← Chapters

အခန်း (၂၅၇-၂၆၀)

Vol. 13 Ch. 257-260

အခန်း (၂၅၇-၂၆၀)

Vol. 13 Ch. 257-260

အပိုင်း(၂၅၇)သတင်းစာ

ယခုအချိန်တွင် ကန္တာရမြို့၏ သတင်းအချက်အလက် စောင့်ကြည့်ရေးစင်တာသည် ဧရိယာဈေးတစ်ခုသဖွယ် ဆူညံပွက်လောရိုက်လျက်ရှိ၏။

ဤနေရာသည် မြို့တော်တစ်ခုလုံးရှိ စောင့်ကြည့်ရေးကိရိယာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ သတင်းအချက်အလက်များ ဆုံစည်းရာ ဗဟိုဌာနလည်း ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ မြို့တော်၏ မျက်စိနှင့်နားသဖွယ်ဖြစ်သော ဤနေရာ၏ အရေးပါမှုမှာ မည်မျှပင် အကျယ်တဝင့်ပြောစေကာမူ ပိုလွန်းသည်ဟု မဆိုနိုင်ပေ။ ကန္တာရမြို့တွင် ရှားပါးလှသော ဤကွန်ကရစ်အဆောက်အအုံကို ကြည့်ရုံမျှဖြင့် အတိုင်းအတာတစ်ခုအထိ သိမြင်နိုင်၏။

အမှန်စင်စစ်တွင် ၎င်း၏ အဓိကရုံးခန်းနေရာမှာ မြေအောက် ပေ၃၀ခန့်အနက်ရှိ ခိုလှုံရေးအလွှာထဲတွင် တည်ရှိသည်။ ထိုအားကောင်းလှသော ကာကွယ်ရေးစနစ်ကြောင့် ကန္တာရမြို့တစ်မြို့လုံး ပျက်စီးသွားလျှင်တောင် စောင့်ကြည့်ရေးစင်တာကမူ ကောင်းမွန်စွာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

"ဧရိယာ C3 ငြိမ်သက်သွားပြီ... မြေအောင်းပိုးကောင်တွေ သေသွားလောက်ပြီ" စောင့်ကြည့်ရေးဝန်ထမ်းတစ်ဦးက မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် အသံကျယ်စွာ အစီရင်ခံလိုက်သည်။

တစ်မိနစ်ကျော်ခန့်အကြာတွင်...

"ကျွန်တော့်ဘက်မှာလည်း အတူတူပဲ... ဧရိယာ A5လည်း ငြိမ်သွားပြီ" နောက်ထပ် စောင့်ကြည့်ရေးဝန်ထမ်းတစ်ဦးကလည်း ဆိုလိုက်သည်။

"ဧရိယာ D4 က စောင့်ကြည့်ကင်မရာ ပျက်စီးသွားပေမယ့်... စစ်တပ် ပြန်ဆုတ်သွားပြီဆိုတော့... ဖြေရှင်းပြီးလောက်ပြီထင်တယ်"

စောင့်ကြည့်ရေးခန်းမဆောင်အတွင်းမှ အစီရင်ခံသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မူလက လေးလံတိတ်ဆိတ်နေသော လေထုက တဖြည်းဖြည်းနှင့် ပြန်လည်တက်ကြွလာသည်။

နံရံပေါ်ရှိ မျက်နှာပြင်ကြီးပေါ်မှ အနီရောင်အစက်များသည် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ အချို့ နီးကပ်နေသော အနီရောင်အစက်များ ပျောက်ကွယ်သွားသည့် အချိန်ကြားကာလမှာ စက္ကန့်သုံးဆယ်ပင် မပြည့်ပေ။

"ဘာတွေဖြစ်နေတာလဲ" လူတစ်ယောက်က နားကြပ်ကို ချွတ်လိုက်ရင်း သံသယဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... အနီရောင်အစက်တွေ ဘာလို့ အဲ့လောက်မြန်မြန် ပျောက်သွားရတာလဲ" အခြားတစ်ယောက်ကလည်း ဆိုလိုက်ရာ ထိုသူမှာလည်း နားမလည်နိုင် ဖြစ်နေသည်။

"ဒီတစ်ခါက အရမ်းထူးဆန်းနေတယ်... ညွှန်ကြားရေးမှူးကို သွားအစီရင်ခံရမလား"

"မလိုဘူး... သူ အပြင်မှာ ဖုန်းဆက်နေတာ တွေ့လိုက်တယ်... အခုထိ ပြန်မထွက်လာသေးဘူးဆိုတော့ ဒီကိစ္စကြောင့်ပဲ ဖြစ်လိမ့်မယ်"

.......................................................................................................................................

ဤမြေအောင်းပိုးကောင်များ၏ အဆင့်မှာ မူလကတည်းက မမြင့်မားဘဲ အမြင့်ဆုံးမှာ အစိမ်းနုရောင်အဆင့်သာ ရှိသည်။ ကန္တာရမြို့၏ အားကောင်းသော ကာကွယ်ရေးအင်အားနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်သည့်အရာ မဟုတ်ပေ။

အမြောက်ကြီးတစ်ချက်ဖြင့်ပင် ၎င်းတို့ကို အလွယ်တကူ ကြေမွသွားစေနိုင်သည်။

သို့သော် မည်မျှပင် အားကောင်းသော သတ္တဝါဖြစ်စေကာမူ အတွင်းပိုင်းမှာမူ ပျော့ညံ့တတ်သည်သာ ဖြစ်သည်။ လူသားများသည် သားရဲကြီးတစ်ကောင်ကို သတ်ဖြတ်နိုင်သော်လည်း ရောဂါပိုးမွှားတစ်အုပ်ကိုမူ မကာကွယ်နိုင်ပေ။ သန္ဓေပြောင်းသတ္တဝါတစ်ကောင်သည် မြို့အတွင်းပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည်နှင့် ပြာယာခတ်သွားရသည့်အခြေအနေအောက်တွင် ၎င်း၏ အန္တရာယ်အဆင့်မှာ ဆတိုးတက်လာတော့သည်။

အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများ၏ အသုံးဝင်မှုမှာ ဤနေရာတွင်ပင် ဖြစ်သည်။

လော်ယွမ်၏ အစွမ်းအစနှင့်ဆိုလျှင် ဤသို့သောတိုက်ပွဲမျိုးမှာ အခက်အခဲတစ်စုံတစ်ရာမရှိပေ။ ကန္တာရမြို့၏ ဧရိယာမှာ ကျဉ်းမြောင်းသည်နှင့်အညီ နာရီဝက်ခန့်အတွင်းမှာပင် မြေအောင်းပိုးကောင်အားလုံးကို ရှင်းလင်းသုတ်သင်ပြီးစီးသွားသည်။

လော်ယွမ်က မြို့အစိုးရရုံး အဆောက်အအုံသို့ ပြန်ရောက်သောအခါ ကျဉ်းမြောင်းသော ရုံးခန်းထဲတွင် လူအနည်းငယ် ထပ်မံရောက်ရှိနေပြီး ပို၍ပင် ကျပ်ညပ်နေသည်။

မြို့တော်ဝန်ဝူ၏ မိတ်ဆက်ပေးမှုအရ ကန္တာရမြို့၏ ခေါင်းဆောင်အဖွဲ့ဝင်အများစု ရောက်ရှိနေကြပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူတို့ကနွေးထွေးစွာ နှုတ်ဆက်ကြိုဆိုကြသော်လည်း လော်ယွမ်ကမူ စိတ်ဝင်စားမှုမရှိလှပေ။ မကြာမီမှာပင် ခရီးပန်းလာသည်ကို အကြောင်းပြ၍ ကျန်သူများကို ခေါ်ဆောင်ကာ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ နေထိုင်စရာအတွက်မူ လော်ယွမ် စိတ်ပူစရာမလိုပေ။ အတွင်းရေးမှူးရှောင်ကျန့်၏ လမ်းပြမှုအောက်တွင် သူတို့အဖွဲ့က "အဆင့်မြင့" ဧရိယာတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး သုံးထပ် "အိမ်လေး" တစ်လုံး၏အောက်တွင် ရပ်တန့်လိုက်သည်။

"ဆရာယွမ်... ဒီနေ့တော့ ခင်ဗျားတို့ ဒီမှာပဲ ယာယီတည်းခိုပေးပါ... မနက်ဖြန်ကျရင် သေချာပေါက် အစီအစဉ်သစ်တစ်ခု လုပ်ပေးပါ့မယ်... ဘယ်လိုမှမအောင့်မေ့ပါနဲ့နော်" အတွင်းရေးမှူးရှောင်ကျန့်က ရိုသေစွာ ဆိုသည်။

"နေစရာက အဲ့လောက်ပြဿနာမရှိဘူး... နေထိုင်လို့အဆင်ပြေရင်ရပါတယ်" လော်ယွမ်က ဆို၏။

သူ မည်သို့ စိတ်ရှိနိုင်မည်နည်း။ ကမ္ဘာပျက်ပြီးနောက် စစ်အခြေစိုက်စခန်းတွင် အေးချမ်းစွာ နေထိုင်ခဲ့ရသည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် လှိုဏ်ဂူထဲ နေရခြင်းသည်ပင် ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး ဆိုးရွားသည့်အခါများတွင်မူ အပြင်တွင်ဖြစ်သလို အိပ်စက်ခဲ့ရသည်။

"ဒါက ဒီအိမ်ရဲ့သော့... အော်ဟုတ်သားပဲ" အတွင်းရေးမှူးရှောင်ကျန့်က တစ်စုံတစ်ခုကို သတိရသွားပြီး "ဒီဧရိယာက ညဆယ်နာရီနောက်ပိုင်းဆို ရေနဲ့မီး ဖြတ်တော့မှာ... တကယ်လို့ ရေမိုးချိုး သန့်စင်ချင်တယ်ဆိုရင် အဲ့မတိုင်ခင် လုပ်မှရပါမယ်... အခုလည်း အချိန်မစောတော့ဘူးဆိုတော့... ကျွန်တော့်ကိုခွင့်ပြုပါဦး"

လော်ယွမ်က သော့ကို လှမ်းယူလိုက်သည်နှင့် အတွင်းရေးမှူးရှောင်ကျန့်မှာ ထွက်ပြေးတော့မည့်အလား အလျင်အမြန် ထွက်ခွာသွားသည်။

အာရုံခံစားမှုအမျိုးအစား ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် သူ၏အာရုံခံစားနိုင်စွမ်းမှာ အခြားသူများထက် ပိုမိုထက်မြက်သည်။ နေရာအနှံ့တည်ရှိနေသော အားကောင်းသည့် ဖိအားပေးအငွေ့အသက်ကြီးကြောင့် သူသည် လူသားတစ်ဦးကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ အဆင့်ငါးရှိ ကြောက်မက်ဖွယ် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်မိသည်။ စကားအနည်းငယ်ပြောသည့် အချိန်အတွင်းမှာပင် သူ၏စိတ်အစဉ်မှာ ပင်ပမ်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။ အကယ်၍သာ သူသည် အားကုန်သုံး၍ တည်ငြိမ်အောင် မထိန်းထားပါက ဟန်ပင်မဆောင်နိုင်တော့ဘဲ ဖြစ်သွားမည်မှာ ဧကန်မလွဲပင်။

.......................................................................................................................................

