အခန်း (၂၄၁-၂၄၄)
Vol. 13 Ch. 241-244
အပိုင်း(၂၄၁) အတူယှဉ်တွဲနေထိုင်ခြင်း
အချိန်ကား တစက္ကန့်ချင်း တရွေ့ရွေ့ကုန်လွန်သွား၏။ နေရောင်ခြည်သည်လည်း တခဏထက်တခဏ ပို၍ပင် ပူပြင်းတောက်လောင်လာခဲ့သည်။ သို့သော် ချန်ကျားယီမှာမူ ပူပြင်းလှသော နေရောင်အောက်၌ မလှုပ်မယှက် ရပ်တန့်နေဆဲဖြစ်ပြီး လုံးဝ ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
ဝမ်ရှီရှီက ခတ္တမျှတုံ့ဆိုင်းပြီး သူမနာမည်ကို ခေါ်လိုက်မှသာလျှင် သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ချက်ချင်းပင် အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်သွားတော့သည်။
သူမသည် ခဏတာ ကြောင်ငေးနေပြီးနောက် အလျင်အမြန်ပင် လှည့်လာခဲ့သည်။ ၎င်းမှာ ရေညှိများဖြင့် အပြည့်ဖုံးလွှမ်းနေသော မျက်နှာတခုဖြစ်၏။ မျက်နှာပေါ်မှ ကြင်အင်လက္ခဏာ ပုံသဏ္ဌာန်တို့မှာ ဝေဝါးနေပြီး တောက်ပမည်းနက်သော မျက်လုံးတစုံသာလျှင် ဝမ်းမြောက်ဝမ်းသာဖြင့် လူတိုင်းကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
အားလုံးက အလိုအလျောက်ပင် နောက်သို့ ခြေတလှမ်း ဆုတ်လိုက်မိကြ၏။ သူတို့၏ မျက်နှာထက်၌ ကြောက်ရွံ့ခြင်း အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထိုသူများထဲ၌ သူမနှင့်အတူ လိုက်ပါလာခဲ့သော အဖော်များဖြစ်သည့် တန့်ဝေနှင့် ကျုံးချူ့ချန်တို့ပင်လျှင် ပါဝင်နေခဲ့သည်။
ချန်ကျားယီ၏ တောက်ပသော မျက်လုံးများသည် ချက်ချင်းပင် မှေးမှိန်သွားပြီး စိတ်ထဲ၌ မိမိကိုယ်ကို အားငယ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ဖြတ်ပြေးသွားသည်။
လော်ယွမ်က ချန်ကျားယီ၏ အမူအရာနှင့် လှုပ်ရှားမှုများကို မျက်ခြည်မပြတ် ကြည့်နေခဲ့သည်။ သူက အနည်းငယ် သက်ပြင်းချလိုက်မိ၏။ သူမ၏ တုံ့ပြန်မှုသည် လုံးဝပုံမှန်ဖြစ်ပြီး ၎င်းကသူမ၏ အသိစိတ် ပျောက်ဆုံးသွားခြင်းမရှိကြောင်းကို ညွှန်ပြနေသည်။ ဤသည်မှာ သန္ဓေပြောင်းလူသားနှင့် များစွာ ကွာခြားလှ၏။
"နင်... အခု ဘယ်လိုခံစားရလဲ"
"တကိုယ်လုံး နွေးထွေးပြီး အရမ်းနေလို့ကောင်းတယ်... ရေနည်းနည်းဆာတာကလွဲရင်ပေါ့" လော်ယွမ်၏ မေးခွန်းကို ကြားသောအခါ ချန်ကျားယီက အလျင်အမြန် ပြန်ဖြေလိုက်သည်။
လော်ယွမ်၏ ရှေ့မှောက်၌ သူမသည် လိမ်ညာရန် မဝံ့ရဲဘဲ ရိုးသားစွာပင် ပြောလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲ၌မူ အနည်းငယ် ထိတ်လန့်နေမိ၏။ သူမက ချန်ရှင်းဖုံ၏ အဖြစ်ဆိုးကို မြင်တွေ့ခဲ့ဖူးရာ ယခုအခါ သူမ၏ အလှည့် ကျရောက်လာပြီလောမသိ။ သူမသည် တကြိမ် စွန့်ပစ်ခြင်းကို ခံခဲ့ရဖူးပြီး နောက်တကြိမ် စွန့်ပစ်ခြင်းကို မခံလိုတော့ချေ။
"သူက နေရောင်ခြည်ကိုစုပ်ယူနိုင်တာ ဖြစ်မယ်..." လော်ယွမ်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်ပြီး ဝမ်ရှီရှီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရေတခွက် သွားခပ်ခဲ့"
ဝမ်ရှီရှီက "ဟုတ်" ဟု တခွန်းဆိုကာ ရေယူရန် အလျင်အမြန် ပြေးသွားသည်။
သူက နောက်တကြိမ် ချန်ကျားယီဘက်သို့ လှည့်လိုက်သည်။ သူမကဲ့သို့သော အရွယ်၌ မိမိ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ထားရန် မတတ်သေးချေ။ အရာအားလုံးက မျက်နှာပေါ်၌ အထင်းသားပေါ်လွင်နေသည်။ သူမ၏ စိုးရိမ်ကြောက်ရွံ့နေသော မျက်နှာကို မြင်သောအခါ သူက နူးညံ့သောအမူအရာဖြင့် ပြောလိုက်သည်။ "မကြောက်ပါနဲ့... ငါက နင့်ရဲ့အခြေအနေကို သိချင်လို့ မေးကြည့်တာပါ"
ချန်ကျားယီ၏ အမူအရာ အနည်းငယ် လျော့ကျသွားသည်ကို မြင်သောအခါ လော်ယွမ်က ဆက်မေးလိုက်သည်။ "အဲ့တာတွေကို... နင် ပြန်သိမ်းလို့ရလား"
"သမီးကိုယ်ပေါ်က ရေညှိတွေကိုလား" သူမက ကြောင်သွားပြီး မေးလိုက်သည်။ လော်ယွမ် ခေါင်းညိတ်သည်ကို မြင်သောအခါ သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး မကြာမီမှာပင် ရေညှိအားလုံး ပြန်လည်ဝင်ရောက်သွားကာ သူမ၏ အစိမ်းနုရောင် အသားအရေ ပေါ်ထွက်လာသည်။
သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် ပိန်လှီသွားဟန်တူ၏။ ကပ်ပါးကပ်တွယ်ခြင်းက သူမ၏ အဆီအချို့ကို သုံးစွဲသွားသည်မှာ ထင်ရှားလှသည်။ သို့သော် အထင်ရှားဆုံးမှာ သူမ၏ အသားအရေပင်ဖြစ်သည်။ ထိုအချိန်၌ သူမ၏ အသားအရေသည် အလွန်အမင်း ချောမွေ့နေပြီး နေရောင်အောက်၌ အနည်းငယ်ပင် ရောင်ပြန်ဟပ်နေသည်။
ထို့အပြင် ထိုထူးခြားသောအစိမ်းနုရောင်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူမထံမှ လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတမျိုး ထွက်ပေါ်နေပြီး လော်ယွမ်ပင်လျှင် အကြိမ်အနည်းငယ်မျှ ထပ်မံကြည့်ရှုမိတော့သည်။
သူ၏ စိတ်ထဲ၌ အနည်းငယ်အံ့သြသွားသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဤသို့သော ဖြစ်စဉ်ကို မြင်တွေ့ဖူးခြင်းဖြစ်သည်။ သက်ရှိတမျိုး၏ ကပ်ပါးကပ်တွယ်ခြင်းကို ခံရပြီးနောက် သေဆုံးမသွားသည့်အပြင် အတူယှဉ်တွဲနေထိုင်ခြင်း ဖြစ်စဉ်တခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။ ဤသို့ နူးညံ့သိမ်မွေ့သော ကပ်ပါးသဘာဝမျိုးသည် အပင်များ၌သာ ရှိနိုင်ပေလိမ့်မည်။
ယခုမူ ကူးစက်နိုင်ခြင်း ရှိ၊ မရှိကိုသာ ကြည့်ရတော့မည်ဖြစ်သည်။ သူကမူ တကိုယ်လုံး အစိမ်းရောင်အသားအရေဖြင့် လျှောက်သွားလိုစိတ်မရှိချေ။ လော်ယွမ်က "အမျိုးအမည်ခွဲခြားအစွမ်း" ကို စမ်းသပ်အသုံးပြုကြည့်သော်လည်း ရလဒ်မှာ မထူးမခြားဖြစ်ပြီး သာမန်အမျိုးသမီးတဦးနှင့် တပုံစံတည်း ဖြစ်နေသည်။ သူ သွယ်ဝိုက်သောနည်းလမ်းကိုသာ အသုံးပြုရပေတော့မည်။
"ဟုတ်ပြီ... နင့်ရေညှိတွေပြန်ထုတ်လိုက်တော့" လော်ယွမ်က ပြောလိုက်သည်။
ချန်ကျားယီက နာခံစွာဖြင့် "ဟုတ်" ဟု တခွန်းဆိုကာ မကြာမီမှာပင် သူမ၏ ကိုယ်ပေါ်၌ ရေညှိများ ပြန်လည်ပြည့်နှက်လာခဲ့သည်။ သူမသည် ဤသို့သော အခြေအနေကို အလွန်နှစ်သက်ဟန်တူပြီး မျက်လုံးများပင်လျှင် တောက်ပလာသည်။
"နင့်ရဲ့ ရေညှိနည်းနည်းလောက် ငါ့ကိုပေး" လော်ယွမ်က ပြောလိုက်သည်။
ချန်ကျားယီက ငြင်းဆန်ခြင်းမရှိဘဲ နာကျင်မှုကို သည်းခံကာ အားကုန်သုံး၍ ရေညှိတစုကို ဆွဲနှုတ်လိုက်သည်။ နှိုးဆွခြင်းကို ခံလိုက်ရသည့်အလား အနီးအနားမှ ရေညှိအများအပြားသည် ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အချိန်အတော်ကြာမှသာလျှင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
လော်ယွမ်က သတိကြီးစွာဖြင့် လက်ဖြင့်မယူပဲ သူမကို မြေပြင်ပေါ်၌ ချထားစေပြီးနောက် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။
အမည် - ကပ်ပါးရေညှိစိမ်း
ရှားပါးမှုအဆင့် - အပြာနုရောင်
အလေးချိန် - ၃ ဂရမ်"
အခြေအနေ - ကပ်ပါးကပ်တွယ်ထားပြီး
ထပ်တိုးအစွမ်း - မရှိ
သုံးသပ်ချက် - ဤသည်မှာ ရှားပါးသော ကပ်ပါးသက်ရှိတမျိုးဖြစ်ပြီး တကိုယ်တည်း ရှင်သန်နိုင်သကဲ့သို့ အချို့သော ထူးခြားသည့် သွေးအမျိုးအစားရှိသော မျိုးစိတ်များနှင့် ပြီးပြည့်စုံစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်။ လက်ခံသက်ရှိ၏ ပင်မဂုဏ်သတ္တိများကို အနည်းငယ် တိုးမြှင့်ပေးနိုင်သည်။ ကပ်ပါးကပ်တွယ်ပြီးနောက် ရေညှိစိမ်းသည် နောက်တကြိမ် ကပ်ပါးကပ်တွယ်နိုင်စွမ်းကို ဆုံးရှုံးသွားပြီး လက်ခံသက်ရှိ သေဆုံးမှသာလျှင် ပြန်လည်ကပ်တွယ်နိုင်မည်ဖြစ်သည်။"
နောက်တကြိမ် ကပ်ပါးကပ်တွယ်နိုင်စွမ်းမရှိတော့သည်ကို မြင်သောအခါ သူ၏ ချန်ကျားယီအပေါ် အကြည့်၌ သတိထားမှုသိပ် မရှိတော့ချေ။
လော်ယွမ်က ထိုရေညှိအစုကို ထိကိုင်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ဟွမ်ကျားဟွေက အလျင်အမြန် တားဆီးလိုက်သည်။ "မထိနဲ့"
"ဘာမှမဖြစ်ဘူး" လော်ယွမ်က လက်ကာပြလိုက်ပြီး ရေညှိကို ကောက်ယူကာ ညင်သာစွာ ပွတ်ချေလိုက်သည်။ ဤရေညှိစုသည် အတော်လေး အသက်ဝင်နေသေးပြီး ထိတွေ့မှုရှိသည်နှင့် ချက်ချင်းပင် တလုံးတည်းအဖြစ်သို့ ကျုံ့ဝင်သွားသည်။
"စိတ်မပူပါနဲ့... ကျွန်တော့်မှာ သက်ရှိတွေရဲ့ ဂုဏ်သတ္တိတွေကို ခွဲခြားသိမြင်နိုင်တဲ့အစွမ်း ရှိတယ်... ဒီရေညှိက ကပ်ပါးကပ်တွယ်ပြီးရင် နောက်တခါ ကပ်ပါးကပ်တွယ်နိုင်စွမ်းမရှိတော့ဘူး... ပြီးတော့ တွယ်ကပ်ခံရတဲ့သူရဲ့ စိတ်နဲ့အပြုအမူကိုလည်း သိပ်ပြီး သက်ရောက်မှုမရှိဘူး... အသားအရောင်က နည်းနည်းပြောင်းသွားတာကလွဲရင်... ဒါကကောင်းတဲ့ကိစ္စလို့ပြောလို့ရတယ်"
တကယ်တမ်းတွင် သူတို့က လော်ယွမ်၌ ဤသို့သော စွမ်းရည်ရှိသည်ကို သိကြပြီး အတည်မပြုရသေးခြင်းသာ ဖြစ်သည်။ ယခုအခါ သူ ဤသို့ပြောသည်ကို မြင်သောအခါ အားလုံးက ချက်ချင်းပင် သက်ပြင်းချလိုက်ကြသည်။
လူအားလုံးထဲ၌ စိတ်လှုပ်ရှားဆုံးမှာမူ ချန်ကျားယီပင်ဖြစ်သည်။ ယခင်က သူမသည် တရားခွင်သို့ တက်ရောက်ရသော တရားခံတဦးကဲ့သို့ စိတ်လှုပ်ရှားကြောက်ရွံ့နေခဲ့သည်။ ယခုအခါ နောက်ဆုံး၌ တရားသူကြီးက မိမိကို အပြစ်မရှိကြောင်း ကြေညာလိုက်သည်ကို ကြားလိုက်ရသဖြင့် စိတ်ထဲမှ ချိတ်ဆွဲထားသော အလေးတုံးကြီးသည်လည်း ကျဆင်းသွားခဲ့သည်။ သူမသည် ပါးစပ်ကို အုပ်ကာ ဝမ်းသာလွန်း၍ ငိုကြွေးလိုက်တော့သည်။
............................................................................................................
