← Chapters

အခန်း (၂၄၅-၂၄၈)

Vol. 13 Ch. 245-248

အခန်း (၂၄၅-၂၄၈)

Vol. 13 Ch. 245-248

အပိုင်း(၂၄၅)ညချမ်း

ဤနေရာတွင် ရပ်တန့်နားခိုရခြင်း အကြောင်းရင်းမှာ ဤနေရာ၌ သစ်ပင်ကြီးတပင်ရှိပြီး ထိုသစ်ပင်၏ ပင်စည်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော သစ်ခေါင်းတခု ရှိနေသောကြောင့် ဖြစ်၏။

ယခုခေတ်၏ သစ်ပင်ကြီးဟူသော စံနှုန်းမှာ ကမ္ဘာမပျက်မီက စံနှုန်းနှင့် မတူတော့ချေ။ လုံးပတ်၅ပေ၊ ၆ပေရှိသော သစ်ပင်ကြီးများမှာ နေရာအနှံ့တွင် ရှိနေပြီး သာမန်ထက်ပင် ပို၍သာမန်နေသေးသည်။ လုံးပတ်၁၀ပေ၊ ၁၂ပေရှိမှသာ သစ်ပင်ကြီးဟု ခေါ်ဆိုနိုင်ပြီး ဤသစ်ပင်၏လုံးပတ်မှာမူ ၁၈ပေကျော်ခန့် ရှိရာ လမ်းတလျှောက် တွေ့မြင်ခဲ့ရသော သစ်ပင်များထဲတွင်ပင် သစ်ပင်ကြီးဟု ဆိုနိုင်ပေသည်။

လော်ယွမ်သည် အနီးအနားရှိ သစ်မုတ်ဆိတ်များကို ရှင်းလင်းပြီးနောက် လူအားလုံးကို အဝေးသို့ သွားခိုင်းလိုက်ပြီး သစ်ခေါင်းရှေ့သို့ လျှောက်သွားသည်။ သူ၏အရှိန်အဝါကို အနည်းငယ် ထုတ်လွှတ်လိုက်သည်နှင့် မရေမတွက်နိုင်သော ပိုးမွှားကောင်များနှင့် သတ္တဝါငယ်များက အလုအယက် ထွက်ပြေးကြတော့သည်။ ဤနေရာသည် သေးငယ်သော ဂေဟစနစ်တခုနှင့်ပင် တူနေပြီး အတွင်းထဲတွင် ပိုးမွှားပုရွက်ဆိတ်အမျိုးမျိုးသာမက တိရစ္ဆာန်ငယ်အမျိုးမျိုးလည်း ရှိနေသည်။

သန္ဓေပြောင်းသတ္တဝါများကို မောင်းထုတ်ပြီးနောက် လူအားလုံးလည်း လာရောက်ကူညီကြရာ အတွင်းမှ ဆွေးမြေ့နေသော မြေဆီလွှာများကို မကြာမီပင် ကုတ်ထုတ်ရှင်းလင်းပြီး ချဲ့ထွင်လိုက်ကြသည်။ မူလက အကျယ်အဝန်း၆ပေသာရှိသော သစ်ခေါင်းကို ၁၃ပေအထိ ချဲ့ထွင်လိုက်ရာ ပေ၃၀ပတ်လည်ခန့်ရှိသော နေရာတခု ဖြစ်ပေါ်လာသည်။ နေရာမှာ မကျယ်ဝန်းသော်လည်း လူအများ ကြပ်သိပ်စွာ နေထိုင်ရန်တော့ လုံလောက်ပေသည်။

(မင်မင် မျက်စိထဲမြင်အောင် မီတာတွေ ကီလိုမီတာတွေကို ပေတွေ မိုင်တွေ ပြောင်းပေးထားတယ်)

"မီးရောင်က သန္ဓေပြောင်းသတ္တဝါတွေရဲ့ အာရုံကိုလွယ်လွယ်နဲ့ ဆွဲဆောင်နိုင်တယ်... ဒီညတော့ မီးမမွှေးနဲ့တော့... အားလုံးအသားခြောက်တွေပဲ စားကြတာပေါ့... မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ခရီးဆက်မယ်" လော်ယွမ်က သတိကြီးစွာဖြင့် ဆိုသည်။ ဤနေရာတွင် တစုံတခု ထူးဆန်းနေသည်ဟု သူ တိတ်တဆိတ် ခံစားနေရသောကြောင့် စိတ်ချရရန်အတွက် တတ်နိုင်သမျှ တတ်နိုင်သမျှသတိထားခြင်းက အကောင်းဆုံးဖြစ်၏။

လော်ယွမ်က ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူ၏စကားထဲမှ ဆိုလိုရင်းကို လူတိုင်းနားလည်ကာ စိတ်ထဲတွင် လေးလံသွားပြီး မျက်နှာများ တည်ကြည်သွားကြသည်။

ဘေးမှ ဟွမ်ကျားဟွေသည် အထုပ်ကိုထုတ်ကာ အသားခြောက်ကို လူတိုင်းအား တယောက်တပုံစီ ဝေပေးလိုက်သည်။ လော်ယွမ်ထံသို့ ရောက်သောအခါ သူမက လော်ယွမ်ကို တချက်ကြည့်လိုက်ပြီး သူ၏ တည်ငြိမ်နေသော မျက်နှာကိုမြင်မှ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသည်။ သူက ဤနေရာ၏ ပင်လယ်ပြင်ကို ငြိမ်သက်စေသော တန်ခိုးထက်လှံတစင်းကဲ့သို့ပင် ဖြစ်သည်။ သူရှိနေလျှင် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမလိုတော့သကဲ့သို့ပင်။

သူမ တခါတရံ တွေးမိသည်။ အကယ်၍ ကံကြမ္မာက သူမကို လော်ယွမ်နှင့်သာ မတွေ့ဆုံစေခဲ့ပါက ယခုအချိန်တွင် မည်သို့ဖြစ်နေမည်ကို မသိနိုင်ပေ။ သို့သော် အဖြစ်နိုင်ဆုံးမှာမူ သေခြင်းတရားသာဖြစ်သည်။ ဤနေရာရှိ လူအများစုပင်လျှင် သေပြီးဖြစ်နေပေလိမ့်မည်။ ဤသည်မှာ သူမ၏ကံကောင်းမှုဖြစ်သလို လူတိုင်း၏ ကံကောင်းမှုလည်း ဖြစ်သည်။

………………………………………………………………………………………………………

လော်ယွမ်သည် အသားခြောက်ကို လှမ်းယူလိုက်ပြီး တဖတ်ကို နွှာကာ ပါးစပ်ထဲသို့ ထည့်ပြီး ဖြည်းညင်းစွာ ဝါးနေသည်။ အံသွားအချို့ ကျိုးသွားပြီးနောက် သူသည် တဖက်တည်းဖြင့်သာ စားသုံးနေရသောကြောင့် အနည်းငယ် အသားမကျသေးပေ။ မှိုင်းတိုက်ပြီး အခြောက်ခံထားသော အသားခြောက်မှာ ကျောက်တုံးတတုံးကဲ့သို့ မာကျောပြီး အသားမျှင်များဖြင့် ပြည့်နေကာ အလွန်ပင် ဝါးရ၏။ သာမန်လူ ဤအရာကိုစားလျှင် ရေဖြင့်စိမ်၍ ပျော့အောင်လုပ်ရန် လိုအပ်ပေမည်။ သူ့အတွက်ကတော့ မလိုအပ်ချေ။ သန္ဓေပြောင်းသတ္တဝါနှင့်ပင် ယှဉ်နိုင်သော သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက သူ၏ကိုက်အားကို အံ့ဩဖွယ်ကောင်းလောက်အောင် ဖြစ်စေသည်။ အချက်အနည်းငယ် ဝါးလိုက်သည်နှင့် အသားခြောက်မှာ ကြေမွသွားပြီး ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။

ဆယ်မိနစ်အကြာတွင် သူသည် ယနေ့ညစာကို စားပြီးသွားပြီဖြစ်ပြီး သစ်သားခွက်ထဲမှ ရေသန့်ကို တကြိုက်တည်း မော့သောက်လိုက်သည်။ ဤအချိန်တွင် အခြားသူများမှာမူ စ၍ပင်မစားရသေးပေ။

လော်ယွမ်သည် အံသွားအချို့ကျိုးသွားသော သွားဖုံးကို လျှာဖြင့်လျက်လိုက်သည်။ ဤရက်ပိုင်းတွင် သူ၏သွားဖုံးမှာ အမြဲတစေ နာကျင်ဖူးယောင်နေပြီး သွားကိုက်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ စိတ်စွမ်းအားဖြင့် ကြည့်ရှုပြီးနောက် သူ၏အံသွားလေးချောင်းမှာ ပြန်လည်ပေါက်နေပြီး ကြီးထွားနှုန်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသည်ကို တွေ့ရှိလိုက်ရသည်။ သုံးရက်မတိုင်မီက သွားများသည် သွားဖုံးထဲတွင် နစ်မြုပ်နေဆဲဖြစ်သော်လည်း ယနေ့တွင်မူ ခေါင်းပြူထွက်လာပြီ ဖြစ်သည်။ ဆယ်ရက်၊ ဆယ့်ငါးရက်မကြာမီမှာပင် ညာဘက်မှသွားများကို ပြန်လည်အသုံးပြုနိုင်ပေလိမ့်မည်။

ဤအဖြစ်အပျက်က လော်ယွမ်ကို ပို၍ပင် ဝမ်းမြောက်အံ့ဩစေသည်။

လူတယောက်သည် မွေးဖွားသည်မှ သေဆုံးသည်အထိ သွားလဲသည့်အတွေ့အကြုံ နှစ်ကြိမ်သာရှိပြီး အရွယ်ရောက်ပြီးနောက် သွားများသည် ခိုင်မာသွားကာ ကျွတ်ထွက်သွားလျှင်ပင် ထပ်မံပေါက်လာခြင်းမရှိတော့ပေ။ သို့သော် သူသည် ဤမျိုးရိုးဗီဇ၏ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။

သွားများက ဤသို့ဖြစ်လျှင် အခြားအစိတ်အပိုင်းများကကော။

ဥပမာအားဖြင့် လက်ခြေများ၊ ပြတ်တောက်သွားလျှင်လည်း ပြန်လည်ပေါက်နိုင်မည်လော။

ရက်စက်ကြမ်းတမ်းသော ကမ္ဘာပျက်ကာလတွင် လက်ပြတ်၊ ခြေပြတ်ခြင်းမှာ အလွန်ပင် သာမန်ဖြစ်ရပ်တခုသာ ဖြစ်သည်။ တိုက်ပွဲအတွင်း အနည်းငယ် သတိလစ်ဟင်းသွားပါက မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။ အကယ်၍ ဤသို့သော ကိုယ်လက်အင်္ဂါ ပြန်ပေါက်နိုင်သည့် ခန္ဓာကိုယ်မျိုးရှိပါက အနည်းဆုံးတော့ သူ၏ရှင်သန်နိုင်စွမ်းမှာ အဆင့်တခု တိုးတက်လာမည်ဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာတချက်ကြောင့် အသုံးမကျသူတယောက် ဖြစ်သွားမည်မဟုတ်ပေ။

