ငွေသုံးခြင်း၏ပျော်ရွှင်မှု
Vol. 36 Ch. 540
"လောင်ကျန်း.. ဒီကိစ္စက အဲဒီလောက်မရိုးရှင်းဘူး"
ဝမ်လင်က လေးလေးနက်နက်ဆိုလာလေသည်။
"လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ငါတို့နိုင်ငံက တခြားနိုင်ငံရဲ့ ယဉ်ကျေးမှုလွှမ်းမိုးမှုကို တန်ပြန်တုံ့ပြန်ဖို့အတွက် နည်းလမ်းပေါင်းစုံ ထုတ်သုံးခဲ့တယ်။ အဲဒီလိုပဲ တခြားနိုင်ငံတွေကလည်း တဖြည်းဖြည်း စတင်လုပ်ဆောင်လာပြီ။ သူတို့ရဲ့ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုတာ တော်တော်ခက်တယ်"
"ဘာတွေကြောက်နေစရာရှိလဲ"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ငွေနဲ့ အောင်မြင်အောင်လုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါသေးတယ်။ ဟွာရှားမင်းဆက်တုန်းကဆိုရင် ငါတို့နိုင်ငံရဲ့တံခါးကို အမြောက်လက်နက်တွေနဲ့တောင် အတင်းဖွင့်ခဲ့ကြဖူးတယ်။ ငါတို့လည်း တစ်ပုံစံတည်းပြန်လုပ်လို့ရတယ်လေ"
"မင်းက စစ်ဖြစ်ချင်လို့လား။ မလိုဘူးလေ ကျန်းကော..စိတ်အေးအေးထားစမ်းပါ"
ကျန်းမုန့်လောင်တွင် ထိုသို့လုပ်နိုင်စွမ်းမျိုး တကယ်ရှိကြောင်း ဝမ်လင်သိသည်။
လုံယင်တိုက်လေယာဉ်ကို ကျန်းမုန့်လောင်ကိုယ်တိုင် ထုတ်လုပ်ထားသည်ဖြစ်ရာ သူ့အတွက်တော့ အမေရိကန်ဒေါ်လာ၃၂၀ဘီလီယံဆိုသည်မှာ သာမန်လူတစ်ယောက်၏ ဆယ်ဒေါ်လာလောက်သာ ရှိ၏။ သူသာ ဆန္ဒရှိလျှင် လုံယင်အစင်းပေါင်းများစွာကို အသာလေးဖန်တီးလိုက်နိုင်သည်။ နိုင်ငံတော်မုခ်ဝကို ဖွင့်ဖို့မဆိုထားနှင့်။ သမ္မတအိမ်တော်ကို ရိုက်ချိုးဖို့ကတောင် လေတိုက်သလောက်သာရှိသည်။
ဒါပေမဲ့ သူငယ်ချင်းလေးရေ.. ဒီလိုပြဿနာမရှာချင်စမ်းပါနဲ့!
"ငါက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မောက်မာရမ်းကားတတ်တဲ့လူမို့လို့လား။ ငါတို့က ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ နေနေကြတာလေ။ အဲဒီလိုပြုမူလို့မဖြစ်ဘူး"
"ဒါဆို မင်းက… ပိုက်ဆံသုံးပြီး သူတို့ဂိတ်တံခါးကို ရိုက်ချိုးဖို့ စီစဉ်နေတာလား"
ဝမ်လင်က စိတ်ဖတ်လိုက်သည့်အလား ကျန်းမုန့်လောင်၏အစီအစဉ်ကို ခန့်မှန်းကြည့်လိုက်သည်။ သို့သော် ကျန်းမုန့်လောင်လို မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝသူတစ်ယောက်အတွက် 'ရိုက်ချိုးခြင်း'ပြုရန်အတွက် ဤနည်းလမ်းမှလွဲ၍ အခြားဆန်းသစ်သော ဗျူဟာများ မရှိနိုင်ပေ။
"မင်းရဲ့အစီအစဉ်က ဘာလဲ"
"ရိုးရိုးလေးပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အခု ရုပ်ရှင်တွေက လူတွေရဲ့ဘဝမှာ မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီလေ။ တကယ်လို့ ရုတ်တရက်ကြီး ကြည့်စရာမရှိတော့ဘူးဆိုရင် ဘာဖြစ်မယ်ထင်လဲ"
"အသိသာချည်းပဲမဟုတ်လား။ သူတို့ ရူးကုန်ကြမှာပေါ့"
ဝမ်လင်က ပြန်ဖြေလိုက်သည်။
"လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေတောင် လုပ်ကြလိမ့်မယ်။ ယဉ်ကျေးမှုလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေအတွက် တောင်းဆိုကြလိမ့်မယ်"
"မင်း တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေကို အကုန်ဝယ်ဖို့ကြံနေတာတော့ မဟုတ်ဘူးမလား"
"ဟုတ်တယ်။ အခု အကြီးအကျယ်ရင်းနှီးရတော့မှာ"
ကျန်းမုန့်လောင် အပြုံးမမည်သောအပြုံးဖြင့် ပြောလိုက်၏။
"မစ္စတာကျန်း တစ်ချက်လှုပ်ရှားလိုက်တာနဲ့ နိုင်ငံတော်အဆင့်အထိ သွားတော့တာပဲ။ အနည်းဆုံးတော့ အမေရိကန်ဒေါ်လာဘီလီယံတစ်ရာလောက်က စတာနော်။ ငါ့ရဲ့ဆင်းရဲမွဲတေမှုက ငါ့စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်မနေတော့ဘူး"
"ဒါပေမဲ့ မင်းရဲ့အမြင်က ကျဉ်းမြောင်းနေတုန်းပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တကယ်လို့ ရုပ်ရှင်ရုံတွေကို ဝယ်ချင်တယ်ဆိုရင် တစ်စိတ်တစ်ပိုင်းပဲဝယ်မှာ။ ငါ အကုန်မဝယ်လိုက်လို့ ကြည့်ရှုသူတွေက တခြားရုပ်ရှင်ရုံတွေမှာ သွားကြည့်မယ်ဆိုရင် ငါကတော့ ဘာမှမဆုံးရှုံးနိုင်ပေမဲ့ သူတို့ရဲ့ရုပ်ရှင်လုပ်ငန်းကို တိုးတက်သွားအောင် အားပေးရာရောက်သွားလိမ့်မယ်။ ဒီလိုဆိုရင် ငါလည်း ပျော်ရမှာမဟုတ်ဘူး"
"မင်း တစ်ဝက်ပဲဝယ်နိုင်တာလား"
"မစ္စတာကျန်းဆိုလိုချင်တဲ့သဘောက ထိပ်တန်းမီဒီယာကုမ္ပဏီအများစုက နိုင်ငံပိုင်လုပ်ငန်းစုတွေမို့ ငွေပေးပြီးဝယ်ရင်တောင် သူတို့က ရောင်းချင်ကြမှာမဟုတ်ဘူး။ ဒါက ငွေရှိရုံနဲ့ မပြီးဘူးလေ"
ဝမ်လင့်ဘေးနားရှိ မိန်းကလေးက ရုတ်တရက်ဝင်ပြောလာသည်။
"ကြည့်စမ်း။ မင်းချစ်သူကမှ ထက်မြက်သေးတယ်။ မင်းက ဒီလောက်ရှင်းရှင်းလေးကို ဘာလို့ မစဉ်းစားမိရတာလဲ"
ကျန်းမုန့်လောင်က ဆို၏။
"ဒါပေါ့။ ငါတို့သာ တကယ်လုပ်ချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံ့အရေးတွေပါ ရှုပ်ထွေးသွားပြီး ပြဿနာတက်လိမ့်မယ်။ လောင်ကျိုးက ငါ့ကို အတန်တန်သတိပေးထားတာ။ ငါကတော့ မကြောက်ပေမဲ့ သူများကို လေးစားသမှုထားဖို့လည်း လိုသေးတယ်လေ"
"စကားမစပ်.. မင်း ငါ့ကို သူနဲ့ မိတ်ဆက်မပေးရသေးဘူးနော်"
