← Chapters

အဆင်းသာရှိပြီး အချင်းမရှိဘူး

Vol. 36 Ch. 527

အဆင်းသာရှိပြီး အချင်းမရှိဘူး

Vol. 36 Ch. 527

သူတို့ ယန်ကျင်းလေဆိပ်သို့ ရောက်လာသောအခါ ကျန်းနန်မြို့မှ အခြားလေယာဉ်တစ်စင်းကလည်း ဆိုက်ရောက်လာခဲ့သည်။ ထိုအဖွဲ့နှစ်ဖွဲ့က လေဆိပ်မှ ထွက်ခွာလာစဉ် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိပ်တိုက်တွေ့မိကြသည်။

"အိုး.. ဒါက ပါမောက္ခဟန်မဟုတ်လား။ အိုး မေ့လို့.. အခု တော်ဝင်ပညာရှင်ဟန် ဖြစ်နေပြီကိုး"င

တစ်ဖက်အဖွဲ့မှ အဘိုးကြီးတစ်ယောက် လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလာလေသည်။

"တော်ဝင်ပညာရှင်တင်း.. မတွေ့ရတာကြာပြီနော်"

ဟန်ကျင်းယွီက နွေးထွေးစွာ နှုတ်ဆက်လိုက်သော်ငြား သူ့လေသံက ခံစားချက်ကင်းမဲ့နေလေသည်။

ကျန်းမုန့်လောင်၏ ဉာဏ်ရည်တုခွန်အားကို သိထားသောကြောင့် ဟန်ကျင်းယွီလည်း အောင်ပွဲရရန် သေချာသလောက်ဖြစ်နေသည်ဟု ခံစားရသည်။ သူက ချန်ပီယံဆုကို ကြိုတင်ပြီး ရထားနှင့်ပြီဖြစ်သောကြောင့် ပွဲမစခင် ပြိုင်ဘက်၏ရန်စမှုများကို အဘယ်ကြောင့် အလေးထားနေမည်နည်း။

ပြိုင်ဘက်က ပိုမိုခုန်ပေါက်ပြနေလေလေ နောက်ပိုင်းတွင် သူတို့ ပိုအရှက်ရလေလေပင်။ တစ်ဖက်လူ၏ရန်စမှုကို ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်ခြင်းမှာ ဒေါသတကြီးတုံ့ပြန်ခြင်းထက် သူတို့ကို ပိုစိတ်ဆိုးစေသည်။

"အစ်ကိုကြီး သူက ဘယ်သူလဲ"

ကျန်းမုန့်လောင်က ကျူးမုန့်ချောင်ကို တီးတိုးပြောလိုက်သည်။

"သူက ကျန်းနန်တက္ကသိုလ်က သိပ္ပံသုတေသနဌာနရဲ့ဒါရိုက်တာလေ။ တော်ဝင်ပညာရှင်တင်းယိတဲ့။ ပြီးတော့ ဆရာဟန်က သူနဲ့ ရာဇဝင်တချို့ရှိတယ်"

"ဪ ဘာဖြစ်တာလဲ"

"တကယ်တော့ ဆရာဟန်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျန်းနန်တက္ကသိုလ်မှာ စာသင်ရမှာ။ ပြိုင်ပွဲတစ်ခု ပြိုင်ပြီးသွားတော့ အတားအဆီးတစ်ခုတည်းပဲ ကျန်တော့တာ။ တော်ဝင်ပညာရှင်တင်းက အဲဒီအချိန်တုန်းက တာဝန်ခံလေ။ ပညာရေးအမြင်မတူညီမှုကြောင့် ပညာရှင်တင်းက ဆရာဟန့်ကို မဲတစ်မဲတည်းနဲ့ ပယ်ချပစ်ခဲ့တာ"

"အဲဒီလိုကိစ္စမျိုးရှိခဲ့တာလား။ တကယ်ပါပဲ..ရန်သူချင်းပြန်တွေ့ရလောက်အထိ ကမ္ဘာကြီးက ကျဉ်းတာပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်လေသည်။