……………………………………………………………………………………………………………………………

လူအားလုံး ညစာစားပြီးသည့်အခါ မိုးကောင်းကင်တွင် အလင်းရောင်အနည်းငယ် ကျန်ရှိနေသေးသောအချိန်ကို အခွင့်ကောင်းယူ၍ လော်ယွမ်သည် ယနေ့ခရီးတလျှောက် ရေးဆွဲခဲ့သော မြေမျက်နှာသွင်ပြင် မြေပုံကြမ်းကို ထုတ်လိုက်သည်။ ထိုအပေါ်တွင် တောင်ထိပ်များ၊ ချောက်ကမ်းပါးများနှင့် ရေစီးကြောင်းများကို ရေးဆွဲထားပြီး မျဉ်းဖြောင့်တန်း တခုက မြေပုံစာရွက်တခုလုံးကို ဖြတ်ကျော်နေကာ အခြားမျဉ်းဖြောင့်တန်းတခုမှာမူ ကွေ့ကောက်နေသော်လည်း ယေဘုယျအားဖြင့် ပထမမျဉ်းဖြောင့်တန်း၏ ဦးတည်ချက်အတိုင်းရှေ့ဆက်နေသည်။

"ဒါက ငါတို့ဒီနေ့ လာခဲ့တဲ့လမ်းကြောင်းပဲ... ကျန်တဲ့သူတွေမှာ ထပ်ဖြည့်စရာတို့ ပြင်ဆင်စရာတို့ရှိရင် ဆွေးနွေးကြရအောင်" လော်ယွမ်က ဒုတိယမျဉ်းဖြောင့်တန်းကို ညွှန်ပြရင်း ဆိုသည်။

"သမီးတို့ တနေကုန်သွားတာ ဒီလောက်လေးပဲ ရောက်သေးတာကိုး... ပြီးတော့ ဒီလောက်ကြီးတဲ့ လမ်းရှည်ကြီးကို ပတ်သွားရသေးတယ်" ဤမျှ ထင်ရှားသော မြေပုံကြမ်းကို ဝမ်ရှီရှီလည်း နားလည်သည်။ ဒုတိယမျဉ်းဖြောင့်တန်း၏ အလွန်အမင်း ကွေ့ကောက်နေပုံ၊ အထူးသဖြင့် နောက်ဆုံးအပိုင်းမှာ ဆန့်ကျင်ဘက်သို့ပင် သွားနေသကဲ့သို့ ဖြစ်နေသည်ကို ကြည့်ရင်း အနည်းငယ် အံ့ဩစွာ ဆိုသည်။

"တောင်ပတ်လမ်းတွေက ဒီလိုပဲလေ... ဘယ်လိုလုပ်ပြီး တည့်တည့်သွားလို့ရမှာလဲ" ဟွမ်ကျားဟွေက အသံတိုးတိုးဖြင့် ဖျောင်းဖျသည်။

"အဲ့တာ ဧရာမဖွတ်ကြီးက တောင်နည်းနည်းမတ်တာနဲ့ မတက်နိုင်လို့ သမီးတို့ဒီလိုကွေ့ပတ်နေရတာ... ဒီနေရာမှာမျောက်ဝံက ပိုတော်တယ်" ဝမ်ရှီရှီက ဆိုသည်။ ကြောက်မက်ဖွယ်ကောင်းသော ဧရာမဖွတ်ကြီးနှင့် နှိုင်းယှဉ်ပါက သူမသည် အမြဲတစေ နောက်ပြောင်တတ်သော မျောက်ဝံကို ပို၍နှစ်သက်သည်မှာ သဘာဝကျပေသည်။

"တိတ်စမ်း... မဆိုင်တာတွေမပြောနဲ့... နင့်မှာဒီထက်ကောင်းတဲ့အကြံ ရှိလို့လား" လော်ယွမ်က ခေါင်းမော့လိုက်ပြီး လေသံအေးအေးဖြင့် ဆိုသည်။

ဝမ်ရှီရှီမှာ ကြောက်လန့်၍ ချက်ချင်းပင် နောက်ဆုတ်သွားပြီး လျှာထုတ်ပြလိုက်သည်။

"ခေါင်းဆောင်ယွမ်ရဲ့မြေပုံက တော်တော်တိကျနေပြီ... ထပ်ဖြည့်စရာမလိုတော့ပါဘူး... ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ဒီပထမမျဉ်းဖြောင့်အတိုင်း တရားသေလိုက်နေဖို့မလိုပဲ... ဦးတည်ချက်တူတယ်ဆို ရလောက်တယ်... ပြီးတော့ လမ်းနည်းနည်းလွဲတာကလည်း အရေးမကြီးဘူး... တကယ်တမ်းအရေးကြီးတာက ကျွန်တော်တို့ဒီတောင်တန်းဒေသကနေ အမြန်ဆုံးထွက်နိုင်ဖို့ပဲ... တောင်တန်းဒေသရဲ့အပြင်ကိုရောက်တာနဲ့ လူတွေနဲ့တွေ့ရနိုင်တယ်... အဲ့ကနေ မြေပုံတောင်ရနိုင်လောက်တယ်" တပ်ခွဲမှူးရှက လော်ယွမ်ကို ကြည့်ရင်း စကားလုံးများကို သတိထားရွေးချယ်ကာ ဆိုသည်။

အစပိုင်းတွင် သူသည် မိမိ၏ရာထူးနှင့် မာနကို ထိန်းသိမ်းကာ သူ့ကို "ညီလေးယွမ်" ဟုခေါ်ပြီး အဖွဲ့ထဲတွင် သီးခြားရပ်တည်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အခြေအနေ၏ လွှမ်းမိုးမှုကို ခံရကာ သူ၏ရှေ့တွင် မာနမထားရဲတော့ချေ။ "ညီလေးယွမ်" မှ ယခု ကျန်အဖွဲ့သားများအတိုင်း "ခေါင်းဆောင်ယွမ်" ဟု ခေါ်သည့်အဆင့်အထိ ရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုခရီးတခုကျော်ဖြတ်ခဲ့ရသည်။

အမှန်တွင် လော်ယွမ်သည် အာဏာပြတတ်သောသူတယောက်မဟုတ်ပေ။ သို့သော် တကြိမ်ပြီးတကြိမ် လူသားထက်ကျော်လွန်သော စွမ်းဆောင်မှုများက သာမန်လူတယောက်အနေဖြင့် သူ၏ရှေ့တွင် တည်ငြိမ်စွာဖြင့် တန်းတူဆက်ဆံရန် အလွန်ခက်ခဲစေသည်။ တခါတရံ မျက်မှောင်တချက်ကြုတ်လိုက်ရုံဖြင့် ကျန်သူများကို ရင်တုန်စေပြီး လူတယောက်ကို အချိန်အနည်းငယ် ပို၍ကြာအောင် စိုက်ကြည့်လိုက်ပါက ချွေးစေးများထွက်ကာ ခြေထောက်များ ပျော့ခွေသွားစေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအပြင် စိတ်စွမ်းအားက ယူဆောင်လာသော ပြင်ပလွှမ်းမိုးမှုလည်း ရှိသေးသည်။ ထိုအရာကမသိစိတ်ဖြင့် ထုတ်လွှတ်နေသည့်တိုင်အောင် သာမန်လူတယောက်အနေဖြင့် ဆန့်ကျင်လိုစိတ် ဖြစ်ပေါ်လာမည်မဟုတ်ပေ။

လော်ယွမ် ခဏစဉ်းစားလိုက်ပြီးနောက် ထိုအကြံကောင်းကို လက်ခံလိုက်သည်။ "ကျွန်တော်က ပန်းတိုင်ရောက်ဖို့ကိုပဲ စိတ်လောနေတာ... ခင်ဗျားပြောတာမှန်တယ် ဒီတောင်းတန်းဒေသကပဲ အရင်ထွက်ဖို့ လုပ်ကြတာပေါ့"

လော်ယွမ်က လူအများကို တချက်ဝေ့ကြည့်လိုက်ပြီး "တခြားအကြံပေးချင်တာ... ရှိသေးလား"

ချောင်လင်းသည် တိတ်တဆိတ် လက်သီးကိုဆုပ်လိုက်ပြီး သတ္တိမွေးကာ "ဦးတည်ချက်အတိုင်း အတိအကျသွားစရာမလိုဘူးဆိုရင်... ကျွန်မတို့ မြစ်အတိုင်းလိုက်သွားတာ ပိုကောင်းမယ်ထင်တယ်... ဒီအတိုင်းဆို ကျွန်မတို့ရေအရင်းအမြစ်အတွက် ပူစရာမလိုတော့တဲ့အပြင် ရေဆိုတာက မြင့်ရာကနေ နိမ့်ရာကို စီးတာမို့လို့... မြစ်အတိုင်းလိုက်သွားရင် ဒီတောင်တန်းဒေသကနေ အေးအေးဆေးဆေး ထွက်နိုင်ပြီး လမ်းပျောက်မှာလည်း ပူစရာမလိုတော့ဘူးပေါ့"

လော်ယွမ် ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ "နင့်အကြံကကောင်းပေမယ့်... မြစ်တို့ချောင်းတို့ဆိုတာက သန္ဓေပြောင်းသတ္တဝါတွေ စုဝေးတဲ့နေရာ... ငါတို့မြစ်နားသွားဖို့တောင် မလွယ်ဘူး"

အခြားသူများထံမှ နောက်ထပ်အကြံဉာဏ်မရှိတော့သည်ကို မြင်သောအခါ လော်ယွမ်သည် မြေပုံကြမ်းကို သိမ်းလိုက်ပြီး "မှောင်လာတော့မယ်... အားလုံး စောစောအိပ်ကြတော့"

"ကျွန်တော်တို့အတွက် ခုလိုအပင်ပမ်းခံပေးတာ ကျေးဇူးပါ ခေါင်းဆောင်ယွမ်" ဟော်တုံက မြှောက်ပင့်ကာ ဆိုလိုက်သည်။

လော်ယွမ်က ဘာမှပြန်မပြောဘဲ ကိုယ်ကိုကိုင်းကာ မတ်တပ်ထရပ်လိုက်ပြီး ကျန်းမာတောက်ဓားကို သစ်ခေါင်း၏ အပေါက်ဝတွင် စိုက်ထားလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ညချမ်းအချိန်ကား တဖြည်းဖြည်း ကျရောက်လာလေပြီ။

ဆက်ရန်...

