← Chapters

အရှေ့မှာ ဘာမီးနံရံမှမရှိဘူး

Vol. 36 Ch. 526

အရှေ့မှာ ဘာမီးနံရံမှမရှိဘူး

Vol. 36 Ch. 526

ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းအရေအတွက် လျော့နည်းသွားသောကြောင့် စိစစ်ရေးကော်မတီကလည်း နောက်ဆုံးအကဲဖြတ်ခြင်းကို စက်တင်ဘာလ၂၅ရက်နေ့သို့ ပြောင်းလဲသတ်မှတ်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ကျောင်းများအားလုံးက အပြင်းအထန်ပြင်ဆင်နေခဲ့ကြသည်။ သို့သော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကတော့ မဟုတ်ပေ။ ကျန်းမုန့်လောင်က ထုံးစံအတိုင်း လုရီယောင်နှင့် ကျောင်းတွင်းအချစ်ကို အပြည့်အဝခံစားနေချေသည်။

သူက သူ့ကျောင်းမှာထက် ကျန်းနန်ဂီတကောလိပ်တွင်သာ ပိုအချိန်ဖြုန်းနေသည်။ မသိသူများဆိုလျှင် သူ့ကို ဂီတကောလိပ်ကျောင်းသားတစ်ယောက်ဟု ထင်မှတ်သွားနိုင်သည်။

"မုန့်လောင်… ပြင်ဆင်မှုတွေက ဘယ်လိုအခြေအနေရှိလဲ။ ငါ့ကိုပြလို့ရလား"

ဟန်ကျင်းယွီမှာ မထွက်ခွာခင် တစ်ရက်အလိုမှာပင် ကျန်းမုန့်လောင်ကို သွားရှာလိုက်သည်။

ကျောင်းပေါင်းများစွာ၏ ပြိုင်ပွဲဝင်လက်ရာများကို ချန်နယ်ပေါင်းစုံမှ ပြသထားပြီးလေပြီ။ သို့သော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တစ်ခုတည်းကသာ ထုတ်မပြခြင်းပင်။

လူတိုင်းကလည်း သူတို့ကျောင်းကို အဖုံးအဖိတော်သောကြောင့် ချီးကျူးနေကြသော်ငြား ဟန်ကျင်းယွီကတော့ ဘာတစ်ခုကိုမှ မမြင်ရသေးကြောင်း သိလေသည်။ သူတို့ ပစ္စည်းတစ်စုံတစ်ရာကို ထုတ်လုပ်ထားခြင်းရှိမရှိကိုပင် သေချာမသိရသေးသောကြောင့် ပေါက်ကြားသွားလျှင်ပင် အံ့ဩဖို့ကောင်းနေဦးမည်။

"အဆင်သင့်ပါပဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ပစ္စည်းက ဘယ်မှာလဲ"

"ပစ္စည်းလား"

ကျန်းမုန့်လောင်က ပြန်မေးခွန်းထုတ်လာလေသည်။

ဘာပစ္စည်းလဲ?

"မင်းရဲ့ဉာဏ်ရည်တုမှာ ပုံသဏ္ဍာန်တစ်ခုခုတော့ရှိရမယ်မဟုတ်လား။ မင်း ဘာလုပ်ထားတာလဲ"

"ဆရာဟန်.. ဉာဏ်ရည်တုဆိုတာ ပရိုဂရမ်တစ်ခုသက်သက်လေ။ ပုံသဏ္ဍာန်တစ်ခုခုရှိစရာလိုလို့လား"

ကျန်းမုန့်လောင်က သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။

"အာ့ကုန်းဇီ.. ဆရာဟန်အတွက် မီးပိတ်ပေးလိုက်"

"ဖျတ်"

ဟန်ကျင်းယွီ၏နေအိမ်ရှိ မီးများမှာ ရုတ်တရက်ပိတ်သွားလေသည်။

"မင်း..မင်း ဘယ်လိုလုပ်လိုက်တာလဲ"

ဟန်ကျင်းယွီ အံ့အားသင့်သွားရသည်။

သူ့အိမ်တွင် စမတ်ပစ္စည်းများ တပ်ဆင်ထားပြီး အသံဖြင့် ထိန်းချုပ်နိုင်သဖြင့် ဉာဏ်ရည်တုနည်းပညာ၏ စံပြဖြစ်သည်မှာ သေချာသော်ငြား ထိုစနစ်ကို သူ့မိသားစုဝင်များ၏အသံဖြင့်သာ ပရိုဂရမ်ဆွဲထားသဖြင့် ပြင်ပလူများ အသုံးပြုနိုင်ခြင်းမရှိချေ။

