← Chapters

လေယာဉ်အစင်းတစ်ရာနဲ့ စလိုက်ရင်ရော

Vol. 36 Ch. 537

လေယာဉ်အစင်းတစ်ရာနဲ့ စလိုက်ရင်ရော

Vol. 36 Ch. 537

"ဗိုလ်ချုပ်ချင်း.. ဒါတွေအကုန်လုံးကို မစ္စတာကျန်းကိုယ်တိုင် တီထွင်ဖန်တီးထားတာလား"

စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဗိုလ်ချုပ်တချို့က ဗိုလ်ချုပ်ချင်းဘက်သို့လှည့်ကာ မေးမြန်းကြလေသည်။

အကယ်၍ အမှန်သာဆိုပါက ဤပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပညာရေး၊ စက်မှုလုပ်ငန်း၊ စစ်ရေးစသဖြင့် အရာအားလုံးက သူ ပေါ်လာပြီးကတည်းက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်သာ တစ်ရက်မျှပင်ဖြစ်စေ အသက်ရှင်သန်နေလျှင် ကမ္ဘာကြီးတစ်ခုလုံးအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေပေလိမ့်မည်။

နောက်နှစ်အနည်းငယ်အတွင်း ဟွာရှားနိုင်ငံက ဓားပျံစီးနင်းခြင်းကိုပင် ကျွမ်းကျင်လာပြီး ဓားများကိုပင် စာရင်းလိုက်စစ်နေနိုင်သော်လည်း သူတို့မှာမူ ကားကို နောက်ပြန်ရပ်ဖို့အတွက်ပင် ရုန်းကန်နေရဆဲဖြစ်နေလိမ့််မည်ဟု ကြိုမြင်ယောင်နေမိသည်။

“ဟုတ်ပါတယ်။ မစ္စတာကျန်းက ကျုပ်တို့နိုင်ငံရဲ့ အထူးချွန်ဆုံး လက်နက်ပညာရှင်လေ။ ဒီလက်နက်တွေရဲ့ အဓိကနည်းပညာတွေအားလုံးကို မစ္စတာကျန်းကပဲ တီထွင်ခဲ့တာ"

ဗိုလ်ချုပ်ချင်းက ခေါင်းညိတ်ပြရင်း ပြောသည်။

"ဒါပေမဲ့ ဒီနဂါးပြောက်ကြားတိုက်လေယာဉ်သုံးစင်းမှာ ဒီထက်ပိုများတဲ့ စွမ်းဆောင်ရည်တွေရှိသေးတယ်”

"တခြားလုပ်ဆောင်ချက်တွေရှိသေးတယ် ဟုတ်လား"

အားလုံး တအံ့တဩဖြစ်သွားကြပြီးနောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်သို့ မျှော်ကြည့်လိုက်ကြသည်။

"ကာကွယ်ရေးစမ်းသပ်မှု စတော့!"

ကျန်းမုန့်လောင်က စကားပြောစက်မှတစ်ဆင့် ပြောလိုက်သည်။

ကောင်းကင်ထက်ရှိ ဂျေ-၃၀တိုက်လေယာဉ်တပ်ဖွဲ့ငယ်လေးတစ်ခုက ကွေ့ဝိုက်ပျံသန်းပြီးနောက် မီးခိုးတန်းများ တရစ်ဝဲဝဲပါလာသည့် ဒုံးကျည်အများအပြားဖြင့် ထိုနဂါးပျောက်ကြားတိုက်လေယာဉ်သုံးစင်းဆီကို ဦးတည်ကာ လျှပ်စီးအရှိန်ဖြင့် တစ်ဟုန်ထိုးဆင်းလာခဲ့သည်။

"သောက်ကျိုးနည်း! ဘာတွေဖြစ်နေတာလဲ။ တိုက်လေယာဉ်ရဲ့လက်နက်စနစ်တွေက ပျက်စီးသွားတာလား"

"သေစမ်း! အဲဒါက မိုးကြိုး-၂၀ဒုံးကျည်တွေကွ။ အဲဒီဒုံးကျည်တစ်ချက်နဲ့တင် တင့်ကားတစ်စီးကိုတောင် ဖျက်ဆီးနိုင်တယ်။ သူတို့ ဘာတွေလုပ်နေကြတာလဲ"

"ဒါက ချမ်းသာကြောင်း ကြွားနေတာလား။ ဒီလောက်အထိတော့ မလိုအပ်ဘူးမလား"

ပရိသတ်အားလုံးမှာ ရှုပ်ထွေးသွားလေဟန် အမူအရာများကို ပြသနေကြပြီး အချို့ကမူ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်။

"ဗိုလ်ချုပ်ချင်း ဒါက..."

