်ကြိမ်ပြောင်းရွှေ့ရမည့် အချိန်ကို စောင့်ဆိုင်းနေရသည်။

ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရှင်သန်နေရခြင်း၏ မလွှဲမရှောင်သာသော အခြေအနေပင်ဖြစ်သည်။ အရာအားလုံးသည် ရှင်သန်ရေးအတွက်သာ ဖြစ်သည်။

……………………………………………………………………………………………………

ခေါင်းပေါ်မှ ထူထပ်သော သစ်ပင်ကွန်ရက်ကြီးက ကောင်းကင်မှ အမြင်အာရုံအားလုံးကို ဖုံးကွယ်ထားသည်။

တစ်နာရီခွဲခန့် ခရီးနှင်ပြီးနောက် သူတို့အဖွဲ့ မူလ လေယာဉ်ပျက်စခန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ ဤအချိန်တွင် လူတိုင်းမှာ လေးလံသောဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဤနေရာတွင် ရှိနေခြင်းကပင် ပြင်းထန်သော လုံခြုံမှုကို ခံစားနေရသည်။

တကယ်တော့ ဤနေရာသည် ကျောက်ဂူနှင့် ၂၅မိုင်ခန့်သာ ကွာဝေးပြီး လုံးဝလုံခြုံသော အကွာအဝေးဟု မဆိုနိုင်ပေ။ သို့သော် လူတိုင်းမှာ အခြားမသိကျွမ်းသော နေရာတစ်ခုသို့ သွားရောက်ပြီး မခန့်မှန်းနိုင်သော အန္တရာယ်များကို ရင်ဆိုင်လိုစိတ်မရှိကြတော့ပေ။

လုံးဝလုံခြုံမှုဟု ဆိုလျှင် ကမ္ဘာပျက်ကပ်ကြီးထဲတွင် မည်သည့်နေရာ၌ လုံးဝလုံခြုံသောနေရာဟူ၍ ရှိမည်နည်း။ ကိုယ်မရင်းနီးသည့်နေရာသို့စွန့်စားသွားလာခြင်းထက် ကံကြမ္မာလက်သို့ အသက်ကို အပ်နှင်းလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။

သို့သော် ဤသို့ အရှုံးပေးလိုသောစိတ်ဓာတ်မျိုး လော်ယွမ်တွင်လုံးဝမရှိပေ။

အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းတစ်ကောင်၏ ခြိမ်းခြောက်ခြင်းကို ခံရခြင်းမှာ သူ၏အတွက် အလွန်အမင်း ရှက်ဖွယ်ကောင်းသော ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် မိမိ၏ မခံချင်သောစိတ်ကို ယာယီအားဖြင့်သာ ဖိနှိပ်ထားနိုင်သည်။

…………………………………………………………………………………

အချိန်သည် လျင်မြန်စွာပင် သုံးရက်ကုန်လွန်သွားသည်။ ဤရက်များအတွင်း သန္ဓေပြောင်းငှက်၏ သတိထားမိခြင်းကို ရှောင်ရှားရန်အတွက် လူအများမှာ နေ့ဘက်လှုပ်ရှားမှုများကို စွန့်လွှတ်ထားကြသည်။

ယခုအခါ ရာသီဥတုမှာ ပူပြင်းလှပြီး ဥမင်လှိုဏ်ခေါင်းမှာလည်း လုံးဝပိတ်ဆို့နေသောကြောင့် လေဝင်လေထွက်မရှိဘဲ အတွင်း၌နေရခြင်းမှာ ချွေးထုတ်ခန်းထဲ ရောက်နေသကဲ့သို့ပင်။ အသက်ရှူလိုက်တိုင်း ပူလောင်သော အငွေ့များကိုပင် ခံစားနေရသည်။ ညစ်ညမ်းသောလေထုနှင့် ချဉ်စုတ်ပုပ်သိုးနေသော အနံ့ဆိုးပေါင်းစုံကိုမူ ပြောဖွယ်ရာပင်မရှိတော့ပေ။

ကံကောင်းသည်မှာ ဒီကိုမလာမီက ရေသယ်ဆောင်လာခဲ့သောကြောင့် သောက်သုံးရေပြဿနာကိုမူ စဉ်းစားရန်မလိုခြင်းပင်။

ညဘက်ရောက်မှသာ လူအများမှာ အပြင်သို့ထွက်၍ ညအမှောင်အောက်မှ လတ်ဆတ်အေးမြသော လေကိုရှူရှိုက်ပြီး အစားအစာအချို့ စားသုံးနိုင်သည်။

ဤရက်များအတွင်း သန္ဓေပြောင်းငှက်၏ တိုက်ခိုက်မှုမှာ အဆက်မပြတ်ရှိနေသော်လည်း ပထမနေ့နှင့်နှိုင်းယှဉ်လျှင် တိုက်ခိုက်မှုအကြိမ်ရေမှာ သိသိသာသာ ကျဆင်းသွားပြီး ပို၍လည်း ပုံသေနည်းကျမရှိတော့ပေ။ တစ်ခါတစ်ရံ တစ်နေ့လုံးတိုက်ခိုက်မှုမရှိဘဲ ညနေစောင်းမှ ရူးသွပ်သောင်းကျန်းကာ အဆက်မပြတ် ရမ်းကားပေါက်ကွဲတိုက်ခိုက်တတ်သည်။

ထို့အပြင် လော်ယွမ်တို့အဖွဲ့ အချိန်ကြာမြင့်စွာ ပေါ်မလာသည့်အတွက် တစ်ဖက်မှ သံသယဝင်လာပုံရသည်။ အစပိုင်းတွင် သူသည် ပေသုံးသောင်းအထက်မှသာ ပျံသန်းပြီး သိပ်ပေါ်မလာသော်လည်း ဤရက်များတွင်မူ ပို၍နိမ့်ဆင်းပျံသန်းလာပြီး နေ့စဉ် ကျောက်ဂူအပေါ်တွင် နာရီပေါင်းများစွာ ဝဲပျံနေတတ်သည်။

သို့သော် သူ မည်သို့မျှ တွေးထင်ထားမည်မဟုတ်သည်မှာ မိုင်၂၀ခန့်အကွာတွင် သူ၏ရန်သူတော်က သူနှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံးကို အသေးစိတ် စုဆောင်းနေသည်ကိုပင်။

ကျောက်ဂူနှင့် ၆မိုင်ကျော်အကွာမှ သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်ပေါ်တွင် လော်ယွမ်သည် စိမ်းစိုသောသစ်ရွက်များအောက်တွင် ပုန်းကွယ်ရင်း ကောင်းကင်ယံတွင် အဆက်မပြတ်ဝဲပျံနေသော ငှက်ကြီးကို စူးစိုက်ကြည့်နေသည်။

သန္ဓေပြောင်းငှက်ကို စောင့်ကြည့်ခြင်းမှာ အကြောင်းရင်းတစ်ခုသာဖြစ်ပြီး သူသည် ထိုဉာဏ်ပညာသစ်ပင်ကိုလည်း အာရုံစိုက်နေသည်။

ဤရက်များအတွင်း အလောင်းများစွာကို အစာအဖြစ် စားသုံးခဲ့သောကြောင့် ဉာဏ်ပညာသစ်ပင်သည် အရူးအမူး ကြီးထွားလာသည်။ သုံးရက်အတွင်းမှာပင် အမြင့်မှာ နှစ်ဆနီးပါး မြင့်တက်လာရုံသာမက ပင်စည်၏အရောင်မှာပင် အနည်းငယ် ပြောင်းလဲလာပြီး အသွင်ပြောင်းလဲတော့မည့် အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေပုံရသည်။

ထိုနှင့်တစ်ပြိုင်နက် သစ်ပင်ပေါ်မှ ဉာဏ်ပညာသီးများမှာလည်း အများအပြား မှည့်ဝင်းလာပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။

သို့သော် ကျောက်ဂူအနားတဝိုက်ကို လူ့ဘီလူးများက ထပ်ခါတလဲလဲ ရှင်းလင်းထားသောကြောင့် အနည်းငယ်အန္တရာယ်ရှိသော သန္ဓေပြောင်းသတ္တဝါများမှာ မျိုးတုံးလုနီးပါးဖြစ်နေပြီး လာရောက်ကျက်စားသော သတ္တဝါများမှာ အလွန်နည်းပါးလှသည်။ ထို့အပြင် အစာလိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေသော ဉာဏ်ပညာသစ်ပင်မှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤရက်များအတွင်း လော်ယွမ်သည် သန္ဓေပြောင်းသတ္တဝါအချို့ ဉာဏ်ပညာသစ်ပင်အနားသို့ ချဉ်းကပ်ရန်ကြိုးစားသည်ကို အကြိမ်ပေါင်းမနည်း မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် ထိုအဖြူရောင်မျှင်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။

သန္ဓေပြောင်းငှက်သည် ခေတ္တမျှဝဲပျံပြီးနောက် နောက်ဆုံးတွင် စိတ်မရှည်တော့ပေ။ သူသည် ကောင်းကင်သို့ ပြန်မတက်တော့ဘဲ တန်ပေါင်းများစွာလေးသော ကျောက်တုံးကြီးတစ်တုံးကို ချောက်ကမ်းပါးဘက်သို့ ပစ်ချလိုက်သည်။ ယခင်လုပ်ရပ်များမှာ လုံးဝအသုံးမဝင်ကြောင်း သူလည်း ခံစားမိနေပုံရသည်။