အပိုင်း(၂၄၆)တောခြောက်တာလား

ညသည် ရေကဲ့သို့ ငြိမ်သက်အေးစက်နေ၏။

တောနက်ထဲမှ ညအချိန်သည် အလင်းရောင်တစ်စိုးတစ်စိမျှမရှိပေ။

လူတိုင်းသည် သစ်ခေါင်းပေါက်ထဲတွင် ကွေးကွေးလေးအိပ်စက်ကြရာ မကြာမီပင် အိပ်ပျော်သွားကြပြီး ဟောက်သံများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။

လော်ယွမ်သည် ခဏမျှ ကင်းစောင့်နေပြီးနောက် အနီးအနားတွင် ထူးခြားမှုတစ်စုံတစ်ရာမရှိသည်ကို မြင်သောအခါ မျက်လုံးကိုမှိတ်ကာ သူ၏ အတွင်းစိတ်စစ်ဆေးမှုကို စတင်လိုက်သည်။ သူသည် စိတ်စွမ်းအားကို စုစည်းကာ ခန္ဓာကိုယ်၏ နေရာတိုင်း၊ တစ်ရှူးတိုင်းကို အသေးစိတ် စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုပြီး စီးဆင်းနေသောသွေးကိုပင် မလွတ်တမ်း ကြည့်ရှုနေသည်။ ယခုအခါ ဤသို့ပြုလုပ်ခြင်းသည် သူနေ့စဉ်ပြုလုပ်ရမည့် အလုပ်တစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် သူ၏ကျန်းမာတောက်ဓားသည် စိတ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ဒဏ္ဍာရီလာနတ်လက်နက်တစ်ခုကဲ့သို့ ဖြစ်လာလုနီးပါးဖြစ်နေသည်ကို တွေ့ရှိပြီးနောက် သူသည် ပို၍ပင် တက်ကြွလာခဲ့သည်။

တစ်ခါတစ်ရံ သူတွေးမိသည်မှာ သူ၏ခန္ဓာကိုယ်သည်လည်း ကျန်းမာတောက်ဓားကဲ့သို့ပင် စိတ်ဝိဉာဉ်ရှိနေလောက်ပြီဟူ၍ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏လက်မောင်းကို ခုတ်ဖြတ်လိုက်လျှင်ပင် လက်မောင်းသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားမည်မဟုတ်ပေ။ ဒဏ္ဍာရီလာနတ်ဘုရားများကဲ့သို့ ဖြတ်တောက်ခံရသောလက်မောင်းကို ပျံသန်းစေကာ မူလနေရာသို့ ပြန်လည်ဆက်စပ်နိုင်ပြီး သွေးတစ်စက်မျှပင် စီးကျမည်မဟုတ်ပေ။

သို့သော် ဤအရာအားလုံးသည် ခန့်မှန်းချက်မျှသာဖြစ်ပြီး တကယ်ဟုတ်မဟုတ်တော့ မစမ်းသတ်ရဲပေ။

ညလေသည် ဖြည်းညင်းစွာတိုက်ခတ်လာပြီး သစ်တောထဲမှ တရှဲရှဲအသံများ အခါအားလျော်စွာ ထွက်ပေါ်နေသည်။ ရုတ်တရက် အမည်မသိသော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် လော်ယွမ် ရုတ်တရက် လန့်နိုးလာသည်။ သူသည် သစ်ခေါင်းပေါက်အဝတွင် တရားထိုင်နေသော သူ၏ခန္ဓာကိုယ်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ သူက မသိလိုက်မသိဘာသာဖြင့် အိပ်ပျော်သွားခဲ့သည်ကို တွေ့ရှိလိုက်ရသည်။

စောစောက ခန္ဓာကိုယ်အတွင်းစိတ်စွမ်းအားဖြင့်စစ်ဆေးခြင်းတို့ စိတ်ကူးယဉ်ခြင်းတို့က အိပ်မက်မျှသာဖြစ်နေသည်။

အေးစက်သောခံစားမှုတစ်ခုသည် နှလုံးသားထဲမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုစဉ်သူရုတ်တရက် နိုးကြားသွားသည်။

ပတ်ဝန်းကျင်ကား ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်တောထဲမှ တရှဲရှဲအသံမှလွဲ၍ အခြားမည်သည့်အသံမျှမကြားရပေ။ သူက အခြားသူများကို လှည့်ကြည့်လိုက်ရာ သူတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြဆဲဖြစ်သည်။

"ထကြ... မြန်မြန်ထကြ"

လော်ယွမ်သည် အသံတိုးတိုးဖြင့် အကြိမ်အနည်းငယ် ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှမရရှိပေ။ သူ၏အသံသည် တိုးညင်းသော်လည်း ဤအန္တရာယ်များလှသော တောနက်ကြီးထဲတွင် အားလုံးက အအိပ်ဆတ်နေကြပြီဖြစ်သည်။ ယခုကဲ့သို့ တစ်စုံတစ်ယောက်က တမင်တကာ နှိုးနေခြင်းမျိုးကို ထည့်ပြောစရာပင်မလိုချေ။ သေချာသည်မှာ သူတို့အားလုံး လုံးဝ နှစ်ခြိုက်စွာအိပ်ပျော်နေကြကြောင်း ထင်ရှား၏။

သူ၏မျက်နှာသည် တည်ကြည်တင်းမာသွားပြီး ရှေ့တွင်စိုက်ထားသော ကျန်းမာတောက်ဓားကို ဆွဲယူကာ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် အတွေးတစ်ချက်ဝင်လာပြီးနောက် ပြန်လည်ထိုင်ချလိုက်သည်။

အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုအရိပ်အယောင်မျှမရှိပေ။ လူကို မသိလိုက်မသိဘာသာဖြင့် အိပ်ပျော်သွားစေခြင်းမှလွဲ၍ ယခုအချိန်အထိ မည်သည့်ထိခိုက်မှုမျှမဖြစ်ပေါ်သေးပေ။ ယခုအခါ လူတိုင်းသည် နှစ်ခြိုက်စွာအိပ်ပျော်နေကြပြီး အပြင်ဘက်မှ သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ပင်လျှင် အသံတိတ်နေကာ မိမိကိုယ်မိမိကာကွယ်နိုင်စွမ်း စိုးစဉ်းမျှမရှိကြပေ။ မဆင်မခြင် အပြင်ထွက်သွားပါက ရန်သူကို ရှာတွေ့ခြင်းမတွေ့ခြင်းကို မဆိုထားနှင့်၊ သူအပြင်ထွက်နေစဉ်အတွင်း အခွင့်ကောင်းယူတိုက်ခိုက်ခံရပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

လက်တလောတွင်တော့ နေရာတွင်ပင်ငြိမ်နေပြီး အရာရာကို တုံ့ပြန်ရုံသာရှိတော့သည်။

မည်သည့်အချိန်ကစ၍ဖြစ်သည်မသိ၊ တောအုပ်ထဲတွင် မြူများဖုံးလွှမ်းလာသည်။ မြူများသည် တဖြည်းဖြည်းထူထဲလာပြီး အစပိုင်းတွင် ပိုးသားကဲ့သို့ပါးလွှာရာမှ အချိန်ကြာလာသည်နှင့်အမျှ နွားနို့ကဲ့သို့ သိပ်သည်းလာသည်။ ဤသို့ဆိုးရွားသောပတ်ဝန်းကျင်တွင် သူ၏အမြင်အာရုံပင်လျှင် ပေ၃၀အကွာမှ အရာဝတ္ထုကို မမြင်နိုင်တော့ပေ။

ညသည် တဖြည်းဖြည်းနက်လာပြီး သူ၏အိပ်ချင်စိတ်သည်လည်း ပို၍ပို၍ ပြင်းထန်လာသည်။ သူ၏မျက်ခွံများသည် တဖြည်းဖြည်းလေးလံလာပြီး မျက်လုံးများသည်လည်း အိပ်ချင်စိတ်ကြောင့် ဝေဝါးလာသည်။ ပတ်ဝန်းကျင်ရှိအရာအားလုံးသည် ယိမ်းထိုးနေပြီး အရိပ်နှစ်ထပ်ဖြစ်နေသည်ဟု ခံစားရသည်။ အိပ်ချင်စိတ်သည် အလွန်ပင်ပြင်းထန်လှရာ သူသည် ချက်ချင်းမျက်လုံးမှိတ်ကာ အိပ်စက်လိုက်ချင်စိတ် ပေါက်လာသည်။ အမှန်မှာ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ သုံးရက်သုံးညမအိပ်ဘဲနေလျှင်ပင် အိပ်ချင်စိတ်ဖြစ်ပေါ်မည်မဟုတ်ပေ။ သို့သော် ယခုအခါ ထိုအိပ်ချင်စိတ်သည် အရိုးထဲစွဲနေသော အနာကဲ့သို့ မည်သို့မျှ မောင်းထုတ်၍မရနိုင်ပေ။

သူက မျက်နှာကို အားဖြင့်ပွတ်သပ်လိုက်ပြီး မတ်တပ်ထရပ်ကာ နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သည်။ အစပိုင်းတွင် အနည်းငယ်အကျိုးသက်ရောက်မှုရှိပြီး စိတ်သည် အတော်အတန် လန်းဆန်းလာသော်လည်း မကြာမီတွင် အရာမရောက်တော့ဘဲ ခန္ဓာကိုယ်သည် ထိန်းချုပ်မရဘဲ အိပ်စက်လိုစိတ်ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် သူသည် သည်းမခံနိုင်တော့ဘဲ သေခြာဆေးကြောထားသော "ငိုကြွေးမြက်" တစ်ပင်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ထည့်ပြီး ဖြည်းညင်းစွာ ဝါးလိုက်သည်။ ပြင်းထန်သောနာကျင်မှုနှင့်အတူ ခန္ဓာကိုယ်မှအိပ်ချင်စိတ်က နောက်ဆုံးတွင် သက်သာသွားတော့သည်။

………………………………………………………………………………………………………………………………………

လော်ယွမ်သည် အပူရှိန်ကြောင့် လန့်နိုးလာခဲ့သည်။ သူမျက်လုံးဖွင့်လိုက်သောအခါ နေသည် နေ့လယ်ခင်းသို့ပင် ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

သူက ပါးစပ်ထဲမှ မြက်ရွက်တစ်စကို ထွေးထုတ်လိုက်သည်။ ထိုအရာသည် မနေ့က မျိုချရန် အချိန်မရလိုက်သော "ငိုကြွေးမြက်" ဖြစ်သည်။ သူ၏မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေပြီး မနေ့က မည်သည့်အချိန် အိပ်ပျော်သွားသည်ကို သူ မမှတ်မိတော့ပေ။ သို့သော် နံနက်ခင်းအချိန်ခန့်တွင် ဖြစ်မည်ဟု ခန့်မှန်းရသည်။ သူ၏စိတ်က အနည်းငယ်ပေါ့လျော့သွားစဉ်မှာပင် မေ့မြောသွားခဲ့ဟန်တူသည်။

မထင်မှတ်ဘဲ တစ်ရေးနိုးသည်နှင့် နေ့လယ်ခင်းသို့ပင် ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ပြန်တွေးကြည့်လျှင် ကြောက်လန့်မိသည်။ ဤနေရာ၏ပတ်ဝန်းကျင်သည် ထူးခြားသောကြောင့်သာ တော်သေးသည်၊ သို့မဟုတ်ပါက ကိုယ်ကျိုးနဲလောက်ပြီဖြစ်သည်။

အချိန်ကိုကြည့်လိုက်ရာ ဆယ်နာရီနီးပါးဖြစ်နေချေပြီ။ သူက သစ်ပင်အခေါင်းထဲမှထွက်ကာ အနီးအနားမှ အပင်များနှင့် တွင်းထွက်ကျောက်များကို တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရပေ။ သူ၏မျက်မှောင်များ တင်းတင်းကြုတ်မိသွားပြီး စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ လေးလံနေသည်။

အကယ်၍ လူကိုအိပ်ပျော်စေသောအကြောင်းရင်းသည် ဤနေရာ၏ထူးခြားသောပတ်ဝန်းကျင်ကြောင့်သာဆိုလျှင် ကိစ္စမရှိပေ။ အိပ်စက်ခြင်းမှလွဲ၍ အန္တရာယ်မရှိသောကြောင့်ဖြစ်သည်။ သို့သော် ဤစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကြောင့် ဖြစ်ပေါ်လာခြင်းဆိုလျှင်တော့ အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့ရနိုင်သည်။