ကျန်းမုန့်လောင်က မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
သူ့မှာ ထိုမိန်းကလေးကို မကြည့်ဘဲ မနေနိုင်ချေ။ သူ(မ)၏အလှတရားက ဒုတိယနေရာပင်။ ပိုအရေးကြီးသည်မှာ သူ(မ)ပိုင်ဆိုင်ထားသော ထူးခြားလှသည့် အပြုအမူပင်။ ဤသည်မှာ သာမန်မိသားစုမှ ပျိုးထောင်ပေးနိုင်သော ပုံစံမျိုး မဟုတ်သည်မှာ သေချာပေါက်ပင်။
"ဟားဟားဟား ဆောရီး ဆောရီး"
ဝမ်လင်က တောင်းပန်လိုဟန်ဖြင့် တဟားဟားရယ်မောလိုက်သည်။
"သူက ငါ့ချစ်သူ ကျန့်ချီယွမ်တဲ့။ ချီယွမ်… သူ့ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးမလား"
"မိန်းကလေးကျန့် မင်္ဂလာပါ"
"မစ္စတာကျန်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ရှင်က ဝမ်လင့်သူငယ်ချင်းပဲ။ မိန်းကလေးလို့ခေါ်တာက အရမ်းစိမ်းလွန်းတယ်"
သူတို့ လက်ချင်းထိလိုက်သည့် အခိုက်မှာပင် ကျန့်ချီယွမ်ထံမှ ထူးခြားလှသော စွမ်းအားတစ်ရပ် ထုတ်လွှတ်နေတာကို ကျန်းမုန့်လောင် ခံစားလိုက်ရသည်။ ၎င်းမှာ အတွင်းအားနှင့်လည်း မတူသလို အထူးစွမ်းရည်နှင့်လည်း မတူချေ။
"ဒီကျန့်ချီယွမ်က သာမန်နောက်ခံမျိုးတော့ မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင် သတိကြီးကြီးထား၍ စဉ်းစားကြည့်လိုက်သည်။
"သူက ရှေးဟောင်းသိုင်းပညာရှင်မိသားစုတစ်ခုခုကများလား"
ဝမ်လင်က ချမ်းသာသော်ငြား ရှေးဟောင်းသိုင်းပညာရှင်မိသားစုတစ်ခုအတွက်တော့ သူ့စည်းစိမ်ဥစ္စာက အထင်ကြီးလောက်စရာမဟုတ်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။ ဝမ်လင်က တစ်ခါတစ်ရံတွင် စိတ်မချရသော်လည်း သူ့သူငယ်ချင်းဖြစ်နေဆဲပင်။
ကျန့်ချီယွမ်ကလည်း ကျန်းမုန့်လောင်ထံမှ ထုတ်လွှတ်နေသော နက်ရှိုင်းပြီး အဆုံးမဲ့သည့် စွမ်းအားတစ်မျိုးကြောင့် တုန်လှုပ်သွားလေသည်။
"တခြားနိုင်ငံတွေကို ဒုက္ခပေးမပေးဆိုတာ မင်းအပေါ်မူတည်နေပြီပဲ။ မင်းကတော့ တကယ့်ကို အပြတ်သားနားတာပဲ"
ဝမ်လင်က စကားကုန်ပြောလိုက်လေသည်။
"ဒီတော့ မင်းအစီအစဉ်က ဘာလဲ"
ကျန်းမုန့်လောင်လည်း ထိုအခါမှသာ သတိပြန်ဝင်လာသည်။ ထို့နောက် ခဏမျှတွေးကြည့်လိုက်သည်။
"ပုံမှန်အတိုင်း အရင်းအမြစ်တွေကို နှောင့်ယှက်ရမှာပေါ့"
"ဘာသဘောလဲ"
"ဒီရုပ်ရှင်တွေကို ရိုက်ကူးပြီး ထုတ်လုပ်ရမယ်လေ။ ဒီတော့ မူပိုင်ခွင့်တွေ လိုတယ်မလား။ ဒီနေ့ခေတ်မှာ ရုပ်ရှင်တွေက ဝတ္ထု ဒါမှမဟုတ် ရုပ်ပြကို အသက်သွင်းထားတာ။ ဒီတော့ သက်ဆိုင်ရာစာရေးသူတစ်ယောက်ကတော့ အမြဲရှိတယ်။ နိုင်ငံခြားမှာ ဒီမူပိုင်ခွင့်တွေကို ငါတို့ထက်တောင် ပြင်းပြင်းထန်ထန်ကာကွယ်ထားတာ။ ဒီမူပိုင်ခွင့်တွေကို အပြည့်အဝဝယ်ယူထားတာမဟုတ်ရင် မူပိုင်ခွင့်က စာရေးသူတွေဆီမှာပဲ ရှိတာ"