"တော်ဝင်ပညာရှင်ဟန်က အခုဆိုရင် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ တော်တော်နာမည်ကြီးနေပြီပဲ"

တော်ဝင်ပညာရှင်တင်း၏လေသံမှာ မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။

"နိုဘယ်ဆုရှင်တစ်ယောက်တဲ့။ ငါတို့ကျန်းနန်တက္ကသိုလ်က တစ်ချိန်တုန်းက အထင်သေးခဲ့ဖူးတဲ့ လူတစ်ယောက်က အခုလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ဒါတွေအားလုံးက တော်ဝင်ပညာရှင်တင်းရဲ့ကျေးဇူးကြောင့်ပါ"

ဟန်ကျင်းယွီက ရယ်မောလိုက်လေသည်။

"ကျန်းနန်တက္ကသိုလ်ကသာ အဲဒီတုန်းက ကျုပ်ကို ပယ်မချခဲ့ဘူးဆိုရင် ကျုပ်လည်း အခုအချိန်လောက်ဆိုရင် သာမန်အဆင့်နိမ့်ပါမောက္ခတစ်ယောက်ပဲ ဖြစ်နေဦးမှာ"

"ဒါက ဒီနှစ် တော်ဝင်ပညာရှင်ဟန် ဦးဆောင်တဲ့အဖွဲ့လား"

တင်းယိက ခပ်မြန်မြန် စကားလမ်းကြောင်းလွှဲလိုက်လေသည်။ နိုဘယ်ဆုနှင့်ပတ်သက်သော အတွေးများကြောင့် သူ့မှာ ခေါင်းမော့ရင်ကော့မထားနိုင်ချေ။

"ခင်ဗျားတို့ကျောင်းကလည်း ဉာဏ်ရည်တုကို ပရောဂျက်အနေနဲ့တင်သွင်းဖို့ ရွေးချယ်ထားတယ်ဆို"

"ဟုတ်တယ်"

ဟန်ကျင်းယွီက ပြောလိုက်၏။

"ဒါပေမဲ့ ကျန်းနန်တက္ကသိုလ်ကိုတော့ မယှဉ်နိုင်ပါဘူး။ ကျုပ်တို့ကျောင်းရဲ့ ဉာဏ်ရည်တုပရောဂျက်က ကနဦးအဆင့်ပဲရှိသေးတာလေ။ မနက်ဖြန်ကျရင် တော်ဝင်ပညာရှင်တင်းရဲ့အဖွဲ့ဆီကနေ အကြံဉာဏ်တချို့ တောင်းရမှာပဲ"

"ဟားဟားဟား..ဟုတ်တာပေါ့။ ကျုပ်တို့ကျောင်းရဲ့ဉာဏ်ရည်တုက ကမ္ဘာ့ထိပ်တန်းအဆင့်လေ။ ဒါပေမဲ့ ခင်ဗျားတို့ကျောင်းက အမီလိုက်ချင်တယ်ဆိုရင်တော့ အချိန်နည်းနည်းယူရဦးမယ်။ ဒီအကဲဖြတ်မှုပြီးသွားရင် ဆရာဟန်လည်း ကျုပ်တို့အဖွဲ့ဆီကိုလာသင်ယူဖို့ လူလွှတ်လိုက်လို့ရတယ်လေ"

"ဒီအဘိုးကြီးကတော့.. ဟန်ဆောင်ပြီးနှိမ့်ချပြနေတာက ပိုမောက်မာပုံပေါ်စေတယ်"

ဟန်ကျင်းယွီက စိတ်ထဲမှ တိတ်တိတ်ဝေဖန်လိုက်၏။

သူသာသွားလိုက်မယ်ဆိုရင် သူ့ကိုယ်သူ အဆင့်နိမ့်ကြောင်း ဝန်ခံရာရောက်မသွားဘူးလား။

"ဪ.. စကားမစပ် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်တို့ကျောင်းက ဒေါက်တာဝူရှို့တဲ့။ သူက ဒီအဖွဲ့ကိုဦးဆောင်ပြီး နောက်ဆုံးတစ်ခေါက် ကမ္ဘာ့ဉာဏ်ရည်တုပြိုင်ပွဲမှာ တတိယဆုရခဲ့တာလေ"

