← Chapters

အခန်း (၂၃၇-၂၄၀)

Vol. 12 Ch. 237-240

အခန်း (၂၃၇-၂၄၀)

Vol. 12 Ch. 237-240

အပိုင်း(၂၃၇)အံ့ဩဖွယ်ရာ

"ဉာဏ်ပညာသစ်ပင်၏နှလုံးသား" ၏ အစွမ်းထက်သောအာနိသင်ကြောင့် လော်ယွမ် အလွန်အံ့သြသွားပြီး မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအရိပ်အယောင်များ ပေါ်ထွက်လာသည်။

ခဏအကြာတွင် စိတ်လှုပ်ရှားမှုကို သူ ဖိနှိပ်လိုက်ပြီး တည်ငြိမ်သွားကာ အမျိုးအမည်ခွဲခြားအစွမ်းမှ သတင်းအချက်အလက်များကို အသေးစိတ်တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်သည်။ ဤအချိန်တွင် သူ အကြောင်းအရာတစ်ခုကို သတိပြုမိလိုက်သည်။

ဤသည်မှာ အထူးအမျိုးအစားပစ္စည်းဖြစ်သည်။

ဤသို့သော သုံးသပ်ချက်ရှိသည့်ပစ္စည်းမျိုးကို သူ မစိမ်းကားလှပေ။ သူ၏ရင်ဘတ်တွင် ဆွဲထားသော "တစ္ဆေထနောင်းပင်၏ နှလုံးသား" သည်လည်း အထူးအမျိုးအစား ပစ္စည်းပင် ဖြစ်သည်။

လော်ယွမ် သတိပြုမိသည်မှာ "တစ္ဆေထနောင်းပင်၏ နှလုံးသား" ဖြစ်စေ၊ ယခု "ဉာဏ်ပညာသစ်ပင်၏နှလုံးသား" ဖြစ်စေ၊ ၎င်းတို့၏အဆင့်မှာ မမြင့်မားလှချေ။ "တစ္ဆေထနောင်းပင်၏ နှလုံးသား" မှာ အပြာရောင်အဆင့်သာ ရှိသည်။ ပုံမှန်အခြေအနေအရ အပြာရောင်အဆင့်ကဲ့သို့သော အဆင့်နိမ့်ပစ္စည်းများသည် သူ့အပေါ် သက်ရောက်မှုရှိရန် ခက်ခဲလှပြီဖြစ်သည်။ သို့သော် ၎င်းတို့၏ အစွမ်းအာနိသင်နှင့် တန်ဖိုးမှာမူ သာမန်အသိတရားကို ကျော်လွန်ကာ မယုံနိုင်စရာအဆင့်သို့ ရောက်ရှိနေသည်။ အထူးအမျိုးအစား ပစ္စည်းများသည် သာမန်ပစ္စည်းများ၏ အဆင့်သတ်မှတ်ချက်များထက် များစွာကွဲပြားပြီး ပုံမှန်အဆင့်များဖြင့် တိုင်းတာ၍မရသကဲ့သို့ပင်။

လော်ယွမ်၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသော်လည်း သတင်းအချက်အလက်မှာ အကန့်အသတ်ရှိသောကြောင့် ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်ခဲ့ပေ။

သို့သော် သူသည် ယေဘုယျစည်းမျဉ်းတစ်ခုကိုတော့ ခန့်မှန်းနိုင်ခဲ့သည်။ အထူးအမျိုးအစား ပစ္စည်းများ ပိုင်ဆိုင်သော သက်ရှိများသည် ဖော်ပြရခက်သော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိကြပြီး သာမန်ဆင့်ကဲပြောင်းလဲလာသော သက်ရှိများနှင့် လုံးဝကွဲပြားခြားနားကြသည်။ ၎င်းတို့သည် ဆင့်ကဲပြောင်းလဲခြင်း၏ အံ့ဩဖွယ်ရာတစ်ခုဖြစ်ပြီး အဆုံးမရှိသော ဆင့်ကဲပြောင်းလဲမှုများအောက်တွင် ဖြစ်ပေါ်လာသော အလွန်သေးငယ်သည့် ဖြစ်နိုင်ခြေတစ်ခုပင် ဖြစ်ပေမည်။

အတွေးအမျိုးမျိုးသည် တစ်ချက်ဖြတ်ပြေးသွားပြီး သူက ချက်ချင်းစားသုံးလိုသော စိတ်ကို ချုပ်တည်းကာ ဉာဏ်ပညာသစ်ပင်၏နှလုံးသားကို ယူဆောင်၍ ကျောက်ဂူဆီသို့ ထွက်ခွာလာခဲ့သည်။

ဤနေရာသည် စခန်းနှင့် သိပ်မဝေးသည့်အပြင် အနီးအနားရှိ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို အမြဲတစေ ရှင်းလင်းထားသော်လည်း ဤနေရာက လုံးဝလုံခြုံသည်တော့မဟုတ်ပေ။ ဤသို့သောပစ္စည်းကို စားသုံးခြင်းဖြင့် အပိုသက်ရောက်မှု မည်သို့ရှိမည်ကို သူ မသိပေ။ အကယ်၍ တစ်ညတာလုံး အိပ်မောကျသွားပါက သူ၏ သံမဏိကိုယ်ထည်ပင်ဖြစ်စေ နောက်နေ့တွင် အရိုးပုံအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ဤနေရာတွင် သန္ဓေပြောင်းပိုးကောင်များနှင့် မြေအောက်သတ္တဝါများ အလွန်များပြားလှပြီး ညဝင်သည့်အခါ ရံဖန်ရံခါတွင် သန္ဓေပြောင်းသတ္တဝါအချို့ လှည့်လည်သွားလာတတ်ကြသည်။ ဤသက်ရှိအများစု၏ အစွမ်းမှာ အကန့်အသတ်ရှိပြီး ခြိမ်းခြောက်နိုင်စွမ်း မကြီးမားသော်လည်း မလှုပ်ရှားနိုင်သော အသားတစ်တုံး (လော်ယွမ်)ကို ကိုင်တွယ်ရန်မှာမူ လုံးဝပြဿနာမရှိပေ။

ခဏအကြာတွင် သူသည် ကျောက်ဂူသို့ ရောက်ရှိလာသည်။

လူအများကို လာမနှောင့်ယှက်ရန် မှာကြားပြီးနောက် လော်ယွမ်သည် ဟွမ်ကျားဟွေကို မျက်ရိပ်ပြလိုက်ပြီး ထောင့်တစ်နေရာသို့ သွားကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

"လော်ယွမ်ကို အနှောက်အယှက် မဖြစ်အောင်... ကျွန်မတို့အပြင်ထွက်ရအောင်" ဟွမ်ကျားဟွေသည် လော်ယွမ်၏ ဆိုလိုရင်းကို နားလည်ပြီး လူအများကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ အတူနေထိုင်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် အချင်းချင်း နားလည်မှုရှိနေကြပြီဖြစ်သည်။ လော်ယွမ် စိတ်လှုပ်ရှားစွာဖြင့် ပြန်လာပြီး မျက်လုံးထဲတွင် ဝမ်းမြောက်မှုကို မဖုံးကွယ်နိုင်သည်ကို မြင်သောအခါ လျှို့ဝှက်သော ကိစ္စတစ်ခုခု ပြုလုပ်ရန်ရှိကြောင်း သိသာလှ၏။

လူအများမှာလည်း အလိုက်သိသူများဖြစ်သောကြောင့် ဟွမ်ကျားဟွေ ဤသို့ပြောသောအခါ ထပ်မံမေးမြန်းခြင်းမပြုတော့ဘဲ ကျောက်ဂူထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

လူအားလုံး ထွက်သွားပြီးမှ လော်ယွမ်သည် လက်ဖဝါးကို ဖြန့်လိုက်ရာ ခရမ်းရောင် "ဦးနှောက်" တစ်လုံး သူ၏လက်ဖဝါးထဲတွင် ပေါ်ထွက်လာသည်။

လော်ယွမ်သည် လူအများက ဤသို့သော ရတနာကို မိမိတစ်ဦးတည်း သုံးစွဲသည်ကို သိရှိသွားပြီးနောက် မဖြစ်သင့်သော အတွေးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းတော့မဟုတ်ပေ။ တကယ်တော့ ဤဉာဏ်ပညာသစ်ပင်၏နှလုံးသား၏ ထူးခြားသော ဖွဲ့စည်းပုံမှာ လူကို အထင်မှားနိုင်စေပြီး မည်သူမြင်သည်ဖြစ်စေ အံ့ဩတကြီး အော်ဟစ်မိမည်သာ ဖြစ်သည်။

ရှင်းပြ၍ရနိုင်သော်လည်း ကိုင်တွယ်ဖြေရှင်းရန် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့ပြုလုပ်လိုက်ခြင်းက ပို၍အဆင်ပြေသည်။

ဤဉာဏ်ပညာသစ်ပင်၏နှလုံးသားကို ကြည့်ရင်း အဘယ်ကြောင့်မှန်းမသိ လော်ယွမ်သည် "အနောက်သို့ခရီးသွားခြင်း" ဇာတ်လမ်းထဲက ဂျင်ဆင်းသစ်သီးကို သတိရလိုက်မိသည်။ သို့သော် ကမ္ဘာပျက်ကာလမှ လူများသည် ထန်စန်းကဲ့သို့ စောင့်ထိန်းနေမည်မဟုတ်ပေ။ အစိမ်းစား၊ သွေးသောက် ဘဝကိုပင် ဖြတ်သန်းခဲ့ပြီးမှတော့ ဤအရာများကို အဘယ်မှာ ဂရုစိုက်နေမည်နည်း။

သူက ပါးစပ်နားသို့ တေ့လိုက်ပြီး ညင်သာစွာ တစ်ကိုက် ကိုက်လိုက်သည်။

အတွင်းထဲတွင် ဂျယ်လီကဲ့သို့သော ခပ်ပျစ်ပျစ်အရည်များဖြင့် ပြည့်နှက်နေပြီး အရသာမှာ ထင်ထားသလောက် မကောင်းလှပေ။ တစ်ကိုက်ကိုက်လိုက်သည်နှင့် ပါးစပ်တစ်ခုလုံး ခါးသက်သောအရသာဖြင့် ပြည့်နှက်သွားပြီး အချဉ်ဓာတ်အနည်းငယ်လည်း ပါဝင်ရာ မျိုချရန် အလွန်ခက်ခဲလှသည်။ သို့သော် သူ၏မျက်နှာမှာမူ မည်သို့မျှမပြောင်းလဲဘဲ မျက်မှောင်ပင်မကြုတ်ဘဲ အကိုက်အနည်းငယ်ဖြင့် ဉာဏ်ပညာသစ်ပင်၏နှလုံးသားကို တစ်ဝက်စားသုံးလိုက်သည်။

"ငိုကြွေးမြက်ပင်နဲ့ နှိုင်းယှဉ်ရင်... ဒီဟာက အရသာရှိတယ်လို့တောင် ဆိုရမယ်" သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

ဤဉာဏ်ပညာသစ်ပင်၏နှလုံးသားတွင် ဉာဏ်ပညာသစ်ပင်တစ်ပင်လုံး၏ အနှစ်သာရနှင့် အာဟာရများ ပါဝင်နေသောကြောင့် လော်ယွမ်သည် တစ်ဝက်သာ စားသုံးလိုက်ရုံဖြင့် ဗိုက်ပြည့်တင်းသွားသလို ခံစားလိုက်ရသည်။

ဤအချိန်တွင် သူ၏စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး ဆက်မစားတော့ဘဲ ရပ်တန့်လိုက်ရာ လက်ထဲတွင် ဉာဏ်ပညာသစ်ပင်၏နှလုံးသား တစ်ဝက်နီးပါး ကျန်ရှိနေသေးသည်။

ဤပစ္စည်းမှာ အလွန်တန်ဖိုးကြီးလှပြီး အရည်အသွေးအမှတ်တစ်မှတ်ကို ပြီးပြည့်စုံစွာ တိုးမြှင့်ပေးနိုင်ရာ ၎င်း၏တန်ဖိုးကို မည်သို့ပင်ဖော်ပြစေကာမူ လွန်မည်မဟုတ်ပေ။ ထို့ကြောင့် တစိတ်တပိုင်းကျန်နိုင်လျှင် ကျန်ပါစေ၊ မိမိမသုံးလျှင်တောင် အခြားသူများ သုံးနိုင်သေးသည်။

သို့သော် သူက တစ်ခုလုံးမစားဘဲ အာနိသင်ရှိမရှိကိုတော့ မသိနိုင်ချေ။

သူက ဉာဏ်ပညာသစ်ပင်၏နှလုံးသားတစ်ဝက်ကို သစ်သားဇလုံတစ်ခုထဲသို့ ထည့်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ရောက်ရှိလာမည့် ပြောင်းလဲမှုကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားပြီး မိနစ်အနည်းငယ်အကြာတွင် သူ၏ဦးရေပြားမှာ ယားယံထုံကျင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"စပြီ" လော်ယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူ အသက်ကိုပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်စိတ်များ အလိုအလျောက် ဖြစ်ပေါ်နေဆဲဖြစ်သည်။