ကျောက်တုံးသည် ကျောက်နံရံပေါ်သို့ ကျရောက်သွားပြီး "ဝုန်း" ဟူသော အသံကြီးဖြင့် မြည်ဟည်းသွားသည်။ ပြင်းထန်သော ထိခတ်မှုအောက်တွင် ကျောက်နံရံပေါ်မှ ကျောက်တုံးတစ်တုံး ပြိုကျလာပြီး ကျောက်နံရံစင်္ကြံပေါ်သို့ ပြင်းထန်စွာ ကျရောက်ကာ မီတာပေါင်းများစွာကျယ်သော အပေါက်တစ်ခု ဖြစ်ပေါ်သွားသည်။

သူသည် မိနစ်အနည်းငယ် ထပ်မံစောင့်ဆိုင်းပြီးနောက် ထိုနေရာမှ မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကိုမြင်လျှင် စိတ်ပျက်စွာဖြင့် အော်မြည်လိုက်ပြီး တောင်ပံခတ်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

လော်ယွမ်သည် သူ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တည်ငြိမ်စွာ ကြည့်နေပြီး လုံးဝပျောက်ကွယ်သွားမှ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

အတွေ့အကြုံအရဆိုလျှင် သူယနေ့ ပြန်လာတော့မည်မဟုတ်ပေ။

လော်ယွမ်က သစ်ပင်စည်ကို ပွတ်သပ်ကြည့်လိုက်ရာ ထိုနေရာတွင် ဓားရာနက်ကြီးတစ်ခု ထင်ကျန်နေသည်။ အနီးအနားမှ သစ်ပင်တစ်ပင်ပေါ်တွင်လည်း ထိုကဲ့သို့ ဓားရာတစ်ခုရှိနေသည်။ ဤအမှတ်အသားနှစ်ခုမှာ သူ မနေ့က သန္ဓေပြောင်းငှက်၏ ပျံသန်းရာလမ်းကြောင်းကို လေ့လာစဉ်က ထားခဲ့သော အမှတ်အသားများဖြစ်သည်။ သူ ဂရုတစိုက် နှိုင်းယှဉ်ကြည့်လိုက်သောအခါ သန္ဓေပြောင်းငှက်သည် ဤနှစ်ရက်အတွင်း ထွက်ခွာသွားသော လမ်းကြောင်းမှာ လုံးဝတူညီနေသည်ကို တွေ့ရှိလိုက်သည်။

ဤသည်မှာ တစုံတခုကိုသာ ညွှန်ပြနေသည်။ ဤလမ်းကြောင်းသည် သူ၏အသိုက်ရှိရာနေရာပင်ဖြစ်သည်။

အကယ်၍ အမဲလိုက်ခြင်းသာဖြစ်ပါက အပြန်ခရီးတိုင်းကို တူညီသောလမ်းကြောင်းအတိုင်း သွားမည်မဟုတ်ပေ။ ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပြီး လျစ်လျူရှုနိုင်သည်။

သူ၏စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်သည်။

ငှက်သည် မည်မျှပင်မြင့်မားစွာ ပျံသန်းစေကာမူ မြေပြင်သို့ ဆင်းသက်ရမည့်အချိန် ရှိမည်သာဖြစ်သည်။ ဤသည်မှာ ၎င်း၏အားနည်းချက်ပင်တည်း။ သူလှုပ်ရှားသွားလာသည့်ဧရိယာကို ကြည့်လျှင် အသိုက်မှာ အလွန်ဝေးမည်မဟုတ်ပေ။

ပထမနေ့ တိုက်ခိုက်မှုအကြိမ်ရေ အမြင့်ဆုံးအချိန်တွင် တိုက်ခိုက်မှု တခုနှင့်တခု ကြားကာလမှာ မိနစ်နှစ်ဆယ်ခန့်ဖြစ်သည်။ ဤသည်မှာ အသွားအပြန်အချိန်၊ ကျောက်တုံးကောက်ယူချိန်နှင့် ကောင်းကင်သို့ပျံတက်ချိန်များ ပါဝင်သည်။ အသွားတစ်ကြောင်းမှာ ဆယ်မိနစ်ဖြစ်သည်။ တိုက်ခိုက်သည့်ကျောက်တုံးမှာလည်း အနီးအနားမှ ကောက်ယူခြင်းဖြစ်နိုင်သည်။ အမုန်းတရားဖြင့် ပြည့်နှက်နေသော ဦးနှောက်သည် ခရီးအထောင်အသောင်းဝေးသော နေရာမှ ကျောက်တုံးတစ်တုံးကို သယ်ဆောင်လာပြီးမှ တိုက်ခိုက်ရန် စိတ်ရှည်မည်မဟုတ်ပေ။ ဤသည်မှာ လက်တွေ့မကျပေ။

သန္ဓေပြောင်းငှက်၏ အမြန်နှုန်းမှာ အလွန်လျင်မြန်သော်လည်း အသံထက်မမြန်သေးဘဲ အသံ၏ သုံးပုံနှစ်ပုံခန့်သာရှိမည်။ သူ၏အမြန်နှုန်းထက် ခုနစ်ဆခန့် ပိုမြန်သည်။ သန္ဓေပြောင်းငှက် ဆယ်မိနစ်ခရီးနှင်ရလျှင် သူ တစ်နာရီနှင့် ဆယ်မိနစ်ခန့် လိုအပ်မည်ဖြစ်သည်။ ခွန်အားနှင့် တောင်စောင်းအတက်အဆင်းများကို ထည့်သွင်းစဉ်းစားပါက နှစ်နာရီနီးပါး ကြာမြင့်နိုင်သည်။ အကယ်၍ အသိုက်မှာ ကျောက်တုံးကောက်ယူသည့်နေရာထက် ပိုဝေးပါက အချိန်ပိုမိုကြာမြင့်ဦးမည်ဖြစ်သည်။

အရေးကြီးသော အချက်တစ်ချက်မှာ ငှက်မျိုးနွယ်များသည် အာရုံခံစားမှု ထက်မြက်ပြီး တုံ့ပြန်မှုလျင်မြန်ရာ ငှက်မှဆင့်ကဲပြောင်းလဲလာသော သန္ဓေပြောင်းငှက်မှာလည်း ခြွင်းချက်မဟုတ်ပေ။ အကယ်၍ တွေ့ရှိသွားပါက တောင်ပံခတ်ပျံသန်းသွားလျှင် သတ်ဖြတ်ရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

သို့သော် ဤသည်မှာ ဖြေရှင်းရန်လွယ်ကူသည်။ "အစိမ်းရောင်ကိုယ်ပျောက်လူ၏ ဦးချို" ကို သူ အမြဲတစေ သိမ်းဆည်းထားသည်။ အစိမ်းရောင်ကိုယ်ပျောက်လူ၏ အာရုံခံနိုင်စွမ်းကို လုံးဝဖုံးကွယ်နိုင်သည့် စွမ်းရည်နှင့် သင့်တော်သော ကိုယ်ဖျောက်မှုပေါင်းစပ်လိုက်ပါက လှုပ်ရှားမှုကြီးကြီးမားမားမပြုလုပ်လျှင် သန္ဓေပြောင်းငှက်ကို လှည့်စားနိုင်ပေလိမ့်မည်။

သူ၏ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး စဉ်းစားနိုင်သမျှ အခြေအနေအားလုံးကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေသည်။

…………………………………………………………………………………………

၁၂ပေခန့်ရှည်ပြီး ပုစဉ်းနှင့်တူသော သန္ဓေပြောင်းပိုးကောင်တစ်ကောင်သည် အနီးအနားမှ သစ်ပင်၏ပင်စည်နောက်တွင် ပုန်းကွယ်ရင်း တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူ၏အရောင်မှာ သစ်ပင်၏ပင်စည်နှင့် တူညီပြီး သစ်ပင်၏ပင်စည်တွင် ကပ်နေသော သစ်ကိုင်းခြောက်တစ်ချောင်းနှင့် တူနေသည်။

ထက်မြက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့်ပါးစပ်သည် အသံတိတ် ပွင့်လိုက်ပိတ်လိုက်လုပ်နေသည်။ ကြည်လင်သော ပေါင်းစပ်မျက်လုံးထဲတွင် လော်ယွမ်၏အရိပ်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်နေသည်။ မျက်စိရှေ့မှ ဤသတ္တဝါကိုကြည့်ရင်း သူ အသွေးအသား၏ရနံ့ကို ခံစားမိနေပုံရသည်။

သို့သော် သူကသတိကြီးစွာဖြင့် ရုတ်တရက်မတိုက်ခိုက်သေးပေ။ ဤထူးဆန်းသောသတ္တဝါ၏ ကိုယ်ပေါ်မှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို သူ ထက်မြက်စွာ ခံစားမိနေပြီး ချီတုံချတုံဖြစ်နေသည်။ သူ စိတ်ရှည်စွာ စောင့်ကြည့်နေပြီး တစ်ဖက်လူ အချိန်ကြာမြင့်စွာ မလှုပ်မယှက်ရှိနေသည်ကို မြင်သောအခါ နောက်ဆုံးတွင် အစာ၏သွေးဆောင်မှုကို မခံနိုင်တော့ပေ။

အားကောင်းသော နောက်ခြေထောက်များ ပြင်းထန်စွာ ကန်ထွက်လိုက်ပြီး ကိုယ်သည် လျှပ်စီးကြောင်းကဲ့သို့ သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။