တင်းယိက ပြောလိုက်၏။

"ဝူရှို့.. တော်ဝင်ပညာရှင်ဟန်ကို နှုတ်ဆက်လိုက်ဦး"

"တော်ဝင်ပညာရှင်ဟန်.. မင်္ဂလာပါ"

ဝူရှို့က ခေါင်းနည်းနည်းပြောင်ပြီး မသတီချင်စရာကောင်းသော လူငယ်တစ်ယောက်ပင်။ ဤသည်မှာ သူ့ဘဝတစ်စိတ်တစ်ပိုင်းကို သိပ္ပံသုတေသနတွင် မြှုပ်နှံထားကြောင်း ပြသနေပေသည်။ နဖူးပြောင်စပြုနေသော ပုံစံနှင့်ဆိုလျှင် မဟာချင်းစံနှုန်းအရ သူသည် မင်းသားတစ်ပါးဖြစ်ပေလိမ့်မည်။

"ကျန်းနန်တက္ကသိုလ်ရဲ့ဉာဏ်ရည်တုနည်းပညာက အရမ်းနာမည်ကြီးတယ်လို့ ကြားဖူးတယ်။ အထူးသဖြင့် ဉာဏ်ရည်တုလမ်းညွှန်နယ်ပယ်မှာပေါ့။ ဒီတစ်ခေါက် အဲဒါကိုမြင်ရဖို့ မျှော်လင့်မိပါတယ်"

"သေစမ်း"

ကျန်းမုန့်လောင်ဘေးရှိ ကျောင်းသားတစ်ယောက်မှာ မဆဲဘဲ မနေနိုင်တော့ပေ။ ဉာဏ်ရည်တုလမ်းညွှန်ကဏ္ဍကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များက "ဉာဏ်ရည်တုငတုံး"ဟု ဝေဖန်ခဲ့ကြသည်။ တစ်ဖက်လူက ဤမျှအထိ ဘွင်းဘွင်းရှင်းရှင်းကြီးပြောလိမ့်မည်ဟု ထင်မထားချေ။

"ဂုဏ်သတင်းကြီးမားတဲ့ တက္ကသိုလ်တစ်ခုအတွက်တော့ သူတို့ရဲ့အရည်အချင်းက သိပ်မကောင်းဘူးထင်တယ်"

"ဟေး.. ငါတို့ အဲဒီလိုသိမ်းကြုံးပြီး မပြောသင့်ဘူးလေ။ လူတစ်ယောက်မှာ စွမ်းရည်ရှိပြီး အပြုအမူကောင်းတွေမရှိတာနဲ့ပဲ တစ်ကျောင်းလုံးကို ပုတ်ခတ်တာမျိုး မလုပ်သင့်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါပေမဲ့ ဒီလိုလူစားမျိုးတွေနဲ့ ဆက်ဆံရတဲ့အခါ ကျွန်တော်ကတော့ ပြန်လည်ထိုးနှက်ဖို့ပဲ ရွေးချယ်ချင်တယ်"

"မင်္ဂလာပါ တော်ဝင်ပညာရှင်တင်း..ကျွန်တော်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ပရောဂျက်ခေါင်းဆောင် ကျန်းမုန့်လောင်ပါ"

"မင်းက ကျန်းမုန့်လောင်လား"

တော်ဝင်ပညာရှင်တင်းက ကျန်းမုန့်လောင်ကို နောက်တစ်ချက်ထပ်မကြည့်ဘဲ မနေနိုင်တော့ပေ။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကမ္ဘာကျော်ပညာရှင်များနှင့် ရင်ဆိုင်ရသည့်တိုင် မဖြုံသော အသက်နှစ်ဆယ်ဝန်းကျင် နိုဘယ်ဆုရှင်တစ်ယောက်တဲ့။ ဤပုဂ္ဂိုလ်မှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။

