← Chapters

အခန်း (၂၃၃-၂၃၆)

Vol. 12 Ch. 233-236

အခန်း (၂၃၃-၂၃၆)

Vol. 12 Ch. 233-236

အပိုင်း(၂၃၃) ထောက်လှမ်းရေးအစွမ်း

လူအများစုမှာ ခရီးဆောင်အိတ်များကို ကောက်ကိုင်ကာ အလျင်အမြန် ထွက်ပြေးကြသည်။

လေယာဉ်မှူးအခန်း၏ တံခါးပိတ်လိုက်သည့်အခိုက်အတန့်မှာပင် ကျောက်နံရံသည် ပြင်းထန်စွာ ပြိုကျသွားပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းပုရွက်ဆိတ်များမှာ စမ်းရေများပန်းထွက်လာသကဲ့သို့ တိုးထွက်လာကြကာ ဥမင်လှိုဏ်ခေါင်းတစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားစေသည်။

လော်ယွမ်သည် တစ်ချက်သာ လှမ်းကြည့်လိုက်ရုံဖြင့် ကြက်သီးမွေးညင်းများ ထသွားသည်။

"အချိန်မဆွဲနဲ့... အားလုံးအမြန်ပြေးကြ" လော်ယွမ်က အသံတိုး၍ ဟိန်းလိုက်သည်။ ထိုသန္ဓေပြောင်းပုရွက်ဆိတ်များ၏ ထက်မြက်သော ပါးစပ်များဖြင့်ဆိုလျှင် လေယာဉ်မှူးအခန်း၏ သံတံခါးသည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူကောင်းစွာသိသည်။

လူတစ်စုမှာ စိတ်ထဲတွင် ထိတ်လန့်စွာဖြင့် သယ်ယူပို့ဆောင်ရေးလေယာဉ်ထဲမှ လျင်မြန်စွာ ပြေးထွက်လာကြသည်။ မလှမ်းမကမ်းမှ မြေပြင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသော ဧရာမမျောက်ဝံကြီးကို မြင်လိုက်သောအခါ မသိစိတ်ဖြင့် ခြေလှမ်းများ နှေးကွေးသွားကြသည်။ ဧရာမမျောက်ဝံကြီးသည် ၂၁ပေခန့်မြင့်ပြီး မြေပြင်ပေါ်တွင် ထိုင်နေလျှင်ပင် ၉ပေကျော်မြင့်သည်။ တစ်ကိုယ်လုံးမှ ကြွက်သားများမှာ ကျစ်လစ်ဖုထစ်နေပြီး ကိုယ်လုံးကိုယ်ထည်မှာ သန်မာထွားကျိုင်းလှရာ အဝေးမှကြည့်ရုံမျှဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားနေရသည်။

"အရှိန်မလျှော့နဲ့... ဒါ ငါအသစ်ရထားတဲ့ တိုက်ခိုက်ရေးသတ္တဝါပဲ" လော်ယွမ်က အသံကျယ်စွာ ဟိန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဧရာမဖွတ်ကြီးကို ဝပ်ရန် လက်ဟန်ပြလိုက်သည်။

ဧရာမဖွတ်ကြီးသည် နှာမှုတ်သံတစ်ချက်ပြုပြီးနောက် လျင်မြန်စွာ ဒူးထောက်ချလိုက်သည်။

လူအများမှာ ဧရာမဖွတ်ကြီးဆီသို့ အလျင်အမြန် ပြေးသွားကြပြီး မျက်နှာများတွင်မူ အံ့ဩမှင်သက်မှုများ ကျန်ရှိနေဆဲဖြစ်သည်။

အားလုံးက ဧရာမဖွတ်ကြီးပေါ်သို့ အလျင်စလို တက်ရောက်ကြသည်။ ဧရာမဖွတ်ကြီးသည်လည်း အခြေအနေမကောင်းသည်ကို ခံစားမိပုံရပြီး မဆိုင်းမတွပင် လေးလံသောခြေလှမ်းများဖြင့် တောနက်ထဲသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။

ဧရာမမျောက်ဝံကြီးသည် လော်ယွမ်ထွက်ခွာသွားသည်ကိုမြင်လျှင် ထရပ်လိုက်ပြီး အလျင်အမြန် နောက်မှလိုက်ပါသွားသည်။

မရေမတွက်နိုင်သော နာကျင်ဖွယ်ရာ သင်ခန်းစာများကြောင့် ထိုအရပ်ပုသော ကြမ်းတမ်းရက်စက်သည့် မျိုးနွယ်တူ၏အနားတွင် မလိုက်ပါက သူ့ကိုစောင့်ကြိုနေမည်မှာ ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုဖြစ်ကြောင်း သူ ကောင်းစွာနားလည်သဘောပေါက်နေပြီဖြစ်သည်။

ဧရာမဖွတ်ကြီး၏ ကျောပေါ်တွင်ထိုင်ရင်း လူတိုင်း၏စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွားပြီး မကြာခဏ နောက်သို့လှည့်ကာ ဤမရင်းနှီးသော သန္ဓေပြောင်းသတ္တဝါကို တိတ်တဆိတ် အကဲခတ်ကြည့်နေကြသည်။ သူ၏ပုံစံမှာ မျောက်ဝံနှင့် အလွန်တူပြီး ကိုယ်လုံးကိုယ်ထည်မှာ သန်မာထွားကျိုင်းကာ လက်နှစ်ဖက်မှာ ဒူးဆစ်ကိုကျော်လွန်နေသည်။ တစ်ကိုယ်လုံးမှ ရွှေရောင်အမွေးအမှင်များမှာ ညနေဆည်းဆာရောင်အောက်တွင် တလက်လက်တောက်ပနေပြီး အလွန်ပင်ခန့်ညားထည်ဝါလှသည်။ အကယ်၍ သူ့ကို တုတ်တစ်ချောင်းသာ ပေးလိုက်မည်ဆိုလျှင် ဒဏ္ဍာရီလာ မျောက်ဘုရင်တစ်ပါးကိုပင် ပြေးမြင်မိစေသည်။ (စွန်းဝူခုံး)

သို့သော် သူ၏အမူအရာမှာမူ သူ၏ခန့်ညားထည်ဝါသော အသွင်အပြင်ကို လုံးဝဖျက်ဆီးပစ်လိုက်သည်။ သူသည် တစ်လမ်းလုံး ခေါင်းကိုပု၍ ခိုးကြောင်ခိုးဝှက်နိုင်လှပြီး ပြောမပြနိုင်အောင်ပင် သိမ်ငယ်သောအသွင်ဆောင်နေသည်။ လူအများ သူ့ကို သတိပြုမိလာသောအခါ မြှောက်ပင့်ဖားယားသော အမူအရာကိုပင် ပြသသေးရာ မြင်ရသူကို မျက်နှာအမူအရာ ထူးဆန်းသွားစေသည်။

ဧရာမမျောက်ဝံကြီးသည် ဤလော်ယွမ်နှင့်တူသော မျိုးနွယ်တူများကို လော်ယွမ်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများအဖြစ် လုံးလုံးမှတ်ယူထားသည်မှာ ထင်ရှားသည်။

"ခေါင်းဆောင်ယွမ်... ဟိုမှာကြည့်စမ်း" ထိုအချိန်တွင် လင်းရှောင်ကျီက အသံကျယ်စွာ ဆိုလိုက်သည်။

လော်ယွမ်သည် အလျင်အမြန် နောက်သို့လှည့်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အပျက်အစီးများမှာ သန္ဓေပြောင်းပုရွက်ဆိတ်များဖြင့် လုံးဝဖုံးလွှမ်းသွားပြီး အဝေးမှကြည့်လျှင် ထူထဲသော အပြာရင့်ရောင် ကော်ဇောကြီးတစ်ချပ်အလားပင်။ ထို့အပြင် ထိုကော်ဇောကြီးသည် အဆက်မပြတ် ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေပြီး လှိုင်းလုံးများသဖွယ် လူးလွန့်ရွေ့လျားနေသည်။

လူတိုင်း၏မျက်နှာရောင်မှာ အနည်းငယ်ပြောင်းလဲသွားပြီး အဝေးမှ ဤမြင်ကွင်းကို ကြည့်ရင်း ကိုယ်လက်များပင် တောင့်တင်းသွားကြသည်။ သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ပင်လျှင် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

သို့သော် ပုရွက်ဆိတ်အုပ်၏ ပျံ့နှံ့မှုအရှိန်မှာ အလွန်နှေးကွေးသောကြောင့် သိပ်ကြီးကြီးမားမား ထိတ်လန့်မှုတော့မဖြစ်ပေ။ လူအများ တဖြည်းဖြည်းနှင့် ဤနေရာမှ ဝေးကွာသွားပြီး မမြင်နိုင်တော့သည့်အခါမှ အားလုံး စိတ်အေးသွားကြသည်။

"အဲ့ဒီကောင်တွေကို ဓာတ်ဆီသာရှိရင် တစ်ခါတည်းနဲ့ မီးရှို့သတ်ပစ်လို့ရမှာ" ဟော်တုံက ဆိုသည်။

"ခင်ဗျားကဓာတ်ဆီသုံးချင်သေးတယ်... လောလောဆယ်ဓာတ်ဆီမရှိလို့က ထားလိုက်ဦး... ရှိရင်တောင် ဒီလိုနေရာမှာ ဖြုန်းပစ်လို့မရဘူး... အခုပြန်လည်တည်ဆောက်ရေးဇုန်မှာ ဓာတ်ဆီက စစ်သုံးအတွက်တောင် မလောင်မငဖြစ်နေတာ" တပ်ခွဲမှူးရှက ဆိုသည်။

"ပြန်လည်တည်ဆောက်ရေးဇုန်က ဒီလောက်တောင် ခက်ခဲနေတာလား... အဲ့ဘက်မှာ ရေနံကြောကြီးတစ်ခု ရှိတယ်မဟုတ်ဘူးလား" ဟွမ်ကျားဟွေက သံသယဖြင့် မေးလိုက်သည်။

တပ်ခွဲမှူးရှက လေးလံစွာ ခေါင်းခါပြပြီး ဆိုသည်။ "တာကလမာကန်ကန္တာရမှာ ရေနံကြောကြီးရှိတာမှန်တယ်... ကျွန်တော်ထွက်မလာခင်က ရေနံကြောကြီးတစ်ခုတောင် ထပ်တွေ့သေးတယ်... ဒါပေမဲ့ နေ့စဉ်အများအပြားသုံးစွဲနေတော့ မခံနိုင်တော့ဘူး... အခု စစ်တပ်မှာ အရန်တပ်အပါအဝင် စုစုပေါင်း လူဦးရေ သန်းတစ်ထောင်ကျော်ရှိတယ်... အဲ့ဒီထဲမှာ သယ်ယူပို့ဆောင်ရေးထရပ်ကားတွေကိုမပြောနဲ့... တင့်ကားနဲ့ သံချပ်ကာကားနဲ့ အော်တိုပစ်အမြောက်ကြီးတွေပဲ ဆယ်သိန်းကျော်ရှိတယ်... ဒါက ကြည်းတပ်ပဲရှိသေးတာ... လေတပ်ကို ထည့်မတွက်ရသေးဘူး... လေတပ်ကလည်း ဆီစားအရမ်းများတာ... အခုလက်ရှိဆီပမာဏနဲ့ လည်ပတ်နိုင်တယ်ဆိုရုံပဲရှိတယ်... တကယ်တော့ ဆီတင်မဟုတ်ဘူး... စားနပ်ရိက္ခာ၊ သံရိုင်း၊ ကျောက်မီးသွေး... အကုန်ရှားနေတာ"

(Taklamakan ကန္တာရက တရုတ်ပြည်ရဲ့အနောက်မြောက်ဘက်မှာရှိပြီး ပြန်လမ်းမဲ့ကန္တာရလို့ အဓိပ္ပါယ်ရပါတယ်။ မူလက တူရကီအနွယ်ဝင် Uyghurလူမျိုးတွေရဲ့ နယ်မြေဖြစ်ပြီး ရှေးတရုတ်မင်းတွေ သိမ်းပိုက်ခဲ့ရာကနေ တရုတ်ပြည်ပိုင်နက်ထဲ အသွင်းခံလိုက်ရတာဖြစ်ပါတယ်)

ဟွမ်ကျားဟွေနှင့် ဟော်တုံတို့မှာ စကားဆက်မပြောတော့ပေ။ အားလုံး၏စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ပိနေသကဲ့သို့ လေးလံသွားသည်။

လော်ယွမ်၏မျက်နှာမှာ တည်ငြိမ်နေသည်။ သူ၏စိတ်ထဲတွင် ပြန်လည်တည်ဆောက်ရေးဇုန်သို့ သွားရောက်ကြည့်ရှုလိုသော ပြင်းပြသည့်စိတ်ဆန္ဒတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ အခက်ခဲဆုံးခေတ်၊ ယဉ်ကျေးမှုအဖွဲ့အစည်းတခုက မိမိ၏အလားအလာအားလုံးကို ထုတ်သုံး၍ ရှင်သန်ရန် ရုန်းကန်နေရသောခေတ် ဖြစ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် အခမ်းနားဆုံးနှင့် လှိုင်းထန်ဆုံးသော ခေတ်လည်းဖြစ်သည်။

မိမိသည် အမြဲတစေ ထွက်ပြေးနေ၍မဖြစ်။ လူ့ဘဝတွင် ရှင်သန်နေသရွေ့ အခြေအနေကို ရင်ဆိုင်ရန် သင်ယူရမည်သာဖြစ်သည်။

လူသားမျိုးနွယ်ကို ကယ်တင်ရန်ကဲ့သို့သော မြင့်မြတ်သည့်အကြောင်းပြချက်ကြောင့်မဟုတ်ပေ။ သူ့တွင် ထိုသို့သောစွမ်းရည်လည်းမရှိချေ။ သို့သော် လူသားမျိုးနွယ်၏ လူသားတစ်ဦးအနေဖြင့် စည်းလုံးညီညွတ်စွာ ရှင်သန်ရန် ကြိုးပမ်းရာတွင် မိမိတတ်နိုင်သည့်ဘက်မှ တာဝန်ကျေပွန်ရမည်သာဖြစ်သည်။

................................................................................