ဤအိမ်သည် ကမ္ဘာမပျက်ခင်က အိမ်များနှင့် မနှိုင်းယှဉ်နိုင်ပေ။ ၎င်းမှာ သုံးထပ်ရှိသော ပျဉ်ထောင်အိမ်လေးတစ်လုံးသာဖြစ်ပြီး ပုံစံမှာ လမ်းထောင့်မှ အဆောက်အအုံများနှင့် သိပ်မကွာခြားလှပေ။ သို့သော် အသေအချာကြည့်မည်ဆိုလျှင်မူ ကွာခြားချက်ကို တွေ့မြင်နိုင်သည်။

ဤနေရာမှ အိမ်များ၏ လက်ရာမှာ သိသိသာသာ ပိုမိုသေသပ်လှပြီး သစ်သားပြားများကြားတွင် လုံးဝကွက်လပ်မရှိအောင် တိကျစွာ ဆက်စပ်ထားသည်။

လော်ယွမ်က တိတ်တဆိတ် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုကြည့်လိုက်ရာ အသုံးပြုထားသော သစ်သားများမှာ သာမန်မဟုတ်ဘဲ အပြာရောင်အဆင့် သစ်သားများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤအဆင့်ရှိသော သစ်သားများသည် ယခုကမ္ဘာပျက်ကပ်ကြီးတွင် နေရာအနှံ့တွေ့နိုင်ပြီး သိပ်တန်ဖိုးမရှိသော်လည်း ဤသစ်သားများကို ပြုပြင်ထုတ်လုပ်ရသည့် အခက်အခဲကို ထည့်သွင်းစဉ်းစားပါက အလွန်ပင် ရှားပါးလှသည်ဟု ဆိုရမည်။

ထို့အပြင် ၎င်း၏ ပစ္စည်းအသုံးပြုမှုမှာလည်း အလွန် ရက်ရောလှသည်။ တံခါးတစ်ချပ်တည်းမှာပင် ၂လက်မထူပြီး နံရံများမှာမူ ၆လက်မထူသည်။ ကာကွယ်မှုအပိုင်းနှင့် ပတ်သက်၍ ပြောရလျှင် ကမ္ဘာမပျက်ခင်က ၁၁၊ ၁၂လက်မထူသော သာမန်ကွန်ကရစ်နံရံများထက်ပင် သာလွန်နိုင်ဖွယ်ရှိသည်။

လော်ယွမ်က တံခါးကို ဖွင့်လိုက်သည်နှင့် လူတစ်စုမှာ မစောင့်နိုင်တော့ဘဲ ဧည့်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။

ဝမ်ရှကွမ်က မီးခလုတ်ကို စမ်း၍ဖွင့်လိုက်ရာ အခန်းတွင်း၌ လင်းထိန်သွားသည်။

ဝမ်ရှီရှီက ဧည့်ခန်းထဲတွင် ဆိုဖာတစ်ခုရှိသည်ကို တွေ့သောအခါ ဝမ်းသာအားရဖြင့် ပြေးသွားပြီး ထိုင်ချလိုက်သည်။ "အိမ်ကြီးက အကျယ်ကြီးပဲ... နောင်လည်း ဒီမှာ အမြဲနေလို့ရရင် ကောင်းမှာပဲ"

"ဟုတ်တယ်နော်... ဒီနေရာက တကယ်ကောင်းတယ်" ဟွမ်ကျားဟွေက စားပွဲပေါ်မှ အဝတ်စတစ်ခုကို ကောက်ယူလိုက်ပြီး အပေါ်မှ ဖုန်မှုန့်ပါးပါးကို အမှတ်တမဲ့ သုတ်သင်လိုက်ရင်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

"နင်တို့ကဒီလောက်နဲ့ ကျေနပ်နေကြတယ်ပေါ့... ခေါင်းဆောင်ယွမ်ရဲ့ အစွမ်းအစနဲ့ဆို နောင်ကျရင် ဒီထက်ကောင်းတဲ့နေရာကို ရမှာသေချာတယ်" ဟော်တုံက စိတ်လှုပ်ရှားစွာ ဆိုသည်။ သူသည် စောစောက စကားကို အမှတ်ရလိုက်သည်။ အတွင်းရေးမှူး၏ လေသံအရ ဤနေရာမှာ ယာယီသာဖြစ်ပြီး ခေါင်းဆောင်ယွမ်ကို ဆွဲဆောင်သိမ်းသွင်းဖို့အတွက် နောက်ဆက်တွဲ "ပျားရည်ထောင်ချောက်" တွေ တစ်ခုပြီးတစ်ခု လာတော့မှာဖြစ်သည်။

ကမ္ဘာမပျက်ခင်က သူသည် စီးပွားရေးလုပ်ငန်းရှင်လေးတစ်ဦးသာဖြစ်ပြီး အများဆုံးသိကျွမ်းခဲ့သူမှာ ဌာနခွဲမှူးတစ်ဦးသာဖြစ်သည်။ ထိုသူမှာလည်း ထမင်းတစ်နပ်သာကျွေးဖူးသည့် မရင်းနှီးသော အသိအကျွမ်းတစ်ဦးသာဖြစ်ပြီး မျက်မှန်းတန်းမိရုံသာ ဖြစ်သည်။ မြို့ခေါင်းဆောင်များမှာမူ သူ လုံးဝ လက်လှမ်းမမှီနိုင်သော သူများဖြစ်ပြီး တွေ့ပင်မတွေ့ဖူးခဲ့ပေ။

သို့သော် ယနေ့တွင်မူ ဤမြို့ခေါင်းဆောင်များက နွေးထွေးစွာ ကြိုဆိုရုံသာမက အနည်းငယ် မျက်နှာချိုသွေး ဖားယားနေကြသေးသည်။ အဓိကဇာတ်ဆောင်မှာ သူမဟုတ်သော်လည်း အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူလည်း ဂုဏ်ယူမိသည်။

"ခေါင်းဆောင်ယွမ်က ပေကျင်းမြို့သစ်ကို သွားရင်တောင် နေရာရမှာပဲ... ဒီလိုမြို့ငယ်လေးဆို ပြောမနေနဲ့တော့... ကျွန်တော့်အထင်တော့ ဒီမှာ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူ တစ်ယောက်မှမရှိလောက်ဘူး... ဒီမြို့ခေါင်းဆောင်တွေသာ ဦးနှောက်မှန်သေးရင် ခေါင်းဆောင်ယွမ်ကို မစည်းရုံးဘဲ နေမှာမဟုတ်ဘူး" တပ်ခွဲမှူးရှက ရယ်မောရင်း ဆိုသည်။

လူတိုင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး စိတ်ပေါ့ပါးသွားသည်နှင့် စကားများ မရပ်တန့်နိုင်တော့ပေ။ လော်ယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး စကားဖြတ်လိုက်ရသည်။

"ကိုးနာရီခွဲနေပြီ... အချိန်မစောတော့ဘူး... အရင်ဆုံး သွားပြီး ရေမိုးချိုး သန့်စင်လိုက်ကြဦး... ကျန်တာတွေ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့"

အားလုံးမှာ ထိုအခါမှ သတိပြန်ဝင်လာကြသည်။ ဆယ်နာရီဆိုလျှင် ရေနှင့်မီး ဖြတ်တော့မည်ဖြစ်ရာ ယခုမချိုးလျှင် မနက်ဖြန်မှသာ ချိုးရတော့မည်ဖြစ်သည်။

.................................................................................................................................

လော်ယွမ်က အကြမ်းဖျင်း သန့်စင်လိုက်ပြီးနောက် ပထမထပ်ရှိ အိပ်ခန်းကြီးထဲသို့ ဝင်သွားရာ ဟွမ်ကျားဟွေက ဖျာတစ်ချပ်ကို ခင်းကျင်းပြီး ရေတစ်ဇလုံကို ယူဆောင်လာသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ ရေချိုးခန်းထဲမှာ မသွားဆေးတာလဲ" လော်ယွမ်က အမှတ်တမဲ့ မေးလိုက်ရင်း အိပ်ရာဘေး စားပွဲခုံပေါ်တွင် တင်ထားသော သတင်းစာအဟောင်းတစ်ထပ်ကို တွေ့လိုက်ရသဖြင့် လှမ်းယူလိုက်သည်။

"လူတွေအရမ်းများတော့ အကျင့်မဖြစ်လို့ပါ" ဟွမ်ကျားဟွေက လော်ယွမ်ကို တစ်ချက်စောင်းငဲ့ကြည့်ရင်း ဆိုလိုက်ပြီးနောက် အဝတ်အစားများကို ချွတ်လိုက်ရာ ဖွံ့ထွားသော ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာပြီး ညင်သာစွာ ပွတ်တိုက်သန့်စင်နေသည်။

"လောလောဆယ်တော့ ခဏသည်းခံလိုက်ဦး... နောင်ဆို အခြေအနေတွေ ကောင်းလာမှာပါ" လော်ယွမ်က သတင်းစာကို ဖတ်ရင်း ဆိုလိုက်သည်။

"ဒီမှာ နေရတာနဲ့တင် ကျွန်မ ကျေနပ်နေပါပြီ... အပြင်နဲ့စာရင် ဒီနေရာက နတ်ပြည်လိုပဲ" ဟွမ်ကျားဟွေက စိတ်ခံစားမှုဖြင့် မြည်တမ်းလိုက်ပြီး အဓိပ္ပာယ်ပါသော လေသံဖြင့် ဆိုသည်။ "ဟူး... ကျွန်မတို့နှစ်ယောက် အတူမနေဖြစ်တာ ဘယ်လောက်ကြာပြီလဲ မသိဘူးနော်"

လော်ယွမ်က စကားတစ်ခွန်းမျှ မဆိုပေ။ ဟွမ်ကျားဟွေက နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်ခုံးများမှာ တင်းတင်းကြပ်နေပြီး သူ၏အာရုံတစ်ခုလုံးမှာ သတင်းစာပါ အကြောင်းအရာများထဲတွင် လုံးဝနစ်မြုပ်နေသည်ကို တွေ့လိုက်ရတော့သည်။

ဆက်ရန်...

