← Chapters

အခန်း (၂၅၃-၂၅၆)

Vol. 13 Ch. 253-256

အခန်း (၂၅၃-၂၅၆)

Vol. 13 Ch. 253-256

အပိုင်း(၂၅၃)အငြင်းခံရခြင်း

အနားသို့ရောက်မှပင် ဤသည်မှာ ကြီးမားသောမီးပြတိုက်ကြီးတစ်ခုဖြစ်ကြောင်း လူတိုင်းသတိပြုမိလိုက်ကြသည်။ အမြင့်မှာ ပေ၁၅၀ခန့်ရှိပြီး အဝေးတွင် အလားတူမီးပြတိုက်အချို့ကို လှမ်းမြင်နေရသေးသည်။ ၎င်း၏အသုံးဝင်ပုံက လမ်းညွှန်ရန်အတွက်မဟုတ်သည်မှာ ထင်ရှား၏။

၎င်းသည် မျက်စိကျိန်းလောက်အောင်တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်နေပြီး အမှောင်ထုထဲတွင် နေလုံးငယ်တစ်လုံးကဲ့သို့ပင်။ အနီးအနားပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းကဲ့သို့ လင်းထိန်နေစေသည်။

အလင်းရောင်၏ဆွဲဆောင်မှုကြောင့် မရေမတွက်နိုင်သော သန္ဓေပြောင်းပိုးမွှားများသည် မီးပြတိုက်အနီးတွင် စုရုံးနေကြပြီးနောက် အခါအားလျော်စွာ ပေါက်ကွဲထွက်ပေါ်လာသော ဧရာမလျှပ်စီးကြောင်းများကြောင့် အစုလိုက်အပြုံလိုက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

မီးပြတိုက်၏အောက်ခြေသည် ပိုးမွှားများ၏အလောင်းများဖြင့် လုံးဝဖုံးလွှမ်းနေပြီဖြစ်သည်။ လော်ယွမ်တို့အဖွဲ့ မီးပြတိုက်ကို ဖြတ်ကျော်သွားသည့် ဆယ့်ငါးမိနစ်ခန့်အချိန်အတွင်းမှာပင် မြေပြင်ပေါ်မှအလောင်းများသည် ၁၄၊ ၁၅လက်မခန့် မြင့်တက်လာပြန်သည်။ မနက်မိုးလင်းသည့်အခါ မီးပြတိုက်သည် အလောင်းများဖြင့် လုံးဝဖုံးလွှမ်းသွားဖွယ်ရှိသည်။

ဤမီးပြတိုက်သည် ဧရာမပိုးမွှားစုပ်စက်ကြီးတစ်ခုနှင့်တူပြီး အနီးအနားမှပိုးမွှားအားလုံးကို ရှင်းလင်းသွားစေသည်။ လော်ယွမ်တို့၏ ရှေ့ဆက်လမ်းခရီးတွင် ပိုးမွှားများကို မြင်ရသည်မှာ အလွန်ပင်နည်းပါးသွားသည်။

မီးပြတိုက်သုံးခုကို ဆက်တိုက်ဖြတ်ကျော်ပြီးနောက် မြို့၏ပုံရိပ်က တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ဤသည်မှာ အမှောင်ဖုံးနေသောမြို့တစ်မြို့ဖြစ်သည်။ ယခုအချိန်သည် ညရှစ်နာရီနီးပါးဖြစ်ပြီး ညသည်နက်နေပြီဖြစ်သော်လည်း အဝေးမှမြို့သည် မီးရောင်တစ်စိုးတစ်စိမျှမရှိဘဲ အမှောင်ထုထဲတွင် လုံးဝနစ်မြုပ်နေသည်။ အကယ်၍ ရှေ့မှ သစ်တောကဲ့သို့ထူထပ်သော မီးခိုးခေါင်းတိုင်များမှ မီးခိုးများ အလုံးအရင်းဖြင့် ထွက်မနေပါက ဤမြို့သည် ကျဆုံးသွားပြီဟုပင် အဖွဲ့သားများ ထင်မှတ်မိကြပေလိမ့်မည်။

လေထဲတွင် စက်မှုလုပ်ငန်းများမှထွက်သော အနံ့ဆိုးများပျံ့နှံ့နေသည်။ အချဉ်နံ့နှင့် ချဉ်စုတ်စုတ်အနံ့များရောနှောနေပြီး အသက်ရှူရခက်ခဲစေသည်။ ဤအနံ့များသည် ကမ္ဘာမပျက်မီကထက် ပိုမိုပြင်းထန်ပြီး ပိုမိုစူးရှနေသကဲ့သို့ပင်။ လတ်ဆတ်သောလေကို ရှူရှိုက်ခြင်းနှင့် ယဉ်ပါးနေသော နှာခေါင်းနှင့်အဆုတ်များသည် ဤအနံ့များနှင့် အလွန်အသားမကျဖြစ်ကာ လူအများအပြား ချောင်းအဆက်မပြတ်ဆိုးကုန်ကြသည်။

ဤစက်မှုလုပ်ငန်းများမှထွက်သော အခိုးအငွေ့များသည် မည်သို့မျှစစ်ခြင်းမရှိဘဲ လေထုထဲသို့ တိုက်ရိုက်ထုတ်လွှတ်လိုက်ခြင်းဖြစ်ဟန်တူသည်။

သို့သော် ဤအချိန်ဤအခါတွင် အစွန်းရောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများပင်လျှင် "စက်မှုလုပ်ငန်းများ အဓွန့်ရှည်ပါစေ" ဟု အော်ဟစ်ကြပေလိမ့်မည်။ အနည်းဆုံးတော့ အဖွဲ့သားများထဲမှ လူအချို့သည် နှာခေါင်းကို အဆက်မပြတ်ရှုံ့ကာ စည်းစိမ်ခံနေသောမျက်နှာထားများဖြင့် ရှိနေကြသည်။

(အစွန်းရောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဆိုတာက ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ စက်ရုံတွေပိတ်ပေးပါ ဆိုပြီး ဆန္ဒပြတဲ့သူတွေမျိုးကိုပြောတာပါ)

....................................................................................................................................

"ဟိုဘက်က ဘာလဲ... မြို့တံတိုင်းလား" လော်ယွမ်က မြို့အပြင်ဘက်မှ အရိပ်မည်းတစ်တန်းကို လက်ညှိုးထိုးပြကာ စူးစမ်းစွာမေးလိုက်သည်။

တပ်ခွဲမှူးရှသည် လော်ယွမ်ကဲ့သို့ အမြင်အာရုံမကောင်းသော်လည်း သူဘာကိုမေးသည်ကို သိနေသည်။ "အဲ့ဒါက အသားစားနွယ်ပင်တွေ... သူတို့ကအရမ်းအန္တရာယ်များတယ်... တိရစ္ဆာန်တွေလို အမဲလိုက်နိုင်တယ်... ငါတို့ဒီမှာတော့ သူတို့ကိုတံတိုင်းအနေနဲ့ သုံးကြတယ်... တကယ့်တံတိုင်းထက်တောင် ပိုအသုံးဝင်သေးတယ်... သန္ဓေပြောင်းသတ္တဝါကြီးတွေကိုတော့ မကာကွယ်နိုင်ပေမဲ့ သတ္တဝါငယ်လေးတွေ ဝင်မလာအောင်တော့ တားဆီးနိုင်တယ်"

ဤအသားစားနွယ်ပင်များသည် ဆယ့်ငါးပေကျော်ခန့်မြင့်ပြီး အပေါ်တွင် ပန်းပွင့်များနှင့်တူသော ပါးစပ်ကြီးများသည် မကြာခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်နေကာ သားကောင်များကိုဆွဲဆောင်ရန် ချိုအီသောအနံ့ကို ထုတ်လွှတ်နေသည်။ ကမ္ဘာပျက်ပြီးနောက် ဤကဲ့သို့သောအပင်မျိုးမှာ ရှားပါးခြင်းမရှိပေ။ လော်ယွမ်သည် လမ်းတစ်လျှောက်တွင် အနည်းဆုံး မျိုးစိတ်ဆယ်မျိုးခန့် တွေ့ခဲ့ဖူးသည်။ သို့သော် ဤအပင်မျိုးကို တံတိုင်းအဖြစ်အသုံးပြုသည်ကိုမူ သူသည် စိတ်ဝင်တစားဖြင့် အကြိမ်အနည်းငယ် ကြည့်ရှုမိသည်။

အဖွဲ့သားများသည် တစ်ပတ်ပတ်ပြီးနောက် တံခါးပေါက်ကို ရှာတွေ့သွားသည်။ ဤသည်မှာ အမြင့်၁၈ပေ၊ အကျယ်၁၅ပေရှိသော ဧရာမသစ်သားတံခါးကြီးတစ်ခုဖြစ်သည်။ ယခုအချိန်တွင် သစ်သားတံခါးသည် တင်းတင်းပိတ်ထားပြီး အဖွဲ့သားများ တံခါးပေါက်သို့ရောက်သည်နှင့် ဖုံးကွယ်ထားသော စပီကာတစ်ခုမှ အသံထွက်ပေါ်လာသည်။

"အားလုံးရပ်... ခင်ဗျားတို့က ဘယ်သူတွေလဲ... ဘယ်ကလဲ"

"ကျွန်တော်တို့က အပြင်ကနေလာတဲ့ အသက်ရှင်ကျန်ရစ်သူတွေပါ" လော်ယွမ်က ပြဿနာမရှာလိုသဖြင့် အော်ပြောလိုက်သည်။

တစ်ဖက်မှအသံသည် စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် "ကင်မရာရှေ့မှာ ဝင်ထွက်ခွင့်ကတ်ကိုပြပြီး နေရာမှာပဲ စစ်ဆေးမှုခံယူပါ"

လော်ယွမ်က ဝေ့ကြည့်လိုက်ရာ ကင်မရာအချို့ကို တွေ့ရှိသွားသည်။ သူက ဧရာမဖွတ်ကြီးပေါ်မှခုန်ဆင်းကာ စာရွက်စာတမ်းကို ထုတ်ပြလိုက်ပြီးနောက် စိတ်ရှည်စွာစောင့်ဆိုင်းနေလိုက်သည်။ တံခါးပေါက်မှကင်းစောင့်များ၏ လုပ်ငန်းဆောင်ရွက်မှုမှာ အလွန်လျင်မြန်ပြီး နာရီဝက်အကြာတွင် တံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်လာသည်။

စစ်သားလေးယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လက်နက်အပြည့်အစုံတပ်ဆင်ကာ ထွက်လာကြသည်။

တစ်ယောက်က လော်ယွမ်ပေးသော ဝင်ထွက်ခွင့်ကတ်ကို သေချာစစ်ဆေးပြီးနောက် လော်ယွမ်ကိုမော့ကြည့်ကာ "ဒါက မင်းဟာ... တခြားလူတွေဟာရောဘယ်မှာလဲ... အားလုံးဆင်းပြီး စစ်ဆေးမှုခံယူပါ"

