← Chapters

အခန်း (၂၄၉-၂၅၂)

Vol. 13 Ch. 249-252

အခန်း (၂၄၉-၂၅၂)

Vol. 13 Ch. 249-252

အပိုင်း(၂၄၉)အမြန်လမ်း

ထို့နောက် လော်ယွမ်က ဒုတိယထပ်ရှိ အခန်းများအားလုံးကို လိုက်လံရှာဖွေခဲ့သော်လည်း နောက်ထပ်မည်သည့်အရာမျှ ထပ်မံမတွေ့ရှိတော့ချေ။

ထိုအခိုက်တွင် လော်ယွမ်က လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရရာ အပြင်ဘက်၌ တစ်စုံတစ်ခု ဖြစ်ပွားနေပုံရ၏။ သူ၏မျက်နှာ အနည်းငယ်ပျက်ယွင်းသွားပြီး ကျန်းမာတောက်ဓားကို ဆွဲကိုင်လျက် ခြေလှမ်းအနည်းငယ်မျှဖြင့် ပထမထပ်သို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် နိမ့်သောတွင်းအပေါက်မှ လျင်မြန်စွာ တိုးထွက်လိုက်၏။

အပြင်သို့ရောက်၍ ကြည့်လိုက်သောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

မြေပြင်ထက်တွင် သန္ဓေပြောင်း ပိုးကောင်ခြောက်ကောင် လဲကျနေ၏။ ၃ပေခန့်ရှည်လျားပြီး အလွန်ပင်ရုပ်ဆိုးကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ထိုပိုးကောင်များမှာ အပိုင်းပိုင်းအစစဖြစ်နေကြသည်။ မြေပြင်တစ်ခုလုံးသည်လည်း အရောင်အသွေးစုံလင်သော အရည်များဖြင့် ပေကျံလျက်ရှိ၏။ အလောင်းများပေါ်ရှိ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် နှစ်ကောင်မှာ ဝမ်ရှီရှီ၏ လက်ချက်ဖြစ်ပြီး ကျန်လေးကောင်မှာမူ ဓားဖြင့် ဖြေရှင်းထားခြင်းဖြစ်ကြောင်း သိသာလှ၏။

လူတိုင်း၏စွမ်းဆောင်ရည်သည် ယခင်ကနှင့်မတူတော့ဘဲ ဤသို့သော အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများမှာ သူတို့အတွက် ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မဖြစ်စေနိုင်တော့သည်မှာ ထင်ရှားလှ၏။

"မြေပုံတွေ့ခဲ့လား" လော်ယွမ် လျှောက်လာသည်ကိုမြင်သောအခါ ဟွမ်ကျားဟွေက လှမ်းမေးလိုက်သည်။

"မတွေ့ဘူး... ဒီနေရာက တော်တော့ကိုဆွေးမြေ့နေပြီ... တခြားနေရာတွေမှာလည်း မရှိလောက်တော့ဘူး... တစ်ယောက်ယောက်က တမင်သက်သက် သိမ်းထားတာမျိုးမှပဲ ရနိုင်တော့မှာ" လော်ယွမ်က လက်မှိုင်ချစွာ ပြောလိုက်သည်။

သို့သော် ဤမျှော်လင့်ချက်မှာ အလွန် နည်းပါးလှ၏။ ကမ္ဘာမပျက်မီအချိန်က မြေပုံဟူသည် အလွန်အရေးပါသော ပစ္စည်းတစ်ခုမဟုတ်ခဲ့ချေ။ ထို့အပြင် စမတ်ဖုန်းများ ကျယ်ပြန့်စွာခေတ်စားလာသည်နှင့်အမျှ သာမန်လူတို့သည် မြေပုံကားချပ်ကို အသုံးပြုခြင်းနည်းပါးသွားကြပြီဖြစ်၏။

"ဒါပေမဲ့ ဒီနေရာက ဘယ်နေရာလဲဆိုတာတော့ သိခဲ့ရတယ်... ခင်ဗျားတို့ထဲမှာ ကျိုးချွမ်မြို့အကြောင်း သိတဲ့သူ ရှိလား" လော်ယွမ်က မေးလိုက်သည်။

လူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ ဤနေရာရှိလူအားလုံးနီးပါးမှာ တောင်ပိုင်းဒေသမှဖြစ်ကြပြီး အနောက်ပိုင်းရှိမြို့များအနက် အချို့သော အလွန်ကျော်ကြားသည့် ခရီးသွားမြို့ကြီးများ သို့မဟုတ် ပြည်နယ်မြို့တော်များမှလွဲ၍ အခြားမြို့ငယ်များကို များစွာသိရှိခြင်းမရှိကြပေ။ ကျိုးချွမ်မြို့သည်လည်း ထိုအထဲတွင် အပါအဝင်ဖြစ်ပြီး လူအများစုမှာ ကြားပင်မကြားဖူးကြချေ။

"ကျွန်တော် တနေရာရာမှာ... ကြားဖူးသလိုပဲ" ထိုစဉ် ဟော်တုံက ရုတ်တရက်ပြောလိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ ချီတုံချတုံဖြစ်နေပြီး အလွန်မသေချာသည့်ပုံပေါ်၏။

"မလောနဲ့... ဖြည်းဖြည်းချင်းစဉ်းစားကြည့်" လော်ယွမ်က အလျင်အမြန် ပြောလိုက်သည်။

ဟော်တုံသည် တစ်နေရာတည်းတွင် ဟိုဟိုဒီဒီလမ်းလျှောက်ရင်း မျက်မှောင်ကြုတ်ထားသည်။ "နည်းနည်း မှတ်မိလာသလိုပဲ... ကျွန်တော့်မှာ အရင်က ဖောက်သည်တစ်ယောက်ရှိတယ်... သူက ဒီမြို့ကလို့ ထင်တာပဲ"

"တခြားမှတ်မိတာရော... ရှိသေးလား" လော်ယွမ်က မျက်နှာအနည်းငယ်ပျက်ယွင်းလျက် မေးလိုက်သည်။ ဤသို့သောသတင်းအချက်အလက်မျိုးမှာ မည်သို့မျှ အသုံးမဝင်ပေ။

"အဲ့တာကအရမ်းကြာသွားပြီ... ပြီးတော့ သူက ပိုက်ဆံသိပ်မရှိတဲ့ သာမန်ဖောက်သည်လေးဆိုတော့... ကျွန်တော်လည်း ပုံမှန်ဆို သိပ်ဂရုမစိုက်မိဘူး... နေဦး... ဒီမြို့နားမှာ အမြန်လမ်းမကြီးတစ်ခု ရှိတယ်ထင်တယ်... အဲ့ဒီတုန်းက ကျွန်တော် ရှာကြည့်ခဲ့ဖူးသလိုပဲ" ဟော်တုံက ခေါင်းကိုကုတ်ရင်း ဦးနှောက်ခြောက်မတတ် စဉ်းစားနေသည်။

လူတိုင်း၏မျက်လုံးများမှာ အရောင်တောက်သွားကြ၏။

"အမြန်လမ်းရှိတာသေချာရင်တော့ လွယ်သွားပြီ... တရုတ်ပြည်အနောက်ပိုင်းမှာ အမြန်လမ်းက များများစားစားမရှိဘူး... စုစုပေါင်းမှနည်းနည်းလေးပဲရှိတာ... ဒီနေရာရဲ့ပတ်ဝန်းကျင် အနေအထားအရဆိုရင် ကျွန်တော်အထင်တော့ အဲ့တာ ကုန်းယွီအမြန်လမ်းမကြီးဖြစ်ရမယ်" တပ်ခွဲမှူးရှက ဆို၏။ "ကုန်းယွီအမြန်လမ်းက တာကလာမာကန်သဲကန္တာရနဲ့ သိပ်မဝေးဘူး... အဲ့ဒီမှာဟိုကိုတန်းရောက်တဲ့ ပြည်ထောင်စုလမ်းမကြီးတခုရှိတယ်... တကယ်လို့ ကျွန်တော်တို့အရှိန်သာမြန်ပြီး... လမ်းတစ်လျှောက်လုံး အဆင်ပြေမယ်ဆိုရင် တစ်ရက်နှစ်ရက်အတွင်း ပြန်လည်တည်ဆောက်ရေးဇုန်ကို ရောက်နိုင်လောက်တယ်"

……………………………………………………………………………………………………………………

ယခုအချိန်သည် ညကိုးနာရီခန့် ရှိနေပြီဖြစ်၏။ သူတို့အဖွဲ့က အတော်အသင့်ခိုင်ခံ့သော မြေအောက်ခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီး တစ်ညတာအတွက် ပြင်ဆင်လိုက်ကြသည်။

မြေပြင်ပေါ်တွင် စေးကပ်သောရေညှိများဖြင့် ပြည့်နှက်နေပြီး စိုစွတ်ထိုင်းမှိုင်းကာ ပူအိုက်လျက်ရှိ၏။ တိရိစ္ဆာန်သားရေပြားများကို ခင်းလိုက်ပြီးနောက် လူအားလုံးသည် မြေပြင်ပေါ်တွင် ထိုင်လိုက်ကြကာ အသားခြောက်အနည်းငယ်ကို ဝေမျှ၍ ခြောက်ကပ်ကပ် ဝါးစားနေကြသည်။

ဤနေရာသည် အတော်အတန် အလုံပိတ်နေသောကြောင့် မီးမွှေးရန် အဆင်မပြေလှပေ။ ကံကောင်းသည်မှာ အသားခြောက်အချို့ ကျန်ရှိနေသေးသည်။

လူတိုင်းသည် ရာဘာတမျှမာကျောသော အသားခြောက်ကို ဖြည်းညင်းစွာဝါးရင်း စကားစမြည်ပြောဆိုနေကြသည်။ ပြောရင်းပြောရင်းနှင့် အလိုအလျောက်ပင် ပြန်လည်တည်ဆောက်ရေးဇုန်အကြောင်းသို့ ရောက်ရှိသွားကြ၏။

"တပ်ခွဲမှူးရှ... ပြန်လည်တည်ဆောက်ရေးဇုန်မှာ သတိထားရမယ့်ဟာတွေ... ကျွန်မတို့ကိုပြောပြပေးပါလား" ဟွမ်ကျားဟွေက မေးလိုက်သည်။

တပ်ခွဲမှူးရှသည် တစ်ချက်ကြောင်သွားပြီး ပါးစပ်ထဲမှအသားခြောက်ကို အတင်းမျိုချလိုက်ကာ "ထွေထွေထူးထူးတော့ မရှိပါဘူး... ဥပဒေတွေကလည်း အခြေခံအားဖြင့် အရင်ကဥပဒေတွေပါပဲ... အင်းပေါ့ အလုပ်ခွဲဝေတာတို့ မဖြစ်မနေစစ်မှုထမ်းရတာတို့လိုမျိုး အပြောင်းအလဲတွေတော့ရှိတာပေါ့... အထူးသဖြင့်စစ်မှုမထမ်းမနေရဥပဒေက မဖြစ်မနေလုပ်ရတယ်... စစ်သားစုဆောင်းတဲ့အမိန့်ကျတာနဲ့ တန်းဝင်ရမှာ... မဟုတ်ရင်တပ်ပြေးအဖြစ်အရေးယူခံရတယ်... ကိုယ်ကစစ်သားမဟုတ်ရင်တောင် လူတိုင်း အချိန်အတိုင်းအတာတခုအထိ စစ်ရေးလေ့ကျင့်ရတယ်... ဒါမှနောက်တခါခေါ်ရင် အဆင်သင့်ဖြစ်တာပေါ့"

"အမျိုးသမီးတွေလည်း လုပ်ရတာလား" ချောင်လင်းက အနည်းငယ်အံ့အားသင့်စွာ မေးလိုက်သည်။ သို့သော် သူမသည် အံ့ဩသွားရုံမျှသာဖြစ်ပြီး အမှန်တကယ် မခံမရပ်နိုင်ဖြစ်သွားခြင်းတော့ မဟုတ်ပေ။ ဤမျှလောက်များပြားသော အန္တရာယ်များကို ဖြတ်သန်းပြီး ဤအခြေအနေထိ ရောက်လာခဲ့ပြီးနောက် သူမသည် ကမ္ဘာမပျက်မီက နုနယ်သောမိန်းကလေးတစ်ဦး မဟုတ်တော့ချေ။

"ယောက်ျားရော မိန်းမရော အတူတူပါပဲ... သန္ဓေပြောင်းသားရဲနဲ့တွေ့ရင်သူတို့က မိန်းမမို့လို့ဆိုပြီး ညှာနေမှာမဟုတ်ဘူးလေ" တပ်ခွဲမှူးရှက မျက်နှာတည်ဖြင့် ပြောလိုက်သည်။

ဤသည်မှာ ပြည်သူအားလုံး စစ်မှုထမ်းရခြင်းပင်တည်း။ လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ်လေးလံသွား၏။

"တခြားရော ဘာရှိသေးလဲ" ဟွမ်ကျားဟွေက ဆက်မေးလိုက်သည်။

""

"အစားအစာခွဲဝေမှုစနစ်ကိုတော့ ခင်ဗျားတို့သိလောက်မှာပါ... အခု ငွေကြေးစနစ်ကို အခြေခံအားဖြင့် သိပ်မသုံးကြတော့ဘူး... ကိုယ်က အသက်ရှင်ကျန်ရစ်သူဆိုရင် ဟိုရောက်သွားတာနဲ့ အလုပ်ခွဲဝေမပေးမချင်း လတိုင်း အစားအသောက်နဲ့ ရေ ပမာဏတစ်ခုအထိ ရနိုင်တယ်... အင်းပေါ့ ခင်ဗျားတို့အဓိကရမှာတွေက ကူပွန်တွေပေါ့"