ထို့ပြင် ကျန်းမုန့်လောင်က ကီလိုမီတာပေါင်းများစွာအကွာတွင် နေထိုင်သည်ဖြစ်ရာ ယခုလိုဖြစ်အောင် သူမည်သို့လုပ်ဆောင်လိုက်သလဲ။ အဝေးထိန်းခလုတ်နဲ့လား။

"ဆရာဟန်.. ဒါက တကယ့်ဉာဏ်ရည်တုအစစ်ရဲ့ပုံစံပါပဲ"

ကျန်းမုန့်လောင်က ဆို၏။

"သူက အင်တာနက်ပေါ်က ဘယ်နေရာမှာမဆို ပေါ်လာနိုင်ပြီး ကွန်ယက်ကတစ်ဆင့် ဆရာ့စမတ်ဖုန်းရဲ့မီးနံရံကိုလည်း ဖောက်ထွင်းနိုင်တယ်။ ပြီးတော့ ကိရိယာတွေကို ထိန်းချုပ်လိုက်တာပဲ"

"အိုး ဟုတ်သားပဲ။ အာ့ကုန်းဇီက ကျွန်တော် ဒီအေအိုင်အတွက် ပေးထားတဲ့နာမည်လေ"

ကျန်းမုန့်လောင်က ဆို၏။

"အာ့ကုန်းဇီ.. ဆရာဟန်ကို နှုတ်ဆက်လိုက်ပါဦး"

"ဝှစ်"

ဟန်ကျင်းယွီ၏ကွန်ပျူတာမှာ အသင့်အနေအထားလုပ်ထားရာမှ အလိုလိုလော့ပွင့်သွားပြီး ဝူယန်ဇူးအဗာတာပုံလေးတစ်ခုက မျက်နှာပြင်တွင် ပေါ်လာချေသည်။

"မင်္ဂလာပါ ပါမောက္ခဟန်.. ကျွန်တော်က ဉာဏ်ရည်တုလောကရဲ့ဘော့စ် အာ့ကုန်းဇီပါ။ မဟုတ်သေးဘူး.. ကျွန်တော်က အေအိုင်နယ်ပယ်ထဲက သံမဏိလူသားပါ။ ဉာဏ်ရည်တုဝူယန်ဇူးလို့လည်း ခေါ်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို အာ့ကုန်းဇီလို့ ခေါ်နိုင်ပါတယ်"

"မင်း..မင်း ငါ့ကို စကားပြောနေတာလား"

ယန်ကျင်းယွီမှာ လူသားများနှင့် စကားပြောနိုင်သော အေအိုင်များကို ယခင်ကမြင်ဖူးသော်ငြား ဤလေသံနှင့် စကားပြောဟန်မှာ ကျန်းမုန့်လောင်၏စတိုင်လ်နှင့် ထပ်တူကျနေပေသည်။ သာမန်ကုတ်များနှင့်တော့ ယခုလိုပုံစံမျိုးရအောင်လုပ်ဖို့ ခက်ခဲလိမ့်မည်မဟုတ်လား။

ထိပ်တန်းအဆင့်ဉာဏ်ရည်တုများသည် လူသားများ၏ခံစားချက်များနှင့် စရိုက်လက္ခဏာများကို လိုအပ်ပြီး စိတ်ပိုင်းဆိုင်ရာဗဟုသုတများလည်း ပါဝင်ပေသည်။ ဤအရာကို အေအိုင်ထဲသို့ ပေါင်းထည့်ပေးခြင်းမှာ အလွန်ခက်ခဲလှသော စိန်ခေါ်မှုတစ်ရပ်ပင်။

"ဟုတ်ပါတယ် ဆရာဟန်.. စိတ်မပူပါနဲ့။ မနက်ဖြန်ကျရင် ကျွန်တော် အဲဒီအေအိုင်ငတုံးတွေနဲ့ ဘယ်လိုကစားသွားမလဲဆိုတာ စောင့်ကြည့်နေလိုက်။ သူတို့ရဲ့ဉာဏ်ရည်တုအဆင့်က ကျွန်တော်နဲ့ နီးတောင်မနီးစပ်ဘူး။ အချိန်ကျလာရင် ဆရာတို့လုပ်ရမှာက ပြိုင်ပွဲဝင်ခေါင်းဆောင်နေရာမှာ ဟားတိုက်နေဖို့ပဲ"

