← Chapters

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

အပိုင်း(၂၂၉)ဒုက္ခရှာခြင်း

မိုင်းရှင်းလင်းဂိမ်းကစားသကဲ့သို့ပင်။ အချို့သူများသည် ဟိုတစ်ချက်ပေါက်၊ သည်တစ်ချက်ပေါက်ဖြင့် နေရာအနှံ့ တိုက်ခိုက်ရတာကို နှစ်သက်ကြပြီး အချို့သူများကမူ လမ်းတစ်ကြောင်းတည်းကိုသာ တိုက်ခိုက်ပြီး တောက်လျှောက် ရှင်းလင်းတိုးဝင်တာကို နှစ်သက်ကြသည်။

(မိုင်းရှင်းလင်းဂိမ်းဆိုတာ Minesweeper ဆိုတဲ့ဂိမ်းကိုပြောတာပါ။ Windows XP ခေတ်ထဲက ရှိတဲ့ဂိမ်းဖြစ်ပြီး မိုင်းရှိတဲ့အကွက်ကို ကလစ်မိရင် တန်းရှုံးပြီး အစကနေပြန်ဆော့ရပါတယ်။ သူက အဆင့်တွေရှိပြီး အဆင့်များလာလေ မိုင်းတွေပိုများလာလေပါပဲ)

ထိုငှက်ကြီးသည် ဒုတိယတစ်မျိုးတွင် ပါဝင်သည်မှာ ထင်ရှားလှ၏။ လော်ယွမ်သည် ငှက်ကြီး၏ ကျောက်တုံးကြီးများ ရွေးချယ်ရာ၌ ရှင်းလင်းသော လမ်းကြောင်းတစ်ခုရှိသည်ကို မြင်တွေ့နိုင်သည်။ လူ့ဘီလူးမျိုးနွယ်၏ကျောက်ဂူရှိရာ ဘက်သို့ ပို၍နီးကပ်လေလေ ချိုင့်ခွက်များထဲမှ မြေကြီးသည် ပို၍ စိုစွတ်လေလေဖြစ်သည်။

ဤအချက်ကို အခြေခံ၍ တွက်ချက်ကြည့်ပါက ၎င်း နောက်တစ်ကြိမ် ရွေးချယ်မည့် ကျောက်တုံးကြီးသည် အနီးအနား၌ပင် ရှိသင့်သည်။

ထို့အပြင် ငှက်ကြီး၏ အလေ့အထအရ ၎င်းသည် အလေးချိန်တူညီသော ကျောက်တုံးကြီးများကိုသာ ရွေးချယ်လေ့ရှိပြီး ဤသို့သော ရွေးချယ်စရာမှာ အနီးအနား၌ သိပ်မများလှချေ။ ရှာဖွေရန်ဧရိယာက နောက်တစ်ကြိမ် ကျဉ်းမြောင်းသွားပြန်သည်။

သို့သော် ဤမျှဖြင့် မလုံလောက်သေးချေ။ အနီးအနားဟုဆိုခြင်းမှာ နှိုင်းယှဉ်၍ ပြောဆိုခြင်းသာဖြစ်သည်။ ငှက်ကြီးကဲ့သို့သော သန္ဓေပြောင်းငှက်အတွက်မူ ၎င်း၏ အကွာအဝေးအတိုင်းအတာသည် လူသားများနှင့် လုံးဝကွဲပြားခြားနားသည်။ လူသားများအတွက်မူ ပေ၃၀၀၀သည် အလွန်ဝေးကွာသော အကွာအဝေးဖြစ်သော်လည်း သန္ဓေပြောင်းငှက်အတွက်မူ စက္ကန့်အနည်းငယ် ပျံသန်းရုံသာဖြစ်သည်။ နှစ်ဦးသား၏ အသိအမြင်အတိုင်းအတာသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

တကယ်တမ်းတွင် ငှက်ကြီး၏ ရွေးချယ်မှုဧရိယာသည် အချင်း တစ်ကီလိုမီတာခွဲခန့်အတွင်း၌ ရှိသည်။ ငှက်ကြီး၏ စံနှုန်းနှင့် ကိုက်ညီသော အနီးဆုံးကျောက်တုံးကြီးနှစ်တုံးပင်လျှင် ပေ၃၀၀ကျော် ကွာဝေးပြီး အဝေးဆုံးမှာမူ ပေ၃၀၀၀အပြင်ဘက်၌ပင် ရှိနေသည်။ ဤသည်မှာ လော်ယွမ်၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးကို များစွာ ကျော်လွန်နေလေပြီ။

လေ၏ ခုခံအားကြောင့် အကွာအဝေး ပိုဝေးလေလေ သူ၏ လှံတို၏ စွမ်းအားက ပို၍ အားနည်းလေလေဖြစ်သည်။ ပေ၃၀၀ကျော်သွားသည်နှင့် အသံထက်မြန်သော အရှိန်ကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။ စွမ်းအားက ကြီးမားနေဆဲဖြစ်သော်လည်း ကာကွယ်ရေးအားကောင်းသော အစိမ်းနုရောင်အဆင့် သန္ဓေပြောင်းသားရဲအတွက်မူ သတ်ဖြတ်နိုင်စွမ်း သိပ်မရှိတော့ချေ။

သူ၏ အခွင့်အရေးမှာ တစ်ကြိမ်တည်းသာဖြစ်သည်။ အကယ်၍သာ ဤတစ်ကြိမ် ရှုံးနိမ့်သွားပါက နောက်တစ်ကြိမ် ၎င်းကို ချောင်းမြောင်းတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

လော်ယွမ်သည် အချိန်ကို ကြည့်လိုက်ရာ ညသန်းခေါင် တစ်နာရီ ထိုးနေလေပြီ။ မိုးလင်းရန် လေးငါးနာရီခန့် လိုသေးသည်။ အချိန်မီသေးသည်။ ဤမျှကြာမြင့်သော အချိန်သည် သူ အေးဆေးတည်ငြိမ်စွာ ပြင်ဆင်ရန်အတွက် လုံလောက်ပေသည်။

......................................................................................................

ညအချိန်၌ လူရိပ်တစ်ခုသည် လုံးပတ်၃ပေခန့် ရှိသော ကျောက်တုံးကြီးတစ်တုံးကို အားကုန်သုံး၍ တွန်းနေသည်။ သူ၏ ခြေလှမ်းများသည် ယိုင်နဲ့နေပြီး နဖူး၌ သွေးကြောများ ထောင်ထနေကာ ချွေးများ ရေကဲ့သို့ စီးကျနေသည်။ သူ၏ ဖြည်းညင်းသော ခြေလှမ်းများနှင့်အတူ ကျောက်တုံးကြီးသည် သူ၏နောက်၌ ၃ပေခန့်နက်သော မြောင်းတစ်ခုကို ချန်ထားခဲ့သည်။

လော်ယွမ် ယခင်က အစိမ်းနုရောင်အဆင့် ငှက်ကြီးကို ကြက်သတ်သကဲ့သို့ ဝင့်ကြွားစွာသတ်နိုင်ခဲ့သော်လည်း ယခု ငှက်ကြီးက လက်တစ်ဖက်တည်းဖြင့် ကောက်ယူနိုင်သော ဤကျောက်တုံးကြီးကို ရင်ဆိုင်ရာ၌မူ တွန်းရွှေ့ရန်ပင်လျှင် အားမတန်တော့ချေ။

ခွန်အားအရဆိုလျှင် သူသည် အစိမ်းနုရောင်အဆင့် သတ္တဝါနှင့် မယှဉ်နိုင်သည်သာမက အပြာရောင်အဆင့် သတ္တဝါနှင့်ပင်လျှင် မယှဉ်နိုင်ချေ။ ဤသည်မှာ အလတ်စားနှင့် အငယ်စား သတ္တဝါများ၏ သဘာဝအရ အားနည်းချက်ပင်ဖြစ်သည်။

"ဧရာမဖွတ်ကြီးသာ ရှိရင် ကောင်းမှာပဲ" လော်ယွမ်သည် မညည်းမညူအလုပ်ကြိုးစားတတ်သော တိရစ္ဆာန်တစ်ကောင်ကို တွေးမိလိုက်သည်။

စိတ်တစ်ချက် လွင့်သွားသည်နှင့် သူ၏ ခြေထောက်သည် ချော်ထွက်သွားပြီး မူလကတည်းက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်သည် ယခု အားလွဲသွားသည့်အတွက် တခါတည်း မြေပြင်ပေါ်သို့ မှောက်ကျသွားတော့သည်။

"ကွိ ကွိ ကွိ ကွိ"

အနီးအနားမှ လူတူမျောက်တူ ဆင့်ကဲပြောင်းလဲလာသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် လက်တစ်ဖက်ဖြင့် လော်ယွမ်ကို ထိုးညွှန်ရင်း မူလနေရာ၌ အော်ဟစ်ဆူညံကာ ခုန်ပေါက်နေပြီး ကြီးကျယ်သော ကိစ္စကြီးတစ်ခုကို တွေ့ရှိလိုက်သည့်အလားပင်။

တကယ်တမ်းတွင် လော်ယွမ် ဤနေရာသို့ ဝင်ရောက်လာကတည်းက ၎င်းသည် လော်ယွမ်ဟူသော ဤပုစိညှောင့်တောက်လေးကို အာရုံစိုက်နေခဲ့သည်။ ၎င်းက လော်ယွမ်ကို မျိုးနွယ်တူဟု ထင်မှတ်နေပြီး ခန္ဓာကိုယ် အနည်းငယ် သေးငယ်သည့်အတွက် အတော်လေး စူးစမ်းလိုစိတ်ဖြစ်နေဟန်ရှိသည်။

သန္ဓေပြောင်းသားရဲတစ်ကောင်၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရသည့်အတွက် လော်ယွမ်သည် ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ သူသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ၎င်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သော်လည်း ကိုယ်ပျောက်လူစိမ်း၏ဦးချိုအစွမ်းကြောင့် ဤသို့သော အပြုအမူသည် ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိချေ။

ကင်းကောင်နှင့်ဆင်တူသော ဤသန်မာသည့် သန္ဓေပြောင်းသားရဲသည် ပို၍ပင် ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။ ၎င်းသည် လော်ယွမ်၏ ပတ်ပတ်လည်၌ လျင်မြန်စွာ ပြေးလွှားနေပြီး ပါးစပ်မှ ထူးဆန်းသော အသံများကို အဆက်မပြတ် ထုတ်လွှတ်နေရာ စူးစမ်းလိုစိတ်ရှိသော သန္ဓေပြောင်းသားရဲအချို့ကို ဤနေရာသို့ လှမ်းကြည့်လာစေသည်။

ဤသန္ဓေပြောင်းသားရဲသည် မျောက်များ၏ အလေ့အထကို များစွာ အမွေဆက်ခံထားသည်မှာ ထင်ရှားလှ၏။ ဤမျှများပြားသော သန္ဓေပြောင်းသားရဲများ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံရသည့်အခါ ၎င်းသည် မရိုးမရွဖြစ်သွားသည်သာမက ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ ၎င်းသည် အကြိမ်အနည်းငယ် ရူးသွပ်စွာ ပြေးလွှားပြီးနောက် ပြေးလာခဲ့ပြီး လော်ယွမ်ကဲ့သို့ပင် ကျောက်တုံးကြီးတစ်တုံးကို တွန်းထိုးလိုက်သည်။

ဤကျောက်တုံးကြီးသည် လော်ယွမ်၏ ကျောက်တုံးထက် ပို၍ကြီးမားပြီး ဆယ်တန်ခန့် လေးလံမည်ဟု ခန့်မှန်းရသည်။ သို့သော် ဤ၂၅ပေကျော်မြင့်သော ဧရာမသတ္တဝါကြီးအတွက်မူ အလွန်လွယ်ကူလှသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ၎င်းသည် ပေ၃၀ခန့်အကွာသို့ လွယ်ကူစွာ တွန်းပို့လိုက်သည်။

လော်ယွမ်သည် အစပိုင်း၌ ဤမျောက်ဝံကြီး မည်သည့်အရာကို ပြုလုပ်လိုသည်ကို အနည်းငယ် စူးစမ်းလိုစိတ်ဖြစ်နေသေးသည်။ သို့သော် ၎င်းသည် ရုတ်တရက် ချော်လဲဟန်ဆောင်လိုက်ပြီး လက်ဖြင့် လော်ယွမ်ကို ထိုးညွှန်ကာ အော်ဟစ်လိုက်သည့်အခါ...