အာသာ၏အမူအရာမှာ အလွန်အမင်း စိတ်ဖိစီးနေချေသည်။

မင်းတို့မှာ ငွေပေါတယ်ဆိုရင်တောင် ဒီလောက်အထိဖြုန်းတီးတာကတော့ မလွန်လွန်းဘူးလား? ဒါက နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖို၊ ဆွဲငင်အားဆန့်ကျင်တွန်းကန်စက်တွေနဲ့ အလင်းဆိုင်ရာကိုယ်ယောင်ဖျောက်နည်းပညာတွေလေ... လေယာဉ်တစ်စင်းအတွက် ကုန်ကျစရိတ်က ဘယ်လောက်ရှိမယ်လို့များ ထင်လဲ?

မင်းတို့မလိုချင်ဘူးဆိုရင် ငါတို့ လိုချင်တယ်လေ!

ထို့ပြင် နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုတစ်ခုသာ ပေါက်ကွဲသွားခဲ့မည်ဆိုလျှင် ထိုစွမ်းအားက နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲခြင်းထက်တော့ အားမနည်းနိုင်ပေ။

၎င်း၏အတွင်းထဲ၌ နျူကလီးယားပေါင်းစည်းမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် နေစွမ်းအင်က လောင်ကျွမ်းနေခြင်းပင်။ နေသာ ပေါက်ကွဲသွားခဲ့လျှင် ဘယ်လိုအကျိုးဆက်များ ဖြစ်လာမလဲဆိုသည်ကို မည်သူမဆို စဉ်းစားကြည့်နိုင်သည်။

သူတို့၏ မဆင်မခြင်ပြသမှုဖြင့် ဤရင်ပြင်ပေါ်ရှိ ပရိသတ်အားလုံးကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်သွားဖို့ ကြံနေကြလေသလား?

သို့သော် နောက်ဆက်တွဲမြင်ကွင်းကြောင့် သူတို့၏ယုံကြည်မှုနှင့် ဂုဏ်ယူဝင့်ကြွားစိတ်များမှာ လုံးဝကြေမွသွားချေသည်။

"အုန်း!"

ဒုံးကျည်များက နဂါးပြောက်ကြားတိုက်လေယာဉ်များကို တစ်စင်းပြီးတစ်စင်း ထိမှန်နေလေရာ ကောင်းကင်ထက်ဝယ် မီးခိုးလုံးကြီး လိပ်တက်လာသောကြောင့် မှိုပွင့်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဂျေ-၃၀လေတပ်က ပေါက်ကွဲမှုနယ်မြေကို ဖြတ်ကျော်ပျံသန်းသွားပြီးနောက် ပြင်းထန်လှသော လေစီးကြောင်းကြောင့် ကောင်းကင်ယံရှိ မီးခိုးထုကြီးကလည်း ချက်ချင်းလွင့်စင်သွားသည်။ ထို့နောက် နဂါးပြောက်ကြားတိုက်လေယာဉ်သုံးစင်းက မီးလောင်ရာ တစ်စက်လေးမျှပင် မကျန်ရစ်ခဲ့ဘဲ ဘေးမသီရန်မခ ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း! ဟားဟားဟား!"

“ကြမ်းလိုက်တာ။ ငါတို့ရဲ့ မြင့်မြတ်တဲ့ဟွာရှားနိုင်ငံကွ”

"ပြိုင်ဘက်ကင်းပဲဟေ့။ ဒီတိုက်လေယာဉ်တွေနဲ့ဆိုရင် ငါတို့ ဘယ်သူ့ကိုမှ မရှုံးနိုင်တော့ဘူး။ မိုးကြိုး-၂၀ဒုံးကျည်တွေက ခြစ်ရာတစ်ခုလေးတောင်မရဘဲ ခံနိုင်ရည်ရှိတယ်ဆိုတော့ ငါတို့လေတပ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုအတွက် ဘယ်သူကများ ငါတို့ကို လာပြိုင်ရဲမှာလဲ"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? စွမ်းအင်ဒိုင်းကာလား? အေတီစက်ကွင်းလား?"

"ကိုယ့်လူ မင်း ဂန်းဒမ်တွေများ အကြည့်လွန်နေတာလား? ဒါက ငါတို့ခေတ်မှာ ထုတ်လုပ်နိုင်တဲ့ နည်းပညာမျိုးမို့လို့လား?"