သူမ၏ စိတ်ခံစားချက် အနည်းငယ် တည်ငြိမ်သွားပြီးနောက် လော်ယွမ်က ချန်ကျားယီကို ခွန်အား၊ လျင်မြန်မှု စသည်တို့နှင့် သက်ဆိုင်သော စမ်းသပ်မှုများကို ပြုလုပ်စေခဲ့သည်။ နောက်ဆုံး၌ မိမိကိုယ်ကို ကုစားနိုင်စွမ်းကို စမ်းသပ်ရန်အတွက် သူမ၏ သဘောတူညီချက်ဖြင့် သူမ၏ လက်မောင်းကို ဓားဖြင့် အနည်းငယ် လှီးဖြတ်လိုက်သည်။
သူမသည် ကပ်ပါးကပ်တွယ်ပြီးနောက် ခွန်အားနှင့် လျင်မြန်မှုက ဟွမ်ကျားဟွေနှင့် သိပ်မကွာခြားတော့သည်ကို သူတွေ့ရှိလိုက်ရသည်။ သို့သော် သူမသည် ဆယ့်နှစ်နှစ်အရွယ်သာရှိသေးပြီး အရွယ်မရောက်သေးသည်ကို ထည့်သွင်းစဉ်းစားပါက ဤသို့သော တိုးတက်မှုက အလွန်ကြီးမားလှသည်။
သို့သော် လော်ယွမ်ကို အအံ့ဩဆုံးဖြစ်စေသည်မှာ သူမ၏ မိမိကိုယ်ကို ကုစားနိုင်စွမ်းနှင့် အရေခွံ၏ခုခံနိုင်စွမ်းပင်ဖြစ်သည်။ အရေခွံကို ဖြတ်လှီးလိုက်သည့်အခါ သူသည် ဓားပေါ်မှ ခုခံအားကို သိသိသာသာ ခံစားလိုက်ရသည်။ သူက သူမ၏ အရေပြားအောက်၌ ပိုက်ကွန်ကဲ့သို့သော အစိမ်းနုရောင် အမျှင်လေးများ ထူထပ်စွာ ရှိနေပြီး အမျှင်များကြားမှ နေရာလွတ်မှာ မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်ကာ အရေပြားအောက်လွှာနှင့် တင်းကျပ်စွာ ဆက်စပ်နေသည်ကို တွေ့ရှိလိုက်ရသည်။
ဤသို့သော ခုခံနိုင်စွမ်းကို သူပင်လျှင် မမီနိုင်ချေ။
ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ဒဏ်ရာကို လှီးဖြတ်ပြီးနောက် သူမထံမှ သွေးများများစားစား မထွက်ခြင်းပင်ဖြစ်သည်။ ဓားသည် ဒဏ်ရာမှဖယ်ခွာသွားသည်နှင့် အရေပြားအတွင်းမှ မရေမတွက်နိုင်သော အမျှင်လေးများက လှုပ်ရှားဆက်စပ်သွားကြသည်။ စက္ကန့်သုံးဆယ်ခန့်ကြာပြီးနောက် သူက လက်မောင်းပေါ်မှ သွေးများကို သုတ်ပစ်လိုက်သည့်အခါ သူမ၏ ဒဏ်ရာမှာ ပျောက်ကွယ်သွားပြီး မှိန်ဖျော့သော သွေးရာတခုသာ ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဒီဒဏ်ရာပြန်ကုတဲ့အစွမ်းက လင်းရှောင်ကျီနဲ့တောင် မတိမ်းမယိမ်းပဲ" လော်ယွမ်က အလိုအလျောက်ပင် ဝိုင်းအုံကြည့်ရှုနေသော လင်းရှောင်ကျီကို တချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာက အနည်းငယ် မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် လော်ယွမ်သည်လည်း ဤသို့သော မိမိကိုယ်ကို ကုစားနိုင်စွမ်းသည် အပေါ်ရံသာဖြစ်ပြီး အနှစ်သာရအားဖြင့် ဒဏ်ရာကို အတင်းအကျပ် ပိတ်လိုက်ခြင်းသာဖြစ်ကာ တကယ့် မိမိကိုယ်ကို ကုစားနိုင်စွမ်းနှင့် လုံးဝ နှိုင်းယှဉ်၍မရကြောင်းကို သိသည်။
မည်သို့ပင်ဆိုစေကာမူ ဤကပ်ပါးကပ်တွယ်ခြင်း၏ အကျိုးသက်ရောက်မှုက အလွန်အမင်း ကြီးမားလှသည်။ အရေးကြီးဆုံးမှာ ကပ်ပါးရေညှိသည် အပြာနုရောင်အဆင့်သာရှိသေးပြီး တိုးတက်နိုင်သည့် အလားအလာ ကြီးမားသည်။ သာမန်လူတဦးအတွက်မူ ကပ်ပါးကပ်တွယ်ခံလိုက်ရသည်နှင့် သန္ဓေပြောင်းလူသားတဦးနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
အစိမ်းရောင်အသားအရေနှင့် အခြားသူများ၏ ထူးဆန်းသောအကြည့်များကိုတော့ သည်းခံနိုင်ရမည်ဖြစ်သည်။
သို့သော် လော်ယွမ်က ကျန်သူများကို ကပ်ပါးကပ်တွယ်ဖို့ စမ်းသပ်ကြည့်ရန် အကြံပြုလိုက်သည့်အခါ မူလက လက်ခံသူ အနည်းငယ်သာ ရှိမည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင်မူ သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ကြမ်းတမ်းသော စစ်မြေပြင်ကို ဖြတ်သန်းခဲ့ဖူးသော စစ်သားအချို့သာမက ဟွမ်ကျားဟွေနှင့် ချောင်လင်းပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
သူက သာမန်လူများ၏ စွမ်းအားအပေါ် တောင့်တမှုကို အနည်းငယ် လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။ ဤကြမ်းတမ်းသော ကမ္ဘာပျက်ကာလ၌ သာမန်လူများ၏ ရှင်သန်နိုင်ရေးအတွက် ဖိအားနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတို့က သူ မတွေးထင်နိုင်လောက်အောင်ပင်။ ဤကြမ်းတမ်းသော ပတ်ဝန်းကျင်အောက်၌ မည်သူတဦးတယောက်မျှ မိမိတို့၏ အသားအရောင်ကဲ့သို့သော အသေးအဖွဲကိစ္စများကို အရေးမစိုက်ကြချေ။ စွမ်းအားသာ တိုးလာမည်ဆိုလျှင် မိစ္ဆာတကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်တိုင် အသိစိတ်မပျောက်ဆုံးသရွေ့ လက်ခံသူများစွာ ရှိနေပေလိမ့်မည်။
သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ကပ်ပါးကပ်တွယ်ခြင်းက ထင်သလောက် မလွယ်ကူခြင်းပင်တည်း။ အချို့သူများက မိမိတို့ကိုယ်ကို ဒဏ်ရာဖြစ်အောင် ဓားဖြင့်လှီးပြီး ကပ်ပါးရေညှိကို ဒဏ်ရာအတွင်းသို့ ထည့်သွင်းသော်လည်း အသုံးမဝင်ခဲ့ချေ။ ထိုရေညှိသည် မကြာမီမှာပင် ရွံရှာစက်ဆုပ်စွာဖြင့် ထိုဒဏ်ရာအတွင်းမှ ပြန်လည်ထွက်ခွာသွားတော့၏။
အမျိုးအမည်ခွဲခြားအစွမ်း၏ ရလဒ်အရဆိုလျှင် ဤသည်မှာ ရှားပါးသော သွေးအမျိုးအစားတမျိုး လိုအပ်ခြင်း ဖြစ်ပေမည်။
...............................................................................................................