သူတို့အဖွဲ့ ကျောက်ဂူသို့ ပြန်လည်ပြောင်းရွှေ့ပြီးနောက် ယခုတစ်ပတ်ခန့် ကြာမြင့်သွားပြီဖြစ်သည်။

လျှပ်စီးမုန်တိုင်းပြီးနောက် အပင်များမှာ တစ်ဖန်ပြန်၍ အရူးအမူး ကြီးထွားလာကြသည်။ ဤသည်မှာ နေ့စဉ် လေ့ကျင့်ခြင်းမှလွဲ၍ ဘာမှလုပ်စရာမရှိသော လူအများကို အလွန်အလုပ်များသွားစေသည်။ ကျောက်ဂူပတ်လည် မိုင်ဝက်ခန့်ဧရိယာကို နှစ်ရက်၊ သုံးရက်တစ်ကြိမ် ပေါင်းသင်ရှင်းလင်းရသည်။

တစ်ပတ်အတွင်းမှာပင် ပေါင်းသင်ပြီးသောနေရာနှင့် မသင်ရသေးသောနေရာမှာ ရှင်းလင်းစွာ ခြားနားသွားပြီး ကမ္ဘာနှစ်ခုကဲ့သို့ပင်။

ထိုအတောအတွင်း သန္ဓေပြောင်းငှက်ကြီး လာရောက်နှောင့်ယှက်ခြင်းမရှိပေ။ သေဆုံးသွားသည်လော၊ ဤနေရာကို ကြောက်ရွံ့သွားသည်လော မသိနိုင်သော်လည်း လော်ယွမ်မှာမူ ပထမအချက်ဖြစ်နိုင်ခြေပိုများမည်ဟု ခန့်မှန်းလိုက်သည်။

ပုရွက်ဆိတ်အုပ်မှာမူ သူတို့ကျောက်ဂူပြန်ရောက်ပြီး လေးရက်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့သည်။ ရုတ်တရက်ပေါ်ပေါက်လာသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြန်သည်။ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိနိုင်ပေ။ မြေအောက်သို့ ပြန်လည်ဝင်ရောက်သွားခြင်းလည်း ဖြစ်နိုင်သည်။ လော်ယွမ်က အထူးတလည် သွားရောက်ကြည့်ရှုခဲ့ရာ ထိုနေရာမှာ မူလပုံစံပျောက်ကာ ပျက်စီးယိုယွင်းနေသည်ကို တွေ့ခဲ့ရသည်။

ခြောက်မိုင်ပတ်လည်အတွင်း နေရာအနှံ့တွင် အရိုးဖြူများဖြင့် ပြည့်နှက်နေပြီး သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုက လွှမ်းခြုံနေသည်။ ဤဧရိယာအတွင်း သန္ဓေပြောင်းသတ္တဝါများသာမက အပင်များပင်လျှင် ထက်ဝက်ကျော် ပျောက်ကွယ်သွားခဲ့သည်။ ကျန်ရှိနေသေးသော အပင်များ၏ အခေါက်များမှာလည်း ချိုင့်ခွက်များဖြစ်ပေါ်နေပြီး စားသုံးခြင်းခံထားရ၍ ပုံပျက်ပန်းပျက်ဖြစ်နေသည်။

ဤပုရွက်ဆိတ်များသည် ကျောက်တုံးမှလွဲ၍ အရာအားလုံးနီးပါးကို စားသုံးကြသည်။

ပုရွက်ဆိတ်အုပ် ပျောက်ကွယ်သွားခြင်းက လော်ယွမ်ကို အလွန်စိတ်သက်သာရာရသွားစေသည်။ ပုရွက်ဆိတ်အုပ်၏ ရွေ့လျားမှုအရှိန်မှာ မမြန်ဆန်ဘဲ ခြိမ်းခြောက်မှုသိပ်မကြီးဟု ထင်ရသော်လည်း ၎င်းတို့သည် မြေအောက်မှ ရုတ်တရက်ပေါ်ပေါက်လာတတ်ပြီး မည်သည့်ကြိုတင်နိမိတ်မှမရှိသည့်အပြင် ဧရိယာကျယ်ပြန့်သောကြောင့် အကယ်၍ အဝိုင်းခံရပါက အသေခံ ဖောက်ထွက်ခြင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းမှမရှိပေ။

ထို့အပြင် ပုရွက်ဆိတ်အုပ်၏ အကောင်ရေမှာ အလွန်များပျားပြီး တစ်ကောင်နှင့်တစ်ကောင် ဖိသိပ်ထပ်လျက်ရှိနေရာ သာမန်တိရစ္ဆာန်အုပ်များနှင့် လုံးဝမတူပေ။ အကယ်၍ အဝိုင်းခံရသည့်ဧရိယာ အနည်းငယ်ကြီးမားပါက သူကိုယ်တိုင်ပင်လျှင် အသက်ရှင်ရန် မျှော်လင့်ချက် သိပ်မရှိပေ။

ဧရိယာအလိုက် တိုက်ခိုက်မှုဟုဆိုလျှင် သူထုတ်သုံးနိုင်သည်မှာ မြေလှိုင်းအစွမ်းသာဖြစ်သည်။ သို့သော် ၎င်းကို အသုံးပြုနိုင်သည့်အကြိမ်အရေအတွက်မှာ အကန့်အသတ်ရှိပြီး အကြိမ်အနည်းငယ်အကြာတွင် အားအင်ကုန်ခမ်းသွားပေလိမ့်မည်။ အကယ်၍ ဝန်းရံမှုထဲမှ မထိုးဖောက်နိုင်သေးပါက သူ့ကိုစောင့်ကြိုနေမည်မှာ သေခြင်းတရားသာဖြစ်သည်။

သူတို့ ကံကောင်းထောက်မစွာဖြင့် ပုရွက်ဆိတ်များမှာ နေရာတစ်နေရာတည်းမှသာ ထွက်ပေါ်လာသောကြောင့် အသက်ဘေးမှ လွယ်ကူစွာ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။

ပုရွက်ဆိတ်အုပ်၏ အရှိန်အဝါမှလွဲ၍ ဤရက်များအတွင်းမှာမူ ထူးထူးခြားခြား တည်ငြိမ်အေးချမ်းလှသည်။ အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါများ ထူထပ်သော ရေကန်ကြီးနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် အမှန်ပင် "လူသူကင်းမဲ့သော" သဲကန္တာရဒေသတစ်ခုအလားပင်။ ရံဖန်ရံခါတွင်သာ အဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါအချို့ ဝင်ရောက်လာပြီး ဟော်တုံတို့အတွက် လေ့ကျင့်စရာဖြစ်သွားတတ်သည်။

ဤတည်ငြိမ်အေးချမ်းသော နေ့ရက်များကို အခွင့်ကောင်းယူ၍ လော်ယွမ်သည်လည်း အထူးစွမ်းရည်အသစ်ကို စတင်စမ်းသပ်နေသည်။

ဤအထူးစွမ်းရည်မှာ ဤတစ်ကြိမ် အဆင့်တက်ရာမှ ရရှိလာခြင်းဖြစ်သည်။ မူလက လော်ယွမ်သည် သတိမထားမိခဲ့သော်လည်း ခွဲဝေရန်ကျန်ရှိနေသော ကျွမ်းကျင်မှုအမှတ်ငါးမှတ်ကို ထည့်သွင်းသောအခါမှ အရည်အသွေးဇယားပေါ်တွင် အထူးစွမ်းရည်မှာ သုံးခုဖြစ်နေသည်ကို တွေ့ရှိလိုက်သည်။

စနစ်က အဆင့်ငါးဆင့်တိုင်းတွင် အထူးစွမ်းရည်တစ်ခုကို ပေးလေ့ရှိသည်။

စနစ်ကို စတင်ရရှိစဉ်က၊ ဆိုလိုသည်မှာ အဆင့်သုညတွင် အမျိုးအမည်ခွဲခြားအစွမ်းကို ရရှိခဲ့ပြီး အဆင့်ငါးတွင် ပေါင်းစပ်အစွမ်းကို ရရှိခဲ့သည်။ ယခု အဆင့်တဆယ်သို့ ရောက်ရှိသောအခါ အသစ်ရရှိသည်မှာ ထောက်လှမ်းရေးအစွမ်းဖြစ်သည်။

အစပိုင်းတွင် လော်ယွမ် အလွန်စိတ်လှုပ်ရှားခဲ့သည်။ သူလည်း ဂိမ်းကစားဖူးရာ ထောက်လှမ်းရေးအစွမ်းရှိပါက တိုက်ပွဲတွင် ရန်သူအကြောင်း အကုန်သိရှိနိုင်ပြီး ဤသည်မှာ ကြီးမားသော အားသာချက်တစ်ခုပင်ဖြစ်သည်။

သို့သော် တဖြည်းဖြည်းနှင့် ဤအစွမ်းက ဂိမ်းထဲကကဲ့သို့ ဆန်းကြယ်ခြင်းမရှိသည်ကို တွေ့ရှိလာသည်။ ထိုအစွမ်းဖြင့်ရရှိသော သတင်းအချက်အလက်မှာလည်း အလွန်ရှင်းလင်းပြီး အကြမ်းဖျင်းဆန်လှသည်။ ထိုအစွမ်းဖြင့် တဖက်လူ၏ တိကျသောအရည်အသွေး သို့မဟုတ် ကျွမ်းကျင်မှုများသိရှိရန်ကိုမူ စဉ်းစားရန်ပင်မလိုပေ။

ပုံပေါ်အောင်ပြောရလျှင် လျှို့ဝှက်ဆန်းကြယ်သော ဒေတာဆာဗာတစ်ခုနှင့် ချိတ်ဆက်ထားသော စွယ်စုံကျမ်းတစ်ခုနှင့် တူနေသည်။

ဥပမာအားဖြင့် ယခု လော်ယွမ်သည် အမည်မသိသော မြက်ပင်လေးတစ်ပင်ကို ထောက်လှမ်းရေးအစွမ်း အသုံးပြုလိုက်လျှင် ရရှိလာသော သတင်းအချက်အလက်မှာ အောက်ပါအတိုင်းဖြစ်သည်။

မျိုးရိုး - မြက်ပင်မျိုးနွယ်

အမည် - လွှသွားမြက်ပင်

အကဲဖြတ်ချက် - အဆိပ်မရှိ။ ဤသည်မှာ အလွန်အတွေ့များသော သန္ဓေပြောင်းမြက်ပင်တစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသတွင် အနှံ့အပြားပေါက်ရောက်သည်။ အမြစ်ဥမှာ ကြီးမားပြီး စားသုံးရန်တန်ဖိုး အသင့်အတင့်ရှိသည်။ အရွက်မှာ အနည်းငယ်ခါးသက်ပြီး အားနည်းသော ကုသမှုအာနိသင်ရှိသည်။

ရရှိသော သတင်းအချက်အလက်မှာ ရိုးရှင်းသော်လည်း အသုံးမဝင်သည်တော့မဟုတ်ပေ။

ဤသတင်းအချက်အလက်များကို အမျိုးအမည်ခွဲခြားအစွမ်းဖြင့်လည်း ခွဲခြမ်းစိတ်ဖြာနိုင်သော်လည်း တစ်ခုမှာ အစိတ်အပိုင်းအလိုက်ဖြစ်ပြီး တစ်ခုမှာ အလုံးစုံခြုံငုံသုံးသပ်ခြင်းဖြစ်သည်။ အကွာအဝေးမှာလည်း ကွာခြားသည်။အမျိုးအမည်ခွဲခြားအစွမ်းက လက်ဖြင့်ထိတွေ့ရန်လိုအပ်ပြီး ထောက်လှမ်းရေးအစွမ်းမှာမူ အာရုံခံနိုင်သည့်အကွာအဝေးအတွင်း၊ ဆိုလိုသည်မှာ ပေ၁၅၀အတွင်းမှ မည်သည့်အရာကိုမဆို ထောက်လှမ်းနိုင်သည်။ ဤသည်မှာ လော်ယွမ်၏ သတင်းအချက်အလက်စုဆောင်းမှုကို အလွန်အဆင်ပြေစေပြီး သူ၏ရှင်သန်နိုင်စွမ်းနှင့် အန္တရာယ်ရှောင်ရှားနိုင်စွမ်းကို များစွာတိုးမြှင့်ပေးသည်။

လော်ယွမ်သည် မလှမ်းမကမ်းမှ ဓားလေ့ကျင့်နေသော ဟော်တုံကို ကြည့်လိုက်ပြီး စိတ်ထဲတွင် လှုပ်ရှားသွားကာ တိတ်တဆိတ် ထောက်လှမ်းရေးအစွမ်းကို အသုံးပြုလိုက်သည်။

မျိုးနွယ် - လူသား

လိင် - အထီး

အကဲဖြတ်ချက် - ဤသည်မှာ ကမ္ဘာ့လူသားယဉ်ကျေးမှုအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဉာဏ်ရည်မှာ ယေဘုယျအားဖြင့် ၉ မှတ်မှ ၁၁ မှတ်ကြားတွင်ရှိသည်။ ကိုယ်ခန္ဓာမှာ နူးညံ့ပျော့ပျောင်းပြီး စဉ်းစားတွေးခေါ်မှုနှင့် တီထွင်ဖန်တီးမှုတွင် ထူးချွန်သည်။ အဆင့်နှစ် ယဉ်ကျေးမှုအဖွဲ့အစည်း၏ အထွတ်အထိပ်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်ပြီး အလားအလာ အသင့်အတင့်ရှိသည်။

ဆက်ရန်...