အပိုင်း(၂၅၈)အတွေးအမြင်များ

"စိုက်ပျိုးရေးထုတ်ကုန်သစ်များ အောင်မြင်မှုကြီးစွာရရှိ၊ ပြန်လည်ထူထောင်ရေးဇုန် ငတ်မွတ်ခေါင်းပါးမှုမှ လွတ်မြောက်တော့မည်"

"အရုဏ်မတက်မီ အမှောင်ဆုံးအချိန်၊ ကျွန်ုပ်တို့ ခြေကုပ်မြဲမြံစွာ ရယူနိုင်ခဲ့ပြီ"

"စည်းလုံးညီညွတ်မှုဖြင့် လူသားတို့ မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးမည်"

"ဇီဝပေါင်းစပ်ပစ္စည်းသစ် သုတေသနအောင်မြင်၊ သံမဏိနေရာတွင် အလုံးစုံအစားထိုးနိုင်ရန် မျှော်လင့်"

"ကြယ်ရှစ်ပွင့်ဂြိုဟ်တုတစ်စင်းနှင့် ချောင်ကျန့် အမျိုးအစားသစ် ဒုံးပျံအများအပြား အောင်မြင်စွာပစ်လွှတ်၊ သံလိုက်မုန်တိုင်းကြောင့် ပျက်စီးသွားသော ဂြိုဟ်တုများကို အလုံးစုံအစားထိုးမည်"

"Swift Dragon-2 CPU တရားဝင်ထုတ်လုပ်၊ ပြည်တွင်းဖြစ် CPU က Intel ၏ခြေရာကို အမှီလိုက်နိုင်ပြီ"

လော်ယွမ်သည် လျင်မြန်စွာ လှန်လှောကြည့်ရှုနေသည်။ အများအားဖြင့် တစ်ချက်သာဝေ့ကြည့်ပြီး နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။ စိတ်ဝင်စားသောအကြောင်းအရာနှင့်တွေ့မှသာ အချိန်အနည်းငယ်ယူ၍ သေချာဖတ်ရှုသော်လည်း ဆယ်စက္ကန့်ထက်မပိုပေ။ သူ၏ဦးနှောက်တွက်ချက်နိုင်စွမ်းဖြင့် တစ်ကြိမ်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းဖတ်နိုင်ခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

သတင်းစာပါအကြောင်းအရာအများစုမှာ လှုံ့ဆော်မှုနှင့် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသော်လည်း တည်ကြည်လေးနက်ပြီး ဖိနှိပ်မှုများလည်းရှိနေရာ လူကိုစိတ်သက်သာရာမရစေပေ။ သို့သော် စစ်ကြီးခေတ်ဆိုသည်မှာ နည်းပညာအတွက် အကောင်းဆုံးသော ဓာတ်ကူပစ္စည်းပင်ဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါများ၏ ခြိမ်းခြောက်မှုအောက်တွင် ပြန်လည်ထူထောင်ရေးဇုန်၏ နည်းပညာမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပုံရပြီး နည်းပညာအမျိုးမျိုးမှာ အံ့မခန်းဖွယ်တိုးတက်လာခဲ့သည်။ သတင်းစာအားလုံး၏ လေးပုံတစ်ပုံခန့်မှာ ပစ္စည်းသစ်များ၊ နည်းပညာသစ်များနှင့် နည်းလမ်းသစ်များကို မိတ်ဆက်ဖော်ပြနေသည်။

လူသားတို့၏ ခံနိုင်ရည်စွမ်းမှာ စိတ်ကူးထက်ပင် ကျော်လွန်နေသည်။ စိတ်ကူးမယဉ်နိုင်သော သဘာဝဘေးအန္တရာယ်များ၊ သားရဲအုပ်များ၊ လူတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များကို ကြုံတွေ့ခဲ့ရပြီးနောက် လူသားမျိုးနွယ်မှာ ကမ္ဘာပျက်ခြင်းကြောင့် ဆုတ်ယုတ်ခဲ့ရသော်လည်း မပြိုလဲဘဲ တည်ရှိနေဆဲဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာပုံရသည်။

လူအများစုက စစ်ဘက်နည်းပညာမှာ အရပ်ဘက်နည်းပညာထက် ဆယ်နှစ်၊ နှစ်ဆယ်ခန့် သာလွန်သည်ဟု ထင်မြင်ကြသော်လည်း အမှန်တကယ်တွင် ဤအဆိုမှာ မတိကျလှပေ။

ငြိမ်းချမ်းသောကာလတွင် အချို့သော ထိပ်တန်းလက်နက်များမှလွဲ၍ စစ်ဘက်နည်းပညာမှာ အရပ်ဘက်ထက် နောက်ကျကျန်ရစ်လေ့ရှိသည်။ စစ်ဘက်သုံးပစ္စည်းများမှာ တည်ငြိမ်မှုအပေါ် အလွန်အမင်းတင်းကျပ်စွာ တောင်းဆိုလေ့ရှိပြီး အဆင့်အမြင့်ဆုံးသောနည်းပညာမှာ အများအားဖြင့် မတည်ငြိမ်သေးသော နည်းပညာပင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာမပျက်မီက အနုမြူခြိမ်းခြောက်မှုအောက်တွင် ကမ္ဘာကြီးမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေသောကြောင့် စစ်ဘက်အဆင့်မြှင့်တင်ရေးမှာ အရေးတကြီးမလိုအပ်ခဲ့ပေ။ တရုတ်နိုင်ငံမဆိုထားနှင့် အမေရိကန်ကဲ့သို့သော အင်အားကြီးနိုင်ငံတွင်ပင် အချို့သောအီလက်ထရောနစ်ပစ္စည်းများမှာ ခုနစ်ဆယ်၊ ရှစ်ဆယ်ခုနှစ်များမှ နည်းပညာများကို အကြီးအကျယ်အသုံးပြုနေဆဲဖြစ်သည်။

ကုန်ကျစရိတ်အကြောင်းပြချက်များကြောင့် စစ်ဘက်နည်းပညာပိုင်းမှာ အားရကျေနပ်ဖွယ်မရှိလှပေ။

စစ်ဖြစ်ချိန်သို့ရောက်မှသာ၊ လူ့အဖွဲ့အစည်းတစ်ခုလုံး စစ်အခြေအနေသို့ ဝင်ရောက်မှသာ ဤအဆိုမှာ အမှန်တကယ်ဖြစ်လာနိုင်ပေသည်။ အဆင့်မြင့်အရပ်ဘက်နည်းပညာအားလုံးမှာ စစ်ဘက်နယ်ပယ်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး လူသားတို့၏ ဉာဏ်ပညာအားလုံးမှာ စစ်ဘက်အတွက် အသုံးချခံကြရသည်။

ယခုစစ်ပွဲမှာမူ ဒုတိယကမ္ဘာစစ်ထက် အဆတစ်ရာမက ပိုမိုရက်စက်ကြမ်းတမ်းလှသည်။ ဒုတိယကမ္ဘာစစ်မှာ လူသားအချင်းချင်းကြားမှ စစ်ပွဲဖြစ်သောကြောင့် အလျှော့အတင်းရှိသေးပြီး အပေါ်ယံတွင် လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်းစဉ်းစားသေးသည်။ သို့သော် ယခုတစ်ကြိမ်မှာမူ မျိုးနွယ်စုများကြားမှ စစ်ပွဲဖြစ်ပြီး ရှုံးနိမ့်၍မဖြစ်၊ အလျှော့ပေး၍မရ၊ ရှုံးနိမ့်ခြင်းသည် မျိုးသုဉ်းခြင်းပင်ဖြစ်သည်။

......................................................................................................................................................

ဟွမ်ကျားဟွေ ရေချိုးပြီးနောက် လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများမှာ စိုစွတ်နေပြီး ရေများပင် ထွက်ကျတော့မည့်အလားပင်။ သူမသည် လော်ယွမ်၏ပေါင်ပေါ်သို့ တိုက်ရိုက်ထိုင်ချလိုက်ပြီး လော်ယွမ်ကို တစ်ချက်ပုတ်ကာ ညုတုတုလေးဖြင့် "မကြည့်နဲ့တော့လေ... မနက်ဖြန်မှ ဖတ်တော့... အိပ်ကြရအောင်နော်"

"ခဏလေး... ငါခဏလောက် ထပ်ဖတ်ဦးမယ်" လော်ယွမ်က ပြောလိုက်သည်။

......................................................................................................................................................

နံနက်ခင်း၏ ကန္တာရမြို့မှာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းလှသည်။

လော်ယွမ်သည် ဓားရိုးကို လက်ဖြင့်ဆုပ်ကိုင်ကာ ခြံထဲတွင် မလှုပ်မယှက်ရပ်နေသည်။ သူ၏တစ်ကိုယ်လုံးမှ ဖိနှိပ်မှုရှိသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။ သူ၏အသားအရေမှာ ကြည်လင်ပြီး ဖြူဖွေးနေကာ အလင်းရောင်မှိန်မှိန်တစ်ခု ထွက်ပေါ်နေသည်။ အသားအရေသာမက ဆံပင်၊ ကျန်းမာတောက်ဓား၊ အဝတ်အစားများပင်လျှင် ထူးဆန်းသောအလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။

စိတ်စွမ်းအား၏ စွမ်းအားမှာ သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး အချိန်ကြာလာသည်နှင့်အမျှ သူသည် ထူးဆန်းသောဖြစ်စဉ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

အာရုံခံနိုင်စွမ်းမှာ တိုးချဲ့လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာနေသည်။ ၉ပေ၊ ၁၀ပေအတွင်းတွင်မူ သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်သလို ခံစားချက်မျိုးပင် ဖြစ်ပေါ်လာသည်။ သို့သော် မြေအောက်တွင်မူ သိပ်မတိုးတက်လှပေ။

လော်ယွမ် စိတ်ထဲတွင် ခေတ္တမျှစဉ်းစားလိုက်သည်နှင့် နားလည်သွားသည်။

အာရုံခံနိုင်စွမ်းသည် ကျန်းမာတောက်ဓားပေါ်တွင် သင်္ကေတချန်ထားနိုင်သကဲ့သို့ အခြားအရာဝတ္ထုများပေါ်တွင်လည်း သင်္ကေတချန်ထားနိုင်ပေသည်။

များပြားလှသော စိတ်စွမ်းအားဖြင့် လွှမ်းခြုံခြင်းခံရသောကြောင့် အနီးအနားရှိ လေထုမော်လီကျူးများမှာ စိတ်စွမ်းအားဖြင့် ကူးစက်သွားပြီး လေထုမော်လီကျူးများ ပျံ့နှံ့သွားသည်နှင့်အမျှ သူ၏အာရုံခံနိုင်စွမ်းမှာလည်း လိုက်ပါကျယ်ပြန့်သွားသည်။