မနေ့က ကျရောက်ခဲ့သောမိုးသက်မုန်တိုင်းက အပူချိန်ကို သက်ရောက်ခြင်းမရှိခဲ့ချေ။ မွန်းတည့်ချိန်သို့ ရောက်သည်နှင့် အပူချိန်သည် ငါးဆယ်ဒီဂရီအထက်၌ ရှိနေဆဲဖြစ်သည်။ မိုးရေများဖြင့် တညလုံး စိုစွတ်နေပြီး အနည်းငယ် စိမ်းစိုနေသော တောအုပ်ကြီးသည် အပူချိန်မြင့်မားစွာ အပူပေးခံရမှုအောက်၌ ပြင်းထန်သော အငွေ့ပျံခြင်း ဖြစ်စဉ်တခု ဖြစ်ပေါ်နေသည်။ မျက်စိတဆုံးရှိသော တောအုပ်ကြီးအထက်မှ လေထုသည် အလွန်အမင်း လှိုင်းထနေပြီး လူကို ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရစေသည်။
သို့သော် ဤသို့သော အပူချိန်မြင့်မားမှုက ချန်ကျားယီအတွက်မူ ချိုမြိန်သော အရာတခုပင်ဖြစ်သည်။ သူမသည် ပူပြင်းလှသော နေရောင်အောက်၌ ဒီတိုင်းထိုင်နေပြီး တချက်ကလေးမျှပင် မလှုပ်ရှားခဲ့ချေ။ နံနက် ကိုးနာရီ စမ်းသပ်မှုများ လုပ်ချိန်ကတတည်းက ယခုအချိန်အထိ ထိုင်နေခဲ့ရာ ရေဆာ၍ အကြိမ်အနည်းငယ် သောက်သုံးခြင်းမှလွဲ၍ နေ့လယ်စာပင် မစားခဲ့ချေ။
ကပ်ပါးရေညှိ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်မည်၊ သူမသည် မိမိကိုယ်ကို အပင်တပင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ယောင်ထင်မှားဖြစ်နေသည်။ သူမသည် နာရီပေါင်းများစွာ တောက်လျှောက် ထိုင်နေနိုင်ပြီး တစုံတယောက်က သူမကို နှိုးမှသာလျှင် နိုးထလာမည်ဖြစ်သည်။
ဤသို့သော အပူချိန်မြင့်မားမှုအောက်၌ ထင်းများသည် မွန်းမတည့်မီမှာပင် ခြောက်သွေ့သွားခဲ့သည်။ ခြောက်သွေ့သော ထင်းအားလုံးကို သူတို့အဖွဲ့က ကျောက်ဂူအတွင်းသို့ သယ်ဆောင်သွားပြီး တောင်ကုန်းငယ်တခုအဖြစ် စုပုံထားသည်။ လော်ယွမ်က မီးခြစ်ကို ထုတ်ယူလိုက်ပြီး မီးမွှေးရန်အတွက် အသုံးပြုသော ပွယောင်းယောင်း မြက်ခြောက်များကို မီးရှို့လိုက်သည်။
မီးက မကြာမီမှာပင် တောက်လောင်လာပြီး မီးတောက်များသည် ကျောက်ဂူအမိုးအထိ တိုက်ရိုက် တက်သွားကာ တံခါးဝမှပင် မီးညွှန့်များ ထွက်ပေါ်လာသည်။
မီးတောက်များနှင့် ထိတွေ့သော ရေညှိများက ချက်ချင်းပင် လောင်ကျွမ်းသေဆုံးသွားကြသည်။
ဂူ၏အစွန်းဘက်မှ ရေညှိများသည် အန္တရာယ်ကို သိရှိသောအခါ လျင်မြန်စွာပင် ပါးလွှာသော အစိမ်းရောင်အလွှာအဖြစ်သို့ ကျုံ့ဝင်သွားပြီး မြေပြင်နှင့် ကပ်ကာ ရေစီးကြောင်းကဲ့သို့ အေးမြသော ထောင့်စွန်းဘက်သို့ လှုပ်ရှားသွားပြီး ဤအပူချိန်မြင့်မားမှုမှ ထွက်ပြေးလွတ်မြောက်လိုဟန်တူသည်။
သို့သော် ၎င်းတို့၏ ရွေ့လျားနှုန်းသည် အလွန်နှေးကွေးလှရာ မကြာမီမှာပင် အစိမ်းရောင်အလွှွာက ခြောက်သွေ့ဝါကျင့်သွားပြီး အသက်စွမ်းအင်များ လုံးဝ ဆုံးရှုံးသွားတော့သည်။
ဤဖြစ်စဉ်တလျှောက်လုံး၌ ချန်ကျားယီသည် တချက်ကလေးမျှပင် မလှုပ်ရှားဘဲ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
ဆက်ရန်...
အပိုင်း(၂၄၂)ဆုံးဖြတ်ချက်
ငါးရက်မြောက်နေ့၏ အရုဏ်တက်ချိန်၊ မိုးမသောက်သေးခင်အချိန်တွင် ကျောက်ဂူ၏အဝင်ဝ၌ မျက်စိမှိတ်၍ တိတ်ဆိတ်စွာထိုင်နေသော လော်ယွမ်သည် ရုတ်တရက် တိုးတိုးသဲ့သဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ အသံမှာ အလွန်တိုးညှင်းပြီး ရှိသလိုလို၊ မရှိသလိုလိုပင်။ ဤအသံမျိုးကို အထူးသတိထားတတ်သောကြောင့်သာဖြစ်ပြီး သို့မဟုတ်ပါက သူသတိထားမိမည်မဟုတ်ချေ။
သူ၏မျက်နှာတွင် ဝမ်းသာသည့်အရိပ်အယောင်များ ထင်ဟပ်လာပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ ခြေလှမ်းအနည်းငယ်အမြန်လှမ်း၍ အဝေးမှကောင်းကင်ယံသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ခုနစ်ခု၊ ရှစ်ခုခန့်ရှိသော မည်းနက်သည့်အစက်အပြောက်ငယ်များသည် ကောင်းကင်ယံတွင် ဖြည်းညင်းစွာ ရွေ့လျားနေသည်။ ၎င်းတို့၏မျက်နှာပြင်တွင် အလင်းပြန်ခြင်းတစ်စိုးတစ်စိမျှမရှိသဖြင့် မည်သည့်ပုံစံအမျိုးအစားဖြစ်သည်ကိုမူ မမြင်နိုင်ချေ။ သို့သော် ထိုအမည်းစက်များမှ ထွက်ပေါ်လာသောအသံကမူ ၎င်းတို့သည် လေယာဉ်များဖြစ်ကြောင်း သူ၏စိတ်ထဲတွင် အတည်ပြုပေးနိုင်ခဲ့သည်။
"နောက်ဆုံးတော့ ထပ်ပေါ်လာပြီ" သူသည် စိတ်လှုပ်ရှားမှုကို ချုပ်တည်းရင်း ထိုအစက်အပြောက်ငယ်များ၏ ပျံသန်းရာလမ်းကြောင်းကို သေချာစွာလေ့လာလိုက်ပြီးနောက် သူ၏ဦးနှောက်ထဲတွင် သုံးဖက်မြင်ရုပ်ပုံတစ်ခုကို လျင်မြန်စွာ ပုံဖော်လိုက်သည်။
သူသည် ရွေ့လျားရာလမ်းကြောင်းကို တိတ်တဆိတ်တွက်ချက်ကြည့်ပြီးနောက် တပ်ခွဲမှူးရှ၏ အိပ်ဆောင်မြေပုံနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ လမ်းကြောင်းနှစ်ခုမှာ အကြမ်းဖျင်းအားဖြင့် တူညီသော်လည်း လားရာမှာ တစ်ဆယ့်ရှစ်ဒီဂရီခန့် သွေဖည်နေသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော် ဤသည်က ဘာကိုမျှသက်သေမပြနိုင်ဘဲ မည်သူက ပိုတိကျသည်ဟု ပြောဆိုရန် ခက်ခဲသည်။ လေယာဉ်ကွင်း၏တည်နေရာမှာ မတူညီနိုင်သလို တွက်ချက်ထားသော အချက်အလက်အမျိုးမျိုးမှာလည်း အမြင်ဖြင့်ခန့်မှန်းချက်များသာ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုလျှင် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သော တပ်ခွဲမှူးရှ၏ ဆုံးဖြတ်ချက်က ပို၍တိကျနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဉာဏ်ရည်သည် ဤကိစ္စတွင် အဆုံးအဖြတ်မပေးနိုင်ဘဲ အတွေ့အကြုံနှင့် ဗဟုသုတအပေါ်တွင် ပိုမိုမှီခိုနေသောကြောင့်ဖြစ်၏။
အရာအားလုံးက အမြဲတမ်း အဆင်ပြေချောမွေ့မည်မဟုတ်ပေ။ ထို့အပြင် ပြန်လည်တည်ဆောက်ရေးဇုန်တွင် လူဦးရေများပြားလှသဖြင့် အကျယ်အဝန်းမှာလည်း သေးငယ်မည်မဟုတ်ဘဲ လှုပ်ရှားမှုနယ်ပယ်မှာ ပို၍ပင်ကျယ်ပြန့်ပေလိမ့်မည်။ လားရာလွဲချော်မှုက အလွန်အမင်းမကြီးမားသရွေ့၊ တောင်နှင့်မြောက်ကဲ့သို့ လွဲချော်သွားခြင်းမျိုးမဖြစ်သရွေ့ အများဆုံး လမ်းအနည်းငယ် ပိုသွားရရုံသာဖြစ်ပေလိမ့်မည်။
လော်ယွမ်က အချိန်ကိုကြည့်လိုက်ရာ နံနက်သုံးနာရီခွဲသာ ရှိသေးသဖြင့် ကျန်သူများကို နှိုးရန်အတွေးအား ဖျောက်ဖျက်လိုက်သည်။
သူသည် ကောင်းကင်ယံကိုကြည့်ရင်း မျက်နှာတွင် စိုးရိမ်သည့်အရိပ်အယောင်အချို့ ထင်ဟပ်နေသည်။ ဤနေရာရှိ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေသည်။ မိုးရွာပြီးနောက် ငါးရက်အတွင်းမှာပင် သစ်တောထဲရှိ သန္ဓေပြောင်းသတ္တဝါများ၏ အရေအတွက်မှာ ဆယ်ဆမက တိုးပွားလာခဲ့သည်။
သာမန်သန္ဓေပြောင်းသတ္တဝါများမှာ ယခင်နှင့်နှိုင်းယှဉ်လျှင် များစွာမတိုးပွားလာသော်လည်း ပိုးကောင်များနှင့် ပျံသန်းနိုင်သောငှက်များမှာမူ အဆမတန်များပြားလာခဲ့သည်။
ကမ္ဘာမပျက်မီက နှစ်ရှည်လများ မိုးခေါင်ခဲ့သော သဲကန္တာရတစ်ခုကဲ့သို့ပင်။ မိုးတစ်ကြိမ်ရွာသွန်းလိုက်သည်နှင့် သဲကန္တာရသည် လျင်မြန်စွာ စိမ်းလန်းသောမြေပြင်အဖြစ်သို့ ပြောင်းလဲသွားပြီး ပန်းများပွင့်လန်းကာ သက်ရှိအားလုံး ပြန်လည်နိုးထလာကြသည်။ ၎င်းတို့သည် ဤတိုတောင်းသောအချိန်အတွင်း မျိုးဆက်ပွားကြပြီး သက်ရှိအများစု၏သက်တမ်းမှာ ရက်အနည်းငယ်သာ ရှိကြသည်။
ဤသည်မှာ ရှင်သန်မှု၏အံ့ဖွယ်ဖြစ်သလို သက်ရှိတို့၏ အခက်အခဲများကြားတွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်စွမ်းပင် ဖြစ်သည်။
ဤနေရာရှိအခြေအနေမှာလည်း ထိုနည်း၎င်းပင်ဖြစ်၏။ မိုးကြီးပြီးနောက် ပိုးကောင်များသည် အကြီးအကျယ်ဥများဥ၍ မျိုးပွားကြပြီး ရက်အနည်းငယ်ကြာ သားဖောက်ပြီးနောက်တွင် ဥများမှ ဆက်တိုက်ပေါက်ဖွားလာကြသည်။ ညဘက်တွင် မသိသာသော်လည်း နေ့ဘက်သို့ရောက်သည်နှင့် ကောင်းကင်တစ်ခုလုံးတွင် သန္ဓေပြောင်းပိုးကောင်များဖြင့် ပြည့်နှက်နေပြီး အုပ်စုလိုက်ဖြစ်နေသဖြင့် တစ်ခါတစ်ရံ အမြင်အာရုံကိုပင် ဖုံးကွယ်သွားစေသည်။ ပို၍ဆိုးရွားသည်မှာ ဤပိုးကောင်များ အများအပြားပေါ်ထွက်လာခြင်းက ပိုးကောင်များကို အစာအဖြစ်စားသုံးသော ငှက်အမြောက်အမြားကို ဆွဲဆောင်လာခြင်းပင်။
ဤမွေးကင်းစပိုးကောင်များသည် ခွန်အားဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ အလွန်အားနည်းပြီး အဆင့်မှာ အဖြူရောင်အဆင့်တွင်သာ ရှိနေသော်လည်း အရေအတွက်များပြားလှသည်။ ယခုအခါ လူ့ဘီလူးဂူ၏ကျောက်နံရံရှေ့မှ မြက်ခင်းပြင်ပေါ်တွင် နေ့စဉ် ပိုးကောင်အုပ်စုများ မည်းမှောင်စွာ ပျံဝဲနေသည်ကို တွေ့မြင်နိုင်သည်။
အကြီးဆုံးမှာ လက်ဝါးအရွယ်အစားခန့်သာရှိသော ဤပိုးကောင်များကို သိပ်ဂရုစိုက်စရာမလိုသော်လည်း သူတို့ကို အစာအဖြစ်စားသုံးသော သန္ဓေပြောင်းငှက်များမှာမူ အန္တရာယ်အနည်းငယ်ရှိပေသည်။