အကယ်၍ ဒုတိယတခုသာမှန်ကန်ပါက စဉ်းစားကြည့်လျှင် ခေါင်းနပမ်းများကြီးသွားနိုင်သည်။

လော်ယွမ်က သူ၏အကြားအာရုံကို အလွန်ယုံကြည်သည်။ သို့သော် မနေ့ကမှစ၍ ယခုအချိန်အထိ သူသည် မည်သည့်လှုပ်ရှားသံမျှမကြားရပေ။ ဆိုလိုသည်မှာ အကယ်၍ ဤတောအုပ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင် အမှန်တကယ်ရှိနေပါက ၎င်းသည် ၆မိုင်အကွာတွင် လှုပ်ရှားနေခြင်းဖြစ်ရမည်။

ဤမျှဝေးကွာသောအကွာအဝေးမှ ထုတ်လွှတ်သောစွမ်းအင်က လော်ယွမ်ကိုပင် သက်ရောက်နိုင်သည်မှာ သူ၏စိတ်ကူးထက်ပင် ကျော်လွန်နေသည်။ ထိပ်တိုက်သာတွေ့ရပါက သူ "၎င်း" အနားသို့ပင် မချဉ်းကပ်နိုင်လောက်ပေ။

လော်ယွမ်သည် အတွေးများစွာဖြင့် လွင့်မျောနေပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။

သူက အခြားသူများကို အလျင်အမြန် နှိုးလိုက်သည်။

ဤတစ်ကြိမ်တွင် လူတိုင်းသည် လျင်မြန်စွာနိုးလာကြပြီး မိုးလင်းနေသည်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီးနောက် ကြောက်လန့်တကြားဖြစ်သွားကြသည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း လူတိုင်းသည် ညခုနစ်နာရီ၊ ရှစ်နာရီခန့်တွင် အိပ်စက်ပြီး နံနက်ငါးနာရီ၊ ခြောက်နာရီခန့်တွင် ထလေ့ရှိရာ အကျင့်ဖြစ်နေပြီဖြစ်သည်။ ဤမျှနောက်ကျမှထခြင်းသည် သူတို့အတွက်ပထမဆုံးအကြိမ်ပင်။

"မနေ့ညက တစ်ခုခုဖြစ်ခဲ့လို့လား" ဟွမ်ကျားဟွေက လော်ယွမ်ကို မေးလိုက်သည်။

လော်ယွမ်က ခေါင်းခါလိုက်ပြီး တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။ "တကယ်တော့ ငါလည်းအခုမှနိုးတာ... ဒါပေမဲ့ငါတို့ဒီမှာဆက်နေလို့မဖြစ်ဘူး... ဒီကအမြန်သွားရအောင်"

လော်ယွမ်ပင်လျှင် ကြုံတွေ့ခဲ့ရသည်ကို သိသောအခါ လူတိုင်း၏မျက်နှာသည် ချက်ချင်းပျက်ယွင်းသွားပြီး အခြေအနေဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်ကြသည်။

လော်ယွမ်က သစ်ခေါင်းပေါက်ထဲမှထွက်ကာ ယခုထိအိပ်ပျော်နေဆဲဖြစ်သော ဧရာမသားရဲနှစ်ကောင်ကို ကန်နှိုးလိုက်ပြီး အဖွဲ့သည် လျင်မြန်စွာ ပြန်လည်ခရီးဆက်ကြသည်။ လော်ယွမ်၏အဆက်မပြတ်တိုက်တွန်းမှုအောက်တွင် ဧရာမဖွတ်ကြီးက အရှိန်ကိုတိုးမြှင့်လိုက်သည်။ လမ်းတစ်လျှောက်တွင် လေထုသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အားလုံးသည် ခေါင်းငုံ့ကာ ခရီးနှင်နေကြသည်။

"ဘယ်အချိန်ရှိပြီလဲ" မည်မျှကြာသွားသည်မသိ ချောင်လင်းက ရုတ်တရက်မေးလိုက်သည်။

"ညနေသုံးနာရီ" ဟွမ်ကျားဟွေက အချိန်ကိုကြည့်ကာ ပြောလိုက်သည်။

"ဒါဆိုငါတို့သွားနေတာ ငါးနာရီလောက်ရှိပြီပေါ့... ဒီတောကြီးက တော်တော်ကျယ်တာပဲ" ဟော်တုံက အမှတ်မထင် ပြောလိုက်သည်။

လော်ယွမ်၏မျက်မှောင်သည် အနည်းငယ်ကြုတ်မိသွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိသော်လည်း မသေချာပေ။ အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားပြီး နေသည် နောက်တစ်ကြိမ် အနောက်ဘက်သို့ ယိုင်လာသည်။ သူသည် အချိန်ကို မကြည့်ဘဲမနေနိုင်တော့ပေ၊ ညနေငါးနာရီထိုးနေပြီဖြစ်သည်။

"ရပ်လိုက်" သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။

အမိန့်နှင့်အတူ ဧရာမဖွတ်ကြီးက ချက်ချင်းရပ်တန့်လိုက်သည်။

"လော်ယွမ်... ဘာဖြစ်လို့လဲ" တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် ကျိုးယလီက ကြောက်လန့်တကြားမေးလိုက်သည်။

"ငါတို့ ပတ်ချာလည်သွားနေမိသလိုပဲ" လော်ယွမ်က တည်ကြည်စွာပြောလိုက်သည်။ "ဒီနေရာတဝိုက်က မြေပြန့်ဆိုတော့ ဖွတ်ကြီးရဲ့အမြန်နှုန်းနဲ့ဆို ငါတို့အခုလောက်ဆို မိုင်၃၀၀လောက် ခရီးပေါက်နေရမှာ... မနေ့ကတနေကုန်သွားခဲ့တဲ့ ခရီးပါထည့်တွက်ရင် ငါတို့သွားနေတာ မိုင်၅၀၀ကျော်ပြီ... ဒီအကွာအဝေးက ကျင်းနန်ပြည်နယ်တခုလုံးကိုတောင် ကျော်ဖြတ်လို့ရတယ်"

လော်ယွမ်က ဆက်ပြောရင်း ပုံကြမ်းဆွဲထားသော သစ်ခေါက်ကို ထုတ်ယူလိုက်သည်။ "ပြီးတော့ မြေပုံအရဆို ဒီနားတဝိုက်မှာ တောင်တန်းတွေချည်းပဲရှိတာ... အဝေးဆုံးတောင်တန်းတောင်မှ မိုင်၆၀ထက်မဝေးဘူး... ဒါပေမဲ့အခုထိငါတို့ဘာတောင်တန်းမှ မတွေ့ရသေးဘူးဆိုတော့... ဖြစ်နိုင်တာတခုပဲရှိတယ်... ငါတို့ပတ်ချာလည်သွားနေလို့ပဲ"

ဆက်ရန်...

အပိုင်း(၂၄၇)ညဒဏ်ရာ

"ကျွန်တော်လည်း တခုခုထူးဆန်းနေသလို ခံစားမိတယ်... ဒီနေရာတဝိုက်ရဲ့ ပတ်ဝန်းကျင်က တပုံစံတည်းဖြစ်နေတော့ မသိရင် ဝင်္ကဘာထဲရောက်နေသလိုပဲ" တပ်ခွဲမှူးရှကလည်း မျက်နှာပျက်စွာဖြင့် ဆို၏။

လူတိုင်း စိတ်ထဲတွင် စနိုးစနောင့်ဖြစ်လာကြသည်ကိုမြင်သော် လော်ယွမ်က နှစ်သိမ့်လိုက်သည်။ "စောစောသိလိုက်လို့တော်သေးတာပေါ့... မဟုတ်ရင်ဒီမှာ တစ်ညထပ်အိပ်နေရမှာ... ငါသစ်ပင်ထိပ်ဆုံးကိုတက်ပြီး လမ်းကြောင်းကြည့်လိုက်မယ်... ဒီတောထဲက ခဏနေထွက်နိုင်မှာပါ"

လော်ယွမ်က အနီးအနားရှိ အကြီးဆုံးသစ်ပင်ကြီးတပင်ကို ရွေးချယ်လိုက်ပြီး လက်ခြေတို့ကိုအားပြုကာ အသက်အနည်းငယ်ရှိုက်ရုံဖြင့် သစ်ပင်ထိပ်ဖျားသို့ ရောက်ရှိသွားသည်။ ထိုသစ်ပင်ကြီးမှာ ပေ၃၀၀ကျော်ခန့်မြင့်ပြီး သစ်ပင်ထိပ်ဖျားတွင်ရပ်နေသောအခါ လေပူလှိုင်းများက မျက်နှာကို တလိပ်လိပ်လာရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ တောအုပ်အပေါ်မှ ပြင်းထန်သောရေငွေ့ပျံမှုကြောင့် မျက်စိတဆုံးမြင်ကွင်းတခုလုံးမှာ ဝေဝါးနေ၏။

သို့သော် သူ၏အမြင်အာရုံမှာ စူးရှပြီး တောင်ကုန်းကဲ့သို့သော ကြီးမားသည့်အရာများကို ခွဲခြားသိမြင်ရန်မှာမူ အတော်အတန်ဖြစ်နိုင်သေးသည်။

သူက စက္ကန့်အနည်းငယ်ခန့် သေချာကြည့်ရှုပြီးနောက် ခုန်ပျံကျော်လွှားကာ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

"လမ်းတွေ့လား" မြေပြင်ပေါ်သို့ရောက်သည်နှင့် ဟွမ်ကျားဟွေက မစောင့်ဆိုင်းနိုင်တော့ဘဲ မေးလိုက်သည်။

"တော်သေးတယ်... အနီးဆုံးတောင်ကုန်းနဲ့ သိပ်မဝေးတော့ဘူး... ငါ့အထင်တော့၁၂မိုင်လောက်ပဲရှိတယ်... နေမဝင်ရောက်နိုင်လောက်တယ်... အချိန်မဆွဲတော့ဘူး အခုပဲအမြန်သွားကြတာပေါ့" လော်ယွမ်က ဆို၏။

ဤစကားကိုကြားသော် လူတိုင်းစိတ်အေးသွားကြပြီး ဧရာမဖွတ်ကြီးပေါ်သို့ အလျင်အမြန်တက်လိုက်ကြသည်။ ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသောတောအုပ်ထဲတွင် သူတို့တစက္ကန့်မျှပင် မနေချင်တော့ပေ။ သို့သော် အခြေအနေမှာ ထိုမျှမရိုးရှင်းခဲ့ပေ။ ဧရာမဖွတ်ကြီး ဆယ်မိနစ်ခန့်ခရီးဆက်ပြီးနောက် လော်ယွမ်နောက်တကြိမ် သစ်ပင်ကြီးတပင်ပေါ်တက်၍ လမ်းကြောင်းကြည့်ရှုသောအခါ တောင်ကုန်းမှာ နီးကပ်မလာသည့်အပြင် ပို၍ပင်ဝေးကွာသွားသည်ကို တွေ့ရှိလိုက်ရသည်။

အဝေးမှတောင်ကုန်းမှာ သဲကန္တာရထဲမှ တံလျှပ်တခုကဲ့သို့ပင်၊ မည်မျှပင်ရှေ့ဆက်သွားစေကာမူ မည်သို့မျှနီးကပ်မလာနိုင်ခဲ့ပေ။

ဤတွေ့ရှိမှုအသစ်ကြောင့် လူတိုင်း၏စိတ်ထဲတွင် အရိပ်မည်းတခု ဖုံးလွှမ်းသွားတော့သည်။

"ဘယ်လိုလုပ်ကြမလဲ... ကျွန်မတို့တောခြောက်ခံနေရတာများလား" ကျိုးယလီက အနည်းငယ်အယူသည်းစွာဖြင့် ဆိုလိုက်သည်။