သို့သော် လေထဲသို့ ခုန်တက်လိုက်သည်နှင့် တောက်ပသောငွေရောင်အလင်းတန်းတစ်ခု လေထုကို ဖြတ်သန်းသွားပြီး "ရွှစ်" ဟူသောအသံနှင့်အတူ အလောင်းသည် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ ညီညာသော အပိုင်းနှစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

…………………………………………………………………………………………………

လော်ယွမ်သည် အတော်ကြာ စဉ်းစားပြီးနောက် မကြာမီမှာပင် ဆုံးဖြတ်ချက်ချလိုက်ပြီး ကိုယ်တစ်ချက်ယိမ်းကာ စခန်း၏ ဆန့်ကျင်ဘက်အရပ်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

ယခုအချိန်မှာ စောလွန်းသေးပြီး အရာအားလုံးကို ညဘက်ရောက်မှသာ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ပြင်ဆင်ရန် အချို့အရာများလည်း ရှိသေးသည်။

လော်ယွမ် နေရာမှပျောက်ကွယ်သွားပြီး မူလနေရာတွင် အသေကောင်တခု ကျန်ရစ်ခဲ့သည်။

အတော်ကြာမှ သတ္တိကောင်းသော သန္ဓေပြောင်းတကောင် သတိကြီးစွာဖြင့် ချဉ်းကပ်လာသည်။ နားရွက်များမှာ အနည်းငယ်လှုပ်ရှားနေပြီး မျက်ထောင့်ဖြင့် ပတ်ဝန်းကျင်ကို အကင်းပါးစွာ စောင့်ကြည့်နေသည်။ အန္တရာယ်မရှိတော့မှန်း သေချာသောအခါ ခေါင်းငုံ့၍ အသေကောင်ကိုကိုက်ကာ လျင်မြန်စွာ ထွက်ပြေးသွားသည်။

မကြာမီမှာပင် ဤနေရာတွင် သန္ဓေပြောင်းသတ္တဝါများ ပိုမိုများပြားလာပြီး တစ်နာရီခန့်အကြာတွင်မူ မြေကြီးထဲ စိမ့်ဝင်သွားသော သွေးများပင်လျှင် လုံးဝပျောက်ကွယ်သွားပြီး မည်သည့်အရာမျှ မဖြစ်ပွားခဲ့သကဲ့သို့ပင်။

ဆက်ရန်...

အပိုင်း(၂၂၇)ဧရာမကန်ကြီး

ညသည် ရေကဲ့သို့ အေးစက်ငြိမ်သက်နေ၏။ တောနက်အတွင်း၌ မြူခိုးများက အုံ့ဆိုင်းစွာပျံ့နှံ့နေသည်။

လက်သီးဆုပ်အရွယ်အစားရှိ ပိုးစုန်းကြူးနှင့်တူသော သန္ဓေပြောင်းပိုးကောင်တစ်အုပ်သည် မြူခိုးများကြားတွင် ပုန်းအောင်းနေကြပြီး မြူခိုးများနှင့်အတူ ရွေ့လျားနေကြသည်။ သူတို့၏ခန္ဓာကိုယ်မှအလင်းရောင်သည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ အလင်းရောင်ကိုနှစ်သက်သော ပျံသန်းသည့်ပိုးကောင်အမြောက်အမြားကို ဆွဲဆောင်နေသည်။

သို့သော် သူတို့က အစာကိုဆွဲဆောင်နေချိန်တွင် သားရဲကောင်များ၏အာရုံစိုက်မှုကိုလည်း ခံနေရသည်။ ဖားပြုတ်နှင့်တူသော အရောင်အသွေးစုံလင်သည့် သတ္တဝါတစ်ကောင်သည် အပင်၏အရိပ်ထဲတွင် တိတ်ဆိတ်စွာပုန်းအောင်းနေပြီး မီးသီးလုံးကဲ့သို့သော ခရမ်းရောင်မျက်လုံးများဖြင့် ထိုအလင်းရောင်ထွက်နေသောမြူခိုးအုပ်ကို စူးစိုက်ကြည့်နေသည်။ သူ၏အကြည့်များမှာ အေးစက်ပြီး လောဘကြီးနေ၏။

၎င်းက လှုပ်ရှားရန်ပြင်ဆင်နေစဉ်မှာပင် အဝေးမှ လျင်မြန်ပြီး တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

အစပိုင်းတွင် ထိုအသံမှာ အလွန်တိုးညှင်းပြီး ရှိသလိုမရှိသလိုဖြစ်နေသော်လည်း အသက်တခါရှူချိန်အတွင်းမှာပင် နားအနားသို့ရောက်ရှိလာသကဲ့သို့ရှိသည်။ ထို"ဖားပြုတ်" ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားပြီး အရိပ်ထဲသို့ လျင်မြန်စွာပြန်လည်ကျုံ့ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ခြေလေးချောင်းဖြင့် အလျင်အမြန်တူးဆွရာ မကြာမီမှာပင် ခန္ဓာကိုယ်တစ်ဝက်ခန့်ကို မြေကြီးထဲသို့မြှုပ်နှံလိုက်ပြီး ကျောပေါ်မှ ထပ်ဆင့်နေပြီး အဆက်မပြတ်ဖောင်းပွကျုံ့ဝင်နေသော အရောင်စုံအဖုများသာ ကျန်ရစ်ခဲ့သည်။

"ဖားပြုတ်" သည် ဤအရာအားလုံးကို ပြုလုပ်ပြီးသည်နှင့် မြူခိုးများသည် ပြင်းထန်သောလေစီးကြောင်းကြောင့် ကွဲလွင့်သွားပြီး "ပိုးစုန်းကြူး" အားလုံးမှာ အရပ်လေးမျက်နှာသို့ ပြေးလွှားသွားကြသည်။ ထိုကြားထဲတွင် မသဲမကွဲသောအရိပ်တစ်ခုက လျှပ်တစ်ပြက်ဖြတ်သန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

လျင်မြန်သောခြေသံများသည် ထိုအရိပ်နှင့်အတူ ဝေးကွာသွားသည်နှင့်အမျှ တဖြည်းဖြည်းတိုးညှင်းသွားပြီး မကြာမီမှာပင် လုံးဝမကြားရတော့ပေ။

ငါးမိနစ်အကြာတွင် "ဖားပြုတ်" သည် မြေတွင်းထဲမှ ပြန်လည်တက်လာခဲ့သည်။ ၎င်းက ပတ်ဝန်းကျင်အခြေအနေကို သတိကြီးစွာဖြင့် စူးစမ်းကြည့်ရှုပြီးနောက် ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး ဝေးကွာသွားပြီဖြစ်ကြောင်း ခံစားမိဟန်တူသည်။ ၎င်းက လည်ပင်းကိုအနည်းငယ်မော့ကာ ခြေလေးချောင်းကိုမြှောက်လျက် မိမိ၏ပိုင်နက်ကို စစ်ဆေးနေသောဘုရင်တစ်ပါးကဲ့သို့ မာန်ပါပါဖြင့် အဝေးသို့ ဖြည်းညင်းစွာလျှောက်လှမ်းသွားတော့သည်။

………………………………………………………………………………………………………

လော်ယွမ်သည် ညနေစောင်းမှစတင်ထွက်ခွာလာခဲ့ရာ ယခုအချိန်တွင် ကောင်းကင်တစ်ခုလုံး လုံးဝမှောင်မိုက်နေခဲ့ပြီဖြစ်သည်။

သူသည် မိမိ၏ပန်းတိုင်နှင့် မည်မျှဝေးကွာနေသေးသည်ကို မသိသော်လည်း တောင်ကုန်းသုံးလုံးကိုကျော်ဖြတ်ခဲ့ပြီး ချောင်းငါးခုကိုဖြတ်ကူးခဲ့ကာ လော်ယွမ်ပင်လျှင် သတိဖြင့်ရှောင်တိမ်းရသော အရှိန်အဝါကြီးသည့်သန္ဓေပြောင်းသတ္တဝါများ၏ ပိုင်နက်ခုနစ်ခုကို ဖြတ်သန်းခဲ့ကြောင်းသာ မှတ်မိသည်။ အချိန်ကိုသာလျှင်ကြည့်ပြီး သူမည်မျှဝေးဝေးပြေးလွှားခဲ့သည်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ပေလိမ့်မည်။

သို့သော် ခရီးအကွာအဝေးကို ခန့်မှန်းရုံဖြင့် အဓိပ္ပာယ်မရှိပေ။ တောင်ကုန်းများ၏မတ်စောက်မှုနှင့် လမ်းများ၏ရှုပ်ထွေးမှုမှာ သူ၏ယခင်ကစိတ်ကူးထားသည်ထက် များစွာပိုမိုခက်ခဲလှသည်။ မျဉ်းဖြောင့်အကွာအဝေးမှာ မိုင်၆၀သာရှိသော်လည်း တကယ့်ခရီးအကွာအဝေးမှာမူ မိုင်၂၀၀၊ ၃၀၀ခန့် ပြေးလွှားရန်လိုအပ်ပေလိမ့်မည်။ ထို့အပြင် တစ်ခါတစ်ရံတွင် ဘေးကင်းရန် သို့မဟုတ် အခက်အခဲများကိုရှောင်ရှားရန်အတွက် အရှိန်အဝါကြီးသောသန္ဓေပြောင်းသတ္တဝါများ၏ပိုင်နက်ကို ဖြတ်သန်းသည့်အခါ လမ်းလွှဲသွားရသေးသည်။