သူ၏မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး အတွေးများလှုပ်ရှားသွားသည်နှင့် စိတ်စွမ်းအားအလင်းရောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သို့သော် လော်ယွမ်သည် လုံးဝဂရုမစိုက်ဘဲ အတွေးနက်ထဲသို့ နစ်မျောသွားသည်။

သူသည် ယခင်က စိတ်စွမ်းအားကို အသုံးပြုပုံမှာ အလွန်အကြမ်းဖျင်းဆန်ပြီး စိတ်ကူးစိတ်သန်းမရှိခဲ့ကြောင်း ရုတ်တရက်တွေ့ရှိလိုက်ရသည်။ အကန့်အသတ်ရှိသော အသုံးချမှုအနည်းငယ်မှလွဲ၍ စနစ်တကျစူးစမ်းရှာဖွေခဲ့ခြင်းမရှိပေ။ စိတ်စွမ်းအား၏ အရည်အသွေးမှာ အစွမ်းအစုံရှိနေသည့်အတွက် မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပေမည်။

ဥပမာအားဖြင့် အမှတ်အသားပြုခြင်း၊ တစ်စုံတစ်ယောက်၏ အဝတ်အစားပေါ်တွင် စိတ်စွမ်းအားအမှတ်အသားချန်ထားခဲ့ပါက မည်သို့ပင်ဖြစ်စေ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထို့ပြင် ယခင်ကကြုံတွေ့ခဲ့ရသော ကျိန်စာကဲ့သို့ လူကို မထင်မရှားသေဆုံးစေနိုင်သည်။

ထို့အပြင် စိတ်ညှို့ခြင်း၊ အရိပ်အမြွက်ပြခြင်း၊ ဤစွမ်းရည်များမှာ တောနက်ထဲတွင် အသုံးမဝင်နိုင်၊ သန္ဓေပြောင်းသတ္တဝါများကို ရင်ဆိုင်ရာတွင်လည်း အာနိသင်အကန့်အသတ်ရှိသော်လည်း ပြန်လည်ထူထောင်ရေးဇုန်၊ လူ့အဖွဲ့အစည်းထဲတွင်မူ အလွန်အသုံးဝင်ပေလိမ့်မည်။

ပြန်လည်ထူထောင်ရေးဇုန်၏ စည်းမျဉ်းစည်းကမ်းများမှာ တင်းကျပ်ပြီး ဥပဒေများမှာ ပြင်းထန်လှသည်။ တောနက်ထဲတွင် စိတ်တိုင်းကျ လက်စားချေနိုင်ပြီး မျက်စိထဲမရှင်းသူကို သတ်ချင်လျှင် သတ်ပစ်လိုက်နိုင်သည်။ သို့သော် ဤနေရာတွင်မူ ထိုသို့ပြုလုပ်၍မရပေ။ အင်အားသုံးခြင်းသည် ပြဿနာကိုမဖြေရှင်းနိုင်သည့်အပြင် အန္တရာယ်ကိုပါ ဖိတ်ခေါ်နိုင်သည်။ သူ မည်မျှပင်ကိုယ့်ကိုယ်ကိုယုံကြည်စေကာမူ တနိုင်ငံလုံးကိုတော့ ရင်ဆိုင်ရန် မဝံ့ရဲပေ။

ထို့ပြင် ယခုလို အခြေတကျရှိပြီးမှ နှင်ထုတ်ခံရပြီး လေလွင့်သူအဖြစ် နေထိုင်ဖို့လည်းစိတ်ကူးမရှိချေ။

နောက်ဆက်တွဲပြဿနာများစွာရှိသော အင်အားသုံးခြင်းနှင့်စာလျှင် စိတ်စွမ်းအားမှာမူ အရိပ်အယောင်မရှိ၊ ခြေရာမရှိဘဲ လူကိုသတ်ဖြတ်နိုင်ပြီး မိမိကိုယ်တိုင်မှာမူ သွေးတစ်စက်မျှ မစွန်းထင်းစေဘဲ နေနိုင်ပေသည်။

ထိုအချိန်တွင် လင်းရှောင်ကျီက သမ်းဝေရင်း ပျင်းရိစွာဖြင့် လျှောက်လာပြီး "ခေါင်းဆောင်ယွမ်... လေ့ကျင့်နေတာလား" ဟု ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

လော်ယွမ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ပြန်လည်ထူထောင်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက် သူ၏သဘောထားမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ယခင်က သူ့ကိုမြင်လျှင် ကြောင်နှင့်ကြွက်လို ရှောင်ဖယ်ရန်သာ ကြိုးစားခဲ့သော်လည်း ယခုအခါတွင်မူ ဘာမှမဖြစ်သကဲ့သို့ နှုတ်ဆက်နိုင်နေပြီဖြစ်သည်။ သို့သော် သူ၏မျက်နှာမှာ အနည်းငယ် မလုံမလဲဖြစ်နေပြီး လော်ယွမ်၏စူးစိုက်ကြည့်ရှုမှုအောက်တွင် မကြာမီမှာပင် အကြည့်လွှဲသွားခဲ့သည်။

ကြည့်ရသည်မှာ ပြန်လည်ထူထောင်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက် သူ၌ ကိုယ်ပိုင်အတွေးအမြင်များ ရှိလာခဲ့ပြီထင်သည်။

ဆက်ရန်...

အပိုင်း(၂၅၉)လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း

"အတွင်းရေးမှူးကျန့်ရယ်... မနက်စာ လာပို့ပေးတာ အားနာစရာကြီးရှင်" ကျိုးယလီက မျက်နှာအနည်းငယ် ပူသလို၊ အနေရခက်သလိုဖြင့် ဆို၏။

"အားနာဖို့မလိုပါဘူးဗျ... ကျွန်တော်လည်း လမ်းကြုံလို့ပါ... ခဏနေရင် ခင်ဗျားတို့ကို လုပ်ငန်းစဉ်တွေလုပ်ဖို့ လိုက်ပို့ရဦးမယ်လေ... လူရင်းမရှိရင် အချိန်ကြန့်ကြာနေမှာစိုးလို့" အတွင်းရေးမှူးကျန့်က လက်ကို အဆက်မပြတ် ခါယမ်းရင်း ဆိုသည်။

"ဘာလုပ်ငန်းစဉ်တွေများလဲရှင့်" ကျိုးယလီက မေးသည်။

"ကမ္ဘာပျက်ပြီးနောက်မှာ အချက်အလက်တော်တော်များများ ပျောက်ဆုံးသွားတယ်လေ... ဥပမာ အိမ်ထောင်စုစာရင်းတို့၊ မှတ်ပုံတင်တို့ပေါ့... အားလုံး အသစ်ပြန်လုပ်ရမှာ... နောက်ပြီး အလုပ်ခွဲဝေတာတွေလည်း ရှိသေးတယ်... အော်ဟုတ်သားပဲ... ဆင့်ကဲပြောင်းလဲသူတွေဆိုရင် စမ်းသပ်စစ်ဆေးတာတို့ မှတ်တမ်းတင်တာတို့ လုပ်ရဦးမယ်" အတွင်းရေးမှူးကျန့်က မြို့တော်ဝန်၏ အတွင်းရေးမှူးတစ်ယောက်၏ ထားရှိရမည့် ဣန္ဒြေမျိုးမရှိဘဲ အသေးစိတ် ရှင်းလင်းပြ၏။

"တော်တော် ရှုပ်ထွေးတာပဲနော်" ကျိုးယလီက ဆိုသည်။

"တကယ်တော့ အချိန်အကြာကြီး မပေးရပါဘူး... တစ်ရက်လောက် ဟိုဒီပြေးလိုက်တာနဲ့ ပြီးသွားမှာပါ" အတွင်းရေးမှူးကျန့်က မျက်နှာချိုသွေး ပြုံး၍ ဆိုသည်။

"ကတ်တွေက ဘယ်တော့လောက်ဆိုရနိုင်လဲရှင့်" ကျိုးယလီက မေးလိုက်သည်။

"တစ်ရက်လောက်တော့ စောင့်ရမယ်ထင်တယ်ဗျ"

"ချက်ချင်း ယူလို့မရဘူးလား"

အတွင်းရေးမှူးကျန့်မှာ ခြောက်ကပ်စွာ ရယ်မောလိုက်မိသည်။ တစ်ရက်ဆိုသည်မှာ အလွန်မြန်နေပြီ ဖြစ်၏။ ဤမျှများပြားသော အထောက်အထားများ ထုတ်ပေးရသည်ကို သာမန်လူတစ်ယောက်အဖို့ သုံးရက်အချိန်ပေးလျှင်ပင် ပြီးစီးနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ကမ္ဘာပျက်ပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှုစွမ်းရည် သိသိသာသာ တိုးတက်လာခြင်း၏ ရလဒ်ပင် ဖြစ်သည်။

ကျိုးယလီသည် အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် အားနာစွာ ဆိုသည်။ "ညီမက ဘာမှနားမလည်လို့ပါ... ဒီအတိုင်း စိတ်ထဲပေါ်လာတာနဲ့ မေးလိုက်တာပါ"

"ရပါတယ်ဗျာ... ရပါတယ်... စိတ်ကြိုက်မေးပါ"

"သြော်... ဒါဆို ညီမ သိချင်တာက... ဘယ်လိုအလုပ်မျိုးတွေ ခွဲဝေပေးနိုင်လဲရှင့်" ကျိုးယလီက သူမ အစိုးရိမ်ဆုံးမေးခွန်းကို နောက်ဆုံးတွင် မေးလိုက်တော့သည်။

"ဒါကတော့…" အတွင်းရေးမှူးကျန့်က အနည်းငယ် အခက်တွေ့သွားဟန်ဖြင့် ဆိုသည်။ "ဒါကတော့ ခင်ဗျားရဲ့ ပညာအရည်အချင်းတို့ အထူးပြုဘာသာရပ်တို့နဲ့ အရင်က အလုပ်အတွေ့အကြုံပေါ်မှာ အကြမ်းဖျင်း မူတည်တယ်ဗျ... ပြီးတော့ တကယ်လို့ အထူးကျွမ်းကျင်တဲ့ စွမ်းရည်မရှိဘူးဆိုရင်တော့ အလုပ်ကိစ္စက နည်းနည်းရှုပ်ထွေးနိုင်တယ်... ယေဘုယျအားဖြင့်တော့ စက်ရုံတွေကို ခွဲဝေပေးလေ့ရှိတယ်"