ဤသန္ဓေပြောင်းငှက်များသည် အကောင်မကြီးဘဲ သိမ်းငှက်အရွယ်အစားခန့်သာရှိသော်လည်း အရှိန်အလွန်မြန်ပြီး အလွန်လျင်မြန်ဖျတ်လတ်ကာ ကျဉ်းမြောင်းသောနေရာတွင် လျင်မြန်စွာ ရွှေ့ပြောင်းခုန်လွှားနိုင်သည်။ ထို့အပြင် အုပ်စုလိုက်သွားလာကြပြီး စရိုက်မှာလည်း ကြမ်းတမ်းရက်စက်သောကြောင့် လော်ယွမ်၏ သန္ဓေပြောင်းသတ္တဝါနှစ်ကောင်ပင်လျှင် ရန်သွားမစရဲပေ။
ဤသို့ကြောက်လန့်ခြင်း၏အစမှာ မည်သို့ဖြစ်သည်ကို လော်ယွမ်မသိသော်လည်း ဧရာမမျောက်ဝံ၏ဆိုးရွားသောစရိုက်ဖြင့်ဆိုလျှင် ၇ရက်သားသမီး အမျက်ထွက်စေမည့်ကိစ္စမျိုးကို ပြုလုပ်ခဲ့ပေလိမ့်မည်။ သူမြင်တွေ့ခဲ့ရသောအချိန်တွင် ရာပေါင်းများစွာသော သန္ဓေပြောင်းငှက်များက ကောင်းကင်ယံမှ အုပ်စုလိုက်ထိုးဆင်းလာပြီး မျောက်ဝံ၏တစ်ကိုယ်လုံးကို ဝိုင်းဝန်း ထိုးဆိတ်တိုက်ခိုက်ကြရာ ရလဒ်မှာ နှစ်ဦးနှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့သည်။ သန္ဓေပြောင်းငှက်များ များစွာသေဆုံးခဲ့သော်လည်း ဧရာမမျောက်ဝံသည်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏အရေပြားက ထူထဲမာကျောသောကြောင့် ၎င်းတို့က အပေါ်ရံဒဏ်ရာများသာ ဖြစ်သော်လည်း ထိုတကြိမ်ပြီးနောက်တွင် ဧရာမမျောက်ဝံသည် ဤရက်စက်ကြမ်းကြုတ်ပြီး စဉ်းစားဉာဏ်မရှိသော "ပျံသန်းနိုင်သည့်ပိုးကောင်လေးများ" ကို နောက်ထပ် ရန်မစတော့ရဲတော့ချေ။
ယခုအခါတွင် လော်ယွမ်ကဲ့သို့ အစွမ်းကြီးမားပြီး သတ္တိကောင်းသူမှလွဲ၍ မည်သူမျှ တောအုပ်ထဲသို့မသွားဝံ့တော့ချေ။
..............................................................................................................................
လော်ယွမ်သည် အမှောင်ထဲတွင် ခေတ္တမျှရပ်နေပြီးနောက် မူလနေရာသို့ ပြန်လည်ထိုင်ချလိုက်သည်။
မြေပြင်ပေါ်တွင် ဆန်စေ့အရွယ်ခန့်ရှိသော ပိုးကောင်ငယ်များဖြင့် ထူထဲသောအလွှာတစ်ခု ဖြစ်ပေါ်နေသည်။ ခြေဖြင့်နင်းလိုက်သောအခါ "ဂျွတ်ဂျွတ်" ဟူသောအသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ ညသန်းခေါင်ယံအချိန်မှစ၍ ကျောက်ဂူသို့ ချဉ်းကပ်ရန်ကြိုးစားခဲ့သော သန္ဓေပြောင်းပိုးကောင်များ၏ အလောင်းများပင် ဖြစ်သည်။
သို့သော် ဤပိုးကောင်များကို လော်ယွမ်သတ်ဖြတ်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ရှေ့တွင်စိုက်ထားသော ကျန်းမာတောက်ဓားကြောင့် ဖြစ်သည်။
လက်နက်ဟူသည်ကား ကြမ်းကြုတ်သောအရာပင်။ သူ၏စိတ်စွမ်းအားဖြင့် အချိန်ကြာမြင့်စွာ သန့်စင်ထားခဲ့သောကြောင့် ယခုအခါ ဤကျန်းမာတောက်ဓားသည် ပိုမို၍အသက်ဝင်လာခဲ့ပြီဖြစ်သည်။ ဤသို့မြေပြင်ပေါ်တွင် စိုက်ထားရုံမျှဖြင့်ပင် ဖျော့တော့သောအရှိန်အဝါတခုကို ထုတ်လွှင့်နေပြီး မြင်ရသူကို တစ်ကိုယ်လုံးအေးစက်သွားစေသည်။ ဤအရှိန်အဝါအောက်တွင် ခြင်၊ ယင်ကောင်ကဲ့သို့သော ပိုးကောင်ငယ်များသည် လုံးဝမချဉ်းကပ်ဝံ့ကြပေ။ ၁၅ပေ၊ ၁၈ပေအကွာသို့ ရောက်သည်နှင့် အဝေးသို့ရှောင်ထွက်သွားကြသည်။ ဤသည်မှာ သာမန်အခြေအနေတွင်သာဖြစ်ပြီး လော်ယွမ်မှလွဲ၍ အခြားသက်ရှိများ သူ၏ပိုင်နက်သို့ ချဉ်းကပ်လာပါက သာမန်ထက်ပိုမိုပြင်းထန်သောအရှိန်အဝါကို တုံ့ပြန်မှုအဖြစ် ထုတ်လွှင့်ပေလိမ့်မည်။ မြေပြင်ပေါ်မှ ပိုးကောင်ငယ်များသည် ဤသို့သောရုတ်တရက်အခြေအနေတွင် ချက်ချင်းသေဆုံးသွားခဲ့ခြင်းဖြစ်၏။
လော်ယွမ်သည် တစ်ခါတစ်ရံ ဤဓားက အသက်ဝင်လာပြီး သူ၏ကိုယ်ပွားတစ်ခုဖြစ်လာသကဲ့သို့ ခံစားရကာ အနည်းငယ်မျှော်လင့်စိတ်များပင် ဖြစ်ပေါ်မိသည်။ သို့သော် ယခုအချိန်တွင် ၎င်းမှာ သန္ဓေသားအဆင့်တွင်သာရှိပြီး ပေါက်ဖွားစသာရှိသေးသည်။ အနာဂတ်တစ်နေ့နေ့တွင် ဒဏ္ဍာရီထဲမှအဖြစ်အပျက်များကဲ့သို့သော အဖြစ်များအမှန်တကယ်ဖြစ်ပေါ်လာနိုင်ပေသည်။
....................................................................................................................
ယခုအချိန်တွင် မိုးလင်းရန် နှစ်နာရီပင်မလိုတော့သဖြင့် လော်ယွမ်သည် နောက်တစ်ကြိမ် တရားထိုင်ရန်အစီအစဉ်မရှိတော့ပေ။ သူသည် စိတ်ထဲမှ မနက်ဖြန်တွင် ပြင်ဆင်ရမည့်ပစ္စည်းများကို တိတ်တဆိတ်ရေတွက်နေသည်။ ဟုတ်ပေသည်၊ သူသည် မနက်ဖြန်တွင်ပင် ဤနေရာမှထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဤနေရာမှသွားရမည်အတူတူ၊ နောက်ကျမှသွားခြင်းထက် စောစောသွားခြင်းက ပိုကောင်းသည်။ ရေနွေးဖြင့် ဖားပြုတ်သကဲ့သို့ မသွားမဖြစ်သွားရမည့်အချိန်သို့ ရောက်သောအခါ သွားနိုင်တော့မည်မဟုတ်ပေ။
(ဖားကိုရေထဲထည့်ပြုတ်ရင် ဖားက ရေပူလာတာနဲ့ချက်ချင်းခုန်ထွက်လို့ရပေမယ့် မထွက်ပါဘူး။ သူ့ခန္ဓာကိုယ်က ရေရဲ့အပူချိန်ကိုခံနိုင်အောင် လိုက်ညှိပေးပါတယ်။ နောက်ဆုံးမညှိနိုင်တော့တဲ့ထိ ပူလာလို့ ခုန်ထွက်တော့မယ်ဆိုတဲ့အခါကျ ဖားမှာ ခုန်ထွက်ဖို့ ဘာအားမှမကျန်တော့ပါဘူး)
ပစ္စည်းများမှာ ရိုးရှင်းသောအရာအချို့သာဖြစ်ပြီး များစွာစဉ်းစားစရာမရှိပေ။ သူ၏ဉာဏ်ရည်ဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် လိုအပ်သောပစ္စည်းအားလုံးကို ဦးနှောက်ထဲတွင် လေးငါးကြိမ်ခန့် ပြန်လည်စဉ်းစားပြီးဖြစ်သည်။
အမှန်တကယ်တွင် သူသည် ဖိအားအနည်းငယ်ကို ခံစားနေရကြောင်း ဝန်ခံရပေမည်။
ဤနေရာတွင် သူသည် ထူးခြားသောအန္တရာယ်များနှင့် မကြုံတွေ့ခဲ့ရပေ။ သူတို့က တစ်နေရာထဲတွင်သာ နေထိုင်ပြီး ကံကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ခွန်လွန်တောင်တန်းသည် လူသူအရောက်အပေါက်နည်းပါးပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ရှေးဟောင်းသစ်တောကြီးတစ်ခုဖြစ်ရာ ဤမျှရိုးရှင်းမည်မဟုတ်ကြောင်း သူယုံကြည်သည်။
ဤတစ်ကြိမ် ဖြတ်သန်းသွားရမည့်ခရီးတစ်လျှောက်တွင် မည်သို့သောအဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို မသိနိုင်ပေ။ သို့သော် ယခင်က ရေကန်ထဲမှ အဆင့်မြင့်သတ္တဝါများကို စဉ်းစားမိရုံမျှဖြင့် သူသည် ကြီးမားသောဖိအားတစ်ခုကို ခံစားလိုက်ရသည်။
လော်ယွမ်သည် ဤအချိန်အတောအတွင်း စွမ်းအားအလျင်အမြန်တိုးတက်လာပြီး အလျင်နှင့်ဉာဏ်ရည်မှာ တစ်မှတ်စီတိုးတက်လာကာ စွမ်းဆောင်ရည်မှာ အဆများစွာတိုးတက်လာခဲ့သော်လည်း အစိမ်းရောင်အဆင့် သတ္တဝါများနှင့် ရင်ဆိုင်ရမည်ဆိုပါက သူသည် ယုံကြည်မှုများစွာမရှိသေးပေ။
အပြာရောင်အဆင့်နှင့် အစိမ်းရောင်အဆင့်သည် အဆင့်ကြီးတစ်ခုသာ ကွာခြားသော်လည်း အစွမ်းအစမှာမူ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။ အကယ်၍ အစိမ်းရောင်အောက်အဆင့် သတ္တဝါများသည် သာမန်သက်ရှိများသာဖြစ်သည်ဆိုလျှင် အစိမ်းရောင်နှင့်အထက်အဆင့် သတ္တဝါများမှာမူ ပြောင်းလဲဖြစ်တည်လာခဲ့ပြီး စွမ်းဆောင်ရည်ပိုမိုအားကောင်းလာသည့်အပြင် လျှို့ဝှက်ဆန်းကြယ်သော သာမန်ထက်လွန်ကဲသောစွမ်းအားတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြသည်ဟု လော်ယွမ်ခန့်မှန်းသည်။
ဥပမာအားဖြင့် လော်ယွမ်ကြုံတွေ့ခဲ့ဖူးသော မိုးထိသစ်ပင်၏ သစ်ခေါက်သည်ပင်လျှင် အသက်စွမ်းအင်စုပ်ယူနိုင်သည့် သာမန်ထက်လွန်ကဲသောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူကံကောင်း၍ သတ်ဖြတ်နိုင်ခဲ့သော မြွေနဂါး၏အကြေးခွံမှာလည်း မြေကိုခွဲ၍ ရေကိုခွင်းနိုင်သည့်စွမ်းရည်ရှိသည်။ ထိုမြွေနဂါးတွင် အခြားသာမန်ထက်လွန်ကဲသောစွမ်းရည်များ ရှိကောင်းရှိနိုင်သော်လည်း ထုတ်ဖော်အသုံးမပြုနိုင်မီမှာပင် လော်ယွမ်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ဧရာမဖွတ်ကြီးတွင်လည်း မီးမှုတ်နိုင်သည့်စွမ်းရည်ရှိသော်လည်း ၎င်းမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ထူးခြားသောအင်္ဂါအစိတ်အပိုင်းများမှ ထုတ်လွှတ်သော မီးလောင်လွယ်သည့်ဓာတုအရည်ကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် တံတွေးထွေးခြင်းနှင့်ဆင်တူပြီး "အသက်စွမ်းအင်စုပ်ယူခြင်း" နှင့် "မြေခွဲရေခွင်း" ကဲ့သို့သော သာမန်ထက်လွန်ကဲသောစွမ်းရည်များနှင့်မူ အနှစ်သာရအားဖြင့် လုံးဝကွဲပြားခြားနားသည်။
နောက်ဆုံးတစ်ကြိမ်တွင် မြွေနဂါးကိုသတ်ဖြတ်နိုင်ခဲ့သည်မှာ ကံကောင်းခြင်းကြောင့်ဖြစ်ပြီး ၎င်းကသူ၏အစွမ်းများကို အပြည့်အဝမထုတ်ဖော်နိုင်မီမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် အကြိမ်တိုင်းဤသို့ကံကောင်းနိုင်မည်မဟုတ်ပေ။ နောက်တစ်ကြိမ်တွင်မူ သူသည် သာမန်ထက်လွန်ကဲသောစွမ်းရည်များကို အသုံးပြုနိုင်သည့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဤသို့တွေးမိသောအခါ လော်ယွမ်၏မျက်နှာက တည်ကြည်တင်းမာသွားတော့သည်။
ဆက်ရန်...