သူ၏ စိတ်ထဲ၌ ကျိန်ဆဲသံများဖြင့် ပြည့်နှက်သွားတော့သည်။

"မျောက်မသား" သူ၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားပြီး လက်က တိတ်တဆိတ် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်၌ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပြီး ဓားရိုးမှ လက်ကို လွှတ်လိုက်သည်။ "ဒီလောက်တောင် ကစားချင်နေမှတော့ မင်းကို အဝကစားခိုင်းရသေးတာပေါ့"

သူ၏ မျက်နှာပေါ်၌ အန္တရာယ်ရှိသော အမူအရာတစ်မျိုး ပေါ်ထွက်လာပြီး အစွမ်းကုန် သရုပ်ဆောင်ကာ လှောင်ပြောင်နေသော ဤမျောက်ဝံကြီးဆီသို့ လျှောက်သွားခဲ့သည်။

ထိုမျောက်ဝံကြီးသည် အန္တရာယ် ချဉ်းကပ်လာသည်ကို လုံးဝ သတိမထားမိချေ။ ထိုအချိန်၌ ၎င်းသည် တောင်းတလုံးအရွယ်ခန့်ရှိသော လက်သီးဖြင့် အံ့ဩဖွယ်ကောင်းသော ရင်အုပ်ကို အားကုန်သုံး၍ ထုနှက်နေပြီး တာယာကို ထုနှက်လိုက်သည့်အလား "ဘုန်းဘုန်း" ဟူသော အသံကျယ်ကြီးများ ထွက်ပေါ်နေကာ ဝိုင်းအုံကြည့်ရှုနေသော သန္ဓေပြောင်းသားရဲများ၏ရှေ့၌ ၎င်း၏ သန်မာမှုနှင့် ခွန်အားကို ပြသနေသည်။

လော်ယွမ်၏ အေးစက်သော အပြုံးသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူ၏ အရှိန်သည် တဖြည်းဖြည်း မြန်ဆန်လာပြီး နှစ်ဦးသား၏ အကွာအဝေးသည် ပေ၁၅၀ပင် မပြည့်တော့သည့်အခါ ခန္ဓာကိုယ်သည် အရိပ်များပင် ထင်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သူသည် မျောက်ဝံကြီး၏ ခြေရင်းသို့ ရောက်ရှိသွားပြီး ခါးကိုလှည့်ကာ ခြေလှမ်းတက်၍ လက်သီးဖြင့် မျောက်ဝံကြီး၏ ခြေသလုံးကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ယခင်က စိတ်တက်ကြွနေသော မျောက်ဝံကြီးသည် ချက်ချင်းပင် မျက်နှာပြောင်းလဲသွားသည်။ ၎င်း၏ မျက်လုံးများသည် ပြူးထွက်လာပြီး "ခွီး" ဟူသော အသံနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာပင် လော်ယွမ်က အားကုန်မသုံးသေးခြင်းဖြစ်သည်။ သို့မဟုတ်ပါက အသံထက် ခဏတာ ကျော်လွန်နိုင်သော တိုက်ခိုက်မှုဖြင့် အရိုးမပြောနှင့်၊ သတ္တုစပ်တစ်ချောင်းလုံးပင်လျှင် ကွေးကောက်သွားပေလိမ့်မည်။

သို့သော် ဤသို့သော နာကျင်မှုက ဤအငြိမ်မနေနိုင်သော မျောက်ဝံကြီးအတွက်မူ အစပျိုးရုံသာရှိသေးသည်။

လော်ယွမ်သည် တစ်ချက်ထိုးပြီးနောက် ခြေတစ်ချက်လှုပ်လိုက်သည်နှင့် ခန္ဓာကိုယ်သည် လျင်မြန်စွာပင် ၎င်း၏ နောက်ကျောသို့ ရောက်ရှိသွားပြီး အခြားခြေတစ်ဖက်၏ ဒူးခေါင်းကွေးကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

မျောက်ဝံကြီး၏ ယခင်အော်ဟစ်သံသည် ဝ.၁စက္ကန့်ပင် မကြာမြင့်သေးမီမှာပင် ပို၍တိုတောင်းသော အောင့်သက်သက်အသံတစ်သံဖြင့် ပြတ်တောက်သွားသည်။ အသံသည် အလွန်အမင်း လျင်မြန်စွာ ပြောင်းလဲသွားသည့်အတွက် အနည်းငယ် ပုံပျက်နေသည်။

နောက်တစ်ခဏ၌ ၎င်း၏ လေးလံသော ခန္ဓာကိုယ်သည် တောင်ကြီး ပြိုကျပြီး ကျောက်စိမ်းတိုင်ကြီး လဲကျသကဲ့သို့ ပြင်းထန်စွာ မြေပြင်ပေါ်သို့ မှောက်ကျသွားပြီး မြေကြီးတစ်လုပ်စာကို အားရပါးရ ကိုက်မိလိုက်တော့သည်။

မျောက်ဝံကြီးကား ဒေါသထွက်သွားချေလေပြီ။ ၎င်း၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းနေပြီး တစ်ကိုယ်လုံးမှ ကြွက်သားများ ဖောင်းပွလာကာ သွေးကြောများသည် စပါးကြီးမြွေများကဲ့သို့ ထောင်ထလာသည်။ ထိုအံ့ဩဖွယ်ကောင်းသော ကြွက်သားများထဲ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်။ ၎င်းသည် လက်ကို အားကုန်သုံး၍ ထောက်လိုက်သည်။

"အုန်း"

မထရပ်နိုင်မီမှာပင် ၎င်း၏ ဦးခေါင်းသည် နောက်တစ်ကြိမ် ပြင်းထန်စွာ ထိုးနှက်ခြင်းကို ခံလိုက်ရပြီး မျက်နှာသည် မြေကြီးထဲသို့ နောက်တစ်ကြိမ် နစ်ဝင်သွားပြန်သည်။

"အုန်းအုန်းအုန်း..."

ထို့နောက် လက်သီးများသည် မိုးစက်များကဲ့သို့ ၎င်း၏ လေးလံသော ဦးခေါင်းပေါ်သို့ ကျရောက်လာတော့သည်။ ဤဒုက္ခရှာသော မျောက်ဝံကြီးကို ပို၍ နက်ရှိုင်းသော သင်ခန်းစာပေးရန်အတွက် လော်ယွမ်သည် ထိုးနှက်မှုတိုင်း၌ စိတ်စွမ်းအားအနည်းငယ်ကို ထည့်သွင်းလိုက်သည်။

သို့သော် ထည့်သွင်းလိုက်သော စိတ်စွမ်းအားမှာ မများလှဘဲ လက်သီးတိုင်းက ၎င်းကို ပို၍ နာကျင်စေရုံသာဖြစ်သည်။ သူက ၎င်းကို သေအောင် မသတ်လိုချေ။

ထို့ကြောင့် မျောက်ဝံကြီးသည် ၎င်း၏ ဘဝတစ်လျှောက်လုံး၌ အနာကျင်ဆုံး၊ အမျှော်လင့်ချက်မဲ့ဆုံးသော ရိုက်နှက်မှုကို ကြုံတွေ့ခဲ့ရတော့သည်။ မျောက်ဝံကြီး မည်သို့ပင် ရုန်းကန်စေကာမူ၊ မည်သို့ပင် ပြန်လည်ခုခံစေကာမူ လျင်မြန်မှု ဆယ့်ငါးမှတ်အထိရှိသော လော်ယွမ်၏ ရှေ့မှောက်၌ အသေအလဲ ထုရိုက်ခြင်းကို ခံနေရပြီး အချည်းနှီးသာဖြစ်နေသည်။ တဖြည်းဖြည်းနှင့် ၎င်း၏ ဦးခေါင်းတစ်ခုလုံးသည် တဖြည်းဖြည်း မြေကြီးထဲသို့နက်ရှိုင်းစွာ နစ်ဝင်သွားပြီး နောက်ဆုံး၌ နောက်စေ့သာလျှင် အပြင်၌ ပေါ်ထွက်နေတော့သည်။

သို့သော် မျောက်ဝံကြီးကား အမှန်တကယ်ပင် အရေထူပြီး အသားမာလှကာ အသက်ပြင်းလှသည်။ လော်ယွမ်၏ အဆက်မပြတ် ရိုက်နှက်ခြင်းကို ငါးမိနစ်၊ ခြောက်မိနစ်ခန့် ခံရပြီးနောက် ဦးခေါင်းသည် မြေကြီးထဲ၌ တင်းကျပ်စွာ နစ်ဝင်နေသည့်တိုင် လေးလံသော ဟိန်းဟောက်သံများကို ကြားနေရသေးသည်။

"ဒီကောင်က အားအင်တွေအဲ့လောက်တောင် ပြည့်ဝနေတာလား" လော်ယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်လက်၍ ရိုက်နှက်လိုက်ကာ တစ်ချိန်တည်းမှာပင် စိတ်စွမ်းအားကို အနည်းငယ် ထပ်မံတိုးမြှင့်လိုက်သည်။

မကြာမီမှာပင် ဟိန်းဟောက်သံသည် တဖြည်းဖြည်း အောင့်သက်သက်အသံအဖြစ်သို့ ပြောင်းလဲသွားပြီး အောင့်သက်သက်အသံသည်လည်း မကြာမီမှာပင် ကြောက်ရွံ့တုန်လှုပ်သော ညည်းညူသံအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

လော်ယွမ်သည် စဉ်းစားပြီးနောက် ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်ခွာသွားတော့သည်။

တိုက်ခိုက်မှု ရပ်တန့်သွားသည်နှင့် မျောက်ဝံကြီးသည် ရုတ်တရက် ခုန်ထလိုက်ပြီး အစွယ်များကို ထုတ်ဖော်ကာ မျက်လုံးများ၌ ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ မျက်စိရှေ့မှ လော်ယွမ်ကို ကြည့်ရင်း ၎င်း၏ ခန္ဓာကိုယ်သည် အားကုန်သုံး၍ ခုန်အုပ်လိုက်ရာ တောင်းတလုံးအရွယ်ခန့်ရှိသော လက်ကြီးသည် အရိပ်တစ်ခုကဲ့သို့ သူ့ထံသို့ ရိုက်ခတ်လာသည်။

ဤမျောက်ဝံကြီးသည် သဘာဝအတိုင်း ထူးချွန်ပြီး စွမ်းအား ကြီးမားလှသည်။ တိုက်ခိုက်မှု မရောက်မီမှာပင် ရှေ့ဘက်၌ လေပြင်းများ တိုက်ခတ်လာခဲ့သည်။

ချက်ချင်းပင် လက်ဖဝါးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သဲမြေထဲသို့ ၃ပေကျော်အထိ နစ်ဝင်သွားကာ မြေပြင်သည်ပင်လျှင် အနည်းငယ် တုန်ခါသွားသည်။ သို့သော် ဤမျှအားကောင်းသော တိုက်ခိုက်မှုသည် ၎င်းကို ကျေနပ်စေခြင်းမရှိဘဲ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် တုန်ယင်လာပြီး ထိုအန္တရာယ်ရှိသော အကောင်ငယ်လေး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

၎င်း၏ စားပွဲဝိုင်းအရွယ်ခန့်ရှိသော ဦးခေါင်းသည် သံချေးတက်နေသော စက်တစ်ခုကဲ့သို့ တောင့်တင်းစွာဖြင့် တစ်လက်မချင်း နောက်သို့ လှည့်သွားသည်။

၎င်း၏ မျက်လုံးထောင့်မှ အရပ်ပုသော လူရိပ်တစ်ဦး ၎င်း၏ နောက်ကျော၌ ရပ်နေသည်ကို ကြောက်လန့်တကြားဖြင့် မြင်တွေ့လိုက်ရသည်။

၎င်း၏ တစ်ကိုယ်လုံးသည် တုန်လှုပ်သွားပြီး "ခွီး" ဟူသော အသံနှင့်အတူ ခြေလေးချောင်းကို အားကုန်သုံး၍ ရှေ့သို့ အသည်းအသန် ပြေးထွက်သွားတော့သည်။ ယခင်က တိုက်ခိုက်လိုသော သတ္တိမှာမူ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည်နှင့် ၎င်းသည် ဒူးခေါင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ခြေထောက်တစ်ဖက် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဒူးထောက်ကျသွားတော့သည်။

ထို့နောက် အော်ဟစ်သံများသည် တစ်နာရီခွဲခန့် အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ရိုက်လိုက်၊ ပြေးလိုက်၊ ဖမ်းလိုက်ဖြင့် ထိုစူးရှပြီး နာကျင်လှသော အော်ဟစ်သံများသည် ပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများကို ကြောက်လန့်တကြားဖြင့် ဤနေရာမှ ထွက်ပြေးတိမ်းရှောင်သွားစေသည်။

...........................................................................................................................

ထိုမျောက်ဝံမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်၌ ထိုင်ချနေပြီး မျက်ခွံများ တွဲကျကာ မျက်လုံးများ မှေးနေသည်။ ခန္ဓာကိုယ်သည် တစ်ခါတစ်ရံ တုန်ယင်သွားပြီး လူမိုက်ဆယ်ယောက်ခန့်၏ ဝိုင်းရိုက်ခြင်းကို ခံလိုက်ရသော လူငယ်တစ်ဦးကဲ့သို့ ယခင်က ရွှင်မြူးနေသော စိတ်ဓာတ်မျိုး မရှိတော့ချေ။

လော်ယွမ် ကြည့်လိုက်တိုင်း ၎င်း၏ လက်နှစ်ဖက်သည် အလိုအလျောက်ပင် ဦးခေါင်းကို အုပ်ကိုင်လိုက်ပြီး ညည်းညူသံကို ထုတ်လွှတ်သည်။ ဤတစ်နာရီခွဲကြာ ရိုက်နှက်မှုကြောင့် ဤအပြုအမူသည် အလိုအလျောက်တုံ့ပြန်မှုတစ်ခု ဖြစ်သွားခဲ့လေပြီ။

"ငါလက်လွန်ပြီး ဒီကောင်ဦးနှောက်တော့ မပျက်သွားလောက်ပါဘူးနော်" လော်ယွမ်သည် သူ့ကို ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်စွာဖြင့် တိတ်တဆိတ် တွေးလိုက်သည်။

စိုးရိမ်ရသည့်အကြောင်းရင်းမှာ စောစောက စနစ်မှ သတိပေးချက် ရုတ်တရက် ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။

ဒင်... အပြာရင့်ရောင်အဆင့် သတ္တဝါ "ခွန်အားမျောက်ဝံ" က သင့်အား လက်နက်ချအညံ့ခံလိုက်သည်။ ၎င်းကို တိုက်ခိုက်ရေးသားရဲအဖြစ် လက်ခံနိုင်သည်။(လက်ခံ/ငြင်းပယ်)

လော်ယွမ်သည် သူ ဒုတိယမြောက် တိုက်ခိုက်ရေးသားရဲကို လက်ခံနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ဤသည်မှာ မိမိကိုယ်တိုင် အဆင့်တက်ခြင်းကြောင့်လော သို့မဟုတ် မူလကတည်းကပင် ဤသို့ပြုလုပ်နိုင်ခြင်းလောကို သူ မသိချေ။ သို့သော် ယခင်က ဧရာမဖွတ်ကြီးမှလွဲ၍ အခြားသန္ဓေပြောင်းသားရဲများကို လက်ခံရန် ကြိုးစားခဲ့ဖူးခြင်းမရှိသည့်အတွက် အတည်ပြုရန် ခက်ခဲလှသည်။

သူ၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုတစ်ချက် ပေါ်ထွက်လာသည်။ အကယ်၍သာ ဤသည်မှာ သာမန်သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ပါက သူ သိပ်စိတ်ဝင်စားမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သာမန်အပြာရင့်ရောင်အဆင့် သတ္တဝါတစ်ကောင်သည် သိပ်အကူအညီမဖြစ်တော့သောကြောင့်ဖြစ်သည်။