"မင်းတို့ကျောင်းက ဆေးပညာနယ်ပယ်ထဲက ဉာဏ်ရည်တုကို အသားပေးပြီးလေ့လာတယ်ဆိုတာ ငါသိတယ်"

ကျန်းမုန့်လောင်က ဝူရှို့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့ကျောင်းက ဒီနှစ်ပရောဂျက်က ဆံပင်အစားထိုးကုသခြင်းနယ်ပယ်ထဲက ရွေးထားတာလား"

"ဟားဟားဟား"

"ကြမ်းလိုက်တာ"

"သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုပဲ"

"သေစမ်း..ငါပါ စော်ကားခံလိုက်ရသလိုပဲ"

ကျန်းမုန့်လောင်၏ အတန်းဖော်တစ်ယောက်က အနည်းငယ်ပြောင်နေသော သူ့ခေါင်းကို ပွတ်လိုက်မိသည်။

"မင်း!"

ဝူရှို့က ကျန်းမုန့်လောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"ဟေး.. ပြိုင်ပွဲမတိုင်ခင် စကားကြမ်းနည်းနည်းပြောတာက ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေတယ်။ ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့"င

ဟန်ကျင်းယွီက ခပ်မြန်မြန်ကြားဝင်ဖျန်ဖြေလာသည်။

"ငါတို့ ပြန်လိုက်ဦးမယ်။ မနက်ဖြန်ကျမှ စင်မြင့်ပေါ်မှာ တွေ့ကြတာပေါ့"

"ဟမ့်! သွားမယ်"

ထိုအဖွဲ့က ဘတ်စ်ကားတစ်စီးပေါ်သို့ ချက်ချင်းတက်သွားကြသည်။

တင်းယိက ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်မိသည်။

"ဝူရှို့.. မင်း မနက်ဖြန်ကျရင် ကောင်းကောင်းလုပ်မှဖြစ်မယ်။ ဂုဏ်သတင်းကြီးမားတဲ့ တက္ကသိုလ်တစ်ခုနဲ့ တတိယအဆင့်တက္ကသိုလ်ကြားမှာ ဘာတွေကွာလဲဆိုတာ သူတို့ကိုပြလိုက်"

"ဟုတ်ကဲ့ ကျွန်တော်.."

သူ့စကားမဆုံးခင်မှာပင် အသစ်စက်စက်‌Maybachကားတစ်တန်းက လမ်းဘေးသို့ ထိုးရပ်လိုက်၏။ ဟန်ကျင်းယွီနှင့် ကျန်းမုန့်လောင်တို့က အများကြားတွင် ရယ်ကာမောကာဖြင့် စကားပြောရင်း ကားထဲသို့ ဝင်သွားကြလေရာ သူတို့၏သာမန်ဘတ်စ်ကားနှင့် ကွဲပြားခြားနားလှသော ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"ဟမ့်.. သူတို့မှာ ပိုက်ဆံရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ"

…

ကျောင်းပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်နေသည့်အတွက် အကဲဖြတ်ချိန်ကို နှစ်ရက်သာ ပေးထားသည်။ ထို့ကြောင့် ယခုတစ်ခေါက် အချိန်ဇယားမှာ အလွန်တင်းကျပ်လှ၏။ မနက်ရှစ်နာရီခွဲတွင် ပထမဆုံးကျောင်း၏ တင်ဆက်မှုကား စတင်လေပြီ။

ချင်းပေ့တက္ကသိုလ်က တက်ရောက်လာသော ကျောင်းများအားလုံးအတွက် နေရာတစ်ခုကို သီးသန့်ချပေးထားသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ရောက်လာသောအခါ လူထု၏အာရုံစိုက်မှုကို အများအပြားရရှိလိုက်သည်။

"သူတို့လာပြီ။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က လူတွေ ရောက်လာပြီ"

"အဲဒါက ကျန်းမုန့်လောင်လား။ သူက တော်တော်ငယ်သေးတာပဲ။ ဒီလောက်ငယ်ငယ်လေးနဲ့ နိုဘယ်ဆုရတာ မယုံနိုင်စရာပဲ"