အပိုင်း(၂၄၃)ခရီးစတင်ခြင်း
လော်ယွမ်သည် တနာရီကျော်ခန့် ငိုင်တွေထိုင်နေပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလင်းလာပြီး လူအများမှာ တယောက်ပြီးတယောက် အိပ်ရာမှ ထလာကြသည်။
အားလုံး မျက်နှာသစ်ပြီးသောအခါ လော်ယွမ်က လက်ယပ်ခေါ်လိုက်သည်။ "အားလုံး ဒီကိုခဏလောက် လာကြဦး"
လူအများမှာ တချက်ကြောင်သွားပြီး အလျင်အမြန် လျှောက်လာကြသည်။
"ခေါင်းဆောင်ယွမ်... ဘာဖြစ်လို့လဲ" ဟော်တုံက မေးလိုက်သည်။
လော်ယွမ်သည် ခေတ္တမျှတိတ်ဆိတ်နေပြီးမှ ဆိုသည်။ "ကျွန်တော်တို့ ဒီနေရာက ဘယ်တော့ထွက်ခွာမလဲဆိုတာ ဆွေးနွေးကြရအောင်"
"ဘယ်ကိုသွားမှာလဲ... ပြန်လည်တည်ဆောက်ရေးဇုန်ကိုလား" တပ်ခွဲမှူးရှက အလျင်အမြန် ဆိုသည်။
လော်ယွမ် ခေါင်းညိတ်ပြသည်ကိုမြင်လျှင် သူ၏အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည်။ ဤလူများထဲတွင် သူ၏သဘောထားမှာ အခိုင်မာဆုံးဖြစ်ပေလိမ့်မည်။ အခြားသူများကဲ့သို့ တကိုယ်တည်းသမားမဟုတ်ဘဲ သူ၏ဇနီးနှင့်သမီးမှာ ပြန်လည်တည်ဆောက်ရေးဇုန်တွင် ရှိနေကြသည်။ သူ ဤမျှကြာမြင့်စွာ ပျောက်ဆုံးနေသောကြောင့် အိမ်သို့ သေစာရင်းပင် ရောက်ရှိနေလောက်ပြီဖြစ်သည်။ သူ၏ဇနီးသည် မည်မျှပင် ဝမ်းနည်းကြေကွဲပြီး အားကိုးရာမဲ့နေမည်ကို တွေးမိတိုင်း သူ စိတ်မချမ်းမသာဖြစ်ရသည်။
"ဘယ်တော့သွားမှာလဲ" ဟွမ်ကျားဟွေက မေးလိုက်သည်။
လော်ယွမ်က ဆက်ပြောသည်။ "ဒီနေရာရဲ့အခြေအနေက... ပိုပိုပြီး အန္တရာယ်များလာပြီ... ကျွန်တော့်အကြံကတော့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ"
"ခေါင်းဆောင်ယွမ်... ဒီလိုကိစ္စမျိုးကို ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ... ကျွန်တော်တို့အားလုံး ခင်ဗျားစကားကို နားထောင်ပါ့မယ်" ဟော်တုံက ချက်ချင်းပင် သဘောထားကို ထုတ်ဖော်ပြောကြားလိုက်သည်။ သူက အခြေအနေကို ကောင်းစွာနားလည်သဘောပေါက်ထားပြီးဖြစ်သည်။ သူကိုယ်တိုင်ကမူ ဤနေရာတွင်သာဆက်နေချင်ပြီး ထပ်မံစွန့်စားလိုစိတ်မရှိတော့ပေ။ သို့သော် လော်ယွမ်ဆုံးဖြတ်ပြီးသော ကိစ္စကို ကန့်ကွက်၍လည်း အရာမထင်ပေ။
လော်ယွမ်၏အကြည့်က ဝေ့ဝဲလာသောအခါ အခြားသူများမှာ အလျင်အမြန် ခေါင်းညိတ်ထောက်ခံကြသည်။
"ဒါဆိုရင်လည်း... ဒီနေ့ပဲ သွားကြတာပေါ့" လော်ယွမ်က ပြတ်သားစွာ ဆိုလိုက်သည်။
…………………………………………………………………………………………………………
သယ်ဆောင်သွားရမည့် ပစ္စည်းများမှာ အလွန်နည်းပါးလှပြီး အခြေခံလိုအပ်သော ပစ္စည်းများသာဖြစ်သည်။
သားရေအိတ်အနည်းငယ်စာ ရေနှင့် ဆားဆယ်ပေါင်ခန့်မှလွဲ၍ ကျန်သည်မှာ အရေးပေါ်အခြေအနေအတွက် အဆင့်မြင့်အသားခြောက်အချို့သာဖြစ်သည်။ အခြားအိုးခွက်ပန်းကန်များကိုမူ ဤနေရာတွင်ပင် စွန့်ပစ်ထားခဲ့သည်။ ဤပစ္စည်းများမှာ သစ်သားနှင့်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး မည်သည့်နေရာတွင်ရပ်နားသည်ဖြစ်စေ ထိုနေရာတွင်ပင် ပြုလုပ်နိုင်သောကြောင့် စွန့်ပစ်ရသည်ကို နှမြောစရာမရှိပေ။
နံနက်ခုနစ်နာရီသို့ရောက်သောအခါ အားလုံး အသင့်ဖြစ်နေပြီဖြစ်သည်။
လူအများမှာ ဧရာမဖွတ်ကြီးပေါ်သို့ တက်ရောက်ကြပြီး ခရီးစတင်လိုက်ကြသည်။
ကောင်းကင်တွင် ပျံသန်းနေသော ပိုးမွှားများဖြင့် ပြည့်နှက်နေသော်လည်း ပေ၁၄၀၊ ၁၅၀အတွင်းသို့ ချဉ်းကပ်လာသည်နှင့် ဖုန်မှုန့်များသဖွယ် တဖွဲဖွဲကျဆင်းသွားကြသည်။ လေထုထဲတွင် ဖျော့တော့တော့ အရှိန်အဝါတခု ပျံ့နှံ့နေသည်။ လော်ယွမ်၏ အစွမ်းကုန်ထုတ်သုံးခြင်းမရှိဘဲ ထုတ်လွှတ်နေသော အရှိန်အဝါမှာ ၁၀ပုံ၁ပုံပင်မရှိပေ။ သို့သော် ဤအဆင့်နိမ့်ပိုးကောင်ငယ်များကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်နေပြီဖြစ်သည်။
သို့သော် ဤသို့ဖြစ်နေသော်လည်း တလမ်းလုံး လူတိုင်း၏စိတ်ထဲတွင် လေးလံနေပြီး မျက်နှာများဖြူဖျော့ကာ အသက်ပင်မရှူနိုင်အောင် ဖြစ်နေကြသည်။
လမ်းတလျှောက်မှ ဆူးပင်များနှင့် ထူထပ်သောမြက်ခင်းများကို ဧရာမဖွတ်ကြီး၏ ကြီးမားသောခြေဖဝါးများက ကြေမွသွားစေသည်။ လူ့ဘီလူးများ၏ကျောက်ဂူသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားပြီး မကြာမီမှာပင် မမြင်နိုင်တော့ပေ။ လမ်းခရီးမှာ ပိုမိုမရင်းနှီးလာသည်နှင့်အမျှ လူအများ၏စိတ်ထဲတွင် တိုးတိတ်သော ဝမ်းနည်းမှုနှင့်အတူ အနာဂတ်အတွက် စိုးရိမ်စိတ်တို့က တဖြည်းဖြည်း ဝင်ရောက်လာသည်။
နေရောင်ခြည်အလင်းတန်းများသည် ထူထပ်သောသစ်တောကိုဖြတ်၍ ကျဆင်းလာရာ အကွက်အကွက်အပြောက်အပြောက်ဖြစ်နေသော အရိပ်များကို ချန်ထားခဲ့သည်။ ပူပြင်းသောနေရောင်ခြည်သည် အလွှာများစွာကို ဖြတ်သန်းပြီးနောက် အနည်းငယ် အေးမြနေသော်လည်း ဤသို့သော သက်သောင့်သက်သာရှိသည့်အခြေအနေမှာ နံနက်ခင်းတနာရီ၊ နှစ်နာရီခန့်သာဖြစ်သည်။
နေ့လယ်နီးကပ်လာသောအခါ သစ်ရိပ်အောက်တွင်ပင် အပူချိန်မှာ ၁၀၊ ၂၀ဒီဂရီခန့် ရုတ်တရက်မြင့်တက်လာပြီး တိုက်ခတ်လာသော လေပြေညင်းမှာပင် ပူလောင်နေသည်။ ချွေးများမှာ လုံးဝမခြောက်နိုင်တော့ပေ။ လော်ယွမ်မှလွဲ၍ လူတိုင်းမှာ တနာရီတကြိမ် ရေသောက်သုံးပြီး ခန္ဓာကိုယ်မှ ရေဓာတ်ကို ဖြည့်တင်းနေရသည်။
လူတိုင်းနှင့် ရင်းနှီးသွားသော ဧရာမမျောက်ဝံကြီးမှာမူ နောက်မှ ငြိမ်သက်စွာ လိုက်ပါမနေတော့ပေ။ မျောက်ဝံမျိုးနွယ်ဝင်တဦးအနေဖြင့် တောအုပ်သည် သူ၏သဘာဝနယ်မြေဖြစ်သည်။ သူ၏ကြီးမားသောကိုယ်ထည်ကြီးသည် သစ်ပင်တပင်မှတပင်သို့ အဆက်မပြတ် ခုန်ကူးနေပြီး လေပြင်းများတိုက်ခတ်ကာ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤနေရာမှ သစ်ပင်များမှာ ကြီးမားပြီး ခိုင်ခံ့သောကြောင့်သာ တော်တော့သည်၊ သို့မဟုတ်လျှင် သူ၏ဤသို့သော သောင်းကျန်းမှုကို ခံနိုင်မည်မဟုတ်ပေ။
သူသည် မကြာခဏ ရပ်တန့်၍ လူအများကို စောင့်ဆိုင်းပြီးနောက် တဖန်ပြန်၍ ခုန်ကူးကာ တကောင်တည်း မြူးတူးပျော်ပါးနေသည်။
"မျောက်ဝံကြီး... သစ်သီးလေးတွေ သွားရှာခဲ့" ထိုအချိန်တွင် ဝမ်ရှီရှီက ရုတ်တရက် အသံကျယ်လောင်စွာ ဆိုလိုက်ပြီး သူမ၏ပါးစပ်ကို လက်ညှိုးထိုးပြကာ ကိုက်ဝါးသည့်အမူအရာ ပြုလုပ်ပြလိုက်သည်။
ဧရာမမျောက်ဝံကြီးသည် ဝမ်ရှီရှီကို မျက်လုံးမှိတ်ပြလိုက်ပြီး နားလည်သဘောပေါက်သည့်အလား ဦးရေပြားကိုကုတ်ခြစ်ကာ "ဘုန်း" ဟူသောအသံနှင့်အတူ ဘယ်ဘက်မှ သစ်ပင်ကြီးပေါ်သို့ ခုန်တက်သွားပြီး ခုန်ကူးမှုအနည်းငယ်ပြုလုပ်ပြီးနောက် ပျောက်ကွယ်သွားသည်။