ဤသည်မှာ သူသည် ပိုမိုဝေးသောလမ်းကိုပြေးလွှားပြီး ပိုမိုကြာသောအချိန်ကို အသုံးပြုရန်လိုအပ်သည်ဟု အဓိပ္ပာယ်ရသည်။

ပို၍ဆိုးရွားသည်မှာ သူရှေ့ဆက်သွားနေသောလမ်းကြောင်းသည် သူ၏မျက်စိအမြင်ဖြင့်ခန့်မှန်းချက်သာဖြစ်သည်။ ညရောက်ပြီးနောက် ညကောင်းကင်မှကြယ်စုများကို လမ်းညွှန်အဖြစ်အသုံးပြုသော်လည်း လမ်းမလွဲသွားစေရန်သာဖြစ်ပြီး အကြမ်းဖျင်းလမ်းကြောင်းတစ်ခုသာဖြစ်ရာ အမှားအယွင်းများမှာ ရှောင်လွှဲ၍မရပေ။

အစပိုင်းတွင် အနည်းငယ်မျှသာ လမ်းလွဲခဲ့သော်လည်း ခရီးရှည်လာသည်နှင့်အမျှ ခြားနားမှုမှာ အလွန်ကြီးမားလာပြီး နောက်ဆုံးတွင် ကီလိုမီတာရာနှင့်ချီ၍ လွဲချော်သွားနိုင်သည်မှာလည်း မဖြစ်နိုင်သည့်အရာမဟုတ်ပေ။

ထို့အပြင် သူသည် ဧရာမငှက်ကြီး၏အသိုက်မှာ မည်သည့်နေရာတွင်ရှိသည်ကို အတိအကျမသိပေ။ တစ်ခုတည်းသောသဲလွန်စမှာ ကြီးမားသောကျောက်တုံးများသာဖြစ်သော်လည်း ဤသဲလွန်စမှာ အလွန်ပင်အကြမ်းဖျင်းဆန်လှသည်။ အကယ်၍ အသိုက်မှာ အနီးအနားတွင်မရှိပါက သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ထိုနေရာတွင် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ဤသည်မှာ အချိန်နှင့်ခွန်အားကိုများစွာကို ကုန်ဆုံးစေပြီး အောင်မြင်နိုင်ခြေမှာလည်း အလွန်နည်းပါးလှသည်။

လော်ယွမ်၏စိတ်ထဲတွင် မကောင်းသောနိမိတ်များ စတင်ပေါ်ပေါက်လာခဲ့သည်။

သူက ခြေလှမ်းကိုအရှိန်မြှင့်လိုက်ပြီး မိနစ်အနည်းငယ်အကြာတွင် အနီးအနားရှိ အမြင့်ဆုံးတောင်ကုန်းထိပ်တွင် ရပ်တန့်လိုက်သည်။

သူက ပြင်းထန်စွာမောဟိုက်နေပြီး ခေါင်းငုံ့၍နာရီကိုကြည့်လိုက်ရာ မသိလိုက်ဘဲ သုံးနာရီနီးပါးပြေးလွှားခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ဤမျှကြာအောင်ပြေးလွှားလာခဲ့ရသောကြောင့် အနည်းငယ်မောပန်းနေခဲ့ပြီဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် သူ၏အသက်ရှူသံများ အနည်းငယ်မှန်လာသောအခါ ဘေးရှိကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်ကာ အဝေးသို့လှမ်းမျှော်ကြည့်ရင်း မြေမျက်နှာသွင်ပြင်ကို လေ့လာလိုက်သည်။

မှောင်မိုက်နေသောညတွင် သူ၏မျက်လုံးများက ကြောင်အမျိုးအနွယ်ဝင်များကဲ့သို့ ခပ်ပြပြအရောင်တစ်မျိုး ထွက်ပေါ်နေသည်။ အားကောင်းသော အလင်းရောင်နည်းပါးချိန်တွင်မြင်နိုင်စွမ်းကြောင့် ညအချိန်ပင်လျှင် နေ့အချိန်နှင့် များစွာမကွာခြားပေ။

"ဟင်" ထိုအချိန်တွင် လော်ယွမ်၏မျက်နှာထားမှာ အနည်းငယ်အံ့အားသင့်သွားသည်။

သူသည် ရှေ့ဘက်၆မိုင်ခန့်အကွာတွင် ဧရာမကန်ကြီးတစ်ခုရှိနေပြီး ကန်မျက်နှာပြင်သည် လရောင်အောက်တွင် လှိုင်းကြက်ခွပ်လေးများဖြင့် တလက်လက်တောက်ပနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုလမ်းကြောင်းမှာ သူသွားရမည့်နေရာပင်ဖြစ်၏။

သူ၏မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ ကျောက်ခဲများသည် ထိုနေရာမှလာခြင်းဖြစ်နိုင်ပေသည်။

သူ၏ယခင်ခရီးလမ်းတွင် ချောင်းအနည်းငယ်နှင့်တွေ့ဆုံခဲ့ရပြီး နှစ်ပေါင်းများစွာတိုက်စားမှုကြောင့် ထိုနေရာများတွင် ကျောက်ခဲများ မနည်းလှပေ။ သို့သော် အရွယ်အစားဖြစ်စေ၊ အရောင်အသွေးဖြစ်စေ မတူညီခဲ့ပေ။

ဧရာမငှက်ကြီးပစ်ချခဲ့သော ကျောက်ခဲများမှာ တစ်တုံးလျှင် လေးတန်၊ ငါးတန်ခန့်လေးပြီး အရောင်မှာအဖြူရောင်ဖြစ်ကာ ထုံးကျောက်နှင့်ဆင်တူသည်။ ယခင်ကတွေ့ဆုံခဲ့သောချောင်းများတွင်မူ ဤသို့သောကျောက်ခဲများကို မတွေ့မြင်ခဲ့ရပေ။

သူ၏စိတ်ဓာတ်မှာ တက်ကြွလာပြီး အနားယူရန်ပင်စိတ်မကူးတော့ပေ။ ခြေထောက်များကိုအနည်းငယ်ကွေးညွှတ်လိုက်ပြီး နောက်တစ်ခဏတွင် ခြေထောက်များက ရုတ်တရက်အားကုန်သုံး၍ ကျောက်တုံးကြီးပေါ်မှ ခုန်ထွက်လိုက်သည်။ တောင်စောင်းမှာမတ်စောက်ပြီး ခုနစ်ဆယ်ဒီဂရီနီးပါးရှိရာ ဤတစ်ချက်ခုန်လိုက်ခြင်းဖြင့် သူသည် လေထဲသို့တိုက်ရိုက်ရောက်ရှိသွားပြီး ဆွဲငင်အားကြောင့် လျင်မြန်စွာအောက်သို့ကျဆင်းသွားသည်။

အောက်ဘက်တွင် သစ်ပင်ကြီးများက နေရာအနှံ့ရှိနေပြီး သစ်ကိုင်းများက အချင်းချင်းယှက်နွယ်ကာ ကြီးမားသောကွန်ရက်တစ်ခုကို ဖွဲ့စည်းထားသည်။ သစ်ကိုင်းများနှင့်တိုက်မိတော့မည်အထိ နီးကပ်လာသောအခါ သူ၏ခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး ခေတ္တမျှရပ်တန့်နေသည်။ နောက်တစ်ခဏတွင် သူ၏ခြေထောက်များက အောက်ရှိ ပန်းကန်လုံးအရွယ်အစားရှိသော သစ်ကိုင်းတစ်ခုပေါ်သို့ အားကုန်သုံး၍နင်းချလိုက်သည်။ ကြီးမားသောလှုပ်ရှားမှုအရှိန်ကြောင့် သစ်ကိုင်းသည် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင်ကျိုးပဲ့သွားပြီး လူရိပ်မှာမူ ထိုတန်ပြန်အားကိုအသုံးပြုကာ နောက်တစ်ကြိမ်လေထဲသို့ ခုန်တက်သွားခဲ့ပြီဖြစ်သည်။

သူသည် တစ်ချက်ခုန်လိုက်တိုင်း ပေ၃၀၀ကျော်ခန့်သော အကွာအဝေးကို ကျော်လွှားသွားသည်။ ဆယ်ကြိမ်ကျော်ခန့်ခုန်ပြီးနောက် သူသည် တောင်ခြေသို့ရောက်ရှိသွားခဲ့သည်။

ဤသုံးရက်အတွင်း သူ၏ကျိန်စာသည် မိမိ၏စိတ်စွမ်းအားကြောင့် ကြေပျက်သွားခဲ့ပြီဖြစ်သည်။ မူလအတိုင်းပြန်လည်ကောင်းမွန်လာရုံသာမက စိတ်စွမ်းအားမှာလည်း ကျိန်စာ၏ရိုက်ခတ်မှုအောက်တွင် အနည်းငယ်တိုးတက်လာခဲ့ပြီး စိတ်စွမ်းအားအသုံးပြုမှုမှာလည်း ပိုမိုလွတ်လပ်လာကာ စိတ်သွားတိုင်းကိုယ်ပါသည့်အဆင့်သို့ လုံးဝရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဤသို့သောတိုးတက်မှုမှာ မကြီးမားလှဘဲ စနစ်၏အချက်အလက်များပေါ်တွင် မပေါ်လွင်ခဲ့သော်လည်း မထင်မှတ်ထားသော ဝမ်းသာစရာတစ်ခုပင်ဖြစ်သည်။ စိတ်စွမ်းအားသည် သူ၏အဆင့်သို့ရောက်ရှိလာပြီးနောက် တန်ဖိုးရှိသောအရည်အသွေးအမှတ်များဖြင့် လဲလှယ်ခြင်းမပြုပါက ရှေ့သို့ခြေတစ်လှမ်းတိုးတက်ရန်ပင် အလွန်ခက်ခဲပြီး အချိန်များစွာနှင့် အထူးအခွင့်အရေးများလိုအပ်သည်။