ဦးနှောက်၏ ဆင့်ကဲပြောင်းလဲခြင်းမှာ ခန္ဓာကိုယ်နှင့်မတူပေ။ ဤနေရာသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောဗဟိုဌာနဖြစ်ပြီး မှတ်ဉာဏ်သိုလှောင်ရာနေရာ ဖြစ်သည်။ အနည်းငယ် မှားယွင်းသွားပါက အပေါ့စားအနေဖြင့် မှတ်ဉာဏ်ရှုပ်ထွေးခြင်း၊ အပြင်းစားအနေဖြင့် တစ်ကိုယ်လုံး သွက်ချာပါဒလိုက်ခြင်း၊ ပို၍ဆိုးရွားပါက ထိုနေရာတွင်ပင် အသက်သေဆုံးသွားနိုင်သည်လည်း ဖြစ်နိုင်သည်။

သူ ဦးနှောက်ကို ပြုပြင်မွမ်းမံခြင်း မခံခဲ့ရသည်တော့မဟုတ်၊ တစ်ကြိမ်ထက်မကပင် ဖြစ်သည်။ သို့သော် ၎င်းမှာ စနစ်မှ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး စိတ်ထဲတွင် ခဏတာဝေဝါးသွားပြီးနောက် ပြုပြင်မွမ်းမံမှု ပြီးစီးသွားခဲ့သည်။ အရာအားလုံးမှာ လုံခြုံစိတ်ချရပြီး မှားယွင်းမှုတစ်ခါမျှ မရှိခဲ့ပေ။

ယခုတစ်ကြိမ်မှာမူ ဉာဏ်ပညာသစ်ပင်၏နှလုံးသားကဲ့သို့သော ရှေးရိုးနည်းလမ်းဖြင့် ဦးနှောက်အမြှေးပါးကို လှုံ့ဆော်ကာ ဆင့်ကဲပြောင်းလဲစေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အာဖရိကတွင် စီးပွားရေးလုပ်နေသော ကုန်သည်တစ်ဦး နေမကောင်းဖြစ်၍ ဆေးရုံမရှာနိုင်ဘဲ ဒေသခံ ပယောဂဆရာကို ရှာဖွေကုသရသကဲ့သို့ပင်၊ ယုံကြည်မှုမှာ သဘာဝအတိုင်း ကင်းမဲ့နေသည်။

သို့သော် သူသည် မကြာမီမှာပင် ဟိုတွေးဒီတွေးလုပ်ရန် အချိန်မရှိတော့ပေ။ ဦးရေပြားမှ ယားယံထုံကျင်မှုမှာ ပို၍ပို၍ ပြင်းထန်လာပြီး အနည်းငယ် စူး၍နာကျင်လာသည်။ ခဏအကြာတွင် အမြင်အာရုံမှာလည်း ဝေဝါးရှုပ်ထွေးလာသည်။ ရှေ့မှ ကျောက်နံရံသည် အပူချိန်မြင့်မားမှုအောက်မှ ထောပတ်ကဲ့သို့ အရည်ပျော်ကာ လည်ပတ်ရောနှောသွားပြီး ရောင်စုံအစုအဝေးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏နားများမှာလည်း ပြဿနာဖြစ်ပေါ်လာပြီး လိုင်းမကောင်းသော ရေဒီယိုတစ်လုံးကဲ့သို့ တစ်ခါတစ်ရံ တိတ်ဆိတ်ငြိမ်သက်သွားပြီး တစ်ခါတစ်ရံ ဆူညံသံများဖြင့် ပြည့်နှက်နေသည်။

အနံ့နှင့် အရသာအာရုံမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ပြင်းသော၊ ပျော့သော၊ ခါးသော၊ ငန်သော အနံ့အရသာအမျိုးမျိုးတို့သည် အဆက်မပြတ် ရောက်ရှိလာသည်။ ဦးနှောက်ထဲတွင် ရှုပ်ထွေးသော သတင်းအချက်အလက်များဖြင့် ပြည့်နှက်နေပြီး အချို့မှာ အချင်းချင်းဆန့်ကျင်နေကာ အများစုမှာမူ အဓိပ္ပာယ်မရှိပေ။

ထို့နောက် သူ၏လက်ခြေများမှာ ထုံကျင်လာပြီး တဖြည်းဖြည်း အသိစိတ်ကင်းမဲ့သွားကာ တစ်ကိုယ်လုံး သွက်ချာပါဒလိုက်သွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် လော်ယွမ်သည် ဤအရာအားလုံးကို ငြိမ်သက်စွာ ခံစားနေရုံမှလွဲ၍ ဘာမျှလုပ်နိုင်ခြင်းမရှိပေ။

သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။

မိနစ်အနည်းငယ်အကြာတွင် အမြင်အာရုံကို ပထမဆုံး ဖယ်ရှားခံလိုက်ရပြီး မျက်စိရှေ့တွင် အမှောင်ထုကြီး ဖြစ်သွားသည်။ ထို့နောက် အကြားအာရုံ၊ အရသာအာရုံ၊ အနံ့အာရုံတို့ ဖြစ်သည်။ အရေပြား၏ အာရုံခံစားမှု ဖယ်ရှားခံလိုက်ရသည့်အချိန်တွင် သူသည် လောကကြီးနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အလင်းရောင်မရှိ၊ အသံမရှိ၊ အာရုံခံစားမှုလည်း လုံးဝပျောက်ကွယ်သွားပြီး မိမိ၏တည်ရှိမှုကိုပင် မသေချာနိုင်တော့ပေ။ ဖော်ပြ၍မရသော ကြောက်ရွံ့မှုတစ်ခုက သူ၏စိတ်နှလုံးထဲသို့ လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်ဝင်ရောက်လာသည်။ အားကောင်းသော စိတ်ဓာတ်သည် ဤကဲ့သို့သော အစွန်းရောက်အခြေအနေအောက်တွင် ပြင်းထန်စွာ တိုက်စားခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤကြောက်ရွံ့မှုမှာ ခန္ဓာကိုယ်၏ ပင်ကို အန္တရာယ်အာရုံခံစားမှုမှ လာခြင်းဖြစ်ပြီး ၎င်းမှာ ခန္ဓာကိုယ်ရှိ မရေမတွက်နိုင်သော ဆဲလ်များမှ ထုတ်လွှတ်သော အန္တရာယ်အချက်ပြမှုများ ဖြစ်သောကြောင့်ပင်။

သူ ရုန်းကန်ချင်သည်၊ အရူးအမူး အော်ဟစ်ချင်သည်။ သို့သော် သူ၏အားကောင်းသော စိတ်စွမ်းအားက မိမိကိုယ်ကို အစွမ်းကုန် ချုပ်တည်းထားသည်။ ဤအချိန်တွင် ရုန်းကန်အော်ဟစ်ခြင်းမှာ အသုံးမဝင်ရုံသာမက ခန္ဓာကိုယ်ကို မှားယွင်းသော အချက်ပြမှုများ ပေးပို့မိပြီး ဆင့်ကဲပြောင်းလဲမှု ကျရှုံးသွားနိုင်သည်ကို သူ သိသည်။

ဤသို့သော တစ်ပိုင်းတစ်စ ရပ်တန့်သွားသော ဆင့်ကဲပြောင်းလဲခြင်းမှာ မူလအခြေအနေသို့ ပြန်ရောက်သွားခြင်းမဟုတ်ဘဲ တဝက်တပျက်ဝင်းဒိုးတင်နေသော ကွန်ပျူတာကို အတင်းအကျပ် ရပ်တန့်လိုက်သကဲ့သို့ပင်၊ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လုံးဝပျက်စီးသွားပြီး ဦးနှောက်သေသွားသော လူတစ်ယောက် ဖြစ်သွားရန်သာ ဖြစ်သည်။

စက္ကန့်အနည်းငယ်သာ ကြာမြင့်သွားသော်လည်း သူ၏အတွေးထဲတွင်မူ မရေမတွက်နိုင်သော နှစ်များ ကုန်ဆုံးသွားသကဲ့သို့ပင်။ ဤနေရာတွင် အချိန်၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ပင် မပီမသဖြစ်နေသည်။ သူ၏အတွေးများမှာ နှေးကွေးလေးလံလာသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး နောက်ဆုံးတွင် သူ၏အတွေးမှာ ခဏတာ ရပ်တန့်သွားသည်။

နောက်တစ်ခဏတွင် သူ၏အတွေးများ ပြန်လည်လည်ပတ်လာပြီး တစ်ချိန်တည်းတွင် မျက်စိရှေ့တွင် အလင်းရောင်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူ အသံကိုကြားရသည်၊ သူ အနံ့ကိုရသည်… ခန္ဓာကိုယ်၏ အာရုံခံစားမှုအားလုံး တစ်ခုချင်းစီ ပြန်လည်ရောက်ရှိလာသည်။ ဤအချိန်တွင် ဖော်ပြရခက်သော စိတ်ခံစားချက်တစ်ခုက စိတ်နှလုံးထဲမှ ပေါ်ထွက်လာပြီး မျက်လုံးများမှာ မထိန်းနိုင်ဘဲ စိုစွတ်လာသည်။ ကမ္ဘာလောကကြီးသည် ဤမျှလောက် လှပသည်ဟု တစ်ခါမျှ မခံစားခဲ့ဖူးကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူ တစ်ခုခုထူးခြားနေသည်ဟု ခံစားလိုက်ရပြီး မတ်တပ်ထရပ်ကာ ခြေလှမ်းအနည်းငယ် လျင်မြန်စွာ လျှောက်လှမ်းပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူသည် ကမ္ဘာလောကကြီးတစ်ခုလုံး အသစ်စက်စက်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အရာအားလုံး၏ အရောင်အသွေးများမှာ အလွန်စုံလင်လှပကာ အသံအမျိုးမျိုးမှာလည်း အလွန်ကြွယ်ဝစုံလင်လှသည်။

သူသည် ဤကမ္ဘာလောကကြီးကို လောဘတကြီး ကြည့်ရှုနေမိသည်။ ဤသည်မှာ အမှောင်ထဲမှအလင်းသို့ ရုတ်တရက် ထွက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အမြင်မှားခြင်းမဟုတ်ဘဲ အမှန်တကယ် ခံစားနေရခြင်းဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

ဤသို့သော ခံစားချက်မျိုးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်သည့်အချိန်တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ဉာဏ်ရည်တိုးတက်ခြင်းကလည်း အလားတူအာနိသင်မျိုး ဖြစ်ပေါ်စေမည်ဟု မထင်ထားခဲ့ပေ။

ဤအတွေး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လော်ယွမ် နားလည်သွားသည်။ အကယ်၍ ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးတက်ခြင်းကို အချက်ပြမှုလက်ခံကိရိယာဟု တင်စားလျှင် ဉာဏ်ရည်မှာ သတင်းအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းသော ဗဟိုဌာနပင် ဖြစ်သည်။ လက်ခံရရှိသော သတင်းအချက်အလက်ပမာဏသည် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်သွားသည့်အခါ ပိတ်ဆို့ခြင်း သို့မဟုတ် ဝေဝါးစေခြင်းတို့ ဖြစ်ပေါ်လာသည်။ ယခုအခါတွင်မူ ဤကန့်သတ်ချက်မှာ လုံးဝပွင့်ထွက်သွားပြီ ဖြစ်သည်။

(အပြင်လောကကြီးက ပေးပို့တဲ့သတင်းအချက်အလတ်တွေကို အာရုံငါးပါးကနေတဆင့် လူ့ဦးနှောက်က လက်ခံရရှိပါတယ်။ ဒါပေမဲ့ ပို့လွှတ်တဲ့သတင်းတွေက ဦးနှောက်လက်ခံနိုင်တာထက် ကျော်လွန်သွားတဲ့အခါ တချို့သတင်းတွေ ရောက်မလာတာတို့ တချို့သတင်းတွေက မသဲကွဲတော့တာတို့ ဖြစ်သွားပါတယ်။ အခုလော်ယွမ်က ဦးနှောက်ကို အဆင့်မြှင့်လိုက်တော့ အပြင်လောကကြီးက ပေးပို့တဲ့သတင်းမှန်သမျှကို အာရုံငါးပါးကတဆင့် သူ့ဦးနှောက်က အပြည့်အဝလက်ခံနိုင်သွားတာပါ)

သူသည် ယခုအခါ အလွန်အံ့ဩဖွယ်ကောင်းသည်ဟု ခံစားနေရပြီး စိတ်အစဉ်မှာ ကြည်လင်ပြတ်သားပြီး လျင်မြန်နေသည်။ သူသည် ငယ်စဉ်က မေ့လျော့သွားပြီဖြစ်သော မှတ်ဉာဏ်များကိုပင် ပြန်လည်သတိရနိုင်ပြီး မှတ်ဉာဏ်များ၏ နောက်ခံမြင်ကွင်းများကိုပင် တစ်ခုမကျန် သတိရနေသည်။

သူသည် ကျောက်ဂူ၏အမြင့်ကို တိကျစွာ ခန့်မှန်းနိုင်ပြီး ဒသမကိန်းတစ်နေရာအထိပင် တိကျလှသည်။ သူသည် အဝေးမှ သစ်ပင်ကြီးတစ်ပင်တွင် အကိုင်းအခက်မည်မျှရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်ပြီး ဖုံးကွယ်နေသော နေရာများကိုပင် အလုံးစုံဖြန့်ကျက်မှုကို ကြည့်ရှုကာ ရှင်းလင်းစွာ ပြန်လည်ပုံဖော်နိုင်သည်။