"ဒါပေမဲ့ ခင်ဗျားတို့အတွက်ကတော့ ရွေးချယ်စရာ ပိုများမှာပါ... စစ်သားလုပ်မလား... နယ်စပ်မြို့လေးတွေမှာပဲစောင့်ကြပ်မလား... ဘယ်လိုပဲဖြစ်ဖြစ် နေထိုင်မှုအခြေအနေက သာမန်အလုပ်သမားတစ်ယောက်ထက်တော့ သာတာပေါ့" တပ်ခွဲမှူးရှက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"နယ်စပ်မြို့လေးတွေဟုတ်လား" လော်ယွမ်က မေးလိုက်သည်။

"ပြန်လည်တည်ဆောက်ရေးဇုန်ဆိုတာက ခြုံငုံပြီးခေါ်တာလေ... အဲ့ဒီမှာ လူဦးရေ သန်းတစ်ရာကျော် ရှိတော့ မြို့တစ်မြို့တည်းတော့ ဘယ်ဖြစ်နိုင်မလဲ... အမှန်တော့ ဇုန်ကို မြို့တော်တော်များများနဲ့ ဖွဲ့စည်းထားတာ... အဓိကကျတဲ့နေရာလည်းရှိသလို နယ်စပ်နေရာလည်းရှိတယ်... ကျွန်တော်တို့က အဲ့ဒါကို "ကွင်းသုံးကွင်း" ခွဲထားတယ်... တတိယကွင်းကတော့ နယ်စပ်ဒေသပေါ့... အဲ့ဒါက လူသားတွေရဲ့ နောက်ဆုံးခံတပ်လိုင်းပဲ... အန္တရာယ်က ရှေ့တန်းလောက်တော့ မများဘူး... ဒါပေမဲ့ တိုက်ပွဲတွေကတော့ အမြဲတမ်းဖြစ်နေတာပဲ... သာမန်လူတွေအတွက်တော့ နည်းနည်းပိုအန္တရာယ်များတာပေါ့" တပ်ခွဲမှူးရှက ဆို၏။

(ကွင်းသုံးကွင်းမှာ ပထမကွင်းက အတွင်းဆုံးပိုင်းဧရိယာဖြစ်ပြီး အုပ်ချုပ်ရေးလူတန်းစားတွေနဲ့ အရေးပါတဲ့သူတွေနေတဲ့ကွင်းပါ။ ဒုတိယကွင်းက ပြည်သူတွေနဲ့ အလုပ်ရုံစက်ရုံတွေရှိတဲ့ကွင်းပါ။ တတိယကွင်းက စစ်တပ်နဲ့တပ်သားတွေ အဓိကရှိတဲ့ကွင်းပါ။ ရှေ့တန်းဆိုတာက ကွင်းသုံးကွင်းရဲ့အပြင်ကိုပြောတာပါ)

အားလုံး၏မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိချေ။ ရှေးဟောင်းတောနက်ကြီးထဲကပင် ထွက်လာနိုင်ခဲ့ပြီးနောက် ဤသို့သော အန္တရာယ်မျိုးကို သူတို့ မျက်စိထဲထည့်မတွက်တော့ချေ။

"ဒါနဲ့အလုပ်ခွဲဝေပေးတယ်ဆိုတော့... အခု စီးပွားရေးလုပ်လို့မရတော့ဘူးလား" ဟော်တုံက စပ်စုစွာမေးလိုက်သည်။ သူသည် အလယ်တန်းပင်မပြီးခင်ကတည်းက စီးပွားရေးလုပ်ခဲ့သူဖြစ်ရာ စီးပွားရေးလုပ်ခြင်းမှလွဲ၍ မိမိကိုယ်မိမိ ဘာတတ်သည်ကိုပင် မသိတော့ချေ။

"အဲ့ဒီလိုတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အရမ်းနည်းတာပေါ့... လူအများစုကတော့ ကိုယ်ကျွမ်းကျင်တဲ့အရာပေါ်မူတည်ပြီး စက်ရုံအသီးသီးမှာ အလုပ်ခွဲဝေခံရတာပဲ... တကယ်လို့ ကိုယ့်အလှည့်မကျဘူးဆိုရင်တော့ စီးပွားရေးလုပ်လို့ရပါတယ်... ဒါပေမဲ့ အခု ပြန်လည်တည်ဆောက်ရေးဇုန်က စစ်အတွင်းစနစ်ကို ကျင့်သုံးနေတာဆိုတော့... ဖြုန်းတီးပစ်ဖို့ လူအင်အားနဲ့ သယံဇာတ သိပ်မရှိဘူးလေ... အလုပ်သမားငှားတာတို့ ကုန်ကြမ်းရရှိဖို့တို့ကတော့ စဉ်းတောင်မစဉ်းစားနဲ့တော့" တပ်ခွဲမှူးရှက ရှင်းပြ၏။ ဤအချက်တစ်ခုတည်းကပင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို လုံးဝပိတ်သေသွားစေခဲ့သည်။

……………………………………………………………………………………………………………………

လူတိုင်းသည် စကားတစ်ခွန်းစနှစ်ခွန်းစ ပြောဆိုနေကြရင်း အချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီး မကြာမီမှာပင် မိုးလင်းသွားတော့သည်။

တစ်ညလုံးမအိပ်ခဲ့ရသော်လည်း အားလုံး ပင်ပန်းနွမ်းနယ်သည်ဟု မခံစားရကြပေ။ မိုးလင်းသည်နှင့်တစ်ပြိုင်နက် သူတို့အဖွဲ့ ခရီးဆက်ထွက်ခွာခဲ့သည်။

တစ်နာရီနီးပါး ရှာဖွေပြီးနောက်တွင် သူတို့သည် အမြန်လမ်းမကြီး၏ ဝင်ပေါက်ကို ရှာဖွေတွေ့ရှိသွားကြသည်။

ကမ္ဘာမပျက်မီက လမ်း၏ဘေးနှစ်ဖက်တွင် ဂိုဘီကန္တာရနှင့် သဲများသာ ရှိခဲ့သောကြောင့်လောမသိ၊ ဤအမြန်လမ်းမကြီးသည် အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းမွန်စွာ တည်ရှိနေသေးသည်ကို လော်ယွမ် တွေ့ရှိလိုက်ရသည်။ ကတ္တရာလမ်းမျက်နှာပြင်သည် ဆွေးမြေ့ပျက်စီးမှု မပြင်းထန်လှဘဲ လမ်းလယ်ခေါင်မှအပင်များမှာလည်း အလွန်နည်းပါးလှ၏။ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်သောအခါ လေထဲတွင် သဲမှုန်များ ပါလာတတ်သည်။ ၎င်းမှာ ခွဲခြားသိမြင်ရန် ခက်ခဲလောက်အောင် သေးငယ်သော်ငြားလည်း လူတိုင်းကို အနည်းငယ်ဝမ်းသာစေခဲ့သည်။ ဤသည်မှာ ဤဒေသရှိကန္တာရသည် အပင်များ၏ လုံးဝလွှမ်းမိုးခြင်းကို မခံရသေးကြောင်း ပြသနေ၏။

သို့သော် သူ၏ပျော်ရွှင်မှုက အနည်းငယ်စောလွန်းသွားသည်မှာ ထင်ရှား၏။ အနောက်ပိုင်းဒေသ၏ ဒေသပတ်ဝန်းကျင်က "ပြောင်းလဲလွယ်ခြင်း" ဟူသည့် အဓိပ္ပါယ်ကို သူ့အား နားလည်သဘောပေါက်စေခဲ့သည်။

လေးနာရီခန့်အကြာတွင် လူတစ်စုသည် ဂိုဘီကန္တာရကို လျင်မြန်စွာဖြတ်သန်းပြီးနောက် တောင်တန်းများထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်သောအခါ လမ်းမကြီးသည် ချက်ချင်းပင် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတော့၏။

အကြိမ်များစွာတွင် လမ်းမကြီးသည် အပိုင်းလိုက် ပြိုကျပျက်စီးနေခြင်း သို့မဟုတ် တောင်ပြိုကျသော ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေခြင်းများ ဖြစ်နေသည်။ အမှန်တော့ ဤသည်မှာ အခက်ခဲဆုံးမဟုတ်သေးပေ။ တောင်ထိပ်နှစ်ခုကို ဆက်သွယ်ထားသော တံတားတစ်စင်း ပြိုကျပျက်စီးနေသည်ကို တွေ့ရှိသောအခါတွင်မူ သူတို့သည် မလွှဲမရှောင်သာ နောက်သို့ပြန်လှည့်ပြီး တောနက်ထဲသို့ဝင်ကာ ပတ်၍သွားရတော့သည်။

ဆက်ရန်...

အပိုင်း(၂၅၀)လေလွင့်သူများ

နှစ်ရက်ခန့်အကြာတွင် သူတို့အဖွဲ့သည် နောက်ထပ်မြို့တစ်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ ထိုမြို့သည်လည်း အလားတူပင် မြို့ပျက်ကြီးတစ်ခုအဖြစ် ပြောင်းလဲနေလေပြီ။

ဤတစ်ကြိမ်တွင်မူ ကံတရားက သူတို့ဘက်တွင် ရှိနေခဲ့သည်။ မီးရထားဘူတာရုံပျက်ဟု ယူဆရသော နေရာတစ်ခုမှ စုတ်ပြဲနေသော မြို့မြေပုံအဟောင်းတစ်ချပ်ကို သူတို့ ရှာဖွေတွေ့ရှိခဲ့၏။ မြေပုံမှာ အစိတ်စိတ်အမွှာမွှာ စုတ်ပြဲနေလုပြီဖြစ်သော်လည်း တိကျသော လမ်းညွှန်များ၊ မြို့အမည်နှင့် ပြည်နယ်အဆင့်လမ်းမကြီးများ၏ အချက်အလက်ကဲ့သို့သော အဓိကအချက်အလတ်အချို့မှာမူ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည်။

ဤအဖိုးတန်သော သတင်းအချက်အလက်များက အချိန်မီရွာသွန်းလာသော မိုးစက်များပမာပင်။ သူတို့အဖွဲ့သည် ဦးတည်ရာမဲ့ ဆင်ကန်းတောတိုး သွားလာနေရခြင်းမှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် မြို့မှာ ပျက်စီးယိုယွင်း၍ မူလပုံစံပင် ပျောက်ဆုံးနေချေပြီ။ သူတို့အဖွဲ့သည် မြို့ကို တစ်ပတ်နီးပါး ပတ်၍ရှာဖွေပြီးမှသာ ပြည်နယ်လမ်းမကြီး၏ နေရာကို တွေ့ရှိခဲ့တော့သည်။ ထိုလမ်းမကြီးမှာ ပတ်ဝန်းကျင်မှ သစ်ပင်ခြုံနွယ်များနှင့် တစ်သားတည်းဖြစ်ကာ ထူထဲသော နွယ်ပင်များအောက်တွင် လုံးဝဖုံးလွှမ်းပျောက်ကွယ်နေ၏။ အကယ်၍ မြေပုံသာ လက်ထဲတွင်မရှိပါက သူတို့အဖွဲ့သည် ဤနေရာကို သတိမမူမိဘဲ ဖြတ်ကျော်သွားမိမည်မှာ ဧကန်မလွဲပင်။

ဤနွယ်ပင်အမျိုးအစားမှာ အလွန်ထူးဆန်းလှ၏။ ၎င်းတွင် အရွက်များမရှိဘဲ ကြမ်းတမ်းပြားချပ်သော ပင်စည်များသာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နွယ်ယှက်ကာ မြေပြင်ပေါ်တွင် ထူထဲသော ကော်ဇောကြီးသဖွယ် ဖြစ်နေသည်။ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့၏ လေးလံသော ခြေဖဝါးများက ထိုနွယ်ပင်များကို နင်းချေလိုက်သောအခါ "ဂျွတ် ဂျွတ်" ဟူသော ကျိုးပဲ့သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါငယ်လေးများမှာ အစုလိုက်အပြုံလိုက် ထွက်ပြေးပုန်းရှောင်ကြရသည်။

သူတို့အဖွဲ့ မြို့ပြင်သို့ ထွက်ခွာလာသည်နှင့်အမျှ ကန္တာရဆူးပင်များနှင့် ဆင်တူသော အပင်ကြီးများ တဖြည်းဖြည်း မျက်စိရှေ့သို့ ရောက်ရှိလာသည်။ သို့သော် သာမန်ကန္တာရဆူးပင်များနှင့် နှိုင်းယှဉ်လျှင် ဤအပင်များမှာ အံ့မခန်းဖွယ် ကြီးမားလှ၏။ ၎င်းတို့သည် ပေ၃၀၀၊ ၄၀၀ခန့်ပင် မြင့်မားကြပြီး သစ်ပင်အများစုထက်ပင် ပို၍မြင့်မားနေသည်။ ကြက်အုပ်ထဲမှ ကြိုးကြာငှက်ပမာ ထီးထီးကြီး ပေါ်လွင်နေလျက် အဝေးမှ လှမ်းကြည့်လျှင် အစိမ်းရောင် မိုးမျှော်တိုက်ကြီးများ အစီအရီ တည်ရှိနေသကဲ့သို့ပင်။

"ဒါတွေက ကန္တာရဆူးပင်ကြီးတွေလေ... စားလို့ရတယ်... သူတို့က ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အဓိက ဟင်းသီးဟင်းရွက်တွေထဲက တစ်မျိုးပေါ့... ကျွန်တော်တို့ သဲကန္တာရနဲ့ မဝေးတော့ဘူး" တပ်ခွဲမှူးရှသည် ထိုအပင်များကို မြင်သောအခါ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆိုလိုက်သည်။