တစ်ဖက်လူ၏ စစ်သားပီပီ တင်းမာသောအမိန့်ပေးလေသံကြောင့် လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ်မသက်မသာဖြစ်သွားသော်လည်း မကြာမီပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ ဤနေရာသည် တောနက်ကြီးမဟုတ်တော့ဘဲ ပြန်လည်တည်ဆောက်ရေးဇုန်ဖြစ်ပြီး လူတိုင်းက သူ၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေမည်မဟုတ်ဟု သူက မိမိကိုယ်မိမိ သတိပေးလိုက်သည်။ သူသည် ဤအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည်ဖြစ်သည်။

လူတိုင်းသည်လည်း ဆင်းသက်ကာ စာရွက်စာတမ်းများကို ထုတ်ပြကြရသည်။ လူတိုင်းနှင့် စာရွက်စာတမ်းများမှဓာတ်ပုံများကို တစ်ယောက်ချင်းစီ တိုက်ဆိုင်စစ်ဆေးပြီးနောက် ထိုသူက နောက်တစ်ကြိမ်ပြောလိုက်သည်။ "စာရွက်စာတမ်းတွေက ပြဿနာမရှိဘူး... ဒါပေမဲ့ စိတ်မကောင်းစရာက ငါတို့ကန္တာရမြို့ကို နောက်ဆုံးနှစ်လအတွင်း အသက်ရှင်တဲ့သူတစ်ယောက်မှရောက်မလာလို့ ဝန်ဆောင်မှုစင်တာကို ဖျက်သိမ်းလိုက်ပြီ... အလုပ်အားလုံးကို လုပ်ဆောင်လို့မရတော့ဘူး... အဲ့တော့ဒီနေ့ မင်းတို့ မြို့ထဲဝင်လို့မရသေးဘူး... မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့"

"ဘာ... ငါတို့ ခရီးအဝေးကြီးကနေလာခဲ့ရတာ... အခုတံခါးဝရောက်နေပြီကို အပြင်မှာ တစ်ညအိပ်ရဦးမှာလား" လော်ယွမ်စကားမပြောမီမှာပင် လင်းရှောင်ကျီက မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်သည်။ သူ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပြီး အခြားသူများ၏မျက်နှာများမှာလည်း မကောင်းလှပေ။

"စိတ်မရှိပါနဲ့... ငါတို့လည်းဘာမှ မတတ်နိုင်ပါဘူး... အထူးသဖြင့် ညဘက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ရောဂါကင်းစင်ရေးစစ်ဆေးမှုတွေကို လုပ်ဆောင်လို့မရဘူး... ကန္တာရမြို့ရဲ့လုံခြုံရေးအတွက်... မင်းတို့ကို ဝင်ခွင့်ပြုလို့မဖြစ်ပါဘူး" ထိုစစ်သားက တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

လင်းရှောင်ကျီက ဆက်ပြောရန်ကြံရွယ်သော်လည်း လော်ယွမ်က တားဆီးလိုက်သည်။ "ထားလိုက်တော့... ငါတို့ အပြင်မှာပဲ တစ်ညအိပ်ကြတာပေါ့"

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်" စစ်သားက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

တံခါးကြီးသည် ဖြည်းညင်းစွာ ပြန်လည်ပိတ်သွားသည်။ မျက်စိရှေ့မှ အမှောင်ထုထဲမှမြို့ကိုကြည့်ရင်း မူလက စိတ်လှုပ်ရှားနေသောစိတ်သည် အနည်းငယ်ညှိုးငယ်သွားသည်။

အဖွဲ့သားများသည် ပေရာပေါင်းများစွာ ဆုတ်ခွာပြီးနောက် အတော်အတန်ညီညာသောနေရာတစ်ခုကို ရွေးချယ်ကာ ယနေ့ညအတွက် စခန်းချရန်နေရာအဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် အနီးအနားမှ ထင်းခြောက်အချို့ကို ကောက်ယူကာ မီးပုံဖိုလိုက်သည်။

အဖွဲ့သားများ၏စိတ်အစဉ်သည် အနည်းငယ်လေးလံနေပြီး လော်ယွမ်၏မျက်နှာမှာပင် အနည်းငယ်ညိုမှိုင်းနေသည်။ ဤသည်တို့မှာ လိုအပ်သောလုပ်ထုံးလုပ်နည်းများဖြစ်ကြောင်း သူနားလည်သည်။ သူတို့သည် တောနက်ကြီးထဲတွင် အမြဲနေထိုင်ခဲ့ရာ ကိုယ်ပေါ်တွင် အမည်မသိသောရောဂါပိုးမွှားများ ပါလာနိုင်သဖြင့် တန်းပြီးဝင်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် နားလည်ခြင်းကတစ်ပိုင်း၊ မိမိကိုယ်တိုင်ကြုံတွေ့ရသောအခါတွင်မူ အလွန်ပင် မကျေမနပ်ဖြစ်မိသည်။

လူတိုင်းသည် စကားအနည်းငယ်ပြောပြီးနောက် မိမိတို့၏အတွေးများနှင့် နစ်မြုပ်သွားကြသည်။ မနက်ဖြန်တွင် ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်ရမည်ဖြစ်ရာ ပုံမှန်အားဖြင့် စဉ်းစားရန်မလိုအပ်သောကိစ္စများကို သေချာစဉ်းစားရတော့မည်ဖြစ်သည်။

ဥပမာအားဖြင့် အလုပ်အကိုင်နှင့် နေထိုင်မှုဘဝ...

ကမ္ဘာမပျက်မီက ဤသာမန်စကားလုံးနှစ်လုံးသည် ယခုအခါတွင် အလွန်ပင်လှပနေပြီး တွေးကြည့်ရုံဖြင့်ပင် စိတ်ကိုကြည်နူးစေသည်။

စစ်ကိုကြားလျှင် ဝမ်းမြောက်ခြင်းသည် ဝတ္ထုထဲမှဇာတ်ကောင်များသာဖြစ်ပြီး လူအများစုအတွက် စစ်ကိုငြီးငွေ့ခြင်းက သာမန်အတွေးတစ်ခုသာဖြစ်သည်။ လူတိုင်းတွင်အသက်၁ချောင်းသာရှိပြီး အားလုံးကတည်ငြိမ်အေးချမ်းမှုကိုသာ အမြဲရှာဖွေတတ်သည်။ ယခု မလှမ်းမကမ်းမှမြို့သည် အလွန်ပင်ငြိမ်သက်အေးချမ်းနေပြီး မြို့အပြင်ဘက်တွင်ပင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ရှာရန်ခက်ခဲလှသည်။ ဤနေရာနှင့်အပြင်ဘက်သည် ကမ္ဘာနှစ်ခုကဲ့သို့ပင်၊ တစ်ခုက ကောင်းကင်ဘုံ၊ တစ်ခုက ငရဲဘုံ။

ဤနေရာတွင် သူတို့သည် စွန့်စားရန်မလိုအပ်တော့၊ စိုးရိမ်ထိတ်လန့်ရန်မလိုအပ်တော့ပေ။ ယခင်ကဲ့သို့ အချိန်မှန်အလုပ်သွားအလုပ်ပြန်ပင် လုပ်နိုင်ပေမည်။ ဤသည်မှာ ယခင်က တွေးကြည့်ရုံဖြင့်ပင် ဇိမ်ခံမှုတစ်ခုဟု ခံစားခဲ့ရသော အတွေးတစ်ခုဖြစ်သည်။

ယနေ့ည၏လသည် အလွန်ပင်ဝိုင်းစက်နေပြီး ကြည်လင်သောလရောင်က စွဲမက်ဖွယ်ကောင်းသောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ လော်ယွမ်သည် ယနေ့မည်သည့်နေ့ဖြစ်သည်ကို မမှတ်မိတော့ပေ။ ယခုသည် နွေရာသီလော၊ ဆောင်းဦးရာသီလောကိုလည်း မသိတော့ပေ။ ကမ္ဘာမပျက်မီကာလသည် ယခုနှင့် အလွန်ပင်ကွာဝေးနေပြီဟု ခံစားမိပြီး မေ့လျော့သွားလုနီးပါးပင် ဖြစ်နေသည်။

ထိုအချိန်တွင် လော်ယွမ်၏မျက်မှောင်သည် အနည်းငယ်ကြုတ်မိသွားပြီး ပြန့်ကျဲနေသောအတွေးများမှ သတိပြန်ဝင်လာသည်။

မြေပြင်သည် အနည်းငယ်တုန်ခါသွားပြီး ပွတ်တိုက်သံသဲ့သဲ့နှင့်အတူ နောက်တစ်ခဏတွင် အဝေးမှ အဆောက်အအုံပြိုကျသံနှင့် လူများ၏စူးရှသောအော်သံများ ထွက်ပေါ်လာသည်။ သူက ရုတ်တရက်ထရပ်ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။

ဤအသံသည် ယခင်ကကြုံတွေ့ခဲ့ရသော သဲကန္တာရပိုးကောင်နှင့်တူသကဲ့သို့ပင်။

"လော်ယွမ် ဘာဖြစ်လို့လဲ" လော်ယွမ် ရုတ်တရက်ထရပ်သည်ကိုမြင်သောအခါ ဟွမ်ကျားဟွေက စူးစမ်းစွာမေးလိုက်သည်။

လူတိုင်းသည် လော်ယွမ်ကဲ့သို့ အကြားအာရုံမကောင်းသဖြင့် ဘာဖြစ်နေသည်ကို လုံးဝမသိကြပေ။

လော်ယွမ်က ခေါင်းခါကာ ပြောလိုက်သည်။ "ဘာမှမဖြစ်ဘူး"

ဤနေရာသည် ဖြစ်ပွားရာနေရာနှင့် အလွန်ဝေးကွာပြီး ထိုပိုးကောင်မျိုးသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသဖြင့် သူသွားရောက်လျှင်လည်း အရာမရောက်ပေ။ ထို့အပြင် ဤမြို့တွင် ဘာကာကွယ်ရေးအင်အားမှမရှိဘဲ နေမည်မဟုတ်ပေ။

အဆောက်အအုံပြိုကျသံများသည် မကြာခဏ ထွက်ပေါ်နေပြီး ငိုသံများနှင့် စူးရှသောအော်သံများက တစ်ဆက်တည်းဖြစ်နေသည်။ ထိုရူးသွပ်မတတ်အော်ဟစ်သံများသည် ကီလိုမီတာပေါင်းများစွာ ကွာဝေးနေသည့်တိုင် လော်ယွမ်က ထိုလူများ၏ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားနေရသည်။

မြို့၏ကာကွယ်ရေးစနစ်က အလွန်ထိရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သေနတ်သံများနှင့် အမြောက်သံများ ထွက်ပေါ်လာသည်။ လေထု၏ပျံ့လွင့်မှုကြောင့် အသံများက တိုးညင်းပြီး အားပျော့နေသည်။

သို့သော် ထို့နောက်တွင်တော့ လော်ယွမ်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ ဤဘက်သို့လာနေသော ပိုးကောင်က တစ်ကောင်မကတော့ပေ။

ဆက်ရန်...