…………………………………………………………………………………………………………

နာရီဝက်နီးပါးပြေးလွှားပြီးနောက် လော်ယွမ်၏အရှိန်မှာ တဖြည်းဖြည်းနှေးကွေးလာသည်။

ရေအရင်းအမြစ်မှာ အနီးအနားတွင်ရှိသောကြောင့်ဖြစ်မည်၊ ဤနေရာရှိသန္ဓေပြောင်းသတ္တဝါများ၏သိပ်သည်းမှုမှာ အလွန်မြင့်မားပြီး အများစုမှာလည်း အားကြီးကြသည်။ အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများမှာ နေရာအနှံ့ရှိနေသည်ဟုမဆိုနိုင်သော်လည်း မကြာခဏတွေ့မြင်နိုင်သည်။ ထို့အပြင် ပို၍အားကြီးသော သတ္တဝါအချို့မှာလည်း ထိုကြားထဲတွင် ပုန်းအောင်းနေကြသေးသည်။

ဤနေရာရှိတိုက်ပွဲများမှာ အလွန်ပြင်းထန်လှသည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများသည် လော်ယွမ်ဤနေရာသို့ဝင်ရောက်လာကတည်းက တစ်ခါမျှမရပ်တန့်ခဲ့ပေ။ ထို့ကြောင့် ဤနေရာတွင် သွေးညှီနံ့ပြင်းပြင်းက အမြဲတစေပျံ့နှံ့နေပြီး လူကိုအနည်းငယ်ပျို့အန်ချင်စိတ်ဖြစ်စေသည်။

လမ်းခရီးတွင် သူသည် ဒဏ္ဍာရီထဲမှထွက်လာသကဲ့သို့သော ဧရာမသတ္တဝါကြီးနှစ်ကောင် အချင်းချင်းကိုက်ဖဲ့ဆွဲဖြဲနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုတိုက်ပွဲကြောင့် မြေကြီးတစ်ခုလုံးပင် အနည်းငယ်တုန်ခါသွားပြီး သစ်ပင်အမြောက်အမြားမှာ တိုက်ခိုက်မှုကြောင့် လဲကျသွားကာ စေးပျစ်သောသွေးများက မြေကြီးတစ်ခုလုံးကို ဆိုးထားသကဲ့သို့ရှိသည်။

သို့သော် လော်ယွမ်သည် အသေးစိတ်မကြည့်ဝံ့ပေ။ ထိုတိုက်ပွဲအတွင်းမှထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားက သူ့ကိုအသက်ရှူပင်ကြပ်စေသည်။ ဤသတ္တဝါနှစ်ကောင်မှာ အနည်းဆုံးအစိမ်းရောင်အဆင့်ရှိပေလိမ့်မည်။

မိုးခေါင်မှုမှာ ခုနစ်ရက်၊ ရှစ်ရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အပူချိန်မြင့်မားမှုကြောင့် လမ်းတစ်လျှောက်ရှိချောင်းအများစုမှာ ခန်းခြောက်သွားပြီဖြစ်သည် သို့မဟုတ် ခန်းခြောက်လုနီးပါးဖြစ်နေသည်။ ပိုးကောင်ငယ်များနှင့် သန္ဓေပြောင်းသတ္တဝါငယ်များမှာ နှင်းစက်များကိုမှီခို၍ အသက်ရှင်နိုင်သေးသော်လည်း ကြီးမားသောသန္ဓေပြောင်းသတ္တဝါများအတွက်မူ ရေအရင်းအမြစ်မရှာတွေ့ပါက သေခြင်းတရားဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။

နေ့စဉ်နေ့တိုင်း အားကြီးသောသန္ဓေပြောင်းသတ္တဝါအမြောက်အမြားသည် လေထုထဲမှရေငွေ့များနောက်ကိုလိုက်၍ ဤနေရာသို့ရောက်ရှိလာကြသည်။ ရေအရင်းအမြစ်နှင့်ပိုင်နက်အတွက် ဤနေရာရှိ "မူလပိုင်ရှင်များ" နှင့် တိုက်ခိုက်ခြင်းမှာ ရှောင်လွှဲ၍မရပေ။ ချွန်ထက်သောသွားများနှင့် ခြေသည်းများကိုအသုံးပြုကာ မည်သူကဤနေရာ၏အရှင်သခင်ဖြစ်သည်ကို ဆုံးဖြတ်ကြပြီးနောက် နောက်ထပ်စိန်ခေါ်သူများကို ဆက်လက်ရင်ဆိုင်ကြရသည်။

ဤနေရာရှိတိုက်ပွဲများမှာ အလွန်ပြင်းထန်ပြီး မကြာခဏဖြစ်ပွားသောကြောင့် လော်ယွမ်သည် လမ်းတစ်လျှောက်ရှိမြေကြီးတစ်ခုလုံး စေးကပ်ကပ်ဖြစ်နေသကဲ့သို့ပင် ခံစားနေရသည်။ ဤသည်မှာ လူကိုကြက်သီးထစေသည့်အပြင် အနည်းငယ်တုန်လှုပ်စေသည်။ ဤနေရာသည် သန္ဓေပြောင်းသတ္တဝါများ၏ သတ်ကွင်းတစ်ခုပင်ဖြစ်ပြီး ကြီးနိုင်ငယ်ညှဉ်းနိယာမကို အထင်းသားပြသနေသည်။

လမ်းတစ်လျှောက်လုံး အားကြီးသောသတ္တဝါများနှင့် များများစားစားမတွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပေ။ အများစုမှာ ဤနေရာသို့ရောက်ရှိနေကြခြင်းပင်။

"ကိုယ်ပျောက်လူစိမ်း၏ဦးချို" ကိုဝတ်ဆင်ထားသောကြောင့် သူ၏ခန္ဓာကိုယ်မှ မည်သည့်အငွေ့အသက်မျှမထွက်ပေါ်ပေ။ တစ်ခါတစ်ရံ အားကြီးသောသန္ဓေပြောင်းသတ္တဝါများ၏ မျက်စိရှေ့မှဖြတ်သန်းသွားရသော်လည်း မည်သည့်အားကြီးသောသတ္တဝါတစ်ကောင်၏အာရုံစိုက်မှုကိုမျှ မခံခဲ့ရပေ။

အကယ်၍ လော်ယွမ်ကိုမြင်တွေ့ခဲ့လျှင်ပင် ထိုသန္ဓေပြောင်းသတ္တဝါများ၏မျက်လုံးထဲတွင် လူသားသည် အလွန်ပင်သေးငယ်လှသည်။ ထို "အနည်းငယ်မျှ" သောအသားမှာ အာသာပြေရန်ပင်မလုံလောက်ရာ စိတ်ဝင်စားမှုများစွာကို မဖြစ်ပေါ်စေပေ။

သို့သော် လော်ယွမ်သည် ပေါ့ဆခြင်းမရှိဘဲ လမ်းတစ်လျှောက်လုံး သတိကြီးစွာဖြင့်သွားလာခဲ့သည်။ ယခုသူ၏အတွက် အနိုင်ယူရန်မခက်ခဲတော့သော အစိမ်းနုရောင်အဆင့်သတ္တဝါကိုပင် သူသည် တတ်နိုင်သမျှရှောင်ရှားခဲ့သည်။ အားကြီးသောသန္ဓေပြောင်းသတ္တဝါများဖြင့်ပြည့်နှက်နေသော ဤနေရာတွင် တိုက်ပွဲကိုရှောင်ရှားနိုင်သမျှ ရှောင်ရှားသင့်သည်။

လမ်းတစ်လျှောက်လုံး စိုးရိမ်ထိတ်လန့်စွာဖြင့် တစ်နာရီနီးပါးလျှောက်လှမ်းပြီးနောက် သူသည် နောက်ဆုံး၌ ကန်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤကန်ကြီးမှာ အလွန်ကျယ်ဝန်းပြီး မြူခိုးများကြောင့်ဖြစ်မည်၊ လော်ယွမ်က တစ်ဖက်ကမ်းကိုပင် မမြင်နိုင်ပေ။

ယခုအချိန်တွင် သန္ဓေပြောင်းသတ္တဝါအမြောက်အမြားသည် သဲသောင်ပြင်ပေါ်တွင်စုဝေးနေကြပြီး တန်းစီ၍ရေသောက်နေကြသည်။

သို့သော် လော်ယွမ်ကိုအနည်းငယ်အံ့အားသင့်စေသည်မှာ ဤနေရာရှိလေထုမှာ တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်ဖြစ်သည်။ သတ်ဖြတ်မှုများမှာ တစ်ခါတစ်ရံဖြစ်ပွားသော်လည်း မကြာခဏမဟုတ်ဘဲ အထိန်းအချုပ်ရှိနေဟန်တူသည်။ သတ္တဝါအများစုမှာ ရေသောက်ပြီးနောက် တိတ်ဆိတ်စွာဖြင့်လှည့်ထွက်သွားကြပြီး တောအုပ်ထဲကအခြေအနေနှင့် ကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားနေသည်။