"သြော်... ညီမက စာရင်းကိုင်ပါ... အလယ်တန်းအဆင့် စာရင်းကိုင်လက်မှတ်လည်း ရထားတယ်... ဒီအလုပ်က ရှာရလွယ်ပါသလားရှင့်" ကျိုးယလီက စိုးရိမ်တကြီး မေးလိုက်သည်။

အတွင်းရေးမှူးကျန့်က ခေါင်းခါလိုက်သည်။ "ပုံမှန်အခြေအနေအရဆိုရင်တော့ ခက်တယ်ဗျ... စက်ရုံအသစ်တွေ တည်ဆောက်တာမျိုး မရှိရင်တော့ ကိုက်ညီတဲ့အလုပ် ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်"

"အော်..." ကျိုးယလီက အတွင်းရေးမှူးကျန့်၏ သွယ်ဝိုက်ပြောဆိုမှုကို သတိမပြုမိဘဲ မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။

"ဒါက..." အတွင်းရေးမှူးကျန့်က တစ်ဖက်လူသည် သူ၏သွယ်ဝိုက်ပြောဆိုမှုကို လုံးဝနားမလည်သည်ကို မြင်သောအခါ ရုံးသုံးစကားများ ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ "တကယ်တော့လေ... စက်ရုံကို သွားလို့မရလည်း အရေးမကြီးဘူး... အစိုးရဌာနတွေထဲ ဝင်လို့ရသေးတယ်... ထူးချွန်တဲ့ အရည်အချင်းရှိသူတွေအတွက်ဆိုရင် ခြွင်းချက်အနေနဲ့ ကျွန်တော်တို့ စီစဉ်ပေးနိုင်တယ်... အော် ဒါနဲ့... ရိုင်းရာကျမှန်းသိပေမဲ့ မေးပါရစေ... ဆရာယွမ်နဲ့ ခင်ဗျားက..."

ကျိုးယလီ၏ စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း နောက်ဆုံးစကားကို ကြားသောအခါ မျက်နှာနီမြန်းသွားပြီး အလျင်အမြန် ဆိုသည်။ "ညီမနဲ့ သူနဲ့က ဘာမှမတော်ပါဘူး"

ဤသည်မှာ နှုတ်တစ်မျိုး၊ စိတ်တစ်မျိုး မဟုတ်ပါလော။ အတွင်းရေးမှူးကျန့်က သူမ၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူ တွေးကြည့်မိသည်မှာလည်း ဟုတ်ပေသည်။ ဤမျှ ချောမောလှပသော အမျိုးသမီးငယ်တစ်ယောက်၊ မည်သို့ ပတ်သတ်မှုမရှိဘဲ နေနိုင်မည်နည်း။ ကျန်အမျိုးသမီးများလည်း ထိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။ တောထဲကဘဝက ကောင်းပေစွတကား။ ဥပဒေမရှိ၊ စည်းကမ်းမရှိ၊ မိမိစိတ်တိုင်းကျ ပြုမူနိုင်၏။ သူကိုယ်တိုင်ပင် မယားငယ်တစ်ယောက် ရှာလိုသော်လည်း ပေါ်သွားမည်ကို စိုးရိမ်ကြောက်လန့်နေရသည်။ ထိုသို့ပြုလုပ်ရန် အစွမ်းသတ္တိတော့ အလုံအလောက်ရှိရန် လိုအပ်ပေမည်။ အကယ်၍ ကိုယ်က အစွမ်းအစမရှိပါက တောထဲတွင် ရှင်သန်ခြင်းသည် သေခြင်းထက်ပင် ဆိုးရွားပေလိမ့်မည်။

အတွင်းရေးမှူးကျန့်၏ အပြုံးမှာ ပို၍ပင် ယဉ်ကျေးပျူငှာသွားသည်။ သူ ဤနေရာသို့ လာရခြင်းမှာ တာဝန်တစ်ခုနှင့် ဖြစ်၏။ လော်ယွမ်ကို "ကန္တာရမြို့" တွင် ခေါ်ထားရန်၊ အထက်လူကြီးများကို မကျေမနပ်ဖြစ်စေလျှင်တောင် ခေါ်ထားနိုင်ရန် ဖြစ်သည်။ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် အထက်လူကြီးများအတွက်မူ ဘာမျှမဟုတ်လှဘဲ၊ အချိုပေါ် သကာဆင့်ခြင်းသာ ဖြစ်နိုင်သော်လည်း၊ ကန္တာရမြို့အတွက်မူ ဧရာမအကူအညီကြီးတခုကဲ့သို့ တန်ဖိုးရှိလှသည်။ ဤသို့သောလူတစ်ယောက် ဤနေရာတွင် ရှိနေပါက အနည်းဆုံးတော့ ညဘက်တွင် ပို၍ စိတ်ချလက်ချအိပ်စက်နိုင်ပေလိမ့်မည်။

မနေ့က "မြေအောင်းပိုးကောင်" များ ကျူးကျော်မှုကဲ့သို့ အဖြစ်အပျက်မျိုးတွင် သူသာရှိပါက မူလကကဲ့သို့ အင်အားအလုံးအရင်းသုံးပြီး ဆုံးရှုံးမှုများပြားစရာ လိုအပ်တော့မည်မဟုတ်ပေ…

…………………………………………………………………………

မနက်စာ စားသောက်ပြီးနောက် လူတစ်စုသည် အတွင်းရေးမှူးကျန့်နှင့်အတူ လုပ်ငန်းစဉ်များဆောင်ရွက်ရန် ထွက်ခွာခဲ့ကြသည်။

သုံးထပ်မြင့်သော အထောက်အထားပြုလုပ်ရေးစင်တာမှာ ရပ်ကွက်နှင့် မဝေးလှပေ။ မိနစ်အနည်းငယ် လျှောက်လိုက်သည်နှင့် ပန်းတိုင်သို့ ရောက်ရှိသွား၏။ လူရင်းရှိလျှင် အလုပ်တွင်ကျယ်သည် ဆိုသည့်အတိုင်း၊ ပုံစံများကိုပင် တစ်ပါးသူက ဖြည့်စွက်ပေးပြီး အခြေခံအားဖြင့် တစ်လမ်းလုံး အဆင်ပြေချောမွေ့ခဲ့သည်။ ကျိုးယလီ၏ စာရင်းကိုင်လက်မှတ်ပင်လျှင် ဝန်ထမ်း၏ ရိုးရှင်းသော မေးခွန်းအနည်းငယ်မေးမြန်းပြီးနောက် အဆင်ပြေစွာ ရရှိခဲ့သည်။ ကမ္ဘာမပျက်မီကထက် လုပ်ငန်းစွမ်းဆောင်ရည်မှာ ဆယ်ဆမက မြင့်တက်လာ၏။

သို့သော် ပြုလုပ်ရသော အထောက်အထားများမှာ အလွန်များပြားသည့်အပြင် လူဦးရေလည်း မနည်းသောကြောင့် အားလုံးပြီးစီးသည့်အခါ မွန်းလွဲချိန်ပင် ရောက်သွားပြီ ဖြစ်သည်။

မြို့ထဲတွင် စားသောက်ဆိုင် အလွန်နည်းပါးလှသည်။ လမ်းတစ်လျှောက်လုံးတွင် တွေ့ရသည်မှာ ရှားပါးလှသော်လည်း ရှိတော့ရှိ၏။ လူတစ်စုသည် မြို့လယ်ခေါင်ရှိ ဟိုတယ်တစ်ခုသို့ ဝင်ရောက်သွားသည်။ ကမ္ဘာမပျက်မီက စံနှုန်းများအရဆိုလျှင် ဤသည်မှာ နယ်မြို့လေးအဆင့်သာ ရှိသော်လည်း ဤနေရာတွင်မူ အခမ်းနားဆုံး ဟိုတယ်ဖြစ်နေပြီ ဖြစ်သည်။

ယခုအချိန်မှာ နေ့လယ်စာစားချိန် အစည်ကားဆုံးအချိန်ဖြစ်သော်လည်း ဟိုတယ်မှာ အေးစက်တိတ်ဆိတ်နေပြီး ဧည့်သည် လုံးဝမရှိသလောက်ပင်။ ထိုနည်းတူစွာ စားပွဲထိုးများမှာလည်း မရှိသလောက် နည်းပါးလှသည်။

"နေ့ဘက်မှာ အများအားဖြင့် စက်ရုံတွေမှာ အလုပ်လုပ်နေကြတာဆိုတော့... ည ဆယ့်တစ်နာရီ... ဆယ့်နှစ်နာရီလောက်မှ စားသောက်တဲ့သူ ပိုများတယ်" အတွင်းရေးမှူးကျန့်က ရှင်းပြလိုက်သည်။

"နေ့တိုင်း အချိန်ပိုဆင်းရတာလား" ဟွမ်ကျားဟွေက သံသယဖြင့် မေးလိုက်သည်။

"စက်ရုံတွေက ဒီလိုပါပဲ... တရက်ကို ဆယ့်နှစ်နာရီလောက် အလုပ်လုပ်ရတယ်လေ" အတွင်းရေးမှူးကျန့်က ဖြစ်သင့်ဖြစ်ထိုက်သည့်အလား ဆိုသည်။

"ဒါ... ဒီလိုဆိုရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ... အလုပ်ချိန် ဒီလောက်ကြာတာ ဘယ်လိုလုပ် အဆင်ပြေမှာလဲ" ဟော်တုံက တစ်ချက်ကြောင်သွားပြီး မေးလိုက်သည်။ လမ်းတစ်လျှောက် လူအနည်းငယ်သာ တွေ့ရခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

"ဒါကတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ... စက်ရုံတော်တော်များများက တာဝန်တွေ အရမ်းများတော့ တစ်ခါတစ်လေ အလျင်လိုတဲ့အခါ လပေါင်းများစွာတောင် တစ်ရက်မှ မနားရတာမျိုး ရှိတယ်... ဒါပေမဲ့ အခုခေတ်လူတွေက ခန္ဓာကိုယ်ပိုသန်မာလာကြတော့ ဒီလိုအလုပ်ဒဏ်မျိုးကို ခံနိုင်ရည်ရှိကြပါတယ်"

လူအုပ်မှာ သက်ပြင်းကိုယ်စီ ချမိကြသည်။

"အလုပ်သမားတွေက နည်းနည်း ပင်ပန်းပေမဲ့ ကျွန်တော်တို့လို စစ်သားတွေနဲ့ ယှဉ်လိုက်ရင် ဒီနောက်တန်းက အလုပ်သမားတွေက တော်တော်ကံကောင်းတယ်ပြောရမယ်... အနည်းဆုံးတော့ ကြီးမားတဲ့ စိတ်ဖိစီးမှုတွေကို ခံစားရတာမျိုး မရှိဘူးပေါ့" တပ်စုမှူးရှက ခေါင်းခါရင်း ဆိုသည်။