အပိုင်း(၂၅၄)အထက်လူကြီး

ကန္တာရမြို့တော် အစိုးရုံးချုပ်ရှိ မြို့တော်ဝန်ရုံးခန်းထဲ၌…

သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးသည် မျက်မှောင်များတင်းကျပ်စွာကျုံ့ထားလျက် ယနေ့မပြီးပြတ်သေးသော စာရွက်စာတမ်းများကို အလျင်အမြန်လှန်လှောဖတ်ရှုနေ၏။ စာရွက်များလှန်လှောသံက တရွှီးရွှီးမြည်ဟည်းနေသည်။ ပြန်လည်တည်ဆောက်ရေးဇုန်၏ ရှေ့တန်းမြို့တော်တစ်ခုမှ မြို့တော်ဝန်တစ်ဦးအနေဖြင့် သူသည် ကြီးမားသောဖိအားဒဏ်ကို နေ့စဉ်နှင့်အမျှ ခံစားနေရသည်။ ဤရာထူးကိုတာဝန်ယူခဲ့သည်မှာ ခြောက်လမျှသာရှိသေးသော်လည်း အသက်သုံးဆယ့်ငါးနှစ်သာရှိသေးသော သူ၏နဖူးတွင် နက်ရှိုင်းသောတွန့်ကြောင်းများ ပေါ်ထွက်နေခဲ့ပြီဖြစ်သည်။ သူသည် ပိန်ကျသွားပြီး ကမ္ဘာမပျက်မီက ထွက်ပေါ်ခဲ့သော ဘီယာဗိုက်မှာလည်း အရိပ်အယောင်မျှပင်မကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။

ရုံးခန်းတစ်ခုလုံးရှိ ပြတင်းပေါက်များကို အနက်ရောင်စက္ကူထူများဖြင့် လုံအောင်ပိတ်ထားသောကြောင့် အခန်းတွင်းမှာ အနည်းငယ်အိုက်စပ်ပူလောင်လှသည်။ လျှပ်စစ်ပန်ကာက တဝီဝီမြည်ဟည်းကာ လည်ပတ်နေသော်ငြား သူ၏ကိုယ်မှချွေးများမှာ ရပ်တန့်ခြင်းမရှိပေ။ ပြန်လည်တည်ဆောက်ရေးဇုန်၏ ကြီးမားသောလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် မြို့တော်ဝန်တစ်ဦးဖြစ်သည့်တိုင် လေအေးပေးစက်ကိုမူ သူရရှိနိုင်ခြင်းမရှိပေ။ လူသားတို့အတွက် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သော လေအေးပေးစက်ကဲ့သို့သော ထုတ်လုပ်ရေးလိုင်းများ ရပ်ဆိုင်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူသည် စာရွက်စာတမ်းများတွင် မှတ်ချက်များရေးသားနေစဉ်မှာပင် ဖုန်းက ရုတ်တရက်ဆိုသလို မြည်ဟည်းလာခဲ့သည်။

သူဖုန်းကိုထုတ်ကြည့်လိုက်ရာ သတင်းအချက်အလက် စောင့်ကြည့်ရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွား၏။ သူက နံရံပေါ်ရှိနာရီကို လျင်မြန်စွာတစ်ချက်လှမ်းကြည့်လိုက်ရာ ညကိုးနာရီထိုးနေခဲ့ပြီဖြစ်သည်။ ဤအချိန်သည် အလုပ်ဆင်းချိန်ဖြစ်နေပြီဖြစ်ရာ သူ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မကောင်းသောနိမိတ်ကို ခံစားလိုက်ရသည်။ ဤအချိန်ကြီးဖုန်းဆက်လာသည်မှာ မတော်တဆမှုတစ်ခုခု ဖြစ်ပွားနေပြန်ပြီဖြစ်ရမည်။

ဖုန်းကိုင်ပြီး မကြာမီမှာပင် သူ၏မျက်နှာထားမှာ အလွန်ပင်ဆိုးရွားသွားတော့သည်။

"ဒါက မင်းရဲ့အဖြေလား... လက္ခဏာတွေကိုဘာလို့ ကြိုမသိရတာလဲ" မြို့တော်ဝန်ဝူက သံပြင်းပြင်းဖြင့် ဟိန်းဟောက်လိုက်သည်။

………………………………………………………………………………………………………………

"ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး... ငါရှင်းပြတာတွေမကြားချင်ဘူး... မင်းမှာအရည်အချင်းရှိရင် သေသွားတဲ့ဒုက္ခသည်တွေကို သွားပြောလိုက်... ငါလိုချင်တာက အာမခံချက်ပဲ" သူက စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ကော်လံကို ဆွဲဖြဲလိုက်သည်။ မြို့တော်ဝန်ဝူသည် ခဏတာဒေါသထွက်ပြီးနောက် ဖုန်းချလိုက်သည်။ သို့သော် လုံခြုံရေးစောင့်ကြည့်ရေးစင်တာကို အပြစ်တင်၍မရကြောင်း သူကောင်းစွာသိသည်။ အမှန်တကယ်တွင် ယခုအချိန်၌ မြေအောက်ကိုစောင့်ကြည့်ရန် ပိုမိုကောင်းမွန်သောနည်းပညာ မရှိသေးခြင်းသာဖြစ်သည်။

………………………………………………………………………………………………………………

"အတွင်းရေးမှူးကျန်း... ခင်ဗျားလည်း အခြေအနေကို သိလောက်ရောပေါ့... အခု ရပ်ကွက်ကို ပိတ်ဆို့ထားလိုက်ပြီ... အနီးဆုံးက တပ်ဖွဲ့တွေလည်း ထွက်ခွာသွားကြပြီ... ပြည်သူတွေကို ရွှေ့ပြောင်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်" သူက မြို့တော်ပါတီကော်မတီ အတွင်းရေးမှူးထံသို့ ဖုန်းခေါ်ဆိုကာ အခြေအနေကို အကြောင်းကြားလိုက်သည်။

သူဖုန်းချလိုက်သောအခါ လည်ချောင်းများ ခြောက်ကပ်လာသည်ကို ခံစားလိုက်ရသည်။ ရေသောက်ရန် လက်ဖက်ရည်ခွက်ကိုကိုင်မြှောက်လိုက်သောအခါ ခွက်ထဲတွင် ရေမရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ၏စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ လွန်ခဲ့သောခြောက်လကသာဆိုလျှင် ဤလက်ဖက်ရည်ခွက်သည် ကြေမွသွားခဲ့လောက်ပြီဖြစ်သည်။ သို့သော် ဤခြောက်လအတွင်း ဤသို့သောအဖြစ်အပျက်များကို သူအကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ မိမိကိုယ်ကို ထိန်းချုပ်တတ်နေခဲ့ပြီဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် သူက လက်ဖက်ရည်ခွက်ကို မူလနေရာသို့ပြန်ချကာ စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးနေလိုက်သည်။

သို့သော် ထိုင်၍မကြာမီမှာပင် ဖုန်းမြည်သံက နောက်တစ်ကြိမ်ထပ်မံမြည်ဟည်းလာပြန်သည်။ သူဖုန်းကိုထုတ်ကြည့်လိုက်ရာ လုံခြုံရေးစောင့်ကြည့်ရေးစင်တာမှ ညွှန်ကြားရေးမှူးပင်ဖြစ်နေသည်။ သူ၏မျက်ခုံးများတွန့်ချိုးသွားသော်လည်း အလျင်အမြန်ပင် ဖုန်းကိုင်လိုက်သည်။

"ဘာပြောတယ်... တစ်ကောင်တည်းမဟုတ်ဘဲ တစ်အုပ်လုံးဟုတ်လား... စုစုပေါင်းဘယ်လောက်ရှိသလဲ" မြို့တော်ဝန်ဝူက မယုံကြည်နိုင်သော မျက်နှာထားဖြင့် အကျယ်ကြီးအော်မေးလိုက်သည်။

…………………………………………………………………………………………………………

"အတွင်းရေးမှူးကျန်းနဲ့ တပ်မှူးလျိုကို အကြောင်းကြားပြီးပြီလား" သူ၏နဖူးတွင် ချွေးစေးများ စို့တက်လာသည်။

ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သောအသံကြီးတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး ကြေမွသွားသောကျောက်စများက ပြတင်းပေါက်ကိုလာမှန်ကာ တဒေါင်ဒေါင်မြည်ဟည်းသွားသည်။ မြေကြီးပင် အနည်းငယ်တုန်ခါသွားပြီး တံခါးမှာ ဒုန်းခနဲပွင့်ထွက်သွားကာ ဝင်လာသူမှာ သူ၏အတွင်းရေးမှူးဖြစ်၏။

"မြို့တော်ဝန်... ဒီနေရာက မလုံခြုံတော့ဘူး... ကျွန်တော်တို့ လုံခြုံတဲ့အခန်းကို ချက်ချင်းရွှေ့ပြောင်းမှရမယ်" အတွင်းရေးမှူးက တည်ကြည်သောမျက်နှာထားဖြင့် ဆိုလိုက်သည်။

"မဖြစ်ဘူး... မြို့တော်ဝန်တစ်ယောက်အနေနဲ့ ငါဒီမှာပဲနေမှရမှာ... မင်းအရင်သွားနှင့်" မြို့တော်ဝန်ဝူက ခဏတာတွန့်ဆုတ်သွားပြီးနောက် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ သူ၏စိတ်ထဲတွင် အနည်းငယ်စိုးရိမ်ထိတ်လန့်နေသော်လည်း မျက်နှာထားမှာမူ တည်ငြိမ်နေဆဲပင်။ မြို့တော်ဝန်တစ်ဦးအနေဖြင့် ဤသို့သောအရေးကြီးသည့်အချိန်တွင် ထွက်ပြေးတိမ်းရှောင်မည်ဆိုပါက သူ၏နိုင်ငံရေးဘဝမှာလည်း အဆုံးသတ်သွားမည်ဖြစ်ပြီး အခြေအနေဆိုးရွားပါက အသက်ကိုပင်မထိန်းသိမ်းနိုင်ဘဲ ဖြစ်သွားနိုင်သည်။

ယခုအချိန်သည် ငြိမ်ချမ်းသောကာလမဟုတ်ဘဲ မငြိမ်မသက်သောကာလတွင် ကြီးလေးသောပြစ်ဒဏ်များကို အသုံးပြုသည်။ သူသိရှိသလောက်ဆိုလျှင် ဤနှစ်များအတွင်း တာဝန်ပေါ့ဆမှုဖြင့် အရေးယူခံခဲ့ရသော အရာရှိများမှာ ထောင်ဂဏန်းမကရှိပြီး အချို့မှာ သူ၏အဆင့်ထက်ပင် များစွာမြင့်မားသေးသည်။