ထိုအချိန်တွင် တိုက်ပွဲတွင်ဒဏ်ရာရထားသော အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် လမ်းတစ်လျှောက်ဟိန်းဟောက်ရင်း ရှေ့မှအဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါများကို အတင်းအကျပ်တွန်းတိုက်ဖယ်ရှားကာ ကန်မျက်နှာပြင်သို့ ယိုင်နဲ့စွာဖြင့်လျှောက်လှမ်းလာသည်။

သွေးများက ဒဏ်ရာရနေသောပေါင်မှ တစက်စက်စီးကျနေပြီး မကြာမီမှာပင် အနီးအနားရှိကန်ရေကို နီရဲသွားစေသည်။

သွေး၏ဆွဲဆောင်မှုကိုခံရဟန်တူကာ ကန်ရေသည် တဖြည်းဖြည်းလှိုင်းကြက်ခွပ်လေးများထလာသည်။ ၎င်းသည် ရေအလွန်ဆာနေသောကြောင့်ဖြစ်မည်၊ သို့မဟုတ် လုံးဝဂရုမစိုက်သောကြောင့်ဖြစ်မည်၊ လှုပ်ခတ်နေသောရေမျက်နှာပြင်ကို တစ်ချက်သာကြည့်ပြီး ခေါင်းငုံ့ကာ အားရပါးရရေသောက်တော့သည်။

၎င်း၏နောက်မှသန္ဓေပြောင်းသတ္တဝါအချို့မှာ ထိုနေရာမှဝေးရာသို့ ဆုတ်ခွာသွားကြသော်လည်း ၎င်းမှာမူ မသိကျိုးကျွံပြုနေဆဲပင်။

ထိုစဉ်ရုတ်တရက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပွားသွားသည်။ ကန်ရေသည် ပြင်းထန်စွာလှုပ်ခတ်သွားပြီး တစ်ချိန်တည်းမှာပင် ရေမြွေနှင့်လည်းတူပြီး တီကောင်နှင့်လည်းတူသော မီတာအနည်းငယ်ရှည်သည့် ထူးဆန်းသောငါးအများအပြားက ဓားများကဲ့သို့ ရေမျက်နှာပြင်ကိုထိုးဖောက်ကာ သန္ဓေပြောင်းသတ္တဝါ၏ဒဏ်ရာရှိရာသို့ ပစ်လွှတ်သွားကြသည်။ ဒဏ်ရာနှင့်ထိတွေ့သည်နှင့် ထူးဆန်းသောငါးများ၏ခန္ဓာကိုယ်က ပြင်းထန်စွာလူးလွန့်သွားပြီးနောက် လျင်မြန်စွာအတွင်းသို့တိုးဝင်သွားကြသည်။

ဤသတ္တဝါများ၏အမြန်နှုန်းမှာ အလွန်ပင်လျင်မြန်ပြီး သာမန်လူ၏မြင်နိုင်စွမ်းကို လုံးဝကျော်လွန်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လော်ယွမ်သည် ထူးဆန်းသောငါးဆယ်ကောင်ထက်မနည်း ဒဏ်ရာထဲသို့တိုးဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ထူးဆန်းသောငါးများသည် သန္ဓေပြောင်းသတ္တဝါအတွက် အလွန်ပင်သေးငယ်လှပြီး တိုးဝင်သွားသောနေရာမှာလည်း မူလကတည်းကပြင်းထန်စွာနာကျင်နေသော ဒဏ်ရာဖြစ်သောကြောင့် ထိုသတ္တဝါက ခန္ဓာကိုယ်မှထူးခြားမှုကို သိသိသာသာမခံစားရပေ။ စက္ကန့်အနည်းငယ်ကြာမှသာ တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပြီး စိုးရိမ်ပူပန်စွာဖြင့်ခေါင်းထောင်ကြည့်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ဤအချိန်အတောအတွင်း လော်ယွမ်သည် ထူးဆန်းသောငါးအကောင်တစ်ရာခန့် ၎င်း၏ခန္ဓာကိုယ်ထဲသို့တိုးဝင်သွားပြီး အတွင်းပိုင်းသို့ အသည်းအသန်တိုးဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။ စက္ကန့်အနည်းငယ်အကြာတွင် အရေပြားမျက်နှာပြင်ပေါ်တွင် လျှောက်လမ်းများ တဖြည်းဖြည်းပေါ်ထွက်လာပြီး နေရာအနှံ့လျင်မြန်စွာရွေ့လျားနေသည်မှာ လူကိုကြက်သီးထစေသည်။

သန္ဓေပြောင်းသတ္တဝါသည် ဒေါသတကြီးဖြင့် စတင်အော်ဟစ်ဟိန်းဟောက်တော့သည်။ ပြင်းထန်သောအသံလှိုင်းများသည် ရုပ်ဝတ္ထုအဖြစ်သို့ပြောင်းလဲသွားသကဲ့သို့ ရေမျက်နှာပြင်ကို ဆူပွက်သွားစေပြီး ရေစက်များမှာ ပြင်းထန်စွာခုန်ပေါက်နေသည်။ သို့သော် ဤထူးဆန်းသောငါးများ၏အသက်စွမ်းအားမှာ အလွန်ပင်အားကောင်းကြောင်းထင်ရှားလှပြီး ခဏတာရပ်တန့်သွားပြီးနောက် ပုံမှန်အတိုင်းပြန်လည်ဖြစ်သွားသည်။

ထို့အပြင် ၎င်းပါးစပ်ဟလိုက်သောအခိုက်အတန့်ကိုအခွင့်ကောင်းယူကာ ထူးဆန်းသောငါးအကောင်ဆယ်ဂဏန်းခန့်မှာ ၎င်း၏ဟနေသောပါးစပ်ကြီး၊ နှာခေါင်းပေါက်များ၊ နားများနှင့် တိုးဝင်နိုင်သမျှနေရာတိုင်းသို့ ပစ်ဝင်သွားကြပြန်သည်။

ထို့ထက်ပို၍များပြားသော ထူးဆန်းသောငါးများမှာ အရိပ်တစ်ခုသဖွယ် အုံခဲကာ ဤနေရာသို့ ကူးခတ်လာကြသည်။

ထိုအခါမှ ၎င်းသည် ထွက်ပြေးရန်စဉ်းစားမိတော့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ၎င်းက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အားအင်ကုန်ခမ်းမှုကိုခံစားလိုက်ရပြီး ခန္ဓာကိုယ်မှာယိမ်းထိုးသွားကာ ကြီးမားသောခန္ဓာကိုယ်ကြီးသည် ရေထဲသို့ ပြင်းထန်စွာလဲကျသွားပြီး ကြီးမားသောလှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၂၈)တန်ဖိုးမဲ့ရတနာ

ထိုဧရာမသတ္တဝါကြီး လဲကျသွားသည်နှင့်အမျှ ထူးဆန်းသောငါးများ ပိုမိုများပြားစွာ သူ၏ကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ သူ၏ကိုယ်သည် တဖြည်းဖြည်း ဖောင်းကားလာပြီး တန်ပေါင်းများစွာသော ငါးများက သူ၏ကိုယ်ခန္ဓာကို ပြည့်နှက်သွားစေသည်။ ထိုအချိန်တွင် သူသည် အားကုန်ရုန်းကန်နေဆဲဖြစ်ပြီး ပါးစပ်မှ ကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်နေ၏။

ပတ်ဝန်းကျင်ဧရိယာသည် အတော်အတန် ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ မည်သည့်သန္ဓေပြောင်းသတ္တဝါမျှ ဤနေရာအနီးသို့ ကပ်ဝံ့ခြင်းမရှိတော့ဘဲ မျက်လုံးများကသာ တခါတရံ ဤဘက်သို့ လှမ်းကြည့်နေကြပြီး ထိုအကြည့်များထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားပြီး သူ၏ကိုယ်သည် စတင်ကျုံ့ဝင်လာသည်။ များပြားလှသောငါးများ သူ၏ကိုယ်ထဲမှ ထွက်ခွာသွားသည်နှင့်အမျှ မကြာမီပင် အရေခြုံအရိုးသာ ကျန်တော့ပြီး ကိုယ်ခန္ဓာသည် ပေါ့ပါးသွားကာ နောက်ဆုံးတွင် ရေမျက်နှာပြင်ပေါ်သို့ ပေါလောပေါ်လာတော့သည်။

လှိုင်းလုံးများ၏ တိုက်စားမှုနှင့်အတူ ရေကန်အလယ်သို့ တဖြည်းဖြည်း မျောပါသွားပြီးနောက် လှိုင်းတစ်ခုရိုက်ခတ်သွားရာ ထိုဧရာမအလောင်းကြီးသည် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားတော့သည်။ ရေကန်ထဲတွင် မီတာအနည်းငယ်ကျယ်သော ဝဲဂယက်ကြီးတစ်ခုသာ ဖြည်းညင်းစွာ လည်ပတ်နေလျက် ကျန်ရစ်ခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ ပေ၃၀ခန့်ရှည်ပြီး ၁၈ပေကျော်မြင့်သော အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် အရိုးတစ်စမျှမကျန်အောင် အကုန်အစင် ဝါးမျိုခံလိုက်ရသည်။