"မျောက်ဝံကြီးက လူစကားနားလည်တယ်ပေါ့" လော်ယွမ်က မေးလိုက်သည်။ မျောက်ဝံကြီးကို ခေါ်ဆောင်လာပြီးနောက် သူသည် ပုံမှန်အားဖြင့် ဂရုမစိုက်ခဲ့ပေ။ ဝမ်ရှီရှီ၊ ဟော်တုံတို့နှင့်သာ မကြာခဏ အတူရှိနေပြီး ဆက်ဆံရေးကောင်းမွန်နေသည်။
"သမီးလည်း သေချာတော့မသိဘူး... ဒါပေမဲ့ ရိုးရှင်းတဲ့စကားတွေကိုတော့ သူ နားလည်တဲ့ပုံပဲ" ဝမ်ရှီရှီက မသေချာမရေရာစွာ ဆိုသည်။
"ခေါင်းဆောင်ယွမ်... အဲ့မျောက်ဝံကို အထင်မသေးနဲ့နော်... သူကလူတွေလိုပဲ ဉာဏ်ကောင်းတယ်... တခါသင်ပေးလိုက်တာနဲ့ တတ်တယ်" ဟော်တုံက ရယ်မောရင်း ဆိုသည်။
"ဟုတ်တယ်... ဒါ ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံး သန္ဓေပြောင်းသတ္တဝါပဲ... တပ်ထဲက တိုက်ခိုက်ရေးခွေးတွေတောင် သူ့ကိုမမီဘူး... ဟိုလူ့ဘီလူးတွေကတော့ ချွင်းချက်ပေါ့" တပ်ခွဲမှူးရှကလည်း အတည်ပြုပြောဆိုသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် လော်ယွမ်သည် တိုးညင်းသော လှုပ်ရှားသံတခုကို ကြားလိုက်ရသည်။
"သူ ပြန်လာပြီ" ထိုအချိန်တွင် လော်ယွမ်က စိတ်ထဲတွင် အနည်းငယ် မျှော်လင့်နေမိသည်။
မကြာမီမှာပင် ကျန်သူများလည်း အသံကို ကြားလိုက်ကြရသည်။
တောအုပ်ထဲတွင် ပြင်းထန်သော လှုပ်ရှားသံနှင့်အတူ "ဘုန်းဘုန်းဘုန်း" ဟူသော အသံကြီးများ အဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး မကြာမီမှာပင် ဧရာမမျောက်ဝံကြီးသည် လူအများ၏ ဘယ်ဘက်မှ သစ်ပင်ပေါ်တွင် ပေါ်ထွက်လာသည်။ သူ၏လက်ထဲတွင် သစ်သီးများစွာကို ပိုက်ထားပြီး လက်မောင်းကို လျှော့ချလိုက်သည်နှင့် သစ်သီးများက ကောင်းကင်မှ ကျဆင်းလာသည်။
မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် စိတ်စွမ်းအင်တခုက ထိုသစ်သီးများကို ချက်ချင်းရစ်ပတ်လိုက်ပြီး လေထဲတွင် လွင့်မျောနေစေသည်။ ထို့နောက် စိတ်စွမ်းအင်ဖြင့် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ဆွဲယူလိုက်ရာ တောင်ကုန်းငယ်တခုပမာ စုပုံသွားသည်။
ဤသစ်သီးများမှာ တလုံးစီ ပန်းကန်လုံးအရွယ်အစားရှိပြီး မျက်နှာပြင်တွင် ထူထဲသော အနီရင့်ရောင် အခွံမာဖြင့် ဖုံးအုပ်ထားသည်။ ထောပတ်သီးနှင့်ဆင်တူသော်လည်း ပိုမိုကြီးမားပြီး အလွန်လေးလံကာ ပျမ်းမျှအားဖြင့် အချိန်၇၀သားခန့် လေးလံသည်။
"ဒါတွေ စားလို့ရတာလား" ဟွမ်ကျားဟွေက မျက်နှာတွင် ဝမ်းမြောက်မှုအပြည့်ဖြင့် လော်ယွမ်ကို မေးလိုက်သည်။
လော်ယွမ်က အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။ "စားလို့ရတယ်"
မျက်နှာပြင်မှ အခွံမာမှာ အလွန်မာကျောပြီး လော်ယွမ်သည် အားငါးပုံတပုံခန့်သုံးမှသာ ၎င်းကို ခွဲထုတ်နိုင်ခဲ့သည်။ အတွင်း၌ ပန်းရောင်သန်းသော ဂျယ်လီကဲ့သို့ အရည်တမျိုးရှိပြီး ကြည်လင်ချိုမြသော ရနံ့တခု ပျံ့နှံ့လာရာ လူတိုင်း၏ လည်ချောင်းကို လှုပ်ရှားသွားစေပြီး တံတွေးများ ဖြစ်ပေါ်လာစေသည်။ သူက တကျိုက်တည်းဖြင့် သစ်သီးရည်ကို သောက်သုံးလိုက်သည်။
အရသာမှာ ချဉ်ချိုပြီး ဝတ်ရည်ကဲ့သို့သော အေးမြမှုတစွန်းတစပါဝင်ရာ ဤပူလောင်အိုက်စပ်နေသော ရာသီဥတုတွင် အလွန်အမင်း လန်းဆန်းစေသည်။
အခြားသူများ၏ ခွန်အားမှာ လော်ယွမ်ကဲ့သို့ မကြီးမားသောကြောင့် ကိုယ်တွင်ဆောင်ထားသော ဓားဖြင့် ခွဲစိတ်ကြရသည်။ ဓားသွားဖြင့် ညင်သာစွာ ခွဲလိုက်သည်နှင့် တခုလုံး နှစ်ပိုင်းပြတ်သွားသည်။ ဤဓားများကို လော်ယွမ်က ပေါင်းစပ်ပြုလုပ်ထားပြီး ယခင်ကသေဆုံးသွားသော ထူးဆန်းသည့်ငှက်၏ အရိုးများဖြင့် ပြုလုပ်ထားရာ ဓားတချောင်းစီမှာ အစိမ်းနုရောင်အဆင့် ရှိကြသည်။
အစွမ်းတိုးတက်လာသည်နှင့်အမျှ သူသည် စစ်သားအချို့ရှေ့တွင်ပင် မိမိ၏အစွမ်းကို ဖုံးကွယ်မထားတော့ပေ။ ထို့အပြင် ဤမျှများပြားသော ပေါင်းစပ်ပစ္စည်းများ မျက်စိရှေ့တွင် အသုံးပြုနေကြရာ မည်သို့ပင် ဖုံးကွယ်စေကာမူ ဖုံးကွယ်၍မရနိုင်တော့ပေ။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်ခြင်းက ပို၍ကောင်းသည်။ အကယ်၍ တစုံတယောက်က ဖွင့်ချလျှင်ပင် သူ၏လက်ရှိအစွမ်းနှင့် ပေါင်းစပ်အတတ်ပညာ၏ ကြီးမားသောတန်ဖိုးကြောင့် သူ့ကို မိတ်ဖွဲ့ရန်သာ ကြိုးစားကြမည်ဖြစ်ပြီး ရန်သူအဖြစ် သတ်မှတ်မည်မဟုတ်ပေ။
ကလေးငယ်တဦး ရွှေတုံးကိုင်၍ လူစည်ကားရာ ဈေးထဲသွားလျှင် အန္တရာယ်အလွန်များပြားပေလိမ့်မည်။ သို့သော် ထိုသူမှာ ကလေးမဟုတ်ဘဲ သန်မာထွားကျိုင်းသော လူတဦးဖြစ်ပါက အန္တရာယ်မှာ လျော့ကျသွားမည်ဖြစ်သည်။ အကယ်၍ ထိုလူသန်ကြီး၏ ခါးတွင် သားလှီးဓားကြီးတချောင်းပါ ချိတ်ဆွဲထားပါက အန္တရာယ်ဟူ၍ မရှိသလောက်ပင်။
"အရမ်းသောက်လို့ကောင်းတာပဲ" ဝမ်ရှီရှီက ချီးကျူးလိုက်ပြီးနောက် ချက်ချင်းပင် ဒုတိယတလုံးကို ခွဲလိုက်သည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် သစ်သီးမှာ ရှားပါးလှပြီး တောတောင်များမှာလည်း အန္တရာယ်များပြားလှသောကြောင့် ပုံမှန်အားဖြင့် မည်သူမျှအထူးတလည် ရှာဖွေလေ့မရှိပေ။ ကံကောင်းပြီး လမ်းတွင် စားသုံးနိုင်သော သစ်သီးတမျိုးကို တွေ့ရှိနိုင်ခြေမှာ အလွန်နည်းပါးလှသည်။ လော်ယွမ်ပင်လျှင် အလုံးများစွာကို စားသုံးပြီး ဗိုက်ပြည့်သွားမှသာ ရပ်တန့်လိုက်သည်။
"သစ်သီးစားလိုက်ဦး" ဟွမ်ကျားဟွေက အမြဲတစေ ငိုင်တွေနေသော ချန်ကျားယီကို ကြည့်ရင်း ဆွဲခေါ်လိုက်သည်။
ချန်ကျားယီသည် ရုတ်တရက် သတိပြန်ဝင်လာပြီး မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေသည်။ ခေါင်းငုံ့၍ သစ်သီးကို ကြည့်လိုက်ပြီး အတော်ကြာမှ သတိပြန်ဝင်လာသည်။ "ဟင်... ဟုတ် ကျေးဇူးပါ မမဟွမ်... သမီး ရေမဆာသေးဘူး"
"နင်က သစ်သီးမကြိုက်ဘူးလား" ဟွမ်ကျားဟွေက မေးလိုက်သည်။
"ဟုတ်... သမီးလည်း ဘာလို့မှန်းမသိဘူး... အခု သိပ်မကြိုက်တော့သလိုပဲ" တစုံတယောက်က နှောင့်ယှက်ပါက ချန်ကျားယီသည် လျင်မြန်စွာ ပုံမှန်လူတဦးအဖြစ်သို့ ပြောင်းလဲသွားပြီး စဉ်းစားကာ ချက်ချင်းဆိုလိုက်သည်။
ဟွမ်ကျားဟွေသည် သက်ပြင်းတချက်ချလိုက်မိသည်။ ရေညှိပင်များ တွယ်ကပ်ပြီးနောက် သူမသည် အပင်တပင်ကဲ့သို့ ပိုမိုဖြစ်လာနေသည်။ နေရောင်အောက်တွင် မလှုပ်မယှက် ရပ်တန့်နေရုံသာမက အစားအသောက်မှာလည်း ပိုမိုနည်းပါးလာပြီး ရက်ပေါင်းများစွာ ဆက်တိုက်မစားဘဲ နေတတ်သည်။ အဆင့်မြင့်စွမ်းအင်ပါဝင်သော အစားအစာများကိုသာ အနည်းငယ် စားချင်စိတ်ရှိသည်။ ဤသို့သောပြောင်းလဲမှုသည် ကောင်းသည်လော၊ ဆိုးသည်လော မသိနိုင်တော့ပေ။
ဆက်ရန်...