"ဒါဆိုရင်... ကျွန်တော်ဒီမှာပဲနေပြီး ခင်ဗျားကိုကာကွယ်ပေးပါ့မယ်" အတွင်းရေးမှူးက မျက်နှာထားမပြောင်းလဲဘဲ ဆိုလိုက်သည်။

မြို့တော်ဝန်ဝူက ခေါင်းညိတ်လိုက်ရာ စိတ်ထဲတွင် အနည်းငယ်ပေါ့ပါးသွားသည်။ သူ၏အတွင်းရေးမှူးမှာ စာရေးရုံသက်သက်မဟုတ်ဘဲ အဆင့်လေးရှိသော စွမ်းအားကြီးသည့်ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ရာ သာမန်သန္ဓေပြောင်းသတ္တဝါများမှာ သူ့အတွက် ကြက်သတ်သကဲ့သို့ လွယ်ကူလှသည်။

ထို့နောက်တွင် ဖုန်းမှာ ရပ်နားခြင်းမရှိတော့ဘဲ သူသည် အမိန့်အမျိုးမျိုးကို လျင်မြန်စွာချမှတ်နေရသည်။ မည်သည့်အချိန်မှန်းမသိ၊ ပြတင်းပေါက်အပြင်ဘက်မှ သေနတ်သံ၊ အမြောက်သံများက ကျယ်လောင်စွာထွက်ပေါ်နေခဲ့ပြီဖြစ်ပြီး လေထုထဲတွင် ယမ်းခိုးနံ့ပြင်းပြင်းက ပျံ့နှံ့နေသည်။

ရှေ့တန်းမြို့သည် အခြားမြို့များနှင့်မတူပေ။ ဤနေရာသည် တကယ့်စစ်မြေပြင်နှင့် ခြေတစ်လှမ်းသာကွာဝေးပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ နောက်ဆုံးကာကွယ်ရေးအတားအဆီးဖြစ်သည်။

စွမ်းအားကြီးသောကာကွယ်ရေးလက်နက်မျိုးစုံအပြင် မြို့တော်တွင် တပ်မတစ်ခုလုံး အမြဲတစေတပ်စွဲထားသည်။ အကယ်၍ အထိအခိုက်အဆုံးအရှုံးကိုမတွက်ဘဲ အမြောက်ကြီးများကိုအသုံးပြုမည်ဆိုပါက သဲကန္တာရ မြေအောက်တီကောင်တစ်ဆယ်ကျော်ကိုမဆိုထားနှင့် သားရဲလှိုင်းအလတ်စားတစ်ခုကိုပင် အလွယ်တကူဖြေရှင်းနိုင်သည်။

သို့သော် ဤအမိန့်မျိုးကို အကျပ်အတည်းဆုံးအခြေအနေမှသာ ထုတ်ပြန်နိုင်ပြီး နောက်ဆက်တွဲတာဝန်ယူမှုလည်း ရှိရသည်။

ထိုအချိန်တွင် အမြောက်ဆံတစ်တောင့်က မြို့တော်ဝန်ရုံးအနီးသို့ ပြင်းထန်စွာကျရောက်ပေါက်ကွဲပြီး နားကွဲမတတ်ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။ သစ်သားအဆောက်အအုံမှ ဖုန်မှုန့်များက တဖွဲဖွဲကြွေကျလာပြီး မြို့တော်ဝန်ဝူ၏နားထဲတွင် တဝီဝီမြည်ဟည်းသွားသည်။ သူက လက်သီးကိုတိတ်တဆိတ်ဆုပ်လိုက်ရာ လက်ဖဝါးထဲတွင် ချွေးများစိုရွှဲနေခဲ့ပြီဖြစ်သည်။

သို့သော် သူသည် မလှုပ်မယှက်ရပ်နေဆဲပင်။ သူက မိမိကိုယ်ကို ကံကောင်းသောသူတစ်ဦးဟု အမြဲမှတ်ယူခဲ့သည်။ ကမ္ဘာပျက်ကာလက သူ၏အစွယ်များကိုစတင်ထုတ်ပြချိန်တွင် သူနှင့်သူ၏ဇနီး၊ ကလေးတို့သည် တိဘက်သို့ ခရီးသွားနေခဲ့သည်။ ပြန်လာသည့်အခါတွင်မူ လေယာဉ်ခရီးစဉ်ပြဿနာကြောင့် သူတစ်ဦးတည်း ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။ ဤပုံမှန်မဟုတ်သောအဖြစ်အပျက်က သူ့ကိုအန္တရာယ်ကို ထက်မြက်စွာသတိပြုမိစေခဲ့သည်။ သူက အလုပ်မှခွင့်ယူလိုက်ပြီး ဇနီးကိုလည်း ထိုသို့ပြုလုပ်ရန်တိုက်တွန်းကာ တိဘက်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည်။

ကမ္ဘာပျက်ကာလ၏အစောပိုင်းတွင် တိဘက်ဒေသက လုံခြုံသောနေရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အခြားပြည်နယ်များ တစ်ခုပြီးတစ်ခုကျဆုံးသွားချိန်တွင် တိဘက်မှာမူ များစွာပြောင်းလဲမှုမရှိခဲ့ပေ။ တိဘက်သည် အမှန်တကယ်အန္တရာယ်များလာချိန်တွင်မူ ကြီးမားသောပြောင်းရွှေ့မှုကြီး စတင်ခဲ့ပြီး သူသည် ပထမဆုံးပြောင်းရွှေ့သည့်အဖွဲ့တွင် အောင်မြင်စွာပါဝင်နိုင်ခဲ့သည်။

သူ၏ရာထူးလမ်းမှာလည်း စတင်ကံကောင်းလာခဲ့သည်။ ရာထူးနေရာအများအပြား လစ်လပ်သွားသောကြောင့် သူ၏အတွက် ကြီးမားသောအခွင့်အရေးများရရှိခဲ့ပြီး ကမ္ဘာမပျက်မီက ဒုတိယဌာနခွဲမှူးအဆင့်ရာထူးမှ နှစ်နှစ်တာကာလအတွင်း ဌာနကြီးမှူးအဆင့်ရာထူးသို့ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် သူသည် ယနေ့အထက်လူကြီးများထံမှရရှိခဲ့သော အကြောင်းကြားစာကို ရုတ်တရက်သတိရသွားပြီး စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူက မိမိ၏အတွင်းရေးမှူးထံသို့ လှည့်၍ "ဒီနေ့ငါပြောတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရောက်လာပြီလား" ဟု မေးလိုက်သည်။

အတွင်းရေးမှူးက ခေါင်းခါပြသည်။ "ဘာသတင်းမရသေးဘူး"

မြို့တော်ဝန်ဝူ၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ "မဖြစ်နိုင်တာ... သူတို့ဒီညရောက်မယ်လို့ ငါအကြောင်းကြားစာရထားတယ်"

"နည်းနည်းနောက်ကျတာလည်း ဖြစ်နိုင်တာပဲ... ဒါမှမဟုတ် တခုခုကြောင့်ကြန့်ကြာနေတာလည်း ဖြစ်နိုင်တယ်... ဒါနဲ့ သူတို့က ဘယ်သူတွေလဲ" အတွင်းရေးမှူးက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်ပြီး ဘယ်သူ့ဆွေမျိုးများလဲဟု တွေးနေမိသည်။ ဤသို့သောအခြေအနေမျိုးမှာ ယခင်ကမကြာခဏဖြစ်ပွားလေ့ရှိပြီး နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူများ နည်းပါးလာမှသာ တဖြည်းဖြည်းပျောက်ကွယ်သွားခြင်းဖြစ်သည်။

"အထက်က ပေးပို့တဲ့ ကြေးနန်းစာအရဆို သူတို့က မင်းလို ဆင့်ကဲပြောင်းလဲသူတွေတဲ့... စွမ်းအားအရမ်းကြီးတယ်လို့ပြောတယ်" မြို့တော်ဝန်ဝူက ဖုံးကွယ်ခြင်းမရှိဘဲ ဆိုလိုက်သည်။ အတွင်းရေးမှူးနှင့် သူသည် မူလကတည်းက ရင်းနှီးသောဆက်ဆံရေးဖြစ်ပြီး အတူတူကောင်းတူဆိုးဖက်ဖြစ်သည်။ ထို့အပြင် အတွင်းရေးမှုးက ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ရာ အရေးကြီးသည့်အချိန်တွင် သူ၏အသက်ကိုပင် ကယ်တင်နိုင်သည်။

အတွင်းရေးမှူး၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး မျက်နှာထားမှာလည်း တည်ကြည်သွားသည်။ အဆင့်လေးဆင့်ကဲပြောင်းလဲသူသည် သာမန်လူများ၏မျက်လုံးထဲတွင် အလွန်အားကြီးသူဖြစ်သော်လည်း ဤသို့သောစွမ်းအားရှိသူများသည် ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခုလုံးတွင် သောင်းဂဏန်းမရှိလျှင်ပင် တစ်သောင်းအထက်တွင်ရှိပေသည်။ အထက်လူကြီးများ၏စိတ်ထဲတွင် မှတ်မှတ်ရရရှိနိုင်သော ဆင့်ကဲပြောင်းလဲသူဆိုလျှင် အနည်းဆုံးအဆင့်ငါး၊ သို့မဟုတ် အဆင့်ခြောက်ပင်ဖြစ်နိုင်ပေသည်။

"ကျွန်တော် သွားစုံစမ်းကြည့်လိုက်ပါ့မယ်"

ဆက်ရန်...