အလွန်မြင့်မားသော အရောင်အသွေးကြည်လင်မှု၊ ထောင်ပေါင်းများစွာသော အနံ့များ၊ သိမ်မွေ့သော ထိတွေ့မှု၊ များပြားရှုပ်ထွေးသော တွက်ချက်မှုများ၊ ကြာမြင့်စွာမေ့လျော့နေသော အမှတ်တရများ… မရေမတွက်နိုင်သော သတင်းအချက်အလက်များက ဒီရေကဲ့သို့ သူ၏ဦးနှောက်ထဲသို့ စီးဝင်လာသော်လည်း သူကမူ အေးအေးဆေးဆေးပင် ကိုင်တွယ်နိုင်စွမ်းရှိနေသည်။

သူ၏စိတ်အစဉ် လည်ပတ်နေစဉ်တွင် ယခင်က ကျန်ရှိခဲ့သော သံသယအမျိုးမျိုး၊ စာသင်စဉ်က မဖြေရှင်းနိုင်ခဲ့သော ပြဿနာများ၊ ဤအရာများသည် မူလက မေ့လျော့သွားပြီဖြစ်သော်လည်း ပညာဉာဏ်အဆင့်တက်လာသည်နှင့်အမျှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သတိမပြုမိနိုင်လောက်အောင် သေးငယ်သော အတွေးများအဖြစ်သို့ ပြောင်းလဲကာ ဦးနှောက်ထဲတွင် အခါအားလျော်စွာ ပေါ်ထွက်လာပြီး စိတ်အစဉ်က မသိစိတ်ဖြင့် လျင်မြန်စွာ ဖြေရှင်းပေးနေသည်။

နောက်ဆုံးပြဿနာကို ဖြေရှင်းပြီးသည့်အခါ သူသည် ရုတ်တရက် လန်းဆန်းကြည်လင်သွားပြီး စိတ်အစဉ်မှာလည်း ပို၍ရှင်းလင်းလာသည်ဟု ခံစားလိုက်ရသည်။

ဤမဖြေရှင်းနိုင်ခဲ့သော ပြဿနာများမှာ အမှန်တကယ် မေ့လျော့သွားခြင်းမဟုတ်ပေ။ ပြဿနာများသည် ဦးနှောက်၏သတင်းအချက်အလက် ကိုင်တွယ်ဖြေရှင်းမှုတွင် အလွန်ဦးစားပေးနေရာ၌ ရှိနေကြသည်။ ပြဿနာကို မဖြေရှင်းနိုင်သည့်အခါ ၎င်းသည် လုံးဝမေ့လျော့သွားခြင်းမဟုတ်ဘဲ ဖြေရှင်းရန်စောင့်ဆိုင်းနေသော နေရာသို့ ရွှေ့ပြောင်းသွားပြီး အရင်းအမြစ်အချို့ကို သုံးစွဲနေသည်။ စုပုံလာသော ပြဿနာများ များပြားလာသည်နှင့်အမျှ ဦးနှောက်၏ အလုပ်လုပ်နိုင်စွမ်းမှာ တဖြည်းဖြည်း နှေးကွေးလာသည်။

စာကိုနားလည်အောင်မကြိုးစားသော လူများစွာတို့သည် ဤသို့ပင်ဖြစ်သည်။ စာကို အလွတ်ကျက်လေလေ၊ အတွေးအခေါ်နှေးကွေးလာလေလေဖြစ်ပြီး နောက်ဆုံးတွင် စာပိုလုပ်လေ အဆင့်ပိုကျလေ ဖြစ်တတ်သည်။

(ဒီအဆင့်ကျတာက အလွတ်ကျက်ဖြေ စနစ်မှာတော့ မသက်ရောက်ဘူးXD)

ဆက်ရန်...

အပိုင်း(၂၃၈)ကမ္ဘာ့လည်ပတ်မှု

လော်ယွမ်သည် ကျောက်ဂူထဲမှ ထွက်လာသောအခါ လူတိုင်းသည် မလှမ်းမကမ်းတွင် စုဝေး၍ စကားစမြည်ပြောနေကြသည်ကို တွေ့လိုက်ရသည်။ လော်ယွမ်ပေါ်ထွက်လာသည်ကိုမြင်သောအခါ အားလုံး၏အာရုံမှာ သူ့ထံသို့ ရောက်ရှိလာကြသည်။

"ရှီရှီ... ဒီကိုခဏလာဦး" လော်ယွမ်သည် အခြားသူများကို ဂရုမစိုက်ဘဲ ဝမ်ရှီရှီကိုသာ လက်ယပ်ခေါ်လိုက်ပြီး ကျောက်ဂူထဲသို့ ပြန်လှည့်ဝင်သွားသည်။

"ဟုတ်" ဝမ်ရှီရှီသည် မျက်နှာတွင် ဝမ်းသာအားရသည့်အရိပ်အယောင်ဖြင့် ပြေးလာပြီး ကျောက်ဂူထဲသို့ဝင်ကာ "ကိုကြီးယွမ်... သမီးကို ဘာခိုင်းမလို့လဲဟင်" ဟုမေးလိုက်သည်။

"နင် ဒါကိုစားလိုက်" လော်ယွမ်က ကျန်ရှိနေသော "ဉာဏ်ပညာသစ်ပင်နှလုံးသား" ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ဉာဏ်ပညာသစ်ပင်နှလုံးသားသည် တစ်ဝက်သာသာသာ ကျန်ရှိတော့သဖြင့် လူတိုင်းစားသုံးရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဝမ်းဗိုက်ထဲမှ ပြည့်အင့်နေသည့်ခံစားချက်မှာ များစွာလျော့ပါးသွားပြီဖြစ်ရာ လော်ယွမ်ခန့်မှန်းရသလောက် ဤကျန်ရှိနေသောအပိုင်းသည် အများဆုံး လူတစ်ယောက်၏ဉာဏ်ရည်ကိုသာ ထပ်မံမြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ခင်မင်ပတ်သတ်မှုများကို ဖယ်လိုက်လျှင် အားလုံးထဲတွင် ဝမ်ရှီရှီ၏စွမ်းဆောင်ရည်မှာ အကောင်းဆုံးဖြစ်ပြီး အဖွဲ့ထဲတွင် သူ့အပြင် အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမကိုစားသုံးစေခြင်းကသာ ၎င်း၏အမြင့်ဆုံးတန်ဖိုးကို ဖော်ဆောင်နိုင်မည်မှာ သေချာသည်။

"ကိုကြီး.. ဒါကဘာကြီးလဲဟင်" ဝမ်ရှီရှီက သံသယဖြင့် မေးလိုက်သည်။

ဉာဏ်ပညာသစ်ပင်နှလုံးသားသည် တစ်ဝက်ကျော်ကိုက်ဖြတ်ခံထားရသဖြင့် မူလကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်ကို မမြင်နိုင်တော့ချေ။

"ဒါက ဉာဏ်ပညာကို မြှင့်တင်ပေးတဲ့အသီးပဲ... စားပြီးရင် မကြောက်နဲ့... စိတ်ကို တည်ငြိမ်အောင်ထား... ဘာပဲဖြစ်လာဖြစ်လာ နင့်ဘေးမှာငါရှိတယ်" လော်ယွမ်က အနည်းငယ်ရှင်းပြလိုက်သည်။

သူမ၏မျက်နှာတွင် ဝမ်းသာသည့်အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး တစ်ဝက်စားပြီးဖြစ်သော အသီးကိုကြည့်ကာ မနေနိုင်ဘဲ "ဒီအသီးကို သမီးတစ်ယောက်တည်းကိုပဲ ကျွေးတာလား" ဟုမေးလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "ဒီက တန်ဖိုးအရမ်းကြီးတယ်... ဒီတလုံးပဲရှိတာ... အဲ့တော့စားပြီးရင် တခြားသူတွေကို သွားကြွားမနေနဲ့ဦး"

ဝမ်ရှီရှီသည် အလျင်အမြန်ပင် ခေါင်းညိတ်အဖြေပေးလိုက်ပြီး စိတ်ထဲတွင် ချိုမြိန်သွားကာ မျက်နှာမှာ ပန်းပွင့်သကဲ့သို့ လန်းဆန်းသွားသည်။

လော်ယွမ်သည် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး စိတ်မချသလို ခံစားလိုက်ရသည်။ ဤသို့သော ဉာဏ်ပညာတိုးတက်မှုသည် အန္တရာယ်ကင်းမဲ့သည်တော့မဟုတ်ပေ။ သူမကဲ့သို့ စိတ်ခံစားမှုလွယ်ကူသူတစ်ယောက်အနေဖြင့် သတိမပေးထားပါက အာရုံငါးပါးပိတ်ဆို့ခြင်းအဆင့်ကို ကျော်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။

လော်ယွမ်သည် ဝမ်ရှီရှီကိုဆွဲခေါ်လိုက်ပြီး သူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို စိတ်ရှည်စွာဖြင့် အသေးစိတ်ပြောပြလိုက်ရာ ဝမ်ရှီရှီပင်လျှင် စိုးရိမ်လာတော့သည်။ သူမ၏ကိုကြီးယွမ်ပြောပြသော လုံးဝတိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မိုက်သောနေရာကို စဉ်းစားမိရုံဖြင့် သူမသည် ကြက်သီးမွေးညင်းများ ထောင်ထလာသည်။

"တကယ်တော့ သိပ်ကြောက်စရာမလိုပါဘူး... ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ရင်ရတယ်" လော်ယွမ်သည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုဖြစ်သွားသည်ကို တွေ့ရှိလိုက်ရသဖြင့် အလျင်အမြန်ပြန်လည်ပြင်ဆင်ပြောဆိုလိုက်ရရာ အလွန်ပင်စိတ်ပူပန်နေရသည်။

သူသည် ဝမ်ရှီရှီအပေါ်တွင် ရှုပ်ထွေးသောခံစားချက်များရှိနေသည်။ သူမအပေါ်တွင် ချစ်သူတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိသလို၊ ဒုက္ခခံ၍ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ရသကဲ့သို့လည်း ခံစားနေရသည်။ သူမအတွက် အလွန်အမင်းစိတ်ပူပန်နေခဲ့ရသည်။ အခြားသူတစ်ယောက်သာဆိုလျှင် သူဤမျှစိတ်ရှည်တော့မည်မဟုတ်ပေ။

သူသည် ခဏစဉ်းစားပြီးနောက် "အဲ့ဒီအခါကျရင် နင့်စိတ်ထဲကနေ နံပါတ်တွေရေရင်ရေ... ဒါမှမဟုတ် ပျော်ဖို့ကောင်းတဲ့အမှတ်တရတွေကို ပြန်တွေးနေလိုက်... ခဏလေးနဲ့ပြီးသွားလိမ့်မယ်"

"ရှင်းပြီလား"

"ရှင်းပါပြီ" ဝမ်ရှီရှီ၏မျက်နှာလေးမှာ တင်းမာနေပြီး အလွန်တည်ကြည်နေသည်။

အမှန်တကယ်တွင် လော်ယွမ်သည် ဝမ်ရှီရှီအပေါ် အလွန်အမင်းစိုးရိမ်နေခြင်းသာဖြစ်သည်။ လက်တွေ့တွင်မူ သူနှင့်အတူ ကမ္ဘာပျက်ကပ်တွင် အချိန်ကြာမြင့်စွာ ရုန်းကန်လှုပ်ရှားလာခဲ့ပြီး သန္ဓေပြောင်းသတ္တဝါများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ စစ်ပွဲများစွာကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်သည်။ သူမသည် ညဘက်တစ်ယောက်တည်းမအိပ်ရဲသော ကလေးမလေးတစ်ယောက်မဟုတ်တော့ပေ။ သူ၏ရှေ့တွင်သာ ဤသို့သော ကလေးဆန်သည့်အမူအရာကို ပြသခြင်းဖြစ်သည်။

"ဟုတ်ပြီ... အမြန်စားလိုက်တော့... ငါဘေးကနေ ကြည့်နေပေးမယ်" လော်ယွမ်က ပြောလိုက်သည်။

ဝမ်ရှီရှီသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တစ်ဝက်သာကျန်သော "ဉာဏ်ပညာသစ်ပင်နှလုံးသား" ကိုယူကာ သတိဖြင့်တစ်ကိုက်ကိုက်လိုက်သည်။ သူမ၏မျက်မှောင်မှာ တင်းကျပ်သွားသော်လည်း ဤမျှလောက်သာ ဖြစ်သည်။ သူမသည် တစ်ကိုက်ချင်းစားသုံးနေပြီး မကြာမီမှာပင် ကျန်ရှိနေသော "ဉာဏ်ပညာသစ်ပင်နှလုံးသား" ကို အကုန်အစင် မျိုချလိုက်သည်။

"သမီး နည်းနည်းထုံလာသလိုပဲ။" မိနစ်အနည်းငယ်အကြာတွင် ဝမ်ရှီရှီက ရုတ်တရက်ပြောလိုက်သည်။

"မစိုးရိမ်နဲ့... စိတ်ကိုတည်ငြိမ်အောင်ဆက်ထိန်းထား... နောက်ပြီးရင် နင့်ရဲ့အာရုံငါးပါးက ကမောက်ကမဖြစ်လာလိမ့်မယ်... ဒါပေမဲ့ ကြည့်နေရုံပဲကြည့်နေလိုက်" လော်ယွမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့... သမီးသိပါပြီ" လော်ယွမ်၏နူးညံ့သောအသံကိုကြားသောအခါ မူလကအနည်းငယ်စိုးရိမ်နေသော ဝမ်ရှီရှီသည် လုံးဝတည်ငြိမ်သွားသည်။