……………………………………………………………………………………………………………………

လမ်းဆုံအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် နှစ်နာရီခန့်မျှပင် မကြာလိုက် ပတ်ဝန်းကျင်မြင်ကွင်းမှာ ထင်ထင်ရှားရှား ပြောင်းလဲလာသည်။ အပင်များသည် ကျဲပါးလာပြီး ပုကွသွားကာ မြေဆီလွှာကိုလည်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင်တွေ့လာရ၏။ ထိုမြေဆီလွှာမှာ အဝါရောင်သန်းနေသော သဲမှုန်သဲမွှားများ ဖြစ်လေသည်။

ဤနေရာသည် သဲကန္တာရဖြစ်နေချေပြီ။ ပို၍တိကျစွာဆိုရလျှင် ကမ္ဘာမပျက်စီးမီက ဤနေရာသည် သဲကန္တာရဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ အပင်များဖြင့် ဖုံးလွှမ်းနေပြီး အနည်းငယ် ကျဲပါးနေရုံသာ ဖြစ်သည်။

လမ်းဘေးတစ်လျှောက်ရှိ အလှစိုက်အပင်များမှာ အကြိမ်ကြိမ် ခုတ်လှဲခြင်း ခံထားရဟန်တူပြီး အသစ်ပြန်ပေါက်လာသော အပင်များမှာ အဝေးမှအပင်များထက် များစွာနိမ့်ပုနေသည်။ ခရီးဆက်လာသည်နှင့်အမျှ လမ်းမပေါ်တွင် စွန့်ပစ်ထားသော ယာဉ်များမှာ တဖြည်းဖြည်း များပြားလာပြီး နောက်ဆုံးတွင် လမ်းမကြီးတစ်ခုလုံးကို ပိတ်ဆို့သွားသည်အထိပင်။ နဂါးကြီးတစ်ကောင်သဖွယ် အဆုံးမဲ့သော အဝေးဆီသို့ ရှည်လျားစွာ သွယ်တန်းနေ၏။

ဤနေရာတွင် ကားလေးများ မရှိသလောက်နည်းပါးပြီး အများစုမှာ ပြန်လည်ပြုပြင်ထားသော ခရီးသည်တင်ဘတ်စ်ကားကြီးများနှင့် ထရပ်ကားများသာဖြစ်သည်။ ထို့အပြင် သံချပ်ကာကားအချို့နှင့် တင့်ကားများလည်း ပါဝင်သည်။

မြေပြင်ပေါ်တွင် နေရာအနှံ့ အရိုးဖြူများ ပြန့်ကျဲနေသည်။ သန္ဓေပြောင်းသတ္တဝါများ၏ အရိုးများရှိသလို လူသားတို့၏ အရိုးများလည်းရှိရာ လမ်းမကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေသကဲ့သို့ပင်။ အကယ်၍ သေသေချာချာ ခွဲခြားကြည့်ရှုမည်ဆိုလျှင် လမ်းမျက်နှာပြင်သည် အညိုရောင်သန်းနေသည်ကို တွေ့ရမည်ဖြစ်ပြီး ၎င်းမှာ ခြောက်သွေ့သွားသော သွေးများပင်တည်း။

ကျောက်မျက်ရတနာအချို့၊ ရွှေတုံးများနှင့် ရှေးဟောင်းပစ္စည်းအပျက်အစီးများမှာ အဖိုးမတန်တော့သည့်အလား လမ်းမပေါ်တွင် အရိုးများနှင့် ရောနှောပြန့်ကျဲနေသည်။ စက္ကူပိုက်ဆံများမှာမူ ကြာမြင့်စွာကတည်းက ဆွေးမြေ့ပျက်စီးနေလေပြီ။

ထိုစဉ်က ဤနေရာသို့ ပြောင်းရွှေ့လာကြစဉ် လူသားတို့သည် လမ်းတစ်လျှောက် သွေးချောင်းစီးခဲ့ရပြီး အလောင်းများက လမ်းမကြီးကို ဖုံးလွှမ်းသွားခဲ့ရမည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။

မျက်စိရှေ့မှ ဤမြင်ကွင်းက လူတိုင်း၏ စိတ်နှလုံးကို လေးလံသွားစေပြီး မကောင်းသော အတိတ်ဖြစ်ရပ်များကို အလိုအလျောက် ပြန်လည်သတိရသွားစေသည်။

သို့သော် ဤအရာများ ပေါ်ပေါက်လာခြင်းသည် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် မဝေးတော့ကြောင်းကိုလည်း ညွှန်ပြနေသည်။

ထိုအချိန်တွင် လော်ယွမ်သည် လူစကားပြောသံကို ကြားလိုက်ရဟန်တူသည်။ သူ အသံလာရာသို့ လှမ်းကြည့်လိုက်ပြီး အနည်းငယ် ကြောင်သွားသည်။ "ဟမ်... လူတွေပဲ"

"ဘာ... ဘယ်မှာလဲ" ဟွမ်ကျားဟွေက အံ့ဩတကြီး မေးလိုက်သည်။

ဤနေရာသည် တောကန္တာရဖြစ်ပြီး လမ်းတစ်လျှောက်လုံး သူတို့အဖွဲ့မှလွဲ၍ အခြားလူရိပ်လူယောင်ကိုပင် မမြင်တွေ့ခဲ့ရပေ။ ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခု ရှိနေမှန်းသာ မသိပါက လူသားမျိုးနွယ် မျိုးတုံးသွားပြီဟုပင် ထင်မှတ်မိပေမည်။

လော်ယွမ်က လမ်းညွှန်ပြလိုက်ရာ လူတစ်စုမှာ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။ အဝေးမှ တောအုပ်ထဲတွင် လူတစ်စုသည် မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် ထိုင်နေပြီး သူတို့ဘက်ကို သတိကြီးစွာဖြင့် လှမ်းကြည့်နေကြသည်။

ထိုလူစုတွင် စုစုပေါင်း လူခြောက်ယောက်ရှိပြီး ခေါင်းများမှာ ရှုပ်ပွနေပြီး အဝတ်အစားများက စုတ်ပြဲနေသော်လည်း နွမ်းပါးသောပုံစံ မပေါက်ပေ။ သူတို့၏အမူအရာတွင် မာန်မာနတစ်မျိုး ပါဝင်နေပြီး သာမန်ဒုက္ခသည်များ မဟုတ်သည်မှာ ထင်ရှားသည်။ သို့သော် လော်ယွမ်တို့အဖွဲ့ကို၊ အထူးသဖြင့် ကြီးမားလှသော သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ကို မြင်သောအခါ သူတို့ သိသိသာသာပင် သတိအနေအထား ဖြစ်သွားကြသည်။

"သူတို့က လေလွင့်သူတွေပဲ" တပ်ခွဲမှူးရှက ရုတ်တရက် ဆိုလိုက်သည်။

"လေလွင့်သူတွေ" လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။

"အဲ့ဒါက တပ်ပြေးတွေ... ရာဇဝတ်သားတွေနဲ့ ထိန်းမနိုင်သိမ်းမရတဲ့ ဆင့်ကဲပြောင်းလဲသူတွေ ပေါင်းထားတဲ့ အဖွဲ့ပဲ" တပ်ခွဲမှူးရှ၏ စကားထဲတွင် အထင်အမြင်သေးမှုနှင့် ရွံရှာမှုတို့ ပါဝင်နေသည်။ "သူတို့ထဲမှာ အများစုက တပ်ပြေးတွေပဲ... စစ်မြေပြင်က ဖိအားအရမ်းများတယ်လေ... နေ့တိုင်းလူသေနေတာဆိုတော့... အသားမကျနိုင်တဲ့သူတွေက... တပ်ပြေးလုပ်ကြရော... ပြန်လည်တည်ဆောက်ရေးဇုန်ကိုလည်း သူတို့ သွားလို့မရတော့ဘူးဆိုတော့... ဒီနားတဝိုက်မှာပဲ လေလွင့်နေကြတာ"

"သူတို့ကို ဒီအတိုင်း လွှတ်ထားတာလား... ပြန်လည်တည်ဆောက်ရေးဇုန်က မနှိမ်နင်းဘူးလား" ယခင်က ရဲဝန်ထမ်းတစ်ဦးဖြစ်ခဲ့သူ ဟွမ်ကျားဟွေသည် ထိုစကားကိုကြားသောအခါ သူတို့ကို မနှစ်မြို့စွာ တစ်ချက်ကြည့်၍ မေးလိုက်သည်။

"လေလွင့်သူတွေ အရေအတွက်က အရမ်းများတယ်... အနည်းဆုံး သိန်းဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းရတယ်... ပြီးတော့ နေရာအနှံ့ကိုရောက်နေကြတာ... ရယ်စရာကောင်းတာက စစ်မြေပြင်မှာ သေရမှာကြောက်တဲ့သူတွေက လေလွင့်သူတွေ ဖြစ်သွားတော့မှ ရက်စက်ကြမ်းကြုတ်တဲ့သူတွေ ဖြစ်သွားကြတာပဲ... ပြီးတော့ သူတို့ထဲမှာ အစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတချို့လည်း ပါနေတော့ ရှင်းရခက်တယ်... ကျွန်တော်တို့ အကြီးအကျယ် နှိမ်နင်းမှုတွေ အကြိမ်တော်တော်များများ လုပ်ခဲ့ဖူးတယ်... ဒါပေမဲ့ဘာမှသိပ်မထူးတော့ နောက်ဆုံး ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတယ်..."

"ပြီးတော့ သူတို့ရှိနေတာက ဇုံရဲ့ခံစစ်ဖိအားကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်တယ်လေ... ဒါကြောင့် အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်းမျိုးတွေ မပေါ်ပေါက်လာသရွေ့... ဒါမှမဟုတ် ဆိုးရွားတဲ့ ပြစ်မှုတွေ မကျူးလွန်သရွေ့တော့ ဒီအတိုင်းပဲ လွှတ်ထားလိုက်တာပဲ"

လော်ယွမ်က စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူမှာ သန္ဓေပြောင်းသတ္တဝါများသာဖြစ်ရာ အချင်းချင်းထိန်းသိမ်းရန်အတွက် ဖြုန်းတီးပစ်ရန် အင်အားများများစားစား မရှိသည်မှာ အမှန်ပင်။

"ခင်ဗျားတို့ ဒီမှာပဲနေကြဦး... ကျွန်တော် သွားပြီး အခြေအနေနည်းနည်းလောက် မေးလိုက်မယ်" လော်ယွမ်က စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"သတိထားနော်... သူတို့ဆီမှာ သေနတ်တွေ ရှိနိုင်တယ်" ဟွမ်ကျားဟွေက ဆိုသည်။

ယခုအခါတွင် သေနတ်များမှာ သူ့အတွက် ခြိမ်းခြောက်မှုသိပ်မကြီးတော့ပေ။ ကျည်ဆန်များ အစုလိုက်အပြုံလိုက် ကျရောက်လာခြင်းမရှိပါက သူ၏လျင်မြန်မှုဖြင့် သူ့ကိုထိမှန်ရန် မဖြစ်နိုင်ပေ။ သို့သော် လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ဧရာမဖွတ်ကြီးပေါ်မှ ခုန်ဆင်းလိုက်သည်။ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ၂၄၊ ၂၅ပေခန့် ဝေးကွာသွားသည်။ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းနေသော်လည်း အရှိန်မှာ အလွန်လျင်မြန်လှသည်။

ထိုလူစုသည် ဤမြင်ကွင်းကို မြင်သောအခါ အမူအရာများ ပြောင်းလဲသွားပြီး မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်။ သူတို့ထဲမှ နှစ်ဦးမှာ ရိုင်ဖယ်သေနတ်များကို ထုတ်ယူလိုက်ပြီး ပစ်ခတ်ရန် ပြင်ဆင်နေဟန်တူသော်လည်း ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းက အလျင်အမြန် တားဆီးလိုက်သည်။ "မလှုပ်နဲ့... သေနတ်တွေ ပြန်သိမ်းထား... သူ ဘာဖြစ်ချင်တာလဲဆိုတာ ကြည့်လိုက်ဦး"

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လူရိပ်က သူတို့၏ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။ လူအများ၏ အသက်ရှူသံများ ရပ်တန့်သွားပြီး ဖိအားပေးသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာရာ လေထုသည်ပင် တုန်ခါလာသကဲ့သို့ပင်။

ထိုသူများ၏ မျက်နှာများမှာ ဖြူဖျော့သွားပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်ဟု ခံစားလိုက်ရသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းက အားတင်း၍ တည်ငြိမ်အောင် ကြိုးစားရင်း ဆိုသည်။ "မိတ်ဆွေ... ကျွန်တော်တို့ ညီအစ်ကိုတွေကို ဘာကိစ္စရှိလို့လဲ"

လော်ယွမ်သည် အနည်းငယ် အံ့ဩသွားသည်။ ဤလူစု၏ စိတ်ဓာတ်ခွန်အားမှာ ဤမျှကောင်းမည်ဟု သူ မထင်မှတ်ခဲ့ပေ။ ဟော်တုံတို့ပင်လျှင် သူ၏ အရှိန်အဝါ သုံးပုံတစ်ပုံခန့်ကို ရင်ဆိုင်ရပါက ဤသူများထက် ပို၍ ကောင်းမွန်မည်မဟုတ်ပေ။ ဤသည်မှာ သူနှင့်ရင်းနှီးနေသောကြောင့်လည်း ဖြစ်သည်။