ဝမ်လင်က ရယ်မောလိုက်မိသည်။ ယနေ့ခေတ် စာရေးဆရာများက ငတုံးများမဟုတ်ကြပေ။ သူတို့၏လက်ရာတွင် စီးပွားရေးတန်ဖိုးကြီးကြီးမားမားရှိကြောင်း သိထားသည်နှင့် ထိုလက်ရာများကို ရောင်းချကြမည်မဟုတ်ချေ။ အလွန်ဆုံးရှိလှ ရုပ်ရှင်ရိုက်ကူးခွင့်ကိုသာ ရောင်းကြပေလိမ့်မည်။ ထိုကိစ္စမှာပင် အချိန်အကန့်အသတ်ကလည်း ရှိသေးသည်။
"ဟားဟား"
ကျန်းမုန့်လောင်လည်း အားရပါးရရယ်လေတော့သည်။
"ဒီစာရေးဆရာတွေဘက်က မပူးပေါင်းပေးသရွေ့တော့ သူတို့ရဲ့ရုပ်ရှင်တွေလည်း တစ်ကားမှ ထုတ်လွှင့်နိုင်မှာမဟုတ်ဘူး။ အဲဒီကျရင် သူတို့ရဲ့ရုပ်ရှင်ရုံတွေမှာ ဘာမှပြစရာမရှိတော့ဘူး။ အဲဒီကျရင် ငါတို့နဲ့ လာဆွေးနွေးရတော့မှာမလား"
ကျန့်ချီယွမ်မှာ သူတို့နှစ်ယောက်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ ဤသည်မှာ ဟွာရှားနိုင်ငံ၏ ဒုတိယမျိုးဆက်လူချမ်းသာများ ဗျူဟာဆွေးနွေးသည့် ပုံစံလေလား။
"ဒါပေမဲ့ အဲဒီမူပိုင်ခွင့်တွေကို ဝယ်လိုက်မယ်ဆိုရင် ကုန်ကျစရိတ်က သိပ်ကြောက်ဖို့ကောင်းမှာမလား"
ကျန့်ချီယွမ်က ဝင်ပြောလိုက်သည်။
"ပြီးတော့ ရိုက်ကူးခွင့်နဲ့ ထုတ်လွှင့်ရေးမူပိုင်ခွင့်တွေအကုန်လုံးကို ပြန်ရုပ်သိမ်းခိုင်းမယ်ဆိုရင် လျော်ကြေးငွေလည်း အများကြီးပေးရမှာ။ တကယ်လို့ ရုံတင်ငွေတစ်ဆယ်ဘီလီယံရရင်တောင် အရှုံးပေါ်နေဦးမှာ"
"သူက ပိုက်ဆံရှာဖို့ ရုပ်ရှင်ရိုက်တယ်လို့ ထင်နေတာလား"
ဝမ်လင်က ကျန်းမုန့်လောင်ကိုယ်စား ဝင်ပြောပေးလိုက်သည်။
"ကိုယ်ပြောမယ်။ ဒီကောင့်ရဲ့အကြီးမားဆုံးဆန္ဒက ပိုက်ဆံသုံးဖို့ပဲ။ သူ့ကို ပိုက်ဆံနည်းနည်းပဲသုံးခိုင်းရင် သေခိုင်းတာထက်တောင် ပိုနာကျင်နေမှာ။ ဘာလို့လဲလို့မမေးနဲ့နော်။ ငွေရှိရင် အရာရာဖြစ်တယ်"
"ဝိုး.. အခု မင်းက ငါ့အစားတောင် ဖြေပေးနေပြီပေါ့"
ကျန်းမုန့်လောင်က ဆို၏။
"ငါ ငွေရမရဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီယဉ်ကျေးမှုလွှမ်းမိုးခြင်းက အောင်မြင်မှဖြစ်မယ်။ ဒီလောက်ထူးချွန်တဲ့ လက်ရာတွေကို ငါတို့ပြည်တွင်းဈေးကွက်ထဲမှာပဲ ထုတ်လွှင့်ရမယ်ဆိုရင် နှမြောစရာကြီး"
"ဒါပေမဲ့ လောင်ဝမ်.. ငါ မင်းရဲ့အကူအညီတော့ လိုသေးတယ်"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ဘာအဓိပ္ပာယ်လဲ"