အပိုင်း(၂၅၅)ဝင်ရောက်ခြင်း

အတွင်းရေးမှူး၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့်ပင် မြို့တော်ဝန်ဝူသည် ထိုသူက မိမိ၏စကားများကို ယခင်က လုံးဝအလေးအနက်မထားခဲ့ကြောင်း သိရှိလိုက်၏။ အောက်ခြေရှိ ကင်းစောင့်စစ်သားများကိုပင် အကြောင်းကြားထားမည် မဟုတ်လောက်ပေ။

သို့သော် သူက မည်သည့်စကားမျှ မဆိုချေ။ ဤအဖြစ်မျိုးကို သူ ကျင့်သားရနေခဲ့ပြီဖြစ်သည်။ သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့"

အတွင်းရေးမှူးက မျက်နှာသေဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားသောအခါ မြို့တော်ဝန်ဝူ၏ မျက်နှာထက်၌ ခါးသက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဆင့်ကဲပြောင်းလဲသူတို့သည် ထူးခြားသော လူအုပ်စုတစ်စု ဖြစ်ကြ၏။ ၎င်းတို့သည် စွမ်းအားကြီးမားပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ထိန်းချုပ်ရခက်လှသည်။ သာမန်လူသားများနှင့် ဆက်ဆံသည့်အခါတိုင်း၌ မည်သို့ဖော်ပြရမှန်းမသိသော အပေါ်စီးမှ ကြည့်သည့် ခံစားချက်မျိုး အမြဲရှိနေတတ်၏။ အစွန်းရောက်သော ဆင့်ကဲပြောင်းလဲသူအချို့ကမူ မိမိတို့ကိုယ်ကို လူသားများထက် သာလွန်မြင့်မြတ်ပြီး ဆင့်ကဲပြောင်းလဲမှု၏ ဦးတည်ရာ၊ ကမ္ဘာပျက်ကပ်၏ ကယ်တင်ရှင်များဟုပင် ထင်မှတ်နေကြသည်။ သာမန်လူသားများက ၎င်းတို့ကို ဦးဆောင်ရန် လုံးဝမထိုက်တန်ဟု ယူဆကြ၏။

အပေါ်ယံ၌ စည်းလုံးညီညွတ်နေသယောင်ရှိသော ပြန်လည်တည်ဆောက်ရေးဇုန်၏ အတွင်းပိုင်း၌မူ လျှို့ဝှက်သော လှိုင်းလုံးကြီးများနှင့် ပဋိပက္ခများက ပြင်းထန်စွာ ဖြစ်ပေါ်နေခဲ့ပြီးဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်၏ ကြီးမားသော ရန်သူကို ရင်ဆိုင်နေရချိန် နှင့် အန္တရာယ်သည် မျက်စိရှေ့မှောက်သို့ ကျရောက်နေချိန်သာ မဟုတ်ပါက ဆင့်ကဲပြောင်းလဲသူများနှင့် သာမန်လူသားများကြားမှ စစ်ပွဲကြီးတစ်ပွဲသည် စတင်ဖြစ်ပွားနေလောက်ပြီ ဖြစ်၏။

........................................................................................................................................

အဝေး၌ အမြောက်သံများက မိုးခြိမ်းသံသဲ့သဲ့ပမာ ပေါက်ကွဲနေပြီး လေထုထဲ၌ ပြင်းထန်သော ယမ်းငွေ့နံ့တစ်မျိုး ပျံ့နှံ့နေ၏။

"လော်ယွမ်... မသွားနဲ့ အရမ်းအန္တရာယ်များတယ်" လော်ယွမ်က ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ ဟွမ်ကျားဟွေက အလျင်အမြန် ပြောလိုက်သည်။

"စောစောက သူတို့ သမီးတို့ကို မြို့ထဲမဝင်ခိုင်းပဲနဲ့... အခု သူတို့ဘာဖြစ်ဖြစ် ဂရုစိုက်စရာလား" ဝမ်ရှီရှီက မျက်နှာထား မပျက်ဘဲ ပြောလိုက်၏။

တပ်ခွဲမှူးရှက ခဏတာ နားစွင့်လိုက်သည်။ သူ၏ အကြားအာရုံသည် လော်ယွမ်လောက် မကောင်းမွန်သော်လည်း အမြောက်ပစ်ခတ်မှု၏ သိပ်သည်းမှုနှင့် ပေါက်ကွဲသံတို့အရ အခြေအနေကို ခန့်မှန်းနိုင်သေး၏။ "ဘာမှမဖြစ်လောက်ပါဘူး... ဒီလိုတိုက်ခိုက်မှုမျိုးက စစ်အင်အားအပြည့် နဲ့ကာကွယ်ထားတဲ့ ရှေ့တန်းမြို့တစ်မြို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး... အမြောက်သံကို နားထောင်ကြည့်ရင် အခုသုံးနေတာက အမြောက်ငယ်လေးတွေပဲ... အမြောက်ကြီးတွေ သုံးတာတောင် မဟုတ်သေးဘူး"

အကယ်၍သာ အမြောက်ကြီးများ သုံးခဲ့လျှင် သေဆုံးသူ မနည်းလောက်ဟု တပ်ခွဲမှူးရှက စိတ်ထဲ၌ တွေးလိုက်မိသော်လည်း သူ၏ မျက်နှာထားမှာမူ အလွန်အမင်း တည်ငြိမ်နေ၏။ သူကဲ့သို့ သွေးနှင့်မီးပင်လယ်ထဲမှ ထွက်ပေါ်လာသော စစ်သားတစ်ဦးအဖို့ သေဆုံးခြင်းကို မြင်တွေ့နေကျဖြစ်နေခဲ့ပြီ။ ရင်းနှီးသော တပ်ဖွဲ့ဝင်ရဲဘော်များ မဟုတ်ပါက အခြားသူစိမ်းများ၏ အသက်သည် သူတို့၏ မျက်လုံးထဲ၌ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။

လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဓားရိုးပေါ်မှ လက်ကို လွှတ်လိုက်၏။ ဤသည်မှာ သူနှင့် ရင်းနှီးကျွမ်းဝင်သော တောနက်ကြီးမဟုတ်ဘဲ အမြောက်ဆံများ အဆက်မပြတ် ကျရောက်နေသော စစ်မြေပြင်အစစ် ဖြစ်၏။

မိုးရွာသကဲ့သို့ ထူထပ်သော ကျည်ဆန်များ၊ ဝှေ့ဝဲပျံသန်းနေသော အမြောက်ဆံများ... အကယ်၍သာ မဆင်မခြင် ဝင်ရောက်သွားပါက သူပင်လျှင် အကောင်းအတိုင်း ရှိတော့မည်မဟုတ်ပေ။ သူ၏ စွမ်းအား မည်မျှပင် ကြီးမားစေကာမူ ခန္ဓာကိုယ်သည် အသွေးအသားဖြင့် တည်ဆောက်ထားဆဲဖြစ်၏။ ဆယ့်လေးမှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်ပစ္စတိုကျည်ဆန်များကို ခုခံနိုင်သော်လည်း ကမ္ဘာပျက်ကပ်နောက်ပိုင်း ပြန်လည်ပြုပြင်ထားသော အထူးရိုင်ဖယ်ကျည်ဆန်များကိုမူ မခုခံနိုင်ပေ။ အမြောက်ဆံများကိုမူ ဆိုဖွယ်ရာမရှိတော့ချေ။

စစ်မြေပြင်ထဲသို့ မဆင်မခြင် ဝင်ရောက်သွားခြင်းသည် အလွန်အမင်း အန္တရာယ်များလှ၏။

လူတစ်စုလုံး၏ မျက်နှာထားများ တည်ကြည်နေကြပြီး အဝေးမှ အမြောက်သံများကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီး မြို့ထဲသို့ပင် မဝင်ရောက်ရသေးမီမှာပင် သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုတစ်ရပ်ကို မျက်မြင်ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

ထိုအချိန်၌ ဂိတ်တံခါးမကြီးက လေးလံသော ညည်းညူသံတစ်ချက် ပြုလိုက်ပြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

လူအုပ်စုသည် ကြောင်သွားပြီး ဂိတ်တံခါးဝသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။ မကြာမီမှာပင် စစ်သားလေးတစ်ဦးက အပြေးအလွှား ရောက်လာ၏။ "ခင်ဗျားတို့ထဲမှာ လော်ယွမ်လို့ခေါ်တဲ့သူ ရှိပါသလား"

"ကျွန်တော်ပဲ... ဘာဖြစ်လို့လဲ" လော်ယွမ်က ထမရပ်ဘဲ ထိုသူ့ကို နားမလည်နိုင်စွာ တစ်ချက် ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ ယခင်က အဘယ်ကြောင့် ငြင်းပယ်ခံခဲ့ရသည်ကို သူနားလည်နိုင်သော်လည်း ယခု ရင်းနီးခင်မင်ရန်မှာမူ မဖြစ်နိုင်တော့ချေ။

အကြောင်းအရင်းကို မသိသော်လည်း စစ်သားလေးသည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး နှလုံးသည် ဗုံတီးနေသည့်အလား ဒိန်းတဒိန်းခုန်နေတော့သည်။ သူက အလျင်အမြန် ပြောလိုက်၏။ "ခင်ဗျားတို့ အခုဝင်လို့ရပြီ... ခင်ဗျားကို တွေ့ချင်နေတဲ့သူရှိတယ်"

"မဝင်ခိုင်းတာလည်း နင်တို့ပဲ... ခုဝင်ခိုင်းတော့လည်း နင်တို့ပဲ... စောစောက ကူးစက်ရောဂါ စစ်ဆေးရဦးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား" ဝမ်ရှီရှီက စိတ်ထဲရှိသည့်အတိုင်း ပြောတတ်သူဖြစ်ရာ အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်၏။

ယခင်က တည်ကြည်နေသော စစ်သားငယ်လေးသည် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသော ဤမိန်းကလေးကို မြင်သောအခါ မျက်လုံးများကို အလျင်အမြန် ရှောင်လွှဲလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား စကားထစ်နေပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။

"ရှီရှီ... သူများကို အခက်တွေ့အောင် မလုပ်နဲ့... ဝင်လို့ရပြီဆိုမှတော့ ငါတို့ ဝင်သွားကြတာပေါ့" လော်ယွမ်က ပြောလိုက်သည်။ သူ၏ စိတ်ထဲ၌ နားမလည်နိုင်မှုများ ရှိနေသော်လည်း ဤစစ်သားကို မေး၍ အသုံးမဝင်ကြောင်း သူသိ၏။ နေရာရောက်လျှင် အလိုလို သိရှိလာမည်သာ ဖြစ်သည်။

ဝမ်ရှီရှီသည်လည်း ဒေါသထွက်၍ ပြောလိုက်ခြင်းသာဖြစ်ရာ လော်ယွမ်က ပြောသည်နှင့် စကားဆက်မဆိုတော့ချေ။

"အော်ဒါနဲ့... တိုက်ခိုက်ရေးသားရဲတွေကော ဘယ်လိုလုပ်မလဲ... မြို့ထဲခေါ်လာလို့ရလား" လော်ယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး ရုတ်တရက် မေးလိုက်သည်။

"တ... တောင်းပန်ပါတယ်... ကျွန်တော်တို့မှာ စည်းမျဉ်းအရဆို... တိုက်ခိုက်ရေးသားရဲတွေကို သတ်မှတ်ထားတဲ့ နေရာမှာပဲ ထားရှိမွေးမြူခွင့်ရှိပါတယ်" စစ်သားလေးက သတ္တိမွေးကာ ပြောလိုက်၏။

"ဒီနေရာမှာ အမြောက်ဆံတွေချည်းပဲ... မတော်တဆလာထိရင် ဒုက္ခရောက်သွားမှာပေါ့" လော်ယွမ်က မေးလိုက်သည်။ ဤတိုက်ခိုက်ရေးသားရဲနှစ်ကောင်သည် ကမ္ဘာပျက်ကပ်ထဲ၌ လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့ပြီး အထူးသဖြင့် ဧရာမဖွတ်ကြီးသာ မရှိခဲ့ပါက သူတို့တစ်စု ခြေကျင်ခရီးဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိလာနိုင်မည်မဟုတ်ပေ။ အကယ်၍သာ မှားယွင်းပစ်ခတ်ခံလိုက်ရပါက အလွန်အမင်း နှမြောစရာကောင်းလှ၏။