"တောခြောက်ခံရတယ်ဆိုရင်တောင် ထွက်လို့မရတာမဟုတ်ဘူး" လော်ယွမ်က ဆို၏။ သူက ခဏတာစဉ်းစားပြီးနောက် ဆက်ပြောသည်။ "ငါတို့မြင်နေရတာတွေ ကြားနေရတာတွေ အားလုံးက အမှန်ဖြစ်ချင်မှဖြစ်မယ်... ဒါပေမဲ့အာရုံငါးပါးလုံးကို လှည့်စားနိုင်မယ်လို့တော့ ငါမယုံဘူး... အနည်းဆုံးတော့ ငါမြင်ရတာတွေအများစုက အမှန်လို့သေချာတယ်"

"ရှင့်မှာ နည်းလမ်းရှိလို့လား" ကျိုးယလီက အလျင်အမြန်ဆိုလိုက်သည်။

"ငါ့မှာ သာမန်နည်းလမ်းတခုတော့ရှိတယ်... ဒါပေမဲ့စမ်းကြည့်ရဦးမယ်" လော်ယွမ်က ဆို၏။

သူက ဧရာမဖွတ်ကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး သစ်ပင်ကြီးနှစ်ပင်ကို အစနှင့်အဆုံးအဖြစ် သတ်မှတ်ကာ ရှေ့သို့ခြေတလှမ်းချင်းစီ လျှောက်သွားသည်။ မကြာမီမှာပင် သူပြန်လှည့်လာပြီး မျက်နှာတွင် သက်သာရာရသွားသော အပြုံးတခုဖြင့် "ခြေလှမ်းသုံးလှမ်းလောက် ပိုသွားတာပဲ" ဟု ဆိုလိုက်သည်။

"ခင်ဗျားဆိုလိုတာက ဒီတောအုပ်ထဲမှာ အကွာအဝေးတွေက ပုံမှန်မဟုတ်ဘူးလား" တပ်ခွဲမှူးရှက အရင်ဆုံးသဘောပေါက်ကာ မေးလိုက်သည်။

"မဟုတ်ဘူး... အကွာအဝေးကြောင့်သာဆိုရင် ကျွန်တော်တို့အစကတည်းက သတိထားမိနေလောက်ပြီ"

"အဲ့တာက ဦးတည်ချက်ပဲ... ဒီနေရာတဝိုက်မှာ ကျွန်တော်တို့ရဲ့ဦးတည်ချက် အာရုံခံနိုင်စွမ်းကို လမ်းလွှဲပေးနေတဲ့ စွမ်းအားတခုရှိတယ်... ကျွန်တော်တို့က ရှေ့တည့်တည့်မတ်မတ်ပဲ သွားနေတယ်လို့ထင်နေပေမယ့် တကယ်တမ်းက ပတ်ချာလည်လျှောက်မိနေတာ... အမြဲတမ်းဦးတည်ချက်ကို သတိထားမစစ်ဆေးရင် ကွာခြားချက်က ပိုပိုကြီးလာပြီး ဒီတောအုပ်ထဲကနေ ဘယ်တော့မှ ထွက်နိုင်မှာမဟုတ်တော့ဘူး" လော်ယွမ်က ရှင်းပြလိုက်သည်။ သို့သော် ဤစွမ်းအားကို သူအံ့အားသင့်မိသည်။ သစ်ပင်နှစ်ပင်ကြားအကွာအဝေးမှာ ခြေလှမ်းသုံးဆယ့်ငါးလှမ်းသာရှိသော်လည်း သူ့ကိုခြေလှမ်းသုံးလှမ်းပို၍ လျှောက်လှမ်းစေခဲ့သည်။ ဤသည်မှာပင် သူပစ်မှတ်ကို အဆက်မပြတ်ကြည့်ရှုနေခဲ့သော ရလဒ်ဖြစ်၏။ သို့မဟုတ်ပါက မည်မျှလွဲချော်သွားမည်ကို မသိနိုင်ပေ။

"ခဏနေရင် ကျွန်တော်သစ်ပင်ထိပ်တွေပေါ်ကနေသွားမယ်... ခင်ဗျားတို့က ဧရာမဖွတ်ကြီးကိုစီးပြီး ကျွန်တော့်နောက်လိုက်ခဲ့ကြ" လော်ယွမ်က ဆို၏။ ယခုအချိန်တွင် ဤနည်းလမ်းတခုတည်းသာ ရှိတော့သည်။

အားလုံးက အလျင်အမြန်ခေါင်းညိတ်ပြကြသည်။

ထို့နောက် လော်ယွမ်က သစ်ပင်ကြီးပေါ်သို့ ခုန်တက်လိုက်ပြီး မျောက်တကောင်ကဲ့သို့ လျင်မြန်စွာခုန်ပျံကျော်လွှားကာ ရှေ့သို့ချီတက်သွားသည်။ နေဝင်တော့မည်ဖြစ်သောကြောင့် မနေ့ကကဲ့သို့ မသိလိုက်ဘဲအိပ်ပျော်သွားသည့်အဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန် သူက အရှိန်အပြည့်ဖြင့်သွားရာ ဧရာမဖွတ်ကြီးပင်လျှင် အပြေးအလွှားလိုက်ပါမှသာ မှီနိုင်တော့သည်။

ဤတကြိမ်တွင်မူ တောင်ကုန်းမှာ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး နာရီဝက်အကြာတွင် ထိုထူးဆန်းသောတောအုပ်ကို နောက်တွင်ချန်ထားနိုင်ခဲ့သည်။

လူတိုင်းနောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။ ဤနေရာသို့ရောက်သောအခါ ထိုစွမ်းအားမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လူတစုသည် ခဏတာရပ်နားပြီးနောက် ရှေ့ဆက်ခရီးဆက်ကြသည်။ ထိုကြားထဲတွင် တောင်ကုန်းလေးတခုကို ကျော်ဖြတ်ပြီးနောက် ကျောက်တုံးပုံတခုရှေ့တွင်မှ ရပ်တန့်လိုက်ကြသည်။ ထိုအချိန်တွင် ကောင်းကင်တခုလုံး လုံးဝမှောင်မိုက်သွားခဲ့ပြီဖြစ်သည်။

ဤနေရာတွင် မြေဆီလွှာမရှိသလောက်ဖြစ်သောကြောင့် အပင်များမှာ အနည်းငယ်ကျဲပါးနေသည်။ နေရာအနှံ့တွင် လူတရပ်ခန့်မြင့်သော မြက်ရိုင်းများမှလွဲ၍ အပင်အနည်းငယ်သာ ဟိုတပင်ဒီတပင် ပေါက်ရောက်နေသည်။ ထို့အပြင် တောအုပ်ထဲရှိအပင်များ၏ စိမ်းလန်းစိုပြေမှုနှင့်နှိုင်းယှဉ်လျှင် ဤနေရာရှိမြက်ရိုင်းများသည် နေရောင်ခြည်၏ပူပြင်းစွာလောင်ကျွမ်းမှုအောက်တွင် ခြောက်သွေ့ညှိုးနွမ်းနေပြီး အချိန်မရွေးသေဆုံးသွားနိုင်သကဲ့သို့ရှိသည်။

ထို့အတူ ဤသို့သောမဖွံ့ဖြိုးသည့်ပတ်ဝန်းကျင်အောက်တွင် အန္တရာယ်မှာလည်း များစွာလျော့နည်းသွားသည်။ သန္ဓေပြောင်းသားရဲများကိုမဆိုထားနှင့် သန္ဓေပြောင်းပိုးကောင်များပင် ရှားပါးလှရာ သူတို့အဖွဲ့ နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။

……………………………………………………………………………………………………………………

ညစာစားပြီးနောက် လူတိုင်းတယောက်ပြီးတယောက် အိပ်စက်သွားကြသည်။ ညဆယ့်တနာရီ၊ ဆယ့်နှစ်နာရီခန့်တွင် မီးဖိုမှမီးကျီးခဲများမှာ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး လေအေးတချက်တိုက်ခတ်လာသောအခါ နောက်ဆုံးအလင်းရောင်တချက်ကို ထုတ်လွှတ်ပြီးနောက် လုံးဝငြိမ်းသတ်သွားတော့သည်။

ရှပ်ရှပ်ရှပ်ရှပ်အသံတသံနှင့်အတူ လူရိပ်တရိပ်မတ်တပ်ထရပ်လာသည်။ သူမမှာ ချောင်လင်းဖြစ်၏။ သူမသည် အနည်းငယ်တွန့်ဆုတ်နေဟန်တူပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လော်ယွမ်ရှိရာသို့ လျှောက်လှမ်းလာသည်။

"အကိုယွမ်... အကိုယွမ်" သူမက တိုးညှင်းစွာ အကြိမ်အနည်းငယ်ခေါ်လိုက်သည်။

မျက်လုံးမှိတ်၍ တရားထိုင်နေသော လော်ယွမ်က ဖြည်းညင်းစွာမျက်လုံးဖွင့်ကာ ချောင်လင်းကိုကြည့်ရင်း သံသယဖြင့် "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

"ဟို... ဟိုဘေးနားမှာ သွားပြောလို့ရမလားဟင်" လော်ယွမ်၏အကြည့်ကိုမြင်သော် ချောင်လင်း၏အသက်ရှူသံမှာ အနည်းငယ်မြန်လာပြီး မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများပြည့်နှက်နေကာ မူလကနီမြန်းနေသောမျက်နှာမှာလည်း အနည်းငယ်ဖြူဖျော့သွားသည်။

လော်ယွမ်က မတ်တပ်ထရပ်ပြီး ခြေလှမ်းအနည်းငယ်အဝေးသို့ လျှောက်သွားကာ "ဘာဖြစ်လို့လဲ... ပြောလေ" ဟု မေးလိုက်သည်။

"ခုနက... ကျွန်မ… ကျွန်မရင်ဘတ်ကို တခုခုကိုက်သွားသလိုပဲ... ရှင်ကူကြည့်ပေးလို့ရမလားဟင်" ချောင်လင်းက အံကိုကြိတ်ကာ ဆိုလိုက်သည်။ စိတ်လှုပ်ရှား၍လား၊ ကြောက်ရွံ့၍လားမသိ၊ သူမသည် အင်္ကျီစကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်မှာပင် အနည်းငယ်တုန်ယင်နေသည်။

ဤသို့သောနေရာကို အခြားသူအား အလွယ်တကူ မည်သို့ပြဝံ့မည်နည်း။

"ဒဏ်ရာကဆိုးလို့လား" သူက မေးလိုက်သည်။

"ကျွန်မ… ကျွန်မ မသိဘူး" ချောင်လင်းက တုန်ယင်စွာဆိုရင်း လက်နှစ်ဖက်ဖြင့် အင်္ကျီကိုစတင်ချွတ်တော့သည်။

လော်ယွမ်က မူလကတားဆီးရန်ကြိုးစားသော်လည်း နောက်ဆုံးတွင်မူ စကားမဆိုဖြစ်ခဲ့ပေ။ ထို့နောက် သူမ၏အပေါ်ပိုင်းအင်္ကျီတခုလုံးကို ဖွင့်ချလိုက်သည်ကို သူမြင်တွေ့လိုက်ရသည်။ အတွင်းဘက်တွင် မည်သည့်အရာမျှ ဝတ်ဆင်ထားခြင်းမရှိပေ။ ဖြူဖွေးနူးညံ့သော ရင်သားတစုံမှာ တုန်ခါလှုပ်ရှားနေ၏။