သို့သော် ဤသတ္တဝါမှာမူ ကွဲပြားသည်။ ၎င်းသည် လူတူမျောက်တူ သတ္တဝါဖြစ်ပြီး ခန္ဓာကိုယ် သန်မာပြီး ခွန်အားကြီးမားသည်သာမက ၎င်း၏ ယခင်အပြုအမူများကို ကြည့်လျှင် ဉာဏ်ရည်ဉာဏ်သွေးမှာလည်း မနိမ့်ကျသည်မှာ ထင်ရှားလှပြီး ဧရာမဖွတ်ကြီးထက် ပို၍ ဆက်သွယ်ရန် လွယ်ကူပေလိမ့်မည်။

ဤသည်မှာ ဧရာမဖွတ်ကြီးထက် ပို၍ကောင်းမွန်သော အလုပ်သမားတစ်ဦးပင်ဖြစ်သည်။ အချို့သော လက်ဖြင့်သယ်ပိုးရသော အလုပ်ကြမ်းများကို ၎င်းကို လုံးဝ လုပ်ဆောင်စေနိုင်သည်။ လော်ယွမ်သည် ၎င်းကို တိုက်ခိုက်ရန် မလိုအပ်ချေ။ အနည်းဆုံး ၎င်းရှိနေပါက အလုပ်တော်တော်များများ အဆင်ပြေသွားနိုင်သည်။

သူက လက်ခံမည်ကို နှိပ်လိုက်ပြီးနောက် တိုက်ခိုက်ရေးသားရဲ၏ အရည်အသွေးပြဇယားအသစ်တစ်ခု ချက်ချင်း ပွင့်လာခဲ့သည်။

တိုက်ခိုက်ရေးသားရဲ - ခွန်အားမြောက်ဝံ

အဆင့် - ၀ (အပြာရင့်ရောင်)

အရည်အသွေးများ

------------------

ခွန်အား - ၂၁

အလျင် - ၁၃

ကြံ့ခိုင်မှု - ၂၀

ဉာဏ်ရည် - ၈

အာရုံခံနိုင်စွမ်း - ၁၁

စိတ်စွမ်းအား - ၁၃

အတွေ့အကြုံမှတ် - ဝ/၁၂၀၀

ကျွမ်းကျင်မှုများ

-----------------

ထုနှက်ခြင်း - ၁၅

ဆွဲဖြဲခြင်း - ၁၆

တိုးဝင်တိုက်ခိုက်ခြင်း - ၈

ပစ်ပေါက်ခြင်း - ၇

ကိုက်ဖြတ်ခြင်း - ၁၃

တောင်တက်ခြင်း - ၁၉

တောတွင်းရှင်သန်နိုင်စွမ်း - ၁၈

ပင်ကိုစွမ်းရည် - သဘာဝနတ်ခွန်အား၊ မာကြောသောအရေခွံ

အခြေအနေ - ထိပ်တန်း

သစ္စာစောင့်သိမှု - ၆၅ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)

လက်ကျန်အရည်အသွေးမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ဝ

လော်ယွမ်၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုတစ်ချက် ဖြတ်ပြေးသွားပြီး ရတနာတစ်ခုကို ကောက်ရလိုက်သည့်အလား ခံစားလိုက်ရသည်။ ၎င်းက အစွမ်းအစမရှိပါက ယခင်က သားရဲအုပ်စုထဲ၌ ဤမျှ တက်ကြွစွာ ပြုမူနေမည်မဟုတ်သည်မှာ သေချာပေသည်။

ဤခွန်အားမြောက်ဝံ၏ အရည်အသွေးများသည် အံ့ဩဖွယ်ကောင်းလှသည်။ ၎င်းသည် ဆင့်ကဲပြောင်းလဲမှု၏ အစွန်းသို့ ရောက်ရှိနေသည် ဖြစ်မည်။ ၎င်းကိုလက်ခံလိုက်ရုံသာရှိသေးသည် လျင်မြန်မှုမှလွဲ၍ ဧရာမဖွတ်ကြီး၏ အရည်အသွေးအားလုံးထက် ပို၍မြင့်မားနေသည်။ အထူးသဖြင့် ဉာဏ်ရည်မှာမူ အံ့ဩဖွယ်ကောင်းလောက်အောင် ရှစ်မှတ်အထိ ရှိနေသည်။ ဤသည်မှာ ဤတိုက်ခိုက်ရေးသားရဲသည် အလွန်ဉာဏ်ကောင်းကြောင်းကို ပြသနေသည်။ လူသားများနှင့် (သာမန်အားဖြင့် ကိုးမှတ်မှ ဆယ့်တစ်မှတ်ရှိ) မယှဉ်နိုင်သော်လည်း သန္ဓေပြောင်းသားရဲများထဲ၌မူ အလွန်အမင်း မြင့်မားနေပြီး ဉာဏ်ရည်မြင့် သတ္တဝါဟုပင် ဆိုနိုင်ပေသည်။

ထို့အပြင် ဒုတိယအရည်အသွေးများအပြင် ၎င်း၏ ပင်မအရည်အသွေးများသည်လည်း အားမနည်းချေ။ ခွန်အားနှင့် ကြံ့ခိုင်မှုမှာ အလွန်မြင့်မားပြီး အရည်အသွေးများက အလွန်မျှတသည်ဟု ဆိုနိုင်ပေသည်။

အလားအလာအရဆိုလျှင် ဤခွန်အားမြောက်ဝံသည် ဧရာမဖွတ်ကြီးကို ကျော်လွန်သွားသည်မှာ ထင်ရှားလှ၏။

ထို့အပြင် ၎င်း နောက်ထပ် အဆင့်အနည်းငယ် တက်သွားပြီး တစ်ခုတည်းသော အားနည်းချက်ဖြစ်သော လျင်မြန်မှုကို ဖြည့်တင်းလိုက်ပါက ဧရာမဖွတ်ကြီးထက် ပို၍ အားကောင်းသော တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ မမျှော်လင့်ထားသော ဝမ်းမြောက်မှုတစ်ခုပင်ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၂၃၀) ရောက်လာပြီ

နှစ်ထပ်တိုက်နီးပါးမြင့်ပြီး တစ်ကိုယ်လုံးတွင် ကြွက်သားများဖြင့် ပြည့်နှက်နေသော မျောက်ဝံကြီးတစ်ကောင်သည် ရင်ကော့ကျောကော့မလုပ်ရဲဘဲ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လော်ယွမ်၏နောက်မှ တစ်လှမ်းချင်းလိုက်ပါနေပုံမှာ မြင်ရသူတိုင်းကို အံ့ဩစေမည်မှာ သေချာသည်။

ရှေ့မှ လော်ယွမ် ရုတ်တရက်ရပ်တန့်လိုက်သည်ကိုမြင်သောအခါ မျောက်ဝံကြီး၏ခန္ဓာကိုယ်မှာ တုန်တက်သွားပြီး သူ့ကိုထပ်မံရိုက်နှက်တော့မည်ဟု အလိုလိုထင်မှတ်ကာ ဦးခေါင်းကိုကာကွယ်ရင်း ထိုင်ချတော့မလိုပင် ဖြစ်သွားသည်။

သူသည် လုံးဝကို ကြောက်လန့်သွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။ လော်ယွမ်က သူ့ရှေ့မှ လျှောက်လှမ်းနေပြီး ၎င်း၏လက်ကိုအနည်းငယ်ဆန့်လိုက်ရုံဖြင့် ထိုလူသား၏ခန္ဓာကိုယ်ကို ဖိချေပစ်နိုင်သော်လည်း သူ၏စိတ်ထဲတွင် တိုက်ခိုက်လိုစိတ် တစိုးတစိမျှ မရှိတော့ပေ။ ဤသည်မှာ သူ့ကို တမင်ထောင်ချောက်ဆင်နေခြင်းသာ ဖြစ်နိုင်သည်ဟုပင် သူထင်နေသည်။

ဤသို့သော အဖြစ်မျိုး ယခင်က ဖြစ်ပွားခဲ့ဖူးသည်။

ထိုသေးငယ်သော လူရိပ်သည် သူ၏မျက်လုံးထဲတွင် မကောင်းဆိုးဝါးတစ်ကောင်နှင့် ဘာမှမခြားဘဲ သူမြင်တွေ့ဖူးသမျှ သန္ဓေပြောင်းသတ္တဝါအားလုံးထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။

လူတစ်ဦးနှင့် သတ္တဝါတစ်ကောင်တို့သည် အစောပိုင်းက တွန်းခဲ့သော ကျောက်တုံးကြီးများရှေ့သို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။

လော်ယွမ်သည် ကျောက်တုံးကြီးကိုကြည့်ရင်း စိတ်ထဲတွင် တွေးတောနေသည်။

သူသည် အစောပိုင်းက မျောက်ဝံကြီးကို ဓားတစ်ချက်တည်းဖြင့် မသတ်ဘဲ ပြင်းထန်စွာရိုက်နှက်ခဲ့ခြင်းမှာ မျောက်ဝံကြီးက သူ့ကို လှောင်ပြောင်ရယ်မောခဲ့၍ သင်ခန်းစာပေးလိုရုံသက်သက်ကြောင့် မဟုတ်ပေ။ သူ၏ရည်ရွယ်ချက်မှာ ဤအားအင်ကြီးမားလှသော မျောက်ဝံကြီးကို သူ့အတွက် အလွန်လေးလံသော ဤကျောက်တုံးကြီးများကို တွန်းခိုင်းရန် ဖြစ်သည်။

တိုက်ခိုက်ရေးသားရဲအဖြစ် သိမ်းသွင်းနိုင်ခဲ့ခြင်းမှာမူ မမျှော်လင့်ထားသော အဖြစ်တစ်ခုသာ ဖြစ်သည်။

တစ်ခုတည်းသောအခက်အခဲမှာ ရိုးရှင်းသောအမိန့်များနှင့် လက်ဟန်ခြေဟန်များကို သူ့ကို မည်သို့နားလည်အောင် သင်ကြားပေးရမည်ဟူသောအချက်ပင် ဖြစ်သည်။ ဤသည်မှာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ဘာသာစကားအသစ်တစ်ခု သင်ပေးနေရသည်နှင့် မခြားပေ။

ဤကိစ္စနှင့်ပတ်သက်၍ သူ၌ အတွေ့အကြုံအနည်းငယ်ရှိသည်။ ဧရာမဖွတ်ကြီးမှာ ယခုအခါ သူ၏လက်ဟန်ခြေဟန်နှင့် စကားအားလုံးကို နားမလည်သေးသော်လည်း ရိုးရှင်းပြီး အသုံးများသောအမိန့်အချို့ကိုမူ အခက်အခဲမရှိ နားလည်နေပြီဖြစ်သည်။ သို့သော် ဤသည်မှာ အချိန်ကြာမြင့်စွာ သင်ကြားပေးရန် လိုအပ်ပြီး ယခုအခါတွင် အရှားဆုံးမှာလည်း အချိန်ပင်ဖြစ်သည်။

ဤဉာဏ်ရည်မြင့်မားသော ပရိုင်းမိတ်သန္ဓေပြောင်းသတ္တဝါက သူ့ကို အံ့အားသင့်စရာများ ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။

လော်ယွမ် ခေတ္တမျှစဉ်းစားပြီးနောက် အသစ်ဝင်ရောက်လာသော ဤတိုက်ခိုက်ရေးသားရဲကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် စတင်သင်ကြားပေးတော့သည်။

သူသည် ကျောက်တုံးကြီးကို တွန်းသည့်ဟန်ပန်ပြုလုပ်လိုက်ပြီး "တွန်း" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူသည် အလွန်စိတ်ရှည်စွာဖြင့် အကြိမ်အနည်းငယ် ထပ်ခါထပ်ခါပြုလုပ်ပြီးနောက် မျှော်လင့်တကြီးဖြင့် မျောက်ဝံကြီးကို ကြည့်လိုက်သည်။

မျောက်ဝံကြီးမှာ လော်ယွမ်ကိုတစ်ချက်၊ ကျောက်တုံးကြီးကိုတစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းကိုကုတ်ကာ မျက်နှာမှာ အူကြောင်ကြောင်ဖြစ်နေသည်။ အစပိုင်းတွင် သူ အာရုံစိုက်နေသေးသော်လည်း မကြာမီမှာပင် ဟိုကြည့်သည်ကြည့်လုပ်လာသည်။ လော်ယွမ်၏ ပြင်းထန်သောအော်ငေါက်သံကို ကြားမှသာ သူ၏တစ်ကိုယ်လုံး တုန်တက်သွားပြီး စိုးရိမ်ထိတ်လန့်သော အမူအရာဖြင့် လော်ယွမ်ကို ပြန်ကြည့်လိုက်သည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏နားလည်နိုင်စွမ်းအပေါ် အနည်းငယ်စိတ်ပျက်မိသော်လည်း ယခင်က ဧရာမဖွတ်ကြီးမှာ သူ့ထက်ပင် ပို၍ညံ့ဖျင်းခဲ့သည်ကို ပြန်စဉ်းစားမိသောအခါ စိတ်ကိုရှည်ရှည်ထားကာ နောက်တစ်ကြိမ်ထပ်မံပြုလုပ်ပြပြီး "တွန်း" ဟု ထပ်ပြောလိုက်သည်။

မျောက်ဝံကြီးမှာ ခေါင်းကိုကုတ်လိုက်ပြီး သူ၏အကြည့်များမှာ ဘေးဘက်သို့ မနေနိုင်မထိုင်နိုင် ရောက်ရှိသွားပြန်သည်။

လော်ယွမ် စိတ်ရှည်မှုကို အတင်းအကျပ်ထိန်းချုပ်ကာ အကြိမ်အနည်းငယ် ထပ်မံကြိုးစားကြည့်သည်။

သို့သော် မျောက်ဝံကြီးမှာမူ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး အပြစ်ကင်းစင်သော မျက်နှာဖြင့်သာ ရှိနေသည်။

"မင်းစောစောက ငါ့ကိုအတုခိုးပြီး တွန်းတုံးက တော်တော်ပျော်နေတာမဟုတ်လား"

လော်ယွမ် နောက်ဆုံးတွင် ဒေါသထွက်လာပြီး အနားသို့သွားကာ ထပ်မံရိုက်နှက်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားသည်။ သို့သော် သူ၏ကြောက်ရွံ့နေသော မျက်လုံးများနှင့် တုန်ယင်နေသော ခန္ဓာကိုယ်ကိုမြင်သောအခါ သူ၏စိတ်မှာ ပျော့သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည် "ထားလိုက်တော့... ရိုက်လည်းဘာမှမထူးလောက်ဘူး... သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို အချိန်တိုတိုနဲ့ စကားနားလည်အောင်လုပ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဧရာမဖွတ်ကြီးတုံးကတောင် စကားတစ်ခွန်းနားလည်ဖို့ တပတ်ကြာအောင် သင်ပေးခဲ့ရတာ"

ထိုအချိန်တွင် မျောက်ဝံကြီးမှာ ရုတ်တရက် ဉာဏ်ပွင့်သွားဟန်တူသည်။ သတ္တိမွေးကာ ကျောက်တုံးကြီးဆီသို့ လျှောက်သွားခဲ့သည်။

လော်ယွမ် ဤမြင်ကွင်းကိုမြင်သောအခါ စိတ်ဓာတ်တက်ကြွလာပြီး အသံကျယ်ကျယ်ဖြင့် "ဟုတ်တယ်... အဲ့ဒီကျောက်တုံးကြီးကို တွန်း..."