"အဲ့လိုမဖြစ်ပါဘူး... ယဉ်ပါးမှုအဆင့်ကို စစ်ဆေးပြီး အောင်မြင်သွားတာနဲ့ ကျွန်တော်တို့က သူတို့ကို အမှတ်အသားတပ်ပြီး မှတ်ပုံတင်ချစ်ပ်ပြား ထည့်သွင်းပေးမှာပါ... ဒါဆိုဥပဒေရဲ့ အကာအကွယ်လည်း ရရှိလိမ့်မယ်... ခင်ဗျားအနေနဲ့ လစဉ် ကျသင့်ငွေကို ပေးချေရုံပါပဲ"

လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ မြို့ထဲ၌ ဧရာမသားရဲကြီးများ ဝင်ရောက်ရန် အမှန်တကယ်ပင် မသင့်တော်ပေ။ ထိုနေရာ၌ လူများ ထူထပ်လှရာ ယဉ်ပါးပြီးသော ဧရာမသားရဲများသည် အလိုအလျောက် တိုက်ခိုက်ခြင်းမရှိသည့်တိုင်အောင် ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် လှုပ်ရှားသွားလာသည့်အခါ မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

ကျသင့်ငွေအတွက်မူ သူ စိုးရိမ်ခြင်းမရှိပေ။ သူပေါင်းစပ်နိုင်သော ပစ္စည်းများ၏ တန်ဖိုးနှင့်ယှဉ်လျှင် သူကဲ့သို့ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ဦးအတွက် ပိုက်ဆံသည် ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။

လော်ယွမ်က ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကို မူလနေရာ၌ နေစေခဲ့ပြီးနောက် စစ်သားလေးနှင့်အတူ ဂိတ်တံခါးမကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့ကို ကြိုဆိုနေသူမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မြို့တော်ဝန်၏ အတွင်းရေးမှူးပင် ဖြစ်သည်။

ထိုအချိန်၌ သူ၏ မျက်နှာသည် ရိုသေလေးစားမှုတစ်စဖြင့် ပြည့်နှက်နေပြီး ခါးသည် အနည်းငယ် ကိုင်းညွတ်နေသည်။ မြို့တော်ဝန်ဝူ၏ ရှေ့၌ပင်လျှင် သူ ဤမျှ ရိုသေလေးစားခဲ့ဖူးခြင်းမရှိပေ။ သူ၏ မျက်လုံးထဲ၌ လော်ယွမ်၏ တစ်ကိုယ်လုံးသည် ပူပြင်းတောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေပြီး အနားသို့ ချဉ်းကပ်လာသည်နှင့် သူကိုယ်တိုင်ပင်လျှင် လောင်ကျွမ်းသွားတော့မည့်အလား ခံစားနေရသည်။

သူက အလျင်အမြန် မျက်လုံးများကို အောက်သို့ချလိုက်ပြီး ဆက်လက်မကြည့်ဝံ့တော့ချေ။

သူ၏ ဆင့်ကဲပြောင်းလဲနိုင်စွမ်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းလှ၏။ သူသည် မျက်လုံးနှစ်စုံဖြင့် လူတစ်ဦး၏ ဝိညာဉ်အလင်းရောင်ကို ထွင်းဖောက်မြင်နိုင်ပြီး သက်ရောက်မှုရှိအောင် ပြုလုပ်နိုင်ကာ ငြိမ်းသတ်ပစ်နိုင်သည်အထိပင် ဖြစ်သည်။ သာမန်လူတစ်ဦး၏ ဝိညာဉ်အလင်းရောင်သည် ဖယောင်းတိုင်မီးကဲ့သို့ မှိန်ဖျော့နေလျှင် လော်ယွမ်မှာမူ နေလုံးငယ်တစ်စင်းနှင့်ပင် တူနေတော့သည်။

ဤသို့သော ဖြစ်စဉ်မျိုးကို အားကောင်းသော သန္ဓေပြောင်းသားရဲအချို့မှလွဲ၍ ဤမျှ အားကောင်းသော ဝိညာဉ်အလင်းရောင်ကို ပိုင်ဆိုင်ထားသူအား သူ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ သူ ယခင်က တွေ့ဆုံခဲ့ဖူးသော အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတစ်ဦးပင်လျှင် ထိုသူနှင့် မယှဉ်နိုင်ဘဲ နေမင်းနှင့် လမင်းကို နှိုင်းယှဉ်နေသကဲ့သို့ပင်။

လော်ယွမ် စကားမစမီမှာပင် သူက ချက်ချင်း ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။ "မင်္ဂလာပါ ဆရာယွမ်... မြို့တော်ဝန်က ခင်ဗျားကို တွေ့ချင်နေတယ်"

လော်ယွမ်သည် အနည်းငယ် အံ့ဩသွားပြီး ခေတ္တမျှ စဉ်းစားလိုက်ရာ အနည်းငယ် ခန့်မှန်းမိသွားဟန်တူ၏။ သူက ပြောလိုက်သည်။ "လမ်းပြပါ"

ပိုက်ဆံသည် လူကို သတ္တိရှိစေပြီး အရည်အချင်းသည် လူကို ရဲရင့်စေသည်။ အကယ်၍သာ ယခင်က ဤသို့သော လူကြီးမင်းတစ်ဦး၏ ဖိတ်ကြားခြင်းကို ခံရပါက ဝမ်းသာလွန်း၍ ကြည်နူးခြင်း သို့မဟုတ် စိတ်လှုပ်ရှားနေမိမည်ဖြစ်သည်။ သို့သော် ယခုအခါ၌မူ သူသည် မည်သည့်ခံစားချက်မျှမရှိဘဲ တည်ငြိမ်နေတော့သည်။

လော်ယွမ်သာမက ဟော်တုံတို့ပင်လျှင် စိတ်အနည်းငယ်သာ လှုပ်ရှားသွားကြသည်။ ကြမ်းတမ်းသော ကမ္ဘာပျက်ကပ်ထဲ၌ အချိန်အကြာကြီး ရုန်းကန်ခဲ့ရပြီးနောက် စည်းမျဉ်းများ၏ သက်ရောက်မှုသည် စိတ်ထဲ၌ မှေးမှိန်သွားခဲ့ပြီး ငြိမ်းချမ်းသောခေတ်ကကဲ့သို့ အာဏာအပေါ် ကြောက်ရွံ့ရိုသေမှုမျိုး မရှိတော့ချေ။

အတွင်းရေးမှူးသည် ဤအပေါ်၌ အနည်းငယ်မျှ အံ့ဩခြင်းမရှိဘဲ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ သဘောထားကာ ခေါင်းကိုငုံ့၍ ရှေ့မှ အမြန်လမ်းလျှောက် လမ်းပြသွားသည်။

ကန္တာရမြို့သည် အလွန်သေးငယ်ပြီး ကမ္ဘာပျက်ကပ်မတိုင်မီက မြို့ငယ်လေးတစ်မြို့၏ အရွယ်အစားခန့်သာ ရှိပေလိမ့်မည်။ ထို့အပြင် ဘေးနှစ်ဖက်မှ အိမ်များသည် နိမ့်ကျနေပြီး အများစုမှာ နှစ်ထပ်၊ သုံးထပ်ရှိသော သစ်သားအိမ်ငယ်လေးများသာ ဖြစ်သည်။ လော်ယွမ်သည် လမ်းတစ်လျှောက်လုံး၌ ပြတင်းပေါက်များကို တွေ့ရခဲလှ၏။

လမ်းမများသည် ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး အမှိုက်သရိုက်များနှင့် ရွှံ့နွံများဖြင့် ပြည့်နေသည်။ အချို့နေရာများတွင် ကြီးမားသော ပြိုကျမှုများပင် ဖြစ်ပေါ်နေသည်။ လမ်းမကြီးကို ဘိလပ်မြေဖြင့် ဖာထေးထားသည်မှလွဲ၍ အနီးအနားမှ အဆောက်အအုံများသည် အများအပြား ပြိုကျပျက်စီးနေလေပြီ။

ဤနေရာသည် မူလက သဲကန္တာရဖြစ်သည့်အတွက် အခြေခံအုတ်မြစ် မခိုင်မာပေ။ ထို့အပြင် မြို့တည်ဆောက်စဉ်ကလည်း သေသေချာချာ ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ အုတ်မြစ်သည် အလွန်တိမ်သည့်အတွက် ပြိုကျခြင်းသည် ပုံမှန်အဖြစ်အပျက်တစ်ခု ဖြစ်နေပေလိမ့်မည်။

လမ်းခရီး၌ တင်းကျပ်စွာ စောင့်ကြပ်ထားသော စက်မှုဇုန်တစ်ခုကို ဖြတ်သန်းသွားခဲ့သည်။ လရောင်အောက်၌ ကြီးမားသော အမြောက်များနှင့် သံချပ်ကာကားများက လမ်းမများပေါ်၌ အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ မြေပိုးကောင်များ ကျူးကျော်ဝင်ရောက်သည့်တိုင်အောင် ဤလက်နက်ကိုင်အင်အားစုများသည် တစ်စက်ကလေးမျှ လှုပ်ရှားခြင်းမရှိချေ။

စက်မှုဇုန်တစ်ခုလုံး၌ မီးရောင်ကို တွေ့ရခဲလှပြီး အဝေး တံခါးကြားမှ ယိုစိမ့်ထွက်လာသော အလင်းရောင်အမျှင်တန်းများနှင့် စက်ယန္တရားများ၏ လေးလံသော မြည်ဟီးသံများကသာလျှင် ဤစက်ရုံများသည် နေ့ရောညပါ မနားတမ်း ထုတ်လုပ်နေကြောင်းကို ညွှန်ပြနေသည်။

တစ်ဆယ့်မိနစ်ခန့် လျှောက်ပြီးနောက် လော်ယွမ်တို့တစ်စုသည် သုံးထပ်အဆောက်အအုံငယ်လေးတစ်လုံးအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ဆက်ရန်...