အရှိန်အဝါပြ၍ ခြိမ်းခြောက်ပြီးဖြစ်သည်ကို မြင်သောအခါ လော်ယွမ်သည် ဆက်လက်၍ ခြိမ်းခြောက်လိုစိတ်မရှိတော့ဘဲ အငွေ့အသက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဆိုသည်။ "တခြားကိစ္စမရှိပါဘူး... ဒီနေရာကနေ ပြန်လည်တည်ဆောက်ရေးဇုန်က ဘယ်လောက်ဝေးသေးလဲဆိုတာ သိချင်လို့... မြေပုံရှိရင်တော့ ပိုကောင်းတာပေါ့"

ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းသည် ချက်ချင်းပင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤတစ်ကြိမ် တွေ့ဆုံသော အစွမ်းထက်ပုဂ္ဂိုလ်မှာ စကားပြောဆိုရ လွယ်ကူသူဖြစ်ပုံရသည်။ သို့သော် သတိပြန်ဝင်လာသောအခါ အနည်းငယ် အံ့ဩသွားပြီး ဆိုသည်။ "ခင်ဗျားတို့ ပြန်လည်တည်ဆောက်ရေးဇုန်ကို သွားမလို့လား... အပြင်ဘက်က လာတာလား"

"ဘာဖြစ်လို့လဲ... ဒီရက်ပိုင်းအတွင်း ဒီကိုရောက်လာတဲ့ အသက်ရှင်သူတွေ မရှိတော့ဘူးလား" လော်ယွမ်၏စိတ်မှာ လျင်မြန်လှရာ သူ၏အမူအရာမှ သတင်းအချက်အလက်ကို လျင်မြန်စွာ ဖတ်ရှုလိုက်နိုင်သည်။

"တခြားဘက်မှာတော့ ကျွန်တော်မသိဘူး... ဒါပေမဲ့ ဒီနားတစ်ဝိုက်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေ ရောက်မလာတာ သုံးလလောက်ရှိပြီ... တခြားဘက်တွေမှာလည်း မရှိတော့လောက်ဘူး" ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းက အလျင်အမြန် ဆိုသည်။

"ဘယ်သူမှ မရှိတော့ဘူးလား" လော်ယွမ်၏စိတ်ထဲတွင် လှုပ်ခတ်သွားပြီး အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်သွားသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းက အကဲခတ်ကြည့်ရင်း သတိကြီးစွာဖြင့် ဆိုသည်။ "ခင်ဗျားက ခိုးဝင်မလို့လား... ဒါမှမဟုတ် တပ်စခန်းကို တန်းသွားမလို့လား"

"ခိုးဝင်တာ..." လော်ယွမ် သတိပြန်ဝင်လာသည်။ "ပြန်လည်တည်ဆောက်ရေးဇုန်ထဲကို ပေါ်တင်ဝင်လို့မရဘူးလား"

"မရဘူး... ဟိုမှာက ဧရာမ ခံတပ်ကြီး တည်ဆောက်ထားတာ... နေရာအနှံ့ စစ်သားတွေချည်းပဲ... ပြန်လည်တည်ဆောက်ရေးဇုန်ထဲ ဝင်ချင်ရင် ခံတပ်ကြီးကို ဖြတ်ရမှာမို့လို့ ခိုးမဝင်ရင် မရဘူး... ကျွန်တော် မြေအောက်ဥမင်တစ်ခုရဲ့ နေရာကို သိထားတယ်" ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းက ဆိုသည်။ "ခင်ဗျားတို့ သိမှာမဟုတ်ဘူး... ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ စည်းမျဉ်းတွေက အရမ်းပြင်းတာ... အဲ့မှာ သေလမ်း ပို့တာနဲ့တူတဲ့ စစ်မှုမထမ်းမနေရ ဥပဒေလည်း ပါတယ်... ခိုးဝင်တာက နာမည်စာရင်းမသွင်းရတော့ ဒီအချက်ကို ရှောင်လို့ရတယ်"

လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြံအစည်ကို ချက်ချင်းနားလည်လိုက်သည်။ ဤသူသည် မိမိတို့အဖွဲ့၏ အစွမ်းကို အသုံးချ၍ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ခိုးဝင်ရန် ကြံစည်နေခြင်းဖြစ်သည်။ ဤခိုးဝင်ရမည့် မြေအောက်ဥမင်မှာလည်း ဖြတ်သန်းရန် လွယ်ကူမည်မဟုတ်ပေ။ သို့သော် သူ့၏အကြံကတော့ အောင်မြင်မည်မဟုတ်ပေ။

"တပ်စခန်းကိုပဲ တန်းသွားတော့မယ်... ခင်ဗျားမှာမြေပုံရှိလား" လော်ယွမ်က ဆိုသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်း၏ မျက်နှာမှာ တစ်ချက်ကြောင်သွားပြီး စိတ်ထဲတွင် စိတ်ပျက်မှုနှင့်အတူ လေးစားမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း မပေါ့ဆဝံ့ဘဲ အလျင်အမြန် ဆိုသည်။ "ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် မြေပုံရှိတော့မှာလဲ... ဒီလမ်းအတိုင်းပဲ ဆက်သွားလိုက်... နှစ်နာရီ သုံးနာရီလောက် လျှောက်လိုက်ရင် ခံတပ်ကြီးကို တွေ့ရလိမ့်မယ်"

လော်ယွမ်က လျင်မြန်စွာ ထွက်ခွာသွားသည်။

ဤလူတစ်စု ကြီးမားသောသတ္တဝါကြီးကို စီးနင်း၍ လျင်မြန်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ခေါင်းဆောင်ဖြစ်ဟန်တူသော လူလတ်ပိုင်းသည် သက်ပြင်းတစ်ချက်ချလိုက်မိသလို အနည်းငယ် နှမြောတသမှုနှင့် အားကျမှုတို့လည်း ဖြစ်ပေါ်လာသည်။ သူ၏မျက်နှာအမူအရာမှာ မတည်မငြိမ်ဖြစ်နေပြီး စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။

အကယ်၍ ထိုစဉ်က တပ်ပြေးမလုပ်ခဲ့လျှင် ကောင်းမည်။

"တပ်မှူး... ကျွန်တော်တို့ ပြန်ကြရအောင်"

ဆက်ရန်...

အပိုင်း(၂၅၁)မြေအောင်းကောင်များ

တစ်လမ်းလုံးတွင် လေလွင့်သူများ၏ အရိပ်အယောင်များကို အခါအားလျော်စွာ တွေ့မြင်နေရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူတို့နားကို မချဉ်းကပ်ဝံ့ကြပေ။ လူအများစုမှာ ဧရာမဖွတ်ကြီး၏ ပုံရိပ်ကိုမြင်သည်နှင့်၊ အပေါ်တွင်ထိုင်နေသော လူများကိုပင် သေချာမမြင်ရသေးခင်မှာပင် ပတ်ဝန်းကျင်မှ လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ မထွက်ပြေးသော အနည်းငယ်မှာလည်း အဝေးမှနေ၍သာ သတိကြီးစွာဖြင့် ကြည့်ရှုနေကြသည်။

သူတို့၏အဝတ်အစားများကို ကြည့်လျှင် လေလွင့်သူများ၏ ဘဝမှာ မကောင်းမွန်လှကြောင်း သိသာလှသည်။

ပထမတွေ့ခဲ့ရသော လေလွင့်သူအချို့မှာ ထွက်လာသည်မှာမကြာသေးပုံရပြီး အဝတ်အစားများ အတော်အသင့်ကောင်းမွန်နေသေးသည်။ သို့သော် အများစုအတွက်မူ ကြမ်းတမ်းသောတိရိစ္ဆာန်သားရေများကို ဝတ်ဆင်ခြင်းမှာ ပုံမှန်ဖြစ်နေပြီး အချို့မှာမူ ကိုယ်လုံးတီးဖြင့်ပင် ရှိနေကြရာ တောတွင်းလူသားတစ်စုနှင့်ပင် တူနေသည်။ လော်ယွမ်ကို အံ့အားသင့်စေသည်မှာ ထိုအထဲတွင် အမျိုးသမီးအချို့ကိုပါ တွေ့မြင်ခဲ့ရခြင်းပင်ဖြစ်သည်။ သူတို့သည် ရှက်ရွံ့ခြင်းမရှိ၊ မသက်မသာဖြစ်ခြင်းလည်းမရှိဘဲ အမူအရာမှာ အလွန်သဘာဝကျနေသည်။ လျှို့ဝှက်အပ်သောနေရာများကိုပင် ဖုံးကွယ်ရန် ပျင်းရိနေကြပြီး မူလကတည်းက အဝတ်အစားဝတ်ရန်မလိုအပ်သကဲ့သို့ပင်။

လူ့ယဉ်ကျေးမှုအဖွဲ့အစည်း၏ အမှတ်အသားများမှာ သူတို့ထံတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေခဲ့ပြီဖြစ်သည်။ သူတို့၏လှုပ်ရှားမှုတိုင်းမှာ တောရိုင်းဆန်မှုများဖြင့် ပြည့်နှက်နေပြီး လော်ယွမ်သည် သူတို့၏မျက်နှာများပေါ်တွင် ကြမ်းတမ်းရက်စက်မှုနှင့် အရိုင်းဆန်မှုတို့ကိုသာ တွေ့မြင်ခဲ့ရသည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ ရုတ်တရက်စဉ်းစားမိသည်မှာ အကယ်၍ ပြန်လည်ထူထောင်ရေးဇုန်သာ ပျက်စီးသွားခဲ့ပါက ဤသည်မှာ လူသားမျိုးနွယ်၏ နောက်ဆုံးအဆုံးသတ်ပင် ဖြစ်ပေမည်။ နည်းပါးသောလူဦးရေမှာ ယဉ်ကျေးမှု၏အုတ်မြစ်ကို မထောက်ပံ့နိုင်တော့ဘဲ အသိပညာအမွေအနှစ်များမှာ တဖြည်းဖြည်းမေ့လျော့သွားကြပေမည်။ သူတို့၏သားစဉ်မြေးဆက်များမှာ စိတ်ကူးယဉ်ပုံရိပ်များကိုသာ အားကိုး၍ လူသားမျိုးနွယ်၏ ယခင်ခေတ်ကောင်းခဲ့သော အချိန်များကို တမ်းတမော့ကြည့်ရုံသာ တတ်နိုင်ပေတော့မည်။

.............................................................................................................................................

ဝမ်ရှီရှီမှာ အလွန်စိတ်လှုပ်ရှားနေသည်။ တစ်လမ်းလုံးတွင် သူမသည် စိတ်စွမ်းအင်ကိုသုံး၍ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်မျက်ရတနာနှင့် ရွှေများကို ကောက်ယူနေပြီး အမျိုးသမီးအချို့မှာလည်း စိတ်ဝင်တစားဖြင့် ကူညီရှာဖွေပေးရင်း မကြာခဏ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။

ဖြစ်နိုင်သည်မှာ မြေပြင်ပေါ်ရှိ ကျောက်မျက်ရတနာများ၏ ဆွဲဆောင်မှုကြောင့် သို့မဟုတ် လူသားတို့၏ အဓိကစခန်းသို့ ခြေချရတော့မည်ဖြစ်၍ စိတ်ထဲတွင် ပေါ့ပါးသွားသောကြောင့် လူတိုင်း၏စိတ်မှာ ကြည်လင်နေကြသည်။

မကြာမီမှာပင် ဧရာမဖွတ်ကြီး၏ကျောပေါ်တွင် အရောင်အသွေးစုံလင်သော ကျောက်မျက်ရတနာနှင့် ရွှေများဖြင့် ပြည့်နှက်သွားတော့သည်။

ဖုန်နှင့်သွေးများဖြင့် ပေကျံနေသော ဤကျောက်မျက်ရတနာများမှာ အနည်းငယ်သုတ်သင်လိုက်သည်နှင့် စွဲဆောင်မှုရှိသော အလင်းရောင်များ ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လော်ယွမ်ပင်လျှင် မနေနိုင်ဘဲ အကြိမ်အနည်းငယ်ပို၍ ကြည့်မိသည်။

ဤအရာများက နှစ်ထောင်ပေါင်းများစွာကြာအောင် လူသားတို့၏တန်ဖိုးအထားဆုံး အမြတ်နိုးဆုံးအရာများ ဖြစ်လာခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ ၎င်းသည် လူသားတို့၏ အနက်ရှိုင်းဆုံးသော လောဘကို အမြဲတစေ နှိုးဆွနိုင်စွမ်းရှိသည်။

ဤကျောက်မျက်ရတနာများကို ဝမ်ရှီရှီတစ်ဦးတည်း မယူထားဘဲ လူတိုင်းကို တပုံစီခွဲဝေပေးခဲ့သည်။ ထိုအထဲမှာ အကောင်းဆုံးအပုံကိုမူ လော်ယွမ်အတွက် ချန်ထားခဲ့ပြီး ထိုအထဲတွင် လက်မအရွယ်အစားရှိသော သဘာဝတွင်းထွက်စိန်တစ်ပွင့်ပင် ပါဝင်သည်။ သူက ပြုံးလိုက်ပြီး ငြင်းဆန်ခြင်းမပြုခဲ့ပေ။ တပ်ခွဲမှူးရှထံမှ သိရှိရသည်မှာ ပြန်လည်ထူထောင်ရေးဇုန်တွင် ရိက္ခာကူပွန်စနစ်ကို အဓိကအသုံးပြုနေသော်လည်း ကျောက်မျက်ရတနာများနှင့် ရွှေတို့မှာမူ အတော်အသင့်ဝယ်ယူနိုင်စွမ်းရှိနေဆဲဖြစ်သည်။ ဤသည်မှာ လူတို့၏စိတ်သဘောထားကြောင့်သာဖြစ်ပြီး လူအများစုက ၎င်းကိုတန်ဖိုးရှိသည်ဟု အသိအမှတ်ပြုနေသမျှကာလပတ်လုံး ၎င်းမှာတန်ဖိုးရှိနေမည်သာဖြစ်ပြီး အစိုးရကတားမြစ်ပင်လျှင် အသုံးဝင်မည်မဟုတ်ပေ။