ထိုအထဲမှ တဖက်တွင် လက်ဖဝါးအရွယ်အစားရှိသော ခရမ်းရောင်အညိုအမည်းစွဲရာတခု ရှိနေသည်။

ဤသည်မှာ တစုံတခုကိုက်ရာနှင့်မတူဘဲ ညှစ်ရာနှင့်ပိုတူသည်။ လော်ယွမ်သည် မည်သို့သောအဖြစ်အပျက်ဖြစ်သည်ကို အနည်းငယ်သဘောပေါက်သွားသည်။ သို့သော် သူက အမှန်တရားကိုဖွင့်မပြောခဲ့သလို၊ ပြင်းပြင်းထန်ထန်လည်း မငြင်းဆန်ခဲ့ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ပါက သူမကိုအရှက်ရစေမည်ဖြစ်သောကြောင့်တည်း။ ယနေ့ဤသို့ပြုလုပ်ရန်အတွက် သူမသည် ရဲစွမ်းသတ္တိအားလုံးကို စုစည်းခဲ့ရပြီး အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားစွာဖြင့် နေခဲ့ရမည်မှာ ထင်ရှားလှသည်။

သူက သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်တန်းကာ ထိုခရမ်းရောင်အညိုအမည်းစွဲရာပေါ်သို့ ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ စိတ်စွမ်းအား၏အစွမ်းဖြင့် အညိုအမည်းစွဲရာမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး မကြာမီမှာပင် ဖြူဖွေးနူးညံ့သွားသည်။ သူက စွဲလန်းစွာဖြင့် အကြိမ်အနည်းငယ်ပွတ်သပ်လိုက်ပြီးနောက် လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။

"သွားအိပ်တော့လေ... မနက်ဖြန် စောစောထရဦးမယ်"

ထိုအချိန်တွင် ချောင်လင်း၏မျက်နှာတခုလုံးမှာ ပူလောင်နေခဲ့ပြီဖြစ်သည်။ ခေါင်းငုံ့ကာ စိတ်ရှုပ်ထွေးစွာဖြင့်အဝတ်အစားများကို ပြန်ဝတ်ဆင်ပြီး ခြေလှမ်းများယိုင်နဲ့စွာဖြင့် ပြန်ပြေးသွားတော့သည်။

လော်ယွမ်က ထိုနေရာတွင်ပင် သက်ပြင်းချကာ မူလနေရာသို့ပြန်၍ တရားထိုင်နေလိုက်သည်။ ယခုကမ္ဘာပျက်ကာလတွင် ကိုယ်ကျင့်တရားများပြိုလဲနေပြီး ဤနေရာမှာလည်း လူသူရှားပါးသော တောနက်ကြီးဖြစ်ရာ သူကဲ့သို့စွမ်းကြီးသူတဦးအတွက် လုံးဝစိတ်တိုင်းကျပြုမူနိုင်ပြီး မည်သည့်အဖိုးအခမျှပေးစရာမလိုပေ။ သို့သော် နောက်ဆုံးတွင်မူ မိမိ၏အခြေခံစည်းမျဉ်းကို မကျော်လွှားနိုင်ခဲ့ပေ။

အဘယ်ကြောင့်မှန်းမသိ၊ သူရုတ်တရက် စကားတခွန်းကို သတိရသွားသည်။ စွမ်းအားကြီးသူတို့ကို သူတို့ကိုယ်တိုင်မှလွဲ၍ မည်သည့်အရာကမျှ ချုပ်နှောင်နိုင်ခြင်းမရှိဟူတည်း။

ဆက်ရန်...

အပိုင်း(၂၄၈)ကျိုးချွမ်

"ခင်ဗျားတို့ အနံ့တခုခုရလိုက်လား" ဒုတိယနေ့ မွန်းတည့်ခါနီးအချိန်တွင် လော်ယွမ်က ရုတ်တရက် မေးလိုက်၏။

"မရပါဘူး" အခြားသူများက ခေါင်းအသီးသီး ခါလိုက်ကြ၏။

လော်ယွမ်က ဇဝေဇဝါဖြင့် နောက်တစ်ကြိမ် ရှူရှိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် ပို၍ပင် ရှင်းလင်းလာခဲ့သည်။ ၎င်းသည် တူးနံ့နှင့်ဆင်တူပြီး ကြက်ဥပုပ်နံ့တစ်မျိုး ရောယှက်နေသော အနံ့ဖြစ်ကာ သူ့အား ရင်းနှီးနေသကဲ့သို့ ခံစားရစေပြီး တစ်နေရာရာတွင် ရဖူးသကဲ့သို့ ထင်မှတ်နေမိ၏။

သူ၏ မှတ်ဉာဏ်ထဲမှ လျင်မြန်စွာ ပြန်လည်ရှာဖွေတွေ့ရှိလိုက်သည်။ မီးတောင်။ ဤအနံ့သည် မီးတောင်ပေါက်ကွဲစဉ်က အနံ့နှင့် ဆင်တူလှ၏။ သို့သော် လော်ယွမ်သည် များစွာ စိုးရိမ်ခြင်းမရှိပေ။ ပေါက်ကွဲနေဆဲ အခြေအနေရှိသော မီးတောင်နှင့် ပေါက်ကွဲရန် အသင့်အနေအထားရှိသော မီးတောင်တို့၏ အန္တရာယ်ရှိမှုသည် လုံးဝ ကွဲပြားခြားနား၏။ ပထမအမျိုးအစားနှင့် ကြုံတွေ့ပါက အဝေးဆုံးသို့ ပြေးနိုင်လေ ကောင်းလေ ဖြစ်သည်။ ဒုတိယအမျိုးအစားမှာမူ မီးခိုးများသာ အဆက်မပြတ် ထုတ်လွှတ်နေခြင်းဖြစ်ပြီး ဆယ်နှစ် သို့မဟုတ် ရာနှင့်ချီ၍ ကြာသည့်တိုင်အောင် ပေါက်ကွဲချင်မှ ပေါက်ကွဲပေလိမ့်မည်။

မီးတောင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အခြားသူများကလည်း ထိုအနံ့ကို ရရှိလာကြ၏။

သူတို့အဖွဲ့သည် တောင်ထိပ်ပေါ်မှ ကြီးမားသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ တက်ရောက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ကြသောအခါ အနီးအနားမှ မီးတောင်သည် တစ်လုံးတည်းမဟုတ်ဘဲ အစုအဖွဲ့လိုက်ဖြစ်နေသည်ကို တုန်လှုပ်စွာ တွေ့ရှိလိုက်ကြရ၏။ ၎င်းတို့သည် တောင်တန်းအများအပြား၏ သွယ်တန်းရာအတိုင်း မဟာတံတိုင်းကြီးပေါ်မှ မီးရှူးတိုင်များပမာ တစ်လုံးပြီးတစ်လုံး မီးညှိထားသကဲ့သို့ဖြစ်ပြီး မီးခိုးလုံးကြီးများ တလိမ့်လိမ့်တက်နေကာ မြင်ရသူတိုင်းကို ရင်သပ်ရှုမောဖြစ်စေတော့သည်။

"ဒီနေရာမှာ ဘယ်လိုလုပ် မီးတောင်တွေ အဲ့လောက်များနေတာလဲ... တရုတ်မှာ မီးတောင်အရှင် မရှိပါဘူး" ဟော်တုံက မျက်နှာ အနည်းငယ် ဖြူဖျော့သွားကာ ပြောလိုက်၏။

"အရင်တုန်းကတော့ ဟုတ်တာပေါ့" လော်ယွမ်က ထိုမီးတောင်စုကို ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြော၏။ "ပင်လယ်ရေမျက်နှာပြင် မြင့်တာတာနဲ့... အာကာသမုန်တိုင်းတွေက မြေအောက်ချော်ရည်တွေကို လှုပ်ရှားစေတယ်... ဒီမီးတောင်တွေမပေါက်လိုက်နဲ့ ပေါက်လိုက်တာနဲ့ ဧရာမမီးတောင်ကြီးဖြစ်သွားလိမ့်မယ်... အဲ့ဒါဆိုဒီနေရာတခုလုံး ချော်ရည်တွေပြည့်သွားရုံတင်မဟုတ်ဘူး ပြန်လည်တည်ဆောက်ရေးဇုန်ပါ ဒုက္ခရောက်မှာ"

"အဲ့ဒီလောက်တော့ မဆိုးဘူးမလား" လင်းရှောင်ကျီက လန့်သွားပြီး ပြောလိုက်၏။

"ဒါတောင်ငါက အခြေအနေကို လျှော့တွက်ထားတာ" လော်ယွမ်က ပြော၏။ သူသည် ဧရာမမီးတောင်ကြီးများနှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင်တစ်ကားကို ကြည့်ဖူးခဲ့သည်။

မီးတောင်ပေါက်ကွဲချိန်၌ နေရာအနှံ့မှ ချော်ရည်စီးကြောင်းများ၏အန္တရာယ်က ဒုတိယဦးစားပေးမျှသာ ဖြစ်ပြီး အန္တရာယ်အကြီးမားဆုံးမှာ မီးတောင်ပြာများနှင့် အဆိပ်ငွေ့များသာ ဖြစ်သည်။ ဤကဲ့သို့သော ဧရာမမီးတောင်ကြီးမျိုးသည် ပေါက်ကွဲလိုက်တိုင်း တန်ချိန် ကုဋေပေါင်းများစွာသော အရာဝတ္ထုများကို ကောင်းကင်သို့ ပန်းထုတ်နိုင်ပေသည်။ ထိုအခါ နေ့ခင်းဘက် ညအမှောင်အဖြစ်သို့ ပြောင်းလဲသွားပြီး နွေရာသီက ချမ်းအေးသော ဆောင်းရာသီအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ အနီးအနားမှ ပြန်လည်တည်ဆောက်ရေးဇုန်ကို မဆိုထားနှင့်၊ တရုတ်ပြည်တစ်ဝက်ခန့်ပင်လျှင် သက်ရောက်မှု ခံရပေလိမ့်မည်။ ထိုအခါ၌ သန္ဓေပြောင်းသတ္တဝါများ အစုလိုက်အပြုံလိုက် သေဆုံးသွားမည်၊ မမည်ကို သူ မသိသော်လည်း မနည်းအားတင်း၍ အသက်ရှင်ကျန်ရစ်နေသော လူသားမျိုးနွယ်အတွက်မူ ဒုက္ခပေါ်ဒုက္ခဆင့်ခြင်းသာ ဖြစ်ပေလိမ့်မည်။

"ကျွန်တော်တို့ ပြန်လည်တည်ဆောက်ရေးဇုန်ကို အမြန်ဆုံးပြန်ပြီး ဒီကိစ္စ အထက်ကို တင်ပြရမယ်" တပ်ခွဲမှူးရှသည် ထိုစကားကို ကြားသောအခါ မျက်နှာထား တည်ကြည်သွားပြီး အလျင်အမြန် ပြောလိုက်၏။

လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ ထိုအချိန်၌ သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မီးတောင်များထဲမှ တစ်လုံးကို လှမ်းကြည့်လိုက်သည်။