အပိုင်း(၂၅၆)ဖြေရှင်းခြင်း

အမည် - လော်ယွမ်

လိင် - ကျား

အသက် - ၂၄ နှစ်

ဇာတိ - ကျန်းနန်ပြည်နယ်၊ တုံဟူမြို့ (အတည်ပြုရန်လို)

သန္ဓေပြောင်းအစွမ်း - မြေဓာတ်အမျိုးအစား အထူးသန္ဓေပြောင်းလဲသူ၊ အမြန်နှုန်းအမျိုးအစား ပြောင်းလဲသူ (ထပ်မံအတည်ပြုရန်လို)

အဆင့် - အဆင့်၅ (အတည်ပြုရန်လို)

အန္တရာယ်အဆင့် - A အဆင့် (အဓိက စောင့်ကြည့်စစ်ဆေးရမည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး)

အပြင်ဘက်တွင် အမြောက်သံတို့သည် တခြိမ့်ခြိမ့်မြည်ဟည်းနေပြီး ယမ်းငွေ့တို့ဖြင့် ပိတ်မှောင်နေ၏။ မြို့တော်ဝန်ဝူသည် ကိုယ့်ကိုယ်ကို အတင်းတည်ငြိမ်အောင်ထိန်းရင်း အလုပ်စားပွဲ ထိုင်လျက် ထိုစာရွက်စာတမ်းကို အသေအချာ စူးစိုက်ဖတ်ရှုနေလေသည်။ စာရွက်စာတမ်းပါ အချက်အလက်တို့သည် အလွန်အမင်းအကြမ်းထည်ဆန်ပြီး လိုအပ်သည်ထက်ပင် ပို၍ရိုးရှင်းလှ၏။ အချက်အလတ်များစွာကို မသေချာမရေရာသော လေသံဖြင့် သုံးသပ်ဖော်ပြထားသည်။ သို့သော် အမှန်တကယ်တွင် ဤစာရွက်စာတမ်းသည် နေ့လယ်ကတည်းက ဖက်စ်ဖြင့် ရောက်ရှိလာခဲ့ပြီး မြို့တော်ဝန်ဝူက အကြိမ်ပေါင်းများစွာ ဖတ်ရှုပြီးဖြစ်ကာ စကားလုံးတိုင်းကိုပင် အလွတ်ရွတ်ဆိုနိုင်နေပြီဖြစ်သည်။

အဆင့်၅။ ဤသည်မှာ အဆင့်၅ သန္ဓေပြောင်းလဲသူဖြစ်၏။ သူ၏အတွင်းရေးမှူးမှာ အဆင့်လေး သန္ဓေပြောင်းလဲသူဖြစ်၍ အဆင့်တစ်ဆင့်သာ ကွာဟသည်ဟု ထင်ရသော်လည်း စွမ်းဆောင်ရည်ကွာခြားချက်ကို ထားဦးတော့၊ ယခုတစ်နိုင်ငံလုံးတွင်ပင် အဆင့်လေး သန္ဓေပြောင်းလဲသူ အရေအတွက်မှာ သောင်းဂဏန်းအထိရှိသော်လည်း အဆင့်ငါး သန္ဓေပြောင်းလဲသူမှာမူ တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာရှိသည်ကို ကြည့်လျှင် ကွာခြားချက်ကို သိနိုင်၏။

ဤသို့သောပုဂ္ဂိုလ်မျိုးသည် ဇာမဏီငှက်၏အမွေး၊ နတ်မြင်းပျံ၏ဦးချိုကဲ့သို့ ရှားပါးလှပြီး အများအားဖြင့် စစ်ဒေသကြီးများ၊ အဓိကစက်မှုအခြေစိုက်စခန်းများ သို့မဟုတ် အရေးပါသော သတ္တုတွင်းဒေသများတွင်သာ ရှိတတ်သည်။ ကန္တာရမြို့တွင် တစ်ယောက်မျှမရှိသည်ကိုထားဦး၊ သူသည် မြင်ပင်မမြင်ဖူးခဲ့ချေ။

ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

"မြို့တော်ဝန်... သူတို့ရောက်လာပြီ"

အတွင်းရေးမှူး၏အသံဖြစ်သည်။ မြို့တော်ဝန်ဝူ၏စိတ်ထဲတွင် ဝမ်းသာသွားပြီး "အမြန်... သူတို့ကို အထဲကိုခေါ်လိုက်" ဟု ဆိုလိုက်သည်။

သူသည် တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်သော်လည်း သူ၏အသံထဲတွင် အလျင်လိုမှုနှင့် တည်ကြည်မှုအရိပ်အယောင်တို့ ပါဝင်နေ၏။

တံခါးပွင့်လာသည်နှင့်အတူ ပြင်းထန်သောယမ်းငွေ့နံ့တို့ လှိုင်ခနဲဝင်ရောက်လာပြီး လူတစ်စု ဝင်လာကြရာ ကျဉ်းမြောင်းသောရုံးခန်းက ချက်ချင်းပင် ပြည့်ကျပ်သွားတော့သည်။

"အားလုံး ခရီးပမ်းလာကြပြီထင်တယ်... အသက်ရှင်ကျန်ရစ်သူတွေ ခုထိရှိနေဦးမယ်လို့ မထင်ထားဘူး... ထိုင်ကြ... ထိုင်ကြ... အားမနာကြနဲ့နော်... ရှောင်ကျန်း ရေနွေးကြမ်းသွားနှပ်လိုက်ပါဦး" မြို့တော်ဝန်ဝူသည် မတ်တပ်ထရပ်လိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် ပြောလိုက်သော်လည်း သူ၏မျက်လုံးများကမူ ဤလူအုပ်ကို မသိမသာ အကဲခတ်လျက်ရှိ၏။

သူက မည်သူမှာ လော်ယွမ်ဖြစ်သည်ကို မသိသော်လည်း တစ်စုံတစ်ရာသော ဆွဲဆောင်မှုရှိနေသည့်အလား သူ၏အကြည့်သည် ထိုသူထံသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။

ထိုသူသည် အရပ်မြင့်မားပြီး ရုပ်ရည်သန့်ပြန့်ကာ အသားအရေမှာ ချောမွေ့တောက်ပလျက်ရှိ၏။ သူ့ကိုကြည့်ရသည်မှာ အလွန်သန့်ရှင်းသပ်ရပ်သော်လည်း နုဖတ်နေသကဲ့သို့သော ခံစားချက်မျိုးမရှိဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး မြင်ရသူကို ကြောက်ရွံ့ရိုသေစေကာ မပြစ်မှားဝံ့စေချေ။

ရုံးခန်းမှာ အနည်းငယ်ကျဉ်းမြောင်းသော်လည်း သစ်သားခုံတန်းရှည်နှစ်တန်း ချထား၏။ လော်ယွမ်သည် ထိုင်လိုက်ပြီးနောက် "ရေနွေးကြမ်းတော့ မလုပ်ပါနဲ့... မသောက်တော့တာလဲကြာပြီ... ကျွန်တော်တို့ကိုရေနွေးဖြူပဲပေးပါ" ဟုဆို၏။

မြို့တော်ဝန်ဝူကလည်း ချက်ချင်းပင် "ရေနွေးဖြူက အကောင်းဆုံးပဲ... အခုခေတ်လက်ဖက်ခြောက်ကလည်း အရသာ မရှိတော့ဘူး" ဟု လိုက်လျောပြောဆိုလိုက်သည်။

ရေနွေးဖြူက အလျင်အမြန်ရောက်ရှိလာ၏။ လော်ယွမ်က ခွက်ကိုယူ၍ အနည်းငယ်မော့သောက်လိုက်ပြီးနောက် တစ်ကျိုက်တည်း အကုန်မော့ချလိုက်သည်။

မြို့တော်ဝန်ဝူ၏ မျက်ခုံးတို့ တစ်ချက်တွန့်သွား၏။ ဤသည်မှာ ဆူပွက်ပြီး ချထားတာမကြာသေးသော ရေနွေးဖြစ်သည်။

လော်ယွမ်က ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး "ကျွန်တော်တို့အလာပ သလာပတွေ ကျော်လိုက်ရအောင်... ကျွန်တော်နားမလည်တာတခုရှိတယ်... ဒီလိုအချိန်မျိုးမှာ အလုပ်ရှုပ်နေရမယ့်မြို့တော်ဝန်က ညတွင်းချင်း ကျွန်တော်တို့ကိုဘာလို့ခေါ်တွေ့တာလဲ... အသက်ရှင်ကျန်ရစ်သူတိုင်းကိုတော့ အဲ့လိုခေါ်မတွေ့လောက်ဘူးလို့ ကျွန်တော်ထင်တယ်" ဟုမေးလိုက်သည်။

လော်ယွမ်သည် အစောပိုင်းကတည်းက အနည်းငယ်ခန့်မှန်းမိခဲ့သော်လည်း အမှန်တကယ်သိရှိလိုပါက တိုက်ရိုက်မေးမြန်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်၏။ သူ၏စွမ်းဆောင်ရည် မြင့်မားလာသည်နှင့်အမျှ သူသည် ပြဿနာများကို တိုက်ရိုက်ဖြေရှင်းရန် ပို၍နှစ်သက်လာသည်။

သူ၏အသံမှာ မနှေးမမြန်ဖြင့် သာယာနာပျော်ဖွယ်ရှိသော်လည်း ကြားရသူကို အမည်မသိသော ဖိအားတစ်ရပ်ကို ပေးစွမ်း၏။ မြို့တော်ဝန်ဝူ၏စိတ်ထဲတွင် တင်းကျပ်သွားပြီး နဖူးတွင် ချွေးစေးများ မသိမသာ စို့တက်လာသည်။ သူက အလျင်အမြန်ပင် "လူတိုင်းကိုတော့ ဘယ်ဟုတ်ပါ့မလဲ... ဆရာယွမ်ရဲ့အစွမ်းအစကမသေးတော့ ခင်ဗျားတို့ရောက်လာလာချင်းပဲ အထက်က ချက်ချင်းသတိထားမိသွားတယ်လေ... ဒီနေရာကခံတပ်နယ်မြေဆိုတော့ ကောင်းကင်မှာ ဒရုန်းတွေက နေရာအနှံ့ရှိတယ်... ခင်ဗျားတို့ရောက်မလာခင်ကတည်းက ကျွန်တော်သတင်းရထားတာ"

"ဒါကြောင့်ကိုး" ဤအဖြေအတွက် လော်ယွမ်သည် များစွာအံ့ဩမသွားပေ။ သူ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်လာကတည်းက ကောင်းကင်ယံတွင် ဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိခဲ့သည်။ သို့သော် ဤသို့ စောင့်ကြည့်ခံနေရသည့် ခံစားချက်မှာ အလွန်မကောင်းလှသဖြင့် စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်မိ၏။

ထိုအတောအတွင်း အပြင်ဘက်မှ အမြောက်သံတို့သည် တစ်ချက်မျှမရပ်တန့်ဘဲ ငိုယိုသံများ၊ စူးရှစွာအော်ဟစ်သံများနှင့် ရောနှောထွက်ပေါ်နေသည်။ နေရာတစ်ခုမှာ ဤနေရာမှ မိုင်၆၀ခန့်သာ ကွာဝေးပြီး ပြင်းထန်သောလှုပ်ရှားမှုကြောင့် မြေပြင်ပင် အနည်းငယ်တုန်ခါနေသည်။

မြို့တော်ဝန်ဝူသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ "အပြင်ဘက်က အခြေအနေကို ခင်ဗျားလည်း သိမှာပဲ... ကန္တာရမြို့ကိုယ်စား ကျွန်တော် ဆရာယွမ်ကို အကူအညီတောင်းခံပါရစေ" ဟု တောင်းဆိုလိုက်သည်။