အချိန်သည် တစ်မိနစ်၊ တစ်စက္ကန့် ကုန်လွန်သွားပြီး သူမသည် အချိန်ကြာမြင့်စွာ စကားထပ်မပြောတော့ချေ။

ထိုစဉ် သူမ၏ကိုယ်သည် ယိမ်းယိုင်ကာ လဲကျသွားရာ လော်ယွမ်သည် အလျင်အမြန်လျှောက်သွားပြီး သူမကိုထူမပေးလိုက်သည်။ ယခုအချိန်တွင် သူမ၏တစ်ကိုယ်လုံးတွင် အားအင်တစ်စိုးတစ်စိမျှမရှိဘဲ အရိုးမရှိသကဲ့သို့ ပျော့ခွေနေသည်။ ဦးနှောက်မှအချက်ပြမှုများသည် ခန္ဓာကိုယ်နှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားသည်မှာ ထင်ရှားသည်။

သူမသည် အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အစပိုင်းတွင် တစ်ခွန်းသာပြောခဲ့ပြီးနောက်ပိုင်းတွင်မူ တစ်ခွန်းတစ်ပါဒမျှ ညည်းညူခြင်းမရှိခဲ့ပေ။

သူသည် သူမ၏ကိုယ်ကို ညင်သာစွာအိပ်စက်စေလိုက်ပြီး သက်ပြင်းချကာ သူမ၏မျက်နှာကို ပွတ်သပ်ကြည့်လိုက်ရာ မျက်ရည်တစ်စက်သည် သူမ၏မျက်လုံးထောင့်မှ တိတ်တဆိတ်စီးကျလာသည်ကို တွေ့ရှိလိုက်ရသည်။

သူ၏နှလုံးသားသည် တစ်ချက်တုန်လှုပ်သွားသည်။ အဘယ်ကြောင့်မှန်းမသိ၊ သူသည် ရုတ်တရက်အနည်းငယ် စိုးရိမ်လာသည်။ ဤမျှကြာမြင့်စွာ အတူတကွမှီခိုနေထိုင်လာခဲ့ရာ သူသည် ဝမ်ရှီရှီကို အရင်းနှီးဆုံးလူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သူမသာ တစ်စုံတစ်ခုဖြစ်သွားပါက မိမိကိုယ်ကို မည်သို့တုံ့ပြန်မိမည်ကို သူ မတွေးဝံ့ချေ။

သူ၏စိတ်ထဲတွင် အတွေးများစွာ လျှောက်တွေးနေစဉ်မှာပင် ဝမ်ရှီရှီ၏မျက်လုံးများမှာ အလင်းရောင်များ ပြန်လည်ရရှိလာသည်ကိုမူ သတိမပြုမိလိုက်ချေ။

သို့သော် သူမ၏ကိုယ် လှုပ်ရှားလိုက်သည်နှင့် လော်ယွမ်သည် လျင်မြန်စွာ သတိပြန်ဝင်လာသည်။

"သတိရပြီလား... ဘယ်လိုနေသေးလဲ" လော်ယွမ်က အနည်းငယ်အလျင်စလိုဖြင့် ပြောလိုက်သည်။

"ပြောမပြတတ်ဘူး... အရမ်းထူးဆန်းတယ်း... စိတ်က နည်းနည်းကြည်လင်သွားသလိုပဲ" ဝမ်ရှီရှီသည် တဖြည်းဖြည်းထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အသစ်အဆန်းဖြစ်စွာဖြင့် ကြည့်ရှုနေသည်။ ပတ်ဝန်းကျင်မှအရာအားလုံးသည် ပြောင်းလဲသွားသကဲ့သို့ပင်။

"၃၃ အမြောက် ၅၂ က ဘယ်လောက်လဲ" လော်ယွမ်က ရုတ်တရက်မေးလိုက်သည်။

ဝမ်ရှီရှီသည် တစ်ချက်ကြောင်သွားပြီး သတိပြန်ဝင်လာသည်။ ခြောက်စက္ကန့်၊ ခုနစ်စက္ကန့်ခန့်အကြာမှ "၁၇၁၆" ဟုဖြေလိုက်သည်။

"၇၈ အမြောက် ၂၄"

"၁၈၇၂" ဤတစ်ကြိမ်တွင် အနည်းငယ်ပိုမြန်လာသော်လည်း သုံးစက္ကန့်ကျော်ကြာသွားသည်။

"ဒါဆို ၂၃ အမြောက် ၄၆၅ ကရော" လော်ယွမ်က ဆက်မေးလိုက်သည်။ ရှေ့မှပုစ္ဆာနှစ်ခုမှာ သာမန်အတိုင်းအတာအတွင်းတွင်ရှိပြီး သာမန်လူတစ်ယောက်၏ ဉာဏ်ရည်မှာ ၁၁ မှတ်အထက်တွင်ရှိပြီး အကယ်၍ စိတ်တွက်စွမ်းရည်အနည်းငယ်ရှိပါက ဆယ်စက္ကန့်အတွင်း အဖြေရရှိနိုင်သည်။ သို့သော် ဤပုစ္ဆာမှာမူ အထူးလေ့ကျင့်မှုမရှိပါက သို့မဟုတ် ဉာဏ်ရည်မှာ ၁၃ မှတ်မကျော်ပါက လူအများစုမှာ လုံးဝမဖြေနိုင်ပေ။

"ဒီလောက်ခက်တာကို ဘယ်လိုဖြေရမှာလဲကိုကြီးရဲ့... သမီးက သင်္ချာမတော်ဘူးရှင့်" ဝမ်ရှီရှီသည် အတန်ကြာစဉ်းစားပြီးနောက် ချွဲနွဲ့စွာပြောလိုက်သည်။

လော်ယွမ်၏မျက်နှာမှာ ညိုမှောင်သွားပြီး ထိုဉာဏ်ပညာသစ်ပင်နှလုံးသားသည် လုံးဝအလဟဿဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

သူမ၏ပင်ကိုယ်ဉာဏ်ရည်က မမြင့်မားသည်မှာ ထင်ရှားပြီး ဉာဏ်ပညာသစ်ပင်နှလုံးသားစားသုံးပြီးသော်လည်း အကျိုးသက်ရောက်မှုမှာ သိပ်မကောင်းလှပေ။ သူမ၏ယခုဉာဏ်ရည်မှာ အများဆုံး ၁၂ မှတ်သာ ရှိပေလိမ့်မည်။ သို့သော် အလဟသဖြစ်တာထက်စာရင်တော့ တော်သေးသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ သူမ၏အစွမ်း အနည်းငယ်တိုးတက်လာနိုင်သည်ဟု လော်ယွမ်က မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

ဉာဏ်ရည်သည် ထူးခြားသောအရည်အသွေးတစ်ခုဖြစ်ပြီး သန္ဓေပြောင်းသတ္တဝါများ၏ ဉာဏ်ရည်နိမ့်ကျမှုကြောင့်လော သို့မဟုတ် လူသားများအပေါ်တွင် တမင်ကန့်သတ်ထားခြင်းကြောင့်လောမသိ၊ သူသည် အသွေးအသားကိုစားလျှင် ဉာဏ်ရည်ကိုမြှင့်တင်ပေးနိုင်သော သက်ရှိတစ်မျိုးတစ်မည်ကိုမျှ မတွေ့ဖူးခဲ့ပေ။ ဦးနှောက်ကိုစားလျှင်ပင် အလားတူဖြစ်သည်။ စိတ်စွမ်းအားမှာလည်း ထိုနည်း၎င်းပင်ဖြစ်သောကြောင့် လူအများစုမှာ ကမ္ဘာပျက်ကပ်ဖြစ်ပွားသည့်အချိန်မှစ၍ ဉာဏ်ရည်မှာ များစွာတိုးတက်လာခြင်းမရှိခဲ့ပေ။

လော်ယွမ်၏စိတ်ပျက်မှုကို ဝမ်ရှီရှီသည် မသိကျိုးကျွန်ပြုထားသည် သို့မဟုတ် သူမ၏အာရုံမှာ ဤနေရာတွင် လုံးဝမရှိပေ။ သူမသည် ဟိုကြည့်ဒီကြည့်လုပ်နေပြီး တစ်ခါတစ်ရံ အကြောင်းမဲ့ခုန်ဆွခုန်ဆွလုပ်နေသည်။

"သမီး ကမ္ဘာကြီးလည်နေတာကို ခံစားမိနေသလိုပဲ" ထိုစဉ် ဝမ်ရှီရှီက ရုတ်တရက် အကြောင်းအရာနှင့်မဆိုင်သော စကားတစ်ခွန်းကို ပြောလိုက်သည်။

လော်ယွမ်သည် အစပိုင်းတွင် အနည်းငယ်နားမလည်ဖြစ်သွားသော်လည်း သူ၏ထက်မြက်သောအတွေးအခေါ်ကြောင့် လျင်မြန်စွာ သဘောပေါက်သွားသည်။ "နင် ကမ္ဘာကြီးလည်နေတာကို ခံစားမိတယ်ဟုတ်လား... ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

"သမီးလည်း ဘယ်လိုဖြစ်မှန်းမသိဘူး... ဘာပဲဖြစ်ဖြစ် ခံစားမိနေတာတော့ အမှန်ပဲ" ဝမ်ရှီရှီက နားမလည်သလို မျက်နှာဖြင့် ပြောလိုက်သည်။

"နင်ခံစားနေရတာကို ပြောပြကြည့်" လော်ယွမ်က ပြောလိုက်သည်။

"အဲ့တာက ပြောပြရခက်တယ်... သမီးဘယ်လိုပြောရမှန်းမသိဘူး... ဒါပေမဲ့ သမီးခန္ဓာကိုယ်က အရမ်းမြန်တဲ့အရှိန်နဲ့ ရှေ့ကိုသွားနေတာကို ခံစားမိနေတယ်" ဝမ်ရှီရှီ၏မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။

"ဒီလိုခံစားချက်က အမြဲတမ်းရှိနေတာလား... ဒါမှမဟုတ် တချက်တချက်မှ ပေါ်လာတာလား" လော်ယွမ်၏မျက်နှာသည် တည်ကြည်သွားပြီး မေးလိုက်သည်။

"စိတ်ကိုစုစည်းထားတဲ့အချိန်မှပဲ ခံစားမိသလိုပဲ" ဝမ်ရှီရှီက ခဏစဉ်းစားပြီးနောက် အနည်းငယ်တွေဝေစွာဖြင့် ပြောလိုက်သည်။

ဝမ်ရှီရှီသည် မွေးရာပါကံကောင်းသူဖြစ်ပြီး ဉာဏ်ပညာသစ်ပင်နှလုံးသားကဲ့သို့သော အလွန်နည်းပါးသောဖြစ်တောင့်ဖြစ်ခဲ ဆင့်ကဲပြောင်းလဲမှုကိုပင် ကြုံတွေ့နိုင်ခဲ့သည်ဟု ဆိုရပေမည်။ စနစ်၏ဖော်ပြပုံအရ "အလွန်နည်းပါးသော သို့မဟုတ် အားနည်းသော" ဟူသောစကားလုံးဖြင့် ဖော်ပြသောအခါ ၎င်း၏ဖြစ်နိုင်ခြေမှာ လျစ်လျူရှုနိုင်လောက်အောင် နည်းပါးသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။

သို့သော် လော်ယွမ်သည် ထိုအတွက် ဝမ်းသာခြင်းမရှိဘဲ မျက်မှောင်ကြုတ်ကာ မျက်နှာထားတည်ကြည်နေသည်။ ဤအဖြစ်အပျက်သည် ကောင်းသောလက္ခဏာမဟုတ်ပေ။ ကမ္ဘာကြီးသည် တစ်စက္ကန့်လျှင် ၂၈၈မိုင်နှုန်းဖြင့် လည်ပတ်နေသည်။ ဤသည်မှာ လူသားများကို သေးငယ်နိမ့်ကျပြီး အားနည်းသည်ဟု ခံစားရစေသော ကြောက်မက်ဖွယ်ကောင်းသည့်အမြန်နှုန်းဖြစ်သည်။ ဝမ်ရှီရှီသည် ဤလည်ပတ်မှုစွမ်းအားကို အသုံးပြုနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းကိုအသုံးပြုခြင်းသည် အလွန်အမင်းအန္တရာယ်များပြီး အမှားအယွင်းအနည်းငယ်ဖြစ်ပွားသည်နှင့် အရိုးနှင့်အသားပင် ကျန်ရစ်မည်မဟုတ်ပေ။

"နားထောင်... နောင်ကို အဲ့ဒီအစွမ်းနဲ့ပါတ်သတ်ပြီး ဘယ်တော့မှ မလေ့လာမိစေနဲ့... အာရုံစိုက်တာတောင် မလုပ်ရဘူး... တစ်နေ့နေ့ နင်ရုတ်တရက် ကမ္ဘာလည်ပတ်တဲ့အရှိန်နဲ့ အာကာသထဲကို လွင့်စဉ်သွားတာမျိုး... ဒါမှမဟုတ် လေထုရဲ့ဖိအားကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုးကို ငါမမြင်ချင်ဘူး" လော်ယွမ်က မျက်နှာထားတင်းမာစွာဖြင့် အလွန်အမင်းပြင်းထန်စွာ ပြောလိုက်သည်။

လော်ယွမ်ဖော်ပြသည်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းသည်ကို ကြားသောအခါ ဝမ်ရှီရှီသည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး အစွမ်းအသစ်တခုရရှိခြင်းကြောင့် ဝမ်းသာနေခြင်းမှ ရုတ်ခြည်းသတိဝင်လာကာ အလျင်အမြန် "ကိုကြီးယွမ်... သမီးသိပါပြီ... အဲ့အစွမ်းကိုနောက်ထပ် အာရုံမစိုက်တော့ပါဘူး" ဟုပြောလိုက်သည်။

(ဝမ်ရှီရှီက ကမ္ဘာ့လည်ပတ်အား or ဆွဲငင်အားကို ခံစားမိပြီး အသုံးချနိုင်သွားတဲ့ပုံပါပဲ။ ဒါပေမဲ့ကမ္ဘာလည်ပတ်အားက အရမ်းကြီးလွန်းလို့ အဲ့ဒီအားကို နည်းနည်းလေး နှောက်ယှက်မိတာမျိုး ယူသုံးမိတာမျိုးလုပ်လိုက်ရင် ဝမ်ရှီရှီရဲ့ကိုယ်က အားရဲ့ဒဏ်ကိုမခံနိုင်ပဲ တစ်စစီဖြစ်သွားနိုင်ပါတယ်)

ဆက်ရန်...