အပိုင်း(၂၃၄)ပြင်းထန်သောနာကျင်မှု

"ကိုကြီးယွမ်... ရေသောက်လိုက်ပါဦး" ဝမ်ရှီရှီက သစ်သားခွက်တစ်ခွက်ကိုကိုင်ကာ လော်ယွမ်ထံသို့ အပြုံးလေးဖြင့် ကမ်းပေးလိုက်သည်။

လော်ယွမ်က ယူပြီးနောက် တစ်ငုံသောက်ကာ ပြန်ပေးလိုက်ပြီး မြေပြင်ပေါ်တွင် ဆက်လက်ရှာဖွေနေသည်။ ရံဖန်ရံခါတွင် သာမန်မျက်စိဖြင့် မထင်ရှားသော မြက်ပင်ငယ်တစ်ပင်ကို ဆွဲနုတ်လိုက်တတ်သည်။

"ကိုကြီးယွမ်... ဒီမြက်ပင်က ဘာအသုံးဝင်လို့လဲဟင်" ဝမ်ရှီရှီသည် အလျင်စလိုပြန်ရန်မရှိသည်မှာ ထင်ရှားပြီး လိမ္မာသောမျက်နှာလေးဖြင့် မေးလိုက်သည်။

"ဟင်းရည်ချက်သောက်ဖို့" လော်ယွမ်က ခေါင်းမမော့ဘဲ တိုတိုတုတ်တုတ်ပြန်ဖြေလိုက်သည်။

ဤမြက်ပင်အမျိုးအစားက အလွန်ရှားပါးသည်မှာ ထင်ရှားလှသည်။ သူသည် အချိန်အတော်ကြာရှာဖွေပြီးမှ နောက်တစ်ပင်ကို ထပ်မံတွေ့ရှိခဲ့သည်။

ဝမ်ရှီရှီက သူ၏လက်ထဲမှမြက်ပင်ကို ကြည့်လိုက်သော်လည်း အခြားမြက်ပင်များနှင့် မည်သို့ကွာခြားသည်ကို မတွေ့ရှိခဲ့ပေ။ ၎င်းသည် သာမန်မြက်ပင်တစ်ပင်သာဖြစ်သည်။ ထူးဆန်းသည်ဟုဆိုရမည်ဆိုလျှင်မူ ၎င်း၏အရွက်များတွင် ငွေရောင်အကြောလေးများရှိနေခြင်းပင်ဖြစ်သည်။ သို့သော် ဤအနည်းငယ်မျှသော ထူးခြားမှုသည် သန္ဓေပြောင်းခြင်းများဖြင့်ပြည့်နှက်နေသော ဤကမ္ဘာကြီးတွင် အလွန်ပင်သာမန်ဖြစ်နေခဲ့ပြီဖြစ်သည်။

"ဒီမြက်ပင်နဲ့ချက်တဲ့ဟင်းရည်က... သောက်လို့ကောင်းလို့လားဟင်" ဝမ်ရှီရှီက စပ်စုစွာမေးလိုက်သည်။

"ငါတော့မစမ်းကြည့်ရသေးဘူး... ဒါပေမဲ့ သောက်လို့ကောင်းမှာမဟုတ်တာတော့ သေချာတယ်" လော်ယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို ကိုကြီးက ဘာလို့ဒီလိုမြက်ပင်မျိုးကို လိုက်ရှာနေတာလဲ" ဝမ်ရှီရှီက စေ့စေ့စပ်စပ် မေးမြန်းလိုက်သည်။

လော်ယွမ်သည် နောက်ဆုံးတွင် ခါးကိုမတ်လိုက်ပြီး ဝမ်ရှီရှီကိုကြည့်ကာ "နင်အဲ့လောက်အားနေလား... ဒီနေ့လေ့ကျင့်ခန်းတွေ လုပ်ပြီးပြီလား" ဟု မေးလိုက်သည်။

"နေ့တိုင်းလူကိုတွေ့တာနဲ့... ဒါပဲမေးနေတာပဲ... သမီးက ကလေးမဟုတ်တော့ဘူးရှင့်" ဝမ်ရှီရှီက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ "သမီးအခုဆို ငှက်တစ်ကောင်လိုတောင် ပျံနိုင်နေပြီ"

"ငါ့လာကြွားမနေနဲ့... အခုပျံပြစမ်း" လော်ယွမ်က စိတ်ထဲတွင် အနည်းငယ်မနာလိုဖြစ်သွားကာ ပြောလိုက်သည်။ ထိုတစ်ကြိမ် သန္ဓေပြောင်းပုရွက်ဆိတ်ကိုက်ခံရပြီး သတိလစ်သွားပြီးနောက် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကြောင့်လော၊ ရေရှည်လေ့ကျင့်မှု၏ရလဒ်ကြောင့်လော မသိသော်လည်း ဝမ်ရှီရှီသည် သတိပြန်လည်ရရှိလာပြီးနောက်တစ်နေ့တွင် ပျံသန်းနိုင်သွားခဲ့သည်။ ဤသည်မှာ အဆိုးထဲမှ အကောင်းထွက်လာခြင်းပင်ဖြစ်သည်။

သို့သော် ဤ "ပျံသန်းခြင်း" မှာ ပိုပိုသာသာပြောဆိုခြင်းသာဖြစ်ပြီး တိတိကျကျဆိုရလျှင် လေထဲတွင်လွင့်မျောနေခြင်းသာဖြစ်သည်။ မြေပြင်မှ အမြင့်ဆုံး၁၅ပေအထိ ဒေါင်လိုက်တက်နိုင်သည်။

သို့သော် လေထဲတွင်လွင့်မျောနေရန်လွယ်ကူသော်လည်း လေထဲတွင်ရှေ့သို့မည်သို့သွားရမည်မှာမူ အတော်ပင်ခက်ခဲလှသည်။ အားသက်ရောက်မှုပုံစံအရ ကြည့်မည်ဆိုလျှင် ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သည်ဖြစ်ရာ ရှေ့သို့တိုးခြင်းမှာလည်း ဖြစ်သင့်ဖြစ်ထိုက်သောအရာပင်ဖြစ်ပြီး အားသက်ရောက်သည့်ထောင့်ကို အနည်းငယ်ပြောင်းလဲပေးရုံသာဖြစ်သည်။

သို့သော် ဤအရာအားလုံးသည် စိတ်ကူးထဲမှအခြေအနေများသာဖြစ်သည်။ လူသည် ကုန်းနေသတ္တဝါဖြစ်ပြီး လေထဲတွင်ရှိနေပါက စိတ်လှုပ်ရှားရုံသာမက မြင်ကွင်းမှာလည်း နှစ်ဘက်မြင်မှ သုံးဘက်မြင်သို့ပြောင်းလဲသွားသည်။ ထို့အပြင် မည်သည့်အရာကိုမျှ အားပြုစရာမရှိသောကြောင့် မိမိ၏ခန္ဓာကိုယ်နှင့် စိတ်ခံစားချက်ကို ထိန်းချုပ်ရန်အလွန်ခက်ခဲပြီး အနည်းငယ်မှားယွင်းသွားသည်နှင့် ခန္ဓာကိုယ်ယိုင်နဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားနိုင်သည်။

လေထဲတွင်လွင့်မျောခြင်းနှင့် ပျံသန်းခြင်းသို့သည် ခြေတစ်လှမ်းစာမျှသာဖြစ်သော်လည်း ထပ်ခါတလဲလဲလေ့ကျင့်ခြင်းနှင့် အသားကျအောင်ပြုလုပ်ခြင်းမရှိပါက ကျော်လွှားရန်အလွန်ခက်ခဲလှသည်။

"ပျံပြဆို ပျံပြမှာပေါ့" ဝမ်ရှီရှီက မကျေမနပ်ဖြင့် ဟွန့်ခနဲအသံပြုလိုက်ပြီး ခွက်ကိုခပ်ဝေးဝေးတွင်ချကာ လော်ယွမ်ကိုတစ်ချက်မျက်စောင်းထိုးကြည့်ပြီး "သမီးစတော့မယ်နော်" ဟု ပြောလိုက်သည်။

လော်ယွမ်က ဘေးသို့ရှောင်ပေးပြီး ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ရှီရှီက အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။ ထို့နောက် မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ရပ်က မြေပြင်ပေါ်သို့ ချက်ချင်းသက်ရောက်သွားပြီး ဖုန်မှုန့်အများအပြားလွင့်စင်သွားကာ အနီးအနားမှမြက်ပင်များမှာ ကြီးမားသောအားဖြင့်ဖိနှိပ်ခံလိုက်ရသကဲ့သို့ လဲကျသွားကြသည်။

သူမသည် ဖြည်းညင်းစွာလေထဲသို့ ပေါ်တက်လာပြီး ပတ်ဝန်းကျင်မှလေထုမှာ အနည်းငယ်လှိုင်းထနေသကဲ့သို့ရှိသည်။ ၉ပေအမြင့်သို့ရောက်သောအခါ သူမသည် အပေါ်သို့တက်ခြင်းကိုရပ်တန့်လိုက်ပြီး ရှေ့သို့ပျံသန်းရန်ကြိုးစားသည်။ အစပိုင်းတွင် သူမ၏အမြန်နှုန်းမှာ အလွန်နှေးကွေးပြီး မျက်နှာမှာ တည်ကြည်လေးနက်နေသည်။ သို့သော် တဖြည်းဖြည်းအသားကျလာသောအခါ သူမသည် အရှိန်ကိုဖြည်းညင်းစွာမြှင့်တင်လာပြီး မူလကတစ်စက္ကန့်လျှင် ၆ပေ၊ ၇ပေခန့်မှ တစ်စက္ကန့်လျှင် ပေ၂၀၊ ၃၀အထိ တဖြည်းဖြည်းရောက်ရှိလာသည်။

"တည့်တည့်ပဲမသွားနဲ့... ကွေ့ကြည့်ဦး" လော်ယွမ်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။

ဝမ်ရှီရှီ၏ခန္ဓာကိုယ်က တစ်ချက်တန့်သွားပြီး အရှိန်မှာတဖြည်းဖြည်းပြန်လည်ကျဆင်းသွားသည်။ ငါးစက္ကန့်ခန့်ကြာမှ သူမသည် ယိုင်နဲ့စွာဖြင့် ၃၀ ဒီဂရီထောင့်ချိုးတစ်ခုကို ကွေ့နိုင်ခဲ့သည်။ တစ်မိနစ်အကြာတွင် သူမသည် မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်လာပြီး အသက်ရှူသံမှာ အနည်းငယ်မောဟိုက်နေသည်။

"ဒါလားနင်ပြောတဲ့ ငှက်တစ်ကောင်လိုပျံတယ်ဆိုတာ... နင်ပြောတဲ့ငှက်က ငှက်ကုလားအုတ်ပဲနေမယ်" လော်ယွမ်က ညှာတာမှုကင်းမဲ့စွာဖြင့် လှောင်ပြောင်လိုက်သည်။

"သမီးနေ့တိုင်းလေ့ကျင့်နေတာပဲ... ဒါပေမဲ့ ကွေ့ရတာအရမ်းခက်တယ်... သမီးဘယ်လိုမှထိန်းချုပ်လို့မရဘူး" ဝမ်ရှီရှီသည် ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။

"ခက်တယ်ဆိုရင် အသေအလဲလေ့ကျင့်... ပင်ကိုယ်ဗီဇဖြစ်သွားတဲ့အထိ အရိုးထဲစွဲသွားတဲ့အထိလေ့ကျင့်... ဘယ်သူမှမွေးထဲကမတတ်ဘူး... နင့်မှာ ဒီလောက်ကောင်းတဲ့အစွမ်းရှိထားတာကို မကြိုးစားရင် အရမ်းနှမြောဖို့ကောင်းတယ်" လော်ယွမ်က ပြောလိုက်သည်။

"သမီးလည်း အရမ်းကြိုးစားပြီး လေ့ကျင့်နေတာပဲကို" ဝမ်ရှီရှီက ဝမ်းနည်းစွာဖြင့် မျက်ရည်ကျချင်လာပြီး အသံမှာငိုသံပါနေသည်။ "သမီးက ကိုကြီးကို ရေဆာနေမှာစိုးလို့ ရေတစ်ခွက်လာပို့တာကို... ကိုကြီးက မျက်နှာကြီးတင်းပြီးတော့ လာဆူနေတယ်"

ဝမ်ရှီရှီ၏မျက်ဝန်းများတွင် မျက်ရည်များဝိုင်းတက်လာသည်ကိုမြင်သောအခါ လော်ယွမ်၏စိတ်မှာလည်း ပျော့ပျောင်းသွားပြီး "အေးပါ... ငါပြောတာ နည်းနည်းလွန်သွားတယ်ထင်တယ်... နင်အရမ်းကြိုးစားနေတာ ငါသိပါတယ်... ဒါပေမဲ့ ငါ့အမြင်မှာတော့ အဲ့လောက်နဲ့မရသေးဘူး... တခြားသူသာဆို ငါက ဂရုတောင်စိုက်မှာမဟုတ်ဘူး... ဒါပေမဲ့နင်ကတော့ မတူဘူးလေ" ဟု ပြောလိုက်သည်။