နောက်ဆက်တွဲ ဤထမင်းတစ်နပ်ကို လူတိုင်းမှာ အရသာမရှိသကဲ့သို့ ခံစားလိုက်ရပြီး ဤနေရာ၏ အခြေအနေနှင့် မိမိတို့မှာ သဟဇာတမဖြစ်သကဲ့သို့ ခံစားနေရသည်။

အလျင်စလို ထမင်းစားကြပြီးနောက် သူတို့အဖွဲ့သည် နောက်ဆုံးပန်းတိုင်ဖြစ်သော "ဆင့်ကဲပြောင်းလဲသူ မှတ်ပုံတင်ဌာန" သို့ ရောက်ရှိလာကြသည်။

အတွင်းရေးမှူးကျန့်က မူလက ဆင့်ကဲပြောင်းလဲသူ နှစ်ယောက် သို့မဟုတ် အများဆုံး သုံးယောက်သာ ရှိမည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ရလဒ်မှာ လေးယောက်ဖြစ်နေပြီး သူ ဆင့်ကဲပြောင်းလဲသူဟု ထင်ထားခဲ့သော အစိမ်းနုရောင်အသားအရေရှိ ကလေးမလေး ချန်ကျားယီ မှာမူ ဆင့်ကဲပြောင်းလဲသူ ဟုတ်မနေပြန်ပေ။

သူသည် မသိမသာဖြင့် အနည်းငယ် ခပ်ခွာခွာ နေလိုက်သည်။

အကယ်၍ ဆင့်ကဲပြောင်းလဲသူသာဆိုလျှင် သူ ဤမျှ ဂရုပြုမိမည်မဟုတ်ပေ။ အချို့မှာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွင် သန္ဓေပြောင်းသွားသော်လည်း အသိစိတ်ကျန်ရှိနေသေးသူများ၏ ခန္ဓာကိုယ်မှာ ထူးဆန်းအံ့ဩဖွယ်ရာများ ဖြစ်နေတတ်သည်။ အသားအရောင်ပြောင်းခြင်းကို မဆိုထားနှင့်၊ အမွေးများပေါက်ခြင်း၊ အကြေးခွံများဖြင့် ပြည့်နှက်နေခြင်းမျိုးကိုပင် သူ တစ်ယောက်၊ နှစ်ယောက် တွေ့ဖူးသည်။ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ လူကောင်ကြီးအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ဖူးသည်။

သို့သော် ဆင့်ကဲပြောင်းလဲသူမဟုတ်ဘဲ အသားအရောင် ပြောင်းလဲနေသောအခါ သူ၏စိတ်ထဲတွင် သတိထားစောင့်ကြည့်စိတ် ဝင်လာသည်။

သူ၏ အမူအရာအားလုံးက လော်ယွမ်၏ မျက်လုံးထဲမှ မလွတ်တန်း ရှိနေသည်ကိုမူ သူ သတိမပြုမိလိုက်ပေ။

"သူက ရေညှိပင်တစ်မျိုး ကပ်ပါးကပ်ခံထားရတာလေ... သူ့ကိုဆင့်ကဲပြောင်းလဲသူလို့ သတ်မှတ်လို့ရသလို သာမန်လူလို့ သတ်မှတ်လို့လည်း ရတယ်" လော်ယွမ်က ရှင်းပြလိုက်သည်။

အတွင်းရေးမှူးကျန့်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အားယူပြုံးလိုက်ကာ "ကျွန်တော်... ကျွန်တော် ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။"

"ခင်ဗျားက သူ့ဆီကနေ ကူးစက်မှာကို စိုးရိမ်နေတာလား" လော်ယွမ်က သူ့ကို တစ်ချက် အေးစက်စွာ ကြည့်ရင်း မေးလိုက်သည်။

လော်ယွမ်၏ လေသံမှာ နူးညံ့သော်လည်း အတွင်းရေးမှူးကျန့်မှာ ကြီးမားသော ဖိအားတစ်ခု မျက်နှာဆီသို့ ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအကြည့်တစ်ချက်မှာ သူ၏လျှို့ဝှက်ချက်အားလုံးကို ထွင်းဖောက်မြင်တွေ့သွားသကဲ့သို့ပင်။ ဤသို့သောလူမျိုး၏ ရှေ့မှောက်တွင် ဉာဏ်များခြင်းသည် အသုံးမဝင်ကြောင်း သူ နားလည်သဘောပေါက်သွားပြီး အမှန်အတိုင်း ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။ "ဟုတ်... ဟုတ်ကဲ့... အဲ့ဒီလို စိုးရိမ်မိတာတော့ အမှန်ပါပဲ... ဒါပေမဲ့ အခု မစိုးရိမ်တော့ပါဘူး... ခင်ဗျားတို့ အတူတူနေတာတောင် ဘာမှမဖြစ်မှတော့ ကူးစက်နိုင်စွမ်းမရှိဘူးဆိုတာ ထင်ရှားပါတယ်"

သူသည် ပြောလေလေ ပို၍ ချောမွေ့လာလေလေဖြစ်ပြီး နောက်ဆုံးတွင် မေးလိုက်သည်။ "ဒီကိစ္စကို အထက်ကို တင်ပြလို့ ရမလားမသိဘူး ခင်ဗျာ့... ဇီဝသုတေသနဌာနက သူမကို တော်တော်စိတ်ဝင်စားလောက်တယ်လို့ ကျွန်တော်ထင်တယ်"

လူတိုင်း၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။

ချန်ကျားယီ မှာမူ မျက်နှာပင် ဖြူဖျော့သွားပြီး ကြောက်ရွံ့ထိတ်လန့်သော အမူအရာ ဖြစ်ပေါ်လာသည်။ လော်ယွမ်က ခဏစဉ်းစားပြီး ဆိုသည်။ "ဒီကလေးက ငယ်ပါသေးတယ်... လူကို ခေါ်သွားစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်... သူတို့အတွက် နမူနာရရင်ပဲ လုံလောက်တယ်မလား"

"ဒါပေါ့... ဒါပေါ့... နမူနာပဲ ရရင်ဖြစ်ပါတယ်... သာမန်ဆင့်ကဲပြောင်းလဲသူတွေက ဒီကိစ္စကို နည်းနည်း အထင်လွဲနေကြတာ... ဇီဝသုတေသနဌာနအကြောင်း ကျွန်တော် နည်းနည်းသိတယ်... သူတို့ကလူ့ခန္ဓာကိုယ်နဲ့ စမ်းသပ်တာမျိုး လုံးဝမရှိပါဘူး... အများဆုံး သွေးနည်းနည်းစစ်တာလောက်ပါပဲ" အတွင်းရေးမှူးကျန့်က ဤလူများ အဘယ်ကြောင့် မျက်နှာပျက်သွားသည်ကို သိပေသည်။ ဇီဝဗေဒကို အနည်းငယ်နားလည်သူတိုင်း ယခုခေတ်နည်းပညာဖြင့် ခန္ဓာကိုယ်ကို လှီးဖြတ်စစ်ဆေးခြင်းကဲ့သို့ အဆင့်နိမ့်သော နည်းလမ်းများ သုံးစရာမလိုကြောင်း သိကြသော်လည်း သာမန်လူများမှာမူ ဤကိစ္စကို သေမလောက် ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။

"သွေးလည်း စစ်စရာမလိုပါဘူး" လော်ယွမ်က ဆိုသည်။ ပုံတူပွားခြင်းကိစ္စများ ရှိမလာနိုင်ဟု မည်သူသိနိုင်မည်နည်း။ ကမ္ဘာမပျက်မီကဆိုလျှင် ကိုယ်ကျင့်တရားဆိုင်ရာ ဖိအားများကြောင့် မည်သူမျှ လူကို ပုံတူပွားရဲမည်မဟုတ်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ဤသို့သောကိစ္စများ မဖြစ်ပွားနိုင်ဟု မည်သူမျှ အာမမခံနိုင်ပေ။

"ဒါကတော့..." အတွင်းရေးမှူးကျန့်မှာ အခက်တွေ့သွားသည်။ သွေးမစစ်ဘဲ ဘယ်လိုစမ်းသပ်မလဲ၊ ရိုးတွင်းခြင်ဆီကိုများ ထုတ်ယူရမည်လော။

သို့သော် သူသည် မကြာမီမှာပင် ထူးဆန်းအံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ချန်ကျားယီက လက်ကိုဆန့်ထုတ်လိုက်ရာ မူလက ချောမွေ့နေသော အသားအရေပေါ်တွင် ရေညှိပင်အမြောက်အမြား လျင်မြန်စွာ ပေါ်ထွက်လာပြီး ခန်းမဆောင်ထဲတွင် အသက်ရှူမှားသံများ ထွက်ပေါ်လာသည်။

"ဒါ... ဒါ... တကယ် မယုံနိုင်စရာပဲ"

"ဟုတ်ပြီ... အချိန်တန်ရင် ရေညှိပင်နည်းနည်းပေးလိုက်မယ်... အခုတော့ စမ်းသပ်စစ်ဆေးတာကို အမြန်ဆုံးလုပ်တာက ပိုကောင်းမယ်... ဘယ်လိုမျိုး စစ်ဆေးဖို့ လိုအပ်မလဲ မသိဘူး" လော်ယွမ်က စကားဖြတ်ပြောလိုက်သည်။

ဆက်ရန်...