လော်ယွမ်၏အားပေးစကားကို ကြားသောအခါ မူလကကိုင်းထားသော ကျောမှာ အနည်းငယ်မတ်သွားသည်။ သူ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားပြီး တောင်းတလုံးအရွယ်အစားရှိသော လက်ဖဝါးဖြင့် ကိုယ်ကိုငုံ့ကာ ကျောက်တုံးကြီးကို ဆုပ်ကိုင်လိုက်သည်နှင့် တန်ငါး၊ ခြောက်တန်လေးသော ဤကျောက်တုံးကြီးကို လက်တစ်ဖက်တည်းဖြင့် မယူလိုက်ပြီးနောက် မျှော်လင့်တကြီးဖြင့် လော်ယွမ်ကို ကြည့်လိုက်သည်။

လော်ယွမ်မှာ စကားပင်မပြောနိုင်တော့ပေ။

သူ၏မျက်နှာမှာ အနည်းငယ်ထူပူသွားသော်လည်း သူ၏စိတ်ခံစားချက်ကို လျင်မြန်စွာဖုံးကွယ်လိုက်ပြီး ကျေနပ်သောဟန်ပန် ပြုလုပ်ပြလိုက်သည်။

မျောက်ဝံကြီး အဘယ်ကြောင့် အမိန့်ကိုနားမလည်ဘဲ ဟိုကြည့်သည်ကြည့်လုပ်နေသည်ကို သူ အနည်းငယ်နားလည်သွားပြီဖြစ်သည်။ အာရုံမစိုက်ခြင်းကြောင့်မဟုတ်ဘဲ သူ၏ကိုယ်လုံးကိုယ်ထည်နှင့် သင့်တော်သော ကျောက်တုံးကြီးကို ရှာဖွေနေခြင်းကြောင့်သာ ဖြစ်သည်။ မျောက်ဝံကြီး၏ ကိုယ်လုံးကိုယ်ထည်အတွက်မူ ဤသို့သော လက်တစ်ဖက်တည်းဖြင့် မယူနိုင်သော ကျောက်တုံးလေးကို တွန်းခိုင်းခြင်းက သူ့ကို အလွန်ပင်တွေဝေသွားစေပြီး မိမိနားလည်မှုလွဲနေသည်ဟု ထင်မှတ်သွားစေခဲ့သည်။

...................................................................................................

အစောပိုင်းက လော်ယွမ်၏ ပေါ့ဆမှုကြောင့် အမိန့်ကိုနားလည်မှုလွဲခဲ့သည်မှလွဲ၍ နောက်ပိုင်းတွင် မျောက်ဝံကြီး၏ လုပ်ဆောင်ချက်များက သူ့ကို အံ့အားသင့်စေခဲ့သည်။

ပရိုင်းမိတ်သန္ဓေပြောင်းသက်ရှိတစ်ကောင်ဖြစ်သည့်နှင့်အညီ သူ၏ဉာဏ်ကောင်းပုံမှာ သူ၏မျှော်လင့်ထားသည်ထက် များစွာသာလွန်နေခဲ့သည်။

အခြေခံလက်ဟန်ခြေဟန်များကဲ့သို့သော အရာများကို မျောက်ဝံကြီးမှာ တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်ပြီး အနည်းငယ်ရှုပ်ထွေးသော အမိန့်များကိုမူ ခေတ္တနားမလည်လျှင်ပင် လော်ယွမ်တစ်ကြိမ်လုပ်ပြလိုက်သည်နှင့် ချက်ချင်းပင် ထိုလှုပ်ရှားမှုများကို အတုခိုးနိုင်ခဲ့သည်။

သူ၏လုပ်ဆောင်ချက်များမှာ လူသားများနှင့်ပင် တူညီနေပြီဖြစ်သည်။ အနာဂတ်တွင် စိတ်ရှည်ရှည်ဖြင့် သင်ကြားပေးမည်ဆိုပါက ဘာသာစကားကိုပင် နားလည်လာနိုင်ဖွယ်ရှိသည်။

ဉာဏ်ရည် ၈ မှတ်မှာ မနိမ့်ကျတော့ပေ။ အချို့သော ဉာဏ်ရည်မမီသူများမှာ ဤအဆင့်တွင် ရှိနေကြသည်။

လော်ယွမ်သည် ဉာဏ်ရည်ရှိသော မျိုးနွယ်စုများကို ကြောက်ရွံ့သော်လည်း ဉာဏ်ရည်ရှိသော တစ်ဦးချင်းသက်ရှိများကိုမူ သိပ်ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ပထမအမျိုးအစားမှာ အဖွဲ့အစည်းရှိပြီး၊ ယဉ်ကျေးမှုရှိကာ အဆုံးအစမရှိသော အလားအလာများရှိသည်။ ဒုတိယအမျိုးအစားမှာမူ မည်မျှပင်ဉာဏ်ကောင်းစေကာမူ အထူးသီးသန့်သက်ရှိတစ်ဦးသာဖြစ်ပြီး လူသားမျိုးနွယ်၏ အဆင့်အတန်းကို စိန်ခေါ်နိုင်စွမ်းမရှိပေ။

မျောက်ဝံကြီးကဲ့သို့ အားအင်ကြီးမားသော အလုပ်သမားတစ်ဦးရရှိပြီးနောက် နှစ်နာရီမပြည့်မီမှာပင် လော်ယွမ်သည် အနီးအနားရှိ အလားတူအလေးချိန်ရှိသော ကျောက်တုံးကြီးများအားလုံးကို စုစည်းလိုက်သည်။ ထို့ပြင် သေချာစေရန်အတွက် သူသည် ဧရိယာကို ငါးကီလိုမီတာအထိပင် ချဲ့ထွင်လိုက်သည်။

ထိုအချိန်တွင် အချိန်မှာ ငါးနာရီနီးပါးရှိနေပြီဖြစ်ပြီး မူလကမည်းမှောင်နေသော အရှေ့ဘက်အရပ်မှ လိမ္မော်ရောင်အလင်းဖျော့ဖျော့များ ပျံ့နှံ့လာခဲ့သည်။

နံနက်ခင်းရောက်လာသည်နှင့်အမျှ အပူချိန်မှာ တဖြည်းဖြည်းမြင့်တက်လာပြီး ဤနေရာရှိ သားရဲအုပ်များမှာလည်း တောထဲသို့ တဖြည်းဖြည်းပြန်လည်ဆုတ်ခွာသွားကြရာ သဲသောင်ပြင်တစ်ခုလုံးမှာ ရှင်းလင်းသွားတော့သည်။ သို့သော် ဤနေရာမှာ ထို့ကြောင့် တိတ်ဆိတ်သွားခြင်းမရှိပေ။

အရှေ့အရပ်မှ ပထမဆုံးသော အရုဏ်ဦးအလင်းတန်း ပေါ်ထွက်လာသောအခါ...

မြောက်မြားလှသော ဧရာမငှက်ကြီးများမှာ အနီးအနားရှိ တောအုပ်များမှ အုပ်စုလိုက် အုပ်စုလိုက် ပျံတက်လာကြသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားသည့်အလားပင်။ တောင်ပံအကျယ် ပေ၃၀မှ ပေ၆၀ထိရှိသော ဧရာမသတ္တဝါကြီးများ အုပ်စုလိုက်ပျံတက်လာကြပုံက လော်ယွမ်ကိုပင် အလွန်အမင်း တုန်လှုပ်အံ့ဩသွားစေခဲ့သည်။

ထိုအထဲတွင် ငှက်ကြီးတစ်ကောင်မှာ အထူးပင် ကြီးမားလှသည်။ သူ၏တောင်ပံအကျယ်ချည်းပင် ပေ၃၀၀ကျော်ပေမည်။ သူ၏ကျောဘက်မှအမွေးအတောင်များမှာ အရောင်အသွေးစုံလင်လှပပြီး ဝမ်းဗိုက်ပိုင်းမှာမူ အသန့်စင်ဆုံးသော နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေသည်။

သူသည် ငှက်မျိုးနွယ်တို့၏ သဘာဝဘုရင်တစ်ပါးနှယ်ဖြစ်ပြီး ပတ်ဝန်းကျင် နှစ်၊ သုံးကီလိုမီတာအတွင်း မည်သည့်ငှက်မျှ အနားသို့မကပ်ဝံ့ပေ။ ရှည်လျားပြီး လှပသော အမြီးများကို တရွတ်တိုက်ဆွဲကာ သူ၏ဦးခေါင်းအထက်မှ ခပ်နိမ့်နိမ့်ပျံသန်းသွားသောအခါ ပြင်းထန်သော အရှိန်အဝါတစ်ခုက သူ့ထံသို့ တိုးဝင်လာခဲ့ပြီး သူ့ကို လှည့်ထွက်ပြေးချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။

ဤသည်မှာ လော်ယွမ် ယခုအချိန်အထိ မြင်တွေ့ဖူးသမျှ အကြီးဆုံးသော ငှက်မျိုးနွယ်ပင်ဖြစ်သည်။ တန်ချိန်တစ်ထောင်ခန့်လေးသော ကျောက်တုံးကြီးကိုပင် တစ်ချက်တည်းဖြင့် ဆွဲယူသွားနိုင်ပေမည်။ သူ အဝေးသို့ပျံသန်းသွားပြီး မျက်စိဖြင့်မမြင်နိုင်တော့သော အစက်အပြောက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမှသာ သူ သတိပြန်ဝင်လာပြီး သူ၏ကျောဘက်တွင် ချွေးများစိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ လော်ယွမ်၏ဘေးတွင် အမြဲလိုက်ပါနေသော မျောက်ဝံကြီးမှာမူ ပို၍ပင်ဆိုးရွားပြီး မြေပြင်ပေါ်တွင် ဝပ်တွားရင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေခဲ့ပြီဖြစ်သည်။

လော်ယွမ် အပြင်တွင် ဆက်လက်မနေဝံ့တော့ဘဲ ကျောက်တုံးပုံအလယ်ရှိ နေရာလွတ်တစ်ခုသို့ သွားကာ သဲများဖြင့် မိမိ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်ပြီး မျက်လုံးနှင့် နှာခေါင်းပေါက်များကိုသာ အပြင်သို့ ဖော်ထားလိုက်သည်။

မျောက်ဝံကြီး၏မျက်လုံးများမှာ အရောင်တောက်သွားဟန်တူသည်။ အနီးအနားတွင် နေရာတစ်ခုရှာဖွေပြီး လက်နှစ်ဖက်ဖြင့် လျင်မြန်စွာတွင်းတူးကာ လော်ယွမ်ကိုအတုခိုး၍ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ သို့သော် သူပြုလုပ်ပုံမှာ ပို၍ပြီးပြည့်စုံပြီး နှာခေါင်းပေါက်နှင့် မျက်လုံးများကိုပင် ဖုံးအုပ်ထားကာ ပို၍နက်ရှိုင်းစွာ မြှုပ်နှံထားသည်။

သူအသက်ရှူသည့်အခါ နှာခေါင်းထဲသို့ သဲများဝင်မည်လားမသိပေ။ သို့သော် သူ၏စိုးရိမ်မှုမှာ အပိုဖြစ်မှန်းသိသာလှသည်။ နာရီဝက်ခန့်ကြာသည့်တိုင် မျောက်ဝံကြီးမှာ မလှုပ်မယှက်ရှိနေပြီး သဲအနည်းငယ်မှာ သူ့အတွက် ပြဿနာမကြီးကြောင်း ထင်ရှားလှသည်။

မူလက မျောက်ဝံကြီးကို မောင်းထုတ်ရန် စဉ်းစားထားခဲ့သည်။ သို့မှသာ နောက်ဆက်တွဲအမဲလိုက်ပွဲကို မထိခိုက်စေမည်ဖြစ်သည်။ သို့သော် သူ ဤမျှကောင်းမွန်စွာ ပုန်းအောင်းနေသည်ကိုမြင်သောအခါ လော်ယွမ်လည်း သူ့ကိုဂရုမစိုက်တော့ပေ။

အချိန်မှာ တစ်မိနစ်၊ တစ်စက္ကန့်ချင်း ကုန်လွန်သွားသည်။ နေမင်းကြီး ထိပ်ဆုံးသို့ရောက်ရှိလာသည်နှင့်အမျှ သဲသောင်ပြင်ပေါ်မှ အပူချိန်မှာ တဟုန်ထိုးမြင့်တက်လာသည်။ ဤသို့သောအပူချိန်မြင့်မားမှုအောက်တွင် လေထုမှာပင် ယိမ်းယိုင်ပုံပျက်နေပြီး ရေငွေ့များဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် သဲများမှာမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူပြင်းနေပြီး ၇၀-၈၀ ဒီဂရီစင်တီဂရိတ်အထိပင် ရောက်ရှိနေပေမည်။ လော်ယွမ်သည် ဤနေရာတွင် ကြက်ဥတစ်လုံးချထားပါက မကြာမီမှာပင် ကျက်သွားမည်ဟု ယုံကြည်သည်။

ထိုအချိန်တွင် သူသည် မီးပုံပေါ်တွင် အကင်ခံနေရသည့်အလားပင် ခန္ဓာကိုယ်မှာ အလွန်ပူလောင်နေသည်။ မကြည့်ဘဲနှင့်ပင် မိမိတစ်ကိုယ်လုံး နီရဲနေမည်ကို ခံစားမိနေသည်။