"ကျွန်တော့်ကို လော်ယွမ်လို့ပဲ ခေါ်ပါ... ကျွန်တော်လည်း ကူညီချင်ပေမယ့် မဖြစ်နိုင်လောက်ဘူးလို့ထင်တယ်" လော်ယွမ်က သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ "အဲ့မှာက အမြောက်ကျည်တွေ နေရာအနှံ့ကျနေတာလေ... ကျွန်တော်ကဘယ်လိုလုပ် အသက်စွန့်ပြီး ဝင်သွားလို့ဖြစ်မှာလဲ... ခင်ဗျားတို့စစ်တပ်ကို ပြန်ရုတ်သိမ်းမယ်ဆိုရင်တော့ တမျိုးပေါ့"

မြို့တော်ဝန်ဝူ၏ မျက်နှာ အနည်းငယ်ပျက်သွားသည်။ "ဒါကတော့…"

စစ်မြေပြင်တွင် အမြောက်ကျည်များ နေရာအနှံ့ကျရောက်နေစဉ် သူ့ကို ဝင်ရောက်ခိုင်းခြင်းသည် အမှန်ပင် သေတွင်းပို့ရာကျ၏။ ထို့အပြင် သူသည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဤနေရာသို့ ယခုမှရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူတစ်ဦးသာဖြစ်ရာ ဤသို့စတေးရမည့် တာဝန်မျိုး မရှိပေ။

စစ်တပ်ကို ရုပ်သိမ်းရန်မှာမူ အလွန်ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်၏။ အကယ်၍ တစ်စုံတစ်ခုမှားယွင်းသွားပါက သူ၏မြို့တော်ဝန်ရာထူးလည်း ပြုတ်သွားပေလိမ့်မည်။

သူ၏စိတ်ထဲတွင် ချီတုံချတုံဖြစ်ကာ ဆုံးဖြတ်ချက်မချနိုင်ဘဲ တစ်နေရာတည်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း မျက်နှာအမူအရာမှာလည်း အဆက်မပြတ်ပြောင်းလဲနေသည်။

ထိုစဉ် အတွင်းရေးမှူးက အလျင်အမြန်လျှောက်လာပြီး သူ၏နားနားကပ်၍ စကားအနည်းငယ်ပြောလိုက်သည်။

မြို့တော်ဝန်ဝူ၏မျက်နှာမှာ မတည်မငြိမ်ဖြစ်နေရာမှ အတန်ကြာ ချီတုံချတုံဖြစ်ပြီးနောက် လော်ယွမ်အား "ဆရာယွမ်... ခင်ဗျား ဟိုမြေအောင်းကောင်တွေကို သတ်နိုင်မယ်လို့ အာမခံနိုင်ပါလား... ဒါက နိုင်ငံရေးအရ တာဝန်ယူရမယ့်ကိစ္စဖြစ်နေလို့ပါ"

"ရှင်တို့ကဘယ်လိုလူတွေလဲ... ကိုကြီးယွမ်ကို ရှင်တို့ပဲအကူအညီတောင်းတာမဟုတ်ဘူးလား... ကူညီလို့အဆင်မပြေရင်အကျိုးဆက်ကို ကျွန်မတို့က တာဝန်ယူပေးရဦးမှာလား... အစိုးရအရာရှိတွေကတော့ တာဝန်လွှဲချဖို့ဆို အရမ်းတော်တာပဲ" လော်ယွမ် စကားမပြောမီမှာပင် ဝမ်ရှီရှီက မကျေမနပ်ဖြင့် ပြောလိုက်သည်။

အခြားသူများ၏ မျက်နှာများမှာလည်း မကောင်းမွန်လှချေ။

"စိတ်မရှိပါနဲ့... ကျွန်တော်က ဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး... ကျွန်တော်က အတည်ပြုချင်ရုံသက်သက်ပါ... ဆရာယွမ်ကို တာဝန်ယူခိုင်းမှာ မဟုတ်ပါဘူး" မြို့တော်ဝန်ဝူ၏မျက်နှာမှာ အနည်းငယ် အနေရခက်ဖြစ်သွား၏။ အစိုးရအရာရှိတစ်ယောက်အနေဖြင့် ဤသို့သော တာဝန်ယူသည့်စကားမျိုးမှာ အလေ့အကျင့်အရ ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။

"ကိစ္စမရှိဘူး... ဒီမလာခင်က ကျွန်တော် အကောင်နည်းနည်း သတ်ခဲ့ပြီးပြီ... ပြဿနာမရှိလောက်ဘူး" လော်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ပြီ... ဟုတ်ပြီ... ဒါဆိုကျွန်တော် အခုပဲ ဖုန်းဆက်လိုက်မယ်" မြို့တော်ဝန်ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး သူ၏မိုဘိုင်းဖုန်းကို ထုတ်ကာ ဖုန်းခေါ်ဆိုလိုက်သည်။

......................................................................................................................................................

"ဘာ... အထက်က အမိန့်ကျလာတယ်... ကျွန်တော်တို့ကို ဆုတ်ခွာခိုင်းတယ် ဟုတ်လား... ဒါက ရူးနေတာပဲ" ယမ်းငွေ့များဖြင့် မည်းနက်နေသော စစ်သားတစ်ဦးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဒါက အထက်အမိန့်ပဲ... ငါတို့ ခုချက်ချင်းဆုတ်ခွာရမယ်... ပစ်ခတ်နေတာတွေအားလုံး ရပ်လိုက်တော့" အရာရှိတစ်ဦးက အချိန်ကိုကြည့်လိုက်သည်။ "ခဏနေရင် ဒီနေရာကို တခြားတယောက်က လွှဲပြောင်းယူလိမ့်မယ်"

"ဘယ်တပ်က လာမှာလဲ" အခြားစစ်သားတစ်ဦးက မေးလိုက်သည်။ "ဒါက သူများရဲ့သားကောင်ကို လုတာပဲ... အမြောက်ကြီးတွေသာ သုံးခွင့်ရှိရင် ဒီခွေးမသား မြေအောင်းပိုးကောင်တွေ သေတာကြာလှပြီ"

"မင်းက စကားတော်တော်များတာပဲ... အမြန်လုပ်... ပျင်းတိပျင်းတွဲ လုပ်မနေနဲ့"

ဤဒေသရှိ အမြောက်သံတို့သည် လျင်မြန်စွာ ရပ်တန့်သွား၏။

စစ်သားများ တဖြည်းဖြည်းဆုတ်ခွာနေစဉ် ရုတ်တရက် လူရိပ်တစ်ခုက အနီးအနားမှ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ အစွန်ဆုံးမှစစ်သားသည် လေပြင်းတစ်ချက်တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ ဘာမှမတွေ့ရတော့ပေ။

"မင်းတို့ တစ်ယောက်ယောက် ပြေးသွားတာ တွေ့လိုက်သေးလား" ထိုစစ်သားက တစ္ဆေမြင်လိုက်ရသကဲ့သို့ မေးလိုက်သည်။

"မင်း အမြင်မှားနေတာ ဖြစ်မှာပေါ့ကွာ" စစ်သားတစ်ဦးက နောက်ပြောင်လိုက်သည်။

"တိတ်တိတ်နေကြ... အဲ့ဒါ သန္ဓေပြောင်းလူပဲ" အရာရှိက ပို၍သိရှိပြီး အလွန်အစွမ်းထက်သော သန္ဓေပြောင်းလဲသူတစ်ဦး လာမည်ကို ရှင်းလင်းစွာသိထားသည်။ အထက်က ဤမျှယုံကြည်မှုရှိစေသော သန္ဓေပြောင်းလဲသူမှာ မည်သို့သောသူဖြစ်မည်ကို သူ စိတ်ဝင်စားမိသော်လည်း သေချာပင်မမြင်လိုက်ရဘဲ ထိုလူသည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

စိတ်ထဲတွင် ဤသို့တွေးလိုက်သည်နှင့် မလှမ်းမကမ်းမှ ဝမ်းနည်းနာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။ "ဒီလောက်တောင်မြန်တာလား"

နောက်တစ်ခဏတွင် ရှေ့မှအပျက်အစီးပုံကြီးသည် ရုတ်တရက် ပွင့်ထွက်သွားပြီး အမှိုက်သရိုက်များ လွင့်စင်သွားကာ ထိုမြေအောင်းပိုးကောင်ကြီး နှစ်ပိုင်းပြတ်သွားသည်ကို အရာရှိက တွေ့လိုက်ရသည်။

မြေအောင်းပိုးကောင်သည် လူသားတို့နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ရာ လူသားတို့၏တိုက်ခိုက်ပုံကို အတွေ့အကြုံရှိနေပြီဖြစ်သည်။ ဤမြေအောင်းပိုးကောင်သည် အစောပိုင်းကတည်းက အဆောက်အအုံအပျက်အစီးများကြားတွင် ပုန်းအောင်းနေခဲ့ပြီး သစ်သားပျဉ်ပြားများ၏ အကာအကွယ်ကိုယူကာ အလောင်းများကို အေးဆေးစွာ စားသုံးနေခဲ့သည်။ သူတို့လက်ထဲမှ အမြောက်ငယ်များမှာ များစွာထိခိုက်မှုမဖြစ်စေနိုင်ဘဲ အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သော်လည်း ၎င်းမှာ ဒဏ်ရာတစ်ချက်မျှ မရရှိခဲ့ပေ။

ဤသန္ဓေပြောင်းသူသည် ရောက်ရောက်ချင်းမှာပင် ဤမြေအောင်းပိုးကောင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်မှာ မယုံနိုင်စရာပင်။

ထို့နောက်တွင် ဖြစ်ပေါ်လာသော မြင်ကွင်းမှာမူ လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေပြီး စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားစေတော့သည်။

အမှောင်ထုထဲတွင် မသဲမကွဲလူရိပ်တစ်ခုသည် လျင်မြန်စွာ လင်းလက်တောက်ပနေပြီး မည်သူမျှ ရှင်းလင်းစွာမမြင်နိုင်ပေ။ စောစောက နှစ်ပိုင်းပြတ်နေသော မြေအောင်းပိုးကောင်သည် ချက်ချင်းပင် နှစ်ပိုင်းမှလေးပိုင်း၊ လေးပိုင်းမှရှစ်ပိုင်းအဖြစ်သို့... မရေမတွက်နိုင်သော အသားစများ တဖွဲဖွဲကျဆင်းလာပြီး တောင်ပူစာငယ်တစ်ခုမျှသော အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုလူရိပ်သည် ရပ်တန့်လိုက်ပြီး ဤဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ကာ ချက်ချင်းပင် မူလနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

"ငါ… ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"

"မင်းပဲအဲ့မှာ အိမ်မက်မက်နေလိုက်"

…………………………………………………………………………………………………………………………………………

အရာရှိသည် နားကြပ်ကိုဖွင့်လိုက်ပြီး အသံအနည်းငယ်တုန်ယင်လျက် "သန္ဓေပြောင်းလဲသူ… ခုနက ရောက်လာတယ်... ဧရိယာ A2က မြေအောင်းပိုးကောင်ကို ဖြေရှင်းပြီးသွားပါပြီ" ဟု သတင်းပို့လိုက်တော့သည်။

All Chapters