အပိုင်း (၂၃၉) မိုးကြိုးမုန်တိုင်း

နေ့လယ်စာစားပြီးနောက် ရာသီဥတုမှာ အလွန်အမင်း ပူလောင်အိုက်စပ်နေပြီး ခေါင်းပေါ်မှ ကောင်းကင်မှာလည်း ထူထပ်သော မိုးသားတိမ်မည်းများဖြင့် မှိုင်းညို့နေသည်။

ရက်ပေါင်းနှစ်ဆယ်ကျော်ကြာ မိုးခေါင်ပြီးနောက် သည်းထန်သော မိုးကြီးတစ်ရပ်မှာ မကြာမီ ကျရောက်လာတော့မည်ဖြစ်သည်။

နေ့လယ်သုံးနာရီသို့ ရောက်သောအခါ ကောင်းကင်သည် လုံးဝမည်းမှောင်သွားပြီး ထူထပ်သောမိုးသားတိမ်မည်းများမှာ အနက်ရောင်ကန့်လန့်ကာကြီးတစ်ခု ချိတ်ဆွဲထားသကဲ့သို့ လူးလွန့်ရွေ့လျားနေသည်။ မထင်မရှား လျှပ်စီးကြောင်းငယ်များ ပေါ်ထွက်လာပြီး လူဘီလူးကြီးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

စိုစွတ်သော အေးမြသည့်လေပြေတစ်ချက်သည် ဥမင်လှိုဏ်ခေါင်းဝမှ တိုးဝင်လာရာ လူတိုင်း၏စိတ်ကို လန်းဆန်းသွားစေသည်။

တဖြည်းဖြည်းနှင့် ကျောက်ဂူအပြင်ဘက်မှ လေသည် ပိုမိုပြင်းထန်စွာ တိုက်ခတ်လာပြီး အစပိုင်းမှ လေပြေညင်းမှ မကြာမီမှာပင် လေပြင်း၊ လေကြမ်းအဖြစ်သို့ ပြောင်းလဲသွားသည်။

လေပြင်းတိုက်ခတ်သံသည် တောအုပ်ကိုဖြတ်သန်းသွားရာ ဧရာမသတ္တဝါကြီးတစ်ကောင်၏ စူးရှသော အော်ဟစ်သံကဲ့သို့ ထွက်ပေါ်လာသည်။ သစ်တောပင်လယ်ကြီးသည် လှိုင်းလုံးများသဖွယ် လူးလွန့်နေပြီး မရေမတွက်နိုင်သော ကောင်းကင်ထက်ထိ ရှည်လျားသည့် သစ်ပင်ကြီးများမှာ ယိမ်းထိုးနေကာ သစ်ကိုင်းများ "ဂျွတ်" "ဂျွတ်" ဟူသော အသံဖြင့် ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။

ရွှံ့နွံ၊ သစ်ရွက်ခြောက်များနှင့် ကျောက်စရစ်ခဲများပါ ကောင်းကင်သို့ လွင့်ပါသွားပြီး ဇောင်းမှလွတ်သွားသော မြင်းရိုင်းများသဖွယ် အရူးအမူး တိုးဝှေ့တိုက်ခတ်နေသည်။ ရံဖန်ရံခါတွင် ပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသော်လည်း အနီးအနားမှ လေပြင်းများ၏ တိုက်ခတ်မှုကြောင့် ပြန်လည်ပျောက်ကွယ်သွားသည်။

မိုးသားတိမ်မည်းများမှာ ပိုမိုနိမ့်ဆင်းလာပြီး အဝေးမှ တောင်ထိပ်များကို လုံးဝဝါးမျိုသွားသည်။ လေမှာလည်း ပိုမိုကြမ်းတမ်းလာပြီး သဲများ ကျောက်ခဲများ လွင့်ကာ ကောင်းကင်မှာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

…………………………………………………………………………………………

"အားလုံး အားစိုက်ကြစမ်း" လော်ယွမ်က အသံကျယ်စွာ ဟိန်းလိုက်ရာ လည်ပင်းမှ သွေးကြောများ ထောင်ထလာသည်။

ယောက်ျားသားအချို့မှာ မျက်နှာများ ရှုံ့မဲ့နေပြီး တန်ပေါင်းဆယ်ဂဏန်းခန့်လေးသော ကျောက်တုံးကြီးတစ်တုံးကို အားကုန်သုံး၍ တွန်းကာ ကျောက်ဂူ၏ တံခါးဝဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားနေကြသည်။ ပြင်းထန်သော လေဝဲဂယက်သည် ကျောက်နံရံစင်္ကြံတွင် လူးလွန့်တိုက်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ညည်းတွားသံများ ထွက်ပေါ်နေသည်။ လူအချို့မှာ လေတိုက်၍ ယိုင်နဲ့နေပြီး အဝတ်အစားများမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။

စစ်သားတစ်ဦးမှာ အားအင်ကုန်ခမ်းသွားပုံရပြီး ခြေတစ်ချက်မခိုင်ဖြစ်ကာ လေပြင်း၏ ဆွဲယူမှုကြောင့် ယိုင်နဲ့ယိုင်နဲ့ဖြင့် နောက်သို့ဆုတ်သွားသည်။

လော်ယွမ်သည် မျက်စိလျှင်လက်လျှင်ဖြင့် ထိုစစ်သားကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး မူလနေရာသို့ ပြန်ဆွဲခေါ်လိုက်သည်။ "သတိမလွတ်စေနဲ့"

ထိုစစ်သားမှာ ကြောက်လန့်၍ မျက်နှာဖြူဖျော့သွားပြီး အာရုံအပြည့်အဝ စူးစိုက်လိုက်သည်။ ဤနေရာသည် မြေပြင်မှ ပေ၁၈၀ခန့်မြင့်ပြီး ဆယ့်ငါးထပ်၊ ဆယ့်ခြောက်ထပ်အမြင့်ခန့်ရှိရာ ပြုတ်ကျသွားပါက အသက်ရှင်ရန် လုံးဝမဖြစ်နိုင်ပေ။

"ရပ်တော့... ဒီနေရာပဲ" လော်ယွမ်က ဆိုသည်။

အားလုံးက လေးလံသောဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ဦးချင်းစီ သတိကြီးစွာဖြင့် ကျောက်တုံးကြီးကို ကျော်ဖြတ်ကာ ကျောက်ဂူထဲသို့ တရွတ်တိုက် ပြေးဝင်သွားကြပြီး ထောင့်တစ်နေရာတွင် မျက်နှာဖြူဖျော့စွာဖြင့် ပုန်းအောင်းနေလိုက်ကြသည်။

ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များစွာသည် လေပြင်းနှင့်အတူ ကျောက်ဂူထဲသို့ တိုးဝင်လာပြီး အတွင်း၌ ဖုန်များဖြင့် ပြည့်နှက်နေကာ လေစီးကြောင်းများ ပြင်းထန်နေသောကြောင့် မျက်စိဖြင့်ပင် မမြင်နိုင်တော့ပေ။

"အချိန်က အရမ်းနည်းလွန်းတယ်... လောလောဆယ်တော့ ဒီလောက်ပဲရမယ်... ငါတို့ကိုအကာအကွယ်နည်းနည်းရဖို့ မျှော်လင့်ရတာပဲ" လော်ယွမ်က အလွန်ကြီးမားသော တံခါးဝနှင့် လုံးဝမကိုက်ညီသော ကျောက်တုံးကြီးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤကျောက်ဂူတံခါးမှာ အလွန်ကြီးမားလှသည်။ လူ့ဘီလူးများအတွက်မူ အနည်းငယ် ကျဉ်းမြောင်းပြီး နိမ့်နေကာ ခေါင်းငုံ့ဝင်မှသာ ရနိုင်မည်ဖြစ်သော်လည်း ၎င်းမှာ လူ့ဘီလူးများ၏ စံနှုန်းသာဖြစ်သည်။ တကယ်တော့ ၎င်းသည် အမြင့်၁၅ပေရှိပြီး အကျယ်မှာလည်း ၃ပေခွဲခန့်ရှိသည်။

တံခါးကိုပိတ်ဆို့ထားသော ကျောက်တုံးမှာလည်း တန်ပေါင်းဆယ်ဂဏန်းခန့် လေးလံပြီး အလွန်လေးသည်ဟု ထင်ရသော်လည်း ကျောက်တုံး၏ သိပ်သည်းဆကို ထည့်သွင်းစဉ်းစားပါက ၃ပေကျော်ခန့်သာမြင့်ပြီး ၆ပေကျော်ခန့်သာ ရှည်လျားသည်။ တံခါးဝကို လုံးဝပိတ်ဆို့ရန်မပြောနှင့် လေးပုံတစ်ပုံပင် မပိတ်ဆို့နိုင်ပေ။

ဤကျောက်တုံးကြီးကို ဤနေရာတွင် ပိတ်ဆို့ထားခြင်း၏ အဓိကအကြောင်းမှာ လေပြင်းကို ကာကွယ်ရန်မဟုတ်ဘဲ လူများ လေဖြင့်လွင့်ပါသွားသည့်အခါ တားဆီးရန်နေရာတစ်ခု ရှိနေရန်ဖြစ်သည်။

"တကယ်ကိုနားမလည်နိုင်တော့ဘူး... ဒီနေရာက ခွန်လွန်တောင်တန်းဒေသကို... ဘယ်လိုလုပ်ဒီလောက်ပြင်းတဲ့လေတွေ ရောက်လာရတာလဲ... ငါတို့နေတဲ့ ကမ်းရိုးတန်းဒေသက တိုင်ဖွန်းမုန်တိုင်းတောင် ဒီလောက်မပြင်းဘူး" သစ်ရွက်များ မျက်နှာကို ရိုက်ခတ်၍ အနည်းငယ် နာကျင်လာသောအခါ ဟော်တုံက လက်ဖြင့် မျက်နှာကို ကာကွယ်ရင်း ကျိန်ဆဲလိုက်သည်။

လူတိုင်းမှာ ကျောက်ဂူ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်းရင်း မိုးသားတိမ်မည်းများ ပြည့်ကျပ်နေသော ကောင်းကင်ကို ကြည့်ကာ မျက်နှာများ အနည်းငယ် ဖြူဖျော့နေကြသည်။

"ကမ်းရိုးတန်းဆိုတာ မရှိတော့ဘူး" လင်းရှောင်ကျီက တိုးတိတ်စွာ သတိပေးလိုက်သည်။ သူ ပါးစပ်ဟလိုက်သည်နှင့် လေပြင်းများ တိုးဝင်လာသည်။

ဟော်တုံသည် တစ်ချက်တွေဝေသွားပြီးနောက် အားလျှော့စွာ သက်ပြင်းချလိုက်သည်။ ဟုတ်ပေသည်... ကမ်းရိုးတန်းဆိုတာ အစောပိုင်းကတည်းက မရှိတော့ပေ။ ယခု ဤဒေသသည်ပင် ကမ်းရိုးတန်းဖြစ်နေနိုင်သည်။

ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခု ကောင်းကင်မှ အရှိန်ပြင်းစွာ ကျဆင်းလာပြီး ကျောက်ဂူ၏ တံခါးဝကို ပြင်းထန်စွာ တိုက်ခတ်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြေပြင်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။ တံခါးဝမှာ တိုက်ခတ်မှုကြောင့် အကြီးအကျယ် ပြိုကျသွားပြီး ကျောက်စရစ်ခဲများစွာ လိမ့်ကျလာသည်။ ကျောက်ဂူအတွင်းမှ ကျောက်နံရံများတွင်ပင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာသည်။

ဤတစ်ကြိမ်မှာ လုံးဝမထင်မှတ်ထားသောကြောင့် လော်ယွမ်မှလွဲ၍ လူတိုင်း၏နှလုံးသားမှာ ကြောက်လန့်တကြား ခုန်ထလိုက်ကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။