ကြံ့ခိုင်မှု ၁၄ မှတ်မှာ အသုံးမဝင်တော့သကဲ့သို့ပင် သူ၏တစ်ကိုယ်လုံးမှာ ပို၍ပို၍ ပူလောင်လာပြီး နှလုံးနေရာမှ စွမ်းအင်အစိုင်အခဲပင် ခန္ဓာကိုယ်၏အပူလောင်ဒဏ်ရာများကို ပြုပြင်ရန်အတွက် လျင်မြန်စွာကုန်ဆုံးနေပြီး တဖြည်းဖြည်းနှင့် မလုံလောက်တော့ပေ။

ခန္ဓာကိုယ်မှ ချွေးများ မည်မျှထွက်ခဲ့သည်ကို မသိတော့ပေ။ ပတ်ဝန်းကျင်မှ သဲများမှာ စိုရွှဲနေပြီး ဆူပွက်လုနီးပါး တရှဲရှဲအသံများ ထွက်ပေါ်နေသည်ကိုသာ ခံစားမိနေသည်။

နေ့လယ်ခင်းသို့ ချဉ်းကပ်လာသော နေကိုကြည့်ရင်း သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို ဖြည်းညင်းစွာ လျှာဖြင့်သပ်လိုက်ရာ လျှာဖျားတွင် ခြောက်သွေ့သောသဲများသာ ပြည့်နှက်နေသည်။ တဖြည်းဖြည်းဝေဝါးလာသော အမြင်အာရုံနှင့် ထိုင်းမှိုင်းလာသော ဦးနှောက်ကို ခံစားရင်း သူသည် မိမိ၏အဆုံးစွန်ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ယခုအချိန်အထိ ကြံ့ကြံ့ခံနိုင်နေခြင်းမှာ စိတ်ဓာတ်စွမ်းအားကြောင့်သာ ဖြစ်သည်။

"မလာတော့ဘူးလားမသိဘူး... ဒါဆိုရင်တော့ နောက်တစ်ကြိမ်ပဲ စောင့်ရတော့မယ်ထင်တယ်" သူ စိတ်ထဲမှတွေးလိုက်သည်။ နောက်ထပ် တစ်နာရီ၊ နှစ်နာရီခန့် အံကြိတ်ခံနိုင်သေးသော်လည်း ထိုအချိန်တွင်မူ သူ၌ ငှက်ကြီးလာလျှင်တိုက်ခိုက်ရန် စွမ်းအားရှိတော့မည်မဟုတ်ပေ။

သူ နောက်ထပ် ဆယ်မိနစ်ခန့် ဆက်လက်စောင့်ဆိုင်းပြီးနောက် လက်လျှော့ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် သူ၏မျက်လုံးဒေါင့်မှ စိမ်းလန်းသောအရိပ်တစ်ခု အဝေးမှ လျင်မြန်စွာပျံသန်းလာသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။ စူးရှသောမျက်လုံးများက အောက်ဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တောင်ပံများကို အနည်းငယ်ရုပ်သိမ်းကာ ကျောက်တုံးကြီးတစ်တုံးကို ပစ်မှတ်ထားပြီး သူ၏ခန္ဓာကိုယ်မှာ မြားတစ်စင်းကဲ့သို့ ထိုးဆင်းလာတော့သည်။

ပစ်မှတ်မှာ သူ၏အနီးအနားတွင်ပင်ဖြစ်ပြီး အရာအားလုံးမှာ ထင်သည့်အတိုင်းပင် ဖြစ်သည်။

လော်ယွမ်၏စိတ်မှာ တက်ကြွလာပြီး ဦးနှောက်ထဲမှ ထိုင်းမှိုင်းမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူသည် သဲမြေထဲတွင် မြှုပ်နှံထားသော လှံတိုတစ်ချောင်းကို အားဖြင့်ဆုပ်ကိုင်လိုက်ပြီး ထူးဆန်းသောငှက်ကြီးက သတိမပြုမိစေရန် မျက်ခွံများကို အနည်းငယ်စင်းထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ချိန်ညှိနေပြီး ဒူးများကို လုံးဝကွေးညွှတ်ကာ လက်နှစ်ဖက်ဖြင့် ဘေးဘက်မှသဲများကို ထောက်ထားပြီး ကြွက်သားများကို တင်းထားလိုက်သည်။

ပတ်ဝန်းကျင်လေထုမှာ ရုတ်ခြည်းပင် လေးလံသွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၃၁)အိမ်အပြန်

ကောင်းကင်သည် ရုတ်တရက် မှောင်မည်းသွားသည်။

ထိုငှက်ကြီး၏ ကြီးမားလှသော ကိုယ်လုံးကြီးသည် ဧရာမသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကဲ့သို့ ကောင်းကင်မှ အရှိန်ပြင်းစွာ ထိုးဆင်းလာသည်။ ထိုအရှိန်အဝါမှာ တောင်ထိပ်တစ်ခု ပြိုကျလာသကဲ့သို့ပင်ဖြစ်ပြီး အောက်ဘက်တွင် အဆင့်ခုနစ်၊ ရှစ်ရှိသော တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားကာ သဲများ၊ မြေကြီးများ လေထဲသို့လွင့်တက်သွားသည်။ သဲသောင်ပြင်ပေါ်တွင် သဲများစွာ လွင့်ပျံနေပြီး ဖုန်မှုန့်များ ကောင်းကင်အထိ ပြည့်နှက်သွားသည်။ အနီးအနားတွင် သဲမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ဖြစ်ပြီး မီတာရာပေါင်းများစွာ ပတ်လည်တွင် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။

ငှက်ကြီးသည် သံကဲ့သို့ ချွတ်ထက်သော လက်သည်းများကို ထုတ်ကာ အောက်ဘက်ရှိ ကျောက်တုံးကြီးတစ်တုံးဆီသို့ လျင်မြန်စွာ ကုတ်ဖမ်းလိုက်သည်။

ပေ၁၅၀၀၊ ပေ၉၀၀၊ ပေ၆၀၀…

"နည်းနည်းနီးလာရင် ရပြီ" လော်ယွမ်၏ နှလုံးမှာ တဒိန်းဒိန်းခုန်နေပြီး အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေသည်။ သို့သော် လေပြင်းများက သူ၏ကိုယ်ပေါ်မှ ဖုံးကွယ်ထားသော သဲမှုန်များကို သန့်စင်သွားစေပြီး သူ၏တည်နေရာမှာ အပြည့်အဝ ပေါ်ထွက်သွားသည်ကိုမူ သူ သတိမပြုမိလိုက်ချေ။

သူ၏အပေါ်မှ ဖုံးအုပ်ထားသော သဲမှာ မနက်ရှိုင်းဘဲ ပါးလွှာသော အလွှာတစ်ခုသာဖြစ်သောကြောင့် ဤကဲ့သို့သော လေပြင်းဒဏ်ကို မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။

ငှက်မျိုးနွယ်များ၏ အမြင်အာရုံမှာ အမြဲတစေ ထူးချွန်ပြောင်မြောက်လှရာ သန္ဓေပြောင်းငှက်တစ်ကောင်အတွက်မူ ပြောဖွယ်ရာမရှိတော့ချေ။

စောစောက မြားတစ်စင်းကဲ့သို့ ထိုးဆင်းလာသော ထူးဆန်းသည့်ငှက်ကြီးမှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ ထိတ်လန့်တကြား အော်မြည်လိုက်ပြီး ဆင်းသက်လာသော ပုံစံမှာပင် ပုံပျက်သွားသည်။ လော်ယွမ်က သူ့အပေါ် ထားခဲ့သော ကြောက်ရွံ့မှုမှာ အလွန်နက်ရှိုင်းလှပြီး လေးကြိုးသံကြား၍ ထိတ်လန့်သွားသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ လော်ယွမ် ချောင်းမြောင်းနေသည်ကို မြင်သောအခါ မည်သို့မျှ ဆင်းသက်ဝံ့မည်မဟုတ်တော့ပေ။ သူ အော်မြည်ရင်း အတောင်ပံများကို ပြင်းထန်စွာ ခတ်ကာ တစ်ဖန်ပြန်လည် ပျံတက်ရန် ကြိုးစားလိုက်သည်။

လော်ယွမ်မှာ စိတ်ထဲတွင် မကောင်းတော့ဟု တွေးလိုက်မိသည်။ သူ၏ထူးဆန်းသော အမူအရာကို ကြည့်လျှင် တစ်ဖက်လူက မိမိကို တွေ့ရှိသွားပြီဖြစ်ကြောင်း သိသာလှပြီး ပုန်းအောင်းနေ၍ အသုံးမဝင်တော့ချေ။

လျှပ်စီးလက်သည့် အခိုက်အတန့်အတွင်းမှာပင် သူ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ လက်ဖြင့် သဲမြေကို အားနှင့်ဖိလိုက်ရာ သဲသောင်ပြင်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားသည်။ မပီဝိုးတဝါး ပုံရိပ်တစ်ခုက ကောင်းကင်အထိ ပြည့်နှက်နေသော သဲများကြားမှ ပျံတက်လာပြီး မြေပြင်သို့ ကျသည်နှင့်တစ်ပြိုင်နက် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ငှက်ကြီးဆီသို့ အပြေးသွားတော့သည်။

ဤအချိန်တွင် သူ အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ၏ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ ပေါက်ကွဲသံကဲ့သို့ဖြစ်ပြီး ခြေထောက်အောက်မှ သဲမြေများ လွင့်စင်သွားကာ နက်ရှိုင်းသော ချိုင့်ခွက်တစ်ခု ကျန်ရစ်ခဲ့သည်။ သူ မျက်လုံးများကို မှေးမှိတ်ထားပြီး သဲများ မျက်လုံးထဲသို့ ဝင်ရောက်ခြင်းမှ ကာကွယ်လိုက်သည်။ ဆင်းသက်မှုကို ရပ်တန့်လိုက်ပြီး အတောင်ပံခတ်ကာ အမြင့်သို့ ပျံတက်ရန် ကြိုးစားနေသော ငှက်ကြီးကို ကြည့်ရင်း သူ၏မျက်နှာမှာ ထူးဆန်းစွာ တည်ငြိမ်နေသည်။

၂၄ပေ၊ ၂၅ပေအကွာအဝေးသည် လော်ယွမ်အတွက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားသည်။ နောက်ဆုံးခြေလှမ်းတွင် သူသည် ၉ပေကျော်မြင့်သော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ညင်သာစွာ ကျဆင်းလိုက်ပြီး နောက်တစ်ခဏတွင် လေထဲသို့ ပြင်းထန်စွာ ခုန်တက်လိုက်သည်။

ဤတစ်ချက်ခုန်ရာတွင် သူ၏တစ်ကိုယ်လုံးရှိ ခွန်အားကို အသုံးပြုခဲ့သည်။

ဤအချိန်တွင် ငှက်ကြီးမှာ ပေ၃၀၀အမြင့်သို့ ပြန်လည်ပျံတက်သွားပြီဖြစ်ပြီး အတောင်ပံခတ်မှုနှင့်အတူ တစ်စက္ကန့်လျှင် ပေ၃၀၀၊ ၄၀၀နှုန်းဖြင့် အရှိန်မြင့်တက်နေသည်။

လော်ယွမ်၏ ခန္ဓာကိုယ်မှာမူ ကောင်းကင်သို့ ခုန်တက်စသာ ရှိသေးသည်။

သူ၏ခန္ဓာကိုယ်ကို အစွမ်းကုန်ဆန့်တန်းလိုက်သည်မှာ အိပ်ရာမှ နိုးစက အပျင်းကြောဆန့်လိုက်သကဲ့သို့ပင်။ သို့သော် ခဏအကြာတွင် သူ၏ပုံရိပ်မှာ ပြင်းထန်စွာ ဝေဝါးသွားပြီး ရှင်းလင်းသွားသည့်အခါ သူ၏ခန္ဓာကိုယ်မှာ ထူးဆန်းစွာပင် တစ်ဝက်စီ ခေါက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။

နောက်တစ်ခဏတွင် "အုန်း" ဟူသော အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး လှံတိုတစ်စင်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် သူ၏လက်ထဲမှ ပျောက်ကွယ်သွားကာ အနီးအနားတွင် အဖြူရောင် အသံပေါက်ကွဲသည့် တိမ်တိုက်ငယ်တစ်ခု ကျန်ရစ်ခဲ့သည်။

(အသံပေါက်ကွဲသည့် တိမ်တိုက်ဆိုတာက အရာဝတ္ထုတခုက အသံထက်မြန်တဲ့အခါ လေထုပေါက်ကွဲလို့ဖြစ်ပေါ်လာတဲ့ မြူခိုးကိုပြောတာပါ)

လှံတိုက အသံလှိုင်းနှုန်းကို ကျော်ဖြတ်သွားသည့် တစ်ချိန်တည်းမှာပင် ငှက်ကြီးထံမှ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

အသံနှစ်ခုကြား ခြားနားချိန်မှာ ဝ.၃စက္ကန့်ပင် မရှိပေ။

မရေမတွက်နိုင်သော ငှက်မွေးများသည် ကောင်းကင်ယံမှ တဖွဲဖွဲကျလာပြီး ငှက်ကြီးမှာ နာကျင်စွာ အော်ဟစ်ရင်း မထိန်းချုပ်နိုင်ဘဲ ယိမ်းယိုင်ကာ အဝေးသို့ ပျံသန်းသွားသည်။

လော်ယွမ်သည် ကောင်းကင်ယံမှ မြေပြင်သို့ ကျရောက်ပြီးနောက် မဆိုင်းမတွဘဲ အလျင်အမြန် နောက်မှ လိုက်ပါသွားသည်။ သို့သော် ထိုငှက်ကြီးမှာ အနိမ့်အမြင့် ပျံသန်းနေပြီး အချိန်မရွေး ပြုတ်ကျနိုင်သကဲ့သို့ ဖြစ်နေသော်လည်း အချိန်အတော်ကြာသည်အထိ ပြုတ်ကျမလာခဲ့ချေ။

ကီလိုမီတာအနည်းငယ် လိုက်ပြီးနောက် သူသည် ခြေလှမ်းများကို စိတ်ပျက်စွာဖြင့် ရပ်တန့်လိုက်ရပြီး ၎င်း ပို၍ပို၍ ဝေးကွာသွားကာ နောက်ဆုံးတွင် အမြင်အာရုံမှ လုံးဝပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