ဝမ်ရှီရှီနှင့် လော်ယွမ်တို့၏ ဝေစုကို ဟွမ်ကျားဟွေက အထုပ်တစ်ထုပ်တည်းတွင် စုစည်းထည့်သွင်းထားသော်လည်း အခြားသူများမှာမူ မိမိတို့၏ဝေစုကို သီးသန့်သိမ်းဆည်းထားကြသည်။ ထုတ်မပြောသော်လည်း ပြန်လည်ထူထောင်ရေးဇုန်သို့ နီးကပ်လာသည်နှင့်အမျှ လူတိုင်းတွင် မိမိတို့၏ကိုယ်ပိုင်အတွေးအမြင်များ တဖြည်းဖြည်းရှိလာကြပြီဖြစ်သည်။

သို့သော် လူတိုင်း၏စိတ်မှာ ကြည်လင်နေပြီး တစ်လမ်းလုံး ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ မျောက်ဝံကြီးပင်လျှင် ထိုအငွေ့အသက်များ ကူးစက်သွားပြီး အခါအားလျော်စွာ "အုအု" ဟု ကျယ်လောင်စွာအော်ဟစ်ရင်း သူ၏သန်မာသောခန္ဓာကိုယ်ဖြင့် သံချေးတက်နေသော ကားအချို့ကို လှိမ့်ပစ်နေရာ ကျယ်လောင်သော အသံဗလံများ ထွက်ပေါ်နေသည်။

၂၄ပေ၊ ၂၅ပေမြင့်သော သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မတတ်သော ခွန်အားများဖြင့် ပြည့်နှက်နေပြီး ဘီးဆယ့်နှစ်ဘီးပါသော ကုန်တင်ကားကြီးများပင်လျှင် သူ၏ဧရာမခွန်အားအောက်တွင် လွယ်လွယ်ကူကူဖြင့် မှောက်လှန်သွားနိုင်သည်။ ကားငယ်လေးများနှင့်တွေ့ဆုံပါက သူသည် လေပေါ်မြှောက်တင်ပြီး ပေ၃၀၀အကွာသို့ပင် လွှင့်ပစ်နိုင်ရာ လော်ယွမ်ပင်လျှင် မော့ကြည့်မိသည်။

ပြန်လည်ထူထောင်ရေးဇုန်သို့ နီးကပ်လာသည်နှင့်အမျှ လူ့ယဉ်ကျေးမှု၏အမှတ်အသားများ ပိုမိုများပြားလာပြီး လော်ယွမ်သည် ကောင်းကင်တွင် တိုက်လေယာဉ်များ၏ ပုံရိပ်ကို တစ်ကြိမ်တွေ့မြင်ခဲ့ရသည်။ ၎င်းတို့က မောင်းသူမဲ့လေယာဉ်များဖြစ်ပေမည်။ ၎င်းသည် ပေ၃၀၀၀၀အမြင့်တွင် ပျံသန်းနေပြီး သာမန်လူ၏မျက်လုံးထဲတွင် မမြင်နိုင်လောက်အောင်သေးငယ်သောအစက်အပြောက်လေးတစ်ခုသာဖြစ်သော်လည်း သူ၏စူးရှသောအမြင်အာရုံဖြင့်မူ ၎င်း၏ပုံသဏ္ဌာန်နှင့် အရောင်ကို ရှင်းလင်းစွာခွဲခြားမြင်နိုင်ခဲ့သည်။

မိုင်၆၀ခန့် လျှောက်လှမ်းပြီးနောက် လမ်းအခြေအနေမှာ တဖြည်းဖြည်းကောင်းမွန်လာသည်။ လမ်းပေါ်မှ ရေညှိနှင့် နွယ်ပင်အများစုမှာ ပျောက်ကွယ်သွားပြီး အသစ်ပြုပြင်ထားသော အမှတ်အသားများပင် ရှိနေသည်။ လမ်းပေါ်တွင်စွန့်ပစ်ထားသော ကားများမှာလည်း အများစုပျောက်ကွယ်သွားပြီး အခါအားလျော်စွာမြင်တွေ့ရသော အမည်းရောင်ကားဘီးရာများက သူတို့သည် ပြန်လည်ထူထောင်ရေးဇုန်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ပြသနေသည်။

"ဟိုမှာကြည့်စမ်း... အဲ့ဒါတွေက ဗုံးခိုကျင်းတွေလားမသိဘူး" လင်းရှောင်ကျီက ရုတ်တရက်ပြောလိုက်သည်။

လော်ယွမ်သည် သူညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ အဝေးမိုင်ဝက်ခန့်အကွာတွင် ဧရာမအပင်ကင်းမဲ့ဇုန်တစ်ခုကို တွေ့လိုက်ရသည်။ အကျယ်အဝန်းမှာ ကီလိုမီတာအနည်းငယ်ခန့်ရှိပြီး အပေါ်တွင် ချိုင့်ခွက်ကြီးငယ်များဖြင့် ပြည့်နှက်နေရာ လကမ္ဘာ၏မျက်နှာပြင်နှင့်ပင် တူနေသည်။ ၎င်းက အပင်လုံးဝမရှိသည်တော့မဟုတ်၊ သို့သော် ပုတိုပြီးကျဲပါးနေကာ မကြာသေးမီကမှ ပေါက်ရောက်လာပုံရသည်။

သဲကန္တာရထဲတွင် ဗုံးခိုကျင်းများကို မြင်ရရန်ခက်ခဲသည်။ လျင်မြန်စွာကြီးထွားလာသော အပင်များ သို့မဟုတ် လေပြင်းတစ်ချက်ကပင် ဗုံးခိုကျင်းများကို ဖုံးလွှမ်းသွားစေနိုင်သည်။ မျက်စိဖြင့် လွယ်လွယ်ကူကူမြင်နိုင်သည်ဆိုခြင်းက အချက်တစ်ချက်ကိုသာ ညွှန်ပြနေသည်။ တပ်ခွဲမှူးရှသည် အချိန်အတော်ကြာကြည့်ရှုပြီးနောက် လေးနက်သောလေသံဖြင့် "ဒီနေရာကို သိပ်မကြာခင်ကမှ ဗုံးကြဲတိုက်ခိုက်ထားပုံရတယ်... ကျွန်တော်ခန့်မှန်းရသလောက်တော့ လဝက်ထက်မပိုလောက်ဘူး"

"ဒါဆိုဘယ်လောက်မှ မကြာသေးဘူးပေါ့" လင်းရှောင်ကျီက အံ့အားသင့်စွာမေးလိုက်သည်။

လူတိုင်း၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး အမြဲတစေပေါ့ပါးနေသောစိတ်များမှာလည်း တင်းကြပ်လာခဲ့သည်။ ဤသည်မှာ ဤနေရာတွင် မကြာသေးမီက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေပြီး အန္တရာယ်မှာ အဝေးသို့ထွက်ခွာသွားခြင်းမရှိသေးဘဲ လွတ်မြောက်သွားသော ရန်သူများရှိနေနိုင်သေးသည်ဟု ဆိုလိုသည်။

လော်ယွမ်သည် ဓားရိုးကို တိတ်တဆိတ်ဆုပ်ကိုင်လိုက်သည်။ သေချာစွာအနံ့ခံကြည့်မည်ဆိုပါက လေထုထဲတွင် ယမ်းငွေ့နံ့သင်းသင်းတစ်ခုကို အမှန်ပင်ရနေသေးသည်။

သူက ပတ်ဝန်းကျင်ကို သေသေချာချာအာရုံစိုက်လိုက်သည်။ သဲကန္တာရထဲတွင်ရှိပြီး အပင်များကျဲပါးသောကြောင့် ဖြစ်နိုင်သည်၊ ဤနေရာမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ သန္ဓေပြောင်းသတ္တဝါအချို့ရှိသော်လည်း အများစုမှာ အားနည်းကြသည်။ တစ်လမ်းလုံးတွင် အစိမ်းနုရောင်အဆင့်မဆိုထားနှင့် အပြာရင့်ရောင်အဆင့်ပင် ရှားပါးလှသည်။

ဤနေရာမှာ ပြန်လည်ထူထောင်ရေးဇုန်အနီး၊ လူသားတို့၏အဓိကစခန်းဖြစ်သောကြောင့် ဤနားတဝိုက်ကို အထူးဂရုစိုက်ပြီး အကြိမ်ပေါင်းများစွာ ရှင်းလင်းထားပြီးဖြစ်ပေမည်။

ပြန်လည်ထူထောင်ရေးဇုန်မှာ ထင်ထားသည်ထက် ပိုမိုလုံခြုံနေပုံရပြီး ယခင်ကထင်ထားသကဲ့သို့ အန္တရာယ်များဝန်းရံနေသည့်အခြေအနေမျိုးမရှိပေ။ သို့သော် ဤသည်မှာ အပေါ်ယံမျှသာဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ လူသားမျိုးနွယ်အတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုမှာ အင်အားကြီးမားသော သန္ဓေပြောင်းသတ္တဝါများမဟုတ်ပေ။ သူတို့၏အရေအတွက်မှာ အကန့်အသတ်ရှိပြီး လူသားများတွင် ထိုအားကြီးသောတစ်ဦးချင်းသက်ရှိများကို ရင်ဆိုင်ရန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသော လက်နက်များရှိသည်။ ဆန့်ကျင်ဘက်အားဖြင့် ထင်ပေါ်ခြင်းမရှိသော သတ္တဝါလေးများမှာမူ လူသားတို့၏ရှင်သန်ရပ်တည်ရေးအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။

သူသည် ဟူတုံမြို့တွင်ဖြစ်ပွားခဲ့သော အပြောင်းအလဲကြီးကို သတိရနေသေးသည်။ အားအင်နည်းပါးသော သန္ဓေပြောင်းခြင်တစ်အုပ်က မြို့တစ်မြို့လုံးကို တစ္ဆေမြို့အဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး နောက်ဆုံးတွင် ကာကွယ်ရေးပေါ့ဆမှုကြောင့် ပျက်စီးသွားခဲ့ရသည်။

သူသည် သဲကန္တာရထဲတွင် မကြာခဏ တွင်းပေါက်များကို တွေ့မြင်နေရသည်။ ဤတွင်းပေါက်များမှာ အရွယ်အစားမတူညီဘဲ အသေးမှာ တစ်ပေခန့်ရှိပြီး အကြီးက မီတာအနည်းငယ်ခန့်အထိရှိသည်။ ပွယောင်းသောသဲကန္တာရထဲတွင်ရှိသော်လည်း ပြိုကျခြင်းမရှိဘဲ တစ်စုံတစ်ခုဖြင့် ကပ်ထားသကဲ့သို့ပင်။

သူ မျက်မှောင်ကြုတ်လိုက်သည်။ ပွယောင်းသောသဲမြေကြောင့် ဤနေရာတွင် မြေအောက်သက်ရှိအချို့ရှိနေပုံရသည်။

ထိုအချိန်တွင် ဧရာမဖွတ်ကြီးမှာ စိတ်မရှည်ဖြစ်လာပြီး နှာခေါင်းပေါက်များမှ မီးခိုးငွေ့ပြင်းပြင်းများ ထွက်ပေါ်လာကာ အခါအားလျော်စွာ မီးပွားအချို့ပင် ပါဝင်လာသည်။ မျောက်ဝံကြီးမှာလည်း မကြာခဏ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကိုပြသရင်း လေးလံသောအော်ဟစ်သံများ ပြုလုပ်နေသည်။

ဤသို့သော ပုံမှန်မဟုတ်သည့်အခြေအနေက အန္တရာယ်နီးကပ်လာပြီဖြစ်ကြောင်း လူတိုင်းကို သိစေခဲ့သည်။

"လော်ယွမ်" လော်ယွမ်တစ်ယောက် တည်ငြိမ်စွာထိုင်နေသည်ကိုမြင်သောအခါ ကျိုးယလီက မနေနိုင်မထိုင်နိုင် သတိပေးလိုက်သည်။

"စိတ်မပူကြနဲ့... ပိုးကောင်အသေးလေးတချို့ပါပဲ" လော်ယွမ်က နှစ်သိမ့်လိုက်သည်။

သူ၏မျက်နှာတွင် တင်းမာမှုအရိပ်အယောင်လုံးဝမရှိပေ။ သူ၏အစွမ်းမှာ သာမန်အဆင့်ကိုကျော်လွန်နေပြီဖြစ်သောကြောင့် အကန့်အသတ်ရှိသော ဧရာမသတ္တဝါကြီးအချို့မှလွဲ၍ သာမန်သန္ဓေပြောင်းသတ္တများမှာ သူ့ကိုခြိမ်းခြောက်နိုင်စွမ်းနည်းပါးသွားပြီဖြစ်သည်။

လော်ယွမ်၏အင်အားမှာ လူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်နေပြီဖြစ်သည်။ သူက ဘာမှမဖြစ်ဟုဆိုလျှင် လူတိုင်း၏စိတ်ထဲတွင် ပေါ့ပါးသွားကြသည်။

သူသည် ဧရာမဖွတ်ကြီး၏ကျောပေါ်တွင်ထိုင်ရင်း ပတ်ဝန်းကျင်မှအသံများကို သေချာစွာနားထောင်နေသည်။ မြေအောက်မှ သေးငယ်ပြီး ဆူညံသောလှုပ်ရှားမှုများ ထွက်ပေါ်နေပြီး ကော်ပတ်များ အချင်းချင်းပွတ်တိုက်နေသကဲ့သို့ ကြားနေရသည်။