"သူက အခြေခံရူပဗေဒနယ်ပယ်မှာ အောင်မြင်မှုတွေ ရထားရုံတင်မကဘူး။ ဉာဏ်ရည်တုပြိုင်ပွဲမှာပါ အဖွဲ့ကိုဦးဆောင်ပြီး ယှဉ်ပြိုင်နေတယ်တဲ့။ ဒီလိုပါရမီရှင်မျိုး ကမ္ဘာပေါ်မှာ တကယ်ရှိနိုင်ရဲ့လား"

"ကြည့်လိုက်.. ပြီးခဲ့တဲ့နှစ်တွေတုန်းကထက် သူတို့ ဘယ်လောက်အဆင့်မြင့်လာပြီလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ ဒီတစ်ခါ သူတို့သာ အမှတ်များများရခဲ့ရင် ငါတော့ သူတို့ကျောင်းကို ယုံသွားပြီ"

...

"အခု တင်ဆက်ပြသဖို့အတွက် ပထမဆုံးကျောင်းကို ကြိုဆိုပါတယ်"

အခမ်းအနားမှူးက အဓိကအကြောင်းအရာကို ကူးပြောင်းလိုက်လေသည်။

"သူတို့ကတော့ ရွှီတုလျှပ်စစ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကိုယ်စားပြုတွေပါ။ သူတို့ရွေးချယ်ထားတဲ့ ပရောဂျက်ကတော့ ဉာဏ်ရည်တု ဖြစ်ပါတယ်"

အတန်ငယ်ဝသော လူငယ်တစ်ယောက်က အားကစားရုံ၏အလယ်နားသို့ လျှောက်လာလေသည်။ အခြားလူများက လူတစ်ယောက်ထက်ပိုမြင့်သော စက်ရုပ်တစ်ခုကို စင်မြင့်ပေါ်သို့ မတင်ပေးကြသည်။

"ဒါက ကျွန်တော်တို့ကျောင်းက နှစ်ပေါင်းများစွာကြာအောင် ဖန်တီးထုတ်လုပ်ခဲ့ရတဲ့ တိကျမှုမြင့်မားတဲ့ရုပ်သံဖမ်းဉာဏ်ရည်တုတစ်ခုဖြစ်ပြီး သူ့ရဲ့မှတ်မိနိုင်စွမ်းက လက်ရှိ ဈေကွက်ထဲမှာရှိတဲ့ အဆင့်မြင့်ဉာဏ်ရည်တုတွေထက် နှစ်ဆကျော်လောက် ပိုတိကျပါတယ်"

...

တစီစီဆူညံသံများ ထွက်ပေါ်လာလေသည်။

ရှီတုလျှပ်စစ်သိပွံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက တင်ဆက်မှုပြီးသောအခါ လက်ခုပ်သံများ ချက်ချင်းပေးကြလေသည်။ အမှန်ပင်။ ထိုဉာဏ်ရည်တု၏တိကျမှုက အလွန်အဆင့်မြင့်သောကြောင့် အကဲဖြတ်ဒိုင်အဖွဲ့က အမှတ်၂၆၇၀အထိ ပေးအပ်ခဲ့သည်။

ထို့နောက် တစ်ကျောင်းပြီးတစ်ကျောင်း တင်ဆက်ပြသကြသည်။ မိမိတို့၏လက်ရာကို ယူလာရဲသူများမှာ ယုံကြည်မှုအပြည့်ရှိကြသူများပင်။ ကျောင်းပေါင်းဆယ်ကျောင်းကျော် ပြီးသွားသည့်နောက် အမြင့်ဆုံးရမှတ်ကို ရှီတုလျှပ်စစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ရရှိထားပြီး အနိမ့်ဆုံးအမှတ်ကလည်း ၁၉၂၀မျှသာ။

"ဆက်လက်ပြီးတော့ ကျန်းနန်တက္ကသိုလ်က ကိုယ်စားပြုတွေကို ဖိတ်ခေါ်လိုက်ကြရအောင်"