အပိုင်း(၂၆၀)စစ်ဆေးခြင်း

လော်ယွမ်သည် မူလက ဆင့်ကဲပြောင်းလဲသူအဆင့်သတ်မှတ်ခြင်းဟူသော ထူးဆန်းသည့်အမည်သည် သိပ္ပံစိတ်ကူးယဉ်ဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေမည်ဟု ထင်မှတ်ခဲ့သည်။ အနည်းဆုံးတော့ ရှုပ်ထွေးသောကိရိယာများ၊ စမ်းသပ်စက်ပစ္စည်းအမျိုးမျိုး ရှိရပေမည်။

သို့သော် တကယ်တမ်းမြင်တွေ့လိုက်ရသောအခါ လော်ယွမ်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။

"ဒါက အဆင့်စမ်းသတ်ဖို့လား" လော်ယွမ်က ထူးဆန်းသောမျက်နှာထားဖြင့် မြေအောက်ခန်းထဲမှ အရွယ်အစားအမျိုးမျိုးရှိသော သန္ဓေပြောင်းသတ္တဝါများကို ထိန်းသိမ်းထားသည့် လှောင်အိမ်များကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"ဟုတ်ကဲ့ဆရာယွမ်... လက်တွေ့တိုက်ခိုက်ခြင်းက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းရည်ကို အရှင်းလင်းဆုံးစစ်ဆေးနိုင်တဲ့နည်းလမ်းပဲလေ... ဒါကိုဘယ်ကိရိယာနဲ့မှအစားထို့လို့မရဘူး... အင်းပေါ့ ကျွန်တော်တို့ဆီမှာကတော့ အဆင့်၃ဆင့်ကဲပြောင်းလဲသူအထိပဲ စမ်းသတ်နိုင်တယ်... ဒီထက်ပိုမြင့်တဲ့အဆင့်တွေစမ်းသတ်ချင်ရင် မြို့ကြီးတွေကိုသွားမှပဲရမှာ... ဒါမှမဟုတ် စစ်မြေပြင်မှာ တစ်ခါတည်းစမ်းသတ်လည်းရတယ်" ဘေးမှ ကြီးကြပ်သူတစ်ဦးက တည်ကြည်စွာ ရှင်းပြလိုက်သည်။

ထိုအချိန်တွင် လော်ယွမ်သည် ဤနေရာမှ သန္ဓေပြောင်းသတ္တဝါအများစုမှာ အရွယ်အစားသိပ်မကြီးမားကြောင်း သတိပြုမိလိုက်သည်။ အကြီးဆုံးသတ္တဝါမှာပင် ၁၂ပေခန့်သာရှိပြီး အချိန်ကြာမြင့်စွာ ထိန်းသိမ်းနှိပ်စက်ခံထားရသောကြောင့် ဤသတ္တဝါအများစုမှာ စိတ်ဓာတ်ကျကာ အားအင်ကုန်ခမ်းနေကြသည်။ တောထဲမှသတ္တဝါများနှင့်နှိုင်းယှဉ်လျှင် သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ သုံးလေးဆယ်ရာခိုင်နှုန်းပင် မရှိလောက်တော့ပေ။

လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်ထဲတွင် ဤသည်မှာ တကယ်ကို ကလေးကုလားနိုင်လွန်းသည်ဟု တွေးမိကြသည်။

လော်ယွမ်ကိုမဆိုထားနှင့် ကျန်သူများပင်လျှင် ထိုသတ္တဝါများကို အလွယ်တကူ သတ်ဖြတ်နိုင်ကြပေသည်။

လော်ယွမ်၏ကျေးဇူးကြောင့် အစိမ်းနုရောင်အဆင့်နှင့် အစိမ်းရောင်အဆင့် စွမ်းအင်မြင့်အစားအစာများလျှင် လုံးဝမပြတ်လပ်ခဲ့ပေ။ လူတိုင်း၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ဆယ့်နှစ်မှတ်ဝန်းကျင်တွင်ရှိပြီး ဓားသိုင်းပညာလေ့ကျင့်မှုနှင့် ထက်ရှသောလက်နက်များကြောင့် ဤခရီးတစ်လျှောက်တွင် လူအများစု သတ်ဖြတ်ခဲ့သော အပြာရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများသည် အကောင်တစ်ရာမရှိလျှင်တောင် အကောင်ဆယ်ဂဏန်းခန့်တော့ ရှိပေလိမ့်မည်။

နောက်ဆုံးတွင် လော်ယွမ်က စတင်ပြောလိုက်သည်။

"ဒါဆို တစ်ကောင်လွှတ်လိုက်... ခင်ဗျားတို့ဆီက အဆင့်အမြင့်ဆုံးတစ်ကောင်ကို တန်းလွှတ်လိုက်တော့"

"ဒါက အရမ်းစွန့်စားရာမကျဘူးလား... အဆင့်တစ်ကနေ စရင်ရော" ကြီးကြပ်သူက အတွင်းရေးမှူးကျန့်ကို ကြည့်ကာ နဖူးမှချွေးအနည်းငယ်သုတ်ရင်း မေးလိုက်သည်။

"ခစ်ခစ်.." ဝမ်ရှီရှီက မရယ်ဘဲမနေနိုင်တော့ဘဲ အခြားသူများ၏မျက်နှာပေါ်တွင်လည်း အပြုံးများပေါ်ထွက်လာသည်။

"ကိစ္စမရှိဘူး... လွှတ်လိုက်ပါ" အတွင်းရေးမှူးကျန့်၏မျက်နှာသည် အနေရခက်ကာ အနည်းငယ်နီရဲလာပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"ဒါပေမဲ့..." ကြီးကြပ်သူက အနည်းငယ်အခက်တွေ့နေသည်။ ဤသည်မှာ လုပ်ထုံးလုပ်နည်းနှင့်မညီပေ။ တစ်ဖက်လူက တောင်းဆိုသော်လည်း အကယ်၍ လူသေမှုဖြစ်ပွားပါက သူလည်း တာဝန်တစ်စိတ်တစ်ပိုင်းယူရပေမည်။

"သူက မြို့တော်ဝန်ဝူရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ပဲ... သူက လွှတ်ခိုင်းရင် လွှတ်လိုက်... တာဝန်အားလုံး ငါယူတယ်" အတွင်းရေးမှူးကျန့်က စိတ်မရှည်စွာပြောလိုက်သည်။ သူ၏မျက်နှာသည် ပူလောင်နေသည်။ သူတို့ဘာကြောင့်ဒီလောက်တောင် မမြင်တတ်ရသနည်း၊ သာမန်ဆင့်ကဲပြောင်းလဲသူဆိုရင် သူက အဖော်လိုက်လာပါ့မလား။

ကြီးကြပ်သူသည် နောက်ဆုံးတွင် စိတ်အေးသွားဟန်တူပြီး အဝေးထိန်းခလုတ်တစ်ခုကို ထုတ်ယူကာ ခလုတ်နှိပ်လိုက်သည်။ စူးရှသောအသံနှင့်အတူ လေးလံထူထဲသော သံတိုင်တံခါးသည် ဖြည်းညင်းစွာ ပွင့်လာသည်။

နွားချိုနှင့်အစွယ်များရှိသော ဧရာမသားရဲကြီးသည် မြေပြင်ပေါ်တွင် ဝပ်နေပြီး မျက်ခွံများ ပိတ်ကာ မျက်လုံးများမှာ အသက်မဲ့နေသည်။ သူသည် ရုပ်ထုတစ်ခုကဲ့သို့ ငေးငိုင်ကာ မလှုပ်မယှက်ရှိနေသည်။ အကယ်၍ အဆက်မပြတ်ထွက်နေသော ရေငွေ့များက သူအသက်ရှင်နေသေးကြောင်း သက်သေမပြပါက လူတိုင်းသည် သူသေဆုံးနေပြီဟုပင် ထင်မှတ်မိကြပေလိမ့်မည်။

"ခင်ဗျားတို့ ဆေးတွေအများကြီးတိုက်ထားပြန်ပြီလား" အတွင်းရေးမှူးကျန့်က မျက်နှာပူပူဖြင့် ချောင်းတစ်ချက်ဆိုးကာ ကြီးကြပ်သူကို အနားသို့ဆွဲခေါ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နည်းနည်းပဲတိုက်ရင် ပြဿနာတက်မှာစိုးလို့ပါ... ဒီလိုမှပဲ စိတ်ချရမှာလေ" ကြီးကြပ်သူက ခြောက်ကပ်စွာရယ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလိုတော့ လုပ်လို့မရဘူးလေ... ခင်ဗျားတို့ဆီမှာ လူနည်းပြီး လုံခြုံရေးအားနည်းတာ ကျွန်တော်သိပေမဲ့... ဒါကြီးကတော့ လွန်လွန်းတယ်... သန္ဓေပြောင်းသတ္တဝါကို ဒုက္ခိတဖြစ်အောင်လုပ်ထားမှတော့ ဘယ်လိုစမ်းသပ်မလဲဗျ... နောက်တစ်ကောင်ပြောင်း... နောက်တစ်ကောင်ပြောင်း" အတွင်းရေးမှူးကျန့်က စိတ်မရှည်စွာ ပြောလိုက်သည်။

ကြီးကြပ်သူက အလျင်အမြန်ခေါင်းညိတ်ကာ လိုက်လျောလိုက်သည်။ မကြာမီတွင် နောက်ထပ်သံတိုင်တံခါးတစ်ခု ပွင့်လာသည်။ ဤတစ်ကြိမ်တွင် အခြေအနေအနည်းငယ်ကောင်းမွန်လာပြီး ဆယ့်ငါးစက္ကန့်အကြာတွင် အတွင်းမှသားရဲကြီးသည် ယိမ်းထိုးလျက် ထွက်လာသည်။ သို့သော် သက်ပြင်းမချနိုင်မီမှာပင် ရုတ်တရက် သူ၏ခြေထောက်သည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ အကြိမ်အနည်းငယ်ရုန်းကန်ပြီးနောက် ပြန်မထနိုင်တော့ပေ။

အတွင်းရေးမှူးကျန့်သည် မျက်နှာကို ဓားဖြင့်လှီးချင်စိတ်ပင်ပေါက်သွားသည်။

"အဆင့်၂ဆိုရင်ရော... အဆင့်နှစ် သန္ဓေပြောင်းသတ္တဝါဆိုရင်တော့ သေချာပေါက်အဆင်ပြေမှာပါ... အဆင့်သုံးက အရမ်းအန္တရာယ်များတယ်... ခင်ဗျားလည်းသိတဲ့အတိုင်း ကျွန်တော်တို့ဆီမှာ လုံခြုံရေးအစီအမံတွေ မလုံလောက်ဘူးဆိုတော့ ဒီလိုလုပ်မှပဲရတာ" ကြီးကြပ်သူက ပူထူ့သောမျက်နှာထားဖြင့် ဖြေရှင်းချက်ပေးလိုက်သည်။

............................................................................................................