တစ်နေရာတည်းမှ မဟုတ်ဘဲ နေရာအများအပြားမှ ဖြစ်သည်။

လော်ယွမ်၏နားများ အနည်းငယ်လှုပ်ရှားသွားသည်။ သူ ကျောဘက်ရှိအိတ်ထဲမှ လှံတိုတစ်ချောင်းကို ဆွဲထုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ ဧရာမဖွတ်ကြီးမှာ ထိုအချိန်တွင် ရှေ့ဆက်မသွားတော့ဘဲ နေရာတွင်ပင် ဒေါသတကြီးဖြင့် ခြေစောင့်နေသည်။

"လာကြပြီ... သေချာကိုင်ထားကြ" လော်ယွမ်က အသံတိုးတိုးဖြင့် အော်လိုက်သည်။

လူတိုင်း၏စိတ်ထဲတွင် တင်းမာသွားပြီး ဧရာမဖွတ်ကြီး၏ကျောပေါ်မှ ကြိမ်ကော်ဇောကို အသေအလဲဆုပ်ကိုင်ထားလိုက်ကြပြီး ခန္ဓာကိုယ်ကိုလည်း ကျောပေါ်တွင် တတ်နိုင်သမျှ ကပ်ထားလိုက်ကြသည်။

စကားသံဆုံးပြီးမကြာမီမှာပင် ဧရာမဖွတ်ကြီး၏ခြေထောက်အောက်မှ ကွန်ကရစ်လမ်းမှာ ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ကျောက်စများလွင့်စင်သွားကာ ဧရာမသွေးသံရဲရဲပါးစပ်ကြီးတစ်ခုက ဧရာမဖွတ်ကြီး၏ဝမ်းဗိုက်ကို ရုတ်တရက်ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည်။ ဤသည်မှာ သက်ရှိအများစု၏ အနူးညံ့ဆုံးနှင့် အသေအပျောက်အများဆုံးနေရာဖြစ်ပြီး အကိုက်ခံရပါက အသက်ဆုံးရှုံးခြင်းဖြင့်သာ အဆုံးသတ်ပေမည်။

ယခုတစ်ကြိမ်တိုက်ခိုက်မှု၏တည်နေရာမှာ အလွန်မထင်မှတ်စရာဖြစ်ပြီး လော်ယွမ်ပင်လျှင် ဤမြေအောက်ပိုးကောင်များတွင် ဤမျှတိကျသော ဦးတည်ချက်အာရုံခံနိုင်စွမ်းရှိမည်ဟု မထင်ထားခဲ့ပေ။ သူ၏အမြင်အာရုံမှာ လုံးဝကွယ်ကာနေပြီး ကူညီရန်မဖြစ်နိုင်တော့ပေ။

သို့သော် သေရေးရှင်ရေးအချိန်တွင် ဧရာမဖွတ်ကြီး၏ ၁၅ မှတ်ရှိသော လျင်မြန်ဖျတ်လတ်မှုမှာ အသုံးဝင်သွားခဲ့သည်။ သူ ရုတ်တရက်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး ကြောက်လန့်တကြားနှင့် ဒေါသတကြီးဖြင့် ပါးစပ်မှမီးလျှံတစ်တန်းကို မှုတ်ထုတ်လိုက်ရာ "ဝုန်း" ဟူသော ကျယ်လောင်သည့်အသံတစ်ချက်သာ ကြားလိုက်ရသည်။

ထိုပိုးကောင်၏ဦးခေါင်းမှာ ဖိအားမြင့်မီးလျှံများဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်ခတ်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း တောက်လောင်လာတော့သည်။ မီးလောင်မှုကြောင့်ဖြစ်ပေါ်လာသော ပြင်းထန်သည့်နာကျင်မှုက သူ့ကို ပြင်းထန်စွာလူးလွန့်စေသော်လည်း ဤဓာတ်ဆီမီးလောင်မှုနှင့်တူသော မီးလျှံများကို လုံးဝငြိမ်းသတ်၍မရပေ။ သူ အဆက်မပြတ်ရုန်းကန်နေပြီး ရထားတစ်စင်းကဲ့သို့ ကြီးမားသောခန္ဓာကိုယ်မှာ ဤလမ်းမကြီးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖျက်ဆီးပစ်လိုက်သည်။

မကြာမီမှာပင် ပိုးကောင်ကြီးရှိရာနေရာတွင် ပေ၃၀ခန့်ကျယ်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မီးလောင်နေဆဲဖြစ်သော ကျောက်စအများအပြားမှာ ကျည်ဆန်များကဲ့သို့ လွင့်စင်နေသော်လည်း ကံကောင်းစွာဖြင့် ဝမ်ရှီရှီမှာ စိတ်စွမ်းအင်ကို ကြိုတင်ဖွင့်လှစ်ထားပြီးဖြစ်သောကြောင့် ကျောက်စအားလုံးကို တစ်ခုချင်းစီ တားဆီးနိုင်ခဲ့သည်။

ယခုတစ်ကြိမ်လာရောက်သော ပိုးကောင်ကြီးမှာ တစ်ကောင်တည်းမဟုတ်ဘဲ မကြာမီမှာပင် နောက်တစ်ကောင်ပေါ်ထွက်လာပြီး သူ၏ပစ်မှတ်မှာ မျောက်ဝံကြီးဖြစ်သည်။

မျောက်ဝံကြီးမှာ ဤမျှလောက်လျင်မြန်သောတုံ့ပြန်မှုမရှိသော်လည်း သူက အတော်ပင်ပါးနပ်လှသည်။ ဧရာမဖွတ်ကြီး တိုက်ခိုက်ခံရပြီးနောက် သူသည် အနီးအနားရှိ စွန့်ပစ်ထားသောကုန်တင်ကားတစ်စီးပေါ်သို့ ခုန်တက်သွားခဲ့သည်။

ပိုးကောင်ကြီးပေါ်ထွက်လာသောအခါ ကုန်တင်ကားတစ်စီးလုံး မှောက်လှန်သွားပြီး မျောက်ဝံကြီးမှာလည်း လေထဲသို့လွင့်စင်သွားသည်။ အလွန်ပင်အခြေအနေမကောင်းလှသော်လည်း အစောပိုင်းကပြုလုပ်ခဲ့သော လှုပ်ရှားမှုက သူ၏အသက်ကို ကယ်တင်ခဲ့သည်။

ပိုးကောင်ကြီးမှာ လေထဲတွင်ပျံဝဲနေသော အစာကို တစ်ကိုက်တည်းကိုက်ချရန် ကြိုးစားလိုက်စဉ်မှာပင် လှံတိုတစ်ချောင်းမှာ တဝီဝီမြည်သံဖြင့် ရောက်ရှိလာပြီး နောက်တစ်ခဏတွင် သွေးသံရဲရဲပါးစပ်ကြီးပေါ်သို့ ပြင်းထန်စွာထိမှန်သွားသည်။ ချက်ချင်းပင် အပေါ်မေးရိုးတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ဦးခေါင်းတစ်ခြမ်းမှာ လွင့်စင်သွားခဲ့သည်။

လော်ယွမ်သည် ဧရာမဖွတ်ကြီးကို နောက်ဆုတ်စေပြီးနောက် ခုန်ဆင်းလိုက်ကာ လမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာပြေးလွှားသွားသည်။ အသက်ရှူချိန်အနည်းငယ်အကြာတွင် သူ ရုတ်တရက်ရပ်တန့်လိုက်သည်။

မြေအောက်မှ ဆူညံသောလှုပ်ရှားမှုများကို ခံစားရင်း မြောက်မြားလှသော ပိုးကောင်ကြီးများ ဤနေရာသို့ လာနေသည့်အလားပင်။ သူ အေးစက်စွာပြုံးလိုက်ပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် ခြေထောက်ကို ရုတ်တရက်မြှောက်လိုက်ရာ မြေပြင်မှာ အနည်းငယ်တုန်ခါသွားပြီး မြေကြီးတစ်ခုလုံး မြောက်တက်သွားသကဲ့သို့ပင် လမ်းမကြီးပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်။

နောက်တစ်ခဏတွင် ခြေထောက်မှာ ပြင်းထန်စွာ ပြန်ကျလာသည်။

မြေအောက်တွင် မြောက်မြားလှသော ဗုံးများမြှုပ်နှံထားသည့်အလား "ဝုန်း" ဟူသော ကျယ်လောင်သည့်အသံတစ်ချက်ထွက်ပေါ်လာပြီး မူလကအက်ကွဲကြောင်းများဖြစ်ပေါ်နေသော လမ်းမကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားကာ အမှုန်အမွှားများအဖြစ်သို့ ပြိုကွဲသွားသည်။ လော်ယွမ် မရပ်တန့်ဘဲ ခြေထောက်ကို နောက်တစ်ကြိမ်မြှောက်လိုက်ပြီး ပြင်းထန်စွာ ပြန်နင်းချလိုက်သည်။

ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...။

ဆက်တိုက်လေးကြိမ်ပြုလုပ်ပြီးနောက် ပေ၃၀၀ပတ်လည်တစ်ခုလုံးမှာ ဖုန်များဖြင့်ပြည့်နှက်သွားပြီး လေစီးကြောင်းများ လှုပ်ရှားသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့်ပေ၃၀၀ကျော်အကွာရှိ ဟွမ်ကျားဟွေတို့ပင်လျှင် မြေပြင်၏ရှင်းလင်းသောတုန်ခါမှုကို ခံစားမိနေပြီး သေးငယ်သောငလျင်တစ်ခုဖြစ်ပွားသွားသကဲ့သို့ပင်။

ဖုန်များတဖြည်းဖြည်း လွင့်ပြယ်သွားသောအခါ မြေပြင်မှထိုးထွက်လာသော ပိုးကောင်ကြီးအလောင်းငါးခုမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုဖြင့် ဖိချေခြင်း သို့မဟုတ် ဆုတ်ဖြဲခြင်းခံထားရပြီး ထွက်ကျလာသောအရည်များမှာ မြေပြင်ကိုပင် စိုစွတ်စေခဲ့သည်။

အားကောင်းသောရှင်သန်နိုင်စွမ်းကြောင့် သူတို့မှာ တဆတ်ဆတ်တုန်နေဆဲဖြစ်သော်လည်း ဤသည်မှာ သေခါနီးနောက်ဆုံးရုန်းကန်မှုသာ ဖြစ်သည်။

အကယ်၍ မြေပြင်ပေါ်တွင်သာဆိုလျှင် မြေပြင်းတုန်ခါမှာ ဤမျှအင်အားကြီးမားမည်မဟုတ်ပေ။ ဤကဲ့သို့အနည်းဆုံး အပြာရင့်ရောင်အဆင့်ရှိပြီး နှစ်ကောင်မှာ အစိမ်းနုရောင်အဆင့်ပင်ရှိသော သက်ရှိများအတွက်မူ အများဆုံး အနည်းငယ်မူးဝေသွားစေရုံသာဖြစ်သည်။ သို့သော် မြေအောက်တွင်မူ ကွဲပြားခြားနားလှသည်။

မြေပြင်းတုန်ခါကြောင့်ဖြစ်ပေါ်လာသော မြေအောက်ပုံသဏ္ဌာန်ပြောင်းလဲမှုက ဤပိုးကောင်ကြီးများကို စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိညှစ်မှုနှင့် ဆုတ်ဖြဲမှုများကို ခံစားစေခဲ့သည်။ အစိမ်းနုရောင်အဆင့်သက်ရှိပင်ဖြစ်စေကာမူ ခုခံနိုင်စွမ်းမရှိဘဲ လွယ်လွယ်ကူကူဖြင့် အသတ်ခံလိုက်ရသည်။

လော်ယွမ် မြေပြင်ပေါ်တွင်ဝပ်ချပြီး အသံများကို အာရုံစိုက်နားထောင်လိုက်သည်။ ယခုအခါ မြေအောက်တွင် မည်သည့်အသံမျှမကြားရတော့ပေ။ မထိခိုက်မိသော ပိုးကောင်ကြီးများပင်လျှင် ဤနေရာမှ လျင်မြန်စွာထွက်ပြေးသွားကြပြီဖြစ်သည်။

သူ မြေလှိုင်းအခြေအနေမှ ထွက်ခွာလိုက်ပြီး ကိုယ်ပေါ်မှဖုန်များကိုခါလိုက်ကာ ဧရာမဖွတ်ကြီး၏ကျောပေါ်သို့ ပြန်တက်လိုက်သည်။ အဖွဲ့မှာ နောက်တစ်ကြိမ်ခရီးဆက်ခဲ့သည်။

တိုက်ပွဲတစ်ခုလုံးမှာ စက္ကန့်နှစ်ဆယ်ပင်မကြာလိုက်ဘဲ ပြီးဆုံးသွားခဲ့သည်။ ဧရာမအလောင်းခုနစ်ခုသာ နေရာတွင် တဆတ်ဆတ်တုန်ရင်း ကျန်ရှိနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်အထက်မှ ဒရုန်းကလည်း ဤမြင်ကွင်းကို ပထမဆုံးအချိန်အဖြစ် ပြန်လည်ထူထောင်ရေးဇုန် ကျင်းမြို့သစ်ရှိ ဗဟိုလုံခြုံရေးမဟာဗျူဟာသတင်းအချက်အလက်စီမံခန့်ခွဲရေးစင်တာသို့ ပေးပို့လိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၂၅၂)ရောက်ကြပြီ