"သေစမ်း။ မင်း တီဗီအစီအစဉ်တင်ဆက်သူပြောတာကို မကြားဘူးလား။ ဆွဲငင်အားဆန့်ကျင်အင်ဂျင်တွေနဲ့ နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုတွေကို ထုတ်လုပ်ပြီးပြီတဲ့။ မင်းက ငါတို့ခေတ်ရဲ့နည်းပညာအကြောင်းကို ပြောနေတုန်းလား။ ဒီအရာတွေက ဒီခေတ်ကလာတာလား"

...

"ဗိုလ်ချုပ်အာသာ"

ကျန်းမုန့်လောင်က အာသာ့မျက်လုံးရှေ့တွင် လက်ယမ်းပြလိုက်သည်။

"ဗိုလ်ချုပ်အာသာ"

"အာ? ဪ"

အာသာနှင့်အခြားလူများမှာ ထိုအခါမှသာ ထိတ်လန့်မှုမှ ရုန်းထွက်လာနိုင်ကြသည်။

သူ့နှလုံးသားထဲတွင် အကြောက်တရားနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေချေသည်။

ဟွာရှားနိုင်ငံ၏ မိုးကြိုး-၂၀ဒုံးကျည်က သူတို့၏ဆိုက်ဝင်ဒါထက် အားမနည်းကြောင်း သိသည်။ အကယ်၍ ဤတိုက်လေယာဉ်က မိုးကြိုး-၂၀၏ပစ်ချက်ကို ခံနိုင်ရည်ရှိပါက ဆိုက်ဝင်ဒါ၏ပစ်ချက်ကိုလည်း သေချာပေါက်ခံနိုင်ရည်ရှိ၏။

စစ်တပ်နှစ်ခု တိုက်ခိုက်ကြသည့်အခါ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်မမြင်နိုင်ဆိုတာကို မဆိုထားနှင့်။ အကယ်၍ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်သည်ဆိုလျှင်ပင် ရန်သူ့ဘက်က လေထဲမှာ မလှုပ်မယှက်ရပ်နေပြီး သူတို့ကို တိုက်ခိုက်ခွင့်ပေးထားလျှင်တောင် သူတို့၏ဆံချည်မျှင်တစ်မျှင်ကိုပင် ထိနိုင်မည်မဟုတ်ချေ။

လွန်ခဲ့သောရက်အနည်းငယ်တုန်းက သူတို့၏တိုက်လေယာဉ်များကို မြင်ခဲ့ရစဉ်က ဟွာရှားလူမျိုးမှာ ဘာကြောင့် ထိုသို့တုံ့ပြန်ခဲ့သလဲဆိုတာကို ယခုမှသာ သူတို့ နားလည်လိုက်သည်။ သူတို့တွင် အမှန်တကယ် ကြွားဝါနိုင်စွမ်းရှိ၏။ သူတို့ဂုဏ်ယူနေခဲ့သော သူတို့၏နောက်ဆုံးပေါ်နည်းပညာက ဟွာရှားလူမျိုးများရှေ့မှာတော့ ဘာမှအရာမရောက်ပေ။

လမ်းညွှန်ပေးဖို့တဲ့လား။ သူတို့၏အမှိုက်သရိုက်ကြီးက ခေတ်နောက်ကျနေပေသည်။ အကယ်၍ လမ်းညွှန်မှုပေးလျှင်ပင် သူတို့ နားလည်နိုင်မည်မဟုတ်။

မူလတန်းကျောင်းသားတစ်ယောက်ကို တက္ကသိုလ်ပါမောက္ခတစ်ယောက်က အဆင့်မြင့်သင်္ချာအကြောင်း ရှင်းပြလျှင် နားလည်နိုင်ပါ့မလား။

"ဗိုလ်ချုပ်အာသာ.. ကျုပ်တို့ရဲ့နဂါးပြောက်ကြားတိုက်လေယာဉ်ကို ဘယ်လိုထင်လဲ"

"ကျုပ်တို့က နည်းပညာပိုင်းဆိုင်ရာမှာ အများကြီးခေတ်နောက်ကျနေတာလေ"

ဝန်မခံချင်သော်လည်း အာသာ့မှာ တင်းခံထားပြီး မောက်မာချင်ယောင်ဆောင်နိုင်ပါ့မလား။

ထိုနေ့တုန်းက ကျန်းမုန့်လောင်က ထိုသို့ပြောရဲခြင်းမှာ သူတို့တွင် အမှန်တကယ်အစွမ်းအစရှိသောကြောင့်ပင်။ သူတို့သာ ထိုသို့ပြန်ပြောလိုက်ပါက တုံးအရာကျသွားပေလိမ့်မည်။