"ငါက နိုင်ငံတကာမှာ အမည်ပျက်စာရင်း အသွင်းခံထားရတယ်"
ကျန်းမုန့်လောင် ရယ်လိုက်မိပြန်သည်။
"တကယ်လို့ ငါ နိုင်ငံထဲက ထွက်ဖို့ကြိုးစားရင် သူတို့ကလည်း ငါနဲ့တစ်ရာမီတာပတ်လည်မှာ ရွေ့လျားသတိပေးမျဉ်းတစ်ကြောင်းတောင် ထုတ်ထားလိမ့်မယ်။ ဒီကိစ္စမှာ မင်း ဝင်ပါရလိမ်မယ်။ ငါကတော့ မင်းရဲ့နောက်ကွယ်ကနေ တိတ်တဆိတ်ကြိုးကိုင်မှာပေါ့"
"ဒါပေမဲ့ ဒီမူပိုင်ခွင့်တွေကို ဝယ်ဖို့ဆိုရင် ငါတို့ ကုမ္ပဏီတစ်ခုကို ကိုယ်စားပြုပြီး လုပ်ရမှာ။ ဒါတော့ ငါမတတ်နိုင်ဘူးနော်"
"စိတ်မပူပါနဲ့။ ငါ့မိသားစုက ကမ္ဘာအနှံ့က နိုင်ငံတော်တော်များများမှာ မီဒီယာလုပ်ငန်းတွေ ပိုင်ထားတယ်လေ။ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စတွေကို ငါလုပ်ပေးနိုင်တယ်"
ဝမ်လင်က ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတိုင်းကိုတော့ ရွေးစရာမလိုပါဘူး။ လူဦးရေများတဲ့ နိုင်ငံတွေကို အပိုင်ချုပ်ထားနိုင်ရင် ငါတို့ရည်ရွယ်ချက်လည်း ကိုးဆယ်ရာခိုင်နှုန်းလောက် ပြည့်ဝသွားမှာ"
"အင်း"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"အချိန်ကျလာရင် ငါ မင်းနဲ့လိုက်ခဲ့မယ်။ မင်းကဦးဆောင်ပေါ့။ ငါက ငွေရှင်းမယ်"
"ဟားဟားဟား"
ဝမ်လင်မှာ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်မိသည်။
"မင်းနေရာကိုယူရတဲ့ ပျော်ရွှင်မှုမျိုးကို ငါ ခံစားနိုင်လိမ့်မယ်လို့ လုံးဝမတွေးဖူးဘူး လောင်ကျန်းရေ။ သိပ်မိုက်တာပဲ"
"အလျင်စလိုမလုပ်နဲ့ဦး"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။
"အရင်ဆုံး ငါတို့ သူတို့နဲ့ ပုံမှန်လမ်းကြောင်းကတစ်ဆင့် ဆွေးနွေးမယ်။ အလုပ်မဖြစ်ဘူးဆိုမှ အစီအစဉ်အတိုင်း ဆက်လုပ်မယ်။ စကတည်းက မကြမ်းသင့်ဘူး။ လူတွေက ငါတို့ကို ကိုယ်ကျင့်တရားမကောင်းဘူးလို့ စွပ်စွဲကြလိမ့်မယ်"
"မင်းက ကြောင်သူတော်လုပ်နေတာပဲ"
ဝမ်လင်က ရယ်မောရင်း ဆဲရေးလိုက်လေသည်။
"ဒါပေမဲ့ ငါ သဘောကျတယ်"
"ဟားဟားဟား သိပ်မိုက်တာပဲ"
ဘေးနားတွင် ရပ်နေသည့် ကျန့်ချီယွမ်ကတော့ ဉာဏ်များလှသော ထိုနှစ်ယောက်ကိုကြည့်ရင်း ကြက်သေသေသွားရသည်။
သူတို့က တစ်ချိန်တုန်းက ဟွာရှားနိုင်ငံရဲ့နံပါတ်တစ်လူချမ်းသာနှင့် လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်မှ ဟုတ်ပါလေစ။ သူ(မ)အမြင်မှာတော့ သူတို့က ကောက်ကျစ်စဉ်းလဲသော စီးပွားရေးသမားနှစ်ယောက်နှင့်သာ ပိုတူနေချေသည်။
****************