သူ၏မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။ ကြီးမားသော စွန့်စားမှုဖြင့် တစ်ညလုံး ပင်ပန်းစွာ လိုက်လံရှာဖွေခဲ့ပြီး နံနက်ခင်းတစ်ခုလုံး အပူဒဏ်ကို ခံခဲ့ရသော်လည်း ဤသို့သော ရလဒ်တစ်ခုသာ ရရှိခဲ့သည်။ ဤငှက်ကြီး မည်မျှဒဏ်ရာရသွားသည်ကို မသိနိုင်သော်လည်း သူ၏ ယိမ်းယိုင်နေသော ပုံစံကိုကြည့်လျှင် ဒဏ်ရာမနည်းဘဲ အနိုင်နိုင် ထိန်းထားရကြောင်း သိသာလှသည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း ပြန်လာနိုင်မည်မဟုတ်ပေ။

ဟုတ်ပေသည်၊ ထိုငှက် ကံမကောင်းပါက ဒဏ်ရာပိုမိုဆိုးရွားလာပြီး တစ်နေရာရာတွင် ပြုတ်ကျသေဆုံးသွားနိုင်သည်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ကမ္ဘာပျက်ကာလ၏ ပြိုင်ဆိုင်မှုမှာ ရက်စက်လှရာ ဤမျှပြင်းထန်စွာ ဒဏ်ရာရထားသော သန္ဓေပြောင်းငှက်တစ်ကောင်မှာ သန္ဓေပြောင်းသက်ရှိများစွာတို့၏ လောဘတက်စရာ ပစ်မှတ်တစ်ခုဖြစ်ပြီး အမှန်တကယ် အသက်ရှင်ကျန်ရစ်နိုင်မည့် မျှော်လင့်ချက်မှာ မကြီးမားလှပေ။

အခြေအနေမှာ ဤသို့ဖြစ်နေမှတော့ သူလည်း မိမိကိုယ်ကို နှစ်သိမ့်ပြီး အကောင်းဘက်မှသာ တွေးတောနေရတော့သည်။

သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော လက်မောင်းကို ပွတ်သပ်ရင်း ညိုမှောင်သော မျက်နှာဖြင့် မူလနေရာသို့ ပြန်လာခဲ့သည်။ မျောက်ဝံကြီးမှာမူ သဲသောင်ပြင်အောက်တွင် အေးအေးဆေးဆေး ပုန်းအောင်းနေဆဲဖြစ်သည်ကို တွေ့သောအခါ ဒေါသထွက်လာပြီး စိတ်ဖြေရန် တစ်ချက်လောက် ထိုးကြိတ်ချင်စိတ် ပေါက်လာသော်လည်း စဉ်းစားပြီးနောက် လက်လျှော့လိုက်သည်။

မိမိ၏အမှားကို အခြားသူအပေါ်သို့ ပုံချ၍မဖြစ်ပေ။ ပြောရမည်ဆိုလျှင် ဤတစ်ကြိမ်မှာ မိမိကိုယ်ကိုသာ အပြစ်တင်ရပေမည်။ ငှက်ကြီးဆင်းသက်လာစဉ် လေပြင်းများကြောင့် သဲများ လွင့်စင်သွားမည်ကို လုံးဝသတိမထားမိဘဲ ဘက်စုံမစဉ်းစားမိသောကြောင့် အရေးကြီးသည့်အချိန်ရောက်မှ ပြဿနာတက်ရခြင်း ဖြစ်သည်။

သူသည် ကမ္ဘာပျက်ကာလသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ မိမိ၏အပြုအမူများကို တိတ်တဆိတ် ပြန်လည်သုံးသပ်လိုက်ရာ သူ၏အစွမ်းများ ပို၍ပို၍ အားကောင်းလာပြီးနောက် ဦးနှောက်သုံးရသည်ကို ပို၍မကြိုက်ဖြစ်လာပြီး ခွန်အားဖြင့် ဖြေရှင်းနိုင်သောအရာများကို ခွန်အားဖြင့်သာ ဖြေရှင်းလေ့ရှိကာ ယခင်ကကဲ့သို့ ဆင်ခြင်မှု၊ သတိထားမှုမျိုး မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ခွန်အားသုံးခြင်းက အရှင်းလင်းဆုံးနှင့် အလွယ်ဆုံးနည်းလမ်းဖြစ်ပြီး အကျိုးသက်ရောက်မှု အမြန်ဆုံးနည်းလမ်းလည်း ဖြစ်သောကြောင့်ပင်။

ငွေပေါသော သူဌေးတစ်ဦးကဲ့သို့ပင်၊ သူ့ကို မိန်းကလေးတစ်ယောက်အား ဖြည်းဖြည်းချင်း ဇွဲ၊ လုံ့လ၊ ဝီရိယတိုဖြင့် လိုက်ရန်ပြောပါက စိတ်ရှည်မည်မဟုတ်ပဲ သူလက်ထဲတွင်ရှိသည့် ငွေဖြင့်သာပုံအော၍လိုက်ဖို့စဉ်းစားမည်သာဖြစ်သည်

ငွေကြေးကို အားကိုးသည်ဖြစ်စေ၊ မိမိကိုယ်ပိုင်အစွမ်းကို အားကိုးသည်ဖြစ်စေ ၎င်းတို့အားလုံးသည် စွမ်းအားတစ်မျိုးမျိုးကို မှီခိုခြင်းပင် ဖြစ်သည်။ လူတစ်ယောက်သည် မိမိ၏စွမ်းအားဖြင့် ရရှိနိုင်သောအရာများဖြင့် အသားကျသွားသောအခါ အများစုမှာ ထိုအထဲတွင် နစ်မြုပ်သွားတတ်ကြသည်။

သို့သော် ဤစွမ်းအားဖြင့် မဖြေရှင်းနိုင်သော ပြဿနာများနှင့် ကြုံတွေ့လာသည့်အခါတွင်မူ ခေါင်းကွဲသွေးထွက်ရုံသာမက အဖိုးတန်သောအသက်ကိုပင် ပေးဆပ်ရနိုင်သည်။

ဤတစ်ကြိမ်က သင်ခန်းစာတစ်ခုပင် ဖြစ်သည်မှာ သေချာသည်။

သူက နှဖူးကို ပွတ်သပ်ကာ မတ်တပ်ထရပ်လိုက်ပြီး မျောက်ဝံကြီး ပုန်းအောင်းနေသော သဲမြေကို အားနှင့်နင်းကာ အသံကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ပြန်ကြမယ်"

လော်ယွမ်၏အသံကို ကြားသောအခါ မြေပြင်ပေါ်မှ သဲမြေများ လူးလွန့်လာပြီး မရေမတွက်နိုင်သော သဲမြေများကို ပြင်းထန်သော စွမ်းအားတစ်ခုက လှန်လှောလိုက်သည်။ ထို့နောက် ဧရာမသတ္တဝါကြီးတစ်ကောင်က ဖုန်မှုန့်များကြားမှ မတ်တပ်ထရပ်လာသည်။

……………………………………………………………………………………………

လော်ယွမ် စခန်းအနီးသို့ ရောက်ရှိသည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။

မျောက်ဝံကြီး နီးကပ်လာသည်နှင့်အမျှ ဧရာမဖွတ်ကြီးသည် သူစိမ်းသက်ရှိတစ်ကောင် သူ၏နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသည့် အနံ့ကို ရရှိပုံရပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ မျောက်ဝံကြီးကလည်း အလျော့မပေးဘဲ အသံကျယ်ဖြင့် ပြန်လည်ဟိန်းဟောက်ရာ နှစ်ဦးသား၏အသံမှာ တစ်လှည့်စီ ထွက်ပေါ်နေသည်။

အသံလှိုင်းအမြောက်ကြီးကဲ့သို့သော ဧရာမဆူညံသံများက မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ထိုင်နေသော လော်ယွမ်၏ နားများကို အူသွားစေပြီး ခြေလှမ်းများ တုံ့ဆိုင်းသွားစေသည်။ လော်ယွမ်က သူ့ကို ပြင်းထန်စွာ တစ်ချက်ထိုးလိုက်မှသာ မျောက်ဝံကြီး ငြိမ်သက်သွားသည်။

လော်ယွမ်၏ တိုက်တွန်းမှုကြောင့် သူက မလိုမကျစွာဖြင့် တွန့်ဆုတ်ရင်း ဧရာမဖွတ်ကြီးရှိရာ စခန်းဆီသို့ ချဉ်းကပ်သွားသည်။

သက်ရှိကြီးနှစ်ကောင် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အမြီးကိုနင်းမိသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် တိုက်ခိုက်ရေးအခြေအနေသို့ ဝင်ရောက်သွားကြသည်။

ဂူတစ်လုံးတွင် ကျားနှစ်ကောင် မနေနိုင် ဆိုသကဲ့သို့ပင်။ အင်အားတူညီသော သူစိမ်းသန္ဓေပြောင်းသတ္တဝါနှစ်ကောင် တွေ့ဆုံသည့်အခါ တိုက်ပွဲက တစ်ခုတည်းသော အဆုံးသတ်ဖြစ်သည်။ ထို့အပြင် တစ်ဖက်မှ သိသာသော ရှုံးနိမ့်မှုမပေါ်ပေါက်မီအထိ ထွက်ပြေးခြင်းမျိုး ဖြစ်ပေါ်လေ့မရှိပေ။

လော်ယွမ်သည် ဤသို့သောအဖြစ်အပျက်မျိုးကို ဖြစ်ပွားခွင့်ပေးမည်မဟုတ်ပေရာ အလျင်အမြန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အကျွမ်းတဝင်ရှိသော အသံကို ကြားသောအခါ ဧရာမဖွတ်ကြီးသည် သခင်ဖြစ်သူက တစ်ဖက်မှ သူစိမ်းသန္ဓေပြောင်းသတ္တဝါ၏ ပခုံးပေါ်တွင် ထိုင်နေသည်ကို တွေ့ရှိသွားသည်။ သူ တစ်ချက်တန့်သွားပြီး အတန်ငယ် ကြက်သေသေသွားသည်။ နောက်ဆုံးတွင် သူသည် အနိုင်ကျင့်ခံရသကဲ့သို့ ငိုညည်းသံတစ်ချက်ပြုလိုက်သည်မှာ သခင်ဖြစ်သူက အချစ်တော်အသစ်တွေ့သွားသည်ကို မြင်၍ စိတ်ပျက်ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်တော့သည့်အလားပင်။

မျောက်ဝံကြီးမှာမူ လော်ယွမ်ကို အရိုးထဲစွဲအောင် ကြောက်ရွံ့နေပြီဖြစ်ရာ လော်ယွမ်၏ ဒေါသတကြီးအော်ဟစ်သံအပြီးတွင် အစောပိုင်းက အရှိန်အဝါများ ပျောက်ကွယ်သွားပြီး ဘေးတစ်ဖက်တွင် ကြက်သေသေကာ ငြိမ်သက်စွာ ထိုင်နေတော့သည်။ မျက်လုံးများကသာ ဧရာမဖွတ်ကြီးကို မကြာခဏ လှမ်းကြည့်ရင်း မည်သို့သော အကြံအစည်များ ရှိနေသည်ကို မသိနိုင်ချေ။

"နေဦး... ဒီလောက်ဆူညံနေတာကို ဘယ်လိုလုပ် ဘယ်သူမှ ထွက်မလာတာလဲ" လော်ယွမ်က မျက်နှာတွင် သံသယများဖြင့် ရေရွတ်လိုက်ပြီး စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။

ဆက်ရန်...

အပိုင်း(၂၃၂)မမျှော်လင့်သောအဖြစ်အပျက်

သူ၏အာရုံငါးပါးသည် ထက်မြက်လှရာ လိုဏ်ဂူရှိရာဘက်မှ ဆူညံသံများ ထွက်ပေါ်နေသည်ကို မသဲမကွဲကြားလိုက်ရသည်။

သူ၏မျက်နှာသည် အနည်းငယ်တည်သွားပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အပေါက်ဝသို့ အလျင်အမြန်ပြေးသွားသည်။ အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် အသံများမှာ ရုတ်ခြည်းကျယ်လောင်လာတော့သည်။

ဒေါသတကြီးအော်ဟစ်သံများ၊ စူးစူးဝါးဝါးအော်သံများနှင့် သတ္တုချင်းရိုက်ခတ်သံများ ထွက်ပေါ်နေသည်။

သူ၏စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ချက်ဝင်လာပြီး ခြေလှမ်းအနည်းငယ်အမြန်လှမ်းကာ လေယာဉ်မှူးအခန်း၏တံခါးကို ဆောင့်ကန်ဖွင့်လိုက်သည်။

သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျုံ့သွားသည်။

မြေပြင်ပေါ်တွင် သန္ဓေပြောင်းပုရွက်ဆိတ်များဖြင့် ပြည့်နှက်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရာပေါင်းများစွာရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုမသိသော်လည်း ဤနေရာကို အမဲလိုက်ကွင်းအဖြစ် သတ်မှတ်လိုက်သည်မှာ ထင်ရှားသည်။

တစ်ပေခန့်ရှည်သော (သာမန်ယုန်တကောင်အရွယ်) ဤပုရွက်ဆိတ်များသည် တစ်ကိုယ်လုံးတွင် သတ္တုဖြင့် သွန်းလုပ်ထားသကဲ့သို့ နက်ပြာရောင်သန်းနေပြီး အားအင်ကြီးမားသည့်ပုံပေါက်နေသည်။ ၎င်းတို့၏ကိုယ်ထည်မှာ သေးငယ်သော်လည်း ခြေဆစ်ရှစ်ချောင်းဖြင့် အရူးအမူးပြေးလွှားသောအခါ အရှိန်မှာ လူပြေးခြင်းထက်ပင် ပိုမိုမြန်ဆန်ပြီး အလွန်အမင်း လျင်မြန်ဖျတ်လတ်သည်။

လက်ဝါးအရွယ်အစားရှိသော မေးရိုးကြီးနှစ်ခုသည် အဆက်မပြတ် ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး ကတ်ကြေးနှင့်တူသော ထိုပါးစပ်၏ အားကောင်းသောကိုက်အားကို မည်သူမျှ သံသယဝင်မည်မဟုတ်ပေ။