"ရှေ့မှာမြင်နေရတာက ပထမဆုံး ကာကွယ်ရေးစည်းပဲ... အဲ့တာက အရေးအကြီးဆုံး ကာကွယ်ရေးခံတပ်တခုဆိုလည်းမမှားဘူး" တပ်ခွဲမှူးရှက ဆိုသည်။ သူ၏လေသံထဲတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်တစ်ခု ပါဝင်နေ၏။

၎င်းတို့မှာ မီးခိုးရောင် ခံတပ်ကြီးများပင်တည်း။ အဝေးမှ လှမ်းမျှော်ကြည့်သည့်တိုင် ၎င်းတို့၏ ဧရာမကိုယ်ထည်ကြီးများကို ထင်ရှားစွာ မြင်နိုင်၏။ ဤခံတပ်များသည် ဒုတိယကမ္ဘာစစ်အတွင်းက ဘန်ကာများနှင့် လားလားမျှ မတူညီချေ။ ၎င်းတို့မှာ စက်လုံးခြမ်းပုံသဏ္ဍာန်ရှိသော စစ်ပွဲနဂါးကြီးများသဖွယ်ဖြစ်ပြီး ဦးခေါင်းမှ ခြေဖျားအထိ လက်နက်အပြည့်အစုံ တပ်ဆင်ထားလေ၏။

အမျိုးအစားစုံလင်ပြီး ပြောင်းဝအရွယ်အစားမတူညီသော လက်နက်များသည် ဤစက်လုံးခြမ်းပုံ အဆောက်အအုံ၏ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ ၎င်းတို့အလယ်တွင် ကြီးကျယ်ခမ်းနားသော ဧရာမအမြောက်ကြီးအချို့ကိုပင် တွေ့မြင်နိုင်၏။ ထိုမည်းမှောင်နက်ရှိုင်းသော ဧရာမအမြောက်ပြောင်းဝကြီးမှာ လူကြီးတစ်ယောက် ဝင်ရပ်လျှင်ပင် နေရာပိုနေဦးမည်ဖြစ်ရာ မြင်ရသူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသည်။

တစ်ချက်လှမ်းမျှော်ကြည့်လိုက်လျှင် အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ၊ ဤကဲ့သို့သော ခံတပ်ကြီးများသည် တစ်ခုပြီးတစ်ခု အဆုံးမရှိ တန်းစီနေကြသည်မှာ မျက်စိတစ်ဆုံးပင် ဖြစ်ပြီး မြင်ရသူ၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။

ဤခံတပ်ကြီးများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်နှင့်အမျှ လော်ယွမ်၏ စိတ်အစဉ်သည် မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားတုန်ခါလာ၏။

ဤစိတ်ခံစားချက်ကို သူ မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကို မသိနိုင်ပေ။ ၎င်းတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်သကဲ့သို့၊ မိမိ၏အရပ်ဒေသသို့ ပြန်လည်ချဉ်းကပ်ရခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုမျိုးလည်း ပါဝင်နေ၏။ သူ အလျင်အမြန် သွားရောက်ကြည့်ရှုလိုသော်လည်း စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်မျိုးကိုလည်း တိတ်တဆိတ် ခံစားနေရသည်။ သူသည် အပြင်ဘက်လောကတွင် အချိန်အလွန်ကြာမြင့်စွာ လှည့်လည်သွားလာခဲ့ပြီးဖြစ်ရာ လူ့အဖွဲ့အစည်းအပေါ်၌ စိမ်းသက်သော ခံစားချက် အနည်းငယ်ပင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ထို့အပြင် ဤမျှကြာမြင့်သော ကာလတစ်လျှောက်လုံး မည်သည့်ချုပ်တည်းမှုမျှမရှိဘဲ မိမိစိတ်တိုင်းကျ ပြုမူနေထိုင်ခဲ့ရာမှ မိမိကိုယ်ပေါ်သို့ လေးလံသော သံခြေကျင်းများ တစ်ဖန်ပြန်လည် တင်ဆောင်ခြင်းကို သူ လက်ခံနိုင်ပါဦးမည်လော။ သို့သော် ဤသာမန်စိတ်ခံစားချက်အားလုံးသည် သူ၏ ရှေ့ဆက်သွားလိုသော ဆန္ဒကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။

"ဒီလိုခံတပ်မျိုး ထောင်ချီအောင် တည်ဆောက်ပြီး အဲ့ထဲက သုံးပုံနှစ်ပုံကို အပြင်စည်းမှာချထားတာလေ... ခံတပ်တွေရဲ့နံရံက ၉ပေကျော်ထူပြီး တိုက်ခိုက်မှုတွေ အကုန်နီးပါး ကာကွယ်နိုင်တယ်... ခံတပ်အောက်ခြေကိုလည်း ကွန်ကရစ်အပြင် ၁ပေခွဲထူတဲ့သံမဏိပြားနဲ့ပါ ခင်းကျင်းထားတယ်... ခံတပ်တွေကိုတာဝန်ယူဖို့ဝန်ထမ်းတွေအပြင်... ခံတပ်တိုင်းမှာအချိန်မရွေး တိုက်ခိုက်နိုင်အောင် အမြောက်တပ်ရင်းတစ်ခုစီ ချထားတယ်"

ထိုအချိန်တွင် ၆မိုင်ခန့် အကွာအဝေးမှ ခံတပ်တစ်ခုတွင် ရုတ်တရက် မီးတောက်များ ထွက်ပေါ်လာ၏။ ရှည်လျားလှသော မီးမောင်းကွင်းဆက်ကြီးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားသည်မှာ နတ်ဘုရားတစ်ပါး၏ ကြာပွတ်ရှည်ကြီးတစ်ချောင်းနှင့်ပင် တူလှ၏။ ကောင်းကင်တွင် ဝဲပျံမသွားဘဲ ရှိနေသော သန္ဓေပြောင်းငှက်တစ်ကောင်သည် နာကျင်စွာ အော်မြည်လိုက်ပြီး လူးလွန့်ရုန်းကန်ရင်း ပြုတ်ကျလာတော့သည်။

"ဒီခံတပ်တွေက သားရဲလှိုင်းတွေကိုရော ခုခံနိုင်လား" လော်ယွမ်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လှည့်၍မေးလိုက်သည်။

တပ်ခွဲမှူးရှက ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆိုသည်။ "ဒါက ယေဘုယျအနေနဲ့ဆိုရင်တော့... အဆင့်ငါးအောက် သားရဲလှိုင်းတွေကို ခုခံနိုင်တယ်"

လော်ယွမ် မေးခွန်းမထုတ်မီမှာပင် တပ်ခွဲမှူးရှက ရှင်းပြသည်။ "အဲ့ဒါက ပြန်လည်တည်ဆောက်ရေးဇုန်က သားရဲလှိုင်းတွေရဲ့ အန္တရာယ်အဆင့်ကို အကြမ်းဖျဉ်း ခွဲခြားသတ်မှတ်ထားတာ... အဆင့်၁သားရဲလှိုင်းဆိုရင် အရေအတွက်၁၀၀၀၀နဲ့အောက်ရှိတယ်... အဆင့်၅ဆိုရင်တော့ ၁သန်းကနေ ၅သန်းထိရှိတယ်... ဒါပေမဲ့ဒီသတ်မှတ်ချက်က တိတော့မတိကျဘူး... သားရဲတွေရဲ့သိပ်သည်းပုံ၊ တိုးဝင်တိုက်ခိုက်နိုင်စွမ်းနဲ့ တကောင်ချင်းစီရဲ့အရွယ်အစားနဲ့ ခွန်အားတို့ကလည်း ဒီအဆင့်တွေအပေါ်အများကြီးသက်ရောက်နိုင်တယ်လေ... ဒါပေမဲ့ဇုံအတွက်တော့ ကြောက်ဖို့အကောင်းဆုံးက သန္ဓေပြောင်းသားရဲနဲ့ငှက်တွေမဟုတ်ဘူး... ပိုးမွှားအုပ်ပဲ... ပိုးမွှားအုပ်တွေက အရေအတွက်များရုံတင်မကဘူး အကောင်ကလည်းသေးတော့ သူတို့ရန်ကနေ ကာကွယ်ဖို့ တော်တော့်ကိုခက်တာ"

"အရင်တုန်းက ပြန်လည်တည်ဆောက်ရေးဇုန်မှာ ပိုးမွှားအုပ်ကြီးကျတာ တစ်ကြိမ် ကြုံခဲ့ဖူးတယ်... အဲ့ဒီတုံးက တော်တော်ဆုံးရှုံးခဲ့ရတာ... အပြင်စည်းမှာရှိတဲ့မြို့တွေဆို ပြာပုံဖြစ်သွားတယ်"

…………………………………………………………………………………………………………

"တော်တော်ကြီးတာပဲ"

အဝေးမှ လှမ်းကြည့်စဉ်က မည်သို့မျှ မခံစားရသော်လည်း ၎င်း၏အနီးသို့ ရောက်ရှိသွားမှသာလျှင် ၎င်း၏ ကြီးမားထုထည်ရှိမှုနှင့် လေးလံမှုကို ခံစားမိတော့သည်။ ၎င်းသည် အထပ်ဆယ်ဂဏန်းခန့် မြင့်မားပြီး ဧရိယာမှာ စတုရန်းမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းကာ သဲကန္တာရထဲတွင် ဧရာမသားရဲကြီးတစ်ကောင် ဝပ်နေသကဲ့သို့ပင်။ ထို့အပြင် တစ်ကိုယ်လုံးတွင် လက်နက်များဖြင့် ပြည့်နှက်နေသောကြောင့် ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်တစ်မျိုးကို ပေးစွမ်းနေပြီး လူ၏စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေ၏။

လော်ယွမ်ပင်လျှင် အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ ဤအမြောက်ကြီးများက သူ့ကို လုံခြုံမှုမရှိသလို ခံစားရစေ၏။

ထိုအချိန်တွင် ခံတပ်၏ ဧရာမသံတံခါးကြီး ရုတ်တရက် ပွင့်လာပြီး လေလုံအောင်ပိတ်ထားသော ဂျစ်ကားတစ်စီး လျင်မြန်စွာ မောင်းထွက်လာ၏။

လော်ယွမ်က ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကို အလျင်အမြန် ရပ်တန့်စေလိုက်ပြီး ခုန်ဆင်းကာ ဂျစ်ကားနီးကပ်လာသည်ကို စောင့်ဆိုင်းနေလိုက်၏။

ခဏအကြာတွင် ကားတံခါးပွင့်လာပြီး အသားညိုသော စစ်သားနှစ်ဦး လျင်မြန်စွာ ထွက်လာကာ ခြေစုံပြေးဖြင့် လျှောက်လှမ်းလာကြ၏။

"ဒီနေရာက ကာကွယ်ရေးဇုန် အမှတ် ၁၅၁ စစ်ခံတပ်ပဲ... ခင်ဗျားတို့က အသက်ရှင်ကျန်ရစ်သူတွေလား" သူတို့ထဲမှ ဒုတိယဗိုလ်အဆင့်ရှိသော အရာရှိတစ်ဦးက အသံကျယ်ဖြင့် မေးလိုက်ပြီး သူ၏အကြည့်များက ဧရာမသတ္တဝါကြီးများထံသို့ မထိန်းနိုင်ဘဲ ရောက်ရှိသွား၏။

(အသက်ရှင်ကျန်ရစ်သူ ဆိုတာ Survivor ကို ပြန်ထားတာပါ)

"မင်္ဂလာပါဒုဗိုလ်... ကျွန်တော်တို့လေးယောက်က တပ်မ၁၉၊ တပ်မဟာ၁၅က စစ်သားတွေ... လေယာဉ်ပျက်ကျလို့ အဆက်အသွယ်ပြတ်သွားတာပါ... ကျွန်တော်က တပ်ရင်း၃၊ တပ်ခွဲ၅ က တပ်ခွဲမှူးရှချန်ပဲ... သူတို့တွေကတော့ အသက်ရှင်ကျန်ရစ်သူတွေ" တပ်ခွဲမှူးရှက စိတ်လှုပ်ရှားသော အမူအရာဖြင့် အလေးပြုလိုက်ပြီး ကျန်စစ်သားသုံးဦးကလည်း တစ်ချိန်တည်းတွင် အလေးပြုလိုက်ကြ၏။

ဒုဗိုလ်က ပြန်အလေးပြုသောအခါ သူ၏မျက်နှာတွင် အံ့ဩမှုများ ထင်ရှားနေသည်။ "ဪ... အဆက်အသွယ်ပြတ်သွားတဲ့ ရဲဘော်တွေကိုး... ခင်ဗျားတို့ အသက်ရှင်သေးတာ တကယ်ကံကောင်းတာပဲ... ဒါပေမဲ့ တပ်မ၁၉က ဒီဘက်မှာမရှိဘူး... ကျွန်တော်ကြားတာတော့ ရေနံမြေသစ်ဇုန်မှာ တာဝန်ကျနေတယ်တဲ့... အတိအကျတော့ ကျွန်တော်လည်း သိပ်မသိဘူး... ခင်ဗျားတို့ ပြန်လည်တည်ဆောက်ရေးဇုန်က စစ်ရေးနဲ့ နိုင်ငံရေးဌာနကို သွားပြီး သတင်းပို့ရင်သိရလောက်တယ်"

တပ်ခွဲမှူးရှက ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော ကိစ္စရပ်အတွက် သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှား၏။