"အဲ့တာဘာကြီးလဲ" ဟွမ်ကျားဟွေက ဆိုရာ အသံမှာ သိသိသာသာ တုန်ယင်နေသည်။

"သစ်ကိုင်းတစ်ခုပဲ" လော်ယွမ်က မျက်နှာတည်ကြည်စွာဖြင့် ဆိုသည်။ သူ၏အမြင်အာရုံမှာ ထက်မြက်ပြီး ဤမှောင်မိုက်သော ပတ်ဝန်းကျင်တွင်ပင် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်သည်။ ဤသည်မှာ သစ်ကိုင်းလေးတစ်ခုမဟုတ်ဘဲ လုံးပတ် ၁ပေခွဲခန့်ရှိသော အကိုင်းအခက်ကြီးတစ်ခုဖြစ်သည်။ ကမ္ဘာမပျက်ခင်က ဤမျှလုံးပတ်ရှိသော သစ်ပင်ကို သစ်ပင်ကြီးတစ်ပင်ဟုပင် ခေါ်ဆိုနိုင်သည်။

သူ၏စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်။ ဤမျှကြီးမားသော သန္ဓေပြောင်းသစ်ပင်ကို ချိုးဖဲ့နိုင်ပြီး၊ အလွန်မာကျောပြီး တန်ပေါင်းများစွာလေးသော သစ်ကိုင်းကို ကောင်းကင်သို့ လွင့်ပါသွားစေနိုင်သော ဤလေပြင်း၏ အားမှာ အဆင့် (၁၂) လေပြင်း၏ ဖျက်ဆီးနိုင်စွမ်းထက် များစွာကျော်လွန်နေပေလိမ့်မည်။

ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေမှာ ပိုမိုဆိုးရွားလာပုံရသည်။ မြောက်နှင့်တောင်ဝင်ရိုးစွန်းမှ ရေခဲတောင်များ အရည်ပျော်ကျခြင်းနှင့် စကြဝဠာမုန်တိုင်း တည်ရှိနေမှုတို့က တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု သူ၏စိတ်ထဲတွင် တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာနေသည်။

မကြာမီမှာပင် ပြင်းထန်သော မိုးကြိုးလျှပ်စီးများနှင့်အတူ ရေပုံးဖြင့် လောင်းချလိုက်သည့်အလား သည်းထန်သော မိုးကြီး ကျရောက်လာသည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများမှာ ကောင်းကင်တွင် မျက်စိကျိန်းဖွယ်ကောင်းသော လျှပ်စစ်ကွန်ရက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ စကြဝဠာမုန်တိုင်းကြောင့် လေထုထဲတွင် လျှပ်စစ်ဓာတ်များစွာ သယ်ဆောင်နေသောကြောင့်ဖြစ်မည်၊ လျှပ်စီးများ၏ စွမ်းအင်အဆင့်မှာ အထူးသဖြင့် အားကောင်းနေသည်။

ကောင်းကင်မှာ တစ်ချက်လင်းလိုက်၊ တစ်ချက်မှောင်လိုက်ဖြစ်နေပြီး လူတိုင်း၏မျက်နှာမှာ မကောင်းလှပေ။

ယခင်က မိုးကြိုးမုန်တိုင်းပြီးသွားသည်မှာ ဘယ်လောက်မျှ မကြာသေးပေ။ ဤသို့သော လျှပ်စီးမျိုးက သူတို့ကို ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအား ပြန်လည်အမှတ်ရစေသည်။

သို့သော် ယခင်ကမ္ဘာပျက်မတတ် မိုးကြိုးမုန်တိုင်းနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်လျှပ်စီးမှာ ပုံမှန်အတိုင်းအတာအတွင်းသာ ရှိနေပြီး ပမာဏ၊ သိပ်သည်းမှုနှင့် စွမ်းအင်အဆင့်မှာ များစွာနိမ့်ကျနေသည်။ သို့သော် ယခင်က ကြောက်မက်ဖွယ်အဖြစ်ကို ကြုံဖူး၍ အလွန်အမင်း ထိတ်လန့်နေသော လူအများကိုမူ ဤမြင်ကွင်းကကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။

ဤအချက်တွင် လော်ယွမ်ပင်လျှင် ခြွင်းချက်မဟုတ်ပေ။ သူသည်လည်း လူသားတစ်ဦးသာဖြစ်ပြီး နတ်ဘုရားမဟုတ်ပေ။ ဤသို့သော လျှပ်စီးမျိုးနှင့် ကြုံတွေ့ပါက အစွမ်းမည်မျှပင် မြင့်မားစေကာမူ အသုံးမဝင်ပေ။

မိုးခေါင်ခဲ့သည်မှာ အလွန်ကြာမြင့်သောကြောင့်ဖြစ်မည်၊ ဤတစ်ကြိမ်မိုးမှာ တော်တော်လေး ပြင်းထန်လှသည်။

ရေပုံးဖြင့်လောင်းချသည့်အလားရှိသော မိုးရေများက လေပြင်းနှင့်အတူ ကျောက်ဂူထဲသို့ တိုးဝင်လာပြီး "ဝေါဝေါ" ဟူသော အသံများ ထွက်ပေါ်နေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် မြေပြင်တွင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အနီးအနားတွင် လေးလံသော အရာဝတ္ထုများ ကျရောက်သံများ အဆက်မပြတ်ထွက်ပေါ်နေပြီး ကြားရသူကို ကြောက်ရွံ့တုန်လှုပ်စေသည်။ အချို့မှာ ချောက်ကမ်းပါးပေါ်သို့ ကျရောက်ပြီး တောင်ပြိုမှုများပင် ဖြစ်ပေါ်စေသည်။

ကျောက်ဂူထဲမှ လေထုမှာ ဖိအားများနေပြီး လူတိုင်း တိတ်ဆိတ်စွာ နေကြသည်။ လေပြင်းတိုက်ခတ်သံများ၏ ဖုံးကွယ်မှုကြားတွင်ပင် တစ်ဦးနှင့်တစ်ဦး၏ လေးလံသော အသက်ရှူသံများကို ကြားနေရသည်။

……………………………………………………………………………………

မိုးသက်မုန်တိုင်းကြီးသည် ငါးနာရီနီးပါး ကြာမြင့်ခဲ့ပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားသောအခါ ကောင်းကင်မှာ လုံးဝမည်းမှောင်နေပြီဖြစ်သည်။

လော်ယွမ်သည် ပေါင်နားအထိရောက်နေသော ရေများကို ဖြတ်၍ တစ်ဝက်တစ်ပျက်ပြိုကျနေသော တံခါးဝမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ညအမှောင်အောက်တွင် ရှေ့မှ မြက်ခင်းပြင်မှာ ပျောက်ကွယ်သွားပြီး ကြီးမားသော ရေပြင်ကြီးတစ်ခုက အစားထိုးဝင်ရောက်နေသည်။

တောအုပ်မှာလည်း လေပြင်း၏ ရမ်းကားခြင်းကို ခံရပြီးနောက် ပျက်စီးယိုယွင်းနေပြီး နေရာအနှံ့တွင် လဲကျနေသော သစ်ပင်များဖြင့် ပြည့်နှက်နေသည်။ အချို့သစ်ပင်များမှာ အမြစ်မှပင် ကျွတ်ထွက်နေပြီး အခြားသစ်ပင်ကြီးတစ်ပင်ပေါ်တွင် စောင်း၍တင်နေသည်။ အချို့နေရာများတွင်မူ သစ်ပင်များမှာ အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားပြီး ထိုနေရာမှာ မုန်တိုင်းဗဟိုချက်ကို ကြုံလိုက်ရပုံရသည်။

သို့သော် လော်ယွမ်၏စိတ်ထဲတွင် ဝမ်းမြောက်မှုမရှိဘဲ အနည်းငယ် စိုးရိမ်ပူပန်နေသည်။ ဤမိုး၏ ဖျက်ဆီးနိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသော်လည်း ရေများစွာကို သယ်ဆောင်လာခဲ့သည်။ ယခင်က မိုးခေါင်သောကြောင့် အပင်များ၏ ကြီးထွားနှုန်းမှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခံထားရသည်။ ယခု ဤမိုးကြီးရွာသွန်းပြီးနောက် အပင်များ မည်မျှအရူးအမူး ကြီးထွားလာမည်ကို မသိနိုင်ပေ။ ထို့အပြင် ရေအရင်းအမြစ် ဖြေရှင်းပြီးသွားသောကြောင့် ယခင်က ပြောင်းရွှေ့သွားသော သန္ဓေပြောင်းသတ္တဝါများမှာလည်း အများအပြား ပြန်လည်ရောက်ရှိလာပေလိမ့်မည်။

"ဒီနေရာက ပိုပိုပြီး အန္တရာယ်များလာပြီပဲ... ဒီနေရာက ထွက်ခွာဖို့ကိစ္စကို အမြန်စဉ်းစားမှဖြစ်တော့မယ်" သူ၏စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေသည်။

သို့သော် သတင်းဆိုးကြီးပဲတော့ မဟုတ်ပေ။ နေ့၏ပြင်းထန်သော အပူချိန်ကို ဤမုန်တိုင်းပြင်းက လုံးဝ ရှင်းလင်းသွားစေခဲ့သည်။ လေပြေတစ်ချက်တိုက်ခတ်လာရာ စိုစွတ်သောလေထဲတွင် အေးမြမှုတစ်စွန်းတစ်စ ပါဝင်နေပြီး သူ၏စိတ်ကို ရုတ်တရက် လန်းဆန်းသွားစေသည်။

သူက ခေတ္တမျှ လေအေးခံပြီးနောက် ကျောက်ဂူထဲသို့ ပြန်လှည့်ဝင်သွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၄၀)ရေညှိ

အမှန်တကယ်တွင်မူ အခြေအနေသည် လော်ယွမ်ခန့်မှန်းထားသည်ထက် ပို၍ပင်ဆိုးရွားနေခဲ့သည်။

နောက်တစ်နေ့နံနက်စောစော လော်ယွမ်ကျောက်ဂူထဲမှထွက်လာသောအခါ သူ၏မျက်စိရှေ့တွင် အဆုံးအစမရှိသော စိမ်းလန်းမှုများက ပြည့်နှက်နေသည်။ မနေ့ကရေများ လုံးဝကျသွားခဲ့ပြီး တောအုပ်ထဲတွင် လှပစွာစီးဆင်းနေသော ချောင်းငယ်အချို့ တိုးလာခဲ့သည်။ ဂူရှေ့မှ မကြာခဏရှင်းလင်းနေကျ မြက်ခင်းပြင်သည် မိုးရွာပြီးနောက်မှ ဝါးညွှန့်များကဲ့သို့ တစ်ညအတွင်းမှာပင် အကြီးအကျယ်မြင့်တက်လာပြီး လူတစ်ရပ်နီးပါးရှည်လျားနေသည်။ ထူးဆန်းသောပိုးကောင်ထောင်ပေါင်းများစွာသည် မြက်တောထဲတွင် သက်တောင့်သက်သာဖြင့် ပျံဝဲသွားလာနေကြပြီး အသက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

မနေ့ကတောအုပ်ထဲမှ ပျက်စီးနေသောမြင်ကွင်းနှင့် အလောင်းများပြန့်ကျဲနေသောမြင်ကွင်းမှာ အရိပ်အယောင်မျှပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ တောအုပ်သည် ပျက်စီးယိုယွင်းသွားခြင်းမရှိသည့်အပြင် ပို၍ပင်စိမ်းလန်းစိုပြေလာသည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် လစ်လပ်သွားသောနေရာများကို အခြားသစ်ကိုင်းများက နေရာယူထားကြပြီဖြစ်သည်။

အသစ်ထွက်လာသောသစ်ကိုင်းများသည် နုနယ်ပျော့ပျောင်းလှပြီး အချို့အရွက်များမှာ အပြည့်အဝမပွင့်သေးခင်မှာပင် နေရာသစ်ကို အလုအယက်နေရာယူရန် စိတ်မရှည်တော့ပေ။

တောအုပ်၏အားကောင်းသော အသက်စွမ်းအင်မှာ ပြည့်လျှံထွက်တော့မည့်အလား ရှိနေသည်။ အကယ်၍ တံခါးဝမှပြိုကျနေသော ကျောက်တုံးများသာမရှိပါက လော်ယွမ်သည် မနေ့ကအလွန်ပြင်းထန်သောမုန်တိုင်းကြီးမှာ အမြင်မှားခြင်းတစ်ခုဟုပင် ထင်မှတ်မိပေလိမ့်မည်။

အပင်များ၏ကြီးထွားနှုန်းမှာ အလွန်ပင်ရူးသွပ်ဖွယ်ကောင်းလှသည်။ တစ်ညအတွင်းမှာပင် ဤမျှဖြစ်နေခဲ့ရာ ဆယ်ရက်ကျော်ခန့်ဆက်ဖြစ်နေပါက မည်သို့ဖြစ်သွားမည်ကို မသိနိုင်တော့ပေ။ ထို့အပြင် အပင်များသည် ဂေဟစနစ်ကွင်းဆက်၏ အခြေခံအကျဆုံးအဆင့်တွင်ရှိရာ အပင်များပြောင်းလဲသွားသည်နှင့် ဂေဟစနစ်ကွင်းဆက်တစ်ခုလုံး ဆက်တိုက်ပြင်းထန်သောပြောင်းလဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