"မစ္စတာကျန်း.. ဒီနဂါးပြောက်ကြားတိုက်လေယာဉ်ကို ဘယ်လိုသတ္တုစပ်မျိုးနဲ့ လုပ်ထားတာလဲ။ ကျုပ်တို့ကို ပြောပြပေးလို့ရမလား"

"ပြောပြလို့မရတာတော့ မဟုတ်ပါဘူး။ ကုန်ကြမ်းပစ္စည်းကတော့ ရိုးရိုးလေးပါ။ ပလတ်စတစ်ကို သုံးထားတ"

"မဖြစ်နိုင်တာ"

အာသာခမျာ ထိုနေရာမှာပင် အံ့ဩမှင်တက်သွားလေသည်။ ပလတ်စတစ်စက ဒုံးကျည်ကို ခံနိုင်ရည်ရှိပါ့မလား။ ဒါကို BBကျည်နဲ့ပစ်တဲ့ အရုပ်သေနတ်လို့များ ထင်နေတာလား။

"အမှန်ပဲ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ဒီပလတ်စတစ်က နည်းနည်းတော့ထူးခြားတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့က အားပြင်းတန်ပြန်သက်ရောက်မှုကုန်ကြမ်းပစ္စည်းအဖြစ် ပြောင်းလဲထားလို့လေ"

"အားပြင်းတန်ပြန်သက်ရောက်မှုကုန်ကြမ်းပစ္စည်းလား"

ဗိုလ်ချုပ်အာသာခမျာ တုန်လှုပ်သွားရလေသည်။ ထိုအသုံးအနှုန်းကို သူကြားဖူးသော်ငြား ထိုအဓိပ္ပာယ်ကိုတော့ နားမလည်ချေ။

အာသာ့ဘေးနားရှိ လက်နက်ပညာရှင်ကလည်း ချက်ချင်းဝင်ရှင်းပြလိုက်၏။

"ဗိုလ်ချုပ်အာသာ..အားပြင်းတန်ပြန်သက်ရောက်မှုကုန်ကြမ်းပစ္စည်းက ဒြပ်ဝတ္ထုကို အရမ်းသိပ်သည်းသွားတဲ့အနေအထားအထိရောက်အောင် ဖိသိပ်လိုက်တာပါ။ အဏုကြည့်မှန်ပြောင်းနဲ့ အဆတစ်သန်းလောက် ချဲ့ကြည့်ရင်တောင် အဲဒီဒြပ်ဝတ္ထုကို ဖွဲ့စည်းထားတဲ့ အခြေခံအမှုန်တွေအားလုံးကို မမြင်ရလောက်အောင်အထိ သိပ်သည်းဆက မြင့်မားနေတာ။ ကမ္ဘာမြေပေါ်က အားအကောင်းဆုံးအရာဝတ္ထုတွေထက် အဆပေါင်းတစ်ရာလောက် ပိုပြီးသန်မာတယ်"

"ဒါပေမဲ့.. ဒါပေမဲ့ ဒီလိုအရာမျိုးက သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထြမှာ ရှိတာလေ"

လက်နက်ပညာရှင်ခမျာ သူ့ဖြစ်တည်မှုကိုပင် မေးခွန်းထုတ်မိတော့မတတ်ပင်။ ဤကုန်ကြမ်းပစ္စည်း၏ ထင်ရှားသောဥပမာမှာ "သုံးကိုယ်ပွား"ဝတ္ထုထဲတွင် ဖော်ပြထားသည့် ရေစက်ဖြစ်ပြီး ၎င်းကို တစ်ချက်ထိလိုက်သည်နှင့် လူသားများ၏ ကြယ်တာယာယာဉ်နှစ်ထောင်လောက်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ၎င်းမှာ အင်အားပြင်းတန်ပြန်သက်ရောက်မှုကုန်ကြမ်းပစ္စည်း၏ စွမ်းပကားပင်တည်း။

နဂါးပြောက်ကြားတိုက်လေယာဉ်ကို ဤကုန်ကြမ်းပစ္စည်းဖြင့် လုပ်ထားရိုးမှန်ပါက ဘာလက်နက်မှပင် လိုမည်မဟုတ်။ တိုက်ပွဲတွင် ပြိုင်ဘက်၏မျက်နှာတည့်တည့်သို့ ဖြတ်ပျံလိုက်ရုံဖြင့် ကိစ္စတုံးသွားလေပြီ။

"တကယ်တော့ တော်တော်လေးရိုးရှင်းပါတယ်"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"ဒီပစ္စည်းက တော်တော်တော့လေးတယ်။ ဒီလိုတိုက်လေယာဉ်တစ်စင်းက အယ်လ်ထရာမန်းလောက် လေးတယ်လေ။ ဆွဲငင်အားဆန့်ကျင်ကိရိယာကြောင့်သာမဟုတ်ရင် ပျံဖို့တောင်မဖြစ်နိုင်ဘူး"