"သမီးက ဘယ်လိုမတူလို့လဲ" ဝမ်ရှီရှီက နှုတ်ခမ်းစူကာ မနေနိုင်ဘဲမေးလိုက်သည်။

"နင်က ငါနဲ့အတူရှိနေတာ အကြာဆုံးပဲလေ... ငါတို့အားလုံး ဒီကမ္ဘာပျက်ခေတ်ကြီးကို အတူတူဖြတ်သန်းခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် မိသားစုတွေလို အပြန်အလှန်မှီခိုအားထားခဲ့ကြတာ... ပြီးတော့ဒီခေတ်ကြီးထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ နင့်မှာအစွမ်းအစရော အလားအလာရောရှိနေတာပဲ... အဲ့တော့ငါနင့်အပေါ်ထားတဲ့ မျှော်လင့်ချက်က ပိုပြီးပြင်းထန်တယ်... ဒါကိုနင်နားလည်လား" လော်ယွမ်က လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

ဝမ်ရှီရှီသည် "တစ်ယောက်ကိုတစ်ယောက် မိသားစုတွေလို အပြန်အလှန်မှီခိုအားထားခဲ့ကြတာ" ဟူသောစကားကိုကြားသောအခါ မျက်နှာမှာနီရဲသွားပြီး ကျန်စကားများကိုမူ လုံးဝနားမလည်တော့ပေ။

"ဟုတ်ပြီ... ငါတို့အထဲပြန်ဝင်ရအောင်" လော်ယွမ်က ဝမ်ရှီရှီ၏လိမ္မာယဉ်ကျေးသောအမူအရာကိုမြင်ပြီး ကျေနပ်စွာဖြင့်ပြောလိုက်သည်။

"ဟုတ်"

………………………………………………………………………………………………………………

"ဒီမြက်ပင်တွေကို... ဟင်းရည်တစ်ခွက်ရအောင် ချက်လိုက်" လော်ယွမ်သည် ကျောက်ဂူသို့ပြန်ရောက်သောအခါ အမျိုးသမီးအချို့ သန့်ရှင်းရေးလုပ်နေသည်ကိုတွေ့သောကြောင့် မြက်ပင်များကို ကျောက်စားပွဲပေါ်တင်ကာ မှာကြားလိုက်သည်။

"သိပြီ... ရေဘယ်နှစ်ခွက်လောက် ထည့်ရမလဲ" ဟွမ်ကျားဟွေက လျှောက်လာပြီး ထိုမြက်ပင်များကို ထူးဆန်းစွာတစ်ချက်ကြည့်ကာ အများကြီးမမေးတော့ပေ။

"လေးခွက် တစ်ခွက်ဖြစ်အောင်ကျိုလိုက်" လော်ယွမ်က ခဏစဉ်းစားပြီးနောက် "နေဦး... ကျန်တဲ့လူတွေရော" ဟု မေးလိုက်သည်။

"ဟိုဧရာမမျောက်ဝံကြီးနဲ့ ဒီနားတဝိုက်မှာ အမဲလိုက်ထွက်သွားကြတယ်" ဟွမ်ကျားဟွေက နှုတ်ခမ်းကိုစေ့ကာ ပြုံးလျက်ပြောလိုက်သည်။

ဧရာမမျောက်ဝံကြီးသည် ဉာဏ်ရည်အလွန်မြင့်မားပြီး လူသားများနှင့် များစွာမကွာခြားပေ။ ထို့အပြင် စိတ်ဓာတ်မှာလည်း အလွန်တက်ကြွလှသည်။ အစပိုင်းတွင် သူစိမ်းဖြစ်သောကြောင့် လိမ္မာယဉ်ကျေးစွာဖြင့် ရက်အနည်းငယ်ငြိမ်သက်နေခဲ့သော်လည်း မကြာမီမှာပင် လူတိုင်းနှင့် ရင်းနှီးသွားခဲ့သည်။ ထို့အပြင် လူတိုင်းက တမင်ဖော်ရွေစွာဆက်ဆံသောကြောင့် ဆက်ဆံရေးအရဆိုလျှင် လော်ယွမ်ထက်ပင် ပိုမိုရင်းနှီးနေသေးသည်။ ယခုဆိုလျှင် ၎င်းကိုခေါ်ဆောင်ကာ အတူတူအမဲလိုက်ထွက်နိုင်သည်အထိ ဖြစ်နေပြီဖြစ်သည်။

သို့သော် ဤသို့သောအဖြစ်အပျက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်မဟုတ်တော့သည့်အပြင် အများအားဖြင့် အဝေးကြီးသို့မသွားသောကြောင့် လော်ယွမ်လည်း သိပ်မစိုးရိမ်ပေ။

ဟွမ်ကျားဟွေ၏လက်မှာ လျင်မြန်လှသည်။ မြက်ပင်များကိုဆေးကြောပြီးနောက် ကျောက်အိုးထဲသို့ထည့်ကာ စတင်ကျိုချက်သည်။ မကြာမီမှာပင် နှာခေါင်းစူးသောအနံ့တစ်မျိုးက တဖြည်းဖြည်းပျံ့နှံ့ထွက်ပေါ်လာသည်။ ဟွမ်ကျားဟွေသည် အကြိမ်ကြိမ်နှာချေပြီးနောက် အနားသို့မကပ်ဝံ့တော့ပေ။

"အကိုယွမ်... ဒါကဘာမြက်လဲဟင်... အနံ့ကတော်တော်စူးတယ်နော်" အနီးအနားမှ ချောင်လင်းလည်း အနံ့ရသောကြောင့် မနေနိုင်ဘဲမေးလိုက်သည်။

"အရမ်းထူးဆန်းတဲ့မြက်ပင်တစ်မျိုးပဲ" လော်ယွမ်က ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။ "စားလိုက်ရင် လူရဲ့အာရုံကြောတွေကို အရမ်းထက်မြက်စေပြီး အရမ်းလည်းနာကျင်စေတယ်"

"ဒါဆို ရှင်ကဘာလုပ်မလို့လဲ... စားမလို့လား" ဟွမ်ကျားဟွေက အလျင်အမြန်မေးလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြသည်။ "စိတ်စွမ်းအားရဲ့အသုံးဝင်ပုံကို နင်လည်းသိမှာပဲ... နာကျင်တာကို အောင့်ခံနိုင်တာက စိတ်စွမ်းအားကို အကြီးအကျယ်လေ့ကျင့်ပေးနိုင်တယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီမြက်က အဆိပ်မရှိဘူး"

အားလုံးက အသက်ကိုအောင့်လိုက်ကြသည်။

"အဲ့လောက်... လိုလို့လား" ဟွမ်ကျားဟွေ၏မျက်နှာထားမှာ ရှုပ်ထွေးနေသည်။ ဤသည်မှာ ကြိုးစားအားထုတ်မှုဟုပင် မဆိုနိုင်တော့ဘဲ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင်ဖြစ်သည်။ လော်ယွမ်က မည်သို့သိရှိသည်ကို သူမ မမေးတော့ပေ။ သူ၌ အမြဲတစေ လျှို့ဝှက်ဆန်းကြယ်သောစွမ်းရည်များရှိပြီး မည်သည့်အရာကိုစားနိုင်သည်၊ မည်သည့်အရာက အဆိပ်ရှိသည်ကို ခွဲခြားသိမြင်နိုင်သည်။

လော်ယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။ "အခုနာတာကိုခံစားတာက… အရေးကြုံမှ မရင်ဆိုင်နိုင်တဲ့အန္တရာယ်နဲ့တွေ့ပြီး သေသွားတာထက် ပိုကောင်းတယ်"

"ဒါဆို ကျွန်မအတွက်လည်း နည်းနည်းချန်ထားပေး" ဟွမ်ကျားဟွေက မိမိသည်ယခုအခါ လော်ယွမ်၏ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး မည်သည့်အရာမျှ မကူညီနိုင်သည်ကိုတွေးမိကာ အံကိုကြိတ်လျက်ပြောလိုက်သည်။

"သမီးလည်း စမ်းကြည့်မယ်" ဝမ်ရှီရှီကလည်း ပြောလိုက်သည်။

အားပေးမှုရရှိသွားသကဲ့သို့ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက်ပြောဆိုကြသည်။

"နင်တို့ တကယ်သေချာလို့လား" လော်ယွမ်က ဤအမျိုးသမီးများကို ရယ်ချင်စိတ်ဖြင့်ကြည့်ကာ "အချိန်ကျမှ အော်မငိုကြနဲ့နော်"

သူသည် ဤသို့သောနာကျင်မှုကို စမ်းသပ်ခံစားဖူးသည်။ ထိုစဉ်က အရွက်တစ်ရွက်ကိုသာ ဝါးစားခဲ့ရုံဖြင့် တစ်ကိုယ်လုံးပြင်းထန်စွာနာကျင်သည်ဟု ခံစားခဲ့ရသည်။ ဤပြင်းထန်သောနာကျင်မှုမှာ ဖော်ပြ၍မရပေ။ ၎င်းသည် တစ်ကိုယ်လုံးနေရာအနှံ့အပြား၊ ကြွက်သားတိုင်း၊ အတွင်းကလီစာတိုင်းမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးမီးလောင်နေသကဲ့သို့ ခံစားရကာ သတိလစ်သွားချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

လော်ယွမ်၏ တစ်ဆယ့်လေးမှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုပင်လျှင် ဤပြင်းထန်သောနာကျင်မှုကို မတွန်းလှန်နိုင်ခဲ့ပေ။ အဲ့ဒီတုန်းက သူသည် ဆယ့်ငါးမိနစ်ခန့် နာကျင်ခံစားခဲ့ရပြီးမှ သူ၏စိတ်မှာ တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာခဲ့သည်။ ငရဲပြည်သို့ အလည်တစ်ခေါက်သွားခဲ့ရသကဲ့သို့ပင်။

ဤသည်မှာ အရွက်တစ်ရွက်၏အာနိသင်သာဖြစ်ပြီး ယခုတွင်မူ ဆယ်ပင်ကျော်ခန့်ရှိနေသည်။ လော်ယွမ်ပင်လျှင် စိတ်ထဲတွင်ကြောက်ရွံ့စိတ်ဖြစ်ပေါ်မိသည်။

"အမျိုးသမီးတွေကို အထင်သေးတာလား... နာကျင်တာကို ခံနိုင်တာချင်းယှဉ်ရင် ယောက်ျားတွေက မိန်းမတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ... ကလေးမွေးတဲ့နာကျင်မှုကို ယောက်ျားတွေ လုံးဝစိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး" ဟွမ်ကျားဟွေက မကျေမနပ်ဖြင့်ပြောလိုက်ပြီးနောက် သူမ၏သမီးကိုသတိရကာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။

"ဟုတ်ပြီ... ဒါဆိုရင်လည်း အားလုံးစမ်းကြည့်ကြပေါ့" လော်ယွမ်က ဘာမျှမတတ်နိုင်ဘဲပြောလိုက်သည်။

ဟင်းရည်မှာ မကြာမီမှာပင် ကျက်သွားပြီး သစ်သားပန်းကန်လုံးတစ်လုံးထဲသို့ လောင်းထည့်လိုက်သည်။ ဟင်းရည်မှာ လိမ္မော်ရောင်ဖြစ်ပြီး အလွန်နှာခေါင်းစူးသောအနံ့ကို ထုတ်လွှတ်နေသည်။ သို့သော် ကမ္ဘာပျက်ကာလမှလူများအနေဖြင့် ခံနိုင်ရည်မှာ သာမန်လူများနှင့်မယှဉ်သာတော့ပေ။ ဤသို့သောအနံ့သည် အမျိုးသမီးအချို့ကို အနည်းငယ်မျက်မှောင်ကြုတ်စေရုံသာဖြစ်သည်။

ဟင်းရည်ကို အနည်းငယ်ခွဲထုတ်ကာ အခြားပန်းကန်ငယ်များထဲသို့ လောင်းထည့်လိုက်သည်။ လူတိုင်းနီးပါး ဇွန်းတစ်ဇွန်းစာခန့် ရရှိကြသည်။ လော်ယွမ်သာမတားဆီးပါက သူတို့အညီအမျှခွဲဝေပစ်မည်မှာ သေချာသည်။

"ငါအရင်သောက်လိုက်မယ်" လော်ယွမ်က ပန်းကန်လုံးကိုကိုင်မြှောက်ကာ အကြိမ်အနည်းငယ်မှုတ်ပြီးနောက် အသက်ကိုပြင်းပြင်းတစ်ချက်ရှူကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ဟင်းရည်ဖြစ်သောကြောင့် ဤတစ်ကြိမ်အာနိသင်ပြခြင်းမှာ ယခင်တစ်ကြိမ်ထက်ပိုမိုမြန်ဆန်သည်။ သူသောက်ပြီး၍ စက္ကန့်အနည်းငယ်အကြာမှာပင် သူ၏မျက်နှာမှာ တောင့်တင်းသွားပြီး ညည်းညူသံတစ်ချက်ပြုကာ လက်ထဲမှသစ်သားပန်းကန်လုံးမှာ အားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သူ၏မျက်နှာမှာ အလွန်ရှုံ့မဲ့နေပြီး တစ်ကိုယ်လုံးမှကြွက်သားများမှာ ပြင်းထန်စွာတုန်ခါလာကာ သွားများကို တကျွတ်ကျွတ်မြည်အောင်ကိုက်ခဲထားသည်။ ချွေးသီးများက နဖူးမှအဆက်မပြတ်စိမ့်ထွက်လာပြီး မြေပြင်ပေါ်သို့ကျကာ ကြေမွသွားသည်။

သူက အံကိုကြိတ်ကာ အတင်းအကျပ်သည်းခံထားသော်လည်း စက္ကန့်အနည်းငယ်အကြာမှာပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး တစ်ကိုယ်လုံးမှာ အလိုအလျောက်တဆတ်ဆတ်တုန်ခါကာ လူးလိမ့်နေတော့သည်။

အားလုံးမှာ သူနှင့်အတူတူခံစားနေရသကဲ့သို့ မျက်နှာများဖြူဖျော့သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပန်းကန်လုံးထဲမှ လိမ္မော်ရောင်အရည်ကိုကြည့်ရင်း စိတ်ထဲမှအေးစက်မှုတစ်ခုထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသည်။

ဆက်ရန်...