လော်ယွမ်၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတစ်စ ဖြစ်ပေါ်လာပြီး အချိန်အတော်ကြာကြည့်ရှုပြီးမှ ကျောက်ဂူသို့ပြန်လှည့်လာခဲ့သည်။

လူတိုင်းက ကျောက်ဂူအတွင်းထဲတွင် ရေညှိများကို ရှင်းလင်းနေကြသည်။ ကျောက်ဂူအတွင်းမှရေများကျသွားပြီးနောက် တစ်ရေးနိုးလာသောအခါ မြေပြင်နှင့်ကျောက်နံရံများပေါ်တွင် အရောင်အသွေးစုံလင်သော ရေညှိများက ပြည့်နှက်နေသည်။ ချောကျိကျိဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းရုံသာမက ပိုးကောင်များကိုလည်း ဆွဲဆောင်နိုင်သောကြောင့် နံနက်စောစောမှာပင် လူတိုင်းက ဤမဖိတ်ခေါ်ဘဲရောက်လာသောအပင်များကို အလိုအလျောက်ရှင်းလင်းနေကြခြင်းဖြစ်သည်။

သို့သော် ရှင်းလင်းကြည့်မှပင် အခက်အခဲကိုသိရှိကြတော့သည်။

ဤနေရာတွင် သင့်တော်သောကိရိယာများမရှိသောကြောင့် ရှင်းလင်းနှုန်းမှာ အလွန်နှေးကွေးသည်။ ထို့အပြင် ဤရေညှိအမျိုးအစားတွင် အသက်ဝင်နေသောလက္ခဏာတစ်မျိုးရှိနေပြီး ထိခိုက်မိသည်နှင့် မြေကြီးပေါ်သို့တင်းကျပ်စွာကပ်သွားကာ ရှင်းလင်းရပိုခက်ခဲသွားစေသည်။ လူအချို့တစ်နာရီကျော်ခန့် အလုပ်ရှုပ်ခဲ့သော်လည်း နေရာအနည်းငယ်ကိုသာ ရှင်းလင်းနိုင်ခဲ့သည်။

ပို၍အခက်အခဲဖြစ်သည်မှာ ၎င်း၏အမြစ်များသည် ကျောက်တုံးထဲသို့စိုက်ဝင်နေပြီး အမြစ်ပြတ်ရှင်းလင်းရန် အလွန်ခက်ခဲခြင်းပင်ဖြစ်သည်။ ရေအနည်းငယ်မျှသာရှိနေပါက ယခုရှင်းလင်းပြီးသည်နှင့် နောက်တစ်နေ့တွင် ပြန်လည်ပေါက်ရောက်လာပေလိမ့်မည်။

လော်ယွမ်က ခဏတာကြည့်ရှုပြီးနောက် "ဒီနည်းအချိန်ကုန်ပင်ပမ်းတာပဲ အဖတ်တင်လိမ့်မယ်... တကယ်က အဲ့လောက်ဒုက္ခခံစရာမလိုဘူး... အပင်တွေက မီးကိုကြောက်တယ်... အပြင်ကထင်းတွေခြောက်သွားရင် မီးပုံပြီးရှို့လိုက် တစ်ခါတည်းနဲ့ရှင်းသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

သူ၏အတွေးအခေါ်မှာ ယခုအခါ အလွန်လျင်မြန်လာပြီး ချက်ချင်းပင် အကြံရသွားသည်။

လူတိုင်းက ရပ်တန့်လိုက်ပြီး လက်ထဲမှကျောက်တုံးများကိုပစ်ချကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ လော်ယွမ်၏နည်းလမ်းမှာ အလွန်ရိုးရှင်းပြီး ထိရောက်သော်လည်း ထူးဆန်းသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မစဉ်းစားမိခြင်းပင်ဖြစ်သည်။

အမှန်တကယ်တွင်မူ ဤသည်မှာ သူတို့သည် ခေတ်ကောင်းစဉ်ကသာမန်အသိတရားများဖြင့် ဖုံးကွယ်ခံထားရပြီး အကျင့်ပါနေသောအတွေးအခေါ်ထဲတွင် နစ်မြုပ်နေသောကြောင့်ဖြစ်သည်။ သာမန်လူတစ်ယောက်၏အတွေးထဲတွင် မိမိအိမ်ထဲ၌ ရေညှိများပေါက်နေပါက ပထမဆုံးတုံ့ပြန်မှုမှာ ရေညှိများကိုခြစ်ထုတ်ပစ်ရန်ဖြစ်ပြီး မီးဖြင့်ရှို့ရန်မဟုတ်ပေ။ မီးရှို့ပါက စိတ်မမှန်ဟုသာထင်မှတ်ခံရပေလိမ့်မည်။ အိမ်ကိုမီးလောင်စေနိုင်ရုံသာမက မီးလောင်ပြီးနောက်ကျန်ရစ်ခဲ့သော မီးခိုးနံ့နှင့်ပြာများကပင် လူကိုရူးသွပ်သွားစေနိုင်သည်။ သို့သော် ကမ္ဘာပျက်ကာလတွင် အန္တရာယ်များက ဝန်းရံနေပြီး အသက်ရှင်သေဆုံးမှုကိုမသိနိုင်ဘဲ အချိန်မရွေးအသက်ဆုံးရှုံးနိုင်ရာ အသက်ရှင်နေခြင်းပင်လျှင် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေသည်။ ဤသို့သောအရာများကို ဂရုစိုက်နေခြင်းက သေလမ်းကိုပိုနီးစေသည်။ မိမိ၏အသက်ရှင်ရပ်တည်မှုကို အာမခံနိုင်ခြင်းသည်သာ ပထမဦးစားပေးဖြစ်ပြီး အခြားအရာများကိုမူ နောက်သို့ထားရပေမည်။

"အား"

ထိုအချိန်တွင် ချန်ကျားယီထံမှ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာသည်။

သူမအနီးတွင်ရှိနေသော ဟွမ်ကျားဟွေက တစ်ချက်ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်တုန်ခါသွားကာ အနည်းငယ်ထိတ်လန့်စွာဖြင့် "လော်ယွမ်... မြန်မြန်လာကြည့်ပါဦး" ဟု ပြောလိုက်သည်။

လော်ယွမ်က မျက်မှောင်ကြုတ်ကာ အမြန်လျှောက်သွားပြီး "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

"သူ့လက်သန်းလေးကိုကြည့်လိုက်" ဟွမ်ကျားဟွေက တုန်ယင်စွာဖြင့်ပြောလိုက်သည်။

သူက သူမ၏လက်ကိုကြည့်လိုက်ရာ စိတ်ထဲတွင်လေးလံသွားသည်။ သူမ၏လက်သန်းပေါ်တွင် တစ်မတ်စေ့အရွယ်အစားရှိသော အစိမ်းရောင်ရေညှိတစ်ကွက် ပေါက်နေသည်ကို တွေ့ရှိလိုက်ရသည်။ အဝေးမှကြည့်လျှင် ကပ်နေသကဲ့သို့ပင်။

သူက သူမ၏လက်ကိုဆွဲယူကာ ညင်သာစွာပွတ်သပ်ကြည့်လိုက်သည်။ ရေညှိမှာ လှုံ့ဆော်မှုကိုခံလိုက်ရသောကြောင့် အရေပြားအတွင်းပိုင်းသို့ ကျုံ့ဝင်သွားပြီး အစိမ်းနုရောင်အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။ မျက်နှာပြင်မှာချောမွေ့ပြီး ထိုးဖောက်ထားသောအပေါက်များမရှိဘဲ အရောင်မှလွဲ၍ သာမန်အရေပြားနှင့်တူနေသည်။ ထို့အပြင် ပို၍ပင်ချောမွေ့စိုပြည်နေပြီး အဆီတစ်လွှာလိမ်းထားသကဲ့သို့ပင်။

ထိုအချိန်တွင် ကျန်သူများလည်း ဝိုင်းအုံလာကြပြီး ချန်ကျားယီ၏လက်ပေါ်မှထူးခြားသောအဖြစ်ကိုမြင်သောအခါ အားလုံးမျက်နှာပျက်သွားကြသည်။ မိမိတို့၏အသားပေါ်နေသောနေရာများကို အလျင်အမြန်စစ်ဆေးကြည့်ရှုပြီးနောက် ထူးခြားမှုမရှိသည်ကိုတွေ့မှ သက်ပြင်းချနိုင်ကြတော့သည်။

သာမန်ရေညှိလေးသည် ဤမျှအန္တရာယ်များမည်ဟု မည်သူမျှမထင်ထားခဲ့ပေ။

"ဘယ်တုန်းကဖြစ်သွားတာလဲ" လော်ယွမ်က ချန်ကျားယီကိုမေးလိုက်သည်။

"သမီး… သမီး မသိဘူး... သမီးလက်သန်းက နည်းနည်းယားတယ်လို့ပဲ ခံစားလိုက်ရတာ…" ချန်ကျားယီ၏မျက်နှာမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသည်။ မည်သူမဆို ဤသို့သောအဖြစ်အပျက်နှင့်ကြုံတွေ့ရပါက ဤသို့ဖြစ်မည်သာပင်။

ထိုအချိန်တွင် လော်ယွမ်၏စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားသည်။ သူသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤအစိမ်းရောင်အစက်အပြောက်မှာ ထပ်မံကြီးထွားလာပြီး လက်သန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်ကို တွေ့ရှိလိုက်ရသည်။

စိတ်စွမ်းအားသည် အပင်များအပေါ် တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး လူ့ခန္ဓာကိုယ်၏ကိုယ်ပိုင်ကာကွယ်ရေးစနစ်ဖြင့်လည်း ကာထားသေးရာ အကျိုးသက်ရောက်မှုမှာ သိပ်မကောင်းလှပေ။ သို့သော် ယခုအချိန်တွင် သူကတွန့်ဆုတ်မနေဝံ့တော့ဘဲ မျှော်လင့်ချက်အနည်းငယ်ဖြင့်သာ ကြိုးစားကြည့်ရတော့မည်ဖြစ်သည်။

သူ၏စိတ်စွမ်းအားကိုစုစည်းလိုက်ရာ လက်ထဲတွင် မှိန်ပျပျအလင်းရောင်တစ်လွှာ ချက်ချင်းလင်းလက်လာပြီးနောက် သူက ချန်ကျားယီ၏လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။

ထိတွေ့လိုက်သည်နှင့် ချန်ကျားယီ၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မြေပြင်ပေါ်သို့ ပျော့ခွေလဲကျလုနီးပါးဖြစ်သွားကာ မျက်နှာမှာ ပို၍ဖြူဖျော့သွားသည်။

"ကျားယီ... နင်ဘာဖြစ်တာလဲ" ဟွမ်ကျားဟွေက အလျင်အမြန်အော်ခေါ်လိုက်သည်။

ကောင်လေးနှစ်ယောက်မှာ ပုံမှန်အချိန်များတွင် ချန်ကျားယီနှင့် အရင်းနှီးဆုံးဖြစ်ရာ ဘေးတွင်စိတ်လှုပ်ရှားစွာဖြင့် ရပ်နေကြသော်လည်း လူကြီးများကြားတွင် စကားမပြောဝံ့ကြပေ။

ချန်ကျားယီ၏မျက်နှာမှာ လျင်မြန်စွာဖယောင်းကဲ့သို့ဖြူဖျော့သွားပြီး သွေးတစ်စက်မျှမရှိတော့ပေ။ သူမ၏ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းပျော့ခွေလာပြီး မတ်တပ်ပင်မရပ်နိုင်တော့ပေ။ သူမက အားနည်းစွာဖြင့်ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမျှမပြောနိုင်ခဲ့ပေ။

ထူးခြားမှုကိုခံစားမိသဖြင့် လော်ယွမ်က ချန်ကျားယီ၏လက်ဖဝါးကို ရုတ်တရက်ကြည့်လိုက်ရာ မျက်နှာမှာအကြီးအကျယ်ပျက်သွားသည်။ အစိမ်းရောင်တစ်စသည် လက်သန်းကိုကျော်လွှားကာ လျင်မြန်စွာပျံ့နှံ့နေပြီး မကြာမီမှာပင် လက်ဖဝါးတစ်ခုလုံးကိုဖုံးလွှမ်းသွားကာ လက်မောင်းဆီသို့ဆက်လက်ပျံ့နှံ့သွားသည်ကို တွေ့ရှိလိုက်ရသည်။ တစ်စက္ကန့်အတွင်းမှာပင် လက်မောင်းတစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားခဲ့ရာ ပျံ့နှံ့နှုန်းမှာ လူကိုကြက်သီးမွေးညင်းထသွားစေသည်။

"သေစမ်း"

သူက စိတ်စွမ်းအားကို အလျင်အမြန်ဖယ်ရှားလိုက်ပြီး ချန်ကျားယီ၏လက်ကိုဆွဲယူကာ သူမ၏အင်္ကျီလက်ကိုလှန်တင်လိုက်ရာ လက်မောင်းတစ်ဝက်ကျော်မှာ အစိမ်းရောင်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုထူးဆန်းသောအရောင်ရှိသည့်လက်မောင်းကိုကြည့်ရင်း အေးစက်မှုတစ်ခုက လူတိုင်း၏စိတ်ထဲမှ ထွက်ပေါ်လာသည်။