မီးတောင်ထိပ်မှ ချော်ရည်များ ရုတ်တရက် လွင့်စဉ်သွားပြီး အလယ်မှ အားကောင်းသော မီးတောက်တစ်ခု ထိုးထွက်လာကာ ပေ၃၀၀ခန့်မြင့်သော ကောင်းကင်တစ်ဝက်သို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် အစပိုင်း၌ မိမိကံဆိုးပြီး မီးတောင်ပေါက်ကွဲတော့မည်နှင့် ကြုံတွေ့ရသည်ဟု ထင်မှတ်လိုက်မိသေးသည်။ သို့သော် မီးတောက်များ ပန်းထွက်လာသည်နှင့်အတူ ပိုးကောင်ပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်သည် မီးတောင်ဝမှ ရုတ်တရက် ခေါင်းထိုးထွက်လာခဲ့သည်။

"ဟိုမှာကြည့်စမ်း... အဲ့ဒါ ဘာကြီးလဲ" ထိုအချိန်၌ အခြားသူများလည်း သတိပြုမိသွားကြပြီး အားလုံးက ချော်ရည်ထဲ၌ နေထိုင်သော ဤလျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

ဤနေရာနှင့် လေးငါးမိုင်ခန့် ကွာဝေးသော်လည်း ၎င်း၏ ခန္ဓာကိုယ် ကြီးမားလှသည့်အတွက် လူအုပ်စုသည် ရှင်းလင်းစွာ မြင်တွေ့နိုင်နေဆဲဖြစ်သည်။ ၎င်းသည် အနီရောင် သန်ကောင်ကြီးတစ်ကောင်နှင့်တူပြီး ခန္ဓာကိုယ်မျက်နှာပြင်၌ အကွင်းလိုက် အစင်းကြောင်းများ ရှိနေသည်။ ဗိုက်အောက်၌ မည်းနက်သော ခြေထောက်ငယ်လေးများ တန်းစီလျက် ထူထပ်စွာ ပေါက်ရောက်နေ၏။ ၎င်း၌ မျက်လုံးရှိသည်ဟု မထင်ရဘဲ ဦးခေါင်း၏ တစ်ဝက်ခန့်ကို နေရာယူထားသော မီးတောက်များ ထုတ်နေသည့် ပါးစပ်ဝိုင်းကြီးတစ်ခုသာ ရှိလေသည်။

ထိုအချိန်၌ ၎င်း၏ ဦးခေါင်းသည် အဆက်မပြတ် ယိမ်းခါနေပြီး ပေ၃၀၀ခန့်ရှည်သော အရှိန်မြင့်မီးတောက်တစ်ခုသည် ၎င်း၏ ယိမ်းခါမှုနှင့်အတူ ကောင်းကင်တစ်ဝက်၌ ထင်တိုင်းကြဲ လွင့်ပျံနေသည်။

အနီးအနားမှ သစ်ပင်ကြီးအချို့သည် ကောင်းကင်မှ အနီရောင်တွင် အဖြူရောင်သန်းနေသော မီးတောက်များနှင့် ထိတွေ့မိသွားရာ ချက်ချင်းပင် တောက်လောင်လာပြီး ဆယ်စက္ကန့်ပင် မကြာမြင့်မီ မည်းနက်သော မီးသွေးတုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြရာ ဤမီးတောက်၏ အပူချိန် အလွန်မြင့်မားကြောင်း ထင်ရှားလှ၏။

မီးတောက်များသည် အဆက်မပြတ် ပန်းထွက်နေသည်။ တစ်စုံတစ်ခုသော အချက်ပြမှုကို လက်ခံရရှိသည့်အလား အခြားမီးတောင်ဝတစ်ခုမှ သန်ကောင်တစ်ကောင် ထပ်မံထိုးထွက်လာခဲ့သည်။ ထို့နောက် တတိယတစ်ကောင်၊ စတုတ္ထတစ်ကောင်... လော်ယွမ်သည် ဤနေရာမှ မီးတောင်တိုင်းနီးပါးသည် ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ၏ သိမ်းပိုက်ခြင်းကို ခံထားရသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။

ထို့နောက် ဤဒေသသည် "သန်ကောင်" တို့၏ ရူးသွပ်သော ပွဲတော်အချိန်သို့ ဝင်ရောက်သွားခဲ့သည်။ မီးတောက်တိုင်လုံးကြီးများသည် ကောင်းကင်၌ အပြန်အလှန် ဖြတ်သန်းသွားလာနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုကြောင့် လေထုသည်ပင်လျှင် လှိုင်းထနေတော့သည်။ လော်ယွမ်ရှိရာ နေရာအထိပင် အပူချိန်သည် စင်တီဂရိတ်အနည်းငယ် မြင့်တက်လာပြီး အသက်ရှူလိုက်လျှင်ပင် မီးကျွမ်းလောင်သော အနံ့ကို ရရှိနေသည်။

"သန်ကောင်" တို့၏ ရူးသွပ်သော ပွဲတော်သည် နာရီဝက်ခန့် ကြာမြင့်ပြီးနောက် နောက်ဆုံး၌ ရပ်တန့်သွားပြီး သန်ကောင်များသည် မီးတောင်ဝများထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပြန်လည်ဝင်ရောက်သွားကြသည်။

လူအုပ်စုသည် မျက်နှာများ အနည်းငယ် ဖြူဖျော့သွားသည်အထိ ကြည့်ရှုနေကြပြီး ဆယ်စက္ကန့်ကျော်ကြာမှသာလျှင် သတိပြန်ဝင်လာကြသည်။ အားလုံးသည် ဤနေရာအနီးအနား၌ ကြာကြာ မနေဝံ့ကြတော့ဘဲ သန်ကောင်များ ပျောက်ကွယ်သွားပြီးနောက် ဤမီးတောင်အုပ်စုကို အဝေးမှ ရှောင်ကွင်းကာ ရှေ့သို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။

........................................................................................................................

ရှေ့သို့ တောက်လျှောက် ခရီးနှင်လာသည်နှင့်အမျှ မြေမျက်နှာသွင်ပြင်သည် အတက်အကျ မမှန်သေးဘဲ တောင်တန်းများ ဆက်လက်တည်ရှိနေသော်လည်း မြေပြင်က တဖြည်းဖြည်း နိမ့်ကျလာသည်ကို ခံစားသိရှိနိုင်၏။ ဥပမာအားဖြင့် အနီးအနားမှ နှင်းတောင်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်ကုန်းများသည်လည်း စတင်၍ နိမ့်ကျလာသည်။ ဤသည်မှာ သတင်းကောင်းတစ်ခုဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

ငါးရက်မြောက်နေ့သို့ ရောက်သောအခါ လူတစ်စုလုံးသည် လူသားတို့၏ အရိပ်အယောင်များကိုပင် ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဤသည်မှာ ရွာပျက်တစ်ခု၏ အပျက်အစီးများ ဖြစ်၏။ ကျောက်တိုင်အချို့သည် မြေပြင်ပေါ်၌ အထီးတည်း လဲလျောင်းနေကြသည်။ မြက်ပင်များအောက်၌ ကြေမွနေသော အုတ်ချပ်ကြွေပြားများနှင့် ဆွေးမြေ့နေသော ပရိဘောဂများကို နေရာအနှံ့ မြင်တွေ့နိုင်၏။ ဟွမ်ကျားဟွေသည် အပျက်အစီးများကြားမှ "မော်"ခေတ် အမှတ်တံဆိပ်ပါသော ကောင်းမွန်နေဆဲ ပန်းကန်လုံးတစ်လုံးကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ ဤရွာသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မပြတ်ကြောင်းကို ညွှန်ပြနေသည်။ မကြာမီမှာပင် သူတို့သည် တောင်တန်းများအပြင်ဘက်သို့ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။

ဤအချက်က လူအားလုံးကို စိတ်ဓာတ်တက်ကြွစေသကဲ့သို့ ခံစားချက်ပေါင်းများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဤခရီးလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲအတားအဆီးများ၊ စိုးရိမ်ကြောက်လန့်မှုများက လူတိုင်းကို မတွေးထင်နိုင်သော ဖိအားများကို ခံစားစေခဲ့သည်။

ရွာ၏ လူသွားလမ်းလေးက အပင်များဖြင့် ဖုံးကွယ်နေပြီး အရိပ်အယောင် မမြင်နိုင်တော့သော်လည်း သေသေချာချာ ခွဲခြားကြည့်ပါက အရိပ်အမြွက်အချို့ကို မြင်တွေ့နိုင်သေးသည်။ ဥပမာအားဖြင့် အတော်လေး မာကျောသော မြေကြီးနှင့် အရွယ်အစားတူညီသော ကျောက်စရစ်ခဲအချို့ ဖြစ်သည်။

ဧရာမဖွတ်ကြီးသည် လူသွားလမ်းလေးအတိုင်း တောက်လျှောက် ရှေ့ဆက်သွားခဲ့သည်။ လမ်းခရီး၌ ရွာပျက်ကဲ့သို့သော အပျက်အစီးများကို နေရာအနှံ့ မြင်တွေ့ရသည်။ ညနေစောင်းအချိန်သို့ ရောက်သောအခါ သူတို့၏ မျက်စိရှေ့၌ ကွန်ကရစ်လမ်းမကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ကွန်ကရစ်လမ်းမကြီးသည် ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ချိုင့်ခွက်များဖြင့် ပြည့်နှက်နေသည်။ အပေါ်၌ ရေညှိများနှင့် မြက်ရိုင်းများ ပေါက်ရောက်နေပြီး ဘေးနှစ်ဖက်မှ တောနက်ကြီးနှင့် ရောထွေးနေသည်။

ကွန်ကရစ်လမ်းမပေါ်သို့ တက်လှမ်းလိုက်ပြီးနောက် လူသားတို့၏ အရိပ်အယောင်များသည် တဖြည်းဖြည်း များပြားလာပြီး ပတ်ဝန်းကျင်မှ သစ်တောများသည်လည်း တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

ပြိုကျနေသော အဆောက်အအုံအများအပြား၊ အရောင်အသွေးစုံလင်သော အမှိုက်သရိုက်အမျိုးမျိုးအပြင် လေထုထဲ၌ မှိုတက်ဆွေးမြေ့နေသော အနံ့တစ်မျိုးလည်း ပျံ့လွင့်နေသည်။ သို့သော် စိတ်အခြေအနေကြောင့် ဖြစ်မည်၊ ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

"ဒီနေရာက ဘယ်နေရာလဲမသိဘူးနော်" ဟွမ်ကျားဟွေသည် စိတ်ထဲမှ လှုပ်ရှားနေသော ခံစားချက်များကို အားကုန်ထိန်းချုပ်ရင်း မေးလိုက်သည်။

"ကျွန်တော်ခန့်မှန်းရသလောက်တော့ ဒီနေရာက နယ်မြို့လေးတစ်မြို့ ဖြစ်နိုင်တယ်... ခဏနေရင်ကျွန်တော်တို့မြို့ထဲ ရောက်တော့မှာဆိုတော့ အဲ့ကျရင် သေချာထိန်းသိမ်းထားတဲ့ မြေပုံတခုလောက် ရနိုင်လောက်တယ်" တပ်ခွဲမှူးရှက အသံအနည်းငယ်မြှင့်၍ ပြောလိုက်သည်။

ကောင်းကင်ကား အနည်းငယ် မည်းမှောင်လာလေပြီ။ သူတို့အဖွဲ့သည် ခေတ္တတိုင်ပင်ဆွေးနွေးပြီးနောက် မရပ်နားတော့ဘဲ အနီးဆုံးမြို့သို့ ညတွင်းချင်း ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