အပိုင်း(၂၃၅)ဦးတည်ချက်

အောင့်သက်သက် ညည်းညူသံများ ကျောက်ဂူထဲ၌ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေပြီး အသံသည် အလွန်အမင်း ဖိနှိပ်မှုနှင့် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမတို့၏ အသိအမြင်ထဲ၌ လော်ယွမ်သည် ဤသို့သော အခြေအနေမျိုးကို တစ်ခါမျှ မပြသခဲ့ဖူးချေ။ ပြင်းထန်စွာ ဒဏ်ရာရပြီး ပါးစပ်မှ သွေးများ ထွက်သည့်တိုင်အောင် သူသည် ဘာမှမဖြစ်သည့်အလား၊ သာမန်လူတစ်ယောက်ကဲ့သို့ပင် ဟန်ဆောင်နေခဲ့သည်။

ယခုအခါ ဤသို့ ပြုမူနေခြင်းသည် ဤနာကျင်မှုက သူ၏ သည်းခံနိုင်စွမ်း၏ အဆုံးစွန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ထင်ရှားလှ၏။

"သူ ဒီလိုဖြစ်နေတာ ဘာမှမဖြစ်လောက်ဘူးလား" ကျိုးယလီက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"နာတာကလွဲရင် ဘာမှမဖြစ်လောက်ပါဘူး... လော်ယွမ်က အဲ့လောက် မဆင်မခြင်လုပ်မယ့်လူ မဟုတ်ဘူး... ခဏနေရင်သူကောင်းသွားလိမ့်မယ်" ဟွမ်ကျားဟွေက စဉ်းစားပြီး ပြောလိုက်သည်။ တကယ်တမ်းတွင် တခုခုဖြစ်လျှင်တောင် သူမ၌ ဘာနည်းလမ်းမှမရှိဘဲ ကံကြမ္မာကိုသာ အားကိုးရမည်ဖြစ်သည်။

လော်ယွမ်သည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေပြီး မြေပြင်သည် သူ၏ ချွေးများဖြင့် စိုစွတ်သွားကာ စိုစွတ်သော အကွက်ကြီးတစ်ခု ကျန်ရှိနေခဲ့သည်။

အမျိုးသမီးများက ဤမြင်ကွင်းကို မြင်တွေ့ရပြီး စိတ်ထဲ၌ တင်းကျပ်သွားသည်။ ချောင်လင်းက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ဒါဆို... ကျွန်မတို့... သောက်ကြဦးမှာလား"

ကျိုးယလီသည် ပါးစပ်ကို ဟလိုက်သော်လည်း လည်ချောင်းသည် တစ်ဆို့နေသည့်အလားပင်။ အချိန်အတော်ကြာမှသာလျှင် စကားထွက်လာခဲ့သည်။ "ကျွန်မထင်တာတော့ အရင်ဆုံး ခဏစောင့်ပြီး... လော်ယွမ် ပြန်ကောင်းလာမှပဲ ပြောကြတာပေါ့"

စကားဖြင့် ထုတ်မပြောသော်လည်း စကားထဲမှ အဓိပ္ပာယ်မှာမူ နောက်ဆုတ်လိုစိတ်ရှိနေလေပြီ။ သူမသည် သာမန်အားဖြင့် အသားနာမည်ကို ကြောက်တတ်သူဖြစ်ပြီး သာမန်ဒဏ်ရာများကိုမူ သည်းခံနိုင်သေးသည်။ သို့သော် ဤသို့ လော်ယွမ်ပင်လျှင် မခံနိုင်သော နာကျင်မှုကိုမူ စဉ်းစားကြည့်ရုံမျှဖြင့်ပင် ကြက်သီးထဖွယ်ကောင်းလှသည်။

"အဲ့ကျရင် ကိုကြီးယွမ်တော့ သမီးတို့ကိုလှောင်တော့မှာပဲ... ပြီးတော့သမီးတို့က စကားကြီးစကားကျယ်တွေတောင် ပြောထားသေးတာ" ဝမ်ရှီရှီသည် မြေပြင်ပေါ်၌ လူးလိမ့်နေသော လော်ယွမ်ကို စိုးရိမ်စွာ ကြည့်လိုက်ပြီးနောက် လူကို တစ်ကိုယ်လုံး အေးစက်သွားစေသော လိမ္မော်ရောင် အရည်ခွက်ကို သတိဖြင့် တစ်ချက် လှမ်းကြည့်လိုက်ကာ အားနည်းစွာဖြင့် ပြောလိုက်သည်။

သူမသည် သာမန်အားဖြင့် လော်ယွမ်ကို အလေးစားဆုံးဖြစ်သည့်အတွက် သူ၏ အမြင်ကို အလေးထားဆုံးဖြစ်သည်။ ထို့အပြင် ယခင်က သူမသည် စကားကြီးစကားကျယ်ပြောမိသည့်အတွက် ဆုံးမခြင်းကို ခံခဲ့ရသေးသည်။

ဝမ်ရှီရှီ၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

"သောက်လိုက်ရအောင်... ဒါကအဆိပ်မှမဟုတ်တာ... ခဏလောက် နာရုံပါပဲ... ကျွန်မ ကလေးမွေးတုန်းကလည်း သည်းခံနိုင်ခဲ့တာပဲ" ဟွမ်ကျားဟွေက အံကိုကြိတ်ကာ ပြောလိုက်သည်။ သူမသည် သာမန်အားဖြင့် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကဲ့သို့ ထင်ရသော်လည်း အရေးကြီးသည့်အချိန်၌မူ အရာအားလုံးကို စွန့်လွှတ်ဝံ့သော သတ္တိတစ်မျိုးရှိနေသည်။

သူမသည် လက်တစ်ဖက်ဖြင့် ပန်းကန်ကို ဆွဲယူလိုက်ပြီး တစ်ချိုက်တည်း မော့ချရန် ပြင်ဆင်နေစဉ်မှာပင် ကျန်သူများ၏ အံ့ဩတကြီးအော်သံကို ကြားလိုက်ရသည်။

"သူ ထရပ်လိုက်ပြီ" အသံသည် အံ့ဩခြင်းနှင့်... ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

ဟွမ်ကျားဟွေသည် အလျင်အမြန် လှမ်းကြည့်လိုက်ရာ လော်ယွမ်သည် ရုန်းကန်ရင်း ဖြည်းညင်းစွာ ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ၏ သွားများသည် တင်းကျပ်စွာ ကြိတ်ထားပြီး ပါးရိုးများသည် မြင့်မားစွာ ဖောင်းကြွနေသည်။ မျက်နှာသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး မျက်နှာမှ ကြွက်သားများသည် အဆက်မပြတ် တုန်ခါနေသည်။ ထို့အပြင် နီမြန်းနေသော မျက်လုံးတစ်စုံနှင့် ပေါင်းစပ်လိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ကဲ့သို့ လူကို ကိုက်ဖြတ်စားသောက်တော့မည့်အလား ကြည့်ရှုသူကို ကြောက်ရွံ့သွားစေသည်။

"လော်ယွမ်... ရှင် ဘာဖြစ်တာလဲ" ဟွမ်ကျားဟွေသည် ကြောက်ရွံ့မှုကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ပြေးသွားခဲ့သည်။

"ဖယ်ကြ... အားလုံး ဒီကနေ မြန်မြန်ထွက်သွားကြ" လော်ယွမ်သည် လက်ကို လွှဲယမ်းလိုက်ပြီး ဟွမ်ကျားဟွေကို တွန်းထုတ်လိုက်သည်။ သူ၏ အသံသည် သွားကြားထဲမှ တစ်စစီ ညှစ်ထုတ်လိုက်သည့်အလား အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ လူကို ကြက်သီးမွေးညင်းများ ထောင်သွားစေသည်။

"ကိုကြီးယွမ်... ရရဲ့လား" ဝမ်ရှီရှီက အလျင်အမြန် ပြောလိုက်သည်။

"အပိုစကားတွေ ထပ်မပြောနဲ့တော့... အားလုံး ငါ့နားကနေ ထွက်သွားကြ... မြန်မြန်ထွက်သွားကြ" သူ၏ ကိုယ်ပေါ်၌ အလင်းရောင်များ တဖြည်းဖြည်း ပြောင်းလဲလာပြီး အလင်းရောင်ဖျော့ဖျော့တစ်လွှာက အဆက်မပြတ် တောက်ပနေသည့်အလားပင်။ တစ်ချိန်တည်းမှာပင် ဖိနှိပ်မှုရှိသော အငွေ့အသက်တစ်ခုသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

"အမြန်... ဒီကနေ အမြန်ထွက်ကြ... လော်ယွမ် မထိန်းချုပ်နိုင်တော့ဘူး" ဟွမ်ကျားဟွေက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။ နာကျင်မှုသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ လူ၏ အသိဉာဏ်သည် ပြိုလဲသွားပြီး ရူးသွပ်စွာ ပေါက်ကွဲထွက်မည်ကို သူမသိသည်။ ထိုအခါ၌ ဤနေရာ၌ ကျန်ရှိနေခြင်းသည် အလွန်အမင်း အန္တရာယ်များသွားပေလိမ့်မည်။

အမျိုးသမီးများ၏ မျက်နှာသည် ပြောင်းလဲသွားပြီး ဤနေရာမှ အလျင်အမြန် ပြေးထွက်သွားကြသည်။

အရှိန်အဝါသည် တဖြည်းဖြည်း မြင့်တက်လာပြီး ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုတစ်မျိုးသည် လူတိုင်း၏ နှလုံးသားထဲသို့ တဖြည်းဖြည်း စီးဝင်လာခဲ့သည်။ လူတိုင်းသည် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားကြပြီး ပေ၁၅၀အကွာသို့ ရောက်မှသာလျှင် နောက်ဆုံး၌ ရပ်တန့်လိုက်ကြသည်။

ခြေလှမ်းများ ရပ်တန့်သွားသည်နှင့် အဝေးမှ ဘုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ဤသို့သောအသံသည် ဆက်တိုက် ပေါက်ကွဲထွက်လာကာ နောက်ဆုံး၌ တစ်ဆက်တည်း ဖြစ်သွားတော့သည်။

ပေ၁၅၀ ပတ်လည်အတွင်းနှင့် အပြင်သည် ကမ္ဘာနှစ်ခုအဖြစ်သို့ ကွဲကွာသွားသည့်အလားပင်။ အပြင်မှ အတွင်းသို့ လှမ်းကြည့်လိုက်သည့်အခါ အလွန်အမင်း ဝေဝါးနေပြီး အပူချိန်မြင့်မားစွာ အပူပေးခံထားရသော လေထုကဲ့သို့ အရာအားလုံးသည် အမှန်တကယ်မရှိဘဲ လိမ်ကောက်နေသည့်အလား ထင်မှတ်ရသည်။

အပြင်ဘက်၌ ရှိနေသည့်တိုင်အောင် အားလုံးက ပြင်းထန်သော ဖိနှိပ်မှုကို ခံစားနေကြရသည်။

ချောင်လင်းသည် ခြေအောက်မှ မြေကြီး အနည်းငယ် တုန်ခါနေသည်ကို ခံစားမိပြီး မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားကာ စိတ်ထဲ၌ တွေးလိုက်သည်။ ဤသည်မှာ လူသားတစ်ဦး ဟုတ်သေးရဲ့လား။

...............................................................................................................