"ဆရာယွမ် ဘယ်လိုမှသဘောမထားနဲ့နော်... ဒီလူတွေက အရမ်းသတိကြီးလွန်းတော့ ဆေးတိုက်ရင် အများကြီးတိုက်ကြတာလေ..." အပြင်သို့ထွက်လာပြီးနောက် အတွင်းရေးမှူးကျန့်က ရှက်ရွံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။

လော်ယွမ်က လက်ကာပြလိုက်ပြီး ဂရုမစိုက်ကြောင်း အမူအရာပြလိုက်သည်။ အမှန်မှာ ဤသို့ပြုလုပ်ခြင်းသည်လည်း အပြစ်ဆိုဖွယ်မရှိပေ။ ထိုနေရာမှ ကာကွယ်ရေးအဆောက်အအုံများသည် အလွန်ပင်ရိုးရှင်းပြီး ဆင့်ကဲပြောင်းလဲသူမှတ်ပုံတင်စင်တာတစ်ခုလုံးတွင် လူအနည်းငယ်သာရှိသည်။ တံခါးဝမှ ကင်းစောင့်လေးယောက်မှလွဲ၍ အခြားကာကွယ်ရေးအစီအမံများမရှိပေ။ ဆေးမတိုက်ပါက ထိုသန္ဓေပြောင်းသတ္တဝါများကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

အပြာရောင်အဆင့်သည် လော်ယွမ်၏မျက်လုံးထဲတွင် အရေးမပါသော်လည်း အင်အားကိုဆိုလျှင်မူ တန်နှင့်ချီ၍ရှိပြီး သူ၏အင်အားထက် များစွာသာလွန်သည်။ သာမန်နံရံများသည် တို့ဟူးကဲ့သို့ဖြစ်ပြီး လုံးဝတားဆီးနိုင်မည်မဟုတ်ပေ။ ထိုသံတိုင်တံခါးများပင်လျှင် သတ္တုတိုင်တစ်ချောင်းချင်းစီသည် ၂၊ ၃လက်မခန့် တုတ်ခိုင်သော်လည်း အကြိမ်ကြိမ်တိုက်ခတ်မှုကို ခံနိုင်မည်မဟုတ်ပေ။

အတွင်းရေးမှူးကျန့်က လော်ယွမ်ကို အိမ်သို့ လိုက်ပို့ပြီးနောက် ထွက်ခွာသွားပြီး ရိက္ခာကူပွန်တစ်ထပ်ကို ချန်ထားခဲ့သည်။

"ဒါက ရိက္ခာကူပွန်တွေလား... ဘာလို့ ငွေစက္ကူနဲ့တူနေတာလဲ... ကူပွန်က ပလတ်စတစ်ကတ်ပြားတွေဖြစ်မယ်လို့ ထင်နေတာ" ဟော်တုံက စူးစမ်းစွာဖြင့် တစ်ရွက်ကိုကောက်ကိုင်ကာ ပြောလိုက်သည်။ ယခင်က ထမင်းစားစဉ် အတွင်းရေးမှူးကျန့်က ရိက္ခာကူပွန်ဖြင့် ငွေရှင်းသော်လည်း သေချာမကြည့်မိဘဲ ယခုမှသာ အခွင့်အရေးရခြင်းဖြစ်သည်။

"ဒါက မထူးဆန်းပါဘူး... တကယ်တော့ ဒါက ငွေစက္ကူအသစ်ပဲ... သူတို့ကိုရိက္ခာကူပွန်ပုံစံနဲ့ ပြောင်းထုတ်ထားတာပဲရှိတာ" ချောင်လင်းက ကျွမ်းကျင်စွာပြောရင်း မျက်လုံးများတွင် အလင်းရောင်များတောက်ပနေသည်။ "ကမ္ဘာပျက်ပြီးကတည်းက မူလဘဏ္ဍာရေးစနစ်က ပြိုလဲသွားပြီလေ... ပြီးတော့ ရိက္ခာရှားတာတွေ... စစ်အတွင်းစီးပွားရေးနဲ့ နိုင်ငံတော်ရဲ့သယံဇာတတွေကို အမြင့်ဆုံးထိန်းချုပ်မှုတွေကြောင့် အရင်ငွေကြေးစနစ်က တည်ရှိဖို့အခြေခံမရှိတော့ဘူး... ဒါကြောင့် ငွေကြေးအသစ်ထုတ်ရတာပဲ"

ပြန်လည်တည်ဆောက်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက် ချောင်လင်းသည် လွတ်လပ်သွားသောငှက်ငယ်တစ်ကောင်ကဲ့သို့ လုံးဝစိတ်အေးသွားခဲ့ပြီဖြစ်သည်။ သူတစ်ပါးကို မျက်နှာချိုသွေးရန်မလို၊ သူတစ်ပါးမျက်နှာရိပ်မျက်နှာကဲကြည့်ရန်မလို၊ အချိန်မရွေးအသက်ဆုံးရှုံးမည်ကို စိုးရိမ်ထိတ်လန့်ရန်မလိုတော့ပေ။ ယခုအခါ လော်ယွမ်နှင့်ရင်ဆိုင်ရလျှင်ပင် ယခင်ကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိတော့ပေ။

လော်ယွမ်လည်း ၁ရွက်ကိုကောက်ကိုင်ကြည့်လိုက်ရာ ငွေစက္ကူနှင့်အရွယ်အစားတူပြီး အရောင်မှာလည်း အကြမ်းဖျင်းတူညီသည်။ အပေါ်တွင်ရေးထားသောဂဏန်းမှာလည်း တစ်ရာဖြစ်သော်လည်း "ယွမ်" မဟုတ်ဘဲ "ပေါင်" ဖြစ်နေသည်။ လူလေးယောက်၏ပုံမှာလည်း မရှိတော့ဘဲ အနုမြူဗုံးပေါက်ကွဲစဉ် မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများ ပြာမှုန်ဖြစ်သွားသည့်မြင်ကွင်းဖြင့် အစားထိုးထားသည်။

ဤသည်မှာ လူသားတို့အား သန္ဓေပြောင်းသတ္တဝါများကို အောင်နိုင်ရန် ယုံကြည်ချက်ကို မြှင့်တင်ပေးရန်ဖြစ်မည်။

ဤရိက္ခာကူပွန်တစ်ပုံသည် အကြမ်းဖျင်းအားဖြင့် အရွက်တစ်ရာခန့်ရှိပြီး ပေါင်တစ်သောင်းဖြစ်သည်။

လော်ယွမ်က တပ်ခွဲမှူးရှ၏လစာအခြေအနေကို မေးမြန်းကြည့်ရာ သူ၏လစာမှာ သုံးရာဖြစ်ကြောင်း သိလိုက်ရသည်။ အခြားထောက်ပံ့ကြေးများနှင့် အောက်ဆိုက်များ (အသားမှောင်ခိုရောင်းဝယ်မှုမှခွဲဝေရရှိငွေ) ကိုမထည့်သွင်းဘဲ ဤသည်မှာ အလွန်ပင်မြင့်မားနေပြီဖြစ်သည်။ စစ်သားသစ်များမှာ တစ်ရာ့နှစ်ဆယ်သာရပြီး သာမန်အလုပ်သမားများမှာမူ ငါးဆယ်သာရရှိကာ စားဝတ်နေရေးအတွက် မနည်းရုန်းကန်ရသည်။

ရိက္ခာဈေးနှုန်းကွာခြားချက်ကို ထည့်သွင်းစဉ်းစားပါက ဤတစ်သောင်း၏ဝယ်ယူနိုင်စွမ်းသည် ကမ္ဘာမပျက်မီက တစ်သန်းနှင့်ပင် ညီမျှပေလိမ့်မည်။

"ခေါင်းဆောင်ယွမ်... ဒီပိုက်ဆံတွေကို ဘယ်လိုလုပ်မှာလဲ" တပ်ခွဲမှူးရှ၏ရှင်းပြချက်ကိုကြားရသောအခါ ဤသည်မှာ ငွေအမြောက်အမြားဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းရှောင်ကျီ၏စိတ်ထဲတွင် ပူလောင်လာပြီး သွေးတိုးစမ်းသည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းက ဘယ်လိုလုပ်ချင်သေးလို့လဲ... မျက်စိရှိတဲ့သူတိုင်း ဒီပိုက်ဆံတွေက ခေါင်းဆောင်ယွမ်အတွက်ဆိုတာ သိတယ်... ခေါင်းဆောင်ယွမ်မရှိရင် မင်းက ဒီလိုအခွင့်အရေးရမယ်ထင်နေလား" ဟော်တုံက လင်းရှောင်ကျီကို တစ်ချက်ကြည့်ကာ အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။

လင်းရှောင်ကျီ၏မျက်နှာသည် နီရဲသွားပြီး ဟော်တုံကိုတစ်ချက်ကြည့်ကာ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသည်။ "ဒီလူအမြဲတမ်း ဖားယားရတာကို စွဲလမ်းနေပြီပဲ... ပြန်လည်တည်ဆောက်ရေးဇုန်ရောက်နေပြီဆိုတာကို မသိဘူးလား" သို့သော် လော်ယွမ်၏ဩဇာမှာ ရှိနေသေးသဖြင့် လင်းရှောင်ကျီက ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ပိတ်လိုက်ပြီး ဒေါသတကြီးဖြင့် တံခါးအပြင်သို့ထွက်သွားသည်။

"ဒီကောင်လေးရဲ့ စိတ်ဓာတ်ကသိပ်မကောင်းဘူးပဲ... ခုထိဘယ်လိုများအသက်ရှင်လာခဲ့လဲမသိဘူး" တပ်ခွဲမှူးရှက အေးစက်သောလေသံဖြင့်ပြောရင်း မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက ပြန်လည်တည်ဆောက်ရေးဇုန်က တကယ်ငြိမ်းချမ်းတယ်လို့ ထင်နေလားမသိ၊ ထို့အပြင် မြို့တော်အစိုးရက လော်ယွမ်ကို ဘာကြောင့် ဤမျှလောက်အလေးထားသနည်းဆိုတာကိုရော သေချာမစဉ်းစားဖူးဘူးလားမသိ။

ဤမျှလောက်ခိုင်မာသည့် အမှီအခိုကို မမှီခိုချင်ဘူးဆိုသည်မှာ တကယ်အံ့သြစရာပင်တည်း။

"အဓိကကတော့ အကိုယွမ်က စိတ်ထားကောင်းတဲ့သူမို့...သာမန်မကောင်းတဲ့သူဆို သူ့ကိုအဖွဲ့ထဲက နှင်ထုတ်လိုက်တာကြာပေါ့" ချောင်လင်းကလည်း ပြောလိုက်သည်။

လူအများစုက ထောက်ခံသည့်မျက်နှာထားများပြသကြရာ လော်ယွမ်မှာ ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။ သူကခေါင်းခါလိုက်ပြီး။ "သူ့ကိစ္စကိုထားလိုက်တော့... ပိုက်ဆံတွေအားလုံးခွဲဝေယူကြ... ကျွန်တော်လည်း ဒီလောက်အများကြီး မသုံးနိုင်ပါဘူး"

အကယ်၍ ယခင်ကသာဆိုလျှင် ဤပိုက်ဆံသည် သူ့ကို စိတ်လှုပ်ရှားစေနိုင်ပေမည်။ သို့သော် ယခုအခါ စိတ်နေစိတ်ထားမှာ မတူတော့ပေ။ သူ့အတွက် ပိုက်ဆံသည် ကိန်းဂဏန်းတစ်ခု သို့မဟုတ် သာမန်ပြင်ပအရာဝတ္ထုတစ်ခုမျှသာဖြစ်သည်။

သူ၏ ဓားဖြင့်ဆို အရာအားလုံးကို ရရှိနိုင်မည်ဟု ယုံကြည်သည်။

All Chapters