"မင်းက..အရမ်းအံ့ဩဖို့ကောင်းတာပဲ"

ယခုအချိန်တွင် ရိုးရှင်းလှသော "အံ့ဩဖို့ကောင်းသည်"ဟူသော စကားကလွဲ၍ အခြားနာမဝိသေသနရှာမရပေ။

"ဆရာဟန်.. စီနီယာကျောင်းသားနှစ်ယောက်လောက် ခေါ်သွားလိုက်ဦး။ မနက်ဖြန်ကျရင် ယန်ကျင်းတက္ကသိုလ်ကို အတူတူသွားကြမယ်။ ကျွန်တော်တို့ ဘာမှသိပ်လုပ်စရာမလိုပေမဲ့ ခိုင်မာတဲ့ဖြစ်တည်မှုကိုတော့ ပြမှဖြစ်မယ်"

"ဒါပေါ့"

ဟန်ကျင်းယွီမှာ အလွန်စိတ်လှုပ်ရှားနေလေသည်။ ကျန်းမုန့်လောင်၏စကားများမှာ အပေါ်ယံသက်သက်ဟု သူ ထင်ခဲ့မိသော်လည်း ယခုမူ အေအိုင်တွင် အခြားလှည့်ကွက်များ မပါဘူးဆိုလျှင်ပင် လူသားများနှင့် ဆက်သွယ်နိုင်သည့် သူ့စွမ်းရည်တစ်ခုတည်းနှင့်ပင် လူတိုင်းကို အံ့အားသင့်သွားစေရန် လုံလောက်ပေသည်။

...

ထိုညနေခင်းတွင် ဟန်ကျင်းယွီက သူ့သုတေသနအဖွဲ့ထဲမှ ကျောင်းသားအနည်းငယ်ကို ပြိုင်ပွဲအတွက် ချင်းပေ့တက္ကသိုလ်သို့ ခေါ်သွားရန် စီစဉ်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် များများစားစားအားစိုက်ထုတ်ရန် မလိုအပ်သောကြောင့် ရန်ပုံငွေထောက်ပံ့ပေးထားသော အပန်းဖြေခရီးလို သဘောထားနိုင်လေသည်။

အမှန်ပင်။ ကျန်းမုန့်လောင်က လူတိုင်းကို ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် မည်သို့သွားခွင့်ပြုနိုင်မည်နည်း။ သူ့ကိုယ်ပိုင်လေယာဉ်ဖြင့် သွားလိုက်တာက ပိုမကောင်းပေဘူးလား။

"မုန့်လောင်.. ပြိုင်ပွဲဝင်မဲ့ မင်းရဲ့အေအိုင်က ဘယ်မှာလဲ။ ငါတို့ကို ပြပါဦး"

ကုန်ကြမ်းပစ္စည်းများကို အထူးပြုယူထားသည့် စီနီယာအစ်ကိုများက ဉာဏ်ရည်တုနယ်ပယ်အကြောင်း အလွန်စိတ်ဝင်စားကြသည်။ အကြောင်းမှာ ၎င်းသည် သိပ္ပံရှေ့ဆောင်တစ်ခုဖြစ်သောကြောင့်ပင်။

"ဪ သူက အခု လေယာဉ်မောင်းနေတယ်လေ"

"ဝှစ်"

ဟန်ကျင်းယွီအပါအဝင် လူတိုင်း၏မျက်နှာများမှာ ဖြူဖျော့သွားကြလေသည်။

ယခုအချိန်မှာ ဤနယ်ပယ်ထဲတွင် ကိုယ်တိုင်မောင်းနှင်စနစ်ကို မည်သူကမှ သုတေသနလုပ်မနေတာတော့ မဟုတ်ပေ။ တကယ်တမ်းတွင် ၎င်းမှာ အလွန်ရေပန်းစားသော နယ်ပယ်တစ်ခုဖြစ်၏။ သို့သော် လက်ရှိရလဒ်များအပေါ် အခြေခံ၍ ပြောရမည်ဆိုလျှင် စိတ်ဓာတ်ကျချင်စရာပင်။