ထိုအချိန်၌ ကျောက်ဂူသည် မိုးခြိမ်းသံများ တဝုန်းဝုန်း ပေါက်ကွဲနေသည့်အလားပင်။ အတွင်း၌ မီးခိုးငွေ့များ ကောင်းကင်၌ ပြည့်နှက်နေပြီး သဲများ၊ ကျောက်စရစ်ခဲများ လွင့်နေကာ မျက်စိဖြင့် မမြင်နိုင်တော့ဘဲ ရူးသွပ်နေသော သားရဲကြီးတစ်ကောင်က အတွင်း၌ ထင်တိုင်းကြဲနေသည့်အလားပင်။

ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ဤဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများသည် သာမန်အသိတရားကို လုံးဝ ကျော်လွန်သွားပြီး ကောင်းကင်၌ အရှိန်ပြင်းစွာ တုန်ခါနေကာ အချိန်အကြာကြီး ကျဆင်းမလာခြင်းပင်ဖြစ်သည်။

အဆင့်တက်ပြီး အမှတ်များ ထည့်ပြီးနောက် ယခုအခါ၌ သူ၏ ဓားသိုင်းသည် ကျွမ်းကျင်သူအဆင့် ၅ သို့ ရောက်ရှိသွားခဲ့လေပြီ။ အရှိန်အဝါကို အသုံးပြုရာ၌ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော အခြေအနေသို့ လုံးဝ ဝင်ရောက်သွားခဲ့လေပြီ။ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနယ်ပယ်အောက်၌ လေထုသည် စေးပျစ်ပြီး ဖိနှိပ်မှုရှိနေကာ ရိုင်းစိုင်းကြမ်းတမ်းသော အငွေ့အသက်တစ်မျိုးဖြင့် ပြည့်နှက်နေသည်။ သာမန်သန္ဓေပြောင်းသားရဲတစ်ကောင် ဤနေရာ၌ ရှိနေပါက တိုက်ခိုက်ရန်မပြောနှင့်၊ တစ်ခဏအတွင်းမှာပင် အသက်ဆုံးရှုံးသွားပေလိမ့်မည်။

ထူထဲစွာ လူးလွန့်နေသော ဖုန်မှုန့်များထဲ၌ ဝေဝါးသော လူရိပ်တစ်ဦးသည် ရူးသွပ်စွာဖြင့် နေရာအနှံ့ တိုက်ခိုက်နေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် စူးရှသော အသံပေါက်ကွဲမှုကို ထုတ်လွှတ်ပြီး ကျောက်နံရံ၌ နက်ရှိုင်းသော ချိုင့်ခွက်တစ်ခုကို ချန်ထားခဲ့သည်။ အရှိန်အဝါ၏ အကျိုးသက်ရောက်မှုအောက်၌ ပတ်ဝန်းကျင်မှ လေထုသည် လှုပ်ခတ်နေပြီး လှုပ်ရှားမှုနှင့် အပြန်အလှန် ဆွဲငင်ကာ အနည်းငယ် ပေါင်းစပ်နေသည့်အတွက် သူ၏ တိုက်ခိုက်မှုစွမ်းအားသည် သာမန်အချိန်ထက် ပို၍ အားကောင်းနေသည်။

သူ၏ အရှိန်သည် အလွန်မြန်ဆန်လှပြီး မကြာမီမှာပင် အနီးအနားမှ ကျောက်နံရံသည် ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။

ခန္ဓာကိုယ်နှင့် ကျောက်တုံးတို့ အပြန်အလှန် တိုက်မိကြသော်လည်း သူ၏ လက်သီးသည် ဖြူဖွေးနူးညံ့နေပြီး တစ်စက်ကလေးမျှပင် ထိခိုက်ဒဏ်ရာမရဘဲ နီမြန်းသည့် အရိပ်အယောင်ပင် မရှိချေ။ အကယ်၍သာ သေသေချာချာ ကြည့်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်သည် အလင်းရောင်ဖျော့ဖျော့ အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရှိရပေလိမ့်မည်။

ဤအလင်းရောင်အလွှာသည် ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာပြီး အမှန်တကယ်မရှိသကဲ့သို့ ထင်ရသော်လည်း အစိုင်အခဲကဲ့သို့ ခိုင်မာလှသည်။ သူ မည်သို့ပင် ရူးသွပ်စွာ တိုက်ခိုက်စေကာမူ ဤအလင်းရောင်အလွှာသည် တစ်စက်ကလေးမျှပင် ကွဲအက်သည့် အရိပ်အယောင်မရှိချေ။

နောက်တစ်ကြိမ် ပို၍ ပြင်းထန်သော နာကျင်မှုတစ်ခုက လှိုင်းလုံးများကဲ့သို့ သူ့ထံသို့ ရိုက်ခတ်လာခဲ့သည်။ သူသည် အပူချိန်မြင့်မားသော မီးဖိုတစ်ခုထဲသို့ ထည့်သွင်းခံလိုက်ရသည့်အလား၊ ဓားဖြင့် အချက်ပေါင်းများစွာ လှီးဖြတ်ခံရသည့်အလားပင်။ ပြင်းထန်သော နာကျင်မှုက သူ့ကို ရူးသွပ်သွားစေတော့သည်။ သူ၏ သွားများသည် တင်းကျပ်စွာ ကြိတ်ထားပြီး "တကျွိကျွိ" ဟူသော အသံတစ်ချက်နှင့်အတူ သူ၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက် စီးကျလာခဲ့သည်။

"အား" သူသည် အော်ဟစ်လိုက်ပြီး နဖူး၌ သွေးကြောများ ထောင်ထလာသည်။ သွေးစွန်းနေသော အံသွားအချို့သည် တတောင်တောင်အသံဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး သတ္တုကဲ့သို့ ကြည်လင်သောအသံကို ထုတ်လွှတ်နေသည်။ သွားများသည် သူ၏ ကိုက်ဖြတ်မှုကြောင့် ကျိုးသွားခဲ့လေပြီ။

နောက်ဆုံး၌ သူသည် မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မြေပြင်ကို ပြင်းထန်စွာ ထုနှက်တော့သည်။ ထုနှက်မှုတိုင်းသည် တစ်ကိုယ်လုံး၏ စွမ်းအားကို အသုံးပြုထားသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ကျောက်တုံးများက လေးဘက်လေးတန်သို့ လွင့်စဉ်သွားပြီး မြေပြင်သည် မကြာမီမှာပင် သူ၏ ထုနှက်မှုကြောင့် နက်ရှိုင်းသော ချိုင့်ခွက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြင်းထန်သော စိတ်စွမ်းအားက သူ့ကို တင်းကျပ်စွာ ထောက်မထားပြီး သတိလစ်မေ့မြောမသွားအောင် ပြုလုပ်ထားသော်လည်း အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်သည်မှာ ထင်ရှားလှ၏။ သူ၏ ကိုယ်ပေါ်မှ အလင်းရောင်အလွှာသည် ပြင်းထန်စွာ တုန်ခါနေပြီး တုန်ခါမှုတိုင်းသည် အလင်းရောင်ကို အနည်းငယ် မှေးမှိန်သွားစေသည်။

ဤသို့ အဆက်မပြတ် တစ်မိနစ်ကျော်ခန့် ကြာမြင့်ပြီးနောက် ကိုယ်ပေါ်မှ အလင်းရောင်သည် နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားသည်။

သူသည် အောင့်သက်သက် ညည်းညူလိုက်ပြီး မြေပြင်ပေါ်သို့ မှောက်ကျသွားကာ တစ်ကိုယ်လုံး အဆက်မပြတ် တုန်ခါနေပြီး လူးလိမ့်နေကာ ဖိနှိပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်နေသည်။

သို့သော် ထိုအချိန်၌ နာကျင်မှုသည်လည်း စတင်၍ လျော့ကျလာခဲ့သည်။ အလွန်အမင်း ပြင်းထန်သော နာကျင်မှုကို ကြုံတွေ့ပြီးနောက် ဤသို့သော ဒုတိယအဆင့် နာကျင်မှုသည် သူ့ကို အနည်းငယ် ထုံကျင်သွားစေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် ယိုင်နဲ့စွာဖြင့် ထရပ်လိုက်သည်။

"ဒီတစ်ခါတော့ တကယ်ကို အတွက်မှားသွားတာပဲ... 'ငိုကြွေးမြက်' တွေကို ပေါင်းလိုက်ရင် အကျိုးသက်ရောက်မှုက ဒီလောက်တောင် ပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး... နာလွန်းလို့ သေတော့မတတ်ပဲ" လော်ယွမ်၏ မျက်နှာသည် ဖြူဖျော့နေပြီး မျက်နှာပေါ်၌ ကြောက်ရွံ့မှုအနည်းငယ် ကျန်ရှိနေသေးသည်။

ဤတစ်ကြိမ်သည် အန္တရာယ်မရှိသည်တော့ မဟုတ်ချေ။ နာကျင်မှုသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ ရုတ်တရက် သေဆုံးသည့်ဖြစ်စဉ်သည် ရှားပါးသည်မဟုတ်ချေ။ သို့သော် ကံကောင်းသည်မှာ သူကျော်လွှားနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ထိုအချိန်၌ သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး မျက်နှာကို စမ်းကြည့်လိုက်ရာ အံသွားအချို့ ပျောက်ဆုံးနေပြီး အနီးအနားမှ သွားများသည်လည်း အနည်းငယ် ယိုင်နဲ့နေသည်။ သူသည် သွေးတစ်လုပ် ထွေးထုတ်လိုက်ပြီး မျက်နှာသည် ကြည့်ရဆိုးသွားသည်။

ယခုအခါ၌ ဆေးရုံမရှိသည့်အတွက် သွားကျိုးသွားပါက အသစ်ပြန်လဲနိုင်မည်မဟုတ်ဘဲ ကျိုးသွားလျှင် ကျိုးသွားခြင်းပင်ဖြစ်သည်။

သူ၏ ဆယ့်လေးမှတ်ရှိသော ကြံ့ခိုင်မှုက သွားအသစ်များ ပြန်ပေါက်နိုင်မည်၊ မပေါက်နိုင်မည်ကို သူ မသိချေ။

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်က ပျက်စီးနေသည်။ ကျောက်နံရံပေါ်၌ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး ပြိုကျနိုင်သည့်အခြေအနေသို့ ရောက်ရှိနေသည်သာမက အနီးအနားမှ ကျောက်စားပွဲ၊ ပန်းကန်ခွက်ယောက်များလည်း တိုက်ခိုက်မှုအောက်၌ ကြေမွသွားခဲ့လေပြီ။

သူက သက်ပြင်းချလိုက်သည်။ "ကျောက်ဂူပြောင်းရဦးမယ်ထင်တယ်"

သူက ရေတွင်းသို့ လျှောက်သွားလိုက်သည်။ ရေမှာ အနည်းငယ် နောက်ကျိနေသော်လည်း သိပ်မဆိုးလှချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စရစ်ခဲအချို့သာဖြစ်ပြီး အများစုမှာ အောက်သို့ နစ်မြုပ်သွားသောကြောင့်ဖြစ်သည်။ ဤရေများကို သောက်သုံးတော့မည်မဟုတ်ဟု တွေးမိသောအခါ သူက အဝတ်အစားများကို ချွတ်လိုက်ပြီး တိုက်ရိုက်ပင် ခုန်ချလိုက်သည်။

ရေတွင်းသည် လူဘီလူးများ တူးထားသည့်အတွက် လူဘီလူးများ၏ စံနှုန်းအတိုင်းပင် အလွန်နက်ရှိုင်းသည်။ ခုန်ချလိုက်သည်နှင့် ရေက သူ၏ လည်ပင်းအထိ ရောက်ရှိလာပြီး သူ ညင်သာစွာ အသက်ရှူထုတ်လိုက်သည်။

ကမ္ဘာပျက်ကပ်သို့ ရောက်ရှိလာကတည်းက သူသည် ယနေ့ကဲ့သို့ အားရပါးရ ရေချိုးခဲ့ဖူးခြင်းမရှိချေ။ ပထမအချက်မှာ ရေသည် တန်ဖိုးအလွန်ရှိပြီး သောက်သုံးရေကိုပင် ချင့်ချိန်သောက်သုံးရသည်။ ဒုတိယအချက်မှာ တောတွင်းမှ မြစ်ချောင်းများ၌ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး ဤသို့ စိတ်ချလက်ချ ရေချိုးဝံ့မည်မဟုတ်ချေ။

သူသည် ခဏတာ ရေစိမ်ပြီးနောက် အမျိုးသမီးအချို့ မကြာမီ လာရောက်တော့မည်ကို တွေးမိပြီး အကြာကြီး မနေဝံ့ဘဲ ထရပ်လိုက်ပြီး အဝတ်အစားများကို လျှော်ဖွပ်လိုက်သည်။ ထို့နောက် ညင်သာစွာ တစ်ချက်ခါလိုက်သည်နှင့် ရေစက်များသည် ချောမွေ့သော အထည်ပေါ်မှ စီးကျသွားပြီး မကြာမီမှာပင် မူလအတိုင်း ခြောက်သွေ့သွားသည်။

လော်ယွမ် အဝတ်အစားများ ဝတ်ဆင်ပြီးသည့်အခါ အမျိုးသမီးများလည်း ဝင်ရောက်လာကြသည်။

"ရှင် အဆင်ပြေရဲ့လား... စောစောက ကျွန်မ လန့်သေတော့မလို့" ဟွမ်ကျားဟွေသည် လော်ယွမ် အဆင်ပြေသည်ကို မြင်သောအခါ သက်ပြင်းချနိုင်သွားသည်။

"ဘာမှမဖြစ်ပါဘူး... အဆိပ်မှမဟုတ်တာ... နည်းနည်း နာရုံပါပဲ" လော်ယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ရှင့်အသံက ဘာဖြစ်တာလဲ" ဟွမ်ကျားဟွေက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။ လော်ယွမ်၏ အသံသည် လေထွက်နေသည်ဟု သူမ ခံစားလိုက်ရသည်။

"ကိုကြီးယွမ်ရဲ့ သွားတွေ ကျိုးသွားပြီ" ဝမ်ရှီရှီက မျက်စိလျှင်လှပြီး မနီးမဝေးမှ သွားအချို့ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကြည့်ပါဦး... လေးချောင်းတောင်မှ... အံသွားတွေချည်းပဲ"

လော်ယွမ်သည် ဝမ်ရှီရှီကို တိတ်တဆိတ် တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။

"ဟုတ်ပြီ.. ကျွန်မတို့ ပစ္စည်းတွေကို သိမ်းပြီး... ဘေးက ဂူကို ပြောင်းကြရအောင်" ဟွမ်ကျားဟွေသည် စိတ်ပျက်နေသော လော်ယွမ်ကို ကြည့်ပြီး စိတ်ထဲ၌ အနည်းငယ် ရယ်ချင်စိတ်ဖြစ်သွားသော်လည်း လျင်မြန်စွာပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