သတ္တဝါအုပ်သည် ခဏမျှ လှုပ်ရှားသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် ထိုဧရာမသတ္တဝါကြီး သေဆုံးသွားသော ရေပြင်ဧရိယာသို့မူ အချိန်အတော်ကြာသည်အထိ မည်သည့်သန္ဓေပြောင်းသတ္တဝါမျှ သွားရောက်ခြင်းမရှိတော့ပေ။

လော်ယွမ်သည် သစ်ပင်ချုံပုတ်များထဲတွင် ပုန်းကွယ်ရင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ထဲတွင် တွေးတောနေသည်။ "ဒီနေရာမှာ သတ်ဖြတ်မှုတွေ ဘာလို့နည်းနေလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်... သွေးညှီနံ့က ဒီကြောက်စရာကောင်းတဲ့ငါးတွေကို ဆွဲဆောင်မှာစိုးလို့ပဲ ဖြစ်ရမယ်... အဲ့လိုကနေ သူတို့အချင်းချင်းနားလည်တဲ့ စည်းမျဉ်းတခုလိုတောင် ဖြစ်သွားတာနေမယ်... တကယ်သာ အဲ့ဒီလိုဆိုရင် ဘာမှမူမမှန်တာ မလုပ်သရွေ့ ဒီနေရာက အတော်လေး လုံခြုံလိမ့်မယ်"

ဤအတောအတွင်း သူသည် ကျောက်တုံးများရှိရာနေရာကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့မဟုတ်ပါက ဤနေရာမှ အစောကတည်းက ထွက်ခွာသွားလောက်ပြီ ဖြစ်သည်။ ကီလိုမီတာအနည်းငယ်အကွာမှ သဲသောင်ပြင်ပေါ်တွင် အဖြူရောင်ကျောက်တုံးများ ပြန့်ကျဲနေပြီး အများစုမှာ အရွယ်အစားမသေးလှပေ။

သို့ရာတွင်...

သူသည် အမှတ်တမဲ့ အဝေးမှ ထူးခြားသော သန္ဓေပြောင်းသတ္တဝါခုနစ်ကောင်ကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် တည်ကြည်တင်းမာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုသတ္တဝါများအနီးသို့ အခြားမည်သည့်သန္ဓေပြောင်းသတ္တဝါမျှ ကပ်ဝံ့ခြင်းမရှိပေ။ ၎င်းတို့ထဲမှ အချို့သည် တစ်ကောင်တည်းနေထိုင်ကာ နေရာတစ်ခုကို စိုးမိုးထားပြီး အချို့မှာမူ နှစ်ကောင်၊ သုံးကောင်စုဖွဲ့ကာ သဲသောင်ပြင်ပေါ်တွင် မတ်တပ်ရပ်ရင်းဖြစ်စေ၊ လဲလျောင်းရင်းဖြစ်စေ နေထိုင်ကြသည်။ မကြာခဏ ကြီးမားသောဦးခေါင်းကို ငုံ့ကာ အေးဆေးစွာ ရေသောက်ကြသည်။ တစ်ကောင်ချင်းစီ၏ ကိုယ်ဟန်အနေအထားသည် လှပတင့်တယ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရများ စုစည်းနေသကဲ့သို့ပင်။ လှုပ်ရှားမှုတိုင်းတွင် သဘာဝလွန်အငွေ့အသက်များ ပါဝင်နေပြီး မြင်ရသူတိုင်းအား သာမန်သတ္တဝါမဟုတ်ကြောင်း ခံစားမိစေသည်။

ဤ ကီလိုမီတာရာပေါင်းများစွာ ပတ်လည်မှ အစိမ်းရောင်အဆင့်နှင့်အထက် သန္ဓေပြောင်းသတ္တဝါအများစုသည် ဤနေရာတွင် စုစည်းနေကြပြီ ဖြစ်ဟန်တူသည်။

သူသည် အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေပြီးနောက် နောက်ဆုံးတွင် အံကိုကြိတ်ကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သတ္တိမွေးကာ ထိုနေရာသို့ လျှောက်သွားတော့သည်။

အစပိုင်းတွင် သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းတွင် အနည်းဆုံး အစိမ်းရောင်အဆင့်ရှိသော သန္ဓေပြောင်းသတ္တဝါတစ်ကောင် ရှိနေသောကြောင့်ဖြစ်သည်။

သို့သော် သူ၏စိုးရိမ်မှုမှာ အပိုဖြစ်နေကြောင်း ထင်ရှားသည်။ သူရောက်ရှိလာခြင်းသည် မည်သည့်သန္ဓေပြောင်းသတ္တဝါ၏ သတိပြုမှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ပေ။

အင်အားအကြီးဆုံးဖြစ်သော သန္ဓေပြောင်းသတ္တဝါကသာ ဤဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအကြည့်ထဲတွင် စူးစမ်းလိုစိတ်သာရှိပြီး ရန်လိုသည့်အရိပ်အယောင် စိုးစဉ်းမျှမရှိပေ။ ဤနေရာသည် လူသူအရောက်အပေါက်နည်းသော တောနက်ကြီးဖြစ်ရာ မည်သည့်သန္ဓေပြောင်းသတ္တဝါမျှ လူသားကို မမြင်ဖူးကြသလို လူသားကြောင့်လည်း နစ်နာဆုံးရှုံးမှုကို မကြုံဖူးကြပေ။

သို့သော် လော်ယွမ်သည် ထိုလက်တွေ့ဆန်လွန်းသော အကြည့်ကြောင့် ကြောက်လန့်တကြား ချွေးပြန်သွားမိသည်။

လော်ယွမ် ယုံကြည်ချက်မရှိ၍မဟုတ်ပေ။ အစိမ်းနုရောင်အဆင့်သည် ဒဏ္ဍာရီလာသတ္တဝါအဆင့်သို့ ချဉ်းကပ်နေပြီဆိုလျှင် အစိမ်းရောင်အဆင့်သည် အမှန်တကယ် ဒဏ္ဍာရီလာသတ္တဝါပင် ဖြစ်သည်။ ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုပင်ဖြစ်ပြီး အဆင့်တစ်ခုသာ ကွာခြားသော်လည်း စွမ်းအားမှာမူ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။

သူသည် အစိမ်းရောင်အဆင့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖူးသော်လည်း ထိုတစ်ကြိမ်မှာ ကံကောင်း၍သာ ဖြစ်သည်။ အချိန်အခါ၊ နေရာအနေအထားနှင့် လူအင်အား အားလုံးကိုက်ညီခဲ့ပြီး ရန်သူ၏အာရုံကို လွှဲပေးမည့် စစ်သားများစွာရှိသည့်အပြင် ၎င်းကိုယ်တိုင်ကလည်း မြေအောက်တွင် အချိန်ကြာမြင့်စွာ အိပ်စက်နေခဲ့ရာ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော်ငြားလည်း သူ၏နောက်ဆုံးပေါက်ကွဲအားဖြင့် မြွေကြီးကို သတ်ဖြတ်ပြီးနောက် သူ၏တစ်ကိုယ်လုံး ပျော့ခွေသွားပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ ခုခံနိုင်စွမ်း စိုးစဉ်းမျှမကျန်တော့ပေ။

ထိုမြွေနဂါးကြီး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နှုန်းသည် လော်ယွမ် ယခုအခါ လျင်မြန်ဖျတ်လတ်မှု တစ်မှတ်တိုးလာပြီး စွမ်းအား အဆပေါင်းများစွာ တိုးတက်လာသည့်တိုင်အောင် ပြန်တွေးကြည့်လျှင် ကြက်သီးထမိသေးသည်။ သူခန့်မှန်းကြည့်ရာတွင် အကယ်၍ နောက်တစ်ကြိမ် ရင်ဆိုင်ရပါက သေဆုံးသူမှာ မိမိကိုယ်တိုင် ဖြစ်ပေလိမ့်မည်။

ထိုထိပ်တန်းအဆင့်သတ္တဝါက ရန်လိုသည့်အမူအရာမရှိသည်ကို မြင်သောအခါ လော်ယွမ်သည် သတ္တိမွေးကာ ၎င်းကို သေချာကြည့်လိုက်သည်။

ဤသည်မှာ နွားသိုးနှင့်တူသော သတ္တဝါတစ်ကောင်ဖြစ်ပြီး အရှည် ၃၆ပေခန့်နှင့် အမြင့် ၁၅ပေ၊ ၁၆ပေခန့်ရှိသည်။ တစ်ကိုယ်လုံးတွင် လှပသောအရောင်အသွေးရှိသည့် အမွေးများဖြင့် ဖုံးလွှမ်းနေပြီး ညအလင်းရောင်အောက်တွင် မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်နေသည်။ ခြေလေးချောင်းမှာ ရှည်လျားပြီး အားအင်ပြည့်ဖြိုးနေကာ ခြေတစ်ဖက်တွင် ခြေသည်းလေးချောင်းစီရှိသည်။ ခြေသည်းများမှာ မည်းနက်ပြီး စူးရှထက်မြက်ကာ သတ္တုကဲ့သို့ ခံစားမှုကိုပေးသည်။

၁၅ပေခန့်ရှည်သော ရွှေဝါရောင်ဦးချိုနှစ်ချောင်းသည် ကွေးညွတ်လျက်ရှိပြီး ၎င်း၏ အားကြီးမားသော တိုက်ခိုက်နိုင်စွမ်းကို ဖော်ပြနေသည်။