အပိုင်း(၂၄၄)ဧရာမသတ္တဝါကြီး
ဧရာမဖွတ်ကြီး၏ ကြီးမားသောကိုယ်လုံးကိုယ်ထည်နှင့် ၁၅ မှတ်အထိမြင့်မားသော လျင်မြန်ဖျတ်လတ်မှုတို့ကြောင့် ဖြည်းညင်းစွာလျှောက်လှမ်းနေသော်လည်း အရှိန်မှာ လုံးဝမနှေးပေ။
တောင်တလုံးကို ကျော်ဖြတ်တိုင်း လော်ယွမ်သည် မြေမျက်နှာသွင်ပြင်ကိုကြည့်ရှုရင်း သစ်ခေါက်ပေါ်တွင် မြေပုံကြမ်းတခုကို လျင်မြန်စွာရေးဆွဲလေ့ရှိသည်။ ဤနေရာ၏မြေမျက်နှာသွင်ပြင်မှာ အလွန်ရှုပ်ထွေးလှပြီး တခါတရံတွင် အလွန်မတ်စောက်သော တောင်ကုန်းများ သို့မဟုတ် ချောက်ကမ်းပါးများနှင့်တွေ့ဆုံပါက အဝေးမှပတ်၍သွားရသည်။ မြေပုံကိုအကြိမ်ကြိမ်နှိုင်းယှဉ်ပြီး မပြင်ဆင်ပါက သူတို့သည် ဤအဆုံးအစမရှိသော တောနက်ကြီးထဲတွင် လျင်မြန်စွာလမ်းပျောက်သွားနိုင်ပေသည်။
နေ့လယ်တနာရီအချိန်တွင် ဧရာမဖွတ်ကြီးသည် တောင်ကြားတခုထဲသို့ ဝင်ရောက်သွားသည်။ ဘေးနှစ်ဖက်တွင် ချောက်ကမ်းပါးများနှင့် ထူးဆန်းသောကျောက်ဆောင်များ ထိုးထွက်နေသည်။ တောင်ကြားမှာ အလွန်နက်ရှိုင်းပြီး ရှေ့သို့ဆက်လက်သွားလာသည်နှင့်အမျှ သိသာသော အောက်သို့ကျဆင်းမှုရှိနေသဖြင့် ၎င်းကချောက်ကြီးတခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။
ဤနေရာရှိလေထုမှာ စိုစွတ်ပြီး အေးမြလှသည်။ ပူပြင်းသောနေ့လယ်ခင်းအချိန်ဖြစ်သော်လည်း လေထုထဲတွင် စိုစွတ်သောမြူခိုးများ ပျံ့နှံ့နေဆဲဖြစ်သည်။ ဧရာမအရွက်ကားကားကြီးများရှိသော သစ်တောတခုမှာ စိမ်းစိုလန်းဆန်းစွာဖြင့် ရှင်သန်ကြီးထွားနေသည်။ သို့သော် နေရောင်ခြည်မရသောကြောင့် ဖြစ်နိုင်သည်၊ သစ်တောမှာ အနည်းငယ်ကျဲပါးနေပြီး သစ်ပင်တပင်နှင့်တပင်ကြား အလွန်ကွာဝေးနေသည်။
..................................................................................................................
"ခေါင်းဆောင်ယွမ်... ဟိုမှာကြည့်စမ်း အဲ့တာခြေရာလားမသိဘူး" ထိုအချိန်တွင် ဟော်တုံက ရုတ်တရက်ပြောလိုက်ရာ သူ၏အသံမှာ အနည်းငယ်တုန်ယင်နေသည်။
လော်ယွမ်သည် ဟော်တုံညွှန်ပြရာဘက်သို့ အလျင်အမြန်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။ ရှေ့ဘက် ပေ၃၀ခန့်အကွာတွင် ၆ပေခန့်ကျယ်သော ဧရာမချိုင့်ခွက်ကြီးအချို့ကို တွေ့လိုက်ရသည်။ ချိုင့်ခွက်များမှာ အလွန်နက်ရှိုင်းပြီး အနက်ဆုံးနေရာမှာ ၃ပေခန့်ပင်ရှိသည်။ အောက်ခြေတွင် ခြေသည်းကဲ့သို့သော ပုံသဏ္ဌာန်များ ထင်ကျန်နေသည်။ ဤသည်မှာ ခြေရာဖြစ်သည်မှာ သေချာလှသည်။
လော်ယွမ်သည် ဧရာမဖွတ်ကြီးကို အလျင်အမြန်ရပ်တန့်စေလိုက်ပြီး မျက်နှာမှာ မဲမှောင်နေသည်။ သူ ယခင်ကတွေ့ခဲ့ဖူးသော ပင်လယ်သတ္တဝါများပင်လျှင် ဤမျှကြီးမားသောခြေရာများ မရှိခဲ့ပေ။ ဧရာမဖွတ်ကြီး၏ခြေရာမှာ ၎င်းနှင့်ယှဉ်လျှင် အလွန်သေးငယ်နေသည်။
ဤသတ္တဝါကြီး မည်မျှကြီးမားမည်ကို သူ စိတ်ကူးကြည့်၍ပင်မရနိုင်တော့ပေ။
လူတိုင်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး စိတ်ထဲတွင် ရုတ်တရက် လေးလံလာခဲ့သည်။
"ကျွန်မတို့ ပတ်ပြီးသွားရင်ရော" ဟွမ်ကျားဟွေက ရုတ်တရက်ပြောလိုက်သည်။
လော်ယွမ်က ခေါင်းခါလိုက်ပြီး လေးနက်သောအသံဖြင့် "ဒီအနီးအနားတဝိုက်က... ချောက်ကမ်းပါးတွေနဲ့ မတ်စောက်တဲ့တောင်စောင်းတွေချည်းပဲ... ပတ်သွားမယ်ဆိုရင် ငါတို့ဘယ်လောက်ထိ ပတ်ရမလည်းတောင် မသိဘူး"
ဧရာမဖွတ်ကြီးတွင် အားနည်းချက်တခုခုရှိသည်ဟုဆိုပါက တောင်တက်နိုင်စွမ်းအားနည်းခြင်းပင် ဖြစ်သည်။ သာမန်တောင်စောင်းများကို မြေပြန့်အတိုင်းသွားလာနိုင်သော်လည်း တောင်စောင်းမှုမှာ လေး၊ ငါးဆယ်ဒီဂရီအထိ ရောက်ရှိသွားပါက သူအတွက် အနည်းငယ်ခက်ခဲသွားပြီဖြစ်သည်။ ထို့ထက်ပိုမတ်စောက်ပါက သူ ဘာမျှမတတ်နိုင်တော့ပေ။
ဤချောက်ကို ဖြတ်သန်းရန်ရွေးချယ်ခဲ့ခြင်းမှာလည်း အလွန်ဝေးလံသောခရီးကို ပတ်၍သွားလာပြီးမှ ဤတခုတည်းသော ဖြတ်သန်းသွားလာနိုင်သည့်လမ်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
"တကယ်တော့ အဲ့လောက်စိုးရိမ်ဖို့မလိုပါဘူး... ဒီသတ္တဝါကြီးရဲ့အရွယ်အစားအရဆို ဧရာမဖွတ်ကြီးက သူ့အတွက် ကြောင်တကောင်သာသာလောက်ပဲရှိမှာ... ငါတို့သတိထားပြီးရှောင်သွားလိုက်ရင် ရပါတယ်" လော်ယွမ်က ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
လူသားများက ပုရွက်ဆိတ်များကို တမင်တကာပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိသကဲ့သို့ ကိုယ်လုံးကိုယ်ထည်အလွန်ကြီးမားသော သတ္တဝါများမှာ လူသားများအတွက် ပို၍ပင်ဘေးကင်းနိုင်ပေသည်။
"လော်ယွမ်... ကျွန်မတို့မစွန့်စားတာကောင်းမယ်ထင်တယ်... သုံးလေးရက်လောက်အချိန်ပိုယူပြီး ပတ်သွားရမယ်ဆိုလည်း ဘာမှမဖြစ်ပါဘူး" ဟွမ်ကျားဟွေက တိုက်တွန်းလိုက်ပြီး ခြေရာကိုတချက်ကြည့်ကာ တံတွေးကိုမသိမသာမျိုချလိုက်သည်။ ဤအရာမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ ခြေရာပင် ဤမျှကြီးမားနေပါက ခန္ဓာကိုယ်မှာ မည်မျှကြီးမားမည်နည်း။ ခြေတလှမ်းနင်းချလိုက်ရုံဖြင့် ဧရာမဖွတ်ကြီးပင်လျှင် ပြားချပ်သွားနိုင်ပေသည်။
လော်ယွမ် လူတိုင်းကိုတချက်ကြည့်လိုက်ရာ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ဤဧရာမခြေရာကြီးကြောင့် ကြောက်ရွံ့နေကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဟွမ်ကျားဟွေကဲ့သို့သော အတွေးမျိုးရှိသူက တဦးတည်းမဟုတ်သည်မှာ ထင်ရှားလှသည်။
သူ အနည်းငယ်တွေဝေသွားပြီး စိတ်ထဲတွင် တစုံတခုမှားယွင်းနေသလို ခံစားနေရသည်။
"နေဦး... သဘာဝတရားကြီးရဲ့ အစာကွင်းဆက်ဆိုတာက စနစ်တကျတည်ရှိပြီး အဆင့်ဆင့်ချိတ်ဆက်မှီခိုနေတာ... ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီးကသာ အသားစားသတ္တဝါဆိုရင် ဒီဒေသရဲ့သက်ရှိတွေအကုန် ကပ်ဆိုက်ပြီး... အစာကွင်းဆက်က ကမောက်ကမဖြစ်ကုန်လိမ့်မယ်"
သူ ရုတ်တရက်ခေါင်းမော့လိုက်ပြီး ခြေရာရှိရာ သစ်ပင်ကြီး၏ထိပ်သို့ ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင်။ ဤသစ်ပင်တပင်တည်းသာမကဘဲ မီတာရာဂဏန်းပတ်လည်အတွင်းရှိ သစ်ပင်အားလုံး၏ အညွန့်အဖူးများမှာ ပျောက်ကွယ်နေခဲ့သည်။
ဤသည်မှာ အသားစားသတ္တဝါမဟုတ်ဘဲ အသီးအရွက်စားသတ္တဝါတကောင်ဖြစ်သည်မှာ ထင်ရှားလှသည်။