စမ်းသပ်မှုတချို့တွင် ဉာဏ်ရည်တုမောင်းနှင်ခြင်းဟုခေါ်သော အရာများမှာ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ဝင်တိုက်မိတတ်သည်။ ဉာဏ်ရည်တုသိပ္ပံသုတေသန၏ အရိပ်အယောင်တစ်ခုမှမရှိချေ။ ဤအရာကိုသာ စက်မှုလုပ်ငန်းတွင် အမှန်တကယ်အကောင်အထည်ဖော်မည်ဆိုပါက အနည်းဆုံး ရှစ်နှစ်ဆယ်နှစ်လောက် ဖွံ့ဖြိုးတိုးတက်မှုမရှိထားလျှင် အလွန်အန္တရာယ်ရှိပေလိမ့်မည်။

ကားမောင်းခြင်းနှင့်ယှဉ်လျှင် လေယာဉ်မောင်းနှင်ခြင်း၏ ရှုပ်ထွေးမှုမှာ မတွေးတတ်လောက်အောင် နက်နဲလှသည်။ သူက ထိုဉာဏ်ရည်တုကို လေယာဉ်မောင်းခိုင်းသတဲ့လား။ လုပ်ငန်းစဉ်မှားယွင်းမှုတစ်ခုခုရှိခဲ့ပါက အကျိုးဆက်ကား ဆိုးဝါးပေလိမ့်မည်။

"မုန့်လောင်.. မင်း ငါတို့ကိုနောက်နေတာမလား။ ဟားဟားဟား"

အကြီးဆုံးစီနီယာအစ်ကိုက ကိုးရိုးကားရားရယ်လိုက်လေသည်။

"လုံးဝပဲ။ မယုံရင် လေယာဉ်ခန်းထဲကို သွားကြည့်လိုက်လေ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။

စီနီယာအစ်ကိုများနှင့် အစ်မများလည်း လေယာဉ်ခန်းထဲသို့ အပြေးသွားပြီး မှန်တံခါးမှတစ်ဆင့် ကြည့်လိုက်သောအခါ လေယာဉ်မှူးအခန်းထဲတွင် မည်သူမှ ရှိမနေပေ။ လေယာဉ်ကား အလိုအလျောက်ပျံသန်းနေခြင်းပင်။

"မုန့်လောင်.. ငါတို့ မင်းအပေါ် ဘာအငြိုးအတေးမှမရှိပါဘူးကွာ။ အခုလိုအတူတူသေဖို့ လိုအပ်လို့လား"

"စီနီယာအစ်ကို.. အာ့ကုန်းဇီ၏ဉာဏ်ရည်က သာမန်လူသားတွေထက်တောင် ပိုမြင့်တယ်။ သူက ဂွန်ဒမ်ကိုတောင် အသာလေးကိုင်တွယ်နိုင်တယ်။ သာမန်လေယာဉ်လောက်ကတော့ ပြောနေစရာတောင်မလိုဘူး။ ဘာမှမဖြစ်ပါဘူး"င

ကျန်းမုန့်လောင်လည်း အာမခံလိုက်လေသည်။

အာ့ကုန်းဇီ၏စွမ်းဆောင်ရည်က သံမဏိလူသား၏ဂျာဗစ်နှင့် မယှဉ်နိုင်သော်ငြား သူ့စွမ်းရည်တစ်ဝက်လောက်တော့ရှိ၏။ ကျန်းမုန့်လောင်က ၎င်းကို စမ်းသပ်ပြုပြင်ရာတွင် အများကြီးကြိုးစားထားသည်ဖြစ်ရာ လေယာဉ်တစ်စင်းကိုတောင် မထိန်းချုပ်နိုင်ပါက ရှက်စရာကောင်းနေလိမ့်မည်။

"အာ့ကုန်းဇီက ဒီဉာဏ်ရည်တုရဲ့နာမည်လား"

ကျန်းမုန့်လောင်၏ စီနီယာအစ်မများက သတ္တိရှိရှိ မေးလာလေသည်။

"ဒါက နင်ထုတ်လုပ်ထားတဲ့ ကိုယ်တိုင်မောင်းနှင်တဲ့အေအိုင်လား"

"ဟားဟားဟား အာ့ကုန်းဇီရဲ့စွမ်းရည်က ဒီထက်ပိုတယ်"