လော်ယွမ်ကို အထူးသဖြင့် မှင်သက်သွားစေသည်မှာ ၎င်း၏မျက်လုံးများပင် ဖြစ်သည်။ ထိုမျက်လုံးများသည် ရေကဲ့သို့ နူးညံ့ပြီး သက်ရှိအားလုံးကို အပေါ်စီးမှ လွှမ်းမိုးနိုင်သည့် သဘာဝလွန်အငွေ့အသက်ရှိသော်လည်း ရန်လိုတိုက်ခိုက်လိုစိတ် လုံးဝမရှိပေ။ အချို့သန္ဓေပြောင်းသတ္တဝါများ မတော်တဆ သူ၏နယ်မြေထဲသို့ ဝင်ရောက်လာသည့်တိုင် သူက လုံးဝဂရုမစိုက်ပေ။

၎င်း၏ကိုယ်အရွယ်အစားသည် သန္ဓေပြောင်းသတ္တဝါများထဲတွင် ကြီးမားသည်ဟု မဆိုနိုင်ပေ။ ပင်လယ်သတ္တဝါများနှင့် မဆိုထားဘိ၊ ဤနေရာရှိ သတ္တဝါအုပ်ထဲတွင်ပင် ၎င်းထက်ကြီးမားသော သတ္တဝါအချို့ ရှိနေသေးသည်။

သို့သော် လော်ယွမ်သည် ဤသတ္တဝါကို စိုးစဉ်းမျှ အထင်မသေးဝံ့ပေ။ ဤအတောအတွင်း သူက အခြေခံစည်းမျဉ်းတစ်ခုကို တွေ့ရှိခဲ့သည်။ အထူးရှားပါးသည့်သက်ရှိအချို့ (ဥပမာ မိုးထိသစ်ပင်) မှလွဲ၍ အစိမ်းရောင်အဆင့်သတ္တဝါအများစုသည် ခန္ဓာကိုယ်အရွယ်အစား သိပ်မကြီးမားကြပေ။

ဤအဆင့်ရှိသတ္တဝါများသည် ကြီးမားပြီး လေးလံသောကိုယ်ထည်ဖြင့် စွမ်းအားကိုပြသခြင်း မပြုတော့သည့်အလားပင်။

လော်ယွမ်သည် စိတ်ထဲတွင် တွေးတောရင်း အကြည့်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ကြာကြာမကြည့်ဝံ့တော့ပေ။ ထို့နောက် သူသည် ၎င်းရှိရာနေရာကို လျင်မြန်စွာ ဖြတ်ကျော်ကာ ကျောက်တုံးများရှိရာနေရာသို့ သွားရောက်လိုက်သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် သူ သွားလိုရာနေရာသို့ ရောက်ရှိသွားသည်။

ဤနေရာတွင် ကျောက်တုံးများ ပြန့်ကျဲနေသည်။ ကြီးမားသောကျောက်တုံးများသည် တန်တစ်ရာကျော်ခန့် အလေးချိန်ရှိပြီး သေးငယ်သောကျောက်တုံးများမှာမူ လက်မအရွယ်သာရှိသည်။ လော်ယွမ်ခန့်မှန်းကြည့်ရာတွင် ဤနေရာသည် မူလက ခန်းခြောက်သွားသော မြစ်ကြမ်းပြင်တစ်ခု ဖြစ်ဟန်တူသည်။ သို့သော် နှစ်များကြာရှည်လာသည်နှင့်အမျှ မြစ်ကြမ်းပြင်သည် ပျောက်ကွယ်သွားပြီး ဤကျောက်တုံးများသာ တစ်ချိန်က တည်ရှိခဲ့ကြောင်း သက်သေအဖြစ် ကျန်ရစ်ခဲ့သည်။

ကျောက်တုံးအများစုမှာ အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ဖြစ်ပြီး အချို့မှာမူ ကျောက်စိမ်းရောင်အလင်းတန်းကို ဆောင်နေသည်။

သူက စူးစမ်းလိုစိတ်ဖြင့် လက်သီးဆုပ်အရွယ် နို့နှစ်ရောင်ကျောက်တုံးတစ်လုံးကို ကောက်ယူကြည့်လိုက်ရာ လက်ထဲတွင် နူးညံ့ချောမွေ့ပြီး ရေကဲ့သို့ စိုစွတ်နေသည်ကို တွေ့လိုက်ရသည်။ လရောင်နှင့် ထိုးကြည့်သောအခါ အလင်းပေါက်နေသကဲ့သို့ပင် ထင်မှတ်ရသည်။

လော်ယွမ် သဘောပေါက်သွားသည်။ ဤသည်မှာ ထုံးကျောက်မဟုတ်ဘဲ သဘာဝကျောက်စိမ်းဖြူပင် ဖြစ်သည်။

လွန်ခဲ့သောရက်များအတွင်း ငှက်ကြီးပစ်ချခဲ့သည်မှာ ဤကျောက်စိမ်းရိုင်းတုံးများဖြစ်ကြောင်း ပြန်တွေးမိသောအခါ သူ၏မျက်နှာတွင် မည်သို့သော အမူအရာပြုလုပ်ရမည်ကို မသိတော့ပေ။ ငှက်ကြီးကို သန္ဓေပြောင်းသတ္တဝါများထဲမှ သူဌေးသားဟု ဆိုရမည်လော သို့မဟုတ် အသုံးအဖြုန်းကြီးသူဟု ဆိုရမည်လော။

ကမ္ဘာမပျက်မီက သာမန်ကျောက်စိမ်းဖြူသည် တစ်ဂရမ်လျှင် ယွမ်တစ်သောင်း(မြန်မာငွေ ၂၅သိန်း)ခန့် တန်ဖိုးရှိသည်။ သူ၏လက်ထဲမှ အရေအသွေးမြင့်ကျောက်စိမ်းဖြူသည် အနည်းဆုံး တစ်ဂရမ်လျှင် ယွမ်သုံးလေးသောင်းခန့် တန်ဖိုးရှိပေလိမ့်မည်။ ဤမျှကြီးမားသော ကျောက်စိမ်းဖြူတုံးတစ်တုံးဆိုပါက အနည်းဆုံး ယွမ်သန်းနှစ်ဆယ်(မြန်မာငွေသိန်းငါးသောင်း)ခန့် တန်ဖိုးရှိပေသည်။

သို့သော် ဤကဲ့သို့သော ကျောက်စိမ်းဖြူများသည် ဤနေရာတွင် နေရာအနှံ့တွင် ရှိနေသည်။ မျက်စိတစ်ဆုံးကြည့်လိုက်လျှင် မျက်စိဖြင့်မြင်နိုင်သော သဘာဝကျောက်စိမ်းဖြူများသည် အလုံးထောင်ပေါင်းများစွာပင် ရှိနေပြီး အများစုမှာ သူ၏လက်ထဲမှကျောက်တုံးထက် ပို၍ကြီးမားသည်။ အချို့မှာမူ တန်ဆယ်ဂဏန်းခန့် အလေးချိန်ရှိပြီး တန်ဖိုးမှာ ခန့်မှန်း၍ပင် မရနိုင်တော့ပေ။

သို့သော် ကမ္ဘာပျက်ကာလတွင် ၎င်း၏တန်ဖိုးသည် ဤနေရာတွင် နေရာအနှံ့တွေ့မြင်နေရသော အဖြူရောင်ကျောက်တုံးများနှင့်အတူ အဓိပ္ပာယ်မဲ့နေသည်။

သူက လက်ထဲမှ အရေအသွေးမြင့်ကျောက်စိမ်းဖြူကို အနည်းငယ် မြှောက်ကြည့်လိုက်ပြီးနောက် သာမာန်ကျောက်တုံးတစ်တုံးကို ပစ်ချသကဲ့သို့ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် နှမြောသည့်အရိပ်အယောင် စိုးစဉ်းမျှမရှိတော့ပေ။

....................................................................................

"ဒီနေရာပဲ" သူက ကျောက်တုံးအားလုံးကို တစ်ချက်ကြည့်ပြီးနောက် တွင်းတစ်ခုရှေ့သို့ အမြန်လျှောက်သွားကာ စိတ်ထဲတွင် တွေးတောနေသည်။

ဤတွင်းသည် ထိုငှက်ကြီး မကြာသေးမီက ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူသွား၍ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှား၏။

အနီးအနားတွင် ဤကဲ့သို့သော တွင်းများစွာရှိနေသေးသည်။ အချို့တွင်းများထဲမှ မြေကြီးသည် စိုစွတ်နေသေးပြီး အချို့မှာမူ လုံးဝခြောက်သွေ့ကာ အနီးအနားမှမြေကြီးနှင့် မခြားနားတော့ပေ။ သို့သော် အနည်းငယ်တူးကြည့်လိုက်ပါက ကွာခြားချက်ကို တွေ့ရှိနိုင်ပေသည်။ တွင်းထဲမှမြေကြီးသည် အနည်းငယ် ပို၍စိုစွတ်နေသည်။

တွင်းအားလုံး၏ စိုစွတ်မှုအနည်းငယ်ကွာခြားချက်ကို ကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် ငှက်ကြီး၏ရွေးချယ်မှုအစဉ်လိုက်ကို တဖြည်းဖြည်းပုံဖော်လာပြီး ဖြစ်နိုင်ခြေရှိသော စည်းမျဉ်းတစ်ခုကို ရှာဖွေရန် ကြိုးစားနေတော့သည်။

All Chapters