"နှမြောစရာပဲ"

ကျန်းမုန့်လောင်မှာ ရုတ်တရက်ကြီး ခေါင်းခါယမ်းလိုက်သည်။

"မစ္စတာကျန်း ဘာကိုနောင်တရနေတာလဲ"

"ဪ အချိန်လုံလုံလောက်လောက်မရလိုက်တာကို နောင်တရနေတာပါ။ ကျုပ်တို့ ဒီတိုက်လေယာဉ်သုံးစင်းတည်းကိုပဲ ဖန်တီးနိုင်ခဲ့တာ။ မဟုတ်လို့ကတော့ ကျုပ်တို့ကြည့်မရတဲ့နိုင်ငံတစ်နိုင်ငံကိုတွေ့ရင် တစ်မနက်တည်းနဲ့တင် သူတို့ကိုဖြိုခွင်းပြီး နေ့လယ်ဘက်မှာ မှတ်ပုံတင်ထုတ်ပေးပြီး နောက်တစ်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်တယ်။ ပြီးတော့ နောက်တစ်ရက်နေရင် ကလပ်တွေတောင် ဖွင့်ပေးလို့ရတယ်"

"အဟွတ် အဟွတ် အဟွတ်"

အာသာခမျာ နင်သွားရသည်။ သို့သော် ကျန်းမုန့်လောင်ပြောသည့်စကားများမှာ အမှန်ပင်။

သူတို့အနေနှင့် လေတပ်တစ်တပ်ကိုပင် မလိုအပ်ချေ။ ဤသုံးစင်းတည်းနှင့်ပင် ဘယ်နေရာကိုမဆို သိမ်းပိုက်ပစ်နိုင်သည်။ နျူကလီးယားလက်နက်များကပင် ဤမျှအထိ မခြိမ်းခြောက်နိုင်လောက်ဟုပင် သူတို့ သံသယဖြစ်မိသည်။

"မစ္စတာကျန်း.. ဒီတိုက်လေယာဉ်ရဲ့ကုန်ကျစရိတ်ကို သိလို့ရမလား"

"သိပ်ဈေးမကြီးပါဘူး။ တစ်စီးကို အမေရိကန်ဒေါ်လာ၃၂၀ဘီလီယံပဲရှိတာ"

"၃၂၀ဘီလီယံ.."

ထိုဈေးနှုန်းမှာ F22တိုက်လေယာဉ်ပေါင်း အစင်းသုံးထောင်ကိုပင် တည်ဆောက်နိုင်နေလေပြီ။ သို့သော် အမှန်အတိုင်းပြောရပါလျှင် F22အစင်းသုံးထောင်ပင် နဂါးပြောက်ကျားတိုက်လေယာဉ်တစ်စီးကို မတိုက်နိုင်ပေ။

တုနှိုင်းမဲ့သောကိုယ်ထည်၊ အစွမ်းထက်သော မောင်းနှင်အားနှင့် အကန့်အသတ်မရှိသော ခံနိုင်ရည်အားတို့မှာ စင်စစ်ပြိုင်ဘက်ကင်းပေသည်။

စစ်ရေးပြပွဲကား ပြီးဆုံးလုနီးလေပြီ။ ထိုဗိုလ်ချုပ်များလည်း ပြန်ဖို့ပြင်နေချေပြီ။ ဤအရေးကြီးသတင်းကို ချက်ချင်းပြန်သယ်သွားပြီး စစ်ရေးစီမံမှုများအကြောင်း ဆွေးနွေးတိုင်ပင်ရပေမည်။

ဤတိုက်လေယာဉ်သုံးစင်း၏ တည်ရှိမှုက လက်ရှိ ကမ္ဘာ့စစ်ရေးအခြေအနေကို ပြောင်းလဲသွားစေသည်။

"ဒီနဂါးပြောက်ကျားတိုက်လေယာဉ်တွေကို ပထမအသုတ်မှာ ဘယ်နှစင်းလောက်ထုတ်လုပ်ဖို့ စီစဉ်ထားလဲ"

"အမ်.."

ကျန်းမုန့်လောင်က အကြီးအကဲရှင်းကို ကြည့်လိုက်၏။

"အစင်းတစ်ရာနဲ့ စလိုက်ရင်ရော? ငွေကြေးအခက်အခဲရှိရင် ကျွန်တော့်နိုင်ငံအတွက်‌ နည်းနည်းလောက်တော့ချေးပေးနိုင်ပါတယ်"

*****************

All Chapters