ကျန်းမုန့်လောင်က ဆို၏။

"အာ့ကုန်းဇီ.. ယန်ကျင်းကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"

"လက်ရှိပျံသန်းနှုန်းနဲ့ ယန်ကျင်းရဲ့မြေပြင်ယာဉ်ကြောတွက်ချက်မှုတွေအရ ကျွန်တော်တို့ ချင်းပေ့တက္ကသိုလ်ကို တစ်နာရီ၁၄မိနစ်အတွင်း ရောက်ပါလိမ့်မယ်"

"ဒါဆို ငါတို့အတွက် နို့လက်ဖက်ရည်နည်းနည်းမှာပြီး ဟိုတယ်ကို ပို့ခိုင်းထားလိုက်"

"သခင်နဲ့ သူ့ရဲ့စီနီယာအစ်ကိုတွေအစ်မတွေရဲ့အကြိုက်အတိုင်း မှာယူပြီးပါပြီ"

"သခင်အတွက် စူကာသီးဖျော်ရည်၊ သကြားတစ်ဝက်၊ ရေခဲမပါ၊ အုန်းသီးဂျယ်လီနဲ့ပုလဲထည့်မယ်"

အကြီးဆုံးစီနီယာအစ်မအတွက် ပုလဲလုံးပါတဲ့ တာရိုနို့လက်ဖက်ရည်၊ သကြားမပါ၊ ရေခဲလျှော့"

"ဂျူနီယာညီမလေးအတွက် ပဲနို့၊ သကြားတစ်ဝက်။ ညီမလေးက ဓမ္မတာလာနေတဲ့ကာလဖြစ်တဲ့အတွက် နွေးနွေးလေးသောက်ဖို့ အကြံပေးပါတယ်"

...

"သူက ငါ ဒါကိုကြိုက်မှန်း ဘယ်လိုသိတာလဲ"

"မယုံနိုင်စရာပဲ။ ငါကအခုလေးတင် တာရိုနို့လက်ဖက်ရည်ကို ပုလဲလုံးတွေနဲ့သောက်ဖို့ စဉ်းစားနေတာ"

"သူက ငါ ဓမ္မတာလာတာကို ဘယ်လိုလုပ်သိတာလဲ"

ဂျူနီယာညီမလေးမှာ ရှက်သွေးဖြာသွားသော်ငြား ရှက်တာထက် ထိတ်လန့်တာက ပိုသည်။ သူ့ချစ်သူကိုယ်တိုင်ကပင် သူ ဓမ္မတာလာနေတာကို မသိပေ။

"ဒါတွေက အာ့ကုန်းဇီက ဒေတာတွေအများကြီးကို ခွဲခြမ်းစိတ်ဖြာရင်း ရလာတဲ့ရလဒ်တွေလေ"

ကျန်းမုန့်လောင်က ရယ်လိုက်၏။

"အရင်က ဝယ်ယူထားတဲ့မှတ်တမ်းတွေကို ခွဲခြိမ်းစိတ်ဖြာပြီး ကိုယ့်အကြိုက်ကို သူက ဆုံးဖြတ်နိုင်တယ်။ ဂျူနီယာညီမလေးကတော့.. မင်းတို့မိန်းကလေးတွေမှာ ဓမ္မတာစက်ဝန်းကို ခြေရာခံတဲ့အက်ပလီကေးရှင်းတွေရှိတယ်မလား"

"သူက အဲဒီဒေတာတွေကိုပါ ယူနိုင်တာလား။ အဲဒီကုမ္ပဏီတွေရဲ့ ဒေတာဘေ့စ်တွေမှာ မီးနံရံတွေမရှိဘူးလား"

"လက်ရှိသတင်းအချက်အလက်နည်းပညာအရဆိုရင် အာ့ကုန်းဇီထက်ပိုတော်တဲ့ မီးနံရံရယ်လို့ မရှိဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"

"မနက်ဖြန်ပြိုင်ပွဲအတွက် ရုတ်တရက်ကြီးစိတ်လှုပ်ရှားနေမိပြီ"

"အာ့ကုန်းဇီက တခြားကျောင်းက ဉာဏ်ရည်တုငတုံးတွေကို ဘယ်လိုချေမှုန်းမလဲဆိုတာ ကြည့်ချင်နေပြီ"

*****************

All Chapters