တကယ်တမ်းတွင် သိမ်းဆည်းစရာ သိပ်မရှိချေ။ ပစ္စည်းအများစုကို လော်ယွမ်က ဖျက်ဆီးပစ်ခဲ့ပြီး ထောင့်၌ ထားရှိသော လက်နက်များနှင့် ဆားသာလျှင် ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။

ကျောက်ဂူအသစ်သည် မူလဂူထက် များစွာ သေးငယ်သော်လည်း လူအုပ်စုအတွက်မူ အလွန်အမင်း ကျယ်ဝန်းနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဤကျောက်ဂူများ၌ နေထိုင်သူများမှာ လူဘီလူးများဖြစ်သောကြောင့်ဖြစ်သည်။

သူတို့ သန့်ရှင်းရေးလုပ်ပြီးသည့်အခါ အမဲလိုက်ထွက်သူများလည်း ပြန်လည်ရောက်ရှိလာကြပြီး အံ့ဩဖွယ်ကောင်းသော သတင်းတစ်ခုကို ယူဆောင်လာခဲ့ကြသည်။

"ခင်ဗျားတို့ လေယာဉ်ပျံတွေ့လိုက်တယ် ဟုတ်လား" လော်ယွမ်က တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"အတိအကျပြောရရင် တော်တော်ကြီးတဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းပဲ... ငါတို့လိုတာဝန်မျိုး ထမ်းဆောင်နေတာ ဖြစ်ရမယ်" တပ်ခွဲမှူးရှက ပြောလိုက်သည်။

"ဘယ်ဘက်ကို ပျံသွားတာလဲ" လော်ယွမ်က မေးလိုက်သည်။

"အနောက်မြောက်ဘက်ကို ၃၀ ဒီဂရီလောက် ယိုင်တယ်... ကျွန်တော် အကြမ်းဖျင်း ပုံကြမ်းဆွဲထားတယ်" တပ်ခွဲမှူးရှက ပြောပြီး ဓားဖြင့် ခြစ်ထားသော သစ်ခေါက်တစ်ချပ်ကို ပေးလိုက်သည်။

လော်ယွမ်သည် လက်ခံယူပြီးနောက် တစ်ချက်ကြည့်လိုက်သည်။ ပုံကြမ်းသည် ကြမ်းတမ်းသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းပြီး လားရာသည်လည်း ရှင်းလင်းလှသည်။ "ဒါဆိုရင်... ကောင်းကင်က လျှပ်စစ်သံလိုက်မုန်တိုင်းက ပျောက်သွားပြီပေါ့"

သူသည် စဉ်းစားပြီးနောက် ဆက်ပြောသည်။ "ဒီရက်ပိုင်းအတွင်း ကောင်းကင်ကို သတိထားကြည့်ပြီး... ပြန်လည်တည်ဆောက်ရေးဇုန်ရှိတဲ့ဘက်ကို သေချာခွဲခြမ်းရအောင်"

သူတို့အဖွဲ့ ဤရှေးဟောင်းတောနက်ကြီးထဲ၌ ကျန်ရှိနေပြီး ရှေ့ဆက်သွားလာခြင်းမရှိသည့် အကြောင်းရင်းမှာ ပြန်လည်တည်ဆောက်ရေးဇုန် မည်သည့်ဘက်၌ ရှိသည်ကို မသိသောကြောင့်ဖြစ်သည်။ ခွန်လွန်တောင်တန်းသည် အရှေ့နှင့်အနောက်ကို ဖြတ်သန်းတည်ရှိပြီး ဧရိယာ ကျယ်ဝန်းလှကာ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသည်။ အတွင်း၌ မြင့်မားထူထပ်သော တောင်တန်းကြီးများ၊ မည်မျှ မတ်စောက်သော ချောက်ကမ်းပါးများ၊ နှင်းတောင်ရေကန်များ မည်မျှရှိသည်ကို မသိနိုင်ချေ။

ထိုစဉ်က လျှပ်စစ်သံလိုက်မုန်တိုင်းကြောင့် အချက်ပြမှု ပျောက်ဆုံးသွားပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မူလကတည်းက လမ်းကြောင်းလွဲချော်သွားသည်ကို မပြောနှင့်၊ လမ်းကြောင်းမှန်ကန်သည့်လျှင်တောင် မုန်တိုင်းအတွင်း၌ တဖြည်းဖြည်း လမ်းပျောက်သွားပေလိမ့်မည်။

ဆက်ရန်...

အပိုင်း(၂၃၆)ဉာဏ်ပညာသစ်ပင်၏နှလုံးသား

လွန်ခဲ့သောရက်အနည်းငယ်မှစ၍ ဉာဏ်ပညာသစ်ပင်ရှိရာဘက်မှ အပုပ်နံ့များမှာ တဖြည်းဖြည်း လွင့်ပြယ်လာခဲ့သည်။

မူလက တောင်ငယ်တစ်လုံးပမာ စုပုံနေသော အလောင်းများမှာ ယခုအခါ ပျမ်းမျှအမြင့် ၁၅ပေခန့်၊ အကျယ်အဝန်း ပေ၁၇၀၊ ၁၈၀ခန့်ရှိသော ဧရာမအရိုးဖြူတောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လူ့ဘီလူးမျိုးနွယ်စုတစ်ခုလုံး၏ အသက်ကြီးသူ၊ ငယ်ရွယ်သူ၊ အားကောင်းသူအားလုံးမှာ ဤနေရာတွင် စုပုံနေကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့၏အသွေးအသားများအားလုံး ကြွေလွင့်ပျက်စီးသွားပြီး ပြန့်ကျဲနေသော အရိုးစုများသာ ကျန်ရှိတော့သည်။

ဤအရိုးဖြူတောင်ကြီး၏အလယ်တွင် ပင်စည်မှာ ဝက်အူရစ်ပုံစံဖြစ်နေသော သစ်ပင်ကြီးတစ်ပင်မှာ အထီးတည်း တည်ရှိနေသည်။ စိမ်းစိုလန်းဆန်းနေသော သစ်ရွက်များနှင့် ထူထပ်သော အကိုင်းအခက်များက အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ ဤမြင်ကွင်းမှာ လူတို့၏စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်စေသည်။ ဖြစ်နိုင်သည်မှာ ဉာဏ်ပညာသစ်ပင်ကိုယ်တိုင်က ဉာဏ်ရည်ရှိသော မျိုးနွယ်စုတစ်ခု ထွန်းကားလာခြင်းသည် မရေမတွက်နိုင်သော မျိုးနွယ်စုများ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းနှင့်အတူ အမြဲဒွန်တွဲနေလိမ့်မည်ဟု အရိပ်အမြွက်ပြနေသကဲ့သို့ပင်။

များပြားလှသော အသွေးအသားများဖြင့် မြေသြဇာကျွေးခြင်းခံရသောကြောင့် ဤဉာဏ်ပညာသစ်ပင်မှာ ပထမဆုံးတွေ့ရှိစဉ်ကထက် အဆပေါင်းများစွာ ကြီးမားလာခဲ့ပြီဖြစ်သည်။

မူလက ၂၇ပေခန့်သာမြင့်ပြီး လုံးပတ်၁၅လက်မပင်မပြည့်သော သစ်ပင်မှာ ယခုအခါ ပေ၆၀ခန့်မြင့်ပြီး လုံးပတ်၃ပေကျော် တုတ်ခိုင်လာခဲ့သည်။ ပင်စည်မျက်နှာပြင်ပေါ်ရှိ အစင်းကြောင်းများ၏အရောင်မှာပင် ပိုမိုတောက်ပလှပလာပြီး စွဲဆောင်မှုရှိသော အရောင်အသွေးကို ထုတ်လွှတ်နေသည်။

လော်ယွမ်သည် ဤဉာဏ်ပညာသစ်ပင်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာချလိုက်သည်။

ဤသစ်ပင်မှာ သဘာဝတရား၏ အံ့ဖွယ်တစ်ပါးဖြစ်ပြီး ဉာဏ်ပညာ၏ အရင်းအမြစ်ဖြစ်သည်။ လူသားမျိုးနွယ်အတွက်ပင်လျှင် မျိုးနွယ်စု၏အဖိုးတန်ရတနာတစ်ပါးဟု ဆိုနိုင်ပေသည်။

လူသားမျိုးနွယ်၏ မြင့်မားသော အရင်းအမြစ်ထောက်ပံ့နိုင်စွမ်းဖြင့်ဆိုလျှင် ဤဉာဏ်ပညာသစ်ပင်က အလွန်တိုတောင်းသောအချိန်အတွင်း အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ပေမည်။ ၎င်းသည် အစိမ်းရောင်အဆင့်သို့ လွယ်လွယ်ကူကူ ဆင့်ကဲပြောင်းလဲနိုင်ပြီး ထို့ထက်မြင့်မားသောအဆင့်သို့ပင် ရောက်ရှိနိုင်ပေသည်။

၎င်းသည် လူသားတို့၏ ဉာဏ်ရည်ကို အကြီးအကျယ်တိုးတက်စေပြီး နည်းပညာကို အရှိန်အဟုန်ဖြင့် တိုးတက်စေနိုင်ပေသည်။ တန်ဖိုးအရဆိုလျှင် မည်မျှပင် ခမ်းနားထည်ဝါသော ဖော်ပြချက်များပင်ဖြစ်စေ ၎င်း၏ရှေ့တွင် မှေးမှိန်သွားပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ဤနေရာမှာ တောနက်ထဲဖြစ်ပြီး ဉာဏ်ပညာသစ်ပင်မှာလည်း အလုံးအထည်ကြီးမားသောကြောင့် သယ်ဆောင်သွားရန် လုံးဝမဖြစ်နိုင်ပေ။ ဤနေရာတွင်သာ ဆက်လက်ထားရှိမည်ဆိုပါက မကြာမီမှာပင် ဉာဏ်ရည်ရှိသော မျိုးနွယ်စုသစ်တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။

ထို့ကြောင့် သူသည် သဘာဝတရား၏လက်ဆောင်ကို မညှာမတာဖျက်ဆီးသည့် လုပ်ရပ်ကိုသာ ပြုလုပ်ရတော့မည်ဖြစ်သည်။

သူ ဓားကိုဆွဲထုတ်လိုက်ပြီး အရိုးတောင်ပေါ်သို့ ခုန်တက်ကာ ဉာဏ်ပညာသစ်ပင်ဆီသို့ ပေါ့ပါးစွာ လျှောက်သွားခဲ့သည်။

အစာမစားရသော ဉာဏ်ပညာသစ်ပင်မှာ အေးချမ်းပြီး အန္တရာယ်ကင်းမဲ့နေကာ သူ၏ချဉ်းကပ်လာမှုကို လုံးဝတုံ့ပြန်ခြင်းမရှိပေ။

မကြာမီမှာပင် သူသည် ဤဉာဏ်ပညာသစ်ပင်၏ ပင်စည်ရှေ့သို့ ရောက်ရှိသွားခဲ့သည်။ သူ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ ဓားအလင်းတန်းမှာ နေကိုထိုးဖောက်သွားသော သက်တန့်ရှည်တစ်စင်းနှယ် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားသည်။ ဓားတစ်ချက်ခုတ်ပိုင်းပြီးနောက် သစ်မြစ်များ မရုန်းကန်မီမှာပင် သူသည် ခြေလှမ်းအနည်းငယ်လှမ်းကာ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူ ခြေလှမ်းရပ်တန့်လိုက်သည်နှင့် ဉာဏ်ပညာသစ်ပင်၏ ပင်စည်မှာ "ဝုန်း" ဟူသော အသံဖြင့် လဲကျသွားပြီး များပြားလှသော သစ်မြစ်များမှာ မီးလောင်ဒဏ်ရာရသော စပါးကြီးမြွေများနှယ် ပြင်းထန်စွာ လူးလွန့်ရုန်းကန်တော့သည်။

အရိုးဖြူတောင်ကြီးမှာ ဆူပွက်သွားသည့်အလားပင်။ မြောက်မြားလှသော အရိုးစုများမှာ တုတ်ခိုင်သောသစ်မြစ်များ၏ ပစ်တင်ခြင်းကိုခံရပြီး လေထဲသို့ လွင့်စင်သွားရာ မြင်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေတော့သည်။

လော်ယွမ် အဝေးမှနေ၍ ဉာဏ်ပညာသစ်ပင်၏ နောက်ဆုံးရုန်းကန်မှုကို ကြည့်နေသည်။ သူ၏မျက်နှာမှာ မည်သည့်အမူအရာမှမရှိဘဲ စိတ်ထဲတွင် မည်သို့ခံစားနေရသည်ကိုပင် မပြောနိုင်ပေ။

အမြစ်များမှာ အဆက်မပြတ် လိမ်ယှက်ရုန်းကန်နေပြီး ပင်စည်မှစွမ်းအင်ထောက်ပံ့မှုမရှိတော့သောကြောင့် မိနစ်အနည်းငယ်အကြာတွင် သူ၏လှုပ်ရှားမှုများမှာ အားနည်းသွားသည်။ မကြာမီမှာပင် အမြစ်များအားလုံးမှာ သေဆုံးသွားသော မြွေများကဲ့သို့ မြေပြင်ပေါ်သို့ လုံးဝပုံကျသွားပြီး ရုန်းကန်နိုင်စွမ်းမရှိတော့ပေ။

ထို့နောက် သူက လဲကျနေသော ပင်စည်ဆီသို့ လျှောက်သွားခဲ့သည်။

ထိုစဉ်သူ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ တိုတောင်းသောအချိန်အတွင်းမှာပင် ဤဉာဏ်ပညာသစ်ပင်၏ သစ်ရွက်များမှာ စိမ်းစိုသောအရောင်အသွေးများ ပျောက်ကွယ်သွားပြီး အဝါရောင်သန်းကာ ခြောက်သွေ့လာသည်။ သစ်ရွက်များကြားမှ ဉာဏ်ပညာအသီးများမှာလည်း လျင်မြန်စွာ ခြောက်သွေ့ကျုံ့ဝင်လာသည်။

လော်ယွမ်၏မျက်နှာမှာ အံ့ဩခြင်းမရှိသည့်အပြင် ဝမ်းသာသွားသည် "ထင်တဲ့အတိုင်းပဲ... ထောက်လှန်းရေးအစွမ်းကနေ ရထားတဲ့အချက်အလက်အတိုင်း ဖြစ်နေတာပဲ"

ဤသည်မှာ ဉာဏ်ပညာသစ်ပင်၏ ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းတစ်ခုပင်ဖြစ်သည်။ ၎င်းသည် မခံမရပ်နိုင်သော ဒဏ်ရာရရှိသည့်အခါ အာဟာရအများစုမှာ သစ်ပင်၏ကိုယ်ထည်အတွင်းရှိ အမာခံအစိပ်အပိုင်းတစ်ခုသို့ ကျုံ့ဝင်သွားပေမည်။

အန္တရာယ်ကုန်ဆုံးသွားသောအခါ စုဆောင်းထားသောအာဟာရများဖြင့် ၎င်းသည် သစ်မြစ်များပြန်လည်ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် ရှင်သန်လာပေမည်။ ဤသည်မှာ အပင်လောက၏ သဘာဝတရားကို လှည့်စားခြင်းပင်ဖြစ်သည်။ အခြားသူသာဆိုလျှင် ဤအရာကို လွဲချော်သွားနိုင်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် လော်ယွမ်နှင့် တွေ့ဆုံခဲ့ရသည်။

..........................................................................................