လူတစ်စုသည် ထောင့်တစ်နေရာသို့ တွန်းကပ်ခံထားရပြီး အားကုန်သုံး၍ ခုခံနေရသည်။ ဒီရေကဲ့သို့ တိုးဝင်လာသော သန္ဓေပြောင်းပုရွက်ဆိတ်များကို သံမဏိဓားများဖြင့် အဆက်မပြတ်ခုတ်ပိုင်းနေကြသည်။ မျက်နှာများတွင် မျှော်လင့်ချက်မဲ့သည့်အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း ဒဏ်ရာရသူတစ်ဦးတစ်ယောက်မျှမရှိချေ။ ဤအချိန်အတောအတွင်း လေ့ကျင့်ခဲ့မှုကြောင့် သူတို့၏စွမ်းဆောင်ရည်မှာ များစွာတိုးတက်လာခဲ့ပြီး သာမန်သန္ဓေပြောင်းသားရဲများမှာ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့သည်မှာ ထင်ရှားသည်။

ကလေးငယ်များပင်လျှင် အခွင့်အရေးရသည်နှင့် ရဲရင့်စွာရှေ့တိုးကာ ဓားတစ်ချက်ထုတ်ဖော်လိုက်ကြသည်။ သို့သော် ဤပုရွက်ဆိတ်များ၏ အခွံမာမှာ အနည်းငယ်မာကျောပုံရပြီး ကလေးငယ်များမှာ အားနည်းသောကြောင့် ဓားတစ်ချက်ခုတ်ချလိုက်လျှင် အဖြူရောင်အစင်းရာတစ်ခုသာ ကျန်ရစ်ပြီး ၎င်းကို လွင့်စဉ်သွားစေရုံသာ တတ်နိုင်ကြသည်။

သူတို့၏လက်နက်များကို အားလပ်ချိန်တွင် အဆင့်မြှင့်တင်ပေးရန် လိုအပ်ပုံရသည်။

ထိုစဉ် လော်ယွမ်သည် ဝမ်ရှီရှီကို သတိပြုမိလိုက်ရာ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူမသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လူတိုင်းက ဝန်းရံကာကွယ်ပေးထားသည်။ ခြေထောက်တွင် သွေးစွန်းရာများရှိနေပြီး ဒဏ်ရာရထားသည်မှာ ထင်ရှားသည်။ သို့သော် သူမ၏အသက်ရှူသံမှာ ပုံမှန်ဖြစ်နေသည်ကိုမြင်မှ လော်ယွမ်သည် အနည်းငယ်သက်ပြင်းချနိုင်တော့သည်၊ အသက်အန္တရာယ်တော့ မရှိလောက်ပေ။

သူသည် အကြည့်ကိုပြန်ရုပ်သိမ်းလိုက်ပြီး မတုံ့ဆိုင်းဝံ့တော့ဘဲ ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ လျှောက်လှမ်းနေရင်း ဓားရောင်များ ပြောင်းလဲတောက်ပလာရာ တိုးဝင်လာသော ပုရွက်ဆိတ်အားလုံးသည် ထိလျှင်ဒဏ်ရာရ၊ ခံလျှင်သေဆုံးသွားကြပြီး မကြာမီမှာပင် သူသည် လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဖောက်ထုတ်လိုက်နိုင်ခဲ့သည်။

လူတိုင်းသည် လော်ယွမ်ရောက်ရှိလာသည်ကိုမြင်သောအခါ မျက်နှာများတွင် စိတ်လှုပ်ရှားတက်ကြွမှုများ ထင်ဟပ်လာကြသည်။

"ငါတို့ဘာမှမဖြစ်တော့ဘူး... ခေါင်းဆောင်ယွမ် ရောက်လာပြီ... အားတင်းထားကြ" ဟော်တုံက အသံကျယ်ကြီးဖြင့်အော်ဟစ်ရင်း ဓားတစ်ချက်ဖြင့် ပုရွက်ဆိတ်တစ်ကောင်ကို နှစ်ပိုင်းခွဲလိုက်သည်။ သူ၏မျက်နှာတွင် ပုရွက်ဆိတ်များ ကြေမွရာမှ စင်ထွက်လာသော အရည်များဖြင့် ပြည့်နှက်နေသည်။

"ခေါင်းဆောင်ယွမ်... ခင်ဗျားသာ နည်းနည်းကြာမှရောက်လာရင် ကျွန်တော်တို့အလောင်းတွေကိုပဲ တွေ့ရတော့မှာ" တပ်ခွဲမှူးရှကလည်း အလုံးကြီးကျသွားသည့်အလား ပြောလိုက်သည်။

လော်ယွမ်သည် ခြေလှမ်းနှစ်လှမ်း၊ သုံးလှမ်းဖြင့် လူအုပ်ထဲသို့ဝင်ရောက်သွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ပတ်ဝန်းကျင်မှ ပုရွက်ဆိတ်များကို အကုန်အစင် သတ်ဖြတ်လိုက်သည်။

သူသည် မျက်နှာတွင် မည်သည့်အမူအရာမျှမရှိဘဲ ဒူးထောက်ထိုင်ချကာ ဝမ်ရှီရှီ၏နဖူးကို စမ်းကြည့်လိုက်ရာ အံ့ဩဖွယ်ကောင်းလောက်အောင် ပူလောင်နေသည်ကို တွေ့ရှိလိုက်ရသည်။ "သူဘာဖြစ်တာလဲ"

"ခြေထောက်ကို ပုရွက်ဆိတ်ကိုက်ခံရပြီး သတိတန်းလစ်သွားတာ" ဝမ်ရှကွမ်က ပတ်ဝန်းကျင်ကို သတိဖြင့်စောင့်ကြည့်ရင်း ပြောလိုက်သည်။

လော်ယွမ်၏စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ချက်ဝင်လာပြီး သူမ၏ဘောင်းဘီကို လှန်တင်လိုက်သည်။ ဒဏ်ရာမှာမကြီးမားဘဲ အရေပြားအနည်းငယ် ပေါက်ပြဲသွားရုံသာဖြစ်သော်လည်း အနည်းငယ်မည်းနက်နေပြီး ခြေသလုံးမှာ နီရဲရောင်ကိုင်းကာ မူလထက် အဆများစွာ ဖောင်းကားနေသည်။

"သူအဆိပ်မိသွားတာပဲ" လော်ယွမ်က ပြောလိုက်သည်။

"ကယ်လို့ရသေးရဲ့လား" ဟွမ်ကျားဟွေက အသံတုန်ယင်စွာဖြင့် အလျင်အမြန်မေးလိုက်သည်။

ပတ်ဝန်းကျင်မှလူများလည်း ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားကြပြီး အရေပြားအနည်းငယ်ပေါက်ပြဲသွားရုံဖြင့် ဤမျှပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"ခင်ဗျားတို့ အားလုံး ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ကြ... ကျွန်တော့်ကို မနှောင့်ယှက်နဲ့" လော်ယွမ်က မျက်နှာတည်ဖြင့် ပြောလိုက်သည်။

လူတိုင်း အလျင်အမြန်နောက်ဆုတ်သွားကြသည်။ ထိုအချိန်တွင် ပုရွက်ဆိတ်အချို့ ထပ်မံချဉ်းကပ်လာရာ လူအချို့က ရှေ့သို့ပြေးတက်သွားပြီး ထိုပုရွက်ဆိတ်များကို ကျွမ်းကျင်စွာ သတ်ဖြတ်လိုက်ကြသည်။

လော်ယွမ်သည် အားလုံး ခေတ္တခဏဖြေရှင်းနိုင်သည်ကိုမြင်သောအခါ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်ဖဝါးကိုဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးမှ အလင်းရောင်ဖျော့ဖျော့တစ်ရပ် ထွက်ပေါ်လာပြီး ဝမ်ရှီရှီ၏ရင်ဘတ်ပေါ်သို့ ညင်သာစွာတင်လိုက်သည်။

လျှပ်စစ်ဖြင့်တို့ထိခံလိုက်ရသည့်အလား သူမ၏ကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

သူသည် မျက်လုံးများကိုမှိတ်ထားပြီး လက်ဖဝါးကို အချိန်ကြာမြင့်စွာ မလှုပ်ရှားဘဲထားရာ အလင်းရောင်မှာ တဖြည်းဖြည်းပျံ့နှံ့နေသည်။

မည်းနက်သောသွေးများသည် ဒဏ်ရာမှ တစ်စက်ချင်း ကျဆင်းလာသည်။ အစပိုင်းတွင် သွေးများသည် မင်ကဲ့သို့ မည်းနက်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သွေး၏အရောင်မှာ တဖြည်းဖြည်းဖျော့တော့လာပြီး အနက်ရောင်မှ ခရမ်းရောင်သို့ပြောင်းကာ နောက်ဆုံးတွင် ပုံမှန်သွေးနီရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။

သူ၏စိတ်စွမ်းအားပြင်းအားမှာ ယခင်ကနှင့်မတူတော့ဘဲ ဤသို့သောကုသမှုမျိုးသည် သူ့အတွက် ခက်ခဲသည်ဟု မဆိုသာတော့ချေ။

နာရီဝက်ခန့်အကြာတွင် သူသည် မျက်လုံးဖွင့်လိုက်ပြီး ဝမ်ရှီရှီ၏ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ရာ အဆိပ်များအားလုံး စင်ကြယ်သွားပြီး ရောင်ကိုင်းမှုပင် များစွာလျော့ကျသွားသည်ကို တွေ့ရှိလိုက်ရသည်။

သူသည် သက်ပြင်းချကာ မတ်တပ်ရပ်ပြီး ရှေ့ဆုံးသို့သွားလိုက်သည်။ တိုတောင်းသောအချိန်အတွင်းမှာပင် သန္ဓေပြောင်းပုရွက်ဆိတ်များသည် ထပ်မံ၍ ထူထပ်စွာစုရုံးနေကြပြီဖြစ်သည်။ သူသည် ကျန်းမာတောက်ဓားကိုဆွဲထုတ်ကာ ဓားကို အရိပ်တစ်ခုအဖြစ် လှည့်ပတ်လိုက်သည်။ သူ၏သွက်လက်မှုဖြင့် တစ်စက္ကန့်လျှင် ဓားချက်သုံးလေးဆယ်ခန့် ထုတ်ဖော်နိုင်ရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် နေရာကျယ်ကြီးတစ်ခုကို ရှင်းလင်းလိုက်နိုင်ပြီး "ဘယ်ကဘယ်လို စဖြစ်တာလဲ" ဟုမေးလိုက်သည်။

"ကျွန်မကိုပဲ အပြစ်တင်ရမယ်... နေ့လယ်စာစားပြီးတော့ ရာသီဥတုကလည်းပူ ကျွန်မလည်း ပျင်းတာနဲ့ အရိုးတွေကို ဂူထောင့်တစ်နေရာမှာ ပစ်ထားလိုက်ပြီး ညကျမှ လွှင့်ပစ်မယ်လို့ တွေးထားတာ... အဲ့တာက သန္ဓေပြောင်းပုရွက်ဆိတ်တွေကို ဆွဲဆောင်မိလိမ့်မယ်လို့ မထင်ထားဘူး" ဟွမ်ကျားဟွေက ကြောက်လန့်တကြားဖြင့် "အစပိုင်းက တစ်ကောင်နှစ်ကောင်ပဲရှိတော့ ကျွန်မတို့ အမြန်သတ်လိုက်ပြီး သိပ်ဂရုမစိုက်မိလိုက်ဘူး... ဒါပေမဲ့ မကြာခင်မှာပဲ တဖြည်းဖြည်းများလာပြီး သတိထားမိတဲ့အချိန်မှာ တံခါးအဝကိုတောင် ပိတ်နေပြီ... ဝမ်ရှီရှီသာမရှိရင် ကျွန်မတို့ အခုအချိန်အထိ တောင့်ခံနိုင်မှာမဟုတ်ဘူး"

"နေ့လယ်က အရိုးတွေကို ကျွန်မတို့မိန်းကလေးတွေ အတူတူရှင်းကြတာလေ... ဒီကိစ္စက အမဟွမ်တစ်ယောက်တည်းကို ဘဲအပြစ်တင်လို့မရဘူး... ကျွန်မတို့အပြစ်လည်း ပါတယ်" ကျိုးယလီကလည်း ရှေ့ထွက်ပြောလိုက်သည်။ သူမ၏လက်ထဲမှ သံမဏိဓား၏အသွားမှာ အနည်းငယ်လန်နေပြီး တစ်ကိုယ်လုံးတွင် အရောင်စုံအရည်များဖြင့် စွန်းထင်းနေသည်။ အစောပိုင်းက ပြင်းထန်သောတိုက်ပွဲကြောင့် သူမ၏သတ္တိက များစွာတိုးတက်လာသည်မှာ ထင်ရှားသည်။

ချောင်လင်းသည် လူအုပ်ထဲတွင် ကျုံ့ကျုံ့လေးရပ်နေပြီး မျက်နှာမှာဖြူဖျော့ကာ စိတ်ထဲတွင် ကြောက်လန့်တကြားဖြစ်နေသည်။ အမှန်တကယ်တွင် ဤအရိုးများကို သူမလွှင့်ပစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်ရှုပ်မခံချင်သည့်အပြင် အပြင်ထွက်လျှင် အန္တရာယ်ကြုံမည်ကိုကြောက်သောကြောင့် ဂူထဲကထောင့်တစ်နေရာတွင် တိတ်တဆိတ်လွှင့်ပစ်ခဲ့ခြင်းဖြစ်သည်။ ဤသို့သော ကြီးမားသည့်အဖြစ်အပျက်ကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယခုအခါတွင် ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့က တာဝန်ကို အသီးသီးလွှဲယူလိုက်ကြသည်ကိုမြင်သောအခါ သူမသည် ထိုနှစ်ယောက်ကို ကျေးဇူးတင်သောမျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချနိုင်သော်လည်း တဖန် အားကျစိတ်များလည်း ဖြစ်ပေါ်လာသည်။

လော်ယွမ်နှင့်သူတို့၏ပတ်သတ်မှုနှင့်ဆိုလျှင် ဝမ်ရှီရှီသာ ဘာမှမဖြစ်ပါက ဤသို့သောအမှားမျိုးသည် အရေးမပါလှဘဲ ဆူပူကြိမ်းမောင်းခြင်းပင် ခံရမည်မဟုတ်ပေ။ သို့သော် တရားခံက သူမသာဖြစ်ပါက အကျိုးဆက်မှာ ခန့်မှန်းရခက်ပေလိမ့်မည်။ သူက သူမကိုသတ်လောက်အောင် ရက်စက်မည်မဟုတ်သော်လည်း အနည်းဆုံးတော့ အတော်ကြာသည်အထိ လော်ယွမ်၏ သူမအပေါ်အထင်အမြင် များစွာကျဆင်းသွားပေလိမ့်မည်။

"ထားလိုက်တော့... ငါလည်းအပြစ်တင်ဖို့မေးတာ မဟုတ်ပါဘူး... ဒီလောက်ပူတဲ့အချိန်မှာ ဘယ်သူမှ အပြင်မထွက်ချင်ကြမှန်း ငါနားလည်ပါတယ်... ပြီးတော့ ဒီလိုဖြစ်လာမယ်လို့လည်း ဘယ်သူမှ ကြိုသိနိုင်မှာလဲ"

လော်ယွမ်၏အသံက သူမ၏နားနားမှ ထွက်ပေါ်လာသည်။

"ထင်တဲ့အတိုင်းပဲ" ချောင်လင်းက တိတ်တဆိတ်ပြောလိုက်ပြီး တင်းထားသောစိတ်သည်လည်း ပြန်လျော့ကျသွားသည်၊ ဤကိစ္စက ပြီးဆုံးသွားပြီဖြစ်သည်။ သို့သော် သူမ၏လက်သီးမှာ မသိလိုက်မသိဘာသာ ဆုပ်ထားမိပြီး အရိုးဆစ်များမှာ ဖြူဖွေးနေသည်။

....................................................................................................