လော်ယွမ်သည် မိမိ၏တွေ့ရှိချက်ကို အသေးစိတ်ရှင်းပြလိုက်ရာ မူလကတင်းမာနေသော လူတိုင်း၏စိတ်များမှာ ချက်ချင်းပင် ပြေလျော့သွားကြသည်။ အသားစားသတ္တဝါများ၏ တိုက်ခိုက်လိုစိတ်ပြင်းထန်မှုနှင့်စာလျှင် အပင်စားသတ္တဝါများမှာ အလွန်နူးညံ့သိမ်မွေ့ကြသည်။ သူတို့ကို သွားမစမချင်း ပုံမှန်အားဖြင့် တိုက်ခိုက်လေ့မရှိပေ။
သို့သော် ထိုသို့ဖြစ်သည့်တိုင် လော်ယွမ်သည် ဧရာမဖွတ်ကြီးကို ဤခြေရာများနှင့် အဝေးမှရှောင်ကွင်းသွားစေခဲ့သည်။ ထိုသတ္တဝါနှင့် မတော်တဆတွေ့ဆုံမိမည်ကို စိုးသောကြောင့်ဖြစ်သည်။ ဤသို့သော ဧရာမသတ္တဝါကြီးမျိုးမှာ မည်မျှပင်နူးညံ့သိမ်မွေ့စေကာမူ အနီးသို့ကပ်သွားပါက အလွန်အန္တရာယ်များလှသည်။ ဖြစ်နိုင်သည်မှာ မရည်ရွယ်ဘဲ လျှောက်လှမ်းသွားရုံမျှဖြင့် ကြောက်မက်ဖွယ်ဘေးအန္တရာယ်များ ကောင်းကင်မှ ကျရောက်လာနိုင်ပေသည်။
ဆယ့်မိနစ်ခန့် ဆက်လက်သွားပြီးနောက် မြေပြင်မှာ စည်းချက်ကျကျ တုန်ခါလာသည်ကို သူ ခံစားလိုက်ရသည်။ အစပိုင်းတွင် အနည်းငယ်သာဖြစ်သော်လည်း မကြာမီမှာပင် ပို၍ပို၍ ပြင်းထန်လာသည်။ ဧရာမဖွတ်ကြီးမှာ စိတ်မရှည်စွာဖြင့် နှာမှုတ်နေပြီး မူလကဆူညံတက်ကြွနေသော မျောက်ဝံကြီးမှာလည်း ရုတ်တရက်တိတ်ဆိတ်သွားပြီး အားလုံး၏နောက်မှ တိတ်တဆိတ်လိုက်ပါလာသည်။
မြေပြင်တုန်ခါမှုနှင့်အတူ တောအုပ်ထဲမှ မည်သည့်အချိန်ကစ၍ လေပြေလေညှင်းတချက် တိုက်ခတ်လာသည်မသိ။ မကြာမီမှာပင် လေပြင်းအဖြစ်သို့ပြောင်းလဲသွားပြီး သစ်ရွက်များ ပွတ်တိုက်သံ တရှဲရှဲထွက်ပေါ်လာကာ ထို့နောက် သစ်ပင်ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။
အသံမှာ တဖြည်းဖြည်းနှင့် ပိုမိုကျယ်လောင်လာသည်။
မိနစ်အနည်းငယ်အကြာတွင် တောင်တလုံးပမာ ကြီးမားသော ပုံရိပ်တခုမှာ အဝေးမှ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်။ သစ်ပင်များ၏ကွယ်ကာမှုကြောင့် သူ၏ပုံပန်းသဏ္ဌာန်အပြည့်အစုံကို ကောင်းစွာမမြင်နိုင်ဘဲ တံတားများ၏ ဒေါက်တိုင်များကဲ့သို့ တုတ်ခိုင်သော ခြေထောက်လေးချောင်း ဖြည်းညင်းစွာ လှမ်းနေသည်ကိုသာ လူတိုင်း၏ရှေ့မှောက်တွင် မြင်တွေ့နေရသည်။
ဤ "ဖြည်းညင်းစွာ" ဆိုသည်မှာ သူ၏လှုပ်ရှားမှုအကြိမ်အရေအတွက်ကို ရည်ညွှန်းခြင်းဖြစ်သော်လည်း ကိုယ်လုံးကိုယ်ထည်ကြီးမားသောကြောင့် အရှိန်မှာ ဧရာမဖွတ်ကြီး အားကုန်ပြေးသည်ထက်ပင် သိပ်မနှေးပေ။
ခြေထောက်များ၏မျက်နှာပြင်တွင် အကြေးခွံများမရှိဘဲ အလွန်ကြမ်းတမ်းနေပြီး အပေါ်အောက်တခုလုံးတွင် ထူထဲသော မီးခိုးရောင်အညိုရောင်ရှိသော အရေခွံမာများဖြင့် ဖုံးလွှမ်းနေသည်။ လော်ယွမ်ခန့်မှန်းရလျှင် ကျန်းမာတောက်ဓားဖြင့်ပင်လျှင် သူ၏အရေခွံကို ဖြတ်တောက်ရန် အလွန်အားစိုက်ရပေမည်။
ပြန့်ကျဲနေသော သစ်ရွက်များကြားမှတဆင့် သူ အထိတ်တလန့်တွေ့ရှိလိုက်ရသည်မှာ ဤဧရာမသတ္တဝါကြီးက အနည်းဆုံး မီတာဆယ်ဂဏန်းများစွာမြင့်ပြီး အထပ်ဆယ်ချီရှိသော မိုးမျှော်တိုက်ကြီးတလုံးနှယ်ပင်။ အဝေးမှကြည့်ရှုရုံမျှဖြင့်ပင် သူ့ကို အလွန်အမင်း တုန်လှုပ်အံ့ဩသွားစေခဲ့သည်။
ထိုဧရာမသတ္တဝါကြီးက လော်ယွမ်တို့နှင့် ပေသုံးထောင်ကျော်(မိုင်ဝက်ခန့်)အကွာမှ ဖြတ်သန်းသွားပြီးနောက် မကြာမီမှာပင် ပျောက်ကွယ်သွားရာ တဖြည်းဖြည်း လွင့်ပြယ်သွားသော လေပြေလေညှင်းလေးတချက်သာ ကျန်နေခဲ့သည်။ လူတိုင်းမှာ အချိန်အတော်ကြာ မှင်တက်နေပြီးမှသာ နောက်တကြိမ် ခရီးဆက်ခဲ့ကြသည်။
....................................................................................................................................
နေ့လည်သုံးနာရီထိုးခါနီးအချိန်တွင် လော်ယွမ်တို့အုပ်စုမှာ နောက်ဆုံးတွင် တောင်ကြားမှထွက်လာခဲ့ပြီး ရှေ့ဘက်တွင် ချိုင့်ဝှမ်းတခုကို တွေ့လိုက်ရသည်။ နောက်ထပ်သုံးနာရီကျော်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် နေမင်းမှာ အနောက်ဘက်သို့ ယိုင်လာပြီး ကောင်းကင်မှာ တဖြည်းဖြည်း မီးခိုးရောင်သန်းလာခဲ့သည်။
"ဒီမှာ တညအိပ်နားကြတာပေါ့" လော်ယွမ်က ပတ်ဝန်းကျင်အခြေအနေကိုကြည့်ရှုပြီး ဧရာမဖွတ်ကြီးကို ရပ်တန့်စေလိုက်သည်။
ဤနေရာရှိသစ်ပင်များမှာ မျိုးစိတ်တခုတည်းဖြစ်ဟန်တူသည်။ သေးငယ်သောအမြစ်ငယ်များဖြင့် ပြည့်နှက်နေသော နွယ်မုတ်ဆိတ်များမှာ အကိုင်းအခက်များမှ တွဲလောင်းကျနေပြီး အဝေးမှကြည့်လျှင် ဇောက်ထိုးဆွဲထားသော စပါးကြီးမြွေများကဲ့သို့ပင်။ ထူထပ်သောသစ်ရွက်များမှာ လေမဝင်နိုင်အောင် ပိတ်ဆို့နေပြီး နေဝင်ချိန်အလင်းရောင်ကိုပင် လုံးဝဖုံးကွယ်ထားရာ အတွင်းသို့ရောက်ရှိသွားပါက ညအချိန်ကို တန်းရောက်သွားသကဲ့သို့ ခံစားရသည်။
လော်ယွမ် အရင်ဆုံးခုန်ဆင်းလိုက်ပြီး ကျန်းမာတောက်ဓားဖြင့် အနီးအနားရှိ လူပင်မဖြတ်သန်းနိုင်အောင် ထူထပ်နေသော နွယ်မုတ်ဆိတ်များကို ခုတ်ဖြတ်လိုက်ရာ နေရာမှာ ချက်ချင်းပင် ကျယ်ဝန်းသွားသည်။
"ဒီနေရာက ဘယ်လိုကြီးလဲမသိဘူး... နည်းနည်းခြောက်ခြားဖို့ကောင်းသလိုပဲ" ဝမ်ရှကွမ်က ခုန်ဆင်းလာပြီး ပတ်ဝန်းကျင်ကိုကြည့်ရှုရင်း စိတ်ထဲတွင် မသက်မသာဖြစ်မိသည်။
"ဟုတ်တယ်နော်" ဝမ်ရှီရှီကလည်း ထောက်ခံလိုက်ပြီး သူမ၏ ခြေထောက်အောက်မှ ကြီးမားသောသစ်မြစ်များကို ကန်ကျောက်လိုက်သည်။ ဤနေရာတွင် မြေကြီးကို လုံးဝမမြင်ရဘဲ အလွန်ပင်လိမ်ယှက်နေသော သစ်မြစ်များသာ အချင်းချင်း ရစ်ပတ်နေကြသည်။ ထို့ပြင် သာမန်တောအုပ်များ၏အောက်ခြေတွင် တွေ့မြင်ရလေ့ရှိသော မြက်ပင်ချုံပုတ်များမှာလည်း ဤနေရာတွင် လုံးဝမတွေ့ရပေ။
"လော်ယွမ်... ဒီမှာ အန္တရာယ်မရှိဘူးမလား" ဟွမ်ကျားဟွေက မေးလိုက်သည်။
"မစိုးရိမ်ပါနဲ့... ဒါပေမဲ့ညရောက်ရင်တော့ အားလုံးသတိထားဖို့လိုတယ်" လော်ယွမ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ အဘယ်ကြောင့်မှန်းမသိ၊ ဤနေရာသို့ ဝင်ရောက်လာကတည်းက သူ့တွင် တစုံတယောက်က ချောင်းမြောင်းကြည့်ရှုနေသလို ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ ဤခံစားချက်မှာ အလွန်မထင်မရှားရှိပြီး နေရာတိုင်းတွင် ရှိနေသကဲ့သို့ဖြစ်ရာ သူ့ကို တလမ်းလုံး စိတ်တင်းထားပြီး အလွန်အမင်းသတိကြီးစွာ ထားစေခဲ့သည်။ သို့သော် မည်သည့်အန္တရာယ်မှ မတွေ့ရှိခဲ့ပေ။
သူ ကောင်းကင်ကိုကြည့်လိုက်ပြီး ဤနေရာမှထွက်ခွာရန် စိတ်ကူးကို ဖျောက်လိုက်သည်။ ဤအရာများက စိတ်ထင်နေခြင်းသာ ဖြစ်ပေမည်။