အဝေးပြေးလမ်းမကြီးသည် အတော်လေး ညီညာပြန့်ပြူးသည့်အတွက် ဧရာမဖွတ်ကြီးသည် နောက်ဆုံး၌ မိမိ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ၎င်းသည် လေးလံသော ခြေလှမ်းကျဲများကို လှမ်းကာ လော်ယွမ်၏ တိုက်တွန်းမှုအောက်၌ အမြန်ပြေးလွှားလိုက်ရာ တစ်နာရီလျှင် မိုင်ရှစ်ဆယ်၊ ကိုးဆယ်နှုန်းသို့ လွယ်ကူစွာ ရောက်ရှိသွားခဲ့သည်။ လေပြင်းများ ဝှေ့တိုက်လာသည့်အတွက် လူအုပ်စုသည် လွင့်စဉ်မကျသွားစေရန် ဧရာမဖွတ်ကြီး၏ ကျောပေါ်မှ ကြိမ်ကော်ဇောကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြရသည်။

ဤနေရာသည် ခန့်မှန်းရသလောက် ချင်းဟိုင်နှင့် တိဘက်တို့၏ နယ်စပ်၌ တည်ရှိပြီး မြေနေရာ ကျယ်ဝန်းသော်လည်း လူနေကျဲပါးလှသည်။ လမ်းတစ်လျှောက်လုံး၌ အဝေးပြေးလမ်းမကြီးတစ်ခုမှလွဲ၍ ရွာများကို တွေ့ရခဲလှသည်။ ခြောက်သွေ့နေသော ကားတာယာအချို့သည် လမ်းမပေါ်၌ ပြန့်ကျဲလျက် ကပ်နေပြီး ကားမှာမူ သံချေးတက်နေသော သံပုံကြီးတစ်ခုအဖြစ်သို့ ကြာမြင့်စွာကတည်းက ဆွေးမြေ့သွားခဲ့လေပြီ။

လမ်းတစ်လျှောက်လုံးသည် တိတ်ဆိတ်ခြောက်ကပ်နေပြီး ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့၏ လေးလံသော ခြေသံများသာ ညကောင်းကင်ယံ၌ ပဲ့တင်ထပ်နေတော့သည်။

...........................................................................................................................

ညကိုးနာရီသို့ ရောက်သောအခါ လူအုပ်စုသည် နောက်ဆုံး၌ တောနက်ထဲမှ မြို့တော်သို့ ခြေချနိုင်ခဲ့သည်။

၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှေးဟောင်းမြို့တစ်မြို့ကဲ့သို့ပင်။ သက်တမ်းရင့်ပြီး ဆွေးမြေ့နေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ မြို့၏ မူလပုံပန်းသဏ္ဌာန်ကို မမြင်နိုင်တော့ဘဲ သံမဏိနှင့် ကွန်ကရစ်တို့၏ အရောင်များပင်လျှင် အဆုံးမရှိသော အစိမ်းရောင်များဖြင့် ဖုံးလွှမ်းခြင်းကို ခံနေရသည်။

သို့သော် အားလုံးက ဤမြင်ကွင်းကို အထူးအဆန်းမဖြစ်တော့ဘဲ ကျင့်သားရနေလေပြီ။

အဆောက်အအုံအများစုသည် ဆွေးမြေ့ပြိုကျနေသော်လည်း အချို့အဆောက်အအုံများမှာမူ နွယ်ပင်များ၏ ထောက်မမှုအောက်၌ မပြိုမလဲ တည်ရှိနေဆဲဖြစ်ပြီး အနီးအနားမှ သစ်တောများနှင့် ရောယှက်နေသည်။

"ငါတို့ ရှေ့က... အမြင့်ဆုံးအဆောက်အအုံကို သွားကြည့်ကြမယ်" လော်ယွမ်က ပြောလိုက်သည်။

ဤအဆောက်အအုံသည် ငါးထပ်၊ ခြောက်ထပ်ခန့် မြင့်ပြီး မျက်နှာပြင်ကို ထူထဲသော အစိမ်းရောင်နွယ်ပင်များက ဖုံးအုပ်ထားသည်။ ဤသည်မှာ အနီးအနား၌ ကောင်းမွန်စွာ ကျန်ရှိနေသေးသော အမြင့်ဆုံးအဆောက်အအုံပင်ဖြစ်သည်။ လော်ယွမ်သည် ဧရာမဖွတ်ကြီးပေါ်မှ ခုန်ချလိုက်ပြီး အဆောက်အအုံမျက်နှာပြင်မှ အပင်များကို ကျန်းမာတောက်ဓားဖြင့် ခုတ်ပိုင်းရှင်းလင်းလိုက်ရာ မကြာမီမှာပင် အတွင်းမှ ဆိုးရွားစွာ ဆွေးမြေ့နေသော ကွန်ကရစ်များကို ပေါ်ထွက်လာစေခဲ့သည်။

သူသည် ခြေဖြင့် တစ်ချက်ကန်လိုက်ရာ "ခွပ်" ဟူသော အသံနှင့်အတူ နံရံ၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

သူ၏ စွမ်းအားသည် မသေးငယ်သော်လည်း သာမန်နံရံတစ်ခုကို ဤမျှ လွယ်ကူစွာ အပေါက်ပြုလုပ်နိုင်မည်မဟုတ်ချေ။ သို့သော် ဤကွန်ကရစ်များသည် အပင်များ၏ ဆွေးမြေ့စေမှုအောက်၌ ကြာမြင့်စွာကတည်းက ခိုင်မာမှုကို ဆုံးရှုံးသွားခဲ့ပြီး သဲများကဲ့သို့ ဖြစ်နေကာ ခြေဖြင့် ညင်သာစွာ ကန်လိုက်ရုံမျှဖြင့် အများအပြား ပြိုကျသွားခြင်းဖြစ်သည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကို မူလနေရာ၌ နေစေခဲ့ပြီးနောက် နံရံအပါက်ထဲသို့ တိုးဝင်သွားခဲ့သည်။ ဤနေရာ၌ အသိုက်လုပ်ထားသော သန္ဓေပြောင်းသားရဲအချို့ကို ပထမဆုံး ရှင်းလင်းလိုက်ပြီးနောက် ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် တန်းစီ၍ ဝင်ရောက်လာကြသည်။

အတွင်းဘက်သည် မည်းမှောင်ပြီး စိုစွတ်နေကာ ပြင်းထန်သော ဆွေးမြေ့နေသည့် အနံ့တစ်မျိုး ထွက်ပေါ်နေသည်။

"ခေါင်းဆောင်ယွမ်... ဘာတွေ့သေးလဲ" ဟော်တုံက အနားသို့ ကပ်လာပြီး မေးလိုက်သည်။

"ဘာမှမတွေ့ဘူး... ဒီနေရာက တော်တော့်ကိုစိုစွတ်နေတယ်... ရုံးသုံးစားပွဲတွေတောင်ဆွေးမြေ့နေပြီ... စက္ကူနဲ့လုပ်ထားတဲ့မြေပုံဆိုရင်တော့ ပြောစရာတောင်မလိုဘူး... ကျွန်တော်အပေါ်ထပ်တက်ကြည့်လိုက်ဦးမယ်... ခင်ဗျားတို့အပြင်ကိုအရင်ထွက်နေကြဦး" လော်ယွမ်က ပြောလိုက်သည်။ ဤနေရာမှ အဆောက်အအုံသည် အလွန်အမင်း ပျော့ညံ့နေပြီး တို့ဖူးတုံးကဲ့သို့ပင်။ အနည်းငယ် အားသုံးလိုက်သည်နှင့် ပြိုကျသွားနိုင်သည်။ ထိုအခါ၌ သူမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ လုံးဝ လုံခြုံမည်မဟုတ်ချေ။

"ရှင် သတိထားဦးနော်" ဟွမ်ကျားဟွေက ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် လှေကားပေါက်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။ အတွင်းမှ လှေကားသည် တစ်ခုလုံး ကျိုးပဲ့နေသည့်အတွက် သူသည် ဒုတိယထပ်သို့ တိုက်ရိုက် ခုန်တက်ခဲ့ရသည်။ အားကောင်းသော ရိုက်ခတ်မှုက ဒုတိယထပ်၏ နေရာအတော်များများကို ပြိုကျသွားစေသော်လည်း သူသည် ထိုမတိုင်မီကတည်းက မူလနေရာမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ခန္ဓာကိုယ်သည် တစ်ချက် လှုပ်ခတ်သွားပြီး အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

ဤအဆောက်အအုံသည် ရုံးအဆောက်အအုံတစ်ခု ဖြစ်ဟန်တူသည်။ လော်ယွမ်သည် ကွန်ပျူတာအပျက်အစီးအများအပြားနှင့် ဆွေးမြေ့နေသော စက္ကူစာရွက်စာတမ်းအချို့ကို တွေ့လိုက်ရသည်။

လော်ယွမ်က အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရှာဖွေတွေ့ရှိလိုသည့် ရည်ရွယ်ချက်ဖြင့် သေသေချာချာ ရှာဖွေကြည့်သော်လည်း ကံဆိုးစွာဖြင့် စာလုံးအားလုံးသည် မထင်ရှားတော့ဘဲ ရွှံ့စေးကဲ့သို့သော အရာဝတ္ထုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

"ဟမ်" ထိုအချိန်၌ သူသည် နံရံထောင့်မှ မတ်တပ်ရပ် မီးခံသေတ္တာတစ်လုံးကို တွေ့ရှိလိုက်ရသည်။

၎င်းသည် အတော်လေး သံချေးတက်နေသော်လည်း ပျက်စီးသွားခြင်းမရှိချေ။ သူ၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုတစ်ချက် ပေါ်ထွက်လာပြီး ကျန်းမာတောက်ဓားကို ဆွဲထုတ်ကာ ညင်သာစွာ လှီးဖြတ်ဖွင့်လှစ်လိုက်သည်။ အတွင်း၌ ထူထဲသော စာရွက်စာတမ်းများနှင့် ပြေစာများ ရှိနေသည်။

အနည်းငယ် စိုစွတ်နေသည်မှလွဲ၍ အတော်လေး ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ကံဆိုးသည်မှာ မြေပုံမရှိခြင်းပင်။ သို့သော် စဉ်းစားကြည့်လျှင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အားယားနေပြီး မြေပုံကို မီးခံသေတ္တာထဲသို့ ထည့်ထားမည်မဟုတ်ချေ။

သူသည် စာရွက်စာတမ်းတစ်ခုကို ကောက်ယူလိုက်ရာ ၎င်းသည် စီးပွားရေးဆိုင်ရာ စာချုပ်တစ်ခုဖြစ်သည်။ လော်ယွမ်သည် အသေးစိတ် မကြည့်ဘဲ နောက်ကျောမှ ကုမ္ပဏီ (က) နှင့် ကုမ္ပဏီ (ခ) ကိုသာ ကြည့်လိုက်သည်။

"ကုမ္ပဏီ (က) - ကျိုးချွမ် ယုံလဲ့၊ ကြော်ငြာ ကုမ္ပဏီ လီမိတက်"

"ကုမ္ပဏီ (ခ) - ကျိုးချွမ် ရှန့်တယ်၊ ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေ ကုမ္ပဏီ လီမိတက်"

သူသည် အခြားစာရွက်စာတမ်းများကို ကြည့်လိုက်ရာ လိပ်စာအများစုမှာ ကျိုးချွမ်၌သာဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသွားလေပြီ။ ဤမြို့သည် ကျိုးချွမ်မြို့ပင် ဖြစ်ပေလိမ့်မည်။ သို့သော် ဤအမည်ကိုမူ သူ လုံးဝ မှတ်မိခြင်းမရှိပေ။

All Chapters