ထို့နောက် လော်ယွမ်သည် မိနစ်အနည်းငယ်အချိန်ယူကာ ကျန်ရှိနေသော သန္ဓေပြောင်းပုရွက်ဆိတ်များကို အကုန်အစင် သုတ်သင်လိုက်ရာ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲကျန်ရစ်ခဲ့သည်။ သို့သော် ပုရွက်ဆိတ်များသည် အက်ကွဲကြောင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေဆဲဖြစ်သည်။

ပုရွက်ဆိတ်များမှာ သတ်၍မကုန်နိုင်အောင်ပင်။

ဤအက်ကွဲကြောင်းသည် အရှည်၆ပေ၊ အကျယ်လက်သီးတစ်လုံးစာသာရှိပြီး ဤလိုဏ်ဂူကိုဖောက်လုပ်စဉ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လော်ယွမ် ဂရုမစိုက်မိခဲ့သော်လည်း ဤနေရာသည် သန္ဓေပြောင်းပုရွက်ဆိတ်များ၏ အသိုက်ဖြင့် ဆက်သွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စဉ်းစားကြည့်လျှင်ပင် ထိတ်လန့်စရာကောင်းလှသည်။ ကံကောင်းသည်မှာ ဤအဖြစ်အပျက်က နေ့လယ်တွင်ဖြစ်ပွားပြီး လူတိုင်းနိုးနေကာ ချက်ချင်းသတိပြုမိခဲ့ခြင်းပင်။ အကယ်၍ ညသန်းခေါင်ယံတွင်သာဖြစ်ပွားပါက အကျိုးဆက်မှာ စဉ်းစား၍ပင်မရနိုင်ပေ။

အမျိုးတူများစွာ သေဆုံးသွားသည်ကို ခံစားမိသည့်အလား အက်ကွဲကြောင်းမှ ထွက်ပေါ်လာသော ပုရွက်ဆိတ်များ ပိုမိုများပြားလာသည်။

ကျောက်နံရံသည် သူတို့၏ပါးစပ်အောက်တွင် ဘီစကွတ်မုန့်ကဲ့သို့ဖြစ်ပြီး တစ်ကိုက်တည်းဖြင့် ပဲ့ကြေသွားကာ ကျောက်မှုန့်များ တဖွဲဖွဲကျဆင်းလာသည်။ "ဂျွတ်ဂျွတ်" အသံများ အဆက်မပြတ်ထွက်ပေါ်လာသည်နှင့်အမျှ အက်ကွဲကြောင်းသည် တဖြည်းဖြည်းကျယ်ပြန့်လာသည်။

လော်ယွမ်၏မျက်နှာသည် တဖြည်းဖြည်းတည်ကြည်လာပြီး စိတ်ထဲတွင် မကောင်းသောနိမိတ်များ ခံစားနေရသည်။

ဤသန္ဓေပြောင်းပုရွက်ဆိတ်များသည် ပေါ်ထွက်လာပြီးနောက် ချက်ချင်းမတိုက်ခိုက်ဘဲ အမျိုးတူများ၏အလောင်းများဆီသို့ တိုးဝင်သွားကြသည်။ မာကျောသောပြင်ပအရိုးခွံသည် သူတို့၏ပါးစပ်အောက်တွင် သတ္တုကိုလိမ်ကောက်လိုက်သကဲ့သို့ စူးရှသောအသံများထွက်ပေါ်လာသည်။ သူတို့၏စားသောက်နှုန်းမှာ အလွန်မြန်ဆန်ပြီး သန္ဓေပြောင်းပုရွက်ဆိတ်တစ်ကောင်၏အလောင်းသည် သန္ဓေပြောင်းပုရွက်ဆိတ်ငါးကောင်၊ ခြောက်ကောင်၏ ကိုက်ဖြတ်မှုအောက်တွင် မကြာမီမှာပင် လုံးဝစားသုံးခံလိုက်ရပြီး အစအနတစ်ခုမျှမကျန်ပေ။

အချို့ပုရွက်ဆိတ်များမှာ အပြည့်အဝမသေဆုံးသေးသော်လည်း ဤသည်မှာ ဆာလောင်မွတ်သိပ်နေသော အမျိုးတူများကို မတားဆီးနိုင်ခဲ့ပေ။ အားနည်းစွာဖြင့် အနည်းငယ်ခုခံပြီးနောက် ဤပုရွက်ဆိတ်များသည် အရှင်လတ်လတ် အစားခံလိုက်ရသည်။

သူ မဝင်လာမီက ပုရွက်ဆိတ်အလောင်းများစွာ မတွေ့ရသည်ကို အံ့ဩနေခဲ့သည်၊ အကြောင်းမှာ သူတို့အချင်းချင်း ရှင်းလင်းလိုက်ခြင်းကြောင့်ဖြစ်ပြီး ယခုကဲ့သို့အများအပြားပေါ်ထွက်လာရခြင်းအကြောင်းရင်းမှာလည်း ဤအလောင်းများကြောင့်ပင် ဖြစ်နိုင်သည်။

နာရီဝက်ခန့်သာ စောင့်ဆိုင်းလိုက်ရုံဖြင့် မြေပြင်ပေါ်မှ ပုရွက်ဆိတ်များသည် မူလအရေအတွက်သို့ ပြန်လည်ရောက်ရှိသွားပြီး အရှိန်မှာ အလွန်မြန်ဆန်လှရာ သူပင်လျှင် ခေါင်းနပမ်းကြီးသွားသည်။

လော်ယွမ်သည် မလွှဲမရှောင်သာဘဲ ဤပုရွက်ဆိတ်များကို ထပ်မံသုတ်သင်လိုက်ရပြန်သည်။

"ခေါင်းဆောင်ယွမ်... ငါတို့ဒီည ဒီမှာနေလို့မဖြစ်တော့ဘူး... အတွင်းထဲမှာ ပုရွက်ဆိတ်အသိုက် ရှိနေတာသေချာတယ်" ဟော်တုံက လျှောက်လာ၍ အကြံပြုလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားတို့ အထုပ်အပိုးတွေ အရင်သွားပြင်ကြ... ဒီည ကျောက်ဂူကို ပြန်ပြောင်းမယ်"

"လော်ယွမ်... ဟိုသန္ဓေပြောင်းငှက်ကို ရှင်ရှင်းပြီးပြီလား" ဟွမ်ကျားဟွေက မျက်နှာတွင် ဝမ်းသာသည့်အရိပ်အယောင်ဖြင့် မေးလိုက်သည်။

ဤစကားထွက်လာသည်နှင့် လူတိုင်း လော်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ဒီတိရစ္ဆာန်က အရမ်းဉာဏ်များတယ်... သူကပ်သီးလေးလွတ်သွားတယ်... ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရသွားတော့... မသေရင်တောင် အချိန်တိုအတွင်း ငါတို့ကိုဒုက္ခလာပေးနိုင်မှာ မဟုတ်ဘူး" လော်ယွမ်က ခေတ္တရပ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ လွတ်မြောက်သွားသော သန္ဓေပြောင်းငှက်ကို စဉ်းစားမိတိုင်း သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။

လော်ယွမ်က မသတ်နိုင်ခဲ့သော်လည်း လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ အနည်းဆုံးတော့ ရက်အနည်းငယ် အေးချမ်းစွာ နေထိုင်နိုင်ကြတော့မည်။

ထိုစဉ် လော်ယွမ်သည် လှုပ်ရှားမှုအသံတစ်စကို မသဲမကွဲကြားလိုက်ရသည်။ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ ကျောက်နံရံတွင်ကပ်၍ စူးစိုက်နားထောင်လိုက်သည်။

ကျောက်နံရံအတွင်းမှ ဆူညံသော "ဂျွတ်ဂျွတ်" အသံများ ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းပုရွက်ဆိတ်များ အဆက်မပြတ်ကိုက်ဖြတ်နေသည့်အလား ထင်မှတ်ရသည်။

ထိုအခါသူ၏မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ "အချိန်မရှိတော့ဘူး... ပစ္စည်းတွေအမြန်သိမ်းကြ... ကျွန်တော်တို့အားလုံး ဒီကနေအခုသွားမှဖြစ်မယ်"

"လော်ယွမ် ဘာဖြစ်လို့လဲ" ဟွမ်ကျားဟွေက စိတ်ထဲတွင် စိုးရိမ်သွားပြီး မေးလိုက်သည်။

"ဒီကျောက်နံရံကြီးကို သူတို့ကိုက်ဖြတ်နေကြပြီ... ခဏကြာရင်ပုရွက်ဆိတ်တွေ အုပ်လိုက်ဝင်လာလိမ့်မယ်... အဲ့ဒီအခါကျရင် ငါတောင် နင်တို့ကိုကာကွယ်ပေးနိုင်မှာမဟုတ်တော့ဘူး" လော်ယွမ်က မျက်နှာတည်ဖြင့် ပြောရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ဝမ်ရှီရှီကို ပွေ့ချီလိုက်သည်။

လူတိုင်း၏မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ပစ္စည်းများထားရာထောင့်သို့ အလျင်အမြန်ပြေးသွားကြသည်။

ထိုစဉ် ကျောက်နံရံတွင် ရုတ်တရက် အက်ကြောင်းများပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အက်ကြောင်းများ ပိုမိုများပြားလာကာ ထူထပ်သောပင့်ကူအိမ်ကွန်ရက်တစ်ခုအလား ဖြစ်ပေါ်လာသည်။ အချို့မစောင့်နိုင်သော သန္ဓေပြောင်းပုရွက်ဆိတ်များသည် အက်ကြောင်းအမျိုးမျိုးမှ တိုးဝှေ့ထွက်ပေါ်လာကြသည်။

"အချိန်မမီတော့ဘူး... အားလုံး အမြန်ထွက်ကြတော့" လော်ယွမ်က အသံတိုးတိုးဖြင့်အော်ဟစ်ရင်း အနီးအနားမှ သန္ဓေပြောင်းပုရွက်ဆိတ်များကို ခုတ်သတ်လိုက်သော်လည်း ခေတ္တမျှသာ တားဆီးနိုင်ခဲ့သည်။ ဝင်ရောက်လာသော ပုရွက်ဆိတ်များ ပိုမိုများပြားလာသည်နှင့်အမျှ ကျောက်နံရံအနီးတွင် ပုရွက်ဆိတ်များဖြင့်သာ ဖွဲ့စည်းထားသော ၁၂ပေ၊ ၁၃ပေခန့်မြင့်သော တောင်ပူစာငယ်တစ်ခု ဖြစ်ပေါ်လာပြီး သူပင်လျှင် တဖြည်းဖြည်းနောက်ဆုတ်နေရသည်။

လော်ယွမ် မမြင်ချင်ဆုံးသောအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီဖြစ်သည်။

သန္ဓေပြောင်းပုရွက်ဆိတ်တစ်ကောင်၊ နှစ်ကောင်က အန္တရာယ်ဟုမဆိုသာသော်လည်း ပုရွက်ဆိတ်အုပ်အဖြစ်သို့ ပြောင်းလဲသွားပါက ထိုအန္တရာယ်သည် အစိမ်းရောင်အဆင့် သတ္တဝါထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

သူသည် ကမ္ဘာမပျက်မီက ဆိုးရွားသောပုရွက်ဆိတ်အုပ်၏ မှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးပြီး သူ၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ၎င်းမှာ ကပ်ဘေးတစ်ခုပင်ဖြစ်ပြီး မရေမတွက်နိုင်သော သတ္တဝါများ၏အကြွင်းအကျန်များသည် ပုရွက်ဆိတ်အုပ်ထဲတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ သတ္တဝါအမြောက်အမြားသည် အော်ဟစ်ထွက်ပြေးကြပြီး အသက်လု၍ပြေးလွှားကြရသည်။ သတိတစ်ချက်လစ်လျှင်ပင် ပုရွက်ဆိတ်အုပ်၏ ဝါးမျိုခြင်းကိုခံရပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသည်။ အစာကွင်းဆက်၏ထိပ်ဆုံးမှ သတ္တဝါများပင်လျှင် ထိုအချိန်တွင် ခွေးပြေးဝက်ပြေး ပြေးနေရပြီး သတိမထားမိလျှင် နောက်တစ်လှမ်းတွင် အလားတူကံကြမ္မာကို ကြုံတွေ့ရပေမည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့က အရာအားလုံးကိုစားသုံးနိုင်ပြီး တိရစ္ဆာန်များသာမက အပင်များကိုပင် မချန်ခြင်းပင်။ ၎င်းဖြတ်သန်းသွားရာနေရာတိုင်းတွင် သက်ရှိများမျိုးတုံးပျောက်ကွယ်သွားပြီး အရာအားလုံး ပျက်စီးသွား၏။

ဤသန္ဓေပြောင်းပုရွက်ဆိတ်များသည် သာမန်ပုရွက်ဆိတ်များထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများဖြစ်သည်မှာ ထင်ရှားသည်။

All Chapters