သစ်ပင်၏အာဟာရများ အမာခံအစိပ်အပိုင်းသို့ ကျုံ့ဝင်ရန် အချိန်အနည်းငယ်လိုသေးစဉ်မှာပင် သူသည် ဆေးကြောထားသော "ငိုကြွေးမြက်ပင်" တစ်ပင်ကို ထုတ်ယူပြီး ပါးစပ်ထဲသို့ထည့်ကာ ဖြည်းညင်းစွာ ဝါးလိုက်သည်။ စပ်ဖျဉ်းဖျဉ်းအရသာမှာ မြက်ပင်များကြေမွသွားသည်နှင့်အမျှ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ မကြာမီမှာပင် သူ၏မျက်နှာမှာ တောင့်တင်းသွားပြီး ချွေးစေးအလုံးကြီးများ သူ၏နဖူးမှ တစ်စက်ချင်းစီ စီးကျလာခဲ့သည်။

လွန်ခဲ့သောတစ်ကြိမ်က စမ်းသပ်ကြည့်ပြီးနောက် သူသည် ဤသို့သော စိတ်စွမ်းအားလေ့ကျင့်နည်းမှာ အလွန်အံ့မခန်းဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့သည်။ နောက်တစ်နေ့တွင် သူ၏စိတ်စွမ်းအားတိုးတက်လာသည်ကို သိသိသာသာခံစားမိပြီး နာကျင်မှုကို တောင့်ခံရာတွင် စိတ်စွမ်းအားမှာ ပိုမိုနူးညံ့ပျော့ပျောင်းပြီး နာခံလွယ်လာခဲ့သည်။

မမျှော်လင့်ဘဲ သူ၏အာရုံခံနိုင်စွမ်းမှာလည်း အနည်းငယ်တိုးတက်လာသည်ကိုပင် သူ တွေ့ရှိခဲ့သည်။

ဤသိသာထင်ရှားသောတိုးတက်မှုက လော်ယွမ်ကို အလွန်ဝမ်းသာစေခဲ့သည်။

သို့သော် ယခင်က သေလုမတတ်နာကျင်ခဲ့ရသော သင်ခန်းစာက လော်ယွမ်ကို နောက်တစ်ကြိမ် မဆင်မခြင်မစွန့်စားဝံ့စေတော့ပေ။ ယခုအခါ စားသုံးသည့်ပမာဏမှာ အလွန်နည်းပါးသွားပြီး အများဆုံးမှာ ယခုကဲ့သို့ အားလပ်ချိန်တွင် သရေစာကဲ့သို့ ဖြည်းညင်းစွာဝါးခြင်းသာ ဖြစ်သည်။

ဤလေ့ကျင့်နည်း၏အာနိသင်မှာ ပထမတစ်ကြိမ်နှင့် ယှဉ်လျှင် အလွန်ကွာခြားသော်လည်း ဘေးကင်းလုံခြုံပြီး အချိန်မရွေး၊ နေရာမရွေး ပြုလုပ်နိုင်ခြင်းမှာ အားသာချက်ပင်ဖြစ်သည်။

စုပ်ယူမှုနှေးကွေးသောကြောင့် ယခုတစ်ကြိမ်နာကျင်မှုမှာ နာရီဝက်ခန့်ကြာမှသာ ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။ သူ နဖူးမှချွေးများကိုသုတ်လိုက်ပြီး ဖြည်းညင်းစွာသက်ပြင်းချလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင်ထိုင်ကာ စွမ်းအင်များကို ဖြည်းညင်းစွာပြန်လည်ဖြည့်တင်းလိုက်သည်။

ဤသို့သောပြင်းထန်သည့်နာကျင်မှုကို ယခုအခါ စိတ်စွမ်းအားစုစည်း၍မခုခံဘဲနှင့်ပင် သူ အတော်အသင့်ခံနိုင်ရည်ရှိလာပြီဖြစ်သည်။ သို့သော် စွမ်းအင်ကုန်ဆုံးမှုမှာမူ အလွန်ကြီးမားပြီး အကြိမ်တိုင်းတွင် ပြင်းထန်သောတိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ရသည့်အလား အလွန်ပင်ပန်းနွမ်းနယ်သွားသည်။

သူ ခေတ္တမျှအနားယူပြီးနောက် မတ်တပ်ထရပ်ကာ ထိုဉာဏ်ပညာသစ်ပင်ဆီသို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် ၎င်း၏သစ်ရွက်အများစုမှာ ကြွေကျသွားခဲ့ပြီဖြစ်ပြီး ပင်စည်မှာလည်း ပွယောင်းခြောက်သွေ့လာကာ အနည်းငယ်ပင် ကျုံ့ဝင်သွားခဲ့သည်။

ဤသစ်ပင် လဲကျသွားသည်မှာ တစ်နာရီပင်မပြည့်သေးဟုဆိုလျှင် မည်သူမျှယုံမည်မဟုတ်ပေ။

သစ်ပင်၏ကိုယ်ထည်မှာ ဖြည်းညင်းစွာပြောင်းလဲနေဆဲဖြစ်သည်ကိုမြင်သောအခါ သူသည် စိတ်ရှည်ရှည်ဖြင့် ခေတ္တမျှထပ်မံစောင့်ဆိုင်းလိုက်ပြီး သစ်ပင်၏အစင်းကြောင်းများအားလုံး တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားမှသာ ဓားကိုကိုင်ဆောင်ကာ ၎င်းဆီသို့ လျှောက်သွားခဲ့သည်။

လော်ယွမ်သည် ပင်စည်၏ဖြတ်တောက်ထားသောနေရာသို့ ရောက်သောအခါ ဓားဖြင့် သစ်သားအမျှင်များကို တစ်လွှာချင်းစီ လှီးဖြတ်ဖယ်ရှားလိုက်သည်။ သူ၏မျက်နှာမှာ အလွန်ဂရုတစိုက်ရှိနေပြီး အတွင်းမှအမာခံအစိပ်အပိုင်းကို ထိခိုက်မိမည်ကို စိုးရိမ်နေသည်။ သူ အလျင်မလိုပေ။ အကောင်းဆုံးသောအသီး ပေါ်ထွက်လာသည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနိုင်ပေသည်။

သို့သော် သူ ဂရုတစိုက်ရှိနေသော်လည်း အရှိန်မှာမူ လုံးဝမနှေးပေ။

သူ၏ဓားမှာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သစ်သားပြားလေးများမှာ သစ်ပင်၏ကိုယ်ထည်မှ လျင်မြန်စွာ ကွာကျသွားသည်။ တစ်ပြားစီမှာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာပြီး အရွယ်အစားနှင့် အထူအပါးမှာလည်း ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည့်အလား တစ်ထပ်တည်းကျနေသည်။

ထိုအချိန်တွင် လော်ယွမ်၏ဓားမှာ အနည်းငယ်ရပ်တန့်သွားပြီး သူ၏လှုပ်ရှားမှုများမှာ ရပ်တန့်သွားသည်။

သစ်ပင်၏ကိုယ်ထည်ပေါ်တွင် ဖန်ဂေါ်လီလုံးအရွယ်အစားရှိသော အပေါက်တစ်ခု ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် စိတ်နှလုံးကို လန်းဆန်းစေသော မွှေးရနံ့တစ်ခုမှာ အပေါက်ထဲမှ တဖြည်းဖြည်း ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ၏မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အပေါက်ကို သေချာစူးစိုက်ကြည့်ရှုပြီးနောက် ဓားလှုပ်ရှားမှုအရှိန်မှာ နှေးကွေးသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ အပေါက်မှာ ပိုမိုကြီးမားလာပြီး ထိုမွှေးရနံ့မှာလည်း ပိုမိုပြင်းထန်လာသည်။ ထို့ပြင် အပေါက်မှတစ်ဆင့် အတွင်းနံရံတွင် သွေးကြောများကဲ့သို့ ယှက်နွယ်နေသော သစ်သားပြွန်များကို တွေ့မြင်နေရသည်။

သူ၏လှုပ်ရှားမှုများမှာ ပိုမိုညင်သာလာပြီး ဆယ့်မိနစ်ခန့်အကြာတွင် ထိုအတွင်းခန်းမှာ လုံးဝပေါ်ထွက်လာခဲ့သည်။ အတွင်းပိုင်းတွင် ဒါဇင်ပေါင်းများစွာသော သစ်သားပြွန်များနှင့် ထူးဆန်းသောအရာတစ်ခုမှာ တင်းကျပ်စွာ ချိတ်ဆက်နေသည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်နှာပျက်သွားတော့သည်။

သူ အံ့ဩသွားခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ လူသားတို့၏ ဦးနှောက်နှင့် အလွန်ပင်ဆင်တူနေခဲ့သည်။ ဦးနှောက်ပြွန်များ၊ လမ်းကြောင်းများ တူညီရုံသာမက ပုံသဏ္ဌာန်မှာလည်း အကြမ်းဖျင်းအားဖြင့် တူညီနေသည်။ အကယ်၍သာ ၎င်း၏အရောင်မှာ ခရမ်းရောင်မဖြစ်နေဘဲ အရွယ်အစားမှာလည်း ပိုမိုမသေးငယ်နေပါက လော်ယွမ်သည် ဤသည်မှာ လူသားတို့၏ဦးနှောက်ပင်ဖြစ်သည်ဟု ထင်မှတ်မိပေမည်။

သူ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကိုတဖြည်းဖြည်း တည်ငြိမ်အောင်ထားလိုက်သည်။ စားချင်စဖွယ်ရနံ့ကို ထုတ်လွှတ်နေသော ဤ "ဦးနှောက်" ကို ကြည့်ရင်း သူ၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ လက်လှမ်းကာ ၎င်းကို ဆွတ်ခူးလိုက်သည်။ သစ်ပင်နှင့် ကင်းလွတ်သွားသည်နှင့် သစ်ပင်၏ကိုယ်ထည်မှာ အနည်းငယ်တုန်ခါသွားပြီးနောက် ရှင်သန်ခြင်းလက္ခဏာ လုံးဝပျောက်ကွယ်သွားတော့သည်။

"ဦးနှောက်" မှာ ပန်းသီးတစ်လုံးအရွယ်အစားရှိပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ရသည်။ အထိအတွေ့မှာ နူးညံ့ပြီး အနည်းငယ်တင်းမာမှုရှိကာ မျက်နှာပြင်မှာ အမြှေးပါးလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည့်အလားပင်။

သူက အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။

အမည် - ဉာဏ်ပညာသစ်ပင်၏နှလုံးသား

ရှားပါးမှုအဆင့် - အပြာရင့်ရောင်

အလေးချိန် - ၂၀၀ ဂရမ်

အမျိုးအစား - ဉာဏ်ရည်ပိုင်းဆိုင်ရာ အထူးအမျိုးအစားပစ္စည်း

ထပ်တိုးအစွမ်း - ဉာဏ်ရည် +၁၊ အထူးဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြေ အနည်းငယ်ရှိသည်။

သုံးသပ်ချက် - ဤသည်မှာ အလွန်ရှားပါးသော ဉာဏ်ပညာသစ်ပင်၏ နှလုံးသားဖြစ်ပြီး ဉာဏ်ပညာသစ်ပင်တစ်ပင်လုံး၏ အနှစ်သာရကို စုစည်းထားသည်။ ၎င်း၏တန်ဖိုးမှာ မခန့်မှန်းနိုင်ပေ။ စားသုံးလိုက်ပါက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး ဉာဏ်ရည်ကို တိုးတက်စေနိုင်သည်။ ဉာဏ်ရည် ၁၅ မှတ်နှင့် ၁၅ မှတ်အောက်တွင် အကျိုးသက်ရောက်မှုရှိသည်။ ထို့ပြင် အထူးဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြေ အနည်းငယ်ရှိသည်။

All Chapters