ထို့နောက် ဒုဗိုလ်က လော်ယွမ်တို့အဖွဲ့ဘက်သို့ အာရုံပြောင်းလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်နှင့် သိလိုစိတ်တို့ ရောယှက်နေ၏။ သူသည် ယခင်က အသက်ရှင်ကျန်ရစ်သူများစွာကို တွေ့ဖူးခဲ့သည်။ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး မျက်လုံးများ ထုံထိုင်းနေသူများလည်း ရှိ၏။ စိတ်လှုပ်ရှားကာ အပြင်းအထန် ငိုယိုနေသူများလည်း ရှိ၏။ ထိန်းချုပ်မရဘဲ ကြမ်းတမ်းခက်ထန်သောရုပ်ဖြင့် ရှိနေသူများလည်း ရှိ၏။ သို့သော် ဤအဖွဲ့ကဲ့သို့ ထူးခြားသောသူများမှာ တစ်ဖွဲ့မျှ မရှိခဲ့ပေ။

သူတို့၏ အဝတ်အစားများမှာ အသစ်စက်စက် လဲလှယ်ဝတ်ဆင်ထားသကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလောက်အောင် သန့်ရှင်းသပ်ရပ်နေ၏။ လက်သည်းကြားတွင် ညစ်ညမ်းမှုမရှိဘဲ အမြဲတစေ သန့်စင်နေကြောင်း ထင်ရှားလှသည်။ အသားအရေမှာ ဖြူစင်ဝင်းပပြီး မျက်နှာများမှာ သွေးရောင်လွှမ်းကာ ကြည်လင်နေသည်။ သူတို့သည် ငတ်မွတ်ခေါင်းပါးမှုကို ဖြတ်သန်းခဲ့ရခြင်းမရှိမှာ ထင်ရှားပြီး အစားအသောက် ကောင်းမွန်စွာ စားသုံးခဲ့ရပုံပေါ်၏။ ထို့အပြင် သူတို့၏ စိတ်ခံစားချက်မှာ အနည်းငယ် စိတ်လှုပ်ရှားဝမ်းမြောက်နေသည်မှလွဲ၍ အလွန်အမင်း တည်ငြိမ်အေးချမ်းနေသည်။ ဤသို့သော အမူအရာမှာ ကမ္ဘာပျက်ကာလမှ အသက်ရှင်ကျန်ရစ်သူများနှင့်မတူဘဲ ငြိမ်းချမ်းသောခေတ်မှ လူများနှင့် ပို၍တူနေ၏။

သို့သော် ဤသည်မှာ သူ အသိချင်ဆုံးအရာ မဟုတ်ပေ။ ခံတပ်အပြင်မထွက်လာမီတွင် သူက အထက်မှ အမိန့်တစ်ခု ရုတ်တရက် ရရှိခဲ့သည်။ ၎င်းမှာ သန္ဓေပြောင်းသတ္တဝါများကို စီးနင်းလာသော ဆင့်ကဲပြောင်းလဲသူတစ်စုကို ကြိုဆိုရန်နှင့် သူတို့ကို သေချာဆက်ဆံရန် ဖြစ်၏။

သူက လော်ယွမ်နှင့် သဲကန္တာရ မြေအောင်းပိုးကောင်များ တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို မကြည့်ခဲ့ဖူးပေရာ လော်ယွမ်ပြသခဲ့သော ဆင့်ကဲပြောင်းလဲမှုစွမ်းရည်က ပြန်လည်တည်ဆောက်ရေးဇုန်အတွက် မည်မျှအရေးကြီးသည်ကို သူ မသိရှိခဲ့ပေ။ မြေအောင်းသန္ဓေပြောင်းသတ္တဝါများက အမြဲတစေ ဖြေရှင်းရအလွန်ခက်ခဲသော ပြဿနာတစ်ခု ဖြစ်ခဲ့သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် မြေကြီးအနက်ပိုင်းတွင် ဝင်ရောက်နေပြီး အလွန်တရာ ပုန်းကွယ်နေနိုင်သောကြောင့် ယခုအချိန်အထိ သူတို့ကို ထောက်လှန်းနိုင်သည့်နည်းလမ်း မရှိသေးချေ။

ပို၍ဆိုးရွားသည်မှာ သဲကန္တာရဒေသတွင် ဤကဲ့သို့သော မြေအောင်းသတ္တဝါများ အလွန်များပြားလှခြင်းပင် ဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန်တွင် နေ့စဉ်နီးပါး တိုက်ခိုက်မှု ရာပေါင်းများစွာ ဖြစ်ပွားပြီး လူထောင်ပေါင်းများစွာတို့ မရှုမလှ သေဆုံးကြရ၏။ ထို့အပြင် ၎င်းတို့သည် တစ်နေ့တခြား ပို၍ဉာဏ်များလာကြပြီး တစ္ဆေသရဲများကဲ့သို့ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် မြေကြီးအနက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြရာ သတ်ဖြတ်ရန် အလွန်ခက်ခဲလှသည်။ ယခုအခါတွင်မူ ၎င်းတို့သည် လူသားမျိုးနွယ်၏ အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်နေလေပြီ။

………………………………………………………………………………………………………………

ခံတပ်၏ အပြင်ဘက်မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားမှုမျိုး ပေးစွမ်းသော်လည်း အတွင်းပိုင်းမှာမူ ကြမ်းတမ်းပြီး ဟာလာဟင်းလင်း ဖြစ်နေ၏။

မညီမညာသော ကွန်ကရစ်ကြမ်းခင်း၊ မည်သည့်ဆေးမျှ သုတ်လိမ်းထားခြင်းမရှိသော ကြမ်းတမ်းသည့် နံရံများ၊ ထို့အပြင် စိတ်ဓာတ်တက်ကြွစေသော ဆောင်ပုဒ်စာလုံးကြီးအမျိုးမျိုး။ တစ်ခုတည်းသော အာရုံကို ဖမ်းစားနိုင်သည့်အရာမှာ ဘေးနှစ်ဖက်တွင် တန်းစီထားသော ဧရာမ ရော့ကက်ဒုံးကျည်တင်ယာဉ်ကြီးများပင် ဖြစ်သည်။ ကလေးငယ်အချို့ လျှောက်လမ်းပေါ်တွင် လမ်းလျှောက်သွားရာတွင် ထိုယာဉ်များ၏ ဘီးတစ်လုံး အမြင့်လောက်ပင် မရှိကြပေ။

သူတို့အဖွဲ့သည် စစ်သားအချို့နှင့်အတူ ခံတပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး သာမန်မေးခွန်းအနည်းငယ် အမေးခံရကာ ဓာတ်ပုံတစ်ပုံ အရိုက်ခံလိုက်ရသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဟော်တုံ၏ လက်ထဲတွင် ဒုဗိုလ်က လက်ဆောင်ပေးလိုက်သော စည်သွပ်ဘူးတစ်သေတ္တာ ပါလာခြင်းဖြစ်ပြီး လူတိုင်း၏ လည်ပင်းတွင် တံဆိပ်တုံးနှိပ်ထားသော ဖြတ်သန်းခွင့်ကတ်တစ်ခုစီကို ဆွဲထားလိုက်ရ၏။

ဤအရာက လော်ယွမ်ကို ရင်းနှီးကျွမ်းဝင်သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေ၏။

သို့သော် ယခင်နှင့်မတူသည်မှာ ၎င်းတွင် ပလတ်စတစ်အဖုံးမပါဘဲ သစ်သားပြားတစ်ပြားနှင့် အုန်းဆံကြိုးမျှင်တစ်ချောင်းသာ ပါရှိ၏။ ကမ္ဘာပျက်ပြီးနောက် အရင်းအမြစ်များမှာ အလွန်ရှားပါးနေပြီဖြစ်ပြီး ပလတ်စတစ်ကို ဤနေရာတွင် ဖြုန်းတီး၍မဖြစ်တော့ပေ။

ဤပတ်ဝန်းကျင်တွင် စစ်ဆေးရေးဂိတ်များ အလွန်များပြားလှသည်။ လူတစ်စုမှာ ခရီးတစ်ထောက်လျှင် တစ်ခါရပ်တန့်ကာ စစ်ဆေးမှုကို စောင့်ဆိုင်းရ၏။ ကံကောင်းသည်မှာ အချိန်အလွန်တိုတောင်းပြီး ဖြတ်သန်းခွင့်ကတ်ကို စစ်ဆေးကြည့်ရှုရုံဖြင့် ချက်ချင်းပင် လွှတ်ပေးလိုက်သည်။ ဤသို့ဖြင့် ခံတပ်ပေါင်း ဆယ့်သုံးခုကို ကျော်ဖြတ်ပြီးမှသာ အဆုံးမရှိသကဲ့သို့သော စစ်ဆေးမှုများမှ လွတ်မြောက်သွားတော့သည်။

ခရီးတစ်လျှောက်လုံး တပ်ခွဲမှူးရှသည် အနည်းငယ် တိတ်ဆိတ်နေပြီး သူ၏မျက်နှာအမူအရာမှာ တစ်ခါတစ်ရံ စိတ်လှုပ်ရှားနေသကဲ့သို့ရှိကာ တစ်ခါတစ်ရံတွင်မူ စိတ်ဖိစီးမှုများဖြင့် လေးလံနေ၏။ အမည်ခံအားဖြင့် "စစ်ပွဲတွင် ကျဆုံးသူ" တစ်ဦးအနေဖြင့် သူ၏အိမ် အခြေအနေ မည်သို့ဖြစ်နေမည်ကို သူ လုံးဝမတွေးရဲပေ။ ပြန်လည်တည်ဆောက်ရေးဇုန်သည် ကလေးမွေးဖွားမှုကို အားပေးပြီး တစ်ကိုယ်တည်းနေထိုင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်၊ အထူးသဖြင့် အမျိုးသမီးများကို ဖြစ်သည်။ သူ၏အိမ်ထောင်ရေးသည် ဤသို့သော အခြေအနေမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ယခုအခါ "မုဆိုးမ" အသစ်စက်စက်တစ်ယောက် ဖြစ်လာသူ (သူ၏ဇနီး) အတွက်… သူ လုံလောက်သော စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိထားရပေမည်။

လော်ယွမ်က စည်သွပ်ဘူးများဖြင့် ပြည့်နေသော သစ်သားသေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌လည်း သစ်သားဖြင့် ထုပ်ပိုးထားသော စည်သွပ်ဘူးများပင် ဖြစ်သည်။ အပြင်ဘက်တွင် ပန်းပုများ ထွင်းထုထားပြီး အစားအစာအမျိုးအစား၊ ရက်စွဲနှင့် အဆင့်ကို ရိုးရှင်းစွာ ဖော်ပြထားသည်။ အသားစည်သွပ်ဘူး ရှစ်ဘူးမှာ အဆင့်လေးဖြစ်ပြီး ကျန်လေးဘူးမှာမူ ဟင်းသီးဟင်းရွက် စည်သွပ်ဘူးများဖြစ်ကာ အဆင့်တစ် ဖြစ်၏။

အဆင့်လေးဆိုသည်မှာ အပြာရင့်ရောင်အဆင့်ဖြစ်ပြီး အဆင့်တစ်မှာမူ အဖြူရောင် ဖြစ်၏။

နံနက်ငါးနာရီမှ ယခု ညနေလေးနာရီအထိ စိတ်လှုပ်ရှားမှုကြောင့် ခရီးတစ်လျှောက်လုံး မရပ်မနားလာခဲ့ရာ ရေသောက်သည်မှလွဲ၍ ဘာမျှမစားရသေးပေ။ လော်ယွမ်က စည်သွပ်ဘူးများကို တစ်ဘူးချင်းစီ ဖွင့်လိုက်၏။

ဤအရာများသည် သာမန်လူများအတွက် အလွန်တန်ဖိုးကြီးပြီး အဖိုးမဖြတ်နိုင်သော်လည်း လော်ယွမ်တို့အဖွဲ့အတွက်မူ သာမန်မျှသာ ဖြစ်သည်။ အပြာရင့်ရောင်အဆင့်ကို မဆိုထားနှင့်၊ အစိမ်းရောင်အဆင့်ကိုပင် မနည်းမနော စားသုံးခဲ့ဖူးပြီ ဖြစ်၏။

အသားစည်သွပ်ဘူးမှာ ဆန်မှုန့်ကဲ့သို့သော အလုံးအခဲတစ်ခု ဖြစ်သည်။ မာကျောသော သန္ဓေပြောင်းအသားများကို ကြေမွအောင် ကြိတ်ထားပြီးဖြစ်ကြောင်း ထင်ရှားကာ အတွင်းထဲတွင် ကစီဓာတ်အများအပြား ရောနှောထားပုံရ၏။ သို့သော် ပါးစပ်ထဲတွင် ခံစားရသော အရသာမှာမူ မူလအရသာထက် များစွာသာလွန်ကောင်းမွန်လှသည်။ အရသာမှာ လေးပင်ရုံသာမက စားသုံးရလွယ်ကူလှပြီး ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးနှင့် ကင်းဝေးနေသည်မှာ ကြာပြီဖြစ်သော လူတိုင်းကို အလွန်အမင်း စားချင်စိတ် ဖြစ်ပေါ်စေ၏။

နောက်ဆုံးတွင် ရေဓာတ်ထုတ်ထားသော ထိုဟင်းသီးဟင်းရွက် စည်သွပ်ဘူးများပင်လျှင် လူအများက ဂရုမစိုက်ဘဲ ခွဲဝေစားသောက်လိုက်ကြရာ ကုန်စင်သွား၏။

ကာကွယ်ရေးစည်းနှင့် ပြန်လည်တည်ဆောက်ရေးဇုန်မှာ အတော်ပင် ကွာဝေးသေးသည်။ ညခုနစ်နာရီအချိန်သို့ ရောက်မှသာ လော်ယွမ်သည် အဝေးဆီမှ မီးရောင်များကို မသဲမကွဲ မြင်တွေ့လိုက်ရတော့၏။

All Chapters