ဝူရှို့က ယုံကြည်မှုပြည့်ဝနေသော အပြုံးဖြင့် စင်မြင့်ထက်သို့ လျှောက်သွားလေသည်။

"ကျွန်တော်တို့ကျောင်းက ဒီတစ်ခေါက် ခွဲစိတ်မှုအသေးစားလုပ်ဆောင်ပေးတဲ့ စက်ရုပ်ကို ယူလာခဲ့ပါတယ်။ ပြီးတော့ ဒီစက်ရုပ်နဲ့ ကျောက်ကပ်ဖယ်ရှားတဲ့ ခွဲစိတ်မှုတစ်ခုကိုလည်း အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကတော့ သက်ဆိုင်ရာနည်းပညာနဲ့ ဗီဒီယိုကုန်ကြမ်းပစ္စည်းတွေပါ"

...

"အံ့ဩဖို့ကောင်းလိုက်တာ။ ကျန်းနန်တက္ကသိုလ်လို့ ခေါ်ထိုက်ပါပေတယ်။ သူတို့ရဲ့ဉာဏ်ရည်တုက ကမ္ဘာ့အဆင့်မီတာပဲ"

"လူသားအကူအညီ လုံးဝမပါဘဲ ခက်ခဲမှုအဆင့်အသင့်အတင့်ရှိတဲ့ ဒီလိုခွဲစိတ်မှုမျိုးကို ပြီးမြောက်နိုင်တယ်ဆိုတာက တွက်ချက်မှုစနစ်ကို အရမ်းချဲ့ကားထားတာပဲ"

"ငါတို့ သူတို့ကို လိုက်မမီသေးဘူးပဲ"

ယခင်က အကောင်းဆုံးဖြစ်ခဲ့သော ရှီတုလျှပ်စစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တောင် အဆင့်မမီတော့သလို ခံစားနေရသည်။

ထိုပရောဂျက်က အမှတ်၂၈၀၀ရခဲ့သည်ဖြစ်ရာ ကျန်းနန်တက္ကသိုလ်က ယခုအခါတွင် ပထမနေရာ၌ အခိုင်အမာရပ်တည်နေလေသည်။

တစ်ဆက်တည်းမှာပင် ချင်းပေ့တက္ကသိုလ်နှင့် ယန်ကျင်းတက္ကသိုလ်တို့ကလည်း သူတို့၏ပရောဂျက်များကို ပြသခဲ့ကြပြီး ၂၇၅၀မှတ်နှင့် ၂၈၂၀မှတ်တို့ကို ကိုယ်စီရရှိခဲ့ကြသည်။ ဤကျောင်းသုံးကျောင်းက ထိပ်ဆုံးသုံးနေရာကို အပိုင်သိမ်းထားသည်။

"ဆက်လက်ပြီးတော့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို ပရောဂျက်တင်ဆက်ဖို့ ကြိုဆိုလိုက်ရအောင်"

"သူတို့လာပြီ"

"သူတို့ ဘာတွေများထုတ်ပြမလဲမသိဘူး"

"ဟမ်? နေပါဦး။ သူတို့ကလည်း ဉာဏ်ရည်တုကို ရွေးထားတာပဲလား။ သူတို့ရဲ့စက်ရုပ်က ဘယ်မှာလဲ"

ဒိုင်လူကြီးများအားလုံး အလွန်အမင်းသိချင်သွားလေသည်။

ထိုအချိန်မှာပင် ကျန်းမုန့်လောင်က စင်မြင့်၏အလယ်သို့ လျှောက်လာလေသည်။

"ခွင့်ပြုပါဦး။ ကျောင်းတွေအကုန်လုံးက သူတို့ပရောဂျက်ကို အွန်လိုင်းပေါ်မှာ ကြွားလုံးထုတ်ခဲ့ကြတယ်နော်။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့ အဆင်းသာရှိပြီး အချင်းမရှိဘူးပဲ"

***************

All Chapters