လော်ယွမ်၏စိတ်ထဲတွင် လေးလံသွားသည်။ ဤရေညှိများသည် ဤမျှခက်ခဲမည်ဟု သူမထင်ထားခဲ့ပေ။ စိတ်စွမ်းအားဖြင့်မသေဆုံးသည့်အပြင် အန္တရာယ်၏လှုံ့ဆော်မှုကြောင့် လျင်မြန်စွာပွားများလာပြီး အကျပ်အတည်းမှလွတ်မြောက်ရန် ကြိုးစားနေသည်။

ယခုအခါ နည်းလမ်းတစ်ခုတည်းသာရှိတော့သည်။

"အမျိုးသမီးတွေကလွဲလို့ အားလုံးအပြင်ထွက်" လော်ယွမ်က အေးစက်စွာပြောလိုက်သည်။

တစ်စုံတစ်ခုကို ကြိုတင်သိရှိသွားသကဲ့သို့ လူတိုင်း၏မျက်နှာတွင် မခံမရပ်နိုင်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ဤသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်နေခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ အသက်တစ်ချောင်းကို ကယ်တင်နိုင်ပေလိမ့်မည်။ မကြာမီ ယောက်ျားသားအားလုံး ကျောက်ဂူထဲမှ အမြန်ထွက်ခွာသွားကြသည်။

ယောက်ျားများအားလုံးထွက်ခွာသွားသည်ကိုမြင်သောအခါ လော်ယွမ်က ချန်ကျားယီ၏အဝတ်အစားအားလုံးကို လျင်မြန်စွာချွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဤအချိန်အတောအတွင်း အာဟာရပြည့်ဝမှုကြောင့် မူလကခြောက်ကပ်ပိန်လှီနေသော ကလေးမလေး၏မျက်နှာမှာ အနည်းငယ်ဖောင်းအိလာရုံသာမက ခန္ဓာကိုယ်မှာလည်း စောစီးစွာဖွံ့ဖြိုးလာပြီး ရင်ဘတ်မှာအနည်းငယ်ဖောင်းကြွလာခဲ့ပြီဖြစ်သည်။

လူအများရှေ့တွင်၊ အထူးသဖြင့် လော်ယွမ်ကဲ့သို့သော ယောက်ျားတစ်ယောက်ရှေ့တွင် အဝတ်မပါဘဲရှိနေရသောကြောင့် မူလကထိတ်လန့်၍မျက်နှာဖြူဖျော့နေသော ချန်ကျားယီသည် ရှက်သွေးဖြာကာ အနည်းငယ်နီမြန်းသွားသည်။ သူမ၏ခန္ဓာကိုယ်မှာ တောင့်တင်းစွာဖြင့် အနည်းငယ်တုန်ယင်နေပြီး ထိတ်လန့်နေသောသမင်ငယ်လေးတစ်ကောင်နှင့်တူနေသည်။

လော်ယွမ်က တစ်ချက်စွေကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။

ကျိုးယလီက မခံမရပ်နိုင်ဖြစ်ကာ တစ်စုံတစ်ခုပြောရန်ကြိုးစားသော်လည်း ဝမ်ရှကွမ် က ဆွဲထားပြီး ခေါင်းခါပြလိုက်သည်။

"မျက်စိမှိတ်ထားလိုက်... ချက်ချင်းပြီးသွားမှာပါ" လော်ယွမ်က ကျန်းမာတောက်ဓားကိုယူကာ ဓားအိမ်ထဲမှညင်သာစွာထုတ်ပြီး ချန်ကျားယီကို နူးညံ့စွာပြောလိုက်သည်။ ဤအချိန်အနည်းငယ်ကြာသွားသောကြောင့် အစိမ်းရောင်မှာ လက်မောင်းအပေါ်ပိုင်းသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

ချန်ကျားယီ၏မူလကနီမြန်းနေသောမျက်နှာမှာ ချက်ချင်းပင်ဖြူဖျော့သွားပြန်သည်။ သူမ၏နှုတ်ခမ်းများမှာ အနည်းငယ်တုန်ယင်နေပြီး မျက်ရည်များက အလုံးလိုက်အလုံးလိုက်ကျဆင်းလာရာ လူကိုသနားစိတ်ဖြစ်ပေါ်စေသည်။ သူမသည် ၁၂နှစ်သာရှိသေးသည်။ အကယ်၍ ခေတ်ကောင်းချိန်တွင်သာဆိုလျှင် သူမသည် မူလတန်းကျောင်းတွင် ပညာသင်ကြားနေရဦးမည်ဖြစ်သော်လည်း ယခုအခါတွင်မူ လက်တစ်ဖက်ဖြတ်တောက်ခံရမည့်ဒုက္ခကို ခံစားရတော့မည်ဖြစ်သည်။

လော်ယွမ်က သက်ပြင်းချလိုက်ပြီး သူမ၏လက်ကိုဆွဲယူကာ ဓားရိုးကိုတင်းကျပ်စွာဆုပ်ကိုင်ပြီး ဓားတစ်ချက်လွှဲရန်ပြင်ဆင်လိုက်သည်။

ကျရောက်လာတော့မည့် ငွေရောင်ဓားရှည်ကြီးကိုကြည့်ရင်း ပြင်းထန်သောကြောက်ရွံ့မှုတစ်ရပ်က ချန်ကျားယီ၏စိတ်ထဲတွင် ပျံ့နှံ့လာပြီး သူမ၏နှလုံးမှာ ရုတ်တရက်ပြင်းထန်စွာခုန်သွားသည်။

"မလုပ်… မလုပ်ပါနဲ့" သူမက ရုတ်တရက်တုန်ယင်စွာဖြင့်ပြောလိုက်ပြီး ခန္ဓာကိုယ်မှာလည်း ရုန်းကန်လာသည်။

"ကျားယီ... မကြောက်နဲ့ ခဏပဲနာမှာ... ပြီးသွားမှာပါ... လက်တစ်ဖက်မရှိတော့ပေမယ့် အသားကျသွားရင် ပုံမှန်အတိုင်းနေထိုင်လို့ရပါတယ်" ဟွမ်ကျားဟွေက အလျင်အမြန်နှစ်သိမ့်လိုက်သည်။

"ဟင့်အင်း... သမီးလက်ကိုမဖြတ်ပါနဲ့... သမီးလက်တစ်ဖက်မရှိတဲ့လူ မဖြစ်ချင်ဘူး" ချန်ကျားယီသည် ရုတ်တရက်စိတ်ဓာတ်ကျကာ အကျယ်ကြီးငိုယိုအော်ဟစ်တော့သည်။ သူမသည် ၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်သာဖြစ်ရာ ပုံမှန်အချိန်များတွင် မည်မျှပင်သန်မာကြောင်းပြသနေပါစေ၊ စိတ်ဓာတ်မှာမူ အရွယ်ရောက်ပြီးသူများနှင့် မယှဉ်နိုင်ပေ။

"ဒီလက်ကိုမဖြတ်လိုက်ရင် နင်သေသွားလိမ့်မယ်... မကြောက်နဲ့နော်... ဒဏ်ရာက ခဏလေးနဲ့ကောင်းသွားမှာပါ" ဟွမ်ကျားဟွေက ဆက်လက်ဖျောင်းဖျသည်။

သို့သော် ချန်ကျားယီမှာ ကြောက်လန့်နေပြီး လုံးဝတုံ့ပြန်ခြင်းမရှိဘဲ ငိုယိုနေဆဲပင်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အကောင်းဆုံးအချိန်မှာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ရေညှိ၏မျိုးစေ့များသည် သွေးကြောမှတစ်ဆင့် နေရာအနှံ့ရောက်သွားသောကြောင့်ဖြစ်မည်၊ ယခင်ကအစိမ်းရောင်မှာ လက်မောင်းတွင်သာကန့်သတ်ထားသော်လည်း တဖြည်းဖြည်းနှင့် ရင်ဘတ်၊ ဗိုက်၊ မျက်နှာပေါ်တွင်ပါ ပေါ်ထွက်လာသည်။

သူက ဤမြင်ကွင်းကိုသတိပြုမိသောအခါ သက်ပြင်းချကာ စိတ်ပျက်လက်ပျက်နှင့် ရပ်တန့်လိုက်သည်။ ဒီတစ်ခါတော့ တကယ်ပဲ နည်းလမ်းမရှိတော့ပေ။

ရေညှိသည် တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ မျှော်လင့်ချက်မရှိတော့ပေ။

လော်ယွမ်က ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာပြန်ထည့်လိုက်သည်။ ပြောရမည်ဆိုလျှင် သူသည် ဤကောင်မလေးကို အတော်ပင်သဘောကျသည်။ ချစ်စရာကောင်းရုံသာမက ပုံမှန်အချိန်များတွင်လည်း လိမ္မာရေးခြားရှိပြီး ထမင်းချက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့တွင် မည်သူ့ထက်မဆို ပို၍တက်ကြွသည်။

အမျိုးသမီးအချို့လည်း ဤမြင်ကွင်းကိုသတိပြုမိသောအခါ မျက်နှာပျက်သွားပြီး မျက်ဝန်းများအနည်းငယ်စိုစွတ်လာသည်။

တစ်ခဏအတွင်းမှာပင် လေထုမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဟွမ်ကျားဟွေက မနေနိုင်ဘဲ "တခြားနည်းလမ်းမရှိတော့ဘူးလား" ဟု မေးလိုက်သည်။

"သူ့အချိန်သိပ်မကျန်တော့ဘူး" လော်ယွမ်က ခေါင်းခါကာ တိုးညှင်းစွာပြောလိုက်သည်။

ထို့နောက် သူက သူမ၏အဝတ်အစားများကိုကောက်ယူကာ သူမကိုသေချာဝတ်ဆင်ပေးလိုက်သည်။ ချန်ကျားယီသည် ငိုယိုခြင်းကိုရပ်တန့်လိုက်ပြီး မျက်နှာမှာထုံထိုင်းနေကာ ရုပ်သေးတစ်ရုပ်ကဲ့သို့ သူ၏ပြုသမျှကို ငြိမ်သက်စွာခံယူနေသည်။

"ဦးလေး... သမီးက သေတော့မှာလားဟင်" အဝတ်အစားများဝတ်ဆင်ပြီးသောအခါ ချန်ကျားယီက ရုတ်တရက်မေးလိုက်သည်။

လော်ယွမ်က ခဏတာတွန့်ဆုတ်သွားပြီးနောက် နောက်ဆုံးတွင်ခေါင်းညိတ်ကာ တိုးညှင်းစွာနှစ်သိမ့်လိုက်သည်။ "လူတိုင်းကတနေ့ သေရမှာပဲလေ... တချို့ကစောပြီး တချို့ကနောက်ကျတယ်... နင့်မှာဘာဆန္ဒရှိသေးလဲ"

ရှေးပဝေသဏီကပင် သေခြင်းတရားသည် အခက်ခဲဆုံးဖြစ်ရာ ခလေးမလေးတစ်ယောက်အတွက်ဆိုလျှင် ပို၍ပင်ဆိုးရွားလှသည်။ ချန်ကျားယီ၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး နှုတ်ခမ်းကိုတင်းကျပ်စွာပိတ်ထားကာ မျက်ရည်များက အလုံးလိုက်အလုံးလိုက်ကျဆင်းလာပြီး ရှိုက်ကြီးတငင်ငိုယိုတော့သည်။

အမျိုးသမီးများမှာ စိတ်ခံစားလွယ်သူများဖြစ်ရာ အတူတူမျက်ရည်ကျကြသည်။

"မသွားခင် အပြင်ကသူငယ်ချင်းတွေကို နှုတ်ဆက်လိုက်ဦး" လော်ယွမ်၏စိတ်ထဲတွင်လည်း မကောင်းလှဘဲ တိုးညှင်းစွာပြောလိုက်သည်။

ချန်ကျားယီက မျက်ရည်များကြားမှခေါင်းညိတ်ပြပြီး ခြေလှမ်းများလေးလံစွာဖြင့် တံခါးဝသို့လျှောက်လှမ်းသွားသည်။ ထိုအချိန်တွင် နေထွက်စအချိန်ဖြစ်ရာ နေရောင်ခြည်နုနုသည် ကျောက်စင်္ကြံလမ်းမှတစ်ဆင့် သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ထိုအခါမူလကသူမ၏ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသောရေညှိများသည် ပြန်လည်ထွက်ပေါ်လာကြသည်။

သူမက မိမိ၏ခန္ဓာကိုယ်ကိုကြည့်ရင်း အချိန်အတော်ကြာမလှုပ်မယှက်ရပ်နေသည်။ မကြာမီမှာပင် သူမသည် အနည်းငယ်သာယာမှုကိုခံစားလိုက်ရဟန်တူပြီး မျှော်လင့်ချက်မဲ့၍ဖြူဖျော့နေသောမျက်နှာပေါ်တွင် အပြုံးနုနုတစ်ပွင့် ဖူးပွင့်လာသည်။

ဤရေညှိများသည် နေရောင်ခြည်အောက်တွင် သူမ၏တစ်ကိုယ်လုံးသို့ အလျင်အမြန်ပျံ့နှံ့သွားပြီး မကြာမီမှာပင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

အားလုံးက ဝိုင်းအုံလာကြပြီး အလိုအလျောက်ပင်အသက်ရှူအောင့်ထားလိုက်ကြသည်။

All Chapters